အဂုင်္တ္တရနိကာယ်

အဂုင်္တ္တိုရ်ပါဠိတော်

မြန်မာပြန်

ဒုကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပဌမပဏ္ဏာသက

ပဌမ သုတ်ငါးဆယ်

၁ - ကမ္မကာရဏဝဂ် ၊ ဝဇ္ဇသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားခဲ့ရပါသည်၃/၅ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရာမ်ဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို 'ရဟန်းတို့'ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် 'အရှင်ဘုရား'ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၃/၅

ရဟန်းတို့ အပြစ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ၃/၅ မျက်မှောက် ဘဝ၌ ဖြစ်သောအပြစ်၊ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်တို့တည်း။ မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မင်းတို့က မကောင်းမှုပြုကျင့်သော ခိုးသူကို ဖမ်းဆီး၍ အမျိုးမျိုးသော နှိပ်စက် ညှင်းပန်းခြင်း ပြုစေသည်တို့ကို တွေ့မြင်၏။ နှင်တံတို့ဖြင့်ရိုက်နှက်စေသည် တို့ကိုလည်းကောင်း၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက်စေသည်တို့ကို လည်းကောင်း၊ တုတ်တိုတို့ဖြင့် ရိုက်နှက်စေသည် တို့ကိုလည်းကောင်း၊ လက်ကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ ခြေကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ လက်ခြေတို့ကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နားကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နှာခေါင်းကို ဖြတ်စေသည်တို့ကိုလည်းကောင်း၊ နား နှားခေါင်းတို့ကို ဖြတ်စေသည်တို့ကို လည်းကောင်း၊ ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက်ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်းထဲသို့ ထည့်လျက် ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ အထက်နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ပင်းတိုင်အောင် အရေကို လှီးဖြတ်ထားပြီးလျှင် ဆံပင်ကို တစ်ပေါင်းတည်း တုတ်ဖြင့်ရစ်ပတ်၍ ဆံပင်နှင့်တကွ ဦးရေကို ဆွဲဆောင့်ဆုတ်ခွာ၍ ကျောက်စရစ်ခဲများဖြင့် ပွတ်တိုက် ဆေးကြောကာ ဦးပြည်းခေါင်းကို ခရုသင်း အဆင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက် ညှင်းပန်းခြင်း ပြုစေသည်တို့ကိုလည်းကောင်း၊ ပါးစပ်ကို သံချွန်ဖြင့် ဖွင့်ထောက်၍ အတွင်း၌ မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ တစ်ကိုယ်လုံး အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် မီးပန်းကုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လက်တို့ကို အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် လက်ဆီမီးတိုင်ကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လည်ပင်းမှစ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ပုံထားလျက် လူကို လွန်ကြိုးနှင့်ဆွဲသဖြင့် မိမိ အရေကို မိမိ နင်းမိတိုင်း နင်းမိတိုင်း လဲ၍လဲ၍ သွားအောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ လည်ပင်းမှစ၍ အရေကိုခွာပြီးလျှင် ခါးပေါ်၌ထား၍ ၎င်းခါးမှ စ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ထား၍လည်းကောင်း အထက်ပိုင်း အရေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက်တို့၌ သံထိပ် သံထူးခတ်၍ သံချွန်လေးခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် သားကောင်းကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့်ရှို့မြှိုက်ကာ နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ နှစ်ဘက်အသွားရှိသော သံချိတ်တို့ဖြင့် အရေအကြောအသားတို့ကို ခြစ်ခွာလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကျပ်ပြားမျှ ကျပ်ပြားမျှ အရေအကြော အသားများ ပြတ်ကျအောင် ခါးမှစ၍ တစ်ကိုယ်လုံးကို ထက်စွာသော ပဲကွပ်တို့ဖြင့် ခုတ်ရွေလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကိုယ်ကို တုတ်လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲဆပ်ပြာရည် ပက်ကာ ဆတ်သွားသီးဖြင့် ပွတ်တိုက်၍ အရေအကြော အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင် ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ မြေ၌ နံပါးတစ်ဘက်ဖြင့်း အိပ်စေလျက် နားတစ်ဘက်မှ တစ်ဘက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစ်စပ်တည်း ရှိစေပြီးလျှင် ခြေတောက်မှ ကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ အရေအသားတို့ကို မပြတ်စေမူ၍ တင်းပုတ်တို့ဖြင့် အရိုးတို့ကို ထုရိုက်ကာ ဆံပင်တို့ကို ဆွဲကိုင် မြှောက်ပစ်လိုက်လျက် အသားစုချည်းသာ ဖြစ်သောအခါ ဆံပင်တို့ဖြင့် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ပြုစေသည်တို့ကို လည်းကောင်း၊ ကျိုက်ကျိုက်ဆူသော ဆီပူဖြင့် သွန်းလောင်းစေသည်တို့ကို လည်းကောင်း၊ နှစ်ရက် သုံးရက် အငတ်ထား၍ အလွန် ဆာလောင် မွတ်သိပ်နေသော ခွေးတို့ကို ကိုက်စားစေသည်တို့ကို လည်းကောင်း၊ အရှင်လတ်လတ် သံတံကျင်လျှိုစေသည် တို့ကိုလည်းကောင်း၊ သံလျက်ဖြင့် ဦးခေါင်းကို ဖြတ်စေသည်တို့ကို လည်းကောင်း တွေ့မြင်ရ၏။

ထိုသူအား ဤသို့သော ဆင်ခြင်ခြင်းသည်ဖြစ်၏ ''ဤ အကြင်သို့ သဘောရှိကုန်သော မကောင်းမှုကံတို့၏ အကြောင်းကြောင့် မကောင်းမှုကို ပြုကျင့်သော ခိုးသူကို မင်းတို့သည် ဖမ်းဆီး၍ အမျိုးမျိုးသော နှိပ်စက်ညှင်းပန်းခြင်းတို့ကို ပြုစေကုန်၏။'' နှင်တံတို့ဖြင့်ရိုက်နှက် စေကုန်၏၊ ကြိမ်လုံးတို့ဖြင့် ရိုက်နှက် စေကုန်၏၊ တုတ်တိုတို့ဖြင့် ရိုက်နှက် စေကုန်၏၊ လက်ကိုလည်းဖြန် စေကုန်၏၊ ခြေကိုလည်းဖြတ် စေကုန်၏၊ လက်ခြေတို့ကိုလည်း ဖြတ် စေကုန်၏၊ နားကိုလည်း ဖြတ် စေကုန်၏၊ နှာခေါင်းကိုလည်း ဖြတ် စေကုန်၏၊ နား နှားခေါင်းတို့ကိုလည်း ဖြတ် စေကုန်၏၊ ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက်ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်းထဲသို့ ထည့်လျက် ဦးနှောက်ကို ပအုံးရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ အထက်နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ပင်းတိုင်အောင် အရေကို လှီးဖြတ်ထားပြီးလျှင် ဆံပင်ကို တစ်ပေါင်းတည်း တုတ်ဖြင့်ရစ်ပတ်၍ ဆံပင်နှင့်တကွ ဦးရေကို ဆွဲဆောင့်ဆုတ်ခွာ၍ ကျောက်စရစ်ခဲများဖြင့် ပွတ်တိုက် ဆေးကြောကာ ဦးပြည်းခေါင်းကို ခရုသင်း အဆင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက် ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ပါးစပ်ကို သံချွန်ဖြင့် ဖွင့်ထောက်၍ အတွင်း၌ မီးထွန်းကာ နေလကို ငုံထားသော ရာဟုခံတွင်းကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ တစ်ကိုယ်လုံး အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် မီးပန်းကုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ပြုစေကုန်၏၊ လက်တို့ကို အဝတ်ပတ်ပြီးလျှင် ဆီလောင်း၍ မီးရှို့လျက် လက်ဆီမီးတိုင်ကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ လည်ပင်းမှစ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ပုံထားလျက် လူကို လွန်ကြိုးနှင့်ဆွဲသဖြင့် မိမိ အရေကို မိမိ နင်းမိတိုင်း နင်းမိတိုင်း လဲ၍လဲ၍ သွားအောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ လည်ပင်းမှစ၍ အရေကိုခွာပြီးလျှင် ခါးပေါ်၌ထား၍ ၎င်းခါးမှ စ၍ အရေကို ခွာပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ်၌ ထား၍လည်းကောင်း အထက်ပိုင်း အရေဖြင့် အောက်ပိုင်းကိုယ်ကို လျော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ တံတောင်နှစ်ဘက် ဒူးနှစ်ဘက်တို့၌ သံထိပ် သံထူးခတ်၍ သံချွန်လေးခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် သားကောင်းကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့်ရှို့မြှိုက်ကာ နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊၊ နှစ်ဘက်အသွားရှိသော သံချိတ်တို့ဖြင့် အရေအကြောအသားတို့ကို ခြစ်ခွာလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကျပ်ပြားမျှ ကျပ်ပြားမျှ အရေအကြော အသားများ ပြတ်ကျအောင် ခါးမှစ၍ တစ်ကိုယ်လုံးကို ထက်စွာသော ပဲကွပ်တို့ဖြင့် ခုတ်ရွေလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကိုယ်ကို တုတ်လက်နက်တို့ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲဆပ်ပြာရည် ပက်ကာ ဆတ်သွားသီးဖြင့် ပွတ်တိုက်၍ အရေအကြော အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင် ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ မြေ၌ နံပါးတစ်ဘက်ဖြင့်း အိပ်စေလျက် နားတစ်ဘက်မှ တစ်ဘက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစ်စပ်တည်း ရှိစေပြီးလျှင် ခြေတောက်မှ ကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ အရေအသားတို့ကို မပြတ်စေမူ၍ တင်းပုတ်တို့ဖြင့် အရိုးတို့ကို ထုရိုက်ကာ ဆံပင်တို့ကို ဆွဲကိုင် မြှောက်ပစ်လိုက်လျက် အသားစုချည်းသာ ဖြစ်သောအခါ ဆံပင်တို့ဖြင့် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် နှိပ်စက်ညှင်းပန်းခြင်း ကိုလည်း ပြုစေကုန်၏၊ ကျိုက်ကျိုက်ဆူသော ဆီပူဖြင့်လည်း သွန်းလောင်းစေကုန်၏၊ နှစ်ရက် သုံးရက် အငတ်ထား၍ အလွန် ဆာလောင် မွတ်သိပ်နေသော ခွေးတို့ကိုလည်း ကိုက်စားစေကုန်၏၊ အရှင်လတ်လတ် သံတံကျင်လည်း လျှိုစေ ကုန်၏၊ သံလျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်စေကုန်၏။ ငါသည်လည်း ဤသို့ သဘောရှိသော မကောင်းမှုကို ပြုငြားအံ့ ငါ့ကိုလည်း မင်းတို့သည် ဖမ်းဆီး၍ ဤသို့ သဘောရှိသော အမျိုးမျိုးသော နှိပ်စက် ညှင်းပန်းခြင်းတို့ကို ပြုစေကုန်ရာ၏။ နှင်တံတို့ဖြင့်လည်း ရိုက်နှက်စေကုန်ရာ၏၊ ၃/၅ ပ ၃/၅ ၊ သံလျက်ဖြင့်လည်း ဦးခေါင်းကို ဖြတ်စေကုန်ရာ၏''ဟု ဆင်ခြင်၏။ ထိုသူသည် မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်မှ ကြောက်သည်ဖြစ်၍ သူတစ်ပါးတို့၏ ပစ္စည်းဥစ္စာထုပ်ကို လုယက် ခိုးယူ၍ မသွား။ ရဟန်းတို့ ဤအပြစ်ကို မျက်မှောက်ဘဝ၌ ဖြစ်သော အပြစ်ဟု ဆိုအပ်၏။

ရဟန်းတို့ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်သည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဤသို့ ဆင်ခြင်၏။ ''ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏၊ စိတ်ဖြင့် ကြံစည်အပ်သော မကောင်းသော အကျင့်၏ အကျိုးသည် တမလွန်ဘဝ၌ ဆင်းရဲသော, ယုတ်ညံ့သော အကျိုး ဖြစ်၏။ ငါသည်လည်း ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့, နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့, စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်ငြားအံ့ ငါသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ပျက်စီး၍ ကျရာဖြစ်သော ငရဲသို့ မရောက်ရာသော အကြောင်းသည် အဘယ်မှာ ရှိအံ့နည်း''ဟု ဆင်ခြင်၏။ ထိုသူသည် တမလွန် ဘဝ၌ ဖြစ်လတံ့သော ဘေးကို ကြောက်သည်ဖြစ်၍ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ ကိုယ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ နှုတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်ကို ပယ်စွန့်၍ စိတ်ဖြင့် ပြုအပ်သော ကောင်းသောအကျင့်ကို ဖြစ်စေ၏၊ မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအပြစ်ကို တမလွန် ဘဝ၌ ဖြစ်လတံ့သော အပြစ်ဟု ဆိုအပ်၏။ ရဟန်းတို့ အပြစ်တို့သည် ဤနှစ်မျိုးတို့တည်း။

ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''မျက်မှောက်ဘဝ၌ ဖြစ်သောအပြစ်ကို ကြောက်ကုန်အံ့၊ တမလွန်ဘဝ၌ ဖြစ်လတံ့သော အပြစ်တို့ကို ကြောက်ကုန်အံ့၊ အပြစ်ကို ကြောက်သောသူ ဘေးကို မြင်သောသူတို့ ဖြစ်ကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်။ ရဟန်းတို့ အပြစ်ကို ကြောက်သောသူ ဘေးကိုမြင်သောသူသည် အလုံးစုံသော အပြစ်တို့မှ လွတ်အံ့သော အကျိုးကိုသာ မချွတ် ရလိမ့်မည်ဟု မျှော်လင့်အပ်၏-ဟု မိန့်တော်မူ၏။

