အင်္ဂုတ္တရနိကာယ်

အဂုင်္တ္တိုရ်ပါဠိတော်

မြန်မာပြန်

အဋ္ဌကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပဌမပဏ္ဏာသက

၁-ပဌမ သုတ်ငါးဆယ်

၁-မေတ္တာဝဂ် ၁-မေတ္တာသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏အရံဖြစ်သော ဇေတဝန် ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏- ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှု တည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် ရှစ်မျိုးသော အကျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ချမ်းချမ်းသာသာ အိပ်ရ၏၊ ချမ်းချမ်းသာသာ နိုးရ၏၊ အိပ်မက်ဆိုးကို မမြင်မက်၊ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏၊ နတ် သားရဲ ဘီလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏၊ နတ်တို့စောင့်ရှောက်ကုန်၏၊ ထို (မေတ္တာကို ပွါးများသော) သူအား မီး အဆိပ် လက်နက်တို့ မစွဲ မကျ မဖျက်ဆီးနိုင်၊ လွန်မြတ်သော (အရဟတ္တဖိုလ်) တရားကို ထိုးထွင်း၍ မသိနိုင်ခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။ ရဟန်းတို့ (ဆန့်ကျင်ဘက်မှ) လွတ်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ် ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ် ယာဉ်ကဲ့သို့ပြုအပ် တည်ရာကဲ့သို့ပြုအပ် ရှေးရှုတည်စေအပ် လေ့လာအပ် ကောင်းစွာ အားထုတ်အပ်သည်ရှိသော် ဤအကျိုးရှစ်မျိုးတို့ကို (မချွတ် ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

အကြင်သူသည် အဖန်ဖန် သတိရသည်ဖြစ်၍ အတိုင်းအရှည်မရှိသော မေတ္တာ တရားကို ပွါးများ၏၊ ဥပဓိတရား၏ ကုန်ရာ မေတ္တာဈာန်ကို ရှုမြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။ ဒေါသစိတ် မရှိမူ၍ သတ္တဝါတစ်ဦးတစ်ယောက်ကိုသော်လည်း အကယ်၍ မေတ္တာပွါးငြားအံ့၊ ထိုသို့ မေတ္တာပွါးခြင်းကြောင့် ကုသိုလ်တရားနှင့် ပြည့်စုံရ၏၊ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့် သနားကြင်နာခြင်းရှိသော သူတော်သူမြတ်သည် များပြားသော ကုသိုလ်တရားကို ပြုသည် မည်၏။ အကြင်ရသေ့နှင့် တူသော မင်းတို့သည် သတ္တဝါအပေါင်းနှင့် ပြည့်နှက်နေသော မြေအပြင်ကို (ဒဏ်လည်း မဖက် လက်နက်လည်း မဆောင်) အောင်နိုင်ကြကုန်၍ လှူဒါန်းပေးကမ်းကုန်လျက် တိုင်းသူပြည်သားတို့ အိမ်တံခါးဖွင့်၍ နေနိုင်ကြောင်း ဖြစ်သော ဆယ်ခိုင့်တစ်ခိုင် အခွန်တော်ကောက်ယူခြင်း 'သဿမေဓ'၊ အမှုထမ်း အရာထမ်းတို့အား လခရိက္ခာပေးခြင်း 'ပုရိသမေဓ'၊ ဆင်းရဲသားတို့အား ရင်းနှီးရန် ဥစ္စာထုတ်ပေးခြင်း 'သမ္မာပါသ'၊ ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း 'ဝါဇပ္ပေယျ'တည်းဟူသော သင်္ဂဟဝတ္ထုလေးခုတို့ဖြင့် ချီးမြှောက်ကာ အစဉ် လှည့်လည်နေကုန်၏။ (ထိုမင်းတို့၏) ထိုလှူဒါန်းပေးကမ်း ချီးမြှောက်မှုတို့သည် ကောင်းစွာ ပွါးများအပ်သော မေတ္တာစိတ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင်ကုန်၊ ဥပမာသော်ကား အလုံးစုံသော ကြယ်တာရာအပေါင်းတို့၏ အရောင်သည် လ၏ အရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ မမှီနိုင်သကဲ့သို့တည်း။ အကြင်သူသည် သတ္တဝါအားလုံးတို့၌ မေတ္တာကို ပွါးများသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မသတ်ဖြတ်၊ သူတစ်ပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ်တိုင်လည်း အနိုင်မယူ၊ သူတစ်ပါးကိုလည်း အနိုင်မယူစေ၊ ထိုသူအား တစ်စုံတစ်ယောက်နှင့်မျှ ရန်မရှိနိုင်။

ပဌမသုတ်။

------

၂။ ရဟန်းတို့ ဤအကြောင်းရှစ်မျိုး အထောက်အပံ့ရှစ်မျိုးတို့သည် မြတ်သော အကျင့်၏ အစဦး ဖြစ်သည့် ပညာကို မရသေးသော် ရရန် ရပြီးသော် လွန်စွာတိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ရဟန်းသည် ဤသာသနာတော်၌ ဆရာကိုဖြစ်စေ အလေး အမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်၏၊ ထိုရဟန်းအား ယင်းသည့် အမှီပြုရာ ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည် လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏။ ရဟန်းတို့ ဤအကြောင်း အထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော် ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ပဌမအကြောင်း အထောက်အပံ့တည်း။

ထိုရဟန်းသည် ထိုဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်စဉ် ထိုရဟန်းအား အကြင်ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည်လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏၊ ထိုဆရာ သီတင်းသုံးဖော်တို့သို့ ရံဖန်ရံခါ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ သဘော ရှိပါသနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်ပါနည်း''ဟု မေးမြန်း၏၊ ပြဿနာပြု၏၊ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့်ပြအပ်သေးသော အရာကိုလည်း ဖွင့်ပြကုန်၏၊ ပေါ်လွင်ထင်ရှားစွာ မပြုအပ်သေးသော အရာကိုလည်း ပေါ်လွင်ထင်ရှားအောင် ပြုပေးကုန်၏၊ များစွာကုန်သော ယုံမှားအပ်သော တရားတို့၌ ယုံမှားမှုကိုလည်း ပယ်ဖျောက်ပေးကုန်၏။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သောအကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင် ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ဒုတိယ အကြောင်းအထောက်အပံ့တည်း။

ထိုရဟန်းသည် ထိုတရားတော်ကို ကြားနာရ၍ ကိုယ်ဖြင့် (အပေါင်းအဖေါ်မှ) ကင်းဝေးမှု စိတ်ဖြင့် (ကိလေသာမှ) ကင်းဝေးမှုဟူသော နှစ်ပါးစုံသော ကင်းဝေးမှုနှင့် ပြည့်စုံစေ၏။ ရဟန်းတို့ ဤအကြောင်း အထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော တတိယ အကြောင်းအထောက်အပံ့တည်း။

သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်၍ နေထိုင်၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည်ဖြစ်၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်သုံး၏။ ရဟန်းတို့ ဤအကြောင်း အထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင့်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော စတုတ္ထ အကြောင်းအထောက်အပံ့တည်း။

အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိ၍ အနက်, သဒ္ဒါနှင့် တကွဖြစ်သည့်ပြင် ထက်ဝန်းကျင် ပြည့်စုံလျက် ဖြူစင်သော မြတ်သော အကျင့်ကို ဟောဖေါ်ပြတတ်ကုန်သော တရားတို့ကို များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦး ဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာတိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ပဉ္စမ အကြောင်းအထောက်အပံ့တည်း။

အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိလျက် နေ၏၊ အားအစွမ်းရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန်ဖြစ်သော ဆဋ္ဌမ အကြောင်းအထောက်အပံ့တည်း။

သံဃာ့ဘောင်သို့ ရောက်သည်ရှိသော် အထူးထူးသော စကားကို ပြောဆိုမှု မရှိ၊ မဂ်ဖိုလ်မှ ဖီလာ ဖြစ်သော စကားကို ပြောဆိုမှု မရှိ၊ ကိုယ်တိုင်လည်း တရားဟောပြော၏၊ သူတစ်ပါးကိုလည်း တရား ဟောပြောရန် တောင်းပန် တိုက်တွန်း၏၊ မြတ်သော ဆိတ်ဆိတ်နေမှုကိုလည်း မထီမဲ့မြင် မပြု။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်သော သတ္တမ အကြောင်းအထောက်အပံ့တည်း။

''ဤကား ရုပ်၊ ဤကား ရုပ်၏ ဖြစ်ကြောင်း၊ ဤကား ရုပ်၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝေဒနာ၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်း၊ ဤကား ဝေဒနာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သညာ၊ ဤကား သညာ၏ ဖြစ်ကြောင်း၊ ဤကား သညာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သင်္ခါရ၊ ဤကား သင်္ခါရ၏ ဖြစ်ကြောင်း၊ ဤကား သင်္ခါရ၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်း၊ ဤကား ဝိညာဏ်၏ ချုပ်ပျောက်မှုတည်း''ဟု ဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်မှု ပျက်မှုကို အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအကြောင်းအထောက်အပံ့သည် မြတ်သော အကျင့်၏ အစဦးဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာ တိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်သော အဋ္ဌမ အကြောင်းအထောက်အပံ့တည်း။

ထိုရဟန်းကို သီတင်းသုံးဖော်တို့က ဤသို့ ချီးကျူးကုန်၏၊ ''ဤအသျှင်သည် ဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်၏၊ ထိုအသျှင်အား ယင်းသည့် အမှီပြုရာ ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည်လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏၊ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏''ဟု (ချီးကျူးကုန်၏)။

ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကို ပွါးစေရန် ရဟန်း တရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၁)

ထိုအသျှင်သည် ဆရာကိုဖြစ်စေ အလေးအမြတ်ပြုထိုက်သော သီတင်းသုံးဖော် တစ်ဦးဦးကိုဖြစ်စေ အမှီပြု၍ နေထိုင်စဉ် ထိုအသျှင်အား အကြင်ဆရာ, သီတင်းသုံးဖော်တို့၌ အားကြီးစွာသော ရှက်ကြောက်မှုသည်လည်းကောင်း၊ ချစ်မြတ်နိုးမှုသည်လည်းကောင်း၊ ရိုသေလေးစားမှုသည်လည်းကောင်း ရှေးရှုတည်၏၊ ထိုဆရာ, သီတင်းသုံးဖော်တို့သို့ ရံဖန်ရံခါ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤပါဠိကား အဘယ်သို့ သဘော ရှိပါသနည်း၊ ဤပါဠိ၏ အနက်ကား အဘယ်ပါနည်း''ဟု မေးမြန်း၏၊ ပြဿနာပြု၏၊ ထိုရဟန်းအား ထိုအသျှင်တို့သည် မဖွင့်ပြအပ်သေးသော အရာကိုလည်း ဖွင့်ပြကုန်၏၊ ပေါ်လွင်ထင်ရှားစွာ မပြုအပ် သေးသော အရာကိုလည်း ပေါ်လွင်ထင်ရှားအောင် ပြုပေးကုန်၏၊ များစွာကုန်သော ယုံမှားအပ်သော တရားတို့၌ ယုံမှားမှုကိုလည်း ပယ်ဖျောက်ပေးကုန်၏၊ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရား ကို သိ၍ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကို ပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏၊ (၂)

ထိုအသျှင်သည် ထိုတရားတော်ကို ကြားနာရ၍ ကိုယ်ဖြင့် (အပေါင်းအဖော်မှ) ကင်းဝေးမှု စိတ်ဖြင့် (ကိလေသာမှ) ကင်းဝေးမှုဟူသော နှစ်ပါးစုံသော ကင်းဝေးမှုနှင့် ပြည့်စုံစေ၏၊ မချွတ်ဧကန် ဤအသျှင် သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘော တရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၃)

ဤအသျှင်သည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်၍ နေထိုင်၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှလောက်သော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ ရှိသည် ဖြစ်၍ သိက္ခာပုဒ်တို့၌ ဆောက်တည်လျက် ကျင့်သုံး၏၊ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည် လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၄)

ဤအသျှင်သည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်, သဒ္ဒါနှင့် တကွဖြစ်သည့်ပြင် ထက်ဝန်းကျင် ပြည့်စုံလျက် ဖြူစင်သော မြတ်သောအကျင့်ကို ပြတတ်ကုန်သော တရားတို့ကို များစွာ ကြားနာဖူး၏၊ ဆောင်ထား၏၊ နှုတ်ဖြင့် လေ့ကျက်ထား၏၊ စိတ်ဖြင့် မှတ်သားထား၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစား ရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၅)

ဤအသျှင်သည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိလျက် နေ၏၊ အားအစွမ်းရှိ၏၊ ခိုင်မြဲသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၆)

ဤအသျှင်သည် သံဃာ့ဘောင်သို့ ရောက်သည် ရှိသော် အထူးထူးသော စကားကို ပြောဆိုမှု မရှိ၊ မဂ်ဖိုလ်မှ ဖီလာဖြစ်သော စကားကို ပြောဆိုမှု မရှိ၊ ကိုယ်တိုင်လည်း တရားဟောပြော၏၊ သူတစ်ပါးကို လည်း တရားဟောပြောရန် တောင်းပန် တိုက်တွန်း၏၊ မြတ်သော ဆိတ်ဆိတ်နေမှုကိုလည်း မထီမဲ့မြင် မပြု။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည်လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၇)

ဤအသျှင်သည် ''ဤကား ရုပ်၊ ဤကား ရုပ်၏ ဖြစ်ကြောင်း၊ ဤကား ရုပ်၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝေဒနာ၊ ဤကား ဝေဒနာ၏ ဖြစ်ကြောင်း၊ ဤကား ဝေဒနာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သညာ၊ ဤကား သညာ၏ ဖြစ်ကြောင်း၊ ဤကား သညာ၏ ချုပ်ပျောက်မှုတည်း။ ဤကား သင်္ခါရ၊ ဤကား သင်္ခါရ၏ ဖြစ်ကြောင်း၊ ဤကား သင်္ခါရ၏ ချုပ်ပျောက်မှုတည်း။ ဤကား ဝိညာဏ်၊ ဤကား ဝိညာဏ်၏ ဖြစ်ကြောင်း၊ ဤကား ဝိညာဏ်၏ ချုပ်ပျောက်မှုတည်း''ဟု ဥပါဒါနက္ခန္ဓာငါးပါးတို့၌ ဖြစ်မှု ပျက်မှုကို အဖန်ဖန် ရှုလေ့ရှိသည် ဖြစ်၍ နေထိုင်၏။ မချွတ်ဧကန် ဤအသျှင်သည် သိသင့်သော တရားကို သိ၍၊ မြင်သင့်သော တရားကို မြင်၏ဟု ချီးကျူးကုန်၏။ ဤချီးကျူးခြင်း သဘောတရားသည် လည်း ချစ်မြတ်နိုးရန် လေးစားရန် နှလုံးကိုပွါးစေရန် ရဟန်းတရားကို ရရန် တစ်ပေါင်းတည်းဖြစ်ရန် ဖြစ်ပေ၏။ (၈)

ရဟန်းတို့ ဤအကြောင်းရှစ်မျိုး အထောက်အပံ့ရှစ်မျိုးတို့သည် မြတ်သော အကျင့်၏ အစဦး ဖြစ်သည့် ပညာကို မရသေးသော်ရရန် ရပြီးသော် လွန်စွာတိုးပွါးစေရန် စည်ပင်ပြန့်ပြောစေရန် ပွါးများစေရန် ထက်ဝန်းကျင် ပြည့်စုံစေရန် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ပဌမ အပ္ပိယသုတ်

၃။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူ လည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို မပွါးစေတတ် သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ -ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မချစ်ခင်ထိုက်သူကို လည်း ချီးမွမ်းတတ်၏၊ ချစ်ခင်ထိုက်သူကိုလည်း ကဲ့ရဲ့တတ်၏၊ လာဘ်ကိုလည်း လိုလား၏၊ အရိုအသေ ပြုမှုကိုလည်း လိုလား၏၊ ရှက်လည်း မရှက်တတ်၊ ကြောက်လည်း မကြောက်တတ်၊ ယုတ်ညံ့သော အလို လည်း ရှိ၏၊ မှားယွင်းသော အယူလည်း ရှိ၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်း သည် သီတင်းသုံးဖော်တို့ မချစ်အပ်သူလည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူ လည်း ဖြစ်၏၊ နှလုံးကို မပွါးစေတတ်သူလည်း ဖြစ်၏။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မချစ်ခင်ထိုက်သူကို လည်း မချီးမွမ်းတတ်၊ ချစ်ခင်ထိုက်သူကိုလည်း မကဲ့ရဲ့တတ်၊ လာဘ်ကိုလည်း မလိုလား၊ အရိုအသေ ပြုမှုကိုလည်း မလိုလား၊ ရှက်လည်း ရှက်တတ်၏၊ ကြောက်လည်း ကြောက်တတ်၏၊ အလိုလည်း နည်း၏၊ မှန်ကန်သော အယူလည်း ရှိ၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယ အပ္ပိယသုတ်

၄။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူ လည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို မပွါးစေ တတ်သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လာဘ်ကိုလည်း လို့လား၏၊ အရိုအသေပြုမှုကိုလည်း လိုလား၏၊ (မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင် မပြုမှုကိုလည်း လိုလား၏၊ အခါကာလကိုလည်း မသိတတ်၊ အတိုင်းအရှည်ကိုလည်း မသိတတ်၊ စင်ကြယ်လည်း မစင်ကြယ်၊ စကားလည်း များ၏၊ သီတင်းသုံးဖော်တို့ကိုလည်း ဆဲရေးကြိမ်းမောင်းတတ်၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့ မချစ်အပ်သူလည်း ဖြစ်၏၊ မနှစ်သက်အပ်သူလည်း ဖြစ်၏၊ မလေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို မပွါးစေတတ်သူလည်း ဖြစ်၏။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် လာဘ်ကိုလည်း မလိုလား၊ အရိုအသေပြုမှုကိုလည်း မလိုလား၊ (မိမိကို သူတစ်ပါးတို့က) မထီမဲ့မြင် မပြုမှုကိုလည်း မလိုလား၊ အခါကာလကိုလည်း သိတတ်၏၊ အတိုင်းအရှည်ကိုလည်း သိတတ်၏၊ စင်ကြယ်လည်း စင်ကြယ်၏၊ စကားလည်း မများ၊ သီတင်းသုံးဖော်တို့ကိုလည်း မဆဲရေး မကြိမ်းမောင်းတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သီတင်းသုံးဖော်တို့၏ ချစ်အပ်သူလည်း ဖြစ်၏၊ နှစ်သက်အပ်သူလည်း ဖြစ်၏၊ လေးစားအပ်သူလည်း ဖြစ်၏၊ နှလုံးကို ပွါးစေတတ်သူလည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ပဌမ လောက ဓမ္မသုတ်

၅။ ရဟန်းတို့ ဤလောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောက သည်လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-လာဘ်ရမှု, လာဘ်မရမှု၊ အခြံအရံရှိမှု, အခြံအရံမရှိမှု၊ ကဲ့ရဲ့မှု, ချီးမွမ်းမှု၊ ချမ်းသာမှု, ဆင်းရဲမှုတို့တည်း။ ရဟန်းတို့ ဤလောကဓံတရားရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏ဟု (မိန့်တော်မူ၏)။ လာဘ်ရမှုသည်လည်းကောင်း၊ လာဘ်မရမူသည်လည်းကောင်း၊ အခြံအရံရှိမှု သည်လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည်လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည် မရှိကုန်၊ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောရှိကုန်၏။ သတိနှင့် ပြည့်စုံသော ပညာရှိသည် ထိုတရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို ဉာဏ်ဖြင့် ရှုဆင်ခြင်၏၊ ထိုသို့သော ပညာရှိ၏ စိတ်ကို အလိုရှိအပ်သော လောကဓံတရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံတရားတို့ကြောင့်လည်း စိတ်ထိခိုက် ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။ ထိုသူအား စိတ်နှင့်လျော်သော လောကဓံတရားတို့သည်လည်းကောင်း၊ စိတ်နှင့် ဆန့်ကျင်သော လောကဓံတရားတို့သည်လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီး ဖြစ်၍ မရှိကုန်၊ ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှုမရှိသော နိဗ္ဗာန်ကို သိလျက် ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက် သည်၏ အဖြစ်ကို ကောင်းစွာ သိနိုင်ပေ၏။

ပဉ္စမသုတ်။

------

၆-ဒုတိယ လောကဓမ္မသုတ်

၆။ ရဟန်းတို့ ဤလောကဓံတရားရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည် လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-လာဘ်ရမှု, လာဘ်မရမှု၊ အခြံအရံရှိမှု, အခြံအရံမရှိမှု၊ ကဲ့ရဲ့မှု, ချီးမွမ်းမှု၊ ချမ်းသာမှု, ဆင်းရဲမှုတို့တည်း။ ရဟန်းတို့ ဤလောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း ဤလောကဓံတရားရှစ်မျိုးတို့သို့ အစဉ်လိုက်၏။ ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်အား လာဘ်ရမှုသည်လည်းကောင်း၊ လာဘ်မရမူသည် လည်းကောင်း၊ အခြံအရံရှိမှုသည်လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည်လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဖြစ်၏။ ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်အားလည်း လာဘ်ရမှုသည်လည်းကောင်း၊ လာဘ် မရမှုသည်လည်းကောင်း၊ အခြံအရံရှိမှုသည်လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည် လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဖြစ်၏။ ရဟန်းတို့ ထိုသို့ဖြစ်ရာ၌ အကြားအမြင်ရှိသော အရိယာတပည့်၏ အကြားအမြင်မရှိသော ပုထုဇဉ်နှင့် အဘယ်သို့ ထူးသနည်း၊ အဘယ်သို့ အားထုတ်မှု လွန်ကဲသနည်း၊ အဘယ်ဲ့သို့ပြုမူပုံထူး သနည်းဟု (မေးတော်မူ၏)။

အသျှင်ဘုရား အကျွန်ုပ်တို့အား တရားတော်သည် မြတ်စွာဘုရားလျှင် အရင်းခံရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် ရှေ့ဆောင်ညွှန်ပြသူ ရှိပါကုန်၏၊ မြတ်စွာဘုရားလျှင် မှီခိုရာ ရှိပါကုန်၏၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ ဟောတော်မူအပ်သော ထိုစကား၏ အနက်အဓိပ္ပါယ်ကို မြတ်စွာဘုရားသည်သာလျှင် ဟောကြားတော်မူပါလော့၊ မြတ်စွာဘုရား၏ ဟောကြားတော်မူချက်ကို နာကြားကြရသည်ရှိသော် ရဟန်းတို့ သည် ဆောင်ရွက်မှတ်သားကြပါလိမ့်မည်ဟု (လျှောက်ကြကုန်၏)။

ရဟန်းတို့ သို့ဖြစ်လျှင် နာကြားကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤတရားကို ဟောကြားတော်မူ၏ -

ရဟန်းတို့ အကြားအမြင်မရှိသော ပုထုဇဉ်အား လာဘ်ရမှုသည် ဖြစ်၏၊ ထိုပုထုဇဉ်သည် ''ငါ့အား လာဘ်ရမှုသည် ဖြစ်ခဲ့ပြီ၊ ထိုလာဘ်ရမှုသည်ကား အမြဲမရှိ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘော ရှိ၏''ဟု မဆင်ခြင်၊ဟုတ်တိုင်းမှန်စွာ မသိ။ လာဘ်မရမှုသည် ဖြစ်၏။ပ။ အခြံအရံရှိမှုသည် ဖြစ်၏။ အခြံအရံမရှိမှုသည် ဖြစ်၏။ ကဲ့ရဲ့မှုသည် ဖြစ်၏။ ချီးမွမ်းမှုသည် ဖြစ်၏။ ချမ်းသာမှုသည် ဖြစ်၏။ ဆင်းရဲမှုသည် ဖြစ်၏။ ထိုပုထုဇဉ်သည် ''ငါ့အား ဆင်းရဲမှုသည် ဖြစ်ခဲ့ပြီ၊ ထိုဆင်းရဲမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏''ဟုဟုတ်တိုင်းမှန်စွာ မသိ။

