အင်္ဂုတ္တရနိကာယ်

အင်္ဂုတိ္တုရ်ပါဠိတော်

မြန်မာပြန်

စတုက္ကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပဌမပဏ္ဏာသက

၁-ပဌမ သုတ်ငါးဆယ်

၁-ဘဏ္ဍဂါမဝဂ် ၁-အနုဗုဒ္ဓသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဘဏ္ဍရွာတွင် (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ တရားလေးမျိုးတို့ကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး (တစ်ဘဝမှ တစ်ဘဝသို့) ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ အဘယ်တရားလေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ မြတ်သော သီလကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ် လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ ရဟန်းတို့ မြတ်သော သမာဓိကို လျော်စွာမသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ ရဟန်းတို့ မြတ်သော ပညာကို လျော်စွာ မသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရလေပြီ။ ရဟန်းတို့ မြတ်သော လွတ်မြောက်မှု 'အရဟတ္တဖိုလ်'ကို လျော်စွာမသိခြင်း, ထိုးထွင်း၍ မသိခြင်းကြောင့် ငါသည်လည်းကောင်း၊ သင်တို့သည်လည်းကောင်း ဤသို့ ရှည်ကြာစွာသော ကာလပတ်လုံး ပြေးသွားခဲ့ရလေပြီ၊ ကျင်လည်ခဲ့ရ လေပြီ။ ရဟန်းတို့ ထို မြတ်သော သီလကို၊ မြတ်သော သမာဓိကို၊ မြတ်သော ပညာကို၊ မြတ်သော လွတ်မြောက်မှု 'အရဟတ္တဖိုလ်'ကို ငါလျော်စွာ သိပြီ၊ ထိုးထွင်း၍ သိပြီ၊ ဘဝ၌ တပ်မက်ခြင်း 'တဏှာ' ကို ဖြတ်ပြီးပြီ၊ ဘဝတစ်ပါးသို့ ဆောင်ကြောင်း 'တဏှာ' ကုန်လေပြီ၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ပေါ်ခြင်း မရှိပြီဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို ဟောကြားတော်မူ၏။ ဤစကားကို ဟောကြားတော်မူပြီးနောက် ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဤဒေသနာကို ဟောကြားတော်မူပြန်၏- ''အတုမဲ့ဖြစ်သော သီလ သမာဓိ ပညာလည်းကောင်း၊ ကိလေသာမှ လွတ်မြောက်မှု 'အရဟတ္တဖိုလ်'လည်းကောင်း ဤတရားတို့ကို အခြံအရံနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရားသည် ထိုးထွင်း၍ သိတော်မူပြီ။ ဤသို့လျှင် ဝဋ်ဆင်းရဲ၏အဆုံးကို ပြုတတ်သော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ စက္ခုငါးမျိုးရှိတော်မူသော၊ (ကိလေသာ) ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ထူးသောဉာဏ်ဖြင့် သိတော်မူ၍ ရဟန်းတို့အားတရားကို ဟောကြား တော်မူလေပြီ''။

ပဌမသုတ်။

------

၂-ပပတိတသုတ်

၂။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ''ဟု ဆိုထိုက်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ မြတ်သော သီလနှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ''ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော သမာဓိနှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ''ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော ပညာနှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ''ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော ထွက်မြောက်မှု 'အရဟတ္တဖိုလ်' နှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ''ဟု ဆိုထိုက်၏။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် မပြည့်စုံသော သူကို ''ဤသာသနာတော်မှ လျောကျသူ''ဟု ဆိုထိုက်၏။

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူကို ''ဤသာသနာတော်မှ မလျောကျသူ''ဟု ဆိုထိုက်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ မြတ်သော သီလနှင့် ပြည့်စုံသော သူကို ''ဤသာသနာတော်မှ မလျောကျသူ''ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော သမာဓိနှင့် ပြည့်စုံသော သူကို ''ဤသာသနာ တော်မှ မလျောကျသူ''ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သော ပညာနှင့် ပြည့်စုံသော သူကို ''ဤသာသနာတော်မှ မလျောကျသူ''ဟု ဆိုထိုက်၏၊ ရဟန်းတို့ မြတ်သောလွတ်မြောက်မှု 'အရဟတ္တဖိုလ်' နှင့် ပြည့်စုံသောသူကို ''ဤသာသနာတော်မှ မလျောကျသူ''ဟု ဆိုထိုက်၏။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော သူကို ''ဤသာသနာတော်မှ မလျောကျသူ''ဟု ဆိုထိုက်၏ဟု (မိန့်တော်မူ၏)။

(သာသနာတော်မှ) ရွေ့လျောသော သူတို့သည် လျောကျသည် မည်ကုန်၏၊ လျောကျသော သူတို့သည် (တဏှာဖြင့်) တပ်မက်ကုန်သည်ဖြစ်၍ တစ်ဖန်ဖြစ်ခြင်း သို့ ရောက်ရကုန်၏၊ (အရိယဓမ္မလေးပါးနှင့် ပြည့်စုံသူသည်) မဂ်ကိစ္စ တစ်ဆယ့် ခြောက်ရပ်ကို ပြုပြီးပြီ၊ မွေ့လျော်ဖွယ် (ကျေးဇူးတရား) ၌ မွေ့လျော်ပြီ၊ ချမ်းသာ တစ်ခုဖြင့် ချမ်းသာတစ်ခုသို့ အစဉ်ရောက်ရသတည်း။

ဒုတိယသုတ်။

------

၃-ပဌမ ခတသုတ်

၃။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ဂုဏ်ထိုက်သူ၏ ဂုဏ်မဲ့ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ မကြည်ညို သင့်သော အရာ၌ ကြည်ညိုမှုကို ဖြစ်စေ၏၊ (ဉာဏ်ဖြင့်) မစိစစ် မသက်ဝင်ဘဲ ကြည်ညိုသင့်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူ မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏။ အဘယ် လေးမျိုးတို့နည်းဟူမူ- (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ ဂုဏ်မထိုက်သူ၏ ဂုဏ်ကို မပြောဆို၊ (ဉာဏ်ဖြင့်) စိစစ်သက်ဝင်၍ ဂုဏ်ထိုက်သူ၏ ဂုဏ်ကို ပြောဆို၏၊ (ဉာဏ်ဖြင့်) စိစစ် သက်ဝင်၍ မကြည်ညိုသင့်သော အရာ၌ မကြည်ညိုမှုကို ဖြစ်စေ၏၊ (ဉာဏ်ဖြင့်) စိစစ်သက်ဝင်၍ ကြည်ညိုသင့်သော အရာ၌ ကြည်ညိုမှုကို့ဖြစ်စေ၏၊ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း မည်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏ဟု (မိန့်တော်မူ၏)။

အကြင်သူသည် ကဲ့ရဲ့ထိုက်သူကို ချီးမွမ်း၏၊ အကြင်သူသည်လည်း ချီးမွမ်းထိုက် သူကို ကဲ့ရဲ့၏၊ ထိုသူသည် နှုတ်ဖြင့် အပြစ်ကို ဆည်းပူးသည် မည်၏၊ ထို အပြစ်ကြောင့် ချမ်းသာကို မရနိုင်။ အကြင်သူသည် ကြွေအန်လောင်းတမ်း ကစားရာတို့၌ မိမိကိုယ်နှင့် တကွ ဥစ္စာပစ္စည်းအားလုံး ဆုံးရှုံး၏၊ ထိုသူ၏ ဤဆုံးရှုံးခြင်းသည် အနည်းငယ်မျှသော အပြစ်သာ ဖြစ်၏၊ အကြင်သူသည် ညီညွတ်သော (ဘုရားအစရှိသော အရိယာ သူတော်ကောင်း) ပုဂ္ဂိုလ်တို့၌ စိတ်ပြစ်မှား၏၊ ထိုသူ၏ ဤအပြစ်သည်ကား သာလွန်ကြီးလေးသော အပြစ်ဖြစ်၏။ အရိယာပုဂ္ဂိုလ်တို့ကို ကဲ့ရဲ့စွပ်စွဲတတ်သော သူသည် နှုတ်မကောင်းမှု စိတ် မကောင်းမှုကို ဆောက်တည်၍ အကြင် ငရဲသို့ ကပ်ရောက်ရ၏၊ ထို ငရဲ၌ တစ်သိန်းသော နိရဗ္ဗုဒ, သုံးဆယ့်ခြောက်ခုသော နိရဗ္ဗုဒ, ငါးခုသော အဗ္ဗုဒ အရေအတွက်တို့ပတ်လုံး ဖြစ်ရလေသတည်း။

တတိယသုတ်။

------

၄-ဒုတိယ ခတသုတ်

၄။ ရဟန်းတို့ ပုဂ္ဂိုလ်လေးမျိုးတို့၌ ပြစ်မှားသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အမိ၌ ပြစ်မှားသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီး အပ်သည့် မိမိကိုယ်ကို စောင့်ရှောက် နေသူလည်း မည်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ ကဲ့ရဲ့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။ ရဟန်းတို့ အဖ၌ ပြစ်မှားသော။ပ။ ရဟန်းတို့ မြတ်စွာဘုရား၌ ပြစ်မှားသော။ပ။ ရဟန်းတို့ မြတ်စွာဘုရား၏ တပည့်သာဝက၌ ပြစ်မှားသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း မည်၏။ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ ကဲ့ရဲ့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့၌ ပြစ်မှားသော မိုက်မဲသော မလိမ္မာသော သူယုတ်သည် တူးဖြို ဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း ဖြစ်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ ကဲ့ရဲ့ထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း တိုးပွါးစေ၏။

ရဟန်းတို့ ပုဂ္ဂိုလ်လေးမျိုးတို့၌ ကောင်းစွာ ကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း ဖြစ်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏။ အဘယ် လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အမိ၌ ကောင်းစွာ ကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း ဖြစ်၏၊ အပြစ် မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏။ ရဟန်းတို့ အဖ၌ ကောင်းစွာ ကျင့်သော။ပ။ ရဟန်းတို့ မြတ်စွာဘုရား၌ ကောင်းစွာ ကျင့်သော။ပ။ ရဟန်းတို့ မြတ်စွာဘုရား၏ တပည့်သာဝက၌ ကောင်းစွာ ကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက်နေသူလည်း့ဖြစ်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့ မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါးစေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ် လေးမျိုးတို့၌ ကောင်းစွာ ကျင့်သော ပညာရှိသော လိမ္မာသော သူတော်ကောင်းသည် မတူးဖြို မဖျက်ဆီးအပ်သည့် မိမိကိုယ်ကို စောင့်ရှောက် နေသူလည်း ဖြစ်၏၊ အပြစ်မရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ မကဲ့ရဲ့မစွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော ကောင်းမှုကိုလည်း တိုးပွါး စေ၏ဟု (မိန့်တော်မူ၏)။

အကြင်သူသည် အမိ၌လည်းကောင်း၊ အဖ၌လည်းကောင်း၊ အလုံးစုံသော တရားကို ကိုယ်တိုင်သိတော်မူသော မြတ်စွာဘုရား၌လည်းကောင်း၊ ထို့ပြင် မြတ်စွာဘုရား၏ တပည့်သာဝကများ၌လည်းကောင်း ပြစ်မှား၏။ ထိုသို့သဘောရှိသော ထိုသူသည် များစွာသော မကောင်းမှုကို တိုးပွါးစေ၏။ အမိအဖတို့၌ ထိုသို့ပြစ်မှားခြင်းကြောင့် ထိုသူ့ကို ဤပစ္စပ္ပုန်ဘဝ၌ပင် ပညာရှိတို့သည် ကဲ့ရဲ့ကုန်၏၊ ထို ပြစ်မှားသူသည် တမလွန်ဘဝ၌လည်း အပါယ်သို့ လားရောက်ရ၏။ အကြင်သူသည် အမိ၌လည်းကောင်း၊ အဖ၌လည်းကောင်း၊ အလုံးစုံသော တရားကို ကိုယ်တိုင် သိမြင်တော်မူသော မြတ်စွာဘုရား၌လည်းကောင်း၊ ထို့ပြင် ထို မြတ်စွာဘုရား၏ တပည့်သာဝက၌လည်းကောင်း ကောင်းသောအားဖြင့် ကျင့်၏၊ ထိုသို့သဘောရှိသော သူသည် များစွာသော ကောင်းမှုကို တိုးပွါးစေ၏။ အမိအဖတို့၌ ထိုသို့တရားသောအားဖြင့် ကျင့်ခြင်းကြောင့် ထိုသူကို ဤပစ္စပ္ပုန် ဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကုန်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျော်ရလေသတည်း။

စတုတ္ထသုတ်။

------

၅-အနုသောတသုတ်

၅။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်၊ (သံသရာ) ရေဆန်တက်တတ်သော ပုဂ္ဂိုလ်၊ ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်၊ ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီး၍ ကုန်းထက်၌ တည်သည့် မြတ်သော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့ကိုလည်း မှီဝဲ၏၊ မကောင်းမှုကံကိုလည်း ပြု၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ (သံသရာ) ရေဆန်တက်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကာမဂုဏ်တို့ကိုလည်း မမှီဝဲ၊ မကောင်းမှုကံကိုလည်း မပြု၊ ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်းရဲခြင်းနှင့်တကွ မျက်ရည်ရွှမ်းစို ငိုယိုသော မျက်နှာရှိလျက်လည်း ပြည့်စုံ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သံသရာ) ရေဆန်တက်တတ် သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အောက်ကာမဘုံ၌ ပဋိသန္ဓေနေခြင်းအဖို့ရှိသည့် ငါးပါးသော သံယောဇဉ် 'အနှောင်အဖွဲ့'တို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေ တည်နေရ၏၊ ထို ဘုံ၌ ပရိနိဗ္ဗာန် ပြု၏၊ ထို ဘုံမှ ပြန်လည်ခြင်းသဘော မရှိ။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ရဟန်းတို့ ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီး၍ ကုန်းထက်၌ တည်သည့် မြတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် ကိလေသာမှ့လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေ၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ကမ်းတစ်ဖက်ရောက် ကူးမြောက်ပြီး၍ ကုန်းထက်၌ တည်သည့် မြတ်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အချို့သော ပုဂ္ဂိုလ်တို့သည် ကာမဂုဏ်တို့၌ မစောင့်ရှောက်ကုန်သည်ဖြစ်၍ ရာဂ မကင်းကြကုန်ဘဲ ဤကာမဘုံ၌ ကာမဂုဏ်စည်းစိမ်ကို ခံစားကုန်၏၊ ထို ပုဂ္ဂိုလ်တို့သည် အဖန်ဖန် ပဋိသန္ဓေနေခြင်း အိုခြင်းသို့ ကပ်ကုန်လျက် တဏှာလွှမ်းမိုး ကုန်သည် ဖြစ်၍ (သံသရာ) ရေစုန်ဆင်းတတ်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏။ ထို့ကြောင့်သာလျှင် ထင်သော သတိရှိသော ပညာရှိသည် ဤကာမဘုံ၌ ကာမ ဂုဏ်တို့ကိုလည်းကောင်း၊ မကောင်းမှုတို့ကိုလည်းကောင်း မမှီဝဲဘဲ ဆင်းရဲ ငြိုငြင်ခြင်းနှင့် တကွလည်း ကာမဂုဏ်တို့ကို စွန့်လွှတ်ရာ၏၊ ထို ပုဂ္ဂိုလ်ကို (သံသရာ) ရေဆန်တက်တတ်သော ပုဂ္ဂိုလ်ဟု ပညာရှိတို့ ဆိုကုန်၏။ အကြင်သူသည် (ဩရ မ္ဘာဂိယသံယောဇဉ်နှောင်ကြိုး) ကိလေသာငါးမျိုးတို့ကို ဧကန် စင်စစ် ပယ်စွန့်၍ ပြည့်စုံသော အကျင့်ရှိ၏၊ မယုတ်လျော့သော သဘောရှိ၏၊ စိတ်၏ လေ့လာခြင်း အထွတ်အထိပ်သို့ ရောက်၏၊ တည်ကြည်သော ဣန္ဒြေရှိ၏၊ ထို ပုဂ္ဂိုလ်ကို ရပ်တည်သော သဘောရှိသော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။ အကြင် ပုဂ္ဂိုလ်သည် အမြတ် အယုတ် (ကုသိုလ် အကုသိုလ်)တရားတို့ကို (ဉာဏ်ဖြင့်) ကောင်းစွာ သက်ရောက်လျက် ဖျက်ဆီးပြီးဖြစ်၍ (ယင်းတရားတို့) ကွယ်ပျောက်ကုန်၏၊ မရှိကုန်၊ (မဂ်ဟူသော) မြတ်သော အကျင့်ကို ကျင့်သုံးပြီးသည် ဖြစ်၍ လောကသုံးပါး၏ အဆုံးသို့ ရောက်သော ထို ပုဂ္ဂိုလ်ကို စင်စစ် ကမ်းတစ်ဖက်သို့ ရောက်သော ပုဂ္ဂိုလ်ဟု ဆိုအပ်၏။

ပဉ္စမသုတ်။

------

၆-အပ္ပဿုတသုတ်

၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် (ဘုရားဟောသုတ်အမည်ရသော) သုတ်ကိုလည်းကောင်း၊ (ဂါထာ, စုဏ္ဏိယရော၍ ဟောအပ်သော) ဂေယျကိုလည်းကောင်း၊ (ဂါထာမဖက် စုဏ္ဏိယသက်သက်ဖြင့် ဟောအပ်သော) ဝေယျာကရဏကိုလည်းကောင်း၊ (ဂါထာသက်သက်ဖြင့် ဟောအပ် သော) ဂါထာကိုလည်းကောင်း၊ (ဝမ်းမြောက်ကြည်နူး၍ ရင့်ကျူးတော်မူအပ်သော ဂါထာရှစ်ဆယ့်နှစ်ပါး ပါဝင်သော) ဥဒါန်းကိုလည်းကောင်း၊ (ဤသည့်တရားကို ဘုရားမြတ်စွာသည် ဤသို့ ဟောကြားအပ်ပါ၏ဟု ညွှန်ပြသည့်) ဣတိဝုတ်ကိုလည်းကောင်း၊ (ငါးရာ့ငါးဆယ်သော) ဇာတ်ကိုလည်းကောင်း (အံ့ဖွယ် ချီးကျူးမဖြစ်ဖူးမြဲ ထူးကဲဖြစ်ပေါ် ဟောကြားတော်မူအပ်သော)အဗ္ဘုတဓမ္မကိုလည်းကောင်း၊ (ပညာဟူသော 'ဝေဒ', နှစ်သက်ခြင်း'တုဋ္ဌိ' ရရှိသောအခါတိုင်း မေးမြန်းဖြေကြား ဟောပြတော်မူအပ်သော) ဝေဒလ္လကိုလည်းကောင်း အနည်းငယ်သာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် အနည်းငယ်သာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍့ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ မဟုတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသူ မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ်ကိုလည်းကောင်း၊ ဂေယျကိုလည်းကောင်း၊ ဝေယျာကရဏကိုလည်းကောင်း၊ ဂါထာကိုလည်းကောင်း၊ ဥဒါန်းကိုလည်းကောင်း၊ ဣတိဝုတ် ကိုလည်းကောင်း၊ ဇာတ်ကိုလည်းကောင်း၊ အဗ္ဘုတဓမ္မကိုလည်းကောင်း၊ ဝေဒလ္လကိုလည်းကောင်း အနည်း ငယ်သာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် အနည်းငယ်သာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်နည်း၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူ မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံ သူဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ်ကိုလည်းကောင်း၊ ဂေယျကိုလည်းကောင်း၊ ဝေယျာကရဏကိုလည်းကောင်း၊ ဂါထာကိုလည်းကောင်း၊ ဥဒါန်းကိုလည်းကောင်း၊ ဣတိဝုတ်ကိုလည်းကောင်း၊ ဇာတ်ကိုလည်းကောင်း၊ အဗ္ဘုတဓမ္မကိုလည်းကောင်း၊ ဝေဒလ္လကိုလည်းကောင်း များစွာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် များစွာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ မဟုတ်။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် မပြည့်စုံသူ မည်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ်ကိုလည်းကောင်း၊ ဂေယျကိုလည်းကောင်း၊ ဝေယျာကရဏကိုလည်းကောင်း၊ ဂါထာကိုလည်းကောင်း၊ ဥဒါန်းကိုလည်းကောင်း၊ ဣတိဝုတ် ကိုလည်းကောင်း၊ ဇာတ်ကိုလည်းကောင်း၊ အဗ္ဘုတဓမ္မကိုလည်းကောင်း၊ ဝေဒလ္လကိုလည်းကောင်း များစွာ ကြားနာဖူး၏။ ထို ပုဂ္ဂိုလ်သည် များစွာ ကြားနာဖူးသော ထိုတရား၏ အနက်ကို သိ၍ ပါဠိကို သိ၍ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်သူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် အကြားအမြင်များ၍ ကြားနာအပ်သော တရားနှင့် ပြည့်စုံသူ မည်၏။ ရဟန်းတို့ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

(အကြင်သူသည်) အကယ်၍ အကြားအမြင်လည်းနည်း သီလတို့၌လည်းကောင်း စွာ မတည်ငြားအံ့၊ ထို ပုဂ္ဂိုလ်ကို သီလအားဖြင့်လည်းကောင်း၊ အကြား အမြင်အားဖြင့်လည်းကောင်း နှစ်ပါးသော အဖို့အားဖြင့် ကဲ့ရဲ့ကြကုန်၏။ (အကြင်သူသည်) အကယ်၍ အကြားအမြင်နည်းသော်လည်း သီလတို့၌ ကောင်းစွာ တည်ငြားအံ့၊ ထိုသူကို သီလအားဖြင့် ချီးမွမ်းကြကုန်၏၊ ထိုသူ၏ အကြားအမြင်သည်ကား မပြည့်စုံ။ (အကြင်သူသည်) အကြားအမြင်များလျက်လည်း သီလတို့၌ ကောင်းစွာ မတည်ငြားအံ့၊ ထိုသူကို သီလအားဖြင့် ကဲ့ရဲ့ကြကုန်၏၊ ထိုသူ၏ အကြားအမြင်သည်ကား ပြည့်စုံ၏။ (အကြင်သူသည်) အကယ်၍ အကြားအမြင်လည်းများ သီလတို့၌လည်းကောင်း စွာ တည်အံ့၊ ထိုသူကို သီလအားဖြင့်လည်းကောင်း၊ အကြားအမြင်အားဖြင့်လည်းကောင်း နှစ်ပါးသော အဖို့အားဖြင့် ချီးမွမ်းကြကုန်၏။ တစ်နိက္ခရှိသော ဇမ္ဗူရာဇ်ရွှေကဲ့သို့ အကြားအမြင်များသော၊ တရားကို ဆောင် သော၊ ကောင်းသော ပညာရှိသော ထို မြတ်စွာဘုရား၏ တပည့်သာဝကကို အဘယ် သူသည် ကဲ့ရဲ့ထိုက်ပါအံ့နည်း၊ ထိုသူကို နတ်တို့လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာလည်း ချီးမွမ်း၏။

ဆဋ္ဌသုတ်။

------

၇-သောဘနသုတ်

၇။ ရဟန်းတို့ ကျွမ်းကျင်ကုန်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်ကုန်သော ရဲရင့်ကုန်သော အကြားအမြင်များကုန်သော တရားကို ဆောင်ကုန်သော တရားအားလျော်သော အကျင့်ကို ကျင့်ကုန်သော ဤပုဂ္ဂိုလ်လေးမျိုးတို့သည် သံဃာကို တင့်တယ်စေကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းယောက်ျားသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရားအားလျော်သော အကျင့်ကို ကျင့်သော ရဟန်းမိန်းမသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရား အားလျော်သော အကျင့်ကို ကျင့်သော ဥပါသကာသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်သော ရဲရင့်သော အကြားအမြင်များသော တရားကို ဆောင်သော တရားအားလျော်သော အကျင့်ကို ကျင့်သော ဥပါသိကာမသည် သံဃာကို တင့်တယ်စေ၏။ ရဟန်းတို့ ကျွမ်းကျင်သော (ကိုယ် နှုတ် နှလုံးကို) ဆုံးမပြီးဖြစ်ကုန်သော ရဲရင့်ကုန်သော အကြားအမြင်များကုန်သော တရားကို ဆောင် ကုန်သော တရားအားလျော်သော အကျင့်ကို ကျင့်ကုန်သော ပုဂ္ဂိုလ်လေးမျိုးတို့သည် သံဃာကို တင့်တယ် စေကုန်၏ဟု (မိန့်တော်မူ၏)။

(အကြင်သူသည်) ကျွမ်းကျင်၏၊ ရဲရင့်၏၊ အကြားအမြင်များ၏၊ တရားတော်ကို ဆောင်၏၊ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်၏၊ ထိုသို့ သဘောရှိသော သူကို သံဃာကို တင့်တယ်စေတတ်သူဟု ဆိုအပ်၏။ သီလနှင့် ပြည့်စုံသော ရဟန်းသည်လည်းကောင်း၊ အကြားအမြင်များသော ရဟန်းမိန်းမသည်လည်းကောင်း၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသကာသည်လည်းကောင်း၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ဥပါသိကာမသည်လည်းကောင်း ထိုသူတို့သည် သံဃာကို တင့်တယ်စေကုန်၏၊ ထိုသူတို့သည် သံဃာ၏ တင့်တယ် ကြောင်း ပုဂ္ဂိုလ်တို့ မည်ကုန်၏။

သတ္တမသုတ်။

------

၈-ဝေသာရဇ္ဇသုတ်

၈။ ရဟန်းတို့ မြတ်စွာဘုရား၏ (ရဲရင့်ကြောင်း) ဝေသာရဇ္ဇဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏။ မြတ်သော တရားစကြာကို လည်စေတော်မူ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိ၏ဟု ဝန်ခံသော အသျှင်ဘုရားသည် ''ဤမည်သော တရားတို့ကို ထိုးထွင်း၍ မသိအပ်ကုန်သေး''ဟု ငါ့ကို သမဏကဖြစ်စေ ဗြဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်ကဖြစ်စေ ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်ကဖြစ်စေ ထို အရာ၌ အကြောင်းယုတ္တိနှင့် တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

အာသဝေါတရားတို့ ကုန်ပြီဟု ဝန်ခံသော အသျှင်ဘုရားအား ''ဤမည်သော အာသဝေါတရားတို့သည် မကုန်သေးကုန်''ဟု ငါ့ကို သမဏကဖြစ်စေ ဗြဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်က ဖြစ်စေ့ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်ကဖြစ်စေ ထို အရာ၌ အကြောင်းယုတ္တိဖြင့်တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

''(ဈာန် မဂ် ဖိုလ်၏) အန္တရာယ်ကို ပြုတတ်ကုန်၏ဟု အသျှင်ဘုရား ဟောကြားသော ထိုတရားတို့သည် မှီဝဲသော သူအား (ဈာန် မဂ် ဖိုလ်၏) အန္တရာယ်ကို မပြုစွမ်းနိုင်ကုန်''ဟု ငါ့ကို သမဏကဖြစ်စေ ဗြဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်ကဖြစ်စေ ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်က ဖြစ်စေ အကြောင်းယုတ္တိနှင့် တကွ စောဒနာမည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်းသို့ ရောက်လျက် နေ၏။

''ဝဋ်ဆင်းရဲကုန်ခြင်းငှါ အသျှင်ဘုရား ဟောကြားထားသော တရားသည် ဟောသည့်တိုင်း ကျင့်သူ အား ဝဋ်ဆင်းရဲကုန်ရန် ကောင်းစွာ မထုတ်ဆောင်နိုင်''ဟု ငါ့ကို သမဏကဖြစ်စေ ဗြာဟ္မဏကဖြစ်စေ နတ်ကဖြစ်စေ မာရ်နတ်ကဖြစ်စေ ဗြဟ္မာကဖြစ်စေ လောက၌ တစ်စုံတစ်ယောက်ကဖြစ်စေ အကြောင်း ယုတ္တိနှင့်တကွ စောဒနာနိုင်မည့် အရိပ်နိမိတ်ကို ငါမမြင်သောကြောင့် ငြိမ်းချမ်းခြင်း ဘေးမရှိခြင်း ရဲရင့်ခြင်း သို့ ရောက်လျက် နေ၏။ ရဟန်းတို့ မြတ်စွာဘုရား၏ (ရဲရင့်ကြောင်း) ဝေသာရဇ္ဇဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းဝေသာရဇ္ဇဉာဏ်တို့နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲဝံ့သော စကားကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေတော်မူ၏ဟု (မိန့်တော်မူ၏)။

များစွာသော သမဏဗြဟ္မဏတို့ ပြုစီရင်အပ်ကုန်သော အားလုံးသော အယူဝါဒ လမ်းစဉ်တို့သည်လည်းကောင်း၊ ယင်းအယူဝါဒလမ်းစဉ်ကို မှီကုန်သော သမဏ ဗြာဟ္မဏတို့သည်လည်းကောင်း ရှိကုန်၏၊ ထို သမဏဗြာဟ္မဏ အားလုံးတို့သည် ရွံ့ရှားခြင်းကင်းတော်မူသော အယူဝါဒလမ်းစဉ်တို့ကို ကျော်လွန်တော်မူသော မြတ်စွာဘုရားသို့ ရောက်၍ ပျက်စီးကြရကုန်၏။ သတ္တဝါအားလုံးကို အစဉ်သနားတတ်၍ အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံသော မြတ်စွာဘုရားသည် (လောကကို) လွှမ်းမိုး၍တရားစကြာကို လည်စေတော်မူ၏။ နတ်လူတို့ထက် မြတ်သော၊ ဘဝ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော၊ ထိုသို့ သဘောရှိသော မြတ်စွာဘုရားကို သတ္တဝါတို့သည် ရှိခိုးကြကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-တဏှုပ္ပါဒသုတ်

