သံယုတ္တနိကာယ်

သဂါထာဝဂ္ဂသံယုတ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဒေဝတာသံယုတ်

၁-နဠဝဂ် ၁-ဩဃတရဏသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ''အသျှင်- အသျှင်ဘုရားသည် အဘယ်သို့သော အကြောင်းအားဖြင့် သံသရာအယဉ် 'ဩဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း''ဟု လျှောက်၏၊ ဒါယကာနတ်သား ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'ဩဃ'ကို ကူးမြောက်ခဲ့၏ဟု (မိန့်တော်မူ၏)။ ''အသျှင်- အသျှင်ဘုရားသည် အဘယ်သို့လျှင် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'ဩဃ'ကို ကူးမြောက်တော်မူခဲ့ပါသနည်း''ဟု (လျှောက်၏)၊ ဒါယကာနတ်သား ငါသည် အကြင်အခါ၌ ရပ်တည်နေ၏၊ ထိုအခါ နစ်မြုပ်ရ၏၊ အကြင်အခါ၌ အားထုတ်၏၊ ထိုအခါ မျောပါး ရ၏၊ ဒါယကာနတ်သား ဤသို့လျှင် ငါသည် ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာအယဉ် 'ဩဃ'ကို ကူးမြောက်ခဲ့၏ဟု (ဟောတော်မူ၏)။

''သတ္တလောက၌ ရပ်တည် မနေဘဲ အားမထုတ်ဘဲ တဏှာကို ကူးမြောက်တော်မူပြီးသော မကောင်းမှုမှ အပပြုပြီးသော (ကိလေသာ) ငြိမ်းအေးတော်မူပြီးသော မြတ်စွာဘုရားကို ကြာမြင့်မှပင် ဖူးမြင်ရလေစွတကား''။

ထိုနတ်သားသည် ဤစကားကို လျှောက်ထား၏၊ မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏၊ ထိုအခါ ထိုနတ်သားသည် ''ငါ့အား မြတ်စွာဘုရားသည် နှစ်သက် (လက်ခံ) တော်မူ၏''ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။

------

၂-နိမောက္ခသုတ်

၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင်ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ''အသျှင် အသျှင်ဘုရားသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိပါ၏လော''ဟု ဤစကားကို လျှောက်၏၊ ဒါယကာနတ်သား ငါသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိသည်သာတည်းဟု (မိန့်တော်မူ၏)၊ ''အသျှင် အသျှင်ဘုရားသည် အဘယ်အကြောင်းကြောင့်လျှင် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိပါသနည်း''ဟု လျှောက်၏။

နှစ်သက်မှု (တဏှာ) လျှင် အရင်းရှိသည့် ကမ္မဘဝ ကုန်ခြင်းကြောင့် , မှတ်သားမှု 'သညာ' အထူးသိမှု 'ဝိညာဏ်'တို့၏ ကုန်ခြင်းကြောင့် , ခံစားမှု 'ဝေဒနာ'တို့၏ ချုပ်ခြင်း ငြိမ်းခြင်းကြောင့် သိ၏၊ ဒါယကာနတ်သား ဤသို့လျှင် ငါသည် သတ္တဝါတို့၏ (ကိလေသာမှ) အကြွင်းမဲ့လွတ်မြောက်ခြင်း လုံးဝလွတ်မြောက်ခြင်း ကင်းဆိတ်ခြင်းကို သိ၏ဟု (မိန့်တော်မူ၏)။

------

၃-ဥပနီယသုတ်

၃။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် အနည်းငယ် တိုတောင်းလှ၏၊ အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ (ပညာရှိသည်) သေခြင်းတရားတို့၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏''ဟု (လျှောက်၏)။

(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် အနည်းငယ် တိုတောင်းလှ၏၊ အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (ဟောတော်မူ၏)။

------

၄-အစ္စေန္တိသုတ်

၄။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့်ကုန်၏၊ (ပညာရှိသည်) သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏''ဟု (လျှောက်၏)။

အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့်ကုန်၏၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေး သုံးမျိုးကို ရှုသည်ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (ဟောတော်မူ၏)။

------

၅-ကတိဆိန္ဒသုတ်

၅။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အဘယ်မျှသော တရားတို့ကို ဖြတ်ရာပါသနည်း၊ အဘယ်မျှသော တရားတို့ကို စွန့်ရာပါသနည်း၊ အဘယ်မျှသော တရားတို့ကို ထို့ထက်အလွန် ပွါးများရာပါသ နည်း၊ အဘယ်မျှသော ငြိကပ်မှုကို လွန်မြောက်နိုင်သည့် ရဟန်းကို 'သံသရာအယဉ် မှ ကူးမြောက်သော ရဟန်း'ဟူ၍ ဆိုအပ်ပါသနည်း''ဟု (လျှောက်၏)။

အောက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို ဖြတ်ရာ၏၊ အထက်ပိုင်းသံယောဇဉ်ငါးမျိုးတို့ကို စွန့်ရာ၏၊ (သဒ္ဓါစသော ဣန္ဒြေ) ငါးမျိုးတို့ကို ထို့ထက်အလွန် ပွားများရာ၏၊ (လောဘ ဒေါသ မောဟ မာန ဒိဋ္ဌိဟူကုန်သော) ကပ်ငြိမှုငါးမျိုးတို့ကို လွန်မြောက်နိုင်သည့် ရဟန်းကို ''သံသရာအယဉ်မှ ကူးမြောက်သော ရဟန်း''ဟူ၍ ဆိုအပ်၏ဟု (ဟောတော်မူ၏)။

------

၆-ဇာဂရသုတ်

၆။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''နိုးကြားသည့် တရားတို့၌ အဘယ်မျှသော တရားတို့သည် အိပ်ပျော်သည်တို့ မည်ပါကုန်သနည်း၊ အိပ်ပျော်သည့် တရားတို့၌ အဘယ်မျှသော တရားတို့သည် နိုးကြားသည်တို့ မည်ပါကုန်သနည်း၊ အဘယ်မျှသော တရားတို့ဖြင့် (ကိလေသာ) မြူကို ဆွဲယူ သုံးသပ်ပါသနည်း၊ အဘယ်မျှသော တရားတို့ဖြင့် စင်ကြယ်နိုင်ပါသ နည်း''ဟု (လျှောက်၏)။

နိုးကြားသည့် တရားတို့၌ နီဝရဏငါးမျိုးတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ အိပ်ပျော်သည့် တရားတို့၌ (ဣန္ဒြေ) ငါးမျိုးတို့သည် နိုးကြားသည်တို့ မည်ကုန်၏၊ နီဝရဏငါးမျိုးတို့ဖြင့် (ကိလေသာ) မြူကို ဆွဲယူသုံးသပ်၏၊ (ဣန္ဒြေ) ငါးမျိုးတို့ဖြင့် စင်ကြယ်နိုင်၏ဟု (ဟောတော်မူ၏)။

------

၇-အပ္ပဋိဝိဒိတသုတ်

၇။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင်သူတို့သည် (သစ္စာလေးပါး) တရားတို့ကို (ဉာဏ်ဖြင့်) ထိုးထွင်း၍ မသိနိုင်ကုန်၊ မိစ္ဆာအယူတို့သို့လည်း ကပ်ရောက်ကုန်၏၊ ထိုသူတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ မနိုးကြားကုန်။ ထိုသူတို့အား နိုးကြားရန် အခါတန်ပါပြီ''ဟု (လျှောက်၏)။

အကြင်သူတို့သည် (သစ္စာလေးပါး) တရားတို့ကို ကောင်းစွာ ထိုးထွင်း၍ သိနိုင်ကြကုန်၏၊ မိစ္ဆာအယူတို့သို့လည်း မကပ်ရောက်ကုန်၊ ထိုသူတို့သည် ကောင်းစွာ နိုးကြားကုန်လျက် သင့်သောအကြောင်းအားဖြင့် သိကြ၍ မညီမညွတ်သော လောက၌ အညီအညွတ် ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။

------

၈-သုသမ္မုဋ္ဌသုတ်

၈။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင်သူတို့အား (သစ္စာလေးပါး) တရားတို့သည် ပျောက်ပျက်ကုန်၏၊ မိစ္ဆာ အယူတို့သို့လည်း ကပ်ရောက်ကုန်၏၊ ထိုသူတို့သည် အိပ်ပျော်သည်တို့ မည်ကုန်၏၊ မနိုးကြားကုန်။ ထိုသူတို့အား နိုးကြားရန် အခါတန်ပါပြီ''ဟု (လျှောက်၏)။

အကြင်သူတို့အား (သစ္စာလေးပါး) တရားတို့သည် မပျောက်ပျက်ကုန်၊ မိစ္ဆာအယူတို့သို့လည်း မကပ်ရောက်ကုန်၊ ထိုသူတို့သည် ကောင်းစွာ နိုးကြားကုန်လျက် သင့်သော အကြောင်းအားဖြင့် သိကြ၍ မညီမညွတ်သော လောက၌ အညီအညွတ် ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။

------

၉-မာနကာမသုတ်

၉။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''ဤလောက၌ ထောင်လွှားမှု 'မာန'ကို လိုလားသူအား တည်ကြည်မှုနှင့် စပ်သော ဆုံးမကြောင်းတရားသည် မရှိနိုင်၊ တည်ကြည်မှု မရှိသူအား (သစ္စာလေးပါးကို) သိ သော မဂ်ဉာဏ်သည် မရှိနိုင်၊ တော၌ တစ်ယောက်တည်း နေလျက် မေ့လျော့သော သူသည် သေခြင်း၏ တည်ရာ (တေဘူမကဝဋ်)၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ မကူးမြောက်နိုင်ရာ''ဟု (လျှောက်၏)။

ထောင်လွှားမှု 'မာန'ကို ပယ်၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ကောင်း သော စိတ်ရှိသော မမေ့မလျော့သော ထိုသူသည် အလုံးစုံသော ခန္ဓာစသည်တို့၌ (တပ်မက်မှုမှ) ကင်းလွတ်သည်ဖြစ်၍ တော၌ တစ်ယောက်တည်း နေလျက် သေခြင်း၏ တည်ရာ (တေဘူမကဝဋ်)၏ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ကူးမြောက်နိုင်ရာ၏ဟု (ဟောတော်မူ၏)။

------

၁၀-အရညသုတ်

၁၀။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

''တော၌နေကုန်သော (ကိလေသာ) ငြိမ်းအေး၍ အကျင့်မြတ်ကို ကျင့်ကုန်သော အသျှင်တို့အား ဆွမ်းတစ်ထပ်သာ သုံးဆောင်ကြပါကုန်လျက် အဘယ်အကြောင်းကြောင့် ကိုယ်အရေအဆင်းသည် ကြည်လင်ပါသနည်း''ဟု (လျှောက်၏)။

(အကြင်အသျှင်တို့သည်) လွန်ပြီး (လာဘ်) ကို မစိုးရိမ်ကုန်၊ မရောက် သေးသော (လာဘ်) ကို မတောင့်တကုန်၊ ဖြစ်ဆဲ (လာဘ်)တို့ဖြင့်သာ မျှတကုန်၏၊ ထိုအကြောင်းကြောင့် (ထိုအသျှင်တို့အား) ကိုယ်အရေ အဆင်းသည် ကြည်လင်၏။

မရောက်သေးသော (လာဘ်) ကို တောင့်တခြင်းကြောင့်လည်းကောင်း၊ လွန်ပြီး (လာဘ်) ကို စိုးရိမ်ခြင်းကြောင့်လည်းကောင်း ထိုအကြောင်းနှစ်မျိုးကြောင့် သူမိုက်တို့ သည် 'ရိတ်ဖြတ်အပ်ပြီးသော စိမ်းစိုသော ကျူပင်ကဲ့သို့' ခြောက်ကပ်ကုန်၏ဟု (ဟောတော်မူ၏)။

ရှေးဦးစွာသော နဠဝဂ် ပြီး၏။

------

၂-နန္ဒနဝဂ် ၁-နန္ဒနသုတ်

၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏၊ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား တာဝတိံသာနတ်ပြည်၌ ဖြစ်သော နတ်သားတစ်ယောက်သည် နန္ဒဝန်ဥယျာဉ်၌ နတ်သမီးအပေါင်း ခြံရံလျက် နတ်၌ဖြစ်ကုန်သော ကာမဂုဏ်ငါးမျိုးတို့ဖြင့် ကုံလုံပြည့်စုံစွာ ပျော်မြူးစံပယ်နေစဉ် ထိုအချိန်၌ ဤဂါထာကို ရွတ်ဆို၏-

''အကြင်သူတို့သည် များသော အခြံအရံရှိကုန်သော သုံးကျိပ်ကုန်သော နတ်သားတို့၏ နေရာ နန္ဒဝန်ဥယျာဉ်ကို မမြင်ဖူးကုန်၊ ထိုသူတို့သည် ချမ်းသာကို မသိကုန်''ဟု (ရွတ်ဆို၏)။

ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် နတ်သားတစ်ယောက်သည် ထိုနတ်သားကို ဂါထာဖြင့် ပြန်၍ ရွတ် ဆို၏-

''နတ် မိုက် ရဟန္တာတို့၏ စကား ကို (ဆိုလိုသော) အခြင်း အရာဖြင့် သင် မသိ၊ ပြုပြင် စီရင်အပ်သော 'သင်္ခါရ'တရားအားလုံးတို့သည် အမြဲ မရှိကုန်၊ ဖြစ်တတ် ပျက်တတ်သော သဘောရှိကုန်၏၊ ဖြစ်ပြီးလျှင် ချုပ်ကုန်၏၊ ထိုသင်္ခါရတရားတို့၏ ငြိမ်းရာ (နိဗ္ဗာန်) သည်သာ ချမ်းသာ၏''ဟု (ပြန်၍ ရွတ်ဆို၏)။

------

၂-နန္ဒတိသုတ်

၁၂။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သားသမီး များစွာရှိသူသည် သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ ထို့အတူသာလျှင် နွား များစွာရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ (ဥပဓိ)တို့ဖြင့် နှစ်သက်ရ၏။ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ (ဥပဓိ) မရှိ၊ ထိုသူသည် မနှစ်သက်ရသည်သာတည်း''ဟု (လျှောက်၏)။

သားသမီး များစွာရှိသူသည် သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ ထို့အတူသာလျှင် နွား များစွာရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊ လူအပေါင်းအား ကာမချမ်းသာ၏ တည်ရာ (ဥပဓိ)တို့ဖြင့် စိုးရိမ်ရ၏။ အကြင်သူသည် ကာမချမ်းသာ၏ တည်ရာ (ဥပဓိ) မရှိ၊ ထိုသူသည် မစိုးရိမ်ရသည်သာတည်းဟု (ဟောတော်မူ၏)။

------

၃-နတ္ထိပုတ္တသမသုတ်

၁၃။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သားသမီး (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ နွား (ဟူသော ဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ နေ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ သမုဒ္ဒရာထက် လွန်ကဲသော အိုင်မည်သည် မရှိ''ဟု (လျှောက်၏)။

မိမိကိုယ် (ကို ချစ်ခင်မှု) နှင့် တူသော ချစ်ခင်မှုမျိုးသည် မရှိ၊ စပါး (ဟူသောဥစ္စာ) နှင့် တူသော ဥစ္စာမျိုးသည် မရှိ၊ ပညာ (၏ အရောင်) နှင့် တူသော အရောင်မျိုး သည် မရှိ၊ မိုးရေထက် လွန်ကဲသော အိုင်မည်သည် မရှိသည်သာတည်းဟု (ဟော တော်မူ၏)။

------

၄-ခတ္ထိယသုတ်

၁၄။ ''အခြေနှစ်ချောင်းရှိသူတို့တွင် မင်းသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် နွားလားဥသဘသည် လွန်မြတ်၏၊ မယားတို့တွင် ပျိုမျစ်နုနယ် သော သတို့သမီးသည် လွန်မြတ်၏၊ သားတို့တွင် ရှေးဦးစွာ မွေးဖွားသော သား သည် လွန်မြတ်၏''ဟု (လျှောက်၏)။

အခြေနှစ်ချောင်းရှိသူတို့တွင် မြတ်စွာဘုရားသည် လွန်မြတ်၏၊ အခြေလေးချောင်းရှိ သတ္တဝါတို့တွင် (ဆင်စသော) အာဇာနည်သည် လွန်မြတ်၏၊ မယားတို့တွင် လင်ကို နှစ်သိမ့်စေသော မယားသည် လွန်မြတ်၏၊ သားသမီးတို့တွင် မိဘတို့၏ စကားကို နားထောင်သော သားသမီးသည် လွန်မြတ်၏ဟု (ဟောတော်မူ၏)။

------

၅-သဏမာနသုတ်

၁၅။ ''မွန်းတည့်အချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည် ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထိုအသံသည် ကြောက်မက်ဖွယ်ဟု အကျွန်ုပ်အား ရှေးရှုထင်လာ၏''ဟု (လျှောက်၏)။

မွန်းတည့်အချိန်အခါ၌ ငှက်အပေါင်းတို့သည် အပန်းဖြေ နားနေကုန်သည်ရှိသော် တောအုပ်ကြီးသည် ပြင်းထန်သော အသံကို ပြုသကဲ့သို့ ဖြစ်၏၊ ထိုအသံသည် မွေ့လျော်ဖွယ်ဟု ငါ့အား ရှေးရှုထင်လာ၏ဟု (ဟောတော်မူ၏)။

------

၆-နိဒ္ဒါတနီ္ဓသုတ်

၁၆။ ''အိပ်ငိုက်ခြင်းသည်လည်းကောင်း၊ ပျင်းရိခြင်းသည်လည်းကောင်း၊ ကိုယ် လက် ဆန့်ငင်ခြင်းသည်လည်းကောင်း၊ မမွေ့လျော်ခြင်းသည်လည်းကောင်း၊ ထမင်း ဆီ ယစ်ခြင်းသည်လည်းကောင်း ရှိ၏။ ထိုအိပ်ငိုက်ခြင်းစသော ညစ်ညူးခြင်းဖြင့် ဤ လောက၌ သတ္တဝါတို့အား အရိယာမဂ်သည် ထင်ရှားမဖြစ်နိုင်''ဟု (လျှောက်၏)။

အိပ်ငိုက်ခြင်းသည်လည်းကောင်း၊ ပျင်းရိခြင်းသည်လည်းကောင်း၊ ကိုယ်လက် ဆန့် ငင်ခြင်းသည်လည်းကောင်း၊ မမွေ့လျော်ခြင်းသည်လည်းကောင်း၊ ထမင်းဆီ ယစ်ခြင်း သည်လည်းကောင်း ရှိ၏။ ထိုအိပ်ငိုက်ခြင်းစသော ညစ်ညူးခြင်းကို လုံ့လဖြင့် ပယ် ထုတ်နိုင်ခဲ့သော် အရိယာမဂ်သည် စင်ကြယ်၏ဟု (ဟောတော်မူ၏)။

------

၇-ဒုက္ကရသုတ်

၁၇။ ''မလိမ္မာသူသည် ရဟန်းတရားကို ပြုလည်း ပြုနိုင်ခဲ၏၊ သည်းခံလည်း သည်းခံနိုင်ခဲ၏။ သူမိုက်သည် အကြင်ရဟန်းတရား၌ ဆုတ်နစ်၏၊ ထိုရဟန်းတရား၌ (မဂ်ရရန်) များစွာ ကျဉ်းမြောင်းကုန်၏''ဟု (လျှောက်၏)။

ကြံစည်မှုတို့၏ အလိုသို့လိုက်သူသည် အာရုံတိုင်း အာရုံတိုင်း၌ အကယ်၍ ဆုတ်နစ်ခဲ့မူ (မသင့်သောအားဖြင့် ဖြစ်သော) စိတ်ကို အကယ်၍ မတားမြစ်နိုင်ခဲ့မူ ရဟန်းတရားကို အဘယ်မျှသော ရက်တို့ပတ်လုံး ကျင့်နိုင်ရာအံ့နည်း။

လိပ်သည် အင်္ဂါကြီးငယ်တို့ကို မိမိအခွံ၌ ကောင်းစွာ သိမ်းဆည်းထားသကဲ့သို့ ထို့အတူ ရဟန်းသည် စိတ်၌ ဖြစ်သော ကြံစည်မှု (ဝိတက်)တို့ကို ကောင်းစွာ သိမ်း ဆည်းလျက် (တဏှာဒိဋ္ဌိတို့ကို) မမှီမူ၍ သူတစ်ပါးကို မညှဉ်းဆဲဘဲ ငြိမ်းအေးသည် ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ အပြစ် မဆိုရာဟု (ဟောတော်မူ၏)။

------

၈-ဟိရီသုတ်

၁၈။ ''အာဇာနည်မြင်းကောင်းသည် ကြိမ်ဝင့်ရုံမျှဖြင့် သိသကဲ့သို့ ထို့အတူ အကြင်ယောက်ျားသည် အကဲ့ရဲ့ မခံရမီ သိ၏၊ အရှက်ဖြင့် (အကုသိုလ်တို့ကို) တား မြစ်နိုင်သော (ထိုသို့သဘောရှိသည် ့) တစ်စုံတစ်ယောက်သော ယောက်ျားသည် လောက၌ ရှိပါသလော''ဟု (လျှောက်၏)။

အနည်းငယ်မျှကုန်သော အကြင်ပုဂ္ဂိုလ်တို့သည် အခါခပ်သိမ်း အောက်မေ့မှု 'သတိ' ရှိသည် ဖြစ်၍ အရှက်ဖြင့် (အကုသိုလ်တရားတို့ကို) တားမြစ်ကုန်လျက် သွားကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဆင်းရဲ၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်၍ မညီညွတ် သော လောက၌ အညီအမျှ ကျင့်ကုန်၏ဟု (ဟောတော်မူ၏)။

------

၉-ကုဋိကာသုတ်

၁၉။ ''အသျှင် အသို့ပါနည်း အသျှင့်အား နေရာအိမ်သည် မရှိပါသလော၊ အသို့ပါနည်း အသျှင့်အား အသိုက်အအုံသည် မရှိပါသလော၊ အသို့ပါနည်း အသျှင့် အား အမြှေးအယှက်သည် မရှိပါသလော၊ အသို့ပါနည်း အသျှင်သည် အနှောင် အဖွဲ့မှ လွတ်သူ ဖြစ်ပါ၏လော''ဟု (လျှောက်၏)။

စင်စစ် ငါ့အား နေရာအိမ်သည် မရှိ၊ စင်စစ် ငါ့အား အသိုက်အအုံသည် မရှိ၊ စင်စစ် ငါ့အား အမြှေးအယှက်သည် မရှိ၊ စင်စစ် ငါသည် အနှောင်အဖွဲ့မှ လွတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

''အသျှင် အဘယ်ကို နေရာအိမ်ဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အသိုက်အအုံဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အမြှေးအယှက်ဟု အသျှင့်အား အကျွန်ုပ် ဆိုပါသနည်း၊ အဘယ်ကို အနှောင် အဖွဲ့ဟု အသျှင်အား အကျွန်ုပ် ဆိုပါသနည်း''ဟု (လျှောက်၏)။

''အမိကို နေရာအိမ်ဟု သင် ဆို၏၊ မယားကို အသိုက်အအုံဟု သင် ဆို၏၊ သားသမီးတို့ကို အမြှေးအယှက်တို့ဟု သင် ဆို၏၊ တဏှာကို အနှောင်အဖွဲ့ဟု ငါ့အား သင် ဆို၏''ဟု (ဖြေတော်မူ၏)။

အသျှင့်အား နေရာအိမ် မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင့်အား အသိုက် အအုံ မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင့်အား အမြှေးအယှက် မရှိခြင်းသည် ကောင်းပါပေ၏၊ အသျှင်သည် ကောင်းစွာ အနှောင်အဖွဲ့မှ လွတ်မြောက်ပါပေ၏ဟု (လျှောက်၏)။

------

၁၀-သမိဒိ္ဓသုတ်

၂၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသျှင်သမိဒ္ဓိသည် ညဉ့်၏ မိုးသောက်ချိန်၌ စော စောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်တော်မူ၏၊ တပေါဒါမြစ်၌ ကိုယ် လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ် ထည်တည်းဖြင့် ရပ်နေတော်မူ၏၊ ထိုအခါ နတ်သမီးတစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်းစေလျက် အရှင် သမိဒ္ဓိအထံသို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ အရှင်သမိဒ္ဓိကို ဂါထာဖြင့် လျှောက်၏-

''ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်''ဟု (လျှောက်၏)။

(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါစေလင့်ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အရှင်သမိဒ္ဓိအား ဤစကားကို ဆို၏- ''ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ် မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်''ဟု (ဆို၏)။

နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ် ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောက်ကာလ၌ ဖြစ်မည့် နတ်ကာမကိုလည်း စွန့်၍ ကိုယ်တိုင် သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏ဟု (မိန့်၏)။

''ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည် ့ ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း''ဟု (လျှောက်၏)။

နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့ဟု (မိန့်၏)။

ရဟန်း တစ်ပါးကုန်သော တန်ခိုးကြီးကုန်သော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို အကယ်၍ မေးလျှောက်ပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့ဟု (လျှောက်၏)။ နတ်သမီး ''ကောင်းပြီ''ဟု အသျှင်သမိဒ္ဓိသည် နတ်သမီးအား ပြန်ကြား၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်လျက် ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကာ မြတ်စွာဘုရားအား ဤစကား ကို လျှောက်၏-

အသျှင်ဘုရား အကျွန်ုပ်သည် ဤရာဇဂြိုဟ်ပြည်ဝယ် ညဉ့်၏ မိုးသောက်ချိန်၌ စောစောထကာ တပေါဒါမြစ်သို့ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ရန် ချဉ်းကပ်ပါ၏၊ တပေါဒါမြစ်၌ ကိုယ်လက်တို့ကို ရေချိုးသုတ်သင်ပြီးနောက် ပြန်တက်၍ ကိုယ်လက်တို့ကို ခြောက်သွေ့စေလျက် သင်္ကန်းတစ်ထည်တည်းဖြင့် ရပ်နေပါ၏၊ အသျှင်ဘုရား ထိုအခါ နတ်သမီးတစ်ယောက်သည် ပစ္ဆိမယမ်လွန်ပြီးသော (မိုးသောက်) အချိန် ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တပေါဒါမြစ်အားလုံးကို ထွန်းလင်းစေလျက် အကျွန်ုပ်ထံ သို့ ချဉ်းကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကာ ဤဂါထာဖြင့် လျှောက်ပါ၏-

''ရဟန်း အသျှင်သည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံဘိ၏၊ (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းမခံပါလင့်၊ ရဟန်း (ကာမဂုဏ်ငါးပါးတို့ကို) ခံစားပြီးမှသာ ဆွမ်းခံပါလော့၊ (ကာမဂုဏ်ခံစားရာ) အချိန်သည် သင့်ကို လွန်၍ မသွားပါစေလင့်''ဟု (လျှောက်၏)။

အသျှင်ဘုရား ဤသို့ လျှောက်လတ်သော် အကျွန်ုပ်သည် ထိုနတ်သမီးကို ဂါထာဖြင့် ပြန်၍ ဆို ပါ၏-

(နတ်သမီး) ငါသည် (သေရမည့်) အခါကို မသိ၊ (သေရမည့်) အခါသည် ဖုံး လွှမ်းအပ်သည်ဖြစ်၍ ငါ့အား မထင်၊ ထို့ကြောင့် ငါသည် (ကာမဂုဏ်ငါးပါးတို့ကို) မခံစားမူ၍ ဆွမ်းခံအံ့၊ (တရားအားထုတ်ရာ) အချိန်သည် ငါ့ကို လွန်၍ မသွားပါ စေလင့်ဟု (ဆိုပါ၏)။

အသျှင်ဘုရား ထိုအခါ ထိုနတ်သမီးသည် မြေ၌ ရပ်တည်၍ အကျွန်ုပ်အား ဤစကားကို ဆိုပါ၏- ''ရဟန်း သင်သည် ရဟန်းပြုသည်ကား ငယ်လှသေး၏၊ ပျိုနုလှသေး၏၊ မည်းနက်သော ဆံပင်ရှိ၏၊ ပဌမအရွယ် ဖြစ်၍ အရွယ်ကောင်းနှင့် ပြည့်စုံသည် ဖြစ်ပါလျက် ကာမဂုဏ်တို့၌ ခံစားပျော်ပါးလေ့ မရှိခဲ့၊ ရဟန်း လူ၌ ဖြစ်သော ကာမဂုဏ်တို့ကို ခံစားပါဦးလော့၊ မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက် ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တလင့်''ဟု ဆိုပါ၏။

အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏- ''နတ်သမီး ငါသည် မျက်မှောက်ဖြစ်သည့် ခံစားမှုကို စွန့်၍ နောက်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကို မတောင့်တ၊ နတ်သမီး စင်စစ် ငါသည် နောင်ကာလ၌ ဖြစ်မည့် နတ်ကာမဂုဏ်ကိုလည်း စွန့်၍ ကိုယ်တိုင့်သိမြင်နိုင်သော (လောကုတ္တရာ) အကျိုးကို တောင့်တ၏။ နတ်သမီး မှန်၏၊ နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသောဆင်းရဲခြင်း ရှိကုန်၏၊ များသောပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟော တော်မူအပ်ကုန်၏၊ ဤကာမဂုဏ်တို့၌ အပြစ်သည် များလှ၏၊ ဤ (လောကုတ္တရာ) တရားတော်သည် ကိုယ် တိုင် သိမြင်နိုင်သော တရားဖြစ်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်၏၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိထိုက်၏''ဟု (ဆိုပါ၏)။

အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား ဤစကားကို ဆိုပါ၏- ''ရဟန်း အဘယ်သို့လျှင် နောက်ကာလ၌ ဖြစ်မည့် ကာမဂုဏ်တို့ကို များသော ဆင်းရဲခြင်း ရှိကုန်၏၊ များသော ပင်ပန်းခြင်း ရှိကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူပါသနည်း၊ ဤကာမဂုဏ်ငါးပါးတို့၌ အဘယ်သို့လျှင် အပြစ်များပါသနည်း၊ ဤ (လောကုတ္တရာ) တရားသည် အဘယ်သို့လျှင် ကိုယ်တိုင် သိမြင် နိုင်ပါသနည်း၊ အခါမလင့် အကျိုးပေးနိုင်ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဆောင်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ထားထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ပါသနည်း''ဟု (လျှောက်ပါ၏)။

အသျှင်ဘုရား ဤသို့ လျှောက်သည်ရှိသော် အကျွန်ုပ်သည် ထိုနတ်သမီးအား ဤစကားကို ဆိုပါ၏- ''နတ်သမီး ငါသည် သီတင်းငယ်သာ ဖြစ်၏၊ ရဟန်းပြုသည်ကား မကြာသေး၊ ယခုမှ ဤဓမ္မဝိနယ (သာသနာ) သို့ ရောက်လာ၏၊ ငါသည် ထိုဓမ္မဝိနယကို အကျယ်တဝင့် မဟောနိုင်၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူပြီးသော ဤမြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် တပေါဒါရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်၍ ထို အကြောင်းကို မေးလျှောက်လေလော့၊ မြတ်စွာဘုရားသည် သင့်အား ဖြေကြားသော အခြင်းအရာဖြင့် ထို အနက်ကို သင် မှတ်လေလော့''ဟု (ဆိုခဲ့ပါ၏)။

အသျှင်ဘုရား ဤသို့ ဆိုသည်ရှိသော် ထိုနတ်သမီးသည် အကျွန်ုပ်အား ''ရဟန်း တစ်ပါးကုန်သော တန်ခိုး ကြီးသော နတ်တို့သည် ခြံရံအပ်သည်ဖြစ်၍ အကျွန်ုပ်တို့သည် ထိုမြတ်စွာဘုရားသို့ ချဉ်းကပ်ရန် မလွယ်ပါ၊ ရဟန်း သင်သည် ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ ထိုအကြောင်းကို အကယ်၍ မေးပါမူကား အကျွန်ုပ်တို့သည်လည်း တရားနာအံ့သောငှါ လာပါကုန်အံ့''ဟု ဤစကားကို လျှောက်ပါ၏၊ အသျှင်ဘုရား ထိုနတ်သမီး၏ စကားသည် အကယ်၍ မှန်သည် ဖြစ်အံ့၊ ထိုနတ်သမီးသည် မနီးမဝေးသော ဤအရပ်၌ ပင်လျှင် ရှိပါလိမ့်မည်ဟု လျှောက်၏၊ ဤသို့ လျှောက်သည်ရှိသော် ထိုနတ်သမီးသည် အသျှင်သမိဒ္ဓိကို ''ရဟန်း မေးမြန်းပါလော့၊ ရဟန်း မေးမြန်းပါလော့၊ အကျွန်ုပ် ရောက်ပါပြီ''ဟု ဤစကားကို လျှောက်၏၊ ထိုအခါ မြတ်စွာဘုရားသည် ထိုနတ်သမီးကို ဂါထာတို့ဖြင့် ဟောတော်မူ၏-