ထိုပုထုဇဉ်အား လာဘ်ရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ လာဘ်မရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ အခြံအရံအကျော်အစော ရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ အခြံအရံ အကျော်အစောမရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ကဲ့ရဲ့မှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ချီးမွမ်းမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ချမ်းသာမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ဆင်းရဲမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ တည်၏၊ ထိုပုထုဇဉ်သည် လာဘ်ရမှု ဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊ လာဘ်မရမှု ဖြစ်သည်ရှိသော် ဝမ်းနည်း၏၊ အခြံအရံရှိမှုဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊ အခြံအရံ မရှိမှုဖြစ်သည် ရှိသော် ဝမ်းနည်း၏၊ ချီးမွမ်းမှု ဖြစ်သည် ရှိသော် ဝမ်းမြောက်၏၊ ကဲ့ရဲ့မှုဖြစ်သည်ရှိသော် ဝမ်းနည်း၏၊ ချမ်းသာမှုဖြစ်သည်ရှိသော် ဝမ်းမြောက်၏၊ ဆင်းရဲမှုဖြစ်သည် ရှိသော် ဝမ်းနည်း၏၊ ထိုပုထုဇဉ်သည် ဤသို့ ဝမ်းမြောက်မှု ဝမ်းနည်းမှုသို့ရောက်သည်ဖြစ်၍ ပဋိသန္ဓေ နေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်နိုင်၊ ဆင်းရဲအပေါင်းမှ မလွတ်နိုင်ဟု ငါဆို၏။ ရဟန်းတို့ အကြားအမြင်ရှိသော အရိယာတပည့်အားလည်း လာဘ်ရမှုသည် ဖြစ်၏၊ ထိုအရိယာ တပည့်သည် ''ငါ့အား ဤလာဘ်ရမှုသည် ဖြစ်ခဲ့ပြီ၊ ထိုလာဘ်ရမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏''ဟု ဆင်ခြင်၏၊ဟုတ်တိုင်းမှန်စွာ သိ၏။ လာဘ်မရမှုသည် ဖြစ်၏။ပ။ အခြံအရံ ရှိမှုသည် ဖြစ်၏။ အခြံအရံ မရှိမှုသည် ဖြစ်၏။ ကဲ့ရဲ့မှုသည် ဖြစ်၏။ ချီးမွမ်းမှုသည် ဖြစ်၏။ ချမ်းသာမှုသည် ဖြစ်၏။ ဆင်းရဲမှုသည် ဖြစ်၏။ ထိုအရိယာ တပည့်သည် ''ငါ့အား ဤဆင်းရဲမှုသည် ဖြစ်ခဲ့ပြီ၊ ထိုဆင်းရဲမှုသည်ကား အမြဲမရှိ၊ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏''ဟု ဆင်ခြင်၏၊ဟုတ်တိုင်းမှန်စွာ သိ၏။ ထိုအရိယာတပည့်အား လာဘ်ရမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ လာဘ်မရမှု သည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ အခြံအရံ ရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ အခြံအရံ မရှိမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ကဲ့ရဲ့မှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ချီးမွမ်းမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ချမ်းသာမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ဆင်းရဲမှုသည်လည်း စိတ်ကို သိမ်းကျုံး၍ မတည်နိုင်၊ ထိုအရိယာတပည့်သည် လာဘ်ရမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ လာဘ်မရမှု ဖြစ်သည်ရှိသော် ဝမ်းမနည်း၊ အခြံအရံရှိမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ အခြံအရံ မရှိမှုဖြစ်သည်ရှိသော် ဝမ်းမနည်း၊ ချီးမွမ်းမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ ကဲ့ရဲ့မှုဖြစ်သည်ရှိသော် ဝမ်းမနည်း၊ ချမ်းသာမှု ဖြစ်သည်ရှိသော် ဝမ်းမမြောက်၊ ဆင်းရဲမှု ဖြစ်သည်ရှိသော် ဝမ်းမနည်း၊ ထိုအရိယာတပည့်သည် ဤသို့ ဝမ်းမြောက်မှု ဝမ်းနည်းမှုကို ပယ်နိုင်သည် ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း ဆင်းရဲခြင်း နှလုံးမသာယာခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ လွတ်မြောက်၏၊ ဆင်းရဲအပေါင်းမှ လွတ်မြောက်၏ဟု ငါဆို၏။ ရဟန်းတို့ ဤသည်သာလျှင် အကြားအမြင်ရှိသော အရိယာတပည့်၏ အကြားအမြင် မရှိသော ပုထုဇဉ်နှင့် ထူးသော အကြောင်းတည်း၊ လွန်ကဲသော အားထုတ်မှုတည်း၊ ထူးသော ပြုမူပုံတည်းဟု (မိန့်တော်မူ၏)။

လာဘ်ရမှုသည်လည်းကောင်း၊ လာဘ်မရမှုသည်လည်းကောင်း၊ အခြံအရံရှိမှုသည် လည်းကောင်း၊ အခြံအရံမရှိမှုသည်လည်းကောင်း၊ ကဲ့ရဲ့မှုသည်လည်းကောင်း၊ ချီးမွမ်းမှုသည်လည်းကောင်း၊ ချမ်းသာမှုသည်လည်းကောင်း၊ ဆင်းရဲမှုသည်လည်းကောင်း ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည်မရှိကုန်၊ ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိကုန်၏။ သတိနှင့် ပြည့်စုံသော ပညာရှိသည် ထိုတရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို (ဉာဏ်ဖြင့်) ရှုဆင်ခြင်၏၊ ထိုသို့သော ပညာရှိ၏ စိတ်ကို အလိုရှိအပ်သော လောကဓံတရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံတရားတို့ကြောင့်လည်း စိတ်ထိခိုက်ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။ ထိုသူအား စိတ်နှင့် လျော်သော လောကဓံတရားတို့သည်လည်းကောင်း၊ စိတ်နှင့် ဆန့်ကျင်သော လောကဓံတရားတို့သည်လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီး ဖြစ်၍ မရှိကုန်၊ ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှုမရှိသော နိဗ္ဗာန်ကို သိလျက် ဘဝ၏ တစ်ဖက်ကမ်းသို့ ရောက်သည်၏ အဖြစ်ကို ကောင်းစွာ သိနိုင်ပေ၏။

ဆဋ္ဌသုတ်။

------

၇-ဒေဝဒတ္တဝိပတ္တိသုတ်

၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် သင်းခွဲ ထွက်သွား၍ မကြာမြင့်မီ ရာဇဂြိုဟ်ပြည့်ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်းပြု၍ ရဟန်းတို့ကို မိန့်တော်မူ၏၊ ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ရဟန်းတို့ ရဟန်း သည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ရဟန်းတို့ မသူတော်တရားရှစ်မျိုးတို့ နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ လာဘ်ရမှု နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူ အပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။ ရဟန်းတို့ လာဘ်မရမှု သည်။ပ။ ရဟန်းတို့ အခြံအရံ ရှိမှု။ ရဟန်းတို့ အခြံအရံ မရှိမှု။ ရဟန်းတို့ အရိုအသေပြုမှု။ ရဟန်းတို့ အရိုအသေမပြုမှု။ ရဟန်းတို့ ယုတ်ညံ့သော အလို။ ရဟန်းတို့ ယုတ်မာသော အဆွေ ခင်ပွန်းရှိမှု နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။ ရဟန်းတို့ ဤမသူတော်တရားရှစ်မျိုးတို့ နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။

ရဟန်းတို့ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေထိုင်မူကား ကောင်း၏။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံမရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေထိုင်မူကား ကောင်း၏။ ရဟန်းတို့ အဘယ်သို့သော အကျိုးထူးကို စွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံ ရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သောအလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေ ခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။

ရဟန်းတို့ ယင်းဖြစ်ပေါ်လာသော လာဘ်ရမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်ကုန်၊ ရဟန်းတို့ ယင်းဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ် လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံမရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ယင်းဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်း ကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအကျိုးထူးကိုစွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံမရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့ နေကြကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံမရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့ နေကြကုန်အံ့''ဟု ဤသို့ ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့သည် ကျင့်အပ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဥတ္တရဝိပတ္တိသုတ်

၈။ အခါတစ်ပါး၌ အသျှင်ဥတ္တရသည် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိကကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်ဥတ္တရသည် ရဟန်းတို့ကို ''ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏''ဟု မိန့်ကြား၏။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် မြောက်အရပ်မှ တောင်အရပ်သို့ တစ်စုံတစ်ခုသော ပြုဖွယ် ကိစ္စဖြင့် သွားလေ၏၊ ဝေဿဝဏ်နတ်မင်းကြီးသည် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိက ကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်း သည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏''ဟု ဤသို့ တရားဟောလျက် နေသော အသျှင်ဥတ္တရ၏ တရားသံကို ကြားသည်သာလျှင်တည်း။

ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင်လျှင် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိကကျောင်းမှကွယ်ခဲ့၍ တာဝတိံသာနတ်တို့၌ ထင်ရှားဖြစ်လေ၏။ ထိုအခါ ဝေဿဝဏ်နတ်မင်းကြီးသည် နတ်တို့အရှင် သိကြားမင်းအထံသို့ ချဉ်းကပ်၍ နတ်တို့အရှင် သိကြားမင်းအား -''အရှင်သိကြားမင်း သိတော်မူပါလော့၊ ထိုအသျှင်ဥတ္တရသည် မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိကကျောင်း၌ ရဟန်းတို့အား 'ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏၊ ငါ့သျှင်တို့ ရဟန်း သည် ရံဖန်ရံခါ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏'ဟု ဤသို့ တရားဟောတော်မူပါ၏''ဟု လျှောက်တင်လေ၏။ ထိုအခါ နတ်တို့အရှင် သိကြားမင်းသည် ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူပင်လျှင် တာဝတိံသာနတ်ပြည်၌ ကွယ်ခဲ့၍ မဟိသဝတ္ထုအရပ် သင်္ခေယျကတောင် ဝဋဇာလိက ကျောင်း အသျှင်ဥတ္တရ၏ မျက်မှောက်၌ ထင်ရှား ဖြစ်လေ၏။ ထိုအခါ နတ်တို့ အရှင်သိကြားမင်းသည့်အသျှင်ဥတ္တရအထံသို့ ချဉ်းကပ်၍ အသျှင်ဥတ္တရကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ရပ်တည်ကာ အသျှင် ဥတ္တရအား အသျှင်ဘုရား အသျှင်ဥတ္တရသည် ရဟန်းတော်တို့အား ''ငါ့သျှင်တို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို။ပ။ မိမိ၏ ပြည့်စုံမှုကို။ပ။ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏''ဟု ဤသို့သော တရားကို ဟောကြားတော်မူ၏ဟူသည် မှန်ပါသလောဟု လျှောက်၏။ နတ်တို့အရှင် သိကြားမင်း ဤအတိုင်း မှန်ပေ၏ဟု (ဆို၏)။ အသျှင်ဘုရား ဤတရားတော်ကို အသျှင်ဥတ္တရ၏ မိမိဉာဏ်အထင်ကို စွဲ၍ ဟောကြားအပ်ပါသလော၊ သို့မဟုတ် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ စကား တော်ကို စွဲ၍ ဟောကြားအပ်ပါသလောဟု (လျှောက်၏)။

နတ်တို့အရှင် သိကြားမင်း ယင်းသို့ သိလိုပါမူ သင့်အား ဥပမာကို ပြုပေအံ့၊ ဤလောက၌ အချို့သော ပညာရှိယောက်ျားတို့သည် ဆိုလိုသော စကား၏ အနက်အဓိပ္ပါယ်ကို ဥပမာဖြင့်သာ ထင်ရှားသိကြကုန်၏။ နတ်တ်ို့အရှင် သိကြားမင်း ရွာ၏လည်းကောင်း၊ နိဂုံး၏လည်းကောင်း မနီးမဝေးအရပ်၌ ကြီးစွာသော စပါးပုံကို ပုံထားရာ၏၊ လူများအပေါင်းသည် (ထိုစပါးပုံမှ) စပါးကို ထမ်းပိုးတို့ဖြင့်လည်းကောင်း၊ တောင်းတို့ဖြင့်လည်းကောင်း၊ ခါးပိုက်တို့ဖြင့်လည်းကောင်း၊ လက်ခုပ်တို့ဖြင့်လည်းကောင်း သယ်ယူရာ၏။ နတ်တို့အရှင် သိကြားမင်း အကြင်သူသည် ထိုလူများအပေါင်းသို့ ချဉ်းကပ်၍ ''အဘယ်အရပ်မှ ဤစပါးကို သယ်ယူခဲ့ပါကုန်သနည်း''ဟု မေးမြန်းရာ၏။ နတ်တို့အရှင် သိကြားမင်း ထိုလူများအပေါင်းသည် ထိုသူအား အဘယ်သို့ ဖြေကြားသည်ရှိသော် ကောင်းစွာ ဖြေကြားသည် မည်ရာသနည်းဟု (မေး၏)။

အသျှင်ဘုရား ''ဤမည်သော စပါးပုံကြီးမှ သယ်ယူခဲ့ပါကုန်၏''ဟု ထိုလူများအပေါင်းသည် ဖြေကြားသည် ရှိသော် ကောင်းစွာ ဖြေကြားသည် မည်ရာပါ၏ဟု (လျှောက်၏)။

နတ်တို့အရှင် သိကြားမင်း ဤအတူသာလျှင် ကောင်းစွာ ကြားအပ်သော တရားစကားဟူသမျှ အားလုံးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ တရားစကားတော်သာတည်း၊ ထိုမြတ်စွာဘုရား၏ တရားစကားတော်မှ ယူ၍ ယူ၍ ငါတို့သည်လည်းကောင်း၊ တစ်ပါးသောသူတို့သည်လည်းကောင်း ဟောပြောကြရကုန်၏ဟု (မိန့်ဆို၏)။

အသျှင်ဘုရား အံ့ဩဖွယ် ကောင်းပေစွ၊ မဖြစ်ဖူးမြဲ ဖြစ်ပေစွ၊ အသျှင်ဥတ္တရသည် ကောင်းစွာ ပြောကြားအပ်သော တရားစကားဟူသမျှအားလုံးသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရား၏ တရားစကားတော်သာတည်း၊ ထိုမြတ်စွာဘုရား၏ တရားစကားတော်မှ ယူ၍ ယူ၍ ငါတို့သည်လည်းကောင်း၊ တစ်ပါးသော သူတို့သည် လည်းကောင်း ဟောပြောကြရကုန်၏ဟု ဤစကားကို အလွန်ကောင်းစွာ ပြောဆိုအပ်ပါပေ၏။ အသျှင်ဥတ္တရ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေဝဒတ် သင်းခွဲထွက်သွား၍ မကြာမြင့်မီ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ၌ မြတ်စွာဘုရားသည် ဒေဝဒတ်ကို အကြောင်းပြု၍ ရဟန်းတို့ကို - ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ မိမိ၏ ပျက်စီးမှုကို ဆင်ခြင်မူ ကောင်း၏၊ ရဟန်းတို့ ရဟန်းသည် ရံဖန်ရံခါ သူတစ်ပါး၏ ပျက်စီးမှုကို။ပ။ မိမိ၏ ပြည့်စုံမှုကို။ပ။ သူတစ်ပါး၏ ပြည့်စုံမှုကို ဆင်ခြင်မူ ကောင်း၏။ ရဟန်းတို့ မသူတော်တရားရှစ်မျိုးတို့ နှိပ်စက်လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ လာဘ်ရမှု နှိပ်စက် လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူ အပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။ ရဟန်းတို့ လာဘ် မရမှု။ပ။ အခြံအရံရှိမှု။ အခြံအရံ မရှိမှု။ အရိုအသေပြုမှု။ အရိုအသေ မပြုမှု။ ယုတ်ညံ့သော အလို ရှိမှု။ ယုတ်မာသော အဆွေခင်ပွန်းရှိမှု နှိပ်စက် လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရ မည့်သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်းသူတည်း။ ရဟန်းတို့ ဤမသူတော်တရားရှစ်မျိုးတို့ နှိပ်စက် လွှမ်းမိုး၍ ထက်ဝန်းကျင် သိမ်းယူအပ်သော စိတ်ရှိသော ဒေဝဒတ်သည် အပါယ်သို့ ကျရမည့်သူတည်း၊ ငရဲ၌ ကျက်ရမည့်သူတည်း၊ အာယုကပ်ပတ်လုံး တည်ရမည့် သူတည်း၊ ကုစားခြင်းငှါ မတတ်ကောင်း သူတည်း။

ရဟန်းတို့ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေမူ ကောင်း၏၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံ ရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေမူ ကောင်း၏။ ရဟန်းတို့ အဘယ်သို့သော အကျိုးထူးကို စွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ ရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ ပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေ ခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာသနည်း။

ရဟန်းတို့ ယင်းဖြစ်ပေါ်လာသော လာဘ်ရမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါ တရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော လာဘ်ကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်ကုန်။

ရဟန်းတို့ ယင်း ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ် လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ယင်းဖြစ်ပေါ်လာသော ယုတ်မာသော အဆွေ ခင်ပွန်းရှိမှုကို မနှိမ်နင်းမူ၍ နေသော ထိုရဟန်းအား အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် ဖြစ်ကုန်ရာ၏၊ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နေသော ထိုရဟန်းအား ဤအကြောင်းဖြင့် အာသဝေါတရားနှင့် ပင်ပန်းကြောင်း (ကိလေသာ) အပူမီးတို့သည် မဖြစ်ကုန်။ ရဟန်းတို့ ဤအကျိုးထူးကို စွဲ၍ ရဟန်းသည် ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေမပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သောအလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်းရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ နေရာ၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ ''ဖြစ်ပေါ်လာသော လာဘ်ရမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့နေကြကုန်အံ့၊ ဖြစ်ပေါ်လာသော လာဘ်မရမှုကို။ပ။ ဖြစ်ပေါ်လာသော အခြံအရံရှိမှုကို။ ဖြစ်ပေါ်လာသော အခြံအရံ မရှိမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ ပြုမှုကို။ ဖြစ်ပေါ်လာသော အရိုအသေ မပြုမှုကို။ ဖြစ်ပေါ်လာသော ယုတ်ညံ့သော အလိုကို။ ဖြစ်ပေါ်လာသော ယုတ်မာသော အဆွေခင်ပွန်း ရှိမှုကို နှိမ်နင်း၍ နှိမ်နင်း၍ ငါတို့ နေကြကုန်အံ့''ဟု ဤသို့ ကျင့်ရမည်။ ရဟန်းတို့ ဤသို့လျှင် သင်တို့သည် ကျင့်အပ်ကုန်၏ဟု မိန့်တော်မူ၏။

အသျှင်ဘုရားဥတ္တရ လူတို့၌ ဤမျှလောက် ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတည်းဟူသော ပရိသတ်လေးပါးတို့ ရှိပါကုန်၏၊ တရားဒေသနာတော်သည် တစ်စုံတစ်ခုသော ပရိသတ်၌ မထင်ရှားသေးပါဘုရား၊ အသျှင်ဘုရား အသျှင်ဥတ္တရသည် ဤတရားဒေသနာတော်ကို သင်ယူတော်မူပါ လော့။

အသျှင်ဘုရား အသျှင်ဥတ္တရသည် ဤတရားဒေသနာတော်ကို သင်ကြားတော်မူပါလော့၊ အသျှင်ဘုရား အသျှင်ဥတ္တရသည် ဤတရားဒေသနာတော်ကို ဆောင်ထားတော်မူပါလော့၊ အသျှင်ဘုရား ဤတရား ဒေသနာတော်သည် အကျိုးစီးပွါးနှင့် စပ်ပါ၏၊ သာသနာတော်တည်းဟူသော မြတ်သော အကျင့်၏ အစဦးဖြစ်ပါ၏ဟု (လျှောက်ကြားလေ၏)။

အဋ္ဌမသုတ်။

------

၉-နန္ဒသုတ်

၉။ ရဟန်းတို့ နန္ဒရဟန်းကို ''အမျိုးကောင်းသား''ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒရဟန်းကို ''အားရှိသူ''ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒ ရဟန်းကို ''ကြည်ညိုဖွယ်ရှိသူ''ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒရဟန်းကို ''ထူပြောသော ရာဂရှိသူ''ဟု ဆိုသည်ရှိသော် ကောင်းစွာ ဆိုသည် မည်ရာ၏၊ ရဟန်းတို့ နန္ဒရဟန်းသည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အားထုတ်၏၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' နှင့် ပြည့်စုံ၏၊ အကြင်ဣန္ဒြေကိုစောင့်ရှောက်မှုစသည်တို့ကြောင့် နန္ဒရဟန်းသည် မြတ်သော အကျင့်ကို ပြည့်စုံ စင်ကြယ်စွာ ကျင့်ရန် စွမ်းနိုင်၏၊ ထိုအကြောင်းတို့ကို ကြဉ်ထား၍ တစ်ပါးသော အကြောင်းကို ဆိုသဖြင့် အဘယ်အကျိုး ရှိအံ့နည်း။

ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ ဣန္ဒြေတို့၌လုံခြုံသော တံခါးရှိမှုတည်း၊ ရဟန်းတို့ နန္ဒရဟန်းသည် အကယ်၍ အရှေ့အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့၊ နန္ဒသည် ''ဤသို့ အရှေ့အရပ်ကို တည့်တည့် ကြည့်သော ငါ့အား ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ' နှလုံး မသာယာမှု 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ် လိုက်ကုန် လိမ့်မည် မဟုတ်''ဟု အခြင်းအရာအားလုံးကို စိတ်ဖြင့် နှလုံးသွင်း၍ အရှေ့အရပ်ကို တည့်တည့် ကြည့်၏၊ ဤသို့လျှင် ထိုအရှေ့အရပ်ကို တည့်တည့်ကြည့်ရာ၌ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' နှင့် ပြည့်စုံ၏။ ရဟန်းတို့ နန္ဒရဟန်းသည် အကယ်၍ အနောက်အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့။ပ။ မြောက်အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့။ တောင်အရပ်ကို တည့်တည့် ကြည့်တော့မည် ဖြစ်အံ့။ အထက်အရပ်ကို မော့ကြည့်တော့မည် ဖြစ်အံ့။ အောက်အရပ်ကို ငုံ့ကြည့်တော့မည် ဖြစ်အံ့။ အထောင့်အရပ်ကိုစောင်းငဲ့ကြည့်တော့မည် ဖြစ်အံ့၊ နန္ဒရဟန်းသည် ''ဤသို့ အထောင့်အရပ်ကိုစောင်းငဲ့ ကြည့်သော ငါ့အား ရှေးရှုကြံစည်မှု 'အဘိဇ္ဈာ' နှလုံးမသာယာမှု 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်ကုန်လိမ့်မည် မဟုတ်''ဟု အခြင်းအရာ အားလုံးကို စိတ်ဖြင့် နှလုံးသွင်း၍ အထောင့်အရပ်ကိုစောင်းငဲ့ကြည့်၏၊ ဤသို့လျှင် ထိုအထောင့်အရပ်ကိုစောင်းငဲ့ ကြည့်ရာ၌ ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိမှုတည်း။

ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ အစားအစာ၌ အတိုင်းအရှည်ကို သိမှုတည်း၊ ရဟန်းတို့ ဤသာသနာတော်၌ နန္ဒရဟန်းသည် အသင့်အားဖြင့် ဆင်ခြင်၍ဆွမ်းကိုမှီဝဲ၏၊ မြူးထူးရန် မာန်ယစ်ရန် တန်ဆာဆင်ရန် အရေအဆင်းဖွံ့ဖြိုးတိုးပွါးရန် (ဆွမ်းကိုမှီဝဲသည်) မဟုတ်၊ ဤ ကိုယ်တည်တံ့ရန်မျှသာ မျှတရန်မျှသာ ဆာလောင်မွတ်သိပ်၍ ပင်ပန်းခြင်းကို ပယ်ဖျောက်ရန်မျှသာ မြတ်သောအကျင့်ကို ချီးမြှောက်ရန်မျှသာ ဆွမ်းကို မှီဝဲ၏၊ ဤသို့ မှီဝဲခြင်းဖြင့် ဝေဒနာဟောင်းကိုလည်း ပယ်ဖျောက်အံ့၊ ဝေဒနာသစ်ကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း အပြစ်မရှိခြင်းနှင့် ချမ်းသာစွာ နေရခြင်းသည် ဖြစ်ပေလိမ့်မည်ဟု ဆွမ်းကို မှီဝဲ၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ အစားအစာ၌ အတိုင်းအရှည်ကို သိမှုတည်း။

ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ နိုးကြားမှု၌ အားထုတ်ခြင်းတည်း၊ ရဟန်းတို့ ဤသာသနာတော်၌ နန္ဒရဟန်းသည် နေ့အခါ၌ စင်္ကြံလျှောက်ခြင်း ထိုင်နေခြင်း ပိတ်ပင်တားမြစ်တတ်သော 'နီဝရဏ' တရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဉ့်ဦးယံ၌ စင်္ကြံလျှောက်ခြင်း ထိုင်နေခြင်း ပိတ်ပင်တားမြစ်တတ်သော 'နီဝရဏ' တရားတို့မှ စိတ်ကို သုတ်သင်၏၊ ညဉ့်၏ သန်းခေါင်ယံ၌ (လကျ်ာ) ခြေပေါ်၌ (လက်ဝဲ) ခြေကို စဉ်းငယ်လွန်ကာ တင်ထား၍ သတိရှိလျက် ဆင်ခြင်ဉာဏ်ရှိလျက် (မည်သည့်အချိန်၌) ထအံ့ဟု နှလုံးသွင်း ပိုင်းခြားလျက် လက်ျာနံတောင်းဖြင့် မြတ်သော လျောင်းစက်ခြင်းကို ပြု၏၊ ညဉ့်၏ နောက်ဆုံးယံ၌စောစောထ၍ စင်္ကြံလျှောက်ခြင်း ထိုင်နေခြင်း ပိတ်ပင်တားမြစ် တတ်သော 'နီဝရဏ' တရားတို့မှ စိတ်ကို သုတ်သင်၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ နိုးကြားမှု၌ အားထုတ်ခြင်းတည်း။

ရဟန်းတို့ ထိုလေးပါးတို့တွင် ဤဆိုလတ္တံ့သည်ကား နန္ဒရဟန်း၏ အောက်မေ့မှု 'သတိ' ဆင်ခြင် ဉာဏ် 'သမ္ပဇဉ်'နှင့် ပြည့်စုံမှုတည်း၊ ရဟန်းတို့ ဤသာသနာတော်၌ နန္ဒရဟန်းအား ဝေဒနာတို့သည် ထင်ထင်ရှားရှား ဖြစ်ကုန်၏၊ ဝေဒနာတို့သည် ထင်ထင်ရှားရှား ထင်ကုန်၏၊ ဝေဒနာတို့သည် ထင်ထင် ရှားရှား ချုပ်ခြင်းသို့ ရောက်ကုန်၏၊ (သညာ)တို့သည် ထင်ထင်ရှားရှား။ပ။ ဝိတက်တို့သည် ထင်ထင် ရှားရှား။ပ။ ချုပ်ခြင်းသို့ ရောက်ကုန်၏။ ရဟန်းတို့ ဤသည်ကား နန္ဒရဟန်း၏ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' နှင့် ပြည့်စုံမှုတည်း။

ရဟန်းတို့ နန္ဒရဟန်းသည် ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိ၏၊ အစားအစာ၌ အတိုင်းအရှည်ကို သိ၏၊ နိုးကြားမှု၌ အားထုတ်၏၊ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' နှင့် ပြည့်စုံ၏၊ အကြင် ဣန္ဒြေကိုစောင့်ရှောက်မှုစသည်တို့ကြောင့် နန္ဒရဟန်းသည် မြတ်သော အကျင့်ကို ပြည့်စုံစင်ကြယ်စွာ ကျင့်ရန် စွမ်းနိုင်၏၊ ထိုအကြောင်းတို့ကို ကြဉ်ထား၍ တစ်ပါးသော အကြောင်းကိုဆိုသဖြင့် အဘယ်အကျိုး ရှိအံ့နည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ကာရဏ္ဍဝသုတ်