ပထမသုတ် ပြီး၏။

၃/၅၃/၅၃/၅၃/၅၃/၅၃/၅၃/၅

၂ ပဓာနသုတ်

၂။ ရဟန်းတို့ လောက၌ ဖြစ်စေနိုင်ခဲသော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ၃/၅ အိမ်၌ နေကုန်သော လူတို့၏ သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်တို့ကို ထောက်ပံ့ခြင်းငှါ အားထုတ်ခြင်း လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုကုန်သော ရှင်ရဟန်းတို့၏ အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန်အကျိုးငှါ အားထုတ်ခြင်းတို့တည်း။ ရဟန်းတို့ ဖြစ်စေနိုင်ခဲကုန်သော အားထုတ်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ လောက၌ ဤအားထုတ်ခြင်း နှစ်မျိုးတို့တွင် အလုံးစုံသော ဥပဓိတို့ကို စွန့်ရာဖြစ်သော နိဗ္ဗာန်အလို့ငှာ အားထုတ်ခြင်းသည် အမြတ်ဆုံးပေတည်း။ ရဟန်းတို့ ထို့ကြောင့် ဤသာသာတော်၌ ''အလုံးစုံသော ဥပဓိတို့မှ ကင်းလွတ်ရာ နိဗ္ဗာန်အကျိုးငှာ အားထုတ်ခြင်းကို အားထုတ်ကြကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်-ဟု မိန့်တော်မူ၏။

ဒုတိယသုတ် ပြီး၏။

 

၃ တပနီယသုတ်

၃။ ရဟန်းတို့ ပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ၃/၅ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယဒုစရိုက်ကို ပြုကျင့်၏၊ ကာယသုစရိုက်ကို မပြုကျင့်။ ဝစီဒုစရိုက်ကို ပြုကျင့်၏၊ ဝစီသုစရိုက်ကို မပြုကျင့်။ မနောဒုစရိုက်ကို ပြုကျင့်၏၊ မနောသုစရိုက်ကို မပြုကျင့်။ ထိုသူသည် ''ငါသည် ကာယဒုစရိုက်ကို ပြုကျင့်မိပြီ''ဟု ပူပန်၏။ ''ငါသည် ကာယသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်၏။ ''ငါသည် ဝစီဒုစရိုက်ကို ပြုကျင့်မိပြီ''ဟု ပူပန်၏။ ''ငါသည် ဝစီသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်၏။ ''ငါသည် မနောဒုစရိုက်ကို ပြုကျင့်မိပြီ''ဟု ပူပန်၏။ ''ငါသည် မနောသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်၏။ ရဟန်းတို့ ပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

တတိယသုတ်

 

၄ အတပနီယသုတ်

၄။ ရဟန်းတို့ မပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ၃/၅ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယသုစရိုက်ကို ပြုကျင့်၏၊ ကာယဒုစရိုက်ကို မပြုကျင့်။ ဝစီသုစရိုက်ကို ပြုကျင့်၏၊ ဝစီဒုစရိုက်ကို မပြုကျင့်။ မနောသုစရိုက်ကို ပြုကျင့်၏၊ မနောဒုစရိုက်ကို မပြုကျင့်။ ထိုသူသည် ''ငါသည် ကာယသုစရိုက်ကို ပြုကျင့်မိပြီ''ဟု မပူပန်။ ''ငါသည် ကာယဒုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်။ ''ငါသည် ဝစီသုစရိုက်ကို ပြုကျင့်မိပြီ''ဟု မပူပန်။ ''ငါသည် ဝစီသုစရိုက်ကို မပြုကျင့်မိ''ဟု ပူပန်။ ''ငါသည် မနောသုစရိုက်ကို ပြုကျင့်မိပြီ''ဟု မပူပန်။ ''ငါသည် မနောဒုစရိုက်ကို မပြုကျင့်မိ''ဟု မပူပန်။ ရဟန်းတို့ မပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

စတုတ္ထသုတ်

 

၅ ဥပညာသသုတ်

၅။ ရဟန်းတို့ (ဈာန် ဩဘာသနိမိတ် မျှလောက်သော) ကုသိုလ်တရားတို့၌ မရောင့်ရဲခြင်းနှင့် (အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်ရောက်အောင်) အားထုတ် လုံ့လပြုရာ၌ မဆုတ်နစ်ခြင်းဟူသော ဤတရားနှစ်မျိုးတို့၏ ဂုဏ်ကို ငါသည် ကပ်ရောက်၍ သိပြီ။ ရဟန်းတို့ ငါသည် ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့''ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်၏၊ ရဟန်းတို့ ထိုငါသည် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို မမေ့မလျှော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ၊ အတုမရှိသော ယောဂတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ် နိဗ္ဗာန်ကို မမေ့မလျှော့ အားထုတ်ခြင်းဖြင့် ရောက်အပ်ပြီ။ ရဟန်းတို့ သင်တို့သည်လည်း ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန် မဂ် ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့''ဟု ဆုတ်နစ်ခြင်း မရှိမူ၍ အားထုတ်ကြကုန်လော့။ ရဟန်းတို့သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ကောင်းစွာ ဝင်ရောက်သော အမျိုးသားတို့ လိုလားအပ်သော အကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိသော အရဟတ္တဖိုလ်သို့ မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေကုန်လတံ့။ ရဟန်းတို့ ထို့ကြောင့် ''ခန္ဓာကိုယ်၌ အရေ အကြော အရိုးသာ ကြွင်းလိုလျှင် ကြွင်းစေတော့၊ အသားအသွေးသည် ခန်းခြောက်လိုလျှင် ခန်းခြောက်စေတော့၊ ယောက်ျားတို့၏ စွမ်းအား ယောက်ျားတို့၏ လုံ့လ ယောက်ျားတို့၏ ဥဿာဟဖြင့် ရောက်အပ်သော ဈာန် မဂ် ဖိုလ် နိဗ္ဗာန်သို့ မရောက်သေးသမျှ အားထုတ်အပ်သော ဝီရိယ၏ ဆုတ်နစ်ခြင်းသည် မဖြစ်လတံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ သင်တို့သည် ဤသို့သာလျှင် ကျင့်ရမည်-ဟု မိန့်တော်မူ၏။

ပဉ္စမသုတ်

 

၆ သညောဇနသုတ်

၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ၃/၅ သံယောဇဉ်၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ သာယာသောအားဖြင့် အဖန်ဖန် ရှုခြင်းလည်းကောင်း၊ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုခြင်းလည်းကောင်း၊ ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ သာယာသောအားဖြင့် ရှုသည်ဖြစ်၍ နေသောသူသည် တပ်မက်ခြင်း ရာဂကို မပယ်ဖြောက်နိုင်၊ ပစ်မှားခြင်းဒေါသကို မပယ်ဖြောက်နိုင်၊ တွေဝေခြင်း မောဟကို မပယ်ဖြောက်နိုင်၊ ရာဂ ဒေါသ မောဟကို မပယ်ဖြောက်နိုင်သည်ရှိသော် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်ကင်းနိုင်၊ ဝဋ်ဆင်းရဲမှ မလွတ်မြောက်နိုင်-ဟုငါဆို၏။ ရဟန်းတို့ သံယောဇဉ်တို့၏ အကြောင်းဖြစ်ကုန်သော တရားတို့၌ ငြီးငွေ့သောအားဖြင့် အဖန်ဖန် ရှုသည်ဖြစ်၍ နေသောသူသည် တပ်မက်ခြင်း ရာဂကို ပယ်စွန့်နိုင်၏၊ ပစ်မှားခြင်းဒေါသကို ပယ်စွန့်နိုင်၏၊ တွေဝေခြင်း မောဟကို ပယ်စွန့်နိုင်၏၊ ရာဂ ဒေါသ မောဟကို ပယ်စွန့်နိုင်သည်ရှိသော် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးမြည်တမ်းခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်ကင်းနိုင်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်၏ဟု ငါဆို၏။ ရဟန်းတို့ တရားတို့ကား ဤနှစ်မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

ဆဋ္ဌသုတ်

 

ရ ကဏှသုတ်

၇။ ရဟန်းတို့ မည်းညစ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူကား။ မကောင်းမှုမှ မရှက်ခြင်း အဟိရိကလည်းကောင်း၊ မကောင်းမှုမှ မထိတ်လန့်ခြင်း အနောတ္တပ္ပလည်းကောင်း တို့တည်း။ ရဟန်းတို့ မည်းညစ်သော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်း- ဟု မိန့်တော်မူ၏။

သတ္တမသုတ်

 

၈ သုက္ကသုတ်

၈။ ရဟန်းတို့ ဖြူစင်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူကား။ မကောင်းမှုမှ ရှက်ခြင်း ဟိရီလည်းကောင်း၊ မကောင်းမှုမှ ထိတ်လန့်ခြင်း ဩတ္တပ္ပလည်းကောင်း တို့တည်း။ ရဟန်းတို့ ဖြူစင်ကုန်သော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်း- ဟု မိန့်တော်မူ၏။

အဋ္ဌမသုတ်

 

၉ စရိယသုတ်

၉။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို စောင့်ရှောက်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ၃/၅ မကောင်းမှုမှ ရှက်ခြင်း 'ဟိရီ'၎င်း၊ မကောင်းမှုမှ ထိတ်လန့်ခြင်း 'ဩတ္တပ္ပ'၎င်းတို့တည်း။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်မျိုးတို့သည် လောကကို မစောင့်ရှောက်ကုန်ငြားအံ့ (ယင်းသို့ မစောင့်. .. သော်) ဤလောက၌ 'အမိ'ဟူ၍၎င်း, 'မိကြီး မိထွေး'ဟူ၍၎င်း, 'ဦးရီး၏မယား'ဟူ၍၎င်း, 'ဆရာ၏မယား'ဟူ၍၎င်း, 'ရိုသေလေးစားအပ်သူတို့၏ မယား'ဟူ၍၎င်း မထင်းရှား မသိသာကုန်ရာ။ (ယင်းသို့ မထင် . . .သော်) လောကသည် ဆိတ်များ သိုးများကဲ့သို့ ၎င်း, ကြက်ဝက်တို့ကဲ့သို့၎င်း, အိမ်ခွေး တောခွေးတို့ကဲ့သို့၎င်း, ရောယှက်ခြင်းသို့ ရောက်ရာ၏။ ရဟန်းတို့ ဖြူစင်သော ဤတရား နှစ်မျိုးတို့သည် လောကကို စောင့်ရှောက်ကုန်သောကြောင့် 'အမိ'ဟူ၍၎င်း, 'မိကြီး မိထွေး'ဟူ၍၎င်း, 'ဦးရီး၏မယား'ဟူ၍၎င်း, 'ဆရာ၏မယား'ဟူ၍၎င်း, 'ရိုသေလေးစားအပ်သူတို့၏ မယား'ဟူ၍၎င်း ထင်းရှား သိသာကုန်၏-ဟု (မိန့်တော်မူ၏)။

နဝမသုတ်

 

၁၀ - ဝဿူပနာယိကသုတ်

၁၀။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ၃/၅ ပုရိမဝါကပ်ခြင်း၎င်း, ပစ္ဆိမဝါကပ်ခြင်း၎င်းတို့တည်း။ ရဟန်းတို့ ဝါကပ်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း-ဟု (မိန့်တော်မူ၏)။

ဒသမသုတ်

ရှေးဦးစွာသော ကမ္မကရဏဝဂ် ပြီး၏။

၃/၅၃/၅၃/၅၃/၅၃/၅၃/၅၃/၅၃/၅၃/၅

၂ အဓိကရဏဝဂ်

၁၁။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ၃/၅ ဆင်ခြင်ခြင်အား 'ပဋိသင်္ခါနဗလ'၎င်း, ပွားများခြင်းအား 'ဘာဝနာဗလ'၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ''ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊''ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား 'ဘာဝနာဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ အကြင် ပွားများခြင်းအား 'ဘာဝနာဗလ'သည် ရှိ၏။ ဤဘာဝနာဗလသည် သေက္ခပုဂ္ဂိုလ်တို့၏ အားတည်း။ ထိုစကားသည် မှန်၏၊ ရဟန်းတို့ ထိုသူသည် သေက္ခပုဂ္ဂိုလ်တို့၏ အားကို စွဲ၍ တပ်မက်ခြင်း 'ရာဂ'ကို ပယ်စွန့်၏၊ ပြစ်မှားခြင်း 'ဒေါသ'ကို ပယ်စွန့်၏၊ တွေဝေခြင်း 'မောဟ'ကို ပယ်စွန့်၏၊ ရာဂ ဒေါသ မောဟကို ပယ်စွန့်ခြင်းကြောင်း အကုသိုလ်ကို မပြုကျင့်၊ မကောင်းမှုကို မမှီဝဲ။ ရဟန်းတို့ ဤသို့သောအားကို ဘာဝနာဗလ-ဟုဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း-ဟု (မိန့်တော်မူ၏)။ (၁)

