အင်္ဂုတ္တရနိကာယ်

အဂုင်္တ္တိုရ်ပါဠိတော်

မြန်မာပြန်

ဒသကနိပါတ်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ပဌမ ပဏ္ဏာသက

၁-ပဌမ သုတ်ငါးဆယ်

၁-အာနိသံသဝဂ် ၁-ကိမတ္ထိယသုတ်

၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင် အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား- အသျှင်ဘုရား အပြစ်မရှိသော သီလတို့သည် အဘယ်အကျိုးရှိပါကုန်သနည်း၊ အဘယ် အာနိသင် ရှိပါကုန်သနည်းဟု လျှောက်၏။ အာနန္ဒာ အပြစ်မရှိသော သီလတို့သည် နှလုံးသာ ရွှင်မှု 'အဝိပ္ပဋိသာရ' အကျိုးရှိကုန်၏၊ နှလုံးသာရွှင်မှု 'အဝိပ္ပဋိသာရ' အာနိသင်ရှိကုန်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား နှလုံးသာရွှင်မှု 'အဝိပ္ပဋိသာရ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ် အာနိသင် ရှိပါသနည်း။ အာနန္ဒာ နှလုံးသာရွှင်မှု 'အဝိပ္ပဋိသာရ'သည်ကား ဝမ်းမြောက်မှု 'ပါမောဇ္ဇ' အကျိုးရှိ၏၊ ဝမ်းမြောက်မှု 'ပါမောဇ္ဇ' အာနိသင်ရှိ၏။ အသျှင်ဘုရား ဝမ်းမြောက်မှု 'ပါမောဇ္ဇ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင်ရှိပါ သနည်း၊ အာနန္ဒာ ဝမ်းမြောက်မှု 'ပါမောဇ္ဇ' သည်ကား နှစ်သက်မှု 'ပီတိ' အကျိုးရှိ၏၊ နှစ်သက်မှု 'ပီတိ' အာနိသင် ရှိ၏။ အသျှင်ဘုရား နှစ်သက်မှု 'ပီတိ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ နှစ်သက်မှု 'ပီတိ' သည်ကား ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' အကျိုးရှိ၏၊ ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' အာနိသင်ရှိ၏။ အသျှင်ဘုရား ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါ သနည်း။ အာနန္ဒာ ငြိမ်းချမ်းမှု 'ပဿဒ္ဓိ' သည်ကား ချမ်းသာမှု 'သုခ' အကျိုးရှိ၏၊ ချမ်းသာမှု 'သုခ' အာနိသင်ရှိ၏။ အသျှင်ဘုရား ချမ်းသာမှု 'သုခ' သည်ကား အဘယ်အကျိုးရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ ချမ်းသာမှု 'သုခ' သည်ကား တည်ကြည်မှု 'သမာဓိ' အကျိုးရှိ၏၊ တည်ကြည်မှု 'သမာဓိ' အာနိသင်ရှိ၏။ အသျှင်ဘုရား တည်ကြည်မှု 'သမာဓိ' သည်ကား အဘယ်အကျိုး ရှိပါသနည်း၊ အဘယ်အာနိသင် ရှိပါသနည်း။ အာနန္ဒာ တည်ကြည်မှု 'သမာဓိ' သည်ကားဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတ ဉာဏဒဿန' အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတ ဉာဏဒဿန' အာနိသင်ရှိ၏။ အသျှင်ဘုရားဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတ ဉာဏဒဿန' သည်ကား အဘယ်အကျိုး ရှိပါသနည်း၊ အဘယ်အာနိသင်ရှိပါသနည်း။ အာနန္ဒာဟုတ်တိုင်းမှန်စွာ သိမြင်မှု 'ယထာဘူတဉာဏ ဒဿန' သည်ကား ငြီးငွေ့မှု 'နိဗ္ဗိဒါ' နှင့် တပ်စွန်းခြင်းကင်းမှု 'ဝိရာဂ' (မဂ်ဉာဏ်) အကျိုးရှိ၏၊ ငြီးငွေ့မှု 'နိဗ္ဗိဒါ' နှင့် တပ်စွန်းခြင်း ကင်းမှု 'ဝိရာဂ' (မဂ်ဉာဏ်) အာနိသင်ရှိ၏။ အသျှင်ဘုရား ငြီးငွေ့မှု 'နိဗ္ဗိဒါ' နှင့် တပ်စွန်းခြင်းကင်းမှု 'ဝိရာဂ' သည်ကား အဘယ်အကျိုးရှိပါ သနည်း၊ အဘယ်အာနိသင်ရှိပါသနည်း။ အာနန္ဒာ ငြီးငွေ့မှု 'နိဗ္ဗိဒါ' နှင့် တပ်စွန်းခြင်းကင်းမှု 'ဝိရာဂ' သည်ကားလွတ်မြောက်မှု 'ဝိမုတ္တိ' နှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် 'ဝိမုတ္တိဉာဏဒဿန' အကျိုးရှိ၏၊ လွတ်မြောက်မှု 'ဝိမုတ္တိ'နှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် 'ဝိမုတ္တိဉာဏဒဿန' အာနိသင်ရှိ၏။ အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့သည် နှလုံးသာရွှင်မှု အကျိုးရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင်ရှိကုန်၏။ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှု အာနိသင်ရှိ၏။ ဝမ်းမြောက်မှုသည် နှစ်သက်မှု အကျိုးရှိ၏၊ နှစ်သက်မှု အာနိသင်ရှိ၏။ နှစ်သက်မှုသည် ငြိမ်းချမ်းမှု အကျိုးရှိ၏၊ ငြိမ်းချမ်းမှု အာနိသင်ရှိ၏။ ငြိမ်းချမ်းမှုသည် ချမ်းသာမှု အကျိုးရှိ၏၊ ချမ်းသာမှု အာနိသင်ရှိ၏။ ချမ်းသာမှုသည် တည်ကြည်မှု အကျိုးရှိ၏၊ တည်ကြည်မှု အာနိသင် ရှိ၏။ တည်ကြည်မှု သည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင်ရှိ၏။ဟုတ်တိုင်း မှန်စွာ သိမြင်မှုသည် ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု အကျိုးရှိ၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု အာနိသင်ရှိ၏။ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှု 'ဝိမုတ္တိ'နှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင် 'ဝိမုတ္တိဉာဏဒဿန' အကျိုးရှိ၏၊ လွတ်မြောက်မှု 'ဝိမုတ္တိ'နှင့် လွတ်မြောက်မှုကို သိသောဉာဏ်အမြင် 'ဝိမုတ္တိဉာဏဒဿန'အာနိသင်ရှိ၏၊ အာနန္ဒာ ဤသို့လျှင် အပြစ်မရှိသော သီလတို့ သည် အစဉ်အတိုင်း အရဟတ္တဖိုလ်သို့ ရောက်စေကုန်၏ဟု (မိန့်တော်မူ၏ )။

ပဌမသုတ်။

------

၂-စေတနာကရဏီယသုတ်

၂။ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား ''ငါ့အား နှလုံးသာရွှင်မှု ဖြစ်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှု ဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ နှလုံးသာရွှင်သူအား ''ငါ့အား ဝမ်းမြောက်မှု ဖြစ်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ နှလုံးသာရွှင်သူအား ဝမ်းမြောက်မှု ဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ ဝမ်းမြောက်သူအား ''ငါ့အား နှစ်သက်မှု ဖြစ်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ဝမ်းမြောက်သူအား နှစ်သက်မှု ဖြစ်ခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ နှစ်သက်သော စိတ်ရှိသူအား ''ငါ၏ ကိုယ်သည် ငြိမ်းချမ်းပါစေ''ဟုစေ့ဆော်၍ ပြုဖွယ် မရှိ၊ ရဟန်းတို့ နှစ်သက်သော စိတ်ရှိသူအား ကိုယ်ငြိမ်းချမ်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ ကိုယ်ငြိမ်းချမ်းသူအား ''ချမ်းသာကို ခံစားအံ့''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ကိုယ်ငြိမ်းချမ်းသူအား ချမ်းသာကို ခံစားမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ ချမ်းသာသူအား ''ငါ၏စိတ်သည် တည်ကြည်ပါစေ''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ချမ်းသာသူအား စိတ်တည်ကြည်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ တည်ကြည်သူအား ''ဟုတ်တိုင်းမှန်စွာ သိအံ့၊ မြင်အံ့''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ တည်ကြည်သူအားဟုတ်တိုင်းမှန်စွာ သိမှု မြင်မှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိသူ မြင်သူအား ''ငြီးငွေ့အံ့၊ တပ်စွန်းခြင်းကင်းအံ့''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ဟုတ်တိုင်းမှန်စွာ သိသူ မြင်သူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း၊ ရဟန်းတို့ ငြီးငွေ့သူ တပ်စွန်းခြင်းကင်းသူအား ''လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုအံ့''ဟုစေ့ဆော်၍ ပြုဖွယ်မရှိ၊ ရဟန်းတို့ ငြီးငွေ့သူ တပ်စွန်းခြင်းကင်းသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်ကို မျက်မှောက်ပြုခြင်းသည် ထုံးတမ်းစဉ်လာ သဘောပင်တည်း။

ရဟန်းတို့ ဤသို့လျှင် ငြီးငွေ့မှု တပ်စွန်းခြင်းကင်းမှုသည် လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို့သိသော ဉာဏ်အမြင် အကျိုးရှိ၏၊ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကိုသိသော ဉာဏ်အမြင် အာနိသင် ရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု အကျိုးရှိ၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု အာနိသင် ရှိ၏၊ တည်ကြည်မှုသည်ဟုတ်တိုင်းမှန်စွာ သိမြင်မှု အကျိုးရှိ၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု အာနိသင်ရှိ၏၊ ချမ်းသာမှုသည် တည်ကြည်မှု အကျိုးရှိ၏၊ တည်ကြည်မှု အာနိသင်ရှိ၏၊ ငြိမ်းအေးမှုသည် ချမ်းသာမှု အကျိုးရှိ၏၊ ချမ်းသာမှု အာနိသင်ရှိ၏၊ နှစ်သက်မှုသည် ငြိမ်းအေးမှု အကျိုးရှိ၏၊ ငြိမ်းအေးမှု အာနိသင်ရှိ၏၊ ဝမ်းမြောက်မှုသည် နှစ်သက်မှု အကျိုးရှိ၏၊ နှစ်သက်မှု အာနိသင်ရှိ၏၊ နှလုံးသာရွှင်မှုသည် ဝမ်းမြောက်မှု အကျိုးရှိ၏၊ ဝမ်းမြောက်မှုအာနိသင်ရှိ၏၊ အပြစ်ကင်းသော သီလတို့သည် နှလုံးသာရွှင်မှု အကျိုးရှိကုန်၏၊ နှလုံးသာရွှင်မှု အာနိသင်ရှိကုန်၏။ ရဟန်းတို့ ဤသို့လျှင် ဤဘက်ကမ်း (ဝဋ်ဆင်းရဲ) မှ ထိုဘက်ကမ်း (နိဗ္ဗာန်) သို့ ရောက်ခြင်းငှါ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့ကိုဖြစ်စေကုန်၏၊ (အပြစ်မရှိသော သီလအစရှိသော) တရားတို့သည် (နှလုံးသာရွှင်ခြင်းအစရှိသော) တရားတို့ကို ပြည့်စုံစေကုန်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ပဌမ ဥပနိသသုတ်

၃။ ရဟန်းတို့ သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှုပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီးသူအား ငြိမ်းချမ်းမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းချမ်းမှု မရှိလတ်သော် ငြိမ်းချမ်းမှု ပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား တည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ တည်ကြည်မှု မရှိလတ်သော် တည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းချို့တဲ့၏၊ဟုတ်တိုင်းမှန်စွာ သိမြင်မှု မရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်မှု ပျက်စီးသူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား ကိလေသာမှ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကိုသိသော ဉာဏ်အမြင်သည် အကြောင်း ချို့တဲ့၏။ ရဟန်းတို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ရဟန်းတို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်း ချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ရဟန်းတို့ သီလရှိသူ သီလပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှု ရှိလတ်သော် ဝမ်းမြောက်မှုနှင့် ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းချမ်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းချမ်းမှုရှိလတ်သော် ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှုရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသောတည်ကြည်မှုရှိလတ်သော် ကောင်းသော တည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမြင်မှုသည် အကြောင်းပြည့်စုံ၏၊ ဟုတ်တိုင်းမှန်စွာ သိမြင်မှုရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမြင်သူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု သည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု ပြည့်စုံသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ရဟန်းတို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်း ပြည့်စုံ၏၊ နှလုံးသာ ရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်း ပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဒုတိယ ဥပနိသသုတ်

၄။ ထိုအခါ အသျှင်သာရိပုတြာသည် ရဟန်းတို့ကို ဤသို့ မိန့်ဆို၏-ငါ့သျှင်တို့ သီလမရှိသူ သီလ ပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်း ချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ချို့တဲ့သူအား ဝမ်းမြောက်မှုသည် အကြောင်း ချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံး သာရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ငါ့သျှင်တို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့ သို့ ငါ့သျှင်တို့ ဤအတူပင် သီလရှိသူ သီလနှင့်ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်းပြည့်စုံ၏၊ နှလုံးသာရွှင်မှု ရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်ဆို၏။)

စတုတ္ထသုတ်။

------

၅-တတိယ ဥပနိသသုတ်

၅။ ထိုအခါ အသျှင်အာနန္ဒာသည် ရဟန်းတို့ကို ဤသို့ မိန့်ဆို၏-ငါ့သျှင်တို့ သီလမရှိသူ သီလ ပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်းချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှု ပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်းချို့တဲ့၏၊ ဝမ်းမြောက်မှု မရှိလတ်သော် ဝမ်းမြောက်မှု ပျက်စီးသူအား နှစ်သက်မှုသည် အကြောင်းချို့တဲ့၏၊ နှစ်သက်မှု မရှိလတ်သော် နှစ်သက်မှု ပျက်စီး သူအား ငြိမ်းချမ်းမှုသည် အကြောင်းချို့တဲ့၏၊ ငြိမ်းချမ်းမှု မရှိလတ်သော် ငြိမ်းချမ်းမှု ပျက်စီးသူအား ချမ်းသာမှုသည် အကြောင်းချို့တဲ့၏၊ ချမ်းသာမှု မရှိလတ်သော် ချမ်းသာမှု ပျက်စီးသူအား ကောင်းသောတည်ကြည်မှုသည် အကြောင်းချို့တဲ့၏၊ ကောင်းသော တည်ကြည်မှု မရှိလတ်သော် ကောင်းသော တည်ကြည်မှု ပျက်စီးသူအားဟုတ်တိုင်းမှန်စွာ သိမှုဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏၊ဟုတ်တိုင်း မှန်စွာ သိမှုဉာဏ်အမြင် မရှိလတ်သော်ဟုတ်တိုင်း မှန်စွာ သိမှုဉာဏ်အမြင် ပျက်စီးသူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် အကြောင်းချို့တဲ့၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု မရှိလတ်သော် ငြီးငွေ့မှု နှင့် တပ်စွန်းခြင်းကင်းမှု ပျက်စီးသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ အခက် အရွက် ပျက်စီးသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့၊ အခွံအခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ မရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလမရှိသူ သီလပျက်စီးသူအား နှလုံးသာရွှင်မှုသည် အကြောင်း ချို့တဲ့၏၊ နှလုံးသာရွှင်မှု မရှိလတ်သော် နှလုံးသာရွှင်မှုပျက်စီးသူအား ဝမ်းမြောက်မှုသည် အကြောင်း ချို့တဲ့၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြေက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းချို့တဲ့၏။ ငါ့သျှင်တို့ သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်း ပြည့်စုံ၏၊ နှလုံး သာရွှင်မှုရှိလတ်သော် နှလုံးသာရွှင်မှုနှင့် ပြည့်စုံသူအား ဝမ်းမြောက်မှုသည် အကြောင်းပြည့်စုံ၏၊ ဝမ်းမြောက်မှုရှိလတ်သော် ဝမ်းမြောက်မှုနှင့်ပြည့်စုံသူအား နှစ်သက်မှုသည် အကြောင်းပြည့်စုံ၏၊ နှစ်သက်မှု ရှိလတ်သော် နှစ်သက်မှုနှင့် ပြည့်စုံသူအား ငြိမ်းချမ်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြိမ်းချမ်းမှု ရှိလတ်သော် ငြိမ်းချမ်းမှုနှင့် ပြည့်စုံသူအား ချမ်းသာမှုသည် အကြောင်းပြည့်စုံ၏၊ ချမ်းသာမှုရှိလတ်သော် ချမ်းသာမှုနှင့် ပြည့်စုံသူအား ကောင်းသော တည်ကြည်မှုသည် အကြောင်းပြည့်စုံ၏၊ ကောင်းသော တည်ကြည်မှုရှိလတ်သော် ကောင်းသော တည်ကြည်မှုနှင့် ပြည့်စုံသူအားဟုတ်တိုင်းမှန်စွာ သိမှုဉာဏ်အမြင်သည် အကြောင်း ပြည့်စုံ၏၊ဟုတ်တိုင်းမှန်စွာ သိမှုဉာဏ်အမြင်ရှိလတ်သော်ဟုတ်တိုင်းမှန်စွာ သိမှုဉာဏ် အမြင်နှင့် ပြည့်စုံသူအား ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှုသည် အကြောင်းပြည့်စုံ၏၊ ငြီးငွေ့မှုနှင့် တပ်စွန်းခြင်း ကင်းမှု ရှိလတ်သော် ငြီးငွေ့မှုနှင့် တပ်စွန်းခြင်းကင်းမှု ပြည့်စုံသူအား လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏။ ငါ့သျှင်တို့ အခက် အရွက်နှင့် ပြည့်စုံသော သစ်ပင်အား အပွေးသည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့၊ အခွံ အခေါက်သည်လည်း။ အကာသည်လည်း။ အနှစ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်သကဲ့သို့ ငါ့သျှင်တို့ ဤအတူပင် သီလရှိသူ သီလနှင့် ပြည့်စုံသူအား နှလုံးသာရွှင်မှုသည် အကြောင်း ပြည့်စုံ၏၊ နှလုံးသာရွှင်မှုရှိလတ်သော် နှလုံးသားရွှင်မှုရှိသူအား ဝမ်းမြောက်မှုသည် အကြောင်း ပြည့်စုံ၏။ပ။ လွတ်မြောက်မှုနှင့် လွတ်မြောက်မှုကို သိသော ဉာဏ်အမြင်သည် အကြောင်းပြည့်စုံ၏ဟု (မိန့်ဆို၏)။

ပဉ္စမသုတ်။

------

၆-သမာဓိသုတ်

၆။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်။ပ။ တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ဤသို့လျှောက်၏-''အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ် ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည် လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌့ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏''ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ'ကို ရခြင်း ဖြစ်နိုင်ရာပါသလော''ဟု လျှောက်၏။ အာနန္ဒာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင် တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ် တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံ တစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာ မရှိသည် လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူမဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ'ကို ရခြင်းသည် ဖြစ်နိုင်ရာ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင် တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ် တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ ၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာ မရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာ ရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ'ကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်နိုင် ရာပါသနည်းဟု (လျှောက်၏)။

အာနန္ဒာ ဤသာသနာတော်၌ ရဟန်းသည် ''သင်္ခါရအားလုံးငြိမ်းရာ ဥပဓိအားလုံးကို စွန့်ရာ တဏှာကုန်ရာ တပ်စွန်းခြင်း ကင်းရာ ချုပ်ရာ ဖြစ်သော ထိုနိဗ္ဗာန်သည် ငြိမ်သက်၏၊ ထိုနိဗ္ဗာန်သည် မွန်မြတ်၏''ဟု အမှတ်ရှိသူ ဖြစ်၏။ အာနန္ဒာ ဤသို့လျှင် ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ် တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ' ကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

၇-သာရိပုတ္တသုတ်

၇။ ထိုအခါ အသျှင်အာနန္ဒာသည် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၍ အသျှင်သာရိပုတြာနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆို၏၊ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်စကားကို ပြောဆို ပြီးဆုံးစေပြီးနောက် တစ်ခုသောနေရာ၌ ထိုင်နေလျက် အသျှင်သာရိပုတြာအား ဤစကားကို လျှောက်၏-ငါ့သျှင် သာရိပုတြာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ၊ ရေ၌ ရေဟု အမှတ်မရှိသူ မဖြစ်ရာ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ် ရာ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ သညာရှိသည်လည်းမဟုတ် သညာ မရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ရာ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာ ရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု 'သမာဓိ'ကို ရခြင်းသည် ဖြစ်ရာပါသလောဟု (လျှောက်၏)။

ငါ့သျှင် အာနန္ဒာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ရာ၊ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု သမာဓိကို ရခြင်းသည် ဖြစ်ရာ၏ဟု (မိန့်ဆို၏)။

ငါ့သျှင်သာရိပုတြာ ရဟန်းအား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ရာ။ပ။ (သို့ပင်ဖြစ်သော်လည်း) သညာရှိသူကား ဖြစ်ရာ၏ဟူသော သဘောရှိသည့် တည်ကြည်မှု သမာဓိကို ရခြင်းသည် အဘယ်သို့လျှင် ဖြစ်ရာပါသနည်းဟု (မေး၏)။

ငါ့သျှင်အာနန္ဒာ အခါတစ်ပါး၌ ငါသည် သာဝတ္ထိပြည် အန္ဓဝန်တော၌ပင် နေ၏။ ထိုအခါ ငါသည် ထိုသို့ သဘောရှိသော တည်ကြည်မှု (သမာဓိ) ကို ဝင်စားပြီးလျှင် ယင်းသည့် သဘောကား မြေ၌ မြေဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ ရေ၌ ရေဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ မီး၌ မီးဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ လေ၌ လေဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ အဆုံးမရှိသော ကောင်းကင်တည်ရာ၌ အဆုံးမရှိသော ကောင်းကင် တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ အဆုံးမရှိသော ဝိညာဏ်တည်ရာ၌ အဆုံးမရှိသော ဝိညာဏ်တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာ၌ တစ်စုံတစ်ခုမျှ မရှိဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာ၌ သညာရှိသည်လည်းမဟုတ် သညာမရှိသည်လည်း မဟုတ်ဟူသော တည်ရာဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ ဤလောက၌ ဤလောကဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ တစ်ပါးသော လောက၌ တစ်ပါးသော လောကဟု အမှတ်ရှိသူ မဖြစ်ခဲ့ပေ၊ (သို့ပင်ဖြစ်သော်လည်း) ငါသည် သညာရှိသူကား ဖြစ်ခဲ့ပေ၏ဟု (မိန့်ဆို၏)။

အသျှင်သာရိပုတြာသည် ထိုအခါ အဘယ်သညာရှိသူ ဖြစ်ခဲ့ပါသနည်းဟု (မေး၏)။

ငါ့သျှင် ''ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း၊ ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း''ဟု ငါ့အား သညာသည် တစ်မျိုးတစ်ခြားသာလျှင် ဖြစ်ပေါ်၏၊ သညာသည် တစ်မျိုးတခြားသာလျှင် ချုပ်၏။ ငါ့သျှင် ကောက်ရိုးမီး တောက်ပရာဝယ် မီးလျှံသည် တစ်မျိုးတခြားသာ ဖြစ်သကဲ့သို့ မီးလျှံသည် တစ်မျိုး တခြားသာ ချုပ်သကဲ့သို့ ဤအတူပင် ''ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း၊ ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်း''ဟု သညာသည် တစ်မျိုးတခြားသာလျှင် ဖြစ်ပေါ်၏၊ သညာသည် တစ်မျိုးတခြားသာလျှင် ချုပ်၏။ ငါ့သျှင် ငါသည် ထိုအခါ၌ ဘဝချုပ်ခြင်းသည် နိဗ္ဗာန်တည်းဟု သညာရှိသူကား ဖြစ်ခဲ့၏ဟု (မိန့်ဆို၏)။

သတ္တမသုတ်။

------

၈-ဈာနသုတ်

၈။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားကား ရှိ၏၊ သီလကား မရှိ၊ ဤသို့ ဖြစ်သော် ထိုရဟန်း သည် ထိုအင်္ဂါနှင့် မပြည့်စုံ၊ ထိုရဟန်းသည် ''အဘယ်သို့လျှင် ငါသည် သဒ္ဓါရှိသူသည်လည်းကောင်း၊ သီလ ရှိသူသည်လည်းကောင်း ဖြစ်ပါအံ့နည်း''ဟု ထိုအင်္ဂါကို ပြည့်စေအပ်၏။ ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြားအမြင်ကား မရှိ။ပ။ အကြားအမြင်လည်း ရှိ၏၊ တရားဟော ဓမ္မကထိကကား မဟုတ်။ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်၊ ပရိသတ်၌ ကျက်စားသူလည်းဟုတ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့်ကား တရားမဟောတတ်။ ပရိသတ်၌ ရဲရဲရင့်ရင့်လည်း တရားဟောတတ်၏၊ ဝိနည်းဓိုရ်ကား မဟုတ်။ ဝိနည်း ဓိုရ်လည်းဟုတ်၏၊ အစွန်အဖျားကျသော တောကျောင်းနေကား မဟုတ်။ အစွန်အဖျားကျသော တောကျောင်းနေလည်းဟုတ်၏။ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူကား မဟုတ်။ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူလည်းဟုတ်၏။ အာသဝေါတရားတို့ ကုန်ခြင်း ကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ကား မနေ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ။ ထိုရဟန်းသည် ထိုအင်္ဂါကို ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အကြားအမြင်ရှိသူ သည်လည်းကောင်း၊ ဓမ္မကထိကသည်လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူသည်လည်းကောင်း ဖြစ်ရ ပါအံ့နည်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောရပါအံ့နည်း၊ ဝိနည်းဓိုရ်သည်လည်းကောင်း၊ အစွန်အဖျား ကျသော တောကျောင်းနေသူသည်လည်းကောင်း လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူသည် လည်းကောင်း ဖြစ်ရပါအံ့နည်း၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်'ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေရပါအံ့နည်း''ဟု ပြည့်စုံစေအပ်၏။ ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြားမြင် လည်း ရှိ၏၊ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌လည်း ကျက်စား၏၊ ပရိသတ်၌လည်း ရဲရဲရင့်ရင့် တရားဟော၏၊ ဝိနည်းဓိုရ်လည်းဟုတ်၏၊ အစွန်အဖျားကျသော တောကျောင်းနေသူလည်းဟုတ်၏၊ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သည့် ဈာန်လေးပါးတို့ကို အလိုရှိတိုင်းရသူ မငြိုမငြင်ရသူ မပင်မပန်းရသူလည်းဟုတ်၏၊ အာသဝေါတရားတို့၏ ကုန်ခြင်း ကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍လည်း နေ၏။ ဤသို့ ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ် ရှိသူသည်လည်းကောင်း၊ အခြင်းအရာအားလုံးနှင့် ပြည့်စုံသူသည်လည်းကောင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-သန္တဝိမောက္ခသုတ်

