အဂုင်္တ္တရနိကာယ်

အဂုင်္တ္တိုရ်ပါဠိတော်

မြန်မာပြန်

သတ္တကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဏ္ဏာသက

သုတ်ငါးဆယ်

၁-ဓနဝဂ် ၁-ပဌမပိယသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုစဉ်အခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟုခေါ်တော်မူ၏၊ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ်မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်-

လာဘ်ကိုလည်း အလိုရှိ၏။

အရိုအသေပြုမှုကိုလည်း အလိုရှိ၏။

(မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင် မပြုခြင်းကိုလည်း အလိုရှိ၏။

အရှက်လည်း မရှိ။

အကြောက်လည်း မရှိ။

ယုတ်မာသော အလိုဆိုးလည်း ရှိ၏။

မှားသော အယူလည်း ရှိ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။

ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -

လာဘ်ကိုလည်း အလိုမရှိ။

အရိုအသေပြုမှုကိုလည်း အလိုမရှိ။

(မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင်မပြုခြင်းကိုလည်း အလိုမရှိ။

အရှက်လည်း ရှိ၏။

အကြောက်လည်း ရှိ၏။

အလိုနည်းမှုလည်း ရှိ၏။

မှန်ကန်သော အယူလည်း ရှိ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ ပိယသုတ်

၂။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူမမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်-

လာဘ်ကိုလည်း အလိုရှိ၏။

အရိုအသေပြုမှုကိုလည်း အလိုရှိ၏။

(မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင် မပြုခြင်းကိုလည်း အလိုရှိ၏။

အရှက်လည်း မရှိ။

အကြောက်လည်း မရှိ။

ငြူစူလည်း ငြူစူတတ်၏။

ဝန်တိုလည်း ဝန်တိုတတ်၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့၏ မချစ်အပ်သူ့မမြတ်နိုးအပ်သူ အလေးအမြတ် မပြုအပ်သူ (နှလုံးကို) မပွါးစေတတ်သူ ဖြစ်၏။

ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ်ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် -

လာဘ်ကိုလည်း အလိုမရှိ။

အရိုအသေပြုမှုကိုလည်း အလိုမရှိ။

(မိမိကို သူတစ်ပါးတို့) မထီမဲ့မြင်မပြုမှုကိုလည်း အလိုမရှိ။

အရှက်လည်း ရှိ၏။

အကြောက်လည်း ရှိ၏။

ငြူစူလည်း မငြူစူတတ်။

ဝန်တိုလည်း ဝန်မတိုတတ်။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူမြတ်နိုးအပ်သူ အလေးအမြတ် ပြုအပ်သူ (နှလုံးကို) ပွါးစေတတ်သူလည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-သံခိတ္တဗလသုတ်

၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ပ။ ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ယုံကြည်မှု 'သဒ္ဓါ' ဗိုလ်၊ အားထုတ်မှု 'ဝီရိယ' ဗိုလ်၊ ရှက်မှု 'ဟိရီ' ဗိုလ်၊ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဗိုလ်၊ အောက်မေ့မှု 'သတိ' ဗိုလ်၊ တည်ကြည်မှု 'သမာဓိ' ဗိုလ်၊ သိမှု 'ပညာ' ဗိုလ်တို့တည်း။

ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု 'သဒ္ဓါ' ဗိုလ်၊ အားထုတ်မှု 'ဝီရိယ' ဗိုလ်၊ ရှက်မှု, ကြောက်မှု 'ဟိရီ, ဩတ္တပ္ပ'ဟုဆိုအပ်သောဗိုလ်၊ အောက်မေ့မှု 'သတိ' ဗိုလ်၊ တည်ကြည်မှု 'သမာဓိ' ဗိုလ်၊ ခုနစ်ခုမြောက်ဖြစ်သောသိမှု 'ပညာ' ဗိုလ်တို့တည်း။ ထိုဗိုလ်ခုနစ်မျိုးတို့ဖြင့် အားရှိသော ပညာရှိရဟန်းသည် ချမ်းသာစွာ အသက်မွေး ရ၏၊ သင့်လျော်သောအကြောင်းအားဖြင့် (သစ္စာလေးပါး) တရားကို စုံစမ်း ဆင်ခြင်နိုင်၏၊ ဝိပဿနာပညာဖြင့် (သစ္စာလေးပါးတည်းဟူသော) အနက်ကို ရှုနိုင်၏၊ ဆီမီးလျှံ၏ ငြိမ်းအေးခြင်းကဲ့သို့ (အဆုံးစွန်သော) စိတ်၏ (ဝတ္ထု အာရုံတို့မှ) လွတ်မြောက်မှုဖြစ်လေသတည်း။

တတိယသုတ်။

------

၄-ဝိတ္ထတဗလသုတ်

၄။ ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ယုံကြည်မှု 'သဒ္ဓါ' ဗိုလ်၊ အားထုတ်မှု 'ဝီရိယ' ဗိုလ်၊ ရှက်မှု 'ဟိရီ' ဗိုလ်၊ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဗိုလ်၊ အောက်မေ့မှု 'သတိ' ဗိုလ်၊ တည်ကြည်မှု 'သမာဓိ' ဗိုလ်၊ သိမှု 'ပညာ' ဗိုလ်တို့တည်း။

ရဟန်းတို့ ယုံကြည်မှု 'သဒ္ဓါ' ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ယုံကြည်မှု သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏။

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ယုံကြည်၏)။

ရဟန်းတို့ ဤသည်ကို ယုံကြည်မှု 'သဒ္ဓါ' ဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အားထုတ်မှု 'ဝီရိယ' ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။

ရဟန်းတို့ ဤသည်ကို ဝီရိယဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ရှက်မှု 'ဟိရီ' ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊ ကာယဒုစရိုက်မှ ရှက်တတ်၏၊ ဝစီဒုစရိုက်မှ ရှက်တတ်၏၊ မနောဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ရောက်ခြင်းမှ ရှက်တတ်၏။

ရဟန်းတို့ ဤသည်ကို ဟိရီဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှုရှိ၏၊ ကာယဒုစရိုက်မှကြောက်လန့်၏၊ ဝစီဒုရိုက်မှ ကြောက်လန့်၏၊ မနောဒုစရိုက်မှ ကြောက်လန့်၏၊ ယုတ်ညံ့သောအကုသိုလ် တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။

ရဟန်းတို့ ဤသည်ကို ဩတ္တပ္ပဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အောက်မေ့မှု 'သတိ' ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိရှိ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုလုပ်ခဲ့သည်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောဆိုခဲ့သည်ကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။

ရဟန်းတို့ ဤသည်ကို သတိဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ တည်ကြည်မှု 'သမာဓိ' ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်။ပ။ စတုတ္ထဈာန်သို့ ရောက်၍ နေ၏။

ရဟန်းတို့ ဤသည်ကို သမာဓိဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သိမှု 'ပညာ' ဗိုလ်ဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏၊ ဖြစ်မှုပျက်မှုကို သိတတ်၍ကိလေသာတို့ကို ဖောက်ခွဲနိုင်သည့် ဆင်းရဲကုန်ခန်းရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤသည်ကို ပညာဗိုလ်ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဗိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု 'သဒ္ဓါ' ဗိုလ်၊ အားထုတ်မှု 'ဝီရိယ' ဗိုလ်၊ ရှက်မှု, ကြောက်လန့်မှု 'ဟိရီ, ဩတ္တပ္ပ'ဗိုလ်၊ ့အောက်မေ့မှု 'သတိ' ဗိုလ်၊ တည်ကြည်မှု 'သမာဓိ' ဗိုလ်၊ ခုနစ်ခု မြောက်ဖြစ်သော ပညာဗိုလ်တို့တည်း။ ထိုခုနစ်ပါးသော ဗိုလ်တို့ဖြင့် အားရှိသော ပညာရှိရဟန်းသည် ချမ်းသာစွာ အသက်မွေးရ၏၊ သင့်လျော်သော အကြောင်းအားဖြင့် (သစ္စာလေးပါး) တရားကို စုံစမ်းဆင်ခြင်နိုင်၏၊ ဝိပဿနာပညာဖြင့် (သစ္စာလေးပါးတည်းဟူသော) အနက်ကို သိနိုင်၏၊ ဆီမီးလျှံ၏ ငြိမ်းအေးခြင်းကဲ့သို့ (အဆုံးစွန်သော) စိတ်၏ (ဝတ္ထု အာရုံတို့မှ) လွတ်မြောက်မှု ဖြစ်လေသတည်း။

စတုတ္ထသုတ်။

------

၅-သံခိတ္တဓနသုတ်

၅။ ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊ ရှက်မှု 'ဟိရီ' ဥစ္စာ၊ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဥစ္စာ၊ အကြားအမြင် 'သုတ' ဥစ္စာ၊ စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊ သိမှု 'ပညာ' ဥစ္စာတို့တည်း။

ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊ ရှက်မှု, ကြောက်လန့်မှု 'ဟိရီ ဩတ္တပ္ပ' ဥစ္စာ၊ အကြားအမြင် 'သုတ' ဥစ္စာ၊ စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊ ခုနစ်ခုမြောက် သိမှု 'ပညာ' ဥစ္စာတို့တည်း။ အကြင်မိန်းမအား ဖြစ်စေ အကြင်ယောက်ျားအား ဖြစ်စေ ထို (သူတော်ကောင်း) ဥစ္စာတို့သည် ရှိကုန်၏၊ ထို (သူတော်ကောင်း) ဥစ္စာရှိသော မိန်းမယောက်ျားကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင်အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သောသဒ္ဓါတရားကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်းအဖန်ဖန်အားထုတ်ရာသတည်း။

ပဉ္စမသုတ်။

------

၆-ဝိတ္ထတဓနသုတ်

၆။ ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊ ရှက်မှု 'ဟိရီ' ဥစ္စာ၊ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဥစ္စာ၊ အကြားအမြင် 'သုတ' ဥစ္စာ၊ စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊ သိမှု 'ပညာ' ဥစ္စာတို့တည်း။

ရဟန်းတို့ ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော်ကို ယုံကြည်၏။

''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း ဘဂဝါ မည်တော်မူ၏ဟု (ယုံကြည်၏)။

ရဟန်းတို့ ဤသည်ကို ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့စောင့်ထိန်းမှု 'သီလ' ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်၏။

ရဟန်းတို့ ဤသည်ကိုစောင့်ထိန်းမှု 'သီလ' ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ရှက်မှု 'ဟိရီ' ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အရှက်ရှိ၏၊ ကာယဒုစရိုက်မှ ရှက်တတ်၏၊ ဝစီဒုစရိုက်မှ ရှက်တတ်၏၊ မနောဒုစရိုက်မှ ရှက်တတ်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ရောက်ခြင်းမှ ရှက်တတ်၏။

ရဟန်းတို့ ဤသည်ကို ရှက်မှု 'ဟိရီ' ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ကြောက်လန့်မှု ရှိ၏၊ ကာယဒုစရိုက်မှကြောက်လန့်၏၊ ဝစီဒုစရိုက်မှ ကြောက်လန့်၏၊ မနောဒုစရိုက်မှ ကြောက်လန့်၏၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်တတ်၏။

ရဟန်းတို့ ဤသည်ကို ကြောက်လန့်ခြင်း 'ဩတ္တပ္ပ္ပ' ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ အကြားအမြင် 'သုတ' ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် အကြားအမြင် များ၏၊ အကြားအမြင်ကိုဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်, သဒ္ဒါနှင့် ပြည့်စုံသော အလုံးစုံ ပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သောမြတ်သော အကျင့်ကို ဖော်ပြတတ်သော တရားတို့ကို ထိုပုဂ္ဂိုလ်သည် များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။

ရဟန်းတို့ ဤသည်ကို အကြားအမြင်'သုတ' ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ စွန့်ကြဲမှု'စာဂ' ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ဝန်တိုမှု 'မစ္ဆရိယ' အညစ်အကြေး ကင်းသောစိတ်ဖြင့် အိမ်၌ နေ၏၊ လွတ်လွတ်စွန့်ကြဲ၏၊ ပေးအံ့ဟု ဆေးကြောပြီးသော လက်ရှိ၏၊ စွန့်ကြဲမှု၌ မွေ့လျော်၏၊ အတောင်းခံရန် အသင့်ဖြစ်၏၊ ပေးကမ်းမှု ခွဲဝေမှု၌ မွေ့လျော်၏။

ရဟန်းတို့ ဤသည်ကို စွန့်ကြဲမှု 'စာဂ' ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ သိမှု 'ပညာ' ဥစ္စာဟူသည် အဘယ်နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အရိယာတပည့်သည် ပညာရှိ၏။ပ။ ဝဋ်ဒုက္ခ၏ကုန်ရာ နိဗ္ဗာန်သို့ကောင်းစွာ ရောက်စေနိုင်သော မြတ်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤသည်ကို သိမှု 'ပညာ' ဥစ္စာဟူ၍ ဆိုအပ်၏။

ရဟန်းတို့ (သူတော်ကောင်း) ဥစ္စာတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊ ရှက်မှု, ကြောက်လန့်မှု 'ဟိရီ ဩတ္တပ္ပ' ဥစ္စာ၊ အကြားအမြင် 'သုတ' ဥစ္စာ၊ စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊ ခုနစ်ခုမြောက် သိမှု 'ပညာ' ဥစ္စာတို့တည်း။ အကြင်မိန်းမအား ဖြစ်စေ အကြင်ယောက်ျားအား ဖြစ်စေ ထိုသူတော်ကောင်း ဥစ္စာတို့သည် ရှိကုန်၏၊ ထိုသူတော်ကောင်း ဥစ္စာရှိသော မိန်းမယောက်ျားကို မဆင်းရဲသူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင်အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သောသဒ္ဓါတရားကိုလည်းကောင်း၊ (သစ္စာလေးပါးတရား) ကို မြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်းအဖန်ဖန်အားထုတ်ရာသတည်း။

ဆဋ္ဌသုတ်။

------

၇-ဥဂ္ဂသုတ်

၇။ ထိုအခါ ဥဂ္ဂမည်သော (ပသေနဒိကောသလ) မင်း၏ အမတ်ကြီးသည် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

အသျှင်ဘုရား အံ့ဖွယ် ကောင်းလှပါ၏၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါ၏။ အသျှင်ဘုရားရောဟဏသူဌေး၏ မြေးဖြစ်သူ ဤမိဂါရသူဌေးသည် အလွန်ကြွယ်ဝ၏၊ အလွန်များသော ဥစ္စာ ရှိ၏၊ အလွန်များသော အသုံးအဆောင်ရှိ၏ဟု လျှောက်၏။

ဥဂ္ဂအမတ် ရောဟဏသူဌေး၏ မြေးဖြစ်သူ မိဂါရသူဌေးသည် အဘယ်မျှလောက် ကြွယ်ဝသနည်း၊ အဘယ်မျှလောက် များသော ဥစ္စာရှိသနည်း၊ အဘယ်မျှလောက် များသော အသုံးအဆောင်ရှိသနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား ထိုသူဌေးအား ရွှေတို့သည်ပင် သိန်းပေါင်းတစ်ရာ ရှိပါ၏၊ ငွေအရေအတွက်အားဖြင့် ကားအဘယ်ဆိုဖွယ်ရာ ရှိတော့အံ့နည်းဟု (လျှောက်၏)။

ဥဂ္ဂအမတ် ထိုရွှေငွေစသောဥစ္စာသည် လောက၌ ရှိသည်သာတည်း၊ ထိုရွှေငွေစသော ဥစ္စာသည် မရှိဟုငါမဆို၊ ဥဂ္ဂအမတ် ထိုဥစ္စာသည်ကား မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော အမွေခံတို့နှင့်ဆက်ဆံ၏။

ဥဂ္ဂအမတ် ဤဥစ္စာခုနစ်မျိုးတို့သည်ကား မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော အမွေခံ တို့နှင့်မဆက်ဆံကုန်။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊ ရှက်မှု 'ဟိရီ' ဥစ္စာ၊ ကြောက်လန့်မှု 'ဩတ္တပ္ပ' ဥစ္စာ၊ အကြားအမြင် 'သုတ' ဥစ္စာ၊ စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊ သိမှု 'ပညာ' ဥစ္စာတို့တည်း။

ဥဂ္ဂအမတ် ဤဥစ္စာခုနစ်မျိုးတို့သည်ကား မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သော အမွေခံတို့ နှင့်မဆက်ဆံကုန်ဟု (မိန့်တော်မူ၏)။

ယုံကြည်မှု 'သဒ္ဓါ' ဥစ္စာ၊စောင့်ထိန်းမှု 'သီလ' ဥစ္စာ၊ ရှက်မှု, ကြောက်လန့်မှု 'ဟိရီ ဩတ္တပ္ပ' ဥစ္စာ၊ အကြားအမြင် 'သုတ' ဥစ္စာ၊ စွန့်ကြဲမှု 'စာဂ' ဥစ္စာ၊ ခုနစ်ခု မြောက် သိမှု 'ပညာ' ဥစ္စာတို့တည်း။ အကြင်မိန်းမအား ဖြစ်စေ အကြင်ယောက်ျားအား ဖြစ်စေ ထိုသူတော်ကောင်းဥစ္စာ တို့သည် ရှိကုန်၏၊ ထိုသူတော်ကောင်း ဥစ္စာရှိသော မိန်းမယောက်ျားကို မဆင်းရဲ သော သူဟူ၍ ပညာရှိတို့ ဆိုကုန်၏၊ ထိုသူ၏ အသက်ရှင်ခြင်းကို အချည်းနှီး မဟုတ်ဟု ဆိုကုန်၏။ ထို့ကြောင့် ပညာရှိသည် ဘုရားသျှင်အဆုံးအမတော်ကို အောက်မေ့လျက် ကြည်လင်စေတတ်သောသဒ္ဓါတရားကိုလည်းကောင်း၊ သစ္စာလေးပါးတရားကို မြင်ကြောင်းဖြစ်သော သီလကိုလည်းကောင်းအဖန်ဖန် အားထုတ်ရာ၏။

သတ္တမသုတ်။

------

၈-သံယောဇနသုတ်

၈။ ရဟန်းတို့ နှောင်ကြိုး 'သံယောဇဉ်' တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

အနုနယ (ကာမရာဂ) သံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ မာနသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ အဝိဇ္ဇာသံယောဇဉ်တို့တည်း။

ရဟန်းတို့ နှောင်ကြိုး 'သံယောဇဉ်' တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဟာနသုတ်

၉။ ရဟန်းတို့ နှောင်ကြိုး 'သံယောဇဉ်' ခုနစ်မျိုးတို့ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကိုကျင့်သုံး၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

အနုနယသံယောဇဉ်ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကို ကျင့်သုံး၏။

ပဋိဃသံယောဇဉ်ကို။ပ။ ဒိဋ္ဌိသံယောဇဉ်ကို။ပ။ ဝိစိကိစ္ဆာသံယောဇဉ်ကို။ပ။ မာနသံယောဇဉ်ကို။ပ။ ဘဝရာဂသံယောဇဉ်ကို။ပ။ အဝိဇ္ဇာသံယောဇဉ်ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကို ကျင့်သုံး၏။

ရဟန်းတို့ ဤနှောင်ကြိုး 'သံယောဇဉ်' ခုနစ်မျိုးတို့ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့် ကိုကျင့်သုံး၏။

ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် အနုနယသံယောဇဉ်ကို ပယ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ဖြတ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြု၏၊ (အသစ်) မဖြစ်ခြင်းကို ပြု၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိ။

ပဋိဃသံယောဇဉ်ကို။ပ။ ဒိဋ္ဌိသံယောဇဉ်ကို။ပ။ ဝိစိကိစ္ဆာသံယောဇဉ်ကို။ပ။ မာနသံယောဇဉ်ကို။ပ။ ဘဝရာဂသံယောဇဉ်ကို။ပ။ အဝိဇ္ဇာသံယောဇဉ်ကို ပယ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်၏၊ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြု၏၊ အသစ်မဖြစ်ခြင်းကို ပြု၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိ။

ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူ၊ သံယောဇဉ်ကို ဖြေပြီးသူ၊ ကောင်းစွာ မာနကိုနုတ်ပယ်သောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-မစ္ဆရိယသုတ်

၁၀။ ရဟန်းတို့ သံယောဇဉ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

အနုနယသံယောဇဉ်၊ ပဋိဃသံယောဇဉ်၊ ဒိဋ္ဌိသံယောဇဉ်၊ ဝိစိကိစ္ဆာသံယောဇဉ်၊ မာနသံယောဇဉ်၊ ဣဿာသံယောဇဉ်၊ မစ္ဆရိယသံယောဇဉ်တို့တည်း။

ရဟန်းတို့ သံယောဇဉ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော ဓနဝဂ် ပြီး၏။

------

၂-အနုသယဝဂ် ၁-ပဌမ အနုသယသုတ်

၁၁။ ရဟန်းတို့ အကိန်းဓာတ် 'အနုသယ' တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ကာမရာဂါနုသယ၊ ပဋိဃာနုသယ၊ ဒိဋ္ဌာနုသယ၊ ဝိစိကိစ္ဆာနုသယ၊ မာနာနုသယ၊ ဘဝရာဂါနုသယ၊ အဝိဇ္ဇာနုသယတို့တည်း။

ရဟန်းတို့ အကိန်းဓာတ် 'အနုသယ' တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဒုတိယ အနုသယသုတ်

၁၂။ ရဟန်းတို့ အကိန်းဓာတ် 'အနုသယ' ခုနစ်မျိုးတို့ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကိုကျင့်သုံး၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ကာမဂုဏ်တို့၌ စွဲမက်မှု အကိန်းဓာတ် ကာမရာဂါနုသယကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သောအကျင့်ကို ကျင့်သုံး၏။

ပဋိဃာနုသယကို ပယ်ရန်။ပ။ ဒိဋ္ဌာနုသယကို ပယ်ရန်။ပ။ ဝိစိကိစ္ဆာနုသယကို ပယ်ရန်။ပ။ မာနာနုသယကို ပယ်ရန်။ပ။ ဘဝရာဂါနုသယကို ပယ်ရန်။ပ။ အဝိဇ္ဇာနုသယကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကို ကျင့်သုံး၏။

ရဟန်းတို့ ဤအကိန်းဓာတ် 'အနုသယ' ခုနစ်မျိုးတို့ကို ပယ်ရန် ဖြတ်တောက်ရန် မြတ်သော အကျင့်ကိုကျင့်သုံး၏။

ရဟန်းတို့ အကြင်အခါ၌ ရဟန်းအား ကာမဂုဏ်တို့၌ စွဲမက်မှု အကိန်းဓာတ် ကာမရာဂါနုသယကိုပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသော ထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ်မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိ။

ပဋိဃာနုသယကို။ပ။ ဒိဋ္ဌာနုသယကို။ပ။ ဝိစိကိစ္ဆာနုသယကို။ပ။ မာနာနုသယကို။ပ။ ဘဝရာဂါနုသယကို။ပ။ အဝိဇ္ဇာနုသယကို ပယ်ပြီးဖြစ်၏၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်ပြီးဖြစ်၏၊ နုတ်ပြီးသောထန်းပင်ရာကဲ့သို့ ပြုပြီးဖြစ်၏၊ အသစ် မဖြစ်ခြင်းကို ပြုပြီးဖြစ်၏၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိ။

ရဟန်းတို့ ထိုအခါ ဤရဟန်းကို တဏှာကို ဖြတ်ပြီးသူ သံယောဇဉ်ကို ဖြေပြီးသူ ကောင်းစွာ မာနကိုနုတ်ပယ်သောကြောင့် ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုပြီးသူဟူ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ကုလသုတ်

၁၃။ ရဟန်းတို့ အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော်ကပ်ရောက်ရန် မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုကုန်။

မြတ်နိုးသဖြင့် ရှိမခိုးကုန်။

မြတ်နိုးသဖြင့် နေရာ မပေးကုန်။

ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုပုဂ္ဂိုလ်အား လျှို ့ဝှက်ကုန်၏။

အလှူဝတ္ထု အများအပြား ရှိပါလျက်လည်း အနည်းငယ်ကို ပေးလှူ၏၊

မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက်လည်း ရုန့်ရင်းကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကုန်၏။

မရိုမသေ ပေးလှူကုန်၏၊ ရိုရိုသေသေ မပေးလှူကုန်။

ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော်ကပ်ရောက်ရန် မသင့်၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် မသင့်။

ရဟန်းတို့ အင်္ဂါခုနစ်မျိုးတို့နှင့်ပြည့်စုံသော ဒါယကာတို့အိမ်သို့ မကပ်ရောက်ရသေးသော် ကပ်ရောက်ရန် သင့်၏၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန် သင့်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

မြတ်နိုးသဖြင့် ခရီးဦးကြိုဆိုကုန်၏။

မြတ်နိုးသဖြင့် ရှိခိုးကုန်၏။

မြတ်နိုးသဖြင့် နေရာ ပေးကုန်၏။

ထင်ရှားရှိသော လှူဖွယ်ဝတ္ထုကို ထိုပုဂ္ဂိုလ်အား မလျှို ့ဝှက်ကုန်။

အလှူဝတ္ထု အများအပြားရှိသော် များပြားစွာ ပေးလှူကုန်၏၊

မွန်မြတ်သော လှူဖွယ်ဝတ္ထုရှိသော် မွန်မြတ်သော လှူဖွယ်ဝတ္ထုကို ပေးလှူကုန်၏။

ရိုသေစွာ ပေးလှူကုန်၏၊ မရိုမသေ မပေးလှူကုန်။

ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော ဒါယကာတို့ အိမ်သို့ မကပ်ရောက်ရသေးသော်ကပ်ရောက်ရန်သင့်၏၊ ကပ်ရောက်ပြီးသော်ကား ထိုင်နေရန်သင့်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ပုဂ္ဂလသုတ်

