မဇ္ဈိမနိကာယ်

ဥပရိပဏ္ဏာသပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁ - ဒေဝဒဟဝဂ်

၁-ဒေဝဒဟသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ဒေဝဒဟမည်သော သာကီဝင်မင်းတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤ (မိန့်တော်မူလတ္တံ့သော တရား) စကားကို ဟောကြားတော်မူ၏။

ရဟန်းတို့ ''ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ယင်းခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ပြီ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု ဤသို့ပြောဆို ယူဆလေ့ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ နိဂဏ္ဌတို့သည် ဤသို့ ပြောဆိုလေ့ရှိကုန်၏။

ရဟန်းတို့ ငါသည် ဤသို့ ပြောဆိုလေ့ရှိသော နိဂဏ္ဌတို့သို့ ချဉ်းကပ်ပြီးလျှင် - ''ငါ့သျှင် နိဂဏ္ဌတို့ 'ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာ ဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်း ကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲ ကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခ အလုံးစုံသည် ကျေပျက်လတ္တံ့'ဟု ဤသို့ သင်တို့ ပြောဆိုယူဆလေ့ရှိကုန်သည်ဟူသည်မှာ မှန်သလော''ဟု မေး၏။ ရဟန်းတို့ ငါသည် ဤသို့မေးသော် ထိုနိဂဏ္ဌတို့သည် ''ဟုတ်၏''ဟု ဝန်ခံကြကုန်၏။

ငါသည် ထိုနိဂဏ္ဌတို့ကို- ''ငါ့သျှင် နိဂဏ္ဌတို့ 'ငါတို့သည် ရှေးက ဖြစ်ဖူးကုန်သည်သာတည်း၊ မဖြစ် ဖူးကြကုန်သည်ကား မဟုတ်'ဟု သင်တို့ သိကြကုန်သလော''ဟု မေး၏။ ''ငါ့သျှင် မသိကြပါ''ဟု (ဆိုကြ ကုန်၏)။

''ငါ့သျှင်နိဂဏ္ဌတို့ 'ငါတို့သည် ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ'ဟု သင်တို့ သိကြကုန်သလော''ဟု (မေး၏)။ ''ငါ့သျှင် မသိကြပါ''ဟု (ဆိုကြကုန်၏)။

''ငါ့သျှင် နိဂဏ္ဌတို့ 'ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲ ဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့'ဟု သင်တို့ သိကြကုန်သလော''ဟု (မေး၏)။ ''ငါ့သျှင် မသိကြပါ''ဟု (ဆိုကြကုန်၏)။

''ငါ့သျှင် နိဂဏ္ဌတို့ 'မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သင်တို့ သိကြကုန်သလော''ဟု (မေး၏)။ ''ငါ့သျှင် မသိကြပါ''ဟု (ဆိုကြကုန်၏)။

၂။ ငါ့သျှင် နိဂဏ္ဌတို့ ဤသို့လျှင် သင်တို့သည် ''ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်''ဟု သင်တို့ မသိကြကုန်။ ''ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်''ဟု မသိကြကုန်။ ''ဤသို့ ဤသို့သော မကောင်း မှုကံကို ပြုခဲ့ကြဖူးကုန်ပြီ''ဟု မသိကြကုန်။ ''ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤ မျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲ ဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု မသိကြကုန်။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက် ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို မသိကြကုန်။

ဤသို့ မသိသည်ရှိသော် ''ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကိုလည်း ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ် ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ မသင့်။

ငါ့သျှင် နိဂဏ္ဌတို့ ''ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်''ဟု သင်တို့ အကယ်၍ သိကုန်ငြားအံ့။ ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်ကုန်''ဟု သိကုန်ငြားအံ့။ ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြ ဖူးကုန်ပြီ''ဟု သိကုန်ငြားအံ့။ ''ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက် ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု သိကုန်ငြားအံ့။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သိကုန်ငြားအံ့။ ဤသို့ သိကုန်သည်ရှိသော် ''ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူ သမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန် ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု အသျှင် နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ သင့်၏။

၃။ ငါ့သျှင် နိဂဏ္ဌတို့ ဥပမာအားဖြင့် အထပ်ထပ်လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရသော ယောက်ျားသည် မြားစူးသောဝေဒနာကြောင့် ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောက်ျား၏ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကု ဆေးဆရာကို ပင့်ခေါ်လာကုန်ရာ၏။ ထိုယောက်ျားအား ထိုမြားဆိပ်ကု ဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ထိုယောက်ျား သည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောက်ျားအား ထိုမြားဆိပ်ကု ဆေးဆရာသည် ငြောင့်ရှာမွှေတံဖြင့် မြားကို ရှာရာ၏၊ ထိုယောက်ျားသည် ငြောင့်ရှာမွှေတံဖြင့် မြား (ငြောင့်)ကို ရှာခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောက်ျားအား ထိုမြားဆိပ်ကု ဆေးဆရာသည် မြားကို နုတ်ရာ၏၊ ထိုယောက်ျားသည် မြားကို နုတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောက်ျားအား ထိုမြားဆိပ်ကု ဆေးဆရာသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့်သွင်းရာ၏၊ ထိုယောက်ျားသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့်သွင်းခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရရာ၏။ ထိုယောက်ျားသည် နောက်အခါ၌ အသားနုတက်၍ အရေကောင်းမွန်ပြီးလျှင် အနာပျောက်ကင်းရာ၏၊ ချမ်းသာစွာ မိမိသဘောအတိုင်း အလိုရှိရာအရပ်သို့ သွားလာနိုင်ရာ၏။

ထိုယောက်ျားမှာ ဤသို့ အကြံဖြစ်ရာ၏ ''ငါသည် ရှေးက အထပ်ထပ်လိမ်းကျံထားသော ဆိပ်လူး မြား အစူးခံရဖူး၏၊ ထိုငါသည် မြားစူးသော ဝေဒနာဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါ၏ မိတ်ဆွေ ခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကု ဆေးဆရာကို ပင့်ခေါ်လာဖူးကုန်၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ဖူး၏၊ ထိုငါသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူးး၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် ငြောင့်ရှာမွှေတံဖြင့် မြားကို ရှာဖူး၏၊ ထိုငါသည် ငြောင့်ရှာမွှေတံဖြင့် (မြား) ငြောင့်ကို ရှာခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် မြားကို နုတ်ဖူး၏၊ ထိုငါသည် မြားကို နုတ်ခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံ ခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါ့အား ထိုမြားဆိပ်ကု ဆေးဆရာသည် မီးဖုတ်ထားသော သျှိသျှား သီးမှုန့်ကို အနာဝ၌ ထည့်သွင်းဖူး၏၊ ထိုငါသည် မီးဖုတ်ထားသော သျှိသျှားသီးမှုန့်ကို အနာဝ၌ ထည့် သွင်းခြင်းဟူသော အကြောင်းကြောင့်လည်း ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရဖူး၏။ ထိုငါသည် ယခုအခါ၌ အသားနုတက်၍ အရေကောင်းမွန်ပြီးလျှင် အနာပျောက်ကင်း၏၊ ချမ်းသာစွာ မိမိ သဘောအတိုင်း အလိုရှိရာအရပ်သို့ သွားလာနိုင်၏''ဟု (အကြံဖြစ်ရာ၏)။

ငါ့သျှင် နိဂဏ္ဌတို့ ဤအတူသာလျှင် ''ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူး သည်ကား မဟုတ်''ဟု သင်တို့ အကယ်၍ သိကုန်ငြားအံ့။ ''ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ ကြဖူးသည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်''ဟု သိကုန်ငြားအံ့။ ''ငါတို့သည် ဤသို့ ဤသို့ သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ''ဟု သိကုန်ငြားအံ့။ ''ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေ ပျက်ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော် ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု သိကုန်ငြားအံ့၊ မျက်မှောက်ဘဝ၌ပင် အကုသိုလ် တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သိကုန်ငြားအံ့။ ဤသို့ သိကုန်သည်ရှိ သော် ''ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာ ဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ် ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထို ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ သင့်ရာ၏။

ငါ့သျှင် နိဂဏ္ဌတို့ ''ငါတို့သည် ရှေးက ဖြစ်ခဲ့ကြဖူးသည်သာတည်း၊ မဖြစ်ခဲ့ကြဖူးသည်ကား မဟုတ်''ဟု အကြင်ကြောင့်လည်း သင်တို့သည် မသိကြကုန်။ ''ငါတို့သည် ရှေးက မကောင်းမှုကံကို ပြုခဲ့ကြဖူး သည်သာတည်း၊ မပြုခဲ့ကြဖူးသည်ကား မဟုတ်''ဟု မသိကြကုန်။ ''ငါတို့သည် ဤသို့ ဤသို့သော မကောင်းမှုကံကို ပြုခဲ့ကြဖူးကုန်ပြီ''ဟု မသိကြကုန်။ ''ဤမျှလောက်သော ဆင်းရဲဒုက္ခကား ကျေပျက် ပြီးပြီ၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကို ချေဖျက်ရဦးမည်၊ ဤမျှလောက်သော ဆင်းရဲဒုက္ခကျေပျက်သော့်ဆင်းရဲဒုက္ခအလုံးစုံသည် ကျေပျက်လတ္တံ့''ဟု မသိကြကုန်။ မျက်မှောက်ဘဝ၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်း ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို အကြင်ကြောင့်လည်း မသိကြကုန်၊ ထိုသို့ မသိကြ ကုန်သောကြောင့် ''ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခမဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက် ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်း ကြောင့် ထိုဆင်းရဲဒုက္ခအားလုံး ပျောက်ငြိမ်းသည် ဖြစ်လတ္တံ့''ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ မသင့်။

၄။ ရဟန်းတို့ ဤသို့ပြောဆိုသော် ထိုနိဂဏ္ဌတို့က ငါ့အား ဤစကားကို ပြောဆိုကြကုန်၏ - ''ငါ့သျှင် နာဋ၏သား နိဂဏ္ဌသည် အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ 'သွားနေစဉ် ရပ်နေစဉ် အိပ်နေစဉ် နိုးနေစဉ် ဉာဏ်အမြင်သည် ငါ့အား အမြဲမပြတ် ရှေးရှုထင်၏'ဟု ဉာဏ်အမြင် ရှိကြောင်းကို အကြွင်းမဲ့ ဝန်ခံ၏''ဟု (ပြောဆိုကြကုန်၏)။ ထိုနာဋ၏သား နိဂဏ္ဌသည် ဤသို့ ပြောဆို၏ - ''ငါ့သျှင် နိဂဏ္ဌတို့ သင်တို့မှာ ရှေး၌ ပြုထားသော မကောင်းမှုကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှုကံကို ဤစပ်ရှားလှ သည့် ပြုနိုင်ခဲသောအမှုကို ပြုခြင်းဖြင့် ချေဖျက်ကြကုန်လော့၊ ယခုဘဝ၌ ကိုယ်ဖြင့်စောင့်စည်းခြင်း နှုတ်ဖြင့် စောင့်စည်းခြင်း စိတ်ဖြင့်စောင့် စည်းခြင်းသည်ပင် နောင်ဘဝ၌ မကောင်းမှုကံကို မပြုခြင်းဖြစ်၏။ ဤ (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကို မပြုလုပ်ခြင်းကြောင့် နောင် အခါ၌ တိုးပွါးခြင်း မဖြစ်၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်း လတ္တံ့''ဟု (ပြောဆို၏)။ ထိုပြောဆိုခြင်းကိုလည်း ငါတို့သည် ကျေနပ်နှစ်သက်၍ ဝမ်းမြောက်ကြကုန်၏''ဟု (ငါ့အား ပြောဆိုကြကုန်၏)။

၅။ ရဟန်းတို့ ဤသို့ဆိုလတ်သော် ငါသည် နိဂဏ္ဌတို့အား ဤစကားကို ပြောဆို၏ - ''ငါ့သျှင် နိဂဏ္ဌတို့ ဤငါးပါးသော တရားတို့သည် မျက်မှောက်ဘဝ၌ပင် (ဟုတ် မဟုတ်) နှစ်ပါးသော အကျိုးရှိကုန်၏။ အဘယ်ငါးပါးတို့နည်းဟူမူ - ယုံကြည်ခြင်း 'သဒ္ဓါ'၊ နှစ်သက်ခြင်း 'ရုစိ'၊ တစ်ဆင့်ကြားခြင်း 'အနုဿဝ'၊ အခြင်းအရာကို ကြံစည်ခြင်း 'အာကာရပရိဝိတက္က'၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်း 'ဒိဋ္ဌိနိဇ္ဈာနက္ခနိ ္တ' တို့တည်း။ ''ငါ့သျှင် နိဂဏ္ဌတို့ ဤငါးပါးသော တရားတို့သည် မျက်မှောက်ဘဝ၌ပင် (ဟုတ် မဟုတ်) နှစ်ပါးသော အကျိုးရှိကုန်၏။

ထိုတရားငါးပါးတို့တွင် အသျှင်နိဂဏ္ဌတို့၏ အတိတ်ကိုစွဲ၍ဖြစ်သော အယူကိုယူရာတွင် ဆရာ၌ ယုံကြည်ခြင်းဟူသည် အဘယ်နည်း၊ နှစ်သက်ခြင်းဟူသည် အဘယ်နည်း၊ တစ်ဆင့်ကြားခြင်းဟူသည် အဘယ်နည်း၊ အခြင်းအရာကို ကြံစည်ခြင်းဟူသည် အဘယ်နည်း၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ် ခြင်းဟူသည် အဘယ်နည်း''ဟု ( ဤစကားကို ဆို၏ )။ ရဟန်းတို့ ဤသို့ဆိုသော ငါသည် နိဂဏ္ဌတို့၌ အကြောင်းခိုင်လုံသော တစ်စုံတစ်ခုသော ဝါဒတုံ့ပြန်ခြင်းကို မမြင်။

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ငါသည် ထိုနိဂဏ္ဌတို့ကို ဤသို့ ဆို၏-''ငါ့သျှင်နိဂဏ္ဌတို့ သင်တို့ သည် အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို သင်တို့ ခံစားကုန်ရာ သလော။ ယင်းသို့ မဟုတ်မူ ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည် ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို သင်တို့ မခံစားရကုန်ရာ သလော''ဟု (မေး၏)။

ငါ့သျှင်ဂေါတမ အကျွန်ုပ်တို့၏ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌့ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရပါကုန်၏။ အကျွန်ုပ် တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို မခံစားရပါကုန်ဟု (ဆိုကြကုန်၏)။

၆။ ငါ့သျှင်နိဂဏ္ဌတို့ ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာကို ခံစားရကုန်ရာ၏ဟု သင်တို့ ဆို၏၊ ၎င်းပြင် သင်တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သော အယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို မခံစားရကုန်ရာဟု သင်တို့ ဆို၏။ ဤသို့ဖြစ်သည်ရှိသော် ''ဤပုဂ္ဂိုလ် သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားရ၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်း ကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှု ကုန်ခြင်းကြောင့် ထိုဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့''ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်းငှါ မသင့်။

ငါ့သျှင်နိဂဏ္ဌတို့ သင်တို့သည် ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို အကယ်၍ မခံစားရကုန်ငြားအံ့၊ သင်တို့သည် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လ ပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို အကယ်၍ ခံစားရကုန်ငြားအံ့။

ဤသို့ဖြစ်သည်ရှိသော် ''ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစား၏၊ ထိုခံစားမှုဟူသမျှသည် ရှေးက ပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကိုလည်း ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ တိုးပွါးခြင်း မရှိတော့ချေ၊ နောင်အခါ၌ မတိုး ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်းကြောင့် ထိုဆင်းရဲ ဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့''ဟု အသျှင်နိဂဏ္ဌတို့ ဖြေကြားခြင်း ငှါ သင့်၏။

ငါ့သျှင်နိဂဏ္ဌတို့ သင်တို့သည် ထက်သန်စွာ လုံ့လပြုအပ် ထက်သန်စွာ အားထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို ခံစားကုန်ရာသောကြောင့် ထက်သန်စွာ လုံ့လမပြုအပ် ထက်သန်စွာ အားမထုတ်အပ်သောအယူ၌ ထက်သန်စွာ လုံ့လပြုသည်ဖြစ်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာကို မခံစားရကုန်ရာသောကြောင့် ထိုသင်တို့သည် ကိုယ်တိုင်သာလျှင် လုံ့လပြုကုန်၍ ဆင်းရဲပြင်းထန် အခံခက်သောဝေဒနာတို့ကို ခံစားကုန်လျက် မသိနားမလည်ခြင်းကြောင့် ပြင်းစွာတွေဝေခြင်းကြောင့် ''ဤပုဂ္ဂိုလ်သတ္တဝါသည် အလုံးစုံသော သုခဝေဒနာ ဒုက္ခဝေဒနာ သုခဒုက္ခ မဟုတ်သော ဥပေက္ခာဝေဒနာကို ခံစားရ၏၊ ထိုခံစားမှုဟူသမျှသည် ရှေးကပြုခဲ့သော အတိတ်ကံကြောင့် ဖြစ်၏။ ထို့ကြောင့် (ပဉ္စာတပ) အကျင့်ဖြင့် ကံဟောင်းတို့ကို ကင်းပျောက်စေလျက် ကံသစ်တို့ကိုလည်း (နောက်ထပ်) မပြုလုပ်ခြင်းကြောင့် နောင်အခါ၌ ဖြစ်ပွါးခြင်းမရှိတော့ချေ၊ နောင်အခါ၌ မဖြစ်ပွါးခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲကုန်၏၊ ဆင်းရဲကုန်ခြင်းကြောင့် ခံစားမှုကုန်၏၊ ခံစားမှုကုန်ခြင်း ကြောင့် ထိုဆင်းရဲဒုက္ခအားလုံး ပျက်ပြုန်းလတ္တံ့''ဟု ဤသို့ ဖောက်ပြန်စွာ ယုံကြည်ကုန်၏၊ ရဟန်းတို့ ဤသို့ဆိုသော ငါသည် နိဂဏ္ဌတို့၌လည်း အကြောင်းခိုင်လုံသော တစ်စုံတစ်ခုသော ဝါဒတုံ့ပြန်ခြင်းကို မမြင်။

၇။ ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ငါသည် နိဂဏ္ဌတို့ကို ဤသို့ဆို၏ -''ငါ့သျှင်နိဂဏ္ဌတို့ ထို အရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လ ပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း 'တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

''တမလွန်ဘဝ၌ အကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း 'မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

''ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ချမ်းသာကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း 'ဆင်းရဲကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

''ဆင်းရဲကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း 'ချမ်းသာကျိုးခံစားရမည့်ကံ ဖြစ်ပါစေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်း ပါဟု (ဆိုကြကုန်၏)။

''ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရင့်ကျက်သည်ဖြစ်၍ 'မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း 'မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

''မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ် ခြင်းဖြင့်လည်းကောင်း 'ရင့်ကျက်သည်ဖြစ်၍ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ'ဟု ပြုပြင် ၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

''ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အကျိုးများစွာခံစားရ မည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း 'အကျိုးအနည်းငယ်ခံစားရမည့် ကံ ဖြစ်ပါစေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

''အကျိုးအနည်းငယ်ခံစားရမည့် ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း အကျိုးများစွာခံစားရမည့် ကံဖြစ်ပါစေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်း ပါဟု (ဆိုကြကုန်၏)။

''ငါ့သျှင်နိဂဏ္ဌတို့ ထိုအရာကို သင်တို့ အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း 'အကျိုးမခံစားရမည့်ကံ ဖြစ်ပါစေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြကုန်၏)။

''အကျိုးမခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း အားထုတ်ခြင်းဖြင့်လည်းကောင်း အကျိုး ခံစားရမည့်ကံ ဖြစ်ပါစေ'ဟု ပြုပြင်၍ ရကောင်းအံ့လော''ဟု (မေး၏)။ ငါ့သျှင် မရကောင်းပါဟု (ဆိုကြ ကုန်၏)။

၈။ ငါ့သျှင်နိဂဏ္ဌတို့ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ''တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရ ကောင်း။ တမလွန်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ''မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရကောင်း။ ချမ်းသာ ကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း့''ဆင်းရဲကျိုးခံစားရ မည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရကောင်း။ ဆင်းရဲကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ''ချမ်းသာကျိုးခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရကောင်း။ ရင့်ကျက်သည်ဖြစ်၍ မျက်မှောက်ဘဝ၌ အကျိုးခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ် ခြင်းဖြင့်လည်းကောင်း ''မရင့်ကျက်သေးသဖြင့် နောင်မှ အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရ ကောင်း။ မရင့်ကျက်သေးသည်ဖြစ်၍ နောင်မှအကျိုး ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း အားထုတ်ခြင်းဖြင့်လည်းကောင်း ''ရင့်ကျက်သည်ဖြစ်၍ မျက်မှောက် ဘဝ၌ အကျိုးခံစားရမည့်ကံ ဖြစ်ပါ စေ''ဟု ပြုပြင်၍ မရကောင်း။ အကျိုးများစွာ ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ''အကျိုးအနည်းငယ် ခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရကောင်း။ အကျိုးအနည်းငယ် ခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ''အကျိုးများစွာ ခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရကောင်း။ အကျိုးခံစားရမည့်ကံကို လုံ့လ ပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း ''အကျိုးမခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရကောင်း။ အကျိုးမခံစားရမည့်ကံကို လုံ့လပြုခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်း ကောင်း ''အကျိုးခံစားရမည့်ကံ ဖြစ်ပါစေ''ဟု ပြုပြင်၍ မရကောင်း။ ဤသို့ မရကောင်းသည်ရှိသော် အသျှင်နိဂဏ္ဌတို့၏ လုံ့လပြုခြင်းသည် အကျိုး မရှိ။ အားထုတ်ခြင်းသည် အကျိုးမရှိ။ ရဟန်းတို့ နိဂဏ္ဌ တို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိကုန်သော နိဂဏ္ဌတို့၏ အကြောင်းနှင့်တကွ ဖြစ်သော ဆယ်ပါးကုန်သော အယူဝါဒနှင့် အတုလိုက်သော အယူဝါဒတို့သည် အကဲ့ရဲ့ခံရခြင်းသို့ ရောက် ကုန်၏။

၉။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်သည် ဖြစ်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ရှေးက မကောင်းမှုကံကို ပြုခဲ့သူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်မာဆိုးဝါးသော အစိုးရ သောသူက ဖန်ဆင်းထားသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲ ကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်ညံ့သော မြဲခြင်းသဘော ရှိသူတို့ ဖြစ် ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် ယုတ်ညံ့သော အမျိုးဇာတ်ထူးရှိသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ နိဂဏ္ဌတို့သည် ယခုဘဝ၌ ဤသို့သဘောရှိသော ဆင်းရဲ ပြင်းထန် အခံခက်သော ဝေဒနာတို့ကို ခံစားရကုန်သောကြောင့် မချွတ်ဧကန် မျက်မှောက်ဘဝ၌ လုံ့လ ပြုခြင်းရှိသူတို့ ဖြစ်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ထိုက်သူတို့ ဖြစ်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို မခံစား ရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ နိဂဏ္ဌတို့ သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘော ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့။ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် အမျိုး ဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့။ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချ ထိုက်ကုန်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ နိဂဏ္ဌတို့သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏၊ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ နိဂဏ္ဌတို့ သည် ကဲ့ရဲ့ရှုတ်ချထိုက်ကုန်၏။

ရဟန်းတို့ နိဂဏ္ဌတို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိကုန်သော နိဂဏ္ဌတို့၏ အကြောင်းနှင့်တကွဖြစ်သော ဆယ်ပါးကုန်သော ဤအယူဝါဒနှင့် အတုလိုက်သော အယူဝါဒတို့သည် အကဲ့ရဲ့ခံရခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် လုံ့လပြုခြင်းသည် အကျိုးမရှိ၊ အားထုတ်ခြင်းသည် အကျိုးမရှိ။

၁၀။ ရဟန်းတို့ အဘယ်သို့လျှင် အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်း ဖြစ်ပါသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆင်းရဲအနှိပ်စက်မခံရသော အတ္တဘောကို ဆင်းရဲမနှိပ်စက်စေ၊ တရားနှင့်လျော်သော ချမ်းသာကိုလည်း မစွန့်၊ ထိုချမ်းသာ၌လည်း မမက်မော။ ထိုရဟန်းသည် ''လွန်ကဲသော ဝီရိယကို အားထုတ်သော ငါ့အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်း ကြောင့် ဤဒုက္ခ၏အကြောင်း တဏှာ၏ ကင်းခြင်း ဖြစ်၏ (ဟူ၍သော်လည်းကောင်း) လျစ်လျူရှုသော ငါ့အား လျစ်လျူမှုကို ပွားများခြင်းကြောင့် ဤဒုက္ခ၏အကြောင်း တဏှာ၏ ကင်းခြင်းသည် ဖြစ်၏'' ဟူ၍သော်လည်းကောင်း သိငြားအံ့၊ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် အကြင်ဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏၊ ထိုဒုက္ခ၏ အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လွန်ကဲသော ဝီရိယကို အားထုတ်၏။ လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် အကြင်ဒုက္ခ၏ အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ထိုဒုက္ခ၏ အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လျစ်လျူရှုမှုကိုပွါး၏။ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ထိုဆင်းရဲသည် ကျေပျက်၏။ လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ထို ဆင်းရဲသည် ကျေပျက်၏။