၉။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားကား ရှိ၏၊ သီလကား မရှိ။ပ။ သီလလည်း ရှိ၏။ အကြားအမြင်ကား မရှိ။ အကြားအမြင်လည်း ရှိ၏၊ ဓမ္မကထိကကား မဟုတ်၊ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်။ ပရိသတ်၌ ကျက်စားသူကားဟုတ်၏၊ ပရိသတ်၌ ရဲရဲ ရင့်ရင့်ကား တရား မဟောနိုင်။ ပရိသတ်၌ ရဲရဲရင့်ရင့်လည်း တရားဟောနိုင်၏၊ ဝိနည်းဓိုရ်ကား မဟုတ်။ ဝိနည်းဓိုရ်လည်းဟုတ်၏၊ အစွန်အဖျားကျသော တောကျောင်း၌ နေသူ မဟုတ်။ အစွန်အဖျားကျသော တောကျောင်း၌ နေသူလည်းဟုတ်၏၊ ရုပ် (ရူပဈာန်)တို့ကို လွန်မြောက်၍ ငြိမ်သက်လွတ်မြောက်သော အရူပဈာန် 'ဝိမောက္ခ'တို့ကိုကား ကိုယ်ဖြင့် တွေ့ထိ၍ မနေ။ ထိုတရားတို့ကိုလည်း ကိုယ်ဖြင့် တွေ့ထိ၍ နေ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တ ဖိုလ်' ပညာကို ယခုဘဝ၌ပင်လျှင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်၍ မနေ၊ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ။ ထိုရဟန်းသည် ထိုအင်္ဂါကို ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အကြားအမြင်ရှိသူသည်လည်းကောင်း၊ ဓမ္မကထိကသည်လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူသည် လည်းကောင်း ဖြစ်ရပါအံ့နည်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောသူသည်လည်းကောင်း၊ ဝိနည်းဓိုရ်သည် လည်းကောင်း၊ အစွန်အဖျားကျသော တောကျောင်းနေသူသည်လည်းကောင်း၊ ရုပ်(ရူပဈာန်)တို့ကို လွန်မြောက်၍ ငြိမ်သက် လွတ်မြောက်သော အရူပဈာန်တို့ကို ကိုယ်ဖြင့် တွေ့ထိ၍ နေရသူသည်လည်းကောင်း ဖြစ်ပါအံ့နည်း၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်'ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် နေရပါအံ့နည်း''ဟု ပြည့်စုံစေအပ်၏။ ရဟန်းတို့ အကြင်အခါ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြား အမြင်လည်း ရှိ၏၊ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူလည်း ဖြစ်၏၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောသူလည်း ဖြစ်၏၊ ဝိနည်းဓိုရ်လည်းဟုတ်၏၊ အစွန်အဖျားကျသော တောကျောင်း နေသူလည်းဟုတ်၏၊ ရုပ် (ရူပဈာန်)တို့ကို လွန်မြောက်၍ ငြိမ်သက်လွတ်မြောက်သော အရူပဈာန် 'ဝိမောက္ခ'တို့ကိုလည်း ကိုယ်ဖြင့် တွေ့ထိ၍နေ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်'ပညာကို ယခု ဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုကာ ရောက်၍နေ၏၊ ဤသို့ဖြစ်သော် ထိုရဟန်း သည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားဆယ်ပါးတို့နှင့် ပြည့်စုံသောရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသူသည်လည်းကောင်း၊ အခြင်းအရာအားလုံးနှင့် ပြည့်စုံသူသည်လည်းကောင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀-ဝိဇ္ဇာသုတ်

၁၀။ ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရား ရှိ၏၊ သီလကား မရှိ။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ။ ထိုရဟန်းသည် ''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း ဖြစ်ရပါအံ့နည်း''ဟု ထိုအင်္ဂါကို ပြည့်စုံစေအပ်၏။ ရဟန်းတို့ အကြင်အခါ ၌ကား ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။

ရဟန်းတို့ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြားအမြင်ကား မရှိ၊ အကြားအမြင်လည်း ရှိ၏။ ဓမ္မကထိကကား မဟုတ်။ပ။ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌ ကျက်စားသူကား မဟုတ်။ ပရိသတ်၌ ကျက်စားသူလည်းဟုတ်၏၊ ရဲရဲရင့်ရင့်ကား ပရိသတ်၌ တရား မဟောနိုင်။ ရဲရဲရင့်ရင့်လည်း ပရိသတ်၌ တရားဟောနိုင်၏၊ ဝိနည်းဓိုရ်ကား မဟုတ်။ ဝိနည်းဓိုရ်လည်းဟုတ်၏၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြ ဖွယ် (အမည်အနွယ်)နှင့်တကွ များစွာသော ရှေး၌ နေဖူးသည့် ခန္ဓာအစဉ်ကို မအောက်မေ့နိုင်။ များစွာသော။ပ။ ရှေး၌ နေဖူးသည့် ခန္ဓာအစဉ်ကိုလည်း အောက်မေ့နိုင်၏၊ လူတို့၏ မျက်စိအမြင်ထက်သာ လွန်သော စင်ကြယ်သော နတ်မျက်စိနှင့်တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကိုကား ခွဲခြား၍ မသိ။ လူတို့၏ မျက်စိအမြင်ထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ် မျက်စိနှင့်တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကိုကား ခွဲခြား၍ သိ၏၊ အာသဝေါ တရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုကာ ရောက်၍ မနေ။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် မပြည့်စုံ။

ထို့ကြောင့်''ငါသည် အဘယ်သို့လျှင် သဒ္ဓါတရားရှိသူသည်လည်းကောင်း၊ သီလရှိသူသည်လည်းကောင်း၊ အကြားအမြင်များသူသည်လည်းကောင်း၊ ဓမ္မကထိကသည်လည်းကောင်း၊ ပရိသတ်၌ ကျက်စားသူ သည်လည်းကောင်း၊ ပရိသတ်၌ ရဲရဲရင့်ရင့် တရားဟောသူသည်လည်းကောင်း၊ ဝိနည်းဓိုရ်သည်လည်းကောင်း ဖြစ်ရပါအံ့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်း အရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့် တကွ တစ်ပါးမက (များစွာ) သော ရှေး၌နေဖူးသည့် ခန္ဓာ အစဉ်ကို အောက်မေ့နိုင်သူသည်လည်းကောင်း လူတို့၏ မျက်စိအမြင်ထက်သာ လွန်သော အထူးသဖြင့် စင်ကြယ်သော နတ်မျက်စိနှင့် တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကို ခွဲခြား၍ သိသူသည်လည်းကောင်း ဖြစ်ရပါအံ့နည်း၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့်။ပ။ မျက်မှောက်ပြုကာ ရောက်၍ နေသူသည်လည်းကောင်း ဖြစ်ရပါအံ့နည်း''ဟု ထိုအင်္ဂါကို ပြည့်စုံစေအပ်၏။ ရဟန်းတို့ အကြင်အခါ၌ ရဟန်းသည် သဒ္ဓါတရားလည်း ရှိ၏၊ သီလလည်း ရှိ၏၊ အကြားအမြင် လည်း များ၏။ ဓမ္မကထိကလည်းဟုတ်၏၊ ပရိသတ်၌လည်း ကျက်စား၏၊ ပရိသတ်၌ ရဲရဲရင့်ရင့်လည်း တရားဟော၏၊ ဝိနည်းဓိုရ်လည်းဟုတ်၏၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များစွာသော ရှေး၌ နေဖူးသည့် ခန္ဓာ အစဉ်ကိုလည်း အောက်မေ့နိုင်၏၊ လူတို့၏ မျက်စိအမြင်ထက် သာလွန်သော အထူးသဖြင့် စင်ကြယ်သော နတ်မျက်စိနှင့်တူသော မျက်စိဖြင့်။ပ။ ကံအားလျော်စွာဖြစ်သော သတ္တဝါတို့ကိုလည်း ခွဲခြား၍ သိ၏၊ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကိုလည်း ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေ၏။ ဤသို့ဖြစ်သော် ထိုရဟန်းသည် ထိုအင်္ဂါနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ထက်ဝန်းကျင် ကြည်ညိုဖွယ်ရှိသူ သည်လည်းကောင်း၊ အခြင်းအရာအားလုံးနှင့် ပြည့်စုံသူသည်လည်းကောင်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ရှေးဦးစွာသော အာနိသံသဝဂ် ပြီး၏။

------

၂-နာထဝဂ် ၁-သေနာသနသုတ်

၁၁။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းသည် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ကျောင်းကို မှီဝဲဆည်းကပ်ရသော် မကြာမီပင် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ့်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်'ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေရရာ၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသနည်း။ ရဟန်းတို့ ဤသာသနာ တော်၌ ရဟန်းသည် (၁) သဒ္ဓါတရားရှိ၏၊ ''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်း ကြောင့်လည်း အရဟံ မည်တော်မူ၏။ပ။ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့် လည်း ဘဂဝါ မည်တော်မူ၏''ဟု မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်တော်ကို ယုံကြည်၏။ (၂) အနာကင်းသူ ဆင်းရဲကင်းသူ အစာကို အညီအမျှ ကြေကျက်စေတတ်သည့် မအေးလွန်း မပူလွန်းသော၊ ကမ္မဋ္ဌာန်းအားထုတ်ရန် ခံ့သော ဝမ်းမီးနှင့် ပြည့်စုံသူ ဖြစ်၏။ (၃) မစဉ်းလဲသူ မလှည့်ပတ်သူ ဆရာ၌သော်လည်းကောင်း၊ သိကြားလိမ္မာသော သီတင်းသုံး ဖော်တို့၌သော်လည်းကောင်းဟုတ်တိုင်းမှန်စွာ မိမိကိုယ်ကို ထင်စွာပြုတတ်သူ ဖြစ်၏။ (၄) အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့ကိုဖြစ်စေရန် ထက်သန်သော လုံ့လ ရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းနှင့် ပြည့်စုံ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားသူ မဟုတ်။ (၅) ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာတို့ကို ဖောက်ထွင်းနိုင်သော၊ ဒုက္ခ ကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေနိုင်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံ။

ရဟန်းတို့ အဘယ်သို့လျှင် ကျောင်းသည်၏ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသနည်း။ ရဟန်းတို့ ဤ သာသနာတော်၌ (၁) ကျောင်းသည် ရွာနှင့် မဝေးလွန်း မနီးလွန်း ဖြစ်၏၊ အသွားအလာ လွယ်ကူ၏။ (၂) နေ့အခါ လူမပြွမ်း ညချမ်းအခါ အသံ တိတ်ဆိတ်၏၊ ဆူဆူညံညံ မရှိ။ (၃) မှက် ခြင် လေ နေပူ မြွေ ကင်းသန်းတို့၏ အတွေ့အထိ နည်းပါး၏။ (၄) ထိုကျောင်း၌နေသူ (ရဟန်း) အား သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့သည် မငြိုငြင်သဖြင့် ဖြစ်ပေါ်ကုန်၏။ (၅) ထိုကျောင်း၌ အကြားအမြင်များကုန်သော၊ ပါဠိတော်ကို နှုတ်ငုံဆောင်ကုန်သော၊ (သုတ်, အဘိဓမ္မာ) တရားတော် ဝိနည်းတော်ကို ဆောင်ကုန်သော၊ ပါတိမောက်ကို ဆောင်ကုန်သော မထေရ်ကြီးတို့သည် နေကုန်၏၊ ထိုမထေရ်ကြီးတို့သို့ ရံခါ ရံခါ ချဉ်းကပ်၍ ''အသျှင်ဘုရား ဤတရားကား အဘယ်သို့ပါနည်း၊ ဤတရား၏ အနက် (အဓိပ္ပါယ်)ကား အဘယ်သို့ ပါနည်း''ဟု မေးရ၏၊ ပြဿနာ လျှောက်ရ၏၊ ထိုရဟန်းအား ထိုအသျှင်မြတ်တို့သည် မဖွင့်သည်ကိုလည်း ဖွင့်ပြကုန်၏၊ မပေါ်လွင်သည်ကိုလည်း ပေါ်လွင်အောင် ပြုပေးကုန်၏၊ တစ်ပါးမက များစွာကုန်သော ယုံမှားကြောင်းတရားတို့၌ ယုံမှားခြင်းကို ပယ်ဖျောက် ပေးကုန်၏။ ရဟန်းတို့ ဤသို့လျှင် ကျောင်းသည် အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံ၏။ ရဟန်းတို့ အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အင်္ဂါငါးမျိုးတို့နှင့် ပြည့်စုံသောကျောင်းကို မှီဝဲဆည်းကပ်ရသော် မကြာမီပင် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့် လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေရရာ၏ဟု (မိန့်တော်မူခဲ့၏ )။

ပဌမသုတ်

------

၂-ပဉ္စင်္ဂသုတ်

၁၂။ ရဟန်းတို့ အင်္ဂါငါးမျိုးကို ပယ်ပြီး၍ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ရဟန်းကို ဤဓမ္မဝိနယ 'သာသနာတော်'၌ အလုံးစုံ (ဂုဏ်) ရှိသော ကျင့်သုံးပြီးသော ''ယောက်ျားမြတ်''ဟု ဆိုအပ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးကို ပယ်ပြီးသူဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'ကို ပယ်ပြီးသူ ဖြစ်၏၊ ပျက်စီးစေလိုမှု 'ဗျာပါဒ'ကို ပယ်ပြီးသူ ဖြစ်၏။ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကို ပယ်ပြီးသူ ဖြစ်၏၊ ပျံ့လွင့်မှု နောင်တတစ်ဖန်ပူပန်မှု 'ဥဒ္ဓစ္စ ကုက္ကုစ္စ'ကို ပယ်ပြီးသူ ဖြစ်၏၊ ယုံမှားမှု 'ဝိစိကိစ္ဆာ' ကို ပယ်ပြီးသူ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါ ငါးမျိုးကို ပယ်ပြီးသူဖြစ်၏။ ရဟန်းတို့ အဘယ်သို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးနှင့် ပြည့်စုံသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ရဟန္တာတို့၏ဥစ္စာဖြစ်သော သီလအစုနှင့် ပြည့်စုံ၏၊ သမာဓိအစုနှင့် ပြည့်စုံ၏၊ ပညာအစုနှင့် ပြည့်စုံ၏၊ လွတ်မြောက်မှုအစု 'အရဟတ္တဖိုလ်'နှင့် ပြည့်စုံ၏၊ လွတ်မြောက်မှုကို သိမှု (ဉာဏ်အမြင်) အစု 'ပစ္စဝေက္ခဏာဉာဏ်'နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါ ငါးမျိုးနှင့် ပြည့်စုံ၏။ ရဟန်းတို့ အင်္ဂါငါးမျိုးကို ပယ်ပြီး၍ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ရဟန်းကို ဤဓမ္မဝိနယ 'သာသနာတော်'၌ အလုံးစုံ (ဂုဏ်) ရှိသော ကျင့်သုံးပြီးသော ''ယောက်ျားမြတ်''ဟု ဆိုအပ်၏။ ရဟန်းအား ကာမ၌လိုချင်မှု၊ ပျက်စီးစေလိုမှု၊ ထိုင်းမှိုင်းမှု၊ ပျံ့လွင့်မှု၊ ယုံမှားမှုတို့သည် အချင်းခပ်သိမ်း မရှိ။ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သီလနှင့်လည်းကောင်း၊ ရဟန္တာတို့၏ ဥစ္စာဖြစ်သော သမာဓိနှင့်လည်းကောင်း၊ လွတ်မြောက်မှု 'အရဟတ္တဖိုလ်' နှင့်လည်းကောင်း ပြည့်စုံ၏။ (ပစ္စဝေက္ခဏာ) ဉာဏ်နှင့်လည်း ပြည့်စုံသော သဘောရှိ၏။ အင်္ဂါငါးမျိုးတို့ကိုပယ်၍ အင်္ဂါငါးမျိုးနှင့် ပြည့်စုံသော ထိုသို့သဘောရှိသော ထိုရဟန်းကို စင်စစ် ဤဓမ္မဝိနယ 'သာသနာတော်' ၌ အလုံးစုံ (ဂုဏ်) နှင့် ပြည့်စုံသူဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-သံယောဇနသုတ်

၁၃။ ရဟန်းတို့ သံယောဇဉ်တို့သည် ဤဆယ်မျိုးတို့တည်း။ ဆယ်မျိုးတို့ဟူသည် အဘယ်တို့ နည်း၊ အောက်ပိုင်းသံယောဇဉ်ငါးမျိုး အထက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တည်း။

အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာ ငါးဝကိုယ်ကာယ၌ အယူမှားမှု 'သက္ကာယဒိဋ္ဌိ'၊ ယုံမှားမှု 'ဝိစိကိစ္ဆာ'၊ နွားခွေးအလေ့အကျင့်စသည်ကို ကိလေသာစင်ကြယ်ကြောင်း အကျင့်ကောင်းဟု အမှားစွဲယူသုံးသပ်မှု 'သီလဗ္ဗတပရာမာသ'၊ ကာမ၌ လိုချင်မှု 'ကာမစ္ဆန္ဒ'၊ ပျက်စီးစေလိုမှု 'ဗျာပါဒ'တို့တည်း။ ဤသည်တို့ကား အောက်ပိုင်းသံယောဇဉ် ငါးမျိုးတို့တည်း။

အထက်ပိုင်းသံယောဇဉ် ငါးမျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရူပဘုံ၌ တပ်စွန်းမှု 'ရူပရာဂ'၊ အရူပ ဘုံ၌ တပ်စွန်းမှု 'အရူပရာဂ'၊ ထောင်လွှားမှု 'မာန'၊ ပျံ့လွင့်မှု 'ဥဒ္ဓစ္စ'၊ မသိမှု အဝိဇ္ဇာတို့တည်း၊ ဤသည်တို့ကား အထက်ပိုင်းသံယောဇဉ်ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤသည်တို့ကား သံယောဇဉ် ဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်၊

------

၄-စေတောခီလသုတ်

၁၄။ ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းမအားမဆို စိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို မပယ်ရသေးကုန်၊ စိတ်၏ အနှောင်အဖွဲ့ငါးမျိုးတို့ကို မဖြတ်ရသေးကုန်၊ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွားမှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ထိုပုဂ္ဂိုလ်အား အဘယ်စိတ်၏ ငြောင့်တံသင်း ငါးမျိုးတို့ကို မပယ်ရသေးသနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ဘုရား၌ ယုံမှား၏၊ တွေးတော၏၊ မဆုံးဖြတ်နိုင်၊ မကြည်လင်၊ ရဟန်းတို့ ဘုရား၌ ယုံမှား တွေးတော မဆုံးဖြတ်နိုင် မကြည်လင်နိုင်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏ ငြောင့်တံသင်းကို မပယ်ရသေးသည် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရား၌ ယုံမှား၏။ပ။ သံဃာတော်၌ ယုံမှား၏။ပ။ အကျင့် 'သိက္ခာ'၌ ယုံမှား၏။ သီတင်းသုံးဖော်တို့၌ အမျက်ထွက်၏၊ မနှစ်သက်သော စိတ်ရှိ၏၊ ထိပါးပုတ်ခတ်လိုသော စိတ်ရှိ၏၊ ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသရှိ၏။ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်ထွက်သော၊ မနှစ်သက်သော စိတ်ရှိသော၊ ထိပါးပုတ်ခတ်လိုသော စိတ်ရှိသော၊ ငြောင့်တံ သင်းသဖွယ်ဖြစ်သည့် ဒေါသရှိသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိ်မ်အားထုတ်ရန် မပြတ် အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ် အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ ငြောင့်တံသင်းကို မပယ်ရသေးသည် ဖြစ်၏။ ထိုရဟန်းအား ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို မပယ်ရသေးသည် ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်အား အဘယ် စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရသေးသနည်း၊ ရဟန်းတို့ ဤ သာသနာတော်၌ ရဟန်းသည် ကာမတို့၌ တပ်စွန်းမှု 'ရာဂ' မကင်းသေး၊ အလိုဆန္ဒ မကင်းသေး၊ ချစ်ခင်မှု မကင်းသေး၊ မွတ်သိပ်မှု မကင်းသေး၊ ပူလောင်မှု မကင်းသေး၊ တပ်မက်မှု 'တဏှာ' မကင်းသေး။ ရဟန်းတို့ ကာမတို့၌ တပ်စွန်းမှု 'ရာဂ' မကင်းသေးသော၊ အလိုဆန္ဒ မကင်းသေးသော၊ ချစ်ခင်မှု မကင်းသေးသော၊ မွတ်သိပ်မှု မကင်းသေးသော၊ ပူလောင်မှု မကင်းသေးသော၊ တပ်မက်မှု 'တဏှာ' မကင်းသေးသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏ အနှောင်အဖွဲ့ကို မဖြတ်ရသေးသည် ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် (မိမိ) ကိုယ်၌ တပ်စွန်းမှု 'ရာဂ' မကင်းသေး။ပ။

ရုပ်၌ တပ်စွန်းမှု မကင်းသေး။ပ။

အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှုချမ်းသာ တပြောင်းပြန်ပြန် လူးလဲမှုချမ်းသာ ငိုက်မျဉ်းမှု ချမ်းသာကို အားထုတ်လျက် နေ၏။ ''ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သောအကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်ရလို၏၊ နတ်သားသော်လည်း ဖြစ်ရလို၏''ဟု တစ်ပါးပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်၏။ ရဟန်းတို့ ''ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်ရလို၏၊ နတ်သားသော်လည်း ဖြစ်ရလို၏''ဟု တစ်ပါး ပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သောအကျင့်ကို ကျင့်သော ရဟန်း၏ စိတ်သည် အားထုတ်ရန့်အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် မညွတ်။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်မညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ အနှောင်အဖွဲ့ကို မဖြတ်ရသေးသည် ဖြစ်၏။ ထိုရဟန်းအား ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရသေးသည် ဖြစ်ကုန်၏။ ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းမအား မဆို ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို မပယ်ရကုန်သေး၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရကုန်သေး။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုုင်၏၊ တိုးပွါးမှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ရဟန်းတို့ လဆုတ်ပက္ခ၌ လသည် ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ အဆင်းအားဖြင့် ဆုတ်ယုတ်သည်သာ အဝန်း (အဝိုင်း) အားဖြင့် ဆုတ်ယုတ်သည်သာ အရောင်အားဖြင့် ဆုတ်ယုတ်သည်သာ လုံးရပ် (အရှည်အပြန့် ) အားဖြင့် ဆုတ်ယုတ်သည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် မည်သည့် ရဟန်း ရဟန်းမိန်းမအား မဆို ဤစိတ်၏ ငြောင့်တံသင်း ငါးမျိုးတို့ကို မပယ်ရသေး၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို မဖြတ်ရကုန်သေး။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းကုန်သော ညဉ့် နေ့ရှိသမျှ ကုသိုလ်တရားတို့၌ ဆုတ်ယုတ်မှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ တိုးပွားမှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းအားမဆို စိတ်၏ ငြောင့်တံသင်း ငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ စိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ဖြတ်ပြီး ဖြစ်ကုန်၏၊ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့် နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ထိုပုဂ္ဂိုလ်အား အဘယ်စိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဘုရား၌ မယုံမှား၊ မတွေးတော၊ ဆုံးဖြတ်နိုင်၏၊ ကြည်လင်နိုင်၏။ ရဟန်းတို့ ဘုရား၌ မယုံမှား မတွေးတော ဆုံးဖြတ်နိုင် ကြည်လင်နိုင်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာ အားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏ ငြောင့်တံသင်းကို ပယ်ထားပြီး ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရား၌ မယုံမှား။ပ။

သံဃာ၌ မယုံမှား။

အကျင့် 'သိက္ခာ'၌ မယုံမှား။

သီတင်းသုံးဖော်တို့၌ အမျက်မထွက်၊ နှစ်သက်သော စိတ်ရှိ၏၊ ထိပါးပုတ်ခတ်လိုသော စိတ်မရှိ၊ ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသမရှိ။ ရဟန်းတို့ သီတင်းသုံးဖော်တို့၌ အမျက်မထွက်သော၊ နှစ်သက်သော စိတ်ရှိသော၊ ထိပါးပုတ်ခတ်လိုသော စိတ်မရှိသော၊ ငြောင့်တံသင်းသဖွယ်ဖြစ်သည့် ဒေါသမရှိသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ ငြောင့်(တံသင်း)ကို ပယ်ထားပြီးသည် ဖြစ်၏။ ထိုရဟန်း အား ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို ပယ်ထားပြီး ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်အား အဘယ် စိတ်၏ အနှောင်အဖွဲ့ငါးမျိုးတို့ကို ကောင်းစွာဖြတ်ထားပြီး ဖြစ်ကုန်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့၌ တပ်စွန်းမှု 'ရာဂ' ကင်း၏၊ အလိုဆန္ဒ ကင်း၏၊ ချစ်ခင်မှု ကင်း၏၊ မွတ်သိပ်မှု ကင်း၏၊ ပူလောင်မှု ကင်း၏၊ တပ်မက်မှု 'တဏှာ' ကင်း၏။ ရဟန်းတို့ကာမတို့၌ တပ်စွန်းမှု 'ရာဂ' ကင်းသော၊ အလိုဆန္ဒကင်းသော၊ ချစ်ခင်မှုကင်းသော၊ မွတ်သိပ်မှု ကင်းသော၊ ပူလောင်မှုကင်းသော၊ တပ်မက်မှု 'တဏှာ' ကင်းသော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ် အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဌမ ဤစိတ်၏အနှောင်အဖွဲ့ကို ကောင်းစွာ ဖြတ်ထားပြီး ဖြစ်၏။ ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် (မိမိ) ကိုယ်၌ တပ်စွန်းမှု 'ရာဂ' ကင်း၏။ပ။

