မဇ္ဈိမနိကာယ်

မူလပဏ္ဏာသပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁- မူလပရိယာယဝဂ်

၁- မူလပရိယာယသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့ သုဘဂတောအုပ် တောစိုးသစ်ပင်ရင်း၌ နေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

''ရဟန်းတို့ တရားအားလုံးတို့၏ အကြောင်းရင်းဒေသနာ 'သဗ္ဗဓမ္မမူလပရိယာယသုတ်'ကို သင်တို့အား ဟောကြားပေအံ့၊ ထိုဒေသနာကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့'' ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောကြားတော်မူ၏။

၂။ ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိ, အရိယာတရား၌ မလိမ္မာ, အရိယာတရား၌ ယဉ်ကျေးမှု 'ဝိနည်း' မရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိ, သူတော်ကောင်းတရား၌ မလိမ္မာ, သူတော်ကောင်းတရား၌ ယဉ်ကျေးမှု 'ဝိနည်း' မရှိသော အကြားအမြင်မရှိသူ ပုထုဇဉ်သည်- မြေကို မြေဟု မှတ်၏၊ မြေကို မြေဟု မှတ်၍ မြေကို ကြံ၏၊ မြေ၌ ကြံ၏၊ မြေမှ ကြံ၏၊ မြေကို ငါ့ (ဟာ) ဟု ကြံ၏၊ မြေကို ရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုမြေကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို ရေဟု မှတ်၏၊ ရေကို ရေဟု မှတ်၍ ရေကို ကြံ၏၊ ရေ၌ ကြံ၏၊ ရေမှ ကြံ၏၊ ရေကိုငါ့ (ဟာ) ဟု ကြံ၏၊ ရေကို ရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုရေကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

မီးကို မီးဟု မှတ်၏၊ မီးကို မီးဟု မှတ်၍ မီးကို ကြံ၏၊ မီး၌ ကြံ၏၊ မီးမှ ကြံ၏၊ မီးကို ငါ့ (ဟာ) ဟု ကြံ၏၊ မီးကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုမီးကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

လေကို လေဟု မှတ်၏၊ လေကို လေဟု မှတ်၍ လေကို ကြံ၏၊ လေ၌ ကြံ၏၊ လေမှ ကြံ၏၊ လေကိုငါ့ (ဟာ) ဟု ကြံ၏၊ လေကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုလေကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

၃။ သတ္တဝါတို့ကို သတ္တဝါတို့ဟု မှတ်၏၊ သတ္တဝါတို့ကို သတ္တဝါတို့ဟု မှတ်၍ သတ္တဝါတို့ကို ကြံ၏၊ သတ္တဝါတို့၌ ကြံ၏၊ သတ္တဝါတို့မှ ကြံ၏၊ သတ္တဝါတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ သတ္တဝါတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုသတ္တဝါတို့ကို) ပိုင်းခြား၍ မသိသော ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

နတ်တို့ကို နတ်တို့ဟု မှတ်၏၊ နတ်တို့ကို နတ်တို့ဟု မှတ်၍ နတ်တို့ကို ကြံ၏၊ နတ်တို့၌ ကြံ၏၊ နတ်တို့မှ ကြံ၏၊ နတ်တို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ နတ်တို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုနတ်တို့ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

မာရ်နတ်ကို မာရ်နတ်ဟု မှတ်၏၊ မာရ်နတ်ကို မာရ်နတ်ဟု မှတ်၍ မာရ်နတ်ကို ကြံ၏၊ မာရ်နတ်၌ ကြံ၏၊ မာရ်နတ်မှ ကြံ၏၊ မာရ်နတ်ကို ငါ့ (ဟာ) ဟု ကြံ၏၊ မာရ်နတ်ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုမာရ်နတ်ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ဗြဟ္မာကို ဗြဟ္မာဟု မှတ်၏၊ ဗြဟ္မာကို ဗြဟ္မာဟု မှတ်၍ ဗြဟ္မာကို ကြံ၏၊ ဗြဟ္မာ၌ ကြံ၏၊ ဗြဟ္မာမှ ကြံ၏၊ ဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ ဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

အာဘဿရဗြဟ္မာတို့ကို အာဘဿရဗြဟ္မာတို့ဟု မှတ်၏၊ အာဘဿရဗြဟ္မာတို့ကို အာဘဿရဗြဟ္မာတို့ဟု မှတ်၍ အာဘဿရဗြဟ္မာတို့ကို ကြံ၏၊ အာဘဿရဗြဟ္မာတို့၌ ကြံ၏၊ အာဘဿရဗြဟ္မာတို့မှ ကြံ၏၊ အာဘဿရဗြဟ္မာတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ အာဘဿရဗြဟ္မာတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ - ထိုသူသည် (ထိုအာဘဿရဗြဟ္မာတို့ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

သုဘကိဏှဗြဟ္မာတို့ကို သုဘကိဏှဗြဟ္မာတို့ဟု မှတ်၏၊ သုဘကိဏှဗြဟ္မာတို့ကို သုဘကိဏှဗြဟ္မာတို့ဟု မှတ်၍ သုဘကိဏှဗြဟ္မာတို့ကို ကြံ၏၊ သုဘကိဏှဗြဟ္မာတို့၌ ကြံ၏၊ သုဘကိဏှဗြဟ္မာတို့မှ ကြံ၏၊ သုဘကိဏှဗြဟ္မာတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ သုဘကိဏှဗြဟ္မာတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုသုဘကိဏှဗြဟ္မာတို့ကို) ပိုင်းခြား၍မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ဝေဟပ္ဖိုလ်ဗြဟ္မာတို့ဟု မှတ်၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ဝေဟပ္ဖိုလ်ဗြဟ္မာတို့ဟုမှတ်၍ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့၌ ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့မှ ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ငါ့ (ဟာ) ဟု ကြံ၏၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

အဘိဘူဗြဟ္မာကို အဘိဘူဗြဟ္မာဟု မှတ်၏၊ အဘိဘူဗြဟ္မာကို အဘိဘူဗြဟ္မာဟု မှတ်၍ အဘိဘူဗြဟ္မာကို ကြံ၏၊ အဘိဘူဗြဟ္မာ၌ ကြံ၏၊ အဘိဘူဗြဟ္မာမှ ကြံ၏၊ အဘိဘူဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ အဘိဘူဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- ထိုသူသည် (ထိုအဘိဘူဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

၄။ အာကာသာနဉ္စာယတနဗြဟ္မာကို အာကာသာနဉ္စာယတနဗြဟ္မာဟု မှတ်၏၊ အာကာသာနဉ္စာယတနဗြဟ္မာကို အာကာသာနဉ္စာယတနဗြဟ္မာဟု မှတ်၍ အာကာသာနဉ္စာယတနဗြဟ္မာကို ကြံ၏၊ အာကာသာနဉ္စာယတန ဗြဟ္မာ၌ ကြံ၏၊ အာကာသာနဉ္စာယတနဗြဟ္မာမှ ကြံ၏၊ အာကာသာနဉ္စာယတနဗြဟ္မာကိုငါ့ (ဟာ) ဟု ကြံ၏၊ အာကာသာနဉ္စာယတနဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုအာကာသာနဉ္စာယတနဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ဝိညာဏဉ္စာယတနဗြဟ္မာကို ဝိညာဏဉ္စာယတနဗြဟ္မာဟု မှတ်၏၊ ဝိညာဏဉ္စာယတနဗြဟ္မာကို ဝိညာဏဉ္စာယတနဗြဟ္မာဟု မှတ်၍ ဝိညာဏဉ္စာယတနဗြဟ္မာကို ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာ၌ ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာမှ ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ ဝိညာဏဉ္စာယတနဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုဝိညာဏဉ္စာယတနဗြဟ္မာကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

အာကိဉ္စညာယတနဗြဟ္မာကို အာကိဉ္စညာယတနဗြဟ္မာဟု မှတ်၏၊ အာကိဉ္စညာယတနဗြဟ္မာကိုအာကိဉ္စညာယတနဗြဟ္မာဟု မှတ်၍ အာကိဉ္စညာယတနဗြဟ္မာကို ကြံ၏၊ အာကိဉ္စညာယတနဗြဟ္မာ၌ ကြံ၏၊ အာကိဉ္စညာယတနဗြဟ္မာမှ ကြံ၏၊ အာကိဉ္စညာယတနဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ အာကိဉ္စညာယတန ဗြဟ္မာကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထို အာကိဉ္စညာယတနဗြဟ္မာကို) ပိုင်းခြား၍မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

နေဝသညာနာသညာယတနဗြဟ္မာကို နေဝသညာနာသညာယတနဗြဟ္မာဟု မှတ်၏၊ နေဝသညာနာသညာယတနဗြဟ္မာကို နေဝသညာနာသညာယတနဗြဟ္မာဟု မှတ်၍ နေဝသညာနာသညာယတနဗြဟ္မာကို ကြံ၏၊ နေဝသညာနာသညာယတနဗြဟ္မာ၌ ကြံ၏၊ နေဝသညာနာသညာယတနဗြဟ္မာမှ ကြံ၏၊ နေဝသညာ နာသညာယတန ဗြဟ္မာကို ငါ့ (ဟာ) ဟု ကြံ၏၊ နေဝသညာနာသညာယတနဗြဟ္မာကိုရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုနေဝသညာနာသညာယတနဗြဟ္မာ ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

၅။ မြင်အပ်သော အဆင်းကို မြင်အပ်သော အဆင်းဟု မှတ်၏၊ မြင်အပ်သော အဆင်းကို မြင်အပ်သောအဆင်းဟု မှတ်၍ မြင်အပ်သော အဆင်းကို ကြံ၏၊ မြင်အပ်သော အဆင်း၌ ကြံ၏၊ မြင် အပ်သောအဆင်းမှ ကြံ၏၊ မြင်အပ်သော အဆင်းကို ငါ့ (ဟာ) ဟု ကြံ၏၊ မြင်အပ်သော အဆင်းကိုရှေးရှုနှစ်သက်၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုမြင်အပ်သောအဆင်းကို) ပိုင်းခြား၍ မသိသော ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ကြားအပ်သော အသံကို ကြားအပ်သော အသံဟု မှတ်၏၊ ကြားအပ်သော အသံကို ကြားအပ်သောအသံဟု မှတ်၍ ကြားအပ်သော အသံကို ကြံ၏၊ ကြားအပ်သော အသံ၌ ကြံ၏၊ ကြားအပ်သော အသံမှ ကြံ၏၊ ကြားအပ်သော အသံကို ငါ့ (ဟာ) ဟု ကြံ၏၊ ကြားအပ်သော အသံကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုကြားအပ်သောအသံကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိဟုမှတ်၏၊ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို တွေ့ထိအပ်သော အနံ့ အရသာအတွေ့အထိဟု မှတ်၍ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို ကြံ၏၊ တွေ့ထိအပ်သော အနံ့အရသာ အတွေ့ အထိ၌ ကြံ၏၊ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိမှ ကြံ၏၊ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို ငါ့ (ဟာ) ဟု ကြံ၏၊ တွေ့ထိအပ်သော အနံ့ အရသာအတွေ့အထိကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုတွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကိုု) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

အထူးသိအပ်သော အာရုံကို အထူးသိအပ်သော အာရုံဟု မှတ်၏၊ အထူးသိအပ်သော အာရုံကို အထူးသိအပ်သော အာရုံဟု မှတ်၍ အထူးသိအပ်သော အာရုံကို ကြံ၏၊ အထူးသိအပ်သော အာရုံ၌ ကြံ၏၊ အထူး သိအပ်သော အာရုံမှ ကြံ၏၊ အထူးသိအပ်သော အာရုံကို ငါ့ (ဟာ) ဟု ကြံ၏၊ အထူးသိအပ်သော အာရုံကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည့်အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထို အထူးသိအပ်သော အာရုံကို) ပိုင်းခြား၍မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

၆။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ဟု မှတ်၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ဟု မှတ်၍တစ်ခုတည်း ဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို ကြံ၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ၌ ကြံ၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) မှ ကြံ၏၊ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို ငါ့ (ဟာ) ဟု ကြံ၏၊ တစ်ခုတည်း ဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုတစ်ခုတည်းဖြစ်ခြင်း 'ဈာန်သမာပတ်စိတ်'ကို) ပိုင်းခြား ၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို အထူးထူးဖြစ်ခြင်း (ကာမစိတ်) ဟု မှတ်၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို အထူးထူးဖြစ်ခြင်း (ကာမစိတ်) ဟု မှတ်၍ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ၌ ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) မှ ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို ငါ့ (ဟာ) ဟု ကြံ၏၊ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ- ထိုသူသည် (ထိုအထူးထူးဖြစ်ခြင်း 'ကာမစိတ်'ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

အလုံးစုံကို အလုံးစုံဟု မှတ်၏၊ အလုံးစုံကို အလုံးစုံဟု မှတ်၍ အလုံးစုံကို ကြံ၏၊ အလုံးစုုံံ၌ ကြံ၏၊ အလုံးစုံမှ ကြံ၏၊ အလုံးစုံကို ငါ့ (ဟာ) ဟု ကြံ၏၊ အလုံးစုံကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်း သည်အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုအလုံးစုံကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

နိဗ္ဗာန်ကို နိဗ္ဗာန်ဟု မှတ်၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု မှတ်၍ နိဗ္ဗာန်ကို ကြံ၏၊ နိဗ္ဗာန်၌ ကြံ၏၊ နိဗ္ဗာန်မှ ကြံ၏၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု ကြံ၏၊ နိဗ္ဗာန်ကို ရှေးရှုနှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုနိဗ္ဗာန်ကို) ပိုင်းခြား၍ မသိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ပုထုဇဉ်၏ အစွမ်းအားဖြင့် ပဌမနည်း ဘုံအပိုင်းအခြားပြီး၏။

------

၇။ ရဟန်းတို့ အတုမဲ့သော ယောဂလေးပါးတို့၏ ကုန်ရာ အရဟတ္တဖိုလ်ကို တောင့်တနေသောအရဟတ္တဖိုလ်သို့ မရောက်သေးသော သေက္ခရဟန်းသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟုအထူးသိ၍ မြေကို မကြံရာ၊ မြေ၌ မကြံရာ၊ မြေမှ မကြံရာ၊ မြေကို ငါ့ (ဟာ) ဟု မကြံရာ၊ မြေကို ရှေးရှုမနှစ်သက်ရာ။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- ထိုသူသည် (ထိုမြေကို) ပိုင်းခြား၍ သိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာ အတွေ့အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံရာ၊ နိဗ္ဗာန်၌ မကြံရာ၊ နိဗ္ဗာန်မှ မကြံရာ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံရာ၊ ့နိဗ္ဗာန်ကို ရှေးရှုမနှစ် သက်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်းဟူမူ- ထိုသူသည် (ထိုနိဗ္ဗာန်ကို) ပိုင်းခြား ၍သိသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

သေက္ခပုဂ္ဂိုလ်၏ အစွမ်းအားဖြင့် ဒုတိယနည်း ဘုံအပိုင်းအခြားပြီး၏။

------

၈။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ဝန်ကိုချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာသိ၍ လွတ်မြောက်ပြီးသော ရဟန္တာရဟန်း သည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- ထိုသူသည် (ထိုမြေကို) ပိုင်းခြား၍ သိပြီးသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရ ဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- ထိုသူသည် (ထိုနိဗ္ဗာန်ကို) ပိုင်းခြား၍သိပြီးဖြစ် သောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရဟန္တာ၏ အစွမ်းအားဖြင့် တတိယနည်း ဘုံအပိုင်းအခြားပြီး၏။

------

၉။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသော ဝန်ကိုချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာသိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ရဟန်းသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှု မနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- တပ်စွန်းမှုကုန်သောအားဖြင့် တပ်စွန်းမှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- တပ်စွန်းမှုကုန်သောအားဖြင့်တပ်စွန်းမှုကင်း သည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရဟန္တာ၏ အစွမ်းအားဖြင့် စတုတ္ထနည်း ဘုံအပိုင်းအခြားပြီး၏။

------

၁၀။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသောဝန်ကို ချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ရဟန်းသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- အမျက်ထွက်မှုကုန်သောအားဖြင့် အမျက်ထွက်မှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည်အဘယ်အကြောင်းကြောင့်နည်း ဟူမူ- အမျက်ထွက်မှုကုန်သောအားဖြင့် အမျက်ထွက်မှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရဟန္တာ၏ အစွမ်းအားဖြင့် ပဉ္စမနည်း ဘုံအပိုင်းအခြားပြီး၏။

------

၁၁။ ရဟန်းတို့ အာသဝေါကုန်ပြီးသော မဂ်အကျင့်ကို ကျင့်သုံးပြီးသော ပြုဖွယ်ကိစ္စကို ပြုပြီးသောဝန်ကို ချထားပြီးသော (အရဟတ္တဖိုလ်ဟူသော) ကိုယ်ကျိုး ကိုယ်စီးပွားကို ရပြီးသော ဘဝသံယောဇဉ်အားလုံးကုန်ပြီးသော ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသော ရဟန္တာ ရဟန်းသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ - တွေဝေမှုကုန်သောအားဖြင့် တွေဝေမှုကင်းသည့်အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- တွေဝေမှုကုန်သောအားဖြင့်တွေဝေမှုကင်းသည့် အဖြစ်ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရဟန္တာ၏ အစွမ်းအားဖြင့် ဆဋ္ဌနည်း ဘုံအပိုင်းအခြားပြီး၏။

------

၁၂။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- မြတ်စွာဘုရားသည် ထို (အားလုံး) ကို ပိုင်းခြား၍သိပြီးသောကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- မြတ်စွာဘုရားသည်ထို (အားလုံး) ကို ပိုင်းခြား ၍ သိပြီးသောကြောင့် တည်းဟု (ငါဘုရား) ဆို၏။

မြတ်စွာဘုရား၏ အစွမ်းအားဖြင့် သတ္တမနည်း ဘုံအပိုင်းအခြားပြီး၏။

------

၁၃။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားသည်လည်း- မြေကို မြေဟု အထူးသိ၏၊ မြေကို မြေဟု အထူးသိ၍ မြေကို မကြံ၊ မြေ၌ မကြံ၊ မြေမှ မကြံ၊ မြေကိုငါ့ (ဟာ) ဟု မကြံ၊ မြေကို ရှေးရှု မနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- နှစ်သက်မှုသည် ဆင်းရဲခြင်း၏ အကြောင်းရင်းတည်းဟု ဤသို့ သိ၍ 'ဘဝကြောင့် ပဋိသန္ဓေတည်နေခြင်း ဇာတိသည် ဖြစ်၏၊ ဇာတိဖြစ်သူအား အိုရင့်ခြင်း, သေခြင်းသည် ဖြစ်၏'ဟု (ဤသို့ သိ၍မြတ်စွာဘုရားသည် တပ်မက်မှုကို ပယ်အပ်ပြီ)။ ရဟန်းတို့ မြတ်စွာဘုရားသည် အလုံးစုံအားဖြင့်တပ်မက်မှုကုန်ခြင်းကြောင့် တပ်စွန်းမှု ကင်းခြင်းကြောင့် ချုပ်ခြင်းကြောင့် စွန့်ခြင်းကြောင့် စွန့်လွှတ်ခြင်းကြောင့် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ထို့ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

ရေကို။ပ။ မီးကို။ လေကို။ သတ္တဝါတို့ကို။ နတ်တို့ကို။ မာရ်နတ်ကို။ ဗြဟ္မာကို။ အာဘဿရဗြဟ္မာတို့ကို။ သုဘကိဏှဗြဟ္မာတို့ကို။ ဝေဟပ္ဖိုလ်ဗြဟ္မာတို့ကို။ အဘိဘူဗြဟ္မာကို။ အာကာသာနဉ္စာယတနဗြဟ္မာကို။ ဝိညာဏဉ္စာယတနဗြဟ္မာကို။ အာကိဉ္စညာယတနဗြဟ္မာကို။ နေဝသညာနာသညာယတနဗြဟ္မာကို။ မြင်အပ်သော အဆင်းကို။ ကြားအပ်သော အသံကို။ တွေ့ထိအပ်သော အနံ့ အရသာအတွေ့ အထိကို။ အထူးသိအပ်သော အာရုံကို။ တစ်ခုတည်းဖြစ်ခြင်း (ဈာန်သမာပတ်စိတ်) ကို။ အထူးထူးဖြစ်ခြင်း (ကာမစိတ်) ကို။ အလုံးစုံကို။ နိဗ္ဗာန်ကို နိဗ္ဗာန်ဟု အထူးသိ၏၊ နိဗ္ဗာန်ကို နိဗ္ဗာန်ဟုအထူးသိ၍ နိဗ္ဗာန်ကို မကြံ၊ နိဗ္ဗာန်၌ မကြံ၊ နိဗ္ဗာန်မှ မကြံ၊ နိဗ္ဗာန်ကို ငါ့ (ဟာ) ဟု မကြံ၊ နိဗ္ဗာန်ကိုရှေးရှုမနှစ်သက်။ ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူ- နှစ်သက်မှုသည်ဆင်းရဲခြင်း၏ အကြောင်းရင်းတည်းဟု ဤသို့ သိ၍ 'ဘဝကြောင့် ပဋိသန္ဓေတည်နေခြင်း ဇာတိသည်ဖြစ်၏၊ ဇာတိဖြစ်သူအား အိုရင့်ခြင်း, သေခြင်းသည် ဖြစ်၏'ဟု (ဤသို့သိ၍ မြတ်စွာဘုရားသည့်တပ်မက်မှုကို ပယ်အပ်ပြီ)။ ရဟန်းတို့ မြတ်စွာဘုရားသည် အလုံးစုံအားဖြင့် တပ်မက်မှုကုန်ခြင်းကြောင့်တပ်စွန်းမှုကင်းခြင်းကြောင့် ချုပ်ခြင်း ကြောင့် စွန့်ခြင်းကြောင့် စွန့်လွှတ်ခြင်းကြောင့် အတုမရှိသောသမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ထို့ကြောင့်တည်းဟု (ငါဘုရား) ဆို၏။

မြတ်စွာဘုရား၏ အစွမ်းအားဖြင့် အဋ္ဌမနည်း ဘုံအပိုင်းအခြားပြီး၏။

------

မြတ်စွာဘုရားသည် ဤ (ဒေသနာ) ကို ဟောတော်မူပြီ၊ ရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားဒေသနာကို မနှစ်သက်ကြကုန်

ရှေးဦးစွာသော မူလပရိယာယသုတ်ပြီး၏။

------

၁။ ဥက္ကဋ္ဌ၊ ဥက္ကာဋ္ဌ၊ ဥက္ကာ= မီးရှူး မီးတိုင်၊ ဋ္ဌ= စိုက်ထောင်သည်၊ ဥက္ကဋ္ဌ= မီးရှူး မီးတိုင်ကို စိုက်ထောင်၍ တည်သောမြို့၊ နက္ခတ်ကောင်းကြုံကြိုက်သည့် ညဉ့် မိုးမလင်းမီ အချိန်မလွန်ရန် မီးထွန်းလျက် အဆောတလျင် တစ်ညဉ့်တွင်းချင်းပြီးစီးအောင် တည်ထောင်သောမြို့။

၂။ သုဘဂ၊ သု=ကောင်းမြတ်သော၊ ဘဂ=ကျက်သရေမင်္ဂလာ၊ သုဘဂ= ကောင်းမြတ်သော ကျက်သရေမင်္ဂလာရှိသည့်တောအုပ်။

၃။ အဘိဘူ = နာမ်ခန္ဓာလေးပါးကို နှိမ်နင်း လွှမ်းမိုးပြီးသော ဗြဟ္မာ၊ အသညသတ်ဘုံ၌ အသညသတ်ဗြဟ္မာတို့သည် ''ဆင်းရဲဒုက္ခရှိခြင်းကား သိမှတ်တတ်သော နာမ်တရားကြောင့်သာ ဖြစ်ရသည်၊ နာမ်တရားမရှိလျှင် သိမှတ်ခြင်းသဘောမရှိသဖြင့် ဆင်းရဲဒုက္ခရှိမည်မဟုတ်'' ဟု နှလုံးသွင်း၍ ဈာန်သမာပတ်ကို ပွားများနေထိုင်သဖြင့် ထိုဘုံ၌ ဖြစ်လာကြရသည်၊ ထို့ကြောင့် ထိုဗြဟ္မာတို့မှာ အသိနာမ်ဝိညာဉ်မရှိ၊ ရုပ်သက်သက်ဖြင့်သာ ကမ္ဘာငါးရာပတ်လုံး တည်နေရသည်၊ ထိုအသညသတ် ဗြဟ္မာကို အဘိဘူဗြဟ္မာ ခေါ်သည်။

၄။ (မူကွဲ) အချို့ပါဠိတော်၌ 'အဘိနန္ဒုန္တိ'ဟု အဆုံးသတ်လျက် ရှိ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်ပြီဟု အဓိပ္ပါယ်ထွက်၏။ သို့ရာတွင် ဤသုတ်ကို မြတ်စွာဘုရားသည် တရားနာ ရဟန်းငါးရာတို့အား အဓိပ္ပါယ်သိရှိ၍ တရားရစေရန် ဟောတော်မူ သည်မဟုတ်၊ မြတ်စွာဘုရား ဟောတော်မူတိုင်းသော တရားကို ငါတို့သိကြသည်ဟု အထင်ကြီးနေသော မာနကို ပယ်ဖျောက်ရန်သာ ဟောကြားတော်မူခြင်း ဖြစ်ပေသည်၊ ထိုရဟန်းတို့သည် တရားတော်ကို မသိမမြင်နိုင် သဖြင့် မာန်မာနကျကြသည်၊ ဤသို့ နားမလည်ခြင်းကြောင့် ဝမ်းမြောက်နုမော် သာဓုမခေါ်ကြကုန်ဟု အဋ္ဌကထာဖွင့်အတိုင်းသာ ပြန်ဆိုသည်။

