ခုဒ္ဒကနိကာယ်

ဣတိဝုတ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဧကကနိပါတ်

၁-ပဌမဝဂ်

၁-လောဘသုတ်

၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း┐ ရဟန်းတို့ တပ်မက်မှု 'လောဘ'ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်လောဘဖြင့် တပ်မက်သူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုလောဘကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုလောဘကို) ပယ်စွန့်ကုန်၏။ (ယင်းလောဘကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-ဒေါသသုတ်

၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း┐ ရဟန်းတို့ ပြစ်မှားမှု 'ဒေါသ'ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ဒေါသဖြင့် ဖျက်ဆီးခံရသူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုဒေါသကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုဒေါသကို) ပယ်စွန့်ကုန်၏။ (ယင်းဒေါသကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-မောဟသုတ်

၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း┐ ရဟန်းတို့ တွေဝေမှု 'မောဟ'ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်မောဟဖြင့် တွေဝေသူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမောဟကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမောဟကို) ပယ်စွန့်ကုန်၏။ (ယင်းမောဟကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-ကောဓသုတ်

၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူ၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း┐ ရဟန်းတို့ အမျက်ထွက်မှု 'ကောဓ'ဟူသောတစ်ခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့ အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရား တာဝန်ယူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို - ''အကြင် ကောဓတရားဖြင့် အမျက်ထွက်သူ သတ္တဝါတို့သည် မကောင်းသော လားရာ'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုကောဓကို ကောင်းစွာသိ၍ (ခန္ဓာ ငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုကောဓကို) ပယ် စွန့်ကုန်၏။ (ယင်းကောဓကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-မက္ခသုတ်

၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-ဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်မက္ခတရားဖြင့် သူူ့ကျေးဇူူးကို ချေဖျက်သော သတ္တဝါတို့သည် မကောင်းသော လားရာ'ဂတိ'သို့ လားရောက်ကြရကုန်၏၊ ထိုမက္ခကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူူတို့သည် (ထိုမက္ခကို) ပယ်စွန့်ကုန်၏၊ (ယင်းမက္ခကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တရံတခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏၊

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်န်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-မာနသုတ်

၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူူ၏၊ ပူဇော်အထူူးကို ခံတော်မူူထိုက်သော မြတ်စွာဘုရား ဟောတော်မူူ၏ဟု အကျွန်န်ုပ်ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူူ၏၊ တခုသောတရားဟူူသည် အဘယ်နည်း┐ ရဟန်းတို့ ထောင်လွှားမှု 'မာန'ဟူသောတခုသောတရားကို ပယ်ကြကုန်လော့၊ သင်တို့အနာဂါမ်ဖြစ်ရေးအတွက် ငါဘုရားတာဝန်ယူူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို

''အကြင်မာနဖြင့် ယစ်သူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမာနကို) ပယ်စွန့်ကုန်၏။ (ယင်းမာနကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှမလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-သဗ္ဗပရိညာသုတ်

၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အလုံးစုံ တေဘုမ္မကတရားကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုပိုင်းခြားအပ်သောတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ အလုံးစုံ တေဘုမ္မကတရားကို ထူးသောဉာဏ်ဖြင့် သိသူ့ပိုင်းခြား၍ သိသူ ထိုပိုင်းခြားအပ်သောတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင် ပြုနိုင်သူကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် အလုံးစုံ တေဘုမ္မကတရားကို အလုံးစုံ အဖို့အားဖြင့် သိသောကြောင့် အလုံးစုံသော သက္ကာယတရားတို့၌ မတပ်မက်၊ ထိုသူသည် အလုံးစုံ တေဘုမ္မကတရားကို ပိုင်းခြားသိ၍ဆင်းရဲအားလုံးကို မုချ လွန်မြောက်နိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-မာနပရိညာသုတ်

၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မာနကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုမာနတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့မာနကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုမာနတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင်ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ဤသတ္တဝါတို့သည် မာနနှင့် ပြည့်စုံကုန်၏။ မာနဖြင့် အထုံးအဖွဲ့ခံရသူတို့သည် ဘဝ၌ မွေ့လျော်ကုန်၏။ မာနကို ပိုင်းခြား၍ မသိသူတို့သည် တစ်ဖန် ဘဝသစ်သို့ လာရောက်ကြရကုန်၏။

အကြင်သူတို့သည် မာနကို ပယ်သောကြောင့် မာနကုန်ခန်းရာ နိဗ္ဗာန်၌ (ကိလေသာမှ) လွတ်မြောက်ကုန်၏။ ထိုသူတို့သည် မာနထုံးဖွဲ့ခြင်းကို လွှမ်းမိုးနိုင်ကုန်သောကြောင့် ဆင်းရဲအားလုံးကို လွန်မြောက်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-လောဘပရိညာသုတ်

၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ လောဘကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့လောဘကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''အကြင်လောဘဖြင့် တပ်မက်သူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုလောဘကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုလောဘကို) ပယ်စွန့်ကုန်၏။ (ယင်းလောဘကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-ဒေါသပရိညာသုတ်

၁၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဒေါသကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ဒေါသကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''အကြင်ဒေါသဖြင့် ဖျက်ဆီးခံရသူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုဒေါသကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုဒေါသကို) ပယ်စွန့်ကုန်၏။ (ယင်းဒေါသကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ရှေးဦးစွာသော ပါဋိဘောဂဝဂ် ပြီး၏။

------

၂-ဒုတိယဝဂ်

၁-မောဟပရိညာသုတ်

၁၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မောဟကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့မောဟကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်မောဟဖြင့် တွေဝေသူ သတ္တဝါတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမောဟကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမောဟကို) ပယ်စွန့်ကုန်၏။ (ယင်း မောဟကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-ကောဓပရိညာသုတ်

၁၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အမျက်ထွက်မှု 'ကောဓ'ကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှု ကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါမထိုက်၊ ရဟန်းတို့ အမျက်ထွက်မှု 'ကောဓ'ကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍ သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင် ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''အကြင်ကောဓတရားဖြင့် အမျက်ထွက်သူတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုကောဓကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စ စသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုကောဓကို) ပယ်စွန့်ကုန်၏။ (ယင်း ကောဓကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-မက္ခပရိညာသုတ်

၁၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်မှု 'မက္ခ'ကို ထူးသောဉာဏ်ဖြင့် မသိသူ ပိုင်းခြား၍ မသိသူထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင်မပြုနိုင်သူ ကိလေသာဝဋ်ကို မပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ မထိုက်၊ ရဟန်းတို့ သူ့ကျေးဇူးကို ချေဖျက်မှု 'မက္ခ'ကို ထူးသောဉာဏ်ဖြင့် သိသူ ပိုင်းခြား၍သိသူ ထိုတရား၌ စိတ်ကို တပ်စွန်းမှုကင်းအောင် ပြုနိုင်သူ ကိလေသာဝဋ်ကို ပယ်စွန့်နိုင်သူသည် ဆင်းရဲကုန်ခြင်းငှါ ထိုက်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်မက္ခဖြင့် သူ့ကျေးဇူးကို ချေဖျက်သူတို့သည် မကောင်းသော လားရာ 'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမက္ခတရားကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမက္ခကို) ပယ်စွန့်ကုန်၏။ (ယင်းမက္ခတရားကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-အဝိဇ္ဇာနီဝရဏသုတ်

၁၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်နီဝရဏဖြင့် တားမြစ်ပိတ်ပင်ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး သံသရာ၌ ပြေးသွားကျင်လည်ကြရကုန်၏။ ထိုနီဝရဏကား အဝိဇ္ဇာနီဝရဏပေတည်း။ ရဟန်းတို့အဝိဇ္ဇာ နီဝရဏမှတစ်ပါး သံသရာ၌ ပြေးသွားကျင်လည်စေတတ်သော အခြားနီဝရဏတစ်ခုကိုမျှလည်းငါဘုရား မြင်တော်မမူ၊မှန်၏ ရဟန်းတို့ အဝိဇ္ဇာနီဝရဏဖြင့် တားမြစ်ပိတ်ပင်ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး သံသရာ၌ ပြေးသွားကျင်လည်ကြရကုန်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''အကြင် မောဟဟူသော အဝိဇ္ဇာနီဝရဏဖြင့် တားမြစ်ပိတ်ပင်ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး (သံသရာ၌) ကျင်လည်ကြရကုန်၏။ ထိုမောဟဟူသော အဝိဇ္ဇာနီဝရဏကဲ့သို့ ပိတ်ပင်တတ်သော အခြားနီဝရဏ တစ်ခုမျှလည်း မရှိ။

အကြင် အရိယာသာဝကတို့သည် မောဟကို ပယ်စွန့်၍ အမိုက်တိုက်အစုကို ဖောက်ခွဲကုန်၏။ ထိုအရိယာသာဝကတို့သည် သံသရာ၌ တစ်ဖန် မကျင်လည်ရကုန်။ ထိုအရိယာသာဝကတို့အား (သံသရာ၌ တစ်ဖန် ကျင်လည်ရန်) အကြောင်း တရား မရှိတော့ပေ''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-တဏှာသံယောဇနသုတ်

၁၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်သံယောဇဉ်ဖြင့် နှောင်ဖွဲ့ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး (သံသရာ၌) ပြေးသွားကျင်လည်ကြရကုန်၏။ ထိုသံယောဇဉ်ကား တဏှာသံယောဇဉ်ပေတည်း။ ရဟန်းတို့ တဏှာသံယောဇဉ်မှတစ်ပါး သံသရာ၌ ပြေးသွားကျင်လည်စေတတ်သော အခြားသံယောဇဉ်တစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊မှန်၏ ရဟန်းတို့ တဏှာသံယောဇဉ်ဖြင့် နှောင်ဖွဲ့ခံရသော သတ္တဝါတို့သည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး (သံသရာ၌) ပြေးသွားကျင်လည်ကြရကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တဏှာလျှင် အဖော်ရှိသော ယောက်ျားသည် ရှည်ကြာစွာသော ကာလပတ်လုံး ကျင်လည်ရသည်ဖြစ်၍လူ့ဘဝ, တစ်ပါးသော ဘဝဟူသော သံသရာကို မလွန် မြောက်နိုင်။

သတိရှိသော ရဟန်းသည် ဆင်းရဲ၏အကြောင်းဖြစ်သော ထိုတဏှာကို အပြစ်အားဖြင့် သိ၍တဏှာကင်းသောကြောင့် နောင်တစ်ဖန် ပဋိသန္ဓေကို မယူတော့ဘဲ (သံသရာမှ) ထွက်မြောက်နိုင်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-ပဌမသေခသုတ်

၁၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤယောနိသောမနသိကာရသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တောင့်တလျက် နေသော သေက္ခရဟန်း၏ အတွင်းအဇ္ဈတ္တဖြစ်သော အကြောင်းအင်္ဂါတည်းဟု နှလုံးပြု၍ ကျေးဇူးများသကဲ့သို့ ဤအတူ ယောနိသောမနသိကာရမှတစ်ပါး အခြားကျေးဇူးများသောတရားတစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊ ရဟန်းတို့ ယောနိသောမနသိကာရရှိသော ရဟန်းသည် အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်ကို ပွါးစေ၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ယောနိသောမနသိကာရသည် သေက္ခရဟန်းအား မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ရန်ကျေးဇူးများသကဲ့သို့၊ ဤအတူ ယောနိသောမနသိကာရမှတစ်ပါး အခြား ကျေးဇူးများသောတရားမရှိ၊ အသင့်အားဖြင့်အားထုတ်သော ရဟန်းသည် ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-ဒုတိယသေခသုတ်

၁၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤမိတ်ဆွေကောင်းရှိမှုသည် အရဟတ္တဖိုလ်သို့ မရောက်သေးသော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တောင့်တလျက် နေသော သေက္ခရဟန်း၏ အပြင်ဗာဟိရဖြစ်သော အကြောင်းအင်္ဂါတည်းဟု နှလုံးပြု၍ ကျေးဇူးများသကဲ့သို့ ဤအတူ မိတ်ဆွေကောင်းရှိမှုမှတစ်ပါး အခြားကျေးဇူးများသောတရားတစ်ခုကိုမျှလည်း ငါဘုရား မြင်တော်မမူ၊ ရဟန်းတို့ မိတ်ဆွေကောင်းရှိသော ရဟန်းသည် အကုသိုလ်ကို ပယ်စွန့်၍ ကုသိုလ်ကို ပွါးစေနိုင်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''မိတ်ဆွေကောင်းရှိသူ အကြင်ရဟန်းသည် တုပ်ဝပ်ခြင်း ရှိ၏။ ရိုသေခြင်း ရှိ၏။ မိတ်ဆွေကောင်းတို့၏စကားကို လိုက်နာပြုကျင့်၏။ ပညာအဆင်အခြင် ရှိ၏။ သတိ အမြဲပြု၏။ (ထိုရဟန်းသည် ) ဝိပဿနာအစဉ်အားဖြင့် သံယောဇဉ်အားလုံးတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်နိုင်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-သံဃဘေဒသုတ်

၁၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများစီးပွါးမဲ့ရန် လူအများမချမ်းသာရန် လူအများအကျိုးမဲ့ရန် နတ်လူတို့ အကျိုးစီးပွါးမရှိရန် ဆင်းရဲရန်သာဖြစ်၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း┐ သံဃာကွဲပြားမှုတည်း။ ရဟန်းတို့ သံဃာကွဲပြားသည်ရှိသော်သံဃာကွဲပြားခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း ဖြစ်ကုန်၏။ အချင်းချင်း ခြိမ်းခြောက်မှုတို့သည်လည်း ဖြစ်ကုန်၏။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း ဖြစ်ကုန်၏။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း ဖြစ်ကုန်၏။ ထိုသံဃာကွဲပြားရာ၌ မကြည်ညိုသေးသောသူတို့လည်း မကြည်ညိုကုန်။ ကြည်ညိုပြီးသောအချို့သူတို့လည်း အကြည်ညိုပျက်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''သံဃာကို သင်းခွဲသူသည် အပါယ်၌ ဖြစ်ထိုက်၏။ (အဝီစိ) ငရဲ၌ ဖြစ်ရ၏။ (အန္တရ) ကပ်ပတ်လုံးတည်၏။ သံဃာကွဲပြားမှု၌ မွေ့လျော်၍ မတရားမှု၌ တည်သူသည် ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှဆုတ်ယုတ်၏။ ညီညွတ်သော သံဃာကို သင်းခွဲသောကြောင့် (အန္တရ) ကပ်ပတ်လုံး ငရဲ၌ ကျက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-သံဃသာမဂ္ဂီသုတ်

၁၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ့ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားသည် လောက၌ ဖြစ်ပေါ်လာသည်ရှိသော် လူအများ အကျိုးစီးပွါး ရှိရန်လူအများ ချမ်းသာရန် လူအများ အကျိုးရှိရန် နတ်လူတို့ အကျိုးစီးပွါးရှိရန် ချမ်းသာရန်သာ ဖြစ်၏။ တစ်ခုသောတရားဟူသည် အဘယ်နည်း┐ သံဃာညီညွတ်မှုတည်း။ ရဟန်းတို့ သံဃာညီညွတ်သည်ရှိသော်သံဃာညီညွတ်ခြင်းကြောင့် အချင်းချင်း ငြင်းခုံမှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်းခြိမ်းခြောက်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း ရှုတ်ချပစ်ပယ်မှုတို့သည်လည်း မဖြစ်ကုန်။ အချင်းချင်း နှင်ထုတ်စွန့်လွှတ်မှုတို့သည်လည်း မဖြစ်ကုန်။ ထိုသံဃာညီညွတ်ရာ၌ မကြည်ညိုသေးသောသူတို့သည်လည်း ကြည်ညိုကုန်၏။ ကြည်ညိုပြီးသူတို့သည်လည်း တိုး၍ ကြည်ညိုကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''သံဃာညီညွတ်မှုသည်လည်းကောင်း၊ ညီညွတ်သူတို့အား ချီးမြှောက်မှုသည်လည်းကောင်း ချမ်းသာ၏။ ညီညွတ်မှု၌ မွေ့လျော်၍ တရား၌ တည်သောသူသည် ယောဂလေးဖြာကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်နိုင်၊ သံဃာညီညွတ်မှုကို ပြုသောကြောင့် အာယုကပ်ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရ၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-ပဒုဋ္ဌစိတ္တသုတ်

၂၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏) စိတ်ဖြင့် ထိုသူ၏စိတ်ကို ပိုင်းခြား၍ သိ၏ ''ဤဒေါသစိတ်ရှိသောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ချထားသကဲ့သို့ ဤအတူ ငရဲ၌ ကျရလေ၏။ ဤသို့ ငရဲကျရခြင်းသည် အဘယ့်ကြောင့် နည်း┐ ရဟန်းတို့ ထိုသူ၏ စိတ်သည် ဒေါသဖြင့် ဖျက်ဆီးအပ်သောကြောင့် တည်း''၊ ရဟန်းတို့ဒေါသစိတ်ရှိခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ ချမ်းသာ ကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကြရကုန်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''မြတ်စွာဘုရားသည် ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အားဤဆိုလတ္တံ့သော အနက်သဘောကို ဟောကြားတော်မူ၏။

ဤပုဂ္ဂိုလ်သည် ဒေါသစိတ်ရှိသောအချိန်အခါ၌ သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ငရဲ၌ ဖြစ်ရာ၏။ (အဘယ့်ကြောင့် ဆိုသော်) ထိုပုဂ္ဂိုလ်၏စိတ်ကို ဒေါသသည် ဖျက်ဆီးအပ်သောကြောင့် တည်း။

မှန်၏။ သတ္တဝါတို့သည် ဒေါသဖျက်ဆီးအပ်သော စိတ်ဟူသော အကြောင်းကြောင့် မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ လားရောက်ကြရကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။

------

၃-တတိယဝဂ်

၁-ပသန္နစိတ္တသုတ်

၂၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤလောက၌ စိတ်ကြည်လင်သူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏စိတ်ဖြင့်) ထိုသူ၏စိတ်ကို ပိုင်းခြား၍သိ၏ ''ဤစိတ်ကြည်လင်သောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ချထားသကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏''။ ယင်းသို့ နတ်ပြည်၌ ဖြစ်ရခြင်းသည် အဘယ့်ကြောင့် နည်း┐ ရဟန်းတို့ ထိုသူ၏ စိတ်သည် ကြည်လင်သောကြောင့် တည်း။ ရဟန်းတို့ စိတ်ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သော သတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ကြရကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -''မြတ်စွာဘုရားသည် ဤလောက၌ စိတ်ကြည်လင်သူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အားဤဆိုလတ္တံ့သော အနက်သဘောကို ဟောကြားတော်မူ၏။

ဤပုဂ္ဂိုလ်သည် စိတ်ကြည်လင်သောအခါ၌ သေခဲ့မူ ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့၊ ဤအတူထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် သုဂတိဘဝ၌ ဖြစ်ရ၏၊ (အဘယ့်ကြောင့် ဆိုသော်) ထိုပုဂ္ဂိုလ်၏စိတ်သည် ကြည်လင်သောကြောင့် တည်း။

မှန်၏။ သတ္တဝါတို့သည် စိတ်ကြည်လင်ခြင်းဟူသော အကြောင်းကြောင့် ကောင်းသော လားရာသုဂတိဘဝသို့ လားရောက်ကြရကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-မေတ္တသုတ်

၂၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ကို မကြောက်ကြကုန်လင့်၊ ရဟန်းတို့ ကုသိုလ်ကောင်းမှုတို့ဟူသော ဤအမည်သည် ထိုအလိုရှိအပ် နှစ်သက်အပ် ချစ်ခင်အပ် မြတ်နိုးအပ်သော ချမ်းသာသုခ၏အမည်ပေတည်း။ ရဟန်းတို့ ငါဘုရားသည် ရှည်ကြာစွာသော နေ့ညဉ့်ပတ်လုံး မိမိပြုအပ်သော ကုသိုလ်တို့၏ အလိုရှိအပ် နှစ်သက်အပ် ချစ်ခင်အပ် မြတ်နိုးအပ်သော အကျိုးကို ခံစားဖူးသည်ကို မျက်မှောက်ထင်ထင် သိမြင်တော်မူ၏။ ခုနစ်နှစ်တို့ပတ်လုံး မေတ္တာစိတ်ကို ပွါး၍ ခုနစ်ကမ္ဘာတို့ပတ်လုံး ဤကာမဘုံသို့ မလာရောက်ရတော့ပေ၊ ရဟန်းတို့ ကမ္ဘာပျက်သောအခါ၌ အာဘဿရဘုံသို့ ရောက်နေရ၏။ ကမ္ဘာတည်မိသောအခါ၌ သတ္တဝါကင်းသော ဗြဟ္မာ့ဘုံ၌ ဖြစ်လာ၏။

ရဟန်းတို့ ထိုဗြဟ္မာ့ဘုံ၌ ဗြဟ္မာ ဖြစ်၏။ မဟာဗြဟ္မာ ဖြစ်၏။ လွှမ်းမိုးနိုင်သူ ဖြစ်၏။ မည်သူကမျှမလွှမ်းမိုးနိုင်သူ ဖြစ်၏။ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏။ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏။ ရဟန်းတို့ ငါဘုရားသည် သုံးဆယ့်ခြောက်ကြိမ်တိုင်တိုင် နတ်တို့အရှင် သိကြားမင်း ဖြစ်ဖူး၏။ အကြိမ်ရာပေါင်း များစွာ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်သူအပေါင်းတို့ကို အောင်သောတိုင်းနိုင်ငံ တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသောတရားစောင့်သောတရားနှင့် အညီ မင်းပြုသော စကြဝတေးမင်း ဖြစ်ဖူး၏။ ပဒေသရာဇ်မင်းအဖြစ်မှာကား အဘယ်ဆိုဖွယ်ရှိရာအံ့နည်း။

ရဟန်းတို့ ''ယခုအခါ ငါဘုရား၏ ဤသို့ တန်ခိုးကြီးခြင်း ဤသို့ အာနုဘော်ကြီးခြင်းဟူသော ဤအကျိုး့တရားသည် အဘယ်ကံ၏ အကျိုးနည်း┐ အဘယ်ကံ၏ ဝိပါက်နည်း''ဟု ဤသို့ ငါဘုရားအားအကြံဖြစ်၏။ ရဟန်းတို့ ''ယခုအခါ ငါဘုရား၏ ဤသို့ တန်ခိုးကြီးခြင်း ဤသို့ အာနုဘော်ကြီးခြင်းဟူသော ဤအကျိုးတရားသည် ပေးကမ်းလှူဒါန်းမှု ဣန္ဒြေကို ဆုံးမမှုကိုယ်နှုတ်ကို စောင့်စည်းမှုဟူသော ဤကံသုံးပါးတို့၏ အကျိုးတည်း။ ဤကံသုံးပါး၏ ဝိပါက်တည်း''ဟု ဤသို့ ငါဘုရားအား အကြံဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ထိုသူသည် ကုသိုလ်ကောင်းမှုကိုသာလျှင် ကျင့်ရာ၏။ နောင်အခါ၌ မြတ်သော ချမ်းသာကျိုးရှိသော ဒါနကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း၊ မေတ္တာစိတ်ကိုလည်းကောင်း ပွါးများရာ၏။

ပညာရှိသည် သုခလျှင် အာနိသင်ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ကြောင့်ကြမှု 'ဗျာပါဒ' ကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-ဥဘယတ္ထသုတ်

၂၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သောတစ်ခုသောတရားသည် မျက်မှောက်အကျိုးတမလွန် အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ကောင်းစွာယူ၍ တည်၏။ တစ်ခုသောတရားဟူသည်အဘယ်နည်း┐ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့မှု 'အပ္ပမာဒ' တရားပင်တည်း။ ရဟန်းတို့ ပွါးများအပ်ကြိမ်ဖန်များစွာ ပြုအပ်သော ဤတစ်ခုသောတရားသည် မျက်မှောက်အကျိုး တမလွန်အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ကောင်းစွာ ယူ၍ တည်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာရှိတို့သည် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့မှုကို ချီးမွမ်းကြကုန်၏။ ပညာရှိသည်မမေ့မလျော့သည်ဖြစ်၍ အကျိုးနှစ်ပါးတို့ကို ယူနိုင်၏။

မျက်မှောက်အကျိုး တမလွန်အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို ရခြင်းကြောင့် ပညာရှိကို ပဏ္ဍိတဟူ၍ဆိုအပ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-အဋ္ဌိပုဉ္ဇသုတ်

၂၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

စုဆောင်းထားသူလည်း ရှိခဲ့မူ စုဆောင်းထားတိုင်းလည်း မပျက်စီးခဲ့မူ တစ်ကမ္ဘာပတ်လုံး ပြေးသွားကျင်လည်သော ပုဂ္ဂိုလ်တစ်ယောက်၏ ကြီးစွာသော အရိုးပေါင်း အရိုးပုံ အရိုးစုသည် ဤဝေပုလ္လတောင်ကြီးမျှပင် ရှိသည် ဖြစ်ရာ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တစ်ကမ္ဘာပတ်လုံး (ကျင်လည်ပြေးသွားရသော) ပုဂ္ဂိုလ်တစ်ယောက်၏ အရိုးစုသည် တောင်မျှလောက်အစုအပုံရှိသည် ဖြစ်ရာ၏ဟု မြတ်စွာဘုရား ဟောတော်မူ၏။

ထိုတောင်ကို မူကား မဂဓတိုင်းတို့၏ ဂိရိဗ္ဗဇမည်သော (ရာဇဂြိုဟ်) မြို့ ဝယ် ဂိဇ္ဈကုဋ်တောင်၏မြောက်ဘက်၌ တည်သော ကြီးသော ဝေပုလ္လတောင်ဟု ဆိုအပ်၏။

ဒုက္ခသစ္စာကိုလည်းကောင်း ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကိုလည်းကောင်း၊ ဒုက္ခကို လွန်မြောက်ရာ'နိရောဓ'သစ္စာကိုလည်းကောင်း၊ ဒုက္ခ၏ချုပ်ငြိမ်းရာ (နိဗ္ဗာန်သို့) ရောက်ကြောင်းဖြစ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာဟု ဆိုအပ်သော အရိယသစ္စာတို့ကိုလည်းကောင်း၊ အကြင်အခါ၌ ကောင်းသော ပညာဖြင့် မြင်၏။ ထိုအခါ ထိုပုဂ္ဂိုလ်သည် (ကာမဘုံ၌) ခုနစ်ကြိမ် အလွန်ပြေးသွား၍သံယောဇဉ်အားလုံးတို့၏ကုန်ခြင်းကြောင့် ဒုက္ခ၏အဆုံးကို ပြုလေတော့၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-မုသာဝါဒသုတ်