၁၂။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ၃/၅ ဆင်ခြင်ခြင်အား 'ပဋိသင်္ခါနဗလ'၎င်း, ပွားများခြင်းအား 'ဘာဝနာဗလ'၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ''ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊''ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား 'ဘာဝနာဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတေ်၌ ရဟန်းသည် ကာမတို့မှ ဆိတ်ခြင်းကို မှီသော, ဝဋ်သုံးပါး၌ တပ်မက်မှု ကင်းခြင်းကို မှီသော, ကိလေသာတို့၏ ချုပ်ခြင်းကို မှီသော ကိလေသာပယ်စွန့်မှု နိဗ္ဗာန်သို့ သက်ဝင်မှုကို ရင့်ကျက်စေတတ်သော သတိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ဝီရိယသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ပီတိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ သမာဓိသမ္ဗောဇ္ဈင်ကို ပွားများ၏၊ ကာမတို့မှ ဆိတ်ခြင်းကို မှီသော, ဝဋ်သုံးပါး၌ တပ်မက်မှု ကင်းခြင်းကို မှီသော, ကိလေသာတို့၏ ချုပ်ခြင်းကို မှီသော ကိလေသာပယ်စွန့်မှု နိဗ္ဗာန်သို့ သက်ဝင်မှုကို ရင့်ကျက်စေတတ်သော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွားများ၏။ ရဟန်းတို့ ဤအားကို ပွားများခြင်းအား 'ဘာဝနာဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း-ဟု (မိန့်တော်မူ၏)။ (၂)

၁၃။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ၃/၅ ဆင်ခြင်ခြင်အား 'ပဋိသင်္ခါနဗလ'၎င်း, ပွားများခြင်းအား 'ဘာဝနာဗလ'၎င်းတို့တည်း။ ရဟန်းတို့ ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ''ကာယဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ ဝစီဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊ မနောဒုစရိုက်၏ အကျိုးသည် မျက်မှောက်ဘဝ၌၎င်း, တမလွန်ဘဝ၌၎င်း ယုတ်ညံ့ ဆိုးဝါး၏၊''ဟု ဆင်ခြင်၏။ ထိုသူသည် ဤသို့ ဆင်ခြင်ပြီးလျှင် ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏၊ ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏၊ မနောဒုစရိုက်ကို ပယ်၍ မနောသုစရိုက်ကို ပွားများ၏၊ သီလက္ခန္ဓစသည်ဖြင့် မိမိကိုယ်ကို စင်ကြယ်စွာ စောင့်ရှောက်၏။ ရဟန်းတို့ ဤအားကို ဆင်ခြင်ခြင်းအား 'ပဋိသင်္ခါနဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ ပွားများခြင်းအား 'ဘာဝနာဗလ'ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတေ်၌ ရဟန်းသည် ကာမတို့မှ ဆိတ်၍သာလျှင်, အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင်, ကြံစည်ခြင်း 'ဝိတက်'နှင့် တကွဖြစ်သော၊ သုံးသပ်ခြင်း 'ဝိစာရ'နှင့် တကွဖြစ်သော၊ နီဝရဏ ဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ', ချမ်းသာခြင်း 'သုခ' ရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ကြံစည်ခြင်း'ဝိတက်', သုံးသပ်ခြင်း 'ဝိစာရ' ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေ တတ်သော စိတ်၏တည်ကြည်ခြင်း 'သမာဓိ'ကို ပွားစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ'ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ', ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်သို့ ရောက်၍နေ၏။ နှစ်သိမ့်ခြင်း 'ပီတိ'ကိုလည်း မတပ်မက်ခြင်းကြောင့် သတိသမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို ''လျစ်လျူရှုသူ, သတိရှိသူ, ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာပုဂ္ဂိုလ်တို့သည် ပြောကြားကုန်၏။ ထို တတိယဈာန်သို့ ရော၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်၎င်း၊ ချမ်းသားခြင်း နှလုံးမသာယာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်း ကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်း ဤအားကို ပွားများခြင်းအား 'ဘာဝနာဗလ'ဟု ဆိုအပ်၏။ ရဟန်းတို့ အားတို့သည် ဤနှစ်မျိုးတို့ပေတည်း-ဟု (မိန့်တော်မူ၏)။ (၃)

၁၄။ ရဟန်းတို့ မြတ်စွာဘုရား၏ တရားဟောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ၃/၅ အကျဉ်းအားဖြင့် တရားဟောခြင်း၎င်း၊ အကျယ်အားဖြင့် တရားဟောခြင်း၎င်းတို့တည်း။ ရဟန်းတို့ မြတ်စွာဘုရား၏ တရားဟောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း-ဟု (မိန့်တော်မူ၏)။ (၄)

၁၅။

 

 

(( ဤနေရာ၌ ထပ်မံဖြည့်စွက်ရန် လိုနေပါသေးသည်။

စာပိုဒ် (၁) မှ (၄၈) အထိ လိုနေသေးသည်ကို

သည်းခံခွင့်လွှတ်တော်မူကြပါ။

စီစဉ်သူ

အရှင်အာစာရ ))

 

 

 

၄၉။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း 'အာမိသ'ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်လည်းကောင်း၊ သူတော် ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ'ကို အလေးမပြုသော ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ပစ္စည်း 'အာမိသ' ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို ပြောကြကုန်၏၊ ''ဤမည်သော ရဟန်းသည် ဥဘတောဘာဂ ဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းကား သီလမရှိ၊ ယုတ်သော သဘောရှိ၏''ဟု ပြောကြကုန်၏။ ထို ရဟန်းတို့သည် ထိုသို့ပြောသောကြောင့် လာဘ်ရကုန်၏၊ ထိုရဟန်းတို့သည် ထို လာဘ်ကို ရသောကြောင့် မက်မောကုန်သည် တွေဝေကုန်သည် တဏှာဖြင့် လွှမ်းမိုးအပ်ကုန်သည်ဖြစ်၍ အပြစ်ဟု ရှုလေ့မရှိကြကုန်ဘဲ ထွက်မြောက်ကြောင်းဖြစ်သော ပညာမှ ကင်းကုန်လျက် သုံးဆောင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို ပစ္စည်း 'အာမိသ'ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပရိသတ်ဟု ဆိုအပ်၏။

ရဟန်းတို့ သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ'ကို အလေးမပြုသော ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည် လူဝတ်ကြောင်တို့၏ မျက်မှောက်၌ အချင်းချင်း၏ ဂုဏ်ကို မပြောကြကုန်။ ''ဤမည်သော ရဟန်းသည် ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ပညာဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ကာယသက္ခိပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သဒ္ဓါဝိမုတ္တပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် ဓမ္မာနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည် သော ရဟန်းသည် သဒ္ဓါနုသာရီပုဂ္ဂိုလ် ဖြစ်၏၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းကား သီလမရှိ၊ ယုတ်သော သဘောရှိ၏''ဟု မပြောကြကုန်။ ထိုရဟန်းတို့သည် ထိုသို့ မပြောသောကြောင့် လာဘ်ရကုန်၏၊ ထိုရဟန်းတို့သည် ထို လာဘ်ကို ရသောကြောင့် မမက်မောကုန်သည် မတွေဝေကုန်သည် တဏှာဖြင့် မလွှမ်းမိုးကုန်သည် အပြစ်ဟု ရှုလေ့ရှိကုန်သည် ထွက်မြောက်ကြောင်းဖြစ်သော ပညာရှိကုန်သည်ဖြစ်၍ သုံးဆောင်ကုန်၏။ ရဟန်းတို့ ဤပရိသတ်ကို သူတော်ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ' ကို အလေးမပြုသော ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပရိသတ်နှစ်မျိုးတို့တွင် သူတော် ကောင်းတရားကို အလေးပြု၍ ပစ္စည်း 'အာမိသ' ကို အလေးမပြုသော အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

၅၀။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားနှင့်မညီသော 'ကောက်ကျစ်သော' ပရိသတ်လည်းကောင်း၊ တရားနှင့်ညီသော 'ဖြောင့်မတ်သော' ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားနှင့်မညီသော 'ကောက်ကျစ်သော' ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌တရားနှင့်မညီသော အမှု 'အဓမ္မကံ'တို့သည် ဖြစ်ကုန်၏၊ တရားနှင့်ညီသော အမှု 'ဓမ္မကံ'တို့သည် မဖြစ်ကုန်၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် ဖြစ်ကုန်၏၊ ဝိနည်းနှင့်ညီသော အမှု 'ဝိနယကံ'တို့သည် မဖြစ်ကုန်၊ တရားနှင့်မညီသော အမှု 'အဓမ္မကံ'တို့သည် ထွန်းပကုန်၏၊ တရားနှင့် ညီသော အမှု 'ဓမ္မကံ'တို့သည် မထွန်းပကုန်၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် ထွန်းပကုန်၏၊ ဝိနည်းနှင့် ညီသော အမှု 'ဝိနယကံ'တို့သည် မထွန်းပကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားနှင့်မညီသော 'ကောက်ကျစ်သော' ပရိသတ်ဟု ဆို အပ်၏။ ရဟန်းတို့ တရားနှင့်ညီသော 'ဖြောင့်မတ်သော' ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌တရားနှင့်ညီသော အမှု 'ဓမ္မကံ'တို့သည် ဖြစ်ကုန်၏၊ တရားနှင့် မညီသော အမှု 'အဓမ္မကံ'တို့သည် မဖြစ်ကုန်၊ ဝိနည်းနှင့်ညီသော အမှု 'ဝိနယကံ'တို့သည် ဖြစ်ကုန်၏၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် မဖြစ်ကုန်၊ တရားနှင့်ညီသော အမှု'ဓမ္မကံ'တို့သည် ထွန်းပကုန်၏၊ တရားနှင့်မညီသော အမှု 'အဓမ္မကံ'တို့သည် မထွန်းပကုန်။ ဝိနည်းနှင့်ညီသော အမှု 'ဝိနယကံ'တို့သည် ထွန်းပကုန်၏၊ ဝိနည်းနှင့် မညီသော အမှု 'ဥဗ္ဗိနယကံ'တို့သည် မထွန်းပကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားနှင့်ညီသော 'ဖြောင့်မတ်သော' ပရိသတ်ဟု ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားနှင့်ညီသော 'ဖြောင့်မတ်သော' အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

၅၁။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားနှင့် ယှဉ်သော ပရိသတ်လည်းကောင်း၊ တရားနှင့်မယှဉ်သော ပရိသတ်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားနှင့်ယှဉ်သော အကြင် ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

၅၂။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်လည်းကောင်း၊ တရားဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားမဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည်တရားနှင့်လျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း၊ တရားနှင့်မလျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း ယူကုန်၏၊ ထိုရဟန်းတို့သည် ထို အဓိကရုဏ်းကို ယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း မပြောကြားကုန်၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း မစည်းဝေးကုန်၊ နှစ်သိမ့်ကြေအေးရန်လည်း မပြုကုန်၊ နှစ်သိမ့်ကြေအေးရန်ပြုခြင်းငှါလည်း မစည်းဝေးကုန်။ ထိုရဟန်းတို့သည် သိရှိနား လည်ရန် ပြောကြားခြင်းအင်အား မရှိကုန် နှစ်သိမ့်ကြေအေးရန် ပြုခြင်းအင်အား မရှိကုန် အဓိကရုဏ်းကို စွန့်ခြင်း၌ တိုင်ပင်ခြင်း မရှိကုန်မူ၍ ထို အဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း၊ မှားသော သုံးသပ်ခြင်းအားဖြင့်လည်းကောင်း သက်ဝင်စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း''ဟု ပြောဆိုကုန်၏။ ရဟန်းတို့ ဤပရိသတ်ကိုတရား မဟုတ်သည်ကို ဆိုလေ့ရှိသော 'အဓမ္မဝါဒီ' ပရိသတ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ တရားဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ်ဟူသည် အဘယ်နည်း၊ ဤသာသနာတော်ဝယ် အကြင် ပရိသတ်၌ ရဟန်းတို့သည်တရားနှင့်လျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း၊ တရားနှင့်မလျော်သော အဓိကရုဏ်းကိုသော်လည်းကောင်း ယူကုန်၏။ ထိုရဟန်းတို့သည် ထို ့အဓိကရုဏ်းကိုယူ၍ အချင်းချင်း သိရှိနားလည်ရန်လည်း ပြောကြားကုန်၏၊ သိရှိနားလည်ရန် ပြောကြားခြင်းငှါလည်း စည်းဝေးကုန်၏၊ နှစ်သိမ့် ကြေအေးရန်လည်း ပြုကုန်၏၊ နှစ်သိမ့်ကြေအေးရန် ပြုခြင်းငှါလည်း စည်းဝေးကုန်၏၊ ထိုရဟန်းတို့သည် သိရှိနားလည်ရန် ပြောကြားခြင်းအင်အား ရှိကုန်သည် နှစ် သိမ့်ကြေအေးရန် ပြုခြင်းအင်အား ရှိကုန်သည် အဓိကရုဏ်းကို စွန့်ခြင်းငှါ တိုင်ပင်ခြင်း ရှိကုန်သည်ဖြစ်၍ ထို အဓိကရုဏ်းကိုပင်လျှင် မှားသော မြင်ခြင်း၏ အစွမ်းအားဖြင့်လည်းကောင်း၊ မှားသော သုံးသပ်ခြင်းဖြင့်လည်းကောင်း သက်ဝင်စွဲလမ်း၍ ''ငါ့အယူသာ မှန်၏၊ တစ်ပါးသော အယူသည် အချည်းနှီးတည်း''ဟု မပြောဆိုကုန်။ ရဟန်းတို့ ဤပရိသတ်ကိုတရားဟုတ်သည်ကို ဆိုလေ့ရှိသော 'ဓမ္မဝါဒီ' ပရိသတ်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ပရိသတ်တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ပရိသတ်တို့တွင်တရားဟုတ်သည်ကို ဆိုလေ့ရှိသော အကြင် 'ဓမ္မဝါဒီ' ပရိသတ်သည် ရှိ၏၊ ထို ပရိသတ်သည် မြတ် ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၀)