၁၄။ ရဟန်းတို့ ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူ ပူဇော်ရန်ထိုက်ကုန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

ရူပကာယ နာမကာယ နှစ်ပါးသော အဖို့မှ လွတ်သော 'ဥဘတောဘာဂဝိမုတ္တ' ပုဂ္ဂိုလ်။

ပညာဖြင့် ကိလေသာတို့မှ လွတ်သော 'ပညာဝိမုတ္တ' ပုဂ္ဂိုလ်။

(ဈာန် မဂ် ဖိုလ် နိဗ္ဗာန်ကို) နာမကာယဖြင့် မျက်မှောက်ပြုသော 'ကာယသက္ခိ' ပုဂ္ဂိုလ်။

သစ္စာလေးပါးတရားကို သိ၍ အထက်မဂ်ဖိုလ်သို့ ရောက်သော'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်။

သဒ္ဓါတရားဖြင့် ကိလေသာတို့မှ လွတ်သော 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်။

ပညာရှေ့သွားရှိ၍ အရိယာမဂ်ကို ပွါးစေသော 'ဓမ္မာနုသာရီ' ပုဂ္ဂိုလ်။

သဒ္ဓါရှေ့သွားရှိ၍ အရိယာမဂ်ကို ပွါးစေသော 'သဒ္ဓါနုသာရီ' ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန်ထိုက်ကုန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ခံထိုက်ကုန်၏၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ဥဒကူပမာသုတ်

၁၅။ ရဟန်းတို့ လောက၌ ရေဥပမာရှိကုန်သော ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် ထင်ရှားရှိကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် တစ်ကြိမ် နစ်မြုပ်သော် နစ်မြုပ်တော့သည်သာ ဖြစ်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကြည့်ရှု၏၊ ထိုမှဤမှ ကြည့်ရှု၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူး၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက်၏။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ကူးမြောက်၏၊ ကမ်းတစ်ဖက်သို့ရောက်၏၊ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၏၊ မကောင်းမှုကို အပပြုပြီးဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာဖြစ်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စင်စစ် မည်းညစ်ကုန်သော အကုသိုလ်တရား တို့နှင့်ပြည့်စုံ၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် တစ်ကြိမ်နစ်မြုပ်လျှင် နစ်မြုပ်တော့သည်သာ ဖြစ်၏။ (၁)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏၊ ဟိရီသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပသည် ကောင်းမြတ်၏၊ ဝီရိယသည် ကောင်းမြတ်၏၊ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည်သာလျှင်တည်း။

ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဩတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မတည်၊ မတိုးပွါး၊ ဆုတ်ယုတ်သည်သာလျှင်တည်း။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ နစ်မြုပ်ပြန်၏။ (၂)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်၏ ထိုသဒ္ဓါတရားသည် မဆုတ်ယုတ်၊ မတိုးပွါး၊ တည်၏။

ထိုပုဂ္ဂိုလ်၏ ထိုဟိရီသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဩတ္တပ္ပသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုဝီရိယသည်။ပ။ ထိုပုဂ္ဂိုလ်၏ ထိုပညာသည် မဆုတ်ယုတ်၊ မတိုးပွါး၊ (တည်မြဲတိုင်း) တည်တံ့၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် တည်၏။ (၃)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှုသနည်း၊ ထိုမှဤမှ ကြည့်ရှုသနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ်'အနှောင်အဖွဲ့' တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အပါယ်သို့ကျခြင်းသဘောမရှိသော ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန်ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကြည့်ရှု၏၊ ထိုမှဤမှ ကြည့်ရှု၏။ (၄)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးသနည်း။

ရဟန်းတို့ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ထိုပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ် 'အနှောင်အဖွဲ့' တို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ရာဂ ဒေါသမောဟတို့ ခေါင်းပါးသည်၏ အဖြစ်ကြောင့် တစ်ကြိမ်သာလျှင် ကာမဘုံသို့လာ၍ ဝဋ်ဒုက္ခ၏ အဆုံးကို့ပြုသော သကဒါဂါမ် ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူး၏။ (၅)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီးလျှင် ထောက်တည်ရာသို့ ရောက်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်း သံယောဇဉ်'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် ဗြဟ္မာ့ဘုံ၌ ဥပပတ်ပဋိသန္ဓေနေ၍ ထိုဘုံ၌ သာလျှင်ပရိနိဗ္ဗာန်ပြုမည့် ထိုဘုံမှ ပြန်လည်ခြင်း သဘောမရှိသူ အနာဂါမ်ဖြစ်၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ထောက်တည်ရာသို့ ရောက်၏။ (၆)

ရဟန်းတို့ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်၍ မကောင်းမှုကို အပပြုပြီးသူ ဖြစ်သနည်း။

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကုသိုလ်တရားတို့၌ သဒ္ဓါတရားသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။

ဟိရီသည် ကောင်းမြတ်၏။ပ။ ဩတ္တပ္ပသည် ကောင်းမြတ်၏။ပ။ ဝီရိယသည် ကောင်းမြတ်၏။ပ။ ကုသိုလ်တရားတို့၌ ပညာသည် ကောင်းမြတ်၏ဟု ပေါ်လာ၏။ ထိုပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခု ဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤသို့လျှင် ပုဂ္ဂိုလ်သည် ပေါ်ပြီး၍ ကူးမြောက်သူ ကမ်းတစ်ဖက်သို့ ရောက်သူ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်၌ တည်သူ မကောင်းမှုကို အပပြုပြီးသူ ဖြစ်၏။ (၇)

ရဟန်းတို့ လောက၌ ရေဥပမာရှိကုန်သော ဤပုဂ္ဂိုလ်ခုနစ်မျိုးတို့သည် ထင်ရှားရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-အနိစ္စာနုပဿီသုတ်

၁၆။ ရဟန်းတို့ (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော၊ ဧည့်သည်တို့ အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်သော၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်သော ပုဂ္ဂိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့၌ မမြဲသော အခြင်းအရာအားဖြင့် အဖန်ဖန် ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု ထင်စွာ သိသည်ဖြစ်၍ အမြဲမပြတ် (တစ်ပါးသော စိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏၊ ထိုရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် နေ၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ ဧည့်သည်အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်သော၊ သတ္တဝါအပေါင်း၏့ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ပဌမ ပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့၌ မမြဲသော အခြင်းအရာအားဖြင့် အဖန်ဖန် ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု ထင်စွာ သိသည်ဖြစ်၍အမြဲမပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက်နေ၏၊ ထိုပုဂ္ဂိုလ်အား မရှေးမနှောင်း အာသဝေါတရားတို့ကုန်ခြင်းသည်လည်းကောင်း၊ အသက်ကုန်ခြင်းသည်လည်းကောင်း ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ဒုတိယ ပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့၌ မမြဲသော အခြင်းအရာအားဖြင့် အဖန်ဖန် ရှုသည် မမြဲဟု အမှတ်ရှိသည် မမြဲဟု ထင်စွာ သိသည်ဖြစ်၍အမြဲမပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက်နေ၏၊

ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ် ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်း အခြား၏အလယ်၌ ပရိနိဗ္ဗာန်ပြုသော 'အန္တရာပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဖြစ်၏။ပ။ အသက်အပိုင်းအခြား အလယ်ကိုလွန်၍ ပရိနိဗ္ဗာန်ပြုသော 'ဥပဟစ္စပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှုမရှိဘဲ ပရိနိဗ္ဗာန် ပြုသော'အသင်္ခါရပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှုရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော 'သသင်္ခါရ ပရိနိဗ္ဗာယီ'ပုဂ္ဂိုလ်ဖြစ်၏။ပ။ အကနိဋ္ဌဘုံသို့ ရောက်၍ အထက်မဂ်ကို ရထိုက်သော 'ဥဒ္ဓံသောတ အကနိဋ္ဌဂါမီ'ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်သော၊ သတ္တဝါအပေါင်း၏ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော သတ္တမပုဂ္ဂိုလ်တည်း။

ရဟန်းတို့ (အရပ်ဝေးမှ)။ပ။ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ဝတ္ထုကိုသော်လည်း ပေးလှူပူဇော်ရန် ထိုက်သော၊ တမလွန်အတွက်ရည်မျှော်သော အလှူကို ခံထိုက်ကုန်သော၊ လက်အုပ်ချီခြင်းငှါ ထိုက်ကုန်သော၊ အမြတ်ဆုံး လယ်မြေဖြစ်သော ပုဂ္ဂိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-ဒုက္ခာနုပဿီသုတ်

၁၇။ ရဟန်းတို့ (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်သော ပုဂ္ဂိုလ်တို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသော သင်္ခါရတို့၌ ဆင်းရဲသော အခြင်းအရာအားဖြင့် (ဒုက္ခဟု) အဖန်ဖန် ရှုသည် ဖြစ်၍ နေ၏။ပ။

သတ္တမသုတ်။

------

၈-အနတ္တာနုပဿီသုတ်

၁၈။ အလုံးစုံသော တရားတို့၌ အစိုးမရသော အခြင်းအရာအားဖြင့် (အနတ္တဟု) အဖန်ဖန်ရှု သည်ဖြစ်၍နေ၏။ပ။

အဋ္ဌမသုတ်။

------

၉-နိဗ္ဗာနသုတ်

၁၉။ နိဗ္ဗာန်၌ သုခဟု အဖန်ဖန်ရှုသည် သုခဟုအမှတ်ရှိသည် သုခဟု ထင်စွာသိသည်ဖြစ်၍ အမြဲ မပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏၊ ထိုပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ပဌမ ပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ သုခဟု အဖန်ဖန်ရှုသည် သုခဟု အမှတ်ရှိသည် သုခဟု ထင်စွာ သိသည်ဖြစ်၍ အမြဲမပြတ် (တစ်ပါးသောစိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏။

ထိုပုဂ္ဂိုလ်အား မရှေးမနှောင်း အာသဝေါတရားတို့ကုန်ခြင်းသည်လည်းကောင်း၊ အသက်ကုန်ခြင်းသည်လည်းကောင်း ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော ဒုတိယပုဂ္ဂိုလ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် နိဗ္ဗာန်၌ သုခဟု အဖန်ဖန်ရှုသည် သုခဟု အမှတ်ရှိသည် သုခဟု ထင်စွာ သိသည်ဖြစ်၍ အမြဲမပြတ် (တစ်ပါးသော စိတ်တို့နှင့်) မရောပြွမ်းမူ၍ စိတ်ဖြင့် နှလုံးသွင်းပြီးလျှင် ပညာဖြင့် သက်ဝင်လျက် နေ၏။ ထိုပုဂ္ဂိုလ်သည် အောက်ပိုင်းသံယောဇဉ်ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ပရိနိဗ္ဗာန်ပြုသော'အန္တရာပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဖြစ်၏။ပ။ အသက်အပိုင်းအခြားအလယ်ကို လွန်၍ ပရိနိဗ္ဗာန်ပြုသော 'ဥပဟစ္စပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှု မရှိဘဲ ပရိနိဗ္ဗာန်ပြုသော 'အသင်္ခါရပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဖြစ်၏။ပ။ အားထုတ်မှုရှိသဖြင့် ပရိနိဗ္ဗာန်ပြုသော 'သသင်္ခါရ ပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဖြစ်၏။ပ။ အကနိဋ္ဌဘုံသို့ ရောက်၍အထက်မဂ်ကို ရထိုက်သော 'ဥဒ္ဓံသောတအကနိဋ္ဌဂါမီ' ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ ဤပုဂ္ဂိုလ်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်သော သတ္တမပုဂ္ဂိုလ်တည်း။

ရဟန်းတို့ (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်ကုန်သော။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေဖြစ်ကုန်သော ပုဂ္ဂိုလ်တို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-နိဒ္ဒသဝတ္ထုသုတ်

၂၀။ ရဟန်းတို့ နိဒ္ဒသဝတ္ထုတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်-

သိက္ခာသုံးပါးကို ဆောက်တည်မှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ သိက္ခာသုံးပါးကိုဆောက်တည်ခြင်း၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။

(အနိစ္စစသော အခြင်းအရာအားဖြင့်) တေဘူမကတရားတို့ကို စုံစမ်းရာ၌ ထက်သန်သော ပြုလိုမှု 'ဆန္ဒ' ရှိ၏၊ နောင်အခါ (အနိစ္စစသော အခြင်းအရာအားဖြင့်) တေဘူမကတရားတို့ကို စုံစမ်းရာ၌လည်းမကင်းသော မြတ်နိုးခြင်းရှိ၏။

တဏှာကို ဖျက်ဆီးမှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ တဏှာကို ဖျက်ဆီးခြင်း၌လည်းမကင်းသော မြတ်နိုးခြင်းရှိ၏။

တစ်ယောက်တည်း ကိန်းအောင်းမှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ တစ်ယောက်တည်းကိန်းအောင်းမှု၌ မကင်းသော မြတ်နိုးခြင်းရှိ၏။

ဝီရိယကို အားထုတ်ရာ၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ ဝီရိယကို အားထုတ်ရာ၌လည်းမကင်းသော မြတ်နိုးခြင်း ရှိ၏။

အောက်မေ့မှု 'သတိ' ရင့်ကျက်မှု 'ပညာ'၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ အောက်မေ့မှုသတိရင့်ကျက်မှု ပညာ၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။

သမ္မာဒိဋ္ဌိကို ထိုးထွင်း၍ သိရာ၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ သမ္မာဒိဋ္ဌိကို ထိုးထွင်း၍သိရာ၌လည်း မကင်းသော မြတ်နိုးခြင်းရှိ၏။

ရဟန်းတို့ နိဒ္ဒသဝတ္ထုတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် အနုသယဝဂ် ပြီး၏။

------

၃-ဝဇ္ဇိသတ္တကဝဂ် ၁-သာရန္ဒဒသုတ်

၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် သာရန္ဒဒစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန် သောများစွာသော လိစ္ဆဝီမင်းတို့အား မြတ်စွာဘုရားသည်-

''လိစ္ဆဝီမင်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့''ဟု မိန့်တော်မူ၏။

''ကောင်းပါပြီ အသျှင်ဘုရား''ဟု ထိုလိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

လိစ္ဆဝီမင်းတို့ မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေးနေကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

ကြီးပွါးမှုကိုသာလျှင် (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏၊ ဆုတ်ယုတ်မှုကို မမျှော်လင့်အပ်။

လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကြ အညီအညွတ် အစည်းအဝေးမှ ထကြ လျက်ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)

လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကြကုန်မူ၍ ပညတ်ပြီးသော အရာကိုမပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်နေ ကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန်မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍့နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)

လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင် အထက်မသိမ်းပိုက်ကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

လိစ္ဆဝီမင်းတို့ ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း 'စေတီ' တို့ကို အရိုအသေပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူမြဲပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်ကြစေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)

လိစ္ဆဝီမင်းတို့ ''အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန်အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း''ဟုဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)

လိစ္ဆဝီမင်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရား ခုနစ်ပါးတို့သည် ဝဇ္ဇီမင်းတို့၌ တည်၍ဝဇ္ဇီမင်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကောင်းစွာကျင့်သုံးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ဝဿကာရသုတ်

၂၂။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန်သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော်ပြောဆိုလျက် ရှိ၏။

''ငါသည် ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေအံ့''ဟု (ပြောဆိုလျက်ရှိ၏)။

ထိုအခါ ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မဂဓတိုင်းအမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားကို ခေါ်၍-

''ပုဏ္ဏား လာလော့၊ သင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ငါ၏ စကားဖြင့် မြတ်စွာဘုရား၏ခြေတော်တို့ကို ဦးခိုက်ရှိခိုးလော့၊ အနာကင်းကြောင်း ရောဂါကင်းကြောင်း၊ ကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာနေရ ကြောင်းများကို မေးလေလော့၊ 'အသျှင်ဘုရား ဝေဒေဟီမိဖုရား၏သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရား၏ ခြေတော်တို့ကိုဦးခိုက်ရှိခိုးလိုက်ပါ၏၊ အနာ ကင်းကြောင်း၊ ရောဂါကင်းကြောင်း၊ ကျန်းမာကြောင်း၊ သန်စွမ်းကြောင်း၊ ချမ်းသာစွာ နေရကြောင်း များကို မေးလိုက်ပါ၏'ဟု လျှောက်လေလော့၊ ထို့ပြင် 'အသျှင်ဘုရားဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန်သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော် ပြောဆိုလျက် ရှိပါ၏၊ ဤသို့ တန်ခိုးအာနုဘော်ကြီးကုန်သောဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်စေအံ့ဟု (ပြောဆိုလျက်ရှိပါ၏)'ဟူ၍လည်း လျှောက်ထားလေလော့၊ မြတ်စွာဘုရား မိန့်ကြားတော်မူသည့်အတိုင်းကောင်းစွာ မှတ်သား၍ ငါ့အား ပြန်ကြားလော့၊ မြတ်စွာဘုရားတို့ မည်သည် ချွတ်ယွင်းသော စကားကို့မိန့်ကြားတော် မမူကုန်''ဟု မိန့်ဆို၏။

''ကောင်းပါပြီ အရှင်''ဟု မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏား ဝေဒေဟီမိဖုရား၏သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းအား ဝန်ခံပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကိုပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် အသျှင်ဂေါတမ၏ ခြေတော်တို့ကို ဦးခိုက်ရှိခိုးလိုက်ပါ၏၊ အနာကင်းကြောင်း ရောဂါကင်းကြောင်းကျန်းမာကြောင်း သန်စွမ်းကြောင်း ချမ်းသာစွာ နေရကြောင်းများကို မေးလိုက်ပါ၏၊ အသျှင်ဂေါတမဝေဒေဟီမိဖုရား၏ သားဖြစ်သော မဂဓတိုင်းရှင် အဇာတသတ်မင်းသည် ဝဇ္ဇီမင်းတို့ကို နှိမ်နင်းရန်သွားလိုသည် ဖြစ်၍ ဤသို့ ထုတ်ဖော် ပြောဆိုလျက် ရှိပါ၏၊ 'ငါသည် ဤသို့တန်ခိုးအာနုဘော်ကြီးကုန်သော ဤဝဇ္ဇီမင်းတို့ကို မျိုးဖြုတ်အံ့၊ ဖျက်ဆီးအံ့၊ အကျိုးမဲ့ပျက်စီးခြင်းသို့ရောက်စေအံ့'ဟု ပြောဆိုလျက်ရှိပါသည်''ဟု (လျှောက်၏)။

ထိုစဉ်အခါ၌ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားကို ယပ်ခပ်လျက် မြတ်စွာဘုရား၏ နောက်၌ တည်ရှိနေ၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို-

''အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးကြကုန်၏လော၊ အကြိမ်များစွာ စည်းဝေးကြကုန်၏ လော၊ သင် အဘယ်သို့ ကြားရသနည်း''ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးကြပါကုန်၏၊ အကြိမ်များစွာ စည်းဝေးကြပါကုန်၏''ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပြတ်စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလ ပတ်လုံးဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၏လော၊ အညီအညွတ် အစည်းအဝေးမှထကုန်၏လော၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း''ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးပါကုန်၏၊ အညီအညွတ် အစည်းအဝေးမှထပါကုန်၏၊ ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်ပါကုန်၏''ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အညီအညွတ် စည်းဝေးကုန်၊ အညီအညွတ် အစည်းအဝေးမှ ထကုန်လျက်ဝဇ္ဇီတိုင်းရေးကိစ္စတို့ကို အညီအညွတ် ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)

အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ဘဲ ရှိကုန်၏လော၊ ပညတ်ပြီးသောအရာကို မပယ်ဖျက်ကြကုန်ဘဲ ရှိကုန်၏လော၊ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကိုလိုက်နာ၍ ကျင့်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း''ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ပါကုန်၊ ပညတ်ပြီးသော အရာ ကိုမပယ်ဖျက်ပါကုန်၊ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်ပါကုန်၏ဟုအကျွန်ုပ် ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မပညတ်ခဲ့သော အရာကို မပညတ်ကုန်မူ၍ ပညတ်ပြီးသော အရာကိုမပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော ရှေးဟောင်း ဝဇ္ဇီကျင့်ထုံးတို့ကို လိုက်နာ၍ ကျင့်နေကြသမျှ့ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်းနာယူသင့် သည်ဟု မှတ်ထင်ကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း''ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုပါကုန်၏၊ အလေးပြုပါကုန်၏၊ မြတ်နိုးပါကုန်၏၊ ပူဇော်ပါကုန်၏၊ ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟူ၍ ထင်ပါကုန်၏''ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အသက်ကြီးသော ဝဇ္ဇီမင်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန်မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုအသက်ကြီးသူတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍နေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)

အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက်မသိမ်းပိုက်ဘဲ ရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း''ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင် အထက်မသိမ်းပိုက်ပါကုန်''ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် အမျိုးသမီးကြီး အမျိုးသမီးငယ်တို့ကို အတင်းဆွဲငင်၍ အနိုင်အထက်မသိမ်းပိုက်ကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

အာနန္ဒာ ''ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း 'စေတီ' တို့ကို အရိုအသေပြုကုန်၏လော၊ အလေးပြုကုန်၏လော၊ မြတ်နိုးကုန်၏လော၊ ပူဇော်ကုန်၏လော၊ ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူ မြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေဘဲရှိကုန်၏လော၊ သင် အဘယ်သို့ ကြားရသနည်း''ဟု မေးတော်မူ၏။

အသျှင်ဘုရား ''ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း 'စေတီ' တို့ကိုအရိုအသေပြုပါကုန်၏၊ အလေးပြုပါကုန်၏၊ မြတ်နိုးပါကုန်၏၊ ပူဇော်ပါကုန်၏၊ ထိုနတ်ကွန်းတို့အားလည်းရှေးက ပေးလှူမြဲ ပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်စေပါကုန်''ဟုအကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ဝဇ္ဇီမင်းတို့သည် မြို့တွင်း မြို့ပြင်ရှိ ဝဇ္ဇီမင်းတို့၏ နတ်ကွန်း 'စေတီ' တို့ကို အရိုအသေ ပြုကုန်အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထိုနတ်ကွန်းတို့အားလည်း ရှေးက ပေးလှူ မြဲပြုမြဲဖြစ်သော တရားနှင့်လျော်သော ဗလိနတ်စာကို မဆုတ်ယုတ်ကြစေသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)

အာနန္ဒာ ''အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန် အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း''ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်လျက် လုံခြုံစေမှုကို ကောင်းစွာစီမံပေးကုန် ၏လော၊ သင် အဘယ်သို့ ကြားရသနည်း''ဟု (မေးတော်မူ၏)။

အသျှင်ဘုရား ''အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန်အံ့နည်း၊ ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း''ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်ကြကုန်ပါ၏၊ လုံခြုံမှုကိုကောင်းစွာ စီမံပေးကြပါကုန်၏ဟု အကျွန်ုပ်ကြားရပါ၏ဟု (လျှောက်၏)။

အာနန္ဒာ ''အဘယ်သို့လျှင် ဝဇ္ဇီတိုင်းသို့ မကြွလာသေးသော ရဟန္တာတို့သည် ကြွလာပါကုန်အံ့နည်း၊ ့ကြွရောက်လာပြီးသော ရဟန္တာတို့သည်လည်း ဝဇ္ဇီတိုင်း၌ ချမ်းသာစွာ နေရပါကုန်အံ့နည်း''ဟု ဝဇ္ဇီမင်းတို့သည် ရဟန္တာတို့၌ တရားနှင့်အညီစောင့်ရှောက်ကာကွယ်လျက် လုံခြုံမှုကို ကောင်းစွာ စီမံပေးနေကြသမျှ ကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။ (၇)

ထိုအခါ၌ မြတ်စွာဘုရားသည် မဂဓတိုင်း အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားအား-

''ပုဏ္ဏား အခါတစ်ပါး၌ ငါသည် ဝေသာလီပြည် သာရန္ဒဒစေတီ၌ နေ၏၊ ပုဏ္ဏား ထိုအခါ ငါသည်ဝဇ္ဇီမင်းတို့အား ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရား ခုနစ်ပါးတို့ကို ဟောခဲ့၏။

ပုဏ္ဏား ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ဝဇ္ဇီမင်းတို့၌ တည်၍ဝဇ္ဇီမင်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးတို့ကို ကောင်းစွာ ကျင့်သုံးနေကြသမျှကာလပတ်လုံး ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ''ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ မဆုတ်ယုတ်ကြောင်းတရား တစ်ပါးပါးနှင့် ပြည့်စုံလျှင်ပင် ဝဇ္ဇီမင်းတို့အား ကြီးပွါးရန်သာ ရှိပါ၏၊ ဆုတ်ယုတ်ရန်ကား မရှိပါ၊ မဆုတ်ယုတ်ကြောင်း တရားခုနစ်ပါးလုံးတို့နှင့် ပြည့်စုံပါမူကားအဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။ ိံအသျှင်ဂေါတမ ဝေဒေဟီမိဖုရား၏သား မဂဓတိုင်းရှင်အဇာတသတ်မင်းသည် ဖြားယောင်းမှုကို ဖြစ်စေ အချင်းချင်း စိတ်ဝမ်းကွဲမှုကို ဖြစ်စေ မပြုမူ၍စစ်ထိုးကာမျှဖြင့် ဝဇ္ဇီတိုင်းကို သိမ်းပိုက်နိုင်ဖွယ် မရှိပါ။