၂- သဗ္ဗာသဝသုတ်

၁၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

''ရဟန်းတို့ အာသဝအားလုံးကို ပိတ်ကြောင်း 'သဗ္ဗာသဝသံဝရ' ဒေသနာကို သင်တို့အားဟောကြားပေအံ့၊ ထိုဒေသနာကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့၊ ဟောကြားပေအံ့'' ့ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ'' ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောတော်မူ၏။

၁၅။ ရဟန်းတို့ ငါသည် သိသူ မြင်သူအား အာသဝတို့၏ကုန်ခြင်းကို ဟောတော်မူ၏၊ မသိသူမမြင်သူအား ဟောတော်မမူ။ ရဟန်းတို့ အဘယ်ကို သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူသနည်း ဟူမူ- သင့်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်းကိုလည်းကောင်း၊ မသင့်သော အကြောင်းအားဖြင့်နှလုံးသွင်းခြင်းကိုလည်းကောင်း သိသူ မြင်သူအား အာသဝတို့၏ ကုန်ခြင်းကို ဟောတော်မူ၏၊ ရဟန်းတို့မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အာသဝတို့သည်လည်း တိုးပွားကုန်၏၊ ရဟန်းတို့ သင့်သော အကြောင်းအားဖြင့် နှလုံးသွင်းသူအား မဖြစ်သေးသော အာသဝတို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော အာသဝတို့သည်လည်းပပျောက်ကုန်၏။

၁၆။ ရဟန်းတို့ မြင်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ မှီဝဲခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သောအာသဝတို့သည် ရှိကုန်၏၊ ဖျောက်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊ ပွားခြင်းဖြင့်ပယ်အပ်ကုန်သော အာသဝတို့သည် ရှိကုန်၏၊

၁၇။ ရဟန်းတို့ အဘယ်အာသဝတို့ကို မြင်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ- ရဟန်းတို့ ဤလောက၌ အရိယာတို့ကို ဖူးမြင်လေ့မရှိ, အရိယာတရား၌ မလိမ္မာ, အရိယာတရား၌ယဉ်ကျေးမှု 'ဝိနည်း' မရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့မရှိ, သူတော်ကောင်းတရား၌ မလိမ္မာ,သူတော် ကောင်းတရား၌ ယဉ်ကျေးမှု 'ဝိနည်း' မရှိသော အကြားအမြင်မရှိသူ ပုထုဇဉ်သည်နှလုံးသွင်းသင့် သော တရား, နှလုံးမသွင်းသင့်သော တရားတို့ကို မသိ၊ နှလုံးသွင်းသင့်သော တရား,နှလုံးမသွင်းသင့် သော တရားတို့ကို မသိသော ထိုသူသည် နှလုံးမသွင်းသင့်သော တရားတို့ကိုနှလုံးသွင်း၏၊ နှလုံးသွင်း သင့်သော တရားတို့ကို နှလုံးမသွင်း။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးမသွင်းသင့်ဘဲ နှလုံးသွင်းသော တရားတို့နည်း ဟူမူ- ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမာသဝလည်း တိုးပွား၏၊ မဖြစ်သေးသော ဘဝါသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသောဘဝါသဝလည်း တိုးပွား၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းတိုးပွား၏၊ ဤတရားတို့သည် နှလုံးမသွင်းသင့်ဘဲ နှလုံးသွင်းသော တရားတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးသွင်းသင့်လျက် နှလုံးမသွင်းသော တရားတို့နည်း ဟူမူ- ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော ကာမာသဝလည်း ပပျောက်၏၊ မဖြစ်သေးသော ဘဝါသဝလည်း မဖြစ်၊ ဖြစ်ပြီးသောဘဝါသဝလည်း ပပျောက်၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းပပျောက်၏၊ ဤတရားတို့သည် နှလုံးသွင်းသင့်လျက် နှလုံးမသွင်းသော တရားတို့ ဖြစ်ကုန်၏။

ထိုသူအား နှလုံးမသွင်းသင့်သော တရားတို့ကို နှလုံးသွင်းခြင်း နှလုံးသွင်းသင့်သော တရားတို့ကိုနှလုံးမသွင်းခြင်းကြောင့် မဖြစ်သေးသော အာသဝတို့လည်း ဖြစ်ကုန်၏၊ ဖြစ်ပြီးသော အာသဝတို့လည်းတိုးပွားကုန်၏။

၁၈။ ထိုသူသည် ဤသို့ မသင့်သော အကြောင်းအားဖြင့် နှလုံးသွင်း၏။

''ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့ဖူးသလော။

အတိတ်ကာလ၌ မဖြစ်ခဲ့ဖူးသလော။

အတိတ်ကာလ၌ အဘယ်သူ ဖြစ်ခဲ့ဖူးသနည်း။

အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့ဖူးသနည်း။

ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်ခဲ့ဖူးသနည်း။

ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံ့လော။

အနာဂတ်ကာလ၌ မဖြစ်လတ္တံ့လော။

အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်လတ္တံ့နည်း။

အနာဂတ်ကာလ၌ အဘယ်သို့ ဖြစ်လတ္တံ့နည်း။

ငါသည် အနာဂတ်ကာလ၌ အဘယ်သူဖြစ်ပြီး၍ အဘယ်သူဖြစ်လတ္တံ့နည်း'' ဟု (နှလုံးသွင်း၏)။

ယခုပစ္စုပ္ပန်ကာလ၌လည်း-

''ငါဖြစ်သလော။

ငါမဖြစ်သလော။

ငါအဘယ်သူ ဖြစ်သနည်း။

ငါအဘယ်သို့ ဖြစ်သနည်း။

ငါသည် အဘယ်မှ လာသနည်း။

ထိုငါသည် အဘယ်သို့ သွားလတံ္တနည်း'' ။

ဤသို့ အဇ္ဈတ္တသန္တာန်၌ သို့လော သို့လော တွေးတော ယုံမှားခြင်းဖြစ်၏၊ (ဤသို့ မသင့်သောအကြောင်း အားဖြင့် နှလုံးသွင်း၏)။

၁၉။ ဤသို့ မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား ဒိဋ္ဌိခြောက်ပါးတို့တွင်တစ်ပါးပါးသော ဒိဋ္ဌိဖြစ်၏၊ ''ငါအား အတ္တသည် ရှိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့် ဒိဋ္ဌိဖြစ်၏၊ ''ငါအား အတ္တသည် မရှိ'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အတ္တဖြင့်သာလျှင် အတ္တကို သိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အတ္တဖြင့်သာလျှင် အနတ္တကိုသိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ ''အနတ္တဖြင့်သာလျှင် အတ္တကို သိ၏'' ဟုလည်း ထိုသူအား အမှန်အားဖြင့် အခိုင်အမာအားဖြင့်ဒိဋ္ဌိဖြစ်၏၊ တစ်နည်းအားဖြင့် ထိုသူအား ''ငါ၏ ထိုအတ္တသည် ပြောဆိုတတ်၏၊ သိမြင်ခံစားတတ်၏၊ ထိုထိုယောနိ ဂတိဝိညာဏဋ္ဌိတိ သတ္တာဝါသ သတ္တနိကာယ (အာရုံ)တို့၌ ကောင်းမှုကံ မကောင်းမှုကံတို့၏အကျိုးကို (သိမြင်) ခံစားတတ်၏၊ ငါ၏ ထိုအတ္တသည် မြဲ၏၊ ခိုင်မြဲ၏၊ တည်မြဲ၏၊ ဖောက်ပြန်သောသဘောမရှိ၊ မြဲသော အရာတို့နှင့် တူစွာ ထို့အတူပင် တည်လတ္တံ့'' ဟု ဤသို့သော ဒိဋ္ဌိဖြစ်၏။

ရဟန်းတို့ ဤမှားသောအမြင်ကို မိစ္ဆာဒိဋ္ဌိ ဒိဋ္ဌိတောအုပ် ဒိဋ္ဌိခရီးခဲ ဒိဋ္ဌိဆူးငြောင့် ဒိဋ္ဌိဖောက်ပြန်လှုပ်ရှားမှု ဒိဋ္ဌိသံယောဇဉ်ဟူ၍ ဆိုအပ်၏၊ ရဟန်းတို့ ဒိဋ္ဌိသံယောဇဉ်နှင့် ယှဉ်သော အကြားအမြင်မရှိသူပုထုဇဉ်သည် (ပဋိသန္ဓေတည်၍) ဖြစ်ခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း (ကိုယ်) ဆင်းရဲခြင်းစိတ်မကောင်းခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်၊ ထိုဆင်းရဲ 'ဒုက္ခ'မှ မလွတ်ဟု (ငါဘုရား) ဟောတော် မူ၏။

၂၀။ ရဟန်းတို့ အရိယာတို့ကို ဖူးမြင်လေ့ရှိသော, အရိယာတရား၌ လိမ္မာသော, အရိယာတရား၌ယဉ်ကျေးမှု 'ဝိနည်း' ရှိသော၊ သူတော်ကောင်းတို့ကို ဖူးမြင်လေ့ရှိသော, သူတော်ကောင်းတရား၌ လိမ္မာသော, သူတော်ကောင်းတရား၌ ယဉ်ကျေးမှု 'ဝိနည်း' ရှိသော အကြားအမြင်ရှိသူ အရိယာသာဝကသည်နှလုံးသွင်းသင့်သော တရား, နှလုံးမသွင်းသင့်သော တရားတို့ကို ခွဲခြား၍ သိ၏၊ နှလုံးသွင်းသင့်သော တရား, နှလုံးမသွင်းသင့်သော တရားတို့ကို ခွဲခြားသိသော ထိုသူသည် နှလုံးမသွင်းသင့်သော တရားတို့ကို နှလုံးမသွင်းဘဲ နှလုံးသွင်းသင့်သော တရားတို့ကို နှလုံးသွင်း၏။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးမသွင်းသင့်သဖြင့် နှလုံးမသွင်းသော တရားတို့နည်းဟူမူ- ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော ကာမာသဝလည်း တိုးပွား၏။ မဖြစ်သေးသော ဘဝါသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသောဘဝါသဝလည်း တိုးပွား၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း ဖြစ်၏၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းတိုးပွား၏။ ဤတရားတို့သည် နှလုံးမသွင်းသင့်သဖြင့် နှလုံးမသွင်းသော တရားတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အဘယ်တရားတို့သည် နှလုံးသွင်းသင့်သဖြင့် နှလုံးသွင်းသော တရားတို့နည်းဟူမူူ- ရဟန်းတို့ အကြင်တရားတို့ကို နှလုံးသွင်းသူအား မဖြစ်သေးသော ကာမာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော ကာမာသဝလည်း ပပျောက်၏။ မဖြစ်သေးသော ဘဝါသဝလည်း မဖြစ်၊ ဖြစ်ပြီးသောဘဝါသဝလည်း ပပျောက်၏။ မဖြစ်သေးသော အဝိဇ္ဇာသဝလည်း မဖြစ်၊ ဖြစ်ပြီးသော အဝိဇ္ဇာသဝလည်းပပျောက်၏။ ဤတရားတို့သည် နှလုံးသွင်းသင့်သဖြင့် နှလုံးသွင်းသော တရားတို့ ဖြစ်ကုန်၏။ ထိုသူအားနှလုံးမသွင်းသင့်သော တရားတို့ကို နှလုံးမသွင်းခြင်းကြောင့် နှလုံးသွင်းသင့်သော တရားတို့ကို နှလုံးသွင်းခြင်းကြောင့် မဖြစ်သေးသော အာသဝတို့လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော အာသဝတို့လည်းပပျောက် ကုန်၏။

၂၁။ ထိုသူသည် ''ဤသည်ကား ဒုက္ခတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခဖြစ်ကြောင်း သမုဒယတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓတည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ''ဤသည်ကား ဒုက္ခချုပ်ရာ နိရောဓသို့ ရောက်ကြောင်း အကျင့် (လမ်းစဉ်) တည်း'' ဟု သင့်သောအကြောင်းအားဖြင့် နှလုံးသွင်း၏။ ဤသို့သော အကြောင်းအားဖြင့် နှလုံးသွင်းသော ထိုသူအား (ပရမတ္ထသဘာဝအားဖြင့် ထင်ရှားရှိသော ခန္ဓာ၌ ငါ့ဟာ ငါ ငါ့ကိုယ်ဟု အမှားမြင်ခြင်း) သက္ကာယဒိဋ္ဌိ, (ဘုရားစသည်တို့၌ ယုံမှားခြင်း) ဝိစိကိစ္ဆာ, (နွား ခွေး စသည်တို့၏ အကျင့် အလေ့ဖြင့် စင်ကြယ်၏ဟု အကျင့်အလေ့တို့ကို အမှားသုံးသပ်ခြင်း) သီလဗ္ဗတပရာမာသ သံယောဇဉ်သုံးပါးတို့သည် ပပျောက်ကုန်၏။ ရဟန်းတို့ ဤအာသဝတို့ကိုမြင်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၂။ ရဟန်းတို့ အဘယ်အာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သနည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ စက္ခုန္ဒြေကိုပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏၊ ရဟန်းတို့ ယင်းစက္ခုန္ဒြေကို ပိတ်ခြင်းဖြင့် မပိတ်ဘဲနေသော ထိုရဟန်းအား အာသဝေါတရား နှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည်ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) စက္ခုန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ သောတိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေ၏။ပ။ ဃာနိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ပ။ ဇိဝှိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ပ။ ကာယိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ပ။ မနိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏။ ရဟန်းတို့ယင်းမနိန္ဒြေကို ပိတ်ခြင်းဖြင့် မပိတ်ဘဲနေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) မနိန္ဒြေကို ပိတ်ခြင်းဖြင့် ပိတ်လျက်နေသော ထိုရဟန်းအားအာသဝေါတရားနှင့်ပင်ပန်းခြင်း ကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။

ရဟန်းတို့ ယင်းပိတ်ခြင်းကို မပိတ်ဘဲနေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို့ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ပိတ်ခြင်းကို ပိတ်လျက်နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၃။ ရဟန်းတို့ အဘယ်အာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်အပ်ကုန်သနည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ သင်္ကန်းကို မှီဝဲ၏၊ အအေးကို ပယ်ဖျောက်ရုံမျှသာ အပူကို ပယ်ဖျောက်ရုံမျှသာ မှက် ခြင် လေ နေပူ မြွေ ကင်း သန်းအတွေ့တို့ကို ပယ်ဖျောက်ရုံမျှသာ အရှက်ကို ဖျက်ဆီးတတ်သော ကိုယ်အဂ,ါကို ဖုံးလွှမ်းရုံမျှသာ (သင်္ကန်းကို မှီဝဲ၏)။

သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ ဆွမ်းကိုမှီဝဲ၏၊ မြူးထူးခြင်းငှါ မဟုတ်၊ မာန်ယစ်ခြင်းငှါမဟုတ်၊ တန်ဆာဆင်ခြင်းငှါ မဟုတ်၊ အရေအဆင်း ဖွံ့ဖြိုးတိုးပွားခြင်းငှါ မဟုတ်၊ ဤကိုယ်၏ တည်တံ့ရုံမျှသာ မျှတရုံမျှသာ (ဆာလောင်မွတ်သိပ်သော) ပင်ပန်းခြင်းကို ပယ်ဖျောက်ရုံမျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ခြင်းငှါသာ (ဆွမ်းကို မှီဝဲ၏)။ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိသည့် အဖြစ်သည်လည်းကောင်း၊ ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်လတ္တံ့ဟု (ဆွမ်းကို မှီဝဲ၏)။

သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ အိပ်ရာ နေရာ ကျောင်းကို မှီဝဲ၏၊ အအေးကို ပယ်ဖျောက်ရုံမျှသာ အပူကိုပယ်ဖျောက်ရုံမျှသာ မှက် ခြင် လေ နေပူ မြွေ ကင်း သန်း အတွေ့တို့ကို ပယ်ဖျောက်ရုံမျှသာ (ရာသီ) ဥတု ဘေးရန်ကို ပယ်ဖျောက်၍ ကိန်းအောင်းမွေ့လျော်ရုံမျှသာ (အိပ်ရာ နေရာ ကျောင်းကို မှီဝဲ၏)။

သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ သူနာ၏ အထောက်အပံ့ ဆေး (ပစ္စည်း) အဆောက်အဦကိုမှီဝဲ၏၊ ဖြစ်ပေါ်ကုန်သော ကျင်နာခံခက် နှိပ်စက်တတ်ကုန်သော (ရောဂါ) ဝေဒနာတို့ကို ပယ်ဖျောက်ရုံမျှသာ ဆင်းရဲဒုက္ခ ကင်းပျောက်ရုံမျှသာ (ဆေးကို မှီဝဲ၏)။

ရဟန်းတို့ ယင်းပစ္စည်းလေးပါးကို (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) မမှီဝဲသော ထိုရဟန်း အားအာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) မှီဝဲသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၄။ ရဟန်းတို့ အဘယ်အာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ အချမ်း အပူဆာလောင်ခြင်း မွတ်သိပ်ခြင်း မှက် ခြင် လေ နေပူ မြွေ ကင်း သန်း အတွေ့တို့ကို သည်းခံနိုင်၏၊ မကောင်းသဖြင့် ဆိုအပ်ကုန်သော မကောင်းသဖြင့် ရောက်လာကုန်သော စကားတို့ကိုလည်းကောင်းကိုယ်၌ ဖြစ်ဆဲဖြစ်ကုန်သော ပြင်းထန် ကြမ်းကြုတ် ခါးစပ် ကျင်နာ မသာယာဖွယ် မနှစ်မြို့ဖွယ်သောအသက်ကို ဆောင်နိုင်သော ဆင်းရဲဝေဒနာတို့ကိုလည်းကောင်း သည်းခံနိုင်ခြင်းသဘောရှိသူဖြစ်၏။ ရဟန်းတို့ ယင်းအရာတို့ကို သည်းမခံနိုင်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) သည်းခံနိုင်သော ထိုရဟန်းအား အာသဝေါတရားနှင့်ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာ ဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၅။ ရဟန်းတို့ အဘယ်အာသဝတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ကြမ်းသောဆင်ကို ရှောင်ကြဉ်၏၊ ကြမ်းသောမြင်းကို ရှောင်ကြဉ်၏၊ ကြမ်းသောနွားကို ရှောင်ကြဉ်၏၊ ကြမ်းသောခွေးကို ရှောင်ကြဉ်၏၊ မြွေကို သစ်ငုတ်ကို ဆူးရှိရာဌာနကို ချောက်ကို ကမ်းပါးကိုအညစ်အကြေးစွန့်ရာကို အညစ်အကြေး စီးဆင်းရာ တန်စီးတွင်းကို (ရှောင်ကြဉ်၏)။ အကြင်သို့သဘောရှိသော နေရာမဟုတ်ရာ၌ နေသောရဟန်း ကျက်စားရာမဟုတ်ရာ၌ ကျက်စားသောရဟန်း ယုတ်မာသော မိတ်ဆွေတို့ကို ဆည်း ကပ်သော ရဟန်းကို ပညာရှိ သီတင်းသုံးဖော်တို့သည်မကောင်းသော အရာဌာနတို့၌ တွေးတောကုန်ရာ၏၊ ထိုရဟန်းသည် ထိုနေရာမဟုတ်ရာကိုလည်းကောင်း၊ ကျက်စားရာမဟုတ်ရာကိုလည်းကောင်း၊ ယုတ် မာသောမိတ်ဆွေတို့ကိုလည်းကောင်း သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ရှောင်ကြဉ်၏။

ရဟန်းတို့ ယင်းအရာကို မရှောင်ကြဉ်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ရှောင်ကြဉ်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၆။ ရဟန်းတို့ အဘယ်အာသဝတို့ကို ဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်သနည်း ဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ဖြစ်သောကာမဝိတက်ကို လက်မခံ၊ စွန့်၏၊ ဖျောက်ဖျက်၏၊ အဆုံးစွန်ကင်းအောင် ပြု၏၊ အဖန်ဖန် မဖြစ်ခြင်းသို့ရောက်စေ၏။ ဖြစ်သော ဗျာပါဒဝိတက်ကို။ပ။ ဖြစ်သော ဝိဟိံသာဝိတက်ကို။ပ။ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော ယုတ်မာသော အကုသိုလ်တရားတို့ကို လက်မခံ၊ စွန့်၏၊ ဖျောက်ဖျက်၏၊ အဆုံးစွန်ကင်းအောင် ပြု၏၊ အဖန်ဖန် မဖြစ်ခြင်းသို့ ရောက်စေ၏။

ရဟန်းတို့ ယင်းဝိတက်အကုသိုလ်တရားကို မဖျောက်ဖျက်သော ထိုရဟန်းအား အာသဝေါတရားနှင့်ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍) ဖျောက်ဖျက်သော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကို ပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအာသဝတို့ကိုဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၇။ ရဟန်းတို့ အဘယ်အာသဝတို့ကို ပွားခြင်းဖြင့် ပယ်အပ်ကုန်သနည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ မှီသော၊ တပ်စွန်းမှု 'ရာဂ'ကင်းရာ၌ မှီသော၊ ချုပ်ရာ 'နိရောဓ'၌ မှီသော၊ (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု 'ဝေါဿဂ္ဂ'ကို ရင့်ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွါး၏၊ သင့်သော အကြောင်းအားဖြင့် ဆင်ခြင်၍ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပီတိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါး၏။ပ။ ဆိတ်ငြိမ်ခြင်း 'ဝိဝေက'၌ မှီသော၊ တပ်စွန်းမှု 'ရာဂ' ကင်းရာ၌ မှီသော၊ ချုပ်ရာ 'နိရောဓ' ၌ မှီသော၊ (ကိလေသာကို) စွန့်လွှတ်မှု နိဗ္ဗာန်သို့ ပြေးဝင်မှု 'ဝေါဿဂ္ဂ'ကို ရင့်ကျက်စေတတ်သောဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါး၏။

ရဟန်းတို့ ယင်းဗောဇ္ဈင် (ခုနစ်ပါး) ကို မပွါးသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန်သော ကိလေသာဟူသော ပူလောင်မှုတို့သည် ဖြစ်ကုန်ရာ၏။ ဤသို့ (သင့်သောအကြောင်းအားဖြင့် ဆင်ခြင်၍) ပွားသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းခြင်းကိုပြုတတ်ကုန် သော ကိလေသာဟူသော ပူလောင်မှုတို့သည် မဖြစ်ကုန်။ ရဟန်းတို့ဤအာသဝတရားတို့ကို ပွါးခြင်းဖြင့် ပယ်အပ်ကုန်၏ဟု ဆိုအပ်ကုန်၏။

၂၈။ ရဟန်းတို့ အကြင်ရဟန်းသည် မြင်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို မြင်ခြင်းဖြင့်ပယ်ပြီးကုန်ပြီ။ ပိတ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပိတ်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ မှီဝဲခြင်းဖြင့်ပယ်အပ်ကုန်သော အာသဝတို့ကို မှီဝဲခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ သည်းခံခြင်းဖြင့် ပယ်အပ်ကုန်သောအာသဝတို့ကို သည်းခံခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ ရှောင်ကြဉ်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုရှောင်ကြဉ်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ ဖျောက်ဖျက်ခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကိုဖျောက်ဖျက်ခြင်းဖြင့် ပယ်ပြီးကုန်ပြီ။ ပွါးခြင်းဖြင့် ပယ်အပ်ကုန်သော အာသဝတို့ကို ပွါးခြင်းဖြင့်ပယ်ပြီးကုန်ပြီ။ ရဟန်းတို့ ဤ ရဟန်းကို အာသဝ အားလုံးကို ပိတ်ခြင်းဖြင့် ပိတ်လျက် နေ၏၊ (တပ်မက်မှု) တဏှာကို ဖြတ်ပြီးပြီ၊ သံယောဇဉ်ကို ဖြေပြီးပြီ၊ ကောင်းစွာ မာနကိုမချွတ်မယွင်းသိသောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးပြီဟု ဆိုအပ်၏။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူ သောတရားကို နှစ်လိုကုန်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

နှစ်ခုမြောက် သဗ္ဗာသဝသုတ်ပြီး၏။

------

၃- ဓမ္မဒါယာဒသုတ်

၂၉။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟုခေါ်တော် မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား'' ဟုပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏- ရဟန်းတို့ (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကြကုန်လော့၊ ပစ္စည်း 'အာမိသ'အမွေခံတို့ မဖြစ်ကုန်လင့်၊ ''ငါ၏ တပည့်သာဝကတို့သည် အဘယ်သို့သော အကြောင်းဖြင့် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်အံ့နည်း'' ဟု သင်တို့ (အပေါ်) ၌ ငါဘုရား၏ သနားငဲ့ညှာခြင်းရှိ၏။ ရဟန်းတို့ သင်တို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့ မဖြစ်ကုန်ငြားအံ့၊ ထို့အတွက် ''မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့မဖြစ်ကြကုန်ဘဲ နေကုန်၏'' ဟု သင်တို့လည်း အကဲ့ရဲ့ခံရသူများ ဖြစ်ကုန်ရာ၏။ ထို့အတွက် ''မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် ပစ္စည်းအမွေခံတို့သာ ဖြစ်ကုန်၍ တရားအမွေခံတို့ မဖြစ်ကုန်ဘဲနေကုန်၏'' ဟု ငါဘုရားလည်း အကဲ့ရဲ့ခံရသူ ဖြစ်ရာ၏။

ရဟန်းတို့ (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်ငြားအံ့၊ ထို့အတွက် ''မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ပစ္စည်းအမွေခံတို့ မဖြစ်ကုန်'' ဟု သင်တို့လည်း အကဲ့ရဲ့ခံရသူများ မဖြစ်ကုန်ရာ။ ထို့အတွက် ''မြတ်စွာဘုရား၏ တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့မဖြစ်ကုန်'' ဟုငါဘုရားလည်း အကဲ့ရဲ့ခံရသူ မဖြစ်ရာ။ ရဟန်းတို့ ထို့ကြောင့် သင်တို့သည် ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်လင့်၊ ''အဘယ်သို့သော အကြောင်းဖြင့် ငါ၏တပည့်သာဝကတို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်အံ့နည်း'' ဟု သင်တို့ (အပေါ်) ၌ ငါဘုရား သနားငဲ့ညှာခြင်း ရှိ၏။