၂၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ခုသောတရားကို လွန်ကျူး၍တည်သော ပုဂ္ဂိုလ်အား တစ်စုံတစ်ရာသော မကောင်းမှုကို မပြုလုပ်ဟူ၍ ငါဘုရား မဟော၊ တစ်ခုသောတရားဟူသည် အဘယ်နည်း┐ ရဟန်းတို့ ယင်းတစ်ခုသောတရားဟူသည် သိလျက် ချွတ်ယွင်းသော စကားကို ပြောဆိုမှု 'မုသာဝါဒ' တရားပင်တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တမလွန်လောကကို စွန့်လွှတ်ပြီးသောတစ်ခုသောတရားကို လွန်ကျူးသော မုသားပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်အား မည်သည့် မကောင်းမှုကိုမျှ မပြုနိုင်ဟူ၍ မရှိတော့ပေ''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-ဒါနသုတ်

၂၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သတ္တဝါတို့သည် လှူဒါန်းဝေဖန်ခြင်း၏ အကျိုးကို ငါဘုရားသိသကဲ့သို့ သိကြကုန်မူမပေးလှူဘဲ မစားကုန်ရာ၊ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ မတည်နိုင်ရာ၊ အလှူခံပုဂ္ဂိုလ်ရှိကုန်မူ ထိုသူတို့သည် နောက်ဆုံးဖြစ်သော ထမင်းလုတ်ထမင်းဆုပ်မှသော်လည်း မခွဲခြမ်း မဝေဖန်မူ၍ မစားကုန်ရာ။ ရဟန်းတို့ သတ္တဝါတို့သည် လှူဒါန်းဝေဖန်ခြင်း၏ အကျိုးကို ငါဘုရားသိသကဲ့သို့ မသိကုန်သောကြောင့် သာ မပေးလှူဘဲ စားကြကုန်၏။ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ တည်လေ၏ဟု ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ခွဲခြမ်းဝေဖန်မှုသည် ဤသို့ ကြီးသော အကျိုးရှိ၏ဟု ခွဲခြမ်းဝေဖန်မှု၏ အကျိုးကို မြတ်စွာဘုရားဟောတော်မူသည့်အတိုင်း အကယ်၍ သိကြကုန်မူ ဝန်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးကို ပယ်ဖျောက်၍ အထူးကြည်လင်သော စိတ်ဖြင့် အကြင်အရိယာပုဂ္ဂိုလ်တို့၌ ပေးလှူသော အလှူသည်အကျိုးကြီး၏။ ထိုအရိယာပုဂ္ဂိုလ်တို့၌ လျောက်ပတ်သောအခါ ပေးလှူကုန်ရာ၏။

လူများစွာအား ထမင်းကိုလည်းကောင်း၊ မြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ မြတ်သော အလှူကိုလည်းကောင်းပေးလှူသောကြောင့် အလှူဒါယကာတို့သည် ဤလူ၏အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်သို့ ့လားရောက်ကြရကုန်၏။

နတ်ပြည်၌ ရောက်ကြကုန်သော ထိုသတ္တဝါတို့သည် ထိုနတ်ပြည်၌ အလိုရှိအပ်သော ကာမဂုဏ်တို့နှင့်ပြည့်စုံကုန်သည်ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏။ ဝန်တိုမှု မရှိသူတို့သည် ခွဲခြမ်းဝေဖန်ခြင်းအကျိုးကို ခံစားကြရကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-မေတ္တာဘာဝနာသုတ်

၂၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ပုညကိရိယဝတ္ထုဟူသော ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်မျှ မထိုက်တန်ကုန်။ မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍တောက်ပြောင်လည်း တောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။

ရဟန်းတို့ ကြယ်တာရာတို့၏ အရောင်ဟူသမျှအားလုံးတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။ လရောင်သည်သာလျှင် ထိုကြယ်တာရာအရောင်တို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်း တောက်ပြောင် ထွန်းပလည်း ထွန်းပ တင့်တယ်လည်းတင့်တယ်သကဲ့သို့ ဤအတူ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်) ၏တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မထိုက် တန်ကုန်။ မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍တောက်ပြောင်လည်း တောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။

ရဟန်းတို့ မိုးဥတု၏ နောက်ဆုံးဖြစ်သောတန်ဆောင်မုန်းလ သရဒဥတု၌ ကောင်းကင်ဟင်းလင်း ဖြစ်၍မိုးတိမ်ကင်းလတ်သော် နေမင်းသည် ကောင်းကင်သို့ တက်လျက် ကောင်းကင်ရှိ အမိုက်တိုက်အားလုံးကို ပယ်ဖျောက်၍ တောက်ပြောင်လည်း တောက်ပြောင် ထွန်းပလည်း ထွန်းပ တင့်တယ်လည်း တင့်တယ်သကဲ့သို့ ဤအတူ ခန္ဓာဟူသော ဥပဓိအကျိုးရှိကုန်သော ကုသိုလ်ကောင်းမှု ပုညကိရိယဝတ္ထုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ်စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။ မေတ္တာနှင့်ယှဉ်သော စိတ်၏လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်းတောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။

ရဟန်းတို့ ညဉ့်၏မိုးသောက်ခါနီး၌ သော ကြာကြယ်သည် တောက်ပြောင်လည်း တောက်ပြောင်ထွန်းပလည်း ထွန်းပ တင့်တယ်လည်း တင့်တယ်သကဲ့သို့ ဤအတူသာလျှင် ခန္ဓာဟူသော ဥပဓိအကျိုး ရှိသော ပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုဟူသမျှအားလုံးတို့သည် မေတ္တာနှင့်ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်) ၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မထိုက်တန်ကုန်။ မေတ္တာနှင့် ယှဉ်သော စိတ်၏ လွတ်မြောက်မှု (အပ္ပနာဈာန်)သည်သာလျှင် ထိုပုညကိရိယဝတ္ထု ကုသိုလ်ကောင်းမှုတို့ကို လွှမ်းမိုး၍ တောက်ပြောင်လည်း တောက်ပြောင်၏။ ထွန်းပလည်း ထွန်းပ၏။ တင့်တယ်လည်း တင့်တယ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို-

''အကြင်သူသည် အမြဲသတိပြုလျက် အတိုင်းအရှည် ပမာဏမရှိသော မေတ္တာ ဈာန်ကို ပွါးများ၏။ ခန္ဓာဟူသော ဥပဓိကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။

(ဗျာပါဒကြောင့် ) ပျက်စီးသော စိတ်မရှိသူသည် တစ်ဦးတစ်ယောက်သော သတ္တဝါကိုသော်လည်းအကယ်၍ မေတ္တာပွါးများခဲ့မူ ထိုမေတ္တာပွါးများခြင်းကြောင့် လွန်ကဲသော ကောင်းမှုကုသိုလ်ရှိသူ ဖြစ်၏။ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့် စောင့်ရှောက်သော စင်ကြယ်သော စိတ်ရှိသူသည် များစွာကောင်းမှုအစုကို ပြီးစေ၏။

အကြင်ရာဇိသယမည်ကုန်သောတရားစောင့်မင်းတို့သည် သတ္တဝါတို့ဖြင့် ပြည့် ကြပ်နေသော မြေပြင်အလုံးကို အောင်နိုင်၍ အခွန်ဆယ်ခိုင့်တစ်ခိုင် ယူခြင်း 'သဿမေဓ'၊ စစ်သူကြီးတို့အားခြောက်လတစ်ကြိမ် ရိက္ခာပေးခြင်း 'ပုရိသမေဓ'၊ သူဆင်းရဲတို့အား လက်မှတ် ရေးထိုးစေ၍အသပြာတစ်ထောင် နှစ်ထောင် အတိုး အပွါးမရှိ ထုတ်ချေးခြင်း 'သမ္မာပါသ'၊ ချစ်သား ဦးရီးစသည့်သိမ်မွေ့သော စကားဖြင့် ချီးမြှောက်ခြင်း 'ဝါဇပေယျ'၊ ဤသင်္ဂဟ တရားလေးပါးတို့ဖြင့်ချီးမြှောက်ပူဇော်ကုန်၍ အိမ်တို့၌ တံခါးအပိတ်မရှိသည်ကို ပြုကုန်လျက် လှည့်လည်ကုန်၏။

အလုံးစုံသော ကြယ်တာရာအပေါင်းတို့သည် လရောင်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်မျှမထိုက်တန်သကဲ့သို့ ထိုမင်းတို့၏ သဿမေဓစသော သင်္ဂဟ တရား လေးပါးတို့သည် ကောင်းစွာပွါးများအပ်သော မေတ္တာနှင့်ယှဉ်သော စိတ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍တစ်စိတ်ကိုမျှလည်း မထိုက်တန်ကုန်။

သတ္တဝါအားလုံးတို့၌ မေတ္တာနှင့်ယှဉ်သော စိတ်အဖို့အစုရှိသော အကြင်သူသည် (တစ်စုံတစ်ယောက်ကို) ကိုယ်တိုင်လည်း မညှဉ်းဆဲ၊ မသတ်ပုတ်၊ အနိုင်အထက်ပြု၍လည်း အနိုင်မယူ၊ သူတစ်ပါးကိုလည်း မဆုံးရှုံးစေ၊ ထိုသူအား တစ်စုံတစ်ရာသော အကြောင်းကြောင့် ဘေးရန်မဖြစ်နိုင်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

တတိယဝဂ် ပြီး၏။

ဧကကနိပါတ် မြန်မာပြန် ပြီး၏။

------

ဒုကနိပါတ်

၁-ပဌမဝဂ်

၁-ဒုက္ခဝိဟာရသုတ်

၂၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့သာ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ အဘယ်နှစ်ပါးတို့နှင့်နည်း┐ ဣန္ဒြေတို့၌ ပိတ်ဆို့မထားသောတံခါးရှိသည်၏ အဖြစ်နှင့်လည်းကောင်း စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်မသိသည်၏ အဖြစ်နှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့သာ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ပိတ်ဆို့မထား၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို မသိ၊ ဣန္ဒြေတို့၌ မစောင့်ရှောက်၊ ထိုရဟန်းသည် ကိုယ်ဆင်းရဲစိတ်ဆင်းရဲဟူသော ဆင်းရဲကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်းပူလောင်သော ကိုယ် ပူလောင်သော စိတ်ဖြင့် ဆင်းရဲစွာ နေရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-သုခဝိဟာရသုတ်

၂၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ သုဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ အဘယ်တရားနှစ်ပါးတို့နှင့်နည်း┐ ဣန္ဒြေတို့၌ ပိတ်ဆို့ထားသောတံခါးရှိသည်၏ အဖြစ်နှင့်လည်းကောင်း စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသည်၏ အဖြစ်နှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိမူ၍ ချမ်းသာစွာ နေရ၏။ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ သုဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

အကြင် ရဟန်းသည် မျက်စိ နား နှာ လျှာကိုယ် စိတ်ဟူကုန်သော ဤဒွါရတို့ကို ကောင်းစွာပိတ်ဆို့ထား၏။ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိ၏။ ဣန္ဒြေတို့၌ စောင့်ရှောက်၏။ ထိုရဟန်းသည် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟူသော ချမ်းသာကိုရ၏။

ထိုသို့ သဘောရှိသော ရဟန်းသည် နေ့၌လည်းကောင်း ညဉ့်၌လည်းကောင်း မပူလောင်သော ကိုယ် မပူလောင်သော စိတ်ဖြင့် ချမ်းသာစွာ နေရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-တပနီယသုတ်

၃၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်း- ရဟန်းတို့ဤလောက၌ အချို့သောသူသည် ကောင်းမှုကို မပြုသူ ကုသိုလ်ကို မပြုသူ သံသရာဘေးကို ကြောက်သူတို့၏ အစောင့်အရှောက်တရားကို မပြုသူ ဖြစ်၏။ ယုတ်မာမှုကို ပြုသူ ကြမ်းကြုတ်မှုကို ပြုသူ ခက်ထန်ရက်စက်မှုကို ပြုသူ ဖြစ်၏။ ထိုသူသည် ကောင်းမှုကို ငါမပြုလိုက်မိ'ဟူ၍လည်း ပူပန်၏။ မကောင်းမှုကို ငါ ပြုလိုက်မိ၏'ဟူ၍လည်း ပူပန်၏။ ရဟန်းတို့ ပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို - ''ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပြုသောကြောင့်လည်းကောင်း (ရာဂစသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပြုသောကြောင့်လည်းကောင်း ကုသိုလ်ကံကို မပြုဘဲအကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-အတပနီယသုတ်

၃၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်း-ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကောင်းမှုကို ပြုသူ ကုသိုလ်ကို ပြုသူ သံသရာဘေးကို ကြောက်သူတို့၏ အစောင့်အရှောက်တရားကို ပြုပြီးသူ ဖြစ်၏။ ယုတ်မာမှုကို မပြုသူ ကြမ်းကြုတ်မှုကို မပြုသူ ခက်ထန် ရက်စက်မှုကို မပြုသူ ဖြစ်၏။ ထိုသူသည် ''ကောင်းမှုကို ငါ ပြုလိုက်မိ၏''ဟူ၍လည်းမပူပန်၊ ''မကောင်းမှုကို ငါ မပြုလိုက်မိ''ဟူ၍လည်း မပူပန်၊ ရဟန်းတို့ မပူပန်စေတတ်သောတရားတို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာရှိသူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်တို့ကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ (ရာဂစသော) အပြစ်နှင့်ယှဉ်သော အခြားအမှုကို ပယ်စွန့်သောကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုဘဲ ကုသိုလ်ကံကိုသာ အကြိမ် များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-ပဌမသီလသုတ်

၃၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။ အဘယ်နှစ်ပါးတို့နှင့်နည်း- ယုတ်ညံ့သော သီလနှင့်လည်းကောင်း ယုတ်ညံ့သော အယူနှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲသို့ ကျရောက်ရ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် ယုတ်ညံ့သော သီလနှင့်လည်းကောင်း၊ ယုတ်ညံ့သော အယူနှင့်လည်းကောင်းဤတရားနှစ်ပါးတို့နှင့် ပြည့်စုံ၏။ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ကျရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-ဒုတိယသီလသုတ်

၃၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်နှစ်ပါးတို့နှင့်နည်း- ကောင်းမြတ်သော သီလနှင့်လည်းကောင်းကောင်းမြတ်သော အယူနှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ဝန်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် ကောင်းမြတ်သော သီလနှင့်လည်းကောင်း၊ ကောင်းမြတ်သော အယူနှင့်လည်းကောင်းဤတရားနှစ်ပါးတို့နှင့် ပြည့်စုံ၏။ ပညာရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-အာတာပီသုတ်

၃၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကိလေသာကို ပူပန်စေတတ်သော လုံ့လမရှိသူ မကောင်းမှုမှ မထိတ်လန့်တတ်သူရဟန်းသည် သစ္စာလေးပါးတရားကို သိခြင်းငှါ မထိုက်တန်၊ နိဗ္ဗာန်ရခြင်းငှါ မထိုက်တန်၊ အတုမရှိမြတ်၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းငှါ မထိုက်တန်၊ ရဟန်းတို့ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသူ မကောင်းမှုမှ ထိတ်လန့်တတ်သူ ရဟန်းသည် သစ္စာလေးပါးတရားကို သိခြင်းငှါ ထိုက်တန်၏။ နိဗ္ဗာန်ရခြင်းငှါ ထိုက်တန်၏။ အတုမရှိ မြတ်၍ ယောဂ၏ကုန်ရာ အရဟတ္တဖိုလ်ကို ရခြင်းငှါ ထိုက်တန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းသည် ထိနမိဒ္ဓများသည်ဖြစ်၍ ကိလေသာကို ပူပန်စေတတ်သော လုံ့လမရှိ၊ မကောင်းမှုမှမထိတ်လန့်တတ်၊ ပျင်းရိ၏။ ဝီရိယယုတ်လျော့၏။ မကောင်းမှုမှ မရှက်တတ်၊ အကျင့်၌ မရိုသေ၊ ထိုသို့ သော သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်ကို တွေ့ထိ သိမြင်ခြင်းငှါ မထိုက်တန်။

အကြင်ရဟန်းသည်ကား သတိရှိ၏။ ရင့်ကျက်သော ပညာရှိ၏။ သမထဝိပဿနာဖြင့် ရှုလေ့ရှိ၏။ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိ၏။ မကောင်းမှုမှ ထိတ်လန့်တတ်၏။ မေ့လျော့မှုမရှိ၊ (ထိုရဟန်းသည် ) သံယောဇဉ်ကိုလည်းကောင်း၊ ပဋိသန္ဓေနေခြင်း အိုခြင်းကိုလည်းကောင်း ဖြတ်တောက်၍ဤဘဝ၌ပင် အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို တွေ့ထိသိရှိနိုင်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-ပဌမ နကုဟနသုတ်

၃၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ လူအပေါင်းကိုအံ့ဩစေရန် လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားစေရန့်လာဘ်ပူဇော်သကာ အကျော်အစောဟူသော အကျိုးအာနိသင်ရရှိရန် ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ဤသို့ ကျင့်သုံးသဖြင့် ငါ့ကို လူအပေါင်းသည် သိစေသတည်းဟု နှလုံးသွင်း၍ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ရဟန်းတို့ စင်စစ် (ကာယဒုစရိုက်စသည်မှ) စောင့်စည်းရန်လည်းကောင်း၊ (တဒင်္ဂပဟာန်စသည်ဖြင့်) ပယ်ရန်လည်းကောင်းဤမြတ်သောအကျင့်ကို ကျင့်သုံး၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''နိဗ္ဗာန်တည်းဟူသော ထောက်တည်ရာကမ်းသို့ ရောက်စေတတ်သော မျက် မှောက်မျက်ကွယ်ဘေးရန်မရှိသော မြတ်သောအကျင့်ကို (ကာယဒုစရိုက်စသည်မှ) စောင့်စည်းရန် တဒင်္ဂပဟာန်စသည်ဖြင့်ပယ်ရန် ထိုမြတ်စွာဘုရား ဟောတော်မူ၏။

ဤမဂ် (လမ်းစဉ်) ကို မြတ်သော စိတ်ဓာတ်ရှိကုန်သော ဘုရားအရိယာတို့သည် အစဉ်အတိုင်းကြွသွားတော်မူကုန်၏။ အကြင်အကြင်သူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူတိုင်းထိုမဂ် (လမ်းစဉ်)သို့ သွားရောက်ကြကုန်၏။ မြတ်စွာဘုရား ဆုံးမသည့်အတိုင်း ပြုကျင့်ကုန်သော ထိုထိုသူတို့သည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကုန်လတ္တံ့''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-ဒုတိယ နကုဟနသုတ်

၃၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ လူအပေါင်းကိုအံ့ဩစေရန် လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားစေရန်လာဘ်ပူဇော်သကာ အကျော်အစောဟူသော အကျိုးအာနိသင်ရရှိရန် ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်၊ ဤသို့ ကျင့်သုံးသဖြင့် ငါ့ကို လူအပေါင်းသည် သိစေသတည်းဟု နှလုံးသွင်း၍ဤမြတ်သောအကျင့်ကို ကျင့်သုံးသည် မဟုတ်။ ရဟန်းတို့ စင်စစ် ထူးသောဉာဏ်ဖြင့် သိရန်ပိုင်းခြားသိရန် ဤမြတ်သောအကျင့်ကို ကျင့်သုံး၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''နိဗ္ဗာန်တည်းဟူသော ထောက်တည်ရာကမ်းသို့ ရောက်စေတတ်သော မျက် မှောက်မျက်ကွယ်ဘေးရန်မရှိသော မြတ်သောအကျင့်ကို ထူးသောဉာဏ်ဖြင့် သိရန်လည်းကောင်း၊ ပိုင်းခြားသိရန်လည်းကောင်း ထိုမြတ်စွာဘုရား ဟောတော်မူ၏။

ဤမဂ် (လမ်းစဉ်) ကို မြတ်သော စိတ်ဓာတ်ရှိကုန်သော ဘုရားအရိယာပုဂ္ဂိုလ်တို့သည် အစဉ်အတိုင်းကြွသွားတော်မူကုန်၏။ အကြင်အကြင်သူတို့သည် မြတ်စွာဘုရား ဟောကြားတော်မူတိုင်းထိုမဂ် (လမ်းစဉ်)သို့ သွားရောက်ကြကုန်၏။ မြတ်စွာဘုရား ဆုံးမသည့်အတိုင်း ပြုကျင့်ကုန်သော ထိုထိုသူတို့သည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကုန်လတ္တံ့''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-သောမနဿသုတ်

၃၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော့်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင်ကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်း များလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်း၏အကြောင်းကိုအားထုတ်အပ်သည် ဖြစ်၏။ အဘယ်နှစ်ပါးတို့နှင့်နည်း- သံဝေဂဖြစ်စေတတ်သော အရာတို့၌ သံဝေဂဖြစ်ခြင်းနှင့်လည်းကောင်း၊ သံဝေဂဖြစ်သူအား အကြောင်းအားလျော်စွာအားထုတ်ခြင်းနှင့်လည်းကောင်းတည်း။ ရဟန်းတို့ ဤတရားနှစ်ပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် ယခုဘဝ၌ပင်လျှင်ကိုယ်ချမ်းသာခြင်း စိတ်ချမ်းသာခြင်းများလျက် နေရ၏။ ထိုရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်း၏အကြောင်းကိုအား ထုတ်အပ်သည် ဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက် သဘောကို -

''ပညာရှိသော ကိလေသာကို ပူပန်စေတတ်သည့် လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ရဟန်းသည် သံဝေဂဖြစ်စေတတ်သော အရာတို့၌ ပညာဖြင့် ဆင်ခြင်၍ သံဝေဂ ဖြစ်သည်သာတည်း။

ဤသို့ ပြင်းထန်သော လုံ့လရှိလျက် မတုန်မလှုပ်မူ၍ ငြိမ်သက်စွာဖြစ်ခြင်းရှိသော စိတ်၏တည်ကြည်မှုကိုအားထုတ်၍ နေလေ့ရှိသော ရဟန်းသည် ဆင်းရဲ၏ကုန်ဆုံးရာ နိဗ္ဗာန်သို့ ရောက်နိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ပဌမဝဂ် ပြီး၏။

------

၂-ဒုတိယဝဂ်

၁-ဝိတက္ကသုတ်

၃၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ဉာဏ်တော်၌ ခေမဝိတက် ပဝိဝေကဝိတက်ဟူသော ဝိတက် (အကြံ) နှစ်ပါးတို့သည် အကြိမ်များစွာ အဆင့်ဆင့် မပြတ်ဖြစ်ကုန်၏။ ရဟန်းတို့မြတ်စွာဘုရားသည် ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာ ရှိ၏။ ဆင်းရဲမရှိခြင်း၌ မွေ့လျော်၏။ ရဟန်းတို့ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာရှိသော ဆင်းရဲ မရှိခြင်း၌ မွေ့လျော်တတ်သော ထိုမြတ်စွာဘုရား၏ဉာဏ်တော်၌ ''ဤအမူအရာဖြင့် ကိလေသာရှိသော သတ္တဝါကိုလည်းကောင်း၊ ကိလေသာမရှိသော သတ္တဝါကိုလည်းကောင်း တစ်စုံတစ်ယောက်ကိုမျှ ငါသည် မဆင်းရဲစေလို''ဟု ဤဝိတက်သည်ပင်လျှင်အကြိမ်များစွာ အဆင့်ဆင့် မပြတ်ဖြစ်၏။

ရဟန်းတို့ မြတ်စွာဘုရားသည် ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာ ရှိ၏။ ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်တတ်၏။ ရဟန်းတို့ ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာရှိသော ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်တတ်သော ထိုမြတ်စွာဘုရား၏ ဉာဏ်တော်၌ ''အကုသိုလ်ကို ပယ်အပ်၏''ဟု ဤဝိတက်သည်ပင်လျှင် အကြိမ်များစွာအဆင့်ဆင့် မပြတ်ဖြစ်၏။

ရဟန်းတို့ ထို့ကြောင့် သင်တို့သည်လည်း ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာရှိကြကုန်သည် ဆင်းရဲမရှိခြင်း၌ မွေ့လျော်ကြကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ရဟန်းတို့ ဆင်းရဲမရှိခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် ဆင်းရဲမရှိခြင်း၌ မွေ့လျော်ကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့အား ငါတို့သည် ဤအမူအရာဖြင့် ကိလေသာရှိသော သတ္တဝါကိုလည်းကောင်း၊ ကိလေသာမရှိသော သတ္တဝါကိုလည်းကောင်း့တစ်စုံ တစ်ယောက်ကိုမျှ မဆင်းရဲစေကုန်အံ့''ဟု ဤဝိတက်သည်ပင်လျှင် အကြိမ်များစွာ အဆင့်ဆင့်မပြတ် ဖြစ်လတ္တံ့။

ရဟန်းတို့ ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်ကုန်သည်ဖြစ်၍နေကြကုန်လော့၊ ရဟန်းတို့ ဆိတ်ငြိမ်ခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် ဆိတ်ငြိမ်ခြင်း၌ မွေ့လျော်ကုန်သည်ဖြစ်၍ နေကြကုန်သော သင်တို့အား ''အကုသိုလ်မည်သည် အဘယ်နည်း┐ အဘယ်ကို မပယ်အပ်သနည်း┐ အဘယ်ကို ပယ်စွန့်ရကုန်အံ့နည်း''ဟု ဤဝိတက်သည်ပင်လျှင် အကြိမ်များစွာ အဆင့်ဆင့်မပြတ်ဖြစ်လတ္တံ့ဟု ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ရွက်ဆောင်နိုင်ခဲသော ဘုရားကိစ္စကို ရွက်ဆောင်တတ်သော သစ္စာလေးပါးကို သိတော်မူသော ထိုမြတ်စွာဘုရား၏ ဉာဏ်တော်၌ ထိုနှစ်ပါးသော ကြံစည်မှု 'ဝိတက်'တို့သည် အဆင့်ဆင့်မပြတ်ဖြစ်ကုန်၏။ ဘေးမရှိသော ကြံစည်မှု 'ခေမ ဝိတက်'ကို ရှေးဦးစွာ ဆိုအပ်၏။ ထို့နောက်နှစ်ခုမြောက် ဆိတ်ငြိမ်သော ကြံစည်မှု 'ပဝိဝေကဝိတက်'ကို ပြအပ်၏။

အမိုက်တိုက်ကို ပယ်လွှင့်တတ်သော နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်သော ဂုဏ်ကျေးဇူးအထူးကို ရှာမှီးတတ်သော ရောက်သင့်သည့် အရဟတ္တ ဖိုလ်သို့ ရောက်ပြီးသော ဝသီဘော်နှင့် ပြည့်စုံတော်မူသော အာသဝေါကင်းသော သံသရာဝဋ်ဆင်းရဲကို ကူးမြောက်ပြီးသောတဏှာ၏ကုန်ရာ (အရဟတ္တဖိုလ်နိဗ္ဗာန်)၌ ကင်းလွတ်သော အဆုံးဖြစ်သော ကိုယ်ကို ဆောင်သော ကိလေသာမာရ်ကို စွန့်ပြီးသော အိုခြင်း၏ တစ်ဖက်ကမ်း (နိဗ္ဗာန်)သို့ ရောက်သော ထိုမြတ်စွာဘုရား၏ဉာဏ်တော်၌ (ဝိတက်နှစ်ပါးတို့သည်) အဆင့်ဆင့် မပြတ်ဖြစ်ကုန်၏။

