ဒီဃနိကာယ်

ပါထိကဝဂ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပါထိကသုတ် သုနက္ခတ်ရဟန်း ဝတ္ထု

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း မလ္လမင်းတို့၏ အနုပိယမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုစဉ်အခါ၌ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုယူလျက် အနုပိယနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏ -

''အနုပိယနိဂုံး၌ ဆွမ်းခံလှည့်လည်ရန် စောလွန်းသေး၏၊ ငါသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏အရံ ဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ''ဟု (အကြံဖြစ်၏)။

၂။ ထို့နောက် မြတ်စွာဘုရားသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏ အရံဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''မြတ်စွာဘုရား ကြွလာတော်မူပါ အသျှင်ဘုရား၊ မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းဖြစ်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရားသည် ကြာမြင့်မှ ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ပေးတော်မူဘိ၏ အသျှင်ဘုရား၊ မြတ်စွာဘုရား ထိုင်တော်မူပါ၊ ဤနေရာကို ပြင်ထားပါသည် အသျှင်ဘုရား''ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ ဘဂ္ဂဝပရိဗိုဇ်သည်လည်း နိမ့်သော ထိုင်စရာတစ်ခုကိုယူ၍ တစ်ခုသောနေရာ၌ ထိုင်၏၊ တစ်ခုသောနေရာ၌ ထိုင်လျက် ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''မြတ်စွာဘုရား ယခင့်ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် 'ဘဂ္ဂဝ ယခု ငါသည် မြတ်စွာဘုရားကို စွန့်လိုက်ပြီ၊ ယခု ငါသည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ မနေတော့ပါ'ဟု အကျွန်ုပ်အား ဤစကားကို ဆိုပါ၏၊ မြတ်စွာဘုရား လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်ပါသလော''ဟု (လျှောက်၏)။

ဘဂ္ဂဝ လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်၏။

၃။ ဘဂ္ဂဝ ယခင့် ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်လျက် ''မြတ်စွာဘုရား ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို စွန့်ပါအံ့၊ ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေတော့မည် မဟုတ်ပါ''ဟု ငါ့အား ဤစကားကို ဆို၏။

ဘဂ္ဂဝ ဤသို့ဆိုသော် ငါသည် လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤစကားကို ဆို၏။

''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့ဟု သင့်ကို ငါ ဆိုဖူးသလော''ဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

''မြတ်စွာဘုရား မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ အကျွန်ုပ်နေပါအံ့''ဟု သင်ကလည်း ငါ့ကို ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

သုနက္ခတ် ငါကလည်း သင့်ကို ''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့''ဟု မဆိုစဖူး၊ သင်ကလည်း ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ အကျွန်ုပ် နေပါအံ့''ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

၄။ မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါဟု (လျှောက်၏)။

''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ သင့်ကို ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်''ဟု ငါသည် သင့်ကို ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု သင်ကလည်း ငါ့အား ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

သုနက္ခတ် ငါကလည်း သင့်ကို ''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ သင့်ကို ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုး ပြာဋိဟာကို ပြမည်''ဟု မဆိုစဖူး၊ သင်ကလည်း ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ် အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်း နှီးဖြစ်သောယောက်ျား ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူ ဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါ ဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်း အကျိုးငှါ ဖြစ်သည် မဟုတ်လောဟု (ဆို၏)။

မြတ်စွာဘုရား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ မြတ်စွာဘုရားဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်ပါ၏ဟု (လျှောက်၏)။

သုနက္ခတ် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်၏။ သုနက္ခတ် ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြခြင်းသည် အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

၅။ မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောတော်မမူပါဟု (လျှောက်၏)။

''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်''ဟု ငါသည် သင့်အား ဆိုဖူးသလော (ဟု ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရား ကို ဟောတော်မူမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု သင်ကလည်း ငါ့အား ဆိုဖူးသလောဟု (ဆို၏)။

မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။

သုနက္ခတ် ငါကလည်း သင့်ကို ''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်''ဟု သင့်အား မဆိုစဖူး၊ သင်ကလည်း ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ် သည် မဟုတ်လောဟု (ဆို၏)။

မြတ်စွာဘုရား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည် ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ မြတ်စွာဘုရားဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်ပါ၏ဟု (လျှောက်၏)။

သုနက္ခတ် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်၏။ သုနက္ခတ် ဤသို့ဖြစ်သော် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောခြင်းသည် အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့။

၆။ သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် ငါ၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆိုချီးကျူးဖူး၏ -

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူပါပေ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူပါပေ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူပါပေ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူပါပေ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရောပုရိသ ဒမ္မသာရထိ' မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူပါပေ၏''ဟု (သင်ပြောဆိုချီးကျူးဖူး၏)။

သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် ငါ၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏။

သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် တရားတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏ -

''မြတ်စွာဘုရား ဟောအပ်သော တရားတော်သည် ကောင်းစွာဟောအပ်သော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း''ဟု (သင်ပြောဆိုချီးကျူးဖူး၏)။

သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် တရားတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏။

သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် သံဃာတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏ -

''မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် မှန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော် မူပါပေ၏၊ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ပစ္စည်းဝတ္ထုကိုသော်လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်ညွှန်းသော အလှူကို ခံတော်မူထိုက် ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏''ဟု (သင်ပြောဆိုချီးကျူးဖူး၏)။

သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် သံဃာတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆိုချီးကျူးဖူး၏။

သုနက္ခတ် သင့်ကို ငါ ပြောကြားအံ့၊ သုနက္ခတ် သင့်ကို ငါ သိစေအံ့၊ သုနက္ခတ် ''လိစ္ဆဝီမင်းသား သုနက္ခတ်သည် ရဟန်းဂေါတမထံ၌ မြတ်သော အကျင့်ကို ကျင့်ရန် မစွမ်းနိုင်သဖြင့် သိက္ခာချ၍ လူ ထွက်၏''ဟု သင့်ကို ကဲ့ရဲ့ကုန်လတ္တံ့။ သုနက္ခတ် ဤသို့လျှင် သင့်ကို ကဲ့ရဲ့ကုန်လတ္တံ့ဟု သုနက္ခတ်အား ငါပြော၏၊ ဘဂ္ဂဝ ဤသို့ ငါပြောသော်လည်း အပါယ်ငရဲလားထိုက်သူသည် ဖဲသွားသကဲ့သို့ ဤလိစ္ဆဝီ မင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

------

ကောရခတ္တိယ ဝတ္ထု

၇။ ဘဂ္ဂဝ အခါတစ်ပါး၌ ငါသည် ထူလုဇနပုဒ် ဥတ္တရကာ မည်သော နိဂုံး၌ နေ၏၊ ဘဂ္ဂဝ ထိုအခါ ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နောက်လိုက်ရဟန်း လိစ္ဆဝီ မင်းသား သုနက္ခတ်နှင့်အတူ ဥတ္တရကာနိဂုံးသို့ ဆွမ်းခံဝင်၏။ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခွေးကျင့် ကျင့်၏၊ လေးဘက်ထောက် သွား၏၊ မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၏၊ ပါးစပ်ဖြင့်သာ စား၏။ ဘဂ္ဂဝလိစ္ဆဝီမင်းသား သုနက္ခတ်သည် ခွေးကျင့်ကျင့်လျက် လေးဘက်ထောက် သွားနေသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားနေသော အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းကို မြင်၍ ဤသို့သော အကြံသည် ဖြစ်၏ -

''အချင်းတို့ လေးဘက်ထောက်လျက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤရဟန်းကား ချီးမွမ်းအံ့ဩဖွယ် ကောင်းလေစွတကား''ဟု (အကြံဖြစ်၏)။

ဘဂ္ဂဝ ထိုအခါ ငါသည် ငါ၏ စိတ်ဖြင့် လိစ္ဆဝီမင်းသား သုနက္ခတ်၏ စိတ်အကြံကို သိ၍ လိစ္ဆဝီ မင်းသား သုနက္ခတ်အား ဤစကားကို ဆို၏ -

'' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု (ဆို၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု အဘယ့်ကြောင့် ဆိုတော်မူပါသနည်းဟု (လျှောက်၏)။

သုနက္ခတ် သင်သည် ခွေးကျင့် ကျင့်လျက် လေးဘက်ထောက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤကောရခတ္တိယ တက္ကတွန်းကို မြင်၍ ''အချင်းတို့ လေးဘက်ထောက် သွားသော မြေ၌ ချထားသည့် အစာကို ပါးစပ်ဖြင့်သာ ဟပ်၍ ပါးစပ်ဖြင့်သာ စားသော ဤရဟန်းကား ချီးမွမ်းအံ့ဩဖွယ် ကောင်းလေစွတကား''ဟု အကြံဖြစ်သည် မဟုတ်လောဟု (ဆို၏)။

''မှန်ပါသည် မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ဝန်တိုပါ သနည်း''ဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ငါသည် အရဟတ္တဖိုလ်ကို ဝန်မတို၊ စင်စစ် သင့်အား သာလျှင် ဤယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်နေ၏၊ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်။ သုနက္ခတ် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို ''ဤရဟန်းကား ချီးမွမ်းအံ့ဩဖွယ် ကောင်းလေစွတကား''ဟု သင်ထင်ဘိ၏၊ ထိုသူသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာ ဖြစ်လတ္တံ့။ သေပြီးသော် ထိုသူကို ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့။ သုနက္ခတ် သင်အလိုရှိခဲ့လျှင် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းထံသို့ ချဉ်းကပ်၍ ''အဝတ်မဝတ်သော ငါ့သျှင် ကောရခတ္တိယ မိမိလားရာကို သိ၏လော''ဟု မေးလော့။ သုနက္ခတ် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းသည် ''ငါ့သျှင် သုနက္ခတ် မိမိလားရာကို သိပါ၏၊ အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာအသုရာ ဖြစ်နေ၏''ဟု ဖြေလတ္တံ့သော အကြောင်းသည် ရှိ၏ဟု (ဆို၏)။

ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် ဤစကားကို ဆို၏ ''ငါ့သျှင် ကောရခတ္တိယ 'အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလတ္တံ့၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်လတ္တံ့၊ သေပြီးသော ထိုသူကို ပြိတ်မြက် တောရှိသော သင်္ချိုင်း၌ စွန့်ကုန်လတ္တံ့ 'ဟု ရဟန်းဂေါတမသည် ပြောထား၏၊ ငါ့သျှင် ကောရခတ္တိယ ယင်းသို့ဖြစ်သောကြောင့် ရဟန်းဂေါတမ၏ စကားလွဲမှားစေခြင်းငှါ အတိုင်းအရှည်နှင့်ယှဉ်၍ အစာကို စားလော့၊ အတိုင်းအရှည်နှင့်ယှဉ်၍ ရေကို သောက်လော့''ဟု (ဆို၏)။

၈။ ဘဂ္ဂဝ ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ၏စကားကို မယုံသည်ဖြစ်၍ တစ်ရက် နှစ်ရက်ဟု ဆို၍ ခုနစ်ရက်တို့တိုင်အောင် ရေတွက်၏။

ဘဂ္ဂဝ စင်စစ်သော်ကား အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းသည် ခုနစ်ရက်မြောက်သောနေ့၌ စားပိုးနင့်သော ရောဂါဖြင့် သေလေ၏၊ သေပြီးသော် အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာ မည်သော အသုရာဖြစ်၏၊ သေပြီးသော် ထိုသူကို ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ကြကုန်၏။

၉။ ဘဂ္ဂဝ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ''အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို စားပိုး နင့်သော ရောဂါဖြင့် သေ၍ ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ စွန့်ထားသည်''ဟု ကြား၏။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ပြိတ်မြက်တောရှိသော သင်္ချိုင်း၌ အဝတ်မဝတ်သော ကောရခတ္တိယ တက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် ''ငါ့သျှင် ကောရခတ္တိယ မိမိလားရာကို သိ၏လော''ဟု လက်ဖြင့် သုံးကြိမ်ပုတ်၍ အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို မေး၏။ ဘဂ္ဂဝ ထိုအခါ အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းသည် လက်ဖြင့် ကျောကိုပွတ်လျက် ထပြီးလျှင် ''ငါ့သျှင် သုနက္ခတ် မိမိလားရာကို သိပါ၏၊ အယုတ်ဆုံးသော အသုရာဘုံ၌ ကာလကဉ္စိကာမည်သော အသုရာဖြစ်နေပါ၏''ဟု ဆို၍ ထိုနေရာ၌ပင်လျှင် ပက်လက်လဲလေ၏။

၁၀။ ဘဂ္ဂဝ ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်ပြီးသော လိစ္ဆဝီမင်းသား သုနက္ခတ်အား ငါသည် ဤစကားကို ဆို၏ -

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို အကြောင်းပြု၍ ငါ ပြောကြားသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်နည်း တစ်ဖုံအားဖြင့် ဖြစ်သလောဟု (ဆို၏)။

မြတ်စွာဘုရား အဝတ်မဝတ်သော ကောရခတ္တိယတက္ကတွန်းကို အကြောင်းပြု၍ မြတ်စွာဘုရား ပြောကြားတော်မူသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်ပါ၏၊ တစ်နည်းတစ်ဖုံအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်မည်သလော၊ မပြသည်မည်သလောဟု (ဆို၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူ''ဟု သင်ဆိုဘိ၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ပင် ငါဆိုသော်လည်း အပါယ်ငရဲ လားထိုက်သူသည် ဖဲသွားသကဲ့သို့ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

------

ကဠာရမဋ္ဋက တက္ကတွန်း ဝတ္ထု

၁၁။ ဘဂ္ဂဝ ငါသည် အခါတစ်ပါး၌ ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ၏။ ထိုစဉ်အခါ၌ အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ဝေသာလီပြည် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။ သူသည် ကျင့်ဝတ်ခုနစ်မျိုးတို့ကို ဆောက်တည်ကျင့်သုံး၏။

(၁) အသက်ထက်ဆုံး အဝတ်မဝတ်သူ ဖြစ်အံ့၊ အဝတ်ကို မဝတ်အံ့။

(၂) အသက်ထက်ဆုံး မြတ်သောအကျင့်ကို ကျင့်သူ ဖြစ်အံ့၊ မေထုန်အကျင့်ကို မမှီဝဲအံ့။

(၃) အသက်ထက်ဆုံး သေရည်နှင့် အသားတို့ဖြင့်သာ မျှတအံ့၊ ထမင်း မုန့်ကို မစားအံ့။

(၄) ဝေသာလီပြည်၏ အရှေ့အရပ် ဥဒေနစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။

(၅) ဝေသာလီပြည်၏ တောင်အရပ် ဂေါတမကစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။

(၆) ဝေသာလီပြည်၏ အနောက်အရပ် သတ္တမ္ဗစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့။

(၇) ဝေသာလီပြည်၏ မြောက်အရပ် ဗဟုပုတ္တစေတီ (နတ်ကွန်း) ကို လွန်၍ မသွားအံ့ဟု (ဆောက်တည်ကျင့်သုံး၏)။

ထိုသူသည် ဤကျင့်ဝတ်ခုနစ်မျိုးတို့ကို ဆောက်တည်ကျင့်သုံးသောကြောင့် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။

၁၂။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းအား ပြဿနာကို မေး၏။

ထိုသုနက္ခတ် မေးလတ်သော် အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ပြဿနာကို မဖြေနိုင်၊ မဖြေနိုင်သောကြောင့် အမျက်ထွက်မှု စိတ်ပျက်မှု မနှစ်သက်မှုကို ဖော်ပြ၏။

ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤသို့ အကြံဖြစ်၏ -

''အချင်းတို့ ချီးမွမ်း အံ့ဩဖွယ်ကောင်းသော ရဟန္တာကို ထိပါးမိလေစွတကား၊ ငါတို့အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်စေလင့်''ဟု (အကြံဖြစ်၏)။

၁၃။ ဘဂ္ဂဝ ထို့နောက် လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်ပြီးသော လိစ္ဆဝီမင်းသား သုနက္ခတ်ကို ငါသည် ဤသို့ ဆို၏၊ '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏ တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု (ဆို၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်သည် သာကီဝင်မင်းသား ဘုရား၏တပည့်သား ရဟန်းဟု ဝန်ခံဘိ၏''ဟု အဘယ့်ကြောင့် မိန့်တော်မူပါသနည်းဟု (လျှောက်၏)။

သုနက္ခတ် သင်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် ပြဿနာ မေး၏၊ သင်မေးလတ်သော် အဝတ်မဝတ်သော ကဠာရမဋ္ဋက တက္ကတွန်းသည် ပြဿနာကို မဖြေနိုင်၊ မဖြေနိုင်သောကြောင့် အမျက်ထွက်မှု စိတ်ပျက်မှု မနှစ်သက်မှုများကို ဖော်ပြသည် မဟုတ်လော၊ ထို့ပြင် ''အချင်းတို့ ချီးမွမ်းအံ့ဩဖွယ်ကောင်းသော ရဟန္တာကို ထိပါးမိလေစွတကား၊ ငါတို့အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ မဖြစ်ပါစေလင့်''ဟု သင့်အား အကြံသည် ဖြစ်သည် မဟုတ်လောဟု (ဆို၏)။

မှန်ပါသည် မြတ်စွာဘုရား၊ မြတ်စွာဘုရားသည် အဘယ့်ကြောင့် အရဟတ္တဖိုလ်ကို ဝန်တိုဘိသနည်းဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ငါသည် အရဟတ္တဖိုလ်ကို ဝန်မတို၊ စင်စစ် သင့်အား သာလျှင် ဤယုတ်မာသော မိစ္ဆာအယူသည် ဖြစ်ပေါ်နေ၏၊ ထိုအယူကို စွန့်လော့။ သင့်အား ကြာမြင့်စွာ အစီးအပွါးမဲ့ခြင်းငှါ မဖြစ်စေလင့်။ သုနက္ခတ် သင်သည် အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို ''ဤရဟန်းကား ချီးမွမ်းအံ့ဩဖွယ်ကောင်း၏''ဟု ထင်၏၊ ထိုသူသည် မကြာမီပင် လူအဝတ်ကို ဝတ်လျက် ခင်ပွန်းမနှင့် အတူလှည့်လည်ကာ ထမင်း မုန့်ကို စားပြီးလျှင် အားလုံးသော ဝေသာလီပြည်ရှိ စေတီ နတ်ကွန်းတို့ကို လွန်၍ အခြံအရံ ဆုတ်ယုတ်လျက် သေလတ္တံ့ဟု (ငါဆို၏)။

ဘဂ္ဂဝ ထို့နောက် မကြာမီပင် ကဠာရမဋ္ဋကတက္ကတွန်းသည် လူဝတ်ကို ဝတ်၍ ခင်ပွန်းမနှင့်အတူ လှည့်လည်ကာ ထမင်း မုန့်ကို စားပြီးလျှင် အားလုံးသော ဝေသာလီပြည်ရှိ စေတီနတ်ကွန်းတို့ကို လွန်၍ အခြံအရံ ဆုတ်ယုတ်လျက် သေလေ၏။

၁၄။ ဘဂ္ဂဝ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ''အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းသည် လူဝတ်ကို ဝတ်၍ ခင်ပွန်းမနှင့်အတူ လှည့်လည်ကာ ထမင်း မုန့်ကို စားပြီးလျှင် အားလုံးသော ဝေသာလီ ပြည်ရှိ စေတီနတ်ကွန်းတို့ကို လွန်၍ အခြံအရံ ဆုတ်ယုတ်လျက် သေလေသတတ်''ဟု ကြားလေ၏။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်ပြီးသော လိစ္ဆဝီမင်းသား သုနက္ခတ်အား ငါသည် ဤစကားကို ဆို၏။

''သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို အကြောင်းပြု၍ ငါပြောကြားသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်မျိုး တစ်ဖုံအားဖြင့် ဖြစ်သလော''ဟု (ဆို၏)။

မြတ်စွာဘုရား အဝတ်မဝတ်သော ကဠာရမဋ္ဋကတက္ကတွန်းကို အကြောင်းပြု၍ မြတ်စွာဘုရား ပြော ကြားတော်မူသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်ပါ၏၊ တစ်မျိုးတစ်ဖုံအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည် မည်သလော၊ မပြသည် မည်သလောဟု (ဆို၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ''ဟု သင်ဆို၏၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ပင် ငါ ဆိုသော်လည်း အပါယ်ငရဲ လားထိုက်သူသည် ဖဲသွားသကဲ့သို့ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

------

ပါထိကပုတ္တ တက္ကတွန်း ဝတ္ထု

၁၅။ ဘဂ္ဂဝ အခါတစ်ပါး၌ ငါသည် ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ပင် နေ၏။ ထိုအခါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ဝေသာလီပြည် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏။ ထိုသူသည် ဝေသာလီပြည်ပရိသတ်၌ ဤသို့သော စကားကို ပြော၏ -

''ရဟန်းဂေါတမသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန်ထိုက်၏၊ ရဟန်းဂေါတမသည် ခရီးထက်ဝက်သို့လာလျှင် ငါသည်လည်း ခရီးထက်ဝက်သို့ သွားအံ့၊ ထိုနေရာ၌ ထို (ငါတို့) နှစ်ဦးလုံး လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြကြကုန်အံ့၊ အကယ် ၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ တစ်ခုကို ပြလျှင် ငါသည် နှစ်ခုပြအံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ နှစ်ခုကို ပြလျှင် ငါသည် လေးခုပြအံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ လေးခုကိုပြလျှင် ငါသည် ရှစ်ခုပြအံ့၊ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ရဟန်း ဂေါတမ ပြတိုင်း ပြတိုင်းထက် ငါသည် ဤသို့ နှစ်ဆ နှစ်ဆ တက်၍ ပြအံ့''ဟု (ပြော၏)။

၁၆။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍့တစ်ခုသောနေရာ၌ ထိုင်၍ ငါ့အား ဤစကားကို လျှောက်၏။

မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ဝေသာလီပြည် ဝဇ္ဇီမင်းတို့၏ ရွာ၌ လာဘ်များခြင်း အခြံအရံများခြင်း အထွတ်အထိပ်သို့ ရောက်၍ နေ၏၊ ထိုသူသည် ဝေသာလီပြည် ပရိသတ်၌ ဤသို့သော စကားကို ဆိုပါ၏ - ''ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏။ သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်သည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော ပုဂ္ဂိုလ်နှင့် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန် ထိုက်၏။ ရဟန်းဂေါတမသည် ခရီးထက်ဝက်သို့ လာလျှင် ငါသည်လည်း ခရီးထက်ဝက်သို့ သွားအံ့၊ ထိုနေရာ၌ ထို (ငါတို့) နှစ်ဦးလုံး လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြကုန်အံ့၊ အကယ်၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ တစ်ခုကို ပြလျှင် ငါသည် နှစ်ခုပြအံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ နှစ်ခုကို ပြလျှင် ငါသည် လေးခုပြ အံ့၊ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ လေးခုကို ပြလျှင် ငါသည် ရှစ်ခုပြအံ့၊ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ရဟန်းဂေါတမ ပြတိုင်း ပြတိုင်းထက် ငါသည် ဤသို့ နှစ်ဆ နှစ်ဆ တက်၍ ပြအံ့''ဟု (ပြောပါသည်ဟူ၍ လျှောက်၏)။

ဘဂ္ဂဝ ဤသို့ လျှောက်သော် ငါသည် လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤစကားကို ဆို၏ -

''သုနက္ခတ် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု (ဆို၏)။

၁၇။ မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါဟု (လျှောက်၏)။

သုနက္ခတ် သင်သည် အဘယ့်ကြောင့် ဤစကားကို ဆိုသနည်း၊ ''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို စောင့်စည်းတော်မူပါ''ဟု (ဆိုသနည်းဟု မေး၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် ဤစကားကို မုချအားဖြင့် ဆိုတော်မူ၏၊ ''ပါထိကပုတ္တ တက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက် မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြား အံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု ဆိုတော်မူ၏။ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ပြောင်းလွဲသော ရုပ်ဖြင့် မြတ်စွာဘုရား မျက်မှောက်သို့ လာခဲ့သော် မြတ်စွာ ဘုရား၏ ထိုစကားသည် မှားရာ၏ဟု (လျှောက်၏)။

၁၈။ ''သုနက္ခတ် ဘုရားသည် နှစ်ခွဖြစ်သော စကားကို ပြောရာသလော''ဟု (ဆို၏)။

မြတ်စွာဘုရား မြတ်စွာဘုုုရားသည် အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းကို ''အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့် မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍့ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု (အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏) စိတ်ကို (မြတ်စွာဘုရား၏ စိတ်ဖြင့်) ပိုင်းခြား၍ သိတော်မူပါသလော။

သို့မဟုတ် ထိုအကြောင်းကို နတ်တို့ကသော်လည်း မြတ်စွာဘုရားအား -''မြတ်စွာဘုရား အဝတ် မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏ ဟူ၍ လျှောက်ထားပါ ကုန်သလော''ဟု (လျှောက်၏)။

၁၉။ သုနက္ခတ် ''အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ် သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု ပါထိကပုတ္တ၏ စိတ်ကို ငါ၏ စိတ်ဖြင့် ပိုင်းခြား၍လည်း သိ၏၊ ထိုအကြောင်းကို နတ်တို့သည် လည်း လျှောက်ထားကုန်၏ -''မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ကျရာ၏''ဟု (လျှောက်ထားကုန်၏)။

အဇိတမည်သော လိစ္ဆဝီစစ်သူကြီးသည် သေလွန်၍ ယခုတာဝတိံသာဘုံ၌ ဖြစ်နေ၏။ ထိုသူသည် လည်း ငါ့ထံသို့ ချဉ်းကပ်၍ ''မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အရှက်မရှိသူ ဖြစ်ပါ၏၊ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် မုသားပြောတတ်သူ ဖြစ်ပါ၏၊ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် အကျွန်ုပ်ကိုလည်း 'အဇိတလိစ္ဆဝီ စစ်သူကြီး သည် ကြီးစွာသော ငရဲ၌ ဖြစ်၏ 'ဟု ဝဇ္ဇီမင်းတို့၏ ရွာ၌ ပြောကြားပါ၏။ မြတ်စွာဘုရား အကျွန်ုပ်သည် ကြီးစွာသော ငရဲ၌ မဖြစ်ပါ၊ တာဝတိ ံသာဘုံ၌ ဖြစ်ပါ၏။ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းသည် အရှက်မရှိသူ ဖြစ်ပါ၏၊ မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် မုသားပြောတတ်သူ ဖြစ်ပါ၏၊ ''မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကား ကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက် မှောက်သို့ ငါ သွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု လျှောက်၏။

သုနက္ခတ် ဤသို့လျှင် ငါဘုရားသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ''အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ကျရာ၏''ဟု ပါထိကပုတ္တ၏ စိတ်ကို ငါ၏ စိတ်ဖြင့် ပိုင်းခြား၍လည်း သိ၏၊ ထိုအကြောင်းကို နတ်တို့သည်လည်း လျှောက်ထားကုန်၏ -''မြတ်စွာဘုရား့အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူ ကို မစွန့်မူ၍ မြတ်စွာဘုရား၏ မျက်မှောက်သို့ လာရန် မထိုက်ပါ၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့ 'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ကျရာ၏''ဟု (လျှောက်ထား ကုန်၏)။

သုနက္ခတ် ငါသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခွါခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏ အရံသို့ ချဉ်းကပ်အံ့၊ သုနက္ခတ် ယခု သင်ပြောကြားလိုသူကို ပြောကြားလော့ဟု (ဆို၏)။

------

တန်ခိုးပြာဋိဟာကို ပြခန်း

၂၀။ ဘဂ္ဂဝ ထို့နောက် ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေသာလီပြည်သို့ ဆွမ်းခံဝင်၏၊ ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခွါခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။

ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် လျင်လျင်မြန်မြန် ဝေသာလီပြည်သို့ ဝင်၍ ထင်ရှား ကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ထံ ချဉ်းကပ်ပြီးလျှင် ဤစကားကို ဆို၏၊ ''ငါ့သျှင်တို့ မြတ်စွာ ဘုရားသည် ဝေသာလီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့လျက် နေ့သန့်စင် နေခြင်းငှါ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။ ငါ့သျှင်တို့ သွားကြကုန်လော့၊ ငါ့သျှင်တို့ သွားကြကုန်လော့၊ ချီးမွမ်းအံ့ဩဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့''ဟု (ဆို၏)။

ဘဂ္ဂဝ ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့အား ဤသို့သော အကြံသည် ဖြစ်၏ -

''အချင်းတို့ အံ့ဩချီးမွမ်းဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လိမ့်သတတ်၊ အချင်းတို့ ယခုသွားကြ ကုန်အံ့''ဟု (အကြံဖြစ်၏)။

ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့ထံသို့လည်း ချဉ်းကပ်၍ ''ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဝေသာလီပြည်၌ ဆွမ်းခံ လှည့်လည်၍ ဆွမ်းစားပြီးသော် ဆွမ်းခံရွာမှ ဖဲခဲ့လျက် နေ့သန့်စင်နေခြင်းငှါ အဝတ်မဝတ်သော ပါထိက ပုတ္တတက္ကတွန်း၏ အရံသို့ ချဉ်းကပ်၏။ ငါ့သျှင်တို့ သွားကြကုန်လော့၊ ငါ့သျှင်တို့ သွားကြကုန်လော့၊ ချီးမွမ်းအံ့ဩဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လတ္တံ့''ဟု ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသား သူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏ တို့အားလည်း ဤစကားကို ဆို၏။

ဘဂ္ဂဝ ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေး အမျိုးသားသူဌေးများနှင့် အယူ အမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့အားလည်း ဤသို့သော အကြံသည် ဖြစ်၏ -

''အချင်းတို့ ချီးမွမ်းအံ့ဩဖွယ်ကောင်းကုန်သော ရဟန်းတို့၏ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာသည် ဖြစ်လိမ့်သတတ်၊ အချင်းတို့ ယခု သွားကြကုန်အံ့''ဟု (အကြံဖြစ်၏)။

ဘဂ္ဂဝ ထိုအခါ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းများ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏား သူဌေး အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့သည် အဝတ် မဝတ်သော ပါထိကပုတ္တ တက္ကတွန်း၏ အရံသို့ ချဉ်းကပ်ကြကုန်၏၊ ဘဂ္ဂဝ ထိုပရိသတ်ကား များလှ၏၊ အရာမက့အထောင်မက ဖြစ်၏။

၂၁။ ဘဂ္ဂဝ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ''ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ ကြွလာကုန်သတတ်၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေး များနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာကုန်သတတ်၊ ရဟန်းဂေါတမသည် ငါ၏ အရံ၌ နေ့သန့်စင်နေသတတ်''ဟု ကြားလေ၏၊ ကြားသောကြောင့် ထိုသူ့အား ကြောက်လန့်ခြင်း တုန်လှုပ်ခြင်း ကြက်သီးမွေးညင်း ထခြင်းသည် ဖြစ်၏။ ဘဂ္ဂဝ ထိုအခါ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းသည် ကြောက်လန့်သည်ဖြစ်၍ တုန်လှုပ်သည်ဖြစ်၍ ကြက်သီးမွေးညင်းထသည်ဖြစ်၍ တိန္ဒုကခါ ဏုပရိဗိုဇ်အရံရှိရာသို့ ချဉ်းကပ်၏။

ဘဂ္ဂဝ ''အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ကြောက်လန့်သည်ဖြစ်၍ တုန်လှုပ်သည် ဖြစ်၍ ကြက်သီးမွေးညင်းထသည်ဖြစ်၍ တိန္ဒုကခါဏုပရိဗိုဇ်အရံသို့ သွားလေသတတ်''ဟု ထိုပရိသတ်သည် ကြားလေ၏။ ဘဂ္ဂဝ ထိုအခါ ထိုပရိသတ်သည် ယောက်ျားတစ်ယောက်ကို စေခိုင်း၏ -

အချင်းယောက်ျား လာလော့၊ တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း ထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ''ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာကြပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာကြပါကုန်၏၊ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏၊ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ဤစကားကို ပြောဖူး၏၊ 'ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသောသူသည် သဗ္ဗညုတဉာဏ် ကို ဝန်ခံသောသူနှင့်အတူ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ ကို ပြရန်ထိုက်၏၊ ရဟန်းဂေါတမသည် ခရီးထက်ဝက်သို့ လာလျှင် ငါသည်လည်း ခရီးထက်ဝက်သို့ သွားအံ့၊ ထိုနေရာ၌ ထို (ငါတို့) နှစ်ဦးလုံး လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြကုန်အံ့၊ အကယ်၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါး ထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ တစ်ခုကို ပြလျှင် ငါသည် နှစ်ခု ပြအံ့၊ အကယ်၍ ရဟန်းဂေါတမ သည် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ နှစ်ခုကို ပြလျှင် ငါသည် လေးခုပြအံ့၊ အကယ်၍ ရဟန်းဂေါတမသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာ လေးခုကို ပြလျှင် ငါသည် ရှစ်ခုပြအံ့၊ လူတို့၏ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ရဟန်းဂေါတမ ပြတိုင်း ပြတိုင်းထက် ငါသည် ဤသို့ နှစ်ဆ နှစ်ဆ တက်၍ ပြအံ့ ' ဟူသော (စကားကို သင်ပြောဖူး၏)၊ ငါ့သျှင် ပါထိကပုတ္တ ခရီးထက်ဝက်တိုင် အောင်သာ ကြွပါ၊ ရဟန်းဂေါတမသည် ရှေးဦးစွာပင် ကြွလာ၍ အသျှင်၏ အရံ၌ နေ့သန့်စင်နေပါသည်''ဟု (ပြောချေလော့ဟူ၍ စေခိုင်း၏)။

၂၂။ ဘဂ္ဂဝ ထိုယောက်ျားသည် ''အသျှင် ကောင်းပါပြီ''ဟု ထိုပရိသတ်အား ဝန်ခံ၍ တိန္ဒုကခါဏု ပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ဤသို့ ဆို၏ -

''ငါ့သျှင် ပါထိကပုတ္တ လာပါလော့၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာပါကုန်၏၊ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏၊ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ဤစကားကို့ပြောဖူး၏၊ 'ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ ငါသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏၊ သဗ္ဗညုတဉာဏ်ကို ဝန်ခံသောသူသည် သဗ္ဗညုတဉာဏ်ကို ဝန်ခံသော သူနှင့်အတူ လူတို့၏ ကုသိုလ်ကမ္မ ပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြရန် ထိုက်၏။ပ။ ငါသည် နှစ်ဆ နှစ်ဆ တက်၍ ပြအံ့ 'ဟူသော (စကားကို သင်ပြောဖူး၏)၊ ငါ့သျှင် ပါထိကပုတ္တ ခရီးထက်ဝက်တိုင်အောင် ကြွသာကြွပါ၊ ရဟန်းဂေါတမသည် ရှေးဦးစွာ ကြွလာ၍ အသျှင်၏ အရံ၌ နေ့သန့်စင်နေပါသည်''ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ဆိုသော် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

ဘဂ္ဂဝ ထိုအခါ ထိုယောက်ျားသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ''ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်နေပါသလော၊ 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်''ဟု ဆို၏။

ဘဂ္ဂဝ ဤသို့ပင် ဆိုသော်လည်း အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

၂၃။ ဘဂ္ဂဝ ထိုယောက်ျားသည် ''ဤအဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကား 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏''ဟု သိသောအခါ ပရိသတ်ထံသို့ ပြန်လာ၍ ''အသျှင်တို့ ဤအဝတ်မဝတ်သော ပါထိက ပုတ္တ တက္ကတွန်းသည် 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏''ဟု ပြောကြား၏။

ဘဂ္ဂဝ ဤသို့ဆိုသော် ငါသည် ထိုပရိသတ်အား ဤစကားကို ဆို၏ -

''ငါ့သျှင်တို့ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော် လည်း ပြတ်၍ ကျရာ၏''ဟု (ဆို၏)။

ပဌမခန်းပြီး၏။

------

၂၄။ ထိုအခါ လိစ္ဆဝီအမတ်ကြီးတစ်ဦးသည် နေရာမှ ထ၍ ထိုပရိသတ်အား ဤစကားကို ဆို၏ -

''အသျှင်တို့ သို့ဖြစ်လျှင် အကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင့်ငံ့ကြပါဦး၊ အကျွန်ုပ်သည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို ဤပရိသတ်သို့ ခေါ်လာရန် တတ်နိုင် ကောင်း တတ်နိုင်ပါလိမ့်မည်''ဟု (ဆို၏)။

ဘဂ္ဂဝ ထို လိစ္ဆဝီအမတ်ကြီးသည် တိန္ဒုကခါဏုပရိဗိုဇ် အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းထံသို့ ချဉ်းကပ်ပြီးလျှင် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ဤစကားကို ဆို၏ -

ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာခြင်းသည် သင့်အား ကောင်းမြတ်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့ ကြွလာပါကုန်၏။

ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသားသူဌေးများ နှင့် အယူအမျိုးမျိုး ရှိကုန်သော သမဏဗြာဟ္မဏတို့လည်း ကြွလာပါကုန်၏၊

ရဟန်းဂေါတမသည်လည်း အသင်၏အရံ၌ နေ့သန့်စင်နေပါ၏၊ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီ့ပရိသတ်၌ ဤစကားကို ပြောဖူး၏၊ 'ရဟန်းဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏။ပ။ ငါသည် နှစ်ဆ နှစ်ဆ တက်၍ ပြအံ့ ' ဟူသော (စကားကို သင်ပြောဖူး၏)။ ငါ့သျှင် ပါထိကပုတ္တ ခရီး ထက်ဝက်တိုင်အောင် ကြွလာပါ။ ရဟန်းဂေါတမသည် ရှေးဦးစွာ ကြွလာ၍ အသျှင်၏ အရံ၌ နေ့သန့်စင် နေပါသည်၊ ငါ့သျှင်ပါထိကပုတ္တ ရဟန်းဂေါတမသည် ပရိသတ်၌ ဤစကားကို ပြော၏၊ ''အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏မျက်မှောက်သို့ လာရန်မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသော်လည်း ပြတ်၍ ကျရာ၏''ဟု (ဤစကားကို ပြော၏)။ ငါ့သျှင် ပါထိက ပုတ္တ ကြွလာလော့၊ ကြွလာရုံဖြင့်ပင် သင့်ကို အနိုင်၊ ရဟန်းဂေါတမကို အရှုံးပြုကြပါကုန်အံ့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ဆိုသော် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

ဘဂ္ဂဝ ထိုအခါလိစ္ဆဝီအမတ်ကြီးသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းအား ''ငါ့သျှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်နေပါသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့၌ ငြိကပ်၍ နေသလော၊ 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့ 'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်''ဟု ဆို၏။

ဘဂ္ဂဝ ဤသို့ပင် ပြောသော်လည်း ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါ အံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

၂၅။ ဘဂ္ဂဝ ထိုလိစ္ဆဝီအမတ်ကြီးသည် ''ဤအဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကား 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏''ဟု သိသောအခါ ထိုပရိသတ်ထံသို့ ပြန်လာ၍ ''အသျှင်တို့ အဝတ်မဝတ်သော ပါထိက ပုတ္တတက္ကတွန်းကား 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏''ဟု ပြောကြား၏။

ဘဂ္ဂဝ ဤသို့ပြောကြားသော် ငါသည် ထိုပရိသတ်အား ဤစကားကို ဆို၏ -

''ငါ့သျှင်တို့ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်။ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြ ံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏၊ အကယ်၍ ငါ့သျှင် လိစ္ဆဝီတို့အား 'ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့'ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္ထတက္ကတွန်းသော် လည်း ပြတ်ရာ၏၊ အဝတ်မဝတ်သော ပါထိကပုတ္ထ တက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏''ဟု (ဆို၏)။

၂၆။ ဘဂ္ဂဝ ထိုအခါ ဒါရုပတ္တိက၏တပည့် ဇာလိယသည် နေရာမှ ထ၍ ထိုပရိသတ်ကို ဤသို့ ဆို၏၊ ''အသျှင်တို့ သို့ဖြစ်လျှင် အကျွန်ုပ် ပြန်လာသည့်တိုင်အောင် ခဏမျှ ဆိုင်းငံံ့ကြပါဦး၊ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းကို ဤပရိသတ်သို့ ခေါ်လာရန် တတ်နိုင်ကောင်း တတ်နိုင်ပါလိမ့်မည်''ဟု (ဆို၏)။

ဘဂ္ဂဝ ထို့နောက် ထိုဒါရုပတ္တိက၏တပည့် ဇာလိယသည် တိန္ဒုကခါဏုပရိဗိုဇ်အရံ၌ အဝတ်မဝတ်သော ပါထိကပုတ္ထတက္ကတွန်းထံသို့ ချဉ်ကပ်ပြီးလျှင် ဤစကားကို ဆို၏ -

ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာခြင်းသည် သင့်အား ကောင်းမြတ်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် ကြွလာပါကုန်၏၊ ထင်ရှားကုန် ထင်ရှားကုန်သော ပုဏ္ဏားသူဌေးများ အမျိုးသား သူဌေးများနှင့် အယူအမျိုးမျိုးရှိကုန်သော သမဏ ဗြာဟ္မဏတို့လည်း ကြွလာပါကုန်၏။ ရဟန်းဂေါတမသည်လည်း အသျှင်၏ အရံ၌ နေ့သန့်စင်နေပါ၏။ ငါ့သျှင် ပါထိကပုတ္တ သင်သည် ဝေသာလီပရိသတ်၌ ဤစကားကို ပြောဖူး၏ ''ဂေါတမသည်လည်း သဗ္ဗညုတဉာဏ်ကို ဝန်ခံ၏။ပ။ ငါသည် နှစ်ဆ နှစ်ဆ တက်၍ ပြအံ့'' ဟူသော (စကားကို သင်ပြောဖူး၏)။ ငါ့ရှင် ပါထိကပုတ္တ ခရီးထက်ဝက် တိုင်အောင် ကြွသာ ကြွလာပါ၊ ရဟန်းဂေါတမသည် ရှေးဦးစွာပင် လာ၍ အသျှင်၏ အရံ၌ နေ့သန့်စင်နေ ပါသည်၊ ငါ့သျှင် ပါထိကပုတ္တ ရဟန်းဂေါတမသည် ပရိသတ်၌ ဤစကားကို ဆို၏၊ ''အဝတ်မဝတ်သော ပါထိက ပုတ္တတက္ကတွန်းသည် 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု ထိုသူ့အား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏၊ အကယ်၍ ငါ့သျှင် လိစ္ဆဝီတို့အား 'ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့'ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့။ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္တသော်လည်း ပြတ်ရာ၏၊ ပါထိကပုတ္တတက္ကတွန်းသည်ကား ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်၊ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါသွားအံ့'ဟု အကယ်၍ ထိုသူ့အား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏''ဟု (ဆို၏)။ ငါ့သျှင် ပါထိကပုတ္တ ကြွလာပါလော့၊ ကြွလာရုံဖြင့်ပင် သင့်ကို အနိုင်၊ ရဟန်းဂေါတမကို အရှုံးပြုပါကုန်အံ့ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ဆိုသော် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

ဘဂ္ဂဝ ထို့နောက် ဒါရုပတ္တိက၏ တပည့် ဇာလိယသည် အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်း အား ဤစကားကို ဆို၏၊ ''ငါ့ရှင် ပါထိကပုတ္တ သင်၏ တင်ပါးတို့သည် ထိုင်ခုံ၌ ငြိကပ်၍ နေသလော၊ ထိုင်ခုံသည် သင်၏ တင်ပါးတို့နှင့် ငြိကပ်၍နေသလော၊ 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့'ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်''ဟု (ဆို၏)။

ဘဂ္ဂဝ ဤသို့ပင် ဆိုသော်လည်း အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ''ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်။

၂၇။ ဘဂ္ဂဝ ဒါရုပတ္တိက၏တပည့် ဇာလိယသည် ''ဤပါထိကပုတ္တ တက္ကတွန်းသည် 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့်၍ နေ၏၊ နေရာမှပင် ထရန် မစွမ်းနိုင်၊ ရှုံးပုံ ပေါ်၏ 'ဟု သိသောအခါ ထို (ပါထိကပုတ္တ) အား ဤစကားကို ဆို၏ -

ငါ့သျှင် ပါထိကပုတ္တ ရှေး၌ ဖြစ်ဖူးသည်ကား သားများဘုရင် ခြင်္သေ့မင်းအား ဤသို့သော အကြံ သည် ဖြစ်၏ -

''ငါသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ထိုနေရာမှ ထွက်အံ့၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေး မျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက် ပြီးလျှင့်အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ခိုအောင်းရာသို့သာလျှင် ကပ်အံ့၊ (ဤသို့ ပြုရမူ) ကောင်းလေစွ''ဟု (အကြံဖြစ်၏)။

ငါ့သျှင် ထို့နောက် ထိုသားများဘုရင် ခြင်္သေ့မင်းသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာ ပြု၏၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်၏၊ ခိုအောင်းရာမှ ထွက် ပြီးလျှင် ကိုယ်လက်ဆန့်တန်း၏၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို လှည့်လည်ကြည့်ရှု၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်၏၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်ပြီးလျှင် အစာရှာခြင်းငှါ ထွက်၏၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသား တို့ကို စားပြီးလျှင် ထိုခိုအောင်းရာသို့ ကပ်၏။

၂၈။ ငါ့သျှင် ပါထိကပုတ္တ ထို သားများဘုရင် ခြင်္သေ့မင်း၏ စားကြွင်းဖြင့်သာ ကြီးပွားလာသော ဝလည်းဝ အားလည်းကောင်းသော မြေခွေးအိုသည် ရှိ၏၊ ငါ့သျှင် ထိုအခါ ထိုမြေခွေးအိုအား ဤသို့သော အကြံသည် ဖြစ်၏ -

''ငါကား အဘယ်သူနည်း၊ သားများဘုရင် ခြင်္သေ့မင်းကား အဘယ်သူနည်း၊ ငါလည်း တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြုအံ့၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်အံ့၊ ခိုအောင်းရာမှ ထွက်ပြီးလျှင် ကိုယ်လက်ဆန့်တန်းအံ့၊ ကိုယ်လက် ဆန့် တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုအံ့၊ ထက်ဝန်းကျင် အရပ် လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်အံ့၊ ရဲရင့်သော ဟောက်ခြင်းကို သုံးကြိမ်ဟောက်ပြီးလျှင် အစာရှာခြင်းငှါ ထွက်အံ့၊ ကောင်းကုန် ကောင်းကုန်သော သားအပေါင်းတို့ကို သတ်၍ နူးညံ့ကုန် နူးညံ့ကုန်သော အသားတို့ကို စားပြီးလျှင် ထိုခို အောင်းရာသို့သာ ကပ်အံ့၊ ဤသို့ ပြုရမူ ကောင်းလေစွ''ဟု (အကြ ံဖြစ်၏)။

ငါ့သျှင် ထို့နောက် ထိုမြေခွေးအိုသည် တောအုပ်တစ်ခုကို မှီ၍ ခိုအောင်းရာပြု၏၊ ထိုတောအုပ်၌ ခိုအောင်းရာပြုပြီးလျှင် ညနေချမ်းအခါ ခိုအောင်းရာမှ ထွက်၏၊ ခိုအောင်းရာမှ ထွက်ပြီးလျှင် ကိုယ်လက် ဆန့်တန်း၏၊ ကိုယ်လက်ဆန့်တန်းပြီးလျှင် ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှု၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာသို့ လှည့်လည်ကြည့်ရှုပြီးလျှင် ရဲရင့်သော ဟောက်ခြင်းကို ''သုံးကြိမ် ဟောက်အံ့''ဟု ဟောက်သော်လည်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ ငှက်ဆိုးသံကိုသာ မြည်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံကား အဘယ်သူနည်း

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူ ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍) အသက် ရှင်လျက် ဘုရား၏ စားကြွင်းများကို စားလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊ ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်းဟု ဆို၏။

 

 

၂၉။ ဘဂ္ဂဝ ဒါရုပတ္တိက၏တပည့် ဇာလိယသည် ဤဥပမာဖြင့် အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထို (ပါထိကပုတ္တ) အား ဤစကားကို ဆို၏ -

''မြေခွေးသည် မိမိကိုယ်ကို ခြင်္သေ့ဟု ထင်သည်သာမက ငါကား သားတကာတို့၏ ဘုရင် ဖြစ်၏ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထို မြေခွေးသည် ထို ငယ်စဉ်ကအတိုင်း မြေခွေးဟောင် ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံကား အဘယ်နည်း''ဟု (ဆို၏)။

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူ ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍)့အသက်ရှင်နေပါလျက် ဘုရား၏ စားကြွင်းများကို စားနေပါလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊ ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်းဟု (ဆို၏)။

၃၀။ ဘဂ္ဂဝ ဒါရုပတ္တိက၏ တပည့် ဇာလိယသည် ဤဥပမာဖြင့်လည်း အဝတ်မဝတ်သော ပါထိကပုတ္တကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထိုပါထိကပုတ္တအား ဤစကားကို ဆို၏ -

''မြေခွေးသည် သူတစ်ပါးနောက်လိုက် ဖြစ်သော မိမိကိုယ်ကို ရေကြွင်းရေကျန်၌ ကြည့်၍ မိမိ ကိုယ်ကိုဟုတ်မှန်သည့်အတိုင်း မမြင်သမျှ ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံ ကား အဘယ်နည်း''ဟု (ဆို၏)။

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူပင် ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့၌ (မှီ၍) အသက်ရှင်နေပါလျက် ဘုရား၏ စားကြွင်းများကို စားနေပါလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ထိုက်သည်ဟု ထင် ဘိ၏၊ ''ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်း''ဟု (ဆို၏)။

၃၁။ ဘဂ္ဂဝ ဒါရုပတ္တိက၏ တပည့် ဇာလိယသည် ဤဥပမာဖြင့်လည်း အဝတ်မဝတ်သော ပါထိက ပုတ္တ တတ္ကတွန်းကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထိုပါထိကပုတ္တအား ဤစကားကို ဆို၏ -

''ဖားများ လယ်ကြွက်များကိုလည်းကောင်း သင်းချိုင်း၌ ပစ်ထားသော အကောင်ပုပ်များကို လည်းကောင်း စား၍ တောကြီးဆိတ်ညံ၌ ကြီးပွါးနေသော မြေခွေးသည် ငါကား ခြင်္သေ့ဟု ထင်၏၊ ယင်းသို့ ထင်သော်လည်း ထိုမြေခွေးသည် ထိုငယ်စဉ်ကအတိုင်း မြေခွေးဟောင်ခြင်းကိုသာ ဟောင်၏၊ မြေခွေးယုတ်ကား အဘယ်သူနည်း၊ ခြင်္သေ့သံကား အဘယ်နည်း''ဟု (ဆို၏)။

ငါ့သျှင် ပါထိကပုတ္တ သင်သည် ဤအတူပင် ဘုရားသာသနာတော်ဖြစ်သော သိက္ခာတို့ ၌ (မှီ၍) အသက်ရှင်နေပါလျက် ဘုရား၏ စားကြွင်းများကို စားနေပါလျက် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားကို ပုတ်ခတ်ထိုက်သည်ဟု ထင်ဘိ၏၊ ယုတ်သော ပါထိကပုတ္တကား အဘယ်သူနည်း၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားတို့ကို ပုတ်ခတ်ခြင်းကား အဘယ်နည်း''ဟု (ဆို၏)။

၃၂။ ဘဂ္ဂဝ ဒါရုပတ္တိက၏ တပည့် ဇာလိယသည် ဤဥပမာဖြင့်လည်း အဝတ်မဝတ်သော ပါထိကပုတ္တ တတ္ကတွန်းကို ထိုနေရာမှ ရွေ့အောင် မတတ်နိုင်သောအခါ ထိုပရိသတ်ထံသို့ ပြန်လာ၍ ''အသျှင်တို့ ဤအဝတ် မဝတ်သော ပါထိကပုတ္တတက္ကတွန်းကား 'ငါ့သျှင် လာပါအံ့၊ ငါ့သျှင် လာပါအံ့''ဟု ဆို၍ ထိုနေရာ၌သာလျှင် လူးလွန့် ၍ နေ၏၊ နေရာမှ ထရန်ပင် မစွမ်းနိုင်၊ ရှုံးပုံပေါ်၏''ဟု ပြောကြား၏။

၃၃။ ဘဂ္ဂဝ ဤသို့ ပြောကြားသော် ငါသည် ထိုပရိသတ်အား ဤစကားကို ဆို၏ -

''ငါ့သျှင်တို့ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည် ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်။ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့'ဟု အကယ်၍ ထိုသူအား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏၊ အကယ်၍့ငါ့သျှင် လိစ္ဆဝီတို့အား 'ငါတို့သည် အဝတ်မဝတ်သော ပါထိကပုတ္တ တက္ကတွန်းကို လွန်ကြိုးတို့ဖြင့် ချည်၍ နွားအရှဉ်းများစွာတို့ဖြင့် ဆွဲယူကုန်အံ့ 'ဟု ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုလွန်ကြိုးတို့သော်လည်း ပြတ်ကုန်ရာ၏၊ ပါထိကပုတ္တသော်လည်း ပြတ်ရာ၏၊ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းသည်ကား ထိုစကားကို မရုပ်သိမ်းမူ၍ ထို စိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ငါ၏ မျက်မှောက်သို့ လာရန် မထိုက်။ 'ထိုစကားကို မရုပ်သိမ်းမူ၍ ထိုစိတ်ကို မပယ်မူ၍ ထိုအယူကို မစွန့်မူ၍ ရဟန်းဂေါတမ၏ မျက်မှောက်သို့ ငါ သွားအံ့ 'ဟု အကယ်၍ ထိုသူ့အား ဤသို့သော အကြံသည် ဖြစ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည် ပြတ်၍ ကျရာ၏''ဟု (ဆို၏)။

၃၄။ ဘဂ္ဂဝ ထို့နောက် ငါသည် ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေ၏၊ ထိုပရိသတ်ကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ကို (ကိလေသာ) အနှောင်အဖွဲ့မှ လွတ်စေ၍ (ဩဃလေးပါး) ခရီးခဲမှ ထုတ်ဆောင်ပြီးလျှင် တေဇောဓာတ်ကို ဝင်စား၍ ကောင်းကင်သို့ ထန်းခုနစ်ဆင့်တိုင်အောင် တက်၍ အထက်သို့ အခြားထန်းခုနစ်ဆင့်တိုင်အောင်လည်း မီးလျှံဖန်ဆင်း၍ ပြောင်ပြောင်တောက်စေ၍ အခိုးထွက်စေ၍ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီးသို့ ပြန်၍ တည်၏ 'ရောက်၏'။

၃၅။ ဘဂ္ဂဝ ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်၏။ ဘဂ္ဂဝ တစ်ခုသောနေရာ၌ ထိုင်သော လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤသို့သော စကားကို ငါဆို၏ -

''သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို အကြောင်းပြု၍ ငါဟောသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်သလော၊ သို့မဟုတ် တစ်မျိုးတစ်ဖုံအားဖြင့် ဖြစ်သလော''ဟု (ဆို၏)။

မြတ်စွာဘုရား အဝတ်မဝတ်သော ပါထိကပုတ္တတက္ကတွန်းကို အကြောင်းပြု၍ မြတ်စွာဘုရား ဟော တော်မူသည့်အတိုင်း ထိုစကား၏ အကျိုးသည် ဖြစ်ပါ၏၊ တစ်မျိုးတစ်ဖုံအားဖြင့် မဖြစ်ပါဟု (လျှောက်၏)။

သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည် မည်သလော၊ မပြသည် မည်သလောဟု (ဆို၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို စင်စစ် ပြသည် မည်ပါ၏၊ မပြသည် မမည်ပါဟု (လျှောက်၏)။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ဤသို့ပြသော ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါ''ဟု သင်ဆို၏။ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိ လော့။ ဘဂ္ဂဝ ဤသို့ပင် ငါပြောသော်လည်း အပါယ်ငရဲ လားထိုက်သူသည် ဖဲသွားသကဲ့သို့ လိစ္ဆဝီ မင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

------

၁-၂။ မြေခွေးယုတ် နှင့် ခြင်္သေ့ သံကား အဘယ်မှာ သက်ဆိုင်ပါအံ့နည်း။

မြေခွေးယုတ် နှင့် ခြင်္သေ့ သံကား မတန်မရာလေစွဟု အဓိပ္ပါယ်ရနိုင်သည်။

၃-၄။ မြတ်စွာဘုရားကို ယုတ်သော ပါထိကပုတ္တ၏ ပုတ်ခတ်ခြင်းကား အဘယ်မှာ ထိရောက်ပါအံ့နည်း။ လပြည့်ဝန်းကို ဟောင်သကဲ့သို့သာ ရှိလေစွ ထင်အပ်လေစွဟု အဓိပ္ပါယ်ရနိုင်သည်။

အစဟုသိအပ်သော တရားကို ပညတ်ခြင်း

၃၆။ ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို (အဂ္ဂညတရား) ကိုလည်း သိ၏၊ ထို့ထက် လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့ သိသော်လည်း မှားသောအား ဖြင့် မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင် သာလျှင် သိ၏၊ ယင်းသို့ သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၃၇။ ဘဂ္ဂဝ အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ငါသည် ထိုသူတို့ ထံသို့ ချဉ်းကပ်၍ ''ငါ့သျှင်တို့ သင်တို့သည် အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်း ဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော''ဟု မေး၏။ ငါသည် ဤသို့ မေးသော် ထိုသူတို့သည်လည်း ''မှန်ပါသည်''ဟု ဝန်ခံကုန်၏။ ''ငါ့သျှင်တို့ အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် သင်တို့ ဟောကုန်သနည်း''ဟု ထိုသူတို့ကို ငါမေး၏။ ထိုသူတို့သည် ဤသို့ ငါမေးသော် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြ ကုန်၏၊ ငါသည် မေးလတ်သော် ထိုသူတို့အား ဤသို့ ဖြေကြား၏ -

၃၈။ ငါ့သျှင်တို့ ရှည်သော ကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရဘုံ ၌ ဖြစ်ကုန်၏၊ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း 'ပီတိ' လျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာ ရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

ငါ့သျှင်တို့ ရှည်သော ကာလလွန်သော် တစ်ခါတစ်ရံ၌ ဤလောကသည် ဖြစ်၏၊ ထိုအခါသည် ရှိသည်သာတည်း၊ လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှား ဖြစ်ပေါ်၏၊ ထိုအခါ တစ်ဦးတစ်ယောက်သော သတ္တဝါသည် အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊ ထိုသူသည် ထိုဘုံ၌ ဈာန်စိတ်ကြောင့်ဖြစ်၏၊ နှစ်သိမ့်ခြင်း 'ပီတိ' လျှင် အစာရှိ၏၊ မိမိကိုယ်ရောင်ဖြင့် လင်းလျက် ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သောနေရာရှိ၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်၏။

ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာနေရသောကြောင့် မမွေ့လျော်သည် ဖြစ်၍ ''တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ''ဟု တောင့်တ၏။ ထိုအခါ တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သောကြောင့် ဖြစ်စေ အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အပေါင်းအဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ်ကုန်၏၊ ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန် စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း 'ပီတိ'လျှင် အစာရှိကုန်၏၊ မိမိ တို့ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။

၃၉။ ငါ့သျှင်တို့ ထိုသတ္တဝါတို့တွင် ရှေးဦးဖြစ်ပေါ်နှင့်သော သတ္တဝါအား ဤသို့သော အကြံသည် ဖြစ်၏ -

''ငါသည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်း မိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရ သူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊့ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊ အဘယ်ကြောင့်ဆိုသော် 'တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက် လာဘိမူ ကောင်းလေစွ'ဟု ငါ့အား ရှေး၌ အကြံဖြစ်ခဲ့၏၊ ဤသို့ ငါ့အားလည်း တောင့်တခြင်း သည် ဖြစ်၏၊ ဤသတ္တဝါတို့သည်လည်း ဤဗြဟ္မာဘုံသို့ ရောက်လာကုန်၏''ဟု (အကြ ံဖြစ်၏)။ နောက်မှ ဖြစ်ပေါ်လာသော ထိုသတ္တဝါတို့အားလည်း ဤသို့သော အကြ ံသည် ဖြစ်၏ -

''ဤအသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအသျှင်ဗြဟ္မာ ဖန်ဆင်းထား၏၊ အဘယ်ကြောင့်ဆိုသော် ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ် နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊ ငါတို့သည်ကား နောက်မှ ဖြစ်ပေါ်လာကုန်၏''ဟု (အကြံ ဖြစ်၏)။

၄၀။ ငါ့သျှင်တို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော ထိုသတ္တဝါသည် အသက်လည်း သာလွန်၍ ရှည်၏၊ အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊ နောက်မှ ဖြစ်ပေါ် လာကုန်သော သတ္တဝါတို့ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်) အသက်လည်း တိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ)ဘုံမှ စုတေခဲ့၍ ဤ (လူ့) ဘုံသို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကိုု စွဲ၍ ထိုသို့သော သဘောရှိသော စိတ်တည်ကြည်ခြင်း ကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌နေဖူးသော ထို (ဗြဟ္မာ) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန်၍ မအောက်မေ့နိုင်။ ထိုသူသည် ဤသို့ ဆို၏ -

''အကြင် အသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာ ဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူ ကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ယင်း အသျှင်ဗြဟ္မာသည် ဖန်ဆင်းထား၏၊ ထိုဗြဟ္မာသည် (ဖြစ်ပေါ်ခြင်း မရှိမူ၍) မြဲ၏၊ (သေခြင်း မရှိမူ ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘောမရှိ၊ ထို့ကြောင့် မြဲသောအရာ တို့နှင့်တူစွာ တည်မြဲတိုင်းပင် တည်လတ္တံ့၊ ထိုအသျှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်ကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟု (ဆို၏)။

ငါ့သျှင်တို့ အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို သင်တို့သည် ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

''ငါ့သျှင်ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို (အဂ္ဂညတရား) ကိုလည်း သိ၏၊ ထို့ထက်လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့သိသော်လည်း မှားသောအားဖြင့်မသုံးသပ်၊ မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင်သာ လျှင် သိ၏၊ ယင်းသို့သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၁။ ဘဂ္ဂဝ ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ငါသည် ထိုသူတို့ထံသို့ ချဉ်းကပ်၍''ငါ့သျှင်တို့ သင်တို့သည် ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော''ဟု မေး၏။ ငါသည် ဤသို့မေးသော် ထိုသူတို့သည်လည်း ''မှန်ပါသည်''ဟု ဝန်ခံကုန်၏။ ''ငါ့သျှင်တို့ သင်တို့သည် ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် ဟောကုန်သနည်း''ဟု ထိုသူတို့ကို ငါ မေး၏။ ဤသို့ ငါ မေးသော် ထိုသူတို့သည် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ ငါသည် မေးလတ်သော် ထိုသူတို့အား ဤသို့ ဖြေကြား၏ -

၄၂။ ငါ့သျှင်တို့ ခိဍ္ဍာပဒေါသိကနတ် မည်သော နတ်တို့သည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန် ကြာမြင့်စွာ ကျီစယ်ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေ ကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (နတ်)ဘုံမှ စုတေခဲ့၍ ဤ (လူ့ဘုံ) သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကိုု စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက် လွန်၍ မအောက်မေ့နိုင်။

ထိုသူသည် ဤသို့ ဆို၏ -

''အကြင် အသျှင် နတ်တို့သည် ခိဍ္ဍာပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ ကျီစယ်ပျော်ပါးလျက် မနေကုန်၍ (စားသောက်ရန်) သတိမမေ့သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်း မရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ် ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ကြောင့် မြဲသော အရာတို့နှင့် တူစွာ တည်မြဲ တိုင်းပင် တည်ကုန်လတ္တံ့။ ခိဍ္ဍာပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ ကျီစယ် ပျော်ပါးလျက် နေကုန်၍ (စားသောက်ရန်) သတိမေ့သောကြောင့် ထိုနတ်ဘဝမှ စုတေခဲ့ကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိုကုန်၏၊ သေခြင်းသဘောရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟု (ဆို၏)။

ငါ့သျှင်တို့ သင်တို့သည် ခိဍ္ဍာပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

''ငါ့သျှင်ဂေါတမ အသျှင် ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏။ပ။ ယင်းသို့ သိသောဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၃။ ဘဂ္ဂဝ မနောပဒေါသိက နတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာမဟ္မဏတို့သည် ရှိကုန်၏၊ ထိုသူတို့ကို ချဉ်းကပ်၍ ''ငါ့သျှင်တို့ သင်တို့သည် မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော''ဟု ငါ မေး၏။ ငါသည် ဤသို့ မေးသော် ထိုသူတို့သည်လည်း ''မှန်ပါသည်''ဟု ဝန်ခံကြကုန်၏။ ''ငါ့သျှင်တို့ သင်တို့သည် မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် ဟောကုန်သနည်း''ဟု ထိုသူတို့ကို ငါမေး၏။ ထို သူတို့သည် ဤသို့ ငါမေးသော် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ မေးလတ်သော် ထိုသူတို့အား ဤသို့ ငါ ဖြေကြား၏ -

၄၄။ ငါ့သျှင်တို့ မနောပဒေါသိကနတ်တု့ိသည် ရှိကုန်၏၊ ထိုနတ်တို့သည် အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် ဖြစ်ကုန်၍ ကိုယ်စိတ်ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (နတ်)ဘုံမှ စုတေခဲ့၍ ဤ (လူ့ဘုံ) သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကိုု စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကိုရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌ နေဖူးးသော ထို (နတ်) ဘဝကို အောက်မေ့နိုင်၏၊ ထို့ထက်လွန် ၍ မအောက်မေ့နိုင်။

ထိုသူသည် ဤသို့ ဆို၏ -

''အကြင် အသျှင် နတ်တို့သည် မနောပဒေါသိက မဟုတ်ကုန်၊ ထိုနတ်တို့သည် အလွန်ကြာ မြင့်စွာ အချင်းချင်း တစိန်းစိန်း မကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသစိတ် မဖြစ်ကုန်၍ ကိုယ်စိတ် မပင်ပန်း ကုန်သောကြောင့် ထိုနတ်ဘဝမှ မစုတေကုန်၊ (ဖြစ်ပေါ်ခြင်းမရှိ၍) မြဲကုန်၏၊ (သေခြင်း မရှိ၍) ခိုင်မြဲကုန်၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲကုန်၏၊ ဖောက်ပြန်ခြင်းသဘော မရှိကုန်၊ ထို့ ကြောင့် မြဲသောအရာတို့နှင့် တူစွာ တည်မြဲတိုင်းပင် တည်ကုန်လတ္တံ့။ မနောပဒေါသိကဖြစ်သော ငါတို့သည်ကား အလွန်ကြာမြင့်စွာ အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သဖြင့် အချင်းချင်း ဒေါသ စိတ်ဖြစ်ကုန်၍ ကိုယ်စိတ်၏ ပင်ပန်းသောကြောင့် ထိုနတ်ဘဝမှ စုတေကုန်၏၊ (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊ (သေခြင်းရှိ၍) မခိုင်မြဲကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက်တိုကုန်၏၊ သေခြင်း သဘော ရှိကုန်၏၊ ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာကုန်၏''ဟု (ဆို၏)။

ငါ့သျှင်တို့ သင်တို့သည် မနောပဒေါသိကနတ်လျှင် အကြောင်းရင်းရှိသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

''ငါ့သျှင်ဂေါတမ အသျှင်ဂေါတ မဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏။ပ။ ယင်းသို့ သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၅။ ဘဂ္ဂဝ အကြောင်းမဲ့ ဖြစ်ပေါ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ငါသည် ထိုသူတို့ ထံသို့ ချဉ်းကပ်၍ ''ငါ့သျှင်တို့ သင်တို့သည် အကြောင်းမဲ့ ဖြစ်ပေါ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော''ဟု မေး၏။ ငါသည် ဤသို့ မေးလတ်သော် ထိုသူတို့သည်လည်း ''မှန်ပါသည်''ဟု ဝန်ခံကုန်၏။ ''ငါ့သျှင်တို့ သင်တို့သည် အကြောင်းမဲ့ ဖြစ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် ဟောကုန်သနည်း''ဟု ထိုသူတို့ကို ငါမေး၏။ ဤသို့ ငါ မေးသော့်ထိုသူတို့သည် မဖြေနိုင်ကြကုန်၊ မဖြေနိုင်ကြကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြကုန်၏၊ မေးလတ်သော် ထိုသူတို့အား ဤသို့ ငါ ဖြေကြား၏ -

၄၆။ ငါ့သျှင်တို့ အသညသတ်မည်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ထိုဗြဟ္မာတို့သည် ပဋိသန္ဓေသညာ ဖြစ်ပေါ်ခြင်းကြောင့် ထိုဗြဟ္မာ့ဘုံမှ စုတေကုန်၏။

ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည် ထို (ဗြဟ္မာ့)ဘုံမှ စုတေ၍ ဤ (လူ့) ဘုံ သို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင် ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍ မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကိုု စွဲ၍ ထိုသို့သဘောရှိသော စိတ်တည်ကြည်ခြင်းကို ရ၏၊ ယင်းသို့ စိတ်တည်ကြည်လတ်သော် ပဋိသန္ဓေသညာဖြစ်ပေါ်ခြင်းကို အောက်မေ့နိုင်၏၊ ထို့ထက်အလွန် မအောက်မေ့နိုင်။

ထိုသူသည် ဤသို့ ဆို၏ -

''အတ္တသည်လည်ကောင်း လောကသည်လည်းကောင်း အကြောင်းမဲ့ ဖြစ်ပေါ်၏၊ အဘယ် ကြောင့်ဆိုသော် ငါသည် ရှေး၌ မရှိခဲ့၊ ထိုငါသည် မရှိခဲ့ဘဲလျက် ယခု ထင်ရှားရှိလာ၏''ဟု (ဆို၏)။

ငါ့သျှင်တို့ သင်တို့သည် အကြောင်းမဲ့ ဖြစ်ပေါ်ခြင်းဟူသော ဆရာ့ဝါဒဖြစ်သော လောက၏အစဟု သိအပ်သော အဂ္ဂညတရားကို ဤသို့သော အစီအရင်ဖြင့် ဟောကုန်သလောဟု (မေး၏)။

''ငါ့သျှင် ဂေါတမ အသျှင်ဂေါတမဟောကြားသည့်အတိုင်း ငါတို့ ကြားဖူးကြပါကုန်၏''ဟု ထိုသူတို့ သည် ဤသို့ ဆိုကြကုန်၏။

ဘဂ္ဂဝ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊ ထို (အဂ္ဂညတရား) ကိုလည်း သိ၏၊ ထို့ထက်လွန်မြတ်သော တရားကိုလည်း သိ၏၊ ထိုသို့သိသော်လည်း မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိသန္တာန်၌ ကိလေသာငြိမ်းခြင်းကို သိ၏၊ ယင်းသို့ သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။

၄၇။ ဘဂ္ဂဝ ဤသို့ဆိုလေ့ရှိသော ဤသို့ဟောလေ့ရှိသော ငါ့ကို အချို့သော သမဏဗြာဟ္မဏတို့သည် ထင်ရှားမရှိသော အချည်းနှီးသော ချွတ်လွဲသော မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲကုန်၏၊ ''ရဟန်းဂေါတမသည် ဖောက်ပြန်သော သညာရှိ၏၊ ရဟန်းတို့သည်လည်း ဖောက်ပြန်သော သညာရှိကုန်၏၊ ရဟန်းဂေါတမသည် 'တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံး စုံ (တင့်တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ် 'ဟုသာ သိမှတ်၏ဟူ၍ ဟော၏''ဟု စွပ်စွဲကုန်၏။

ဘဂ္ဂဝ ''တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ အလုံးစုံ (တင့် တယ် မတင့်တယ်သော အာရုံ) ကို မတင့်တယ်ဟုသာ သိမှတ်၏''ဟု ဤသို့ မဟော၊ ဘဂ္ဂဝ ''တင့်တယ် သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေသောအခါ တင့်တယ်၏ ဟူ၍သာ သိမှတ်၏''ဟု ဤသို့သာ ငါ ဟော၏ (ဟု မိန့်တော်မူ၏)။

မြတ်စွာဘုရား မြတ်စွာဘုရားကိုလည်းကောင်း ရဟန်းတို့ကိုလည်းကောင်း ဖောက်ပြန်သောအားဖြင့် စွပ်စွဲကြသော ထိုသူတို့သာ ဖောက်ပြန်ကုန်၏။ မြတ်စွာဘုရား မြတ်စွာဘုရား၌ အကျွန်ုပ်သည် ဤသို့ ကြည်ညိုပါ၏ ''အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ဝိမောက္ခဈာန်ကို ဝင်စား၍ နေနိုင်သည့် တိုင်အောင် မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောရန် စွမ်းနိုင်ပါ၏''ဟု (ကြည်ညိုပါ၏ ဟူ၍ လျှောက်၏)။

၄၈။ ဘဂ္ဂဝ အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုးရှိသော သင်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် ခဲယဉ်း၏။ ဘဂ္ဂဝ ငါ့တိုက်တွန်း၏၊ သင်သည် ငါ၌ ကြည်ညိုခြင်းကိုသာ ကောင်းစွာ စောင့်ထိန်းလော့ဟု (မိန့်တော် မူ၏)။

မြတ်စွာဘုရား အယူတစ်မျိုး အလိုတစ်မျိုး အကြိုက်တစ်မျိုး အားထုတ်မှုတစ်မျိုး ဆရာတစ်မျိုး ရှိသော အကျွန်ုပ်သည် တင့်တယ်သည်ဟု ဆိုအပ်သော ထိုဝိမောက္ခဈာန်ကို ဝင်စား၍ နေရန် အကယ်၍ ခဲယဉ်းပါလျှင် မြတ်စွာဘုရား၌ အကျွန်ုပ်၏ ကြည်ညိုခြင်းကိုသာ အကျွန်ုပ် ကောင်းစွာ စောင့်ထိန်းပါအံ့ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို မိန့်တော်မူ၏၊ ဘဂ္ဂဝအနွယ် ပရိဗိုဇ်သည် မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

ရှေးဦးစွာသော ပါထိကသုတ် ပြီး၏။

------

၁။ ဒုတိယဈာန်သုံးဘုံတွင် တတိယဘုံ၊ အရောင်အဝါထွက်သော ဗြဟ္မာတို့၏ နေရာ။

၂။ ခိဍ္ဍာပဒေါသိက (ပါဠိ) ခိဍာ၊ ပျော်ပါးခြင်းကြောင့်။ ပဒေါသိက၊ ပျက်စီးသောနတ်။

၃။ မနော၊ စိတ်ကြောင့်။ ပဒေါသိက၊ ပျက်စီးသောနတ်။

၂-ဥဒုမ္ဗရိကသုတ်

နိဂြောဓပရိဗိုဇ်ဝတ္တု

၄၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နိဂြောဓပရိဗိုဇ်သည် ဥဒုမ္ဗရိကာမိဖုရား၏ ပရိဗိုဇ်အရံ၌ သုံးထောင်မျှသော များစွာသော ပရိသတ် နှင့်အတူ နေ၏။ ထိုအခါ သန္ဓာနသူကြွယ်သည် မြတ်စွာဘုရားကို ဖူးမြော်ရန် နေမွန်းလွဲအချိန်၌ ရာဇဂြိုဟ်မှ ထွက်ခဲ့၏၊ သို့ထွက်ခဲ့စဉ် သန္ဓာနသူကြွယ်အား ဤသို့ အကြံဖြစ်၏။

''မြတ်စွာဘုရားကို ဖူးမြော်ရန် အခါမဟုတ်သေး၊ မြတ်စွာဘုရားသည် (ဈာန်ဝင်စားလျက်) တစ်ပါးတည်း ကိန်းအောင်းနေတော်မူ၏၊ နှလုံးကို ပွါးစေနိုင်ကုန်သော ရဟန်းတို့ကိုလည်း ဖူးမြော် ရန် အခါမဟုတ်သေး၊ နှလုံးကို ပွါးစေနိုင်ကုန်သော ရဟန်းတို့လည်း (ဈာန်ဝင်စားလျက်) တစ်ပါးတည်း ကိန်းအောင်းနေကုန်၏၊ ငါသည် ဥဒုမ္ဗရိကာ မိဖုရား၏ ပရိဗိုဇ်အရံ၌ နိဂြေ ာဓ ပရိဗိုဇ်ထံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ''ဟု (အကြ ံဖြစ်၏)။

ထို့နောက် သန္ဓာနသူကြွယ်သည် ဥဒုမ္ဗရိကာ မိဖုရား၏ ပရိဗိုဇ်အရံ၌ နိဂြောဓပရိဗိုဇ်ထံသို့ ချဉ်း ကပ်၏။

၅၀။ ထိုစဉ်အခါ၌ နိဂြောဓပရိဗိုဇ်သည် များစွာသော ဖီလာစကားကို ပြင်းပြကျယ်လောင်စွာ ပဲ့တင် ထပ်မျှ ပြောဆိုနေကြသော များစွာသော ပရိဗိုဇ်ပရိသတ်နှင့် အတူ ထိုင်နေလျက် ရှိ၏၊ ဤဖီလာ စကားတို့ကား အဘယ်နည်း -

''မင်းနှင့် စပ်သော စကား၊ ခိုးသူနှင့် စပ်သော စကား၊ အမတ်ကြီးနှင့် စပ်သော စကား၊ စစ်သည်နှင့် စပ်သော စကား၊ ကြောက်ဖွယ်နှင့် စပ်သော စကား၊ စစ်ထိုးခြင်းနှင့် စပ်သော စကား၊ စားဖွယ်နှင့် စပ်သော စကား၊ သောက်ဖွယ်နှင့် စပ်သော စကား၊ အဝတ်နှင့် စပ်သောစကား၊ အိပ်ရာနှင့် စပ်သော စကား၊ ပန်းနှင့် စပ်သောစကား၊ နံ့သာနှင့် စပ်သော စကား၊ ဆွေမျိုးနှင့် စပ်သော စကား၊ ယာဉ်နှင့် စပ်သော စကား၊ ရွာနှင့် စပ်သော စကား၊ နိဂုံးနှင့် စပ်သော စကား၊ မြို ့နှင့် စပ်သော စကား၊ နယ်နှင့် စပ်သော စကား၊ မိန်းမနှင့် စပ်သော စကား၊ ယောက်ျားနှင့် စပ်သော စကား၊ သူရဲကောင်းနှင့် စပ်သော စကား၊ လမ်း နှင့် စပ်သော စကား၊ ရေခပ်ဆိပ်နှင့် စပ်သော စကား၊ သေလွန်သူနှင့် စပ်သော စကား၊ အထွေထွေနှင့် စပ်သော စကား၊ လောက (အကြောင်း)နှင့် စပ်သော စကား၊့သမုဒ္ဒရာ (အကြောင်း) နှင့် စပ်သော စကား၊ ကြီးပွါးခြင်း ဆုတ် ယုတ်ခြင်းနှင့် စပ်သော စကားတို့တည်း။

၅၁။ နိဂြောဓပရိဗိုဇ်သည် လာသော သန္ဓာနသူကြွယ်ကို အဝေးမှပင် မြင်၍ မိမိပရိသတ်ကို သေဝပ်စွာ နေရန် ပြောဆို၏ -

'' အသျှင်တို့ အသံ မပြုကုန်လင့်၊ ရဟန်းဂေါတမ၏ တပည့်ဖြစ်သော ဤသန္ဓာနသူကြွယ်သည် လာနေ၏။ ရဟန်းဂေါတမ၏ တပည့်ဖြစ်ကုန်သော အဝတ်ဖြူဝတ်ကုန်သော အကြင်မျှ လောက်သော လူတို့သည် ရာဇဂြိုဟ်ပြည်၌ နေကုန်၏၊ ဤသန္ဓာနသူကြွယ်သည် ထိုတပည့်တို့တွင် တစ်ယောက် အပါအဝင်ဖြစ်၏၊ ထိုအသျှင်တို့သည် တိတ်ဆိတ်ခြင်းကို အလိုရှိကုန်၏၊ တိတ်ဆိတ် ခြင်း၌ ဆုံးမသွန်သင်ပြီးဖြစ်ကုန်၏၊ တိတ်ဆိတ်ခြင်းကို ချီးမွမ်းလေ့ရှိကုန်၏၊ ပရိသတ် အသံ တိတ်ဆိတ်နေသည်ကို သိလျှင် ချဉ်းကပ်သင့်သည်ဟု အောက်မေ့တန်ရာ၏''ဟူ၍ (ပြောဆို၏)။

ဤသို့ ပြောဆိုသော် ထိုပရိဗိုဇ်တို့သည် တိတ်ဆိတ်စွာ နေကုန်၏။

၅၂။ ထိုအခါ သန္ဓာနသူကြွယ်သည် နိဂြောဓပရိဗိုဇ်ထံသို့ ချဉ်းကပ်ပြီးလျှင် နိဂြောဓပရိဗိုဇ်နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသောနေရာ၌ ထိုင်၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော သန္ဓာနသူကြွယ်သည် နိဂြောဓပရိဗိုဇ် အား ဤစကားကို ဆို၏ -

''ဂိုဏ်းတစ်ပါးဖြစ်ကုန်သော ဤအသျှင်ပရိဗိုဇ်တို့သည် မြတ်စွာဘုရားတို့နှင့်မတူ အမူခြားနားသော အားဖြင့် ပေါင်းဆုံစည်းဝေးကုန်၍ ပြင်းပြကျယ်လောင်သော အသံဖြင့် ပဲ့တင်ထပ်မျှ အမျိုးမျိုးသော (မဂ်ဖိုလ်မှ) ဖီလာစကားကို ပြောဆိုလျက် နေကြကုန်၏။ ဤဖီလာစကားတို့ကား အဘယ်နည်း၊ မင်းနှင့် စပ်သော စကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့် စပ်သော စကားများ ဖြစ်၏။ သို့သော် ထိုမြတ်စွာ ဘုရားသည်ကား ပရိဗိုဇ်တို့နှင့် မတူ အမူခြားနားသောအားဖြင့် ဆူညံသောအသံ နည်းကုန်သော တိုးတိုး တိတ်တိတ်အသံလည်း နည်းကုန်သော လူစော်မနံ လူတို့၏ အနံ့အသက်မှ ကင်းကုန်သော လူတို့၏ လျှို့ ဝှက်သော အမှုကို ပြုခြင်းငှါထိုက်ကုန်သော တစ်ပါးတည်း ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်းတို့ကို မှီဝဲနေထိုင်တော်မူ၏''ဟု (ဆို၏)။