၃၀။ ရဟန်းတို့ ငါဘုရားသည် ဆွမ်းစားပြီး တန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး့တင်းတိမ်ပြီး အလိုရှိသလောက် စားသုံးပြီး ဖြစ်ရာ၏၊ ငါဘုရားအား ပိုလျှံနေသဖြင့် စွန့်ပစ်သင့်သောဆွမ်းလည်း ရှိရာ၏၊ ထိုအခါ ဆာလောင်ခြင်း အားနည်းခြင်းဖြင့် အနှိပ်အစက်ခံနေရသော ရဟန်းနှစ်ပါးတို့သည် ရောက်လာကုန်ရာ၏၊ ထိုရဟန်းတို့ကို ငါဘုရားသည် ''ရဟန်းတို့ ငါဘုရားသည် ဆွမ်းစားပြီးတန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး တင်းတိမ်ပြီး အလိုရှိသလောက် စားသုံးပြီး ဖြစ်၏၊ ငါဘုရားအား ပိုလျှံနေသဖြင့် ဤစွန့်ပစ်သင့်သော ဆွမ်းလည်း ရှိသေး၏၊ အကယ်၍ အလိုရှိကြမူ စားကြကုန်လော့၊ အကယ်၍ သင်တို့မစားကြမူ ယခုပင် ငါဘုရားသည် စိမ်းစိုသော မြက်သစ်ပင်မရှိရာ အရပ်၌သော်လည်း စွန့်ပစ်လိုက်အံ့၊ ပိုးမရှိသော ရေ၌သော်လည်း သွန်ချလိုက်အံ့ဟု မိန့်ဆိုရာ၏။

ထိုရဟန်းနှစ်ပါးတို့တွင် ရဟန်းတစ်ပါးအား ဤသို့ စိတ်အကြံဖြစ်ရာ၏ -

''မြတ်စွာဘုရားသည် ဆွမ်းစားပြီး တန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး တင်းတိမ်ပြီးအလိုရှိသလောက် စားသုံးပြီး ဖြစ်တော်မူ၏၊ မြတ်စွာဘုရားအား ပိုလျှံနေသဖြင့် ဤစွန့်ပစ်သင့်သောဆွမ်းလည်း ရှိသေး၏။ အကယ်၍ ငါတို့ မသုံးဆောင်ကြမူ ယခုပင် မြတ်စွာဘုရားသည် စိမ်းစိုသောမြက်သစ်ပင်မရှိရာ အရပ်၌သော်လည်း စွန့်ပစ်တော်မူလတ္တံ့၊ ပိုးမရှိသော ရေ၌သော်လည်း သွန်ချတော်မူလတ္တံ့၊ မြတ်စွာဘုရားသည် 'ရဟန်းတို့ သင်တို့သည် ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကုန်လင့်'ဟုလည်း မိန့်တော်မူခဲ့၏၊ ဆွမ်းမည်သည် ပစ္စည်းအာမိသတို့တွင် တစ်ပါးအပါအဝင်ဖြစ်၏၊ ငါသည် ဤသို့လျှင် ဤဆွမ်းကို မစားဘဲ ဤဆာလောင် အားနည်းခြင်းဖြင့်ဤ ညဉ့်နေ့ ကို ကုန်လွန်စေရမူ ကောင်းပေမည်'' ဟု (အကြံဖြစ်ရာ၏)။

ထိုရဟန်းသည် ဤသို့လျှင် ထိုဆွမ်းကို မစားဘဲ ထိုဆာလောင်ခြင်း အားနည်းခြင်းဖြင့်သာလျှင်ထိုညဉ့်ကို ကုန်လွန်စေရာ၏။

ထို့နောက် ဒုတိယရဟန်းအား ဤသို့စိတ်အကြံဖြစ်ရာ၏-

''မြတ်စွာဘုရားသည် ဆွမ်းစားပြီး တန်ပြီဟု တားမြစ်ပြီး ပြည့်စုံပြီး အပြီးသတ်ပြီး တင်းတိမ်ပြီးအလိုရှိသလောက် စားသုံးပြီး ဖြစ်တော်မူ၏၊ မြတ်စွာဘုရားအား ပိုလျှံနေသဖြင့် ဤစွန့်ပစ်သင့်သောဆွမ်းလည်းရှိသေး၏၊ အကယ်၍ ငါတို့မစားကြမူ ယခုပင် မြတ်စွာဘုရားသည် စိမ်းစိုသော မြက်သစ်ပင်မရှိရာအရပ်၌သော်လည်း စွန့်ပစ်တော်မူလတ္တံ့၊ ပိုးမရှိသော ရေ၌သော်လည်း သွန်ချတော်မူလတ္တံ့၊ ငါသည်ဤသို့လျှင် ဤဆွမ်းကို စား၍ ဆာလောင် အားနည်းခြင်းကို ပယ်ဖျောက်လျက် ဤညဉ့်နေ့ကို ကုန်လွန်စေရမူ ကောင်းပေမည်'' ဟု (အကြံဖြစ်၏)။

ထိုရဟန်းသည် ဤသို့လျှင် ထိုဆွမ်းကို စား၍ ဆာလောင်အားနည်းခြင်းကို ပယ်ဖျောက်လျက် ထိုညဉ့်ကို ကုန်လွန်စေရာ၏။

ရဟန်းတို့ ထို (ဒုတိယ) ရဟန်းသည် ဤသို့လျှင် ထိုဆွမ်းကို စား၍ ဆာလောင်အားနည်းခြင်းကိုပယ်ဖျောက်လျက် ထိုညဉ့်နေ့ကို အကယ်၍ကား ကုန်လွန်စေရာ၏၊ ထိုသို့ဖြစ်သော်လည်း ငါဘုရား၏ (ထိုရဟန်းနှစ်ပါးတို့တွင်) ထိုရှေးဦး ရဟန်းသည်သာ ပိုမို၍ ပူဇော်ထိုက်သူ ချီးကျူးထိုက်သူဖြစ်၏။ ထိုသို့ပိုမို၍ ပူဇော်ထိုက် ချီးကျူးထိုက်ခြင်းသည် အဘယ်ကြောင့်ပါနည်း၊ ရဟန်းတို့ ထိုဆွမ်းကို ပယ်ခြင်းသည်ထိုရဟန်းအား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး အလိုနည်းပါးရန် ရောင့်ရဲလွယ်ရန် ကိလေသာခေါင်းပါးရန် မွေးမြူလွယ်ရန် လုံ့လစိုက်ထုတ်ရန် ဖြစ်လတ္တံ့သောကြောင့်တည်း။

ရဟန်းတို့ ထို့ကြောင့် (သင်တို့သည်) ငါဘုရား၏ တရားအမွေခံတို့သာ ဖြစ်ကြကုန်လော့၊ ပစ္စည်းအမွေခံတို့ မဖြစ်ကြကုန်လင့်၊ ''အဘယ်သို့သော အကြောင်းဖြင့် ငါ၏ တပည့် 'သာဝက'တို့သည် တရားအမွေခံတို့သာ ဖြစ်ကုန်၍ ပစ္စည်း 'အာမိသ'အမွေခံတို့ မဖြစ်ကုန်အံ့နည်း'' ဟု သင်တို့ (အပေါ်) ၌ ငါဘုရားသနားငဲ့ညှာခြင်းရှိ၏။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ဤစကားကို မိန့်တော်မူပြီးနောက် မြတ်စွာဘုရား့သည် နေရာမှ ထတော်မူ၍ ကျောင်းတော်သို့ ဝင်တော်မူ၏။

၃၁။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရား ဖဲခွါကြွသွားတော်မူ၍ မကြာမီပင် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊ တိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ''ငါ့သျှင်'' ဟု ပြန်ကြား လျှောက်ထားကုန်၏။

အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏-

''ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ မကျင့်ကုန်သနည်း၊ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာနေတော်မူစဉ် တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက' ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ကျင့်ကုန်သနည်း'' ဟု (မိန့်ဆို၏)။

ငါ့သျှင် တပည့်တော်တို့သည် အသျှင်သာရိပုတြာ၏အထံ၌ ဤ (ယခု) ဟောမြွက်သော တရား၏အနက်အဓိပ္ပါယ်ကို သိရန် အဝေးမှပင် လာရပါကုန်၏၊ တောင်းပန်ပါကုန်၏၊ ဤ (ယခု) ဟောမြွက်သောတရား၏ အနက်အဓိပ္ပါယ်ကို အသျှင်သာရိပုတြာပင် ဝေဖန်ဟောကြားတော်မူပါ၊ အသျှင်သာရိပုတြာ၏ (အထံမှ) ကြားနာရ၍ ရဟန်းတို့သည် သင်ယူမှတ်သားဆောင်ထားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်ဆို၏)။

''ငါ့သျှင် ကောင်းပါပြီ'' ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကြ ကုန်၏။ အသျှင်သာရိပုတြာသည် ဤသို့ ဟောတော်မူ၏-

ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကို အဘယ်မျှလောက် အတုလိုက်၍ မကျင့်ကုန်သနည်း၊ ငါ့သျှင်တို့ ဤသာသနာတော်၌ဆိတ်ငြိမ် စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကိုအတုလိုက်၍ မကျင့်ကုန်။ မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း မပယ် ကုန်၊ ပစ္စည်းများပြားရန်သာ ကျင့်သူများ ဖြစ်ကုန်၏၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူ သူများ ဖြစ်ကုန်၏၊ ဆုတ်ယုတ်ကြောင်း၌ရှေ့သွားဖြစ်နေကြကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ရရေး၌ တာဝန်မဲ့ ဖြစ်နေကြကုန်၏။

ငါ့သျှင်တို့ ထို (တပည့်သာဝက)တို့တွင် မထေရ်ရဟန်းတို့သည် အကြောင်းသုံးပါးတို့ဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ''ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကို အတုလိုက်၍ မကျင့်ကုန်'' ဟု ဤပဌမအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ''မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း မပယ်ကုန်'' ဟု ဤဒုတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ''ပစ္စည်းများပြားရန်သာ ကျင့်သူများ ဖြစ်ကုန်၏၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူသူများ ဖြစ်ကုန်၏၊ ဆုတ်ယုတ်ကြောင်း၌ ရှေ့သွား ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ရရေး၌ တာဝန်မဲ့သူများ ဖြစ်နေကြကုန်၏'' ဟု ဤတတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ မထေရ်ရဟန်းတို့သည် ဤအကြောင်းသုံးပါးဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုတပည့် 'သာဝက'တို့တွင် ရဟန်းလတ်တို့သည်။ပ။ ရဟန်းငယ်တို့သည် အကြောင်းသုံးပါးတို့ဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ''ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက' ကို အတုလိုက်၍ မကျင့်ကုန်'' ဟု ဤပဌမအကြောင်းဖြင့်ရဟန်း ငယ်တို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ''မြတ်စွာဘုရားသည် ပယ်ရန်ဟောတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း မပယ်ကုန်'' ဟု ဤဒုတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည့်ကဲ့ရဲ့ထိုက်သူများ ဖြစ် ကုန်၏။ ''ပစ္စည်းများပြားရန်သာ ကျင့်သူများ ဖြစ်ကုန်၏။ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူသူများ ဖြစ်ကုန်၏။ ဆုတ်ယုတ်ကြောင်း၌ ရှေ့သွားဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ရရေး၌ တာဝန် မဲ့သူများ ဖြစ်နေကြကုန်၏'' ဟု ဤတတိယအကြောင်းဖြင့်ရဟန်းငယ်တို့သည် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ ရဟန်းငယ်တို့သည်ဤအကြောင်းသုံးပါးဖြင့် ကဲ့ရဲ့ထိုက်သူများ ဖြစ်ကုန်၏။

ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကို ဤမျှလောက်ဖြင့် အတုလိုက်၍ မကျင့်ကုန်။

၃၂။ ငါ့သျှင်တို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ် တပည့် 'သာဝက'တို့သည်ဆိတ်ငြိမ်ခြင်း 'ဝိဝေက' ကို အဘယ်မျှလောက်ဖြင့် အတုလိုက်၍ ကျင့်ကုန်သနည်း၊ ငါ့သျှင်တို့ဤသာသနာ တော်၌ ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် 'သာဝက'တို့သည်ဆိတ်ငြိမ်ခြင်း 'ဝိဝေက' ကို အတုလိုက်၍ ကျင့်ကုန်၏၊ မြတ်စွာဘုရားသည် ပယ်ရန်ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း ပယ်ကုန်၏။ ပစ္စည်းများပြားရန်လည်းကျင့်သူများ မဟုတ်ကုန်၊ (အဆုံးအမတော်ကို) လျော့ လျော့ပေါ့ပေါ့သာ နာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ရရေး၌ ရှေ့သွားဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုတပည့် 'သာဝက'တို့တွင် မထေရ်ရဟန်းတို့သည် အကြောင်းသုံးပါးတို့ဖြင့် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏၊ ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် 'သာဝက'တို့သည်ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကို အတုလိုက်၍ ကျင့်ကုန်၏'' ဟု ဤ ပဌမအကြောင်းဖြင့် မထေရ်ရဟန်းတို့သည်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ ''မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ကိုလည်း ပယ်ကုန်၏'' ဟု ဤဒုတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ချီးမွမ်းထိုက်သူများဖြစ်ကုန်၏။ ''ပစ္စည်းများပြားရန် ကျင့်သူများ မဟုတ်ကုန်၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာနာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏။ နိဗ္ဗာန် 'ဥပဓိဝိဝေက' ရရေး၌ရှေ့သွား ဖြစ်ကုန်၏'' ဟု ဤတတိယအကြောင်းဖြင့် မထေရ်ရဟန်းတို့သည် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ မထေရ်ရဟန်းတို့သည် ဤ အကြောင်းသုံးပါးတို့ဖြင့် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။

ငါ့သျှင်တို့ ထိုတပည့် 'သာဝက'တို့တွင် ရဟန်းလတ်သို့သည်။ပ။ ရဟန်းငယ်တို့သည် အကြောင်းသုံးပါးတို့ဖြင့် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ ''ဆိတ်ငြိမ်စွာ နေတော်မူသော မြတ်စွာဘုရား၏ တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကို အတုလိုက်၍ ကျင့်ကုန်၏'' ဟု ဤပဌမအကြောင်းဖြင့်ရဟန်းငယ်တို့သည် ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ ''မြတ်စွာဘုရားသည် ပယ်ရန် ဟောထားတော်မူသော (အကုသိုလ်) တရားတို့ ကိုလည်း ပယ်ကုန်၏'' ဟု ဤဒုတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ ''ပစ္စည်းများပြားရန် ကျင့်သူများ မဟုတ်ကုန်၊ (အဆုံးအမတော်ကို) လျော့လျော့ပေါ့ပေါ့သာ နာယူသူများ မဟုတ်ကုန်၊ ဆုတ်ယုတ်ကြောင်း၌ တာဝန်မဲ့သူများ ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက' ရရေး၌ ရှေ့သွား ဖြစ်ကုန်၏'' ဟု ဤတတိယအကြောင်းဖြင့် ရဟန်းငယ်တို့သည်ချီးမွမ်း ထိုက်သူများ ဖြစ်ကုန်၏။ ငါ့သျှင်တို့ ရဟန်းငယ်တို့သည် ဤ အကြောင်းသုံးပါးတို့ဖြင့်ချီးမွမ်းထိုက်သူများ ဖြစ်ကုန်၏။ မြတ်စွာဘုရားသည် ဆိတ်ငြိမ်စွာ နေတော်မူစဉ်တပည့် 'သာဝက'တို့သည် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'ကို ဤမျှလောက်ဖြင့် အတုလိုက်၍ ကျင့်ကုန်၏။

၃၃။ ငါ့သျှင်တို့ ထို (ဟောကြားခဲ့သောတရား) ၌ လိုချင်တပ်မက်ခြင်း 'လောဘ'သည်လည်း ယုတ်ညံ့၏၊ စိတ်ဆိုးခြင်း 'ဒေါသ'သည်လည်း ယုတ်ညံ့၏၊ လိုချင်တပ်မက်ခြင်း 'လောဘ'ကို ပယ်ခြင်းငှါလည်းကောင်း၊ စိတ်ဆိုးခြင်း 'ဒေါသ'ကို ပယ်ခြင်းငှါလည်းကောင်း အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် ရှိ၏။ ငါ့သျှင်တို့အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် အဘယ်နည်း၊ အဂ,ါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤအရိယာမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင် 'သမ္မာဒိဋ္ဌိ'၊ မှန်ကန်သော အကြံ 'သမ္မာသင်္ကပ္ပ'၊ မှန်ကန်သောအပြော 'သမ္မာဝါစာ'၊ မှန်ကန်သော အလုပ် 'သမ္မာကမ္မန္တ'၊ မှန်ကန်သော အသက်မွေးမှု 'သမ္မာအာဇီဝ'၊ မှန်ကန်သော အားထုတ်မှု 'သမ္မာဝါယာမ'၊ မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'၊ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'တို့ပေတည်း။ ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင်ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် ဤအကျင့်ပေတည်း။

ငါ့သျှင်တို့ ထို (ဟောကြားခဲ့သော တရား) ၌ အမျက်ထွက်ခြင်း 'ကောဓ'သည်လည်းကောင်း ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ' သည်လည်းကောင်း၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'သည်လည်းကောင်း၊ ဂုဏ်ပြိုင်ခြင်း 'ပဠာသ'သည်လည်းကောင်း၊ ငြူစူခြင်း 'ဣဿာ' သည်လည်းကောင်း၊ ဝန်တိုခြင်း 'မစ္ဆရိယ'သည်လည်းကောင်း၊ လှည့်ပတ်ခြင်း 'မာယာ'သည်လည်းကောင်း၊ ဟန်ဆောင်ခြင်း 'သာဌေယျ'သည်လည်းကောင်း၊ ခက်ထန်ခြင်း 'ထမ္ဘ'သည်လည်းကောင်း၊ ခြုတ်ခြယ်ခြင်း 'သာရမ္ဘ'သည်လည်းကောင်း၊ မောက်မော်ခြင်း 'မာန' သည်လည်းကောင်း၊ အလွန်မောက်မော်ခြင်း 'အတိ မာန'သည်လည်းကောင်း၊ မာန်ယစ်ခြင်း 'မဒ'သည်လည်း ကောင်း၊ သတိမေ့လျော့ခြင်း 'ပမာဒ'သည်လည်းကောင်း ယုတ်ညံ့၏။

မာန်ယစ်ခြင်းကို ပယ်ခြင်းငှါ သတိမေ့လျော့ခြင်းကို ပယ်ခြင်းငှါ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်သည် ရှိ၏။

ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန်ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ် သည့်အလယ်အလတ်ဖြစ်သော အကျင့်သည်ဟူသည် အဘယ်နည်း၊ အဂ,ါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။ ဤအရိယာမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင် 'သမ္မာဒိဋ္ဌိ'။ပ။ မှန်ကန်သော တည်ကြည်မှု 'သမ္မာသမာဓိ'တို့ပေတည်း။

ငါ့သျှင်တို့ အေးရန် အထူးသိရန် အမှန်သိရန်ငြိမ်းရန် ဖြစ်သော၊ မြင်အောင် သိအောင် ပြုတတ်သည့် အလယ်အလတ်ဖြစ်သော အကျင့်ဟူသည် ဤအကျင့်ပင်တည်းဟု (မိန့်ဆို၏)။

အသျှင်သာရိပုတြာသည် ဤ (တရားတော်) ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် အသျှင် သာရိပုတြာဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း။

သုံးခုမြောက် ဓမ္မဒါယာဒသုတ်ပြီး၏။

------

၄- ဘယဘေရဝသုတ်

၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ (နှုတ်ဆက်) ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား-

''အသျှင်ဂေါတမ အကြင်အမျိုးသားတို့သည် အသျှင်ဂေါတမကို ရည်မှန်း၍ ယုံကြည်ခြင်းဖြင့်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏၊ အသျှင်ဂေါတမသည် ထိုအမျိုးသားတို့၏ ရှေ့သွား (ခေါင်းဆောင်) ဖြစ်ပါ၏၊ အသျှင်ဂေါတမသည် ထိုအမျိုးသားတို့အား များစွာ ကျေးဇူးပြု ပါ၏၊ အသျှင်ဂေါတမသည် ထိုအမျိုးသားတို့အား (အဓိသီလစသည်တို့ကို) ကောင်းစွာ ဆောက် တည်စေပါ၏၊ ထိုအမျိုး သားအပေါင်းသည် အသျှင်ဂေါတမ၏ အယူကို အတုလိုက်၍ ကျင့်ကြပါ ကုန်၏'' ဟု လျှောက်၏။

ပုဏ္ဏား သင်လျှောက်သည့်အတိုင်းဟုတ်ပေ၏၊ သင်လျှောက်သည့်အတိုင်း မှန်ပေ၏၊ ပုဏ္ဏားအကြင်အမျိုး သားတို့သည် ငါ့ကို ရည်မှန်း၍ ယုံကြည်ခြင်းဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကုန်၏၊ ငါသည် ထိုအမျိုးသားတို့၏ ရှေ့သွား (ခေါင်းဆောင်) ဖြစ်၏၊ ငါသည် ထိုအမျိုးသားတို့အားများစွာ ကျေးဇူးပြု၏၊ ငါသည် ထိုအမျိုးသားတို့အား (အဓိသီလစသည်တို့ကို) ကောင်းစွာ ဆောက်တည်စေ၏၊ ထိုအမျိုးသား အပေါင်းသည် ငါ၏ အယူကို အတုလိုက်၍ ကျင့်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့သည် သက်ဝင်နေနိုင်ရန် ခဲယဉ်းကုန်၏၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်ခြင်းကား ခဲယဉ်းလှ၏၊ တစ်ကိုယ်တည်း နေခြင်း၌လည်း ပျော်မွေ့နိုင်ခဲ၏၊ သမာဓိမရသော ရဟန်း၏ စိတ်ကို တောတို့ကဆောင် ယူသွားသကဲ့သို့ ထင်ရ၏ဟု (လျှောက်၏)။

ပုဏ္ဏား သင်လျှောက်သည့်အတိုင်းဟုတ်ပေ၏၊ သင်လျှောက်သည့်အတိုင်း မှန်ပေ၏၊ ပုဏ္ဏား တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့သည်သက်ဝင်နေနိုင်ရန် ခဲယဉ်းကုန်၏၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်ခြင်းကား ခဲယဉ်းလှ၏၊ တစ်ကိုယ်တည်းနေခြင်း၌လည်း ပျော်မွေ့နိုင်ခဲ၏၊ သမာဓိမရသော ရဟန်း၏ စိတ်ကို တောတို့ကဆောင်ယူသွားသကဲ့သို့ ထင်ရ၏ဟု (မိန့်တော်မူ၏)။

၃၅။ ပုဏ္ဏား ငါ့အားလည်း အရိယာမဂ်ကို မရသေးမီ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ မသိသေးသော ဘုရားလောင်းမျှ ဖြစ်စဉ်ကပင် ဤသို့သော အကြံသည် ဖြစ်ခဲ့၏။

''တောအုပ် တောနက်ကြီးများဖြစ်သောတော စွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့သည်သက်ဝင်နေနိုင်ရန် ခဲယဉ်းကုန်၏၊ ဆိတ်ဆိတ်ငြိမ်ငြိမ် နေနိုင်ခြင်းကား ခဲယဉ်းလှ၏၊ တစ်ကိုယ်တည်းနေခြင်း၌လည်း ပျော်မွေ့နိုင်ခဲ၏၊ သမာဓိမရသော ရဟန်း၏ စိတ်ကို တောတို့က ဆောင်ယူသွားသကဲ့သို့ထင်ရ၏ဟု (အကြံဖြစ်ပေါ်ခဲ့၏)။

ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ကာယကံ မစင်ကြယ်ကုန်ဘဲ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထို အသျှင်သမဏဗြာဟ္မဏတို့သည် မိမိတို့၏ မစင်ကြယ်သော ကာယကံအပြစ်ကြောင့် စင်စစ် မကောင်းသောဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ကာယကံမစင်ကြယ်ဘဲလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား စင်ကြယ်သော ကာယကံသာ ရှိ၏။ မှန်လှ၏၊ စင်ကြယ်သော ကာယကံ ရှိသည်ဖြစ်၍တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကိုမှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ် ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤစင်ကြယ်သော ကာယကံရှိသည့် အဖြစ်ကို ကောင်းစွာ မြင်၍ တော၌ နေရန်အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁)

၃၆။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ဝစီကံ မစင်ကြယ်ကုန်ဘဲ။ပ။ မနောကံ မစင်ကြယ် ကုန်ဘဲ။ပ။ အသက်မွေးမှုမစင်ကြယ်ကုန်ဘဲ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင် ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် မိမိတို့၏ မစင်ကြယ်သောအသက် မွေးမှုအပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက် ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား အသက်မွေးမှု မစင်ကြယ်ဘဲလျက် တောအုပ် တောနက်ကြီး များဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား စင်ကြယ်သော အသက်မွေးမှုသာ ရှိ၏။ မှန်လှ၏၊ စင်ကြယ်သော အသက်မွေးမှုရှိသည်ဖြစ်၍ တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သောအရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤစင်ကြယ်သော အသက်မွေးမှုရှိသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန်အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၂- ၃- ၄)