၉။ ရဟန်းတို့ တဏှာဖြစ်ပေါ်ရာ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းအား တဏှာ ဖြစ်ပေါ်လာခဲ့သော် ယင်းလေးမျိုးတို့၌ ဖြစ်ပေါ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် သင်္ကန်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ ရဟန်း အား တဏှာဖြစ်ပေါ်လာခဲ့သော် ဆွမ်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ကျောင်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ထို ထို ဤဤအလီလီသော ဆေးပစ္စည်းဟူသော အကြောင်းကြောင့်မူလည်း ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ တဏှာဖြစ်ပေါ်ရာ အကြောင်းတို့သည် ဤလေးမျိုးတို့တည်း၊ ရဟန်းအား တဏှာဖြစ်ပေါ်လာခဲ့သော် ယင်းလေးမျိုးတို့ကြောင့် ဖြစ်ပေါ်၏ဟု (မိန့်တော်မူ၏)။

တဏှာလျှင် အဖော်ရှိသော သတ္တဝါသည် ရှည်စွာသော ကာလပတ်လုံး ကျင်လည် ရလျက့်ဤဖြစ်ပေါ်ဆဲ ခန္ဓာကိုယ်၊ အခြားဖြစ်လတ္တံ့ ခန္ဓာကိုယ်ဟူသော (ခန္ဓာ အာယတနဓာတ်တို့၏ အစဉ်မပြတ်ဖြစ်ခြင်း) သံသရာကို မလွန်မြောက်နိုင်ချေ။ တဏှာသည် ဝဋ်ဆင်းရဲ၏ ဖြစ်ကြောင်းတည်းဟု အပြစ်ကို သိ၍ သတိရှိသော ရဟန်းသည် တပ်မက်ခြင်း မရှိဘဲ (တစ်စုံတစ်ခုသော အာရုံကိုမျှ တဏှာဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းမူ၍ ကျင့်ရာသတည်း။

နဝမသုတ်

------

၁၀-ယောဂသုတ်

၁၀။ ရဟန်းတို့ (ဝဋ်ဆင်းရဲ၌ ယှဉ်စေတတ်သော) ယောဂတရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိယောဂ၊ အဝိဇ္ဇာယောဂတို့တည်း။ ရဟန်းတို့ ကာမယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ကာမဂုဏ်တို့၏ ဖြစ်ပေါ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိ။ ကာမဂုဏ်တို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိသူအား ကာမဂုဏ်တို့၌ ကာမဟူသော စွဲမက်ခြင်း ကာမဟူသော နှစ်သက်ခြင်း ကာမဟူသော ကပ်ငြိခြင်း ကာမဟူသော တွေဝေခြင်း ကာမဟူသော မွတ်သိပ်ခြင်း ကာမဟူသော ပူလောင်ခြင်း ကာမဟူသော လွှမ်းမိုးပြီးဆုံးစေခြင်း ကာမဟူသော တပ်မက်ခြင်းသည် ကိန်းအောင်းနေ၏။ ရဟန်းတို့ ဤသည်ကို ကာမယောဂဟု ဆိုအပ်၏။ ဤသို့လျှင် ကာမယောဂသည် ဖြစ်၏။

ဘဝယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဘဝတို့၏ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိ။ ဘဝတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာ ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိသူအား ဘဝတို့၌ ဘဝဟူသော စွဲမက်ခြင်း ဘဝဟူသော နှစ်သက်ခြင်း ဘဝဟူသော ကပ်ငြိခြင်း ဘဝဟူသော တွေဝေခြင်း ဘဝဟူသော မွတ်သိပ်ခြင်း ဘဝဟူသော ပူလောင်ခြင်း ဘဝဟူသော လွှမ်းမိုးပြီးဆုံးစေခြင်း ဘဝဟူသော တပ်မက်ခြင်းသည် ကိန်းအောင်းနေ၏။ ရဟန်းတို့ ဤသည်ကို ဘဝယောဂဟု ဆိုအပ်၏။ ဤသို့ လျှင် ကာမယောဂ ဘဝယောဂသည် ဖြစ်၏။

ဒိဋ္ဌိယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဒိဋ္ဌိတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိ။ ဒိဋ္ဌိတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိသူအား ဒိဋ္ဌိတို့၌ ဒိဋ္ဌိနှင့်တကွ စွဲမက်ခြင်း ဒိဋ္ဌိနှင့်တကွ နှစ်သက်ခြင်း ဒိဋ္ဌိနှင့် တကွ ကပ်ငြိခြင်း ဒိဋ္ဌိနှင့်တကွ တွေဝေခြင်း ဒိဋ္ဌိနှင့်တကွ မွတ်သိပ်ခြင်း ဒိဋ္ဌိနှင့်တကွ ပူလောင်ခြင်း ဒိဋ္ဌိနှင့်တကွ လွှမ်းမိုးပြီးဆုံးစေခြင်း ဒိဋ္ဌိနှင့်တကွ တပ်မက်ခြင်းသည် ကိန်းအောင်းနေ၏။ ရဟန်းတို့ ဤသည်ကို ဒိဋ္ဌိယောဂဟု ဆိုအပ်၏။ ဤသို့လျှင် ကာမယောဂ ဘဝယောဂ ဒိဋ္ဌိယောဂသည် ဖြစ်၏။

အဝိဇ္ဇာယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် တွေ့ထိမှု၏ အကြောင်းဖြစ်သော ခြောက်ပါးသော အာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိ။ တွေ့ထိမှု၏ အကြောင်းဖြစ်သော ခြောက်ပါးသော အာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ မသိသူအား တွေ့ထိမှု၏ အကြောင်းဖြစ်သော ခြောက်ပါးသော အာယတနတို့၌ မသိခြင်းအဝိဇ္ဇာသည် ကိန်းအောင်းနေ၏။ ရဟန်းတို့ ဤသည်ကို အဝိဇ္ဇာယောဂဟု ဆိုအပ်၏။ ဤသို့လျှင် ကာမယောဂ ဘဝယောဂ ဒိဋ္ဌိယောဂ အဝိဇ္ဇာယောဂသည် ဖြစ်၏။ (ယောဂ လေးပါး မပယ်ရသေးသူသည့်) ညစ်နွမ်းခြင်းကို ဖြစ်စေတတ်ကုန်သော ဘဝသစ်ကို ပြုလေ့ရှိကုန်သော ပူပန်ခြင်းနှင့်တကွဖြစ်ကုန်သော ဆင်းရဲသော အကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းသဘောကို ဖြစ်စေတတ်ကုန်သော အကုသိုလ်တရားယုတ်တို့နှင့် ယှဉ်၏၊ ထို့ကြောင့် (ထိုသူကို) ''ယောဂလေးပါးတို့ဖြင့် ဘေးမရှိရာ နိဗ္ဗာန်ကို မရနိုင်သူ''ဟု ဆိုအပ်၏။ ရဟန်းတို့ ယောဂတို့သည် ဤလေးမျိုးတို့ပင်တည်း။

ရဟန်းတို့ (ဝဋ်ဆင်းရဲ၌ မယှဉ်ကြောင်း) ဝိသံယောဂတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ- ကာမယောဂဝိသံယောဂ၊ ဘဝယောဂဝိသံယောဂ၊ ဒိဋ္ဌိယောဂဝိသံယောဂ၊ အဝိဇ္ဇာ ယောဂဝိသံယောဂတို့တည်း။ ရဟန်းတို့ ကာမယောဂဝိသံယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၏။ ကာမဂုဏ်တို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာ ဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသူအား ကာမဂုဏ်တို့၌ ကာမဟူသော စွဲမက်ခြင်း ကာမဟူသော နှစ်သက်ခြင်း ကာမဟူသော ကပ်ငြိခြင်း ကာမဟူသော တွေဝေခြင်း ကာမဟူသော မွတ်သိပ်ခြင်း ကာမဟူသော ပူလောင်ခြင်း ကာမဟူသော လွှမ်းမိုးပြီးဆုံးစေခြင်း ကာမဟူသော တပ်မက်ခြင်းသည် ကိန်းအောင်းမနေ။ ရဟန်းတို့ ဤသည်ကို ကာမယောဂဝိသံယောဂဟု ဆိုအပ်၏။ ဤသို့လျှင် ကာမယောဂဝိသံယောဂသည် ဖြစ်၏။

ဘဝယောဂဝိသံယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ဘဝတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၏။ ဘဝတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသူအား ဘဝတို့၌ ဘဝဟူသော စွဲမက်ခြင်း ဘဝဟူသော နှစ်သက်ခြင်း ဘဝဟူသော ကပ်ငြိခြင်း ဘဝဟူသော တွေဝေခြင်း ဘဝဟူသော မွတ်သိပ်ခြင်း ဘဝဟူသော ပူလောင်ခြင်း ဘဝဟူသော လွှမ်းမိုးပြီးဆုံးစေခြင်း ဘဝဟူသော တပ်မက်ခြင်းသည် ကိန်းအောင်းမနေ။ ရဟန်းတို့ ဤသည်ကို ဘဝယောဂ ဝိသံယောဂဟု ဆိုအပ်၏။ ဤသို့လျှင် ကာမယောဂ ဝိသံယောဂ ဘဝယောဂ ဝိသံယောဂသည် ဖြစ်၏။

ဒိဋ္ဌိယောဂဝိသံယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဒိဋ္ဌိတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၏။ ဒိဋ္ဌိတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက် မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသူအား ဒိဋ္ဌိတို့၌ ဒိဋ္ဌိနှင့်တကွ စွဲမက်ခြင်း ဒိဋ္ဌိနှင့်တကွ နှစ်သက်ခြင်း ဒိဋ္ဌိနှင့်တကွ ကပ်ငြိခြင်း ဒိဋ္ဌိနှင့်တကွ တွေဝေခြင်း ဒိဋ္ဌိနှင့်တကွ မွတ်သိပ်ခြင်း ဒိဋ္ဌိနှင့်တကွ့ပူလောင်ခြင်း ဒိဋ္ဌိနှင့်တကွ လွှမ်းမိုးပြီးဆုံးစေခြင်း ဒိဋ္ဌိနှင့်တကွ တပ်မက်ခြင်းသည် ကိန်းအောင်းမနေ။ ရဟန်းတို့ ဤသည်ကို ဒိဋ္ဌိယောဂဝိသံယောဂဟု ဆိုအပ်၏။ ဤသို့လျှင် ကာမယောဂဝိသံယောဂ ဘဝယောဂဝိသံယောဂ ဒိဋ္ဌိယောဂဝိသံယောဂသည် ဖြစ်၏။

အဝိဇ္ဇာယောဂဝိသံယောဂသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် တွေ့ထိမှု၏ အကြောင်းဖြစ်သော ခြောက်ပါးသော အာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာ ကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိ၏။ တွေ့ထိမှု၏ အကြောင်းဖြစ်သော ခြောက်ပါးသော အာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ပျက်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိသူအား တွေ့ထိမှု၏ အကြောင်း ဖြစ်သော ခြောက်ပါးသော အာယတနတို့၌ မသိခြင်း အဝိဇ္ဇာသည် ကိန်းအောင်းမနေ။ ရဟန်းတို့ ဤသည်ကို အဝိဇ္ဇာယောဂဝိသံယောဂဟု ဆိုအပ်၏။ ဤသို့လျှင် ကာမယောဂဝိသံ ယောဂ ဘဝယောဂ ဝိသံယောဂ ဒိဋ္ဌိယောဂဝိသံယောဂ အဝိဇ္ဇာယောဂဝိသံယောဂသည် ဖြစ်၏။ (ယောဂလေးပါးကို ပယ်ခွါပြီး သူသည်) ညစ်နွမ်းခြင်းကို ဖြစ်စေတတ်ကုန်သော ဘဝသစ်ကို ပြုလေ့ရှိကုန်သော ပူပန်ခြင်းနှင့် တကွဖြစ်ကုန်သော ဆင်းရဲသောအကျိုးကို ဖြစ်စေတတ်ကုန်သော နောင်အခါ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း သဘောကို ဖြစ်စေတတ်ကုန်သော အကုသိုလ်တရားယုတ်တို့နှင့် မယှဉ်၊ ထို့ကြောင့် (ထိုသူကို) ''ယောဂ လေးမျိုးတို့ကုန်ရာ နိဗ္ဗာန်သို့ ရောက်သောသူ''ဟူ၍ ဆိုအပ်၏။ ရဟန်းတို့ ဝိသံယောဂတို့သည် ဤလေးမျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။

ကာမယောဂနှင့်လည်းကောင်း၊ ဘဝယောဂနှင့်လည်းကောင်း ဤသို့ နှစ်ပါးစုံသော ယောဂတို့နှင့် ယှဉ်ကုန်သော၊ ဒိဋ္ဌိယောဂနှင့်လည်း ယှဉ်ကုန်သော၊ အဝိဇ္ဇာခြံရံအပ် ကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေနေခြင်း သေခြင်းသို့ ရောက်ကြရကုန်သည် ဖြစ်၍ သံသရာ၌ ကျင်လည်ရကုန်၏၊ အကြင် ရဟန္တာပုဂ္ဂိုလ်တို့သည်ကား ကာမတရားတို့ကိုလည်းကောင်း၊ ဘဝယောဂကိုလည်းကောင်း အလုံးစုံ ပိုင်းခြားသိပြီးလျှင် ဒိဋ္ဌိယောဂကို ကောင်းစွာနုတ်၍ အဝိဇ္ဇာကိုလည်း ကင်းဝေးစေကုန်သည် ဖြစ်ရကား အားလုံးသော ယောဂတို့နှင့် မယှဉ်ကုန်၊ ထို ရဟန္တာပုဂ္ဂိုလ်တို့သည် ယောဂလေးပါး ကို လွန်မြောက်တော်မူကုန်၏။

ဒသမသုတ်။

ရှေးဦးစွာသော ဘဏ္ဍဂါမဝဂ် ပြီး၏။

------

၂-စရဝဂ် ၁-စရသုတ်

၁၁။ ရဟန်းတို့ ရဟန်းအား သွားနေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံထားမူ မစွန့်လွှတ်မူ မပယ်ဖျောက်မူ ကင်းပြတ်ခြင်းကို မပြုမူ မရှိခြင်းသို့ မရောက်စေမူ ရဟန်းတို့ သွားနေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားမထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်း မရှိသူ ''အမြဲမပြတ် ပျင်းရိ၍ ယုတ်ညံ့သော လုံ့လရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ရပ်နေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံထားမူ မစွန့်လွှတ်မူ မပယ်ဖျောက်မူ ကင်းပြတ်ခြင်းကို မပြုမူ မရှိခြင်းသို့ မရောက်စေမူ ရဟန်းတို့ ရပ်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားမထုတ်သူ့ (မကောင်းမှုမှ) ထိတ်လန့်ခြင်း မရှိသူ ''အမြဲမပြတ် ပျင်းရိ၍ ယုတ်ညံ့သော လုံ့လရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ထိုင်နေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံထားမူ မစွန့်လွှတ်မူ မပယ်ဖျောက်မူ ကင်းပြတ်ခြင်းကို မပြုမူ မရှိခြင်းသို့ မရောက်စေမူ ရဟန်းတို့ ထိုင်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာအား မထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်း မရှိသူ ''အမြဲမပြတ် ပျင်းရိ၍ ယုတ်ညံ့သော လုံ့လရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ နိုးကြားနေသောရဟန်းအား လျောင်းနေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံထားမူ မစွန့်လွှတ်မူ မပယ်ဖျောက်မူ ကင်းပြတ်ခြင်း ကို မပြုမူ မရှိခြင်းသို့ မရောက်စေမူ ရဟန်းတို့ လျောင်းနေစဉ်လည်း ဤသို့ဖြစ်သော နိုးကြားနေသော ရဟန်းကို ပြင်းစွာ အားမထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်း မရှိသူ ''အမြဲမပြတ် ပျင်းရိ၍ ယုတ်ညံ့ သော လုံ့လရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား သွားနေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံမထားမူ စွန့်လွှတ်မူ ပယ်ဖျောက်မူ ကင်းပြတ်ခြင်းကို ပြုမူ မရှိခြင်းသို့ ရောက်စေမူ ရဟန်းတို့ သွားနေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ရပ်နေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ထိုရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံမထားမူ စွန့်လွှတ်မူ ပယ်ဖျောက်မူ ကင်းပြတ်ခြင်းကို ပြုမူ မရှိခြင်းသို့ ရောက်စေမူ ရဟန်းတို့ ရပ်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ် ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ထိုင်နေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ထိုရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံမထားမူ စွန့်လွှတ်မူ ပယ်ဖျောက်မူ ကင်းပြတ်ခြင်းကို ပြုမူ မရှိခြင်းသို့ ရောက်စေမူ ရဟန်းတို့ ထိုင်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ နိုးကြားနေသော ရဟန်းအား လျောင်းနေစဉ် ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ဖြစ်စေ ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ဖြစ်စေ ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ဖြစ်စေ အကယ်၍ ဖြစ်အံ့၊ ထိုရဟန်းသည် ထို ကြံခြင်းကို အကယ်၍ လက်ခံမထားမူ စွန့်လွှတ်မူ ပယ်ဖျောက်မူ ကင်းပြတ်ခြင်းကို ပြုမူမရှိခြင်းသို့ ရောက်စေမူ ရဟန်းတို့ လျောင်းနေစဉ်လည်း ဤသို့ဖြစ်သော နိုးကြား နေသော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အကြင် ရဟန်းသည် သွားနေစဉ်ဖြစ်စေ ရပ်နေစဉ်ဖြစ်စေ ထိုင်နေစဉ်ဖြစ်စေ လျောင်းနေစဉ်ဖြစ်စေ ကိလေသာကို စွဲမှီသော ယုတ်ညံ့သော ကြံစည်မှု 'ဝိတက်' ကို ကြံစည်၏၊ မိစ္ဆာဝိတက်တည်းဟူသော လမ်းမှားသို့ လိုက်သော တွေဝေစေ တတ်သော အာရုံတို့၌လည်း တွေဝေသော ထိုသို့သဘောရှိသော ထိုရဟန်းသည် မြတ်သော အရဟတ္တမဂ်ဉာဏ်ကို တွေ့ထိခြင်းငှါ မထိုက်တန်ပေ။ အကြင် ရဟန်းသည် သွားနေစဉ်ဖြစ်စေ ရပ်နေစဉ်ဖြစ်စေ ထိုင်နေစဉ်ဖြစ်စေ လျောင်းနေစဉ်ဖြစ်စေ ကြံစည်မှု 'ဝိတက်' ကို ဝိပဿနာဉာဏ်ဖြင့် ငြိမ်းအေးစေပြီး၍ ကြံစည်မှု ဝိတက်၏ ငြိမ်းအေးရာ (အရဟတ္တဖိုလ်) ၌ မွေ့လျော်၏၊ ထိုသို့သဘော ရှိသော ထိုရဟန်းသည် မြတ်သော အရဟတ္တမဂ်ဉာဏ်ကို တွေ့ထိခြင်းငှါ ထိုက်တန်ပေသတည်း။

ပဌမသုတ်။

------

၂-သီလသုတ်

၁၂။ ရဟန်းတို့ သီလနှင့်ပြည့်စုံကုန် ပါတိမောက်လာ သိက္ခာပုဒ်တို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ပါတိမောက်လာ သိက္ခာပုဒ်တို့ကို စောင့်ထိန်းကုန် အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစာရ' နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်လော့၊ သေးငယ်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိကုန်လျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကြကုန်လော့၊ ရဟန်းတို့ သီလနှင့် ပြည့်စုံကုန် ပါတိမောက်လာသိက္ခာပုဒ်တို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်သော ပါတိမောက်လာ သိက္ခာပုဒ်တို့ကို စောင့်ထိန်းကုန် အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံကုန်သည်ဖြစ်၍ နေကြကုန်သော သေးငယ်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိကုန်လျက် သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်ကုန်သော သင်တို့အား အထက်၌ ပြုရမည့် ကိစ္စသည် အဘယ်အရာ ဖြစ်သနည်း။

ရဟန်းတို့ ရဟန်းအား သွားနေစဉ် အကယ်၍ မက်မောခြင်း 'အဘိဇ္ဈာ' ပျက်စီးစေလိုခြင်း 'ဗျာပါဒ' ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန်ပူပန်ခြင်း 'ဥဒ္ဓစ္စ ကုက္ကုစ္စ' မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' ကို ပယ်အပ်သည်ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည် ဖြစ်မူ၊ မမေ့ မလျော့သော သတိထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ သွားနေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ရပ်နေစဉ် အကယ်၍ မက်မောခြင်း 'အဘိဇ္ဈာ' ပျက်စီးစေလိုခြင်း 'ဗျာပါဒ' ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန် ပူပန်ခြင်း 'ဥဒ္ဓစ္စကုက္ကုစ္စ' မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ'ကို ပယ်အပ်သည် ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည် ဖြစ်မူ၊ မမေ့မလျော့သော သတိ ထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ ရပ်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ ရဟန်းအား ထိုင်နေစဉ် အကယ်၍ မက်မောခြင်း 'အဘိဇ္ဈာ' ပျက်စီးစေလိုခြင်း 'ဗျာပါဒ' ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန် ပူပန်ခြင်း 'ဥဒ္စစ္စကုက္ကုစ္စ' မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' ကို ပယ်အပ်သည်ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည်ဖြစ်မူ၊ မမေ့မလျော့သော သတိထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ ထိုင်နေစဉ်လည်း ဤသို့ဖြစ်သော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲမပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏။

ရဟန်းတို့ နိုးကြားနေသော ရဟန်းအား လျောင်းနေစဉ် အကယ်၍ မက်မောခြင်း 'အဘိဇ္ဈာ' ပျက်စီးစေလိုခြင်း 'ဗျာပါဒ' ကင်းသည်ဖြစ်မူ၊ လေးလံထိုင်းမှိုင်းခြင်း 'ထိနမိဒ္ဓ' ပျံ ့လွင့်ခြင်း နောင်တ တစ်ဖန် ပူပန်ခြင်း 'ဥဒ္စစ္စ ကုက္ကုစ္စ' မဝေခွဲနိုင်ခြင်း 'ဝိစိကိစ္ဆာ' ကို ပယ်အပ်သည်ဖြစ်မူ၊ မတွန့်တိုသော လုံ့လရှိသည် ဖြစ်မူ၊ မမေ့မလျော့သော သတိထင်သည် ဖြစ်မူ၊ ကိုယ်သည် ပူလောင်ခြင်းမရှိ ငြိမ်းအေးမူ၊ စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ တည်ကြည်မူ၊ ရဟန်းတို့ လျောင်းနေစဉ်လည်း ဤသို့ ဖြစ်သော နိုးကြားနေသော ရဟန်းကို ပြင်းစွာ အားထုတ်သူ (မကောင်းမှုမှ) ထိတ်လန့်ခြင်းရှိသူ ''အမြဲ မပြတ် ထက်သန်သော လုံ့လရှိ၍ (နိဗ္ဗာန်သို့) စေလွှတ်ထားသော စိတ်ရှိသူ''ဟု ဆိုအပ်၏ (ဟူ၍ မိန့်တော်မူ၏။)

ရဟန်းသည် စောင့်စည်းလျက်သာ သွားရာ၏၊ စောင့်စည်းလျက်သာ ရပ်ရာ၏၊ စောင့်စည်းလျက်သာ ထိုင်နေရာ၏၊ စောင့်စည်းလျက်သာ အိပ်ရာ၏၊ စောင့်စည်း လျက်သာ လက်ခြေစသည်ကို ကွေးရာ၏၊ စောင့်စည်းလျက်သာ ဆန့်ရာ၏။ ရဟန်းသည် အထက်ပိုင်း အလယ်ပိုင်း အောက်ပိုင်း လောက၏ ဖြစ်ရာဟူသမျှ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ကောင်းစွာ ရှု၏။ စိတ်၏ ငြိမ်းခြင်းအား လျောက်ပတ်သော အကျင့်ကို ဖြည့်ကျင့်သော အခါခပ်သိမ်း သတိနှင့် ပြည့်စုံသော ထို ိသို့သဘောရှိသော ရဟန်းကို အမြဲမပြတ် နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသူဟူ၍ ဆိုကုန်၏။

ဒုတိယသုတ်။

------

၃-ပဓာနသုတ်

၁၃။ ရဟန်းတို့ ကောင်းစွာ အားထုတ်ခြင်း 'သမ္မပ္ပဓာန်'တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်ကုန်သေးသော အကုသိုလ်တရားယုတ်တို့ကို မဖြစ်ပေါ်စေရန် ပြုလိုမှု 'ဆန္ဒ' ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ ဖြစ်ပေါ်ကုန်ပြီးသော အကုသိုလ်တရားယုတ်တို့ကို ပယ်ရန် ပြုလိုမှု 'ဆန္ဒ' ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်ရန် ပြုလိုမှု 'ဆန္ဒ' ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လ ထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ ဖြစ်ပေါ်ကုန်ပြီးသော ကုသိုလ်တရားတို့ကို တည်တံ့စေရန် မပျောက်ပျက်စေရန် လွန်စွာ ဖြစ်စေရန် ပြန့်ပြောစေရန် ပွါးများစေရန် ပြည့်စုံစေရန် ပြုလိုမှု 'ဆန္ဒ' ကို ဖြစ်စေ၏၊ ကြိုးစား၏၊ လုံ့လထုတ်၏၊ စိတ်ကို မြှင့်တင်ထား၏၊ ဆောက်တည်ထား၏။ ရဟန်းတို့ ကောင်းစွာ အားထုတ်ခြင်း 'သမ္မပ္ပဓာန်'တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဝီရိယနှင့် ပြည့်စုံကုန်လျက် မာရ်၏ တည်ရာ (တေဘူမကဝဋ်တရား)ကို လွှမ်းမိုး၍ တည်ကုန်သော ထို ရဟန္တာပုဂ္ဂိုလ်တို့သည် (တေဘူမကဝဋ်တရားကို) မမှီကုန်၊ ပဋိသန္ဓေနေခြင်း သေခြင်းကြောင့်ဖြစ်သော ဘေး၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူကုန်သော ထို ရဟန္တာပုဂ္ဂိုလ်တို့သည် စစ်သည်ဗိုလ်ပါနှင့် တကွသော (ကိလေသ) မာရ်ကို အောင်မြင်၍ နှစ်သက်တော်မူကုန်၏၊ ထို ရဟန္တာ ပုဂ္ဂိုလ်တို့သည် တုန်လှုပ် တတ်သော တဏှာ မရှိကုန်၊ ထို ရဟန္တာပုဂ္ဂိုလ်တို့သည် အလုံးစုံသော မာရ်၏ စစ်သည်ဗိုလ်ပါကို လွန်ကုန်သည်ဖြစ်၍ (လောကုတ္တရာချမ်းသာဖြင့်) ချမ်းသာကြကုန်၏။

တတိယသုတ်။

------

၄-သံဝရသုတ်

၁၄။ ရဟန်းတို့ အားထုတ်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- (စက္ခုန္ဒြေစသည်ကို) စောင့်စည်းသူ၏အားထုတ်ခြင်း၊ (ကာမဝိတက်စသည်တို့ကို) စွန့်ပယ်သူ၏ အား ထုတ်ခြင်း၊ (ဗောဇ္ဈင်ကို) ပွါးများသောသူ၏ အားထုတ်ခြင်း၊ (သမာဓိနိမိတ်ကို) စောင့်ရှောက်သူ၏ အားထုတ်ခြင်းတို့တည်း။ ရဟန်းတို့ စောင့်စည်းသူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောက်ျား မိန်းမဟူသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ'ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို (မစောင့်စည်း) သူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်စည်း၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ လျှာဖြင့် ရသာရုံကို လျက်သော်။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောက်ျားမိန်းမဟူသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ။ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ'ဟူသော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို (မစောင့်စည်း) သူကို လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) မနိန္ဒြေကိုု စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်စည်း၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသည်ကို စောင့်စည်းသူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ စွန့်ပယ်သူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဖြစ်ပေါ်လာသော ကာမဂုဏ်ကို ကြံခြင်း 'ကာမဝိတက်' ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းပြတ်သည်ကို ပြု၏၊ မရှိခြင်းသို့ ရောက်စေ၏။ ဖြစ်ပေါ်လာသော ပျက်စီးစေရန် ကြံခြင်း 'ဗျာပါဒဝိတက်' ကို။ပ။ ဖြစ်ပေါ်လာသော ညှဉ်းဆဲရန် ကြံခြင်း 'ဝိဟိံ သာဝိတက်' ကို။ပ။ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အကုသိုလ်တရား ယုတ်တို့ကို လက်မခံ၊ ပယ်စွန့်၏၊ ပယ်ဖျောက်၏၊ ကင်းပြတ်သည်ကို ပြု၏၊ မရှိခြင်းသို့ ရောက်စေ၏၊ ဤသည်ကို စွန့်ပယ်သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ ပွါးများသောသူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆိတ်ငြိမ်ခြင်း၌ မှီသော, စွဲမက်မှုကင်းခြင်း၌ မှီသော, ချုပ်ခြင်း၌ မှီသော, (ကိလေသာ) ပယ်စွန့်မှု 'ပရိစ္စာဂ ဝေါသဂ္ဂ', နိဗ္ဗာန်သို့ ပြေးဝင်မှု 'ပက္ခန္ဒန ဝေါသဂ္ဂ' ကို ရင့်ကျက်စေတတ်သော သစ္စာလေးပါးကို သိကြောင်း (အောက်မေ့မှု) သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ပဿဒ္ဓိ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများ၏။ ဆိတ်ငြိမ်ခြင်း၌ မှီသော, စွဲမက်မှုကင်းခြင်း၌ မှီသော, ချုပ်ခြင်း၌ မှီသော, (ကိလေသာ) ပယ်စွန့်မှု 'ပရိစ္စာဂဝေါသဂ္ဂ', နိဗ္ဗာန်သို့ ပြေးဝင်မှု 'ပက္ခန္ဒနဝေါသဂ္ဂ' ကို ရင့်ကျက်စေတတ်သော သစ္စာလေးပါးကို သိကြောင်း (လျစ်လျူရှုမှု) ဥပေက္ခာ သမ္ဗောဇ္ဈင်ကို ပွါးများ၏။ ရဟန်းတို့ ဤသည်ကို ပွါးများသော သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။