၅၃။ ဤသို့ ပြောသော် နိဂြေ ာဓပရိဗိုဇ်သည် သန္ဓာနသူကြွယ်အား ဤစကားကို ဆို၏ -

''သန္ဓာနသူကြွယ် သင်သိပါ၏လော့၊ ရဟန်းဂေါတမသည် အဘယ်သူနှင့် စကားပြောသနည်း၊ အဘယ်သူနှင့် ဆွေးနွေးသနည်း၊ အဘယ်သူနှင့် စကားယှဉ်ပြိုင်ခြင်းဖြင့် ပညာအရာ၌ ထင်ရှားခြင်းသို့ ရောက်သနည်း၊ ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေသဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲ ဝင်ဝံ့သူ မဟုတ်၊ စကားပြောခြင်းငှါ မစွမ်းနိုင်၊ ထို (ရဟန်းဂေါတမ) သည် ဝေးကွာသော တောကျောင်းတို့ကိုသာ မှီဝဲနေထိုင်၏။ ဥပမာအားဖြင့် ကန်းသော နွားမသည် (နွားတို့၏) အစွန်အဖျား၌ ကျက်စားလေ့ရှိသည် ဖြစ်၍ အစွန်အဖျားအရပ်တို့ကိုသာ မှီဝဲသကဲ့သို့ ဤအတူသာလျင် ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေသဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲ ဝင်ဝံ့သူမဟုတ်၊ စကား ပြောခြင်းငှါ မစွမ်းနိုင်၊ ထိုသူသည် ဝေးကွာသော တောကျောင်းတို့ကိုသာ မှီဝဲနေထိုင်၏၊ သူကြွယ် စင်စစ်သော်ကား ရဟန်းဂေါတမသည် ဤပရိသတ် ရှိရာသို့ လာငြားအံ့၊ ထို (ရဟန်းဂေါတမ) ကို ပြဿနာတစ်ချက်တည်းဖြင့် ချောက်ချားစေနိုင်ကုန်ရာသည်၊ ရေမရှိသော အိုးကဲ့သို့ လှည့်ပတ်ဖွဲ့ချည်နိုင်ကုန်ရာသည်ဟု ထင်၏''ဟူ၍ (ဆို၏)။

၅၄။ မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သောနား 'ဒိဗ္ဗသောတအဘိညာဉ် ' ဖြင့် နိဂြောဓပရိဗိုဇ်နှင့် အတူ သန္ဓာနသူကြွယ်၏ ဤစကားပြောဆိုခြင်းကို ကြား တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူ၍ သုမာဂဓာရေကန်၏ ကမ်း့နား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာအရပ်သို့ ချဉ်းကပ်၍ သုမာဂဓာရေကန်၏ ကမ်းနား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာ လွင်ပြင်၌ စင်္ကြံကြွတော်မူ၏။ နိဂြောဓပရိဗိုဇ်သည် သုမာဂဓာရေကန်၏ ကမ်းနား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာ လွင်ပြင်၌ စင်္ကြံကြွတော်မူသော မြတ်စွာဘုရားကို မြင်လတ်သော် ''အသျှင်တို့ တိတ်ဆိတ်စွာ နေကြပါကုန်လော့၊ အသျှင်တို့ အသံ မပြုပါကုန်လင့်၊ ဤရဟန်းဂေါတမသည် စင်္ကြံကြွနေ၏၊ ထိုအသျှင် (ဂေါတမ) သည် တိတ်ဆိတ်ခြင်းကို အလိုရှိ၏၊ တိတ်ဆိတ်ခြင်းကို ချီးမွမ်းလေ့ရှိ၏၊ 'ပရိသတ်အသံ တိတ်ဆိတ်နေသည်ကို သိလျှင် ချဉ်း ကပ်သင့်သည် 'ဟု အောက်မေ့တန်ရာ၏၊ ရဟန်းဂေါတမသည် ဤပရိသတ်သို့ အကယ်၍ လာငြားအံ့၊ ဤရဟန်းဂေါတမအား ထိုပြဿနာကို မေးကုန်ရာ၏ -

'မြတ်စွာဘုရား မြတ်စွာဘုရားသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်း တရားဖြင့် မြတ်စွာဘုရား ဆုံးမဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်းအရိယ မဂ်တည်းဟု ဝန်ခံကုန်၏၊ မြတ်စွာဘုရား ဆုံးမဟောကြားကြောင်းဖြစ်သော ထိုတရားကား အဘယ်ပါ နည်း'ဟု မေးကုန်ရာ၏''ဟု ဆိုပြီးလျှင် မိမိပရိသတ်ကို သေဝပ်စွာ နေစေ၏။ ဤသို့ဆိုသော် ထိုပရိဗိုဇ် တို့သည် တိတ်ဆိတ်စွာ နေကြကုန်၏။

၅၅။ ထိုအခါ မြတ်စွာဘုရားသည် နိဂြေ ာဓပရိဗိုဇ်ထံသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ နိဂြောဓ ပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''မြတ်စွာဘုရား ကြွလာတော်မူပါ၊ အသျှင်ဘုရား မြတ်စွာဘုရား၏ ကြွလာခြင်းသည် ကောင်းသော ကြွလာခြင်းဖြစ်ပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ကြာမြင့်မှ ဤအရပ်သို့ ကြွလာတော်မူရန် အလှည့်ကို ပေးတော်မူဘိ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ထိုင်တော်မူပါ၊ ဤနေရာကို ခင်းထားပါသည် အသျှင်ဘုရား''ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ နိဂြောဓပရိဗိုဇ်သည်လည်း နိမ့်သော ထိုင်စရာတစ်ခုကို ယူ၍ တစ်ခုသောနေရာ၌ ထိုင်၏။ တစ်ခုသောနေရာ၌ ထိုင်ပြီးသော နိဂြောဓပရိဗိုဇ် အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

''နိဂြောဓ ယခုအခါ အဘယ်စကားဖြင့် စုဝေးထိုင်နေကုန်သနည်း၊ သင်တို့ မပြီးသေးသော အကြားစကားသည်ကား အဘယ်နည်း''ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော နိဂြောဓပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

မြတ်စွာဘုရား အကျွန်ုပ်တို့သည် သုမာဂဓာရေကန်၏ ကမ်းနား ဥဒေါင်းတို့ကို (ဘေးမဲ့ပေး၍) အစာကျွေးရာ ဤလွင်ပြင်၌ စင်္ကြံကြွနေသော မြတ်စွာဘုရားကို မြင်၍ ဤသို့ ဆိုပါကုန်၏ -

''ရဟန်းဂေါတမသည် အကယ်၍ ဤပရိသတ်သို့ လာငြားအံ့၊ ဤရဟန်းဂေါတမအား ထိုပြဿနာကို မေးကုန်ရာ၏၊ 'မြတ်စွာဘုရား မြတ်စွာဘုရားသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်းတရားဖြင့် မြတ်စွာဘုရား ဆုံးမဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်း အရိယမဂ်တည်း'ဟု ဝန်ခံကုန်၏။ မြတ်စွာဘုရား ဆုံးမဟောကြား ကြောင်းဖြစ်သော ထိုတရားကား အဘယ်နည်း''ဟု မေးကုန်အံ့ဟူ၍ ဆိုပါကုန်၏။

''မြတ်စွာဘုရား အကျွန်ုပ်တို့၏ မပြီးသေးသော စကားကား ဤစကားပါတည်း၊ ထိုအခါ မြတ်စွာဘုရား ကြွရောက်တော်မူလာပါသည်''ဟု (လျှောက်၏)။

၅၆။ နိဂြေ ာဓ ငါသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၍ ယင်းတရားဖြင့် ငါဆုံး မဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာ့ခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်းအရိယမဂ်တည်းဟု ဝန်ခံကုန်၏၊ ငါ ဆုံးမဟောကြားကြောင်းဖြစ်သော ထိုတရားကို အယူဝါဒ၌ ထင်မြင်ခြင်းတစ်မျိုး နှစ်သက်ခြင်းတစ်မျိုး သဘောကျခြင်းတစ်မျိုး အားထုတ်လေ့ လာခြင်းတစ်မျိုး ဆရာတစ်မျိုးရှိသော သင်သည် သိနိုင်ခဲ၏၊ နိဂြောဓ သင်သည် မိမိ၏ ဆရာ့ဝါဒဖြစ်သော အဓိဇေဂုစ္ဆာဝါဒ၌ ငါ့အား ပြဿနာကို မေးလော့ - ''မြတ်စွာဘုရား အဓိဇေဂုစ္ဆာဝါဒသည် အဘယ်သို့ဖြစ်လျှင် စင်ကြယ်ပါသနည်း၊ အဘယ်သို့ဖြစ်လျှင် မစင်ကြယ်ပါသနည်း''ဟု (မေးလော့ဟု ဆို၏)။

ဤသို့ ဆိုသော် ထို ပရိဗိုဇ်တို့သည် ''အချင်းတို့ ရဟန်းဂေါတမ၏ တန်ခိုးကြီးပုံ အာနုဘော်ကြီး ပုံကား အံ့ဖွယ်ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ မိမိဝါဒကို ထား၍ သူတစ်ပါးဝါဒဖြင့် ဖိတ်ပါပေ၏''ဟု ပြင်းပြကျယ်လောင်စွာ ပဲ့တင်ထပ်မျှ ကြွေးကြော်ကြကုန်၏။

၅၇။ ထိုအခါ နိဂြေ ာဓပရိဗိုဇ်သည် ထိုပရိသတ်တို့ကို အသံတိတ်စေ၍ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''မြတ်စွာဘုရား အကျွန်ုပ်တို့သည် တပေါဇိဂုစ္ဆာဝါဒကို နှုတ်ဖြင့် ပြောဆိုလေ့ရှိပါကုန်၏၊ တပေါ ဇိဂုစ္ဆာဝါဒကို စိတ်ဖြင့် အနှစ်သာရဟု မှတ်ယူလေ့ရှိပါကုန်၏၊ တပေါဇိဂုစ္ဆာဝါဒကို ကိုယ်ဖြင့် စွဲမြဲစွာ ကျင့်သုံးလေ့ရှိပါကုန်၏။

မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်သို့ဖြစ်လျှင် စင်ကြယ်ပါသနည်း၊ အဘယ်သို့ဖြစ်လျှင် မစင်ကြယ်ပါသနည်း''ဟု (လျှောက်၏)။

နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် အဝတ် မဝတ်မူ၍ ကျင့်၏၊ လွတ်လပ်စွာကျင့်၏၊ လက်ဖြင့် (မစင်ကို) သုတ်လေ့ရှိ၏၊ အသျှင် လာပါလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ အသျှင် ရပ်ပါဦးလော့ ဆိုသူ၏ ဆွမ်းကို မခံ၊ မိမိမကပ်ရောက်မီ ယူဆောင်လာသော ဆွမ်းကို မခံ၊ ရည်စူး၍ပြုသော ဆွမ်းကို မခံ၊ ပင့်ဖိတ်ဆွမ်းကို မခံ၊ အိုးဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တောင်းဝမှ (ကော်၍ လောင်းသော) ဆွမ်းကို မခံ၊ တံခါးခုံခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ တုတ်ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ ကျည်ပွေ့ခြား၍ (လောင်းသော) ဆွမ်းကို မခံ၊ နှစ်ယောက်စားနေစဉ်မှ (လောင်းသော) ဆွမ်းကို မခံ၊ ကိုယ်ဝန်ဆောင်မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ နို့တိုက်ဆဲ မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ ယောက်ျားနှင့် နှီးနှောနေသော မိန်းမ၏ (လောင်းသော) ဆွမ်းကို မခံ၊ ဆော်အော စုဆောင်း၍ (လောင်းသော) ဆွမ်းတို့ကို မခံ၊ ခွေးမျှော်နေရာမှ ဆွမ်းကို မခံ၊ ယင်အုံရာမှ ဆွမ်းကို မခံ၊ ငါးမစား၊ အမဲမစား၊ သေမသောက် အရက်မသောက်၊ ဖွဲ၌မြုပ်သော ဆေးရည်ကို မသောက်၊ တစ်အိမ်၌သာ ဆွမ်းခံ၏၊ တစ်လုပ်သာ စား၏၊ နှစ်အိမ်၌သာ ဆွမ်းခံ၏၊ နှစ်လုပ်သာ စား၏၊ ခုနစ်အိမ်၌သာ ဆွမ်းခံ၏၊ ခုနစ်လုပ်သာ စား၏၊ ဆွမ်းလောင်းခွက်ငယ် တစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ ဆွမ်းလောင်း ခွက်ငယ် နှစ်ခုစာဖြင့်လည်း ရောင့်ရဲ၏၊ တစ်ရက်ခြားလည်း အစာစား၏၊ နှစ်ရက်ခြားလည်း အစာစား၏၊ ခုနစ်ရက်ခြားလည်း အစာစား၏၊ ဤနည်းဖြင့် လခွဲတစ်ကြိမ်တိုင်အောင်လည်း ဤသို့သဘောရှိသော ရက်ပိုင်းခြား၍ အစာစားခြင်းကို ကျင့်လျက်နေ၏။

သူသည် ဟင်းရွက်စိမ်းကိုသော်လည်း စားနေ၏၊ ပြောင်းဆန်ကိုသော်လည်း စားနေ၏၊ ကျိတ်သီး ဆန်ကိုသော်လည်း စားနေ၏၊ သားရေဖတ်အစအနကိုသော်လည်း စားနေ၏၊ မှော်ကိုသော်လည်း စားနေ၏၊ ဖွဲနုကိုသော်လည်း စားနေ၏၊ ထမင်းရည်၁၀ကိုသော်လည်း သောက်စားနေ၏၊ နှမ်းမှုန့်ညက် ကိုလည်း စားနေ၏၊ မြက်ကိုသော်လည်း စားနေ၏၊ နွားချေးကိုသော်လည်း စားနေ၏၊ တောသစ်မြစ် သစ်သီးကို စားလျက် မျှတ၏၊ ကြွေကျသော သစ်သီးကိုစားလျက် မျှတ၏။

သူသည် ပိုက်ဆံလျှော်အဝတ်တို့ကိုလည်း ဝတ်၏၊ ပိုက်ဆံလျှော်နှင့် ရောနှောရက်သော အဝတ်တို့ကို လည်း ဝတ်၏၊ သူသေကောင်မှ အဝတ်တို့ကိုလည်း ဝတ်၏၊ ပံ့သကူအဝတ်တို့ကိုလည်း ဝတ်၏၊့သစ်ခေါက်အဝတ်တို့ကိုလည်း ဝတ်၏၊ သစ်နက်ရေကိုလည်း ဝတ်၏၊ သစ်နက်ရေမျှင်အဝတ်ကိုလည်း ဝတ်၏၊ သမန်းမြက်အဝတ်ကိုလည်း ဝတ်၏၊ လျှော်တေအဝတ်ကိုလည်း ဝတ်၏၊ ပျဉ်ချပ်အဝတ်ကိုလည်း ဝတ်၏၊ ဆံခြည်ကမ္ဗလာကိုလည်း ဝတ်၏၊ သားမြီးကမ္ဗလာကိုလည်း ဝတ်၏၊ ခင်ပုတ်ငှက်တောင်အဝတ် ကိုလည်း ဝတ်၏၊ ဆံမုတ်ဆိတ်ကိုလည်း နုတ်၏၊ ဆံမုတ်ဆိတ်နုတ်ခြင်း အမှုကိုလည်း အားထုတ်၏၊ ထိုင် ရန်နေရာကို ပယ်၍ ရပ်လျက်လည်း နေ၏၊ ဆောင့်ကြောင့်လည်း ထိုင်နေ၏၊ ဆောင့်ကြောင့်ထိုင် နေခြင်း အမှုကိုလည်း အားထုတ်၏၊ ဆူးအခင်းပေါ်၌လည်း နေ၏၊ ဆူးအခင်းပေါ်၌ အိပ်၏၊ ပျဉ်ပြားပေါ်၌လည်း အိပ်၏၊ ကြမ်းတမ်းသော မြေပြင်၌လည်း အိပ်၏၊ နံပါးတစ်ဖက်တည်းဖြင့်လည်း အိပ်၏၊ မြူအညစ် အကြေးကိုလည်း ဆောင်၏၊ လွင်ပြင်၌လည်း နေ၏၊ ရတိုင်းသောနေရာ၌လည်း နေ၏၊ မစင်ကိုလည်း စား၏၊ မစင်စားခြင်းအမှုကိုလည်း အားထုတ်၏၊ ရေမသောက်မှု၍လည်း နေ၏၊ ရေမသောက်ခြင်းအမှု ကိုလည်း အားထုတ်၏၊ ညနေချမ်းလျှင် သုံးကြိမ်မြောက် ရေသို့ သက်ဆင်းခြင်းအမှုကိုလည်း အားထုတ် ၍ နေ၏။

နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ယင်းသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော မစင်ကြယ်သလောဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန် စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါဟု (လျှောက်၏)။

နိဂြောဓ ဤသို့သော စင်ကြယ်သော တပေါဇိဂုစ္ဆာဝါဒ၌လည်း ညစ်ညူးခြင်း အမျိုးမျိုးတို့ကို ငါ ဟော၏ဟု (မိန့်တော်မူ၏)။

------

၁။ မြို့တွင်းရှိလမ်းကို ဆိုသည်။

၂။ ထိုခေတ်တွင် ထိုဒေသ၌နေသော လူတို့သည် အဝတ်ဖြူကို ဝတ်လေ့ရှိ၍ ရသေ့ ရဟန်းတို့သည် ဖန်ရည်ဆိုးအဝတ်ကို ဝတ်လေ့ရှိသည်။

၃။ အားထုတ်လုံးလဖြင့် မကောင်းမှုကို ပယ်ခြင်းဟု အဋ္ဌကထာပြဆိုသည်၊ စင်စစ်သော်ကား ကိလေသာကုန်ခန်းစေရန် ဆို၍ အဝတ်မဝတ်ခြင်း အစာမစားခြင်း ရေချိုးခြင်း မီးလှုံခြင်း စသည်ဖြင့် မိမိကိုယ်ကို ညှဉ်းပန်းသော အတ္တကိလမထာအကျင့်မျိုးကို စွဲယူကျင့်သုံးသော ဝါဒဖြစ်သည်။

၄။ အဓိဇေဂုစ္ဆာဝါဒနှင့် အလားတူ ဖြစ်သည်

၅။ အမျိုးကောင်းသားတို့၏ အလေ့အထဟူသမျှကို ပယ်၍ ရပ်လျက် ကျင်ကြီးကျင်ငယ်စွန့်ခြင်း စသည်ကို ပြု ခြင်းပင်တည်း။

၆။ တိတ္ထိတက္ကတွန်းများ ပရိဗိုဇ်များကို ဆိုလိုသည်။

၇။ ဂျုံဆန် သို့မဟုတ် ဆန်စိမ်းဟု အချို့မူများ၌ ပြန်၏။

၈။ မြက်သီးဆန် သို့မဟုတ် ဆန်တစ်မျိုးဟု အချို့မူများ၌ ပြန်၏။

၉။ ကဏောပိတဏ္ဍုလံ ပရိယောနန္ဓိ = ဖွဲနုသည်လည်း ဆန်ကို မြှေးရှက်၏၊ (ပါထိကဝဂ် အဂ္ဂညသုတ်) နှင့်အညီ ကဏကို ဖွဲနုဟု ပြန်သည်။

၁၀။ ထမင်းချိုးလည်းဟူ၏။

ညစ်ညူးခြင်း အမျိုးမျိုး

၅၈။ မြတ်စွာဘုရား ဤသို့စင်ကြယ်သော တပေါဇိဂုစ္ဆာဝါဒ၌ ညစ်ညူးခြင်းအမျိုးမျိုးတို့ကို မြတ်စွာ ဘုရားသည် အဘယ်သို့ ဟောပါသနည်းဟု (လျှောက်၏)။

နိဂြောဓ ဤလောက၌ တပဿီ ပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် ဝမ်းမြောက်၏၊ ပြည့်စုံပြီဟု ထင်၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင်ဝမ်းမြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (ဝမ်းမြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်း) သည် တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်းဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် မိမိကို မြှင့်တင်၏၊ သူတစ်ပါးကို ရှုတ်ချ၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင်မိမိကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မိမိကိုယ်ကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် မာန်ယစ်၏၊ တွေဝေ၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင်မာန်ယစ်ခြင်း တွေ ဝေခြင်း မေ့လျော့ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မာန်ယစ်ခြင်း တွေဝေခြင်း မေ့လျော့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

၅၉။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထို လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် ဝမ်းမြောက်၏၊ ပြည့်စုံပြီဟု ထင်၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူအား ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် အကြင် ဝမ်း မြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (ဝမ်းမြောက်ခြင်း ပြည့်စုံပြီဟု ထင်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ်ရ မှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မိမိကို မြှင့်တင်၏၊ သူတစ်ပါးကို ရှုတ်ချ၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူအား ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် အကြင် မိမိကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မိမိကို မြှင့်တင်ခြင်း သူတစ်ပါးကို ရှုတ်ချခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထို လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မာန်ယစ်၏၊ တွေဝေ၏၊ မေ့လျော့ခြင်းသို့ ရောက်၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရ မှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူအား ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် အကြင် မာန်ယစ်ခြင်း တွေဝေခြင်း မေ့လျော့ခြင်းသည် ဖြစ်၏၊ နိဂြောဓ ဤ (မာန်ယစ်ခြင်း တွေဝေခြင်း မေ့လျော့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

၆၀။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ အစားအစာတို့၌ ''ဤအစာကို ငါနှစ်သက်၏၊ ဤအစာကို ငါမနှစ်သက်''ဟု နှစ်မျိုး ခွဲခြားခြင်းသို့ ရောက့်၏။ ထိုသူသည် မနှစ်သက်သောအစာကို တပ်မက်ခြင်းရှိလျက် စွန့်၏၊ နှစ်သက်သောအစာကို မက်မော လျက် တွေဝေလျက် ငြိတွယ်လျက် အပြစ်ကို မရှုမူ၍ ပစ္စဝေက္ခဏာဉာဏ်ဖြင့် မဆင်ခြင်မူ၍ သုံးဆောင်၏။ပ။ နိဂြောဓ ဤ (မက်မောခြင်းစသည်ဖြင့် သုံးဆောင်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ''ဘုရင်များ အမတ်ကြီးများ မင်းမျိုးများ ပုဏ္ဏားများ သူကြွယ်များနှင့် ဂိုဏ်းဆရာများတို့သည် ငါ့ကို ရိုသေကုန်လတ္တံ့''ဟု လာဘ်ရမှု အရိုအသေ ပြုမှု ကျော်ကြားမှုကို တပ်နှစ်သက်ခြင်းဟူသော အကြောင်းကြောင့် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏။ပ။ နိဂြောဓ ဤ (လာဘ်ရမှုစသည်ကို တပ်နှစ်သက်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

၆၁။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တစ်ဦးဦးသော သမဏကိုသော်လည်း ကောင်း ဗြာဟ္မဏကိုသော်လည်းကောင်း ရှုတ်ချကဲ့ရဲ့၏၊ ''ဤသူသည် အမျိုးမျိုးအဖုံဖုံ စားသောက်လေ့ ရှိ၏၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့ဟူသော အစာအားလုံးကို စား၏၊ သို့ပါလျက် မိုးကြိုးစက်နှင့် တူသော သွားရှိသော ထိုသူကို သမဏဗြာဟ္မဏဟု ခေါ်သဖြင့် အဘယ်အကျိုးရှိမည်နည်း''ဟု ရှုတ်ချကဲ့ရဲ့၏။ပ။ နိဂြောဓ ဤ (ရှုတ်ချကဲ့ရဲ့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ဒါယကာတို့ အရိုအသေပြုသော အလေးပြုသော မြတ်နိုးသော ပူဇော်သော တစ်ဦးဦးသော သမဏကိုသော်လည်းကောင်း ဗြာဟ္မဏကိုသော်လည်း ကောင်း မြင်၏၊ မြင်သောကြောင့် ထိုသူအား ဤသို့သော အကြံသည် ဖြစ်၏၊ ''အမျိုးမျိုး အဖုံဖုံ စားသောက်လေ့ရှိသော ဤသူကို ဒါယကာတို့သည် ရိုသေကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော် ကုန်၏၊ ခြိုးခြံသော အကျင့်ရှိသော ခေါင်းပါးသော အသက်မွေးခြင်းရှိသော ငါ့ကိုကား ဒါယကာတို့သည် မရိုသေကုန်၊ မလေးစားကုန်၊ မမြတ်နိုးကုန်၊ မပူဇော်ကုန်''ဟု (အကြံဖြစ်၏)၊ ဤသို့ ထိုသူသည် ဒါယကာ တို့၌ မနာလိုဝန်တိုစိတ်ကို ဖြစ်စေ၏။ပ။ နိဂြောဓ ဤ (မနာလိုဝန်တိုခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

၆၂။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် (ကျင့်ဝတ်ပြုဟန်ဆောင်လျက်) လူမြင်သော အရပ်၌ နေလေ့ရှိ၏။ပ။ နိဂြောဓ ဤ (မိမိအကျင့်ကို လူမြင်အောင်နေခြင်း) သည်လည်း တပဿီ ပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ''ဤသည်လည်း ငါ၏ အကျင့်ဖြစ်၏၊ ဤသည်လည်း ငါ၏ အကျင့်ဖြစ်၏''ဟု ဒါယကာတို့၌ မိမိ (ဂုဏ်) ကို ပြလျက် လှည့်လည်၏။ပ။ နိဂြောဓ ဤ (မိမိဂုဏ်ကို ပြ၍ လှည့်လည်ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မည်သည့်အရာကိုမဆို လျှို့ဝှက်၍သာလျှင် ပြုကျင့်၏၊ ထိုသူသည် ''သင်ဤအရာကို နှစ်သက်သလော''ဟု မေးလျှင် မနှစ်သက်သည်ကို ''နှစ်သက်၏''ဟု ဆို၏။ နှစ်သက်သည်ကို ''မနှစ်သက်''ဟု ဆို၏၊ ဤသို့လျှင် သိလျက် မဟုတ်မမှန် ပြော တတ်၏။ပ။ နိဂြောဓ ဤ (သိလျက် မဟုတ်မမှန်ပြောခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မြတ်စွာဘုရားဖြစ်စေ မြတ်စွာဘုရား၏ တပည့်ဖြစ်စေ တရားဟောသောအခါဟုတ်မှန်သည်သာဖြစ်သော ဝန်ခံသင့်သောအကြောင်းကို (ဟုတ်မှန်ပါ ပေသည်ဟု) ဝန်မခံ။ပ။ နိဂြောဓ ဤ (ဝန်ခံသင့်သော အကြောင်းကို ဝန်မခံခြင်း) သည်လည်း တပဿီ ပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

၆၃။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်အား အကြင်အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်းသည် ဖြစ်၏၊ ဤ (အမျက်ထွက်ခြင်း ရန်ငြိုး ဖွဲ့ခြင်း) သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် သူတစ်ပါးဂုဏ်ကို ချေဖျက်၏၊ ဂုဏ်ပြိုင်၏။ပ။ မနာလိုစိတ်ရှိ၏၊ နှမြော (ဝန်တို)၏။ စဉ်းလဲ၏၊ လှည့်စား၏။ စိတ်ခက်ထန်၏၊ မာန်ထောင်လွှား၏။ ယုတ်မာသော အလိုရှိ၏၊ ယုတ်မာသော အလိုသို့ လိုက်ပါ၏။ ကောင်းမှု မကောင်းမှု၏ အကျိုး မရှိ ဟူသော (မိစ္ဆာဒိဋ္ဌိ) အယူရှိ၏၊ သေလျှင်ဆုံး၏ ပြတ်၏ဟူသော (အန္တဂ္ဂါဟိက) အယူရှိ၏။ မိမိအယူကို မှားသောအားဖြင့် သုံးသပ်လေ့ရှိ၏၊ မှားသောအယူကို မြဲမြံစွာယူလေ့ရှိ၏၊ စွန့်နိုင်ခဲ၏။ နိဂြောဓ တပဿီ ပုဂ္ဂိုလ်အား အကြင် မိမိအယူကို မှားသောအားဖြင့် သုံးသပ်ခြင်း မှားသော အယူကို မြဲမြံစွာ ယူလေ့ရှိခြင်း စွန့်နိုင်ခဲခြင်းသည် ရှိ၏၊ နိဂြောဓ ဤ (မိမိ အယူကို မှားသောအားဖြင့် သုံးသပ်ခြင်းစသည်)သည်လည်း တပဿီပုဂ္ဂိုလ်၏ ညစ်ညူးခြင်း ဖြစ်၏။

နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ''ဤတပေါဇိဂုစ္ဆာဝါဒတို့သည် ညစ်ညူးကုန်သလော၊ မညစ်ညူးကုန်သလော''ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ဤတပေါဇိဂုစ္ဆာဝါဒတို့သည် ဧကန်ညစ်ညူးပါကုန်၏၊ မညစ်ညူးသည် မဟုတ်ပါကုန်။ မြတ်စွာဘုရား ''ဤလောက၌ အချို့သော တပဿီပုဂ္ဂိုလ်သည် ဤညစ်ညူးခြင်း အားလုံးတို့နှင့်ပင် ပြည့်စုံပါမူ အခြား အခြား ညစ်ညူးခြင်းနှင့် မပြည့်စုံဟု အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း'' ဟူသော ထို အကြောင်းသည် ရှိပါ၏ဟု (လျှောက်၏)။

------

၁။ တိတ္ထိတက္ကတွန်းများ ပရိဗိုဇ်များအပြင် ဤသာသနာတော်က ဓုတင်ဆောင် ပုဂ္ဂိုလ်များကိုပါ ဆိုလိုသည်။

၂။ မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲစေသည့် အတ္တကိလမထအကျင့်များ ခြိုးခြံသော ဓုတင်အကျင့်များကို ဆိုလိုသည်။

အခွံအပွေးနှင့်တူသော စင်ကြယ်ခြင်းကို ပြဆိုရာ

၆၄။ နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် ဝမ်းမမြောက်၊ ပြည့်စုံပြီဟု မထင်။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူအား ထိုအကျင့်ဖြင့် အကြင် ဝမ်းမမြောက်ခြင်း၊ ပြည့်စုံပြီဟု မထင်ခြင်းသည် ဖြစ်၏။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထို သူသည် ထိုအကျင့်ဖြင့် မိမိကို မမြှင့်တင်၊ သူတစ်ပါးကို မရှုတ်ချ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထို သူသည် ထိုအကျင့်ဖြင့် မာန်မယစ်၊ မတွေဝေ၊ မေ့လျော့ခြင်းသို့ မရောက်။ပ။ ဤအကြောင်းကြောင့် ထိုသူ သည် ထိုအဆင့်၌ စင်ကြယ်၏။

၆၅။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ် ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် ဝမ်းမမြောက်၊ ပြည့်စုံပြီဟု မထင်။ပ။ ဤအကြောင်းကြောင့် ထိုသူ သည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထို သူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မိမိကို မမြှင့်တင်၊ သူတစ်ပါးကို မရှုတ်ချ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တပအကျင့်ကို ဆောက်တည်၍ ကျင့်၏၊ ထိုသူသည် ထိုအကျင့်ဖြင့် လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို ဖြစ်စေ၏၊ ထိုသူသည် ထိုလာဘ်ရ မှု အရိုအသေပြုမှု ကျော်ကြားမှုဖြင့် မာန်မယစ်၊ မတွေဝေ၊ မေ့လျော့ခြင်းသို့ မရောက်။ပ။ ဤအကြောင်း ကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

၆၆။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် အစားအစာတို့၌ ''ဤ (အစာ) ကို ငါ နှစ်သက်၏၊ ဤ (အစာ) ကို ငါမနှစ်သက်''ဟု နှစ်မျိုးခွဲခြားခြင်းသို့ မရောက်၊ ထိုသူသည် မနှစ်သက်သော အစာကို တပ်မက်ခြင်း မရှိသည်ဖြစ်၍ စွန့်၏။ နှစ်သက်သော အစာကို မမက်မော မတွေဝေ မငြိ တွယ်မူ၍ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ပစ္စဝေက္ခဏာ ဆင်ခြင်လျက် သုံးဆောင်၏။ပ။ ဤအကြောင်း ကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ''ဘုရင်များ အမတ်ကြီးများ မင်းမျိုးများ ပုဏ္ဏားများ သူကြွယ်များ ဂိုဏ်းဆရာများတို့သည် ငါ့ကို ရိုသေကုန်လတ္တံ့''ဟု လာဘ်ရမှု အရိုအသေပြုမှု ကျော်ကြားမှုကို နှစ်သက်ခြင်းဟူသော အကြောင်းကြောင့် တပအကျင့်ကို ဆောက်တည်၍ မကျင့်။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

 

 

၆၇။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် တစ်ဦးဦးသော သမဏကိုသော်လည်း ကောင်း ဗြာဟ္မဏကိုသော်လည်းကောင်း မရှုတ်ချ မကဲ့ရဲ့ ''ဤသူသည် အမျိုးမျိုးအဖုံဖုံ စားသောက်လေ့ ရှိ၏၊ အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့ အဆစ်မျိုးစေ့ အညွန့်မျိုးစေ့ ငါးခုမြောက် အစေ့မျိုးစေ့ဟူသော အစာအားလုံးကို စား၏၊ မိုးကြိုးစက်နှင့် တူသော သွားရှိသော ထိုသူကို သမဏဗြာဟ္မဏဟု ခေါ်သဖြင့် အဘယ် အကျိုးရှိမည်နည်း''ဟု (မရှုတ်ချ မကဲ့ရဲ့)။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ဒါယကာတို့ အရိုအသေပြုသော အလေးပြုသော မြတ်နိုးသော ပူဇော်သော တစ်ဦးဦးသော သမဏကိုသော်လည်းကောင်း ဗြာဟ္မဏကိုသော်လည်း ကောင်း မြင်၏၊ မြင်သောကြောင့် ထိုသူအား ဤသို့ အကြံမဖြစ်၊ ''အမျိုးမျိုးအဖုံဖုံ စားသောက်လေ့ရှိသော ဤသူကို ဒါယကာတို့သည် ရိုသေကုန်၏၊ အလေးပြုကုန်၏၊ မြတ်နိုးကုန်၏၊ ပူဇော်ကုန်၏၊ ခြိုးခြံသော အကျင့်ကိုကျင့်သော ခေါင်းပါးစွာ စားသောက်လေ့ရှိသော ငါ့ကိုကား ဒါယကာတို့သည် မရိုသေကုန်၊ မလေးစားကုန်၊ မမြတ်နိုးကုန်၊ မပူဇော်ကုန်''ဟု (အကြံမဖြစ်)၊ ဤသို့ ထိုသူသည် ဒါယကာတို့၌ မနာလို ဝန်တိုစိတ်ကို မဖြစ်စေ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

၆၈။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ကျင့်ဝတ်ပြုဟန်ဆောင်၍ လူမြင်သော အရပ်၌ နေလေ့မရှိ။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် ''ဤသည်လည်း ငါ၏ အကျင့်တည်း၊ ဤသည်လည်း ငါ၏ အကျင့်တည်း''ဟု ဒါယကာတို့၌ မိမိ (ဂုဏ်) ကို ပြလျက် မလှည့်လည်။ပ။ ဤအ ကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မည်သည့်အရာကိုမဆို လျှို့ဝှက်၍ မပြုကျင့်၊ ထိုသူသည် ''သင်ဤအရာကို နှစ်သက်သလော''ဟု မေးလျှင် မနှစ်သက်သည်ကို ''မနှစ်သက်''ဟု ဆို၏၊ နှစ်သက်သည်ကို ''နှစ်သက်၏''ဟု ဆို၏။ ဤသို့ ထိုသူသည် သိလျက် မဟုတ်မမှန် မပြော။ပ။့ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် မြတ်စွာဘုရားသည်လည်းကောင်း မြတ်စွာ ဘုရား၏ တပည့်သည်လည်းကောင်း တရားဟောသောအခါဟုတ်မှန်သည်သာဖြစ်သော ဝန်ခံသင့်သော အ ကြောင်းကို (ဟုတ်မှန်ပါပေသည်)ဟု ဝန်ခံ၏။ပ။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

၆၉။ နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် အမျက်မထွက်၊ ရန်ငြိုးမဖွဲ့။ နိဂြောဓ တပဿီပုဂ္ဂိုလ်အား အကြင် အမျက်မထွက်ခြင်း ရန်ငြိုးမဖွဲ့ခြင်းသည် ဖြစ်၏။ပ။ ဤအကြောင်းကြောင့် ထို သူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ တစ်ဖန် ထို့ ပြင်လည်း တပဿီပုဂ္ဂိုလ်သည် သူတစ်ပါး၏ ဂုဏ်ကို မချေဖျက် ဂုဏ် မပြိုင်။ပ။ မနာလိုစိတ်မရှိ၊ ဝန်မတို။ မစဉ်းလဲ၊ မလှည့်စား။ စိတ်မခက်ထန်၊ မာန်မထောင်လွှား။ ယုတ်မာသော အလိုမရှိ၊ ယုတ်မာသော အလိုသို့ မလိုက်ပါ။ ကောင်းမှု မကောင်းမှု၏ အကျိုးမရှိ ဟူသော (မိစ္ဆာဒိဋ္ဌိ) အယူမရှိ၊ သေလျှင် ဆုံး၏ ပြတ်၏ဟူသော (အန္တဂ္ဂါဟိက) အယူမရှိ။ မိမိအယူကို မှားသော အားဖြင့် မသုံးသပ်၊ မှားသောအယူကို မြဲမြံစွာ ယူလေ့မရှိ၊ စွန့်နိုင်လွယ်၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်အား အကြင် မိမိအယူကို မှားသောအားဖြင့် မသုံးသပ်ခြင်း၊ မှားသောအယူကို မြဲမြံစွာ ယူလေ့မရှိခြင်း၊ စွန့်နိုင် လွယ်ခြင်းသည် ဖြစ်၏။ ဤအကြောင်းကြောင့် ထိုသူသည် ထိုအဆင့်၌ စင်ကြယ်၏။

နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ''ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော''ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန် စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါ၊ အထွတ်အထိပ်သို့လည်း ရောက်ပါ၏၊ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။

နိဂြောဓ တပေါဇိဂုစ္ဆာဝါဒသည် ဤမျှဖြင့် အထွတ်အထိပ်သို့လည်း မရောက်သေး၊ အနှစ်သာရသို့ လည်း မရောက်သေး၊ စင်စစ်သော်ကား အခွံအပွေးသို့ ရောက်ရုံသာ ရှိသေး၏ဟု (မိန့်တော်မူ၏)။

------

အခေါက်နှင့်တူသော စင်ကြယ်ခြင်းကို ပြဆိုရာ

၇၀။ မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်မျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်ပါသနည်း၊ အနှစ်သာရသို့လည်း ရောက်ပါသနည်း၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်သို့သာ ရောက်အောင် ဟောတော်မူပါ၊ အနှစ်သာရသို့သာ ရောက်အောင် ဟောတော်မူပါဟု (လျှောက်၏)။

နိဂြောဓ ဤလောက၌ တပဿီ ပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် အဘယ်သို့လျှင် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသနည်း၊ နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် အသက်ကို မသတ်၊ အသက်ကို မသတ်စေ၊ အသက် သတ်သောသူအား အလိုမတူ။ မပေးသော ဥစ္စာကို မယူ၊ မပေးသော ဥစ္စာကို မယူစေ၊ မပေးသော ဥစ္စာကို ယူသောသူအား အလိုမတူ။ မဟုတ် မမှန်သောစကားကို မပြော၊ မဟုတ်မမှန်သောစကားကို မပြောစေ၊ မဟုတ်မမှန်သော စကားကို ပြောသောသူအား အလိုမတူ။ ကာမဂုဏ်ငါးပါးကို မခံစား၊ ကာမဂုဏ်ငါးပါးကို မခံစားစေ၊ ကာမဂုဏ်ငါးပါးကို ခံစားသောသူအား အလိုမတူ။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် ဤသို့ စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။

နိဂြောဓ တပဿီ ပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသောအခါ ထက်သန်သော လုံ့လရှိသည်၏ အဖြစ်ကြောင့် ဤဆိုလတ္တံ့သော လက္ခဏာသည် ဖြစ်၏၊ ထိုသူသည် (ထိုသီလကို) ပွါးစေ၏၊ လူ့ဘောင်သို့ ပြန်၍ မလည်။ ထိုသူသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏၊ တော, သစ်ပင်ရင်း, တောင်, ချောက်, တောင်ခေါင်း, သင်္ချိုင်း, တောအုပ်, လွင်ပြင်, ကောက်ရိုးပုံဟူသော ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏။

ထိုသူသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုသူသည် (ဥပါဒါနက္ခန္ဓာငါးပါးဟူသော) လောက၌ မက်မောခြင်း 'အဘိဇ္ဈာ'ကို ပယ်၍ မက်မောခြင်း 'အဘိဇ္ဈာ' ကင်းသော စိတ်ဖြင့်နေ၏၊ မက်မောခြင်း 'အဘိဇ္ဈာ' မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုခြင်း 'ဒေါသ' ကို ပယ်စွန့်၍ မပျက်စီးစေ လိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီး စေလိုခြင်း 'ဒေါသ' မှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ကို ပယ်၍ လေးလံထိုင်း မှိုင်းခြင်း 'ထိနမိဒ္ဓ' မှ ကင်းသည် ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည် ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ' နောင်တတစ်ဖန် ပူပန်ခြင်း 'ကုက္ကုစ္စ' ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည် ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ' နောင်တတစ်ဖန် ပူပန်ခြင်း 'ကုက္ကုစ္စ' မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' ကို ပယ်၍ ယုံမှားခြင်း 'ဝိစိကိစ္ဆာ'ကို လွန်မြောက်သည် ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' မှ စိတ်ကို စင်ကြယ်စေ၏။

၇၁။ ထိုသူသည် စိတ်ညစ်ညူးကြောင်းဖြစ်သော ပညာအားနည်းအောင် ပြုတတ်သော ဤအပိတ် အပင် 'နီဝရဏ' ငါးမျိုးတို့ကို ပယ်ပြီး၍ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါအားလုံးကို မိမိနှင့် အတူ ပြု၍ သတ္တဝါ အားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။ သနားခြင်း 'ကရုဏာ' နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ဝမ်းမြောက်ခြင်း 'မုဒိတာ' နှင့်ယှဉ်သော စိတ်ဖြင့်။ပ။ လျစ်လျူရှုခြင်း 'ဥပေက္ခာ' နှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ် မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာကို ပျံ့နှံ့စေ၍ နေ၏။ အလုံးစုံသော အရပ်မျက်နှာတို့၌ (ရှိသော) သတ္တဝါ အားလုံးတို့ကို မိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့် ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏။

နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ''ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော''ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန်စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ် ပါ၊ အထွတ်အထိပ်သို့လည်း ရောက်ပါ၏၊ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။

နိဂြောဓ ဤမျှဖြင့် တပေါဇိဂုစ္ဆာဝါဒသည် အထွတ်အထိပ်သို့လည်း မရောက်သေး၊ အနှစ်သာရသို့ လည်း မရောက်သေး၊ စင်စစ်သော်ကား အခေါက်သို့ ရောက်ရုံသာ ရှိသေး၏ဟု (မိန့်တော်မူ၏)။

------

၁။ သီလကို လုံခြုံအောင် လုံ့လပြုသော သီလသံဝရပုဂ္ဂိုလ်ကို ဆိုလိုသည်။

၂။ ပလိဗောဓမှ ကင်းဝေးအောင် လုံ့လပြုသော ယောဂါဝစရပုဂ္ဂိုလ် ဈာန်ရပုဂ္ဂိုလ်နှင့် အဘိညာဉ်ရပုဂ္ဂိုလ်များကို ဆိုလိုသည်။

အကာနှင့်တူသော စင်ကြယ်ခြင်းကို ပြဆိုရာ

၇၂။ မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်မျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်ပါသနည်း၊ အနှစ်သာရသို့လည်း ရောက်ပါသနည်း၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်သို့သာ ရောက်အောင် ဟောတော်မူပါ၊ အနှစ်သာရသို့သာ ရောက်အောင် ဟောတော်မူပါဟု (လျှောက်၏)။

နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် အဘယ်သို့လျှင် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသနည်း။ပ။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် ဤသို့ စောင့်စည်းခြင်းလေးမျိုးဖြင့် စောင့်စည်းသောအခါ ထက်သန်သော လုံ့လရှိ သည်၏ အဖြစ်ကြောင့် ဤဆိုလတ္တံ့သော လက္ခဏာသည် ဖြစ်၏။ ထိုသူသည် (ထိုသီလကို) ပွါးစေ၏၊ လူ့ဘောင်သို့ ပြန်၍ မလည်၊ ထိုသူသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏။ပ။ ထိုသူသည် စိတ်ညစ်ညူးကြောင်း ဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော ဤအပိတ်အပင် 'နီဝရဏ' ငါးမျိုးတို့ကို ပယ်ဖျောက်၍ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ကရုဏာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေ၍ နေ၏၊ ထိုသူသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။

ဤသည်ကား အဘယ်နည်း -

တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း သုံးဘဝတို့ကိုလည်းကောင်း လေး ဘဝတို့ကိုလည်းကောင်း ငါးဘဝတို့ကိုလည်းကောင်း ဆယ်ဘဝတို့ကိုလည်းကောင်း ဘဝနှစ်ဆယ် တို့ကိုလည်းကောင်း ဘဝသုံးဆယ်တို့ကိုလည်းကောင်း ဘဝလေးဆယ်တို့ကိုလည်းကောင်း ဘဝ ငါးဆယ်တို့ကိုလည်းကောင်း ဘဝတစ်ရာကိုလည်းကောင်း ဘဝတစ်ထောင်ကိုလည်းကောင်း ဘဝ တစ်သိန်းကိုလည်းကောင်း များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း များပြားသော ဖြစ်ကပ် တို့ကိုလည်းကောင်း များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ''ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏''ဟု ဤသို့ အခြင်းအရာနှင့် တကွ ညွှန်းပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက် မေ့နိုင်၏။

နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ''ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော''ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန် စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါ၊ အထွတ်အထိပ်သို့လည်း ရောက်ပါ၏ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။

နိဂြောဓ ဤမျှဖြင့် တပေါဇိဂုစ္ဆာဝါဒသည် အထွတ်အထိပ်သို့လည်း မရောက်သေး၊ အနှစ်သာရသို့ လည်း မရောက်သေး၊ စင်စစ်သော်ကား အကာသို့ ရောက်ရုံသာ ရှိသေး၏ဟု (မိန့်တော်မူ၏)။

------

အထွတ်အထိပ် အနှစ်သာရနှင့်တူသော စင်ကြယ်ခြင်းကို ပြဆိုရာ

၇၃။ မြတ်စွာဘုရား တပေါဇိဂုစ္ဆာဝါဒသည် အဘယ်မျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်ပါသနည်း၊ အနှစ်သာရသို့လည်း ရောက်ပါသနည်း၊ မြတ်စွာဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်သို့သာ ရောက်အောင် ဟောတော်မူပါ၊ အနှစ်သာရသို့သာ ရောက်အောင် ဟောတော်မူပါဟု (လျှောက်၏)။

နိဂြောဓ ဤလောက၌ တပဿီပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်း၏။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် အဘယ်သို့လျှင် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသနည်း။ပ။ နိဂြောဓ တပဿီပုဂ္ဂိုလ်သည် စောင့်စည်းခြင်း လေးမျိုးဖြင့် စောင့်စည်းသောအခါ ထက်သန်သော လုံ့လရှိသည်၏ အဖြစ်ကြောင့် ဤဆိုလတ္တံ့သော လက္ခဏာသည် ဖြစ်၏။ ထိုသူသည် (ထိုသီလကို) ပွါးစေ၏၊ လူ့ဘောင် သို့ ပြန်၍မလည်။ ထိုသူသည် ဆိတ်ငြိမ်သော ကျောင်းအိပ်ရာနေရာကို မှီဝဲ၏။ပ။ ထိုသူသည် စိတ် ညစ်ညူးကြောင်း ဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော ဤအပိတ်အပင် 'နီဝရဏ' ငါးမျိုးတို့ကို ပယ်ဖျောက်၍ မေတ္တာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ပြန့်ပြောသော မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့၍ နေ၏။ ထိုသူသည် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏။

ဤသည်ကား အဘယ်နည်း -

တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း သုံးဘဝတို့ကိုလည်းကောင်း လေး ဘဝတို့ကိုလည်းကောင်း ငါးဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်းပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏။

ထိုသူသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏ မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။

''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယ သုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသောအကျင့် 'မနောသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲ တတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏''ဟု (သိ၏)။

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။

နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ ''ဤသို့ ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် စင်ကြယ် သလော၊ မစင်ကြယ်သလော''ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား ဤသို့ဖြစ်သော် တပေါဇိဂုစ္ဆာဝါဒသည် ဧကန်စင်ကြယ်ပါ၏၊ မစင်ကြယ်သည် မဟုတ်ပါ အထွတ်အထိပ်သို့လည်း ရောက်ပါ၏၊ အနှစ်သာရသို့လည်း ရောက်ပါ၏ဟု (လျှောက်၏)။

၇၄။ နိဂြောဓ တပေါဇိဂုစ္ဆာဝါဒသည် ဤမျှဖြင့် အထွတ်အထိပ်သို့လည်း ရောက်၏၊ အနှစ်သာရသို့ လည်း ရောက်၏။ နိဂြောဓ သင်သည် ငါ့အား ''မြတ်စွာဘုရား မြတ်စွာဘုရားသည် ယင်းတရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်းတရားဖြင့် မြတ်စွာဘုရား ဆုံးမဟောကြားအပ်ကုန်သော တပည့် တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်း အရိယမဂ်တည်းဟု ဝန်ခံကုန်၏၊ မြတ်စွာဘုရား ဆုံးမဟောကြား ကြောင်း ဖြစ်သော ထိုတရားကား အဘယ်ပါနည်း''ဟု အကြင် အမေးစကားကို ဆိုခဲ့၏၊ နိဂြောဓ ငါသည် ယင်း တရားဖြင့် တပည့်တို့ကို ဆုံးမဟောကြား၏၊ ယင်းတရားဖြင့် ငါဆုံးမဟောကြားအပ်ကုန်သော တပည့်တို့သည် (အရဟတ္တမဂ်ကို ရသည်၏ အစွမ်းဖြင့်) နှစ်သိမ့်ဝမ်းသာခြင်းသို့ ရောက်ကုန်၍ ဤကား မြတ်သော မှီရာဖြစ်သော ရှေးဟောင်း အရိယမဂ်တည်းဟု ဝန်ခံကုန်၏၊ ငါဆုံးမ ဟောကြားကြောင်း ဖြစ်သော သင်မေးသည့် ထိုတရားကား (တပေါဇိဂုစ္ဆာဝါဒ၏ အထွတ်အထိပ်တရားထက်) လွန်လည်းလွန်ကဲ၏၊ မွန်လည်းမွန်မြတ်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသော် ''ဆရာနှင့် တကွသော ငါတို့သည် ဤ (လွန်ကဲမြင့်မြတ်သောတရား) ၌ ဆုံးရှုံးကြရကုန်ပြီ၊ ငါတို့သည် ဤ (ဒိဗ္ဗစက္ခုဉာဏ်ထက်) လွန်မြတ်သော တရားကို မသိကြရကုန်''ဟု ပဲ့တင် ထပ်မျှ ပြင်းပြကျယ်လောင်စွာ ကြွေးကြော်ကြကုန်၏။

------

နိဂြောဓပရိဗိုဇ်၏ မှိုင်တွေခြင်း

၇၅။ ''ဂိုဏ်းတစ်ပါး ဖြစ်ကုန်သော ဤပရိဗိုဇ်တို့သည် ယခုအခါ မြတ်စွာဘုရား၏ စကားကို စင်စစ် နာကြားလိုကုန်၏၊ နားစိုက်ကုန်၏၊ သိလိုစိတ်ကို ဖြစ်စေကုန်၏''ဟု သန္ဓာနသူကြွယ်သည် သိသောအခါ ထိုနိဂြောဓပရိဗိုဇ်အား ဤစကားကို ဆို၏ -

''အသျှင်နိဂြောဓ သင်သည် အကျွန်ုပ်အား ဤစကားကို ဆိုခဲ့ပါ၏၊ 'သူကြွယ် သင်သိပါ၏လော၊ ရဟန်းဂေါတမသည် အဘယ်သူနှင့်အတူ စကားပြောသနည်း၊ အဘယ်သူနှင့် ဆွေးနွေးသနည်း၊ အဘယ် သူနှင့် စကားယှဉ်ပြိုင်ခြင်းဖြင့် ပညာအရာ၌ ထင်ရှားခြင်းသို့ ရောက်သနည်း၊ ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေခြင်းဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲသို့ ဝင်ဝံ့သူ မဟုတ်၊ စကားပြောခြင်းငှါ မစွမ်းနိုင်၊ ထို (ရဟန်းဂေါတမ) သည် အစွန်အဖျား အရပ်တို့ကိုသာ မှီဝဲ၏၊ ဥပမာအားဖြင့် ကန်းသော နွားမသည် အစွန်အဖျား၌ ကျက်စားလေ့ရှိသည်ဖြစ်၍ အစွန်အဖျား အရပ်တို့ကိုသာ မှီဝဲသကဲ့သို့ ဤအတူ ရဟန်းဂေါတမ၏ ပညာသည် ဆိတ်ငြိမ်ရာ၌ တစ်ပါးတည်းနေခြင်း ဖြင့် ပျောက်ပျက်၏၊ ရဟန်းဂေါတမသည် ပရိသတ်ထဲသို့ ဝင်ဝံ့သူမဟုတ်၊ စကားပြောခြင်းငှါ မစွမ်းနိုင်၊ ထို (ရဟန်းဂေါတမ)သည် အစွန်အဖျား အရပ်တို့ကိုသာ မှီဝဲ၏၊ သူကြွယ် စင်စစ်သော်ကား ရဟန်း ဂေါတမသည် ဤပရိသတ်သို့ လာငြားအံ့၊ ထို (ရဟန်းဂေါတမ) ကို ပြဿနာ တစ်ချက်တည်းဖြင့် ချောက် ချားစေနိုင်ကုန်ရာသည်၊ ရေမရှိသော အိုးကဲ့သို့ လှည့်ပတ်ဖွဲ့ချည်နိုင်ကုန်ရာသည်ဟု ငါထင်၏ ' ဟူ၍ ဆိုခဲ့ပါ၏၊ အသျှင်ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော် မူသော ထိုမြတ်စွာဘုရားသည် ဤအရပ်သို့ ရောက်လာပါပြီ၊ ထိုမြတ်စွာဘုရားကို ပရိသတ်ထဲသို့ မဝင်ဝံ့ သူဖြစ်အောင် ပြုပါလော့၊ အစွန်အဖျား၌ ကျက်စားသော နွားမကန်းကဲ့သို့ ပရိသတ်အစွန် အဖျားရောက် သွားအောင် ပြုပါလော့၊ ထို (မြတ်စွာဘုရား)ကို ပြဿနာတစ်ချက်တည်းဖြင့် ချောက်ချားအောင့်ပြုပါလော့၊ ထိုမြတ်စွာဘုရားကို ရေမရှိသော အိုးကဲ့သို့ လှည့်ပတ်ဖွဲ့ချည်ပါလော့''ဟု (ဆို၏)။

ဤသို့ဆိုသော် နိဂြောဓပရိဗိုဇ်သည် တိတ်ဆိတ်ညှိုးငယ်စွာ ဦးခေါင်းငိုက်စိုက် မျက်နှာအောက်ချ၍ မိုင်တွေလျက် စကားတုံ့မဆိုနိုင်ဘဲ ထိုင်နေ၏။