ကျောက်တောင်ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ ကောင်းမြတ်သော ပညာရှင် ဖြစ်တော်မူသော ထက်ဝန်းကျင်မြင်နိုင်စွမ်းသောဉာဏ်မျက်စိရှိတော်မူသော စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် ပညာ (ဓမ္မ) ဖင့်ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်သဖြင့်စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-ဒေသနာသုတ်

၃၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ တရားဟောခြင်းနှစ်ပါးတို့သည် အကြောင်းအားဖြင့် ဖြစ်ကုန်၏။ အဘယ်နှစ်ပါးတို့နည်း- မကောင်းမှုကို မကောင်းမှုအားဖြင့် ကြည့်ရှုကြလော့၊ ဤသည်ကား ပဌမဖြစ်သောတရားဟောခြင်းတည်း။ မကောင်းမှုကို မကောင်းမှုအားဖြင့် မြင်၍ ထိုမကောင်းမှု၌ ငြီးငွေ့ကြကုန်လော့၊ တပ်ခြင်း ကင်းကြကုန်လော့၊ ကင်းလွတ်ကြကုန်လော့၊ ဤသည်ကား ဒုတိယဖြစ်သောတရား ဟောခြင်းတည်း။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ တရားဟောခြင်းနှစ်ပါးတို့သည် အကြောင်းအားဖြင့်ဖြစ်ကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''သတ္တဝါအားလုံးကို စောင့်ရှောက်တော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရား၏ အကြောင်းအားဖြင့် ဟောတော်မူအပ်သော ဒေသနာကို ဉာဏ်ဖြင့် ရှုပါလော့၊ (မြတ်စွာဘုရားသည် ) တရားနှစ်ပါးတို့ကိုလည်းကောင်းစွာ ပြတော်မူ အပ်ကုန်၏။

ထိုမကောင်းမှုကို ဉာဏ်ဖြင့် ရှုကြကုန်လော့၊ ထိုမကောင်းမှု၌လည်း တပ်ခြင်း ကင်းကြကုန်လော့၊ ထိုတပ်မှုကင်းခြင်းကြောင့် မကောင်းမှု၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည်ဖြစ်၍ ဆင်းရဲ၏ဆုံးရာနိဗ္ဗာန်ကို မျက်မှောက်ပြုကြကုန်လတ္တံ့''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-ဝိဇ္ဇာသုတ်

၄၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အဝိဇ္ဇာ 'မောဟ'သည် အကုသိုလ်တရားတို့ ဖြစ်ခြင်း၏ ရှေ့သွားဖြစ်၏။ အရှက်မရှိမှု 'အဟိရိက' မထိတ်လန့်မှု 'အနောတ္တပ္ပ'သည် နောက်လိုက်တရားသာ ဖြစ်၏။ ရဟန်းတို့ ဝိဇ္ဇာ 'အမောဟ'သည် ကုသိုလ်တရားတို့ ဖြစ်ခြင်း၏ ရှေ့သွားဖြစ်၏။ ရှက်မှု 'ဟိရီ' ထိတ်လန့်မှု 'ဩတ္တပ္ပ'သည် နောက်လိုက်တရားသာ ဖြစ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ဤလူ့ပြည် လောက၌လည်းကောင်း၊ တစ်ပါးသော လောက၌လည်းကောင်း ဒုဂ္ဂတိဟူသမျှအားလုံးတို့သည် အဝိဇ္ဇာ'မောဟ'လျှင် အကြောင်းရင်း ရှိကုန်၏။ မရသေးသော အာရုံကိုလိုချင်မှု 'ဣစ္ဆာ'နှင့် ရပြီးအာရုံကို တပ်မက်မှု 'လောဘ'တို့ဖြင့် ပွါးစီးကုန်၏။

အကြင်အဝိဇ္ဇာဟူသော အကြောင်းကြောင့် ယုတ်မာသော အလိုရှိသူ အရှက်မရှိသူ ရိုသေမှုမရှိသူဖြစ်ရ၏။ ထိုအဝိဇ္ဇာဟူသော အကြောင်းကြောင့် မကောင်းမှု ပွါးများ၏။ ထိုမကောင်းမှုဖြင့် အပါယ်သို့ လားရောက်ရ၏။

ထို့ကြောင့် ရဟန်းသည် အလို 'ဆန္ဒ'ကိုလည်းကောင်း၊ လောဘကိုလည်းကောင်း၊ အဝိဇ္ဇာကိုလည်းကောင်း ပယ်စွန့်ကာ ဝိဇ္ဇာ 'အမောဟ'ကို ဖြစ်စေလျက် အလုံးစုံသော ဒုက္ခ၏တည်ရာလားရာ 'ဂတိ' ငါးရပ်တို့ကို ပယ်စွန့်နိုင်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

ပဌမဘာဏဝါရ ပြီး၏။

------

၄-ပညာပရိဟီနသုတ်

၄၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ စင်ကြယ်သော ဝိပဿနာပညာ မဂ်ပညာမှ ဆုတ်ယုတ်သော သတ္တဝါတို့သည် (သမ္ပတ္တိအားလုံးတို့မှ) အလွန့်အလွန် ဆုတ်ယုတ်သော သတ္တဝါတို့ မည်ကုန်၏။ ထိုသတ္တဝါတို့သည် ယခုဘဝ၌ပင် ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းရှိသည်ဖြစ်၍ ဆင်းရဲစွာ နေရကုန်၏။ ခန္ဓာကိုယ်ပျက်စီး၍သေသည်မှနောက်၌ မကောင်းသော လားရာ ဒုဂ္ဂတိဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ရဟန်းတို့ စင်ကြယ်သော ဝိပဿနာပညာ မဂ်ပညာမှ မဆုတ်ယုတ်ကုန်သော သတ္တဝါတို့သည် (သမ္ပတ္တိအားလုံးတို့မှ) မဆုတ်ယုတ်သော သတ္တဝါတို့ မည်ကုန်၏။ ထိုသတ္တဝါတို့သည် မျက်မှောက်ဘဝ၌ပင် ့ပင်ပန်းခြင်း ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်းမရှိဘဲ ချမ်းသာစွာ နေရကုန်၏။ ခန္ဓာကိုယ် ပျက်စီး၍သေသည်မှနောက်၌ ကောင်းသော လားရာ 'သုဂတိ' ဘဝသို့ မချွတ်ရောက်လိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''နတ်နှင့်တကွသော လောကကို ကြည့်ရှုလော့၊ ပညာမှ ဆုတ်ယုတ်ခြင်းကြောင့် နာမ်ရုပ်၌ အမှားနှလုံးသွင်းသည် ဖြစ်ရကား ဤသည်သာမှန်၏ဟု အောက်မေ့မှတ် ထင်၏။

မှန်၏။ အကြင်ပညာသည် ဖောက်ထွင်း၍ နိဗ္ဗာန်သို့ ရောက်စေတတ်၏။ အကြင်ပညာဖြင့်ဇာတိဘဝ၏ကုန်ခြင်းကို ကောင်းစွာသိ၏။ ထိုပညာသည်သာ လောက၌ အမြတ်ဆုံးဖြစ်၏။

သတိရှိတော်မူကုန်သော ရွှင်သော ပညာရှိကုန်သော အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်ကုန်သော ထိုသစ္စာလေးပါးကို သိကုန်သော ဘုရားရဟန္တာတို့အား နတ်လူတို့သည် ချစ်မြတ်နိုးကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-သုက္ကဓမ္မသုတ်

၄၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ အဘယ်နှစ်ပါးတို့နည်း- မကောင်းမှုမှ ရှက်မှု 'ဟိရီ'လည်းကောင်း မကောင်းမှုမှ ကြောက်လန့်မှု 'ဩတ္တပ္ပ'လည်းကောင်းတည်း။ ရဟန်းတို့ ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို မစောင့်ရှောက်ကုန်မူဤလောက၌ ''အမိ''ဟူ၍သော်လည်းကောင်း၊ ''မိကြီး မိထွေး''ဟူ၍သော်လည်းကောင်း၊ ''ဦးလေးဦးကြီး၏ မယား''ဟူ၍သော်လည်းကောင်း၊ ''ဆရာ၏ မယား''ဟူ၍သော်လည်းကောင်း၊ ''အလေးပြုထိုက်သူတို့၏ မယား''ဟူ၍သော်လည်းကောင်း မထင်နိုင်ရာ၊ လူ့လောကကြီးသည် ဆိတ်နှင့်သိုး ကြက် ဝက် ခွေး မြေခွေးတို့ကဲ့သို့ ရောနှောပျက်စီးခြင်သို့ ရောက်ရ၏။ အကြင့်ကြောင့် ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကို စောင့်ရှောက်ကုန်၏။ ထို့ကြောင့် ''အမိ''ဟူ၍သော်လည်းကောင်း၊ ''မိကြီး မိထွေး''ဟူ၍သော်လည်းကောင်း၊ ''ဦးလေး ဦးကြီး၏ မယား''ဟူ၍သော်လည်းကောင်း၊ ''ဆရာ၏ မယား''ဟူ၍သော်လည်းကောင်း၊ ''အလေးပြုထိုက်သူတို့၏ မယား''ဟူ၍သော်လည်းကောင်းထင်ရှား၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူတို့အား အရှက်အကြောက်သည် အခါ ခပ်သိမ်း မရှိ၊ ထိုသူတို့သည် ဖြူစင်သောတရားမှသက်လျှောသောကြောင့် (အဖန်ဖန်) ပဋိသန္ဓေနေခြင်း သေခြင်းသို့ ရောက်ရ၏။

အကြင်သူတို့အား အရှက်အကြောက်သည် အမြဲထင်၏။ မြတ်သောအကျင့် ပြန့် ပွါး၍ကိလေသာငြိမ်းကုန်သော ထိုသူတို့သည် တစ်ဖန်ပဋိသန္ဓေနေခြင်းမှကုန်ပြီးသူတို့ ဖြစ်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-အဇာတသုတ်

၄၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော ဤနိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှုပြုလုပ်ထားမှု စီရင်ထားမှုဟူသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။ ရဟန်းတို့ အကြင့်ကြောင့် ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှု မရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ထို့ကြောင့် သာ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှု ပြုလုပ်ထားမှု စီရင်ထားမှုဖြစ်သော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် ထင်ရှား၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ဖြစ်ပေါ်နေသော ထင်ရှားဖြစ်ပေါ်နေသော ကောင်းစွာ ဖြစ်သော ပြုလုပ်ထားသော စီရင်ထားမှုရှိသော မမြဲသော အိုခြင်း သေခြင်းတို့နှင့် ရောစပ်နေသော ရောဂါအပေါင်းတို့၏ (တည်နေရာ) အသိုက်သဖွယ်ဖြစ်သော ပျက်စီးခြင်းရှိသော အာဟာရနှင့် တဏှာလျှင် ဖြစ်ကြောင်း အမွန်အစရှိသော ထိုခန္ဓာငါးပါးကို နှစ်သက်ခြင်းငှါ မသင့်၊ ထိုခန္ဓာငါးပါး (သက္ကာယ) ၏ ထွက်မြောက်ရာဖြစ်သော (ကိလေသာ သင်္ခါရတို့၏) ငြိမ်းအေးရာဖြစ်သော ကြံစည်မှု တက္ကဉာဏ်၏ အာရုံမဟုတ်သော ခိုင်မြဲသော ဖြစ်ပေါ်မှုမရှိသော ကောင်းစွာ မဖြစ်သော စိုးရိမ်မှုကင်းသော ကိလေသာမြူကင်းသော သံသရာဆင်းရဲနှိပ်စက်ခံရသူတို့ ကျင့်အပ်သော ဆင်းရဲ တရားတို့၏ ချုပ်ရာဖြစ်သော သင်္ခါရတို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ချမ်းသာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-နိဗ္ဗာနဓာတုသုတ်

၄၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ အဘယ်နှစ်ပါးတို့နည်းဟူမူ- ခန္ဓာငါးပါးအကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ် ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်တို့တည်း။

ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း┐ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်သူ ဖြစ်၏။ ထိုရဟန္တာပုဂ္ဂိုလ်အား (နောက်ဆုံးဘဝ၏ အကြောင်းကံ မကုန်သေးသမျှ) ဣန္ဒြေငါးပါးတို့သည် တည်ရှိကုန်သည်သာလျှင် တည်း။ ထိုရဟန္တာပုဂ္ဂိုလ်သည် ယင်းဣန္ဒြေငါးပါးတို့၏ (အနုပ္ပါဒနိရောဓ၏ အစွမ်းဖြင့်) မချုပ်ကုန်သောကြောင့် ပင် နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အာရုံကို ခံစား၏။ ချမ်းသာဆင်းရဲကို ခံစား၏။ ထိုရဟန္တာပုဂ္ဂိုလ်အား အကြင်ရာဂကုန်ခန်းမှု ဒေါသကုန်ခန်းမှု မောဟကုန်ခန်းမှုသည် ရှိ၏။ ဤရာဂဒေါသမောဟကုန်ခန်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းရှိသော 'သဥပါဒိသေသ' နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။

ရဟန်းတို့ ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်ဟူသည် အဘယ်နည်း┐ ရဟန်းတို့ဤသာသနာတော်၌ ရဟန်းသည် ပူဇော်အထူးကို ခံထိုက်သူ အာသဝေါကုန်ခန်းသူ အကျင့်မြတ်ကို ကျင့်သုံးပြီးသူ ပြုအပ်ပြီးသော (မဂ်) ကိစ္စရှိသူ ခန္ဓာဝန်ကို ချပြီးဖြစ်သူ မိမိအကျိုး (အရဟတ္တဖိုလ်)သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသူ ဖြစ်၏။ ့ဤအတ္တဘော၌ပင် ထိုရဟန္တာပုဂ္ဂိုလ်အား ခံစားမှု 'ဝေဒနာ'အားလုံးတို့သည် ရာဂစသည်တို့ဖြင့် မနှစ်သက်အပ်ကုန်မူ၍ တစ်ဖန် မဖြစ်သောအားဖြင့် ငြိမ်းအေးကုန်လတ္တံ့။ ရဟန်းတို့ ဤခံစားမှုဟူသမျှတို့၏တစ်ဖန် မဖြစ်သောအားဖြင့် ချုပ်ငြိမ်းမှုကိုပင် ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ' နိဗ္ဗာနဓာတ်ဟု ဆိုအပ်၏။ ရဟန်းတို့ နိဗ္ဗာနဓာတ်တို့သည် ဤနှစ်ပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တဏှာဒိဋ္ဌိအစွမ်းဖြင့် တစ်စုံတစ်ခုသောတရားကို မမှီသောတာဒိဂုဏ်ရှင် ဖြစ် တော်မူသော စက္ခုငါးပါးရှိသော မြတ်စွာဘုရားသည် ဤနှစ်ပါးသော နိဗ္ဗာနဓာတ်တို့ကို ပြတော်မူအပ်ကုန်၏။မှန်၏-တစ်မျိုးသော (သဥပါဒိသေသ) နိဗ္ဗာနဓာတ်သည် ဤမျက်မှောက်အတ္တဘော၌ ဖြစ်၏။ ခန္ဓာငါးပါးကြွင်းကျန်၏။ ဘဝတဏှာကုန်ခန်း၏။ ခန္ဓာငါးပါး အကြွင်းမရှိသော 'အနုပါဒိသေသ'နိဗ္ဗာနဓာတ်သည်ကား ခန္ဓာပျက်ပြီးသောအခါ၌ ဖြစ်၏။ ယင်းနိဗ္ဗာနဓာတ်၌ အလုံးစုံအားဖြင့်ဘဝတို့သည် ချုပ်ကုန်၏။

အကြင်ပုဂ္ဂိုလ်တို့သည် ပြုပြင်ခြင်းကင်းသော ထိုနိဗ္ဗာန်ကို သိ၍ ကိလေသာမှ လွတ်မြောက်သော စိတ်ရှိကုန်၏။ ဘဝတဏှာကုန်ခန်းကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် တရားအနှစ်ကို ရသောကြောင့် ရာဂစသည်ကုန်ရာ နိဗ္ဗာန်၌ မွေ့လျော်ကုန်၏။ တာဒိဂုဏ်ရှင် ထိုဘုရားသခင်တို့သည် အလုံးစုံသော ဘဝတို့ကို ပယ်စွန့်ကုန်၏''ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-ပဋိသလ္လာနသုတ်

၄၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တစ်ယောက်တည်း ကိန်းအောင်းခြင်းလျှင် မွေ့လျော်ရာရှိကုန်သည် တစ်ယောက်တည်းကိန်းအောင်းရခြင်း၌ မွေ့လျော်ကုန်သည် အဇ္ဈတ္တသန္တာန်၌ စိတ်၏ငြိမ်းအေးခြင်းကိုအားထုတ်ကြကုန်သည် မပျက်စီးသော ဈာန်ရှိကြကုန်သည် ဝိပဿနာနှင့် ပြည့်စုံကြကုန်သည်ဆိတ်ငြိမ်ရာအရပ်တို့ကို ပွါးစေကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ရဟန်းတို့ တစ်ယောက်တည်းကိန်းအောင်းခြင်းလျှင် မွေ့လျော်ရာရှိကုန်သောတစ်ယောက်တည်း ကိန်းအောင်းရခြင်း၌ မွေ့လျော်ကုန်သော အဇ္ဈတ္တသန္တာန်၌ စိတ်၏ငြိမ်းအေးခြင်းကိုအားထုတ်ကြကုန်သော မပျက်စီးသော ဈာန်ရှိကုန်သော ဝိပဿနာနှင့် ပြည့်စုံကြကုန်သော ဆိတ်ငြိမ်ရာ အရပ်တို့ကို ပွါးစေကုန်သည်ဖြစ်၍နေကြကုန်သော ပုဂ္ဂိုလ်တို့အား အရဟတ္တဖိုလ်ကိုလည်းကောင်း၊ ကိလေသာအကြွင်းရှိသေးမူအနာဂါမိဖိုလ်ကိုလည်းကောင်း ဤနှစ်ပါးသော ဖိုလ်တို့တွင် တစ်ပါးပါးသော ဖိုလ်ကို ဤဘဝ၌ပင် မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ပုဂ္ဂိုလ်တို့သည် ငြိမ်းအေးသော စိတ် ရင့်ကျက်သော ပညာ သတိရှိကုန်လျက်သာလျှင် သမထဝိပဿနာနှစ်ပါးဖြင့် ရှုလေ့ရှိကုန်သည် ကာမတို့၌ ငဲ့ကွက်ခြင်း ကင်းကုန်သည်ဖြစ်၍ခန္ဓာငါးပါးတရားကို အသင့်အားဖြင့် ရှုကုန်၏။

မမေ့မလျော့မှု 'အပ္ပမာဒ' တရား၌ မွေ့လျော်ကုန်သော မေ့လျော့မှု 'ပမာဒ' တရား၌ ဘေးဟု ရှုကုန်သောသူတော်ကောင်းတို့သည် ဆုတ်ယုတ်ခြင်းငှါ မထိုက်ကုန် နိဗ္ဗာန်နှင့်သာလျှင် နီးကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-သိက္ခာနိသံသသုတ်

၄၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သိက္ခာဟူသော အကျိုးရှိကုန်သည် ပညာလွန်ကဲကုန်သည် အရဟတ္တဖိုလ်ဟူသော အနှစ်ရှိကုန်သည် သတိဟူသော အကြီးအမှူးရှိကုန်သည်ဖြစ်၍ နေကြကုန်လော့၊ ရဟန်းတို့သိက္ခာဟူသော အကျိုးရှိကုန်သည် ပညာလွန်ကဲကုန်သည် အရဟတ္တဖိုလ်ဟူသော အနှစ်ရှိကုန်သည်သတိဟူသော အကြီး အမှူးရှိကုန်သည်ဖြစ်၍ နေကြကုန်သောသူတို့အားအရဟတ္တဖိုလ်ကိုလည်းကောင်း ကိလေသာ အကြွင်း ရှိသေးမူ အနာဂါမိဖိုလ်ကိုလည်းကောင်းဤနှစ်ပါးသော ဖိုလ်တို့တွင် တစ်ပါးပါးသော ဖိုလ်ကို ဤဘဝ၌ပင် မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပြည့်စုံသောအကျင့်ရှိသော မပျက်သောတရားရှိသော ထူးကဲသော ပညာရှိသော ဇာတိကုန်ရာ နိဗ္ဗာန်ကို မြင်လေ့ရှိသော အဆုံးဖြစ်သော အတ္တဘောကို ဆောင်သော ကိလေသာမာရ်ကို စွန့်သော ထိုရဟန်းကို ဇရာ၏ ကမ်းတစ်ဖက်သို့ ရောက်သူဟု ငါ ဟောတော်မူ၏။

ရဟန်းတို့ ထို့ကြောင့် (သင်တို့သည်) အခါ ခပ်သိမ်း နှစ်မျိုးသော ဈာန်၌ မွေ့လျော်ကြသူတည်ကြည်ကြသူ ပြင်းစွာအားထုတ်သော လုံ့လရှိကြသူ ဇာတိကုန်ရာ နိဗ္ဗာန်ကို ဉာဏ်ဖြင့် ရှုကြသူစစ်သည်နှင့် တကွသော မာရ်ကို လွှမ်းမိုး၍ ပဋိသန္ဓေ နေမှု သေမှု၏ တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ရောက်ကြရသူတို့သည် ဖြစ်ကြကုန်လော့''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-ဇာဂရိယသုတ်

၄၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန်းသည် နိုးကြားမှုနှင့်ယှဉ်သူ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသူတည်ကြည်မှု 'သမာဓိ' ရှိသူ ဝမ်းမြောက်မှုများသူ ကောင်းစွာ ကြည်လင်သူ ဖြစ်၍လည်း နေရာ၏။ ထိုကမ္မဋ္ဌာန်းအားထုတ်ရာဝယ် ကုသိုလ်တရားတို့၌ အခါအားလျော်စွာ အထူးရှုလျက်လည်း နေရာ၏။ ရဟန်းတို့ နိုးကြားမှုနှင့်ယှဉ်သူ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသူတည်ကြည်မှု 'သမာဓိ' ရှိသူ ဝမ်းမြောက်မှုများသူ ကောင်းစွာ ကြည်လင်သူ ထိုကမ္မဋ္ဌာန်းအားထုတ်ရာဝယ် ကုသိုလ်တရားတို့၌ အခါအားလျော်စွာ အထူးရှုလျက်နေသူ ရဟန်းအားအရဟတ္တဖိုလ်ကိုလည်းကောင်း၊ ကိလေသာအကြွင်းရှိ သေးမူ အနာဂါမိဖိုလ်ကိုလည်းကောင်းဤနှစ်ပါးသော ဖိုလ်တို့တွင် တစ်ပါးပါးသော ဖိုလ်ကို ယခုဘဝ၌ပင် မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''နိုးကြားကြကုန်သော သင်တို့သည် ဤငါ၏ စကားကို နာကြကုန်လော့၊ အိပ်ပျော်နေကြကုန်သော သင်တို့သည် နိုးကြားကြကုန်လော့၊ အိပ်ပျော်ခြင်းထက် နိုးကြားခြင်းသည် မြတ်၏။ နိုးကြားသောသူအားဘေးမရှိ။

အကြင်သူသည် နိုးလည်းနိုးကြား၏။ အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'လည်း ရှိ၏။ တည်ကြည်မှု 'သမာဓိ'လည်း ရှိ၏။ ဝမ်းမြောက်မှုများ၍ ကြည်လင်သော စိတ်လည်း ရှိ၏။ ထိုသူသည် အခါအားလျော်စွာ အသင့်အားဖြင့် တရားကို စူးစမ်းရှာဖွေလျက်ငြိမ်သက်တည်ကြည်သည့်အဖြစ်သို့ ရောက်ကာ အဝိဇ္ဇာဟူသော အမိုက်တိုက်ကို ပယ်ဖျောက်နိုင်ရာ၏။

ထို့ကြောင့် ဤလောက၌ နိုးကြားသူကိုသာ ဆည်းကပ်ရာ၏။ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသော ရင့်ကျက်သော ပညာရှိသော ဈာန်ရသော ရဟန်းသည် ပဋိသန္ဓေနေခြင်းအိုခြင်း၏ (အကြောင်း) သံယောဇဉ်ကို ဖြတ်တောက်၍ ဤဘဝ၌ပင် အတုမရှိမြတ်သော အရဟတ္တမဂ်ဉာဏ်သို့ ရောက်ရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

------

၁၁-အာပါယိကသုတ်

၄၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤဆိုလတ္တံ့သော အကြောင်းတရားနှစ်ပါးကို မပယ်နိုင်၍ အပါယ်၌ ဖြစ်ရမည့် ငရဲ၌ ဖြစ်ရ မည့်ပုဂ္ဂိုလ်တို့သည် ဤနှစ်ယောက်တို့တည်း။ အဘယ်နှစ်ယောက်တို့နည်း- အကြင်သူသည်ကား မြတ်သောအကျင့်ကို မကျင့်ဘဲလျက် မြတ်သောအကျင့်ကို ကျင့်၏ဟု ဝန်ခံ၏။ အကြင်သူသည်ကား ထက်ဝန်းကျင်ပြည့်စုံ၍ ဖြူစင်သော မြတ်သောအကျင့်ကို ကျင့်သောသူကို အခြေအမြစ်မရှိသော မမြတ်သောအကျင့်ဖြင့် စွပ်စွဲနှိပ်စက် ဖျက်ဆီး၏။ ရဟန်းတို့ ဤယုတ်မာသောတရားတို့ကို မပယ်နိုင်၍ အပါယ်၌ ဖြစ်ရမည့်ငရဲ၌ ဖြစ်ရမည့် ပုဂ္ဂိုလ်တို့သည် ဤနှစ်ယောက်တို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက် သဘောကို -

''မဟုတ်မမှန်ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ (မိမိ) ပြုလုပ်လျက် မပြုမလုပ်ဟု ပြောဆိုသောသူသည်လည်း ငရဲသို့ ရောက်ရ၏။ ထိုသူနှစ်ယောက်တို့သည်လည်း ယုတ်သော အမှုရှိကုန်သည်ဖြစ်၍ နောင်တမလွန်ဘဝ၌ ငရဲခံရခြင်း တူကုန်၏။

ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ်နှုတ်နှလုံးကို) မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