ရဟန်းတို့ စောင့်ရှောက်သူ၏ အားထုတ်ခြင်းဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌့ရဟန်းသည် ဖြစ်ပေါ်သော အဋ္ဌိကသညာ ပုဠုဝကသညာ ဝိနီလကသညာ ဝိစ္ဆိ ဒ္ဒကသညာ ဥဒ္ဓုမာတက သညာဟူသော ကောင်းမြတ်သော သမာဓိနိမိတ်ကို စောင့်ရှောက်၏။ ရဟန်းတို့ ဤသည်ကို စောင့်ရှောက်သူ၏ အားထုတ်ခြင်းဟု ဆိုအပ်၏။ ရဟန်းတို့ အားထုတ်ခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

(စက္ခုစသောဣန္ဒြေကို) စောင့်စည်းခြင်း၊ (ကာမဝိတက်စသည်ကို) ပယ်ခြင်း၊ (ဗောဇ္ဈင်တရားကို) ပွါးများခြင်း၊ (သမာဓိနိမိတ်ကို) စောင့်ရှောက်ခြင်း ဤအား ထုတ်ခြင်းလေးမျိုးတို့ကို နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်ကုန်၏၊ ဤသာသနာတော်၌ ကိလေသာကို (ကင်းကွာရန်) ပြင်းစွာ အားထုတ်သော ရဟန်းသည် ယင်းအားထုတ်ခြင်းတို့ဖြင့် ဒုက္ခကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ပေသတည်း။

စတုတ္ထသုတ်။

------

၅-ပညတ္တိသုတ်

၁၅။ ရဟန်းတို့ အလွန်အကဲဟု ပညတ်အပ်သူတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အတ္တဘောနှင့် ပြည့်စုံသူတို့တွင် ရာဟုအသုရိန်နတ်သည် အလွန်အကဲဆုံး ဖြစ်၏။ ရဟန်းတို့ ကာမဂုဏ်ခံစားသူတို့တွင် မန္ဓာတ်မင်းသည် အလွန်အကဲဆုံး ဖြစ်၏။ ရဟန်းတို့ စိုးပိုင်မှုပြုသူတို့တွင် မာရ်နတ်ယုတ်သည် အလွန်အကဲဆုံး ဖြစ်၏။ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အလွန်အကဲ အမြင့်မြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ အလွန်အကဲဟု ပညတ်အပ်သူတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အတ္တဘောနှင့် ပြည့်စုံသူတို့တွင် ရာဟုအသုရိန်သည် အလွန်ကဲဆုံး ဖြစ်၏၊ ကာမ ဂုဏ်ခံစားသူတို့တွင် မန္ဓာတ်မင်းသည် အလွန်ကဲဆုံး ဖြစ်၏၊ တန်ခိုးအားဖြင့်လည်းကောင်း၊ အခြံအရံအားဖြင့်လည်းကောင်း ထွန်းတောက်ပ၍ စိုးပိုင်မှုပြု ကုန်သူတို့တွင် မာရ်နတ်သည် အလွန်ကဲဆုံးဖြစ်၏။ အထက်အရပ် အလယ်အရပ် အောက်အရပ် လောက၏ ဖြစ်ရာရှိသမျှအရပ်၌ နတ်နှင့် တကွသော လူအပေါင်းဝယ် မြတ်စွာဘုရားကို အလွန်အကဲ အမြင့်မြတ် ဆုံးဟု ဆိုအပ်လေသတည်း။

ပဉ္စမသုတ်။

------

၆-သောခုမ္မသုတ်

၁၆။ ရဟန်းတို့ သုခုမ 'သိမ်မွေ့သော လက္ခဏာကို ထိုးထွင်းသိသော' ဉာဏ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လွန်မြတ်သော ရူပသုခုမ 'ရုပ်၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော' ဉာဏ်နှင့် ပြည့်စုံ၏၊ ထို ရူပ သုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ရူပသုခုမဉာဏ်ကို မမြင်၊ ထို ရူပ သုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ရူပသုခုမဉာဏ်ကို မတောင့်တ။ လွန်မြတ်သော ဝေဒနာသုခုမ 'ဝေဒနာ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော'ဉာဏ်နှင့် ပြည့်စုံ၏၊ ထို ဝေဒနာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ဝေဒနာသုခုမဉာဏ်ကို မမြင်။ ထို ဝေဒနာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော ဝေဒနာသုခုမ ဉာဏ်ကို မတောင့်တ။ လွန်မြတ်သော သညာသုခုမ 'သညာ၌ သိမ်မွေ့သော လက္ခဏာကို သိမ်းဆည်းသော' ဉာဏ်နှင့် ပြည့်စုံ၏၊ ထို သညာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော သညာသုခုမဉာဏ်ကို မမြင်၊ ထို သညာသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ် သော သညာသုခုမဉာဏ်ကို မတောင့်တ။ လွန်မြတ်သော သင်္ခါရသုခုမ 'သင်္ခါရ၌ သိမ်မွေ့သော လက္ခဏာ ကို သိမ်းဆည်းသော' ဉာဏ်နှင့် ပြည့်စုံ၏။ ထို သင်္ခါရသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော သင်္ခါရသုခုမဉာဏ်ကို မမြင်။ ထို သင်္ခါရသုခုမဉာဏ်မှတစ်ပါး အခြားသော အထူးသဖြင့် လွန်ကဲမြင့်မြတ်သော သင်္ခါရသုခုမဉာဏ်ကို မတောင့်တ။ ရဟန်းတို့ သုခုမဉာဏ်တို့သည် ဤလေး မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

(သုခုမဉာဏ်ဖြင့်) ရုပ်၏ သိမ်မွေ့နူးညံ့သောအဖြစ် (လက္ခဏာ) ကိုလည်းကောင်း၊ ဝေဒနာတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ သညာဖြစ်ကြောင်းကိုလည်းကောင်း၊ သညာချုပ်ရာ နိဗ္ဗာန်ကိုလည်းကောင်း သိ၍၊ သင်္ခါရတို့ကို သူစိမ်းပြင်ပအားဖြင့်လည်းကောင်း၊ ဒုက္ခအားဖြင့်လည်းကောင်း၊ အနတ္တအားဖြင့်လည်းကောင်း သိ၍ စင်စစ်အားဖြင့် ကောင်းစွာ မြင်သော၊ (ကိလေသာ) ငြိမ်းပြီးသော၊ (ကိလေသာ၏) ငြိမ်းရာ နိဗ္ဗာန်၌ မွေ့လျော်သော ထိုရဟန်းသည် စစ်သည်ဗိုလ်ပါနှင့် တကွသော မာရ်ကို အောင်မြင်၍ အဆုံးစွန်ဖြစ်သော ကိုယ်ကို ဆောင်၏။

ဆဋ္ဌသုတ်။

------

၇-ပဌမ အဂတိဂမနသုတ်

၁၇။ ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ချစ်ခြင်းကြောင့် အဂတိလိုက်စား၏၊ မုန်းခြင်းကြောင့် အဂတိလိုက်စား၏၊ မသိခြင်းကြောင့် အဂတိ လိုက်စား၏၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ လိုက်စား၏။ ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို ကျော်လွန်၍ ကျင့်၏၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ်ပက္ခ္ခ၌ လကဲ့သို့ ဆုတ်ယုတ်လေသတည်း။

သတ္တမသုတ်။

------

၈-ဒုတိယ အဂတိဂမနသုတ်

၁၈။ ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ချစ်ခြင်းကြောင့် အဂတိ မလိုက်စား၊ မုန်းခြင်းကြောင့် အဂတိ မလိုက်စား၊ မသိခြင်းကြောင့် အဂတိ မလိုက်စား၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ မလိုက်စား။ ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို ကျော်လွန်၍ မကျင့်၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ္ခ၌ လကဲ့သို့ ပြည့်ဝလေသတည်း။

အဋ္ဌမသုတ်။

------

၉-တတိယ အဂတိဂမနသုတ်

၁၉။ ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ချစ်ခြင်းကြောင့် အဂတိ လိုက်စား၏၊ မုန်းခြင်းကြောင့် အဂတိ လိုက်စား၏၊ မသိခြင်းကြောင့် အဂတိ လိုက်စား၏၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ လိုက်စား၏။ ရဟန်းတို့ အဂတိ လိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ချစ်ခြင်းကြောင့် အဂတိ မလိုက်စား၊ မုန်းခြင်းကြောင့် အဂတိ မလိုက်စား၊ မသိခြင်းကြောင့် အဂတိ မလိုက်စား၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ မလိုက်စား။ ရဟန်းတို့ အဂတိ မလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို ကျော်လွန်၍ ကျင့်၏၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ်ပက္ခ္ခ၌ လကဲ့သို့ ဆုတ်ယုတ်လေသတည်း။

အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို ကျော်လွန်၍ မကျင့်၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ္ခ၌ လကဲ့သို့ ပြည့်ဝလေသတည်း။

နဝမသုတ်။

------

၁၀-ဘတ္တုဒ္ဒေသကသုတ်

၂၀။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထား အပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ချစ်ခြင်းကြောင့် အဂတိ လိုက်စား၏၊ မုန်းခြင်းကြောင့် အဂတိ လိုက်စား၏၊ မသိခြင်းကြောင့် အဂတိ လိုက်စား၏၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ လိုက်စား၏။ ရဟန်းတို့ ဤတရား လေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။

ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ချစ်ခြင်းကြောင့် အဂတိ မလိုက်စား၊ မုန်းခြင်းကြောင့် အဂတိ မလိုက်စား၊ မသိခြင်းကြောင့် အဂတိ မလိုက်စား၊ ကြောက်ရွံ့ခြင်းကြောင့် အဂတိ မလိုက်စား။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ဆွမ်းညွှန်းရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

ကာမဂုဏ်တို့၌ မစောင့်စည်းသူ လူအားလုံးတို့သည်တရား မရှိကုန်၊ တရား၌ မရိုသေကုန်၊ ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း (အဂတိ) လိုက်စားကုန်၏၊ ဤပရိသတ်ကို အမှိုက်နှင့်တူသော ပရိသတ်ဟု ဆိုအပ်၏၊ ဤသို့လျှင် သိထိုက်သော တရားအပေါင်းကို သိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ထို့ကြောင့် အကြင် ပုဂ္ဂိုလ်တို့သည်တရား၌ တည်ကုန်လျက် မကောင်းမှုကို မပြုကြကုန်။ ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း၊ ကြောက်ရွံ့ခြင်းကြောင့်လည်းကောင်း အဂတိမလိုက် စားကုန်၊ ထို ပုဂ္ဂိုလ်တို့သည် သူတော်ကောင်းတို့ ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ ဤပရိသတ်ကို ကြည်လင်သော ပရိသတ်ဟု ဆိုအပ်၏၊ ဤသို့လျှင်တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်သတည်း။

ဒသမသုတ်။

နှစ်ခုမြောက် စရဝဂ် ပြီး၏။

------

၃-ဥရုဝေလဝဂ် ၁-ပဌမ ဥရုဝေလသုတ်

၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ အခါတစ်ပါး၌ ငါသည် သစ္စာလေးပါးတရားကို သိပြီးစ ဥရုဝေလတော နေရဉ္ဇရာ မြစ်ကမ်းနား ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေ၏။ ရဟန်းတို့ ဆိတ်ငြိမ်ရာသို့ ကပ်၍ ကိန်းအောင်းနေစဉ် ငါ့အား ဤသို့သော စိတ်အကြံသည် ထင်ရှားဖြစ်ပေါ်ခဲ့၏ ''ရိုသေရာ မှီခိုရာ မရှိဘဲ နေရခြင်းသည် ဆင်းရဲလှ၏၊ ငါသည် အဘယ်သို့သော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရပါအံ့နည်း''ဟု (အကြံဖြစ်၏)။

ရဟန်းတို့ ထို ငါ့အား ဤသို့ အကြံဖြစ်ပြန်၏- ငါသည် မပြည့်စုံသေးသော သီလဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော် ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ သီလနှင့် ပြည့်စုံသော အခြားသော သမဏ ဗြာဟ္မဏကို ငါမမြင်ချေ။

ငါသည် မပြည့်စုံသေးသော သမာဓိဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏ ဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွ သော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ သမာဓိနှင့် ပြည့်စုံသော အခြားသော သမဏဗြာဟ္မဏကို ငါမမြင်ချေ။

ငါသည် မပြည့်စုံသေးသော ပညာဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ ပညာနှင့် ပြည့်စုံသော အခြားသော သမဏဗြာဟ္မဏကို ငါမမြင်ချေ။

ငါသည် မပြည့်စုံသေးသော ကိလေသာမှ လွတ်မြောက်ကြောင်း 'ဝိမုတ္တိ' ဂုဏ်ကို ပြည့်စုံစေရန် အခြားသော သမဏ ဗြာဟ္မဏကို အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရာ၏၊ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေထိုက်သော မိမိထက် သာလွန်၍ ကိလေသာမှ လွတ်မြောက်ကြောင်း 'ဝိမုတ္တိ' ဂုဏ်နှင့် ပြည့်စုံသော အခြားသော သမဏဗြာဟ္မဏကို ငါ မမြင်ချေဟု (အကြံဖြစ်ပြန်၏)။

ရဟန်းတို့ ငါ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏ ''ငါသည် ထိုးထွင်း၍ သိအပ်သော တရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေရမူကား ကောင်းပေရာ၏''ဟု (အကြံသည် ဖြစ်ပြန်၏)။

ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် သူ၏ စိတ်ဖြင့် ငါ၏ စိတ်အကြံကို သိ၍ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့၍ ငါ၏ရှေ့၌ ထင်ရှားဖြစ်ခဲ့၏။ ရဟန်းတို့ ထိုအခါ သဟမ္ပတိဗြဟ္မာသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို့စံပယ်တင်လျက် လက်ယာပုဆစ်ဒူးဝန်းကို မြေ၌ ထောက်၍ ငါ့ကို လက်အုပ်ချီလျက် ''မြတ်စွာဘုရား ဤအကြံတော်သည် ဤအတိုင်း သင့်လျော်လှပါ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား ဤအကြံတော်သည် ဤအတိုင်း သင့်လျော်လှပါ၏၊ အသျှင်ဘုရား အတိတ်ကာလ၌ ပွင့်တော်မူကြကုန်သော ပူဇော်အထူး ကို ခံတော်မူထိုက်ကုန်သော မြတ်စွာဘုရားတို့သည်လည်းတရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေတော်မူကြပါကုန်၏။ အသျှင်ဘုရား အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့ကုန်သော ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော မြတ်စွာဘုရားတို့သည်လည်းတရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေတော်မူကြပါကုန်လတ္တံ့။ အသျှင်ဘုရား ယခုအခါ၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည်လည်းတရားကိုပင်လျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေတော်မူပါလော့''ဟု (လျှောက်၏)၊ သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးလျှင် ထိုမှတစ်ပါးသော ဤစကားကို လျှောက်ပြန်၏။ ''ရှေးလွန်လေပြီးကာလက ပွင့်တော်မူကြကုန်ပြီးသော အကြင် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ နောင်ပွင့်တော်မူလတ္တံ့ဖြစ်ကုန်သော အကြင် မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ယခုအခါ များစွာသော လူတို့၏ စိုးရိမ်ခြင်းကို ပယ်ဖျောက် တတ်သော အကြင် မြတ်စွာဘုရားသည်လည်းကောင်း ရှိတော်မူကုန်၏။ အလုံးစုံကုန်သော ထို မြတ်စွာဘုရားတို့သည် သူတော်ကောင်းတရားကို အလေး ဂရုပြုကုန်သည်ဖြစ်၍ နေလည်း နေခဲ့ကုန်ပြီ၊ နေလည်း နေကုန်ဆဲ၊ နေလည်း နေကုန်လတ္တံ့၊ ဤသို့တရားကို အလေးဂရုပြု၍ နေခြင်းသည် မြတ်စွာဘုရားတို့၏ ဖြစ်မြဲသဘောတည်း။ ထို ု့ကြောင့်သာလျှင် မိမိအကျိုးစီးပွါးကို အလိုရှိသော မြတ်သည့် အဖြစ်ကို အလွန် တောင့်တသူသည် မြတ်စွာဘုရား၏ အဆုံးအမတော်ကို အောက်မေ့လျက် သူတော် ကောင်းတရားကို အလေးအမြတ် ပြုအပ်သတည်း''ဟု (လျှောက်ပြန်၏)။

ရဟန်းတို့ သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ကြားလေ၏၊ ဤစကားကို လျှောက်ကြား ပြီး၍ ငါ့ကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ထို နေရာ၌ပင် ကွယ်လေ၏။ ရဟန်းတို့ ထိုအခါ ငါသည် ဗြဟ္မာ၏ တိုက်တွန်းခြင်းကိုလည်းကောင်း၊ မိမိအား လျောက်ပတ်သည်ကိုလည်းကောင်း သိ၍ ငါ ထိုးထွင်း သိထားသော တရားကိုသာလျှင် အရိုအသေ အလေးအမြတ် အမှီသဟဲပြု၍ နေခဲ့၏။ ရဟန်းတို့ အကြင် အခါ၌ သံဃာသည် များမြတ်သော 'မဟတ္တ' ဂုဏ်လေးပါးနှင့် ပြည့်စုံ၏၊ ထိုအခါ ငါသည် သံဃာ၌လည်း ရိုသေ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ ဥရုဝေလသုတ်

၂၂။ ရဟန်းတို့ အခါတစ်ပါး၌ ငါသည် သစ္စာလေးပါးတရားကို သိပြီးစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းနား ဆိတ်ကျောင်းညောင်ပင်ရင်း၌ နေ၏။ ရဟန်းတို့ ထိုအခါ အိုမင်းကြီးမြင့် အရွယ်ရင့်ပြီးလျှင် ဆင့်ဆင့် လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော များစွာသော ပုဏ္ဏားတို့သည် ငါ့ထံသို့ ချဉ်းကပ်၍ ငါနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုကုန်၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ကြကုန်ပြီးလျှင် ထို ပုဏ္ဏားတို့သည် ငါ့အား ''အသျှင်ဂေါတမ 'ရဟန်းဂေါတမသည် အိုမင်းကြီးမြင့် အရွယ်ရင့်ပြီးလျှင် ဆင့်ဆင့်လွန်မြောက် အဆုံး အရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြိုဆို နေရာဖြင့်လည်း မဖိတ်'ဟု ဤသို့သော သတင်းစကားကို အကျွန်ုပ်တို့ ကြားဖူးပါသည်။ အသျှင်ဂေါတမ ထို ကြားဖူးသော သတင်း စကားသည် ထို ကြားဖူးသည့်အတိုင်းပင်ဟုတ်မှန်သည်သာတည်း၊ အသျှင်ဂေါတမသည်ကား အိုမင်းကြီး့မြင့် အရွယ်ရင့်ပြီးလျှင် ဆင့်ဆင့်လွန်မြောက် အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြိုဆို နေရာဖြင့်လည်း မပင့်ဖိတ်၊ အသျှင်ဂေါတမ ဤသို့ (ရှိခိုးခြင်းစသည်ကို) မပြုခြင်းသည် မသင့်လျော်သည်သာတည်း''ဟု လျှောက်ကုန်၏။

ရဟန်းတို့ ထို ငါ့အား ဤသို့သော အကြံသည် ဖြစ်၏ ''ဤအသျှင်တို့သည် ကြီးသော သူတို့ကိုလည်းကောင်း၊ ကြီးသည့်အဖြစ်ကို ပြုတတ်သော တရားတို့ကိုလည်းကောင်း မသိကုန်''ဟု (အကြံသည် ဖြစ်၏။) ရဟန်းတို့ မွေးဖွားသည်မှ အသက်ရှစ်ဆယ် ကိုးဆယ် တစ်ရာ ရှိသည်ဖြစ်၍ ကြီးသူ ဖြစ်သော်လည်း မသင့်သော ကာလ၌ ဆိုတတ်သူ မမှန်သော စကားကို ဆိုတတ်သူ အကျိုးနှင့် မစပ်သည်ကို ဆိုတတ်သူတရားနှင့် မစပ်သည်ကို ဆိုတတ်သူ အဆုံးအမနှင့် မစပ်သည်ကို ဆိုတတ်သူ မသင့်သောအခါ၌ အကြောင်းမရှိသော အပိုင်းအခြားမရှိသော အစီးအပွါးနှင့် မစပ်သော မမှတ်သား လောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူသည် ''လူကြီး လူမိုက်''ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ပျိုမျစ် နုနယ်၍ နက်မှောင်သော ဆံပင်ရှိသော ပဌမ အရွယ်အားဖြင့် ကောင်းသော ပျိုမျစ်ခြင်းနှင့် ပြည့်စုံသော ငယ်သူပင်ဖြစ်သော်လည်း သင့်သော ကာလ၌ ဆိုတတ်သူဟုတ်မှန်သည်ကို ဆိုတတ်သူ အကျိုးရှိသည်ကိုသာ ဆိုတတ်သူတရားနှင့် စပ်သည်ကိုသာ ဆိုတတ်သူ အဆုံးအမနှင့် စပ်သည်ကိုသာ ဆိုတတ်သူ သင့်သောကာလ၌ အကြောင်းရှိသော အပိုင်းအခြားရှိသော အစီးအပွါးနှင့် စပ်သော မှတ်သားလောက်သော စကားကို ဆိုတတ်သူ ဖြစ်ခဲ့မူ၊ ထိုသူငယ်သည် ''လူကြီး ပညာရှိ''ဟူ၍သာ ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ကြီးသည်၏ အဖြစ်ကို ပြုတတ်ကုန်သော တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရ သီလကို စောင့်ရှောက်လျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်း ငယ်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ နေ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက် တည်၍ ကျင့်၏။

အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အနက ်, သဒ္ဒါနှင့် တကွ ဖြစ်၍ အလုံးစုံပြည့်စုံစင်ကြယ်သည့် မြတ်သောအကျင့်ကို ဖော်ပြတတ်ကုန်သော အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်သော တရားတို့ကို ထိုသူသည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျင့်ထား၏၊ စိတ်ဖြင့် အဖန်ဖန် ရှုဆင်ခြင်၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်ကုန်သော လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော (ရူပါဝစရ) ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင် ရ၏၊ မပင်မပန်း ရ၏။

အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေ၏။ ရဟန်းတို့ ကြီးသည်၏ အဖြစ်ကို ပြုတတ် သော တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူသည် ပျံ ့လွင့်သော စိတ်ဖြင့် အကျိုးမရှိ ပြိန်ဖျင်းသော စကားကိုလည်း များစွာ ပြောဆို၏၊ မတည်ကြည်သော အကြံအစည်ရှိ၏၊ မသူတော်တရား၌ မွေ့လျော်တတ်၏၊ တောသမင်နှင့် တူ၏၊ ယုတ်ညံ့သော အယူရှိသော၊ (ပုဂ္ဂလ,ဓမ္မ၌) ရိုသေခြင်း မရှိသော ထိုသူသည် ကြီးသူအဖြစ်မှ ဝေး၏။ အကြင်သူသည်ကား သီလနှင့် ပြည့်စုံ၏၊ အကြားအမြင်များ၏၊ ပညာရှိ၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်း၏၊ တရားတို့၌ မြဲမြံ ခိုင်ခံ့သော သမာဓိရှိ၏၊ ပညာဖြင့် သစ္စာလေးပါး၏ အနက်ကို ရှုမြင်၏၊ အလုံးစုံသော တရားတို့၏ ကမ်း တစ်ဖက်သို့ ရောက်၏၊ (ရာဂစသော) ငြောင့်မရှိ၊ လျင်မြန်သော ပညာရှိ၏။ ပယ်ပြီးသော ပဋိသန္ဓေနေခြင်း သေခြင်း ရှိ၏၊ အလုံးစုံသော အကျင့်မြတ် ရှိ၏၊ ထို ပုဂ္ဂိုလ်ကို ''ကြီးသောသူ''ဟု ငါ ဆို၏၊ အကြင် ရဟန်းအား အာသဝေါတရားတို့သည် မရှိကုန်၊ ထိုရဟန်းကို အာသဝေါကုန်ခြင်းကြောင့် ''သီတင်းကြီးရဟန်း''ဟု ဆိုအပ်သတည်း။

ဒုတိယသုတ်။

------

၃-လောကသုတ်

၂၃။ ရဟန်းတို့ မြတ်စွာဘုရားသည် လောကကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောကမှ ကင်းတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ ဖြစ်ကြောင်းကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောက၏ ဖြစ်ကြောင်းကို ပယ်တော်မူ၏။ ရဟန်းတို့ မြတ်စွာဘုရားသည် လောကချုပ်ငြိမ်းရာ (နိဗ္ဗာန်) ကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောကချုပ်ငြိမ်းရာ (နိဗ္ဗာန်)ကို မျက်မှောက်ပြုတော်မူ၏၊ ရဟန်းတို့ မြတ်စွာဘုရားသည် လောက၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကို ထိုးထွင်း၍ သိတော်မူ၏၊ မြတ်စွာဘုရားသည် လောက၏ ချုပ်ငြိမ်းရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို ပွါးများတော်မူ၏။

ရဟန်းတို့ မြတ်စွာဘုရားသည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံ အလုံးစုံကို ထိုးထွင်း၍ သိတော်မူ၏၊ ထို့ကြောင့် ''တထာဂတ''ဟု ဆိုအပ်၏။

ရဟန်းတို့ မြတ်စွာဘုရားသည် အတုမရှိသော အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍ သိတော်မူသော ညဉ့်နှင့် ဝိပါက် ကမ္မဇရုပ် အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံတော်မူသော ညဉ့်တို့၏ အကြား၌ ဟောပြော မြွက်ဟ ညွှန်ပြတော်မူအပ်သော တရားအလုံးစုံသည် ဟောပြော မြွက်ဟ ညွှန်ပြတိုင်းသာ ဖြစ်၏၊ တစ်ပါးသော အခြင်းအရာအားဖြင့် မဖြစ်၊ ထို့ကြောင့် ''တထာဂတ''ဟု ဆိုအပ်၏။

ရဟန်းတို့ မြတ်စွာဘုရားသည် အကြင် သို့သော အခြင်းအရာအားဖြင့် ပြောဆိုလေ့ရှိ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြုလေ့ရှိ၏။ အကြင် သို့သော အခြင်းအရာအားဖြင့် ပြုလေ့ရှိ၏၊ ထိုသို့သော အခြင်းအရာအားဖြင့် ပြောဆိုလေ့ရှိ၏။ ဤသို့လျှင် ပြောဆိုလေ့ရှိသည့်အတိုင်း ပြုလေ့ရှိ၏၊ ပြုလေ့ရှိသည့် အတိုင်း ပြောဆိုလေ့ရှိ၏၊ ထို့ကြောင့် ''တထာဂတ''ဟု ဆိုအပ်၏။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ မြတ်စွာဘုရားသည် (သူတစ်ပါးတို့ကို) လွှမ်းမိုးတော်မူနိုင်၏၊ (သူတစ်ပါးတို့က) မလွှမ်းမိုးနိုင်၊ စင်စစ်အားဖြင့် မြင်တတ်၏၊ မိမိအလိုသို့ လိုက်စေနိုင်၏၊ ထို့ကြောင့် ''တထာဂတ''ဟု ဆိုအပ်၏။ (ထို မြတ်စွာဘုရားသည်) လောကအားလုံးကို ထူးသော ဉာဏ်ဖြင့် သိ၍ လောက၌ (သိအပ်သော တရား) အားလုံးကိုဟုတ်တိုင်းမှန်စွာ သိသောကြောင့် လောက အားလုံးမှ ကင်းတော်မူ၏၊ လောကအားလုံး၌ ငြိကပ်ခြင်း (တဏှာ, ဒိဋ္ဌိ) ဥပယ ရှိတော် မမူ။ ထို မြတ်စွာဘုရားသည် စင်စစ်အားဖြင့် အာရုံအားလုံးတို့ကို လွှမ်းမိုးတော်မူနိုင်၏၊ ပညာနှင့် ပြည့်စုံတော်မူ၏၊ အလုံးစုံသော အထုံးအဖွဲ့တို့မှ လွတ်မြောက်တော်မူ၏၊ ထို မြတ်စွာဘုရားသည် အလွန်ငြိမ်းချမ်းစွာသော တစ်စုံတစ်ခုသော ဘေးရန် အနှောင့် အယှက် မရှိသော နိဗ္ဗာန်ကို တွေ့ထိဆိုက်ရောက်တော်မူ၏။