အသျှင်ဂေါတမ ယခုအခါ အကျွန်ုပ်တို့ သွားပါကုန်အံ့၊ အကျွန်ုပ်တို့သည် များသောကိစ္စ များသောပြုဖွယ်ရှိပါကုန်၏ဟု (လျှောက်၏)။

ပုဏ္ဏား ယခုအခါ၌ သွားရန် အချိန်ကို သင် သိ၏၊ (သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။

ထိုအခါ မဂဓတိုင်းရှင် အမတ်ကြီးဖြစ်သော ဝဿကာရပုဏ္ဏားသည် မြတ်စွာဘုရား၏ စကားကိုအလွန်နှစ်သက်စွာ ခံယူ၍ ဝမ်းမြောက်စွာ ချီးကျူးပြီးလျှင် နေရာမှ ထကာ ပြန်သွားလေ၏။

ဒုတိယသုတ်။

------

၃-ပဌမ သတ္တကသုတ်

၂၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်။

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါမြတ်စွာဘုရားသည် ရဟန်းတို့ကို-

''ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လာ့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့ ဟောပေအံ့''ဟု မိန့်တော်မူ၏။

''ကောင်းပါပြီ အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

ရဟန်းတို့ မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းတို့သည် မပြတ်စည်းဝေးနေကြ အကြိမ်များစွာ စည်းဝေးနေကြသမျှ ကာလ ပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၁)

ရဟန်းတို့ ရဟန်းတို့သည် အညီအညွတ်စည်းဝေးကြ အညီအညွတ်အစည်းအဝေးမှ ထကြကုန်လျက်သံဃာကိစ္စတို့ကို အညီအညွတ်ဆောင်ရွက်နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၂)

ရဟန်းတို့ ရဟန်းတို့သည် မပညတ်သေးသော အရာကို မပညတ်ကြကုန်မူ၍ ပညတ်ပြီးသော အရာကို့မပယ်ဖျက်ကြကုန်ဘဲ ပညတ်ထားသမျှသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်နေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၃)

ရဟန်းတို့ ရဟန်းတို့သည် ရဟန်းဝါရင့်ကုန်သော ရဟန်းသက်ရှည်ကုန်သော သံဃာ့ဦးစီးဖြစ်ကုန် သောမထေရ်ကြီးရဟန်းတို့ကို အရိုအသေပြုကုန် အလေးပြုကုန် မြတ်နိုးကုန် ပူဇော်ကုန်လျက် ထို မထေရ်ကြီးရဟန်းတို့၏ စကားကိုလည်း နာယူသင့်သည်ဟု ထင်မှတ်၍ နေကြသမျှ ကာလပတ်လုံး ရဟန်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၄)

ရဟန်းတို့ ရဟန်းတို့သည် ဖြစ်ပေါ်လာသော တစ်ဖန်ဘဝသစ်ကို ပေးတတ်သော တဏှာ၏ အလိုသို့မလိုက်ကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၅)

ရဟန်းတို့ ရဟန်းတို့သည် တောကျောင်းတို့၌ လိုလားသော စိတ်ရှိနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၆)

ရဟန်းတို့ ရဟန်းတို့သည် ''အဘယ်သို့လျှင် မလာရောက်ကုန်သေးသော သီလကို ချစ်မြတ်နိုး သည့်သီတင်းသုံးဖော်တို့သည် လာရောက်ကြပါကုန်အံ့နည်း၊ လာရောက်ကုန်ပြီးသော သီလကို ချစ်မြတ်နိုးသည့်သီတင်းသုံးဖော်တို့သည် ချမ်းသာစွာ နေရပါကုန်အံ့နည်း''ဟု ကိုယ်စီကိုယ်င သတိပြု နေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။ (၇)

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည်လည်း ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယ သတ္တကသုတ်

၂၄။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းတို့သည် အမှုသစ်၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် စကားပြောဆိုခြင်း၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှကာလပတ်လုံး။ပ။

အိပ်စက်မှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလပတ်လုံး။ပ။

အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်မှု၌ မွေ့လျော်ပျော်ပိုက် လုံ့လစိုက်၍ မနေကြသမျှ ကာလ ပတ်လုံး။ပ။

(မရှိသောဂုဏ်ကို ဖော်ပြတတ်သော) အလိုဆိုးမှ ကင်းကုန်လျက် အလိုဆိုးတို့ ဆွဲဆောင်ရာသို့မလိုက်ကြသမျှ ကာလပတ်လုံး။ပ။

ယုတ်ညံ့သော အဆွေခင်ပွန်း အပေါင်းအဖော် မရှိမူ၍ ယုတ်ညံ့သူတို့၌ မကိုင်းညွတ်ကြသမျှ ကာလပတ်လုံး။ပ။

အနည်းငယ်သော တရားထူးကို ရကာမျှဖြင့် (အရဟတ္တဖိုလ်သို့ မရောက်မီ) လမ်းခုလတ်၌ ရပ်စဲ၍မနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရား ခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-တတိယ သတ္တကသုတ်

၂၅။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းတို့သည် ယုံကြည်မှု 'သဒ္ဓါတရား' နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့ အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် မကောင်းမှုမှ ရှက်မှု 'ဟိရီ' ရှိကြသမျှ ကာလပတ်လုံး။ပ။

မကောင်းမှုမှ ကြောက်လန့်မှု 'ဩတ္တပ္ပ' ရှိကြသမျှ ကာလပတ်လုံး။ပ။

များသော အကြားအမြင် 'ဗဟုသုတ' ရှိကြသမျှ ကာလပတ်လုံး။ပ။

ထက်သန်သော လုံ့လရှိကြသမျှ ကာလပတ်လုံး။ပ။

အောက်မေ့မှု 'သတိ' နှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး။

ရဟန်းတို့ ရဟန်းတို့သည် ဝိပဿနာပညာနှင့် ပြည့်စုံကြသမျှ ကာလပတ်လုံး ရဟန်းတို့အားကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဗောဇ္ဈင်္ဂသုတ်

၂၆။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ် ယုတ်ကြောင်းအပရိဟာနိယတရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်း အောက်မေ့မှု 'သတိသမ္ဗောဇ္ဈင်' ကို ပွါးများနေကြသမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်း ပညာ 'ဓမ္မဝိစယသမ္ဗောဇ္ဈင်' ကို ပွါးများနေကြသမျှကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း အားထုတ်မှု 'ဝီရိယသမ္ဗောဇ္ဈင်' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း နှစ်သိမ့်မှု 'ပီတိသမ္ဗောဇ္ဈင်' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း ငြိမ်းအေးမှု 'ပဿဒ္ဓိသမ္ဗောဇ္ဈင်' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

မဂ်၏ အကြောင်း တည်ကြည်မှု 'သမာဓိသမ္ဗောဇ္ဈင်' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

ရဟန်းတို့ ရဟန်းတို့သည် မဂ်၏ အကြောင်း လျစ်လျူရှုမှု 'ဥပေက္ခာသမ္ဗောဇ္ဈင်' ကို ပွါးများနေကြ သမျှကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-သညာသုတ်

၂၇။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ငါဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့။ပ။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်း'အပရိဟာနိယ' တရားခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်းဟူမူ-

ရဟန်းတို့ ရဟန်းတို့သည် မမြဲဟု မှတ်သားမှု 'အနိစ္စသညာ' ကို ပွါးများနေကြသမျှ ကာလပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ရဟန်းတို့သည် အတ္တမဟုတ်ဟု မှတ်သားမှု 'အနတ္တသညာ' ကို ပွါးများနေကြသမျှကာလပတ်လုံး။ပ။

မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

အပြစ်ကို မှတ်သားမှု 'အာဒီနဝသညာ' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

ပယ်ရန် မှတ်သားမှု 'ပဟာနသညာ' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

တပ်မက်မှု ကင်းရန် မှတ်သားမှု 'ဝိရာဂသညာ' ကို ပွါးများနေကြသမျှ ကာလပတ်လုံး။ပ။

ရဟန်းတို့ ရဟန်းတို့သည် ချုပ်မှုကို မှတ်သားမှု 'နိရောဓသညာ' ကို ပွါးများနေကြသမျှ ကာလ ပတ်လုံးရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေ။

ရဟန်းတို့ ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့သည် ရဟန်းတို့၌ တည်၍ရဟန်းတို့သည် ဤမဆုတ်ယုတ်ကြောင်း 'အပရိဟာနိယ' တရားခုနစ်ပါးတို့ကို ကျင့်သုံးနေကြသမျှ ကာလပတ်လုံး ရဟန်းတို့အား ကြီးပွါးရန်သာ ရှိပေ၏၊ ဆုတ်ယုတ်ရန်ကား မရှိပေဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ပဌမ ပရိဟာနိသုတ်

၂၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏-

''ရဟန်းတို့ ဤ (ပရိဟာနိယ) တရားခုနစ်ပါးတို့သည် သေက္ခရဟန်းအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ-

အမှုသစ်၌ မွေ့လျော်မှု၊ စကားပြောဆိုခြင်း၌ မွေ့လျော်မှု၊ အိပ်စက်ခြင်း၌ မွေ့လျော်မှု၊ အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မွေ့လျော်မှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်မထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို မသိမှု၊ သံဃာ၌ ပြုဖွယ်ကိစ္စတို့ ရှိကြကုန်ရာ ထိုကိစ္စတို့၌ ထိုသေက္ခရဟန်းသည် ဤသို့ဆင်ခြင်၏၊ ''ရဟန်းဝါရင့်ကုန်သော ရဟန်းသက်ရှည်ကုန်သော (သံဃာ့) ဝန်ကို ဆောင်ကုန်သောထေရ်ကြီးရဟန်းတို့သည် (မိမိတို့အားလျော်သော) ထိုကိစ္စဖြင့် ထင်ရှားကုန်လိမ့်မည် မဟုတ်''ဟုဆင်ခြင်၍ မိမိသည် ထိုထေရ်ကြီးရဟန်းတို့ ပြုအပ်သော ကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏။

ရဟန်းတို့ ဤပရိဟာနိယတရားခုနစ်ပါးတို့သည် သေက္ခရဟန်းတို့အား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရားခုနစ်ပါးတို့သည် သေက္ခရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ-

အမှုသစ်၌ မမွေ့လျော်မှု၊ စကားပြောဆိုခြင်း၌ မမွေ့လျော်မှု၊ အိပ်စက်ခြင်း၌ မမွေ့လျော်မှု၊ အပေါင်းအဖော်တို့နှင့် စုရုံးနေထိုင်ခြင်း၌ မမွေ့လျော်မှု၊ ဣန္ဒြေတို့၌ တံခါးကို ပိတ်ထားမှု၊ စားဖွယ်၌ အတိုင်းအရှည်ကို သိမှု၊ သံဃာ၌ သံဃာ့ပြုဖွယ်ကိစ္စရှိကြကုန်ရာ ထိုကိစ္စတို့၌ ထိုသေက္ခရဟန်းသည့်ဤသို့ ဆင်ခြင်၏၊ ''ရဟန်းဝါရင့်ကုန်သော ရဟန်းသက်ရှည်ကုန်သော (သံဃာ့) ဝန်ကို ဆောင်ကုန်သောထေရ်ကြီးရဟန်းတို့သည် (မိမိတို့အားလျော်သော) ထိုကိစ္စဖြင့် ထင်ရှားရှိကုန်လိမ့်မည်''ဟု ဆင်ခြင်၍မိမိသည် ထိုထေရ်ကြီးရဟန်းတို့ ပြုအပ်သော ကိစ္စတို့၌ အားထုတ်ခြင်းသို့ မရောက်။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရားခုနစ်ပါးတို့သည် သေက္ခရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ဒုတိယ ပရိဟာနိသုတ်

၂၉။ ရဟန်းတို့ ဤ (ပရိဟာနိယ) တရားခုနစ်ပါးတို့သည် ဥပါသကာအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ-

ရဟန်းတို့အား ဖူးမြော်မှုကို ယုတ်စေ၏။ သူတော်ကောင်းတရား ကြားနာမှုကို မေ့လျော့၏၊ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်၊ မထေရ်ကြီးရဟန်း သီတင်းငယ်ရဟန်း သီတင်းလတ်ရဟန်းတို့၌ မကြည်ညိုမှု များ၏၊ ချုပ်ချယ်လိုသော စိတ်ရှိလျက် အပေါက်အလမ်း ရှာလိုသည်ဖြစ်၍ တရားနာ၏၊ ဤသာသနာတော်မှ အပ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ကို ရှာမှီး၏၊ သာသနာတော်မှ အပဖြစ်သောထိုသူတို့၌လည်း ရှေးဦးအလှူကို ပြု၏။

ရဟန်းတို့ ဤ (ပရိဟာနိယ) တရားခုနစ်ပါးတို့သည် ဥပါသကာအား ဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရားခုနစ်ပါးတို့သည် ဥပါသကာအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏။

အဘယ်ခုနစ်ပါးတို့နည်းဟူမူ-

ရဟန်းတို့အား ဖူးမြော်မှုကို မဆုတ်ယုတ်စေ။ သူတော်ကောင်းတရား ကြားနာခြင်းကို မမေ့လျော့၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏၊ မထေရ်ကြီးရဟန်း သီတင်းငယ်ရဟန်း သီတင်းလတ်ရဟန်းတို့၌ ကြည်ညိုခြင်း များ၏၊ ချုပ်ချယ်လို စိတ်မရှိဘဲ အပေါက်အလမ်း မရှာမူ၍ တရားကို နာ၏၊ ဤသာသနာတော်မှ အပ၌ မြတ်သော အလှူခံပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတော်၌ သာ ရှေးဦးအလှူကိုပြု၏။

ရဟန်းတို့ ဤ (အပရိဟာနိယ) တရား ခုနစ်ပါးတို့သည် ဥပါသကာအား မဆုတ်ယုတ်ရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဤစကားကို မြတ်စွာဘုရားဟောကြားတော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူပြီးလျှင် လူနတ်တို့၏ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ထိုမှတစ်ပါး ဤဂါထာကိုလည်း မိန့်တော်မူ၏-''အကြင်ဥပါသကာသည် ပွါးများအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို ယုတ်စေ၏၊ အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း ယုတ်စေ၏၊ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်။ ရဟန်းတို့၌ မကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ချုပ်ချယ်လို သောစိတ်ရှိသည်ဖြစ်၍လည်း သူတော်ကောင်းတရားကို ကြားနာရန် အလိုရှိ၏။ အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို ရှာမှီး၏၊ ထိုသာသနာပ၌ပင်လျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော ဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသောထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ ဆုတ်ယုတ်၏။ အကြင် ဥပါသကာသည် ပွါးအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို မယုတ်စေ၊ ့အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း မယုတ်စေ၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏။ ထိုဥပါသကာအား ရဟန်းတို့၌ ကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ချုပ်ချယ်လိုသောစိတ်မရှိမူ၍လည်း သူတော်ကောင်းတရားကို ကြားနာရန်အလိုရှိ၏။ အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတွင်း၌ သာလျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော မဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသောထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ မဆုတ်ယုတ်''။

နဝမသုတ်။

------

၁၀-ဝိပတ္တိသုတ်

၃၀။ ရဟန်းတို့ ဥပါသကာ၏ ပျက်စီးကြောင်းတို့သည် ဤခုနစ်မျိုးတို့တည်း။ပ။

ရဟန်းတို့ ဥပါသကာ၏ ပြည့်စုံကြောင်းတို့သည် ဤခုနစ်မျိုးတို့တည်း။ပ။

ဒသမသုတ်။

------

၁၁-ပရာဘဝသုတ်

၃၁။ ရဟန်းတို့ ဥပါသကာ၏ ပျက်စီးကြောင်း 'ပရာဘဝ' တို့သည် ဤခုနစ်မျိုးတို့တည်း။ပ။

ရဟန်းတို့ ဥပါသကာ၏ ပြည့်စုံကြောင်း 'သမ္ဘဝ' တို့သည် ဤခုနစ်မျိုးတို့တည်း။ပ။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

ရဟန်းတို့အား ဖူးမြော်မှုကို မဆုတ်ယုတ်စေ၊ သူတော်ကောင်းတရားကြားနာမှုကို မမေ့လျော့၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏၊ မထေရ်ကြီးရဟန်း သီတင်းငယ်ရဟန်း သီတင်းလတ်ရဟန်းတို့၌ ကြည်ညိုမှုများပြား၏၊ ခြုတ်ခြယ် လိုစိတ်မရှိဘဲ အပေါက်အလမ်းမရှာမူ၍ တရားကို နာ၏၊ ဤသာသနာတော်မှအပ၌ မြတ်သော အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတော်၌ သာလျှင် ရှေးဦးအလှူကို ပြု၏။ ရဟန်းတို့ ဤတရားခုနစ်မျိုးတို့သည် ဥပါသကာ၏ ပြည့်စုံကြောင်းတို့တည်းဟု (မိန့်တော်မူ၏)။

''အကြင်ဥပါသကာသည် ပွါးများအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို ယုတ်စေ၏၊ အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း ယုတ်စေ၏၊ လွန်မြတ်သော သီလ၌ မဖြည့်ကျင့်။ ရဟန်းတို့၌ မကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ခြုတ်ခြယ် လိုသောစိတ်ရှိသည်ဖြစ်၍လည်း သူတော်ကောင်းတရားကို ကြားနာရန် အလိုရှိ၏။ အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို ရှာမှီး၏၊ ထိုသာသနာပ၌ပင်လျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသော ဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသောထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှ ဆုတ်ယုတ်၏။ အကြင် ဥပါသကာသည် ပွါးများအပ်ပြီးသော စိတ်ရှိသော ရဟန်းတို့အား ဖူးမြော်မှုကို မယုတ်စေ၊ အရိယာသူတော်ကောင်းတို့၏ တရားတို့ကို ကြားနာမှုကိုလည်း မယုတ်စေ၊ လွန်မြတ်သော သီလ၌ ဖြည့်ကျင့်၏။ ထိုဥပါသကာအား ရဟန်းတို့၌ ကြည်ညိုမှုသည်လည်း အလွန့်အလွန် ပွါးများ၏၊ ခြုတ်ခြယ်လိုသောစိတ်မရှိမူ၍လည်း သူတော်ကောင်းတရားကို ကြားနာရန်အလိုရှိ၏။

အကြင် ဥပါသကာသည် ဤသာသနာတော်မှ အပ၌ တစ်ပါးသော အလှူခံ ပုဂ္ဂိုလ်ကို မရှာမှီး၊ ဤသာသနာတွင်း၌ သာလျှင် ရှေးဦးအလှူကို ပြု၏။ ကောင်းစွာ ဟောအပ်သော ထိုခုနစ်ပါးသောမဆုတ်ယုတ်ကြောင်း တရားတို့ကို မှီဝဲသော ထိုဥပါသကာသည် သူတော်ကောင်းတို့၏ တရားမှမဆုတ်ယုတ်''။

ဧကာဒသမသုတ်။

သုံးခုမြောက် ဝဇ္ဇိသတ္တကဝဂ် ပြီး၏။

------

၄-ဒေဝတာဝဂ် ၃-အပ္ပမာဒဂါရဝသုတ်

၃၂။ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ မမေ့မလျော့ခြင်း၌ ရိုသေမှု၊ အစေ့အစပ်ပြုခြင်း၌ ရိုသေမှုတို့ပါတည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု (လျှောက်၏)။

မြတ်စွာဘုရားသည် နှစ်သက်လိုက်လျောတော်မူ၏။

ထိုအခါ ထိုနတ်သားသည် ''ငါ၏ (စကားကို) မြတ်စွာဘုရား နှစ်သက် 'လိုက်လျော' တော်မူ၏''ဟု သိ၍မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။

ထို့နောက် မြတ်စွာဘုရားသည် ထိုညဉ့်လွန်သော် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏-

''ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့်တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကာ ငါ့အား ဤစကားကို လျှောက်၏-

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ မမေ့မလျော့ခြင်း၌ ရိုသေမှု၊ အစေ့အစပ်ပြုခြင်း၌ ရိုသေမှုတို့ပါတည်း။

'အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏'ဟု ထိုနတ်သားသည် ဤစကားကို လျှောက်၏။

ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရိုသေစွာ ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏''ဟု (မိန့်တော်မူ၏)။

လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်းထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ မမေ့မလျော့ခြင်း၌ ရိုသေ၏၊ အစေ့ အစပ် ပြုမှု၌ ရိုသေ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည် သာလျှင် ဖြစ်၏။

ပဌမသုတ်။

------

၂-ဟိရီဂါရဝသုတ်

၃၃။ ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့်တောက်ပစေလျက် ငါ့ထံသို့ ချဉ်းကပ်၍ င့ါကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ကာ ငါ့အား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ-

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ (မကောင်းမှုမှ) ရှက်ခြင်း၌ ရိုသေမှု၊ (မကောင်းမှုမှ) ကြောက်ခြင်း၌ ရိုသေမှုတို့ပါ တည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏''ဟု လျှောက်၏။

ဤစကားကို လျှောက်ထားပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏''ဟု (မိန့်တော်မူ၏)။

လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်းထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ ဟိရီဩတ္တပ္ပနှင့် ပြည့်စုံ၏၊ တုပ်ဝပ်မှု အလေး အမြတ်ပြုမှုရှိ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည် သာလျှင် ဖြစ်၏။

ဒုတိယသုတ်။

------

၃-ပဌမ သောဝစဿတာသုတ်

၃၄။ ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည်။ပ။ ငါ့အား ဤစကားကို လျှောက်၏ -

''အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ ဆုံးမလွယ်သော စကားရှိမှု၊ အဆွေခင်ပွန်းကောင်း ရှိမှုတို့ပါတည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏''ဟု (လျှောက်၏)၊ ဤစကားကို လျှောက်ပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက်လေ၏ဟု (မိန့်တော်မူ၏)။

လုံ့လရှိသော ရဟန်းသည် မြတ်စွာဘုရား၌ ရိုသေ၏၊ တရား၌ ရိုသေ၏၊ သံဃာ၌လည်းထက်သန်သော ရိုသေမှုရှိ၏၊ သမာဓိ၌လည်း ရိုသေ၏၊ သိက္ခာ၌လည်း ထက်သန်သော ရိုသေမှုရှိ၏၊ အဆွေခင်ပွန်းကောင်း ရှိ၏၊ ဆုံးမလွယ်သော စကားရှိ၏၊ တုပ်ဝပ်မှု အလေးအမြတ် ပြုမှုရှိ၏၊ (ထိုရဟန်းသည်) ဆုတ်ယုတ်ရန် မထိုက်၊ နိဗ္ဗာန်နှင့် နီးသည်သာလျှင် ဖြစ်၏။

တတိယသုတ်။

------

၄-ဒုတိယ သောဝစဿတာသုတ်

၃၅။ ရဟန်းတို့ ဤညဉ့်၌ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍။ပ။ အသျှင်ဘုရား ဤတရား ခုနစ်မျိုးတို့သည် ရဟန်းအားမဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

မြတ်စွာဘုရား၌ ရိုသေမှု၊ တရား၌ ရိုသေမှု၊ သံဃာ၌ ရိုသေမှု၊ အကျင့်သိက္ခာ၌ ရိုသေမှု၊ သမာဓိ၌ ရိုသေမှု၊ ဆုံးမလွယ်သော စကားရှိမှု၊ အဆွေခင်ပွန်းကောင်း ရှိမှုတို့ပါတည်း။

အသျှင်ဘုရား ဤတရားခုနစ်မျိုးတို့သည် ရဟန်းအား မဆုတ်ယုတ်ရန် ဖြစ်ပါကုန်၏ဟု ဤ စကားကိုလျှောက်ပြီးလျှင် ငါ့ကို ရိုသေစွာရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင်လျှင် ကွယ်ပျောက် လေ၏ဟု (မိန့်တော်မူ၏)။

ဤသို့မိန့်တော်မူသည်ရှိသော် အသျှင်သာရိပုတြာသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

''အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရား၏အနက်ကိုအကျွန်ုပ်သည် ဤသို့ အကျယ်အားဖြင့် သိပါ၏၊ အသျှင်ဘုရား ဤသာသနာတော်၌ ရဟန်းသည် မိမိလည်း မြတ်စွာဘုရား၌ ရိုသေ၏၊ မြတ်စွာဘုရား၌ ထိုရိုသေမှု၏ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုလေ့ရှိ၏၊ မြတ်စွာဘုရား၌ မရိုသေကြကုန်သော အခြားရဟန်းတို့ကိုလည်း မြတ်စွာဘုရား၌ ရိုသေမှုကို ဆောက်တည်စေ၏၊ မြတ်စွာဘုရား၌ ရိုသေကုန်သော အခြားရဟန်းတို့၏ ဂုဏ်ကျေးဇူးကိုလည်းဟုတ်တိုင်းမှန်စွာသင့်လျော်သော အခါ၌ ပြောဆို၏။

မိမိသည်လည်း တရားတော်၌ ရိုသေ၏။ပ။ သံဃာတော်၌ ရိုသေ၏။ပ။ အကျင့်သိက္ခာ၌ ရိုသေ၏။ပ။ သမာဓိ၌ ရိုသေ၏။ပ။ ဆုံးမလွယ်သော စကားရှိ၏။ပ။ အဆွေခင်ပွန်းကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းရှိမှု၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ အဆွေခင်ပွန်းကောင်း မရှိကြကုန်သော အခြားရဟန်းတို့ကိုလည်းအဆွေခင်ပွန်းကောင်းရှိမှု၌ ဆောက်တည်စေ၏၊ အဆွေခင်ပွန်းကောင်းရှိကုန်သော အခြားရဟန်းတို့၏ဂုဏ်ကျေးဇူးကိုလည်းဟုတ်တိုင်းမှန်စွာ သင့်လျော်သော အခါ၌ ပြောဆို၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤတရား၏ အနက်ကို အကျွန်ုပ်သည် ဤသို့ အကျယ်အားဖြင့် သိပါ၏''ဟု (လျှောက်၏)။