သီလလည်းမရှိ၊ ကိုယ်နှုတ်နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့သဒ္ဓါကြည်ဖြူပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဧကာဒသမသုတ်။

------

၁၂-ဒိဋ္ဌိဂတသုတ်

၄၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နှစ်ပါးသော ဒိဋ္ဌိအယူတို့ဖြင့် နှိပ်စက်ခံရသော နတ်လူအချို့တို့သည် တွန့်တိုဆုတ်နစ်ကုန်၏။ အချို့တို့သည်ကား လွန်၍ ပြေးသွားကုန်၏။ စက္ခုအမြင်ရှိသူတို့သည်ကား မဇ္ဈိမပဋိပဒါဖြင့် မျက့်မှောက်ပြုနိုင်ကုန်၏။

ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်သနည်း┐ ရဟန်းတို့ နတ်လူတို့သည် ဘဝလျှင် မွေ့လျော်ရာ ရှိကုန်၏။ ဘဝ၌ မွေ့လျော်တတ်ကုန်၏။ ဘဝ၌ နှစ်သက်တတ်ကုန်၏။ ထိုသူတို့အား ဘဝချုပ်ရန်အတွက် တရားဟောပြောသည်ရှိသော် စိတ်သည် မသက်ဝင် မကြည်လင် ကောင်းစွာ မတည် နှလုံးမသွင်း၊ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် တွန့်တိုဆုတ်နစ်ကုန်၏။

ရဟန်းတို့ အဘယ်သို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်သနည်း┐ အချို့သူတို့သည် ဘဝဖြင့်ပင် ငြီးငွေ့ကုန် ဘဝမှ ရှက်နိုးကုန် ဘဝ၌ စက်ဆုပ်ကုန်သည်ဖြစ်၍ ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကုန်၏။ အချင်းတို့ အကြင့်ကြောင့် ဤအတ္တသည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ပြတ်၏။ ပျက်စီး၏။ သေသည်မှ နောက်၌ မဖြစ်တော့၊ ဤတရားသည် ငြိမ်း၏။ ဤတရားသည် မြတ်၏။ ဤတရားသည် မဖောက်မပြန်မှန်ကန်သော သဘော ရှိ၏။ ရဟန်းတို့ ဤသို့လျှင် အချို့သူတို့သည် လွန်၍ ပြေးသွားကုန်၏။

ရဟန်းတို့ အဘယ်သို့လျှင် စက္ခုအမြင်ရှိသောသူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုနိုင်ကုန်သနည်း┐ ဤသာသနာတော်၌ ရဟန်းသည် ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်၏။ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို ငြီးငွေ့ရန် တပ်ခြင်းကင်းရန် ချုပ်ရန် ကျင့်၏။ ရဟန်းတို့ ဤသို့လျှင် စက္ခုအမြင်ရှိသောသူတို့သည် မဇ္ဈိမပဋိပဒါဖြင့် မျက်မှောက်ပြုကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူူတို့သည် ဟုတ်မှန်သော ခန္ဓာငါးပါးကိုဟုတ်မှန်သောအားဖြင့် မြင်ခြင်းကြောင့် ဟုတ်မှန်သော ခန္ဓာငါးပါးကို လွန်မြောက်လျက် ဘဝတဏှာကုန်ခြင်းကြောင့် ဟုတ်မှန်သော နိဗ္ဗာန်ကို (အာရုံပြု၍) ကိလေသာမှ လွတ်မြောက်ကုန်၏။

ခန္ဓာငါးပါးကို ပိုင်းခြား၍သိသော ဘဝကြီးငယ်၌ တဏှာကင်းသော ထိုရဟန်းသည် ခန္ဓာငါးပါး၏မဖြစ်ခြင်းကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒွါဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။

ဒုကနိပါတ် မြန်မာပြန် ပြီး၏။

------

၃-တိကနိပါတ်

၁-ပဌမဝဂ်

၁-မူလသုတ်

၅၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကုသိုလ်မူလတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- လောဘဟူသော အကုသိုလ်မူလ ဒေါသဟူသော အကုသိုလ်မူလ မောဟဟူသော အကုသိုလ်မူလတို့တည်း။ ရဟန်းတို့အကုသိုလ်မူလတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''လောဘသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ မောဟသည်လည်းကောင်း မိမိ၌ ဖြစ်ကုန်သော ဤတရားတို့သည် ဝါးပင်ကို မိမိအသီးသည်ပင် ဖျက်ဆီးသကဲ့သို့ ယုတ်မာသော စိတ်ရှိသူကို ဖျက်ဆီးကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ်ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-ဓာတုသုတ်

၅၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဓာတ်တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ရူပဓာတ် အရူပဓာတ်နိရောဓဓာတ်တို့တည်း။ ရဟန်းတို့ ဓာတ်တို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူတို့သည် ရူပဓာတ်ကို ပိုင်းခြားသိ၍ အရူပဓာတ်တို့၌ မကပ်ငြိဘဲ နိရောဓဓာတ်၌ အာရုံပြုကာ အရိယမဂ်ဖြင့် ကိလေသာမှ လွတ်ကုန်၏။ ထိုသူတို့သည် သေခြင်းမှ လွန်မြောက်ကုန်၏။

အာသဝေါကင်းတော်မူပြီးသော မြတ်စွာဘုရားသည် နာမကာယဖြင့် ဥပဓိကင်းသော အမတဓာတ်သို့ ရောက်တော်မူ၍ ဥပဓိတို့၏ စွန့်လွှတ်ရာ နိဗ္ဗာန်ကို မျက် မှောက်ပြုပြီးလျှင် စိုးရိမ်မှုကင်းသော ကိလေသာမြူကင်းသော နိဗ္ဗာန်တရားကို ဟောတော်မူ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-ပဌမဝေဒနာသုတ်

၅၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-သုခဝေဒနာ ဒုက္ခဝေဒနာဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''မြတ်စွာဘုရား၏ တပည့်သည် တည်ကြည်မှု 'သမာဓိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'အောက်မေ့မှု 'သတိ' ရှိသည်ဖြစ်၍ ဝေဒနာတို့ကိုလည်းကောင်း၊ ဝေဒနာတို့၏ဖြစ်ကြောင်း 'သမုဒယ'ကိုလည်းကောင်း၊ ဝေဒနာတို့၏ချုပ်ရာ 'နိရောဓ'ကိုလည်းကောင်း၊ ဝေဒနာတို့၏ ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။ ရဟန်းသည် ဝေဒနာတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်ဖြင့်ပရိနိဗ္ဗာန်ပြုရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-ဒုတိယဝေဒနာသုတ်

၅၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဝေဒနာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-သုခဝေဒနာ ဒုက္ခဝေဒနာဥပေက္ခာဝေဒနာတို့တည်း။ ရဟန်းတို့ သုခဝေဒနာကို ဆင်းရဲဟူ၍ ရှုအပ်၏။ ဒုက္ခဝေဒနာကို ငြောင့်တံကျင်ဟူ၍ ရှုအပ်၏။ ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ ရှုအပ်၏။ ရဟန်းတို့ အကြင့်ကြောင့် ရဟန်းသည် သုခဝေဒနာကို ဆင်းရဲဟူ၍ မြင်၏။ ဒုက္ခဝေဒနာကို ငြောင့်တံကျင်ဟူ၍ မြင်၏။ ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ မြင်၏။ ရဟန်းတို့ ထို့ကြောင့် ဤရဟန်းကို ဖြူစင်၍ ကောင်းသော အမြင်ရှိသူ တဏှာပြတ်ပြီးသူသံယောဇဉ်ကင်းပြီးသူ အကြွင်းမဲ့မာနကို ပယ်ခြင်းကြောင့် ဆင်းရဲအဆုံးကို ပြုပြီးသူဟု ဆိုအပ်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် သုခဝေဒနာကို ဆင်းရဲဟူ၍ မြင်၏။ ဒုက္ခဝေဒနာကို ငြောင့်တံ ကျင်ဟူ၍ မြင်၏။ ငြိမ်သက်သော ဥပေက္ခာဝေဒနာကို အနိစ္စဟူ၍ မြင်၏။

ဝေဒနာသုံးပါးတို့ကို ကောင်းစွာ မြင်ပြီးသော ထိုရဟန်းသည် ထိုဝေဒနာ၌ သမုစ္ဆေဒဝိမုတ္တိအားဖြင့်လွတ်မြောက်၏။ ထို့ကြောင့် ထိုရဟန်းသည် အဘိညာဉ် ကိစ္စ ပြီးဆုံးပြီး၍ ငြိမ်းအေးပြီးလျှင်ယောဂလေးပါးကို လွန်မြောက်ပြီးသူဖြစ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-ပဌမဧသနာသုတ်

၅၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-ကာမကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''မြတ်စွာဘုရား၏ တပည့်သည် တည်ကြည်မှု 'သမာဓိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်'အောက်မေ့မှု 'သတိ' ရှိသည်ဖြစ်၍ ရှာမှီးခြင်းတို့ကိုလည်းကောင်း၊ ရှာမှီးခြင်းတို့၏ဖြစ်ကြောင်း 'သမုဒယ'ကိုလည်းကောင်း၊ ရှာမှီးခြင်းတို့၏ချုပ်ရာ 'နိရောဓ'ကိုလည်းကောင်း၊ ရှာမှီးခြင်းတို့၏ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။ ရဟန်းသည် ရှာမှီးခြင်းတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန်ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-ဒုတိယဧသနာသုတ်

၅၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-ကာမကို ရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကျင့်မြတ်ကို ရှာမှီးခြင်းနှင့်တကွ ကာမကို ရှာမှီးခြင်း ဘဝကို ရှာမှီးခြင်းဟု ရှာမှီးခြင်းသုံးပါးတို့တည်း။ ဤသည်သာမှန်၏ဟု အမှားသုံးသပ်ခြင်းသည် ဒိဋ္ဌိလျှင် အကြောင်းရှိ၏။ (ကိလေသာ) အဆင့်ဆင့် တိုးပွါး၏။

ရာဂအားလုံးတို့မှ ကင်းသောတဏှာကုန်ရာ အရဟတ္တဖိုလ် 'ဝိမုတ္တိ' ရှိသော ရဟန္တာပုဂ္ဂိုလ်သည် ရှာမှီးခြင်းတို့ကို စွန့်လွှတ်၏။ ဒိဋ္ဌိဟူသောတည်ရာအကြောင်းတို့ကို ပယ်နုတ်၏။ ရဟန်းသည် ရှာမှီးခြင်းတို့၏ကုန်ခြင်းကြောင့် အလိုအာသာ မရှိသူသို့လောသို့လော တွေးတောမှု မရှိသူဖြစ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-ပဌမအာသဝသုတ်

၅၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့တည်း။ ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တည်ကြည်မှု 'သမာဓိ' ဆင်ခြင်ဉာဏ်'သမ္ပဇဉ်' အောက်မေ့မှု 'သတိ'ရှိသည်ဖြစ်၍ မြတ်စွာဘုရား၏တပည့်သည် အာသဝတို့ကိုလည်းကောင်း၊ အာသဝတို့၏ ဖြစ် ကြောင်း'သမုဒယ'ကိုလည်းကောင်း၊ အာသဝတို့၏ချုပ်ရာ'နိရောဓ'ကိုလည်းကောင်း၊ အာသဝတို့၏ကုန်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်းဖြစ်သော အရိယမဂ်ကိုလည်းကောင်း ပိုင်းခြား၍သိ၏။ ရဟန်းသည် အာသဝတို့၏ကုန်ခြင်းကြောင့် တဏှာကင်းသည်ဖြစ်၍ ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန်ဖြင့် ပရိနိဗ္ဗာန်ပြုရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-ဒုတိယအာသဝသုတ်

၅၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ကာမာသဝ ဘဝါသဝအဝိဇ္ဇာသဝတို့တည်း။ ရဟန်းတို့ အာသဝတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ပုဂ္ဂိုလ်အား ကာမာသဝသည်ကုန်ခဲ့ပြီ။ အဝိဇ္ဇာသဝသည်လည်း ကင်း ပျောက်ပြီ။ ့ဘဝါသဝသည်လည်းကုန်ခန်းပြီ။ ထိုပုဂ္ဂိုလ်သည် (ကိလေသာမှ) ကင်း လွတ်ပြီးလျှင် ဥပဓိမရှိမူ၍စစ်သည်နှင့် တကွသော မာရ်ကို အောင်လျက် အဆုံး စွန်သော ကိုယ်အတ္တဘောကို ဆောင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-တဏှာသုတ်

၅၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တဏှာတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ကာမတဏှာ၊ ဘဝ တဏှာ၊ ဝိဘဝတဏှာတို့တည်း။ ရဟန်းတို့ တဏှာတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''တဏှာယောဂနှင့် ယှဉ်၍ ဘဝကြီးငယ်၌ တပ်သော စိတ်ရှိကြသူ နိဗ္ဗာန် အရဟတ္တဖိုလ်ကို မရကြသည့်ထိုသတ္တဝါတို့သည် မာရ်နတ်၏ ကျော့ကွင်းတည်းဟူသော ယောဂနှင့် ယှဉ်ကုန်၍ ပဋိသန္ဓေနေခြင်းသေခြင်းသို့ ရောက်ကုန်သည် ဖြစ်ရကား သံသရာသို့ သွားကုန်၏။

လောက၌ အကြင်သူတို့သည်ကား တဏှာကို ပယ်သတ်ပြီး၍ ဘဝကြီးငယ်၌ တဏှာကင်းကုန်၏။ အကြင်သူတို့သည်လည်း အာသဝကုန်ခြင်းသို့ ရောက်ကုန်၏။ ထိုသူအားလုံးတို့သည် နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကမ်းသို့ မုချရောက်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-မာရဓေယျသုတ်

၅၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ တရားသုံးပါးတို့နှင့် ပြည့်စုံသော ရဟန်းသည် မာရ်မင်း၏နိုင်ငံကို လွန်၍ နေမင်းကဲ့သို့ တင့်တယ်၏။ အဘယ်သုံးပါးတို့နှင့်နည်း- ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် (ရဟန္တာတို့၏ဥစ္စာ) အသေက္ခဖြစ်သော သီလအစုနှင့် ပြည့်စုံ၏။ အသေက္ခဖြစ်သော သမာဓိအစုနှင့် ပြည့်စုံ၏။ အသေက္ခဖြစ်သော ပညာအစုနှင့် ပြည့်စုံ၏။ ရဟန်းတို့ ဤတရားသုံးပါတို့နှင့် ပြည့်စုံသော ရဟန်းသည် မာရ်မင်း၏နိုင်ငံကို လွန်၍ နေမင်းကဲ့သို့ တင့်တယ်၏ဟု ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ပုဂ္ဂိုလ်သည် သီလ သမာဓိ ပညာဟူကုန်သော ဤတရားတို့ကို ကောင်း စွာပွါးများအပ်ကုန်၏။ ထိုပုဂ္ဂိုလ်သည် မာရ်မင်း၏နိုင်ငံကို လွန်၍ နေမင်းကဲ့သို့ တင့်တယ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ပဌမဝဂ် ပြီး၏။

------

၂-ဒုတိယဝဂ်

၁-ပုညကိရိယဝတ္ထုသုတ်

၆၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပုညကိရိယဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ပေးကမ်းမှု 'ဒါန'ဟူသော ပုညကိရိယဝတ္ထု၊ ကျင့်သုံးမှု 'သီလ'ဟူသော ပုညကိရိယဝတ္ထု၊ ပွါးများမှု 'ဘာဝနာ'ဟူသော ပုညကိရိယဝတ္ထုတို့တည်း။ ရဟန်းတို့ ပုညကိရိယဝတ္ထုတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ထိုသူသည် ကုသိုလ်ကောင်းမှုကိုသာလျှင် ကျင့်ရာ၏။ နောင်အခါ၌ မြင့်မြတ်၍ ချမ်းသာကျိုးရှိသော ဒါနကိုလည်းကောင်း၊ ကောင်းသောအကျင့်ကိုလည်းကောင်း၊ မေတ္တာစိတ်ကိုလည်းကောင်း ပွါးများရာ၏။

ပညာရှိသူသည် သုခလျှင် အာနိသင်ရှိကုန်သော ဤတရားသုံးပါးတို့ကို ပွါးများ၍ ဆင်းရဲကင်းသော ချမ်းသာသော လောကသို့ ကပ်ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-စက္ခုသုတ်

၆၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ စက္ခုတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-မံသစက္ခု၊ ဒိဗ္ဗစက္ခု၊ ပညာစက္ခုတို့တည်း။ ရဟန်းတို့ စက္ခုတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''မံသစက္ခု ဒိဗ္ဗစက္ခုနှင့် အတုမရှိသော ပညာစက္ခုဟူကုန်သော စက္ခုသုံးပါးတို့ကို ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောကြားတော်မူ၏။

မံသစက္ခု၏ ဖြစ်ခြင်းသည် ဒိဗ္ဗစက္ခု၏ အကြောင်းတည်း။ အကြင်အခါ အတု မရှိသော ပညာစက္ခုဟူသော အာသဝက္ခယဉာဏ်သည် ထင်ရှားဖြစ်၏။ ထိုအခါ ယင်းပညာစက္ခုဟူသော အာသဝက္ခယဉာဏ်ကို ရခြင်းကြောင့် ဆင်းရဲအားလုံးမှ ကင်းလွတ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-ဣနြိ္ဒယသုတ်

၆၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-သောတာပတ္တိမဂ်ဉာဏ်ဟူသော အနညာတညဿာမီတိန္ဒြေ၊ အထက်မဂ်သုံးပါးနှင့် အောက်ဖိုလ်သုံးပါးဟူသော အညိန္ဒြေ၊ အရဟတ္တ ဖိုလ်ဟူသော အညာတာဝိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤသုံးပါးတို့တည်း။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ဖြောင့်မှန်သော လမ်းသို့ အစဉ်လိုက်သော ကျင့်ဆဲ သေက္ခပုဂ္ဂိုလ်အား ကိလေသာကုန်ရာ နိဗ္ဗာန်၌ ပဌမအနညာတညဿာမီတိန္ဒြေဉာဏ် ဖြစ်၏။ ထိုဉာဏ်မှ အခြားမဲ့၌ အထက်မဂ်သုံးပါးနှင့်အောက်ဖိုလ်သုံးပါးဟူသော အညိန္ဒြေ ဖြစ်၏။

ထိုအရဟတ္တမဂ်၏ အခြားမဲ့၌ အရဟတ္တဖိုလ်ဟူသော အညာတာဝိန္ဒြေ ဖြစ်၏။ ကိလေသာမှလွတ်ပြီးသောတာဒိဂုဏ်ရှင် ရဟန္တာပုဂ္ဂိုလ်အား ဘဝသံယောဇဉ်ကုန်ခန်းခြင်းကြောင့် ငါ၏အရဟတ္တဖိုလ်သည် မပျက်စီးဟု ပစ္စဝေက္ခဏာဉာဏ်သည် မုချဖြစ်၏။

စင်စစ် ဣန္ဒြေနှင့် ပြည့်စုံ၍ ငြိမ်းအေးလျက် ငြိမ်းအေးရာ နိဗ္ဗာန်၌ မွေ့လျော်သော ထိုပုဂ္ဂိုလ်သည် စစ်သည်နှင့်တကွ မာရ်ကို အောင်လျက် အဆုံးစွန်သော ကိုယ်အတ္တဘောကို ဆောင်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-အဒ္ဓါသုတ်

၆၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကာလတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- အတိတ်ကာလ၊ အနာဂတ်ကာလ၊ ပစ္စုပ္ပန်ကာလတို့တည်း။ ရဟန်းတို့ ကာလတို့သည် ဤသုံးပါးတို့တည်း။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ခန္ဓာငါးပါး၌ ငါ သူတစ်ပါးဟု အမှတ်ရှိကုန်သော သတ္တဝါတို့သည် ခန္ဓာငါးပါး၌ တည်ကုန်လျက်ခန္ဓာငါးပါးကို ပိုင်းခြား၍ မသိသောကြောင့် သေမင်းနှင့် စပ်ယှဉ်ခြင်းသို့ ရောက်ကုန်၏။

(ရဟန္ထာပုဂ္ဂိုလ်သည် ) ခန္ဓာငါးပါးကို ပိုင်းခြားသိသောကြောင့် ခန္ဓာငါးပါးကို ငါ သူတစ်ပါးဟု မအောက်မေ့၊ ကိလေသာမှ လွတ်သည်ဖြစ်၍ အတုမရှိမြတ်သော ငြိမ်းအေးရာ နိဗ္ဗာန်ကို စိတ်ဖြင့်တွေ့ထိသိမြင်၏။

ခန္ဓာငါးပါးကို ပိုင်းခြား၍ သိခြင်းနှင့် ပြည့်စုံလျက် သူတော်ကောင်းဖြစ်၍ ငြိမ်း အေးရာ နိဗ္ဗာန်၌ မွေ့လျော်ကာ ဆင်ခြင်၍မှီဝဲလေ့ရှိသောတရား၌ တည်သူ ထို ရဟန္တာပုဂ္ဂိုလ်သည် သတ္တဝါဟူသော ရေတွက်ခြင်းသို့ မရောက်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-ဒုစ္စရိတသုတ်

၆၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဒုစရိုက်တို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- ကာယဒုစရိုက်၊ ဝစီ ဒုစရိုက်၊ မနောဒုစရိုက်တို့တည်း။ ရဟန်းတို့ ဒုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာမဲ့သူသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို ပြုခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့် စပ်ယှဉ်သော အခြားသော အမှုကို ပြုခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်ကံကို မပြုဘဲ အကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ကပ်ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ ရပါသည်။

ပဉ္စမသုတ်။

------

၆-သုစရိတသုတ်

၆၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း - ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်တို့တည်း။ ရဟန်းတို့ သုစရိုက်တို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာရှိသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ ရာဂစသော အပြစ်နှင့် စပ်ယှဉ်သော အခြားအမှုကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အကုသိုလ်ကံကို မပြုမူ၍ကုသိုလ်ကံကိုသာ အကြိမ်များစွာ ပြုခြင်းကြောင့်လည်းကောင်း ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-သောစေယျသုတ်

၆၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း-ကိုယ်၏စင်ကြယ်ခြင်း၊ နှုတ်၏စင်ကြယ်ခြင်း၊ စိတ်၏စင်ကြယ်ခြင်းတို့တည်း။ ရဟန်းတို့ စင်ကြယ်ခြင်းတို့သည် ဤသုံးပါးတို့တည်း။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -

''ကိုယ်စင်ကြယ်မှု နှုတ်စင်ကြယ်မှု စိတ်စင်ကြယ်မှုရှိသော အလုံးစုံသော ကိလေသာအညစ်အကြေးတို့ကို ပယ်ပြီးဖြစ်၍ ဖြူစင်မှု 'သောစေယျ' တရားနှင့် ပြည့်စုံသော အာသဝေါကင်းသူရဟန္တာပုဂ္ဂိုလ်ကို စင်ကြယ်သူဟူ၍ ဆိုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-မောနေယျသုတ်

၆၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- ကာယမောနေယျ၊ ဝစီမောနေယျ၊ မနောမောနေယျတို့တည်း။ ရဟန်းတို့ရဟန္တာအဖြစ်ကို ပြုတတ်သော 'မောနေယျ' အကျင့်တို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ကာယဒုစရိုက်ကို ပယ်ဖျက်မှု ဝစီဒုစရိုက်ကို ပယ်ဖျက်မှု မနောဒုစရိုက်ကို ပယ် ဖျက်မှုရှိသော မဂ်ရေစင်ဖြင့် မကောင်းမှုကို ဆေးကြောပြီးသော မြင့်မြတ်သော မောနေယျတရားနှင့် ပြည့်စုံသော အာသဝေါမရှိသူ ရဟန္တာကို မုနိဟူ၍ ဆိုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-ပဌမရာဂသုတ်

၆၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်တစ်စုံတစ်ယောက်သောသူသည် ရာဂကို မပယ်နိုင်သေး ဒေါသကို မပယ်နိုင်သေးမောဟကို မပယ်နိုင်သေး၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မာရ်သည် နှောင်ဖွဲ့ထားသူ မာရ်၏ ကျော့ကွင်းအစွပ် ခံရသူ မာရ်နတ်အလိုရှိတိုင်း အပြုခံရသူဟု ဆိုအပ်၏၊ ရဟန်းတို့အကြင်တစ်စုံတစ်ယောက်သောသူသည် ရာဂကို ပယ်နိုင်၏၊ ဒေါသကို ပယ်နိုင်၏၊ မောဟကို ပယ်နိုင်၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို မာရ်သည် မနှောင်ဖွဲ့နိုင်သူ မာရ်၏ ကျော့ကွင်း အစွပ်မခံရသူမာရ်နတ်အလိုရှိတိုင်း အပြုမခံရသူဟု ဆိုအပ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်းကင်းကွာစေနိုင်၏၊ ထိုသူကို ပွါးများပြီးသူတို့တွင် တစ်ယောက်အပါ အဝင်ဖြစ်၍ မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ရှေးရှေးရဟန္တာတို့ကဲ့သို့ ကြွရောက်လာသူ အလုံးစုံသော ကိလေသာတို့ကို ပယ်ပြီးဖြစ်သူ ဘေးအပေါင်း ရန် အပေါင်းကို လွန်ပြီးသူ သစ္စာလေးပါးကို သိပြီးသူဟု ဆိုကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-ဒုတိယရာဂသုတ်

၆၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန်းယောက်ျားဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေ အကြင်တစ်စုံတစ်ယောက်သည် ရာဂကို မပယ်နိုင်သေး၊ ဒေါသကို မပယ်နိုင်သေး၊ မောဟကို မပယ်နိုင်သေး။ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လှိုင်းတံပိုး ဝဲ, ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ်နှင့်တကွ ဖြစ်သော သမုဒ္ဒရာကို မကူးမြောက်နိုင်သေးသူဟု ဆိုအပ်၏၊ ရဟန်းတို့ ရဟန်းယောက်ျားဖြစ်စေ၊ ရဟန်းမိန်းမဖြစ်စေအကြင်တစ်စုံတစ်ယောက်သည် ရာဂကို ပယ်နိုင်၏၊ ဒေါသကို ပယ်နိုင်၏၊ မောဟကို ပယ်နိုင်၏၊ ရဟန်းတို့ ဤပုဂ္ဂိုလ်ကို လှိုင်းတံပိုး ဝဲ, ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ်နှင့်တကွ ဖြစ်သော သမုဒ္ဒရာကို ကူးမြောက်နိုင်သူဟု ဆိုအပ်၏၊ ကူးမြောက်ပြီးသူ ကမ်းတစ်ဖက်သို့ ရောက်ပြီးသူမကောင်းမှုမှ အပပြုပြီးသူ ဖြစ်၏၊ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်း၌ တည်သူဟု ဆိုအပ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ပုဂ္ဂိုလ်သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်းကင်းကွာစေနိုင်၏၊ ထိုပုဂ္ဂိုလ်သည် ဖမ်းယူတတ်သော ငါး မကာရ်း ရက္ခိုသ် ကြောက်မက်ဖွယ်လှိုင်းတံပိုးနှင့်တကွ ဖြစ်၍ လွန်မြောက်နိုင်ခဲသော ဤသမုဒ္ဒရာကို လွန်မြောက်ပြီ။