၃၇။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း 'အဘိဇ္ဈ ာ' များကုန်လျက်ကာမဂုဏ်တို့၌ ပြင်းထန်စွာ တပ်မက်ကုန်လျက် တောအုပ် တောနက်ကြီးများ ဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည်သူတစ်ပါး စည်းစိမ်ကို ရှေးရှုကြံခြင်း 'အဘိဇ္ဈ ာ'များကုန်လျက် ကာမဂုဏ်တို့၌ ပြင်းထန်စွာ တပ်မက်ခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကိုခေါ်ကုန်၏၊ ငါသည်ကား သူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း 'အဘိဇ္ဈ ာ'များပြားလျက် ကာမဂုဏ်တို့၌ပြင်းထန်စွာ တပ်မက်ခြင်းရှိသည်ဖြစ်၍ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား သူတစ်ပါးစည်းစိမ်ကိုရှေးရှုကြံခြင်း 'အဘိဇ္ဈ ာ' မများသူသာ ဖြစ်၏။ မှန်လှ၏၊ သူတစ်ပါးစည်းစိမ်ကိုရှေးရှုကြံခြင်း 'အဘိဇ္ဈ ာ' မများဘဲ တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤသူတစ်ပါးစည်းစိမ်ကို ရှေးရှုကြံခြင်း 'အဘိဇ္ဈ ာ' မများသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၅)

၃၈။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ဖောက်ပြန်သောစိတ် ပြစ်မှားသောစိတ် အကြံရှိကုန်လျက်တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် မိမိတို့၏ ဖောက်ပြန်သောစိတ် ပြစ်မှားသော စိတ်အကြံရှိခြင်း အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ် ကုန်၏၊ ငါသည်ကား ဖောက်ပြန်သောစိတ် ပြစ်မှားသောစိတ် အကြံရှိလျက် တောအုပ် တောနက်ကြီးများဖြစ် သောတောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား မေတ္တာ စိတ်ရှိသူသာဖြစ်၏။ မှန်လှ၏၊ မေတ္တာစိတ်ရှိကုန်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည်တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤမေတ္တာစိတ်ရှိသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၆)

၃၉။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'ဖြင့် အနှိပ်စက်ခံရကုန် လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'ဖြင့် အနှိပ်စက်ခံ နေရခြင်း တည်းဟူသောမိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက် ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'ဖြင့် အနှိပ်စက်ခံနေရလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ'ကင်းသူ ဖြစ်၏။ မှန်လှ၏၊ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ကင်းလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မှီဝဲကုန်သောအရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ကင်းသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန်အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၇)

၄၀။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ပျံ့လွင့်သောစိတ် မအေးမြသောစိတ်ရှိလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲ ကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ပျံ့လွင့်သောစိတ် မအေးမြသော စိတ်ရှိခြင်းတည်းဟူ သော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကားပျံ့လွင့်သောစိတ် မအေးမြသောစိတ်ရှိလျက် တောအုပ် တောနက်ကြီးများ ဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား အေးမြသော စိတ်ရှိသူ ဖြစ်၏။ မှန်လှ၏၊ အေးမြသော စိတ်ရှိလျက် တောအုပ် တောနက်ကြီးများ ဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည်တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤအေးမြသောစိတ်ရှိသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၈)

၄၁။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ယုံမှားခြင်း 'ကင်္ခါ' မဆုံးဖြတ်နိုင်ခြင်း 'ဝိစိကိစ္ဆာ' ရှိလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ယုံမှားခြင်း 'ကင်္ခါ' မဆုံးဖြတ်နိုင်ခြင်း 'ဝိစိကိစ္ဆာ'ရှိခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ယုံမှားခြင်း 'ကင်္ခါ' မဆုံး ဖြတ်နိုင်ခြင်း 'ဝိစိကိစ္ဆာ' ရှိလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ယုံမှားခြင်း 'ကင်္ခါ' မဆုံးဖြတ်နိုင်ခြင်း 'ဝိစိကိစ္ဆာ' ကို လွန်မြောက်သူ ဖြစ်၏။ မှန်လှ၏၊ ယုံမှားခြင်း 'ကင်္ခါ' မဆုံးဖြတ်နိုင်ခြင်း 'ဝိစိကိစ္ဆာ' ကို လွန်မြောက်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံ ဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ယုံမှားခြင်း 'ကင်္ခါ' မဆုံးဖြတ်နိုင်ခြင်း 'ဝိစိကိစ္ဆာ' ကို လွန်မြောက်ခြင်းရှိသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၉)

၄၂။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် မိမိကိုယ်ကို မြှင့်တင်ကာ သူတစ်ပါးကို နှိမ့်ချသူဖြစ် လျက်တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် မိမိကိုယ်ကို မြှင့်တင်ကာ သူတစ်ပါးကို နှိမ့်ချခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ် အာရုံကိုခေါ်ကုန်၏၊ ငါသည်ကား မိမိကိုယ်ကို မြှင့်တင်ကာ သူတစ်ပါးကို နှိမ့်ချသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီ ဝဲပေ၊ ့ငါသည်ကား မိမိကိုယ်ကို မမြှင့်တင်, သူတစ်ပါးကို မနှိမ့်ချသူ ဖြစ်၏။ မှန်လှ၏၊ မိမိ ကိုယ်ကို မမြှင့်တင်,သူတစ်ပါးကို မနှိမ့်ချဘဲလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါး အပါအဝင်ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤမိမိကိုယ်ကို မမြှင့်တင်ခြင်း သူတစ်ပါးကို မနှိမ့်ချခြင်း ရှိသည့် အဖြစ်ကိုကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၀)

၄၃။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ထိတ်လန့်ခြင်းရှိသူ ကြောက်ရွံ့ခြင်းရှိသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ကိုယ်ထိတ်လန့်ခြင်း ကြောက်ရွံ့သော သဘောရှိခြင်းတည်းဟူသောမိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ် အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ကိုယ်ထိတ်လန့်ခြင်းရှိသူ ကြောက်ရွံ့သော သဘောရှိသူ ဖြစ် လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာ နေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ကြက်သီးမွေးညင်းထခြင်းမှ ကင်းသူသာ ဖြစ်၏။ မှန်လှ၏၊ ကြက်သီးမွေးညင်း ထခြင်းကင်းလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါး အပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤကြက်သီးမွေးညင်းထခြင်းမှ ကင်းသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၁)

၄၄။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် လာဘ်ပူဇော်သကာအကျော်အစောကို လိုလားသူဖြစ် လျက်တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လာဘ်ပူဇော်သကာအကျော်အစောကို လိုလားခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက် ဖွယ်အာရုံကိုခေါ်ကုန်၏၊ ငါသည်ကား လာဘ်ပူဇော်သကာ အကျော်အစောကို လိုလားသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား အလိုနည်းသူသာ ဖြစ်၏။ မှန်လှ၏၊ အလိုနည်းသူများ ဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲသောအရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤအလိုနည်းသည့်အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသောအဖြစ်သို့ ရောက်ခဲ့၏။ (၁၂)

၄၅။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ပျင်းရိ ရော့ရည်း ဝီရိယနည်းသူဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ပျင်းရိရော့ရည်း ဝီရိယနည်းသူဖြစ်ခြင်းတည်းဟူသော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါ သည်ကားပျင်းရိရော့ရည်း ဝီရိယနည်းသူဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား လုံ့လစိုက်ထုတ် သူသာ့ဖြစ်၏။ မှန်လှ၏၊ လုံ့လစိုက်ထုတ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါး အပါအဝင်ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤလုံ့လစိုက်ထုတ်သည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၃)

၄၆။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် လွတ်သောသတိ ဆင်ခြင်ဉာဏ်မရှိကုန်ဘဲလျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် လွတ်သောသတိ ဆင်ခြင်ဉာဏ်မရှိခြင်းတည်းဟူသော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကားလွတ်သော သတိဆင်ခြင်ဉာဏ်မရှိဘဲလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ထင်သော သတိရှိသူသာဖြစ်၏။ မှန်လှ၏၊ ထင်သော သတိရှိလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤထင်သောသတိရှိသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌ နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၄)

၄၇။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် မတည်ကြည် တုန်လှုပ်သောစိတ်ရှိသူ ဖြစ်လျက် တောအုပ်တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် မတည်မကြည် တုန်လှုပ်သော စိတ်ရှိခြင်းတည်း ဟူသော မိမိတို့၏အပြစ်ကြောင့် စင်စစ် မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကားမတည်ကြည်သူ တုန်လှုပ်သောစိတ်ရှိသူ ဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား ၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည် ကား သမာဓိနှင့် ပြည့်စုံသူသာဖြစ်၏။ မှန်လှ၏၊ သမာဓိနှင့် ပြည့်စုံလျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန် သော အရိယာတို့တွင် ငါသည်တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤတည်ကြည်ခြင်း 'သမာဓိ' နှင့် ပြည့်စုံသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသောအဖြစ်သို့ ရောက်ခဲ့၏။ (၁၅)

 

 

၄၈။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''အချို့သော သမဏဗြာဟ္မဏတို့သည် ပညာမရှိသူ ထိုင်းအသူဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မှီဝဲကုန်၏၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ပညာမဲ့ခြင်း ထိုင်းအခြင်းတည်းဟူသော မိမိတို့၏ အပြစ်ကြောင့် စင်စစ်မကောင်းသော ဘေးနှင့် ကြောက်မက်ဖွယ်အာရုံကို ခေါ်ကုန်၏၊ ငါသည်ကား ပညာမဲ့သူ ထိုင်းအသူဖြစ်လျက် တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကို မမှီဝဲပေ၊ ငါသည်ကား ပညာနှင့်ပြည့်စုံသူသာ ဖြစ်၏။ မှန်လှ၏၊ ပညာနှင့်ပြည့်စုံလျက်တောအုပ် တောနက်ကြီးများဖြစ်သော တောစွန် တောင်ဖျား၌ဖြစ်သော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲကုန်သော အရိယာတို့တွင် ငါသည် တစ်ပါးအပါအဝင် ဖြစ်၏'' ဟု (အကြံဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ငါသည် မိမိ၌ ဤပညာ နှင့် ပြည့်စုံသည့် အဖြစ်ကို ကောင်းစွာမြင်၍ တော၌နေရန် အလွန်ချမ်းသာသော အဖြစ်သို့ ရောက်ခဲ့၏။ (၁၆)

ပရိယာယ် တစ်ဆယ့်ခြောက်မျိုးပြီး၏။

------

၄၉။ ပုဏ္ဏား ထိုငါ့အား ဤသို့သော အကြံသည် ဖြစ်ခဲ့ပြန်၏-

''ငါသည် (လပြည့်ခြင်း လကုန်ခြင်းစသည့်) အမှတ်အသားတို့ဖြင့် သိမှတ်အပ်သော ဆန်း ဆုတ်ပက္ခ၏တစ်ဆယ့်လေးရက် တစ်ဆယ့်ငါးရက် ရှစ်ရက် ညဉ့်မျိုးတို့တွင် ကြောက်မက်ဖွယ် ကြက်သီးမွေးညင်းထဖွယ်ကောင်းသော စေတီဖြစ်သောအရံ, စေတီဖြစ်သောတောအုပ်, စေတီဖြစ် သော သစ်ပင်ဟူသောကျောင်းအိပ်ရာနေရာမျိုးတို့၌ နေရမူ ဘေးနှင့် ကြောက်မက်ဖွယ် အာရုံကို မြင်နိုင်ကောင်းတန်ရာ၏'' ဟု (အကြံသည် ဖြစ်ခဲ့ပြန်၏)။

ပုဏ္ဏား ထိုငါသည် အခါတစ်ပါး၌ (လပြည့်ခြင်း လကုန်ခြင်းစသည့်) အမှတ်အသားတို့ဖြင့်သိမှတ်အပ်သော ဆန်းဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် တစ်ဆယ့်ငါးရက် ရှစ်ရက် ညဉ့်မျိုးတို့တွင်ကြောက်မက်ဖွယ် ကြက်သီးမွေးညင်း ထဖွယ်ကောင်းသော စေတီဖြစ်သောအရံ, စေတီဖြစ်သောတောအုပ်, စေတီဖြစ်သော သစ်ပင်ဟူသော ကျောင်းအိပ်ရာနေရာမျိုးတို့၌ နေစဉ် စိုင်,ကြံ့, သစ်,တောဝက်စသော သားကောင်သည်လည်း လာ၏၊ ဥဒေါင်း (နှင့်အခြားငှက်များ) သည်လည်း သစ်ခက်ခြောက်ကို ကျစေ၏၊ လေသည်လည်း သစ်ရွက်မှိုက်ကို တိုက်ခတ်၏၊ ပုဏ္ဏား ''ဤအရာစု သည်ပင်ရောက်လာသော ဘေးနှင့် ကြောက်မက်ဖွယ် ပေလော'' ဟု ထိုငါ့အား အကြံဖြစ်မိ၏။

ပုဏ္ဏား ထိုငါ့အား ''ငါသည် စင်စစ်အားဖြင့် ကြောက်မက်ဖွယ်ကို တောင့်တလျက်နေသည် မဟုတ်လော၊ ဣရိယာပုထ်အလိုက်နေသော ငါ၏ထံသို့ ရောက်လာသော ကြောက်မက်ဖွယ်ကို ထိုဣရိယာပုထ်အလိုက်ပင် ငါပယ်ဖျောက်ရမူ ကောင်းပေမည်'' ဟု ဤအကြံ ဖြစ်ပေါ်ခဲ့၏။

ပုဏ္ဏား ထိုငါသည် စင်္ကြံသွားနေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကို မရပ် မထိုင် မအိပ်ဘဲ စင်္ကြံသွားလျက်သာ ပယ်ဖျောက်၏။

ပုဏ္ဏား ထိုငါသည် ရပ်နေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကိုစင်္ကြံ မသွား မထိုင် မအိပ်ဘဲ ရပ်လျက်သာ ပယ်ဖျောက်၏။

ပုဏ္ဏား ထိုငါသည် ထိုင်နေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကိုမအိပ် မရပ် စင်္ကြံမသွားဘဲ ထိုင်လျက်ပင် ပယ်ဖျောက်၏။

ပုဏ္ဏား ထိုငါသည် အိပ်နေစဉ် ထိုကြောက်မက်ဖွယ်သည် ပေါ်ပေါက်လာအံ့၊ ထိုကြောက်မက်ဖွယ်ကိုမထိုင် မရပ် စင်္ကြံမသွားဘဲ အိပ်လျက်ပင် ပယ်ဖျောက်၏။

၅၀။ ပုဏ္ဏား အချို့သော သမဏဗြာဟ္မဏတို့သည် ညဉ့်ဖြစ်ပါလျက် နေ့ဟူ၍ သိမှတ်ကြကုန်၏၊ နေ့ဖြစ်ပါလျက် ညဉ့်ဟူ၍ သိမှတ်ကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့၏ ဤသို့ သတ်မှတ်ခြင်းကို တွေတွေဝေဝေနေခြင်းဟု ငါဆို၏။ ပုဏ္ဏား ငါမူကား ညဉ့်ဖြစ်လျှင် ညဉ့်ဟု သိမှတ်၏။ နေ့ဖြစ်လျှင် နေ့ဟုသိမှတ်၏။ ပုဏ္ဏား ''များစွာသော လူတို့၏ စီးပွားချမ်းသာနှင့် လောကကို စောင့်ရှောက်ရန်အတွက်နတ်လူတို့၏ အကျိုးစီးပွား ချမ်းသာသုခအတွက် မတွေဝေသော သဘောရှိသော သတ္တဝါသည်လူ့လောက၌ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့၏'' ဟူသော စကားကို အမှန်အတိုင်း ပြောဆိုလိုသောသူသည် ငါဘုရားကိုသာလျှင် ပြောဆိုရာ၏။

၅၁။ ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ ငါ့အား မေ့လျော့ခြင်းမရှိသောသတိသည် ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသောအာရုံရှိသည်ဖြစ်၍ ကောင်းစွာတည်ပြီ။

ပုဏ္ဏား ထိုငါ (ဘုရား) သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း 'ဝိတက်' နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ'နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ'ရှိသောပဌမဈာန်သို့ ရောက်၍ နေ၏။

ဝိတက် ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း 'သမာဓိ'ကို ဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ'ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။

နှစ်သိမ့်ခြင်း 'ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း 'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်'နှင့်ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေ၏၊ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင်တတိယဈာန်ကြောင့် ထိုသူ့ကို ''လျစ်လျူသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ'' ဟု အရိယာပုဂ္ဂိုလ်တို့သည်ပြောကြားကုန်၏၊ (ထိုငါသည်) ထိုတတိယဈာန်သို့ ရောက်၍ နေ၏။

ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ'ကြောင့်ဖြစ်သည့်သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

၅၂။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါ (ဘုရား) သည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော 'ပုဗ္ဗေနိဝါသာနုဿတိ'ဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။

ထိုငါ (ဘုရား) သည် များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်ကားအဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ''ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သောအမည်ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သောချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သောဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း (ငါသည်) ဤသို့သောအမည် ရှိခဲ့၏၊ ဤသို့သောအနွယ်ရှိခဲ့၏၊ ဤသို့သောအဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာ ဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏'' ဟု ဤသို့အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။

ပုဏ္ဏား ငါသည် ညဉ့်ဦး 'ပဌမ' ယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ'ကို ရခဲ့ပြီ၊ မမေ့မလျော့ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ'ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၅၃။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတို်င်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါ (ဘုရား) သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိနိုင်သောစုတူပပါတဉာဏ် အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။

ထို ငါ (ဘုရား) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိ နှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်း လှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ ''အချင်းတို့ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာခြင်းကင်းသော မကောင်းသော လားရာ ဖရိုဖရဲပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ဖြစ်ပေါ်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏။ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သော အယူဖြင့်ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ လူ့ပြည် နတ်ပြည် သုဂတိ၌ ဖြစ်ကုန်၏'' ဟု သိ၏။

ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါအဆင်းလှသော သတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသောလားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။

ပုဏ္ဏား ငါသည် သန်းခေါင် 'မဇ္ဈိမ' ယာမ်၌ ဒုတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ'ကို ရခဲ့ပြီ၊ မမေ့ မလျော့ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိ မှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ငါ့အားအမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၅၄။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော်ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေသော 'အာသဝက္ခယ' ဉာဏ်အလို့ငှါစိတ်ကို ရှေးရှုညွတ်စေ၏။

ထိုငါသည် ''ဤကား ဆင်းရဲဒုက္ခ'' ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏အကြောင်း ဒုက္ခသမုဒယ'' ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ဒုက္ခနိရောဓ'' ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ'' ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤသည်တို့ကား ယိုစီးခြင်းအာသဝတို့'' ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ယိုစီးခြင်း အာသဝတို့၏ ဖြစ်ပေါ်ခြင်း၏အကြောင်း အာသဝသမုဒယ'' ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ယိုစီးခြင်းအာသဝတို့၏ချုပ်ရာ (နိဗ္ဗာန်) အာသဝနိရောဓ'' ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား အာသဝတို့ချုပ်ရာ့ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် အာသဝနိရောဓဂါမိနီ ပဋိပဒါ'' ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ် မြောက်ခဲ့ပြီ၊ အဝိဇ္ဇာဘဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော် ''လွတ်မြောက်ခဲ့လေပြီ'' ဟု အသိဉာဏ်ဖြစ်ပေါ်ပြီ၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကိုကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်မရှိတော့ပြီ'' ဟု သိခဲ့ပြီ။

ပုဏ္ဏား ငါသည် မိုးသောက် 'ပစ္ဆိမ' ယာမ်၌ ဤတတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ'ကို ရခဲ။

ပီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ ငါ့အား မသိမှု 'အဝိဇ္ဇာ' ပျောက်၍အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

၅၅။ ပုဏ္ဏား ''ရဟန်းဂေါတမသည် ယနေ့တိုင်အောင်ပင် ရာဂ ဒေါသ မောဟ မကင်းသေးသော ကြောင့်တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်း အိပ်ရာ နေရာတို့ကိုမှီဝဲနေ၏'' ဟု သင့်အား စိတ်အကြံဖြစ်ပေါ်တန်ရာ၏၊ ပုဏ္ဏား ဤသို့ မမှတ်သင့်၊ ပုဏ္ဏား ငါသည် မိမိ၏မျက်မှောက် ချမ်းသာစွာ နေရခြင်းနှင့် နောင်လာနောက်သားများကို အစဉ်သနားခြင်းဟူသော အကြောင်းနှစ်ပါးတို့ကို ကောင်းစွာ မြင်၍ တောအုပ်တောနက်ကြီးများဖြစ်သော တောစွန်တောင်ဖျား၌ဖြစ်သောကျောင်းအိပ်ရာနေရာတို့ကို မှီဝဲ၏ဟု (မိန့်တော်မူ၏)။

၅၆။ ပူဇော်အထူးကို ခံယူတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော အသျှင်ဂေါတမသည် နောက်လူအပေါင်းကို အစဉ်သနား အကျိုးလိုလားသော သဘောရှိပါပေသည်တကား၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ''မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်'' ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည်အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟူ၍လျှောက်ထားလေ၏။

လေးခုမြောက် ဘယဘေရဝသုတ်ပြီး၏

------

၅- အနင်္ဂဏသုတ်

၅၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင်ရဟန်းတို့'' ဟု ခေါ်တော်မူ၏။ ရဟန်းတို့သည် အသျှင်သာရိပုတြာအား ''ငါ့သျှင်'' ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်သာရိပုတြာသည် ဤတရားကို ဟောတော်မူ၏ -

ငါ့သျှင်တို့ လောက၌ ဤ ပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကြကုန်၏၊ အဘယ်လေးမျိုးတို့နည်း ဟူမူ- ငါ့သျှင်တို့ ဤလောက၌ ကိလေသာ အညစ်အကြေး 'အင်္ဂဏ'ရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာ့အညစ်အကြေးရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်တစ်မျိုး၊ ကိလေသာအညစ်အ ကြေး ရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်တစ်မျိုး၊ ကိလေသာအညစ်အကြေး မရှိသည်ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်တစ်မျိုး၊ ကိလေသာအညစ်အကြေးမရှိသည်ဖြစ်လျက် ''ငါ၏စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်တစ်မျိုး၊ (ဤပုဂ္ဂိုလ်လေးမျိုးတို့တည်း)။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏ စိတ်သန္တာန်၌ကိလေသာအညစ်အကြေး ရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေးရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ယုတ်ညံ့သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏ စိတ်သန္တာန်၌ကိလေသာအညစ်အကြေး ရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေးရှိသောပုဂ္ဂိုလ်နှစ်မျိုးတို့တွင် မြင့်မြတ်သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာအညစ်အကြေး မရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေး မရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် ယုတ်ညံ့သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏။

ငါ့သျှင်တို့ ထို (ပုဂ္ဂိုလ်လေးမျိုး)တို့တွင် ကိလေသာ အညစ်အကြေးမရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး မရှိ'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်ကို ကိလေသာအညစ်အကြေး မရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် မြင့်မြတ်သောပုဂ္ဂိုလ်ဟူ၍ ခေါ်ဆိုရ၏ဟု (ဟောတော်မူ၏)။

၅၈။ ဤသို့ ဟောကြားတော်မူလတ်သော် အသျှင်မဟာမောဂ္ဂလာန်သည် အသျှင်သာရိပုတြာကို ဤသို့မေးမြန်းတော်မူ၏ -

''ငါ့သျှင် သာရိပုတြာ ဤကိလေသာအညစ်အကြေးရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း။

ငါ့သျှင် သာရိပုတြာ ဤကိလေသာအညစ်အကြေးမရှိသော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင် တစ်မျိုးကို ယုတ်ညံ့သော ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏ အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (မေးမြန်းတော်မူ၏)။