''ခန္ဓာငါးပါးတို့၌ (ပုဂ္ဂိုလ်သတ္တဝါစသည်) အမှတ်ရှိကုန်သည်ဖြစ်၍ ခန္ဓာငါးပါး၌ တည်ကုန်သောသတ္တဝါတို့သည် ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်း၏ အားထုတ်မှုသို့ လိုက်ရကုန်၏။

(ရဟန္တာပုဂ္ဂိုလ်သည်) ခန္ဓာငါးပါးကို ပိုင်းခြား၍ သိသောကြောင့် (ပုဂ္ဂိုလ်သတ္တဝါဟု) ပြောကြားဖွယ်ကို မမှတ်ထင်၊ အကြင် (ရာဂစသော) အကြောင်းဖြင့် ထိုသူကို ဆိုငြားအံ့၊ ထိုရဟန္တာပုဂ္ဂိုလ်အား (ထိုအကြောင်းသည်) မရှိ။ မှန်၏၊ ထို (ရာဂ စသော) အကြောင်းသည် ထိုရဟန္တာပုဂ္ဂိုလ်အား မဖြစ်။

နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့''ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ့်သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါဟု (လျှောက်၏)။

''အကြင်ပုဂ္ဂိုလ်သည် (မိမိကိုယ်ကို) တူသူဟူ၍လည်းကောင်း၊ ထူးကဲသူဟူ၍လည်းကောင်း သို့မဟုတ် ယုတ်သူူဟူ၍လည်းကောင်း အောက်မေ့၏။ ထိုပုဂ္ဂိုလ်သည် ထို မာန်ဖြင့် (အမျိုးအနွယ်ဂုဏ်ကို) ငြင်းခုံရာ၏။ အကြင်ပုဂ္ဂိုလ်သည် သုံးပါးကုန်သော မာန်တို့၌ တုန်လှုပ်ခြင်း မရှိ၊ ထိုပုဂ္ဂိုလ်အား တူသူူဟူ၍လည်းကောင်း၊ ထူးကဲသူူ ဟူ၍လည်းကောင်း၊ (ယုတ်သူူဟူ၍လည်းကောင်း) မဖြစ်။

နတ်သမီး အကယ်၍ သိသည်ဖြစ်အံ့၊ ဆိုလော့''ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် မသိနိုင်ပါ၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ် သိနိုင်ရာ သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား ဟောတော်မူပါလော့ဟု (လျှောက်၏)။

အကြင်ပုဂ္ဂိုလ်သည် (တပ်မက်သူ, ပြစ်မှားသူ, တွေဝေသူ) ဟူသော ပညတ်ကို ပယ်ပြီးပြီ၊ ကိုးပါးသော ထောင်လွှားမှု 'မာန်'သို့ မကပ်ရောက်၊ ဤနာမ်ရုပ်၌ တပ် မက်မှု 'တဏှာ'ကို ဖြတ်ပြီးပြီ။ ထုံးဖွဲ့မှု 'ဂန္ထ'လေးပါးကို ဖြတ်ပြီးသော ဆင်းရဲ မရှိ သော တပ်မက်ခြင်းကင်းသော ထိုပုဂ္ဂိုလ်ကို ရှာဖွေကြည့်ရှုကြကုန်သော နတ်တို့ သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ ဤလောက၌လည်းကောင်း၊ အခြား လောက၌လည်းကောင်း၊ နတ်ပြည်တို့၌လည်းကောင်း၊ အလုံးစုံသော နေရာတို့၌လည်းကောင်း မတွေ့မမြင်ရကုန်။

နတ်သမီး အကယ်၍ သိသည် ဖြစ်အံ့၊ ဆိုလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရားတော်၏ အနက်ကို အကျယ်အားဖြင့် အကျွန်ုပ်သည် ဤသို့ သိပါ၏-

အလုံးစုံသော လောက၌ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကို စိုးစဉ်းမျှ မပြုရာ။ အောက်မေ့မှု 'သတိ' ဆင်ခြင် ဉာဏ် 'သမ္ပဇဉ်'နှင့် ပြည့်စုံသည်ဖြစ်၍ ကာမဂုဏ်တို့ကို ပယ်ပြီးလျှင် အကျိုးစီးပွား နှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာဟု (လျှောက်၏)။

နှစ်ခုမြောက် နန္ဒနဝဂ် ပြီး၏။

------

၃-သတ္တိဝဂ် ၁-သတ္တိသုတ်

၂၁။ သာဝတ္ထိနိဒါန်း။ ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''လှံဖြင့် အထိုးခံရသော သူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု 'ရာဂ'ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏''ဟု (လျှောက်၏)။

လှံဖြင့် အထိုးခံရသော သူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသော သူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု 'သက္ကာယဒိဋ္ဌိ'ကို ပယ်ရန် သတိနှင့် ပြည့်စုံသည် ဖြစ်၍ နေရာ၏ဟု (မိန့်တော်မူ၏)။

------

၂-ဖုသတိသုတ်

၂၂။ ''(ကံသည်) မတွေ့ထိသော ပုဂ္ဂိုလ်ကို (ကံ၏ အကျိုးဖြစ်သော ဝိပါက် သည်) မတွေ့ထိ၊ ထိုမှတစ်ပါး (ကံသည်) တွေ့ထိသော ပုဂ္ဂိုလ်ကိုမူကား (ကံ၏ အကျိုးဖြစ်သော ဝိပါက်သည်) တွေ့ထိ၏၊ ထို့ကြောင့် မပြစ်မှားထိုက်သည့် ပုဂ္ဂိုလ် ကို ပြစ်မှားမိ၍ (ကံ) တွေ့ထိသူကို (ကံ၏ အကျိုးဖြစ်သော ဝိပါက်သည်) တွေ့ထိ၏''ဟု (လျှောက်၏)။

အကြင်သူသည် မပြစ်မှားထိုက်သော စင်ကြယ်၍ (ကိလေသာ) အညစ်အကြေး မရှိသော ရဟန္တာဖြစ်သော ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ ပစ်လွှင့်အပ်သော သိမ်မွေ့သော မြူသည် ပစ်လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့ ထို့အတူ ထို သူမိုက်၏ မကောင်းမှု အကုသိုလ်ကံသည် ထိုသူမိုက်သို့သာ ပြန်ရောက်၏ဟု (ဟော တော်မူ၏)။

------

၃-ဇဋာသုတ်

၂၃။ ''(အသျှင်ဘုရား) အကြင်တဏှာကို ကိုယ်တွင်းသန္တာန်၌ ဖွဲ့ယှက်တတ် သော တဏှာ, ကိုယ်ပသန္တာန်၌ ဖွဲ့ယှက်တတ်သော တဏှာဟု ဆိုအပ်ပါ၏၊ ထို (ကိုယ်တွင်း, ကိုယ်ပ၌ဖြစ်သော) ဖွဲ့ယှက်တတ်သော တဏှာသည် သတ္တဝါအပေါင်းကို ဖွဲ့ယှက်အပ်ပါ၏။ ဂေါတမမြတ်စွာဘုရား အသျှင်ဘုရားအား ထိုအကြောင်းကို မေး လျှောက်ပါ၏၊ ဤဖွဲ့ယှက်တတ်သော တဏှာကို အဘယ်ပုဂ္ဂိုလ်သည် ဖြေရှင်းနိုင်ပါ သနည်း''ဟု (လျှောက်၏)။

ပဋိသန္ဓေပညာရှိ၍ ပြင်းစွာ အားထုတ်မှုရှိသော ရင့်ကျက်သည့် ပညာရှိသော (သံသရာဘေးကို) ရှုလေ့ရှိသော ပုဂ္ဂိုလ်သည် သီလ၌ တည်၍ (သမာဓိ) စိတ်ကိုလည်းကောင်း၊ (ဝိပဿနာ) ပညာကိုလည်းကောင်း ပွားစေလျက် ဤဖွဲ့ယှက်တတ် သော တဏှာကို ဖြေရှင်းနိုင်ရာ၏။

အကြင်ပုဂ္ဂိုလ်တို့အား တပ်စွန်းမှု 'ရာဂ' အမျက်ထွက်မှု 'ဒေါသ' မသိမှု 'အဝိဇ္ဇာ'တို့ ကင်းပြတ်ကုန်၏၊ အာသဝကုန်ပြီးဖြစ်၍ ရဟန္တာဖြစ်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ဖွဲ့ယှက်တတ်သော တဏှာကို ဖြေရှင်းအပ်ပြီ။

အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း၊ ထိပါးမှုဟူသော အမှတ် 'ပဋိဃသညာ'သည်လည်းကောင်း၊ ရုပ်၌ဖြစ်သော အမှတ် 'ရူပသညာ'သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤနိဗ္ဗာန်၌ ဤဖွဲ့ယှက်တတ်သော တဏှာသည် ကင်းပြတ်၏ဟု (မိန့်တော်မူ၏)။

------

၄-မနောနိဝါရဏသုတ်

၂၄။ ''အကြင်အကြင် ကောင်းမှု မကောင်းမှုမှ စိတ်ကို တားမြစ်ရာ၏၊ ထိုထို ကောင်းမှု မကောင်းမှုကြောင့် ဆင်းရဲသည် ထိုပုဂ္ဂိုလ်သို့ မရောက်၊ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ကောင်းမှု မကောင်းမှုမှ စိတ်ကို တားမြစ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် အလုံးစုံသော ဆင်းရဲမှ လွတ်၏''ဟု (လျှောက်၏)။

အလုံးစုံ ကောင်းမှု မကောင်းမှုမှ စိတ်ကို မတားမြစ်ရာ၊ စောင့်စည်းခြင်းသို့ ရောက်သော စိတ်ကို မတားမြစ်ရာ။ အကြင်အကြင်သဘောမှ မကောင်းမှု 'စိတ်' ဖြစ်၏၊ ထိုထိုသဘောမှ (မကောင်းမှု) စိတ်ကို တားမြစ်ရာ၏ဟု (မိန့်တော်မူ၏)။

------

၅-အရဟန္တသုတ်

၂၅။ ''အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထို ရဟန်းသည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာပါသလော၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာပါသလော''ဟု (လျှောက်၏)။

အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝ ကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထိုရဟန်း သည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာ၏၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာ၏၊ လောကဝယ် (ခန္ဓာစသည်တို့၌) လိမ္မာသော ထိုရဟန်းသည် ခေါ်ဝေါ်အပ်သော အမည်ကို သိ၍ ခေါ်ဝေါ်မှုမျှဖြင့်ခေါ်ဝေါ်ရာ၏ဟု (ဖြေတော်မူ၏)။

အကြင်ရဟန်းသည် ပူဇော်အထူးကို ခံထိုက်၏၊ (မဂ်) ကိစ္စကို ပြုပြီး ဖြစ်၏၊ အာသဝ ကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်ပြီး ဖြစ်၏။ ထိုရဟန်း သည် (ကိုးပါးအပြားရှိသော) ထောင်လွှားမှု 'မာန'သို့ ကပ်ရောက်၍ ငါ ပြောဆို၏ ဟူ၍လည်း ဆိုရာပါသလော၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာပါသလောဟု (လျှောက်၏)။

ထောင်လွှားမှု 'မာန'ကို ပယ်ပြီးသော ရဟန်းအား ထုံးဖွဲ့မှု 'ဂန္ထ'တရားတို့သည် မရှိကုန်၊ ထိုရဟန်းသည် အလုံးစုံသော ထောင်လွှားမှု 'မာန' , ထုံးဖွဲ့မှု 'ဂန္ထ'တို့ကို ဖျက်ဆီးအပ်ကုန်၏၊ ကောင်းသော ပညာရှိသော ထိုရဟန်းသည် (တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့်) မှတ်ထင်မှုကို လွန်မြောက်၏၊ ထိုရဟန်းသည် ငါ ပြောဆို၏ဟူ၍လည်း ဆိုရာ၏၊ ထိုရဟန်းသည် ငါ့ကို (တစ်ပါးသူတို့က) ပြောဆိုကုန်၏ဟူ၍လည်း ဆိုရာ၏၊ လောကဝယ် (ခန္ဓာစသည်တို့၌) လိမ္မာသော ထိုရဟန်းသည် ခေါ်ဝေါ်အပ်သော အမည်ကို သိ၍ ခေါ်ဝေါ်မှုမျှဖြင့် ခေါ်ဝေါ် ရာ၏ဟု (ဖြေတော်မူ၏)။

------

၆-ပဇ္ဇောတသုတ်

၂၆။ ''အကြင်အရောင်တို့ဖြင့် လောကသည် ထွန်းလင်းတောက်ပ၏၊ လောက၌ ထွန်းလင်းတောက်ပသော ထိုအရောင်တို့သည် အဘယ်မျှ ရှိကုန်သနည်း၊ မြတ်စွာဘုရားကို မေးခြင်းငှါ ရောက်လာပါကုန်၏၊ ထိုအကြောင်းကို အကျွန်ုပ်တို့သည် အဘယ်သို့ သိရပါအံ့နည်း''ဟု (လျှောက်၏)။

လောက၌ အရောင်တို့သည် လေးမျိုးရှိကုန်၏၊ ဤလောက၌ ငါးခုမြောက် အရောင်သည် မရှိ။ နေသည် နေ့အခါ၌ ထွန်းလင်းတောက်ပ၏၊ လသည် ညအခါ၌ ထွန်းလင်းတောက်ပ၏၊ ထိုမှတစ်ပါး မီးသည် နေ့ရောညပါ ထိုထိုအရပ်၌ ထွန်းလင်း တောက်ပ၏၊ မြတ်စွာဘုရားအရောင်တော်သည် အရောင်တကာတို့ထက် မြတ်၏၊ ထိုမြတ်စွာဘုရားအရောင်တော်သည် အတုမရှိဟု (မိန့်တော်မူ၏)။

------

၇-သရသုတ်

၂၇။ ''သံသရာအိုင်တို့သည် အဘယ်အရပ်မှ ဆုတ်နစ်ကုန်သနည်း၊ ဝဋ်ဆင်းရဲ သည် အဘယ်အရပ်၌ မဖြစ်သနည်း၊ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အဘယ်အရပ်၌ အကြွင်းမဲ့ ချုပ်သနည်း''ဟု (လျှောက်၏)။

အကြင် (နိဗ္ဗာန်) အရပ်၌ ဖွဲ့စည်းမှု 'အာပေါ'ဓာတ်သည်လည်းကောင်း၊ ခက်မာမှု 'ပထဝီ'ဓာတ်သည်လည်းကောင်း၊ ရင့်ကျက်မှု 'တေဇော'ဓာတ်သည်လည်းကောင်း၊ ထောက်ကန်မှု 'ဝါယော'ဓာတ်သည်လည်းကောင်း မတည်နိုင်။ ထို (နိဗ္ဗာန်) အရပ်မှ သံသရာအိုင်တို့သည် ဆုတ်နစ်ကုန်၏၊ ဤနိဗ္ဗာန်အရပ်၌ ဝဋ်ဆင်းရဲသည် မဖြစ်၊ ဤ (နိဗ္ဗာန်) အရပ်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏ဟု (ဖြေတော်မူ၏)။

------

၈-မဟဒ္ဓနသုတ်

၂၈။ ''များသော ဥစ္စာရှိကုန်သော များသော အသုံးအဆောင်ရှိကုန်သော နိုင်ငံ ပိုင်ရှင် ဘုရင်မင်းမြတ်တို့သော်လည်း ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်ကုန်သည် ဖြစ်၍ အချင်းချင်း အလွန် တောင့်တမက်မောကုန်၏။

ဤလောက၌ ကြောင့်ကြမှု ရှိကုန်သော ဘဝရေအယဉ်သို့ အစဉ်လိုက်ကုန်သော ထိုသူတို့တွင် အဘယ်ပုဂ္ဂိုလ်တို့သည် တပ်မက်မှု 'တဏှာ' ကို ပယ်စွန့်ကုန်သနည်း၊ အဘယ်ပုဂ္ဂိုလ်တို့သည် လောက၌ ကြောင့်ကြမှု မရှိကြကုန်သနည်း''ဟု (လျှောက်၏)။

(အကြင်ပုဂ္ဂိုလ်တို့သည်) အိမ်ရာထောင်သော ဘဝကို ပယ်စွန့်၍ ချစ်အပ်သော သားသမီးကိုလည်းကောင်း၊ (နွားစသော) သတ္တဝါကိုလည်းကောင်း ပယ်စွန့်၍ တပ် စွန်းမှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ'ကိုလည်းကောင်း ပယ်စွန့်၍ မသိမှု 'အဝိဇ္ဇာ'ကိုလည်း ကင်းပြတ်စေ၍ ရှင်ရဟန်းပြုကြကုန်၏။ အာသဝေါကုန်ပြီး သော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် လောက၌ ကြောင့်ကြ မရှိကုန်ဟု (ဖြေတော်မူ၏)။

------

၉-စတုစက္ကသုတ်

၂၉။ ''ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား (ဣရိယာပုတ်ဟူသော) စက်လေးပါးလည်းရှိသော၊ ကိုးပါးသော အပေါက် 'ဒွါရ'လည်းရှိသော၊ (မစင်တို့ဖြင့်) ပြည့်သော လိုချင်မှု 'လောဘ'နှင့် စပ်ယှဉ်သော၊ (အမိဝမ်းတိုက်ဟူသော) ညွန်၌ ဖြစ်သော ကိုယ်သည် အဘယ်သို့ ထွက်မြောက်မှု ဖြစ်နိုင်လိမ့်မည်နည်း''ဟု (လျှောက်၏)။

ရန်ငြိုးဖွဲ့မှုကိုလည်းကောင်း၊ (ကိလေသာဟူသော) လွန်ကြိုးကိုလည်းကောင်း၊ လိုလားမှု 'ဣစ္ဆာ'ကိုလည်းကောင်း၊ ယုတ်ညံ့သော လိုချင်မှု 'လောဘ' ကိုလည်းကောင်း ဖြတ်၍ တပ်မက်မှု 'တဏှာ'ကို အမြစ်နှင့်တကွ နုတ်ပယ်နိုင်သည် ရှိသော် ဤသို့ ထွက်မြောက်မှု ဖြစ်နိုင်လတ္တံ့ဟု (ဖြေတော်မူ၏)။

------

၁၀-ဧဏိဇင်္ဂသုတ်

၃၀။ ''ဧဏီမည်သော သား၏ မြင်းခေါင်းနှင့်တူသော မြင်းခေါင်းရှိသော , ကြုံ သော ကိုယ်ရှိသော , လုံ့လရှိသော , နည်းသော အာဟာရရှိသော , လျှပ်ပေါ်မှု ကင်းသော , တစ်ကောင်တည်း ကျက်စားသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ တစ်စီး တည်း လှည့်လည်သော ဆင်ကဲ့သို့လည်းကောင်း တစ်ပါးတည်း ကျင့်တော်မူသော ကာမဂုဏ်တို့၌ ငဲ့ကွက်မှု ကင်းသော မြတ်စွာဘုရားသို့ ချဉ်းကပ်၍ မေးပါကုန်၏၊ အဘယ်သို့သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်နိုင်ပါအံ့နည်း''ဟု (လျှောက်၏)။

လောက၌ စိတ်လျှင် ခြောက်ခုမြောက်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို ဟော ကြားအပ်ကုန်၏၊ ဤနာမ်ရုပ်တရား၌ လိုချင်မှု 'ဆန္ဒရာဂ'ကို ကင်းပြတ်စေ၍ ဤသို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်နိုင်၏ဟု (ဖြေတော်မူ၏)။

သုံးခုမြောက် သတ္တိဝဂ် ပြီး၏။

------

၄-သတုလ္လပကာယိကဝဂ် ၁-သဗ္ဘိသုတ်

၃၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော် ကောင်းတရားကို ဟောပြော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန် နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ညဉ့်ဦးယမ်လွန်ပြီးသော (သန်းခေါင်းယမ်) အချိန်၌ ဇေတဝန် တစ်ကျောင်းလုံးကို (ကိုယ်ရောင် ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ကြကုန်၏၊ တစ်ခုသော အရပ်၌ ရပ်တည်ပြီး သော နတ်သားတစ်ဦးသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသော လားရာ (သုဂတိ) ဘဝသို့ ရောက်ရကုန်၏''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် ''မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို အပ်သည် မည်ပါသနည်း''ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ (စကားကို)လည်း နာကြ ကုန်လော့ -

''သူတော် ကောင်းတို့ နှင့် သာလျှင် ပေါင်း ဖော် ရာ၏၊ သူတော် ကောင်းတို့ နှင့် ပေါင်း ဖော်ခြင်း ကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံ သော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏''ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုနတ်တို့သည် နှစ်သက်ကုန်သည် ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေကုန်သတည်း။

------

၂-မစ္ဆရိသုတ်

၃၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သောနတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံ သို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်ကုန်၏၊ တစ်ခုသောနေရာ ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''ဝန်တိုမှု 'မစ္ဆေရ'ကြောင့်လည်းကောင်း၊ မေ့လျော့မှု 'ပမာဒ'ကြောင့်လည်းကောင်း ဤသို့သော အကြောင်းကြောင့် အလှူကို မပေးလှူ။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသည် ပေးလှူသင့်လှပေ၏''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''ဝန်တိုမှု 'မစ္ဆေရ' ရှိသူသည် အကြင် (ဆင်းရဲငတ်ပြတ်မွဲတေမည့်) ဘေးမှ ကြောက် သည်ဖြစ်၍ မပေးလှူ၊ မပေးလှူသောကြောင့် ထို (ဆင်းရဲငတ်ပြတ်မွဲတေသည့်) ဘေး သည် ထိုသူမိုက်ကို တွေ့ထိ၏၊ ဝန်တိုမှု ရှိသူသည် အကြင်ဆာလောင်မွတ်သိပ်မှုမှ ကြောက်၏၊ ထိုမိမိကြောက်သော ဆာလောင်မွတ်သိပ်မှုသည် ဤပစ္စုပ္ပန်လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူမိုက်ကိုပင် တွေ့ထိ၏။

ထို့ကြောင့် ဝန်တိုမှု 'မစ္ဆေရ'ကို ပယ်ဖျောက်လျက် (ဝန်တိုမှု) အညစ်အကြေးကို နှိမ်နင်းသည်ဖြစ်၍ အလှူကို ပေးလှူရာ၏။ (မှန်၏)၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''ခရီးသွားကုန်သော သူတို့သည် ခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှ (ရိက္ခာ) ၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးကုန်သကဲ့သို့ ထို့အတူ အကြင်သံသရာ ခရီးသွားတို့သည် သံသရာခရီးသွားဖော်ချင်းတို့အား အနည်းငယ်မျှသော ပေးလှူ ဖွယ်၌ ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ထိုသူတို့သည် သေသူတို့တွင် မသေသူတို့ မည်ကုန်၏၊ ဤသဘောတရားသည် ရှေးထုံးစဉ်လာ ဖြစ်၏။

အချို့သူတို့သည် အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံသူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူ ကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ်၌ ခွဲခြမ်းဝေဖန်၍ လှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အညီအမျှ နှိုင်းယှဉ်အပ်၏''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''ပေးလှူနိုင်ခဲသည်ကို ပေးလှူသူတို့၏ ပေးလှူမှုမျိုးကိုလည်းကောင်း၊ ပြုလုပ် နိုင်ခဲသော ကောင်းမှုကံကို ပြုလုပ်သူတို့၏ ပြုလုပ်မှုမျိုးကိုလည်းကောင်း သူတော် မဟုတ် သူယုတ်တို့သည် အတုလိုက်၍ မပြုလုပ်နိုင်ကြကုန်။ (မှန်၏)၊ သူတော် ကောင်းတို့၏ တရားသည် အတုလိုက်ရန် ခဲယဉ်း၏။

ထို့ကြောင့် သူတော်ကောင်းတို့၏လည်းကောင်း၊ သူယုတ်မာတို့၏လည်းကောင်း ဤလူ့ပြည်မှ လားရာ (ဂတိ) သည် ကွဲပြား၏၊ သူတော်မဟုတ် သူယုတ်မာတို့သည် ငရဲသို့ ရောက်ကုန်၏၊ သူတော်ကောင်းတို့သည် နတ်ပြည်သို့ လားရကုန်၏''ဟု (လျှောက်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် ''မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆိုအပ်သည် မည်ပါသနည်း''ဟု မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤစကားကို လျှောက်၏၊ သင် နတ်သား အားလုံးတို့၏ စကားသည် အကြောင်း (ပရိယာယ်) အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ စကား ကိုလည်း နာကြကုန်လော့-

အကြင်သူသည် သားမယားကိုလည်း လုပ်ကျွေးမွေးမြူ၍ အနည်းငယ်မျှသော ပေးလှူဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်ကာ) ပေးလှူလျက် (ကုသိုလ်ကမ္မပထ) တရားကို ကျင့်၏၊ တံမြက်လှည်း ပစ္စည်းဖြင့် ပေးလှူမှု (သမုဉ္ဇကအလှူ) ကိုလည်း ပြုကျင့်ပေးလှူ၏၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောက်ျား တစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့ သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်ဟု (မိန့်တော်မူ၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

''မြတ်သည်၏ အဖြစ်သို့ ရောက်သော ပြန့်ပြောသော ဤပူဇော်မှု (အလှူ) သည် အဘယ့်ကြောင့် သင့်သောအားဖြင့် လှူအပ်သော အလှူ၏ တန်ဖိုးကို မမီသနည်း၊ အသပြာတစ်ထောင်တန် ပူဇော်မှု ရှိကုန်သည်ဖြစ်၍ ယောက်ျားတစ်သိန်းတို့၏ ဆယ် ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ်တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း အဘယ့်ကြောင့် မမီနိုင်ကုန်သနည်း''ဟု (လျှောက်၏)။

အချို့သော သူတို့သည် မသင့်သော ကံသုံးပါး၌ တည်ကုန်လျက် ထောင်းထု ပုတ်ခတ် သတ်ဖြတ်၍လည်းကောင်း၊ ပူဆွေးစေ၍လည်းကောင်း ပေးလှူကုန်၏။ ထို အလှူသည် မျက်ရည်ပြည့်သော မျက်နှာရှိသည်ဖြစ်၍ ဒဏ်နှင့် တကွဖြစ်သောကြောင့် သင့်သော အကြောင်းအားဖြင့် ပေးလှူအပ်သော အလှူ၏ တန်ဖိုးကို မမီနိုင်၊ ဤသို့ အသပြာတစ်ထောင်တန် ပူဇော်မှုရှိကုန်သည်ဖြစ်၍ ယောက်ျားတစ်သိန်းတို့၏ ဆယ်ကုဋေသော အလှူတို့သည် ထိုသို့သဘောရှိသော သမုဉ္ဇက (အလှူ)၏ အစိတ် တစ်ရာ စိတ်၍ တစ်စိတ်သော အဖို့မျှကိုလည်း မမီနိုင်ကုန်''ဟု (မိန့်တော်မူ၏)။

------

၁။ ကောက်နယ်တလင်းစသည်ကို သုတ်သင်မှု ကောက်ရိုးကို ထုရိုက်နင်းနယ်မှု စသည်ဖြင့် ရသောပစ္စည်းကို ပေးလှူမှုမျိုးသည် သမုဉ္ဇကအလှူ မည်၏။ (အဋ္ဌကထာ)

၃-သာဓုသုတ်

၃၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ သူတော်ကောင်းတို့၏ တရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးကုန်ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ ဝန်တိုမှု 'မစ္ဆေရ' ကြောင့်လည်းကောင်း၊ မေ့လျော့မှု 'ပမာဒ' ကြောင့်လည်းကောင်း ဤသို့သော အကြောင်း ကြောင့် အလှူ 'ဒါန' ကို မပေးလှူနိုင်။ ကောင်းမှုကို အလိုရှိသော (ကောင်းမှု၏ အကျိုးကို) သိသော ပညာရှိသာ ပေးလှူနိုင်၏''ဟု (ဥဒါန်းကျူးရင့်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ စင်စစ်သော်ကား အနည်း ငယ်မျှသော်လည်း ပေးလှူခြင်းသည် ကောင်း၏၊ အချို့သူတို့သည် အနည်းငယ်မျှ သော လှူဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူကုန်၏၊ ဥစ္စာများစွာနှင့် ပြည့်စုံ သူ အချို့တို့သည် ခွဲခြမ်းဝေဖန်၍ မပေးလှူကုန်၊ အနည်းငယ်မျှသော ပေးလှူဖွယ် ၌ ခွဲခြမ်းဝေဖန်၍ ပေးလှူအပ်သော အလှူကို အလှူတစ်ထောင်နှင့် အမျှ နှိုင်းယှဉ် အပ်၏''ဟု (ဥဒါန်းကျူးရင့်)၏-

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏။

ပေးလှူခြင်းသည်လည်းကောင်း၊ စစ်ထိုးခြင်းသည်လည်းကောင်း တူမျှ၏ဟု ဆို ကုန်၏။ သူတော်ကောင်းတို့သည် အနည်းငယ်မျှ ဖြစ်ကုန်သော်လည်း များစွာသော သူတို့ကို အောင်မြင်ကုန်၏၊ (အကြင်သူသည်) ယုံကြည်သည် ဖြစ်၍ အနည်းငယ်မျှ ကိုသော်လည်း အကယ်၍ ပေးလှူအံ့၊ ထို့ကြောင့်သာလျှင် ထိုသူသည် တမလွန် ဘဝ၌ ချမ်းသာခြင်းရှိ၏''ဟု (ဥဒါန်းကျူးရင့်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း ခွဲခြမ်းဝေဖန်၍ ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့်လည်း ပေးလှူခြင်းသည် ကောင်း၏၊ စင်စစ်သော်ကား တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏။

အကြင်ပုဂ္ဂိုလ်သည် ထကြွလုံ့လဝီရိယဖြင့် ရအပ်သော ပစ္စည်းဥစ္စာဖြင့်, ရအပ်ပြီး သော လောကုတ္တရာတရားရှိသူအား အလှူဒါနကို ပေးလှူ၏၊ ထိုသတ္တဝါသည် ယမ မင်း၏ ကြိမ်ပိုက်ချောင်းငရဲကို လွန်မြောက်၍ နတ်၌ဖြစ်သော ဘုံတို့သို့ ကပ်ရောက် ရ၏''ဟု (ဥဒါန်းကျူးရင့်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်းကောင်း၏၊ တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏၊ စင်စစ်သော်ကား ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်းကောင်း၏။

ရွေးချယ် စိစစ်၍ ပေးလှူခြင်းကို မြတ်စွာဘုရားသည် ချီးမွမ်းတော်မူအပ်၏၊ ကောင်းသော လယ်မြေ၌ စိုက်ပျိုးအပ်သော မျိုးစေ့တို့ကဲ့သို့ ထို့အတူ ဤသတ္တလောက၌ မြတ်သော အလှူကို ခံထိုက်ကုန်သော ပုဂ္ဂိုလ်တို့အား ပေးလှူ အပ်ကုန်သော အလှူတို့သည် များသော အကျိုးရှိကုန်၏''ဟု (ဥဒါန်းကျူးရင့်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏-

''အသျှင် ပေးလှူခြင်းသည် စင်စစ် ကောင်းပေ၏၊ အနည်းငယ်မျှသော ပေးလှူ ဖွယ်၌သော်လည်း (ခွဲခြမ်းဝေဖန်၍) ပေးလှူခြင်းသည် ကောင်း၏၊ ယုံကြည်မှုဖြင့် ပေးလှူခြင်းသည်လည်းကောင်း၏၊ တရားသဖြင့် ရအပ်သော စည်းစိမ်ရှိသူ၏ (ရအပ်ပြီးသော လောကုတ္တရာတရားရှိသူအား) ပေးလှူခြင်းသည်လည်းကောင်း၏၊ ရွေးချယ်စိစစ်၍ ပေးလှူအပ်သော အလှူသည်လည်းကောင်း၏။

အကြင်သူသည် သတ္တဝါတို့ကို မညှဉ်းဆဲမူ၍ ကျင့်၏၊ စင်စစ်သော်ကား ထိုသူ၏ သတ္တဝါတို့၌ မညှဉ်းဆဲမှု 'သံယမ'သည် ကောင်းသည်သာတည်း၊ သတ္တဝါတို့သည် သူတစ်ပါး ကဲ့ရဲ့စွပ်စွဲမှုမှ ကြောက်သောကြောင့် မကောင်းမှုကို မပြုကြကုန်၊ (မကောင်းမှုမှ) ကြောက်တတ်သူကို (သူတော်ကောင်းတို့) ချီးမွမ်းကုန်၏၊ ထို မကောင်းမှု၌ ရဲရင့်သူကို မချီးမွမ်းကြကုန်။ မှန်၏၊ သူတော်ကောင်းတို့သည် (သူတစ်ပါးတို့ ကဲ့ရဲ့စွပ်စွဲမှုမှ) ကြောက်သောကြောင့် မကောင်းမှုကို မပြုကုန်''ဟု (ဥဒါန်းကျူးရင့်၏)။