ငါးခုမြောက် ပရိသဝဂ် ပြီး၏။

ပဌမ သုတ်ငါးဆယ် ပြီး၏။ ------

၁။ ကိလေသာတို့မှ ကင်းဝေးဆိတ်ညံမှုကို ဆိုသည်။

၂။ ဈာန် ဝိပဿနာ မဂ် ဖိုလ်တို့ကို ဆိုသည်။

၃။ ရှစ်ပါးသော သမာပတ်တို့ဖြင့် ဝိက္ခ မ္ဘနဝိမုတ္တိအားဖြင့်လည်းကောင်း မဂ်ဖြင့် သမုစ္ဆေဒဝိမုတ္တိ အားဖြင့်လည်းကောင်း နှစ်ကြိမ် သို့မဟုတ် နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော အရဟတ္တ ဖလဋ္ဌာန်ပုဂ္ဂိုလ်။

၄။ ပညာရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ်ရှစ်ပါးကို မရမူ၍ ကိလေသာမှ လွတ်သော အရဟတ္တဖလဋ္ဌာန်ပုဂ္ဂိုလ်။

၅။ ပညာရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သဒ္ဓါရှေ့ဆောင်ခြင်းဖြင့် ဖြစ်စေ သမာပတ်ရှစ်ပါးနှင့် ပြည့်စုံခဲ့၍ နိဗ္ဗာန်ကို မျက်မှောက် ပြုသော သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်မှ စ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။

၆။ ပညာရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ မဂ်ဖိုလ်ဉာဏ်အမြင်သို့ ဆိုက်ရောက်သော သောတာပတိ္တ ဖလဋ္ဌာန် ပုဂ္ဂိုလ်မှ စ၍ အရဟတ္တမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်အတိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။

၇။ သဒ္ဓ္ဓါရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ကိလေသာမှ လွတ်သော သောတာပတ္တိဖလဋ္ဌာန်မှ အရဟတ္တ မဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်အထိ သေက္ခပုဂ္ဂ္ဂိုလ် ခြောက်ဦးတို့တွင် တစ်ဦးသောပုဂ္ဂိုလ်။

၈။ ပညာရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးနှင့်ပြည့်စုံခဲ့၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင်တရားကို အောက်မေ့လေ့ရှိသော ပုဂ္ဂိုလ်။

၉။ သဒ္ဓ္ဓါရှေ့ဆောင်ခြင်းဖြင့် သမာပတ်ရှစ်ပါးကို မရမူ၍ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ပြီးလျှင် သဒ္ဓါကို အောက်မေ့ခြင်းရှိသော ပုဂ္ဂိုလ်။

၂-ဒုတိယပဏ္ဏာသက

၂-ဒုတိယ သုတ်ငါးဆယ်

(၆) ၁-ပုဂ္ဂလဝဂ်

၅၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် လူအများ၏ အစီး အပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ့ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာ ကို လည်စေနိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ပေါ်လာကုန်၏ဟု (မိန့်တော်မူ၏)။ (၁)

၅၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် အံ့ချီးလောက်သော လူတို့ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေ နိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့သည် လောက၌ ဖြစ်ပေါ်လာကုန်သော် အံ့ချီးလောက်သော လူတို့ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၂)

၅၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၏ ကွယ်လွန်ခြင်းကြောင့် လူအများ၏ ပူပန်ခြင်းသည် ဖြစ်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေနိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၏ ကွယ်လွန်ခြင်းကြောင့် လူအများ၏ ပူပန်ခြင်းသည် ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၃)

၅၆။ ရဟန်းတို့ စေတီထိုက်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားလည်းကောင်း၊ စကြာရတနာကို လည်စေနိုင်သော 'စကြဝတေး' မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ စေတီထိုက်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၅၇။ ရဟန်းတို့ (သစ္စာလေးပါးကို သိတော်မူကုန်သော) ဘုရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရား 'သမ္မာသမ္ဗုဒ္ဓ'လည်းကောင်း၊ သစ္စာလေးပါးကို အသီးအခြား သိတော်မူ သော ဘုရား 'ပစ္စေကဗုဒ္ဓါ'လည်းကောင်းတို့တည်း။ ရဟန်းတို့ (သစ္စာလေးပါးကို သိတော်မူကုန်သော) ဘုရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၅၈။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်၊ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ ဆင်အာဇာနည်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၆)

၅၉။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ မြင်းအာဇာနည်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၇)

၆၀။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါကုန်ခန်းပြီးသော ရဟန္တာလည်းကောင်း၊ သားများသနင်း ခြင်္သေ့မင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးတို့သည် မိုးကြိုးပစ်သော်လည်း မထိတ်လန့်ကြကုန်ဟု (မိန့်တော်မူ၏)။ (၈)

၆၁။ ရဟန်းတို့ အကျိုးထူး နှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက် ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မဟုတ်မမှန်သော စကားကို ငါတို့ မပြောမဆိုမိကြပါစေ ကုန်လင့်၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်သော စကားဖြင့် ငါတို့ မစွပ်စွဲမိကြပါစေကုန်လင့်ဟူသည့်တို့တည်း။ ရဟန်းတို့ အကျိုးထူးနှစ်မျိုးတို့ကို ကောင်းစွာ မြော်မြင်လျက် ကိန္နရာတို့သည် လူစကားကို မပြောဆိုကုန်ဟု (မိန့်တော်မူ၏)။ (၉)

၆၂။ ရဟန်းတို့ တရားနှစ်မျိုးတို့၌ မရောင့်ရဲမူ၍ မငြီးငွေ့မူ၍ မာတုဂါမသည် သေရ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- မေထုန်မှီဝဲခြင်းလည်းကောင်း၊ သားဖွားခြင်းလည်းကောင်းတို့တည်း၊ ရဟန်းတို့ ဤတရားနှစ်မျိုးတို့၌ မရောင့်ရဲမူ၍ မငြီးငွေ့မူ၍ မာတုဂါမသည် သေရ၏ဟု (မိန့်တော်မူ၏)။ (၁၀)

၆၃။ သူယုတ်တို့၏ အတူတကွ နေထိုင်ခြင်းကိုလည်းကောင်း၊ သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်းကိုလည်းကောင်း သင်တို့အား ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟော တော်မူ၏-

ရဟန်းတို့ သူယုတ်တို့၏ အတူတကွနေထိုင်ခြင်းသည် အဘယ်သို့ ဖြစ်သနည်း၊ အဘယ်သို့လျှင် သူယုတ်တို့သည် အတူတကွနေထိုင်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ သီတင်းကြီးရဟန်းအား ဤသို့ အကြံဖြစ်၏- ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကားဖြင့်) မဆိုပါ စေလင့်၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်။ ငါသည် သီတင်းကြီးရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း မဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကား မပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီး အပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက် နာအံ့''ဟု (အကြံဖြစ်၏)။ သီတင်းလတ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏။ပ။ သီတင်းငယ်ရဟန်း အားလည်း ဤသို့ အကြံဖြစ်၏- ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကားဖြင့်) မဆိုပါစေလင့်၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို မဆိုပါစေလင့်။ ငါသည် သီတင်းကြီးရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း မဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း မဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကား မပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို အကယ်၍ ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ ငါ့ကို ဆိုရာ၏၊ အစီးအပွါးကို အလိုရှိသည်ဖြစ်၍ မဆိုရာ၊ (ငါသည် သင်၏ စကားကို) မလိုက်နာအံ့ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော်လည်း ထိုရဟန်း၏ (စကားကို) မလိုက်နာအံ့''ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် သူယုတ်တို့၏အတူ တကွနေထိုင်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် သူယုတ်တို့သည် အတူတကွ နေထိုင်ကုန်၏။

ရဟန်းတို့ သူတော်ကောင်းတို့၏ အတူတကွ နေထိုင်ခြင်းသည် အဘယ်သို့ ဖြစ်သနည်း၊ အဘယ့်သို့လျှင် သူတော်ကောင်းတို့ အတူတကွ နေထိုင်ကုန်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ သီတင်း ကြီးရဟန်းအား ဤသို့ အကြံဖြစ်၏ ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန်သင်သော စကား ဖြင့်) ဆိုပါစေ၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ။ ငါသည် သီတင်းကြီးရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း ဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည် ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီ လိုက်နာပါမည်ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့။ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့။ပ။ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည်ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီ လိုက်နာပါမည်ဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့''။ သီတင်းလတ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏။ပ။ သီတင်း ငယ်ရဟန်းအားလည်း ဤသို့ အကြံဖြစ်၏ ''သီတင်းကြီးရဟန်းသည်လည်း ငါ့ကို (ဆုံးမသွန် သင်သော စကားဖြင့်) ဆိုပါစေ၊ သီတင်းလတ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ၊ သီတင်းငယ်ရဟန်းသည်လည်း ငါ့ကို ဆိုပါစေ။ ငါသည် သီတင်းကြီးရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းလတ်ရဟန်းကိုလည်း ဆိုအံ့၊ ငါသည် သီတင်းငယ်ရဟန်းကိုလည်း ဆိုအံ့။ သီတင်းကြီးရဟန်းသည်လည်း ငါ့ကို ဆိုငြားအံ့၊ (ဤသို့ ဆိုသည်ရှိသော်) အစီးအပွါးကို အလိုရှိသည်ဖြစ်၍ ဆိုရာ၏၊ အစီးအပွါးမဲ့ကို အလိုရှိသည်ဖြစ်၍ မဆိုရာ။ ကောင်းပါပြီဟု ထိုရဟန်းကို ဆိုအံ့၊ (စကားမပြောဆိုခြင်းဖြင့်) ထိုရဟန်းကို မညှဉ်းဆဲအံ့၊ မှန်သည်ဟု သိမြင်သော် ထိုရဟန်း၏ စကားကို လိုက်နာအံ့''။ ရဟန်းတို့ ဤသို့လျှင် သူတော်ကောင်းတို့၏ အတူ တကွ နေထိုင်ခြင်းသည် ဖြစ်၏၊ ဤသို့လျှင် သူတော်ကောင်းတို့သည် အတူတကွ နေထိုင်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၁)

၆၄။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ နှစ်ဦးနှစ်ဖက်တို့တွင် အပြန်အလှန် ဆဲရေးပုတ်ခတ်ခြင်း 'ဝစီသံသာရ'သည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော အနိုင်အထက် ပြုလိုခြင်း 'ဒိဋ္ဌိပဠာသ'သည်လည်းကောင်း၊ စိတ်ထိခိုက်ခြင်း 'စေတောအာဃာတ'သည်လည်းကောင်း၊ မကျေနပ်ခြင်း 'အပ္ပစ္စယ'သည်လည်းကောင်း၊ မနှစ်မြို့ခြင်း 'အနဘိရဒ္ဓိ'သည်လည်းကောင်း မိမိ၏ စိတ် (မိမိပရိသတ်၏ စိတ်) ၌ မငြိမ်းအေး မပြေပျောက်သည် ဖြစ်အံ့၊ ရဟန်းတို့ ထို အဓိကရုဏ်း၌ ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှါ တုတ် လက်နက် စသည်ဖြင့် ရိုင်းပြစွာ ပြုမူခြင်းငှါ ဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေရကုန်လတ္တံ့ဟူသော အပြစ်ကို (မချွတ်ရလိမ့်မည်)ဟု မျှော်လင့်အပ်၏။ ရဟန်းတို့ အကြင် အဓိကရုဏ်း၌ကား နှစ်ဦးနှစ်ဖက်တို့တွင် အပြန်အလှန် ဆဲရေးပုတ်ခတ်ခြင်း 'ဝစီ သံသာရ'သည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော အနိုင်အထက် ပြုလိုခြင်း 'ဒိဋ္ဌိပဠာသ'သည်လည်းကောင်း၊ စိတ်ထိခိုက်ခြင်း 'စေတောအာဃာတ'သည်လည်းကောင်း၊ မကျေနပ်ခြင်း 'အပ္ပစ္စယ'သည်လည်းကောင်း၊ မနှစ်မြို့ခြင်း'အနဘိရဒ္ဓိ'သည်လည်းကောင်း မိမိ၏ စိတ် (မိမိပရိသတ်၏စိတ်) ၌ ငြိမ်းအေး ပြေပျောက်သည် ဖြစ်အံ့။ ရဟန်းတို့ ထို အဓိကရုဏ်း၌ ရှည်မြင့်စွာ တည်ခြင်းငှါ နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းငှါ တုတ် လက်နက်စသည်ဖြင့် ရိုင်းပြစွာ ပြုမူခြင်းငှါ မဖြစ်လတ္တံ့၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ နေရကုန်လတ္တံ့ဟူသော ဤအကျိုးကို (မချွတ်ရလိမ့်မည်)ဟု မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။ (၁၂)

ရှေးဦးစွာသော ပုဂ္ဂလဝဂ် ပြီး၏။

------

(၇) ၂-သုခဝဂ်

၆၅။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကာမ ဂုဏ်ပြည့်စုံမှုလျှင် အကြောင်းရင်းရှိသော 'ဂိဟိသုခ' ချမ်းသာလည်းကောင်း၊ ရဟန်းအဖြစ်လျှင် အကြောင်း ရင်းရှိသော 'ပဗ္ဗဇိတသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤချမ်းသာ နှစ်မျိုးတို့တွင် အကြင် ရဟန်းတို့၏ ရဟန်းအဖြစ်ကို အကြောင်းပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