၅၉။ ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး ရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန် အလိုဆန္ဒကို ဖြစ်စေလိမ့်မည် မဟုတ်၊ အားထုတ်လိမ့်မည် မဟုတ်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည် မဟုတ်။ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' ရှိသူ ပြစ်မှားခြင်း 'ဒေါသ' ရှိသူတွေဝေခြင်း 'မောဟ' ရှိသူ ကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူဖြစ်လျက်သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ် အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ၊ မြူမှုန့်အညစ်အကြေးဖြင့် မြှေးယှက်ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်းမသုံးဆောင်ကုန် ငြားအံ့၊ စင်ကြယ်အောင်လည်း မသုတ်သင်ကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်း ထိုကြေးခွက်ကို ထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်ညစ်ပေကာအညစ်အကြေးတက်ရာ သည် မဟုတ်လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေလိမ့်မည် မဟုတ်၊ အားထုတ်လိမ့်မည် မဟုတ်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည်မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' ရှိသူ ပြစ်မှားခြင်း 'ဒေါသ' ရှိသူ တွေဝေခြင်း 'မောဟ' ရှိသူကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူဖြစ်လျက် သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အားဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေလိမ့်မည်၊ အားထုတ်လိမ့်မည်၊ လုံ့လစွမ်းကို ကြိုးပမ်းလိမ့်မည်၊ ထိုပုဂ္ဂိုလ်သည်တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲ ကိလေသာအညစ်အကြေးမရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ၊ မြူမှုန့်အညစ်အကြေးဖြင့်မြှေးယှက်ဖုံးလွှမ်းနေသော ကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်းသုံးဆောင်ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်း သုတ်သင်ကြကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်းထိုကြေးခွက်ကို မထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်စင်ကြယ်ကာဖြူဖွေးရာသည် မဟုတ် လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးရှိလျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေး ရှိ၏'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် ထိုကိလေသာအညစ်အကြေးကို ပယ်ရန်အလိုဆန္ဒကို ဖြစ်စေလတ္တံ့၊ အားထုတ်လတ္တံ့၊ လုံ့လစွမ်းကို ကြိုးပမ်းလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ကြမ်းတမ်းပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲ ကိလေသာအညစ်အကြေးမရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးမရှိ'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ 'သုဘနိမိတ်'ကို နှလုံးသွင်းလတ္တံ့၊ တင့်တယ်သော အာရုံကို နှလုံးသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏စိတ်ကို် တပ်မက်ခြင်း 'ရာဂ' သည် လွှမ်းမိုးဖျက်ဆီးလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' ရှိသူပြစ်မှားခြင်း 'ဒေါသ' ရှိသူ တွေဝေခြင်း 'မောဟ'ရှိသူ ကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသောစိတ်ရှိသူဖြစ်လျက် သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ၊ စင်ကြယ်ဖြူဖွေးသောကြေးခွက်ကို ဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်း မသုံးဆောင်ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်း မသုတ်သင်ကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်း ထိုကြေးခွက်ကို ထားကုန်ငြားအံ့၊ ငါ့သျှင် ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်ညစ်ပေကာ အညစ်အကြေးတက်ရာသည်မဟုတ်လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ကိလေသာအညစ်အကြေးမရှိ'' ဟုဟုတ်တိုင်းမှန်စွာ မသိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ 'သုဘနိမိတ်' ကို နှလုံးသွင်းလတ္တံ့၊ တင့်တယ်သော အာရုံကို နှလုံးသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကို့်တပ်မက်ခြင်း 'ရာဂ' သည် လွှမ်းမိုးဖျက်ဆီးလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ'ရှိသူ ပြစ်မှားခြင်း 'ဒေါသ'ရှိသူ တွေဝေခြင်း 'မောဟ'ရှိသူ ကိလေသာအညစ်အကြေးတို့နှင့်တကွ ညစ်နွမ်းသော စိတ်ရှိသူဖြစ်လျက် သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ထို (ပုဂ္ဂိုလ်နှစ်မျိုး)တို့တွင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးမရှိ'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ 'သုဘနိမိတ်' ကို နှလုံးသွင်းလိမ့်မည် မဟုတ်၊ တင့်တယ်သော အာရုံကို နှလုံးမသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏ စိတ်ကို် တပ်မက်ခြင်း 'ရာဂ'သည် လမ်းမိုးဖျက်ဆီးလိမ့်မည် မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲ ကိလေသာအညစ်အကြေးမရှိဘဲညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အား ဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ၊ စင်ကြယ်ဖြူဖွေးသော ကြေးခွက်ကိုဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်ကို ပိုင်ရှင်တို့သည် သုံးလည်းသုံးဆောင်ကုန်ငြားအံ့၊ စင်ကြယ်အောင်လည်း သုတ်သင်ကုန်ငြားအံ့၊ မြူမှုန့်ရှိရာ၌လည်း ထိုကြေးခွက်ကို မထားကုန်ငြားအံ့၊ ငါ့သျှင်ထိုကြေးခွက်သည် နောင်အခါ၌ သာလွန်စင်ကြယ်ကာ ဖြူဖွေးရာသည် မဟုတ်လောဟု (မေးတော်မူ၏)။

ငါ့သျှင် မှန်ပါပေ၏ဟု (လျှောက်၏)။

ငါ့သျှင် ဤဥပမာအတူပင် ကိလေသာအညစ်အကြေးမရှိသည် ဖြစ်လျက် ''ငါ၏ စိတ်သန္တာန်၌ ကိလေသာအညစ်အကြေးမရှိ'' ဟုဟုတ်တိုင်းမှန်စွာ သိသော ပုဂ္ဂိုလ်သည် တင့်တယ်သောအာရုံ 'သုဘနိမိတ်'ကို နှလုံးသွင်းလိမ့်မည် မဟုတ်၊ တင့်တယ်သော အာရုံကို နှလုံးမသွင်းခြင်းကြောင့် ထိုပုဂ္ဂိုလ်၏စိတ်ကို် တပ်မက်ခြင်း 'ရာဂ' သည် လမ်းမိုးဖျက်ဆီးလိမ့်မည်မဟုတ်၊ ထိုပုဂ္ဂိုလ်သည် တပ်မက်ခြင်း 'ရာဂ' မရှိဘဲ ကြမ်းတမ်းပြစ်မှားခြင်း 'ဒေါသ' မရှိဘဲ တွေဝေခြင်း 'မောဟ' မရှိဘဲကိလေသာအညစ်အကြေး မရှိဘဲ ညစ်နွမ်းသော စိတ်မရှိဘဲ သေလွန်ရလတ္တံ့၊ ထိုပုဂ္ဂိုလ်အားဤသဘောသာ ဧကန်ဖြစ်ရမည်။

ငါ့သျှင်မောဂ္ဂလာန် ဤသည်လျှင် ကိလေသာအညစ်အကြေးရှိကြကုန်သော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင်တစ်မျိုးကို ယုတ်ညံ့သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏အကြောင်းအထောက်အပံ့ ဖြစ်ပေ၏။

ငါ့သျှင်မောဂ္ဂလာန် ဤသည်လျှင် ကိလေသာအညစ်အကြေးမရှိကြကုန်သော ပုဂ္ဂိုလ်နှစ်မျိုးတို့တွင်တစ်မျိုးကို ယုတ်ညံ့သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၍ တစ်မျိုးကို မြင့်မြတ်သောပုဂ္ဂိုလ်ဟု ခေါ်ဆိုရခြင်း၏အကြောင်းအထောက်အပံ့ ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

၆၀။ ''ငါ့သျှင် အညစ်အကြေး အညစ်အကြေး 'အင်္ဂဏ အင်္ဂဏ'ဟု ဆို၏။ ယင်း အညစ်အကြေးဟူသော အမည်သည် အဘယ်တရား၏ အမည်ပေနည်း'' ဟု (မေး၏)။

ငါ့သျှင် ယင်းအညစ်အကြေးဟူသော အမည်သည် ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သောအလိုဆိုးကြောင့် ဖြစ်ဩည့် (ကောပ, အပ္ပစ္စယ) တရားတို့၏ အမည်တည်း။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည် အာပတ်သင့်ခဲ့ငြားအံ့၊ ငါ့ကို အာပတ်သင့်သည်ဟူ၍ ရဟန်းများ မသိကြပါမူ ကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ထိုရဟန်းကို ''ရဟန်းတို့က အာပတ်သင့်သည်'' ဟု သိကြရာသော အကြောင်းလည်း ရှိပေ၏။ ထိုရဟန်းသည် ''ငါ့ကို အာပတ်သင့်သည်ဟု ရဟန်းတို့က သိကြကုန်၏'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး 'အင်္ဂဏ'မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည် အာပတ်သင့်ခဲ့ငြားအံ့၊ ရဟန်းတို့သည့်ငါ့ကို ဆိတ်ကွယ်ရာ၌ စောဒနာကြ၍ သံဃာ့အလယ်၌ မစောဒနာကြပါမူ ကောင်းလေစွ'' ဟုအလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ထိုရဟန်းကို ရဟန်းတို့သည် သံဃာ့အလယ်၌စောဒနာကြ၍ ဆိတ်ကွယ်ရာ၌ မစောဒနာကြရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''ရဟန်းတို့က ငါ့ကို သံဃာ့အလယ်၌ စောဒနာကြ၍ ဆိတ်ကွယ်ရာ၌ မစောဒနာကြကုန်'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ', မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည်အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည် အာပတ်သင့်ခဲ့ငြားအံ့၊ ငါ့ကို အာပတ်ရှိခြင်းတူသော ပုဂ္ဂိုလ်က စောဒနာ၍ အာပတ်ရှိခြင်းမတူသော ပုဂ္ဂိုလ်က မစောဒနာပါမူကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ထိုရဟန်းကိုအာပတ်ရှိခြင်းမတူသော ပုဂ္ဂိုလ်က စောဒနာ၍ အာပတ်ရှိခြင်းတူသော ပုဂ္ဂိုလ်က မစောဒနာရာသောဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်း သည် ''ငါ့ကို အာပတ်ရှိခြင်းမတူသော ပုဂ္ဂိုလ်က စောဒနာ၍အာပတ်ရှိခြင်းတူသော ပုဂ္ဂိုလ်က မစောဒနာ'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင်အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ' ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''မြတ်စွာဘုရားသည် ငါ့ကိုသာ မေး၍ မေး၍ရဟန်းတို့အား တရားဟောကြားလျက် အခြားရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားမဟောကြားပါမူ ကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင်မြတ်စွာဘုရားသည် အခြားရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားကို ဟောကြားလျက်ထိုရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားကို မဟောကြားရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''မြတ်စွာ ဘုရားက အခြားရဟန်းကို မေး၍ မေး၍ ရဟန်းတို့အား တရားကိုဟောကြားလျက် ငါ့ကို မေး၍ မေး၍ ရဟန်းတို့အား တရားကို မဟောကြား'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည်အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ရဟန်းတို့သည် ငါ့ကိုသာလျှင် ရှေ့ထား၍ရှေ့ထား၍ ရွာသို့ ဆွမ်းခံဝင်ကြလျက် အခြားရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံမဝင်ကြပါမူကောင်းလေစွ'' ဟု အလိုဖြစ်ရာသော ဤအကြောင်းသည် ရှိပေ၏။ သို့ရာတွင် ရဟန်းတို့သည် အခြားရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံဝင်ကြလျက် ထိုရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ဆွမ်းခံမဝင်ကြရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''ရဟန်းတို့က အခြားရဟန်းကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံဝင်ကြလျက် ငါ့ကို ရှေ့ထား၍ ရှေ့ထား၍ ရွာသို့ ဆွမ်းခံမဝင်ကြကုန်'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤ နှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည်သာလျှင် ဆွမ်းစားရာဌာန၌ နေရာဦးရေဦး ဆွမ်းဦးကို ရ၍ အခြားရဟန်းသည် ဆွမ်းစားရာ၌ နေရာဦး ရေဦး ဆွမ်းဦးကို မရပါမူ ကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည်ဆွမ်းစားရာဌာန၌ နေရာဦး ရေဦး ဆွမ်းဦးကို ရ၍ ထိုရဟန်းသည် ဆွမ်းစားရာဌာန၌ နေရာဦး ရေဦးဆွမ်းဦးကို မရရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''အခြားရဟန်းကဆွမ်းစားရာဌာန၌ နေရာဦး ရေဦး ဆွမ်းဦးကို ရ၍ ငါသည် ဆွမ်းစားရာဌာန၌ နေရာဦး ရေဦးဆွမ်းဦးကို မရ'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ' ဟူသော ဤနှစ်မျိုးလုံး သည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည်သာလျှင် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာပြု၍ အခြားရဟန်းသည် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာမပြုရမူ ကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည်ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာပြုရ၍ ထိုရဟန်းသည် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာမပြုရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''အခြားရဟန်းသည်ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော် အနုမောဒနာပြု၍ ငါသည် ဆွမ်းစားရာဌာန၌ ဆွမ်းစားပြီးသော်အနုမောဒနာမပြုရ'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ'မနှစ်သက်ခြင်း 'အပ္ပစ္စယ' ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည်သာလျှင် အရံတွင်းသို့ လာရောက် သောရဟန်းတို့အား တရားဟော၍ အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ရဟန်းတို့အားတရားမဟောကြမူ ကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ရဟန်းတို့အား တရားဟောရ၍ ထိုရဟန်းသည် အရံတွင်းသို့လာရောက်သော ရဟန်းတို့အား တရားမဟောရရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''အခြားရဟန်းက အရံတွင်းသို့ လာရောက်သော ရဟန်းတို့အား တရားဟောရ၍ ငါသည် အရံတွင်းသို့လာရောက်သော ရဟန်းတို့အား တရားမဟောရ'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည်သာလျှင် အရံတွင်းသို့ လာရောက် သောရဟန်းမိန်းမတို့အား တရားဟော၍။ပ။ ဥပါသကာတို့အား တရားဟော၍။ပ။ ဥပါသိကာမတို့အားတရားဟော၍ အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားမဟောရမူကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် အရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားဟောရ၍ ထိုရဟန်းသည် အရံတွင်းသို့ လာရောက်သောဥပါသိကာမတို့အား တရားမဟောရရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''အခြားရဟန်းကအရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားဟောရ၍ ငါသည် အရံတွင်းသို့ လာရောက်သော ဥပါသိကာမတို့အား တရားမဟောရ'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ရဟန်းတို့သည် ငါ့ကိုသာလျှင် ရိုသေ လေးစားမြတ်နိုးပူဇော်ကြ၍ အခြားရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြပါမူ ကောင်း လေစွ'' ဟုအလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ရဟန်းတို့သည် အခြားရဟန်းကို ရိုသေလေးစားမြတ်နိုးပူဇော်ကြ၍ ထိုရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြကုန်ရာသော အကြောင်းသည်ရှိပေ၏။ ထိုရဟန်းသည် ''ရဟန်းတို့က အခြားရဟန်းကို ရိုသေလေးစား မြတ်နိုး ပူဇော်ကြ၍ ငါ့ကိုမရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြကုန်'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ' ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေး မည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ရဟန်းမိန်းမတို့သည် ငါ့ကိုသာလျှင်။ပ။ ဥပါသကာတို့သည်။ပ။ ဥပါသိကာမတို့သည် (ငါ့ကိုသာလျှင်) ရိုသေလေးစား မြတ်နိုးပူဇော်ကြ၍ အခြားရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြပါမူ ကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် ဥပါသိကာမတို့သည် အခြားရဟန်းကို ရိုသေလေးစား မြတ်နိုးပူဇော်ကြ၍ထိုရဟန်းကို မရိုသေ မလေးစား မမြတ်နိုး မပူဇော်ကြရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''ဥပါသိကာမတို့က အခြားရဟန်းကို ရိုသေလေးစား မြတ်နိုးပူဇော်ကြ၍ ငါ့ကို မရိုသေ့မလေးစား မမြတ်နိုး မပူဇော်ကြကုန်'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင်အမျက်ထွက်ခြင်း 'ကောပ' မနှစ် သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည်သာလျှင် မွန်မြတ်သော သင်္ကန်းတို့ကိုရသူဖြစ်၍ အခြားရဟန်းသည် မွန်မြတ်သော သင်္ကန်းတို့ကို ရသူမဖြစ်ပါမူ ကောင်းလေစွ'' ဟုအလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် မွန်မြတ်သော သင်္ကန်းတို့ကိုရသူဖြစ်၍ ထိုရဟန်းသည် မွန်မြတ်သော သင်္ကန်းတို့ကို ရသူမဟုတ်ရာသော ဤအကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် ''အခြားရဟန်းက မွန်မြတ်သော သင်္ကန်းတို့ကို ရသူဖြစ်၍ ငါသည် မွန်မြတ်သောသင်္ကန်းတို့ကို ရသူမဟုတ်ပလေ'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ'မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ''ငါသည်သာလျှင် မွန်မြတ်သော ဆွမ်းတို့ကို။ပ။ မွန်မြတ်သော (ကျောင်း) အိပ်ရာနေရာတို့ကို။ပ။ မွန်မြတ်သော သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူဖြစ်၍ အခြားရဟန်းသည် မွန်မြတ်သော သူနာ၏အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူမဟုတ်ပါမူ ကောင်းလေစွ'' ဟု အလိုဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ သို့ရာတွင် အခြားရဟန်းသည် မွန်မြတ်သောသူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူဖြစ်၍ ထိုရဟန်းသည် မွန်မြတ်သော သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သောဆေးတို့ကို ရသူမဟုတ်ရာသော အကြောင်းသည် ရှိပေ၏။ ထိုရဟန်းသည် အခြားရဟန်းက မွန်မြတ်သော သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူဖြစ်၍ငါသည် သူနာ၏ အထောက်အပံ့ (အသက်၏) အရံအတား အဆောက်အဦဖြစ်သော ဆေးတို့ကို ရသူမဟုတ်ပလေ'' ဟူ၍ အမျက်ထွက်၏၊ မနှစ်သက်။ ငါ့သျှင် အမျက်ထွက်ခြင်း 'ကောပ' မနှစ်သက်ခြင်း 'အပ္ပစ္စယ'ဟူသော ဤနှစ်မျိုးလုံးသည် အညစ်အကြေးမည်၏။

ငါ့သျှင် ဤအညစ်အကြေးဟူသော အမည်သည် ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သောအလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့၏ အမည်ပေတည်း။

၆၁။ ငါ့သျှင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရား ဖြစ်ကုန်သောအလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို မပယ်ရသေးသည်ကို မြင်လည်း မြင်ရကုန်အံ့၊ ကြားလည်း ကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ တောစွန်တောင်ဖျား၌ဖြစ်သော ကျောင်းများ၌နေ၍အရညကင် ဓုတင်ဆောင်သူ ပိဏ္ဍပါတ်ဓုတင်ဆောင်သူ အိမ်စဉ်မပြတ်ဆွမ်းရပ်သူ ပံသုကူ 'မြေမှုန့်ပြွမ်းသောသင်္ကန်း' ဆောင်သူ ခေါင်းပါးသော သင်္ကန်းကို ဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် မရိုသေကြကုန်၊ မလေးစားကြကုန်၊ မမြတ်နိုးကြကုန်၊ မပူဇော်ကြကုန်။ ထိုသို့ဖြစ်ခြင်းသည်အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို မပယ်ရသေးသည်ကို မြင်လည်းမြင်ကြရ ကြားလည်းကြားကြရသောကြောင့်ပေတည်း။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ စင်ကြယ်ဖြူဖွေးသော ကြေးခွက်ကိုဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်၌ ပိုင်ရှင်တို့သည် မြွေကောင်ပုပ်ကိုဖြစ်စေ၊ ခွေးကောင်ပုပ်ကို ဖြစ်စေ၊ လူကောင်ပုပ်ကိုဖြစ်စေ ပြည့်အောင်ထည့်၍ အခြားကြေးခွက်ဖြင့် ဖုံးပိတ်ကာ ဈေးတွင်းသို့ သွားကြ ရာ၏၊ လူအပေါင်းသည် ထိုကြေးခွက်ကို တွေ့မြင်သော် ''အချင်းအဘယ့်ကြောင့် ဤအရာကိုသာလျှင်ကောင်းနိုးရာရာ လက်ဆောင်ကဲ့သို့ ယူဆောင်လာသနည်း'' ဟု ပြောဆိုပြီးလျှင် ထို (ခွက်) ကို ထ၍ ဖွင့်လှစ်ကြည့်ရှုရာ၏၊ (ထိုအကောင်ပုပ်ကို) မြင်သည်နှင့် တစ်ပြိုင်နက် ထိုလူအပေါင်းမှာ မနှစ်မြို့စိတ် ရွံရှာ့စိတ် စက်ဆုပ်စိတ်သည် ဖြစ်လေရာ၏၊ ဆာလောင်နေသူတို့ပင် မစားချင်ရာ၊ အစာဝနေသူတို့ကားပြောဖွယ်ရာမရှိ။ ငါ့သျှင် ဤဥပမာအတူပင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွားအကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို မပယ်ရသေးသည်ကို မြင်လည်းမြင်ရကုန်အံ့၊ ကြားလည်းကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ တောစွန်တောင်ဖျား၌ ဖြစ်သော ကျောင်းများ၌ နေ၍ အရညကင်ဓုတင်ဆောင်သူ ပိဏ္ဍပါတ်ဓုတင်ဆောင်သူအိမ်စဉ်မပြတ် ဆွမ်းရပ်သူ ပံသုကူ 'မြေမှုန့်ပြွမ်းသောသင်္ကန်း' ဆောင်သူ ခေါင်းပါးသော သင်္ကန်းကိုဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် မရိုသေကြကုန်၊ မလေးစားကြကုန်၊ မမြတ်နိုးကြကုန်၊ မပူဇော်ကြကုန်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကိုမပယ်ရသေးသည်ကို မြင်လည်း မြင်ကြရ ကြားလည်း ကြားကြရသောကြောင့်ပေတည်း။

၆၂။ ငါ့သျှင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သောအလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးသည်ကို မြင်လည်း မြင်ရကုန်အံ့၊ ကြားလည်း ကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ ရွာကျောင်း၌နေသူ ပင့်ဖိတ်ဆွမ်းကို ခံယူသူဒါယကာတို့ လှူသော သင်္ကန်းကို ဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် ရိုသေကြကုန်၏၊ လေးစားကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးဖြစ်သည်ကို မြင်လည်းမြင်ကြရ ကြားလည်းကြားကြရသောကြောင့်ပေတည်း။

ငါ့သျှင် ဥပမာသော်ကား ဈေးမှဖြစ်စေ၊ ပန်းတဉ်းသမားအိမ်မှဖြစ်စေ စင်ကြယ်ဖြူဖွေးသော ကြေးခွက်ကိုဆောင်ယူခဲ့ရာ၏၊ ထိုကြေးခွက်၌ ပိုင်ရှင်တို့သည် ဆန်မည်းကို ရွေးချယ်ထားသော သလေး ထမင်းနှင့်များစွာသော ဟင်း, စားမဲဟင်းလျာကို ပြည့်အောင် ထည့်၍ အခြားကြေးခွက်ဖြင့် ဖုံးပိတ်ကာဈေးတွင်းသို့ သွားကြရာ၏၊ လူအပေါင်းသည် ထိုကြေးခွက်ကို တွေ့မြင်သော် ''အချင်း အဘယ့်ကြောင့်ဤအရာကိုသာလျှင် ကောင်းနိုးရာရာ လက်ဆောင်ကဲ့သို့ ယူဆောင်လာသနည်း'' ဟု ပြောဆိုပြီးလျှင် ထို (ခွက်) ကို ထ၍ ဖွင့်လှစ်ကြည့်ရှုရာ၏၊ (ထိုမွန်မြတ်သော သလေးထမင်းကို) မြင်သည်နှင့် တစ်ပြိုင်နက်ထိုလူအပေါင်းအား နှစ်မြို့စိတ် မရွံရှာစိတ် မစက်ဆုပ် စိတ်သည် ဖြစ်လေရာ၏၊ အစာဝနေသူတို့ပင်စားချင်လာရာ၏၊ ဆာလောင်နေသူတို့ကား ပြောဖွယ်ရာမရှိ။ ငါ့သျှင် ဤဥပမာအတူပင် တစ်စုံတစ်ယောက်သော ရဟန်းအား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ, အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးသည်ကို မြင်လည်း မြင်ရကုန်အံ့၊ ကြားလည်း ကြားရကုန်အံ့၊ ထိုရဟန်းသည် အကယ်၍ ရွာကျောင်း၌နေသူ ပင့်ဖိတ်ဆွမ်းကို ခံယူသူ ဒါယကာတို့ လှူသောသင်္ကန်းကို ဆောင်သူ ဖြစ်စေကာမူ ထိုရဟန်းကို သီတင်းသုံးဖော်တို့သည် ရိုသေကြကုန်၏၊ လေးစားကြကုန်၏၊ မြတ်နိုးကြကုန်၏၊ ပူဇော်ကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်အား ယုတ်ညံ့ဆိုးရွား အကုသိုလ်တရားဖြစ်ကုန်သော အလိုဆိုးကြောင့်ဖြစ်သည့် (ကောပ,အပ္ပစ္စယ) တရားတို့ကို ပယ်ထားပြီးဖြစ်သည်ကို မြင်လည်း မြင်ကြရ ကြားလည်း ကြားကြရသောကြောင့်ပေတည်း။

၆၃။ ဤသို့ ဟောမိန့်သော် အသျှင်မဟာမောဂ္ဂလာန်က ''ငါ့သျှင်သာရိပုတြာ ငါ့အား ဥပမာတစ်ခုပေါ်လာပါသည်'' ဟု အသျှင်သာရိပုတြာအား လျှောက်ကြား၏။

ငါ့သျှင်မောဂ္ဂလာန် ထို့ပမာကို ဖော်ပြောပါလော့ဟု (မိန့်ဆို၏)။

ငါ့သျှင် ငါသည် အခါတစ်ပါး၌ တောင်တို့ဖြင့်။ ခံရံထားသော ရာဇဂြိုဟ်ပြည်၌ နေပါသည်။ ငါ့သျှင်ငါသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်း့ခံဝင်သောအခါ ယာဉ်လုပ်သမား၏သား သမီတိသည် ယာဉ်၏အကွပ် တံကူကို ရွေနေစဉ် ပဏ္ဍု၏သားယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းသည် အနီး၌ ရပ်တည်နေပါသည်။

ငါ့သျှင် ပဏ္ဍု၏သား ယာဉ်လုပ်သမား အမျိုးသားဖြစ်ခဲ့ဖူးသည့် တက္ကတွန်းအား-

''ဤယာဉ်လုပ်သမား၏သား သမီတိသည် ဤအကွပ်တံကူ၏ ဤသည့်အကွေး ဤသည့် အကောက်ဤသည့်အနာအဆာကို ရွေခဲ့ပါမူ ဤအကွပ်တံကူသည် အကွေးအကောက် အနာအဆာ ကင်းလျက်စင်ကြယ်သည်ဖြစ်၍ အနှစ်၌ တည်ရာ၏'' ဟု စိတ်အကြံဖြစ်ပေါ်လာ၏။

ငါ့သျှင် ယာဉ်လုပ်သမားဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်း၏ စိတ်အကြံအတိုင်း ယာဉ်လုပ်သမား၏သား သမီတိသည် ထိုအကွပ်တံကူ၏ ထိုသည့်အကွေး ထိုသည့်အကောက် ထိုသည့်အနာအဆာကိုရွေလေ၏။ ငါ့သျှင် ထိုအခါ ယာဉ်လုပ်သမားဖြစ်ခဲ့ဖူးသည့် ပဏ္ဍု၏သား တက္ကတွန်းသည် ''မိမိစိတ်ဖြင့် သူတစ်ပါးစိတ်ကို သိသကဲ့သို့ ရွေလေယောင်တကား'' ဟု နှစ်သက်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍နှစ်သက် ဝမ်းမြောက်သော စကားကို မြွက်ဆိုလေ၏။