ရုပ်၌ တပ်စွန်းမှု 'ရာဂ' ကင်း၏။ပ။

အလိုရှိတိုင်း ဝမ်းပြည့်အောင်စား၍ အိပ်မှုချမ်းသာ တပြောင်းပြန်ပြန်လူးလဲမှုချမ်းသာ ငိုက်မျဉ်းမှု ချမ်းသာကို အားထုတ်လျက် မနေ။

''ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်ရလို၏၊ နတ်သားသော်လည်း ဖြစ်ရ လို၏''ဟု တစ်ပါးပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို မကျင့်။ ရဟန်းတို့ ''ငါသည် ဤသီလဖြင့်လည်းကောင်း၊ ဤကျင့်ဝတ်ဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုဖြင့်လည်းကောင်း၊ ဤမြတ်သော အကျင့်ဖြင့်လည်းကောင်း နတ်မင်းသော်လည်း ဖြစ်လို၏။ နတ်သားသော်လည်း ဖြစ်ရလို၏''ဟု တစ်ပါး ပါးသော နတ်အဖြစ်ကို တောင့်တ၍ မြတ်သော အကျင့်ကို မကျင့်သော ရဟန်း၏ စိတ်သည် အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် ညွတ်၏။ ဤသို့ အားထုတ်ရန် အကြိမ်ကြိမ်အားထုတ်ရန် မပြတ်အားထုတ်ရန် လွန်စွာအားထုတ်ရန် စိတ်ညွတ်သော ရဟန်းအား ပဉ္စမ ဤစိတ်၏ အနှောင်အဖွဲ့ကို ကောင်းစွာ ဖြတ်ထားပြီး ဖြစ်၏။ ထိုရဟန်းအား ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ကောင်းစွာ ဖြတ်ထားပြီး ဖြစ်ကုန်၏။ ရဟန်းတို့ မည်သည့် ရဟန်း ရဟန်းမိန်းမအားမဆို ဤစိတ်၏ ငြောင့်တံသင်းငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ကောင်းစွာဖြတ်ပြီး ဖြစ်ကုန်၏။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့် ည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။

ရဟန်းတို့ လဆန်းပက္ခ၌ လသည် ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ အဆင်းအားဖြင့် တိုးပွား သည်သာ အဝန်း(အဝိုင်း)အားဖြင့် တိုးပွားသည်သာ အရောင်အားဖြင့် တိုးပွားသည်သာ လုံးရပ် (အရှည် အပြန့်) အားဖြင့် တိုးပွားသည်သာ ဖြစ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် မည်သည့်ရဟန်း ရဟန်း မိန်းမအား မဆို ဤစိတ်၏ ငြောင့် (တံသင်း) ငါးမျိုးတို့ကို ပယ်ပြီး ဖြစ်ကုန်၏၊ ဤစိတ်၏ အနှောင်အဖွဲ့ ငါးမျိုးတို့ကို ကောင်းစွာ ဖြတ်ပြီးဖြစ်ကုန်၏။ ထိုရဟန်း ရဟန်းမိန်းမအား ရောက်လာတိုင်းသော ညဉ့်နေ့ရှိသမျှ ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅ - အပ္ပမာဒသုတ်

၁၅။ ရဟန်းတို့ အခြေမရှိသောသတ္တဝါ အခြေနှစ်ချောင်းရှိသောသတ္တဝါ အခြေလေးချောင်းရှိသော သတ္တဝါ အခြေများစွာရှိသောသတ္တဝါ ရုပ်ရှိသောသတ္တဝါ ရုပ်မရှိသောသတ္တဝါ သညာရှိသောသတ္တဝါ သညာ မရှိသောသတ္တဝါ သညာရှိသည်လည်းမဟုတ် မရှိသည်လည်း မဟုတ်သော သတ္တဝါဟူသမျှတို့တွင် ပူဇော် အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရားအားလုံးတို့သည် မမေ့လျော့မှု 'အပ္ပမာဒ'လျှင် အခြေခံရှိကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ'သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု 'အပ္ပမာဒ'ကို အမြတ်ဆုံံးဟု ဆိုအပ်၏။ ရဟန်းတို့ ကုန်းမြေ၌ ကျက်စားသွားလာကုန်သော သတ္တဝါတို့၏ ခြေရာဟူသမျှတို့သည် ဆင် ခြေရာ၌ ပေါင်းဆုံခြင်းသို့ ရောက်ကုန်သကဲ့သို့ ထိုခြေရာတို့တွင် ဆင်ခြေရာကို ကြီးသော သဘောကြောင့် အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရားအားလုံးတို့သည် မမေ့လျော့မှု 'အပ္ပမာဒ'လျှင် အခြေခံရှိကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ' သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု 'အပ္ပမာဒ' ကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ အထွတ်တပ်သော အိမ်၏ အခြင်(ရနယ်)အားလုံးတို့သည် အထွတ်သို့ ရောက်ကုန် အထွတ်သို့ ညွတ်ကုန် အထွတ်၌ ပေါင်းဆုံကုန်သကဲ့သို့ ထိုအခြင်(ရနယ်)တို့ထက် အထွတ်ကို အမြတ်ဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရား အားလုံးတို့သည် မမေ့လျော့မှု 'အပ္ပမာဒ'လျှင် အခြေခံ ရှိကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ'သို့ ပေါင်းဆုံကုန်၏၊ ထိုကုသိုလ်တရားတို့တွင် မမေ့လျော့မှု 'အပ္ပမာဒ' ကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ အမြစ်နံ့သာအားလုံးတို့တွင် အကျော်ကို အသာဆုံးဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ အနှစ်နံ့သာအားလုံးတို့တွင် စန္ဒကူးနီကို အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ အပွင့်နံ့သာအားလုံးတို့တွင် မြတ်လေးပန်းကို အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ မင်းငယ်ဟူသမျှ အားလုံးတို့သည် စကြဝတေး မင်း၏ နောက်လိုက်ဖြစ်ကုန်သကဲ့သို့၊ စကြဝတေးမင်းကို ထိုမင်းတို့ထက် အသာဆုံးဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ ကြယ်တာရာတို့၏ အရောင်ဟူသမျှ အားလုံးတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်မျှ မထိုက်ကုန်သကဲ့သို့ ထိုအရောင်တို့တွင် လရောင်ကိုအသာဆုံးဟု ဆိုအပ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ သရဒအခါ မိုးသည်မြင့်၍ မိုးသားတိမ်တိုက် ကင်းစင် လတ်သော် နေသည် ကောင်းကင်သို့ တက်လျက် ကောင်းကင်ပြင် အားလုံးရှိအမိုက်တိုက်ကို ဖြိုခွင်း ဖျက်ဆီး၍ တောက်ပထွန်းလင်း တင့်တယ်သကဲ့သို့ ရဟန်းတို့ ဤအတူပင်။ပ။ ရဟန်းတို့ ဂင်္ဂါ ယမုံနာ အစီရဝတီ သရဘူ မဟီဟူသော မြစ်ကြီးအားလုံးတို့သည် သမုဒ္ဒရာသို့ သွားကုန် သမုဒ္ဒရာသို့ ညွတ်ကုန် သမုဒ္ဒရာသို့ ကိုင်းကုန် သမုဒ္ဒရာသို့ ရှိုင်းကုန်သကဲ့သို့ ထိုမြစ်ကြီးတို့ထက် သမုဒ္ဒရာကို အသာဆုံးဟု ဆိုအပ်သကဲ့သို့၊ ရဟန်းတို့ ဤအတူပင် ကုသိုလ်တရားအားလုံးတို့သည် မမေ့လျော့မှု 'အပ္ပမာဒ'လျှင် အခြေခံရှိကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ'သို့ ပေါင်းဆုံကုန်၏၊ မမေ့လျော့မှု 'အပ္ပမာဒ'ကို ထိုကုသိုလ်တရားတို့တွင် အမြတ်ဆုံးဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆ - အာဟုနေယျသုတ်

၁၆။ ရဟန်းတို့ ဤပုဂ္ဂိုလ်ဆယ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူသော အလှူကို ခံထိုက်ကုန်၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကို ခံထိုက်ကုန်၏၊ တမလွန်အတွက် ရည်မျှော်သော အလှူကို ခံထိုက်ကုန်၏၊ လက်အုပ်ချီရန် ထိုက်ကုန်၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်ကုန်၏။ ပုဂ္ဂိုလ်ဆယ်မျိုးတို့ဟူသည် အဘယ်တို့နည်း- ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ နှစ်ဖက်လွတ်မြောက်သူ 'ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်'၊ ပညာဖြင့် လွတ်မြောက်သူ 'ပညာဝိမုတ္တပုဂ္ဂိုလ်'၊ ကိုယ်ဖြင့် မျက်မှောက်ပြုသူ 'ကာယသက္ခိပုဂ္ဂိုလ်'၊ ဉာဏ်ဖြင့် အထက်မဂ်ဖိုလ်သို့ ရောက်သူ 'ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်'၊ သဒ္ဓါဖြင့် လွတ်မြောက်သူ 'သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်'၊ သဒ္ဓါသို့ အစဉ်လိုက်သူ 'သဒ္ဓါနုသာရီပုဂ္ဂိုလ်'၊ ပညာတရားသို့ အစဉ်လိုက်သူ 'ဓမ္မာနုသာရီပုဂ္ဂိုလ်'၊ ဂေါတြဘူဉာဏ်နှင့် ပြည့်စုံသူ 'ဂေါတြဘူပုဂ္ဂိုလ်'တို့တည်း။

ရဟန်းတို့ ဤပုဂ္ဂိုလ်ဆယ်မျိုးတို့သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူသော အလှူကို ခံထိုက်ကုန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။

------

ရ - ပဌမ နာထသုတ်

၁၇။ ရဟန်းတို့ မှီခိုရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာမရှိမူ၍ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ မှီခိုရာကို ပြုတတ်သော တရားတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ-ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်စည်းလျက် နေ၏၊ အကျင့်'အာစာရ' ကျက်စားရာ'ဂေါစရ'နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟုရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာဆောက်တည်၍ ကျင့်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်နိုင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိကြ၍ အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတတ်သော သဘောရှိသော တရားတို့ကို ထိုရဟန်းသည် များစွာသင်ကြားအပ်ကုန်၏၊ ဆောင်အပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် ဆင်ခြင် မှတ်သားအပ်ကုန်၏၊ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏၊ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အကြားအမြင်များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သောတရားတည်း။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အဆွေခင်ပွန်းကောင်းရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အဆွေခင်ပွန်းကောင်း ရှိ၏၊ အပေါင်းအဖော်ကောင်းရှိ၏၊ အဆွေခင်ပွန်းကောင်းတို့၌ ကိုင်းညွတ်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ကြောင်း တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံနိုင်၏၊ အဆုံးအမကို အရိုအသေခံယူတတ်၏၊ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ဆိုဆုံးမလွယ်၏။ပ။ အဆုံးအမကို အရိုအသေခံယူတတ်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟုဆို၍ ပြုအပ်သော ကြီးမားကုန်သေးငယ်ကုန်သော အမှုကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်းမရှိ၊ ထိုထိုအမှုကိစ္စတို့၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သီတင်းသုံးဖော်တို့၏။ပ။ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၅)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်း၌ များစွာ မြတ်နိုးခြင်းရှိ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောဆိုတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရား၌ များစွာ မြတ်နိုးခြင်းရှိ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၆)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်း ရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိ။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍နေ၏၊ အား အစွမ်း ရှိ၏၊ မြဲမြံသော ဝီရိယရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိဟူသော ဤတရား သည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၇)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ရတတ် သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးဟူသော အဆောက်အဦဖြင့် ရောင့်ရဲ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၈)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သတိနှင့်ပြည့်စုံ၏။ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ သတိနှင့် ပြည့်စုံ၏၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကို လည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၉)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ ရဟန်းတို့ ရဟန်းသည် ယင်းသို့ ပညာရှိ၏၊ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏ဟူသော ဤတရားသည်လည်း မှီခိုရာကို ပြုတတ်သော တရားတည်း။ (၁၀)

ရဟန်းတို့ မှီခိုရာ ရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာ မရှိဘဲ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသည်တို့ကား မှီခိုရာကို ပြုတတ်သောတရား ဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈ - ဒုတိယ နာထသုတ်

၁၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် - အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

ရဟန်းတို့ မှီခိုရာရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာမရှိဘဲ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏။ ရဟန်းတို့ ဤသည်တို့ကား မှီခိုရာကို ပြုတတ်သော တရားဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်၏။ ''ဤရဟန်းသည် သီလရှိပေ၏တကား ပါတိမောက္ခသံဝရသီလကိုစောင့်စည်း လျက် နေ၏တကား၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့်ပြည့်စုံပေ၏တကား၊ အနည်းငယ် မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလျက် သိက္ခာပုဒ်တို့၌ ဆောက်တည်၍ ကျင့်ပေ၏တကား''ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကြကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင် ကြကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့် နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကြားအမြင်များ၏။ပ။ ပညာဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏၊ ''ရဟန်းသည် အကြားအမြင်များပေ၏တကား၊ အကြားအမြင်ကို ဆောင်ပေ၏တကား၊ အကြားအမြင်ကို ဆည်းပူးပေ၏တကား၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိ၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ပြတတ်သော သဘောရှိသော တရားတို့ကို ထိုရဟန်းသည် များစွာ သင်ကြားအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာအပ်ကုန်၏၊ စိတ်ဖြင့် အဖန်ဖန် ဆင်ခြင်အပ်ကုန်၏၊ ပညာဖြင့်ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏တကား''ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ် ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အဆွေခင်ပွန်းကောင်းရှိ၏၊ အပေါင်းအဖော်ကောင်း ရှိ၏၊ အဆွေခင်ပွန်းကောင်း၌ ကိုင်းညွတ်၏၊ ''ဤရဟန်းသည် အဆွေခင်ပွန်းကောင်း ရှိပေ၏တကား၊ အပေါင်းအဖော်ကောင်း ရှိပေ၏တကား၊ အဆွေခင်ပွန်းကောင်း၌ ကိုင်းညွတ်ပေ၏တကား''ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွါးမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ဆိုဆုံးမလွယ်၏၊ ဆိုဆုံးမလွယ်ကြောင်းဖြစ်သော တရားတို့နှင့် ပြည့်စုံ၏၊ သည်းခံ၏၊ အဆုံးအမကို အရိုအသေ ခံယူတတ်၏။ ''ဤရဟန်းသည် ဆိုဆုံးမ လွယ်ပေ၏တကား၊ ဆိုဆုံးမလွယ်ကြောင်း တရားတို့နှင့် ပြည့်စုံပေ၏တကား၊ သည်းခံပေ၏ တကား၊ အဆုံးအမကို ရိုသေစွာ ခံယူတတ်ပေ၏တကား''ဟု မထေရ်ကြီး ရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆို သင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ် ရဟန်းတို့က လည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှု သာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည် လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား သီတင်းသုံးဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုအပ်သော အယုတ်အမြတ်ဖြစ်သော အမှုကိစ္စတို့၌ လိမ္မာ၏၊ ပျင်းရိခြင်း မရှိ၊ ထိုအမှုကိစ္စ၌ အကြောင်းကို စူးစမ်းသော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန် စွမ်းနိုင်၏၊ စီရင်ရန် စွမ်းနိုင်၏။ ''ဤရဟန်းသည် သီတင်းသုံး ဖော်တို့၏ အသို့ပြုရမည်နည်းဟု ဆို၍ ပြုအပ်သော အယုတ်အမြတ် ပြုအပ်သော ကိစ္စတို့၌ လိမ္မာ၏ တကား၊ ပျင်းရိခြင်း မရှိပေတကား၊ ထိုအမှုကိစ္စ၌ အကြောင်းကို စူးစမ်းသော ပညာနှင့်ပြည့်စုံပေ၏ တကား၊ ပြုလုပ်ရန် စွမ်းနိုင်ပေ၏တကား၊ စီရင်ရန် စွမ်းနိုင်ပေ၏တကား''ဟု မထေရ်ကြီး ရဟန်းတို့က လည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း၊ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ် သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၅)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် တရားတော်ကို အလိုရှိ၏၊ ချစ်ဖွယ်ကို ပြောတတ်၏၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတို့၌ များစွာ မြတ်နိုးခြင်းရှိ၏။ ''ဤရဟန်းသည် တရားတော်ကို အလိုရှိပေ၏တကား၊ ချစ်ဖွယ်ကို ပြောဆိုတတ်ပေ၏တကား၊ လွန်မြတ်သော သုတ် အဘိဓမ္မာ ဝိနည်းတရားတို့၌ များစွာ မြတ်နိုးခြင်းရှိပေ၏တကား''ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ်ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ် သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။(၆)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေ၏၊ အားအစွမ်းရှိ၏၊ မြဲမြံသော လုံ့လရှိ၏၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်းမရှိ။ ''ဤရဟန်းသည် အကုသိုလ်တရားတို့ကို ပယ်ရန် ကုသိုလ်တရားတို့နှင့် ပြည့်စုံစေရန် ထက်သန်သော လုံ့လရှိသည်ဖြစ်၍ နေပေ၏တကား၊ အားအစွမ်း ရှိပေ၏ တကား၊ မြဲမြံသော လုံ့လရှိပေ၏တကား၊ ကုသိုလ်တရားတို့၌ တာဝန်ကို ပစ်ချထားခြင်း မရှိပေစွတကား''ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ်ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့် မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၇)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအဆောက်အဦဖြင့် ရောင့်ရဲ၏။ ''ဤရဟန်းသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအဆောက်အဦဖြင့် ရောင့်ရဲပေ၏တကား''ဟု မထေရ်ကြီး ရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ်ရဟန်းတို့က လည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၈)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် သတိနှင့် ပြည့်စုံ၏၊ လွန်ကဲရင့်ကျက်သော သတိနှင့် ပြည့်စုံ၏၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကို လည်းကောင်း အောက်မေ့နိုင်၏၊ အဖန်တလဲလဲ အောက်မေ့နိုင်၏။ ''ဤရဟန်းသည် သတိနှင့် ပြည့်စုံပေ၏တကား၊ လွန်ကဲ ရင့်ကျက်သော သတိနှင့် ပြည့်စုံပေ၏တကား၊ ကြာမြင့်စွာက ပြုပြီးသော အလုပ်ကိုလည်းကောင်း၊ ကြာမြင့်စွာက ပြောပြီးသော စကားကိုလည်းကောင်း အောက်မေ့နိုင်ပေ၏တကား၊ အဖန်တလဲလဲ အောက်မေ့နိုင်ပေ၏တကား''ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆို သင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့က လည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်း လတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၉)

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် ပညာရှိ၏။ အဖြစ်အပျက်ကိုသိသော၊ ကိလေသာကို ဖောက်ခွဲနိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံ၏။ ''ဤရဟန်းသည် ပညာရှိပေ၏တကား။ အဖြစ်အပျက်ကို သိသော၊ ကိလေသာကို ဖောက်ခွဲ နိုင်သော၊ ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ကောင်းစွာ ရောက်စေတတ်သော၊ မြတ်သော ပညာနှင့် ပြည့်စုံပေ၏ တကား''ဟု မထေရ်ကြီးရဟန်းတို့ကလည်း ထိုရဟန်းကို ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ သီတင်းလတ် ရဟန်းတို့ကလည်း။ သီတင်းငယ်ရဟန်းတို့ကလည်း ပြောဆိုသင့်၏ ဆုံးမသင့်၏ဟု မှတ်ထင်ကုန်၏၊ မထေရ်ကြီးတို့ အစဉ်သနားသော၊ သီတင်းလတ်တို့ အစဉ်သနားသော၊ သီတင်းငယ်တို့ အစဉ်သနားသော ထိုရဟန်းအား ကုသိုလ်တရားတို့၌ တိုးပွားမှုသာ (မချွတ်ဖြစ်ရလိမ့်မည်ဟု) မျှော်လင့်နိုင်၏၊ ဆုတ်ယုတ်မှု (ဖြစ်လိမ့်မည်ဟု) မမျှော်လင့်နိုင်။ ဤသည်လည်း မှီခိုရာကို ပြုတတ်သော တရားပေတည်း။ (၁၀)

ရဟန်းတို့ မှီခိုရာ ရှိသည်ဖြစ်၍ နေကြကုန်လော့၊ မှီခိုရာ မရှိဘဲ မနေကြကုန်လင့်။ ရဟန်းတို့ မှီခိုရာ မရှိသူသည် ဆင်းရဲစွာ နေရ၏၊ ရဟန်းတို့ ဤသည်တို့ကား မှီခိုရာကို ပြုတတ်သော တရား ဆယ်မျိုးတို့ပေတည်းဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရားတော်ကို ဟောတော်မူ၏။

ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

အဋ္ဌမသုတ်။

------

၉ - ပဌမ အရိယာဝါသသုတ်

၁၉။ ရဟန်းတို့ အရိယာတို့၏ နေခြင်းတို့သည် ဤဆယ်မျိုးတို့တည်း၊ ယင်းအရိယာတို့၏ နေခြင်း ဆယ်မျိုးတို့ကို အရိယာတို့သည် (ရှေးကလည်း) မှီ၍ နေကြကုန်ပြီ၊ (ယခုလည်း) မှီ၍ နေကြကုန်ဆဲ၊ (နောင်လည်း) မှီ၍ နေကြကုန်လတ္တံ့။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ - ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အင်္ဂါငါးမျိုးကို ပယ်ပြီးဖြစ်၏၊ အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံ၏၊ အစောင့်အရှောက် တစ်ခုရှိ၏၊ မှီရာ လေးခုရှိ၏၊ ပယ်နုတ်ပြီး သီးခြားသစ္စာ ရှိ၏၊ ကောင်းစွာ မယုတ်သော ရှာမှီးခြင်းကို စွန့်ပြီး ဖြစ်၏၊ မနောက်ကျုသော အကြံရှိ၏၊ ကိုယ်ကို ပြုပြင်မှု 'ကာယသင်္ခါရ' ငြိမ်းပြီး ဖြစ်၏၊ ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိ၏။ ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏နေခြင်း ဆယ်မျိုးတို့ပေတည်း၊ ယင်းအရိယာတို့၏နေခြင်း ဆယ်မျိုးတို့ကို အရိယာတို့သည် (ရှေးကလည်း) မှီ၍ နေကြကုန်ပြီ၊ (ယခုလည်း) မှီ၍ နေကြကုန်ဆဲ၊ (နောင်လည်း) မှီ၍ နေကြ ကုန်လတ္တံ့ဟု (မိန့်တော်မူ၏)။

နဝမသုတ်။

------

၁၀ - ဒုတိယ အရိယာဝါသသုတ်

၂၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော ကုရုတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏။ပ။ ရဟန်းတို့ အရိယာတို့၏ နေခြင်းတို့သည် ဤဆယ်မျိုးတို့တည်း၊ ယင်းအရိယာတို့၏နေခြင်း ဆယ်မျိုးတို့ကို အရိယာတို့သည် (ရှေးကလည်း) မှီ၍ နေကြကုန်ပြီ၊ (ယခုလည်း) မှီ၍ နေကြကုန်ဆဲ၊ (နောင်လည်း) မှီ၍ နေကြကုန်လတ္တံ့။