၆၆။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကာမဂုဏ် ကို အကြောင်းပြု၍ ဖြစ်သော 'ကာမသုခ' ချမ်းသာလည်းကောင်း၊ ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော 'နေက္ခမ္မသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ကာမဂုဏ်မှ ထွက်မြောက်ခြင်းကို အကြောင်းပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

၆၇။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- လောက၌ အကျုံးဝင်သော 'ဥပဓိသုခ' ချမ်းသာလည်းကောင်း၊ လောကုတ္တရာ၌ အကျုံးဝင်သော'နိရုပဓိသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် လောကုတ္တရာ၌ အကျုံးဝင်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

၆၈။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာသဝေါတရားတို့၏ အကြောင်းဖြစ်သော 'သာသဝသုခ' ချမ်းသာလည်းကောင်း၊ အာသဝေါတရားတို့၏ အကြောင်း မဟုတ်သော 'အနာသဝသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် အာသဝေါတရားတို့၏ အကြောင်း မဟုတ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

၆၉။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကိလေသာ၏ အာရုံဖြစ်၍ ဝဋ်သုံးပါးသို့ ရောက်ကြောင်းဖြစ်သော 'သာမိသသုခ' ချမ်းသာလည်းကောင်း၊ ကိလေသာ၏ အာရုံမဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော 'နိရာမိသသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ကိလေသာ၏ အာရုံ မဟုတ်မူ၍ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

၇၀။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အရိယာ ပုဂ္ဂိုလ်တို့၏ ချမ်းသာ 'အရိယသုခ'လည်းကောင်း၊ ပုထုဇဉ်တို့၏ ချမ်းသာ 'အနရိယသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် အရိယာပုဂ္ဂိုလ်တို့၏ ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

၇၁။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကိုယ်၌ ဖြစ်သော ချမ်းသာ 'ကာယိကသုခ'လည်းကောင်း၊ စိတ်၌ဖြစ်သော ချမ်းသာ 'စေတသိကသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် စိတ်၌ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

၇၂။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပီတိနှင့် တကွဖြစ်သော ချမ်းသာ 'သပ္ပီတိကသုခ'လည်းကောင်း၊ ပီတိကင်းသော ချမ်းသာ 'နိပ္ပီတိကသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ပီတိ ကင်းသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

၇၃။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သာယာ အပ်သော သဘောရှိသော ချမ်းသာ 'သာတသုခ'လည်းကောင်း၊ လျစ်လျူရှုအပ်သော သဘောရှိသော ချမ်းသာ 'ဥပေက္ခာသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် လျစ်လျူရှုအပ်သော သဘောရှိသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

၇၄။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဥပစာရ သမာဓိ အပ္ပနာသမာဓိကို မှီ၍ ဖြစ်သော ချမ်းသာ 'သမာဓိသုခ'လည်းကောင်း၊ ဥပစာရသမာဓိ အပ္ပနာ သမာဓိမှ ကင်းသော ချမ်းသာ 'အသမာဓိသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် ဥပစာရသမာဓိ အပ္ပနာသမာဓိကို မှီ၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၀)

၇၅။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပီတိနှင့် တကွသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'သပ္ပီတိကာရမ္မဏသုခ'လည်းကောင်း၊ ပီတိကင်းသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'နိပ္ပီတိကာရမ္မဏသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ချမ်းသာတို့တွင် အကြင် ပီတိကင်းသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၁)

၇၆။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သာတ သဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'သာတာရမ္မဏသုခ'လည်းကောင်း၊ ဥပေက္ခာ သဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာ 'ဥပေက္ခာရမ္မဏသုခ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချမ်းသာနှစ်မျိုးတို့တွင် အကြင် ဥပေက္ခာသဘောရှိသော ဈာန်ကို အာရုံပြု၍ ဖြစ်သော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေ သတည်းဟု (မိန့်တော်မူ၏)။ (၁၂)

၇၇။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ရူပါဝစရ ဈာန်လျှင် အာရုံရှိသော 'ရူပါရမ္မဏသုခ' ချမ်းသာလည်းကောင်း၊ အရူပါဝစရဈာန်လျှင် အာရုံရှိသော ချမ်းသာ 'အရူပါရမ္မဏသုခ' ချမ်းသာလည်းကောင်းတို့တည်း။ ရဟန်းတို့ ချမ်းသာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချမ်းသာ နှစ်မျိုးတို့တွင် အကြင် အရူပါဝစရဈာန်လျှင် အာရုံရှိသော ချမ်းသာသည် ရှိ၏၊ ထို ချမ်းသာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၃)

နှစ်ခုမြောက် သုခဝဂ် ပြီး၏။

------

(၈) ၃-သနိမိတ္တဝဂ်

၇၈။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'နိမိတ်' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'နိမတ်' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း 'နိမိတ်' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၁)

၇၉။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'နိဒါန်း' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'နိဒါန်း' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း 'နိဒါန်း' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၂)

၈၀။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'ဟိတ်' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'ဟိတ်' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်၏ အကြောင်း 'ဟိတ်' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၃)

၈၁။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'သင်္ခါရ' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'သင်္ခါရ' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း'သင်္ခါရ'ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၄)

၈၂။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း'ပစ္စည်း' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'ပစ္စည်း' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း 'ပစ္စည်း' ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၅)

၈၃။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်း 'ရုပ်' ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်း 'ရုပ်' မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တို့၏ အကြောင်း 'ရုပ်'ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၆)

၈၄။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာ ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်ဝေဒနာကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၇)

၈၅။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်သညာ ရှိကြမှ ဖြစ်ကုန်၏။ အကြောင်းဖြစ်သော သမ္ပယုတ်သညာ မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်သညာကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၈)

၈၆။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ် ရှိကြမှ ဖြစ်ကုန်၏၊ အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ် မရှိကြဘဲ မဖြစ်ကုန်။ ထို အကုသိုလ်တရားတို့၏ အကြောင်းဖြစ်သော သမ္ပယုတ်ဝိညာဏ်ကိုသာလျှင် ပယ်ခြင်းကြောင့် ထို အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၉)

၈၇။ ရဟန်းတို့ အကုသိုလ်တရားယုတ်တို့သည် သင်္ခတတရားကို အာရုံပြုကုန်၍သာ ဖြစ်ကုန်၏၊ အသင်္ခတတရားကို အာရုံပြုကုန်၍ မဖြစ်ကုန်။ ထို အကုသိုလ်တရား၏ သင်္ခတတရားကိုသာလျှင် ပယ်ခြင်းကြောင့် အကုသိုလ်တရားယုတ်တို့သည် မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။ (၁၀)

သုံးခုမြောက် သနိမိတ္တဝဂ် ပြီး၏။

------

(၉) ၄-ဓမ္မဝဂ်

၈၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- စိတ်၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း'စေတောဝိမုတ္တိ'လည်းကောင်း၊ ပညာ၏ ကိလေသာတို့မှ လွတ်မြောက်ခြင်း 'ပညာဝိမုတ္တိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့် တော်မူ၏)။ (၁)

၈၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ယှဉ်ဘက့်တရားတို့ကို ချီးမြှောက်တတ်သော 'ပဂ္ဂဟ'တရားလည်းကောင်း၊ စိတ်၏ မပျံ့လွင့်မှု 'အဝိက္ခေပ'တရားလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

၉၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- နာမ်လည်းကောင်း၊ ရုပ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

၉၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သစ္စာလေးပါး ကို သိတတ်သော 'ဝိဇ္ဇာ'လည်းကောင်း၊ ကိလေသာမှ လွတ်မြောက်သော 'ဝိမုတ္တိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၉၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဘဝမြဲ၏ဟု ယူသော 'ဘဝဒိဋ္ဌိ'လည်းကောင်း၊ ဘဝပြတ်၏ဟု ယူသော 'ဝိဘဝဒိဋ္ဌိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၉၃။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဒုစရိုက်တို့မှ မရှက်ခြင်း 'အဟိရိက'လည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်း 'အနောတ္တပ္ပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

၉၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဒုစရိုက်တို့မှ ရှက်ခြင်း 'ဟိရိ'လည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်း 'ဩတ္တပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

၉၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဆိုဆုံးမခက်ခြင်း 'ဒေါဝစဿတာ'လည်းကောင်း၊ အဆွေခင်ပွန်းယုတ်ရှိခြင်း 'ပါပမိတ္တတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

၉၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဆိုဆုံးမ လွယ်ခြင်း 'သောဝစဿတာ'လည်းကောင်း၊ အဆွေခင်ပွန်းကောင်းရှိခြင်း 'ကလျာဏမိတ္တတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

၉၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တစ်ဆယ့် ရှစ်ပါးသော ဓာတ်တို့၌ လိမ္မာခြင်း 'ဓာတုကုသလတာ'လည်းကောင်း၊ ထို ဓာတ်တို့ကိုပင် (အနိစ္စစသော အားဖြင့်) နှလုံးသွင်းခြင်း၌ လိမ္မာခြင်း 'မနသိကာရကုသလတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

၉၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- အာပတ်တို့၌ လိမ္မာခြင်း 'အာပတ္တိကုသလတာ'လည်းကောင်း၊ အာပတ်တို့မှ ထခြင်း၌ လိမ္မာခြင်း 'အာပတ္တိဝုဋ္ဌာနကုသလတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

လေးခုမြောက် ဓမ္မဝဂ် ပြီး၏။

------

(၁၀) ၅-ဗာလဝဂ်

၉၉။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မိမိသို့ မကျရောက်သော တာဝန်ကို ရွက်ဆောင်သော သူလည်းကောင်း၊ မိမိသို့ ကျရောက်သော တာဝန်ကို မရွက်ဆောင်သောသူလည်းကောင်း ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၀၀။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မိမိသို့ မကျရောက်သော တာဝန်ကို မရွက်ဆောင်သော သူလည်းကောင်း၊ မိမိသို့ ကျရောက်သော တာဝန်ကို ရွက်ဆောင်သော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၀၁။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မအပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသော သူလည်းကောင်း၊ အပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၀၂။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မအပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၀၃။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာပတ် မသင့်သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ်သင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၀၄။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အာပတ် မသင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ်သင့်သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၀၅။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရား မဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားဟုတ်သည်၌ တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့် တော်မူ၏)။ (၇)

၁၀၆။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားမဟုတ်သည်၌ တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၀၇။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်း မဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ သူမိုက်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၀၈။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်း မဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ပညာရှိတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

၁၀၉။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- တွေးတောမှု 'သံသယ ကုက္ကုစ္စ'မဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်သူလည်းကောင်း၊ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' မဖြစ်သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ (၁၁)

၁၁၀။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- တွေးတောမှု 'သံသယကုက္ကုစ္စ' မဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' မဖြစ်သူလည်းကောင်း၊ တွေးတောမ ှု 'သံသယကုက္ကုစ္စ' ဖြစ်သင့်သော အရာ၌ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါး ကုန်ဟု (မိန့်တော်မူ၏)။ (၁၂)

၁၁၁။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- မအပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရား တို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၃)

၁၁၂။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- မအပ်သော အရာ၌ မအပ်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အပ်သော အရာ၌ အပ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၄)

၁၁၃။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- အာပတ်သင့်သော အရာ၌ အာပတ်မသင့်ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ် မသင့် သော အရာ၌ အာပတ်သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုး တို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၅)

၁၁၄။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- အာပတ်သင့်သော အရာ၌ အာပတ် သင့်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ အာပတ် မသင့်သော အရာ၌ အာပတ် မသင့်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ် နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၆)

၁၁၅။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားမဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူ လည်းကောင်း၊ တရားဟုတ်သည်၌တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၇)

၁၁၆။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တရားဟုတ်သည်၌တရားဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်း၊ တရားမဟုတ်သည်၌တရားမဟုတ်ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၁၈)

၁၁၇။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်းမဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူ လည်းကောင်း ဝိနည်းဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသော သူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်၏ဟု (မိန့်တော်မူ၏)။ (၁၉)

၁၁၈။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဝိနည်းမဟုတ်သည်၌ ဝိနည်းမဟုတ်ဟု အမှတ်ရှိသောသူ လည်းကောင်း၊ ဝိနည်းဟုတ်သည်၌ ဝိနည်းဟုတ်၏ဟု အမှတ်ရှိသောသူလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်ဟု (မိန့်တော်မူ၏)။ (၂၀)