သာရိပုတြာ ကောင်းစွ ကောင်းစွ၊ သာရိပုတြာသည် ကောင်းစွာသာလျှင် အကျဉ်းအားဖြင့် ငါဟောအပ်သော ဤတရား၏အနက်ကို ဤသို့ အကျယ်အားဖြင့် သိ၏။

သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် မိမိသည်လည်း မြတ်စွာဘုရား၌ ရိုသေ၏၊ မြတ်စွာဘုရား၌ ရိုသေမှု၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ မြတ်စွာဘုရား၌ မရိုသေကြကုန်သော အခြားရဟန်းတို့ကိုလည်း မြတ်စွာဘုရား၌ ရိုသေမှုကို ဆောက်တည်စေ၏၊ မြတ်စွာဘုရား၌ ရိုသေကုန်သော အခြားရဟန်းတို့၏ ဂုဏ်ကိုလည်းဟုတ်တိုင်းမှန်စွာ သင့်လျော်သော အခါ၌ ပြောဆို၏။

မိမိသည်လည်း တရားတော်၌ ရိုသေ၏။ပ။ သံဃာတော်၌ ရိုသေ၏။ပ။ အကျင့်သိက္ခာ၌ ရိုသေ၏။ပ။ သမာဓိ၌ ရိုသေ၏။ပ။ ဆုံးမလွယ်သော စကားရှိ၏။ပ။ အဆွေခင်ပွန်းကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းရှိမှု၏ ဂုဏ်ကိုလည်း ပြောဆိုလေ့ရှိ၏၊ အဆွေခင်ပွန်းကောင်း မရှိကုန်သော အခြားရဟန်းတို့ကိုလည်းအဆွေခင်ပွန်းကောင်း ရှိမှု၌ ဆောက်တည်စေ၏၊ အဆွေခင်ပွန်းကောင်း ရှိကုန်သော အခြားရဟန်းတို့၏ဂုဏ်ကိုလည်းဟုတ်တိုင်းမှန်စွာ သင့်လျော်သော အခါ၌ ပြောဆို၏။

သာရိပုတြာ အကျဉ်းအားဖြင့် ငါဟောအပ်သော ဤတရား၏ အနက်ကို ဤသို့အကျယ်အားဖြင့်မှတ်သားအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ပဌမ မိတ္တသုတ်

၃၆။ ရဟန်းတို့ အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏၊

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

(သူတစ်ပါးတို့) ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏၊ ပြုနိုင်ခဲသော အမှုကို ပြု၏၊ သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊ မိမိ၏ လျှို့ဝှက်အပ်သော အရာကို ထိုအဆွေခင်ပွန်းအား ထင်စွာပြု၏၊ ထိုအဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်၏၊ ဘေးရန်တို့ကြောင့် မစွန့်ပစ်၊ ပစ္စည်းဥစ္စာကုန်ခြင်းကြောင့် မထီမဲ့မြင် မပြု။

ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ဟု (မိန့်တော်မူ၏)။

အဆွေခင်ပွန်းသည် ပေးနိုင်ခဲသော အရာဝတ္ထုကို ပေး၏၊ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏၊ ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သော စကား တို့ကိုလည်းကောင်း၊ သည်းခံနိုင်ခဲသောအရာတို့ကိုလည်းကောင်း သည်းခံ၏။ ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏၊ ထိုသူ၏ လျှို့ဝှက်အပ်သောအရာကိုလည်း လျှို့ဝှက်၏၊ ဘေးရန်ဖြစ်ပေါ်သော အခါတို့၌လည်း မစွန့်ပစ်၊ ပစ္စည်းဥစ္စာကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။ အကြင်ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့ သဘောရှိသော အဆွေ ခင်ပွန်းဖြစ်သော သူကိုအဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဆည်းကပ်အပ်၏။

ပဉ္စမသုတ်။

------

၆-ဒုတိယ မိတ္တသုတ်

၃၇။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို မောင်းမဲနှင်ထုတ်အပ်သော်လည်း မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ခစားအပ်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ချစ်လည်း ချစ်ထိုက် မြတ်နိုးလည်း မြတ်နိုးထိုက်၏၊ အလေးအမြတ်လည်း ပြုထိုက်၏၊ နှလုံးကိုလည်းပွါးစေတတ်၏။ သူတစ်ပါးတို့ကို ဆုံးမတတ်၏၊ သူတစ်ပါးတို့ ဆိုဆုံးမသည်ကို ခံနိုင်၏၊ နက်နဲ သောတရားစကားကို ပြောဆိုတတ်၏၊ အရာဌာနမဟုတ်သည်၌ မယှဉ်စေတတ် (မတိုက်တွန်းတတ်)။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်း ရဟန်းကို မောင်းမဲနှင်ထုတ်အပ်သော်လည်း မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ခစားအပ်၏ဟု (မိန့်တော်မူ၏)။

အကြင်ရဟန်းသည် ချစ်ထိုက်၏၊ အလေးပြုထိုက်၏၊ နှလုံးကို ပွါးစေတတ်၏၊ (သူတစ်ပါးတို့ကို) ဆိုဆုံးမတတ်၏၊ ဆိုဆုံးမခြင်းကို ခံနိုင်၏၊ နက်နဲသောတရား စကားကို ပြောဟောတတ်၏၊ မလျောက်ပတ်သော အရာ၌ မယှဉ်စေတတ်။ အကြင်ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊ ထိုသို့သဘောရှိသော အကျိုး စီးပွါးကို အလိုရှိသောအစဉ်သနားတတ်သော အဆွေခင်ပွန်းကောင်းဖြစ်သော ထိုရဟန်းကို မောင်းမဲနှင်ထုတ်အပ်သော်လည်းအဆွေခင်ပွန်းကောင်းကို အလိုရှိသူ သည် မှီဝဲဆည်းကပ်အပ်၏။

ဆဋ္ဌသုတ်။

------

၇-ပဌမ ပဋိသမ္ဘိဒါသုတ်

၃၈။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင် ပဋိသမ္ဘိဒါလေးပါး တို့ကိုကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရာ၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (စိတ်၏ တွန့်တိုသော အဖြစ်ရှိခဲ့သော်) ''ဤသည်ကားငါ့စိတ်၏ တွန့်တိုမှုတည်း''ဟုဟုတ်တိုင်းမှန်စွာ သိ၏။

မိမိသန္တာန်၌ ကျုံ ့သော စိတ်ကို ''ငါ၏ သန္တာန်၌ စိတ်သည် ကျုံ ့၏''ဟုဟုတ်တိုင်းမှန်စွာ သိ၏။

အပအာရုံ၌ ပျံ့လွင့်သော စိတ်ကိုလည်း ''ငါ၏ စိတ်သည် အပဖြစ်သော အာရုံ၌ ပျံ့လွင့်၏''ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ထိုပုဂ္ဂိုလ်အား ထင်ရှားသော ခံစားမှု 'ဝေဒနာ' တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော ဝေဒနာတို့သည်ထင်ကုန်၏၊ ထင်ရှားသော ဝေဒနာတို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

ထင်ရှားသော မှတ်သားမှု 'သညာ' တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော သညာတို့သည် ထင်ကုန်၏၊ ထင်ရှားသော သညာတို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

ထင်ရှားသော ကြံစည်မှု 'ဝိတက်' တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော ဝိတက်တို့သည် ထင်ကုန်၏၊ ထင်ရှားသော ဝိတက်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

လျောက်ပတ်သည်, မလျောက်ပတ်သည်ဟု ဆိုအပ်ကုန်သော၊ အယုတ်, အမြတ်ဖြစ်ကုန်သော၊ မည်းညစ်သော အကုသိုလ်အဖို့, ဖြူစင်သော ကုသိုလ်အဖို့ရှိကုန်သော တရားတို့၌ ထိုရဟန်းသည်နိမိတ်ကို ကောင်းစွာ ယူ၏၊ ကောင်းစွာ နှလုံးသွင်း၏၊ ကောင်းစွာ မှတ်၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မကြာမီပင် ပဋိသမ္ဘိဒါလေးပါးတို့ကိုကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရာ၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒုတိယ ပဋိသမ္ဘိဒါသုတ်

၃၉။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် ပဋိသမ္ဘိဒါလေးပါးတို့ကိုကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် ''ဤသည်ကား ငါ့စိတ်၏ တွန့်တိုမှုတည်း''ဟုဟုတ်တိုင်းမှန်စွာ သိ၏။

မိမိသန္တာန်၌ ကျုံ ့သော စိတ်ကို ''ငါ၏ သန္တာန်၌ စိတ်သည် ကျုံ ့၏''ဟုဟုတ်တိုင်းမှန်စွာ သိ၏။

အပအာရုံ၌ ပျံ့လွင့်သော စိတ်ကိုလည်း ''ငါ၏ စိတ်သည် အပအာရုံ၌ ပျံ့လွင့်၏''ဟုဟုတ်တိုင်းမှန်စွာ သိ၏။

ထိုသာရိပုတြာအား ထင်ရှားသော ခံစားမှု 'ဝေဒနာ' တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော ဝေဒနာတို့သည် ထင်ကုန်၏၊ ထင်ရှားသော ဝေဒနာတို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

ထင်ရှားသော မှတ်သားမှု 'သညာ' တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော သညာတို့သည် ထင်ကုန်၏၊ ထင်ရှားသော သညာတို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

ထင်ရှားသော ကြံစည်မှု 'ဝိတက်' တို့သည် ဖြစ်ကုန်၏၊ ထင်ရှားသော ဝိတက်တို့သည် ထင်ကုန်၏၊ ထင်ရှားသော ဝိတက်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

လျောက်ပတ်သည်, မလျောက်ပတ်သည်ဟု ဆိုအပ်ကုန်သော၊ အယုတ်, အမြတ်ဖြစ်ကုန်သော၊ မည်းညစ်သော အကုသိုလ်အဖို့, ဖြူစင်သော ကုသိုလ်အဖို့ရှိကုန်သော တရားတို့၌ ထိုသာရိပုတြာသည်နိမိတ်ကို ကောင်းစွာ ယူ၏၊ ကောင်းစွာ နှလုံးသွင်း၏၊ ကောင်းစွာ မှတ်၏၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် ပဋိသမ္ဘိဒါလေးပါးတို့ကို ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမ ဝသသုတ်

၄၀။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် စိတ်ကို မိမိအလို၌ ဖြစ်စေနိုင်၏၊ ရဟန်းသည်ကား စိတ်၏ အလိုဖြင့် မဖြစ်။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သမာဓိ၌ လိမ္မာ၏၊ သမာဓိကို ဝင်စားမှု၌ လိမ္မာ၏၊ သမာဓိ၏ တည်မှု၌ လိမ္မာ၏၊ သမာဓိမှ ထမှု၌ လိမ္မာ၏၊ သမာဓိ၏ (ခိုင်ခံ့) ကောင်းမွန်မှု၌ လိမ္မာ၏၊ သမာဓိ၏ ကျက်စားရာ အာရုံ၌ လိမ္မာ၏၊ သမာဓိကို အာရုံသို့ ရှေးရှုဆောင်မှု၌ လိမ္မာ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသောရဟန်းသည် စိတ်ကို မိမိအလို၌ ဖြစ်စေနိုင်၏၊ ရဟန်းသည်ကား စိတ်၏ အလိုဖြင့် မဖြစ်ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဒုတိယ ဝသသုတ်

၄၁။ ရဟန်းတို့ တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် စိတ်ကို မိမိအလို၌ ဖြစ်စေနိုင်၏၊ သာရိပုတြာသည်ကား စိတ်၏ အလိုဖြင့် မဖြစ်။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် သမာဓိ၌ လိမ္မာ၏၊ သမာဓိကို ဝင်စားမှု၌ လိမ္မာ၏၊ သမာဓိ၏ တည်မှု၌ လိမ္မာ၏၊ သမာဓိမှ ထမှု၌ လိမ္မာ၏၊ သမာဓိ၏ (ခိုင်ခံ့) ကောင်းမွန်မှု၌ လိမ္မာ၏၊ သမာဓိ၏ ကျက်စားရာ အာရုံ၌ လိမ္မာ၏၊ သမာဓိကို အာရုံသို့ ရှေးရှုဆောင်မှု၌ လိမ္မာ၏။

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် စိတ်ကို မိမိအလို၌ ဖြစ်စေနိုင်၏၊ သာရိပုတြာသည်ကား စိတ်၏ အလိုဖြင့် မဖြစ်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

------

၁၀-ပဌမ နိဒ္ဒသသုတ်

၄၂။ ထိုအခါ အသျှင်သာရိပုတြာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကိုဆောင်ယူပြီးလျှင် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အသျှင်သာရိပုတြာအား-

''သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော် ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏''ဟု အကြံဖြစ်၏။

ထို့နောက် အသျှင်သာရိပုတြာသည် သာသနာတော် ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်၍ ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာနှုတ်ဆက် ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေတော်မူ၏။

ထိုအခါ၌ အညီအညွတ် စုဝေးထိုင်နေကုန်သော ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပေါ်လာ၏ -

''ငါ့သျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သောမည်သည့် ရဟန်းကိုမဆို 'တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း'ဟု ဆိုရန်သင့်၏''ဟု (ထင်ရှားဖြစ်ပေါ်၏)။

ထိုအခါ၌ အသျှင်သာရိပုတြာသည် ထိုသာသနာတော်မှ ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ပြောဆိုအပ်သောစကားကို နှစ်လည်း မနှစ်သက်၊ တားလည်း မတားမြစ်၊ မနှစ်သက် မတားမြစ်မူ၍ ''မြတ်စွာဘုရား အထံတော်၌ ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား၏အနက်ကို သိရတော့အံ့''ဟု နေရာမှထပြီးလျှင် ဖဲသွား၏။

ထိုအခါ အသျှင်သာရိပုတြာသည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်တော်မူ၍ ဆွမ်းစားပြီးနောက်ဆွမ်းခံရွာမှ ဖဲခဲ့သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ဤသာဝတ္ထိပြည်တွင်းသို့ ဆွမ်းခံဝင်ပါ၏။

အသျှင်ဘုရား ထိုသို့ဆွမ်းခံဝင်သော အကျွန်ုပ်အား ''သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏''ဟု အကြံဖြစ်ပါ၏၊ အသျှင်ဘုရား ထို့နောက် အကျွန်ုပ်သည်သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်၍ ထိုသာသနာတော်ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေပါ၏၊ အသျှင်ဘုရားထိုအခါ အညီအညွတ် စုဝေးထိုင်နေကြကုန်သော ထိုသာသနာတော်ပြင်ပ အယူရှိကုန်သောပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏။

''ငါသျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သောမည်သည့်ရဟန်းကိုမဆို 'တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း'ဟု ဆိုရန်သင့်၏''ဟု (ထင်ရှားဖြစ်ပါ၏)။

အသျှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ပြောဆိုအပ်သော စကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ တားလည်း မတားမြစ်ခဲ့ပါ၊ မနှစ်သက် မတားမြစ်မူ၍ ''မြတ်စွာဘုရား အထံတော်၌ ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား၏အနက်ကိုသိရတော့အံ့''ဟု နေရာမှ ထပြီးလျှင် ဖဲခွါခဲ့ပါ၏။

အသျှင်ဘုရား ဤဓမ္မဝိနယ 'သာသနာတော်'၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ဤသို့ ပညတ်ရန် တတ်ကောင်းပါအံ့လောဟု (လျှောက်၏)။

သာရိပုတြာ ဤဓမ္မဝိနယ 'သာသနာတော်'၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ဤသို့ ပညတ်ရန် မတတ်ကောင်း။

သာရိပုတြာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်း ဤတရားခုနစ်မျိုးတို့ကို ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုကာ ဟောကြား၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

သာရိပုတြာ ဤသာသနာတော်၌ ရဟန်းသည် သိက္ခာကို (ကျင့်သုံး) ဆောက်တည်ရာ၌ ထက်သန် သောအလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ သိက္ခာကို ဆောက်တည်ရာ၌လည်း မကင်းသော ချစ်ခြင်းရှိ၏။

တရားတို့ကို စုံစမ်းဆင်ခြင်ရာ၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ တရားတို့ကို စုံစမ်းဆင်ခြင်ရာ၌ မကင်းသော ချစ်ခြင်းရှိ၏။

အလိုဆိုးကို ပယ်ဖျောက်ရာ၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ၌လည်း အလိုဆိုးကိုပယ်ဖျောက်ရာ၌ မကင်းသော ချစ်ခြင်းရှိ၏။

ဆိတ်ငြိမ်ရာအရပ်ဝယ် တစ်ယောက်တည်း ကိန်းအောင်းမှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ၌လည်း ဆိတ်ငြိမ်ရာအရပ်ဝယ် တစ်ယောက်တည်း ကိန်းအောင်းမှု၌ မကင်းသော ချစ်ခြင်းရှိ၏။

လုံ့လအားထုတ်ရာ၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ၌လည်း လုံ့လအားထုတ်ရာ၌ မကင်းသော ချစ်ခြင်းရှိ၏။

အောက်မေ့မှု 'သတိ' ရင့်ကျက်မှု 'ပညာ'၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ၌လည်းအောက်မေ့မှု 'သတိ' ရင့်ကျက်မှု 'ပညာ'၌ မကင်းသော ချစ်ခြင်းရှိ၏။

အယူ 'သမ္မာဒိဋ္ဌိ' ကို ထိုးထွင်းသိမှု၌ ထက်သန်သော အလို 'ဆန္ဒ' ရှိ၏၊ နောင်အခါ၌လည်း သမ္မာဒိဋ္ဌိကိုထိုးထွင်းသိမှု၌ မကင်းသော ချစ်ခြင်းရှိ၏။

သာရိပုတြာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့်ဤတရားခုနစ်မျိုးတို့ကို ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ဟောကြား၏။

သာရိပုတြာ တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် တရားခုနစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစင်ကြယ်စွာ မြတ်သောအကျင့်ကို ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း''ဟူ၍လည်း ဆိုရန်သင့်၏၊ နှစ်ဆယ့်လေးနှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း''ဟူ၍လည်း ဆိုရန်သင့်၏၊ သုံးဆယ့်ခြောက်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း''ဟူ၍လည်း ဆိုရန်သင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ်တစ်ဖန်မရှိမည့် ရဟန်း''ဟူ၍လည်း ဆိုရန်သင့်၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။

------

၁၂-ဒုတိယ နိဒ္ဒသသုတ်

၄၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။

ထိုစဉ်အခါ အသျှင်အာနန္ဒာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကောသမ္ဗီပြည်သို့ ဆွမ်းခံဝင်၏၊ ထိုအခါ အသျှင်အာနန္ဒာအား -

''ကောသမ္ဗီပြည်သို့ ဆွမ်းခံလှည့်လည်ရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော် ပြင်ပအယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏''ဟု အကြံဖြစ်၏။

ထို့နောက် အသျှင်အာနန္ဒာသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ချဉ်းကပ်၍ ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ် ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို (ပြောဆို) ပြီးဆုံးစေပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏။

ထိုအခါ၌ အညီအညွတ်စုဝေးထိုင်နေကြကုန်သော ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပေါ်၏ -

''ငါ့သျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သော အကျင့်ကို ကျင့်သောမည်သည့်ရဟန်းကိုမဆို ''တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း''ဟု ဆိုရန်သင့်၏''ဟု (ထင်ရှားဖြစ်၏)။

ထိုအခါ အသျှင်အာနန္ဒာသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့၏ ပြောဆိုအပ် သောစကားကို နှစ်လည်း မနှစ်သက်၊ တားလည်း မတားမြစ်၊ မနှစ်သက် မတားမြစ်ခဲ့မူ၍ ''မြတ်စွာဘုရားအထံတော်၌ ထိုပရိဗိုဇ်တို့၏ ပြောဆိုအပ်သော စကား၏အနက်ကို သိရတော့အံ့''ဟု နေရာမှ့ထပြီးလျှင် ဖဲသွား၏။

ထို့နောက် အသျှင်အာနန္ဒာသည် ကောသမ္ဗီပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရွာမှဖဲခဲ့သည်ရှိသော် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -

အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင် ကောသမ္ဗီပြည်တွင်းသို့ ဆွမ်းခံဝင်ပါ၏။

အသျှင်ဘုရား ထိုသို့ဆွမ်းခံဝင်သော အကျွန်ုပ်အား ''ကောသမ္ဗီပြည်သို့ ဆွမ်းလှည့်လည်ခံရန်စောလွန်းသေး၏၊ အကယ်၍ ငါသည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ ကျောင်းတိုက်သို့ ချဉ်းကပ်ရမူ ကောင်းလေရာ၏''ဟု အကြံဖြစ်ပါ၏။

အသျှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် သာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ကျောင်းတိုက်သို့ ချဉ်းကပ်ပြီးလျှင် ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့နှင့်အတူဝမ်းမြောက် ဝမ်းသာ နှုတ်ဆက် ပြောဆိုပါ၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို (ပြောဆို) ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေပါ၏။

အသျှင်ဘုရား ထိုအခါ၌ အညီအညွတ် စုဝေးထိုင်နေကြကုန်သော သာသနာတော်ပြင်ပ အယူရှိကုန်သော ထိုပရိဗိုဇ်တို့အား ဤအကြားစကားသည် ထင်ရှားဖြစ်ပါ၏။

''ငါ့သျှင်တို့ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစွာ စင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်သောမည်သည့် ရဟန်းကိုမဆို 'တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်း'ဟု ဆိုရန်သင့်၏''ဟု (ထင်ရှားဖြစ်ပါ၏)။

အသျှင်ဘုရား ထိုအခါ၌ အကျွန်ုပ်သည် ထိုသာသနာတော်ပြင်ပ အယူရှိကုန်သော ပရိဗိုဇ်တို့၏ပြောဆိုအပ်သောစကားကို နှစ်လည်း မနှစ်သက်ခဲ့ပါ၊ တားလည်း မတားမြစ်ခဲ့ပါ၊ မနှစ်သက် မတားမြစ်ခဲ့မူ၍ ''မြတ်စွာဘုရားအထံတော်၌ ထိုပရိဗိုဇ်တို့ ပြောဆိုအပ်သော စကား၏အနက်ကို သိရတော့အံ့''ဟုနေရာမှ ထပြီးလျှင် ဖဲခွါခဲ့ပါ၏။

အသျှင်ဘုရား ဤဓမ္မဝိနယ 'သာသနာတော်'၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ပညတ်ရန် တတ်ကောင်းပါအံ့လောဟု (လျှောက်၏)။

အာနန္ဒာ ဤဓမ္မဝိနယ 'သာသနာတော်'၌ နှစ်ကို ရေတွက်ရုံ သက်သက်မျှဖြင့် ရဟန်းသည်တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိသည့် ရဟန်းဟု ဤသို့ ပညတ်ရန် မတတ်ကောင်း။

အာနန္ဒာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် ဤတရားခုနစ်မျိုးတို့ကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောကြား၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှိ၏၊ ရှက်မှု 'ဟိရီ' ရှိ၏၊ ကြောက် လန့်မှု'ဩတ္တပ္ပ' ရှိ၏၊ အကြားအမြင် များပြား၏၊ ထက်သန်သော လုံ့လရှိ၏၊ သတိနှင့် ပြည့်စုံ၏၊ ပညာရှိ၏။

အာနန္ဒာ ငါသည် တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် ဤတရားခုနစ်မျိုးတို့ကို ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု၍ ဟောကြား၏။

အာနန္ဒာ တစ်ဆယ့်နှစ်နှစ်စသည် တစ်ဖန်မရှိမည့် ရဟန်းဟု ဆိုကြောင်းဖြစ်သည့် ဤတရားခုနစ်မျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ပြည့်စုံစင်ကြယ်စွာ မြတ်သောအကျင့်ကို ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း''ဟူ၍ ဆိုရန်သင့်၏၊ နှစ်ဆယ့်လေးနှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့်ရဟန်း''ဟူ၍ ဆိုရန်သင့်၏၊ သုံးဆယ့်ခြောက်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သောအကျင့်ကို့ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း''ဟူ၍ ဆိုရန်သင့်၏၊ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံးလည်း ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်ပါမူ ''တစ်ဆယ့်နှစ်နှစ် တစ်ဖန်မရှိမည့် ရဟန်း''ဟူ၍ ဆိုရန်သင့်၏ဟု (မိန့်တော်မူ၏)။

ဒွါဒသမသုတ်။

လေးခုမြောက် ဒေဝတာဝဂ် ပြီး၏။

------

၅-မဟာယညဝဂ် ၁-သတ္တဝိညာဏဋ္ဌိတိသုတ်

၄၄။ ရဟန်းတို့ (ပဋိသန္ဓေ) ဝိညာဏ်၏ တည်ရာတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ အချို့သောနတ် အချို့သော ဝိနိပါတိကနှင့် လူတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား ပဌမဝိညာဏ်၏တည်ရာပေတည်း။

ရဟန်းတို့ ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား ဒုတိယဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ အာဘဿရဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား တတိယဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏။ ဤကား စတုတ္ထဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့၏ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းခြင်းကြောင့် ''ကောင်းကင်သည် အဆုံးမရှိ''ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား ပဉ္စမဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''ဝိညာဏ်သည် အဆုံးမရှိ''ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား ဆဋ္ဌဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ ဝိညာဏဉ္စာယတနဘုံကို လုံးဝလွန်မြောက်၍ ''တစ်စုံတစ်ခုမျှမရှိ''ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနာဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား သတ္တမဝိညာဏ်၏ တည်ရာပေတည်း။