အာသဝေါကုန်ပြီးသော ထို မြတ်စွာဘုရားသည် ဆင်းရဲကင်းတော်မူ၏၊ ယုံမှားခြင်းကို ပယ်ဖြတ်တော်မူပြီး ဖြစ်၏၊ အလုံးစုံသော ကံတို့၏ ကုန်ခြင်းသို့ ရောက် တော်မူ၏၊ ဥပဓိလေးပါးတို့ကုန်ရာ နိဗ္ဗာန်သို့ လွတ်လွတ် ဝင်တော်မူ၏။ ထို မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိတော်မူ၏၊ ထို မြတ်စွာဘုရားသည် အတုမရှိသော ခြင်္သေ့မင်းဖြစ်တော်မူ၍ နတ်နှင့် တကွသော သတ္တလောကအား မြတ်သော တရားစကြာကို လည်စေတော်မူ၏။ ဤသို့လျှင် အကြင် နတ်တို့သည်လည်းကောင်း၊ အကြင် လူတို့သည်လည်းကောင်း၊ မြတ်စွာဘုရားကို ကိုးကွယ်ရာဟု ဆည်းကပ်ကုန်၏၊ ထို နတ်လူတို့သည် ကြီးမြတ်၍ ကြောက်ရွံ့ခြင်းကင်းတော်မူသော ထို မြတ်စွာဘုရားကို ချဉ်းကပ်၍ ရှိခိုးကြကုန်၏။ ယဉ်ကျေးပြီးသော မြတ်စွာဘုရားသည် ယဉ်ကျေးသူတို့ထက် မြတ်တော်မူ၏၊ ငြိမ်းအေးပြီးသော မြတ်စွာဘုရားသည် ငြိမ်းအေးသူတို့ထက် မြတ်တော်မူ၏၊ လွတ်မြောက်ပြီးသော မြတ်စွာဘုရားသည် လွတ်မြောက်ပြီးသူတို့ထက် မြတ်တော်မူ၏၊ ကူးမြောက်တော်မူပြီးသော မြတ်စွာဘုရားသည် ကူးမြောက်ပြီးသူတို့ထက် မြတ်တော်မူ၏။ ဤသို့လျှင် ကြီးမြတ်၍ ကြောက်ရွံ့ခြင်းကင်းတော်မူသော ထို မြတ်စွာဘုရားကို ရှိခိုးကြကုန်၏၊ နတ်နှင့် တကွသော လောက၌ ငါနှင့် ပြိုင်ဘက် ပုဂ္ဂိုလ် မရှိ။

တတိယသုတ်။

------

၄-ကာဠကာရာမသုတ်

၂၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့ ကာဠကသူဌေး၏ အရံ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါသိ၏။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ထူးသော ဉာဏ်ဖြင့် သိပြီးပြီ၊ ထို အာရုံအလုံးစုံကို မြတ်စွာဘုရားသည် ထင်စွာသိအပ်ပြီးပြီ၊ ထို အာရုံအလုံးစုံသို့ မြတ်စွာဘုရားသည် (တဏှာ ဒိဋ္ဌိတို့ဖြင့်) ကပ်ရောက်တော်မမူ။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောကသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ် ရအပ် ရှာမှီးအပ် စိတ်ဖြင့် အဖန်ဖန် ကျက်စားအပ်သော အာရုံအလုံးစုံကို ငါမသိဟု ဆိုငြားအံ့၊ ငါ၏ စကားသည် အမှားဖြစ်ရာ၏။

ရဟန်းတို့။ပ။ ထို အာရုံအားလုံးကို ငါသိလည်း သိ၏၊ ငါသိလည်း မသိဟု ဆိုငြားအံ့၊ ငါ၏ ထို စကားသည် ထို့အတူသာ (အမှား) ဖြစ်ရာ၏။

ရဟန်းတို့။ပ။ ထို အာရုံအားလုံးကို ငါသိသည် မဟုတ်၊ မသိသည်လည်း မဟုတ်ဟု ဆိုငြားအံ့၊ ငါ၏ ထို စကားသည် အပြစ် ဖြစ်ရာ၏။

ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည် မြင်ရမည်ကို မြင်၍ မြင်ပြီးသည်ကို (တဏှာ မာန့ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မမြင်ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မြင်နေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ ဖြင့်) မအောက်မေ့၊ မြင်တတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။ ကြားရမည့် အရာကို ကြား၍ ကြားပြီးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မကြား ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ ကြားနေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ ကြားတတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ တွေ့ရမည့်အရာကို တွေ့၍ တွေ့ပြီးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မတွေ့ရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ တွေ့နေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ တွေ့တတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။ သိရမည့် အရာကို သိ၍ သိပြီးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ မသိရသေးသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ သိနေသည်ကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့၊ သိတတ်သူကို (တဏှာ မာန ဒိဋ္ဌိတို့ဖြင့်) မအောက်မေ့။ ရဟန်းတို့ ဤသို့လျှင် မြတ်စွာဘုရားသည် မြင်အပ် ကြားအပ် တွေ့အပ် သိအပ်သော အရုံတရားတို့၌ (ကောင်း, ဆိုးနှစ်ခု) ထပ်တူ ရှုတော်မူတတ်သည် ဖြစ်၍သာလျှင် တာဒီ မည်တော်မူ၏၊ ထို မြတ်စွာဘုရားတည်းဟူသော တာဒီ ပုဂ္ဂိုလ်မှ တစ်ပါး အခြား ထို့ထက် သာလွန်သော မြင့်မြတ်သော တာဒီပုဂ္ဂိုလ် မရှိဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

အကြင်သူတို့သည် သူတစ်ပါးတို့ မြင်အပ် ကြားအပ် တွေ့အပ်သော အာရုံ အလုံးစုံကို အမှန်ဟု အောက်မေ့၍ (တဏှာဖြင့်) လွှမ်းမိုးပြီးဆုံးစေအပ်၏၊ မိမိ ကိုယ်တိုင် စောင့်စည်း၏ဟုဆိုသော ထို (မိစ္ဆာအယူရှိ) သူတို့၌ တာဒီဂုဏ် မရှိ၊ ထို (မိစ္ဆာအယူရှိ) သူတို့၏ မှန်သော စကားကိုလည်းကောင်း၊ ချွတ်ယွင်းသော စကားကိုလည်းကောင်း အမွန်အမြတ်ပြု၍ စိတ်၌ မထားရာ။ ထို မိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကိုလည်း ရှေးဦးကပင် မြင်၍ အကြင် (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာ) အယူ၌ သတ္တဝါအပေါင်းသည် လွှမ်းမိုး ပြီးဆုံး စေ၏၊ ကပ်ငြိ၏၊ ထို (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာ) အယူကို ငါသည် သိ၏၊ မြင်၏၊ (ထို သတ္တဝါအပေါင်းသည် တဏှာဖြင့် လွှမ်းမိုး၍ ပြီးဆုံးစေအပ်သကဲ့သို့) ထို့အတူ မြတ်စွာဘုရားတို့အား (တဏှာဖြင့်) လွှမ်းမိုး၍ ပြီးဆုံးစေခြင်းသည် မရှိ။

စတုတ္ထသုတ်။

------

၅-ဗြဟ္မစရိယသုတ်

၂၅။ ရဟန်းတို့ လူအပေါင်းအား အံ့ဩဖွယ် ပြုခြင်းငှါ လူအပေါင်းအား ဖြားယောင်းခြင်းငှါ လာဘ် ပူဇော်သကာ အကျော်အစောဟူသော အာနိသင်အလို့ငှါ ထို ထို အကြောင်းဖြင့် ဝါဒဖြန့်ခြင်းငှါ ''ငါ့ကို ဤသို့ သဘောရှိ၏''ဟု လူအပေါင်းသိစေခြင်းငှါ ဤမြတ်သော အကျင့်ကို ကျင့်သုံးရသည် မဟုတ်။ ရဟန်းတို့ စင်စစ်သော်ကား စောင့်စည်းခြင်းငှါ ပယ်စွန့်ခြင်းငှါ တပ်မက်မှုကင်းခြင်းငှါ (ရာဂစသည်တို့) ချုပ်ခြင်းငှါ ဤမြတ်သော အကျင့်ကို ကျင့်သုံးရ၏ဟု (မိန့်တော်မူ၏)။

ထို မြတ်စွာဘုရားသည် စောင့်စည်းခြင်းငှါ ကိလေသာကို ပယ်ခြင်းငှါ တစ်ဆင့်ကြား မဟုတ်သော နိဗ္ဗာန်၏ အတွင်းသို့ ရောက်စေတတ်သော အကျင့်မြတ်ကို ဟောတော်မူ၏၊ ထို အကျင့်မြတ်ဟူသော လမ်းခရီးကို မြတ်သောဂုဏ်ကို ရှာမှီးလေ့ရှိသော သူတို့သည် အစဉ်လိုက်ကြကုန်၏။ အကြင်သူတို့သည် မြတ်စွာဘုရား ဟောထားတော်မူတိုင်းသော အကျင့်ကို ကျင့်ကုန်၏၊ မြတ်စွာဘုရား အဆုံးအမကို ပြုကျင့်လေ့ရှိကုန်သော ထိုသူတို့သည် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုရကုန်လတ္တံ့သတည်း။

ပဉ္စမသုတ်။

------

၆-ကုဟသုတ်

၂၆။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အံ့ဩဖွယ်ကို ပြုတတ်ကုန်၏၊ ခက်ထန်ကုန်၏၊ ဖြားယောင်းတတ်ကုန်၏၊ ဦးချိုနှင့် (တူသော ထင်ရှားသော ကိလေသာတို့နှင့်) ပြည့်စုံကုန်၏၊ အချည်းနှီး တက်ကြွကုန်၏၊ မတည်ကြည်ကုန်။ ရဟန်းတို့ ထိုရဟန်းတို့သည် ငါ့ကို မမြတ်နိုးကြကုန်၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ (သာသနာတော်) မှ ကင်းကွာကုန်၏၊ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ မရောက်ကုန်။ ရဟန်းတို့ အကြင် ရဟန်းတို့သည်ကား အံ့ဩဖွယ်ကို မပြုတတ်ကုန်၊ မဖြားယောင်းတတ်ကုန်၊ ဉာဏ်ပညာနှင့် ပြည့်စုံကုန်၏၊ မခက်ထန်ကုန်၊ ကောင်းစွာ တည်ကြည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် ငါ့ကို မြတ်နိုးကြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် ဤဓမ္မဝိနယ (သာသနာတော်) မှ မကင်းကွာကုန်၊ ဤဓမ္မဝိနယ၌ ကြီးပွါးခြင်း စည်ပင်ခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

(အကြင်သူတို့သည်) အံ့ဩဖွယ်ကို ပြုတတ်ကုန်၏၊ ခက်ထန်ကုန်၏၊ ဖြားယောင်း တတ်ကုန်၏၊ ဦးချိုနှင့်တူသော ကိလေသာရှိကုန်၏၊ အချည်းနှီး တက်ကြွကုန်၏၊ မတည်ကြည်ကုန်၊ ထိုသူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သာသနာ တော်၌ မစည်ပင်နိုင်ကုန်။ (အကြင်သူတို့သည်) အံ့ဩဖွယ်ကို မပြုတတ်ကုန်၊ မဖြားယောင်းတတ်ကုန်၊ ပညာရှိကုန်၏၊ မခက်ထန်ကုန်၊ ကောင်းစွာ တည်ကြည်ကုန်၏၊ ထိုသူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော သာသနာတော်၌ စင်စစ် စည်ပင်ကုန် သတည်း။

ဆဋ္ဌသုတ်။

------

၇-သန္တုဋ္ဌိသုတ်

၂၇။ ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ သင်္ကန်းတို့တွင် ပံ့သကူသင်္ကန်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို သင်္ကန်းသည် အပြစ်လည်း မရှိ။ ရဟန်းတို့ စားဖွယ်တို့တွင် ဆွမ်းခံလှည့်လည်၍ ရအပ်သော ဆွမ်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆွမ်းသည် အပြစ်လည်း မရှိ။ ရဟန်းတို့ ကျောင်းတို့တွင် သစ်ပင် ရင်းဟူသော ကျောင်းသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ကျောင်းသည် အပြစ်လည်း မရှိ။ ရဟန်းတို့ ဆေးတို့တွင် နွားကျင်ငယ်ပုပ်တည်းဟူသော ဆေးသည် တာဝန်လည်းနည်း၏၊ ရလည်း ရလွယ်၏၊ ထို ဆေးသည် အပြစ်လည်း မရှိ။ ရဟန်းတို့ တာဝန်လည်းနည်း၍ ရလည်း ရလွယ်ကုန်သော ပစ္စည်းတို့သည် ဤလေးမျိုးတို့တည်း၊ ထို ပစ္စည်းတို့သည် အပြစ်လည်း မရှိကုန်။ ရဟန်းတို့ ရဟန်းသည် တာဝန်နည်း၍ ရလွယ်သော ပစ္စည်းဖြင့် ရောင့်ရဲ၏၊ ဤသို့ ရောင့်ရဲခြင်းကို ''ရဟန်း၏ ရဟန်းအဖြစ်''ဟူသော အဂ င်္ါတစ်ပါးဟု ငါဆို၏ဟု (မိန့်တော်မူ၏)။

တာဝန်လည်းနည်း ရလည်း ရလွယ် အပြစ်လည်း မရှိသော ပစ္စည်းဖြင့် ရောင့်ရဲသော ရဟန်းအား ကျောင်းကိုလည်းကောင်း၊ သင်္ကန်းကိုလည်းကောင်း၊ သောက်ဖွယ်စားဖွယ်ကိုလည်းကောင်း အကြောင်းပြု၍ စိတ်၏ ပင်ပန်းခြင်း ကင်း၏။ အရပ်မျက်နှာကိုလည်း မထိခိုက်။ ရဟန်းတရားအားလျော်သော အကြင် တရားတို့ကို ထို မြတ်စွာဘုရားသည် ဟောတော်မူ၏၊ မမေ့မလျော့သော သတိရှိသည် ဖြစ်၍ ကျင့်သော၊ နှစ်သက်သော စိတ်ရှိသော ရဟန်းသည် (ထိုတရားတို့ကို) သိမ်းဆည်း၍ ယူအပ်လေသတည်း။

သတ္တမသုတ်။

------

၈-အရိယဝံသသုတ်

၂၈။ ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်မြင့်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန် သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော အရိယာတို့၏ အနွယ်အဆက်ဖြစ်ကုန်သော 'အရိယဝံသ'တရားတို့သည် ဤလေးမျိုးတို့တည်း။ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ သင်္ကန်းဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ သင်္ကန်းကို မရ၍လည်း မတောင့်တ၊ သင်္ကန်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ ရှိသည် ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော သင်္ကန်းဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲ၏၊ ရတတ် သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ ဆွမ်းဟူသော အကြောင်းကြောင့် မလျောက်ပတ် မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ ဆွမ်းကို မရ၍လည်း မတောင့်တ၊ ဆွမ်းကို ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ထွက်မြောက် ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော ဆွမ်းဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း' ဖြင့် ရောင့်ရဲ၏၊ ရတတ်သမျှသော အိပ်ရာ နေရာ 'ကျောင်း'ဖြင့် ရောင့်ရဲခြင်း၏ ဂုဏ်ကိုလည်း ဆိုလေ့ရှိ၏၊ အိပ်ရာနေရာ 'ကျောင်း'ဟူသော အကြောင်းကြောင့် မလျောက်ပတ်သော မအပ်သော ရှာမှီးခြင်းသို့လည်း မရောက်၊ အိပ်ရာ နေရာ 'ကျောင်း' ကို မရ၍လည်း မတောင့်တ၊ ရပြီး၍လည်း မမက်မော မတွေဝေ၊ (တဏှာဖြင့်) မလွှမ်းမိုး၊ အပြစ်ကို ရှုလေ့ရှိသည် ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်၏၊ ထို ရတတ်သမျှသော အိပ်ရာနေရာ 'ကျောင်း' ဖြင့် ရောင့်ရဲခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ၊ အကြင် ရဟန်းသည် ထို ရောင့်ရဲမှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု ဆိုအပ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဘာဝနာ၌ မွေ့လျော်၏၊ ဘာဝနာ၌ ပျော်ပိုက်၏၊ (ကာမစ္ဆန္ဒ စသည်ကို) ပယ်ခြင်း၌ မွေ့လျော်၏၊ ပယ်ခြင်း၌ ပျော်ပိုက်၏၊ ထို ဘာဝနာ၌ မွေ့လျော် ပျော်ပိုက်ခြင်းဖြင့်လည်းကောင်း၊ ထို (ကာမစ္ဆန္ဒ စသည်ကို) ပယ်ခြင်း၌ မွေ့လျော်ပျော်ပိုက်ခြင်းဖြင့်လည်းကောင်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ အကြင် ရဟန်းသည် ဘာဝနာ 'ပွါးများ'မှု ပယ်မှု၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်းမရှိ၊ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိ၏၊ သတိနှင့် ယှဉ်၏။ ရဟန်းတို့ ဤရဟန်းကို ရှေးကျသော အမြတ်ဟု သိအပ်သော အရိယာတို့၏ အနွယ်အဆက်၌ တည်သော ရဟန်းဟု့ဆိုအပ်၏။ ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော (ဘုရား ပစ္စေကဗုဒ္ဓါ သာဝက)တို့၏ အနွယ်အဆက်ဟု သိအပ်ကုန်သော ရှေးကျကုန်သော အရိယာ၏ အနွယ်အဆက် ဖြစ်ကုန်သော တရားတို့သည် ဤလေးမျိုးတို့တည်း၊ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ ဘုရားသျှင်တို့သည် မပယ်ဖူးကုန်၊ ယခုလည်း မပယ်ကြကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။

ရဟန်းတို့ ဤအရိယဝံသတရားလေးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရှေ့အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ အနောက်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ မြောက်အရပ်၌ အကယ်၍ နေစေ ကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ တောင်အရပ်၌ အကယ်၍ နေစေကာမူ ထိုရဟန်းကသာလျှင် မမွေ့လျော်ခြင်းကို နှိပ်စက် နိုင်ရာ၏၊ ထိုရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်ရာ။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- ရဟန်းတို့ လုံ့လရှိသော ရဟန်းသည် မမွေ့လျော်ခြင်း, မွေ့လျော်ခြင်းကိုသည်းခံနိုင်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

မမွေ့လျော်ခြင်းသည် လုံ့လရှိသော ရဟန်းကို မနှိပ်စက်နိုင်၊ လုံ့လရှိသော ရဟန်းကသာ မမွေ့လျော်ခြင်းကို နှိပ်စက်နိုင်၏၊ လုံ့လရှိသော ရဟန်းသည် မမွေ့ လျော်ခြင်းကို နှိပ်စက်နိုင်သောကြောင့် လုံ့လရှိသော ရဟန်းကို မမွေ့လျော်ခြင်းက မနှိပ်စက်နိုင်။ (ကိလေသာ) ကို ဖျက်ဆီးပြီးသော အလုံးစုံသော (တေဘူမက) ကံတို့ကို ပယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်ကို အဘယ်မည်သော အကုသိုလ်တရားသည် တားမြစ်နိုင် အံ့နည်း၊ တစ်နိက္ခရှိ ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ အဘယ်သူသည် ထို ရဟန္တာပုဂ္ဂိုလ်ကို ကဲ့ရဲ့ခြင်းငှါ ထိုက်ပါအံ့နည်း၊ ထို ပုဂ္ဂိုလ်ကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာကလည်း ချီးမွမ်း၏။

အဋ္ဌမသုတ်။

------

၉-ဓမ္မပဒသုတ်

၂၉။ ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော၊ ရှည်မြင့်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ် ကုန်သော၊ (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော တရားအစုတို့သည် ဤလေးမျိုးတို့တည်း။ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ ဘုရားသျှင်တို့သည် ရှေးကလည်း မပယ်ဖူးကုန်၊ ယခုလည်း မပယ်အပ်ကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏ ဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ မမက်မောခြင်း 'အနဘိဇ္ဈာ'တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ ဘုရားသျှင် တို့သည် ရှေးကလည်း မပယ်ခဲ့၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်။

ရဟန်းတို့ မပျက်စီးစေလိုခြင်း 'အဗျာပါဒ'တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိသမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်။

ရဟန်းတို့ မှန်ကန်သော အောက်မေ့ခြင်း 'သမ္မာသတိ'တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိသမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်။

ရဟန်းတို့ မှန်ကန်သော တည်ကြည်ခြင်း 'သမ္မာသမာဓိ'တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိသမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်။

ရဟန်းတို့ အမြတ်ဟု သိအပ်ကုန်သော၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော၊ (ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော တရားအစုတို့သည် ဤလေးမျိုးတို့ပေတည်း၊ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်ကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏ တို့သည် မကဲ့ရဲ့အပ်ကုန်ဟု (မိန့်တော်မူ၏)။

မိမိသန္တာန်၌ (စိတ်ကို) ကောင်းမွန်တည်တံ့စွာ ထားသော ရဟန်းသည် မက်မောခြင်း မများသည် ဖြစ်၍ မပျက်စီးစေလိုသော (မေတ္တာ) စိတ်ဖြင့် နေရာ၏၊ သတိနှင့် ပြည့်စုံလျက် တည်ကြည်သော စိတ်ရှိသည် ဖြစ်ရာ၏။

နဝမသုတ်။

------

၁၀-ပရိဗ္ဗာဇကသုတ်

၃၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အလွန်ထင်ရှား ကျော်စောကုန်သော များစွာသော ပရိဗိုဇ်တို့သည် သိပ္ပိနိကာမြစ်ကမ်း ပရိဗိုဇ်တို့အရံ၌ နေကြကုန်၏။ ဤသူတို့ကား အဘယ်တို့နည်းဟူမူ- အန္နဘာရပရိဗိုဇ် ဝရဓရပရိဗိုဇ် သကုလုဒါယီပရိဗိုဇ်နှင့်အခြား အလွန်ထင်ရှားကျော်စောကုန်သော ပရိဗိုဇ်တို့တည်း။ ထိုအခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထတော်မူ၍ သိပ္ပိနိကာမြစ်ကမ်း ပရိဗိုဇ်တို့ အရံသို့ ချဉ်းကပ်လျက် ခင်းထားသော နေရာ၌ ထိုင်တော်မူပြီးလျှင် ထို ပရိဗိုဇ်တို့အား ဤစကားကို မိန့်တော်မူ၏-

ပရိဗိုဇ်တို့ အမြတ်ဟု သိအပ်ကုန်သော၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော တရားအစုတို့သည် ဤလေးမျိုးတို့တည်း။ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်ကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိ သမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ် ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ- ပရိဗိုဇ်တို့ မမက်မောခြင်း 'အနဘိဇ္ဈာ'တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိသမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်။ ပရိဗိုဇ်တို့ မပျက်စီး စေလိုခြင်း 'အဗျာပါဒ'တရားအစုကို။ပ။ ပရိဗိုဇ်တို့ မှန်ကန်သော အောက်မေ့ခြင်း 'သမ္မာသတိ'တရားအစုကို၊ ပ။ ပရိဗိုဇ်တို့ မှန်ကန်သော တည်ကြည်ခြင်း 'သမ္မာသမာဓိ'တရားအစုကို အမြတ်ဟု သိအပ်၏၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်၏၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်၏၊ ရှေးကျ၏၊ မပယ်အပ်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်၊ ပညာရှိသမဏဗြာဟ္မဏတို့သည် မကဲ့ရဲ့အပ်။

ပရိဗိုဇ်တို့ အမြတ်ဟု သမုတ်အပ်ကုန်သော၊ ရှည်စွာသော ကာလတို့က ဖြစ်၏ဟု သိအပ်ကုန်သော၊ (အရိယာတို့၏) အနွယ်အဆက်ဟု သိအပ်ကုန်သော၊ ရှေးကျကုန်သော တရားအစုတို့သည် ဤလေးမျိုးတို့တည်း။ (ထိုတရားတို့ကို) မပယ်အပ်ကုန်၊ (ဘုရားသျှင်တို့သည်) ရှေးကလည်း မပယ်ခဲ့ကုန်၊ ယခုလည်း မပယ်ကုန်၊ နောင်လည်း ပယ်လိမ့်မည် မဟုတ်ကုန်၊ ပညာရှိသမဏဗြာဟ္မဏတို့ မကဲ့ရဲ့အပ်ကုန်။

ပရိဗိုဇ်တို့ ''ဤမမက်မောခြင်း 'အနဘိဇ္ဈာ'တရားအစုကို ပယ်စွန့်၍ မက်မောခြင်းများသော ကာမ ဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါ ပညတ်အံ့''ဟု ဆိုသူကို ''လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့''ဟု ငါ ဆိုပေအံ့။ ပရိဗိုဇ်တို့ မမက်မောခြင်း 'အနဘိဇ္ဈာ'တရားအစုကို ပယ်စွန့်၍ မက်မောခြင်းများသော ကာမဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်းမရှိချေ။

ပရိဗိုဇ်တို့ ''မပျက်စီးစေလိုခြင်း 'အဗျာပါဒ'တရားအစုကို ပယ်စွန့်၍ ပျက်စီးစေလိုသည့် စိတ်ရှိသော ပြစ်မှားလိုသော စိတ်အကြံရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါပညတ်အံ့''ဟု ဆိုသူကို ''လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့''ဟု ငါဆိုပေအံ့။ ပရိဗိုဇ်တို့ မပျက်စီး စေလိုခြင်း'အဗျာပါဒ'တရားအစုကို ပယ်စွန့်၍ ပျက်စီးစေလိုသည့် စိတ်ရှိသော ပြစ်မှားလိုသော စိတ် အကြံရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်းမရှိချေ။

ပရိဗိုဇ်တို့ ''မှန်ကန်သော အောက်မေ့ခြင်း 'သမ္မာသတိ'တရားအစုကို ပယ်စွန့်၍ သတိ လွတ်ကင်းသော ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'မရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါပညတ်အံ့''ဟု ဆိုသူကို ''လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့''ဟု ငါဆိုပေအံ့။ ပရိဗိုဇ်တို့ မှန်ကန်သော အောက်မေ့ခြင်း 'သမ္မာသတိ'တရားအစုကို ပယ်စွန့်၍ သတိလွတ်ကင်းသော ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'တရား မရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူ ပညတ်လိမ့်မည်ဟူသော အကြောင်းမရှိချေ။

ပရိဗိုဇ်တို့ ''မှန်ကန်သော တည်ကြည်ခြင်း 'သမ္မာသမာဓိ'တရားအစုကို ပယ်စွန့်၍ မတည်ကြည် ပျံ့လွင့်သော စိတ်ရှိသူကို သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ငါ ပညတ်အံ့''ဟု ဆိုသူကို ''လာစေ ဆိုစေ နှုတ်မြွက်စေ ထိုသူ၏ အစွမ်းကို ရှုအံ့''ဟု ငါဆိုပေအံ့။ ပရိဗိုဇ်တို့ မှန်ကန် သော တည်ကြည်ခြင်း 'သမ္မာသမာဓိ'တရားအစုကို ပယ်စွန့်၍ မတည်ကြည် ပျံ ့လွင့်သော စိတ်ရှိသူကိုု သမဏဟူ၍လည်းကောင်း၊ ဗြာဟ္မဏဟူ၍လည်းကောင်း ထိုသူပညတ်လိမ့်မည်ဟူသော အကြောင်း မရှိချေ။

ပရိဗိုဇ်တို့ ဤတရားအစု လေးမျိုးတို့ကို ကဲ့ရဲ့ထိုက်၏၊ တားမြစ်ထိုက်၏ဟု အောက်မေ့သူအား မျက်မှောက်ဘဝ၌ လေးမျိုးကုန်သော အကြောင်းနှင့်တကွ (အဓမ္မိက) ဝါဒသို့ ကျရောက်ကုန်သော ကဲ့ရဲ့ဖွယ် အရာတို့သည် ရောက်လာကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- မမက်မောခြင်း 'အနဘိဇ္ဈာ'တရား အစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့အံ့၊ အကယ်၍ တားမြစ်အံ့၊ မက်မောခြင်း 'အဘိဇ္ဈာ' များကုန်သော ကာမဂုဏ်တို့၌ ထက်မြက်သည့် ရာဂရှိသော သမဏဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။ မပျက်စီးစေလိုခြင်း 'အဗျာပါဒ'တရားအစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့အံ့၊ အကယ်၍ တားမြစ်အံ့၊ ပျက်စီးစေလိုသော ပြစ်မှားလိုသော စိတ်အကြံရှိသော သမဏဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။ မှန်ကန်သော အောက်မေ့ခြင်း 'သမ္မာသတိ'တရားအစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့သည် ဖြစ်အံ့၊ အကယ်၍ တားမြစ်သည် ဖြစ်အံ့၊ ့သတိလွတ်ကင်းဆင်ခြင်ခြင်း မရှိကုန်သော သမဏ ဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။ မှန်ကန်သော တည်ကြည်ခြင်း 'သမ္မာသမာဓိ'တရားအစုကို အသျှင်သည် အကယ်၍ ကဲ့ရဲ့သည် ဖြစ်အံ့၊ အကယ်၍ တားမြစ်သည် ဖြစ်အံ့၊ မတည်ကြည်ကုန်သော ပျံ ့လွင့်သော စိတ်ရှိကုန်သော သမဏဗြာဟ္မဏတို့ကို အသျှင်သည် ပူဇော်အပ်သည် မည်၏၊ အသျှင်သည် ချီးမွမ်းအပ်သည် မည်၏။