၇၆။ ထိုအခါ မြတ်စွာဘုရားသည် နိဂြောဓပရိဗိုဇ်ကို တိတ်ဆိတ်ညှိုးငယ်စွာ ဦးခေါင်းငိုက်စိုက် မျက်နှာအောက်ချ၍ မှိုင်တွေလျက် စကားတုံ့မဆိုနိုင်ဘဲ ထိုင်နေသည်ကို သိတော်မူ၍ နိဂြောဓပရိဗိုဇ်အား ''နိဂြောဓ ဤစကားကို သင်ပြောဆိုခြင်းသည် မှန်သလော''ဟု မိန့်တော်မူ၏။

မြတ်စွာဘုရား အကျွန်ုပ်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် ဤစကားကို ပြောမိသည် မှန်ပါ၏ဟု (လျှောက်၏)။

နိဂြောဓ ထိုအရာကို အဘယ်သို့ ထင်သနည်း၊ အသက်ကြီးကုန်သော အရွယ်ရင့်ကုန်သော ဆရာ ဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ပရိဗိုဇ်တို့ပြောဆိုသည်ကို သင်အဘယ်သို့ ကြားဖူးသနည်း ''အတိတ်အခါက ပွင့်ကုန်ပြီးသော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာဘုရားတို့သည် ယခုအခါ ဆရာနှင့် တကွသော သင်ကဲ့သို့ ပေါင်းဆုံစည်းဝေး၍ ပဲ့တင်ထပ်မျှ ပြင်းပြကျယ်လောင်သော အသံရှိကုန်လျက် မင်းနှင့်စပ်သောစကား ခိုးသူ နှင့်စပ်သောစကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားဟူသော အမျိုးမျိုးသော (မဂ်ဖိုလ် မှ) ဖီလာဖြစ်သော စကားကို ပြောဆိုလျက် နေတော်မူကုန်သလော၊ ထိုသို့မဟုတ် ထိုမြတ်စွာ ဘုရားတို့ သည် ယခုအခါ ငါကဲ့သို့ ဆူညံသောအသံ နည်းကုန်သော တိုးတိုးတိတ်တိတ်အသံလည်း နည်းကုန်သော လူစော်မနံ 'လူတို့၏ အနံ့အသက်မှ ကင်း' ကုန်သော လူတို့၏ လျှို့ဝှက်သော အမှုကို ပြုခြင်းငှါ ထိုက် ကုန်သော တစ်ပါးတည်း ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်း တို့ကို မှီဝဲနေထိုင်တော်မူကုန်သလော၊ အဘယ်သို့ ကြားဖူးသနည်း''ဟု (မေးတော်မူ၏)။

မြတ်စွာဘုရား အသက်ကြီးကုန်သော အရွယ်ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာ ဖြစ်ကုန်သော ပရိဗိုဇ်တို့ ပြောဆိုကြသည်ကို ဤသို့ ကြားဖူူးပါ၏၊ ''အတိတ်အခါက ပွင့်ပြီးကုန်သော ပူဇော်အထူး ကို ခံတော်မူထိုက်ကုန်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူကုန်သော မြတ်စွာ ဘုရားတို့သည် ယခုအခါ ဆရာနှင့်တကွသော အကျွန်ုပ်ကဲ့သို့ ပေါင်းဆုံစည်းဝေး၍ ပဲ့တင်ထပ်မျှ ပြင်းပြ ကျယ်လောင်သော အသံရှိကုန်လျက် မင်းနှင့်စပ်သောစကား ခိုးသူနှင့်စပ်သောစကား။ပ။ ကြီးပွါးဆုတ်ယုတ် ခြင်းနှင့် စပ်သောစကား ဟူသော အမျိုးမျိုးသော (မဂ်ဖိုလ်မှ) ဖီလာဖြစ်သော စကားကို ပြောဆိုလျက် နေတော်မမူကုန်၊ ထိုမြတ်စွာဘုရားတို့သည် ယခုအခါ မြတ်စွာဘုရားကဲ့သို့ ဆူညံသော အသံနည်းကုန်သော တိုးတိုးတိတ်တိတ်အသံလည်း နည်းကုန်သော လူစော်မနံ 'လူတို့၏ အနံ့အသက်မှ ကင်း 'ကုန်သော လူတို့၏ လျှို့ဝှက်သော အမှုကို ပြုခြင်းငှါ ထိုက်ကုန်သော တစ်ပါးတည်း ကိန်းအောင်း၍ နေခြင်းငှါ လျောက်ပတ်ကုန်သော ဝေးကွာသော တောကျောင်းတို့ကို မှီဝဲနေထိုင်တော်မူကုန်၏ဟု ကြားဖူးပါ၏''ဟု (လျှောက်၏)။

နိဂြောဓ သင်သည် ပညာရှိသူ အရွယ်ကြီးသူ ဖြစ်လျက် ဤသို့သော အကြံသည် မဖြစ်၊ ''ထို မြတ်စွာဘုရားသည် (သစ္စာလေးပါးကို) သိပြီးသည်ဖြစ်၍ (သစ္စာလေးပါးကို) သိစေခြင်းငှါ တရားကို ဟော၏၊ ထိုမြတ်စွာဘုရားသည် ယဉ်ကျေးပြီးသည်ဖြစ်၍ ယဉ်ကျေးစေခြင်းငှါ တရားကို ဟော၏၊ ထို မြတ်စွာဘုရားသည် ငြိမ်းအေးပြီးသည်ဖြစ်၍ ငြိမ်းအေးစေခြင်းငှါ တရားကို ဟော၏၊ ထိုမြတ်စွာဘုရား သည် ကူးမြောက်ပြီးသည် ဖြစ်၍ ကူးမြောက်စေခြင်းငှါ တရားကို ဟော၏၊ ထိုမြတ်စွာဘုရားသည် နိဗ္ဗာန် ရောက်ပြီးသည်ဖြစ်၍ နိဗ္ဗာန်သို့ ရောက်စေခြင်းငှါ တရားကို ဟော၏''ဟု အကြံမဖြစ် (ဟူ၍ မိန့်တော် မူ၏)။

------

အရဟတ္တဖိုလ်ကို မျက်မှောက်ပြုနိုင်ခြင်း

၇၇။ ဤသို့ မိန့်တော်မူသော် နိဂြောဓပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''မြတ်စွာဘုရား အကျွန်ုပ်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့် အလျောက် အပြစ်သည် အကျွန်ုပ်ကို လွှမ်းမိုးခဲ့ပါ၏၊ မြတ်စွာဘုရားကို အကျွန်ုပ်သည် ဤသို့ ပြောမိပါ၏၊ မြတ်စွာဘုရားသည် ထိုအကျွန်ုပ်၏ အပြစ်ကို နောင်အခါ စောင့်စည်းခြင်းငှါ အပြစ်ဟု သည်းခံတော်မူပါ'' ဟူ၍ (လျှောက်၏)။

နိဂြောဓ သင်သည် မိုက်သည့်အလျောက် တွေဝေသည့်အလျောက် မလိမ္မာသည့်အလျောက် အပြစ် သည် သင့်ကို စင်စစ် လွှမ်းမိုးခဲ့၏၊ သင်သည် ငါ့ကို ဤသို့ ဆိုခဲ့၏။ နိဂြောဓ သင်သည် အပြစ်ကို အပြစ်ဟု သိမြင်၍ တရားအားလျော်စွာ ကုစားသောကြောင့် သင်၏ ထိုအပြစ်ကို အပြစ်ဟု ငါတို့ သည်းခံ ကုန်၏။ နိဂြောဓ အကြင်သူသည် အပြစ်ကို အပြစ်ဟု မြင်၍ အကြောင်းအားလျော်စွာ ကုစား၏၊ နောင်အခါ စောင့်စည်း၏၊ (ထိုသူ၏) ဤ (ကုစား,စောင့်စည်းခြင်း) သည် အရိယာ၏ ဝိနည်း 'အဆုံးအမ' ၌ ကြီးပွါးကြောင်းသာလျှင် ဖြစ်၏။ နိဂြောဓ ငါသည် စင်စစ် ဤသို့ မိန့်ဆို၏ -

မစဉ်းလဲ မလှည့်စား ဖြောင့်မတ်သော သဘောရှိသော ပညာရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့်အတိုင်း ကျင့်သော သူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ်ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခုနစ်နှစ်အတွင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။

နိဂြောဓ ခုနစ်နှစ်တို့ကို ထားဘိဦး၊ မစဉ်းလဲ မလှည့်စား ဖြောင့်မတ်သော သဘောရှိသော ပညာ ရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့် အတိုင်း ကျင့်သောသူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ်ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ်အတွင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက် မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။ နိဂြောဓ တစ်နှစ်ကို ထားဘိဦး၊ မစဉ်းလဲ မလှည့်စား ဖြောင့် မတ်သော သဘောရှိသော ပညာရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့်အတိုင်း ကျင့်သောသူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ်ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခုနစ်လအတွင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။

နိဂြောဓ ခုနစ်လကို ထားဘိဦး။ ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလ၊ နှစ်လ၊ တစ်လ၊ လဝက် အတွင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။ နိဂြောဓ လဝက်ကို ထားဘိဦး၊ မစဉ်းလဲ မလှည့်စား ဖြောင့်မတ်သော သဘောရှိသော ပညာရှိသော ပုဂ္ဂိုလ်သည် လာပါစေ၊ ငါသည် ဆုံးမသွန်သင်အံ့၊ ငါသည် တရားဟောအံ့၊ ဆုံးမသွန်သင်သည့်အတိုင်း ကျင့်သောသူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြသည့် အမျိုးကောင်းသားတို့ လိုလားအပ်သော သာသနာတော်၏ အထွတ်အထိပ် ဖြစ်သော အတုမဲ့သော အရဟတ္တဖိုလ်အကျိုးကို ခုနစ်ရက်အတွင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရလတ္တံ့။

------

ပရိဗိုဇ်တို့၏ မှိုင်တွေခြင်း

၇၈။ နိဂြောဓ ''ရဟန်းဂေါတမသည် ငါတို့ကို တပည့်ခံစေလိုသဖြင့် ဤ (လာပါစေ စသော) စကားကို့ဆို၏''ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်။ သင်တို့၏ ဆရာသည်သာလျှင် သင်တို့၏ ဆရာ ဖြစ်ပါစေ။ နိဂြောဓ ''ရဟန်းဂေါတမသည် ငါတို့၏ ကျမ်းစာမှ ငါတို့ကို ရွေ့ရှားစေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏''ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်၊ သင်တို့၏ ကျမ်းစာ သည်သာလျှင် သင်တို့၏ ကျမ်းစာ ဖြစ်ပါစေ။ နိဂြောဓ ''ရဟန်းဂေါတမသည် ငါတို့၏ ကျင့်စဉ်မှ ငါတို့ကို ရွေ့ရှား စေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏''ဟု တစ်ရံတစ်ခါ သင်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်။ သင်တို့၏ ကျင့်စဉ်သည်သာလျှင် သင်တို့၏ ကျင့်စဉ် ဖြစ်ပါစေ။ နိဂြောဓ ''ရဟန်းဂေါတမသည် ငါတို့ကို ဆရာနှင့်တကွသော ငါတို့၏ အကုသိုလ်တရားတို့၌လည်းကောင်း အကုသိုလ်အစုသို့ ရောက်သော တရားတို့၌လည်းကောင်း တည်စေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏''ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်၊ ထိုတရားတို့သည် ဆရာနှင့်တကွသော သင်တို့၏ အကုသိုလ်တရားတို့ သည်လည်းကောင်း အကုသိုလ်အစုသို့ရောက်သော တရားတို့သည်လည်းကောင်း ဖြစ်ပါစေကုန်။ နိဂြောဓ ''ရဟန်းဂေါတမသည် ငါတို့ကို ဆရာနှင့်တကွသော ငါတို့၏ ကုသိုလ်တရားတို့မှလည်းကောင်း ကုသိုလ် အစုသို့ ရောက်သောတရားတို့မှလည်းကောင်း ကင်းကွာစေလို၍ ဤ (လာပါစေ စသော) စကားကို ဆို၏''ဟု တစ်ရံတစ်ခါ သင့်အား ဤသို့သော အကြံသည် ဖြစ်ရာ၏၊ နိဂြောဓ ဤ (လာပါစေ စသော) စကားကို ဤသို့ မမှတ်အပ်၊ ထိုတရားတို့သည် ဆရာနှင့်တကွသော သင်တို့၏ ကုသိုလ်တရားတို့သည်လည်းကောင်း ကုသိုလ်အစုသို့ ရောက်သော တရားတို့သည်လည်းကောင်း ဖြစ်ပါစေကုန်။ နိဂြောဓ ဤသို့ သင်တို့ကို တပည့်ဖြစ်စေလို၍ ဤ (လာပါစေ စသော) စကားကို ငါ မဆို၊ သင်တို့၏ ကျမ်းစာမှ ရွေ့ရှားစေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါ မဆို၊ သင်တို့၏ ကျင့်စဉ်မှ ရွေ့ရှားစေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါမဆို၊ ဆရာနှင့်တကွသော သင်တို့ကို အကုသိုလ်တရားတို့၌လည်းကောင်း အကုသိုလ် အစုသို့ ရောက်သော တရားတို့၌လည်းကောင်း တည်စေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါမဆို၊ ဆရာနှင့် တကွသော သင်တို့ကို ကုသိုလ်တရားတို့မှလည်းကောင်း ကုသိုလ်အစုသို့ရောက်သော တရားတို့မှလည်းကောင်း ကင်းကွာစေလို၍လည်း ဤ (လာပါစေ စသော) စကားကို ငါ မဆို။ နိဂြောဓ စင်စစ်သော်ကား ''မပယ်ရကုန်သေးသော ညစ်ညူးခြင်း (ကိလေသာ)၏ အာရုံဖြစ်ကုန်သော ဘဝသစ်ကို ဖြစ်စေတတ်ကုန်သော ပူပန်ခြင်းနှင့် ယှဉ်ကုန်သော ဆင်းရဲကျိုးကို ပေးတတ်ကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းကို ဖြစ်စေတတ်ကုန်သော အကုသိုလ်တရားတို့သည် ရှိကုန်၏၊ ယင်း တရားတို့ကို ပယ်ရန် ငါသည် တရားကို ဟော၏၊ ဟောသည့်အတိုင်း ကျင့်ကုန်သော သင်တို့သည် ညစ်ညူးခြင်း (ကိလေသာ)၏ အာရုံဖြစ်သော တရားတို့ကို ပယ်ဖျောက်ကုန်လတ္တံ့၊ ဖြူစင်ခြင်းကို ဖြစ်စေ တတ်သော (သမထဝိပဿနာ) တရားတို့သည် တိုးပွါးကုန်လတ္တံ့၊ မဂ်ပညာ၏ ပြည့်စုံခြင်း ဖိုလ်ပညာ၏ ပြန့်ပြောခြင်းကိုလည်း မျက်မှောက်ဘဝ၌ ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ကပ်ရောက်၍ နေရကုန်လတ္တံ့''ဟု (မိန့်တော်မူ၏)။

၇၉။ ဤသို့ မိန့်တော်မူသော် မာရ်နတ် အနှောင့်အယှက်ခံရသည့် စိတ်ရှိသော သူတို့သည် ထိုင်နေ ကုန်သကဲ့သို့ ဤအတူ ထိုပရိဗိုဇ်တို့သည် တိတ်ဆိတ်ညှိုးငယ်စွာ ဦးခေါင်းငိုက်စိုက် မျက်နှာအောက်ချ၍ မှိုင်တွေကုန်လျက် စကားမဆိုနိုင်ကုန်ဘဲ ထိုင်နေကြကုန်၏။

ထိုအခါ မြတ်စွာဘုရားအား ဤသို့သော အကြံသည် ဖြစ်၏၊ '' (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ဤသူအားလုံးတို့သည် မာရ်နတ် ပူးဝင်နေကုန်၏၊ ထို့ကြောင့် တစ်ယောက်သော သူအားမျှလည်း ဤသို့သော အကြံသည် မဖြစ်လတံ္တ့ 'ခုနစ်ရက်အတွင်း အရဟတ္တဖိုလ် ရနိုင် မရနိုင် စုံစမ်းသိရှိရန် အလို့ငှါသော် လည်း ငါတို့သည် ရဟန်းဂေါတမအထံ၌ အကျင့်မြတ် 'ဗြဟ္မစရိယ'ကို ကျင့်ကုန်အံ့၊ ခုနစ်ရက်သည် အဘယ်ပြုအံ့နည်း'ဟု အကြံမဖြစ်လတံ္တ့'' ဟူ၍ (အကြံဖြစ်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဥဒုမ္ဗရိကာ မိဖုရား၏ ပရိဗိုဇ်အရံ၌ (သူတစ်ပါး၏ မိစ္ဆာဒိဋ္ဌိဝါဒကို တိုက်ဖျက်၍ မိမိ၏ သမ္မာဒိဋ္ဌိဝါဒကို ထူထောင်သည့် တရားတော်ကို) ရဲရင့်သော အသံဖြင့် ကျူးရင့် မိန့်ကြားတော်မူ၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဂိဇ္ဈကုဋ်တောင်၌ တည်နေတော်မူ၏။

သန္ဓာနသူကြွယ်သည်ကား ထိုခဏ၌ပင် ရာဇဂြိုဟ်ပြည်သို့ ဝင်လေသတည်း။

နှစ်ခုမြောက် ဥဒုမ္ဘရိကသုတ် ပြီး၏။

------

၃-စက္ကဝတိ္တသုတ်

မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာအဖြစ်

၈၀။ အကျွန်ု်ပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်း မာတုလမြို့၌ သီတင်းသုံးနေတော်မူ၏။ ထို (မာတုလမြို့) ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာ ဘုရားအား ''အသျှင်ဘုရား'' ဟူ၍ ရိုသေစွာ ပြန်ကြားလျှောက်ထားကုန်၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

ရဟန်းတို့ သင်တို့သည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍ မိမိသာလျှင် ကိုး ကွယ်ရာရှိကုန်သည်ဖြစ်၍ မိမိမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့၊ တရားသာ လျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိကုန်သည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိကုန်သည်ဖြစ်၍ တရားမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှ တစ်ပါး အခြား ကိုးကွယ်ရာမရှိသည်ဖြစ်၍ နေသနည်း။ ရဟန်းတို့ ဤ (သာသနာတော်) ၌ ရဟန်းသည် ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် ရုပ်အပေါင်း၌ ရုပ် အပေါင်းဟု အဖန်ဖန်ရှုလျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ခံစားမှု 'ဝေဒနာ' တို့၌ ခံစားမှု 'ဝေဒနာ'ဟု အဖန်ဖန်ရှုလျက်။ပ။ စိတ်၌ စိတ်ဟု အဖန်ဖန်ရှုလျက်။ပ။ ပြင်းစွာအားထုတ်လျက် ဆင်ခြင်လျက် သတိရှိလျက် သဘောတရားတို့၌ သဘောတရားဟု အဖန်ဖန်ရှု လျက် လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှ တစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေ၏။

ရဟန်းတို့ (သင်ချစ်သားတို့သည်) အဖ (ဘုရား) မှ လာသည့် အမွေဖြစ်ကုန်သော မိမိတို့ (ရဟန်း များ)၏ ကျက်စားရာအာရုံ၌ ကျက်စားကြကုန်လော့။ ရဟန်းတို့ အဖ (ဘုရား) မှ လာသည့် အမွေဖြစ်သော မိမိတို့ (ရဟန်းများ)၏ ကျက်စားရာ အာရုံ၌ ကျက်စားကုန်သော သင်ချစ်သားတို့၏ သန္တာန်၌ (ကိလေသာစသော) မာရ်သည် အခွင့်ကို မရလတ္တံ့၊ (ကိလေသာစသော) မာရ်သည် အကြောင်းကို မရ လတ္တံ့။ ရဟန်းတို့ ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်းကြောင့် ဤဆိုခဲ့သည့်အတိုင်း ဤကုသိုလ် ဤကုသိုလ်၏ အကျိုးသည် တိုးပွါး၏။

ဒဠှနေမိစကြဝတေးမင်း

၈၁။ ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာ လေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော တိုင်းနိုင်ငံ ကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ဒဠှနေမိအမည်ရှိသော စကြဝတေးမင်းသည် ရှိ၏။ ထို (ဒဠှနေမိစကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ရှိကုန်၏။ ဤ (ရတနာခုနစ်ပါး) တို့ကား အဘယ်နည်း၊ စကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူဌေးရတနာ၊ ခုနစ်ခုမြောက် သားကြီးရတနာတို့ပေတည်း။ ထို (ဒဠှနေမိစကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲ ကောင်း အင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော် တို့သည် ရှိကုန်၏။ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံး ရှိသော ဤမြေကို တုတ်မဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုး၏။

၈၂။ ရဟန်းတို့ ထိုအခါ ဒဠှနေမိ (စကြဝတေးမင်း) သည် များစွာသောနှစ် များစွာသောနှစ်အရာ များစွာသောနှစ်အထောင်တို့ ကုန်လွန်သောအခါ မင်းချင်းယောက်ျားတစ်ယောက်ကို မိန့်ဆို၏ -

''အချင်းယောက်ျား မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာကို တည်နေရာမှ အနည်းငယ်မျှသော်လည်း လျှောကျသက်ဆင်းသည်ကို သင်မြင်သောအခါ ငါ့အား ပြောကြား လော့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ ထို (မင်းချင်း) ယောက်ျားသည် ''မင်းမြတ် ကောင်းပါပြီ''ဟု ဒဠှနေမိ (စကြဝတေး) မင်းအား ဝန်ခံ၏။

ရဟန်းတို့ ထို (မင်းချင်း) ယောက်ျားသည် နှစ်ပေါင်းများစွာ နှစ်အရာပေါင်းများစွာ နှစ်အထောင် ပေါင်းများစွာတို့ ကုန်လွန်သောအခါ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာ ရတနာကို တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်၏၊ မြင်လတ်သော် ဒဠှနေမိ (စကြဝတေး) မင်းထံသို့ ချဉ်းကပ်၍ ဒဠှနေမိ (စကြဝတေးမင်း) အား ဤစကားကို လျှောက်၏ -

''မင်းမြတ် အမှန်ပင် သိတော်မူပါလော့၊ သင် (မင်းမြတ်)၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်း ပါပြီ''ဟု (လျှောက်၏)။

ရဟန်းတို့ ထိုအခါ ဒဠှနေမိ (စကြဝတေး) မင်းသည် သားကြီး (အိမ်ရှေ့) မင်းသားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ -

''ချစ်သား ငါ၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသတတ်၊ 'အကြင် စကြာမင်း၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်း၏၊ ထိုစကြာမင်းသည် ကြာမြင့်စွာ အသက်မရှည်ရာ'ဟု ငါ ကြားဖူး၏။

ငါသည် လူ့စည်းစိမ်ချမ်းသာတို့ကို ခံစားခဲ့ပြီ၊ ယခုအခါ ငါသည် နတ်စည်းစိမ်ချမ်းသာတို့ကို ရှာဖွေရန် အချိန်တန်ပြီ၊ ချစ်သား လာလော့၊ သင်သည် သမုဒ္ဒရာလေးစင်း အဆုံးရှိသော ဤမြေကြီးကို သိမ်းဆည်း (အုပ်စိုး) လော့၊ ငါမူကား ဆံမုတ်ဆိတ်တို့ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်အံ့''ဟု (မိန့်ဆို၏)။

၈၃။ ရဟန်းတို့ ထိုအခါ ဒဠှနေမိ (စကြဝတေး) မင်းသည် သားကြီး အိမ်ရှေ့မင်းသားကို မင်းအဖြစ် အုပ်ချုပ်မှု၌ ကောင်းစွာ သွန်သင်ဆုံးမပြီးလျှင် ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်၏။ ရဟန်းတို့ ဒဠှနေမိ (စကြဝတေး) မင်း ရသေ့ သည် ရသေ့ပြုပြီး၍ ခုနစ်ရက်မြောက်နေ့ ၌ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက်လေ၏။

ရဟန်းတို့ ထိုအခါ မင်းချင်းယောက်ျားတစ်ယောက်သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက် သွန်းပြီးသော မင်းထံ ချဉ်းကပ်ပြီး။ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ''မင်းမြတ် အမှန်သိတော်မူပါလော့၊ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိသွားနိုင်သော)စကြာရတနာ သည် ကွယ်ပျောက်ပါပြီ''ဟု လျှောက်၏။

ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာ ကွယ်ပျောက်သည်ရှိသော် နှလုံးမသာ ဖြစ် လေ၏၊ နှလုံးမသာဖြစ်ခြင်းကိုလည်း (သူတစ်ပါးအား) ပြောကြားလေ၏။ ထိုမင်းသည် မင်းရသေ့ထံ ချဉ်း ကပ်၍ မင်းရသေ့အား ဤစကားကို လျှောက်၏။ ''မင်းမြတ် အမှန်သိတော်မူပါလော့၊ မြတ်သော (လိုရာ အရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက်ပါပြီ''ဟု (လျှောက်၏)။

ရဟန်းတို့ ဤသို့ လျှောက်သော် မင်းရသေ့သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်း ပြီးသော မင်းအား ဤစကားကို ပြောကြား၏။

''ချစ်သား မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာ ကွယ်ပျောက်သောကြောင့် နှလုံးမသာ မဖြစ်လင့်၊ နှလုံးမသာ ဖြစ်ခြင်းကိုလည်း (သူတစ်ပါးအား) မပြောကြားလင့်၊ ချစ်သား မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် သင့်ဖခင်မှ ဆင်း သက်လာသော အမွေပစ္စည်း မဟုတ်၊ ချစ်သား သင်ချစ်သားသည် အပြစ်ကင်းသော စကြာမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ဘိလော့၊ တစ်ဆယ့်ငါးရက်မြောက်သော (လပြည့်) ဥပုသ်နေ့၌ ဦးခေါင်းဆေး မင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေး မင်း ကျင့်ဝတ်ကို ကျင့်နေသော သင် (ချစ်သား) အား အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့် တကွသော အခြင်းအရာအလုံးစုံရှိသော မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိသွားနိုင်သော) စကြာရတနာ သည် ထင်ရှားဖြစ်ပေါ်လတ္တံ့သော အကြောင်းသည် ရှိသည်သာတည်း''ဟု (ပြောကြား၏)။

------

မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်

၈၄။ မင်းမြတ် မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်ဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ချစ်သား သို့ဖြစ်လျှင် သင် (ချစ်သား) သည် တရားကိုသာလျှင် အမှီပြု၍ တရားကိုသာလျှင် အရို အသေပြုလျက် တရားကိုသာလျှင် အလေးပြုလျက် တရားကိုသာလျှင် မြတ်နိုးလျက် တရားကိုသာလျှင် ပူဇော်လျက် တရားကိုသာလျှင် တုပ်ဝပ်လျက် တရားကိုသာလျှင် တံခွန်သဖွယ်ပြုလျက် တရားကိုသာလျှင် မှန်ကင်းကဲ့သို့ ပြုလျက် တရားကိုသာလျှင် အကြီးအမှူးပြုလျက် အတွင်း သားမယားစသည်၌လည်း ကောင်း၊ စစ်သည်ဗိုလ်ပါ၌လည်းကောင်း၊ အရံမင်းတို့၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်း ကောင်း၊ နိဂုံးဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်း ကောင်း တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်လော့။