ထိုအခါ တစ်ပါးသော နတ်သားသည် ''မြတ်စွာဘုရား အဘယ်သူ၏ စကားသည် ကောင်းစွာ ဆို့အပ်သည် မည်ပါသနည်း''ဟု မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ သင် နတ်သားအားလုံးတို့၏ စကားသည် အကြောင်းပရိယာယ်အားဖြင့် ကောင်းစွာ ဆိုအပ်၏၊ ထို့ပြင် ငါ၏ (စကားကိုလည်း) နာကြ ကုန်လော့-

''ယုံကြည်မှုဖြင့် ပေးလှူခြင်းကို များသောအပြားဖြင့် ချီးမွမ်းအပ်၏၊ စင်စစ် သော်ကား ပေးလှူခြင်းထက် (နိဗ္ဗာန်) တရားအစုသည်သာလျှင် အထူးသဖြင့် ချီးမွမ်း အပ်မြတ်၏။ မှန်၏၊ ရှေး၌လည်းကောင်း၊ ထို့ထက်အလွန် ရှေး၌လည်းကောင်း ပညာရှိ သူတော်ကောင်းတို့သည် နိဗ္ဗာန်သို့သာလျှင် ကပ်ရောက်ကုန်၏''ဟု (မိန့်တော်မူ၏)။

------

၄-န သန္တိသုတ်

၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''လူတို့၌ မြဲကုန်သော ကာမဂုဏ်တို့သည် မရှိကုန်၊ ဤလောက၌ နှစ်သက်ဖွယ် ကာမဂုဏ်တို့သည် ရှိကုန်၏၊ ယင်းကာမဂုဏ်တို့၌ နှောင်ဖွဲ့အပ်သော ယင်းကာမ ဂုဏ်တို့၌ အပြားအားဖြင့် ယစ်မူးသော ယောက်ျားသည် သေခြင်း၏ တည်ရာ (တေဘူမိကဝဋ်) မှ တစ်ဖန်မလာရာ (နိဗ္ဗာန်) သို့ မရောက်နိုင်''ဟု (လျှောက်၏)။

ခန္ဓာငါးပါးသည် အလိုရှိမှု 'တဏှာဆန္ဒ'ကြောင့် ဖြစ်၏၊ ဆင်းရဲမှုသည် အလိုရှိမှု 'တဏှာဆန္ဒ'ကြောင့် ဖြစ်၏၊ အလိုရှိမှု 'တဏှာဆန္ဒ'ကို ပယ်ဖျောက်သဖြင့် ခန္ဓာ ငါးပါးကို ပယ်ဖျောက်နိုင်၏၊ ခန္ဓာငါးပါး ကင်းပျောက်သဖြင့် ဆင်းရဲ ကင်းပျောက် ရ၏။

လောက၌ အကြင်အာရုံတို့သည် ဆန်းကြယ်ကုန်၏၊ ထိုအာရုံတို့သည် ကာမဂုဏ် မမည်ကုန်။ ကြံစည်တပ်မက်မှု (သင်္ကပ္ပရာဂ) သည် ယောက်ျား၏ ကာမဂုဏ် မည်၏၊ လောက၌ ဆန်းကြယ်ကုန်သော အာရုံတို့သည် တည်မြဲတိုင်း တည်ကုန်၏၊ ပညာရှိတို့သည် ထိုအာရုံတို့၌ အလိုရှိမှု 'တဏှာဆန္ဒ' ကို ပယ်ဖျောက်ကုန်၏။

အမျက်ထွက်မှု 'ကောဓ'ကို ပယ်စွန့်ရာ၏၊ ထောင်လွှားမှု 'မာန'ကို ပယ်စွန့်ရာ၏၊ အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြခြင်း မရှိသော ထိုသူသို့ ဆင်းရဲတို့သည် မကျရောက်ကုန်။

(အကြင်ရဟန္တာပုဂ္ဂိုလ်သည်) (တပ်မက်သူ,ပြစ်မှားသူ,တွေဝေသူဟူသော) အမည် ပညတ်ကို ပယ်ပြီးပြီ၊ ကိုးပါးသော ထောင်လွှားမှု 'မာန'သို့လည်း မကပ်ရောက်၊ ဤနာမ်ရုပ်၌ တပ်မက်မှု 'တဏှာ'ကို ဖြတ်ပြီးပြီ။ ထုံးဖွဲ့မှု 'ဂန္ထ'ကို ဖြတ်ပြီးသော ဆင်းရဲမရှိသော တပ်မက်ခြင်း ကင်းသော ထိုရဟန္တာပုဂ္ဂိုလ်ကို ရှာဖွေကြည့်ရှုကုန် သော နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဤလောက၌ဖြစ်စေ၊ အခြားလောက၌ဖြစ်စေ၊ နတ်ပြည်တို့၌ဖြစ်စေ အလုံးစုံသော နေရာတို့၌ မတွေ့ မမြင်ရကုန်ဟု (မိန့်တော်မူ၏)။

ထိုထို (ကိလေသာ) မှ လွတ်သော ထိုပုဂ္ဂိုလ်ကို နတ်တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း ဤလောက၌ဖြစ်စေ၊ တမလွန်လောက၌ဖြစ်စေ အကယ်၍ မတွေ့မြင်နိုင်ကြကုန်မူ လူတို့ထက်မြတ်သော လူတို့၏ အကျိုးစီးပွားကို ကျင့်တော်မူတတ်သော ထို်ရဟန္တာပုဂ္ဂိုလ်ကို အကြင်နတ်လူတို့သည် ရှိခိုးကြကုန်၏။ ထို နတ်လူတို့ကို ချီးမွမ်းအပ်ကုန်သလောဟု အသျှင်မောဃရာဇသည် မေးလျှောက်၏။

မောဃရာဇမည်သော ရဟန်း အကြင်နတ်လူတို့သည် ထိုထို (ကိလေသာမှ) လွတ် မြောက်တော်မူသော ထို်ရဟန္တာပုဂ္ဂိုလ်ကို ရှိခိုးကုန်၏၊ ထိုနတ်လူတို့ကိုလည်း ချီးမွမ်း အပ်ကုန်၏၊ ရဟန်း ထိုရှိခိုးကုန်သော နတ်လူတို့သည်လည်း သစ္စာလေးပါး တရားကို သိကုန်၍ မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ'ကို ပယ်စွန့်လျက် ငြိကပ်မှု 'တဏှာ'ကို လွန်မြောက်သူတို့ ဖြစ်ကုန်၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

------

၅-ဥဇ္ဈာနသညိသုတ်

၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဲ့ရဲ့ရှုတ်ချတတ်သောကြောင့် ဥဇ္ဈာနအမည်ရှိကုန် သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံ လွန် ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်း ကပ်ပြီးလျှင် ကောင်းကင်၌ ရပ်တည်ကုန်၏၊ ကောင်းကင်၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင် (သီလမရှိသော) ရဟန်းသည် တစ်ပါးသော (မစင်ကြယ်သော) အခြင်း အရာအားဖြင့် ဖြစ်သော မိမိကိုယ်ကို တစ်ပါးသော (စင်ကြယ်သော) အခြင်းအရာ အားဖြင့် ပြောကြား၏၊ 'လှည့်ပတ်၍ စားတတ်သော ငှက်မုဆိုးကဲ့သို့' ထိုရဟန်း၏ ထို (တိုင်းသားပြည်သူ ကြည်ဖြူစွာ လှူအပ်သော ဆွမ်းကို) သုံးဆောင်ခြင်းသည် ခိုးဝှက်သဖြင့်သုံး ဆောင်အပ်သည် မည်၏။

အကြင်အမှုကို ပြုလုပ်၏၊ ထိုပြုလုပ်သော အမှုကိုသာ ပြောဆိုရာ၏။ အကြင် အမှုကို မပြုလုပ်၊ ထိုမပြုလုပ်သော အမှုကို မပြောဆိုရာ။ မပြုလုပ်ဘဲလျက် ပြော ဆိုသော သူကို ပညာရှိတို့သည် သိကုန်၏''ဟု (လျှောက်၏)။

''အကြင်အကျင့်သည် မြဲမြံသော သဘောရှိ၏၊ အကြင်အကျင့်ဖြင့် ပညာရှိတို့ သည် မကောင်းမှုကို ရှို့မြှိုက်ကုန်သည်ဖြစ်၍ မာရ်တည်းဟူသော အနှောင်အဖွဲ့မှ လွတ်ကုန်၏။ ဤအကျင့်ကို ပြောဆိုကာမျှဖြင့်လည်းကောင်း၊ စင်စစ် ကြားကာမျှဖြင့်လည်းကောင်း အစဉ်အတိုင်း သက်ဝင်ရန် မစွမ်းနိုင်ကုန်။

ပညာရှိတို့သည် လောက၏ အကြောင်းကို သိကုန်၍ ဤသို့ မပြုကုန်၊ (သစ္စာ လေးပါးတရားကို) သိ၍ လောက၌ ကပ်ငြိမှု (တဏှာ) ကို လွန်မြောက်ကုန်ပြီးသော ပညာရှိတို့သည် ကိလေသာမှ ငြိမ်းကုန်၏''ဟု (မိန့်တော်မူ၏)။

ထိုအခါ ထိုနတ်သားတို့သည် မြေ၌ တည်ကုန်၍ မြတ်စွာဘုရား၏ ခြေတော်၌ ဦးခိုက်ကုန်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်ကုန်၏- ''အသျှင်ဘုရား မိုက်သည့်အလျောက် တွေဝေသည့် အလျောက် မလိမ္မာသည့်အလျောက် အပြစ်သည် အကျွန်ုပ်တို့ကို လွှမ်းမိုး၍ နေပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ထိပါးအပ်၏ဟု အောက်မေ့မိပါကုန်၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ အပြစ်ကို အပြစ်အားဖြင့် နောင်အခါ စောင့်စည်းပါရခြင်းငှါ သည်းခံတော်မူပါ''ဟု (လျှောက်ကြကုန်၏)၊ ထိုအခါ မြတ်စွာဘုရားသည် ပြုံးတော်မူ၏၊ ထိုအခါ နတ်သားတို့သည် အတိုင်းထက်အလွန် ကဲ့ရဲ့လိုကုန် သည်ဖြစ်၍ ကောင်းကင်သို့ ပျံတက်ကုန်ပြီးလျှင် တစ်ယောက်သော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက်မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍ နေသော ထိုသူသည် ရန်ကို့ (မိမိ၌) စွပ်ထားသည် မည်၏''ဟု (လျှောက်၏)။

ပြစ်မှုသည် အကယ်၍ မရှိသည် ဖြစ်အံ့၊ ဤလောက၌ အပြစ်သည် မဖြစ်ရာ၊ ရန်တို့သည်လည်း မငြိမ်းကုန်ရာ၊ ဤလောက၌ အဘယ့်ကြောင့် လိမ်မာသူ ဖြစ်ရ အံ့နည်းဟု (မိန့်တော်မူ၏)။

အဘယ်သူအား ပြစ်မှုတို့သည် မရှိကုန်သနည်း၊ အဘယ်သူအား ပြစ်မှားခြင်း သည် မရှိသနည်း၊ အဘယ်သူသည် တွေဝေခြင်းသို့ မရောက်သနည်း၊ အဘယ်သူ သည် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ပညာရှိ မည်သနည်းဟု (လျှောက်၏)။

သတ္တဝါအားလုံးတို့ကို အစဉ်သနားတော်မူတတ်သော 'ရှေးဘုရားတို့ကဲ့သို့' လာခြင်းကောင်းတော်မူသော ထိုမြတ်စွာဘုရားအား ပြစ်မှုတို့သည် မရှိကုန်၊ ထိုမြတ်စွာဘုရားအား ပြစ်မှားခြင်းသည် မရှိ၊ ထိုမြတ်စွာဘုရားသည် ပြင်းစွာ တွေဝေခြင်းသို့ မရောက်၊ ထိုမြတ်စွာဘုရားသည်သာလျှင် အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ပညာရှိ မည်၏။

အကြင်သူသည် (ဝန်ခံ) ပြောကြားကုန်သော သူတို့၏ အပြစ်ကို အကယ်၍ လက်မခံသည် ဖြစ်အံ့၊ အတွင်း၌ ဖြစ်သော အမျက်ဒေါသ ရှိသည်ဖြစ်၍ အပြစ်ကို အလေးပြု၍ နေသော ထိုသူသည် ရန်ကို (မိမိ၌) စွပ်ထားသည် မည်၏၊ ထိုရန်ကို (ငါ) မနှစ်သက် (မတောင့်တ)၊ သင်တို့၏ အပြစ်ကို (ငါ) လက်ခံ၏ဟု (မိန့်တော်မူ၏)။

------

၆-သဒ္ဓါသုတ်

၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော များစွာကုန်သော နတ်သားတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည် ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊ တစ်ခု သော နေရာ၌ ရပ်တည်ပြီးသော် နတ်သားတစ်ယောက်သည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''ယုံကြည်မှု 'သဒ္ဓါ' သည် ယောက်ျား၏ အပေါင်းအဖော် ဖြစ်၏၊ မယုံ ကြည်မှုသည် အကယ်၍ မတည်သည် ဖြစ်အံ့၊ ထိုသို့ မတည်သောကြောင့် အခြံအရံသည်လည်းကောင်း၊ အကျော်အစောသည်လည်းကောင်း ထိုသူ့အား ဖြစ်၏။ ထိုသူသည် ခန္ဓာကိုယ်ကို စွန့်ရသော် နတ်ပြည်သို့လည်း လားရ၏''ဟု လျှောက်၏။

ထိုအခါ တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အမျက်ထွက်မှု 'ကောဓ'ကို ပယ်စွန့်ရာ၏၊ ထောင်လွှားမှု 'မာန'ကို ပယ်စွန့်ရာ၏၊ အလုံးစုံသော သံယောဇဉ်ကို လွန်မြောက်ရာ၏၊ နာမ်ရုပ်၌ ကပ်ငြိမှု မရှိသော ကြောင့်ကြမှု မရှိသော ထိုသူသို့ (ငါးပါးသော) ကပ်ငြိခြင်းတို့သည် မကျရောက် ကုန်''ဟု (လျှောက်၏)။

မိုက်ကုန်သော ပညာနည်းကုန်သော သူတို့သည် မေ့လျော့မှု 'ပမာဒ'ကို အား ထုတ်ကုန်၏၊ ပညာရှိသည် 'မြတ်သောဥစ္စာကို စောင့်ရှောက်သကဲ့သို့' မမေ့မလျော့မှု 'အပ္ပမာဒ'ကိုလည်း စောင့်ရှောက်၏။

မေ့လျော့မှု 'ပမာဒ'ကို အားမထုတ်ရာ၊ ကာမဂုဏ်၌ မွေ့လျော်မှု ပေါင်းဖော်မှုကို အားမထုတ်ရာ။ မှန်၏၊ မမေ့လျော့သည် ဖြစ်၍ မကောင်းမှုကို ရှို့မြှိုက်သော သူသည် အလွန်မြတ်သော (အရဟတ္တဖိုလ်) ချမ်းသာသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

------

၇-သမယသုတ်

၃၇။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာ များစွာနှင့် အတူ (သီတင်းသုံး) နေတော်မူ၏၊ စကြဝဠာတစ်ထောင်စီရှိသော လောကဓာတ်တိုက်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများ အားဖြင့် စည်းဝေးလာရောက်ကုန်၏။ ထိုအခါ သုဒ္ဓါဝါသဘုံ၌ နေကုန်သော ဗြဟ္မာလေးဦးတို့အား ဤ အကြံသည် ဖြစ်၏- ''ဤမြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်ကုန်သော ရဟန်းသံဃာ များစွာနှင့်အတူ (သီတင်းသုံး) နေတော်မူ၏၊ စကြဝဠာ တစ်ထောင်စီရှိသော လောကဓာတ်တိုက်ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့သည်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေးလာရောက်ကုန်၏။ ငါတို့ သည်လည်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ အသီးသီး ဂါထာတစ်ပုဒ်စီ ရွတ်ဆိုရမူ ကောင်းလေစွ''ဟု (အကြံ ဖြစ်၏)။

ထိုအခါ ထိုဗြဟ္မာ (လေးဦး)တို့သည် ဥပမာအားဖြင့် ခွန်အားရှိသော ယောက်ျားသည် ကွေးသော လက်ကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်သော လက်ကို ကွေးသကဲ့သို့လည်းကောင်း ဤအတူ သုဒ္ဓါဝါသ ဗြဟ္မာဘုံမှ ကွယ်ခဲ့ကုန်၍ မြတ်စွာဘုရား၏ ရှေ့၌ ထင်ရှားဖြစ်ပေါ်လာကုန်၏၊ ထို့နောက် ထိုုဗြဟ္မာတို့သည် မြတ်စွာဘုရားကို အလွန်ရိုသေစွာ ရှိခိုးပြီး၍ တစ်ခုသော အရပ်၌ ရပ်ပြီးလျှင် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) မဟာဝုန်တော၌ နတ်ဗြဟ္မာအပေါင်းတို့သည် စုရုံးလာရောက် ကြသဖြင့် အစည်းအဝေးကြီး ဖြစ်လျက် ရှိနေပါ၏၊ အကျွန်ုပ်တို့သည်လည်း (ကိလေသာရန်သူတို့) မအောင်နိုင်သော သံဃာတော်ကို ဖူးမြော်ခြင်းငှါ ဤတရား သဘင် အစည်းအဝေးသို့ လာရောက်ပါကုန်၏''ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) ထိုအစည်းအဝေး၌ ရဟန်းတို့သည် မိမိစိတ်ကို တည်ကြည်စေ လျက် ဖြောင့်မတ်စွာ ပြုထားကုန်၏၊ 'ရထားထိန်းသည် (မြင်းဇက်) ကြိုးတို့ကို ကိုင်၍ ထိန်းသကဲ့သို့' ပညာရှိ (ရဟန်း)တို့သည် ဣန္ဒြေတို့ကို ထိန်းသိမ်းတော်မူကြပါကုန်၏''ဟု (ရွတ်ဆို၏)။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) မြတ်စွာဘုရားသည် ကောင်းစွာ ဆုံးမထားအပ်ပြီး ဖြစ်၍ တဏှာကင်းလျက် သန့်ရှင်းစင်ကြယ်သော ထိုရဟန္တာငယ်တို့သည် (ရာဂ ဒေါသ မောဟတည်းဟူသော) ခလုတ်, ငြောင့်တံသင်းနှင့် တံခါးကျည်, မင်းတုပ်ကို ဖြတ်ပြီး လျှင် (ရာဂ ဒေါသ မောဟတည်းဟူသော) တံခါးတိုင်ကို နုတ်၍ လှည့်လည်သွား လာနေကြကုန်၏''ဟု ရွတ်ဆို၏။

ထို့နောက် တစ်ဦးသော ဗြဟ္မာသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို ရွတ်ဆို၏-

''(အသျှင်ဘုရား) မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်သူ အားလုံးတို့ သည် အပါယ်ဘုံသို့ မရောက်ရကုန်လတ္တံ့၊ လူ့ခန္ဓာကိုယ်ကို စွန့်ပယ်၍ နတ်ပြည်၌ ဖြစ်ကုန်လတ္တံ့''ဟု (လျှောက်၏)။

------

၈-သကလိကသုတ်

၃၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ် ်ပြည်ဝယ် သားတို့ကို ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရား၏ ခြေတော်သည် ကျောက်ချပ်ဖြင့် ထိခိုက်မိသည်ဖြစ်၍ မြတ်စွာဘုရားအား ပြင်းပြသော ဝေဒနာတို့သည် ဖြစ်ကုန်၏၊ ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန် သော ကိုယ်၌ တည်သည့် ဝေဒနာတို့သည် ဖြစ်ကုန်၏၊ မြတ်စွာဘုရားသည် ထိုဝေဒနာတို့ကို့မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ သည်းခံတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် လေးထပ်ခေါက်ထား သော ဒုကုဋ်တော်ကို ခင်း၍ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထားလျက် သတိသမ္ပဇဉ် နှင့် ပြည့်စုံသည် ဖြစ်၍ လက်ယာနံတောင်းဖြင့် မြတ်သော အိပ်စက်ခြင်းကို ပြုတော်မူ၏။

ထိုအခါ သူတော်ကောင်းတရားကို ပြောဟော၍ နတ်ပြည်၌ ဖြစ်ကုန်သော နတ်သားခုနစ်ရာတို့သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိကုန်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ သားတို့ကို ဘေးမဲ့ပေးရာ မဒ္ဒကုစ္ဆိတော အလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ မြတ်စွာဘုရားကို ရှိခိုးကုန်ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကုန်၏၊ တစ်ခုသော နေရာ၌ ရပ်တည် ကုန်ပြီးသော် နတ်သားတစ်ဦးသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏- ''အချင်းတို့ ရဟန်းဂေါတမသည် ဆင်ပြောင်နှင့် တူစွတကား၊ ဆင်ပြောင်နှင့် တူသည်၏အဖြစ်ကြောင့် သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏''ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏- ''အချင်းတို့ ရဟန်းဂေါတမသည် ခြင်္သေ့မင်းနှင့် တူစွတကား၊ ခြင်္သေ့မင်းနှင့် တူ သည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ် နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏''ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏- ''အချင်းတို့ ရဟန်းဂေါတမသည် အာဇာနည်ဖြစ်စွတကား၊ အာဇာနည်ဖြစ်သည်၏ အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လို အပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏''ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏- ''အချင်းတို့ ရဟန်းဂေါတမသည် ရှေ့ဆောင်နွားလားဥသဘနှင့် တူစွတကား၊ ရှေ့ဆောင်နွားလားဥသဘနှင့် တူသည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ သည်းခံတော်မူ၏''ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏- ''အချင်းတို့ ရဟန်းဂေါတမသည် ဝန်ဆောင်နွားလားနှင့် တူစွတကား၊ ဝန်ဆောင် နွားလားနှင့် တူသည်၏အဖြစ်ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ်ကုန်သော ကိုယ်၌တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်း ညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ သည်းခံတော်မူ၏''ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏- ''အချင်းတို့ ရဟန်းဂေါတမသည် ယဉ်ကျေးစွတကား၊ ယဉ်ကျေးသည်၏အဖြစ် ကြောင့်သာလျှင် ဆင်းရဲကုန် ပြင်းထန်ကုန် ကြမ်းတမ်းကုန် ထက်ကုန်၍ မသာယာအပ်ကုန် မနှစ်လိုအပ် ကုန်သော ကိုယ်၌ တည်သည့် ဖြစ်ပေါ်လာကုန်သော ဝေဒနာတို့ကို မညည်းညူဘဲ သတိသမ္ပဇဉ်နှင့် ပြည့်စုံ သည်ဖြစ်၍ သည်းခံတော်မူ၏''ဟု (ကျူးရင့်၏)။

ထို့နောက် တစ်ပါးသော နတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဥဒါန်းစကားကို မြွက်ဆို (ကျူးရင့်)၏- ''ကောင်းစွာ ပွားများအပ်သော တည်ကြည်မှုကိုလည်းကောင်း၊ (ကိလေသာမှ) ကောင်းစွာ လွတ်သော စိတ်ကိုလည်းကောင်း ရှုလော့။ (ရာဂကြောင့်လည်း) မညွတ်၊ (ဒေါသကြောင့်လည်း) ဖဲမသွား၊ အားထုတ်မှုဖြင့် (ကိလေသာတို့ကို) နှိပ်၍ တားမြစ်မှုသို့လည်း မရောက်၊ အကြင်သူသည် ဤသို့သဘောရှိသော ဆင်ပြောင်ကြီးနှင့် တူသော ယောက်ျား၊ ခြင်္သေ့နှင့်တူသော ယောက်ျား၊ အာဇာနည် ဖြစ်သော ယောက်ျား၊ ရှေ့ဆောင်နွားလားဥသဘနှင့် တူသော ယောက်ျား၊ ဝန်ဆောင်နွားလားနှင့် တူသော ယောက်ျား၊ ယဉ်ကျေးသော ယောက်ျားကို လွန်ကျူးအပ်၏ဟု မှတ်ထင်ရာ၏၊ (ထိုသူ့အား) မသိမြင်ခြင်းမှ တစ်ပါး အဘယ်အကြောင်း ရှိအံ့နည်း''ဟု (ကျူးရင့်၏)။

ဣတိဟာသကျမ်းလျှင် ငါးခုမြောက်သော ဗေဒင်ကျမ်းကို တတ်ကုန်သော ပုဏ္ဏားတို့သည် အနှစ်တစ်ရာပတ်လုံး အကျင့်ကို မှီ၍ ကျင့်ကုန်သော်လည်း ထိုပုဏ္ဏားတို့၏ စိတ်သည် (ကိလေသာမှ) ကောင်းစွာ မလွတ်၊ ယုတ်သော သဘောရှိကုန် သော ထိုပုဏ္ဏားတို့သည် (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းသို့ မရောက်ကုန်။

တဏှာဖြင့် လွှမ်းမိုးကုန်သော (ခွေးနွားတို့၏) အလေ့အကျင့်တို့ဖြင့် နှောင်ဖွဲ့ခြင်းရှိကုန်သော သူတို့သည် ခေါင်းပါးသော အကျင့်ကို အနှစ်တစ်ရာပတ်လုံး ကျင့် ကုန်သော်လည်း ထိုသူတို့၏ စိတ်သည် (ကိလေသာမှ) ကောင်းစွာ မလွတ်၊ ယုတ် သော သဘောရှိကုန်သော ထိုသူတို့သည် (နိဗ္ဗာန်တည်းဟူသော) တစ်ဖက်ကမ်းသို့ မရောက်ကုန်။

ဤလောက၌ ထောင်လွှားလိုသောသူအား ယဉ်ကျေးမှုသည် မရှိ၊ တည်ကြည်ခြင်း မရှိသောသူအား (သစ္စာလေးပါးတရားကို) သိခြင်းသည် မရှိ၊ တော၌ တစ်ယောက် တည်း နေသော်လည်း မေ့လျော့သူသည် သေမင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ မရောက်နိုင်။

ထောင်လွှားခြင်းကို ပယ်၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ကောင်း သော စိတ်ရှိသော ခန္ဓာစသည့် အလုံးစုံတို့မှ လွတ်သော တော၌ တစ်ယောက်တည်း နေ၍ မမေ့လျော့သော ထိုသူသည် သေမင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက် ကမ်း နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

------

၉-ပဌမ ပဇ္ဇုန္နဓီတုသုတ်

၃၉။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော ကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိ်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တောအလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ် ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''အကျွန်ုပ်သည် ပဇ္ဇုန္နနတ်၏ သမီး ကောကနဒါမည်သော နတ်သမီး ဖြစ်ပါ၏၊ ကောကနဒါမည်သော အကျွန်ုပ်သည် ဝေသာလီပြည် မဟာဝုန်တော၌ နေတော်မူ သော သတ္တဝါအပေါင်းထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

မြတ်စွာဘုရား သိတော်မူသော သစ္စာလေးပါးတရားကို ရှေးက ကြားဖူးရုံမျှသာ ဖြစ်ပါ၏၊ ယခုအခါ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဟောကြား တော်မူအပ်သော သစ္စာလေးပါးတရားကို ထိုအကျွန်ုပ်သည် ကိုယ်တိုင် သိရပါ၏။

ပညာမဲ့သူ ဟူသမျှတို့သည် အရိယာသစ္စာလေးပါးတရားကို ကဲ့ရဲ့ရှုတ်ချကြကုန် သည်ဖြစ်၍ လှည့်လည်ကြကုန်၏၊ ထိုသူတို့သည် ကြမ်းကြုတ်လှစွာသော ရောရုဝ ငရဲသို့ ကပ်ရောက်ကုန်၍့ကြာမြင့်စွာသော ညဉ့်တို့ပတ်လုံး ဆင်းရဲကို ခံစားကြရ ကုန်၏။

အကြင်သူတို့သည်ကား အရိယာသစ္စာတရားတော်၌ နှစ်သက်ခြင်း, (ကိလေသာ အပူ ခပ်သိမ်း) ငြိမ်းအေးခြင်းနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် လူ့ခန္ဓာကိုယ်ကို စွန့်၍ နတ်ပြည်၌ ဖြစ်ရကုန်လတ္တံ့''ဟု (လျှောက်၏)။

------

၁၀-ဒုတိယ ပဇ္ဇုန္နဓီတုသုတ်

၄၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော၌ ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဇ္ဇုန္နနတ်၏ သမီးဖြစ်သော စူဠကောကနဒါနတ်သမီးသည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိ်သည်ဖြစ်၍ ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ မဟာဝုန်တောအလုံးကို ထွန်းလင်းစေ၍ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''လျှပ်စစ်ရောင် အဆင်းရှိသော ပဇ္ဇုန္နနတ်၏ သမီး ကောကနဒါမည်သော နတ် သမီးသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားကိုလည်းကောင်း ရှိခိုးလိုသည် ဖြစ်၍ ဤမဟာဝုန်တောသို့ လာပါ၏။ အနက်နှင့် ပြည့်စုံသော ဤဂါထာတို့ကို ရွတ်ဆိုပါ၏။

များစွာသော အကြောင်းဖြင့် (အကျွန်ုပ်သည်) ထိုတရားတော်ကို ဝေဖန်လိုပါ၏၊ တရားတော်သည် ထိုသို့ဝေဖန်အပ်သော သဘောရှိပါ၏၊ အကြင်မျှလောက် အကျွန်ုပ် သည် စိတ်ဖြင့် သင်အပ်၏၊ ထိုမျှလောက် အကျဉ်းဖြစ်သော အနက်ကို ဆိုပါအံ့။

အလုံးစုံသော လောက၌ ကိုယ်နှုတ်စိတ်ဖြင့် တစ်ရံတစ်ဆစ်မျှ မကောင်းမှုကို မပြုရာ၊ သတိသမ္ပဇဉ်နှင့် ပြည့်စုံသော သူသည် ကာမဂုဏ်တို့ကို စွန့်၍ အကျိုး စီးပွားနှင့် မစပ်သော ဆင်းရဲကို မမှီဝဲရာ''ဟု (လျှောက်၏)။

လေးခုမြောက် သတုလ္လပကာယိကဝဂ် ပြီး၏။

------

၅-အာဒိတ္တဝဂ် ၁-အာဒိတ္တသုတ်

၄၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ နတ်သား တစ်ယောက်သည် အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''မီးလောင်သော အိမ်၌ အကြင်အိုးခွက်ကို ထုတ်ဆောင်၏၊ ထိုအိုးခွက်သည် ထိုထုတ်ဆောင်သော သူ၏ အကျိုးငှါ ဖြစ်သကဲ့သို့ ထိုမီးလောင်သော အိမ်၌ အကြင် အိုးခွက်ကို မထုတ်ဆောင်၊ (ထိုအိုးခွက်သည်) မီးလောင်ခံရသကဲ့သို့-

ထို့အတူ လောကသည် အိုခြင်းဖြင့်လည်းကောင်း၊ သေခြင်းဖြင့်လည်းကောင်း တပြောင်ပြောင် တောက်လောင်နေ၏၊ ထိုတောက်လောင်နေသော လောကထဲမှ ပေးလှူခြင်းဖြင့် ထုတ်ဆောင်ရ၏၊ ပေးလှူအပ်သော ဒါနသည် ကောင်းစွာ ထုတ် ဆောင်ထားပြီး (ဥစ္စာ) မည်၏။

ပေးလှူမှုသည် ချမ်းသာသော အကျိုးရှိ၏၊ မပေးလှူမှုသည် ချမ်းသာသော အကျိုးမရှိ။ ထိုမပေးလှူဘဲ ထားသော ဥစ္စာကို ခိုးသူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း ဆောင်ယူနိုင် ကုန်၏၊ မီးလောင်တတ်၏၊ ပျက်စီးတတ်၏။

ထို့နောက် သေဆုံးသဖြင့် မိမိ သိမ်းဆည်းသော ဥစ္စာနှင့်တကွ မိမိကိုယ်ကို စွန့်ရ၏၊ ပညာရှိသည် ဤသဘောကို သိ၍ သုံးလည်း သုံးဆောင်ရာ၏၊ ပေးလှူလည်း ပေးလှူရာ၏။ ပေးလှူပြီး၍လည်းကောင်း၊ သုံးဆောင်ပြီး၍လည်းကောင်း အလှူ၏ အာနုဘော်အလျောက် အကဲ့ရဲ့ မခံရဘဲ နတ်ပြည်သို့ ရောက်ရ၏''ဟု (လျှောက်၏)။

------

၂-ကိံဒဒသုတ်

၄၂။ အဘယ်အရာကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်အရာကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်ပါသနည်း၊ အဘယ် အရာကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်အရာ ကို ပေးလှူသူသည် မျက်စိကို ပေးလှူသည် မည်ပါသနည်း၊ အဘယ်သူသည် အလုံးစုံသော အရာကို ပေးလှူသည် မည်ပါသနည်း၊ ဤသို့မေးအပ်သော အကျွန်ုပ် အား ထိုအကြောင်းကို ဟောကြားတော်မူပါလော့ဟု (လျှောက်၏)။

