အဂုင်္တ္တရနိကာယ်

အဂုင်္တ္တိုရ်ပါဠိတော်

မြန်မာပြန်

တိကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပဌမပဏ္ဏာသက

ပဌမ သုတ်ငါးဆယ်

၁-ဗာလဝဂ် ၁-ဘယသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ရဟန်းတို့ ကျူမိုး ကျူကာ အိမ်မှသော်လည်းကောင်း၊ မြက်မိုး မြက်ကာ အိမ်မှသော်လည်းကောင်း လောင်စွဲလွင့် ထွက်သော မီးသည် လေလုံကုန်သော အတွင်းအပြင် အင်္ဂတေလိမ်းကျံအပ်ကုန်သော စေ့စပ်သော တံခါး ဘောင် တံခါးရွက်ရှိကုန်သော လုံသော လေသာပြူတင်းရှိကုန်သော အထွတ်တပ်အပ်ကုန်သော အိမ်ကြီး အိမ်ကောင်းတို့ကိုလည်း လောင်ကျွမ်းသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဖြစ်ပေါ်သမျှသော ကြောက်လန့်ခြင်း ဘေးအားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။ ဖြစ်ပေါ်သမျှသော စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' အားလုံးတို့သည် သူမိုက်ကြောင့် ဖြစ်ပေါ်ကုန်၏၊ ပညာရှိကြောင့် မဖြစ်ပေါ်ကုန်။

ရဟန်းတို့ ဤသို့လျှင် သူမိုက်သည် ကြောက်လန့်ခြင်းဘေးနှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် ကြောက်လန့်ခြင်းဘေးနှင့် စပ်လျက် မရှိ၊ သူမိုက်သည် မငြိမ်သက်ခြင်း'ဥပဒ္ဒဝေါ' နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် မငြိမ်သက်ခြင်း'ဥပဒ္ဒဝေါ' နှင့် စပ်လျက် မရှိ၊ သူမိုက်သည် စိတ်ဆင်းရဲခြင်း'ဥပသဂ္ဂ' နှင့် စပ်လျက် ရှိ၏၊ ပညာရှိသည် စိတ်ဆင်းရဲခြင်း'ဥပသဂ္ဂ' နှင့် စပ်လျက် မရှိ။ ရဟန်းတို့ ပညာရှိကြောင့် ကြောက်လန့်ခြင်း ဘေးဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' ဖြစ်ပေါ်ခြင်း မရှိ၊ ပညာရှိကြောင့် စိတ်ဆင်းရဲခြင်း'ဥပသဂ္ဂ' ဖြစ်ပေါ်ခြင်း မရှိ။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''သူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဉ်၍ ပညာရှိဟု သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ပဌမသုတ်

------

၂-လက္ခဏသုတ်

၂။ ရဟန်းတို့ သူမိုက်သည် မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း 'လက္ခဏာ'ရှိ၏၊ ပညာရှိသည်လည်း မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း 'လက္ခဏာ'ရှိ၏၊ ပညာမည်သည် သတ္တဝါတို့၏ အပြု အမူအားလျော်စွာ ထင်ရှား၏။ ရဟန်းတိုု့တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ကာယဒုစရိုက်'လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'လည်းကောင်း၊ စိတ်ဖြင့် ပြုအပ် သော မကောင်းသော အကျင့် 'မနောဒုစရိုက်'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'ကာယသုစရိုက်'လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ် သော ကောင်းသော အကျင့် 'ဝစီသုစရိုက်'လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'မနောသုစရိုက်'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''သူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဉ်၍၊ ပညာရှိဟု သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ့်

------

၃-စိနီ ္တသုတ်

၃။ ရဟန်းတို့ သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်း 'လက္ခဏာ'၊ သူမိုက်ဟု သိကြောင်း အမှတ် 'နိမိတ်'၊ သူမိုက်ဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်' တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ မကောင်းသော စကားကိုလည်း ပြောလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ သူမိုက်သည် မကောင်းသော အကြံကိုလည်း အကယ်၍ ကြံလေ့ မရှိငြားအံ့၊ မကောင်းသော စကား ကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ မကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့မရှိငြားအံ့၊ ထိုသူကို ''ဤသူကား သူမိုက် သူယုတ်တည်း''ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။ ရဟန်းတို့ အကြင် ့ကြောင့် သူမိုက်သည် မကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ မကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ မကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထိုသူမိုက်ကို ''ဤသူကား သူမိုက်သူယုတ်တည်း''ဟု ပညာရှိတို့သည် သိကြရကုန်၏။ ရဟန်းတို့ ဤတရားသုံးမျိုး တို့သည် သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်း 'လက္ခဏာ'၊ သူမိုက်ဟု သိကြောင်း အမှတ် 'နိမိတ်'၊ သူမိုက်ဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်'တို့ပေတည်း။

ရဟန်းတို့ ပညာရှိ၏ ပညာရှိဟု မှတ်ကြောင်း 'လက္ခဏာ'၊ ပညာရှိပေဟု သိကြောင်း အမှတ် 'နိမိတ်'၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်' တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏။ ရဟန်းတို့ ပညာရှိသည် ကောင်းသော အကြံကိုလည်း အကယ်၍ ကြံစည်လေ့ မရှိငြားအံ့၊ ကောင်းသော စကားကိုလည်း အကယ်၍ ပြောဆိုလေ့ မရှိငြားအံ့၊ ကောင်းသော အမှုကိုလည်း အကယ်၍ ပြုလေ့ မရှိငြားအံ့၊ ထိုသူကို ''ဤသူကား ပညာရှိ သူတော်ကောင်းတည်း''ဟု ပညာရှိတို့သည် အဘယ်မှာ သိကုန်ရာအံ့နည်း။ ရဟန်းတို့ အကြင်ကြောင့် ပညာရှိသည် ကောင်းသော အကြံကိုလည်း ကြံလေ့ရှိ၏၊ ကောင်းသော စကားကိုလည်း ပြောဆိုလေ့ရှိ၏၊ ကောင်းသော အမှုကိုလည်း ပြုလေ့ရှိ၏၊ ထို့ကြောင့် ထို ပညာရှိကို ''ဤသူကား ပညာရှိ သူတော်ကောင်းတည်း''ဟု ပညာရှိတို့သည် သိကြရကုန်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် ပညာရှိ၏ ပညာရှိဟု မှတ်ကြောင်း 'လက္ခဏာ'၊ ပညာရှိဟု သိကြောင်း အမှတ် 'နိမိတ်'၊ ပညာရှိဟု ထင်ရှားကြောင်း အပြုအမူ 'အပဒါန်'တို့တည်း။ ရဟန်းတို့ ထို့ကြောင့်။ပ။

တတိယသုတ်။

------

၄-အစ္စယသုတ်

၄။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မိမိအပြစ်ကို အပြစ်အားဖြင့် မရှုခြင်း၊ မိမိအပြစ်ကို အပြစ်အားဖြင့် ရှုသော်လည်းတရား အလျောက် မကုစား၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာပါလျက်တရားအလျောက် မခံယူ။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသောသူကို သူမိုက်ဟု သိအပ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- မိမိအပြစ်ကို အပြစ်အားဖြင့် ရှု၏၊ မိမိ၏ အပြစ်ကို အပြစ်အားဖြင့် ရှု၍တရား အလျောက် ကုစား၏၊ သူတစ်ပါးသည် အပြစ်ကို ဝန်ခံ၍ ပြောလာသော်တရားအလျောက် ခံယူ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။

စတုတ္ထသုတ်။

------

၅-အယောနိသောသုတ်

၅။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။ မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။ ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သော အကြောင်းအကျိုး ဆက်စပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆိုအပ်သည်ကို ဝမ်းမြောက် ဝမ်းသာ ကောင်းချီး မပေးတတ်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏။ သင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏။ ထက်ဝန်းကျင် ပြည့်စုံကုန်သော ပြေပြစ်ကုန်သော အကြောင်း အကျိုး ဆက်စပ်ကုန်သော ပုဒ် ဗျည်းတို့ဖြင့် သင့်လျော်သော အကြောင်းအားဖြင့် သူတစ်ပါး ဖြေဆိုထားသည်ကို ဝမ်းမြောက် ဝမ်းသာ ကောင်းချီးပေးတတ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။

ပဉ္စမသုတ်။

------

၆-အကုသလသုတ်

၆။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- အကုသိုလ်ကာယကံလည်းကောင်း၊ အကုသိုလ်ဝစီကံလည်းကောင်း၊ အကုသိုလ်မနောကံလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့်ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကုသိုလ်ကာယကံလည်းကောင်း၊ ကုသိုလ်ဝစီကံလည်းကောင်း၊ ကုသိုလ်မနောကံလည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့်။ပ။

ဆဋ္ဌသုတ်။

------

၇-သာဝဇ္ဇသုတ်

၇။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- အပြစ်ရှိသော ကာယကံ၊ အပြစ်ရှိသော ဝစီကံ၊ အပြစ်ရှိသော မနောကံတို့တည်း။ပ။ အပြစ်မရှိသော ကာယကံ၊ အပြစ်မရှိသော ဝစီကံ၊ အပြစ်မရှိသော မနောကံတို့တည်း။ပ။

သတ္တမသုတ်။

------

၈-သဗျာဗဇ္ဈသုတ်

၈။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ- ဆင်းရဲခြင်းရှိသော ကာယကံ၊ ဆင်းရဲခြင်းရှိသော ဝစီကံ၊ ဆင်းရဲခြင်းရှိသော မနောကံတို့တည်း။ပ။ ဆင်းရဲခြင်းမရှိသော ကာယကံ၊ ဆင်းရဲခြင်းမရှိသော ဝစီကံ၊ ဆင်းရဲခြင်းမရှိသော မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''လူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဉ်၍၊ ပညာရှိဟု့သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ခတသုတ်

၉။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိ ကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့်လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော လိမ္မာသော ပညာရှိသော သူတော်ကောင်းသည် ဂုဏ်ကို မတူးဖြို မဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မစွပ်စွဲထိုက် သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-မလသုတ်

၁၀။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သီလမရှိသူလည်း ဖြစ်၏။ ထိုသူသည် သီလမရှိခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ငြူစူတတ်သူလည်း ဖြစ်၏၊ ထိုသူသည် ငြူစူခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ဝန်တို တတ်သူလည်း ဖြစ်၏။ ထိုသူသည် ဝန်တိုခြင်းဟူသော အညစ်အကြေးကိုလည်း မပယ်အပ်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို ပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သီလရှိသူလည်း ဖြစ်၏။ ထိုသူသည် သီလမရှိခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ မငြူစူတတ်သူလည်း ဖြစ်၏၊ ထိုသူသည် ငြူစူခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ ဝန်မတို တတ်သူလည်း ဖြစ်၏။ ထိုသူသည် ဝန်တိုခြင်းဟူသော အညစ်အကြေးကိုလည်း ပယ်အပ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူသည် အညစ်အကြေးသုံးမျိုးတို့ကို ပယ်ခြင်းကြောင့် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဗာလဝဂ် ပြီး၏။

------

၂-ရထကာရဝဂ် ၁-ဉာတသုတ်

၁၁။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီး အပွါး မရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုး မရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သာသနာတော်အား မလျော်သော ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား မလျော်သော မနောကံတရားတို့၌ (သူတစ်ပါး တို့ကို) ဆောက်တည်စေ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးမရှိခြင်းငှါ လူအများ၏ ဆင်းရဲခြင်းငှါ လူအများ၏ အကျိုးမရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး မရှိခြင်းငှါ ဆင်းရဲခြင်းငှါ ကျင့်သူဖြစ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါး ရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သာသနာတော်အားလျော်သော ကာယကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား လျော်သော ဝစီကံ၌ (သူတစ်ပါးတို့ကို) ဆောက်တည်စေ၏၊ သာသနာတော်အား လျော်သော မနောကံတရားတို့၌ (သူတစ်ပါးတို့ကို) ဆောက် တည်စေ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံ၍ ထင်ရှားသော ရဟန်းသည် လူအများ၏ အစီးအပွါးရှိခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးရှိခြင်းငှါ နတ်လူတို့၏ အစီးအပွါး ရှိခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သူဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-သာရဏီယသုတ်

၁၂။ ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် ဤအရပ် သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့အပ်ကုန်၏။ အဘယ်သုံးမျိုးတိုနည်းဟူမူ- ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်၌ ဖွားမြင်၏။ ရဟန်းတို့ ဤဖွားမြင်ရာအရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက် ထက်ဆုံး အောက်မေ့အပ်သော ပဌမအရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်ဝယ် ဦးထိပ်၌ အဘိသိက်သွန်းအပ်၏။ ရဟန်းတို့ ဤအဘိသိက် သွန်းလောင်းရာအရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်းသည် အကြင် အရပ်၌ စစ်အောင်သောကြောင့် အောင်ပြီးသော စစ်ရှိသည်ဖြစ်၍ ထို စစ်မြေအရပ်ကို အုပ်ချုပ်၍ နေ၏။ ရဟန်းတို့ ထို စစ်အောင်မြင်ရာ အရပ်သည် ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော တတိယအရပ်တည်း။ ရဟန်းတို့ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်းပြည့်ရှင်မင်းသည် ဤအရပ်သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့အပ်ကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် ရဟန်းသည် ဤအရပ်သုံးမျိုးတို့ကို အသက်ထက်ဆုံး အောက်မေ့ အပ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ရဟန်းသည် အကြင် အရပ်၌ ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ရုံပြီးလျှင် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် ရဟန်း ပြု၏။ ရဟန်းတို့ ဤရဟန်းပြုရာ အရပ်သည် ရဟန်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ပဌမ အရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြင် အရပ်၌ ''ဤတရားကား ဆင်းရဲ''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤတရားကား ဆင်းရဲဖြစ်ကြောင်း''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤတရားကား ဆင်းရဲချုပ်ရာ''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤတရားကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့်''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ရဟန်းတို့ ဤသစ္စာလေးပါးကိုဟုတ်မှန်သော အတိုင်း သိရာအရပ်သည် ရဟန်း၏ အသက်ထက်ဆုံး အောက်မေ့အပ်သော ဒုတိယအရပ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြင် အရပ်၌ အာသဝေါတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါ မရှိသော၊ စိတ်၏ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤအရဟတ္တဖိုလ်သို့ ရောက်ရာအရပ်သည် ရဟန်း၏ အသက်ထက် ဆုံး အောက်မေ့အပ်သော တတိယအရပ်တည်း။ ရဟန်းတို့ ဤအရပ်သုံးမျိုးတို့ကို ရဟန်းသည် အသက် ထက်ဆုံး အောက်မေ့အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-အာသံသသုတ်

၁၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဒွန်းစဏ္ဍားမျိုး၌သော်လည်းကောင်း၊ နှီး သမားမျိုး၌သော်လည်းကောင်း၊ မုဆိုးမျိုး၌သော်လည်းကောင်း၊ သားရေနယ်သမားမျိုး၌သော်လည်းကောင်း၊ ပန်းမှိုက်သွန်မျိုး၌သော်လည်းကောင်း အစားအစာ ရှားပါးသော ဆင်းရဲငြိုငြင်သဖြင့် အသက်မွေးရသော ဆင်းရဲငြိုငြင်သဖြင့် အဝတ်အစားကို ရအပ်သော ဤယုတ်နိမ့်သော သူဆင်းရဲအမျိုး၌ ဖြစ်ရ၏။ ထိုသူသည် အဆင်းမလှ၊ ကြည့်ရှု၍ မကောင်း၊ ပုကွ၏၊ အနာရောဂါ များ၏၊ ကန်းမူလည်း ကန်း၏၊ ကောက်မူလည်း ကောက်၏၊ ခြေခွင်မူလည်း ခွင်၏၊ ကိုယ်အောက်ပိုုင်းသေမူလည်း သေ၏၊ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုမူလည်း မရရှိ။ ထိုသူသည် ဤမည်သော မင်းကို မင်းမျိုးတိုု့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းအပ်သတတ်''ဟု ကြား၏။ ထိုသူ အား ''အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် သွန်းကုန်အံ့နည်း''ဟု ဤသို့သော အကြံသည် မဖြစ်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ဦးထိပ်၌ အဘိသိက်သွန်းပြီးသော ရေမြေသနင်း ပြည့်ရှင်မင်း၏ သားကြီးသည် အဘိသိက်သွန်းထိုက်၏၊ အဘိသိက်ကား မသွန်းရသေး၊ အရွယ်သို့ ရောက်ပြီးဖြစ်၏။ ထို မင်းသားသည် ''ဤမည်သောမင်းကို မင်းမျိုးတို့က အဘိသိက်သွန်းခြင်းဖြင့် အဘိသိက် သွန်းအပ်သတတ်''ဟု ကြား၏။ ဤသို့ကြားသဖြင့် ထို မင်းသားအား ''အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် သွန်းကုန်အံ့နည်း''ဟု ဤသို့သော အကြံသည် ဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ မင်းသည် ဦးထိပ်၌ အဘိသိက်သွန်းပြီးဖြစ်၍ ရေမြေသနင်း ပြည့်ရှင်မင်း ဖြစ်၏၊ ထို မင်းသည် ''ဤမည်သော မင်းကို မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက်သွန်းအပ်သတတ်''ဟု ကြား၏။ ထို မင်းအား ''အဘယ်အခါ၌ ငါ့ကိုလည်း မင်းမျိုးတို့က မင်းအဘိသိက်သွန်းခြင်းဖြင့် အဘိသိက် သွန်းကုန်အံ့နည်း''ဟု ဤသို့သော အကြံသည် မဖြစ်။ ထိုသို့မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထို မင်းအား အဘိသိက်မသွန်းမီ ရှေးအခါက အဘိသိက်သွန်းခြင်း၌ ဖြစ်သော တောင့်တခြင်းသည် ငြိမ်းလေပြီးသောကြောင့်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်း ကင်းပြီးသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိ ကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် ပုဂ္ဂိုလ်သုံးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊ ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ် သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့်ရှိသူမဟုတ်ဘဲ မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏၊ အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊ ဖြစ်ပေါ်သော ရာဂစသော အမှိုက်ရှိ၏။ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေ၏''ဟု ကြား၏။ ဤသို့ ကြားသော်လည်း ''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း''ဟု ထိုရဟန်းအား ဤသို့ သော အကြံသည် မဖြစ်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းမရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏။ ထိုရဟန်းသည် ''ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏''ဟု ကြား၏။ ဤသို့ ကြားသဖြင့် ''အဘယ် အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခု ဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း''ဟု ထိုရဟန်းအား ဤသို့သော အကြံသည် ဖြစ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် အာသဝေါကုန်ပြီးသော ရဟန္တာ ဖြစ်၏။ ထို ရဟန္တာသည် ''ဤမည်သော ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင့်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏''ဟု ကြား၏။ ဤသို့ ကြားသော်လည်း ''ငါသည်လည်း အဘယ်အခါ၌ အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း''ဟု ထို ရဟန္တာအား ဤသို့သော အကြံသည် မဖြစ်။ ထိုသို့မဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထို ရဟန္တာအား ကိလေသာမှ မလွတ်သေးမီ ရှေးအခါက ကိလေသာမှ လွတ်ခြင်း၌ ဖြစ်သော တောင့်တခြင်းသည် ငြိမ်းလေပြီးသောကြောင့်တည်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တောင့်တခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-စက္ကဝတ္တိသုတ်

၁၄။ ရဟန်းတို့ တရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်းသော်မှလည်း (အမှီ) မင်းကို မရခဲ့လျှင် စကြာရတနာကို မလည်စေနိုင်ဟု (မိန့်တော်မူ၏)။ ဤသို့ မိန့်တော်မူသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား- ''အသျှင်ဘုရားတရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်း၏ အမှီမင်းဟူသည် အဘယ်ပါနည်း''ဟု လျှောက်၏။ ''ရဟန်း အမှီမင်းဟူသည်တရားတည်း''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ရဟန်း ဤလောက၌တရားရှိ၍တရားမင်းဖြစ်သော စကြဝတေးမင်းသည်တရားကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် နန်းတွင်းသူ နန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်း၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။

ရဟန်း နောက်တစ်မျိုးကား တရားရှိ၍ တရားမင်းဖြစ်သော စကြဝတေးမင်းသည် တရားကို သာလျှင် အမှီပြုလျက်တရားကို အရိုအသေပြုလျက် တရားကို အလေးအမြတ်ပြုလျက် တရားကို တုပ်ဝပ်လျက် တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက် တရားကို အကြီးအမှူးပြုလျက် အရံမင်းတို့၌လည်းကောင်း၊ စစ်သည်ဗိုလ်ပါ အပေါင်း၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံး ဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်းကောင်း တရားအားလျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ ရဟန်းတရားရှိ၍ တရားမင်းဖြစ်သော ထို စကြဝတေးမင်းသည် တရားကိုသာလျှင် အမှီပြုလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူး ပြုလျက် နန်းတွင်းသူ နန်းတွင်းသား (မိဖုရား သားတော် သမီးတော်) အပေါင်းတို့၌ တရားအားလျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် အရံမင်းတို့၌လည်းကောင်း၊ ဗိုလ်ပါအပေါင်း၌လည်းကောင်း၊ ပုဏ္ဏားနှင့် အမျိုးသားတို့၌လည်းကောင်း၊ နိဂုံး ဇနပုဒ်သားတို့၌လည်းကောင်း၊ သမဏ ဗြာဟ္မဏတို့၌လည်းကောင်း၊ သားငှက်တို့၌လည်းကောင်း တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် တရားသဖြင့်သာ စကြာရတနာကို လည်စေ၏။ ထို စကြာရတနာကို လူသားဖြစ်သော ရန်သူ သတ္တဝါ တစ်စုံတစ်ယောက်သည် မဖျက်ဆီး မတားမြစ်နိုင်။

ရဟန်းတို့ ဤအတူသာလျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော တရားစောင့်သည့်တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရား ကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ် လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို့အကြီးအမှူးပြုလျက် ဤသို့ သဘောရှိသော ကာယကံမှုကို မှီဝဲအပ်၏၊ ဤသို့ သဘောရှိသော ကာယ ကံမှုကို မမှီဝဲအပ်''ဟု ကာယကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော တရားစောင့်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရား ကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို အလေးအမြတ်ပြုလျက်တရားကို တုပ်ဝပ် လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင်ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် ''ဤသို့ သဘောရှိသော ဝစီကံမှုကို မှီဝဲအပ်၏၊ ဤသို့ သဘောရှိသော ဝစီကံမှုကို မမှီဝဲအပ်''ဟု ဝစီကံမှု၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။ပ။ ''ဤသို့သဘောရှိသော မနောကံမှုကို မှီဝဲအပ်၏၊ ဤသို့သဘောရှိသော မနောကံမှုကို မမှီဝဲအပ်''ဟု မနောကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်၏။

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော တရားစောင့်သော တရားမင်းဖြစ်တော်မူသော မြတ်စွာဘုရားသည်တရားကိုသာလျှင် မှီလျက်တရားကို အရိုအသေပြုလျက်တရားကို တုပ်ဝပ်လျက်တရားကို အောင်လံသဖွယ် ရှေ့ဆောင် ပြုလျက်တရားကို တံခွန်သဖွယ် မြှောက်ချီလျက်တရားကို အကြီးအမှူးပြုလျက် ကာယကံမှု၌တရားနှင့် လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် ဝစီကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင် မနောကံမှု၌တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံမှုကို စီရင်ပြီးလျှင်တရားသဖြင့်သာ အတုမရှိသော ဓမ္မစက်ကို လည်စေတော်မူ၏၊ ထို ဓမ္မစက်ကို သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူတစ်စုံတစ်ယောက်မျှ မဖျက်ဆီး မတားမြစ်နိုင်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-သစေတနသုတ်