ချစ်သား သင်၏ နိုင်ငံတော်၌ အနိုင်အထက် နှိပ်စက်မှုများ မဖြစ်စေလင့်၊ ချစ်သား သင်၏ နိုင်ငံ တော်၌ ပစ္စည်းဥစ္စာ မရှိသူတို့အားလည်း ပစ္စည်းဥစ္စာကို ပေးကမ်းလော့၊ ချစ်သား သင်၏ နိုင်ငံတော်၌ အကြင်သမဏဗြာဟ္မဏတို့သည် မာန်ယစ်ခြင်း မေ့လျော့ခြင်းတို့မှ ရှောင်ကြဉ်ကြကုန်၏၊ သည်းခံခြင်း ကောင်းသော မွေ့လျော်ခြင်း၌ တည်ကြကုန်၏၊ မိမိ၏ စိတ်ကို ဆုံးမကြကုန်၏၊ မိမိ၏ စိတ်ကို ငြိမ်သက် စေကြကုန်၏၊ မိမိ၏ စိတ်ကို ငြိမ်းအေးစေကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့ထံ လျောက်ပတ်သောအခါ ချဉ်းကပ်၍ မေးမြန်းလေလော့၊ စုံစမ်းလေလော့ -

''အသျှင်ဘုရားတို့ အဘယ်သည် ကုသိုလ်ပါနည်း၊ အဘယ်သည် အကုသိုလ်ပါနည်း၊ အဘယ်သည် အပြစ်ရှိပါသနည်း၊ အဘယ်သည် အပြစ်မရှိပါသနည်း၊ အဘယ်ကို မှီဝဲအပ်ပါသနည်း၊ အဘယ်ကို မမှီဝဲ အပ်ပါသနည်း၊ အကျွန်ုပ် ပြုအပ်သော အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွါးမဲ့ ခြင်းငှါ ဆင်းရဲ ခြင်းငှါ ဖြစ်ပါသနည်း၊ အကျွန်ုပ် ပြုအပ်သော အဘယ်တရားသည် ရှည်စွာသော ကာလ ပတ်လုံး အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပါသနည်း''ဟု (မေးမြန်းလေလော့၊ စုံစမ်းလေလော့)။ ထို (သမဏဗြာဟ္မဏ) တို့၏ စကားကို ကြားနာ၍ အကုသိုလ်တရားကို ကြဉ်ရှောင်လော့၊ ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်လေလော့၊ ချစ်သား ဤသည်ကား စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ် တည်းဟု (ပြောကြား၏)။

------

စကြာရတနာ ဖြစ်ပေါ်လာခြင်း

၈၅။ ရဟန်းတို့ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ''မင်းမြတ် ကောင်းပါပြီ''ဟု မင်းရသေ့၏ စကားကို ဝန်ခံ၍ စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ်ကို ကျင့် လေ၏။

တစ်ဆယ့်ငါးရက်မြောက်ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေးကျင့်ဝတ်ကို ကျင့်သော ထိုမင်းအား အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့်တကွသော အခြင်းအရာ အလုံးစုံရှိသော မြတ်သော (လိုရာ အရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ဖြစ်ပေါ်လာ၏၊ (ထိုစကြာရတနာကို) မြင် လတ်သော် မင်းမျိုးဖြစ်သော အဘိသိက်သွန်းပြီးသော မင်းအား ဤသို့ အကြံဖြစ်၏ -

''တစ်ဆယ့်ငါးရက်မြောက် (လပြည့်) ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်နေသော မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက် သွန်းပြီးသော 'အကြင်မင်းအား အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့်တကွသော အခြင်းအရာ အလုံးစုံရှိသော မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာ ရတနာသည် ဖြစ်ပေါ်လာငြားအံ့၊ ထိုမင်းသည် စကြဝတေးမင်း ဖြစ်၏ ' ဟူသော ဤစကားကို ငါ ကြားဖူး၏၊ ငါသည် စကြဝတေးမင်း ဖြစ်ရာသလော''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် နေရာမှထပြီးလျှင် အပေါ်ရုံစုလျားကို ပခုံးတစ်ဖက်၌ တင်၍ လက်ဝဲလက်ဖြင့် ရေကရားကို ကိုင်လျက် ''အသျှင် စကြာ ရတနာသည် လည်စေသတည်း၊ အသျှင် စကြာရတနာသည် အောင်စေသတည်း''ဟု (ဆို၍) စကြာ ရတနာကို လကျ်ာလက်ဖြင့် ရေသွန်းဖျန်း၏။

ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် အရှေ့အရပ်သို့ လည်သွားလေ၏၊ စစ်အင်္ဂါလေးပါးနှင့် တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏၊ ရဟန်းတို့ စကြာရတနာရပ်တန့်ရာ အရပ်၌ စစ်အင်္ဂါလေးပါးနှင့် တကွသော စကြဝတေးမင်းသည် စခန်းချနေ၏။

ရဟန်းတို့ အရှေ့အရပ်၌ ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ''မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်း ဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ''ဟု ဆိုကုန်၏။

စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏၊ ''အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ အရှေ့အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ ဩဇာခံမင်းတို့ ဖြစ်လေ့ကုန်၏။

၈၆။ ရဟန်းတို့ ထိုအခါ စကြာရတနာသည် အရှေ့သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက် ပြီးလျှင် တောင်အရပ်သို့ လည်သွားလေ၏။ပ။ တောင်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက်ပြီးလျှင် အနောက်အရပ်သို့လည် သွားလေ၏။ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏။ ရဟန်းတို့ စကြာရတနာ ရပ်တန့်သော အရပ်၌ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည် စခန်းချနေ၏။

ထိုအနောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ''မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါသည်၊ မင်းကြီး (ဤနိုင်ငံ သည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ''ဟု ဆိုကုန်၏။

စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏၊ ''အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ အနောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ ဩဇာခံမင်းတို့ ဖြစ် လေကုန်၏။

၈၇။ ရဟန်းတို့ ထိုအခါ စကြာရတနာသည် အနောက်သမုဒ္ဒရာသို့ ဆင်းသက်၍ တစ်ဖန် ပြန်တက်ပြီးလျှင် မြောက်အရပ်သို့ လည်သွားလေ၏၊ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည်လည်း တပါတည်း လိုက်ပါသွားလေ၏၊ ရဟန်းတို့ စကြာရတနာ ရပ်တန့်ရာ အရပ်၌ စစ်အင်္ဂါလေးပါးနှင့်တကွ စကြဝတေးမင်းသည် စခန်းချနေ၏။

ရဟန်းတို့ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်းထံ ချဉ်းကပ်၍ ဤသို့ ဆိုကုန်၏၊ ''မင်းကြီး ကြွလာတော်မူပါ၊ မင်းကြီး အရှင်၏ လာခြင်းသည် ကောင်းသော လာခြင်းဖြစ်ပါ သည်၊ မင်းကြီး (ဤနိုင်ငံသည်) အရှင်၏ နိုင်ငံပါတည်း၊ မင်းကြီး ဆုံးမတော်မူပါ''ဟု ဆိုကုန်၏။

စကြဝတေးမင်းသည် ဤသို့ မိန့်ဆို၏၊ ''အသက်ကို မသတ်အပ်၊ မပေးသည်ကို မယူအပ်၊ ကာမဂုဏ်တို့ ၌ မှားယွင်းစွာ မကျင့်အပ်၊ မဟုတ်မမှန်သော စကားကို မပြောအပ်၊ သေရည်သေရက်ကို မသောက်အပ်၊ ကောက်ခံမြဲ အခွန်အတုတ်ကိုလည်း ကောက်ခံသုံးစွဲကြကုန်လော့''ဟု (ဆို၏)။

ရဟန်းတို့ မြောက်အရပ်၌ရှိသော ထီးပြိုင်မင်းတို့သည် စကြဝတေးမင်း၏ ဩဇာခံမင်းတို့ ဖြစ်လေ ကုန်၏။

ရဟန်းတို့ ထိုအခါ ထိုစကြာရတနာသည် သမုဒ္ဒရာအပိုင်းအခြားရှိသော မြေကို အောင်မြင်ပြီး၍ ထိုစကြဝတေးမင်း၏ နေပြည်တော်သို့သာလျှင် တစ်ဖန် ပြန်လည်၍ စကြဝတေးမင်း၏ နန်းတော်တံခါး လွှတ်ရုံးတော်မုခ်ဦး၌ စကြဝတေးမင်း၏ နန်းတော်ကို တင့်တယ်စေလျက် ဝင်ရိုးတပ်ထားဘိသကဲ့သို့ တည်နေ၏။

------

ဒုတိယ စကြာမင်းစသည် အကြောင်း

၈၈။ ရဟန်းတို့ နှစ်ယောက်မြောက် စကြာမင်းသည်လည်း။ပ။ သုံးယောက်မြောက် စကြာမင်းသည် လည်း။ လေးယောက်မြောက် စကြာမင်းသည်လည်း။ ငါးယောက်မြောက် စကြာမင်းသည်လည်း။ ခြောက် ယောက်မြောက် စကြာမင်းသည်လည်း။ ခုနစ်ယောက်မြောက် စကြာမင်းသည်လည်း နှစ်ပေါင်းများစွာ နှစ် ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သောအခါ၌ မင်းချင်းယောက်ျားတစ်ယောက်ကို အမိန့် ပေး၏ -

''အချင်းယောက်ျား သင်သည် မြတ်သော (လိုရာအရပ်သို့ အပိတ်အပင် မရှိသွားနိုင်သော) စကြာ့ရတနာကို တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်သောအခါ ငါ့အား ပြောကြားလော့''ဟု (အမိန့်ပေး၏)။

ရဟန်းတို့ ထို (မင်းချင်း) ယောက်ျားသည် ''မင်းမြတ် ကောင်းပါပြီ''ဟု စကြဝတေးမင်းအား ဝန်ခံ၏။

ရဟန်းတို့ ထို (မင်းချင်း) ယောက်ျားသည် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်း များစွာ ကုန်လွန်သောအခါ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာကို တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်၏၊ မြင်လတ်သော် စကြဝတေးမင်းထံ ချဉ်း ကပ်၍ စကြဝတေးမင်းအား ဤစကားကို လျှောက်၏ -

''မင်းမြတ် အမှန်သိတော်မူပါလော့၊ သင် (မင်းမြတ်)၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင် မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းပါပြီ''ဟု (လျှောက်၏)။

၈၉။ ရဟန်းတို့ ထိုအခါ စကြဝတေးမင်းသည် သားကြီးအိမ်ရှေ့မင်းသားကို ခေါ်၍ ဤစကားကို မိန့်ဆို၏ -

''ချစ်သား ငါ၏ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ လျှောကျသက်ဆင်းသတတ်၊ 'အကြင် စကြဝတေးမင်း၏ မြတ်သော (လိုရာ အရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် တည်နေရာမှ လျှောကျသက်ဆင်း၏၊ ထို စကြဝတေးမင်းသည် ကြာမြင့်စွာ အသက်မရှည်ရာ 'ဟု ငါကြားဖူး၏၊ ငါသည် လူ့စည်းစိမ် ချမ်းသာကို စံစားခဲ့ပြီ၊ ယခုအခါ ငါသည် နတ်စည်းစိမ်းချမ်းသာတို့ကို ရှာဖွေရန် အချိန်တန်ပြီ၊ ချစ်သား လာလော့၊ သင်သည် သမုဒ္ဒရာ လေးစင်းအဆုံးရှိသော ဤမြေကြီးကို သိမ်းဆည်း (အုပ်စိုး)လော့။ ငါမူကား ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်အံ့''ဟု (မိန့်ဆို၏)။

ရဟန်းတို့ ထိုအခါ စကြဝတေးမင်းသည် သားကြီး အိမ်ရှေ့မင်းသားကို မင်းအဖြစ်အုပ်စိုးမှု၌ ကောင်းစွာ ဆုံးမသွန်သင်ပြီးလျှင် ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်၏၊ ရဟန်းတို့ မင်းရသေ့သည် ရသေ့ပြုပြီး၍ ခုနစ်ရက်မြောက်သော နေ့၌ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက် လေ၏။

၉၀။ ရဟန်းတို့ ထိုအခါ မင်းချင်းယောက်ျားတစ်ယောက်သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းထံ ချဉ်းကပ်ပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား '' မင်းမြတ် အမှန်သိတော်မူပါလော့၊ မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာသည် ကွယ်ပျောက်ပါပြီ''ဟု လျှောက်၏။

ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် မြတ်သော (လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော) စကြာရတနာ ကွယ်ပျောက်သည်ရှိသော် နှလုံးမသာ ဖြစ် လေ၏၊ နှလုံးမသာ ဖြစ်ခြင်းကိုလည်း (သူတစ်ပါးအား) ပြောကြားလေ၏၊ ထိုမင်းသည် မင်းရသေ့ထံ ချဉ်းကပ်၍ မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်ကို မမေး၊ ထိုမင်းသည် မိမိပညာဖြင့်သာ နိုင်ငံကို ဆုံးမအုပ်စိုး၏၊ မိမိပညာဖြင့်သာ နိုင်ငံကို ဆုံးမအုပ်စိုးသော် ထိုမင်း၏ နိုင်ငံတို့သည် မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ကုန်သော ရှေးမင်းတို့၏ နိုင်ငံတို့ကဲ့သို့ ရှေ့နောက် ညီညွတ်စွာ မတိုးပွါးကုန်။

ရဟန်းတို့ ထိုအခါ အမှုဆောင်အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များ အမတ် ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများ ပညာရှိ (ပုရောဟိတ်) အမတ်များတို့သည် စည်းဝေးကြကုန်၍ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဤစကားကို လျှောက်ကုန်၏ -

''မင်းမြတ် မြတ်သော စကြဝတေးမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်ကုန်သော မင်းတို့၏ ဇနပုဒ်တို့ သည့်တိုးပွါးကုန်သကဲ့သို့ မိမိစိတ်အလိုဖြင့် နိုင်ငံကို ဆုံးမသော သင် (မင်းမြတ်)၏ နိုင်ငံတို့သည် ရှေ့နောက် ညီညွတ်စွာ မတိုးပွါးကုန်၊ မင်းမြတ် သင် (မင်းမြတ်)၏ နိုင်ငံတော်၌ အမှုဆောင်အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာ ရှိ (ပုရောဟိတ်) အမတ်များ ဖြစ်ကုန်သော အကျွန်ုပ်တို့သည်လည်းကောင်း တစ်ပါးသူတို့သည်လည်း ကောင်း ရှိပါကုန်၏၊ အကြင် အကျွန်ုပ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို မှတ်သား ထားပါကုန်၏၊ မင်းမြတ် သင် (မင်းမြတ်) သည် အကျွန်ုပ်တို့အား အပြစ်ကင်းသော စကြဝတေးမင်း ကျင့် ဝတ်ကို မေးပါလော့၊ မေးသည်ရှိသော် ထိုအကျွန်ုပ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ် ကို သင် (မင်းမြတ်) အား ဖြေကြားပါကုန်အံ့''ဟု (လျှောက်ကုန်၏)။

------

အသက်အဆင်းစသည် ယုတ်လျော့ခြင်း အကြောင်း

၉၁။ ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် အမှုဆောင် အမတ်များ မင်းတိုင်ပင်အမတ်များ ဘဏ္ဍာရေးအမတ်များ အမတ်ချုပ်များ စစ်သည်ဗိုလ်ပါများ တံခါးမှူးများနှင့် ပညာရှိ (ပုရောဟိတ်) အမတ်များတို့ကို စည်းဝေးစေ၍ အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို မေး၏။ မေးသည်ရှိသော် ထိုအမတ်တို့သည် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို ထိုမင်းအား ဖြေကြားကုန်၏။

ထိုအမတ်တို့၏ (စကားကို) ကြား၍တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်၏၊ ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာကိုကား မပေး။ ပစ္စည်းဥစ္စာ မရှိသူတို့အား ပစ္စည်းဥစ္စာ မပေးသည်ရှိသော် ဆင်းရဲခြင်း ပွါးများလာ၏။ ဆင်းရဲခြင်း ပွါးများလာသောအခါ ယောက်ျားတစ်ယောက် သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူ၏။ ထို (ယောက်ျား) ကို ဖမ်းကုန်၏။ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ''မင်းမြတ် ဤယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏''ဟု ဆို၍ ပြကုန်၏။

ရဟန်းတို့ ဤသို့ ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ထို ယောက်ျားအား ဤစကားကို ဆို၏၊ ''အချင်းယောက်ျား သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော''ဟု (ဆို၏)။

မှန်ပါသည် မင်းမြတ်ဟု (လျှောက်၏)။

အဘယ့်ကြောင့် (ခိုးယူသနည်း)ဟု (ဆို၏)။

မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်းဟု (လျှောက်၏)။

ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ''ယောက်ျား သင်သည် ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့၊ မိဘကိုလည်း ကျွေးမွေးလော့၊ သားမယား ကိုလည်း ကျွေးမွေးလော့၊ အလုပ်အကိုင်ကိုတို့လည်း လုပ်ကိုင်လော့၊ အထက်အထက်ဘုံသို့ ရောက်စေ သည့် အကျိုးရှိသော ကောင်းမြတ်သော အကျိုးဆယ်ပါးကို ဖြစ်စေတတ်သော ချမ်းသာသော အကျိုးရှိသော နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ တည်စေလော့''ဟု ဆို၍ ထိုယောက်ျား အား ဥစ္စာကို ပေး၏။ ရဟန်းတို့ ထိုယောက်ျားသည် ''မင်းမြတ် ကောင်းပါပြီ''ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဝန်ခံ၏။

ရဟန်းတို့ ယောက်ျား တစ်ယောက်သည်လည်း သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ် ဖြင့် ယူ၏။ ထိုယောက်ျားကို ဖမ်းကုန်၏၊ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ''မင်းမြတ် ဤယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏''ဟု ဆို၍ပြ ကုန်၏။ ရဟန်းတို့ ဤသို့ ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်း့ပြီးသော မင်းသည် ထိုယောက်ျားအား ဤစကားကို ဆို၏၊ ''အချင်းယောက်ျား သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော''ဟု (ဆို၏)။

မှန်ပါသည် မင်းမြတ်ဟု (လျှောက်၏)။

အဘယ့်ကြောင့် (ခိုးယူသနည်း)ဟု (ဆို၏)။

မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်းဟု (လျှောက်၏)။

ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ''ယောက်ျား သင်သည် ဤဥစ္စာဖြင့် ကိုယ်တိုင်လည်း အသက်မွေးလော့၊ မိဘကိုလည်း ကျွေးမွေးလော့၊ သားမယားကို လည်း ကျွေးမွေးလော့၊ အလုပ်အကိုင်တို့ကိုလည်း လုပ်ကိုင်လော့၊ အထက် အထက်ဘုံသို့ ရောက်စေ သည့် အကျိုးရှိသော ကောင်းမြတ်သော အကျိုးဆယ်ပါးကို ဖြစ်စေတတ်သော ချမ်းသာသော အကျိုးရှိသော နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို သမဏဗြာဟ္မဏတို့၌ တည်စေလော့''ဟု ဆို၍ ထိုယောက်ျား အား ဥစ္စာကို ပေး၏။ ရဟန်းတို့ ထိုယောက်ျားသည် ''မင်းမြတ် ကောင်းပါပြီ''ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဝန်ခံ၏။

၉၂။ ရဟန်းတို့ လူတို့သည် ''အချင်းတို့ သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသော သူတို့အား မင်းသည် ဥစ္စာကို ပေးသတတ်''ဟု ကြားကြကုန်၏။ ယင်းသို့ ကြားသဖြင့် ''ငါတို့ သည်လည်း သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူရမူ ကောင်းလေစွ''ဟု အကြံ ဖြစ်၏။

ရဟန်းတို့ ထိုအခါ တစ်ယောက်သော ယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူလေ၏။ ထိုခိုးသူယောက်ျားကို ဖမ်းကုန်၏၊ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ''မင်းမြတ် ဤယောက်ျားသည် သူတစ်ပါးတို့မပေးသော ဥစ္စာကို ခိုး လိုသော စိတ်ဖြင့် ယူပါ၏''ဟု ဆို၍ ပြကုန်၏။

ရဟန်းတို့ ဤသို့ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ထို (ခိုးသူ)ယောက်ျားအား ဤစကားကို ဆို၏၊ ''အချင်းယောက်ျား သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ဟူသည် မှန်သလော''ဟု (ဆို၏)။

မှန်ပါသည် မင်းမြတ်ဟု (လျှောက်၏)။

အဘယ့်ကြောင့် (ခိုးယူသနည်း)ဟု (ဆို၏)။

မင်းမြတ် အသက်မွေးမှု မလုံလောက်သောကြောင့်ပါတည်းဟု (လျှောက်၏)။

ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဤသို့သော အကြံသည် ဖြစ်၏ -

''သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသော သူအား အကယ်၍ ငါသည် ဥစ္စာကို ပေးအံ့၊ ဤသို့ ပေးနေခဲ့လျှင် ဤခိုးမှုသည် တိုးပွါးလတ္တံ့၊ ငါသည် ဤ (ခိုးသူ) ယောက်ျားကို ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ရမူ ကောင်းလေစွ၊ ခိုးမှုအမြစ်ပြတ်အောင် ပြုရမူ ကောင်းလေစွ၊ ထိုသူ၏ ဦးခေါင်းကို ဖြတ်ရမူ ကောင်းလေစွ''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထိုအခါ မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် (မင်းချင်း) ယောက်ျားတို့ကို အမိန့်ပေး၏။

''အချင်းတို့ ထိုသို့ဖြစ်လျှင် ဤ (ခိုးသူ) ယောက်ျားကို မြဲမြံခိုင်ခံ့သော ကြိုးဖြင့် မြဲမြံစွာ လက်ပြန် ကြိုးတုပ်နှောင်လျက် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမ တစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးသော် မြို့၏ တောင် ဘက်၌ ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ကုန်လော့၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန့်လော့၊ ထို (ခိုးသူ) ယောက်ျား၏ ဦးခေါင်းကို ဖြတ်ကုန်လော့''ဟု (အမိန့်ပေး၏)။

ရဟန်းတို့ ထို (မင်းချင်း) ယောက်ျားတို့သည် ''မင်းမြတ် ကောင်းပါပြီ''ဟု မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ဝန်ခံ၍ ထို (ခိုးသူ) ယောက်ျားကို မြဲမြံခိုင်ခံ့သော ကြိုးဖြင့် မြဲမြံစွာ လက်ပြန်ကြိုး တုပ်နှောင်လျက် သင်တုံးဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ ခေါ်ဆောင်၍ တောင်တံခါးမှ ထွက်ပြီးလျှင် မြို့၏ တောင်ဘက်၌ ကောင်းစွာ နှိပ်ကွပ်ခြင်းဖြင့် နှိပ်ကွပ်ကုန်၏၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန်၏၊ ထို (ခိုးသူ) ယောက်ျား၏ ဦးခေါင်းကို ဖြတ်ကုန်၏။

၉၃။ ရဟန်းတို့ လူတို့သည် ''အချင်းတို့ သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူသောသူတို့ကို မင်းသည် အပြီးတိုင် နှိပ်ကွပ်၏၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြု၏၊ ထို (ခိုးသူ) ယောက်ျား၏ ဦးခေါင်းကို ဖြတ်၏''ဟု ကြားကုန်၏။ ယင်းသို့ ကြားသဖြင့် ''ငါတို့သည်လည်း ထက်သော လက်နက်တို့ကို ပြုလုပ်စေကုန်အံ့၊ ထက်သော လက်နက်တို့ကို ပြုလုပ်စေပြီးလျှင် အကြင် သူတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ခိုးယူကုန်အံ့၊ ထိုဥစ္စာရှင်တို့ကို အပြီးတိုင် နှိပ်ကွပ် ကုန်အံ့၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန်အံ့၊ ထို (ဥစ္စာရှင်) တို့၏ ဦးခေါင်းကို ဖြတ်ကုန် အံ့''ဟု အကြံဖြစ်၏။ ထိုသူတို့သည် ထက်သော လက်နက်တို့ကို ပြုလုပ်စေကုန်၏၊ ထက်သော လက်နက် တို့ကို ပြုလုပ်စေပြီးလျှင် ရွာကို လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏၊ နိဂုံးကို လုယက်ဖျက်ဆီး ခြင်းငှါလည်း အားထုတ်ကုန်၏၊ မြို့ကို လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏၊ လမ်း၌ (စောင့်၍) လုယက်ဖျက်ဆီးခြင်းငှါလည်း အားထုတ်ကုန်၏။

ထိုသူတို့သည် အကြင်သူတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူကြကုန်၏၊ ထို (ဥစ္စာရှင်) တို့ကို အပြီးတိုင် နှိပ်ကွပ်ကုန်၏၊ (အဆုံးစီရင်ခြင်းဖြင့်) အမြစ်ပြတ်အောင် ပြုကုန်၏၊ ထို (ဥစ္စာရှင်) တို့၏ ဦးခေါင်းကို ဖြတ်ကုန်၏။

၉၄။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွါးများလာ၏၊ ဆင်းရဲခြင်း ပွါးများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါး များလာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက် သတ်မှု ပွါးများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်လာ၏၊ အဆင်းသည်လည်း ဆုတ်ယုတ်လာ၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်လေးသောင်း အသက်ရှည်ကုန်၏။

ရဟန်းတို့ အနှစ်လေးသောင်း အသက်ရှည်ကုန်သော လူတို့တွင် တစ်ယောက်သော ယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏၊ ထိုခိုးသူကို ဖမ်းကုန်၏။ ဖမ်းပြီးလျှင် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား ''မင်းမြတ် ဤယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏''ဟု ဆို၍ ပြကုန်၏။ ရဟန်းတို့ ဤသို့ ဆို၍ပြသော် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းသည် ထိုယောက်ျားအား ဤစကားကို ဆို၏၊ ''အချင်းယောက်ျား သင်သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏ ဟူသည် မှန်သလော''ဟု (ဆို၏)။

''မမှန်ပါ မင်းမြတ်''ဟု သိလျက် မဟုတ်မမှန်သော စကားကို ဆို၏။

၉၅။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွါး များလာ၏၊ ဆင်းရဲခြင်း ပွါးများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါးများ လာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက့်သတ်မှု ပွါးများလာသော် မဟုတ်မမှန်ပြောမှု ပွါးများလာ၏၊ မဟုတ်မမှန်ပြောမှု ပွါးများလာသော် ထို သတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့် လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်လေးသောင်း အသက်ရှည် ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ်နှစ်သောင်း အသက်ရှည်ကုန်၏။

ရဟန်းတို့ အနှစ်နှစ်သောင်း အသက်ရှည်သော လူတို့တွင် တစ်ယောက်သော ယောက်ျားသည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူ၏၊ ထိုသူကို တစ်ယောက်သော ယောက်ျား သည် မင်းမျိုးဖြစ်သော ဦးထိပ်၌ အဘိသိက်သွန်းပြီးသော မင်းအား''မင်းမြတ် ဤမည်သော ယောက်ျား သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးလိုသော စိတ်ဖြင့် ယူပါ၏''ဟု ကုန်းချောခြင်းကို ပြု၏။

၉၆။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲမှု ပွါးများလာ၏၊ ဆင်းရဲမှု ပွါးများလာသော် မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါးများ လာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက် သတ်မှု ပွါးများလာသော် မဟုတ်မမှန်ပြောမှု ပွါးများလာ၏၊ မဟုတ်မမှန်ပြောမှု ပွါးများလာသော် ကုန်း ချောမှု ပွါးများလာ၏၊ ကုန်းချောမှု ပွါးများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏။ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်နှစ်သောင်း အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အနှစ် တစ်သောင်း အသက်ရှည်ကုန်၏။

ရဟန်းတို့ အနှစ်တစ်သောင်း အသက်ရှည်ကုန်သော လူတို့တွင် အချို့သတ္တဝါတို့သည် အဆင်းလှ ကုန်၏၊ အချို့သတ္တဝါတို့သည် အဆင်းမလှကုန်၊ ထိုသူတို့တွင် အဆင်းမလှသော သတ္တဝါတို့သည် အဆင်းလှသော သတ္တဝါတို့ကို တပ်မက်ကုန်၍ သူတစ်ပါးတို့၏ သားမယားတို့ကို လွန်ကျူးကုန်၏။

