အဂုင်္တ္တရနိကာယ်

အဂုင်္တ္တိုရ်ပါဠိတော်

မြန်မာပြန်

ဆက္ကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၁-ပဌမပဏ္ဏာသက

၁-ပဌမ သုတ်ငါးဆယ်

၁-အာဟုနေယျဝဂ် ၁-ပဌမ အာဟုနေယျသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟုခေါ်တော်မူ၏၊ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန်ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သောအလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှု ပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်၍ ဝမ်းလည်းမသာဝမ်းလည်းမနည်း သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။

နားဖြင့် အသံကို ကြား၍။

နှာခေါင်းဖြင့် အနံ့ကိုနမ်း၍။

လျှာဖြင့် အရသာကို လျက်၍။

ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိ၍။

စိတ်ဖြင့် သဘောတရားကို သိ၍ ဝမ်းလည်းမသာ ဝမ်းလည်းမနည်း သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို အလွန်နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

ပဌမသုတ်။

------

၂-ဒုတိယ အာဟုနေယျသုတ်

၂။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော တန်ခိုးဖန်ဆင်းခြင်းကို ပြီးစေနိုင်၏၊ တစ်ယောက်တည်း ဖြစ်လျက်လည်း အများဖြစ်သွားနိုင်၏၊ အများဖြစ်လျက်လည်း တစ်ယောက်တည်းဖြစ်လာနိုင်၏၊ (ကိုယ်) ထင်ရှားဖြစ်စေနိုင်၏၊ (ကိုယ်) ကို ပျောက်ကွယ်စေနိုင်၏၊ နံရံတစ်ဖက် တံတိုင်းတစ်ဖက် တောင်တစ်ဖက်သို့ မထိမငြိဘဲ ကောင်းကင်၌ ကဲ့သို့ သွားလာနိုင်၏၊ မြေ၌လည်း ငုပ်ခြင်းပေါ်ခြင်းကို ရေ၌ ကဲ့သို့ ပြုနိုင်၏၊ ရေ၌လည်း မကွဲစေဘဲ မြေ၌ ကဲ့သို့ သွားလာနိုင်၏၊ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေလျက် အတောင်ရှိသော ငှက်ကဲ့သို့ သွားနိုင်၏၊ ဤသို့ တန်ခိုးကြီးကုန်သော ဤသို့အာနုဘော်ကြီးကုန်သော ဤလနေတို့ကိုလည်း လက်ဖြင့် သုံးသပ် ဆုပ်ကိုင်နိုင်၏၊ ဗြဟ္မာ့ပြည်တိုင်အောင်လည်း ကိုယ်ကို စိတ်အလိုအတိုင်း ဖြစ်စေနိုင်၏။ (၁)

အထူးသဖြင့် စင်ကြယ်သော လူတို့၏ နားထက် သာလွန်သော နတ်နားနှင့် တူသော နား'ဒိဗ္ဗသောတ' ဖြင့် နတ်၌လည်း ဖြစ်ကုန် လူ၌လည်း ဖြစ်ကုန်သော ဝေးသည်လည်း ဖြစ်ကုန် နီးသည်လည်း ဖြစ်ကုန်သော နှစ်မျိုးသော အသံတို့ကို ကြားနိုင်၏။ (၂)

တစ်ပါးသော သတ္တဝါ တစ်ပါးသော ပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြား၍ သိ၏၊ စွဲမက်ခြင်း'ရာဂ' နှင့်တကွဖြစ်သော စိတ်ကိုလည်း ''စွဲမက်ခြင်း 'ရာဂ'နှင့်တကွဖြစ်သော စိတ်''ဟု သိ၏၊ စွဲမက်ခြင်း 'ရာဂ'ကင်းသော စိတ်ကိုလည်း ''စွဲမက်ခြင်း 'ရာဂ' ကင်းသော စိတ်''ဟု သိ၏၊ အမျက် ထွက်ခြင်း 'ဒေါသ' နှင့်တကွ ဖြစ်သော စိတ်ကိုလည်း ''အမျက်ထွက်ခြင်း 'ဒေါသ' နှင့် တကွဖြစ်သော စိတ်''ဟုသိ၏၊ အမျက်ထွက်ခြင်း 'ဒေါသ' ကင်းသော စိတ်ကိုလည်း ''အမျက်ထွက်ခြင်း 'ဒေါသ' ကင်းသောစိတ်''ဟု သိ၏၊ တွေဝေခြင်း 'မောဟ'နှင့်တကွဖြစ်သော စိတ်ကိုလည်း ''တွေဝေခြင်း 'မောဟ'နှင့် တကွဖြစ်သော စိတ်''ဟု သိ၏၊ တွေဝေခြင်း 'မောဟ' ကင်းသော စိတ်ကိုလည်း ''တွေဝေခြင်း 'မောဟ' ကင်းသော စိတ်''ဟု သိ၏၊ ကျုံ့သောစိတ်ကိုလည်း ''ကျုံ့သော စိတ်''ဟု သိ၏၊ ပျံ့လွင့်သော စိတ်ကိုလည်း ''ပျံ့လွင့်သော စိတ်''ဟု သိ၏၊ မြတ်သည့် အဖြစ်သို့ ရောက်သော 'မဟဂ္ဂုတ်' စိတ်ကိုလည်း''မြတ်သည့်အဖြစ်သို့ ရောက်သော 'မဟဂ္ဂုတ်' စိတ်''ဟု သိ၏၊ မြတ်သည့် အဖြစ်သို့ မရောက်သောစိတ်ကိုလည်း ''မြတ်သည့် အဖြစ်သို့ မရောက်သော စိတ်''ဟု သိ၏၊ သာလွန်သော တရားရှိသော 'သဥတ္တရ' စိတ်ကိုလည်း ''သာလွန်သော တရားရှိသော 'သဥတ္တရ' စိတ်''ဟု သိ၏၊ သာလွန်သော တရားမရှိသော 'လောကုတ္တရာ' စိတ်ကိုလည်း ''သာလွန်သော တရားမရှိသော 'လောကုတ္တရာ' စိတ်''ဟု သိ၏၊ တည်ကြည်သော စိတ်ကိုလည်း ''တည်ကြည်သောစိတ်''ဟု သိ၏၊ မတည်ကြည်သော စိတ်ကိုလည်း''မတည်ကြည်သော စိတ်''ဟု သိ၏၊ (ကိလေသာမှ) လွတ်မြောက်သော စိတ်ကိုလည်း ''လွတ်မြောက်သော စိတ်''ဟု သိ၏၊ မလွတ်မြောက်သော စိတ်ကိုလည်း ''မလွတ်မြောက်သော စိတ်''ဟု သိ၏။ (၃)

များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ ဤသည်ကား အဘယ်နည်း -

တစ်ဘဝကိုလည်းကောင်း နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့် တကွညွှန်ပြဖွယ် (အမည်အနွယ်) နှင့် တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။ (၄)

အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ'ဒိဗ္ဗစက္ခု' ဖြင့် သေဆဲ သတ္တဝါ ဖြစ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။

''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' တို့နှင့် ပြည့်စုံကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ကို စွပ်စွဲတတ်ကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ကုန်၏။

အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' တို့နှင့် ပြည့်စုံကုန်၏၊ အရိယာပုဂ္ဂိုလ်တို့ကို မစွပ်စွဲတတ်ကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုအပ်သော ကံရှိကုန်၏၊ ထို (သတ္တဝါ) တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရကုန်၏''ဟု သိ၏၊ ဤသို့လျှင် အထူးသဖြင့်စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ 'ဒိဗ္ဗစက္ခု' ဖြင့်သေဆဲ သတ္တဝါ ဖြစ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါအဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသောသတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ကုန်သော သတ္တဝါတို့ကို သိ၏။ (၅)

အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ (၆)

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ဣန္ဒြိယသုတ်

၃။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

သဒ္ဓိန္ဒြေနှင့်၊ ဝီရိယိန္ဒြေနှင့်၊ သတိန္ဒြေနှင့်၊ သမာဓိန္ဒြေနှင့်၊ ပညိန္ဒြေနှင့် ပြည့်စုံ၏။

အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီခြင်းငှါထိုက်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဗလသုတ်

၄။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ့ဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

သဒ္ဓါဗိုလ်နှင့်၊ ဝီရိယဗိုလ်နှင့်၊ သတိဗိုလ်နှင့်၊ သမာဓိဗိုလ်နှင့်၊ ပညာဗိုလ်နှင့် ပြည့်စုံ၏။

အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ပဌမ အာဇာနီယသုတ်

၅။ ရဟန်းတို့ အင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် -

ရူပါရုံတို့ကို သည်းခံနိုင်၏။

သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။

ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။

ရသာရုံတို့ကို သည်းခံနိုင်၏။

ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။

အဆင်းနှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤအင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -

ရူပါရုံတို့ကို သည်းခံနိုင်၏။

သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။

ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။

ရသာရုံတို့ကို သည်းခံနိုင်၏။

ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။

ဓမ္မာရုံတို့ကို သည်းခံနိုင်၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်း့ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဒုတိယ အာဇာနီယသုတ်

၆။ ရဟန်းတို့ အင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် -

ရူပါရုံတို့ကို သည်းခံနိုင်၏။

သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။

ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။

ရသာရုံတို့ကို သည်းခံနိုင်၏။

ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။

ခွန်အား ဗလနှင့်လည်း ပြည့်စုံ၏။

ရဟန်းတို့ ဤအင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -

ရူပါရုံတို့ကို သည်းခံနိုင်၏။

သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။

ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။

ရသာရုံတို့ကို သည်းခံနိုင်၏။

ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။

ဓမ္မာရုံတို့ကို သည်းခံနိုင်၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-တတိယ အာဇာနီယသုတ်

၇။ ရဟန်းတို့ အင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် -

ရူပါရုံတို့ကို သည်းခံနိုင်၏။

သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။

ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။

ရသာရုံတို့ကို သည်းခံနိုင်၏။

ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။

လျင်မြန်သော အဟုန်နှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤအင်္ဂါခြောက်မျိုးတို့နှင့်ပြည့်စုံသော မင်း၏ အာဇာနည်မြင်းကောင်းသည် မင်းအားထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခေါ်ဝေါ်ခြင်းသို့ရောက်၏။

ရဟန်းတို့ ဤအတူသာလျှင် တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေ ဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -

ရူပါရုံတို့ကို သည်းခံနိုင်၏။

သဒ္ဒါရုံတို့ကို သည်းခံနိုင်၏။

ဂန္ဓာရုံတို့ကို သည်းခံနိုင်၏။

ရသာရုံတို့ကို သည်းခံနိုင်၏။

ဖောဋ္ဌဗ္ဗာရုံတို့ကို သည်းခံနိုင်၏။

ဓမ္မာရုံတို့ကို သည်းခံနိုင်၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍ သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-အနုတ္တရိယသုတ်

၈။ ရဟန်းတို့ အမြတ်ဆုံးတရားတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

အမြတ်ဆုံး အမြင်။

အမြတ်ဆုံး အကြား။

အမြတ်ဆုံး လာဘ်။

အမြတ်ဆုံး သိက္ခာ။

အမြတ်ဆုံး လုပ်ကျွေးမှု။

အမြတ်ဆုံး အောက်မေ့မှု တို့တည်း။

ရဟန်းတို့ အမြတ်ဆုံးတရားတို့သည် ဤခြောက်မျိုးတို့တည်း။

အဋ္ဌမသုတ်။

------

၉-အနုဿတိဋ္ဌာနသုတ်

၉။ ရဟန်းတို့ (စီးပွါးချမ်းသာ၏) အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်း 'အနုဿတိ' တို့သည်ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ဘုရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။

တရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။

သံဃာဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း။

သီလဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။

စွန့်ကြဲ ပေးကမ်းခြင်း ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း။

နတ်တို့၏ သဒ္ဓါစသော ဂုဏ်နှင့် တူမျှသော မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းတို့တည်း။

ရဟန်းတို့ (စီးပွါးချမ်းသာ၏) အကြောင်းဖြစ်သော အဖန်ဖန် အောက်မေ့ခြင်း တို့သည် ဤခြောက်မျိုးတို့ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀ ။ မဟာနာမသုတ်

၁၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြေ ာဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ သာကီဝင်မင်း မဟာနာမ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား -

''အသျှင်ဘုရား (အရိယာ) ဖိုလ်ကို ရပြီး၍ သာသနာ 'သိက္ခာသုံးပါး' ကို သိပြီးသော အရိယာတပည့်သည် မည်သည့် နေခြင်းဖြင့် များစွာ နေပါသနည်း''ဟု လျှောက်၏။

မဟာနာမ် (အရိယာ) ဖိုလ်ကို ရပြီး၍ သာသနာ 'သိက္ခာသုံးပါး' ကို သိပြီးသော အရိယာတပည့် သည်ဤ (ဆိုလတ္တံ့သော) နေခြင်းဖြင့် များစွာ နေ၏။

မဟာနာမ် ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့၏ -

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောအကြောင်းကြောင့်လည်း သုဂတ မည်တော်မူ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်းလောကဝိဒူ မည် တော်မူ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသောအကြောင်းကြောင့်လည်း အနုတ္တရောပုရိသဒမ္မသာရထိ မည်တော်မူ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသောအကြောင်းကြောင့်လည်း သတ္ထာဒေဝမနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးတရားကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသောအကြောင်းကြောင့်လည်း ဘဂဝါ မည် တော်မူ၏''ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟ့ထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်အား မြတ်စွာဘုရား၏ ဂုဏ်တော်တို့ကိုအာရုံပြု၍ ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက် နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း 'ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း'ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၁)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏ -

''မြတ်စွာဘုရား ဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေ တည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ဖိတ်ခေါ်ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲစိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း၊ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်ငသိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း''ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့် အားရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား တရားတော်၏ ဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက်နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် တရားတော်၏ ဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း 'ဓမ္မာနုဿတိကမ္မဋ္ဌာန်း'ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၂)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏ -

''မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏တပည့်သား သံဃာတော်သည် မှန်သော အကျင့် ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် လျော်ကန်သော အကျင့် ရှိတော်မူပါပေ၏၊ အစုံအားဖြင့် လေးစုံ, ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန် တော်မူပါပေ၏၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူ ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံတော်မူထိုက်ပါ ပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်တော်မူ ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန်အမြတ်ဆုံး လယ်မြေ ဖြစ်တော်မူပါပေ၏''ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့် အားရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား သံဃာတော်၏ ဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်း ကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသောကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက်နေသူ၊ (ဝိပဿနာ ဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် သံဃာတော်၏ ဂုဏ်ကိုအဖန်ဖန် အောက်မေ့ခြင်း 'သံဃာ နုဿတိကမ္မဋ္ဌာန်း' ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၃)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ (တဏှာ) ကျွန်အဖြစ်မှ လွတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ သမာဓိကို ဖြစ်စေတတ်ကုန်သော မိမိ၏ သီလဂုဏ်တို့ကို အဖန်ဖန် အောက်မေ့၏။

မဟာနာမ် အရိယာတပည့်သည် သီလဂုဏ်ကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား သီလဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည် ဖြစ်လျက်နေ သူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် သီလဂုဏ်ကို အဖန်ဖန်အောက် မေ့ခြင်း 'သီလာနုဿတိကမ္မဋ္ဌာန်း' ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၄)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် မိမိ၏ စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန် အောက် မေ့၏။

''ငါ့အား အရတော်လေစွတကား၊ ငါသည် (လူအဖြစ်ကို) ကောင်းစွာ ရအပ်ပေသည်တကား၊ အကြင်ငါသည် ဝန်တိုမှု အညစ်အကြေးတို့ ထကြွသောင်းကျန်းနေသော သတ္တဝါအပေါင်းတွင် ဝန်တိုမှုအညစ်အကြေး ကင်းသော စိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ်စွန့်ကြဲ၏၊ ဆေးကြောပြီးသော လက်ရှိ၍စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏''ဟု (အောက်မေ့၏)။

မဟာနာမ် အရိယာတပည့်သည် စွန့်ကြဲခြင်းဂုဏ်ကို အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အားရာဂထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုသူအား စွန့်ကြဲခြင်းဂုဏ်ကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို့ရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက် နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည်ဖြစ်လျက်နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် စွန့်ကြဲခြင်းဂုဏ်ကို အဖန်ဖန်အောက်မေ့ခြင်း 'စာဂါနုဿတိ ကမ္မဋ္ဌာန်း'ကို ပွါးများသူဟူ၍ ဆိုအပ်၏။ (၅)

မဟာနာမ် နောက်တစ်မျိုးကား အရိယာတပည့်သည် နတ်တို့ကို (သက်သေထား၍ မိမိ၏သဒ္ဓါ စသောဂုဏ်ကို) အဖန်ဖန် အောက်မေ့၏၊ ''စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ်တုသိတာနတ် နိမ္မာနရတိနတ် ပရိနိမ္မိတဝသဝတ္တိနတ် ဗြဟ္မာ အထက်အထက်ဗြဟ္မာတို့ ရှိကုန်၏၊ သဒ္ဓါတရားနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ နတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်းထိုသဒ္ဓါတရားမျိုးသည် ရှိ၏၊ သီလနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုသီလမျိုးသည် ရှိ၏၊ အကြားအမြင်နှင့် ပြည့်စုံသော ထိုနတ်တို့သည်ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုအကြားအမြင်မျိုးသည် ရှိ၏၊ စွန့်ကြဲခြင်းနှင့်ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်းထိုစွန့်ကြဲခြင်းမျိုးသည် ရှိ၏၊ ပညာနှင့် ပြည့်စုံသော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ရှိ၏''ဟု အောက်မေ့၏။

မဟာနာမ် အရိယာတပည့်သည် မိမိ၏လည်းကောင်း၊ ထိုနတ်တို့၏လည်းကောင်း သဒ္ဓါတရား၊ အကျင့်သီလ၊ အကြားအမြင်၊ စွန့်ကြဲပေးကမ်းခြင်း၊ ပညာကို အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွ သောင်းကျန်းသော စိတ်မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုသူအား ထိုနတ်တို့၏ သဒ္ဓါစသော ဂုဏ်ကို အာရုံပြု၍ဖြောင့်မတ်သော စိတ်သာလျှင် ဖြစ်၏။

မဟာနာမ် ဖြောင့်မတ်သော စိတ်ရှိသော အရိယာတပည့်သည် အနက်ကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကိုရ၏၊ ပါဠိကို မှီ၍ ဖြစ်သော ဝမ်းမြောက်မှုကို ရ၏၊ တရားနှင့်စပ်သော ဝမ်းမြောက်မှုကို ရ၏၊ ဝမ်းမြောက်သူအား နှစ်သက်မှုဖြစ်၏၊ နှစ်သက်သော စိတ်ရှိသူ၏ ကိုယ်သည် ငြိမ်းချမ်း၏၊ ငြိမ်းချမ်းသော ကိုယ်ရှိသူသည် ချမ်းသာကို ခံစားရ၏၊ ချမ်းသာသူ၏ စိတ်သည် တည်ကြည်၏။

မဟာနာမ် ဤအရိယာတပည့်ကို မငြိမ်သက်ခြင်းသို့ ရောက်သော သတ္တဝါအပေါင်းတွင် ငြိမ်သက်ခြင်းသို့ ရောက်လျက်နေသူ၊ ဆင်းရဲခြင်းရှိသော သတ္တဝါအပေါင်းတွင် ဆင်းရဲခြင်းမရှိသည်ဖြစ်လျက်နေသူ၊ (ဝိပဿနာဉာဏ်ဟုဆိုအပ်သော) တရားအယဉ်သို့ ရောက်လျက် နတ်တို့ကို (သက်သေထား၍မိမိ၏ သဒ္ဓါစသော ဂုဏ်ကို) အဖန်ဖန် အောက်မေ့ခြင်း'ဒေဝတာနုဿတိကမ္မဋ္ဌာန်း' ကို ပွါးများသူဟူ၍ဆိုအပ်၏။ (၆)

မဟာနာမ် အရိယာဖိုလ်ကို ရပြီး၍ သာသနာ 'သိက္ခာသုံးပါး'ကို သိပြီးသော အရိယာတပည့်သည်ဤသို့သော နေခြင်းဖြင့် များစွာ နေ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော အာဟုနေယျဝဂ် ပြီး၏။

------

၂-သာရဏီယဝဂ် ၁-ပဌမ သာရဏီယသုတ်

၁၁။ ရဟန်းတို့ မပြတ်အောက်မေ့ထိုက်သော 'သာရဏီယ' တရားတို့သည် ဤခြောက်မျိုးတို့တည်း၊

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း၏ ကာယကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။

ရဟန်းတို့ နောက်တစ်မျိုးကာား ရဟန်း၏ ဝစီကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်း၏ မနောကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားနှင့် အညီဖြစ်ကုန် တရားသဖြင့် ရအပ်သောသဘောရှိကုန်သော လာဘ်တို့ဖြင့် ယုတ်စွအဆုံး သပိတ်၌ အကျုံးဝင်သော ဆွမ်းမျှဖြင့်လည်း (ဝတ္ထု ပုဂ္ဂိုလ်ကို) ခွဲခြားမှုမပြုဘဲ သုံးဆောင်လေ့ရှိ၏၊ သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံလျက်သုံးဆောင်လေ့ရှိ၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။

နောက်တစ်မျိုးကား ရဟန်းသည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ (တဏှာ) ကျွန် အဖြစ်မှလွတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ သမာဓိကိုဖြစ်စေတတ်ကုန်သော သီလတို့ဖြင့် သီတင်းသုံးဖော်တို့နှင့် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း သီလတူမျှခြင်းသို့ ရောက်သည်ဖြစ်၍ နေ၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ထိုအတိုင်းကျင့်သူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ထုတ်ဆောင်တတ်သော နိယျာနိက အရိယ သမ္မာဒိဋ္ဌိဖြင့် သီတင်းသုံးဖော်တို့နှင့် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း အယူတူမျှ ခြင်းသို့ ရောက်သည်ဖြစ်၍ နေ၏၊ ဤတရားကိုလည်း မပြတ်အောက်မေ့ထိုက်၏။

ရဟန်းတို့ မပြတ် အောက်မေ့ထိုက်သော 'သာရဏီယ' တရားတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ သာရဏီယသုတ်

၁၂။ ရဟန်းတို့ (သီတင်းသုံးဖော်တို့၏) ချစ်ခြင်းကို ပြုတတ် လေးစားခြင်းကို ပြုတတ်ကုန်သောဤသာရဏီယတရား ခြောက်မျိုးတို့သည် သင်္ဂြိုဟ်ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန်တစ်ပေါင်းတည်း ဖြစ်ရန် ဖြစ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်း၏ ကာယကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ (သီတင်းသုံးဖော်တို့၏) ချစ်ခြင်းကိုပြုတတ် လေးစားခြင်းကို ပြုတတ်သော ဤသာရဏီယတရားသည်လည်း သင်္ဂြိုဟ်ထောက်ပံ့ရန်မငြင်းခုံ ရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်း၏ ဝစီကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ (သီတင်းသုံးဖော်တို့၏) ချစ်ခြင်း့ကိုပြုတတ် လေးစားခြင်းကို ပြုတတ်သော ဤသာရဏီယတရားသည်လည်း သင်္ဂြိုဟ်ထောက်ပံ့ရန်မငြင်းခုံ ရန် ညီညွတ်ရန် တပေါင်းတည်းဖြစ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်း၏ မနောကံမေတ္တာသည် သီတင်းသုံးဖော်တို့အပေါ်ဝယ်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း ရှေးရှုတည်၏၊ (သီတင်းသုံးဖော်တို့၏) ချစ်ခြင်းကိုပြုတတ် လေးစားခြင်းကို ပြုတတ်သော ဤသာရဏီယတရားသည်လည်း သင်္ဂြိုဟ်ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားနှင့် အညီဖြစ်ကုန် တရားသဖြင့် ရအပ်သောသဘောရှိကုန်သော လာဘ်တို့ဖြင့် ယုတ်စွအဆုံး သပိတ်၌ အကျုံးဝင်သော ဆွမ်းမျှဖြင့်လည်း (ဝတ္ထု ပုဂ္ဂိုလ်ကို) ခွဲခြားမှု မပြုဘဲ သုံးဆောင်လေ့ရှိ၏၊ သီလရှိကုန်သော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံလျက်သုံးဆောင်လေ့ရှိ၏၊ (သီတင်းသုံးဖော်တို့၏) ချစ်ခြင်းကို ပြုတတ် လေးစားခြင်းကို ပြုတတ်သော ဤသာရဏီယတရားသည်လည်း သင်္ဂြိုဟ်ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် မကျိုး မပေါက် မပြောက် မကျားကုန်သော၊ (တဏှာ) ကျွန် အဖြစ်မှ လွတ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်ကုန်သော၊ မှားသောအားဖြင့် မသုံးသပ်အပ်ကုန်သော၊ သမာဓိကို ဖြစ်တတ်ကုန်သော သီလတို့ဖြင့် သီတင်းသုံးဖော်တို့နှင့် မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း သီလတူမျှခြင်းသို့ ရောက်သည်ဖြစ်၍ နေ၏၊ (သီတင်းသုံးဖော်တို့၏) ချစ်ခြင်းကို ပြုတတ် လေးစားခြင်းကို ပြုတတ်သော ဤသာရဏီယတရားသည်လည်း သင်္ဂြိုဟ် ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ထိုအတိုင်း ကျင့်သူအား ကောင်းစွာ ဝဋ်ဆင်းရဲကုန်ရန်ထုတ်ဆောင်တတ်သော နိယျာနိက အရိယ သမ္မာဒိဋ္ဌိဖြင့် သီတင်းသုံးဖော်တို့နှင့်မျက်မှောက်၌လည်းကောင်း၊ မျက်ကွယ်၌လည်းကောင်း အယူတူမျှခြင်းသို့ ရောက်သည်ဖြစ်၍နေ၏၊ (သီတင်းသုံးဖော် တို့၏) ချစ်ခြင်းကို ပြုတတ် လေးစားခြင်းကို ပြုတတ်သောဤသာရဏီယတရားသည်လည်း သင်္ဂြိုဟ် ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန်ဖြစ်၏။