၁၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ ရှေး၌ ဖြစ်ဖူးသည်ကား သစေတနမည်သော မင်းသည် ဖြစ်ခဲ့ဖူးပြီ၊ ထို စဉ်အခါ သစေတနမင်းသည် ရထားလုပ်သမားကို ''အချင်း ရထားလုပ်သမား ယနေ့မှ ခြောက်လလွန်လျှင် စစ်ဖြစ်လတ္တံ့၊ အချင်း ရထားလုပ်သမား အသစ်ဖြစ်သော ရထားဘီးအစုံကို ပြုလုပ်နိုင်ပါအံ့လော''ဟု မိန့်ဆို၏။ ရဟန်းတို့ ရထားလုပ်သမားသည် ''အရှင်မင်းမြတ် ပြုလုပ်နိုင်ပါ၏''ဟု သစေတနမင်းအား ဝန်ခံ၏။ ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ရထားဘီးတစ်ဖက်ကို ပြီးစေ၏။ ရဟန်းတို့ ထိုအခါ သစေတနမင်းသည် ရထားအလုပ်သမားကို ''အချင်း ရထားလုပ်သမား ယနေ့မှ ခြောက်ရက်လွန်လျှင် စစ်ဖြစ်လတ္တံ့၊ အသစ်ဖြစ်သော ရထားဘီးအစုံကို လုပ်ပြီးပါပြီလော''ဟု မိန့်ဆိုပြန်၏။ မင်းမြတ် ဤခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ရထားဘီးသစ် (တစ်ဖက်) ပြီးပါပြီဟု (လျှောက်တင်၏)။ အချင်း ရထားလုပ်သမား ဤခြောက်ရက်တို့ဖြင့် ငါ၏ နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဖက်) ကို ပြုလုပ်ပြီးစီးနိုင်ပါအံ့လောဟု မိန့်ဆိုပြန်၏။ ရဟန်းတို့ ရထားလုပ်သမားသည် အရှင်မင်းမြတ် ပြုလုပ်ပြီးစီးနိုင်ပါ၏ဟု လျှောက်တင်၏။ ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်တို့ဖြင့် နှစ်ခုမြောက် (ကျန်) ရထားဘီး (တစ်ဖက်) ကို့ပြုလုပ်ပြီးစီးစေ၍ ရထားဘီးအသစ် အစုံကို ယူပြီးလျှင် သစေတနမင်းထံ ချဉ်းကပ်ပြီးလျှင် သစေတနမင်းအား ''မင်းမြတ် အရှင်မင်းမြတ်၏ ဤရထားဘီးသစ်အစုံသည် ပြီးစီးပါပြီ''ဟု လျှောက်တင်၏။ ရထားလုပ်သမား သင်၏ အကြင် ရထားဘီး (တစ်ဖက်)သည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏၊ သင်၏ အကြင် ရထားဘီး (တစ်ဖက်)သည်ကား ခြောက်ရက်မျှ ဖြင့် ပြီးစီး၏၊ ဤရထားဘီးတို့၏ ထူးခြားချက်ကား အသို့နည်း၊ ငါသည်ကား ထို ရထားဘီးတို့၏ တစ်စုံတစ်ရာ ထူးခြားချက်ကို မတွေ့မမြင်ဟု (မိန့်တော်မူ၏)။ မင်းမြတ် ထို ရထား ဘီးတို့၏ ထူးခြားချက်သည် ရှိပါ၏၊ မင်းမြတ်သည် ထို ရထားဘီးတို့၏ ထူးခြားချက်ကို ရှုစားတော်မူ ပါလော့ဟု (လျှောက်တင်၏)။

ရဟန်းတို့ ထိုအခါ ရထားလုပ်သမားသည် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော အကြင် ရထားဘီးကို တွန်းလှိမ့်၏။ ထို ရထားဘီးသည် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ပတ်ပတ်လည်ပြီး မြေ၌ လဲကျ၏။ ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်သော အကြင် ရထားဘီးကို တွန်းလှိမ့်ပြန်၏။ ထို ရထားဘီးသည် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသလောက် လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။

အချင်းရထားလုပ်သမား အကြင် ရထားဘီးသည် ခြောက်ရက်တို့ဖြင့် ပြီးစီး၏၊ ထို ရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ်လည်ပြီးလျှင် မြေ၌ လဲကျ၏။ အချင်းရထားလုပ်သမား (ထိုသို့ဖြစ်ခြင်း၏) အကြောင်းအထောက်အပံ့ကား အဘယ်နည်း၊ အကြင် ရထား ဘီးသည် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် ပြီးစီး၏၊ ထို ရထားဘီးကို တွန်းလှိမ့်သော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေ၏။ အချင်း ရထားလုပ်သမား (ထိုသို့ဖြစ်ခြင်း၏) အကြောင်း အထောက်အပံ့ကား အဘယ်နည်းဟု (မေး၏)။

အရှင်မင်းမြတ် ခြောက်ရက်တို့ဖြင့် အပြီးပြုလုပ်အပ်သော ရထား ဘီး၏ အကွပ်သည် ကွေးကောက်၏၊ အပြစ်အနာ ရှိ၏၊ အကာအဆွေး ဖြစ်၏၊ အကန့်တို့သည်လည်း ကောက်ကုန်၏၊ အပြစ်အနာ ရှိကုန်၏၊ အကာအဆွေး ဖြစ်ကုန်၏၊ ပုံတောင်းသည်လည်း ကောက်၏၊ အပြစ်အနာ ရှိ၏၊ အကာအဆွေး ဖြစ်၏၊ ထို ရထားဘီးသည် အကွပ်၏လည်း ကောက်သောကြောင့် အပြစ်အနာရှိသောကြောင့် အကာအဆွေးဖြစ်သောကြောင့် အကန့်တို့၏လည်း ကောက်ကုန်သောကြောင့် အပြစ်အနာရှိကုန်သောကြောင့် အကာအဆွေးဖြစ်ကုန်သောကြောင့် ပုံတောင်း၏လည်း ကောက်သောကြောင့် အပြစ်အနာရှိသောကြောင့် အကာအဆွေးဖြစ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှုအင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ပတ်ပတ်လည်ပြီးလျှင် မြေ၌ လဲကျ၏။ အရှင်မင်းမြတ် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီးပြုလုပ်အပ်သော ရထားဘီး၏ အကွပ်သည်ကား မကောက်၊ အပြစ်အနာမရှိ၊ အကာအဆွေးမဟုတ်၊ အကန့်တို့သည်လည်း မကောက်၊ အပြစ်အနာမရှိကုန်၊ အကာအဆွေး မဟုတ်ကုန်၊ ပုံတောင်းသည်လည်း မကောက်၊ အပြစ်အနာမရှိ၊ အကာအဆွေး မဟုတ်၊ ထို ရထားဘီးသည် အကွပ်၏လည်း မကောက်သောကြောင့်, အပြစ်အနာ မရှိသောကြောင့်, အကာအဆွေးမဟုတ်သောကြောင့်၊ အကန့်တို့၏လည်း မကောက်ကုန်သောကြောင့်, အပြစ်အနာ မရှိကုန်သောကြောင့်, အကာအဆွေးမဟုတ်ကုန်သောကြောင့်၊ ပုံတောင်း၏လည်း မကောက်သောကြောင့်, အပြစ်အနာမရှိသောကြောင့်, အကာအဆွေးမဟုတ်သောကြောင့် တွန်းလှိမ့်သည်ရှိသော် တွန်းလှိမ့်မှု အင်အား အရှိန်ရှိသမျှ လိမ့်သွား၍ ဝင်ရိုး၌ စွပ်ထားသကဲ့သို့ ရပ်တည်နေပါ၏ဟု (လျှောက်၏)။

ရဟန်းတို့ ထိုအခါ ထို ရထားလုပ်သမားသည် တစ်ပါးသောသူ ဖြစ်လေသလောဟု သင်တို့အား ဤအကြံသည် ဖြစ်ရာ၏။ ရဟန်းတို့ ထို အကြောင်းကို ဤသို့ မမှတ်အပ်၊ ငါသည် ထိုအခါက ထို ရထား လုပ်သမား ဖြစ်ခဲ့၏။ ရဟန်းတို့ ငါသည် ထိုအခါက သစ်ကောက်တို့၌လည်းကောင်း၊ သစ်အပြစ်အနာ တို့၌လည်းကောင်း၊ သစ်အကာ အဆွေးတို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ ရဟန်းတို့ ယခုအခါ၌မူ့ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော ငါသည် ကိုယ်၏ကောက်ခြင်း 'ကာယဒုစရိုက်' တို့၌လည်းကောင်း၊ ကိုယ်၏ အပြစ်အနာ 'ကာယဒုစရိုက်' တို့၌လည်းကောင်း၊ ကိုယ်၏ အကာအဆွေး 'ကာယဒုစရိုက်' တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ နှုတ်၏ကောက်ခြင်း 'ဝစီဒုစရိုက်' တို့၌လည်းကောင်း၊ နှုတ်၏ အပြစ်အနာ 'ဝစီဒုစရိုက်'တို့၌လည်းကောင်း၊ နှုတ်၏ အကာအဆွေး 'ဝစီဒုစရိုက်' တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ စိတ်၏ ကောက်ခြင်း 'မနော ဒုစရိုက်'တို့၌လည်းကောင်း၊ စိတ်၏ အပြစ်အနာ 'မနောဒုစရိုက်' တို့၌လည်းကောင်း၊ စိတ်၏အကာအဆွေး 'မနောဒုစရိုက်' တို့၌လည်းကောင်း ကျွမ်းကျင်လိမ္မာ၏။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ကိုယ်၏ ကောက်ခြင်းကို မပယ်အပ်၊ ကိုယ်၏ အပြစ်အနာကို မပယ်အပ်၊ ကိုယ်၏ အကာ အဆွေးကို မပယ်အပ်။ နှုတ်၏ ကောက်ခြင်းကို မပယ်အပ်၊ နှုတ်၏ အပြစ်အနာကို မပယ်အပ်၊ နှုတ်၏ အကာအဆွေးကို မပယ်အပ်။ စိတ်၏ ကောက်ခြင်းကို မပယ်အပ်၊ စိတ်၏ အပြစ်အနာကို မပယ်အပ်၊ စိတ်၏ အကာအဆွေးကို မပယ်အပ်။ ရဟန်းတို့ ဤသို့ မပယ်အပ်သည်ရှိသော် ခြောက်ရက်တို့ဖြင့် အပြီး ပြုလုပ်သော ထို ရထားဘီးကဲ့သို့ ထိုရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် ဤသာသနာတော်မှ ဂုဏ် အားဖြင့် လျှောကျကုန်၏။ ရဟန်းတို့ ရဟန်းဖြစ်စေ ရဟန်းမိန်းမဖြစ်စေ မည်သူမဆို ကိုယ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ ကိုယ်၏ အပြစ်အနာကို ပယ်အပ်၏၊ ကိုယ်၏ အကာအဆွေးကို ပယ်အပ်၏။ နှုတ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ နှုတ်၏ အပြစ်အနာကို ပယ်အပ်၏၊ နှုတ်၏ အကာအဆွေးကို ပယ်အပ်၏။ စိတ်၏ ကောက်ခြင်းကို ပယ်အပ်၏၊ စိတ်၏ အပြစ်အနာကို ပယ်အပ်၏၊ စိတ်၏ အကာအဆွေးကို ပယ်အပ်၏။ ရဟန်းတို့ ဤသို့ ပယ်အပ်သည်ရှိသော် ခြောက်ရက်လျော့သော ခြောက်လတို့ဖြင့် အပြီး ပြုလုပ်သော ထို ရထားဘီးကဲ့သို့ ထိုရဟန်း ရဟန်းမိန်းမတို့သည် ဤသာသနာတော်၌ ဂုဏ်အားဖြင့် တည်နေကုန်၏။

ရဟန်းတို့ ထိုသို့ ဖြစ်သောကြောင့် ဤသာသနာတော်၌ ''ကိုယ်၏ ကောက်ခြင်း၊ ကိုယ်၏ အပြစ် အနာ၊ ကိုယ်၏ အကာအဆွေးများကို ပယ်ကုန်အံ့။ နှုတ်၏ ကောက်ခြင်း၊ နှုတ်၏ အပြစ်အနာ၊ နှုတ်၏ အကာအဆွေးကို ပယ်ကုန်အံ့။ စိတ်၏ ကောက်ခြင်း၊ စိတ်၏ အပြစ်အနာ၊ စိတ်၏ အကာအဆွေးကို ပယ်ကုန်အံ့''ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-အပဏ္ဏကသုတ်

၁၆။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူဖြစ်၏၊ ထိုရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း အကြောင်းကို အားထုတ်အပ်ပြီးသည် မည်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိ၏၊ အစားအစာတို့၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အမြဲယှဉ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိသနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောက်ျားမိန်းမစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေ စသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ အကယ်၍ စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုရဟန်းသည် ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌့စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ လျှာဖြင့် ရသာရုံကို လျက်သော်။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိ သော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောက်ျားမိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက် ခြေ စသော အင်္ဂါပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့ မရှိ။ အကယ်၍ မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရား ယုတ်တို့သည် ထို မစောင့်စည်းသူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထို့ကြောင့် ထိုရဟန်းသည် ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်း တို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားအပ်သော တံခါးရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အာဟာရကို သုံးဆောင်၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်း ဖွံ့ဖြိုးတိုးပွါးရန် (အစားအစာကို မှီဝဲသည်) မဟုတ်၊ ဤကိုယ် တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်ခြင်း ဆင်းရဲကင်း ပျောက်ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာ အာဟာရကို သုံးဆောင်၏၊ ဤသို့ သုံးဆောင်ခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည် ဖြစ်ပေလိမ့်မည်ဟု အာဟာရကို သုံးဆောင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစားအစာတို့၌ အတိုင်းအရှည်ကို သိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နိုးကြားမှု၌ အမြဲယှဉ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် နေ့အခါ၌ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားကို) ပိတ်ပင်တားမြစ်တတ် ကုန်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏။ ညဉ့်ဦးယံ၌ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တား မြစ်တတ်ကုန်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏။ သန်းခေါင်ယံ၌ (လက်ျာ) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင် ဉာဏ်ရှိလျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်းပြီးလျှင် လက်ျာနံတောင်းဖြင့် မြတ်သော လျောင်း စက်ခြင်းကို ပြု၏။ မိုးသောက်ယံ၌ စောစောထ၍ စကြံသွားခြင်း ထိုင်ခြင်းဖြင့် (ကုသိုလ်တရားကို) ပိတ်ပင် တားမြစ်တတ်ကုန်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နိုးကြားမှု၌ အမြဲယှဉ်၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မချွတ်မယွင်းသော အကျင့်ကို ကျင့်သူ ဖြစ်၏၊ ထိုရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်း အကြောင်းကို အားထုတ်အပ်ပြီးသည် မည်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-အတ္တဗျာဗာဓသုတ်

၁၇။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း ဖြစ်ကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ကာယဒုစရိုက်'လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'မနောဒုစရိုက်'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ဖြစ်ကုန်၏၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားသုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း မဖြစ်ကုန်၊ သူတစ်ပါးဆင်းရဲရန်လည်း့မဖြစ်ကုန်၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း မဖြစ်ကုန်။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'ကာယသုစရိုက်'လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'ဝစီသုစရိုက်'လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် 'မနောသုစရိုက်'လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရား သုံးမျိုးတို့သည် မိမိဆင်းရဲရန်လည်း မဖြစ်ကုန်၊ သူတစ်ပါးဆင်းရဲရန်လည်း မဖြစ်ကုန်၊ နှစ်ပါးစုံ ဆင်းရဲရန်လည်း မဖြစ်ကုန်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒေဝလောကသုတ်

၁၈။ ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပရိဗိုဇ်တို့သည် ''ငါ့သျှင်တို့ သင်တို့သည် ရဟန်းဂေါတမအထံဝယ် နတ်ပြည်၌ ဖြစ်ခြင်းအကျိုးငှါ မြတ်သော အကျင့်ကို ကျင့်သုံး သလော''ဟု ဤသို့ အကယ်၍ မေးကုန်ငြားအံ့။ ရဟန်းတို့ သင်တို့သည် ဤသို့ မေးအပ်ကုန်သည် ရှိသော် ငြီးငွေ့ကုန်ရာသည် မဟုတ်လော ရှက်နိုးကုန်ရာသည် မဟုတ်လော စက်ဆုပ်ကုန်ရာသည် မဟုတ် လောဟု (မိန့်တော်မူ၏)။ အသျှင်ဘုရားဟုတ်ပါကုန်၏ဟု (လျှောက်ကြကုန်၏)။ ရဟန်းတို့ သင်တို့သည် နတ်၌ဖြစ်သော အသက်ကို ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် နတ်၌ဖြစ်သော အဆင်း နတ်၌ဖြစ်သော ချမ်းသာ နတ်၌ဖြစ်သော အစိုးရခြင်းကို ငြီးငွေ့ကုန်သော် ရှက်နိုးကုန်သော် စက်ဆုပ်ကုန်သော် ရဟန်းတို့ သင်တို့သည် ရှေးဦးကပင်လျှင် ကာယဒုစရိုက်မှ ငြီးငွေ့ရာ၏၊ ရှက်နိုးရာ၏၊ စက်ဆုပ်ရာ၏။ ဝစီဒုစရိုက်မှ။ မနောဒုစရိုက်မှ ငြီးငွေ့ရာ၏၊ ရှက်နိုးရာ၏၊ စက်ဆုပ်ရာ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ ပါပဏိကသုတ်

၁၉။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန် သော်လည်းကောင်း၊ ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ အဘယ်သုံးမျိုး တို့နည်းဟူမူ- ရဟန်းတို့ (ဤလောက၌) ဈေးသည်သည် နံနက်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရို သေသေ မစီရင် 'မပြုလုပ်'၊ နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'၊ ညချမ်းအခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ မစီရင် 'မပြုလုပ်'။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း ရပြီးသော စည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊ နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်၊ ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ မဆောက်တည်။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန် သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း မထိုက်။

ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန်သော်လည်းကောင်း ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ ဈေးသည်သည် နံနက်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'၊ နေ့လယ်အခါ၌ ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'၊ ညချမ်းအခါ၌့ရောင်းဝယ်မှုအလုပ်ကို ရိုရိုသေသေ စီရင် 'ပြုလုပ်၏'။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မရသေးသော စည်းစိမ်ကို ရရန်သော်လည်းကောင်း၊ ရပြီးသောစည်းစိမ်ကို တိုးပွါးစေရန် သော်လည်းကောင်း ထိုက်၏။ ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေ ရန်သော်လည်းကောင်း ထိုက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နံနက်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ နေ့လယ်အခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ ညချမ်းအခါ၌ သမာဓိ၏ အာရုံကို ရိုရိုသေသေ ဆောက်တည်၏၊ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မရသေးသော ကုသိုလ်တရားကို ရရန်သော်လည်းကောင်း၊ ရပြီးသော ကုသိုလ်တရားကို တိုးပွါးစေရန်သော်လည်းကောင်း ထိုက်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ ပါပဏိကသုတ်

၂၀။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၌ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ ဈေးသည်သည် မျက်စိအမြင် ရှိ၏၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိ၏၊ အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ''ဤကုန်ပစ္စည်းကို ဤသို့ဝယ်၍ ဤသို့ရောင်းသော် အရင်းအနှီးကား ဤမျှလောက် ဖြစ်လတ္တံ့၊ အမြတ် အစွန်းကား ဤမျှလောက် ဖြစ်လတ္တံ့''ဟု ဤသို့ ရောင်းကုန်ပစ္စည်းကို သိ၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် မျက်စိအမြင်ရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် ဉာဏ်နှင့်ယှဉ်သော ဝီရိယထူး ရှိသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်သည် ကုန်ပစ္စည်းကို ဝယ်ခြင်းငှါလည်းကောင်း၊ ရောင်းခြင်းငှါလည်းကောင်း ကျွမ်းကျင်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် ထူးသော ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤလောက၌ ဈေးသည်ကို ကြွယ်ဝကုန် များသောဥစ္စာရှိကုန် များသောအသုံးအဆောင်ရှိကုန်သော သူကြွယ် တို့သည်လည်းကောင်း၊ သူကြွယ်သားတို့သည်လည်းကောင်း ''ဤဈေးသည်ကား မျက်စိအမြင်လည်း ရှိ၏၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးလည်း ရှိ၏၊ သားသမီးတို့ကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ ငါတို့အား ရံခါရံခါ အတိုးပေးဆပ်ခြင်းငှါလည်းကောင်း စွမ်းနိုင်၏''ဟု သိကုန်၏။ ထိုသူကြွယ် သူကြွယ်သားတို့သည် ထို ဈေးသည်ကို ''အချင်းဈေးသည် ငါ၏အထံမှ ဤကုန်စည်ပစ္စည်းတို့ကို ယူ၍ သားမယားကိုလည်း လုပ်ကျွေးလော့၊ ငါတို့အားလည်း ရံခါရံခါ အတိုးပေးဆပ်ပါလော့''ဟု ကုန်စည်ပစ္စည်းဖြင့် ဖိတ်ကြား ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဈေးသည်သည် အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုး တို့နှင့် ပြည့်စုံသော ဈေးသည်သည် မကြာမီပင်လျှင် စည်းစိမ်တို့၏ များခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင်တရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏၊ ဉာဏ်နှင့်ယှဉ်သော ဝီရိယထူးရှိ၏၊ အမှီကောင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ဤကား ဆင်းရဲတည်း''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'တည်း''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်' သို့ရောက်ကြောင်း အကျင့်တည်း''ဟုဟုတ်မှန်သော အတိုင်း သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (ပညာ) မျက်စိ အမြင်ရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဉာဏ်နှင့် ယှဉ်သော ဝီရိယထူးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ခြင်း ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လ ရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချမထား။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဉာဏ်နှင့်ယှဉ် သော ဝီရိယထူးရှိ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အမှီကောင်းနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အကြားအမြင်များကုန် ပါဠိတော်ကို နှုတ်တက်ဆောင်ကုန် သုတ္တန်ကို ဆောင်ကုန် ဝိနည်းကို ဆောင်ကုန် ပါတိမောက်ကို ဆောင်ကုန်သော ရဟန်းတို့သို့ ရံဖန် ရံခါ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ပါနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်သို့ပါနည်း''ဟု မေး မြန်း၏၊ စိစစ်၏၊ ထို (ဗဟုသုတရှိကြသော) အသျှင်တို့သည် ထိုရဟန်းအား မဖွင့်အပ်သေးသည်ကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သေးသည်တို့ကိုလည်း ပေါ်လွင်စေကုန်၏၊ များပြားကုန်သော ယုံမှားခြင်း၏ အကြောင်းတရားတို့၌ ယုံမှားမှုကို ပယ်ဖျောက်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အမှီကောင်း နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင်လျှင် ကုသိုလ်တရားတို့၌ များမြတ်ခြင်း ပြန့်ပြောခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ရထကာရဝဂ် ပြီး၏။

ပဌမအခန်း ပြီး၏။

------

၃-ပုဂ္ဂလဝဂ် ၁-သမိဒ္ဓသုတ်

၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင် သမိဒ္ဓမထေရ်နှင့် အသျှင်မဟာကောဋ္ဌိကမထေရ်တို့သည် အသျှင်သာရိပုတြာထံသို့ ချည်းကပ်ကြကုန်ပြီး၍ အသျှင်သာရိပုတြာနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက် ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သမိဒ္ဓကို အသျှင်သာရိပုတြာသည် ''ငါ့သျှင်သမိဒ္ဓ ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ 'ကာယသက္ခိ' ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်သူ 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်''ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။

ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ 'ကာယသက္ခိ' ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်သူ'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် သဒ္ဓါတရားဖြင့် ကိလေသာ မှ လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ် ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။

ထိုအခါ အသျှင်သာရိပုတြာသည် အသျှင်မဟာကောဋ္ဌိကအား ''ငါ့သျှင်ကောဋ္ဌိက ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ 'ကာယသက္ခိ' ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်''ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။

ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ 'ကာယ သက္ခိ' ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏။ ဤပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ်အား သမာဓိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။

ထိုအခါ အသျှင်မဟာကောဋ္ဌိကသည် အသျှင်သာရိပုတြာအား ''ငါ့သျှင်သာရိပုတြာ ဤပုဂ္ဂိုလ် သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ 'ကာယသက္ခိ' ပုဂ္ဂိုလ်လည်းကောင်း၊ သောတာ ပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ 'သဒ္ဓါဝိမုတ္တ'ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အဘယ်ပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်''ဟု သင် နှစ်သက်ပါသနည်းဟု မိန့်ဆို၏။

ငါ့သျှင်ကောဋ္ဌိက ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြုသူ 'ကာယ သက္ခိ' ပုဂ္ဂိုလ်လည်းကောင်း၊ သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်သူ 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်လည်းကောင်း၊ သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ငါ့သျှင် ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်၏။ ဤပုဂ္ဂိုလ်ကို နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန် မြတ်သောပုဂ္ဂိုလ်ဟု အကျွန်ုပ် နှစ်သက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့သျှင် ဤပုဂ္ဂိုလ် အား ပညိန္ဒြေလွန်ကဲသောကြောင့်တည်းဟု (ဆို၏)။

ထိုအခါ အသျှင်သာရိပုတြာမထေရ်သည် အသျှင်သမိဒ္ဓအားလည်းကောင်း၊ အသျှင်မဟာကောဋ္ဌိကအားလည်းကောင်း ''ငါ့သျှင်တို့ ငါတို့အားလုံးသည် မိမိ၏ ဉာဏ်အမြင်အားလျော်စွာ ပြောဆိုအပ်၏။ ငါ့သျှင် တို့ လာ, သွားကြကုန်စို့၊ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ထို အကြောင်းကို လျှောက် ထားကုန်အံ့၊ မြတ်စွာဘုရားသည် ငါတို့အား မိန့်ကြားတော်မူလိမ့်မည်၊ ထို မိန့်တော်မူသော အတိုင်း ထို အကြောင်းကို မှတ်သားကုန်အံ့''ဟု ဆို၏။ ''ငါ့သျှင် ကောင်းပါပြီ''ဟု အသျှင်သမိဒ္ဓသည်လည်းကောင်း၊ အသျှင်မဟာကောဋ္ဌိကသည်လည်းကောင်း အသျှင်သာရိပုတြာအား ပြန်ကြားလျှောက်ထားကုန်၏။ ထိုအခါ အသျှင် သာရိပုတြာသည်လည်းကောင်း၊ အသျှင် သမိဒ္ဓသည်လည်းကောင်း၊ အသျှင် မဟာကောဋ္ဌိကသည့်လည်းကောင်း မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကုန်ပြီး၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ပြီးလျှင် အသျှင်သာရိပုတြာသည် အသျှင်သမိဒ္ဓနှင့်လည်းကောင်း၊ အသျှင်မဟာကောဋ္ဌိက နှင့်လည်းကောင်း အတူ ပြောဆိုဆွေးနွေးခဲ့သော စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်၏။

သာရိပုတြာ ဤအရာ၌ ''ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သော ပုဂ္ဂိုလ်တည်း''ဟု ဧကန်တိကျစွာ ပြောဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ) သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ် အလို့ငှါ ကျင့်ပြီးဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ ထိုသို့သော အကြောင်းသည် ရှိ၏။

သာရိပုတြာ ဤအရာ၌ ''ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ်အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်တည်း''ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ)- သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်အလို့ငှါ ကျင့်ပြီးဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရား ဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏၊ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှ စ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏၊ ထိုသို့သော အကြောင်းသည်လည်း ရှိ၏။

သာရိပုတြာ ဤအရာ၌ ''ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန်မြတ်သောပုဂ္ဂိုလ်တည်း''ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူ။ (အဘယ့်ကြောင့်နည်းဟူမူ)- သာရိပုတြာ အကြင် ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်မှစ၍ အထက်မဂ်သို့ ရောက်၏၊ ထို ပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်အလို့ငှါ ကျင့်ပြီးဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် သဒ္ဓါတရားဖြင့် ကိလေသာမှ လွတ်၏၊ ထို ပုဂ္ဂိုလ်သည် သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ အကြင် ပုဂ္ဂိုလ်သည် နာမကာယဖြင့် ရှစ်ပါးသော ဈာန်သို့ ရောက်ပြီးနောက် နိဗ္ဗာန်ကို မျက်မှောက်ပြု၏၊ ထို ပုဂ္ဂိုလ်သည်လည်း သကဒါဂါမ်သော်လည်းကောင်း၊ အနာဂါမ်သော်လည်းကောင်း ဖြစ်၏။ ထိုသို့သော အကြောင်းသည်လည်း ရှိ၏။ သာရိပုတြာ ''ဤပုဂ္ဂိုလ်သုံးမျိုးတို့တွင် ဤပုဂ္ဂိုလ်ကား နှစ်လိုဖွယ် အကောင်းဆုံးပုဂ္ဂိုလ် အလွန် မြတ်သော ပုဂ္ဂိုလ်တည်း''ဟု ဧကန်တိကျစွာ ဖြေဆိုရန် မလွယ်ကူဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဂိလာနသုတ်

၂၂။ ရဟန်းတို့ ဤသူနာသုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော အစားအစာတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို ရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို မရသော်လည်းကောင်း ထို ရောဂါဝေဒနာမှ မထမြောက်။ ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရသော်လည်းကောင်း၊ သင့်လျော်သော အစားအစာတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို့ရသော်လည်းကောင်း၊ သင့်လျော်သော ဆေးတို့ကို မရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို ရသော်လည်းကောင်း၊ သင့်လျော်သော သူနာပြုကို မရသော်လည်းကောင်း ထို ရောဂါဝေဒနာမှ ထမြောက်၏။ ရဟန်းတို့ ဤလောက၌ အချို့သော သူနာသည် သင့်လျော်သော အစားအစာတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော အစားအစာတို့ကို မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော ဆေးတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော ဆေးတို့ကို မရသော် ထို ရောဂါဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော သူနာပြုကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ သင့်လျော်သော သူနာပြုကို မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်။

ရဟန်းတို့ ထိုသူနာသုံးမျိုးတို့တွင် အကြင်သူနာသည် သင့်လျော်သော အစားအစာတို့ကို ရမှသာ လျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါဝေဒနာမှ မထမြောက်နိုင်၊ သင့်လျော်သော ဆေးတို့ကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါဝေဒနာမှ မထမြောက် နိုင်၊ သင့်လျော်သော သူနာပြုကို ရမှသာလျှင် ထို ရောဂါဝေဒနာမှ ထမြောက်နိုင်၏၊ မရသော် ထို ရောဂါ ဝေဒနာမှ မထမြောက်နိုင်။ ရဟန်းတို့ ဤသူနာကို အကြောင်းပြု၍ သူနာအား လျောက်ပတ်သော ဆွမ်း ကို ခွင့်ပြုတော်မူ၏၊ သူနာအား အထောက်အပံ့ဖြစ်သော ဆေးကို ခွင့်ပြုတော်မူ၏၊ သူနာပြုကို ခွင့်ပြု တော်မူ၏၊ ရဟန်းတို့ ဤသူနာကို အကြောင်းပြု၍ အခြားသူနာတို့ကိုလည်း လုပ်ကျွေးပြုစုအပ်ကုန်၏။ ရဟန်းတို့ လောက၌ ဤသူနာသုံးမျိုးတို့သည် ထင်ရှား ရှိကုန်၏။

ရဟန်းတို့ ဤအတူသာလျှင် သူနာနှင့် တူကုန်သော ပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း၊ မဖူးမြော်ရသော်လည်းကောင်း၊ မြတ်စွာဘုရား ဟောကြားတော်မူ အပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော်လည်းကောင်း၊ မကြားနာရသော်လည်းကောင်း ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ မသက်ဝင်နိုင်။

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရသော်လည်းကောင်း၊ မဖူးမြော်ရသော်လည်းကောင်း၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော်လည်းကောင်း၊ မကြားနာရသော်လည်းကောင်း ကုသိုလ်တရားတို့၌ ဖြောင့်မှန် သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏။

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မဖူးမြော် ရသော် မသက်ဝင်နိုင်။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရမှ သာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မကြားနာရသော် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ မသက် ဝင်နိုင်။

ရဟန်းတို့ ထို ပုဂ္ဂိုလ်သုံးမျိုးတို့တွင် အကြင် ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြော်ရမှသာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မဖူးမြော် ရသော် မသက်ဝင်နိုင်၊ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရမှ သာလျှင် ကုသိုလ်တရားတို့၌ ဖြောင့်မှန်သော သဘောရှိသော မြဲသော အရိယာမဂ်သို့ သက်ဝင်နိုင်၏၊ မကြားနာရသော် မသက်ဝင်နိုင်။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍တရားဟောခြင်းကို ခွင့်ပြု တော်မူ၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားသူတို့အားလည်းတရားကို ဟောကြားအပ်၏။ ရဟန်းတို့ သူနာနှင့်တူသော ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-သခ င်္ါရသုတ်

၂၃။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသော ကိုယ်၌ ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိ သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းရှိသော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းရှိသော လောကသို့ ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းနှင့် တကွဖြစ်သော တွေ့ထိခြင်း 'ဖဿ' တို့ တွေ့ထိကုန်၏၊ ဆင်းရဲခြင်းရှိသော တွေ့ထိခြင်း 'ဖဿ' တို့ တွေ့ထိအပ်သော ထိုသူသည် စင်စစ် ဆင်းရဲသော ဆင်းရဲခြင်းရှိသော ဝေဒနာကို ငရဲသူ သတ္တဝါတို့ကဲ့သို့ ခံစားရ၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းမရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်း မရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းမရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထိုသူသည် ဆင်းရဲခြင်းမရှိသော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်း မရှိသော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းမရှိသော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းမရှိသော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းမရှိသော လောကသို့ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းမရှိသော တွေ့ထိခြင်း 'ဖဿ' တို့ တွေ့ထိကုန်၏၊ ဆင်းရဲခြင်းမရှိသော တွေ့ထိခြင်း 'ဖဿ' တို့ တွေ့ထိအပ်သော ထိုသူသည် စင်စစ်ချမ်းသာသော ဆင်းရဲခြင်းမရှိသော ဝေဒနာကို သုဘကိဏှာ ဗြဟ္မာတို့ကဲ့သို့ ခံစားရ၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်း မရှိသည်လည်းဖြစ်သော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အား ထုတ်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်၏။ ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော ကိုယ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော နှုတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အား ထုတ်သောကြောင့်, ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော စိတ်၌ဖြစ်သော လှုံ့ဆော်ခြင်း စေတနာကံကို အားထုတ်သောကြောင့် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော လောကသို့ ရောက်ရ၏။ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်း ဖြစ်သော လောကသို့ရောက်ရသော ထို ပုဂ္ဂိုလ်ကို ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော တွေ့ထိခြင်း 'ဖဿ' တို့သည် တွေ့ထိကုန်၏၊ ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော တွေ့ထိခြင်း 'ဖဿ' တို့ တွေ့ထိအပ်သော ထို ပုဂ္ဂိုလ်သည် ဆင်းရဲခြင်းရှိသည်လည်းဖြစ်သော ဆင်းရဲခြင်းမရှိသည်လည်းဖြစ်သော ချမ်းသာဆင်းရဲရောပြွမ်းသော ဝေဒနာကို လူနှင့် အချို့သော နတ် အချို့သော ဝေမာနိကပြိတ္တာတို့ကဲ့သို့ ခံစားရ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဗဟုကာရသုတ်

၂၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိကုန်၏။ အဘယ် သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်၏၊ တရားတော်ကို ကိုးကွယ်ရာဟု ဆည်းကပ်၏၊ သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် ''ဤကား ဆင်းရဲတည်း''ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟုဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'တည်း''ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်' သို့ ရောက်ကြောင်း အကျင့်တည်း''ဟုဟုတ်မှန်သောအတိုင်း သိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။

ရဟန်းတို့ နောက်တစ်မျိုးကား အကြင် ပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ပညာကို ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးသည် အခြားပုဂ္ဂိုလ်အား များစွာ ကျေးဇူးရှိကုန်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်အား ဤပုဂ္ဂိုလ်သုံးမျိုးတို့မှ တစ်ပါး များစွာကျေးဇူးရှိသည့် အခြားပုဂ္ဂိုလ်ကား မရှိဟု ငါဆို၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့အား ဤအခြားပုဂ္ဂိုလ်သည် ရှိခိုးခြင်း ခရီးဦး ကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်း သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း တို့ဖြင့် ချီးမြှောက်ခြင်းဖြင့် ကောင်းစွာ ကျေးဇူးတုံ့ပြန်ခြင်းငှါ မလွယ်ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ဝဇိရူပမသုတ်

၂၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အမာဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ ဝဇီရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ အမာ ဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏။ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း၊ ထိခိုက်မိသော် လွန်လွန်ကဲကဲ (သွေး ပြည် အရိအရွဲတို့) ယိုထွက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်းများ၏၊ အနည်းငယ် ပြောဆိုရုံမျှ ဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏။ အမျက်ထွက့်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ နှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို အမာဟောင်းနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤကား ဆင်းရဲတည်း''ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'တည်း''ဟုဟုတ်မှန် သောအတိုင်း သိ၏။ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'သို့ ရောက်ကြောင်းအကျင့်တည်း''ဟုဟုတ်မှန် သောအတိုင်း သိ၏၊ ရဟန်းတို့ မျက်စိအမြင်ရှိသော ယောက်ျားသည် အလွန်မှောင်မိုက်သော ညဉ့်၌ လျှပ်စစ်ပြက်သော ခဏဝယ် ရူပါရုံတို့ကို မြင်ရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤကား ဆင်းရဲတည်း''ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟုဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'တည်း''ဟုဟုတ်မှန် သောအတိုင်း သိ၏၊ ''ဤကား ဆင်းရဲချုပ်ရာ 'နိဗ္ဗာန်'သို့ ရောက်ကြောင်း အကျင့်တည်း''ဟုဟုတ်မှန် သောအတိုင်း သိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လျှပ်စစ်နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ဝဇီရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော၊ ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ် ပညာကို ထူးသော ဉာဏ်ဖြင့် သိသည်ဖြစ်၍ မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဝဇိရစိန် ဖြင့် မခွဲမဖျက်နိုင်သော တစ်စုံတစ်ရာသော ပတ္တမြားသည်လည်းကောင်း၊ ကျောက်သည်လည်းကောင်း မရှိ သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ ရောက်လျက် နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ဝဇိရစိန်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-သေဝိတဗ္ဗသုတ်

၂၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးနည်းဟူမူ- ရဟန်းတို့ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။ ရဟန်းတို့ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ် ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာအားဖြင့် (မိမိအောက်) ယုတ်၏။ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အစဉ် သနားခြင်း အစဉ်စောင့်ရှောက်ခြင်းကို ကြဉ်ထား၍ (မိမိအကျိုးငှါ) မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်း ကပ်ထိုက်။

ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာအားဖြင့် (မိမိနှင့်) တူ၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ သီလအားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ သီလကို အကြောင်းပြု၍ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဉ် မပြတ်သော စကားဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာ နေရခြင်းသည်လည်း့ဖြစ်လတ္တံ့။ သမာဓိအားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ သမာဓိကို အကြောင်းပြု၍ ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဉ်မပြတ်သော စကား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့။ ပညာ အားဖြင့် တူခြင်းသို့ ရောက်ကုန်သော သူတော်ကောင်းတို့၏ ပညာကို အကြောင်းပြု၍ဖြစ်သော စကားသည်လည်း ငါတို့အား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား အစဉ်မပြတ်သော စကား ဖြစ်လတ္တံ့၊ ထို စကားသည်လည်း ငါတို့အား ချမ်းသာစွာနေရခြင်းသည်လည်း ဖြစ်လတ္တံ့။ ထို့ကြောင့် ဤသို့သဘော ရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏။

ရဟန်းတို့ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာ အားဖြင့် (မိမိထက်) လွန်၏၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤသို့ မှီဝဲ ဆည်းကပ် ချဉ်းကပ်ခြင်းဖြင့် မပြည့်စုံသေးသော သီလအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော သီလအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ မပြည့်စုံသေးသော သမာဓိအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော သမာဓိအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ မပြည့် မစုံသေးသော ပညာအစုကိုလည်း ပြည့်စုံစေရအံ့၊ ပြည့်စုံပြီးသော ပညာအစုကိုလည်း ထို ထို အရာတို့၌ ပညာဖြင့် ချီးမြှောက်ရအံ့၊ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။

မိမိအောက် သီလစသည်ဖြင့် နိမ့်သူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် ဆုတ်ယုတ် ရ၏၊ မိမိနှင့် သီလစသည်ဖြင့် တူသူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် တစ်ရံတစ်ခါမျှ မဆုတ်ယုတ်ရာ၊ မိမိထက် သီလစသည်ဖြင့် မြတ်သူကို ဆည်းကပ်သူသည် လျင်စွာ တိုးတက်၏။ ထို့ကြောင့် မိမိထက် သီလစသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ် ရာ၏။

ဆဋ္ဌသုတ်။

------

၇-ဇိဂုစ္ဆိတဗ္ဗသုတ်

၂၇။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏၊ ရဟန်း တို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်မျိုးရှိ၏။ ရဟန်းတို့ စက်ဆုပ်ထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သောသဘောရှိ၏၊ မစင်ကြယ်သော အကျင့်ရှိ၏၊ ယုံမှားဖွယ်သော အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ မြတ်သော အကျင့် ရှိသူ မဟုတ်ဘဲလျက် မြတ်သော အကျင့်ရှိသူဟု ဝန်ခံ၏၊ အတွင်းသဘောပုပ်၏၊ ဖြစ်ပေါ်သော ရာဂ စသည်ဖြင့် စွတ်စို၏၊ ဖြစ်ပေါ်သော ရာဂ စသော အမှိုက်ရှိ၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေ ကာမူ ''ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ ့နှံ့၍ ထွက်၏။ ရဟန်းတို့ မစင်တွင်းသို့ ကျသော မြွေသည် ထို ဆယ်သောသူကို အကယ်၍ မကိုက်စေကာမူ မစင်ဖြင့်မူကား လိမ်းကျံစေနိုင်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤသို့သဘောရှိသော ပုဂ္ဂိုလ်အား အတုလိုက်ခြင်းသို့ အကယ်၍ မရောက်စေကာမူ ''ဤပုဂ္ဂိုလ်သည် ယုတ်ညံ့သော အဆွေခင်ပွန်းရှိ၏၊ ယုတ်ညံ့သော အပေါင်းအဖော်ရှိ၏၊ ယုတ်ညံ့သော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏''ဟု ထိုမှီဝဲသော သူ၏ ယုတ်ညံ့သော ကျော်စောသတင်းသည် ပျံ ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်ထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်။

ရဟန်းတို့ လျစ်လျူရှုထိုက် မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။ ရဟန်းတို့ အမာဟောင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ (သွေးပြည် အရိအရွဲတို့) ယိုထွက်သကဲ့ သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ ရဟန်းတို့ လောင်နေဆဲဖြစ်သော တည်သားမီးစသည် သစ်သားစ ဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ ဖြစ်ဖြစ်မြည် သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်။ပ။ ရဟန်းတို့ မစင်တွင်းသည် သစ်သားစဖြင့်သော်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်သော်လည်းကောင်း ထိခိုက်မိသော် လွန်လွန်ကဲကဲ မကောင်းသော အနံ့ဖြစ်သကဲ့သို့၊ ရဟန်း တို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပြင်းစွာ ပင်ပန်းခြင်း များ၏၊ အနည်းငယ် ပြောဆိုရုံမျှဖြစ်သော်လည်း ကပ်ငြိတတ်၏၊ အမျက်ထွက်တတ်၏၊ စိတ်နာတတ်၏၊ ခက်ထန်တတ်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ ပြစ်မှားခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြုတတ်၏။ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီ ဝဲထိုက် မဆည်းကပ်ထိုက် မချဉ်းကပ်ထိုက်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ငါ့ကို ဆဲရေးမူလည်း ဆဲရေးရာ၏၊ ငါ့ကို ခြိမ်းခြောက်မူလည်း ခြိမ်းခြောက်ရာ၏၊ ငါ့ကို အကျိုးမဲ့ပြုမူလည်း ပြုရာ၏။ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုထိုက်၏၊ မမှီဝဲထိုက် မဆည်းကပ်ထိုက် မချဉ်း ကပ်ထိုက်။

ရဟန်းတို့ မှီဝဲထိုက် ဆည်းကပ်ထိုက် ချဉ်းကပ်ထိုက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသောသဘောရှိ၏၊ ရဟန်းတို့ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၏ အတုလိုက်ခြင်းသို့ အကယ်၍ မရောက် စေကာမူ ''ဤပုဂ္ဂိုလ်သည် ကောင်းသော အဆွေခင်ပွန်း ရှိ၏၊ ကောင်းသော အပေါင်းအဖော်ရှိ၏၊ ကောင်းသော အဆွေခင်ပွန်းသို့ ညွတ်ကိုင်း၏''ဟု ထိုမှီဝဲသောသူ၏ ကျော်စောသတင်းသည် ပျံ ့နှံ့၍ ထွက်၏။ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲထိုက်၏၊ ဆည်းကပ်ထိုက်၏၊ ချဉ်းကပ်ထိုက်၏၊ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

မိမိအောက် သီလစသည်ဖြင့် နိမ့်သူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် ဆုတ်ယုတ် ရ၏၊ မိမိနှင့် သီလ စသည်ဖြင့် တူသူကို ပေါင်းဖော်မှီဝဲလေ့ရှိသူသည် တစ်ရံတစ်ခါမျှ မဆုတ်ယုတ်ရာ၊ မိမိထက် သီလစသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်သူသည် လျင်စွာ တိုးတက်၏။ ထို့ကြောင့် မိမိထက် သီလ စသည်ဖြင့် မြင့်မြတ်သူကို ဆည်းကပ်ရာ၏။