ဆွမ်းကို ပေးလှူသူသည် ခွန်အားကို ပေးလှူသည် မည်၏၊ အဝတ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်၏၊ ယာဉ်ကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်၏၊ ဆီမီးကို ပေးလှူသူသည် မျက်စိကို ပေးလှူ သည် မည်၏၊ နေရာ (ကျောင်းစသည်) ကို ပေးလှူသူသည်ကား အလုံးစုံကို ပေးလှူ သည် မည်၏၊ တရားကို ပြသပြောဟောသူသည် အမြိုက် (နိဗ္ဗာန်) ကို ပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။

------

၃-အန္နသုတ်

၄၃။ နတ်လူ နှစ်မျိုးတို့သည် ထမင်းကိုသာလျှင် တောင့်တကုန်၏၊ ထိုသို့ တောင့်တစမြဲ ဖြစ်ပါလျက် ထမင်းကို မတောင့်တသော နတ်မည်သည် အဘယ်မှာ ရှိပါအံ့နည်း။

အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်သော စိတ်ဖြင့် နတ်လူတို့ တောင့်တ သည့် ထမင်းကို ပေးလှူကုန်၏၊ ထိုပေးလှူအပ်သော ထမင်းသည်သာလျှင် ဤ လောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဉ်လိုက်၏။

ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ (ဝန်တိုခြင်း) အညစ်အကြေးကို နှိမ်နင်း လျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (လျှောက်၏)။

------

၄-ဧကမူလသုတ်

၄၄။ (တဏှာဟု ဆိုအပ်သော) အမြစ်အရင်း တစ်ခုရှိသော , (သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိဟု ဆိုအပ်သော) လည်ခြင်း နှစ်ခုရှိသော , (ရာဂ ဒေါသ မောဟဟု ဆို အပ်သော) အညစ်အကြေး သုံးခုရှိသော , (ကာမဂုဏ်ငါးပါးဟူသော) အပြန့် ငါးခု ရှိသော , (အာယတနဟူသော) ဝဲဇလုပ် တစ်ဆယ့်နှစ်ခုရှိသော , မထောက်မီနိုင်သော (သံသရာတည်းဟူသော) သမုဒ္ဒရာကို ရဟန္တာသည် ကူးမြောက်၏ဟု (လျှောက်၏)။

------

၅-အနောမသုတ်

၄၅။ ပြည့်စုံသော အမည်တော်ရှိသော၊ သိမ်မွေ့နက်နဲသော အနက်သဘောကို မြင်လေ့ရှိသော၊ ပညာကိုလည်း ပေးတော်မူတတ်သော၊ ကပ်ငြိဖွယ် ကာမဂုဏ်၌ ကပ်ငြိခြင်းရှိတော် မမူသော၊ အလုံးစုံသော တရားကို သိလေ့ရှိတော်မူသော၊ ကောင်းသော ပညာရှိတော်မူသော၊ အရိယာလမ်းခရီး၌ ကြွသွားတော်မူသော ထို မြတ်စွာဘုရားကို ဖူးမြော်ကြကုန်လော့ဟု (လျှောက်၏)။

------

၆-အစ္ဆရာသုတ်

၄၆။ နတ်သမီးအပေါင်းတို့ သီချင်း ကျူးရင့်ရာ ဖြစ်သော မြေဘုတ်ဘီလူး အပေါင်းတို့ မှီဝဲရာဖြစ်သော မောဟနမည်သော ထိုနန္ဒဝန်ဥယျာဉ်ကို အဘယ်သို့ သော အကြောင်းဖြင့် လွန်မြောက်ရပါအံ့နည်းဟု (လျှောက်၏)။

(အရိယာမဂ်တည်းဟူသော) လမ်းသည် လမ်းဖြောင့် မည်၏၊ ထို (နိဗ္ဗာန်) အရပ် သည် ဘေးမရှိရာ အရပ်မည်၏၊ တရားတည်းဟူသော စက်နှင့် ယှဉ်သော အရိယာ မဂ်သည် အသံ မမြည်သော ရထား မည်၏။

ရှက်ခြင်း 'ဟိရီ' ကြောက်ခြင်း 'ဩတ္တပ္ပ'သည် အရိယာမဂ်ဟူသော ရထား၏ အမှီ တံကဲမည်၏၊ အောက်မေ့ခြင်း 'သတိ'သည် အရိယာမဂ်ဟူသော ရထား၏ အကာအရံ မည်၏၊ ကောင်းသောအမြင် 'သမ္မာဒိဋ္ဌိ'လျှင် ရှေ့သွားရှိသော တရားကို ရထားမှူးဟူ၍ ဆို၏။

အကြင်မိန်းမအားဖြစ်စေ၊ အကြင်ယောက်ျားအားဖြစ်စေ ထိုသို့သဘောရှိသော ယာဉ်သည် ရှိ၏။ ထိုသူသည် စင်စစ် ထိုယာဉ်ဖြင့် နိဗ္ဗာန်သို့ ရောက်နိုင်၏ဟု (မိန့်တော်မူ၏)။

------

၇-ဝနရောပသုတ်

၄၇။ အဘယ်သူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အခါခပ်သိမ်း ကောင်းမှုသည် တိုးပွားပါသနည်း။ အဘယ်သူတို့သည် တရား၌ တည်ကုန်ရာ သနည်း၊ အဘယ်သူတို့သည် သီလနှင့် ပြည့်စုံကုန်သနည်း၊ အဘယ်သူတို့သည် နတ်ပြည်သို့ သွားကုန်သနည်းဟု (လျှောက်၏)။

အကြင်သူတို့သည် သစ်သီးဥယျာဉ် ပန်းဥယျာဉ် စိုက်ပျိုးကုန်၏၊ တောသစ်ပင် ကို စိုက်ပျိုးကုန်၏၊ တံတားခင်းကုန်၏။ အကြင်သူတို့သည် ရေအိုးစင်ကိုလည်းကောင်း၊ ရေတွင်းကိုလည်းကောင်း၊ နေရာကျောင်းကိုလည်းကောင်း လှူဒါန်းကုန်၏။

ထိုသူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အခါခပ်သိမ်း ကောင်းမှု သည် တိုးပွား၏၊ ထိုသူတို့သည် တရား၌ တည်ကုန်၏၊ ထိုသူတို့သည် ကောင်း သော အလေ့အထ စာရိတ္တသီလနှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် နတ်ပြည်သို့ သွားရ၏ဟု (မိန့်တော်မူ၏)။

------

၈-ဇေတဝနသုတ်

၄၈။ ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း 'ပီတိ'ကို ဖြစ်စေ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ် ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။

အကြင်ရဟန်းသည် တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ ရောက်ရုံမျှသာလျှင် ရောက်၏။ သာရိပုတ္တရာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း (ထိုနိဗ္ဗာန်သို့ ရောက်သော ရဟန်းဟူသမျှထက်) မြတ်၏။

------

၉-မစ္ဆရိသုတ်

၄၉။ ဤလောက၌ အကြင်လူတို့သည် ဝန်တိုကုန်၏၊ စဉ်းလဲကုန်၏၊ ခြိမ်းခြောက် တတ်ကုန်၏၊ ပေးလှူကုန်သော တစ်ပါးသော သူတို့အား အန္တရာယ်ကို ပြုတတ် ကုန်၏။

ထိုသူတို့၏ အကျိုးသည် အဘယ်သို့ သဘောရှိပါသနည်း၊ တမလွန်ဘဝသည်လည်း အဘယ်သို့ သဘောရှိပါသနည်း၊ အသျှင်ဘုရားကို မေးလျှောက်ခြင်းငှါ လာ ပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုအကြောင်းကို အဘယ်သို့ သိရကုန်အံ့နည်းဟု (မေးလျှောက်၏)။

ဤလောက၌ အကြင်လူတို့သည် ဝန်တိုကုန်၏၊ စဉ်းလဲကုန်၏၊ ခြိမ်းခြောက်တတ် ကုန်၏၊ ပေးလှူကုန်သော တစ်ပါးသော သူတို့အား အန္တရာယ်ကို ပြုတတ်ကုန်၏။

ထိုလူတို့သည် ငရဲသို့လည်းကောင်း၊ တိရစ္ဆာန်မျိုးသို့လည်းကောင်း၊ ယမမင်း၏ နိုင်ငံသို့လည်းကောင်း ရောက်ရကုန်၏။ အကယ်၍ လူ၏အဖြစ်သို့ ရောက်ကုန်သည် ဖြစ်အံ့၊ ဆင်းရဲသော အမျိုး၌ ဖြစ်ရကုန်၏။

ယင်းအမျိုး၌ အဝတ်ကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ရွှင်မြူးခြင်းကိုလည်းကောင်း ငြိုငြင်သဖြင့် ရအပ်၏။ သူမိုက်တို့ သည် သူတစ်ပါးထံမှ (ဥစ္စာကို) တောင့်တကုန်၏၊ ထိုသူတို့အား ထိုဥစ္စာကိုလည်း မရအပ်၊ ထိုအကျိုးသည် မျက်မှောက်ဘဝအကျိုးတည်း၊ တမလွန်ဘဝ၌ကား မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ဤသို့ ထိုအနက်သဘောကို အကျွန်ုပ်တို့သည် သိပါကုန်၏၊ အသျှင်ဂေါတမ (အသျှင့်အား) တစ်ပါးသော ပြဿနာကို မေးပါကုန်၏၊ အကြင်သူတို့သည်လည်း လူ၏အဖြစ်ကို ရကုန်၍ (အလှူခံပုဂ္ဂိုလ်ကို) သိတတ်ကုန်၏၊ ဝန်တိုခြင်း ကင်းကုန်၏။

ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ကြည်ညို ကုန်၏၊ အလွန်အကဲ ရိုသေခြင်း ရှိကုန်၏။ ထိုသူတို့၏ အကျိုးသည် အဘယ်သို့ သဘောရှိပါသနည်း၊ တမလွန်ဘဝသည်လည်း အဘယ်သို့ သဘောရှိပါသနည်း၊ အသျှင်ဘုရားကို မေးခြင်းငှါ ရောက်လာပါကုန်၏၊ အကျွန်ုပ်တို့သည် ထိုအကြောင်း ကို အဘယ်သို့ သိရအံ့နည်းဟု (မေးလျှောက်၏)။

အကြင်သူတို့သည်လည်း လူ၏အဖြစ်ကို ရကုန်သည်ဖြစ်၍ (အလှူခံပုဂ္ဂိုလ်ကို) သိတတ်ကုန်၏၊ ဝန်တိုခြင်း ကင်းကုန်၏။ ဘုရား၌လည်းကောင်း၊ တရား၌လည်းကောင်း၊ သံဃာ၌လည်းကောင်း ကြည်ညိုကုန်၏၊ အလွန်အကဲ ရိုသေခြင်း ရှိကုန်၏။ ထိုသူတို့သည် နတ်ပြည်၌ ဖြစ်ကုန်သော် ဗိမာန်ရောင်ဖြင့် ထွန်းတောက်ပကုန်၏။

လူ၏အဖြစ်သို့ အကယ်၍ ရောက်ကုန်သော် ကြွယ်ဝသော အမျိုး၌ ဖြစ်ရကုန်၏။ ယင်းအမျိုးတို့၌ အဝတ်ကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ရွှင်မြူးခြင်းကိုလည်းကောင်း မပင်ပန်းဘဲ ရကုန်၏။

သူတစ်ပါးတို့သည် စုဆောင်းအပ်ကုန်သော ဥစ္စာတို့၌ မိမိအလိုသို့ ပါသည်ဖြစ်၍ သာလျှင် ဝမ်းမြောက်ရကုန်၏၊ ထိုအကျိုးသည် မျက်မှောက်ဘဝ အကျိုးတည်း၊ တမလွန်ဘဝ၌လည်း နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

------

၁၀-ဃဋိကာရသုတ်

၅၀။ အဝိဟာဘုံသို့ ရောက်ကုန်သော (ကိလေသာတို့မှ) လွတ်ကုန်သော စွဲမက်ခြင်း 'ရာဂ'၊ အမျက်ထွက်ခြင်း 'ဒေါသ' ကုန်ပြီးကုန်သော လောက၌ ကပ်ငြိမှု 'တဏှာ'ကို ကူးမြောက်ကုန်ပြီးသော ရဟန်းခုနစ်ယောက်တို့သည် အဘယ်သူတို့ နည်း။

အဘယ်ရဟန်းတို့သည် သေမင်း၏ တည်ရာဖြစ်သော ကူးမြောက်နိုင်ခဲသော (ကိလေသာ) ညွန်ပျောင်းကို့ကူးမြောက်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန် မြောက်ကုန်သနည်းဟု (လျှောက်၏)။

ဥပက, ပလဂဏ္ဍ, ပုက္ကုသာတိဟူသော ထိုသုံးယောက်တို့သည်လည်းကောင်း၊ ဘဒ္ဒိယ, ခဏ္ဍဒေဝ, ဗာဟုရဂ္ဂိ, သိင်္ဂိယတို့လည်းကောင်း ထိုခုနစ်ယောက်တို့သည် လူ့ခန္ဓာကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန်မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။

မာရ်မင်း၏ ကျော့ကွင်းကို ပယ်တတ်ကုန်သော ထိုရဟန်းတို့၏ အပြစ်မရှိခြင်းကို ပြောဆို၏၊ ထိုသူတို့သည် အဘယ်သူ၏ တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သနည်း။

ထိုသူတို့သည် အကြင်မြတ်စွာဘုရား၏ တရားကို သိ၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်ပြီ၊ ထိုမြတ်စွာဘုရားကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်၊ အသျှင်ဘုရား၏ အဆုံးအမတော်ကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်။

အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤသာသနာတော်၌ ထိုသူတို့သည် ထို (နိဗ္ဗာန်) တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်၏ဟု (လျှောက်၏)။

နက်နဲသော သိနိုင်ခဲသော လွန်စွာ သိနိုင်ခဲသော စကားကို ဆိုဘိ၏၊ သင်သည် အဘယ်သူ၏ တရားကို သိ၍ ဤသို့ သဘောရှိသော စကားကို ဆိုဘိသနည်းဟု (မေးတော်မူ၏)။

အကျွန်ုပ်သည် ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရ အိုးထိန်းသည် ဖြစ်ခဲ့ဖူးပါ၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိခဲ့ပါ၏၊ အသျှင်ဘုရားနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ရှေးအခါက အသျှင်ဘုရားနှင့် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးပါ၏။

ထိုအကျွန်ုပ်သည် (ကိလေသာတို့မှ) လွတ်ကုန်ပြီးသော , တပ်မက်မှု 'ရာဂ'၊ အမျက်ထွက်မှု 'ဒေါသ' ကုန်ပြီးသော , လောက၌ ကပ်ငြိမှုတဏှာကို ကူးမြောက်ကုန် ပြီးသော ထိုခုနစ်ယောက်သော ရဟန်းတို့ကို သိပါ၏ဟု (လျှောက်၏)။

ဘဂ္ဂဝ အကြင်သို့သော အခြင်းအရာဖြင့် ထိုအကြောင်းကို ဆို၏၊ ထိုအခါက ဤအတိုင်း ဖြစ်ခဲ့ဖူးပြီ၊ ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအမည်ရှိသော အိုးထိန်း သည် ဖြစ်ခဲ့ဖူး၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့၏၊ အာမိသ ကင်းသည်ဖြစ်၍ အကျင့်မြတ်ကို ကျင့် လေ့ရှိခဲ့၏၊ တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူး၏။ ရှေးအခါက ငါ၏အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။

ရှေး၌ ဖြစ်ကုန်သော , အပေါင်းအဖော် ဖြစ်ခဲ့ဖူးကုန်သော , ပွားများအပ်သော စိတ်ရှိကုန်သော , အဆုံးစွန်သော ကိုယ်ကို ဆောင်ကုန်သော နှစ်ယောက်ကုန်သော သူတို့၏ ဤသို့သော ပေါင်းဆုံမိခြင်းသည် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။

ငါးခုမြောက် အာဒိတ္တဝဂ် ပြီး၏။

------

၆-ဇရာဝဂ် ၁-ဇရာသုတ်

၅၁။ အဘယ်တရားသည် အိုသည်တိုင်အောင် ကောင်းပါသနည်း၊ အဘယ်တရား သည် တည်ရှိသော် ကောင်းပါသနည်း၊ အဘယ်တရားသည် လူတို့၏ ရတနာမည် ပါသနည်း၊ အဘယ်တရားကို ခိုးသူတို့သည် ခိုးယူနိုင်ခဲပါသနည်းဟု (လျှောက်၏)။

အကျင့်သီလသည် အိုသည်တိုင်အောင် ကောင်း၏၊ ယုံကြည်မှု 'သဒ္ဓါ'တရား တည် သည်ရှိသော့်ကောင်း၏၊ ပညာသည် လူတို့၏ ရတနာမည်၏၊ ကောင်းမှုကို ခိုးသူတို့သည် ခိုးယူနိုင်ခဲ၏ဟု (မိန့်တော်မူ၏)။

------

၂-အဇရသာသုတ်

၅၂။ အဘယ်တရားသည် မအိုမဆွေးမြေ့သဖြင့် ကောင်းပါသနည်း၊ အဘယ် တရား စွဲမြဲစွာ တည်သည်ရှိသော် ကောင်းပါသနည်း၊ အဘယ်တရားသည် လူတို့၏ ရတနာမည်ပါသနည်း၊ အဘယ်တရားကို ခိုးသူတို့သည် မယူဆောင်နိုင်ပါသနည်းဟု (လျှောက်၏)။

အကျင့်သီလသည် မဆွေးမြေ့သဖြင့် ကောင်း၏၊ ယုံကြည်မှု 'သဒ္ဓါ'တရား စွဲမြဲစွာ တည်သည်ရှိသော် ကောင်း၏၊ ပညာသည် လူတို့၏ ရတနာမည်၏၊ ကောင်းမှုကို ခိုးသူတို့သည် မယူဆောင်ကုန်ဟု (မိန့်တော်မူ၏)။

------

၃-မိတ္တသုတ်

၅၃။ ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အဘယ်နည်း၊ မိမိအိမ်၌ အဆွေ ခင်ပွန်းသည် အဘယ်နည်း၊ ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် အဘယ် နည်း၊ တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းသည် အဘယ်နည်းဟု (လျှောက်၏)။

ခရီးသွားသော သူ၏ အဆွေခင်ပွန်းသည် အတူသွားဖော်တည်း၊ မိမိ၏ အိမ်၌ အဆွေခင်ပွန်းသည် အမိတည်း၊ ပြုဖွယ်ကိစ္စရှိသော သူ၏ အဆွေခင်ပွန်းသည် သူငယ်ချင်းတည်း၊ အဖန်ဖန် ကိုယ်တိုင် ပြုအပ်သော ကောင်းမှုတို့သည် တမလွန်၌ ဖြစ်သော အဆွေခင်ပွန်းမည်၏ဟု (မိန့်တော်မူ၏)။

------

၄-ဝတ္ထုသုတ်

၅၄။ လူတို့၏ မှီရာတည်ရာသည် အဘယ်မှာနည်း၊ ဤလောက၌ လွန်မြောက် သော အဆွေခင်ပွန်းသည် အဘယ်ပါနည်း၊ အကြင် သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊ ထိုသတ္တဝါတို့သည် အဘယ်ကို မှီ၍ အသက်မွေးပါကုန်သနည်းဟု (လျှောက်၏)။

လူတို့၏ မှီရာတည်ရာသည် သားသမီးတို့တည်း၊ ဤလောက၌ လွန်မြောက် သော အဆွေခင်ပွန်းသည် မယားတည်း၊ အကြင်သတ္တဝါတို့သည် မြေ၌ မှီကုန်၏၊ ထိုသတ္တဝါတို့သည် ရွာချသော မိုးကို မှီ၍ အသက်မွေးကုန်၏ဟု (မိန့်တော်မူ၏)။

------

၅-ပဌမ ဇနသုတ်

၅၅။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်ပါ သနည်း၊ အဘယ်အရာသည် ထိုပုဂ္ဂိုလ်သတ္တဝါ၏ ကြီးစွာသော ဘေးဖြစ်သနည်းဟု (လျှောက်၏)။

တပ်မက်မှု 'တဏှာ' သည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ် သည် ပြေးသွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ ဆင်းရဲသည် ထို ပုဂ္ဂိုလ်သတ္တဝါ၏ ကြီးစွာသော ဘေးတည်းဟု (မိန့်တော်မူ၏)။

------

၆-ဒုတိယ ဇနသုတ်

၅၆။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်သ နည်း၊ (ပုဂ္ဂိုလ်သတ္တဝါသည်) အဘယ်အရာမှ့မလွတ်ပါသနည်းဟု (လျှောက်၏)။

တဏှာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ်သည် ပြေး သွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ (ပုဂ္ဂိုလ်သတ္တဝါသည်) ဝဋ် ဆင်းရဲမှ မလွတ်ဟု (မိန့်တော်မူ၏)။

------

၇-တတိယ ဇနသုတ်

၅၇။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေပါသနည်း၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ အဘယ်အရာသည် ပြေးသွားသနည်း၊ အဘယ်အရာသည် သံသရာသို့ ရောက်ပါသ နည်း၊ အဘယ်အရာသည် ထိုပုဂ္ဂိုလ်သတ္တဝါ၏ မှီခိုရာဖြစ်ပါသနည်းဟု (လျှောက်၏)။

တဏှာသည် ပုဂ္ဂိုလ်သတ္တဝါကို ဖြစ်စေ၏၊ ထိုပုဂ္ဂိုလ်သတ္တဝါ၏ စိတ်သည် ပြေး သွား၏၊ ပုဂ္ဂိုလ်သတ္တဝါသည် သံသရာသို့ ရောက်၏၊ ကံတရားသည် ထိုပုဂ္ဂိုလ်၏ မှီခိုရာဖြစ်၏ဟု (မိန့်တော်မူ၏)။

------

၈-ဥပ္ပထသုတ်

၅၈။ အဘယ်အရာကို ခရီးမဟုတ်ဟု ဆိုအပ်သနည်း၊ အဘယ်အရာသည် ညဉ့် နေ့တို့၌ ကုန်သနည်း၊ အကျင့်မြတ်၏ အညစ်အကြေးသည် အဘယ်နည်း၊ ရေ မဟုတ်သော ဆေးကြောဖွယ်သည် အဘယ်နည်းဟု (လျှောက်၏)။

တပ်မက်မှု 'ရာဂ'ကို (နိဗ္ဗာန်သို့ သွားသော သူ၏) ခရီးမဟုတ်ဟု ဆိုအပ်၏၊ အရွယ်သည် ညဉ့်နေ့တို့၌ ကုန်၏၊ အကျင့်မြတ်၏ အညစ်အကြေးသည် မိန်းမ တည်း၊ ဤမိန်းမ၌ ဤသတ္တဝါအပေါင်းသည် ကပ်ငြိ၏၊ ကိလေသာကို ပူပန်စေတတ် သော အကျင့်နှင့် မေထုန်မှ ရှောင်ကြဉ်မှု အကျင့်မြတ်သည် ရေမဟုတ်သော ဆေး ကြောဖွယ် မည်၏ဟု (မိန့်တော်မူ၏)။

------

၉-ဒုတိယသုတ်

၅၉။ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါ၏ အဖော်ဖြစ်ပါသနည်း၊ အဘယ်အရာ သည် ထိုပုဂ္ဂိုလ်သတ္တဝါကို ဆုံးမပါသနည်း၊ ပုဂ္ဂိုလ်သတ္တဝါသည် အဘယ်အရာ၌ မွေ့လျော်သည် ဖြစ်၍ အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်ပါသနည်းဟု (လျှောက်၏)။

ယုံကြည်မှု 'သဒ္ဓါ'တရားသည် ပုဂ္ဂိုလ်သတ္တဝါ၏ အဖော်ဖြစ်၏၊ ပညာသည် ထို ပုဂ္ဂိုလ်သတ္တဝါကို ဆုံးမ၏၊ ပုဂ္ဂိုလ်သတ္တဝါသည် နိဗ္ဗာန်၌ မွေ့လျော်သည် ဖြစ်၍ အလုံးစုံသော ဆင်းရဲမှ လွတ်မြောက်၏ဟု (မိန့်တော်မူ၏)။

------

၁၀-ကဝိသုတ်

၆၀။ ဂါထာတို့၏ ဖြစ်ကြောင်းကား အဘယ်နည်း၊ ထိုဂါထာတို့ကို ထင်စွာ ပြ ကြောင်းကား အဘယ်နည်း၊ ဂါထာတို့သည် အဘယ်ကို မှီကုန်ပါသနည်း၊ ဂါထာတို့၏ တည်ရာသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ဂါထာတို့၏ ဖြစ်ကြောင်းကား (ဂါယတ္တိစသော) ဆန်းတည်း၊ ထိုဂါထာတို့ကို ထင်စွာ ပြကြောင်းကား အက္ခရာတည်း၊ ဂါထာတို့သည် အမည် (နာမပညတ်) ကို မှီကုန်၏၊ ဂါထာတို့၏ တည်ရာသည် ပညာရှိတည်းဟု (မိန့်တော်မူ၏)။

ခြောက်ခုမြောက် ဇရာဝဂ်ပြီး၏။

------

၇-အဒ္ဓဝဂ် ၁-နာမသုတ်

၆၁။ အဘယ်အရာသည် အလုံးစုံသော အရာသို့ လျော်စွာ ကျပါသနည်း၊ အဘယ်အရာထက် လွန်သော သဘောသည် မရှိပါသနည်း၊ အလုံးစုံသော တရားတို့သည်သာလျှင် အဘယ်မည်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက် ရပါကုန်သနည်းဟု (လျှောက်၏)။

အမည်ပညတ်သည် အလုံးစုံသော အရာဝတ္ထုသို့ လျော်စွာ ကျ၏၊ အမည် ပညတ်ထက် လွန်သော သဘောသည် မရှိ၊ အလုံးစုံသော တရားတို့သည်သာလျှင် အမည်ပညတ်ဟု ဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏ဟု (မိန့်တော်မူ၏)။

------

၂-စိတ္တသုတ်

၆၂။ အဘယ်အရာသည် လောကကို ဆောင်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို) ဆွဲငင်အပ်ပါသနည်း၊ အလုံးစုံသော တရားတို့သည်သာလျှင် အဘယ် မည်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရပါကုန်သနည်းဟု (လျှောက်၏)။

စိတ်သည် လောကကို ဆောင်အပ်၏၊ စိတ်သည် (လောကကို) ဆွဲငင်အပ်၏၊ အလုံးစုံသော တရားတို့သည်သာလျှင် စိတ်ဟု ဆိုအပ်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏ဟု (မိန့်တော်မူ၏)။

------

၃-တဏှာသုတ်

၆၃။ အဘယ်အရာသည် လောကကို ဆောင်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို) ဆွဲငင်အပ်ပါသနည်း၊ အလုံးစုံသော တရားတို့သည်သာလျှင် အဘယ် မည်သော တစ်ခုသော တရား၏ အလိုသို့ အစဉ်လိုက်ရပါကုန်သနည်းဟု (လျှောက်၏)။

တပ်မက်မှု 'တဏှာ'သည် လောကကို ဆောင်အပ်၏၊ တဏှာသည် (လောကကို) ဆွဲငင်အပ်၏၊ အလုံးစုံသော တရားတို့သည်သာလျှင် တဏှာဟု ဆိုအပ်သော တစ်ခု သော တရား၏ အလိုသို့ အစဉ်လိုက်ရကုန်၏ဟု (မိန့်တော်မူ၏)။

------

၄-သံယောဇနသုတ်

၆၄။ အဘယ်အရာသည် လောကကို နှောင်ဖွဲ့အပ်ပါသနည်း၊ ထိုလောက၏ ခြေတို့သည် အဘယ်သည်တို့ပါနည်း၊ အဘယ်တရားမှ ကင်းခြင်းကြောင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်ပါသနည်းဟု (လျှောက်၏)။

တပ်နှစ်သက်မှု 'နန္ဒီ'သည် လောကကို နှောင်ဖွဲ့အပ်၏၊ ထိုလောက၏ ခြေတို့သည် ကြံစည်မှု 'ဝိတက်'တည်း၊ တပ်မက်မှု 'တဏှာ'မှ ကင်းခြင်းကြောင့် နိဗ္ဗာန်ဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

------

၅-ဗန္ဓနသုတ်

၆၅။ အဘယ်အရာသည် လောကကို ဆက်စပ်အပ်ပါသနည်း၊ ထိုလောက၏ ခြေတို့သည် အဘယ်သည်တို့နည်း၊ အဘယ်အရာကို ပယ်ခြင်းကြောင့် အလုံးစုံသော အဆက်အစပ် ပြတ်ပါသနည်းဟု (လျှောက်၏)။

တပ်နှစ်သက်မှု 'နန္ဒီ'သည် လောကကို ဆက်စပ်အပ်၏၊ ထိုလောက၏ ခြေတို့ သည် ကြံစည်မှု 'ဝိတက်'တည်း၊ တပ်မက်မှု 'တဏှာ'ကို ပယ်ခြင်းကြောင့် အလုံးစုံ သော အဆက်အစပ် ပြတ်၏ဟု (မိန့်တော်မူ၏)။

------

၆-အတ္တဟတသုတ်

၆၆။ အဘယ်အရာသည် လောကကို လွှမ်းမိုးနှိပ်စက်အပ်ပါသနည်း၊ အဘယ် အရာသည် (လောကကို) ခြံရံအပ်ပါသနည်း၊ အဘယ်မည်သော မြားသည် စူးဝင်ပါသနည်း၊ အဘယ်အရာသည် အခါခပ်သိမ်း တောက်လောင်ပါသနည်းဟု (လျှောက်၏)။

သေခြင်းသည် လောကကို လွှမ်းမိုးနှိပ်စက်အပ်၏၊ အိုခြင်းတရားသည် (လောက ကို)။ခံရံအပ်၏၊ တပ်မက်မှု 'တဏှာ' မြားသည် စူးဝင်၏၊ အလိုရမ္မက်သည် အခါ ခပ်သိမ်း တောက်လောင်၏ဟု (မိန့်တော်မူ၏)။

------

၇-ဥဍ္ဍိတသုတ်

၆၇။ အဘယ်အရာသည် လောကကို ဆွဲချိတ်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို) ခြံရံအပ်ပါသနည်း၊ အဘယ်အရာသည် လောကကို ပိတ်ဆို့အပ်ပါသ နည်း၊ လောကသည် အဘယ်အရာ၌ တည်ပါသနည်းဟု (လျှောက်၏)။

တပ်မက်မှု 'တဏှာ'သည် လောကကို ဆွဲချိတ်အပ်၏၊ အိုခြင်းသည် (လောကကို)။ခံရံအပ်၏၊ သေမင်းသည် လောကကို ပိတ်ဆို့အပ်၏၊ လောကသည် ဆင်းရဲ၌ တည်၏ဟု (မိန့်တော်မူ၏)။

------

၈-ပိဟိတသုတ်

၆၈။ အဘယ်အရာသည် လောကကို ပိတ်ဆို့အပ်ပါသနည်း၊ လောကသည် အဘယ်အရာ၌် တည်ပါသနည်း၊ အဘယ်အရာသည် လောကကို ဆွဲချိတ်အပ်ပါသ နည်း၊ အဘယ်အရာသည် (လောကကို)။ခံရံအပ်ပါသနည်းဟု (လျှောက်၏)။

သေမင်းသည် လောကကို ပိတ်ဆို့အပ်၏၊ လောကသည် ဆင်းရဲ၌ တည်၏၊ တပ်မက်မှု 'တဏှာ'သည် လောကကို ဆွဲချိတ်အပ်၏၊ အိုခြင်းတရားသည် (လောက ကို)။ခံရံအပ်၏ဟု (မိန့်တော်မူ၏)။

------

၉-ဣစ္ဆာသုတ်

၆၉။ အဘယ်အရာသည် လောကကို ဖွဲ့စပ်အပ်ပါသနည်း၊ အဘယ်ကို ဆုံးမခြင်း ကြောင့် (လောကမှ) လွတ်မြောက်ပါသနည်း၊ အဘယ်ကို ပယ်ခြင်းကြောင့် အလုံးစုံ သော အဖွဲ့အစပ် ပြတ်ပါသနည်းဟု (လျှောက်၏)။

အလိုရမ္မက် 'ဣစ္ဆာ'သည် လောကကို ဖွဲ့စပ်အပ်၏၊ အလိုရမ္မက်ကို ဆုံးမခြင်း ကြောင့် (လောကမှ) လွတ်မြောက်၏၊ အလိုရမ္မက်ကို ပယ်ခြင်းကြောင့် အလုံးစုံသော အဖွဲ့အစပ် ပြတ်၏ဟု (မိန့်တော်မူ၏)။

------

၁၀-လောကသုတ်

၇၀။ အဘယ်အရာသည် ဖြစ်လတ်သော် လောကသည် ဖြစ်ပါသနည်း၊ လောက သည် အဘယ်အရာ၌ ပေါင်းဖော်ခြင်းကို ပြုပါသနည်း၊ လောကသည် အဘယ်အရာ ကို စွဲ၍ ဖြစ်ပါသနည်း၊ အဘယ်အရာသည် လောကကို နှိပ်စက်ပါသနည်းဟု (လျှောက်၏)။