ရဟန်းတို့ (သီတင်းသုံးဖော်တို့၏) ချစ်ခြင်းကို ပြုတတ် လေးစားခြင်းကို ပြုတတ်သော ဤသာရဏီယတရားသည်လည်း သင်္ဂြိုဟ်ထောက်ပံ့ရန် မငြင်းခုံရန် ညီညွတ်ရန် တစ်ပေါင်းတည်းဖြစ်ရန်ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-နိဿာရဏီယသုတ်

၁၃။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) ထွက်မြောက်တတ်ကုန်သော ဓာတ်တို့သည် ဤခြောက်ပါး တို့တည်း။

အဘယ်ခြောက်ပါးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ -

''ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော မေတ္တာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို ပျက်စီးစေလိုမှု 'ဗျာပါဒ' သည် သိမ်းကျုံးယူ၍ တည်၏''ဟု (ဆိုရာ၏)။

ထိုရဟန်းကို ''ဤသို့ မဆိုလင့်''ဟု ပြောဆိုရာ၏၊ ''အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော မေတ္တာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာအားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို ဗျာပါဒသည် သိမ်းကျုံးယူ၍ တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော မေတ္တာစိတ်သည် ဗျာပါဒ၏ ထွက်မြောက်ရာပင်တည်း''ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ -

''ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော ကရုဏာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို ညှဉ်းဆဲလိုမှု'ဝိဟိံသ'သည်သိမ်းကျုံးယူ၍ တည်၏''ဟု (ဆိုရာ၏)။

ထိုရဟန်းကို ''ဤသို့ မဆိုလင့်''ဟု ပြောဆိုရာ၏၊ ''အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော ကရုဏာစိတ်ကို ပွါးများအပ်, ကြိမ်ဖန်များစွာ ပြုအပ်,ယာဉ်ကဲ့သို့ ပြုအပ်, တည်ရာ ပြုအပ်, ဆောက်တည်၍ ထားအပ်, ဆည်းပူးအပ် ကောင်းစွာ လေ့လာအားထုတ်အပ်သည် ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို ညှဉ်းဆဲလိုမှု 'ဝိဟိံသ'သည် သိမ်းကျုံးယူ၍တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော ကရုဏာစိတ်သည် ညှဉ်းဆဲလိုမှု 'ဝိဟိံသ'၏ ထွက်မြောက်ရာပင်တည်း''ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏။

''ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော မုဒိတာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာလေ့လာ အားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို မမွေ့လျော်မှု 'အရတိ' သည် သိမ်းကျုံးယူ၍ တည်၏''ဟု (ဆိုရာ၏)။

ထိုရဟန်းကို ''ဤသို့ မဆိုလင့်''ဟု ပြောဆိုရာ၏၊ ''အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော မုဒိတာစိတ်ကို ပွါးများအပ်, ကြိမ်ဖန်များစွာ ပြုအပ်,ယာဉ်ကဲ့သို့ ပြုအပ်, တည်ရာ ပြုအပ်, ဆောက်တည်၍ ထားအပ်, ဆည်းပူးအပ်, ကောင်းစွာ လေ့လာအားထုတ်အပ်သည် ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို မမွေ့လျော်မှု 'အရတိ'သည် သိမ်းကျုံးယူ၍တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော မုဒိတာစိတ်သည် မမွေ့လျော်မှု 'အရတိ'၏ ထွက်မြောက်ရာပင်တည်း''ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ -

''ငါသည် (ဆန့်ကျင်ဘက်မှ) လွတ်သော ဥပေက္ခာစိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာ့လေ့လာအားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ စိတ်ကို စွဲမက်မှု 'ရာဂ'သည် သိမ်းကျုံး ယူ၍ တည်၏''ဟု (ဆိုရာ၏)။

ထိုရဟန်းကို ''ဤသို့ မဆိုလင့်''ဟု ပြောဆိုရာ၏၊ ''အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် (ဆန့်ကျင်ဘက်မှ) လွတ်သော ဥပေက္ခာစိတ်ကို ပွါးများအပ်, ကြိမ်ဖန်များစွာ ပြုအပ်,ယာဉ်ကဲ့သို့ ပြုအပ်, တည်ရာ ပြုအပ်, ဆောက်တည်၍ ထားအပ်, ဆည်းပူးအပ်, ကောင်းစွာ လေ့လာအားထုတ်အပ်သည် ဖြစ်ပါလျက်ပင် ထိုရဟန်း၏ စိတ်ကို စွဲမက်မှု 'ရာဂ'သည် သိမ်းကျုံးယူ၍ တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် ဤ (ဆန့်ကျင်ဘက်မှ) လွတ်သော ဥပေက္ခာစိတ်ကို စွဲမက်မှု 'ရာဂ' ၏ ထွက်မြောက်ရာပင်တည်း''ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ -

''ငါသည် (ရာဂစသော) နိမိတ်မရှိသည့် (ဆန့်ကျင်ဘက်မှ) လွတ်သော စိတ်ကို ပွါးများအပ်၏၊ ကြိမ်ဖန်များစွာ ပြုအပ်၏၊ ယာဉ်ကဲ့သို့ ပြုအပ်၏၊ တည်ရာ ပြုအပ်၏၊ ဆောက်တည်၍ ထားအပ်၏၊ ဆည်းပူးအပ်၏၊ ကောင်းစွာ လေ့လာအားထုတ်အပ်၏၊ ထိုသို့ ဖြစ်ပါလျက်ပင် ငါ၏ ဝိညာဉ်သည် (ရာဂစသော) နိမိတ်သို့ အစဉ်လိုက်၏''ဟု (ဆိုရာ၏)။

ထိုရဟန်းကို ''ဤသို့ မဆိုလင့်''ဟု ပြောဆိုရာ၏၊ ''အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော် မမူရာပါ။

ငါ့သျှင် (ရာဂစသော) နိမိတ်မရှိသည့် (ဆန့်ကျင်ဘက်မှ) လွတ်သော စိတ်ကို ပွါးများအပ်,ကြိမ်ဖန်များစွာ ပြုအပ်, ယာဉ်ကဲ့သို့ပြုအပ်, တည်ရာပြုအပ်, ဆောက်တည်၍ထားအပ်, ဆည်းပူးအပ်,ကောင်းစွာ လေ့လာအားထုတ်အပ်သည်ဖြစ်ပါလျက်ပင် ထိုရဟန်း၏ ဝိညာဉ်သည် (ရာဂစသော) နိမိတ်သို့အစဉ်လိုက်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ။

ငါ့သျှင် (ရာဂစသော) နိမိတ်မရှိသည့် (ဆန့်ကျင်ဖက်မှ) လွတ်သော စိတ်သည် နိမိတ်အလုံးစုံတို့၏ထွက်မြောက်ရာပင်တည်း''ဟု (ဆိုရာ၏)။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ဆိုရာ၏ -

''ငါ့အား ငါတကားဟု ထောင်လွှားမှု ကင်းရှင်းပြီးလျှင် 'ဤခန္ဓာကိုယ်သည် ငါဖြစ်၏'ဟူ၍လည်း မရှု၊သို့ပင်ဖြစ်သော်လည်း ငါ၏ စိတ်ကို မဝေခွဲနိုင်မှုသို့လောသို့လော တွေးတောမှုဟူသော ငြောင့်သည်သိမ်းကျုံးယူ၍ တည်၏''ဟု (ဆိုရာ၏)။

ထိုရဟန်းကို ''ဤသို့ မဆိုလင့်''ဟု ပြောဆိုရာ၏၊ ''အသျှင်သည် ဤသို့ မဆိုပါလင့်၊ မြတ်စွာဘုရားကို မစွပ်စွဲပါလင့်၊ မြတ်စွာဘုရားအား စွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် ဤသို့ဟောကြားတော်မမူရာပါ။

ငါ့သျှင် ငါတကားဟု ထောင်လွှားမှု ကင်းရှင်းပြီးလျှင် 'ဤခန္ဓာကိုယ်သည် ငါဖြစ်၏'ဟူ၍လည်းမရှုပါဘဲလျက်ပင် မဝေခွဲနိုင်မှုသို့လောသို့လော တွေးတောမှုဟူသော ငြောင့်သည် စိတ်ကို သိမ်းကျုံးယူ၍ တည်လိမ့်မည်ဟူသော အကြောင်းအခွင့်သည် မရှိနိုင်ချေ၏။

ငါ့သျှင် 'ငါတကား'ဟု ထောင်လွှားမှုကို နုတ်ပယ်ခြင်းသည် မဝေခွဲနိုင်မှုသို့လောသို့လောတွေးတောမှု ငြောင့်၏ ထွက်မြောက်ရာပင်တည်း''ဟု (ဆိုရာ၏)။

ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) ထွက်မြောက်တတ်ကုန်သော ဓာတ်တို့သည် ဤခြောက်မျိုးတို့ တည်းဟု့ (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဘဒ္ဒကသုတ်

၁၄။ ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့''ဟု ခေါ်တော်မူ၏၊ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် အသျှင်သာရိပုတြာအား ပြန်ကြား လျှောက်ထားကုန်၏၊ အသျှင်သာရိပုတြာသည် ဤစကားကို မိန့်ဆို၏ -

ငါ့သျှင်တို့ အကြင်အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား ကောင်းသောသေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် မဖြစ်နိုင်၊ ထိုထိုသော အခြင်းအရာအားဖြင့် ရဟန်းသည်နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းမဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှု၌ မွေ့လျော်၏၊ အမှု၌ ပျော်ပိုက်၏၊ အမှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏။ စကားပြောဟောခြင်း၌ မွေ့လျော်၏၊ စကားပြောဟောခြင်း၌ ပျော်ပိုက်၏၊ စကားပြောဟောခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။ အိပ်ခြင်း၌ မွေ့လျော်၏၊ အိပ်ခြင်း၌ ပျော်ပိုက်၏၊ အိပ်ခြင်း၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန်အားထုတ်၏။ အပေါင်းအဖော်၌ မွေ့လျော်၏၊ အပေါင်းအဖော်၌ ပျော်ပိုက်၏၊ အပေါင်းအဖော်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။ နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော်၏၊ နှီးနှောမှု၌ ပျော်ပိုက်၏၊ နှီးနှောမှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏၊ ချဲ့ထွင်မှု 'ပပဥ ္စတရား'၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားထုတ်၏။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း မဖြစ်နိုင်သော အခြင်းအရာဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး 'သက္ကာယ'၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကိုပြုသော ရဟန်းအား ကောင်းသောသေခြင်း, ကောင်းသော ကွယ်လွန်ခြင်းသည် ဖြစ်နိုင်၏၊ ထိုထိုအခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်းဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မမွေ့လျော်၊ အမှုသစ်၌ မပျော်ပိုက်၊ အမှုသစ်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားမထုတ်။ စကားပြောခြင်း၌ မမွေ့လျော်၊ စကား ပြောခြင်း၌ မပျော်ပိုက်၊ စကားပြောခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။ အိပ်ခြင်း၌ မမွေ့လျော်၊ အိပ်ခြင်း၌ မပျော်ပိုက်၊ အိပ်ခြင်း၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။ အပေါင်းအဖော်၌ မမွေ့လျော်၊ အပေါင်းအဖော်၌ မပျော်ပိုက်၊ အပေါင်းအဖော်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန်အားမထုတ်။ နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်၊ နှီးနှောမှု၌ မပျော်ပိုက်၊ နှီးနှောမှု၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားမထုတ်။ ချဲ့ထွင်မှု 'ပပဉ္စတရား'၌ မမွေ့လျော်၊ ချဲ့ထွင်မှု၌ မပျော်ပိုက်၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန်အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သေခြင်း, ကောင်းသော ကွယ်လွန်ခြင်း ဖြစ်နိုင်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန်သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု 'ပပဉ္စတရား'၌ အဖန်ဖန်အား ထုတ်သည်ဖြစ်၍ ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂလေးပါးကုန်ရာ အတုမရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။ ချဲ့ထွင်မှု 'ပပဉ္စတရား' ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂလေးပါးကုန်ရာအတုမရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏။

စတုတ္ထသုတ်။

------

၅-အနုတပ္ပိယသုတ်

၁၅။ ထိုအခါ၌ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို မိန့်ဆို၏-

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား သေသည်ရှိသော်နောင်တ ပူပန်ရတတ်၏၊ ထိုထို အခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တ ပူပန်ရတတ်သော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မွေ့လျော်၏၊ အမှုသစ်၌ ပျော်ပိုက်၏၊ အမှုသစ်၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။ စကားပြောခြင်း၌ မွေ့လျော်၏။ အိပ်ခြင်း၌ မွေ့လျော်၏။ အပေါင်းအဖော်၌ မွေ့လျော်၏။ နှီးနှောမှု (ငါးမျိုး)၌ မွေ့လျော်၏။ ချဲ့ထွင်မှု 'ပပဉ္စတရား'၌ မွေ့လျော်၏၊ ချဲ့ထွင်မှု၌ ပျော်ပိုက်၏၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားထုတ်၏။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တ ပူပန်ရတတ်သော အခြင်းအရာ အားဖြင့်နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို ထင်ရှားရှိသော ခန္ဓာငါးပါး (သက္ကာယ)၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန် သက္ကာယကို မစွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏။

ငါ့သျှင်တို့ အကြင် အကြင် အခြင်းအရာအားဖြင့် နေခြင်းကို ပြုသော ရဟန်းအား သေသည်ရှိသော်နောင်တပူပန်ခြင်း မရှိ၊ ထိုထိုအခြင်းအရာအားဖြင့် ရဟန်းသည် နေခြင်းကို ပြု၏။

ငါ့သျှင်တို့ အဘယ်သို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တပူပန်ရခြင်းမရှိသော အခြင်းအရာအားဖြင့် နေခြင်းကို ပြုသနည်း။

ငါ့သျှင်တို့ ဤသာသနာတော်၌ ရဟန်းသည် အမှုသစ်၌ မမွေ့လျော်၊ အမှုသစ်၌ မပျော်ပိုက်၊ အမှုသစ်၌ မွေ့လျော်သည့်အဖြစ်ကို အဖန်ဖန် အားမထုတ်။ စကားပြောခြင်း၌ မမွေ့လျော်။ အိပ်ခြင်း၌ မမွေ့လျော်။ အပေါင်းအဖော်၌ မမွေ့လျော်။ နှီးနှောမှု (ငါးမျိုး)၌ မမွေ့လျော်။ ချဲ့ထွင်မှု 'ပပဉ္စတရား'၌ မမွေ့လျော်။ ချဲ့ထွင်မှု၌ မပျော်ပိုက်၊ ချဲ့ထွင်မှု၌ မွေ့လျော်သည့် အဖြစ်ကို အဖန်ဖန် အားမထုတ်။

ငါ့သျှင်တို့ ဤသို့လျှင် ရဟန်းသည် သေသည်ရှိသော် နောင်တပူပန်ခြင်းမရှိသော အခြင်းအရာ အားဖြင့်နေခြင်းကို ပြု၏။

ငါ့သျှင်တို့ ဤရဟန်းကို နိဗ္ဗာန်၌ မွေ့လျော်သော ရဟန်း၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ကောင်းစွာ ပြုရန်သက္ကာယကို စွန့်ပယ်နိုင်သော ရဟန်းဟူ၍ ဆိုအပ်၏ဟု (မိန့်ဆို၏)။

ငါ့သျှင်တို့ သားသမင်နှင့် တူသူသည် ချဲ့ထွင်မှု 'ပပဉ္စတရား'၌ အဖန်ဖန်အားထုတ် သည်ဖြစ်၍ချဲ့ထွင်မှု၌ မွေ့လျော်ရကား ယောဂလေးပါးတို့ကုန်ရာ အတုမရှိသော နိဗ္ဗာန်ကို လွဲချော်စေ၏။ ချဲ့ထွင်မှု'ပပဉ္စတရား'ကို စွန့်၍ ချဲ့ထွင်မှု မရှိရာ နိဗ္ဗာန်၌ မွေ့လျော်သူသည် ယောဂလေးပါးကုန်ရာ့အတုမရှိသော နိဗ္ဗာန်ကို ပြည့်စုံစေ၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။

------

၆-နကုလပိတုသုတ်

၁၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ ပေးရာဘေသကဠမည်သော တော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ၌ နကုလပိတာသူကြွယ်သည်အနာရောဂါ ရှိ၏၊ ဆင်းရဲ၏၊ ပြင်းထန်စွာ မကျန်းမမာဖြစ်၏၊ ထိုအခါ နကုလမာတာသူကြွယ်မသည်နကုလပိတာသူကြွယ်အား-

သူကြွယ် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းသည်ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။

သူကြွယ် သင့်အား ''နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ သားငယ် သမီးငယ်တို့ကိုမွေးမြူရန် မစွမ်းနိုင်ရာ၊ အိမ်ထောင်မှုကို ကောင်းစွာ ထိန်းသိမ်းရန် မစွမ်းနိုင်ရာ''ဟု အကြံဖြစ်တန်ရာပါ၏။

သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ၊ သူကြွယ် အကျွန်ုပ်သည် ဗိုင်းငင်ရန် (သိုးမွေးတို့ကို) ဖြေရှင်း သုတ်သင် အခင်းပြုရန် တတ်ကျွမ်းလိမ္မာပါ၏။

သူကြွယ် အကျွန်ုပ်သည် သင်ကွယ်လွန်သောအခါ သားငယ် သမီးငယ်တို့ကို မွေးမြူရန် အိမ်ထောင်မှုကို ကောင်းစွာ ထိန်းသိမ်းရန် စွမ်းနိုင်ပါ၏။

သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၁)

သူကြွယ် သင့်အား ''နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ အိမ်ထောင်တစ်ဆက်ပြုလိမ့်မည်''ဟု အကြံဖြစ်တန်ရာပါ၏။

သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။

သူကြွယ် တစ်ဆယ့်ခြောက်နှစ်တို့ပတ်လုံး လူ၌ တည်သော မြတ်သောအကျင့် 'ဂဟဋ္ဌက ဗြဟ္မစရိယသီလ' ကို ကောင်းစွာ ကျင့်သုံးပြီးပါပြီ၊ ထိုအရာကို အသင်လည်း သိပါ၏၊ အကျွန်ုပ်လည်း သိပါ၏၊ သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်း သည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၂)

သူကြွယ် သင့်အား ''နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ မြတ်စွာဘုရားအားဖူးမြော်လိုသူဖြစ်လိမ့်မည် မဟုတ်၊ ရဟန်းသံဃာအား ဖူးမြော်လိုသူ ဖြစ်လိမ့်မည်မဟုတ်''ဟု အကြံဖြစ်တန်ရာပါ၏။

သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ၊ သူကြွယ် အကျွန်ုပ်သည် သင်ကွယ်လွန်သောအခါမြတ်စွာဘုရားအား သာ၍ ဖူးမြော်လိုသူ ဖြစ်ပါမည်၊ ရဟန်းသံဃာအား သာ၍ ဖူးမြော်လိုသူ ဖြစ်ပါမည်။

သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၃)

သူကြွယ် သင့်အား ''နကုလမာတာသူကြွယ်မသည် ငါကွယ်လွန်သောအခါ သီလတို့၌ ဖြည့်ကျင့်ဆည်းပူးမှုပြုလိမ့်မည် မဟုတ်''ဟု အကြံဖြစ်တန်ရာပါ၏။

သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။

သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော သီလတို့၌ ဖြည့်ကျင့်ဆည်းပူးကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦးအပါအဝင်ဖြစ်ပါ၏၊ (ဤအရာ၌ ) ယုံမှားမှုတွေးတောမှုရှိသူ ဖြစ်ခဲ့လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။

သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၄)

သူကြွယ် သင့်အား ''နကုလမာတာသူကြွယ်မသည် အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးမှု (သမာဓိကမ္မဋ္ဌာန်း) ကို ရရှိသူ မဟုတ်''ဟု အကြံဖြစ်တန်ရာပါ၏။

သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။

သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးမှု (သမာဓိကမ္မဋ္ဌာန်း) ကို ရရှိကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦးအပါအဝင်ဖြစ်ပါ၏။ (ဤအရာ၌ ) ယုံမှားမှု တွေးတောမှု ရှိသူဖြစ်ခဲ့လျှင် ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည်ဘဂ္ဂတိုင်း သုသုမာရ ဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေး ရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။

သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရား ကဲ့ရဲ့တော်မူပါ၏။ (၅)

သူကြွယ် သင့်အား ''နကုလမာတာသူကြွယ်မသည် ဤဓမ္မဝိနယ 'သာသနာ'၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာကိုရသည် ဝိစိကိစ္ဆာကို လွန်မြောက်သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည် ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှတစ်ပါး အားထားရာမရှိသည်ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ နေသူမဟုတ်''ဟူ၍ အကြံဖြစ်တန်ရာပါ၏။

သူကြွယ် ထိုအရာကို ဤသို့ မမှတ်သင့်ပါ။

သူကြွယ် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ဓမ္မဝိနယ 'သာသနာ'၌ သက်ဝင်ရာ ထောက်တည်ရာ သက်သာရာကိုရသည် ဝိစိကိစ္ဆာကို လွန်မြောက်သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည် ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှတစ်ပါး အားထားရာမရှိသည်ဖြစ်၍ ဘုရားသာသနာတော်၌ နေကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် အကျွန်ုပ်သည် တစ်ဦးအပါအဝင်ဖြစ်ပါ၏။ (ဤအရာ၌ ) ယုံမှားမှု တွေးတောမှုရှိသူဖြစ်ခဲ့လျှင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဤမြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ပေးရာဖြစ်သည့် ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုမြတ်စွာဘုရားကို ချဉ်းကပ်၍ မေးလျှောက်နိုင်ပါ၏။

သူကြွယ် ထို့ကြောင့် သင်သည် ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ မသေပါလင့်၊ ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍သေရခြင်းသည် ဆင်းရဲလှပါ၏၊ ငဲ့ကွက်ခြင်းရှိသည် ဖြစ်၍ သေရခြင်းကို မြတ်စွာဘုရားကဲ့ရဲ့တော်မူပါ၏ဟု (ပြောဆို၏)။ (၆)

ထိုအခါ နကုလပိတာသူကြွယ်အား နကုလမာတာသူကြွယ်မက ဤသွန်သင်မှုဖြင့် သွန်သင်အပ်သည်ရှိသော် ထိုအနာသည် ခဏချင်း ငြိမ်းအေးလေ၏၊ နကုလပိတာသူကြွယ်သည် ထိုအနာမှ ထမြောက်၏၊ နကုလပိတာသူကြွယ်အား ထိုအနာသည် ထိုသို့သော အခြင်းအရာအားဖြင့် ပယ်ဖျောက်အပ်ပြီးသည်သာလျှင် ဖြစ်၏။

ထို့နောက် အနာမှ ထမြောက်ပြိီးသည်ရှိသော် အနာပျောက်ကင်း၍ မကြာမြင့်မီပင်လျှင် တောင်ဝှေးကိုထောက်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော နကုလပိတာသူကြွယ်အား မြတ်စွာဘုရားသည်-

သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် အစဉ်စောင့်ရှောက်၏၊ အကျိုးစီးပွါးကို အလိုရှိ၏၊ သွန်သင်တတ်၏၊ ဆုံးမတတ်၏၊ သူကြွယ် သင့်အား အရတော်ပေစွ၊ သင်သည် လူ့အဖြစ်ကို ကောင်းစွာရအပ်ပေစွ။

သူကြွယ် ငါ၏ တပည့်ဖြစ်ကုန်သော သီလတို့၌ ဖြည့်ကျင့်ဆည်းပူးကြသည့် အဝတ်ဖြူဝတ်လူဥပါသိကာမဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည် တစ်ဦးအပါအဝင်ဖြစ်၏။

သူကြွယ် ငါ၏ တပည့်ဖြစ်ကုန်သော အတွင်းသန္တာန်၌ စိတ်၏ ငြိမ်းအေးခြင်း (သမာဓိကမ္မဋ္ဌာန်း) ကိုရရှိကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည်တစ်ဦးအပါအဝင် ဖြစ်၏။

သူကြွယ် ငါ၏ တပည့်ဖြစ်ကုန်သော ဤဓမ္မဝိနယ 'သာသနာ'၌ သက်ဝင်ရာ ထောက်တည်ရာသက်သာရာကိုရသည် ဝိစိကိစ္ဆာကို လွန်မြောက်သည် သို့လော သို့လော တွေးတောမှု ကင်းရှင်းသည်ရဲရင့်ခြင်းသို့ ရောက်သည် မြတ်စွာဘုရားမှတစ်ပါး အားထားရာမရှိသည် ဖြစ်၍ ဘုရားသာသနာ၌ နေကြသည့် အဝတ်ဖြူဝတ် လူဥပါသိကာမဟူသမျှတို့တွင် နကုလမာတာသူကြွယ်မသည် တစ်ဦးအပါအဝင်ဖြစ်၏။

သူကြွယ် သင့်အား နကုလမာတာသူကြွယ်မသည် အစဉ်စောင့်ရှောက်၏၊ အကျိုးစီးပွါးကို အလိုရှိ၏၊ သွန်သင်တတ်၏၊ ဆုံးမတတ်၏၊ သူကြွယ် သင့်အား အရတော်ပေစွ၊ သင်သည် လူ့အဖြစ်ကို ကောင်းစွာရအပ်ပေစွဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-သောပ္ပသုတ်

၁၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ မြတ်စွာဘုရားသည် ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထလျက် စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။

အသျှင်သာရိပုတြာသည်လည်း ညနေချမ်းအခါ၌ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထလျက်စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏။