၉၇။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲမှု ပွါး များလာ၏၊ ဆင်းရဲမှု ပွါးများလာသော်။ပ။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာ၏၊ ကာမဂုဏ် တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာသော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်း သည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ် ကုန်သော အနှစ်တစ်သောင်း အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ငါးထောင် အသက်ရှည်ကုန်၏။

၉၈။ ရဟန်းတို့ အနှစ်ငါးထောင် အသက်ရှည်ကုန်သော လူတို့တွင် ကြမ်းတမ်းသောစကား ပြိန် ဖျင်းသောစကားဟူသော တရားနှစ်ပါးတို့သည် ပွါးများလာကုန်၏၊ တရားနှစ်ပါး ပွါးများလာကုန်သော် ထိုလူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏။ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ငါးထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီး အချို့တို့သည် အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်၏၊ အချို့သော သားသမီး တို့သည် အနှစ်နှစ်ထောင် အသက်ရှည်ကုန်၏။

၉၉။ ရဟန်းတို့ အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်သော လူတို့၌ လိုချင်တပ်မက်ခြင်း 'အဘိဇ္ဈ ာ'၊ ပျက်စီးစေလိုခြင်း 'ဗျာပါဒ' တရားတို့ ပွါးများလာကုန်၏။ လိုချင်တပ်မက်ခြင်း 'အဘိဇ္ဈ ာ'၊ ပျက်စီးစေလိုခြင်း 'ဗျာပါဒ' တရားတို့ ပွါးများလာကုန်သော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ် ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့် လည်း ဆုတ်ယုတ်ကုန်သော အနှစ်နှစ်ထောင့်ငါးရာ အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ထောင် အသက်ရှည်ကုန်၏။

၁၀၀။ ရဟန်းတို့ အနှစ်တစ်ထောင် အသက်ရှည်ကုန်သော လူတို့၌ မှားသော အယူဝါဒတို့ပွါးများလာ၏၊ မှားသော အယူဝါဒတို့ ပွါးများလာသော် ထိုလူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်တစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ငါးရာ အသက်ရှည်ကုန်၏။

၁၀၁။ ရဟန်းတို့ အနှစ်ငါးရာ အသက်ရှည်ကုန်သော လူတို့၌ မတရားသော တပ်မက်ခြင်း 'အဓမ္မရာဂ'၊ အလွန်အကြူးတပ်မက်ခြင်း 'ဝိသမလောဘ'၊ မှားသော အကျင့်တရား 'မိစ္ဆာဓမ္မ' ဟူသော တရားသုံးပါးတို့ များပြားကုန်၏၊ တရားသုံးပါးတို့ များပြားကုန်သော် ထိုသတ္တဝါတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည်လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ် ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်ငါးရာ အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီး အချို့တို့သည် အနှစ်နှစ်ရာ့ငါးဆယ် အသက်ရှည်ကုန်၏။ အချို့သော သားသမီးတို့သည် အနှစ်နှစ်ရာ အသက်ရှည်ကုန်၏။

ရဟန်းတို့ အနှစ်နှစ်ရာ့ငါးဆယ်သာ အသက်ရှည်ကုန်သော လူတို့၌ -

အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော ဤတရားတို့သည် ပွါးများလာကုန်၏။

၁၀၂။ ရဟန်းတို့ ဤသို့လျှင် ပစ္စည်းဥစ္စာမရှိသူတို့အား ပစ္စည်းဥစ္စာကို မပေးသော် ဆင်းရဲခြင်း ပွါးများလာ၏၊ ဆင်းရဲခြင်းပွါးများလာသော် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးယူမှု ပွါးများလာ၏၊ ခိုးယူမှု ပွါးများလာသော် လက်နက်ပွါးများလာ၏၊ လက်နက်ပွါးများလာသော် အသက်သတ်မှု ပွါးများလာ၏၊ အသက်သတ်မှု ပွါးများလာသော် မဟုတ်မမှန်ပြောမှု ပွါးများလာ၏၊ မဟုတ်မမှန်ပြောမှု ပွါးများလာသော် ကုန်းချောမှု ပွါးများလာ၏၊ ကုန်းချောမှု ပွါးများလာသော် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်မှု ပွါးများလာသော် ကြမ်းတမ်းသောစကား ပြိန်ဖျင်းသောစကား တရားနှစ်ပါးတို့ ပွါးများလာကုန်၏၊ တရားနှစ်ပါးတို့ ပွါးများလာကုန်သော် လိုချင်တပ်မက် ခြင်း'အဘိဇ္ဈ ာ' ပျက်စီးစေလိုခြင်း 'ဗျာပါဒ' တို့ ပွါးများလာကုန်၏၊ လိုချင်တပ်မက်ခြင်း 'အဘိဇ္ဈ ာ' ပျက်စီး စေလိုခြင်း 'ဗျာပါဒ'တို့ ပွါးများလာကုန်သော် မှားသော အယူဝါဒ ပွါးများလာ၏၊ မှားသော အယူဝါဒ ပွါးများလာသော် မတရားသော တပ်မက်ခြင်း 'အဓမ္မရာဂ'၊ အလွန်အကြူး တပ်မက်ခြင်း 'ဝိသမလောဘ'၊ မှားသော အကျင့်တရား 'မိစ္ဆာဓမ္မ' တရားသုံးပါးတို့ ပွါးများလာကုန်၏၊ တရားသုံးပါးတို့ ပွါးများလာ ကုန်သော် -

အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုခြင်း၊

အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုခြင်းဟူသော ဤတရားတို့သည် ပွါးများလာကုန်၏။

ဤတရားတို့ ပွါးများလာကုန်သော် ထိုလူတို့၏ အသက်သည်လည်း ဆုတ်ယုတ်၏၊ အဆင်းသည် လည်း ဆုတ်ယုတ်၏၊ အသက်အားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အဆင်းအားဖြင့်လည်း ဆုတ်ယုတ်ကုန်သော အနှစ်နှစ်ရာ့ငါးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ရာ အသက် ရှည်ကုန်၏။

------

၁။ အမိ အဒေါ် စသည်၌ တပ်မက်မှု။

၂။ လောကထုံးတမ်းအားဖြင့် သုံးဆောင်မှီဝဲသင့်သော သူတို့၌ အလွန်အကြူးလိုက်စားမှု။

၃။ ယောက်ျားချင်း မိန်းမချင်း တပ်မက်မှု။

ဆယ်နှစ်သက်တမ်းအချိန်

၁၀၃။ ရဟန်းတို့ ဤလူတို့၏ သားသမီးတို့သည် ဆယ်နှစ် အသက်ရှည်အံ့သော အခါမျိုးသည် ဖြစ်လတံ္တ့။

ရဟန်းတို့ လူတို့သည် ဆယ်နှစ်သာ အသက်ရှည်ကုန်လတ်သော် ငါးနှစ်အရွယ်ရှိ သတို့သမီးတို့သည် လက်ထပ်ထိမ်းမြားနိုင်သော အရွယ်ရောက်သူတို့ ဖြစ်ကုန်လတံ္တ့။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ဤမြတ်သော အရသာတို့သည် ကွယ်ပျောက်ကုန်လတံ္တ့။

ဤသည်တို့ကား အဘယ်နည်းဟူမူ -

ထောပတ် ဆီဦး ဆီ ပျား တင်လဲ ဆား ဤသည်တို့တည်း။

ရဟန်းတို့ ဆယ်နှစ်အသက်ရှည်ကုန်သော လူတို့၌ လူးထမင်းသည် စားဖွယ်တို့တွင် အမြတ်ဆုံး ဖြစ်လတံ္တ့။ ရဟန်းတို့ ယခုအခါ စားဖွယ်တို့တွင် အသားရောသော သလေးထမင်းသည် အမြတ်ဆုံးဖြစ် သကဲ့သို့ ရဟန်းတို့ ဤအတူ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့ ၌ လူးထမင်းသည် စားဖွယ် တို့တွင် အမြတ်ဆုံးဖြစ်လတံ္တ့။

ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အကြွင်းမဲ့ ကွယ်ပျောက်ကုန်လတ္တံ့၊ အကုသိုလ်ကမ္မပထတရား ဆယ်ပါးတို့သည် အလွန်လျှင် ထွန်းပကုန်လတံ္တ့။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ကောင်းမှုဟူသော အမည်မျှသည်လည်း မရှိလတံ္တ့၊ ကောင်းမှုကို ပြုသူကား အဘယ်မှာ ရှိလတံ္တ့နည်း။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့တွင် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အမျိုးတို့၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု မပြုသူတို့သည် ပူဇော်ခံထိုက်သူတို့ ဖြစ်ကုန် လတံ္တ့၊ ချီးမွမ်းခံထိုက်သူတို့ ဖြစ်ကုန်လတံ္တ့။ ရဟန်းတို့ ယခုအခါ အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူ အမျိုးတို့၌ ကြီးသော သူတို့ကို ရိုသေတုပ်ဝပ်မှု ပြုသူတို့သည် ပူဇော်ခံထိုက်သူ ချီးမွမ်းခံထိုက်သူတို့ ဖြစ်ကုန်သကဲ့သို့ ရဟန်းတို့ ဤအတူ ဆယ်နှစ် အသက်ရှည်သော လူတို့တွင် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို မပြုသူ အမျိုး၌ ကြီးသော သူတို့ကို ရိုသေတုပ်ဝတ်မှု မပြုသူ တို့သည် ပူဇော်ခံထိုက်သူတို့ ဖြစ်ကုန်လတံ္တ့၊ ချီးမွမ်းခံထိုက်သူတို့ ဖြစ်ကုန်လတံ္တ့။

ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ အမိဟူ၍လည်းကောင်း မိကြီး မိထွေးဟူ၍လည်း ကောင်း အရီးကြီး အရီးလေးဟူ၍လည်းကောင်း ဆရာ့မယားဟူ၍လည်းကောင်း အလေးအမြတ် ပြုထိုက်သူ (ဘကြီး ဘထွေးစသည်) တို့၏ မယားဟူ၍လည်းကောင်း (ရိုသေလေးမြတ်သော စိတ်) မဖြစ်လတ္တံ့၊ ဆိတ် သိုး ကြက် ဝက် ခွေး မြေခွေးတို့ကဲ့သို့ လောကသည် ရောယှက်ရှုပ်ထွေး (စည်းကမ်းပျက်) ခြင်းသို့ ရောက်လတံ္တ့။

ရဟန်းတို့ ဆယ်နှစ်အသက်ရှည်သော လူတို့၌ အချင်းချင်း ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်း ထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုသည့်စိတ် ရှိခြင်း သည် ထင်ရှားဖြစ်လတံ္တ့။ အမိကလည်း သား၌ သားကလည်း အမိ၌၊ အဖကလည်း သား၌ သား ကလည်း အဖ၌၊ မောင်ကလည်း နှမ၌ နှမကလည်း မောင်၌ ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ် ပေါ်လတံ္တ့။ ရဟန်းတို့ သား သမင်ကို တွေ့မြင်သော် သားမုဆိုးအား ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်း သည် ဖြစ်ပေါ်သကဲ့သို့၊ ရဟန်းတို့ ဤအတူ ဆယ်နှစ်အသက်ရှည်သော လူတို့၌ ထိုသတ္တဝါတို့ အချင်း ချင်း ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ်ပေါ်လတ္တံ့။ အမိကလည်း သား၌ သားကလည်း အမိ၌၊ အဖကလည်း သား၌ သားကလည်း အဖ၌၊ မောင်ကလည်း နှမ၌ နှမကလည်း မောင်၌ ပြင်းထန်သော အမျက်ထွက်ခြင်း ပြင်းထန်သော ပျက်စီးစေလိုခြင်း ပြင်းထန်သော မလိုမုန်းထားခြင်း ပြင်းထန်သော သတ်လိုစိတ်ရှိခြင်းသည် ဖြစ်ပေါ်လတံ္တ့။

 

 

၁၀၄။ ရဟန်းတို့ ဆယ်နှစ်အသက်ရှည်ကုန်သော လူတို့၌ ခုနစ်ရက်ပတ်လုံး သတ္ထန္တရကပ် ဆိုက်လတ္တံ့။ ထိုသူတို့ အချင်းချင်း သားကောင်ဟု မှတ်ကြကုန်လတ္တံ့။ ပြင်းထန်သော လက်နက်တို့သည် ထိုသူတို့၏ လက်တို့၌ ထင်ရှားဖြစ်ကုန်လတ္တံ့။ ထိုသူတို့သည် ပြင်းထန်သော လက်နက်ဖြင့် ''ဤသည် ကား သားကောင်တည်း၊ ဤသည်ကား သားကောင်တည်း''ဟု အချင်းချင်း သတ်ဖြတ်ကုန်လတ္တံ့။

ရဟန်းတို့ ထိုအခါ ထိုသတ္တဝါတို့တွင် အချို့သော သတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့၊ ''ငါတို့ သည် တစ်စုံတစ်ယောက်ကိုမျှ မသတ်ကုန်အံ့၊ ငါတို့ကိုလည်း တစ်စုံတစ်ယောက်သည် မသတ်စေသတည်း၊ ငါတို့သည် မြက်တောသို့လည်းကောင်း ချုံနွယ်တောသို့လည်းကောင်း သစ်ပင်တောသို့လည်းကောင်း ရောက်နိုင်ခဲသော မြစ်လယ်ကျွန်းသို့လည်းကောင်း တောင်ချောက်ကြားသို့လည်းကောင်း ဝင်၍ တောသစ် မြစ် တောသစ်သီးလျှင် အစာရှိကုန်သည်ဖြစ်၍ မျှတနေရပါကုန်မူကား ကောင်းလေစွ''ဟု (အကြံ ဖြစ် လတ္တံ့)။ ထိုသူတို့သည် မြက်တောသို့လည်းကောင်း ချုံနွယ်တောသို့လည်းကောင်း သစ်ပင်တောသို့လည်း ကောင်း ရောက်နိုင်ခဲသော မြစ်လယ်ကျွန်းသို့လည်းကောင်း တောင်ချောက်ကြားသို့လည်းကောင်း ဝင်၍ ခုနစ်ရက်ပတ်လုံး တောသစ်မြစ် တောသစ်သီးလျှင် အစာရှိကုန်သည်ဖြစ်၍ မျှတနေကုန်လတ္တံ့။ ထိုသူတို့ သည် ခုနစ်ရက်လွန်သဖြင့် မြက်တော ချုံနွယ်တော သစ်ပင်တော ရောက်နိုင်ခဲသော မြစ်လယ်ကျွန်း တောင်ချောက်ကြားမှ ထွက်ကုန်၍ အချင်းချင်း ပွေ့ဖက်ကုန်လျက် ''အချင်းတို့ သတ္တဝါတို့ကို မြင်ရကုန် သေး၏၊ ငါ အသက်ရှင်သကဲ့သို့ သင်လည်း အသက်ရှင်ပေ၏၊ သတ္တဝါတို့ကို မြင်ရကုန်သေး၏၊ ငါ အသက် ရှင်သကဲ့သို့ သင်လည်း အသက်ရှင်ပေ၏''ဟု မိမိနှင့် သဘောတူသည်ကို ပြုကုန်လတ္တံ့၊ သက်သာရာ ရကုန်လတ္တံ့။

------

အသက် အဆင်း စသည် တိုးပွါးခြင်းအကြောင်း

၁၀၅။ ရဟန်းတို့ ထိုအခါ ထိုသတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့၊ ''ငါတို့သည် အကုသိုလ် တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် ဤသို့ သဘောရှိသော များစွာသော အဆွေအမျိုးတို့၏ ဆုံးရှုံးခြင်းသို့ ရောက်ကုန်၏၊ ငါတို့သည် ကုသိုလ်ကို ပြုကြရမူ ကောင်းလေစွ၊ အဘယ်ကုသိုလ်ကို ပြုကြရပါမည်နည်း၊ ငါတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကြရမူ ကောင်းလေစွ၊ ဤကုသိုလ်တရား ကို ကျင့်ကြံရမူ ကောင်းလေစွ''ဟု (အကြံဖြစ်လတ္တံ့)။ ထိုသူတို့သည် အသက်သတ်ခြင်းမှ ရှောင်ကြဉ်ကုန့်လတ္တံ့၊ ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကုန်လတ္တံ့၊ ထိုသူတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ အဆင်းအားဖြင့်လည်း တိုးပွါး ကုန်လတ္တံ့၊ အသက်အားဖြင့်လည်း တိုးပွါးကုန်သော အဆင်းအားဖြင့်လည်း တိုးပွါးကုန်သော ဆယ်နှစ် အသက်ရှည်ကုန်သော ထိုသူတို့၏ သားသမီးတို့သည် အသက်နှစ်ဆယ် ရှည်ကုန်လတ္တံ့။

ရဟန်းတို့ ထိုအခါ ထိုသတ္တဝါတို့အား ဤသို့ အကြံဖြစ်လတ္တံ့၊ ''ငါတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွါးကုန်၏၊ အဆင်းအားဖြင့်လည်း တိုးပွါးကုန်၏၊ ငါတို့သည် ကုသိုလ်ကို တိုးတက်ပိုမို၍ ပြုကြရမူ ကောင်းလေစွ အဘယ်ကုသိုလ်ကို ပြုကြရပါကုန်အံ့ နည်း၊ ငါတို့သည် သူတစ်ပါးတို့ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ကြရမူ၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကုန်းချောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ကြမ်းတမ်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ ပြိန်ဖျင်းသော စကားကို ပြောခြင်းမှ ရှောင်ကြဉ်ကြရမူ၊ သူတစ်ပါးစည်းစိမ်၌ ရှေးရှုကြံခြင်းကို စွန့်ကြရမူ၊ ပျက်စီးစေလိုခြင်းကို စွန့်ကြရမူ၊ မှားသော အယူကို စွန့်ကြရမူ၊ မတရားသော တပ်မက်ခြင်း 'အဓမ္မရာဂ'၊ အလွန်အကြူး တပ်မက်ခြင်း 'ဝိသမလောဘ'၊ မှားသော အကျင့်တရား 'မိစ္ဆာဓမ္မ'ဟူသော တရားသုံးမျိုးတို့ကို စွန့်ကြရ မူ ကောင်းလေစွ၊ ငါတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုကြရမူ၊ အမျိုး၌ကြီးသော သူတို့ကို ရိုသေတုပ်ဝပ်မှု ပြုကြရမူ၊ ဤသို့ ဆိုခဲ့သော ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်ကြရမူ ကောင်းလေစွ''ဟု (အကြံဖြစ်လတ္တံ့)။ ထိုသူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ အဖ၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ သမဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ဝတ်ကို ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ အမျိုး၌ ကြီးသောသူတို့ကို ရိုသေတုပ်ဝပ်မှု ပြုသူတို့ ဖြစ်ကုန်လတ္တံ့၊ ဤဆိုခဲ့သော ကုသိုလ်တရားကို ဆောက် တည်၍ ကျင့်ကုန်လတ္တံ့။

ထိုသူတို့သည် ကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ခြင်းကြောင့် အသက်အားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ အဆင်းအားဖြင့်လည်း တိုးပွါးကုန်လတ္တံ့၊ အသက်အားဖြင့်လည်း တိုးပွါးကုန်သော အဆင်းအားဖြင့်လည်း တိုးပွါးကုန်သော အနှစ်နှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့ သည် အနှစ်လေးဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်လေးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သား သမီးတို့သည် အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်ရှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်တစ်ရာ့ခြောက်ဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်တစ်ရာ့ခြောက်ဆယ် အသက် ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်သုံးရာနှစ်ဆယ် အသက်ရှည်ကုန်လတ္တံ့၊ အနှစ် သုံးရာ့နှစ်ဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်ခြောက်ရာ့လေးဆယ် အသက် ရှည်ကုန်လတ္တံ့၊ အနှစ်ခြောက်ရာ့လေးဆယ် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ် နှစ်ထောင် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်နှစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်လေးထောင် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်လေးထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သား သမီးတို့သည် အနှစ်ရှစ်ထောင် အသက်ရှည်ကုန်လတ္တံ့၊ အနှစ်ရှစ်ထောင် အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်နှစ်သောင်း အသက်ရှည်ကုန်လတ္တံ့၊ အနှစ်နှစ်သောင်း အသက်ရှည်ကုန်သော ထိုလူတို့၏ သားသမီးတို့သည် အနှစ်လေးသောင်း အသက်ရှည်ကုန်လတ္တံ့၊ အနှစ်လေးသောင်း အသက် ရှည်ကုန်သော လူတို့၏ သားသမီးတို့သည် အနှစ်ရှစ်သောင်း အသက်ရှည်ကုန်လတ္တံ့၊ ရဟန်းတို့ အနှစ် ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ အနှစ်ငါးရာ အသက်ရှိသော သတို့သမီးတို့သည် လက်ထပ့်ထိမ်းမြားနိုင်သော အရွယ်ရောက်သူတို့ ဖြစ်ကုန်လတ္တံ့။

------

သင်္ခစကြဝတေးမင်းဖြစ်ခြင်း

၁၀၆။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ တပ်မက်ခြင်း၊ ဆာလောင်ခြင်း၊ အိုခြင်း ဟူသော အနာသုံးမျိုးတို့သာ ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့၌ ဤဇမ္ဗူဒီပါကျွန်းသည် ပြည့်စုံကြွယ်ဝလတ္တံ့၊ စည်ပင်ဝပြောလတ္တံ့၊ ရွာ နိဂုံး ဇနပုဒ် မင်းနေပြည်တို့ သည် ကြက်ပျံတကျ ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်ကုန်သော လူတို့ခေတ်၌ ဤဇမ္ဗူဒိပ်ကျွန်းသည် ကျူတောမြက်တောကဲ့သို့ လူတို့ဖြင့် အကြားမလပ် ပြည့်နှက်စည်ကားနေလတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ဤဗာရာဏသီပြည်သည် ပြည့်စုံကြွယ်ဝ သည်လည်းဖြစ်သော စည်ပင်ဝပြောသည်လည်းဖြစ်သော များသော လူရှိသည်လည်းဖြစ်သော လူမျိုးစုံတို့ ဖြင့် ပြွမ်းသည်လည်းဖြစ်သော အစားအစာပေါများသည်လည်းဖြစ်သော ကေတုမတီမည်သော မင်းနေပြည် ဖြစ်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ဤဇမ္ဗူဒိပ်ကျွန်းဝယ် ကေတုမတီမင်းနေပြည်လျှင် အချုပ်အခြာရှိသော ရှစ်သောင်းလေးထောင်သော မြို့တို့သည် ဖြစ်ကုန်လတ္တံ့။ ရဟန်းတို့ အနှစ်ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ကေတုမတီမင်းနေပြည်ဝယ် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော သင်္ခမည်သော စကြဝတေးမင်း ဖြစ်လတ္တံ့၊ ထို (စကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ပေါ်ကုန်လတ္တံ့၊ ဤ (ရတနာခုနစ်ပါးတို့)ကား အဘယ်နည်း၊ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမ ရတနာ သူဌေးရတနာ ခုနစ်ခုမြောက် သားကြီးရတနာတို့ပေတည်း။ ထို (သင်္ခစကြဝတေးမင်း)၌ ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ်ရှိကုန်သော တစ်ဖက်စစ်သည်တို့ကို နှိမ်နှင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်လတ္တံ့၊ ထို (စကြဝတေးမင်း)သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တုတ်မ ဆောင်မူ၍ လက်နက်မဆောင်မူ၍ တရားသဖြင့် အောင်မြင်လျက် အုပ်စိုးလတ္တံ့။

------

မေတ္တေယျဘုရား ပွင့်တော်မူခြင်း

၁၀၇။ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူသော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ'မည်တော်မူသော၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့် လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူသော ငါသည် ယခုအခါ လောက၌ ပွင့်တော်မူသကဲ့သို့၊ ရဟန်းတို့ အနှစ် ရှစ်သောင်း အသက်ရှည်သော လူတို့ခေတ်၌ ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူသော၊့ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်း ကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူသော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူသော၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရောပုရိသဒမ္မသာရထိ' မည်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော် မူသော အကြောင်းကြောင့်လည်း 'သတ္ထာဒေဝမနုဿာနံ' မည်တော်မူသော၊ (သစ္စာလေးပါးတရားတို့ကို) သိ စေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ'မည်တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်း ကြောင့်လည်း 'ဘဂဝါ'မည်တော်မူသော 'မေတ္တေယျ' မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလတ္တံ့။

ယခုအခါ ငါသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော (နတ်)လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားသကဲ့သို့၊ ထိုမေတ္တေယျမြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော (နတ်) လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားလတ္တံ့။ ယခုအခါ ငါသည် အစ၏ကောင်းခြင်း အလယ်၏ကောင်း ခြင်းအဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူသကဲ့ သို့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူသကဲ့သို့၊ ထိုမေတ္တေယျ မြတ်စွာ ဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်း ခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောတော်မူလတ္တံ့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြတော်မူလတ္တံ့။ ယခုအခါ ငါသည် အရာမက များစွာသော ရဟန်းသံဃာ ပရိသတ်ကို ဆောင်လျက် ဒေသစာရီကြွသကဲ့သို့၊ ထို (မေတ္တေယျမြတ်စွာဘုရား) သည် ထောင်ပေါင်းများစွာသော ရဟန်း သံဃာပရိသတ်ကို ဆောင်လျက် ဒေသစာရီ ကြွတော်မူလတ္တံ့။

၁၀၈။ ရဟန်းတို့ ထိုအခါ သင်္ခစကြဝတေးမင်းသည် မဟာပနာဒမင်း၏ ဘုန်းကံကြောင့် သိကြား မင်းသည် ဝိသကြုံအား ဆောက်လုပ်စေအပ်သော ပြာသာဒ်ကို ထွက်ပေါ်စေ၍ (ထိုပြာသာဒ်၌) စိုးအုပ် နေ ပြီးသော် ထိုပြာသာဒ်ကို ပေးစွန့်၍ သမဏဗြာဟ္မဏ အထီးကျန်သူ ခရီးသွားဧည့်သည် ဖုန်းတောင်းယာ စကာတို့အား အလှူကို ပေးလျက် ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော မေတ္တေယျ မြတ်စွာဘုရား အထံ တော်၌ ဆံမုတ်ဆိတ်ကို ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်လတ္တံ့။ ဤသို့ ဝင်ရောက်ပြီးသော် ထို (ရဟန်း)သည် တစ်ပါးတည်း ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်ပြီးလျှင် မမေ့မလျော့သော 'သတိ' ပြင်းစွာ အားထုတ်သော 'ဝီရိယ' တည်ကြည်သော 'သမာဓိ' ရှိသည်ဖြစ်၍ နေသည်ရှိသော် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော အမျိုးကောင်းသားများ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေရလတ္တံ့။

၁၀၉။ ရဟန်းတို့ မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိသာလျှင် ကိုးကွယ်ရာရှိ သည်ဖြစ်၍ မိမိမှတစ်ပါးသော အခြားကိုးကွယ်ရာမရှိသည်ဖြစ်၍ နေကြကုန်လော့။ တရားသာလျှင် ကျွန်း ကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှတစ်ပါး အခြား ကိုးကွယ်ရာမရှိသည်ဖြစ်၍ နေကြကုန်လော့။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် မိမိသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ မိမိမှတစ်ပါး အခြားကိုးကွယ်ရာမရှိသည်ဖြစ်၍ နေရမည်နည်း။့တရားသာလျှင် ကျွန်းကြီးသဖွယ် မှီခိုရာရှိသည်ဖြစ်၍ တရားသာလျှင် ကိုးကွယ်ရာရှိသည်ဖြစ်၍ တရားမှ တစ်ပါး အခြားကိုးကွယ်ရာမရှိသည်ဖြ&