အဇ္ဈတ္တိကာယတနခြောက်ပါးတို့ ဖြစ်လတ်သော် လောကသည် ဖြစ်၏၊ လောက သည် (အဇ္ဈတ္တိကာယတနခြောက်ပါး)တို့၌ ပေါင်းဖော်ခြင်းကို ပြု၏၊ လောကသည် (အဇ္ဈတ္တိကာယတနခြောက်ပါး)တို့ကိုသာလျှင် စွဲ၍ ဖြစ်၏၊ (အဇ္ဈတ္တိကာယတနခြောက် ပါး)တို့သည် လောကကို နှိပ်စက်အပ်၏ဟု (မိန့်တော်မူ၏)။

ခုနစ်ခုမြောက် အဒ္ဓဝဂ် ပြီး၏။

------

၈-ဆေတွာဝဂ် ၁-ဆေတွာသုတ်

၇၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် ထိုနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

ဂေါတမမြတ်စွာဘုရား အဘယ်အရာကို ဖြတ်တောက်သော် ချမ်းသာစွာ နေရပါ သနည်း၊ အဘယ်အရာကို ဖြတ်တောက်သော် မစိုးရိမ်ရပါသနည်း၊ အဘယ်မည် သော တစ်ခုသော တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်တော်မူပါသနည်းဟု (လျှောက်၏)။

နတ်သား အမျက်ဒေါသကို ဖြတ်တောက်သော် ချမ်းသာစွာ နေရ၏၊ အမျက် ဒေါသကို ဖြတ်တောက်သော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်းအမြစ်ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက်ဒေါသအား ဖြတ်တောက်ခြင်းကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက်ဒေါသကိုပင်လျှင် ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရဟု (မိန့်တော်မူ၏)။

------

၂-ရထသုတ်

၇၂။ ရထား၏ ထင်ရှားကြောင်းသည် အဘယ်ပါနည်း၊ မီး၏ ထင်ရှားကြောင်း သည် အဘယ်ပါနည်း၊ တိုင်းနိုင်ငံ၏ ထင်ရှားကြောင်းသည် အဘယ်ပါနည်း၊ မိန်းမ၏ ထင်ရှားကြောင်းသည် အဘယ်ပါနည်းဟု (လျှောက်၏)။

ရထား၏ ထင်ရှားကြောင်းသည် တံခွန်တည်း၊ မီး၏ ထင်ရှားကြောင်းသည် အခိုးတည်း၊ တိုင်းနိုင်ငံ၏ ထင်ရှားကြောင်းသည် မင်းတည်း၊ မိန်းမ၏ ထင်ရှား ကြောင်းသည် လင်ယောက်ျားတည်းဟု (မိန့်တော်မူ၏)။

------

၃-ဝိတ္တသုတ်

၇၃။ ဤလောက၌ ပုဂ္ဂိုလ်သတ္တဝါ၏ မြတ်သောဥစ္စာကား အဘယ်နည်း၊ အဘယ် အရာကို လေ့ကျက်အပ်သော် ချမ်းသာကို ရွက်ဆောင်တတ်ပါသနည်း၊ အရသာတို့တွင် စင်စစ် အကောင်းမြတ်ဆုံး အရသာသည် အဘယ်ပါနည်း၊ အဘယ်သို့ အသက်မွေးသော သူကို မြတ်သော အသက်မွေးခြင်းရှိသောသူဟူ၍ ဆိုပါကုန်သနည်းဟု (လျှောက်၏)။

ဤလောက၌ ပုဂ္ဂိုလ်သတ္တဝါ၏ မြတ်သော ဥစ္စာကား ယုံကြည်မှု ''သဒ္ဓါတရား'' တည်း၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရားကို ကောင်းစွာ လေ့ကျက်အပ်သော် ချမ်းသာကို ရွက်ဆောင်တတ်၏၊ အရသာတို့တွင် စင်စစ် အကောင်းမြတ်ဆုံးသော အရသာသည် သစ္စာတရားတည်း၊ ပညာဖြင့် အသက်မွေးသောသူကို မြတ်သော အသက်မွေးခြင်းရှိသော သူဟူ၍ ဆိုကုန်၏ဟု (မိန့်တော်မူ၏)။

------

၄-ဝုဋ္ဌိသုတ်

၇၄။ တက်ကုန်သော ဝတ္ထုတို့တွင် အဘယ်ဝတ္ထုသည် မြတ်ပါသနည်း၊ ကျကုန် သော ဝတ္ထုတို့တွင် အဘယ်ဝတ္ထုသည် မြတ်ပါသနည်း၊ ခြေဖြင့် သွားတတ်ကုန်သော သူတို့တွင် အဘယ်သူသည် မြတ်ပါသနည်း၊ ပြောကြားတတ်ကုန်သော သူတို့တွင် အဘယ်သူသည် မြတ်ပါသနည်းဟု (လျှောက်၏)။

တက်ကုန်သော ဝတ္ထုတို့တွင် မျိုးစေ့သည် မြတ်၏၊ ကျကုန်သော ဝတ္ထုတို့တွင် မိုးရေမိုးပေါက်သည် မြတ်၏၊ ခြေဖြင့် သွားတတ်ကုန်သော သူတို့တွင် နွားသည် မြတ်၏၊ ပြောကြားတတ်ကုန်သော သူတို့တွင် သားသည် မြတ်၏ဟု (နတ်သား တစ်ယောက်က ဖြေဆို၏)။

တက်ကုန်သော ဝတ္ထုတို့တွင် အသိဉာဏ်ဝိဇ္ဇာ (မဂ်ပညာ) သည် မြတ်၏၊ ကျကုန် သော ဝတ္ထုတို့တွင် မသိမှု 'အဝိဇ္ဇာ'သည် မြတ်၏၊ ခြေဖြင့် သွားတတ်ကုန်သော သူတို့တွင် သံဃာသည် မြတ်၏၊ ပြောကြားတတ်ကုန်သော သူတို့တွင် မြတ်စွာဘုရား သည် မြတ်၏ဟု (မိန့်တော်မူ၏)။

------

၅-ဘီတာသုတ်

၇၅။ နိဗ္ဗာန်လမ်းကို များစွာသော အကြောင်းတို့ဖြင့် ဆိုအပ်၏၊ (ထိုသို့ ဆိုအပ် လျက်) ဤလောက၌ များစွာသော လူအပေါင်းသည် အဘယ့်ကြောင့် ကြောက်ပါသ နည်း၊ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသျှင်ဘုရားကို မေးလျှောက်ပါ၏၊ အဘယ်အရာ၌ တည်သော သူသည် တမလွန်လောကကို မကြောက်သနည်းဟု (လျှောက်၏)။

နှုတ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ကောင်းစွာ ဆောက်တည်၍ ကိုယ်ဖြင့် မကောင်းမှုတို့ကို မပြုဘဲ များသော ထမင်းအဖျော်ရှိသော အိမ်၌ အုပ်စိုးလျက်နေသော သဒ္ဓါတရား၊ နူးညံ့ခြင်း၊ ခွဲခြမ်းဝေဖန်လေ့ရှိခြင်း၊ ပြောဆိုမှု၌ လိမ္မာခြင်းဟု ဆိုအပ်သော ထိုလေးပါးသော တရားတို့၌ တည်သော သူသည် တရား၌ တည်သည် ဖြစ်၍ တမလွန် လောကကို မကြောက်ဟု (မိန့်တော်မူ၏)။

------

၆-န ဇီရတိသုတ်

၇၆။ အဘယ်အရာသည် ဆွေးမြေ့ပါသနည်း၊ အဘယ်အရာသည် မဆွေးမြေ့ပါ သနည်း၊ အဘယ်အရာကို လမ်းမှားဟု ဆိုအပ်ပါသနည်း၊ အဘယ်အရာသည် တရားတို့၏ ဘေးရန် မည်ပါသနည်း၊ အဘယ်အရာသည် ညဉ့်နေ့တို့၌ ကုန်ပါသ နည်း၊ အဘယ်အရာသည် မြတ်သော အကျင့်၏ အညစ်အကြေးပါနည်း၊ ရေမဟုတ် သော ဆေးကြောဖွယ်သည် အဘယ်နည်း၊ အကြင်အပေါက်၌ စီးပွားဥစ္စာသည် မတည်၊ လောက၌ ထိုအပေါက်တို့သည် အဘယ်မျှတို့ပါနည်း၊ မြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာပါကုန်၏၊ ထိုအကြောင်းကို အဘယ်သို့လျှင် အကျွန်ုပ်တို့ သည် သိရပါကုန်အံ့နည်းဟု (လျှောက်၏)။

သတ္တဝါတို့၏ ရုပ်သည် ဆွေးမြေ့တတ်၏၊ အမည်အနွယ်သည် မဆွေးမြေ့တတ်၊ စွဲမက်မှု 'ရာဂ'ကို လမ်းမှားဟု ဆိုအပ်၏၊ လိုချင်မှု 'လောဘ'သည် တရားတို့၏ ဘေးရန် မည်၏၊ အရွယ်သည် ညဉ့်နေ့တို့၌ ကုန်၏၊ မိန်းမသည် မြတ်သော အကျင့်၏ အညစ်အကြေးတည်း၊ ဤမိန်းမ၌ သတ္တဝါအပေါင်းသည် ကပ်ငြိ၏၊ ကိလေသာကို ပူပန် (နှိပ်စက်) တတ်သော အကျင့်သည်လည်းကောင်း၊ မြတ်သော အကျင့် (မေထုန်မှ ရှောင်ကြဉ်ခြင်း) သည်လည်းကောင်း ရေမဟုတ်သော ဆေးကြော ဖွယ် ဝတ္ထုမည်၏။

လောက၌ စီးပွားဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါးတို့တည်း။ ပျင်းရိခြင်းလည်းကောင်း၊ မေ့လျော့ခြင်းလည်းကောင်း၊ ထကြွလုံ့လ မရှိခြင်းလည်းကောင်း၊ မစောင့်စည်းခြင်းလည်းကောင်း၊ အအိပ်ကြူးခြင်းလည်းကောင်း၊ (အလုပ်၌) မပျော်မွေ့ခြင်းလည်းကောင်း၊ ဤသို့ ထိုခြောက်ပါးသော အပေါက်တို့ကို အချင်း ခပ်သိမ်း ပိတ်ဆို့ရာ၏ဟု (မိန့်တော်မူ၏)။

------

၇-ဣဿရိယသုတ်

၇၇။ လောက၌ အစိုးရသည်၏ အဖြစ်သည် အဘယ်ပါနည်း၊ ဘဏ္ဍာတို့တွင် မြတ်သော ဘဏ္ဍာသည် အဘယ်ပါနည်း၊ လောက၌ ပညာလက်နက်၏ အညစ် အကြေးသည် အဘယ်ပါနည်း၊ လောက၌ ဘေးရန်သည် အဘယ်ပါနည်း။

အဘယ်ကို ယူဆောင်သော သူကို တားမြစ်ပါကုန်သနည်း၊ ယူဆောင်သော အဘယ်သူကို ချစ်အပ်ပါသနည်း၊ အဖန်တစ်လဲလဲ လာသော အဘယ်သူကို ပညာရှိတို့သည် နှစ်သက်ကုန်သနည်းဟု (လျှောက်၏)။

လောက၌ အစိုးရသည်၏ အဖြစ်သည် အာဏာတည်ခြင်းတည်း၊ ဘဏ္ဍာတို့တွင် မြတ်သော ဘဏ္ဍာသည် မိန်းမတည်း၊ လောက၌ ပညာလက်နက်၏ အညစ်အကြေး သည် အမျက် 'ဒေါသ'တည်း၊ လောက၌ ဘေးရန်တို့သည် ခိုးသူတို့တည်း။

ဥစ္စာကို ယူဆောင်သော ခိုးသူကို တားမြစ်ကုန်၏၊ (စာရေးတံဆွမ်းစသည်တို့ကို) ယူဆောင်သော ရဟန်းကို ချစ်အပ်၏၊ အဖန်တစ်လဲလဲ လာသော ရဟန်းကို ပညာရှိတို့သည် နှစ်သက်ကုန်၏ဟု (မိန့်တော်မူ၏)။

------

၈-ကာမသုတ်

၇၈။ အကျိုးစီးပွားကို အလိုရှိသော သူသည် အဘယ်ကို မပေးရာသနည်း၊ သတ္တဝါသည် အဘယ်ကို မစွန့်ရာသနည်း၊ ကောင်းသော အဘယ်အရာကို မြွက်ဆို ရာသနည်း၊ ကြမ်းကြုတ်ယုတ်မာသော အဘယ်အရာကို မမြွက်ဆိုရာသနည်းဟု (လျှောက်၏)။

ပုဂ္ဂိုလ်သတ္တဝါသည် မိမိကိုယ်ကို (ကျွန်အလို့ငှါ) မပေးရာ၊ ပုဂ္ဂိုလ်သတ္တဝါသည် မိမိကိုယ်ကို (ကျားစသည်တို့အား စားရန်အလို့ငှါ) မစွန့်ရာ၊ ကောင်းသော စကား ကို မြွက်ဆိုရာ၏၊ ကြမ်းကြုတ်ယုတ်မာသော စကားကို မမြွက်ဆိုရာဟု (မိန့်တော်မူ၏)။

------

၉-ပါထေယျသုတ်

၇၉။ အဘယ်အရာဖြင့် လမ်းရိက္ခာကို ထုပ်ဖွဲ့ပါသနည်း၊ စည်းစိမ်တို့၏ တည်ရာ သည် အဘယ်ပါနည်း၊ အဘယ်အရာသည် ပုဂ္ဂိုလ်သတ္တဝါကို ဆွဲငင်ပါသနည်း၊ လောက၌ အဘယ်အရာကို စွန့်နိုင်ခဲပါသနည်း၊ 'ကျော့ကွင်းဖြင့် ငှက်ကို ဖွဲ့သကဲ့သို့' အဘယ်အရာသည် များစွာသော သတ္တဝါတို့ကို ဖွဲ့ပါကုန်သနည်းဟု (လျှောက်၏)။

လမ်းရိက္ခာကို သဒ္ဓါတရားဖြင့် ထုပ်ဖွဲ့၏၊ စည်းစိမ်ဥစ္စာတို့၏ တည်ရာသည် အစိုးရခြင်းတည်း၊ အလိုရမ္မက်သည် ပုဂ္ဂိုလ်သတ္တဝါကို ဆွဲငင်၏၊ လောက၌ အလို ရမ္မက်ကို စွန့်နိုင်ခဲ၏၊ 'ကျော့ကွင်းဖြင့် ငှက်ကို ဖွဲ့သကဲ့သို့' အလိုရမ္မက်သည် များစွာသော သတ္တဝါတို့ကို ဖွဲ့၏ဟု (မိန့်တော်မူ၏)။

------

၁၀-ပဇ္ဇောတသုတ်

၈၀။ လောက၌ အရောင်အလင်းသည် အဘယ်ပါနည်း၊ လောက၌ အဘယ်အရာ သည် နိုးကြားခြင်း မည်သနည်း၊ အသက်မွေးကုန်သော သူတို့တွင် အလုပ်ကိစ္စ၌ (အဖော်သည်) အဘယ်ပါနည်း၊ ထိုသတ္တဝါအပေါင်း၏ အသက်မွေးကြောင်းသည် အဘယ်ပါနည်း။

ပျင်းသော သူကိုလည်းကောင်း၊ မပျင်းသော သူကိုလည်းကောင်း ''အမိသည် သားကို မွေးသကဲ့သို့'' အဘယ်အရာသည် မွေးမြူပါသနည်း၊ မြေ၌ မှီကုန်သော သတ္တဝါတို့သည် အဘယ်ကို မှီ၍ အသက်မွေးကုန်သနည်းဟု (လျှောက်၏)။

လောက၌ ပညာသည် အရောင်အလင်း မည်၏၊ လောက၌ သတိသည် နိုးကြားခြင်း မည်၏၊ အသက်မွေးကုန်သော သူတို့တွင် နွားတို့သည် အလုပ်ကိစ္စ၌ အဖော် မည်၏၊ ထိုသတ္တဝါအပေါင်း၏ အသက်မွေးကြောင်းသည် ထွန်တုံးတည်း။

ပျင်းသော သူကိုလည်းကောင်း၊ မပျင်းသော သူကိုလည်းကောင်း ''အမိသည် သားကို မွေးမြူသကဲ့သို့''့မိုးသည် မွေးမြူ၏၊ မြေ၌ မှီကုန်သော သတ္တဝါတို့သည် မိုးရွာခြင်းကို မှီ၍ အသက်မွေးကုန်၏ဟု (မိန့်တော်မူ၏)။

------

၁၁-အရဏသုတ်

၈၁။ ဤလောက၌ ကိလေသာကင်းသော သူတို့သည် အဘယ်သူတို့ပါနည်း၊ အဘယ်သူတို့၏ ကျင့်သုံးသော သီတင်းသီလသည် မပျက်စီးပါသနည်း၊ အဘယ်သူတို့သည် အလိုရမ္မက်ကို ပိုင်းခြား၍ သိကုန်သနည်း၊ အဘယ်သူတို့အား အခါ ခပ်သိမ်း တဏှာကျွန်အဖြစ်မှ လွတ်မြောက်ကုန်သနည်း။

သီလ၌ တည်သော အဘယ်သူကို အမိ , အဖ , အစ်ကိုတို့သည် ရှိခိုးကြကုန် သနည်း၊ ဤလောက၌ ဇာတ်အားဖြင့် ယုတ်သော အဘယ်သူကို မင်းမျိုးတို့သည် ရှိခိုးကုန်သနည်းဟု (လျှောက်၏)။

ဤလောက၌ ကိလေသာကင်းသော သူတို့သည် (ကိလေသာငြိမ်းပြီး) ရဟန်းတို့ တည်း၊ ကိလေသာငြိမ်းပြီး ရဟန်းတို့၏ ကျင့်သုံးသော သီတင်းသီလ (မဂ်) သည် မပျက်စီးနိုင်၊ ကိလေသာငြိမ်းပြီး ရဟန်းတို့သည် အလိုရမ္မက်ကို ပိုင်းခြား၍ သိကုန်၏၊ ကိလေသာငြိမ်းပြီး ရဟန်းတို့သည် အခါခပ်သိမ်း တဏှာကျွန်အဖြစ်မှ လွတ် မြောက်ကုန်၏။

သီလ၌ တည်သော ရဟန်းကို အမိ , အဖ , အစ်ကိုတို့သည် ရှိခိုးကုန်၏၊ ဤ လောက၌ ဇာတ်အားဖြင့် ယုတ်သော ရဟန်းကို မင်းမျိုးတို့သည် ရှိခိုးကုန်၏ဟု (မိန့်တော်မူ၏)။

ရှစ်ခုမြောက် ဆေတွာဝဂ် ပြီး၏။

ဒေဝတာသံယုတ်ပြီး၏။

------

၂-ဒေဝပုတ္တသံယုတ်

၁-ပဌမဝဂ် ၁-ပဌမ ကဿပသုတ်

၈၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကဿပ နတ်သားသည် ညဉ့်ဦးယံကုန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ''မြတ်စွာဘုရားသည် ရဟန်း အမျိုးအစားကိုသာ ဟောပြတော်မူ၏၊ ရဟန်းအား ဆုံးမသော စကားကိုကား ဟောပြတော်မမူ''ဟု ဤ စကားကို လျှောက်၏၊ ကဿပ သို့ဖြစ်လျှင် ဤအဆုံးအမ ဟောပြရာ၌ သင်သည်ပင် ထင်စွာ ပြလော့ဟု (မိန့်တော်မူ၏)။

ကောင်းစွာ ဆိုအပ်သော ဝစီသုစရိုက်ကိုလည်း ကျင့်ရာ၏၊ ရဟန်းတို့ မှီဝဲအပ် သော ကမ္မဋ္ဌာန်းတရားကိုလည်း ကျင့်ရာ၏၊ ဆိတ်ငြိမ်ရာ၌ တစ်ယောက်တည်း နေခြင်းကိုလည်း ကျင့်ရာ၏၊ (သမာပတ်ရှစ်ပါး၏ အစွမ်းဖြင့်) စိတ်၏ ငြိမ်သက်ခြင်းကိုလည်း ကျင့်ရာ၏။

ဤစကားကို ကဿပနတ်သားသည် လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်သဘောတူတော်မူ၏၊ ထိုအခါ ကဿပနတ်သားသည် ''ငါ့စကားကို မြတ်စွာဘုရားသည် နှစ်သက်သဘောတူတော်မူ၏''ဟု သိ၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးလျှင် အရိုအသေ ပြုလျက် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

------

၂-ဒုတိယ ကဿပသုတ်

၈၃။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ကဿပနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

ရဟန်းသည် အရဟတ္တဖိုလ်ကို အကယ်၍ အလိုရှိသည် ဖြစ်အံ့၊ ဈာန်ဖြင့် ရှုလေ့ ရှိသည် ဖြစ်၍ (ကိလေသာမှ) လွတ်မြောက်သော စိတ်ရှိသူ ဖြစ်ရာ၏၊ လောက၏ ဖြစ်ခြင်းပျက်ခြင်းကိုလည်း သိ၍ ကောင်းသော စိတ်ရှိလျက် (တဏှာဒိဋ္ဌိတို့ကို) မမှီ သည်ရှိသော် ထို (အရဟတ္တဖိုလ်ဟူသော) အကျိုးအာနိသင်ရှိသည် ဖြစ်ရာ၏။

------

၃-မာဃသုတ်

၈၄။ သာဝတ္ထိနိဒါန်း။ ထိုအခါ မာဃနတ်သားသည် ညဉ့်ဦးယံကုန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာတို့ဖြင့် လျှောက်၏-

အသျှင်ဂေါတမ အဘယ်အရာကို ဖြတ်တောက်သည် ရှိသော် ချမ်းသာစွာ နေရပါ သနည်း၊ အဘယ်အရာကို ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရပါသနည်း၊ အဘယ် မည်သော တစ်ခုသော တရားအား ဖြတ်တောက်ခြင်းကို နှစ်သက်ပါသနည်း။

သိကြားမင်း အမျက်ဒေါသကို ဖြတ်တောက်သည် ရှိသော် ချမ်းသာစွာ နေရ၏၊ အမျက်ဒေါသကို ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရ၊ အဆိပ်လျှင် အရင်းအမြစ် ရှိသော ချိုမြိန်ခြင်းလျှင် အဖျားရှိသော အမျက်ဒေါသအား ဖြတ်တောက်ခြင်းကို အရိယာတို့သည် ချီးမွမ်းကုန်၏၊ ထိုအမျက်ဒေါသကိုပင်လျှင် ဖြတ်တောက်သည် ရှိသော် မစိုးရိမ်ရဟု (မိန့်တော်မူ၏)။

------

၄-မာဂဓသုတ်

၈၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မာဂဓနတ်သားသည် မြတ်စွာဘုရား အား ဂါထာဖြင့် လျှောက်၏-

အကြင် အရောင်တို့ဖြင့် လောကသည် ထွန်းလင်းတောက်ပ၏၊ လောက၌ ထွန်းလင်းတောက်ပကုန်သော ထိုအရောင်တို့သည် အဘယ်မျှရှိကုန်သနည်း၊ အသျှင် ဘုရားကို မေးမြန်းခြင်းငှါ ရောက်လာပါကုန်၏၊ ထိုအကြောင်းကို အကျွန်ုပ်တို့သည် အဘယ်သို့ သိရပါကုန်အံ့နည်း။

လောက၌ ထွန်းလင်းတောက်ပသော အရောင်တို့သည် လေးမျိုးရှိကုန်၏၊ ဤ လောက၌ ငါးခုမြောက်သောအရောင်သည် မရှိ။ နေမင်းသည် နေ့အခါ၌ ထွန်းလင်း တောက်ပ၏၊ လသည် ညဉ့်အခါ၌ ထွန်းလင်းတောက်ပ၏၊ ထိုမှတစ်ပါး မီးသည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း ထိုထိုအရပ်၌ ထွန်းလင်းတောက်ပ၏။ ထို ထွန်းလင်းတောက်ပသော နေ , လ , မီးတို့ထက် မြတ်စွာဘုရားသည် မြတ်၏၊ ထို မြတ်စွာဘုရားတည်းဟူသော အရောင်သည် အတုမရှိ မြတ်၏ဟု (မိန့်တော်မူ၏)။

------

၅-ဒါမလိသုတ်

၈၆။ သာဝတ္ထိနိဒါန်း။ ထိုအခါ ဒါမလိနတ်သားသည် ညဉ့်ဦးယံ လွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး ၌ ဤဂါထာကို လျှောက်၏-

(ဤသာသနာတော်၌) ကာမဂုဏ်တို့ကို ပယ်ပြီးသော ရဟန္တာသည် ပင်ပန်းခြင်း မရှိသည်ဖြစ်၍ လုံ့လဝီရိယကို ပြုအပ်၏၊ ထိုအကြောင်းကြောင့် ဘဝကို မတောင့်တဟု (လျှောက်၏)။

ဒါမလိ ရဟန္တာပုဂ္ဂိုလ်အား ပြုဖွယ်ကိစ္စ မရှိ။ မှန်၏၊ ရဟန္တာသည် ပြုဖွယ်ကိစ္စ ဟူသမျှကို ပြုအပ်ပြီးသည်သာတည်း။ အကြင်သတ္တဝါသည် အလုံးစုံသော ကိုယ်တို့ဖြင့် မြစ်တို့၌ ထောက်တည်ရာ မရသမျှ အားထုတ် (ကူး)၏၊ ထိုသတ္တဝါသည် ထောက်တည်ရာ ရ၍ ကြည်းကုန်းထက်၌ တည်သော်ကား အားမထုတ်ရဘဲ တစ် ဖက်ကမ်းသို့ ရောက်သူ မည်သကဲ့သို့

ဒါမလိ ဤဥပမာအတူ မကောင်းမှုကို လောင်ကျွမ်းစေသော ရင့်ပြီးသော ပညာရှိ သော အာသဝကုန်ပြီးသော ရဟန္တာအား (ပြုဖွယ်ကိစ္စ) မရှိ၊ ထိုရဟန္တာသည် ပဋိ သန္ဓေနေခြင်း သေခြင်း၏ အဆုံးသို့ ရောက်၍ အားမထုတ်ရဘဲ ကမ်းတစ်ဖက်သို့ ရောက်သူ မည်သည်သာတည်းဟု (မိန့်တော်မူ၏)။

------

၆-ကာမဒသုတ်

၈၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ကာမဒနတ်သားသည် မြတ်စွာဘုရား အား ''မြတ်စွာဘုရား (ရဟန်းတရားကို) ပြုနိုင်ခဲ၏၊ မြတ်စွာဘုရား (ရဟန်းတရားကို) အလွန်ပြုနိုင်ခဲ၏''ဟု ဤစကားကို လျှောက်၏။

ကာမဒနတ်သား ကျင့်ဆဲပုဂ္ဂိုလ် (သေက္ခခုနစ်ယောက်)တို့သည် သီလနှင့် ပြည့်စုံ ကုန်သည် တည်တံ့သော သဘောရှိကုန်သည် ဖြစ်၍ ပြုနိုင်ခဲသော ရဟန်းတရားကိုလည်း ပြုကုန်၏၊ ရဟန်းအဖြစ်သို့ ရောက်သောသူ၏ ရောင့်ရဲခြင်းသည် ချမ်းသာကို ဆောင်တတ်၏ဟု (မိန့်တော်မူ၏)။

''မြတ်စွာဘုရား အကြင်ရောင့်ရဲခြင်းသည် ရှိ၏၊ ထိုရောင့်ရဲခြင်းကို ရခဲပါ၏''ဟု (လျှောက်၏)။

ကာမဒနတ်သား အကြင်သူတို့အား နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း ပွားများမှု 'ဘာဝနာ'၌ စိတ်သည် မွေ့လျော်၏၊ စိတ်၏ ငြိမ်းကြောင်း 'ဘာဝနာ'၌ မွေ့လျော်ကုန်၏၊ ထိုသူတို့သည် ရခဲသော ရောင့်ရဲခြင်းကိုသော်လည်း ရကုန်၏ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။

''မြတ်စွာဘုရား အကြင်စိတ်သည် ရှိ၏၊ ထိုစိတ်ကို ဆောက်တည်နိုင်ခဲပါ၏''ဟု လျှောက်၏။

ကာမဒနတ်သား အကြင်အရိယာတို့သည် ဣန္ဒြေတို့ ငြိမ်သက်ခြင်း၌ မွေ့လျော် ကုန်၏၊ ကာမဒနတ်သား အကြင်အရိယာတို့သည် သေမင်း၏ ကွန်ရက်ကို ဖြတ် တောက်၍ သွားကုန်၏၊ ကာမဒနတ်သား ထိုအရိယာတို့သည် ဆောက်တည်နိုင်ခဲ သော စိတ်ကိုသော်လည်းကောင်းစွာ ဆောက်တည်နိုင်ကုန်၏ဟု မြတ်စွာဘုရား သည် မိန့်တော်မူ၏။

''မြတ်စွာဘုရား သွားနိုင်ခဲပါ၏၊ ခရီးလမ်းသည် မညီညွတ်ပါ''ဟု (လျှောက်၏)။

ကာမဒနတ်သား အရိယာတို့သည် သွားနိုင်ခဲသော လမ်း၌လည်းကောင်း၊ မညီ မညွတ်သော လမ်း၌လည်းကောင်း သွားနိုင်ကုန်၏။ ပုထုဇဉ်တို့သည် မညီမညွတ် သော လမ်း၌ ဦးခေါင်းစောက်ထိုး ကျကုန်၏၊ အရိယာတို့၏ ခရီးသည် ညီညွတ်၏၊ အရိယာတို့သည်သာလျှင် မညီမညွတ်သော သတ္တဝါအပေါင်းတွင် ညီညွတ်ကုန်၏ဟု (မိန့်တော်မူ၏)။

------

၇-ပဉ္စာလစဏ္ဍသုတ်

၈၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ပဉ္စာလစဏ္ဍနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော မြတ်စွာဘုရားသည် (နီဝရဏတို့ဖြင့်) ကျဉ်းမြောင်းရာ၌ (ဈာန်တည်းဟူသော) ရပ်တည်ရာကို ရတော်မူပြီ၊ အကြင် မြတ်စွာဘုရားသည် ဈာန်ကို သိတော်မူ၏၊ ထိုမြတ်စွာဘုရားသည် မာနကို ပယ်သောသူတို့ထက် မြတ်တော်မူ၏ဟု (လျှောက်၏)။

ပဉ္စာလစဏ္ဍနတ်သား အကြင်သူတို့သည် ကျဉ်းမြောင်းသောဈာန်ကိုလည်း ရကုန်၏၊ နိဗ္ဗာန်သို့ ရောက်ခြင်းငှါ အောက်မေ့မှု သတိကို ရကုန်၏၊ ထိုသူတို့သည် လောကုတ္တရာ သမာဓိဖြင့် ကောင်းစွာ့တည်ကြကုန်၏ဟု (မိန့်တော်မူ၏)။

------

၈-တာယနသုတ်

၈၉။ သာဝတ္ထိနိဒါန်း။ ထိုအခါ ရှေးဟောင်းအယူဝါဒကို တီထွင်သူဖြစ်သော တာယနနတ်သားသည် ညဉ့်ဦးယံ ကုန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန် တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏-

မကောင်းမှုကို အပပြုပြီးသော မြတ်စွာဘုရား လုံ့လပြု၍ တဏှာအယဉ်ကို ဖြတ်ပါလော့၊ ကိလေသာကာမ ဝတ္ထုကာမတို့ကို ပယ်နုတ်ပါလော့၊ ရဟန်းသည် ကာမတို့ကို မပယ်မူ၍ တည်ကြည်မှု (ဈာန်) သို့ မရောက်နိုင်။

ထိုလုံ့လဝီရိယကို အကယ်၍ ပြုသည် ဖြစ်အံ့၊ မဆုတ်မနစ် ပြုကုန်ရာ၏၊ ထို လုံ့လဝီရိယကို မြဲစွာ အားထုတ်ရာ၏။ ထိုစကား မှန်၏၊ လုံ့လလျော့သော ရဟန်း သည် ကိလေသာမြူကို လွန်စွာ ဖြန့်ကြဲသည် မည်၏။ မကောင်းသော အမှုကို မပြုခြင်းသည် မြတ်၏၊ မကောင်းသော အမှုကို ပြုခြင်းသည် နောက်အခါ၌ ပူပန် ရတတ်၏။ အကြင်ကောင်းသော အမှုကို ပြုရသောကြောင့် နောင်တတစ်ဖန် ပူပန် ရခြင်း မရှိ၊ ထိုကောင်းသော အမှုကို ပြုခြင်းသည် မြတ်၏။

မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် လက်ကိုသာလျှင် ရှဘိသကဲ့သို့ ထို့အတူ မကောင်းသဖြင့် သုံးသပ်သော ရဟန်းအဖြစ်သည် ငရဲသို့ ဆွဲငင်တတ်၏။

လျော့လျော့ ပြုအပ်သော အလုံးစုံသော ကံသည်လည်းကောင်း၊ ညစ်နွမ်းသော အကြင်အကျင့်သည်လည်းကောင်း၊ ယုံမှားဖွယ်ရှိသော အကြင်အကျင့်မြတ်သည်လည်းကောင်း ရှိ၏၊ ထိုအလုံးစုံသည် အကျိုး မများနိုင်ဟု (လျှောက်၏)။