ရဟန်းတို့ ဤသည်တို့ကား ဝိညာဏ်၏တည်ရာ ခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-သမာဓိပရိက္ခာရသုတ်

၄၅။ ရဟန်းတို့ (မဂ်) သမာဓိ၏ အဆောက်အဦဖြစ်ကုန်သော တရားတို့သည် ဤခုနစ်မျိုးတို့ တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

မှန်ကန်စွာ သိမြင်မှု 'သမ္မာဒိဋ္ဌိ'။

မှန်ကန်စွာ ကြံစည်မှု 'သမ္မာသင်္ကပ္ပ'။

မှန်ကန်စွာ ပြောဆိုမှု 'သမ္မာဝါစာ'။

မှန်ကန်စွာ ပြုလုပ်မှု 'သမ္မာကမ္မန္တ'။

မှန်ကန်စွာ အသက်မွေးမှု 'သမ္မာအာဇီဝ'။

မှန်ကန်စွာ အားထုတ်မှု 'သမ္မာဝါယာမ'။

မှန်ကန်စွာ အောက်မေ့မှု 'သမ္မာသတိ'တို့တည်း။

ရဟန်းတို့ ဤခုနစ်မျိုးသော အင်္ဂါတို့ဖြင့် ခြံရံအပ်သောစိတ်၏ တည်ကြည်မှု 'ဧကဂ္ဂတာ' ကို''အကြောင်းနှင့်တကွ ဖြစ်သော မြတ်သော သမာဓိ''ဟူ၍လည်းကောင်း၊ ''အဆောက်အဦနှင့်တကွဖြစ်သော မြတ်သော သမာဓိ''ဟူ၍လည်းကောင်း ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ပဌမ အဂ္ဂိသုတ်

၄၆။ ရဟန်းတို့ မီးတို့သည် ဤခုနစ်မျိုးတို့တည်း။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

ရာဂမီး၊ ဒေါသမီး၊ မောဟမီး၊ အပူဇော်ခံ 'အမိအဖ' မီး၊ အိမ်ရှင်မီး၊ အလှူခံ 'ရဟန်း' မီး၊ ထင်းမီးတို့တည်း။

ရဟန်းတို့ မီးတို့သည် ဤခုနစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယ အဂ္ဂိသုတ်

၄၇။ ထိုအခါ၌ ဥဂ္ဂတသရီရပုဏ္ဏားသည် ယဇ်ပူဇော်ပွဲကြီးကို စီရင်ထား၏၊ နွားလားငါးရာ နွားငယ်ငါးရာ နွားမငယ်ငါးရာ ဆိတ်ငါးရာ သိုးငါးရာ ယဇ်ပူဇော်ရန် ယဇ်တိုင်သို့ ဆောင်ထား၏။

ထိုအခါ ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့် အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင် ကြီးမား ၏ဟုအကျွန်ုပ် ကြားဖူးပါသည်ဟု လျှောက်၏။

ပုဏ္ဏား ငါသည်လည်း (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင်ကြီးမား၏ဟု ကြားဖူး၏ဟု (မိန့်တော်မူ၏)။

နှစ်ကြိမ်မြောက်လည်း ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည်။ပ။ သုံးကြိမ်မြောက်လည်း ဥဂ္ဂတသရီရမည်သော ပုဏ္ဏားသည် မြတ်စွာဘုရားအား -

''အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင်ကြီးမား၏''ဟု အကျွန်ုပ် ကြားဖူးပါသည်ဟု လျှောက်၏။

ပုဏ္ဏား ငါသည်လည်း ''(မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင်ကြီးမား၏''ဟု ကြားဖူး၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမ အသျှင်ဂေါတမ၏လည်းကောင်း၊ အကျွန်ုပ်တို့၏လည်းကောင်း ကြားဖူးသော အရာသည် အချင်းခပ်သိမ်း တူညီလှပါ၏ဟု (လျှောက်၏)။

ဤသို့ လျှောက်သည်ရှိသော် အသျှင်အာနန္ဒာသည် ဥဂ္ဂတသရီရမည်သော ပုဏ္ဏားအား ''ပုဏ္ဏားမြတ်စွာဘုရားတို့ကို အသျှင်ဂေါတမ (မင်္ဂလာ) မီးကို ယူခြင်း ယဇ်တိုင်ကို စိုက်ထူခြင်းသည် အကျိုးအာနိသင် ကြီးမား၏ဟု အကျွန်ုပ် ကြားဖူးပါသည်''ဟု ဤသို့ မမေးအပ်ကုန်။

ပုဏ္ဏား ဤသို့မူကား မြတ်စွာဘုရားတို့ကို မေးလျှောက်အပ်ကုန်၏ -

''အသျှင်ဘုရား အကျွန်ုပ်သည် (မင်္ဂလာ) မီးကို ယူလိုပါသည်၊ ယဇ်တိုင်ကို စိုက်ထူလိုပါသည်၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိရန် ချမ်းသာရန် ဖြစ်နိုင်ရာသော သွန်သင်ဆုံးမခြင်းဖြင့် အကျွန်ုပ်ကို သွန်သင်တော်မူပါ၊ အသျှင်ဘုရား မြတ်စွာဘုရားသည်အကျွန်ုပ်ကို ဆုံးမတော်မူပါ''ဟု ဤသို့မူကား မေးလျှောက်အပ်ကုန်၏ဟု (မိန့်ဆို၏)။

ထိုအခါ ဥဂ္ဂတသရီရပုဏ္ဏားသည် မြတ်စွာဘုရားအား -

''အသျှင်ဂေါတမ အကျွန်ုပ်သည် (မင်္ဂလာ) မီးကို ယူလိုပါသည်၊ ယဇ်တိုင်ကို စိုက်ထူလိုပါသည်၊ အသျှင်ဂေါတမသည် ရှည်မြင့်စွာသော ကာလပတ်လုံး အစီးအပွါးရှိရန် ချမ်းသာရန်ဖြစ်နိုင်ရာသောသွန်သင်ဆုံးမခြင်းဖြင့် အကျွန်ုပ်ကို သွန်သင်တော်မူပါ၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ဆုံးမတော်မူပါ''ဟု လျှောက်၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်ကုန်သော ဆင်းရဲကို ပွါးစေတတ်ကုန်သော ဆင်းရဲကျိုးရှိကုန်သော လက်နက်သုံးမျိုးတို့ကိုစိုက်ထူသည် မည်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

ကာယကံလက်နက်၊ ဝစီကံလက်နက်၊ မနောကံလက်နက်တို့တည်း။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် ဤသို့စိတ်ကို ဖြစ်စေ၏ -

''ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားလားတို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန်ဤမျှလောက်ကုန်သော နွားငယ်တို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သောနွားမငယ်တို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ်အပ်သည်ဖြစ်စေကုန်၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော သိုးတို့ကို သတ်အပ်သည်ဖြစ်စေကုန်''ဟု (စိတ်ကိုဖြစ်စေ၏)။

ထိုပုဂ္ဂိုလ်သည် ''ကောင်းမှုကို ပြုအံ့''ဟူ၍ မကောင်းမှုကို ပြု၏၊ ''ကုသိုလ်ကို ပြုအံ့''ဟူ၍အကုသိုလ်ကို ပြု၏၊ ''ကောင်းသောလားရာ 'သုဂတိ' ဘုံ၏ လမ်းခရီးကို ရှာအံ့''ဟူ၍ မကောင်းသောလားရာ 'ဒုဂ္ဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီး၏၊ ပုဏ္ဏား မင်္ဂလာမီးကို ယူလို ယဇ်တိုင်ကို စိုက်ထူလိုသောပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤပဌမမနောကံလက်နက်ကို စိုက်ထူ၏။

ပုဏ္ဏား နောက်တစ်မျိုးကား မင်္ဂလာမီးကို ယူလို ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင် ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားလားတို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန်ဤမျှလောက်ကုန်သော နွားငယ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော နွားမငယ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော ဆိတ်တို့ကို သတ်ကြကုန်လော့၊ ယဇ်ပူဇော်ရန် ဤမျှလောက်ကုန်သော သိုးတို့ကို သတ်ကြကုန်လော့''ဟု ဤသို့သော စကားကိုပြောဆို၏။

ထိုပုဂ္ဂိုလ်သည် ''ကောင်းမှုကို ပြုအံ့''ဟူ၍ မကောင်းမှုကို ပြု၏၊ ''ကုသိုလ်ကို ပြုအံ့''ဟူ၍အကုသိုလ်ကို ပြု၏၊ ''ကောင်းသောလားရာ 'သုဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီးအံ့''ဟူ၍ မကောင်းသောလားရာ 'ဒုဂ္ဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီး၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤဒုတိယ ဝစီကံလက်နက်ကိုစိုက်ထူ၏။

ပုဏ္ဏား နောက်တစ်မျိုးကား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည်ယဇ်မပူဇော်မီကပင် ယဇ်အလို့ငှါ နွားလားတို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ နွားငယ်တို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ နွားမငယ်တို့ကိုသတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏၊ ယဇ်အလို့ငှါ ဆိတ်တို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာအားထုတ်၏၊ ယဇ်အလို့ငှါ သိုးတို့ကို သတ်ရန် ကိုယ်တိုင် ရှေးဦးစွာ အားထုတ်၏။

ထိုပုဂ္ဂိုလ်သည် ''ကောင်းမှုကို ပြုအံ့''ဟူ၍ မကောင်းမှုကို ပြု၏၊ ''ကုသိုလ်ကို ပြုအံ့''ဟူ၍အကုသိုလ်ကို ပြု၏၊ ''ကောင်းသောလားရာ 'သုဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီးအံ့''ဟူ၍ မကောင်းသောလားရာ 'ဒုဂ္ဂတိ' ဘုံ၏ လမ်းခရီးကို ရှာမှီး၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်သော ဆင်းရဲကို ပွါးစေတတ်သော ဆင်းရဲကျိုးရှိသော ဤတတိယကာယကံလက်နက်ကိုစိုက်ထူ၏။

ပုဏ္ဏား မင်္ဂလာမီးကို ယူလိုသော ယဇ်တိုင်ကို စိုက်ထူလိုသော ပုဂ္ဂိုလ်သည် ယဇ်မပူဇော်မီကပင်အကုသိုလ်ဖြစ်ကုန်သော ဆင်းရဲကို ပွါးစေတတ်ကုန်သော ဆင်းရဲကျိုးရှိကုန်သော ဤလက်နက်သုံးမျိုးတို့ကို စိုက်ထူ၏။

ပုဏ္ဏား ဤမီးသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ရှောင်ကြဉ်အပ်ကုန်၏၊ မမှီဝဲအပ်ကုန်။

အဘယ်သုံးမျိုးတို့နည်းဟူမူ -

စွဲမက်မှု 'ရာဂ' မီး၊ အမျက်ထွက်မှု 'ဒေါသ' မီး၊ တွေဝေမှု 'မောဟ' မီးတို့တည်း။

ပုဏ္ဏား အဘယ့်ကြောင့် ဤစွဲမက်မှု 'ရာဂ' မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ်သနည်း၊ မမှီဝဲအပ်သနည်း။

ပုဏ္ဏား စွဲမက်သူသည် စွဲမက်မှု 'ရာဂ'နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ကာယ ဒုစရိုက်ကိုပြု၏၊ ဝစီဒုစရိုက်ကို ပြု၏၊ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကို ပြု၍ ဝစီ ဒုစရိုက်ကိုပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤစွဲမက်မှု 'ရာဂ' မီးကိုပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။

ပုဏ္ဏား အဘယ့်ကြောင့် ဤအမျက်ထွက်မှု 'ဒေါသ' မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ်သနည်း၊ မမှီဝဲအပ်သနည်း။

ပုဏ္ဏား အမျက်ထွက်သူသည် အမျက်ထွက်မှု 'ဒေါသ' နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည် ဖြစ်၍ကာယဒုစရိုက်ကို ပြု၏။ပ။ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကို ပြု၍ ဝစီဒုစရိုက် ကိုပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤအမျက်ထွက်မှု'ဒေါသ' မီးကို ပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။

ပုဏ္ဏား အဘယ့်ကြောင့် ဤတွေဝေမှု 'မောဟ' မီးကို ပယ်အပ်သနည်း၊ ရှောင်ကြဉ်အပ်သနည်း၊ မမှီဝဲအပ်သနည်း။

ပုဏ္ဏား တွေဝေသူသည် တွေဝေမှု 'မောဟ' နှိပ်စက်အပ် သိမ်းယူအပ်သော စိတ်ရှိသည်ဖြစ်၍ ကာယဒုစရိုက်ကို ပြု၏၊ ဝစီဒုစရိုက်ကို ပြု၏၊ မနောဒုစရိုက်ကို ပြု၏၊ ထိုသူသည် ကာယဒုစရိုက်ကို ပြု၍ ဝစီဒုစရိုက်ကို ပြု၍ မနောဒုစရိုက်ကို ပြု၍ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသောမကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်၏၊ ထို့ကြောင့် ဤတွေဝေမှု 'မောဟ'မီးကို ပယ်အပ်၏၊ ရှောင်ကြဉ်အပ်၏၊ မမှီဝဲအပ်။

ဤမီးသုံးမျိုးတို့ကို ပယ်အပ်ကုန်၏၊ ရှောင်ကြဉ်အပ်ကုန်၏၊ မမှီဝဲအပ်ကုန်။

ပုဏ္ဏား မီးသုံးမျိုးတို့ကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာဆောင်အပ်ကုန်၏။

အဘယ်သုံးမျိုးတို့နည်းဟူမူ-

အပူဇော်ခံမီး၊ အိမ်ရှင်မီး၊ အလှူခံမီးတို့တည်း။

ပုဏ္ဏား အပူဇော်ခံမီးဟူသည် အဘယ်နည်း။

ပုဏ္ဏား ဤလောက၌ အမိအဖကို သားသမီး၏ အပူဇော်ခံမီးဟု ဆိုအပ်၏။

ထိုသို့ဆိုခြင်းသည် အဘယ့်ကြောင့်နည်း။

ပုဏ္ဏား ဤအမိအဖမှ ဤသားသမီးသည် ဖြစ်လာ၏၊ ထို့ကြောင့် ဤအမိအဖကို အပူဇော်ခံမီးဟူ၍ဆိုအပ်၏။

ထို့ကြောင့် ဤအပူဇော်ခံမီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့်ချမ်းသာစွာ ဆောင်အပ်၏။

ပုဏ္ဏား အိမ်ရှင်မီးဟူသည် အဘယ်နည်း။

ပုဏ္ဏား ဤလောက၌ (အိမ့်ရှင်) ယောက်ျားကို သား သမီး မယား ကျွန် အစေခံ အမှုလုပ်အပေါင်း၏အိမ်ရှင်မီးဟူ၍ ဆိုအပ်၏၊ ထို့ကြောင့် ဤအိမ်ရှင်မီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာအသင့်အားဖြင့် ချမ်းသာစွာ ဆောင်အပ်၏။

ပုဏ္ဏား အလှူခံမီးဟူသည် အဘယ်နည်း။

ပုဏ္ဏား ဤလောက၌ (မိစ္ဆာဒိဋ္ဌိတည်းဟူသော) သူတစ်ပါးအယူမှ ရှောင်ကြဉ်ကုန်သော၊ သည်းခံခြင်းကောင်းမှုဝယ် မွေ့လျော်ခြင်း၌ တည်ကုန်သော သမဏဗြာဟ္မဏတို့သည် တစ်ခုတည်းသော စိတ်ကို ဆုံးမကုန်၏၊ တစ်ခုတည်းသော စိတ်ကို (ရာဂစသည်တို့မှ) ငြိမ်းစေကုန်၏၊ တစ်ခုတည်းသော စိတ်ကို (ရာဂစသည်မှ) ငြိမ်းချမ်းစေကုန်၏၊ ပုဏ္ဏား ဤသမဏဗြာဟ္မဏကို အလှူခံမီးဟူ၍ ဆိုအပ်၏။

ထို့ကြောင့် အလှူခံမီးကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့် ချမ်းသာစွာဆောင်အပ်၏။

ပုဏ္ဏား ဤမီးသုံးမျိုးတို့ကို အရိုအသေ အလေးအမြတ်ပြု၍ မြတ်နိုးပူဇော်ကာ အသင့်အားဖြင့်ချမ်းသာစွာ ဆောင်အပ်ကုန်၏။

ပုဏ္ဏား ဤထင်းမီးကိုမူကား ရံဖန်ရံခါ တောက်စေအပ်၏၊ ရံဖန်ရံခါ လျစ်လျူရှုအပ်၏၊ ရံဖန်ရံခါငြိမ်းစေအပ်၏၊ ရံဖန်ရံခါ (မငြိမ်းစေဘဲ) ထားအပ်၏ဟု (ဟောတော်မူ၏)။

ဤသို့ ဟောတော်မူသည်ရှိသော် ဥဂ္ဂတသရီရ အမည်ရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏၊ ''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သူ 'ဥပါသကာ'ဟု မှတ်တော်မူပါ''ဟုလျှောက်၏။

အသျှင်ဂေါတမ အကျွန်ုပ်သည် နွားလားငါးရာ နွားငယ်ငါးရာ နွားမငယ်ငါးရာ ဆိတ်ငါးရာသိုးငါးရာတို့ကို လွှတ်ပါ၏၊ အသက်ကို ပေးလှူပါ၏၊ စိမ်းသော မြက်တို့ကိုလည်း စားကြပါစေ၊ အေးမြသော ရေတို့ကိုလည်း သောက်ကြပါစေ၊ အေးချမ်းစွာ တိုက်ခတ်သော လေသည်လည်း ထိုနွားတို့အားတိုက်ခတ်ပါစေသတည်းဟု (လျှောက်၏)။

စတုတ္ထသုတ်။

------

၅-ပဌမ သညာသုတ်

၄၈။ ရဟန်းတို့ ဤမှတ်သားမှု 'သညာ' ခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုး အာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

မတင့်တယ်ဟု မှတ်သားမှု 'အသုဘ သညာ'၊ သေခြင်း၌ မှတ်သားမှု 'မရဏ သညာ'၊ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ'၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟုမှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'၊ မမြဲဟူ၍ မှတ်သားမှု 'အနိစ္စသညာ'၊ မမြဲမှု၌ ဆင်းရဲဟုမှတ်သားမှု 'အနိစ္စေဒုက္ခသညာ'၊ ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှု 'ဒုက္ခေ အနတ္တသညာ' တို့တည်း။

ရဟန်းတို့ ဤမှတ်သားမှု 'သညာ' ခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည် ရှိသော်အကျိုး အာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-ဒုတိယသညာသုတ်

၄၉။ ရဟန်းတို့ ဤမှတ်သားမှု 'သညာ' ခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'၊ သေခြင်း၌ မှတ်သားမှု 'မရဏသညာ'၊ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေပဋိကူလသညာ'၊ လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟုမှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'၊ မမြဲဟူ၍ မှတ်သားမှု 'အနိစ္စသညာ'၊ မမြဲမှု၌ ဆင်းရဲဟုမှတ်သားမှု 'အနိစ္စေဒုက္ခသညာ'၊ ဆင်းရဲခြင်း၌ အစိုးမရအနတ္တဟု မှတ်သားမှု'ဒုက္ခေအနတ္တသညာ' တို့တည်း။

ရဟန်းတို့ ဤမှတ်သားမှု 'သညာ' ခုနစ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည် ရှိသော်အကျိုးအာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာ ရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။

''ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ' ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏၊ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏''ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်းမှ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏၊ ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန် များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်းမှ စိတ်သည်တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်း၌ စိတ်သည် အကယ်၍ ဖြစ်ငြားအံ့၊ မစက်ဆုပ့်မရွံရှာခြင်းသည် အကယ်၍ တည်ငြားအံ့၊ ရဟန်းတို့ ရဟန်းသည် -

''ငါသည် အသုဘသညာကို မပွါးများရသေး၊ ငါ့အား (အသုဘသညာ) မပွါးများမီ ရှေးနှင့်ပွါးများပြီးနောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာအားအစွမ်းသို့ မရောက်သေး''ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား မေထုန်အကျင့်သို့ ရောက်ခြင်းမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူ ဆုတ်နစ်ခဲ့မူမပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း ကောင်းစွာ တည်ခဲ့မူရဟန်းတို့ ရဟန်းသည် -

''ငါသည် မတင့်တယ်ဟု မှတ်သားမှု 'အသုဘသညာ'ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက်ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏အားအစွမ်းသို့ ရောက်ပြီ''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိပြီး ဖြစ်၏။

ရဟန်းတို့ အသုဘသညာကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင်ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကိုဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၁)

''ရဟန်းတို့ သေခြင်း၌ မှတ်သားမှု 'မရဏသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည် ရှိသော်အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု ဟောကြားအပ်သောထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ သေခြင်း၌ မှတ်သားမှု 'မရဏသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသောရဟန်းအား အသက်ရှင်ခြင်း၌ တပ်နှစ်သက်မှု စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏၊ ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် သေခြင်း၌ မှတ်သားမှု 'မရဏသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသော ရဟန်းအား အသက်ရှင်ခြင်း၌ တပ်နှစ်သက်မှုမှစိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ သေခြင်း၌ မှတ်သားမှု 'မရဏသညာ' ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသောရဟန်းအား အသက်ရှင်ခြင်း၌ နှစ်သက်မှုစိတ်သည် အကယ်၍ ဖြစ်ငြားအံ့၊ မစက်ဆုပ် မရွံရှာခြင်းသည်အကယ်၍ တည်ငြားအံ့၊ ရဟန်းတို့ ရဟန်းသည် -

''ငါသည် သေခြင်း၌ မှတ်သားမှု 'မရဏသညာ' ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှုမရှိ၊ ငါသည် ဘာဝနာ၏အားအစွမ်းသို့ မရောက်သေး''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိအပ်၏။

ရဟန်းတို့ သေခြင်း၌ မှတ်သားမှု 'မရဏသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား အသက်ရှင်ခြင်း၌ တပ်နှစ်သက်မှုမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူ ဆုတ်နစ် ခဲ့မူမပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း ကောင်းစွာ တည်ခဲ့မူရဟန်းတို့ ရဟန်းသည် -

''ငါသည် သေခြင်း၌ မှတ်သားမှု 'မရဏသညာ' ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှုရှိ၏၊ ငါသည် ဘာဝနာ၏အားအစွမ်းသို့ ရောက်အပ်ပြီ''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိပြီးဖြစ်၏။

''ရဟန်းတို့ မရဏသညာကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင်ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကိုဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၂)

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ'ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင်အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ'၌ လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား အရသာကို တပ်မက်မှုမှ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ'၌ လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာ နေသောရဟန်းအား အရသာ၌ တပ်မက်မှုမှ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ' ကို လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား အရသာကို တပ်မက်မှု စိတ်သည် အကယ်၍ ဖြစ်ငြားအံ့၊ မစက်ဆုပ် မရွံရှာခြင်းသည် တည်ငြားအံ့၊ ရဟန်းတို့ ရဟန်းသည် ''ငါသည် စားဖွယ်၌ စက်ဆုပ်ဖွယ်ဟုမှတ်သားမှု 'အာဟာရေ ပဋိကူလသညာ' ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ'၌ လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား အရသာကို တပ်မက်မှုမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူဆုတ်နစ်ခဲ့မူ မပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်းကောင်းစွာ တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် -

''ငါသည် စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ' ကို ပွါးပြီးဖြစ်၏၊ ငါ့အားရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ''ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

''ရဟန်းတို့ စားဖွယ်၌ စက်ဆုပ်ဖွယ်ဟု မှတ်သားမှု 'အာဟာရေ ပဋိကူလသညာ' ကို ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင်အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၃)

''ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ' ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်တွန့်၏။ပ။ ရဟန်းတို့ ဥပမာသော်ကား။ပ။ စိတ်သည် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်း့တို့ ဤအတူသာလျှင် လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်အကယ်၍ ဖြစ်ခဲ့မူ မစက်ဆုပ် မရွံရှာခြင်းသည် တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် -

''ငါသည် လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'ကိုမပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လောက၏ ဆန်းကြယ်မှုတို့၌ စိတ်သည်အကယ်၍ တွန့်ခဲ့မူ။ပ။ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်းကောင်းစွာ တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် -

''ငါသည် လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ'ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်အပ်ပြီ''ဟုဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

''ရဟန်းတို့ လောကအားလုံး၌ မမွေ့လျော်ဟု မှတ်သားမှု 'သဗ္ဗလောကေအနဘိရတိသညာ' ကိုပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၄)

''ရဟန်းတို့ မမြဲဟု မှတ်သားမှု'အနိစ္စသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု ဟောကြားအပ်သောထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ မမြဲဟု မှတ်သားမှု 'အနိစ္စသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစော၌ စိတ်သည် တွန့်၏။ပ။ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။ ရဟန်းတို့ ဥပမာသော်ကား ကြက်တောင်ကိုလည်းကောင်း၊ အကြောတုံးကိုလည်းကောင်း မီး၌ ချအပ်သည်ရှိသော် တွန့်၏၊ ရှုံ ့၏၊ ဆုတ်နစ်၏၊ မပျံ့နှံ့၊ ရဟန်းတို့ ဤအတူသာလျှင် မမြဲဟု မှတ်သားမှု'အနိစ္စသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစောမှ စိတ်သည် တွန့်၏။ပ။ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်၏။