ငါ့သျှင် ဤဥပမာအတူပင် အကြင်ပုဂ္ဂိုလ်တို့သည် ယုံကြည်ခြင်း သဒ္ဓါတရား မရှိကုန်ဘဲ အသက်မွေး မှုအတွက်သာ ရဟန်းပြုကုန်၏၊ သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်၌ ရဟန်းပြုသူများ မဟုတ်ကြကုန်၊ စဉ်းလဲတတ်ကုန်၏၊ လှည့်ပတ်တတ်ကုန်၏၊ လိမ်လည်ကောက်ကျစ်တတ်ကုန်၏၊ ပျံ့လွင့်ကုန်၏၊ မာန်ထောင်ကုန်၏၊ လျှပ်ပေါ်လော်လည်ကုန်၏၊ နှုတ်ထွက်ကြမ်းကုန်၏၊ ပရမ်းပတာပြောဆိုကုန်၏၊ ဣန္ဒြေတံခါး ပိ်တ်ဆို့မထားကုန်၊ အစားအစာ၌ အတိုင်းအရှည်ကို မသိကုန်၊ နိုးကြားမှု၌ အားမစိုက်ကုန်၊ ရဟန်းတရား၌ မငဲ့ကွက်ကုန်၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားမှု မရှိကုန်၊ လာဘ်များရန်သာကျင့်ကုန်၏၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ပေါ့ပေါ့ နာယူကုန်၏၊ ဆုတ်ယုတ်ကြောင်း၌ရှေ့သွားပြုကုန်၏၊ နိဗ္ဗာန် 'ဥပဓိ ဝိဝေက'၌ တာဝန်မဲ့ဖြစ်ကြကုန်၏၊ ပျင်းရိကုန်၏၊ လုံ့လနည်းကုန်၏၊ သတိကင်းကုန်၏၊ ဆင်ခြင်ဉာဏ် မရှိကြကုန်၊ မတည်ကြည်ကြကုန်၊ စိတ်လေကြကုန်၏၊ ပညာမဲ့ကြကုန်၏၊ ထိုင်းအ,သူများ ဖြစ်ကြကုန်၏၊ အသျှင်သာရိပုတြာသည်ဤတရားဒေသနာတည်းဟူသော ပဲခွပ်ဖြင့် ထိုပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့် သိသကဲ့သို့ရွေလေယောင်တကား။

အကြင်အမျိုးသားတို့သည်ကား သဒ္ဓါတရားဖြင့် လူ့ဘောင်မှ (ထွက်၍) ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲတတ်ကုန်၊ မလှည့်ပတ်တတ်ကုန်၊ မလိမ်လည်မကောက်ကျစ်တတ်ကုန်၊ မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ်ပေါ် မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣန္ဒြေတံခါး ပိ်တ်ဆို့ထားကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌အားစိုက် ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သောရိုသေလေးစားခြင်းရှိကုန်၏၊ လာဘ် များရန် မကျင့်ကုန်၊ (အဆုံးအမ သာသနာတော်ကို) လျော့လျော့ ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း ၌ တာဝန်မဲ့ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိ ဝိဝေက'၌ရှေ့သွားပြုကုန်၏၊ ဝီရိယရှိကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်နေကုန်၏၊ သတိရှိကုန်၏၊ ဆင်ခြင်ဉာဏ်ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာ ရှိကုန်၏၊ မထိုင်းမအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရားဒေသနာကို ကြားကြ ကုန်၍ ''အသျှင်တို့ကောင်းလှပေစွ၊ (အသျှင်သာရိပုတြာသည်) သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ ၍ ကုသိုလ်၌တည်စေဘိ၏'' ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့လည်းကောင်း၊ သုဓာဘုတ်ကိုစားကုန်ဘိသကဲ့သို့လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင်တကား။

ငါ့သျှင် ဥပမာသော်ကား ငယ်ရွယ်နုပျို၍ အလှပြင်လေ့ရှိသည့် ဦးခေါင်းနှင့် တကွ ရေချိုးပြီးသောမိန်းမ၊ သို့မဟုတ် ယောက်ျားသည် ကြာပန်းကိုဖြစ်စေ၊ မိုးဆွေပန်းကိုဖြစ်စေ၊ စစ်ကြီးပန်း (စံပယ့်ပန်း) ကိုဖြစ်စေ ရခဲ့သော် လက်နှစ်ဖက်ဖြင့် ခံယူကာ ဦးခေါင်းပေါ်၌ ပန်ဆင်ရာသကဲ့သို့ အကြင် အမျိုးသားတို့သည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ (ထွက်၍) ရဟန်းဘောင်၌ ရဟန်းပြုကြကုန်၏၊ မစဉ်းလဲကုန်၊ မလှည့်ပတ်တတ်ကုန်၊ မလိမ်လည် မကောက်ကျစ်တတ်ကုန်၊ စိတ်မပျံ့လွင့်ကုန်၊ မာန်မထောင်ကုန်၊ မလျှပ် ပေါ်မလော်လည်ကုန်၊ နှုတ်ထွက် မကြမ်းကုန်၊ ပရမ်းပတာ မပြောဆိုကုန်၊ ဣန္ဒြေတံခါးပိ်တ်ဆို့ထား ကုန်၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိကုန်၏၊ နိုးကြားမှု၌ အားစိုက်ကုန်၏၊ ရဟန်းတရား၌ ငဲ့ကွက်ကုန်၏၊ သိက္ခာပုဒ်၌ ထက်သန်သော ရိုသေလေးစားခြင်း ရှိကုန်၏၊ လာဘ်များရန်မကျင့်ကုန်၊ (အဆုံးအမသာသနာတော်ကို) လျော့လျော့ပေါ့ပေါ့ မနာယူကုန်၊ ဆုတ်ယုတ်ကြောင်း၌တာဝန်မဲ့ဖြစ်ကုန်၏၊ နိဗ္ဗာန် 'ဥပဓိဝိဝေက'၌ ရှေ့သွားပြုကုန်၏၊ လုံ့လရှိကြကုန်၏၊ (နိဗ္ဗာန်သို့) စိတ်ကိုစေလွှတ်နေကုန်၏၊ သတိရှိကုန်၏၊ ဆင်ခြင်ဉာဏ်ရှိကုန်၏၊ တည်ကြည်ကုန်၏၊ စိတ်မလေလွင့်ကုန်၊ ပညာရှိကုန်၏၊ မထိုင်း မအကုန်၊ ထိုအမျိုးသားတို့သည် အသျှင်သာရိပုတြာ၏ ဤတရားဒေသနာကိုနာကြားရကုန်၍-

''အသျှင်တို့ ကောင်းလှပေစွ၊ (အသျှင်သာရိပုတြာသည်) သီတင်းသုံးဖော်တို့ကို အကုသိုလ်မှ ထစေ၍ကုသိုလ်၌ တည်စေဘိ၏'' ဟု (အမြိုက်အရသာကို သောက်ကုန်ဘိသကဲ့သို့လည်းကောင်း၊ သုဓာဘုတ်ကိုစားကုန်ဘိသကဲ့သို့လည်းကောင်း) နှုတ်ရောစိတ်ပါ သောက်ကြ စားကြလေယောင် တကား'' ဟုလျှောက်ကြား၏။

ဤသို့လျှင် ထို (အဂ္ဂသာဝက) ရဟန္တာ အရှင်မြတ်ကြီး နှစ်ပါးတို့သည် အချင်းချင်း ကောင်းစွာဟောပြောသော စကားကို ဝမ်းမြောက်ကြလေကုန်သတည်း။

ငါးခုမြောက် အနင်္ဂဏသုတ်ပြီး၏။

------

၁။ ပေါက်ဆိန် စသည် လုပ်ရာဌာနကို ပန်းပဲဖို၊ ကြေးခွက်ကြေးဇွန်း စသည် လုပ်ရာဌာနကို ပန်းတဉ်း၊ ရွှေငွေလက်ကောက် စသည် လုပ်ရာဌာနကို ပန်းထိမ်ဟု ခေါ်ရိုးရှိသည်။

၆- အာကင်္ခေယျသုတ်

၆၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟုခေါ်တော်မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား'' ဟုပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤတရားဒေသနာကို ဟောကြားတော်မူ၏ -

ရဟန်းတို့ သီလနှင့် ပြည့်စုံ ပါတိမောက်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် အာစာရသီလ ဂေါစရသီလတို့နှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ နေကြကုန်လော့၊ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်ကြကုန်လော့။

၆၅။ ရဟန်းတို့ ရဟန်းသည် ''သီတင်းသုံးဖော်တို့၏ ချစ်ခင်အပ်သူ မြတ်နိုးအပ်သူ လေးစား အပ်သူ ချီးမွမ်းအပ်သူ ဖြစ်လို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ မိမိ၏ စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူ ဆိတ်ငြိမ်ရာ (ကျောင်း) တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁)

ရဟန်းတို့ ရဟန်းသည် ''သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေ့အသုံးအဆောင်တို့ကို ရသူဖြစ်လို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ မိမိ၏စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၂)

ရဟန်းတို့ ရဟန်းသည် ''ငါသည် အကြင်ပုဂ္ဂိုလ်တို့၏ သင်္ကန်း ဆွမ်း ကျောင်းအိပ်ရာနေရာ သူနာ၏အထောက်အပံ့ ဆေးအသုံးအဆောင်ကို သုံးဆောင်၏၊ ထိုပုဂ္ဂိုလ်တို့၏ ထိုဒါနပြုခြင်းတို့သည်ကြီးမြတ်သော အကျိုးအာနိသင်ရှိကြပါစေ'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ မိမိ၏စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၃)

ရဟန်းတို့ ရဟန်းသည် ''သေ၍ပြိတ္တာဖြစ်နေကြသော ငါ၏ အကြင် ဆွေမျိုးသားချင်းတို့သည် ငါ့ကိုကြည်ညိုစိတ်ဖြင့် အောက်မေ့ကြကုန်၏၊ ထိုဆွေမျိုးသားချင်းတို့၏ ထိုကြည်ညိုစိတ်ဖြင့် အောက်မေ့မှုသည် ကြီးမြတ်သော အကျိုးအာနိသင်ရှိပါစေ'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူမိမိ၏ စိတ်ကိုငြိမ်သက်အောင် ကြိုးစားသူ (ကမ္မဋ္ဌာန်း) ရှုမှုကို ပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၄)

၆၆။ ရဟန်းတို့ ရဟန်းသည် ''မပျော်မွေ့မှု ပျော်မွေ့မှုတို့ကို နှိမ်နင်းသူ ဖြစ်ရလို၏၊ ငါ့ကိုမပျော်မွေ့မှုသည် မနှိမ်နင်းစေရာ၊ ဖြစ်ပေါ်လာသည့် မပျော်မွေ့မှုကို ဖိနှိပ်၍ ဖိနှိပ်၍ နေလို၏'' ဟုအကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၅)

ရဟန်းတို့ ရဟန်းသည် ''ကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်ကို နှိမ်နင်းသူ ဖြစ်ရလို၏၊ ငါ့ကိုကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်သည် မနှိမ်နင်းစေရာ၊ ဖြစ်ပေါ်လာသည့် ကြောက်ရွံ့ခြင်းနှင့် ကြောက်မက်ဖွယ်ကို ဖိနှိပ်၍ ဖိနှိပ်၍ နေလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၆)

ရဟန်းတို့ ရဟန်းသည် ''အလွန်စင်ကြယ်သော စိတ်ကြောင့် ဖြစ်သည့် မျက်မှောက်ချမ်းသာစွာနေရရေး ဟူသော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူ ဖြစ်ရလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကိုတိုးပွားစေ သူသာလျှင် ဖြစ်ရာ၏။ (၇)

ရဟန်းတို့ ရဟန်းသည် ''ရုပ်တို့ကို လွန်မြောက်ခြင်းကြောင့် အေးမြသော အရူပဖြစ်သည့် ဝိမောက္ခ (ဈာန်)တို့ကို (နာမ်) ကိုယ်ဖြင့် ထိရောက်၍ နေလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၈)

၆၇။ ရဟန်းတို့ ရဟန်းသည် ''သုံးပါးသော သံယောဇဉ်အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့်အပါယ်သို့ ကျခြင်းသဘောမရှိသော ကိန်းသေမြဲသော အထက်မဂ်သုံးပါးလျှင် လားရာရှိသောသောတာပန် ဖြစ်လို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၉)

ရဟန်းတို့ ရဟန်းသည် ''သုံးပါးသော သံယောဇဉ်အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့်လည်းကောင်း၊ တပ်မက်ခြင်း 'ရာဂ' ကြမ်းတမ်းပြစ်မှားခြင်း 'ဒေါသ' တွေဝေခြင်း 'မောဟ'တို့၏ ခေါင်းပါးခြင်းကြောင့်လည်းကောင်း ဤ (လူ့) လောကသို့ တစ်ကြိမ်သာလာ၍ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့သော သကဒါဂါမ် ဖြစ်လို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၀)

ရဟန်းတို့ ရဟန်းသည် ''အောက် (ကာမဘုံ) ၌ (ပဋိသန္ဓေနေခြင်း) အဖို့ရှိသည့် ငါးပါးသော သံယောဇဉ့်အနှောင်အဖွဲ့တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် (ဗြဟ္မာဘုံ၌) ဥပပါတ် ပဋိသန္ဓေနေ၍ ထို (ဘုံ) ၌ သာလျှင်ပရိနိဗ္ဗာန် ပြုလတ္တံ့သော ထိုဘုံမှ ပြန်လည်ခြင်းသဘောမရှိသူ ဖြစ်ရလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူသီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၁)

၆၈။ ရဟန်းတို့ ရဟန်းသည် ''များပြားသော တန်ခိုးကို ဖန်ဆင်းလို၏၊ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်လို၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်း ဖြစ်လို၏၊ ကိုယ်ထင်ရှားဖြစ်စေ လို၏၊ ကိုယ်ပျောက် စေလို၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲကောင်းကင် ၌ကဲ့သို့ သွားလို၏၊ မြေ၌လည်း ငုပ်ခြင်း ပေါ်ခြင်းကို ရေ၌ကဲ့သို့ ပြုလို၏၊ ရေ၌လည်းမကွဲစေဘဲ မြေ၌ ကဲ့သို့ သွားလို၏၊ ကောင်းကင်၌လည်း ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသောငှက်ကဲ့သို့ သွားလို၏၊ ဤမျှ တန်ခိုးကြီး၍ ဤမျှ အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုပင် လက်ဖြင့်သုံးသပ်လို၏၊ ဆုပ်ကိုင်လို၏၊ ဗြဟ္မာ့ပြည် တိုင်အောင်လည်း ကိုယ်ကို (မိမိ) အလိုအတိုင်းဖြစ်စေလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကိုတိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၂)

ရဟန်းတို့ ရဟန်းသည် ''အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်တို့၏နားနှင့်တူသော နား 'ဒိဗ္ဗသောတဉာဏ်' ဖြင့် နတ်၌လည်း ဖြစ်ကုန်သော လူ၌လည်း ဖြစ်ကုန် သောဝေးသည်လည်း ဖြစ်ကုန်သော နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားလို၏'' ဟုအကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၃)

ရဟန်းတို့ ရဟန်းသည် ''တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို (မိမိ) စိတ်ဖြင့်ပိုင်းခြား၍ သိလို၏၊ တပ်မက်ခြင်းနှင့် တကွသော စိတ်ကိုလည်း 'တပ်မက်ခြင်းနှင့် တကွသော စိတ်'ဟုသိလို၏၊ တပ်မက်ခြင်းကင်းသော စိတ်ကိုလည်း 'တပ်မက်ခြင်းကင်းသောစိတ်'ဟု သိလို၏၊ အမျက်ထွက်ခြင်းနှင့်တကွသော စိတ်ကိုလည်း 'အမျက်ထွက်ခြင်းနှင့် တကွသောစိတ်'ဟု သိလို၏၊ အမျက်ထွက်ခြင်းကင်းသော စိတ်ကိုလည်း 'အမျက်ထွက်ခြင်းကင်းသော စိတ်'ဟု သိလို၏၊ တွေဝေခြင်းနှင့်တကွသော စိတ်ကိုလည်း 'တွေဝေခြင်းနှင့် တကွသော စိတ်'ဟု သိလို၏၊ တွေဝေခြင်းကင်းသောစိတ်ကိုလည်း 'တွေဝေခြင်းကင်းသော စိတ်'ဟု သိလို၏၊ ကျုံ့သော စိတ်ကိုလည်း 'ကျုံ့သောစိတ်'ဟုသိလို၏၊ ပျံ့သော စိတ်ကိုလည်း 'ပျံ့သောစိတ်'ဟု သိလို၏၊ မဟဂ္ဂုတ်စိတ်ကိုလည်း 'မဟဂ္ဂုတ်စိတ်'ဟုသိလို၏၊ မဟဂ္ဂုတ်မဟုတ်သော စိတ်ကိုလည်း 'မဟဂ္ဂုတ်မဟုတ်သော စိတ်'ဟု သိလို၏၊ သာလွန်သောတရားရှိသော စိတ်ကိုလည်း 'သာလွန်သော တရားရှိသောစိတ်'ဟု သိလို၏၊ သာလွန်သော တရားမရှိသောစိတ်ကိုလည်း 'သာလွန်သော တရားမရှိသောစိတ်'ဟု သိလို၏၊ တည်ကြည်သော စိတ်ကိုလည်း 'တည်ကြည်သောစိတ်'ဟု သိလို၏၊ မတည်ကြည်သော စိတ်ကိုလည်း 'မတည်ကြည်သောစိတ်'ဟုသိလို၏၊ လွတ်မြောက်သော စိတ်ကိုလည်း 'လွတ်မြောက်သောစိတ်'ဟု သိလို၏၊ မလွတ်မြောက်သောစိတ်ကိုလည်း 'မလွတ်မြောက်သောစိတ်'ဟု သိလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကိုဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၄)

ရဟန်းတို့ ရဟန်းသည် ''များပြားသော ရှေး၌ဖြစ်ဖူးသည်ကို အောက်မေ့လို၏၊ ဤသည်ကားအဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်း့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း 'ဤမည်သောဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သောအစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲ ခံစားခြင်းရှိခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့ သောအမည်ဤသို့သောအနွယ် ဤသို့သောအဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲ ခံစားခြင်းဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏'ဟုဤသို့အခြင်းအရာနှင့်တကွ အဖြစ်သနစ်နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသည် ကိုအောက်မေ့လို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကို ဖြည့်ကျင့်သူ။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၅)

ရဟန်းတို့ ရဟန်းသည် ''အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သောနတ်မျက်စိနှင့်တူသော မျက်စိ 'ဒိဗ္ဗစက္ခုဉာဏ်' ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါမြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ၊ အဆင်းမလှသောသတ္တဝါ၊ ကောင်းသောလားရာရှိသောသတ္တဝါ၊ မကောင်းသောလားရာ ရှိသောသတ္တဝါတို့ကို မြင်လို၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိလို၏၊ 'အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသောမကောင်းသော အကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနော ဒုစရိုက်'တို့နှင့် ပြည့်စုံ၏၊ အရိယာတို့ကိုစွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသောအယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်း သော မကောင်းသောလားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသောကောင်းသော အကျင့် 'ကာယသုစရိုက်'၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်'တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သောအယူရှိကုန်၏၊ မှန်သောအယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည် သို့ ရောက်ကုန်၏'ဟု ဤသို့လျှင်အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ 'ဒိဗ္ဗစက္ခုဉာဏ်' ဖြင့် သေဆဲသတ္တဝါ၊ ဖြစ်ပေါ်ဆဲသတ္တဝါ၊ ယုတ်သောသတ္တဝါ၊ မြတ်သောသတ္တဝါ၊ အဆင်းလှသောသတ္တဝါ၊ အဆင်းမလှသောသတ္တဝါ၊ ကောင်းသော လားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်လို၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကိုသိလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူ သီလတို့ကိုသာလျှင် ဖြည့်ကျင့်သူ ဖြစ်ရာ၏။ပ။ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၆)

၆၉။ ရဟန်းတို့ ရဟန်းသည် ''အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင်လျှင်ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေလို၏'' ဟု အကယ်၍ တောင့်တခဲ့ပါမူသီလတို့ကို သာလျှင် ဖြည့်ကျင့်သူ မိမိ၏ စိတ်ကိုငြိမ်အောင် ကြိုးစားသူ ကမ္မဋ္ဌာန်းရှုမှုကိုပစ်ပယ်မထားသူ ဝိပဿနာနှင့် ပြည့်စုံသူ ဆိတ်ငြိမ်ရာ (ကျောင်း)တို့ကို တိုးပွားစေသူသာလျှင် ဖြစ်ရာ၏။ (၁၇)

''ရဟန်းတို့ သီလနှင့် ပြည့်စုံ ပါတိမောက်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်းလျက် အာစာရသီလ ဂေါစရသီလတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ့အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟုရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်ကြကုန်လော့'' ဟု ဟောခဲ့သော စကားသည် ဤသည်ကို စွဲ၍ ဟောကြားတော်မူခြင်းဖြစ်၏ဟု-

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ခြောက်ခုမြောက် အာကင်္ခေယျသုတ်ပြီး၏။

------

၁။ ၁- ဆိတ်ငြိမ်ရာအရပ်၌ဖြစ်သော ကမ္မဋ္ဌာန်းတို့ကို

၇- ဝတ္ထသုတ်

၇၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟုခေါ်တော် မူ၏။ ရဟန်းတို့သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား'' ဟု ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာ ဘုရားသည် ဤတရား ဒေသနာကို ဟောတော်မူ၏ -

ရဟန်းတို့ ဥပမာသော်ကား ညစ်နွမ်းသော အညစ်အကြေးကပ်စွဲနေသော အဝတ်ကို ဆေးဆိုးသမားသည် အညိုရောင်အတွက်ဖြစ်စေ၊ အရွှေရောင်အတွက်ဖြစ်စေ၊ အနီရောင်အတွက်ဖြစ်စေ၊ မောင်းသောအရောင်အတွက်ဖြစ်စေ အကြင်အကြင်သို့သော ဆိုးရည်၌ ထည့်ခဲ့လျှင် မကောင်းသောအရောင်မစင်ကြယ် သောအရောင်သာလျှင် ဖြစ်ရာ၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့အဝတ်မစင်ကြယ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် စိတ်ညစ်နွမ်းခဲ့သော်မကောင်းသောလားရာ 'ဂတိ'ကို အလိုရှိ အပ်၏။

ရဟန်းတို့ ဥပမာသော်ကား စင်ကြယ်ဖြူဖွေးသော အဝတ်ကို ဆေးဆိုးသမားသည် အညိုရောင်အတွက်ဖြစ်စေ၊ အရွှေရောင်အတွက်ဖြစ်စေ၊ အနီရောင်အတွက်ဖြစ်စေ၊ မောင်းသောအရောင်အတွက်ဖြစ်စေအကြင်အကြင် သို့သော ဆိုးရည်၌ ထည့်ခဲ့လျှင် ကောင်းစွာစွဲသောအရောင်စင်ကြယ်သောအရောင်သာလျှင် ဖြစ်ရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့အဝတ်စင်ကြယ်ခြင်းကြောင့်တည်း။ ရဟန်းတို့ ဤအတူပင် စိတ်မညစ်နွမ်းခဲ့သော် ကောင်းသောလားရာ 'ဂတိ'ကို အလိုရှိအပ်၏။

၇၁။ ရဟန်းတို့ စိတ်ညစ်ညူးကြောင်း တရားတို့ကား အဘယ်တို့နည်း။ (သူတစ်ပါးစည်းစိမ်ကို) ရှေးရှုကြံစည်ခြင်း 'အဘိဇ္ဈ ာ'၊ မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း 'ဝိသမလောဘ' သည် စိတ်၏ညစ်ညူးကြောင်းတည်း။ သူတစ်ပါးပျက်စီးစေလိုခြင်း 'ဗျာပါဒ'၊ အမျက်ထွက်ခြင်း 'ကောဓ'၊ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'၊ ဂုဏ်ပြိုင်ခြင်း 'ပဠာသ'၊ ငြူစူခြင်း 'ဣဿာ'၊ ဝန်တိုခြင်း 'မစ္ဆရိယ'၊ လှည့်ပတ်ခြင်း 'မာယာ'၊ စဉ်းလဲခြင်း 'သာဌေယျ'၊ စိတ်ခက်ထန်ခြင်း 'ထမ္ဘ'၊ ခြုတ်ခြယ်ခြင်း 'သာရမ္ဘ'၊ မောက်မော်ခြင်း 'မာန'၊ အလွန်မောက်မော်ခြင်း 'အတိမာန'၊ မာန်ယစ်ခြင်း 'မဒ'၊ သတိမေ့လျော့ခြင်း 'ပမာဒ'သည် စိတ်၏ ညစ်ညူးကြောင်းတည်း။

၇၂။ ရဟန်းတို့ ရဟန်းသည် (သူတစ်ပါးစည်းစိမ်ကို) ရှေးရှုကြံစည်ခြင်း 'အဘိဇ္ဈ ာ'၊ မသင့်လျော် ရာ၌လိုချင် တပ်မက်ခြင်း 'ဝိသမလောဘ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ သူတစ်ပါးပျက်စီးစေလိုခြင်း 'ဗျာပါဒ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ အမျက်ထွက်ခြင်း့ 'ကောဓ' ကို စိတ်ညစ်ညူးကြောင်းဟု သိ၍ ပယ်စွန့်၏။ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ဂုဏ်ပြိုင်ခြင်း 'ပဠာသ' ကို စိတ်ညစ်ညူး ကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ငြူစူခြင်း 'ဣဿာ' ကို စိတ်ညစ်ညူးကြောင်းဟု သိ၍ ပယ်စွန့်၏။ ဝန်တိုခြင်း 'မစ္ဆရိယ' ကို စိတ်ညစ်ညူးကြောင်းတည်ဟု သိ၍ ပယ်စွန့်၏။ လှည့်ပတ်ခြင်း 'မာယာ' ကို စိတ်ညစ်ညူးကြောင်းတည်းဟုသိ၍ ပယ်စွန့်၏။ စဉ်းလဲခြင်း 'သာဌေယျ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ စိတ်ခက်ထန်ခြင်း 'ထမ္ဘ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ ခြုတ်ခြယ်ခြင်း 'သာရ မ္ဘ' ကိုစိတ်ညစ် ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ မောက်မော်ခြင်း 'မာန' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ အလွန်မောက်မော်ခြင်း 'အတိမာန'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ပယ်စွန့်၏။ မာန်ယစ်ခြင်း 'မဒ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။ သတိမေ့လျော့ခြင်း 'ပမာဒ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်၏။