အဘယ်ဆယ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အင်္ဂါငါးမျိုးကို ပယ်ပြီး ဖြစ်၏၊ အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံ၏၊ အစောင့်အရှောက်တစ်ခုရှိ၏၊ မှီရာလေးခုရှိ၏၊ ပယ်နုတ်ပြီး သီးခြားသစ္စာ ရှိ၏၊ ရှာမှီးခြင်းအားလုံးကို ကောင်းစွာစွန့်ပြီး ဖြစ်၏၊ မနောက်ကျုသော အကြံရှိ၏၊ ကိုယ်ကို ပြုပြင်မှု 'ကာယသင်္ခါရ' ငြိမ်းပြီး ဖြစ်၏၊ ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိ၏၊ ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိ၏။ ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အင်္ဂါငါးမျိုးကို ပယ်ပြီး ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမတို့၌ လိုချင်မှု 'ကာမစ္ဆန္ဒ'ကို ပယ်ပြီးဖြစ်၏၊ ပျက်စီးစေလိုမှု 'ဗျာပါဒ'ကို ပယ်ပြီး ဖြစ်၏၊ ထိုင်းမှိုင်းမှု 'ထိနမိဒ္ဓ'ကို ပယ်ပြီးဖြစ်၏၊ ပျံ့လွင့်မှု နောင်တ တဖန်ပူပန်မှု 'ဥဒ္ဓစ္စကုက္ကုစ္စ'ကို ပယ်ပြီး ဖြစ်၏၊ ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ပယ်ပြီးဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါငါးမျိုးကို ပယ်ပြီး ဖြစ်၏။ (၁)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မျက်စိဖြင့် အဆင်းကို မြင်သော် ဝမ်းလည်းမသာ ဝမ်းလည်းမနည်း သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ နားဖြင့် အသံကို ကြားသော်။ပ။ နှာခေါင်းဖြင့် အနံ့ကိုနံသော်။ လျှာဖြင့် အရသာကို လျက်သော်။ ကိုယ်ဖြင့် အတွေ့အထိကို တွေ့ထိသော်။ စိတ်ဖြင့် သဘောတရားကို သိသော် ဝမ်းလည်းမသာ ဝမ်းလည်းမနည်း သတိ,သမ္ပဇဉ်နှင့် ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အင်္ဂါခြောက်မျိုးနှင့် ပြည့်စုံ၏။ (၂)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် အစောင့်အရှောက်တစ်ခု ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သတိတည်းဟူသော အစောင့်အရှောက်ရှိသော စိတ်နှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် အစောင့်အရှောက်တစ်ခု ရှိ၏။ (၃)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် မှီရာ လေးခုရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဆင်ခြင်၍ အချို့ကို မှီဝဲ၏၊ ဆင်ခြင်၍ အချို့ကို သည်းခံ၏၊ ဆင်ခြင်၍ အချို့ကို ရှောင်ကြဉ်၏၊ ဆင်ခြင်၍ အချို့ကို ပယ်ဖျောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မှီရာ လေးခုရှိ၏။ (၄)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ပယ်နုတ်ပြီး သီးခြားသစ္စာ ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များစွာသော သမဏဗြာဟ္မဏတို့၏ သီးခြားသစ္စာ များစွာရှိကုန်၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ ''လောကသည် မြဲ၏''ဟုလည်းကောင်း၊ ''လောကသည် မမြဲ''ဟု လည်းကောင်း၊ ''လောကသည် အဆုံးရှိ၏''ဟုလည်းကောင်း၊ ''လောကသည် အဆုံးမရှိ''ဟုလည်းကောင်း၊ ''ထိုအသက်သည် ထိုကိုယ်ဖြစ်၏''ဟု လည်းကောင်း၊ ''အသက်တခြား ကိုယ်တခြား''ဟုလည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက်ရှိ၏''ဟု လည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် မရှိ''ဟုလည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် ရှိလည်းရှိ မရှိလည်းမရှိ''ဟုလည်းကောင်း၊ ''သတ္တဝါသည် သေပြီးနောက် ရှိသည်လည်း မဟုတ် မရှိသည်လည်းမဟုတ်''ဟု လည်းကောင်း ဤသည်တို့တည်း။ ထိုအလုံးစုံသော သစ္စာတို့ကို နုတ်အပ်ကုန်၏၊ ပယ်နုတ်အပ်ကုန်၏၊ စွန့်အပ်ကုန်၏၊ ထွေးအန်အပ်ကုန်၏၊ လွှတ်အပ်ကုန်၏၊ ပယ်အပ်ကုန်၏၊ တစ်ဖန်စွန့်အပ်ကုန်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ပယ်နုတ်ပြီး သီးခြားသစ္စာရှိ၏။ (၅)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ရှာမှီးခြင်း အားလုံးကို ကောင်းစွာ စွန့်အပ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့၌ ရှာမှီးခြင်းကို ပယ်အပ်ပြီး ဖြစ်၏၊ ဘဝ၌ ရှာမှီးခြင်းကို ပယ်အပ်ပြီး ဖြစ်၏၊ မြတ်သောအကျင့်၌ ရှာမှီးခြင်းသည် ငြိမ်း၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ရှာမှီးခြင်း အားလုံးကို ကောင်းစွာ စွန့်အပ်၏။ (၆)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် မနောက်ကျုသော အကြံရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်၌ ကြံစည်မှုကို ပယ်အပ်ပြီး ဖြစ်၏၊ ပျက်စီးစေလိုခြင်းဟူသော ကြံစည်မှုကို ပယ်အပ်ပြီး ဖြစ်၏၊ ညှဉ်းဆဲလိုခြင်းဟူသော ကြံစည်မှုကို ပယ်အပ်ပြီး ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် မနောက်ကျုသော အကြံရှိ၏။ (၇)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ကိုယ်ကိုပြုပြင်မှု 'ကာယသင်္ခါရ'ငြိမ်းပြီး ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦး ကပင်လျှင် ဝမ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်နှင့်ခြင်းကြောင့်လည်းကောင်း ဆင်းရဲချမ်းသာ မရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကိုယ်ကိုပြုပြင်မှု 'ကာယသင်္ခါရ' ငြိမ်းပြီး ဖြစ်၏။ (၈)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တပ်စွန်းမှု 'ရာဂ'မှ စိတ်သည် လွတ်မြောက်၏၊ အမျက် ထွက်မှု 'ဒေါသ'မှ စိတ်သည် လွတ်မြောက်၏၊ တွေဝေမှု 'မောဟ'မှ စိတ်သည် လွတ်မြောက်၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းစွာ လွတ်မြောက်ပြီးသော စိတ်ရှိ၏။ (၉)

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ''ငါသည် တပ်စွန်းမှု 'ရာဂ'ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ ဖြစ်ခြင်းသဘော မရှိပြီ''ဟု သိ၏။ ''ငါသည် အမျက်ထွက်မှု 'ဒေါသ'ကို ပယ်အပ်ပြီ။ပ။ ငါသည် တွေဝေမှု 'မောဟ'ကို ပယ်အပ်ပြီ၊ အမြစ်ရင်းကို အကြွင်းမဲ့ ဖြတ်အပ်ပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ပြုအပ်ပြီ၊ တစ်ဖန် မဖြစ်ခြင်းကို ပြုအပ်ပြီ၊ နောင်အခါ၌ မဖြစ်ခြင်းသဘော မရှိပြီ''ဟု သိ၏။ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းစွာ လွတ်မြောက်ပြီးသော ပညာရှိ၏။ (၁၀)

ရဟန်းတို့ လွန်ခဲ့ပြီး အဓွန့် (ကာလ)၌ အရိယာအားလုံးတို့သည် အရိယာတို့၏ ဤနေခြင်း ဆယ်မျိုးတို့ကို သာလျှင် မှီ၍ နေခဲ့ကြကုန်ပြီ။ ရဟန်းတို့ လာလတ္တံ့ အဓွန့် (ကာလ)၌ အရိယာတို့သည် အရိယာတို့၏ ဤနေခြင်းဆယ်မျိုးတို့ကိုသာလျှင် မှီ၍ နေကြကုန်လတ္တံ့။ ရဟန်းတို့ ယခုအခါ၌လည်း အရိယာအားလုံးတို့သည် အရိယာတို့၏ နေခြင်းဆယ်မျိုးတို့ကိုသာလျှင် မှီ၍ နေကုန်၏၊ ရဟန်းတို့ ဤသည်တို့ကား အရိယာတို့၏ နေခြင်းဆယ်မျိုးတို့ပေတည်း၊ ယင်းဆယ်မျိုးတို့ကို အရိယာတို့သည် (ရှေးကလည်း) မှီ၍ နေကြကုန်ပြီ၊ (ယခုလည်း) မှီ၍ နေကြကုန်ဆဲ၊ (နောင်လည်း) မှီ၍ နေကြကုန် လတ္တံ့ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် နာထဝဂ် ပြီး၏။

------

၃ - မဟာဝဂ် ၁- သီဟနာဒသုတ်

၂၁။ ရဟန်းတို့ သားတို့သနင်း ခြင်္သေ့မင်းသည် ညချမ်းအခါ ကိန်းအောင်းရာမှ ထွက်၏၊ ကိန်းအောင်းရာမှ ထွက်ပြီးနောက် ကွန့်မြူးစံပယ်၏၊ ကွန့်မြူးစံပယ်ပြီးနောက် ထက်ဝန်းကျင် အရပ် လေးမျက်နှာကိုစောင်းငဲ့ ကြည့်ရှု၏၊ ထက်ဝန်းကျင် အရပ်လေးမျက်နှာကိုစောင်းငဲ့ကြည့်ရှုပြီးနောက် သုံးကြိမ်တိုင်တိုင် ခြသေ့င်္သံကို ဟောက်၏၊ သုံးကြိမ်တိုင်တိုင် ခြသေ့င်္သံကိုဟောက်ပြီးနောက် ကျက်စားရန် အလို့ငှါ ဖဲသွား၏။ ထိုသို့ပြုခြင်းသည် အဘယ့်ကြောင့်နည်း၊ ''ငါသည် မသင့်လျော်ရာ၌ ရောက်နေကုန်သော သတ္တဝါငယ်တို့ကို သတ်ဖြတ် ညှဉ်းဆဲခြင်းသို့ မရောက်ပါစေလင့်''ဟု (နှလုံးပြုသောကြောင့်တည်း)။

ရဟန်းတို့ ''ခြင်္သေ့''ဟူသည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိမြင်တော်မူသော မြတ်စွာဘုရား၏ အမည်တည်း။ ရဟန်းတို့ မြတ်စွာဘုရားသည် ပရိသတ်၌ အကြင်တရားကို ဟော၏၊ ဤသို့ တရားဟောခြင်းသည် ထိုမြတ်စွာဘုရား၏ ခြင်္သေ့သံဖြစ်၏။ ရဟန်းတို့ မြတ်စွာဘုရား၏ အားတော်တို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်းအားတော်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ အားတော် ဆယ်မျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အကြောင်းဟုတ် သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သော အားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက် တည်အပ်သော ကံတို့၏ အကျိုးကို အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရား စကြာကို လည်စေ၏။ (၂)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အလုံးစုံသော (ဂတိငါးတန်,နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အလုံးစုံသော (ဂတိငါးတန်, နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည် လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၃)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များပြားသော ဓာတ်, အမျိုးမျိုးသော ဓာတ့်ရှိသော လောကကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ များပြားသော ဓာတ်, အမျိုးမျိုးသော ဓာတ်ရှိသော လောကကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၄)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထားနှလုံးသွင်း အမျိုးမျိုးကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ သတ္တဝါတို့၏ စိတ်ထားနှလုံး သွင်း အမျိုးမျိုးကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအား ကို စွဲ၍။ပ။ မြတ်သော တရားစကြာကို လည်စေ၏။ (၅)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အယုတ်အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အယုတ် အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏။ပ။ မြတ်သော တရားစကြာကို လည်စေ၏။ (၆)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ ရဟန်းတို့ ယင်းသို့။ပ။ သိခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏။ပ။ မြတ်သော တရားစကြာကို လည်စေ၏။ (၇)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်တို့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝ လေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝ တစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ဤမည်သော ဘဝ၌ (ငါသည်) ဤသို့သောအမည် ဤသို့သော အနွယ် ဤသို့သောအဆင်း ဤသို့သော အစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌လည်း ''ဤသို့သောအမည် ဤသို့သော အနွယ် ဤသို့သောအဆင်း ဤသို့သောအစာ ဤသို့သော ချမ်းသာဆင်းရဲခံစားခြင်း ဤသို့သော အသက် အပိုင်းအခြား ရှိခဲ့၏၊ ထိုငါသည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏''ဟု ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့် တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာ အစဉ်ကို အောက်မေ့နိုင်၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့် တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၈)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ'ဒိဗ္ဗစက္ခု'ဖြင့် သေဆဲသတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်နိုင်၏။

''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသောအကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသောအကျင့် 'မနောဒုစရိုက်'တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူ ရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို(သတ္တဝါ)တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့ သည်ကား ကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ကာယသုစရိုက်'၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့်'ဝစီသုစရိုက်'၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'မနောသုစရိုက်'တို့နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို(သတ္တဝါ)တို့သည် ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ကုန်၏''ဟု ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိနိုင်၏။ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ 'ဒိဗ္ဗစက္ခု'ဖြင့် သေဆဲ သတ္တဝါ ဖြစ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်း မလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအလျောက်ဖြစ်သော သတ္တဝါတို့ကို သိ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ 'ဒိဗ္ဗစက္ခု'ဖြင့်။ပ။ ကံအလျောက် ဖြစ်သော သတ္တဝါတို့ကို သိနိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ(ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၉)

ရဟန်းတို့ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော'အရဟတ္တဖိုလ်'ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူ၏။ ရဟန်းတို့ ယင်းသို့ မြတ်စွာဘုရား၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်'ပညာကို ယခုဘဝ၌ပင်လျှင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေနိုင်တော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁၀)

ရဟန်းတို့ မြတ်စွာဘုရား၏ အားတို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်းအားတို့နှင့် ပြည့်စုံသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်) ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂ - အဓိဝုတ္တိပဒသုတ်

၂၂။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေ၏၊ တစ်ခုသောနေရာ၌ ထိုင်နေသော အသျှင်အာနန္ဒာအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ - အာနန္ဒာ အကြင် (ဒသဗလဉာဏ် သဗ္ဗညုတဉာဏ်) တရားတို့ သည် ထိုထို ခန္ဓာ အာယတနဓာတ် 'အဓိဝုတ္တိပဒ'တို့ကို အထူးအားဖြင့် သိ၍ မျက်မှောက်ပြုရန် အလို့ငှါ့ဖြစ်ကုန်၏။ အာနန္ဒာ ငါသည် ထိုတရားတို့၌ ထိုထို သတ္တဝါတို့အား ထိုထို အခြင်းအရာအားဖြင့် တရားဟောရန် ရဲရင့်၏ဟု ဝန်ခံ၏၊ ယင်းသို့ ဟောတိုင်း ကျင့်သူသည် ထင်ရှားရှိသော တရား ကိုလည်း ''ရှိ၏''ဟု သိရလိမ့်မည်၊ ထင်ရှားမရှိသော တရားကိုလည်း ''မရှိ''ဟု သိရလိမ့်မည်၊ ယုတ်ညံ့သော တရားကိုလည်း ''ယုတ်ညံ့သောတရား''ဟု သိရလိမ့်မည်၊ မွန်မြတ်သော တရားကိုလည်း ''မွန်မြတ်သော တရား''ဟု သိရလိမ့်မည်၊ အတုရှိသော တရားကိုလည်း ''အတုရှိသောတရား''ဟု သိရလိမ့်မည်၊ အတုမဲ့တရားကိုလည်း ''အတုမဲ့တရား''ဟု သိရလိမ့်မည်၊ သိထိုက် မြင်ထိုက် မျက်မှောက်ပြုထိုက်သော ထိုတရားတို့ကိုလည်း သိရလိမ့်မည် မြင်ရလိမ့်မည် မျက်မှောက်ပြုရလိမ့်မည်ဟူသော ဤအကြောင်းသည် ရှိသည်သာတည်း။ အာနန္ဒာ ဉာဏ်တို့တွင် ထိုထိုတရားတို့၌ဟုတ်တိုင်းမှန်စွာ သိသော (သဗ္ဗညုတ) ဉာဏ်သည် အမြတ်ဆုံးတည်း။ အာနန္ဒာ ထိုသဗ္ဗညုတဉာဏ်မှတပါး (ထိုဉာဏ်ထက်) သာလွန် မွန်မြတ်သော ဉာဏ် မရှိဟု ငါဆို၏။ အာနန္ဒာ မြတ်စွာဘုရား၏ အားတော်တို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်း အားတော်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သောအသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ ဆယ်မျိုးတို့ဟူသည် အဘယ်တို့နည်း၊ အာနန္ဒာ ဤလောက၌ မြတ်စွာဘုရားသည် အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သောအားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်း မှန်စွာ ခွဲခြားသိ၏။ အာနန္ဒာ ယင်းသို့ မြတ်စွာဘုရား၏ အကြောင်းဟုတ်သည်ကိုလည်း အကြောင်းဟုတ်သော အားဖြင့် အကြောင်းမဟုတ်သည်ကိုလည်း အကြောင်းမဟုတ်သောအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြားသိခြင်း သည်လည်း မြတ်စွာဘုရား၏ အားမည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်ကုန်သော ဆောက်တည်အပ်သော ကံတို့၏ အကျိုး အထောက်အပံ့အားဖြင့် အကြောင်းအားဖြင့်ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၂)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အလုံးစုံသော (ဂတိငါးတန်,နိဗ္ဗာန်) သို့ ရောက် ကြောင်း အကျင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ပ။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၃)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များသောဓာတ်, အမျိုးမျိုးသောဓာတ် လောက ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။ပ။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၄)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် သတ္တဝါတို့၏ စိတ်ထားနှလုံးသွင်း အမျိုးမျိုးကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍သိ၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၅)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အယုတ်အမြတ်ဖြစ်သော ပုဂ္ဂိုလ်သတ္တဝါတို့၏ ဣန္ဒြေ အနုအရင့်ကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၆)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ဈာန် ဝိမောက္ခ သမာဓိ သမာပတ်တို့၏ ညစ်ညူးကြောင်း ဖြူစင်ကြောင်း ထမြောက်ကြောင်းကိုဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏၊ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ (၇)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာ (အဖြစ်သနစ်)နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၈)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိ အမြင်ထက် သာလွန်သော နတ်မျက်စိနှင့် တူသော မျက်စိ 'ဒိဗ္ဗစက္ခု' ဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်သော သတ္တဝါတို့ကို သိ၏။ အာနန္ဒာ။ပ။ ဤသဘောသည်လည်း။ပ။ (၉)

အာနန္ဒာ နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါ ကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ အာနန္ဒာ ယင်းသို့ မြတ်စွာဘုရား၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့်။ပ။ မျက်မှောက်ပြုကာ ရောက်၍ နေတော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားတော်မည်၏၊ ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်သော အရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်၏၊ မြတ်သော တရားစကြာကို လည်စေ၏။ (၁၀)

အာနန္ဒာ မြတ်စွာဘုရား၏ အားတော်တို့သည် ဤဆယ်မျိုးတို့တည်း၊ မြတ်စွာဘုရားသည် ယင်းအားတော်တို့နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ မြင့်မြတ်သောအရာ (ဘုရားအဖြစ်)ကို ဝန်ခံ၏၊ ပရိသတ်တို့၌ ရဲရင့်သော အသံကို မြွက်ဆို၏၊ မြတ်သော တရားစကြာကို လည်စေ၏ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃ - ကာယသုတ်

၂၃။ ရဟန်းတို့ ကိုယ်ဖြင့် ပယ်၍ နှုတ်ဖြင့် မပယ်အပ်ကုန်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်ကုန်သော တရားတို့သည် ရှိကုန်၏၊ ရဟန်းတို့ ကိုယ် ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်သော တရားတို့သည် ရှိကုန်၏။ ရဟန်းတို့ ကိုယ်ဖြင့် ပယ်၍ နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကိုယ်ဖြင့် အကုသိုလ်(အာပတ်)အစု တစ်ခုခုသို့ ရောက်၏၊ ထိုရဟန်းကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ ''အသျှင်သည်ကား ကိုယ်ဖြင့် အကုသိုလ် (အာပတ်) အစု တစ်ခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ကာယဒုစရိုက်ကို ပယ်၍ ကာယ သုစရိုက်ကို ပွားများပါလော့''ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် သိနားလည်သော သီတင်းသုံး ဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ ပြောဆိုသည် ဖြစ်ရကား ကာယဒုစရိုက်ကို ပယ်၍ ကာယသုစရိုက်ကို ပွားများ၏။ ရဟန်းတို့ ဤတရားတို့ကို ကိုယ်ဖြင့် ပယ်၍ နှုတ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တစ်ခုခုသို့ ရောက်၏၊ ထိုရဟန်းကို သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ ''အသျှင်သည်ကား နှုတ်ဖြင့် အကုသိုလ်(အာပတ်)အစု တစ်ခုခုသို့ ရောက်၏၊ တောင်းပန်ပါ၏၊ အသျှင်သည် ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများပါလော့''ဟု ပြောဆိုကုန်၏။ ထိုရဟန်းသည် သိနားလည်သော သီတင်းသုံးဖော်တို့က ဉာဏ်ဖြင့် သက်ဝင်၍ ပြောဆိုသည် ဖြစ်ရကား ဝစီဒုစရိုက်ကို ပယ်၍ ဝစီသုစရိုက်ကို ပွားများ၏။ ရဟန်းတို့ ဤတရားတို့ကို နှုတ်ဖြင့် ပယ်၍ ကိုယ်ဖြင့် မပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ ကိုယ်ဖြင့် မပယ်အပ် နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်သော တရားတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ လောဘကို ကိုယ်ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်၏၊ ရဟန်းတို့ ဒေါသကို။ပ။ မောဟကို၊ အမျက်ထွက်မှုကို၊ ရန်ငြိုးဖွဲ့မှုကို၊ သူ့ကျေးဇူး ချေဖျက်မှုကို၊ ဂုဏ်ပြိုင်မှုကို၊ ဝန်တိုမှုကို၊ ကိုယ်ဖြင့် မပယ်အပ် နှုတ်ဖြင့် မပယ်အပ်မူ၍့ပညာဖြင့် မြင်၍ ပယ်အပ်၏။ ရဟန်းတို့ ယုတ်ညံ့သော ငြူစူမှုကို ကိုယ်ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်၏၊ ရဟန်းတို့ ယုတ်ညံ့သော ငြူစူမှုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ သူကြွယ် အားလည်းကောင်း၊ သူကြွယ်သားအားလည်းကောင်း ဥစ္စာ စပါး ရွှေ ငွေနှင့် ပြည့်စုံ၏၊ ထိုသို့ ပြည့်စုံရာ၌ အခြားသော ကျွန်အားဖြစ်စေ ကပ်ယပ်နေသူအားဖြစ်စေ ''ဤသူကြွယ် သူကြွယ်သားအား ဥစ္စာ စပါး ရွှေ ငွေနှင့် မပြည့်စုံပါမူ ကောင်းလေစွ''ဟု အကြံဖြစ်ရာ၏။ သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည် လည်းကောင်း သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသူဖြစ်၏၊ ထိုသို့ ရရာ၌ အခြားသော သမဏအားလည်းကောင်း၊ ဗြာဟ္မဏအားလည်းကောင်း ''ဤအသျှင်သည် သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ကို ရသူ မဖြစ်ပါမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ရဟန်းတို့ ဤတရားကို ယုတ်ညံ့သော ငြူစူမှုဟု ဆိုအပ်၏။ ရဟန်းတို့ ယုတ်ညံ့သော အလိုကို ကိုယ်ဖြင့် မပယ်အပ်, နှုတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်၏၊ ရဟန်းတို့ ယုတ်ညံ့သော အလိုဟူသည် အဘယ်နည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော သူသည် သဒ္ဓါမရှိသူဖြစ်လျက် ''သဒ္ဓါရှိသူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ သီလမရှိသူဖြစ်လျက် ''သီလရှိသူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ အကြားအမြင်နည်းသူဖြစ်လျက် ''အကြားအမြင်များသူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ အပေါင်းအဖော်၌ မွေ့လျော်သူဖြစ်လျက် ''အပေါင်းအဖော်မှ ကင်းဆိတ် သူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ ပျင်းရိသူဖြစ်လျက် ''ထက်သန်သော လုံ့လရှိသူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ သတိလွတ်ကင်းသူဖြစ်လျက် ''သတိထင်သူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ မတည်ကြည်သူ ဖြစ်လျက် ''တည်ကြည်သူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ ပညာမဲ့သူ ဖြစ်လျက် ''ပညာရှိသူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ အာသဝေါတရား မကုန်သူဖြစ်လျက် ''အာသဝေါတရား ကုန်သူဟု ငါ့ကို သိကြပါစေ''ဟု အလိုရှိ၏၊ ရဟန်းတို့ ဤတရားကို ယုတ်ညံ့သော အလိုဟု ဆိုအပ်၏။ ရဟန်းတို့ ဤတရားတို့ကို ကိုယ်ဖြင့် မပယ်အပ်, စိတ်ဖြင့် မပယ်အပ်မူ၍ ပညာဖြင့် မြင်၍ ပယ်အပ်သော တရားတို့ဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ လောဘသည် အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ ဖြစ်ပါမူ ဒေါသသည်။ မောဟသည်။ အမျက်ထွက်မှုသည်။ ရန်ငြိုးဖွဲ့မှုသည်။ သူ့ကျေးဇူးကို ချေဖျက်မှုသည်။ ဂုဏ်ပြိုင်မှုသည်။ ဝန်တိုမှု သည်။ ယုတ်ညံ့သော ငြူစူမှုသည်။ ယုတ်ညံ့သော အလိုသည် အကယ်၍ လွှမ်းမိုး၍ ဖြစ်ပါမူ ''ဤအသျှင် သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ ဖြစ်၏၊ ဤအသျှင်သည် ဒေါသ၊ မောဟ၊ အမျက်ထွက်မှု၊ ရန်ငြိုးဖွဲ့မှု၊ သူ့ကျေးဇူးကို ချေဖျက်မှု၊ ဂုဏ်ပြိုင်မှု၊ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု၊ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သောအလိုသည် လွှမ်းမိုး၍ ဖြစ်၏''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။ ရဟန်းတို့ လောဘသည် အကယ်၍ ထိုရဟန်းကို လွှမ်းမိုး၍ မဖြစ်ပါမူ ဒေါသ။ မောဟ။ အမျက် ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် အကယ်၍ လွှမ်းမိုး၍ မဖြစ်ပါမူ ''ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်း အရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မဖြစ်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မဖြစ်''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄ - မဟာစုန္ဒသုတ်

၂၄။ အခါတစ်ပါး၌ အသျှင်မဟာစုန္ဒသည်စေတီတိုင်း သဟဇာတိမြို့၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ အသျှင်မဟာစုန္ဒသည် ရဟန်းတို့ကို ''ငါ့သျှင် ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ထိုရဟန်းတို့က''ငါ့သျှင်''ဟု အသျှင်မဟာစုန္ဒအား ပြန်ကြားလျှောက်ထားကုန်၏။ အသျှင်မဟာစုန္ဒသည် ဤစကား ကို (မိန့်တော်မူ၏) -