အသျှင်မဟာမောဂ္ဂလာန်၊ အသျှင်မဟာကဿပ၊ အသျှင်မဟာကစ္စည်း၊ အသျှင်မဟာကောဋ္ဌိက၊ အသျှင်မဟာစုန္ဒ၊ အသျှင်မဟာကပ္ပိန၊ အသျှင်အနုရုဒ္ဓါ၊ အသျှင်ရေဝတ၊ အသျှင်အာနန္ဒာတို့သည်လည်းညနေချမ်းအခါ၌ ကိန်းအောင်းရာမှ ထလျက် စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကိုရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် များစွာသော ညဉ့်အချိန်ပတ်လုံး ထိုင်နေခြင်းဖြင့် အချိန်ကုန်လွန်စေ၍နေရာမှထလျက် ကျောင်းတော်သို့ ဝင်တော်မူ၏၊ ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရား ကြွသွားတော့်မူ၍ မကြာမြင့်မီပင် နေရာမှ ထလျက် မိမိတို့ နေမြဲကျောင်းသို့ ကြွသွားတော်မူကြကုန်၏။

ထိုစည်းဝေးရာ ဇရပ်၌ ရဟန်းပြု၍ မကြာကြသေးသည့် ဤဓမ္မဝိနယ 'သာသနာ' သို့ ရောက်သစ်စသီတင်းငယ်ရဟန်းတို့သည် နေထွက်သည်တိုင်အောင် ကျီးသံဟောက်လျက် အိပ်ကုန်၏။

မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်မျက်စိနှင့်တူသော မျက်စိ 'ဒိဗ္ဗစက္ခု'ဖြင့် နေထွက်သည်တိုင်အောင် ကျီးသံဟောက်လျက်အိပ်ကုန်သော ထိုရဟန်းတို့ကို မြင်တော်မူ၍ စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်တော်မူပြီးလျှင်ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကို မေးမြန်းတော်မူ၏-

ရဟန်းတို့ သာရိပုတြာ အဘယ်မှာနည်း၊ မဟာမောဂ္ဂလာန် အဘယ်မှာနည်း၊ မဟာကဿပအဘယ်မှာနည်း၊ မဟာကစ္စည်း အဘယ်မှာနည်း၊ မဟာကောဋ္ဌိက အဘယ်မှာနည်း၊ မဟာစုန္ဒအဘယ်မှာနည်း၊ မဟာကပ္ပိန အဘယ်မှာနည်း၊ အနုရုဒ္ဓါ အဘယ်မှာနည်း၊ ရေဝတ အဘယ်မှာနည်း၊ အာနန္ဒာ အဘယ်မှာနည်း၊ ရဟန်းတို့ တပည့်ကြီးဖြစ်သည့် ထိုမထေရ်တို့သည် အဘယ်အရပ်သို့သွားကုန်သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထိုအသျှင်တို့သည်လည်း မြတ်စွာဘုရား ကြွသွားတော်မူ၍ မကြာမြင့်မီပင် မိမိတို့နေမြဲကျောင်းသို့ ကြွသွားပါကုန်၏ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သင်တို့သည် ''မထေရ်ကြီးရဟန်းတို့ တစ်ဖန် ပြန်ကြွမလာကြတော့ပြီ''ဟု (အောက်မေ့လျက်) အဘယ့်ကြောင့် နေထွက်သည်တိုင်အောင် ကျီးသံဟောက်လျက် အိပ်ကုန်ဘိသနည်း။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

''အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန် အားထုတ်နေ လျက်တစ်သက်လုံး မင်းပြုသော ရေမြေကို အစိုးရသော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်သော မင်းကိုတိုင်းသူပြည်သားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏''ဟု သင်တို့ မြင်ဖူး ကြားဖူးကြကုန် သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။

ရဟန်းတို့ ကောင်းပြီ ''အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန်အားထုတ်နေလျက် တစ်သက်လုံး မင်းပြုသော ရေမြေကို အစိုးရသော ဦးထိပ်၌ အဘိသိက်သွန်းလောင်းအပ်သော မင်းကို တိုင်းသူပြည်သားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏''ဟု ငါလည်းမမြင်ဖူး မကြားဖူးချေ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

''နယ်စားကို။ပ။ အဖအမွေခံ မြို့စားကို။ စစ်သူကြီးကို။ ရွာသူကြီးကို။ အလိုရှိတိုင်း အိပ်မှုချမ်းသာလျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန် အားထုတ်နေလျက် တစ်သက်လုံး အသင်းလူကြီးပြုလုပ်နေသော အသင်းလူကြီးကို အသင်းသားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏''ဟု သင်တို့ မြင်ဖူးကြားဖူးကြကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။

ရဟန်းတို့ ကောင်းပြီ ''အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန်အားထုတ်နေလျက် တစ်သက်လုံး အသင်းလူကြီး ပြုလုပ်နေသည့် အသင်းလူကြီးကို အသင်းသားအပေါင်းက ချစ်အပ် မြတ်နိုးအပ်၏''ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

''အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန် အားထုတ်နေ လျက်ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမူ၍ စားဖွယ်၌ အတိုင်းအရှည်ကို မသိဘဲ နိုးကြားမှု၌ အားမထုတ့်ကုသိုလ် တရားတို့ကို မရှု၊ ညဉ့်၏ ရှေ့အဖို့ နောက်အဖို့၌ အရိယာမဂ်၏ အသင်းအပင်းဖြစ်ကုန်သောဗောဓိပက္ခိယတရားတို့ကို ပွါးများမှု၌ အားမထုတ်သော သမဏကိုဖြစ်စေ ဗြာဟ္မဏကိုဖြစ်စေ အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် လွတ်မြောက်သော'အရဟတ္တဖိုလ်'ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက်ရောက်၍ နေ၏''ဟု သင်တို့ မြင်ဖူး ကြားဖူးကုန်သလောဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မမြင်ဘူး မကြားဘူးကြပါ။

ရဟန်းတို့ ကောင်းပြီ ''အလိုရှိတိုင်း အိပ်မှုချမ်းသာ လျောင်းမှုချမ်းသာ ငိုက်မျဉ်းမှုချမ်းသာကို အဖန်ဖန်အားထုတ်နေလျက် ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမူ၍ စားဖွယ်၌ အတိုင်းအရှည်ကို မသိဘဲ နိုးကြားမှု၌ အားမထုတ် ကုသိုလ်တရားတို့ကို မရှု၊ ညဉ့်၏ ရှေ့အဖို့နောက်အဖို့၌ အရိယာမဂ်၏အသင်းအပင်းဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့ကို ပွါးများမှု၌ အားမထုတ်သော သမဏကိုဖြစ်စေဗြာဟ္မဏကိုဖြစ်စေ အာသဝေါတရားတို့၏ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏''ဟု ငါလည်း မမြင်ဘူး မကြားဘူးချေ။

ရဟန်းတို့ ထို့ကြောင့် ဤသို့ ကျင့်ရမည် ''ဣန္ဒြေတို့၌ ပိတ်ထားသော တံခါးရှိသူ၊ စားဖွယ်၌ အတိုင်းအရှည်ကို သိသူ၊ နိုးကြားမှု၌ အားထုတ်သူတို့ ဖြစ်ကြကုန်အံ့၊ ကုသိုလ်တရားတို့ကို ရှုကုန်သည်ဖြစ်၍ ညဉ့်၏ ရှေ့အဖို့နောက်အဖို့၌ အရိယာမဂ်၏ အသင်းအပင်းဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့ကိုပွါးများမှု၌ အားထုတ်လျက် နေကြကုန်အံ့''ဟု (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-မစ္ဆဗန္ဓသုတ်

၁၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီ လှည့်လည်တော်မူ၏၊ မြတ်စွာဘုရားသည် ခရီးရှည်ကြွတော်မူသည်ရှိသော် တစ်ခုသော အရပ်၌ ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ငါးသတ်တံငါသည်ကို မြင်တော်မူ၍ ခရီးလမ်းမှဖဲတော်မူပြီးလျှင် သစ်ပင်ရင်းတစ်ခုဝယ် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် ရဟန်းတို့ကိုမေးတော်မူ၏-

''ရဟန်းတို့ ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ဤငါးသတ် တံငါသည်ကို သင်တို့ မြင်ကြကုန်၏လော''ဟု (မေးတော်မူ၏)။

အသျှင်ဘုရား မြင်ပါ၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း ''ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ငါးသတ်တံငါသည်သည် ထိုအလုပ် ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏''ဟု သင်တို့မြင်ဖူး ကြားဖူးကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။

ရဟန်းတို့ ကောင်းပြီ ''ငါးတို့ကို သတ်၍ သတ်၍ ရောင်းချသော ငါးသတ်တံငါသည်သည် ထိုအလုပ်ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသောစည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏''ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ-

ရဟန်းတို့ ထိုတံငါသည်သည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် ငါးတို့ကို ယုတ်ညံ့ သောစိတ်ဖြင့် အဖန်ဖန်ကြည့်၏၊ ထို့ကြောင့် ထိုတံငါသည်သည် ဆင်မစီးရသူ မြင်းမစီးရသူ ရထား မစီးရသူယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍ မနေရသူ ဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

''နွားတို့ကို သတ်၍ သတ်၍ ရောင်းချသော နွားသတ်သမားသည် ထိုအလုပ်ဖြင့် ထိုအသက်မွေးမှုဖြင့်ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသော စည်းစိမ်အစုကိုအုပ်စိုး၍ နေရသူ ဖြစ်၏''ဟု သင်တို့ မြင်ဖူး ကြားဖူးကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။

ရဟန်းတို့ ကောင်းပြီ ''နွားတို့ကို သတ်၍ သတ်၍ ရောင်းချသော နွားသတ်သမားသည် ထိုအလုပ် ဖြင့်ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ များစွာသောစည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏''ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ-

ရဟန်းတို့ ထိုနွားသတ်သမားသည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် နွားတို့ကိုယုတ်ညံ့သော စိတ်ဖြင့် အဖန်ဖန်ကြည့်၏၊ ထို့ကြောင့် ထိုနွားသတ်သမားသည် ဆင်မစီးရသူ မြင်းမစီးရသူရထားမစီးရသူ ယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍ မနေရသူဖြစ်၏။

ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။

''ဆိတ်သတ်သမားသည်။ပ။ ဝက်သတ်သမားသည်။ပ။ ငှက်သတ်သမားသည်။ပ။ သားကောင်တို့ကိုသတ်၍ သတ်၍ ရောင်းချသော သားသတ်သမားသည် ထိုအလုပ် ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူမြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူ စည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏''ဟူ၍ မြင်ဖူး ကြားဖူးကြကုန်၏လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မမြင်ဖူး မကြားဖူးကြပါ။

ရဟန်းတို့ ကောင်းပြီ ''သားကောင်တို့ကို သတ်၍ သတ်၍ ရောင်းချသော သားသတ်သမားသည်ထိုအလုပ် ထိုအသက်မွေးမှုဖြင့် ဆင်စီးရသူ မြင်းစီးရသူ ရထားစီးရသူ ယာဉ်စီးရသူ စည်းစိမ်ခံစားရသူများစွာသော စည်းစိမ်အစုကို အုပ်စိုး၍ နေရသူဖြစ်၏''ဟု ငါလည်း မမြင်ဖူး မကြားဖူးချေ။

ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ-

ရဟန်းတို့ ထိုသားသတ်သမားသည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် သားကောင် တို့ကိုယုတ်ညံ့သော စိတ်ဖြင့် အဖန်ဖန်ကြည့်၏၊ ထို့ကြောင့် ထိုသားသတ်သမားသည် ဆင်မစီးရသူမြင်းမစီးရသူ ရထားမစီးရသူ ယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍မနေရသူ ဖြစ်၏။

ရဟန်းတို့ ထိုသားသတ်သမားသည် သတ်ရန် ဆောင်ယူလာကုန်သော ထိုသတ်မည့် တိရစ္ဆာန်သတ္တဝါတို့ကိုသော်မှလည်း ယုတ်ညံ့သော စိတ်ဖြင့် အဖန်ဖန် ကြည့်သောကြောင့် ဆင်မစီးရသူ မြင်းမစီးရသူ ရထားမစီးရသူ ယာဉ်မစီးရသူ စည်းစိမ်မခံစားရသူ များစွာသော စည်းစိမ်အစုကို အုပ်စိုး၍မနေရသူ ဖြစ်ဘိသေး၏။

သတ်ရန် ဆောင်ယူလာသော အသတ်ခံရမည့် လူဖြစ်သော သူကို ယုတ်ညံ့သော စိတ်ဖြင့် ကြည့်ရှုသူအား အဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်း။

ရဟန်းတို့ ထိုစကားသည် မှန်၏၊ ထိုလူဖြစ်သော သူကို သတ်ရန် မကောင်းသော စိတ်ဖြင့်ကြည့်ရှုခြင်းသည် ထိုကြည့်သူအား ရှည်ကြာလေးမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏၊ ခန္ဓာကိုယ့်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ ပျက်စီး၍ ကျရာ ဖြစ်သောငရဲ၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ မရဏဿတိသုတ်

၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ရဟန်းတို့ကို ''ရဟန်းတို့''ဟူ၍ ခေါ်တော်မူ၏၊ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ''မရဏဿတိ 'သေခြင်း တရားကို အောက်မေ့မှု' ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက် (နိဗ္ဗာန်) သို့ သက်ဝင်၏။ အမြိုက် (နိဗ္ဗာန်) လျှင် အဆုံးရှိ၏။

ရဟန်းတို့ သင်တို့သည် မရဏဿတိကို ပွါးများကုန်၏လော''ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏''ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့ တစ်ညဉ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုနှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏''ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် တစ်နေ့မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရ လေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏''ဟု လျှောက်၏။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏''ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏''ဟု လျှောက်၏။

ရဟန်း သင်သည် အဘယ်သို့လျှင် မရဏဿတိကို ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် လေးလုတ် ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏''ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် ဆွမ်းတစ်လုတ်မျှကို ဝါးမျိုးနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည်ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ရဟန်းတစ်ပါးသည်လည်း မြတ်စွာဘုရားအား-

''အသျှင်ဘုရား အကျွန်ုပ်သည်လည်း မရဏဿတိကို ပွါးများပါ၏''ဟု လျှောက်၏။

ရဟန်း သင်သည် မရဏဿတိကို အဘယ်သို့လျှင် ပွါးများသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်အား ဤအကြံသည် ဖြစ်ပါ၏-

''ငါသည် ဝင်သက်ရှု၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှုချိန်အတွင်း အသက်ရှင် ရပါမူကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု (အကြံဖြစ်ပါ၏)။

အသျှင်ဘုရား ဤသို့လျှင် အကျွန်ုပ်သည် မရဏဿတိကို ပွါးများပါ၏ဟု (လျှောက်၏)။

ဤသို့ လျှောက်ကုန်သည်ရှိသော် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤစကားကို မိန့်တော်မူ၏-

ရဟန်းတို့ ''ငါသည် တစ်နေ့ တစ်ညဉ့်မျှ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟုမရဏဿတိကို ပွါးများသောရဟန်း၊ ''ငါသည် တစ်နေ့ အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု မရဏဿတိကို ပွါးများသော ရဟန်း၊ ''ငါသည် ဆွမ်းတစ်ထပ် စားချိန်အတွင်း အသက်ရှင်ပါမူကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု မရဏဿတိကို ပွါးများသောရဟန်း၊ ''ငါသည် လေးလုတ်ငါးလုတ်သော ဆွမ်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟုမရဏဿတိကို ပွါးများသောရဟန်း၊ ဤရဟန်းတို့ကို မေ့လျော့စွာ နေကြကုန်၏ဟူ၍လည်းကောင်း၊ အာသဝေါတရားကုန်ခန်းရန် နုံ့နှေးစွာ မရဏဿတိကို ပွါးများကုန်၏ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ''ငါသည် ဆွမ်းတစ်လုတ်တည်းကို ဝါးမျိုနေချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို နှလုံးသွင်းရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည် ဖြစ်ရာ၏''ဟု မရဏဿတိကို ပွါးများသောရဟန်း၊ ''ငါသည် ဝင်သက်ရှူ၍ ထွက်သက်ထုတ်ချိန် ထွက်သက်ထုတ်၍ ဝင်သက်ရှူချိန်အတွင်း အသက်ရှင်ပါမူ ကောင်းလေစွ၊ မြတ်စွာဘုရား၏အဆုံးအမ တော်ကို နှလုံးသွင်း ရလေရာ၏၊ ငါ့အား စင်စစ် (ရဟန်းကိစ္စကို) များစွာ ပြုအပ်သည့်ဖြစ်ရာ၏''ဟု မရဏဿတိကို ပွါးများသော ရဟန်း၊ ဤရဟန်းတို့ကို မမေ့မလျော့နေကြကုန်၏ဟူ၍လည်းကောင်း၊ အာသဝေါတရားကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကိုပွါးများကုန်၏ဟူ၍လည်းကောင်း ဆိုအပ်ကုန်၏။

ရဟန်းတို့ ထို့ကြောင့်လျှင် ဤသို့ ကျင့်ရမည် ''မမေ့မလျော့ နေကုန်အံ့၊ အာသဝေါတရားတို့ကုန်ခန်းရန် ထက်သန်စွာ မရဏဿတိကမ္မဋ္ဌာန်းကို ပွါးများကုန်အံ့''ဟူ၍ (ကျင့်ရမည်)။

ရဟန်းတို့ ဤသို့လျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ မရဏဿတိသုတ်

၂၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာတိကရွာ အုတ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏-

ရဟန်းတို့ မရဏဿတိကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏၊ ရဟန်းတို့ မရဏဿတိကို အဘယ်သို့ ပွါးများအပ် အဘယ်သို့ ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးကြီးသည်အာနိသင်ကြီးသည် အမြိုက်နိဗ္ဗာန်သို့ သက်ဝင်သည် အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသည် ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နေ့ကို လွန်မြောက် ညဉ့်သို့ ရောက်သည်ရှိသော် ဤသို့ဆင်ခြင်၏-

''ငါ့အား သေခြင်းအကြောင်းတို့သည် များပြားလှကုန်၏၊ မြွေမူလည်း ကိုက်ရာ၏၊ ကင်းမြီးကောက်မူလည်း ကိုက်ရာ၏၊ ကင်းခြေများမူလည်း ကိုက်ရာ၏၊ ထို့ကြောင့် ငါသေဆုံးလေရာ၏၊ ထိုမြွေစသည် ကိုက်ခြင်းသည် ငါအား အန္တရာယ်ဖြစ်ရာ၏၊ ချော်၍မူလည်း လဲရာ၏၊ ငါစားသောအစာမူလည်း (မကျေဘဲ) ဖောက်ပြန်ရာ၏၊ ငါ့အား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါ့အားသလိပ်သော်လည်း ပျက် ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ်ကုန်ရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းကြောင့် ငါ သေဆုံး လေရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းသည် ငါအားအန္တရာယ်ဖြစ်ရာ၏''ဟု (ဆင်ခြင်ရာ၏)။

ရဟန်းတို့ ထိုရဟန်းသည် ''ညဉ့်အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့် မပယ်အပ်သေးသည့်ယုတ်ညံ့သော အကုသိုလ်တရားတို့ ရှိကုန်သလော''ဟု ဆင်ခြင်အပ်၏။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် ''ညဉ့်အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ ရှိကုန်၏''ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုသိသော ရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ပြုလိုမှု'ဆန္ဒ'ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏။

ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်သူသည်လည်းကောင်း၊ ထိုပုဆိုးထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ပြုလိုမှု 'ဆန္ဒ' လုံ့လ အားထုတ်မှု အတိုင်းထက် အလွန်အားထုတ်မှု မဆုတ်နစ်မှု သတိ ဆင်ခြင်ဉာဏ်ကို ပြုရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်ထိုရဟန်းသည် ယုတ်ညံ့သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ပြုလိုမှု 'ဆန္ဒ'ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက်အလွန်အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ့ဆင်ခြင်ဉာဏ်ကိုလည်းကောင်း ပြုအပ်၏။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် ''ညဉ့်အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့ မရှိကုန်''ဟု အကယ်၍ သိပါမူ ရဟန်းတို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ ညဉ့် နေ့တို့ပတ်လုံး အဖန်ဖန်ကျင့်သည်ဖြစ်၍ ထိုနှစ်သက်ဝမ်းမြောက်မှုဖြင့်ပင်လျှင် နေအပ်၏။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ညဉ့်ကို လွန်မြောက် နေ့သို့ ရောက်သည်ရှိသော် ဤသို့ဆင်ခြင်၏-

''ငါ့အား သေခြင်း၏ အကြောင်းတို့သည် များပြားလှကုန်၏၊ မြွေမူလည်း ကိုက်ရာ၏၊ ကင်းမြီးကောက်မူလည်း ကိုက်ရာ၏၊ ကင်းခြေများမူလည်း ကိုက်ရာ၏၊ ထိုမြွေစသည် ကိုက်ခြင်းကြောင့် ငါသေဆုံးလေရာ၏၊ ထိုမြွေစသည် ကိုက်ခြင်းသည် ငါအား အန္တရာယ်ဖြစ်ရာ၏၊ ချော်၍မူလည်း လဲရာ၏၊ ငါစားသော အစာမူလည်း (မကျေဘဲ) ဖောက်ပြန်ရာ၏၊ ငါ့အား သည်းခြေသော်လည်း ပျက်ရာ၏၊ ငါ့အားသလိပ်သော်လည်း ပျက်ရာ၏၊ ငါ့အား လေသင်တုန်းတို့သော်လည်း ဖြတ်ကုန်ရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းကြောင့် ငါသေဆုံးလေရာ၏၊ ထိုလေသင်တုန်းဖြတ်ခြင်းသည် ငါအား အန္တရာယ်ဖြစ်ရာ၏''ဟု (ဆင်ခြင်ရာ၏)။

ရဟန်းတို့ ထိုရဟန်းသည် ''နေ့အခါ၌ သေသော ငါ့အား အန္တရာယ်ကို ပြုမည့် မပယ်အပ်သေး သည့်ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ငါ့အား ရှိကုန်သလော''ဟု ဆင်ခြင်အပ်၏။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် ''နေ့အခါ၌ သေသော ငါ့အား အန္တရာယ်ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ငါ့အား ရှိကုန်၏''ဟု အကယ်၍ သိပါမူရဟန်းတို့ ထိုသိသော ရဟန်းသည် ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင်လွန်ကဲ သော ပြုလိုမှု'ဆန္ဒ'ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက် အလွန် အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ် ကိုလည်းကောင်း ပြုအပ်၏။

ရဟန်းတို့ ပုဆိုး၌ မီးလောင်သူသည်လည်းကောင်း၊ ဦးခေါင်း၌ မီးလောင်သူသည်လည်းကောင်း၊ ထိုပုဆိုးထိုဦးခေါင်းကို မီးငြိမ်းစေရန် လွန်ကဲသော ပြုလိုမှု 'ဆန္ဒ' လုံ့လ အားထုတ်မှု အတိုင်းထက် အလွန်အားထုတ်မှု မဆုတ်နစ်မှု သတိ ဆင်ခြင်ဉာဏ်ကို ပြုရာသကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်ထိုရဟန်းသည် ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့ကို ပယ်ရန်သာလျှင် လွန်ကဲသော ပြုလိုမှု 'ဆန္ဒ' ကိုလည်းကောင်း၊ လုံ့လကိုလည်းကောင်း၊ အားထုတ်မှုကိုလည်းကောင်း၊ အတိုင်းထက်အလွန် အားထုတ်မှုကိုလည်းကောင်း၊ မဆုတ်နစ်မှုကိုလည်းကောင်း၊ သတိကိုလည်းကောင်း၊ ဆင်ခြင်ဉာဏ်ကိုလည်းကောင်းပြုအပ်၏။

ရဟန်းတို့ ရဟန်းသည် ဆင်ခြင်သည်ရှိသော် ''နေ့အခါ၌ သေသော ငါ့အား အန္တရာယ်ကို ပြုမည့်မပယ်အပ်သေးသည့် ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ငါ့အား မရှိကုန်''ဟု အကယ်၍ သိပါမူရဟန်းတို့ ထိုရဟန်းသည် ကုသိုလ်တရားတို့၌ ညဉ့် နေ့တို့ပတ်လုံး အဖန်ဖန်ကျင့်သည်ဖြစ်၍ ထိုနှစ်သက် ဝမ်းမြောက်မှုဖြင့်ပင်လျှင် နေအပ်၏။

ရဟန်းတို့ မရဏဿတိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုး ကြီး၏၊ အာနိသင်ကြီး၏၊ အမြိုက်နိဗ္ဗာန်သို့ သက်ဝင်၏၊ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် သာရဏီယဝဂ် ပြီး၏။

------

၃-အနုတ္တရိယဝဂ် ၁-သာမကသုတ်

၂၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း သာမရွာ ပေါက္ခရဏိယမည်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်အဆင်းရှိသည်ဖြစ်၍ ပေါက္ခရဏိယတစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် မြတ်စွာဘုရားအား-

အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်သုံးပါးတို့နည်းဟူမူ-

အမှုသစ်၌ မွေ့လျော်ခြင်း။

စကားပြောမှု၌ မွေ့လျော်ခြင်း။

အိပ်မှု၌ မွေ့လျော်ခြင်းတို့ပါတည်း။

အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု လျှောက်၏။

ထိုနတ်သားသည် ဤစကားကို လျှောက်၏။

မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏၊ ထိုအခါ ထိုနတ်သားသည် ''ငါ့အား မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏''ဟု (သိ၍) မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာထို အရပ်၌ပင် ကွယ်ပျောက်လေ၏။

မြတ်စွာဘုရားသည် ထိုညဉ့်လွန်သောအခါ ရဟန်းတို့ကို-

ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ဦးသည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ် အဆင်းရှိသည်ဖြစ်၍ ပေါက္ခရဏိယ တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် ငါ့အား-

''အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်သုံးပါးတို့နည်းဟူမူ-

အမှုသစ်၌ မွေ့လျော်ခြင်း။

စကားပြောမှု၌ မွေ့လျော်ခြင်း။

အိပ်မှု၌ မွေ့လျော်ခြင်းတို့ပါတည်း။

အသျှင်ဘုရား ဤတရားသုံးပါးတို့သည် ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏''ဟု လျှောက်၏။

ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏။

ရဟန်းတို့ အကြင်ရဟန်းတို့အား ကုသိုလ်တရားတို့မှ ဆုတ်ယုတ်နေသည်တို့ကို နတ်တို့သော်မှလည်းသိကြကုန်၏၊ ထိုရဟန်းတို့သည် အရမတော်ကြကုန်စွတကား၊ ထိုရဟန်းတို့သည် မကောင်းသဖြင့်ရကြလေကုန်စွ တကား။

ရဟန်းတို့ အခြားဆုတ်ယုတ်ကြောင်း ပရိဟာနိယတရားတို့ကိုလည်း ဟောကြားပေအံ့၊ ထိုတရားကိုနာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု မိန့်တော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။

မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောကြားတော်မူ၏-

ရဟန်းတို့ ဆုတ်ယုတ်ကြောင်း ပရိဟာနိယတရားသုံးမျိုးတို့သည် အဘယ်တို့နည်းဟူမူ-

အပေါင်းအဖော်၌ မွေ့လျော်ခြင်း။

ဆုံးမခက်သော စကားရှိသူဖြစ်ခြင်း။

ယုတ်မာသော အဆွေခင်ပွန်းရှိခြင်းတို့တည်း။

ရဟန်းတို့ ဆုတ်ယုတ်ကြောင်း တရားတို့သည် ဤသုံးမျိုးတို့ပင်တည်း။

ရဟန်းတို့ လွန်လေပြီးသောအခါ၌ ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ခဲ့ကြသည့် ရဟန်းအားလုံးတို့သည်ဤ တရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ခဲ့ကြကုန်၏။

ရဟန်းတို့ နောင်အခါ၌ ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြကုန်လိမ့်မည်။

ရဟန်းတို့ ယခုအခါ၌ ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ ဆုတ်ယုတ်ကြကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-အပရိဟာနိယသုတ်

၂၂။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းဖြစ်သော ဤတရားခြောက်မျိုးတို့ကို ဟောကြားအံ့၊ ထိုတရားကိုနာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့။

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုးတို့သည် အဘယ်တို့နည်းဟူမူ-

အမှုသစ်၌ မမွေ့လျော်ခြင်း။

စကားပြောမှု၌ မမွေ့လျော်ခြင်း။

အိပ်မှု၌ မမွေ့လျော်ခြင်း။

အပေါင်းအဖော်၌ မမွေ့လျော်ခြင်း။

ဆုံးမလွယ်သော စကားရှိသူဖြစ်ခြင်း။

မိတ်ဆွေကောင်း ရှိခြင်းတို့တည်း။

ရဟန်းတို့ ဤသည်ကား မဆုတ်ယုတ်ကြောင်း တရားခြောက်မျိုးတို့တည်း။

ရဟန်းတို့ လွန်လေပြီးသောအခါ၌ ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ခဲ့ကြသည့် ရဟန်းအားလုံး တို့သည်ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ခဲ့ကြကုန်။

ရဟန်းတို့ နောင်အခါ၌ ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြကုန်လတ္တံ့။

ရဟန်းတို့ ယခုအခါ၌ ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြသည့် ရဟန်းအားလုံးတို့သည် ဤတရားခြောက်မျိုးတို့ကြောင့်သာလျှင် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်ကြကုန်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ဘယသုတ်

၂၃။ ရဟန်းတို့ 'ဘေး'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့'ဒုက္ခ'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့ 'ရောဂါ'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့ 'အိုင်းအမာ'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏အမည်တည်း၊ ရဟန်းတို့ 'ကပ်ငြိခြင်း'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း၊ ရဟန်းတို့ 'ညွန်ပျောင်း'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်တည်း။

ရဟန်းတို့ အဘယ်ကြောင့် 'ဘေး'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်သနည်း။

ရဟန်းတို့ ကာမဂုဏ်တို့၌ ကာမရာဂဖြင့် တပ်မက်၍ ဆန္ဒရာဂဖြင့် နှောင်ဖွဲ့အပ်သော ဤသတ္တဝါ သည်မျက်မှောက်ဘေးမှလည်း မလွတ်၊ တမလွန် ဘေးမှလည်း မလွတ်၊ ထို့ကြောင့် ဘေးဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်၏။

ရဟန်းတို့ အဘယ်ကြောင့် 'ဒုက္ခ'ဟူသော ဤအမည်သည်။ပ။ 'ရောဂါ'ဟူသော။ 'အိုင်းအမာ'ဟူသော'ကပ်ငြိခြင်း'ဟူသော 'ညွန်ပျောင်း'ဟူသော ဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်သနည်း။

ရဟန်းတို့ ကာမရာဂဖြင့် တပ်မက်၍ ဆန္ဒရာဂဖြင့် နှောင်ဖွဲ့အပ်သော ဤသတ္တဝါသည် မျက်မှောက်ညွန်ပျောင်းမှလည်း မလွတ်၊ တမလွန် ညွန်ပျောင်းမှလည်း မလွတ်၊ ထို့ကြောင့် 'ညွန်ပျောင်း'ဟူသောဤအမည်သည် ကာမဂုဏ်တို့၏ အမည်ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဘေး ဒုက္ခ ရောဂါ အိုင်းအမာ နှစ်ပါးသော ငြိကပ်မှုနှင့် ညွန်ပျောင်းတို့ကို ကာမတို့ဟူ၍ဆိုအပ်ကုန်၏၊ ယင်းကာမတို့၌ ပုထုဇဉ်သတ္တဝါသည် ကပ်ငြိ၏။ (ရဟန္တာပုဂ္ဂိုလ်တို့သည်) ပဋိသန္ဓေနေခြင်း သေခြင်း၏ အကြောင်းဖြစ်သော ဥပါဒါန်တရား၌ ဘေးကိုမြင်သဖြင့် (တဏှာ ဒိဋ္ဌိအားဖြင့်) မစွဲလမ်းမူ၍ ပဋိသန္ဓေ နေခြင်း သေခြင်း၏ကုန်ရာဖြစ်သော နိဗ္ဗာန်၌ ကိလေသာတို့မှ လွတ်ကုန်၏။ ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ဘေးကင်းရာ နိဗ္ဗာန်သို့ ရောက်ကုန်သည်ဖြစ်၍ ချမ်းသာခြင်း ရှိကုန်သည်မျက်မှောက်ဘဝ၌ ငြိမ်းအေးကုန်သည် ရန်ဘေး အားလုံးကို လွန်ကုန်သည် ဖြစ်၍ ဆင်းရဲဒုက္ခဟူသမျှကိုလွန်မြောက်ကုန်၏။

တတိယသုတ်။

------

၄-ဟိမဝန္တသုတ်

၂၄။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဟိမဝန္တာတောင်မင်းကိုသော်လည်းဖောက်ခွဲနိုင်ရာ၏၊ ယုတ်သော အဝိဇ္ဇာကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်-

တည်ကြည်မှု 'သမာဓိ' ကို ဝင်စားခြင်း၌ လိမ္မာ၏။

တည်ကြည်မှု 'သမာဓိ' ကို တည်စေခြင်း၌ လိမ္မာ၏။

တည်ကြည်မှု 'သမာဓိ' မှ ထခြင်း၌ လိမ္မာ၏။

တည်ကြည်မှု 'သမာဓိ' ၏ (ဝင်စားရန်) အသင့်ဖြစ်ခြင်း၌ လိမ္မာ၏။

တည်ကြည်မှု 'သမာဓိ' ၏ ကျက်စားရာ အာရုံ၌ လိမ္မာ၏။

တည်ကြည်မှု 'သမာဓိ' ကို ရှေးရှုဆောင်ခြင်း၌ လိမ္မာ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ဟိမဝန္တာတောင်မင်းကိုသော်လည်းဖောက်ခွဲနိုင်ရာသေး၏၊ ယုတ်သော အဝိဇ္ဇာကိုမူကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်းဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-အနုဿတိဋ္ဌာနသုတ်

၂၅။ ရဟန်းတို့ မပြတ်အောက်မေ့အပ်သော အကြောင်းတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟုအဖန်ဖန် အောက်မေ့၏။

ရဟန်းတို့ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသ ထကြွသောင်းကျန်းသောစိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။

ရဟန်းတို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ရဟန်းတို့ ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''မြတ်စွာဘုရားဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေ တည်း။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင်ခံစားနိုင်သော တရားတော်ပါပေတည်း''ဟု (အဖန်ဖန်အောက်မေ့၏)။

ရဟန်းတို့ အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။

ရဟန်းတို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ရဟန်းတို့ ဤဓမ္မာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသောအကျင့် ရှိတော်မူပါပေ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏''ဟူ၍ (အဖန်ဖန်အောက်မေ့၏)။

ရဟန်းတို့ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ'မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။

ရဟန်းတို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ရဟန်းတို့ ဤသံဃာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက်။ပ။ တည်ကြည်ခြင်း 'သမာဓိ' ကိုဖြစ်စေတတ်ကုန်သော မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့၏။

ရဟန်းတို့ အရိယာတပည့်သည် သီလကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အားရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ် မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။

ရဟန်းတို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ရဟန်းတို့ ဤသီလာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည်-

''ငါ့အား အရတော်ပေစွ၊ ငါသည် လူ့အဖြစ်ကို ကောင်းစွာ ရအပ်ပေစွ။ပ။ အတောင်းခံရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏''ဟု မိမိ၏ စွန့်ကြဲမှု စာဂဂုဏ်ကို အဖန်ဖန် အောက်မေ့၏။ပ။

ဤသို့ ဤလောက၌ အချို့သော သတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။

ရဟန်းတို့ နောက်တစ်မျိုးကား အရိယာတပည့်သည် နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''စာတုမဟာရာဇ်နတ် တာဝတိံသာနတ် ယာမာနတ် တုသိတာနတ် နိမ္မာနရတိနတ် ပရနိမ္မိတဝသဝတ္တီနတ် ဗြဟ္မာ အထက်အထက် ဗြဟ္မာတို့သည် ရှိကုန်၏၊ သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ နတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုသဒ္ဓါတရားမျိုးသည် ထင်ရှားရှိ၏။ သီလနှင့်။ အကြားအမြင်နှင့်။ စွန့်ကြဲ ပေးကမ်းခြင်းနှင့်။ ပညာနှင့် ပြည့်စုံကုန်သော ထိုနတ်တို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ထင်ရှားရှိ၏''ဟု (အဖန်ဖန်အောက်မေ့၏)။

ရဟန်းတို့ အရိယာတပည့်သည် မိမိ၏လည်းကောင်း၊ ထိုနတ်ဗြဟ္မာတို့၏လည်းကောင်း သဒ္ဓါ သီလသုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ် မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ'မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။

ရဟန်းတို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ရဟန်းတို့ ဤဒေဝတာနုဿတိကမ္မဋ္ဌာန်းကို အကြောင်းပြု၍လည်း ဤသို့ ဤလောက၌ အချို့သောသတ္တဝါတို့သည် (ကိလေသာမှ) စင်ကြယ်ကုန်၏။

ရဟန်းတို့ မပြတ်အောက်မေ့အပ်သော အကြောင်းတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-မဟာကစ္စာနသုတ်

၂၆။ ထိုအခါ အသျှင်မဟာကစ္စည်းသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့''ဟူ၍ ခေါ်တော်မူ၏၊ ''ငါ့သျှင်''ဟု ထိုရဟန်းတို့သည် အသျှင်မဟာကစ္စည်းအား ပြန်ကြားလျှောက်ထားကုန်၏၊ အသျှင်မဟာကစ္စည်းသည် ဤစကားကို မိန့်ဆို၏-

ငါ့သျှင်တို့ အံ့ဩဖွယ် ရှိပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည်သတ္တဝါတို့ စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် (ကာမဂုဏ်ငါးပါးတို့ဖြင့်) ကျဉ်းမြောင်းလှစွာသော လူ့ဘောင်၌ ရအပ်သော အခွင့်ဖြစ်သော ဤအနုဿတိခြောက်မျိုးကို အလွန့်အလွန် ထိုးထွင်း၍ သိတော်မူပါပေ၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ငါ့သျှင်တို့ ဤသာသနာတော်၌ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏''ဟူ၍ (အဖန်ဖန် အောက်မေ့၏)။

ငါ့သျှင်တို့ အရိယာတပည့်သည် မြတ်စွာဘုရား၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။

ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''မြတ်စွာဘုရား ဟောသော တရားတော်သည် ကောင်းစွာ ဟောထားသော တရားတော်ပါပေတည်း။ပ။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း''ဟူ၍ (အဖန်ဖန် အောက်မေ့၏)။

ငါ့သျှင်တို့ အရိယာတပည့်သည် တရားတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သော အခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။

ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူ၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏''ဟူ၍ (အဖန်ဖန် အောက်မေ့၏)။

ငါ့သျှင်တို့ အရိယာတပည့်သည် သံဃာတော်၏ ဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။

ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် မကျိုး မပေါက် မပြောက် မကျားကုန်သော။ပ။ တည်ကြည်ခြင်း 'သမာဓိ' ကို ဖြစ်စေတတ်ကုန်သော မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့၏။

ငါ့သျှင်တို့ အရိယာတပည့်သည် မိမိ၏ သီလတို့ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသောစိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ် မဖြစ်၊ မောဟ့ထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ'ဂေဓ'ဟူသောအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။

ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည်-

''ငါ့အား အရတော်ပေစွ၊ ငါသည် လူ့အဖြစ်ကို ကောင်းစွာ ရပေစွ။ပ။ အတောင်းခံရန် အသင့် ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏''ဟု မိမိ၏ စွန့်ကြဲမှုစာဂဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

ငါ့သျှင်တို့ အရိယာတပည့်သည် မိမိ၏ စွန့်ကြဲမှုစာဂဂုဏ်ကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွသောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသော စိတ်မဖြစ်၊ မောဟထကြွ သောင်းကျန်းသောစိတ် မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွက်မြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။

ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။

ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။

ငါ့သျှင်တို့ နောက်တစ်မျိုးကား အရိယာတပည့်သည် နတ်တို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါ စသောဂုဏ်ကို အဖန်ဖန် အောက်မေ့၏။

''စာတုမဟာရာဇ်နတ် တာဝတိံသာနတ်။ပ။ အထက်အထက် ဗြဟ္မာတို့သည် ရှိကုန်၏၊ သဒ္ဓါတရား နှင့်ပြည့်စုံကုန်သော ထိုနတ်ဗြဟ္မာတို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်းထိုသဒ္ဓါတရားမျိုးသည် ထင်ရှားရှိ၏။ သီလနှင့်။ သုတနှင့်။ စာဂနှင့်။ ပညာနှင့် ပြည့်စုံကုန်သော ထိုနတ်ဗြဟ္မာတို့သည် ဤလူ့ဘုံမှ စုတေ၍ ထိုနတ်တို့ဘုံ၌ ဖြစ်ကုန်၏၊ ငါ့အားလည်း ထိုပညာမျိုးသည် ထင်ရှားရှိ၏''ဟူ၍ (အဖန်ဖန် အောက်မေ့၏)။

ငါ့သျှင်တို့ အရိယာတပည့်သည် မိမိ၏လည်းကောင်း၊ ထိုနတ်ဗြဟ္မာတို့၏လည်းကောင်း သဒ္ဓါ သီလသုတ စာဂ ပညာကို အဖန်ဖန် အောက်မေ့သောအခါ၌ ထိုအရိယာတပည့်အား ရာဂထကြွ သောင်းကျန်းသော စိတ် မဖြစ်၊ ဒေါသထကြွသောင်းကျန်းသောစိတ် မဖြစ်၊ မောဟထကြွသောင်းကျန်းသော စိတ်မဖြစ်၊ ထိုအခါ၌ ထိုပုဂ္ဂိုလ်၏ စိတ်သည် ဖြောင့်မတ်စွာသာလျှင် ဖြစ်၏၊ စွဲငြိရာ 'ဂေဓ' မှ ထွကမြောက်၏၊ ကျွတ်လွတ်၏၊ ထမြောက်၏။ ငါ့သျှင်တို့ ဤ'ဂေဓ'ဟူသော အမည်သည် ကာမဂုဏ်ငါးပါးတို့၏အမည်တည်း။

ငါ့သျှင်တို့ ထိုအရိယာတပည့်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြန့်ပြောသော မြင့်မြတ်သောအတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်ခြင်းမရှိသော ကောင်းကင်အပြင်နှင့် တူသော စိတ်ဖြင့် နေ၏။

ငါ့သျှင်တို့ ဤစိတ်ကို အကြောင်းပြု၍လည်း ဤလောက၌ အချို့သော သတ္တဝါတို့သည် ဤသို့စင်ကြယ်ခြင်းသဘော ရှိကုန်၏။

ငါ့သျှင်တို့ အံ့ဖွယ် ရှိပါပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကိုခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားသည့်သတ္တဝါတို့ စင်ကြယ်ရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် (ကာမဂုဏ်ငါးပါးတို့ဖြင့်) ကျဉ်းမြောင်းလှစွာသော လူ့ဘောင်၌ ရအပ်သော အခွင့်ဖြစ်သော ဤအနုဿတိခြောက်မျိုးကို အလွန့်အလွန်ထိုးထွင်း၍ သိတော်မူပါပေ၏ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။

------

၇-ပဌမ သမယသုတ်

၂၇။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဘုရား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့ သည်အဘယ်မျှ ရှိပါကုန်သနည်း''ဟု လျှောက်၏။

ရဟန်း စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည်ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု 'ကာမရာဂ' ထကြွသောင်းကျန်း၍ ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏။

''ငါ့သျှင် အကျွန်ုပ်သည် ကာမဂုဏ်တို့ကို စွဲမက်မှု 'ကာမရာဂ' ထကြွသောင်းကျန်း၍ ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ကာမရာဂကို ပယ်ရန် တရာဟောတော်မူပါ''ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု 'ကာမရာဂ' ကိုပယ်ရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်ပဌမအခါပင်တည်း။

ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ပျက်စီးစေလိုမှု 'ဗျာပါဒ' ထကြွသောင်းကျန်း၍ ဗျာပါဒနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-

''ငါ့သျှင် အကျွန်ုပ်သည် ပျက်စီးစေလိုမှု 'ဗျာပါဒ' ထကြွသောင်းကျန်း၍ ဗျာပါဒနှိပ်စက်သော စိတ်ဖြင့်နေရပါ၏၊ ဖြစ်ပေါ်လာသော ဗျာပါဒမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဗျာပါဒကို ပယ်ရန် တရားဟောတော်မူပါ''ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ပျက်စီးစေလိုမှု 'ဗျာပါဒ' ကို ပယ်ရန်တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် ဒုတိယအခါပင်တည်း။

ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ထကြွသောင်းကျန်း၍့ထိနမိဒ္ဓနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ပြောဆိုအပ်၏-

''ငါ့သျှင် အကျွန်ုပ်သည် လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ထကြွသောင်းကျန်း၍ ထိနမိဒ္ဓ နှိပ်စက်သောစိတ်ဖြင့့် နေရပါ၏၊ ဖြစ်ပေါ်လာသော ထိနမိဒ္ဓမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ထိနမိဒ္ဓကို ပယ်ရန် တရားဟောတော်မူပါ''ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ကို ပယ်ရန်တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်တတိယအခါပင်တည်း။

ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ပျံ့လွင့်မှု နောင်တပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' ထကြွသောင်းကျန်း၍ ဥဒ္ဓစ္စကုက္ကုစ္စ နှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ဥဒ္ဓစ္စကုက္ကုစ္စမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-

''ငါ့သျှင် အကျွန်ုပ်သည် ပျံ့လွင့်မှု နောင်တပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' ထကြွသောင်းကျန်း၍ ဥဒ္ဓစ္စကုက္ကုစ္စ္ဓနှိပ်စက်သော စိတ်ဖြင့့့်် နေရပါ၏၊ ဖြစ်ပေါ်လာသော ဥဒ္ဓစ္စကုက္ကုစ္စမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဥဒ္ဓစ္စကုက္ကုစ္စကို ပယ်ရန် တရားဟောတော်မူပါ''ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ပျံ့လွင့်မှု နောင်တပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ' ကိုပယ်ရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်စတုတ္ထအခါပင်တည်း။

ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ထကြွသောင်းကျန်း၍ ဝိစိကိစ္ဆာနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-

''ငါ့သျှင် အကျွန်ုပ်သည် မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ထကြွသောင်းကျန်း၍ ဝိစိကိစ္ဆာနှိပ်စက်သော စိတ်ဖြင့်နေရပါ၏၊ ဖြစ်ပေါ်လာသော ဝိစိကိစ္ဆာမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ဝိစိကိစ္ဆာကို ပယ်ရန် တရားဟောတော်မူပါ''ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ကို ပယ်ရန်တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမျှော်ခြင်းငှါ ချဉ်းကပ်ရန်ပဉ္စမအခါပင်တည်း။

ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် အကြင်အာရုံနိမိတ်ကို အစွဲပြု၍ အကြင်အာရုံနိမိတ်ကိုနှလုံးသွင်းသော ရဟန်းအား အန္တရာယ်မရှိသဖြင့် အာသဝေါတရားကုန်ခန်း၏၊ ထိုအာရုံနိမိတ်ကိုမသိသော အခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုအပ်၏-

''ငါ့သျှင် အကျွန်ုပ်သည် အကြင်အာရုံနိမိတ်ကို အစွဲပြု၍ အကြင်အာရုံနိမိတ်ကို နှလုံးသွင်းသူအား့အန္တရာယ်မရှိသဖြင့် အာသဝေါတရားကုန်ခန်း၏၊ ထိုအာရုံနိမိတ်ကို မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား အာသဝေါတရားကိုကုန်ခန်းရန် တရားဟောတော်မူပါ''ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် အာသဝေါတရားတို့ကုန်ခန်းရန်တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်ဆဋ္ဌအခါပင်တည်း။

ရဟန်း စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည်ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒုတိယ သမယသုတ်

၂၈။ အခါတစ်ပါး၌ များစွာသော မထေရ်ရဟန်းတို့သည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန် တော၌ (သီတင်းသုံး) နေတော်မူကုန်၏၊ ထိုစဉ်အခါ၌ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့ကုန်၍ စည်းဝေးရာတန်ဆောင်းဝန်း၌ စုဝေးထိုင်နေကုန်သော ထိုမထေရ်ရဟန်းတို့အား ဤအကြားစကားသည် ဖြစ်ပေါ်လာ၏။

''ငါ့သျှင် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါသည်အဘယ်ပါနည်း''ဟု (ဖြစ်ပေါ်လာ၏)။

ဤသို့ ပြောဆိုကုန်သည်ရှိသော် ရဟန်းတစ်ပါးသည် မထေရ်ရဟန်းတို့အား ဤစကားကို ဆို၏ -

''ငါ့သျှင်တို့ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့သည်ရှိသော် ခြေဆေးပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားကာ (ကမ္မဋ္ဌာန်းသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေသောအခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမျှော်ခြင်းငှါချဉ်းကပ်ရန် အခါပင်တည်း''ဟု (ဆို၏)။

ဤသို့ဆိုသော် ရဟန်းတစ်ပါးသည် ထို (ပဌမပြောသော) ရဟန်းအား ဤစကားကို ဆို၏-

''ငါ့သျှင် ထိုအခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါမဟုတ်။

ငါ့သျှင်တို့ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခွါခဲ့သည်ရှိသော် ခြေဆေးပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားကာ (ကမ္မဋ္ဌာန်းသို့) ရှေးရှုသတိ ကို ဖြစ်စေလျက် ထိုင်နေသောအခါ၌ ထိုရဟန်းအား ဆွမ်းခံလှည့်လည်ခြင်းကြောင့် ဖြစ်သောပင်ပန်းခြင်း သည် မငြိမ်းသေး၊ ဆွမ်းစားခြင်းကြောင့်ဖြစ်သော ပင်ပန်းခြင်းသည်လည်း မငြိမ်းသေး၊ ထို့ကြောင့် ထိုအခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်အခါမဟုတ်။

ငါ့သျှင် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ညနေချမ်းအခါ ကိန်းအောင်းရာမှ ထလျက်ကျောင်းရိပ်၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားကာ (ကမ္မဋ္ဌာန်းသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေသော အခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ အခါပင်တည်း''ဟု (ဆို၏)။

ဤသို့ဆိုသော် ရဟန်းတစ်ပါးသည် ထို (ဒုတိယပြောသော) ရဟန်းအား ဤစကားကို ဆို၏။

''ငါ့သျှင် ထိုအခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်အခါမဟုတ်။

ငါ့သျှင် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ညနေချမ်းအခါ ကိန်းအောင်းရာမှ ထလျက့်ကျောင်းရိပ်၌ ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားကာ (ကမ္မဋ္ဌာန်းသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေသော အခါဝယ် နေ့အခါက နှလုံးသွင်းခဲ့သော သမာဓိနိမိတ်သည်ပင်လျှင် ထိုရဟန်းအားကြိမ်ဖန်များစွာ ဖြစ်ပေါ်လာတတ်၏၊ ထို့ကြောင့် ထိုအခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအားဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါမဟုတ်။

''ငါ့သျှင် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ညဉ့်၏ မိုးသောက်ယံ၌ ထပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားကာ (ကမ္မဋ္ဌာန်းသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေသော အခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါပင်တည်း''ဟု (ဆို၏)။

ဤသို့ ဆိုသော် ရဟန်းတစ်ပါးသည် ထို (တတိယပြောသော) ရဟန်းအား ဤစကားကို ဆို၏ -

''ငါ့သျှင် ထိုအခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါမဟုတ်။

ငါ့သျှင် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ညဉ့်၏ မိုးသောက်ယံ၌ ထပြီးလျှင် ထက်ဝယ်ဖွဲ့ခွေ၍ ကိုယ်ကို ဖြောင့်မတ်စွာ ထားကာ (ကမ္မဋ္ဌာန်းသို့) ရှေးရှုသတိကို ဖြစ်စေလျက် ထိုင်နေသောအခါ၌ ထိုရဟန်း၏ ကိုယ်သည် ဩဇာဖြင့် တည်၏၊ ထိုရဟန်းအား မြတ်စွာဘုရားတို့၏ အဆုံးအမတော်ကိုနှလုံးသွင်းရန် ချမ်းသာ၏။