အကြင်ပုဂ္ဂိုလ်သည် ရာဂစသော ငါးပါးအပေါင်းကို လွန်မြောက်လျက် သေမင်းကို စွန့်ပြီးလျှင်ကိလေသာစသော ဥပဓိမရှိမူ၍ တစ်ဖန် ပဋိသန္ဓေနေခြင်းဆင်းရဲကို ပယ်စွန့်နိုင်၏၊ ရာဂစသည်တို့၏ချုပ်ခြင်းသို့ ရောက်သော ထိုသူသည် သီလ စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် နှိုင်းယှဉ်ထိုက်သူ၏အဖြစ်သို့ မရောက်၊ သေမင်းကို တွေဝေစေ၏ဟု ငါဆို၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ဒုတိယဝဂ် ပြီး၏။

------

၃-တတိယဝဂ်

၁-မိစ္ဆာဒိဋ္ဌိကသုတ်

၇၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ငါဘုရားသည် ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်းငါဘုရား မြင်တော်မူ၏။

ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို တစ်ပါးသော သမဏထံမှသော်လည်းကောင်း၊ ဗြာဟ္မဏထံမှသော်လည်းကောင်း ကြား၍ ဟောသည် မဟုတ်ပေ၊ ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက်မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့်တည်ဆောက်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏၊ ရဟန်းတို့ စင်စစ်သော်ကားကိုယ်တိုင်သိကိုယ်တိုင်မြင်ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ငါဘုရား ဟောတော်မူ၏။

ရဟန်းတို့ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို စွပ်စွဲတတ်ကြသူမှားသော အယူရှိကြသူမှားသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ဤလောက၌ အကြားအမြင်နည်းသော ပုဂ္ဂိုလ်သည် ဤလူ့ပြည် ဝယ် အသက်တိုသည် ဖြစ်ပါလျက်ကိုယ်ဖြင့်မှားသော အမှုတို့ကို ပြု၍မှားသော စကားကိုလည်း ပြောဆို၍မှားသော စိတ်ကိုလည်းဆောက်တည်၍ မကောင်းမှုတို့ကို ပြု၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ ငရဲသို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-သမ္မာဒိဋ္ဌိကသုတ်

၇၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် ဆောက်တည်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ့်သော နတ်ပြည်သို့ ကပ်ရောက်သည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏။

ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို တစ်ပါးသော သမဏထံမှသော်လည်းကောင်း၊ ဗြာဟ္မဏထံမှသော်လည်းကောင်း ကြား၍ ဟောသည် မဟုတ်၊ ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက်မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် တည်ဆောက်အပ်သော ကံရှိကြသူ သတ္တဝါတို့ကိုလည်းကောင်း ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရား မြင်တော်မူ၏၊ ရဟန်းတို့ စင်စစ်သော်ကားကိုယ်တိုင်သိကိုယ်တိုင်မြင်ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ငါဘုရား ဟောတော်မူ၏။

ရဟန်းတို့ ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက်နှင့် ပြည့်စုံကြသူ အရိယာတို့ကို မစွပ်စွဲတတ်ကြသူ ကောင်းသော အယူရှိကြသူ ကောင်းသော အယူဖြင့် တည်ဆောက်အပ်သော ကံရှိကြသူသတ္တဝါတို့ကိုလည်းကောင်း၊ ထိုသတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသော လားရာ ဖြစ်သော နတ်ပြည်သို့ ကပ်ရောက်ရသည်တို့ကိုလည်းကောင်း ငါဘုရားမြင်တော်မူ၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ဤလောက၌ အကြားအမြင်များသော ပုဂ္ဂိုလ်သည် ဤလူ့ပြည် ဝယ် အသက်တိုသည် ဖြစ်ရကားကိုယ်ဖြင့် ကောင်းသော အမှုတို့ကို ပြု၍မှန်ကန်သော စကားကိုလည်း ပြောဆို၍ကောင်းသော စိတ်ကိုလည်း ဆောက်တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြု၏၊ ပညာရှိသော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသောအခါ နတ်ပြည်သို့ ရောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-နိဿရဏိယသုတ်

၇၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ထွက်မြောက်ကြောင်းနှင့် စပ်ကုန်သော ဓာတ်တို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- ကာမတို့မှ ထွက်မြောက်ကြောင်းဖြစ်သော ပဌမဈာန်ဟူသော 'နေက္ခမ္မ' ဓာတ်၊ ရူပါဝစရတရားတို့မှ ထွက်မြောက်ကြောင်းဖြစ်သော အရူပဈာန်ဟူသော 'အရူပ' ဓာတ်၊ ထင်ရှားဖြစ်ပေါ်လာသော အကြောင်းတရားတို့ ပြုပြင်စီရင်အပ်သော အကြောင်းကို စွဲ၍ ဖြစ်သော အလုံးစုံသောတရားတို့မှ ထွက်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်ဟူသော 'နိရောဓ' ဓာတ်တို့တည်း၊ ရဟန်းတို့ ထွက်မြောက်ကြောင်းနှင့်စပ်ကုန်သော ဓာတ်တို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ကိလေသာတို့ကို ပူပန်စေတတ်သော လုံ့လရှိသောအခါ ခပ်သိမ်း နိဿရဏ သုံးပါးတို့ကို ကောင်းစွာမြင်သော ပုဂ္ဂိုလ်သည် ကာမတို့မှ ထွက်မြောက်ကြောင်းကိုလည်းကောင်း ရူပါဝစရတရားတို့မှလွန်မြောက်ကြောင်းကိုလည်းကောင်း သိသောကြောင့် သင်္ခါရအားလုံးတို့၏ ငြိမ်းအေးရာ နိဗ္ဗာန်ကို တွေ့ထိသိမြင်ရ၍ ထိုကာမရူပသင်္ခတတို့၌ သမုစ္ဆေဒဝိမုတ္တိအားဖြင့် လွတ်မြောက်၏၊ ထို့ကြောင့် ထိုရဟန်းသည် အဘိညာဉ်ကိစ္စ ပြီးဆုံးပြီး၍ ငြိမ်းအေးပြီးလျှင် ယောဂလေးပါးကို လွန်မြောက်ပြီးသူဖြစ်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-သန္တတရသုတ်

၇၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရူပါဝစရတရားတို့ထက် အရူပါဝစရတရားတို့သည် အထူးငြိမ်းအေးကုန်၏၊ အရူပါဝစရတရားတို့ထက် (ရုပ်နာမ်ချုပ်ရာ) နိဗ္ဗာန်သည် အထူးငြိမ်းအေး၏၊ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ရူပဘဝသို့ ကပ်ရောက်ကြကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း၊ အရူပဘဝ၌ တည်ကြကုန်သော အကြင်သတ္တဝါတို့သည်လည်းကောင်း နိဗ္ဗာန်ကို မသိကြကုန်သောကြောင့် တစ်ဖန်ဘဝသစ်သို့ လားရောက်ရကုန်၏။

အကြင်သူတို့သည် ရူပါဝစရတရားတို့ကို ပိုင်းခြားသိကုန်၍ အရူပါဝစရတရားတို့၌ မတည်ကြကုန်ဘဲနိရောဓ၌ အာရုံပြုကာ အရိယမဂ်ဖြင့် ကိလေသာမှ လွတ် မြောက်ကုန်၏၊ ထိုသူတို့သည် သေမင်းမှလွန်မြောက်ကုန်၏။

အာသဝေါကင်းတော်မူပြီးသော မြတ်စွာဘုရားသည် နာမကာယဖြင့် ဥပဓိကင်းသော အမတဓာတ်သို့ ရောက်တော်မူ၍ ဥပဓိတို့၏ စွန့်လွှတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးလျှင် စိုးရိမ်မှုကင်းသော ကိလေသာမြူကင်းသော နိဗ္ဗာန်တရားကို ဟောတော်မူ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-ပုတ္တသုတ်

၇၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤသားသုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ အဘယ်သုံးယောက်တို့နည်း- (အမိအဖတို့ထက်) ဂုဏ်လွန်သော အတိဇာတသားလည်းကောင်း၊ (အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတ သားလည်းကောင်း၊ (အမိအဖတို့အောက်) ဂုဏ်ယုတ်သော အဝဇာတသားလည်းကောင်းတည်း။

ရဟန်းတို့ အတိဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌သား၏အမိအဖတို့သည် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ မဟုတ်ကုန်၊ အသက်သတ်ခြင်းမှရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊ မမှန်စကားပြောခြင်းမှရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းမှရှောင်ကြဉ်သူတို့ မဟုတ်ကုန်၊ သီလမဲ့ကုန် ယုတ်မာသော သဘောရှိကုန်၏၊ ထိုအမိအဖတို့၏သားသည်ကား မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သူ ဖြစ်၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ အသက်သတ်ခြင်းမှရှောင်ကြဉ်သူ ဖြစ်၏၊ မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ ကာမတို့၌မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ မမှန်စကားပြောခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ သီလ ရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ရဟန်းတို့ အတိဇာတသားသည် ဤသို့ ဖြစ်၏။

ရဟန်းတို့ အနုဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌သား၏အမိအဖတို့သည် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ အသက်သတ်ခြင်းမှရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ မမှန်စကားပြောခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ဖြစ်ကုန်၏၊ သီလရှိကုန်၏၊ ကောင်းသော သဘော ရှိကုန်၏။ ထိုအမိအဖတို့၏သားသည်လည်း မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူ ဖြစ်၏၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ မမှန်စကားပြောခြင်းမှ ရှောင်ကြဉ်သူ ဖြစ်၏၊ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သရက်သောက်ခြင်းမှရှောင် ကြဉ်သူ ဖြစ်၏၊ သီလရှိ၏၊ ကောင်းသော သဘော ရှိ၏၊ ရဟန်းတို့ အနုဇာတသားသည်ဤသို့ ဖြစ်၏။

ရဟန်းတို့ အဝဇာတသားသည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌သား၏အမိအဖတို့သည် မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ တရားတော်ကို ကိုးကွယ်ဆည်း ကပ်သူတို့ ဖြစ်ကုန်၏၊ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်သူတို့ ဖြစ်ကုန်၏၊ အသက်သတ်ခြင်းမှ ရှောင် ကြဉ်သူတို့ ဖြစ်ကုန်၏၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ မမှန်စကားပြောခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းမှ ရှောင်ကြဉ်သူတို့ ဖြစ်ကုန်၏၊ သီလ ရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏။ ထိုအမိအဖတို့၏သားသည်ကား မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်သူ မဟုတ်၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်၊ သံဃာတော်ကို ကိုးကွယ်ဆည်း ကပ်သူ မဟုတ်၊ အသက်သတ်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊ အရှင်မပေးသော ဥစ္စာကို ခိုးယူခြင်းမှ ရှောင် ကြဉ်သူမဟုတ်၊ ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊ မမှန်စကားပြောခြင်းမှရှောင်ကြဉ်သူ မဟုတ်၊ မူးယစ်မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်သောက်ခြင်းမှ ရှောင်ကြဉ်သူ မဟုတ်၊ သီလမဲ့၏၊ ယုတ်မာသော သဘောရှိ၏၊ ရဟန်းတို့ အဝဇာတသားသည် ဤသို့ ဖြစ်၏။ ရဟန်းတို့ ဤသားသုံးယောက်တို့သည် ဤလောက၌ ထင်ရှားရှိကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ပညာရှိတို့သည် (အမိအဖထက်) ဂုဏ်လွန်သော အတိဇာတသားနှင့် (အမိအဖတို့နှင့်) ဂုဏ်တူသော အနုဇာတသားကို အလိုရှိကုန်၏၊ အကြင်သားသည် အမျိုး အနွယ်ကို ဖျက်၏၊ (အမိအဖတို့အောက်) ဂုဏ်ယုတ်သော ထိုအဝဇာတသားကို အလိုမရှိကုန်။

ဤသုံးယောက်သော သားတို့သည် လောက၌ ထင်ရှားရှိကုန်၏၊ အကြင်သားတို့သည် ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ သဒ္ဓါသီလနှင့် ပြည့်စုံကုန်၏၊ တောင်း ဆိုသူတို့၏ စကားကို သိကုန်၏၊ ဝန်တိုခြင်းကင်းကုန်၏၊ ထိုသားတို့သည် တိမ် တိုက်မှ လွတ်သော လသည် တင့်တယ်သကဲ့သို့ ပရိသတ်တို့၌ တင့်တယ်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-အဝုဋ္ဌိကသုတ်

၇၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ အဘယ်သုံးယောက်တို့ နည်း-မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်တို့တည်း။

ရဟန်းတို့ မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်း ပေးလှူတတ်သူ မဟုတ်၊ ရဟန်းတို့ မရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။

ရဟန်းတို့ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အချို့သော သမဏဗြာဟ္မဏ အထီးကျန်သူဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်းပေးလှူတတ်သူဖြစ်၍ အချို့တို့အားကား ပေးလှူတတ်သူ မဟုတ်၊ ရဟန်းတို့ တစ်စိတ်တစ်ဒေသ၌ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။

ရဟန်းတို့ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် အဘယ်သို့ ဖြစ်သနည်း၊ ရဟန်းတို့ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလုံးစုံသာလျှင် ဖြစ်ကုန်သော သမဏဗြာဟ္မဏအထီးကျန်သူ ဧည့်သည် သူဖုန်းစား သူတောင်းစားတို့အား ထမင်းအဖျော်ကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ယာဉ်ကိုလည်းကောင်း၊ ပန်းနံ့သာ နံ့သာပျောင်း အိပ်ရာ နေရာ ဆီမီးကိုလည်းကောင်းပေးလှူတတ်၏၊ ရဟန်းတို့ အရပ်အားလုံးကို ပျံ့နှံ့၍ ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်သည် ဤသို့ ဖြစ်၏။ ရဟန်းတို့ ဤသုံးယောက်သော ပုဂ္ဂိုလ်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်သူသည် ထမင်းအဖျော်ဘောဇဉ်ကို ရ၍ သမဏဗြာဟ္မဏ အထီးကျန်သူ ဧည့်သည် သူဖုန်းစားသူတောင်းစားတို့ကို ထမင်းအဖျော်ကိုလည်းကောင်း၊ ဘောဇဉ်ကိုလည်းကောင်း ရသည် ဖြစ်လျက်မဝေဖန်၊ စင်စစ် ထိုသို့ သဘောရှိသော ထိုယောက်ျားယုတ်ကို မရွာသော မိုးနှင့် တူသူဟု ဆိုကုန်၏။

အကြင်သူသည် အလှူခံအချို့တို့အား ပေးလှူ၏၊ အလှူခံအချို့တို့အား မပေး လှူ၊ ထိုသို့ သဘောရှိသောသူကို ပညာရှိတို့သည် ကွက်ကျားရွာသော မိုးနှင့် တူသူဟု ဆိုကုန်၏။

ထမင်းရလွယ်သည့် စကားကို ပြောတတ်သော အလုံးစုံသော သတ္တဝါတို့ကို သနားစောင့်ရှောက်တတ်သော ယောက်ျားသည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်သည်ဖြစ်၍ဖြန့်ကြဲပေးလှူတတ်၏၊ ပေးလိုက်ကြပါကုန်၊ ပေးလိုက်ကြပါကုန်ဟု ဆိုတတ်၏။

မိုးသည် ထစ်ကြိုးမြည်ဟည်း၍ ရွာပြီးလျှင် ရေဖြင့် စီးလျက်သာလျှင် ကြည်းကုန်းကိုလည်းကောင်း၊ ချိုင့်ဝှမ်းရာကိုလည်းကောင်း ပြည့်စေသကဲ့သို့ ဤအတူသာလျှင် ဤလောက၌ ထိုသို့ သဘောရှိသောအချို့ပုဂ္ဂိုလ်သည် တရားသဖြင့် စုဆောင်း၍ ထကြွမှု လုံ့လကြောင့် ရသော ဥစ္စာကို ရှေ့မှောက်ရောက်လာကုန်သောသူဖုန်းစားတို့အား ထမင်းအဖျော်ဖြင့် ရောင့်ရဲစေ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-သုခပတ္ထနာသုတ်

၇၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ အဘယ်သုံးပါးတို့နည်း- ကျော်စောသတင်း ချီးမွမ်းခြင်းသည် ငါ့ထံသို့ ရောက်ပါစေဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ စည်းစိမ်ချမ်းသာတို့သည် ငါ့အား ဖြစ်ပေါ်ပါစေကုန်သတည်းဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ နတ်ပြည် လောက၌ ဖြစ်ရလိမ့်မည်ဟု အလိုရှိသူ ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ ရဟန်းတို့ ဤချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

ချီးမွမ်းခြင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာရခြင်းကိုလည်းကောင်း၊ တမလွန်ဘဝ ဝယ် နတ်ပြည်၌ ဝမ်းမြောက်ဝမ်းသာ လားရောက်ရခြင်းကိုလည်းကောင်း (ဤ) ချမ်းသာသုံးပါးတို့ကို တောင့်တသော ပညာရှိသည် သီလကို စောင့်ရှောက်ရာ၏။

မကောင်းမှုကို (မိမိ) မပြုသော်လည်း မကောင်းမှု ပြုသူကိုမှီဝဲဆည်းကပ်မူ မကောင်းမှု၌ ပြုလေသလော မပြုလေသလောဟု တွေးတောယုံမှားခံရ၏၊ မကောင်းသတင်း ကျော်စောခြင်းသည်လည်းထိုသူ့အပေါ်သို့ ရောက်၏။

အကြင်သူသည် အကြင်ကောင်း မကောင်း သဘောရှိသောသူကို အဆွေခင်ပွန်း ပြု၍မှီဝဲဆည်းကပ်၏၊ ထိုသူသည် ထိုကောင်း မကောင်းရှိသူသာ ဖြစ်၏၊မှန်၏၊ အတူတကွ ပေါင်းဖော်နေထိုင်သူသည် ထိုအတူတကွ နေထိုင်သူနှင့် တူသော သဘော ရှိသည်သာ ဖြစ်၏။

အဆိပ်လူးမြားသည် အဆိပ်မလိမ်းကျံသေးသော မြားစည်းကို မိမိအဆိပ်ဖြင့် လိမ်းကျံကူးစက်သကဲ့သို့မှီဝဲဆည်းကပ်ခံရသူ သူယုတ်မာသည် မိမိသို့မှီဝဲဆည်း ကပ်လာသူ သူတော်ကောင်းကို မိမိ၏ယုတ်မာမှုဖြင့် လိမ်းကျံကူးစက်၏၊ အတူ တကွ ပေါင်းသင်း ဆက်ဆံလက်ခံသူ သူယုတ်မာသည် မိမိသို့ ပေါင်းသင်းဆက်ဆံ လာသူ သူတော်ကောင်းကို မိမိယုတ်မာမှုဖြင့် လိမ်းကျံကူးစက်၏၊ ပညာရှိသည်ဤသို့ ယုတ်မာမှုဖြင့် လိမ်းကျံကူးစက်ခြင်းမှ ကြောက်သောကြောင့် ယုတ်မာသော အဆွေခင်ပွန်းရှိသူမဖြစ်ရာ။

အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုပ်၏၊ ထိုသူ၏ သမန်းမြက်တို့သည်လည်းအပုပ်နံ့လှိုင်ကုန်သကဲ့သို့ သူမိုက်ကိုမှီဝဲသူတို့သည် ဤအတူ အပုပ်နံ့ လှိုင်ကုန်၏၊ အကြင်သူသည် ပေါက်ရွက်ဖြင့် တောင်ဇလပ်ပန်းကို ထုပ်၏၊ ထိုသူ၏ ပေါက်ရွက်တို့သည်လည်း အမွှေးနံ့လှိုင်ကုန်သကဲ့သို့ ပညာရှိကိုမှီဝဲသူတို့သည် ဤအတူ အမွှေးနံ့လှိုင်ကုန်၏။

ထို့ကြောင့် ဖက်ရွက်ထုပ်ကဲ့သို့ မိမိကောင်းကျိုး မကောင်းကျိုးကို သိ၍ ပညာရှိသည် သူယုတ်မာတို့ကို မမှီဝဲရာ၊ သူတော်ကောင်းတို့ကိုသာမှီဝဲရာ၏၊ သူယုတ်မာတို့သည် ငရဲသို့ ဆောင်တတ်ကုန်၏၊ သူတော်ကောင်းတို့သည် နတ်ပြည်သို့ ရောက်စေတတ်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-ဘိဒုရသုတ်

၇၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော့်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤခန္ဓာကိုယ်သည် ကွဲပြိုခြင်းသဘောရှိ၏၊ ဝိညာဏ်သည် ကင်းပြတ်ခြင်းသဘောရှိ၏၊ ခန္ဓ-ကိလေသ-အဘိသင်္ခါရ-ကာမဂုဏ်ဟူသော ဥပဓိအားလုံးတို့သည် အမြဲမရှိကုန်၊ ဆင်းရဲကုန်၏၊ ဖောက်ပြန်ခြင်း သဘောရှိကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ကွဲပြိုခြင်းသဘောရှိသော ခန္ဓာကိုယ်ကိုလည်းကောင်း၊ ကင်းပြတ်ခြင်း သဘောရှိသော ဝိညာဏ်ကိုလည်းကောင်း သိ၍ ဥပဓိအားလုံးတို့၌ ဘေးကိုလည်း တွေ့မြင်လျက် ပွါးများပြီးသော ကိုယ်စိတ်ရှိသူသည် မြတ်သော ငြိမ်းအေးရာနိဗ္ဗာန်သို့ ရောက်၍ ပဋိသန္ဓေနေခြင်း သေခြင်းကို လွန်မြောက်ပြီးဖြစ်ရကား မိမိအသက်ကို မနှစ်သက်ဘဲ ပရိနိဗ္ဗာန်ပြုရ မည့်ကာလကို ကြည့်ရှုဆိုင်းငံ့၏''ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၁။ ဥပဓိလေးပါး (၁) ခန္ဓာငါးပါးသည် ခန္ဓုပဓိ (၂) ကိလေသာဟူသမျှသည် ကိလေသုပဓိ (၃) ကုသိုလ်ကံ အကုသိုလ်ကံသည် အဘိသင်္ခါရုပဓိ (၄) ကာမဂုဏ်ငါးပါးသည် ကာမဂုဏုပဓိ။

၉-ဓာတုသော သံသန္ဒနသုတ်

၇၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့် နှီးနှောကြညီညွတ်ကြကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏၊ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏။

ရဟန်းတို့ အတိတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူး ညီညွတ်ခဲ့ဖူးကြကုန်၏၊ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောခဲ့ဖူးညီညွတ်ခဲ့ဖူး ကြကုန်၏။

ရဟန်းတို့ အနာဂတ်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်လတ္တံ့၊ ကောင်းသော နှလုံးသွင်း ရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွနှီးနှောကြ ညီညွတ် ကြကုန်လတ္တံ့။

ရဟန်းတို့ ယခု ပစ္စုပ္ပန်ကာလ၌လည်း သတ္တဝါတို့သည် သတ္တဝါတို့နှင့် အတူတကွ အဇ္ဈာသယဓာတ်အားဖြင့်သာ နှီးနှောကြ ညီညွတ်ကြကုန်၏၊ ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ယုတ်သော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ ညီညွတ်ကြကုန်၏၊ ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့သည် ကောင်းသော နှလုံးသွင်းရှိသော သတ္တဝါတို့နှင့် အတူတကွ နှီးနှောကြ့ညီညွတ်ကြကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ရောနှောခြင်းကြောင့် ကိလေသာဖြစ်၏၊ မရောနှောခြင်းကြောင့် ကိလေသာ ပျက်စီး၏၊ သေးငယ်သော သစ်သားဖောင်ကို တက်စီး၍ မဟာသမုဒ္ဒရာ၌ နစ်မြုပ် ရသကဲ့သို့ ဤအတူ ပျင်းရိသူကို အကြောင်းပြု၍ကောင်းသော အသက်မွေးခြင်း ရှိသောသူသည်လည်း သံသရာ၌ နစ်မြုပ်ရ၏၊ ထို့ကြောင့် ယုတ်လျော့သော ဝီရိယ ရှိသော ထိုပျင်းရိသူကို ရှောင်ကြဉ်ရာ၏။

ကာယဝိဝေကစသည်ဖြင့် ကင်းဆိတ်ကြသူ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကြသူ သမထဝိပဿနာဖြင့် ရှုလေ့ရှိကြသူ အမြဲထက်သန်သော လုံ့လရှိကြသူ အရိယာ ပညာရှိတို့နှင့် အတူတကွနေထိုင်မှီဝဲရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-ပရိဟာနသုတ်

၇၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မတိုးတက် မကြီးပွါးရန်သာဖြစ်ကုန်၏၊ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ 'သေက္ခ' ရဟန်းသည် အမှုကိစ္စလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏၊ အမှုကိစ္စ၌ မွေ့လျော်သူ ဖြစ်၏၊ အမှုကိစ္စ၌ မွေ့လျော်မှုကိုအားထုတ်သူ ဖြစ်၏၊ စကားပြောခြင်းလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏၊ စကားပြောခြင်း၌ မွေ့လျော်တတ်သူဖြစ်၏၊ စကားပြောခြင်း၌ မွေ့လျော်မှုကိုအားထုတ်သူ ဖြစ်၏၊ အိပ်ခြင်းလျှင် မွေ့လျော်ရာရှိသူ ဖြစ်၏၊ အိပ်ခြင်း၌ မွေ့လျော်သူ ဖြစ်၏၊ အိပ်ခြင်း၌ မွေ့လျော်မှုကိုအားထုတ်တတ်သူ ဖြစ်၏၊ ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မတိုးတက် မကြီးပွါးရန်သာ ဖြစ်ကုန်၏။