၁၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္ပာမြို့ ဂဂ္ဂရာရေကန်၏ ကမ်းနား၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့် စွပ်စွဲကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့် စွပ်စွဲသည်ရှိသော် အကြောင်းတစ်ပါးဖြင့် အကြောင်းတစ်ပါးကို ဖုံးလွှမ်း၏၊ အပြင်အပ စကားကို ထည့်သွင်း၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်း ကိုလည်းကောင်း ထင်စွာ ပြု၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏-''ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သာသနာတော်မှ) နှင်ထုတ်ကုန်လော့။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို (သာသနာတော်မှ) နှင်ထုတ်ကုန်လော့။ ရဟန်းတို့ ဤသို့သော ပုဂ္ဂိုလ်သည် သာသနာတော်မှ ထုတ်ပယ်ထိုက်သူ ဖြစ်၏၊ သုတ်သင်ရှင်းလင်း အပ်သော သူတစ်ပါး၏ တပည့်သားဖြစ်သော ထိုပုဂ္ဂိုလ်ဖြင့် သင်တို့အား အဘယ်အကျိုးရှိအံ့နည်း။

ရဟန်းတို့ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်မှု နောက်သို့ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ်သပိတ်သင်္ကန်းဆောင်မှုသည် ထိုသူ၏ အာပတ်ကို ရဟန်း ကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသော အခါ၌ကား ထိုသူကို ''ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း''ဟု သိကုန်၏၊ ထိုသူကို ဤသို့ သိကုန်သည်ရှိသော် အပသို့ နှင်ထုတ်ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ်ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ ''တစ်ပါးသော ရဟန်း ကောင်းတို့ကို မဖျက်ဆီးပါစေလင့်''ဟု နှလုံးသွင်းရှိသောကြောင့်တည်း။

ရဟန်းတို့ ဥပမာသော်ကား ကောင်းမွန်သော မုယောခင်း၌ မုယောပင်တို့ကို ဖျက်ဆီးသော မုယော အဖျင်းဖြစ်သော မုယောအမှိုက်ဖြစ်သော အပင်သည် ပေါက်ရာ၏၊ အနှံမထွက်သေးသမျှ ထိုအပင်၏ အမြစ်သည် တစ်ပါးသော မုယောကောင်းတို့ကဲ့သို့ ဖြစ်၏၊ အရိုးတံသည် တစ်ပါးသော မုယောကောင်းတို့ကဲ့သို့ ဖြစ်၏၊ အရွက်သည် တစ်ပါးသော မုယောကောင်းတို့ကဲ့သို့ ဖြစ်၏၊ အနှံထွက်ပေါ်လာသော အခါ၌ကား ထိုအပင်ကို ''ဤအပင်ကား မုယောပင်တို့ကို ဖျက်ဆီးသော အပင်တည်း၊ မုယော အဖျင်းတည်း၊ မုယောအမှိုက်တည်း''ဟု သိကုန်၏၊ ထိုအပင်ကို ဤသို့ သိသည်ရှိသော် အမြစ်ပါနုတ်လျက် မုယောခင်း၏ အပြင်သို့ စွန့်ပစ်ကုန်၏၊ ထိုသို့နုတ်ပယ်စွန့်ပစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ''တစ်ပါးသော မုယောကောင်းတို့ကို မဖျက်ဆီးပါစေလင့်''ဟု နှလုံးသွင်းရှိသောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်မှု နောက်သို့ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ်သပိတ်သင်္ကန်းဆောင်ယူမှုသည် ထိုသူ၏ အာပတ်ကို ရဟန်း ကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသောအခါ၌ကား ထိုသူကို ''ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း''ဟု သိကုန်၏၊ ဤသို့ သိကုန်သည်ရှိသော် ထိုရဟန်းကို အပသို့ နှင်ထုတ်ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ်ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ ''တစ်ပါးသော ရဟန်းကောင်းတို့ကို မဖျက်ဆီးပါစေလင့်''ဟု နှလုံးသွင်းရှိသောကြောင့်တည်း။

ရဟန်းတို့ ဥပမာတစ်နည်းသော်ကား စပါးပုံကြီးကို လှေ့သည်ရှိသော် ထိုစပါးပုံကြီး၌ မြဲမြံကုန်သော အနှစ်ရှိကုန်သော စပါးတို့သည် တစ်နေရာ၌ အစုအပုံဖြစ်၍ နေ၏၊ အားနည်းကုန်သော အဖျင်း ဖြစ်ကြသည့် စပါးတို့ကို လေသည် တစ်နေရာသို့ လွင့်စေ၏၊ ထိုစပါးဖျင်းကို စပါးရှင်တို့သည် တံမြက် စည်းကို ယူ၍ အတိုင်းထက်အလွန် လှည်းထုတ်ပစ်ကုန်၏။ ဤသို့ လှည်းထုတ်ပစ်ကြခြင်းသည် အဘယ့် ကြောင့်နည်း၊ ''တစ်ပါးသော စပါးကောင်းတို့ကို မဖျက်ဆီးပါစေလင့်''ဟု နှလုံးသွင်းရှိသောကြောင့်တည်း။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ရဟန်း၏ ရှေ့သို့တက်မှု နောက်သို့ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ်သပိတ်သင်္ကန်း ဆောင်ယူမှုသည် ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသောအခါ၌ကား ထိုသူကို ''ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း''ဟု သိကုန်၏၊ ဤသို့ သိကုန်သည်ရှိသော် ထိုရဟန်းကို အပသို့ နှင်ထုတ်ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ်ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ ''တစ်ပါးသော ရဟန်းကောင်းတို့ကို မဖျက်ဆီးပါစေလင့်''ဟု နှလုံးသွင်းရှိသောကြောင့်တည်း။

ရဟန်းတို့ ဥပမာတစ်နည်းသော်ကား ရေတွင်းမှ သွယ်အပ်သော ရေတံလျှောက်ကို အလိုရှိသော ယောက်ျားသည် ဓားထက်ထက်ကို ကိုင်စွဲ၍ တောသို့ ဝင်လေရာ၏၊ ထိုယောက်ျားသည် အကြင် အကြင် သစ်ပင်ကိုပင် ဓားနှောင့်ဖြင့် ထုနှက်ရာ၏၊ ထိုသို့ထုနှက်ရာ၌ မြဲမြံသော အနှစ်ရှိကုန်သော သစ်ပင်တို့သည် ဓားနှောင့်ဖြင့် ထုနှက်အပ်ကုန်သော် မာကြောစွာ အသံမြည်ဟီးကုန်၏။ အတွင်း၌ ပုပ်ကုန်သော စွတ်စိုခြင်း ရှိကုန်သော ယောက်သွားပုပ်သဘောရှိကုန်သော သစ်ပင်တို့သည် ဓားနှောင့်ဖြင့် ထုနှက်အပ်ကုန်သော် ဒုတ်ဒုတ်ဟု အသံမြည်ကုန်၏၊ ထိုသစ်ပင်ကို အရင်းမှ ဖြတ်၏၊ အရင်းမှ ဖြတ်ပြီး၍ အဖျားမှ ဖြတ်၏၊ အဖျားမှ ဖြတ်ပြီး၍ အတွင်း၌ ကောင်းစွာ သုတ်သင်သင့်သည်ကို သုတ်သင်ပြီးလျှင် ရေတွင်းမှ သွယ်အပ်သော ရေတံလျှောက်အဖြစ်၌ ယှဉ်စေ၏။ ရဟန်းတို့ ဤအတူသာလျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်မှု နောက်သို့ ဆုတ်မှု တူရူကြည့်မှု တစောင်းကြည့်မှု ကွေးမှု ဆန့်မှု ဒုကုဋ် သပိတ်သင်္ကန်းဆောင်ယူမှုသည် ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မမြင်ကြရသေးသမျှ တစ်ပါးသော ရဟန်းကောင်းတို့ကဲ့သို့တည်း၊ ထိုသူ၏ အာပတ်ကို ရဟန်းကောင်းတို့ မြင်ကြရသောအခါ၌ကား ထိုသူကို ''ဤသူကား ရဟန်းတို့ကို ဖျက်ဆီးသူတည်း၊ ရဟန်းအဖျင်းတည်း၊ ရဟန်းအမှိုက်တည်း''ဟု သိကုန်၏၊ ဤသို့ သိကုန်သည်ရှိသော် ထိုရဟန်းကို အပသို့ နှင်ထုတ် ဖျက်ဆီးကုန်၏၊ ဤသို့ နှင်ထုတ် ဖျက်ဆီးခြင်းသည် အဘယ့်ကြောင့်နည်း၊ ''တစ်ပါးသော ရဟန်းကောင်းတို့ကို မဖျက်ဆီးပါစေလင့်''ဟု နှလုံးသွင်း ရှိသောကြောင့်တည်းဟု (မိန့်တော်မူ၏)။

အတူတကွ ပေါင်းသင်းဆက်ဆံခြင်းဖြင့် ဤရဟန်းသည် ယုတ်မာသော အလိုရှိ၏၊ အမျက်ထွက်လေ့ရှိ၏၊ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ ကြမ်းကြုတ်ခက်ထန်သော နှလုံးထားရှိ၏၊ ဂုဏ်တုဂုဏ်ပြိုင် လုပ်တတ်၏၊ မနာလို ငြူစူတတ်၏၊ ဝန်တိုမှုရှိ၏၊ စဉ်းလဲတတ်၏။ ပရိသတ်အလယ်၌ အပြောအဆို သိမ်မွေ့၏၊ ရဟန်းကောင်းကဲ့သို့ ပြောဆို တတ်၏၊ ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုလုပ်တတ်၏၊ ယုတ်ညံ့သော အယူရှိ၏၊ ရိုသေမှု ကင်း၏။ တုန်လှုပ်ခြင်းလည်း ရှိ၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆိုတတ်၏ဟု သိနိုင်ကုန်ရာ၏၊ ထိုရဟန်းယုတ်ကို အမှန်အတိုင်း သိသည်ရှိသော် ရဟန်းအားလုံးတို့ ညီညီညွတ်ညွတ် ဖြစ်ကြကုန်လျက် ထိုရဟန်းယုတ်ကို နှင်ထုတ်ကုန်ရာ၏။ အမှိုက်သဖွယ်ဖြစ်သော ရဟန်းကို နှင်ထုတ်ကုန်လော့၊ ယောက်သွားပုပ်သဖွယ်ဖြစ်သော ရဟန်းကို ဆွဲထုတ်ကုန်လော့၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု မှတ်ထင်ကုန်သော အဖျင်းသဖွယ်ဖြစ်သော ရဟန်းတို့ကို မျှောလိုက်ကုန်လော့။ ယုတ်ညံ့သော အလိုရှိကုန်သော ယုတ်ညံ့သော အကျင့်၌ ကျက်စားကုန်သော ရဟန်းယုတ်တို့ကို နှင်ထုတ်ပြီး၍ စင်ကြယ်ကုန်သော ရဟန်းတို့သည် စင်ကြယ်ကုန်သော ရဟန်းကောင်းတို့နှင့် အချင်းချင်း ရိုသေကုန်လျက် ပေါင်းသင်း ဆက်ဆံခြင်းကို ပြုကုန်လော့၊ ထိုသို့ ပေါင်းသင်းဆက်ဆံခြင်းကြောင့် ညီညွတ်ကုန်၍ ပညာရင့်ကုန်လျက် သင်တို့သည် ဒုက္ခ၏ အဆုံးကို ပြုနိုင်ကုန်လတ္တံ့။

ဒသမသုတ်။

ရှေးဦးစွာသော မေတ္တာဝဂ် ပြီး၏။

------

၂-မဟာဝဂ် ၁-ဝေရဉ္ဇသုတ်

၁၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေရဉ္ဇာပြည် နဠေရုမည်သော တမာပင် အနီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆိုပြီးဆုံးစေ၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား အသျှင်ဂေါတမ ဤ (စကား) ကို အကျွန်ုပ် ကြားဖူးပါသည်၊ ''ရဟန်းဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုးခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်''ဟု ကြားဖူးပါသည်၊ အသျှင်ဂေါတမ ထို (အကျွန်ုပ်ကြားဖူးသော စကား) သည် ထို (ကြားဖူးသည့်) အတိုင်း မှန်သည်သာတည်း၊ အသျှင်ဂေါတမ အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်းမကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်၊ အသျှင်ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို မပြုခြင်း) သည် မသင့်လျော်သည်သာလျှင်တည်းဟု လျှောက်၏။ ပုဏ္ဏား နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောက၌ လည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောက၌လည်းကောင်း ငါသည် ရှိလည်း ခိုးထိုက် ခရီးဦးလည်း ကြိုထိုက် ထိုင်ရန်နေရာဖြင့် ဖိတ်လည်း ဖိတ်ထိုက်သော သူကို မြင်တော်မမူ။ ပုဏ္ဏား အကြင်သူကို ငါသည် ရှိမူလည်း ခိုးငြားအံ့၊ ခရီးဦးမူလည်း ကြိုငြားအံ့၊ ထိုင်ရန် နေရာဖြင့်မူလည်း ဖိတ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဂေါတမသည် အရသာကင်းသော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သာယာခြင်းအရသာတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာ ကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤ နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၁)

အသျှင်ဂေါတမသည် သုံးဆောင်ခြင်း မရှိဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သုံးဆောင်ခြင်းတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၂)

အသျှင်ဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည် သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမ သည် မပြုထိုက်ဟူသောအယူ 'အကိရိယဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၃)

အသျှင်ဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော အယူ 'ဥစ္ဆေဒဝါဒ' ရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၄)

အသျှင်ဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းကို လည်းကောင်း စက်ဆုပ်၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်း ပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၅)

အသျှင်ဂေါတမသည် ဖျက်ဆီးတတ်၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဖျက်ဆီးရန် တရားကို ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးရန် တရားကို ဟော၏၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင် ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၆)

အသျှင်ဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည် ကိုယ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ကိုလည်းကောင်း၊ နှုတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ကိုလည်းကောင်း၊ စိတ်ဖြင့်ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကိုလည်းကောင်း၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကိုလည်းကောင်း ပူပန်စေတတ်သော တရားတို့ဟူ၍ ဟော၏၊ ပုဏ္ဏား ပူပန်စေတတ်၍ ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့ကို ပယ်ပြီးသော၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ဖြတ်ပြီးသော၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော၊ နောင်အခါ၌ ဖြစ်ခြင်းသဘောမရှိသော သူကို ပူပန်စေတတ်သော အကျင့်ရှိသူဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်း သဘော မရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၇)

အသျှင်ဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးသော၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော၊ နောင်အခါ၌ ဖြစ်ခြင်းသဘောမရှိသောသူကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏၊ ပုဏ္ဏား မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်း သဘောမရှိကုန်ပြီ၊ ပုဏ္ဏား ဤနည်းပရိယာယ် အားဖြင့် ''ရဟန်းဂေါတမသည် နတ်ပြည်ရောက်ခြင်းငှါ မထိုက်''ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့ ၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။ (၈)

ပုဏ္ဏား ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊ တစ်ဆယ့်နှစ်လုံးသော်လည်းကောင်း ဥတို့သည် ရှိကုန်ရာ၏၊ ထို (ဥ)တို့ကို ကြက်မသည် ကောင်းစွာ ဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်၏၊ (ကြက်ဥတို့အတွင်း၌ တည်သော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်း ဖျား နှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသော ကြက်ငယ်ကို အဘယ်သို့ ဆိုအပ်သနည်း''အကြီးဟူ၍ ဆိုအပ်သလော၊ သို့မဟုတ် အငယ်ဟူ၍ ဆိုအပ်သလော''ဟု (မေးတော်မူ၏)။

အသျှင်ဂေါတမ ''အကြီး''ဟူ၍ ဆိုအပ်ပါသည်၊ ထိုကြက်ငယ်အပေါင်းတို့တွင် (ဥခွံကို ဖောက်ခွဲ၍ ရှေးဦးစွာ ထွက်လာသော) ထို (ကြက်ငယ်) သည် အကြီးဖြစ်ပါ၏ဟု (လျှောက်၏)။

ပုဏ္ဏား ဤအတူပင်လျှင် အဝိဇ္ဇာ၌ ရောက်သော (အဝိဇ္ဇာ)ဟူသော ဥ၌ဖြစ်သော (အဝိဇ္ဇာဟူသော ဥခွံဖြင့်) ထက်ဝန်းကျင် မြှေးယှက်အပ်သော သတ္တဝါအပေါင်းတွင် အဝိဇ္ဇာဟူသော ဥခွံကို ဖောက်ခွဲ၍ (ငါ) တစ်ဦးတည်းသာလျှင် လောက၌ အတုမဲ့လွန်မြတ်သော ကိုယ်တိုင်မှန်စွာ သိမြင်သော 'သမ္မာသမ္ဗောဓိ' ဉာဏ်ကို ထိုးထွင်း၍ သိပြီ၊ ပုဏ္ဏား ထိုငါသည် လောကထက် ကြီး၏၊ မြတ်၏။ ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ခြင်းမရှိသော သတိ သည် ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိ သည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ် တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်ခြင်း 'ဝိတက်' နှင့်တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော၊ (နီဝရဏ) ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်တည်ကြည်ခြင်း 'သမာဓိ' ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ဆင်ခြင်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ၊ နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်း ကြောင့် အောက်မေ့ခြင်း 'သတိ' ဆင်ခြင်ခြင်း 'သမ္ပဇဉ်' နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာခြင်း 'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစားခဲ့ပြီ၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ (ထိုငါသည်)့ထိုတတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးက ပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေခဲ့ပြီ။

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၍ သိသော 'ပုဗ္ဗေနိဝါသာနုဿတိဉာဏ်' အလို့ငှါ စိတ်ကို ရှေး ရှုညွတ်စေခဲ့ပြီ။ ထိုငါသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း- တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကို လည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝ တစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ''ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏''ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်) နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့ခဲ့ပြီ။ ပုဏ္ဏား ငါသည် ညဉ့်ဦး 'ပဌမ' ယာမ်၌ ဤပဌမဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ် လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင် ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင် ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ ပဌမ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။ (၁)

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် သတ္တဝါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကို သိသော 'စုတူပပါတဉာဏ်'' အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။

ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့် တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏၊ ''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲ ကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏''ဟု သိ၏၊ ''အချင်းတို့ ဤသတ္တဝါတို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှ ကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် 'သုဂတိ' ၌ ဖြစ်ပေါ်ကုန်၏''ဟု သိ၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်း လှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်လာသော သတ္တဝါတို့ကို သိ၏၊ ပုဏ္ဏား ငါသည် သန်းခေါင် 'မဇ္ဈိ မ'ယာမ်၌ ဤဒုတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အဝိဇ္ဇာ ဥခွံမှ) ငါ၏ ဒုတိယဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။ (၂)

ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါတရားတို့ကို ကုန်စေသော 'အာသဝက္ခယဉာဏ်' အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။ ထိုငါသည် ''ဤကား ဆင်းရဲ''ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ဆင်းရဲဖြစ်ပေါ်ခြင်း၏ အကြောင်း''ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ဆင်းရဲ ချုပ်ရာ (နိဗ္ဗာန်)''ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်''ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ''ဤသည်တို့ကား ယိုစီးခြင်း အာသဝတို့''ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ''ဤကား ယိုစီးခြင်း အာသဝတို့ ဖြစ်ပေါ်ခြင်း၏ အကြောင်း''ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ''ဤကား ယိုစီးခြင်း 'အာသဝ'တို့ ချုပ်ရာ (နိဗ္ဗာန်)''ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ''ဤကား ယိုစီးခြင်း 'အာသဝ'တို့ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်''ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည် ကာမာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ ဘဝါသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ အဝိဇ္ဇာသဝမှလည်း လွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက် ပြီးလတ်သော် ''လွတ်မြောက်ခဲ့လေပြီ''ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိ တော့ပြီ''ဟု သိခဲ့ပြီ။

ပုဏ္ဏား ငါသည် မိုးသောက် 'ပစ္ဆိမ'ယာမ်၌ ဤတတိယဖြစ်သော အသိဉာဏ် 'ဝိဇ္ဇာ' ကို ရခဲ့ပြီ၊ မမေ့ မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။ ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာ့သကဲ့သို့ (အဝိဇ္ဇာဥခွံမှ) ငါ၏ တတိယဖောက်ခွဲ ထွက်ပေါ်လာခြင်း ဖြစ်၏။ (၃)

ဤသို့ မိန့်တော်မူသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဤ (စကားကို) လျှောက်၏။ ''အသျှင်ဂေါတမသည် အကြီးဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် အမြတ်ဖြစ်ပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက် ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိပြသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ပြဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ''မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်''ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ''ဟု (လျှောက်၏)။

ပဌမသုတ်။

------

 

၂-သီဟသုတ်

၁၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုစဉ်အခါ အလွန်ကျော်စောထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ ထိုအခါ နိဂဏ္ဌ၏တပည့် သီဟစစ်သူကြီးသည် ထိုပရိသတ်၌ ထိုင်နေ၏၊ ထိုအခါ သီဟစစ်သူကြီးအား ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ဘုရားဖြစ်ပေလိမ့်မည်၊ ထို့ကြောင့်သာလျှင် အလွန်ကျော်စောထင်ရှားကုန်သော ဤလိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ရမူ ကောင်းရာ၏''ဟု အကြံဖြစ်၏။ ထို့နောက် သီဟစစ်သူကြီးသည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်ပြီးလျှင် နာဋ၏သား နိဂဏ္ဌအား ''အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ခြင်းငှါ အလိုရှိပါ၏''ဟု ပြောဆို၏။ သီဟ အဘယ့်ကြောင့် သင်သည် ပြုထိုက်၏ဟူသော 'ကိရိယဝါဒ' အယူရှိလျက် မပြုထိုက်ဟူသော 'အကိရိယဝါဒ' အယူရှိသော ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လိုဘိသနည်း၊ သီဟ ရဟန်းဂေါတမသည် မပြုထိုက်ဟု 'အကိရိယဝါဒ' အယူရှိ၏၊ မပြုစိမ့်သောငှါ တရားကို ဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့် တပည့်တို့ကို ဆုံးမ၏ဟု (ပြောဆို၏)။

ထိုအခါ သီဟစစ်သူကြီးအား မြတ်စွာဘုရားကို ဖူးမြော်ရန် သွားအံ့ဟု အားထုတ်မှုသည် ငြိမ်းလေ၏။ နှစ်ကြိမ်မြောက်လည်း အလွန်ကျော်စောထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ နှစ်ကြိမ်မြောက်လည်း သီဟစစ်သူကြီးအား ''ထိုမြတ်စွာဘုရားသည် စင်စစ် ဧကန် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားဖြစ်ပေလိမ့်မည်၊ ထို့ကြောင့်သာလျှင် အလွန်ကျော်စောထင်ရှားကုန်သော ဤလိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူစည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ရမူ ကောင်းရာ၏''ဟု အကြံဖြစ်၏။ နှစ်ကြိမ်မြောက်လည်း သီဟစစ်သူကြီးသည် နိဂဏ္ဌနာဋပုတ္တထံသို့ ချဉ်းကပ်ပြီးလျှင် နာဋ၏သား နိဂဏ္ဌအား ''အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်ခြင်းငှါ အလိုရှိပါ၏''ဟု ပြောဆို၏။ သီဟ အဘယ့်ကြောင့် သင်သည် ပြုထိုက်၏ဟု 'ကိရိယဝါဒ' အယူရှိလျက် မပြုထိုက်ဟု 'အကိရိယ ဝါဒ' အယူရှိသော ရဟန်းဂေါတမကို ဖူးမြော်ရန် ချဉ်းကပ်လိုဘိသနည်း၊ သီဟ ရဟန်းဂေါတမသည် မပြုထိုက်ဟု 'အကိရိယဝါဒ' အယူရှိ၏၊ မပြုစိမ့်သောငှါ တရားကို ဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့် တပည့်တို့ကို ဆုံးမ၏ဟု (ပြောဆို၏)။ နှစ်ကြိမ်မြောက်လည်း သီဟစစ်သူကြီးအား မြတ်စွာဘုရားကို ဖူးမြော်ရန် သွားအံ့ဟု အားထုတ်မှုသည် ငြိမ်းလေ၏။ သုံးကြိမ်မြောက်လည်း အလွန်ကျော်စောထင်ရှားကုန်သော လိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူ စည်းဝေးကုန်လျက် များစွာသောအကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရား တော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ သုံးကြိမ်မြောက်လည်း သီဟစစ်သူကြီးအား ''ထိုမြတ်စွာဘုရားသည် စင်စစ် ဧကန် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ဘုရားဖြစ်ပေလိမ့်မည်၊ ထို့ကြောင့်သာလျှင် အလွန်ကျော်စော ထင်ရှားကုန်သော ဤလိစ္ဆဝီမင်းတို့သည် မင်းကွန်း၌ အတူနေ အတူ စည်းဝေးကုန်လျက် များစွာသော အကြောင်းဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကို ပြောဆိုကုန်၏၊ တရားတော်၏ ဂုဏ်ကို ပြောဆိုကုန်၏၊ သံဃာတော်၏ ဂုဏ်ကို ပြောဆိုကုန်၏။ ပန်ကြားသည်ဖြစ်စေ မပန်ကြားသည်ဖြစ်စေ ဤနိဂဏ္ဌတို့သည် အသို့ပြုနိုင်ကုန်အံ့နည်း၊ ငါသည် နိဂဏ္ဌတို့ကို မပန်ကြားဘဲသာလျှင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်ရန် ချဉ်းကပ်ရမူ ကောင်းရာ၏''ဟု အကြံဖြစ်၏။ ထို့နောက် သီဟစစ်သူကြီးသည် နေမွန်းလွဲအခါ ရထားငါးရာတို့ဖြင့် မြတ်စွာဘုရားကို ဖူးမြော်ရန် ဝေသာလီပြည်မှ ထွက်လေ၏၊ ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်ကာ မြတ်စွာဘုရားအား-