ရဟန်းတို့ မမြဲဟု မှတ်သားမှု'အနိစ္စသညာ' ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစော၌ စိတ်သည် အကယ်၍ ဖြစ်ခဲ့မူ မစက်ဆုပ် မရွံရှာခြင်းသည် တည်ခဲ့မူ ရဟန်းတို့ ရဟန်းသည် -

''ငါသည် မမြဲဟု မှတ်သားမှု'အနိစ္စသညာ' ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

''ရဟန်းတို့ မမြဲဟု မှတ်သားမှု'အနိစ္စသညာ'၌ လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာနေသောရဟန်းအား လာဘ်ပူဇော်သကာ အကျော်အစောမှ စိတ်သည် အကယ်၍ တွန့်ခဲ့မူ ရှုံ ့ခဲ့မူ ဆုတ်နစ်ခဲ့မူမပျံ့နှံ့ခဲ့မူ လျစ်လျူရှုခြင်းသည်လည်းကောင်း၊ စက်ဆုပ်ရွံရှာခြင်းသည်လည်းကောင်း တည်ခဲ့မူ ရဟန်းတို့ရဟန်းသည် -

''ငါသည် မမြဲဟု မှတ်သားမှု'အနိစ္စသညာ' ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

''ရဟန်းတို့ မမြဲဟု မှတ်သားမှု'အနိစ္စသညာ' ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော်အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု ဟောကြားအပ်သောထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၅)

''ရဟန်းတို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေဒုက္ခသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟုဟောကြားအပ်သော ထိုစကားကို အဘယ်ကို စွဲ၍ ဟောကြားအပ်သနည်း။

ရဟန်းတို့ သန်လျက်မြှောက်ချီသော သူသတ်ယောက်ျား၌ ပြင်းထန်အားကြီးသော ဘေးဟူသောသညာသည် ရှေးရှုတည်သကဲ့သို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေဒုက္ခသညာ' ကို လေ့လာသောစိတ်ဖြင့် ကြိမ်ဖန်များစွာနေသော ရဟန်းအား ပျင်းရိမှု ပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှုမဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟုရှုသော သညာသည် ရှေးရှုတည်၏။

ရဟန်းတို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေဒုက္ခသညာ'ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန်များစွာ နေသော ရဟန်းအား ပျင်းရိမှု ပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှု မဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟုရှုသော သညာသည် အကယ်၍ ရှေးရှုမတည်ခဲ့မူ ရဟန်းတို့ သန်လျက်မြှောက်ချီသော သူသတ်ယောက်ျား၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာသည် ရှေးရှုတည်သကဲ့သို့ ဘေးဟူသော သညာသည် ရှေးရှုမတည်၊ ရဟန်းတို့ ရဟန်းသည် -

''ငါသည် မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေဒုက္ခသညာ' ကို မပွါးများရသေး၊ ငါ့အား ရှေ့နှင့်နောက်ထူးခြားမှု မရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး''ဟူသော သဘောကို သိအပ်၏။ ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ သန်လျက်မြှောက်ချီသော သူသတ်ယောက်ျား၌ ပြင်းထန်အားကြီးသော ဘေးဟူသောသညာသည် ရှေးရှုတည်သကဲ့သို့ ဘေးဟုရှုသော သညာသည် အကယ်၍ တည်ခဲ့မူ၊ မမြဲမှု၌ ဆင်းရဲဟုမှတ်သားမှု 'အနိစ္စေဒုက္ခသညာ'ကို လေ့လာသော စိတ်ဖြင့် ကြိမ်ဖန် များစွာနေသော ရဟန်းအား ပျင်းရိမှုပေါ့ဆမှု မရဲရင့်မှု မေ့လျော့မှု အားမထုတ်မှု မဆင်ခြင်မှု၌ ပြင်းထန်အားကြီးသော ဘေးဟူသော သညာသည် တည်၏၊ ရဟန်းတို့ ရဟန်းသည် -

''ငါသည် မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေ ဒုက္ခသညာ' ကို ပွါးပြီးဖြစ်၏၊ ငါ့အား ရှေ့နှင့် နောက်ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ''ဟု ဤသဘောကို သိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

''ရဟန်းတို့ မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု 'အနိစ္စေ ဒုက္ခသညာ'ကို ပွါးများအပ် ကြိမ်ဖန်များစွာပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟုဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၆)

''ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု 'ဒုက္ခေအနတ္တသညာ' ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင်ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင့်အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကို အဘယ်အရာကို စွဲ၍ ဟောကြားအပ်သနည်း။

''ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု 'ဒုက္ခေအနတ္တသညာ' ကို လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သောအလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု 'ဒိဋ္ဌိ'၊ ငါ၏ ဥစ္စာဟူသောအခြင်းအရာဖြင့် စွဲလမ်းမှု 'တဏှာ'နှင့် ထောင်လွှားမှု 'မာန' မှ ကင်းသော စိတ်ဖြစ်၏၊ မာနသုံးပါးကိုကောင်းစွာ လွန်၏၊ ဆန့်ကျင်ဘက် ကိလေသာတို့မှ ငြိမ်း၏၊ ကောင်းစွာ လွတ်မြောက်၏။

ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု'ဒုက္ခေအနတ္တသညာ' ကို လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သော အလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု 'ဒိဋ္ဌိ'၊ ငါ၏ ဥစ္စာဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု 'တဏှာ'နှင့် ထောင်လွှားမှု 'မာန' မှ ကင်းသော စိတ်သည် မာနသုံးပါးကို ကောင်းစွာလွန်သည်၊ ဆန့်ကျင်ဘက် ကိလေသာတို့မှ ငြိမ်းသည်၊ ကောင်းစွာ လွတ်မြောက်သည် အကယ်၍မဖြစ်ခဲ့မူ ရဟန်းတို့ ရဟန်းသည် -

''ငါသည် ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု 'ဒုက္ခေအနတ္တသညာ'ကို မပွါးများရသေး၊ ငါ့အားရှေ့နှင့်နောက် ထူးခြားမှုမရှိ၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ မရောက်သေး''ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု 'ဒုက္ခေအနတ္တသညာ' ကို လေ့လာသော စိတ်ဖြင့်ကြိမ်ဖန်များစွာနေသော ရဟန်းအား ဝိညာဏ်ရှိသော ဤကိုယ်၌လည်းကောင်း၊ အပဖြစ်သော အလုံးစုံသော အာရုံတို့၌လည်းကောင်း ငါဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု 'ဒိဋ္ဌိ'၊ ငါ၏ ဥစ္စာဟူသော အခြင်းအရာဖြင့် စွဲလမ်းမှု 'တဏှာ'နှင့် ထောင်လွှားမှု 'မာန' မှ ကင်းသော စိတ်သည် မာနသုံးပါးကိုကောင်းစွာ လွန်သည် ဆန့်ကျင်ဘက် ကိလေသာတို့မှ ငြိမ်းသည် ကောင်းစွာ လွတ်မြောက်သည်အကယ်၍ ဖြစ်ခဲ့မူ ရဟန်းတို့ ရဟန်းသည် -

''ငါသည် ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု 'ဒုက္ခေ အနတ္တသညာ' ကို ပွါးပြီးဖြစ်၏၊ ငါ့အားရှေ့နှင့်နောက် ထူးခြားမှု ရှိ၏၊ ငါသည် ဘာဝနာ၏ အားအစွမ်းသို့ ရောက်ပြီ''ဟု ဤသဘောကိုသိအပ်၏။

ဤသို့လျှင် ထိုအရာ၌ ကောင်းစွာ အပြားအားဖြင့် သိ၏။

''ရဟန်းတို့ ဆင်းရဲခြင်း၌ အစိုးမရဟု မှတ်သားမှု 'ဒုက္ခေ အနတ္တသညာ' ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင်အဆုံးရှိ၏''ဟု ဟောကြားအပ်သော ထိုစကားကို ဤသည်ကို စွဲ၍ ဟောကြားအပ်၏။ (၇)

ရဟန်းတို့ ဤသညာ ခုနစ်ပါးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမား၏၊ နိဗ္ဗာန်လျှင် တည်ရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏''ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-မေထုနသုတ်

၅၀။ ထိုအခါ ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသော နေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား -

''အသျှင်ဂေါတမသည်လည်း မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံသည် မဟုတ်ပါလော''ဟု လျှောက်၏။

ပုဏ္ဏား ''မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံစင်ကြယ်စွာ မြတ်သော အကျင့်ကို ကျင့်၏''ဟူသော စကားကို ကောင်းစွာ ပြောဆိုလိုသောသူသည် ငါ့ကိုသာလျှင် ပြောဆိုရာ၏။

''ပုဏ္ဏား ထိုစကားဟုတ်မှန်၏၊ ငါသည် မကျိုး မပေါက် မပြောက် မကျားသော ပြည့်စုံ စင်ကြယ်စွာမြတ်သော အကျင့်ကို ကျင့်၏''ဟု (မိန့်တော်မူ၏)။

''အသျှင်ဂေါတမ အဘယ်သို့လျှင် မြတ်သော အကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုသည်ဖြစ်ပါသနည်း''ဟု (လျှောက်၏)။

ပုဏ္ဏား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ မြတ်သော အကျင့်ကို ကောင်းစွာကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့်အတူ နှစ်ယောက် နှစ်ယောက်သောသူတို့ ပြုကျင့်အပ်သောမေထုန်အကျင့်သို့ကား မရောက်၊ စင်စစ်မူကား မာတုဂါမ၏ (နံ့သာစသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကို သာယာ၏၊ ထိုသမဏဗြာဟ္မဏသည် ထိုမာတုဂါမ၏နံ့သာစသည်ဖြင့် ပွတ်သပ်မှုစသည်ကို နှစ်သက်၏၊ ထိုနံ့သာပွတ်သပ်မှုစသည်ကို အလိုရှိ၏၊ ထိုသို့ပြုမှုဖြင့်လည်း နှစ်သက်ခြင်းသို့ ရောက်၏။

ပုဏ္ဏား ဤသို့သာယာခြင်းသည်လည်း မြတ်သောအကျင့်၏ ကျိုးမှု ပေါက်မှု ပြောက်မှု ကျားမှုပင်မည်၏။

ပုဏ္ဏား ဤသမဏဗြာဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သော မြတ်သောအကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်းနှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူဟူ၍ ငါဆို၏။ (၁)

ပုဏ္ဏား နောက်တစ်မျိုးကား ဤလောက၌ အချို့သော သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ မြတ်သောအကျင့်ကို ကောင်းစွာ ကျင့်၏ဟု ဝန်ခံပါလျက် မာတုဂါမနှင့်အတူ နှစ်ယောက် နှစ်ယောက်သောသူတို့ပြုကျင့်အပ်သော မေထုန်အကျင့်သို့ မရောက်၊ မာတုဂါမ၏ (နံ့သာစသည်ဖြင့်) ပွတ်သပ်မှု (ဆီဖြင့်) ဆုပ်နယ်မှု ရေချိုးပေးမှု သုံးသပ်မှုကိုလည်း မသာယာ၊ စင်စစ်မူကား မာတုဂါမနှင့် အတူ စကားပြောဆို၏၊ ပြက်ရယ်ပြု၏၊ ပြင်းစွာရယ်၏။ပ။

မာတုဂါမနှင့်အတူ စကားမပြောဆို ပြက်ရယ်မပြု ပြင်းစွာမရယ်၊ စင်စစ်မူကား မာတုဂါမ၏ မျက်စိကိုမိမိမျက်စိဖြင့် တစိမ့်စိမ့်ကြည့်၏၊ ရှု၏။ပ။

မာတုဂါမ၏ မျက်စိကို မိမိမျက်စိဖြင့် တစိမ့်စိမ့် မကြည့်ရှု၊ စင်စစ်မူကား နံရံတစ်ဖက်၌ ဖြစ်စေတံတိုင်းတစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေးသူ မာတုဂါမ၏ အသံကိုနားထောင်၏။ပ။

နံရံတစ်ဖက်၌ ဖြစ်စေ တံတိုင်း တစ်ဖက်၌ ဖြစ်စေ ရယ်ရွှင်သူ စကားပြောသူ သီချင်းဆိုသူ ငိုကြွေး သူမာတုဂါမ၏ အသံကို နားမထောင်။ စင်စစ်မူကား ထိုသမဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့် အတူရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့သည်တို့ကို အဖန်ဖန်အောက်မေ့၏။ပ။

ထိုသမဏ ဗြာဟ္မဏအား ရှေးက မာတုဂါမနှင့်အတူ ရယ်ရွှင်ခဲ့ စကားပြောခဲ့ မြူးထူးခဲ့သည်တို့ကိုအဖန်ဖန် မအောက်မေ့၊ စင်စစ်မူကား ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံပျော်ပါးနေသောသူကြွယ်ကို ဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မြင်၏။ပ။

ထိုသမဏ ဗြာဟ္မဏအား ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲ ပြည့်စုံ ခံစံပျော်ပါးနေသောသူကြွယ်ကိုဖြစ်စေ သူကြွယ်သားကို ဖြစ်စေ မမြင်၊ စင်စစ်မူကား ငါသည် ဤသီလဖြင့်သော်လည်းကောင်း၊ ကျင့်ဝတ်ဖြင့်သော်လည်းကောင်း၊ ခြိုးခြံမှုဖြင့်သော်လည်းကောင်း၊ မြတ်သော အကျင့်ဖြင့်လည်းကောင်းနတ်မင်းမူလည်း ဖြစ်ရလို၏၊ နတ်သားမူလည်း ဖြစ်ရလို၏ဟု တစ်ပါးပါးသော နတ်၏အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို ကျင့်၏။

ထိုသမဏ ဗြာဟ္မဏသည် ထိုနတ်၏ အဖြစ်ကို သာယာ၏၊ ထိုနတ်၏ အဖြစ်ကို အလိုရှိ၏၊ ထိုနတ်၏အဖြစ်၌ သာလျှင် နှစ်သက်ခြင်းသို့ ရောက်၏။

ပုဏ္ဏား ဤသို့ သာယာမှုသည်လည်း မြတ်သော အကျင့်၏ ကျိုး မှု ပေါက်မှု ပြောက် မှု ကျားမှုပင်မည်၏၊ ပုဏ္ဏား ဤသမဏ ဗြာဟ္မဏမျိုးကို မေထုန်စပ်ယှဉ်မှုနှင့် ယှဉ်သည်ဖြစ်၍ မစင်ကြယ်သောမြတ်သော အကျင့်ကို ကျင့်သူဟု ဆိုအပ်၏၊ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်းဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်သူ ဆင်းရဲမှ မလွတ်သူဟူ၍ ငါဆို၏။ (၂-၇)

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန် စပ်ယှဉ်မှုကိုမိမိ၌ မပယ်အပ်သေးသည်ကို မြင်နေသမျှကာလပတ်လုံး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွ သော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူလောက၌ အတုမရှိသောသမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်မခံခဲ့ပေ။

ပုဏ္ဏား ငါသည် ဤခုနစ်မျိုးကုန်သော မေထုန်စပ်ယှဉ်မှုတို့တွင် တစ်မျိုးမျိုးသော မေထုန် စပ်ယှဉ်မှုကိုမူလည်း မိမိ၌ မပယ်အပ်သေးသည်ကို မမြင်သောအခါ၌ မူကား နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော (နတ်) လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့်တကွသော လူ့လောက၌ အတုမရှိ သောသမ္မာသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိပြီဟူ၍ ဝန်ခံ၏။

သတ္တဝါဟူသော လောက၌ အတုမရှိမြတ်သော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍သိပြီဟူ၍ ဝန်ခံ၏၊ ငါ၏လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် မပျက်စီးတော့ပြီ၊ ဤဘဝသည်နောက်ဆုံး ဘဝပင်တည်း၊ ယခုအခါ တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီဟု ငါ့အား (ပစ္စဝေက္ခဏာ) ဉာဏ် အမြင်သည် ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဤသို့ မိန့်တော်မူသည်ရှိသော် ဇာဏုေဿာဏိပုဏ္ဏားသည် မြတ်စွာဘုရားအား-

''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ်ရှိပါ၏။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟူ၍ မှတ်တော်မူပါ''ဟု လျှောက်၏။

သတ္တမသုတ်။

------

၈-သံယောဂသုတ်

၅၁။ ရဟန်းတို့ (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာကို သင်တို့အားဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်။ပ။

ရဟန်းတို့ ထို (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာဟူသည် အဘယ် နည်း။

ရဟန်းတို့ မိန်းမသည် မိမိသန္တာန်၌ မိန်းမဣန္ဒြေကို နှလုံးသွင်း၏၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ဣတ္ထိန္ဒြေစသော တရားခုနစ်မျိုး တို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသော ပုရိသိန္ဒြေကို နှလုံးသွင်း၏၊ ယောက်ျား အမူအရာ၊ ယောက်ျား အသွင်အပြင်၊ ယောက်ျား၏မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုမိန်းမသည် ပုရိသိန္ဒြေစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုရှိ၏၊ ထိုမိန်းမအား (မေထုန်နှင့်) ယှဉ်မှုဟူသော အကြောင်း့ကြောင့် ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုရှိ၏၊ ရဟန်းတို့ မိန်းမအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် ယောက်ျားတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ ရောက်၏၊ ရဟန်းတို့ ဤသို့လျှင်မိန်းမသည် မိန်းမ၏အဖြစ်ကို မလွန်မြောက်နိုင်။

ရဟန်းတို့ ယောက်ျားသည် မိမိသန္တာန်၌ ယောက်ျားဣန္ဒြေကို နှလုံးသွင်း၏၊ ယောက်ျားအမူအရာ၊ ယောက်ျားအသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးသွင်း၏၊ ထိုယောက်ျားသည် ပုရိသိန္ဒြေစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးသော တရားတို့၌ မွေ့လျော်၏၊ ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသော ဣတ္ထိန္ဒြေကို နှလုံးသွင်း၏၊ မိန်းမ၏ အမူအရာ၊ မိန်းမ၏ အသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကိုနှလုံးသွင်း၏၊ ထိုယောက်ျားသည် ဣတ္ထိန္ဒြေစသော တရားခုနစ်မျိုးတို့၌ တပ်မက်၏၊ ထိုခုနစ်မျိုးကုန်သောတရားတို့၌ မွေ့လျော်၏၊ ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ တပ်နှစ်သက်သည် မွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုရှိ၏၊ ထိုယောက်ျားအား (မေထုန်နှင့်) ယှဉ်မှုဟူသောအကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုရှိ၏၊ ရဟန်းတို့ ယောက်ျားအဖြစ်၌ မွေ့လျော်ကုန်သော သတ္တဝါတို့သည် မိန်းမတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ ရောက်၏၊ ရဟန်းတို့ ဤသို့လျှင် ယောက်ျားသည် ယောက်ျား၏ အဖြစ်ကို မလွန်မြောက်နိုင်။

ရဟန်းတို့ ဤသို့လျှင် (မေထုန်နှင့်) ယှဉ်မှု ဖြစ်၏။

ရဟန်းတို့ အဘယ်သို့လျှင် (မေထုန်နှင့်) မယှဉ်မှု ဖြစ်သနည်း။

ရဟန်းတို့ မိန်းမသည် မိမိသန္တာန်၌ မိန်းမဣန္ဒြေကို နှလုံးမသွင်း၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊ ထိုမိန်းမသည် ဣတ္ထိန္ဒြေစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊ ထိုမိန်းမသည် ထိုတရားခုနစ်မျိုးတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသောပုရိသိန္ဒြေကို နှလုံးမသွင်း၊ ယောက်ျား အမူအရာ၊ ယောက်ျား အသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊ ထိုမိန်းမသည် ပုရိသိန္ဒြေစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊ ထိုခုနစ်မျိုးသော တရားတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုမရှိ၊ ထိုမိန်းမအား (မေထုန်နှင့်) ယှဉ်မှုဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှုဝမ်းမြောက်မှုကိုလည်း အလိုမရှိ၊ ရဟန်းတို့ မိန်းမ၏အဖြစ်၌ မမွေ့လျော်ကုန်သော သတ္တဝါတို့သည်ယောက်ျားတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ မရောက်၊ ရဟန်းတို့ ဤသို့လျှင် မိန်းမသည် မိန်းမ၏ အဖြစ်ကိုလွန်မြောက်၏။

ရဟန်းတို့ ယောက်ျားသည် မိမိသန္တာန်၌ ယောက်ျားဣန္ဒြေကို နှလုံးမသွင်း၊ ယောက်ျား အမူ အရာ၊ ယောက်ျား အသွင်အပြင်၊ ယောက်ျား၏ မာန်၊ ယောက်ျား၏ အလိုဆန္ဒ၊ ယောက်ျား၏ အသံ၊ ယောက်ျား၏ အဝတ်တန်ဆာကို နှလုံးမသွင်း၊ ထိုယောက်ျားသည် ပုရိသိန္ဒြေစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသော တရားတို့၌ မမွေ့လျော်၊ ထိုယောက်ျားသည် ထိုတရားခုနစ်မျိုးတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ ရှိသော ဣတ္ထိန္ဒြေကို နှလုံးမသွင်း၊ မိန်းမ အမူအရာ၊ မိန်းမ အသွင်အပြင်၊ မိန်းမ၏ မာန်၊ မိန်းမ၏ အလိုဆန္ဒ၊ မိန်းမ၏ အသံ၊ မိန်းမ၏ အဝတ်တန်ဆာကိုနှလုံးမသွင်း၊ ထိုယောက်ျားသည် ဣတ္ထိန္ဒြေစသော တရားခုနစ်မျိုးတို့၌ မတပ်မက်၊ ထိုခုနစ်မျိုးသောတရားတို့၌ မမွေ့လျော်၊ ထိုခုနစ်မျိုးသောတရားတို့၌ မတပ်မက် မမွေ့လျော်သည်ဖြစ်၍ အပသန္တာန်၌ (မေထုန်နှင့်) ယှဉ်မှုကို အလိုမရှိ၊ ထိုယောက်ျားအား (မေထုန်နှင့်) ယှဉ်ခြင်းဟူသော အကြောင်းကြောင့်ဖြစ်သော ချမ်းသာမှု ဝမ်းမြောက်မှုကိုလည်း အလိုမရှိ၊ ရဟန်းတို့ ယောက်ျား၏အဖြစ်၌ မမွေ့လျော်ကုန်သော သတ္တဝါတို့သည် မိန်းမတို့၌ (မေထုန်နှင့်) ယှဉ်မှုသို့ မရောက်၊ ရဟန်းတို့ ဤသို့လျှင် ယောက်ျားသည် ယောက်ျား၏ အဖြစ်ကို လွန်မြောက်၏

ရဟန်းတို့ ဤသည်ကား (မေထုန်နှင့်) ယှဉ်မှု မယှဉ်မှုကို ပြီးစေတတ်သော တရားဒေသနာပင်တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ဒါနမဟပ္ဖလသုတ်

၅၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာမြို ့ ဂဂ္ဂရာမည်သော ရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ စမ္ပာမြို ့သား များစွာသော ဥပါသကာတို့သည် အသျှင်သာရိပုတြာ ထံသို့ချဉ်းကပ်ကြကုန်၍ အသျှင်သာရိပုတြာကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်နေကြကုန်ပြီးသော် အသျှင်သာရိပုတြာအား -

''အသျှင်ဘုရား အကျွန်ုပ်တို့သည် ကာလကြာမြင့်စွာက မြတ်စွာဘုရား၏မျက်မှောက်တော်မှ တရားစကားကို ကြားနာအပ်ပါ၏၊ အသျှင်ဘုရား တောင်းပန်ပါကုန်၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားမျက်မှောက်တော်မှ တရားစကားကို ကြားနာခြင်းငှါ ရလိုပါကုန်၏''ဟု လျှောက်ကြကုန်၏။

ဒါယကာတို့သို့ဖြစ်လျှင် ထိုဥပုသ်နေ့၌ မြတ်စွာဘုရား မျက်မှောက်တော်မှ တရားစကားကို ကြားနာရန်လာကြကုန်လော့ဟု (မိန့်ဆို၏)။

စမ္ပာမြို ့သား ဥပါသကာတို့သည် အသျှင်သာရိပုတြာအား ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ပြန်ကြားလျှောက်ထားပြီးလျှင် အသျှင်သာရိပုတြာကို ရိုသေစွာ ရှိခိုး၍ နေရာမှထကာ အရိုအသေပြုလျက်ဖဲသွားကြကုန်၏။

ထိုအခါ စမ္ပာမြို့သား ဥပါသကာတို့သည် ထိုဥပုသ်နေ့၌ အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်ကြကုန်ပြီးလျှင် အသျှင်သာရိပုတြာကို ရိုသေစွာ ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်နေကြကုန်၏။ ထိုအခါအသျှင်သာရိပုတြာသည် ထိုစမ္ပာမြို့သား ဥပါသကာတို့နှင့်အတူ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာဘုရားအား -

အသျှင်ဘုရား ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်ပါသလော။

အသျှင်ဘုရား ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု ဖြစ်နိုင်ပါသလောဟု လျှောက်၏။

သာရိပုတြာ ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်။

သာရိပုတြာ ဤလောက၌ တစ်ရံတစ်ခါ အချို့သော ပုဂ္ဂိုလ်၏ ထိုသို့သဘောရှိသည်သာလျှင် ဖြစ်သောပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း။