ပရိဗိုဇ်တို့ ဤလေးမျိုးသော တရားအစုတို့ကို ကဲ့ရဲ့ထိုက်၏၊ တားမြစ်ထိုက်၏ဟု အောက်မေ့သူအား မျက်မှောက်ဘဝ၌ လေးမျိုးကုန်သော အကြောင်းနှင့်တကွ (အဓမ္မိက) ဝါဒသို့ ကျရောက်ကုန်သော ကဲ့ရဲ့ဖွယ် အရာတို့သည် ရောက်လာကုန်၏။ ပရိဗိုဇ်တို့ ဥက္ကလ (ဇနပုဒ်) နေ ဝဿနှင့် ဘညနှစ်ဦးတို့သည် အကြောင်းမဲ့အယူ 'အဟေတုကဝါဒ'၊ အပြုမဲ့အယူ 'အကိရိယဝါဒ'၊ အကျိုးမဲ့အယူ 'နတ္ထိကဝါဒ' ရှိကုန်၏။ ထိုသူတို့သော်မှလည်း ဤတရားအစုလေးမျိုးတို့ကို မကဲ့ရဲ့ထိုက်၊ မတားမြစ်ထိုက်ဟု အောက်မေ့ကုန်၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ (သူတစ်ပါးတို့) ကဲ့ရဲ့ခြင်း ထိပါးခြင်း စွပ်စွဲခြင်းတို့မှ ကြောက် သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

မပျက်စီးစေလိုသော အခါခပ်သိမ်း သတိရှိ၍ မိမိသန္တာန်၌ ကောင်းစွာ တည်ကြည်လျက် မက်မောခြင်း 'အဘိဇ္ဈာ' ကို ပယ်ဖျောက်ကြောင်း (အရဟတ္တဖိုလ်)၌ ကျင့်ဆဲဖြစ်သူကို မမေ့မလျော့သူဟု ဆိုအပ်၏။

ဒသမသုတ်။

သုံးခုမြောက် ဥရုဝေလဝဂ် ပြီး၏။

------

၄-စက္ကဝဂ် ၁-စက္ကသုတ်

၃၁။ ရဟန်းတို့ ပြည့်စုံခြင်း 'သမ္ပတ္တိ' စက်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းစက်တို့နှင့် ပြည့်စုံ သော နတ်လူတို့အား (သမ္ပတ္တိ) စက်လေးမျိုးသည် လည်၏၊ ယင်းစက်လေးမျိုးတို့နှင့် ပြည့်စုံသော နတ်လူတို့သည် မကြာမီပင် စည်းစိမ်တို့၌ များပြားသည့်အဖြစ်ပြန့်ပြောသည့်အဖြစ်သို့ ရောက်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- သင့်လျော်လျောက်ပတ်သော အရပ်၌ နေခြင်း၊ သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ခြင်း၊ မိမိကိုယ်နှင့်စိတ်ကို ကောင်းစွာထားခြင်း၊ ရှေးဘဝက ပြုခဲ့ဖူးသော ကောင်းမှုရှိခြင်းတို့တည်း။ ရဟန်းတို့ ပြည့်စုံခြင်း 'သမ္ပတ္တိ' စက်တို့သည် ဤလေးမျိုးတို့တည်း။ ယင်းစက်တို့နှင့် ပြည့်စုံသော နတ်လူတို့အား (သမ္ပတ္တိ) စက်လေးမျိုးသည် လည်၏၊ ယင်းစက်လေးမျိုးတို့နှင့် ပြည့်စုံသော နတ်လူတို့သည် မကြာမီပင် စည်းစိမ်တို့၌ များပြားသည့်အဖြစ် ပြန့်ပြောသည့်အဖြစ်သို့ ရောက်ကုန်၏ဟု (မိန့်တော်မူ၏)။

(အကြင်သူသည်) သင့်တင့်လျောက်ပတ်သော အရပ်၌ နေရာ၏၊ သူတော် ကောင်းကို အဆွေခင်ပွန်း ပြုရာ၏၊ ကောင်းစွာ (ကိုယ် နှုတ် နှလုံးကို) ထားခြင်းနှင့် ပြည့်စုံသူ ဖြစ်ရာ၏၊ ရှေးက ပြုခဲ့ဖူးသော ကောင်းမှုရှိသူ ဖြစ်ရာ၏၊ စည်းစိမ်ဥစ္စာ အခြံအရံ အကျော်အစောနှင့် ချမ်းသာခြင်းသည် ထိုသူကို လွှမ်းမိုးလေသတည်း။

ပဌမသုတ်။

------

၂-သင်္ဂဟသုတ်

၃၂။ ရဟန်းတို့ ချီးမြှောက်ကြောင်း 'သင်္ဂဟဝတ္ထု' တို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုး တို့နည်းဟူမူ- ပေးကမ်းခြင်း၊ ချစ်ဖွယ်စကားကို ဆိုခြင်း၊ အကျိုးစီးပွါးကို ကျင့်ခြင်း၊ ကိုယ်နှင့် ထပ်တူပြုခြင်းတို့တည်း။ ရဟန်းတို့ ချီးမြှောက်ကြောင်း 'သင်္ဂဟဝတ္ထု' တို့သည် ဤလေးမျိုးတို့တည်းဟု့ (မိန့်တော်မူ၏)။ ဤလောက၌ ပေးကမ်းခြင်းလည်းကောင်း၊ ချစ်ဖွယ်စကားကို ဆိုခြင်းလည်းကောင်း၊ အကျိုးစီးပွါးကို ကျင့်ခြင်းလည်းကောင်း၊ ထို ထို အကြောင်းတို့၌ ထိုက်သည့် အားလျော်စွာ ကိုယ်နှင့်ထပ်တူပြုခြင်းလည်းကောင်း ထို သင်္ဂဟဝတ္ထုလေးမျိုး တို့သည် သွားနေသော ရထား၏ နားစောင့်ကဲ့သို့ လောကကို ချီးမြှောက် ကုန်၏။ အကယ်၍ ထို သင်္ဂဟဝတ္ထုလေးမျိုးတို့ မရှိကုန်ငြားအံ့၊ အမိသည် သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ၊ အဖသည်လည်း သားဟူသော အကြောင်းကြောင့် ပူဇော်ခြင်း မြတ်နိုးခြင်းကို မရရာ။ ထို သင်္ဂဟဝတ္ထုလေးပါးတို့ကို ပညာရှိတို့သည် ကောင်းစွာ ရှုဆင်ခြင်ကြကုန်သောကြောင့် မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်၏၊ ထို ပညာရှိတို့သည် ချီးမွမ်းထိုက် သူတို့ ဖြစ်ကုန်၏၊

ဒုတိယသုတ်။

------

၁။ နားစောင့်- နပန်းစွန်း၊ လှည်း၏ဝင်ရိုးဖျား၌ ဘီးထွက်မသွားရန် တပ်ထားသော ကလန့်။

၃-သီဟသုတ်

၃၃။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ညနေချမ်းအခါ နေရာမှ ထွက်၍ ကွန့်မြူးလျက် ပတ်ဝန်းကျင် အရပ်လေးမျက်တို့ကို စောင်းငဲ့ကြည့်ရှုပြီးနောက် သုံးကြိမ်ဟောက်လျက် ကျက်စားရန် ထွက်သွား၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်း၏ ဟောက်သံကို ကြားကုန်သော တိရစ္ဆာန် သတ္တဝါတို့သည် များသောအားဖြင့် ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကြကုန်၏၊ တွင်းနေ သတ္တဝါတို့သည် တွင်းသို့ ဝင်ကုန်၏၊ ရေနေသတ္တဝါတို့သည် ရေသို့ ငုပ်ကုန်၏၊ တောနေသတ္တဝါတို့သည် တောသို့ ဝင်ကုန်၏၊ ငှက်တို့သည် ကောင်းကင်သို့ ပျံတက်ကုန်၏၊ ရဟန်းတို့ ရွာ နိဂုံး မင်းနေပြည်တို့၌ ခိုင်ခံ့သော သားရေနှောင်ကြိုးတို့ဖြင့် ဖွဲ့ချည်ထားကုန်သော မင်းစီးဆင်တို့သည်လည်း ထို နှောင်ကြိုးတို့ကို ဖြတ်တောက် ဖောက်ခွဲလျက် ကြောက်ရွံ့ကုန်သည် ဖြစ်၍ ကျင်ကြီး ကျင်ငယ်ကို စွန့်ပြီးလျှင် အမှတ်မရှိ ရှေးရှုမိရာအရပ်သို့ ပြေးသွားကြကုန်၏။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် တိရစ္ဆာန်သတ္တဝါ တို့ထက် ဤသို့ပင် တန်ခိုးကြီး၏၊ ဤသို့ပင် အစိုးရ၏၊ ဤသို့ပင် ကြီးသော အာနုဘော်ရှိ၏။

ရဟန်းတို့ ဤအတူသာလျှင် အကြင် အခါ လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံ သော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူ သော၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမ တတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ (သစ္စာလေးပါးတရား တို့ကို) သိစေတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထို မြတ်စွာဘုရားသည် ''ဤတရားကား အထင်အရှားရှိသော ခန္ဓာငါးပါးအပေါင်း 'သက္ကာယ'တည်း၊ ဤတရားကား သက္ကာယ၏ အကြောင်းတည်း၊ ဤတရားကား သက္ကာယ၏ ချုပ်ရာတည်း၊ ဤတရားကား သက္ကာယ ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း''ဟုတရားကို ဟောတော်မူ၏။ ရဟန်းတို့ အသက်ရှည် ကုန်သော အဆင်းလှကုန်သော ချမ်းသာခြင်းများကုန်သော မြင့်မားသည့် ဘုံဗိမာန်တို့၌ ကြာမြင့်စွာ တည်ခြင်းရှိကုန်သော နတ် ဗြဟ္မာတို့သော်မှလည်း မြတ်စွာဘုရား၏တရားတော်ကို ကြားနာကြရ၍ များသောအားဖြင့် ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက်ကုန်၏။ အချင်းတို့ ငါတို့သည် စင်စစ် မမြဲသည် ဖြစ်ကုန်လျက် ''မြဲ၏''ဟူ၍့အောက်မေ့မိကုန်၏၊ အချင်းတို့ ငါတို့သည် စင်စစ် မခိုင်သည် ဖြစ်ကုန်လျက် ''ခိုင်ကုန်၏''ဟူ၍ အောက်မေ့မိကုန်၏၊ အချင်းတို့ ငါတို့သည် စင်စစ် အမြဲ မတည်ကုန် လျက် ''အမြဲတည်ကုန်၏''ဟူ၍ အောက်မေ့မိကုန်၏။ အချင်းတို့ ငါတို့သည်ကား မမြဲကုန်၊ မခိုင်ကုန်၊ အမြဲမတည်ကုန်၊ သက္ကာယ၌ အကျွမ်းဝင်ကုန်သတတ်ဟု ကြောက်ခြင်း ထိတ်ခြင်း လန့်ခြင်းသို့ ရောက် ကုန်၏။ ရဟန်းတို့ မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောကထက် ဤသို့ပင် ကြီးသော တန်ခိုး ရှိ၏၊ ဤသို့ပင် ကြီးသော အစိုးရခြင်းရှိ၏၊ ဤသို့ပင် ကြီးသော အာနုဘော်ရှိ၏ဟု (မိန့်တော်မူ၏)။

အကြင် အခါ (နတ်လူတို့) ဆရာဖြစ်သော ပြိုင်ဘက်ကင်းသော မြတ်စွာဘုရားသည် (ခန္ဓာငါးပါး)ဟူသော သက္ကာယကိုလည်းကောင်း၊ သက္ကာယ၏ ချုပ်ရာ နိဗ္ဗာန်ကိုလည်းကောင်း၊ သက္ကာယ၏ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်ရောက်ကြောင်း ဖြစ်သော အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကိုလည်းကောင်း ထူးသောဉာဏ်ဖြင့် သိတော်မူ၍ နတ်နှင့်တကွသော လူအပေါင်းအားတရားစကြာကို လည်စေတော်မူ၏။ (ထိုအခါ) အသက်ရှည်၍ အဆင်းလှကုန်သော အခြံအရံများကုန်သော နတ် ဗြဟ္မာကြီးတို့သော်မှလည်း ခြင်္သေ့မင်းအား ကြောက်ရွံ့ကုန်သော တစ်ပါးသော သတ္တဝါတို့ကဲ့သို့၊ ကိလေသာမှ လွတ်၍ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော၊ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ စကားတော်ကို ကြားနာရ၍ အချင်းတို့ ငါတို့သည် သက္ကာယ 'ခန္ဓာငါးပါးအပေါင်း'ကို မလွန်နိုင်ကုန်သည်ဖြစ်၍ အမြဲ မရှိကုန်သတတ်ဟု ထိတ်လန့်ခြင်းသို့ ရောက်ကုန်၏။

တတိယသုတ်။

------

၄-အဂ္ဂပသာဒသုတ်

၃၄။ ရဟန်းတို့ အမြတ်ဆုံးတို့၌ ကြည်ညိုခြင်းတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုး တို့နည်းဟူမူ- ရဟန်းတို့ အခြေမရှိသောသတ္တဝါ အခြေနှစ်ချောင်းရှိသတ္တဝါ အခြေလေးချောင်းရှိသတ္တဝါ များသောအခြေရှိသတ္တဝါ ရုပ်ရှိသတ္တဝါ ရုပ်မဲ့သတ္တဝါ သညာရှိသတ္တဝါ သညာမဲ့သတ္တဝါ ရုန့်ရင်းသော သညာကားမရှိ သိမ်မွေ့သော သညာမရှိသည် မဟုတ်သော သတ္တဝါအားလုံးတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရား၌ ကြည်ညိုသော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

ရဟန်းတို့ အပြုပြင်ခံ 'သင်္ခတ'တရား ရှိသမျှတို့ထက် အင်္ဂါရှစ်ပါးရှိသော အရိယမဂ်ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသော အရိယမဂ်၌ ကြည်ညိုကုန်သော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုကုန်သော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

ရဟန်းတို့ အပြုပြင်ခံ 'သင်္ခတ'တရား၊ အပြုပြင်ကင်း 'အသင်္ခတ'တရား ရှိသမျှတို့ထက် ရာဂဟူသော ယစ်ခြင်းကင်းရာ ရာဂဟူသော မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အတွယ်အတာကို ပယ်ခွါရာ ဝဋ် (မြစ်) ပြတ်ရာ တဏှာကုန်ရာ ကင်းပြတ်ရာ ချုပ်ရာ ငြိမ်းအေးရာ နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ နိဗ္ဗာန်တရား၌ ကြည်ညိုသောသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။

ရဟန်းတို့ အပေါင်း 'သံဃာ'၊ ဂိုဏ်း 'ဂဏ' ရှိသမျှတို့ထက် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်ကုန်သော၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်ကုန်သော၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံယူတော်မူထိုက်ကုန်သော၊ ့လက်အုပ်ချီခြင်းငှါ ထိုက်ကုန်သော၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်သော၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော၊ မြတ်စွာဘုရား၏ တပည့်သားသံဃာ ကို အမြတ်ဆုံးဟု ဆိုထိုက်၏။ ရဟန်းတို့ မြတ်စွာဘုရား၏ တပည့်သားသံဃာ၌ ကြည်ညိုသော သူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုကုန်သော သူတို့အား အမြတ်ဆုံးသော အကျိုးသည် ဖြစ်၏။ ရဟန်းတို့ အမြတ်ဆုံး၌ ကြည်ညိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

မြတ်သော (ရတနာသုံးပါး၏) ဂုဏ်ကို သိကုန်သည် ဖြစ်၍ အမြတ်ဆုံး (သုံးဖြာ ရတနာ) ၌ စင်စစ် ကြည်ညိုသူတို့အားလည်းကောင်း၊ အတုမရှိ မြတ်သော အလှူကို ခံထိုက်သော မြတ်သော ဘုရား၌ ကြည်ညိုကုန်သော သူတို့အားလည်းကောင်း၊ တပ်မက်ခြင်း 'ရာဂ' ကင်းရာ ငြိမ်းအေးရာဖြစ်သော၊ ချမ်းသာကြောင်း ဖြစ်သော မြတ်သော တရား၌ ကြည်ညိုကုန်သူတို့အားလည်းကောင်း၊ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော၊ မြတ်သော သံဃာ၌ ကြည်ညိုကုန်သူတို့အားလည်းကောင်း အမြတ်ဆုံး (သုံးဖြာ ရတနာ) ၌ အလှူကို ပေးလှူသူတို့အားလည်းကောင်း၊ မြတ်သော ကောင်းမှုသည် တိုးပွါး၏၊ မြတ်သော အသက်ရှည်ခြင်းသည်လည်းကောင်း၊ အဆင်းလှခြင်းသည်လည်းကောင်း၊ အခြံအရံများခြင်းသည်လည်းကောင်း၊ ကျော်စောခြင်းသည်လည်းကောင်း၊ ချမ်းသာခြင်းသည်လည်းကောင်း ကိုယ်အား ဉာဏ်အားသည်လည်းကောင်း တိုးပွါး၏။ မြတ်သော ဂုဏ်တရားနှင့် ပြည့်စုံသော မြတ်သော ရတနာသုံးပါးအား ပေးလှူ တတ်သော ပညာရှိသော နတ်ဖြစ်စေ လူဖြစ်စေ အမြတ်ဆုံးသို့ ရောက်သည်ဖြစ်၍ မွေ့လျော်ရလေသတည်း။

စတုတ္ထသုတ်။

------

၅-ဝဿကာရသုတ်

၃၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစားကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဂဓတိုင်း၏အမတ်ကြီးဖြစ်သော ဝဿကာရ ပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီး၍ တစ်ခုသော နေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဂေါတမ အကျွန်ုပ်တို့သည်တရားလေးမျိုးတို့နှင့် ပြည့်စုံသူကို မြတ်သော ပညာရှိ မြတ်သော ယောက်ျားဟု ပညတ်ပါကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- အသျှင်ဂေါတမ ဤလောက၌ အကြင်သူသည် ထို ထို အကြားအမြင်ဖြင့် များသော အကြားအမြင်ရှိ၏။ ''ဤသည်ကား ဤစကား၏ အနက်တည်း၊ ဤသည်ကား ဤစကား၏ အဓိပ္ပါယ်တည်း''ဟု ထို ထို စကား၏သာလျှင် အနက်ကို သိ၏။ သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုခဲ့သော အမှုကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောခဲ့သော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အပြန်ပြန် အောက်မေ့နိုင်၏။ အိမ်ရာထောင်သော လူတို့သည် ပြုအပ် ကုန်သော ပြုဖွယ်ကိစ္စတို့၌ ကျွမ်းကျင်၏၊ ပျင်းရိခြင်း မရှိ၊ ထိုပြုဖွယ်ကိစ္စတို့၌ သင့် မသင့်သော အကြောင်းကို စုံစမ်းဆင်ခြင်တတ်သော ဉာဏ်နှင့် ပြည့်စုံ၏၊ ကိုယ်တိုင်ပြုရန် စွမ်းနိုင်၏၊ (သူတစ်ပါးကို) စီမံရန် စွမ်းနိုင်၏။ အသျှင်ဂေါတမ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို အကျွန်ုပ်တို့သည် မြတ်သော ပညာရှိ မြတ်သော ယောက်ျားဟူ၍ ပညတ်ပါကုန်၏။ အသျှင်ဂေါတမ အကျွန်ုပ်၏ စကားကို အကယ်၍ ကောင်းချီးခေါ်သင့်သည် ဖြစ်အံ့၊ အသျှင်ဂေါတမသည် ကောင်းချီးခေါ်တော်မူပါ၊ အသျှင်ဂေါတမ အကယ်၍ တားမြစ်သင့်သည် ဖြစ်အံ့၊ အသျှင်ဂေါတမသည် တားမြစ်တော်မူပါဟု (လျှောက်၏)။

ပုဏ္ဏား ငါသည် သင့်စကားကို ကောင်းချီးလည်း မခေါ် တားလည်း မတားမြစ်။ ပုဏ္ဏားတရား လေးမျိုးတို့နှင့် ပြည့်စုံသူကို မြတ်သော ပညာရှိ မြတ်သော ယောက်ျားဟု ငါပညတ်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ- ပုဏ္ဏား ဤလောက၌ အကြင် ပုဂ္ဂိုလ်သည် လူအများ၏ အကျိုးစီးပွါးရှိရန် ကျင့်၏၊ လူအများ၏ ချမ်းသာရန် ကျင့်၏၊ ထို ပုဂ္ဂိုလ်သည် လူများအပေါင်းကို ကောင်းသောသဘော အပြစ်မရှိ သော သဘောဖြစ်သော အရိယာမဂ်၌ တည်စေတတ်၏။ ထို ပုဂ္ဂိုလ်သည် အလိုရှိသော အကြံကို ကြံ၏၊ အလိုမရှိသော အကြံကို မကြံ၊ အလိုရှိသော တွေးတောမှုကို တွေးတော၏၊ အလိုမရှိသော တွေးတောမှုကို မတွေးတော၊ ဤသို့ ကြံစည်ခြင်း 'ဝိတက်' တို့၌ စိတ်၏ လေ့လာခြင်းသို့ ရောက်၏။ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရကြောင်းဖြစ်ကုန်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။ အာသဝေါတရား၏ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသော ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တ ဖိုလ်' ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေ၏။ ပုဏ္ဏား ငါသည် သင့်စကားကို ကောင်းချီးလည်း မခေါ် တားလည်း မတားမြစ်။ ပုဏ္ဏား ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူကို မြတ်သော ပညာရှိ မြတ်သော ယောက်ျားဟု ငါပညတ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် ဤစကားကို အလွန်ကောင်းစွာ ဟောအပ်ပါပေ၏၊ အသျှင်ဂေါတမ အကျွန်ုပ်တို့သည် အသျှင်ဂေါတမကို ဤတရားလေးမျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မှတ်ပါကုန်၏၊ ''အသျှင်ဂေါတမသည် လူအများ၏ အကျိုးစီးပွါး ရှိရန် လူအများ ချမ်းသာရန် ကျင့်ပါပေ၏။ လူအပေါင်းကို ကောင်းသောသဘော အပြစ်မရှိသောသဘော ဖြစ်သော အရိယာမဂ်၌ တည်စေတတ်ပါပေ၏။ အသျှင်ဂေါတမသည် အလိုရှိသော အကြံကို ကြံပါပေ၏၊ အလိုမရှိသော ကြံကို မကြံပါ၊ အလိုရှိသော တွေးတောမှုကို တွေးတောပါပေ၏၊ အလိုမရှိသော တွေးတောမှုကို မတွေးတောပါ၊ ဤသို့ ကြံစည်ခြင်း 'ဝိတက်' တို့၌ အသျှင်ဂေါတမသည် စိတ်၏ လေ့လာခြင်းသို့ ရောက်ပါ၏။ အသျှင်ဂေါတမသည် လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရကြောင်းဖြစ်ကုန်သော ဈာန်တို့ကို အလိုရှိတိုင်း ရပါ၏၊ မငြိုမငြင်ရပါ၏၊ မပင်မပန်း ရပါ၏။ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက် နေရပါ၏''ဟု (လျှောက်၏)။

ပုဏ္ဏား သင်သည် စင်စစ် (ငါ့ကို ဂုဏ်ကို) ထိပါးပုတ်ခတ်လျက် ဤစကားကို ဆိုဘိ၏၊ အမှန် အားဖြင့် ငါသည်သာ သင့်အား ပြောကြားအံ့ ''ပုဏ္ဏား ငါသည် လူအများ၏ အကျိုးစီးပွါးဖြစ်ရန် ကျင့်၏၊ လူအများ ချမ်းသာရန် ကျင့်၏။ လူအပေါင်းကို ကောင်းသောသဘော အပြစ်မရှိသောသဘော ဖြစ်သော အရိယာမဂ်၌ တည်စေတတ်၏။ ပုဏ္ဏား ငါသည် အလိုရှိသော အကြံကို ကြံ၏၊ အလိုမရှိသော အကြံကို မကြံ၊ အလိုရှိသော တွေးတောမှုကို တွေးတော၏၊ အလိုမရှိသော တွေးတောမှုကို မတွေးတော၊ ပုဏ္ဏား ငါသည် ကြံစည်ခြင်း 'ဝိတက်' တို့၌ စိတ်၏ လေ့လာခြင်းသို့ ရောက်၏။ ပုဏ္ဏား ငါသည် လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာနေရကြောင်းဖြစ်ကုန်သော ဈာန်တို့ကို အလိုရှိတိုင်း ရ၏၊ မငြိုမငြင်ရ၏၊ မပင်မပန်းရ၏။ အာသဝေါတရားတို့ ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ရောက်လျက်နေ၏''ဟု (မိန့်တော်မူ၏)။

အကြင် မြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၏ သေမင်းဟူသော ကျော့ကွင်းမှ လွတ်ကြောင်းဖြစ်သော မဂ်တရားကို သိပြီ၊ လူနတ်တို့၏ အစီးအပွါးဖြစ်သော အရိယာမဂ်တရားကို့ထင်ရှားပြတော်မူ၏၊ ယင်း (မဂ်)တရားကို စင်စစ် မြင်၍လည်းကောင်း၊ ကြားနာရ၍လည်းကောင်း လူအများတို့သည် ကြည်ညိုကြကုန်၏။ မဂ်ဟုတ်သည် မဟုတ်သည်၌ လိမ္မာတော်မူသော၊ မဂ်ကိစ္စကို ပြုပြီးသော၊ အာသဝေါတရားမရှိသော၊ အဆုံးစွန်သော အတ္တဘောကို ဆောင်သော ထို မြတ်စွာဘုရားကို မြတ်သော ပညာရှိ မြတ်သော ယောက်ျားဟု ဆိုအပ်၏။

ပဉ္စမသုတ်။

------

၆-ဒေါဏသုတ်

၃၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့အကြား၌ ခရီးရှည် ကြွတော်မူ၏၊ ဒေါဏပုဏ္ဏားသည်လည်း ဥက္ကဋ္ဌမြို့နှင့် သေတဗျမြို့အကြား၌ ခရီးရှည်သွား၏၊ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်ရာတို့၌ အကန့်တစ်ထောင်ရှိသော အကွပ်နှင့်တကွ ဖြစ်ကုန်သော ပုံတောင်းနှင့် တကွ ဖြစ်ကုန်သော အလုံးစုံသော အခြင်းအရာတို့နှင့် ပြည့်စုံသော စက် (လက္ခဏာ) တို့ကို မြင်လေသော် ''အချင်းတို့ အံ့ဖွယ်ရှိစွတကား၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤခြေရာတို့သည် စင်စစ် လူဖြစ်သူ၏ ခြေရာတို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ကုန်''ဟု အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် ခရီးလမ်းမှ ဖဲ၍ တစ်ခုသော သစ်ပင်ရင်း၌ ထက်ဝယ် ဖွဲ့ခွေပြီးလျှင် ကိုယ်ကို ဖြောင့်မတ်စွာထား၍ (ကမ္မဋ္ဌာန်းသို့) ရှေးရှု သတိကို ဖြစ်စေလျက် (သီတင်းသုံး) ထိုင်နေတော်မူ၏။ ထိုအခါ ဒေါဏပုဏ္ဏားသည် မြတ်စွာဘုရား၏ ခြေတော်ရာတို့သို့ အစဉ်လိုက်လတ်သော် တစ်ခုသော သစ်ပင်ရင်း၌ ကြည်ညိုဖွယ်ရှိသော ကြည်ညိုစိတ်ကို ဖြစ်စေနိုင်သော ငြိမ်သက်သော ဣန္ဒြေငြိမ်သက်သော စိတ်ရှိသော မြတ်သော အရဟတ္တဖိုလ် ယင်း အရဟတ္တဖိုလ်နှင့်ယှဉ်သော သမာဓိသို့ရောက်လျက် ယဉ်ကျေးပြီး စောင့်စည်းပြီး ထိန်းသိမ်းပြီးသော ဣန္ဒြေရှိသော ဆင်ပြောင်ကြီးအလား ထိုင်နေသော မြတ်စွာဘုရားကို မြင်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ် ပြီးလျှင် အသျှင်သည် နတ်ဖြစ်လိမ့်မည်လောဟု မြတ်စွာဘုရားအား လျှောက်၏။

ပုဏ္ဏား ငါသည် နတ်ဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည် ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည် ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည် ဘီလူးဖြစ်လိမ့်မည်လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည် ဘီလူးဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။ အသျှင်သည် လူဖြစ်လိမ့်မည်လောဟု (လျှောက်ပြန်၏)။ ပုဏ္ဏား ငါသည် လူဖြစ်လိမ့်မည် မဟုတ်ဟု (မိန့်တော်မူ၏)။

အသျှင်သည် နတ်ဖြစ်လိမ့်မည်လောဟု မေးလတ်သော် ''ပုဏ္ဏား ငါသည် နတ်ဖြစ်လိမ့်မည်မဟုတ်''ဟု မိန့်တော်မူဘိ၏။ အသျှင်သည် ဂန္ဓဗ္ဗနတ် ဖြစ်လိမ့်မည်လောဟု မေးလတ်သော် ''ပုဏ္ဏား ငါသည် ဂန္ဓဗ္ဗနတ်ဖြစ်လိမ့်မည် မဟုတ်''ဟု မိန့်တော်မူဘိ၏။ အသျှင်သည် ဘီလူးဖြစ်လိမ့်မည်လောဟု မေးလတ် သော် ''ပုဏ္ဏား ငါသည် ဘီလူးဖြစ်လိမ့်မည် မဟုတ်''ဟု မိန့်တော်မူဘိ၏။ အသျှင်သည် လူဖြစ်လိမ့်မည် လောဟု မေးလတ်သော် ''ပုဏ္ဏား ငါသည် လူဖြစ်လိမ့်မည် မဟုတ်''ဟု မိန့်တော်မူဘိ၏။ သို့ဖြစ်လျှင် အသျှင်သည် အဘယ်သို့သော ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မည်နည်းဟု (လျှောက်၏)။