''အသျှင်ဘုရား 'ရဟန်းဂေါတမသည် မပြုထိုက်ဟူသော 'အကိရိယဝါဒ' အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ကြားရဖူးပါသည်၊ အသျှင်ဘုရား အသို့ပါနည်း၊ 'ရဟန်းဂေါတမသည် မပြုထိုက်ဟူသော 'အကိရိယဝါဒ' အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်တို့ကို ဆုံးမ၏'ဟု ဆိုသော ထိုသူတို့ သည် မြတ်စွာဘုရား မိန့်တော်မူသည့်အတိုင်းပင် ပြောဆိုကြသည်ဟုတ်ပါ၏လော၊ မြတ်စွာဘုရားကို မဟုတ်မမှန်သော စကားဖြင့် စွပ်စွဲရာ မရောက်ဘဲ ရှိပါကုန်၏လော၊ မြတ်စွာဘုရား ဟောသော တရားကိုပင် တစ်ဆင့်ဟောကြားကြသည် ဟုတ်ပါ၏လော၊ (မြတ်စွာဘုရား၏) မူလရင်းစကားနှင့် (ထိုသူတို့၏) တစ်ဆင့်ပြောသော စကားသည် ကဲ့ရဲ့ဖွယ်အကြောင်း လုံးဝ ကင်းပါ၏လော၊ အကျွန်ုပ်တို့သည်ကား မြတ်စွာဘုရားကို စွပ်စွဲရန် အလိုမရှိကြပါ''ဟု လျှောက်၏။

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော 'အကိရိယ ဝါဒ' အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၁)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပြုထိုက်၏ဟူသော 'ကိရိယ ဝါဒ' အယူရှိ၏၊ ပြုစိမ့်သောငှါ တရားဟော၏၊ ထို (ကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၂)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော 'ဥစ္ဆေဒ ဝါဒ' အယူရှိ၏၊ ဖြတ်စိမ့်သောငှါ တရားဟော၏၊ ထို (ဥစ္ဆေဒဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၃)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်းသဘော ရှိ၏၊ စက်ဆုပ်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆို လိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၄)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏၊ ဖျက်ဆီး စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၅)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော အကျင့် ရှိ၏၊ ပူပန်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၆)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပဋိသန္ဓေနေခြင်းမှ ကင်း၏၊ ပဋိသန္ဓေနေခြင်းမှ ကင်းစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၇)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သက်သာရာကို ရှာတတ်၏၊ သက်သာရာကို ရှာစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိ၏။ (၈)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော 'အကိရိယ ဝါဒ' အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကို မပြုထိုက်ဟု ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို မပြုထိုက်ဟု ဟော၏၊ သီဟ ဤသို့သော နည်းပရိယာယ် အားဖြင့် ''ရဟန်းဂေါတမသည် မပြုထိုက်ဟူသော 'အကိရိယဝါဒ' အယူရှိ၏၊ မပြုစိမ့်သောငှါ တရားဟော၏၊ ထို (အကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၁)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပြုထိုက်၏ဟူသော 'ကိရိယ ဝါဒ' အယူရှိ၏၊ ပြုစိမ့်သောငှါ တရားဟော၏၊ ထို (ကိရိယဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်' ကို့ပြုထိုက်၏ဟု ဟော၏၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပြုထိုက်၏ဟူသော 'ကိရိယဝါဒ' အယူရှိ၏၊ ပြုစိမ့်သောငှါ တရားဟော၏၊ ထို (ကိရိယဝါဒ) တရားဖြင့်လည်း တပည့် သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၂)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖြတ်အပ်၏ဟူသော 'ဥစ္ဆေဒ ဝါဒ' အယူရှိ၏၊ ဖြတ်စိမ့်သောငှါ တရားဟော၏၊ ထို (ဥစ္ဆေဒဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ရာဂ ဒေါသ မောဟတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖြတ်အပ်သည်ကို ဟော၏၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်း ဂေါတမသည် ဖြတ်အပ်၏ဟူသော 'ဥစ္ဆေဒဝါဒ' အယူရှိ၏၊ ဖြတ်စိမ့်သောငှါ တရားဟော၏၊ ထို (ဥစ္ဆေဒဝါဒ) တရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၃)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏၊ စက်ဆုပ်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆို လိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' မှ စက်ဆုပ်၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ စက်ဆုပ်၏၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် စက်ဆုပ်ခြင်း သဘောရှိ၏၊ စက်ဆုပ် စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၄)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏၊ ဖျက်ဆီး စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ရာဂ ဒေါသ မောဟကို ဖျက်ဆီးစိမ့်သောငှါ တရားဟော၏၊ များပြားသော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ဖျက်ဆီးစိမ့်သောငှါ တရားဟော၏၊ သီဟ ဤသို့သော နည်း ပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ဖျက်ဆီးတတ်၏၊ ဖျက်ဆီးစိမ့်သောငှါ တရားဟော၏၊ ထိုတရား ဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၅)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘော ရှိ၏၊ ပူပန်စိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော ထိုုအကြောင်းကား အဘယ်နည်း။

သီဟ ငါသည် ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပူပန်စေတတ်၏ဟု ဟော၏၊ ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်' ကို ပူပန်စေတတ်၏ဟု ဟော၏။ သီဟ ပူပန်စေတတ်၍ ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ပြီးသော၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ပြုပြီးသော၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော၊ နောင်တစ်ဖန် ဖြစ်ခြင်းသဘော မရှိသော ပုဂ္ဂိုလ်ကို ကိလေသာတို့ကို ပူပန်စေတတ်သော ပုဂ္ဂိုလ်ဟူ၍ ငါ ဟော၏။ သီဟ မြတ်စွာဘုရားသည် ပူပန်စေတတ်သော ယုတ်ညံ့သော အကုသိုလ်တရားတို့ကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ သီဟ ဤသို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပူပန်စေတတ်သော သဘောရှိ၏၊ ပူပန်စိမ့်သောငှါ တရား ဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကိုဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၆)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် ပဋိသန္ဓေနေခြင်းမှ ကင်း၏၊ ပဋိသန္ဓေနေခြင်းမှ ကင်းစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော အကြောင်းကား အဘယ်နည်း။

သီဟ နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း တစ်ဖန်ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးသော (အဝိဇ္ဇာ တဏှာ)

အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးသော (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ပြုပြီးသော (အသစ်) မဖြစ်ခြင်းကို ပြုပြီးသော နောင်အခါ၌ ဖြစ်ခြင်းသဘောမရှိသော ပုဂ္ဂိုလ်ကို ပဋိသန္ဓေနေခြင်းမှ ကင်း၏ဟု ငါဟော၏။ သီဟ မြတ်စွာဘုရားသည် နောင်တစ်ဖန် ပဋိသန္ဓေနေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိကုန်ပြီ၊ သီဟ ဤသို့သော နည်းပရိယာယ် အားဖြင့် ''ရဟန်းဂေါတမသည် ပဋိသန္ဓေနေခြင်းမှ ကင်း၏၊ ပဋိသန္ဓေနေခြင်းမှ ကင်းစိမ့်သောငှါ တရား ဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၇)

သီဟ အကြင်သို့သော နည်းပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သက်သာရာကို ရှာတတ်၏၊ သက်သာရာကို ရစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာသော အကြောင်းကား အဘယ်နည်း။

သီဟ ငါသည် မြတ်သော (မဂ်ဖိုလ်ဟူသော) သက်သာခြင်းဖြင့် သက်သာရာကို ရှာ၏၊ သက်သာ ရာကို ရစိမ့်သောငှါ တရားဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏။ သီဟ ဤနည်း ပရိယာယ်အားဖြင့် ''ရဟန်းဂေါတမသည် သက်သာရာကို ရှာ၏၊ သက်သာရာကို ရစိမ့်သောငှါ တရား ဟော၏၊ ထိုတရားဖြင့်လည်း တပည့်သားတို့ကို ဆုံးမ၏'ဟု ငါ့ကို ပြောဆိုလိုမူ ပြောဆိုနိုင်ရာ၏။ (၈)

ဤသို့ ဟောတော်မူသော် သီဟစစ်သူကြီးသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါ ပေ၏။ပ။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ် ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

သီဟ စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အား စူးစမ်း ဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ''သီဟ စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အား စူးစမ်းဆင်ခြင်၍ ပြုခြင်းသည် ကောင်း၏''ဟု မိန့်တော်မူ၏၊ ဤစကားဖြင့်လည်း အကျွန်ုပ်သည် မြတ်စွာဘုရားအား အတိုင်းထက် အလွန် ဝမ်းမြောက်ပါ၏၊ နှစ်သက်ပါ၏။ အသျှင်ဘုရား တစ်ပါးသော အယူရှိသော တိတ္ထိတို့သည် အကျွန်ုပ်ကဲ့သို့သော တပည့်ကို ရခဲ့သော် ''သီဟစစ်သူကြီးသည် ငါတို့၏ တပည့်အဖြစ်သို့ ရောက်၏''ဟု နှလုံးသွင်းကာ ဝေသာလီ တစ်ပြည်လုံးကို တံခွန်အောင်လံ စိုက်ထောင်ကုန်ရာ၏၊ ထိုသို့ ဖြစ်ပါလျက်လည်း မြတ်စွာဘုရားသည် အကျွန်ုပ်ကို ''သီဟ စူးစမ်းဆင်ခြင်၍ ပြုလော့၊ သင်တို့ကဲ့သို့ ထင်ရှားကျော်စောသော သူတို့အား စူးစမ်း ဆင်ခြင်၍ ပြုမှုသည် ကောင်း၏''ဟု မိန့်တော်မူ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် နှစ်ကြိမ်မြောက် လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာသုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

သီဟ ရှည်စွာသော နေ့ညဉ့်ပတ်လုံး သင်၏ အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ်ဖြစ်ခဲ့သော ကြောင့် ကပ်ရောက်လာသော ထိုနိဂဏ္ဌတို့အား ဆွမ်းလှူရမည်ကို အောက်မေ့လေလော့ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ''သီဟ ရှည်စွာသော နေ့ညဉ့်ပတ်လုံး သင်၏ အိမ်သည် နိဂဏ္ဌတို့၏ ရေတွင်းသဖွယ်ဖြစ်ခဲ့သောကြောင့် ကပ်ရောက်လာသော ထိုနိဂဏ္ဌတို့အား ဆွမ်းလှူ ရမည်ကို အောက်မေ့လေလော့''ဟု မိန့်တော်မူ၏၊ ဤစကားဖြင့်လည်း အကျွန်ုပ်သည် မြတ်စွာဘုရား အား အတိုင်းထက်အလွန် ဝမ်းမြောက်ပါ၏၊ နှစ်သက်ပါ၏။ အသျှင်ဘုရား ရဟန်းဂေါတမသည် ''ငါ့အား သာလျှင် အလှူကို လှူအပ်၏၊ တစ်ပါးသော သူတို့အား အလှူကို မလှူအပ်၊ ငါ၏ တပည့်သားတို့ အားသာလျှင် အလှူကို ပေးလှူအပ်၏၊ တစ်ပါးသော သူတို့၏ တပည့်သားတို့အား အလှူကို မပေး လှူအပ်။ ငါ့အား လှူသော အလှူသည်သာလျှင် အကျိုးကြီး၏၊ တစ်ပါးသော သူတို့အား လှူသော အလှူသည် အကျိုးမကြီး၊ ငါ၏ တပည့်သားတို့အား လှူသော အလှူသည်သာလျှင် အကျိုးကြီး၏၊ တစ်ပါးသော သူတို့၏ တပည့်သားတို့အား လှူသော အလှူသည် အကျိုးမကြီး''ဟု ဟောတော်မူ၏ဟူသော ဤစကားကို အကျွန်ုပ်ကြားရဖူးပါသည်၊ ထိုသို့ဖြစ်လျက်လည်း မြတ်စွာဘုရားသည် အကျွန်ုပ်ကို နိဂဏ္ဌတို့၌လည်း ပေးလှူခြင်း၌ ဆောက်တည်စေ၏၊ အသျှင်ဘုရား စင်စစ်သော်ကား အကျွန်ုပ်တို့သည် ထိုအလှူပေးခြင်း၌ အခါကာလကို သိပါကုန်အံ့၊ အသျှင်ဘုရား ထိုအကျွန်ုပ်သည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ရတနာ သုံးပါးကို) ကိုးကွယ်ဆည်းကပ်တတ်သော ဥပါသကာဟူ၍ မှတ်တော်မူပါဟု (လျှောက်၏)။

ထိုအခါ မြတ်စွာဘုရားသည် သီဟစစ်သူကြီးအား အစဉ်အတိုင်းသော တရားစကားကို ဟော တော်မူ၏။ ဤသည်ကား အဘယ်နည်း- ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့်စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကိုလည်းကောင်း ပြတော်မူ၏။ မြတ်စွာဘုရားသည် သီဟစစ်သူကြီး၌ သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ'မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သော စိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင်ထုတ်ဖော် သိမြင်ပြီးသော 'သာမုက္ကံသိက' တရား ဒေသနာတော်ဖြစ်သော ဆင်းရဲခြင်း 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကို လည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓ'သို့ ရောက်ကြောင်း လမ်း 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထို့အတူ သီဟစစ်သူကြီးအား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘော ရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု (ကိလေသာ) မြူအညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်'သည် ဖြစ်ပေါ်၏။ ထိုအခါ သီဟစစ်သူကြီးသည် တရားကို မြင်ပြီး တရားသို့ ရောက်ပြီး တရားကို သိပြီး တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီး သို့လော သို့လော 'တွေးတောခြင်း'ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရားသာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည် ဖြစ်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရားသည် နက်ဖြန် ဆွမ်းဘုဉ်းပေးရန် ရဟန်းသံဃာနှင့်အတူ အကျွန်ုပ်၏ ဆွမ်းကို လက်ခံတော်မူပါ''ဟု လျှောက်၏၊ မြတ်စွာဘုရားသည် ဆိတ်ဆိတ်နေသဖြင့် လက်ခံတော်မူ၏။ ထိုအခါ သီဟစစ်သူကြီး သည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။

ထို့နောက် သီဟစစ်သူကြီးသည် ယောက်ျားတစ်ယောက်ကို ''အချင်း သွားချေ၊ အလိုလိုဖြစ်သော အသားကို သိလော့''ဟု ဆို၍စေခိုင်း၏၊ ထိုအခါ၌ သီဟစစ်သူကြီးသည် ထိုညဉ့်လွန်သောအခါ မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်ပြီးလျှင် မြတ်စွာဘုရားအား ''အသျှင်ဘုရား (ဆွမ်းဘုဉ်းပေးရန်) အချိန်တန်ပါပြီ၊ ဆွမ်းစီမံပြီးပါပြီ''ဟု အချိန်တန်ကြောင်းကို လျှောက်ကြားစေ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူကာ သီဟ စစ်သူကြီးအိမ်သို့ ကြွတော်မူ၍ ခင်းထားသောနေရာ၌ ရဟန်းသံဃာနှင့်အတူ ထိုင်နေတော်မူ၏။ ထိုအခါ များစွာသော နိဂဏ္ဌတို့သည် ဝေသာလီပြည် လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့လည်းကောင်း၊ လမ်းဆုံ တစ်ခုမှ လမ်းဆုံတစ်ခုသို့လည်းကောင်း၊ (သွား၍) လက်မောင်းတို့ကို မြှောက်ကုန်လျက် ''ယနေ့ သီဟ စစ်သူကြီးသည် ဆူဖြိုးသော (ကျွဲ နွား ဆိတ် ဝက် အစရှိသော) သတ္တဝါကို သတ်၍ ရဟန်းဂေါတမအား ဆွမ်းလုပ်ကျွေး၏၊ ရဟန်းဂေါတမသည် သိလျက် ရည်ညွှန်း၍ သတ်သော ထိုအမဲသားကို စား၏၊ မိမိကို စွဲ၍ သတ်သော မကောင်းမှုကံကို (ရ၏)''ဟု ဟစ်အော်ကြွေးကြော်ကုန်၏။ ထိုအခါ၌ ယောက်ျားတစ်ယောက်သည် သီဟစစ်သူကြီးအထံသို့ ချဉ်းကပ်ပြီးလျှင် သီဟစစ်သူကြီး၏ နားရင်း၌ ''အရှင် သိပါလော့ များစွာသော ဤနိဂဏ္ဌတို့သည် ဝေသာလီပြည် လမ်းမတစ်ခုမှ လမ်းမ တစ်ခုသို့လည်းကောင်း၊ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့လည်းကောင်း (သွား၍) လက်မောင်းတို့ကို မြှောက်ကုန်လျက် 'ယနေ့ သီဟစစ်သူကြီးသည် ဆူဖြိုးသော (ကျွဲ နွား ဆိတ် ဝက် အစရှိသော) သတ္တဝါကို သတ်၍ ရဟန်းဂေါတမအား ဆွမ်းလုပ်ကျွေး၏၊ ရဟန်းဂေါတမသည် သိလျက် ရည်ညွှန်း၍ သတ်သော ထိုအမဲသားကို စား၏၊ မိမိကို စွဲ၍ သတ်သော မကောင်းမှုကံကို (ရ၏)'ဟု ဟစ်အော် ကြွေးကြော်ကုန်၏''ဟု ပြောကြား၏။ အမောင် မသင့်လျော်ချေ၊ ထိုအသျှင်နိဂဏ္ဌတို့သည် ရှည်စွာသော နေ့ညဉ့်ပတ်လုံး မြတ်စွာဘုရား၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏၊ တရားတော်၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏၊ သံဃာတော်၏ ကျေးဇူးမဲ့ကို အလိုရှိကုန်၏။ ထိုအသျှင်နိဂဏ္ဌတို့သည် မြတ်စွာဘုရားကို ထင်ရှားမရှိဘဲ အချည်းနှီးမဟုတ်မမှန်သော စကားဖြင့် စွပ်စွဲကြသည်ကား မစဲနိုင်ကြကုန်၊ ငါတို့သည်ကား အသက်ဟူသော အကြောင်းကြောင့်လည်း သေစေလိုသောစေတနာဖြင့် သူ့အသက်ကို မသတ်စေကုန်ရာ''ဟု (ပြောဆို၏)။

ထိုအခါ သီဟစစ်သူကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့်တိုင်အောင် မိမိကိုယ်တိုင် လုပ်ကျွေး၏၊ မြတ်စွာဘုရားသည် ဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ တစ်ခုသောနေရာ၌ ထိုင်နေသော သီဟစစ်သူကြီးကို တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန် ရွှင်လန်းစေပြီးသော် နေရာမှ ထကာ ဖဲကြွတော်မူ၏။

ဒုတိယသုတ်။

------

၃-အဿာဇာနီယသုတ်

၁၃။ ရဟန်းတို့ မင်း၏ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံးအဆောင် ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခြင်းသို့ ရောက်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ ဤလောက၌ မင်း၏ အာဇာနည်မြင်းကောင်းသည် (၁) အမိဘက် အဖဘက် နှစ်ဖက်စလုံးမှ ကောင်းစွာ မွေးဖွား၏၊ တစ်ပါးသော အာဇာနည်မြင်း ကောင်းတို့ မွေးဖွားရာ (သိန္ဓုမြစ်ကမ်း) အရပ်၌ မွေးဖွား၏။ (၂) ထိုအာဇာနည်မြင်းအား အစိုဖြစ်စေ အခြောက်ဖြစ်စေ ကျွေးသောအစာကို ဖရိုဖရဲ မကြဲစေမူ၍ သာလျှင် ကောင်းမွန်စွာ စား၏။

(၃) ကျင်ကြီးကိုဖြစ်စေ ကျင်ငယ်ကိုဖြစ်စေ ဖိ၍နေရန်သော်လည်းကောင်း၊ ဖိ၍ အိပ်ရန်သော် လည်းကောင်း စက်ဆုပ်၏။ (၄) စင်ကြယ်သော အလေ့အထရှိ၏၊ ချမ်းသာစွာ နေလေ့ရှိ၏၊ တစ်ပါးသော မြင်းတို့ကို မထိတ် လန့်စေတတ်။ (၅) ထိုမြင်း၏ စဉ်းလဲခြင်း, နွားကျင်ငယ် ကောက်ကဲ့သို့ ကောက်ခြင်း, လရေးကောက်ကဲ့သို့ ကောက်ခြင်း, ထွန်ကိုင်းကောက်ကဲ့သို့ ကောက်ခြင်းတို့ကို ရထားထိန်းအားဟုတ်မှန်သည့် အတိုင်း ထင်စွာ ပြုတတ်၏၊ ထိုမြင်း၏ ထိုစဉ်းလဲမှု အစရှိသည်တို့ကို ရထားထိန်းသည် နှိပ်ကွပ်ဆုံးမခြင်းငှါ လုံ့လပြု၏။ (၆) ဝန်ကိုလည်း ဆောင်လေ့ရှိ၏၊ ''စင်စစ် တစ်ပါးသော မြင်းတို့ ဆောင်သည်ဖြစ်စေ မဆောင် သည်ဖြစ်စေ ဤအရာ၌ ငါသည်သာလျှင် ဆောင်အံ့''ဟု စိတ်ကိုဖြစ်စေ၏။ (၇) သွားသည်ရှိသော် ဖြောင့်သော လမ်းဖြင့်သာ သွား၏။ (၈) အသက်ထက်ဆုံး အားရှိ၏၊ အားအစွမ်းကိုလည်း ပြတတ်၏။ ရဟန်းတို့ မင်း၏ ဤအင်္ဂါ ရှစ်မျိုးတို့နှင့်ပြည့်စုံသော အာဇာနည်မြင်းကောင်းသည် မင်းအား ထိုက်၏၊ မင်း၏ အသုံး အဆောင်ဖြစ်၏၊ မင်း၏ အင်္ဂါအစိတ်အပိုင်းဟူ၍ ရေတွက်ခြင်းသို့ ရောက်၏။ ရဟန်းတို့ ဤအတူသာလျှင် တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင် လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (၁) သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်စည်း၍ နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိသည် ဖြစ်၍ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်လျက် ကျင့်၏၊ (၂) ထိုရဟန်းအား ယုတ်ညံ့သည်လည်းဖြစ်စေ မွန်မြတ်သည်လည်းဖြစ်စေ ပေးလှူအပ်သော ဘောဇဉ်ကို မညည်းမညူ ကောင်းစွာသာလျှင် သုံးဆောင်၏၊ (၃) ကိုယ်ဖြင့် ပြုအပ်သော မကောင်းမှု၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းမှု၊ စိတ်ဖြင့် ပြုအပ်သော မကောင်းမှုမှ စက်ဆုပ်၏၊ ယုတ်ညံ့သောအကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ စက်ဆုပ်၏၊ (၄) စင်ကြယ်သော အလေ့ရှိ၏၊ ချမ်းသာစွာ နေလေ့ရှိ၏၊ တစ်ပါးသော ရဟန်းတို့ကို မထိတ် လန့်စေတတ်၊ (၅) ထိုရဟန်း၏ စဉ်းလဲခြင်း, နွားကျင်ငယ် ကောက်ကဲ့သို့ ကောက်ခြင်း, လရေးကောက်ကဲ့သို့ ကောက်ခြင်း, ထွန်ကိုင်းကောက်ကဲ့သို့ ကောက်ခြင်းတို့ကို မြတ်စွာဘုရား၌သော်လည်းကောင်း၊ ပညာရှိသီတင်းသုံးဖော်တို့၌သော်လည်းကောင်းဟုတ်မှန်သည့်အတိုင်း ထင်စွာ ပြုတတ်၏၊ ထိုရဟန်း၏ ထိုစဉ်းလဲခြင်းအစရှိသည်တို့ကို မြတ်စွာဘုရားသည်လည်းကောင်း၊ ပညာရှိ သီတင်းသုံးဖော်တို့သည်လည်းကောင်း နှိပ်ကွပ်ဆုံးမခြင်းငှါ လုံ့လပြု၏၊ (၆) ကျင့်သုံးတတ်၏၊ ''စင်စစ် တစ်ပါးသော ရဟန်းတို့ ကျင့်သုံးသည်ဖြစ်စေ မကျင့်သုံးသည်ဖြစ်စေ ဤအရာ၌ ငါသည်သာလျှင် ကျင့်သုံးအံ့''ဟု စိတ်ကိုဖြစ်စေ၏၊ (၇) သွားသည်ရှိသော် ဖြောင့်သော လမ်းဖြင့်သာလျှင် သွား၏။ ထိုစကားရပ်၌ ဤဆိုလတ္တံ့သည်ကား ဖြောင့်သော လမ်းတည်း၊ ဤဖြောင့်သော လမ်းသည် အဘယ်နည်း၊ ကောင်းစွာ မြင်ခြင်း 'သမ္မာဒိဋ္ဌိ'။ပ။ ကောင်းစွာ တည်ကြည်ခြင်း 'သမ္မာသမာဓိ' ဤသည်တို့တည်း။ (၈) ''ကိုယ်၌ အရေ အကြော အရိုးမျှသာ ကြွင်းသော်လည်း ကြွင်းစေ၊ အသား အသွေးတို့သည့်ခန်းခြောက်သော်လည်း ခန်းခြောက်စေ၊ ယောက်ျားတို့၏ အားအစွမ်း ယောက်ျားတို့၏ ဝီရိယ ယောက်ျားတို့၏ လုံ့လဖြင့် ရောက်အပ် ရအပ်သော တရားသို့ မရောက်ဘဲ မရဘဲ ဝီရိယ၏ ဆုတ်ယုတ်ရပ်တန့်ခြင်းသည် မဖြစ်အံ့''ဟု ထက်သန်သော လုံ့လရှိသည် ဖြစ်၍ နေ၏။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် (အရပ်ဝေးမှ) ဆောင်လာ၍သော် လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-အဿခဠုင်္ကသုတ်

၁၄။ ရဟန်းတို့ မြင်းယုတ် ရှစ်မျိုးတို့ကိုလည်းကောင်း၊ မြင်း၏ အပြစ် ရှစ်မျိုးတို့ကိုလည်းကောင်း၊ ယောက်ျားယုတ်ရှစ်မျိုးတို့ကိုလည်းကောင်း၊ ယောက်ျား၏ အပြစ်ရှစ်မျိုးတို့ကိုလည်းကောင်း ဟောအံ့၊ ထိုတရားကို နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏။

ရဟန်းတို့ မြင်းယုတ်ရှစ်မျိုးတို့နှင့် မြင်း၏ အပြစ်ရှစ်မျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ -

ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် နောက်သို့ ဆုတ်၏၊ နောက်ဘက်သို့ ရထားကို လည်စေ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ ပဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် စုန်ကန်၏၊ ရထားဘီး အကွပ်ကို ဖျက်ဆီး၏၊ (ရထားဦး၌ ထားသော) လှံတံသုံးချောင်းကို ချိုးဖဲ့၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ် သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ ဒုတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရထားသန်ကို ပေါင်ဖြင့် တွန်းဖယ်၍ ရထားသန်ကို သာလျှင် (ရှေ့ ခြေနှစ်ဖက်ဖြင့်) လွှမ်းမိုး နှိမ်နင်း၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ တတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် လမ်းမဟုတ်သည်ကို ယူ၏၊ ရထားကို လမ်းလွဲအောင် ပြု၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ စတုတ္ထအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့ကိုယ်ကို ခုန်မြှောက်၏၊ ရှေ့ခြေတို့ကို မြှောက်ချီ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရထားထိန်း၏ စကားကို နားမထောင်ဘဲ နှင်တံကို ဂရုမစိုက်ဘဲ ဇက်ကြိုးသံကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ် ဖျက်ဆီး၏၊ အလိုရှိရာ အရပ်သို့ ဖဲသွား၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤ သည်ကား မြင်း၏ ဆဋ္ဌအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့သို့လည်း မတက် နောက်သို့လည်း မဆုတ်၊ ထိုအရပ်၌ပင်လျှင် တိုင်ငုတ်ကဲ့သို့ ရပ်တည်၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ သတ္တမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ဤလောက၌ အချို့သော မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့ခြေတို့ကိုလည်း ကွေး၍ နောက်ခြေတို့ကိုလည်း ကွေး၍ ထိုအရပ်၌ပင်လျှင် ခြေလေးဖက်တို့ကို ဖိ၍ ဝပ်နေ၏၊ ရဟန်းတို့ ဤလောက၌ အချို့သော မြင်းယုတ်သည် ဤသို့ သဘောလည်း ရှိ၏။ ရဟန်းတို့ ဤသည်ကား မြင်း၏ အဋ္ဌမအပြစ်တည်း။

ရဟန်းတို့ ဤသည်တို့ကား မြင်းယုတ်ရှစ်မျိုးတို့နှင့် မြင်း၏ အပြစ်ရှစ်မျိုးတို့တည်း။

ရဟန်းတို့ ယောက်ျားယုတ် ရှစ်မျိုးတို့နှင့် ယောက်ျား၏ အပြစ်ရှစ်မျိုးတို့ဟူသည် အဘယ်တို့ နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် ''မအောက်မေ့မိ''ဟူ၍ သတိမရခြင်း ဖြင့် ဖြေဆို၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင် အပ်သည် ရှိသော် နောက်သို့ ဆုတ်၍ နောက်သို့ ရထားကို လည်စေသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျားယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ ပဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာသည်ရှိသော် ''မိုက်မဲ မလိမ္မာသော သင်ပြောသော စကားဖြင့် အသို့ပြုရအံ့နည်း၊ သင်ကပင် ပြောဆိုအပ်၏ဟု အောက်မေ့ဘိ၏''ဟုစောဒနာသူကိုပင် ပြန်၍ ပုတ်ခတ်၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် နောက်သို့ခုန်၍ ရထားဘီးအကွပ်ကို ဖျက်ဆီးကာ၊ ရထားဦး၌ ထားသော လှံတံ သုံးချောင်းကို ချိုးဖဲ့သကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျားယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ ဒုတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် ''သင်သည် ဤမည်သော အာပတ်သို့ ရောက်၏၊ သင် ရှေးဦးစွာ ကုစားဦးလော့''ဟုစောဒနာသူကိုပင် အပြစ် တစ်ဖန်တင်၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် ရထားသန်ကို ပေါင်ဖြင့် တွန်းဖယ်၍ ရထားသန်ကိုသာလျှင် (ရှေ့ခြေနှစ်ဖက်ဖြင့်) လွှမ်းမိုး နှိမ်နင်းသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျား ယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ တတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် တစ်ပါးသော အကြောင်းဖြင့် တစ်ပါးသော အကြောင်းကို ဖုံးလွှမ်း၏၊ စကားကို အပြင်သို့ ရောက်စေ၏၊ အမျက်ထွက်ခြင်း စိတ်ဆိုးခြင်း မနှစ်သက်ခြင်းကို ထင်စွာပြု၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည်ရှိသော် လမ်းခရီး မဟုတ်သည်ကို ယူ၏၊ ရထားကို လမ်းလွဲအောင် ပြုသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျားယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ စတုတ္ထ အပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် သံဃာ့အလယ်၌ လက်မောင်းနှစ်ဖက် မြှောက်ခြင်းကို ပြု၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် ရှေ့ကိုယ်ကို ခုန်မြှောက်လျက် ရှေ့ခြေတို့ကို မြှောက်ချီသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျားယုတ် သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် သံဃာ့စကားကို နားမထောင်ဘဲစောဒကကို ဂရုမစိုက်ဘဲ အာပတ်ရှိသည် ဖြစ်၍သာလျှင် အလိုရှိရာ အရပ်သို့ ဖဲသွား၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွ မောင်းနှင်အပ်သည် ရှိသော် ရထားထိန်း၏ စကားကို နားမထောင်ဘဲ နှင်တံကို ဂရုမစိုက်ဘဲ ဇက်ကြိုးသံကွင်းကို သွားတို့ဖြင့် ကိုက်ဖြတ် ဖျက်ဆီး၍ အလိုရှိရာ အရပ်သို့ ဖဲသွားသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျားယုတ်သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ ဆဋ္ဌအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် ''ငါသည် အာပတ်သို့ မရောက်၊ ငါသည် အာပတ်မသင့်''ဟု နှလုံးထား၍ ဆိတ်ဆိတ်နေသဖြင့် သံဃာကို ညှဉ်းဆဲ၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည် ရှိသော် ရှေ့သို့လည်း မတက် နောက်သို့လည်း မဆုတ်၊ ထိုအရပ်၌ ပင်လျှင် တိုင်ငုတ်သဖွယ် ရပ်တည်သကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျားယုတ် သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ သတ္တမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းတို့သည် ရဟန်းကို အာပတ်ဖြင့်စောဒနာကုန်၏၊ ထိုရဟန်းသည် ရဟန်းတို့က အာပတ်ဖြင့်စောဒနာအပ်သည်ရှိသော် ''အသျှင်တို့ အသျှင်တို့သည် အဘယ်ကြောင့်လျှင် အကျွန်ုပ်၌ အလွန်ပြင်းပြစွာ ကြောင့်ကြစိုက်တော်မူကြသနည်း၊ ယခုပင် အကျွန်ုပ်သည် သိက္ခာချ၍ လူထွက်အံ့''ဟု ဆို၏၊ ထိုရဟန်းသည် သိက္ခာချ၍ လူထွက်ပြီးလျှင် ''အသျှင်တို့ အသျှင်တို့ သည် ယခုအခါ၌မူ နှစ်သက်သော စိတ်ရှိသည် ဖြစ်ကြပါလော့''ဟု ဆို၏၊ ရဟန်းတို့ မြင်းယုတ်သည် ''သွားလော့''ဟု ဆို၍ ရထားထိန်းက ထိုးဆွမောင်းနှင်အပ်သည်ရှိသော် ရှေ့ခြေတို့ကိုလည်း ကွေး၍ နောက်ခြေတို့ကိုလည်း ကွေး၍ ထိုအရပ်၌ပင်လျှင် ခြေလေးဖက်တို့ကို ဖိ၍ ဝပ်နေသကဲ့သို့၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို ထိုမြင်းယုတ်နှင့် တူ၏ဟု ငါဆို၏၊ ရဟန်းတို့ ဤလောက၌ အချို့သော ယောက်ျားယုတ် သည် ဤသို့ သဘောလည်း ရှိ၏၊ ရဟန်းတို့ ဤသည်ကား ယောက်ျား၏ အဋ္ဌမအပြစ်တည်း။ ရဟန်းတို့ ဤသည်တို့ကား ယောက်ျားယုတ်ရှစ်မျိုးတို့နှင့် ယောက်ျား၏ အပြစ်ရှစ်မျိုးတို့ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-မလသုတ်

၁၅။ ရဟန်းတို့ အညစ်အကြေးတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ မသရဇ္ဈာယ်ခြင်းသည် အတတ်ပညာ၏ အညစ်အကြေး မည်၏။ ရဟန်းတို့ ထကြွလုံ့လ မရှိခြင်းသည် အိမ်၏ အညစ်အကြေး မည်၏၊

ရဟန်းတို့ ပျင်းရိခြင်းသည် ကိုယ်အဆင်း၏ အညစ်အကြေး မည်၏။ ရဟန်းတို့ မေ့လျော့ခြင်းသည် (ဥစ္စာကို)စောင့်ရှောက်သူ၏ အညစ်အကြေး မည်၏။ ရဟန်းတို့ မကောင်းသော အကျင့်သည် မိန်းမ၏ အညစ်အကြေး မည်၏၊

ရဟန်းတို့ ဝန်တိုမှုသည် ပေးလှူသောသူ၏ အညစ်အကြေး မည်၏၊

ရဟန်းတို့ ယုတ်ညံ့ကုန်သော အကုသိုလ်ဖြစ်ကုန်သော တရားတို့သည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း အညစ်အကြေး မည်ကုန်၏၊

ရဟန်းတို့ အဝိဇ္ဇာသည် ထိုဆိုအပ်ခဲ့ပြီးသော အညစ်အကြေးတို့ထက် ထူးသော အညစ်အကြေး မည်၏၊ လွန်ကဲသော အညစ်အကြေး မည်၏။ ရဟန်းတို့ အညစ်အကြေးတို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အတတ်ပညာတို့သည် မသရဇ္ဈာယ်ခြင်းလျှင် အညစ်အကြေး ရှိကုန်၏၊ အိမ်တို့ သည် ထကြွလုံ့လ မရှိခြင်းလျှင် အညစ်အကြေး ရှိကုန်၏၊ ကိုယ်အဆင်း၏ အညစ် အကြေးကား ပျင်းရိခြင်းတည်း၊ (ဥစ္စာကို)စောင့်ရှောက်သောသူ၏ အညစ် အကြေးကား မေ့လျော့မှုတည်း၊ မိန်းမ၏အညစ်အကြေးကား မကောင်းသောအကျင့်တည်း၊ ဝန်တိုမှုသည် ပေးလှူသောသူ၏ အညစ်အကြေးတည်း၊ ယုတ်ညံ့ကုန်သော အကုသိုလ်တရားတို့သည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း အညစ်အကြေးတို့တည်း၊ အဝိဇ္ဇာသည် ထိုအညစ်အကြေးတို့ထက် ထူးသော အညစ်အကြေးတည်း၊ လွန်ကဲသော အညစ်အကြေးတည်း။

ပဉ္စမသုတ်။

------

၆-ဒူတေယျသုတ်

၁၆။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက် တန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နားလည်း ထောင် တတ်၏၊ ပြန်၍လည်း ပြောတတ်၏၊ သင်ယူလည်း သင်ယူတတ်၏၊ မှတ်လည်း မှတ်တတ်၏၊ သိလည်း သိတတ်၏၊ သိစေလည်း သိစေတတ်၏၊ အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊ ငြင်းခုံခြင်းကိုလည်း မပြုတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏။ ရဟန်းတို့ တရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန်ပြုလုပ်၍ သွားရန် ထိုက် တန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဤသာသနာတော်၌ သာရိပုတြာသည် နားလည်း ထောင်တတ်၏၊ ပြန်၍လည်း ပြောတတ်၏၊ သင်ယူလည်း သင်ယူတတ်၏၊ မှတ်လည်း မှတ်တတ်၏၊ သိလည်း သိတတ်၏၊ သိစေလည်း သိစေတတ်၏၊ အကျိုးစီးပွါးရှိ မရှိ၌လည်း လိမ္မာ၏၊ ငြင်းခုံခြင်းကို လည်း မပြုတတ်။ ရဟန်းတို့ ဤတရားရှစ်မျိုးတို့နှင့် ပြည့်စုံသော သာရိပုတြာသည် တမန်ပြုလုပ်၍ သွားရန် ထိုက်တန်၏ဟု (မိန့်တော်မူ၏)။

အကြင်ရဟန်းသည် ကြမ်းတမ်းစွာ ပြောဆိုတတ်သော ပရိသတ်သို့ ရောက်သော် လည်း မတုန်မလှုပ်၊ စကားကိုလည်း မယုတ်စေ၊ သတင်းစကားကိုလည်း မဖုံးကွယ်။ ယုံမှားခြင်းကင်းသော စကားကိုလည်း ပြောဆိုတတ်၏၊ မေးမြန်းသော်လည်း အမျက် မထွက်တတ်၊ ထိုသို့သဘောရှိသော ရဟန်းသည် စင်စစ်အားဖြင့် တမန် ပြုလုပ်၍ သွားရန် ထိုက်တန်၏။

ဆဋ္ဌသုတ်။

------

၇-ပဌမ ဗန္ဓနသုတ်

၁၇။ ရဟန်းတို့ အခြင်းအရာ ရှစ်မျိုးတို့ဖြင့် မိန်းမသည် ယောက်ျားကို နှောင်ဖွဲ့၏။ အဘယ် ရှစ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ မိန်းမသည် ငိုကြွေးခြင်းဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် ပြုံးရယ်ခြင်းဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် စကားပြောခြင်းဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အသွင်အပြင် အမူအရာဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် တောမှ ချိုးယူအပ်သော ပန်း သစ်သီး စသည်ဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အနံ့ဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အရသာဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ မိန်းမသည် အတွေ့ဖြင့် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ ဤအခြင်းအရာရှစ်မျိုးတို့ဖြင့် မိန်းမသည် ယောက်ျားကို နှောင်ဖွဲ့၏၊ ရဟန်းတို့ ဖဿတည်းဟူသော အတွေ့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော ထိုသတ္တဝါတို့သည် မြဲမြံ ခိုင်ခံ့စွာ နှောင်ဖွဲ့အပ်သည်သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-ဒုတိယ ဗန္ဓနသုတ်

၁၈။ ရဟန်းတို့ အခြင်းအရာ ရှစ်မျိုးတို့ဖြင့် ယောက်ျားသည် မိန်းမကို နှောင်ဖွဲ့၏။ အဘယ် ရှစ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ ယောက်ျားသည် ငိုကြွေးခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောက်ျားသည် ပြုံးရယ်ခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောက်ျားသည် စကားပြောခြင်းဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောက်ျားသည် အသွင်အပြင် အမူအရာဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောက်ျားသည် တောမှ ချိုးယူအပ်သော ပန်း သစ်သီး စသည်ဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောက်ျားသည် အနံ့ဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောက်ျားသည် အရသာဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ယောက်ျားသည် အတွေ့ဖြင့် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ဤအခြင်းအရာရှစ်မျိုးတို့ဖြင့် ယောက်ျားသည် မိန်းမကို နှောင်ဖွဲ့၏။ ရဟန်းတို့ ဖဿတည်းဟူသော အတွေ့ဖြင့် နှောင်ဖွဲ့အပ်ကုန်သော ထိုသတ္တဝါတို့သည် မြဲမြံ ခိုင်ခံ့စွာ နှောင်ဖွဲ့အပ်သည်သာလျှင် ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဟာရာဒသုတ်

၁၉။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေရဉ္ဇာပြည် နဠေရုမည်သော တမာပင်ရင်းဝယ် (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပဟာရာဒအသုရိန်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်၏၊ တစ်ခုသောနေရာ၌ ရပ်တည်နေသော ပဟာရာဒအသုရိန် အား မြတ်စွာဘုရားသည် ပဟာရာဒအသုရာတို့သည် မဟာသမုဒ္ဒရာ၌ မွေ့လျော်ကြကုန်၏လောဟု မိန့်တော်မူ၏။ အသျှင်ဘုရား အသုရာတို့သည် မဟာသမုဒ္ဒရာ၌ မွေ့လျော်ကြပါကုန်၏ဟု (လျှောက်၏)။

ပဟာရာဒ မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် အဘယ်တို့ နည်း၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြကုန် သလောဟု (မေးတော်မူ၏)။

အသျှင်ဘုရား မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့ပါတည်း။ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့ သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-

အသျှင်ဘုရား မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက်သည်မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်၏၊ အစဉ်အတိုင်း ကိုင်း၏၊ အစဉ်အတိုင်း ရှိုင်း၏၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ ကမ်းစပ်၌စောက်နက်သည်မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်ခြင်း၊ အစဉ်အတိုင်း ကိုင်းခြင်း၊ အစဉ်အတိုင်း ရှိုင်းခြင်း သည် မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိသည်ဖြစ်၍ ကမ်းကို မလွန်၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ တည်တံ့သော သဘောရှိသည်ဖြစ်၍ ကမ်းကို မလွန်ခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဒုတိယသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာ သမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ လျင်စွာ ကပ်စေ၏၊ ကုန်းသို့ တင်စေ၏၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ အသေကောင်ပုပ်နှင့် မဆက်ဆံခြင်း၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ လျင်စွာ ကပ်စေခြင်း၊ ကုန်းသို့ တင်စေခြင်းသည်လည်း မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော တတိယသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား ဂင်္ဂါမြစ် ယမုံနာမြစ် အစိရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည် မဟာသမုဒ္ဒရာသို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ကုန်သော အမည် အနွယ်တို့ကို စွန့်၍ ''မဟာသမုဒ္ဒရာ''ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်ကြပါကုန်၏။ အသျှင်ဘုရား ယင်းသို့ ဂင်္ဂါမြစ် ယမုံနာမြစ် အစိရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့သည့်မဟာသမုဒ္ဒရာသို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ကုန်သော အမည်အနွယ်တို့ကို စွန့်၍ ''မဟာသမုဒ္ဒရာ''ဟူ၍သာလျှင် ခေါ်ဝေါ်ခြင်းသို့ ရောက်ကြရခြင်းသည်လည်း ဤမဟာသမုဒ္ဒရာ၏ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူး မြဲဖြစ်သော စတုတ္ထသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား လောက၌ အလုံးစုံသော မြစ်ကြီးမြစ်ငယ်တို့သည်လည်း မဟာ သမုဒ္ဒရာသို့ ဝင်ကုန်၏၊ အလုံးစုံသော ကောင်းကင်မှ မိုးရေအလျဉ်တို့သည်လည်း ကျကုန်၏၊ ထိုရေ ကြောင့် မဟာသမုဒ္ဒရာ၏ လျော့ခြင်း, ပြည့်ခြင်းသည် မထင်ရှား၊ အသျှင်ဘုရား ယင်းသို့ လောက၌ အလုံးစုံသော မြစ်ကြီးမြစ်ငယ်တို့သည်လည်း မဟာသမုဒ္ဒရာသို့ ဝင်ခြင်း၊ အလုံးစုံသော ကောင်းကင်မှ မိုးရေအလျဉ်တို့သည်လည်း ကျခြင်း၊ ထိုရေကြောင့် မဟာသမုဒ္ဒရာ၏ လျော့ခြင်း, ပြည့်ခြင်းသည် မထင်ရှားခြင်းသည်လည်း ဤမဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဉ္စမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် ငန်သော အရသာတစ်မျိုးတည်းသာ ရှိ၏၊ အသျှင်ဘုရား ယင်းသို့ မဟာသမုဒ္ဒရာ၏ ငန်သော အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်လည်း မဟာ သမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဆဋ္ဌသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက် သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသော များသော ရတနာ, မရေမတွက်နိုင်သော ရတနာရှိ၏၊ ယင်းသို့ မဟာသမုဒ္ဒရာ၏ ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသော များသော ရတနာ, မရေမတွက်နိုင်သော ရတနာရှိခြင်းသည် လည်း ဤမဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သတ္တမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာ တစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်၏၊ အသျှင်ဘုရား ယင်းသို့ တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာ တစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်ခြင်း သည်လည်း ဤမဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြပါကုန်၏။ အသျှင်ဘုရား မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့တည်း၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော် ကြပါကုန်၏ဟု (လျှောက်၏)။ အသျှင်ဘုရား ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ မွေ့လျော် ကြပါကုန်၏လောဟု (လျှောက်၏)။

ပဟာရာဒ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ မွေ့လျော်ကြပါကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အဘယ်သို့သော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောကို မြင်ကုန် မြင်ကုန်၍ မွေ့လျော်ကြပါကုန်သနည်းဟု (လျှောက်၏)။

ပဟာရာဒ ဤဓမ္မဝိနယ 'သာသနာတော်' ၌ ရှစ်မျိုးသော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ရှိကုန်၏၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ဤရှစ်မျိုးတို့ကား အဘယ်တို့နည်းဟူမူ- ပဟာရာဒ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက် သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်သည် အစဉ်အတိုင်း ကိုင်းသည် အစဉ်အတိုင်း ရှိုင်းသည် ဖြစ်သကဲ့သို့၊ ဤအတူပင် ဤဓမ္မဝိနယ 'သာသနာတော်' ၌ သိက္ခာစဉ်ရှိ၏၊ လုပ်ငန်းစဉ်ရှိ၏၊ ကျင့်စဉ်ရှိ၏၊ အစ၌သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိသည် မဟုတ်၊ ပဟာရာဒ ယင်းသို့ ဤဓမ္မဝိနယ 'သာသနာတော်'၏ သိက္ခာစဉ်ရှိခြင်း၊ လုပ်ငန်းစဉ်ရှိခြင်း၊ ကျင့်စဉ်ရှိခြင်း၊ အစ၌သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိရခြင်းသည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဌမ သဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် တည်တံ့သော သဘောရှိသည်ဖြစ်၍ ကမ်းကို မလွန်သကဲ့သို့၊ ဤ အတူပင် ငါသည် တပည့်တို့အတွက် ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏ တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့်သော်လည်း မကျူးကျော်ကုန်၊ ပဟာရာဒ ယင်းသို့ တပည့်တို့အတွက် ငါ ပညတ်ထားသော သိက္ခာပုဒ်ကို ငါ၏ တပည့်တို့သည် အသက်ဟူသော အကြောင်းကြောင့်သော်လည်း မကျူးကျော်ခြင်းသည်လည်း ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဒုတိယ သဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန် မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် အသေကောင်ပုပ်နှင့် မဆက်ဆံ၊ မဟာသမုဒ္ဒရာ၌ အသေကောင်ပုပ်ရှိလျှင် ကမ်းသို့ လျင်စွာ ကပ်စေသကဲ့သို့ ကုန်းသို့ တင်စေသကဲ့သို့၊ ဤအတူပင် ယုတ်ညံ့သော အကျင့်ရှိသော၊ မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်ရှိသော၊ အမှုကို ဖုံးကွယ်သော၊ ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော၊ မြတ်သော အကျင့်ကို မကျင့်ဘဲ မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသော၊ အတွင်းပုပ်သော၊ ကိလေသာ မိုးစွတ်သော၊ အမှိုက်သဖွယ်ဖြစ်သော၊ သီလမရှိသော ထိုပုဂ္ဂိုလ်နှင့် သံဃာသည် မဆက်ဆံ၊ စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်၏၊ ထိုပုဂ္ဂိုလ်သည် သံဃာ့အလယ်၌ ထိုင်နေသော်လည်း စင်စစ်အားဖြင့် သံဃာမှ ဝေး၏၊ သံဃာသည်လည်း ထိုပုဂ္ဂိုလ်နှင့် ဝေး၏၊ ပဟာရာဒ ယင်းသို့ ယုတ်ညံ့သော အကျင့်ရှိသော၊ မစင်ကြယ်သည် ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်ရှိသော၊ အမှုကို ဖုံးကွယ်သော၊ ရဟန်း မဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော၊ မြတ်သော အကျင့်ကို မကျင့်ဘဲ မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသော၊ အတွင်းပုပ်သော၊ ကိလေသာ မိုးစွတ်သော၊ အမှိုက်သဖွယ် ဖြစ်သော၊ သီလမရှိသော ထိုပုဂ္ဂိုလ်နှင့် သံဃာ၏ မဆက်ဆံခြင်း၊ စည်းဝေး၍ ထိုပုဂ္ဂိုလ်ကို လျင်စွာ နှင်ထုတ်ခြင်း၊ ထိုပုဂ္ဂိုလ်သည် သံဃာ့အလယ်၌ ထိုင်နေသော်လည်း စင်စစ်အားဖြင့် သံဃာမှ ဝေးခြင်း၊ သံဃာသည်လည်း ထိုပုဂ္ဂိုလ်နှင့် ဝေးခြင်းသည်လည်း ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော တတိယသဘောတည်း။ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ ဂင်္ဂါမြစ် ယမုနာမြစ် အစိရဝတီမြစ် သရဘူမြစ် မဟီမြစ်ဟူသော မြစ်ကြီးအားလုံးတို့ သည် မဟာသမုဒ္ဒရာသို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ကုန်သော အမည်အနွယ်တို့ကို စွန့်ကြရကုန်၍ ''မဟာသမုဒ္ဒရာဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်ကြရကုန်သကဲ့သို့၊ ဤအတူပင် မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူသော ဤအမျိုးလေးပါးတို့သည် မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ရောက်ကုန်လတ်သော် ရှေး၌ ဖြစ်ကုန်သော အမည် အနွယ်တို့ကို စွန့်ကြကုန်၍ ''သာကီဝင်မင်းသား ဘုရားသားတော် ရဟန်းတို့''ဟူ၍သာလျှင် ရေတွက့်ခြင်းသို့ ရောက်ကုန်၏။ ပဟာရာဒ ယင်းသို့ မင်း၊ ပုဏ္ဏား၊ ကုန်သည်၊ သူဆင်းရဲဟူသော ဤအမျိုး လေးပါးတို့ မြတ်စွာဘုရားဟောတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ရောက်ကုန်လတ်သော် ရှေး၌ ဖြစ်ကုန်သော အမည်အနွယ်တို့ကို စွန့်၍ ''သာကီဝင်မင်းသား ဘုရား သားတော် ရဟန်းတို့''ဟူ၍သာလျှင် ရေတွက်ခြင်းသို့ ရောက်ခြင်းသည်လည်း ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော စတုတ္ထသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ လောက၌ အလုံးစုံသော မြစ်ကြီး မြစ်ငယ်တို့သည် မဟာသမုဒ္ဒရာသို့ ဝင်ကုန်၏၊ အလုံးစုံသော ကောင်းကင်မှ မိုးရေအလျဉ်တို့သည်လည်း ကျကုန်၏၊ ထိုရေကြောင့် မဟာသမုဒ္ဒရာ၏ လျော့ခြင်း, ပြည့်ခြင်းသည် မထင်ရှားသကဲ့သို့၊ ဤအတူပင် များစွာသော ရဟန်းတို့သည် ခန္ဓာမကြွင်း ကျန်သော အငြိမ်းဓာတ်ဖြင့် ငြိမ်းကုန်၏၊ ထိုငြိမ်းခြင်းဖြင့် အငြိမ်း(နိဗ္ဗာန်)ဓာတ်၏ လျော့ခြင်း, ပြည့်ခြင်း သည် မထင်ရှား၊ ပဟာရာဒ ယင်းသို့ ရဟန်းများစွာတို့ ခန္ဓာမကြွင်းကျန်သော အငြိမ်းဓာတ်ဖြင့် ငြိမ်းခြင်း၊ ထိုငြိမ်းခြင်းဖြင့် အငြိမ်းဓာတ် (နိဗ္ဗာန်)၏ လျော့မှု, ပြည့်မှု မထင်ရှားခြင်းသည်လည်း ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ပဉ္စမသဘောတည်း။ ယင်းသဘော ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် ငန်သော အရသာတစ်မျိုးတည်းသာ ရှိသကဲ့သို့၊ ဤအတူပင် ဤ ဓမ္မဝိနယ 'သာသနာတော်' သည် လွတ်မြောက်မှု 'ဝိမုတ္တိ' အရသာတစ်မျိုးတည်းသာ ရှိ၏၊ ပဟာရာဒ ယင်း သို့ ဤဓမ္မဝိနယ 'သာသနာတော်'၏ လွတ်မြောက်မှု အရသာတစ်မျိုးတည်းသာ ရှိခြင်းသည်လည်း ဤ ဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဆဋ္ဌသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် ပုလဲ မြ ကြောင်မျက်ရွဲ ခရုသင်း ကျောက်သလင်း သန္တာ ငွေ ရွှေ ပတ္တမြားနီ ပတ္တမြားပြောက်ဟူသော များသော ရတနာ, မရေမတွက်နိုင်သော ရတနာရှိသကဲ့သို့၊ ဤအတူပင် ဤဓမ္မဝိနယ 'သာသနာတော်' သည် 'သတိပဋ္ဌာန်လေးပါး သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ်လေးပါး ဣန္ဒြေငါးပါး ဗိုလ်ငါးပါး ဗောဇ္ဈင်ခုနစ်ပါး အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ဟူသော များသော ရတနာ, မရေ မတွက်နိုင်သော ရတနာရှိ၏၊ ပဟာရာဒ ယင်းသို့ ဓမ္မဝိနယ 'သာသနာတော်'၏ သတိပဋ္ဌာန်လေးပါး။ပ။ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တည်းဟူသော များပြားသော ဤမရေမတွက်နိုင်သော ရတနာရှိခြင်းသည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သတ္တမသဘောတည်း။ ယင်းသဘော ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာတစ်ရာ ယူဇနာနှစ်ရာ ယူဇနာ သုံးရာ ယူဇနာ လေးရာ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါကြီးတို့၏လည်းကောင်း နေရာဖြစ်သကဲ့သို့၊ ဤအတူပင် ဤဓမ္မဝိနယ 'သာသနာတော်' သည် သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိ ဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာ ဖြစ်၏။ ပဟာရာဒ ယင်းသို့ ဤဓမ္မဝိနယ 'သာသနာတော်'၏ သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲ ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တ ဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာဖြစ်ခြင်းသည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ ပဟာရာဒ ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကား ဤရှစ်မျိုးတို့တည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏ဟု မိန့်တော်မူ၏။