ငါ့သျှင်တို့ ဉာဏ်နှင့် ပြည့်စုံ၏ဟူသော စကား''ဉာဏဝါဒ' ကို ဆိုသော ရဟန်းသည် ''ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ ''ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဘာဝနာနှင့် ပြည့်စုံ၏ဟူသော စကား 'ဘာဝနာဝါဒ' ကို ဆိုသော ရဟန်းသည် ''(ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကိုု ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ ''ဤအသျှင်သည် လောဘ မဖြစ် မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလို မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်းသည် ''ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကိုု ပွါးပြီး ဖြစ်၏၊ စိတ် (သမာဓိ)ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ ''ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဥပမာသော်ကား ယောက်ျားသည် ဆင်းရဲသူသာ ဖြစ်လျက် ကြွယ်ဝ၏ဟူသော စကားကို ဆိုရာ၏၊ ဥစ္စာမဲ့သူသာ ဖြစ်လျက် ဥစ္စာရှိ၏ဟူသော စကားကို ဆိုရာ၏၊ စည်းစိမ်မဲ့သူသာ ဖြစ်လျက် စည်းစိမ် ရှိ၏ဟူသော စကားကို ဆိုရာ၏၊ ထိုသူသည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ ဖြစ်လတ်သော့်ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးခြင်းငှါ မတတ်နိုင်ရာ၊ ထိုသူကို ''ဤအသျှင်သည် ဆင်းရဲသူသာ ဖြစ်လျက် ကြွယ်ဝ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် ဥစ္စာမဲ့သူသာ ဖြစ်လျက် ဥစ္စာရှိ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် စည်းစိမ်မဲ့သူသာ ဖြစ်လျက် စည်းစိမ်ရှိ၏ဟူသော စကားကို ဆို၏''ဟု သိကုန်ရာ၏။ ထိုသို့ ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ ဖြစ်လတ်သော် ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးခြင်းငှါ မတတ်နိုင်သောကြောင့်တည်း။

ငါ့သျှင်တို့ ဤအတူပင် ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်း သည် ''ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကိုု ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ တည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်ပါမူ ''ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ တည်၏၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့်အခြင်းအရာကို မသိ၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ တည်၏''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဉာဏဝါဒကိုဆိုသော ရဟန်းသည် ''ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ ''ဤအသျှင်သည် လောဘမဖြစ်မည့် အခြင်း အရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဘာဝနာဝါဒကိုဆိုသော ရဟန်းသည် ''(ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကိုု ပွါးပြီး ဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ ''ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့်အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်းသည် ''ဤတရားကို (ငါ) သိ၏၊ ဤတရားကို (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကိုု ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီးဖြစ်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ ''ဤအသျှင်သည် လောဘ မဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင် သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏။

ငါ့သျှင်တို့ ဥပမာသော်ကား ယောက်ျားသည် ကြွယ်ဝသူ ဖြစ်၍သာလျှင် ကြွယ်ဝ၏ဟူသော စကားကို ဆိုရာ၏၊ ဥစ္စာရှိသူဖြစ်၍သာလျှင် ဥစ္စာရှိ၏ဟူသော စကားကို ဆိုရာ၏၊ စည်းစိမ်ရှိသူဖြစ်၍ သာလျှင် စည်းစိမ်ရှိ၏ဟူသော စကားကို ဆိုရာ၏၊ ထိုသူသည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စ ဖြစ်လတ်သော် ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးရန် စွမ်းနိုင်ရာ၏၊ ထိုသူကို ''ဤအသျှင်သည် ကြွယ်ဝသူဖြစ်၍သာလျှင် ကြွယ်ဝ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် ဥစ္စာရှိသူဖြစ်၍သာလျှင် ဥစ္စာရှိ၏ဟူသော စကားကို ဆို၏၊ ဤအသျှင်သည် စည်းစိမ်ရှိသူဖြစ်၍သာလျှင် စည်းစိမ်ရှိ၏ဟူသော စကားကို ဆို၏။ ထိုသို့ဖြစ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ဤအသျှင်သည် ဥစ္စာဖြင့် တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြစ်လတ်သော် ဥစ္စာ စပါး ရွှေ ငွေကို ထုတ်ဆောင်ပေးရန် စွမ်းနိုင်သောကြောင့်တည်း''ဟု သိကုန်ရာ၏။ ငါ့သျှင်တို့ ဤအတူပင် ဉာဏဝါဒကိုလည်းကောင်း၊ ဘာဝနာဝါဒကိုလည်းကောင်း ဆိုသော ရဟန်း သည် ''ဤသို့ (ငါ) သိ၏၊ ဤသို့ (ငါ) မြင်၏၊ (ငါသည်) ကာယကို ပွါးပြီးဖြစ်၏၊ သီလကိုု ပွါးပြီးဖြစ်၏၊ စိတ် (သမာဓိ) ကို ပွါးပြီးဖြစ်၏၊ ပညာကို ပွါးပြီး ဖြစ်၏''ဟု (ဆို၏)။ ငါ့သျှင်တို့ အကယ်၍ ထိုရဟန်းကို လောဘသည် လွှမ်းမိုး၍ မတည်ပါမူ ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု။ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်ပါမူ ''ဤအသျှင်သည် လောဘမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို လောဘသည် လွှမ်းမိုး၍ မတည်နိုင်၊ ဤအသျှင်သည် ဒေါသ။ မောဟ။ အမျက်ထွက်မှု။ ရန်ငြိုးဖွဲ့မှု။ သူ့ကျေးဇူးကို ချေဖျက်မှု။ ဂုဏ်ပြိုင်မှု။ ဝန်တိုမှု၊ ယုတ်ညံ့သော ငြူစူမှု။ ယုတ်ညံ့သော အလိုမဖြစ်မည့် အခြင်းအရာကို သိ၏၊ ထို့ကြောင့်ပင် ဤအသျှင်ကို ယုတ်ညံ့သော အလိုသည် လွှမ်းမိုး၍ မတည်နိုင်''ဟု ထိုရဟန်းကို သိအပ်သည် ဖြစ်ရာ၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅ - ကသိဏသုတ်

၂၅။ ရဟန်းတို့ တည်ရာ ကသိုဏ်းတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုး တု့ိနည်းဟူမူ - အချို့သောသူသည် အထက် အောက် ဖီလာ၌ နှစ်မျိုး မရှိသော ပမာဏမရှိသော ပထဝီကသိုဏ်း ကို သိ၏။ အချို့သောသူသည် အာပေါကသိုဏ်းကို သိ၏။ပ။ အချို့သောသူသည် တေဇောကသိုဏ်းကို သိ၏။ အချို့သောသူသည် ဝါယောကသိုဏ်းကို သိ၏။ အချို့သောသူသည် နီလကသိုဏ်းကို သိ၏။ အချို့သောသူသည် ပီတကသိုဏ်းကို သိ၏။ အချို့သောသူသည် လောဟိတကသိုဏ်းကို သိ၏။ အချို့သောသူသည် ဩဒါတကသိုဏ်းကို သိ၏။ အချို့သောသူသည် အာကာသကသိုဏ်းကို သိ၏။ အချို့သော သူသည် အထက် အောက် ဖီလာ၌ နှစ်မျိုးမရှိသော ပမာဏမရှိသော (ပဌမာရုပ္ပ) ဝိဉာဏ ကသိုဏ်းကို သိ၏။ ရဟန်းတို့ ဤသည်တို့ကား တည်ရာ ကသိုဏ်းဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆ - ကာဠီသုတ်

၂၆။ အခါတစ်ပါး၌ အသျှင်မဟာကစ္စာနသည် အဝန္တိတိုင်း ကုလဃရမြို့ ပဝတ္တတောင်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ကုလဃရမြို့သူ ကာဠီဥပါသိကာမသည် အသျှင်မဟာကစ္စာနအထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် အသျှင်မဟာကစ္စာနအား - ''အသျှင်ဘုရား မြတ်စွာဘုရားသည် အမျိုးသမီး ပြဿနာတို့၌ - 'ငါသည် ချစ်ဖွယ် သာယာဖွယ်သဘောဟူသော စစ်တပ်ကို အောင်မြင်ကာ တစ်ပါးတည်းရှုလျက် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ်နှလုံး၏ ငြိမ်သက်ခြင်းဟူသော ချမ်းသာကို အစဉ်သိပြီ၊ ထို့ကြောင့် လူအပေါင်းနှင့် မိတ်ဆွေ ဖွဲ့ခြင်းကို ငါမပြု၊ ငါသည် တစ်ဦးတစ်ယောက်နှင့်မျှ မိတ်ဆွေမဖြစ်'ဟူသော ဤစကားကို မိန့်တော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤစကား၏ အနက် သဘောကို အဘယ်သို့လျှင်အကျယ်အားဖြင့် မှတ်ရပါမည်နည်း''ဟု လျှောက်၏။ နှမ သာမဏဗြာဟ္မဏ အချို့တို့သည် (အရဟတ္တဖိုလ်ဟူသော) အကျိုးသည် ပထဝီကသိုဏ်း သမာပတ်လျှင် အလွန်အမြတ်ရှိ၏ဟု (ယူဆ၍ ထိုသမာပတ်ကို)ဖြစ်စေကုန်၏။ နှမ မြတ်စွာဘုရားသည် ပထဝီကသိုဏ်း သမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၏၊ မြတ်စွာဘုရားသည် ထိုပထဝီကသိုဏ်း သမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၍ (ထိုသမာပတ်၌) သာယာဖွယ် (သမုဒယသစ္စာ) ကို မြင်တော်မူ၏။ အပြစ် ( ဒုက္ခသစ္စာ ) ကို မြင်တော်မူ၏။ ထွက်မြောက်ရာ (နိရောဓသစ္စာ) ကို မြင်တော်မူ၏။ လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်တော်မူ၏။ ထိုမြတ်စွာဘုရားသည် သာယာဖွယ် (သမုဒယသစ္စာ)ကို မြင်ခြင်းကြောင့်, အပြစ် (ဒုက္ခသစ္စာ) ကို မြင်ခြင်းကြောင့်, ထွက်မြောက်ရာ (နိရောဓသစ္စာ) ကို မြင်ခြင်းကြောင့်, လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်ခြင်း ကြောင့် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ်နှလုံး၏ ငြိမ်သက်ခြင်းကို သိတော်မူ၏။

နှမ သမဏဗြာဟ္မဏ အချို့တို့သည် (အရဟတ္တဖိုလ်ဟူသော) အကျိုးသည် အာပေါကသိုဏ်း သမာပတ်။ တေဇောကသိုဏ်းသမာပတ်။ ဝါယောကသိုဏ်းသမာပတ်။ နီလကသိုဏ်းသမာပတ်။ ပီတကသိုဏ်းသမာပတ်။ လောဟိတကသိုဏ်းသမာပတ်။ ဩဒါတကသိုဏ်းသမာပတ်။ အာကာသ ကသိုဏ်း သမာပတ်။ (ပဌမာရုပ္ပ) ဝိညာဏကသိုဏ်းသမာပတ်လျှင် အလွန်အမြတ်ရှိ၏ဟု (ယူဆ၍ ထိုသမာပတ်ကို)ဖြစ်စေကုန်၏။ နှမ မြတ်စွာဘုရားသည် ဝိညာဏကသိုဏ်းသမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၏၊ မြတ်စွာဘုရားသည် ထိုဝိညာဏ ကသိုဏ်းသမာပတ်၏ လွန်မြတ်သည့် အဖြစ်ရှိသမျှကို အထူးသိတော်မူ၍ (ထိုသမာပတ်၌) သာယာဖွယ် (သမုဒယသစ္စာ) ကို မြင်တော်မူ၏။ အပြစ် ( ဒုက္ခသစ္စာ ) ကို မြင်တော်မူ၏။ ထွက်မြောက်ရာ (နိရောဓသစ္စာ)ကို မြင်တော်မူ၏။ လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်တော်မူ၏။ ထိုမြတ်စွာဘုရားသည် သာယာဖွယ် (သမုဒယသစ္စာ)ကို မြင်ခြင်းကြောင့်, အပြစ် (ဒုက္ခသစ္စာ) ကို မြင်ခြင်းကြောင့်, ထွက်မြောက်ရာ (နိရောဓသစ္စာ) ကို မြင်ခြင်းကြောင့်, လမ်းဟုတ် မဟုတ် သိမြင်မှု (မဂ္ဂသစ္စာ) ကို မြင်ခြင်းကြောင့် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ် နှလုံး၏ ငြိမ်သက်ခြင်းကို သိတော်မူ၏။ နှမ ဤသို့လျှင် မြတ်စွာဘုရားသည် အမျိုးသမီးပြဿနာတို့၌ - ''ငါသည် ချစ်ဖွယ် သာယာဖွယ်သဘောဟူသော စစ်တပ်ကို အောင်မြင်ကာ တစ်ပါးတည်း ရှုလျက် (အရဟတ္တဖိုလ်ဟူသော) အကျိုးသို့ ရောက်ခြင်းနှင့် စိတ် နှလုံး၏ ငြိမ်သက်ခြင်းဟူသော ချမ်းသာကို အစဉ်သိပြီ၊ ထို့ကြောင့် လူအပေါင်းနှင့် မိတ်ဆွေဖွဲ့ခြင်းကို ငါမပြု၊ ငါသည် တစ်ဦးတစ်ယောက်နှင့်မျှ မိတ်ဆွေ မဖြစ်'ဟူသော ဤစကားကို မိန့်တော်မူ၏။

နှမ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ဤစကား၏ အနက်(သဘော)ကို ဤသို့ အကျယ်အားဖြင့် မှတ်အပ်၏ဟု (မိန့်ဆို၏)။

ဆဋ္ဌသုတ်။

------

ရ - ပဌမ မဟာပဥှာသုတ်

၂၇။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ရဟန်းများစွာတို့သည် နံနက်အချိန်၌ သင်္ကန်း ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကုန်၏။ ထိုအခါ ရဟန်းတို့ အား ''သာဝတ္ထိပြည်သို့ ဆွမ်းခံလှည့်လည်ရန် အလွန်စောသေး၏၊ ငါတို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ထိုသို့ ကြံပြီးနောက် ထိုရဟန်းတို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြပြီးလျှင် ထိုသာသနာတော်မှ တစ်ပါးသောအယူရှိကြသည့် ပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေကာ တစ်ခုသောနေရာ၌ ထိုင်နေကုန်၏၊ တစ်ခုသောနေရာ၌ ထိုင်ကုန်သော ထိုရဟန်းတို့အား သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ထိုပရိဗိုဇ်တို့သည် ဤသို့ ပြောဆိုကုန်၏ -

ငါ့သျှင်တို့ ရဟန်းဂေါတမသည် သာဝကတို့အား ''ရဟန်းတို့ သင်တို့ လာကုန်လော့၊ တရား အားလုံးကို သိကုန်လော့၊ တရားအားလုံးကို သိ၍ နေကုန်လော့''ဟု ဤသို့ တရားဟော၏။ ငါ့သျှင်တို့ ငါတို့သည်လည်း သာဝကတို့အား ''ငါ့သျှင်တို့ သင်တို့ လာကုန်လော့၊ တရားအားလုံးကို သိကုန်လော့၊ တရားအားလုံးကို သိ၍ နေကုန်လော့''ဟု ဤသို့ တရားကို ဟောကုန်၏။ ငါ့သျှင်တို့ ဤငါတို့ တရား ဟောရာ၌ ရဟန်းဂေါတမနှင့် ငါတို့၏ တရားဟောပုံချင်း ဆုံးမပုံချင်း အဘယ်သို့ ထူးသနည်း၊ အဘယ် သို့ ပိုလွန်သနည်း အဘယ်သို့ ခြားနားသနည်း (ဟု ပြောဆိုကြကုန်၏)။

ထိုအခါ ထိုရဟန်းတို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ စကားကို မနှစ်သက်ကုန် မတားမြစ်ကုန်၊ မနှစ်သက်ကုန် မတားမြစ်ကုန်ဘဲ နေရာမှ ထကာ ''မြတ်စွာဘုရား၏ အထံ၌ ထိုစကား၏ အနက် (အဓိပ္ပါယ်) ကို သိရကုန်အံ့''ဟု ဖဲသွားကြကုန်၏။ ထို့နောက် ထိုရဟန်းတို့သည် သာဝတ္ထိပြည်၌ ဆွမ်းခံလှည့်လည်၍ ဆွမ်းစားပြီးနောက် ဆွမ်းခံရာမှ ဖဲကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်ကုန်လျက် အသျှင်ဘုရား အကျွန်ုပ်တို့သည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်ကာ သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်ကြပါ၏။ အသျှင်ဘုရား ထိုအကျွန်ုပ်တို့အား ''သာဝတ္ထိပြည်၌ ဆွမ်းခံလှည့် လည်ရန်စောသေး၏၊ ငါတို့သည် သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်ကြပါ၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်တို့သည် သာသနာ တော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ အရံသို့ ချဉ်းကပ်ကြပြီးနောက် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့နှင့်အတူ ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေကာ တစ်ခုသောနေရာ၌ ထိုင်နေကြပါ၏၊ တစ်ခုသောနေရာ၌ ထိုင်နေကြကုန်သော အကျွန်ုပ်တို့အား သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် - ငါ့သျှင်တို့ ရဟန်းဂေါတမ သည် သာဝကတို့အား ''ရဟန်းတို့ သင်တို့ လာကုန်လော့၊ တရားအားလုံးကို သိကုန်လော့၊ တရား အားလုံးကို သိ၍ နေကုန်လော့''ဟု ဤသို့ တရားဟော၏။ ငါ့သျှင်တို့ ငါတို့သည်လည်း သာဝကတို့အား ''ငါ့သျှင်တို့ သင်တို့ လာကုန်လော့၊ တရားအားလုံးကို သိကုန်လော့၊ တရားအားလုံးကို သိ၍ နေကုန်လော့''ဟု ဤသို့ တရားကို ဟောကုန်၏။ ''ငါ့သျှင်တို့ ဤငါတို့ တရားဟောရာ၌ ရဟန်း ဂေါတမနှင့် ငါတို့၏ တရားဟောပုံချင်း ဆုံးမပုံချင်း အဘယ်သို့ ထူးသနည်း၊ အဘယ်သို့ ပိုလွန်သနည်း အဘယ်သို့ ခြားနားသနည်း''ဟု ဤစကားကို ပြောဆိုကြပါကုန်၏။ အသျှင်ဘုရား ထိုအခါ အကျွန်ုပ်တို့သည် ထိုသာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့၏ စကားကို မနှစ်သက်ပါကုန် မတားမြစ်ပါကုန်၊ မနှစ်သက်ကုန် မတားမြစ်ကုန်ဘဲ နေရာမှထကာ ''မြတ်စွာဘုရား၏ အထံမှ ထိုစကား၏ အနက် (အဓိပ္ပါယ်) ကို သိကြကုန်အံ့''ဟု ဖဲခဲ့ကြပါကုန်၏ဟု လျှောက်ကြကုန်၏။ ရဟန်းတို့ ဤသို့ ဆိုလေ့ရှိကုန်သော သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့ကို ဤသို့ ပြောဆို မေးမြန်းကုန်ရာ၏၊ ''ငါ့သျှင်တို့ ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု၊ ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု၊ ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု၊ ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု၊ ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက် ငါးခု၊ ပြဿနာခြောက်ခု ရည်ညွှန်းချက်ခြောက်ခု ဖြေဆိုချက်ခြောက်ခု၊ ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက်ခုနစ်ခု၊ ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု၊ ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု၊ ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု''ဟု (ဤသို့ ပြောဆို မေးမြန်း ကုန်ရာ၏)။

ရဟန်းတို့ သာသနာတော်မှ တစ်ပါးသော အယူရှိကြသည့် ပရိဗိုဇ်တို့သည် ဤသို့ အမေးခံကြရ သည် ရှိသော် ကျကျနန ပြည့်ပြည့်စုံစုံ ဖြေဆိုနိုင်ကြလိမ့်မည် မဟုတ်ကုန်၊ အလွန်ပင်ပန်းခြင်းသို့လည်း ရောက်ကြကုန်လိမ့်မည်၊ ထိုသို့ ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ အရာမဟုတ်သော ကြောင့်တည်း။

ရဟန်းတို့ နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူလောက၌ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရား၏ တပည့်ကိုလည်းကောင်း ဤသာသနာတော်မှ ကြားနာရ၍ (ပြောဆိုသူကိုလည်းကောင်း) ကြဉ်ထား၍ ဤပြဿနာတို့ကို ဖြေဆိုခြင်းဖြင့် စိတ်ကို နှစ်သိမ့်စေနိုင်မည့် အခြားသူကို ငါမမြင်။

''ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာလွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်တရားတစ်ခုနည်း၊ သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏။ ရဟန်းတို့ ဤ (အာဟာရ) တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားနှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ် နှစ်မျိုးတို့နည်း၊ ရုပ်၊ နာမ်တို့တည်း။ ရဟန်းတို့ ဤ (ရုပ်၊ နာမ်) တရားနှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ ကောင်းစွာ အနက်သဘောကို သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍့ဆိုအပ်သနည်း။ ရဟန်းတို့ တရားသုံးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ု ကောင်းစွာ အနက်သဘောကို သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်သုံးမျိုးတို့နည်း၊ ဝေဒနာသုံးမျိုးတို့တည်း။ ရဟန်းတို့ ဤ (ဝေဒနာ) တရားသုံးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာသိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ ''ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားလေးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်တရား လေးမျိုးတို့နည်း၊ အာဟာရလေးမျိုးတို့တည်း။ ရဟန်းတို့ ဤ (အာဟာရ) တရားလေးမျိုးတို့၌ ရဟန်း သည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားငါးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ငါးမျိုးတို့နည်း၊ ဥပါဒါနက္ခန္ဓာ ငါးမျိုးတို့တည်း။ ရဟန်းတို့ ဤ (ဥပါဒါနက္ခန္ဓာ) တရား ငါးမျိုးတို့၌ ရဟန်း သည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာခြောက်ခု ရည်ညွှန်းချက်ခြောက်ခု ဖြေဆိုချက်ခြောက်ခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားခြောက်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ် ခြောက်မျိုးတို့နည်း၊ အတွင်း 'အဇ္ဈတ္တိက' အာယတနခြောက်မျိုးတို့တည်း။ ရဟန်းတို့ ဤ (အဇ္ဈတ္တိက အာယတန) တရားခြောက်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာခြောက်ခု ရည်ညွှန်းချက် ခြောက်ခု ဖြေဆိုချက်ခြောက်ခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက်ခုနစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားခုနစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍့အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ခုနစ်မျိုးတို့နည်း၊ ဝိညာဏ်၏ တည်ရာ 'ဝိညာဏဋ္ဌိတိ' ခုနစ်မျိုးတို့တည်း။ ရဟန်းတို့ ဤ (ဝိညာဏဋ္ဌိတိ) တရား ခုနစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက် ခုနစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားရှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ရှစ်မျိုးတို့နည်း၊ လောကဓံတရား ရှစ်မျိုးတို့တည်း။ ရဟန်းတို့ ဤ(လောကဓံ)တရားရှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ ''ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ကိုးမျိုးတို့နည်း၊ သတ္တဝါတို့၏ တည်ရာ 'သတ္တာဝါသ' ကိုးမျိုးတို့တည်း။ ရဟန်းတို့ ဤ (သတ္တာဝါသ) တရား ကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက် ကိုးခု''ဟု ဆိုခဲ့သော စကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏။ ''ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု''ဟု ဆိုခဲ့သော ထိုစကားကို အဘယ်ကို စွဲ၍ ဆိုအပ်သနည်း။ ရဟန်းတို့ တရားဆယ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ဆယ်မျိုးတို့နည်း၊ အကုသိုလ်ကမ္မပထဆယ်မျိုးတို့တည်း။ ရဟန်းတို့ ဤ (အကုသလကမ္မပထ) တရားဆယ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု''ဟု ဆိုခဲ့သော ထိုစကားကို ဤသည်ကို စွဲ၍ ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈ - ဒုတိယ မဟာပဥှာသုတ်

၂၈။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကဇင်္ဂလာမြို့ ဝါးတော၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ကဇင်္ဂလာမြို့သား ဥပါသကာများစွာတို့သည် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမအထံသို့ ချဉ်းကပ် ကြ၍့ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကုန်လျက် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမအား ဤစကား ကို ပြောဆိုကြကုန်၏ - အရှင်မ မြတ်စွာဘုရားသည် ပြဿနာကြီးတို့၌ ''ပြဿနာတစ်ခု ရည်ညွှန်းချက် တစ်ခု ဖြေဆိုချက်တစ်ခု၊ ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု၊ ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု၊ ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု၊ ပြဿနာ ငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု၊ ပြဿနာခြောက်ခု ရည်ညွှန်းချက်ခြောက်ခု ဖြေဆိုချက်ခြောက်ခု၊ ပြဿနာခုနစ်ခု ရည်ညွှန်းချက်ခုနစ်ခု ဖြေဆိုချက်ခုနစ်ခု၊ ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက် ရှစ်ခု၊ ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု၊ ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု''ဟု ဤစကားကို ဟောတော်မူထားပါ၏၊ အရှင်မ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောထားတော်မူသော ဤစကား၏ အနက်အဓိပ္ပါယ်ကို အကျယ်အားဖြင့် အဘယ်သို့ သိမှတ်ရပါမည်နည်းဟု (ပြောဆိုကြကုန်၏)။

ဒါယကာတို့ ထိုစကားကို မြတ်စွာဘုရား၏ မျက်မှောက်တော်မှ မကြားရဖူးပါ၊ မျက်မှောက်တော်မှ မခံယူရဖူးပါ၊ စိတ်ကို ပွါးစေကြသော ရဟန်းတို့၏ မျက်မှောက်မှလည်း မကြားရဖူးပါ။ မျက်မှောက်မှ လည်း မခံယူရဖူးပါ။ သို့ပင်ဖြစ်သော်လည်း ဤစကားအရာ၌ အကျွန်ုပ်၏ ထင်မြင်ချက်ကို ဆိုပါအံ့၊ ထိုစကားကို နာကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကုန်လော့ ဟောပြပါအံ့ဟု (ဆို၏)။ ''ကောင်းပါပြီ အရှင်မ''ဟု ကဇင်္ဂလာမြို့သား ဥပါသကာတို့သည် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမအား ပြန်ကြားကုန်၏။ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမသည် ဤစကားကို မိန့်ဆို၏ -

''ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ အဘယ်တရား တစ်ခုနည်း၊ သတ္တဝါအားလုံးတို့သည် အာဟာရလျှင် တည်ရာရှိကုန်၏။ ဒါယကာတို့ ဤ (အာဟာရ) တရားတစ်ခု၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်း ကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု''ဟု မြတ်စွာဘုရားဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ ''ပြဿနာနှစ်ခု ရည်ညွှန်းချက်နှစ်ခု ဖြေဆိုချက်နှစ်ခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားနှစ်မျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ အဘယ်နှစ်မျိုးတို့နည်း၊ နာမ်၊ ရုပ်တို့တည်း။ပ။ အဘယ်သုံးမျိုးတို့နည်း၊ ဝေဒနာ သုံးမျိုးတို့တည်း။ ဒါယကာတို့ ဤ (ဝေဒနာ) တရားသုံးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိ သည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာသုံးခု ရည်ညွှန်းချက်သုံးခု ဖြေဆိုချက်သုံးခု''ဟု မြတ်စွာဘုရားဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ ''ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားလေးမျိုးတို့၌ ရဟန်းသည့်ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်လေးမျိုးတို့နည်း၊ သတိပဋ္ဌာန်လေးပါးတို့တည်း။ ဒါယကာတို့ ဤ (သတိပဋ္ဌာန်)တရား လေးပါးတို့၌ ရဟန်းသည် ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာလေးခု ရည်ညွှန်းချက်လေးခု ဖြေဆိုချက်လေးခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ ''ပြဿနာငါးခု ရည်ညွှန်းချက်ငါးခု ဖြေဆိုချက်ငါးခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကား ကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားငါးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ငါးမျိုးတို့နည်း - ဣန္ဒြေ ငါးပါးတို့တည်း။ပ။ အဘယ်ခြောက်မျိုးတို့နည်း၊ ကိလေသာတို့မှ ထွက်မြောက်ရာ 'နိဿရဏီယ' ဓာတ် ခြောက်မျိုးတို့တည်း။ပ။ အဘယ်ခုနစ်မျိုးတို့နည်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ပ။ အဘယ်ရှစ်မျိုးတို့နည်း၊ အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်တို့တည်း။ ဒါယကာတို့ ဤ(အရိယာမဂ်)တရား ရှစ်ပါးတို့၌ ရဟန်းသည် ကောင်းစွာ စိတ်ကို ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်း အခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာရှစ်ခု ရည်ညွှန်းချက်ရှစ်ခု ဖြေဆိုချက်ရှစ်ခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ ''ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက်ကိုးခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံး အပိုင်းအခြားကို ရှုလေ့ရှိသည် ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခ အဆုံးကို ပြု၏။ အဘယ်ကိုးမျိုးတို့နည်း၊ သတ္တာဝါသကိုးမျိုးတို့တည်း။ ဒါယကာတို့ ဤ (သတ္တာဝါသ) တရားကိုးမျိုးတို့၌ ရဟန်းသည် ကောင်းစွာ ငြီးငွေ့သည် ကောင်းစွာ တပ်ခြင်းကင်းသည် ကောင်းစွာ လွတ်မြောက်သည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာကိုးခု ရည်ညွှန်းချက်ကိုးခု ဖြေဆိုချက် ကိုးခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ ''ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို အဘယ်ကို စွဲ၍ ဟောတော်မူအပ်သနည်း။ ဒါယကာတို့ တရားဆယ်မျိုးတို့၌ ရဟန်းသည် စိတ်ကို ကောင်းစွာ ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက် သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ အဘယ်ဆယ်မျိုးတို့နည်း၊ ကုသလကမ္မပထတရား ဆယ်ပါးတို့တည်း။ ဒါယကာတို့ ဤ (ကုသလကမ္မပထ) တရား ဆယ်ပါးတို့၌ ရဟန်းသည် စိတ်ကို ကောင်းစွာ ပွါးစေပြီးသည် ကောင်းစွာ အဆုံးအပိုင်းအခြားကို ရှုလေ့ရှိသည်ဖြစ်၍ အနက်သဘောကို ကောင်းစွာ သိပြီးလျှင် မျက်မှောက်ဘဝ၌ပင် ဒုက္ခအဆုံးကို ပြု၏။ ''ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု''ဟု မြတ်စွာဘုရား ဟောတော်မူသော ထိုစကားကို ဤသည်ကို စွဲ၍ ဟောတော်မူအပ်၏။ ဒါယကာတို့ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် ဟောတော်မူအပ်သော ပြဿနာကြီးတို့၌့''ပြဿနာတစ်ခု ရည်ညွှန်းချက်တစ်ခု ဖြေဆိုချက်တစ်ခု။ပ။ ပြဿနာဆယ်ခု ရည်ညွှန်းချက်ဆယ်ခု ဖြေဆိုချက်ဆယ်ခု''ဟူသော ဤစကား၏ အနက် (အဓိပ္ပါယ်) ကို ဤသို့ အကျယ်အားဖြင့် ငါသိ၏။ ဒါယကာတို့ သင်တို့ အလိုရှိကြပါမူကား မြတ်စွာဘုရားသို့သာလျှင် ချဉ်းကပ်၍ ဤအနက်သဘောကို မေး လျှောက်ကုန်လော့။ ထိုအနက်ကို မြတ်စွာဘုရား ဖြေတော်မူတိုင်း ဆောင်မှတ်ကုန်လော့ဟု (မိန့်ဆို၏)။

''ကောင်းပါပြီ အရှင်မ''ဟု ကဇင်္ဂလာမြို့သား ဥပါသကာတို့သည် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမ၏ စကားကို နှစ်သက်ဝမ်းမြောက်ကုန်၍ နေရာမှ ထကာ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမကို ရှိခိုးကြပြီး၍ အရို အသေပြုပြီးလျှင် မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ ရှိခိုးကာ တစ်ခုသောနေရာ၌ ထိုင်နေကုန်လျက် ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမနှင့်အတူ ပြောဆိုသမျှ စကားအားလုံးကို မြတ်စွာဘုရားအား လျှောက်ထားကုန်၏။ သူကြွယ်တို့ ကောင်းပေစွ ကောင်းပေစွ၊ သူကြွယ်တို့ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမသည် ပညာရှိ၏၊ သူကြွယ်တို့ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမသည် ပညာကြီး၏၊ သူကြွယ်တို့ ငါ့ကို ချဉ်းကပ်၍ ဤအနက် (သဘော) ကို မေးလျှင်လည်း ဤအနက် (သဘော) ကို ဤသို့ ကဇင်္ဂလာမြို့သူ ရဟန်းမိန်းမ ဖြေသကဲ့ သို့သာ ငါဖြေရာ၏။ ဤသည်သာလျှင်လည်း ထိုစကား၏ အနက် (သဘော) ပေတည်း၊ ဤသို့ သာလျှင် ထိုအနက်သဘောကို မှတ်ကုန်လော့ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉ - ပဌမ ကောသလသုတ်

၂၉။ ရဟန်းတို့ ပသေနဒိကောသလမင်း၏ နိုင်ငံတော် ကာသိတိုင်း ကောသလတိုင်းနယ် ရှိသမျှ အတွင်း၌ ပသေနဒိကောသလမင်းကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ ပသေနဒိကောသလမင်းအားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထိုစည်းစိမ် မျိုး၌လည်း ငြီးငွေ့၏၊ ထိုစည်းစိမ်မျိုး၌ ငြီးငွေ့သော် မြတ်သော (ကောသလမင်း) အဖြစ်၌ တပ်ခြင်း ကင်း၏၊ ယုတ်ညံ့သော (သာမာန်) စည်းစိမ်မျိုး၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၁)

ရဟန်းတို့ လနေတို့သည် လှည့်လည်ကုန်လျက် အရပ်မျက်နှာတို့ ထွန်းလင်းတောက်ပရာ အပိုင်း အခြားအားဖြင့် တစ်ထောင်အဖို့အစုရှိသော လောကဓာတ်သည် ရှိ၏။ ထိုလောကဓာတ်တစ်ထောင်၌ လတစ်ထောင် နေတစ်တောင် မြင့်မိုရ်တောင်မင်းတစ်ထောင် ဇမ္ဗူဒီပါကျွန်းတစ်ထောင် အပရဂေါယာနကျွန်း တစ်ထောင် ဥတ္တရကုရုကျွန်းတစ်ထောင် ပုဗ္ဗဝိဒေဟကျွန်းတစ်ထောင် မဟာသမုဒ္ဒရာလေးထောင် နတ်မင်း ကြီးလေးထောင် စာတုမဟာရာဇ်နတ်ဘုံတစ်ထောင် တာဝတိံသာနတ်ဘုံတစ်ထောင် ယာမာနတ်ဘုံ တစ်ထောင် တုသိသာနတ်ဘုံတစ်ထောင် နိမ္မာနရတိနတ်ဘုံတစ်ထောင် ပရနိမ္မိတဝသဝတ္တီနတ်ဘုံတစ်ထောင် ဗြဟ္မာ့ဘုံတစ်ထောင် ရှိ၏။ ရဟန်းတို့ တစ်ထောင်မျှသော လောကဓာတ်၌ မဟာဗြဟ္မာကို အမြတ်ဆုံးဟု ဆိုအပ်၏။ ရဟန်းတို့ မဟာဗြဟ္မာအားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည် သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (စည်းစိမ်မျိုး) ၌လည်း ငြီးငွေ့၏၊ ထို (စည်းစိမ်မျိုး) ၌ ငြီးငွေ့သော် မြတ်သော (မဟာဗြဟ္မာ) အဖြစ်၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော (သာမာန်) စည်းစိမ်မျိုး၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၂)

ရဟန်းတို့ ဤလောကဓာတ်၌ ပျက်စီးသော အခါမျိုးသည် ရှိ၏၊ ရဟန်တို့ လောကဓာတ် ပျက်စီး လတ်သော် သတ္တဝါတို့သည် များသောအားဖြင့် အာဘဿရာဘုံ၌ ဖြစ်ကုန်၏။ ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ (နှစ်သိမ့်ခြင်း) ပီတိလျှင် အစာရှိကုန်၏၊ မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက့်ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊ တင့်တယ်သောနေရာရှိကုန်၏၊ ကြာမြင့်စွာသော ကာလ ပတ်လုံး တည်ကုန်၏။ ရဟန်းတို့ ပျက်စီးသော လောကဓာတ်အတွင်း၌ အာဘဿရာဗြဟ္မာတို့ကို အမြတ်ဆုံးဟု ဆိုအပ်ကုန်၏။ ရဟန်းတို့ အာဘဿရာဗြဟ္မာတို့အားသော်လည်း တစ်ပါးသော အခြင်း အရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်းရှိသည်သာတည်း။ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (စည်းစိမ်မျိုး) ၌လည်း ငြီးငွေ့၏၊ ထို (စည်းစိမ်မျိုး) ၌ ငြီးငွေ့သော် မြတ်သော (အာ ဘဿရာဗြဟ္မာ) မင်းအဖြစ်၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော (သာမာန်) စည်းစိမ်မျိုး၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၃)

ရဟန်းတို့ တည်ရာကသိုဏ်းတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ - အချို့သော သူသည် အထက် အောက် ဖီလာ၌ နှစ်မျိုးမရှိသော ပမာဏမရှိသော ပထဝီကသိုဏ်းကို သိ၏၊ အချို့သော သူသည် အာပေါကသိုဏ်းကို သိ၏။ပ။ အချို့သောသူသည် တေဇောကသိုဏ်းကို သိ၏။ အချို့သောသူသည် ဝါယောကသိုဏ်းကို သိ၏။ အချို့သောသူသည် နီလကသိုဏ်းကို သိ၏။ အချို့သောသူသည် ပီတကသိုဏ်းကို သိ၏။ အချို့သော သူသည် လောဟိတကသိုဏ်းကို သိ၏။ အချို့သောသူသည် ဩဒါတကကသိုဏ်းကို သိ၏။ အချို့သော သူသည် အာကာသကသိုဏ်းကို သိ၏။ အချို့သောသူသည် အထက် အောက် ဖီလာ၌ နှစ်မျိုးမရှိသော ပမာဏမရှိသော ဝိညာဏကသိုဏ်းကို သိ၏။ ရဟန်းတို့ ဤသည်တို့ကား တည်ရာကသိုဏ်း ဆယ်မျိုးတို့တည်း။ ရဟန်းတို့ ဤတည်ရာ ကသိုဏ်းဆယ်မျိုးတို့တွင် အချို့သောသူ သိသော အထက် အောက် ဖီလာ၌ နှစ်မျိုးမရှိသော ပမာဏ မရှိသော ဤဝိညာဏကသိုဏ်းသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ (ဝိညာဏကသိုဏ်းကို) သိမှတ်မှုရှိသော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့သိမှတ်မှုရှိသော သတ္တဝါတို့အားသော် လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည် သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (ကသိုဏ်း) ၌ လည်း ငြီးငွေ့၏၊ ထိုကသိုဏ်း၌ ငြီးငွေ့သော် မြတ်သော ဝိညာဏကသိုဏ်း၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော ကသိုဏ်း၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၄)

ရဟန်းတို့ (ဆန့်ကျင်ဘက်တရားနှင့် အာရုံတို့ကို) လွှမ်းမိုးနိုင်ကြောင်း 'အဘိဘာယတန' ဈာန်တို့ သည် ဤရှစ်မျိုးတို့တည်း၊ အဘယ်ရှစ်မျိုးတို့နည်းဟူမူ - တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသောအဆင်း မကောင်းသောအဆင်းရှိသော ငယ်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ် သညာ ရှိ၏။ ဤကား ပဌမ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို ရှုမှတ်၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး ၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ် သညာ ရှိ၏။ ဤကား ဒုတိယ အဘိဘာယတနဈာန် ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ငယ်ကုန်သော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ် သညာ ရှိ၏။ ဤကား တတိယ အဘိဘာ ယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ကောင်းသော အဆင်း မကောင်းသော အဆင်းရှိသော ကြီးသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး ၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား စတုတ္ထအဘိဘာယတနဈာန့်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသော အဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ညိုသော အဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော အောင်မဲညိုပန်းကဲ့သို့လည်းကောင်း၊ ညိုသော အဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ညိုသော နှစ်ဖက်ချောအဝတ် ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ညိုသောအဆင်း ညိုသောအသွေး ညိုသောအရောင်ရှိသော ညိုသော (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား ပဉ္စမ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဝါရွှေသော အဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဝါရွှေသော မဟာလှေကားပန်းကဲ့သို့ လည်းကောင်း၊ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဝါရွှေသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဝါရွှေသောအဆင်း ဝါရွှေသောအသွေး ဝါရွှေသော အရောင်ရှိသော ဝါရွှေသော (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား ဆဋ္ဌ အဘိဘာယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ နီသောအဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော မိုးဆွေပန်းကဲ့သို့လည်းကောင်း၊ နီသောအဆင်း နီသော အသွေး နီသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် နီသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ နီသော အဆင်း နီသောအသွေး နီသောအရောင်ရှိသော နီသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား သတ္တမ အဘိဘာ ယတနဈာန်ပေတည်း။

တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသော အဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း) ရုပ်တို့ကို ရှု၏၊ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော သောက်ရှူးကြယ်ကဲ့သို့လည်းကောင်း၊ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဗာရာဏသီပြည်ဖြစ် ဖြူသော နှစ်ဖက်ချော အဝတ်ကဲ့သို့လည်းကောင်း ဤအတူ တစ်ဦးသော ပုဂ္ဂိုလ်သည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော (ကသိုဏ်း)ရုပ်တို့ကို ရှု၏၊ ထို (ရုပ်)တို့ကို လွှမ်းမိုး၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤကား အဋ္ဌမ အဘိဘာယတနဈာန်ပေတည်း။ ရဟန်းတို့ ဤသည်တို့ကား အဘိဘာယတနဈာန် ရှစ်မျိုးတို့တည်း။

ရဟန်းတို့ ဤအဘိဘာယတနဈာန် ရှစ်မျိုးတို့တွင် အချို့သောသူသည် မိမိသန္တာန်၌ အဆင်းရုပ်တို့ကို မရှုမှတ်မူ၍ အပသန္တာန်၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသောအရောင်ရှိသော ဖြူသော ရုပ်တို့ကို ရှု၏၊ ထို(ရုပ်)တို့ကို လွှမ်းမိုး၍ ''(ငါ) သိ၏၊ (ငါ) မြင်၏''ဟု ဤသို့ အမှတ်သညာ ရှိ၏ဟူသော ဤအဘိဘာယတနသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ အမှတ်ရှိသော သတ္တဝါတို့လည်း ရှိကုန်၏၊ ရဟန်းတို့ ဤသို့ အမှတ်ရှိသော သတ္တဝါတို့အားသော်လည်း တစ်ပါးသော အခြင်းအရာ့အားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထိုအဘိဘာယတနဈာန်၌လည်း ငြီးငွေ့၏၊ ထိုအဘိဘာ ယတနဈာန်၌ ငြီးငွေ့သော် မြတ်သောဈာန်၌ တပ်ခြင်း ကင်း၏၊ ယုတ်ညံ့သော ဈာန်၌ကား အဘယ် ဆိုဖွယ်ရာ ရှိအံ့နည်း။ (၅)

ရဟန်းတို့ အကျင့် 'ပဋိပဒါ'တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ - ဆင်းရဲစွာ ကျင့်ရ၍ နုံ့နှေးစွာ အသိဉာဏ်ဖြစ်ပေါ်သော 'ဒုက္ခပဋိပဒါ ဒန္ဓာဘိညာ'၊ ဆင်းရဲစွာ ကျင့်ရသော် လည်း လျင်မြန်စွာ အသိဉာဏ်ဖြစ်ပေါ်သော 'ဒုက္ခပဋိပဒါ ခိပ္ပါဘိညာ'၊ ချမ်းသာစွာ ကျင့်ရသော်လည်း နုံ့နှေးစွာ အသိဉာဏ်ဖြစ်ပေါ်သော 'သုခပဋိပဒါ ဒန္ဓာဘိညာ'၊ ချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်သော သုခပဋိပဒါခိပ္ပါဘိညာ'အကျင့်တို့တည်း။ ရဟန်းတို့ အကျင့်ပဋိပဒါတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤအကျင့်လေးမျိုးတို့တွင် ချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ် ဖြစ်ပေါ်သော ဤအကျင့်သည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ကျင့်သော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့ကျင့်သော သတ္တဝါတို့အားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း ရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင် ရှိသော အရိယာတပည့်သည် ထိုချမ်းသာစွာ ကျင့်ရ၍ လျင်မြန်စွာ အသိဉာဏ်ဖြစ်ပေါ်သော အကျင့်၌လည်း ငြီးငွေ့၏၊ ထိုအကျင့်၌ ငြီးငွေ့သော် မြတ်သော အကျင့်၌ တပ်ခြင်း ကင်း၏၊ ယုတ်သော အကျင့်၌ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၆)

ရဟန်းတို့ သညာတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ- အချို့သော သူသည် နည်းသော အာနုဘော်ရှိသော (ကာမာဝစရ) သညာကို သိ၏၊ အချို့သောသူသည် မြတ်သည်၏ အဖြစ်သို့ ရောက်သော (ရူပါဝစရ) သညာကို သိ၏၊ အချို့သောသူသည် အတိုင်းအရှည်မရှိသော (လောကုတ္တရာ) သညာကို သိ၏၊ အချို့သောသူသည် ''တစ်စုံတစ်ခုမျှမရှိ''ဟူသော (အာကိဉ္စညာယတန) သညာကို သိ၏၊ ရဟန်းတို့ သညာတို့သည် ဤလေးမျိုးတို့တည်း။ ရဟန်းတို့ ဤသညာလေးမျိုးတို့တွင် အချို့သောသူ သိသော ''တစ်စုံတစ်ခုမျှ မရှိ''ဟူသော အာကိဉ္စညာယတနသညာသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ သညာရှိသော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့သညာရှိသော သတ္တဝါတို့အားသော်လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန် ပြောင်းလဲခြင်းရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (အာကိဉ္စညာယတနသညာ) ၌လည်း ငြီးငွေ့၏၊ ထို (အာကိဉ္စညာယတနသညာ) ၌ ငြီးငွေ့သော် မြတ်သော သညာ၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော သညာ၌ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၇)

ရဟန်းတို့ သာသနာတော်မှ အပ၌ ဖြစ်ကုန်သော (မိစ္ဆာ) အယူတို့တွင် ''(ရှေးက) ငါမဖြစ်ခဲ့မူကား ငါ့အား (ယခု) မဖြစ်ရာ၊ (ငါ) မဖြစ်တော့လျှင် ငါ့အား (ကြောင့်ကြခြင်း) ရှိလိမ့်မည်မဟုတ်''ဟူသော ဤ (ဥစ္ဆေဒ)အယူသည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသိုု့ အယူရှိသူအား ဘဝ၌ မစက်ဆုပ်ခြင်းသည် ရှိတော့မည် မဟုတ်၊ ဘဝချုပ်ရာ၌ စက်ဆုပ်ခြင်းလည်း ထိုသူအား ရှိတော့မည် မဟုတ်''ဟူသော ဤသဘောကိုသာ (မချွတ်ဖြစ်လိမ့်မည်ဟု) မျှော်လင့်အပ်၏။ ရဟန်းတို့ ဤသို့ အယူရှိသော သတ္တဝါတို့လည်း ရှိကုန်၏။ ရဟန်းတို့ ဤသို့အယူရှိသော သတ္တဝါအားသော်လည်း တစ်ပါးသော အခြင်းအရာ အားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည်သာတည်း။ ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (ဥစ္ဆေဒဒိဋ္ဌိ) ၌လည်း ငြီးငွေ့၏၊ ထို (ဥစ္ဆေဒဒိဋ္ဌိ) ၌ ငြီးငွေ့သော် မြတ်သော အယူ၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော အယူ၌ကား အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ (၈)

ရဟန်းတို့ မြတ်သော စင်ကြယ်မှုကို ပညတ်ကုန်သော သမဏဗြာဟ္မဏ အချို့တို့သည် ရှိကုန်၏။

ရဟန်းတို့ မြတ်သော စင်ကြယ်မှုကို ပညတ်သူတို့တွင် အချင်းခပ်သိမ်း အာကိဉ္စညာယတနဈာန်ကို လွန် မြောက်၍ နေဝသညာနာသညာယတနဈာန်သို့ ရောက်၍ နေသော သူသည် အမြတ်ဆုံးတည်း။ ထိုသမဏ ဗြာဟ္မဏတို့သည် ထိုဈာန်ကိုသိရန် ထိုဈာန်ကို မျက်မှောက်ပြုရန် တရားဟောကုန်၏။ ရဟန်းတို့ ဤသို့ ဟောလေ့ရှိသော သတ္တဝါတို့လည်း ရှိကုန်၏၊ ရဟန်းတို့ ဤသို့ဟောလေ့ရှိသော သတ္တဝါတို့အားသော် လည်း တစ်ပါးသော အခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်သာတည်း၊ ဖောက်ပြန်ပြောင်းလဲခြင်း ရှိသည် သာတည်း။ ရဟန်းတို့ ဤသို့ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ထို (ဈာန်) ၌လည်း ငြီးငွေ့၏၊ ထို (ဈာန်) ၌ ငြီးငွေ့သော် မြတ်သော ဈာန်၌ တပ်ခြင်းကင်း၏၊ ယုတ်ညံ့သော ဈာန်၌ကား အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ (၉)

ရဟန်းတို့ မျက်မှောက်ဘဝ၌ မြတ်သော နိဗ္ဗာန်ကို ပညတ်ကုန်သော သမဏဗြာဟ္မဏ အချို့တို့ သည် ရှိကုန်၏၊ ရဟန်းတို့ မျက်မှောက်ဘဝ၌ မြတ်သော နိဗ္ဗာန်ကို ပညတ်သော သူတို့တွင် တည်ရာ အတွေ့ 'ဖဿာယတန'ခြောက်မျိုးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ် ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိ၍ မစွဲလမ်းဘဲ လွတ်မြောက်မှု (အရဟတ္တဖိုလ်) သည် အမြတ်ဆုံးတည်း။ ရဟန်းတို့ ဤသို့ ဟောလေ့ရှိသော ဤသို့ ဆိုလေ့ရှိသော ငါ့ကို သမဏဗြာဟ္မဏအချို့တို့က ''ရဟန်းဂေါတမသည် ကာမဂုဏ်တို့ကို ပိုင်းခြား၍ သိမှုကို မပညတ်၊ ရုပ်တို့ကို ပိုင်းခြား၍ သိမှုကို မပညတ်၊ ဝေဒနာတို့ကို ပိုင်းခြား၍ သိမှုကို မပညတ်''ဟု ထင်ရှားမရှိသော အချည်းနှီးသော မှားယွင်းသော မဟုတ်မမှန်သော စွပ်စွဲခြင်းဖြင့် စွပ်စွဲကုန်၏။ ရဟန်းတို့ ငါသည် ကာမဂုဏ်တို့ကို ပိုင်းခြား၍ သိမှုကိုလည်း ပညတ်၏၊ ရုပ်တို့ကို ပိုင်းခြား၍ သိမှုကိုလည်း ပညတ်၏၊ ဝေဒနာတို့ကို ပိုင်းခြား၍ သိမှုကိုလည်း ပညတ်၏၊ မျက်မှောက်ဘဝ၌ပင် ဆာလောင်မှုမရှိဘဲ ငြိမ်းအေးလျက် အေးချမ်းလျက် မစွဲလမ်းဘဲ ထက်ဝန်းကျင် ငြိမ်းအေးမှု 'ပရိနိဗ္ဗာန်'ကို လည်း ပညတ်၏ဟု (မိန့်တော်မူ၏ )။ (၁၀)