၁၁။ ရဟန်းတို့ ဥပမာအားဖြင့် ယောက်ျားသည် မိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ထိုယောက်ျားသည် ထိုမိန်းမကို တစ်ခြားယောက်ျားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မော နေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရာ၏။ ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ထိုမိန်းမကို တစ်ခြားယောက်ျားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြော နေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ထို ယောက်ျားအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးတော်မူ၏)။ ဖြစ်ကုန်ရာပါသည် အသျှင်ဘုရား။ အဘယ့်ကြောင့်နည်းဟူမူ - အသျှင်ဘုရား ဤယောက်ျားသည် ဤမိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ထို့ကြောင့် ထိုမိန်းမကို တခြားယောက်ျားနှင့် အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်း ကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာပါ၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ထို့နောက် ထိုယောက်ျားအား ဤသို့ အကြံဖြစ်၏ ''ငါသည် ဤမိန်းမ၌ ပြင်းစွာ ကြိုက်နှစ်သက်၏၊ စွဲလမ်းသော စိတ်ရှိ၏၊ ပြင်းထန်စွာ အလိုရှိ၏၊ ပြင်းထန်စွာ ငဲ့ကွက်တောင့်တ၏၊ ဤ မိန်းမကို တခြားယောက်ျားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြော နေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကို လည်းကောင်း မြင်ရ၍ ငါ့အား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပူပန်ခြင်းတို့သည် ဖြစ်ကုန်၏။ ငါသည် ဤမိန်းမ၌ လိုချင် တပ်မက်မှုကို ပယ်ရမူ ကောင်းလေစွ''ဟု (အကြံဖြစ်၏)။ ထိုယောက်ျားသည် ဤမိန်းမ၌ လိုချင်တပ်မက် မှုကို ပယ်ရာ၏။ ထိုယောက်ျားသည် နောက်အခါ၌ ထိုမိန်းမကို တခြားယောက်ျားနှင့်အတူ ရပ်နေသည် ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရာ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤမိန်းမကို တခြားယောက်ျားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံး နေသည်ကိုလည်းကောင်း မြင်ရ၍ ထိုယောက်ျားအား ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်း ရဲခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည် ဖြစ်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ကုန်ရာပါ။ အဘယ့်ကြောင့်နည်းဟူမူ - အသျှင်ဘုရား ဤယောက်ျားသည် ဤမိန်းမ၌ တပ်မက်မှုကင်း၏၊ ထို့ကြောင့် ထိုမိန်းမကို တခြားယောက်ျားနှင့်အတူ ရပ်နေသည်ကိုလည်းကောင်း၊ စကားပြောနေသည်ကိုလည်းကောင်း၊ ရယ်မောနေသည်ကိုလည်းကောင်း၊ ပြုံးနေသည်ကိုလည်းကောင်း မြင်ရ၍ ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ် ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာ ပူပန်ခြင်းတို့သည် မဖြစ်ကုန်ရာပါဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဆင်းရဲအနှိပ်စက်မခံရသော အတ္တဘောကို ဆင်းရဲ မနှိပ်စက်စေ၊ တရားနှင့်လျော်သော ချမ်းသာကိုလည်း မစွန့်၊ ထိုချမ်းသာ၌လည်း မမက်မော။ ထို ရဟန်းသည် ''လွန်ကဲသော ဝီရိယကို အားထုတ်သော ငါ့အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ဤဒုက္ခ၏ အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏ဟူ၍ သော်လည်းကောင်း လျစ်လျူရှုသောငါ့အား လျစ်လျူရှုမှုကို ပါွးများခြင်းကြောင့် ဤဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏'' ဟူ၍ သော်လည်းကောင်း သိငြားအံ့၊ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ်အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် အကြင်ဒုက္ခ၏ အကြောင်း တဏှာ၏ကင်းခြင်းသည် ဖြစ်၏၊ ထိုဒုက္ခ၏ အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လွန်ကဲသော ဝီရိယကို အားထုတ်၏။ လျစ်လျူရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူရှုမှုကို ပွါးခြင်းကြောင့် အကြင်ဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ထိုဒုက္ခ၏့အကြောင်း၌ ထိုပုဂ္ဂိုလ်သည် လျစ်လျူရှုမှုကို ပွါး၏။ လွန်ကဲသော ဝီရိယကို အားထုတ်သော ထိုပုဂ္ဂိုလ် အား လွန်ကဲသော ဝီရိယကို အားထုတ်ခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ဆင်းရဲဒုက္ခသည် ကျေပျက်၏။ လျစ်လျူ ရှုသော ထိုပုဂ္ဂိုလ်အား လျစ်လျူ ရှုမှုကို ပွါးခြင်းကြောင့် ထိုဒုက္ခ၏အကြောင်း တဏှာကင်းခြင်းသည် ဖြစ်၏။ ဤသို့လည်း ထိုပုဂ္ဂိုလ်အား ဆင်းရဲဒုက္ခသည် ကျေပျက်၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၂။ ရဟန်းတို့ တစ်ဖန်ထို့ပြင်လည်း ရဟန်းသည် ဤသို့ ဆင်ခြင်၏ ''ချမ်းသာသလိုနေသော ငါ့အား အကုသိုလ်တရားတို့သည် တိုးပွားကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ငါ့အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ် တရားတို့သည် တိုးပွါးကုန်၏။ ငါသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်ရမူကောင်းလေစွ''ဟု (ဆင်ခြင်၏)။ ထိုရဟန်းသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်၏၊ အတ္တဘောကို ဆင်းရဲ စေခြင်းငှါ အားထုတ်သော ရဟန်းအား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ သည် တိုးပွါးကုန်၏၊ ထိုရဟန်းသည် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။ အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ထိုရဟန်းသည် အကြင်အကုသိုလ်ဆုတ်ယုတ်ခြင်း ကုသိုလ်တိုးပွါး ခြင်းအကျိုးငှါ အတ္တဘောကို ဆင်းရဲအောင် အားထုတ်၏၊ ထိုရဟန်းအား ထိုအကျိုးသည် ပြီးစီးပြီ။ ထို့ ကြောင့် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။

ရဟန်းတို့ ဥပမာအားဖြင့် လေးသမားသည် မြားကို မီးစနှစ်ခုတို့၌ အပြန်အလှန်ကင်၏၊ ထက် ဝန်းကျင် ကင်၏၊ ဖြောင့်အောင်ပြု၏၊ ပစ်ခတ်မှု၌ လျော်အောင်ပြု၏။ ရဟန်းတို့ အကြင်ကြောင့် လေးသမားသည် မြားကို မီးစနှစ်ခုတို့၌ အပြန်အလှန် ကင်ပြီးနောက် ထက်ဝန်းကျင် ကင်ပြီးနောက် ဖြောင့်အောင်ပြုပြီးနောက် ပစ်ခတ်မှု၌ လျော်အောင် ပြုပြီးနောက် ထိုလေးသမားသည် ထိုမြားကို ထိုမီးစနှစ်ခု တို့၌ အပြန်အလှန် မကင်၊ ထက်ဝန်းကျင် မကင်၊ ဖြောင့်အောင် မပြု၊ ပစ်ခတ်မှု၌ လျော်အောင် မပြု တော့ပေ။ အဘယ့်ကြောင့်နည်းဟူမူ - ရဟန်းတို့ ထိုလေးသမားသည် အကြင်အကျိုးငှါ မြားကို မီးစနှစ်ခု တို့၌ အပြန်အလှန် ကင်၏၊ ထက်ဝန်းကျင် ကင်၏၊ ဖြောင့်အောင် ပြု၏၊ ပစ်ခတ်မှု၌ လျော်အောင် ပြု၏၊ ထိုလေးသမားအား ထိုအကျိုးသည် ပြီးစီးပြီ။ ထို့ကြောင့် နောင်အခါ၌ လေးသမားသည် မြားကို ဖြောင့်လို့ရအောင် မီးစနှစ်ခုတို့၌ အပြန်အလှန် မကင်၊ ထက်ဝန်းကျင် မကင်၊ ဖြောင့်အောင် မပြု၊ ပစ်ခတ်မှု၌ လျော်အောင် မပြုတော့ပေ။

ရဟန်းတို့ ဤဥပမာအတူသာလျှင် ရဟန်းသည် ဤသို့ ဆင်ခြင်၏ ''ချမ်းသာသလိုနေသော ငါ့အား အကုသိုလ်တရားတို့သည် တိုးပွါးကုန်၏၊ ကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ငါ့အား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏၊ ကုသိုလ်တရားတို့ သည် တိုးပွါးကုန်၏။ ငါသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်ရမူ ကောင်းလေစွ''ဟု (ဤသို့ ဆင်ခြင်၏)။ ထိုရဟန်းသည် အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်၏၊ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားထုတ်သော ထိုရဟန်းအား အကုသိုလ်တရားတို့သည် ဆုတ်ယုတ်ကုန်၏။ ကုသိုလ်တရားတို့သည် တိုးပွါးကုန်၏။ ထိုရဟန်းသည် နောင်အခါ၌ အတ္တဘောကို ဆင်းရဲစေခြင်းငှါ အားမထုတ်တော့ချေ။ အဘယ်ကြောင့်နည်းဟူမူ- ရဟန်းတို့ ထိုရဟန်းသည် အကြင်အကုသိုလ်ဆုတ်ယုတ်ခြင်း ကုသိုလ်တိုးပွါး ခြင်းအကျိုးငှါ အတ္တဘောကို ဆင်းရဲအောင် အားထုတ်၏၊ ထိုရဟန်းအား ထိုအကျိုးသည် ပြီးစီးပြီ။ ထို့ကြောင့် နောင်အခါ၌ အတ္တဘောကို ဆင်းရဲအောင် အားမထုတ်တော့ချေ။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၃။ ရဟန်းတို့ နောက်တစ်ဖန်လည်း ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရား တို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကသုံးပါးကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ် ဖြစ်တော်မူသော၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရားတို့ ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ဤလောက၌ ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားသည် နတ်နှင့် တကွသော မာရ်နတ်နှင့် တကွသော ဗြဟ္မာနှင့် တကွသော ဤဩကာသ လောကကိုလည်းကောင်း သမဏဗြာဟ္မဏတို့နှင့်တကွသော မင်းများ လူများနှင့်တကွသော သတ္တဝါ အပေါင်းကိုလည်းကောင်း ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ဟောကြားတော်မူ၏။

ထိုမြတ်စွာဘုရားသည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောတော်မူ၏၊ အလုံးစုံ ပြည့်စုံသော စင်ကြယ် သော မြတ်သော အကျင့်ကို ပြတော်မူ၏၊ ထိုတရားတော်ကို သူကြွယ်သည်လည်းကောင်း၊ သူကြွယ်၏သား သည်လည်းကောင်း၊ အခြားဇာတ်တစ်မျိုးမျိုး၌ ဖြစ်သောသူသည်လည်းကောင်း ကြားနာရ၏။ ထိုသူသည် ထိုတရားတော်ကို ကြားနာရ၍ မြတ်စွာဘုရား၌ ယုံကြည်မှုကို ရ၏၊ ထိုသူသည် ထိုယုံကြည်မှုကိုရခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ ဤသို့ ဆင်ခြင်၏ ''လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်း၏၊ (ကိလေသာ) မြူထရာ လမ်းကြောင်းဖြစ်၏၊ ရှင်ရဟန်းအဖြစ်သည် လွင်ပြင်နှင့်တူ၏၊ လူ့ဘောင်၌ နေသူသည် ဤမြတ်သော အကျင့်ကို စင်စစ်ပြည့်စုံစွာ စင်စစ်စင်ကြယ်စွာ ခရုသင်း ပွတ်သစ်နှင့်တူစွာ ကျင့်ခြင်းငှါ မလွယ်၊ ငါသည် ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်ရမူ ကောင်းလေစွ''ဟု (ဆင်ခြင်၏)။ ထိုသူသည် နောင်အခါ၌ နည်းသောဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ များသောဥစ္စာစုကို စွန့်၍သော်လည်းကောင်း၊ နည်းသော ဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း များသောဆွေမျိုးစုကို စွန့်၍သော်လည်းကောင်း ဆံမုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုးသောအဝတ်တို့ကို ဝတ်ရုံ၍ အိမ်ရာတည်ထောင် လူ့ဘောင်မှ အိမ်ရာမထောင် ရဟန်းဘောင်သို့ ဝင်ရောက်၏။

၁၄။ ထိုသူသည် ဤသို့ ဝင်ရောက်ပြီးသော် ရဟန်းတို့၏ အဓိသီလသိက္ခာ ပညတ်တော်မူအပ်သော သိက္ခာပုဒ်နှင့်ပြည့်စုံလျက် အသက်သတ်ခြင်းကို ပယ်၍ အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ တုတ်ကို ချထား ပြီး ဖြစ်၏၊ လက်နက်ကို ချထားပြီး ဖြစ်၏၊ ရှက်ခြင်းရှိ၏၊ သနားတတ်၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပါွးကို လိုလားလျက်နေ၏။ မပေးသည်ကို ယူခြင်းကို ပယ်၍ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ပေးသည်ကိုသာ ယူ၏၊ ပေးသည်ကိုသာ အလိုရှိ၏၊ မခိုးမဝှက် စင်ကြယ်သောကိုယ်ဖြင့် နေ၏။ မမြတ်သော အကျင့်ကို ပယ်၍ မြတ်သော အကျင့်ကို ကျင့်၏၊ ယုတ်သော အကျင့်ကို ကျင့်လေ့မရှိ၊ ရွာသူ တို့၏ အလေ့ဖြစ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်ပြောခြင်းကို ပယ်၍ မဟုတ်မမှန် ပြော ခြင်းမှ ရှောင်ကြဉ်၏၊ အမှန်ကိုသာ ဆိုလေ့ရှိ၏၊ မှန်သောစကားချင်း ဆက်စပ်စေ၏၊ တည်သော စကား ရှိ၏၊ ယုံကြည်ထိုက်သော စကားရှိ၏၊ လောကကို လှည့်စားတတ်သူမဟုတ် ကုန်းစကားကို ပယ်စွန့်၍ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ထိုသူတို့နှင့် ဤသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံမှ နားထောင်၍ ထိုသူတို့ ထံ၌ မပြောတတ်၊ ထိုသူတို့ထံမှ နားထောင်၍့် ဤသူတို့နှင့် ထိုသူတို့ ကွဲပြားခြင်းငှါ ဤသူတို့ထံ၌ မပြော တတ်၊ ဤသို့ ကွဲပြားသူတို့ကိုလည်း စေ့စပ်တတ်၏၊ ညီညွတ်သူတို့ကိုလည်း အားပေးတတ်၏၊ ညီညွတ် ခြင်း၌ မွေ့လျော်၏၊ ညီညွတ်ခြင်း၌ ပျော်ပိုက်၏၊ ညီညွတ်ခြင်းကို နှစ်သက်၏၊ ညီညွတ်ခြင်းပြုတတ်သော စကားကိုသာ ဆိုလေ့ရှိ၏၊ ကြမ်းတမ်းသော စကားကိုပယ်၍ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်၏၊ အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့ သက်ဝင်၏၊ ယဉ်ကျေး၏၊ လူအများနှစ်သက်၏၊ လူအများနှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကိုသာဆို၏၊ ပြိန်ဖျင်းသော စကားကို ပယ်၍ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်၏၊ သင့်သောအခါ၌သာ ဆိုလေ့ရှိ၏၊ဟုတ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အကျိုးနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ တရားနှင့်စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုလေ့ရှိ၏၊ သင့်သောအခါ၌ အကြောင်းနှင့်တကွသော အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော မှတ်သားလောက်သော စကားကိုသာ ဆိုလေ့ရှိ၏၊။

ထိုရဟန်းသည် မျိုးစေ့အပေါင်း အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်၏၊ ဆွမ်းတစ်နပ်သာ စားလေ့ရှိ၏၊ ညစာစားခြင်းမှ ရှောင်ကြဉ်၏၊ နေ့လွဲစားခြင်းမှ ရှောင်ကြဉ်၏၊ ကခြင်း သီခြင်း တီးမှုတ် ခြင်း (သူတော်ကောင်းတရား၏) ဆူးငြောင့်ဖြစ်သော ပွဲကြည့်ခြင်းမှ ရှောင်ကြဉ်၏။ ပန်းပန်ခြင်း နံ့သာ ခြယ်ခြင်း နံ့သာပျောင်းလိမ်းခြင်းမှ ရှောင်ကြဉ်၏။ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်၏။ ရွှေငွေကိုခံယူခြင်းမှ ရှောင်ကြဉ်၏။ ကောက်စိမ်းကို ခံယူခြင်းမှ ရှောင်ကြဉ်၏၊ သားစိမ်းငါးစိမ်းကို ခံယူခြင်း မှ ရှောင်ကြဉ်၏။ မိန်းမပျို မိန်းမအိုတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကျွန်မိန်းမ ကျွန်ယောက်ျားကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ဆိတ်နှင့် သိုးကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ ကြက်ဝက်ကို ခံယူခြင်းမှ ရှောင် ကြဉ်၏။ ဆင် နွား မြင်း မြည်းတို့ကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ လယ်နှင့်ယာကို ခံယူခြင်းမှ ရှောင်ကြဉ်၏။ တမန်အမှု အစေအပါး အမှုကို ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်၏။ ဝယ်မှု ရောင်းမှုမှ ရှောင်ကြဉ်၏။ ချိန်စဉ်းလဲ အသပြာစဉ်းလဲ ခြင်တွယ်တိုင်းတာစဉ်းလဲခြင်းမှ ရှောင်ကြဉ်၏။ တံစိုးယူခြင်း လှည့်ဖြားခြင်း အတုပြု၍ လိမ်ခြင်းတည်းဟူသော ကောက်ကျစ်ခြင်းမှ ရှောင်ကြဉ်၏။ ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း ရွာနိဂုံးတို့ကို သောင်းကျန်းဖျက်ဆီးခြင်း ဓားပြတိုက်ခြင်းမှ ရှောင်ကြဉ်၏။

ထိုရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့်, ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့် ရဲ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာ ရှိသဖြင့်) တပါတည်းယူပြီး ဖြစ်၍သာလျှင် သွား၏။ ဥပမာအားဖြင့် အတောင်ရှိသောငှက်သည် ပျံလေရာရာသို့ မိမိအတောင်သာ ဝန်ရှိ သည်ဖြစ်၍ ပျံ၏။ ဤအတူ ရဟန်းသည် ကိုယ်ကိုမျှတစေနိုင်ရုံသော သင်္ကန်းဖြင့် ဝမ်းကိုမျှတစေနိုင်ရုံသော ဆွမ်းဖြင့် ရောင့်ရဲ၏။ ထိုရဟန်းသည် သွားလေရာရာသို့ (ကိုယ်နှင့်အတူ ပါမြဲပရိက္ခရာမျှသာရှိသဖြင့်) တပါတည်းယူပြီးဖြစ်၍သာလျှင် သွား၏။ ထိုရဟန်းသည် မြတ်သော ဤသီလအစုနှင့် ပြည့်စုံသည်ဖြစ်၍ မိမိအတွင်းသန္တာန်၌ အပြစ်ကင်းသော ချမ်းသာကို ခံစား၏။

၁၅။ ထိုရဟန်းသည် မျက်စိဖြင့် အဆင်း 'ရူပါရုံ' ကို မြင်သော် (မိန်းမ ယောက်ျားစသော) ပုံသဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေ ကို မစောင့်စည်းခြင်းဟူ သော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ' ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏။ (ထို့ကြောင့် ရဟန်း သည်) ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့် စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ 'ဂန္ဓာရုံ' ကို နံသော်။ပ။ လျှာဖြင့် အရသာ 'ရသာရုံ' ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ကို ထိသော်။ပ။ စိတ်ဖြင့် သဘော 'ဓမ္မာရုံ'ကို သိသော် (မိန်းမ ယောက်ျားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (မနိန္ဒြေ ဟူသော) အကြောင်းကြောင့် မက်မောခြင်း'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည့်ထိုမစောင့်စည်းသူကို အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ရဟန်းသည် ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ တိုရဟန်းသည် ဤမြတ်သော ဣန္ဒြိယသံဝရ သီလနှင့် ပြည့်စုံသည် ဖြစ်၍ မိမိအတွင်းသန္တာန်၌ (ကိလေသာနှင့်) မရောသော ချမ်းသာကို ခံစား၏။

ထိုရဟန်းသည် ရှေ့သို့တက်ရာ နောက်သို့ ဆုတ်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ စကားပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်လျက် ပြုလေ့ရှိ၏။

၁၆။ ထိုရဟန်းသည် ဤမြတ်သော သီလအစုနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ရောင့်ရဲ ခြင်းနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ်သော ဣန္ဒြိယသံဝရသီလနှင့်လည်း ပြည့်စုံသည်ဖြစ်၍ ဤမြတ် သော အောက်မေ့ခြင်း 'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့် ပြည့်စုံသည်ဖြစ်၍ ဆိတ်ငြိမ်သော ကျောင်းအိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။

ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက်၌ ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့် မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် (ဥပါဒါနက္ခန္ဓာငါးပါး ဟူသော) လောက၌ မက်မောခြင်း 'အဘိဇ္ဈာ'ကို ပယ်၍ မက်မောခြင်း 'အဘိဇ္ဈာ' ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း 'အဘိဇ္ဈာ'မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကိုပယ်၍ မပျက်စီး စေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီး စေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ' နောင်တတစ်ဖန် ပူပန်ခြင်း 'ကုက္ကုစ္စ' ကို ပယ်၍ မိမိသန္တာန်၌ ငြိ်မ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ' နောင်တတစ်ဖန် ပူပန်ခြင်း 'ကုက္ကုစ္စ' မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း 'ဝိစိကိစ္ဆာ'ကို ပယ်၍ ယုံမှားခြင်း'ဝိစိကိစ္ဆာ' ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရားတို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' မှ စိတ်ကို စင်ကြယ်စေ၏။

ထိုရဟန်းသည် စိတ်၏ ညစ်ညူးကြောင်းဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန်သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်'နှင့်တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' နှင့် တကွဖြစ် သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ'ရှိသော ပဌမဈာန် သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံးလပြုခြင်း, အကျိုးရှိသော အားထုတ် ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် ဝိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း 'သမာဓိ' ကို ဖြစ်ပွါးစေတတ်သော ကြံစည်ခြင်း 'ဝိတက်' မရှိ သော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသော တည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ'ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ, သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ချမ်းသာခြင်း 'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်) ကြောင့် ထိုသူ့ကို ''လျစ်လျူရှု သူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ'ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ (ရဟန်းသည်) ထိုတတိယဈာန်သို့ ရောက်၍နေ၏၊ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

ရဟန်းတို့ ထို့ပြင်လည်း ရဟန်းသည် ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ (စတုတ္ထဈာန်မရမီ) ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လ ပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၇။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော 'ပုဗ္ဗေနိဝါသာနုဿတိ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် များပြားသော ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်ကား အဘယ်နည်း။ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတိုု့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကာင်း၊ ဘဝနှစ် ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်း ကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်း ကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်း ကောင်း ''ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤ သို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သောဘဝ၌ (တစ်ဖန်) ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့ သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုနောက်ဆုံးဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ရပြန်၏''ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်းပြ ဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကို အစဉ်လျောက်၍ အောက်မေ့ နိုင်၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း, အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၈။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန်လှုပ် ခြင်းသို့ ရောက်လတ်သော် ထို(ရဟန်း)သည် သတ္တဝါတို့၏ သေခြင်း ဖြစ်ခြင်းကို သိသော 'စုတူပပါတ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။ ထို (ရဟန်း) သည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်တို့၏မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု့' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်း သောလားရာရှိသောသတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ် ပေါ်သော သတ္တဝါတို့ကို သိ၏။

''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ကာယဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့်'ဝစီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့်'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာသူတော်ကောင်းတို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသောအယူ ရှိကုန်၏၊ မှားသောအယူဖြင့် ပြုသော ကံရှိကုန်၏၊ တိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီးလျက် ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ကာယသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ဝစီသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာသူတော်ကောင်းတို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သောအယူကို ယူကုန်၏၊ မှန်သောအယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသောလားရာ နတ်ပြည်၌ ဖြစ်ပေါ်ကုန်၏''ဟု ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သောသတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်း မလှသောသတ္တဝါ ကောင်းသောလားရာရှိ သောသတ္တဝါ မကောင်းသောလားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လ ပြုခြင်း အကျိုးရှိသော အားထုတ်ခြင်းသည် ဖြစ်၏။

၁၉။ ဤသို့ တည်ကြည်သောစိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ် သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုတိုင်းရလတ်သော် တည်တံ့လတ်သော် မတုန် လှုပ်ခြင်းသို့ ရောက်လတ်သော် ထို (ရဟန်း) သည် အာသဝေါတရားတို့ကို ကုန်စေသော 'အာသဝက္ခယ' ဉာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေ၏။

ထို (ရဟန်း) သည် ဤကား ဆင်းရဲဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။ ဤသည်တို့ကား အာသဝေါတရားတို့ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်းဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတို့ချုပ်ရာ (နိဗ္ဗာန်)ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ဤကား အာသဝေါတရားတို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်ဟုဟုတ်မှန်သောအတိုင်း သိ၏။

ဤသို့သိသော ဤသို့မြင်သော ထိုရဟန်း၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်၏၊ ဘဝါသဝမှလည်း လွတ်မြောက်၏၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်၏၊ လွတ်မြောက်ပြီးသော် ''လွတ် မြောက်ပြီ''ဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ''တစ်ဖန် ပဋိသန္ဓေနေမှုကုန်ပြီ၊ မဂ်တည်းဟူသော မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငါှ တစ်ပါးသော ပြုဖွယ်မရှိ တော့ပြီ''ဟု သိ၏။ ရဟန်းတို့ ဤသို့လည်း အကျိုးရှိသော လုံ့လပြုခြင်း အကျိုးရှိသော အားထုတ်ခြင်း သည် ဖြစ်၏။ ရဟန်းတို့ မြတ်စွာဘုရားတို့သည် ဤသို့အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့ အယူရှိ ကုန်သော မြတ်စွာဘုရားတို့အား အကြောင်းနှင့်တကွ ဖြစ်၍ ဆယ်ပါးသော ချီးမွမ်းဖွယ်အကြောင်းတို့သည် ရောက်လာကုန်၏။