သတ္တမသုတ်။

------

၈-ဂူထဘာဏီသုတ်

၂၈။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ပန်း ကဲ့သို့ ကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်း၊ ပျားကဲ့သို့ ချိုသာ သော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ပွဲသဘင်၌ သော်လည်းကောင်း၊ ပရိသတ်၌သော်လည်းကောင်း၊ ဆွေမျိုးတို့အလယ်၌သော်လည်းကောင်း၊ အသင်းအပင်း အလယ်၌သော်လည်းကောင်း၊ မင်းမျိုးတို့အလယ်၌သော်လည်းကောင်း တည်နေသော အချို့သော ပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ ''အချင်းယောက်ျား လာလော့ သင် သိသည်ကို ပြောပါလော့''ဟု သက်သေအရာ၌ ထား လျက် မေးအပ်၏၊ ထိုသူသည် ''မသိသည်ကို သိ၏''ဟုလည်းကောင်း၊ ''သိသည်ကို မသိ''ဟုလည်းကောင်း၊ ''မမြင်သည်ကို မြင်၏''ဟုလည်းကောင်း၊ ''မြင်သည်ကို မမြင်''ဟုလည်းကောင်း၊ ဤသို့ မိမိ အကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့်သော်လည်းကောင်း၊ တံစိုးလက်ဆောင် အစားအစာဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မမှန်သောစကားကို ပြောဆို၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မစင်ကဲ့သို့ မကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ပန်းကဲ့သို့ ကောင်းသော အနံ့ရှိသော စကားကို ဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ ပွဲသဘင်၌သော်လည်းကောင်း၊ ပရိသတ်၌သော်လည်းကောင်း၊ ဆွေမျိုးတို့ အလယ်၌သော်လည်းကောင်း၊ အသင်းအပင်းအလယ်၌သော်လည်းကောင်း၊ မင်းမျိုးတို့အလယ်၌သော်လည်းကောင်း တည်နေသော အချို့သော ပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ ''အချင်းယောက်ျား လာလော့ သင်သိသည်ကို ပြောပါလော့''ဟု သက်သေအရာ၌ ထားလျက် မေးအပ်၏၊ ထိုသူသည် ''မသိသည်ကို မသိ''ဟုလည်းကောင်း၊ ''သိသည်ကို သိ၏''ဟုလည်းကောင်း၊ ''မမြင်သည်ကို မမြင်ဟု''လည်းကောင်း၊ ''မြင်သည်ကို မြင်၏''ဟုလည်းကောင်း၊ ဤသို့ မိမိအကြောင်းကြောင့်သော်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့် သော်လည်းကောင်း၊ တံစိုးလက်ဆောင် အစားအစာဟူသော အကြောင်းကြောင့်သော်လည်းကောင်း သိလျက် မမှန်သော စကားကို မပြောဆို။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ပန်းကဲ့သို့ ကောင်းသော အနံ့ရှိသော စကား ကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ပျားကဲ့သို့ ချိုသာသော စကားကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြမ်းသော စကားကို ပယ်၍ ကြမ်းသော စကားမှ ရှောင်ကြဉ်၏။ အကြင် စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ရှိ၏၊ နှလုံးသို့သက်၏၊ ယဉ်ကျေး၏၊ လူအများ နှစ်သက်၏၊ လူအများ နှစ်ခြိုက်၏၊ ထိုသို့သဘောရှိသော စကားကို ဆို၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ပျားကဲ့သို့ ချိုသာသော စကားကို ပြောဆိုတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-အန္ဓသုတ်

၂၉။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကန်းသော ပုဂ္ဂိုလ်လည်းကောင်း၊ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ နှစ်ဖက်အမြင် ရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ ကန်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည် မရှိ။ အကြင် သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည်လည်း မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကန်းသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့ သောပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည် ရှိ၏။ အကြင် သို့သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန်သော တရား တို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိသော တရား တို့ကို သိနိုင်ရာ၏၊ ထိုသို့ သဘောရှိသော မျက်စိကား မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင် ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင် သို့သဘောရှိသော မျက်စိဖြင့် မရသေးသော စည်းစိမ်ဥစ္စာကိုလည်း ရနိုင်ရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိအမြင်သည် ရှိ၏။ အကြင် သို့ သဘောရှိသော မျက်စိဖြင့် ကုသိုလ် အကုသိုလ်တို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိကုန် သော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ မည်းညစ် ဖြူစင်သော အဖို့ရှိ သော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော မျက်စိသည်လည်း ရှိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှား ရှိကုန်၏ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ အကြင် (ပညာ) မျက်စိ ပျက်၍ ကန်းသူအား ထိုသို့ သဘောရှိကုန် သော စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ကောင်းမှုတို့ကိုလည်း မပြုလုပ်နိုင်၊ ထိုသူသည် (ပစ္စ္စုပ္ပန် တမလွန်) နှစ်တန်သော လောက၌ ဆုံးရှုံး ရလေ၏။ ထိုမှတစ်ပါး ကောက်ကျစ်သော ပုဂ္ဂိုလ်သည် ဓမ္မ အဓမ္မဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏၊ ဤပုဂ္ဂိုလ်ကို တစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ အကြင် ပုဂ္ဂိုလ်သည် ခိုးဝှက်မှုဖြင့်လည်းကောင်း၊ ကောက်ကျစ်စဉ်းလဲမှုဖြင့်လည်းကောင်း၊ မဟုတ်မမှန် ပြောဆိုခြင်းဖြင့်လည်းကောင်း၊ နှစ်ပါးစုံတို့ဖြင့်လည်းကောင်း ဥစ္စာစည်းစိမ်တို့ကို စုဆောင်းခြင်းငှါ ကျွမ်းကျင်၏၊ ကာမဂုဏ်ခံစားသော တစ်ဖက် အမြင်သာရှိသော ထိုပုဂ္ဂိုလ်သည် ဤလူ့ပြည်မှ ငရဲသို့ ရောက်၍ ပင်ပန်းဆင်းရဲ ရ၏။ တရားသဖြင့် ရအပ်သော စည်းစိမ်ဥစ္စာတို့နှင့် ပြည့်စုံသော နှစ်ဖက်အမြင်ရှိသူဟု ဆိုအပ်သော မြတ်သော အကြင် ပုဂ္ဂိုလ်သည် ထကြွလုံ့လဖြင့် ရအပ်သော ဥစ္စာကို ပေးလှူ၏၊ ကောင်းမြတ်သော အကြံအစည်ရှိသော ယုံမှားသံသယကင်းသော ထိုပုဂ္ဂိုလ်သည် စိုးရိမ်သောကကင်းရာ နတ်ပြည်သို့ ရောက်ရ၏။ ကန်းသော သူကိုလည်းကောင်း၊ တစ်ဖက်အမြင်ရှိသော သူကိုလည်းကောင်း ဝေးစွာ ရှောင်ကြဉ်ရာ၏၊ နှစ်ဖက်အမြင်ရှိသော မြတ်သော ပုဂ္ဂိုလ်ကိုသာ မှီဝဲရာ၏။

နဝမသုတ်။

------

၁၀-အဝကုဇ္ဇသုတ်

၃၀။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်လည်းကောင်း၊ ခါးပိုက်နှင့်တူသော ပညာရှိ သော ပုဂ္ဂိုလ်လည်းကောင်း၊ ကြီးကျယ်သော ပညာရှိသော ပုဂ္ဂိုလ်လည်းကောင်းတို့တည်း။ ရဟန်းတို့ မှောက်ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်တို့သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံ သော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကိုလည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်း။ ရဟန်းတို့ မှောက်ထားသော အိုး၌ လောင်းထည့် အပ်သော ရေသည် (ဘေးသို့သာ) လျှောကျ၍ (အိုးထဲ၌) မတည်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် လောက၌ အချို့သောပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏။ ထိုပုဂ္ဂိုလ် အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင် ့ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာ နေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးမသွင်း၊ အလယ်ကိုလည်း နှလုံးမသွင်း၊ အဆုံးကိုလည်း နှလုံးမသွင်း၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်း။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မှောက်ထားသော အိုးနှင့်တူသည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ် အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထိုတရားနာရာနေရာမှ ထသော်ကား ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။ ရဟန်းတို့ ယောက်ျား၏ (ပုဆိုး)ခါးပိုက်အတွင်း၌ နှမ်း ဆန် ကတွတ်မုန့် ဆီးသီးစသော အထူးထူးသော ခဲဖွယ်များ ရောပြွမ်းလျက် ရှိကုန်၏။ ထိုသူသည် ထို နေရာမှ ထသော် သတိမေ့လျော့ခြင်းကြောင့် (ထို ခဲဖွယ်အားလုံးတို့ကို) ဖရိုဖရဲ ဖြန့်ကျဲလိုက်မိသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရား ကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏။ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌နေလျက်တရားစကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံး သွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်ကား ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးမသွင်းမိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ခါးပိုက်နှင့်တူသည့် ပညာရှိသောပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤလောက၌့အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရားစကား၏ အစကိုလည်း နှလုံး သွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရားစကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။ ရဟန်းတို့ လှန်ထားသော အိုး၌ လောင်းထည့် သော ရေသည် တည်နေ၍ မလျှောကျသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံ၌တရားနာရန် ကျောင်းသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသော တရားကို ဟောကုန်၏၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေလျက် ထိုတရား စကား၏ အစကိုလည်း နှလုံးသွင်း၏၊ အလယ်ကိုလည်း နှလုံးသွင်း၏၊ အဆုံးကိုလည်း နှလုံးသွင်း၏၊ ထို နေရာမှ ထသော်လည်း ထိုတရား စကား၏ အစ အလယ် အဆုံးကို နှလုံးသွင်းမိ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကြီးကျယ်သည့် ပညာရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပညာကင်းမဲ့၍ ဆင်ခြင်ဉာဏ်မရှိသော မှောက်ထားသော အိုးနှင့် တူသော ပညာရှိ သော ပုဂ္ဂိုလ်သည် ရဟန်းတို့ထံသို့ အကယ်၍ မပြတ်သွားရောက်စေကာမူ ထိုသို့ သော ပုဂ္ဂိုလ်သည်တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူရန် မစွမ်းနိုင်၊ ထိုပုဂ္ဂိုလ်အား ပညာဉာဏ်မရှိသည် သာတည်း။ ခါးပိုက်နှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်ကို ထို မှောက်ထားသော အိုးနှင့်တူသည့် ပညာရှိသော ပုဂ္ဂိုလ်ထက် မြတ်၏ဟု ဆိုအပ်၏၊ (ထိုပုဂ္ဂိုလ်သည်) ရဟန်းတို့ထံသို့ မပြတ်သွားရောက်စေကာမူ ထိုသို့သော ပုဂ္ဂိုလ်သည် ထိုတရားနာရာနေရာ၌ နေ လျက်တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း မှတ်ယူပြီး၍ နေရာမှထသော်ကား သဒ္ဒါပုဒ်ဗျည်းကို အပြားအားဖြင့် မသိ၊ ထိုပုဂ္ဂိုလ်သည် နာယူပြီးတရားကိုလည်း မေ့လျော့၏။ ကြီးကျယ်သော ပညာရှိသည့် ပုဂ္ဂိုလ်ကို ထို ဆိုပြီး ပုဂ္ဂိုလ်တို့ထက် မြတ်၏ဟု ဆိုအပ်၏၊ ထို ဂုဏ်နှင့်ပြည့်စုံသော သူသည် ရဟန်းတို့ထံသို့ မပြတ်သွားရောက်သည် ဖြစ်အံ့။ တရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း ထို နေရာ၌ နေလျက် မှတ်ယူပြီး၍ (နေရာမှထသော်လည်း) သဒ္ဒါပုဒ်ဗျည်း ကို ဆောင်နိုင်၏၊ မြတ်သော အကြံအစည်ရှိသော ယုံမှားကင်းသော စိတ်ရှိသော ထိုပုဂ္ဂိုလ်သည် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်သည်ဖြစ်၍ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုနိုင်ရာ၏။

ဒသမသုတ်။

သုံးခုမြောက် ပုဂ္ဂလဝဂ် ပြီး၏။

------

၄-ဒေဝဒူတဝဂ် ၁-သဗြဟ္မကသုတ်

၃၁။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော် အပ်ကုန်၏၊ ထို အမျိုးတို့သည် ''ဗြဟ္မာ''နှင့်တကွ နေသည် မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိအဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ''လက်ဦး ဆရာ'' နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ အကြင် အမျိုးတို့၏ သားသမီးတို့သည် မိမိအိမ်၌ အမိ့အဖတို့ကို လုပ်ကျွေးပူဇော်အပ်ကုန်၏၊ ထို အမျိုးတို့သည် ''အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ'' နှင့်တကွ နေသည်မည်ကုန်၏။ ရဟန်းတို့ ဗြဟ္မာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ လက်ဦးဆရာဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ရဟန်းတို့ အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူထိုက်သူဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း။ ထိုသို့ မည်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း။ ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များစွာ ကျေးဇူးရှိကုန်၏၊ အသက်ကို စောင့်ရှောက်တတ်ကုန်၏၊ ကျွေးမွေးတတ်ကုန်၏၊ ဤလောကကို ညွှန်ပြတတ်ကုန်၏ဟု (မိန့်တော်မူ၏)။

အမိအဖတို့ကို သားသမီးတို့၏ ''ဗြဟ္မာ''ဟူ၍လည်းကောင်း၊ ''လက်ဦးဆရာ''ဟူ၍လည်းကောင်း၊ သားသမီးတို့၏ ''အဝေးမှ ဆောင်ယူလာသော အလှူကို ခံယူ ထိုက်သူ''ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏၊ (အမိ အဖတို့သည်) သားသမီးတို့အား အစဉ်သနားတတ်ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသော သားသမီးတို့သည် ထို အမိအဖတို့ကို ကိုင်းညွတ် ရှိခိုးရာ၏၊ ထမင်း ဟင်းဖြင့်လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့်လည်းကောင်း အဝတ်အရုံဖြင့်လည်းကောင်း၊ အိပ်ရာနေရာဖြင့်လည်းကောင်း၊ အမွှေးနံ့သာ လိမ်း ကျံပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့်လည်းကောင်း၊ ခြေတို့ကို ဆေးကြောပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုစုလုပ်ကျွေးရာ၏၊ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးခြင်းကြောင့် ထို သားသမီးကို မျက်မှောက်ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝသို့ ရောက်သော် နတ်ပြည်၌ မွေ့လျော်ရ၏။

ပဌမသုတ်။

------

၂-အာနန္ဒ္ဒသုတ်

၃၂။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- ''အသျှင်ဘုရား အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ် ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်း အရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့သဘော ရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာပါသလော''ဟု လျှောက်၏။

အာနန္ဒာ အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်း အရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း့အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့ သဘောရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာ၏''ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တ ဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့သဘောရှိသော သမာဓိကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်ရာပါအံ့နည်း''ဟု (လျှောက်ပြန်၏)။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းအား ပြုပြင်စီရင်တတ်သော သင်္ခါရတရား အားလုံးတို့၏ ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာကုန်ခန်းရာ တပ်မက်ခြင်းကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏၊ ထို နိဗ္ဗာန်သည် ငြိမ်သက်၏၊ ထို နိဗ္ဗာန်သည် မွန်မြတ်၏ဟု ဤသိုု့သော အကြံဖြစ်၏၊ အာနန္ဒာ ဤသို့သာလျှင် အကြင် သို့သဘောရှိသော သမာဓိဖြင့် ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အပသန္တာန်၌ ဖြစ်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်ရာ။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တ ဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေရာ၏၊ ရဟန်းအား ထိုသို့ သဘောရှိသော သမာဓိကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။ အာနန္ဒာ ဤနိဗ္ဗာန်ကို ရည်ရွယ်၍ ပါရာယနဝဂ်တွင် ပုဏ္ဏကလုလင်၏ အမေး ပုစ္ဆာ၌ ဤသို့ ငါဟောခဲ့၏- ''လောက၌ သူတစ်ပါးခန္ဓာကိုယ် မိမိခန္ဓာကိုယ်တို့ကို (ပညာဖြင့်) ဆင်ခြင်မိသောကြောင့် အကြင် ရဟန္တာပုဂ္ဂိုလ်အား လောကဝယ် တစ်စုံတစ်ခုသော အာရုံ၌ တုန်လှုပ်ခြင်း မရှိ၊ ငြိမ်းအေး၏၊ အခိုးအငွေ့ကင်း၏၊ ဆင်းရဲခြင်းကင်း၏၊ တပ်မက်ခြင်း ကင်း၏၊ ထို ရဟန္တာ ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်းကို ကူးမြောက်ပြီးသူဟု (ငါ) ဆို၏''ဟု ငါဟောထားခဲ့၏။

ဒုတိယသုတ်။

------

၃-သာရိပုတ္တသုတ်

၃၃။ ထိုအခါ အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားအား ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသော နေရာ၌ ထိုင်နေသော အသျှင်သာရိပုတြာအား မြတ်စွာဘုရားသည် ''သာရိပုတြာ ငါသည် အကျဉ်းအားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ အကျယ် အားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ အကျဉ်းအကျယ်အားဖြင့်လည်းတရားကို ဟောကြားခဲ့၏၊ ထိုသို့ ဟောကြားခဲ့သော်လည်း ထိုးထွင်း၍ သိနိုင်သော ပုဂ္ဂိုလ်တို့ကို ရခဲကုန်၏''ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့်လည်းကောင်း၊ အကျယ်အားဖြင့်လည်းကောင်း၊ အကျဉ်းအကျယ် အားဖြင့်လည်းကောင်း တရားကို ဟောကြားခဲ့၏၊ ထိုသို့ ဟောကြားခဲ့သော်တရားတော်ကို ထိုးထွင်း၍ သိနိုင်သော ပုဂ္ဂိုလ်တို့သည် ရှိကြပါလိမ့်မည်။ ဘုန်းတော်ကြီးသော မြတ်စွာဘုရား (ယခုအခါကား) ထိုတရားဟောတော်မူခြင်း၏ အခါပါတည်း။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား (ယခုအခါကား) ထိုတရားဟောတော်မူခြင်း၏ အခါပါတည်းဟု (လျှောက်၏)။

သာရိပုတြာ သို့ဖြစ်လျှင် ဤသာသနာတော်၌ ''ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်လတ္တံ့။ အပသန္တာန်၌ ဖြစ်ကုန်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်လတ္တံ့။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်၊ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေကုန်အံ့''ဟု ဤသို့ ကျင့်ရမည်။ သာရိပုတြာ ဤသို့သာလျှင် ကျင့်ရ မည်။

သာရိပုတြာ ရဟန်းအား အကြင် အခါမှ စ၍ ဝိညာဉ်ရှိသော ဤကိုယ်၌လည်း ငါဟူသော အခြင်း အရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ အပသန္တာန်၌ ဖြစ်ကုန်သော အလုံးစုံသော အာရုံ (နိမိတ်)တို့၌လည်း ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာ အားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ အကြင် စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ် ပညာသို့ ရောက်၍ နေသော ပုဂ္ဂိုလ်အား ငါဟူသော အခြင်းအရာအားဖြင့် ဖြစ်သော အဟံကာရ၊ ငါ့ဥစ္စာဟူသော အခြင်းအရာအားဖြင့် ဖြစ်သော မမံကာရ၊ ထောင်လွှားသော အခြင်းအရာအားဖြင့် ဖြစ်သော မာနာနုသယတို့သည် မဖြစ်ကုန်။ ထို စိတ်၏ ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်ပညာသို့ ရောက်၍ နေ၏။ သာရိပုတြာ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူဟူ၍လည်းကောင်း၊ သံယောဇဉ်ကို လွန်မြောက်ပြီးသူဟူ၍လည်းကောင်း၊ မာနကို ကောင်းစွာ ပယ်ခြင်းကြောင့် ဝဋ် ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍လည်းကောင်း ဆိုအပ်၏။ သာရိပုတြာ ဤသဘောတရားကို ရည်ရွယ်၍့ပါရာယနဝဂ်တွင် ဥဒယလုလင်၏ အမေးပုစ္ဆာ၌ ငါ ဟောထားခဲ့၏- ''ကာမသညာနှင့် ဒေါမနဿ ဤနှစ်ပါးစုံကို ပယ်ရှားတတ်သော၊ ထိနတရားကို ပယ်နုတ်တတ်သော၊ ကုက္ကုစ္စတရားတို့ကို ပိတ်ပင်တားမြစ်တတ်သော၊ ဥပေက္ခာနှင့် သတိ၏ စင်ကြယ်ခြင်းရှိသော၊ သမ္မာသင်္ကပ္ပလျှင် ရှေ့သွားရှိသော၊ အဝိဇ္ဇာတရားကို ပယ်ဖျက်တတ်သော အရဟတ္တဖိုလ်ကို အညာဝိမောက္ခမည်၏ဟူ၍ (ငါ) ဆို၏''ဟု ငါဟောထားခဲ့၏။

တတိယသုတ်။

------

၄-နိဒါနသုတ်

၃၄။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- လောဘသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း၊ ဒေါသသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း၊ မောဟသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း။ ရဟန်းတို့ အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ လောဘလျှင် အကြောင်း 'သမုဒယ' ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ ရဟန်းတို့ အကြင် ကံကို ဒေါသသည် ပြုအပ်၏၊ ဒေါသကြောင့် ဖြစ်၏၊ ဒေါသလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ ဒေါသလျှင် အကြောင်း 'သမုဒယ' ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ ရဟန်းတို့ အကြင် ကံကို မောဟသည် ပြုအပ်၏၊ မောဟကြောင့် ဖြစ်၏၊ မောဟလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ မောဟလျှင် အကြောင်း 'သမုဒယ' ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက် ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။

ရဟန်းတို့ မပျက်စီးကုန်သော မပုပ်ဆွေးကုန်သော လေ နေပူတို့ မဖျက်ဆီးအပ်ကုန်သော အနှစ်ကို ယူတတ်ကုန်သော ကောင်းစွာ သိုမှီးထားအပ်ကုန်သော မျိုးစေ့တို့ကို ကောင်းသော လယ်ယာ၌ ကောင်းစွာ ပြုပြင်အပ်သော မြေ၌ ကြဲချအပ်ကုန်၏၊ မိုးသည်လည်းကောင်း စွာ ရေအလျဉ်ကို သွန်းလောင်း 'ရွာချ' ရာ၏၊ ဤသို့ ဖြစ်လတ်သော် ထို မျိုးစေ့တို့သည် ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်ရာ သကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် အကြင် ကံကို လောဘသည် ပြုအပ်၏၊ လောဘကြောင့် ဖြစ်၏၊ လောဘလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ လောဘလျှင် အကြောင်း 'သမုဒယ' ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။ ထို ဘုံဝယ် မျက်မှောက်ဘဝ၌သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏ အကျိုးကို ခံစားရ၏။ အကြင် ကံကို ဒေါသသည် ပြုအပ်၏၊ ဒေါသကြောင့် ဖြစ်၏။ပ။ အကြင် ကံကို မောဟသည် ပြုအပ်၏၊ မောဟကြောင့် ဖြစ်၏၊ မောဟလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ မောဟလျှင် အကြောင်း 'သမုဒယ' ရှိ၏၊ အကြင် ဘုံ၌ ထို ကံရှိသူ၏ အတ္တဘောသည် ဖြစ်၏၊ ထို ဘုံ၌ ထို ကံသည် အကျိုးပေး၏၊ အကြင် ဘုံ၌ ထို ကံသည် အကျိုးပေး၏။

ထို ဘုံဝယ် မျက်မှောက်ဘဝ၌ သော်လည်းကောင်း၊ ဒုတိယဘဝ၌သော်လည်းကောင်း၊ အဆက်ဆက်သော ဘဝ၌သော်လည်းကောင်း ထို ကံ၏အကျိုးကို ခံစားရ၏။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ (ဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အလောဘသည် ကံတို့၏ ဖြစ်ပေါ် ကြောင်းတည်း။ အဒေါသသည် ကံတို့၏ ဖြစ်ပေါ်ကြောင်းတည်း။ အမောဟသည် ကံတို့၏ ဖြစ်ပေါ် ကြောင်းတည်း။ ရဟန်းတို့ အကြင် ကံကို အလောဘသည် ပြုအပ်၏၊ အလောဘကြောင့် ဖြစ်၏၊ အလောဘလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ အလောဘလျှင် အကြောင်း 'သမုဒယ' ရှိ၏။ လောဘကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာ ကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။ ရဟန်းတို့ အကြင် ကံကို အဒေါသသည် ပြုအပ်၏၊ အဒေါသကြောင့် ဖြစ်၏၊ အဒေါသလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ အဒေါသလျှင် အကြောင်း 'သမုဒယ' ရှိ၏။ ဒေါသကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။ ရဟန်းတို့ အကြင် ကံကို အမောဟသည် ပြုအပ်၏၊ အမောဟကြောင့် ဖြစ်၏၊ အမောဟလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ အမောဟလျှင် ဖြစ်ကြောင်း 'သမုဒယ' ရှိ၏။ မောဟကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ။