ထို့ကြောင့် ထိုအခါသည် စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်အခါမဟုတ်''ဟု (ဆို၏)။

ဤသို့ ဆိုသော် အသျှင်မဟာကစ္စည်းသည် မထေရ်ရဟန်းတို့ကို ဤသို့ မိန့်ဆို၏-

ငါ့သျှင်တို့ ငါသည် ဤအကြောင်းကို မြတ်စွာဘုရား မျက်မှောက်တော်မှ နာကြားလိုက်ရ၏၊ မြတ်စွာဘုရား မျက်မှောက်တော်မှ ခံယူလိုက်ရ၏။

''ရဟန်း စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမျှော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည်ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

ရဟန်း ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု 'ကာမရာဂ' ထကြွသောင်း ကျန်း၍ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေလျက် ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်း မှန်စွာ မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသို့ ချဉ်းကပ်၍ ဤသို့ပြောဆိုအပ်၏ -

'ငါ့သျှင် အကျွန်ုပ်သည် ကာမဂုဏ်တို့ကို စွဲမက်မှု 'ကာမရာဂ' ထကြွသောင်းကျန်း၍ ကာမရာဂနှိပ်စက်သော စိတ်ဖြင့် နေရပါ၏၊ ဖြစ်ပေါ်လာသော ကာမရာဂမှ ထွက်မြောက်ကြောင်းကိုလည်းဟုတ်တိုင်းမှန်စွာ မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား ကာမရာဂကို ပယ်ရန် တရားဟောတော်မူပါ'ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် ကာမဂုဏ်တို့ကို စွဲမက်မှု'ကာမရာဂ'ကိုပယ်ရန် တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်ပဌမအခါပင်တည်း။

ရဟန်း နောက်တစ်မျိုးကား ရဟန်းသည် ပျက်စီးစေလိုမှု'ဗျာပါဒ' ထကြွသောင်းကျန်း၍ ဗျာပါဒနှိပ်စက်သော စိတ်ဖြင့် နေလျက်။ပ။

လေးလံထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ' ထကြွ သောင်းကျန်း၍ ထိနမိဒ္ဓနှိပ်စက်သော စိတ်ဖြင့် နေလျက်။ပ။

ပျံလွင့်မှု နောင်တပူပန်မှု 'ဥဒ္ဓစ္စ ကုက္ကုစ္စ' ထကြွသောင်းကျန်း၍ ဥဒ္ဓစ္စကုက္ကုစ္စ နှိပ်စက်သော စိတ်ဖြင့်နေလျက်။ပ။

မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' ထကြွသောင်းကျန်း၍ ဝိစိကိစ္ဆာနှိပ်စက်သော စိတ်ဖြင့် နေလျက်။ပ။

အကြင်အာရုံနိမိတ်ကို အစွဲပြု၍ အကြင်အာရုံနိမိတ်ကို နှလုံးသွင်းသော ရဟန်းအား အန္တရာယ်မရှိသဖြင့် အာသဝေါတရားကုန်ခန်း၏၊ ထိုအာရုံနိမိတ်ကို မသိသောအခါ၌ စိတ်နှလုံးကို ပွါးစေတတ်သောရဟန်းသို့ ချဉ်းကပ်၍ ပြောဆိုအပ်၏။

'ငါ့သျှင် အကျွန်ုပ်သည် အကြင်အာရုံနိမိတ်ကို အစွဲပြု၍ အကြင်အာရုံ နိမိတ်ကို နှလုံးသွင်းသူအားအန္တရာယ်မရှိသဖြင့် အာသဝေါတရားကုန်ခန်း၏၊ ထိုအာရုံနိမိတ်ကို မသိပါ၊ တောင်းပန်ပါ၏၊ အသျှင်သည် အကျွန်ုပ်အား အာသဝေါတရားတို့ကုန်ခန်းရန် တရားဟောတော်မူပါ'ဟု (ပြောဆိုအပ်၏)။

ထိုရဟန်းအား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းသည် အာသဝေါတရားတို့ကုန်ခန်းရန်တရားဟော၏။

ရဟန်း ဤသည်ကား စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန်ဆဋ္ဌအခါပင်တည်း။

ငါ့သျှင်တို့ ငါသည် ဤအကြောင်းကို မြတ်စွာဘုရား မျက်မှောက်တော်မှ နာကြားလိုက်ရ၏၊ မြတ်စွာဘုရား မျက်မှောက်တော်မှ ခံယူလိုက်ရ၏။

ရဟန်းတို့ စိတ်နှလုံးကို ပွါးစေတတ်သော ရဟန်းအား ဖူးမြော်ခြင်းငှါ ချဉ်းကပ်ရန် အခါတို့သည်ဤခြောက်မျိုးတို့တည်း''ဟု (နာကြားလိုက်ရ၏၊ ခံယူလိုက်ရ၏ဟု မိန့်ဆို၏)။

အဋ္ဌမသုတ်။

------

၉-ဥဒါယီသုတ်

၂၉။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီကို ''ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သောအကြောင်းတို့သည် အဘယ်မျှရှိကုန်သနည်း''ဟု မေးတော်မူ၏။

ဤသို့ မေးတော်မူသည်ရှိသော် အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏၊ မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်အောင်လည်း ''ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည်အဘယ်မျှရှိကုန်သနည်း''ဟု မေးတော်မူ၏၊ နှစ်ကြိမ်တိုင်အောင်လည်း အသျှင်ဥဒါယီသည် ဆိတ်ဆိတ်နေ၏။

မြတ်စွာဘုရားသည် သုံးကြိမ်တိုင်အောင်လည်း ''ဥဒါယီ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှရှိကုန်သနည်း''ဟု မေးတော်မူ၏၊ သုံးကြိမ်တိုင်အောင်လည်း အသျှင်ဥဒါယီသည်ဆိတ်ဆိတ်နေ၏။

ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်ဥဒါယီအား -

''ငါ့သျှင် ဥဒါယီ သင့်ကို မြတ်စွာဘုရား မေးမြန်းတော်မူ၏''ဟု ဆို၏။

ငါ့သျှင်အာနန္ဒာ ငါသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားပါ၏။

အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန်အောက်မေ့၏။

ဤသည်ကား အဘယ်နည်း -

တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အဖန်ဖန် အောက်မေ့၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်းဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို ''အာနန္ဒာ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ဤဥဒါယီသည် လွန်မြတ်သော (သမာဓိ, ဝိပဿနာနှင့်ယှဉ်သော) စိတ်ကို အားထုတ်လျက် မနေသူဟု့ငါသိ၏''ဟူ၍ မိန့်တော်မူ၏။

အာနန္ဒာ အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် အဘယ်မျှရှိသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းတို့သည် ငါးမျိုးရှိပါကုန်၏။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ တတိယဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် မျက်မှောက်၌ ချမ်းသာစွာ နေရန်ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် အာလောကသညာ 'အလင်းရောင်ဟူသောအမှတ်' ကိုနှလုံးသွင်း၏၊ နေ့ဟူသော အမှတ်ကို ဆောက်တည်၏၊ နေ့အခါကဲ့သို့ ညဉ့်အခါ၌ ဖြစ်၏၊ ညဉ့်အခါကဲ့သို့ နေ့အခါ၌ ဖြစ်၏၊ ဤသို့ ဟင်းလင်းပွင့်၍ (နီဝရဏ) မမြှေးယှက်သော စိတ်ဖြင့် အရောင်အလင်းနှင့်တကွ စိတ်ကို ပွါး၏။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများ အပ်ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် (ဒိဗ္ဗစက္ခု) ဉာဏ်အမြင်ကို ရရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် ခြေဖဝါးမှအထက် ဆံပင်ဖျားမှအောက် ထက်ဝန်း ကျင်အရေပါးအဆုံးရှိသော မစင်ကြယ်သည့် အရာအမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိသော ဤကိုယ်ခန္ဓာကိုပင်စူးစိုက်ဆင်ခြင်၏။

''ဤကိုယ်ခန္ဓာ၌ ဆံပင်၊ အမွေး၊ ခြေသည်းလက်သည်း၊ သွား၊ အရေ + အသား၊ အကြော၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှို ့ + နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုပ် + အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ (ဦးနှောက်) + သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ + မျက်ရည်၊ ဆီကြည်၊ တံတွေး၊ နှပ်၊ အစေး၊ ကျင်ငယ်သည် ရှိ၏''ဟု (စူးစိုက်ဆင်ခြင်၏)။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အေက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ပွါးများအပ်ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် ကာမ၌ စွဲမက်မှု 'ကာမရာဂ' ကို ပယ်ရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သေ၍ တစ်ရက်ရှိသော သူသေကောင်၊ သေ၍နှစ်ရက်ရှိသော သူသေကောင်၊ သေ၍ သုံးရက်ရှိသော သူသေကောင်၊ ဖူးရောင်နေသော သူသေကောင်၊ ရုပ်အဆင်းပျက်လျက် ညိုမဲနေသော သူသေကောင်၊ ပြည်ကဲ့သို့ စက်ဆုပ်ဖွယ် အပုပ်ရည်ယိုစီးသောသင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင် ''ဤငါ၏ကိုယ်သည်လည်း ဤသို့သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

ဥပမာတစ်မျိုးသော်ကား ကျီးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော စွန်ရဲတို့ ခဲစားအပ်သည်မူလည်းဖြစ်သော လင်းတတို့ ခဲစားအပ်သည်မူလည်းဖြစ်သော ခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သောမြေခွေးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော ပိုးအမျိုးမျိုးတို့ ခဲစားအပ်သည်မူလည်းဖြစ်သော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို မြင်ရာသကဲ့သို့၊ ထိုရဟန်းသည် ဤကိုယ်ကိုပင်လျှင် ''ဤငါ၏ ကိုယ်သည်လည်း ဤသို့သဘော ရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကိုမလွန်ဆန်နိုင်''ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

ဥပမာတစ်မျိုးသော်ကား ရဟန်းသည် အသားအသွေးရှိသေးသော အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသားကင်း၍ သွေးတို့ဖြင့်ပေကျံလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသော သင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ အသွေးအသားကင်းလျက် အကြောတို့ဖြင့် ဖွဲ့ထား၍ အရိုးဆက်လျက် ရှိသေးသောသင်းချိုင်း၌ စွန့်ပစ်ထားသော သူသေကောင်ကို။ပ။ တစ်နေရာ၌ လက်ရိုး တစ်နေရာ၌ ခြေရိုးတစ်နေရာ၌ ခြေဖမျက်ရိုး တစ်နေရာ၌ မြင်းခေါင်းရိုး တစ်နေရာ၌ ပေါင်ရိုး တစ်နေရာ၌ ခါးရိုးတစ်နေရာ၌ နံရိုး တစ် နေရာ၌ ကျောက်ကုန်းရိုး တစ်နေရာ၌ ပခုံးရိုး တစ်နေရာ၌ လည်ပင်းရိုးတစ်နေရာ၌ မေးရိုးတစ်နေရာ၌ သွားရိုး တစ်နေရာ၌ ဦးခေါင်းခွံအားဖြင့် ဖွဲ့ခြင်းကင်းကုန်လျက်ထိုထိုအရပ်တို့၌ ကြဲပြန့်နေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ခရုသင်းအဆင်းနှင့်အတူဖြူဖွေးနေကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့၊ နှစ်လွန်လျက် စုပုံနေသော အရိုးတို့ကို မြင်ရာသကဲ့သို့၊ ဆွေးမြည့်လျက် အမှုန့်ဖြစ်ကုန်သော အရိုးတို့ကို မြင်ရာသကဲ့သို့ ထိုရဟန်းသည် ဤကိုယ်ကို ပင်လျှင်''ဤ ငါ၏ ကိုယ်သည်လည်း ဤသို့သဘောရှိ၏၊ ဤသို့သော သဘောဖြစ်လိမ့်မည်သာတည်း၊ ဤသို့သော သဘောကို မလွန်ဆန်နိုင်''ဟု ဤသို့ နှိုင်းစာ၍ ရှု၏။

အသျှင်ဘုရား ဤသည်ကား အဖန်ဖန်အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် ငါတကားဟု ထောင်လွှားသော မာနကို ပယ်ရန် ဖြစ်ပါ၏။

အသျှင်ဘုရား နောက်တစ်မျိုးကား ရဟန်းသည် သုခဝေဒနာကိုလည်း ပယ်ခြင်းကြောင့်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ အသျှင်ဘုရား ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပါတည်း၊ ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် များစွာသော စိတ်တို့ကို ထိုးထွင်း၍သိရန်ဖြစ်ပါ၏၊ အသျှင်ဘုရား ဤသည်တို့ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းငါးမျိုးတို့ပါတည်းဟု (လျှောက်၏)။

အာနန္ဒာ ကောင်းပေစွ၊ ကောင်းပေစွ၊ အာနန္ဒာသို့ဖြစ်လျှင် သင်သည် ဤခြောက်ခုမြောက် ဖြစ်သောအဖန်ဖန် အောက်မေ့အပ်သော အကြောင်းကိုလည်း မှတ်လေဦးလော့။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် သတိရှိသည်ဖြစ်၍သာလျှင် ရှေ့သို့ တက်၏၊ သတိရှိ သည်ဖြစ်၍သာလျှင် နောက်သို့ ဆုတ်၏၊ သတိရှိသည်ဖြစ်၍သာလျှင် ရပ်၏၊ သတိရှိသည်ဖြစ်၍သာလျှင်ထိုင်၏၊ သတိရှိသည်ဖြစ်၍သာလျှင် အိပ်၏၊ သတိရှိသည်ဖြစ်၍သာလျှင် အမှုကို ဆောက်တည်၏၊ အာနန္ဒာ ဤသည်ကား အဖန်ဖန် အောက်မေ့အပ်သော အကြောင်းပင်တည်း၊ ဤသို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် သတိရှိရန် အဆင်ခြင်ဉာဏ်ရှိရန် ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-အနုတ္တရိယသုတ်

၃၀။ ရဟန်းတို့ အမြတ်ဆုံးတရားတို့သည် ဤခြောက်မျိုးတို့တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

အမြတ်ဆုံး အမြင်။

အမြတ်ဆုံး အကြား။

အမြတ်ဆုံး လာဘ်။

အမြတ်ဆုံး သိက္ခာ။

အမြတ်ဆုံး လုပ်ကျွေးမှု။

အမြတ်ဆုံး အောက်မေ့မှုတို့တည်း။

ရဟန်းတို့ အမြတ်ဆုံး အမြင်မျိုးဟူသည် အဘယ်သို့ ဖြစ်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သော သူသည် ဆင်ရတနာကိုလည်း ကြည့်ရှုရန် သွား၏၊ မြင်းရတနာကိုလည်း ကြည့်ရှုရန် သွား၏၊ ပတ္တမြားရတနာကိုလည်း ကြည့်ရှုရန် သွား၏၊ အမြတ့်အယုတ်ကိုမူလည်း ကြည့်ရှုရန် သွား၏၊ မှားသောအယူ မှားသောအကျင့်ရှိသော သမဏကိုဖြစ်စေဗြာဟ္မဏကိုဖြစ်စေ ကြည့်ရှုရန် သွား၏၊ ရဟန်းတို့ ဤအမြင်သည် ရှိ၏၊ ဤအမြင်မျိုးကို မရှိဟူ၍ငါမဆို။ ရဟန်းတို့ ထို (ဆင်ရတနာစသည်ကို) မြင်ရခြင်းသည် ယုတ်သော အမြင်ပင်တည်း၊ ရွာနေသူတို့၏ အမြင်ပင်တည်း၊ ပုထုဇဉ်တို့၏ အမြင်ပင်တည်း၊ အရိယာ မဟုတ်သူတို့၏ အမြင်ပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန်မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော သဒ္ဓါ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကို ဖြစ်စေ ဖူးမြော်ရန် သွား၏။

ရဟန်းတို့ သက်ဝင်သော သဒ္ဓါ သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကိုဖြစ်စေအကြင်ဖူးမြော်ရန် သွား၏။ (ထိုသူ၏) ဤဖူးမြော်ရခြင်းမျိုးသည် သတ္တဝါတို့၏ ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး အမြင်ဖြစ်၏။

ရဟန်းတို့ ဤအမြင်ကို အမြတ်ဆုံး အမြင်ဟူ၍ ဆိုအပ်၏၊ ဤသည်ကား အမြတ်ဆုံး အမြင်တည်း။

အမြတ်ဆုံး အကြားမျိုးဟူသည် အဘယ်သို့ ဖြစ်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် စည်တီးသံကိုလည်း ကြားရန် သွား၏၊စောင်းသံကိုလည်း ကြားရန် သွား၏၊ သီချင်းဆိုသံကိုလည်း ကြားရန် သွား၏၊ မြတ်သောအသံ ယုတ်သော အသံတို့ကိုလည်း ကြားရန် သွား၏၊ မှားသောအယူ မှားသောအကျင့်ရှိသော သမဏ၏လည်းကောင်း၊ ဗြာဟ္မဏ၏လည်းကောင်း တရားကိုလည်း ကြားရန် သွား၏၊ ရဟန်းတို့ ဤကြားခြင်းမျိုးသည် ရှိ၏၊ ဤသို့ကြားခြင်းမျိုးကို မရှိဟူ၍ ငါမဆို၊ ရဟန်းတို့ ထိုသို့သော ကြားခြင်းမျိုးသည် ယုတ်သော အကြားတည်း၊ ရွာနေသူတို့၏ အကြားပင်တည်း၊ ပုထုဇဉ်တို့၏ အကြားပင်တည်း၊ အရိယာမဟုတ်သူတို့၏အကြားပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍သိရန် မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၏လည်းကောင်း၊ မြတ်စွာဘုရား တပည့်သာဝက၏လည်းကောင်း တရားတော်ကို ကြားနာရန် သွား၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၏လည်းကောင်း၊ မြတ်စွာဘုရား တပည့်သာဝက၏လည်းကောင်း တရားတော်ကို အကြင် ကြားနာရန် သွား၏၊ (ထိုသူ၏) ဤအကြားမျိုးသည်သတ္တဝါတို့၏ ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး အကြားဖြစ်၏။

ရဟန်းတို့ ဤအကြားကို အမြတ်ဆုံးအကြားဟူ၍ ဆိုအပ်၏၊ ဤသည်ကား အမြတ်ဆုံးအမြင်အမြတ်ဆုံး အကြားပေတည်း။

အမြတ်ဆုံး လာဘ်ဟူသည် အဘယ်သို့ ဖြစ်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သားလာဘ်ကိုလည်း ရ၏၊ မယားလာဘ်ကိုလည်း ရ၏၊ ဥစ္စာလာဘ်ကိုလည်း ရ၏၊ မြတ်သောလာဘ် ယုတ်သောလာဘ်ကိုလည်း ရ၏၊ မှားသောအယူ မှား သောအကျင့်ရှိသော သမဏ၌ ဖြစ်စေ ဗြာဟ္မဏ၌ ဖြစ်စေ ယုံကြည်မှု 'သဒ္ဓါ'ကို ရ၏၊ ရဟန်းတို့ ဤလာဘ်မျိုးသည် ရှိ၏၊ ဤလာဘ်မျိုးကို မရှိဟူ၍ ငါမဆို၊ ရဟန်းတို့ ဤလာဘ်မျိုးသည် ယုတ်သောလာဘ်တည်း၊ ရွာနေသူတို့၏ လာဘ်ပင်တည်း၊ ပုထုဇဉ်တို့၏ လာဘ်ပင်တည်း၊ အရိယာမဟုတ်သူတို့၏လာဘ်ပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန် မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၌ ဖြစ်စေ မြတ်စွာဘုရား၏တပည့်သာဝက၌ ဖြစ်စေ ယုံကြည်မှု 'သဒ္ဓါ' တရားကို ရ၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား၌ ဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝက၌ ဖြစ်စေ အကြင်ယုံကြည်မှု 'သဒ္ဓါ' တရားကို ရ၏။ (ထိုသူ၏) ဤလာဘ်မျိုးသည် သတ္တဝါတို့၏ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး လာဘ်ဖြစ်၏။

ရဟန်းတို့ ဤလာဘ်ကို အမြတ်ဆုံးလာဘ်ဟူ၍ ဆိုအပ်၏။ ဤသည်ကား အမြတ်ဆုံးအမြင်အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ်ပေတည်း။

အမြတ်ဆုံး သိက္ခာဟူသည် အဘယ်သို့ ဖြစ်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ဆင်စီးအတတ်ကိုလည်း သင်ယူ၏၊ မြင်းစီးအတတ်ကိုလည်း သင်ယူ၏၊ ရထားစီးအတတ်ကိုလည်း သင်ယူ၏၊ လေးပစ်အတတ်ကိုလည်း သင်ယူ၏၊ မြတ်သောအတတ် ယုတ်သောအတတ်ကိုလည်း သင်ယူ၏၊ မှားသောအယူ မှားသောအကျင့်ရှိသော သမဏ၏လည်းကောင်း၊ ဗြာဟ္မဏ၏လည်းကောင်း မှားသော အကျင့်ကို သင်ယူ၏။ ရဟန်းတို့ ဤသင်ယူမှုမျိုးသည်ရှိ၏၊ ဤသင်ယူမှုမျိုးကို် မရှိဟူ၍ ငါမဆို။

ရဟန်းတို့ ဤသို့သဘောရှိသော သင်ယူမှုမျိုးသည် ယုတ်သော သင်ယူမှုပင်တည်း၊ ရွာသူတို့၏သင်ယူမှုပင်တည်း၊ ပုထုဇဉ်တို့၏ သင်ယူမှုပင်တည်း၊ အရိယာမဟုတ်သူတို့၏ သင်ယူမှုပင်တည်း၊ အကျိုး စီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည် ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန်မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ 'သာသနာ'၌ လွန်ကဲသော သီလကိုလည်း သင်ယူ၏၊ လွန်ကဲသော သမာဓိကိုလည်း သင်ယူ၏၊ လွန်ကဲသော ပညာကိုလည်း သင်ယူ၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဓမ္မဝိနယ'သာသနာ'၌ လွန်ကဲသော သီလကိုလည်း အကြင်သင်ယူ၏၊ လွန်ကဲသော သမာဓိကိုလည်း အကြင်သင်ယူ၏၊ လွန်ကဲသော ပညာကိုလည်း အကြင်သင်ယူ၏၊ (ထိုသူ၏) ဤသင်ယူမှုမျိုးသည် သတ္တဝါတို့၏ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး သင်ယူမှုဖြစ်၏။

ရဟန်းတို့ ဤသင်ယူမှုကို အမြတ်ဆုံးသိက္ခာဟူ၍ ဆိုအပ်၏။

ဤသည်ကား အမြတ်ဆုံးအမြင် အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ် အမြတ်ဆုံးသိက္ခာပင်တည်း။

အမြတ်ဆုံးလုပ်ကျွေးမှုမျိုးသည် အဘယ်သို့ ဖြစ်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် မင်းကိုလည်း လုပ်ကျွေး၏၊ ပုဏ္ဏားကိုလည်း လုပ်ကျွေး၏၊ သူဌေးသူကြွယ်ကိုလည်း လုပ်ကျွေး၏၊ မြတ်သောသူ ယုတ်သောသူကိုလည်း လုပ်ကျွေး၏၊ မှားသောအယူမှားသောအကျင့်ရှိသော သမဏကိုဖြစ်စေ ဗြာဟ္မဏကိုဖြစ်စေ လုပ်ကျွေး၏၊ ရဟန်းတို့ ဤလုပ်ကျွေးမှုမျိုးသည် ရှိ၏၊ ဤလုပ်ကျွေးမှုမျိုးကို မရှိဟူ၍ ငါမဆို။

ရဟန်းတို့ ဤသို့သဘောရှိသော လုပ်ကျွေးမှုသည် ယုတ်ညံ့သော လုပ်ကျွေးမှုပင်တည်း၊ ရွာသူတို့၏လုပ်ကျွေးမှုပင်တည်း၊ ပုထုဇဉ်တို့၏ လုပ်ကျွေးမှုပင်တည်း၊ အရိယာမဟုတ်သူတို့၏ လုပ်ကျွေးမှုပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်။ပ။ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏တပည့်သာဝကကိုဖြစ်စေ လုပ်ကျွေး၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ်မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကိုဖြစ်စေ အကြင် လုပ်ကျွေး၏။ ထိုသူ၏ ဤလုပ်ကျွေးမှုမျိုးသည် သတ္တဝါတို့၏ ကိလေသာမှစင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံး လုပ်ကျွေးမှုဖြစ်၏။

ရဟန်းတို့ ဤလုပ်ကျွေးမှုကို အမြတ်ဆုံးလုပ်ကျွေးမှုဟူ၍ ဆိုအပ်၏။

ဤသည်ကား အမြတ်ဆုံးအမြင် အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ် အမြတ်ဆုံးသိက္ခာ အမြတ်ဆုံးလုပ်ကျွေးမှုပင်တည်း။

အမြတ်ဆုံးအောက်မေ့မှုသည် အဘယ်သို့ ဖြစ်သနည်း -

ရဟန်းတို့ ဤလောက၌ အချို့သောသူသည် သားသမီးရမှုကိုလည်း အဖန်ဖန် အောက်မေ့၏၊ မယားရမှုကိုလည်း အဖန်ဖန် အောက်မေ့၏၊ ဥစ္စာရမှုကိုလည်း အဖန်ဖန် အောက်မေ့၏၊ မြတ်သောလာဘ် ယုတ်သော လာဘ်ကိုလည်း အဖန်ဖန် အောက်မေ့၏၊ မှားသော အယူ မှားသောအကျင့်ရှိသော သမဏ ကိုဖြစ်စေ ဗြာဟ္မဏကိုဖြစ်စေ အဖန်ဖန် အောက်မေ့၏။ ရဟန်းတို့ ဤသို့သောအဖန်ဖန် အောက်မေ့မှု မျိုးသည် ရှိ၏၊ ဤအောက်မေ့မှုမျိုးကို မရှိဟူ၍ ငါမဆို။