နဝမသုတ်။

------

၁၀-ဒုတိယ ကောသလသုတ်

၃၀။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ပသေနဒိကောသလမင်းသည် စစ်မြေပြင်၌ အောင်မြင်၍ အလိုပြည့်သဖြင့် စစ်တိုက်ရာမှ ပြန်လှည့်ခဲ့၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ထိုအရံသို့ သွား၏၊ ယာဉ်ဖြင့် သွားနိုင်သမျှသော အရပ်တိုင်အောင် ယာဉ်ဖြင့် သွား၍ ယာဉ်မှ သက်ပြီးသော် ခြေကျင်သာလျှင် အရံသို့ ဝင်၏။ ထိုအခါ၌ ရဟန်းများစွာတို့သည် လွင်တီးခေါင်၌ စကြံသွားနေကုန်၏။ ထိုအခါ ပသေနဒိကောသလမင်းသည် ထိုရဟန်းတို့ထံသို့ချဉ်းကပ်၍ ထိုရဟန်းတို့အား- ''အသျှင်ဘုရားတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ယခု အဘယ်မှာ သီတင်းသုံးနေတော်မူပါသနည်း။ အသျှင်ဘုရားတို့ အကျွန်ုပ်တို့သည် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြော်လိုပါကုန်၏''ဟု လျှောက်၏။ မင်းမြတ် တံခါးပိတ်ထားသော ဤကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီးနောက် မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်လော့၊ မြတ်စွာဘုရားသည် သင့်အား တံခါးဖွင့်ပေးပါလိမ့်မည်ဟု (ဆိုကုန်၏ )။

ထိုအခါ ပသေနဒိကောသလမင်းသည် တံခါးပိတ်ထားသော ကျောင်းသို့ တိတ်ဆိတ်စွာ ချဉ်းကပ်ပြီး နောက် မုခ်ဦးသို့ ဖြည်းညင်းစွာ ဝင်၍ ချောင်းဟန့်ပြီးလျှင် တံခါးကို ခေါက်၏။ မြတ်စွာဘုရားသည့်တံခါးကို ဖွင့်တော်မူ၏။ ထိုနောက် ပသေနဒိကောသလမင်းသည် ကျောင်းတွင်းသို့ ဝင်ကာ မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးတိုက်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ခံတွင်းဖြင့် စုပ်၏၊ လက်တို့ဖြင့်လည်း ဆုပ်နယ် (ပွတ်သပ်)၏။ ''အသျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိကောသလမင်းပါတည်း၊ အသျှင်ဘုရား အကျွန်ုပ်သည် ပသေနဒိကောသလမင်းပါတည်း''ဟု အမည်ကိုလည်း ကြားလျှောက်၏။ မင်းကြီး သင်သည် အဘယ်အကြောင်းထူးကို မြော်မြင်၍ ဤကိုယ် (ခန္ဓာ) ၌ ဤသို့သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချမှုကို ပြုဘိသနည်း၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြဘိသနည်းဟု (မေးတော်မူ၏ )။

အသျှင်ဘုရား အကျွန်ုပ်သည် ပြုဖူးသည့် ကျေးဇူးကို သိမှု 'ကတညုတ' နှင့် ပြုရမည်ကို ထင်စွာ သိမှု 'ကတဝေဒီ'ကို မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချမှုကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် လူအများ၏ စီးပွါးအလို့ငှါ လူအများ၏ ချမ်းသာရန်အလို့ငှါ ကျင့်တော်မူပါ၏၊ ကောင်းသောတရားရှိခြင်း အပြစ်ကင်းသောတရားရှိခြင်းဖြင့် လူအများကို မြတ်သော ဉာဏ်၌ တည်စေတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် လူအများ၏ စီးပွါးအလို့ငှါ လူအများ၏ ချမ်းသာရန်အလို့ငှါ ကျင့်တော်မူခြင်း၊ ကောင်းသောတရားရှိခြင်း၊ အပြစ်ကင်းသော တရားရှိခြင်းဖြင့် လူအများကို မြတ်သော ဉာဏ်၌ တည်စေခြင်းဟူသော ဤအကြောင်းထူးကို မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၁)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် သီလရှိတော်မူပါ၏၊ ကြီးပွါးသောသီလ မြတ်သောသီလ အပြစ်ကင်းသောသီလ ရှိတော်မူပါ၏၊ အပြစ်ကင်းသော သီလနှင့် ပြည့်စုံတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ သီလရှိတော်မူခြင်း၊ ကြီးပွါးသောသီလ မြတ်သောသီလ အပြစ်ကင်းသော သီလရှိတော်မူခြင်း အပြစ်ကင်းသော သီလနှင့် ပြည့်စုံတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၂)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး တော ကျောင်း နေတော်မူပါ၏၊ အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး တောကျောင်းနေတော်မူခြင်း အစွန်အဖျားကျသော တောကျောင်းတို့ကို မှီဝဲတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ် နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၃)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ ရတတ်သမျှသော သင်္ကန်း ဆွမ်း ကျောင်း သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်ဖြင့် ရောင့်ရဲခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့သဘောရှိသော အလွန်ပျပ်ဝပ် နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၄)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် (အရပ်ဝေးမှ) ဆောင်ယူလာ၍ ပေးလှူသော အလှူကိုလည်း ခံတော်မူထိုက်ပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကိုလည်း ခံတော်မူထိုက် ပါပေ၏၊ တမလွန်အတွက် ရည်မျှော်သောအလှူကိုလည်း ခံတော်မူထိုက်ပါပေ၏၊ လက်အုပ်ချီခြင်းငှါ ထိုက်တော်မူပါပေ၏။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ (အရပ်ဝေးမှ) ဆောင်ယူလာ၍ ပေးလှူအပ်သော အလှူကိုလည်း ခံတော်မူထိုက်ခြင်း၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော အလှူကိုလည်း ခံတော်မူထိုက်ခြင်း၊ တမလွန်အတွက် ရည်မျှော်သော အလှူကိုလည်း ခံတော်မူထိုက်ခြင်း၊ လက်အုပ်ချီခြင်းငှါ ထိုက်တော်မူခြင်း၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေဖြစ်တော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၅)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော စိတ်ပွင့်လင်းခြင်းငှါ လျောက်ပတ်သောသဘောရှိသည့် အလိုုနည်းမှု၊ ရောင့်ရဲလွယ်မှု၊ ကင်းဆိတ်မှု၊ မရောနှောမှု၊ ဝီရိယကိုအားထုတ်မှု၊ သီလပြည့်စုံမှု၊ သမာဓိပြည့်စုံမှု၊ ပညာပြည့်စုံမှု၊ အရဟတ္တဖိုလ်နှင့် ပြည့်စုံမှု၊ ပစ္စဝေက္ခဏာဉာဏ်နှင့် ပြည့်စုံမှုတို့နှင့် စပ်သော စကားတို့ကို အလိုရှိတိုင်း ရတော်မူပါပေ၏၊ မငြိုမငြင်ရတော်မူပါပေ၏၊ မပင်မပန်း ရတော်မူပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ (ကိလေသာကို) အလွန်ခေါင်းပါးစေတတ်သော စိတ်ပွင့်လင်းခြင်းငှါ လျောက်ပတ်သော သဘောရှိသည့် အလိုနည်းမှု။ပ။ ပစ္စဝေက္ခဏာ ဉာဏ်အမြင်နှင့် စပ်သော စကားတို့ကို အလိုရှိတိုင်းရတော်မူခြင်း၊ မငြိုမငြင်ရတော်မူခြင်း၊ မပင်မပန်း ရတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘော ရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၆)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရတော်မူပါပေ၏၊ မငြိုမငြင် ရတော်မူပါပေ၏၊ မပင်မပန်း ရတော်မူပါပေ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ လွန်မြတ်သော စိတ်၌ ဖြစ်ကုန်သော မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေကြောင်းဖြစ်သော ဈာန်လေးပါးတို့ကို အလိုရှိတိုင်း ရတော်မူခြင်း၊ မငြိုမငြင် ရတော်မူခြင်း၊ မပင်မပန်း ရတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ ဤသို့ သဘောရှိသော အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၇)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် များသော အပြားရှိသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့၏။ ဤသည်တို့ကား အဘယ်တို့နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကို လည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကို လည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ''ဤမည်သောဘဝ၌ (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ပြန်၏၊ ထိုဘဝ၌ လည်း (ငါသည်) ဤသို့သော အမည်ရှိခဲ့၏၊ ဤသို့သော အနွယ်ရှိခဲ့၏၊ ဤသို့သော အဆင်းရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်း အခြားရှိခဲ့၏၊ ထို (ငါ) သည် ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏''ဟု ဤသို့ အခြင်းအရာနှင့် တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ တစ်ပါးမက (များစွာ)သော ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို အောက်မေ့ တော်မူနိုင်ခြင်း၊ ယင်းခန္ဓာအစဉ်ဟူသည်မှာ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း။ပ။ ဤသို့ အခြင်းအရာတို့နှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသော ရှေး၌ နေဖူးသည့် ခန္ဓာအစဉ်ကို အောက်မေ့တော်မူနိုင်ခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌့အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၈)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အထူးသဖြင့် စင်ကြယ်သောလူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိနှင့်တူသော မျက်စိ 'ဒိဗ္ဗစက္ခု'ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲ သတ္တဝါ ယုတ်သော သတ္တဝါ မြတ်သောသတ္တဝါ အဆင်းလှသောသတ္တဝါ အဆင်းမလှသောသတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ''အချင်းတို့ ဤ သတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်'၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ဝစီဒုစရိုက်'၊ စိတ်ဖြင့် ပြုသော မကောင်းသော အကျင့် 'မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသော အယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ ကျရောက်ရာ ငရဲသို့ ရောက်ကုန်၏။ အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'၊ နှုတ်ဖြင့်ပြုသော ကောင်းသော အကျင့် 'ဝစီသုစရိုက်'၊ စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲကုန်၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏။ ထို (သတ္တဝါ)တို့သည် ခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ကုန်၏''ဟု ကံအားလျော်စွာ ဖြစ်ပေါ်လာသော သတ္တဝါတို့ကို သိတော်မူ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ အထူးစင်ကြယ်သော လူတို့၏ မျက်စိအမြင်ထက် သာလွန်သော နတ်မျက်စိဖြင့်။ပ။ ကံအားလျော်စွာ ဖြစ်ကြသော သတ္တဝါတို့ကို သိတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ အလွန်ပျပ်ဝပ် နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၉)

အသျှင်ဘုရား နောက်တစ်မျိုးကား မြတ်စွာဘုရားသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုလျက် ရောက်၍ နေတော်မူပါ၏။ အသျှင်ဘုရား မြတ်စွာဘုရား၏ အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော 'အရဟတ္တဖိုလ်'စိတ်နှင့်။ပ။ ရောက်၍ နေတော်မူခြင်းဟူသော ဤအကြောင်းထူးကိုလည်း မြော်မြင်၍ မြတ်စွာဘုရား၌ အလွန်ပျပ်ဝပ်နှိမ့်ချခြင်းကို ပြုပါ၏၊ မေတ္တာဖြင့် ပူဇော်ခြင်းကို ပြပါ၏။ (၁၀)

အသျှင်ဘုရား ယခုအခါ အကျွန်ုပ်တို့သည် သွားပါကုန်ဦးအံ့၊ အကျွန်ုပ်တို့သည် ကိစ္စများပါကုန်၏၊ ပြုဖွယ်များပါကုန်၏ဟု (လျှောက်၏)။ မင်းကြီး သင်သည် သွားရန် အချိန်ကို သိ၏ (သွားရန်မှာ သင့်အလိုအတိုင်းပင် ဖြစ်၏)ဟု (မိန့်တော်မူ၏)။ ထို့နောက် ပသေနဒိကောသလမင်းသည် နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး၍ ဖဲသွားလေ၏။

ဒသမသုတ်။

သံကးခုမြောက် မဟာဝဂ် ပြီးပြီ။

------

၄-ဥပါလိဝဂ် ၁-ဥပါလိသုတ်

၃၁။ ထိုအခါ အသျှင်ဥပါလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်လျက် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားအား - ''အသျှင်ဘုရား အဘယ်မျှသော အကျိုးထူးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူပါသနည်း၊ ပါတိမောက်ကို ပြတော်မူပါသနည်းဟု လျှောက်၏။ ဥပါလိ အကျိုးထူး ဆယ်မျိုးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့်သာဝကတို့အား သိက္ခာပုဒ်ကို့ပညတ်တော်မူ၏၊ ပါတိမောက်ကို ပြတော်မူ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ - သံဃာ တော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်၊ သံဃာတော်များ ချမ်းသာစေရန်၊ အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်၊ အကျင့်သီလ ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်၊ မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကိုစောင့်စည်းရန်၊ နောင်တမလွန်၌ ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်၊ မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်၊ ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်၊ သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်တံ့ရန်၊ ဝိနည်း 'စည်းမျဉ်းဥပဒေ'ကို ချီးမြှောက်ရန်တို့တည်း။ ဥပါလိ ဤအကျိုးထူး ဆယ်မျိုးတို့ကို အစွဲပြု၍ မြတ်စွာဘုရားသည် တပည့် သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ ပါတိမောက်ကို ပြတော်မူ၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ပါတိမောက္ခဋ္ဌပနာသုတ်

၃၂။ အသျှင်ဘုရား ပါတိမောက်ထားခြင်းတို့သည် အဘယ်မျှတို့နည်းဟု (လျှောက်၏ )။ ဥပါလိ ပါတိမောက်ထားခြင်းတို့သည် ဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ - ပါရာဇိကကျသူသည် ထိုပရိသတ်၌ နေ၏၊ ပါရာဇိကနှင့်စပ်သော စကားသည် မပြီးပြတ်သေး၊ ထိုပရိသတ်၌ ရဟန်းမဟုတ်သူ (လူ, သာမဏေ) သည် နေ၏၊ ရဟန်းမဟုတ်သူ (လူ, သာမဏေ) နှင့် စပ်သော စကားသည် မပြီးပြတ် သေး၊ ထိုပရိသတ်၌ သိက္ခာကျသူသည် နေ၏၊ သိက္ခာကျသူနှင့်စပ်သော စကားသည် မပြီးပြတ်သေး၊ ထိုပရိသတ်၌ ပဏ္ဍုက်သည် နေ၏၊ ပဏ္ဍုက်နှင့်စပ်သော စကားသည် မပြီးပြတ်သေး၊ ထိုပရိသတ်၌ ရဟန်းမိန်းမကို ဖျက်ဆီးသူသည် နေ၏၊ ရဟန်းမိန်းမကို ဖျက်ဆီးသူနှင့် စပ်သော စကားသည် မပြီးပြတ်သေး။ ဥပါလိ ပါတိမောက်ထားခြင်းတို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်

------

၃-ဥဗ္ဗာဟိကာသုတ်

၃၃။ အသျှင်ဘုရား အဘယ်မျှသော တရားတို့နှင့် ပြည့်စုံသော ရဟန်းကို ဥဗ္ဗာဟိက (ကမ္မဝါစာ) ဖြင့် သမုတ်အပ်ပါသနည်းဟု (လျှောက်၏ )။

ဥပါလိ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဥဗ္ဗာဟိက (ကမ္မဝါစာ) ဖြင့် သမုတ်အပ်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ -ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် (၁) သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက် နေ၏၊ အကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ (၂) အကြားအမြင် များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သောအကျင့်ကို ဟောဖော်ပြ တတ်သည့် သဘောရှိကုန်သော တရားတို့ကို ထိုပုဂ္ဂိုလ်သည် များစွာ ကြားနာအပ်ကုန်၏၊ ဆောင်ထားအပ်ကုန်၏၊ နှုတ်ဖြင့် လေ့လာထားအပ်ကုန်၏၊ စိတ်ဖြင့် မှတ်သားထားအပ်ကုန်၏၊ ဉာဏ်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိအပ်ကုန်၏။ (၃) ထိုရဟန်းအား ပါတိမောက်နှစ်ပါးတို့သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာကုန်၏၊ ကောင်းစွာ ဝေဖန်အပ်ကုန်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိကုန်၏၊ ပါတိမောက်အားဖြင့် အဖွင့် 'ဥဘတောဝိဘင်း' အားဖြင့် ကောင်းစွာ ဆုံးဖြတ်အပ်ကုန်၏။

(၄) ဝိနည်း၌ တည်၏၊ တွန့်ဆုတ်ခြင်း မရှိ။ (၅) (သပိတ်သင်္ကန်းစသော) အကြောင်းတစ်ခုခုကြောင့် ရန်သူဖြစ်သော ရဟန်းနှစ်ပါးတို့ကို သိစေခြင်းငှါလည်းကောင်း၊ အပြားအားဖြင့် သိစေခြင်းငှါလည်းကောင်း၊ ရှုစေခြင်းငှါလည်းကောင်း၊ ကြည့်စေခြင်းငှါလည်းကောင်း၊ ကြည်ညိုစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ (၆) အဓိကရုဏ်းဖြစ်ကြောင်း ငြိမ်းကြောင်း၌ လိမ္မာ၏။ (၇) အဓိကရုဏ်းကို သိ၏။ (၈) အဓိကရုဏ်း၏ ဖြစ်ကြောင်းကို သိ၏။ (၉) အဓိကရုဏ်း၏ ငြိမ်းခြင်းကို သိ၏။ (၁၀) အဓိကရုဏ်းငြိမ်းခြင်းသို့ ရောက်ကြောင်းအကျင့်ကို သိ၏။ ဥပါလိ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းကို ဥဗ္ဗာဟိက (ကမ္မဝါစာ) ဖြင့် သမုတ်အပ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ဥပသမ္ပဒါသုတ်

၃၄။ အသျှင်ဘုရား အဘယ်မျှလောက်သော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် ပဉ္စင်းပြုပေး သင့်ပါသနည်း (ဥပဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးနိုင်ပါသနည်း )ဟု (လျှောက်၏ )။ ဥပါလိ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် ပဉ္စင်းပြုပေးနိုင်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ-

ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် (၁) သီလရှိ၏၊ ပါတိမောက္ခသံဝရသီလကိုစောင့်ရှောက်လျက် နေ၏၊ အကျင့် 'အာစရ' ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံ၏၊ အနည်းငယ်မျှသော အပြစ်တို့၌သော်လည်း ဘေးဟု ရှုလေ့ရှိ၏၊ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ (၂) အကြားအမြင်များ၏၊ အကြားအမြင်ကို ဆောင်၏၊ အကြားအမြင်ကို ဆည်းပူး၏၊ အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်း ရှိကုန်၍ အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ဟောဖော်ပြ တတ်သည့် သဘောရှိကုန်သော တရားတို့ကို ထိုရဟန်းသည် များစွာကြားနာအပ်ကုန်၏၊ ဆောင်ထားကုန်၏၊ နှုတ်ဖြင့် လေ့လာထားအပ်ကုန်၏၊ စိတ်ဖြင့် မှတ်သားထားအပ်ကုန်၏၊ ဉာဏ်ဖြင့် ကောင်းစွာထိုးထွင်း၍ သိအပ်ကုန်၏။ (၃) ထိုရဟန်းအား ပါတိမောက်သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာ၏၊ ကောင်းစွာ ဝေဖန်အပ်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိ၏၊ ပါတိမောက်အားဖြင့် အဖွင့် 'ဥဘတောဝိဘင်း' အားဖြင့် ကောင်းစွာ ဆုံးဖြတ်အပ်၏။ (၄) မကျန်းမာသူကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ လုပ်ကျွေးစေခြင်းငှါလည်းကောင်း စွမ်း နိုင်၏။ (၅) မပျော်မွေ့ခြင်းကို ကိုယ်တိုင်ငြိမ်းခြင်းငှါလည်းကောင်း၊ သူတစ်ပါးကို ငြိမ်းစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ (၆) ဖြစ်ပေါ်လာသော ကုက္ကုစ္စ'သံသယ'ကို တရားအားဖြင့် ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏။ (၇) ဖြစ်ပေါ်သော မိစ္ဆာအယူကို တရားအားဖြင့် ကင်းစေခြင်းငှါ စွမ်းနိုင်၏။ (၈) အဓိသီလ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ (၉) အဓိစိတ္တ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ (၁၀) အဓိပညာ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ဥပါလိ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည့်ပဉ္စင်းပြုပေးနိုင်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-နိဿယသုတ်

၃၅။ အသျှင်ဘုရား အဘယ်မျှလောက်သော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဿရည်း ပေးထိုက်ပါသနည်း (နိဿရည်းဆရာပြုလုပ်နိုင်ပါသနည်း)ဟု (လျှောက်၏ )။

ဥပါလိ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဿရည်း ပေးထိုက်၏။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ- ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ အကြားအမြင်များ၏။ပ။ ဉာဏ်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ ထိုရဟန်းအား ပါတိမောက်သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာ၏၊ ကောင်းစွာ ဝေဖန်အပ်၏၊ ကောင်းစွာ ဖြစ်ခြင်းရှိ၏၊ ပါတိမောက်အားဖြင့် အဖွင့် 'ဥဘတောဝိဘင်း'အားဖြင့် ကောင်းစွာ ဆုံးဖြတ် အပ်၏၊ မကျန်းမာသူကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ လုပ်ကျွေးစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ မပျော်မွေ့ခြင်းကို ကိုယ်တိုင်ငြိမ်းခြင်းငှါလည်းကောင်း၊ သူတစ်ပါးကို ငြိမ်းစေခြင်းငှါလည်းကောင်း စွမ်း နိုင်၏။ ဖြစ်ပေါ်လာသော ကုက္ကုစ္စ'သံသယ'ကို တရားအားဖြင့် ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏။ ဖြစ်ပေါ် လာသော မိစ္ဆာအယူကို တရားအားဖြင့် ကင်းစေခြင်းငှါ စွမ်းနိုင်၏။ အဓိသီလ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ အဓိစိတ္တ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ အဓိပညာ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ဥပါလိ ဤတရား ဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် နိဿရည်း ပေးနိုင်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်

------

၆-သာမဏေရသုတ်

၃၆။ အသျှင်ဘုရား အဘယ်မျှလောက်သော တရားတို့နှင့် ပြည့်စုံသော ရဟန်းသည် သာမဏေကို လုပ်ကျွေးစေသင့်ပါသနည်းဟု (လျှောက်၏ )။

ဥပါလိ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာမဏေကို လုပ်ကျွေးစေသင့်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ -ဥပါလိ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏။ပ။ သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏။ အကြားအမြင်များ၏။ပ။ ဉာဏ်ဖြင့် ကောင်းစွာ ထိုးထွင်း၍ သိ၏။ ထိုရဟန်းအား ပါတိမောက်သည် အကျယ်အားဖြင့် ကောင်းစွာ နှုတ်၌ လာ၏၊ ကောင်းစွာ ဝေဖန်အပ်၏၊ ကောင်းစွာ ဖြစ်ခြင်း ရှိ၏၊ ပါတိမောက်အားဖြင့် အဖွင့် 'ဥဘတောဝိဘင်း'အားဖြင့် ကောင်းစွာ ဆုံးဖြတ် အပ်၏၊ မကျန်းမာသူကို လုပ်ကျွေးခြင်းငှါလည်းကောင်း၊ လုပ်ကျွေးစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ မပျော်မွေ့ခြင်းကို ကိုယ်တိုင် ငြိမ်းခြင်းငှါလည်းကောင်း၊ သူတစ်ပါးကို ငြိမ်းစေခြင်းငှါလည်းကောင်း စွမ်းနိုင်၏။ ဖြစ်ပေါ်လာသော ကုက္ကုစ္စ 'သံသယ'ကို တရားအားဖြင့် ပယ်ဖျောက်ခြင်းငှါ စွမ်းနိုင်၏။ ဖြစ်ပေါ်လာသော မိစ္ဆာအယူကို တရားအားဖြင့် ကင်းစေခြင်းငှါ စွမ်းနိုင်၏။ အဓိသီလ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ အဓိစိတ္တ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ အဓိပညာ၌ တည်စေခြင်းငှါ စွမ်းနိုင်၏။ ဥပါလိ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် သာမဏေကို လုပ်ကျွေးစေသင့်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်

------

၇-သံဃဘေဒသုတ်

၃၇။ အသျှင်ဘုရား ''သံဃာကွဲပြားမှု သံဃာကွဲပြားမှု''ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် သံဃာကွဲပြားမှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။

ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို ''တရားဟုတ်၏''ဟု ပြကုန်၏၊ တရားဟုတ်သည်ကို ''တရားမဟုတ်''ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို ''ဝိနည်းဟုတ်၏''ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို ''ဝိနည်းမဟုတ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား လေ့ကျက်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား မလေ့ကျက်အပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြကုန်၏၊ ထိုရဟန်းတို့သည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်)ကို ဆွဲငင်ကုန်၏၊ ဖယ်ရှားကုန်၏၊ သီးခြားကံတို့ကို ပြုကုန်၏၊ သီးခြား ပါတိမောက်တို့ကို ပြကုန်၏။ ဥပါလိ ဤမျှဖြင့် သံဃာကွဲပြားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။

------

၈-သံဃသာမဂ္ဂီသုတ်

၃၈။ အသျှင်ဘုရား ''သံဃာညီညွတ်မှု သံဃာညီညွတ်မှု''ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ် မျှဖြင့် သံဃာညီညွတ်မှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။ ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို ''တရားမဟုတ်''ဟု ပြကုန်၏၊ တရားဟုတ်သည်ကို ''တရားဟုတ်၏''ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို ''ဝိနည်းမဟုတ်''ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို ''ဝိနည်းဟုတ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား မလေ့ကျက်အပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား လေ့ကျက်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ် သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ်အပ်၏''ဟု ပြကုန်၏၊ ထိုရဟန်းတို့သည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်) ကို မဆွဲငင်ကုန်၊ မဖယ်ရှားကုန်၊ သီးခြားကံတို့ကို မပြုကုန်၊ သီးခြား ပါတိမောက်ကို မပြကုန်။ ဥပါလိ ဤမျှဖြင့် သံဃာ ညီညွတ်မှုဖြစ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။