ရဟန်းတို့ မကွဲ မပျက်စီးကုန်သော မပုပ်ဆွေးကုန်သော လေ နေပူတို့ မဖျက်ဆီးအပ်ကုန်သော အနှစ်ကို ယူတတ်ကုန်သော ကောင်းစွာ သိုမှီးထားအပ်ကုန်သော မျိုးစေ့တို့ ရှိကုန်၏၊ ထို မျိုးစေ့တို့ကို ယောက်ျားသည် မီးဖြင့် တိုက်ငြားအံ့၊ မီးတိုက်၍ မီးသွေး (ဖြစ်အောင်) ပြုငြားအံ့၊ မီးသွေးပြုလုပ်ပြီး၍ ပြင်းထန်သော လေ၌မူလည်း လွင့်ငြားအံ့၊ ရေစီးသန်သော မြစ်၌မူလည်း မျှောငြားအံ့၊ ရဟန်းတို့ ဤသို့ ပြုအပ်သော် ထို မျိုးစေ့တို့သည် အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး, နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး, အသစ်မဖြစ်ခြင်းကို ပြုပြီး, နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိပြီး ဖြစ်ကုန်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အကြင် ကံကို အလောဘသည် ပြုအပ်၏၊ အလောဘကြောင့် ဖြစ်၏၊ အလောဘလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ အလောဘလျှင် အကြောင်း 'သမုဒယ' ရှိ၏။ လောဘကင်းသည်ရှိသော် ထို ကံကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိ။ အကြင် ကံကို အဒေါသသည် ပြုအပ်၏။ပ။ အကြင် ကံကို အမောဟသည် ပြုအပ်၏၊ အမောဟကြောင့် ဖြစ်၏၊ အမောဟလျှင် အကြောင်း 'နိဒါန်း' ရှိ၏၊ အမောဟလျှင် အကြောင်း 'သမုဒယ' ရှိ၏။ မောဟကင်းသည်ရှိသော် ထို ကံကို ပယ်ပြီး ဖြစ်၏။ပ။ နောင်အခါ ဖြစ်ပေါ်ခြင်းသဘောမရှိ။ ရဟန်းတို့ (ဝဋ်ဆင်းရဲမှ ကင်းငြိမ်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်သော) ကံတို့၏ ဖြစ်ပေါ်ကြောင်းတရားတို့သည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပညာမဲ့သော သူမိုက်သည်နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လောဘကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း၊ ဒေါသကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း၊ မောဟကြောင့် ဖြစ်သော ကံကိုသော်လည်းကောင်း ပြုလုပ်၏၊ ထိုသူမိုက်သည် ထို ကံကို ဤမိမိအတ္တဘော၌ပင်လျှင် ခံစားအပ်၏၊ ထို ကံ၏ တစ်ပါးသော တည်ရာသည် မရှိ။ ထို့ကြောင့် ပညာရှိသော ရဟန်းသည် လောဘကြောင့် ဖြစ်သော ကံကိုလည်းကောင်း၊ ဒေါသကြောင့်ဖြစ်သော ကံကိုလည်းကောင်း၊ မောဟကြောင့် ဖြစ်သော ကံကိုလည်းကောင်း (မပြုတော့ချေ)၊ ထိုရဟန်းသည် အရဟတ္တမဂ် (ဝိဇ္ဇာ) ကို ဖြစ်စေလျက် ဒုဂ္ဂတိဘဝအားလုံးတို့ကို ပယ်စွန့်တော်မူ၏။

စတုတ္ထသုတ်။

------

၅-ဟတ္ထကသုတ်

၃၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် နွားတို့ သွားလာရာလမ်းခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဟတ္ထက အာဠဝကမင်းသားသည် အညောင်းပြေ လမ်းလျှောက်လှည့်လည်ခဲ့ရာ နွားတို့ သွားလာရာလမ်း ခရီး ယင်းတိုက်တောဝယ် သစ်ရွက်အခင်း၌ (သီတင်းသုံး) နေတော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့် မြတ်စွာဘုရားရှိရာသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ရှိခိုးပြီး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏- ''အသျှင်ဘုရား အသို့နည်း၊ မြတ်စွာဘုရားသည် ချမ်းသာစွာ ကျိန်းစက်တော်မူရပါ၏လော''ဟု လျှောက်၏။ မင်းသား (ငါသည်) ချမ်းချမ်းသာသာ ကျိန်းစက်ရ၏၊ မင်းသား လောက၌ ချမ်းသာစွာ အိပ်စက်ကြရသော သူတို့တွင် ငါသည်လည်း တစ်ဦး အပါအဝင် ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဆောင်းရာသီညဉ့်ဖြစ်၍ ချမ်းအေးလှပါ၏၊ (တပို့တွဲနှင့် တပေါင်းအကူး) ကြား ရှစ်ရက်သည် ဆီးနှင်းများကျသော အခါဖြစ်ပါ၏၊ မြေပြင်သည် နွားခွါရာတို့ဖြင့် ကြမ်းတမ်းလှပါ၏၊ သစ်ရွက်အခင်းလည်း ပါးလှပါ၏၊ သစ်ပင်၏ အရွက်တို့လည်း ကျဲလှပါကုန်၏၊ သင်္ကန်းတော်များလည်း အေးလှပါကုန်၏၊ အရပ်လေးမျက်နှာမှ လာသော အေးသော လေသည်လည်း တိုက်ခတ်နေပါသည်၊ ထိုသို့ ဖြစ်ပါလျက် ''မင်းသား (ငါသည်) ချမ်းချမ်းသာသာ ကျိန်းစက်ရ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ကြရ သော သူတို့တွင် ငါသည်လည်း တစ်ဦးအပါအဝင် ဖြစ်၏''ဟု ဤစကားကို မိန့်ဆိုတော်မူနိုင်ပေ၏ဟု လျှောက်၏။

မင်းသား သို့ဖြစ်လျှင် ဤအရာ၌ သင့်ကို ပြန်မေးအံ့၊ သင် သဘောကျအတိုင်းသာ ဖြေဆိုလော့။ မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ဤလောက၌ သူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း လေလုံသော အတွင်းအပြင် အင်္ဂတေလိမ်းကျံအပ်သော စေ့စပ်သော တံခါး ပေါင် တံခါးရွက်ရှိသော လုံသော လေသာပြူတင်းရှိသော အထွတ်ထပ်သော အိမ်ကြီးအိမ်ကောင်းသည် ရှိရာ၏။ ထို အိမ်၌ အမွေးရှည်သော ကော်ဇောကြီးဖြင့် ခင်းထားအပ်သော၊ သားမွေးဖြူအခင်းဖြင့် ခင်း ထားအပ်သော၊ ရတနာစီခြယ်သော အခင်းဖြင့် ခင်းထားအပ်သော၊ မြတ်သော ဝံပိုင့်ရေအခင်းဖြင့် ခင်း ထားအပ်သော၊ မျက်နှာကြက်နှင့်တကွဖြစ်သော၊ အုံးနီနှစ်ဖက်ထားအပ်သော ပလ္လင်သည် ရှိရာ၏၊ ထို တိုက် အိမ်ကြီး၌ ဆီမီးကိုလည်း ထွန်းထားရာ၏၊ စိတ်နှလုံးကို နှစ်ခြိုက်စေနိုင်ကုန်သော လေးယောက်သော မယားတို့သည်လည်း နှစ်ခြိုက်ဖွယ် အမျိုးမျိုးတို့ဖြင့် ပြုစုလုပ်ကျွေးကုန်ရာ၏။ မင်းသား ထို အရာကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်သည် ချမ်းသာစွာ အိပ်စက်ရာသလော၊ ချမ်းသာစွာ မအိပ်စက်ရာ သလော၊ ဤအရာ၌ သင် မည်သို့ သဘောရသနည်းဟု (မေးတော်မူ၏)။ အသျှင်ဘုရား ထိုသူကြွယ်သည် ချမ်းချမ်းသာသာ အိပ်စက်ရပါ၏၊ လောက၌ ချမ်းသာစွာ အိပ်စက်ရကုန်သော သူတို့တွင် ထိုသူကြွယ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ရာပါ၏ဟု (လျှောက်၏)။

မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း၊ သူကြွယ် သားအားလည်းကောင်း ရာဂကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ ရာဂကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့်ပူလောင်သော ထိုသူသည် ဆင်းရဲစွာ အိပ်ရသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲစွာ အိပ်ရသည် မှန်ပါ၏ဟု (လျှောက်၏)။

မင်းသား ရာဂကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင်သော သူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာ အိပ်ရ၏။ ထို ရာဂကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်း သဘောမရှိ၊ ထို့ကြောင့် ငါသည် ချမ်းသာစွာ ကျိန်းစက်ရ၏။ မင်းသား ထို စကားကို သင် မည်သို့ မှတ်ထင်သနည်း၊ ထိုသူကြွယ်အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း၊ ဒေါသကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်း။ပ။ မောဟကြောင့် ဖြစ်ကုန်သော ကိုယ်၌ဖြစ်သော ပူလောင်ခြင်း၊ စိတ်၌ဖြစ်သော ပူလောင်ခြင်းတို့သည် ဖြစ်ကုန်ရာ၏၊ မောဟကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင် သော ထိုသူသည် ဆင်းရဲစွာ အိပ်ရသည် မဟုတ်လောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆင်းရဲစွာ အိပ်ရသည် မှန်ပါ၏ဟု (လျှောက်၏)။

မင်းသား မောဟကြောင့် ဖြစ်ကုန်သော အကြင် ပူလောင်ခြင်းတို့ဖြင့် ပူလောင်သော ထိုသူကြွယ်သည်လည်းကောင်း၊ သူကြွယ်သားသည်လည်းကောင်း ဆင်းရဲစွာ အိပ်ရ၏။ ထို မောဟကို မြတ်စွာဘုရားသည် ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီး ဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီး ဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီး ဖြစ်၏၊ နောင်အခါ ဖြစ်ပေါ်ခြင်းသဘော မရှိပြီ။ ထို့ကြောင့် ငါသည် ချမ်းသာစွာ ကျိန်းစက်ရ၏ဟု (မိန့်တော်မူ၏)။

မကောင်းမှုကို အပပြုပြီးသော၊ ကိလေသာပရိနိဗ္ဗာန်ပြုပြီးသော၊ ကိလေသာ မရှိသဖြင့် ငြိမ်းအေးသော၊ ကိလေသာဥပဓိမရှိသော အကြင် ရဟန္တာပုဂ္ဂိုလ်သည် ကာမဂုဏ်တို့၌ မလိမ်းကျံ။ ထို ရဟန္တာပုဂ္ဂိုလ်သည် အခါခပ်သိမ်း စင်စစ် ချမ်းသာ စွာ အိပ်ရ၏၊ အလုံးစုံသော တဏှာတို့ကို ပယ်ဖြတ်၍ စိတ်နှလုံး၌ ပူလောင်ခြင်းကို ငြိမ်းအေးစေပြီး၍ ငြိမ်းအေးသော ရဟန္တာပုဂ္ဂိုလ်သည် နိဗ္ဗာန်သို့ စိတ်ဖြင့် ရောက်၍ ချမ်းသာစွာ ကျိန်းစက်ရ၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဒေဝဒူတသုတ်

၃၆။ ရဟန်းတို့ သေမင်းတမန်တို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှု ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏။ ထိုသူသည် ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ် ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရာ ပျက်စီး၍ ကျရောက် ရာဖြစ်သော ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် အသီးအသီး လက်မောင်းတို့၌ ဆွဲကိုင်၍ ယမမင်းအား ပြကုန်၏၊ ''မင်းမြတ် ဤယောက်ျားသည် အမိ၌ သားသမီးတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ အဖ၌ သားသမီးတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ သမဏတို့၌ လူတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ ဗြာဟ္မဏတို့၌ လူတို့ ကျင့်ဝတ် ချွတ်ယွင်း၏၊ အမျိုး၌ ကြီးသော သူ (အဖိုး အဖွား ဦးကြီး ဦးလေး စသည်)တို့ကို အရိုအသေမပြု။ မင်းမြတ်သည် ဤယောက်ျားအား ဒဏ်ပေးတော်မူပါ''ဟု ပြောဆို ကုန်၏။

ရဟန်းတို့ ထိုသူကို ယမမင်းသည် ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်ပေါ် သော ပဌမသေမင်းတမန်ကို မမြင်ခဲ့ပါသလော''ဟု ပဌမသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်း၏၊ စစ်ဆေး၏၊ ပြောဆို၏။ ''အသျှင် အကျွန်ုပ် မမြင်ခဲ့ပါ''ဟု ထို ယောက်ျားသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးမြန်း၏- ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ အိမ်အခြင်ကဲ့သို့ ကိုင်းသော ခါးကုန်းသော တောင်ဝှေးကို အားထားနေရသော တုန်တုန်ရီရီ သွားလာနေသော အိုနာ နှိပ်စက်နေသော အရွယ်လွန်သော သွားကျိုးသော ဆံဖြူသော ခေါင်းပြောင်နေသော ဦးခေါင်းတုန်လှုပ်သော အရေတွန့်လိပ်၍ မှဲ့ခြောက်တို့ဖြင့် ပြိုးပြွမ်းသော ကိုယ်ရှိသော ပဋိသန္ဓေမှ အသက်အားဖြင့် ရှစ်ဆယ် သော်လည်းကောင်း၊ ကိုးဆယ်သော်လည်းကောင်း၊ တစ်ရာသော်လည်းကောင်း ရှိသော အမယ်အိုကို ဖြစ်စေ အဖိုးအိုကို ဖြစ်စေ မမြင်ခဲ့ပါသလော''ဟု (မေးပြန်၏)။ ''အသျှင် မြင်ခဲ့ပါ၏''ဟု ထို ယောက်ျားသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေး၏- ''အမောင်ယောက်ျား သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် 'ငါသည်လည်း အိုခြင်းသဘော ရှိ၏၊ အိုခြင်းသဘောကို မလွန်နိုင်ချေ၊ ငါသည် ယခုအခါ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့'ဟု ဤသို့သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော''ဟု (မေး၏)။ ''အရှင် အကျွန်ုပ်သည် (ကောင်းမှုကို ပြုခြင်းငှါ) မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်''ဟု ထို ယောက်ျားသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ ဆို၏- ''အမောင် ယောက်ျား သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင်ယောက်ျား အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည် မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့သည် ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့သည် ပြုသည်မဟုတ်၊ စင်စစ် အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရ လတ္တံ့''ဟု (ဆို၏)။ (၁)

ရဟန်းတို့ ထိုသူကို ယမမင်းသည် ပဌမသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေး ပြောဆို ပြီးလျှင် ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော ဒုတိယသေမင်းတမန်ကို မမြင်ခဲ့ပါ သလော''ဟု ဒုတိယသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းပြန်၏၊ စစ်ဆေးပြန်၏၊ ပြောဆိုပြန်၏။ ''အရှင် အကျွန်ုပ် မမြင်ခဲ့ပါ''ဟု ထို ယောက်ျားသည် ပြန်ပြော၏၊ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးပြန်၏- ''အမောင် ယောက်ျား သင်သည် လူ့ပြည်တို့၌ အနာဖြင့် နှိပ်စက်အပ်သော ဆင်းရဲခြင်း သို့ ရောက်နေသော ပြင်းစွာ မကျန်းမာသော မိမိကျင်ကြီးကျင်ငယ်၌ လိမ်းကျံပေရေလျက် အိပ်ရသော သူတစ်ပါးထူပေးမှ ထနိုင်သော အိပ်ရာသို့ သူတစ်ပါးတို့ ချီမပို့ဆောင်အပ်သော လူနာမိန်းမကိုသော်လည်းကောင်း၊ လူနာယောက်ျားကိုသော်လည်းကောင်း သင် မမြင်ခဲ့ပါသလော''ဟု (မေးပြန်၏)။ ''အရှင် အကျွန်ု်ပ် မြင်ခဲ့ပါ၏''ဟု ထို ယောက်ျားသည် ပြောဆို၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေး၏- ''အမောင်ယောက်ျား သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ် ကြီးရင့်သည် ဖြစ်ပါလျက် 'ငါသည်လည်း နာခြင်းသဘော ရှိ၏၊ နာခြင်းသဘောကို မလွန်နိုင်၊ ယခုအခါ ငါသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့'ဟု ဤသို့ သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော''ဟု (မေး၏)။ ''အရှင် အကျွန်ုပ်သည်ကား (ကောင်းမှု ပြုခြင်းငှါ) မစွမ်းဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်''ဟု ထို ယောက်ျားသည် ပြန်ပြော၏။ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ဆို၏- ''အမောင်ယောက်ျား သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ ့နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့လေ၊ အမောင်ယောက်ျား အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်းသည် ချစ်ကျွမ်းဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့ ပြုသည်မဟုတ်၊ သမဏဗြာဟ္မဏတို့ ပြုသည်မဟုတ်၊ စင်စစ်အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့''ဟု (ဆို၏)။ (၂)

ရဟန်းတို့ ထိုသူကို ယမမင်းသည် ဒုတိယသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေးပြောဆို ပြီးလျှင် ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ ထင်ရှားဖြစ်သော တတိယသေမင်းတမန်ကို မမြင်ခဲ့ပါသလော''ဟု တတိယသေမင်းတမန်ကို မေးမြန်းပြန်၏၊ စစ်ဆေးပြန်၏၊ ပြောဆိုပြန်၏။ ''အရှင် အကျွန်ုပ် မမြင်ခဲ့ပါ''ဟု ထို ယောက်ျားသည် ပြန်ပြော၏၊ ရဟန်းတို့ ထိုသူကို ယမမင်းသည် ဤသို့ မေးပြန်၏- ''အမောင်ယောက်ျား သင်သည် လူ့ပြည်တို့၌ သေ၍ တစ်ရက်ရှိပြီးသော်လည်းဖြစ်သော သေ၍ နှစ်ရက်ရှိပြီးသော်လည်းဖြစ်သော သေ၍ သုံးရက်ရှိပြီးသော်လည်းဖြစ်သော ဖူးဖူးရောင်နေသော ရုပ်ပျက် ဆင်းပျက် ညိုမဲနေသော ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးနေသော မိန်းမ သူသေကောင်ကိုဖြစ်စေ ယောက်ျား သူသေကောင်ကိုဖြစ်စေ သင် မမြင်ခဲ့ပါသလော''ဟု (မေး၏)။ ''အရှင် အကျွန်ု်ပ် မြင်ခဲ့ပါ၏''ဟု ထို ယောက်ျားသည် ပြန်ပြောဆို၏။ ရဟန်းတို့ ထို ယောက်ျားကို ယမမင်းသည် ဤသို့ မေးပြန်၏- ''အမောင်ယောက်ျား သင်သည် သိကြားလိမ္မာသည် ဖြစ်ပါလျက် အသက်အရွယ်ကြီးရင့်သည် ဖြစ်ပါလျက် 'ငါသည်လည်း သေခြင်းသဘော ရှိ၏၊ သေခြင်းသဘောကို မလွန်နိုင်၊ ယခုအခါ ငါသည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို ပြုအံ့'ဟု ဤသို့သော စိတ်အကြံသည် မဖြစ်ခဲ့ပါသလော''ဟု (မေးပြန်၏)။ ''အရှင် အကျွန်ုပ်သည်ကား (ကောင်းမှုကို ပြုခြင်းငှါ) မစွမ်း ဆောင်နိုင်ခဲ့ပါ၊ မေ့လျော့ခဲ့ပါသည်''ဟု ထို ယောက်ျားသည် ပြန်ပြော၏။ ရဟန်းတို့ ထို ယောက်ျားကို ယမမင်းသည် ဤသို့ ဆိုပြန်၏- ''အမောင်ယောက်ျား သင်သည် မေ့လျော့သောကြောင့် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကောင်းမှုကို မပြုခဲ့ပေ၊ အမောင် ယောက်ျား အကြင် အခြင်းအရာအားဖြင့် သင်သည် မေ့လျော့ခဲ့၏၊ ထို အခြင်းအရာအားဖြင့် သင့်ကို မချွတ်ပြုကြ ကုန်လတ္တံ့၊ ထို မကောင်းမှုကို သင့် အမိသည် ပြုသည်မဟုတ်၊ သင့် အဖသည် ပြုသည်မဟုတ်၊ သင့် ညီအစ်ကိုသည် ပြုသည်မဟုတ်၊ သင့် အစ်မနှမသည် ပြုသည်မဟုတ်၊ သင့် အဆွေခင်ပွန်း ချစ်ကျွမ်း ဝင်သူတို့သည် ပြုသည်မဟုတ်၊ သင့် ဆွေမျိုးသားချင်းတို့သည် ပြုသည်မဟုတ်၊ နတ်တို့ ပြုသည် မဟုတ်၊ သမဏဗြာဟ္မဏတို့ ပြုသည်မဟုတ်၊ စင်စစ်အားဖြင့် သင်သည်ပင် ထို မကောင်းမှုကို ပြုခဲ့၏၊ ထို မကောင်းမှု၏ အကျိုးကို သင်သည်ပင် ခံစားရလတ္တံ့''ဟု (ဆို၏)။ (၃)

ရဟန်းတို့ ထိုသူကို ယမမင်းသည် တတိယသေမင်းတမန်နှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေး ပြောဆိုပြီးသော် ဆိတ်ဆိတ်နေ၏။ ရဟန်းတို့ ထို ယောက်ျားကို ငရဲထိန်းတို့သည် ငါးမျိုးသော နှောင်ဖွဲ့ခြင်းမည်သော ကမ္မကရဏကို ပြုကုန်၏၊ လောလောပူသော သံစိုု့ကို လက်၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိုု့ကို နှစ်ခုမြောက်သော လက်၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိုု့ကို ခြေ၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိုု့ကို နှစ်ခုမြောက်သော ခြေ၌ ရိုက်နှက်ကုန်၏၊ လောလောပူသော သံစိုု့ကို ရင်အလယ်၌ ရိုုက်သွင်းကုန်၏၊ ထို ယောက်ျားသည် ထို သံစို့ ငါးချက်ရိုက်သွင်းသော နေရာတို့၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာ စပ်ရှားကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံ မကုန်သေး၊ ထို မျှလောက် မသေသေးပေ။ ရဟန်းတို့ ထိုသူကို့ငရဲထိန်းတို့သည် ဆွဲငင်ကုန်၍ ဓားမကြီးတို့ဖြင့် ခုတ်ဖြတ်ကုန်၏၊ ထိုသူသည် ထိုသို့ ဓားမကြီးဖြင့် ခုတ်ဖြတ်ခံရသော နေရာ၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော ဆင်းရဲ ဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံသည် မကုန်သေး ထို မျှလောက် မသေ သေးပေ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် စောက်ထိုးမိုးမျှော် ဆွဲကိုင်ကြ၍ ပဲခွပ်တို့ဖြင့် ခုတ်ရွေကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် ရထား၌ တပ်၍ ရဲရဲညီးသော အလျှံတပြောင်ပြောင် လောင်သော မီးတောက်မီးလျှံနှင့်တကွသော မြေအပြင်၌ အခေါက်ခေါက် အပြန်ပြန် မောင်းနှင်ကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် ရဲရဲညီးသော အလျှံတပြောင်ပြောင်လောင်သော မီးတောက်မီးလျှံနှင့် တကွသော မီးတောင်ကြီးသို့လည်း တက်စေ ဆင်းစေကုန်၏။ပ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် စောက်ထိုးမိုးမျှော် ဆွဲကိုင်ကြ၍ ရဲရဲညီးသော အလျှံတပြောင်ပြောင်လောင်သော မီးတောက်မီးလျှံနှင့် တကွသော လောလောပူသော သံအိုးကြီး၌ ပစ်ချကုန်၏။ ထိုသူသည် ထို သံအိုးကြီး၌ အမြှုပ်ထလျက် ကျက်သည်ဖြစ်၍ အထက်သို့လည်း တစ်ကြိမ်ပေါ်၏၊ အောက်သို့လည်း တစ်ကြိမ်မြုပ်၏၊ ဖီလာလည်း တစ်ကြိမ်မျော၏။ ထိုသူသည် ထို သံအိုးကြီး၌ ပြင်းထန်ကုန်သော ကြမ်းတမ်းကုန်သော ကျင်နာစပ်ရှား ကုန်သော ဆင်းရဲဝေဒနာတို့ကို ခံစားရ၏၊ အကြင် မျှလောက် ထို မကောင်းမှုကံ မကုန်သေး၊ ထို မျှလောက် မသေသေးပေ။ ရဟန်းတို့ ထိုသူကို ငရဲထိန်းတို့သည် (အဝီစိ) ငရဲကြီး၌ ပစ်ချကြကုန်၏။ ရဟန်းတို့ ထို (အဝီစိ) ငရဲကြီးသည်ကား- အထောင့်လေးခု ရှိ၏၊ တံခါးလေးပေါက် ရှိ၏၊ ညီညာသော အဖို့အားဖြင့် ဝေဖန် ပိုင်းခြားအပ်၏၊ သံတံတိုင်းဖြင့် ကာရံအပ်၏၊ သံပြားဖြင့် မိုးထားအပ်၏၊ ထို (အဝီစိ) ငရဲ၏ မြေပြင်သည် သံမြေပြင် ဖြစ်၏၊ အလျှံတပြောင်ပြောင် တောက် လောင်နေ၏၊ အလျှံနှင့် ယှဉ်စပ်နေ၏၊ ထက်ဝန်းကျင် ယူဇနာတစ်ရာ တိုင်တိုင် ပျံ့နှံ့ ၍ အမြဲတည်နေ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-ယမရာဇသုတ်