၂၀။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးကံကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာခံစားမှုတို့ ကို ခံစားရသောကြောင့် မချွတ်ဧကန် ရှေးဘဝက ကောင်းမှုကံပြုခဲ့သူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့်ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော အစိုးရ သူက ဖန်ဆင်းထားသူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မြဲခြင်းသဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာ ခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော မြဲခြင်းသဘောရှိသူူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမျိုးဇာတ်ထူးခြင်းဟူသော အကြောင်းကြောင့် ချမ်းသာ ဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါ ကင်းသော ချမ်းသာခံစားမှုတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော အမျိုးဇာတ်ထူးရှိသူူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ ရဟန်းတို့ မြတ်စွာဘုရားသည် ယခုဘဝ၌ ဤသို့သဘောရှိသော အာသဝေါကင်းသော ချမ်းသာတို့ကို ခံစားရသောကြောင့် မချွတ်ဧကန် ကောင်းမြတ်သော မျက်မှောက်ဘဝ ၌ လုံ့လပြုခြင်း ရှိသူူ ဖြစ်၏။

ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ရှေးဘဝကပြုခဲ့သော ကောင်းမှုဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ အကယ်၍ သတ္တဝါတို့သည် ရှေး ဘဝကပြုခဲ့သော ကောင်းမှုဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရား သည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ အကယ်၍ သတ္တဝါတို့သည် အစိုးရသောသူ ဖန်ဆင်းခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရ ကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် အမြဲဖြစ်ခြင်း သဘောဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ သတ္တဝါတို့သည် အကယ်၍ အမြဲဖြစ်ခြင်းသဘော ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် ထူးသော အမျိုးဇာတ်ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်း ထိုက်၏။ သတ္တဝါတို့သည် အကယ်၍ ထူးသော အမျိုးဇာတ်ဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲ ကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ အကယ်၍ သတ္တဝါတို့သည် မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို ခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ သတ္တဝါတို့သည် အကယ်၍ မျက်မှောက်ဘဝ၌ လုံ့လပြုခြင်းဟူသော အကြောင်းကြောင့် ချမ်းသာဆင်းရဲကို မခံစားရကုန်အံ့၊ မြတ်စွာဘုရားသည် ချီးမွမ်းထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရားတို့သည် ဤသို့ အယူရှိကုန်၏၊ ရဟန်းတို့ ဤသို့အယူရှိကုန်သော မြတ်စွာဘုရားတို့အား အကြောင်းနှင့်တကွ ဖြစ်သော ဤဆယ်ပါးသော ချီးမွမ်းဖွယ်အကြောင်းတို့သည် ရောက်လာကုန်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်ကြကုန်ပြီ။

ရှေးဦးစွာသော ဒေဝဒဟသုတ် ပြီး၏။

------

၂-ပဉ္စတ္တယသုတ်

၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော် မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ နောက်အဖို့ကို ကြံဆခြင်းရှိကုန်သော နောက်အဖို့ကို စွဲယူကုန်သော အချို့အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူ ပြစကားတို့ကို ပြောဟောကုန်၏၊ ''အတ္တသည် သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏''၊ ဤသို့ အချို့ သူတို့သည် ပြောဆိုကုန်၏၊ ''အတ္တသည် သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏''၊ ဤသို့ အချို့သူတို့ သည် ပြောဆိုကုန်၏၊ ''အတ္တသည် သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏''၊ ဤသို့ အ ချို့သူတို့သည် ပြောဆိုကုန်၏၊ ထိုမှတစ်ပါး ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏၊ ထိုမှတစ်ပါး မျက်မှောက်ဘဝ၌ ဆင်းရဲကင်းငြိမ်းသော လောကနိဗ္ဗာန်ကို အချို့သူတို့သည် ပြောဆိုကုန်၏။ ဤသို့ ထင်ရှားရှိသော အတ္တကို သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏၊ ထိုမှတစ်ပါး ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏၊ မျက်မှောက်ဘဝ၌ ဆင်းရဲကင်းငြိမ်းသော နိဗ္ဗာန်ကို အချို့သူတို့သည် ပြောဆိုကုန်၏။ ဤသို့ ဤအယူဝါဒတို့သည် ငါးပါးဖြစ်လျက် သုံးပါးဖြစ်ကုန်၏၊ သုံးပါးဖြစ်လျက် ငါးပါးဖြစ်ကုန်၏။ ဤကား ငါးပါး, သုံးပါးသော အယူဝါဒကို အကျဉ်းပြခြင်းတည်း။

၂၂။ ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ သညာလည်း ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား မရှိ သညာကား ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို တစ်ခုတည်းသော သညာ 'ဧကတ္တသညာ'လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို အထူးထူးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ငယ်သော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို အတိုင်းအရှည်မရှိသော ကြီးသောသညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။

ထိုမှတစ်ပါး ဤသို့ သညာသတ္တကကို လွန်ကုန်သော အချို့ပုဂ္ဂိုလ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့ သည် ဝိညာဏကသိုဏ်းကို အတိုင်းမရှိကြီး၏၊ တုန်လှုပ်ခြင်းမရှိဟု ပြောဆိုကုန်၏။ ရဟန်းတို့ ငါဘုရား သည် ထိုမှားသောအယူကို ထူးသောဉာဏ်ဖြင့် သိ၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိ့သည်လည်း မဟုတ်၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို တစ်ခုတည်းသောသညာ 'ဧကတ္တသညာ'လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို အထူးထူးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ငယ်သော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို အတိုင်းအရှည်မရှိသော ကြီးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ (ဤသို့ထူးသော ဉာဏ်ဖြင့် သိ၏)။

ထိုမှတစ်ပါး အကယ်၍ ရုပ်ရှိသော သညာကိုဖြစ်စေ၊ အကယ်၍ နာမ်ရှိသော သညာကိုဖြစ်စေ၊ အကယ်၍ တစ်ခုတည်းသော သညာကိုဖြစ်စေ၊ အကယ်၍ အထူးထူးသော သညာကိုဖြစ်စေ၊ ထိုသညာတို့၏ အကြင်ကိလေသာ စင်ကြယ်ခြင်းကိုလည်းကောင်း၊ အကြင်မြတ်ခြင်းကိုလည်းကောင်း၊ အကြင်ချီးမွမ်းခြင်း ကိုလည်းကောင်း၊ အကြင်အတုမရှိမြတ်ခြင်းကိုလည်းကောင်း ဆိုအပ်၏၊ နတ္ထိကိဥိ္စဟု စီးဖြန်း၍ရသော အာကိဉ္စညာယတနဈာန်ကို အချို့ပုဂ္ဂိုလ်တို့သည် အတိုင်းမရှိ ကြီး၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏ဟု ပြောဆိုကုန်၏၊ ထိုအလုံးစုံသော သညာသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ်သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း။ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက် ရာနိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။

၂၃။ ရဟန်းတို့ ထိုရှစ်ပါးသော အသညီဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား ရှိ၏၊ သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တ ကို ရုပ်လည်း မရှိ၊ သညာလည်း မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။

ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။

ထို်သမဏဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ ထိုသို့ တားမြစ်ခြင်း သည် အဘယ့်ကြောင့်နည်းဟူမူ- သညာသည် ရောဂါနှင့်တူ၍ သညာသည် အိုင်းအမာနှင့်တူ၍ သညာသည် မြားငြောင့်နှင့်တူ၍ သညာမရှိခြင်းသည် ငြိမ်သက်မွန်မြတ်သောကြောင့်တည်း။ ရဟန်းတို့ ငါသည် ထိုအယူ ကို ထူးသောဉာဏ်ဖြင့် သိ၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာမရှိ၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား ရှိ၏၊ သညာကား မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။

ရဟန်းတို့ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဤသို့ ပြောဆိုငြားအံ့၊ ''ငါသည် ရုပ်ကို ကြဉ်၍ ဝေဒနာကို ကြဉ်၍ သညာကို ကြဉ်၍ သင်္ခါရတို့ကို ကြဉ်၍ ဝိညာဏ်ကို ကြဉ်၍ (ပဋိသန္ဓေ၏အစွမ်းအားဖြင့်) လာခြင်းကိုလည်းကောင်း၊ စုတိ၏အစွမ်းအားဖြင့် သွားခြင်းကိုလည်းကောင်း၊ သေခြင်းကိုလည်းကောင်း၊ ဥပပါတ်အားဖြင့် ကိုယ်ထင်ရှားဖြစ်ခြင်းကိုလည်း့ကောင်း၊ ကြီးပွါးခြင်းကိုလည်းကောင်း၊ စည်ပင်ခြင်းကိုလည်းကောင်း၊ ပြန့်ပြောခြင်းကိုလည်းကောင်း ပညတ်ပေအံ့''ဟု (ဆိုငြားအံ့)၊ ဤအကြောင်းသည် မရှိ၊ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ် သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း။ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။

၂၄။ ရဟန်းတို့ ထိုရှစ်ပါးသော နေဝသညီနာသညီဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုန့်ရင်း သော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သောသညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သောသညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ ရုန့်ရင်း သော သညာမရှိ၊ သိမ်မွေ့သောသညာ မရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက် ၌ မြဲ၏ဟု ပညတ်ကုန်၏။

ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထို်သမဏဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည်လည်း အတ္တကို သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ ထို်အသျှင်သမဏဗြာဟ္မဏတို့အား ဤနေဝသညီနာသညီဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ ထိုတားမြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- သညာသည် ရောဂါနှင့်တူ၍ သညာသည် အိုင်းအမာ နှင့်တူ၍ သညာသည် မြားငြောင့်နှင့်တူ၍ သညာမရှိခြင်းသည် တွေဝေခြင်းအကြောင်းဖြစ်၍ ရုန့်ရင်းသော သညာမရှိ, သိမ်မွေ့သော သညာသာရှိသည်၏ အဖြစ်သည် ငြိမ်သက်မွန်မြတ်သောကြောင့်တည်း၊ ရဟန်း တို့ ငါဘုရားသည် ထိုအယူကို ထူးသောဉာဏ်ဖြင့် သိ၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုန့်ရင်းသောသညာကား မရှိ၊ သိမ်မွေ့သောသညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိ၏၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။

ရဟန်းတို့ အလုံးစုံကုန်သော သမဏဗြာဟ္မဏတို့သည် မြင်ရသောအာရုံ ကြားရသောအာရုံ တွေ့ရ သော အာရုံကို သိတတ်သော ရုန့်ရင်းသော သင်္ခါရမျှဖြင့် ထိုနေဝသညာနာသညာယတန၏ ပြည့်စုံခြင်းကို ပညတ်ကုန်၏၊ ရဟန်းတို့ ထိုနေဝသညာနာသညာယတန၏ ပြည့်စုံခြင်းဖြင့် ပျက်စီး၏ဟု ဆိုအပ်၏။ ရဟန်းတို့ ထိုနေဝသညာနာသညာယတနကို ရုန့်ရင်းသော သင်္ခါရဖြစ်ခြင်းသို့ ရောက်၏ဟု မဆိုအပ်။ ရဟန်းတို့ ထိုနေဝသညာနာသညာယတနကို သင်္ခါရတို့တွင် အကြွင်းဖြစ်သော သိမ်မွေ့သော သင်္ခါရသို့ရောက်၏ဟု ဆိုအပ်၏။ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ် သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ င်္ါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် သင်္ခါရကို လွန်မြောက်၏။

၂၅။ ရဟန်းတို့ ထိုခုနစ်ပါးသော ဥစ္ဆေဒဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏။ ရဟန်းတို့ ထိုစကား၌ အကြင် သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့ သည်လည်း အတ္တကို သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့အား ဤနေဝသညီနာသညီဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့ သည်လည်း အတ္တကို ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့အား ဤဥစ္ဆေ ဒဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ ထိုသို့တားမြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- အလုံးစုံလည်းဖြစ်သော ဤအသျှင်သမဏဗြာဟ္မဏ တို့သည် ''ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့၊ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့''ဟု (သေသည်မှ) အထက်ဖြစ်သော နောက်၌ ကျင်လည်ခြင်းကို ငြိကပ်လျက် ပြောဆိုကုန်သောကြောင့်တည်း။

ဥပမာအားဖြင့် ကုန်ရောင်းခြင်းငှါ သွားသောကုန်သည်အား ''ဤအရပ်မှ ငါ့မှာ ဤမျှသော အမြတ်ငွေသည် ဖြစ်လတ္တံ့၊ ဤကုန်ဖြင့် ဤအမြတ်ငွေကို ရတော့အံ့''ဟု အကြံအစည်ဖြစ်ရာသကဲ့သို့၊ ဤအတူသာလျှင် ဤအသျှင်သမဏဗြာဟ္မဏတို့သည် ''ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့၊ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့''ဟု ကုန်သည်တို့နှင့် တူကုန်သကဲ့သို့ ထင်ကုန်၏။ ရဟန်းတို့ ထိုအယူကို ငါဘုရားသည် ထူးသော ဉာဏ်ဖြင့် သိ၏။

အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်း သဘောမှ ကင်းခြင်းကို ပညတ်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် သက္ကာယကို ကြောက်ကုန်လျက် သက္ကာယကို စက်ဆုပ်ကုန်လျက် သက္ကာယသို့သာလျှင် အစဉ်ပြေးကုန်၏၊ သက္ကာယသို့သာလျှင် အစဉ်လည်ကုန်၏၊ ဥပမာအားဖြင့် ကြိုးကျည်တောက်ဖြင့် ချည်ထားသော ခွေးသည် မြဲအောင် စိုက်ထားသောတိုင်၌လည်း ကောင်း၊ ငုတ်၌လည်းကောင်း၊ ဖွဲ့ချည်ထားသည်ဖြစ်၍ ထိုတိုင်သို့လည်းကောင်း၊ ငုတ်သို့လည်းကောင်း အစဉ်ပြေးသကဲ့သို့၊ အစဉ်လည်သကဲ့သို့၊ ဤအတူသာလျှင် ဤအသျှင်သမဏဗြာဟ္မဏတို့သည် သက္ကာယကို ကြောက်ကုန်လျက် သက္ကာယကို စက်ဆုပ်ကုန်လျက် သက္ကာယသို့သာလျှင် အစဉ်ပြေးကုန်၏၊ သက္ကာယ သို့သာလျှင် အစဉ်လည်ကုန်၏၊ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ် သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။

၂၆။ ရဟန်းတို့ နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူသော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြ စကားတို့ ကို ပြောဟောကုန်၏။ ထိုအလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဤငါးပါးသော အကြောင်းတို့ကိုသာလျှင်လည်းကောင်း ဤငါးပါးသော အကြောင်းတို့တွင် တစ်ပါးပါးသော အကြောင်းကိုလည်းကောင်း ပြောဆို ကုန်၏။

၂၇။ ရဟန်းတို့ ရှေ့အဖို့ကို ကြံဆကုန်သော ရှေ့အဖို့ကို စွဲယူကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) ရှေ့အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြ စကားတို့ကို ပြောဟောကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊့လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းဟုတ်၏၊ မမြဲသည်လည်းဟုတ်၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊လောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးမရှိ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိသည်လည်းဟုတ်၏၊ အဆုံးမရှိသည်လည်းဟုတ်၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်း ကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်၊ ဤ အယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တ သည်လည်းကောင်း၊ လောကသည်လည်းကောင်း တစ်ခုတည်းသော သညာရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အထူးထူးသော သညာရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်း နှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်း ကောင်း ငယ်သောသညာ ရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့ တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အတိုင်းအရှည်မရှိသော ကြီးသောသညာရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ချမ်းသာရှိ၏၊ ဤအယူ သာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ဆင်းရဲရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ချမ်းသာဆင်းရဲရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့တို့သည် ပြောဟောကုန်၏၊ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဆင်းရဲလည်း မဟုတ် ချမ်းသာလည်းမဟုတ်၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု အချို့ တို့သည် ပြောဟောကုန်၏၊

၂၈။ ရဟန်းတို့ ထိုအယူဝါဒတို့တွင် ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့အား စင်စစ် ယုံကြည်ခြင်းကို ကြဉ်၍လည်းကောင်း၊ နှစ်သက်ခြင်းကို ကြဉ်၍လည်းကောင်း၊ တစ်ဆင့်ကြားခြင်းကို ကြဉ်၍လည်းကောင်း၊ အခြင်းအရာကို ကြံစည်ခြင်းကို ကြဉ်၍လည်းကောင်း၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းကို ကြဉ်၍လည်းကောင်း စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ်သည် ဖြစ်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။ ရဟန်းတို့ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ် မရှိလတ်သော် ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ထိုအယူ၌ ဉာဏ်အဖို့သို့ အကယ်၍ သက်ဝင်ကုန်သော်လည်း ထိုအသျှင်သမဏ ဗြာဟ္မဏတို့၏ ထိုဉာဏ်အဖို့သို့ သက်ဝင်ခြင်းကိုလည်း့ဥပါဒါန်ဟူ၍ ဆိုအပ်၏။ ထိုသင်္ခါရသည် ပြုပြင် အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခ ါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ င်္ါရကို လွန်မြောက်၏။

၂၉။ ရဟန်းတို့ ထိုအယူဝါဒတို့တွင် ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏။ပ။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းဟုတ်၏၊ မမြဲသည်လည်းဟုတ်၏။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်း အခြား ရှိ၏။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြား မရှိ။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြားရှိသည်လည်းဟုတ်၏၊ အဆုံးအပိုင်းအခြား မရှိသည်လည်းဟုတ်၏။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြား ရှိသည်လည်း မဟုတ်၊ အဆုံးအပိုင်းအခြား မရှိသည်လည်း မဟုတ်။

အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း တစ်ခုတည်းသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အထူးထူးသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ငယ်သော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အတိုင်းအရှည်မရှိသော ကြီးသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ချမ်းသာသက်သက် ရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ဆင်းရဲ သက်သက်ရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ချမ်းသာဆင်းရဲရှိ၏။ ''အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း''ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့ အား စင်စစ် ယုံကြည်ခြင်းကို ကြဉ်၍လည်းကောင်း နှစ်သက်ခြင်းကို ကြဉ်၍လည်းကောင်း၊ တစ်ဆင့်ကြား ခြင်းကို ကြဉ်၍လည်းကောင်း၊ အခြင်းအရာကို ကြံစည်ခြင်းကို ကြဉ်၍လည်းကောင်း၊ အယူကို စူးစိုက်ကြည့် ရှု၍ ကျေနပ်ခြင်းကို ကြဉ်၍လည်းကောင်း ကိလေသာ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ်သည် ဖြစ်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။

ရဟန်းတို့ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ် မရှိလတ်သော် အသျှင်သမဏဗြာဟ္မဏတို့သည် ထို အယူ၌ ဉာဏ်အဖို့သို့ သက်ဝင်ကုန်သော်လည်း ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ထိုဉာဏ်အဖို့သို့ သက်ဝင် ခြင်းကိုလည်း ဥပါဒါန်ဟူ၍ ဆိုရ၏။ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ င်္ါရကို လွန်မြောက်၏။

၃၀။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော (ပဌမ, ဒုတိယ) ဈာန်ကို ပြည့်စုံစေ၍ နေ၏။ ''နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော (ပဌမ, ဒုတိယ) ဈာန်ကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏''ဟု နှလုံးသွင်း၍ နေ၏။ ထိုပုဂ္ဂိုလ်အား ထိုနီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ချုပ်၏၊ ထိုနီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့်စိတ်ဆင်းရဲမှု 'ဒေါမနဿ' သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု 'ဒေါမနဿ' ချုပ်ခြင်းကြောင့် နီဝရဏကင်း ဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော (ပဌမ, ဒုတိယ) ဈာန်သည် ဖြစ်၏။

ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ ့နှံ့သကဲ့သို့၊ ဤအတူသာလျှင် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် စိတ်ဆင်းရဲမှု 'ဒေါမနဿ' သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု 'ဒေါမနဿ' ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ''ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ဖြစ်၏။ ရဟန်းတို့ ထိုအကြောင်းအရာကို ဘုရားသျှင်သည် သိ၏။

ရဟန်းတို့ ငါဘုရားသည် ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏၊ ''နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်ကို ပြည့် စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏'' ဟူ၍ နှလုံးသွင်း၍ နေ၏။ ထိုပုဂ္ဂိုလ်အား နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ထိုနှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ချုပ်ငြိမ်း၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် စိတ်ဆင်းရဲမှု 'ဒေါမနဿ' သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု 'ဒေါမနဿ' ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန် သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ င်္ါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထို သခ င်္ါရကို လွန်မြောက်၏။

၃၁။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက် ခြင်းကြောင့်လည်းကောင်း အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို ပြည့်စုံစေ၍ နေ၏။ ''ဤ အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏''ဟု နှလုံးသွင်း၍နေ၏။ ထိုပုဂ္ဂိုလ်အား အာမိသကင်းသော ထို (တတိယဈာန်) ချမ်းသာသည် ချုပ်၏၊ အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယ ဈာန်) ချမ်းသာသည် ဖြစ်၏။

ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ ့နှံ့သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အာမိသကင်းသော တတိယ ဈာန်ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယ ဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယ ဈာန်ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏။ ရဟန်းတို့ထိုအကြောင်း အရာကို မြတ်စွာဘုရားသည် သိ၏။

ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း အချင်းခပ် သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း'ပီတိ'ရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို ပြည့်စုံစေ၍ နေ၏။ ''ဤအာမိသကင်းသော တတိယဈာန် ချမ်းသာကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏''ဟု နှလုံးသွင်း၍ နေ၏။ ထိုပုဂ္ဂိုလ်အား အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ချုပ်၏၊ အာမိသကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယ ဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယ ဈာန်ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ င်္ါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရား သည် ထိုသခ င်္ါရကို လွန်မြောက်၏။

၃၂။ ရဟန်းတို့ ဤ လောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက် ခြင်းကြောင့်လည်းကောင်း၊ အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍နေ၏၊ ''ဤဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏''ဟု နှလုံးသွင်း၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ချုပ်၏၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော တတိယဈာန် ချမ်းသာသည် ဖြစ်၏၊ အာမိသကင်းသော တတိယဈာန်ချမ်းသာ ချုပ်ခြင်းကြောင့် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ဖြစ်၏။

ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ ့နှံ့သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏၊ အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ဖြစ်၏။ ရဟန်းတို့ ထိုအကြောင်းအရာကို ငါ ဘုရားသည် သိ၏။

ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်း ခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ အာမိသ ကင်းသော တတိယဈာန်ချမ်းသာကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း ဒုက္ခလည်းမဟုတ် သုခလည်း့မဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏၊ ''ဤဒုက္ခလည်းမဟုတ် သုခလည်းမဟုတ် သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏''ဟု နှလုံးသွင်း၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ထိုဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ချုပ်၏၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ချုပ်ခြင်းကြောင့် အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏၊ အာမိသကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်း ကြောင့် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ဖြစ်၏။ ထိုသို့ဖြစ် ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤ ချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ င်္ါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ င်္ါရကို လွန်မြောက်၏။

၃၃။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း၊ အာမိသကင်းသော တတိယဈာန်ချမ်းသာကို လွန်ခြင်းကြောင့်လည်းကောင်း၊ ဒုက္ခလည်း မဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း ''ငါသည် ငြိမ်သက်၏၊ ငါသည် ငြိမ်းအေး၏၊ ငါသည် စွဲလမ်းခြင်းကင်း၏''ဟု အဖန်ဖန်ရှု၏။ ရဟန်းတို့ ထိုအကြောင်းကို မြတ်စွာဘုရားသည် သိ၏။

ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်း ခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း၊ အာမိသကင်းသော တတိယဈာန်ချမ်းသာကို လွန်ခြင်းကြောင့်လည်းကောင်း၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာ ရှိသော စတုတ္ထဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း ''ငါသည် ငြိမ်သက်၏၊ ငါသည် ငြိမ်းအေး၏၊ ငါသည် စွဲလမ်းခြင်းကင်း၏''ဟု အဖန်ဖန် ရှု၏။

ဤအသျှင်သည် နိဗ္ဗာန်အားလျော်သော အကျင့်ကိုသာလျှင် စင်စစ် ပြောဆို၏။ သို့ရာတွင် ဤ အသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ နောက်အဖို့ကို စွဲယူခြင်းကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ ကာမရာဂသံယောဇဉ်ကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန် ကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ အာမိသကင်းသော တတိယဈာန်ချမ်းသာကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို စွဲလမ်းသော်လည်း စွဲလမ်း၏။ မှန်၏၊ ဤအသျှင်သည် ''ငါသည် ငြိမ်သက်၏၊ ငါသည် ငြိမ်းအေး၏၊ ငါသည် စွဲလမ်းခြင်း ကင်း၏''ဟု အဖန်ဖန် ရှု၏။ ထိုရှုမှုကို ဤအသျှင်သမဏဗြာဟ္မဏ၏ စွဲလမ်းမှု 'ဥပါဒါန်'ဟု ဆိုရ၏။ ထိုစွဲလမ်းမှု 'ဥပါဒါန်' သည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ ပြုပြင်မှု 'သင်္ခါရ'တို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း။ ဤချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော ထိုမြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။

ရဟန်းတို့ ခြောက်ပါးသော ဖဿာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိ၍ မစွဲလမ်းဘဲ လွန်မြောက်ရာ, အတုမရှိမြတ်သော ကိလေသာတို့မှ ငြိမ်းအေးသော ဤနိဗ္ဗာန်ကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိအပ်ပြီဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။