------

၉-ပဌမအာနန္ဒသုတ်

၃၉။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား အသျှင်ဘုရား ''သံဃာကွဲပြားမှု သံဃာကွဲပြားမှု''ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် သံဃာကွဲပြားမှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို ''တရားဟုတ်၏''ဟု ပြကုန်၏၊ တရားဟုတ်သည်ကို ''တရားမဟုတ်''ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို ''ဝိနည်းဟုတ်၏''ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြကုန်၏၊ ထိုရဟန်းသည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်) ကို ဆွဲငင်ကုန်၏၊ ဖယ်ရှားကုန်၏၊ သီးခြားကံတို့ကို ပြုကုန်၏၊ သီးခြားပါတိမောက်ကို ပြကုန်၏။ အာနန္ဒာ ဤမျှဖြင့် သံဃာကွဲပြားမှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ညီညွတ်သော သံဃာကို သင်းခွဲသည်ရှိသော် ထိုရဟန်းသည် အဘယ်အရာကို ပွါးစီးစေပါသနည်းဟု (လျှောက်၏ )။ အာနန္ဒာ အာယုကပ်ပတ်လုံးတည်အောင် ကြမ်း၊ကတ်မှု (အကုသိုလ်) ကို ပွါးစီးစေ၏ဟု (မိန့်တော်မူ၏ )။ အသျှင်ဘုရား အာယုကပ်ပတ်လုံး တည်သော ကြမ်း၊ကတ်မှုဟူသည် အဘယ်ပါနည်းဟု (လျှောက်၏ )။ အာနန္ဒာ အာယုကပ်ပတ်လုံး (အဝိစိ)ငရဲ၌ ကျက်ရ၏ဟု (မိန့်တော်မူ၏ )။ သံဃာကို သင်းခွဲသော၊ အစုကွဲပြားမှု၌ မွေ့လျော်သော၊ တရားမဟုတ်သည်၌ တည်သော ရဟန်းသည် အပါယ်ဘုံသို့ သွားရမည် ငရဲ၌ ဖြစ်ရမည် ဖြစ်၍ ယောဂ လေးပါး၏ ကုန်ရာ အရဟတ္တဖိုလ်မှ ကင်း၏၊ (ထိုရဟန်းသည်) ညီညွတ်သော သံဃာကို သင်းခွဲပြီးနောက် အာယုကပ်ပတ်လုံး (အဝီစိ) ငရဲ၌ ကျက်ရ၏။

နဝမသုတ်။

------

၁၀-ဒုတိယအာနန္ဒသုတ်

၄၀။ အသျှင်ဘုရား ''သံဃာညီညွတ်မှု သံဃာညီညွတ်မှု''ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်မျှဖြင့် သံဃာညီညွတ်မှု ဖြစ်ပါသနည်းဟု (လျှောက်၏ )။ အာနန္ဒာ ဤသာသနာတော်၌ ရဟန်းတို့ သည် တရားမဟုတ်သည်ကို ''တရားမဟုတ်''ဟု ပြကုန်၏၊ တရားဟုတ်သည်ကို ''တရားဟုတ်၏''ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို ''ဝိနည်းမဟုတ်''ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို ''ဝိနည်းဟုတ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား မလေ့ကျက်အပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား လေ့ကျက်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ်အပ်၏''ဟု ပြကုန်၏၊ ထိုရဟန်းတို့သည် ဤဝတ္ထုဆယ်မျိုးတို့ဖြင့် (ပရိသတ်) ကို မဆွဲငင်ကုန်၊ မဖယ်ရှားကုန်၊ သီးခြားကံတို့ကို မပြုကုန်၊ သီးခြား ပါတိမောက်ကို မပြကုန်။ အာနန္ဒာ ဤမျှဖြင့် သံဃာညီညွတ်မှု ဖြစ်၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား ကွဲပြားသောသံဃာကို ညီညွတ်အောင် ပြုသည်ရှိသော် ထိုသူသည် အဘယ်အရာကို ပွားစီးစေပါသနည်းဟု (လျှောက်၏)။ အာနန္ဒာ မြတ်သောကောင်းမှုကို ပွားစီးစေ၏ဟု (မိန့်တော်မူ၏)။

အသျှင်ဘုရား မြတ်သောကောင်းမှုဟူသည် အဘယ်ပါနည်းဟု (လျှောက်၏)။ အာနန္ဒာ အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏ဟု (မိန့်တော်မူ၏)။

သံဃာ၏ ညီညွတ်မှုသည်လည်းကောင်း၊ ညီညွတ်သူတို့ကို ချီးမြှောက်မှုသည် လည်းကောင်း ချမ်းသာ၏။ ညီညွတ်မှု၌ မွေ့လျော်ကာ တရား၌ တည်သူသည် သံဃာကို ညီညွတ်အောင်ပြု၍ ယောဂလေးပါး၏ကုန်ရာ အရဟတ္တဖိုလ်မှ မကင်းဝေး၊ (ထိုသူသည် ) အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏။

ဒသမသုတ်။

လေးခုမြောက် ဥပါလိဝဂ် ပြီး၏။

------

၅-အက္ကောသဝဂ် ၁-ဝိဝါဒသုတ်

၄၁။ ထိုအခါ အသျှင်ဥပါလိသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားအား ''အသျှင်ဘုရား သံဃာ၌ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှုတို့ ဖြစ်ပါကုန်၏၊ ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေကြရပါ၊ ယင်း ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှု၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း''ဟု လျှောက်၏။ ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို ''တရားဟုတ်၏''ဟု ပြကုန်၏၊ တရားဟုတ်သည်ကို ''တရားမဟုတ်''ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို ''ဝိနည်းဟုတ်၏''ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို ''ဝိနည်းမဟုတ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်သည်ကို ''မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား လေ့ကျက်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား မလေ့ကျက်အပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြကုန်၏။ ဥပါလိ သံဃာ၌ ငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကားများမှု ဖြစ်ကြသောကြောင့် ရဟန်းတို့သည်လည်း ချမ်းသာစွာ မနေကြရကုန်၊ ယင်းငြင်းခုံမှု ခိုက်ရန်ဖြစ်မှု အယူကွဲပြားမှု စကား များမှု၏ အကြောင်းကား ဤသည်ပင်တည်း၊ အထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။

------

၂-ပဌမ ဝိဝါဒမူလသုတ်

၄၂။ အသျှင်ဘုရား စကားများမှု၏ အခြေခံ 'မူလ'တို့သည် အဘယ်မျှတို့ပါနည်းဟု (လျှောက်၏ )။ ဥပါလိ စကားများမှု၏ အခြေခံ 'မူလ'တို့သည် ဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ - ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် တရားမဟုတ်သည်ကို ''တရားဟုတ်၏''ဟု ပြကုန်၏၊ တရားဟုတ်သည်ကို ''တရား မဟုတ်''ဟု ပြကုန်၏၊ ဝိနည်းမဟုတ်သည်ကို ''ဝိနည်းဟုတ်၏''ဟု ပြကုန်၏၊ ဝိနည်းဟုတ်သည်ကို ''ဝိနည်း မဟုတ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ် သည်ကို ''မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား ဟောအပ် မိန့်ဆိုအပ် သည်ကို ''မြတ်စွာဘုရား မဟောအပ် မမိန့်ဆိုအပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မလေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား လေ့ကျက်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား လေ့ကျက်အပ်သည်ကို ''မြတ်စွာဘုရား မလေ့ကျက်အပ်''ဟု ပြကုန်၏၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို ''မြတ်စွာဘုရား ပညတ်အပ်၏''ဟု ပြကုန်၏၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို ''မြတ်စွာဘုရား မပညတ်အပ်''ဟု ပြကုန်၏၊ ဥပါလိ စကားများမှု၏ အခြေခံ 'မူလ'တို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။

------

၃-ဒုတိယ ဝိဝါဒမူလသုတ်

၄၃။ အသျှင်ဘုရား စကားများမှု၏ အခြေခံ 'မူလ'တို့သည် အဘယ်မျှတို့ပါနည်းဟု (လျှောက်၏ )။ ဥပါလိ စကားများမှု၏ အခြေခံ'မူလ'တို့သည် ဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ - ဥပါလိ ဤသာသနာတော်၌ ရဟန်းတို့သည် အာပတ်မဟုတ်သည်ကို ''အာပတ်ဟုတ်၏''ဟု ပြကုန်၏၊ အာပတ်ဟုတ်သည်ကို ''အာပတ်မဟုတ်''ဟု ပြကုန်၏၊ ပေါ့သော အာပတ်ကို 'လေးသော အာပတ်''ဟု ပြကုန်၏၊ လေးသော အာပတ်ကို 'ပေါ့သော အာပတ်''ဟု ပြကုန်၏၊ ရုန့်ရင်းသော အာပတ်ကို 'မရုန့်ရင်းသော အာပတ်''ဟု ပြကုန်၏၊ မရုန့်ရင်းသော အာပတ်ကို 'ရုန့်ရင်းသော အာပတ်''ဟု ပြကုန်၏၊ အကြွင်းရှိသော အာပတ်ကို 'အကြွင်းမရှိသော အာပတ်''ဟု ပြကုန်၏၊ အကြွင်းမရှိသော အာပတ်ကို 'အကြွင်းရှိသော အာပတ်''ဟု ပြကုန်၏၊ ကုစား၍ရသော အာပတ်ကို 'ကုစား၍မရသော အာပတ်''ဟု ပြကုန်၏၊ ကုစား၍မရသော အာပတ်ကို 'ကုစား၍ရသော အာပတ်''ဟု ပြကုန်၏၊ ဥပါလိ့စကားများမှု၏ အခြေခံ 'မူလ'တို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။

------

၄-ကုသိနာရသုတ်

၄၄။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုသိနာရုံပြည် ဗလိနတ်စာ ပူဇော်ပသရာ တောအုပ်၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏။ ''အသျှင်ဘုရား''ဟု ထိုရဟန်းတို့က ပြန်ကြားလျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏ -

ရဟန်းတို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် တရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်၍ မိမိသန္တာန်၌ တရားငါးမျိုးတို့ကို တည်စေကာ သူတစ်ပါးကိုစောဒနာအပ်၏။ အဘယ်တရား ငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်အပ်ကုန်သနည်းဟူမူ- ရဟန်းတို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်ရမည် - ''(ငါသည်) ကိုယ်အကျင့် စင်ကြယ်ပါ၏လော၊ စင်ကြယ်သော မပေါက်သော မဆွဲငင် မသုံးသပ်အပ်သော ကိုယ်အကျင့်နှင့် ပြည့်စုံပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော''ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းသည် ကိုယ်အကျင့် မစင်ကြယ်ခဲ့မူ စင်ကြယ်သော မပေါက်သော မဆွဲငင်မသုံးသပ်အပ်သော ကိုယ်အကျင့်နှင့် မပြည့်စုံခဲ့မူ ထိုရဟန်းအား ''တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ ကိုယ်အကျင့်ကို ကျင့်ပါဦးလော့''ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ ''(ငါသည် ) နှုတ်အကျင့် စင်ကြယ်ပါ၏လော၊ စင်ကြယ်သော မပေါက်သော မဆွဲငင် မသုံးသပ်အပ်သော နှုတ်အကျင့်နှင့် ပြည့်စုံပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော''ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းသည် နှုတ်အကျင့် မစင်ကြယ်ခဲ့မူ စင်ကြယ်သော မပေါက်သော မဆွဲငင် မသုံးသပ်အပ်သော နှုတ်အကျင့်နှင့် မပြည့်စုံခဲ့မူ ထိုရဟန်းအား ''တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ နှုတ်အကျင့်ကို ကျင့်ပါဦးလော့''ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ ''ငါ့အား သီတင်းသုံးဖော်တို့၌ အမျက်ကင်းသော မေတ္တာစိတ်သည် ရှေးရှုတည်ပါ၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော''ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းအား သီတင်းသုံးဖော်တို့၌ အမျက်ကင်းသော မေတ္တာစိတ်သည် ရှေးရှုမတည်ခဲ့မူ ထိုရဟန်းအား ''တိုက်တွန်း ပါ၏၊ အသျှင်သည် ရှေးဦးစွာ သီတင်းသုံးဖော်တို့၌ အမျက်ကင်းသော မေတ္တာစိတ်ကို ရှေးရှုတည်ပါစေ လော့''ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ ''ငါသည် အကြားအမြင် များပါ၏လော၊ အကြားအမြင်ကို ဆောင်ပါ၏လော၊ အကြား အမြင်ကို ဆည်းပူးပါ၏လော၊ အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်, သဒ္ဒါနှင့် တကွ ဖြစ်ကုန်သော ထက်ဝန်းကျင် ပြည့်စုံလျက် ဖြူစင်သော မြတ်သော အကျင့်ကို ဟောဖော်ပြ တတ်ကုန်သော တရားတို့ကို များစွာ ကြားနာဖူးပါကုန်၏လော၊ နှုတ်ဖြင့် ဆောင်ထားဖူးပါကုန်၏လော၊ လေ့ကျက်ထားဖူးပါကုန်၏လော၊ စိတ်ဖြင့် ဆင်ခြင်ဖူးပါကုန်၏လော၊ ပညာဖြင့် ထိုးထွင်း၍ သိဖူးပါကုန်၏ လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ့်မရှိသလော''ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းသည် အကြားအမြင် မများခဲ့မူ အကြားအမြင်ကို မဆောင်ခဲ့မူ အကြားအမြင်ကို မဆည်းပူးခဲ့မူ အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိ၍ အနက်,သဒ္ဒါနှင့် တကွဖြစ်ကုန်သော ထက်ဝန်းကျင်ပြည့်စုံလျက် ဖြူစင်သော မြတ်သော အကျင့်ကို ဟောဖော်ပြတတ်ကုန်သော တရားတို့ကို များစွာ မကြားနာခဲ့ရဖူးမူ နှုတ်ဖြင့် မဆောင်ခဲ့ဖူးမူ မလေ့ကျက်ခဲ့ဖူးမူ စိတ်ဖြင့် မဆင်ခြင်ခဲ့ဖူးမူ ပညာဖြင့် ထိုးထွင်း၍ မသိခဲ့ဖူးမူ ထိုရဟန်းအား ''တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ သုတ္တန်ပါဠိကို သင်ပါဦး လော့''ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းတို့အား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ရဟန်းတို့ နောက်တစ်မျိုးကား သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤသို့ ဆင်ခြင်အပ်၏။ ''ငါ့အား ပါတိမောက်နှစ်မျိုးတို့သည် အကျယ်အားဖြင့် နှုတ်၌လာပါကုန်၏လော၊ ကောင်းစွာ ဝေဖန်ပြီး ဖြစ်ပါကုန်၏လော၊ ကောင်းစွာဖြစ်ခြင်း ရှိပါကုန်၏လော၊ ပါဠိအားဖြင့်လည်းကောင်း၊ အဋ္ဌကထာအားဖြင့်လည်းကောင်း ကောင်းစွာဆုံးဖြတ်ပြီး ဖြစ်ပါကုန်၏လော၊ ငါ့အား ဤတရားသည် ရှိသလော၊ သို့မဟုတ် မရှိသလော''ဟု (ဆင်ခြင်အပ်၏ )။ ရဟန်းတို့ ရဟန်းအား ပါတိမောက်နှစ်မျိုးတို့သည် အကျယ်အားဖြင့် နှုတ်၌ မလာကုန်မူ ကောင်းစွာ မဝေဖန်ရသေးကုန်မူ ကောင်းစွာဖြစ်ခြင်း မရှိသေးကုန်မူ ပါဠိအားဖြင့်လည်းကောင်း၊ အဋ္ဌကထာအားဖြင့်လည်းကောင်း ကောင်းစွာ မဆုံးဖြတ်ရ သေးကုန်မူ ''ငါ့သျှင် ဤသိက္ခာပုဒ်ကို အဘယ်အရပ်၌ မြတ်စွာဘုရားသည် ဟောတော်မူသနည်း''ဟု မေးသော် ကောင်းစွာ ဖြေဆိုနိုင်လိမ့်မည် မဟုတ်၊ ထိုရဟန်းအား ''တိုက်တွန်းပါ၏၊ အသျှင်သည် ရှေးဦးစွာ ဝိနည်းကို သင်ပါဦးလော့''ဟု ပြောဆိုဖွယ်တို့ ဖြစ်ကုန်၏။ ဤသို့လျှင် ထိုရဟန်းအား ပြောဆိုဖွယ်တို့သည် ဖြစ်ကုန်၏။ ဤတရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်အပ်ကုန်၏။ မိမိသန္တာန်၌ တည်စေအပ်သော တရားငါးမျိုးတို့ဟူသည် အဘယ်တို့နည်းဟူမူ- သင့်လျော်သော အခါ၌ (ငါ ) ပြောဆိုမည်၊ မသင့်လျော်သော အခါ၌ (ငါ ) ပြောဆိုမည် မဟုတ်။ မှန်သော စကားဖြင့် (ငါ) ပြောဆိုမည်၊ မမှန်သော စကားဖြင့် (ငါ) ပြောဆိုမည် မဟုတ်။ သိမ်မွေ့သော စကားဖြင့် (ငါ) ပြောဆို မည်၊ ကြမ်းတမ်းသော စကားဖြင့် (ငါ) ပြောဆိုမည် မဟုတ်။ အကျိုးနှင့်စပ်သော စကားဖြင့် (ငါ) ပြော ဆိုမည်၊ အကျိုးနှင့် မစပ်သော စကားဖြင့် (ငါ) ပြောဆိုမည်မဟုတ်။ မေတ္တာစိတ်ထားလျက် (ငါ) ပြောဆို မည်၊ ဒေါသစိတ်ထားလျက် (ငါ) ပြောဆိုမည် မဟုတ်ဟု ဤတရားငါးမျိုးတို့ကို မိမိသန္တာန်၌ တည်စေ အပ်ကုန်၏။ ရဟန်းတို့ သူတစ်ပါးကိုစောဒနာလိုသောစောဒကရဟန်းသည် ဤတရားငါးမျိုးတို့ကို မိမိသန္တာန်၌ ဆင်ခြင်၍ မိမိသန္တာန်၌ ဤတရားငါးမျိုးတို့ကို တည်စေကာ သူတစ်ပါးကိုစောဒနာအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။

------

၅-ရာဇန္တေပုရပ္ပဝေသနသုတ်

၄၅။ ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ် ဆယ်မျိုးတို့နည်းဟူမူ- ရဟန်းတို့ မင်းနှင့် မိဖုရား အတူနေရာသို့ ရဟန်းဝင်သောအခါ မိဖုရားကသော် လည်း ရဟန်းကို မြင်၍ ပြုံးရယ်မိတတ်၏၊ ရဟန်းကသော်လည်း မိဖုရားကို မြင်၍ ပြုံးရယ်မိတတ်၏၊ ထိုသို့ ပြုံးရယ်မိရာ၌ မင်းကြီးအား ''ဤရဟန်းနှင့် မိဖုရားတို့သည် လွန်ကျူးပြီးသော်လည်းကောင်း၊ လွန်ကျူးလတ္တံ့သော်လည်းကောင်း မချွတ်ဖြစ်ရာ၏''ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ပဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းမည်သည်ကား များသော ကိစ္စရှိ၏၊ များသော ပြုဖွယ်ရှိ၏၊ မိန်းမ့(မိဖုရားငယ်) တစ်ယောက်ကို သွားလာပြီးနောက် အမှတ်မရ၊ ထိုမိန်းမသည် ထိုမင်းသွားလာခြင်း ကြောင့် ကိုယ်ဝန်စွဲယူရာ၌ မင်းကြီးအား ''ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ နန်းတော် တွင်းသို့ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဒုတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ တစ်စုံတစ်ခုသော ရတနာပျောက်သောအခါ မင်းကြီးအား ''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ တတိယအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ လျှို့ဝှက်ထားသော တိုင်ပင်ချက်(နန်းတွင်းရေး)တို့သည် အပြင်ဘက်တွင် ပျံ့နှံ့သောအခါ မင်းကြီးအား ''ဤအရပ်၌ ရဟန်းမှတစ်ပါး အခြားသူ တစ်စုံ တစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ စတုတ္ထအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား နန်းတော်တွင်း၌ အဖကသော်လည်း သားကို (သတ်ခြင်းငှါ) အလိုရှိ တတ်၏၊ သားကသော်လည်း အဖကို (သတ်ခြင်းငှါ) အလိုရှိတတ်၏၊ ''ဤအရပ်၌ ရဟန်းမှ တစ်ပါး အခြားသူ တစ်စုံတစ်ယောက်မျှ မဝင်၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထိုသူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ပဉ္စမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် နိမ့်သော ရာထူးရှိသူကို မြင့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင်ဖြစ်လေသလော''ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဆဋ္ဌအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် မြင့်သော ရာထူးရှိသူကို နိမ့်သော ရာထူး၌ ထား၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင်ဖြစ်လေသလော''ဟု ထိုရာထူး ပြောင်းလွှဲမှုကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ သတ္တမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် အခါမဟုတ်သည်၌ စစ်တပ်ကို လွှတ်လိုက်တတ်၏၊ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏အမှုပင်ဖြစ်လေသလော''ဟု ထိုအခါမဲ့ စစ်တပ်လွှတ်ခြင်းကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ အဋ္ဌမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်းသည် လွှတ်သင့်သော အခါ၌ စစ်တပ်ကို လွှတ်လိုက်ပြီးနောက် ခရီးအကြားမှတစ်ဖန် ပြန်လာစေတတ်၏။ (ထိုအခါ) ''မင်းသည် ရဟန်းနှင့် ရောနှောဆက်ဆံ၏၊ ရဟန်း၏ အမှုပင် ဖြစ်လေသလော''ဟု ထိုစစ်ပြန်လာစေခြင်းကို မနှစ်သက်သူတို့အား အထင်မှားခြင်း ဖြစ်တတ်၏။ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ နဝမအပြစ်တည်း။

ရဟန်းတို့ နောက်တစ်မျိုးကား မင်း၏ နန်းတော်သည် ဆင် မြင်း ရထားတို့ဖြင့် ကျဉ်းမြောင်း ကျပ်တည်း၏။ တပ်နှစ်သက်ဖွယ်ဖြစ်သော ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့လည်း ရှိကုန်၏၊ ယင်းအာရုံတို့သည် ရဟန်းအား မလျောက်ပတ်ကုန်။ ရဟန်းတို့ ဤသည်ကား မင်းနန်းတော်သို့ ဝင်ခြင်း၌ ဒသမအပြစ်တည်း။ ရဟန်းတို့ မင်းနန်းတော်သို့ ဝင်ခြင်း၌ အပြစ်တို့သည် ဤဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။

------

၆-သက္ကသုတ်

၄၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ထိုဥပုသ်နေ့၌ မြတ်စွာဘုရားအထံသို့ ချဉ်းကပ်ကြပြီးနောက် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေကြကုန်သော သက္ကတိုင်းသား ဥပါသကာတို့အား မြတ်စွာဘုရားသည်- ''သက္ကတိုင်းသားတို့ သင်တို့သည် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကိုစောင့်သုံးကြ၏လော''ဟု မေးတော်မူ၏။ အသျှင်ဘုရား အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို တစ်ခါ တစ်ရံစောင့်သုံးကြပါ၏၊ တစ်ခါတစ်ရံ မစောင့်သုံးကြပါဟု (လျှောက်ကြကုန်၏)။

သက္ကတိုင်းသားတို့ အသက်ရှည်ရမှုသည် စိုးရိမ်ဖွယ်ဖြင့် ဘေးရှိသည်ဖြစ်လျက် အသက်ရှည်ရမှုသည် သေခြင်းဖြင့် ဘေးရှိသည်ဖြစ်လျက် အင်္ဂါရှစ်မျိုးနှင့် ပြည့်စုံသော ဥပုသ်ကို တစ်ခါတစ်ရံစောင့်သုံး ကြကုန်၍ တစ်ခါတစ်ရံ မစောင့်သုံးကြသော သင်တို့အား အရမတော်ကြလေစွ၊ သင်တို့အား မကောင်း သဖြင့် ရကြကုန်စွတကား။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ဤ လောက၌ ယောက်ျားသည် အကုသိုလ်သို့ မရောက်မူ၍ တစ်စုံတစ်ရာ အသက်မွေးကြောင်းအလုပ်ဖြင့် တစ်နေ့၌ အသပြာဝက်ကိုဖြစ်စေရာ၏၊ (ထိုသူကို) ''လိမ္မာသော ထကြွလုံ့လနှင့်ပြည့်စုံသော ယောက်ျား''ဟု ဆိုသင့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆိုသင့်ပါ၏။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤလောက၌ ယောက်ျားသည် အကုသိုလ်သို့ မရောက်မူ၍ တစ်စုံတစ်ရာ အသက်မွေးကြောင်းအလုပ်ဖြင့် တစ်နေ့၌ အသပြာတစ်ကျပ်ကိုဖြစ်စေရာ၏၊ (ထိုသူကို) ''လိမ္မာသော ထကြွလုံ့လနှင့်ပြည့်စုံသော ယောက်ျား''ဟု ဆိုသင့်သလောဟု (မေးတော်မူ၏)။ အသျှင်ဘုရား ဆိုသင့်ပါ၏။ သက္ကတိုင်းသားတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း၊ ဤလောက၌ ယောက်ျားသည် အကုသိုလ်သို့ မရောက်မူ၍ တစ်စုံတစ်ရာ အသက်မွေးကြောင်းအလုပ်ဖြင့် တစ်နေ့၌ အသပြာနှစ်ကျပ်တို့ကိုဖြစ်စေရာ၏၊ အသပြာသုံးကျပ်တို့ƙ