ပုဏ္ဏား ငါသည် အကြင် အာသဝေါတရားတို့ကို မပယ်ရသေးသောကြောင့် နတ်ဖြစ်ရာ၏၊ ထို အာသဝေါတရားတို့ကို ငါပယ်ပြီးပြီ၊ အမြစ်ရင်းကို ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ တစ်ဖန် မဖြစ်နိုင်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပြီ။ ပုဏ္ဏား ငါသည် အကြင် အာသဝေါတရားတို့ကို မပယ်ရသေးသောကြောင့် ဂန္ဓဗ္ဗနတ်ဖြစ်ရာ၏၊ ဘီလူးဖြစ်ရာ၏၊ လူဖြစ်ရာ၏၊ ထို အာသဝေါတရားတို့ကို ငါပယ်ပြီးပြီ၊ အမြစ်ရင်းကို ဖြတ်ပြီးပြီ၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ တစ်ဖန် မဖြစ်နိုင်အောင် ပြုပြီးပြီ၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘော ရှိပြီ။ ပုဏ္ဏား ရေ၌့ပေါက်သော ရေ၌ ကြီးပွါးသော ဥပ္ပလကြာသည်လည်းကောင်း၊ ပဒုမ္မာကြာသည်လည်းကောင်း၊ ပုဏ္ဍရိက်ကြာသည်လည်းကောင်း ရေမှ အထက်သို့ တက်၍ ရေဖြင့် မလိမ်းကျံဘဲ တည်သကဲ့သို့၊ ပုဏ္ဏား ဤအတူသာလျှင် လောက၌ ဖြစ်သော လောက၌ ကြီးပွါးသော ငါသည် လောကကို လွှမ်းမိုး၍ (သင်္ခါရ) လောကနှင့် လိမ်းကျံကပ်ငြိခြင်း မရှိဘဲ နေ၏၊ ပုဏ္ဏား (ထို့ကြောင့်) ငါ့ကို ''ဗုဒ္ဓ''ဟု သိမှတ်လေလော့ဟု (မိန့်တော်မူ၏)။

ပုဏ္ဏား အကြင် အာသဝေါတရားကြောင့် နတ်ဖြစ်ရာ၏၊ ကောင်းကင်သို့ သွားသော ဂန္ဓဗ္ဗနတ်ဖြစ်ရာ၏၊ အကြင် အာသဝေါတရားကြောင့် ဘီလူးအဖြစ်သို့ ရောက်ရာ၏၊ လူအဖြစ်သို့လည်း ရောက်ရာ၏၊ ငါ့အား ထို အာသဝေါတရားတို့ ကုန်ပြီ၊ ဖျက်ဆီး အပ်ကုန်ပြီ၊ အနှောင်အဖွဲ့ကင်းအောင် ပြုပြီးကုန်ပြီ။ ကောင်းသော ကြာပုဏ္ဍရိက်သည် ရေဖြင့် မလိမ်းကျံသကဲ့သို့၊ ထို့အတူ သခ င်္ါရ လောကနှင့် မလိမ်းကျံပေ၊ ပုဏ္ဏား ထို့ကြောင့် ငါသည် 'ဗုဒ္ဓ' ဖြစ်၏။

ဆဋ္ဌသုတ်။

------

၇-အပရိဟာနိယသုတ်

၃၇။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက် နိဗ္ဗာန်၏ အနီး၌သာ ဖြစ်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလနှင့် ပြည့်စုံ၏၊ ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားခြင်း၌ ယှဉ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကို စောင့်စည်း၍ နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှု လေ့ရှိသည်ဖြစ်၍ သိက္ခာ ပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီလနှင့် ပြည့်စုံ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် ရူပါရုံကို မြင်သော် (ယောက်ျား မိန်းမစသော) သဏ္ဌာန် နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြုံးဟန် ရယ်ဟန်စသော အမူအရာ) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ (အကယ်၍) စက္ခုန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (စက္ခုန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို စက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် သဒ္ဒါရုံကို ကြားသော်။ပ။ နှာခေါင်းဖြင့် ဂန္ဓာရုံကို နမ်းသော်။ပ။ လျှာဖြင့် ရသာရုံကို လျက်သော်။ပ။ ကိုယ်ဖြင့် ဖောဋ္ဌဗ္ဗာရုံကို တွေ့ထိသော်။ စိတ်ဖြင့် ဓမ္မာရုံကို သိသော် (ယောက်ျား မိန်းစသော) သဏ္ဌာန်နိမိတ်ကို စွဲယူလေ့မရှိ၊ (လက်ခြေစသော အင်္ဂါ ပြံးဟန် ရယ်ဟန် စသော အမူအရာ) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ (အကယ်၍) မနိန္ဒြေကို မစောင့်စည်းဘဲ နေလျှင် ယင်း (မနိန္ဒြေကို မစောင့်စည်းခြင်းဟူသော) အကြောင်းကြောင့် မက်မောခြင်း 'အဘိဇ္ဈာ' နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ထို မစောင့်စည်းသူကို အစဉ် လိုက်၍ နှိပ်စက်ကုန်ရာ၏၊ (ထို့ကြောင့် ရဟန်းသည်) ထို မနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ဣန္ဒြေတို့၌ ပိတ်ထားသော တံခါး ရှိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်းအရှည်ကို သိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သင့်လျော်သော အကြောင်းအားဖြင့် ဆင်ခြင်၍ အစာအာဟာရကို စားမျို၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် မစား၊ (အရေအဆင်း) ဖွံ့ဖြိုးတိုးပွါးရန် မစား၊ ဤခန္ဓာကိုယ်ကြာမြင့်စွာ တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်၍ ပင်ပန်းခြင်းကို ပယ်ဖျောက် ရန်မျှသာ မြတ်သော အကျင့်ကို ချီးမြှောက်ရန်မျှသာ အစာ 'အာဟာရ' ကို စားမျို၏၊ ဤသို့ စားမျိုခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်းသည်လည်းကောင်း၊ အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း ဖြစ်ပေလိမ့်မည်ဟု (ဆင်ခြင်၍) အစာ (အာဟာရ) ကို စားမျို၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစားအစာ၌ အတိုင်း အရှည်ကို သိ၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် နိုးကြားခြင်း၌ ယှဉ်သနည်း၊ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် နေ့အခါ စင်္ကြံသွားခြင်းဖြင့်, ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင် တတ်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဉ့်ဦးယံ၌ စင်္ကြံသွားခြင်းဖြင့် ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်ကုန်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏၊ သန်းခေါင်ယံ၌ ခြေတစ်ဖက်၌ ခြေတစ်ဖက်ကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိ,ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ထအံ့ဟူသော အမှတ်သညာကို နှလုံးသွင်းလျက် လကျ်ာနံတောင်းဖြင့် မြတ်သော အိပ်ခြင်းကို ပြု၏။ မိုးသောက်ယံ၌ စောစောထ၍ စင်္ကြံသွားခြင်း, ထိုင်ခြင်းဖြင့် (ကုသိုလ်တရားတို့ကို) ပိတ်ပင်တတ်သော 'နီဝရဏ'တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် နိုးကြားခြင်းနှင့် ယှဉ်၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သီလ၌ တည်သော၊ ဣန္ဒြေတို့၌လည်း စောင့်စည်းသော၊ အစားအစာ၌လည်း အတိုင်းအရှည်ကို သိသော ရဟန်းသည် နိုးကြားခြင်း၌ အားထုတ်၏။

ဤသို့ နေလေ့ရှိသော (ကိလေသာကို) ပူပန်စေတတ်သော လုံ့လရှိသော နေ့ညဉ့် ပတ်လုံး ပျင်းရိခြင်းမရှိမူ၍ ယောဂလေးပါးကြောင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ ကုသိုလ်တရားကို ပွါးစေသော မမေ့မလျော့ခြင်း၌ မွေ့လျော်၍ မေ့လျော့ခြင်း၌ ဘေးအားဖြင့် ရှုလေ့ရှိသော ရဟန်းသည် ဆုတ်ယုတ်ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာ ဖြစ်လေသတည်း။

သတ္တမသုတ်။

------

၈-ပတိလီနသုတ်

၃၈။ ရဟန်းတို့ သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီးသော၊ ရှာမှီးခြင်းကို လုံးဝ စွန့်ပယ်ပြီးဖြစ်သော၊ ကာယသင်္ခါရငြိမ်းပြီးသော ရဟန်းကို (တစ်ယောက်တည်း) ကိန်းအောင်းသူဟု ဆိုအပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီး ဖြစ်သနည်း၊ ရဟန်းတို့ များစွာသော သမဏ ဗြာဟ္မဏတို့၏ များစွာသော သီးခြားဖြစ်သော သစ္စာတို့သည် ရှိကုန်၏။ ဤသည်တို့ကား အဘယ်တို့နည်းဟူမူ-

''လောကသည် မြဲ၏''၊ ''လောကသည် မမြဲ''၊

''လောကသည် အဆုံးရှိ၏''၊ ''လောကသည် အဆုံး မရှိ''၊

''ထို အသက်သည်ပင် ထို ကိုယ်တည်း''၊ ''အသက်သည် တခြား ကိုယ်သည် တခြားတည်း''၊

''သတ္တဝါသည် သေပြီးနောက် ဖြစ်၏''၊ ''သတ္တဝါသည် သေပြီးနောက် မဖြစ်''၊

''သတ္တဝါသည် သေပြီးနောက် ဖြစ်လည်း ဖြစ်၏၊ မဖြစ်လည်း မဖြစ်''၊ ''သတ္တဝါသည် သေပြီး နောက့်ဖြစ်သည်လည်း မဟုတ် မဖြစ်သည်လည်း မဟုတ်''ဟူသည်တို့တည်း၊

ထို များစွာသော (ဒိဋ္ဌိ) သစ္စာအားလုံးတို့ကို ရဟန်းသည် နုတ်ပယ်ပြီး ကောင်းစွာ ပယ်ပြီး စွန့်ပြီး ထွေးအန်ပြီး လွှတ်ပြီး စွန့်ပယ်ပြီး လုံးဝစွန့်ပြီး ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို နုတ်ပယ်ပြီး ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီး ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်ရှာမှီးခြင်းကို စွန့်ပယ်ပြီး ဖြစ်၏၊ ဘဝရှာမှီးခြင်းကို စွန့်ပယ်ပြီး ဖြစ်၏၊ မြတ်သော အကျင့်ကို ရှာမှီးခြင်းသည် ငြိမ်း၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရှာမှီးခြင်းကို လုံးဝစွန့်ပယ်ပြီး ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် ကာယသင်္ခါရငြိမ်းပြီး ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာခြင်းကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်းကိုုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းမြောက်ခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုမှုကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကာယသင်္ခါရငြိမ်းပြီး ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် (တစ်ယောက်တည်း) ကိန်းအောင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ငါဟူသော မာန်ကို ပယ်၏၊ အမြစ်ရင်းကို ဖြတ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြု၏၊ တစ်ဖန် မဖြစ်ခြင်းကို ပြု၏၊ နောင်တစ်ဖန် မဖြစ်ခြင်းသဘောရှိ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် (တစ်ယောက်တည်း) ကိန်းအောင်းသည် မည်၏။ ရဟန်းတို့ သီးခြားဖြစ်သော (ဒိဋ္ဌိ) သစ္စာတို့ကို ပယ်ပြီးသော၊ ရှာမှီးခြင်းကို လုံးဝ စွန့်ပယ်ပြီးဖြစ်သော၊ ကာယသင်္ခါရငြိမ်းပြီးသော ရဟန်းကို (တစ်ယောက်တည်း) ကိန်းအောင်းသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အလုံးစုံ ရာဂဖြင့် တပ်မက်ခြင်းကင်းသော၊ တဏှာကုန်ရာ (နိဗ္ဗာန်၌ ဖြစ်သော အရဟတ္တဖိုလ်) ဝိမုတ္တိရှိသော ရဟန်းသည် မြတ်သော အကျင့်ကို ရှာမှီးခြင်းနှင့် တကွ ကာမဂုဏ်ကို ရှာမှီးခြင်း ဘဝကိုရှာမှီးခြင်းဟုဆိုအပ်သော ရှာမှီးခြင်းတို့ကို စွန့်အပ်ကုန်၏၊ ဤအယူသာ မှန်၏ဟု မှားသောအားဖြင့် သုံးသပ်ခြင်းလည်းကောင်း၊ စိုက်ထောင်အပ်သော မိစ္ဆာဒိဋ္ဌိအကြောင်းတို့လည်းကောင်း ဤသို့ ဒိဋ္ဌိ အကြောင်းတို့ကိုလည်းကောင်း စွာ နုတ်ပယ်အပ်ကုန်၏။ စင်စစ်အားဖြင့် (ကိလေသာ) ငြိမ်းပြီးသော၊ သတိရှိသော၊ ကိုယ်စိတ်ငြိမ်းအေးခြင်းရှိသော၊ (တစ်စုံတစ်ရာသော ကိလေသာရန်သူတို့) မအောင်အပ်သော၊ သစ္စာ လေးပါးတရားကို သိသော ရဟန်းကို မာနနုတ်ပယ်ပြီးဖြစ်သောကြောင့် (တစ်ယောက်တည်း) ကိန်းအောင်းသူဟု ဆိုအပ်လေသတည်း။

အဋ္ဌမသုတ်။

------

၉-ဥဇ္ဇယသုတ်

၃၉။ ထိုအခါ ဥဇ္ဇယပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားတို့ကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည်လည်း ယဇ် (ပူဇော်ခြင်း) ကို ချီးမွမ်းသည် မဟုတ်ပါလော''ဟု လျှောက်၏၊ ပုဏ္ဏား ငါသည် အလုံးစုံသော ယဇ်ကို ချီးမွမ်းသည် မဟုတ်၊ သို့သော်လည်း မချီးမွမ်းသည်ကား မဟုတ်သေးပေ၊ ပုဏ္ဏား အကြင် သို့ သဘောရှိသော ယဇ်၌ နွားတို့ကို သတ်ရကုန်၏၊ ဆိတ် သိုး ကြက် ဝက်တို့ကို သတ်ရကုန်၏၊ အထူးထူး အပြားပြားသော သတ္တဝါတို့သည် သေကြေပျက်စီ့ခြင်းသို့ ရောက်ရကုန်၏၊ ပုဏ္ဏား ငါသည် ဤသို့သဘောရှိသော ညှဉ်းဆဲသတ်ဖြတ်မှုရှိသော ယဇ်ကို မချီးမွမ်း၊ ထိုသို့ မချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း။ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ် ညှဉ်းဆဲမှုရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း မချဉ်းကပ်ကုန်သောကြောင့်တည်း။

ပုဏ္ဏား အကြင် သို့ သဘောရှိသော ယဇ်၌ကား နွားတို့ကို မသတ်ရကုန်၊ ဆိတ် သိုး ကြက် ဝက်တို့ကို မသတ်ရကုန်၊ အထူးထူး အပြားပြားသော သတ္တဝါတို့သည် သေကြေပျက်စီးခြင်းသို့ မရောက် ရကုန်၊ ပုဏ္ဏား ဤသို့ သဘောရှိသော ညှဉ်းဆဲသတ်ဖြတ်မှုမရှိသော အမြဲလှူနေကျ ဒါနနှင့် မျိုးရိုး စဉ်ဆက် အလှူယဇ်ကို ငါ ချီးမွမ်း၏၊ ထိုသို့ ချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း။ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှု မရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာ ဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ချဉ်းကပ်ကုန်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

အဿမေဓယဇ် ပုရိသမေဓယဇ် သမ္မာပါသယဇ် ဝါဇပေယျယဇ် နိရဂ္ဂဠယဇ်ဟူသော များသော ပြုဖွယ်ရှိကုန်သော ထို ယဇ်ကြီးတို့သည် အကျိုး မကြီးကုန်။

ယင်း ယဇ်ကြီးတို့၌ အထူးထူးအပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း သတ်ရကုန်၏၊ ကောင်းစွာ ကျင့်တော်မူကြကုန်သော၊ မြတ်သော (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ရှိကုန်သော (ရဟန္တာ) ပုဂ္ဂိုလ် တို့သည် ထို ယဇ်သို့ မချဉ်းကပ်ကုန်။ အကြင် (နိစ္စဘတ်ဆွမ်းအလှူ) ယဇ်တို့သည်ကား (သူတစ်ပါးတို့ကို) သတ်ဖြတ် ညှဉ်းဆဲမှု မရှိကုန်၊ အခါခပ်သိမ်း မျိုးရိုးစဉ်ဆက်လိုက်၍ လှူဒါန်းပူဇော်ကြကုန်၏၊ ဤယဇ် (အလှူမျိုး) ၌ အထူးထူး အပြားပြားသော ဆိတ်နှင့် သိုးတို့ကိုလည်းကောင်း၊ နွားတို့ကိုလည်းကောင်း မသတ်ဖြတ်ရကုန်၊ ကောင်းစွာ ကျင့်တော်မူကြ ကုန်သော၊ မြတ်သော (သီလစသည့် ဂုဏ်အထူး) ကို ရှာမှီးလေ့ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်း ထို ယဇ်အလှူသို့ ချဉ်းကပ်ကုန်၏။

ပညာရှိပုဂ္ဂိုလ်တို့သည် ထို (နိစ္စဘတ်ဆွမ်းအလှူ) ယဇ်ကို ပူဇော်ကုန်ရာ၏၊ ထို ယဇ်သည် ကြီးမြတ်သော အကျိုးရှိ၏၊ ထို ယဇ်ကို ပူဇော်သူအား မြင့်မြတ်သည်သာ ဖြစ်၏၊ ယုတ်ညံ့မှု မဖြစ်၊ ယဇ်သည်လည်း ပြန့်ပြော၏၊ နတ်တို့သည်လည်း ကြည်ညိုကုန်၏။

နဝမသုတ်။

------

၁၀-ဥဒါယီသုတ်

၄၀။ ထိုအခါ ဥဒါယီပုဏ္ဏားသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ။ပ။ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည်လည်း ယဇ် (ပူဇော်ခြင်း) ကို ချီးမွမ်းသည် မဟုတ်ပါလော''ဟု လျှောက်၏၊ ပုဏ္ဏား ငါသည် အလုံးစုံသော ယဇ်ကို ချီးမွမ်းသည် မဟုတ်၊ သို့သော်လည်း မချီးမွမ်းသည်ကား မဟုတ်သေးပေ။ ပုဏ္ဏား အကြင် သို့သဘောရှိသောယဇ်၌ နွားတို့ကို သတ်ရကုန်၏၊ ဆိတ် သိုး ကြက် ဝက်တို့ကို သတ်ရကုန်၏၊ အထူးထူးအပြားပြားသော သတ္တဝါတို့သည် သေကြေပျက်စီးခြင်းသို့ ရောက်ရကုန်၏။ ပုဏ္ဏား ငါသည် ဤသို့ သဘောရှိသော ညှဉ်းဆဲသတ်ဖြတ်မှုရှိသော ယဇ်ကို မချီးမွမ်း၊ ထိုသို့ မချီးမွမ်းခြင်းသည် အဘယ့်ကြောင့်နည်း။ ပုဏ္ဏား ဤသို့သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှုရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာ ဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း မချဉ်းကပ်ကုန်သောကြောင့်တည်း။

ပုဏ္ဏား အကြင် သို့သဘောရှိသော ယဇ်၌ကား နွားတို့ကို မသတ်ရကုန်၊ ဆိတ် သိုး ကြက် ဝက်တို့ကို မသတ်ရကုန်၊ အထူးထူးအပြားပြားသော သတ္တဝါတို့သည် သေကြေ ပျက်စီးခြင်းသို့ မရောက်ရကုန်၊ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှု မရှိသော အမြဲလှူနေကျ ဒါနနှင့် မျိုးရိုး စဉ်ဆက့်အလှူ 'ယဇ်'ကို ငါချီးမွမ်း၏၊ ထိုသို့ ချီးမွမ်းခြင်းသည် အဘယ်ကြောင့်နည်း။ ပုဏ္ဏား ဤသို့ သဘောရှိသော သတ်ဖြတ်ညှဉ်းဆဲမှု မရှိသော ယဇ်သို့ ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရဟန္တာ ဖြစ်ရန် ကျင့်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ချဉ်းကပ်ကုန်သောကြောင့်တည်းဟု (မိန့်တော်မူ၏)။

အထူးပြုပြင်စီရင်အပ်သော၊ သူတစ်ပါးကို သတ်ဖြတ်ညှဉ်းဆဲမှုမရှိသော၊ အပ်စပ် သော သဘောရှိသော ယဇ်သို့ သင့်လျော်သော အခါ၌ (ကိုယ် နှုတ် နှလုံးကို) စောင့်သုံးကုန်သော၊ မြတ်သော အကျင့်ရှိကုန်သော ပုဂ္ဂိုလ်တို့သည် ကပ်ရောက် ကုန်၏။ လောက၌ အကြင် မြတ်စွာဘုရားတို့သည် ဖွင့်လှစ်အပ်ပြီးသော (ရာဂစသော) အမိုးရှိတော်မူကုန်၏၊ (ဝဋ်ဒုက္ခဟူသော) အမျိုးအနွယ်နှင့် လားရာဂတိကို လွန်မြောက်တော်မူကုန်၏၊ ယဇ်၌ လိမ္မာတော်မူကုန်သော ထို မြတ်စွာဘုရားတို့သည် ထို (လှူဒါန်းပေးကမ်းခြင်းတည်းဟူသော) ယဇ်ကို ချီးမွမ်းတော်မူကြကုန်၏။ ယဇ် (ပကတိရိုးရိုးအလှူ)၌လည်းကောင်း၊ ထိုမှတစ်ပါး သေသူကို ရည်မှန်း၍ လှူဒါန်းအပ်သော (ကုဗ္ဘီးထမင်း) အလှူ၌လည်းကောင်း လှူဖွယ်ဝတ္ထုကို ထိုက်သည့် အားလျော်စွာ ပြုစီရင်၍၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိကုန်သော၊ လယ်ယာမြေကောင်းသဖွယ် ဖြစ်သော အလှူခံတို့၌ ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ပူဇော်၏။ မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ အကြင် ယဇ် (အလှူ) ကို ပြုအပ်၏၊ ထို ယဇ် (အလှူ)သည် ကောင်းစွာ ပေးလှူအပ်, ကောင်းစွာ ပူဇော်အပ်, ကောင်းစွာ ရောက် အပ် ရအပ်သည် မည်၏၊ ယဇ်ပူဇော်ခြင်းသည်လည်း ပြန့်ပြော၏၊ နတ်တို့သည်လည်း ကြည်ညိုကုန်၏။ သဒ္ဓါတရားရှိသော ပညာရှိသည် လွတ်လွတ်စွန့်ကြဲသော စိတ်ဖြင့် ထို ယဇ်ကို လှူဒါန်း ပူဇော်၍ ဆင်းရဲကင်းရာ ချမ်းသာသုခရှိရာ ဘုံသို့ ကပ်ရောက်ရလေ သတည်း။

ဒသမသုတ်။

လေးခုမြောက် စက္ကဝဂ် ပြီး၏။

------

၅-ရောဟိတဿဝဂ် ၁-သမာဓိဘာဝနာသုတ်

၄၁။ ရဟန်းတို့ သမာဓိပွါးများမှုတို့သည် ဤလေးမျိုးတို့တည်း၊ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရန် ဖြစ်သော သမာဓိပွါးများမှုသည် ရှိ၏၊ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန်ဖြစ်သော သမာဓိကို ပွါးများမှုသည် ရှိ၏၊ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အောက်မေ့ခြင်း 'သတိ' နှင့် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အလို့ငှါ ဖြစ်သော သမာဓိကို ပွါးများမှုသည် ရှိ၏။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အာသဝေါတရားတို့ ကုန်ခန်းရန်ဖြစ်သော သမာဓိကို ပွါးများမှုသည် ရှိ၏။

ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရန် ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့မှ ကင်းဆိတ်၍ သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကား ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေရန်ဖြစ်သော သမာဓိ ပွါးများမှုတည်း။

ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန် ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အရောင် အလင်းဟူသော အမှတ်သညာကို နှလုံးသွင်း၏၊ နေ့ဟူသော အမှတ်သညာကို ဆောက်တည်၏၊ နေ့အခါ၌ကဲ့သို့ ထို့အတူ ညဉ့်အခါ၌ ညဉ့်အခါ၌ကဲ့သို့ ထို့အတူ နေ့အခါ၌ အရောင်အလင်းဟူသော အမှတ်သညာကို နှလုံးသွင်း၏၊ ဤသို့ ဟင်းလင်းဖြစ်သော မမြှေးမယှက်အပ်သော စိတ်ဖြင့် (ဒိဗ္ဗစက္ခု ဉာဏ်) အရောင်အလင်းနှင့် တကွသော စိတ်ကို ပွါးများ၏၊ ရဟန်းတို့ ဤသည်ကား ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန်ဖြစ်သော သမာဓိပွါးများမှုတည်း။

ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အောက်မေ့ခြင်း'သတိ'နှင့် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အလို့ငှါ ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား ဝေဒနာတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ထင်ထင်ရှားရှား ဉာဏ်အား ထင်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ငြိမ်းကုန်၏။ သညာတို့သည် ထင်ထင်ရှားရှား။ပ။ ဝိတက်တို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ထင်ထင်ရှားရှား ဉာဏ်အား ထင်ကုန်၏၊ ထင်ထင်ရှားရှား ချုပ်ငြိမ်းကုန်၏။ ရဟန်းတို့ ဤသည်ကား ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အောက်မေ့ခြင်း 'သတိ' နှင့် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အလို့ငှါ ဖြစ်သော သမာဓိပွါးများမှုတည်း။

ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ လေ့လာအပ်သော် အာသဝေါတရားတို့ ကုန်ခန်းရန် ဖြစ်သော သမာဓိပွါးများမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာ စွဲယူခြင်း 'ဥပါဒါန်'၏ အာရုံဖြစ်သော ခန္ဓာငါးပါးတို့၌ ''ရုပ်သည် ဤမျှ ရှိ၏၊ ရုပ်ဖြစ်ခြင်းသည် ဤသို့ သဘောရှိ၏၊ ရုပ်ချုပ်ခြင်းသည် ဤသို့သဘောရှိ၏၊ ဝေဒနာသည် ဤမျှ အတိုင်းအရှည် ရှိ၏၊ ဝေဒနာ၏ ဖြစ်ခြင်းသည် ဤသို့သဘော ရှိ၏၊ ဝေဒနာ၏ ချုပ်ခြင်းသည် ဤသို့သဘော ရှိ၏၊ သညာသည် ဤမျှ အတိုင်းအရှည်ရှိ၏၊ သညာ၏ ဖြစ်ခြင်းသည် ဤသို့သဘော ရှိ၏၊ သညာ၏ ချုပ်ခြင်းသည် ဤသို့ သဘော ရှိ၏၊ သင်္ခါရတို့သည် ဤမျှအတိုင်းအရှည် ရှိကုန်၏၊ သင်္ခါရတို့၏ ဖြစ်ခြင်းသည် ဤသို့ သဘော ရှိ၏၊ သင်္ခါရတို့၏ ချုပ်ခြင်းသည် ဤသို့သဘောရှိ၏၊ ဝိညာဉ်သည် ဤမျှ အတိုင်းအရှည်ရှိ၏၊ ဝိညာဉ်၏ ဖြစ်ခြင်းသည် ဤသို့သဘောရှိ၏၊ ဝိညာဉ်၏ ချုပ်ခြင်းသည် ဤသို့သဘော ရှိ၏''ဟု အဖြစ်အပျက်ကို အဖန်ဖန်ရှုလျက် နေ၏။ အကြင် ပုဂ္ဂိုလ်အား ''လောက၌ အယုတ်အမြတ်တို့ကို ဆင်ခြင်၍ တစ်စုံတစ်ခုသော လောက၌ တုန်လှုပ်ခြင်းသည် မရှိ၊ (ကိလေသာမှ ငြိမ်းပြီးသော)၊ (အမျက်ထွက်ခြင်း) အခိုးမရှိသော၊ ဆင်းရဲကြောင်း (ကိလေသာမရှိသော)၊ တပ်မက်ခြင်း ကင်းသော ထိုရဟန်းသည် ပဋိသန္ဓေနေခြင်း အိုခြင်းကို လွန်မြောက်ပြီဟု ငါဆို၏'' (ဟူ၍ ဖြေကြားခဲ့သတည်း)။