၃၇။ ရဟန်းတို့ ရှေ့၌ ဖြစ်ဖူးသည်ကား ယမမင်းအား ဤသို့သော အကြံသည် ဖြစ်ပေါ်ဖူး၏- ''အချင်းတို့ လောက၌ အကြင်သူတို့သည် ယုတ်ညံ့သော အမှုတို့ကို ပြုကုန်၏၊ ထိုသူတို့ကို ဤသို့သဘောရှိသော အထူးထူး အပြားပြားသော ကမ္မကရဏတို့ကို ပြုအပ်ကုန်၏၊ ငါသည် လူ့အဖြစ်ကို ရငြားအံ့၊ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်း ပွင့်တော်မူငြားအံ့၊ ငါသည်လည်း ထို မြတ်စွာဘုရားကို ဆည်းကပ်ရငြားအံ့၊ ထို မြတ်စွာဘုရားသည် ငါ့အားတရားဟောငြားအံ့၊ ငါသည် ထို မြတ်စွာဘုရား၏တရားကိုလည်း သိငြားအံ့၊ ဤသို့ဖြစ်သော် ကောင်းလေစွာ့တကား''ဟု (ဖြစ်ပေါ်ဖူး၏)။ ရဟန်းတို့ ထို ယမမင်းအကြံဖြစ်ခြင်းကို တစ်ပါးသော သမဏဗြာဟ္မဏ၏ ပြောဆိုသံကို ကြားရ၍ ဤသို့ ငါဟောသည် မဟုတ်၊ ရဟန်းတို့ အကြင် အခြင်းအရာကို စင်စစ်အားဖြင့် ငါကိုယ်တိုင် သိ၏၊ ငါကိုယ်တိုင် မြင်၏၊ ငါကိုယ်တိုင် ထင်ထင်ရှားရှား သိ၏၊ ထို အခြင်းအရာကို ငါကိုယ်တိုင် သိမြင်သည့်အတိုင်းပင် ဟော၏ဟု (မိန့်တော်မူ၏)။

အကြင် သတ္တဝါတို့သည် သေမင်းတမန်တို့ နှိုးဆော်တိုက်တွန်းအပ်ပါကုန်လျက် မေ့လျော့ကုန်၏၊ ထို သတ္တဝါတို့သည် ယုတ်ညံ့သော ငရဲဘဝသို့ ကပ်ရောက်ရ ကုန်သည် ဖြစ်၍ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး စိုးရိမ်ပူဆွေးရကုန်၏။ ဤလောက၌ ကိလေသာငြိမ်းအေးကုန်ပြီးသော အကြင်သူတော်ကောင်းတို့သည် ကား သေမင်းတမန်တို့ နှိုးဆော် တိုက်တွန်းအပ်ကုန်သည် ဖြစ်၍ အရိယဓမ္မ၌ တစ်ခါတစ်ရံမျှ မမေ့လျော့ကြကုန်။

(ထိုသူတော်ကောင်းတို့သည်) ပဋိသန္ဓေနေမှု သေမှုကို ဖြစ်စေတတ်သော ဥပါဒါန်တရား၌ ဘေးကို ရှုမြင်ပြီးလျှင် (ဥပါဒါန်တို့ဖြင့်) မစွဲလမ်းမူ၍ ပဋိသန္ဓေနေမှု သေမှု ကုန်ရာ နိဗ္ဗာန်၌ ကျွတ်လွတ်ကုန်၏။ မမေ့မလျော့ကုန်သော၊ ချမ်းသာခြင်းရှိကြကုန်သော၊ မျက်မှောက်ဘဝ၌ပင် ကိလေသာအပူ ငြိမ်းအေးပြီးကုန်သော၊ အလုံးစုံသော ရန်ဘေးတို့ကို လွန်မြောက် ကုန်သော ထိုသူတော်ကောင်းတို့သည် အလုံးစုံသော ဒုက္ခကို လွန်မြောက်ကြလေ ကုန်၏။

သတ္တမသုတ်။

------

၈-စတုမဟာရာဇသုတ်

၃၈။ ရဟန်းတို့ လဆန်းပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့၌ နတ်မင်းကြီး လေးယောက်တို့၏ အလုပ်အကျွေးနတ်တို့သည် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ ''လူ့ပြည်တို့၌ များစွာ ကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ကျင့်ကြပါကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါ ကုန်၏လော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့် ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုတို့ကို ပြုကြပါကုန်၏လော''ဟု (လှည့်လည်စုံစမ်းကုန်၏)။ ရဟန်းတို့ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် လကွယ်နေ့၌ နတ်မင်းကြီးလေးယောက်တို့၏ သားတို့သည် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ ''လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အမျိုးထဲ၌ ကြီးသော သူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုကို ပြုကြပါကုန်၏လော''ဟု (လှည့်လည်စုံစမ်းကုန်၏)။ ရဟန်းတို့ လဆန်းတစ်ဆယ့်ငါးရက်မြောက် ဥပုသ် နေ့၌ နတ်မင်းကြီးလေးယောက်တို့သည် ကိုယ်တိုင်ပင်လျှင် ဤလောကကို လှည့်လည်စုံစမ်းကုန်၏ ''လူ့ပြည်တို့၌ များစွာကုန်သော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါ ကုန်၏လော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကြပါကုန်၏လော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြပါကုန်၏လော၊ ဥပုသ်သီတင်းကို ကျင့်သုံးကြပါကုန်၏လော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်း ကို ကျင့်သုံးကြပါကုန်၏လော၊ ကောင်းမှုကို ပြုကြပါကုန်၏လော''ဟု (လှည့်လည် စုံစမ်းကုန်၏)။

ရဟန်းတို့ လူ့ပြည်တို့ဝယ် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့်ကုန်သော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ ကောင်းမှုကို ပြုလုပ်သော လူတို့သည် အကယ်၍နည်းပါးကုန်ငြားအံ့၊ ရဟန်းတို့ နတ်မင်းကြီးလေးယောက်တို့သည် ထို အကြောင်းကို သုဓမ္မာနတ်သဘင်၌ အညီ့အညွတ် စည်းဝေးထိုင်နေကုန်သော တာဝတိံ သာနတ်တို့အား ပြောကြားကုန်၏ ''အသျှင်နတ်မင်းတို့ လူ့ပြည်၌ အနည်းငယ်သော လူတို့သည်သာလျှင် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်၏၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ပြုကျင့်ကြကုန်၏၊ ဥပုသ် သီတင်းကို ကျင့်သုံးကုန်၏၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ ကောင်းမှုကို ပြုလုပ် ကုန်၏''ဟု (ပြောကြားကုန်၏)။ ရဟန်းတို့ ထိုအခါ၌ ''အချင်းတို့ နတ်ပြည်တို့သည် ဆုတ်ယုတ်ကုန် လိမ့်တကား၊ အပါယ်လေးဘုံတို့သည် စည်ကားကုန်လိမ့်တကား''ဟု တာဝတိံ သာနတ်တို့သည် နှလုံး မသာဖြစ်ကြကုန်၏။

ရဟန်းတို့ လူ့ပြည်တို့ဝယ် အမိ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့် ကုန်သော၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်သော၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့်ကုန်သော၊ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်သော၊ ကောင်းမှုကို ပြုလုပ်ကုန် သော လူတို့သည် အကယ်၍ များကုန်ငြားအံ့၊ ရဟန်းတို့ နတ်မင်းကြီးလေးယောက်တို့သည် ထို အကြောင်းကို သုဓမ္မာနတ်သဘင်၌ အညီအညွတ် စည်းဝေးထိုင်နေကုန်သော တာဝတိံသာနတ်တို့အား ပြောကြားကုန်၏ ''အသျှင်နတ်မင်းတို့ လူ့ပြည်၌ များစွာသော လူတို့သည် အမိ၌ ကောင်းစွာ ပြုသင့် သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အဖ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ သမဏ၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ ဗြာဟ္မဏတို့၌ ကောင်းစွာ ပြုသင့်သော ကျင့်ဝတ်ကို ပြုကျင့်ကုန်၏၊ အမျိုးထဲ၌ ကြီးသောသူ (အဖိုး အဖွား ဦးကြီး ဦးလေးစသည်)တို့ကို ရိုသေစွာ ကျင့် ကုန်၏၊ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ အကြိုအပိုနှင့်တကွ ဥပုသ်သီတင်းကို ကျင့်သုံးကုန်၏၊ ကောင်းမှုကို ပြုလုပ်ကြကုန်၏''ဟု (ပြောကြားကုန်၏)။ ရဟန်းတို့ ထိုအခါ၌ ''အချင်းတို့ နတ်ပြည်တို့သည် စည်ကားကြကုန်လိမ့်တကား အပါယ်လေးဘုံတို့သည် ဆုတ်ယုတ်ကုန်လိမ့်တကား''ဟု တာဝတိံ သာနတ်တို့သည် ဝမ်းမြောက်ကြကုန်၏။

ရဟန်းတို့ ရှေးအခါက နတ်တို့၏အရှင် သိကြားမင်းသည် တာဝတိံ သာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏- ''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏''ဟု (ရွတ်ဆို၏)။

ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆိုအပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအားဖြင့် ရွတ်ဆိုအပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ရာဂ ဒေါသ မောဟ မကင်းသေးသောကြောင့်ပေတည်း။

ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိ အကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာ ဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏- ့''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည်ရာ၏''ဟု (ရွတ်ဆိုခြင်းငှါ သင့်လျော်၏)။

ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ကင်းပြီးသောကြောင့်တည်း။ ရဟန်းတို့ ရှေးအခါက နတ်တို့အရှင် သိကြားမင်းသည် တာဝတိံသာနတ်တို့ကို သိစေလိုသည်ဖြစ်၍ ထို အချိန်၌ ဤဂါထာကို ရွတ်ဆိုလေ၏၊- ''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခလဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက် ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏''ဟု (ရွတ်ဆို၏)။

ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ထို ဂါထာကို မကောင်းသောအားဖြင့် သီဆိုအပ်၏၊ ကောင်းသောအားဖြင့် သီဆိုအပ်သည် မဟုတ်ပေ။ မှားသောအားဖြင့် ရွတ်ဆိုအပ်၏၊ မှန်သောအားဖြင့် ရွတ်ဆိုအပ်သည် မဟုတ်ပေ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ နတ်တို့၏အရှင် သိကြားမင်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မကင်းလွတ်သေးသောကြောင့် ဆင်းရဲမှ မလွတ်ဟု ငါဆို၏။

ရဟန်းတို့ အကြင် ရဟန်းသည် အာသဝေါကုန်ပြီးသူ မဂ်အကျင့်ကို ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ မိမိအကျိုး အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ပြီးသူ ကောင်းစွာ သိ၍ လွတ်မြောက်ပြီးသူ ရဟန္တာဖြစ်၏။ ရဟန်းတို့ ထိုရဟန်းအားသာ ဤဂါထာကို ရွတ်ဆိုခြင်းငှါ သင့်လျော်၏- ''အကြင်သူသည် ငါနှင့်တူသူ ဖြစ်ရာ၏၊ ထိုသူသည် လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက်မြောက် တစ်ဆယ့်ငါးရက်မြောက်နေ့တို့၌လည်းကောင်း၊ လဆန်း ပက္ခ လဆုတ်ပက္ခ၏ ရှစ်ရက်မြောက်နေ့တို့၌လည်းကောင်း၊ အလွတ်ရက်ရှည်နေ့တို့၌လည်းကောင်း အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးဆောက်တည် ရာ၏''ဟု (ရွတ်ဆိုခြင်းငှါ သင့်လျော်၏)။

ထိုသို့ သင့်လျော်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ရဟန်းတို့ အကြင် အကြောင်းကြောင့် ထိုရဟန်းသည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ ကင်းလွတ်ပြီးသောကြောင့် ဆင်းရဲမှ လွတ်၏ဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-သုခုမာလသုတ်

၃၉။ ရဟန်းတို့ ငါသည် နူးညံ့သိမ်မွေ့၏၊ အလွန် နူးညံ့သိမ်မွေ့၏၊ စင်စစ် နူးညံ့သိမ်မွေ့၏၊ ငါ့ခမည်းတော်၏ နန်းတော်၌ ရေကန်တို့ကို ပြုစီမံအပ်ကုန်၏၊ ရဟန်းတို့ တစ်ခုသော ရေကန်၌ ကြာညို တစ်ခုသော ရေကန်၌ ပဒုမ္မာကြာ တစ်ခုသော ရေကန်၌ ပုဏ္ဍရိက်ကြာကို ငါ့အတွက်သာလျှင် စိုက်ပျိုး အပ်၏၊ ရဟန်းတို့ ငါသည် အလွန် နူးညံ့သိမ်မွေ့သော ကာသိတိုင်းထွက် မဟုတ်သော စန္ဒကူးကို မသုံး ဆောင်။ ရဟန်းတို့ ငါ၏ 'ဦးရစ်' ခေါင်းပေါင်းသည် ကာသိတိုင်းမှ ဖြစ်၏၊ အကျသည် ကာသိတိုင်းမှ ဖြစ်၏၊ ပုဆိုးသည် ကာသိတိုင်းမှ ဖြစ်၏၊ အပေါ်ရုံသည် ကာသိတိုင်းမှ ဖြစ်၏၊ ရဟန်းတို့ ''အအေး အပူ မြက် မြူ ဆီးနှင်းတို့သည် ထို ငါ့ကို မတွေ့ထိပါစေလင့်''ဟု နေ့ညဉ့်ပတ်လုံး ငါ့အား ထီးဖြူကို ဆောင်း ထားအပ်၏။

ရဟန်းတို့ ဆောင်းရာသီ စံနေရန် ပြာသာဒ်တစ်ဆောင်၊ နွေရာသီ စံနေရန် ပြာသာဒ်တစ်ဆောင်၊ မိုးရာသီစံနေရန် ပြာသာဒ်တစ်ဆောင်အားဖြင့် ထို ငါ့အား ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။ ရဟန်းတို့ ထို ငါသည် မိုးရာသီစံနေရန် ပြာသာဒ်၌ မိုးလေးလတို့ပတ်လုံး မိန်းမချည်းသက်သက် တီးမှုတ်အပ်ကုန် သော တူရိယာတို့ဖြင့် စံပယ်မွေ့လျော်လျက် ပြာသာဒ်မှ အောက်သို့ မဆင်းမူ၍ နေ၏။ ရဟန်းတို့ သူတစ်ပါးတို့အိမ်၌ ကျွန်အမှုလုပ်သော ယောက်ျားအား ပအုံးရည်ဟင်းလျှင် နှစ်ခုမြောက်သော ဆန်ကွဲ ထမင်းကို ပေးသကဲ့သို့ ရဟန်းတို့ ဤအတူသာလျှင် ငါ့ခမည်းတော်၏ နန်းတော်၌ ကျွန်အမှုလုပ် ယောက်ျားအား သလေးဆန်ဖြင့် ချက်အပ်သော သားပြွမ်းထမင်းကို ပေးအပ်၏။

ရဟန်းတို့ ဤသို့ သဘောရှိသော တန်ခိုးနှင့်လည်းကောင်း ဤသို့ သဘောရှိသော စင်စစ် နူးညံ့ သိမ်မွေ့ခြင်းနှင့်လည်းကောင်း ပြည့်စုံသော ထို ငါ့အား- ''အကြားအမြင်နည်းသော ပုထုဇဉ်သည် မိမိကိုယ် တိုင်က အိုခြင်း သဘောရှိသူ အိုခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်ပါလျက် အိုမင်းသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း အိုခြင်း သဘောရှိသူ ဖြစ်၏၊ အိုခြင်းသဘောကို မလွန်ဆန်နိုင်သူဖြစ်၏၊ ငါသည် အိုခြင်းသဘောရှိသူ၊ အိုခြင်း သဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် အိုမင်းသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ''ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား အရွယ်နုပျိုခြင်းကြောင့် အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်းပျောက်ငြိမ်း၏။

''အကြားအမြင်နည်းသော ပုထုဇဉ်သည် မိမိကိုယ်တိုင်က နာခြင်းသဘောရှိသူ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်ပါလျက် နာသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း နာခြင်းသဘောရှိသူ၊ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်၏၊ ငါသည် နာခြင်းသဘောရှိသူ၊ နာခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် နာသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ''ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား ရောဂါကင်းခြင်းကြောင့် ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်း ပျောက်ငြိမ်း၏။

''အကြားအမြင်နည်းသော ပုထုဇဉ်သည် မိမိကိုယ်တိုင်က သေခြင်းသဘောရှိသူ သေခြင်းသဘောကို မလွန်ဆန်နိုင်သူဖြစ်ပါလျက် သေသော သူတစ်ပါးကို မြင်သော် မိမိကိုယ်ကို သတိမရဘဲသာလျှင် ငြီးငွေ့၏၊ ရှက်နိုး၏၊ စက်ဆုပ်ဘိ၏၊ ငါသည်လည်း သေခြင်းသဘောရှိသူ၊ သေခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်၏၊ ငါသည် သေခြင်းသဘောရှိသူ သေခြင်းသဘောကို မလွန်ဆန်နိုင်သူ ဖြစ်လျက်သာလျှင် သေသော သူတစ်ပါးကို မြင်၍ ငြီးငွေ့ငြားအံ့၊ ရှက်နိုးငြားအံ့၊ စက်ဆုပ်ငြားအံ့၊ ထိုသို့ဖြစ်ခြင်းသည် ငါ့အား မသင့်လျော်ရာ''ဟု (အကြံဖြစ်၏)။ ရဟန်းတို့ ဤသို့ ကြံဆင်ခြင်သော ထို ငါ့အား အသက်ရှည်ခြင်းကြောင့် အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်တက်ခြင်းသည် အချင်းခပ်သိမ်း ပျောက်ငြိမ်း၏။

ရဟန်းတို့ မာန်ယစ်ခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အရွယ် နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်း၊ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်း၊ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ယစ်ခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြားအမြင်နည်းပါးသည့် ပုထုဇဉ်သည်လည်း ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ ထို ပုထုဇဉ်သည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍့သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရောက်ရာ ပျက်စီး၍ ကျရောက်ရာ ဖြစ်သော ငရဲသို့ ရောက်ရ၏။ ရဟန်းတို့ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြား အမြင်နည်းပါးသည့် ပုထုဇဉ်သည်လည်း။ပ။ ရဟန်းတို့ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော အကြားအမြင်နည်းပါးသည့် ပုထုဇဉ်သည်လည်း ကိုယ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်၏၊ ထို ပုထုဇဉ်သည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းမှုကို ပြုကျင့်သောကြောင့် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသဖြင့် လားရောက်ရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ အရွယ်နုပျိုခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏။ ရဟန်းတို့ ရောဂါကင်းခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏။ ရဟန်းတို့ အသက်ရှည်ခြင်းကို စွဲ၍ဖြစ်သော မာန်ဖြင့် ယစ်သော ရဟန်းသည်လည်း သိက္ခာချ၍ လူထွက်၏ဟု (မိန့်တော်မူ၏)။

နာခြင်းသဘောရှိကုန်သော၊ အိုခြင်းသဘောရှိကုန်သော၊ ထို့ပြင် သေခြင်း သဘောရှိကုန်သော ပုထုဇဉ်တို့သည် ထိုသို့ နာခြင်းစသည် သဘောရှိကုန်လျက် သာလျှင် သူတစ်ပါးကို စက်ဆုပ်ကုန်၏။ ဤသို့ သဘောရှိကုန်သော သတ္တဝါတို့၌ ငါသည် ထို နာခြင်းစသော သဘောကို စက်ဆုပ်ငြားအံ့၊ ဤသို့ စက်ဆုပ်သော အခြင်းအရာအားဖြင့် နေလေ့ရှိသော ငါ့အား ဤစက်ဆုပ်ခြင်းသဘောသည် မသင့်လျော်ရာ။ ဤသို့ ဆင်ခြင်လေ့ရှိသည်ဖြစ်၍ နေသော ထို ငါသည် ဥပဓိကင်းရာ နိဗ္ဗာန်ကို သိ၍ ရောဂါကင်းခြင်း၌လည်းကောင်း၊ အရွယ်နုပျိုခြင်း၌လည်းကောင်း၊ အသက်ရှည်ခြင်း၌လည်းကောင်း အကြင် မာန်ယစ်ခြင်းတို့သည် ရှိကုန်၏။ ငါသည် ထို အလုံးစုံသော မာန်ယစ်ခြင်းတို့ကို လွန်မြောက်ပြီးဖြစ်၏၊ ဝဋ်ဆင်းရဲမှ လွတ်မြောက်ရာဖြစ်သော နိဗ္ဗာန်၌ ဘေးမရှိဟု ရှု၍ နိဗ္ဗာန်ကို ဘေးမရှိဟု မြင်သော ထို ငါ့အား အားထုတ်မှု လုံ့လသည် ဖြစ်ပြီ။ ငါသည် ယခုအခါ၌ ကာမဂုဏ်တို့ကို မမှီဝဲထိုက်ပြီ၊ မြတ်သော အကျင့်လျှင် အားထားရာ ရှိသည်ဖြစ်၍ မဆုတ်နစ်တော့အံ့သတည်း။