၇၃။ ရဟန်းတို့ အကြင်ရဟန်းအား (သူတစ်ပါးစည်းစိမ်ကို) ရှေးရှုကြံစည်ခြင်း 'အဘိဇ္ဈ ာ'၊ မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း 'ဝိသမလောဘ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ သူတစ်ပါးပျက်စီးစေလိုခြင်း 'ဗျာပါဒ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ အမျက်ထွက်ခြင်း 'ကောဓ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'ကိုစိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ ဂုဏ်ပြိုင်ခြင်း 'ပဠာသ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ငြူစူခြင်း 'ဣဿာ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ပယ်စွန့်ပြီး ဖြစ်၏။ ဝန်တိုခြင်း 'မစ္ဆရိယ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ လှည့်ပတ်ခြင်း 'မာယာ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ စဉ်းလဲခြင်း 'သာဌေယျ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီး ဖြစ်၏။ စိတ်ခက်ထန်ခြင်း 'ထမ္ဘ' ကိုစိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ ခြုတ်ခြယ်ခြင်း 'သာရ မ္ဘ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ မောက်မော်ခြင်း 'မာန'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ပယ်စွန့်ပြီးဖြစ်၏။ အလွန်မောက်မော်ခြင်း 'အတိမာန' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ မာန်ယစ်ခြင်း 'မဒ'ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။ သတိမေ့လျော့ခြင်း 'ပမာဒ' ကို စိတ်ညစ်ညူးကြောင်းတည်းဟု သိ၍ ပယ်စွန့်ပြီးဖြစ်၏။

၇၄။ ထို (ရဟန်း) သည် မြတ်စွာဘုရား၌ ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ'မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသောအကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူ၏၊ လောကကို သိတော်မူသောအကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရော ပုရိသဒမ္မသာရထိ' မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော် မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော် မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူ၏'' ဟု (မတုန် မလှုပ်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။) ့တရားတော်၌ ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ''မြတ်စွာဘုရား ကောင်းစွာဟောထားသော တရားတော်သည် ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးကို ပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟုပြထိုက်သော တရားတော်ပါပေတည်း၊ (မိမိကိုယ်ထဲစိတ်ထဲ၌) ဆောင်ယူထားထိုက် သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း'' ဟု (ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

သံဃာတော်၌ ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။

''မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် ကောင်းသော အကျင့် ရှိတော်မူ ပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် ဖြောင့်မတ်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် မှန်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် လျော်ကန်သော အကျင့် ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား 'သာဝက'သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကို သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူ ကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းကိုခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏'' ဟု (ဉာဏ်ဖြင့် သက်ဝင်၍ မတုန်မ လှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏)။

 

 

၇၅။ ထိုရဟန်းသည် ပိုင်းခြားထားတိုင်းသော ကိလေသာကို စွန့်ပစ်ပြီးဖြစ်၏၊ ထွေးအန်ပြီးဖြစ်၏၊ လွတ်ကင်းပြီးဖြစ်၏၊ ပယ်ရှင်းပြီးဖြစ်၏၊ တစ်ဖန်ပယ်စွန့်ပြီးဖြစ်၏။ ထိုရဟန်းသည် ''ငါသည် မြတ်စွာဘုရား၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏'' ဟု အနက်အဓိပ္ပါယ်ကိုသိခြင်း တရားကိုသိခြင်းတရားနှင့်စပ် သော ဝမ်းသာခြင်းကို ရ၏၊ ဝမ်းသာသော ရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်စိတ်ရှိသော ရဟန်း အား ကိုယ်သည် အေးမြ၏၊ ကိုယ်အေးမြသော ရဟန်းသည် ချမ်းသာမှုကိုခံစားရ၏၊ ချမ်းသာမှုရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

''ငါသည် တရားတော်၌။ပ။ ငါသည် သံဃာတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံ၏'' ဟုအနက်အဓိပ္ပါယ်ကိုသိခြင်း တရားကိုသိခြင်း တရားနှင့်စပ်သော ဝမ်းသာခြင်းကို ရ၏၊ ဝမ်းသာသောရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်စိတ်ရှိသော ရဟန်းအား ကိုယ်အေးမြ၏၊ ကိုယ်အေးမြသောရဟန်းသည် ချမ်းသာမှုကို ခံစားရ၏၊ ချမ်းသာမှုရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

(ထိုရဟန်းသည်) ''ငါသည် ပိုင်းခြားထားတိုင်းသော ကိလေသာကို စွန့်ပစ်ပြီးဖြစ်၏၊ ထွေးအန်ပြီးဖြစ်၏၊ လွတ်ကင်းပြီးဖြစ်၏၊ ပယ်ရှင်းပြီးဖြစ်၏၊ တစ်ဖန်ပယ်စွန့်ပြီးဖြစ်၏'' ဟု အနက်အဓိပ္ပါယ်ကိုသိခြင်းတရားကိုသိခြင်း တရားနှင့်စပ်သော ဝမ်းသာခြင်းကို ရ၏၊ ဝမ်းသာသော ရဟန်းအား နှစ်သက်ခြင်းဖြစ်၏၊ နှစ်သက်စိတ်ရှိသော ရဟန်းအား ကိုယ်အေးမြ၏၊ ကိုယ်အေးမြသော ရဟန်းသည်ချမ်းသာခြင်းကို ခံစားရ၏၊ ချမ်းသာခြင်းရှိသော ရဟန်း၏ စိတ်သည် တည်ကြည်၏။

၇၆။ ရဟန်းတို့ ဤသို့သော အလေ့အကျင့် ဤသို့သော သဘော ဤသို့သော အသိပညာရှိသောရဟန်းသည် ဆန်မည်းကို ရွေးချယ်ထားသော သလေးဆွမ်းနှင့် များစွာသောဟင်း, စားမဲဟင်းလျာကိုအကယ်၍ သုံးဆောင်စေကာမူ ထိုသုံးဆောင်ခြင်းသည် ထိုရဟန်းအား (မဂ်ဖိုလ်၏) အန္တရာယ် မဖြစ်နိုင်ချေ။ ရဟန်းတို့ ဥပမာသော်ကား ညစ်နွမ်းသော အညစ်အကြေးကပ်စွဲနေသော အဝတ်သည် ကြည်လင်သော ရေကို အကြောင်းပြု၍ စင်ကြယ် ဖြူဖွေးသကဲ့သို့လည်းကောင်း၊ ရွှေသည် မိုက်ဝကို အကြောင်းပြု၍အညစ်အကြေး စင်ကြယ်ဝင်းလက် သကဲ့သို့လည်းကောင်း ဤအတူပင် ဤသို့သော အလေ့အကျင့် ဤ့သို့သောသဘော ဤသို့သော အသိပညာ ရှိသော ရဟန်းသည် ဆန်မည်းကို ရွေးချယ်ထားသောသလေးဆွမ်းနှင့် များစွာသောဟင်း, စားမဲဟင်းလျာကို အကယ်၍ သုံးဆောင်စေကာမူ ထိုသုံးဆောင်ခြင်းသည် ထိုရဟန်းအား (မဂ်ဖိုလ်)၏ အန္တရာယ် မဖြစ်နိုင်ချေ။

၇၇။ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ထို့အတူနှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ဤနည်းဖြင့် အထက် အောက် ဖီလာ အရပ်မျက်နှာ အလုံးစုံတို့၌ သတ္တဝါအားလုံးကိုမိမိနှင့် အတူပြု၍ သတ္တဝါအားလုံးပါဝင်သော သတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြမရှိသော မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။ ကရုဏာနှင့်ယှဉ်သော စိတ်ဖြင့်။ပ။ မုဒိတာနှင့် ယှဉ်သော စိတ်ဖြင့်။ပ။ ဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့်တစ်ခုသော အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ထို့အတူ နှစ်ခုမြောက် အရပ်မျက်နှာကို။ သုံးခုမြောက် အရပ်မျက်နှာကို။ လေးခုမြောက် အရပ်မျက်နှာကို ပျံ့နှံ့စေလျက် နေ၏။ ဤနည်းဖြင့် အထက်အောက် ဖီလာ အရပ်မျက်နှာအလုံးစုံတို့၌ သတ္တဝါအားလုံးကို မိမိနှင့်အတူပြု၍ သတ္တဝါအားလုံးပါဝင်သောသတ္တလောကကို ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ကြောင့်ကြမရှိသောဥပေက္ခာနှင့်ယှဉ်သော စိတ်ဖြင့် ပျံ့နှံ့စေလျက် နေ၏။

၇၈။ ထိုရဟန်းသည် ''ဤနာမ်ရုပ်တရားသည် ရှိ၏'' ဟု ခွဲခြား၍ သိ၏၊ ''ယုတ်ညံ့သော (လောဘ) တရားသည် ရှိ၏'' ဟု ခွဲခြား၍ သိ၏၊ ''မြတ်သော (အရိယာမဂ်) တရားသည် ရှိ၏'' ဟု ခွဲခြား၍ သိ၏၊ ''ဤ (ငါရနေသော ဗြဟ္မဝိဟာရ) စိတ်ထက် သာလွန်သော ထွက်မြောက်ရာ (နိဗ္ဗာန်) တရားသည် ရှိ၏ဟုခွဲခြား၍ သိ၏၊ ဤသို့သိသော ဤသို့မြင်သော ထို (ရဟန်း)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏။ လွတ်မြောက်ပြီးလတ် သော် ''လွတ်မြောက်လေပြီ'' ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့် သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ်မရှိတော့ပြီ'' ဟု သိ၏။

ရဟန်းတို့ ဤရဟန်းကို အတွင်း၌ ဖြစ်သော ရေချိုးခြင်းဖြင့် ရေချိုးပြီးသော ရဟန်းဟု ခေါ်ဆိုရ၏ဟု (မိန့်တော်မူ၏)။

၇၉။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏ အနီး၌ ထိုင်နေ၏။ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား-

အသျှင်ဂေါတမသည် ဗာဟုကာမြစ်သို့ ရေချိုးရန် သွားပါသလောဟု လျှောက်ထား၏။

ပုဏ္ဏား ဗာဟုကာမြစ်ဖြင့် အဘယ် အကျိုးရှိမည်နည်း၊ ဗာဟုကာမြစ်သည် အဘယ် (အကျိုး) ကိုပြုလုပ်နိုင်မည်နည်းဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ဗာဟုကာမြစ်သည် (ကိလေသာကို) ခေါင်းပါးစေတတ်၏ဟု လူအများက သမုတ်ထားပါ၏၊ အသျှင်ဂေါတမ ဗာဟုကာမြစ်သည် (ကိလေသာကို) စင်ကြယ်စေတတ်၏ဟု လူအများကသမုတ်ထားပါ၏၊ လူအများသည် ပြုပြီးသော မကောင်းမှုကို ဗာဟုကာမြစ်၌ မျှောကြပါ၏ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိက ဘာရဒွါဇပုဏ္ဏားကို ဂါထာတို့ဖြင့် ဟောကြားတော်မူ၏။ ပုဏ္ဏား ဗာဟုကာမြစ်သို့လည်းကောင်း၊ အဓိကက္ကဆိပ်သို့လည်းကောင်း၊ ဂယာ ဆိပ်သို့လည်းကောင်း၊ သုန္ဒရိကမြစ်သို့လည်းကောင်း၊ သရဿတီမြစ်သို့လည်း ကောင်း၊ ပယာဂဆိပ်သို့လည်းကောင်း၊ ဗာဟုမတီမြစ်သို့လည်းကောင်း မည်းညစ် သော ကံရှိသော သူမိုက်သည် အမြဲပင်ဝင်ရောက်ချိုးသုံးသော်လည်း မစင်ကြယ် နိုင်ချေ။

သုန္ဒရိကမြစ်သည် အဘယ်ကို ပြုလုပ်နိုင်မည်နည်း၊ ပယာဂဆိပ်နှင့် ဗာဟုကာ မြစ်သည် အဘယ်ကိုပြုလုပ်နိုင်မည်နည်း၊ ရန်ရှိသော ကြမ်းကြုတ်သည့်အမှုကို ပြုလုပ်ထားသော မကောင်းမှုကံရှိသူကိုမသုတ်သင်နိုင်ချေ။ (ကိလေသာ) စင်ကြယ်သူအား စင်စစ် အခါခပ်သိမ်း ဖဂ္ဂုနီနက္ခတ်ကောင်းကြုံ လျက်ရှိ၍ အခါခပ်သိမ်းဥပုသ်စောင့်သုံးပြီး ဖြစ်နေ၏။ စင်ကြယ်သော သန့်ရှင်း သော အမှုရှိသူအား ကျင့်ဝတ်သည် အခါခပ်သိမ်းပြည့်စုံသည်သာတည်း၊ ပုဏ္ဏား ဤသာသနာတော်၌သာ ရေချိုးလော့၊ သတ္တဝါအားလုံးတို့၌ဘေးကင်းသည်ကို ပြုလော့။ (သင်သည်) အကယ်၍ မဟုတ်မမှန် မပြောဆိုအံ့၊ အသက်ကို မသတ်ဖြတ်အံ့၊ မပေးသည်ကို မယူအံ့၊ ယုံကြည်သူ ဝန်မတိုသူ ဖြစ်ခဲ့အံ့။ ဂယာဆိပ်သို့ သွား၍ အဘယ်ကို ပြုလုပ်မည်နည်း၊ ရေတွင်းသည်လည်း သင့် အတွက် ဂယာဆိပ်ပင်ဖြစ်ပေ၏ဟု (မိန့်တော်မူ၏)။

၈၀။ ဤသို့ ဟောကြားတော်မူလတ်သော် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား-

''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသောဝတ္ထုကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသောဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ''မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'' ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏၊ အသျှင်ဂေါတမအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏'' ဟု လျှောက်ထား၏။

သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအထံတော်၌ ရှင်အဖြစ်ကို ရ၏၊ ရဟန်းအဖြစ်ကို ရ၏။ ရဟန်းဖြစ်၍ မကြာသေးသော အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ကပ်၍မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် (နိဗ္ဗာန်သို့) စိတ်ကို စေလွှတ်၍ နေသည်ရှိသော် လူ့ဘောင်မှရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးကောင်းသားတို့ လိုလားအပ်သော မြတ်သောအကျင့်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့်ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စ အလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိတော့ပြီ'' ဟုသိ၏၊ အသျှင်ဘာရဒွါဇသည် ရဟန္တာတို့တွင် တစ်ပါး (အပါအဝင်) ဖြစ်တော်မူလေသတည်း။

ခုနစ်ခုမြောက် ဝတ္ထသုတ်ပြီး၏။

------

၈- သလ္လေခသုတ်

၈၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင် မဟာစုန္ဒသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်လျက် မြတ်စွာဘုရားအား- ့

''အသျှင်ဘုရား အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သောဤမိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ပါကုန်၏။ အသျှင်ဘုရား နှလုံးသွင်းသောရဟန်းအား နှလုံးသွင်းစ၌ပင် ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်း စွန့်ခြင်းသည် ဖြစ်နိုင်ပါသလော'' ဟု လျှောက်၏။

၈၂။ စုန္ဒ အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သော ဤ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ကုန်၏။ ဤ မိစ္ဆာဒိဋ္ဌိတို့သည် အကြင် ခန္ဓာငါးပါး၌ ဖြစ်ပေါ်လာကုန်၏၊ ကိန်းဝပ်နေကုန်၏။ ဖြစ်ပွားနေကုန်၏၊ ထိုခန္ဓာငါးပါးကို ''ဤခန္ဓာငါးပါးသည် ငါ့ဥစ္စာမဟုတ်၊ ဤခန္ဓာ ငါးပါးသည် ငါမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ့အတ္တမဟုတ်'' ဟု ဤသို့သော အခြင်းအရာအားဖြင့်ဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ရှုမြင်သောသူအား ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်းစွန့်ခြင်းသည် ဖြစ်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း 'ဝိတက်' နှင့် တကွဖြစ်သော သုံးသပ်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသောပဌမ ဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟုစိတ်အကြံ အစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုမျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည်ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ခြင်း 'ဝိစာရ'တို့၏ချုပ်ငြိမ်းခြင်းကြောင့် မိမိကိုယ်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း 'သမာဓိ' ကိုဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ' ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်ကို ဝင်စား၍နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟုခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်း ကြောင့်လျစ်လျူရှု၍သာလျှင် နေ၏၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့်ထိုသူကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ'' ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်ကိုဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟုစိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာနေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ချမ်းသာခြင်း 'သုခ'ကိုလည်း ပယ်ခြင်းကြောင့်ဆင်းရဲခြင်း 'ဒုက္ခ' ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း 'သောမနဿ' နှလုံးမသာခြင်း 'ဒေါမနဿ'တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် စင်ကြယ်သော သတိရှိသော စတုတ္ထဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည်ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ့်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ ''ကောင်းကင်သည် အဆုံးမရှိ'' ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည်ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်း သည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာနေရရေးတရားတို့ဟု ခေါ်ဆိုရ ကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''တစ်စုံတစ်ခုမျှ မရှိ'' ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကိုအရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

၈၃။ စုန္ဒ ဤဆိုလတ္တံ့သော အရာတို့၌ သင်တို့သည် ခေါင်းပါးခြင်းကို ပြုသင့်၏၊ အခြားသူတို့ သည်ညှဉ်းဆဲတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အသက်သတ်ခြင်းကို ပြုတတ်သူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မပေးသည်ကို ယူတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မမြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မဟုတ်မမှန်ပြောတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကုန်းစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကုန်းစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကြမ်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ကြမ်းသောစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပြိန်ဖျင်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ပြိန်ဖျင်းသော စကားပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည့် (သူတစ်ပါး ပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ရှေးရှုမကြံစည် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့ဖျက်ဆီးလိုသောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဖျက်ဆီးလိုသောစိတ်မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်း ပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအယူရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အယူရှိကြသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အကြံအစည်ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အကြံ အစည်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော စကား ရှိကြသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ မှန်ကန်သော စကားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအမှု ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ ကား ဤအရာ၌မှန်ကန်သောအမှု ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြား သူတို့သည်မှားယွင်းသော အသက်မွေးမှုရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန် သောအသက်မွေးမှုရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော လုံ့လရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော လုံ့လရှိကြ သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အောက်မေ့ခြင်းရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အောက်မေ့ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော ဉာဏ်ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မှန်ကန်သော ဉာဏ်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်မှားယွင်း သော လွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သောလွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

အခြားသူတို့သည် လေးလံထိုင်းမှိုင်းခြင်း နှိပ်စက်ခံရသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌လေးလံထိုင်းမှိုင်းခြင်းကင်းကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ပျံ့လွင့်သောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပျံ့လွင့်သောစိတ် မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုံမှားတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ယုံမှားခြင်းကို လွန်မြောက်ကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အမျက်ထွက်လေ့ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အမျက်ထွက်လေ့ မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ရန်ငြိုးဖွဲ့တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရန်ငြိုးမဖွဲ့တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်ကျေးဇူးကို မချေဖျက်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဂုဏ်ပြိုင်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်မပြိုင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ငြူစူတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မငြူစူတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဝန်တိုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဝန်မတိုတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် စဉ်းလဲတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မစဉ်းလဲ တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် လှည့်ပတ်တတ့်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မလှည့်ပတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ခက်ထန်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မခက်ထန် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်အလွန်မောက်မာသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အလွန်မမောက်မာသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အပြောအဆိုခက်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အပြော အဆို လွယ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုတ်မာသော မိတ်ဆွေရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ကောင်းသော မိတ်ဆွေရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သတိမေ့လျော့သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤ အရာ၌ သတိမမေ့မလျော့သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သဒ္ဓါ တရားမရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ သဒ္ဓါတရားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အရှက်မရှိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရှက်စိတ်ရှိသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မကြောက်လန့်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကြောက်လန့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အကြားအမြင်မရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ အကြားအမြင်များသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပျင်းရိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ လုံ့လစိုက် ထုတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သတိလွတ်သောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ ထင်သော သတိရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပညာမဲ့သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပညာနှင့် ပြည့်စုံသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာယူကြကုန်လျက်ပြန်လည် မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မိမိအယူကို လွန်စွာမစွဲလမ်းဘဲမြဲမြံစွာမယူကြကုန်ဘဲ ပြန်လည် စွန့်လွှတ်နိုင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

၈၄။ စုန္ဒ ငါဘုရားသည် ကုသိုလ်တရားတို့၌ စိတ်ဖြစ်ပေါ်ခြင်းမျှကိုလည်း ကျေးဇူးများ လှ၏ဟုဟော၏၊ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ပြုလုပ် စီမံ စေခိုင်းခြင်း စသည်တို့၌ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ စုန္ဒ ထို့ကြောင့် အခြားသူတို့သည် ညှဉ်းဆဲတတ်သူတို့ ဖြစ်ကြ သော်လည်း ငါတို့သည်ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ အခြားသူတို့သည်အသက်သတ်ခြင်းကို ပြုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှကြဉ်ရှောင်သူတို့ ဖြစ်ကြ ကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ပ။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာ ယူကြ ကုန်လျက် ပြန်လည်မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မိမိအယူကို လွန်စွာ မစွဲလမ်းဘဲ မြဲမြံစွာမယူကြကုန်ဘဲ ပြန်လည်စွန့်လွှတ်နိုင်သူတို့ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။

၈၅။ စုန္ဒ ဥပမာသော်ကား မညီညွတ်သော လမ်းရှိခဲ့သော် အခြားညီညွတ်သော လမ်းသည် ထို လမ်းကိုရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း၊ စုန္ဒ ဥပမာတစ်နည်းသော်ကား မညီညွတ်သော ဆိပ်ကမ်းရှိခဲ့သော်အခြားညီညွတ်သော ဆိပ်ကမ်းသည် ထိုဆိပ်ကမ်းကို ရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း စုန္ဒဤအတူပင် ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်အား မညှဉ်းဆဲမှုသည် ရှောင်လွှဲရန် လမ်း ဖြစ်၏။ အသက်သတ်ခြင်းကို ပြုသော ပုဂ္ဂိုလ်အား အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ မပေးသည်ကို ယူတတ်သော ပုဂ္ဂိုလ်အား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည့်ရှောင်လွှဲရန် လမ်းဖြစ်၏။ မမြတ်သောအကျင့်ကို ကျင့်တတ်သော ပုဂ္ဂိုလ်အား မမြတ်သောအကျင့်ကိုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မဟုတ်မမှန် ပြောတတ်သော ပုဂ္ဂိုလ်အားမဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကုန်းစကားကို ပြောတတ်သောပုဂ္ဂိုလ်အား ကုန်းစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကြမ်းသောစကားကို ပြောသောပုဂ္ဂိုလ်အား ကြမ်းသောစကားမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပြိန်ဖျင်းသောစကားကို ပြောတတ်သော ပုဂ္ဂိုလ်အားပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သော ပုဂ္ဂိုလ်အား (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှု မကြံစည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဖျက်ဆီးလိုသော စိတ်ရှိသောပုဂ္ဂိုလ်အား ဖျက်ဆီးလိုသောစိတ် မရှိ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အယူသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အကြံအစည်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အကြံအစည်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော စကားရှိသောပုဂ္ဂိုလ်အား မှန်ကန်သောစကားသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အမှုရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အသက်မွေးမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အသက်မွေးမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လုံ့လရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လုံ့လသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အောက်မေ့ခြင်း ရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အောက်မေ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော တည်ကြည်ခြင်းရှိသောပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော ဉာဏ်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော ဉာဏ်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လွတ်မြောက်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လွတ်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။

လေးလံထိုင်းမှိုင်းခြင်း အနှိပ်စက်ခံရသော ပုဂ္ဂိုလ်အား လေးလံထိုင်းမှိုင်းမှု ကင်းခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျံ့လွင့်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပျံ့လွင့်သော စိတ်သည် ရှောင်လွှဲရန်လမ်းဖြစ်၏။ ယုံမှားတတ်သော ပုဂ္ဂိုလ်အား ယုံမှားခြင်းကို လွန်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အမျက်ထွက်လေ့ရှိသော ပုဂ္ဂိုလ်အား အမျက်မထွက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်အား ရန်ငြိုးမဖွဲ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်သောပုဂ္ဂိုလ်အား ဂုဏ်ကျေဇူးကို မချေဖျက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ပြိုင်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်မပြိုင်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ငြူစူတတ်သော ပုဂ္ဂိုလ်အား မငြူစူခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဝန်တိုတတ်သော ပုဂ္ဂိုလ်အား ဝန်မတိုခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်အား မစဉ်းလဲခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ လှည့်ပတ်တတ်သော ပုဂ္ဂိုလ်အား မလှည့်ပတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ခက်ထန်တတ်သော ပုဂ္ဂိုလ်အား မခက်ထန်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အလွန်မောက်မာခြင်းရှိသော ပုဂ္ဂိုလ်အား အလွန် မောက်မာမှု မရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အပြောအဆိုခက်သောပုဂ္ဂိုလ်အား အပြောအဆိုလွယ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ယုတ်မာသောမိတ်ဆွေရှိသော ပုဂ္ဂိုလ်အား ကောင်းသောမိတ်ဆွေသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ သတိမေ့လျော့သော ပုဂ္ဂိုလ်အား သတိမမေ့မလျော့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်အား သဒ္ဓါတရားရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အရှက်မရှိသောပုဂ္ဂိုလ်အား ရှက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်အား ကြောက်လန့်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အကြားအမြင်မရှိသော ပုဂ္ဂိုလ်အား အကြားအမြင် များခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျင်းရိသော ပုဂ္ဂိုလ်အား လုံ့လစိုက်ထုတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သတိလွတ်သော ပုဂ္ဂိုလ်အား ထင်သော သတိသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပညာမဲ့သော ပုဂ္ဂိုလ်အား့ပညာနှင့်ပြည့်စုံခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မိမိအယူကို လွန်စွာ စွဲလမ်းကာ မြဲမြံစွာယူလျက်ပြန်လည်မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်အား မိမိအယူကို လွန်စွာမစွဲ လမ်းဘဲ မြဲမြံစွာ မယူဘဲ ပြန်လည်စွန့်လွှတ်နိုင်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။