တာယနနတ်သားသည် ဤစကားကို လျှောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုလျက် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့် လွန်လတ်သော် ရဟန်းတို့ကို မိန့်တော်မူ၏- ''ရဟန်းတို့ ဤညဉ့်၌ ရှေးဟောင်းအယူဝါဒကို တီထွင်သူဖြစ်သော တာယနမည်သော နတ်သားသည် ညဉ့်ဦးယံကုန်ပြီး သော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ငါ့ကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် ငါဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ -

မကောင်း မှုကို အပပြုပြီးသော မြတ်စွာဘုရား လုံ့လပြု၍ တဏှာအယဉ်ကို ဖြတ်ပါလော့၊ ကိလေသာကာမ ဝတ္ထုကာမတို့ကို ပယ်နုတ်ပါလော့၊ ရဟန်းသည် ကာမတို့ကို မပယ်မူ၍ တည်ကြည်မှု (ဈာန်) သို့ မရောက်နိုင်။

ထိုလုံ့လဝီရိယကို အကယ်၍ ပြုသည် ဖြစ်အံ့၊ အဆုတ်မနစ် ပြုကုန်ရာ၏၊ ထို လုံ့လဝီရိယကို မြဲမြံစွာ အားထုတ်ရာ၏။ ထိုစကား မှန်၏၊ လုံ့လလျော့သော ရဟန်းသည် ကိလေသာမြူကို လွန်စွာ ဖြန့်ကြဲသည် မည်၏။

မကောင်းသော အမှုကို မပြုခြင်းသည် မြတ်၏၊ မကောင်းသော အမှုကို ပြုခြင်း သည် နောက်အခါ၌ ပူပန်ရတတ်၏။ အကြင်ကောင်းသော အမှုကို ပြုရသောကြောင့် နောင်တတစ်ဖန် ပူပန်ရခြင်း မရှိ၊ ထိုကောင်းသော အမှုကို ပြုခြင်းသည် မြတ်၏။

မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် လက်ကိုသာလျှင် ရှဘိသကဲ့သို့ ထို့အတူ မကောင်းသဖြင့် သုံးသပ်အပ်သော ရဟန်း၏ အဖြစ်သည် ငရဲသို့ ဆွဲငင် တတ်၏။

လျော့လျော့ ပြုအပ်သော အလုံးစုံသော ကံသည်လည်းကောင်း၊ ညစ်နွမ်းသော အကြင်အကျင့်သည်လည်းကောင်း၊ ယုံမှားဖွယ်သော အကြင်အကျင့်မြတ်သည်လည်းကောင်း ရှိ၏။ ထိုအလုံးစုံသည် အကျိုး မများနိုင်ဟု လျှောက်၏။

ရဟန်းတို့ တာယနနတ်သားသည် ဤစကားကို လျှောက်ပြီးလျှင် ငါဘုရားကို ရှိခိုးပြီး၍ အရိုအသေ ပြုလျက် ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့ကို သင်ယူကြကုန် လော့၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့ကို ပို့ချကြကုန်လော့၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့ကို ဆောင်ကြကုန်လော့၊ ရဟန်းတို့ တာယနနတ်သား၏ ဂါထာတို့သည် အကျိုးစီးပွါးနှင့် စပ်ကုန်၏၊ အရိယာမဂ်ဟူသော အကျင့်အမြတ်၏ ရှေ့သွား ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

------

၉-စန္ဒိမသုတ်

၉၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ လနတ်သားကို ရာဟုအသုရိန်သည် ဖမ်းယူအပ်၏၊ ထိုအခါ လ နတ်သားသည် မြတ်စွာဘုရားကို အောက်မေ့လျက် ထိုဖမ်းယူသော အချိန်၌ ဤဂါထာကို ရွတ်ဆို၏

ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အသျှင်ဘုရားသည် အလုံးစုံသော ခန္ဓာအာယတနစသည်တို့၌ လွတ်မြောက်တော်မူ၏၊ အကျွန်ုပ်သည် ကျဉ်းမြောင်းခြင်းသို့ ရောက်နေပါ၏၊ အသျှင် ဘုရားသည် ထိုအကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့ဟု (ရွတ်ဆို၏)။

ထိုအခါ မြတ်စွာဘုရားသည် လနတ်သားကို အကြောင်းပြု၍ ရာဟုအသုရိန်ကို ဂါထာဖြင့် မိန့်ဆို၏ -

ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို လနတ်သားသည် ကိုး ကွယ်ခြင်းသို့ ရောက်၏၊ ရာဟုအသုရိန် လနတ်သားကို လွှတ်လော့၊ မြတ်စွာဘုရားတို့သည် လူနတ်တို့ကို အစဉ်သနားတော်မူကုန်၏ဟု (မိန့်ဆို၏)။

ထိုအခါ ရာဟုအသုရိန်သည် လနတ်သားကို လွှတ်လျက် လျင်မြန်သော သဘောရှိသည် ဖြစ်၍ ဝေပစိတ္တိအသုရိန်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိတ်လန့်သည် ကြက်သီးမွေးညင်းထသည် ဖြစ်၍ တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်နေသော ရာဟုအသုရိန်ကို ဝေပစိတ္တိအသုရိန်သည် ဂါထာဖြင့် ဆို၏ -

ရာဟုအသုရိန် အဘယ် ကြောင့် အဆောတလျ င် သာလျှင် လနတ် သား ကို လွှတ် ခဲ့ သနည်း၊ ထိတ်လန့်သော သဘောရှိသည်ဖြစ်၍ ရောက်လာပြီးလျှင် ကြောက်ရွံ့လျက် အဘယ့်ကြောင့် ရပ်တည်နေသနည်းဟု (ဆို၏)။

(ဝေပစိတ္တိအသုရိန်) ငါသည် မြတ်စွာဘုရား ဂါထာမှ အလွန်ကြောက်၏၊ လနတ် သားကို အကယ်၍ မလွှတ်သည် ဖြစ်အံ့၊ ငါ၏ ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏၊ အသက်ရှင်သော ငါသည် ချမ်းသာကို မရရာဟု (ဆို၏)။

------

၁၀-သူရိယသုတ်

၉၁။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ နေနတ်သားကို ရာဟုအသုရိန်သည် ဖမ်းယူအပ်၏၊ ထိုအခါ နေနတ် သားသည် မြတ်စွာဘုရားကို အောက်မေ့လျက် ထိုဖမ်းယူသော အချိန်၌ ဤဂါထာကို ရွတ်ဆို၏ -

ြ ကီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားအား ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း၊ အသျှင်ဘုရားသည် အလုံးစုံသော ခန္ဓာအာယတနစသည်တို့၌ လွတ်မြောက်တော်မူ၏၊ အကျွန်ုပ်သည် ကျဉ်းမြောင်းခြင်းသို့ ရောက်နေပါ၏၊ အသျှင် ဘုရားသည် ထိုအကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူပါလော့ဟု (ရွတ်ဆို၏)။

ထိုအခါ မြတ်စွာဘုရားသည် နေနတ်သားကို အကြောင်းပြု၍ ရာဟုအသုရိန်ကို ဂါထာဖြင့် မိန့်ဆို၏

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို နေနတ်သားသည် ကိုး ကွယ်ခြင်းသို့ ရောက်၏၊ ရာဟုအသုရိန် နေနတ်သားကို လွှတ်လော့၊ မြတ်စွာဘုရားတို့သည် လူနတ်တို့ကို အစဉ်သနားတော်မူကုန်၏ဟု (မိန့်ဆို၏)။

ရာဟုအသုရိန် မမြင်အောင် ပြုတတ်သော အမိုက်တိုက်၌ အရောင်အလင်းကို ပြု တတ်သော ထွန်းတောက်ပသော အဝန်းသဏ္ဌာန်ရှိသော ထက်သော တန်ခိုးရှိသော အကြင်နေနတ်သားသည် ရှိ၏၊ ကောင်းကင်၌ သွားသော ထိုနေနတ်သားကို မမျို လင့်၊ ရာဟုအသုရိန် ငါဘုရား၏ သားတော်ဖြစ်သော ထိုနေနတ်သားကို လွှတ်လော့ဟု (မိန့်တော်မူ၏)။

ထိုအခါ ရာဟုအသုရိန်သည် နေနတ်သားကို လွှတ်လျက် လျင်မြန်သော သဘောရှိသည် ဖြစ်၍ ဝေပစိတ္တိအသုရိန်ထံသို့ ချဉ်းကပ်ပြီးလျှင် ထိတ်လန့်သည် ကြက်သီးမွေးညင်းထသည်ဖြစ်၍ တစ်ခုသော အရပ်၌ ရပ်တည်၏၊ တစ်ခုသော အရပ်၌ ရပ်တည်နေသော ရာဟုအသုရိန်ကို ဝေပစိတ္တိအသုရိန်သည် ဂါထာဖြင့် ဆို၏ -

ရာဟုအသုရိန် အဘယ် ကြောင့် အဆောတလျ င် သာလျှင် နေနတ် သား ကို လွှတ် ခဲ့ သနည်း၊ ထိတ်လန့်သော သဘောရှိသည်ဖြစ်၍ ရောက်လာပြီးလျှင် ကြောက်ရွံ့လျက် အဘယ့်ကြောင့် ရပ်တည်နေသနည်းဟု (ဆို၏)။

(ဝေပစိတ္တိအသုရိန်) ငါသည် မြတ်စွာဘုရားဂါထာမှ အလွန်ကြောက်၏၊ နေ နတ်သားကို အကယ်၍ မလွှတ်သည် ဖြစ်အံ့၊ ငါ၏ ဦးခေါင်းသည် ခုနစ်စိတ် ကွဲရာ၏၊ အသက်ရှင်သော ငါသည် ချမ်းသာကို မရရာဟု (ဆို၏)။

ပဌမဝဂ် ပြီး၏။

------

၂-အနာထပိဏ္ဍိကဝဂ် ၁-စန္ဒိမသသုတ်

၉၂။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ စန္ဒိမသနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ -

အကြင် သူတို့သည် ဈာန်တို့ကို ပြည့်စုံစေကုန်၍ တည်ကြည်သောစိတ် ရင့်ကျက် သော ပညာနှင့် ပြည့်စုံကုန်လျက် သတိရှိကုန်သည်ဖြစ်၍ နေကုန်၏၊ ထိုသူတို့သည် သာလျှင် 'မှက်ခြင်မှ ကင်းသော တောင်ကြား မြစ်ကြား၌ သားသမင်တို့ကဲ့သို့' ချမ်းသာခြင်းသို့ ရောက် ကုန်လတ္တံ့ဟု (လျှောက်၏)။

အကြင်သူတို့သည် ဈာန်တို့ကို ပြည့်စုံစေကုန်၍ မမေ့မလျော့ကုန်ဘဲ ကိလေသာ ကို စွန့်ကုန်၏၊ ထိုသူတို့သည်သာလျှင် 'ကွန်ရက်ကို ဖြတ်၍ ချမ်းသာရာ အရပ်သို့ သွားသော ငါးကဲ့သို့' နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ သွားကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

------

၂-ဝေဏ္ဍုသုတ်

၉၃။ တစ်ခုသော အရပ်၌ ရပ်တည်ပြီးသော် ဝေဏ္ဍုနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ -

အကြင် သတ္တဝါတို့သည် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်၌ လုံ့လပြုကုန် လျက် မမေ့မလျော့ကုန်သည်ဖြစ်၍ ကျင့်ကုန်၏၊ ထိုသတ္တဝါတို့သည် မြတ်စွာဘုရား သို့ ဆည်းကပ်ခြင်းကြောင့် ချမ်းသာကုန်သည်သာလျှင်တည်းဟု (လျှောက်၏)။

ဝေဏ္ဍုနတ်သား မကောင်းမှုကို လောင်းကျွမ်းစေတတ်ကုန်သော အကြင်သူတို့ သည် ငါ ဟောဆိုအပ်သော ဆုံးမကြောင်းတရားတို့ကို ကျင့်ကုန်၏၊ ထိုသူတို့သည် လျောက်ပတ်သော အခါ၌ မမေ့မလျော့ကုန်သည်ဖြစ်၍ သေမင်း၏ အလို နိုင်ငံသို့ မလိုက်ရကုန်ဟု မြတ်စွာဘုရားသည် (မိန့်တော်မူ၏)။

------

၃-ဒီဃလဋ္ဌိသုတ်

၉၄။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဒီဃလဋ္ဌိနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်း ရှိသည်ဖြစ်၍ ဝေဠုဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

ရဟန်းသည် အရဟတ္တ ဖိုလ် ကို အကယ် ၍ အလိုရှိငြား အံ့၊ ဈာန် ဝင် စား လေ့ ရှိသည် ဖြစ် ၍ ကိလေသာမှ လွတ်သော စိတ်ရှိသူ ဖြစ်ရာ၏၊ သင်္ခါရလောက၏ ဖြစ်ခြင်း ပျက်ခြင်းကိုလည်း သိ၍ ကောင်းသော စိတ်ရှိလျက် တဏှာဒိဋ္ဌိကို မမှီသည်ရှိသော် ထိုအရဟတ္တဖိုလ်တည်းဟူသော အကျိုး 'အာနိသင်'ရှိသည် ဖြစ်ရာ၏ဟု (လျှောက်၏)။

------

၄-နန္ဒနသုတ်

၉၅။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒနနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

မြြေ ကီး အထုနှင့် တူသော ပညာရှိတော်မူသော ဂေါတမမြတ် စွာဘုရား အသျှင် ဘုရား ကို မေးမြန်း ပါ၏၊ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်အမြင်သည် အပိတ်အပင် မရှိပါ၊ အဘယ်သို့ သဘောရှိသောသူကို သီလရှိသောသူဟု ဆိုပါကုန်သနည်း၊ အဘယ်သို့ သဘောရှိသောသူကို ပညာရှိသောသူဟု ဆိုပါကုန်သနည်း၊ အဘယ်သို့ သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်သနည်း၊ အဘယ်သို့ သဘောရှိ သော သူကို နတ်တို့သည် ပူဇော်ပါကုန်သနည်းဟု (လျှောက်၏)။

အကြင်သူသည် (လောကီလောကုတ္တရာ) သီလရှိ၏၊ (လောကီလောကုတ္တရာ) ပညာ ရှိ၏၊ ပွားများပြီးသော စိတ်ရှိ၏၊ တည်ကြည်၏၊ ဈာန်၌ မွေ့လျော်၏၊ သတိနှင့် ပြည့်စုံ၏၊ အခါခပ်သိမ်း ပူဆွေးခြင်းမှ ကင်း၏၊ ကိလေသာကို ပယ်ပြီး ဖြစ်၏၊ အာသဝကုန်ပြီး ဖြစ်၏၊ အဆုံးစွန်သော ကိုယ်ကို ဆောင်လေ့ရှိ၏။

ထိုသို့သဘောရှိသော သူကို သီလရှိသောသူဟု ဆိုကုန်၏၊ ထိုသို့သဘောရှိသော သူကို ပညာရှိသောသူဟု ဆိုကုန်၏၊ ထိုသို့သဘောရှိသော သူသည် ဆင်းရဲကို လွန်၍ ဖြစ်၏၊ ထိုသို့သဘောရှိသော သူကို နတ်တို့သည် ပူဇော်ကုန်၏ဟု (မိန့်တော်မူ၏)။

------

၅-စန္ဒနသုတ်

၉၆။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် စန္ဒနနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ -

''အဘယ်သူသည် ညဉ့်နေ့ပတ်လုံး မပျင်းရိသည်ဖြစ်၍ သံသရာတည်းဟူသော အယဉ်ကို ကူးသနည်း၊ အဘယ်သူသည် ထောက်တည်ရာလည်း မရှိသော ဆွဲကိုင်ရာလည်း မရှိသော နက်စွာသော သံသရာအယဉ်၌ မနစ်မြုပ်ပါသနည်း''ဟု (လျှောက်၏)။

အကြင်သူသည် အခါခပ်သိမ်း သီလနှင့် ပြည့်စုံ၏၊ ပညာရှိ၏၊ ကောင်းစွာ တည် ကြည်၏၊ ထက်သန်သော လုံ့လဝီရိယရှိ၏၊ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိ၏၊ ထိုသူသည် ကူးမြောက်နိုင်ခဲသော သံသရာအယဉ်ကို ကူးမြောက်၏။

အကြင်သူသည် ကာမသညာမှ ကင်း၏၊ ရူပသံယောဇဉ်ကို လွန်မြောက်၏၊ နှစ်သက်စွဲမက်ခြင်း 'နန္ဒီရာဂ' ကုန်ပြီးပြီ၊ ထိုသူသည် နက်စွာသော သံသရာတည်းဟူ သော အယဉ်၌ မနစ်မြုပ်နိုင်ဟု (မိန့်တော်မူ၏)။

------

၆-ဝါသုဒတ္တသုတ်

၉၇။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ဝါသုဒတ္တနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ -

''လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်ခံရသူကဲ့သို့လည်းကောင်း ရဟန်းသည် ကာမဂုဏ်၌ တပ်စွန်းမှု 'ရာဂ'ကို ပယ်ရန် သတိနှင့် ပြည့်စုံ သည် ဖြစ်၍ နေရာ၏''ဟု (လျှောက်၏)။

လှံဖြင့် အထိုးခံရသူကဲ့သို့လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်းခံရသူကဲ့သို့လည်းကောင်း ရဟန်းသည် ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု 'သက္ကာယဒိဋ္ဌိ'ကို ပယ်ရန် သတိနှင့် ပြည့်စုံသည်ဖြစ်၍ နေရာ၏ဟု (မိန့်တော်မူ၏)။

------

၇-သုဗြဟ္မသုတ်

၉၈။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သုဗြဟ္မနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ -

''မဖြစ်ကုန်သေးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း၊ ထို့ပြင် ဖြစ်ကုန်ပြီးသော ဆင်းရဲဒုက္ခတို့၌လည်းကောင်း (အကျွန်ုပ်၏) ဤစိတ်သည် အမြဲထိတ်၏၊ ဤစိတ် သည် အမြဲလန့်၏၊ မထိတ်လန့်ကြောင်း အကယ်၍ ရှိသည် ဖြစ်အံ့၊ ထိုမထိတ်လန့်ခြင်းကို မေးအပ်သောအသျှင်ဘုရားသည် တရားဟောကြားပါလော့''ဟု (လျှောက်၏)။

ဗောဇ္ဈင်တရား ပွားများခြင်းကိုလည်းကောင်း၊ ခြိုးခြံသော အကျင့်ဂုဏ်ကိုလည်းကောင်း ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်။ ဣန္ဒြေတို့ကို စောင့်စည်းခြင်းကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်၊ အလုံးစုံ ငြိတွယ်ခြင်းကင်းသော နိဗ္ဗာန်ကို ဖယ်ထား၍ သတ္တဝါတို့၏ ချမ်းသာခွင့်ကို ငါဘုရား မမြင်ဟု (မိန့်တော်မူ၏)။

ဤစကားကို မိန့်တော်မူ၏။ပ။ နတ်သားသည် ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏။

------

၈-ကကုဓသုတ်

၉၉။ အကျွန်ုပ်သည် ဤသို့ ကြားနားခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတ မြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ အဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ကကုဓနတ်သား သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းကောင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ အဉ္ဇနတောအလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ''ရဟန်း နှစ်သက်၏လော''ဟု ဤစကားကို လျှောက်၏၊ ''အချင်းနတ်သား အဘယ်ကို ရ၍ နှစ်သက်ရမည်နည်း''ဟု မေးတော်မူ၏၊ ''ရဟန်း သို့ဖြစ်လျှင် စိုးရိမ်ပါသလော''ဟု လျှောက်၏၊ အချင်းနတ်သား အဘယ်ဝတ္ထုသည် ဆွေးမြေ့သည်ဖြစ်၍ စိုးရိမ်ရမည်နည်း''ဟု မေးတော်မူ၏၊ ''ရဟန်း သို့ဖြစ်လျှင် နှစ်သက်လည်း မနှစ်သက် စိုးရိမ်လည်း မစိုးရိမ်ပါသလော''ဟု လျှောက်၏၊ အချင်းနတ်သား သင် ဆိုတိုင်းဟုတ်၏ဟု (မိန့်တော်မူ၏)။

ရဟန်း အသို့နည်း သင်သည် ဆင်းရဲ မရှိသလော၊ အသို့နည်း (သင့်အား) နှစ်သက်ခြင်း မရှိသလော၊ တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို အသို့နည်း မမွေ့လျော်ခြင်းသည် မနှိပ်စက်သလောဟု (လျှောက်၏)။

နတ်သား ငါဘုရားသည် စင်စစ် ဆင်းရဲ ကင်း၏၊ ထိုမှတစ်ပါး (ငါ့အား) နှစ်သက်ခြင်း မရှိ၊ ထိုမှတစ်ပါး တစ်ယောက်တည်း နေလေ့ရှိသော ငါဘုရားကို မမွေ့လျော်ခြင်းသည် မနှိပ်စက်ဟု (မိန့်တော်မူ၏)။

ရဟန်း သင်သည် အဘယ်သို့ ဆင်းရဲကင်းသနည်း၊ (သင့်အား) နှစ်သက်ခြင်း မရှိသနည်း၊ အဘယ်အကြောင်းကြေင့် တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို မမွေ့လျော်ခြင်းသည် မနှိပ်စက်သလောဟု (လျှောက်ပြန်၏)။

နတ်သား ဆင်းရဲဖြစ်သော သူအား စင်စစ် နှစ်သက်ခြင်းသည် ဖြစ်၏၊ နှစ်သက်ခြင်း ဖြစ်သော သူအား စင်စစ် ဆင်းရဲခြင်းသည် ဖြစ်၏၊ ရဟန်းသည် နှစ်သက်ခြင်းလည်း မရှိ၊ ဆင်းရဲခြင်းလည်း မရှိ၊ ဤသို့ သိလောဟု (မိန့်တော်မူ၏)။

နှစ်သက်ခြင်း မရှိသော ဆင်းရဲခြင်း မရှိသော လောက၌ တဏှာကို ကူးမြောက် ပြီးသော၊ မကောင်းမှုကို အပပြုပြီးသော၊ ငြိမ်းအေးပြီးသော ရဟန်းကို ကြာမြင့်မှ ဖူးမြင်ရလေစွတကားဟု (လျှောက်၏)။

------

၉-ဥတ္တရသုတ်

၁၀၀။ ရာဇဂြိုဟ်နိဒါန်း။ ဥတ္တရနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ -

''(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် နည်း၏ (တိုတောင်းလှ၏။) အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ (ပညာရှိသည်) သေခြင်းတရား၌် ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏''ဟု (လျှောက်၏)။

(အိုခြင်းတရားသည်) အသက်ကို (သေခြင်း၏) အနီးသို့ ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် နည်း၏ (တိုတောင်းလှ၏။) အိုခြင်းတရားသည် (သေခြင်း၏) အနီးသို့ ဆောင်အပ်သော သူအား ကိုးကွယ်ရာတို့သည် မရှိကုန်၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည် ဖြစ်၍ လောကာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (မိန့်တော်မူ၏)။

------

၁၀-အနာထပိဏ္ဍိကသုတ်

၁၀၁။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် အနာထပိဏ်နတ်သားသည် မြတ်စွာဘုရား ထံတော် ပါး၌ ဤဂါထာကို လျှောက်၏ -

''ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးတော်မူရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း 'ပီတိ'ကို ဖြစ်စေ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သည်ရှိသော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။

အကြင်ရဟန်းသည် (တစ်ဖက်ကမ်း) နိဗ္ဗာန်သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ရုံမျှသာလျှင် မြတ်၏။ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း ထို (တစ် ဖက်ကမ်း နိဗ္ဗာန်) သို့ ရောက်သော ရဟန်းဟူသမျှထက် မြတ်၏''ဟု (လျှောက်၏)။

အနာထပိဏ်နတ်သားသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီးသော် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေ ပြု၍ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့် လွန်သော် ရဟန်းတို့ကို မိန့်တော်မူ၏- ''ရဟန်းတို့ ဤညဉ့်၌ တစ်ယောက်သော နတ်သားသည် ညဉ့်ဦးယမ် ကုန်ပြီးသော (သန်းခေါင်ယမ်) အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် ငါဘုရားထံသို့ ချဉ်းကပ်၍ ငါဘုရား ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ငါဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏

'ဤဇေတဝန်ကျောင်းတော်သည် ရဟန်းအပေါင်းတို့၏ အမြဲနေရာလည်း ဖြစ်၏၊ တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရား သီတင်းသုံးတော်ရာလည်း ဖြစ်၏၊ ထို့ကြောင့် ငါ့အား နှစ်သိမ့်ခြင်း 'ပီတိ'ကို ဖြစ်စေ၏။

အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက် မွေးမှုဟူသော ဤတရားအပေါင်းကြောင့် သတ္တဝါတို့သည် စင်ကြယ်ကုန်၏။ အမျိုး အနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ် ကုန်။

ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်းဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင် သည်ရှိသော် ထိုအရိယာမဂ်တရားတို့၌ စင်ကြယ်၏။

အကြင်ရဟန်းသည် (တစ်ဖက်ကမ်း) နိဗ္ဗာန်သို့ ရောက်၏၊ ထိုရဟန်းသည် ဤ တစ်ဖက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ရုံမျှသာလျှင် မြတ်၏။ သာရိပုတြာသာလျှင် ပညာဖြင့်လည်းကောင်း၊ သီလဖြင့်လည်းကောင်း၊ ငြိမ်သက်ခြင်းဖြင့်လည်းကောင်း ထို (တစ် ဖက်ကမ်းနိဗ္ဗာန်) သို့ ရောက်သော ရဟန်းဟူသမျှထက် မြတ်၏'ဟု (လျှောက်၏)။

ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို ဆိုပြီး၍ ငါဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထို နေရာ၌ပင်လျှင် ကွယ်ပျောက်လေ၏''ဟု မိန့်တော်မူ၏၊ ဤသိုု့မိန့်တော်မူသည်ရှိသော် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား ထိုနတ်သားသည် အနာထပိဏ်နတ်သား ဖြစ်လိမ့်မည်ဟု ထင်မိပါ၏၊ အနာထပိဏ်သူဋ္ဌေးသည် အသျှင်သာရိပုတ္တရာ၌ အလွန် ကြည်ညို၏''ဟု လျှောက်၏၊ အာနန္ဒာ ကောင်းစွ ကောင်းစွ၊ အာနန္ဒာ ကြံစည်တွေးဆခြင်းဖြင့် ရောက်သင့်ရောက်ထိုက်သော အရာမှန်သမျှသို့ သင် ရောက်ပေ၏၊ အာနန္ဒာ ထိုနတ်သားသည် အနာထပိဏ်တည်းဟု (မိန့်တော်မူ၏)။

နှစ်ခုမြောက် အနာထပိဏ္ဍိကဝဂ် ပြီး၏။

------

၃-နာနာတိတ္ထိယဝဂ် ၁-သိဝသုတ်

၁၀၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ၌ သိဝ့နတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ -

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် မြတ်၏၊ မယုတ်မာ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပညာကို ရနိုင်၏၊ အခြား (သူမိုက်) ထံမှ ပညာကို မရနိုင်။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ပူဆွေးသူတို့၏ အလယ်၌ မပူဆွေးရ။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် ဆွေမျိုးတို့၏ အလယ်၌ တင့်တယ်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် ကောင်းသော လားရာ (သုဂတိဘဝ) သို့ ရောက်ကုန်၏။

သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် သတ္တဝါတို့ သည် အမြဲမပြတ် ချမ်းသာစွာ တည်နေရကုန်၏''ဟု (လျှောက်၏)။

ထိုအခါ၌ မြတ်စွာဘုရားသည် သိဝနတ်သားကို ဂါထာဖြင့် တုံ့ပြန်၍ မိန့်တော်မူ၏ -

''သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖော်ရာ၏၊ သူတော်ကောင်းတို့နှင့် ပေါင်း ဖော်ခြင်းကို ပြုရာ၏၊ သူတော်ကောင်းတို့၏ တရားကို သိသည်ရှိသော် အလုံးစုံ သော ဆင်းရဲအပေါင်းမှ လွတ်မြောက်နိုင်၏''ဟု (မိန့်တော်မူ၏)။

------

၂-ခေမသုတ်

၁၀၃။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ခေမနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာတို့ကို လျှောက်၏ -

''ပညာမဲ့ကုန်သော သူမိုက်တို့သည် ခါးစပ်သော အကျိုးရှိသည်ဖြစ်၍ ယုတ်ညံ့ သော အမှုကို ပြုကုန်လျက် မိမိသည်ပင် (မိမိ၏) ရန်သူအဖြစ်ဖြင့် ကျင်လည်ရ ကုန်၏။

နောင်တတစ်ဖန် ပူပန်ရသော မျက်ရည်ယိုသော မျက်နှာရှိသည်ဖြစ်၍ ငိုယိုလျက် ခံစားရသည့် အကျိုးမရှိသော အမှုကို ပြုခြင်းသည် မကောင်း။

နောင်တတစ်ဖန် မပူပန်ရသော နှစ်သက် , ဝမ်းမြောက်သည်ဖြစ်၍ ခံစားရသည့် အကျိူးရှိသော အမှုကို ပြုခြင်းသည် ကောင်း၏။

သူတော်ကောင်းဖြစ်သော ပညာရှိသည် မိမိ၏ အစီးအပွားကို သိငြားအံ့၊ ထို အစီးအပွားကို ရှေးဦးစွာပင် ပြုရာ၏၊ 'ဝင်ရိုးကျိုးသော လှည်းသမား၏ အကြံ ကဲ့သို့' အားမထုတ်ရာ။

'လှည်းသမားသည် ပြေပြစ်ညီညွတ်သော လမ်းမကြီးကို စွန့်၍ မညီညွတ်သော လမ်းခရီးသို့ တက်သောကြောင့် လှည်းဝင်ရိုး ကျိုးသည်ဖြစ်၍ ကြံမှိုင်ရသကဲ့သို့'

ထို့အတူ ပညာနုံ့သော သူသည် တရားမှ ဖဲ၍ မတရားသို့ အစဉ်လိုက်သော ကြောင့် သေမင်း၏ ခံတွင်းဝသို့ ရောက်သည်ရှိသော် 'လှည်းဝင်ရိုးကျိုးသော လှည်း သမားကဲ့သို့' ကြံမှိုင်ရ၏''ဟု (လျှောက်၏)။

------

၃-သေရီသုတ်

၁၀၄။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် သေရီနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ -

''နတ်လူနှစ်မျိုးတို့သည် ထမင်းကိုသာလျှင် တောင့်တကုန်၏၊ ထိုသို့တောင့်တ စမြဲ ဖြစ်ပါလျက် ထမင်းကို မတောင့်တသော နတ်မည်သည် အဘယ်မှာ ရှိပါအံ့ နည်း''ဟု (လျှောက်၏)။

အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထိုနတ်လူတို့ တောင့် တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူအပ်သော ထမင်း သည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဉ်လိုက်၏။

ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ ဝန်တိုခြင်းတည်းဟူသော အညစ် အကြေးကို နှိမ်နင်းလျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏ -

''အသျှင်ဘုရား အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထို နတ်လူတို့ တောင့်တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူ အပ်သော ထမင်းသည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ထိုသူတို့သို့ အစဉ်လိုက်၏။

ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ ဝန်တိုခြင်းတည်းဟူသော အညစ် အကြေးကို နှိမ်နင်းလျက် အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏''ဟု ဤသို့ မြတ်စွာဘုရားသည် ဤ တရားတော်ကို အလွန်ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။