နဝမသုတ်။

------

၁၀-အာဓိပတေယျသုတ်

၄၀။ ရဟန်းတို့ အကြီးအမှူးပြု၍ ဖြစ်သော တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်နည်း သုံးမျိုးတို့နည်းဟူမူ- မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော 'အတ္တာဓိပတေယျ'တရားလည်းကောင်း၊ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော 'လောကာဓိပတေယျ'တရားလည်းကောင်း၊ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော 'ဓမ္မာဓိပတေယျ'တရားလည်းကောင်းတို့တည်း။ ရဟန်းတို့ မိမိ ကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော 'အတ္တာဓိပတေယျ'တရားဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ ''ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုးအပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍့လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ ငါသည် ကား အကြင် သို့ သဘောရှိကုန်သော ကာမဂုဏ်တို့ကို စွန့်ပယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ ထိုသို့သဘောရှိကုန်သော ကာမဂုဏ်တို့ကိုသော်လည်းကောင်း၊ ထို အောက်ယုတ်သော ကာမ ဂုဏ်တို့ကိုသော်လည်းကောင်း ရှာမှီးနေငြားအံ့၊ ထိုသို့ ရှာမှီးနေခြင်းသည် ငါ့အား မသင့်လျော်''ဟု (ဤသို့ ကြံဆင်ခြင်၏)။

ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏။ ''ငါသည် အပြည့်အစုံ အားထုတ် အပ်သည်ရှိသော် တွန့်ဆုတ်ခြင်းမရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ မပျက်သော သတိသည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့''ဟု (ဆင်ခြင်ပြန်၏)။ ထိုရဟန်းသည် မိမိကိုယ်ကိုသာလျှင် အကြီးအမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို မိမိကိုယ်ကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။

ရဟန်းတို့ သတ္တလောကကို အကြီးအမှူးပြု၍ ဖြစ်သော 'လောကာဓိပတေယျ'တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ ''ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း လူ့ဘောင် မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုး အပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍ လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်ရောက်ခဲ့၏၊ ငါသည်ကား ဤသို့ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်ဖြစ်ပါလျက် ကာမ ဂုဏ်တို့ကို ကြံစည်ခြင်း 'ကာမဝိတက်' ကိုမူလည်း ကြံစည်ငြားအံ့၊ ပျက်စီးရန် ကြံစည်ခြင်း 'ဗျာပါဒ ဝိတက်'ကိုမူလည်း ကြံစည်ငြားအံ့၊ ညှဉ်းဆဲရန် ကြံစည်ခြင်း 'ဝိဟိံသာဝိတက်' ကိုမူလည်း ကြံစည်ငြားအံ့၊ ဤသတ္တလောက၏ တည်ရာ 'စကြာဝဠာ'သည် ကျယ်ဝန်းများပြားသည်သာတည်း၊ ကျယ်ဝန်းများပြားသော သတ္တလောက၏ တည်ရာ 'စကြာဝဠာ' ၌ တန်ခိုးကြီးကုန်သော နတ်မျက်စိ အမြင်ရှိကုန်သော သူတစ်ပါးစိတ်ကို သိကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည် ဝေးသော အရပ်မှသော်လည်း မြင်နိုင်ကုန်၏၊ နီးကုန်သော်လည်း မထင်ကုန်၊ မိမိစိတ်ဖြင့်လည်း သူတစ်ပါး စိတ်ကို သိနိုင်ကုန်၏၊ ထို သမဏဗြာဟ္မဏတို့သည်လည်း ငါ့ကို ဤသို့ သိကုန်ရာ၏ ''အချင်းတို့ ဤအမျိုးသားကို ရှုကုန်လော့၊ ဤအမျိုးသားသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုသူဖြစ်ပါလျက် ယုတ်ညံ့သော အကုသိုလ်တရားတို့နှင့် ရောပြွမ်း၍ နေဘိ၏''ဟု (ဤသို့ သိကုန်ရာ၏)။

တန်ခိုးကြီးကုန်သော နတ်မျက်စိ အမြင်ရှိကုန်သော မိမိစိတ်ဖြင့်လည်း သူတစ်ပါး စိတ်ကို သိစွမ်းနိုင်ကုန်သော နတ်တို့သည် ရှိကုန်၏၊ ထို နတ်တို့သည် ဝေးသော အရပ်မှသော်လည်း မြင်နိုင်ကုန်၏၊ နီးကုန်သော်လည်း မထင်ကုန်၊ မိမိစိတ်ဖြင့်လည်း သူတစ်ပါးစိတ်ကို သိနိုင်ကုန်၏၊ ထို ိုနတ်တို့သည်လည်း ငါ့ကို ဤသို့ သိကုန်ရာ၏ ''အချင်းတို့ ဤအမျိုးသားကို ရှုကုန်လော့၊ ဤအမျိုးသားသည် သဒ္ဓါတရားဖြင့် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုသူ ဖြစ်ပါလျက် ယုတ်ညံ့သော အကုသိုလ်တရားတို့နှင့် ရောပြွမ်းလျက် နေဘိ၏''ဟု (ဤသို့ သိကုန်ရာ၏)။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏ ''ငါသည် အပြည့်အစုံအားထုတ်အပ်သည်ရှိသော် တွန့်ဆုတ်ခြင်း မရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ မပျက်သော သတိသည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့''ဟု (ဆင်ခြင်ပြန်၏)။ ထို ရဟန်းသည် လောကကိုသာလျှင် အကြီး အမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို လောကကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။

ရဟန်းတို့ လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော 'ဓမ္မာဓိပတေယျ'တရားဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ဖြစ်စေ သစ်ပင်ရင်းသို့ ကပ်၍ဖြစ်စေ ဆိတ်ငြိမ်ရာသို့ ကပ်၍ဖြစ်စေ ဤသို့ ဆင်ခြင်၏ ''ငါသည် သင်္ကန်း ဆွမ်း ကျောင်းဟူသော အကြောင်းကြောင့်သော်လည်းကောင်း၊ ထို ထို သမ္ပတ္တိဘဝ၏ အကြောင်းကြောင့်သော်လည်းကောင်း လူ့ဘောင် မှ ရဟန်းဘောင်သို့ ဝင်ရောက်သည် မဟုတ်။ စင်စစ်အားဖြင့် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့သည် ငါ့ကို လွှမ်းမိုးအပ်၏။ ငါ့ကို ဆင်းရဲခြင်းသည် လွှမ်းမိုးအပ်၏၊ ငါ့ကို ဆင်းရဲခြင်းသည် နှိပ်စက်အပ်၏၊ ဤအလုံးစုံသော ဆင်းရဲ၏ အဆုံးကို ပြုခြင်းသည် အမှန်ပင် ထင်ရှားဖြစ်ရာ၏ဟု နှလုံးသွင်း၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏။ တရားတော်သည် မြတ်စွာဘုရား ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင်သိမြင်အပ်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါ ပေတည်း၊ လာလှည့်ရှုလှည့်ဟု ဆောင်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစား နိုင်သော တရားတော်ပါပေတည်း။ ထိုတရားတော်ကို သိကုန်မြင်ကုန်လျက် နေကြကုန်သော ငါ၏ သီတင်း သုံးဖော်တို့သည် ရှိကြကုန်၏။ ငါသည်သာ ဤသို့ ကောင်းစွာ ဟောကြားအပ်သော သာသနာတော်၌ ဝင်ရောက်၍ ရဟန်းပြုသူ ဖြစ်ပါလျက် စင်စစ် ပျင်းရိမေ့လျော့၍ နေငြားအံ့၊ ဤသို့ နေခြင်းသည် ငါ့အား မသင့်လျော်''ဟု (ဆင်ခြင်၏)။ ထိုရဟန်းသည် ဤသို့ ဆင်ခြင်ပြန်၏။ ''ငါသည် အပြည့်အစုံ အားထုတ်အပ်သည်ရှိသော် တွန့်ဆုတ်ခြင်း မရှိသော ဝီရိယသည် ဖြစ်လတ္တံ့၊ သတိပဋ္ဌာန်လေးပါး၏ အစွမ်းဖြင့် ကပ်၍ တည်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့၊ ရူပကာယ နာမကာယသည် ငြိမ်းသည်ဖြစ်၍ ပူပန်ခြင်း ကင်းလတ္တံ့၊ အာရုံ၌ ကောင်းစွာ ထားအပ်သည်ဖြစ်၍ တည်ကြည်သော စိတ်သည် ဖြစ်လတ္တံ့''ဟု (ဆင်ခြင်ပြန်၏)။ ထိုရဟန်းသည် လောကုတ္တရာတရားကိုသာလျှင် အကြီးအမှူးပြု၍ အကုသိုလ်ကို ပယ်စွန့်၏၊ ကုသိုလ်ကို ပွါးများ၏၊ အပြစ်ရှိသော တရားကို ပယ်စွန့်၏၊ အပြစ်မရှိသော တရားကို ပွါးများ၏၊ စင်ကြယ်သော မိမိကိုယ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို လောကုတ္တရာတရားကို အကြီးအမှူးပြု၍ ဖြစ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ အကြီး အမှူးပြု၍ ဖြစ်သော တရားသည် ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အချင်းယောက်ျား မကောင်းမှုကို ပြုသူ၏ ဆိတ်ကွယ်ရာ အရပ်မည်သည် လောက၌ မရှိ။ မှန်သည်လည်း ဖြစ်စေ၊ မှားသည်လည်း ဖြစ်စေ အကြင် အမှုကို သင်ပြု၏၊ ထို သင်ပြုသော အမှုကို မိမိကိုယ်တိုင် သိ၏။ အချင်းတို့ အကြင်သူသည် ကောင်းမြတ်၍ သက်သေသဖွယ်ဖြစ်သော မိမိကိုယ်ကို မထီမဲ့မြင် အောက်မေ့၏၊ ထိုသူသည် မိမိ၌ ထင်ရှားရှိသော ထို မကောင်းမှုကို စင်စစ် လျှို့ဝှက်၏။ လောက၌ မညီညွတ်သော တရားကို ကျင့်သုံးသော လူမိုက်ကို နတ်တို့သည်လည်းကောင်း၊ ဘုရား (စသော သူတော်ကောင်း)တို့သည်လည်းကောင်း တွေ့မြင် ကုန်၏။ ထို့ကြောင့်သာလျှင် မိမိကိုယ်ကို့အကြီးအမှူးပြုတတ်သော ရဟန်းသည်လည်းကောင်း၊ ပညာရှိ၍ ကိလေသာကို လောင်ကျွမ်းစေတတ်သူ လောကကို အကြီးအမှူးပြုတတ်သူ ရဟန်းသည်လည်းကောင်း၊ လောကုတ္တရာတရားအားလျော် သော အကျင့်ရှိသူ မှန်သော လုံ့လရှိသူ လောကုတ္တရာတရားကို အကြီးအမှူး ပြုတတ်သူ ရဟန်းသည်လည်းကောင်း မဆုတ်ယုတ်။ ကိလေသာကို လောင်ကျွမ်းစေတတ်သော လုံ့လရှိသော အကြင် ရဟန်းသည် ကိလေသာမာရ်ကို နှိပ်စက်၍၊ အယုတ်ကို ပြုတတ်သော ကိလေသာမာရ်ကို လွှမ်းမိုး၍၊ ပဋိသန္ဓေနေခြင်း၏ ကုန်ရာဖြစ်သော အရဟတ္တဖိုလ်သို့ ရောက်၏။ လောကကို သိတတ်၍ ကောင်းသော ပညာရှိသော၊ ခပ်သိမ်းကုန်သော တရားတို့၌ တပ်ခြင်းတဏှာမရှိသော၊ ဉာဏ်ပညာနှင့်ပြည့်စုံသော၊ ထိုသို့ သဘောရှိသော ရဟန္တာသည် တစ်ခါတစ်ရံမျှ မဆုတ်ယုတ်။

ဒသမသုတ်။

လေးခုမြောက် ဒေဝဒူတဝဂ် ပြီး၏။

------

၅-စူဠဝဂ် ၁-သမ္မုခီဘာဝသုတ်

၄၁။ ရဟန်းတို့ တရားသုံးမျိုးတို့၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ သဒ္ဓါတရား၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ အလှူဝတ္ထု၏ မျက်မှောက် ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှု ကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ အလှူခံပုဂ္ဂိုလ်တို့၏ မျက်မှောက်ထင်ရှား ရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရား နှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏။ ရဟန်းတို့ ဤတရား သုံးမျိုးတို့၏ မျက်မှောက်ထင်ရှားရှိသည့်အဖြစ်ကြောင့် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးကောင်းသားသည် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-တိဌာနသုတ်

၄၂။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ဖြင့် ကြည်ညိုသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- သီလနှင့်ပြည့်စုံသော သူတို့ကို ဖူးမြင်လိုသူ ဖြစ်၏၊ သူတော်ကောင်းတရားကို နာကြားလိုသူဖြစ်၏၊ လွတ်လွတ်စွန့်ကြဲခြင်း ရှိသည်ဖြစ်၍ ဆေးကြောအပ်သော လက်ရှိသည် စွန့်လွှတ်ခြင်း၌ ပျော်မွေ့သည် တောင်းခံခြင်းငှါ သင့်သည် ပေးလှူမှု ဝေဖန်ခန့်ခွဲမှု၌ မွေ့လျော်သည်ဖြစ်၍ ဝန်တိုခြင်းဟူသော အညစ်အကြေးမှ ကင်းသော စိတ်ဖြင့် အိမ်၌နေသူ ဖြစ်၏။ ရဟန်းတို့ ဤအကြောင်း သုံးမျိုးတို့ဖြင့် ကြည်ညိုသောသူကို သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ သိအပ်၏။ (အကြင် ပုဂ္ဂိုလ်သည်) သီလနှင့် ပြည့်စုံသူတို့ကို ဖူးမြင်လို၏၊ သူတော်ကောင်းတရားကို နာကြားလို၏၊ ဝန်တိုခြင်းဟူသော အညစ်အကြေးကို ပယ်ဖျောက် တတ်၏၊ ထိုသူကို စင်စစ် သဒ္ဓါတရားနှင့် ပြည့်စုံသူဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-အတ္တဝသသုတ်

၄၃။ ရဟန်းတို့ အကြောင်း သုံးမျိုးတို့ကို ကောင်းစွာရှုမြင်သဖြင့် သူတစ်ပါးတို့အား တရားကို ဟောကြားခြင်းငှါ သင့်သည်သာတည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- တရားဟောသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားနာသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားဟောသောသူတရားနာသောသူ နှစ်ယောက်သော သူတို့သည် အနက်ကိုလည်း သိကုန်၏၊ ပါဠိကိုလည်း သိကုန်၏။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ကို ကောင်းစွာ ရှုမြင်သဖြင့် သူတစ်ပါးတို့အားတရားဟောခြင်းငှါ သင့်သည်သာတည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ကထာပဝတ္ထိသုတ်

၄၄။ ရဟန်းတို့ စကားဖြစ်ပေါ်ခြင်းသည် အကြောင်းသုံးမျိုးတို့ကြောင့် ဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- တရားဟောသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားနာသောသူသည် အနက်ကိုလည်း သိ၏၊ ပါဠိကိုလည်း သိ၏။ တရားဟောသောသူတရားနာသောသူ နှစ်ယောက် သော သူတို့သည် အနက်ကိုလည်း သိကုန်၏၊ ပါဠိကိုလည်း သိကုန်၏။ ရဟန်းတို့ စကားဖြစ်ပေါ်ခြင်း၏ အကြောင်းတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ပဏ္ဍိတသုတ်

၄၅။ ရဟန်းတို့ ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အလှူ 'ဒါန'ကို ပညာရှိ သူတော်ကောင်းတို့ ပညတ် အပ်၏၊ ရဟန်းတို့ ရှင်ရဟန်းပြုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။ ရဟန်းတို့ အမိ အဖတို့အား လုပ်ကျွေးပြုစုခြင်းကို ပညာရှိ သူတော်ကောင်းတို့ ပညတ်အပ်၏။ ရဟန်းတို့ ပညာရှိ သူတော် ကောင်းတို့ ပညတ်အပ်ကုန်သော တရားတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။

အလှူပေးခြင်းကိုလည်းကောင်း၊ (သူတစ်ပါးတို့အား) မညှဉ်းဆဲခြင်းကိုလည်းကောင်း၊ စောင့်ထိန်းခြင်းကိုလည်းကောင်း၊ ဣန္ဒြေတို့ကို ဆုံးမခြင်းကိုလည်းကောင်း၊ သူတော်ကောင်းဖြစ်ကုန် မြတ်သော အကျင့်ရှိကုန်သော သူတို့၏ အမိအဖတို့အား လုပ်ကျွေးပြုစုခြင်းကိုလည်းကောင်း သူတော်ကောင်းတို့ ပညတ်အပ်၏။ သူတော်ကောင်းတို့သည် (ပညတ်အပ်ကုန်သော) အကြင် အကြောင်းသုံးမျိုးတို့သည် ရှိကုန်၏၊ ထို အကြောင်းသုံးမျိုးတို့ကို ဉာဏ်အမြင်နှင့် ပြည့်စုံသော အရိယာ ပညာရှိသည် မှီဝဲရာ၏၊ ထိုသူသည် ချမ်းမြေ့သော နတ်ပြည်လောကသို့ ဝင်ရောက်၏။

ပဉ္စမသုတ်။

------

၆-သီလဝန္တသုတ်

၄၆။ ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် အကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ကိုယ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်း၊ နှုတ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်း၊ စိတ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် ဤအကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို့ဖြစ်ပွါးစေကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌမသုတ်။

------

၇-သင်္ခတလက္ခဏာသုတ်

၄၇။ ရဟန်းတို့ သင်္ခတတရား၏ သင်္ခတဟု မှတ်ကြောင်းလက္ခဏာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ဖြစ်ခြင်း 'ဥပါဒ်' လက္ခဏာသည် ထင်ရှား၏၊ ပျက်ခြင်း 'ဘင်' လက္ခဏာသည် ထင်ရှား၏၊ ဥပါဒ်အခိုက်အတန့်၏ ပြောင်းလဲခြင်း 'ဌီ'လက္ခဏာသည် ထင်ရှား၏။ ရဟန်းတို့ သင်္ခတတရား၏ သင်္ခတဟု မှတ်ကြောင်းလက္ခဏာတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၁။ သင်္ခတ၊ အကြောင်းတရားတို့ စုပေါင်းပြုအပ်သောသဘော။

၂။ လက္ခဏာ၊ ဤတရားသဘောကား သင်္ခတဖြစ်သည်ဟု သိကြောင်းအမှတ်အသား။

၈-အသင်္ခတလက္ခဏာသုတ်

၄၈။ ရဟန်းတို့ အသင်္ခတတရား၏ အသင်္ခတဟု မှတ်ကြောင်းလက္ခဏာတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ဖြစ်ခြင်း 'ဥပါဒ်' လက္ခဏာသည် မထင်ရှားပေ၊ ပျက်ခြင်း 'ဘင်' လက္ခဏာသည် မထင်ရှားပေ၊ ဥပါဒ်အခိုက်အတန့်၏ ပြောင်းလဲခြင်း 'ဌီ' လက္ခဏာသည် မထင်ရှားပေ။ ရဟန်းတို့ အသင်္ခတတရား၏ အသင်္ခတဟု မှတ်ကြောင်းလက္ခဏာတို့သည် ဤသုံးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဗ္ဗတရာဇသုတ်

၄၉။ ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- အကိုင်း အခက် အရွက်ဖြင့် ကြီးပွါးကုန်၏၊ အခေါက် အပွေးဖြင့် ကြီးပွါးကုန်၏၊ အကာ အနှစ်ဖြင့် ကြီးပွါးကုန်၏၊ ရဟန်းတို့ ဟိမဝန္တာတောင်မင်းကို အမှီပြု၍ သစ်ပင်ကြီးတို့သည် ဤကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါးကုန်၏။ ရဟန်းတို့ ဤအတူသာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသား အကြီးအကဲကို အမှီပြု၍ (သားမယားစသော) အိမ်သူအိမ်သား အပေါင်းသည် ကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါး၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ယုံကြည်ခြင်း 'သဒ္ဓါတရား' ဖြင့် ကြီးပွါး၏၊ အကျင့် 'သီလ' ဖြင့် ကြီးပွါး၏၊ အသိ 'ပညာ' ဖြင့် ကြီးပွါး၏။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံသော အမျိုးသားအကြီးအကဲကို အမှီပြု၍ (သားမယားစသော) အိမ်သူအိမ်သား အပေါင်းသည် ဤကြီးပွါးခြင်းသုံးမျိုးတို့ဖြင့် ကြီးပွါး၏ဟု (မိန့်တော်မူ၏)။

တောအုပ်ကြီးအတွင်း၌ ရှိသော ကျောက်တောင်ကြီးကို အမှီပြု၍ တောစိုး သစ်ပင်ကြီးတို့သည် ကြီးပွါးကုန်သကဲ့သို့၊ ထို့အတူသာလျှင် ဤလောက၌ သီလနှင့် ပြည့်စုံသော၊ သဒ္ဓါတရားရှိသော အမျိုးသား အကြီးအကဲကို အမှီပြု၍ သား မယားတို့သည်လည်းကောင်း၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင် သူတို့သည်လည်းကောင်း၊ ဆွေမျိုးအပေါင်းတို့သည်လည်းကောင်း၊ ထို သဒ္ဓါတရား နှင့် ပြည့်စုံသော အမျိုးကောင်းသားကို မှီ၍့အသက်မွေးကုန်သော သူတို့သည်လည်းကောင်း (သဒ္ဓါစသော သုံးပါးသော တရားတို့ဖြင့်) ကြီးပွါးကုန်၏။ မိမိအကျိုးကို မြော်မြင်တတ်ကုန်သော ထို ပညာရှိတို့သည် ထို သီလရှိသော သူ၏ သီလကိုလည်းကောင်း၊ စွန့်ကြဲခြင်းကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း မြင်ကုန်သည်ဖြစ်၍ အတုလိုက်ကာ ပြုကုန်၏။ ဤလောက၌ နှစ်သက်ခြင်းရှိကုန်သော ချမ်းသာကို လိုလားကုန်သော သူတို့သည် သုဂတိဘဝသို့ လားကြောင်းခရီးသဖွယ်ဖြစ်သော တရားကို ကျင့်ရ၍ နတ်ပြည်၌ မွေ့လျော်ရကုန်၏။

နဝမသုတ်။

------

၁၀-အာတပ္ပကရဏီယသုတ်

၅၀။ ရဟန်းတို့ အကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊ မဖြစ်ကုန်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏၊ ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာစပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ်သက်ဖွယ်ဖြစ်ကုန် အသက် ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံနို်င်ခြင်းငှါ အားထုတ်ခြင်းကို ပြုအပ်၏။ ရဟန်းတို့ ဤအကြောင်းသုံးမျိုးတို့ဖြင့် အားထုတ်ခြင်းကို ပြုအပ်၏။

ရဟန်းတို့ အကြင် အခါ၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရားတို့ကို မဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ မဖြစ်ကုန်သေးသောကုသိုလ်တရားတို့ကို ဖြစ်စေခြင်းငှါ အားထုတ်ခြင်းကို ပြု၏၊ ဖြစ်ပေါ်လာကုန်သော ပြင်းထန်ကုန် ကြမ်းတမ်းကုန် ကျင်နာ စပ်ရှားကုန် မသာယာဖွယ်ဖြစ်ကုန် မနှစ် သက်ဖွယ်ဖြစ်ကုန် အသက်ကို ဆောင်တတ်ကုန် ကိုယ်၌ ဖြစ်ကုန်သော ဆင်းရဲဝေဒနာတို့ကိုသည်းခံ နို်င်ခြင်းငှါ အားထုတ်ခြင်းကို ပြု၏။ ရဟန်းတို့ ထိုအခါ၌ ဤရဟန်းကို ဆင်းရဲအဆုံးကို ကောင်းစွာ ပြုခြင်းငှါ အားထုတ်ခြင်းရှိသော ရင့်ကျက်သော ပညာရှိသော သတိနှင့် ပြည့်စုံသော ရဟန်းဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