ငါးခုမြောက် ဗာလဝဂ် ပြီး၏။

ဒုတိယသုတ် ငါးဆယ် ပြီး၏။

------

၁။ ဝိနည်းပညတ်အရ အပြစ်ရှိမည်ကို ကြောက်ရွံ့၍ တစ်စုံတစ်ရာ၌ စိစစ်ဝေဖန်မှုကို ဆိုသည်။

၃-တတိယပဏ္ဏာသက

၃-တတိယ သုတ်ငါးဆယ်

(၁၁) ၁-အာသာဒုပ္ပဇဟဝဂ်

၁၁၉။ ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်း 'အာသာ' တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- လာဘ်ကို တပ်မက်ခြင်း 'အာသာ'လည်းကောင်း၊ အသက်ကို တပ်မက်ခြင်း 'အာသာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်နိုင်ခဲကုန်သော တပ်မက်ခြင်းတို့သည် ဤနှစ်မျိုးတို့ ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၂၀။ ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ရှေးဦးစွာ ကျေးဇူးပြုတတ်သောပုဂ္ဂိုလ်လည်းကောင်း၊ ပြုဖူးသောကျေးဇူးကို သိ၍ ကျေးဇူးတုံ့ပြုတတ်သောပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၂၁။ ရဟန်းတို့ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ရောင့်ရဲသောပုဂ္ဂိုလ်လည်းကောင်း၊ ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ လောက၌ ရနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၂၂။ ရဟန်းတို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ရတိုင်း ရတိုင်းသော ပစ္စည်းကို မသုံးမစား သိမ်းဆည်း၍ချည်း ထားသော ပုဂ္ဂိုလ်လည်းကောင်း၊ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ချည်း ပစ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်း တို့ ရောင့်ရဲစေနိုင်ခဲသော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၂၃။ ရဟန်းတို့ ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ရတိုင်း ရတိုင်းသော ပစ္စည်းကို သိမ်းဆည်း၍ချည်း မထားသော ပုဂ္ဂိုလ်လည်းကောင်း၊ ရတိုင်း ရတိုင်းသော ပစ္စည်းကို စွန့်၍ချည်း မပစ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ရောင့်ရဲလွယ်စေနိုင်သော ပုဂ္ဂိုလ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၂၄။ ရဟန်းတို့ ရာဂဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- တင့်တယ်သော ဣဋ္ဌာရုံလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ရာဂဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၂၅။ ရဟန်းတို့ ဒေါသဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဒေါသဖြစ်ကြောင်း အနိဋ္ဌာရုံလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဒေါသဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

၁၂၆။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး့တို့နည်းဟူမူ- တစ်ပါးသူထံမှ မသူတော်တရားသံကို ကြားနာရခြင်းလည်းကောင်း၊ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ မိစ္ဆာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၂၇။ ရဟန်းတို့ သမ္မာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- တစ်ပါးသူထံမှ သူတော်ကောင်းတရားသံကို ကြားနာရခြင်း လည်းကောင်း၊ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ သမ္မာဒိဋ္ဌိဖြစ်ပေါ်ရန် အကြောင်း တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၂၈။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ပေါ့သော လဟုကအာပတ်လည်းကောင်း လေးသော ဂရုကအာပတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

၁၂၉။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ရုန့်ရင်းသော 'ဒုဋ္ဌုလ္လ' အာပတ်လည်းကောင်း၊ မရုန့်ရင်းသော 'အဒုဋ္ဌုလ္လ' အာပတ်လည်းကောင်းတို့တည်း။ ရဟန်း တို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

၁၃၀။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ကုစားရန် အကြွင်းရှိသော 'သာဝသေသ' အာပတ်လည်းကောင်း၊ ကုစားရန် အကြွင်းမရှိသော 'အနာဝသေသ' အာပတ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အာပတ်တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၂)

ရှေးဦးစွာသော အာသာဒုပ္ပဇဟဝဂ် ပြီး၏။

------

၁။ ပုဗ္ဗကာရီ ပုဂ္ဂိုလ်။

၂။ ကတညုတ ကတဝေဒီပုဂ္ဂိုလ်။

၃။ တရားအထွတ်အထိပ်သို့ရောက်၍ နှလုံးအလိုပြည့်သဖြင့် နှိမ်သိမ့်ကြေနပ်သော ရဟန္တာနှင့် ပစ္စေကဗုဒ္ဓါ။

၄။ တရားအထွတ်အထိပ်သို့ရောက်၍ နှလုံးအလိုပြည့်သဖြင့် မိမိလည်း နှစ်သိမ့်ကြေနပ်၍ ဝေနေယျအများကိုလည်း နှစ်သိမ့်ကြေနပ်စေသော သဗ္ဗညုမြတ်စွာဘုရား။

(၁၂) ၂-အာယာစနဝဂ်

၁၃၁။ ရဟန်းတို့ သဒ္ဓါတရားရှိသော ရဟန်းသည် မှန်စွာ တောင့်တလိုလျှင် ''သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘောရှိသူ ဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ရဟန်းတို့တွင် သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို သာရိပုတြာနှင့် မောဂ္ဂလာန်တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၃၂။ ရဟန်းတို့ သဒ္ဓါတရားရှိသော ရဟန်းမိန်းမသည် မှန်စွာ တောင့်တလိုလျှင် ''ခေမာ ဘိက္ခုနီမနှင့် ဥပ္ပလဝဏ်ဘိက္ခုနီမတို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘော ရှိသူ ဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ဘိက္ခုနီမတို့တွင် ခေမာနှင့် ဥပ္ပလဝဏ်တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို ခေမာနှင့် ဥပ္ပလဝဏ်တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၃၃။ ရဟန်းတို့ သဒ္ဓါတရားရှိသော ဥပါသကာသည် မှန်စွာ တောင့်တလိုလျှင် ''စိတ္တသူကြွယ်နှင့် ဟတ္တကခေါ် အာဠဝက (မင်းသား) တို့သည် အကြင် သို့သဘော ရှိကုန်၏၊ (ငါသည်လည်း) ထိုသို့သဘော ရှိသူ ဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တရာ၏။ ရဟန်းတို့ ငါ့တပည့် ဥပါသကာတို့တွင် စိတ္တသူကြွယ်နှင့် ဟတ္ထကခေါ် အာဠဝက (မင်းသား) တို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို စိတ္တသူကြွယ်နှင့် ဟတ္ထကခေါ် အာဠဝက (မင်းသား) တို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၃၄။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသိကာမသည် မှန်စွာ တောင့်တလိုလျှင် ''ခုဇ္ဇုတ္တရာဥပါသိကာမနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင် 'နန္ဒမာတာ' ဥပါသိကာမတို့သည် အကြင် သို့ သဘောရှိကုန်၏၊ (ငါသည်လည်း) ထိုသို့ သဘောရှိသူဖြစ်ရပါလို၏''ဟု ဤသို့ တောင့်တ ရာ၏။ ရဟန်းတို့ ငါ့တပည့်ဥပါသိကာမတို့တွင် ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒသတို့သား၏ မိခင် 'နန္ဒမာတာ' ဥပါသိကာမတို့သည် နှိုင်းရှည့်ရန် ချိန်ပေတည်း၊ ထို ခုဇ္ဇုတ္တရာနှင့် ဝေဠုကဏ္ဍကီရွာသူ နန္ဒ သတို့သား၏ မိခင် 'နန္ဒမာတာ' ဥပါသိကာမတို့သည် နှိုင်းရှည့်ရန် စံပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၃၅။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ကဲ့ရဲ့ထိုက်သူအား ချီးမွမ်းစကားကို ပြောဆို၏။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ချီးမွမ်းထိုက်သူအား ကဲ့ရဲ့စကားကို ပြောဆို၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာ သော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှု ကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင် ပိုင်းခြား၍ ကဲ့ရဲ့ထိုက်သူ အား ကဲ့ရဲ့စကားကို ပြောဆို၏။ ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ချီးမွမ်း ထိုက်သူအား ချီးမွမ်းစကားကို ပြောဆို၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၅)

၁၃၆။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ မကြည်ညိုထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏။ ဉာဏ်ဖြင့် မသိမြင် မဆုံးဖြတ်မူ၍ ဉာဏ်ဖြင့် မသက်ဝင် မပိုင်းခြားမူ၍ ကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်သောသူ ယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို့မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်းဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင် ပိုင်းခြား၍ မကြည်ညိုထိုက်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏။ ဉာဏ်ဖြင့် သိမြင်ဆုံးဖြတ်၍ ဉာဏ်ဖြင့် သက်ဝင်ပိုင်းခြား၍ ကြည်ညို ထိုက်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသော ပညာရှိ သော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၆)

၁၃၇။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက်သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသောအကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာ သော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမိလည်းကောင်း၊ အဖလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ရိုက်နှက်သတ်ဖြတ်ခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (လုပ်ကျွေးပြုစုခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမိလည်းကောင်း၊ အဖလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (လုပ်ကျွေးပြုစုခြင်းစသည်ဖြင့်) မှန်သော အကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီး အပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက် သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၇)

၁၃၈။ ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန်ကြံခြင်းစသည်ဖြင့်) မှားသောအကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက် နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မြတ်စွာဘုရားလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝကလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (သင်းခွဲခြင်း သတ်ရန် ကြံခြင်းစသည်ဖြင့်) မှားသော အကျင့်ကို ပြုကျင့်သော မလိမ္မာသော မိုက်သော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ ပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ပြုစုလုပ်ကျွေးခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မြတ်စွာဘုရားလည်း့ကောင်း၊ မြတ်စွာဘုရား၏ တပည့်သာဝက လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်နှစ်မျိုးတို့၌ (ပြုစုလုပ်ကျွေးခြင်းစသည်ဖြင့်) မှန်သောအကျင့်ကို ပြုကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြိုမဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်နေသည် မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့လည်း မစွပ်စွဲ မကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။ (၈)

၁၃၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မိမိ၏စိတ် ဖြူစင်ခြင်းလည်းကောင်း၊ လောက၌ တစ်စုံတစ်ရာကို မစွဲလမ်းခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၄၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် ထွက်ခြင်း 'ကောဓ'လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရား တို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

၁၄၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် ထွက်ခြင်းကို ပယ်ဖျောက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းကို ပယ်ဖျောက်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

နှစ်ခုမြောက် အာယာစနဝဂ် ပြီး၏။

------

၁။ မိတ္တဝိန္ဒကနှင့် အဇာတသတ် စသည်။

၂။ သုဝဏ္ဏသာမနှင့် ဃဋိကာရ စသည်။

၃။ ဒေဝဒတ်နှင့် ကောကာလိက စသည်။

၄။ အရှင်အာနန္ဒာနှင့် အနာထပိဏ်သူဌေး စသည်။

(၁၃) ၃-ဒါနဝဂ်

၁၄၂။ ရဟန်းတို့ အလှူတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း လေးပါးအလှူ 'အာမိသဒါန'လည်းကောင်း၊ တရားအလှူ 'ဓမ္မဒါန'လည်းကောင်းတို့တည်း။ ရဟန်းတို့ အလှူ 'ဒါန' တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအလှူနှစ်မျိုးတို့တွင် အကြင် တရားအလှူသည် ရှိ၏၊ ထိုတရားအလှူသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၄၃။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ပူဇော်ခြင်း 'အာမိသယာဂ'လည်းကောင်း၊ တရားဖြင့် ပူဇော်ခြင်း 'ဓမ္မယာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပူဇော်ခြင်းနှစ်မျိုး တို့တွင် အကြင် တရားဖြင့် ပူဇော်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ပူဇော်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၄၄။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို စွန့်ကြဲခြင်း 'အာမိသစာဂ'လည်းကောင်း၊ တရားကိုစွန့်ကြဲခြင်း 'ဓမ္မစာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော စွန့်ကြဲခြင်း တို့တွင် အကြင် တရားကို စွန့်ကြဲခြင်းသည် ရှိ၏၊ ထိုတရားစွန့်ကြဲခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၄၅။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို စွန့်ကြဲခြင်း 'အာမိသပရိစ္စာဂ'လည်းကောင်း၊ တရားကိုစွန့်ကြဲခြင်း 'ဓမ္မပရိစ္စာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ စွန့်ကြဲခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤစွန့်ကြဲခြင်းနှစ်မျိုး တို့တွင် အကြင် တရားကို စွန့်ကြဲခြင်းသည် ရှိ၏၊ ထိုတရားကို စွန့်ကြဲခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၄၆။ ရဟန်းတို့ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို သုံးဆောင်ခြင်း 'အာမိသဘောဂ'လည်းကောင်း၊ တရားကို သုံးဆောင်ခြင်း'ဓမ္မဘောဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤသုံးဆောင်ခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို သုံးဆောင်ခြင်းသည် ရှိ၏၊ ထိုတရားကို သုံးဆောင်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၄၇။ ရဟန်းတို့ အတူတကွ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို အတူတကွ သုံးဆောင်ခြင်း 'အာမိသသမ္ဘောဂ' လည်းကောင်း၊ တရားကို အတူတကွ သုံးဆောင်ခြင်း 'ဓမ္မသမ္ဘောဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အတူတကွ သုံးဆောင်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအတူတကွ သုံးဆောင်ခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို အတူ တကွ သုံးဆောင်ခြင်းသည် ရှိ၏၊ ထိုတရားကို အတူတကွ သုံးဆောင်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၄၈။ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ခွဲခြမ်းဝေဖန်ခြင်း 'အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားကို ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤနှစ်မျိုးသော ခွဲခြမ်းဝေဖန်ခြင်းတို့တွင် အကြင်တရားကို ခွဲခြမ်းဝေဖန်ခြင်းသည် ရှိ၏၊ ထိုတရားကို ခွဲခြမ်းဝေဖန်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

၁၄၉။ ရဟန်းတို့ ထောက်ပံ့ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ထောက်ပံ့ခြင်း 'အာမိသသင်္ဂဟ'လည်းကောင်း၊ တရားဖြင့် ထောက်ပံ့ခြင်း 'ဓမ္မသင်္ဂဟ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ထောက်ပံ့ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤထောက်ပံ့ခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် ထောက်ပံ့ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ထောက်ပံ့ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၅၀။ ရဟန်းတို့ ချီးမြှောက်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ချီးမြှောက်ခြင်း 'အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဖြင့် ချီးမြှောက်ခြင်း 'ဓမ္မာနုဂ္ဂဟ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ချီးမြှောက်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤချီးမြှောက်ခြင်းနှစ်မျိုးတို့တွင် အကြင် တရားဖြင့် ချီးမြှောက်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ချီးမြှောက်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၅၁။ ရဟန်းတို့ သနားခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း ဖြင့် သနားခြင်း 'အာမိသာနုကမ္ပာ'လည်းကောင်း၊ တရားဖြင့် သနားခြင်း 'ဓမ္မာနုကမ္ပာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ သနားခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤသနားခြင်း နှစ်မျိုး တို့တွင် အကြင် တရားဖြင့် သနားခြင်းသည် ရှိ၏၊ ထိုတရားဖြင့် သနားခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၀)