နဝမသုတ်။

------

၁၀-ဥပေါသထသုတ်

၂၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်း မိဂါရမာတာ ဝိသာခါ၏ ပြာသာဒ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥပုသ်နေ့၌ ရဟန်းသံဃအခြံရံလျက် ထိုင်နေတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ ပဌမယာမ်လွန်လတ်သော် နေရာမှ ထကာ လက်ဝဲ တစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်-အသျှင်ဘုရား ညဉ့်နက်ပါပြီ၊ ပဌမယာမ် လွန်ပါပြီ၊ ရဟန်းသံဃာသည် ကြာမြင့်စွာ ထိုင်နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။ ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ နှစ်ကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သည် ဖြစ်၍ မဇ္ဈိမယာမ် လွန်လတ်သော် နေရာမှထကာ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်- ''အသျှင်ဘုရား ညဉ့်နက်ပါပြီ၊ မဇ္ဈိမယာမ် လွန်ပါပြီ၊ ရဟန်း သံဃာသည် ကြာမြင့်စွာ ထိုင်နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။ နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေတော်မူ၏၊ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် ညဉ့်နက်သည်ဖြစ်၍ ပစ္ဆိမယာမ် လွန်လတ်သော် အရုဏ်တက် သည်ဖြစ်၍ ညဉ့်သည် နှစ်သက်ဖွယ် မျက်နှာရှိလတ်သော် နေရာမှ ထကာ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက်-အသျှင်ဘုရား ညဉ့်နက်ပါပြီ၊ ပစ္ဆိမယာမ် လွန်ပါပြီ၊ အရုဏ်တက်ပါပြီ၊ ညဉ့်သည် နှစ်သက်ဖွယ် မျက်နှာရှိပါပြီ၊ ရဟန်းသံဃာသည် ကြာမြင့်စွာ ထိုင်နေရပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။ အာနန္ဒာ ပရိသတ်သည် မစင်ကြယ်ဟု (မိန့်တော်မူ၏)။

ထိုအခါ ''မြတ်စွာဘုရားက အဘယ်သူကို ရည်၍ အာနန္ဒာ ပရိသတ်သည် မစင်ကြယ်''ဟု မိန့်တော်မူသနည်းဟူ၍ အသျှင်မဟာမောဂ္ဂလ္လာန်အား အကြံဖြစ်၏၊ ထိုနောက် အသျှင်မဟာမောဂ္ဂလ္လာန် သည် ရဟန်းသံဃာ အလုံးစုံ၏ စိတ်ကို မိမိ၏ စိတ်ဖြင့် ပိုင်းခြား၍ နှလုံးသွင်းတော်မူ၏။ ထို့နောက် အသျှင်မဟာမောဂ္ဂလ္လာန်သည် ယုတ်ညံ့သော အကျင့်ရှိသော၊ မစင်ကြယ်သည်ဖြစ်၍ ယုံမှားတွေးတောဖွယ် အကျင့်ရှိသော၊ အမှုကို ဖုံးကွယ်သော၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံသော၊ မြတ်သောအကျင့်ကို မကျင့်ဘဲ မြတ်သော အကျင့်ကို ကျင့်၏ဟု ဝန်ခံသော၊ အတွင်းပုပ်သော၊ ကိလေသာ မိုးစွတ်သော၊ အမှိုက်သဖွယ်ဖြစ်သော၊ ရဟန်းသံဃာအလယ်၌ ထိုင်နေသော၊ သီလမရှိသော 'ဒုဿီလ' ပုဂ္ဂိုလ်ကို မြင်၍ နေရာမှ ထပြီးလျှင် ထိုပုဂ္ဂိုလ်ထံသို့ ချဉ်းကပ်လျက် ''ငါ့သျှင် ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိဟု'' ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။

နှစ်ကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို ''ငါ့သျှင် ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှုမရှိ''ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏၊ သုံးကြိမ်မြောက်လည်း အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို ''ငါ့သျှင် ထလော့၊ မြတ်စွာဘုရားသည် သင့်ကို မြင်၏၊ သင့်အား ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းမှု မရှိ''ဟု ဆိုသော်လည်း ထိုပုဂ္ဂိုလ်သည် ဆိတ်ဆိတ်နေ၏။ ထိုအခါ အသျှင်မဟာမောဂ္ဂလ္လာန်သည် ထိုပုဂ္ဂိုလ်ကို လက်မောင်း၌ ကိုင်လျက် တံခါးမုခ်မှ အပြင်သို့ ထွက်စေပြီးလျှင် မင်းတုပ်ငယ် မင်းတုပ်ကြီးကို လျှို၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကာ ''အသျှင်ဘုရား အကျွန်ုပ်သည် ထိုပုဂ္ဂိုလ်ကို ထွက်စေအပ်ပါပြီ၊ ပရိသတ်သည် စင်ကြယ်ပါပြီ၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းတို့အား ပါတိမောက်ကို ပြတော်မူပါ''ဟု လျှောက်၏။ မောဂ္ဂလ္လာန် အံ့ဖွယ်ဖြစ်၏၊ မောဂ္ဂလ္လာန် မဖြစ်ဖူးမြဲ ဖြစ်၏၊ ထိုမဂ်ဖိုလ်မှ အချည်းအနှီးဖြစ်သော ယောက်ျားသည် လက်မောင်းကို ကိုင်သည့်တိုင်အောင်သော်လည်း ဆိုင်းငံ့ဘိ၏ဟု မိန့်တော်မူ၏။

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ ယခုအခါ၌ သင်တို့သည်ပင်လျှင် ဥပုသ် ပြုကြကုန်လော့၊ ပါတိမောက်ပြကြကုန်လော့၊ ရဟန်းတို့ ငါသည် ယနေ့မှ အစပြု၍ ဥပုသ်မပြုတော့အံ့၊ ပါတိမောက်မပြတော့အံ့၊ မစင်ကြယ်သော ပရိသတ်၌ မြတ်စွာဘုရား၏ ပါတိမောက်ပြရာသော အကြောင်း အရာသည် မဖြစ်နိုင်ပေ။

ရဟန်းတို့ မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့တည်း၊ ယင်းအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက်သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်၏၊ အစဉ်အတိုင်း ကိုင်း၏၊ အစဉ်အတိုင်း ရှိုင်း၏၊ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာ၏ ကမ်းစပ်၌စောက် နက်သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်ခြင်း၊ အစဉ်အတိုင်း ကိုင်းခြင်း၊ အစဉ်အတိုင်း ရှိုင်းခြင်းသည် မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ပဌမသဘောတည်း။ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြကုန်၏။ပ။

ရဟန်းတို့ နောက်တစ်မျိုးကား မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း၊ ယူဇနာ တစ်ရာ။ပ။ ယူဇနာငါးရာ တိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါကြီးတို့၏လည်းကောင်း နေရာ ဖြစ်၏၊ ရဟန်းတို့ ယင်းသို့ မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလ မည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်ဟူသော သတ္တဝါကြီးတို့၏လည်းကောင်း ယူဇနာတစ်ရာ။ပ။ ယူဇနာငါးရာတိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်ခြင်းသည် မဟာ သမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော်ကြကုန်၏။ ရဟန်းတို့ မဟာသမုဒ္ဒရာ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့သည် ဤရှစ်မျိုးတို့တည်း၊ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ အသုရာတို့သည် မဟာသမုဒ္ဒရာ၌ အလွန်မွေ့လျော် ကြကုန်၏။ ရဟန်းတို့ ဤအတူပင် ဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့သည် ရှိကုန်၏။ ယင်းသဘောရှစ်မျိုးတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော် ကြကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ-

ရဟန်းတို့ မဟာသမုဒ္ဒရာသည် ကမ်းစပ်၌စောက်နက်သည် မဟုတ်မူ၍ အစဉ်အတိုင်း နိမ့်သည် အစဉ်အတိုင်း ကိုင်းသည် အစဉ်အတိုင်း ရှိုင်းသည် ဖြစ်သကဲ့သို့၊ ဤအတူပင် ဤ (ဓမ္မဝိနယ) သာသနာ တော်၌ သိက္ခာစဉ်ရှိ၏၊ လုပ်ငန်းစဉ် ရှိ၏၊ ကျင့်စဉ်ရှိ၏၊ အစ၌သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ သိသည်မဟုတ်၊ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ 'သာသနာတော်'၏ သိက္ခာစဉ်ရှိခြင်း၊ လုပ်ငန်းစဉ် ရှိခြင်း၊ ကျင့်စဉ်ရှိခြင်း အစ၌ သာလျှင် အရဟတ္တဖိုလ်ကို ထိုးထွင်း၍ မသိခြင်းသည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ပဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏။ပ။ ရဟန်းတို့ မဟာသမုဒ္ဒရာသည် တိမိမည်သောငါး တိမိင်္ဂလမည်သောငါး တိမိရပိင်္ဂလမည်သောငါး အသုရာ နဂါး ဂန္ဓဗ္ဗနတ်တို့၏လည်းကောင်း၊ ယူဇနာတစ်ရာ ယူဇနာနှစ်ရာ ယူဇနာသုံးရာ ယူဇနာလေးရာ ယူဇနာငါးရာ တိုင်အောင် အတ္တဘောကြီးမားသော သတ္တဝါတို့၏လည်းကောင်း နေရာဖြစ်သကဲ့သို့၊ ဤအတူပင် ဤ ဓမ္မဝိနယ 'သာသနာတော်' သည် သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲ ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်, သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်, အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာဖြစ်၏။ ရဟန်းတို့ ယင်းသို့ ဤဓမ္မဝိနယ 'သာသနာတော်'၏ သောတာပန်ပုဂ္ဂိုလ်, သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်။ပ။ ရဟန္တာပုဂ္ဂိုလ်, အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ဆဲပုဂ္ဂိုလ်ဟူသော ကြီးမြတ်သော သတ္တဝါတို့၏ နေရာဖြစ်ခြင်းသည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဋ္ဌမသဘောတည်း။ ယင်းသဘောကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန် မွေ့လျော်ကြကုန်၏။ ရဟန်းတို့ ဤဓမ္မဝိနယ 'သာသနာတော်' ၌ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောတို့ကား ဤရှစ်မျိုးတို့တည်း။ ယင်းသဘောတို့ကို မြင်ကုန် မြင်ကုန်၍ ရဟန်းတို့သည် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလွန်မွေ့လျော်ကြကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် မဟာဝဂ် ပြီး၏။

------

၃-ဂဟပတိဝဂ် ၁-ပဌမ ဥဂ္ဂသုတ်

၂၁။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာဿာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မှတ်ကုန်လော့''ဟူ၍ ဤစကားကို မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ၌ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်၏ အိမ်သို့ ချဉ်းကပ်ပြီးသော် ခင်းထားသောနေရာ၌ ထိုင်နေ၏။ ထိုအခါ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသောနေရာ၌ ထိုင်နေသော ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်အား-သူကြွယ် သင် သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်တော်မူ၏၊ သူကြွယ် သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည့် သဘောရှစ်မျိုးတို့ကား အဘယ်တို့နည်းဟု မေး၏။ အသျှင်ဘုရား ''အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဘယ်သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏''ဟု့မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုမူ အကျွန်ုပ် မသိပါ၊ အသျှင်ဘုရား (စင်စစ်သော်ကား) အကျွန်ုပ် အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အကြင်သဘောရှစ်မျိုးတို့သည် ရှိပါကုန်၏၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ထိုသဘောရှစ်မျိုးတို့ကို နာတော်မူလော့၊ ကောင်းစွာ နှလုံးသွင်းတော်မူလော့၊ လျှောက်ပါအံ့ဟု ဆို၏။ ''ကောင်းပြီ သူကြွယ်''ဟူ၍ ထိုရဟန်းသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်အား ဝန်ခံ၏၊ ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်သည် ဤစကားကို လျှောက်၏၊ အသျှင်ဘုရား အကျွန်ုပ်သည် အကြင် အခါ၌ မြတ်စွာဘုရားကို ရှေးဦးစွာ အဝေးမှလျှင် မြင်ရ၏၊ အသျှင်ဘုရား မြင်သည်နှင့် တစ်ပြိုင်နက် သာလျှင် အကျွန်ုပ်၏ စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဌမသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားသို့ ဆည်းကပ်ပါ၏၊ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့် စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ် ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကို လည်းကောင်း ပြတော်မူ၏၊ မြတ်စွာဘုရားသည် တပည့်တော်ကို သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသော အခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော် သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော် ဖြစ်သော ဆင်းရဲခြင်း 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်း 'မဂ္ဂသစ္စာ'ကို လည်းကောင်း ပြတော်မူပါ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ တပည့်တော်အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏''ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိ မဂ်ဉာဏ်' သည် ဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ထိုတပည့်တော်သည် တရားကို မြင်ပြီးသည် တရားသို့ ရောက်ပြီးသည် တရားကို သိပြီးသည်ဖြစ်၍ တရားသို့သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသည် သို့လော သို့လော တွေးတောခြင်းကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဘုရားမှတစ်ပါး ကိုးစားထိုက်သူမရှိသည် ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ၊ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမြစ်ကုန်သော) မယားလေးယောက်တို့သည် ရှိပါကုန်၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယားတို့ကို ''နှမတို့ ငါသည်ကား ဗြဟ္မစရိယသိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက် တည်အပ်ကုန်၏၊ အလိုရှိသော နှမသည် ဤအိမ်၌ပင်လျှင် စည်းစိမ်ဥစ္စာတို့ကိုလည်း သုံးဆောင်ခံစား လော့၊ ကောင်းမှုကုသိုလ်တို့ကိုလည်း ပြုလော့၊ မိမိတို့၏ အဆွေအမျိုးတို့အိမ်သို့သော်လည်း သွားလော့၊ ယောက်ျားတစ်ပါးကို အလိုရှိသည်ဖြစ်မူ အဘယ်ယောက်ျားအား သင်တို့ကို ပေးရအံ့နည်း''ဟု ဤစကား ကို ဆို၏၊ အသျှင်ဘုရား ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို ''အရှင် ဤမည်သော ယောက်ျား အား အကျွန်ုပ်ကို ပေးပါလော့''ဟု ဆို၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုယောက်ျားကို ခေါ်စေ ပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ယာလက်ဖြင့်ရေကရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား စွန့်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမြစ်သော) မယားကို စွန့်သည်ရှိသော် စိတ် ဖောက်ပြန်ခြင်းကို မသိပါ၊ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်းကောင်းသော သဘောရှိကုန်သော သီလဝန္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းသို့ ဆည်းကပ်ခဲ့မူ ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဉ္စမ သဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအသျှင်သည် အကျွန်ုပ်အား တရားဟောခဲ့မူ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ၊ အကျွန်ုပ်အား ထိုအသျှင်သည် တရားမဟောခဲ့မူ အကျွန်ုပ်သည် ထိုအသျှင်အား တရား ဟောပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်ကို နတ်တို့ ချဉ်းကပ်၍ ''သူကြွယ် မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏''ဟု ပြောကြားကုန်၏၊ အသျှင်ဘုရား ဤသို့ ပြောကြားသည်ရှိသော် ''သင် နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ မပြောကုန်သည်ဖြစ်စေ စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏''ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏၊ ဤသို့ ဆိုခြင်းသည် အံ့ဖွယ်မဟုတ်ပါ၊ အသျှင်ဘုရား ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏ဟု နတ်တို့ ချဉ်းကပ်လာခြင်း နတ်တို့နှင့် အတူတကွ စကား ပြောရခြင်းဟူသော အကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဖူးပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော အောက်ပိုင်း သံယောဇဉ်ငါးမျိုးတို့တွင် မိမိ၌ မပယ်အပ်သေးသော တစ်စုံတစ်ခုသော သံယောဇဉ်ကိုမျှ မတွေ့မြင်ပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမသဘောသည် ရှိပါ၏။ အသျှင်ဘုရား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့ ရှိပါကုန်၏၊ ''အံ့ဖွယ် ဖြစ်သော မဖြစ်ဖူးမြဲဖြစ်ကုန်သော အဘယ်သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏''ဟု မြတ်စွာဘုရား မိန့်ကြား တော်မူသည်ကိုမူကား အကျွန်ုပ် မသိပါဟု (လျှောက်၏)။

ထိုအခါ ထိုရဟန်းသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေလျက် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်နှင့် အတူတကွ ပြောဆိုခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။ ရဟန်း ကောင်း၏ ကောင်း၏၊ ကောင်းစွာ ပြောကြားလိုသူသည် ဝေသာလီပြည်သား ဥဂ္ဂသူကြွယ် ပြောကြားသည့်အတိုင်း ပြောကြားရာ၏၊ ရဟန်း ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့်ပင်လျှင် ပြည့်စုံ၏ဟု ငါဆို၏။ ရဟန်း ဝေသာလီပြည်သား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့်ပြည့်စုံ၏ဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂ - ဒုတိယ ဥဂ္ဂသုတ်

၂၂။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဟတ္ထိရွာ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မှတ်ကုန်လော့''ဟူ၍ မိန့်တော်မူ၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။ ထိုအခါ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်၏ အိမ်သို့ ချဉ်းကပ်ပြီးသော် ခင်းထားသောနေရာ၌ ထိုင်နေ၏၊ ထိုအခါ ထိုဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသောနေရာ၌ ထိုင်နေသော ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်အား - ''သူကြွယ် သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော်မူ၏၊ သူကြွယ် သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏''ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည့် သဘော ရှစ်မျိုးတို့ကား အဘယ်တို့နည်းဟု မေး၏။ အသျှင်ဘုရား ''အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဘယ်သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုမူ'' အကျွန်ုပ် မသိပါ၊ အသျှင်ဘုရား စင်စစ်သော်ကား အကျွန်ုပ် အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အကြင်သဘောရှစ်မျိုးတို့သည် ရှိပါကုန်၏၊ အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ထိုသဘောရှစ်မျိုးတို့ကို နာတော်မူလော့၊ ကောင်းစွာ နှလုံးသွင်းတော်မူလော့၊ လျှောက်ပါအံ့ဟု (ဆို၏)။