နှစ်ခုမြောက် ပဉ္စတ္တယသုတ် ပြီး၏။

------

၁။ ပဉ္စာယတန-သုတ်ဟုလည်း ရှိသည်။

၂။ အချို့မူ၌ ပါရှိ၏။

၃-ကိန္တိသုတ်

၃၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ပိသိနာရမည်သောအရပ် ဗလိနတ်စာတင်သရာ တောအုပ်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏။ ''ရဟန်းတို့ သင်တို့သည် ငါ၌ အဘယ်သို့ ထင်မှတ်သနည်း၊ ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်းဂေါတမသည် ဆွမ်းကို လိုချင်ခြင်း ဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်းဂေါတမသည် ကျောင်း အိပ်ရာ နေရာကို လိုချင်ခြင်းဟူသော အကြောင်း ကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော၊ ရဟန်း ဂေါတမသည် ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အကြောင်းကြောင့်လည်း တရားဟော၏ဟု ထင်မှတ်သလော''ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား ''ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ဆွမ်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ကျောင်း အိပ်ရာ နေရာကို လိုချင်ခြင်းဟူသောအကြောင်း ကြောင့်လည်း တရားဟော၏၊ ရဟန်းဂေါတမသည် ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အကြောင်း ကြောင့်လည်း တရားဟော၏''ဟု အကျွန်ုပ်တို့သည် မြတ်စွာဘုရား၌ မထင်မှတ်ပါဟု (လျှောက်ကြ ကုန်၏)။

ရဟန်းတို့ ''ရဟန်းဂေါတမသည် သင်္ကန်းကို လိုချင်ခြင်းဟူသော အကြောင်းကြောင့်လည်း တရား ဟော၏။ပ။ ဤသို့ ပြုသဖြင့် ထိုထိုဘဝတို့၌ ချမ်းသာကို ခံစားရလိမ့်မည်ဟူသော အကြောင်းကြောင့်လည်း တရားဟော၏''ဟု သင်တို့ မထင်မှတ်ခဲ့လျှင် သင်တို့သည် ငါ၌ အဘယ်သို့ ထင်မှတ်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ''မြတ်စွာဘုရားသည် သတ္တဝါတို့ကို အစဉ်စောင့်ရှောက်တော်မူသည်ဖြစ်၍ သတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူလျက် အစဉ်သနားခြင်းကို အကြောင်းပြု၍ တရားဟော တော်မူ၏''ဟုသာ အကျွန်ုပ်တို့သည် မြတ်စွာဘုရား၌ ထင်မှတ်ပါ၏ဟု(လျှောက်ကြ ကုန်၏)။ ရဟန်းတို့ ''မြတ်စွာဘုရား သည် သတ္တဝါတို့ကို အစဉ် စောင့်ရှောက်တော် မူသည် ဖြစ်၍ သတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူ လျက် အစဉ်သနားခြင်းကို အကြောင်းပြု၍ တရားဟောတော် မူ၏''ဟုသာလျှင် ငါ၌ သင်တို့ ထင်မှတ်ခဲ့၏။

၃၅။ ရဟန်းတို့ ထို့ကြောင့် ငါသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောကြားထားသော သတိပဋ္ဌာန် လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတို့၌ သင်တို့အားလုံးသည် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်း မရှိကုန်ဘဲ အညီအညွတ် ကျင့်ရ မည်။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်း မရှိကုန်ဘဲ ကျင့်ကုန်သော သင်တို့တွင် ရဟန်းနှစ်ပါးတို့သည် အလွန်ထူးသော တရား၌ အထူးထူးသောဝါဒ ရှိကုန်ရာ၏။

ထိုတရားတို့၌ ''ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအားဖြင့်လည်း ထူး၏''ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ် အပ်သော ရဟန်းသို့ ချဉ်းကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအား ဖြင့်လည်း ထူး၏၊ အသျှင်တို့သည် ထိုအနက်အဓိပ္ပါယ်အားဖြင့်လည်း ထူးပုံ, သဒ္ဒါအားဖြင့်လည်း ထူးပုံကို ဤအကြောင်းဖြင့် ဤသို့ သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်''ဟု ဆိုရာ၏။

ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်း ကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူး၏၊ သဒ္ဒါအားဖြင့်လည်း ထူး၏၊ အသျှင်တို့ သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း ထူးပုံ, သဒ္ဒါအားဖြင့်လည်း ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန် လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်''ဟု ဆိုရာ၏။ ဤသို့မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေရမည်။ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထား သည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။

၃၆။ ထိုတရားတို့၌ ''ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏''ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ် သော ရဟန်းသို့ ချဉ်းကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ် အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏၊ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်သာ ထူးပုံ, သဒ္ဒါအားဖြင့်ကား တူညီပုံကို ဤအကြောင်း ဖြင့်လည်း သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်''ဟု ဤသို့ ဆိုရာ၏။

ထို့နောက် ဝါဒတူသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်သာ ထူး၏၊ သဒ္ဒါအားဖြင့်ကား တူညီ၏၊ အသျှင်တို့သည် အနက် အဓိပ္ပါယ်အားဖြင့်သာ ထူးပုံ, သဒ္ဒါအားဖြင့်ကား တူညီပုံကို ဤအကြောင်း ဖြင့်လည်း သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်''ဟု ဆိုရာ၏။ ဤသို့ မကောင်းသဖြင့် ယူထားသည် ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေရမည်၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏၊ ကောင်းစွာယူထားသည်ကို ကောင်းစွာ ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။

၃၇။ ထိုတရားတို့၌ ''ဤအသျှင်တို့အား အနက်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏''ဟု သင်တို့အား ဤသို့ အကြံအစည်ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်း သို့ ချဉ်းကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏၊ အသျှင်တို့ သည် အနက်အဓိပ္ပါယ်အားဖြင့် တူညီပုံ, သဒ္ဒါအားဖြင့်ကား ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။ သဒ္ဒါဟူသည် မပြောပလောက်ချေ၊ အသျှင်တို့သည် မပြောပလောက်သော သဒ္ဒါ၌ ငြင်းခုံခြင်းသို့ မရောက် ကြကုန်လင့်''ဟု ဆိုရာ၏။

ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်း ကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့် တူညီ၏၊ သဒ္ဒါအားဖြင့်ကား ထူး၏။ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့် တူပုံ, သဒ္ဒါအားဖြင့်ကား ထူးပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။ သဒ္ဒါဟူ သည် မပြောပလောက်ချေ၊ အသျှင်တို့သည် မပြောပလောက်သော သဒ္ဒါ၌ ငြင်းခုံခြင်းသို့ မရောက်ကြကုန် လင့်''ဟု ဆိုရာ၏။ ဤသို့ ကောင်းစွာ ယူထားသည်ကို ကောင်းစွာယူထား၏၊ မကောင်းသဖြင့် ယူထား သည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သား စေရမည်။ ကောင်းစွာယူထားသည်ကို ကောင်းစွာယူထား၏၊ မကောင်းသဖြင့် ယူထား သည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန် ကို ပြောဟောရမည်။

၃၈။ ထိုတရားတို့၌ ''ဤအသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအားဖြင့်လည်း တူညီ၏''ဟု သင်တို့အား ဤသို့ အကြံအစည် ဖြစ်ငြားအံ့၊ ထိုရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင် မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ် အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအား ဖြင့်လည်း တူညီ၏၊ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီပုံ, သဒ္ဒါအားဖြင့်လည်း တူညီပုံ ကို ဤအကြောင်းဖြင့် သိကြကုန်လော့၊ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်''ဟု ဆိုရာ၏။

ထို့နောက် ဝါဒတူသော အခြားသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု ထင်မှတ်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ ''အသျှင်တို့အား အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီ၏၊ သဒ္ဒါအားဖြင့်လည်း တူညီ၏။ အသျှင်တို့သည် အနက်အဓိပ္ပါယ်အားဖြင့်လည်း တူညီပုံ, သဒ္ဒါအားဖြင့်လည်း တူညီပုံကို ဤအကြောင်းဖြင့် သိကြကုန်လော့။ အသျှင်တို့သည် ငြင်းခုံခြင်းသို့ မရောက်ကြကုန်လင့်''ဟု ဆိုရာ၏။ ဤသို့ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေရမည်။ ကောင်းစွာ ယူထားသည်ကို ကောင်းစွာ ယူထား၏၊ မကောင်းသဖြင့် ယူထားသည်ကို မကောင်းသဖြင့် ယူထား၏ဟု မှတ်သားစေ၍ တရားမှန် ဝိနည်းမှန်ကို ပြောဟောရမည်။

၃၉။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ကျင့်ကုန်သော သင်တို့တွင် တစ်ယောက်သော ရဟန်းအား အာပတ်သင့်ရာ၏၊ လွန်ကျူးခြင်း ဖြစ်ရာ၏။ ရဟန်းတို့ ထိုအာပတ်သင့်ရာ ၌ အပြစ်တင်ခြင်းငှါ အလျင်မလိုအပ် ''ဤသို့ ပြုသည်ရှိသော် ငါ့အားလည်း ကိုယ်စိတ်မပင်ပန်း လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်အားလည်း စိတ်မဆင်းရဲလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်မထွက် ရန်ငြိုးဖွဲ့ လေ့မရှိ၊ စွဲမြဲသော အယူမရှိ၊ အယူကို စွန့်လွယ်၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ် ၌ တည်စေခြင်းငှါ စွမ်းနိုင်၏''ဟု ပုဂ္ဂိုလ်ကို ဆင်ခြင်ရမည်။ ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ ''ငါ့မှာကား ကိုယ်စိတ်မပင်ပန်းလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်မှာကား စိတ်ဆင်းရဲ လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသော အယူမရှိ၊ အယူကို စွန့်လွယ်၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ တစ်ပါးသော ပုဂ္ဂိုလ်မှာ ဖြစ်လတ္တံ့သော စိတ်ဆင်းရဲခြင်းသည် မပြောပလောက်။ စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏''ဟု ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ ''ငါ့မှာကား ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်မှာကား စိတ်မဆင်းရဲ လတ္တံ့၊ တစ်ပါးသော ပုဂ္ဂိုလ်သည် အမျက်မထွက်၊ ရန်ငြိုးဖွဲ့လေ့ မရှိ၊ စွဲမြဲသော အယူရှိ၏၊ အယူဝါဒကို စွန့်နိုင် ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ငါအား ဖြစ်လတ္တံ့သော ကိုယ်စိတ်ပင်ပန်းခြင်းသည် မပြောပလောက်။ စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ့ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏''ဟု ရဟန်းတို့ အကယ်၍ ဤသို့ ဖြစ်ငြားအံ့၊ အပြစ်ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ ''ငါ့မှာလည်း ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်မှာလည်း စိတ်ဆင်းရဲလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသောအယူရှိ၏၊ အယူကိုစွန့်နိုင်ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ငါ့မှာ ဖြစ်လတ္တံ့သော ကိုယ်စိတ်ပင်ပန်းခြင်းသည်လည်းကောင်း၊ တစ်ပါးသောပုဂ္ဂိုလ်မှာ ဖြစ်လတ္တံ့သော စိတ်ဆင်းရဲခြင်းသည်လည်းကောင်း မပြောပလောက်။ စင်စစ် ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည် စေခြင်းငှါ စွမ်းနိုင်၏၊ ထိုစွမ်းနိုင်ခြင်းသည်သာ အလွန်များ၏''ဟု ရဟန်းတို့ ဤသို့ ဖြစ်ငြားအံ့၊ အပြစ် ပြောခြင်းငှါ သင့်၏။

ရဟန်းတို့ ''ငါ့မှာလည်း ကိုယ်စိတ်ပင်ပန်းလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်မှာလည်း စိတ်ဆင်းရဲလတ္တံ့၊ တစ်ပါးသောပုဂ္ဂိုလ်သည် အမျက်ထွက်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏၊ စွဲမြဲသောအယူရှိ၏၊ အယူကိုစွန့်နိုင်ခဲ၏၊ ငါသည် ထိုပုဂ္ဂိုလ်ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေခြင်းငှါ မစွမ်းနိုင်''ဟု အကယ်၍ ဖြစ်ငြားအံ့၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်မျိုး၌ လျစ်လျူရှုအပ်၏။

၄၀။ ရဟန်းတို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ ငြင်းခုံခြင်းမရှိဘဲ ကျင့်ကုန်သော ထိုသင်တို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ် သက်ခြင်း, စိတ်မကျေချမ်းခြင်း သည် ဖြစ်ရာ၏။ ထိုငြင်းခုံရာ၌ ဝါဒတူသော ရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ ''ငါ့သျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိသော် ကဲ့ရဲ့တော်မူရာသလော''ဟု ဤသို့ မေးမြန်း ပြောဆိုရာ၏။

ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် ''ငါ့သျှင်တို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင် ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိ သော် ကဲ့ရဲ့တော်မူရာ၏''ဟု ဤသို့ ဖြေကြားရာ၏။

ငါ့သျှင်တို့ ထိုငြင်းခုံခြင်းသဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရာသလောဟု ဤသို့ မေးမြန်းရာ၏။ ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် ''ငါ့သျှင်တို့ ထိုငြင်းခုံခြင်းသဘောကို မပယ်စွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်''ဟု ဤသို့ ဖြေကြားရာ၏။ ထို့နောက် ဝါဒတူသော တခြား ရဟန်းတို့တွင် ဆိုလွယ်၏ဟု မှတ်ထင်အပ်သော ရဟန်းသို့ ချဉ်းကပ်၍ ''ငါ့သျှင် အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူ ပြိုင်ခြင်း, စိတ်ပင်ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရား သိတော်မူသည်ရှိသော် ကဲ့ရဲ့တော်မူရာ သလော''ဟု ဤသို့ မေးမြန်းပြောဆိုရာ၏။

ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် ''ငါ့သျှင်တို့ အညီအညွတ် ဝမ်းမြောက်ဝမ်းသာ မငြင်းခုံကြကုန်ဘဲ ကျင့်ကုန်သော ငါတို့အား အချင်းချင်း စကားပို့ဆောင်ခြင်း, အယူပြိုင်ခြင်း, စိတ်ပင် ပန်းခြင်း, မနှစ်သက်ခြင်း, စိတ်မကျေချမ်းခြင်း ဖြစ်ပေါ်နေကြောင်းကို မြတ်စွာဘုရားသိတော်မူသည်ရှိ သော် ကဲ့ရဲ့တော်မူရာ၏''ဟု ဤသို့ ဖြေကြားရာ၏။ ငါ့သျှင်တိုု့ ထိုငြင်းခုံခြင်းသဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရာသလောဟု ဤသို့ မေးမြန်းရာ၏။ ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် ''ငါ့သျှင်တို့ ထိုငြင်းခုံခြင်း သဘောကို မပယ်မစွန့်ဘဲ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ရာ''ဟု ဤသို့ ဖြေကြားရာ၏။

ရဟန်းတို့ အကယ်၍ ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့သည် ''အသျှင်သည် ထိုရဟန်းတို့ကို အကုသိုလ်မှ ထစေ၍ ကုသိုလ်၌ တည်စေဘိသလော''ဟု ဤသို့ မေးကုန်ငြားအံ့။ ရဟန်းတို့ ကောင်းစွာ ဖြေကြားသော ရဟန်းသည် ''ငါ့သျှင်တို့ ဤသာသနာတော်၌ ငါသည် မြတ်စွာဘုရား ရှိတော်မူရာ အရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားသည် ငါ့အား သာရဏိယတရားကို ဟောတော်မူ၏၊ ငါသည် ထိုတရားတော်ကို ကြားနာရ၍ ထိုရဟန်းတို့အား ဟောပြော၏၊ ထိုရဟန်းတို့သည် ထိုတရားတော်ကို ကြားနာရ၍ အကုသိုလ်မှ ထကုန်၏၊ ကုသိုလ်၌ တည်ကုန်၏''ဟု ဤသို့ ဖြေကြားရာ၏။

ရဟန်းတို့ ဤသို့ ဖြေကြားသော ရဟန်းသည် မိမိကို မမြှောက်ပင့်၊ သူတစ်ပါးကို မရှုတ်ချ၊ တရားအားလျော်သော အကျင့်ကို ဖြေကြား၏၊ ထိုရဟန်း၏ ဝါဒနှင့် အတုလိုက်သော ဝါဒသည် အကြောင်း ခိုင်လုံသည် ဖြစ်၍ အကဲ့ရဲ့ခံရခြင်းသို့ မရောက်ဟု (မိန့်တော်မူ၏)။ ဤသို့ မြတ်စွာဘုရားသည် ဤ ဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။

သုံးခုမြောက် ကိနိ ္တသုတ် ပြီး၏။

------

၄-သာမဂါမသုတ်

၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း သာမမည်သော ရွာ၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေလွန်ပြီးစဖြစ်၏။ ထိုနာဋ၏သား နိဂဏ္ဌသေလွန်ခြင်း ကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်၍ ငြင်းခုံ ခိုက်ရန်ဖြစ်ကုန်၏၊ ဆန့်ကျင်ဘက်စကားဆိုခြင်းသို့ ရောက်ကုန်၍ အချင်းချင်း နှုတ်လှံထိုးလျက် နေကုန်၏-''သင်သည် ဤဓမ္မဝိနယကို မသိ၊ ငါသည် ဤဓမ္မဝိနယကို သိ၏။ သင်သည် ဤဓမ္မဝိနယကို အသို့ သိနိုင်အံ့နည်း၊ သင်သည် မှားသော အကျင့်ရှိသူ ဖြစ်၏၊ ငါသည် မှန်သော အကျင့်ရှိသူ ဖြစ်၏။ ငါ့စကားသည် အကျိုးစီးပွါးနှင့် စပ်၏၊ သင့်စကားသည် အကျိုးစီးပွါးနှင့် မစပ်။ သင်သည် ရှေးဦးဆိုသင့်သည်ကို နောက်မှ ဆို၏၊ နောက်မှ ဆိုသင့်သည်ကို ရှေးဦးဆို၏။ သင်၏ ကြာမြင့်စွာ လေ့လာ ထားသော စကားသည် (သင့်ဆီသို့) ပြန်လည်၍ တည်လေပြီ၊ သင့်အယူ၌ အပြစ်ကို ငါတင်ပြပြီ၊ သင်အရေး ရှုံးနိမ့်ပြီ၊ (ငါတင်ပြသော) အပြစ်မှ လွတ်မြောက်ရန် ရှာကြံချေဦးလော့။ အကယ်၍ စွမ်းနိုင်လျှင်လည်း (ယခုပင်) ဖြေရှင်းလော့''ဟု နှုတ်လှံထိုးကုန်လျက် နေကုန်၏။

နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော နိဂဏ္ဌတို့၌ အချင်းချင်း သတ်ဖြတ်သေကြေခြင်း တစ်ခု တည်းသာလျှင် ဖြစ်သကဲ့သို့ ထင်ရ၏။ နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော လူဝတ်ကြောင်တို့သည်လည်း နာဋ၏သား နိဂဏ္ဌ၏ တပည့်ဖြစ်သော နိဂဏ္ဌတို့၌ ငြီးငွေ့ခြင်းသဘောရှိကုန်၏၊ ကြည်ညိုချစ်ခင် ခြင်းကင်းသော သဘောရှိကုန်၏၊ ရိုသေနှိမ့်ချပြုခြင်းမှ ဆုတ်နစ်ခြင်းသဘော ရှိကုန်၏။ မကောင်းသဖြင့် ဟောထားသော မကောင်းသဖြင့် သိစေသော သံသရာမှ ထွက်မြောက်ကြောင်းမဟုတ်သော ကိလေသာငြိမ်း မှုကို မဖြစ်စေတတ်သော ဘုရားမဟုတ် သူများဟောထားသော မှီရာပျက်စီးသွားသော အားကိုးရာမှကင်း သော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင်တည်း။

၄၂။ ထိုအခါ သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည် ပါဝါပြည်၌ ဝါကျွတ်ပြီး၍ သာမမည်သော ရွာ၌ (ဥပဇ္ဈာယ်ဖြစ်သော) အသျှင်အာနန္ဒာရှိရာ အရပ်သို့ ချဉ်းကပ်ပြီးလျှင် အသျှင်အာနန္ဒာကို ရိုသေစွာ ရှိခိုး၍ သင့်လျော်ရာ၌ ထိုင်ကာ အသျှင်အာနန္ဒာအား ဤစကားကို လျှောက်၏ ''အသျှင် ဘုရားအာနန္ဒာ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေပြီးစဖြစ်ပါ၏။ ထိုနာဋ၏သား နိဂဏ္ဌသေလွန် ခြင်းကြောင့်နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်ကုန်၍။ပ။ မှီရာပျက်စီးသွားသော အားကိုးရာမှကင်းသော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင် ဖြစ်ပါ၏''ဟု (လျှောက်၏)။

ဤသိုု့ လျှောက်သည်ရှိသော် အသျှင်အာနန္ဒာသည် သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်အား ဤစကားကို ပြောဆို၏ ''ငါ့သျှင်စုန္ဒ မြတ်စွာဘုရားကို ဖူးမြော်ရန် ဤစကားလက်ဆောင်သည် ရှိသည် သာတည်း၊ ငါ့သျှင်စုန္ဒ လာလော့၊ သွားကြကုန်အံ့၊ မြတ်စွာဘုရား ရှိရာအရပ်သို့ ချဉ်းကပ်ပြီးလျှင် ထို အကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြကုန်အံ့''ဟု (ပြောဆို၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည် အသျှင်အာနန္ဒာအား ပြန်ကြားလျှောက်ထား၏။

ထိုအခါ အသျှင်အာနန္ဒာသည်လည်းကောင်း၊ သမဏုဒ္ဒေသမည်သော အသျှင်စုန္ဒမထေရ်သည်လည်း ကောင်း မြတ်စွာဘုရား ရှိရာသို့ ချဉ်းကပ်ကြပြီးလျှင် ရိုသေစွာ ရှိခိုးကြ၍ သင့်လျော်ရာ၌ ထိုင်ကြကုန်၏၊ သင့်လျော်ရာ၌ ထိုင်ကာ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''မြတ်စွာဘုရား သမဏုဒ္ဒေသမည်သော ဤစုန္ဒမထေရ်သည် 'အသျှင်ဘုရားအာနန္ဒာ နာဋ၏သား နိဂဏ္ဌသည် ပါဝါပြည်၌ သေပြီးစဖြစ်ပါ၏၊ ထိုနာဋ၏သား နိဂဏ္ဌ သေလွန်ခြင်းကြောင့် နိဂဏ္ဌတို့သည် ကွဲကုန်၏၊ နှစ်ဖို့ဖြစ်ကုန်၍။ပ။ မှီရာပျက်စီးသွားသော အားကိုးရာမှကင်းသော သာသနာ၌ ဖြစ်မြဲဓမ္မတာအတိုင်းပင် ဖြစ်ပါ၏'ဟု လျှောက်ပါ၏။

မြတ်စွာဘုရား ထိုအကျွန်ုပ်အား 'မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခြင်းကြောင့် သံဃာ၌ ငြင်းခုံမှု မဖြစ် ပါစေသတည်း၊ ထိုငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်၏'ဟု အကြံအစည် ဖြစ်ပါ၏''ဟု (လျှောက်၏)။

၄၃။ အာနန္ဒာ ထိုငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ငါသည် ထူးသော ဉာဏ်ဖြင့် သိ၍ သင်တို့အား ဟောကြားထားသော သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေ ငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါးတရားတို့၌ အယူကွဲသော ရဟန်းနှစ်ပါးတို့ကိုလည်း သင်မြင်မိသလောဟု (မေးတော်မူ၏)။

မြတ်စွာဘုရား မြတ်စွာဘုရားသည် ထူးသောဉာဏ်ဖြင့် သိ၍ ဟောထားသော သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး မြတ်သော မဂ္ဂင်ရှစ်ပါး တရားတို့၌ အယူကွဲပြားသော ရဟန်းနှစ်ပါးတို့ကို အကျွန်ုပ် မတွေ့မြင်မိပါ။ အသျှင်ဘုရား မြတ်စွာဘုရားကို အမှီပြု၍နေသော ပုဂ္ဂိုလ်တို့သည် ရှိပါကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည်လည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ၌ အသက်မွေးလိုခြင်းဟူသော အကြောင်းကြောင့် လွန်ကျူးမိသော သိက္ခာပုဒ် ခြောက်ပါး၌သော်လည်းကောင်း၊ ထိုခြောက်ပါးမှ ကြွင်းသော သိက္ခာပုဒ်၌သော်လည်းကောင်း သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေကုန်ငြားအံ့၊ ထိုငြင်းခုံခြင်းသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာ သော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်ရာပါ၏ဟု (လျှောက်၏)။

အာနန္ဒာ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် လွန်ကျူးမိသော သိက္ခာပုဒ်ခြောက်ပါး၌သော်လည်းကောင်း၊ ထိုခြောက်ပါးမှ ကြွင်းသော သိက္ခာပုဒ်၌သော်လည်းကောင်း ငြင်းခုံခြင်းသည် မပြောပ လောက် အနည်းငယ်သာ ဖြစ်၏။ အာနန္ဒာ စင်စစ် မဂ်၌သော်လည်းကောင်း၊ အကျင့်၌သော်လည်းကောင်း သံဃာ၌ ငြင်းခုံမှုဖြစ်သော် ဖြစ်ရာ၏၊ ထိုငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ များစွာ သော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ နတ်လူတို့၏ အစီးအပွါးမဲ့ ခြင်းငှါ ဆင်းရဲခြင်းငှါသာ ဖြစ်၏။

၄၄။ အာနန္ဒာ ငြင်းခုံမှု၏ အကြောင်းတို့သည် ဤခြောက်ပါးတို့တည်း။ အဘယ်ခြောက်ပါးတို့နည်း၊ အာနန္ဒာ ဤသာသနာတော်၌ အကြင်ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့လေ့ရှိ၏။ ထိုရဟန်း သည် ဘုရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ တရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သိက္ခာသုံးပါး၌လည်း ပြည့်စုံစွာ ကျင့်လေ့မရှိ၊ အာနန္ဒာ ဘုရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, တရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သံဃာ၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သိက္ခာသုံးပါး၌ ပြည့်စုံစွာကျင့်လေ့မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံမှုကို ဖြစ်စေတတ်၏၊ ယင်းငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ, များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ, နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, ဆင်းရဲခြင်းငှါ ဖြစ်၏။

အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ ရှုမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ ရှုမြင်ရကုန်သည် ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းကိုသာလျှင် ပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံမှု၏ အကြောင်းရင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါး ပရိသတ်၌ အကယ်၍ မရှုမမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ မရှုမမြင်ရကုန်သည်ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်း၏သာ လျှင် နောင်အခါ မတိုးမပွါးခြင်းငှါ ကျင့်ကုန်ရာ၏၊ ဤသို့ ကျင့်လျှင် ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းကို ပယ်ခြင်းဖြစ်၏၊ ဤသို့ ကျင့်လျှင် ယုတ်ညံ့သော ထိုငြင်းခုံမှု၏ အကြောင်းရင်းသည် နောင်အခါ၌ တိုးပွါးခြင်း မဖြစ်တော့ပေ။

၄၅။ အာနန္ဒာ တစ်ဖန်လည်း ရဟန်းသည် ကျေးဇူးကို ချေဖျက်လေ့ရှိ၏၊ ပြိုင်ဆိုင်လေ့ရှိ၏။ပ။ ငြူစူလေ့ ရှိ၏၊ ဝန်တိုလေ့ရှိ၏။ပ။ ဟန်ဆောင်တတ်၏၊ လှည့်ပတ်တတ်၏။ပ။ ယုတ်ညံ့သော အလိုဆိုး ရှိ၏၊ မှားသောအယူ ရှိ၏။ပ။ မိမိအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်လေ့ရှိ၏၊ စွဲမြဲစွာ ယူလေ့ ရှိ၏၊ အယူကို စွန့်နိုင်ခဲ၏။

အာနန္ဒာ မိမိအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်လေ့ရှိသော စွဲမြဲစွာ ယူလေ့ရှိသော အယူကို စွန့်နိုင်ခဲသော ရဟန်းသည် ဘုရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ တရား၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ နေ၏၊ သိက္ခာသုံးပါး ၌လည်း ပြည့်စုံစွာ ကျင့်လေ့မရှိ။

အာနန္ဒာ ဘုရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, တရား၌ ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သံဃာ၌လည်း ရိုသေခြင်း နှိမ့်ချခြင်း မရှိဘဲ, သိက္ခာသုံးပါး၌ ပြည့်စုံစွာ ကျင့်လေ့မရှိသော ရဟန်းသည် သံဃာ၌ ငြင်းခုံမှုကို ဖြစ်စေတတ်၏၊ ယင်း ငြင်းခုံမှုသည် များစွာသော လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, များစွာသော လူတို့၏ ချမ်းသာမဲ့ခြင်းငှါ, များစွာသော လူတို့၏ အကျိုးမဲ့ခြင်းငှါ, နတ်လူတို့၏ အစီးအပွါးမဲ့ခြင်းငှါ, ဆင်းရဲခြင်းငှါ ဖြစ်၏။

အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ ရှုမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ ရှုမြင်ရကုန်သည် ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်းကိုသာလျှင် ပယ်ခြင်းငှါ အားထုတ်ကုန်ရာ၏။ အာနန္ဒာ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိနှင့် မိမိပရိသတ်, သူတစ်ပါးနှင့် သူတစ်ပါးပရိသတ်၌ အကယ်၍ မရှုမမြင်ရကုန်ငြားအံ့။ အာနန္ဒာ ဤသို့ မရှု မမြင်ရကုန်သည်ရှိသော် သင်တို့သည် ထိုငြင်းခုံမှု၌ ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်း၏သာလျှင် နောင်အခါ၌ မတိုးပွါးခြင်းငှါ ကျင့်ကုန်ရာ၏။ ဤသို့ကျင့်လျှင် ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်း ကို ပယ်ခြင်းသည် ဖြစ်၏၊ ဤသို့ ကျင့်လျှင် ယုတ်မာသော ထိုငြင်းခုံမှု၏ အကြောင်းရင်းသည် နောင် အခါ၌ တိုးပွါးခြင်း မဖြစ်တော့ပေ။ အာနန္ဒာ ငြင်းခုံမှု၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။

၄၆။ အာနန္ဒာ အဓိကရုဏ်းတို့သည် ဤလေးပါးတို့တည်း။ အဘယ် လေးပါးတို့နည်းဟူမူ- အာနန္ဒာ ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိကရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်းတို့တည်း။ အာနန္ဒာ အဓိကရုဏ်း တို့သည် ဤလေးပါးတို့တည်း။ အာနန္ဒာ အဓိကရုဏ်းငြိမ်းမှုတို့သည် ဤခုနစ်ပါးတို့တည်း။ ဖြစ်ကုန် ဖြစ်ကုန်သော အဓိကရုဏ်းတို့ကို ငြိမ်းစေခြင်းငှါ သမ္မုခါဝိနည်းကို ပေးရမည်၊ သတိဝိနည်းကို ပေးရမည်၊ အမူဠှဝိနည်းကို ပေးရမည်၊ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရမည်၊ (ရဟန်းများရာသို့ လိုက်၍ ဆုံးဖြတ်ရသော) ယေဘုယျသိကဝိနည်းကို ပြုရမည်၊ (ယုတ်မာသော ရဟန်းအား ပြုသော) တဿပါပိယသိက ဝိနည်းကို ပြုရမည်၊ (မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ ဖုံးရသော) တိဏဝတ္ထာရကဝိနည်းကို ပြုရမည်။

၄၇။ အာနန္ဒာ သမ္မုခါဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဓမ္မဟုတ်၏ဟူ၍လည်းကောင်း၊ ဓမ္မမဟုတ်ဟူ၍လည်းကောင်း၊ ဝိနည်းဟုတ်၏ဟူ၍လည်း ကောင်း၊ ဝိနည်းမဟုတ်ဟူ၍လည်းကောင်း ငြင်းခုံကုန်၏။ အာနန္ဒာ ထိုရဟန်းအားလုံးသည် ညီညီ ညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် တရားဥပဒေစည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ရမည်၊ တရားဥပဒေစည်းမျဉ်းကို ဉာဏ်ဖြင့် စူးစမ်းဆင်ခြင်ပြီးလျှင် အကြင်အခြင်းအရာအားဖြင့် ငြိမ်းစေသည် ရှိသော် ထိုတရားဥပဒေစည်းမျဉ်းနှင့် ညီ၏၊ ထိုအခြင်းအရာအားဖြင့် ထိုအဓိကရုဏ်းကို ငြိမ်းစေရမည်။ အာနန္ဒာ ဤသို့လျှင် သမ္မုခါဝိနည်းသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ သမ္မုခါဝိနည်းဖြင့် အချို့ကုန်သော ဝိဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၄၈။ အာနန္ဒာ ယေဘုယျသိကဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ထိုငြင်းခုံသော ရဟန်းတို့သည် ထိုအဓိကရုဏ်းကို ထိုကျောင်းတိုက်၌ ငြိမ်းစေခြင်းငှါ အကယ်၍ မစွမ်းနိုင်ကုန်အံ့၊ အာနန္ဒာ ထိုရဟန်းတို့သည် ရဟန်းများရာ ကျောင်းတိုက်သို့ သွားရမည်၊ ထိုရဟန်းများရာ ကျောင်းတိုက်၌ ရဟန်းအားလုံးတို့သည် ညီညီညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် တရားဥပဒေစည်းမျဉ်းကို စူးစမ်းဆင်ခြင်ရမည်၊ ထိုတရား ဥပဒေစည်းမျဉ်းကို စူးစမ်းဆင်ခြင်ပြီးလျှင် အကြင်သို့သော အခြင်းအရာ အားဖြင့် ငြိမ်းစေသည်ရှိသော် ထိုတရား ဥပဒေစည်းမျဉ်းနှင့် ညီ၏၊ ထိုအခြင်းအရာအားဖြင့် ထို အဓိကရုဏ်းကို ငြိမ်းစေရမည်။ အာနန္ဒာ ဤသို့လျှင် ယေဘုယျသိကဝိနည်းသည် ဖြစ်၏၊ ဤသို့လျှင် ဤသာသနာတော်၌ ရဟန်းများရာလိုက်၍ ဆုံးဖြတ်သော ယေဘုယျသိကဝိနည်းဖြင့် အချို့သော ဝိဝါဒါဓိ ကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၄၉။ အာနန္ဒာ သတိဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းတို့သည် တစ်ပါးသော ရဟန်းကို ''အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း၊ ဤသို့ ရုန့်ရင်းသောသဘောရှိသော အာပတ်သို့ ရောက်သည် ကို အမှတ်ရ၏လော''ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်ဖြင့်လည်းကောင်း ဤသို့ရုန့်ရင်းသော သဘောရှိသော အာပတ်ဖြင့် စွပ်စွဲကုန်၏။ ထိုအစွပ်စွဲခံရသော ရဟန်း သည် ''အသျှင်တို့ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ် သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို မမှတ်မိပါ''ဟု (ပြောဆို၏)၊ အာနန္ဒာ ထိုရဟန်းအား သတိဝိနည်းကို ပေးရမည်၊ အာနန္ဒာ ဤသို့လျှင် သတိဝိနည်း သည် ဖြစ်၏၊ ဤသို့လျှင် ဤသာသနာတော်၌ သတိဝိနည်းဖြင့် အချို့သော အနုဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅၀။ အာနန္ဒာ အမူဠှဝိနည်းသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌့ရဟန်းတို့သည် တစ်ပါးသော ရဟန်းကို ''အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း၊ ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက် သည်ကို အမှတ်ရသလော''ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်ဖြင့်လည်းကောင်း ဤသို့ သဘောရှိသော ရုန့်ရင်းသော အာပတ်ဖြင့် စွပ်စွဲပြောဆိုကုန်၏။ ထိုအစွပ်စွဲခံရသော ရဟန်းသည် ''ငါ့သျှင်တို့ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို မမှတ်မိပါ''ဟု (ပြောဆို၏)။ ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် ''တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ ရုန့်ရင်းသော သဘောရှိသော အာပတ်သို့ ရောက်သည်ကို အကယ်၍ မှတ်မိအံ့၊ ကောင်းစွာ သိလော့''ဟု ဤသို့ အထူးထူး သိစေ၏။ ထိုအစွပ်စွဲခံရသော ရဟန်းသည် ''ငါ့သျှင်တို့ အကျွန်ုပ်သည် ရူးသွပ်ခြင်းသို့ ရောက်၏၊ စိတ်ဖောက်ပြန်ခြင်းသို့ ရောက်၏၊ ထိုရူးသွပ်ခြင်းကြောင့် များစွာသော ရဟန်း တို့၏ အလုပ်မဟုတ်သော လွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏ ဟူ၍လည်းကောင်း၊ ကိုယ်ဖြင့် ကျော်နင်းပြုမိ၏ဟူ၍လည်းကောင်း အကျွန်ုပ် မမှတ်မိပါ၊ တွေဝေသဖြင့် ထိုအမှုကို အကျွန်ုပ် ပြုအပ်၏''ဟု ပြောဆို၏။ အာနန္ဒာ ထိုရဟန်းအား အမူဠှဝိနည်းကို ပေးရမည်၊ အာနန္ဒာ ဤသို့လျှင် အမူဠှဝိနည်းသည် ဖြစ်၏၊ ဤ သို့လျှင် ဤသာသနာတော်၌ အမူဠှဝိနည်းဖြင့် အချို့သော အနုဝါဒါဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅၁။ အာနန္ဒာ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရသော ပဋိညာတကရဏဝိနည်းကံသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် စောဒနာ၍ဖြစ်စေ၊ မစောဒနာဘဲဖြစ်စေ အာပတ် ကို အမှတ်ရ၏၊ ဖော်ထုတ်၏၊ ထင်ရှားအောင်ပြု၏။ အာနန္ဒာ ထိုအာပတ်သင့်သော ရဟန်းသည် သီတင်းကြီးရဟန်းသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်၍ ခြေတို့ကို ရှိခိုး၍ ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီပြီးလျှင် ''အသျှင်ဘုရား အကျွန်ုပ်သည် ဤမည်သော အာပတ်သို့ ရောက်၏၊ ထိုအာပတ်ကို ကုစား ဒေသနာကြားပါ၏''ဟု ဤသို့ ဆိုရာ၏။ ထိုဒေသနာခံသော ရဟန်းကြီး သည် ''အာပတ်ကို မြင်သလော''ဟု မေးရာ၏။ ''မြင်ပါ၏''ဟု ဆိုရာ၊ (ဒေသနာခံ ရဟန်းကြီးသည်) ''နောင်အခါ၌ စောင့်စည်းလော့''ဟု ဆိုရာ၏။ (ဒေသနာကြားသော ရဟန်းသည်) စောင့်စည်းပါအံ့ဟု ဆိုရာ၏။ အာနန္ဒာ ဤသို့လျှင် ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ခြင်းသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ ဝန်ခံခြင်းဖြင့် ဆုံးဖြတ်ရသော ပဋိညာတကရဏဝိနည်းကံဖြင့် အချို့သော အာပတ္တာဓိ ကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅၂။ အာနန္ဒာ ထိုရဟန်း၏ ယုတ်မာမှုများ၍ ပြုရသော တဿပါပိယသိကဝိနည်းကံသည် အဘယ် သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် တစ်ပါးသော ရဟန်းကို ''အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိ သော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်ရ၏လော''ဟု ပါရာဇိကအာပတ်ဖြင့်လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်ဖြင့်လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်ဖြင့် စွပ်စွဲ၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် ''ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ''ဟု ဤသို့ ပြောဆို၏။ ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် ''တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အကယ်၍့အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့''ဟု ဤသို့ အထူးထူး သိစေ၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် ''ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ။ ဤသို့သဘောရှိသော အနည်းငယ်မျှ မပြောပလောက်သော အာပတ်သို့ ရောက်သည်ကိုကား အမှတ်ရပါ၏''ဟု ပြောဆို၏။ ဖြေရှင်းသိစေသော ထိုရဟန်းကို ထိုစွပ်စွဲသော ရဟန်းသည် ''ငါ့သျှင် တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိက အနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည် ကို အကယ်၍ အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့''ဟု ဤသို့ အထူးထူး သိစေ၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် ''ငါ့သျှင် အကျွန်ုပ်သည် အနည်းငယ်မျှ မပြောပလောက်သော ဤ မည်သော အာပတ်သို့ ရောက်၍ အမေးမခံရဘဲ ဝန်ခံတုံသေး၏၊ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်၍ အမေးခံရပါလျက် အဘယ်မှာ ဝန်မခံဘဲ ရှိပါအံ့နည်း''ဟု ဤသို့ ပြောဆို၏။

ထိုစွပ်စွဲသော ရဟန်းသည် ''ငါ့သျှင် သင်သည် အနည်းငယ်မျှ မပြောပလောက်သော ဤမည်သော အာပတ်သို့ ရောက်၍ အမေးမခံရဘဲ ဝန်မခံချေ၊ ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်၍ အမေးခံ ရသည်ရှိသော် အဘယ်မှာ ဝန်ခံတုံအံ့နည်း၊ တိုက်တွန်းပါ၏၊ အသျှင်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အကယ်၍ သင်အမှတ်ရငြားအံ့၊ ကောင်းစွာသာလျှင် သိလော့''ဟု ဤသို့ ပြောဆို၏။

ထိုအစွပ်စွဲခံရသော ရဟန်းသည် ''ငါ့သျှင် အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်ရ၏၊ ဤစကားကို အကျွန်ုပ် အဆောတလျင် ဆိုအပ်၏၊ ဤစကားကို အကျွန်ုပ် မှား၍ ဆိုအပ်၏၊ အကျွန်ုပ်သည် ပါရာဇိကအာပတ်သို့လည်းကောင်း၊ ပါရာဇိကအနီး၌ဖြစ်သော အာပတ်သို့လည်းကောင်း ဤသို့ သဘောရှိသော ရုန့်ရင်းသော အာပတ်သို့ ရောက်သည်ကို အမှတ်မရပါ''ဟု ဤသို့ ပြောဆို၏။ အာနန္ဒာ ဤသို့လျှင် ထိုရဟန်းအား ယုတ်မာမှုများ၍ ပြုရသော တဿပါပိယသိက ဝိနည်းကံသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ တဿပါပိယသိကဝိနည်းကံဖြင့် အချို့သော အာပတ္တာဓိကရုဏ်းတို့၏ ငြိမ်းခြင်းသည် ဖြစ်၏။

၅၃။ အာနန္ဒာ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော တိဏဝတ္ထာ ရကဝိနည်းကံသည် အဘယ်သို့လျှင် ဖြစ်သနည်း၊ အာနန္ဒာ ဤသာသနာတော်၌ ငြင်းခုံခိုက်ရန်ဖြစ်ကြ ကုန်သော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော ရဟန်းတို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော လွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လုံ့လပြုမိ၏၊ အာနန္ဒာ ထိုရဟန်းအားလုံးတို့သည် ညီညီညွတ်ညွတ် စည်းဝေးရမည်၊ စည်းဝေးပြီးလျှင် ဝါဒတူသော ရဟန်း တို့တွင် အထူးသဖြင့် လိမ္မာကျွမ်းကျင်သော ရဟန်းသည် နေရာမှထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ လက်အုပ်ချီပြီးလျှင် သံဃာကို သိစေရမည်-

''အသျှင်ဘုရားတို့ သံဃာတော်သည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ငြင်းခုံခိုက် ရန်ဖြစ်ကြသော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော အကျွန်ုပ်တို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော ဤလွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လွန်ကျူးလုံ့လ ပြုမိ၏၊ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍့ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် ဤအသျှင်တို့၏ အာပတ်ကိုလည်းကောင်း၊ မိမိ၏ အာပတ်ကိုလည်း ကောင်း၊ ဤအသျှင်တို့၏ အကျိုးငှါလည်းကောင်း၊ မိမိ၏အကျိုးငှါလည်းကောင်း သံဃာ၏အလယ်၌ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော 'တိဏဝတ္ထာရက' ဝိနည်းကံဖြင့် ကြီးလေးသော အပြစ်ကို ထား၍လည်းကောင်း၊ လူတု့ိနှင့်စပ်သော အပြစ်ကို ထား၍လည်းကောင်း ဒေသနာကြားပါ၏''ဟု (ဤသို့ သံဃာကို သိစေရမည်)။

ထို့နောက် ဝါဒတူသော အခြားရဟန်းတို့တွင် အထူးသဖြင့် လိမ္မာကျွမ်းကျင်သော ရဟန်းသည် နေရာမှ ထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို တင်၍ လက်အုပ်ချီပြီးလျှင် သံဃာကို သိစေရ မည်-

''အသျှင်ဘုရားတို့ သံဃာတော်သည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ငြင်းခုံခိုက် ရန်ဖြစ်ကြသော အထူးထူးဆန့်ကျင်သော စကားရှိခြင်းသို့ ရောက်၍ နေကြသော အကျွန်ုပ်တို့အား များစွာသော ရဟန်းတို့၏ အလုပ်မဟုတ်သော ဤလွန်ကျူးမှုကို နှုတ်ဖြင့် ပြောမိ၏၊ ကိုယ်ဖြင့် လွန်ကျူးလုံ့လ ပြုမိ၏၊ သံဃာတော်အား လျောက်ပတ်သော အခါရှိသော ကံသည် အကယ်၍ ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် ဤအသျှင်တို့၏ အာပတ်ကိုလည်းကောင်း၊ မိမိ၏ အာပတ်ကိုလည်း ကောင်း၊ ဤအသျှင်တို့၏ အကျိုးငှါလည်းကောင်း၊ မိမိ၏အကျိုးငှါလည်းကောင်း သံဃာ၏အလယ်၌ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော 'တိဏဝတ္ထာရက' ဝိနည်း ကံဖြင့် ကြီးလေးသော အပြစ်ကို ထား၍လည်းကောင်း၊ လူတု့ိနှင့်စပ်သော အပြစ်ကို ထား၍လည်း ကောင်း ဒေသနာကြားပါ၏''ဟု (ဤသို့ သံဃာကို သိစေရမည်)။

အာနန္ဒာ ဤသို့လျှင် မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသာ တိဏဝတ္ထာရကဝိနည်းကံသည် ဖြစ်၏။ ဤသို့လျှင် ဤသာသနာတော်၌ မစင်ကို မြက်ဖြင့် ဖုံးသကဲ့သို့ အဓိကရုဏ်းကို ဖုံးသဖြင့် ငြိမ်းစေသော တိဏဝတ္ထာရကဝိနည်းကံဖြင့် အချို့သော အာပတ္ထာဓိကရုဏ်း တို့၏ ငြိမ်းခြင်းသည် ဖြစ်၏။ သာရဏီယတရား ၆-ပါး

၅၄။ အာနန္ဒာ မပြတ်အောက်မေ့ထိုက်ကုန်သော ချစ်ခြင်းကို ပြုတတ်ကုန်သော လေးစားခြင်းကို ပြုတတ်ကုန်သော ဤခြောက်ပါးသော တရားတို့သည် သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုး ငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသောအကျိုးငှါ ဖြစ်ကုန်၏။ အဘယ်ခြောက်ပါး တို့နည်းဟူမူ-

(၁) အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ ကာယကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ် သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်း အကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။

(၂) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက် ကွယ်ဖြစ်စေ ဝစီကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။

(၃) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ မနောကံမေတ္တာသည် ရှေးရှုတည်၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ် သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်း အကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်း ဟူသောအကျိုးငှါ ဖြစ်၏။

(၄) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် တရားနှင့်လျော်စွာ ဖြစ်ကုန်သော တရားသဖြင့်ရကုန်သော လာဘ်တို့ကို အယုတ်ဆုံးအားဖြင့် သပိတ်အတွင်းရှိ ဆွမ်းမျှကိုသော်လည်း မခွဲခြားဘဲ သုံး ဆောင်ခြင်း ရှိ၏၊ အကျင့်သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်းရှိ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်း ဖြစ် ခြင်းဟူသောအကျိုးငှါ ဖြစ်၏။

(၅) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် မကျိုး မပေါက် မပြောက် မကျားကုန်သော (တဏှာကျွန်အဖြစ်မှ) တော်လှန်ခြင်းကို ပြုတတ်ကုန်သော ပညာရှိတို့ ချီးမွမ်းထိုက်ကုန်သော မှားသည်ဟု အသုံးသပ်မခံရကုန်သော တည်တံ့ခြင်း 'သမာဓိ' ကို ဖြစ်စေတတ်သော စောင့်စည်းမှု 'သီလမျိုး' တို့၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ စောင့်စည်းမှု 'သီလ'တူသည်၏ အဖြစ်သို့ ရောက်လျက် နေ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ် သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသောအကျိုးငှါ ဖြစ်၏။

(၆) အာနန္ဒာ နောက်တစ်မျိုးကား ရဟန်းသည် မြတ်သော (ဝဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်သော ထိုအဆုံးအမအတိုင်း ပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ခန်းခြင်းငှါ ဖြစ်သော အယူတစ်မျိုး၌ သီတင်း သုံးဖော်တို့နှင့် မျက်မှောက်ဖြစ်စေ၊ မျက်ကွယ်ဖြစ်စေ အယူတူသည်၏အဖြစ်သို့ ရောက်လျက် နေ၏၊ မပြတ်အောက်မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်းအကျိုးငှါ, တပေါင်းတည်း ဖြစ်ခြင်းဟူသော အကျိုးငှါ ဖြစ်၏။

အာနန္ဒာ မပြတ်အောက်မေ့ထိုက်ကုန်သော ချစ်ခြင်းကို ပြုတတ်ကုန်သော လေးစားခြင်းကို ပြုတတ် ကုန်သော ဤတရားခြောက်ပါးတို့သည် သိမ်းသွင်းခြင်းအကျိုးငှါ, ဝါဒမကွဲပြားခြင်းအကျိုးငှါ, ညီညွတ်ခြင်း အကျိုးငှါ, တပေါင်းတည်းဖြစ်ခြင်းဟူသော အကျိုးငှါ ဖြစ်ကုန်၏။ အာနန္ဒာ သင်တို့သည် မပြတ်အောက်မေ့ ထိုက်ကုန်သော ဤတရားခြောက်ပါးတို့ကို အကယ်၍ ဆောက်တည်၍ ကျင့်ကုန်ငြားအံ့၊ အာနန္ဒာ သင်တို့ သည်းမခံနိုင်လောက်သော ကြီးကြီးငယ်ငယ်ဖြစ်သော စကားအကြောင်းမျိုးကို တွေ့မြင်ကုန်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတွေ့မြင်နိုင်ပါဟု (လျှောက်ကြကုန်၏)။ အာနန္ဒာ ထို့ကြောင့် မပြတ် အောက်မေ့ထိုက်ကုန်သော ဤတရားခြောက်ပါးတို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်လော့၊ ထိုကျင့်ခြင်းသည် သင်တို့အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွါးခြင်းငှါ, ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

လေးခုမြောက် သာမဂါမသုတ် ပြီး၏။

------

၅-သုနက္ခတ္တသုတ်

၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော အထွတ်တပ်သော ဇရပ်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ''ပဋိသန္ဓေ နေခြင်း ကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏''ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားကုန်၏။ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် ''များစွာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ ပဋိသန္ဓေနေ့ခြင်း ကုန်ပြီ၊ မြတ်သော (မဂ်)အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိဟု သိပါကုန်၏'' ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားသတတ်ဟု ကြားလေ၏။

ထိုအခါ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်ရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား ''များစွာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ 'ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏' ဟူ၍'' အရဟတ္တဖိုလ်ကို ပြောကြားသတတ် ဟူသော ဤစကားကို အကျွန်ုပ် ကြားပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားအထံတော်၌ ''ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏'' ဟူ၍ ဤသို့ အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့သည် အမှန်သာလျှင် အရဟတ္တဖိုလ်ကို ပြောကြားကုန်သလော၊ သို့မဟုတ် ဤအရဟတ္တဖိုလ်ကို ပြောကြားရာ၌ အချို့ကုန်သော ရဟန်းတို့သည် မရဘဲရ၏ဟု အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားကုန်သလောဟု (လျှောက်၏)။