သုံးခုမြောက် ဒါနဝဂ် ပြီး၏။

------

(၁၄) ၄-သန္ထာရဝဂ်

၁၅၂။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် အဆက်အသွယ်ပြုခြင်း 'အာမိသသန္ထာရ'လည်းကောင်း၊ တရားဖြင့် အဆက်အသွယ် ပြုခြင်း 'ဓမ္မသန္ထာရ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ ပေတည်း။ ရဟန်းတို့ အဆက်အသွယ်ပြုခြင်း နှစ်မျိုးတို့တွင် အကြင် တရားဖြင့် အဆက်အသွယ်ပြုခြင်းသည် ရှိ၏၊ ထိုတရားဖြင့် အဆက်အသွယ်ပြုခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၅၃။ ရဟန်းတို့ အစေ့အစပ် အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်း 'အာမိသပဋိသန္ထာရ'လည်းကောင်း၊ တရားဖြင့် အစေ့အစပ်အဆက်အသွယ်ပြုခြင်း 'ဓမ္မပဋိသန္ထာရ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အစေ့အစပ်အဆက်အသွယ် ပြုခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ အစေ့အစပ် အဆက်အသွယ်ပြုခြင်းနှစ်မျိုးတို့တွင် အကြင် တရားဖြင့် အစေ့အစပ်အဆက်အသွယ်ပြုခြင်းသည် ရှိ၏၊ ထိုတရားဖြင့် အစေ့အစပ် အဆက်အသွယ် ပြုခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၅၄။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ရှာမှီးခြင်း 'အာမိသေသနာ'လည်းကောင်း၊ တရားကို ရှာမှီးခြင်း 'ဓမ္မေသနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ရှာမှီးခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၅၅။ ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ထက်ဝန်းကျင် ရှာမှီးခြင်း 'အာမိသပရိယေသနာ' လည်းကောင်း၊ တရားကို ထက်ဝန်းကျင် ရှာမှီးခြင်း 'ဓမ္မပရိယေသနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ထက်ဝန်းကျင် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤထက်ဝန်းကျင် ရှာမှီးခြင်းနှစ်မျိုးတို့တွင် အကြင် တရားကို ထက်ဝန်း ကျင် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို ထက်ဝန်းကျင် ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၅၆။ ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုး တို့နည်းဟူမူ- ပစ္စည်းကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း 'အာမိသပရိယေဋ္ဌိ'လည်းကောင်း၊ တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်း 'ဓမ္မပရိယေဋ္ဌိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ အထွတ်အထိပ်ရောက် ရှာမှီးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤအထွတ်အထိပ်ရောက် ရှာမှီးခြင်းနှစ်မျိုး တို့တွင် အကြင် တရားကို အထွတ်အထိပ်ရောက် ရှာမှီးခြင်းသည် ရှိ၏၊ ထိုတရားကို အထွတ်အထိပ် ရောက် ရှာမှီးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၅၇။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း ဖြင့် ပူဇော်ခြင်း 'အာမိသပူဇာ'လည်းကောင်း၊ တရားဖြင့် ပူဇော်ခြင်း 'ဓမ္မပူဇာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပူဇော်ခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပူဇော်ခြင်း နှစ်မျိုးတို့ တွင် အကြင် တရားဖြင့် ပူဇော်ခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ပူဇော်ခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၅၈။ ရဟန်းတို့ ဧည့်သည် အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်းဟူမူ- ဧည့်သည် အာဂန္တုတို့အား ပစ္စည်းကို ပေးလှူခြင်း 'အာမိသာတိထေယျ'လည်းကောင်း၊ ဧည့်သည်အာဂန္တုတို့အားတရားကို ပေးလှူခြင်း 'ဓမ္မာတိထေယျ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဧည့်သည်အာဂန္တုတို့အား ပေးလှူခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဧည့်သည့်အာဂန္တုတို့အား ဤပေးလှူခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ပေးလှူခြင်းသည် ရှိ၏၊ ထိုတရားကို ပေးလှူခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၇)

၁၅၉။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းပြည့်စုံခြင်း 'အာမိသိဒ္ဓိ'လည်းကောင်း၊ တရားပြည့်စုံခြင်း 'ဓမ္မိဒ္ဓိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပြည့်စုံခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပြည့်စုံခြင်းနှစ်မျိုးတို့တွင် အကြင် တရား ပြည့်စုံခြင်းသည် ရှိ၏၊ ထိုတရားပြည့်စုံခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၆၀။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းဖြင့် ကြီးပွါးခြင်း 'အာမိသဝုဒ္ဓိ'လည်းကောင်း၊ တရားဖြင့် ကြီးပွါးခြင်း 'ဓမ္မဝုဒ္ဓိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤကြီးပွါးခြင်းနှစ်မျိုး တို့တွင် အကြင် တရားဖြင့် ကြီးပွါးခြင်းသည် ရှိ၏၊ ထိုတရားဖြင့် ကြီးပွါးခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၆၁။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းတည်းဟူသော နှစ်သက်ဖွယ်ရာ 'အာမိသရတနာ' လည်းကောင်း၊ တရားတည်းဟူသော နှစ်သက်ဖွယ်ရာ 'ဓမ္မရတနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ နှစ်သက်ဖွယ်ရာ ဤရတနာနှစ်မျိုးတို့တွင် အကြင် ဓမ္မရတနာသည် ရှိ၏၊ ထို ဓမ္မရတနာသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။

၁၆၂။ ရဟန်းတို့ ဆည်းပူးစုဆောင်းခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်းကို ဆည်းပူးစုဆောင်းခြင်း 'အာမိသသန္နိစယ'လည်းကောင်း၊ တရားကို ဆည်းပူး စုဆောင်းခြင်း 'ဓမ္မသန္နိစယ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဆည်းပူးစုဆောင်းခြင်း တို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤဆည်းပူး စုဆောင်းခြင်း နှစ်မျိုးတို့တွင် အကြင် တရားကို ဆည်းပူး စုဆောင်းခြင်းသည် ရှိ၏၊ ထိုတရားကို ဆည်းပူးစုဆောင်းခြင်းသည် မြတ်ပေသတည်းဟု (မိန့်တော်မူ၏)။ (၁၁)

၁၆၃။ ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ပစ္စည်း၏ ပြန့်ပြောခြင်း 'အာမိသဝေပုလ္လ'လည်းကောင်း၊ တရား၏ ပြန့်ပြောခြင်း 'ဓမ္မဝေပုလ္လ'လည်းကောင်းတို့တည်း။ ရဟန်းတို့ ပြန့်ပြောခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။ ရဟန်းတို့ ဤပြန့်ပြောခြင်း နှစ်မျိုးတို့တွင် အကြင် တရား၏ ပြန့်ပြောခြင်းသည် ရှိ၏၊ ထိုတရား၏ ပြန့်ပြောခြင်းသည် မြတ်ပေ သတည်းဟု (မိန့်တော်မူ၏)။ (၁၂)

လေးခုမြောက် သန္ထာရဝဂ် ပြီး၏။

------

(၁၅) ၅-သမာပတ္တိဝဂ်

၁၆၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သမာပတ် ဝင်စားမှု၌ လိမ္မာခြင်း 'သမာပတ္တိကုသလတာ'လည်းကောင်း၊ သမာပတ်မှ ထမှု၌ လိမ္မာခြင်း 'သမာပတ္တိ ဝုဋ္ဌာနကုသလတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁)

၁၆၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဖြောင့်မတ်ခြင်း 'အဇ္ဇဝ'လည်းကောင်း၊ နူးညံ့ခြင်း 'မဒ္ဒဝ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၂)

၁၆၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သည်းခံခြင်း 'ခန္တီ'လည်းကောင်း၊ ကောင်းသော အကျင့်ဖြင့် မွေ့လျော်ခြင်း 'သောရစ္စ'လည်းကောင်းတို့တည်း။ ရဟန်း တို့တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၃)

၁၆၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- နူးညံ့ ပြေပြစ်သော စကားရှိခြင်း 'သာခလျ'လည်းကောင်း၊ အစေ့အစပ်အဆက်အသွယ်ကောင်းခြင်း 'ပဋိသန္ထာရ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၄)

၁၆၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- မညှဉ်း ဆဲခြင်း 'အဝိဟိံသာ'လည်းကောင်း၊ စင်ကြယ်ခြင်း 'သောစေယျ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၅)

၁၆၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဣန္ဒြေတို့၌ မဆို့ပိတ်အပ်သော တံခါးရှိခြင်း 'ဣန္ဒြိယေသု အဂုတ္တဒွါရတာ'လည်းကောင်း၊ အစားအစာတို့၌ အတိုင်းအရှည်ကို မသိခြင်း 'ဘောဇနေ အမတ္တညုတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆)

၁၇၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဣန္ဒြေတို့၌ ဆို့ပိတ်အပ်သော တံခါးရှိခြင်း 'ဣန္ဒြိယေသု ဂုတ္တဒွါရတာ'လည်းကောင်း၊ အစားအစာတို့၌ အတိုင်း အရှည်ကို သိခြင်း 'ဘောဇနေ မတ္တညုတာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၇)

၁၇၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဆင်ခြင်ခြင်း အား 'ပဋိသင်္ခါနဗလ'လည်းကောင်း၊ ပွါးများခြင်းအား 'ဘာဝနာဗလ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၈)

၁၇၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အောက်မေ့ခြင်းအား 'သတိဗလ'လည်းကောင်း၊ တည်ကြည်ခြင်းအား 'သမာဓိဗလ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၉)

၁၇၃။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- နီဝရဏ တို့ကို ငြိမ်းစေခြင်း 'သမထ'လည်းကောင်း၊ သင်္ခါရတို့ကို ရှုမှတ်သိမ်းဆည်းခြင်း 'ဝိပဿနာ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၀)

၁၇၄။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အကျင့် သီလပျက်စီးခြင်း 'သီလဝိပတ္တိ'လည်းကောင်း၊ ဉာဏ်အမြင် 'အယူ' ပျက်စီးခြင်း 'ဒိဋ္ဌိဝိပတ္တိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၁)

၁၇၅။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အကျင့် သီလ၏ ပြည့်စုံခြင်း 'သီလသမ္ပဒါ'လည်းကောင်း ဉာဏ်အမြင် 'အယူ'၏ ပြည့်စုံခြင်း 'ဒိဋ္ဌိသမ္ပဒါ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၂)

၁၇၆။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အကျင့် သီလ၏ စင်ကြယ်ခြင်း'သီလဝိသုဒ္ဓိ'လည်းကောင်း၊ ဉာဏ်အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၃)

၁၇၇။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ဉာဏ် အမြင် 'အယူ'၏ စင်ကြယ်ခြင်း 'ဒိဋ္ဌိဝိသုဒ္ဓိ'လည်းကောင်း၊ ဉာဏ်အမြင် 'အယူ' အားလျော်စွာ အားထုတ်ခြင်း့'ယထာဒိဋ္ဌိ ပဓာန'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၄)

၁၇၈။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- ကုသိုလ်တရားတို့၌ မရောင့်ရဲနိုင်ခြင်းလည်းကောင်း၊ တရားအားထုတ်ရာ၌ ဆုတ်နစ်မှု မရှိခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၅)

၁၇၉။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သတိတရား ကင်းလွတ်ခြင်း 'မုဋ္ဌဿစ္စ'လည်းကောင်း၊ ဆင်ခြင်ဉာဏ်ကင်းမဲ့ခြင်း 'အသမ္ပဇည'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၆)

၁၈၀။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အောက် မေ့ခြင်း 'သတိ'လည်းကောင်း၊ ဆင်ခြင်ခြင်း 'သမ္ပဇည'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁၇)

ငါးခုမြောက် သမာပတ္တိဝဂ် ပြီး၏။

တတိယ သုတ်ငါးဆယ် ပြီး၏။

------

၁။ သတ္တဝါတို့၌ သနားခြင်း ကရုဏာကို ဆိုသည်။

၂။ သတ္တဝါတို့၌ ချစ်ကြည်ခြင်း မေတ္တာကို ဆိုသည်။

၁-ကောဓပေယျာလ

၁၈၁။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် ထွက်ခြင်း 'ကောဓ'လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'လည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'လည်းကောင်း၊ အပြိုင်ပြုခြင်း 'ပဠာသ'လည်းကောင်း။ ငြူစူခြင်း'ဣဿာ' လည်းကောင်း၊ ဝန်တိုခြင်း 'မစ္ဆရိယ'လည်းကောင်း။ လှည့်ပတ်ခြင်း 'မာယာ'လည်းကောင်း၊ စဉ်းလဲခြင်း 'သာဌေယျ'လည်းကောင်း။ ဒုစရိုက်တရားတို့မှ မရှက်ခြင်း 'အဟိရိက'လည်းကောင်း၊ ဒုစရိုက်တရားတို့မှ မလန့်ခြင်း 'အနောတ္တပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁-၅)