အသျှင်ဘုရား ရှေးက ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် သေရီအမည်ရှိသောမင်း ဖြစ်ဖူး၏၊ ပေးလှူ လေ့ရှိ၏၊ အလှူရှင်ပါတည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိပါ၏၊ အသျှင်ဘုရား ထိုကျွန်ုပ်သည် မြို့တံခါး လေးမျက်နှာတို့၌ သမဏဗြာဟ္မဏ သူဆင်းရဲ ခရီးသွား သူတောင်းစား ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူ၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်ကို မောင်းမအပေါင်းသည် ချဉ်းကပ်၍ ဤစကားကို လျှောက်ကုန်၏- ''အရှင်မင်းမြတ်သည်သာလျှင် အလှူကို ပေးလှူရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါ၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏''ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ထို အကျွန်ုပ်၏ စိတ်၌ ဤအကြံသည် ဖြစ်ပါ၏- ''ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ သို့ဖြစ်လျက် 'အလှူကို ပေးလှူကုန်အံ့'ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း''ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ပဌမတံခါးကို မောင်းမ အပေါင်းအား ပေးရ၏၊ ထိုတံခါး၌ မောင်းမအပေါင်းသည် အလှူကို ပေးလှူ၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ၌ နောက်လိုက် လက်အောက်ခံမင်းတို့သည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ ဤ စကားကို ဆိုကုန်၏- ''အရှင်မင်းမြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏''ဟု လျှောက် ကုန်၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ ''ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ 'အလှူကို ပေးလှူကုန်အံ့'ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း''ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား့ထိုအကျွန်ုပ်သည် ဒုတိယတံခါးကို နောက်လိုက် လက်အောက်ခံမင်းတို့အား ပေးရ၏၊ ထိုတံခါး၌ နောက်လိုက် လက်အောက်ခံမင်းတို့သည် အလှူကို ပေးလှူကုန်၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ ဗိုလ်ပါအပေါင်းသည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ ဤသို့ ဆို၏- ''အရှင်မင်း မြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ နောက်လိုက် လက် အောက်ခံမင်းတို့သည် အလှူကို ပေးလှူရကုန်၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန် ပါကုန်၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ်ကို အမှီပြု၍ အလှူတို့ကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏''ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ ''ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ 'အလှူ ကို ပေးလှူကုန်အံ့'ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း၊ အသျှင်ဘုရား စင်စစ် ထိုအကျွန်ုပ် သည် တတိယတံခါးကို ဗိုလ်ပါအပေါင်းအား ပေးရ၏၊ ထိုတံခါး၌ ဗိုလ်ပါအပေါင်းတို့သည် အလှူကို ပေး လှူ၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ ဤစကားကို ဆိုကုန်၏- ''အရှင်မင်းမြတ်သည် အလှူကို ပေးလှူရ၏၊ မောင်းမအပေါင်းသည် အလှူကို ပေးလှူရ၏၊ နောက်လိုက် လက်အောက်ခံမင်းတို့သည် အလှူကို ပေးလှူရ၏၊ ဗိုလ်ပါအပေါင်းသည် အလှူကို ပေးလှူ ရ၏၊ အကျွန်ုပ်တို့သည် အလှူကို မပေးလှူရပါ၊ တောင်းပန်ပါ၏၊ အကျွန်ုပ်တို့သည်လည်း အရှင်မင်းမြတ် ကို အမှီပြု၍ အလှူကို ပေးလှူလိုပါကုန်၏၊ ကောင်းမှုတို့ကို ပြုလိုပါကုန်၏''ဟု လျှောက်ကုန်၏၊ အသျှင် ဘုရား ထိုအကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏၊ ''ငါသည် စင်စစ် အလှူပေးလေ့ရှိ၏၊ အလှူရှင်တည်း၊ ပေးလှူခြင်း၏ ဂုဏ်ကျေးဇူးကို ဆိုလေ့ရှိ၏၊ 'အလှူကို ပေးလှူကုန်အံ့'ဟု ဆိုသော သူတို့ကို အသို့လျှင် ဆိုရအံ့နည်း''ဟု (အကြံ ဖြစ်ပါ၏)၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် စတုတ္ထတံခါးကို ပုဏ္ဏားနှင့် သူကြွယ်တို့အား ပေးရ၏၊ ထိုတံခါး၌ ပုဏ္ဏားနှင့် သူကြွယ်တို့သည် အလှူကို ပေးလှူကုန်၏၊ အကျွန်ုပ်၏ အလှူကို ပြန်လည်ရုပ်သိမ်းရ၏။

အသျှင်ဘုရား ထိုအခါ၌ မင်းချင်းယောက်ျားတို့သည် အကျွန်ုပ်သို့ ချဉ်းကပ်ကုန်၍ ''ယခုအခါ၌ အရှင်မင်းမြတ်သည် တစ်စုံတစ်ခုသော အလှူကို မပေးလှူရတော့ပါ''ဟု လျှောက်ကုန်၏၊ အသျှင်ဘုရား ဤသို့ ဆိုသော် အကျွန်ုပ်သည် ထိုမင်းချင်းယောက်ျားတို့အား ဤစကားကို ဆိုပါ၏၊ ''အမောင်တို့ သို့ဖြစ် လျှင် အပဖြစ်ကုန်သော နယ်ပယ်တို့၌ အကြင်အခွန်အတုတ် (အတိုးအပွားဥစ္စာ) သည် ကောင်းစွာ ဖြစ်၏၊ ထိုအခွန်အတုတ် (အတိုးအပွားဥစ္စာ) မှ ထက်ဝက်ကို နန်းတော်တွင်းသို့ သွင်းကုန်လော့၊ ထက်ဝက်ကို ထို အရပ်၌သာလျှင် သမဏဗြာဟ္မဏ သူဆင်းရဲ ခရီးသွား သူတောင်းစား ဖုန်းတောင်းယာစကာတို့အား အလှူကို ပေးလှူကုန်လော့'' (ဟု ဆိုပါ၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ဤသို့ ရှည်မြင့်စွာသော အနှစ် ရှစ်သောင်းကာလပတ်လုံး ပြုအပ်ကုန်သော ကောင်းမှု၊ ဤသို့ ရှည်မြင့်စွာသော အနှစ်ရှစ်သောင်းကာလ ပတ်လုံး ပြုအပ်ကုန်သော ကုသိုလ်တရားတို့၏ အပိုင်းအခြားကို ''ကောင်းမှုသည် ဤမျှ အတိုင်းအရှည် ရှိ၏''ဟူ၍လည်းကောင်း၊ ''ကောင်းမှု၏ အကျိုးသည် ဤမျှ အတိုင်းအရှည် ရှိ၏''ဟူ၍လည်းကောင်း၊ ''နတ်ပြည်၌ ဤမျှလောက် တည်ရာရှိ၏''ဟူ၍လည်းကောင်း မသိနိုင်ပါ၊ အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏ -

''အသျှင်ဘုရား အကြင်သူတို့သည် ယုံကြည်၍ ကြည်လင်စွာသော စိတ်ဖြင့် ထို နတ်လူတို့ တောင့်တသည့် ထမင်းကို ပေးလှူကုန်၏၊ ထိုသူတို့အား ထိုပေးလှူ သော ထမင်းသည်သာလျှင် ဤလောက၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း ထိုပေးလှူသူတို့သို့ အစဉ်လိုက်၏။

ထို့ကြောင့် ဝန်တိုခြင်းကို ပယ်ဖျောက်၍ (ဝန်တိုခြင်းတည်းဟူသော) အညစ် အကြေးကို နှိမ်နင်းလျက့်အလှူကို ပေးလှူရာ၏၊ ကောင်းမှုတို့သည် တမလွန် လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏''ဟု ဤသို့ မြတ်စွာဘုရားသည် ဤ တရားတော်ကို အလွန်ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။

------

၄-ဃဋိကာရသုတ်

၁၀၅။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ဃဋီကာရနတ်သားသည် မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာကို လျှောက်၏

''အဝိဟာဘုံသို့ ရောက်ကုန်သော (ကိလေသာတို့မှ) လွတ်ကုန်သော စွဲမက်ခြင်း 'ရာဂ' , အမျက်ထွက်ခြင်း 'ဒေါသ' ကုန်ပြီးကုန်သော လောက၌ ကပ်ငြိမှု 'တဏှာ'ကို ကူးမြောက်ကုန်ပြီးသော ရဟန်းခုနစ်ယောက်တို့သည် အဘယ်သူတို့နည်း၊

အဘယ်ရဟန်းတို့သည် သေမင်း၏ တည်ရာ ဖြစ်သော ကူးမြောက်နိုင်ခဲသော (ကိလေသာ) ညွန်ပျောင်းကို ကူးမြောက်ကုန်သနည်း၊ အဘယ်ရဟန်းတို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန်မြောက် ကုန်သနည်း''ဟု (လျှောက်၏)။

ဥပက, ပလဂဏ္ဍ, ပုက္ကုသာတိဟူသော ထိုသုံးယောက်တို့လည်းကောင်း၊ ဘဒ္ဒိယ, ခဏ္ဍဒေဝ, ဗာဟုရဂ္ဂိ, သိင်္ဂိယတို့၏လည်းကောင်း ထိုခုနစ်ယောက်တို့သည် လူ၌ ဖြစ်သော ကိုယ်ကို စွန့်ကုန်၍ နတ်ပြည်၌ ဖြစ်ကြောင်း (သံယောဇဉ်) ကို လွန် မြောက်ကုန်၏ဟု (မိန့်တော်မူ၏)။

မာရ်မင်း၏ ကျော့ကွင်းကို ပယ်တတ်ကုန်သော ထိုရဟန်းတို့၏ အပြစ်မရှိခြင်းကို ပြောဆို၏၊ ထိုသူတို့သည် အဘယ်သူ၏ တရားကို သိကုန်၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကုန်သနည်း။

ထိုသူတို့သည် မြတ်စွာဘုရား၏ တရားကို သိ၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်ကာ ထိုမြတ်စွာဘုရားကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို မဖြတ်နိုင်ကုန်၊ အသျှင်ဘုရား၏ အဆုံးအမတော်ကို ကြဉ်ထား၍ ဘဝအနှောင်အဖွဲ့ကို ဖြတ်နိုင်သည် မဟုတ်ကုန်။

အကြင်နိဗ္ဗာန်၌ နာမ်သည်လည်းကောင်း၊ ရုပ်သည်လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ဤသာသနာတော်၌ ထိုသူတို့သည် ထို (နိဗ္ဗာန်) တရားကို သိကုန်၍ ဘဝ အနှောင်အဖွဲ့ကို ဖြတ်ကုန်၏ဟု (လျှောက်၏)။

နက်နဲသော သိနိုင်ခဲသော လွန်စွာ သိနိုင်ခဲသော စကားကို ဆိုဘိ၏၊ သင်သည် အဘယ်သူ၏ တရားကို သိ၍ ဤသို့ သဘောရှိသော စကားကို ဆိုဘိသနည်းဟု (မေးတော်မူ၏)။

အကျွန်ုပ်သည် ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအိုးထိန်းသည် ဖြစ်ခဲ့ဖူးပါ၏၊ အမိ်အဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့ဖူး၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့ပါ၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့်လေ့ရှိခဲ့ပါ၏၊ အသျှင်ဘုရားနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ရှေးအခါက အသျှင်ဘုရားနှင့် အဆွေခင်ပွန်း ဖြစ်ခဲ့ဖူးပါ၏။

ထိုအကျွန်ုပ်သည် တပ်မက်မှု 'ရာဂ', အမျက်ထွက်မှု 'ဒေါသ' ကုန်ပြီးသော လောက၌ ကပ်ငြိမှု 'တဏှာ'ကို ကူးမြောက်ကုန်ပြီးသော ထိုရဟန်း ခုနစ်ယောက်တို့ကို သိပါ၏ဟု (လျှောက်၏)။

အိုးထိန်းသည် အကြင်အခြင်းအရာအားဖြင့် ထိုအကြောင်းကို ဆို၏၊ ထိုအခါက ဤအတိုင်း ဖြစ်ဖူးပြီ၊ ရှေးအခါက ဝေကဠိင်္ဂရွာ၌ ဃဋီကာရအိုးထိန်းသည် ဖြစ်ခဲ့ ဖူး၏၊ အမိအဖကို လုပ်ကျွေးခဲ့၏၊ ကဿပမြတ်စွာဘုရား၏ ဥပါသကာ ဖြစ်ခဲ့ ဖူး၏။

မေထုန်အကျင့်မှ ရှောင်ကြဉ်ခဲ့၏၊ အာမိသကင်းသည် ဖြစ်၍ အကျင့်မြတ်ကို ကျင့် လေ့ရှိခဲ့ပါ၏၊ ငါနှင့် တစ်ရွာတည်းနေ ဖြစ်ခဲ့ဖူးပါ၏၊ ငါ၏ အဆွေခင်ပွန်း ဖြစ်ခဲ့ဖူး၏။

ရှေးက အပေါင်းအဖော် ဖြစ်ခဲ့ဖူးကုန်သော ပွားများအပ်သော စိတ်ရှိကုန်သော အဆုံးစွန်သော ကိုယ်ကို့ဆောင်ကုန်သော နှစ်ယောက်ကုန်သော ဤသူတို့၏ ဤသို့ သော ပေါင်းဆုံမိခြင်းသည် ဖြစ်သတည်းဟု (မိန့်တော်မူ၏)။

------

၅-ဇန္တုသုတ်

၁၀၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ များစွာကုန်သော ရဟန်းတို့သည် ကောသလတိုင်း ဟိမဝန္တာတောင်နံပါး တောကျောင်း၌ ပျံ့လွင့်သော စိတ်ရှိကုန်သည် တက်ကြွထောင်လွှား ကုန်သည် လျှပ်ပေါ်ကုန်သည် နှုတ်ကြမ်းကုန်သည် စည်းကမ်းမဲ့ (မစောင့်စည်း) ပြောဆိုကုန်သည် သတိ လွတ်ကုန်သည် ပညာအဆင်အခြင်ဉာဏ် မရှိကုန်သည် မတည်ကြည်ကုန်သည် ပျံ့လွင့်သော စိတ်ရှိကုန်သည် ဣန္ဒြေ ကင်းမဲ့ကုန်သည် ဖြစ်၍ နေကြကုန်၏။

ထိုအခါ ဇန္တုနတ်သားသည် တစ်ဆယ့်ငါးရက်မြောက်သော ဥပုသ်နေ့၌ ထိုရဟန်းများ ရှိရာသို့ ချဉ်းကပ်ပြီးလျှင် ထိုရဟန်းတို့ကို ဂါထာတို့ဖြင့် လျှောက်၏ -

''ရှေးအခါက ဂေါတမမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ရဟန်းတို့သည် ချမ်းသာစွာ အသက်မွေးလေ့ရှိကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည် ဖြစ်၍ ဆွမ်းကို ရှာမှီးကုန်၏၊ တပ်မက်ခြင်း မရှိကုန်သည်ဖြစ်၍ အိပ်ရာနေရာကို ရှာမှီးကုန်၏၊ ထို ရဟန်းတို့သည် လောက၌ မမြဲခြင်းကို သိကုန်၍ ဆင်းရဲ၏ အဆုံးကို ပြုကုန်၏။

ဤသာသနာတော်၌ အချို့သော ရဟန်းတို့သည် 'ရွာ၌ ရွာသူကြီးတို့ကဲ့သို့' မိမိ ကိုယ်ကို မကောင်းသဖြင့် အသက်မွေးမြူကာ လွန်စွာ စားကုန်လျက် သူတစ်ပါး အိမ်ရာတို့၌ မိန်းမောကုန်သည်ဖြစ်၍ အိပ်ကုန်၏၊ အကျွန်ုပ်သည် သံဃာတော်အား လက်အုပ်ချီလျက် လျှောက်ကြားလိုပါ၏၊ 'သူသေကောင်တို့ကို စွန့်အပ်ကုန်သကဲ့သို့' ထို့အတူ ထောက်တည်ရာ မရှိသော ထိုရဟန်းတို့ကို စွန့်အပ်ကုန်၏။

အကြင်ရဟန်းတို့သည် မေ့လျော့ကုန်သည် ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့ကို ရည်ညွှန်း၍ အကျွန်ုပ်သည် ဆိုအပ်ပါ၏၊ အကြင်ရဟန်းတို့သည် မမေ့မလျော့ကုန် သည်ဖြစ်၍ နေကုန်၏၊ ထိုရဟန်းတို့အား အကျွန်ုပ်သည် ရှိခိုးခြင်းကို ပြုပါ၏''ဟု (လျှောက်၏)။

------

၆-ရောဟိတဿသုတ်

၁၀၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် ရောဟိတဿနတ်သားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့ရ၊ တစ်ဖန် မဖြစ်ရ။ အသျှင်ဘုရား ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိခြင်းငှါလည်းကောင်း၊ မြင်ခြင်းငှါလည်းကောင်း၊ ရောက်ခြင်းငှါလည်းကောင်း တတ်ကောင်းပါသလော''ဟု လျှောက်၏။ ရောဟိတဿနတ်သား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ။ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ သွားခြင်းဖြင့် ရောက်အပ်၏ဟူ၍ ငါဘုရားသည် ဟောတော်မမူဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ် ဖြစ်ပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် ''ရောဟိတဿနတ်သား အကြင်အရပ်၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ၊ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ် မြင်အပ် ရောက်အပ်၏ဟူ၍ ငါဘုရားသည် ဟောတော်မမူ''ဟု ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။

အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်ကား အကျွန်ုပ်သည် မုဆိုး၏ သားဖြစ်သော တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတဿမည်သော ရသေ့ ဖြစ်ခဲ့ဖူးပါ၏၊ အသျှင်ဘုရား ထို့အကျွန်ုပ်၏ လျင်မြန်ပုံမှာ ဤသို့ သဘောရှိခဲ့ပါ၏- လေးအတတ်ကို သင်ကြားပြီး၍ လေးမြားအတတ်၌ လက်ကျင့်ရပြီးသော (လေးအတတ်၌) လေ့လာပြီးသော ပြုလုပ်ထားသော စက်ဝန်း၌ မြားကို ကျစေနိုင် သော မြဲမြံခိုင်ခံ့သော လေးရှိသော လေးဆရာသည် ပေါ့ပါးသော မြားဖြင့် ခဲခဲယဉ်းယဉ်း မဟုတ်ဘဲ ဖီလာ ကန့်လန့် ထန်းပင်ရိပ်ကို လွန်စေနိုင်သကဲ့သို့ ထို့အတူ (တစ်ခုသော စကြာဝဠာကို လွန်စေနိုင်၏)။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤသို့ သဘောရှိသော ခြေလှမ်းသည် ဖြစ်ခဲ့ပါ၏- အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာသည် ဝေးကွာသကဲ့သို့ ထို့အတူ ဝေးကွာသော ခြေလှမ်း ဖြစ်ခဲ့ပါသည်။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ''ငါသည် သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်အံ့''ဟု ဤသို့ သဘောရှိသော အလို ဖြစ်ခဲ့၏။ အသျှင်ဘုရား စင်စစ် ဤသို့ သဘောရှိသော လျင်မြန်ခြင်းနှင့်လည်းကောင်း၊ ဤသို့ သဘောရှိ သော ခြေလှမ်းနှင့်လည်းကောင်း ပြည့်စုံသော ထိုအကျွန်ုပ်သည် စားခြင်း၊ သောက်ခြင်း၊ ခဲခြင်း၊ လျက်ခြင်း အချိန်ကို ဖယ်ထား၍ ကျင်ကြီးကျင်ငယ် စွန့်မှုကို ဖယ်ထား၍ အိပ်စက်မှု အပန်းဖြေနားနေမှုကို ဖယ်ထား ပြီးလျှင် အနှစ်တစ်ရာ အသက်ကြွင်းရှိသော အကျွန်ုပ်သည် အနှစ်တစ်ရာ အသက်ရှင်လျက် အနှစ်တစ်ရာ ပတ်လုံး သွား၍ လောက၏ အဆုံးသို့ မရောက်ဘဲ အကြား၌သာလျှင် သေရပါသည်။

အသျှင်ဘုရား အံ့ဖွယ် ရှိပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရား သည် ''အချင်းနတ်သား အကြင်လောက၌ ပဋိသန္ဓေ မနေရ၊ မအိုရ၊ မသေရ၊ မရွေ့လျောရ၊ တစ်ဖန် မဖြစ်ရ၊ ထိုအရပ်သို့ ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးကို သိအပ်၏၊ မြင်အပ်၏၊ ရောက်အပ်၏ ဟူ၍ ငါဘုရားသည် ဟောတော်မမူ''ဟု ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။

အချင်းရောဟိတဿနတ်သား လောက၏ အဆုံး နိဗ္ဗာန်ကို မရောက်ဘဲ ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါ ဟောတော်မမူ၊ အချင်းနတ်သား စင်စစ်အားဖြင့် သညာလည်းရှိ, စိတ်လည်းရှိသော တစ်လံမျှ လောက်သော ဤခန္ဓာကိုယ်၌ လောက (ဒုက္ခသစ္စာ) ကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်း (သမုဒယ သစ္စာ) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ နိဗ္ဗာန် (နိရောဓသစ္စာ) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့် (မဂ္ဂသစ္စာ) ကိုလည်းကောင်း ငါ ပညတ်တော်မူ၏။

လောက၏ အဆုံး (နိဗ္ဗာန်) သို့ ခြေဖြင့် သွားခြင်းဖြင့် တစ်ရံတစ်ဆစ်မျှ မရောက် နိုင်၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဆင်းရဲမှ လွတ်မြောက်ခြင်း မည် သည်လည်း မရှိ။

ထို့ကြောင့် စင်စစ်အားဖြင့် လောကကို သိပြီးသော လောက၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်ပြီးသော ကျင့်သုံးပြီးသော အကျင့်မြတ်ရှိသော မကောင်းမှုမှ ငြိမ်းပြီးသော ပညာရှိသည် လောက၏ အဆုံးကို သိ၍ ဤ (ပစ္စုပ္ပန်) လောကကိုလည်းကောင်း၊ တမလွန် (လောက) ကိုလည်းကောင်း မတောင့်တတော့ချေဟု (မိန့်တော်မူ၏)။

------

၇-နန္ဒသုတ်

၁၀၈။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒနတ်သားသည် မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏ -

''အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္ဈိမ ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့် ကုန်၏၊ (ပညာရှိသည်) သေခြင်း၌ ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ ချမ်းသာကို ဆောင်တတ်သော ကောင်းမှုတို့ကို ပြုရာ၏''ဟု (လျှောက်၏)။

အချိန်အခါတို့သည် (ပုဂ္ဂိုလ်ကို) လွန်ကုန်၏၊ ညဉ့်တို့သည် (ပုဂ္ဂိုလ်ကို) လွန် ကုန်၏၊ (ပဌမ မဇ္ဈိမ့ပစ္ဆိမ) အရွယ်အစုတို့သည် (ပုဂ္ဂိုလ်ကို) အစဉ်အတိုင်း စွန့် ကုန်၏၊ ငြိမ်းချမ်းရာ (နိဗ္ဗာန်) ကို အလိုရှိသူသည် ထိုကြောက်ဖွယ် ဘေးသုံးမျိုးကို ရှုသည်ဖြစ်၍ လောကအာမိသ (တေဘူမကဝဋ်) ကို စွန့်ရာ၏ဟု (မိန့်တော်မူ၏)။

------

၈-နန္ဒိဝိသာလသုတ်

၁၀၉။ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် နန္ဒိဝိသာလနတ်သားသည် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏ -

''ြ ကီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား (ဣရိယာပုတ်) လေးပါးဟူသော စက်လေးပါးလည်းရှိသော ကိုးပါးသော အပေါက် (ဒွါရ)လည်းရှိသော (မစင်တို့ဖြင့်) ပြည့်သော လိုချင်မှု 'လောဘ'နှင့် စပ်ယှဉ်သော (အမိဝမ်းတိုက်ဟူသော) ညွန်ပျောင်း၌ ဖြစ်သော ကိုယ်သည် အဘယ်သို့လျှင် ထွက်မြောက်မှု ဖြစ်လတ္တံ့နည်း''ဟု (လျှောက်၏)။

ရန်ငြိုးဖွဲ့မှုကိုလည်းကောင်း၊ ကိလေသာဟူသော လွန်ကြိုးကိုလည်းကောင်း၊ လိုချင်မှု 'ဣစ္ဆာ'ကိုလည်းကောင်း၊ ယုတ်ညံ့သော 'လောဘ'ကိုလည်းကောင်း ဖြတ်၍ တပ်မက်မှု 'တဏှာ'ကို အမြစ်နှင့်တကွ နုတ်သည်ရှိသော် ဤသို့ ထွက်မြောက်သည် ဖြစ်နိုင်လတ္တံ့ဟု (မိန့်တော်မူ၏)။

------

၉-သုသိမသုတ်

၁၁၀။ သာဝတ္ထိနိဒါန်း။ ထိုအခါ၌ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာ အား ''အာနန္ဒာ သင်သည်လည်း သာရိပုတြာကို နှစ်သက်သလော''ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့နည်း၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ကြီးသော ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ကျယ်ပြန့်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ရွှင်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် လျင်မြန်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ထက်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာ သည် (ကိလေသာကို) ဖောက်ထွင်းနိုင်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် အလိုနည်းပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ရောင့်ရဲလွယ်ပါ၏၊ အသျှင်ဘုရား အသျှင်သာရိ ပုတြာသည် နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် (လူတို့နှင့်) ရောနှောခြင်းတို့မှ ကင်းပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ထက်သန်သော လုံ့လရှိပါ၏၊ အသျှင် ဘုရား အသျှင်သာရိပုတြာသည် ဆိုဆုံးမတတ်ပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် စကားကို သည်းခံတတ်ပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပြစ်တင်ဆုံးမတတ်ပါ၏၊ အသျှင်ဘုရား အသျှင် သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိပါ၏၊ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ် သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့နည်းဟု (လျှောက်၏)။

အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏၊ အာနန္ဒာ ဤစကားသည် ဤအတိုင်း မှန်၏၊ အာနန္ဒာ မမိုက်သော မပြစ်မှားတတ်သော မတွေဝေတတ်သော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် သာရိပုတြာကို မနှစ်သက်ဘဲ ရှိအံ့နည်း၊ အာနန္ဒာ သာရိပုတြာသည် ပညာလည်း ရှိ၏၊ အာနန္ဒာ့သာရိပုတြာသည် ကြီးသော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ကျယ်ပြန့်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ရွှင်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် လျင်မြန်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ထက်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် (ကိလေသာကို) ဖောက်ထွင်းနိုင်သော ပညာလည်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် အလိုနည်း၏၊ အာနန္ဒာ သာရိပုတြာသည် ရောင့်ရဲလွယ်၏၊ အာနန္ဒာ သာရိပုတြာသည် နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိ၏၊ အာနန္ဒာ သာရိပုတြာသည် (လူတို့နှင့်) ရောနှောခြင်းတို့မှ ကင်း၏၊ အာနန္ဒာ သာရိပုတြာသည် ထက်သန်သော လုံ့လရှိ၏၊ အာနန္ဒာ သာရိပုတြာသည် ဆိုဆုံးမတတ်၏၊ အာနန္ဒာ သာရိပုတြာသည် စကားကို သည်းခံ တတ်၏၊ အာနန္ဒာ သာရိပုတြာသည် ပြစ်တင်ဆုံးမတတ်၏၊ အာနန္ဒာ သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိ၏၊ အာနန္ဒာ မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် သာရိပုတြာကို မနှစ်သက်ဘဲ ရှိအံ့နည်းဟု (မိန့်တော်မူ၏)။

ထိုအခါ သုသိမနတ်သားသည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုအပ်သည်ရှိသော် များစွာ သော နတ်သားပရိသတ် ခြံရံလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခု သော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''မြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤစကားသည် ဤအတိုင်း မှန်ပါ၏၊ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ် သက်ဘဲ ရှိပါအံ့နည်း၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိ ပုတြာသည် ကြီးသော ပညာရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ကျယ်ပြန့်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိပုတြာသည် ရွှင်သော ပညာလည်း ရှိပါ၏၊ အသျှင်ဘုရား အသျှင်သာရိ ပုတြာသည် လျင်မြန်သော ပညာလည်း ရှိပါ၏၊ ထက်သော ပညာလည်း ရှိ၏၊ (ကိလေသာကို) ဖောက် ထွင်းနိုင်သော ပညာလည်း ရှိပါ၏၊ အလိုနည်းပါ၏၊ ရောင့်ရဲလွယ်ပါ၏၊ နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိပါ၏၊ လူတို့နှင့် ရောနှောခြင်းတို့မှ ကင်းပါ၏၊ ထက်သန်သော လုံ့လရှိပါ၏၊ ဆိုဆုံးမတတ်ပါ၏၊ စကားကို သည်းခံတတ်ပါ၏၊ ပြစ်တင်ဆုံးမတတ်ပါ၏၊ အသျှင်သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိပါ၏၊ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့နည်း။

အသျှင်ဘုရား အကျွန်ုပ်သည် ချဉ်းကပ်ရာရာ နတ်ပရိသတ်၌ များစွာသော ထိုချီးမွမ်းသော အသံကို သာလျှင် ကြားရပါ၏ - 'အသျှင်သာရိပုတြာသည် ပညာရှိ၏၊ ကြီးသော ပညာလည်း ရှိ၏၊ ကျယ်ပြန့်သော ပညာလည်း ရှိ၏၊ ရွှင်သော ပညာလည်း ရှိ၏၊ လျင်မြန်သော ပညာလည်း ရှိ၏၊ ထက်သော ပညာလည်း ရှိ၏၊ (ကိလေသာကို) ဖောက်ထွင်းနိုင်သော ပညာလည်း ရှိ၏၊ အလို်နည်း၏၊ ရောင့်ရဲလွယ်၏၊ နီဝရဏတို့မှ ကင်းဆိတ်ခြင်း ရှိ၏၊ လူတို့နှင့် ရောနှောခြင်းမှ ကင်း၏၊ ထက်သန်သော လုံ့လရှိ၏၊ ဆို ဆုံးမတတ်၏၊ စကားကို သည်းခံတတ်၏၊ ပြစ်တင်ဆုံးမတတ်၏၊ အသျှင်သာရိပုတြာသည် ယုတ်မာသော သူတို့၌ ရှုတ်ချလေ့ရှိ၏''ဟု (ကြားရပါ၏)။ အသျှင်ဘုရား မမိုက်သော မပြစ်မှားတတ်သော မတွေဝေသော ဖောက်ပြန်သည့်စိတ် မရှိသော အဘယ်မည်သော သူသည် အသျှင်သာရိပုတြာကို မနှစ်သက်ဘဲ ရှိပါအံ့ နည်း''ဟု (လျှောက်၏)။

ထိုအခါ သုသိမနတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည် ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်း့အရောင်တို့ကို ထင်ရှားဖြစ်စေ၏၊ ဥပမာသော်ကား တောက်ပသော အမျိုးမှန်သော ရှစ်မြှောင့်ရှိသော ကောင်းစွာ ပြုပြင်ပြီးသော ကမ္ဗလာနီ၌ ထားအပ်သော ကျောက်မျက်ရတနာသည် ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမ နတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှား ဖြစ်စေ၏။

ဥပမာတစ်မျိုးသော်ကား လိမ္မာသော ရွှေပန်းတိမ်သည်သားသည် ဖိုဝ၌ ကောင်းစွာ ကြည်စေပြီး အပြေအပြစ် ပြုပြီးသော ကမ္ဗလာနီ၌ ထားအပ်သော တစ်နိက္ခရှိသော ဇမ္ဗူရဇ်ရွှေသည် ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမ နတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှား ဖြစ်စေ၏။

ဥပမာတစ်မျိုးသော်ကား တန်ဆောင်မုန်းလအခါ တိမ်တိုက် ကင်းစင်သည်ဖြစ်၍ ထုတ်ချင်းပေါက်သော ကောင်းကင်၌ ညဉ့်၏ မိုးသောက်ယံအခါဝယ် သောက်ရှူးကြယ်သည် ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ်သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမနတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက် သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှားဖြစ်စေ၏။

ဥပမာတစ်မျိုးသော်ကား တန်ဆောင်မုန်းလအခါ တိမ်တိုက် ကင်းစင်သည်ဖြစ်၍ ထုတ်ချင်းပေါက်သော ကောင်းကင်၌ နေမင်းသည် ကောင်းကင်သို့ တက်သည်ရှိသော် အလုံးစုံသော ကောင်းကင်၌ ဖြစ်သော အမိုက်တိုက်ကို ပယ်၍ ထွန်းပသကဲ့သို့လည်းကောင်း၊ တောက်ပသကဲ့သို့လည်းကောင်း၊ တင့်တယ် သကဲ့သို့လည်းကောင်း ဤအတူသာလျှင် သုသိမနတ်သား၏ နတ်သားပရိသတ်သည် အသျှင်သာရိပုတြာ၏ ဂုဏ်ကျေးဇူးကို ဆိုသည်ရှိသော် နှစ်လိုသည် ဝမ်းမြောက်သည် နှစ်သိမ့်ဝမ်းမြောက်ခြင်းရှိသည် ဖြစ်၍ အထူးထူးသော အဆင်းအရောင်တို့ကို ထင်ရှားဖြစ်စေ၏။

ထိုအခါ သုသိမနတ်သားသည် အသျှင်သာရိပုတြာကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏- ''ပညာရှိဟူ၍ သမုတ်အပ်သော၊ အမျက် မရှိသော၊ အလိုနည်းသော၊ ရဲရင့်သော၊ ယဉ်ကျေးပြီးသော၊ ရဟန္တာဖြစ်သော သာရိပုတြာသည် မြတ်စွာဘုရားမှ ရအပ် သော ချီးမွမ်းခြင်း ရှိ၏''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်သာရိပုတြာကို အကြောင်းပြု၍ သုသိမနတ်သားကို ဂါထာဖြင့် တစ်ဖန် မိန့်ဆိုတော်မူပြန်၏ - ''ပညာရှိဟူ၍ သမုတ်အပ်သော၊ အမျက် မရှိသော၊ အလိုနည်းသော၊ ရဲရင့်သော၊ ယဉ်ကျေးပြီးသော၊ ရဟန္တာဖြစ်သော သာရိပုတြာသည် ကောင်းစွာ ယဉ်ကျေးသည် ဖြစ်၍ ပရိနိဗ္ဗာန်ပြုချိန်ကို တောင့်တ၏''ဟု (မိန့်တော်မူ၏)။