ရဟန်းတို့ ဤသို့သဘောရှိသော အောက်မေ့မှုမျိုးသည် ယုတ်သော အောက်မေ့မှုပင်တည်း၊ ရွာသူတို့၏ အောက်မေ့မှုပင်တည်း၊ ပုထုဇဉ်တို့၏ အောက်မေ့မှုပင်တည်း၊ အရိယာမဟုတ်သူတို့၏ အောက်မေ့မှုပင်တည်း၊ အကျိုးစီးပွါးနှင့် မစပ်၊ (ဝဋ်ဒုက္ခ၌ ) ငြီးငွေ့ရန် မဖြစ်၊ ရာဂကင်းရန် မဖြစ်၊ ရာဂစသည်ချုပ်ရန် မဖြစ်၊ ငြိမ်းချမ်းရန် မဖြစ်၊ ထူးသော ဉာဏ်ဖြင့် သိရန် မဖြစ်၊ (သစ္စာလေးပါးတရားကို) ထိုးထွင်း၍ သိရန် မဖြစ်၊ နိဗ္ဗာန်အကျိုးငှါ မဖြစ်။

ရဟန်းတို့ အကြင်သူသည်ကား သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည် ဖြစ်၍စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏တပည့်သာဝကကိုဖြစ်စေ အဖန်ဖန် အောက်မေ့၏။

ရဟန်းတို့ သက်ဝင်သော ယုံကြည်မှု 'သဒ္ဓါ' သက်ဝင်သော ချစ်ခြင်းရှိသည်ဖြစ်၍ စင်စစ် မတုန်မလှုပ်ခြင်းသို့ ရောက်ကာ အလွန်ကြည်ညိုလျက် မြတ်စွာဘုရားကိုဖြစ်စေ မြတ်စွာဘုရား၏ တပည့်သာဝကကိုဖြစ်စေ အကြင် အဖန်တလဲလဲ အောက်မေ့၏၊ (ထိုသူ၏) ဤအောက်မေ့မှုမျိုးသည့်သတ္တဝါတို့ ၏ ကိလေသာမှ စင်ကြယ်ရန်၊ ပူဆွေးမှု ငိုကြွေးမှုတို့ကို လွန်မြောက်ရန်၊ ဆင်းရဲခြင်းနှလုံးမသာခြင်း တို့၏ ချုပ်ရန်၊ မဂ်ဉာဏ်ကို ရရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အမြတ်ဆုံးအောက်မေ့မှုဖြစ်၏။

ရဟန်းတို့ ဤအောက်မေ့မှုကို အမြတ်ဆုံး အောက်မေ့မှုဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဤသည်တို့ကား အမြတ်ဆုံး တရားခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အကြင်သူတို့သည် အမြတ်ဆုံးအမြင် အမြတ်ဆုံးအကြား အမြတ်ဆုံးလာဘ်ကို ရသည် ဖြစ်၍အမြတ်ဆုံးသင်ယူမှု၌ မွေ့လျော်ပြီးလျှင် အမြတ်ဆုံးလုပ်ကျွေးမှု၌ တည်လျက် ဆိတ်ငြိမ်ခြင်း 'ဝိဝေက'နှင့်ယှဉ်သော ဘေးကင်း၍ မသေရာ (နိဗ္ဗာန်)သို့ ရောက်စေတတ်သည့် အမြတ်ဆုံးအောက်မေ့မှုကိုပွါးများကုန်၏။ ထိုသူတို့သည် မမေ့မလျော့မှု၌ ဝမ်းမြောက်ကုန် ရင့်ကျက်သော ပညာရှိကုန် သီလကိုစောင့်ရှောက်ကုန်သည်ဖြစ်၍ စင်စစ် ဆင်းရဲဒုက္ခချုပ်ရာ နိဗ္ဗာန်ကို လျောက် ပတ်သော အခါ၌ သိကြလေကုန်သတည်း။

ဒသမသုတ်။

သုံးခုမြောက် အနုတ္တရိယဝဂ် ပြီး၏။

------

၄-ဒေဝတာဝဂ် ၁-သေခသုတ်

၃၁။ ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

အမှုသစ်၌ မွေ့လျော်ခြင်း။

စကားပြောမှု၌ မွေ့လျော်ခြင်း။

အိပ်မှု၌ မွေ့လျော်ခြင်း။

အပေါင်းအဖော်၌ မွေ့လျော်ခြင်း။

ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားခြင်း။

စားဖွယ်၌ အတိုင်းအရှည် မသိခြင်းတို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

အမှုသစ်၌ မမွေ့လျော်ခြင်း။

စကားပြောမှု၌ မမွေ့လျော်ခြင်း။

အိပ်မှု၌ မမွေ့လျော်ခြင်း။

အပေါင်းအဖော်၌ မမွေ့လျော်ခြင်း။

ဣန္ဒြေတို့၌ တံခါးပိတ်ထားခြင်း။

စားဖွယ်၌ အတိုင်းအရှည်ကို သိခြင်းတို့တည်း။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ပဌမ အပရိဟာနသုတ်

၃၂။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေလျက်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက်ဤစကားကို လျှောက်ထား၏။

အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

မြတ်စွာဘုရား၌ ရိုသေခြင်း။

တရား၌ ရိုသေခြင်း။

သံဃာ၌ ရိုသေခြင်း။

အကျင့် 'သိက္ခာ'၌ ရိုသေခြင်း။

မမေ့မလျော့မှု၌ ရိုသေခြင်း။

အစေ့အစပ်ပြုမှု၌ ရိုသေခြင်း တို့ပါတည်း။

အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု (လျှောက်၏)။

ထိုနတ်သားသည် ဤစကားကို လျှောက်၏၊ မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏။

ထိုအခါ ထိုနတ်သားသည် ''ငါ၏ (စကားကို) မြတ်စွာဘုရား နှစ်သက်လိုက်လျောတော်မူ၏''ဟု သိ၍မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုအရပ်၌ပင် ပျောက်ကွယ်လေ၏။

မြတ်စွာဘုရားသည် ထိုညဉ့်လွန်သောအခါ ရဟန်းတို့ကို-

''ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါအလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေလျက်ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် ငါ့အား ဤစကားကို လျှောက်၏ -

အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

မြတ်စွာဘုရား၌ ရိုသေခြင်း။

တရား၌ ရိုသေခြင်း။

သံဃာ၌ ရိုသေခြင်း။

အကျင့် 'သိက္ခာ'၌ ရိုသေခြင်း။

မမေ့မလျော့မှု 'အပ္ပမာဒ'၌ ရိုသေခြင်း။

အစေ့အစပ်ပြုမှု 'ပဋိသန္ထာရ'၌ ရိုသေခြင်း တို့ပါတည်း။

အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု (လျှောက်၏)။

ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်၏''ဟု (မိန့်တော်မူ၏)။

ဘုရား၌ ရိုသေခြင်းရှိသော၊ တရား၌ ရိုသေခြင်းရှိသော၊ သံဃာ၌လည်း ထက် သန်စွာရိုသေခြင်းရှိသော၊ မမေ့မလျော့ခြင်း၌ ရိုသေခြင်းရှိသော၊ အစေ့အစပ်ပြု ခြင်း၌ ရိုသေခြင်းရှိသော ရဟန်းသည် ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်၏ အနီး၌ သာလျှင် ဖြစ်၏။

ဒုတိယသုတ်။

------

၃-ဒုတိယ အပရိဟာနသုတ်

၃၃။ ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ ့အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းတောက်ပစေလျက်ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက် ငါ့အား ဤစကားကို လျှောက်၏ -

''အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

မြတ်စွာဘုရား၌ ရိုသေခြင်း။

တရား၌ ရိုသေခြင်း။

သံဃာ၌ ရိုသေခြင်း။

အကျင့် 'သိက္ခာ'၌ ရိုသေခြင်း။

ရှက်မှု 'ဟိရီ'၌ ရိုသေခြင်း။

ကြောက်လန့်မှု 'ဩတ္တပ္ပ'၌ ရိုသေခြင်း တို့ပါတည်း။

အသျှင်ဘုရား ဤတရားခြောက်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏''ဟု (လျှောက်၏)။

ရဟန်းတို့ ထိုနတ်သားသည် ဤစကားကို လျှောက်၏၊ ဤစကားကို လျှောက်ထားပြီးလျှင် ငါ့ကိုရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်၏''ဟု (မိန့်တော်မူ၏)။

ဘုရား၌ ရိုသေခြင်းရှိသော၊ တရား၌ ရိုသေခြင်းရှိသော၊ သံဃာ၌လည်း ထက် သန်စွာရိုသေခြင်းရှိသော၊ အရှက်အကြောက်နှင့် ပြည့်စုံ၍ တုပ်ဝပ်ခြင်း ရိုသေခြင်း ရှိသော ရဟန်းသည်ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်၏ အနီး၌ သာလျှင် ဖြစ်၏။

တတိယသုတ်။

------

၄-မဟာမောဂ္ဂလ္လာနသုတ်

၃၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်လျက် တစ်ပါးတည်းကိန်းအောင်းတော်မူသော အသျှင်မဟာမောဂ္ဂလာန်အား -

''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု အဘယ်နတ်တို့အား ဤသို့သော အသိဉာဏ်ဖြစ်ပါသနည်းဟူ၍စိတ် အကြံဖြစ်တော်မူ၏။

ထိုအခါ၌ တိဿမည်သော ရဟန်းသည် ယခုပင် ကွယ်လွန်သည်ဖြစ်၍ ဗြဟ္မာ့ဘုံတစ်ခုသို့ ရောက်၏၊ ထိုဗြဟ္မာ့ဘုံ၌လည်း ''တိဿဗြဟ္မာသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏''ဟု ထိုဗြဟ္မာတို့ သိကြကုန်၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်းထို့အတူ ဇေတဝန်ကျောင်းတော်မှ ကွယ်ခဲ့၍ ထိုဗြဟ္မာ့ဘုံ၌ ထင်ရှားဖြစ်လေ၏၊ တိဿဗြဟ္မာသည်အဝေးမှ ကြွလာသော အသျှင်မဟာမောဂ္ဂလာန်ကို မြင်၍ အသျှင်မဟာမောဂ္ဂလာန်အား ဤစကားကိုလျှောက်၏။

''အသျှင်မြတ် မောဂ္ဂလာန် လာပါလော့၊ အသျှင်မြတ် မောဂ္ဂလာန် အသျှင်မြတ်၏ လာခြင်းသည်ကောင်းသော လာခြင်းပါတည်း၊ အသျှင်မြတ် မောဂ္ဂလာန် ဤဗြဟ္မာ့ပြည်သို့ ကြွလာခြင်း၏ အလှည့်ကိုကြာမြင့်မှပင် ပြုဘိ၏၊ အသျှင်မြတ် မောဂ္ဂလာန် ထိုင်တော်မူပါ၊ ဤသည်ကား ခင်းထားပြီးသော နေရာပါတည်း''ဟု (လျှောက်၏)။

အသျှင်မဟာမောဂ္ဂလာန်သည် ခင်းထားသော နေရာ၌ ထိုင်နေ၏။

တိဿဗြဟ္မာသည်လည်း အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေ၏။

တစ်ခုသော နေရာ၌ ထိုင်နေပြီးသော တိဿဗြဟ္မာအား အသျှင်မဟာမောဂ္ဂလာန်သည် -

တိဿ ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု အဘယ်နတ်တို့အား အသိဉာဏ်ဖြစ်ပါသနည်းဟု မေး၏။

အသျှင်မြတ် မောဂ္ဂလာန် စာတုမဟာရာဇ်နတ်တို့အား ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်း သဘောမရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ် သုံးပါးလျှင် လားရာရှိကုန်၏''ဟု ဤသို့အသိဉာဏ်ဖြစ်ပါသည်ဟု (လျှောက်၏)။

တိဿစာတုမဟာရာဇ်နတ်အားလုံးတို့အား ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေ မြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု ဤသို့ အသိဉာဏ်ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မြတ် မောဂ္ဂလာန် ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု စာတုမဟာရာဇ်နတ်အားလုံးတို့အားဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် မပြည့်စုံကြကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့် မပြည့်စုံကုန်သော စာတုမဟာရာဇ်နတ်တို့အား''သောတာပန်ပုဂ္ဂိုလ်တို့ မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု ဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့် ပြည့်စုံကုန်သော စာတုမဟာရာဇ်နတ်တို့အား ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု ဤသို့ အသိဉာဏ် ဖြစ်ပါသည်ဟု (လျှောက်၏)။

တိဿ ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟူ၍ ဤသို့ အသိဉာဏ်သည် စာတုမဟာရာဇ်နတ်တို့အားသာလျှင် ဖြစ်ပါသလော၊ ထိုသို့မဟုတ် တာဝတိံသာနတ်တို့အားလည်း။ပ။ ယာမာနတ်တို့အားလည်း။ပ။ တုသိတာနတ်တို့အားလည်း။ပ။ နိမ္မာနရတိနတ်တို့အားလည်း။ပ။ ပရနိမ္မိတဝသဝတ္တီနတ်တို့အားလည်း ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟူ၍ ဤသို့ အသိဉာဏ်သည် ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မြတ် ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟူ၍ ဤသို့ အသိဉာဏ်သည် ပရနိမ္မိတဝသဝတ္တီနတ်တို့အားလည်း ဖြစ်ပါ၏ဟု (လျှောက်၏)။

တိဿ ပရနိမ္မိတဝသဝတ္တီ္တိနတ် အားလုံးတို့အား ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု ဤသို့အသိဉာဏ်ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မြတ် မောဂ္ဂလာန် ''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု ပရနိမ္မိတဝသဝတ္တီနတ်တို့အားလုံးတို့အား ဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် မပြည့်စုံကြကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့် မပြည့်စုံကုန်သော ပရနိမ္မိတဝသဝတ္တီနတ်တို့အား''သောတာပန်ပုဂ္ဂိုလ်တို့မည်သည် အပါယ်သို့ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ့်သုံးပါးလျှင် လားရာ ရှိကုန်၏''ဟု ဤသို့ အသိဉာဏ် မဖြစ်ပါ။

အသျှင်မြတ် မောဂ္ဂလာန် ဘုရား တရား သံဃာ၌ သက်ဝင်ယုံကြည်ခြင်းနှင့် ပြည့်စုံကုန်သော၊ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်အပ်သည့် သီလတို့နှင့်ပြည့်စုံကုန်သော ပရနိမ္မိတဝသဝတ္တီနတ်တို့အား''သောတာပန်ပုဂ္ဂိုလ်တို့ မည်သည် အပါယ်သို့ ကျခြင်းသဘော မရှိကုန်၊ ကိန်းသေမြဲကုန်၏၊ အထက်မဂ်သုံးပါးလျှင် လားရာရှိကုန်၏''ဟု ဤသို့ အသိဉာဏ် ဖြစ်ပါ၏ဟု (လျှောက်၏)။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် တိဿဗြဟ္မာလျှောက်သော စကားကို အလွန်နှစ်သက်ဝမ်းမြောက်၍ ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကိုဆန့်သကဲ့သို့လည်း ကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်းထို့အတူ သာလျှင် ဗြဟ္မာ့ဘုံမှ ကွယ်ပျောက်ခဲ့၍ ဇေတဝန်ကျောင်းတော်၌ ထင်ရှားဖြစ်လေ၏။

စတုတ္ထသုတ်။

------

၅-ဝိဇ္ဇာဘာဂိယသုတ်

၃၅။ ရဟန်းတို့ အသိဉာဏ် 'ဝိဇ္ဇာ' ၏ အဖို့၌ ဖြစ်ကုန်သော တရားတို့သည် ဤခြောက်မျိုးတို့ တည်း။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

အနိစ္စသညာ၊ အနိစ္စ၌ ဒုက္ခဟုမှတ်ထင်မှု သညာ၊ ဒုက္ခ၌ အနတ္တဟု မှတ်ထင်မှု သညာ၊ ပဟာနသညာ၊ ဝိရာဂသညာ၊ နိရောဓသညာတို့တည်း။

ရဟန်းတို့ အသိဉာဏ် 'ဝိဇ္ဇာ' ၏ အဖို့၌ ဖြစ်ကုန်သော တရားတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဝိဝါဒမူလသုတ်

၃၆။ ရဟန်းတို့ ငြင်းခုံခြင်း၏ အကြောင်းရင်းတို့သည် ဤခြောက်ပါးတို့တည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အမျက်ထွက်တတ်၏၊ ရန်ငြိုးဖွဲ့တတ်၏၊ အမျက်ထွက်တတ် ရန်ငြိုးဖွဲ့တတ်သော ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိသည် ဖြစ်၍နေ၏၊ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှုမရှိသည် ဖြစ်၍ နေ၏၊ သံဃာတော်၌လည်း ရိုသေမှုတုပ်ဝပ်မှုမရှိသည် ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုမရှိ တရားတော်၌ ရိုသေမှု တုပ်ဝပ်မှုမရှိ သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှုမရှိသည်ဖြစ်၍ နေသော အကျင့်သိက္ခာ၌ ဖြည့်ကျင့်လေ့မရှိသော ရဟန်း သည်သံဃာ၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများ အစီးအပွါးမဲ့ရန် လူအများချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို သင်တို့သည် မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ အကယ်၍ မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသောထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လပြုကုန်လော့၊ ရဟန်းတို့ သင်တို့သည် ဤသို့ သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ အကယ်၍မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့မတွေ့မြင်ကုန်သော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကိုနောင် အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကြကုန်လော့။

ဤသို့ ကျင့်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ပယ်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည့်မည်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ကျေးဇူးကို ချေဖျက်တတ်၏၊ အပြိုင်ပြုတတ်၏။ပ။ ငြူစူတတ်၏၊ ဝန်တိုတတ်၏၊ စဉ်းလဲတတ်၏၊ လှည့်ပတ်တတ်၏၊ မကောင်းသော အလိုရှိ၏၊ မှားသောအယူရှိ၏၊ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်၏၊ မိမိအယူကို မြဲစွာ ယူတတ်၏၊ စွန့်လွှတ်နိုင်ခဲ၏။

ရဟန်းတို့ မိမိအယူကို မှားသောအားဖြင့် စွဲလမ်းတတ်သူ မိမိအယူကို မြဲစွာယူတတ်သူ စွန့်လွှတ်နိုင်ခဲသူ ရဟန်းသည် မြတ်စွာဘုရား၌လည်း ရိုသေ တုပ်ဝပ်မှုမရှိ၊ တရားတော်၌လည်း ရိုသေ တုပ်ဝပ်မှုမရှိ၊ သံဃာတော်၌လည်း ရိုသေ တုပ်ဝပ်မှုမရှိသည်ဖြစ်၍ နေ၏၊ အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိ။

ရဟန်းတို့ မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှု မရှိ တရားတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသံဃာတော်၌လည်း ရိုသေမှု တုပ်ဝပ်မှု မရှိသည်ဖြစ်၍နေသော အကျင့်သိက္ခာ၌လည်း ဖြည့်ကျင့်လေ့မရှိသည့် ရဟန်းသည် သံဃာ့ဘောင်၌ ငြင်းခုံခြင်းကို ဖြစ်စေ၏၊ ယင်းငြင်းခုံခြင်းသည် လူအများအစီးအပွါးမဲ့ရန် လူအများ ချမ်းသာမဲ့ရန် ဖြစ်၏၊ နတ်လူတို့ အကျိုးစီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

ရဟန်းတို့ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ၊ အကယ်၍ တွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ တွေ့မြင်ကုန်သော် မကောင်းသောထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်ရန် လုံ့လကို ပြုကုန်လော့။

ရဟန်းတို့ သင်တို့သည် ဤသို့သဘောရှိသော ငြင်းခုံခြင်း၏ အကြောင်းရင်းကို မိမိသန္တာန်၌ ဖြစ်စေ၊ သူတစ်ပါးသန္တာန်၌ ဖြစ်စေ၊ အကယ်၍ မတွေ့မြင်ကုန်ငြားအံ့၊ ထိုသို့ မတွေ့မြင်ကုန်သော် မကောင်းသောထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေရန် ကျင့်ကုန်လော့၊ ဤသို့ ကျင့်ကုန်သည်ရှိသော် မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို ပယ်သည် မည်၏၊ ဤသို့ ပယ်သည်ရှိသော်မကောင်းသော ထိုငြင်းခုံခြင်း၏ အကြောင်းရင်းကို နောင်အခါ၌ မဖြစ်ပွါးစေသည် မည်၏၊ ရဟန်းတို့ငြင်းခုံခြင်း၏ အကြောင်း ရင်းတိုု့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-ဒါန (ဆဠင်္ဂဒါန) သုတ်

၃၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သောဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ ဝေဠုကဏ္ဍကီမြို့နေ နန္ဒမာတာဥပါသိကာမသည် သာရိပုတြာ မောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာ၌ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကိုတည်စေ၏။

မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သောနတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' အဘိညာဉ်မျက်စိဖြင့် သာရိပုတြာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာ၌ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကို တည်စေသော ဝေဠုကဏ္ဍကီမြို့နေ နန္ဒမာတာဥပါသိကာမကိုမြင်တော်မူ၍ ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏ -

''ရဟန်းတို့ ဝေဠုကဏ္ဍကီမြို့နေ ဤနန္ဒမာတာဥပါသိကာမသည် သာရိပုတြာမောဂ္ဂလာန်အမှူးရှိသောရဟန်းသံဃာ၌ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူကို တည်စေ၏။

ရဟန်းတို့ အဘယ်သို့လျှင် အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသောအလှူ ဖြစ်သနည်း။

ရဟန်းတို့ ဤသာသနာတော်၌ ပေးလှူတတ်သူ 'ဒါယကာ' ၏ အဂ င်္ါသုံးပါး၊ အလှူခံပုဂ္ဂိုလ်တို့၏အင်္ဂါသုံးပါးတို့သည် ဖြစ်ကုန်၏။

ပေးလှူတတ်သူ 'ဒါယကာ' ၏ အင်္ဂါသုံးပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ပေးလှူတတ်သူ 'ဒါယကာ'သည် မပေးလှူမီ ဝမ်းမြောက်၏၊ ပေးလှူစဉ်စိတ်ကို ကြည်လင်စေ၏၊ ပေးလှူ ပြီးနောက် နှစ်သက်၏။

ဤသည်တို့ကား ပေးလှူတတ်သူ 'ဒါယကာ' ၏ အင်္ဂါသုံးပါးတို့တည်း။

အလှူခံပုဂ္ဂိုလ်တို့၏ အင်္ဂါသုံးပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ အလှူခံပုဂ္ဂိုလ်တို့သည် တပ်မက်ခြင်း'ရာဂ' ကင်းကုန်၏၊သို့မဟုတ်ရာဂကင်းရန်မူလည်း ကျင့်ကုန်၏။

အမျက်ထွက်ခြင်း 'ဒေါသ' ကင်းကုန်၏၊သို့မဟုတ် ဒေါသကင်းရန်မူလည်း ကျင့်ကုန်၏။

တွေဝေခြင်း 'မောဟ' ကင်းကုန်၏၊သို့မဟုတ် မောဟကင်းရန်မူလည်း ကျင့်ကုန်၏။

ဤသည်တို့ကား ပေးလှူတတ်သူ 'ဒါယကာ' ၏ အင်္ဂါသုံးပါး၊ အလှူခံပုဂ္ဂိုလ်တို့၏ အင်္ဂါသုံးပါးတို့ တည်း။

ရဟန်းတို့ ဤသို့လျှင် အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ ဖြစ်၏။

ရဟန်းတို့ ဤသို့ အင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ၌ ''ဤမျှ အတိုင်းအရှည်ရှိသောကောင်းမှုအထု ကုသိုလ်အယဉ်သည် ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကိုပေးတတ်၏၊ ချမ်းသာကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါမြတ်နိုးဖွယ် အလို့ငှါ အစီးအပွါးအလို့ငှါ ချမ်းသာအလို့ငှါ ဖြစ်၏''ဟူ၍ ကောင်းမှုအတိုင်းအရှည်ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းရှည့်နိုင်သောကောင်းမှုကုသိုလ် အစုကြီးာဟူ၍ သာလျှင် ရေတွက်ခြင်းသို့ ရောက်၏။

ရဟန်းတို့ မဟာသမုဒ္ဒရာ၌ ''ဤမျှလောက် ကွမ်းစားပမာဏရှိ ရေတို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက် ကွမ်းစားအရာပမာဏရှိ ရေတို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက် ကွမ်းစားအထောင်ပမာဏရှိ ရေတို့''ဟူ၍လည်းကောင်း၊ ''ဤမျှလောက် ကွမ်းစားအသိန်းပမာဏရှိ ရေတို့''ဟူ၍လည်းကောင်း ရေ၏ ပမာဏကို ယူခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ရေအစုဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင်ဤအင်္ဂါခြောက်ပါးနှင့် ပြည့်စုံသော အလှူ၌ ''ဤမျှလောက်သော ကောင်းမှုအထု ကုသိုလ်အယဉ်သည်ချမ်းသာကို ဆောင်တတ်၏၊ ကောင်းမြတ်သော အာရုံကို ပေးတတ်၏၊ ချမ်းသာကျိုးရှိ၏၊ နတ်ပြည်၌ ဖြစ်စေတတ်၏၊ အလိုရှိဖွယ်အလို့ငှါ နှစ်သက်ဖွယ်အလို့ငှါ မြတ်နိုးဖွယ်အလို့ငှါ အစီးအပွါးအလို့ငှါချမ်းသာအလို့ငှါ ဖြစ်၏''ဟူ၍ ကောင်းမှု၏ အတိုင်းအရှည်ပမာဏကို ရေတွက်ခြင်းငှါ မလွယ်ကူချေ၊ စင်စစ်သော်ကား မရေတွက်နိုင် မနှိုင်းရှည့်နိုင်သော ကြီးစွာသော ကောင်းမှု ကုသိုလ်အစုဟူ၍သာလျှင်ရေတွက်ခြင်းသို့ ရောက်၏ဟု (မိန့်တော်မူ၏)။