၅၆။ သုနက္ခတ္တ ငါဘုရား၏ အထံ၌ ''ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံး ပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါ ကုန်၏'' ဟူ၍ အရဟတ္တဖိုလ်ကို ပြောကြားကုန်သော ပုဂ္ဂိုလ်တို့တွင် အရဟတ္တဖိုလ်ကို အမှန်ပြောကြား သော အချို့သော ရဟန်းတို့လည်း ရှိကုန်၏၊ မရဘဲ ရ၏ဟု အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားသော အချို့သော ရဟန်းတို့လည်း ရှိကုန်၏။ ထိုနှစ်မျိုးတို့တွင် သုနက္ခတ္တ ထိုငါ၏ အထံ၌ ''ပဋိသန္ဓေနေခြင်းကုန်ပြီ၊ မြတ်သော (မဂ်) အကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအကျိုးငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိဟု သိပါကုန်၏'' ဟူ၍ အမှန်သာလျှင် အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့၏ ထိုပြောကြားမှုသည် ထိုပြောတိုင်းသာလျှင် မှန်၏။ အထင်ကြီးမှုဖြင့် အရဟတ္တဖိုလ်ကို ပြောကြားသော ရဟန်းတို့၌ ''ထိုရဟန်းတို့အား တရားဟောအံ့''ဟု ငါ့အား ဤသို့ အကြံဖြစ်၏။ သုနက္ခတ္တ ဤသို့ ''ထိုရဟန်းတို့အား တရားဟောအံ့''ဟု ငါ့အား ဤသို့ အကြံဖြစ်သော်လည်း (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်ကုန်သော အချို့သူတို့သည် အမေးပြဿနာကို စီရင်၍ စီရင်၍ မြတ်စွာဘုရားကို ချဉ်းကပ်ပြီး မေးကုန်၏။ သုနက္ခတ္တ ထိုသူတို့၌ ''ထိုရဟန်းတို့အား တရားဟောအံ့''ဟု ငါ့အား ဖြစ်ပေါ်လာသော အကြံ၏လည်း တရားမဟောလိုသော အဖြစ်သည် ဖြစ်လာ၏ဟု (ဤသို့ မိန့် တော်မူ၏)။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တရားဟောတော်မူချိန် တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား တရားဟောတော်မူချိန် တန်ပါပြီ၊ မြတ်စွာဘုရားသည် တရားကို ဟောတော်မူငြားအံ့၊ ရဟန်းတို့သည် မြတ်စွာဘုရားအထံမှ တရားတော်ကို ကြားနာရ၍ ဆောင်ကုန်လတ္တံ့ဟု (လျှောက်၏)။ သုနက္ခတ္တ ထိုသို့ဖြစ်မူ နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု လိစ္ဆဝီမင်းသား သုနက္ခတ္တသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား၏။ မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သော စကားကို မိန့်တော်မူ၏-

၅၇။ သုနက္ခတ္တ ကာမဂုဏ်တို့သည် ဤငါးပါးတို့တည်း။ အဘယ်ငါးပါးတို့နည်းဟူမူ- လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ် ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ) နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော စက္ခုဝိညာဏ်ဖြင့် သိရသော အဆင်း။ပ။ သောတဝိညာဏ်ဖြင့် သိရသော အသံ။ ဃာနဝိညာဏ်ဖြင့် သိရသော အနံ့။ ဇိဝှါဝိညာဏ်ဖြင့် သိရသော အရသာ။ လိုချင်ဖွယ် နှစ်သက်ဖွယ် မြတ်နိုးဖွယ့်ချစ်ဖွယ်သဘောရှိ၍ ကာမ (ရာဂ) နှင့် စပ်သွယ်လျက် တပ်စွန်းဖွယ်ဖြစ်သော ကာယဝိညာဏ်ဖြင့် သိရသော အတွေ့အထိတို့တည်း။ သုနက္ခတ္တ ကာမဂုဏ်တို့သည် ဤငါးပါးတို့ပင်တည်း။

၅၈။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် လောကအာမိသခေါ်သော ကာမဂုဏ်၌ ညွတ်သော စိတ်ရှိသည်ဖြစ်ရာ၏၊ သုနက္ခတ္တ လောကအာမိသခေါ်သော ကာမဂုဏ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုကာမဂုဏ်နှင့်လျော်သော သဘောရှိသော စကားသည်လည်း ကောင်းစွာတည်၏၊ ထိုကာမဂုဏ်နှင့်လျော်သော သဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း ဆည်းကပ်ခစား၏၊ ထိုကာမဂုဏ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောဆိုသော်ကား မကြား နာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း မဆည်းကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် ယောက်ျားသည် မိမိရွာမှလည်းကောင်း၊ နိဂုံးမှလည်းကောင်း ကာလရှည် ကြာ ကွေကွင်းနေရာ၏၊ ထိုယောက်ျားသည် ထိုရွာမှလည်းကောင်း၊ နိဂုံးမှလည်းကောင်း မကြာမီက ထွက်ခွါလာသော တခြားယောက်ျားကို တွေ့မြင်ရာ၏၊ ထိုပဌမယောက်ျားသည် ထိုနောက်လာသော ယောက်ျားကို ထိုရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း အေးချမ်းသည်၏ အဖြစ်ကိုလည်းကောင်း ဝပြောသည်၏ အဖြစ်ကိုလည်းကောင်း၊ အနာရောဂါကင်းသည်၏ အဖြစ်ကိုလည်းကောင်း မေးမြန်းရာ၏၊ ထိုနောက်လာသော ယောက်ျားသည် ထိုရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း အေးချမ်းသည်၏ အဖြစ် ကိုလည်းကောင်း၊ ဝပြောသည်၏ အဖြစ်ကိုလည်းကောင်း၊ အနာရောဂါကင်းသည်၏ အဖြစ်ကိုလည်းကောင်း ထိုပဌမယောက်ျားအား ပြောပြရာ၏။

သုနက္ခတ္တ ထိုငါဆိုလတ္တံ့သော စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုပဌမယောက်ျားသည် ထို နောက်လာသော ယောက်ျား၏ ပြောပြသော စကားကို ကြားနာရာသလော၊ နားထောင်ရာသလော၊ သိစေ ခြင်းငှါ စိတ်စိုက်ရာသလော၊ ထိုယောက်ျားကိုလည်း ဆည်းကပ်ရာသလော၊ ထိုမိမိရပ်ရွာ နိဂုံးနှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မှန်ပါ၏ (ဟု လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် လောက အာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသည် ဖြစ်ရာ၏၊ သုနက္ခတ္တ လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုကာမဂုဏ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ရှေးရှုတည်၏၊ ထိုကာမဂုဏ်တို့နှင့်လျော်သော သဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့ ဆည်းကပ်ခစား၏၊ ထိုကာမဂုဏ်နှင့် စပ်သောစကား ဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောဆိုသော် ကား မကြားနာ၊ နားမထောင်၊ သိခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း မဆည်း ကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့် စပ်သောစကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤ အကြောင်းသည် ရှိ၏။ ထိုပုဂ္ဂိုလ်သတ္တဝါမျိုးကို ''အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါမျိုး'' ဟူ၍ သိရမည်။

၅၉။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် အာနေဉ္ဇသမာပတ်၌ ညွတ် သောစိတ်ရှိရာ၏၊ သုနက္ခတ္တ အာနေဉ္ဇသမာပတ်၌ ညွတ်သောစိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုအာနဉ္ဇ သမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏။ ထိုအာနေဉ္ဇသမာပတ့်နှင့်လျော်သော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း ဆည်းကပ် ခစား၏၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်ရာ၏။ လောကအာမိသခေါ်သော ကာမဂုဏ်နှင့်စပ်သော စကားကို ပြောဆိုသော်ကား မကြားနာ၊ နားမထောင်၊ သိခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုကာမဂုဏ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် အညှာမှ ကြွေကျသော ဖက်ရွက်လျော်သည် စိန်းလန်းခြင်းငှါ မထိုက် သကဲ့သို့ ဤဥပမာအတူသာလျှင် သုနက္ခတ္တ အာနေဉ္ဇသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါ အား လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ဖွဲ့တတ်သော သံယောဇဉ်သည် ကင်းကွာ၏၊ ထိုပုဂ္ဂိုလ် မျိုးကို ''လောကအာမိသခေါ်သော ကာမဂုဏ်တို့၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ အာနေဉ္ဇ သမာပတ်၌ ညွတ်သောစိတ်ရှိသော ပုဂ္ဂိုလ်မျိုး'' ဟူ၍ သိရမည်။

၆၀။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိရာ၏၊ သုနက္ခတ္တ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါ အား ထိုအာကိဉ္စညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုအာကိဉ္စညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း ဆည်းကပ်ခစား၏၊ ထိုအာကိဉ္စညာယတနသမာပတ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာနေဉ္ဇသမာပတ်နှင့်စပ်သော စကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုအာနေဉ္ဇသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် နှစ်ခြမ်းကွဲပြီးသော ကျောက်ဖျာကြီးသည် တစ်ဖန် မစပ်သကဲ့သို့၊ ဤ အတူသာလျှင် သုနက္ခတ္တ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် ကွဲပျက်၏၊ ထိုပုဂ္ဂိုလ်မျိုးကို ''အာနေဉ္ဇသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ အာကိဉ္စညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ် မျိုး'' ဟူ၍ သိရမည်။

၆၁။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် နေဝသညာနာသညာယတန သမာပတ်၌ ညွတ်သော စိတ်ရှိရာ၏၊ သုနက္ခတ္တ နေဝသညာနာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုနေဝသညာနာသညာယတနသမာပတ်နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့် လျော်သောသဘော ရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း ဆည်းကပ်ခစား၏၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ အာကိဉ္စညာယတနသမာပတ်နှင့် စပ်သောစကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေ ခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုအာကိဉ္စညာယတန သမာပတ်နှင့်စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိ၏။

သုနက္ခတ္တ ဥပမာအားဖြင့် ယောက်ျားသည် ကြိုက်နှစ်သက်သော ဘောဇဉ်ကို စားပြီး၍ စွန့် (အန်) ရာ၏၊ သုနက္ခတ္တ ထိုငါဆိုမည့် အရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ထိုယောက်ျားအား ထိုစွန့် (အန်) ပြီးသော ဘောဇဉ်၌ တစ်ဖန် စားလိုခြင်းသည် ဖြစ်ရာသလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မဖြစ်ရာပါဟု (လျှောက်၏)။ အဘယ့်ကြောင့်နည်း၊ ထိုစွန့် (အန်) ပြီးသော ဘောဇဉ်ကို စက်ဆုပ်ဖွယ်ဟု သမုတ်ထားသောကြောင့်ပါတည်းဟု (လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် နေဝသညာနာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား အာကိဉ္စညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် စွန့်(အန်) ပြီး ဖြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးကို ''အာကိဉ္ဇညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ နေဝသညာ နာသညာယတနသမာပတ်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်မျိုး'' ဟူ၍ သိရမည်။

၆၂။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သတ္တဝါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သောစိတ် ရှိရာ၏၊ သုနက္ခတ္တ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်သတ္တဝါအား ထိုနိဗ္ဗာန် နှင့် လျော်သောသဘောရှိသော စကားသည်လည်း ကောင်းစွာ တည်၏၊ ထိုနိဗ္ဗာန်နှင့် လျော်သောသဘော ရှိသော အကြံကိုလည်း ကြံစည်၏၊ စဉ်းစား၏၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကိုလည်း ဆည်းကပ်ခစား၏၊ ထိုနိဗ္ဗာန်နှင့် စပ်သောစကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ ရောက်၏။ နေဝသညာနာသညာယတန သမာပတ်နှင့် စပ်သောစကားကို ပြောသော်ကား မကြားနာ၊ နားမထောင်၊ သိစေခြင်းငှါ စိတ်မစိုက်၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သို့လည်း မဆည်းကပ်၊ မခစား၊ ထိုနေဝသညာနာသညာယတနသမာပတ်နှင့် စပ်သော စကားဖြင့်လည်း နှစ်သက်ကျေနပ်ခြင်းသို့ မရောက်၊ ဤအကြောင်းသည် ရှိသည်သာတည်း။

သုနက္ခတ္တ ဥပမာအားဖြင့် လည်ဆစ်ပြတ်ပြီးသော ထန်းပင်သည် နောင်တစ်ဖန် စည်ပင်ပေါက် ရောက်ခြင်းငှါ မထိုက်သကဲ့သို့၊ ဤအတူသာလျှင် သုနက္ခတ္တ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်အား နေဝသညာနာသညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်သည် အမြစ်ပြတ်ပြီး ဖြစ်၏၊ ထန်းပင်ငုတ်ကဲ့သို့ ပြုပြီးဖြစ်၏၊ နောက်ထပ်မဖြစ်အောင် ပြုပြီးဖြစ်၏၊ နောင်တစ်ဖန် ဖြစ်ပေါ်ခြင်း သဘောမရှိချေ။ ထိုပုဂ္ဂိုလ်မျိုးကို ''နေဝသညာနာသညာယတနသမာပတ်၌ ဖွဲ့တတ်သော သံယောဇဉ်နှင့် မယှဉ်ဘဲ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်မျိုး''ဟူ၍ သိရမည်။

၆၃။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ်ရာ၏- ''တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်သည် ဆန္ဒရာဂ ဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာ တည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် အစစ်အမှန် ချုပ်ငြိမ်းမှု 'နိဗ္ဗာန်' ၌ ညွတ်သော စိတ်ရှိ၏''ဟု (အကြံဖြစ်ရာ၏)။ ထိုရဟန်းသည် မမှန်ဘဲလျက် ဤသို့ ထင်ရာ၏။ ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောသူအား မသင့်တော်သော အာရုံတို့ကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်ရာ၏၊ နားဖြင့် မသင့်တော်သော အသံကြားခြင်း ကို အားထုတ်ရာ၏၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်ရာ၏၊ လျှာဖြင့် မသင့် တော်သော အရသာလျက်ခြင်းကို အားထုတ်ရာ၏၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်ရာ၏၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံ သိခြင်းကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော် သော အဆင်းရှုခြင်းကို အားထုတ်သော၊ နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားထုတ်သော၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်သော၊ လျှာဖြင့် မသင့်တော်သော အရသာ လျက်ခြင်းကို အားထုတ်သော၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်သော၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားထုတ်သော ထိုရဟန်း၏ စိတ်ကို ရာဂသည် ဖျက်ဆီးရာ၏၊ ထိုရဟန်းသည် ရာဂဖျက်ဆီးအပ်သော စိတ်ဖြင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါး ဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏၊ ဤအကြောင်းသည် ရှိသည်သာတည်း။

သုနက္ခတ္တ ဥပမာအားဖြင့် ယောက်ျားသည် အထပ်ထပ် လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရ ရာ၏။ ထိုယောက်ျား၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကုဆေးဆရာကို ပင့်ခေါ်လာ့ကုန်ရာ၏၊ ထိုယောက်ျားအား ထိုမြားဆိပ်ကုဆေးဆရာသည် ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ဓားငယ် ဖြင့် အနာဝကို ခွဲစိပ်၍ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာရာ၏၊ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာဖွေ၍ မြားငြောင့်ကို နုတ်ရာ၏၊ ထုတ်ယူစရာ ကြွင်းကျန်သော အဆိပ်အတောက်ကို ပယ်ရှားရာ၏၊ ထုတ်ယူစရာ အကြွင်းအကျန် မရှိတော့ပြီဟု သိသော ထိုဆေးဆရာသည် ဤသို့ ပြောဆိုရာ၏ ''အမောင် ယောက်ျား အသင့်အား မြားငြောင့်ကို ငါနုတ်ပြီးပြီ၊ ထုတ်ယူစရာ အကြွင်းအကျန် အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ သင့်အား အန္တရာယ်ဖြစ်ခြင်းငှါ မစွမ်းနိုင်တော့ပြီ၊ သင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ ကို စားလေလော့၊ မသင့်တော်သော ဘောဇဉ်တို့ကို စားသည် ဖြစ်၍ သင်၏အနာကို ပြည်ယိုခြင်း မဖြစ်စေလင့်။ ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းကျံရာ၏၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့်, ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံသဖြင့် သင်၏ အနာဝကို ပြည်သွေး မမြှေးယှက် စေလင့်။ လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်လင့်၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ် သည်ဖြစ်၍ သင်၏အနာဝကို မြူမှုန့်အမျှင် မဖျက်ဆီးစေလင့်။ အမောင်ယောက်ျား အနာကို အစဉ်စောင့် ရှောက်သည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏''ဟု (ဆိုရာ၏)။

ထိုယောက်ျားအား ''ငါ့မှာ မြားငြောင့်ကို နုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်း အကျန်မရှိအောင် ပယ်ပြီးပြီ၊ ငါ့အား အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်''ဟု အကြံဖြစ်ရာ၏။ ထိုယောက်ျား သည် မသင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ကို စားသုံးရာ၏၊ မသင့်တော်သော ဘောဇဉ်တို့ကို စားသုံးသည်ဖြစ်၍ ထိုယောက်ျား၏ အနာသည် ပြည်ယိုစီးရာ၏။ ရံခါရံခါ အနာကို ဖန်မဆေးရာ၊ ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံရာ၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့်, ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံ သဖြင့် ထိုယောက်ျား၏ အနာဝကို သွေးပြည်သည် မြှေးယှက်ရာ၏။ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ်ရာ၏၊ လေနေပူ၌ လှည့်လည်ခြင်းကို အားထုတ်သည်ဖြစ်၍ ထိုယောက်ျား၏ အနာဝကို မြူမှုန့် အမျှင်သည် ဖျက်ဆီးရာ၏။ အနာကို အစဉ်မစောင့်ရှောက်သည်ဖြစ်၍ အနာကို သက်သာရာ မရစေသည် ဖြစ်၍ နေရာ၏။ ထိုယောက်ျားအား ဤမသင့်တော်သည်ကို ပြုခြင်းကြောင့်လည်း အဆိပ်အတောက်သည် မစင်ကြယ်၊ ထုတ်ယူစရာ အကြွင်းအကျန် ရှိရာ၏၊ မသင့်တော်သည်ကို ပြုခြင်း, အဆိပ်အတောက်သည် မစင်ကြယ်ဘဲ ထုတ်ယူစရာ အကြွင်းအကျန်ရှိနေခြင်းဟူသော ထိုအကြောင်းနှစ်ပါးကြောင့် အနာသည် ကြီးကျယ်ခြင်းသို့ ရောက်ရာ၏၊ ထိုယောက်ျားသည် အနာကြီးကျယ်ခြင်းသို့ ရောက်သဖြင့် သေခြင်းသို့ သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ် ရာ၏ ''တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ ထိုအဝိဇ္ဇာတည်းဟူသော အဆိပ် အတောက်သည် ဆန္ဒရာဂဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာဟူသော မြားငြောင့်ကို ပယ်နုတ် ပြီးပြီ၊ အဝိဇ္ဇာဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိပြီ''ဟု (အကြံဖြစ်ရာ၏)။ ရဟန်းသည် မမှန်ဘဲလျက် ဤသို့ ထင်ရာ၏။ ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောသူအား မသင့်တော်သော အာရုံတို့ကို အားထုတ်ရာ၏၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်ရာ၏၊ နားဖြင့် မသင့်တော်သော အသံနားထောင်ခြင်းကို အားထုတ်ရာ၏၊ နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားထုတ်ရာ၏၊ လျှာဖြင့် မသင့်တော်သော အရသာ လျက်ခြင်းကို အားထုတ်ရာ၏၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်ရာ၏၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားထုတ်ရာ၏။ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားထုတ်သော, နားဖြင့် မသင့်တော်သော အသံနားထောင်ခြင်းကို အားထုတ်သော, နှာခေါင်းဖြင့် မသင့် တော်သော အနံ့နမ်းခြင်းကို အားထုတ်သော, လျှာဖြင့်မသင့်တော်သော အရသာလျက်ခြင်းကို အားထုတ် သော, ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားထုတ်သော ထိုပုဂ္ဂိုလ်၏ စိတ်ကို ရာဂသည် ဖျက်ဆီးရာ၏၊ ထိုရဟန်းသည် ရာဂ ဖျက်ဆီးခံရသော စိတ်ဖြင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏။ သုနက္ခတ္တ မြတ်စွာဘုရား၏ သာသနာတော်၌ သိက္ခာချ၍ လူထွက်ခြင်းသည် သေခြင်းမည်၏၊ သုနက္ခတ္တ ညစ်ညူးသော ဂရုကအာပတ်တစ်ခုခုသို့ ရောက်ခြင်းသည် သေလောက် နီးပါးဖြစ်သော ဆင်းရဲမည်၏၊ ဤအကြောင်းသည် ရှိ၏။

၆၄။ သုနက္ခတ္တ ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံဖြစ်ရာ၏ ''တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်သည် ဆန္ဒရာဂ ဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာ တည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် စင်စစ် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိပြီ''ဟု (အကြံဖြစ်ရာ၏)။ ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသောပုဂ္ဂိုလ်အား မသင့်တော်သော အာရုံတို့ကို အားမထုတ်ရာ၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမ ထုတ်ရာ၊ နားဖြင့် မသင့်တော်သော အသံ နားထောင်ခြင်းကို အားမထုတ်ရာ၊ နှာခေါင်းဖြင့် မသင့်တော် သော အနံ့နမ်းခြင်းကို အားမထုတ်ရာ၊ လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်ရာ၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်ရာ၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံ သိခြင်းကို အားမထုတ်ရာ။ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်သော, နားဖြင့် မသင့်တော်သော အသံ နားထောင်ခြင်းကို အားမထုတ်သော, နှာခေါင်းဖြင့် မသင့်တော်သောအနံ့ နမ်းခြင်း ကို အားမထုတ်သော, လျှာဖြင့် မသင့်တော်သော အရသာလျက် ခြင်းကို အားမထုတ်သော, ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားမထုတ်သော ထိုပုဂ္ဂိုလ်၏ စိတ်ကို ရာဂသည် မဖျက်ဆီးရာ၊ ထိုပုဂ္ဂိုလ်သည် ရာဂမဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်း ကောင်း မရောက်ရာ၊ ဤအကြောင်းသည် ရှိသည်သာတည်း။

သုနက္ခတ္တ ဥပမာအားဖြင့် ယောက်ျားသည် အထပ်ထပ် လိမ်းကျံထားသော ဆိပ်လူးမြား အစူးခံရ ရာ၏။ ထိုယောက်ျား၏ မိတ်ဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့သည် မြားဆိပ်ကုဆေးဆရာကို ပင့်ခေါ်လာ ကုန်ရာ၏၊ ထိုမြားဆိပ်ကုဆေးဆရာသည် ထိုယောက်ျားအား ဓားငယ်ဖြင့် အနာဝကို ခွဲစိပ်ရာ၏၊ ဓားငယ် ဖြင့် အနာဝကို ခွဲစိပ်ပြီး၍ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာရာ၏၊ ငြောင့်ရှာမွှေတံဖြင့် မြားငြောင့်ကို ရှာ၍ မြားငြောင့်ကို နုတ်ရာ၏၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်းအကျန်မရှိအောင် ပယ်ရှား ရာ၏၊ ထုတ်ယူစရာ အကြွင်းအကျန်မရှိတော့ပြီဟု သိသော ထိုဆေးဆရာသည် ဤသို့ဆိုရာ၏- ''အမောင်ယောက်ျား သင်၏ မြားငြောင့်ကို ငါနုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်းအကျန် မရှိအောင် ပယ်ရှားပြီးပြီ၊ အသင့်အား အန္တရာယ်ဖြစ်ခြင်းငှါ မစွမ်းနိုင်တော့ပြီ၊ သင့်တော်သည်သာဖြစ် သော ဘောဇဉ်တို့ကို စားရာ၏၊ မသင့်တော်သော ဘောဇဉ်တို့ကို စားသည်ဖြစ်၍ သင်၏အနာကို ပြည်ယိုခြင်း မဖြစ်စေလင့်။ ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းရာ၏၊ ရံခါရံခါ အနာကို ဖန်မဆေးသဖြင့် ရံခါရံခါ အနာဝကို ဆေးမလိမ်းကျံသဖြင့် သင်၏အနာဝကို သွေးပြည် မမြှေး ယှက်စေလင့်။ လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်လင့်၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားထုတ်သည်ဖြစ်၍ သင်၏အနာဝကို မြူမှုန့်အမျှင် မဖျက်ဆီးစေလင့်။ အမောင်ယောက်ျား အနာကို အစဉ်စောင့်ရှောက်သည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏''ဟု (ဆိုရာ၏)။-