ရဟန်းတို့ ဤတရားသုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား တိုးတက်ကြီးပွါးရန်သာ ဖြစ်ကုန်၏၊ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ဤသာသနာတော်၌ ကျင့်ဆဲ 'သေက္ခ' ရဟန်းသည် အမှုကိစ္စလျှင်မွေ့လျော်ရာရှိသူ မဟုတ်၊ အမှုကိစ္စ၌ မွေ့လျော်သူ မဟုတ်၊ အမှုကိစ္စ၌ မွေ့လျော်မှုကိုအားထုတ်သူမဟုတ်၊ စကားပြောခြင်းလျှင် မွေ့လျော်ရာရှိသူ မဟုတ်၊ စကားပြောခြင်း၌ မွေ့လျော်သူ မဟုတ်၊ စကားပြောခြင်း၌ မွေ့လျော်မှုကိုအားထုတ်သူ မဟုတ်၊ အိပ်ခြင်းလျှင် မွေ့လျော်ရာရှိသူ မဟုတ်၊ အိပ်ခြင်း၌ မွေ့လျော်သူ မဟုတ်၊ အိပ်ခြင်း၌ မွေ့လျော်မှုကိုအားထုတ်သူ မဟုတ်၊ ရဟန်းတို့ဤတရား သုံးပါးတို့သည် ကျင့်ဆဲ 'သေက္ခ' ရဟန်းအား မဆုတ်ယုတ်ခြင်းငှါ ဖြစ်ကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းသည် အမှုကိစ္စလျှင် မွေ့လျော်ရာ ရှိ၏၊ စကားပြောခြင်းလျှင် မွေ့လျော်ရာ ရှိ၏၊ အိပ်ခြင်းလျှင် မွေ့လျော်ရာ ရှိ၏၊ တုန်လှုပ်ပျံ့လွင့်တတ်၏၊ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ မထိုက်။

ထို့ကြောင့် ပင် အမှုကိစ္စနည်းသူ အိပ်ခြင်းနည်းသူ မပျံ့လွင့်သူ ဖြစ်ရာ၏၊ ထိုသို့ သဘောရှိသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ ထိုက်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

တတိယဝဂ် ပြီး၏။

------

၄-စတုတ္ထဝဂ်

၁-ဝိတက္ကသုတ်

၈၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကုသိုလ်နှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'တို့သည် ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း- သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းနှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'၊ လာဘ်ပူဇော်သကာ အကျော်အစောနှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'၊ သူတစ်ပါးတို့၌ ချစ်ခင်မှု 'ဂေဟဿိတပေမ'နှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'တို့တည်း၊ ရဟန်းတို့ အကုသိုလ်နှင့် စပ်ယှဉ်သော ကြံစည်မှု 'ဝိတက်'တို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''သူတစ်ပါးတို့က မထီမဲ့မြင် မပြုခြင်းနှင့် စပ်ယှဉ်သူ၊ လာဘ်ပူဇော်သကာ အကျော်အစော၌ လေးစားသူ၊ ချစ်ကျွမ်းဝင်သူတို့နှင့်တကွ (ဂေဟဿိတပေမဖြင့်) နှစ်သက်ဝမ်းမြောက်လေ့ရှိသူသည် သံယောဇဉ်ကုန်ခန်းရန် ဝေးကွာလှ၏။

အကြင်သူသည်ကား သားသမီး ကျွဲနွားကိုလည်းကောင်း၊ ထိမ်းမြားခြင်းအမှုတို့ကိုလည်းကောင်း၊ ပစ္စည်းပရိက္ခရာ သိမ်းဆည်းမှုတို့ကိုလည်းကောင်း ပယ်စွန့်၍ ရှင်ရဟန်းပြု၏၊ ထိုသို့ သဘောရှိသော ထိုရဟန်းသည် မြတ်သော အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ ထိုက်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-သက္ကာရသုတ်

၈၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပူဇော်သက္ကာရပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျ ရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။

ရဟန်းတို့ ပူဇော်သက္ကာရမပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။

ရဟန်းတို့ ပူဇော်သက္ကာရပြုမှု ပူဇော်သက္ကာရမပြုမှုဟူသော ထိုနှစ်ပါးစုံဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရားမြင်တော်မူ၏။

ရဟန်းတို့ ငါဘုရားသည် ထိုအခြင်းအရာကို အခြားတစ်ပါးသော သမဏထံမှလည်းကောင်း၊ ဗြာဟ္မဏထံမှလည်းကောင်း ကြား၍ ဟောတော်မူသည် မဟုတ်၊ ရဟန်းတို့ စင်စစ်မှာမူ ငါဘုရားသည် ကိုယ်တိုင်သိကိုယ်တိုင်မြင်ကိုယ်တိုင်ထင်ရှားသော အခြင်းအရာကိုသာလျှင် ဟောတော်မူ၏။

ရဟန်းတို့ ပူဇော်သက္ကာရပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျ့ရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။

ရဟန်းတို့ ပူဇော်သက္ကာရမပြုမှုဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင်တော်မူ၏။

ရဟန်းတို့ ပူဇော်သက္ကာရပြုမှု ပူဇော်သက္ကာရမပြုမှုဟူသော ထိုနှစ်ပါးစုံဖြင့် နှိပ်စက်အပ်ကုန် သိမ်းကျုံးယူအပ်သော စိတ်ရှိကုန်သော သတ္တဝါတို့ ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲသို့ ကပ်ရောက်ကြရသည်တို့ကို ငါဘုရား မြင် တော်မူ၏၊ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ပူဇော်သက္ကာရ ပြုမှုကြောင့်လည်းကောင်း၊ ပူဇော်သက္ကာရ မပြုမှုကြောင့်လည်းကောင်း၊ နှစ်ပါးစုံကြောင့်လည်းကောင်း ပူဇော်သက္ကာရအပြုခံရသော မမေ့မလျော့ နေလေ့ရှိသော အကြင်ပုဂ္ဂိုလ်၏သမာဓိသည် မတုန်လှုပ်။

သိမ်မွေ့သော ပညာဖြင့် ရှုလေ့ရှိသော အမြဲမပြတ် သမထဝိပဿနာဖြင့် ရှုလေ့ရှိသော ဥပါဒါန်တို့၏ကုန်ရာ အရဟတ္တဖိုလ်လျှင် မွေ့လျော်ရာရှိသော ထိုပုဂ္ဂိုလ်ကို သူတော်ကောင်းဟု ဆိုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-ဒေဝသဒ္ဒသုတ်

၈၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဤသုံးမျိုးသော နတ်တို့အချင်းချင်း ပြောဆိုသံတို့သည် ဖြစ်ပေါ်လာကုန်၏။ အဘယ်သုံးပါတို့နည်း- ရဟန်းတို့အကြင်အခါ၌ အရိယာတပည့်သည် ဆံမုတ်ဆိတ်ကို ပယ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင်လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက် (ရဟန်းပြု) ရန် ကြိုးစားအားထုတ်၏၊ ထိုအခါ ''ဤအရိယာတပည့်သည် မာရ်နှင့်ယှဉ်ပြိုင်၍ စစ်တိုက်ရန် ကြိုးစားအားထုတ်၏''ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်းပြောဆိုသံသည် ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ပဌမဖြစ်သော ဤနတ်တို့အချင်းချင်း ပြောဆိုသံသည် ဖြစ်ပေါ်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား အကြင်အခါ အရိယာတပည့်သည် ဗောဓိပက္ခိယတရားခုနစ်ပါးတို့ကို ပွါးများအားထုတ်မှုနှင့် မပြတ်ယှဉ်လျက် နေ၏၊ ထိုအခါ ဤအရိယာတပည့်သည် မာရ်နှင့်ယှဉ်ပြိုင်၍ စစ်တိုက်နေ၏ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်း ပြောဆိုသံသည် ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဒုတိယဖြစ်သော ဤနတ်တို့အချင်းချင်းပြောဆိုသံသည် ဖြစ်ပေါ်လာ၏။

ရဟန်းတို့ နောက်တစ်မျိုးကား အကြင်အခါ အရိယာတပည့်သည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်စိတ်နှင့် ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာရောက်လျက်နေ၏၊ ထိုအခါ ''ဤအရိယာတပည့်သည် အောင်အပ်ပြီးသော စစ်မြေပြင်ရှိ၍ ထိုစစ်မြေဦးကိုပင် အောင်နိုင်ကာ လွှမ်းမိုးလျက်နေ၏''ဟု နတ်ပြည်တို့၌ နတ်တို့အချင်းချင်း ပြောဆိုသံသည့်ဖြစ်ပေါ် လာ၏၊ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလတစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍တတိယ ဖြစ်သော ဤနတ်တို့အချင်းချင်း ပြောဆိုသံသည် ဖြစ်ပေါ်လာ၏၊ ရဟန်းတို့ နတ်ပြည်တို့၌ အချိန်ကာလ တစ်ခုမှ အချိန်ကာလတစ်ခုကို အကြောင်းပြု၍ ဤသုံးပါးသော နတ်တို့အချင်းချင်းပြောဆိုသံတို့သည် ဖြစ်ပေါ်လာကုန်၏။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အောင်အပ်ပြီးသော စစ်မြေပြင်ရှိသော သီလစသော ဂုဏ်အားဖြင့် ကြီးမြတ်သော ကြောက်ရွံ့ခြင်းကင်းသော မြတ်စွာဘုရား၏ တပည့်သားကို တွေ့မြင်ကြရကုန်၍ နတ်တို့သည်လည်းရှိခိုးကုန်၏။

ယောက်ျားအာဇာနည်ဖြစ်သော အသျှင်ဘုရား အသျှင်ဘုရားသည် တားမြစ်ခြင်းငှါ ခဲယဉ်းလှစွာသော သေမင်း၏ စစ်သည်ကို အရဟတ္တမဂ်ဖြင့် အောင်နိုင်သောကြောင့် လူများစွာတို့၏ အောင်နိုင်ခဲသည်ကို အောင်တော်မူပေပြီ၊ ထိုအသျှင်ဘုရားအား ရှိခိုးပါ၏။

အရဟတ္တဖိုလ်သို့ ရောက်တော်မူပြီးသော ဤရဟန္တာပုဂ္ဂိုလ်ကို နတ်တို့သည် ဤသို့ ရှိခိုးကြကုန်၏၊မှန်၏-အကြင်အကြောင်းကြောင့် ယောက်ျားအာဇာနည်သည် သေမင်း၏ အလိုသို့ လိုက်နာရ၏၊ ထိုယောက်ျားအာဇာနည်၏ သေမင်းအလိုသို့ လိုက်နာရမည့် ထိုအကြောင်းကို နတ်တို့သော်မှလည်းမမြင်နိုင်ကြကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-ပဉ္စပုဗ္ဗနိမိတ္တသုတ်

၈၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ နတ်တို့သည် နတ်ပြည်မှ စုတေချိန်နီးသောအခါ ထိုနတ်သားအား ''ပန်ဆင်သော ပန်းတို့ညှိုးနွမ်းကုန်၏၊ အဝတ်တန်ဆာတို့ ညစ်နွမ်းကုန်၏၊ လက်ကတီး (ချိုင်း) ကြားတို့မှ ချွေးထွက်ကုန်၏၊ ကိုယ်၌ အရေအဆင်းမလှခြင်းသို့ ရောက်ရ၏၊ နတ်သားသည် မိမိနေရာ နတ်ဗိမာန်၌ မမွေ့လျော်''ဟူသော ဤပုဗ္ဗနိမိတ်ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏။

ရဟန်းတို့ ထိုနတ်သားကို နတ်တို့သည် ''ဤနတ်သားကား စုတေချိန်နီး၏''ဟု သိ၍ ''အရှင် ဤနတ်ဘုံမှ သုဂတိဘဝသို့ သွားပါလော့၊ သုဂတိဘဝသို့ သွားပြီးလျှင် ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပါလော့၊ ကောင်းစွာ ရနိုင်သော လာဘ်ကို ရယူပြီး၍ ကောင်းစွာ မတုန်မလှုပ် သက်ဝင်၍ တည်သူဖြစ်ပါလော့''ဟု စကားသုံးခွန်းတို့ဖြင့် ဝမ်းမြောက်စေကြကုန်၏။

ဤသို့ ဟောတော်မူအပ်သော် ရဟန်းတစ်ပါးသည် မြတ်စွာဘုရားအား ''အသျှင်ဘုရား နတ်တို့၏သုဂတိဘဝသို့ သွားခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏ကောင်းစွာ ရနိုင်သော လာဘ်ဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း၊ အသျှင်ဘုရား နတ်တို့၏မတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် အဘယ်ပါနည်း''ဟု လျှောက်၏။

ရဟန်း နတ်တို့၏ သုဂတိဘဝသို့ သွားခြင်းဟု ပြောဆိုချီးမွမ်းခြင်းသည် လူ့အဖြစ်ပင်တည်း၊ နတ်သည်လူဖြစ်သည်ရှိသော် မြတ်စွာဘုရား ဟောကြားအပ်သော ဓမ္မဝိနယ 'သာသနာတော်'၌ ယုံကြည်မှု 'သဒ္ဓါ'ကိုရ၏၊ ရဟန်း နတ်တို့၏ ကောင်းစွာ ရနိုင်သော လာဘ်ကို ရခြင်းဟု ဆိုခြင်းသည် ယုံကြည်မှု 'သဒ္ဓါ'ကို ရခြင်းပင်တည်း၊ ထိုယုံကြည်မှု 'သဒ္ဓါ'သည် ထိုနတ်သား၏ စိတ်အစဉ်သို့ သက်ဝင်၏၊ အမြစ်အရင်း ဖြစ်၏၊ မတုန်မလှုပ်သက်ဝင်၍ တည်၏၊ မြဲမြံ၏၊ သမဏသော်လည်းကောင်း၊ ဗြာဟ္မဏ့သော်လည်းကောင်း၊ နတ်သော်လည်းကောင်း၊ မာရ်နတ်သော်လည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊ လောက၌ တစ်စုံတစ်ယောက်သောသူသော်လည်းကောင်း မဖယ်ရှားနိုင်၊ ရဟန်း နတ်တို့၏ ကောင်းစွာမတုန်မလှုပ် သက်ဝင်၍ တည်ခြင်းဟု ဆိုခြင်းသည် မဖယ်ရှားနိုင်သော ယုံကြည်မှု 'သဒ္ဓါ' ပင်တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်အခါ၌ နတ်သည် အသက်တမ်းကုန်ခြင်းကြောင့် နတ်ပြည်မှ စုတေ၏၊ ထိုအခါ ဝမ်းမြောက်စေသော နတ်တို့၏ သုံးမျိုးသောမှာကြားသံတို့သည် ဖြစ်ပေါ် လာကုန်၏။

အရှင် ဤနတ်ဘုံမှ သုဂတိဘဝဖြစ်သော လူတို့၏ အသင်းဝင်အဖြစ်သို့ သွားပါ လေလော့၊ လူဖြစ်သော သင်သည် သူတော်ကောင်းတရား၌ အတုမရှိ မြတ်သော ယုံကြည်မှု 'သဒ္ဓါ'ကို ရယူပါလော့။

သင်၏ ထိုယုံကြည်မှု 'သဒ္ဓါ' တရားသည် အမြဲ စိတ်အစဉ်သို့ သက်ဝင်၍ အမြစ် အရင်းဖြစ်ကာမတုန်မလှုပ် ကောင်းစွာ တည်ပြီးလျှင် ကောင်းစွာ ဟောကြားအပ်သောသူတော်ကောင်းတရားဟူသော သာသနာ၌ အသက်ထက်ဆုံး တစ်စုံတစ် ယောက်ကမျှ မဖယ်ရှားနိုင်သော သဒ္ဓါတရား ဖြစ်ပါစေ။

ကာယဒုစရိုက်ကိုလည်းကောင်း၊ ဝစီဒုစရိုက်ကိုလည်းကောင်း၊ မနောဒုစရိုက်ကိုလည်းကောင်း ပယ်စွန့်၍အခြားတစ်ပါးသော ဒေါသနှင့်ယှဉ်သော အမှုကိုလည်း ပယ်စွန့်ပြီးလျှင် အတိုင်းအရှည်ပမာဏမရှိသော ကိလေသာ (ဥပဓိ) ကင်းစင်သော ကုသိုလ်ကောင်းမှုကို ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အကြိမ်များစွာ ပြု၍ ထိုနတ်ပြည် လောက၌ ပေးကမ်းလှူဒါန်းခြင်းဖြင့်ခန္ဓာကိုယ် 'ဥပဓိ'၏ တင့်တယ်ပြည့်စုံကြောင်းဖြစ်သော ထိုကုသိုလ်ကောင်းမှုကို အကြိမ်များစွာ ပြု၍တစ်ပါးသော အပေါင်းအဖော်တို့ကိုလည်း သူတော်ကောင်း တရားတည်းဟူသော မြတ်သောအကျင့်၌ သက်ဝင်စေပါလော့။

အကြင်အခါ၌ နတ်တို့သည် စုတေမည့် နတ်ကို သိကြကုန်၏၊ ထိုအခါ ဤသနားစောင့်ရှောက်မှုဖြင့်အချင်းနတ်သား ဤနတ်ပြည်သို့ အဖန်ဖန်လာလှည့်ပါဟု ဝမ်းမြောက်စေကုန်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-ဗဟုဇနဟိတသုတ်

၈၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ဖြစ်ပေါ်ကုန်သော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါလောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာအကျိုးငှါ ဖြစ်ကုန်၏၊ အဘယ်သုံးယောက်တို့နည်း- ရဟန်းတို့ ဤလောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အသိဉာဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့်ပြည့်စုံတော်မူသော ကောင်းသော စကားကို ဆိုတော်မူသော လောကကို သိတော်မူသော ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော နတ်လူတို့၏ ဆရာဖြစ်တော်မူသော သစ္စာလေးပါးတရားကို သိတော်မူသော ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အစ၏ ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောတော်မူ၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ရဟန်းတို့ ရှေးဦးစွာသော ဤပုဂ္ဂိုလ်သည် လောက၌ ဖြစ်ပေါ်သည်ရှိသော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါ လောကကို ့စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ထိုိုမြတ်စွာဘုရား၏ တပည့် 'သာဝက'သည် ပူဇော်အထူးကို ခံထိုက်သူအာသဝေါကုန်ခန်းသူ ကျင့်သုံးပြီးသူ မဂ်ကိစ္စကို ပြုပြီးသူ ခန္ဓာဝန်ကို ချပြီးသူ အရဟတ္တဖိုလ်သို့ ရောက်ပြီးသူ ဘဝသံယောဇဉ်ကုန်ခန်းပြီးသူ ကောင်းစွာသိ၍ ကိလေသာမှ လွတ်မြောက်ပြီးသူ ဖြစ်၏၊ ထိုတပည့် 'သာဝက'သည် အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့် ပြည့်စုံသောတရားကို ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏၊ ရဟန်းတို့ ဒုတိယဖြစ်သော ဤပုဂ္ဂိုလ်သည် လောက၌ ဖြစ်သည်ရှိသော် လူများအကျိုးငှါ လူများ ချမ်းသာခြင်းငှါ လောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ထိုိုမြတ်စွာဘုရား၏ တပည့် 'သာဝက'သည် ကျင့်ဆဲ 'သေက္ခ'ပုဂ္ဂိုလ်ဖြစ်၏၊ မဂ်အကျင့်ဖြင့် အရိယာဇာတ်ရှိသူ အကြားအမြင်များသူ သီလအကျင့်နှင့် ပြည့်စုံသူ ဖြစ်၏၊ ထိုတပည့် 'သာဝက'သည်လည်း အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟော၏၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင်စင်ကြယ်သော မြတ်သောအကျင့်ကို ပြတော်မူ၏။ ရဟန်းတို့ တတိယဖြစ်သော ဤပုဂ္ဂိုလ်သည် လောက၌ ဖြစ်သည်ရှိသော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါ လောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်၏။ ရဟန်းတို့ဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ဖြစ်ပေါ်ကုန်သော် လူများအကျိုးငှါ လူများချမ်းသာခြင်းငှါလောကကို စောင့်ရှောက်ခြင်းငှါ နတ်လူတို့၏ အကျိုးငှါ စီးပွါးအလို့ငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''လောက၌ ဂုဏ်ကျေးဇူးကို ရှာမှီးသော ရှေးဦးပဌမဖြစ်သော မြတ်စွာဘုရားသည် လည်းကောင်း၊ ထိုမြတ်စွာဘုရားသို့ အတုလိုက်၍ ကျင့်သော ပွါးများအပ် ပြီးသော အရဟတ္တဖိုလ်စိတ်ရှိသောတပည့် 'သာဝက'သည်လည်းကောင်း ထို့ပြင် မဂ်အကျင့်ဖြင့် အရိယာဇာတ်ရှိသော အကြားအမြင်များ၍သီလနှင့် ပြည့်စုံသော ကျင့်ဆဲ 'သေက္ခ' ပုဂ္ဂိုလ်သည် လည်းကောင်း နတ်လူတို့ထက်မြတ်ကုန်သော ထိုသုံးမျိုးသော ပုဂ္ဂိုလ်တို့သည် ပညာအရောင်ကို ပြုတတ်ကုန်လျက် တရားကို ဟောကြားကုန်ပြီးလျှင်အမြိုက်နိဗ္ဗာန် တံခါးကို ဖွင်းလှစ်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် များစွာသော လူအပေါင်းကို ယောဂလေးပါးမှ လွတ်မြောက်စေကုန်၏။

အကြင်သူတို့သည် အတုမရှိမြတ်သော လှည်းမှူးသဖွယ်ဖြစ်တော်မူသော မြတ်စွာဘုရားကောင်းစွာဟောတော်မူအပ်သော အရိယမဂ်ကို အတုလိုက်၍ ကျင့်ကုန်၏၊ အကြင်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌ မမေ့မလျော့ကြကုန်၊ ထိုသူနှစ်ဦးတို့သည် ဤဘဝ၌ပင် ဆင်းရဲ၏အဆုံးကို ပြုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-အသုဘာနုပဿီသုတ်

၈၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုလျက် နေကြကုန်လော့၊ အာနာပါနဿတိသည်လည်းသင်တို့၏ ကမ္မဋ္ဌာန်းအာရုံ၌ ေ ရှးရှုတည်စေကြကုန်လော့၊ အလုံးစုံသော သင်္ခါရတရားတို့၌ အနိစ္စဟု ရှုလျက် နေကြကုန်လော့၊ ရဟန်းတို့ ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုလျက် နေကြကုန်သောသူတို့အား တင့်တယ်သည့်အဖြစ်ဟူသော သုဘဓာတ်ကြောင့် ရာဂကိန်းဝပ်မှု ရာဂါနုသယသည် ကင်းပျောက်၏၊ အာနာပါနဿတိ၏ ကမ္မဋ္ဌာန်းအာရုံ၌ ရှေးရှုတည်မှုကြောင့် အပဖြစ်ကုန်သော ဆင်းရဲခြင်းအဖို့ရှိကုန်သော အလိုဆန္ဒ အာသယသို့ အစဉ်လိုက်တတ်သည့် မိစ္ဆာဝိတက်တို့သည် မဖြစ်ပေါ်ကုန်၊ အလုံးစုံသော သင်္ခါရတရားတို့၌ အနိစ္စဟု ရှုလျက် နေကြကုန်သောသူတို့အား အဝိဇ္ဇာမောဟ ကင်းပျောက်၍ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသောအခါ ခပ်သိမ်း ကောင်းစွာ မြင်သော ထိုရဟန်းသည် ခန္ဓာကိုယ်၌ အသုဘအခြင်းအရာကို ရှုသည်ဖြစ်၍လည်းကောင်း၊ ထွက်သက်ဝင်သက်၌ ထင်သော သတိရှိသည်ဖြစ်၍လည်းကောင်း၊ အလုံးစုံသော သင်္ခါရတို့၏ ချုပ်ငြိမ်းမှုကို ရှုသည်ဖြစ်၍လည်းကောင်းထိုအလုံးစုံသော သင်္ခါရတို့ ချုပ်ငြိမ်းရာ၌ အရဟတ္တဖလဝိမုတ္တိဖြင့် လွတ်မြောက်၏၊ ထို့ကြောင့် ထိုရဟန်းသည် အဘိညာဉ်ကိစ္စ ပြီးဆုံးပြီဖြစ်၍ ငြိမ်းအေးပြီးလျှင် ယောဂလေးပါးကို လွန်မြောက်ပြီးသူဖြစ်တော့၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-ဓမ္မာနုဓမ္မပဋိပန္နသုတ်

၈၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

လောကုတ္တရာတရားကိုးပါးအားလျော်သောအကျင့်ကို ကျင့်သော ရဟန်းအား ဓမ္မာနုဓမ္မပဋိပန္နပုဂ္ဂိုလ်ဟု ပြောကြားရန် ဤအလျော်သဘောသည် ဖြစ်ပေါ်လာ၏၊ ထိုဓမ္မာနုဓမ္မပဋိပန္နရဟန်းသည် ပြောဆိုသည်ရှိသော် တရားနှင့်စပ်ယှဉ်သော စကားကိုသာလျှင် ပြောဆို၏၊ တရားနှင့်မစပ်ယှဉ်သော စကားကို မပြောဆို၊ ကြံစည်သည်ရှိသော် တရားနှင့်စပ်ယှဉ်သော အကြံအစည်ကိုသာလျှင် ကြံစည်၏၊ တရားနှင့်မစပ်ယှဉ်သော အကြံအစည်ကို မကြံစည်၊ ထိုပြောဆိုမှု ကြံစည်မှု နှစ်ပါးစုံကို မပြုမူ၍ နေသည်ရှိသော်အောက်မေ့မှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ဤအနက်သဘောကိုမြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''တရားလျှင် မွေ့လျော်ရာရှိသောတရား၌ မွေ့လျော်တတ်သောတရားကို ကြံစည်တတ်သောတရားကို အစဉ်အောက်မေ့သော ရဟန်းသည် သူတော်ကောင်း တရားမှ မဆုတ်ယုတ်။

သွားသော်လည်းကောင်း၊ ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ အိပ်သော်လည်းကောင်းကမ္မဋ္ဌာန်းအာရုံ၌ စိတ်ကို ကိလေသာတို့မှ ငြိမ်းအေးစေသော ရဟန်းသည် ငြိမ်းအေးရာ (နိဗ္ဗာန်)သို့သာလျှင် ရောက်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

------

၈-အန္ဓကရဏသုတ်

၈၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤအကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်ကုန်၏၊ ပညာ စက္ခုကို ့မပြုတတ်ကုန်၊ မသိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်ကုန်၏၊ ဆင်းရဲခြင်းအဖို့ရှိကုန်၏၊ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်ကုန်။ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ ကာမဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏၊ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်၏၊ ဆင်းရဲခြင်းအဖို့ရှိ၏၊ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်၊ ရဟန်းတို့ ဗျာပါဒဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏၊ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်၏၊ ဆင်းရဲခြင်းအဖို့ရှိ၏၊ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်၊ ရဟန်းတို့ ဝိဟိံသာဝိတက်သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်၏၊ ပညာစက္ခုကို မပြုတတ်၊ မသိခြင်းကို ပြုတတ်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်၏၊ ဆင်းရဲခြင်းအဖို့ရှိ၏၊ ကိလေသာငြိမ်းအေးမှုကို မဖြစ်စေတတ်။ ရဟန်းတို့ ဤအကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို ပြုတတ်ကုန်၏၊ ပညာစက္ခုကို မပြုတတ်ကုန်၊ မသိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို တားမြစ်ပိတ်ပင်တတ်ကုန်၏၊ ဆင်းရဲခြင်းအဖို့ရှိကုန်၏၊ ကိလေသာ ငြိမ်းအေးမှုကို မဖြစ်စေတတ်ကုန်။