ပဌမသုတ်။

------

၂-ပဥှဗျာကရဏသုတ်

၄၂။ ရဟန်းတို့ ပြဿနာဖြေဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဧကန်ဖြေဆိုရမည့် 'ဧကံသဗျာကရဏီယ' ပြဿနာသည် ရှိ၏၊ ရဟန်းတို့ ခွဲခြမ်း ဝေဖန်၍ ဖြေဆိုရမည့် 'ဝိဘဇ္ဇဗျာကရဏီယ' ပြဿနာသည် ရှိ၏၊ ရဟန်းတို့ ပြန်မေး၍ ဖြေဆိုရမည့် 'ပဋိပုစ္ဆာဗျာကရဏီယ' ပြဿနာသည် ရှိ၏၊ ရဟန်းတို့ (မဖြေဆိုဘဲ) ထားရမည့် 'ဌပနီယဗျာကရဏီယ' ပြဿနာသည် ရှိ၏။ ရဟန်းတို့ ပြဿနာဖြေဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။ ဧကန်ဖြေဆိုရမည့် ပြဿနာသည် တစ်ခု၊ ထို့နောက် ခွဲခြမ်းဝေဖန်၍ ဖြေဆိုရမည့် ဒုတိယပြဿနာ၊ တစ်ဖန် ပြန်မေးရမည့် တတိယပြဿနာ၊ (မဖြေဆိုဘဲ) ထားရ မည့် စတုတ္ထပြဿနာ၊ အကြင် ရဟန်းသည်ကား ထို ထိုသို့သော အရာ၌ ထို ပြဿနာ တို့အားလျော်သော အဖြေကို သိ၏၊ ထိုသို့ သဘောရှိသော ရဟန်းကို အမေး လေးပါး၌ လိမ္မာသော ရဟန်းဟု ဆိုကြကုန်၏။ သူတစ်ပါးတို့ မထိပါး မလွှမ်းမိုး မဖျက်ဆီးနိုင်သော နက်နဲသော ပညာရှိသူသည့်အကျိုးစီးပွါးရှိရာ၌လည်းကောင်း၊ အကျိုးစီးပွါး မရှိရာ၌လည်းကောင်း နှစ်ပါးစုံ၌ လိမ္မာသူ ဖြစ်၏။ ပညာရှိသည် အကျိုးစီးပွါးမဲ့ကို ရှောင်ကြဉ်၏၊ အကျိုးစီးပွါးကို ယူ၏၊ အကျိုး နှစ်ပါးကို သိခြင်းကြောင့် ပညာရှိကို 'ပဏ္ဍိတ'ဟူ၍ ဆိုအပ်၏။

ဒုတိယသုတ်။

------

၃-ပဌမ ကောဓဂရုသုတ်

၄၃။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။ အဘယ်လေးမျိုး တို့နည်းဟူမူ- အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ (ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ လာဘ် (ရခြင်း)ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်၊ အရိုအသေပြုမှု 'သက္ကာရ' ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏။

ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်လေးမျိုးတို့သည် ထင်ရှားရှိကုန်၏၊ အဘယ်လေးမျိုးတို့နည်းဟူမူ- သူတော်ကောင်းတရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုသော ပုဂ္ဂိုလ်၊ သူတော် ကောင်းတရားကို အလေးပြု၍ (သူ့ကျေးဇူး) ချေဖျက်ခြင်း၌ အလေးမပြုသော ပုဂ္ဂိုလ်၊ သူတော်ကောင်းတရားကို အလေးပြု၍ လာဘ် (ရခြင်း) ကို အလေးမပြုသော ပုဂ္ဂိုလ်၊ သူတော်ကောင်းတရားကို အလေး ပြု၍ အရိုအသေပြုမှု 'သက္ကာရ'ကို အလေးမပြုသော ပုဂ္ဂိုလ်တို့တည်း၊ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ် လေးမျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

အမျက်ထွက်ခြင်း (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြုကုန်သော လာဘ်နှင့် အရိုအသေပြုမှုကို အလေးပြုကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောကြား အပ်သော တရားတော်၌ မကြီးပွါးကုန်။ အကြင် ရဟန်းတို့သည်ကား သူတော်ကောင်းတရားကို အလေးပြုကုန်သည် ဖြစ်၍ နေခဲ့ကြကုန်ပြီ၊ နေလည်း နေကြကုန်ဆဲ၊ ထိုရဟန်းတို့သည် စင်စစ် မြတ်စွာဘုရားသည် ဟောတော်မူအပ်သော တရားတော်၌ ကြီးပွါးကုန်၏။

တတိယသုတ်။

------

၄-ဒုတိယ ကောဓဂရုသုတ်

၄၄။ ရဟန်းတို့ သူယုတ်တို့၏တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- အမျက်ထွက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ လာဘ် (ရခြင်း) ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်း၊ အရိုအသေပြုမှု 'သက္ကာရ' ကို အလေးပြု၍ သူတော်ကောင်းတရားကို အလေးမပြုခြင်းတို့တည်း။ ရဟန်းတို့ သူယုတ်တို့၏တရားတို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ သူတော်ကောင်းတရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- သူတော်ကောင်းတရားကို အလေးပြု၍ အမျက်ထွက်ခြင်းကို အလေးမပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးမပြုခြင်း၊ သူတော်ကောင်းတရားကို အလေးပြု၍ လာဘ် (ရခြင်း) ကို အလေးမပြုခြင်း။ သူတော်ကောင်းတရားကို အလေးပြု၍ အရိုအသေပြုမှု 'သက္ကာရ'ကို အလေးမပြုခြင်းတို့တည်း။ ရဟန်းတို့ သူတော်ကောင်းတရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အမျက်ထွက်ခြင်း (သူ့ကျေးဇူး) ချေဖျက်ခြင်းကို အလေးပြုကုန်သော လာဘ်နှင့် အရိုအသေပြုမှုကို အလေးပြုကုန်သော ရဟန်းတို့သည် ကောင်းသောလယ်၌ ပုပ်သော မျိုးစေ့သည် မကြီးပွါးသကဲ့သို့ သူတော်ကောင်းတရား၌ မကြီးပွါးကုန်။ အကြင် ရဟန်းတို့သည်ကား သူတော်ကောင်းတရားကို အလေးပြုသည်ဖြစ်၍ နေခဲ့ကြကုန်ပြီ၊ နေလည်း နေကြကုန်ဆဲ၊ ထိုရဟန်းတို့သည် စင်စစ်အားဖြင့် အစေးသို့ အစဉ်လိုက်သော ဆေးပင်သည် ကြီးပွါးသကဲ့သို့တရားတော်၌ ကြီးပွါး ကုန်သတည်း။

စတုတ္ထသုတ်။

------

၅-ရောဟိတဿသုတ်

၄၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရောဟိတဿနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည် ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို (ကိုယ်ရောင် ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်လျက် အသျှင်ဘုရား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့ လျောရာ တစ်ဖန်မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် သိရန် မြင်ရန် ရောက်ရန် တတ်ကောင်းပါသလောဟု လျှောက်၏။ ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့ လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေ ဖြင့်) သွားခြင်းဖြင့် ''သိအပ် မြင်အပ် ရောက် အပ်၏''ဟု ငါမဆိုဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ''ဒါယကာ ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် 'သိအပ် မြင်အပ် ရောက်အပ်၏'ဟု ငါမဆို''ဟူ၍ ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။

အသျှင်ဘုရား ရှေး၌ ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက် သွားလာနိုင်သော မုဆိုး၏သား ရောဟိတဿမည်သော ရသေ့ဖြစ်ခဲ့ဖူးပါသည်။ အသျှင်ဘုရား ထို တပည့် တော်၏ လျင်မြန်ပုံမှာ ဤသို့သဘောရှိခဲ့ပါသည်၊ (လေးအတတ်ကို) သင်ကြားပြီး၍ လေးအတတ်၌ လက်ကျင့်ရပြီးသော မင်းအိမ်၌ လေးအတတ်ကို ပြပြီးသော မြဲမြံခိုင်ခံ့သော လေးရှိသော လေးဆရာသည် ခဲယဉ်းမှုမရှိသော ပေါ့ပါးသော မြားဖြင့် ထန်းပင်ရိပ်ကို ဖီလာကန့်လန့်လွန်စေသည့် ကာလနှင့်အမျှ တစ်ခုသော စကြဝဠာကို လွန်စေနိုင်သည့် သဘောရှိသော လျင်မြန်ခြင်းရှိခဲ့ပါသည်။ ဤသို့သဘောရှိသော ခြေလှမ်းဖြစ်ခဲ့ဖူးပါသည်၊ အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာကို လွန်စေနိုင်သော သဘောရှိသော ဝေးကွာ သော သဘောရှိသော ခြေလှမ်းရှိခဲ့ဖူးပါသည်။ အသျှင်ဘုရား ဤသို့သဘောရှိသော လျင်မြန်ခြင်းနှင့် ပြည့်စုံသော၊ ဤသို့သဘောရှိသော ခြေလှမ်းနှင့် ပြည့်စုံသော ထို အကျွန်ုပ်အား ''ငါသည် (ခြေဖြင့်) သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်ရမည်ဟု ဤသို့ သဘောရှိသော စိတ်အလိုဖြစ်ခဲ့ဖူးပါသည်။ အသျှင်ဘုရား အနှစ်တစ်ရာ အသက်ကြွင်းရှိသေးသော ထို အကျွန်ုပ်သည် အနှစ်တစ်ရာ အသက်ရှင်လျက် စားချိန် သောက်ချိန် ခဲချိန် လျက်ချိန်မှတစ်ပါး ကျင်ကြီးကျင်ငယ် စွန့်မှု၊ အိပ်စက်မှု၊ အပန်းဖြေ နား နေမှုမှတစ်ပါး အနှစ်တစ်ရာပတ်လုံးကို သွားခဲ့ရာ လောကအဆုံးကို မရောက်ဘဲ စကြဝဠာအကြား၌ သာလျှင် သေရပါသည်။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ''ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို့ (ခြေဖြင့်) သွားခြင်းဖြင့် 'သိအပ် မြင်အပ် ရောက်အပ်၏'ဟု ငါမဆို''ဟူ၍ ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါပေ၏ဟု (လျှောက်၏)။

''ဒါယကာနတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် 'သိအပ် မြင်အပ် ရောက်အပ်၏'ဟူ၍ ငါမဆို၊ ဒါယကာ နတ်သား လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဝဋ်ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါမဆို၊ ဒါယကာနတ်သား စင်စစ်အားဖြင့် သညာလည်းရှိ, စိတ်လည်းရှိသော၊ တစ်လံမျှလောက် သော ဤခန္ဓာ ကိုယ်၌သာလျှင် လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ လောက၏ချုပ်ရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ငါပညတ်၏''ဟု (မိန့်တော်မူ၏)။

လောက၏ အဆုံး (နိဗ္ဗာန်) သို့ (ခြေ ဖြင့်) သွားခြင်းဖြင့် တစ်ရံတစ်ဆစ်မျှ မရောက်နိုင်၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ် မြောက်ခြင်းမည်သည်လည်း မရှိပေ။ ထို့ကြောင့် စင်စစ်အားဖြင့် လောကကို သိပြီးသော၊ လောက၏ အဆုံး (နိဗ္ဗာန်)သို့ ရောက်သော၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးသော၊ (မကောင်းမှုမှ) ငြိမ်း ပြီးသော၊ ကောင်းသော ပညာရှိသူသည် လောက၏ အဆုံးကို သိ၍ ဤ(ပစ္စုပ္ပန်) လောကကိုလည်းကောင်း၊ တမလွန် (လောက) ကိုလည်းကောင်း မတောင့်တတော့ ချေ။

ပဉ္စမသုတ်။

------

၆-ဒုတိယ ရောဟိတဿသုတ်

၄၆။ ထို့နောက် မြတ်စွာဘုရားသည် ထို ညဉ့်လွန်မြောက်သဖြင့် ရဟန်းတို့ကို မိန့်တော်မူ၏။ ''ရဟန်းတို့ ဤညဉ့်၌ ရောဟိတဿနတ်သားသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်လုံးကို (ကိုယ်ရောင် ကိုယ်ဝါဖြင့်) ထွန်းလင်းစေလျက် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်လျက် အသျှင် ဘုရား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် သိရန်၊ မြင်ရန်၊ ရောက်ရန် တတ်ကောင်းပါသလောဟု လျှောက်၏။ ရဟန်းတို့ ဤသို့လျှောက်သော် ရောဟိတဿနတ်သားအား ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် ''သိအပ် မြင်အပ် ရောက်အပ်၏''ဟူ၍ ငါမဆိုဟု (ဆိုခဲ့၏)။

ရဟန်းတို့ ဤသို့ ဆိုသည်ရှိသော် ရောဟိတဿနတ်သားသည် ငါ့အား ဤစကားကို လျှောက် ပြန်၏၊ အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ''ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် 'သိအပ် မြင်အပ် ရောက်အပ်၏'ဟု ငါမဆို''ဟူ၍ ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောအပ်ပါ၏။ အသျှင်ဘုရား ရှေး၌ ဖြစ်ဖူးသည်ကား အကျွန်ုပ်သည် တန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော မုဆိုး၏သား ရောဟိတဿမည်သော ရသေ့ဖြစ်ခဲ့ဖူး ပါသည်။ အသျှင်ဘုရား ထို တပည့်တော်၏ လျင်မြန်ပုံမှာ ဤသို့ သဘောရှိခဲ့ပါသည်၊ လေးအတတ်ကို သင်ကြားပြီး၍ လေးအတတ်၌ လက်ကျင့်ရပြီးသော မင်းအိမ်၌ လေးအတတ်ကို ပြပြီးသော မြဲမြံခိုင်ခံ့သော လေးရှိသော လေးဆရာသည် ခဲယဉ်းမှုမရှိသော ပေါ့ပါးသော မြားဖြင့် ထန်းပင်ရိပ်ကို ဖီလာကန့်လန့် လွန်စေသည့် ကာလနှင့်အမျှ တစ်ခုသော စကြဝဠာကို လွန်စေနိုင်သည့် သဘောရှိသော လျင်မြန်ခြင်း ရှိခဲ့ပါသည်။ ဤသို့ သဘောရှိသော ခြေလှမ်းဖြစ်ခဲ့ဖူးပါသည်၊ အရှေ့သမုဒ္ဒရာမှ အနောက်သမုဒ္ဒရာကို့လွန်စေနိုင်သော သဘောရှိသော ဝေးကွာသော ခြေလှမ်း ရှိခဲ့ဖူးပါသည်။ အသျှင်ဘုရား ဤသို့ သဘောရှိ သော လျင်မြန်ခြင်းနှင့် ပြည့်စုံသော၊ ဤသို့ သဘောရှိသော ခြေလှမ်းနှင့် ပြည့်စုံသော ထို အကျွန်ုပ်အား ''ငါသည် ခြေဖြင့် သွားခြင်းဖြင့် လောက၏ အဆုံးသို့ ရောက်ရမည်''ဟု ဤသို့ သဘောရှိသော စိတ် အလို ဖြစ်ခဲ့ဖူးပါသည်။ အသျှင်ဘုရား အနှစ်တစ်ရာ အသက်ကြွင်းရှိသေးသော ထို အကျွန်ုပ်သည် အနှစ်တစ်ရာ အသက်ရှင်လျက် စားချိန် သောက်ချိန် ခဲချိန် လျက်ချိန်မှတစ်ပါး ကျင်ကြီး ကျင်ငယ် စွန့်မှု၊ အိပ်စက်မှု၊ အပန်းဖြေ နားနေမှုမှ တစ်ပါး အနှစ်တစ်ရာပတ်လုံး သွားခဲ့ရာ လောက၏အဆုံးကို မရောက်ဘဲ စကြဝဠာအကြား၌သာလျှင် သေရပါသည်။

အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ''ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံးကို (ခြေဖြင့်) သွားခြင်းဖြင့် 'သိအပ် မြင်အပ် ရောက်အပ်၏'ဟု ငါမဆို''ဟူ၍ ဤစကားကို ကောင်းစွာ ဟောတော်မူအပ်ပါ၏ဟု (လျှောက်၏)။ ရဟန်းတို့ ဤသို့ လျှောက်သော် ငါသည် ရောဟိတဿ နတ်သားအား-

''ဒါယကာ နတ်သား ပဋိသန္ဓေမနေရာ မအိုရာ မသေရာ မရွေ့လျောရာ တစ်ဖန် မဖြစ်ရာသော လောက၏ အဆုံး (နိဗ္ဗာန်) ကို (ခြေဖြင့်) သွားခြင်းဖြင့် 'သိအပ် မြင်အပ် ရောက်အပ်၏'ဟူ၍ ငါမဆို။ ဒါယကာနတ်သား လောက၏ အဆုံး (နိဗ္ဗာန်)သို့ မရောက်ဘဲ ဝဋ်ဆင်းရဲ၏ အဆုံးပြုခြင်းကိုလည်း ငါ မဆို။ ဒါယကာနတ်သား စင်စစ်အားဖြင့် သညာလည်းရှိ စိတ်လည်းရှိသော၊ တစ်လံမျှ လောက်သော ဤခန္ဓာကိုယ်၌သာလျှင် လောကကိုလည်းကောင်း၊ လောက၏ ဖြစ်ပေါ်ကြောင်းကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်) ကိုလည်းကောင်း၊ လောက၏ ချုပ်ရာ (နိဗ္ဗာန်)သို့ရောက်ကြောင်း အကျင့်ကိုလည်းကောင်း ငါပညတ်၏၊ ဤသို့ ဆိုခဲ့၏ဟု (မိန့်တော်မူ၏)။

လောက၏ အဆုံး (နိဗ္ဗာန်) သို့ (ခြေ ဖြင့်) သွားခြင်းဖြင့် တစ်ရံတစ်ဆစ်မျှ မရောက်နိုင်၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ်မြောက်ခြင်းမည်သည်လည်း မရှိပေ။ ထို့ကြောင့် စင်စစ်အားဖြင့် လောကကို သိပြီးသော၊ လောက၏ အဆုံး (နိဗ္ဗာန်) သို့ ရောက်သော၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးသော၊ မကောင်းမှုမှ ငြိမ်းပြီးသော၊ ကောင်းသော ပညာရှိသည် လောက၏ အဆုံးကို သိ၍ ဤ(ပစ္စုပ္ပန်) လောကကိုလည်းကောင်း၊ တမလွန် (လောက) ကိုလည်းကောင်း မတောင့်တတော့ ချေ။

ဆဋ္ဌသုတ်။

------

၇-သုဝိဒူရသုတ်

၄၇။ ရဟန်းတို့ အလွန့်အလွန် ဝေးကွာသော အရာတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ကောင်းကင်နှင့် မြေကြီးသည် ဝေး၏၊ ဤကား ပဌမဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။ ရဟန်းတို့ သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက် ကမ်းသည် ဝေး၏၊ ဤကား ဒုတိယဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။ ရဟန်းတို့ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်သည် ဝေး၏၊ ဤကား တတိယဖြစ်သော အလွန့်အလွန် ဝေးကွာ သော အရာတည်း။ ရဟန်းတို့ သူတော်ကောင်းတု့ိ၏တရားနှင့် သူယုတ်မာတို့၏တရားသည် ဝေး၏၊ ဤကား စတုတ္ထဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။ ရဟန်းတို့ အလွန့်အလွန် ဝေးကွာသော အရာတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ကောင်းကင်သည်လည်း (မြေကြီးမှ) ဝေး၏၊ မြေကြီးသည်လည်း (ကောင်းကင်မှ) ဝေး၏၊ သမုဒ္ဒရာ၏ ကမ်းတစ်ဖက်နှင့် တစ်ဖက်ကိုလည်း ဝေး၏ဟု ဆိုကုန်၏၊ အရောင်ကို ပြုတတ်သော နေ၏့ထွက်ရာအရပ်နှင့် ဝင်ရာအရပ်သည်လည်း ဝေး၏။

သူတော်ကောင်းတရားကိုလည်းကောင်း၊ သူယုတ်မာတရားကိုလည်းကောင်း ထို ဝေးခြင်းတို့ထက် စင်စစ် အလွန်ဝေး၏ဟု ဆိုကုန်၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ခြင်းသည် မပျက်စီးသော သဘောရှိ၏၊ သူတော်ကောင်းတရား တည်သမျှ အတိုင်း (မပျက်စီးသည်) သာ ဖြစ်၏။ သူယုတ်မာတို့နှင့် ပေါင်းဖော်ခြင်းသည် လျင်စွာ ပျက်စီး၏၊ ထို့ကြောင့် သူတော် ကောင်းတို့၏တရားသည် သူယုတ်မာတို့မှ ဝေး၏။

သတ္တမသုတ်။

------

၈-ဝိသာခသုတ်

၄၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပဉ္စာလပုဏ္ဏေးမ၏သား အသျှင်ဝိသာခသည် စည်းဝေးရာ ဇရပ်၌ ရဟန်းအပေါင်းတို့ကို သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ် သော (ဝဋ်ကင်းရာ နိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေးသိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေ၏။ ထိုအခါ မြတ်စွာဘုရားသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထတော်မူ၍ စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားအပ်သော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို-

ရဟန်းတို့ စည်းဝေးရာဇရပ်၌ အဘယ်ရဟန်းသည် သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်း မရှိသော အနက်ကို သိစေတတ်သော (ဝဋ်ကင်းရာနိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေး သိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေသနည်းဟု မိန့်တော်မူ၏။

အသျှင်ဘုရား ပဉ္စာလပုဏ္ဏေးမ၏သား အသျှင်ဝိသာခသည် ရဟန်းတို့ကို စည်းဝေးရာဇရပ်၌ သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ်သော (ဝဋ်ကင်းရာနိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေးသိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင် စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပါ၏ဟု (လျှောက်ကြကုန်၏)။

ထိုအခါ မြတ်စွာဘုရားသည် ပဉ္စာလပုဏ္ဏေးမ၏သား အသျှင်ဝိသာခအား ''ဝိသာခ ကောင်း၏ ကောင်း၏၊ ဝိသာခ သင်သည် ကောင်းစွာသာလျှင် ရဟန်းအပေါင်းကို သန့်ရှင်းသော အပြစ်ကင်း၍ ကျပေါက်ခြင်းမရှိသော အနက်ကို သိစေတတ်သော (ဝဋ်ကင်းရာနိဗ္ဗာန်၌) အကျုံးဝင်သော (ဝဋ်ကို) မမှီသော ယဉ်ကျေးသိမ်မွေ့သော တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပေ၏''ဟု (မိန့်တော်မူ၏)။

လူမိုက်တို့နှင့် ရောနှောသော ပညာရှိကို စကားမပြောမူ (ပညာရှိဟု) မသိကြကုန်၊ စကားပြောခဲ့လျှင်လည်း အမြိုက်နိဗ္ဗာန်ကို ဟောကြားသော်သာလျှင် ပညာရှိဟု သိကုန်၏။ (လောကုတ္တရာ)တရားကို ပြောဟောရာ၏၊ ထွန်းလင်းစေရာ၏၊ အရိယာသူတော် ကောင်းတို့၏ တံခွန်သဖွယ်ဖြစ်သော တရားကို ချီးမြှောက်ရာ၏၊ အရိယာသူတော် ကောင်းတို့သည် ကောင်းစွာဟောအပ်သော တရားတံခွန် ရှိကုန်၏။ မှန်၏၊ တရား တော်သည် အရိယာသူတော်ကောင်းတို့၏ တံခွန်ပေတည်း။

အဋ္ဌမသုတ်။

------

၉-ဝိပလ္လာသသုတ်

၄၉။ ရဟန်းတို့ သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ 'မမြဲေသော အရာ၌ မြဲ၏'ဟု သညာ၏ ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်း၊ ရဟန်းတို့ 'ဆင်းရဲသော အရာ၌ ချမ်းသာ'ဟု သညာ၏ ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်း၊ ရဟန်းတို့ 'အတ္တမဟုတ်သော အရာ၌ အတ္တဟုတ်၏'ဟု သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ဖောက်ပြန်ခြင်း၊ ရဟန်း တို့ 'မတင့်တယ်သော အရာ၌ တင့်တယ်၏'ဟု သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ ဖောက်ပြန်ခြင်းတို့တည်း။ ရဟန်းတို့ သညာ၏ဖောက်ပြန်ခြင်း စိတ်၏ဖောက်ပြန်ခြင်း အယူ၏ ဖောက်ပြန်ခြင်းတို့သည် ဤလေးမျိုးတို့တည်း။

ရဟန်းတို့ သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ 'မမြဲသော အရာ၌ မမြဲ'ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း၊ ရဟန်းတို့ 'ဆင်းရဲသော အရာ၌ ဆင်းရဲ'ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း၊ ရဟန်းတို့ 'အတ္တမဟုတ်သော အရာ၌ အတ္တမဟုတ်'ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်း၊ ရဟန်းတို့ 'မတင့်တယ်သောအရာ၌ မတင့်တယ်'ဟု သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်းတို့တည်း။ ရဟန်းတို့ သညာ၏ မဖောက်ပြန်ခြင်း စိတ်၏ မဖောက်ပြန်ခြင်း အယူ၏ မဖောက်ပြန်ခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

မိစ္ဆာဒိဋ္ဌိသည် ဖျက်ဆီးအပ်ကုန်သော ပျံ့လွင့်သည့် စိတ်ရှိကုန်သော၊ ဖောက်ပြန် သော သညာရှိကုန်သော သတ္တဝါတို့သည် မမြဲသော အရာ၌ မြဲ၏ဟု အမှတ် ရှိကုန်၏၊ ဆင်းရဲသော အရာ၌လည်း ချမ်းသာ၏ဟု အမှတ်ရှိကုန်၏၊ အတ္တမဟုတ် သော အရာ၌လည်း အတ္တဟု အမှတ်ရှိကုန်၏၊ မတင့်တယ်သော အရာ၌လည်း တင့်တယ်၏ဟု အမှတ်ရှိကုန်၏။ ထို လူတို့သည် မာရ်မင်း၏ ယောဂလေးပါးနှင့် ယှဉ်ကုန်၏၊ ယောဂ (လေးပါး)တို့ဖြင့် ဘေးမရှိရာ (နိဗ္ဗာန်) သို့ မရောက်ကုန်၊ ထို သတ္တဝါတို့သည် ပဋိသန္ဓေ နေခြင်း သေခြင်းသို့ ရောက်ကုန်သည် ဖြစ်၍ သံသရာသို့ သွားကြရကုန်၏။ အကြင် အခါ ဓမ္မအရောင်အလင်းကို ပြုတတ်ကုန်သော ဘုရားရှင်တို့သည် လောက၌ ပွင့်တော်မူကုန်၏၊ ထို ဘုရားရှင်တို့သည် ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း ဖြစ်သော ဤ(သစ္စာလေးပါး)တရားကို ပြကုန်၏။ (ထိုအခါ) ထို မြတ်စွာဘုရားတို့၏ (တရားကို) ကြားနာရကုန်သည်ရှိသော် ထို ပညာရှိပုဂ္ဂိုလ်တို့သည် မိမိစိတ်ကို တစ်ဖန် ရကြကုန်သည်ဖြစ်၍ မမြဲသော အရာကို မမြဲဟု မြင်ကုန်၏၊ ဆင်းရဲသော အရာကို ဆင်းရဲဟု မြင်ကုန်၏၊ အတ္တမဟုတ်သော အရာ၌ အတ္တမဟုတ်ဟု မြင်ကုန်၏၊ မတင့်တယ်သော အရာကို မတင့်တယ်ဟု မြင်ကုန်၏၊ မှန်ကန်သော အယူကို ဆောက်တည်ကုန်သည်ဖြစ်၍ အလုံးစုံသော ဆင်းရဲကို လွန်မြောက်ကြလေကုန်သတည်း။

နဝမသုတ်။

------

၁၀-ဥပက္ကိလေသသုတ်

၅၀။ ရဟန်းတို့ လ နေတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပေတည်း၊ ယင်းညစ်နွမ်း ကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ့်ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ- တိမ်တိုက်တို့သည် လ နေတို့၏ ညစ်နွမ်းကြောင်းတို့တည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ဆီးနှင်းသည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်း ကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ အခိုးနှင့် မြူသည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ရာဟုအသုရိန်သည် လ နေတို့၏ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်၊ ရဟန်းတို့ လ နေတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပင်တည်း၊ ယင်းညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်း ကုန်သော လ နေတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ဤအတူသာလျှင် သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့တည်း။ ယင်းညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော သမဏဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ သေရည်သေရက်ကို သောက်ကုန်လျက် သေအရက်ကို သောက်ခြင်းမှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(သေအရက်ကို သောက်ခြင်း)သည် သမဏဗြာဟ္မဏတို့၏ ပဌမညစ်နွမ်း ကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော သမဏဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ မေထုန်အကျင့်ကို မှီဝဲကုန်လျက် မေထုန်အကျင့်မှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(မေထုန်မှီဝဲခြင်း)သည် သမဏဗြာဟ္မဏတို့၏ ဒုတိယ ညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏ တို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ ရွှေငွေကို သာယာကုန်လျက် ရွှေငွေကို ခံယူခြင်းမှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(ရွှေ ငွေကို ကိုင်ခံသာယာခြင်း)သည် သမဏဗြာဟ္မဏ တို့၏ တတိယညစ်နွမ်းကြောင်းတည်း၊ ယင်း ညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်။

ရဟန်းတို့ မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကုန်လျက် မှားသော အသက်မွေးခြင်းမှ မရှောင်ကြဉ်ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ ရဟန်းတို့ ဤ(မှားသော အသက် မွေးခြင်း)သည် သမဏဗြာဟ္မဏတို့၏ စတုတ္ထညစ်နွမ်းကြောင်းတည်း၊ ယင်းညစ်နွမ်းကြောင်းဖြင့် ညစ်နွမ်း ကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် အရောင်မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ် ကုန်။ ရဟန်းတို့ သမဏဗြာဟ္မဏတို့၏ ညစ်နွမ်းကြောင်းတို့သည် ဤလေးမျိုးတို့ပင်တည်း။ ယင်း ညစ်နွမ်းကြောင်းတို့ဖြင့် ညစ်နွမ်းကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ မတောက်ပကုန်၊ မတင့်တယ်ကုန်ဟု (မိန့်တော်မူ၏)။