၈၆။ စုန္ဒ ဥပမာသော်ကား အကုသိုလ်တရားအားလုံးတို့သည် အောက်အဖို့ (အပါယ်ဘုံ) သို့ရောက်ကြောင်း တရားဖြစ်ကုန်သကဲ့သို့လည်းကောင်း၊ ကုသိုလ်တရားအားလုံးတို့သည် အထက်အဖို့ (သုဂတိဘုံ) သို့ ရောက်ကြောင်းတရား ဖြစ်ကုန်သကဲ့သို့လည်းကောင်း ဤအတူပင် ညှဉ်းဆဲတတ်သောပုဂ္ဂိုလ်အား မညှဉ်းဆဲခြင်းသည် အထက်အဖို့အတွက် ဖြစ်၏။ အသက်ကို သတ်ဖြတ်တတ်သော ပုဂ္ဂိုလ်အား အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် အထက်အဖို့အတွက် ဖြစ်၏။ပ။ မိမိအယူကိုလွန်စွာ စွဲလမ်းကာ မြဲမြံစွာယူလျက် ပြန်လည်မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်အား မိမိ အယူကို လွန်စွာမစွဲလမ်းဘဲ မြဲမြံစွာ မယူဘဲ ပြန်လည်စွန့်လွှတ်နိုင်ခြင်းသည် အထက်အဖို့အတွက် ဖြစ်၏။

၈၇။ စုန္ဒ မိမိသည် (ကာမဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်နေသူဖြစ်လျက် (ကာမ ဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်သော အခြားသူကို ထုတ်ဆောင်နိုင်လိမ့်မည်ဟူသောအကြောင်းသည် မရှိချေ။ စုန္ဒ မိမိသည် (ကာမဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်နေသူမဟုတ်ခဲ့လျှင်ကား (ကာမဂုဏ်ငါးပါးတည်းဟူသော) ညွန်ပျောင်း၌ နစ်မြုပ်နေသော အခြားသူကို ထုတ်ဆောင်နိုင်လိမ့်မည် ဟူသော အကြောင်းသည် ရှိပေ၏။

စုန္ဒ မိမိသည် မယဉ်ကျေးသေးသူ မဆုံးမအပ်သေးသူ ကိလေသာမငြိမ်းအေးသေးသူဖြစ်လျက်အခြားသူကို ယဉ်ကျေးစေနိုင် ဆုံးမနိုင် ကိလေသာကိုငြိမ်းအေးစေနိုင်လိမ့်မည်ဟူသော အကြောင်းသည်မရှိချေ။ စုန္ဒ မိမိသည် ယဉ်ကျေးပြီးသူ ဆုံးမအပ်ပြီးသူ ကိလေသာငြိမ်းအေးပြီးသူ ဖြစ်ခဲ့လျှင်ကား အခြားသူကို ယဉ်ကျေးစေနိုင်၊ ဆုံးမနိုင်၊ ကိလေသာကိုငြိမ်းအေးစေနိုင်လိမ့်မည် ဟူသော အကြောင်းသည်ရှိပေ၏။

စုန္ဒ ဤအတူပင် ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်အား မညှဉ်းဆဲခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အသက်ကိုသတ်ဖြတ်တတ်သော ပုဂ္ဂိုလ်အား အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်း အေးရန်ဖြစ်၏။ မပေးသည်ကို ယူတတ်သော ပုဂ္ဂိုလ်အား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မမြတ်သောအကျင့်ကို ကျင့်တတ်သော ပုဂ္ဂိုလ်အား မမြတ်သောအကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မဟုတ်မမှန် ပြောတတ်သော ပုဂ္ဂိုလ်အား မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ကုန်းစကားကို ပြောတတ်သောပုဂ္ဂိုလ်အားကုန်းစကားမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ကြမ်းသောစကားကို ပြောတတ်သော ပုဂ္ဂိုလ်အား ကြမ်းသောစကားမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပြိန်ဖျင်းသော စကားကို ပြောတတ်သော ပုဂ္ဂိုလ်အားပြိန်ဖျင်းသော စကားကိုပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သော ပုဂ္ဂိုလ်အား (သူတစ်ပါးပစ္စည်း ဘဏ္ဍာကို) ရှေးရှုမကြံစည်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဖျက်ဆီးလိုသော စိတ်ရှိသော ပုဂ္ဂိုလ်အား ဖျက်ဆီးလိုသောစိတ်မရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အယူရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အယူရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အကြံအစည်ရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အကြံအစည်ရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသောစကားရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော စကားရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသောအမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အမှုရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အသက်မွေးမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အသက်မွေးမှုရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော လုံ့လရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လုံ့လရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော အောက်မေ့ခြင်းရှိသောပုဂ္ဂိုလ်အား မှန်ကန်သော ့အောက်မေ့ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော တည်ကြည်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော ဉာဏ်ရှိသော ပုဂ္ဂိုလ်အား မှန်ကန်သောဉာဏ်ရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မှားယွင်းသော လွန်မြောက်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သောလွန်မြောက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။

လေးလံထိုင်းမှိုင်းခြင်း အနှိပ်စက်ခံနေရသော ပုဂ္ဂိုလ်အား လေးလံထိုင်းမှိုင်းမှု ကင်းခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပျံ့လွင့်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပျံ့လွင့်သော စိတ်ရှိခြင်းသည်ငြိမ်းအေးရန်ဖြစ်၏။ ယုံမှားတတ်သော ပုဂ္ဂိုလ်အား ယုံမှားမှုကို လွန်မြောက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အမျက်ထွက်လေ့ရှိသော ပုဂ္ဂိုလ်အား အမျက်မထွက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်အား ရန်ငြိုးမဖွဲ့ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်ကျေးဇူးကို မချေဖျက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဂုဏ်ပြိုင်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်မပြိုင်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ငြူစူတတ်သော ပုဂ္ဂိုလ်အား မငြူစူခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ဝန်တိုတတ်သော ပုဂ္ဂိုလ်အား ဝန်မတိုခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်အားမစဉ်းလဲခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ လှည့်ပတ်တတ်သော ပုဂ္ဂိုလ်အား မလှည့်ပတ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ခက်ထန်တတ်သောပုဂ္ဂိုလ်အား မခက်ထန်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အလွန်မောက်မာခြင်းရှိသော ပုဂ္ဂိုလ်အား အလွန်မမောက်မာခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အပြောအဆိုခက်သောပုဂ္ဂိုလ်အား အပြောအဆိုလွယ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ယုတ်မာသောမိတ်ဆွေရှိသော ပုဂ္ဂိုလ်အားကောင်းသော မိတ်ဆွေရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ သတိမေ့လျော့သော ပုဂ္ဂိုလ်အား သတိမမေ့မလျော့ခြင်းသည်ငြိမ်းအေးရန်ဖြစ်၏။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်အား သဒ္ဓါတရားရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အရှက်မရှိသော ပုဂ္ဂိုလ်အား ရှက်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မကြောက်လန့်တတ်သောပုဂ္ဂိုလ်အား ကြောက်လန့်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ အကြားအမြင်မရှိသော ပုဂ္ဂိုလ်အားအကြားအမြင်များခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပျင်းရိသော ပုဂ္ဂိုလ်အား လုံ့လကြိုးကုတ် အားထုတ်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ သတိလွတ်သော ပုဂ္ဂိုလ်အား ထင်သောသတိရှိခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ ပညာမဲ့သော ပုဂ္ဂိုလ်အား ပညာနှင့်ပြည့်စုံခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။ မိမိအယူကိုလွန်စွာ စွဲလမ်းကာ မြဲမြံစွာယူလျက် ပြန်လည်မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်အား မိမိအယူကို လွန်စွာမစွဲလမ်းဘဲ မြဲမြံစွာမယူဘဲ ပြန်လည်စွန့်လွှတ်နိုင်ခြင်းသည်ငြိမ်းအေးရန် ဖြစ်၏။

၈၈။ စုန္ဒ ဤသို့လျှင် ငါဘုရားသည် (ကိလေသာ) ခေါင်းပါးခြင်းအကြောင်းကို ဟောကြားခဲ့ပြီ၊ စိတ်ဖြစ်ပုံအကြောင်းကို ဟောကြားခဲ့ပြီ၊ ရှောင်လွှဲခြင်းအကြောင်းကို ဟောကြားခဲ့ပြီ၊ အထက်အဖို့သို့ ရောက်ကြောင်းကို ဟောကြားခဲ့ပြီ၊ ငြိမ်းအေးခြင်းအကြောင်းကို ဟောကြားခဲ့ပြီ။ စုန္ဒ တပည့် 'သာဝက'တို့၏အကျိုးစီးပွားကို ရှာမှီး လိုလားလျက် အစဉ်သနားစိတ်ရှိသော သင်တို့ဆရာ ငါဘုရားသည် အစဉ်သနားစိတ်ကို စွဲ၍ ပြုသင့် ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ပြုပြီးပေပြီ။ စုန္ဒ ဤသည်တို့ကားသစ်ပင်ရင်း, ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ (တရားကို) ရှုဆင်ခြင်ကြကုန်လော့၊ သတိမမေ့မလျော့ကြကုန်လင့်၊ နောင်အခါမှ နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား ငါတို့၏ အဆုံးအမတော်ပေတည်းဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်မဟာစုန္ဒသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

မြတ်စွာဘုရားသခင်ဟောကြားတော်မူသည့် သလ္လေခမည်သော သုတ္တန်သည် နက်နဲ၏၊ သမုဒ္ဒရာနှင့်နှိုင်းယှဉ်သင့်၏၊ အကြောင်းငါးပါးတို့နှင့်တကွ လေးဆယ့်လေးပါးသော ပုဒ်တို့ကို ဟောကြားတော်မူ၏။

ရှစ်ခုမြောက် သလ္လေခသုတ်ပြီး၏။

------

၉- သမ္မာဒိဋ္ဌိသုတ်

၈၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့'' ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် အသျှင် သာရိပုတြာအား ''ငါ့သျှင်'' ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ အသျှင်သာရိပုတြာသည် ဤသို့ မိန့်ဆိုတော်မူ၏။

''ငါ့သျှင်တို့ မှန်ကန်သောအယူ မှန်ကန်သောအယူဟု ဆို၏၊ ငါ့သျှင်တို့ အဘယ်မျှသော အကြောင်းဖြင့် အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်သနည်း၊ ထိုသူသည် တရားတော်၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူဖြစ်သနည်း'' ဟု (မိန့်ဆိုတော်မူ၏)။

ငါ့သျှင် တပည့်တော်တို့သည် အသျှင်သာရိပုတြာ၏ အထံ၌ ဤ (ယခု) ဟောမြွက်သော တရား၏အနက်အဓိပ္ပါယ်ကို သိရန် အဝေးမှပင် လာကြရပါကုန်၏။ တောင်းပန်ပါ၏၊ ဤ (ယခု) ဟောမြွက်သောတရား၏ အနက်အဓိပ္ပါယ်ကို အသျှင်သာရိပုတြာပင် ဝေဖန်ဟောကြားတော်မူပါ၊ အသျှင်သာရိပုတြာ၏အထံမှ ကြားနာကြရ၍ ရဟန်းတို့သည် သင်ယူမှတ်သား ဆောင်ထားကြပါလိမ့်မည်ဟု လျှောက်ကြကုန်၏။

ငါ့သျှင်တို့ သို့ဖြစ်လျှင် နာကြားကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု မိန့်ဆို၏။ ''ငါ့သျှင် ကောင်းပါပြီ'' ဟု ရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကြ ကုန်၏။ အသျှင်သာရိ ပုတြာသည် ဤသို့ မိန့်ဆိုတော်မူ၏ -

''ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အကုသိုလ်ကိုလည်း ခွဲခြား၍သိ၏၊ အကုသိုလ်၏အကြောင်းရင်းကိုလည်း ခွဲခြား၍သိ၏၊ ကုသိုလ်ကိုလည်း ခွဲခြား၍သိ၏၊ ကုသိုလ်၏အကြောင်းရင်းကိုလည်း ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည်မှန်ကန်သော အယူ ရှိသူဖြစ်၏၊ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ ထိုသူသည် တရားတော်၌မတုန်မလှုပ်သက်ဝင် ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူဖြစ်၏။

ငါ့သျှင်တို့ အကုသိုလ်ဟူသည် အဘယ်နည်း၊ အကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း၊ ကုသိုလ်ဟူသည် အဘယ်နည်း၊ ကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း၊ ငါ့သျှင်တို့ အသက်သတ်ခြင်းသည် အကုသိုလ်တည်း၊ မပေးသည်ကို ယူခြင်း, ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း,မဟုတ်မမှန် ပြောဆိုခြင်း, ကုန်းချော ပြောဆိုခြင်း, ကြမ်းသော စကားပြောဆိုခြင်း,ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်း, (သူတစ်ပါးပစ္စည်းဥစ္စာကို) ရှေးရှုကြံစည်ခြင်း, သူတစ်ပါးပျက်စီးစေလိုခြင်းသည်အကုသိုလ်ပင် တည်း၊ အယူမှားခြင်းသည် အကုသိုလ်တည်း။ ငါ့သျှင်တို့ ဤတရားစုကို အကုသိုလ်ဟူ၍ဆိုရ၏။

ငါ့သျှင်တို့ အကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း။ လိုချင်တပ်မက်ခြင်း 'လောဘ'၊ ကြမ်းတမ်းပြစ်မှားခြင်း 'ဒေါသ'၊ တွေဝေမိုက်မဲခြင်း 'မောဟ' သည် အကုသိုလ်၏ အကြောင်းရင်းတည်း၊ ငါ့သျှင်တို့ ဤတရားစုကို အကုသိုလ်၏ အကြောင်းရင်းဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ကုသိုလ်ဟူသည် အဘယ်နည်း။ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ် တည်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း, ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း,မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း, ကုန်းချော ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း, ကြမ်းသောစကားမှရှောင်ကြဉ်ခြင်း,ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း, (သူတစ်ပါးပစ္စည်းဥစ္စာကို) ရှေးရှုမကြံခြင်း, သူတစ်ပါးမပျက်စီးစေလိုခြင်းသည် ကုသိုလ်တည်း၊ အယူမှန်ကန်ခြင်းသည် ကုသိုလ်တည်း။ ငါ့သျှင်တို့ ဤ့တရားစုကို ကုသိုလ်ဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း။ မတပ်မက်မလိုချင်ခြင်း 'အလောဘ'၊ မကြမ်းတမ်းမပြစ်မှားခြင်း 'အဒေါသ'နှင့် မတွေဝေခြင်း 'အမောဟ' သည် ကုသိုလ်၏အကြောင်းရင်းတည်း။ ငါ့သျှင်တို့ ဤတရားစုကို ကုသိုလ်၏ အကြောင်းရင်းဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ အကုသိုလ်ကို ခွဲခြား၍ သိ၏၊ ဤသို့အကုသိုလ်၏ အကြောင်းရင်းကို ခွဲခြား၍သိ၏။ ဤသို့ ကုသိုလ်ကို ခွဲခြား၍သိ၏၊ ဤသို့ ကုသိုလ်၏အကြောင်းရင်းကို ခွဲခြား၍သိ၏၊ (ထိုအခါ၌) ထို (အရိယာဖြစ်သောတပည့်) သည် အကြွင်း အကျန်မရှိတပ်မက်မှု အကိန်းတရား 'ရာဂါနုသယ' ကို ပယ်စွန့်၍ ထိခိုက်ပြစ်မှားမှု အကိန်းတရား 'ပဋိဃာနုသယ'ကိုဖျောက်ဖျက်၍ ငါဟု စွဲယူခြင်း ဒိဋ္ဌိအလားရှိသော ထောင်လွှားခြင်းအကိန်းတရား 'မာနာနုသယ'ကိုနုတ်ခွါ၍ မသိမှု 'အဝိဇ္ဇာ' ကို ပယ်စွန့်ပြီးလျှင် အသိဉာဏ် 'ဝိဇ္ဇာ'ကို ဖြစ်စေလျက် ယခု ဘဝ၌ပင်ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ ထိုသူသည် တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူဖြစ်၏'' ဟု (မိန့်တော်မူ၏)။

၉၀။ ''ငါ့သျှင် ကောင်းပါပေ၏'' ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ မိန့်ကြားသော တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ အသျှင်သာရိပုတြာအား ပြဿနာကို ထပ်ဆင့်၍ မေးလျှောက်ကြကုန်၏။

''ငါ့သျှင် အရိယာဖြစ်သောတပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့် မတ်၏၊ (ထိုသူသည်) တရားတော်၌ မတုန်မလှုပ်သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသည့်နည်းတူ အခြားရောက်လာကြောင်းလည်း ရှိပါသေးသလော'' ဟု (မေးလျှောက်ကြကုန်၏)။

''ငါ့သျှင်တို့ ရှိပေသေး၏။ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် အာဟာရကိုလည်း ခွဲခြား၍သိ၏။ အာဟာရဖြစ်ကြောင်းကိုလည်း ခွဲခြား၍ သိ၏။ အာဟာရချုပ်ငြိမ်းခြင်းကိုလည်း ခွဲခြား၍ သိ၏၊ အာဟာရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကိုလည်း ခွဲခြား၍သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်းအရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ အာဟာရဟူသည် အဘယ်နည်း၊ အာဟာရဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ အာဟာရချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ အာဟာရ ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ဟူသည် အဘယ်နည်း။

ငါ့သျှင်တို့ ဖြစ်ပွားပြီး သတ္တဝါတို့ကိုလည်း တည်တံ့စေရန်၊ ဖြစ်ပွားဆဲ သတ္တဝါတို့ကိုလည်းချီးမြှောက်ထောက်ပံ့ရန် အာဟာရတို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်း၊ အကြမ်းအနုဖြစ်သော အလုတ်အလွေးပြု၍ မျိုအပ်သည့် ကဗဠီကာရအာဟာရ၊ တွေ့ထိခြင်းဟူသော နှစ်ခုမြောက်ဖဿအာဟာရ၊ စိတ်စေ့ဆော်ခြင်းဟူသော သုံးခုမြောက် မနောသေဉ္စတနာအာဟာရ၊ သိမှု 'ဝိညာဏ်' ဟူသော လေးခုမြောက် ဝိညာဏအာဟာရတို့တည်း။

တပ်မက်မှု 'တဏှာ' ဖြစ်ခြင်းကြောင့် အာဟာရဖြစ်၏၊ တပ်မက်မှု 'တဏှာ' ချုပ်ပျောက်ခြင်းကြောင့် အာဟာရချုပ်ပျောက်၏။

အာဟာရချုပ်ခြင်းသို့ ရောက်ကြောင်းအကျင့်သည် အင်္ဂါရှစ်ပါးရှိသော ဤအရိယာမဂ်ပင်တည်း။

ဤမဂ်ဟူသည် အဘယ်နည်း၊ မှန်ကန်စွာသိခြင်း 'သမ္မာဒိဋ္ဌိ'၊ မှန်ကန်စွာကြံခြင်း 'သမ္မာသင်္ကပ္ပ'၊ မှန်ကန်စွာပြောဆိုခြင်း 'သမ္မာဝါစာ'၊ မှန်ကန်စွာပြုလုပ်ခြင်း 'သမ္မာကမ္မန္တ'၊ မှန်ကန်စွာအသက်မွေးခြင်း 'သမ္မာအာဇီဝ'၊ မှန်ကန်စွာအားထုတ်ခြင်း 'သမ္မာဝါယာမ'၊ မှန်ကန်စွာအောက်မေ့ခြင်း 'သမ္မာသတိ'၊ မှန်ကန်စွာတည်ကြည်ခြင်း 'သမ္မာသမာဓိ'တို့တည်း။

ငါ့သျှင်တို့ အကြင်အခါ၌ အရိယာဖြစ်သော တပည့်သည် ဤသို့ အာဟာရကို ခွဲခြား၍သိ၏၊ ဤသို့အာဟာရ၏ ဖြစ်ကြောင်းကို ခွဲခြား၍သိ၏။ ဤသို့ အာဟာရ၏ ချုပ်ငြိမ်းခြင်းကို ခွဲခြား၍သိ၏၊ အာဟာရချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို ခွဲခြား၍သိ၏၊ (ထိုအခါ၌) ထိုအရိယာဖြစ်သော တပည့်သည်တပ်မက်မှု အကိန်းတရား 'ရာဂါနုသယ' ကို ပယ်စွန့်၍ ပြစ်မှားမှုအကိန်းတရား 'ပဋိဃာနုသယ' ကိုဖျောက်ဖျက်၍ ငါဟု စွဲယူခြင်းဒိဋ္ဌိအလားရှိသော ထောင်လွှားခြင်းအကိန်းတရား 'မာနာနုသယ' ကိုနုတ်ခွါ၍ မသိမှု 'အဝိဇ္ဇာ' ကို ပယ်စွန့်ပြီးလျှင် အသိဉာဏ် 'ဝိဇ္ဇာ' ကို ဖြစ်စေလျက် ယခုဘဝ၌ပင်ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်၏။

ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်း တရားသို့ ရောက်လာသူဖြစ်ပေ၏'' ဟု (မိန့်တော်မူ၏)။

၉၁။ ''ငါ့သျှင် ကောင်းပါပေ၏'' ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာ မိန့်ကြားသော တရားစကားကို အလွန်နှစ်သက် ဝမ်းမြောက်ကြကုန်၍ အသျှင်သာရိပုတြာအား ပြဿနာကို ထပ်ဆင့်၍ မေးလျှောက်ကြပြန်ကုန်၏။

''ငါ့သျှင် အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသည်ဖြစ်၍ ထိုသူ၏ အယူသည်ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသည့်နည်းတူ အခြားရောက်လာကြောင်းလည်း ရှိပါသေးသလော'' ဟု (မေးလျှောက်ကြကုန်၏)။

ငါ့သျှင်တို့ ရှိပေသေး၏၊ ငါ့သျှင်တို့ အရိယာဖြစ်သော တပည့်သည် ဆင်းရဲ 'ဒုက္ခ'ကိုလည်း ခွဲခြား၍သိ၏။ ဆင်းရဲ 'ဒုက္ခ' ဖြစ်ကြောင်းကိုလည်း ခွဲခြား၍သိ၏။ ဆင်းရဲ 'ဒုက္ခ' ချုပ်ငြိမ်းခြင်းကိုလည်းခွဲခြား၍သိ၏။ ဆင်းရဲ 'ဒုက္ခ' ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်း အကျင့်ကိုလည်း ခွဲခြား၍ သိ၏။ ငါ့သျှင်တို့ ဤမျှဖြင့်လည်း အရိယာဖြစ်သော တပည့်သည် မှန်ကန်သော အယူရှိသူဖြစ်၍ ထိုသူ၏ အယူသည် ဖြောင့်မတ်၏၊ (ထိုသူသည်) တရားတော်၌ သက်ဝင်ကြည်ညိုခြင်းနှင့် ပြည့်စုံလျက် ဤသူတော်ကောင်းတရားသို့ ရောက်လာသူ ဖြစ်ပေ၏။

ငါ့သျှင်တို့ ဆင်းရဲ 'ဒုက္ခ'ဟူသည် အဘယ်နည်း၊ ဆင်းရဲ 'ဒုက္ခ' ဖြစ်ကြောင်းဟူသည် အဘယ်နည်း၊ ဆင်းရဲ 'ဒုက္ခ' ချုပ်ငြိမ်းခြင်းဟူသည် အဘယ်နည်း၊ ဆင်းရဲ 'ဒုက္ခ' ချုပ်ငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ဟူသည် အဘယ်နည်း။

ပဋိသန္ဓေတည် နေဖြစ်ပွားရခြင်း 'ဇာတိ' သည်လည်း ဆင်းရဲတည်း၊ အိုရခြင်းသည်လည်း ဆင်းရဲတည်း၊ သေရခြင်းသည်လည်း ဆင်းရဲတည်း၊ ပူဆွေးရခြင်း ငိုကြွေးရခြင်း ကိုယ်ဆင်းရဲရခြင်း စိတ်ဆင်းရဲရခြင်း ပြင်းစွာ ပင်ပန်းရခြင်းတို့သည်လည်း ဆင်းရဲတို့တည်း၊ မချစ်မနှစ်သက်အပ်သော အရာတို့နှင့် ပေါင်းဆုံရခြင်းသည်လည်း ဆင်းရဲတည်း၊ ချစ်နှစ်သက်အပ်သော အရာတို့နှင့် ကင်းကွာရခြင်းသည်လည်း ဆင်းရဲတည်း၊ အလိုရှိသော အရာကို မရခြင်းသည်လည်း ဆင်းရဲတည်း၊ အကျဉ်းချုပ်အားဖြင့် (တဏှာဒိဋ္ဌိ) ဥပါဒါန်တရားတို့၏ ကျက်စားရာ ခန္ဓာငါးပါးလုံးတို့သည်ပင် ဆင်းရဲတို့တည်းငြါ့သျှင်တို့ ဤတရားစုကို ဆင်းရဲ 'ဒုက္ခ' ဟူ၍ ဆိုရ၏။

ငါ့သျှင်တို့ ဆင်းရဲ 'ဒုက္ခ'ဖြစ်ကြောင်းဟူသည် အဘယ်နည်း။ တစ်ဖန်ဘဝသစ်ကို ပြုလေ့ရှိသော နှ