မပေးလှူမီကပင် ဝမ်းမြောက်၏၊ ပေးလှူစဉ် စိတ်ကို ကြည်လင်စေ၏၊ ပေးလှူ ပြီး နောက်၌ နှစ်သက်၏၊ ဤသည်ကား အလှူ၏ ပြည့်စုံခြင်းတည်း။ ရာဂ ဒေါသ မောဟ ကင်းကုန်, အာသဝေါမရှိကုန်, ကိုယ်နှုတ်နှလုံးကိုစောင့်ရှောက်ကုန်, မြတ်သောအကျင့်ကို ကျင့်ကုန်သော ပုဂ္ဂိုလ်တို့သည် အလှူ၏ ပြည့်စုံသော လယ်မြေ မည်၏။ ကိုယ်တိုင် (လက် ခြေ ခံတွင်းတို့ကို) ဆေးကြော၍ မိမိလက်တို့ဖြင့် ပေးလှူသောကြောင့် မိမိ၏ထိုအလှူသည် တမလွန်လောက၌ ကြီးသော အကျိုးရှိ၏။ လျင်သော ဉာဏ်ရှိသော၊ သဒ္ဓါနှင့် ပြည့်စုံသည့် ပညာရှိသည် (လာဘ, မစ္ဆေရ စသည်မှ) လွတ်သောစိတ်ဖြင့် ဤသို့ လှူဒါန်းသောကြောင့် ဆင်းရဲမရှိ ချမ်းသာ သော နတ်ပြည်သို့ ကပ်ရောက်ရလေသတည်း။

သတ္တမသုတ်။

------

၈-အတ္တကာရီသုတ်

၃၈။ ထိုအခါ၌ ပုဏ္ဏားတစ်ယောက်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်မြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဂေါတမ အကျွန်ုပ်သည်ကား 'မိမိပြုအပ်သော ကိစ္စသည် မရှိ၊ သူတစ်ပါး ပြုအပ်သောကိစ္စသည် မရှိ'ဟု ဤသို့ ဆိုလေ့ရှိပါသည်၊ ဤသို့ ယူလေ့ရှိပါသည်''ဟု လျှောက်၏။

ပုဏ္ဏား ငါသည် ဤသို့ဆိုလေ့ရှိသူ ဤသို့ယူလေ့ရှိသူကို မြင်လည်း မမြင်ဖူး၊ ကြားလည်း မကြားဖူး၊ မိမိသည် ရှေ့သို့ တက်ပါလျက် မိမိသည် နောက်သို့ ဆုတ်ပါလျက် အဘယ့်ကြောင့် ''မိမိပြုသောကိစ္စသည် မရှိ၊ သူတစ်ပါးပြုသော ကိစ္စသည် မရှိ''ဟု ဤသို့ ဆိုဘိသနည်း။

ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း။

ရှေးဦးစွာ အားထုတ်မှုသဘော 'အာရဗ ္ဘဓာတ်' သည် ရှိသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရှိပါ၏။

ရှေးဦးစွာ အားထုတ်မှုသဘော 'အာရဗ ္ဘဓာတ်' ရှိလျှင် ရှေးဦးစွာ အားထုတ်မှုသဘော 'အာရဗ ္ဘဓာတ်'နှင့် ပြည့်စုံသော သတ္တဝါတို့သည် ထင်ရှားရှိကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရှိပါ၏။

ပုဏ္ဏား ရှေးဦးစွာ အားထုတ်မှုသဘော 'အာရဗ ္ဘဓာတ်' ရှိလျှင် ရှေးဦးစွာ အားထုတ်မှုသဘော 'အာရဗ ္ဘဓာတ်'နှင့် ပြည့်စုံသော သတ္တဝါတို့သည် ထင်ရှားကုန်၏၊ ဤသည်ပင် သတ္တဝါတို့၏ မိမိပြုသောကိစ္စတည်း၊ ဤသည်ပင် သူတစ်ပါးတို့ ပြုသော ကိစ္စတည်း။

ပုဏ္ဏား ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ (ပျင်းရိခြင်းမှ) ထွက်မြောက်မှုသဘော 'နိက္ကမဓာတ်'သည် ရှိသလော။ပ။

အဆင့်ဆင့် အားထုတ်မှုသဘော 'ပရက္ကမဓာတ်' သည် ရှိသလော။

အားအစွမ်းဟု ဆိုအပ်သော သဘော 'ထာမဓာတ်'သည် ရှိသလော။

တည်ခြင်းသဘော 'ဌိတိဓာတ်'သည် ရှိသလော။

လွန်စွာ အားထုတ်မှုသဘော 'ဥပက္ကမဓာတ်'သည် ရှိသလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ရှိပါ၏။

လွန်စွာ အားထုတ်မှုသဘော 'ဥပက္ကမဓာတ်' ထင်ရှားရှိလျှင် လွန်စွာ အားထုတ်မှုသဘော 'ဥပက္ကမဓာတ်'နှင့် ပြည့်စုံကုန်သော သတ္တဝါတို့သည် ထင်ရှားရှိကုန်သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထင်ရှားရှိပါကုန်၏။

ပုဏ္ဏား လွန်စွာ အားထုတ်မှုသဘော 'ဥပက္ကမဓာတ်'ရှိလျှင် လွန်စွာ အားထုတ်မှုသဘော 'ဥပက္ကမဓာတ်'နှင့် ပြည့်စုံကုန်သော သတ္တဝါတို့ ထင်ရှားကုန်၏၊ ဤသည်ပင် သတ္တဝါတို့၏ မိမိပြုအပ်သောကိစ္စတည်း၊ ဤသည်ပင် သူတစ်ပါးပြုအပ်သော ကိစ္စတည်း။

ပုဏ္ဏား ငါသည် ဤသို့ဆိုလေ့ရှိသူ ဤသို့ယူလေ့ရှိသူကို မြင်လည်း မမြင်ဖူး၊ ကြားလည်း မကြားဖူး၊ မိမိသည် ရှေ့သို့ တက်ပါလျက် မိမိသည် နောက်သို့ ဆုတ်ပါလျက် အဘယ့်ကြောင့် ''မိမိပြုသောကိစ္စသည် မရှိ၊ သူတစ်ပါးပြုသော ကိစ္စသည် မရှိ''ဟု ဤသို့ ဆိုဘိသနည်း။

အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော 'ဥပါသကာ'ဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

အဋ္ဌမသုတ်။

------

၉-နိဒါနသုတ်

၃၉။ ရဟန်းတို့ (ဝဋ်ဆင်းရဲသို့ ရောက်စေတတ်ကုန်သော) ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတို့သည်ဤသုံးမျိုးတို့နည်း။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

လိုချင်မှု 'လောဘ' သည် ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတည်း။

အမျက်ထွက်မှု 'ဒေါသ' သည် ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတည်း။

တွေဝေမှု 'မောဟ' သည် ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတည်း။

ရဟန်းတို့ လိုချင်မှု 'လောဘ' ကြောင့် မလိုချင်မှု'အလောဘ' မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားလိုချင်မှု 'လောဘ'ကြောင့် လိုချင်မှု 'လောဘ' သာလျှင် ဖြစ်၏။

ရဟန်းတို့ အမျက်ထွက်မှု 'ဒေါသ' ကြောင့် အမျက်မထွက်မှု 'အဒေါသ' မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကား အမျက်ထွက်မှု 'ဒေါသ' ကြောင့် အမျက်ထွက်မှု 'ဒေါသ'သာလျှင် ဖြစ်၏။

ရဟန်းတို့ တွေဝေမှု 'မောဟ' ကြောင့် မတွေဝေမှု 'အမောဟ' မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားတွေဝေမှု 'မောဟ' ကြောင့် တွေဝေမှု 'မောဟ'သာလျှင် ဖြစ်၏။

ရဟန်းတို့ လိုချင်မှု 'လောဘ' ကြောင့်ဖြစ်သော ကံ၊ အမျက်ထွက်မှု 'ဒေါသ' ကြောင့်ဖြစ်သော ကံ၊ တွေဝေမှု 'မောဟ' ကြောင့်ဖြစ်သော ကံတို့ကြောင့် နတ်တို့ကို မတွေ့မြင်ရကုန်၊ လူတို့ကို မတွေ့မြင်ရကုန်၊ အခြားတစ်စုံတစ်ခုသော သုဂတိဘုံတို့ကိုလည်း မတွေ့မြင်ရကုန်။

ရဟန်းတို့ စင်စစ်သော်ကား လိုချင်မှု 'လောဘ' ကြောင့်ဖြစ်သော ကံ၊ အမျက်ထွက်မှု 'ဒေါသ' ကြောင့်ဖြစ်သော ကံ၊ တွေဝေမှု 'မောဟ' ကြောင့်ဖြစ်သော ကံတို့ကြောင့် ငရဲဘုံကို တွေ့မြင်ရ၏၊ တိရစ္ဆာန်ဘုံကိုတွေ့မြင်ရ၏၊ ပြိတ္တာဘုံကို တွေ့မြင်ရ၏၊ အခြားတစ်စုံတစ်ခုသော ဒုဂ္ဂတိဘုံတို့ကိုလည်း တွေ့မြင်ရကုန်၏။

ရဟန်းတို့ ဝဋ်ဆင်းရဲသို့ ရောက်စေတတ်ကုန်သော ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတို့သည် ဤသုံးမျိုးတို့တည်း။

ရဟန်းတို့ (ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်ကုန်သော) ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတို့ သည်ဤသုံးမျိုးတို့တည်း။

အဘယ်သုံး မျိုးတို့နည်းဟူမူ-

မလိုချင်မှု'အလောဘ' သည် ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတည်း။

အမျက်မထွက်မှု 'အဒေါသ' သည် ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတည်း။

မတွေဝေမှု'အမောဟ' သည် ကံတို့ ဖြစ်ပေါ်ရန်အကြောင်းတည်း။

ရဟန်းတို့ မလိုချင်မှု 'အလောဘ' ကြောင့် လိုချင်မှု 'လောဘ' မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားမလိုချင်မှု 'အလောဘ'ကြောင့် မလိုချင်မှု 'အလောဘ' သာလျှင် ဖြစ်၏။

ရဟန်းတို့ အမျက်မထွက်မှု 'အဒေါသ' ကြောင့် အမျက်ထွက်မှု 'ဒေါသ' မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကား အမျက်မထွက်မှု 'အဒေါသ' ကြောင့် အမျက်မထွက်မှု 'အဒေါသ' သာလျှင် ဖြစ်၏။

ရဟန်းတို့ မတွေဝေမှု'အမောဟ' ကြောင့် တွေဝေမှု'မောဟ' မဖြစ်၊ ရဟန်းတို့ စင်စစ်သော်ကားမတွေဝေမှု 'အမောဟ' ကြောင့် မတွေဝေမှု'အမောဟ' သာလျှင် ဖြစ်၏။

ရဟန်းတို့ မလိုချင်မှု 'အလောဘ' ကြောင့်ဖြစ်သော ကံ၊ အမျက်မထွက်မှု 'အဒေါသ' ကြောင့်ဖြစ်သောကံ၊ မတွေဝေမှု 'အမောဟ' ကြောင့်ဖြစ်သော ကံတို့ကြောင့် ငရဲဘုံကို မတွေ့မြင်ရ၊ တိရစ္ဆာန်ဘုံကိုမတွေ့မြင်ရ၊ ပြိတ္တာဘုံကို မတွေ့မြင်ရ၊ အခြားတစ်စုံတစ်ခုသော ဒုဂ္ဂတိဘုံတို့ကိုလည်း မတွေ့မြင်ရကုန်။

ရဟန်းတို့ စင်စစ်သော်ကား မလိုချင်မှု 'အလောဘ' ကြောင့်ဖြစ်သော ကံ၊ အမျက်မထွက်မှု 'အဒေါသ' ကြောင့်ဖြစ်သော ကံ၊ မတွေဝေမှု'အမောဟ'ကြောင့်ဖြစ်သော ကံတို့ကြောင့် နတ်တို့ကို့တွေ့မြင် ရကုန်၏၊ လူတို့ကို တွေ့မြင်ရကုန်၏၊ အခြားတစ်စုံတစ်ခုသော သုဂတိဘုံဘဝတို့ကိုလည်းတွေ့မြင်ရကုန်၏။

ရဟန်းတို့ (ဝဋ်ကင်းရာ နိဗ္ဗာန်သို့ ရောက်စေတတ်ကုန်သော) ကံတို့ ဖြစ်ပေါ်ရန် အကြောင်းတို့ သည်ဤသုံးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ကိမိလသုတ်

၄၀။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကိမိလမြို့ ဝါးတော၌ (သီတင်းသုံး) နေတော်မူ၏။

ထိုအခါ အသျှင်ကိမိလမထေရ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပြီးလျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာရှည်စွာမတည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း''ဟု လျှောက်၏။

ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ရဟန်း ရဟန်း မိန်းမဥပါသကာ ဥပါသိကာမတု့ိသည် -

မြတ်စွာဘုရား၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

တရားတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

သံဃာတော်၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

အကျင့် 'သိက္ခာ'၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

မမေ့မလျော့ခြင်း 'အပ္ပမာဒ'၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

အစေ့အစပ်ပြုမှု 'ပဋိသန္ထာရ'၌ မရိုမသေ မတုပ်မဝပ် နေကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာမြင့်စွာ မတည်နိုင်ခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာမြင့်စွာ တည်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

ကိမိလ ဤသာသနာတော်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် ရဟန်း ရဟန်းမိန်းမဥပါသကာ ဥပါသိကာမတု့ိသည် -

မြတ်စွာဘုရား၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။

တရားတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။

သံဃာတော်၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။

အကျင့် 'သိက္ခာ'၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။

မမေ့မလျော့ခြင်း 'အပ္ပမာဒ'၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။

အစေ့အစပ်ပြုမှု 'ပဋိသန္ထာရ'၌ ရိုသေမှု တုပ်ဝပ်မှုရှိလျက် နေကုန်၏။

ကိမိလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော် သာသနာတော် ကြာမြင့်စွာ တည်နိုင်ခြင်း၏အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

------

၁၁-ဒါရုက္ခန္ဓသုတ်

၄၁။ အကျွန်ုပ်သည် ဤသို့ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ အသျှင်သာရိပုတြာသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုဆောင်ယူပြီးလျှင် များစွာသော ရဟန်းတို့နှင့်အတူ ဂိဇ္ဈကုဋ်တောင်မှ ဆင်းတော်မူသည်ရှိသော် တစ်ခုသောအရပ်၌ ကြီးစွာသော သစ်တုံးကို မြင်တော်မူ၍ ရဟန်းတို့ကို -

''ငါ့သျှင်တို့ သင်တို့သည် ဤသစ်တုံးကြီးကို မြင်ကုန်၏လော''ဟု မေး၏။

ငါ့သျှင် မြင်ပါကုန်၏ဟု (လျှောက်ကုန်၏)။

ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သောရဟန်းသည် ဤသစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည် အဘယ့်ကြောင့်နည်း။

ငါ့သျှင်တို့ အကြင် (ခက်မာမှု) ပထဝီကို အမှီပြု၍ တန်ခိုးအဘိညာဉ်နှင့်ပြည့်စုံသော၊ စိတ်၏လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မြေဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထို (ခက်မာမှု) ပထဝီဓာတ်သည် ဤသစ်တုံးကြီး၌ ရှိ၏။

ငါ့သျှင်တို့ အလိုရှိခဲ့လျှင် တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သောရဟန်းသည် ဤသစ်တုံးကြီးကို ရေဟူ၍သာလျှင် နှလုံးသွင်းရာ၏။ပ။

မီးဟူ၍သာလျှင် နှလုံးသွင်းရာ၏။

လေဟူ၍သာလျှင် နှလုံးသွင်းရာ၏။

တင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်းရာ၏။

မတင့်တယ်၏ဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထိုသို့ နှလုံးသွင်းရခြင်းသည် အဘယ့်ကြောင့်နည်း။

ငါ့သျှင်တို့ အကြင်မတင့်တယ်ခြင်း 'အသုဘဓာတ်' ကို အမှီပြု၍ တန်ခိုးအဘိညာဉ်နှင့် ပြည့်စုံသော၊ စိတ်၏ လေ့လာခြင်းသို့ ရောက်သော ရဟန်းသည် ဤသစ်တုံးကြီးကို မတင့်တယ်ဟူ၍သာလျှင် နှလုံးသွင်းရာ၏၊ ထို (မတင့်တယ်ခြင်းသဘော) အသုဘဓာတ်သည် ဤသစ်တုံးကြီး၌ ရှိ၏ဟု (မိန့်ဆို၏)။

ဧကာဒသမသုတ်။

------

၁၂-နာဂိတသုတ်

၄၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် များစွာသော ရဟန်းသံဃာနှင့်အတူ ကောသလတိုင်းတို့၌ ဒေသစာရီလှည့်လည်တော်မူလတ်သော် ကောသလမင်းသားတို့၏ ဣစ္ဆာနင်္ဂလမည်သော ပုဏ္ဏားရွာသို့ ရောက်တော်မူ၏။

မြတ်စွာဘုရားသည် ထို ဣစ္ဆာနင်္ဂလရွာ (အနီး) ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် သတင်းစကား ကြားကြကုန်၏ -

''အချင်းတို့ သာကီဝင် မင်းမျိုးမှ ရဟန်းပြုသည့် သာကီဝင်မင်းသား ရဟန်းဂေါတမသည် ဣစ္ဆာနင်္ဂလရွာသို့ ကြွရောက်တော်မူ၍ ဣစ္ဆာနင်္ဂလရွာအနီး ဣစ္ဆာနင်္ဂလတောအုပ်၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအသျှင်ဂေါတမ၏ ကောင်းသော ကျော်စောသတင်းသည် ဤသို့ ပျံ့နှံ့၍ ထွက်၏ -

ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်းသမ္မာသမ္ဗုဒ္ဓ မည်တော်မူ၏၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ' နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း ဝိဇ္ဇာစရဏသမ္ပန္န မည်တော်မူ၏။ပ။ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်း့ကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ပျံ့နှံ့၍ထွက်၏)။ ထိုအသျှင် ဂေါတမသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသောဤဩကာသလောကကို။ပ။ ထိုသို့ သဘောရှိသော ရဟန္တာ (ပုဂ္ဂိုလ်) တို့ကို ဖူးမြော်ရခြင်းသည် ကောင်းသည်သာတည်း''ဟု (ကြားကုန်၏)။

ထိုအခါ၌ ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့သည် ထိုညဉ့်လွန်သောအခါ၌ များစွာသောခဲဖွယ် စားဖွယ်ကို ယူကုန်၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ ချဉ်းကပ်ကုန်ပြီးလျှင် တံခါးမုခ် အပြင်ဘက်၌ ပြင်းပြ ကျယ်လောင်သော အသံရှိကုန်သည်ဖြစ်၍ တည်နေကုန်၏၊ ထိုစဉ်အခါ၌ အသျှင်နာဂိတသည်မြတ်စွာဘုရား၏ အလုပ်အကျွေး ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် အသျှင်နာဂိတကို ''နာဂိတ ငါးတို့ကို လုယက်ရာ၌ တံငါသည်တို့ကဲ့သို့ ပြင်းပြကျယ်လောင်သော အသံရှိသူတို့ကား အဘယ်သူတို့နည်း''ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသူတို့ကား ဣစ္ဆာနင်္ဂလရွာသား ပုဏ္ဏားနှင့် အမျိုးသားတို့ပါတည်း၊ များစွာသောခဲဖွယ် စားဖွယ်ကို ယူ၍ တံခါးမုခ် အပြင်ဘက်၌ မြတ်စွာဘုရားကိုလည်းကောင်း၊ ရဟန်းသံဃာကိုလည်းကောင်း ရည်မှန်းပြီးလျှင် တည်နေကြပါသည်ဟု (လျှောက်၏)။

နာဂိတ ငါသည် အခြံအရံ (အကျော်အစော) နှင့် မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) သည်လည်းငါနှင့် အတူ မဆက်ဆံစေလင့်။

နာဂိတ ဤ (ကာမဂုဏ်မှ) ထွက်မြောက်မှု 'နေက္ခမ္မ' ချမ်းသာ၊ ကင်းဆိတ်မှု 'ပဝိဝေက' ချမ်းသာ၊ ငြိမ်းအေးမှု 'ဥပသမ' ချမ်းသာ၊ သိမှု 'သမ္ဗောဓ' ချမ်းသာကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ မရနိုင်သူသည် ထိုမစင်ကြယ်မှု ချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကိုသာယာ (ခံစား) ရာ၏။

(ကာမဂုဏ်မှ) ထွက်မြောက်မှု 'နေက္ခမ္မ' ချမ်းသာ၊ ကင်းဆိတ်မှု 'ပဝိဝေက' ချမ်းသာ၊ ငြိမ်းအေးမှု'ဥပသမ' ချမ်းသာ၊ သိမှု 'သမ္ဗောဓ' ချမ်းသာကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရသော ငါသည်ထိုမစင်ကြယ်မှုချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို အဘယ်မှာသာယာ (ခံစား) ရာအံ့နည်းဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ ကောင်း သောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ယခုအခါ၌ သည်းခံတော်မူပါ၊ အသျှင်ဘုရားယခုအခါ၌ မြတ်စွာဘုရား၏ သည်းခံတော်မူရန် အချိန်ဖြစ်ပါသည်၊ အသျှင်ဘုရား ယခုအခါ၌ နိဂုံးသူနိဂုံးသား ဇနပုဒ်သူ ဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည် မြတ်စွာဘုရားကြွတော်မူလေရာရာအရပ်သို့ စိတ်ညွတ်ကြကုန်လျက်သာလျှင် လိုက်ပါကြပါလိမ့်မည်။ အသျှင်ဘုရား မိုးကြီးသည်းထန်စွာရွာသွန်း လတ်သော် နိမ့်ရှိုင်းရာအရပ်သို့ ရေတို့သည် စီးကျကြကုန်သကဲ့သို့ အသျှင်ဘုရားဤအတူသာလျှင် နိဂုံးသူနိဂုံးသား ဇနပုဒ်သူဇနပုဒ်သား ပုဏ္ဏားနှင့် အမျိုးသားတို့သည်မြတ်စွာဘုရားကြွရောက်တော်မူ လေရာရာ အရပ်သို့ စိတ်ညွတ်ကုန်လျက်သာလျှင် လိုက်ပါ ကြပါလိမ့်မည်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ် အကြောင်းကြောင့်နည်းဟူမူ -

အသျှင်ဘုရား မြတ်စွာဘုရား၏ သီလတော် ပညာတော်သည် ထိုသို့ကြီးမားတော်မူခြင်းကြောင့်ဖြစ်ပါသည်ဟု (လျှောက်၏)။

နာဂိတ ငါသည် အခြံအရံ (အကျော်အစော) နှင့် မဆက်ဆံလို၊ အခြံအရံ (အကျော်အစော) သည်လည်းငါနှင့်အတူ မဆက်ဆံစေလင့်။ နာဂိတ ဤ (ကာမဂုဏ်မှ) ထွက်မြောက်မှု 'နေက္ခမ္မ' ချမ်းသာ၊ ကင်းဆိတ်မှု'ပဝိဝေက' ချမ်းသာ၊ ငြိမ်းအေးမှု 'ဥပသမ' ချမ်းသာ၊ သိမှု 'သမ္ဗောဓ' ချမ်းသာကို အလိုရှိ တိုင်း မငြိုငြင်မပင်ပန်းဘဲ မရနိုင်သူသည် ထိုမစင်ကြယ်မှုချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော် သကာ့အကျော်အစောချမ်းသာကို သာယာ (ခံစား) ရာ၏။

(ကာမဂုဏ်မှ) ထွက်မြောက်မှု 'နေက္ခမ္မ' ချမ်းသာ၊ ကင်းဆိတ်မှု 'ပဝိဝေက' ချမ်းသာ၊ ငြိမ်းအေးမှု 'ဥပသမ' ချမ်းသာ၊ သိမှု 'သမ္ဗောဓ' ချမ်းသာကို အလိုရှိတိုင်း မငြိုငြင် မပင်ပန်းဘဲ ရသော ငါသည်ထိုမစင်ကြယ်မှုချမ်းသာ၊ ငိုက်မျဉ်းမှုချမ်းသာ၊ လာဘ်ပူဇော်သကာ အကျော်အစောချမ်းသာကို အဘယ်မှာသာယာ (ခံစား) ရာအံ့နည်း။

နာဂိတ ဤသာသနာတော်၌ ငါသည် တည်ကြည်သော စိတ်ရှိလျက် ထိုင်နေသော ရွာနီးကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား ''ယခုအခါ၌ ဤအသျှင်ကို အရံစောင့်က ဖြစ်စေသာမဏေက ဖြစ်စေ ထိုသမာဓိမှ ရွေ့လျောစေလိမ့်မည်''ဟု အကြံဖြစ်၏၊ နာဂိတ ထို့ကြောင့်ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ငါ မနှစ်သက်။

နာဂိတ ဤသာသနာတော်၌ ငါသည် တော၌ အိပ်ငိုက်လျက် ထိုင်နေသော တောကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား ''ယခုအခါ ဤအသျှင်သည် ဤအိပ်ငိုက်ခြင်းကြောင့်ဖြစ်သောပင်ပန်းမှုကို ပယ်ဖျောက်၍ တစ်ခုတည်းသော သဘောဖြစ်သည့် တောဟူသော အမှတ်ကိုသာလျှင် နှလုံးသွင်းလိမ့်မည်''ဟု အကြံဖြစ်၏၊ နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ဤသာသနာတော်၌ ငါသည် တော၌ မတည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား -

''ယခုအခါ၌ ဤအသျှင်သည် မတည်ကြည်သော စိတ်ကိုလည်း တည်ကြည်စေလိမ့်မည်၊ တည်ကြည်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်''ဟု ဤသို့ အကြံဖြစ်၏။

နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ဤသာသနာတော်၌ ငါသည် တော၌ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍ ထိုင်နေသောတောကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ နာဂိတ ထိုငါ့အား -

''ယခုအခါ၌ ဤအသျှင်သည် ကိလေသာ မကျွတ်လွတ်သေးသော စိတ်ကိုလည်း ကျွတ်လွတ်စေလိမ့်မည်၊ ကျွတ်လွတ်ပြီးသော စိတ်ကိုလည်း အစဉ်စောင့်ရှောက်လိမ့်မည်''ဟု ဤသို့ အကြံဖြစ်၏။

နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ဤသာသနာတော်၌ ငါသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေး အသုံးအဆောင်တို့ကို ရသော ရွာနီးကျောင်းနေ ရဟန်းကို တွေ့မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာအကျော်အစောကို အလိုရှိသည်ဖြစ်၍ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်၏၊ တောစွန်ဖြစ်သောကျောင်းတို့ကို စွန့်၏၊ ရွာ နိဂုံး မင်းနေပြည်တော်သို့ ဝင်ရောက်၍ နေ၏၊ နာဂိတ ထို့ကြောင့် ထိုရဟန်းအား ရွာနီးကျောင်းနေမှုဖြင့် ငါ မနှစ်သက်။

နာဂိတ ဤသာသနာတော်၌ ငါသည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကိုရသော တောကျောင်းနေရဟန်းကို တွေ့မြင်ရ၏၊ ထိုရဟန်းသည် ထိုလာဘ်ပူဇော်သကာအကျော်အစောကို စွန့်ပစ်ပယ်ရှား၍ တစ်ယောက်တည်း ကိန်းအောင်းခြင်းကို မစွန့်၊ တောစွန်ဖြစ်သောကျောင်းတို့ကို မစွန့်၊ နာဂိတ ထို့ကြောင့် ထိုရဟန်းအား တောကျောင်းနေမှုဖြင့် ငါ နှစ်သက်၏။

နာဂိတ ငါသည် ခရီးရှည်သွားသည်ရှိသော် ရှေ့မှဖြစ်စေ နောက်မှဖြစ်စေ တစ်စုံတစ်ယောက်ကိုမျှမတွေ့မြင်ရသောအခါ ငါ့အား အယုတ်သဖြင့် ကျင်ကြီးကျင်ငယ်ကို စွန့်ရန်ပင် ချမ်းသာ၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

လေးခုမြောက် ဒေဝတာဝဂ် ပြီး၏။

------

၅-ဓမ္မိကဝဂ် ၁-နာဂသုတ်

၄၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊

ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက်သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်းစားပြီး နောက်ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် အသျှင်အာနန္ဒာကို ''အာနန္ဒာ လာသွားကြကုန်စို့၊ ပုဗ္ဗာရုံကျောင်းတိုက်မိဂါရမာတာ'ဝိသာခါ' ၏ ပြာသာဒ်ကျောင်းသို့ နေ့သန့်စင်ရန် ချဉ်းကပ်ကြကုန်အံ့''ဟု မိန့်တော်မူ၏။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာနှင့်အတူ ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတာ 'ဝိသာခါ' ၏ပြာသာဒ်ကျောင်းသို့ ချဉ်းကပ်တော်မူ၏။

ထို့နောက် မြတ်စွာဘုရားသည် ညနေချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းတော်မူရာမှ ထတော်မူလျက် အသျှင်အာနန္ဒာကို ''အာနန္ဒာ လာသွားကြကုန်စို့၊ အရှေ့ရေချိုးဆိပ်သို့ ကိုယ်ခန္ဓာတို့ကိုရေသုံးသပ်ရန် ချဉ်းကပ်ကြကုန်အံ့''ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ပြန်ကြားလျှောက် ထား၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာနှင့်အတူ ကိုယ်ခန္ဓာတို့ကို ရေသုံးသပ်ရန် အရှေ့ရေချိုးဆိပ်သို့ ချဉ်းကပ်တော်မူ၏၊ အရှေ့ရေချိုးဆိပ်၌ ကိုယ်ခန္ဓာတို့ကို ရေသုံးသပ်ပြီးလျှင် တစ်ဖန်တက်၍ကိုယ်တို့ကို ရှေးအတိုင်းဖြစ်စေ (ခြောက်သွေ့စေ) လျက် တစ်ထည်သော သင်္ကန်းရှိသည်ဖြစ်၍ ရပ်တော်မူ၏။

ထိုအခါ ပသေနဒိကောသလမင်း၏ သေတမည်သော ဆင်တော်သည် ကြီးစွာသော တူရိယာမျိုးတီးမှုတ်ခြင်းဖြင့် အရှေ့ရေချိုးဆိပ်မှ တက်၏၊ လူအပေါင်းသည် ထိုဆင်ဖြူတော်ကို မြင်၍ ဤသို့ ဆိုကြကုန်၏ -

''အချင်းတို့ မင်း၏ ဆင်တော်သည် အလွန် အဆင်းလှပေစွတကား၊ အချင်းတို့ မင်း၏ ဆင်တော်သည် ရှုချင်စဖွယ်ရှိပေစွတကား၊ အချင်းတို့ မင်း၏ ဆင်တော်သည် (စိတ်) ကြည်လင်ဖွယ် ရှိပေစွတကား၊ အချင်းတို့ မင်း၏ ဆင်တော်သည် ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံပေစွတကား''ဟု (ဆိုကြကုန်၏)။

ဤသို့ဆိုကုန်သော် အသျှင်ကာဠုဒါယီသည် မြတ်စွာဘုရားအား -

''အသျှင်ဘုရား မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော ဆင်ကိုသာလျှင် လူအပေါင်းသည် တွေ့မြင်၍ 'အချင်းတို့ နာဂပေတကား နာဂပေတကား'ဟု ဆိုလေသလော။

သို့မဟုတ် မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော တစ်စုံတစ်ရာ အခြားသူကိုလည်း လူအပေါင်းသည် တွေ့မြင်၍ 'အချင်းတို့ နာဂပေတကား နာဂပေတကား'ဟုဆိုလေသလော''ဟူ၍ လျှောက်၏။

ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော ဆင်ကိုလည်း လူအပေါင်းသည်တွေ့မြင်၍ ''အချင်းတို့ နာဂပေတကား နာဂပေတကား''ဟု ဆိုကုန်၏။

ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော မြင်းကိုလည်း။ပ။

ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော နွားကိုလည်း။ပ။

ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော မြွေကိုလည်း။ပ။

ဥဒါယီ မြင့်မားကြီးထွား၍ ပင်စည်လုံးပတ် တင့်တယ်ခြင်းနှင့် ပြည့်စုံသော သစ်ပင်ကိုလည်း။ပ။

ဥဒါယီ မြင့်မားကြီးထွား၍ ကိုယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော လူကိုလည်း လူအပေါင်းသည်တွေ့မြင်၍ ''အချင်းတို့ နာဂပေတကား နာဂပေတကား''ဟု ဆို၏။

ဥဒါယီ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ့မင်းများ လူများနှင့် တကွသော လူလောက၌ ကိုယ်နှုတ်စိတ်ဖြင့် မကောင်းမှု မပြုသောသူကို 'နာဂ'ဟူ၍ငါဆို၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အံဖွယ်ရှိပါပေ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ဥဒါယီ စင်စစ်သော်ကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ ကိုယ်နှုတ်စိတ်ဖြင့် မကောင်းမှု မပြုသောသူကို'နာဂ'ဟူ၍ ငါဆို၏ဟူသော ဤစကားကို အလွန်လျှင် ကောင်းစွာ ဟောတော်မူအပ်ပါပေ၏။

အသျှင်ဘုရား မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားအပ်သော ဤစကားကို ဤဂါထာတို့ဖြင့်အကျွန်ုပ်သည် ကောင်းချီးခေါ်ပါ၏ -''ကိုယ်တော်တိုင် ယဉ်ကျေးတော်မူ၍ တည်ကြည်သော စိတ်ရှိတော်မူသော၊ (အရိယ မဂ်တည်းဟူသော) မြတ်သော လမ်းခရီး၌ ကြွသွားတော်မူသော၊ စိတ်၏ ငြိမ်သက်ရာ (စတုတ္ထဈာန်)၌ မွေ့လျော်တော်မူသော၊ တရားအားလုံးတို့၏ ကမ်း တစ်ဖက်သို့ ရောက်တော်မူသော၊ လူသားစင်စစ်ဖြစ်တော်မူသော အကြင် မြတ်စွာဘုရားကို လူတို့သည် ရှိခိုးကြပါကုန်၏။ အလုံးစုံသော သံယောဇဉ်နှောင်ကြိုးတို့ကို လွန်မြောက်တော်မူသော၊ (ကိလေသာ) တောမှ (ကိလေသာ) တောမရှိရာသို့ ရောက်တော်မူသော၊ ကာမ ဂုဏ်တို့မှ ထွက်မြောက်မှု၌ မွေ့လျော်တော်မူသော၊ ကျောက်ဓာတ် (အညစ် အကြေး) မှ ကင်းလွတ်သော ရွှေစင်နှင့် တူသောထိုမြတ်စွာဘုရားကို နတ်တို့သည်လည်း ရှိခိုးကြပါကုန်၏ဟု ဤသို့သော စကားကို ပူဇော်အထူးကိုခံတော်မူထိုက်သော မြတ်စွာဘုရား (အထံတော်) မှ အကျွန်ုပ် ကြားနာရပါ၏။ ဟိမဝန္တာတောင်သည် တစ်ပါးသော တောင်တို့ကို (လွန်ကဲတင့်တယ်ဘိသကဲ့သို့ ထို့အတူ မြတ်စွာဘုရားသည်) အလုံးစုံသော သူတို့ကို လွန်၍ တင့်တယ်သော နာဂဖြစ်တော်မူပါ၏၊ နာဂအမည်ရသူ အားလုံးတို့တွင် အတုမရှိသော မြတ်စွာဘုရားသည် (နာဂ) အမည်မှန်ရသူ ဖြစ်ပါ၏။ အသျှင်ဘုရားတို့၏ နာဂအ မည်တော် ဖြစ်ကြောင်းကို အကျွန်ုပ် လျှောက်ကြား ပါအံ့၊ အကြောင်းမူကားထိုမြတ်စွာဘုရားသည် မကောင်းမှု အကုသိုလ်ကို ပြုတော် မမူပါ၊ စင်ကြယ်သောသီလတော်သည်လည်းကောင်း၊ မညှဉ်းဆဲမှု 'အဝိဟိံသ တရား'သည်လည်းကောင်း ဤတရားနှစ်ပါးတို့သည်ဆင်မင်းသဖွယ်ဖြစ်တော်မူ သော အသျှင်၏ ရှေ့ခြေတော် နှစ်ဖက် ဖြစ်ပါကုန်၏။ ထို့ပြင် ခြိုးခြံသော အကျင့်နှင့် (အရိယမဂ်ဟုဆိုအပ်သော) မြတ်သော အကျင့်တို့ သည်ဆင်မင်းသဖွယ်ဖြစ်တော်မူသော အသျှင်ဘုရား၏ နောက်ခြေတော် နှစ်ဖက် ဖြစ်ပါကုန်၏။ မြတ်သော ဆင်မင်းသဖွယ်ဖြစ်တော်မူသော အသျှင်ဘုရားသည် သဒ္ဓါတရားတည်းဟူသောနှာမောင်းရှိတော်မူပါ၏၊ ဆဠဂုင်္ပေက္ခာတည်းဟူသော ဖြူသော အစွယ်တော်လည်း ရှိတော်မူပါ၏၊ သတိတည်းဟူသော လည်ပင်းလည်း ရှိတော်မူပါ၏၊ သဗ္ဗညုတဉာဏ်တော်တည်းဟူသောဦးခေါင်းတော်လည်း ရှိတော်မူပါ၏၊ တရား (အဖို့အစု) ကို ကြံစည်တတ်သော ဉာဏ်တော်သည်နှာမောင်းဖျား ဖြစ်တော်မူပါ၏၊ (စတုတ္ထဈာန်သမာဓိ) တရားတည်းဟူသော ဝမ်းဗိုက်လည်းရှိတော်မူပါ၏၊ ဝိဝေကသုံးပါးသည် ထိုမြတ်စွာဘုရားတည်းဟူသော ဆင်မင်း၏ မြီးဆံဖြစ်ပါ၏။ ထိုမြတ်စွာဘုရားသည် ဈာန်ဝင်စားတော်မူ၏၊ ထွက်သက်ဝင်သက် (ဖလ သမာပတ်)၌ မွေ့လျော်တော်မူ၏၊ အတွင်းသန္တာန်၌ ကောင်းစွာ ထားသော စိတ်ရှိ တော်မူ၏၊ ကြွသွားတော်မူသောဘုရားဆင်မင်းသည် ကောင်းစွာ တည်ကြည် တော်မူ၏၊ ရပ်တော်မူသော ဘုရားဆင်မင်းသည် ကောင်းစွာတည်ကြည်တော်မူ၏။ ကျိန်းစက်တော်မူသော ဘုရားဆင်မင်းသည် ကောင်းစွာ တည်ကြည်တော်မူ၏၊ ထိုင်နေတော်မူသောဘုရားဆင်မင်းသည် ကောင်းစွာ တည်ကြည်တော်မူ၏၊ ဘုရား ဆင်မင်းသည် (စက္ခုဒွါရစသော) ့အလုံးစုံတို့၌ ကောင်းစွာစောင့်ရှောက်တော်မူ ပါပေ၏၊ ဤသည်ကား နာဂဟုခေါ်တွင်ခြင်း၏ပြည့်စုံမှုပင်တည်း။ (နာဂအမည်ရှိတော်မူသော မြတ်စွာဘုရားသည်) အပြစ်မရှိသော ပစ္စည်းလေးပါး တို့ကိုသုံးဆောင်တော်မူ၏၊ အပြစ်ရှိသော ပစ္စည်းလေးပါးတို့ကို သုံးဆောင်တော် မမူ၊ အစားအဝတ်ကိုရပါသော်လည်း သိုမှီးခြင်းမှ ရှောင်ကြဉ်တော်မူ၏။ ငယ်ငယ်ကြီးကြီးဖြစ်သည့် သံယောဇဉ် အနှောင်အဖွဲ့အားလုံးကို ဖြတ်၍ သွားလို ရာရာအရပ်မျက်နှာတိုင်း မငဲ့မကွက်မူ၍သာလျှင် ကြွသွားတော်မူ၏။ ကောင်းသော အနံ့ရှိသော စိတ်နှလုံးကို မွေ့လျော်စေတတ်သော ရေ၌ ပေါက်ရောက်သောကြာပုဏ္ဍရိက်သည် ရေ၌ ကြီးပွါး၍ ရေဖြင့် မလိမ်းကျံသကဲ့သို့၊ ထို့အတူ လောက၌ ကောင်းစွာဖြစ်တော်မူသော မြတ်စွာဘုရားသည် လောက၌ နေတော်မူ၏၊ ပဒုမ္မာကြာသည် ရေနှင့်မလိမ်းကျံသကဲ့သို့ ထို့အတူ လောကနှင့် ကား မလိမ်းကျံ မကပ်ငြိပေ။ အလျှံတပြောင်ပြောင် တောက်လောင်သော ကြီးမားသော မီးသည် လောင်စာ မရှိ ခဲ့သော်အေးငြိမ်းရလေသကဲ့သို့ သင်္ခါရတို့ ချုပ်ငြိမ်းကြသည်ရှိသော် ငြိမ်းအေးပြီးဟူ၍ ဆိုအပ်၏။ အနက်ကို သိစေတတ်သော ဤ ဥပမာကို ပညာရှိပုဂ္ဂိုလ်တို့ ဟောကြားအပ်၏၊ ဆင်ပြောင်သဖွယ်ဖြစ်သော ကာဠုဒါယီသည် ဟောကြားအပ်သော ဘုရားတည်းဟူသော ဆင်မင်းကိုဆင်ပြောင်သဖွယ် ဖြစ်ကြကုန်သော ရဟန္တာပုဂ္ဂိုလ်မြတ်တို့ သည် သိတော်မူကြကုန်လတ္တံ့။ စွဲမက်မှု 'ရာဂ' အမျက်ထွက်မှု 'ဒေါသ' တွေဝေမှု 'မောဟ' ကင်းတော်မှုသော အာသဝေါတရားမရှိသောနာဂအ မည်တော်ရသော မြတ်စွာဘုရားသည် ကိုယ်တော် ကို စွန့်ပြီးလျှင် အာသဝေါကင်းသည်ဖြစ်၍ပရိနိဗ္ဗာန်ပြုတော်မူရလတ္တံ့သတည်း''ဟု (ကောင်းချီးခေါ်လေ၏)။

ပဌမသုတ်။

------

၂-မိဂသာလာသုတ်

၄၄။ ထိုအခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်ပြီးလျှင် သပိတ်သင်္ကန်းကိုဆောင်ယူလျက် မိဂသာလာ အမည်ရှိသော ဥပါသိကာမ၏ နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေ၏၊ ထိုအခါ မိဂသာလာဥပါသိကာမသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကိုရှိခိုး ပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် အသျှင်အာနန္ဒာအား ဤသို့ လျှောက်၏ -

အသျှင်ဘုရား အာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှလားရာ 'ဂတိ' ရှိကြပါကုန်၏၊ အသျှင်ဘုရား ပုရာဏမည်သော အကျွန်ုပ်၏ ဖခင်သည် မြတ်သောအကျင့်ကို ကျင့်ပါ၏၊ (မေထုန်အကျင့်မှ) ဝေးစွာ ကျင့်ပါ၏၊ ရွာသူတို့၏ အကျင့်ဖြစ်သော မေထုန်မှရှောင်ကြဉ်ပါ၏။

ထိုအကျွန်ုပ်၏ဖခင် သေလွန်သည်ရှိသော် ''သကဒါဂါမိဖိုလ်သို့ ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်''ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ်ပါသည်။

အသျှင်ဘုရား ဣသိဒတ္တအမည်ရှိသော အကျွန်ုပ်၏ အဘိုးသည်လည်း မိမိမယားဖြင့် ရောင့်ရဲသည် ဖြစ်၍မြတ်သော အကျင့်ကို မကျင့်သူဖြစ်ပါ၏၊ ထိုအဘိုးသည်လည်း သေလွန်သည်ရှိသော် ''သကဒါ ဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်''ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ် ပါသည်။

အသျှင်ဘုရားအာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြား့တော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း။

ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သော အကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သောအကျင့်မရှိသူ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှ လားရာ 'ဂတိ' ရှိကြပါကုန်၏ဟု (လျှောက်၏)။

နှမ မြတ်စွာဘုရားသည် ဤအတိုင်းပင် မိန့်ကြားတော်မူအပ်၏ဟု (မိန့်ဆို၏)။

ထို့နောက် အသျှင်အာနန္ဒာသည် မိဂသာလာ ဥပါသိကာမ၏အိမ်၌ ဆွမ်းခံပြီးလျှင် နေရာမှ ထ၍ဖဲကြွတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှ ဖဲခဲ့၍ မြတ်စွာဘုရားထံသို့ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် မိဂသာလာ ဥပါသိကာမ၏ နေအိမ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ ထိုင်နေသောအခါမိဂသာလာ ဥပါသိကာမသည် အကျွန်ုပ်ထံသို့ ချဉ်းကပ်၍ အကျွန်ုပ်ကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် အကျွန်ုပ်အား ဤစကားကို လျှောက်ပါ၏ -

''အသျှင်ဘုရား အာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ၊ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှလားရာ 'ဂတိ'ရှိကြပါကုန်၏၊ အသျှင်ဘုရား ပုရာဏမည်သော အကျွန်ုပ်၏ ဖခင်သည် မြတ်သောအကျင့်ကို ကျင့်ပါ၏၊ (မေထုန်အကျင့်မှ) ဝေးစွာ ကျင့်ပါ၏၊ ရွာသူတို့၏ အကျင့်ဖြစ်သော မေထုန်မှရှောင်ကြဉ်ပါ၏၊ ထိုအကျွန်ုပ်၏ ဖခင် ကွယ်လွန်သည်ရှိသော် 'သကဒါဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်'ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ်ပါသည်။

အသျှင်ဘုရား ဣသိဒတ္တအမည်ရှိသော အကျွန်ုပ်၏ အဘိုးသည်လည်း မိမိမယားဖြင့် ရောင့်ရဲ သည်ဖြစ်၍မြတ်သော အကျင့်ကို မကျင့်သူဖြစ်ပါ၏၊ ထိုအဘိုးသည်လည်း ကွယ်လွန်သည်ရှိသော် 'သကဒါဂါမိဖိုလ်သို့ရောက်လျက် တုသိတာနတ်ပြည်၌ ဖြစ်သည်'ဟု မြတ်စွာဘုရား မိန့်ကြားတော်မူအပ် ပါသည်။

အသျှင်ဘုရား အာနန္ဒာ အဘယ် အဘယ်မည်သော အကြောင်းအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ဤတရားကို သိအပ်ပါသနည်း၊ ယင်းတရား၌ (မေထုန်မှ ရှောင်ကြဉ်မှု) မြတ်သောအကျင့်ရှိသူနှင့် (မရှောင်ကြဉ်မှု) မြတ်သော အကျင့်မရှိသူ၊ ဤနှစ်ဦးတို့သည် တမလွန်ဘဝ၌ ထပ်တူညီမျှလားရာ 'ဂတိ' ရှိကြပါကုန်၏ဟု (လျှောက်ပါသည်)။

အသျှင်ဘုရား ဤသို့လျှောက်သောအခါ အကျွန်ုပ်သည် မိဂသာလာ ဥပါသိကာမကို 'နှမ မြတ်စွာဘုရားသည် ဤအတိုင်းပင် မိန့်ကြားတော်မူအပ်၏'ဟု ပြောဆိုလိုက်ပါသည် (ဟု လျှောက်၏)။

အာနန္ဒာ မိုက်မဲသော မလိမ္မာသော မိန်းမဖြစ်သော မိန်းမဟူသော အမှတ်နှင့် ပြည့်စုံသောမိဂသာလာဥပါသိကာမသည် အဘယ်သို့သော မိန်းမလေနည်း၊ ယောက်ျားပုဂ္ဂိုလ်တို့၏ဣန္ဒြေအနုအရင့်ကို သိတတ်သော 'ဣန္ဒြိယပရောပရိယ' ဉာဏ်၌ (အပိတ်အပင် အတားအဆီး မရှိကုန်သောမြတ်စွာဘုရား တို့သည်) အဘယ်သို့သော ပုဂ္ဂိုလ်တို့နည်း။

အာနန္ဒာ ဤပုဂ္ဂိုလ်ခြောက်မျိုးတို့သည် လောက၌ ထင်ရှားရှိကုန်၏ -

အဘယ်ခြောက်မျိုးတို့နည်းဟူမူ -

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် (မကောင်းမှု) မှ ကောင်းစွာ ရှောင်ကြဉ်၏၊ ချမ်းသာသော ပေါင်းသင်းမှု ရှိ၏၊ (ထိုသူနှင့်) အတူနေခြင်းဖြင့် သီတင်းသုံးဖော်တို့သည် နှစ်သက်ကုန်၏၊ ထိုသူသည် ကြားနာမှုဖြင့်လည်း ပြုသင့်သည်ကို မပြု၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) မပြု၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ မသိ၊ အခါကာလအားလျော်စွာ့ဖြစ်သော လွတ်မြောက်မှု 'ဝိမုတ္တိ' ကိုလည်း မရ၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ဆုတ်ယုတ်ရန် ဖြစ်၏၊ ထူးမြတ်ရန် မဖြစ်၊ ဆုတ်ယုတ်သည့် အဖြစ်သို့သာလျှင် ရောက်၏၊ ထူးမြတ်သည့်အဖြစ်သို့ မရောက်။ (၁)

အာနန္ဒာ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မကောင်းမှုမှ ကောင်းစွာရှောင်ကြဉ်၏၊ ချမ်းသာသောပေါင်းသင်းမှု ရှိ၏၊ (ထိုသူနှင့်) အတူနေခြင်းဖြင့် သီတင်းသုံးဖော်တို့သည် နှစ်သက်ကုန်၏၊ ထိုသူသည်ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ အကြားအမြင်များမှု (ဝီရိယ) ဖြင့်လည်း (ပြုသင့်သည်ကို) ပြု၏၊ ပညာဖြင့်လည်း (သိသင့်သည်ကို) ထိုးထွင်း၍ သိ၏၊ အခါကာလအားလျော်စွာ ဖြစ်သောလွတ်မြောက်မှု 'ဝိမုတ္တိ' ကိုလည်း ရ၏၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ထူးမြတ်ရန် ဖြစ်၏၊ ဆုတ်ယုတ်ရန် မဖြစ်၊ ထူးမြတ်သည့် အဖြစ်သို့သာလျှင် ရောက်၏၊ ဆုတ်ယုတ်သည့်အဖြစ်သို့ မရောက်။ (၂)

အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့၌ နှိုင်းရှည့်တတ်ကုန်သော ပုဂ္ဂိုလ်တို့သည် -

''ဤပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ အခြားပုဂ္ဂိုလ်အားလည်း ထိုတရားတို့ပင် ရှိကုန်၏၊ (သို့ဖြစ်ပါလျက်) အဘယ့်ကြောင့် ထိုနှစ်ယောက်တို့တွင် တစ်ယောက်က (ဂုဏ်အားဖြင့်) ယုတ်၍တစ်ယောက်က (ဂုဏ်အားဖြင့်) မြတ်ပါသနည်း''ဟု နှိုင်းရှည့်ကုန်၏။

အာနန္ဒာ ထိုသို့ နှိုင်းရှည့်ခြင်းသည် ထိုနှိုင်းရှည့်သူတို့အား ကြာမြင့်စွာ စီးပွါးမဲ့ရန် ဆင်းရဲရန် ဖြစ်၏။

အာနန္ဒာ ထိုပုဂ္ဂိုလ်နှစ်ယောက်တို့တွင် မကောင်းမှုမှ ကောင်းစွာရှောင်ကြဉ်သော ချမ်းသာသောပေါင်းသင်းမှုရှိသော (ထိုသူနှင့်) အတူနေခြင်းဖြင့် သီတင်းသုံးဖော်တို့သည် နှစ်သက်သော၊ ကြားနာမှုဖြင့်လည်း (ပြုသင့်သည်ကို) ပြုသော၊ အကြားအမြင်များမှ