၁၈၂။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက် မထွက်ခြင်း 'အက္ကောဓ'လည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်း 'အနုပနာဟ'လည်းကောင်း။ သူ့ကျေးဇူးကို မချေ ဖျက်ခြင်း 'အမက္ခ'လည်းကောင်း၊ အပြိုင်မပြုခြင်း 'အပဠာသ'လည်းကောင်း။ မငြူစူခြင်း 'အနိဿာ'လည်းကောင်း၊ ဝန်မတိုခြင်း 'အမစ္ဆရိယ'လည်းကောင်း။ မလှည့်ပတ်ခြင်း 'အမာယာ'လည်းကောင်း၊ မစဉ်းလဲခြင်း 'အသာဌေယျ'လည်းကောင်း။ ဒုစရိုက်တရားတို့မှ ရှက်ခြင်း 'ဟိရီ'လည်းကောင်း၊ ဒုစရိုက်တရားတို့မှ လန့်ခြင်း 'ဩတ္တပ္ပ'လည်းကောင်းတို့တည်း။ ရဟန်းတို့ တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၆-၁၀)

၁၈၃။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ဆင်းရဲစွာနေရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲကောက်ကျစ်ခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက် တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆင်းရဲစွာနေရ၏ဟု (မိန့်တော်မူ၏)။ (၁၁-၁၅)

၁၈၄။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ချမ်းသာစွာနေရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲမကောက်ကျစ်ခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသူသည် ချမ်းသာစွာ နေရ၏။ (၁၆-၂၀)

၁၈၅။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်း လည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်း လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား ဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ (၂၁-၂၅)

၁၈၆။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်း လည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်း လည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား နှစ်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏။ (၂၆-၃၀)

၁၈၇။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်း လည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက် တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား နှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ ငရဲ၌ ဖြစ်ရ၏။ (၃၁-၃၅)

၁၈၈။ ရဟန်းတို့ တရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုး မဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားနှစ်မျိုးတို့နှင့် ပြည့်စုံသောသူသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့၊ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ (၃၆-၄၀)

၁၈၉။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲ၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို ချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်ပြုခြင်းလည်းကောင်း။ ငြူစူခြင်းလည်းကောင်း၊ ဝန်တိုခြင်းလည်းကောင်း။ လှည့်ပတ်ခြင်းလည်းကောင်း၊ စဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ မရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ မလန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာ ကင်းရာ မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ (၄၁-၄၅)

၁၉၀။ ရဟန်းတို့ ဤလောက၌တရားနှစ်မျိုးတို့နှင့် ပြည့်စုံသော အချို့သောသူသည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်နှစ်မျိုး တိုု့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုးမဖွဲ့ခြင်း လည်းကောင်း။ သူ့ကျေးဇူးကို မချေ ဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤလောက၌ ဤတရားနှစ်မျိုးတိုု့နှင့် ပြည့်စုံသော အချို့သော သူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်၌ ဖြစ်ရ၏။ (၄၆-၅၀)

ကောဓပေယျာလ ပြီး၏။

------

၂-အကုသလပေယျာလ

၁၉၁-၂၀၀။ ရဟန်းတိုု့ အကုသိုလ်တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတိုု့ ကုသိုလ်တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ အပြစ်ရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ အပြစ်မရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲခြင်းကို ဖြစ်စေ တတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ချမ်းသာခြင်းကို ဖြစ်စေတတ်သော တရား တို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ချမ်းသာသော အကျိုးရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲနှင့် တကွဖြစ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ ရဟန်းတို့ ဆင်းရဲမရှိသော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- အမျက်မထွက်ခြင်းလည်းကောင်း၊ ရန်ငြိုး မဖွဲ့ခြင်းလည်းကောင်း။ သူ့ကျေးဇူးကို မချေဖျက်ခြင်းလည်းကောင်း၊ အပြိုင်မပြုခြင်းလည်းကောင်း။ မငြူစူခြင်းလည်းကောင်း၊ ဝန်မတိုခြင်းလည်းကောင်း။ မလှည့်ပတ်ခြင်းလည်းကောင်း၊ မစဉ်းလဲခြင်းလည်းကောင်း။ ဒုစရိုက်တို့မှ ရှက်ခြင်းလည်းကောင်း၊ ဒုစရိုက်တို့မှ ထိတ်လန့်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ ဆင်းရဲမရှိသော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ (၁-၅၀)

အကုသလပေယျာလ ပြီး၏။

------

၃-ဝိနယပေယျာလ

၂၀၁။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့ အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သံဃာ၏ ကောင်းခြင်းအကျိုးငှါ၊ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးငှါ။ သီလမရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိမ်နင်းခြင်း၊ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့၏ ချမ်းသာစွာ နေထိုင်ရခြင်း။ မျက်မှောက်၌ ဖြစ်သော အာသဝေါတရား တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း။ မျက် မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဘေးတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲခြင်း သဘော 'အကုသိုလ်' တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်းသဘော 'အကုသိုလ်' တို့ကို တားဆီးခြင်း။ လူတို့အားအစဉ် သနားခြင်း၊ အလိုဆိုး ရှိကုန်သော ရဟန်းတို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်း။ မကြည်ညိုသေးကုန်သော သူတို့ကိုလည်း ကြည်ညိုစေခြင်း၊ ကြည်ညိုပြီးသူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်း။ သာသနာတော်၏ ကြာမြင့်စွာ တည်ခြင်းအကျိုးငှါ၊ ဝိနည်းကို ချီးမြှောက်ခြင်း အကျိုးငှါ (ပညတ်တော်မူ၏)။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ (၁-၁၀)

၂၀၂-၂၃၀။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုးတို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား ပါတိမောက်ကို ပညတ်တော်မူ၏။ပ။ ပါတိမောက်ပြခြင်းကို ပညတ်တော်မူ၏။ ပါတိမောက် ရပ်ဆိုင်းထားခြင်းကို ပညတ်တော်မူ၏။ ပဝါရဏာကို ပညတ်တော်မူ၏။ ပဝါရဏာရပ်ဆိုင်းထားခြင်းကို ပညတ်တော်မူ၏၊ တဇ္ဇနီယကံကို ပညတ်တော်မူ၏။ နိယဿကံကို ပညတ်တော်မူ၏။ ပဗ္ဗာဇနီယကံကို ပညတ်တော်မူ၏။ ပဋိသာရဏီယကံကို ပညတ်တော်မူ၏။ ဥက္ခေပနီယကံကို ပညတ်တော်မူ၏။ ပရိဝါသ် ပေးခြင်းကို ပညတ်တော်မူ၏။ အရင်းသို့ ပြန်ငင်ခြင်းကို ပညတ်တော်မူ၏။ မာနတ်ပေးခြင်းကို ပညတ် တော်မူ၏။ အမ္ဘာန်သွင်းခြင်းကို ပညတ်တော်မူ၏။ သံဃာ့ဘောင်သွင်းခြင်းကို ပညတ်တော်မူ၏။ သံဃာ့ဘောင်မှ နှင်ထုတ်ခြင်းကို ပညတ်တော်မူ၏။ ပဉ္စင်းခံသော ကံကို ပညတ်တော်မူ၏။ ဉတ္တိကံကို ပညတ် တော်မူ၏။ ဉတ်လျှင် နှစ်ခုမြောက်သော ကံကို ပညတ်တော်မူ၏။ ဉတ်လျှင် လေးခုမြောက်သော ကံကို ပညတ်တော်မူ၏။ မပညတ်အပ်သေးသည်တို့ကို ပညတ်တော်မူ၏။ ပညတ်ပြီးသည်တို့ကို တစ်ဖန် ပညတ် တော်မူ၏။ သမ္မုခါဝိနည်းကို ပညတ်တော်မူ၏။ သတိဝိနည်းကို ပညတ်တော်မူ၏။ အမူဠှဝိနည်းကို ပညတ်တော်မူ၏။ ပဋိညာတကရဏ သမထကို ပညတ်တော်မူ၏။ ယေဘုယျသိကသမထကို ပညတ်တော်မူ၏။ တဿပါပိယသိကသမထကို ပညတ်တော်မူ၏။ တိဏဝတ္ထာရက သမထကို ပညတ်တော်မူ၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သံဃာ၏ ကောင်းခြင်း အကျိုးငှါ၊ သံဃာ၏ ချမ်းသာစွာ နေထိုင်ရခြင်း အကျိုးငှါ။ သီလမရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိမ်နင်းခြင်း၊ သီလကို ချစ်မြတ်နိုးကုန်သော ပုဂ္ဂိုလ်တို့၏ ချမ်းသာစွာ နေထိုင်ရခြင်း။ မျက်မှောက်၌ ဖြစ်သော အာသဝေါတရားတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အာသဝေါတရားတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ရန်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ရန်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော အပြစ်တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော အပြစ်တို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန်သော ဘေးတို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဘေးတို့ကို တားဆီးခြင်း။ မျက်မှောက်၌ ဖြစ်ကုန် သော ဆင်းရဲခြင်းသဘော 'အကုသိုလ်' တို့ကို ပိတ်ပင်ခြင်း၊ တမလွန်၌ ဖြစ်လတ္တံ့သော ဆင်းရဲခြင်း သဘော 'အကုသိုလ်' တို့ကို တားဆီးခြင်း။ လူတို့အား အစဉ်သနားခြင်း၊ အလိုဆိုးရှိကုန်သော ရဟန်း တို့၏ အသင်းအပင်းကို ဖျက်ဆီးခြင်း။ မကြည်ညိုသေးကုန်သော သူတို့ကိုလည်း ကြည်ညိုစေခြင်း၊ ကြည်ညိုပြီးသော သူတို့ကိုလည်း တိုးတက်ကြည်ညိုစေခြင်း။ သာသနာတော်၏ ကြာမြင့်စွာ တည်တံ့ခြင်း အကျိုးငှါ၊ ဝိနည်းကို ချီးမြှောက်ခြင်းအကျိုးငှါ (ပညတ်တော်မူ၏)။ ရဟန်းတို့ ဤအကျိုးထူး နှစ်မျိုး တို့ကို ရည်ရွယ်တော်မူ၍ မြတ်စွာဘုရားသည် တပည့်တို့အား တိဏဝတ္ထာရကသမထကို ပညတ်တော်မူ၏ဟု (မိန့်တော်မူ၏)။ (၁၁-၃၀၀)

ဝိနယပေယျာလ ပြီး၏။

------

၄-ရာဂပေယျာလ

၂၃၁။ ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ'ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သမထကမ္မဋ္ဌာန်းလည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းလည်းကောင်းတို့တည်း။ ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ' ကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ ဤတရား နှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ (၁)

ရဟန်းတို့ တပ်မက်ခြင်း 'ရာဂ' ကို ပိုင်းခြား၍ သိခြင်းငှါ။ ရာဂကို ကုန်စေခြင်းငှါ။ ရာဂကို ပယ်ခြင်းငှါ။ ရာဂ၏ ကုန်ခန်းခြင်းငှါ။ ရာဂ၏ ပျက်ခြင်းငှါ။ ရာဂ၏ ကင်းပြတ်ခြင်းငှါ။ ရာဂ၏ ချုပ်ခြင်းငှါ။ ရာဂကို စွန့်လွှတ်ခြင်းငှါ။ ရာဂကို တစ်ဖန် စွန့်လွှတ်ခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ပ။ (၁-၁၀)

၂၃၂-၂၄၆။ ပြစ်မှားခြင်းကို။ပ။ တွေဝေခြင်းကို။ပ။ အမျက်ထွက်ခြင်းကို။ ရန်ငြိုးဖွဲ့ခြင်းကို။ သူ့ကျေးဇူးကို ချေဖျက်ခြင်းကို။ အပြိုင်ပြုခြင်းကို။ ငြူစူခြင်းကို။ ဝန်တိုခြင်းကို။ လှည့်ပတ်ခြင်းကို။ စဉ်းလဲခြင်းကို။ ခက်ထန်ခြင်းကို။ ခြုပ်ခြယ်ခြင်းကို။ ထောင်လွှားခြင်းကို။ အလွန်ထောင်လွှားခြင်းကို။ မာန်ယစ်ခြင်းကို။ မေ့လျော့ခြင်းကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ၊ ပိုင်းခြား၍ သိခြင်းငှါ။ ကုန်စေခြင်းငှါ။ ပယ်ခြင်းငှါ။ ကုန်ခန်းခြင်းငှါ။ ပျက်ခြင်းငှါ။ ကင်းပြတ်ခြင်းငှါ။ ချုပ်ခြင်းငှါ။ စွန့်လွှတ်ခြင်းငှါ။ တစ်ဖန် စွန့်လွှတ်ခြင်းငှါတရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်နှစ်မျိုးတို့နည်းဟူမူ- သမထကမ္မဋ္ဌာန်းလည်းကောင်း၊ ဝိပဿနာကမ္မဋ္ဌာန်းလည်းကောင်းတို့တည်း။ ရဟန်းတို့ မေ့လျော့ခြင်းကို တစ်ဖန် စွန့်လွှတ်ခြင်းငှါ တရားနှစ်မျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မြတ်စွာဘုရားသည် ဤတရားကို ဟောကြား တော်မူ၏)။ (၁၁-၁၇၀)

(ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြားသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း)။

ရာဂပေယျာလ ပြီး၏။

ဒုကနိပါတ် ပြီး၏။

------

၁။ သီဟိုဠ် ယိုးဒယား ကမ္ဘောဒီးယား အင်္ဂလိပ်မူတို့၌ မရှိ။