''ကောင်းပြီ သူကြွယ်''ဟူ၍ ထိုရဟန်းသည် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်အား ဝန်ခံ၏၊ ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် ဤစကားကို လျှောက်၏ - ''အသျှင်ဘုရား အကျွန်ုပ်သည် ကံ့ကော်တော၌ လှည့်လည် ပျော်ပါးနေစဉ် မြတ်စွာဘုရားကို ရှေးဦးစွာ အဝေးမှ မြင်ရ၏၊ အသျှင်ဘုရား မြင်သည်နှင့် တစ်ပြိုင်နက် သာလျှင် အကျွန်ုပ်၏စိတ်သည် မြတ်စွာဘုရားအား ကြည်ညိုပါ၏၊ သေအရက်မူးယစ်ခြင်းသည်လည်း ပြေပျောက်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤပဌမသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားကို ဆည်းကပ် ပါ၏၊ ထိုအကျွန်ုပ်အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်ကား အဘယ်နည်း၊ ဒါနနှင့်စပ်သော စကားကိုလည်းကောင်း၊ သီလနှင့်စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့် စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ် ညံ့ခြင်းကိုလည်းကောင်း၊ ညစ်ညူးခြင်းကိုလည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကို လည်းကောင်း ပြတော်မူ၏၊ မြတ်စွာဘုရားသည် တပည့်တော်ကို သင့်လျော်သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏ' မှ ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ် ရှိသည်ကို သိတော်မူသော အခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင်ထုတ်ဖော် သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော် ဖြစ်သော ဆင်းရဲခြင်း 'ဒုက္ခသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာ 'နိရောဓသစ္စာ' ကိုလည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း လမ်း 'မဂ္ဂသစ္စာ' ကို လည်းကောင်း ပြသတော်မူပါ၏၊ မည်းညစ်ခြင်းကင်းသော ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ တပည့်တော်အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံ သည် ချုပ်ခြင်းသဘောရှိ၏''ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ 'သောတာပတ္တိ မဂ်ဉာဏ်' သည် ဖြစ်ပေါ်ပါ၏၊ အသျှင်ဘုရား ထိုတပည့်တော်သည် တရားကို မြင်ပြီးသည် တရားသို့ ရောက်ပြီးသည် တရားကို့သိပြီးသည် ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည် ယုံမှားခြင်းကို ကူးမြောက်ပြီး သည် သို့လော သို့လော တွေးတောခြင်း ကင်းပြီးသည် ဖြစ်၍ မြတ်စွာဘုရား သာသနာ၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည် ဘုရားမှတစ်ပါး ကိုးစားထိုက်သူ မရှိသည် ဖြစ်၍ ထိုနေရာ၌ပင်လျှင် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါပြီ၊ ဗြဟ္မစရိယ သိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ဆောက်တည်ပါပြီ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဒုတိယသဘောသည် ရှိပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်အား ကုမာရီရွယ် (နုနယ်ပျိုမျစ်ကုန်သော) မယားလေးယောက်တို့သည် ရှိပါကုန်၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုမယားတို့ထံသို့ ချဉ်းကပ်၍ ထိုမယားတို့ကို ''နှမတို့ ငါသည်ကား ဗြဟ္မစရိယသိက္ခာပုဒ်လျှင် ငါးခုမြောက်ရှိသော သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက် တည်အပ်ကုန်၏၊ အလိုရှိသော နှမသည် ဤအိမ်၌ပင် စည်းစိမ်ဥစ္စာတို့ကိုလည်း သုံးဆောင်ခံစားလော့၊ ကောင်းမှုကုသိုလ်တို့ကိုလည်း ပြုလော့၊ မိမိတို့၏ အဆွေအမျိုးတို့ အိမ်သို့သော်လည်း သွားလော့၊ ယောက်ျားတစ်ပါးကို အလိုရှိသည်ဖြစ်မူ အဘယ်ယောက်ျားအား သင်တို့ကို ပေးရအံ့နည်း''ဟု ဆို၏၊ အသျှင်ဘုရား ဤသို့ဆိုသော် မယားကြီးသည် အကျွန်ုပ်ကို ''အရှင် ဤမည်သော ယောက်ျားအား အကျွန်ုပ်ကို ပေးပါလော့''ဟု ဆို၏၊ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်သည် ထိုယောက်ျားကို ခေါ်စေပြီး၍ လက်ဝဲလက်ဖြင့် မယားကို ကိုင်၍ လက်ယာလက်ဖြင့် ရေကရားကို ကိုင်ပြီးလျှင် ထိုယောက်ျားအား စွန့်ပါ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် ကုမာရီရွယ် (နုနယ်ပျိုမျစ်သော) မယားကို စွန့်သည်ရှိသော် စိတ် ဖောက်ပြန်ခြင်းကို မသိပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤတတိယ သဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်၏ အမျိုးအိမ်၌ ရှိကုန်သော စည်းစိမ်ဥစ္စာတို့ကိုလည်းကောင်းသော သဘောရှိကုန်သော သီလဝန္တပုဂ္ဂိုလ်တို့နှင့် မခွဲခြားအပ်ကုန်။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤစတုတ္ထသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် ရဟန်းသို့ ဆည်းကပ်သည်ရှိသော် ရိုသေစွာသာလျှင် ဆည်းကပ်ပါ၏၊ မရိုမသေ မဆည်းကပ်ပါ၊ အကျွန်ုပ်အား ထိုအသျှင်သည် အကယ်၍ တရားဟောခဲ့မူ၊ ရိုသေစွာသာလျှင် တရားနာ၏၊ မရိုမသေ မနာပါ၊ အကျွန်ုပ်အား ထိုအသျှင်သည် အကယ်၍ တရားမဟောခဲ့မူ အကျွန်ုပ်သည် ထိုအသျှင်အား တရားဟောပါ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤပဉ္စမသဘောသည် ရှိပါ၏။ အသျှင်ဘုရား သံဃာကို ပင့်ဖိတ်အပ်သည်ရှိသော် နတ်တို့သည် ချဉ်းကပ်၍ ''သူကြွယ် ဤမည်သော ရဟန်းသည် (ရူပကာယ နာမကာယ) နှစ်ပါးစုံမှ လွတ်မြောက်သော 'ဥဘတော ဘာဂဝိမုတ္တ' ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် ပညာဖြင့် လွတ်မြောက်သော 'ပညာဝိမုတ္တ' ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် နာမကာယဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းရှိသော 'ကာယသက္ခိ' ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် အထက်မဂ်ဖိုလ်သို့ ရောက်သော 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သဒ္ဓါဖြင့် လွတ်မြောက်သော 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် (ပညာ) တရားဖြင့် အထက်မဂ်သို့ အစဉ်လျှောက်သော 'ဓမ္မာနုသာရီ' ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သဒ္ဓါဖြင့် အထက်မဂ်သို့ အစဉ်လျှောက်သော 'သဒ္ဓါနုသာရီ' ပုဂ္ဂိုလ်တည်း၊ ဤမည်သော ရဟန်းသည် သီလရှိ၏၊ ကောင်းသော သဘောရှိ၏၊ ဤမည်သော ရဟန်းသည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏''ဟု ပြောကြားကြကုန်၏၊ ထိုသို့ ပြောခြင်းသည် အံ့ဖွယ် မဟုတ်ပါ၊ အသျှင်ဘုရား အကျွန်ုပ် သည် သံဃာတော်ကို လုပ်ကျွေးသည်ရှိသော် ''ဤမည်သော ပုဂ္ဂိုလ်အားမူ အနည်းငယ် ပေးလှူအံ့၊ ဤမည်သော ပုဂ္ဂိုလ်အားမူ များစွာ ပေးလှူအံ့''ဟု ဤသို့ စိတ်ဖြစ်သည်ကို့မသိစဖူးပါ၊ အသျှင်ဘုရား စင်စစ်သော်ကား အကျွန်ုပ်သည် မျှတသော စိတ်ရှိသည်ဖြစ်၍သာလျှင် ပေးလှူ၏။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤဆဋ္ဌသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်ကို နတ်တို့သည် ချဉ်းကပ်၍ ''သူကြွယ် မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏''ဟု ပြောကြားကြကုန်၏။ အသျှင်ဘုရား ဤသို့ ပြောကြားသည်ရှိသော် သင်နတ်တို့က ဤသို့ ပြောကုန်သည်ဖြစ်စေ မပြောကုန်သည်ဖြစ်စေ စင်စစ်သော်ကား မြတ်စွာဘုရားသည် တရားကို ကောင်းစွာ ဟောတော်မူ၏''ဟု ထိုနတ်တို့ကို အကျွန်ုပ် ဤသို့ ပြောဆိုပါ၏။ ဤသို့ ဆိုခြင်း သည် အံဖွယ် မဟုတ်ပါ၊ အသျှင်ဘုရား ''ငါ့ထံသို့ နတ်တို့ ချဉ်းကပ်ကုန်၏၊ ငါသည်လည်း နတ်တို့နှင့် အတူတကွ စကားပြောဆိုရ၏''ဟု နတ်တို့ ချဉ်းကပ်လာခြင်း နတ်တို့နှင့်တကွ စကားပြောရခြင်းဟူသော အကြောင်းကြောင့် စိတ်၏ တက်ကြွမှုကို မသိစဖူးပါ။ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသတ္တမသဘောသည် ရှိပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား၏ ရှေးဦးစွာ အကယ်၍ သေရပါမူ၊ အကျွန်ုပ်ကို မြတ်စွာဘုရားသည် ''အကြင်သံယောဇဉ်နှင့် ယှဉ်သော ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် တစ်ဖန် ဤ လောကသို့ ရောက်လာရာ၏၊ ထိုသံယောဇဉ်သည် မရှိတော့ပြီ''ဟု မိန့်ကြားတော်မူရာသော အကြောင်း သည် အံ့ဖွယ်မဟုတ်ပါ၊ အသျှင်ဘုရား အကျွန်ုပ်အား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤအဋ္ဌမ သဘောသည် ရှိပါ၏။ အသျှင်ဘုရား အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့သည် ရှိပါကုန်၏။ ''အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော အဘယ်သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏''ဟု မြတ်စွာဘုရား မိန့်ကြားတော်မူသည်ကိုမူ အကျွန်ုပ်မသိပါဟု (လျှောက်၏)။

ထိုအခါ ထိုရဟန်းသည် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲသွား၏၊ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခွါပြီးသော် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကာ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သင့်လျော်သော အရပ်၌ ထိုင်လျက် ဟတ္ထိရွာသား ဥဂ္ဂ သူကြွယ်နှင့် အတူတကွ ပြောခဲ့သမျှ စကားအလုံးစုံကို မြတ်စွာဘုရားအား လျှောက်ကြား၏။ ရဟန်း ကောင်း၏ ကောင်း၏၊ ကောင်းစွာ ဖြေကြားလိုသူသည် ဟတ္ထိရွာသား ဥဂ္ဂသူကြွယ် ပြောကြားသည့်အတိုင်း ပြောကြားရာ၏၊ ရဟန်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော ဤ သဘောရှစ်မျိုးတို့နှင့်ပင်လျှင် ပြည့်စုံ၏ဟု ငါဆို၏။ ရဟန်း ဟတ္ထိရွာသား ဥဂ္ဂသူကြွယ်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃ - ပဌမ ဟတ္ထကသုတ်

၂၃။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ရဟန်းတို့ ဟတ္ထကအာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲ ဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မှတ်ကုန်လော့၊ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် သီလရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) ရှက်တတ်၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် (ဒုစရိုက်မှ) လန့်တတ်၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် များသော အကြားအမြင်ရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် စွန့်ကြဲပေးကမ်းတတ်၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကသည် ပညာရှိ၏၊ ရဟန်းတို့ ဟတ္ထကအာဠဝကကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏့ဟူ၍ မှတ်ကုန်လော့ဟု မိန့်တော်မူ၏၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၍ နေရာမှ ထပြီးလျှင် ကျောင်းသို့ ဝင်တော်မူ၏။

ထိုအခါ ရဟန်းတစ်ပါးသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဟတ္ထကအာဠဝကထံသို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်နေ၏။ ထိုအခါ ဟတ္ထကအာဠဝကသည် ထိုရဟန်းကို ရှိခိုးပြီးလျှင် တစ်ခုသော အရပ်၌ ထိုင်နေ၏၊ ထိုရဟန်းသည် တစ်ခုသော အရပ်၌ ထိုင်နေသော ဟတ္ထကအာဠဝကကို ငါ့သျှင် ဒါယကာ သင့်ကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘော ခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟူ၍ မြတ်စွာဘုရား မိန့်ကြားတော်မူ၏။

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလရှိ၏။ပ။ (ဒုစရိုက်မှ) ရှက်တတ်၏။ (ဒုစရိုက်မှ) လန့်တတ်၏။ များသော အကြားအမြင် ရှိ၏။ စွန့်ကြဲပေးကမ်းတတ်၏။ ပညာရှိ၏ဟု မိန့်တော်မူ၏၊ ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်ကြားတော်မူ၏ဟူ၍ ပြော၏။ အသျှင်ဘုရား အသို့ပါနည်း၊ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက် မရှိပါသလောဟု (လျှောက်၏)၊ ဒါယကာ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက်မျှ မရှိဟု (မိန့်ဆို၏)။

အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံ တစ်ယောက်မျှ အကယ်၍ မရှိသည်ဖြစ်အံ့၊ ကောင်းပါလေ၏ဟု (လျှောက်၏)။

ထိုအခါ ထိုရဟန်းသည် ဟတ္ထကအာဠဝက၏ အိမ်မှ ဆွမ်းကို ခံယူပြီးလျှင် နေရာမှ ထ၍ ဖဲခွါသွား လေ၏။ ထိုအခါ ထိုရဟန်းသည် ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲခဲ့ပြီးသော် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်လျက် ဤစကားကို လျှောက်၏။ အသျှင်ဘုရား အကျွန်ုပ်သည် နံနက်အချိန်၌ သင်္ကန်းကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် ဟတ္ထက အာဠဝကနေအိမ်သို့ ချဉ်းကပ်၍ ခင်းထားအပ်သောနေရာ၌ ထိုင်ပါ၏၊ အသျှင်ဘုရား ထိုအခါ ဟတ္ထက အာဠဝကသည် အကျွန်ုပ်အထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေပါ၏၊ အသျှင်ဘုရား တစ်ခုသောနေရာ၌ ထိုင်နေသော ဟတ္ထကအာဠဝကကို အကျွန်ုပ်သည် ''ဒါယကာ သင်သည် အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏''ဟု မြတ်စွာဘုရား မိန့်ကြား တော်မူ၏။ အဘယ်ခုနစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလရှိ၏။ပ။ (ဒုစရိုက်မှ) ရှက်တတ်၏။ (ဒုစရိုက်မှ) လန့်တတ်၏။ များသော အကြားအမြင် ရှိ၏။ စွန့်ကြဲ ပေးကမ်းတတ်၏။ ပညာရှိ၏ဟု မိန့်တော်မူ၏၊ ဒါယကာ သင်သည် ဤအံ့ဖွယ် ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောခုနစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မြတ်စွာဘုရား မိန့်တော်မူ၏''ဟူ၍ ပြောဆိုပါ၏။ အသျှင်ဘုရား ဤသို့ ပြောသည်ရှိသော် ဟတ္ထကအာဠဝကသည် အကျွန်ုပ်ကို ''အသျှင်ဘုရား အသို့ပါနည်း၊ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံတစ်ယောက် မရှိပါသလော''ဟု (ဆိုပါ၏)၊ ဒါယကာ ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူဝတ်သော လူတစ်စုံ တစ်ယောက်မျှ မရှိဟု (ဆိုပါ၏)။ အသျှင်ဘုရား ဤသို့ မြတ်စွာဘုရား မိန့်ကြားရာအရပ်၌ အဝတ်ဖြူ ဝတ်သော လူတစ်စုံတစ်ယောက်မျှ အကယ်၍ မရှိသည်ဖြစ်အံ့၊ ကောင်းပါလေ၏ဟု ဆိုပါ၏ဟူ၍ လျှောက်၏။ ရဟန်း ကောင်းစွ ကောင်းစွ၊ ထိုအမျိုးကောင်းသားသည် အလိုနည်း၏၊ မိမိ၌ ထင်ရှားရှိသည် သာလျှင် ဖြစ်သော ကုသိုလ်တရားတို့ကို သူတစ်ပါးတို့အား သိစေခြင်း၌ အလိုမရှိ၊ ရဟန်း ထို့ကြောင့်ပင် သင်သည် ဟတ္ထကအာဠဝကကို အလိုနည်းခြင်းဟူသော အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘော့နှင့်လည်း ပြည့်စုံသောသူဟု မှတ်လေလော့ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄ - ဒုတိယ ဟတ္ထကသုတ်

၂၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥပါသကာငါးရာတို့ဖြင့် ခြံရံလျက် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေသော ဟတ္ထကအာဠဝကကို မြတ်စွာဘုရားသည် ''ဟတ္ထက သင်၏ ဤပရိသတ်သည် များလှ၏ တကား၊ ဟတ္ထက သင်သည် အဘယ်သို့လျှင် များစွာသော ဤပရိသတ်ကို ချီးမြှောက်သနည်း''ဟု မိန့် တော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ဟောတော်မူသော ချီးမြှောက်ဖွယ်ရာ သင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့် အကျွန်ုပ်သည် များစွာသော ဤပရိသတ်ကို ချီးမြှောက်ပါ၏။ အသျှင်ဘုရား အကျွန်ုပ်သည် အကြင်သူကို ဤသူသည်ကား ပေးကမ်းခြင်းဖြင့် ချီးမြှောက် ထိုက်၏''ဟု သိ၏၊ ထိုသူကို ပေးကမ်းခြင်းဖြင့် ချီးမြှောက်ပါ၏၊

အကြင်သူကို ''ဤသူသည်ကား ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ချီးမြှောက်ထိုက်၏''ဟု သိ၏၊ ထိုသူကို ချစ်ဖွယ်သော စကားကို ပြောဆိုခြင်းဖြင့် ချီးမြှောက်ပါ၏။ အကြင်သူကို ''ဤသူသည်ကား အကျိုးစီးပွါးကို ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ထိုက်၏''ဟု သိ၏၊ ထိုသူကို အကျိုးစီးပွါးကို ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ပါ၏၊

အကြင်သူကို ''ဤသူသည်ကား မိမိနှင့် အတူအမျှ ပြုခြင်းဖြင့် ချီးမြှောက်ထိုက်၏''ဟု သိ၏၊ ထိုသူကို မိမိနှင့်အတူအမျှ ပြုခြင်းဖြင့် ချီးမြှောက်ပါ၏၊

အသျှင်ဘုရား အကျွန်ုပ်အိမ်၌ကား စည်းစိမ်ဥစ္စာတို့သည် ရှိပါကုန်၏၊ သူဆင်းရဲ၏ စကားကို နားထောင်သင့်၏ဟု မမှတ်ထင်ကြကုန်သကဲ့သို့ မပေးကမ်းသူ၏ စကားကို နားထောင်သင့်၏ဟု မမှတ် ထင်ကြပါကုန်။(အကျွန်ုပ်၏ စကားကိုမူကား နားထောင်သင့်၏ဟု မှတ်ထင်ကြပါကုန်၏)ဟု (လျှောက်၏)။

ဟတ္ထက ကောင်းပေစွ ကောင်းပေစွ၊ သင်၏ ဤအကြောင်းလေးမျိုးကား များစွာသော ပရိသတ်ကို ချီးမြှောက်ရန် သင့်သော အကြောင်းတည်း၊ ဟတ္ထက ရှေးလွန်ပြီးအခါက များစွာသော ပရိသတ်ကို ချီးမြှောက်သူဟူသမျှအားလုံးတို့သည် ဤသင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ခဲ့ကုန်၏၊ ဟတ္ထက နောင်အခါ၌ များစွာသော ပရိသတ်ကို ချီးမြှောက်မည့်သူဟူသမျှ အားလုံးတို့သည် ဤသင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ကုန်လိမ့်မည်၊ ဟတ္ထက ယခုအခါ၌ များစွာသော ပရိသတ်ကို ချီးမြှောက်နေသူဟူသမျှ အားလုံးတို့သည် ဤသင်္ဂဟဝတ္ထုလေးမျိုးတို့ဖြင့်သာလျှင် များစွာသော ပရိသတ်ကို ချီးမြှောက်ကုန်၏ဟု (မိန့်တော်မူ၏)။

ထိုအခါ ဟတ္ထကအာဠဝကသည် မြတ်စွာဘုရားက တရားစကားဖြင့် ( အကျိုးစီးပွါးကို) သိမြင်စေ လျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေသည်ဖြစ်၍ နေရာမှ ထလျက် မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားလေ၏။ ထို့နောက် မြတ်စွာဘုရားသည် ဟတ္ထကအာဠဝက ဖဲသွား၍ မကြာမြင့်မီ ရဟန်းတို့ကို ''ရဟန်းတို့ ဟတ္ထကအာဠဝက ဥပါသကာကို အံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော သဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏''ဟု မှတ်ကုန်လော့၊ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဟတ္ထကအာဠဝကသည် သဒ္ဓါတရားရှိ၏၊ သီလ ရှိ၏။ပ။ (ဒုစရိုက်မှ) ရှက်တတ်၏။ (ဒုစရိုက်မှ) လန့်တတ်၏။ များသော အကြားအမြင် ရှိ၏။ စွန့်ကြဲ ပေးကမ်းတတ်၏။ ပညာရှိ၏။ အလိုနည်း၏။ ရဟန်းတို့ ဟတ္ထကအာဠဝကသည် ဤအံ့ဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ဤသဘောရှစ်မျိုးတို့နှင့် ပြည့်စုံ၏ဟု မှတ်ကုန်လော့ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅ - မဟာနာမသုတ်

၂၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မဟာနာမ် သာကီဝင်မင်းသည် မြတ်စွာဘုရားအထံ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် -''အသျှင်ဘုရား အဘယ်မျှသော အကြောင်းဖြင့် ဥပါသကာဖြစ်ပါသနည်း''ဟု လျှောက်၏။ မဟာနာမ် ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ မဟာနာမ် ဤမျှသော အကြောင်းဖြင့် ဥပါသကာဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အဘယ်မျှသော အကြောင်းဖြင့် ဥပါသကာသည် သီလရှိသူ မည်ပါသနည်းဟု (လျှောက်၏)။

မဟာနာမ် ဥပါသကာသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင် ကြဉ်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်၏။ မဟာနာမ် ဤမျှသော အကြောင်းဖြင့် ဥပါသကာသည် သီလရှိသူမည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဥပါသကာသည် အဘယ်မျှသော အကြောင်းဖြင့် မိမိ၏ အကျိုးစီးပွါးအလို့ငှါ ကျင့်သူ ဖြစ်၍ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါ ကျင့်သူ မဖြစ်ပါသနည်းဟု (လျှောက်၏)။

မဟာနာမ် ဥပါသကာသည် မိမိသည်သာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူတစ်ပါးကို သဒ္ဓါတရားနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် သီလနှင့် ပြည့်စုံ၍ သူတစ်ပါးကို သီလနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံ၍ သူတစ်ပါးကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် ရဟန်းတို့ကို ဖူးမြင်လို၍ သူတစ်ပါးကို ရဟန်းတို့ကို ဖူးမြင်ခြင်း၌ မဆောက်တည်စေ၊ မိမိသည်သာလျှင် သူတော်ကောင်းတရားကို နာလို၍ သူတစ်ပါး ကို သူတော်ကောင်းတရားကို နာခြင်း၌ မဆောက်တည်စေ၊ မိမိသည်သာလျှင် ကြားနာအပ်ပြီးသော တရားကို ဆောင်ထားမှတ်သားခြင်း သဘောရှိ၍ သူတစ်ပါးကို တရားကို ဆောင်ထား မှတ်သားရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ် သည်၌ စုံစမ်းဆင်ခြင်တတ်၍ သူတစ်ပါးကို အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်ရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် အနက်ပါဠိကို သိလျက် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်၍ သူတစ်ပါးကို လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်ရန် မဆောက် တည်စေ။ မဟာနာမ် ဥပါသကာသည် ဤမျှသော အကြောင်းဖြင့် မိမိ အကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူ တစ်ပါး၏ အကျိုးစီးပွါးအလို့ငှါ မကျင့်ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဥပါသကာသည် အဘယ်မျှသော အကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း ကျင့်ပါသနည်းဟု (လျှောက်၏)။

မဟာနာမ် ဥပါသကာသည် မိမိလည်း သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း သဒ္ဓါတရားနှင့် ပြည့်စုံရန် ဆောက်တည်စေ၏၊ မိမိလည်း သီလနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း သီလနှင့် ပြည့်စုံရန် ဆောက်တည်စေ၏၊ မိမိလည်း စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း စွန့်ကြဲ ပေးကမ်းခြင်းနှင့် ပြည့်စုံရန် ဆောက်တည်စေ၏။ မိမိလည်း ရဟန်းတို့ကို ဖူးမြင်လို၍ သူတစ်ပါးတို့ကိုလည်း ရဟန်းတို့ကို ဖူးမြင်ခြင်း၌ ဆောက်တည်စေ၏၊ မိမိလည်း သူတော်ကောင်းတရားကို နာလို၍့သူတစ်ပါးကို လည်း သူတော်ကောင်းတရားကို နာခြင်း၌ ဆောက်တည်စေ၏၊ မိမိလည်း ကြားနာအပ်ပြီးသော တရားကို ဆောင်ထား မှတ်သားခြင်း သဘောရှိ၍ သူတစ်ပါးကိုလည်း ကြားနာအပ်ပြီးသော တရားကို ဆောင်ထား မှတ်သားရန် ဆောက်တည်စေ၏၊ မိမိလည်း ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်တတ်၍ သူတစ်ပါးကိုလည်း ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်ရန် ဆောက်တည်စေ၏၊ မိမိလည်း အနက်ပါဠိကို သိလျက် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်၍ သူတစ်ပါးကိုလည်း လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်ရန် ဆောက်တည်စေ၏။ မဟာနာမ် ဥပါသကာသည် ဤမျှသောအကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆ - ဇီဝကသုတ်

၂၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဇီဝက၏ သရက်ဥယျာဉ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အဘယမင်းသား မွေးစားသော ဇီဝကသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်လျက်''မြတ်စွာဘုရား အဘယ်မျှသော အကြောင်းဖြင့် ဥပါသကာ မည်ပါသနည်း''ဟု လျှောက်၏၊

ဇီဝက ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏၊ ဇီဝက ဤမျှသော အကြောင်းဖြင့် ဥပါသကာမည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား အဘယ်မျှသော အကြောင်းဖြင့် ဥပါသကာသည် သီလရှိသူမည်ပါသနည်းဟု (လျှောက်၏)။

ဇီဝက ဥပါသကာသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်၏၊ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်၏။ ဇီဝက ဤမျှသော အကြောင်းဖြင့် ဥပါသကာသည် သီလရှိသူမည်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ဥပါသကာသည် အဘယ်မျှသော အကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါးအကျိုးစီးပွါးအလို့ငှါ မကျင့်သနည်းဟု (လျှောက်၏)။

ဇီဝက ဥပါသကာသည် မိမိသည်သာလျှင် သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူတစ်ပါးကို သဒ္ဓါတရားနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် သီလနှင့် ပြည့်စုံ၍ သူတစ်ပါးကို သီလနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံ၍ သူတစ်ပါးကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် ရဟန်းတို့ကို ဖူးမြင်လို၍ သူတစ်ပါးကို ရဟန်းတို့ကို ဖူးမြင်ခြင်း၌ မဆောက်တည်စေ၊ မိမိသည်သာလျှင် သူတော်ကောင်းတရားကို နာလို၍ သူတစ်ပါးကို သူတော်ကောင်းတရားကို နာခြင်း၌ မဆောက်တည်စေ၊ မိမိသည်သာလျှင် ကြားနာအပ်ပြီးသော တရားကို ဆောင်ထားမှတ်သားခြင်း သဘောရှိ၍ သူတစ်ပါးကို တရားကို ဆောင်ထားမှတ်သားရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်း ဆင်ခြင်တတ်၍ သူတစ်ပါးကို အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်ရန် မဆောက်တည်စေ၊ မိမိသည်သာလျှင် အနက်ပါဠိကို သိလျက် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်၍ သူတစ်ပါးကို လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်ရန် မဆောက်တည်စေ။ ဇီဝက ဥပါသကာသည် ဤမျှသော အကြောင်းဖြင့်မိမိအကျိုးစီးပွါးအလို့ငှါ ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါး အလို့ငှါ မကျင့်ဟု (မိန့်တော်မူ၏)။

''အသျှင်ဘုရား ဥပါသကာသည် အဘယ်မျှသော အကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း ကျင့်ပါသနည်း''ဟု (လျှောက်၏)။

ဇီဝက ဥပါသကာသည် မိမိလည်း သဒ္ဓါတရားနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း သဒ္ဓါတရားနှင့် ပြည့်စုံရန် ဆောက်တည်စေ၏၊ မိမိလည်း စွန့်ကြဲ ပေးကမ်းခြင်းနှင့် ပြည့်စုံ၍ သူတစ်ပါးကိုလည်း စွန့်ကြဲ ပေးကမ်းခြင်းနှင့် ပြည့်စုံရန် ဆောက်တည်စေ၏။ မိမိလည်း ရဟန်းတို့ကို ဖူးမြင်လို၍ သူတစ်ပါးတို့ကို လည်း ရဟန်းတို့ကို ဖူးမြင်ခြင်း၌ ဆောက်တည်စေ၏၊ မိမိလည်း သူတော်ကောင်းတရားကို နာလို၍ သူတစ်ပါးကိုလည်း သူတော်ကောင်းတရားကို နာခြင်း၌ ဆောက်တည်စေ၏၊ မိမိလည်း ကြားနာအပ်ပြီးသော တရားကို ဆောင်ထား မှတ်သားခြင်း သဘောရှိ၍ သူတစ်ပါးကိုလည်း ကြားနာအပ်ပြီးသော တရား ကို ဆောင်ထားမှတ်သားရန် ဆောက်တည်စေ၏၊ မိမိလည်း ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်တတ်၍ သူတစ်ပါးကိုလည်း ကြားနာအပ်ပြီးသော တရားတို့၏ အကြောင်းဟုတ်သည် မဟုတ်သည်၌ စုံစမ်းဆင်ခြင်ရန် ဆောက်တည်စေ၏၊ မိမိလည်း အနက်ပါဠိကို သိလျက် လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်၍ သူတစ်ပါးကိုလည်း လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်ရန် ဆောက်တည်စေ၏။ ဇီဝက ဥပါသကာသည် ဤမျှသော အကြောင်းဖြင့် မိမိအကျိုးစီးပွါးအလို့ငှါလည်း ကျင့်၍ သူတစ်ပါး၏ အကျိုးစီးပွါးအလို့ငှါလည်း ကျင့်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