ထိုယောက်ျားအား ဤသို့ အကြံဖြစ်ရာ၏-''ငါ့မှာ မြားငြောင့်ကို နုတ်ပြီးပြီ၊ အဆိပ်အတောက်ကို ထုတ်ယူစရာ အကြွင်းအကျန်မရှိအောင် ပယ်ရှားပြီးပြီ၊ ငါ့အား အန္တရာယ်ဖြစ်စေခြင်းငှါ မစွမ်းနိုင်တော့ပြီ''ဟု (အကြံဖြစ်ရာ၏)၊ ထိုယောက်ျားသည် သင့်တော်သည်သာဖြစ်သော ဘောဇဉ်တို့ကို သုံးဆောင်ရာ၏၊ သင့်တော်သော ဘောဇဉ်တို့ကို သုံးဆောင်သည်ဖြစ်၍ ထိုယောက်ျား၏ အနာသည် ပြည်မယိုစီးရာ၊ ရံခါရံခါ အနာကို ဖန်ဆေးရာ၏၊ ရံခါရံခါ အနာဝကို ဆေးလိမ်းရာ၏၊ ရံခါရံခါ အနာကို ဖန်ဆေးသည်ဖြစ်၍ ရံခါရံခါ အနာဝကို ဆေးလိမ်း ကျံသည်ဖြစ်၍ ထိုယောက်ျား၏ အနာဝကို ပြည်သွေး မမြှေးယှက်ရာ။ လေ နေပူ၌ လှည့်လည်ခြင်းကိုလည်း အားမထုတ်ရာ၊ လေ နေပူ၌ လှည့်လည်ခြင်းကို အားမထုတ်သဖြင့် ထိုယောက်ျား၏ အနာဝကို မြူမှုန့်အမျှင်သည် မဖျက်ဆီးရာ။ အနာကို စောင့်ရှောက်ခြင်းရှိသည်ဖြစ်၍ အနာကို သက်သာစေသည်ဖြစ်၍ နေရာ၏။ ထိုယောက်ျားသည် ဤသင့်တော်သောအမှုကို ပြုခြင်းဖြင့်လည်း မစင်ကြယ်သော အဆိပ်အတောက်ကို အကြွင်းအကျန်မရှိအောင် ပယ်ရှားပြီးပြီ၊ သင့်တော်သော အမှုကို ပြုလုပ်ခြင်း, မစင်ကြယ်သော အဆိပ်အတောက်ကို အကြွင်းအကျန်မရှိအောင် ပယ်ရှားခြင်း ထို အကြောင်းနှစ်ပါးစုံဖြင့် အနာသည် အသားနုတက်၍ ရင့်ကျက်ရာ၏၊ ထိုယောက်ျားသည် အနာအသားနု တက်၍ အသားအရေ ကောင်းလာပြီဖြစ်သဖြင့် သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း မရောက်ရာ။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်းအား ဤသို့ အကြံ ဖြစ်ရာ၏- ''တဏှာကို မြားငြောင့်ဟူ၍ မြတ်စွာဘုရား ဟောထား၏၊ အဝိဇ္ဇာတည်းဟူသော အဆိပ် အတောက်သည် ဆန္ဒရာဂဗျာပါဒကြောင့် ဖောက်ပြန်၏၊ ငါသည် ထိုတဏှာတည်းဟူသော မြားငြောင့်ကို ပယ်နုတ်ပြီးပြီ၊ အဝိဇ္ဇာတည်းဟူသော အဆိပ်အတောက်ကို ပယ်ရှားပြီးပြီ၊ ငါသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိ၏''ဟု (အကြံဖြစ်ရာ၏)။ ထိုရဟန်းသည် ကောင်းစွာ နိဗ္ဗာန်၌ ညွတ်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မသင့်တော်သော အာရုံတို့ကို အားမထုတ်ရာ၊ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်ရာ၊ နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားမထုတ်ရာ၊ နှာခေါင်းဖြင့် မသင့်တော် သော အနံ့နမ်းခြင်းကို အားမထုတ်ရာ၊ လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်ရာ၊ ကိုယ်ဖြင့် မသင့်တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်ရာ၊ စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံ သိခြင်းကို အားမထုတ်ရာ။ မျက်စိဖြင့် မသင့်တော်သော အဆင်းရှုခြင်းကို အားမထုတ်သော, နားဖြင့် မသင့်တော်သော အသံကြားခြင်းကို အားမထုတ်သော, နှာခေါင်းဖြင့် မသင့်တော်သော အနံ့နမ်းခြင်းကို အားမထုတ်သော, လျှာဖြင့် မသင့်တော်သော အရသာလျက်ခြင်းကို အားမထုတ်သော, ကိုယ်ဖြင့် မသင့် တော်သော အတွေ့ တွေ့ထိခြင်းကို အားမထုတ်သော, စိတ်ဖြင့် မသင့်တော်သော ဓမ္မာရုံသိခြင်းကို အားမ ထုတ်သော ထိုပုဂ္ဂိုလ်၏ စိတ်ကို ရာဂသည် မဖျက်ဆီးရာ၊ ထိုပုဂ္ဂိုလ်သည် ရာဂ မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ သေခြင်းသို့သော်လည်းကောင်း၊ သေလောက်နီပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း မရောက်နိုင်ရာ၊ ဤအကြောင်းသည် ရှိသည်သာတည်း။

၆၅။ သုနက္ခတ္တ အနက်အဓိပ္ပါယ်ကို သိစေခြင်းငှါ ဤဆိုခဲ့ပြီးသော ဥပမာကို ငါပြုအပ်ပြီ၊ ဤဆိုခဲ့ ပြီးသော ဥပမာစကား၌ ဤဆိုလတ္တံ့သည်ကား အနက်အဓိပ္ပါယ်ပေတည်း။ သုနက္ခတ္တ အနာဟူသော ဤ အမည်သည် ခြောက်ပါးကုန်သော အဇ္ဈ တ္တိကာယတနတို့၏ အမည်ပေတည်း။ သုနက္ခတ္တ အဆိပ်အတောက် ဟူသော ဤအမည်သည် အဝိဇ္ဇာ၏ အမည်ပေတည်း။ သုနက္ခတ္တ မြားငြောင့်ဟူသော ဤအမည်သည် တဏှာ၏ အမည်ပေတည်း။ သုနက္ခတ္တ ငြောင့်ရှာမွှေတံဟူသော ဤအမည်သည် သတိ၏ အမည်ပေတည်း။ သုနက္ခတ္တ ဓားငယ်ဟူသော ဤအမည်သည် ဖြူစင်သော ဝိပဿနာပညာ၏ အမည်ပေတည်း။ သုနက္ခတ္တ မြားဆိပ်ကု ဆေးဆရာဟူသော ဤအမည်သည် ပူဇော်အထူးကို့ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ အမည်ပေတည်း။

သုနက္ခတ္တ စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည် ဖြစ်၍ ''ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း''ဟု ဤသို့သိ၍ ကိလေသာဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ်လွတ်ဝင်၏၊ ကာမဂုဏ်ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖြစ်စေ လတ္တံ့ဟူသော အကြောင်းသည် မရှိ။

သုနက္ခတ္တ ဥပမာအားဖြင့် အဆင်းနှင့် ပြည့်စုံသော အနံ့နှင့် ပြည့်စုံသော အရသာနှင့် ပြည့်စုံသော စိမ်ရေခွက်သည် ရှိရာ၏၊ ထိုခွက်ကိုလည်း အဆိပ်နှင့် ရောထား၏။ ထို့နောက် အသက်ရှင်လိုသော မသေ လိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောက်ျားသည် လာရာ၏။ သုနက္ခတ္တ ထိုငါဆို မည့်အရာကို အဘယ်သို့ မှတ်ထင်သနည်း-''ငါသည် ဤစိမ်ရေခွက်ကို သောက်သည်ရှိသော် သေခြင်းသို့ သော်လည်းကောင်း၊ သေလုနီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏''ဟု သိငြားအံ့၊ ထိုယောက်ျားသည် ထိုစိမ်ရေခွက်ကို သောက်ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မသောက်ရာ ပါဟု (လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည်ဖြစ်၍ ''ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း''ဟု ဤသို့ သိ၍ ကိလေသာ ဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ် လွတ်ဝင်၏၊ ကာမဂုဏ် ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိ။

သုနက္ခတ္တ ဥပမာအားဖြင့် လျင်သော ကြမ်းသော အဆိပ်ရှိသော မြွေသည် ရှိရာ၏၊ အသက်ရှင် လိုသော မသေလိုသော ချမ်းသာလိုသော ဆင်းရဲခြင်းကို စက်ဆုပ်သော ယောက်ျားသည် လာရာ၏။ သုနက္ခတ္တ ထိုငါဆို မည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း-''ဤမြွေသည် ငါ့ကို ကိုက်သော် သေခြင်း သို့သော်လည်းကောင်း၊ သေလုနီးပါးဖြစ်သော ဆင်းရဲသို့သော်လည်းကောင်း ရောက်ရာ၏''ဟု သိငြားအံ့၊ ထိုယောက်ျားသည် ကြမ်းသော အဆိပ်ရှိသော မြွေအား လက်ဖြင့်သော်လည်းကောင်း၊ ခြေမဖြင့်သော်လည်း ကောင်း တို့ဝံ့ရာအံ့လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား မတို့ဝံ့ရာပါဟု (လျှောက်၏)။

သုနက္ခတ္တ ဤဥပမာအတူသာလျှင် စင်စစ် ထိုရဟန်းသည် ခြောက်ပါးကုန်သော ဖဿာယတနတို့၌ စောင့်စည်းခြင်းကို ပြုလေ့ရှိသည်ဖြစ်၍ ''ကိလေသာဟူသော ဥပဓိသည် ဆင်းရဲ၏ အကြောင်းတည်း''ဟု ဤသို့ သိ၍ ကိလေသာဟူသော ဥပဓိမှ ကင်း၏၊ ကိလေသာဟူသော ဥပဓိကင်းရာ နိဗ္ဗာန်၌ လွတ်လွတ် ဝင်၏၊ ကာမဂုဏ်ဟူသော ဥပဓိ၌ ကိုယ်ကိုလည်း ငြိကပ်အောင် ဆောင်လတ္တံ့၊ ငြိကပ်သော စိတ်ကိုလည်း ဖြစ်စေလတ္တံ့ဟူသော ဤအကြောင်းသည် မရှိဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤဒေသနာတော် ကို ဟောတော်မူ၏။

လိစ္ဆဝီမင်းသားဖြစ်သော သုနက္ခတ္တသည် မြတ်စွာဘုရား၏ တရားတော်ကို ဝမ်းမြောက်ဝမ်းသာ လွန်စွာ နှစ်သက်လေပြီ။

ငါးခုမြောက် သုနက္ခတ္တသုတ် ပြီး၏။

------

၆-အာနေဉ္ဇသပ္ပါယသုတ်

၆၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော ကုရုတိုင်းသားတို့၏ နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု မိန့်တော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ''အသျှင်ဘုရား''ဟု ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ကာမဂုဏ်တို့သည် မမြဲကုန်၊ အချည်းနှီး ဖြစ်ကုန်၏၊ ချွတ်ယွင်းစေတတ်ကုန်၏၊ ပျောက်လွယ်သော သဘောရှိကုန်၏။ ရဟန်းတို့ ထိုကာမဂုဏ်သည် မျက်လှည့်သမား ပြုထားသော အရာ ကဲ့သို့ ဖြစ်၏၊ လူမိုက်တို့ကို ဖြားယောင်းတတ်၏၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်ဖြစ်စေ, မျက်ကွယ် ဖြစ်သော ကာမဂုဏ်ဖြစ်စေ, မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားဖြစ်စေ, မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားဖြစ်စေ ဤနှစ်ပါးစုံသည် မာရ်၏ (အာဏာ) တည်ရာ မာရ်၏ နေရာ မာရ်၏ ပျိုးခင်း မာရ်၏ ကျက်စားရာဖြစ်၏။ ဤကာမဂုဏ်တို့၌ ယုတ်ညံ့သော အကုသိုလ်ဖြစ်သော စိတ်၌မှီ၍ ဖြစ်သော ထိုရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'သော်လည်းကောင်း၊ ပျက်စီးစေလိုမှု 'ဗျာပါဒ'သော်လည်းကောင်း၊ သာလွန်အောင် အားထုတ်မှု 'သာရမ္ဘ'သော်လည်းကောင်း ဖြစ်ကုန်၏၊ ထိုသုံးပါးသော တရားတို့သည် ဤသာသနာတော်၌ ကျင့်နေသော မြတ်စွာဘုရား၏ တပည့်သားအား အန္တရာယ်ပြုခြင်းငှါ ဖြစ်ကုန်၏။

ရဟန်းတို့ ထိုကာမဂုဏ်တို့၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- ''မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း ဤကာမဂုဏ်နှင့် ကာမဂုဏ်အမှတ်အသားနှစ်ပါးစုံသည် မာရ်၏ (အာဏာ) တည်ရာဖြစ်၏၊ မာရ်၏ နေရာ ဖြစ်၏၊ မာရ်၏ ပျိုးခင်းဖြစ်၏၊ မာရ်၏ ကျက်စားရာဖြစ်၏။ ဤ ကာမဂုဏ်တို့၌ ယုတ်ညံ့ကုန်သော အကုသိုလ်ဖြစ်ကုန်သော စိတ်၌မှီ၍ဖြစ်ကုန်သော ထိုရှေးရှုကြံစည်မှု 'အဘိဇ္ဈာ' တို့သော်လည်းကောင်း၊ ပျက်စီးစေလိုမှု 'ဗျာပါဒ' တို့သော်လည်းကောင်း၊ သာလွန်အောင် အား ထုတ် (ခြုတ်ခြယ်)မှု 'သာရ မ္ဘ'တို့သော်လည်းကောင်း ဖြစ်ကုန်၏၊ ထိုသုံးပါးသော အကုသိုလ်တရားတို့သည် ဤသာသနာတော်၌ ကျင့်နေသော မြတ်စွာဘုရား၏ တပည့်သားအား အန္တရာယ်ပြုခြင်းငှါ ဖြစ်ကုန်၏။

ငါသည် ကာမလောကကို လွှမ်းမိုး၍ (ဈာန်လျှင် အာရုံရှိသော) စိတ်ဖြင့် ဆောက်တည်၍ ပြန့်ပြော သော မြတ်သည်၏ အဖြစ်သို့ ရောက်သော (ဈာန်လျှင် အာရုံရှိသော) စိတ်ဖြင့် နေရမူ ကောင်းလေစွ၊ ကာမလောကကို လွှမ်းမိုး၍ ဈာန်စိတ်ဖြင့် ဆောက်တည်၍ ပြန့်ပြောသော မြတ်သည်၏ အဖြစ်သို့ ရောက် သော ဈာန်စိတ်ဖြင့်နေသော ငါ့အား ယုတ်မာကုန်သော အကုသိုလ်ဖြစ်ကုန်သော စိတ်၌ မှီ၍ဖြစ်ကုန်သော ထိုရှေးရှုကြံစည်မှု 'အဘိဇ္ဈာ'တို့သော်လည်းကောင်း၊ ပျက်စီးစေလိုမှု'ဗျာပါဒ'တို့သော်လည်းကောင်း သာလွန် အောင် အားထုတ် (ခြုတ်ခြယ်) မှု 'သာရ မ္ဘ' တို့သော်လည်းကောင်း မဖြစ်ကုန်လတ္တံ့၊ ထိုတရားတို့ကို ပယ်ထားခြင်းကြောင့် ငါ့အား ကြီးကျယ်သော မနှိုင်းယှဉ်အပ်သော ကောင်းစွာ ပွါးများအပ်သော (လောကုတ္တရာ) စိတ်သည် ဖြစ်လတ္တံ့''ဟု (ဆင်ခြင်၏)။ ဤသို့ကျင့်သော် ထိုအကျင့်ဖြင့် များစွာနေလေ့ ရှိသော ထိုပုဂ္ဂိုလ်၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝမှာပင် သော်လည်း စတုတ္ထဈာန်တည်းဟူသော အာနေဉ္ဇသမာပတ်ကိုမူလည်း ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် (မိမိရရှိထားသော ဈာန်နှင့်တူစွာ) မတုန်လှုပ်သည်၏အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို ရှေးဦးစွာသော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့် ဟူ၍ ဆိုရ၏။

၆၇။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- ''မျက်မှောက့်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း မဟာဘုတ်လေးပါး၊ ယင်းမဟာဘုတ်လေးပါးတို့ကို မှီ၍ ဖြစ်သော ဥပါဒါ ရုပ်''ဟူသော အလုံးစုံသော ရုပ်သည် ရှိ၏။ ဤအလုံးစုံသည် မမြဲဟု (ဆင်ခြင်၏)။ ဤသို့ကျင့်၍ ထို အကျင့်ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခု ဘဝ၌ပင်သော်လည်း အာကာသာနဉ္စာယတနဈာန်တည်း ဟူသော အာနေဉ္ဇသမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ မတုန်လှုပ်သည်၏အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို နှစ်ခုမြောက်သော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။

ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- ''မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း, မျက် မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် တို့သည်လည်းကောင်း, မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း ရှိကုန်၏။ ဤနှစ်ပါးစုံသည် မမြဲ၊ မမြဲသောတရားကို နှစ်သက် ခြင်းငှါ မသင့်၊ တမ်းတခြင်းငှါ မသင့်၊ စွဲလမ်းခြင်းငှါ မသင့်''ဟု (ဆင်ခြင်၏)။ ဤသို့ကျင့်၍ ထိုအကျင့် ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယာသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည် လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း ဝိညာဏဉ္စာယတနဈာန်တည်းဟူသော အာနေဉ္ဇ သမာပတ်ကိုမူလည်း ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ မတုန်လှုပ်သည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤ သည်ကို သုံးခုမြောက်သော အာနေဉ္ဇသမာပတ်နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။

၆၈။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- ''မျက်မှောက်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်း ကောင်း၊ မျက်မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက် ကွယ်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ အာနေဉ္ဇသညာတို့သည်လည်းကောင်း ဤ အလုံးစုံသော သညာတို့သည် ရှိကုန်၏။ ဤအလုံးစုံသော သညာများ၏ အကြွင်းမဲ့ချုပ်ရာ အာကိဉ္စညာ ယတနဈာန်သည် ငြိမ်သက်မွန်မြတ်၏''ဟု (ဆင်ခြင်၏)။ ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာလေ့ လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင် သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတနသမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ ဘာမျှမရှိဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက် ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို ရှေးဦးစွာသော အာကိဉ္စညာယတနသမာပတ် နှင့်လျော်သော အကျင့်ဟူ၍ ဆိုရ၏။

၆၉။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် တောသို့ကပ်၍ဖြစ်စေ၊ သစ်ပင် ရင်းသို့ ကပ်၍ဖြစ်စေ၊ ဆိတ်ငြိမ်ရာကျောင်းသို့ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏- ''ဤအာကိဉ္စညာယတန သမာပတ်သည် ငါ 'အတ္တ' မှလည်းကောင်း၊ ငါ့ဥစ္စာဟူသော 'အတ္တနိယ' မှလည်းကောင်း ကင်းဆိတ်၏''ဟု (ဆင်ခြင်၏)၊ ဤသို့ကျင့်၍ ထိုအကျင့်ဖြင့် များစွာနေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတန သမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း သက်ဝင်နိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် (မိမိရရှိထားသော ဈာန်နှင့်တူစွာ) ဘာမျှမရှိ ဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည်ကို နှစ်ခု မြောက်သော အာကိဉ္စညာယတနသမာပတ်နှင့် လျော်သော အကျင့်ဟူ၍ ဆိုရ၏။

၇၀။ ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ''အဘယ်မှာမျှ ငါ 'အတ္တ' ဟူ၍ မရှိ၊ တစ်စုံတစ်ယောက်သော သူ၏မျှ ကြောင့်ကြဖွယ် ငါ 'အတ္တ' အဖြစ်သည် မရှိ၊ အဘယ်မှာမျှ သူတစ်ပါး ငါ 'အတ္တ' ဟူ၍ မရှိ၊ အဘယ်မှာမျှ သူတစ်ပါး ငါ 'အတ္တ'၏ ကြောင့်ကြဖွယ် အဖြစ်သည် မရှိ''ဟု (ဆင်ခြင်၏)။ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာလေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည်လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း အာကိဉ္စညာယတန သမာပတ်ကို ဝင်စားနိုင်၏၊ ပညာဖြင့်သော်လည်း ထိုးထွင်း၍ သိနိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌သော်လည်း ထိုပုဂ္ဂိုလ်ကို ဖြစ်စေတတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ ဘာမျှမရှိဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤသည် ကို သုံးခုမြောက်သော အာကိဉ္စညာယတနသမာပတ်နှင့် လျော်သော အကျင့်ဟူ၍ ဆိုရ၏။

ရဟန်းတို့ တစ်ဖန်လည်း မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏-''မျက်မှောက် ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက် မှောက်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ် အသားတို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း မျက်ကွယ်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း, အာနေဉ္ဇသညာတို့သည်လည်းကောင်း အာကိဉ္စညာယတနသညာ တို့သည်လည်းကောင်း ရှိကုန်၏။ ဤအလုံးစုံသော သညာများ၏ အကြွင်းမဲ့ချုပ်ရာ နေဝသညာနာသညာ ယတနဈာန်သည် ငြိမ်သက်၏၊ မွန်မြတ်၏''ဟု (ဆင်ခြင်၏)။ ဤသို့ ကျင့်၍ ထိုအကျင့်ကို များစွာ လေ့လာလျက် နေလေ့ရှိသော ထိုအရိယသာဝက၏ စိတ်သည် ကမ္မဋ္ဌာန်းအာရုံ၌ ကြည်လင်၏၊ စိတ်ကြည် လင်သည်ရှိသော် ယခုဘဝ၌ပင်သော်လည်း နေဝသညာနာသညာယတနသမာပတ်ကို ဝင်စားနိုင်၏၊ ပညာ ဖြင့်သော်လည်း ထိုးထွင်း၍ သိနိုင်၏၊ ကိုယ်ခန္ဓာပျက်စီး၍ သေသည်မှ နောက်၌ ထိုပုဂ္ဂိုလ်ကို ဖြစ်စေ တတ်သော ဝိပါက်ဝိညာဏ်သည် မိမိရရှိထားသော ဈာန်နှင့်တူစွာ သညာရှိသည်လည်းမဟုတ် မရှိသည်လည်းမဟုတ်ဟူသော အာရုံရှိသည်၏ အဖြစ်သို့ ရောက်ရာသော အကြောင်းသည် ရှိ၏။ ရဟန်းတို့ ဤ သည်ကို နေဝသညာနာသညာယတနသမာပတ်အားလျော်သော အကျင့်ဟူ၍ ဆိုရ၏ဟု (မိန့်တော်မူ၏)။

၇၁။ ဤသို့ ဟောတော်မူသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏-'အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့၊ ငါ့မှာ ( အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍ ) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုး ဖြစ်သော ခန္ဓာပဉ္စကဟူ၍) မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏'ဟု့ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏။ အသျှင်ဘုရား ထိုရဟန်းသည် ပရိနိဗ္ဗာန်စံရာ သလော၊ ပရိနိဗ္ဗာန်မစံရာသလော''ဟု (လျှောက်၏)။ အာနန္ဒာ ဤသို့ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်ပြုရာ၏၊ ဤသို့ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်မပြုရာဟု (မိန့်တော်မူ၏)၊ အသျှင် ဘုရား ဤသို့ ဖြစ်ရာ၌ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန်ပြု၍ အချို့သော ရဟန်းသည် ပရိနိဗ္ဗာန် မပြုရာသော အကြောင်း အထောက်ပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏ ''အကယ်၍ ပြုလုပ်ခဲ့သော ကံဟူ၍ မရှိငြားအံ့၊ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ (အကျိုး ဖြစ်သော ခန္ဓာပဉ္စကဟူ၍) မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏''ဟု ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်၏၊ ကောင်း၏ ဟူ၍ ပြောဆို၏၊ သက်ဝင်၍ တည်၏၊ ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို နှစ်သက်ပြောဆို သက်ဝင်၍ တည်သောပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုဝိပဿနာကို မှီ၏၊ ထိုဝိညာဏ်သည် စွဲလမ်းမှုမည်၏၊ အာနန္ဒာ စွဲလမ်းမှု 'ဥပါဒါန်' ရှိသော ရဟန်းသည် ပရိနိဗ္ဗာန်မပြုနိုင်ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုရဟန်းသည် စွဲလမ်းသော် အဘယ်ကို စွဲလမ်းသနည်းဟု (လျှောက်၏)။ အာနန္ဒာ နေဝသညာနာသညာယတနဈာန်ကို စွဲလမ်း၏ဟု (မိန့်တော်မူ၏)။ အသျှင်ဘုရား ထိုရဟန်းသည် စွဲလမ်း သော် အမြတ်ဆုံး စွဲလမ်းစရာကို စွဲလမ်းပုံရပါ၏လောဟု (လျှောက်၏)။ အာနန္ဒာ မှန်၏၊ ထိုရဟန်းသည် စွဲလမ်းသော် အမြတ်ဆုံး စွဲလမ်းစရာကို စွဲလမ်း၏၊ အာနန္ဒာ ဤနေဝသညာနာ သညာယတနဈာန်သည် အမြတ်ဆုံး စွဲလမ်းစရာဖြစ်၏။

၇၂။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏- ''အကယ်၍ ပြုလုပ်ခဲ့သောကံ ဟူ၍ မရှိငြားအံ့၊ ငါ့မှာ (အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍) မရှိရာ၊ ယခုဘဝကံဟူ၍ မရှိလျှင် ငါ့မှာ အကျိုးဖြစ်သော ခန္ဓာပဉ္စကဟူ၍ မဖြစ်လတ္တံ့၊ ထင်ရှားရှိသော ဖြစ်ပေါ်နေသော ခန္ဓာပဉ္စကကို ပယ်စွန့်၏''ဟု ကျင့်၍ ဤသို့ လျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို ရ၏၊ ထိုရဟန်းသည် ထိုလျစ်လျူရှုမှု (ဝိပဿနုပေက္ခာ) ကို မနှစ်သက်၊ ကောင်း၏ဟု မပြောဆို၊ သက်ဝင်၍ မတည်၊ ထိုမနှစ်သက် မပြောဆို သက်ဝင်၍ မတည်သော ထိုပုဂ္ဂိုလ်၏ ဝိညာဏ်သည် ထိုဝိပဿနာကို မမှီ၊ ထိုဝိညာဏ်သည် စွဲလမ်းမှု မဟုတ်၊ အာနန္ဒာ မစွဲလမ်းသော ရဟန်းသည် ပရိနိဗ္ဗာန်ပြု၏ဟု (မိန့်တော်မူ၏)။