------

၁၁-မဟာစောရသုတ်

၅၁။ ရဟန်းတို့ အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးတို့သည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏၊ အဘယ်သုံးမျိုးနည်းဟူမူ- ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊ တောအုပ်ကိုသော်လည်း အမှီရ၏၊ အားကြီးသူကိုသော်လည်း အမှီရ၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရ သနည်း၊ ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် သွားလာကူးခက်သော မြစ်ကိုသော်လည်းကောင်း၊ မညီညွတ်သော တောင်ကိုသော်လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် မညီညွတ်သည်ကို အမှီရသည် မည်၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် တောအုပ်ကို အမှီရသနည်း၊ ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မြက်တောကိုသော်လည်းကောင်း၊ သစ်တောကိုသော်လည်းကောင်း၊ ထူထဲသော တောအုပ်ကိုသော်လည်းကောင်း၊ တောအုပ်ကြီးကိုသော်လည်းကောင်း အမှီရ၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် တောကို အမှီရ၏။ ရဟန်းတို့ အဘယ်သို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီရသနည်း၊ ရဟန်းတို့ ဤလောက၌့ခိုးသူကြီးသည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ် ကြီးတို့ကိုသော်လည်းကောင်း အမှီရ၏၊ ထို ခိုးသူကြီးအား ''ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံ တစ်ရာကို ပြောငြားအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကြားကုန်လတ္တံ့''ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော်လည်းကောင်း၊ ထို မင်း၏ အမတ်ကြီးတို့ ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထို ခိုးသူကြီး၏ အကျိုးကို ပြောကုန်၏။ ရဟန်းတို့ ဤသို့လျှင် ခိုးသူကြီးသည် အားကြီးသူကို အမှီ ရ၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ခိုးသူကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယက်၏၊ တစ်အိမ်တည်း ကိုသော်လည်း တိုက်ခိုက်လုယက်၏၊ ခရီးလမ်း၌ စောင့်၍သော်လည်း တိုက်ခိုက်လုယက်၏။

ရဟန်းတို့ ဤအတူသာလျှင် အင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြို ဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲ အပ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သည်ကိုသော်လည်း အမှီရ၏၊ တောအုပ်ကို သော်လည်း အမှီရ၏၊ အားကြီးသူကိုသော်လည်း အမှီရ၏။ ရဟန်းတို့ ရဟန်းယုတ်သည် အဘယ်သို့ လျှင် မညီညွတ်သည်ကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မညီညွတ်သော ကာယကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော ဝစီကံနှင့် ပြည့်စုံ၏၊ မညီညွတ်သော မနောကံနှင့် ပြည့်စုံ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် မညီညွတ်သည်ကို အမှီရသည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မှားသော အယူရှိ၏၊ သဿတစသည်ဖြင့် စွဲယူသော 'အန္တဂ္ဂါဟိက' ဒိဋ္ဌိနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် တောအုပ်ကို အမှီရသည် မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းယုတ်သည် မင်းတို့ကိုသော်လည်းကောင်း၊ မင်း၏ အမတ်ကြီးတို့ကိုသော်လည်းကောင်း အမှီရ၏၊ ထိုရဟန်းယုတ်အား ''ငါ့ကို တစ်စုံတစ်ယောက်သောသူသည် တစ်စုံတစ်ရာကို အကယ်၍ ပြောအံ့၊ ဤမင်းတို့ကသော်လည်းကောင်း၊ ဤမင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ငါ့အကျိုးကို ပြောကုန်လတ္တံ့''ဟု အကြံဖြစ်၏၊ တစ်စုံတစ်ယောက်သော သူသည် တစ်စုံ တစ်ရာကို အကယ်၍ ပြောအံ့၊ ထို မင်းတို့ကသော်လည်းကောင်း၊ ထို မင်း၏ အမတ်ကြီးတို့ကသော်လည်းကောင်း အပြစ်ကို ကာကွယ်၍ ထိုရဟန်းယုတ်၏ အကျိုးကို ပြောကြကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းယုတ်သည် အားကြီးသူကို အမှီရသည် မည်၏။ ရဟန်းတို့ ဤအင်္ဂါသုံးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးခြင်းဖြင့် တူးဖြိုဖျက် ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်လည်း ရှိ၏၊ ပညာရှိတို့လည်း စွပ်စွဲအပ်၏၊ များစွာသော မကောင်းမှုတို့ကိုလည်း ဖြစ်ပွါးစေ၏ဟု (မိန့်တော်မူ၏)။

ဧကဒသမသုတ်။

ငါးခုမြောက် စူဠဝဂ် ပြီး၏။

ပဌမ သုတ်ငါးဆယ် ပြီး၏။

------

၂-ဒုတိယပဏ္ဏာသက

၂-ဒုတိယ သုတ်ငါးဆယ်

(၆) ဗြာဟ္မဏဝဂ် ၁-ပဌမ ဒွေ ဗြာဟ္မဏသုတ်

၅၂။ ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့် လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကြကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ပင်ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကြပါကုန်ပြီ၊ ထို အကျွန်ုပ်တို့ကား ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရပါကုန်သေး၊ အသျှင် ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမတော်မူပါ''ဟု လျှောက်ထားကြကုန်၏။

ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိကုန်၍ အိုမင်းကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် ဤသတ္တလောကကို အဆင့်ဆင့် ပို့ဆောင်အပ်၏။ ပုဏ္ဏားတို့ အိုခြင်း နာခြင်း သေခြင်းသည် သတ္တလောကကို ဤသို့ အဆင့်ဆင့် ပို့ဆောင်အပ်သည်ရှိသော် ဤမျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသိုု့ ပြောင်းသွား သူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

(အို နာ သေရေး ဒုက္ခဘေးတို့သည်) ဇီဝိတိန္ဒြေကို အဆင့်ဆင့် ပို့ဆောင်အပ်၏၊ (သတ္တဝါတို့၏) အသက်သည် တိုတောင်းလှ၏၊ အိုခြင်းတရားသည် အဆင့်ဆင့် ပို့ဆောင်အပ်သော သတ္တဝါအား ကိုးကွယ်ရာတို့မည်သည် မရှိနိုင်ကုန်၊ သေခြင်းတရား၌ ဤမည်သော ဘေးကို (ပညာမျက်စိဖြင့်) မြင်အောင်ရှုလျက် ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုတို့ကို ပြုရာသတည်း။

ဤမျက်မှောက်ဘဝ၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဉ်ရှင်နေစဉ် ကောင်းမှုကို ပြုခြင်းသည်လည်းကောင်း တမလွန်လောက သို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။

ပဌမသုတ်။

------

၂-ဒုတိယ ဒွေဗြာဟ္မဏသုတ်

၅၃။ ထိုအခါ ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ်ရှိ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားနှစ်ယောက်တို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကြကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်ကြပြီးလျှင် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ အကျွန်ုပ်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကြ၍ အိုမင်း ကြီးမြင့် အရွယ်ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့လည်း ရောက်ကြပါကုန်ပြီ။ ထို အကျွန်ုပ်တို့အား ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရပါ ကုန်သေး။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့် အစီးအပွါးရှိခြင်း ချမ်းသာခြင်းငှါ ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် သွန်သင်ဆုံးမတော်မူပါ''ဟု လျှောက်ထားကြကုန်၏။

ပုဏ္ဏားတို့ သင်တို့သည် ဖွားမြင်သည်မှ အသက်တစ်ရာ့နှစ်ဆယ် ရှိကုန်၍ အိုမင်း ကြီးမြင့် အရွယ် ရင့်ကာ ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ စင်စစ် ရောက်ကြကုန်၏။ သင်တို့သည် ဒုဂ္ဂတိဘေးမှ စောင့်ရှောက်တားမြစ်ကြောင်း ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရကုန်သေး၊ ပုဏ္ဏားတို့ ဤသတ္တ့လောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် လောင်မြိုက်နေ၏။ ပုဏ္ဏားတို့ သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် ဤသို့ လောင်မြိုက်အပ်သည်ရှိသော် ဤမျက်မှောက်ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်ဖြင့် စောင့်စည်းခြင်း၊ စိတ်ဖြင့် စောင့်စည်းခြင်းသည် တမလွန်ဘဝသိုု့ ပြောင်းသွားသူ၏ ခိုကိုးရာ ပုန်းအောင်းရာ မှီခိုရာ ကိုးကွယ်ရာ လဲလျောင်းရာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင် အိုးခွက် စသော ပစ္စည်းကို ထုတ်ယူထား အပ်၏၊ ထို ထုတ်ယူထားအပ်သော အိုးခွက်စသော ပစ္စည်းသည်လည်းကောင်း၊ ထို အိမ်၌ အကြင် အကြင် ပစ္စည်းကို မီးမလောင်၊ ထို မီးမလောင်သော ပစ္စည်းသည်လည်းကောင်း အိမ်ရှင်၏ အကျိုးငှါ ဖြစ်၏။ ဤအတူပင် သတ္တလောကကို အိုခြင်းမီး နာခြင်းမီး သေခြင်းမီးသည် စွဲလောင် အပ်၏၊ ချမ်းသာကို ဆောင်စွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် ထုတ်ယူထားအပ်သည်သာတည်း၊ ပေးလှူအပ်ပြီးသော အလှူ'ဒါန'သည် ကောင်းစွာ ထုတ်ယူထားအပ် ပြီး မည်၏။ ဤမျက်မှောက်ဘဝ၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဉ်ရှင်နေစဉ် ကောင်းမှုကို ပြုခြင်းသည်လည်းကောင်း တမလွန်ဘဝသို့ ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်သတည်း။

ဒုတိယသုတ်။

------

၃-အညရတဗြာဟ္မဏသုတ်

၅၄။ ထိုအခါ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏။ပ။ တစ်ခုသော နေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရား အား- ''အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက်သော တရား ကိုယ်တိုင်သိမြင်ထိုက်သော တရားဟု ဆိုအပ် ပါ၏။ အသျှင်ဂေါတမ အဘယ်မျှဖြင့်တရားသည် ကိုယ်တိုင်သိမြင်ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေး ပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက် ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်းဟု (လျှောက်ထား၏)။

ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ (ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏။ ရာဂကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မကျင့်၊ ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ရာဂကို ပယ်ခွါလိုက်သော် မိမိ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်း မှန်စွာ သိ၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊)၊ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။ပ။ ( ) ဤကွင်းအတွင်းရှိ စကားရပ်များသည် သီဟိုဋ် ယိုးဒယား ကမ္ဗောဒီးယား အင်္ဂလိပ်မူတို့၌ မပါ။

ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည် ဒေါသနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ဒေါသဖြင့် သိမ်းကျုံးဆွဲ ဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။ ဒေါသကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင် ထိုက်၏။ပ။

ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မှောက်ထားသော ဝတ္ထုကို လှန်ပြဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသော ဝတ္ထုကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ''မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြ လိမ့်မည်''ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း ဤအတူသာလျှင် အသျှင်ဂေါတမသည် အကြောင်းအမျိုးမျိုးတို့ဖြင့်တရားတော်ကို ပြတော်မူ၏၊ ထို အကျွန်ုပ်သည် အသျှင် ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ရဟန်းသံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်၏။

တတိယသုတ်။

------

၄-ပရိဗ္ဗာဇကသုတ်

၅၅။ ထိုအခါ တစ်ဦးသော ပုဏ္ဏားမျိုး ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ် ပြီးလျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက် သော တရား၊ ကိုယ်တိုင်သိမြင်ထိုက်သော တရားဟု ဆိုအပ်ပါ၏။ အသျှင်ဂေါတမ အဘယ်မျှဖြင့်တရားတော်သည် ကိုယ်တိုင်သိမြင်ထိုက်ပါသနည်း၊ အခါမလင့် အကျိုးပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်ပါသနည်း။ (အရိယာ) ပညာရှိတို့ သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း''ဟု (လျှောက်ထား၏)။

ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက် ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါးဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်း ကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါးဆင်းရဲရန့်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏။ ရာဂကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည်။ပ။ မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ။ ရာဂကို ပယ်ခွါလိုက်သော် မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုး ကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ပုဏ္ဏား ဤသို့လျှင်တရားသည် ကိုယ်တိုင် သိမြင်ထိုက်၏။ပ။

ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည်။ပ။ ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟ နှိပ်စက်ဖိစီးအပ်သည် ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိသူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား မောဟဖြင့် တွေဝေသောသူသည် မောဟနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား ကိုယ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို ပြုကျင့်၏၊ မောဟကို ပယ်ခွါလိုက်သော် ကိုယ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ နှုတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ စိတ်ဖြင့် မကောင်းသော အကျင့်ကို မပြုကျင့်၊ ပုဏ္ဏား မောဟဖြင့် တွေဝေသော သူသည် မောဟနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ မောဟဖြင့် သိမ်းကျုံးဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ သူတစ်ပါးအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ မိမိသူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်း မှန်စွာ မသိ။ မောဟကို ပယ်ခွါလိုက်သော် မိမိအကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ သူတစ်ပါး အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ၏ အကျိုးကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ပုဏ္ဏား ဤသို့လျှင်တရားတော်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ အခါမလင့် အကျိုး ပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏၊ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏၊ (အရိယာ) ပညာရှိ တို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

စတုတ္ထသုတ်။

------

၅-နိဗ္ဗုတသုတ်

၅၆။ ထိုအခါ ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ ကိုယ်တိုင်သိမြင်ထိုက်သော နိဗ္ဗာန်, ကိုယ်တိုင် သိမြင်ထိုက်သော နိဗ္ဗာန်ဟု ဆို၏၊ အသျှင်ဂေါတမ အဘယ်မျှဖြင့် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်ပါ သနည်း၊ အခါမလင့် အကျိုးကို ပေးပါသနည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်ပါသနည်း၊ မိမိ့ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထား ထိုက်ပါသနည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်ပါသနည်း''ဟု (လျှောက်၏)။

ပုဏ္ဏား ရာဂဖြင့် တပ်စွန်းသောသူသည် ရာဂနှိပ်စက်ဖိစီးအပ်သည်ဖြစ်၍ ရာဂဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံး မသာခြင်းကိုလည်း ခံစားရ၏။ ရာဂကို ပယ်ခွါလိုက်သော် မိမိ ဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲ၍ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏။

ပုဏ္ဏား ဒေါသဖြင့် ဖျက်ဆီးအပ်သူသည်။ပ။ ပုဏ္ဏား မောဟဖြင့် တွေဝေသူသည် မောဟ နှိပ်စက် ဖိစီးအပ်သည် ဖြစ်၍ မောဟဖြင့် သိမ်းကျုံး ဆွဲဆောင်အပ်သည့် စိတ်ရှိရကား မိမိဆင်းရဲရန်လည်း ကြံစည်၏၊ သူတစ်ပါး ဆင်းရဲရန်လည်း ကြံစည်၏၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း ကြံစည်၏၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း ခံစားရ၏။ မောဟကို ပယ်ခွါလိုက်သော် မိမိ ဆင်းရဲရန်လည်း မကြံစည်၊ သူတစ်ပါး ဆင်းရဲရန်လည်း မကြံစည်၊ မိမိ သူတစ်ပါး နှစ်ပါးစုံ ဆင်းရဲရန်လည်း မကြံစည်၊ စိတ်ကို စွဲမှီ၍ ဖြစ်သော ဆင်းရဲခြင်း နှလုံးမသာခြင်းကိုလည်း မခံစားရပေ။ ပုဏ္ဏား ဤသို့လည်း နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင်ထိုက်၏၊ ပုဏ္ဏား ဤသူသည် အကြွင်းမဲ့ ရာဂကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏။ အကြွင်းမဲ့ ဒေါသကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏၊ အကြွင်းမဲ့ မောဟကုန်ရာ နိဗ္ဗာန်ကို ခံစားရ၏၊ ပုဏ္ဏား ဤသို့လျှင် နိဗ္ဗာန်သည် ကိုယ်တိုင် သိမြင် ထိုက်၏၊ အခါမလင့် အကျိုးပေး၏၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်၏။ မိမိကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်၏။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်၏ဟု (ဟောတော်မူ၏)။ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ်ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ပဉ္စမသုတ်။

------

၆-ပလောကသုတ်

၅၇။ ထိုအခါ ဥစ္စာကြွယ်ဝသော ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီး လျှင်။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ (အသက်) ကြီးကုန် အရွယ်ရင့်ကုန်သော ဆရာဖြစ်ကုန်သော ဆရာ့ဆရာဖြစ်ကုန်သော ရှေးပုဏ္ဏားတို့ ပြောဆိုကြသော ဤစကားကို ကြားဖူးပါသည် 'ရှေးအခါက ဤလူ့ဘုံလောကသည် အဝီစိငရဲကြီးကဲ့သို့ပင် လူတို့ဖြင့် ပြည့်နှက်၍ နေ၏၊ ရွာ နိဂုံး မင်းနေပြည်တို့သည် ကြက်ပျံတကျ ရှိကုန်၏'ဟု (ကြားဖူးပါသည်)။ ယခု အခါ၌ လူအများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံးမဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့ မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ် မဟုတ် ကုန်။ အသျှင်ဂေါတမ ယင်းသို့ ဖြစ်ရခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း''ဟု လျှောက်၏။

ပုဏ္ဏား ယခုအခါ၌ လူတို့သည် မတရားသော 'အဓမ္မ' လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှ သော 'ဝိသမ' လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့် 'မိစ္ဆာဓမ္မ' နှင့် ပြည့်စုံကုန်၏၊ ထိုသူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်သည် ဖြစ်၍ မညီမျှသော လောဘဖြင့် နှိပ်စက့်အပ်ကုန်သည် ဖြစ်၍ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ထက်သော လက်နက်တို့ကို စွဲကိုင်ကြလျက် အချင်းချင်း သတ်ဖြတ်ကြကုန်၏၊ ထို့ကြောင့် လူပေါင်း မြောက်မြားစွာ သေကုန်၏၊ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံး မဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ် မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ယခုအခါ၌ လူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်၏၊ မတရားသော လောဘဖြင့် တပ်မက်ကုန်သော မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်သော မှောက်မှားသော အကျင့် နှင့် ပြည့်စုံကုန်သော ထို လူတို့အား မိုးသည် ရေအလျဉ်ကို ကောင်းစွာ ရွာချမပေး၊ ထို့ကြောင့် ငတ်မွတ် ခေါင်းပါး၏၊ ကောက်ပင်တို့ မသန်စွမ်းကုန်၊ ကောက်ပင်တို့ ပိုးဖျက်ခံရ၏၊ အရိုးတံသာ ကျန်ရှိ၏၊ ထို့ကြောင့် လူပေါင်းမြောက်မြားစွာ သေကုန်၏။ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူများနည်းပါး ကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံး မဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ်မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်း။

ပုဏ္ဏား နောက်တစ်မျိုးကား ယခုအခါ၌ လူတို့သည် မတရားသော လောဘဖြင့် တပ်မက်ကုန်၏၊ မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်၏၊ မှောက်မှားသော အကျင့်နှင့် ပြည့်စုံကုန်၏၊ မတရားသော လောဘဖြင့် တပ်မက်ကုန်သော မညီမျှသော လောဘဖြင့် နှိပ်စက်အပ်ကုန်သော မှောက်မှားသော အကျင့် နှင့် ပြည့်စုံကုန်သော ထို လူတို့ထံသို့ အကြီးအကဲဖြစ်သော ဘီလူးတို့သည် ကြမ်းတမ်းသော ဘီလူးတို့ကို စေလွှတ်ကုန်၏၊ ထို့ကြောင့် လူအပေါင်းမြောက်မြားစွာ သေကုန်၏။ ယင်းအကြောင်းကြောင့် ယခုအခါ၌ လူအများနည်းပါးကုန်ခန်း၏၊ ကျိုးတိုးကျဲတဲ ထင်၏၊ ရွာတို့သည်လည်း ရွာမဟုတ်ကုန်၊ နိဂုံးတို့သည်လည်း နိဂုံးမဟုတ်ကုန်၊ မြို့တို့သည်လည်း မြို့မဟုတ်ကုန်၊ ဇနပုဒ်တို့သည်လည်း ဇနပုဒ်မဟုတ်ကုန်။ ပုဏ္ဏား ဤသည်လည်း အကြောင်း (တစ်ရပ်) အထောက်အထား (တစ်ခု) ပေတည်းဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှ စ၍ အသက်ထက်ဆုံး (ရတနာသုံးပါး) ကို ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု (လျှောက်၏)။

ဆဋ္ဌသုတ်။

------

၇-ဝစ္ဆဂေါတ္တသုတ်

၅၈။ ထိုအခါ ဝစ္ဆအနွယ်ဖြစ်သော ပရိဗိုဇ်သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား- ''အသျှင်ဂေါတမ ရဟန်းဂေါတမသည် 'ငါ့အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသူတို့အား အလှူကို မပေးလှူအပ်။ ငါ့တပည့် တို့အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသူတို့၏ တပည့်တို့အား အလှူကို မပေးလှူအပ်။ ငါ့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့အား ပေးလှူသော အလှူသည် အကျိုး မကြီး။ ငါ့တပည့်တို့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့၏ တပည့်တို့အား ပေးလှူသော အလှူသည် အကျိုးမကြီး'ဟု ပြောဟောသည်ဟူသော ဤစကားကို အကျွန်ုပ် ကြားဖူး ပါသည်။ အသျှင်ဂေါတမ အသို့နည်း ရဟန်းဂေါတမသည် 'ငါ့အားသာလျှင် အလှူကို့ပေးလှူအပ်၏၊ တစ်ပါးသူတို့အား အလှူကို မပေးလှူအပ်။ ငါ့တပည့်တို့ အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါး သူတို့၏ တပည့်တို့အား အလှူကို မပေးလှူအပ်။ ငါ့အား ပေးလှူသော အလှူသာလျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့အား ပေးလှူသော အလှူသည် အကျိုးမကြီး။ ငါ့တပည့်တို့အား ပေးလှူသော အလှူသာ လျှင် အကျိုးကြီး၏၊ တစ်ပါးသူတို့၏ တပည့်တို့အား ပေးလှူသော အလှူသည် အကျိုးမကြီး'ဟု ပြော ဟောသည်ဟူ၍ ပြောဆိုကြသော သူတို့သည် အသျှင်ဂေါတမဆိုသည့် အတိုင်းပင် ဆိုကြသည်ဟုတ်ပါ၏ လော၊ အသျှင်ဂေါတမကို မဟုတ်မမှန် စွပ်စွဲရာ မရောက်ဘဲရှိပါကုန်၏လော၊ အသျှင်ဂေါတမ ဟောသော တရားကိုပင် တစ်ဆင့် ဟောကြားကြသည်ဟုတ်ပါ၏လော၊ အသျှင်ဂေါတမ၏ မူရင်းစကားနှင့် (ထိုသူတို့၏) တစ်ဆင့်ပြောသော စကားသည် ကဲ့ရဲ့ဖွယ်အကြောင်း လုံးဝကင်းပါ၏လော၊ အကျွန်ုပ်တို့သည်ကား အသျှင်ဂေါတမကို စွပ်စွဲရန် အလိုမရှိကြပါ''ဟု လျှောက်၏။

ဝစ္ဆ ''ရဟန်းဂေါတမသည် 'ငါ့အားသာလျှင် အလှူကို ပေးလှူအပ်၏။ပ။ တစ်ပါးသူတို့၏ တပည့် တို့အား ပေးလှူသော အလှူသည် အကျိုးမကြီးဟု' ဟောပြောသည်ဟူ၍ ပြောဆိုကြသော သူတို့သည် ငါဆိုသည့်အတိုင်း ဆိုကြသည် မဟုတ်ကုန်၊ ငါ့ကို ထင်ရှားမရှိသော မဟုတ်မမ&