ရ - ပဌမ ဗလသုတ်

၂၇။ ရဟန်းတို့ အားတို့သည် ဤှရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

ရဟန်းတို့ သူငယ်တို့သည် ငိုကြွေးခြင်းဟူသော အားရှိကုန်၏၊

မာတုဂါမတို့သည် အမျက်ထွက်ခြင်းဟူသော အားရှိကုန်၏၊

ခိုးသူတို့သည် လက်နက်ဟူသော အားရှိကုန်၏၊

မင်းတို့သည် အစိုးရခြင်းဟူသော အားရှိကုန်၏၊

သူမိုက်တို့သည် ကဲ့ရဲ့ခြင်းဟူသော အားရှိကုန်၏၊

ပညာရှိတို့သည် အကျိုးရှိ မရှိကို ရှုခြင်းဟူသော အားရှိကုန်၏၊

အကြားအမြင်များသူတို့သည် ဆင်ခြင်ခြင်းဟူသော အားရှိကုန်၏၊

သမဏ ဗြာဟ္မဏတို့သည် သည်းခံခြင်းဟူသော အားရှိကုန်၏။ ရဟန်းတို့ ဤသည်တို့ကား အားရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈ - ဒုတိယဗလသုတ်

၂၈။ ထိုအခါ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးလျက် တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင် သာရိပုတြာအား မြတ်စွာဘုရားသည် ''သာရိပုတြာ အာသဝေါကုန်ပြီးသောရဟန်း၏ ဉာဏ်အားတို့သည် အဘယ်မျှ ရှိကုန်သနည်း၊ ယင်းဉာဏ်အားတို့နှင့် ပြည့်စုံသော ရဟန်းသည် 'ငါ့အား အာသဝေါတရားတို့ကုန်ပြီ'ဟု အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံကုန်သနည်း''ဟု မေးတော်မူ၏။

အသျှင်ဘုရား အာသဝေါကုန်ပြီးသော ရဟန်း၏ ဉာဏ်အားတို့သည် ရှစ်မျိုးတို့တည်း၊ ယင်းဉာဏ့်အားတို့နှင့် ပြည့်စုံသော ရဟန်းသည် 'ငါ့အား အာသဝေါတရားတို့ ကုန်ပြီ'ဟု အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံ၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - အသျှင်ဘုရား ဤသာသနာတော်၌ အာသဝေါကုန်ပြီးသော ရဟန်းသည် အလုံးစုံသော (တေဘူမိက) သင်္ခါရတို့ကို မမြဲသောအားဖြင့်ဟုတ်တိုင်းမှန်စွာ ကောင်းသော (ဝိပဿနာ,မဂ်) ပညာဖြင့် ကောင်းစွာ မြင်အပ်ကုန်၏၊ အသျှင်ဘုရား အာသဝေါ ကုန်ပြီးသော ရဟန်း၏ အလုံးစုံသော သင်္ခါရတို့ကို မမြဲသောအားဖြင့်ဟုတ်တိုင်းမှန်စွာ ကောင်းသော (ဝိပဿနာ,မဂ်) ပညာဖြင့် ကောင်းစွာ မြင်ခြင်းသည်လည်း အာသဝေါကုန်ပြီးသော ရဟန်း၏ အားပါတည်း။ ယင်းအားကို စွဲ၍ အာသဝေါကုန်ပြီးသော ရဟန်းသည် ''ငါ့အား အာသဝေါတရားတို့ ကုန်ပြီ''ဟု အာသဝေါတရားတို့၏ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံ၏။ (၁)

အသျှင်ဘုရား နောက်တစ်မျိုးကား အာသဝေါကုန်ပြီးသော ရဟန်းသည် ကာမဂုဏ်ငါးပါးတို့ကို မီးကျီးစုနှင့် တူကုန်၏ဟုဟုတ်တိုင်းမှန်စွာ ကောင်းသော (ဝိပဿနာ,မဂ်) ပညာဖြင့် ကောင်းစွာ မြင်အပ်ကုန်၏၊ အသျှင်ဘုရား အာသဝေါကုန်ပြီးသော ရဟန်း၏ ကာမဂုဏ်ငါးပါးတို့ကို မီးကျီးစုနှင့် တူကုန်၏ဟုဟုတ်တိုင်းမှန်စွာ ကောင်းသော (ဝိပဿနာ,မဂ်) ပညာဖြင့် ကောင်းစွာ မြင်ခြင်းသည်လည်း အာသဝေါ ကုန်ပြီးသော ရဟန်း၏ အားပါတည်း။ ယင်းအားကိုစွဲ၍ အာသဝေါကုန်ပြီးသော ရဟန်းသည် ''ငါ့အား အာသဝေါတရားတို့ ကုန်ပြီ''ဟု အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံ၏။ (၂)

အသျှင်ဘုရား နောက်တစ်မျိုးကား အာသဝေါကုန်ပြီးသော ရဟန်း၏ စိတ်သည် (သင်္ခါရတို့၏) ဆိတ်သုဉ်းရာ 'နိဗ္ဗာန်' သို့ ညွတ်၏၊ နိဗ္ဗာန်သို့ ကိုင်း၏၊ နိဗ္ဗာန်သို့ ရှိုင်း၏၊ နိဗ္ဗာန်၌ တည်၏၊ ရှင် ရဟန်းအဖြစ်၌ မွေ့လျော်၏၊ အာသဝေါတိုု့၏ အကြောင်းတရားတို့မှ အလုံးစုံသော အခြင်းအရာအားဖြင့် ကင်း၏၊ အသျှင်ဘုရား အာသဝေါကုန်ပြီးသော ရဟန်း၏ စိတ်သည် သင်္ခါရတို့၏ ဆိတ်သုဉ်းရာ 'နိဗ္ဗာန်' သို့ ညွတ်ခြင်း၊ နိဗ္ဗာန်သို့ ကိုင်းခြင်း၊ နိဗ္ဗာန်သို့ ရှိုင်းခြင်း၊ နိဗ္ဗာန်၌ တည်ခြင်း၊ ရှင်ရဟန်းအဖြစ်၌ မွေ့လျော်ခြင်း၊ အာသဝေါတိုု့၏ အကြောင်းတရားတို့မှ အလုံးစုံသော အခြင်းအရာအားဖြင့် ကင်းခြင်း သည်လည်း ရဟန်း၏ အားပါတည်း။ ယင်းအားကိုစွဲ၍ အာသဝေါကုန်ပြီးသော ရဟန်းသည် ''ငါ့အား အာသဝေါတရားတို့ ကုန်ပြီ''ဟု အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံ၏။ (၃)

အသျှင်ဘုရား နောက်တစ်မျိုးကား အာသဝေါကုန်ပြီးသော ရဟန်းသည် သတိပဋ္ဌာန်လေးပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏၊ အသျှင်ဘုရား အာသဝေါကုန်ပြီးသော ရဟန်း၏ သတိပဋ္ဌာန် လေးပါးတို့ကို ပွါးခြင်း ကောင်းစွာ ပွါးခြင်းသည်လည်း အာသဝေါကုန်ပြီးသော ရဟန်း၏ အားပါတည်း။ ယင်းအားကိုစွဲ၍ အာသဝေါကုန်ပြီးသော ရဟန်းသည် ''ငါ့အား အာသဝေါတရားတို့ ကုန်ပြီ''ဟု အာသဝေါ တရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံ၏။ (၄)

အသျှင်ဘုရား နောက်တစ်မျိုးကား အာသဝေါကုန်ပြီးသော ရဟန်းသည် ဣဒ္ဓိပါဒ်လေးပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏။ပ။ ဣန္ဒြေငါးပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏။ပ။ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ပွါးအပ်ကုန်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏။ပ။ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ကို ပွါးအပ်၏၊ ကောင်းစွာ ပွါးအပ်ကုန်၏၊ အသျှင်ဘုရား အာသဝေါကုန်ပြီးသော ရဟန်း၏ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ကို ပွါးခြင်း ကောင်းစွာ ပွါးခြင်းသည်လည်း အာသဝေါကုန်ပြီးသော ရဟန်း၏ အားပါတည်း။ ယင်းအားကိုစွဲ၍ အာသဝေါကုန်ပြီးသော ရဟန်းသည် ''ငါ့အား အာသဝေါတရားတို့ ကုန်ပြီ''ဟု အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံ၏။ (၅-၈)

အသျှင်ဘုရား အာသဝေါကုန်ပြီးသော ရဟန်း၏ ဉာဏ်အားတို့သည် ဤရှစ်မျိုးတို့ပါတည်း။ ယင်းဉာဏ်အားတို့နှင့် ပြည့်စုံသော အာသဝေါကုန်ပြီးသော ရဟန်းသည် ''ငါ့အား အာသဝေါတရားတို့ ကုန်ပြီ''ဟု အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) ကို ဝန်ခံ၏ဟု (လျှောက်၏)။

အဋ္ဌမသုတ်။

------

၉ - အက္ခဏသုတ်

၂၉။ ရဟန်းတို့ ''လောကသည် ပြုအပ်သော အခွင့်ရှိ၏၊ လောကသည် ပြုအပ်သော အခွင့်ရှိ၏''ဟု အကြားအမြင်မရှိသော ပုထုဇဉ်သည် ပြောဆို၏၊ ထိုပုထုဇဉ်သည် အခွင့်ဟုတ်သည်ကိုလည်းကောင်း၊ အခွင့်မဟုတ်သည်ကိုလည်းကောင်း သိကား မသိရှိလေ။ ရဟန်းတို့ မြတ်သောအကျင့်ကို ကျင့်သုံးရန် အခွင့်အခါ မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမထိုက်သူကို ဆုံးမတတ် သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည်လည်း လောက၌ ပွင့်ထွန်းတော်မူ၏၊ ကိလေသာမီးငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာ လေးပါး) တရားကိုလည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်ကား ငရဲဘုံ၌ ဖြစ်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် ပဌမအခွင့်အခါ မဟုတ်ခြင်းတည်း။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိတော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာလေးပါး) တရားကို လည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်ကား တိရစ္ဆာန်မျိုး၌ ဖြစ်၏။ပ။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား ပြိတ္တာဘုံ၌ ဖြစ်၏။ပ။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား တစ်ခုသော ရှည်သော အသက်ရှိသော (အသညသတ်) ဗြဟ္မာ့ဘုံ၌ ဖြစ်၏။ပ။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား အစွန်အဖျားကျသော ဇနပုဒ်တို့၌ ဖြစ်ရ၏၊ ထိုပုဂ္ဂိုလ်သည်လည်း အလွန်အသိဉာဏ် နည်းပါးကုန်သော လူရိုင်းမျိုးတို့၌ ဖြစ်ရ၏၊ ယင်းအရပ်တို့၌ ရဟန်း ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာမတို့၏ ဖြစ်ခြင်းသည် မရှိ။ပ။ (၅)

ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် လည်း ''ပေးလှူအပ်သော အလှူ၏ အကျိုးသည် မရှိ၊ ယဇ်ကြီးပူဇော်မှုသည် မရှိ၊ ယဇ်ငယ်ပူဇော်မှု သည် မရှိ၊ ကောင်းမှု မကောင်းမှုတို့၏ အကျိုးဝိပါက်သည် မရှိ၊ ဤလောကသည် မရှိ၊ တစ်ပါးသော လောကသည် မရှိ၊ အမိသည် မရှိ၊ အဖသည် မရှိ၊ သေ၍တစ်ဖန်ဖြစ်သော သတ္တဝါတို့သည် မရှိကုန်၊ ဤလောကကိုလည်းကောင်း၊ တမလွန်လောကကိုလည်းကောင်း၊ ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက် ပြု၍ ဟောကြားနိုင်ကုန်သော အညီအညွတ်ကောင်းသော အကျင့်ကို ကျင့်ကြကုန်သော သမဏဗြာဟ္မဏတို့မည်သည် လောက၌ မရှိကုန်ဟု မှားသော အယူ(အမြင်)ရှိသူ ဖြစ်၏။ပ။ (၆)

ရဟန်းတို့ နောက်တစ်မျိုးကား။ပ။ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် လည်း ပညာမရှိ၊ မိုက်မဲ၏၊ ဆွံ့အ၏၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကို သိရန် မစွမ်းနိုင်။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် သတ္တမအခွင့်အခါ မဟုတ်ခြင်းတည်း။ (၇)

ရဟန်းတို့ နောက်တစ်မျိုးကား ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာလေးပါးတရားကို သိမြင် တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ မပွင့်ပေါ်။ ကိလေသာမီးငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာလေးပါး) တရားကိုလည်း မဟောကြားအပ်၊ ဤပုဂ္ဂိုလ်သည်ကား မဇ္ဈိမဒေသတို့၌ ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်လည်း ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ၊ ကောင်းသော စကား, မကောင်းသော စကား၏ အနက်ကို သိရန် စွမ်းနိုင်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် အဋ္ဌမ အခွင့်အခါ မဟုတ်ခြင်းတည်း။ ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါ မဟုတ်ခြင်းတို့သည် ဤရှစ်မျိုးတို့တည်း။ (၈)

ရဟန်းတို့ မြတ်သော အကျင့်ကို ကျင့်သုံးရန် အခွင့်အခါသည်ကား တစ်ခုတည်းသာလျှင်တည်း၊ တစ်ခုတည်းသော အခွင့်အခါဟူသည် အဘယ်နည်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော၊ (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော၊ အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော၊ လောကကို သိတော်မူသော၊ ဆုံးမ ထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ်ဖြစ်တော်မူသော၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော၊ သစ္စာ လေးပါးတရားကို သိမြင်တော်မူသော၊ ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။ ကိလေသာမီး ငြိမ်းခြင်းကို ရွက်ဆောင်တတ်သော၊ ကိလေသာငြိမ်းခြင်းကို ပြုတတ်သော၊ လေးပါးသော မဂ်ဉာဏ်သို့ ရောက်စေတတ်သော၊ မြတ်စွာဘုရားတို့သာ အပြားအားဖြင့် သိစေအပ်သော (သစ္စာလေးပါး) တရားကိုလည်း ဟောကြားတော်မူအပ်၏၊ ဤပုဂ္ဂိုလ်သည်လည်း မဇ္ဈိမဒေသတို့၌ ဖြစ်၏။ ဤပုဂ္ဂိုလ်သည် ပညာရှိ၏၊ မမိုက်မဲ၊ မဆွံ့အ၊ ကောင်းသော စကား, မကောင်းသောစကား၏ အနက်ကို သိရန် စွမ်းနိုင်၏။ ရဟန်းတို့ ဤသည်ကား မြတ်သော အကျင့်ကို ကျင့်သုံးရန် တစ်ခုတည်းသာလျှင် ဖြစ်သော အခွင့်အခါတည်းဟု (မိန့်တော်မူ၏)။ (၁)

အကြင်သူတို့သည် လူ၏ အဖြစ်ကို ရကြကုန်လျက် ကောင်းစွာ အပြားအားဖြင့် သိစေအပ်သော သူတော်ကောင်းတရား၌ အခွင့်အခါကို မရကြကုန်၊ ထိုသူတို့သည် အခွင့်ကောင်းကို လွန်စေကုန်၏။ မဂ်၏ အန္တရာယ်ကို ပြုတတ်ကုန်သော များစွာသော အခွင့်မဟုတ်သည်တို့ကို ဟောတော်မူအပ်ကုန်၏၊ လောက၌ မြတ်စွာဘုရားတို့သည် တစ်ရံတစ်ခါသာလျှင် ပွင့်ကုန်၏။ လောက၌ အကြင်ဗုဒ္ဓုပ္ပါဒ နဝမခဏကို အလွန်ရခဲ၏၊ ထိုဗုဒ္ဓုပ္ပါဒ နဝမခဏသည် (မြတ်စွာဘုရား၏) မျက်မှောက်ဖြစ်၍ ဖြစ်၏၊ လူအဖြစ်ကို ရခြင်းကိုလည်းကောင်း၊ သူတော်ကောင်းတရားကို ဟောကြားခြင်းကိုလည်းကောင်း အလွန်ရခဲ၏။ ထို်ဗုဒ္ဓုပ္ပါဒ နဝမခဏ၌ မိမိအကျိုးစီးပွါးကို အလိုရှိသော သတ္တဝါသည် သူတော် ကောင်းတရားကို အဘယ်သို့လျှင် သိရအံ့နည်းဟု အားထုတ်ရန် သင့်၏၊ စင်စစ် အခွင့်ကောင်းကို မလွန်စေလင့်။ မှန်၏၊ ထို်ဗုဒ္ဓုပ္ပါဒ နဝမခဏကို လွန်စေသော သူတို့သည် ငရဲသို့ ရောက်ကြရကုန်၍ စိုးရိမ်ရကုန်၏။ အကြင်သူသည် ဤဗုဒ္ဓုပ္ပါဒ နဝမခဏ၌ သူတော်ကောင်းတရား၏ နိယာမ သဘောဟု ဆိုအပ်သော ထိုအရိယာမဂ်ကို အကယ်၍ ချွတ်ယွင်းစေအံ့၊ ထိုသူသည် အကျိုးစီးပွါးကို လွန်စေသော ကုန်သည်ကဲ့သို့ ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး ပူပန်ရလိမ့်မည်။ သူတော်ကောင်းတရားကို ချွတ်ယွင်းစေသော အဝိဇ္ဇာပိတ်ဆို့အပ်သော သတ္တဝါ သည် ပဋိသန္ဓေနေခြင်း သေခြင်းတည်းဟူသော သံသရာ၌ ကြာမြင့်စွာ ခံစားရလိမ့် မည်။

အကြင်သူတို့သည်ကား လူ၏အဖြစ်ကို ရကြကုန်၍ ကောင်းစွာ အပြားအားဖြင့် သိစေအပ်သော သူတော်ကောင်းတရား၌ မြတ်စွာဘုရား၏ စကားတော်ကို (ရှေးက လည်း) လိုက်နာကုန်ပြီ၊ (နောင်လည်း) လိုက်နာကုန်လိမ့်မည်၊ (ယခုလည်း) လိုက်နာဆဲ ဖြစ်ကုန်၏။ အကြင်သူတို့သည်လည်း မြတ်စွာဘုရားတို့သာ သိစေတော်မူအပ်သော၊ အတုမရှိ မြတ်သော အကျင့်ဟု ဆိုအပ်သော မဂ်ကို ကျင့်ကုန်၏။ ထိုသူအားလုံးတို့သည် လောက၌ ဗုဒ္ဓုပ္ပါဒ နဝမခဏကို ထိုးထွင်း၍ သိကုန်၏။ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော၊ နေမင်း၏ အဆွေတော်ဖြစ်တော်မူသော မြတ်စွာဘုရားသည် အကြင်စောင့်စည်းမှု 'သံဝရ'တို့ကို ဟောတော်မူအပ်ကုန်၏။ ထိုစောင့်စည်းမှု 'သံဝရ'တို့၌ အခါခပ်သိမ်း လုံခြုံသည်ဖြစ်၍ သတိနှင့် ပြည့်စုံကာ (ကိလေသာမိုး) မစွတ်ဘဲ နေရာ၏။ လောက၌ အကြင်သူတို့သည် အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်ကုန်၏။ ထိုသူတို့သည် စင်စစ်အားဖြင့် မာရ်မင်း၏ တည်ရာ သံသရာသို့ အစဉ် လျှောက်ကုန်သော အနုသယအားလုံးတို့ကို ဖြတ်တောက်၍ နိဗ္ဗာန်တည်းဟူသော တစ်ဖက်ကမ်းသို့ ရောက်ကုန်၏။

နဝမသုတ်။

------

၁၀ - အနုရုဒ္ဓမဟာဝိတက္ကသုတ်

၃၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့အား ဘေးမဲ့ ပေးရာ ဘေသကဠတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်အနုရုဒ္ဓါသည်စေတီတိုင်း ( မြတ်စွာဘုရားနေတော်မူရာမှ) အရှေ့ဝါးတော၌ နေတော်မူ၏၊ ထိုအခါ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသော အသျှင်အနုရုဒ္ဓါအား ''ဤလောကုတ္တရာတရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤ လောကုတ္တရာတရားသည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် မရောင့်ရဲသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤ လောကုတ္တရာတရားသည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာ တရားသည် ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သတိလွတ်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤ လောကုတ္တရာတရားသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာ တရားသည် မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ပညာ ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံ''ဟု ဤသို့ စိတ်အကြံဖြစ်၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်အနုရုဒ္ဓါ၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိတော်မူ၍ ခွန်အား ရှိသော ယောက်ျားသည် ကွေးထားသော လက်မောင်းကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်မောင်းကို ကွေးသကဲ့သို့လည်းကောင်း ဤအတူသာလျှင် ဘဂ္ဂတိုင်း သုသုမာရဂိရမြို့ဝယ် သားတို့ အား ဘေးမဲ့ပေးရာ ဘေသကဠတောမှ ကွယ်ခဲ့၍စေတီတိုင်း ( မြတ်စွာဘုရားသီတင်းသုံးတော်မူရာမှ) အရှေ့ဝါးတောအရပ် အသျှင်အနုရုဒ္ဓါ၏ မျက်မှောက်၌ ထင်ရှားဖြစ်၏၊ မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်နေတော်မူ၏၊ အသျှင်အနုရုဒ္ဓါသည်လည်း မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်အနုရုဒ္ဓါအား မြတ်စွာဘုရားသည် - အနုရုဒ္ဓါ ကောင်းစွ ကောင်းစွ၊ အနုရုဒ္ဓါ သင်သည် ''ဤလောကုတ္တရာတရားသည် အလိုနည်းသော ပုဂ္ဂိုလ်အားသာ့ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် အလိုကြီးသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရား သည် ရောင့်ရဲလွယ်သော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် မရောင့်ရဲသော ပုဂ္ဂိုလ် အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ဆိတ်ငြိမ်မှုရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤ လောကုတ္တရာတရားသည် အပေါင်းအဖော်၌ မွေ့လျော်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရား သည် ထက်သန်သော လုံ့လရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပျင်းရိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ထင်သော သတိရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သတိလွတ်သော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် တည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် မတည်ကြည်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပြည့်စုံ၊ ဤလောကုတ္တရာတရားသည် ပညာရှိသော ပုဂ္ဂိုလ်အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် ပညာမဲ့သော ပုဂ္ဂိုလ်အား မပြည့်စုံ''ဟု ယောက်ျားမြတ်တို့၏ အကြံကို ကောင်းစွာသာလျှင် ကြံအပ်ပေ၏။ အနုရုဒ္ဓါ သို့ဖြစ်လျှင် သင်သည် ''ဤလောကုတ္တရာတရားသည် သံသရာဝဋ်ကို ချဲ့ထွင်တတ်သော 'ပပဉ္စ'တရားမှ ကင်းသည့် နိဗ္ဗာန်၌ မွေ့လျော်သော၊ ပပဉ္စ တရားမရှိရာ နိဗ္ဗာန်၌ ပျော်ပိုက်သော ပုဂ္ဂိုလ် အားသာ ပြည့်စုံ၏၊ ဤလောကုတ္တရာတရားသည် သံသရာဝဋ်ကို ချဲ့ထွင်တတ်သော 'ပပဉ္စ'တရား၌ မွေ့လျော်သော၊ ပပဉ္စတရား၌ ပျော်ပိုက်သော ပုဂ္ဂိုလ်အား မပြည့်စုံ''ဟု ရှစ်ခုမြောက် ဤယောက်ျားမြတ်တို့၏ အကြံကိုလည်း ကြံဦးလော့။ အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောက်ျားမြတ်တို့၏ အကြံ ရှစ်မျိုးတို့ကို ကြံလတ္တံ ့၊ အနုရုဒ္ဓါ ထိုအခါ သင်သည် အလိုရှိသမျှ ကာလပတ်လုံး ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင် ကြံစည်မှု 'ဝိတက်' နှင့် တကွဖြစ်သော၊ သုံးသပ်ဆင်ခြင်မှု 'ဝိစာရ' နှင့် တကွဖြစ်သော၊ (နီဝရဏ)ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ရှိသော ပဌမဈာန်သို့ ရောက်၍ နေရလတ္တံ ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောက်ျားမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ သင်သည် အလိုရှိသမျှ ကာလပတ်လုံး ဝိတက် ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း 'သမာဓိ' ကို ဖြစ်ပွါးစေတတ်သော၊ ကြံစည်မှု 'ဝိတက်' မရှိသော၊ သုံးသပ်ဆင်ခြင်မှု 'ဝိစာရ' မရှိသော၊ တည်ကြည်မှု 'သမာဓိ' ကြောင့်ဖြစ်သော၊ နှစ်သိမ့်မှု 'ပီတိ' ချမ်းသာမှု 'သုခ' ရှိသော ဒုတိယဈာန်သို့ ရောက်၍ နေရလတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောက်ျားမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ၌ သင်သည် အလိုရှိသမျှ ကာလပတ်လုံး နှစ်သိမ့်မှု 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် သတိ သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေရလတ္တံ ့၊ ချမ်းသာမှု 'သုခ' ကိုလည်း ကိုယ်ဖြင့် ခံစား လတ္တံ့၊ အကြင်တတိယဈာန်ကြောင့် ထိုသူကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်)တို့သည် ပြောကြားကုန်၏၊ ထိုတတိယဈာန်သို့ ရောက်၍ နေရလတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောက်ျားမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ အနုရုဒ္ဓါ ထိုအခါ၌ သင်သည် အလိုရှိသမျှ ကာလပတ်လုံး ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ရှေးဦးကပင်လျှင် ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း၊ ဆင်းရဲချမ်းသာ မရှိသော ဥပေက္ခာကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေရလတ္တံ့။

အနုရုဒ္ဓါ သင်သည် အကြင်အခါ၌ ဤယောက်ျားမြတ်တို့၏ အကြံရှစ်မျိုးတို့ကို ကြံလတ္တံ့၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေရခြင်း ရှိကုန်သော ဤ လေးပါးသော ဈာန်တို့ကိုလည်း အလိုရှိတိုင်း မငြိုမငြင် မပင်မပန်းဘဲ ရသည် ဖြစ်လတ္တံ့၊ အနုရုဒ္ဓါ့ထိုအခါ၌ သူကြ&