၇၃။ အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား ထိုထိုသမာပတ်ကို မှီ၍ မှီ၍ ဩဃလေးပါးမှ ထွက်မြောက်ခြင်းကို ဟော ကြားတော်မူ၏။ အသျှင်ဘုရား မြတ်သော အရဟတ္တဖိုလ်သည် အဘယ်ပါနည်းဟု (လျှောက်၏)။ အာနန္ဒာ ဤသာသနာတော်၌ မြတ်စွာဘုရား၏ တပည့်သားသည် ဤသို့ ဆင်ခြင်၏- ''မျက်မှောက်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ် သော ကာမဂုဏ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ကာမဂုဏ်အမှတ်အသားတို့ သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ်တို့သည်လည်းကောင်း၊ မျက်မှောက်ဖြစ်သော ရုပ်အမှတ်အသားတို့သည်လည်းကောင်း၊ မျက်ကွယ်ဖြစ်သော ရုပ် အမှတ်အသားတို့သည်လည်းကောင်း၊ အာနေဉ္ဇသညာ အာကိဉ္စညာယတနသညာတို့သည်လည်းကောင်း၊ နေဝသညာနာသညာယတနသညာတို့သည်လည်းကောင်း အလုံးစုံသော ဤပရမတ္ထအားဖြင့် ထင်ရှားရှိသော (တေဘူမက ရုပ်နာမ်ဓမ္မဟူသမျှသော) တရားအပေါင်းသည် သက္ကာယသာတည်း၊ မစွဲလမ်းမူ၍ စိတ်၏ လွတ်မြောက်မှုသည် အမြိုက်နိဗ္ဗာန်ကို အာရုံပြု၍ ဖြစ်သော အရဟတ္တဖိုလ်တည်း'' (ဟု ဆင်ခြင်၏)။

အာနန္ဒာ ဤသို့လျှင် ငါသည် အာနေဉ္ဇသမာပတ်အားလျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊့အာကိဉ္စညာယတနသမာပတ်အား လျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊ နေဝသညာနာသညာယတန သမာပတ်အား လျော်သော အကျင့်ကို ဟောကြားအပ်ပြီ၊ ထိုထိုသမာပတ်ကို မှီ၍ မှီ၍ ဩဃလေးပါးမှ ထွက်မြောက်ကြောင်း အကျင့်ကို ဟောကြားအပ်ပြီ၊ မြတ်သော အရဟတ္တဖိုလ်ကို ဟောကြားအပ်ပြီ။ အာနန္ဒာ တပည့် 'သာဝက' တို့၏ အကျိုးစီးပွါးကို ရှာမှီးလိုလားလျက် အစဉ်သနားစိတ်ရှိသော ဆရာသည် အစဉ်သနားစိတ်ကို စွဲ၍ ပြုသင့်ပြုထိုက်သော တာဝန်ကို သင်တို့အတွက် ငါပြုပြီးပြီ။ အာနန္ဒာ ဤ သည်တို့ကား သစ်ပင်ရင်း ဆိတ်ငြိမ်ရာဌာနတို့ ဖြစ်ကုန်၏၊ အာနန္ဒာ (တရားကို) ရှုပွါးဆင်ခြင်ကြကုန် လော့၊ သတိမမေ့လျော့ကြကုန်လင့်၊ နောက်မှ (အားမထုတ်လိုက်ရဟု) နှလုံးမသာ မဖြစ်ကြကုန်လင့်၊ ဤကား သင်တို့အတွက် ငါတို့၏ အဆုံးအမတော်တည်းဟု (မိန့်တော်မူ၏)။ ဤသို့ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

ခြောက်ခုမြောက် အာနေဉ္ဇသပ္ပါယသုတ် ပြီး၏။

------

၁။ မိမိအတ္တ သူတစ်ပါးအတ္တ နှစ်ပါးမရှိကြောင်း အတ္တနှစ်ပါးမရှိ၍ မိမိသူ တစ်ပါးအတ္တအနေဖြင့် ကြောင့်ကြစိုက်ဖွယ် အဖြစ်လည်း မရှိကြောင်းကို ပြလိုရင်းဖြစ်သည်၊ ရှုပ်ထွေးသည်။

၇-ဂဏက မောဂ္ဂလ္လာနသုတ်

၇၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဝိသာခါ၏ ပြာသာဒ်ဖြစ်သော ပုဗ္ဗာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ ဂဏကမောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားထံတော်သို့ ချဉ်း ကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် သင့်လျော်ရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်ထား၏-

အသျှင်ဂေါတမ ဝိသာခါပြာသာဒ်၏ နောက်ဆုံးဖြစ်သော (အပေါ်ဆုံး) လှေကားထစ် ပျဉ်ချပ်တိုင်အောင် သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း, အသျှင်ဂေါတမ ဤပုဏ္ဏားတို့အား ဗေဒင်သုံးပုံကို သင်ခြင်း၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း, အသျှင် ဂေါတမ ဤလေးသမားတို့အား လေးအတတ်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့ သို့လည်းကောင်း, အသျှင်ဂေါတမ ဂဏန်းတတ်သော ဂဏန်းအတတ်ဖြင့် အသက်မွေးသော အကျွန်ုပ်တို့ မှာလည်း ဂဏန်းအတတ်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်သည် ထင်သကဲ့သို့လည်းကောင်း၊ အသျှင် ဂေါတမ အကျွန်ုပ်တို့သည် တပည့်ကို ရခဲ့လျှင် ရှေးဦးစွာ ''တစ်ခုတစ်လီ, နှစ်ခုနှစ်လီ, သုံးခုသုံးလီ, လေးခုလေးလီ, ငါးခုငါးလီ, ခြောက်ခုခြောက်လီ, ခုနစ်ခု ခုနစ်လီ, ရှစ်ခုရှစ်လီ, ကိုးခုကိုးလီ, ဆယ်ခု ဆယ်လီ''ဟု ဤသို့ ရေတွက်စေပါကုန်၏။ အသျှင်ဂေါတမ အကျွန်ုပ်တို့သည် တစ်ရာကိုလည်း ရေတွက် စေပါကုန်၏၊ တစ်ရာထက်အလွန်ကိုလည်း ရေတွက်စေပါကုန်၏၊ အသျှင်ဂေါတမ ဤဥပမာအတူသာလျှင် ဤသာသနာတော်၌လည်း သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်ကို သိစေခြင်းငှါ တတ်နိုင်ပါသလောဟု (လျှောက်ထား၏)။

၇၅။ ပုဏ္ဏား ဤသာသနာတော်၌ သိက္ခာစဉ် လုပ်ငန်းစဉ် ကျင့်စဉ်ကို သိစေခြင်းငှါ တတ်နိုင်၏။ ပုဏ္ဏား ဥပမာအားဖြင့် လိမ္မာကျွမ်းကျင်သော မြင်းဆရာသည် ကောင်းသော အာဇာနည်မြင်းကိုရသော် ရှေးဦးစွာ ပါးစပ်၌ ပါးချပ်ခွံ့မှုကို ပြုစေ၏၊ ထို့နောက် တစ်ဆင့်တက်၍ ပြုဖွယ်ကို ပြုစေ၏၊ ပုဏ္ဏား့ဤအတူသာလျှင် ငါဘုရားသည် ဆုံးမသင့်သော ယောက်ျားကို ရသော် ရှေးဦးစွာ ဤသို့ ဆုံးမ၏ ''ရဟန်း လာလော့၊ သင်သည် သီလရှိလော့၊ ပါတိမောက္ခသံဝရသီလကို လုံခြုံအောင် စောင့်စည်း၍ နေလော့၊ ကောင်းသောအကျင့်, ကျက်စားရာနှင့် ပြည့်စုံသည်ဖြစ်၍ နေလော့၊ အနုမြူမျှ အတိုင်းအရှည်ရှိ ကုန်သော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ နေလော့၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်လော့''ဟု (ဆုံးမ၏)။

ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို လုံခြုံအောင် စောင့်၍ နေ၏၊ ကောင်းသောအကျင့်, ကျက်စားရာနှင့် ပြည့်စုံ၍ နေ၏၊ အနုမြူမျှ အတိုင်းအရှည်ရှိသော အပြစ်တို့၌ ဘေးဟု ရှုလေ့ရှိလျက် နေ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ကျင့်၍ နေ၏။ ထိုရဟန်းကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ ''ရဟန်း လာလော့၊ သင်သည် စက္ခုစသော ဣန္ဒြေတို့၌ ပိတ်ထား သော တံခါးရှိလော့၊ မျက်စိဖြင့် အဆင်း 'ရူပါရုံ' ကိုမြင်သော် (မိန်းမ ယောက်ျားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိလင့်၊ (လက်ခြေစသောအင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိလင့်၊ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲနေလျှင် ယင်း (စက္ခုန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုစက္ခုန္ဒြေကို စောင့်စည်း ခြင်းငှါ ကျင့်လော့၊ စက္ခုန္ဒြေကို စောင့်စည်းလော့၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်လော့။ နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ 'ဂန္ဓာရုံ' ကို နမ်းသော်။ပ။ လျှာဖြင့် အရသာ 'ရသာရုံ' ကို လျက်သော်။ပ။ ကိုယ်ဖြင့် အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ကို တွေ့ထိသော်။ပ။ စိတ်ဖြင့် သဘော 'ဓမ္မာရုံ'ကို သိသော် (မိန်းမ ယောက်ျားစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိလင့်၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိလင့်၊ (အကယ်၍) မနိန္ဒြေကို မစောင့် စည်းဘဲနေလျှင် ယင်း (မနိန္ဒြေဟူသော) အကြောင်းကြောင့် မက်မောခြင်း'အဘိဇ္ဈာ' နှလုံးမသာ ခြင်း'ဒေါမနဿ' ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် ထိုမစောင့်စည်းသူကို လိုက်၍ နှိပ်စက် ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်လော့၊ မနိန္ဒြေကို စောင့်စည်း လော့၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်လော့''ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။

ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် စက္ခု စသော ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိ၏၊ ထိုရဟန်း ကို မြတ်စွာဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ ''ရဟန်း လာလော့၊ သင်သည် ဘောဇဉ်၌ အတိုင်း အရှည်ကို သိလော့၊ သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်ရာ၏၊ မြူးထူး ရန် မသုံးဆောင် မာန်ယစ်ရန် မသုံးဆောင် (အသား) ပြည့်ဖြိုးရန် မသုံးဆောင် (အရေအဆင်း) ကြည်လင် ရန် မသုံးဆောင်လင့်၊ ဤကိုယ်တည်တံ့ရုံမျှသာ မျှတရုံမျှသာ ဆာလောင်မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရုံမျှ သာ မြတ်သောအကျင့်ကို အားထုတ် နိုင်ရုံမျှသာ အာဟာရကို သုံးဆောင်ရာ၏၊ ဤသို့ သုံးဆောင်မှီဝဲ သဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်း ချမ်းသာစွာ နေရခြင်းသည် ဖြစ်အံ့''ဟု (ဆင်ခြင်၍ သုံးဆောင်ရာ၏)ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။

ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏၊ ထိုရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ ''ရဟန်း လာလော့၊ သင်သည် နိုးကြားခြင်းကို အားထုတ်၍ နေလော့၊ နေ့အခါ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော 'နီဝရဏ' တရားတို့မှ စိတ်ကို သုတ်သင်လော့။ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော 'နီဝရဏ' တရားတို့မှ စိတ်ကို သုတ်သင်လော့၊ သန်းခေါင်ယံ၌ လက်ယာနံတောင်းဖြင့်(လက်ယာ) ခြေပေါ် ၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ အောက်မေ့ခြင်း 'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်'နှင့်ပြည့်စုံ သည်ဖြစ်၍ ထအံ့ဟု အမှတ်သညာကို နှလုံးသွင်းလျက် မြတ်သော အိပ်ခြင်းကို ပြုလော့၊ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း ထိုင်ခြင်းဖြင့် ကုသိုလ်တရားတို့ကို ပိတ်ပင်တတ်သော 'နီဝရဏ' တရားတို့မှ စိတ်ကို သုတ်သင်လော့''ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။

ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် နိုးကြားခြင်းကို အားထုတ်၏၊ ထိုရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ ''ရဟန်း လာလော့၊ သင်သည် အောက်မေ့ခြင်း 'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်'နှင့် ပြည့်စုံလော့၊ ရှေ့သို့တက်ရာ နောက်သို့ဆုတ်ရာ၌ ဆင်ခြင်၍ ပြုလော့၊ တူရူကြည့်ရာ တစောင်းကြည့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ကွေးရာဆန့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ဒုကုဋ် သပိတ် သင်္ကန်းကို ဆောင်ရာ၌ ဆင်ခြင် ၍ ပြုလော့၊ စားရာ သောက်ရာ ခဲရာ လျက်ရာ၌ ဆင်ခြင်၍ ပြုလော့၊ ကျင်ကြီး ကျင်ငယ်စွန့်ရာ၌ ဆင်ခြင်၍ ပြုလော့၊ သွားရာ ရပ်ရာ ထိုင်ရာ အိပ်ရာ နိုးရာ ပြောရာ ဆိတ်ဆိတ်နေရာ၌ ဆင်ခြင်၍ ပြုလော့''ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။

ပုဏ္ဏား အကြင်အခါ၌ ရဟန်းသည် အောက်မေ့ခြင်း'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့် ပြည့်စုံ၏၊ ထို ရဟန်းကို ငါဘုရားသည် တစ်ဆင့်တက်၍ ဆုံးမ၏ ''ရဟန်း လာလော့၊ သင်သည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲလော့၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲလော့''ဟု (တစ်ဆင့်တက်၍ ဆုံးမ၏)။ ထို ရဟန်းသည် ဆိတ်ငြိမ်သော ကျောင်း အိပ်ရာ နေရာကို မှီဝဲ၏၊ တောကို သစ်ပင်ရင်းကို တောင်ကို ချောက်ကို တောင်ခေါင်းကို သင်းချိုင်းကို တောအုပ်ကို လွင်ပြင်ကို ကောက်ရိုးပုံကို မှီဝဲ၏။

ထိုရဟန်းသည် ဆွမ်းခံရာမှ ပြန်ခဲ့၍ ဆွမ်းစားပြီးနောက် ထက်ဝယ်ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့် မတ်စွာ ထား၍ ကမ္မဋ္ဌာန်းသို့ ရှေးရှု သတိကို ဖြစ်စေလျက် ထိုင်၏၊ ထိုရဟန်းသည် ( ဥပါဒါနက္ခန္ဓာငါးပါး ဟူသော ) လောက၌ မက်မောခြင်း 'အဘိဇ္ဈာ' ကို ပယ်၍ မက်မောခြင်း 'အဘိဇ္ဈာ' ကင်းသော စိတ်ဖြင့် နေ၏၊ မက်မောခြင်း 'အဘိဇ္ဈာ' မှ စိတ်ကို စင်ကြယ်စေ၏။ ပျက်စီးစေလိုသော ဒေါသကို ပယ်၍ မပျက် စီးစေလိုသော စိတ်ရှိသည် ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားလျက် နေ၏၊ ပျက်စီးစေလိုသော ဒေါသမှ စိတ်ကို စင်ကြယ်စေ၏။ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ကို ပယ်၍ လေးလံ ထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' မှ ကင်းသည်ဖြစ်၍ အောက်မေ့ဆင်ခြင်လျက် အလင်းရောင်ကို မှတ်ခြင်းရှိသည်ဖြစ်၍ နေ၏၊ သတိနှင့်ပြည့်စုံလျက် လေးလံထိုင်း မှိုင်းခြင်း 'ထိနမိဒ္ဓ' မှ စိတ်ကို စင်ကြယ်စေ၏။ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ' နောင်တတစ်ဖန် ပူပန်ခြင်း 'ကုက္ကုစ္စ' ကို ပယ်၍ မိမိသန္တာန်၌ ငြိမ်းအေးသော စိတ်ရှိသည်ဖြစ်၍ မပျံ့လွင့်သည်ဖြစ်၍ နေ၏၊ ပျံ့လွင့်ခြင်း 'ဥဒ္ဓစ္စ' နောင်တတစ်ဖန် ပူပန်ခြင်း 'ကုက္ကုစ္စ' မှ စိတ်ကို စင်ကြယ်စေ၏။ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' ကို ပယ်၍ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' ကို လွန်မြောက်သည်ဖြစ်၍ ကုသိုလ်တရား တို့၌ သို့လော သို့လော မရှိသည်ဖြစ်၍ နေ၏၊ ယုံမှားခြင်း 'ဝိစိကိစ္ဆာ' မှ စိတ်ကို စင်ကြယ်စေ၏။

၇၆။ ထိုရဟန်းသည် စိတ်ညစ်နွမ်းကြောင်းဖြစ်ကုန်သော ပညာကို အားနည်းအောင် ပြုတတ်ကုန် သော ဤငါးပါးသော နီဝရဏတရားတို့ကို ပယ်၍ ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရား တို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်' နှင့် တကွဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' နှင့် တကွဖြစ်သော နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ'ရှိသော ပဌမဈာန်သို့ ရောက်၍ နေ၏။ ဝိတက်ဝိစာရတို့၏ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော။ပ။ ဒုတိယဈာန်သို့ ရောက်၍ နေ၏။ နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏။ ချမ်းသာကို ပယ်ခြင်းကြောင့်လည်းကောင်း။ပ။ စတုတ္ထဈာန်သို့ ရောက် ၍ နေ၏။

ပုဏ္ဏား အကြင် ရဟန်းတို့သည် ကျင့်ဆဲဖြစ်ကုန်၏၊ အရဟတ္တဖိုလ်သို့ မရောက်ကြကုန်သေး၊ အတုမရှိ မြတ်သော ယောဂ၏ ကုန်ခန်းရာ နိဗ္ဗာန်ကို တောင့်တလျက် နေကြကုန်၏၊ ရဟန်းတို့၌ ဤသို့ သဘောရှိသော ဤငါ၏ အဆုံးအမသည် ဖြစ်၏၊ အကြင် ရဟန်းတို့သည်ကား ပူဇော်အထူးကို ခံထိုက်သော ရဟန္တာဖြစ်၏၊ ကုန်ခန်းပြီးသော အာသဝေါရှိကုန်၏၊ ကျင့်သုံးပြီးသော အကျင့်ရှိကုန်၏၊ ပြုဖွယ်ကိစ္စကို ပြုပြီးဖြစ်ကုန်၏၊ ဝန်ကို ချထားပြီးဖြစ်ကုန်၏၊ ရောက်ပြီးသော အရဟတ္တဖိုလ်ဟူသော မိမိအကျိုး ရှိကုန်၏၊ ကုန်ခန်းပြီးသော ဘဝသံယောဇဉ် ရှိကုန်၏၊ ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ကုန်၏၊ ထို ရဟန်းတို့အား ဤတရားတို့သည် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရခြင်းငှါလည်းကောင်း၊ အောက်မေ့ ခြင်း'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်'နှင့် ပြည့်စုံခြင်းငှါလည်းကောင်း ဖြစ်ကုန်၏ဟု (ဟောတော်မူ၏)။

ဤသို့ ဟောတော်မူသော် ဂဏက မောဂ္ဂလ္လာန်မည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ စကားကို လျှောက်၏-''အသျှင်ဂေါတမ၏ တပည့်တို့သည် အသျှင်ဂေါတမ ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန် ဆုံးမအပ်သည်ရှိသော် အလုံးစုံသော တပည့်တို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ် သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကုန်သလော၊ သို့မဟုတ် အချို့ရဟန်းတို့သည် မပြီးစီးစေနိုင်ကုန်သလော''ဟု (လျှောက်ထား၏)။ ပုဏ္ဏား ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန်ဆုံးမအပ်သည်ရှိသော် အချို့ သော ငါ၏ တပည့်တို့သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်ကုန်၏၊ အချို့ သော ရဟန်းတို့မူကား မပြီးစီးစေနိုင်ကုန်ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ နိဗ္ဗာန်သည် တည်ရှိ၏၊ နိဗ္ဗာန်ရောက်ကြောင်း လမ်းသည် တည်ရှိ၏၊ တိုက်တွန်း နှိုးဆော်တတ်သော အသျှင်ဂေါတမသည် တည်ရှိ၏၊ သို့ပါလျက် အသျှင်ဂေါတမ၏ တပည့်တို့သည် အသျှင်ဂေါတမ ဤသို့ ဆုံးမသည်ရှိသော် ဤသို့ အဖန်ဖန်ဆုံးမအပ်သည်ရှိသော် အချို့သော ရဟန်းတို့ သည် ပျက်စီးခြင်းကို လွန်မြောက်ရာဖြစ်သော နိဗ္ဗာန်ကို ပြီးစီးစေနိုင်၍၊ အချို့သော ရဟန်းတို့ မပြီးစီး စေနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

၇၇။ ပုဏ္ဏား ထိုသို့ဖြစ်မူ သင့်ကိုသာလျှင် ဤအရာ၌ တစ်ဖန်မေးအံ့၊ သင်နှစ်သက်သည့်အတိုင်း ထိုအမေးကို ဖြေလော့၊ ပုဏ္ဏား ထိုငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ သင်သည် ရာဇဂြိုဟ် ပြည်သွားလမ်းကို ညွှန်ကြားခြင်းငှါ ကျွမ်းကျင်သလောဟု (မေးတော်မူ၏)။ အသျှင်ဟုတ်ပါ၏၊ အကျွန်ုပ် သည် ရာဇဂြိုဟ်ပြည်သွားလမ်းကို ညွှန်ကြားခြင်းငှါ ကျွမ်းကျင်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ငါဆိုမည့်စကားကို အဘယ်သို့ မှတ်ထင်သနည်း၊ ရာဇဂြိုဟ်ပြည်သို့ သွားလိုသော ယောက်ျားသည် ဤအရပ်သို့ လာရာ၏၊ ထိုလာသော ယောက်ျားသည် ''အသျှင် အကျွန်ုပ်သည် ရာဇဂြိုဟ်ပြည်သို့ သွားလိုပါ၏၊ ထိုအကျွန်ုပ်အား ရာဇဂြိုဟ်ပြည်သွားလမ်းကို ညွှန်ပါလော့''ဟု သင့်ကို ချဉ်းကပ်၍ ဤအတိုင်း ဆိုရာ၏၊ သင်သည် ထိုမေးလာသူကို ''အမောင်ယောက်ျား လာလော့၊ ဤ လမ်းခရီးသည် ရာဇဂြိုဟ်ပြည်သို့ ရောက်၏၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ဤမည်သော ရွာကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွား လော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသော် ဤမည်သော နိဂုံးကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ရာဇဂြိုဟ်ပြည်၏ မွေ့လျော်ဖွယ် ကောင်းသော အရံဥယျာဉ်, မွေ့လျော်ဖွယ်ကောင်းသော တောအုပ်, မွေ့လျော်ဖွယ်ကောင်းသော မြေ, မွေ့လျော်ဖွယ်ကောင်းသော ရေကန်ကို တွေ့မြင်ရလတ္တံ့''ဟု ဤသို့ ဆိုရာ၏။ ထိုသူသည် သင် ဤသို့ ပြောဆိုညွှန်ကြားပါလျက် ခရီးလွဲကို ယူ၍ နောက်ပြန်လှည့်၍ သွားရာ၏။

ထို့နောက် ရာဇဂြိုဟ်ပြည်သို့ သွားလိုသော ဒုတိယယောက်ျားသည် လာရာ၏၊ ထိုလာသော ယောက်ျားသည် ''အသျှင် အကျွန်ုပ်သည် ရာဇဂြိုဟ်ပြည်သို့ သွားလိုပါ၏၊ အကျွန်ုပ်အား ရာဇဂြိုဟ်ပြည့်သွားလမ်းကို ညွှန်ကြားပါလော့''ဟု သင့်ကို ချဉ်းကပ်၍ ဤအတိုင်း ဆိုရာ၏၊ သင်သည် ထိုဒုတိယ ယောက်ျားကို ''အမောင်ယောက်ျား လာလော့၊ ဤလမ်းခရီးသည် ရာဇဂြိုဟ်ပြည်သို့ ရောက်၏၊ ထိုလမ်း ခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ဤမည်သော ရွာကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားသည်ရှိသော် ဤမည်သော နိဂုံးကို တွေ့မြင်လတ္တံ့၊ ထိုလမ်းခရီးဖြင့် အတန်ငယ် သွားလော့၊ ထိုလမ်းခရီးဖြင့် အတန် ငယ် သွားသည်ရှိသော် ရာဇဂြိုဟ်ပြည်၏ မွေ့လျော်ဖွယ်ကောင်းသော အရံဥယျာဉ်, မွေ့လျော်ဖွယ်ကောင်း သော တောအုပ်, မွေ့လျော်ဖွယ်ကောင်းသော မြေ, မွေ့လျော်ဖွယ်ကောင်းသော ရေကန်ကို တွေ့မြင်ရ လတ္တံ့''ဟု ဆိုရာ၏။ ထိုသူသည် သင် ဤသို့ ပြောဆိုညွှန်ကြားသော် ချမ်းသာစွာ ရာဇဂြိုဟ်ပြည်သို့ ရောက်သွားရာ၏။

ပုဏ္ဏား ရာဇဂြိုဟ်ပြည်သည် တည်ရှိ၏၊ ရာဇဂြိုဟ်ပြည်သွားလမ်းသည် တည်ရှိ၏၊ လမ်းခရီးညွှန် ဖြစ်သော သင်သည် တည်ရှိ၏၊ သို့ပါလျက် သင် ဤသို့ ပြောဆိုညွှန်ကြားပါလျက် ယောက်ျား တစ်ယောက်သည် ခရီးလမ်းမှားကို ယူ၍ နောက်ပြန်လှည့်သွား၍၊ တစ်ယောက်သော ယောက်ျားသည် ချမ်းသာစွာ ရောက်သွားရာသော အကြောင်း အထောက်အပံ့ကား အဘယ်နည်းဟု (မေးတော်မူ၏)။ အသျှင်ဂေါတမ ဤအရာ၌ အကျွန်ုပ်သည် အဘယ်ကို ပြုနိုင်အံ့နည်း၊ အသျှင်ဂေါတမ အကျွန်ုပ်သည် ခရီးလမ်းညွှန်ပြသူသာ ဖြစ်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ဤအတူသာလျှင် နိဗ္ဗာန်သည် တည်ရှိသည်သာတည်း၊ နိဗ္ဗာန်သွားကြောင်း လမ်းခရီးသည် တည်ရှိ၏၊ နိဗ္ဗာန်သို့ ညွှန်ပြနှိုးဆော်သူ ငါသည် တည်ရှိ၏။ သို့ပါလျက် ငါ၏ တပည့်တို့သည် ငါ ဤသို့ ပ&#