ရဟန်းတို့ ဤကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို မပြုတတ်ကုန်၊ ပညာစက္ခုကို ပြုတတ်ကုန်၏၊ သိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို ပွါးစေတတ်ကုန်၏၊ ဆင်းရဲခြင်း အဖို့မရှိကုန်၊ ကိလေသာ ငြိမ်းအေးခြင်းကို ဖြစ်စေတတ်ကုန်၏ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ နေက္ခမ္မဝိတက်သည်ပညာဉာဏ် ကန်းသည်ကို မပြုတတ်၊ ပညာစက္ခုကို ပြုတတ်၏၊ သိခြင်းကို ပြုတတ်၏၊ ပညာကို ပွါးစေတတ်၏၊ ဆင်းရဲခြင်းအဖို့မရှိ၊ ကိလေသာ ငြိမ်းအေးမှုကို ဖြစ်စေတတ်၏၊ ရဟန်းတို့ အဗျာပါဒဝိတက်သည် ပညာဉာဏ် ကန်းသည်ကို မပြုတတ်၊ ပညာစက္ခုကို ပြုတတ်၏၊ သိခြင်းကို ပြုတတ်၏၊ ပညာကို ပွါးစေတတ်၏၊ ဆင်းရဲခြင်းအဖို့မရှိ၊ ကိလေသာ ငြိမ်းအေးမှုကို ဖြစ်စေတတ်၏၊ ရဟန်းတို့အဝိဟိံသာ ဝိတက်သည် ပညာဉာဏ် ကန်းသည်ကို မပြုတတ်၊ ပညာစက္ခုကို ပြုတတ်၏၊ သိခြင်းကို ပြုတတ်၏၊ ပညာကို ပွါးစေတတ်၏၊ ဆင်းရဲခြင်းအဖို့မရှိ၊ ကိလေသာ ငြိမ်းအေးမှုကို ဖြစ်စေတတ်၏၊ ရဟန်းတို့ ဤကုသလဝိတက်သုံးပါးတို့သည် ပညာဉာဏ်ကန်းသည်ကို မပြုတတ်ကုန်၊ ပညာစက္ခုကို ပြုတတ်ကုန်၏၊ သိခြင်းကို ပြုတတ်ကုန်၏၊ ပညာကို ပွါးစေတတ်ကုန်၏၊ ဆင်းရဲခြင်းအဖို့မရှိကုန်၊ ကိလေသာ ငြိမ်းအေးခြင်းကို ဖြစ်စေတတ်ကုန်၏ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက် သဘောကို -

''ယောဂါဝစရပုဂ္ဂိုလ်သည် ကုသလဝိတက်သုံးပါးတို့ကိုသာ ကြံစည်ရာ၏၊ အကုသလဝိတက်သုံးပါးတို့ကို မူကား နှင်ထုတ်ပယ်စွန့်ရာ၏၊ အခါ မဲ့ရွာသော မိုးကြီးသည် မြေမှ ထသော မြူမှုန့်အပေါင်းကို တစ်ခဏခြင်း ငြိမ်းပျောက်စေသကဲ့သို့ ထိုယောဂါဝစရပုဂ္ဂိုလ်သည် အကုသလဝိတက်တို့ကိုလည်းကောင်း၊ ထိုနှင့်ယှဉ်သော ဝိစာရတို့ကိုလည်းကောင်းငြိမ်းအေးကင်းပျောက်စေပြီးလျှင် မိစ္ဆာဝိတက် ငြိမ်းအေးသော မဂ်စိတ်ဖြင့် ဤဘဝ၌ပင် ငြိမ်းအေးရာနိဗ္ဗာန်ကို ရနိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-အန္တရာမလသုတ်

၈၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ဤသုံးပါးတို့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သားတို့ ဖြစ်ကုန်၏၊ အဘယ်သုံးပါးတို့နည်း- ရဟန်းတို့ လော ဘ့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သား ဖြစ်၏၊ ရဟန်းတို့ ဒေါသသည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူစိတ်၏သူသတ်သမား စိတ်၏ ဆန့်ကျင်ဘက်သား ဖြစ်၏၊ ရဟန်းတို့ မောဟသည် စိတ်၏အညစ်အကြေးစိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သား ဖြစ်၏၊ ရဟန်းတို့ဤသုံးပါးတို့သည် စိတ်၏အညစ်အကြေး စိတ်၏မိတ်ဆွေပျက် စိတ်၏ရန်သူ စိတ်၏သူသတ်သမား စိတ်၏ဆန့်ကျင်ဘက်သား ဖြစ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''လောဘသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ လောဘသည် စိတ်ကို ချောက်ချား စေတတ်၏၊ အတွင်းစိတ်၌ ဖြစ်သော ထိုလောဘဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။

တပ်မက်သောသူသည် အကျိုးကို မသိ၊ တပ်မက်သောသူသည် တရားကို မမြင်၊ အကြင်အခါ၌ လောဘသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။

အကြင်သူသည် လောဘကို ပယ်နိုင်သောကြောင့် တပ်မက်ဖွယ် ရူပါရုံစသည်၌ မတပ်မက်၊ ရေပေါက်သည် ကြာရွက်မှ လျှောကျဘိသကဲ့သို့ ထိုသူ၏ လောဘသည် ထိုတပ်မက်ဖွယ်အာရုံမှ ကင်းပျောက်၏။

ဒေါသသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ ဒေါသသည် စိတ်ကို ချောက်ချားစေ တတ်၏၊ အတွင်းစိတ်၌ ဖြစ်သော ထိုဒေါသဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။

အမျက်ထွက်သောသူသည် အကျိုးကို မသိ၊ အမျက်ထွက်သောသူသည် တရားကို မမြင်၊ အကြင်အခါ၌ ဒေါသသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက် တိုက်သဖွယ် ဖြစ်၏။

အကြင်သူသည် ဒေါသကို ပယ်သောကြောင့် အမျက်ထွက်ဖွယ် ရူပါရုံစသည်၌ အမျက်မထွက်၊ ထန်းသီးမှည့်သည် အညှာမှ ကြွေကျရသကဲ့သို့ ထိုသူ၏ ဒေါသသည် ထိုအမျက်ထွက်ဖွယ်အာရုံမှ ကင်းပျောက်၏။

မောဟသည် အကျိုးမဲ့ကို ဖြစ်စေတတ်၏၊ မောဟသည် စိတ်ကို ချောက်ချားစေ တတ်၏၊ အတွင်းစိတ်၌ ဖြစ်သော မောဟဟူသော ဘေးကို လူအပေါင်းသည် မသိနိုင်။

တွေဝေသူသည် အကျိုးကို မသိ၊ တွေဝေသူသည် တရားကို မမြင်၊ အကြင် အခါ၌ မောဟသည် လူကို လွှမ်းမိုးဖိစီး၏၊ ထိုအခါ၌ အမိုက်တိုက်သဖွယ် ဖြစ်၏။

အကြင်သူသည် မောဟကို ပယ်သောကြောင့် တွေဝေဖွယ် ရူပါရုံစသည်၌ မတွေဝေ၊ ထွက်ပေါ်လာသော နေမင်းသည် အမိုက်တိုက်ကို ပယ်ဖျောက်သကဲ့သို့ ထိုသူသည် အလုံးစုံသော မောဟကို အကြွင်းမဲ့ပယ်ဖျောက်နိုင်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-ဒေဝဒတ္တသုတ်

၈၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ အဘယ်သုံးပါးတို့နှင့်နည်း- ရဟန်းတို့ ယုတ်မာသော အလိုဆိုးဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ ရဟန်းတို့ မိတ်ဆွေယုတ်ရှိသည်၏ အဖြစ်ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့် စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍ မရကောင်း၊ ဈာန်အဘိညာဉ်တို့ထက် အလွန်ဖြစ်သော မဂ်ဖိုလ်အတွက် ပြုဖွယ်ကိစ္စ ရှိသေးသည် ဖြစ်ပါလျက် အနည်းငယ်မျှသော ဈာန်အဘိညာဉ်တရားထူးကို ရခြင်းဖြင့် အကြား၌သာ ပြီးဆုံးခြင်းသို့ ရောက်နေရ၏။ ရဟန်းတို့ ဤမသူတော်တရား သုံးပါးတို့ဖြင့် အနှိပ်စက်ခံရသော သိမ်းရုံးယူအပ်သည့်စိတ်ရှိသော ဒေဝဒတ်သည် အပါယ်၌ ဖြစ်ရ၏၊ ငရဲ၌ ဖြစ်ရ၏၊ အန္တရကပ်ပတ်လုံး တည်၏၊ ကုစား၍မရကောင်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''လောက၌ တစ်စုံတစ်ယောက်သောသူသည် အဘယ်အခါ မျှ ယုတ်မာသော အလိုရှိသူ မဖြစ်ပါစေလင့်၊ ယုတ်မာသော အလိုရှိသူတို့၏ လားရာ 'ဂတိ'ကဲ့သို့ ထိုသို့ သော လားရာ 'ဂတိ'ကို ဤဆိုလတ္တံ့သော အကြောင်းဖြင့် သိကြကုန်လော့။

ပညာရှိဟု ထင်ရှားသော ဈာန်အဘိညာဉ်တို့ဖြင့် ပွါးများအပ်ပြီးသော စိတ်ရှိသူဟု သမုတ်အပ်သော ဒေဝဒတ်သည် အခြံအရံဖြင့် တောက်ပသကဲ့သို့ တည်၏ဟု ထင်ရှားခဲ့၏။

ထိုဒေဝဒတ်သည် မိမိအတိုင်းအရှည် ပမာဏကို မသိသောကြောင့် ထိုမြတ်စွာဘုရားကို ညှဉ်းဆဲ၍တံခါးလေးပေါက်ရှိသော ကြောက်မက်ဖွယ် အဝီစိငရဲသို့ ရောက်ရ၏။

အကြင်သူသည် မကောင်းမှုကံကို မပြုသည့် မပြစ်မှားသင့်သောသူအား ပြစ်မှား၏၊ ရိုသေမှုကင်းသော ပြစ်မှားသော စိတ်ရှိသော ထိုသူသို့သာလျှင် မကောင်းမှုသည် တွေ့ထိကျရောက်၏။

အကြင်သူသည် သမုဒ္ဒရာကို အဆိပ်အိုးဖြင့် ဖျက်ဆီးရန် ကြံစည်အောက်မေ့၏၊ ထိုသူသည် ထိုအဆိပ်အိုးဖြင့် မဖျက်ဆီးနိုင်ရာ၊မှန်လှ၏- ပြန့်ပြောနက်ကျယ် ကြောက်မက်ဖွယ်ကောင်းသော သမုဒ္ဒရာသည် ကြီးမားကျယ်ဝန်းလှပေ၏။

ဤအတူသာလျှင် အကြင်သူသည် ညီညွတ်သည်ဖြစ်၍ ငြိမ်းအေးသော စိတ်ရှိသော မြတ်စွာဘုရားကို ဒေါသဖြင့် ညှဉ်းဆဲနှိပ်စက်၏၊ ထိုသူ၏ ဒေါသသည် ထိုမြတ်စွာဘုရား အပေါ်၌ မကျရောက်နိုင်။

အကြင်ကောင်းသောအကျင့်ရှိသူ၏ ပဋိပတ်လမ်းစဉ်သို့ အစဉ်လိုက်သော ရဟန်းသည် ဆင်းရဲကုန်ရာနိဗ္ဗာန်သို့ ရောက်ရာ၏၊ ပညာရှိသည် ထိုသို့ သဘော ရှိသော ကောင်းသောအကျင့်ရှိသူကို အဆွေခင်ပွန်းပြုရာ၏၊ ထိုကောင်းသောအကျင့်ရှိသူကိုလည်းမှီဝဲရာ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

စတုတ္ထဝဂ် ပြီး၏။

------

၅-ပဉ္စမဝဂ်

၁-အဂ္ဂပ္ပသာဒသုတ်

၉၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အမြတ်ဆုံးတို့၌ ကြည်ညိုခြင်းတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း-ရဟန်းတို့ အခြေမရှိသော သတ္တဝါ အခြေနှစ်ချောင်းရှိသော သတ္တဝါ အခြေလေးချောင်းရှိသော သတ္တဝါ များသော အခြေရှိသော သတ္တဝါ ရူပသတ္တဝါ အရူပသတ္တဝါ သညီသတ္တဝါ အသညီသတ္တဝါ နေဝသညီနာသညီသတ္တဝါဟူသမျှတို့တွင် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာသိတော်မူသော မြတ်စွာဘုရားကို အမြတ်ဆုံးဟု ဆိုအပ်၏၊ ရဟန်းတို့ ဘုရား၌ ကြည်ညိုကုန်သူတို့သည် အမြတ်ဆုံးပုဂ္ဂိုလ်၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံးပုဂ္ဂိုလ်၌ ကြည်ညိုသူတို့အား အမြတ်ဆုံးအကျိုး့ဖြစ်နိုင်၏။

ရဟန်းတို့ ပြုပြင်အပ်သော 'သင်္ခတ'တရား၊ မပြုပြင်အပ်သော 'အသင်္ခတ' တရားဟူသမျှတို့တွင်မာန်ယစ်ခြင်းကို ဆုံးမရာ မွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ အာလယကို ပယ်ခွါရာ ဝဋ်ကို ဖြတ်ရာ တဏှာကုန်ရာ ကိလေသာတို့ကင်းပြတ်ရာ ဝါနတဏှာမှ ထွက်မြောက်ရာဖြစ်သော ဝိရာဂဟု ဆိုအပ်သော နိဗ္ဗာန်ကို အမြတ်ဆုံးဟု ဆိုအပ်၏၊ ရဟန်းတို့ ရာဂကင်းရာ နိဗ္ဗာန်တရား၌ ကြည်ညိုသူတို့သည် အမြတ်ဆုံးတရား၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံးတရား၌ ကြည်ညိုသူတို့အား အမြတ်ဆုံးအကျိုး ဖြစ်နိုင်၏။

ရဟန်းတို့ သံဃာဂိုဏ်းဟူသမျှတို့တွင် အစုံအားဖြင့် လေးယောက်သော ယောက်ျားမြတ်အစုံပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ယောက်ျားမြတ်ပုဂ္ဂိုလ်ဟု ဆိုအပ်သော မြတ်စွာဘုရား၏ တပည့်သားသံဃာသည် အဝေးမှ ဆောင်ယူလာသော အလှူကို ခံထိုက်၏၊ ဧည့်သည်အလို့ငှါ ထားသော အလှူကို ခံထိုက်၏၊ မြတ်သော အလှူကို ခံထိုက်၏၊ လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်၏၊ လူအပေါင်း၏ကောင်းမှုတည်းဟူသော မျိုးစေ့တို့ စိုက်ပျိုးရာအမြတ်ဆုံး လယ်မြေဖြစ်၏ဟူသော ဂုဏ်တို့နှင့်ပြည့်စုံသော မြတ်စွာဘုရား၏ တပည့်သား သံဃာကို အမြတ်ဆုံးဟု ဆိုအပ်၏၊ ရဟန်းတို့ သံဃာ၌ ကြည်ညိုသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏၊ အမြတ်ဆုံး၌ ကြည်ညိုသူတို့အားအမြတ်ဆုံးအကျိုး ဖြစ်နိုင်၏၊ ရဟန်းတို့ ဤသုံးပါးတို့သည် အမြတ်ဆုံး ကြည်ညိုခြင်းတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အမြတ်ဆုံး ရတနာသုံးပါး၌ ကြည်ညိုကုန်သော ရတနာသုံးပါး၏ အမြတ်ဆုံး သဘောကို သိကုန်သော မြတ်သော အလှူကို ခံထိုက်၍ အတုမရှိသည့် အမြတ်ဆုံး ဘုရား၌ ကြည်ညိုကုန်သောသူတို့အားလည်းကောင်း-

အလုံးစုံသော ကိလေသာတို့ ကင်းပြတ်ကြောင်း ငြိမ်းအေးကြောင်းဖြစ်၍ ဝဋ် ဆင်းရဲကုန်ခြင်းဖြင့်ချမ်းသာသည့် အမြတ်ဆုံးတရား၌ ကြည်ညိုသူတို့အားလည်းကောင်း အတုမရှိ ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ်ဖြစ်သည့် အမြတ်ဆုံးသံဃာ၌ ကြည်ညိုသူတို့အားလည်းကောင်း၊ အမြတ်ဆုံးဖြစ်သော ရတနာသုံးပါး၌ အလှူကို ပေးလှူကုန်သောသူတို့အားလည်းကောင်း အမြတ်ဆုံးကုသိုလ်သည် တိုးပွါး၏၊ ပြန့်ပြောများမြတ်သော အသက်သည်လည်းကောင်း၊ အဆင်းသည်လည်းကောင်း၊ အခြံအရံသည်လည်းကောင်း၊ အကျော်အစောသည်လည်းကောင်း၊ ချမ်းသာသည်လည်းကောင်း၊ ခွန်အားသည်လည်းကောင်း တိုးပွါး၏။

အမြတ်ဆုံးဖြစ်သော ရတနာသုံးပါအား ပေးလှူတတ်သော အမြတ်ဆုံးဖြစ်သော ကြည်ညိုမှုပေးလှူမှုစသောတရားနှင့်ပြည့်စုံသော ပညာရှိသည် နတ်ဖြစ်သော်လည်းကောင်း၊ လူဖြစ်သော်လည်းကောင်း အမြတ်ဆုံးဖြစ်သော မဂ်ဖိုလ်ကို ရသည်ဖြစ်၍ ဝမ်းမြောက်ရ၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-ဇီဝိကသုတ်

၉၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အသက်မွေးမှုတို့တွင် ဆွမ်းခံလှည့်လည်၍ အသက်မွေးရခြင်းသည် ယုတ်ညံ့လှ၏၊ လောက၌ ဤဆွမ်းခံ၍ အသက်မွေးသူသည် ''ဤသူဖုန်းစားကား ခွက်လက်စွဲလျက် လှည့်လည်ဘိ၏''ဟု အဆဲရေးခံရတတ်၏၊ ထိုသို့ ပင် ဆဲရေးခံရတတ်သော်လည်း အကျိုးထူးကို အလိုရှိကုန်သော အမျိုးသား့တို့သည် အကျိုးရှိမှုကို စွဲ၍ ထိုဆွမ်းခံလှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ကြကုန်၏၊ မင်းအနှောင်အဖွဲ့ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်၊ သူခိုးတို့ဖမ်းယူနှောင်ဖွဲ့ခံရ၍ ကပ်ရောက်ကြသည်မဟုတ်ကုန်၊ ကြွေးမြီနှိပ်စက်ခံရသည်ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်၊ ဘေးနှိပ်စက်ခံရ၍ ကပ်ရောက်ကြသည် မဟုတ်ကုန်၊ အသက်မွေးခက်သည်ဖြစ်၍ ကပ်ရောက်ကြသည် မဟုတ်ကုန်။

စင်စစ်သော်ကား ပဋိသန္ဓေနေမှု အိုမှု သေမှု စိုးရိမ်မှု ငိုကြွေးမှု ဆင်းရဲမှု နှလုံးမသာယာမှု ပြင်းစွာပူပန်မှုတို့ဖြင့် သံသရာဝဋ်တွင်းသို့ သက်ဆင်းကျရောက်ကုန်၏၊ ဆင်းရဲဖြင့် နှိပ်စက်ခံရကုန်၏ ဤအလုံးစုံသော ဆင်းရဲအစု၏ အဆုံးကို ပြုခြင်းသည် ထင်ရှားဖြစ်ပေါ်နိုင်တန်ရာ၏ဟု နှလုံးသွင်းကာဆွမ်းခံ လှည့်လည်၍ အသက်မွေးခြင်းသို့ ကပ်ရောက်ခဲ့ကြကုန်၏၊ ရဟန်းတို့ အမျိုးကောင်းသားသည်ဤသို့ နှလုံးသွင်း၍ ရဟန်းပြုခဲ့၏၊သို့ ပင်ဖြစ်ငြားသော်လည်း ဤအမျိုးကောင်းသားသည်အဘိဇ္ဈာများ၏၊ ကာမဂုဏ်တို့၌အားကြီးသော ရာဂရှိ၏၊ ဖောက်ပြန်သော စိတ်ရှိ၏၊ ပြစ်မှားလိုသော စိတ်အကြံရှိ၏၊ လွတ်သော သတိရှိ၏၊ ဆင်ခြင်ဉာဏ် မရှိ၊ မတည်ကြည်၊ တုန်လှုပ်သော စိတ်ရှိ၏၊ မစောင့်စည်းသော ဣန္ဒြေရှိ၏၊ ရဟန်းတို့ (အရင်းအဖျား) နှစ်ဖက်၌ မီးလျှံစွဲငြိ၍ အလယ်၌ မစင်လိမ်းသောသူကောင် ဖုတ်ကြွင်း ထင်းမီးစသည် ရွာ၌လည်း ထင်းအဖြစ်သို့ မရောက် တော၌လည်းအသုံးမကျသကဲ့သို့ ရဟန်းတို့ လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်းဖြစ်ကျိုးလည်းမပြည့်စုံသည် ဖြစ်ရကား ဤပုဂ္ဂိုလ်ကို ထိုဥပမာနှင့်တူ၏ဟု ငါဘုရား ဟော၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''လူ့စည်းစိမ်မှလည်း ဆုတ်ယုတ်၍ ရဟန်းဖြစ်ကျိုးကိုလည်း မကောင်းသဖြင့် ရသောသူသည် သူကောင်ဖုတ်ကြွင်း ထင်းမီးစ ပျက်စီးသကဲ့သို့ ပျက်စီးလျက် ဖရိုဖရဲ ဖြစ်ရ၏။

ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ (ကိုယ် နှုတ် နှလုံးကို) မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

သီလလည်း မရှိ၊ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည် သားတို့သဒ္ဓါကြည်ဖြူပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ ကောင်းမြတ်သေး၏''ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒုတိယသုတ်။

------

၃-သင်္ဃာဋိကဏ္ဏသုတ်

၉၂။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန်းသည် အဘိဇ္ဈာများသူ ကာမတို့၌အားကြီးသော ရာဂရှိသူ ဖောက်ပြန်သော စိတ်ရှိသူပြစ်မှားလိုသော စိတ်အကြံရှိသူ လွတ်သော သတိရှိသူ ဆင်ခြင်ဉာဏ်မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ မစောင့်စည်းသော ဣန္ဒြေရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကို ကိုင်၍ ငါဘုရားခြေရာ၌ ခြေကို ချနင်းလျက် နောက်မှ နောက်မှ လိုက်ပင်လိုက်သော်လည်း ထိုရဟန်းသည် ငါဘုရားမှ ဝေးသည်သာတည်း၊ ငါဘုရားသည် လည်း ထိုရဟန်းမှ ဝေးသည်သာတည်း၊ အကြောင်းကားအဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကို မမြင်၊ တရားကို မမြင်သည်ရှိသော် ငါဘုရားကို မမြင်သောကြောင့် ပင်တည်း။

ရဟန်းတို့ ရဟန်းသည် လည်း အဘိဇ္ဈာမများသူ ကာမတို့၌အားကြီးသော ရာဂမရှိသူ ဖောက်ပြန်သော စိတ်မရှိသူ ပြစ်မှားလိုသော စိတ်အကြံမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူမတုန်လှုပ်သော စိတ်ရှိသူ စောင့်စည်းသော ဣန္ဒြေရှိသူဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာဝေးသောအရပ်၌ နေပင်နေသော်လည်း ငါဘုရားနှင့် နီးသည်သာတည်း၊ ငါဘုရားသည် လည်း ထိုရဟန်းနှင့်နီးသည်သာတည်း၊ အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကို မြင်၏၊ တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်သောကြောင့် ပင်တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရားဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အလိုကြီး၍ ညှဉ်းဆဲတတ်သောတဏှာအလိုသို့ အစဉ်လိုက်နေသူသည် တုန် လှုပ်မှု တဏှာကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း၊ ကိလေသာ မငြိမ်းသူသည် ကိလေသာငြိမ်းအေးပြီးသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း၊ မက်မောသူသည် မက်မောခြင်းကင်းသော ထို မြတ်စွာဘုရားသို့ အစဉ်လိုက်နေသော်လည်းကောင်း ထိုမြတ်စွာဘုရားနှင့်အလွန့် အလွန်ဝေးသည်သာတည်း၊ (ထိုအခြင်းအရာကို) ရှုပါလော့။

အကြင်ပညာရှိသည် သစ္စာလေးပါးတရားကို ဝိပဿနာဉာဏ်အထူးဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိ၍ လေငြိမ်ရာ၌ တည်ရှိသော ရေအိုင်ကဲ့သို့ တုန်လှုပ်မှု တဏှာကင်းသည်ဖြစ်၍ငြိမ်သက်၏။

တဏှာကင်းသော ထိုပုဂ္ဂိုလ်သည် တဏှာကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့်ဝေးနေငြားသော်လည်းကောင်း) ငြိမ်းအေးသော ထိုပုဂ္ဂိုလ်သည် ငြိမ်းအေးသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော်လည်းကောင်း) မက်မောမှု ကင်းသော ထိုပုဂ္ဂိုလ်သည် မက်မောမှုကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော်လည်းကောင်း) အလွန့်အလွန်နီးသည်သာတည်း။ (ထိုအခြင်း အရာကို) ရှုပါလော့''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

တတိယသုတ်။

------

၄-အဂ္ဂိသုတ်

၉၃။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း-ရာဂမီး ဒေါသမီး မောဟမီးတို့တည်း၊ ရဟန်းတို့ မီးတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ကာမတို့၌ တပ်စွန်းသူ တွေဝေသူသတ္တဝါတို့ကို ရာဂမီးသည် လောင်မြိုက်၏၊ သူ့အသက်ကို သတ်လေ့ရှိသူ ဖောက်ပြန်သော စိတ်ရှိသူတို့ကို ဒေါသမီးသည် လောင် မြိုက်၏။

အရိယာတရား၌ မလိမ္မာသူ တွေဝေသူတို့ကို မောဟမီးသည် လောင်မြိုက်၏၊ ဤမီးသုံးပါးတို့ကို မသိကြသော သတ္တဝါတို့သည် ခန္ဓာငါးပါး (သက္ကာယ)၌ အလွန် မွေ့လျော်ကြကုန်၏။

ထိုသူတို့သည် မာရ်အနှောင်အဖွဲ့မှ မလွတ်ကြကုန်မူ၍ ငရဲ တိရိစ္ဆာန် အသုရ ကာယ် ပြိတ္တာဘုံတို့ကို ပွါးများစေကုန်၏။