------

၁၀-နာနာတိတ္တိယသာဝကသုတ်

၁၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ အသမ , သဟလိ , နီက , အာကောဋက , ဝေဂဗ္ဘရိ , မာဏဝဂါမိယဟူသော များစွာကုန်သော အထူးထူး သော တိတ္ထိတို့၏ တပည့်ဖြစ်ကုန်သော နတ်သားတို့သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌့အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဝေဠုဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောနေရာ၌ ရပ်တည်ကြကုန်ပြီးသော် အသမ နတ်သားသည် ပူရဏကဿပကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''ဤလောက၌ အကြင် (ပူရဏ) ကဿပသည် ဖြတ် အပ် သတ် အပ် သည် ၌လည်းကောင်း၊ ပုတ် ခတ်ခြင်း ဥစ္စာဆုံးရှုံးခြင်းတို့၌လည်းကောင်း မကောင်းမှုကို အဖန် တလဲလဲ မရှုတတ်၊ မိမိ၏ ကောင်းမှုကိုလည်း အဖန်တလဲလဲ မရှုတတ်၊ ထိုဆရာ ဖြစ်သော ကဿပသည် (ဤသို့) သတ္တဝါတို့၏ တည်ရာကို ပြောကြား၏၊ စင်စစ် ဤကဿပကို မြတ်နိုးပူဇော် ထိုက်၏''ဟု (လျှောက်၏)။

ထို့နောက် သဟလိနတ်သားသည် မက္ခလိဂေါသာလကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင်အသျှင်သည် ကိုယ်ကို ပင်ပန်းစေမှုအကျင့်နှင့် မကောင်းမှုကို စက်ဆုပ်ခြင်းဖြင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိ၏၊ လူနှင့် ငြင်းခုန်သော စကားကို ပယ်၍ တွေတွေဝေဝေ သိခြင်းမှ ကင်း၏၊ မှန်သော စကားကို ဆိုလေ့ရှိ၏၊ ထို အသျှင်သည် စင်စစ် ထိုသို့သဘောရှိသော မကောင်းမှုကို မပြု''ဟု (လျှောက်၏)။

ထို့နောက် နီကနတ်သားသည် နိဂဏ္ဌနာဋပုတ္တကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''မကောင်းမှုကို စက်ဆုပ်သော ရင့်ကျက်သော ပညာရှိသော နိဂဏ္ဌရဟန်းသည် လေးပါးသော စောင့်စည်းခြင်းဖြင့် စောင့်စည်း၏။ မြင်အပ်သည်ကိုလည်းကောင်း၊ ကြားအပ်သည်ကိုလည်းကောင်း ပြောကြားတတ်၏။ စင်စစ် ငါတို့ဆရာ နိဂဏ္ဌသည် မကောင်းမှုကို ပြုတတ်သည် မဖြစ်ရာ''ဟု (လျှောက်၏)။

ထို့နောက် အာကောဋကနတ်သားသည် အထူးထူးသော တိတ္ထိတို့ကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို (လျှောက်၏)။

''ပကုဓကစ္စာယန , နိဂဏ္ဌ (နာဋပုတ္တ) , မက္ခလိဂေါသာလနှင့် ပူရဏ (ကဿပ) ဟူကုန်သော အကြင်ဂိုဏ်းဆရာကြီးတို့သည် ရဟန်းအဖြစ်၌ အထွတ်အထိပ်သို့ ရောက်ကြကုန်၏၊ ထိုဂိုဏ်းဆရာကြီးတို့သည် စင်စစ် သူတော်ကောင်းတို့မှ မဝေး ကြကုန်''ဟု (လျှောက်၏)။

ထိုအခါ ဝေဂဗ္ဘရိနတ်သားသည် အာကောဋကနတ်သားကို ဂါထာဖြင့် တစ်ဖန် ရွတ်ဆို၏-

''ယုတ်မာသော မြေခွေးကြီးသည် ခြင်္သေ့နှင့် အတူ သွားကာမျှဖြင့် တစ်ရံတစ်ဆစ် မျှ ခြင်္သေ့နှင့် မတူနိုင်။ ဂိုဏ်းဆရာဖြစ်သော ထိုတိတ္ထိဟူသမျှသည် အချည်းနှီး တည်း၊ မမှန်သော စကားကို ဆိုလေ့ရှိ၏၊ ရွံရှာဖွယ် အကျင့်ရှိ၏၊ သူတော်ကောင်းတို့နှင့် မတူနိုင်''ဟု (ရွတ်ဆို၏)။

ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဝေဂဗ္ဘရိနတ်သားကို ပူးဝင်၍ မြတ်စွာဘုရား၏ ထံတော်ပါး၌ ဤဂါထာကို လျှောက်၏-

''အကြင်ဆရာတို့သည် ကိုယ်ကို ပင်ပန်းစေမှုအကျင့်၊ မကောင်းမှုကို စက်ဆုပ်ခြင်းနှင့် မပြတ် ယှဉ်ကုန်၏၊ ဆိတ်ငြိမ်ခြင်းသို့ ကပ်သော အကျင့်ကို စောင့်ရှောက် သည်ဖြစ်၍ အဆင်း၌လည်း သက်ဝင်ကုန်၏၊ နတ်ပြည်ကိုလည်း တောင့်တကုန်၏၊ ထိုဆရာတို့သည် စင်စစ် တမလွန်လောကအကျိုးငှါ သူတစ်ပါးတို့အား ကောင်းစွာ ဆုံးမကုန်၏''ဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် ''ဤသူကား ယုတ်မာသော မာရ်နတ်တည်း''ဟု သိ၍ ယုတ်မာသော မာရ်နတ်ကို ဤဂါထာဖြင့် ပြန်လည် မိန့်ဆိုတော်မူ၏။

''ဤလူ့ပြည့်၌လည်းကောင်း၊ နတ်ပြည်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း့အကြင်အမှတ်မရှိသော အဆင်းတို့သည် ထွန်းလင်းသော အဆင်းရှိကုန်၏။ မာရ်နတ် သင် ချီးမွမ်းအပ်သော အလုံးစုံသာလျှင် ဖြစ်ကုန်သော ထိုအဆင်းတို့ကို 'ငါးတို့ကို သတ်ယူခြင်းငှါ ငါးမျှားချိတ်၌ တပ်သော (ငါးစာ) အာမိသကို ပစ်ချသကဲ့ သို့' သတ္တဝါအပေါင်းအား သတ်ခြင်းငှါ ပစ်ချအပ်ကုန်၏''ဟု (မိန့်ဆိုတော်မူ၏)။

ထိုအခါ မာဏဝဂါမိယနတ်သားသည် မြတ်စွာဘုရားကို အကြောင်းပြု၍ မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာတို့ကို လျှောက်၏-

''ရာဇဂြိုဟ်ပြည်ကို ဝိုင်းရံထားသော တောင်တို့တွင် ဝေပုလ္လတောင်ကို တောင် မြတ်ဟု ဆိုအပ်၏၊ ဟိမဝန္တာတောင်တို့တွင် ကေလာသတောင်သည် မြတ်၏၊ ကောင်းကင်၌ သွားကုန်သော အရာဝတ္ထုတို့တွင် နေမင်းသည် မြတ်၏။

ရေ၏ တည်ရာတို့တွင် သမုဒ္ဒရာသည် မြတ်၏၊ နက္ခတ်တို့တွင် လသည်သာလျှင် မြတ်၏၊ နတ်နှင့်တကွသော လောကတွင် မြတ်စွာဘုရားကို အမြတ်ဟူ၍ ဆိုအပ်၏''ဟု (လျှောက်၏)။

သုံးခုမြောက် နာနာတိတ္ထိယဝဂ် ပြီး၏။

ဒေဝပုတ္တသံယုတ် ပြီး၏။

------

၃-ကောသလသံယုတ်

၁-ပဌမဝဂ် ၁-ဒဟရသုတ်

၁၁၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင် ပြီးသော် ''အသျှင်ဂေါတမသည်လည်း 'အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏'ဟူ၍ ဝန်ခံ သလော''ဟု မြတ်စွာဘုရားအား လျှောက်၏၊ မင်းကြီး ''အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏''ဟူသော စကားကို ကောင်းစွာ ဆိုလိုသူသည် ငါ့ကိုသာလျှင် (ရည်ညွှန်း၍) ဆိုသည် ဖြစ်ရာ၏။ မင်းကြီး မှန်၏၊ ငါသည် အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အကြင်သမဏဗြာဟ္မဏတို့သည်လည်း သံဃာနှင့် ပြည့်စုံကုန်၏၊ ဂိုဏ်းနှင့် ပြည့်စုံ ကုန်၏၊ ဂိုဏ်းဆရာဖြစ်ကုန်၏၊ ထင်ရှားကုန်၏၊ များသော အခြံအရံ ရှိကုန်၏၊ အယူဝါဒကို တီထွင်ကုန်၏၊ လူအများက သူတော်ကောင်းဟု သမုတ်အပ်ကုန်၏။ ဤသမဏဗြာဟ္မဏတို့သည် အဘယ်သူတို့နည်း၊ ပူရဏကဿပ၊ မက္ခလိ ဂေါသာလ၊ နိဂဏ္ဌနာဋပုတ္တ၊ ဗေလဋ္ဌ၏ သား သိဉ္စည်း၊ ပကုဓကစ္စာယန၊ လူတို့၏ ဆံပင်ဖြင့် ရက်သော ကမ္ဗလာကို ဆောင်သော အဇိတတို့တည်း။ ထိုသမဏဗြာဟ္မဏတို့သော်မှလည်း ငါသည် ''အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏ဟူ၍ ဝန်ခံကုန်သလော''ဟု မေးအပ်ကုန် သည်ရှိသော် ''အတုမရှိသော သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိ၏''ဟု ဝန်မခံကုန်၊ အသျှင်ဂေါတမသည် ဇာတ်အနွယ်အားဖြင့် ငယ်လည်း ငယ်၏၊ ရဟန်းပြုသစ်စလည်း ဖြစ်၏၊ သို့ဖြစ်လျက် အဘယ့်ကြောင့် ဝန်ခံသနည်းဟု (လျှောက်၏)။

မင်းကြီး 'ငယ်၏'ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန် 'ငယ်၏'ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ-

(၁) မင်းကြီး မင်းသားကို 'ငယ်၏'ဟူ၍ မထေမဲ့မြင် မပြုအပ်၊ 'ငယ်၏'ဟူ၍ ပြက်ရယ် မပြုအပ်။

(၂) မင်းကြီး မြွေကို 'ငယ်၏'ဟူ၍ မထေမဲ့မြင် မပြုအပ်၊ 'ငယ်၏'ဟူ၍ ပြက်ရယ် မပြုအပ်။

(၃) မင်းကြီး မီးကို 'သေးငယ်၏'ဟူ၍ မထေမဲ့မြင် မပြုအပ်၊ 'ငယ်၏'ဟူ၍ ပြက်ရယ် မပြုအပ်။

(၄) မင်းကြီး ရဟန်းကို 'ငယ်၏'ဟူ၍ မထေမဲ့မြင် မပြုအပ်၊ 'ငယ်၏'ဟူ၍ ပြက်ရယ် မပြုအပ်။

မင်းကြီး 'ငယ်၏'ဟူ၍ မထေမဲ့မြင် မပြုအပ်ကုန် 'ငယ်၏'ဟူ၍ ပြက်ရယ် မပြုအပ်ကုန်သော အရာတို့ကား ဤလေးပါးတို့တည်း။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး လူနတ်တို့၏ ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

မင်းြ ကီး လူသည် ဇာတ်အမျိုးနှင့် ပြည့်စုံသော ဇာတ်သုံးမျိုးကို လွန်၍ ဖြစ်သော များသော အခြံအရံရှိသော မင်းသားကို 'ငယ်၏'ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။

အကြောင်းမူကား လူတို့ထက်မြတ်သော ထိုမင်းသားသည် မင်းအဖြစ်ကို ရသည် ရှိသော် အမျက်ထွက်သည် ဖြစ်၍ ရာဇဒဏ်ဖြင့် ထိုသူအား ပြင်းစွာ လုံ့လပြုတတ်၏၊ ထို့ကြောင့် မိမိ၏ အသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

လူသည် ရွာ၌လည်းကောင်း၊ တော၌လည်းကောင်း အကြင်အရပ်၌ မြွေကို မြင် ရာ၏၊ ထိုအရပ်၌ ထိုမြွေကို 'ငယ်၏'ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။

တန်ခိုးရှိသော မြွေသည် အထူးထူးအပြားပြားသော အဆင်းသဏ္ဌာန်တို့ဖြင့် လှည့်လည်တတ်၏၊ ထိုမြွေသည် တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်၍ မလိမ္မာသော လူယောက်ျားကိုလည်းကောင်း၊ လူမိန်းမကိုလည်းကောင်း ကိုက်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

မင်းကြီး လူသည် များသော လောင်စာရှိသော အလျှံရှိသော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော ထိုမီးကို 'သေးငယ်၏'ဟူ၍ မထေမဲ့မြင် မပြုရာ၊ ပြက်ရယ် မပြုရာ။

ထိုမီးသည် လောင်စာကို ရသော် ကြီးမားသည်ဖြစ်၍ တစ်ရံတစ်ခါ မိမိအနီးသို့ ရောက်လာသော မလိမ္မာသော လူယောက်ျားကိုလည်းကောင်း၊ လူမိန်းမကိုလည်းကောင်း လောင်ရာ၏။ ထို့ကြောင့် မိမိအသက်ကို စောင့်ရှောက်လိုသူသည် ထိုသို့ မထေမဲ့မြင် ပြုခြင်းမှ ရှောင်ကြဉ်ရာ၏။

လောင်သည်၏ အစွမ်းအားဖြင့် သုတ်သင်တတ်သော မည်းနက်သည့် သွားရာ လမ်းကြောင်းရှိသော မီးသည် အကြင်တောကို လောင်၏၊ ထိုတော၌ မြက် သစ်ပင် စသည်တို့သည် နေ့ညဉ့်များစွာ လွန်ကုန်သော်မှသာ ပေါက်ရောက်နိုင်ကုန်၏။

မင်းကြီး သီလနှင့် ပြည့်စုံသော ရဟန်းသည် (သီလတည်းဟူသော) တန်ခိုးဖြင့် အကြင် (မထေမဲ့မြင် ပြုအပ်သော) သူကို လောင်တတ်၏။ ထိုသူအား သားသမီးတို့ သည်လည်းကောင်း၊ အခြေလေးချောင်းရှိ ကျွဲနွားစသော သားကောင်တို့သည်လည်းကောင်း မဖြစ်ထွန်းကုန်။ အမွေခံတို့သည်လည်း အမွေဥစ္စာကို မရကုန်၊ ထိုသူတို့ သည် သားသမီး မရှိကုန်သည် အမွေခံ မရှိကုန်သည် ဖြစ်၍ ထန်းပင်ငုတ်နှင့် တူ ကုန်၏။

ထို့ကြောင့်သာလျှင် မိမိ၏အကျိုးစီးပွားကို ကောင်းစွာ သိမြင်သော ပညာရှိသော ပုဂ္ဂိုလ်သည် မြွေကိုလည်းကောင်း၊ မီးကိုလည်းကောင်း၊ များသော အခြံအရံရှိသော မင်းကိုလည်းကောင်း၊ သီလနှင့် ပြည့်စုံသော ရဟန်းကိုလည်းကောင်း ကောင်းစွာ သာလျှင် ကျင့်ရာ၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - ''အသျှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား တရားတော် သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသော ဝတ္ထုကို လှန်ဘိ သကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ 'မျက်စိအမြင်ရှိသော သူတို့သည် အဆင်းကို မြင် ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း့ဤအတူသာလျှင် မြတ်စွာဘုရားသည် အကြောင်းအမျိုးမျိုးဖြင့် တရားတော်ကို ပြတော်မူ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက် ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ''ဟု (လျှောက်၏)။

------

၂-ပုရိသသုတ်

၁၁၃။ သာဝတ္ထိနိဒါန်း။ ထိုအခါ ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော အရပ်၌ ထိုင်၏၊ တစ်ခုသော အရပ်၌ ထိုင်နေပြီးသော် ပသေနဒီ ကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - ''အသျှင်ဘုရား အဘယ်မျှကုန်သော တရားတို့သည် (သတ္တဝါ၏) ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါလည်းကောင်း၊ ဆင်းရဲခြင်းငှါလည်းကောင်း၊ ချမ်းသာစွာ မနေရခြင်းငှါလည်းကောင်း ဖြစ်ပါကုန်သနည်း''ဟု (လျှောက်၏)။

မင်းကြီး သုံးပါးသော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်ကုန်၏။ အဘယ်သုံးပါးတို့နည်းဟူမူ- (၁) မင်းကြီး လိုချင်မှု 'လောဘ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

(၂) မင်းကြီး အမျက်ထွက်မှု 'ဒေါသ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

(၃) မင်းကြီး တွေဝေမှု 'မောဟ'တရားသည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်သည်ရှိသော် အစီးအပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏။

မင်းကြီး ဤသုံးပါးကုန်သော တရားတို့သည် သတ္တဝါ၏ ကိုယ်တွင်း၌ ဖြစ်ကုန်သည်ရှိသော် အစီး အပွား မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ချမ်းသာစွာ မနေရခြင်းငှါ ဖြစ်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အခွံလျှင် အနှစ်ရှိသော (ဝါးပင် , ကျူပင်စသော) အပင်ကို မိမိ အသီးသည် ညှဉ်းဆဲဖျက်ဆီးသကဲ့သို့၊ မိမိကိုယ်တွင်း၌ ဖြစ်ကုန်သော လောဘ, ဒေါသ, မောဟ တရားတို့သည် မကောင်းသော စိတ်ရှိသော သတ္တဝါကို ညှဉ်းဆဲဖျက်ဆီးကုန်၏ဟု (မိန့်တော်မူ၏)။

------

၃-ဇရာမရဏသုတ်

၁၁၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - ''အသျှင်ဘုရား ပဋိသန္ဓေနေသောသူအား အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် ရှိပါသလောဟု (လျှောက်၏)၊ မင်းကြီး ပဋိသန္ဓေနေသောသူအား အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ၊ မင်းကြီး ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန်သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန် သော အကြင်ခတ္တိယမဟာသာလမင်းမျိုးတို့သည် ရှိကုန်၏၊ ပဋိသန္ဓေနေခြင်းရှိကုန်သော ထိုမင်းတို့အား သော်မှလည်း အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ။ အကြင်ဗြာဟ္မဏမဟာသာလပုဏ္ဏားမျိုးတို့သည် ရှိကုန်၏။ပ။ ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိ ကုန်သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော အကြင့်ဂဟပတိမဟာသာလသူကြွယ်မျိုးတို့သည် ရှိကုန်၏၊ ပဋိသန္ဓေနေခြင်းရှိကုန်သော ထိုသူကြွယ်တို့အားသော်မှလည်း အိုခြင်း သေခြင်းမှ လွတ်ခြင်းမည်သည် မရှိ။ မင်းကြီး ကိလေသာတို့မှ ဝေးကုန်ပြီးသော အာသဝ ကုန်ပြီးကုန်သော ကျင့်သုံးပြီးသော (မဂ်) အကျင့်ရှိ ကုန်သော ပြုအပ်ပြီးသော (မဂ်) ကိစ္စလည်းရှိကုန်သော ချအပ်ပြီးသော ခန္ဓာဝန်ရှိကုန်သော အစဉ်ရောက်ပြီးသော မိမိအကျိုး (အရဟတ္တဖိုလ်) ရှိကုန်သော ကုန်ပြီး သော ဘဝသံယောဇဉ်ရှိကုန်သော ကောင်းစွာ သိ၍ ကိလေသာမှ လွတ်ကုန်ပြီးသော အကြင်ရဟန္တာဖြစ် ကုန်သော ရဟန်းတို့သည် ရှိကုန်၏၊ ထိုရဟန္တာဖြစ်ကုန်သော ရဟန်းတို့အားသော်မှလည်း ဤခန္ဓာကိုယ် သည် ပျက်ခြင်းသဘောရှိ၏၊ ပစ်ချခြင်းသဘောရှိ၏ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

ရွှေငွေအစရှိသည်ဖြင့် ကောင်းစွာ ဆန်းကြယ်ကုန်သော မင်း၏ ရထားတို့သည် စင်စစ် ဆွေးမြေ့တတ်ကုန်၏၊ ထိုမှတစ်ပါး ခန္ဓာကိုယ်သည်လည်း ဆွေးမြေ့ခြင်းသို့ ရောက်၏၊ သူတော်ကောင်းတို့၏ (နိဗ္ဗာန်) တရားသည်ကား ဆွေးမြေ့ခြင်းသို့ မရောက်နိုင်၊ သူတော်ကောင်းတို့သည် စင်စစ် သူတော်ကောင်းတို့နှင့်တကွ ပြော ကြားကုန်၏ဟု (မိန့်တော်မူ၏)။

------

၄-ပိယသုတ်

၁၁၅။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား ဆိတ်ငြိမ်ရာအရပ်သို့ ကပ်၍ တစ်ယောက်တည်း နေ သော အကျွန်ုပ်အား ''အဘယ်သူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်သနည်း၊ အဘယ်သူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်သနည်း''ဟု စိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ထို အကျွန်ုပ်အား ထိုအကြံသည် ဖြစ်ပြန်ပါ၏- ''အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် 'ကာယ ဒုစရိုက်'သုံးပါးကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်းသောအကျင့် 'ဝစီဒုစရိုက်'လေးပါးကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် 'မနောဒုစရိုက်'သုံးပါးကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ် သည် မမည်၊ 'ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏'ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ပင် ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်း၊ မချစ်သော သူသည် မချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။

အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် 'ကာယသုစရိုက်' ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် 'ဝစီသုစရိုက်' ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် 'မနောသုစရိုက်' ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ 'ငါတို့သည် မိမိကိုယ်ကို မချစ်အပ်'ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ပင် ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သော သူသည် ချစ်အပ်သော သူ၏ အကျိုးငှါ ပြု လုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့သည် မိမိ ကိုယ်ကို ချစ်အပ်သည် မည်၏''ဟု (အကြံ ဖြစ်ပါ၏ဟု လျှောက်၏)။

မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် 'ကာယဒုစရိုက်'ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်း သောအကျင့် 'ဝစီဒုစရိုက်'ကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် 'မနောဒုစရိုက်'ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မမည်၊ ထိုသူတို့သည် 'ငါတို့သည် မိမိကိုယ်ကို ချစ်အပ်၏'ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို့မချစ်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ မင်းကြီး မချစ်သော သူသည် မချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို မချစ်အပ်သည် မည်၏။

မင်းကြီး အကြင်သူတို့ကား ကိုယ်ဖြင့် ကောင်းသောအကျင့် 'ကာယသုစရိုက်'ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် 'ဝစီသုစရိုက်'ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် 'မနောသုစရိုက်'ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏၊ ထိုသူတို့သည် 'ငါတို့သည် မိမိကိုယ်ကို မချစ်အပ်'ဟု အကယ်၍ ဆိုကြစေကာမူ၊ ထိုသို့ဆိုကုန်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို ချစ်အပ် သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ ချစ်သော သူသည် ချစ်အပ်သော သူ၏ အကျိုးငှါ ပြုလုပ်အပ်သော အမှုမျိုးကို မိမိအကျိုးငှါ ကိုယ်တိုင်ပင် ပြုလုပ်ကြကုန်သောကြောင့် ထိုသူတို့ သည် မိမိကိုယ်ကို ချစ်အပ်သည် မည်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

မိမိကိုယ်ကို ချစ်အပ်၏ဟူ၍ အကယ်၍ သိငြားအံ့၊ ထိုမိမိကိုယ်ကို မကောင်းမှုနှင့် မယှဉ်စေရာ။ မှန်၏၊ မကောင်းမှုကို ပြုလေ့ရှိသော သူသည် ထိုချမ်းသာကို ရလွယ် သည် မဖြစ်။

မှန်၏၊ သေမင်း နှိပ်စက်အပ်သည်ဖြစ်၍ လူ၌ ဖြစ်သော ဘဝကို စွန့်ရသော သူအား အဘယ်သည်လျှင် ထိုသူ၏ ဥစ္စာဖြစ်သနည်း၊ အဘယ်ကိုလျှင် ယူ၍ သွားရ သနည်း။ ထိုသူအား 'အရိပ်သည် အစဉ်လိုက်သကဲ့သို့' အဘယ်သည်လျှင် အစဉ် လိုက်သနည်း။

ဤလောက၌ သတ္တဝါသည် နှစ်ပါးကုန်သော အကြင် ကောင်းမှုကိုလည်းကောင်း၊ အကြင်မကောင်းမှုကိုလည်းကောင်း ပြု၏။ ထိုကောင်းမှု မကောင်းမှုသည်သာလျှင် ထိုသူ၏ ဥစ္စာဖြစ်၏၊ ထိုဥစ္စာကိုသာလျှင် ယူ၍ သွား၏။ အရိပ်သည် အစဉ်လိုက် သကဲ့သို့ ထိုကောင်းမှု မကောင်းမှု နှစ်ပါးသည်သာလျှင် အစဉ်လိုက်၏။

ထို့ကြောင့် တမလွန်၌ အကျိုးရှိသော ဆည်းပူးအပ်သော ကောင်းမှုကို ပြုရာ၏၊ ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ တည်ရာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

------

၅-အတ္တရက္ခိတသုတ်

၁၁၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- အသျှင်ဘုရား ဤအရပ်၌ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက် တည်း နေသော အကျွန်ုပ်အား ''အဘယ်သူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်သနည်း၊ အဘယ်သူတို့သည် မိမိကိုယ်ကို မစောင့်ရှောက်အပ်သည် မည်သနည်း''ဟု ဤသို့သော စိတ်အကြံသည် ဖြစ်ပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ဤသို့သော အကြံသည် ဖြစ်ပြန်ပါ၏- ''အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် 'ကာယဒုစရိုက်'ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် မကောင်းသောအကျင့် 'ဝစီ ဒုစရိုက်'ကို ကျင့်ကုန်၏၊ စိတ်ဖြင့် မကောင်းသောအကျင့် 'မနောဒုစရိုက်' ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသူတို့ကို ဆင်အပေါင်းသည်လည်း အကယ်၍ စောင့်ရှောက် ငြားအံ့၊ မြင်းအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ရထားအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည်လည်း အကယ်၍ စောင့်ရှောက်ငြားအံ့၊ ထိုသို့ပင် စောင့် ရှောက်သော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်း၊ အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်အရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိ ကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။

အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် 'ကာယသုစရိုက်' ကို ကျင့်ကုန်၏၊ နှုတ်ဖြင့်ကောင်းသောအကျင့် 'ဝစီသုစရိုက်' ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် 'မနောသုစရိုက်' ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ ထိုသူတို့ကို ဆင်အပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ မြင်းအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ရထားအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ထိုသို့ပင် မစောင့်ရှောက်ကြသော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏။ ထိုသို့ ဖြစ်ခြင်း သည် အဘယ်အကြောင်းကြောင့်နည်း၊ အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်ရှောက် မဟုတ်၊ ထို့ကြောင့် ထို သူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏''ဟု (အကြံ ဖြစ်ပြန်ပါ၏ဟု လျှောက်၏)။

မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏။ မင်းကြီး အချို့ကုန်သော အကြင်သူတို့သည် ကိုယ်ဖြင့် မကောင်းသောအကျင့် 'ကာယဒုစရိုက်' ကို ကျင့်ကုန်၏။ပ။ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မမည်။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့် နည်း၊ မင်းကြီး အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အပဖြစ်သော အစောင့်အရှောက်တည်း၊ ဤ အစောင့်အရှောက်သည် အတွင်း၌ ဖြစ်သော အစောင့်ရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိကိုယ် ကို စောင့်ရှောက်အပ်သည် မမည်။

မင်းကြီး အကြင်သူတို့သည် ကိုယ်ဖြင့် ကောင်းသောအကျင့် 'ကာယသုစရိုက်' ကို ကျင့်ကုန်၏၊ နှုတ်ဖြင့် ကောင်းသောအကျင့် 'ဝစီသုစရိုက်'ကို ကျင့်ကုန်၏၊ စိတ်ဖြင့် ကောင်းသောအကျင့် 'မနောသုစရိုက်' ကို ကျင့်ကုန်၏၊ ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ ထိုသူတို့ကို ဆင်အပေါင်း သည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ မြင်းအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ရထား အပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ခြေသည်သူရဲအပေါင်းသည် အကယ်၍ မစောင့်ရှောက်ငြား အံ့၊ ထိုသို့ပင် မစောင့်ရှောက်ကြသော်လည်း ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း၊ မင်းကြီး အကြင့်ကြောင့် ဤအစောင့်အရှောက်သည် အတွင်းအစောင့်အရှောက်တည်း၊ ဤအစောင့်အရှောက်သည် အပအစောင့်အရှောက် မဟုတ်၊ ထို့ကြောင့် ထိုသူတို့သည် မိမိကိုယ်ကို စောင့်ရှောက်အပ်သည် မည်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

ကိုယ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ နှုတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ စောင့်စည်းခြင်းသည် ကောင်း၏၊ အလုံးစုံတို့၌ စောင့်စည်းသော ရှက်ခြင်းရှိသော သူကို မိမိ ကိုယ်ကို စောင့်ရှောက်သော သူဟူ၍ သိအပ်၏ဟု (မိန့်တော်မူ၏)။

------

၆-အပ္ပကသုတ်

၁၁၇။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-အသျှင်ဘုရား ဤအရပ်၌ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း နေသော အကျွန်ုပ်အား ဤသို့သော စိတ်အကြံသည် ဖြစ်ပေါ်ပါ၏ - ''အကြင်သတ္တဝါတို့သည် မြတ်ကုန် များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း မယစ်ကုန်၊ မေ့လည်း မမေ့လျော့ကုန်၊ ကာမဂုဏ် ၌ တပ်မက်ခြင်းသို့လည်း မရောက်ကုန်၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း မကျင့်ကုန်၊ ထိုသတ္တဝါတို့သည် လောက၌ နည်းကုန်၏။ စင်စစ်သော်ကား မြတ်ကုန်များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း ယစ်ကုန်၏၊ မေ့လည်း မေ့လျော့ကုန်၏၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း ရောက်ကုန်၏၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း ကျင့်ကုန်၏၊ ထိုသတ္တဝါတို့သည်သာလျှင် လောက၌ အလွန်များကုန်၏''ဟု ဤသို့သော အကြံ ဖြစ်ပေါ်ပါ၏ဟု (လျှောက်၏)။

မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး ဤအကြံသည် ဤအတိုင်း မှန်၏၊ မင်းကြီး အကြင်သတ္တဝါတို့သည် မြတ်ကုန်များကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း မယစ်ကုန်၊ မေ့လည်း မမေ့လျော့ကုန်၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း မရောက်ကုန်၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း မကျင့်ကုန်၊ ထိုသတ္တဝါတို့သည် လောက၌ နည်းကုန်၏။ စင်စစ်သော်ကား မြတ်ကုန်များကုန်သော စည်းစိမ် ဥစ္စာတို့ကို ရကုန်၍ ယစ်လည်း ယစ်ကုန်၏၊ မေ့လည်း မေ့လျော့ကုန်၏၊ ကာမဂုဏ်၌ တပ်မက်ခြင်းသို့လည်း ရောက်ကုန်၏၊ သတ္တဝါတို့၌ ဖေါက်ပြန်၍လည်း ကျင့်ကုန်၏၊ ဤသတ္တဝါတို့သည်သာလျှင် လောက ၌ အလွန်များကုန်၏ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ပ။

အကြင်သူတို့သည် ကာမဂုဏ်စည်းစိမ်တို့၌ အလွန်တပ်မက်ကုန်သည် ကာမဂုဏ်တို့၌ မက်မောကုန်သည် တွေဝေမိန်းမောကုန်သည် ဖြစ်၍ 'သားသမင်တို့သည် ထောင်ထားသော ထောင်ချောက်ကျော့ကွင်းကို မသိကုန်သကဲ့သို့' မိမိ လွန်ကျူးမှုကို မသိကုန်၊ ထိုသူတို့အား နောင်အခါ၌ ခါးစပ်သော အကျိုးဖြစ်၏။ မှန်၏၊ ထိုသူတို့အား ယုတ်ညံ့သော အကျိုးသာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

------

၇-အဍ္ဍ္ပကရဏသုတ်

၁၁၈။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ပသေနဒီကောသလမင်းသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ - ''အသျှင်ဘုရား တရားဆုံးဖြတ်ရာ ဤအရပ်၌ နေသော အကျွန်ုပ် သည် ကြွယ်ဝကုန်သော များသောဥစ္စာရှိကုန်သော များသောစည်းစိမ်ရှိကုန်သော များသောရွှေငွေရှိကုန် သော များသောအသုံးအဆောင် အဆောက်အဦရှိကုန်သော များသောဥစ္စာစပါးရှိကုန်သော ကာမဟူသော အကြောင်းရင်းကြောင့် ကာမဟူသော အထောက်အပ)