တပ်မက်ခြင်း'ရာဂ' ပြစ်မှားခြင်း'ဒေါသ'တို့ဖြင့် ညစ်နွမ်းကုန်လျက် အဝိဇ္ဇာပိတ်ဆို့ ခံရကုန်သည်ဖြစ်၍ ချစ်ဖွယ်သဘောကို နှစ်သက်တတ်ကုန်သော အချို့သော သမဏ ဗြာဟ္မဏ ပုဂ္ဂိုလ်တို့သည် သေအရက်ကို သောက်ကုန်၏၊ မေထုန်ကို မှီဝဲကုန်၏၊ အချို့ သော သမဏဗြာဟ္မဏတို့သည် ပညာမရှိကုန်သည်ဖြစ်၍ ရွှေ ငွေကို ခံယူ ကုန်၏၊ မှားသော အသက်မွေးခြင်းဖြင့် အသက်မွေးကုန်၏၊ အကြင် ညစ်နွမ်းကြောင်းတို့ကြောင့် အချို့ သော သမဏဗြာဟ္မဏတို့သည် အရောင် မထွက်ကုန်၊ ့မတောက်ပကုန်၊ မစင်ကြယ်ကုန်၊ မြူနှင့်တကွ ဖြစ်ကုန်၏၊ တော သမင်နှင့် တူကုန်၏၊ ထို ညစ်နွမ်းကြောင်းတို့ကို နေမင်း၏ အဆွေဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်၏။ အမိုက်တိုက်ဖြင့် မြှေးယှက်အပ်ကုန်လျက် တဏှာ၏ ကျွန်ဖြစ်ကုန်သော တဏှာ ကြိုးရှိသူတို့သည် ကြမ်းတမ်းသော အတ္တဘောကို တိုးပွါးစေကုန်လျက် တစ်ဖန် ဘဝသစ်ကို ယူကြရကုန်သတည်း။

ဒသမသုတ်။

ငါးခုမြောက် ရောဟိတဿဝဂ် ပြီး၏။

ပဉ္စမ သုတ်ငါးဆယ် ပြီး၏။ ------

၂-ဒုတိယပဏ္ဏာသက

၂-ဒုတိယသုတ်ငါးဆယ်

(၆) ၁-ပုညာဘိသန္ဒဝဂ် ၁-ပဌမ ပုညာဘိသန္ဒသုတ်

၅၁။ သာဝတ္ထိနိဒါန်း။ ဤလေးမျိုးကုန်သော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်သည်။ ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည်။ ချမ်းသာကျိုး ရှိကုန်သည် နတ်ပြည်၌ ဖြစ်စေ တတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ၊ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ အကြင် ဒါယကာ၏ သင်္ကန်းကို သုံးဆောင်သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ် အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာ ကျိုးရှိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွားအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ အကြင် ဒါယကာ၏ ဆွမ်းကို သုံးဆောင်သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ် အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ အကြင် ဒါယကာ၏ ကျောင်းကို သုံးဆောင်သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ် အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ အကြင် ဒါယကာ၏ သူနာအထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို သုံးဆောင် သော ရဟန်းသည် အတိုင်းအရှည်မရှိသော (အရဟတ္တဖိုလ်) စိတ်နှင့် ယှဉ်သော သမာဓိကို ပြည့်စုံစေ၍ နေ၏၊ ထို ဒါယကာ၏ အတိုင်းအရှည်မရှိသော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင် တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ ဤလေးမျိုးသော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ် ကုန်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည် ချမ်းသာကျိုးရှှိိကုန်သည် နတ်ပြည်၌ ဖြစ်စေ့တတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။ ရဟန်းတို့ ''ဤမျှလောက် အတိုင်းအရှည်ရှိသော ကောင်းမှုအထု ကုသိုလ် အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာ ကျိုးရှှိိ်သည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏''ဟု ဤကောင်းမှုအထု ကုသိုလ်အယဉ် လေးမျိုး တို့နှင့် ပြည့်စုံသော အရိယာသာဝက၏ ကောင်းမှုပမာဏကို ယူခြင်းငှါ မလွယ်။ စင်စစ်အားဖြင့် မရေ မတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ကောင်းမှုအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာ၌ ''ဤမျှလောက် ကွမ်းစားပမာဏရှိ ရေတို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက် ကွမ်းစားအရာ ပမာဏရှိ ရေတို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက် ကွမ်းစား အထောင် ပမာဏရှိ ရေတို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက် ကွမ်းစားအသိန်း ပမာဏရှိရေတို့''ဟူ၍လည်းကောင်း ရေ၏ပမာဏကို ယူခြင်းငှါ မလွယ်၊ စင်စစ်အားဖြင့် မရေမတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ရေအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ''ဤမျှ လောက်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည် ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏''ဟု ဤကောင်းမှု အထု ကုသိုလ်အယဉ်လေးမျိုးတို့နှင့် ပြည့်စုံသော အရိယာ သာဝက၏ ကောင်းမှု ပမာဏကို ယူခြင်းငှါ မလွယ်။ စင်စစ်အားဖြင့် မရေမတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ကောင်းမှုအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

များစွာသော ရေကို ဆောင်တတ်သော (ကွမ်းစားအစရှိသည်ဖြင့်) မနှိုင်းရှည့်အပ် သော၊ ပြင်းထန်သော အသံရှိသော၊ များစွာ ကြောက်မက်ဖွယ်ရာရှိသော၊ မြတ်သော ရတနာတို့၏ တည်ရာလည်းဖြစ်သော သမုဒ္ဒရာသို့ လူပေါင်းများစွာတို့ မှီဝဲရာဖြစ်၍ တသွင်သွင် စီးနေကုန်သော၊ မြောက်မြားစွာသော မြစ်တို့သည် (စီးဝင်) ကပ်ရောက်ကုန်သကဲ့သို့။ ဤအတူ ထမင်း အဖျော် အဝတ် ပုဆိုးကို ပေးလှူတတ်, အိပ်ရာ နေရာ ကျောင်း အိပ်ရာလွှမ်းကို ပေးလှူတတ်သော ပညာရှိသူသို့ ရေကို ဆောင်တတ်သော မြစ်တို့သည် သမုဒ္ဒရာသို့ (စီးဝင်) ကပ်ရောက်ကုန်သကဲ့သို့၊ ထို့အတူ ကောင်းမှုအယဉ် တို့သည် (စီးဝင်) ကပ်ရောက်ကုန်သတည်း။

ပဌမသုတ်။

------

၁။ ကွမ်းစား- လေးစလယ်ဝင် တစ်ပြည်သားကို တစ်ကွမ်းစားဟု ခေါ်သည်။

၂-ဒုတိယ ပုညာဘိသန္ဒသုတ်

၅၂။ ရဟန်းတို့ ဤလေးမျိုးကုန်သော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည် ချမ်းသာကျိုးရှှိိကုန်သည် နတ်ပြည်၌ ဖြစ်စေတတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါး အလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ အရိယာသာဝကသည် ''ထို မြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ'့အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း လောကဝိဒူ မည်တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း အနုတ္တရော ပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာ ဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူ သော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုး ကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏''ဟု မြတ်စွာဘုရား၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤပဌမဖြစ်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာသာဝကသည် ''မြတ်စွာဘုရား ဟောထားသော တရား တော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော် ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ် ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူ ထားထိုက်သော တရားတော်ပါ ပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း''ဟုတရားတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤဒုတိယဖြစ်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာ ကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာ သာဝကသည် ''မြတ်စွာဘုရား၏ တပည့်သား သံဃာ တော်သည် ကောင်းသော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် မှန်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့် ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော ဤမြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါ ပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်ယာမြေ ဖြစ်တော်မူပါပေ၏''ဟု သံဃာတော်၌ မတုန်မလှုပ် ကြည်ညိုခြင်းနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတတိယဖြစ်သော ကောင်းမှုအထု ကုသိုလ် အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုး ရှှိိသည် နတ်ပြည်၌ ဖြစ်စေတတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာသာဝကသည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ တဏှာကျွန်အဖြစ်မှ တော်လှန်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ် အပ်ကုန်သော၊ တည်ကြည်ခြင်း 'သမာဓိ'ကို ဖြစ်စေတတ်ကုန်သော၊ အရိယာတို့ နှစ်သက်အပ်ကုန်သော သီလတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ စတုတ္ထဖြစ်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်သည် ချမ်းသာကျိုးရှှိိသည် နတ်ပြည်၌ ဖြစ်စေ့တတ်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏။ ရဟန်းတို့ ဤလေးမျိုးကုန်သော ကောင်းမှုအထု ကုသိုလ်အယဉ်တို့သည် ချမ်းသာကို ဆောင်တတ်ကုန်သည် ကောင်းမြတ်သော အာရုံကို ပေးတတ်ကုန်သည် ချမ်းသာကျိုးရှှိိကုန်သည် နတ်ပြည်၌ ဖြစ်စေတတ်ကုန်သည်ဖြစ်၍ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အကြင် ပုဂ္ဂိုလ်၏ သဒ္ဓါတရားသည် တုန်လှုပ်ခြင်း မရှိဘဲ မြတ်စွာဘုရား၌ ကောင်းစွာ တည်၏၊ အကြင် ပုဂ္ဂိုလ်၏ သီလသည်လည်းကောင်း မြတ်သည်လည်း ဖြစ်၏၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ် ချီးမွမ်းအပ်သည်လည်း ဖြစ်၏ အကြင် ပုဂ္ဂိုလ်အား သံဃာတော်၌ ကြည်ညိုခြင်းသည်လည်းကောင်း၊ ဖြောင့်မတ်သည်ဖြစ်၍ ဖြစ်သော ဉာဏ်အမြင်သည်လည်းကောင်း ရှိ၏၊ ထိုပုဂ္ဂိုလ်ကို မဆင်းရဲ သော သူဟု ဆိုကုန်၏၊ ထို ပုဂ္ဂိုလ်၏ အသက်ရှင်နေခြင်းကို အချည်းအနှီးမဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် မြတ်စွာဘုရားတို့၏ အဆုံးအမတော်ကို အောက်မေ့သော ပညာရှိသည် ယုံကြည်ခြင်းကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ကြည်ညိုခြင်းကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ခြင်းကိုလည်းကောင်း အားထုတ်ရာ၏။

ဒုတိယသုတ်။

------

၃-ပဌမ သံဝါသသုတ်

၅၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဓုရမြို့နှင့် ဝေရဉ္ဇာပြည်အကြား ခရီးရှည် ကြွတော်မူ၏၊ များစွာသော သူကြွယ်သူကြွယ်မတို့သည်လည်း မဓုရမြို့နှင့် ဝေရဉ္ဇာပြည်အကြား ခရီးရှည် သွားကြ ကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ခရီးလမ်းမှ ဖဲခွါ၍ တစ်ခုသော သစ်ပင်ရင်း၌ ထိုင်နေတော်မူ၏၊ သူကြွယ်တို့နှင့် သူကြွယ်မတို့သည်လည်း တစ်ခုသော သစ်ပင်ရင်းဝယ် ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ ချဉ်းကပ်ကြပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ကြကုန်၏၊ တစ်ခုသော နေရာ၌ ထိုင်နေကြကုန်သော ထိုသူကြွယ်သူကြွယ်မတို့အား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ဒါယကာတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးနည်းဟူမူ- သူသေ လင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်း နေ၏၊ နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ နတ်သားလင်သည် နတ်သမီး မယားနှင့်အတူ ပေါင်းသင်းနေ၏။

သူကြွယ်တို့ အဘယ်သို့လျှင် သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ် တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ ဝန်တိုခြင်းအညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်လည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ဒါယကာတို့ ဤသို့လျှင် သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်း နေ၏။

ဒါယကာတို့ အဘယ်သို့လျှင် သူသေလင်သည် နတ်သမီးမယားနှင့် အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမ ဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုခြင်းအညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်ကား သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ် မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ဒါယကာတို့ ဤသို့လျှင် သူသေလင်သည် နတ်သမီး မယားနှင့်အတူ ပေါင်းသင်းနေ၏။

ဒါယကာတို့ အဘယ်သို့လျှင် နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ သေအရက်သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ထို လင်၏ မယားသည်ကား သူ့ အသက်ကို သတ်လေ့ရှိ၏။ပ။ သေအရက်ကို သောက်လေ့ရှိ၏၊ သီလမရှိ၊ ယုတ်မာသောသဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ဒါယကာတို့ ဤသို့လျှင် နတ်သားလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေ၏။

ဒါယကာတို့ အဘယ်သို့လျှင် နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ဒါယကာတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ထို လင်၏ မယားသည်လည်း သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ သေအရက် သောက်ခြင်းမှ ရှောင်ကြဉ်၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ် အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ဒါယကာတို့ ဤသို့လျှင် နတ်သားလင်သည် နတ်သမီးနှင့်တူသော မယားနှင့်အတူ ပေါင်းသင်းနေ၏။ ဒါယကာတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

လင်မယားနှစ်ဦးလုံးတို့ပင် သီလ မရှိကုန်၊ ဝန်တိုကုန်၏၊ မောင်းမဲ ခြိမ်းခြောက် တတ်ကုန်၏၊ ထို လင်မယားနှစ်ဦးတို့သည် သူသေအချင်းချင်း အတူနေခြင်းသို့ ရောက်ကြကုန်၏။ လင်သည် သီလမရှိ၊ ဝန်တိုတတ်၏၊ ခြိမ်းခြောက်တတ်၏၊ မယားသည်ကား သီလရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ ထို နတ် သမီးမယားသည်လည်း သူသေလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ လင်သည် သီလရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ မယားသည်ကား သီလမရှိ၊ ဝန်တိုတတ်၏၊ အလှူခံတို့၏ စကား အဓိပ္ပါယ်ကို မသိတတ်၊ ခြိမ်းခြောက်တတ်၏၊ ထိုသူသေမယားသည်လည်း နတ်သားလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ ထို လင်မယားနှစ်ဦးလုံးတို့သည်ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံ တို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကြကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်း ကြကုန်၏၊ ထို လင်မယားနှစ်ဦးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်တရားသဖြင့်အသက်မွေးကြကုန်၏။ တူမျှသော သီလရှိကုန်သော ထို လင်မယား နှစ်ဦးလုံးတို့အား အကျိုး စီးပွါး တို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလအကျင့်ရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတု့ိကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။

တတိယသုတ်။

------

၄-ဒုတိယ သံဝါသသုတ်

၅၄။ ရဟန်းတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေ၏၊ နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏၊ နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေ၏။

ရဟန်းတို့ အဘယ်သို့လျှင် သူသေလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေထိုင်သနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမ ဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောလေ့ရှိ၏၊ ကုန်းစကားကို ဆိုတတ်၏၊ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ဆိုတတ်၏၊ မက်မောခြင်း 'အဘိဇ္ဈာ'များ၏၊ ပျက်စီးစေလိုစိတ် ရှိ၏၊ မှားသော အယူရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်လည်း သူ့ အသက်ကို သတ်လေ့ရှိ၏၊ မပေးသည်ကို ယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ ရှိ၏၊ ကုန်းစကားကို ဆိုတတ်၏၊ ကြမ်းတမ်းသော စကားကို ဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ဆိုတတ်၏၊ မက်မောခြင်း 'အဘိဇ္ဈာ' များ၏၊ ပျက်စီးစေလိုစိတ် ရှိ၏၊ မှားသော အယူ ရှိ၏၊ သီလမရှိ၊ ယုတ်မာသော အကျင့် ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး နှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ရဟန်းတို့ ဤသို့လျှင် သူသေလင်သည် သူသေမယားနှင့် အတူ ပေါင်းသင်းနေ၏။

ရဟန်းတို့ အဘယ်သို့လျှင် သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသော အယူရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘောရှိ၏၊ ဝန်တိုသော အညစ်အကြေးနှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ထို လင်၏ မယားသည်ကား သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ မက်မောခြင်း 'အဘိဇ္ဈာ' မများ၊ ပျက်စီး စေလိုစိတ်မရှိ၊ မှန်သော အယူရှိ၏၊ သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏ ဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ရဟန်းတို့ ဤသို့လျှင် သူသေလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေ၏။

ရဟန်းတို့ အဘယ်သို့လျှင် နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်၏၊ မက်မောခြင်း 'အဘိဇ္ဈာ' မများ၊ ပျက်စီးစေလိုစိတ် မရှိ၊ ကောင်းသော အယူ ရှိ၏၊ သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက် တတ်။ ထို လင်၏ မယားသည်ကား သူ့အသက်ကို သတ်လေ့ရှိ၏။ပ။ မှားသော အယူရှိ၏၊ သီလမရှိ၊ ယုတ်မာသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ် အကြေးနှိပ်စက်သော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးခြိမ်းခြောက်တတ်၏။ ရဟန်းတို့ ဤသို့လျှင် နတ်သားလင်သည် သူသေမယားနှင့်အတူ ပေါင်းသင်းနေ၏။

ရဟန်းတို့ အဘယ်သို့လျှင် နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်းနေသနည်း၊ ရဟန်းတို့ ဤလောက၌ လင်သည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သော အယူရှိ၏၊ သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏။ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်၊ ထို လင်၏ မယားသည်လည်း သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်သော အယူရှိ၏၊ ကောင်းသော သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ဝန်တိုခြင်း အညစ်အကြေးကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ သမဏဗြာဟ္မဏတို့ကို မဆဲရေး မခြိမ်းခြောက်တတ်။ ရဟန်းတို့ ဤသို့လျှင် နတ်သားလင်သည် နတ်သမီးမယားနှင့်အတူ ပေါင်းသင်း နေသည် မည်၏၊ ရဟန်းတို့ အတူနေခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

လင်မယားနှစ်ဦးလုံးတို့ပင် သီလမရှိကုန်၊ ဝန်တိုကုန်၏၊ မောင်းမဲ ခြိမ်းခြောက် တတ်ကုန်၏၊ ထို လင်မယားနှစ်ဦးတို့သည် သူသေအချင်းချင်း အတူနေခြင်းသို့ ရောက်ကုန်၏။ လင်သည် သီလမရှိ၊ ဝန်တိုတတ်၏၊ ခြိမ်းခြောက်တတ်၏၊ မယားသည်ကား သီလ ရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ ထို နတ် သမီးမယားသည်လည်း သူသေလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ လင်သည် သီလရှိ၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကို သိ၏၊ ဝန်တိုခြင်း ကင်း၏၊ မယားသည်ကား သီလမရှိ၊ ဝန်တိုတတ်၏၊ အလှူခံတို့၏ စကား အဓိပ္ပါယ်ကို မသိတတ်၊ ခြိမ်းခြောက်တတ်၏၊ ထိုသူသေမယားသည်လည်း နတ်သားလင်နှင့်အတူ ပေါင်းသင်းနေသည် မည်၏။ လင်မယားနှစ်ဦးလုံးတို့သည်ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံ တို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကြကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်း ကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။ တူမျှသော သီလရှိကုန်သော ထို လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါး တို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။

စတုတ္ထသုတ်။

------

၅-ပဌမ သမဇီဝီသုတ်

၅၅။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာ ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် နကုလပိတာ သူကြွယ်အိမ်သို့ ချဉ်းကပ်တော်မူပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူ၏။ ထိုအခါ နကုလပိတာ သူကြွယ်နှင့် နကုလမာတာသူကြွယ်မတို့သည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကုန်၍ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် နကုလပိတာသူကြွယ်သည် မြတ်စွာဘုရားအား- ''အသျှင်ဘုရား တပည့်တော်သည် ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူ နကုလမာတာသူကြွယ်မကို ထိမ်းမြား ယူဆောင်ခဲ့သည်မှ စ၍ စိတ်မျှဖြင့်လည်း နကုလမာတာသူကြွယ်မကို လွန်၍ ကျင့်မိသည်ဟု တပည့်တော် မသိစဖူးပါ၊ ကိုယ် ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏''ဟု လျှောက်၏။ နကုလမာတာသူကြွယ်မကလည်း မြတ်စွာဘုရားအား ''အသျှင်ဘုရား နကုလပိတာသူကြွယ်သည် ငယ်ရွယ် စဉ်ကပင် ငယ်ရွယ်သူ တပည့်တော်မကို ထိမ်းမြားယူဆောင်ခဲ့သည်မှစ၍ စိတ်မျှဖြင့်လည်း နကုလပိတာ သူကြွယ်ကို လွန်၍ ကျင့်မိသည်ဟု တပည့်တော်မ မသိစဖူးပါ၊ ကိုယ်ဖြင့်မူကား အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ အသျှင်ဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုပါကုန်၏''ဟု လျှောက်၏။

ဒါယကာတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု 'စာဂ' ရှိကုန်ရာ၏၊ တူမျှသော ပညာရှိကုန်ရာ၏၊ (ယင်းသို့ ဖြစ်သော်) ထို လင်မယားနှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ ့ဟု (မိန့်တော်မူ၏)။

လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသော ကာမဂုဏ်အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။

ပဉ္စမသုတ်။

------

၆-ဒုတိယ သမဇီဝီသုတ်

၅၆။ ရဟန်းတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကုန်, နောင် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်လိုကုန်ငြားအံ့၊ လင်မယားနှစ်ဦးလုံးတို့သည်ပင် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလ၊ တူမျှသော စွန့်ကြဲခြင်း 'စာဂ'၊ တူမျှသော ပညာရှိကုန်ရာ၏၊ (ယင်းသို့ ဖြစ်သည်ရှိသော်) ထို လင်မယားနှစ်ဦးတို့သည် မျက်မှောက်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရ ကုန်၏၊ နောင်တမလွန်ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ ့ဟု (မိန့်တော်မူ၏)။

လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းကြကုန်၏၊ ထို လင်မယား နှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြ ကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။

တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံး မသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယားနှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည်လောက၌ အလုံးစုံသော ကာမဂုဏ် အာရုံတို့ကို လိုတိုင်းရ ကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန်သတည်း။

ဆဋ္ဌသုတ်။

------

၇-သုပ္ပဝါသာသုတ်

၅၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယဇနပုဒ်ဝယ် ကောလိယမင်းမျိုးတို့၏ ပဇ္ဇနိက မည်သော နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ကောလိယမင်းသမီး သုပ္ပဝါသာ၏ အိမ်သို့ ချဉ်းကပ်ပြီး လျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏၊ ဆွမ်းစားပြီးနောက် သပိတ်တော်မှ လက်ကို ဖယ်ပြီးသော မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေသော ကောလိယမင်းသမီး သုပ္ပဝါသာအား မြတ်စွာဘုရားသည်- ိံသုပ္ပဝါသာ ဘောဇဉ် ကို ပေး လှူသော အရိယာတပည့် မသည် အလှူခံပုဂ္ဂိုလ်တို့ အား လေး မျိုးသော အရာတို့ကို ပေးလှူသည် မည်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- အသက်ကို ပေးလှူသည် မည်၏၊ အဆင်းကို ပေးလှူသည် မည်၏၊ ချမ်းသာကို ပေးလှူသည် မည်၏၊ ခွန်အားကို ပေးလှူသည် မည်၏။ အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်း ရှည်ရန် ဖြစ်၏၊ အဆင်းကို ပေးလှူသည်မည်ခြင်းကြောင့် နတ်အဆင်းသော်လည်းကောင်း၊ လူအဆင်းသော်လည်းကောင်း လှရန်ဖြစ်၏၊ ချမ်းသာကို ပေးလှူသည်မည်ခြင်းကြောင့် နတ်ချမ်းသာသော်လည်းကောင်း၊ လူချမ်းသာသော်လည်းကောင်း ရရန်ဖြစ်၏၊ ခွန်အားကို ပေးလှူသည်မည်ခြင်းကြောင့် နတ် ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း ကြီးရန် ဖြစ်၏။ သုပ္ပဝါသာဘောဇဉ်ကို ပေးလှူသော အရိယာတပည့်မသည် အလှူခံပုဂ္ဂိုလ်တို့အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ဟု မိန့်တော်မူ၏။ အကြင် အရိယာတပည့်မသည် အကျင့် 'စရဏ' တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံကုန်သော မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ စင်ကြယ်သော မွန်မြတ်သော အရသာနှင့် ပြည့်စုံသော ကောင်းစွာ စီရင်အပ်သော ဘောဇဉ်ကို ပေးလှူ၏၊ ထို အရိယာတပည့်မ၏ အလှူကို ကောင်းမှု အချင်းချင်း ဆက်စပ်လျက် ကြီးမြတ်သောအကျိုးရှိ၏ဟူ၍ လောက သုံးပါးကို သိတော်မူသော မြတ်စွာဘုရားတို့သည် ချီးမွမ်းတော်မူအပ်၏။ လောက၌ အကြင်သူတို့သည် ထိုသို့သဘောရှိသော ကောင်းမှုကို အဖန်တလဲလဲ အောက်မေ့ကုန်လျက် နှစ်သက်ခြင်းရှိကုန်သည် ဖြစ်၍ ဝန်တိုခြင်း အညစ်အကြေးကို အမြစ်အရင်းနှင့် တကွ ပယ်ဖျောက်၍ လှည့်လည်ကုန်၏၊ ထိုသူတို့သည် မကဲ့ရဲ့ အပ်ကုန်မူ၍ မြတ်သော နတ်ပြည်ဌာနသို့ ကပ်ရောက်ရကုန်သတည်း။

သတ္တမသုတ်။

------

၈-သုဒတ္တသုတ်

၅၈။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-

ဒါယကာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည် အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- အသက်ကို ပေးလှူသည် မည်၏၊ အဆင်းကို ပေးလှူသည် မည်၏၊ ချမ်းသာကို ပေးလှူသည် မည်၏၊ ခွန်အားကို ပေးလှူသည် မည်၏။ အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်း ရှည်ရန် ဖြစ်၏၊ အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်။ ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်။ ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း ကြီးရန် ဖြစ်၏။ ဒါယကာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်သည် အလှူခံပုဂ္ဂိုလ်တို့အား ဤလေးမျိုးသောအရာတို့ကို ပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။

အကြင်သူသည် (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းတတ်ကုန်သော သူတစ်ပါးတို့ ပေးလှူသည်ကိုသာ စားရကုန်သော ပုဂ္ဂိုလ်တို့အား သင့်လျော်သော အခါကာလ၌ ရိုသေစွာ ဘောဇဉ်ကို ပေးလှူ၏၊ ထိုသူသည် အသက်ကိုလည်းကောင်း၊ အဆင်းကိုလည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။ အသက် အဆင်း ချမ်းသာ ခွန်အားကို ပေးလှူတတ်သူသည် အကြင် အကြင် ဘုံဌာန၌ ဖြစ်၏၊ ထို ထို ဖြစ်လေရာရာ ဘုံဌာန၌ အသက်ရှည်ခြင်းသည်လည်းကောင်း၊ အခြံအရံများခြင်းသည်လည်းကောင်း ဖြစ်ရလေသတည်း။

အဋ္ဌမသုတ်။

------

၉-ဘောဇနသုတ်

၅၉။ ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသောသူသည် အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာ တို့ကို ပေးလှူသည် မည်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ- အသက်ကို ပေးလှူသည် မည်၏၊ အဆင်းကို ပေးလှူသည် မည်၏၊ ချမ်းသာကို ပေးလှူသည် မည်၏၊ ခွန်အားကို ပေးလှူသည် မည်၏။ အသက်ကို ပေးလှူသည် မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း၊ လူသက်သော်လည်းကောင်း ရှည်ရန် ဖြစ်၏။ အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်။ ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်။ ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော်လည်းကောင်း ကြီးရန် ဖြစ်၏။ ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသောသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ဟု (မိန့်တော်မူ၏)။

အကြင်သူသည် (ကိုယ် နှုတ် နှလုံးကို) စောင့်စည်းတတ်ကုန်သော သူတစ်ပါးတို့ ပေးလှူသည်ကိုသာ စားရကုန်သော ပုဂ္ဂိုလ်တို့အား သင့်လျော်သော အခါကာလ၌ ရိုသေစွာ ဘောဇဉ်ကို ပေးလှူ၏၊ ထိုသူသည် အသက်ကိုလည်းကောင်း၊ အဆင်း ကိုလည်းကောင်း၊ ချမ်းသာကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ဤလေးမျိုးသောအရာတို့ကို ပေးလှူသည် မည်၏။

အသက် အဆင်း ချမ်းသာ ခွန်အားကို ပေးလှူတတ်သူသည် အကြင် အကြင် ဘုံဌာန၌ ဖြစ်၏၊ ထို ထို ဖြစ်လေရာရာ ဘုံဌာန၌ အသက်ရှည်ခြင်းသည်လည်းကောင်း၊ အခြံအရံများခြင်းသည်လည်းကောင်း ဖြစ်ရလေသတည်း။

နဝမသုတ်။

------

၁၀-ဂိဟိသာမီစိသုတ်

၆၀။ ထိုအခါ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေသော အနာထပိဏ်သူဌေးအား မြတ်စွာဘုရားသည်-

ဒါယကာတရားလေးမျိုးတို့နှင့် ပြည့်စုံသော အရိယာတပည့်သည် အခြံအရံ အကျော်အစောကို ရစေတတ်သော၊ နတ်ပြည်၌ ဖြစ်စေတတ်သော၊ လူတို့အား လျော်သော ကျင့