အသျှင်ဘုရား ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ငဲ့ကွက်မှုရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကိုငဲ့ကွက်လျက် အလှူကို ပေးလှူ၏၊ ''ဤအလှူ၏ အကျိုးကို တမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင်ခံစားရလိမ့်မည်''ဟု အလှူကိုပေးလှူ၏၊ ထိုပုဂ္ဂိုလ်သည် သမဏအား ဖြစ်စေ ဗြာဟ္မဏအား ဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ်ပန်း နံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး (ဟုဆိုအပ်သော) အလှူကို ပေးလှူ၏၊ သာရိပုတြာထိုအရာကို သင်မည်သို့ အောက်မေ့သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော အလှူကို ပေးလှူရာအံ့လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ ပေးလှူရာပါ၏။

သာရိပုတြာ ထိုသို့ ပေးလှူရာ၌ အကြင်ပုဂ္ဂိုလ်သည် ငဲ့ကွက်သောစိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ နှောင်ဖွဲ့သော စိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို ငဲ့ကွက်သော စိတ်ရှိသည် ဖြစ်၍အလှူကို ပေးလှူ၏၊ ''ဤအလှူ၏ အကျိုးကို တမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင်ခံစားရလိမ့်မည်''ဟု အလှူကို ပေးလှူ၏၊ ထိုပုဂ္ဂိုလ်သည် ထိုအလှူကို ပေးလှူပြီးလျှင် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ စာတုမဟာရာဇ်နတ်တို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုပုဂ္ဂိုလ်သည်ထိုကုသိုလ်ကံကို ထိုတန်ခိုးကို ထိုအခြံအရံနှင့် ပြည့်စုံမှုကို ထိုအစိုးရမှုကိုကုန်စေ၍ ဤလူ့ဘုံသို့ရောက်လျက် အောက်ဘုံသို့ ဆင်းရ၏။

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်ကား အလှူကို မငဲ့ကွက်မူ၍ ပေးလှူ၏၊ မနှောင်မဖွဲ့မူ၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို မငဲ့ကွက်မူ၍ အလှူကို ပေးလှူ၏၊ ''ဤအလှူ၏ အကျိုးကိုတမလွန်ဘဝသို့ ရောက်လျှင် သုံးဆောင်ခံစားရလိမ့်မည်''ဟု အလှူကို မပေးလှူ၊ စင်စစ်မူကား ''အလှူပေးခြင်းသည် ကောင်းမွန်လှ၏''ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏။ပ။

''အလှူပေးခြင်းသည် ကောင်းမွန်လှ၏''ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား ''အဖ, အဖိုးတို့သည် (အလှူကို) ပေးလှူဖူး၏၊ ပြုဖူး၏၊ ရှေးဖြစ်သော ဆွေမျိုးတို့၏ အနွယ်အဆက်ကို ယုတ်လျော့စေခြင်းငှါ မထိုက်''ဟု နှလုံးသွင်း၍ အလှူကို ပေးလှူ၏။ပ။

''အဖ, အဖိုးတို့သည် (အလှူကို) ပေးလှူဖူး၏၊ ပြုဖူး၏၊ ရှေးဖြစ်သော ဆွေမျိုးတို့၏ အနွယ်အဆက်ကို ယုတ်လျော့စေရန် မထိုက်''ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား''ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏတို့သည်ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူသည်မချက်ပြုတ် သော သမဏဗြာဟ္မဏတို့အား အလှူကို မပေးလှူဘဲ နေရန်မသင့်''ဟု နှလုံးသွင်း၍အလှူကို ပေးလှူ၏။ပ။

''ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏတို့သည်ကား မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူသည်မချက်ပြုတ်သော သမဏဗြာဟ္မဏတို့အား အလှူကို မပေးလှူဘဲ နေရန်မသင့်''ဟု နှလုံးသွင်း၍အလှူကို ပေးလှူသည် မဟုတ်၊ စင်စစ်မူကား ''ရှေးကဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ကဿပရသေ့ ဘဂုရသေ့ တို့၏ ကြီးမားလှသော ထိုယဇ်ပူဇော်မှုတို့သည် ဖြစ်ကုန်သကဲ့သို့ ဤအတူငါ၏ ဤလှူဒါန်းခွဲဝေမှုသည် ဖြစ်လိမ့်မည်''ဟု အလှူကို ပေးလှူ၏။ပ။

''ရှေးကဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာမိတ္တရသေ့ ယမဒဂ္ဂိရသေ့အင်္ဂ ီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့၏ ကြီးမားလှသော ထိုယဇ်ပူဇော်မှုတို့သည် ဖြစ်ကုန်သကဲ့သို့ ဤအတူ ငါ၏ ဤလှူဒါန်းခွဲဝေမှုသည် ဖြစ်လိမ့်မည်''ဟု အလှူကိုပေးလှူသည် မဟုတ်၊ စင်စစ်မူကား ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှုဖြစ်၏''ဟု အလှူကို ပေးလှူ၏။ပ။

''ဤအလှူကို ပေးလှူသော ငါ၏ စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှုဖြစ်၏''ဟုအလှူကို ပေးလှူသည်မဟုတ်၊ စင်စစ်မူကား (သမထ, ဝိပဿနာ) စိတ်၏တန်ဆာ စိတ်၏အခြံအရံ ဖြစ့်သည့် အလှူကို ပေးလှူ၏။

ထိုသူသည် သမဏအားဖြစ်စေ ဗြာဟ္မဏအားဖြစ်စေ ထမင်း အဖျော် အဝတ် ယာဉ် ပန်း နံ့သာနံ့သာပျောင်း အိပ်ရာ နေရာ ဆီမီး (ဟုဆိုအပ်သော) အလှူကို ပေးလှူ၏။

သာရိပုတြာ ထိုအရာကို အဘယ်သို့ အောက်မေ့သနည်း၊ ဤလောက၌ အချို့သောသူသည် ဤသို့သဘောရှိသော အလှူကို ပေးလှူရာအံ့လောဟု (မေးတော်မူ၏)။

အသျှင်ဘုရား ဤသို့ ပေးလှူရာပါ၏။

သာရိပုတြာ ထိုသို့ပေးလှူရာ၌ အကြင်ပုဂ္ဂိုလ်သည် မငဲ့ကွက်သောစိတ်ရှိသည်ဖြစ်၍ အလှူကို ပေးလှူ၏၊ နှောင်ဖွဲ့သော စိတ်မရှိမူ၍ အလှူကို ပေးလှူ၏၊ သိုမှီးခြင်းကို မငဲ့ကွက်မူ၍ အလှူကို ပေးလှူ၏၊ ''တမလွန်ဘဝ၌ ခံစားရလိမ့်မည်''ဟု ပေးလှူသည် မဟုတ်၊ ပေးလှူ ခြင်းသည် ကောင်းမွန်လှ၏ဟူ၍လည်း အလှူကို ပေးလှူသည် မဟုတ်၊ ''အဖ, အဖိုးတို့သည် ရှေးက လှူဖူး ပြုဖူး၏၊ ရှေးက ဖြစ်သော အမျိုး အနွယ် အဆက်ကို ယုတ်လျော့စေရန် မသင့်''ဟု နှလုံးသွင်း၍ အလှူကို ပေးလှူသည်မဟုတ်၊ ငါသည် ချက်ပြုတ်၏၊ ဤသမဏဗြာဟ္မဏတို့သည် မချက်ပြုတ်ကုန်၊ ချက်ပြုတ်သူသည် မချက်ပြုတ် သူတို့အား မလှူဘဲ ယုတ်လျော့စေရန် မသင့်''ဟု အလှူကို ပေးလှူသည်မဟုတ်၊ ''ရှေးကဖြစ်ကုန်သော အဋ္ဌကရသေ့ ဝါမကရသေ့ ဝါမဒေဝရသေ့ ဝေဿာ မိတ္တရသေ့ ယမဒဂ္ဂိရသေ့ အင်္ဂ ီရသရသေ့ ဘာရဒွါဇရသေ့ ဝါသေဋ္ဌရသေ့ ကဿပရသေ့ ဘဂုရသေ့တို့၏ ကြီးမားလှသော ထိုယဇ်ပူဇော်ခြင်းတို့သည် ဖြစ်ကုန်သကဲ့သို့ ဤအတူ ငါ၏ လှူဒါန်းခွဲဝေမှုသည် ဖြစ်လိမ့်မည်''ဟု အလှူကို ပေးလှူသည်မဟုတ်၊ ''ဤအလှူကို ပေးလှူသောငါ့အား စိတ်သည် ကြည်လင်၏၊ နှစ်သက်မှု ဝမ်းမြောက်မှုဖြစ်၏''ဟုအလှူကို ပေးလှူသည်မဟုတ်၊ စင်စစ်သော်ကား (သမထ, ဝိပဿနာ) စိတ်၏တန်ဆာ စိတ်၏အခြံအရံဖြစ်သည့် အလှူကို ပေးလှူ၏၊ ထိုသူသည် အလှူပေးပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ဗြဟ္မာတို့၏ အသင်းဝင်အဖြစ်သို့ ရောက်၏၊ ထိုသူသည် ထိုကံ ထိုတန်ခိုး ထိုအခြံအရံ ထိုအစိုးရမှုကိုကုန်စေ၍ ဤကာမဘုံသို့ မလာမရောက်သောကြောင့် (ဈာန) အနာဂါမ်ပုဂ္ဂိုလ် ဖြစ်၏။

သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားမှု မဖြစ်နိုင်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်း၊ သာရိပုတြာ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား ပေးလှူအပ်သော အလှူသည် အကျိုးအာနိသင်ကြီးမားခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-နန္ဒမာတာသုတ်

၅၃။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ အသျှင်သာရိပုတြာနှင့် အသျှင်မဟာမောဂ္ဂလာန်တို့သည် များစွာသော ရဟန်းအပါင်းနှင့်အတူ ဒက္ခိဏာဂိရိဇနပုဒ်၌ ဒေသစာရီ လှည့်လည်တော်မူကုန်၏။ ထိုအခါ ဝေဠုကဏ္ဍကီမြို့နေ'နန္ဒမာတာ'ဥပါသိကာမသည် ညဉ့်၏ မိုးသောက်ထအခါ၌ နံနက်စောစောထ၍ ပါရာယနသုတ်ကို အသံဖြင့်ရွတ်ဆို၏၊ ထိုအခါ၌ ဝေဿဝဏ်နတ်မင်းကြီးသည် တစ်စုံတစ်ခုသော ပြုဖွယ်ကိစ္စဖြင့် မြောက်အရပ်မှတောင်အရပ်သို့ သွား၏၊ ဝေဿဝဏ်နတ်မင်းကြီးသည် နန္ဒမာတာဥပါသိကာမ၏ အသံဖြင့် ရွတ်ဆိုသောပါရာယနသုတ်ကို ကြား၍ တရားစကားဆုံးသည့်တိုင်အောင် ဆိုင်းငံ့လျက် ရပ်၏၊ ထိုအခါ နန္ဒမာတာဥပါသိကာမသည် ပါရာယနသုတ်ကို အသံဖြင့် ရွတ်ဆိုပြီး၍ ဆိတ်ဆိတ်နေ၏။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် နန္ဒမာတာဥပါသိကာမ၏ ရွတ်ဆိုသော တရားစကားပြီးဆုံးသည်ကို သိ၍ ''နှမ့ကောင်း၏၊ ကောင်း၏''ဟု အနုမောဒနာပြု၏။

မျက်နှာကောင်းမွန်လှပါသော အရှင်၊ ထိုအနုမောဒနာပြုသော အသျှင်သည်ကား အဘယ်သူဖြစ်ပါသနည်းဟု (မေး၏)။

နှမ ငါသည် သင်၏ မောင်တော် ဝေဿဝဏ်နတ်မင်း ဖြစ်သည်ဟု (ပြောဆို၏)။

မျက်နှာကောင်းမွန်လှပါသော အရှင်၊ ထိုသို့ ဝေဿဝဏ်နတ်မင်းဖြစ်ပါလျှင် ကောင်းမြတ်လှပါ၏၊ အကျွန်ုပ်ရွတ်ဆိုသော တရားဒေသနာတော်သည် သင်နတ်မင်းကြီးအား ပေးကမ်းဖွယ် လက်ဆောင်ပဏ္ဏာဖြစ်ပါစေသတည်းဟု (ဆို၏)။

နှမ ကောင်းလှပါ၏၊ ဤတရားတော်သည်လည်း ငါ့အား လက်ဆောင်ပဏ္ဏာဖြစ်ပါစေ၊ နက်ဖန်၌ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာသည် နံနက်ဆွမ်းမစားရသေးဘဲဝေဠုကဏ္ဍကီမြို့သို့ ကြွတော်မူလိမ့်မည်၊ ထိုရဟန်းသံဃာကိုလည်း ဆွမ်းကျွေးပြီးလျှင် ငါ့အား အလှူ၏အဖို့ကို အမျှပေးဝေပါလော့။ ဤအမျှပေးဝေခြင်းသည်လည်း ငါ့အား လက်ဆောင်ပဏ္ဏာ ဖြစ်လိမ့်မည်ဟု (ဆို၏)။

ထိုအခါ နန္ဒမာတာဥပါသိကာမသည် ထိုညဉ့်လွန်စေသဖြင့် မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကိုပြုလုပ်စီရင်စေ၏။ ထိုအခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်း သံဃာသည်နံနက်ဆွမ်းမစားရသေးဘဲ ဝေဠုကဏ္ဍကီမြို့သို့ ရောက်တော်မူ၏၊ ထိုအခါ နန္ဒမာတာ ဥပါသိကာမသည်ယောက်ျားတစ်ယောက်ကို ခေါ်၍ -

''အမောင် ယောက်ျား လာပါဦး၊ သင်သည် ကျောင်းသို့ သွား၍ ရဟန်းသံဃာအား အသျှင် ဘုရားတို့အချိန်တန်ပါပြီ နန္ဒမာတာ အရှင်မ၏ အိမ်၌ ဆွမ်း (စီရင်၍) ပြီးစီးပါပြီဟု အခါကို လျှောက်ကြားပါလော့''ဟုစေလိုက်၏။

''အရှင်မ ကောင်းပါပြီ''ဟု ထိုယောက်ျားသည် နန္ဒမာတာဥပါသိကာမအား ဝန်ခံပြီးလျှင် ကျောင်းသို့သွား၍ ရဟန်းသံဃာအား -

''အသျှင်ဘုရားတို့ အချိန်တန်ပါပြီ၊ နန္ဒမာတာ အရှင်မ၏ အိမ်၌ ဆွမ်း (စီရင်၍) ပြီးစီးပါပြီ''ဟု အခါကိုလျှောက်ကြား၏။

ထိုအခါ၌ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်လျက် သပိတ်သင်္ကန်းကို ယူ၍ နန္ဒမာတာဥပါသိကာမအိမ်သို့ ချဉ်းကပ်ပြီးလျှင်ခင်းထားသော နေရာ၌ ထိုင်နေ၏။

ထိုအခါ၌ နန္ဒမာတာဥပါသိကာမသည် အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသောရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင်ကိုယ်တိုင် လုပ်ကျွေး၏၊ ထိုအခါ နန္ဒမာတာဥပါသိကာမသည် အသျှင်သာရိပုတြာမထေရ် ဆွမ်းစားပြီး၍သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသော နေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော နန္ဒမာတာဥပါသိကာမအား အသျှင်သာရိပုတြာမထေရ်သည် -

''နန္ဒမာတာ ရဟန်းသံဃာ ကြွလာမည့်အကြောင်းကို သင့်အား မည်သူ ပြောကြားသနည်း''ဟု မေး၏။

အသျှင်ဘုရား ဤညဉ့်၏ မိုးသောက်အခါက တပည့်တော်မသည် နံနက်စောစောထ၍ ပါရာယန သုတ်ကိုအသံဖြင့် ရွတ်ဆိုပြီးလျှင် ဆိတ်ဆိတ်နေပါ၏၊ အသျှင်ဘုရား ထိုအခါ ဝေဿဝဏ်နတ်မင်းကြီး သည် (တပည့်တော်မ၏) တရားစကား ပြီးဆုံးခြင်းကို သိ၍ ''နှမ ကောင်း၏ ကောင်း၏''ဟုအနုမောဒနာပြုပါ၏။

မျက်နှာ ကောင်းမွန်လှပါသော အရှင်၊ ထိုအနုမောဒနာပြုသော အရှင်သည်ကား အဘယ်သူဖြစ်ပါသနည်းဟု (တပည့်တော်မက) မေးပါ၏။

နှမ ငါသည် သင်၏ မောင်တော်ဖြစ်သော ဝေဿဝဏ်နတ်မင်း ဖြစ်သည်ဟု (ပြောဆိုပါသည်)။

မျက်နှာ ကောင်းမွန်လှပါသော အရှင်၊ ထိုသို့ ဝေဿဝဏ်နတ်မင်းကြီးဖြစ်ပါလျှင် ကောင်းမြတ် လှပါ၏၊ အကျွန်ုပ်ရွတ်ဆိုသော တရားဒေသနာတော်သည် သင်နတ်မင်းအား ပေးကမ်းဖွယ် လက်ဆောင် ပဏ္ဏာဖြစ်ပါစေသတည်းဟု (ပြောဆို၏)။

(ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးက) နှမ ကောင်းလှပါ၏၊ ဤတရားတော်သည်လည်း ငါ့အားလက်ဆောင်ပဏ္ဏာ ဖြစ်ပါစေ၊ နက်ဖန်ခါ အသျှင်သာရိပုတြာ အသျှင်မဟာမောဂ္ဂလာန်အမှူးရှိသော ရဟန်းသံဃာသည် နံနက်ဆွမ်းမစားရသေးဘဲ ဝေဠုကဏ္ဍကီမြို့သို့ ကြွရောက်တော်မူကြလိမ့်မည်၊ ထိုရဟန်းသံဃာကိုလည်း ဆွမ်းကျွေးပြီးလျှင် ငါ့အား အလှူ၏အဖို့ကို အမျှပေးဝေပါလော့၊ ဤအမျှပေးဝေခြင်းသည်လည်း ငါ့အား လက်ဆောင် ပဏ္ဏာဖြစ်ပါလိမ့်မည်ဟု (ပြောဆိုပါသည်)။

အသျှင်ဘုရား လှူဒါန်းရာ၌ (ပုဗ္ဗ မုဉ္စစေတနာ) ကုသိုလ်နှင့် (အပရစေတနာ) ကုသိုလ်သည်ဝေဿဝဏ်နတ်မင်းကြီးအား ချမ်းသာခြင်းငှါ ဖြစ်ပါစေသတည်းဟု (လျှောက်ကြား၏)။

နန္ဒမာတာ အံ့ဩဖွယ်ရှိပေ၏၊ နန္ဒမာတာ မဖြစ်ဖူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (သာမညလူသား) ဖြစ်လျက်ဤသို့ တန်ခိုးအာနုဘော်ကြီးမားသော နတ်ဖြစ်သည့် ဝေဿဝဏ်နတ်မင်းကြီးနှင့် မျက်မှောက်၌ စကားပြောဆို ရဘိ၏ဟု (မိန့်ဆို၏)။ (၁)

အသျှင်ဘုရား တပည့်တော်မအား ဤဝေဿဝဏ်နတ်မင်းနှင့် မျက်မှောက်စကား ပြောဆိုရခြင်းသည်သာ အံ့ဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအားအခြားသော အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေး၏၊ အသျှင်ဘုရားတပည့်တော်မအား ချစ်အပ် မြတ်နိုးအပ်သည့် နန္ဒမည်သော တစ်ယောက်တည်းသော သားရှိပါ၏၊ ထိုသားကို မင်းတို့သည် အကြောင်းတစ်စုံတစ်ခုကြောင့် ဆွဲငင်ဖမ်းဆီး အနိုင်အထက်ပြု၍ သတ်ပစ်ကြပါကုန်သည်၊ အသျှင်ဘုရား တပည့်တော်မသည် ထိုသူငယ်ကို ဖမ်းပြီးသော အခါ၌ ဖြစ်စေ ဖမ်းဆီးဆဲအခါ၌ ဖြစ်စေ သတ်ပြီးသောအခါ၌ ဖြစ်စေ သတ်ဆဲအခါ၌ ဖြစ်စေ ညှဉ်းဆဲပြီးသော အခါ၌ ဖြစ်စေ ညှဉ်းဆဲဆဲအခါ၌ ဖြစ်စေ စိတ်ဖောက်ပြန်သည့်အဖြစ်ကို မသိပါဟု (လျှောက်၏)။

နန္ဒမာတာ အံ့ဩဖွယ်ရှိပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (မိန်းမသား) ဖြစ်ပါလျက်စိတ်ဖောက်ပြန်သည့်အဖြစ်ကို သုတ်သင်နိုင်ပေ၏ဟု (မိန့်ဆို၏)။ (၂)

အသျှင်ဘုရား တပည့်တော်မအား ဤသားသေရာ၌ စိတ်မဖောက်ပြန်မှုသည်သာလျှင် အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည်လည်း ရှိပါသေးသည်။

အသျှင်ဘုရား တပည့်တော်မ၏ လင်ယောက်ျားသည် သေဆုံးသည်ဖြစ်၍ အမှတ်မရှိသော ဘုမ္မစိုးနတ်မျိုး၌ ဖြစ်ပါ၏၊ ထိုနတ်သည် တပည့်တော်မအား ရှေးလူဖြစ်စဉ်က အတ္တဘော (ခန္ဓာကိုယ်) ဖြင့်ထင်ရှားပြပါ၏၊ အသျှင်ဘုရား တပည့်တော်မသည် ကွယ်လွန်ပြီးသူ ထိုလင်ယောက်ျားက ရှေးလူဖြစ်စဉ်အတ္တဘောဖြင့် ထင်ရှားပြခြင်းကြောင့် စိတ်ဖောက်ပြန်သည့် အဖြစ်ကို မသိပါဟု (လျှောက်၏)။

နန္ဒမာတာ အံ့ဩဖွယ်ရှိပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (မိန်းမသား) ဖြစ်ပါလျက်စိတ်ဖောက်ပြန်သည့်အဖြစ်ကို သုတ်သင်နိုင်ပေ၏ဟု (မိန့်ဆို၏)။ (၃)

အသျှင်ဘုရား တပည့်တော်မအား ဤကွယ်လွန်သူ လင်ယောက်ျား ကိုယ်ထင်ရှားပြလာရာ၌ စိတ်မဖောက်ပြန်မှုသည်သာလျှင် အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေး၏။ အသျှင်ဘုရား အကြင်အခါ၌ ငယ်ရွယ်သေးသည်သာလျှင်ဖြစ်သော လင်သည်ငယ်ရွယ်နုနယ်သော တပည့်တော်မကို ဆောင်ယူအပ်ပါ၏၊ တပည့်တော်မသည် လင်ယောက်ျားကို့စိတ်မျှဖြင့်လည်း လွန်ကျူး၍ ကျင့်ခြင်းကို မသိဖူးပါ၊ ကိုယ်ဖြင့် လွန်ကျူး၍ ကျင့်ခြင်းကိုမူကားအဘယ်ဆိုဖွယ်ရာ ရှိပါတော့အံ့နည်းဟု (လျှောက်၏)။

နန္ဒမာတာ အံ့ဩဖွယ်ရှိပေ၏၊ မဖြစ်ဘူးမြဲ ဖြစ်ပေ၏၊ သင်ကဲ့သို့ (ငယ်ရွယ်သူ) ဖြစ်ပါလျက်စိတ်ဖောက်ပြန်သည့်အဖြစ်ကို သုတ်သင်နိုင်ပေ၏ဟု (မိန့်ဆို၏)။ (၄)

အသျှင်ဘုရား တပည့်တော်မအား ဤလင်ယောက်ျားကို လွန်ကျူး၍ မကျင့်ခြင်းသည်သာလျှင်အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအားအခြားသော အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်းသဘောသည်လည်း ရှိပါသေးသည်။

အသျှင်ဘုရား တပည့်တော်မသည် ဥပါသိကာမအဖြစ်ကို လျှောက်ကြားပြီးသည်မှစ၍ တစ်စုံ တစ်ခုသောသိက္ခာပုဒ်ကို လွန်ကျူးလိုသောစေတနာဖြင့် လွန်ကျူးဖူးသည်ကို မသိစဖူးပါဟု (လျှောက်၏)။

နန္ဒမာတာ အံ့ဩဖွယ်ရှိပေ၏၊ မဖြစ်ဘူးမြဲ ဖြစ်ပေ၏ဟု (မိန့်ဆို၏)။ (၅)

အသျှင်ဘုရား တပည့်တော်မအား ဤသိက္ခာပုဒ်ကို မလွန်ကျူးခြင်းသည်သာလျှင် အံ့ဩဖွယ် ကောင်းခြင်းမဖြစ်ဖူးမြဲဖြစ်ခြင်း သဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့ဩဖွယ်ကောင်းခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေးသည်။

အသျှင်ဘုရား တပည့်တော်မသည် အလိုရှိသမျှကာလပတ်လုံး ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင်အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်' နှင့်တကွဖြစ်သော သုံးသပ်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သောနှစ်သိမ့်ခြင်း 'ပီတိ'ချမ်းသာခြင်း'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေပါ၏။

ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ခြင်း 'ဝိစာရ' တို့၏ ချုပ်ခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း 'သမာဓိ' ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ'ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်သို့ရောက်၍ နေပါ၏၊ နှစ်သိမ့်ခြင်း 'ပီတိ'ကိုလည်း မစွဲမက်ခြင်းကြောင့် လျစ်လျူရှု၍သာလျှင် နေပါ၏၊ အောက်မေ့ခြင်းသတိနှင့် ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသည် ဖြစ်၍ချမ်းသာခြင်း'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာတို့သည် အကြင်တတိယဈာန်ကြောင့် ထိုသူကို''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍နေပါ၏။

ချမ်းသာခြင်း'သုခ' ကိုလည်း ပယ်ခြင်းကြောင့် ဆင်းရဲခြင်း 'ဒုက္ခ' ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းမြောက်ခြင်း 'သောမနဿ', နှလုံးမသာယာခြင်း 'ဒေါမနဿ' တို့၏ ချုပ်နှင့်ခြင်းကြောင့်ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော လျစ်လျူရှုခြင်း 'ဥပေက္ခာ' ကြောင့် ဖြစ်သည့် သတိ၏စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေပါ၏ဟု (လျှောက်၏)။

နန္ဒမာတာ အံ့ဩဖွယ်ရှိပေ၏၊ မဖြစ်ဖူးမြဲ ဖြစ်ပေ၏ဟု (မိန့်ဆို၏)။ (၆)

အသျှင်ဘုရား တပည့်တော်မအား ဤဈာန်ဝင်စားနိုင်ခြင်းသည်သာလျှင် အံ့ဩဖွယ်ဖြစ်ခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်းသဘောရှိသည် မဟုတ်သေးပါ၊ တပည့်တော်မအား အခြားသော အံ့ဩဖွယ်ဖြစ်ခြင်း မဖြစ်ဖူးမြဲဖြစ်ခြင်း သဘောသည်လည်း ရှိပါသေးသည်။

အသျှင်ဘုရား မြတ်စွာဘုရားဟောကြားတော်မူအပ်သည့် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးမျိုးတို့တွင် မိမိ မပယ်အပ်သေးသည့် တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ တပည့်တော်မမတွေ့မြင်ပါဟု (လျှောက်၏)။

နန္ဒမာတာ အံ့ဩဖွယ်ရှိပေ၏၊ မဖြစ်ဘူးမြဲ ဖြစ်ပေ၏ဟု (မိန့်ဆို၏)။ (၇)

ထို့နောက် အသျှင်သာရိပုတြာမထေရ်သည် နန္ဒမာတာဥပါသိကာမအား တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထ၍ ကြွသွားတော်မူလေသတည်း။

ဒသမသုတ်။

ငါးခုမြောက် မဟာယညဝဂ် ပြီး၏။

------

၆-အဗျာကတဝဂ် ၁-အဗျာကတသုတ်

၅၄။ ထိုအခါ ရဟန်းတစ်ပါးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကိုရိုသေစွာရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

''အသျှင်ဘုရား အကြားအမြင်ရှိသော အရိယာတပည့်အား မဖြေဆိုအပ်သည့်အရာ 'အဗျာကတဝတ္ထု' တို့၌ မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' မဖြစ်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကားအဘယ်ပါ နည်း''ဟု (လျှောက်၏)။

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်အား မိစ္ဆာဒိဋ္ဌိ ချုပ်ငြိမ်းခြင်းကြောင့် အဗျာကတ ဝတ္ထုတို့၌ မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' မဖြစ်၊ ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏''ဟူသောဤအယူသည် မှားသော 'မိစ္ဆာ' အယူပင်တည်း။ ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ မဖြစ်''ဟူသော ဤအယူသည် မှားသော 'မိစ္ဆာ' အယူပင်တည်း၊ ရဟန်း ''သတ္တဝါသည် သေပြီးသည်မှနောက်၌ ဖြစ်သည်လည်းဟုတ်၏၊ မဖြစ်သည်လည်းဟုတ်၏''ဟူသော ဤအယူသည် မှားသော 'မိစ္ဆာ' အယူပင် တည်း။ ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်''ဟူသော ဤအယူသည် မှားသော 'မိစ္ဆာ' အယူပင်တည်း။

ရဟန်း အကြားအမြင်မရှိသော ပုထုဇဉ်သည် မိစ္ဆာဒိဋ္ဌိကို မသိ၊ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်းကို မသိ၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းမှုကို မသိ၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို မသိ။ ထိုပုထုဇဉ်ပုဂ္ဂိုလ်အားထိုမှားသော 'မိစ္ဆာ' အယူသည် တိုးပွါး၏၊ ထိုမိစ္ဆာဒိဋ္ဌိတိုးပွါးသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ပဋိသန္ဓေနေခြင်းအိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှမလွတ်၊ ဆင်းရဲအပေါင်းမှ မလွတ်ဟူ၍ ငါဆို၏။

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည် မိစ္ဆာဒိဋ္ဌိကို သိ၏၊ မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်းကို သိ၏၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းမှုကို သိ၏၊ မိစ္ဆာဒိဋ္ဌိချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအကျင့်ကို သိ၏၊ ထိုအရိယာတပည့်အား ထိုမှားသော 'မိစ္ဆာ' အယူသည် ချုပ်ငြိမ်း၏၊ ထိုအရိယာတပည့်သည် ပဋိသန္ဓေနေခြင်း အိုခြင်းသေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာ ပင်ပန်းခြင်းတို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏ဟူ၍ ငါဆို၏။

ရဟန်း ဤသို့သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ''သတ္တဝါသည်သေပြီးသည်မှ နောက်၌ ဖြစ်၏''ဟူ၍လည်း မပြောကြား၊ ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ မဖြစ်''ဟူ၍လည်း မပြောကြား။ ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်းဟုတ်၏၊ မဖြစ်သည်လည်းဟုတ်၏''ဟူ၍လည်း မပြောကြား၊ ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်''ဟူ၍လည်း မပြောကြား၊ ရဟန်း ဤသို့ သိသောဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် အဗျာကတဝတ္ထုတို့၌ မပြောကြားခြင်းသဘောရှိ၏၊ ရဟန်း ဤသို့သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည်အဗျာကတဝတ္ထုတို့၌ (ဒိဋ္ဌိ အစွမ်းဖြင့်) ကိုယ်ခက်တရော် မဖြစ်၊ မတုန်မလှုပ်၊ မယိမ်းမယိုင်၊ ထိတ်လန့်ခြင်းသို့ မရောက်။

ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏''ဟူသော အယူသည် မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု 'တဏှာ' တည်း။ပ။ ဤအယူသည် မိစ္ဆာဒိဋ္ဌိနှင့် တကွသော မှတ်သားမှု 'သညာ' တည်း။ပ။ ဤအယူသည် မိစ္ဆာဒိဋ္ဌိကို မှီ၍ဖြစ်သော ထောင်လွှားမှု 'မာန' တည်း။ပ။ ဤအယူသည် သံသရာကိုချဲ ့ထွင်သည့် ဒိဋ္ဌိဟူသော ပပဉ္စတရားတည်း။ပ။ ဤအယူသည် ဒိဋ္ဌိတည်းဟူသော ဥပါဒါန်တည်း။ပ။

ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏''ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်ဖောက်ပြန်မှုတည်း၊ ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ မဖြစ်''ဟူသော ဤ အယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။

ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်းဟုတ်၏၊ မဖြစ်သည်လည်းဟုတ်၏''ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။

ရဟန်း ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်''ဟူသော ဤအယူသည် (ဒိဋ္ဌိတည်းဟူသော) စိတ်၏ ဖောက်ပြန်မှုပင်တည်း။

ရဟန်း အကြားအမြင်မရှိသော ပုထုဇဉ်သည် စိတ်ဖောက်ပြန်မှုကို မသိ၊ စိတ်ဖောက်ပြန်မှု အကြောင်းကိုမသိ၊ စိတ်ဖောက်ပြန်မှု၏ ချုပ်ငြိမ်းခြင်းကို မသိ၊ စိတ်ဖောက်ပြန်မှု ချုပ်ငြိမ်းရာသို့ ရောက် ကြောင်းအကျင့်ကို မသိ။ ထိုပုထုဇဉ်ပုဂ္ဂိုလ်အား ထိုစိတ်ဖောက်ပြန်မှုသည် တိုးပွါး၏၊ ထိုပုထုဇဉ်ပုဂ္ဂိုလ် သည်ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်းပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်၊ ဆင်းရဲအပေါင်းမှ မလွတ်ဟူ၍ ငါဆို၏။

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်သည် စိတ်ဖောက်ပြန်မှုကို သိ၏၊ စိတ်ဖောက်ပြန်မှု၏အကြောင်းကို သိ၏၊ စိတ်ဖောက်ပြန်မှု၏ ချုပ်ငြိမ်းခြင်းကို သိ၏၊ စိတ်ဖောက်ပြန်မှုချုပ်ငြိမ်းရာသို့ ရောက်ကြောင်း အကျင့်ကို သိ၏၊ ထိုအရိယာတပည့်အား ထိုစိတ်ဖောက်ပြန်မှုသည် ချုပ်ငြိမ်း၏၊ ထိုအရိယာတပည့်သည် ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်းပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်၏၊ ဆင်းရဲအပေါင်းမှ လွတ်၏ဟူ၍ ငါဆို၏။

ရဟန်း ဤသို့ သိသော ဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ''သတ္တဝါ သည်သေပြီးသည်မှ နောက်၌ ဖြစ်၏''ဟူ၍လည်း မပြောကြား။ပ။ ''သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်း မဟုတ်၊ မဖြစ်သည်လည်း မဟုတ်''ဟူ၍လည်း မပြောကြား။ ရဟန်း ဤသို့ သိသောဤသို့ မြင်သော အကြားအမြင်ရှိသော အရိယာတပည့်သည် ဤသို့လျှင် အဗျာကတဝတ္ထုတို့၌ မပြောကြား ခြင်း သဘောရှိ၏၊

ရဟန်း အကြားအမြင်ရှိသော အရိယာတပည့်အား အဗျာကတဝတ္ထုတို့၌ မဝေခွဲနိုင်မှု 'ဝိစိကိစ္ဆာ' မဖြစ်ခြင်း၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ပုရိသဂတိသုတ်

၅၅။ ရဟန်းတို့ ခုနစ်မျိုးသော ယောက်ျား၏ (အသိဉာဏ်ဖြစ်ခြင်း) ဉာဏဂတိတို့ကိုလည်းကောင်း၊ (တဏှာဒိဋ္ဌိအားဖြင့်) တစ်စုံတစ်ရာ မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်းကိုလည်းကောင်း ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့ ခုနစ်မျိုးသော ယောက်ျား၏ (အသိဉာဏ်ဖြစ်ခြင်း) ဉာဏဂတိတို့သည် အဘယ်တို့နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ ''အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့''ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ် ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကိုအလုံးစုံမျက်မှောက်ပြုပြီး မဟုတ် သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့်မာနာနုသယကို အလုံးစုံပယ်ပြီး မဟုတ် သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါနုသယကိုအလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်း သော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံပယ်ပြီးမဟုတ်သေး၊ ထိုရဟန်းသည် အောက်ပိုင်း သံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ'အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။

ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်လာ၍ ငြိမ်းရာသကဲ့သို့ ဤအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏-

''(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့ပါမူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကိုဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့''ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ် ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကို အလုံးစုံမျက်မှောက်ပြုပြီး မဟုတ်သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်ဘဝရာဂါနုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကိုအလုံးစုံပယ်ပြီး မဟုတ်သေး၊ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ 'အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။ (၁)

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ (''အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့''ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ်ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့်မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကို အလုံးစုံမျက်မှောက်ပြုပြီးမဟုတ်သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကို အလုံးစုံပယ်ပြီး့မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါ နုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံ ပယ်ပြီး မဟုတ်သေး၊ ထိုရဟန်းသည်အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏အလယ်၌ ကိလေသာငြိမ်းသူ 'အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။

ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် ငြိမ်းရာသကဲ့သို့ ဤအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏-

''(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့ပါမူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကိုဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့'ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ 'အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။ (၂)

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ (''အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခု ပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည်အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့'ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့် အသက်အပိုင်းအခြား၏အလယ်၌ ကိလေသာငြိမ်းသူ 'အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။

ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် ကောင်းကင်အပြင်ကို မလွန်မူ၍ (ကောင်းကင်၌ပင်လျှင်) ငြိမ်းရာသကဲ့သို့ဤအတူ သာလျှင် ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်,အကုသိုလ် ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက် အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ'အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။ (၃)

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့'ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်ကို လွန်၍ ကိလေသာငြိမ်းသူ 'ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။

ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် ကောင်းကင်ကို ထိ၍ ငြိမ်းရာသကဲ့သို့ ဤအတူသာလျှင် ရဟန်းသည် ဤသို့ကျင့်၏၊ ''အတိတ်အတ္တဘောကို ဖြစ်စေတတ်သည့် ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်ကိုလွန်၍ ကိလေသာငြိမ်းသူ 'ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။ (၄)

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အားထုတ်မှုမရှိသဖြင့် ကိလေသာငြိမ်းသူ 'အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။

ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် အနည်းငယ်သော မြက်ပုံ၌ ဖြစ်စေ ထင်းပုံ၌ ဖြစ်စေ ကျရာ၏၊ ထိုမီးပွါးသည်ထိုမြက်ပုံ ထင်းပုံ၌ မီးကိုမူလည်း ဖြစ်စေရာ၏၊ အခိုးကိုမူလည်း ဖြစ်စေရာ၏၊ မီးကိုမူလည်း ဖြစ်စေပြီး၍အခိုးကိုမူလည်း ဖြစ်စေပြီး၍ ထိုအနည်းငယ်သော မြက်ပုံ ထင်းပုံကိုကုန်စေပြီးလျှင် လောင်စာမရှိသဖြင့်ငြိမ်းလေရာသကဲ့သို့ ထိုအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ်အတ္တဘောကိုဖြစ်စေတတ်သည့်ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခု ပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အားထုတ်မှု မရှိသဖြင့် ကိလေသာငြိမ်းသူ 'အသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ်'ဖြစ်၏။ (၅)

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ် အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့'ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့် အားထုတ်မှုရှိသဖြင့်ကိလေသာငြိမ်းသူ 'သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။

ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် များသော မြက်ပုံ၌ ဖြစ်စေ ထင်းပုံ၌ ဖြစ်စေ ကျရာ၏၊ ထိုမီးပွါးသည် ထိုမြက်ပုံထင်းပုံ၌ မီးကိုမူလည်း ဖြစ်စေရာ၏၊ အခိုးကိုမူလည်း ဖြစ်စေရာ၏၊ မီးကိုမူလည်း ဖြစ်စေပြီး၍ အခိုးကိုမူလည်း ဖြစ်စေ ပြီး၍ ထိုများသော မြက်ပုံ ထင်းပုံကိုကုန်စေပြီးလျှင် လောင်စာမရှိသဖြင့်ငြိမ်းရာသကဲ့သို့ ရဟန်းတို့ ထိုအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ်အတ္တဘောကိုဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့'ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့် အားထုတ်မှုရှိသဖြင့် ကိလေသာငြိမ်းသူ'သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်' ဖြစ်၏။ (၆)

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ (အတ္တဘောသည်) ဖြစ်လိမ့်မည်မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့''ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ် ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကို အလုံးစုံ မျက်မှောက်ပြုပြီးမဟုတ်သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကို အလုံးစုံပယ်ပြီးမဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါနုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံ ပယ်ပြီး မဟုတ်သေး၊ ထိုရဟန်းသည်အောက်ပိုင်းသံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အထက်ဘုံသို့ ရောက်၍ရမည့် မဂ်တည်းဟူသော သောတရှိသော အကနိဋ္ဌဘုံသို့ လားသော 'ဥဒ္ဓံသောတအကနိဋ္ဌဂါမိ' အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည့်ထွက်၍ ပျံတက်ပြီးလျှင် ကြီးမားလှသော မြက်ပုံ၌ ဖြစ်စေ ထင်းပုံ၌ ဖြစ်စေ ကျရာ၏၊ ထိုမီးပွါးသည်ထိုမြက်ပုံ ထင်းပုံ၌ မီးကိုမူလည်း ဖြစ်စေရာ၏၊ အခိုးကိုမူလည်း ဖြစ်စေရာ၏၊ မီးကိုမူလည်း ဖြစ်စေပြီး၍အခိုးကိုမူလည်း ဖြစ်စေပြီး၍ မြက်ပုံကြီးကိုလည်းကောင်း၊ ထင်းပုံကြီးကိုလည်းကောင်းကုန်စေပြီးလျှင်တောချုံကိုလည်း လောင်စေရာ၏၊ တောကိုလည်း လောင်စေရာ၏၊ တောချုံနှင့် တောကို လောင်ပြီး၍စိမ်းစိုသော မြက်သစ်ပင်သို့ဖြစ်စေ ခရီးလမ်းသို့ဖြစ်စေ ကျောက်တောင်သို့ဖြစ်စေ ရေသို့ဖြစ်စေ မွေ့လျော်ဖွယ်ရှိသော မြေသို့ဖြစ်စေ ရောက်ပြီးလျှင် လောင်စာမရှိသဖြင့် ငြိမ်းအေးရာသကဲ့သို့ ဤအတူသာလျှင်ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ် အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည်အောက်ပိုင်း သံယောဇဉ် 'အနှောင်အဖွဲ့' ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အထက်ဘုံသို့ ရောက်၍ရမည့် မဂ်တည်းဟူသော သောတရှိသော အကနိဋ္ဌဘုံသို့ လားသော 'ဥဒ္ဓံသောတအကနိဋ္ဌဂါမိ' အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။

ရဟန်းတို့ ယောက်ျား၏ (အသိဉာဏ်ဖြစ်ခြင်း) 'ဉာဏဂတိ' တို့သည် ဤခုနစ်ပါးတို့တည်း။

ရဟန်းတို့ (တဏှာဒိဋ္ဌိအားဖြင့်) တစ်စုံတစ်ရာ မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်းဟူသည် အဘယ် နည်း။

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ ''(အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ (အတ္တဘောသည်) ဖြစ်လိမ့်မည်မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကိုပယ်ခြင်းဖြင့်) ငါစွန့်အံ့''ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ်လှ ငြိမ်းချမ်းလှသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကိုအလုံးစုံမျက်မှောက်ပြုပြီး ဖြစ်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကိုအလုံးစုံ ပယ်ပြီးဖြစ်၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါ နုသယကို အလုံးစုံ ပယ်ပြီးဖြစ်၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံ ပယ်ပြီးဖြစ်၏၊ ထိုရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပြီးလျှင် ပြည့်စုံစေ၍ နေ၏။ ရဟန်းတို့ဤသို့ နေခြင်းကို (တဏှာဒိဋ္ဌိတို့သည် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်း 'အနုပါဒါပရိနိဗ္ဗာန်'ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ဤခုနစ်မျိုးသော ယောက်ျား၏ (အသိဉာဏ်ဖြစ်ခြင်း) 'ဉာဏဂတိ' တို့သည်လည်းကောင်း၊ တဏှာဒိဋ္ဌိအားဖြင့် တစ်စုံတစ်ရာ မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်း 'အနုပါဒါပရိနိဗ္ဗာန်' သည်လည်းကောင်းဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-တိဿ ဗြဟ္မာသုတ်

၅၆။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါနတ်သားနှစ်ဦးတို့သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သောအဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပစေကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်ပြီးသော် တစ်ဦးသော နတ်သားသည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ကိလေသာမှ လွတ်ကြပါကုန်၏''ဟု လျှောက်၏။

အခြားနတ်သားတစ်ဦးသည် မြတ်စွာဘုရားအား-

''အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ဥပါဒါန်လေးပါး အကြွင်းမရှိဘဲ ကောင်းစွာကိလေသာမှ လွတ်ကြကုန်၏''ဟု လျှောက်၏။

ထိုနတ်သားနှစ်ဦးတို့သည် (အသီးအသီး) ဤသို့ စကားကို လျှောက်ကြကုန်၏၊ မြတ်စွာဘုရား သည်နှစ်သက်လိုက်လျောတော်မူ၏၊ ထိုအခါ ထိုနတ်တို့သည် ''မြတ်စွာဘုရား နှစ်သက်လိုက်လျော တော်မူ၏''ဟု သိ၍ မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်ကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုညဉ့်လွန်သဖြင့် ရဟန်းတို့ကို-

ရဟန်းတို့ ဤညဉ့်၌ နှစ်ဦးသော နတ်တို့သည် ညဉ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အခါ၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဂိဇ္ဈကုဋ်တစ်တောင်လုံးကို ကိုယ်ရောင်ကိုယ်ဝါဖြင့်တောက်ပစေကာ ငါ့ထံသို့ ချဉ်းကပ်ကြ၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော်နတ်သားတစ်ဦးသည် ငါ့အား-

''အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ကိလေသာမှ လွတ်မြောက်ကုန်၏''ဟု လျှောက်၏။

အခြားနတ်သားတစ်ဦးသည် ငါ့အား-

''အသျှင်ဘုရား ဤရဟန်းမိန်းမ (ငါးရာ) တို့သည် ဥပါဒါန်လေးပါး အကြွင်းမရှိဘဲ ကောင်းစွာကိလေသာမှ လွတ်ကြကုန်၏''ဟု လျှောက်၏။

ရဟန်းတို့ ထိုနတ်တို့သည် (အသီးအသီး) ဤစကားကို လျှောက်ကြကုန်၏၊ ဤစကားကိုလျှောက်ထားကြပြီးလျှင် ငါ့ကို ရှိခိုးလျက် အရိုအသေပြုကာ ထိုအရပ်၌ပင် ပျောက်ကွယ်ကြကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ၌ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရား၏ အနီးမဝေး၌ ထိုင်နေတော်မူ၏။ ထိုအခါအသျှင်မဟာမောဂ္ဂလာန်မထေရ်အား-

''အဘယ်နတ်တို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း 'ဥပါဒါန်အကြွင်းရှိသောပုဂ္ဂိုလ်'ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း 'ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်'ဟူ၍ ဤသို့ သိသော ဉာဏ်ဖြစ်ပါသနည်း''ဟု အကြံဖြစ်၏။

ထိုအခါ၌ တိဿမည်သော ရဟန်းသည် ယခုပင် ကွယ်လွန်သည်ဖြစ်၍ ဗြဟ္မာ့ဘုံတစ်ခုသို့ ကပ်ရောက်၏၊ ထိုဗြဟ္မာ့ဘုံ၌လည်း ထိုုတိဿဗြဟ္မာကို ''တိဿဗြဟ္မာသည် တန်ခိုးကြီးမား၏၊ အာနုဘော်ကြီးမား၏''ဟူ၍ သိကြကုန်၏၊ ထိုအခါ၌ အသျှင်မဟာမောဂ္ဂလာန်သည် ခွန်အားရှိသော ယောက်ျားသည်ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ထို့အတူ ဂိဇ္ဈကုဋ်တောင်၌ ကွယ်ခဲ့၍ ထို (တိဿဗြဟ္မာရှိရာ) ဗြဟ္မာ့ဘုံ၌ ထင်ရှားဖြစ်၏၊ ထိုအခါ၌ တိဿဗြဟ္မာသည် ကြွလာတော်မူသော အသျှင်မဟာမောဂ္ဂလာန်ကို အဝေးမှပင် တွေ့မြင်သဖြင့်အသျှင်မဟာမောဂ္ဂလာန်အား-

''အသျှင်မြတ်မောဂ္ဂလာန် ကြွတော်မူပါ၊ အသျှင်မြတ်မောဂ္ဂလာန် အသျှင်ဘုရား ကြွလာခြင်းသည်ကောင်းသော လာခြင်းဖြစ်ပါသည်၊ အသျှင်မောဂ္ဂလာန် ကြာမြင့်မှပင် ဤအရပ်သို့ ကြွလာတော်မူခြင်း၏အလှည့်ကို ပြုတော်မူဘိ၏၊ အရှင်မောဂ္ဂလာန် ထိုင်တော်မူပါ၊ ဤသည်ကား ခင်းထားအပ်သော နေရာပါတည်း''ဟု လျှောက်၏။

အသျှင်မောဂ္ဂလာန်သည် ခင်းထားအပ်သော နေရာ၌ ထိုင်၏၊ တိဿဗြဟ္မာသည်လည်း အသျှင်မဟာမောဂ္ဂလာန်ကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော ထိုတိဿ့ဗြဟ္မာအား အသျှင်မဟာမောဂ္ဂလာန်သည်-

''တိဿ အဘယ်နတ်တို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း 'ဥပါဒါန်အကြွင်းရှိ၏'ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း 'ဥပါဒါန်အကြွင်းမရှိ'ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်ပါသနည်း''ဟု မေး၏။

အသျှင်မောဂ္ဂလာန် ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်သော နတ်တို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း'ဥပါဒါန်အကြွင်းရှိ၏'ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း 'ဥပါဒါန်အကြွင်းမရှိ'ဟူ၍ ဤသို့သိသော ဉာဏ်သည် ဖြစ်ပါ၏ဟု (လျှောက်၏)။

တိဿ ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်သော နတ်အားလုံးတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း'ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်'ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း 'ဥပါဒါန်အကြွင်းမရှိသောပုဂ္ဂိုလ်'ဟူ၍ ဤသို့ သိသော ဉာဏ်သည် ဖြစ်ပါသလောဟု (မေး၏)။

အသျှင်မောဂ္ဂလာန် ဗြဟ္မာ့ဘုံ၌ ဖြစ်ကုန်သော နတ်အားလုံးတို့အား ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်၌လည်း 'ဥပါဒါန်အကြွင်းရှိသော ပုဂ္ဂိုလ်''ဟူ၍၊ ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်၌လည်း ''ဥပါဒါန်အကြွင်းမရှိသော ပုဂ္ဂိုလ်''ဟူ၍ ဤသို့ သိသော ဉာဏ်သည် မဖြစ်ပါ၊ အသျှင်မောဂ္ဂလာန် မြတ်သောအသက်ရှည်ခြင်းဖြင့် ရောင့်ရဲကုန်သော၊ မြတ်သော အဆင်းလှခြင်း, မြတ်သ&#