အကြင်သူတို့သည်ကား မြတ်စွာဘုရား သာသနာတော်၌ ညဉ့်နေ့ပတ်လုံးအား ထုတ်ကုန်၏၊ ပုဂ္ဂိုလ်မြတ်ဖြစ်ကြသော ထိုသူတို့သည် အသုဘဟု အမြဲရှုမှတ်ကုန်သည်ဖြစ်၍ ရာဂမီးကို ငြိမ်းအေးစေကြကုန်၏။

ဒေါသမီးကို မူကား မေတ္တာဖြင့် ငြိမ်းအေးစေကြကုန်၏၊ အကြင်ပညာသည် ကိလေသာကို ဖောက်ခွဲနိုင်၏၊ ထိုပညာဖြင့် မောဟမီးကို ငြိမ်းအေးစေကြကုန်၏။

ညဉ့်နေ့ပတ်လုံး မပျင်းရိကုန်သော ရင့်ကျက်သော ပညာရှိတို့သည် ထို ကိလေသာတို့ကို ငြိမ်းစေကြကုန်၍ အကြွင်းမဲ့ ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။

အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ်ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

စတုတ္ထသုတ်။

------

၅-ဥပပရိက္ခသုတ်

၉၄။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ အကြင်အကြင်အပြားအားဖြင့် စူးစမ်းဆင်ခြင်သော ထိုရဟန်း၏ စိတ်ဝိညာဉ်သည်ပြင်ပအာရုံ၌လည်း မပျံ့လွင့် မကျယ်ပြန့်မူ၍ ကမ္မဋ္ဌာန်းအာရုံ၌လည်း မတည်သည် ဖြစ်ခဲ့မူ တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တရာ၊ ရဟန်းသည် ထိုထိုအပြားအားဖြင့် စူးစမ်းဆင်ခြင်ရာ၏။

ရဟန်းတို့ စိတ်ဝိညာဉ်သည် ပြင်ပအာရုံ၌ မပျံ့လွင့် မကျယ်ပြန့်သည်ရှိသော် ကမ္မဋ္ဌာန်းအာရုံ၌လည်းမတည်လတ်သော် တစ်စုံတစ်ခုသော ရုပ်နာမ်သင်္ခါရကို တဏှာဒိဋ္ဌိစွဲအားဖြင့် မစွဲလမ်းမူ၍ မတောင့်တသောသူအား နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှုဟူသော ဝဋ်ဆင်းရဲအပေါင်းတို့ မဖြစ်နိုင်တော့ချေ၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ကပ်ငြိမှု 'သင်္ဂ' ခုနစ်ပါးတို့ကို ပယ်ပြီး၍ တဏှာကို ဖြတ်တောက်ပြီးသော ထိုရဟန်းအားပဋိသန္ဓေနေခြင်းတည်းဟူသော သံသရာသည်ကုန်ခန်းပြီးဖြစ်ရကား တစ်ဖန် ဘဝသစ်သည်မရှိတော့ပြီ''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဉ္စမသုတ်။

------

၆-ကာမူပပတ္တိသုတ်

၉၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကာမကိုမှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ အဘယ်သုံးပါးတို့နည်း- အမြဲထင်ရှား ရှိသော ကာမကိုမှီဝဲသူတို့လည်းကောင်း၊ ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်သူ နိမ္မာနရတိနတ်တို့လည်းကောင်း သူတစ်ပါးတို့ ဖန်ဆင်းသော ကာမ၌ မိမိအလိုသို့ လိုက်စေသော ပရနိမ္မိတဝသဝတ္တီနတ်တို့လည်းကောင်းတို့တည်း၊ ရဟန်းတို့ ကာမကိုမှီဝဲမှုတို့သည် ဤသုံးပါးတို့တည်း၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ပရနိမ္မိတဝသဝတ္တီနတ်တို့သည် သူတစ်ပါးဖန်ဆင်းသော ကာမ၌ မိမိ အလိုသို့ လိုက်စေကုန်၏၊ အကြင်နိမ္မာနရတိနတ်တို့သည် ကိုယ်တိုင်ဖန်ဆင်း၍ မွေ့လျော်တတ်ကုန်၏၊ ဆိုခဲ့ပြီးသော နတ်တို့မှတစ်ပါးကုန်သော အကြင် လူ အစရှိသော ကာမခံစားသူတို့သည် အမြဲထင်ရှားရှိသော ကာမကိုမှီဝဲကုန်၏၊ ထိုသတ္တဝါအားလုံးတို့သည် ဤဘဝ တစ်ပါးသော ဘဝဟု ဆိုအပ်သော သံသရာကို မလွန်နိုင်ကုန်။

ပညာရှိသည် ကာမခံစားသူတို့၌ ဖြစ်သော ထိုအပြစ်မျိုးကို သိ၍ နတ်၌ ဖြစ်သော ကာမလူ၌ ဖြစ်သော ကာမအားလုံးတို့ကို စွန့်ပစ်ရာ၏။

ပညာရှိတို့သည် ချစ်အပ်သော သဘောရှိသော ရူပါရုံစသည်တို့၌ သုခဝေဒနာကိုသာယာမှုဖြင့်တပ်မက်သော လူသာမန်တို့ လွန်မြောက်နိုင်ခဲသည့် တဏှာအလျဉ်ကို အရဟတ္တမဂ်ဖြင့် ဖြတ်၍ အကြွင်းမဲ့ငြိမ်းအေးကြကုန်ပြီ၊ အကြွင်းမဲ့ ဆင်းရဲမှ လွတ်မြောက်ကြကုန်ပြီ။

အရိယသစ္စာတရားကို သိမြင်ကုန်သော မဂ်ပညာဖြင့် သံသရာအဆုံးသို့ ရောက်ကုန်သော ပညာရှိတို့သည် (ကုသိုလ်ခန္ဓာစသည်ကို) ကောင်းစွာသိ၍ ဇာတိကုန်ရာ နိဗ္ဗာန်ကို ထူးသော အရဟတ္တမဂ်ဉာဏ်ဖြင့် သိသောကြောင့် တစ်ဖန် ဘဝသစ်သို့ မရောက်ကြရကုန်''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဆဋ္ဌသုတ်။

------

၇-ကာမယောဂသုတ်

၉၆။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းယှဉ် ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်းယှဉ်သူသည် ဤလူ့ပြည်သို့ လာတတ်သူ အာဂါမီပုဂ္ဂိုလ်ဖြစ်၏၊ ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့် မယှဉ်မူ၍ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်သာယှဉ်သူသည် ဤလူ့ပြည်သို့ မလာတတ်သူ အနာဂါမီပုဂ္ဂိုလ်ဖြစ်၏၊ ရဟန်းတို့ ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းမယှဉ် ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်း မယှဉ်သူသည် အာသဝေါကုန်ခန်းသူ ရဟန္တာပုဂ္ဂိုလ်ဖြစ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''ကာမဂုဏ်နှင့်စပ်သော ရာဂနှင့်လည်းကောင်း၊ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်လည်းကောင်းဤနှစ်ပါးစုံနှင့် ယှဉ်ကုန်သော သတ္တဝါတို့သည် ပဋိသန္ဓေ နေခြင်း သေခြင်းသို့ ရောက်ကြရကုန်သည်ဖြစ်၍သံသရာ၌ ကျင်လည်ကြရကုန်၏။

အကြင်သတ္တဝါတို့သည် ကိလေသာကာမဂုဏ်တို့ကို ပယ်ပြီး၍လည်း အာသဝေါကုန်ခြင်းသို့ မရောက်နိုင်ကြကုန်သေး၊ ရူပဘဝ အရူပဘဝနှင့်စပ်သော ရာဂနှင့်ယှဉ်ကုန်၏၊ ထိုသတ္တဝါတို့ကို အနာဂါမ်တို့ဟူ၍ ဆိုအပ်ကုန်၏။

အကြင်သူတို့သည် ယုံမှားသံသယပြတ်ပြီး ဖြစ်ကုန်၏၊ မာနကုန်ပြီး တစ်ဖန် ဘဝသစ်၌ ဖြစ်မှုကုန်ပြီးဖြစ်ကုန်၏၊ အာသဝေါကုန်ရာ အရဟတ္တဖိုလ်သို့ ရောက် ပြီးဖြစ်ကုန်၏၊ ထိုသူတို့သည် လောက၌ အမှန်စင်စစ် နိဗ္ဗာန်ဟူသော ကမ်း တစ်ဖက်သို့ ရောက်ပြီးသူတို့ ဖြစ်ကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

သတ္တမသုတ်။

တတိယဘာဏဝါရ ပြီး၏။

------

၈-ကလျာဏသီလသုတ်

၉၇။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်- ရဟန်းတို့ ကောင်းသော သီလရှိသူ ကောင်းသောတရားရှိသူ ကောင်းသော ပညာရှိသူ ရဟန်းကို ဤဓမ္မဝိနယ 'သာသနာတော်'၌ တစ်စုံတစ်ခု သင်္ခါရမဖက် သက်သက်နိဗ္ဗာန်ကို ရပြီးသူ ကျင့်သုံးပြီးသူယောက်ျားမြတ်''ဟူ၍ ဆိုအပ်၏။

ရဟန်းတို့ ရဟန်းသည် အဘယ်သို့လျှင် ကောင်းသော သီလရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သီလရှိ၏၊ပါတိမောက္ခသံဝရသီလကို စောင့်ထိန်း၍ အကျင့် 'အာစာရ'ကျက်စားရာ 'ဂေါစရ'နှင့် ပြည့်စုံသည်ဖြစ်၍ နေ၏၊ အနည်းငယ်မျှသော အပြစ်တို့၌ ဘေးဟု ရှုလျက်သိက္ခာပုဒ်တို့၌ ကောင်းစွာ ဆောက်တည်၍ ကျင့်၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော သီလရှိသူ ဖြစ်၏၊ ဤသို့လျှင် ကောင်းသော သီလ ရှိ၏။

အဘယ်သို့လျှင် ကောင်းသောတရားရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ခုနစ်ပါးသော ဗောဓိပက္ခိယတရားတို့ကို ပွါးများအားထုတ်ခြင်းနှင့် ယှဉ်သည်ဖြစ်၍ နေ၏၊ ရဟန်းတို့ဤသို့လျှင် ရဟန်းသည် ကောင်းသောတရားရှိသူ ဖြစ်၏၊ ဤသို့လျှင် ကောင်းသော သီလ ကောင်းသောတရား ရှိ၏။

အဘယ်သို့လျှင် ကောင်းသော ပညာရှိသူ ဖြစ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့ကုန်ခြင်းကြောင့် အာသဝေါမရှိသော ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်စိတ်)နှင့် ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ရောက်၍ နေ၏၊ ရဟန်းတို့ ဤသို့လျှင် ရဟန်းသည် ကောင်းသော ပညာ ရှိ၏။

ဤသို့လျှင် ကောင်းသော သီလရှိသူ ကောင်းသောတရားရှိသူ ကောင်းသော ပညာရှိသူ ရဟန်းကို ဤဓမ္မဝိနယ 'သာသနာတော်'၌ တစ်စုံတစ်ခု သင်္ခါရမဖက် သက်သက်နိဗ္ဗာန်ကို ရပြီးသူ ကျင့်သုံးပြီးသူယောက်ျားမြတ်''ဟူ၍ ဆိုအပ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းအားကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်းမကောင်းပြုခြင်း မရှိ၊ ရှက်စိတ်ရှိသော ထိုရဟန်းကို စင်စစ် ကောင်းသော သီလရှိသူဟူ၍ ဆိုကြကုန်၏။

အကြင်ရဟန်းအား အရဟတ္တမဂ်သို့ ရောက်စေတတ်သောတရားခုနစ်ပါးတို့ကို ကောင်းစွာပွါးအပ်ကုန်၏၊ ရာဂပွါးခြင်းစသည် ကင်းသော ထိုရဟန်းကို ကောင်းသောတရားရှိသူဟူ၍ဆိုကြကုန်၏။

အကြင်ရဟန်းသည် ဤဘဝ၌ပင် မိမိ၏ ဆင်းရဲကုန်ခြင်းကို သိ၏၊ အာသဝေါကုန်ခန်းသော ထိုရဟန်းကို ကောင်းသော ပညာရှိသူဟူ၍ ဆိုကြကုန်၏။

ထိုတရားတို့နှင့် ပြည့်စုံ၍ ဆင်းရဲကင်းသော ယုံမှားမှုကင်းပြတ်ပြီးသောတဏှာ ဒိဋ္ဌိတို့၌ မမှီသောသူကို အလုံးစုံသော လောက၌ အလုံးစုံကို ပယ်ပြီးသူဟူ၍ ဆိုကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

အဋ္ဌမသုတ်။

------

၉-ဒါနသုတ်

၉၈။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ပေးလှူခြင်းတို့သည် - ပစ္စည်းလေးပါး 'အာမိသ'ကို ပေးလှူမှု 'အာမိသဒါန'လည်းကောင်း၊ တရားဟောခြင်းစသော ပေးလှူမှု 'ဓမ္မဒါန'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မဒါန'သည် မြတ်၏။

ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် -ပစ္စည်းလေးပါးကို ခွဲခြမ်းဝေဖန်ခြင်း 'အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤခွဲခြမ်းဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မ သံဝိဘာဂ'သည်မြတ်၏။

ရဟန်းတို့ ချီးမြှောကြ်ခင်းတို့သည် - ပစ္စည်းလေးပါးဖြင့် ချီးမြှောကြ်ခင်း 'အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဟောခြင်းစသည်ဖြင့် ချီးမြှောကြ်ခင်း 'ဓမ္မာနုဂ္ဂဟ'လည်းကောင်း ဤနှစ်မျိုးတို့တည်း၊ ရဟန်းတို့ ဤနှစ်မျိုးသော ချီးမြှောကြ်ခင်းတို့တွင် တရားဟောခြင်းစသည်ဖြင့် ချီးမြှောက်ခြင်း'ဓမ္မာနုဂ္ဂဟ'သည် မြတ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ဒါနကို အတုမရှိ မြတ်၏ဟု ဆိုကုန်၏၊ အကြင်ခွဲခြမ်းဝေဖန်ခြင်းကို (အတုမရှိ) မြတ်၏ဟု မြတ်စွာဘုရားသည် ချီးမွမ်းတော်မူ၏၊ သီလစသော ဂုဏ်တို့ဖြင့် မြတ်သော ကောင်းမှု၏တည်ရာရတနာသုံးပါး၌ ကြည်ညိုစိတ်ရှိ၍ ဒါန အကျိုးကို ပိုင်းခြားသိသော အဘယ်မည်သော ပညာရှိသည်သင့်တင့်သော ကာလ၌ မပေးလှူဘဲ ရှိမည်နည်း။

အကြင်သူတို့သည် တရားလည်း ဟောကုန်၏၊ တရားလည်း နာကုန်၏၊ ဟောသူ နာသူထိုနှစ်ဦးတို့သည် မြတ်စွာဘုရား သာသနာတော်၌ ကြည်ညိုစိတ် ရှိကြကုန်၏၊ အကြင်သူတို့သည် မြတ်စွာဘုရား သာသနာတော်၌ မမေ့မလျော့ကြကုန်၊ ထိုသူတို့၏ မြတ်သော ထို (ဓမ္မဒါန ဓမ္မသံဝိဘာဂဓမ္မာနုဂ္ဂဟ) အကျိုးသည် အရဟတ္တဖိုလ်ဟူသော စင်ကြယ်ခြင်းဖြင့် စင်ကြယ်၏''ဟု ဤဂါထာဖြင့်ဆိုအပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

နဝမသုတ်။

------

၁၀-တေဝိဇ္ဇသုတ်

၉၉။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ သင့်သော အကြောင်းအားဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ငါဘုရား ပညတ်၏၊ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု ငါဘုရား မပညတ်။

ရဟန်းတို့ အဘယ်သို့လျှင် သင့်သော အကြောင်းဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ပညတ်သနည်း၊ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု မပညတ်သနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် များပြားသော ရှေး၌ နေဖူးသော ဘဝကို အောက်မေ့နိုင်၏၊ ဤသည်တို့ကား အဘယ်နည်း၊ တစ်ဘဝကိုလည်းကောင်း၊ နှစ်ဘဝတို့ကိုလည်းကောင်း၊ သုံးဘဝတို့ကိုလည်းကောင်း၊ လေးဘဝတို့ကိုလည်းကောင်း၊ ငါးဘဝတို့ကိုလည်းကောင်း၊ ဆယ်ဘဝတို့ကိုလည်းကောင်း၊ ဘဝနှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘဝသုံးဆယ်တို့ကိုလည်းကောင်း၊ ဘဝလေးဆယ်တို့ကိုလည်းကောင်း၊ ဘဝငါးဆယ်တို့ကိုလည်းကောင်း၊ ဘဝတစ်ရာကိုလည်းကောင်း၊ ဘဝတစ်ထောင်ကိုလည်းကောင်း၊ ဘဝတစ်သိန်းကိုလည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ်ဖြစ်ကပ်တို့ကိုလည်းကောင်း ''ဤမည်သော ဘဝ၌ (ငါသည်) ဤသို့ သော အမည်ရှိခဲ့၏၊ ဤသို့ သော အနွယ်ရှိခဲ့၏၊ ဤသို့ သော အဆင်းရှိခဲ့၏၊ ဤသို့ သော အစာရှိခဲ့၏၊ ဤသို့ သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့ သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤမည်သော ဘဝ၌ ဖြစ်ြဲပန်၏၊ ထိုဘဝ၌လည်း ဤသို့ သော အမည်ရှိခဲ့၏၊ ဤသို့ သော အနွယ်ရှိခဲ့၏၊ ဤသို့ သော အဆင်းရှိခဲ့၏၊ ဤသို့ သော အစာရှိခဲ့၏၊ ဤသို့ သော ချမ်းသာဆင်းရဲကို ခံစားရ၏၊ ဤသို့ သော အသက်အပိုင်းအခြား ရှိခဲ့၏၊ ထို (ငါသည်) ထိုဘဝမှ သေခဲ့၍ ဤဘဝ၌ ဖြစ်ပြန်၏''ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်)နှင့်တကွ များပြားသော ရှေး၌ ဖြစ်ဖူးသော ဘဝကို အောက်မေ့နိုင်၏။

ထိုရဟန်းအား ဤပဌမဖြစ်သော အသိဉာဏ်ဝိဇ္ဇာကိုရ၏၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ်'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်၏၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား အမိုက်မှောင်ပျောက်၍ အလင်းရောင်ဖြစ်ပေါ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့်တူသော ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲသတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါ မြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါ မကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏ ''အချင်းတို့ ဤသတ္တဝါတို့သည် ကိုယ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ကာယဒုစရိုက်'နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'ဝစီဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော မကောင်းသောအကျင့် 'မနောဒုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲတတ်ကုန်၏၊မှားသော အယူရှိကုန်၏၊မှားသော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီးကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ရကုန်၏၊ အချင်းတို့ ဤသတ္တဝါတို့သည်ကားကိုယ်ဖြင့်ပြုသော ကောင်းသောအကျင့်'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'ဝစီသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသော ကောင်းသောအကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို မစွပ်စွဲတတ်ကုန်၊မှန်သော အယူရှိကုန်၏၊မှန်သော အယူဖြင့် ပြုသော ကံရှိကုန်၏၊ ထိုသတ္တဝါတို့သည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ကြရကုန်၏''ဟု သိ၏၊ ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခုဉာဏ်ဖြင့် သေဆဲ သတ္တဝါ ဖြစ်ပေါ်ဆဲသတ္တဝါ ယုတ်သော သတ္တဝါမြတ်သော သတ္တဝါ အဆင်းလှသော သတ္တဝါ အဆင်းမလှသော သတ္တဝါ ကောင်းသော လားရာရှိသော သတ္တဝါမကောင်းသော လားရာရှိသော သတ္တဝါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တဝါတို့ကို သိ၏၊ ထိုရဟန်းအား ဤဒုတိယဖြစ်သော အသိဉာဏ် ဝိဇ္ဇာကိုရ၏၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက်နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ'ဖြစ်ပေါ်၏၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား အမိုက်မှောင်ပျောက်၍အလင်းရောင် ဖြစ်ပေါ်၏။

ရဟန်းတို့ နောက်တစ်မျိုးကား ရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါကင်းသော ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်စိတ်)နှင့် ကိလေသာတို့မှ လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာရောက်၍ နေ၏၊ ထိုရဟန်းအား ဤတတိယမြောက်ဖြစ်သော ဝိဇ္ဇာကိုရ၏၊ မမေ့မလျော့ ပြင်းစွာအားထုတ်လျက် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသောသူအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား မသိမှု 'အဝိဇ္ဇာ' ပျောက်၍ အသိဉာဏ် 'ဝိဇ္ဇာ' ဖြစ်ပေါ်၏၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်သကဲ့သို့ ထိုရဟန်းအား အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်၏။ ရဟန်းတို့ ဤသို့လျှင် သင့်သော အကြောင်းအားဖြင့် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူကို ဗြာဟ္မဏဟု ပညတ်တော်မူ၏၊ မန္တန်ရွတ်ဆိုတတ်ကာမျှဖြင့် တစ်ပါးသော ဇာတိ ဗြာဟ္မဏမျိုးကို ဗြာဟ္မဏဟု ငါဘုရား မပညတ်။ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အကြင်ရဟန်းသည် ရှေး၌ ဖြစ်ဖူးသော ခန္ဓာအစဉ်ကို သိ၏၊ နတ်ပြည် ငရဲပြည် ကိုလည်း မြင်၏၊ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့လည်း ရောက်၏၊ ထူးသော မဂ်ပညာဖြင့် သိမှုကိစ္စ ပြီးဆုံးပြီးသော ထိုရဟန်းသည် -

ဤဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံသောကြောင့် တေဝိဇ္ဇဗြာဟ္မဏဖြစ်၏၊ ထိုသူကိုသာ တေဝိဇ္ဇဗြာဟ္မဏဟု ငါဟော၏၊ တစ်ပါးသော မန္တန်ရွတ်ဆိုတတ်ကာမျှဖြစ်သော ဇာတိဗြာဟ္မဏမျိုးဖြစ်သူကို တေဝိဇ္ဇဗြာဟ္မဏဟု ငါမဟော''ဟု ဤဂါထာဖြင့် ဆို အပ်၏။

ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ဒသမသုတ်။

ပဉ္စမဝဂ် ပြီး၏။

တိကနိပါတ် မြန်မာပြန် ပြီး၏။

------

၄-စတုက္ကနိပါတ်

၁-ဗြာဟ္မဏဓမ္မယာဂသုတ်

၁၀၀။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ငါဘုရားသည် ဗြာဟ္မဏအစစ် ဖြစ်၏၊ တောင်းခံသူတို့နှင့် ဆက်စပ်နေသူ ဖြစ်၏၊ အခါ ခပ်သိမ်း ပေးလှူရန် ဆေးကြောပြီးသော လက်ရှိသူ ဖြစ်၏၊ အဆုံးဖြစ်သော ခန္ဓာကိုယ်ကို ဆောင်သူဖြစ်၏၊ အတုမရှိသော ဆေးဆရာဖြစ်၏၊ (အတုမရှိမူ၍) ငြောင့်ကို နုတ်တတ်သူ ဆရာဖြစ်၏၊ သင်တို့သည် ထိုငါဘုရား၏ ရင်၌ ဖြစ်သူ ခံတွင်းမှဖြစ်သူ အရိယမဂ်တရား၌ ဖြစ်သူ အရိယမဂ်တရားသည် ဖန်ဆင်းအပ်သူ တရားအမွေခံသူ အာမိသအမွေခံမဟုတ်သူ သားတော်တို့ ဖြစ်ကြကုန်လော့။

ရဟန်းတို့ ဒါနတို့သည် (ပစ္စည်းလေးပါး) အာမိသကို ပေးလှူမှု 'အာမိသဒါန'လည်းကောင်းတရားဟောခြင်းစသော ပေးလှူမှု 'ဓမ္မဒါန'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ဤဒါနနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မဒါန'သည် မြတ်၏။

ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်းတို့သည် (ပစ္စည်းလေးပါး) အာမိသကို ခွဲခြမ်းဝေဖန်ခြင်း 'အာမိသသံဝိဘာဂ'လည်းကောင်း၊ တရားဟောခြင်းစသော ခွဲခြမ်းဝေဖန်ခြင်း 'ဓမ္မသံဝိဘာဂ'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ခွဲခြမ်းဝေဖန်ခြင်း သံဝိဘာဂနှစ်မျိုးတို့တွင် တရားဟောခြင်းစသော 'ဓမ္မသံဝိဘာဂ'သည် မြတ်၏။

ရဟန်းတို့ ချီးမြှောကြ်ခင်းတို့သည် (ပစ္စည်းလေးပါးဖြင့်) ချီးမြှောကြ်ခင်း 'အာမိသာနုဂ္ဂဟ'လည်းကောင်း၊ တရားဟောခြင်းစသည်ဖြင့် ချီးမြှောကြ်ခင်း 'ဓမ္မာနုဂ္ဂဟ'လည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ဤနှစ်မျိုးသော ချီးမြှောကြ်ခင်းတို့တွင် အကြင် တရားဟောခြင်းစသည်ဖြင့် ချီးမြှောကြ်ခင်း'ဓမ္မာနုဂ္ဂဟ'သည် မြတ်၏။

ရဟန်းတို့ ပူဇော်ခြင်းတို့သည် (ပစ္စည်းလေးပါးဖြင့်) ပူဇော်ခြင်းလည်းကောင်း၊ တရားဟောခြင်း့စသည်ဖြင့် ပူဇော်ခြင်းလည်းကောင်း (ဤနှစ်မျိုးတို့တည်း)၊ ရဟန်းတို့ ဤနှစ်မျိုးသော ပူဇောြ်ခင်းတို့တွင်တရားဟောခြင်းစသည်ဖြင့် ပူဇောြ်ခင်းသည် မြတ်၏၊ ဤအနက်သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုသုတ်၌ ဤအနက်သဘောကို -

''အလုံးစုံသော သတ္တဝါတို့ကို သနားတော်မူလေ့ရှိသော အကြင်မြတ်စွာဘုရားသည် ဝန်တိုစိတ် မရှိမူ၍တရားဟောတော်မူခြင်းဟူသော ယဇ်ပူဇော်ခြင်းကို ပေး လှူပူဇော်ခဲ့ပြီ။

နတ်လူတို့ထက် မြတ်တော်မူသော ဘဝ၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူသော ထိုသို့ သဘောရှိသော မြတ်စွာဘုရားကို သတ္တဝါတို့သည် ရှိခိုးကြကုန်၏''ဟု ဤဂါထာဖြင့် ဆိုအပ်၏။ ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

ပဌမသုတ်။

------

၂-သုလဘသုတ်

၁၀၁။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု