ခုဒ္ဒကနိကာယ်

သုတ္တနိပါတ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဥရဂဝဂ်

၁-ဥရဂသုတ်

၁။ (တစ်ကိုယ်လုံး) ပျံ့နှံ့၍ တည်သော မြွေဆိပ်ကို ဆေးတို့ဖြင့် ပယ်ဖျောက်သကဲ့သို့ အကြင်ရဟန်းသည် ဖြစ်ပေါ်လာသော အမျက်ဒေါသကို ပယ်ဖျောက်၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၂။ (သူငယ်တို့သည်) ရေအိုင်သို့ ဆင်း၍ ရေအိုင်၌ ပေါက်သော ပဒုမ္မာကြာပန်းကို ချိုးဖြတ်ဖျက်ဆီးကုန်သကဲ့သို့ အကြင်ရဟန်းသည် ရာဂကို အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏၊ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၃။ အကြင်ရဟန်းသည် ကျင်လည်စေတတ်သော လျင်စွာပြေးသွားတတ်သောတဏှာကို ့ခန်းခြောက်စေလျက် အကြွင်းမဲ့ ချိုးဖြတ် ဖျက်ဆီး၏၊ မြွေသည် ဆွေး မြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၄။ ကြီးစွာသော ရေအလျဉ်သည် အလွန်အားနည်းသော ကျူရိုးတံတားကို တိုက်ဖျက်သွားသကဲ့သို့ အကြင်ရဟန်းသည် မာနကို အကြွင်းမဲ့ သတ်ဖြတ်၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၅။ ရေသဖန်းပင်တို့၌ အပွင့်ကို စူးစမ်းရှာဖွေသည်ရှိသော် မရနိုင်သကဲ့သို့ အကြင်ရဟန်းသည် ဘဝတို့၌ ပညာဖြင့် စူးစမ်းရှာဖွေသည်ရှိသော် အနှစ် 'သာရ'ကို မရနိုင်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၆။ အကြင်ရဟန်း၏ စိတ်၌ အမျက်ဒေါသတို့ မရှိကုန်၊ ပြည့်စုံမှု ပျက်စီးမှု တိုးပွါးမှု ဆုတ်ယုတ်မှုခိုင်မြဲမှု ပြတ်စဲမှု ကောင်းမှု မကောင်းမှုကိုလည်း မဂ် လေးပါးတို့ဖြင့် လွန်မြောက်ခဲ့၏၊ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့် လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၇။ အကြင်ရဟန်းသည် မိမိခန္ဓာအစဉ်၌ ကာမဝိတက်စသည်တို့ကို (အောက် မဂ်သုံးပါးတို့ဖြင့်) ရှို့မြှိုက်လောင်ကျွမ်းစေပြီးလျှင် (အရဟတ္တမဂ်ဖြင့်) အကြွင်းမဲ့ ကောင်းစွာ ဖြတ်အပ်ကုန်ပြီ၊ မြွေသည်ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၈။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ဤ (တဏှာမာနဒိဋ္ဌိ) ပပဉ္စတရားအားလုံးကို လွန်မြောက်ခဲ့၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၉။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် လောက၌ ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလ ပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၀။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် လောဘကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၁။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ရာဂကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာ ဘက်ကမ်းကို စွန့်လွှတ်၏။

၁၂။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် သင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် ဒေါသကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၃။ အကြင်ရဟန်းသည် လွန်၍လည်း မပြေးသွား နောက်သို့လည်း မတွန့် ဆုတ်၊ ထိုရဟန်းသည် ဤသင်္ခတတရားဟူသမျှအားလုံးသည် ဗာလပုထုဇဉ်တို့ ထင်မှတ်သည့် နိစ္စသုခစသည်မှ ကင်း၏ဟု သိသောကြောင့် မောဟကင်းသည်ဖြစ်၍ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ့သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၄။ အကြင်ရဟန်းအား တစ်စုံတစ်ခုသော အနုသယတို့ မရှိကုန်၊ အကုသိုလ် မူလတို့ကိုလည်းအကြွင်းမဲ့ ပယ်နုတ်အပ်ကုန်၏၊ မြွေသည် ဆွေးမြေ့သော အရေ ဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၅။ အကြင်ရဟန်းအား ခန္ဓာကိုယ် (သက္ကာယ) ဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သောတစ်စုံတစ်ခုသော ပူပန်စေတတ်သော ကိလေသာတို့ မရှိကုန်၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၆။ အကြင်ရဟန်းအား ဘဝ၌ မြဲစွာ ဖွဲ့ခြင်း၏ အကြောင်းဖြစ်ကုန်သောတစ်စုံ တစ်ခုသော ကိလေသာ (တဏှာ)တို့ မရှိကုန်၊ မြွေသည် ဆွေးမြေ့သော အရေ ဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

၁၇။ အကြင်ရဟန်းသည် နီဝရဏငါးပါးတို့ကို ပယ်စွန့်နိုင်သောကြောင့် ဆင်းရဲ မရှိ၊သို့လောသို့လောတွေးတောယုံမှားမှုကို လွန်မြောက်၏၊ ရာဂစသော ငြောင့် တံသင်းမှ ကင်း၏၊ မြွေသည် ဆွေးမြေ့သော အရေဟောင်းကို စွန့်လွှတ်သကဲ့သို့ ထိုရဟန်းသည် သံသရာတည်းဟူသော သမုဒ္ဒရာ၏ဤမှာဘက်ကမ်းကို စွန့်လွှတ်၏။

ရှေးဦးစွာသော ဥရဂသုတ် ပြီး၏။

------

၂-ဓနိယသုတ်

၁၈။ (ကိုယ်ပိုင်နွားတို့ကို ထိန်းကျောင်းသူ နွားကျောင်းသား ဓနိယသည် ဤသို့ ဆို၏) -

ငါသည် ထမင်းချက်ပြီးသူ နွားနို့ညှစ်ယူပြီးသူ ဖြစ်၏၊ မဟီမြစ်၏ ကမ်းနား၌ အခြံအရံနှင့်တကွနေသူဖြစ်၏၊ (ငါ၏) အိမ်ကိုလည်း မိုးပြီးလေပြီ၊ မီးကိုလည်း ထွန်းညှိပြီးလေပြီ၊ မိုးနတ်မင်း သင်သည်ရွာသွန်းလိုပါမူ ရွာသွန်းလိုက်ပါလော့။ (၁)

၁၉။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -

ငါသည် အမျက်မထွက်သူ စိတ်၌ စူးဝင်တတ်သော ငြောင့်တံသင်း ကင်းပြီးသူ ဖြစ်၏၊ မဟီမြစ်၏ကမ်းနား၌ တစ်ညဉ့်သာ နေသူဖြစ်၏၊ ငါ၏ (ခန္ဓာ) အိမ်ကို (ကိလေသာ) အမိုး ဖွင့်လှစ်ထားပြီ၊ မီး (တစ်ဆယ့်တစ်ပါး) ငြိမ်းအေးလေပြီ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၂)

၂၀။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -

(ဤအရပ်၌)မှက် ခြင် မရှိကုန်၊ မြက်တို့ပေါက်ရာ မြစ်ဝှမ်း၌ နွားတို့ ကျက် စားကုန်၏၊ ထိုနွားတို့သည် ရွာချလာသော မိုးကြီးကိုလည်း ခံနိုင်ရည်ရှိကြကုန်၏၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၃)

၂၁။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -

ငါဘုရားသည် (အရိယမဂ်တည်းဟူသော) ဖောင်ကို (ဉာဏ်ဖြင့်) ဖွဲ့ထားပြီး ကောင်စွာ စီရင်ထားပြီးဖြစ်ခဲ့၏၊ (ငါသည်) ဩဃလေးပါးဟူသော ရေအလျဉ်ကို တွန်းလှန်ပယ် ဖျောက်ကူးမြောက်ပြီးလျှင် နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့ ရောက်ပြီးဖြစ်ရကား (ငါ့အား) ဖောင်ဖြင့် အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၄)

၂၂။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -

(ငါ၏ အိမ်ရှင်မ) ဂေါပီသည် လင့်အလိုသို့ လိုက်တတ်၏၊ လော်လည်မှု မရှိ၊ ကာလရှည်စွာကပေါင်းသင်းခဲ့သော မယားဖြစ်ခဲ့၏၊ ငါ့ကို မြတ်နိုး၏၊ ထိုမယား၏ အပြစ်တစ်စုံတစ်ရာကိုမျှ့ငါမကြားစဖူး၊ မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၅)

၂၃။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -

ငါ၏ စိတ်သည် (ငါ့) အလိုသို့ လိုက်၏၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်၏၊ ကာလရှည်ကြာစွာထက်ဝန်းကျင် ပွါးစေအပ်ပြီးသည်ဖြစ်၍ ကောင်းစွာ ယဉ်ကျေး ပြီးဖြစ်ရကား ငါ့အား မကောင်းမှုမရှိတော့ချေ၊ (ကိလေသာဟူသော) မိုးနတ်မင်း သင်သည် ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၆)

၂၄။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -

ငါသည်ကိုယ်ပိုင်အလုပ်ဖြင့်သာ အသက်မွေးမြူ၏၊ ငါ၏သားသမီးတို့သည်လည်း ငါနှင့်အတူတကွနေထိုင်ကြကုန်၏၊ အနာရောဂါမရှိကြကုန်၊ ထိုသားသမီးတို့၏ အပြစ်တစ်စုံတစ်ရာကိုမျှ ငါမကြားစဖူး၊ (မိုးနတ်မင်း) အကယ်၍ ရွာသွန်း လိုမူ ရွာသွန်းလိုက်ပါလော့။ (၇)

၂၅။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -

ငါသည် တစ်စုံတစ်ယောက်သောသူ၏ အခစားမဟုတ်၊ လောကအားလုံး၌ သဗ္ဗညုတဉာဏ်လောကုတ္တရာ သမာဓိချမ်းသာဖြင့် လှည့်လည်နိုင်သူဖြစ်၍ အဖိုးအခဖြင့် ငါ့အား အကျိုးမရှိတော့ပေ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ ရွာ သွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၈)

၂၆။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -

ဤအရပ်၌ ငါ့အား မသင်းမကွပ်ရသေးသော နွားပေါက်တို့လည်း ရှိကုန်၏၊ နို့စို့နွားငယ်တို့လည်းရှိကုန်၏၊ ကိုယ်ဝန်ဆောင် နွားမတို့လည်း ရှိကုန်၏၊ အရွယ်ရောက် နွားမတို့လည်း ရှိကုန်၏၊ နွားတို့၏အကြီးဖြစ်သော နွားလား (ဥသဘ) လည်း ရှိ၏၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူရွာသွန်းလိုက်ပါလော့။ (၉)

၂၇။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -

ဤသာသနာတော်၌ ငါဘုရားအား မသင်းမကွပ်ရသေးသော နွားပေါက် (ပရိယုဋ္ဌာနကိလေသာ)တို့သည်လည်း မရှိကုန်၊ နို့စို့နွားငယ် (အနုသယကိလေသာ)တို့သည်လည်း မရှိကုန်၊ ကိုယ်ဝန်ဆောင်နွားမ (ပုညာဘိသင်္ခါရ) စသည်တို့သည်လည်းကောင်း အရွယ်ရောက်နွားမ (တဏှာ)တို့သည်လည်းကောင်း မရှိကုန်၊ နွားတို့၏ အကြီးဖြစ်သော နွားလားဥသဘ (အဘိသင်္ခါရဝိညာဉ်)သည်လည်း မရှိ၊ (ကိလေသာဟူသော) မိုးနတ်မင်း အကယ်၍ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၀)

၂၈။ (နွားကျောင်းသား ဓနိယက ဤသို့ ဆို၏) -

နွားချည်တိုင်တို့ကို မတုန်လှုပ်စေကုန်မူ၍ မြဲစွာစိုက်ထားအပ်ကုန်ပြီ၊ ဖြူဆန်မြက်ဖြင့် ပြုအပ်ကုန်သော ကြိုးအသစ်တို့ကို ကောင်းစွာ ကျစ်ထားကုန်ပြီ၊ (ထိုကြိုးတို့ကို) နွားငယ်တို့သည်လည်း ဖြတ်ခြင်းငှါမတတ်နိုင်ကုန်၊ မိုးနတ်မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၁)

၂၉။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -

နွားလားဥသဘသည် ကြိုးအနှောင်အဖွဲ့တို့ကို ဖြတ်၍ တည်သကဲ့သို့ ငါသည် အထက်ပိုင်းသံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့်လည်းကောင်း၊ ဆင် ပြောင်ကြီးသည်ဆင်တုံးမနွယ်ကြိုးကို ချိုးဖြတ်၍ တည်သကဲ့သို့ ငါသည် အောက် ပိုင်းသံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြတ်သောကြောင့်လည်းကောင်း အမိဝမ်းတိုက်၌ ကိန်းနေခြင်းသို့ တစ်ဖန်ကပ်ရောက်တော့မည်မဟုတ်၊ (ကိလေသာဟူသော) မိုးနတ် မင်း အကယ်၍ ရွာသွန်းလိုမူ ရွာသွန်းလိုက်ပါလော့။ (၁၂)

၃၀။ ထိုခဏ၌ပင် မိုးကြီးသည် ချိုင့်ဝှမ်းရာအရပ်ကိုလည်းကောင်း၊ ကုန်းအရပ်ကိုလည်းကောင်းပြည့်စေလျက် ရွာသွန်း၏၊ ဓနိယသည် ရွာသွန်းသော မိုးသံကို ကြား၍ ဤအနက်သဘောကို ဆိုလေ၏။ (၁၃)

၃၁။ မြတ်စွာဘုရားကို ဖူးမြော်ကြရသော ငါတို့အား များစွာသော ကျေးဇူးတို့ကို ရကြပေကုန်စွ၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားကို ကိုး ကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ မုနိတို့၏ အကြီးဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ဆရာဖြစ်တော်မူပါလော့။ (၁၄)

၃၂။ တပည့်တော်သည်လည်းကောင်း၊ အလိုသို့ လိုက်တတ်သော အိမ်ရှင်မ ဂေါပီသည်လည်းကောင်းမြတ်စွာဘုရားထံ၌ အကျင့်မြတ်ကို ကျင့်လိုပါကုန်၏၊ ပဋိသန္ဓေ နေခြင်း သေခြင်း၏တစ်ဖက်ကမ်း (နိဗ္ဗာန်သို့) ရောက်ကြသူ ဝဋ်ဆင်းရဲ၏အဆုံးကို ပြုကြသူတို့ ဖြစ်လိုပါကုန်၏၊ (ဤအနက်သဘောကို လျှောက်ဆို၏)။ (၁၅)

၃၃။ (ထိုအခါ ယုတ်မာသော မာရ်နတ်သည် ဤသို့ ဆို၏) -

သားသမီးရှိသူသည်သားသမီးတို့ဖြင့် နှစ်သက်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် နှစ်သက်ရ၏၊မှန်၏-ဥပဓိတို့သည် လူကို နှစ်သက်စေကုန်၏၊ ဥပဓိမရှိသူသည် မနှစ်သက်ရပေ။ (၁၆)

၃၄။ (မြတ်စွာဘုရားက ဤသို့ မိန့်ဆို၏) -

သားသမီးရှိသူသည်သားသမီးတို့ဖြင့် စိုးရိမ်ရ၏၊ နွားရှိသူသည် နွားတို့ဖြင့် စိုးရိမ်ရ၏၊မှန်၏-ဥပဓိတို့သည် လူတို့ကို စိုးရိမ်စေကုန်၏၊ ဥပဓိမရှိသူသည် မစိုးရိမ်ရ။ (၁၇)

နှစ်ခုမြောက် ဓနိယသုတ် ပြီး၏။

------

၃-ခဂ္ဂဝိသာဏသုတ်

၃၅။ (ထိုအရှင်သည်) သတ္တဝါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တဝါတို့တွင်တစ်ယောက်ယောက်ကိုမျှလည်း မညှဉ်းဆဲဘဲ ပစ္စေကဗောဓိဉာဏ်ကိုရ၏၊ ထိုပစ္စေကဗုဒ္ဓါအသျှင်သည်သားသမီးကိုသော်လည်း အလိုမရှိပေ၊ အပေါင်းအဖော်ကို မူကား အဘယ်မှာ အလိုရှိပါတော့မည်နည်း၊ (ထို့အတူ သူတော်ကောင်းသည်) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁)

၃၆။ ရောနှောစပ်ယှက်မှု 'သံသဂ္ဂ' ဖြစ်နေသူအား ချစ်ခင်မှု 'သ္နေဟ' ဖြစ်ရသည့် အပြင်ချစ်ခင်မှု 'သ္နေဟ'သို့ အစဉ်လိုက်သော ဤဆင်းရဲအမျိုးမျိုး ဖြစ်ရ၏၊ ထို့ကြောင့် ချစ်ခင်မှု 'သ္နေဟ' ကြောင့် ဖြစ်သော အပြစ်ကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၂)

၃၇။ အဆွေခင်ပွန်းတို့ကိုလည်းကောင်း ချစ်ကျွမ်းဝင်သူတို့ကိုလည်းကောင်း အစဉ်သနားသည်ဖြစ်၍ထိုသူတို့၌ နှစ်သက်နှောင်ဖွဲ့သော စိတ်ရှိသူသည် အကျိုး စီးပွါးအားလုံးကို ဆုတ်ယုတ်စေ၏၊ ထို့ကြောင့် ပေါင်းသင်းဆက်ဆံမှု၌ ဤအကျိုး ဆုတ်ယုတ်မှုဟူသော ဘေးကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၃)

၃၈။ ကျယ်ပြန့်သော ဝါးရုံကြီးသည် ငြိယှက်ရှုပ်ထွေးကာ တည်သကဲ့သို့သား သမီးတို့၌လည်းကောင်း၊ မယားတို့၌လည်းကောင်း ငဲ့ကွက်မှု ချစ်ခြင်း တဏှာသည် ထိုသားသမီးစသည်တို့၌ ငြိကပ်တွယ်တာ၏၊ ထို့ကြောင့် ဝါးရုံ၏ အလယ်၌ ပေါက် သစ်စဖြစ်သော ဝါးမျှစ်စို့သည် မငြိမတွယ်တည်သကဲ့သို့ ထို့အတူမငြိကပ်မတွယ် တာဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၄)

၃၉။ သားသမင်သည် တောအရပ်၌ အနှောင်အဖွဲ့မရှိဘဲ သွားလိုရာရာ အရပ်သို့ ကျက်စားရန်သွားနိုင်သကဲ့သို့ ပညာရှိသော ယောက်ျားသည် (သူတစ်ပါးနှင့်မစပ်ဘဲ) မိမိအလိုဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၅)

၄၀။ အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ထိုင်နေရာ၌သော်လည်းကောင်း၊ ရပ်တည်ရာ၌သော်လည်းကောင်း၊ သွားရာ၌သော်လည်းကောင်း၊ လှည့် လည်ရာ၌သော်လည်းကောင်း့ (သူတစ်ပါးတို့) အတောင်းခံရ၏၊ (ထို့ကြောင့် ) သူတစ်ပါးတို့ မမက်မောအပ်သော မိမိအလိုဆန္ဒအတိုင်းဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၆)

၄၁။ အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ကစားမြူးထူးခြင်းနှင့် (ကာမဂုဏ်) မွေ့လျော်ခြင်းသည် ဖြစ်၏၊ သားသမီးတို့၌လည်း ကျယ်ပြန့်များပြားသော ချစ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့် ချစ်သူတို့နှင့် ကွေကွင်းခြင်းကို စက်ဆုပ်သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၇)

၄၂။ ဆိုးကောင်း ယုတ်မြတ် ရတတ်သမျှသော ပစ္စည်းဖြင့် နှစ်သိမ့်ရောင့်ရဲကာ အရပ်လေးမျက်နှာတို့၌ မေတ္တာဘာဝနာဖြင့် ပျံ့နှံ့စေလျက် ချမ်းသာစွာနေရသူ သတ္တဝါတို့၌ ထိပါးမှုမရှိသူဖြစ်သည့်အပြင်အတွင်းအပဘေးရန်တို့ကိုသည်းခံနိုင် သူ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိသူဖြစ်၍ ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၈)

၄၃။ အချို့သော ရဟန်းတို့ကိုလည်းကောင်း၊ အချို့သော အိမ်နေသူလူတို့ကိုလည်းကောင်းချီးမြှောက်ရန် ခဲယဉ်းလှကုန်၏၊ ဤသို့ သိသောကြောင့် သူတစ်ပါး သားသမီးတို့၌ကြောင့်ကြမဲ့ဖြစ်၍ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၉)

၄၄။ လုံ့လ ဝီရိယရှိသူသည် လူ၏အသွင်အပြင်တို့ကို ပယ်ချ၍ အရွက်ကြွေ ကျပြီးသော ပင်လယ်ကသစ်ပင်ကဲ့သို့ လူ၌ ဖြစ်သော အနှောင်အဖွဲ့တို့ကို ဖြတ် တောက်လျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၁၀)

၄၅။ ရင့်ကျက်သည့် ပညာရှိသော ကောင်းစွာနေလေ့ရှိသော ဝီရိယမလျော့သော အတူတကွကျင့်ဘက်မိတ်ဆွေကောင်းကို ရနိုင်ခဲ့မူ ထိုမိတ်ဆွေကောင်းနှင့် ဝမ်း မြောက်ဝမ်းသာ သတိရှိသည်ဖြစ်၍အတွင်းအပဘေးရန်အားလုံးတို့ကို လွှမ်းမိုးလျက် ကျင့်ရာ၏။ (၁၁)

၄၆။ ရင့်ကျက်သော ပညာရှိသော ကောင်းစွာ နေလေ့ရှိသော ဝီရိယမလျော့သော အတူတကွကျင့်ဘက်မိတ်ဆွေကောင်းကို မရခဲ့မူ မင်းသည် မိမိအောင်နိုင်ပြီးသောတိုင်းနိုင်ငံကို ပယ်စွန့်ကာတစ်ယောက်တည်း ကျင့်သကဲ့သို့လည်းကောင်း၊ တော၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီးသည်တစ်ကောင်တည်း လှည့်လည်သကဲ့သို့လည်းကောင်း တစ်ယောက်တည်း ကျင့်ရာ၏။ (၁၂)

၄၇။ အပေါင်းအဖော်တို့နှင့် ပြည့်စုံခြင်းကို အမှန်ပင် ငါတို့ ချီးမွမ်းပါကုန်၏၊ သီလစသည်တို့ဖြင့်မိမိထက်မြတ်သော အပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိနှင့် တူသော အပေါင်းအဖော်တို့ကိုလည်းကောင်းမှီဝဲပေါင်းသင်းထိုက်ကုန်၏၊ ဤသို့ သော အပေါင်းအဖော်တို့ကို မရခဲ့သော် အပြစ်ကင်းသော ဘောဇဉ်ကို သုံးဆောင်မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၁၃)

၄၈။ ရွှေပန်းထိမ်သည်သားသည် ကောင်းစွာပြုလုပ်ပြီးကုန်သော လက်၌ နှစ်ဆင့် ဝတ်ထားသော ရွှေရောင်တလက်လက် ထွက်သော ရွှေလက်ကောက်တို့ အချင်းချင်း ထိခိုက်ကြသည်တို့ကို မြင်ရ၍ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၄)

၄၉။ အဖော်နှင့်တကွ ဤသို့ စကားပြောရခြင်းသည်လည်းကောင်း၊ အလွန်ကပ်ငြိစွဲလမ်းခြင်းသည်လည်းကောင်း ငါ့အား ဖြစ်ခဲ့ရာ၏၊ နောင်အခါ ဖြစ်မည့် ဤသို့ သော ဘေးကို ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၅)

၅၀။ ဆန်းကြယ်ကုန် သာယာဖွယ်ဖြစ်ကုန်သော စိတ်ပျော်မွေ့ဖွယ် ဖြစ်ကုန်သော ကာမဂုဏ်တို့သည် ဖောက်ပြန်သော သဘောအားဖြင့် စိတ်ကို မွှေနှောက်ချောက် ချား တတ်ကုန်၏ဟု ကာမဂုဏ်တို့၌ အပြစ်ကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၆)

၅၁။ ဤကာမဂုဏ်သည် ဘေးရန်လည်း မည်၏၊ အိုင်းအမာလည်း မည်၏၊ ကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါလည်း မည်၏၊ အနာရောဂါလည်း မည်၏၊ ငြောင့်တံသင်းလည်း မည်၏၊ ဘေးလည်း မည်၏ဟု ကာမဂုဏ်တို့၌ ဤသို့ သော ဘေးကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၇)

၅၂။ အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ ဆာလောင်ခြင်းကိုလည်းကောင်း၊ မွတ်သိပ်ခြင်းကိုလည်းကောင်း၊ လေ နေပူကိုလည်းကောင်း၊ ခြင်မှက် မြွေ ကင်းသန်းတို့ကိုလည်းကောင်း ဤအလုံးစုံတို့ကို လွှမ်းမိုးနှိမ်နင်း၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၁၈)

၅၃။ ကောင်းသော လုံးရပ်သဏ္ဌာန် ကြန်အင်လက္ခဏာရှိသော ပဒုမ္မာကြာ အဆင်းရှိ၍ မြင့်မြတ်သော ဆင်ပြောင်ကြီးသည် ဆင်အပေါင်းတို့ကို ရှောင်ဖယ်စွန့်ခွါလျက် တော၌ မွေ့လျော်သရွေ့ နေသကဲ့သို့ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့် ရာ၏။ (၁၉)

၅၄။ အပေါင်းအဖော်၌ မွေ့လျော်သူအား (ဝင်စားဆဲ၌) ကိလေသာမှ လွတ် မြောက်မှုလောကီသမာပတ်ကို ရနိုင်ရာ၏ဟူသော အကြောင်းမျိုးသည် အကြောင်းမှန်မဟုတ်နိုင်၊ ဤသို့လျှင်နေမင်း၏အဆွေဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါ၏ စကား တော်ကို (ဉာဏ်ဖြင့်) ဆင်ခြင်၍ (အပေါင်းအဖော်၌) မွေ့လျော်မှုကို ပယ်ဖျောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၀)

၅၅။ (ငါသည်) မိစ္ဆာအယူဟူသော ငြောင့်တံသင်းတို့ကို လွန်၍ ဖြစ်ပြီးလျှင်သောတာပတ္တိမဂ်သို့ ရောက်ပြီးသူ အထက်မဂ်သုံးပါးကို ရပြီးသူဖြစ်၍ သူတစ်ပါးတို့ သိစေအပ်သည်မဟုတ်ဘဲဖြစ်ပေါ်လာသော ပစ္စေကဗောဓိဉာဏ်ရှိသူဖြစ်၏၊ (ထို့ကြောင့် ဗောဓိဉာဏ်ကို) အလိုရှိသူသည် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၂၁)

၅၆။ အာဟာရ၌ လော်လည်ခြင်းကင်းသူအံ့ဩဖွယ်ပြုခြင်းမှ ကင်းသူ မွတ်သိပ်ခြင်းမှ ကင်းသူသူ့ကျေးဇူးကို ချေဖျက်ခြင်းမှ ကင်းသူ တွေဝေမှု ဖန်ရည်ကို ထုတ်နုတ်အပ်ပြီးသူ လောကအားလုံး၌ တွယ်တာမှု 'တဏှာ' ကင်းသူဖြစ်၍ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၂)

၅၇။ အကျိုးမဲ့ကို ပြတတ်သော ကာယဒုစရိုက်စသည့် မညီမညွတ်ရာ၌ သက်ဝင် တတ်သော ကာမ၌ လိုက်စားသော ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့တတ်သော ယုတ်ညံ့သော အပေါင်းအဖော်ကို ရှောင်ရာ၏၊ မိမိအလိုအားဖြင့် မမှီဝဲရာ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၃)

၅၈။ အကြားအမြင်များ၍ တရားကို ဆောင်သူ မြင့်မြတ်ပြန့်ပြော၍ ပဋိဘာန် ဉာဏ်အမြင်ရှိသူမိတ်ဆွေကိုမှီဝဲဆည်းကပ်ရာ၏၊ အကျိုးစီးပွါးတို့ကို သိ၍ ယုံမှားခြင်းကို ပယ်ဖျောက်ပြီးလျှင်ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၄)

၅၉။ လောက၌ မြူးထူးခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမချမ်းသာကိုလည်းကောင်း တင့်တယ်လျောက်ပတ်၏ဟု မယူမူ၍ ငဲ့ကွက်ခြင်း မရှိဘဲအတင့်အတယ်ပြုခြင်းမှ ရှောင်ကြဉ်ကာ အမှန်စကားကို ပြောဆိုလျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၂၅)

၆၀။ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ အမိကိုလည်းကောင်း၊ ဥစ္စာတို့ကိုလည်းကောင်း၊ ကောက်ပဲသီးနှံတို့ကိုလည်းကောင်း၊ မိတ်ဆွေအပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိ မိမိတို့၏ အပိုင်းအခြားအလိုက် တည်ကုန်သော ကာမဂုဏ်တို့ကိုလည်းကောင်း စွန့်ပစ်လျက်ကြံ့ချိုပမာ တစ် ယောက်တည်း ကျင့်ရာ၏။ (၂၆)

၆၁။ ဤကာမဂုဏ်သည် သတ္တဝါတို့ ငြိတွယ်ရာဖြစ်၏၊ ဤကာမဂုဏ်၌ ချမ်းသာခြင်းသည် နည်းပါး၏၊ ဤကာမဂုဏ်၌သာယာဖွယ် မရှိ၊ ဆင်းရဲများ၏၊ ဤကာမဂုဏ်သည် ငါးမျှားချိတ်နှင့် တူ၏ဟု သိ၍ပညာရှိသောသူသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၇)

၆၂။ ရေ၌ ကျက်စားသော ငါးသည် ပိုက်ကွန်ကို ဖြတ်တောက်၍ မကပ်မငြိသွားသကဲ့သို့ သံယောဇဉ့်အနှောင်အဖွဲ့တို့ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးလျှင် မီးသည် လောင်ကျွမ်းပြီးရာအရပ်သို့ ပြန်လှည့်မလာသကဲ့သို့ (ကာမဂုဏ်တောသို့ ပြန် မလှည့်မူ၍) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၈)

၆၃။ အောက်သို့ မျက်လွှာချသည်ဖြစ်၍ ခြေထောက်မလျှပ်ပေါ်ဘဲ စောင့်ရှောက်သော ဣနြေ, စောင့်စည်းသော စိတ်ရှိသဖြင့် ကိလေသာမိုးလည်း မစိုစွတ် ကိလေသာမီးလည်း မလောင်မြိုက်မူ၍ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၂၉)

၆၄။ လူ့အသွင်အပြင်တို့ကို ပယ်စွန့်၍ အိမ်မှ ထွက်ပြီးလျှင် ကောင်းစွာ ဖုံးလွှမ်းထားသော အရွက်ရှိသော ပင်လယ်ကသစ်ပင်ကဲ့သို့ ဖန်ရည်ဆိုး အဝတ် သင်္ကန်းတို့ကို ဝတ်ရုံဖုံးလွှမ်းလျက်ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၀)

၆၅။ ရသာရုံတို့၌လည်း တပ်မက်မောခြင်းကို မပြု လျှပ်ပေါ်သောတဏှာလည်း မရှိ သူတစ်ပါးတို့မွေးမြူမှုကိုလည်း မခံယူဘဲ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့် လည်လျက် အမျိုးတိုင်း အမျိုးတိုင်း၌ ကပ်ငြိနှောင်ဖွဲ့သော စိတ်မရှိမူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၁)

၆၆။ စိတ်၏ အပိတ်အပင် နီဝရဏငါးပါးတို့ကို ပယ်၍ အလုံးစုံသော ညစ်ညူး ကြောင်းတို့ကို နုတ်ပယ်လျက် မိစ္ဆာဒိဋ္ဌိကို မမှီဘဲ ချစ်ခြင်းတဏှာဟူသော သိနေဟနှင့် အမျက်ဒေါသကို ဖြတ်တောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၂)

၆၇။ ချမ်းသာ 'သုခ'ကိုလည်းကောင်း၊ ဆင်းရဲ 'ဒုက္ခ'ကိုလည်းကောင်း၊ ဝမ်း မြောက်ခြင်း'သောမနဿ'ကိုလည်းကောင်း၊ နှလုံးမသာခြင်း 'ဒေါမနဿ'ကိုလည်းကောင်း ရှေးအဖို့ (ဥပစာရ)၌ပင်လျှင် စွန့်ပစ်ပယ်ရှား ကျောခိုင်းထားလျက် အထူးသဖြင့် စင်ကြယ်၍ငြိမ်သက်တည်ကြည်သော (စတုတ္ထဈာန်) ဥပေက္ခာကို ရပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။ (၃၃)

၆၈။ နိဗ္ဗာန်ဟူသော မြတ်သော အကျိုးသို့ ရောက်ခြင်းငှါ ထက်သန်သော လုံ့လ မဆုတ်နစ်သော စိတ်မပျင်းရိသော ဖြစ်ခြင်း မြဲမြံသော ဝီရိယရှိသည်ဖြစ်၍ကိုယ်အားဉာဏ်အားနှင့် ပြည့်စုံလျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၃၄)

၆၉။ တစ်ယောက်တည်း ကိန်းအောင်းခြင်းကိုလည်းကောင်း၊ ဈာန်ကိုလည်းကောင်း မကင်းဆိတ်စေမူ၍ခန္ဓာငါးပါးတရားတို့၌ အစဉ်တစိုက်လိုက်သော ဝိပဿနာအကျင့်ကို အမြဲကျင့်သည်ဖြစ်၍ ဘဝတို့၌ အပြစ်ကို ဆင်ခြင်သုံးသပ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၅)

၇၀။ တဏှာကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် မမေ့မလျော့ မထိုင်းမအဘဲ အကြားအမြင် 'သုတ'အောက်မေ့မှု 'သတိ' ရှိသည်ဖြစ်၍ ပိုင်းခြားသိအပ်ပြီးသောတရားရှိသူ အရိယာမဂ်ဖြင့် မြဲခြင်းသို့ ရောက်ပြီးသူ သမ္မပ္ပဓာန်လုံ့လရှိသူ ဖြစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၆)

၇၁။ ခြင်္သေ့သည် အသံတို့ကြောင့် မထိတ်လန့်သကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ်လန့်ဘဲလေသည်ပိုက်ကွန်၌ မကပ်ငြိသကဲ့သို့ ခန္ဓာစသည်တို့၌ မကပ်ငြိဘဲ ပဒုမ္မာကြာသည် ရေဖြင့်မလိမ်းကျံသကဲ့သို့ ကိလေသာဖြင့် မလိမ်းကျံဘဲ ကြံ့ချို ပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၃၇)

၇၂။ အစွယ်ဟူသောအားရှိသော ခြင်္သေ့မင်းသည်သားကောင်တို့ကို နှိပ်စက် လွှမ်းမိုး၍လှည့်လည်သွားလာသကဲ့သို့ ဝေးသော ကျောင်းအိပ်ရာနေရာတို့ကိုမှီဝဲလျက် ကြံ့ချိုပမာတစ်ယောက်တည်း ကျင့်ရာ၏။ (၃၈)

၇၃။ တစ်ရံတစ်ခါ ဆန့်ကျင်ဘက်တို့မှ လွတ်မြောက်သော ချစ်ခြင်း 'မေတ္တာ'ကိုလည်းကောင်း၊ လျစ်လျူရှုမှု 'ဥပေက္ခာ'ကိုလည်းကောင်း၊ သနားမှု 'ကရုဏာ'ကိုလည်းကောင်း၊ ဝမ်းမြောက်မှု 'မုဒိတာ'ကိုလည်းကောင်းမှီဝဲလျက် အလုံးစုံသော လောကနှင့် မဆန့်ကျင်မူ၍ ကြံ့ချိုပမာ့တစ်ယောက်တည်း ကျင့်ရာ၏။ (၃၉)

၇၄။ တပ်စွန်းမှု 'ရာဂ'ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ'ကိုလည်းကောင်း၊ တွေဝေမှု 'မောဟ'ကိုလည်းကောင်း ပယ်စွန့်လျက် သံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြတ်တောက်ကာအသက်ကုန်ဆုံးခြင်း၌ ထိတ်လန့်မှုမရှိသည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။ (၄၀)

၇၅။ ယခုအခါ အဆွေခင်ပွန်းတို့သည် ကိုယ်ကျိုးကိုယ်စီးပွါးဟူသော အကြောင်းကြောင့် သာလျှင် ဆည်းကပ်ကြကုန်၏၊မှီဝဲကြကုန်၏၊ ကိုယ်ကျိုးကိုယ်စီးပွါးဟူသော အကြောင်းမရှိကုန်ဘဲဆည်းကပ်မှီဝဲသူ အဆွေခင်ပွန်းတို့ကို ရခဲကုန်၏၊ မစင်ကြယ်သော လူတို့သည် ကိုယ်ကျိုးကိုယ်စီးပွါးကိုသာ မြင်နိုင်စွမ်းသည့် ပညာရှိကုန်၏၊ (ထိုသို့ သဘောရှိသောသူတို့မှငြီးငွေ့သည်ဖြစ်၍) ကြံ့ချိုပမာ တစ် ယောက်တည်း ကျင့်ရာ၏။ (၄၁)

သုံးခုမြောက် ခဂ္ဂဝိသာဏသုတ် ပြီး၏။

------

၄-ကသိဘာရဒွါဇသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် မဂဓတိုင်းဒက္ခိဏာဂိရိဇနပုဒ် ဧကနာဠမည်သော ပုဏ္ဏားရွာ၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ကသိဘာရဒွါဇမည်သော ပုဏ္ဏားသည် စိုက်ပျိုးချိန် အခါ ဝယ် ငါးရာမျှသော ထွန်တုံးတို့ကို (နွားတို့၌) တပ်ထားအပ်ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် ကသိဘာရဒွါဇပုဏ္ဏား၏ အမှုလုပ်ရာ အရပ်သို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါ ကသိဘာရဒွါဇပုဏ္ဏား၏ ထမင်းကျွေးမွေးနေသောအခါ ဖြစ်၏၊ ထို့နောက် မြတ်စွာဘုရားသည် ထမင်းကျွေးမွေးရာ အရပ်သို့ ချဉ်းကပ်တော်မူ၍ တစ်ခုသောအရပ်၌ ရပ်တော်မူ၏။

ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ဆွမ်းအလို့ငှါ ရပ်သည်ကို မြင်၍ မြတ်စွာဘုရားအား ''ရဟန်းငါသည် ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏၊ ရဟန်း သင်သည်လည်း ထွန်လည်း ထွန်လော့၊ စိုက်ပျိုးလည်း စိုက်ပျိုးလော့၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စားပါလော့''ဟု လျှောက်၏။

ပုဏ္ဏား ငါဘုရားသည် လည်း ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏ဟု (မိန့်တော်မူ၏)၊ ''ငါတို့သည် အသျှင်ဂေါတမ၏ ထမ်းပိုးကိုလည်းကောင်း၊ ထွန်တုံးကိုလည်းကောင်း၊ ထွန်သွားကိုလည်းကောင်း၊ နှင်တံကိုလည်းကောင်း၊ ခိုင်းနွားတို့ကိုလည်းကောင်း မမြင်ကြ ရပါကုန်၊ ထိုသို့ မမြင်ပါဘဲလျက် အသျှင်ဂေါတမသည် 'ပုဏ္ဏား ငါသည်လည်း ထွန်လည်း ထွန်၏၊ စိုက်ပျိုးလည်း စိုက်ပျိုး၏၊ ထွန်ပြီး၍လည်းကောင်း၊ စိုက်ပျိုးပြီး၍လည်းကောင်း စား၏'ဟု ဆိုဘိ၏''ဟု ဆိုပြီးနောက် ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ဂါထာဖြင့်လျှောက်၏-

၇၆။ သင်သည် လယ်ထွန်ယောက်ျား (လယ်သမား)ဟူ၍ ဝန်ခံဘိ၏၊ သင်၏ လယ်ထွန်မှုကို ငါတို့မမြင်ရ၊ သင်၏ လယ်ထွန်မှုကို ငါတို့ သိနိုင်လောက်သော နည်းဖြင့် သင်ဖြေဆိုပါလော့ (ဟု မေးလျှောက်၏)။ (၁)

၇၇။ ငါ၏ သဒ္ဓါတရားသည် မျိုးစေ့မည်၏၊ ငါ၏ ဣန္ဒြေကို စောင့်စည်းမှုသည် မိုးရွာခြင်း မည်၏၊ ငါ၏ ပညာသည် ထမ်းပိုးနှင့်ထွန်တုံး မည်၏၊ ငါ၏ (မကောင်းမှုမှ) ရှက်ကြောက်မှုသည် ထွန်သန်မည်၏၊ (ငါ၏) စိတ်သည် ကြိုးလွန်း မည်၏၊ ငါ၏ အောက်မေ့မှု 'သတိ'သည် ထွန်သွားနှင့် နှင်တံမည်၏။ (၂)

၇၈။ သင်သည် လယ်ကို စောင့်ရှောက်သကဲ့သို့ ငါသည်လည်းကိုယ်ကို စောင့် ရှောက်၏၊ နှုတ်ကို ့စောင့်ရှောက်၏၊ အာဟာရ၌ အသက်မွေးမှု စင်ကြယ်စေရန် စောင့်ရှောက်၏၊ ဝမ်း၌ အတိုင်းအရှည်ကို သိရန် စောင့်ရှောက်၏၊မှန်သော စကားဖြင့် (ချွတ်ယွင်းသော စကားတို့ဟူသော ပေါင်းမြက်ကို) ဖြတ်တောက်ပယ်နုတ်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှုဟူသော ငါ၏ အရဟတ္တဖိုလ်သည် ပြုလုပ်ဖွယ်အားလုံးမှလွတ် မြောက်တော့၏။ (၃)

၇၉။ ငါ၏ ဝီရိယသည် ဝန်ကို ဆောင်သော နွားမည်၏၊ အကြင်နိဗ္ဗာန်သို့ ရောက်သည်ရှိသော်မစိုးရိမ်ရ၊ ယောဂလေးပါးကုန်ရာဖြစ်သော ထိုနိဗ္ဗာန်သို့ ရှေးရှု ဆောင်လျက် မဆုတ်မနစ် သွား၏။ (၄)

၈၀။ (ပုဏ္ဏား) ဤသို့ သော အခြင်းအရာအားဖြင့် ဤလယ်ထွန်ခြင်းကို (ငါသည်) ထွန်အပ်ပြီ၊ (ငါ၏) ထိုလယ်ထွန်ခြင်းသည် နိဗ္ဗာန်ဟူသော အသီးအနှံရှိ၏၊ ထိုလယ် ထွန်ခြင်းကို ထွန်ပြီးသောကြောင့် ဆင်းရဲအားလုံးမှ လွတ်၏ဟု (မိန့်တော်မူ၏)။ (၅)

ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် အဖိုးများစွာ ထိုက်သော ရွှေခွက်၌ နို့ဃနာကို ခူးထည့်စေ၍မြတ်စွာဘုရားအား ''အသျှင်ဂေါတမသည် နို့ဃနာကို စားတော်မူပါလော့၊ အသျှင်သည် လယ်ထွန်ယောက်ျားပါတည်း။မှန်၏-အသျှင်ဂေါတမသည် နိဗ္ဗာန်တည်းဟူသော အသီးအနှံအကျိုးရှိသော လယ်ထွန်ခြင်းကို ထွန်တော်မူ၏''ဟု ဆို၍ ဆက်ကပ်၏။

၈၁။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်တို့ကို စားခြင်းငှါ မထိုက်၊ ဤဘောဇဉ်ကို စားခြင်းသဘောသည် စင်ကြယ်ခြင်းကို ရှုမြင်ကုန်သော ဘုရားရှင်တို့၏ သဘောမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာသီဆို၍ ရအပ်သော ဘောဇဉ်ကို ပယ်တော်မူကုန်၏၊ ပုဏ္ဏားအသက်မွေးခြင်း စင်ကြယ်မှုသဘောရှိလတ်သော် ဤတရားသဖြင့် ရှာမှီးခြင်းသည် ဘုရားရှင်တို့၏အသက်မွေးခြင်းတည်း။ (၆)

၈၂။ ပုဏ္ဏား နို့ဃနာမှတစ်ပါးသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံ၍ မြတ်သော သီလစသော ကျေးဇူး အပေါင်းကို ရှာလေ့ရှိသော ကုက္ကုစ္စငြိမ်းအေးပြီးဖြစ်သော ရဟန္တာပုဂ္ဂိုလ်ကို လုပ် ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသောသူ၏ လယ်ယာဖြစ်၏ဟု (ဟောတော်မူ၏)။ (၇)

အသျှင်ဂေါတမသို့ ဖြစ်လျှင် တပည့်တော်သည် ဤနို့ဃနာကို အဘယ်သူအား လှူရအံ့နည်းဟု (လျှောက်၏)။ ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာနှင့်တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့်တကွသော လူ့လောက၌ မြတ်စွာဘုရားကိုလည်းကောင်း၊ မြတ်စွာဘုရားတပည့်သားကိုလည်းကောင်း ထား၍ စားအပ်ပြီးသော ထိုနို့ဃနာကို ကောင်းစွာ ကြေကျက်ခြင်းသို့ ရောက်စေနိုင်မည့်သူကို ငါဘုရား မြင်တော်မမူ၊ ပုဏ္ဏား ထို့ကြောင့် သင်သည် ထိုနို့ဃနာကို စိမ်းသော မြက်မရှိရာ၌သော်လည်းစွန့်လော့၊ ပိုးမရှိသော ရေ၌သော်လည်း မျှောလော့ဟု (မိန့်တော်မူ၏)။

ထိုအခါ ကသိဘာရဒွါဇပုဏ္ဏားသည် ထိုနို့ဃနာကို ပိုးမရှိသော ရေ၌ မျှော၏၊ ထိုအခါ ရေ၌ ပစ်ချအပ်သော နို့ဃနာသည် တရှဲရှဲမည်၏၊ တရှဲရှဲအသံပြု၏၊ ထက်ဝန်းကျင်မှ အခိုးထွက်၏၊ ထက်ဝန်းကျင်မှများစွာ အခိုး ထွက်၏၊ တစ်နေ့ပတ်လုံး မီးဖုတ်အပ်သော ထယ်သွားကို ရေ၌ ပစ်ချအပ်သည်ရှိသော်တရှဲရှဲမည်သကဲ့သို့ တရှဲရှဲအသံကို ပြုသကဲ့သို့ ထက်ဝန်းကျင်မှ အခိုးထွက်သကဲ့သို့ ထက်ဝန်းကျင်မှများစွာ အခိုးထွက်သကဲ့သို့ ဤအတူပင် ရေ၌ ထည့်အပ်သော ထိုနို့ဃနာသည် တရှဲရှဲမည်၏၊ တရှဲရှဲမည်သော အသံကို ပြု၏၊ ထက်ဝန်းကျင်မှ အခိုး ထွက်၏၊ ထက်ဝန်းကျင်မှ များစွာ အခိုးထွက်၏။

ထို့နောက် ကသိဘာရဒွါဇပုဏ္ဏားသည် ထိတ်လန့်သည် ကြက်သီးမွေးညင်းထသည်ဖြစ်၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးတိုက်၍ မြတ်စွာဘုရားအား ''အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထား့သည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း ''မျက်စိအမြင်ရှိသောသူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်''ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည်များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမအထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏''ဟု (လျှောက်၏)။

ကသိဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား၏အထံ၌ ရှင်အဖြစ်ကိုရ၏၊ ရဟန်းအဖြစ်ကိုရ၏၊ ရဟန်းဖြစ်၍ မကြာမီ အသျှင်ဘာရဒွါဇသည် တစ်ယောက်တည်း ဆိတ်ငြိမ်ရာသို့ ကပ်၍ မမေ့မလျော့ပြင်း စွာအားထုတ်ကာ နိဗ္ဗာန်သို့ စိတ်ကို စေလွှတ်လျက် နေသည်ရှိသော် လူ့ဘောင်မှရဟန်းဘောင်သို့ ကောင်းစွာဝင်သော အမျိုးသားတို့ လိုလားအပ်သောအကျင့်မြတ်၏ အဆုံးဖြစ်သော အတုမရှိ မြတ်သော အရဟတ္တဖိုလ်ကို မကြာမီ ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ''ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ် (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီ''ဟု သိ၏၊ အသျှင်ဘာရဒွါဇသည် ရဟန္တာတို့တွင် တစ်ပါးအပါအဝင် ဖြစ်လေသတည်း။

လေးခုမြောက် ကသိဘာရဒွါဇသုတ် ပြီး၏။

------

၅-စုန္ဒသုတ်

၈၃။ (ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်၏) -

အသျှင်ဘုရား ပြန့်ပြောသော ပညာရှိသောတရား၏ အရှင်ဖြစ်တော်မူသောတဏှာကင်းတော်မူသော အခြေနှစ်ချောင်းရှိပုဂ္ဂိုလ်တို့ထက် မြတ်သော ပုဂ္ဂိုလ်ဖြစ် တော်မူသော ဆုံးမတတ်သူတို့တွင်မြတ်တော်မူသော သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားကို အကျွန်ုပ် မေးလျှောက်လိုပါ၏-လောက၌ ရဟန်းတို့သည် (အမျိုးအစားအားဖြင့်) အဘယ်မျှ ရှိပါကုန်သနည်း၊ တောင်းပန်ပါ၏၊ ထိုအကြောင်းကို အသျှင်ဘုရားဟောတော်မူပါ။ (၁)

၈၄။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

စုန္ဒ (လောက၌) ရဟန်းတို့သည် အမျိုးအစားအားဖြင့် လေးမျိုးရှိကုန်၏၊ ငါး ယောက်မြောက်အမျိုးအစား မရှိ၊ မျက်မှောက်မေးအပ်သည်ဖြစ်၍ ထိုရဟန်း လေးမျိုးတို့ကို သင့်အား ထင်ရှားပြုအံ့၊ မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းလည်းကောင်း မဂ်ခရီးကို ညွှန်ပြတတ်သော ရဟန်းလည်းကောင်း၊ မဂ်ခရီး၌ အသက်ရှင် နေသော ရဟန်းလည်းကောင်း၊ မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းလည်းကောင်း (ဤလေးမျိုးတို့တည်း)။ (၂)

၈၅။ (ရွှေပန်းထိမ်သည်သား စုန္ဒသည် ဤသို့ လျှောက်ထားပြန်၏) -

အဘယ်သူကို မဂ်ခရီးဖြင့် အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုပါကုန် သနည်း၊ အတုမရှိသော ရဟန်းသည် အဘယ်သို့ သော အပြားအားဖြင့် မဂ်ခရီးကို ညွှန်ပြတတ်သူ ဖြစ်ပါသနည်း၊ အကျွန်ုပ်မေးအပ်သော အသျှင်ဘုရားသည် မဂ်ခရီး၌ အသက်ရှင်နေသော ရဟန်းကို ဟောတော်မူပါ၊ ထို့ပြင် မဂ်ခရီးကို ဖျက်ဆီး တတ်သော ရဟန်းကို အကျွန်ုပ်အား ထင်ရှားပြတော်မူပါ။ (၃)

၈၆။ အကြင်သူသည်သို့လောသို့လော တွေးတောယုံမှားခြင်းကို ကူးမြောက်ပြီး ဖြစ်၏၊ ရာဂစသော ငြောင့်တံသင်းမှ ကင်းပြီးသူ ဖြစ်၏၊ နိဗ္ဗာန်၌ အလွန်မွေ့လျော်၏၊ တစ်စုံတစ်ခုကိုမျှ တဏှာအားဖြင့်မမက်မော၊ နတ်နှင့်တကွသော လောကကို ဆောင်တတ်၏၊ ထိုသို့ သော ရဟန်းကို မဂ်ခရီးဖြင့်အောင်ပြီးသော ရဟန်းဟူ၍ ဘုရားရှင်တို့ ဆိုကုန်၏။ (၄)

၈၇။ ဤသာသနာတော်၌ အကြင်သူသည် နိဗ္ဗာန်ကို မြတ်၏ဟု ပစ္စဝေက္ခဏာ ဉာဏ်ဖြင့် သိပြီး၍မိမိသိပြီးသော နိဗ္ဗာန်တရားကို သူတစ်ပါးတို့အား ဟောကြား တတ်၏၊ ဝေဖန်တတ်၏၊ ယုံမှားခြင်းကို ဖြတ်တတ်သောတဏှာကင်းသော ထို ရဟန်းကို ရဟန်းတို့တွင် မဂ်ခရီးကို ညွှန်ပြတတ်သော ဒုတိယအမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။ (၅)

၈၈။ အကြင်သူသည် သီလစောင့်စည်းမှုဖြင့် ကောင်းစွာ စောင့်စည်းလျက် သတိ ရှိကာ အပြစ်မရှိသော ဗောဓိပက္ခိယတရားစုတို့ကို ဘာဝနာသေဝနအားဖြင့်မှီဝဲသည်ဖြစ်၍ နိဗ္ဗာန်တရား၏အကြောင်းကောင်းစွာ ဟောထားသော မဂ်ခရီး၌ အသက်ရှင်နေ၏၊ ထိုသူကို ရဟန်းတို့တွင် မဂ်ခရီး၌ အသက်ရှင်နေသောတတိယ အမျိုးအစား ရဟန်းဟူ၍ ဆိုကုန်၏။ (၆)

၈၉။ အကြင်သူသည် ကောင်းသောအကျင့်ရှိသူတို့၏ အဝတ်ကို ဝတ်၍ (ရဟန်းတို့၏ အတွင်းသို့) ဝင်၏၊ ဒါယကာတို့၏ ကြည်ညိုမှုကို ဖျက်ဆီးတတ်၏၊ ကိုယ် နှုတ် နှလုံး ကြမ်းတမ်း၏၊ လှည့်ပတ်တတ်၏၊ ကိုယ် နှုတ် နှလုံးကို မစောင့် စည်း၊ ဖွဲအဖျင်းနှင့် တူ၏၊ ရဟန်းအတုအယောင်အသွင်အပြင်ဖြင့် လှည့်လည် သွားလာ၏၊ ထိုသူကို မဂ်ခရီးကို ဖျက်ဆီးတတ်သော ရဟန်းဟူ၍သိအပ်၏။ (၇)

၉၀။ အိမ်ရာထောင်သူ လူပုဂ္ဂိုလ်ဖြစ်၍ အကြားအမြင်ရှိသော ပညာရှိသော အကြင်အရိယာတပည့်သည်ဤရဟန်းလေးမျိုးတို့ကိုလည်း ထိုးထွင်း၍ သိ၏၊ ရဟန်းအားလုံးတို့သည် ထိုသို့ (ပါပရဟန်းနှင့်) တူသော သဘော မရှိကုန်၊ ဤသို့ သိရ၍ ထိုပညာရှိ၏ ယုံကြည်မှု 'သဒ္ဓါ'သည် ဤမကောင်းသူကို မြင်သောကြောင့် မယုတ်လျော့ပေ၊မှန်၏၊ အကြားအမြင်ရှိသော အရိယာသာဝကသည် မဂ်ခရီးကို မဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းကို မဂ်ခရီးကို ဖျက်ဆီးသောတစ်မျိုးတစ်စားသော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်း၊ စင်ကြယ်သော ရဟန်းကို မစင်ကြယ်သော ရဟန်းနှင့် တူသည်ကို အဘယ့်ကြောင့် ပြုရာအံ့နည်းဟု (မိန့်တော်မူ၏)။ (၈)

ငါးခုမြောက် စုန္ဒသုတ် ပြီး၏။

------

၆-ပရာဘဝသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ နတ်သားတစ်ယောက်သည် ညဉ့်ဦးယံ လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်ကောင်းသော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ်ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဤဂါထာဖြင့်လျှောက်၏-

၉၁။ ''အသျှင်ဂေါတမ ပျက်စီးဆုတ်ယုတ်နေသော ယောက်ျားအကြောင်းကို အကျွန်ုပ်တို့မေးလျှောက်ပါကုန်၏၊ အသျှင်ဘုရားကို မေးလျှောက်ရန် လာကြပါကုန်၏၊ ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁)

၉၂။ ကြီးပွါးသူကိုလည်း သိရန် လွယ်ကူလှပေ၏၊ ပျက်စီးဆုတ်ယုတ်သူကိုလည်း သိရန်လွယ်ကူလှပေ၏၊ တရားကို လိုလားတောင့်တသူသည် ကြီးပွါးရ၏၊ တရားကို မလိုလား မတောင့်တမုန်းထားသူသည် ပျက်စီးရ၏။ (၂)

၉၃။ ထိုအကြောင်းသည် ပဌမ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကို ့ဟောတော်မူပါ၊ ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၃)

၉၄။ ထိုသူသည် သူတော်မဟုတ် သူယုတ်မာတို့ကို ချစ်ခင်မြတ်နိုး၏၊ သူတော် ကောင်းတို့ကို ချစ်ခင်မြတ်နိုးမှု မပြု၊ သူယုတ်မာတို့၏ တရားကို နှစ်သက်မြတ်နိုး၏၊ ထိုသုံးမျိုးသည်ပျက်စီးဆုတ်ယုတ်ကြောင်းပေတည်း။ (၄)

၉၅။ ထိုအကြောင်းသည် ဒုတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား တတိယ ဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၅)

၉၆။ အကြင်သူသည် အိပ်စက်ငိုက်မျဉ်းလေ့ရှိ၏၊ အပေါင်းအဖော်၌ မွေ့လျော် လေ့ စကားပြောမှု၌ မွေ့လျော်လေ့ရှိ၏၊ နိုးကြားထကြွမှုမရှိ ပျင်းရိ၏၊ လျင်စွာ အမျက်ထွက်လေ့ရှိ၏၊ ထိုသူ၏ထိုအကြောင်းငါးမျိုးသည် ပျက်စီးဆုတ်ယုတ် ကြောင်းပေတည်း။ (၆)

၉၇။ ထိုအကြောင်းသည် တတိယဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၇)

၉၈။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်ပါလျက် မကျွေးမွေး မပြုစုပေ၊ ထိုသူ၏ မကျွေးမွေးမပြုစုခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၈)

၉၉။ ထိုအကြောင်းသည် စတုတ္ထဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ပဉ္စမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၉)

၁၀၀။ အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်းယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ် ကြားပြီးဖြစ်လျက် မုသားပြောဆိုခြင်းဖြင့်လှည့်ပတ်၏၊ ထိုသူ၏ ထိုလှည့်ပတ်ခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၀)

၁၀၁။ ထိုအကြောင်းသည် ပဉ္စမ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဆဋ္ဌ ဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဆဋ္ဌဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၁)

၁၀၂။ အကြင်သူသည် များသော စည်းစိမ်ရှိသူ အသပြာရှိသူ စားဖွယ်နှင့် ပြည့်စုံသူ ဖြစ်ပါလျက်ကောင်းမြတ်သော ဘောဇဉ်တို့ကို တစ်ယောက်တည်း စားသုံး၏၊ ထိုသူ၏ ထိုစားသုံးခြင်းသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၂)

၁၀၃။ ထိုအကြောင်းသည် ဆဋ္ဌ ဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၃)

၁၀၄။ အကြင်သူသည် အမျိုး 'ဇာတိ' မာန် ခက်ထန်၏၊ ဥစ္စာ 'ဓန' မာန်ခက် ထန်၏၊ အနွယ် 'ဂေါတ္တ' မာန်ခက်ထန်၏၊ မိမိဆွေမျိုးကိုလည်း မထီမဲ့မြင် ပြု၏၊ ထိုသူ၏ထိုအကြောင်းလေးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၄)

၁၀၅။ ထိုအကြောင်းသည် သတ္တမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၅)

၁၀၆။ အကြင်သူသည် မိန်းမကြူး သေသောက်ကြူး လောင်းကစားကြူးသည်ဖြစ်၍ ရတိုင်း့ရတိုင်းသော ဥစ္စာကို ဖျက်ဆီး၏၊ ထိုသူ၏ ထိုအကြောင်းသုံးမျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၆)

၁၀၇။ ထိုအကြောင်းသည် အဋ္ဌမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား နဝမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၇)

၁၀၈။ အကြင်သူသည် မိမိမယားဖြင့် မရောင့်ရဲဘဲ ပြည့်တန်ဆာမတို့၌ ပြစ်မှား၏၊ သူတစ်ပါးမယားတို့၌ ပြစ်မှား၏၊ ထိုသူ၏ ထိုအကြောင်းနှစ်မျိုးသည် ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၁၈)

၁၀၉။ ထိုအကြောင်းသည် နဝမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၁၉)

၁၁၀။ အရွယ်လွန်ပြီးသော ယောက်ျားသည် တည်သီးသဖွယ် ငယ်သော သား မြတ်ရှိသော မိန်းမငယ်ကို သိမ်းမြန်းဆောင်ယူ အိမ်သူ ပြုလုပ်၏၊ ထိုမိန်းမငယ်အား (ယောက်ျားတစ်ပါးအတွက်) စိတ်မချရသောကြောင့် မအိပ်နိုင်၊ ထိုမအိပ်နိုင်ခြင်းသည် ပျက်စီးခြင်း၏ အကြောင်းတည်း။ (၂၀)

၁၁၁။ ထိုအကြောင်းသည် ဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့ သိရပါကုန်၏၊ မြတ်စွာဘုရား ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၂၁)

၁၁၂။ အကြင်သူသည် ငါး အမဲစသော အစားအစာတို့၌ မက်မောသော သဘောရှိသော (ဥစ္စာကို) စည်းကမ်းမဲ့ ဖရိုဖရဲပြုတတ်သော မိန်းမကိုသော်လည်းကောင်း ထိုသို့ သဘောရှိသော ယောက်ျားကိုသော်လည်းကောင်း အိမ်ထောင်ထိန်း အရာ၌ ထား၏၊ ထိုသူ၏ ထိုအကြောင်းသည်ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၂၂)

၁၁၃။ ထိုအကြောင်းသည် ဧကာဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းဟု အကျွန်ုပ်တို့သိရပါကုန်၏၊ မြတ်စွာဘုရား ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ် ကြောင်းကို ဟောတော်မူပါ၊ ဒွါဒသမဖြစ်သော ပျက်စီးဆုတ်ယုတ်ကြောင်းကား အဘယ်ပါနည်း။ (၂၃)

၁၁၄။ အကြင်သူသည် ဥစ္စာနည်း၍ စည်းစိမ်ဥစ္စာတို့၌ တပ်မက်မှု ကြီးမား၏၊ မင်းမျိုး၌လည်း ဖြစ်၏၊ ထိုသူသည်ကား မင်းအဖြစ်ကို တောင့်တ၏၊ ထိုသူ၏ ထို အကြောင်းသည်ပျက်စီးဆုတ်ယုတ်ကြောင်းတည်း။ (၂၄)

၁၁၅။ လောက၌ ဖြူစင် ကောင်းမြတ်၍ ဉာဏ်အမြင်နှင့်ပြည့်စုံသော ပညာရှိသည်ဤပျက်စီးဆုတ်ယုတ်ကြောင်းတို့ကို ကောင်းစွာ ကြည့်ရှုဆင်ခြင်၍ ရှောင်ရှားနိုင်သောကြောင့် ချမ်းမြေ့အေးမြသော နတ်ပြည် လောကသို့ ချဉ်းကပ်ရ၏''ဟု (မိန့်တော်မူ၏)။ (၂၅)

ခြောက်ခုမြောက် ပရာဘဝသုတ် ပြီး၏။

------

၇-ဝသလသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်၌ (ပူဇော်ထားသော) မီးသည် တောက်ပနေ၏၊ မီးပူဇော်ရန် နို့ဃနာထောပတ်စသည်ကို စီရင်ထား၏၊ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်သို့ ချဉ်းကပ်တော်မူ၏။

အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးကပင် မြင်၍ မြတ်စွာဘုရားကို ''ဦးပြည် းယုတ် ထို၌သာလျှင် ရပ်လော့၊ ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊ သူယုတ်မာ ထို၌သာလျှင် ရပ်လော့''ဟု ဆို၏။

ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် ''အဂ္ဂိကဘာရဒွါဇပုဏ္ဏား သင်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း သိ၏လော''ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း၊ မသိပါ၊ အကျွန်ုပ်တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း အကျွန်ုပ်သိနိုင်လောက်သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား တရားဟောတော်မူပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသို့ ဖြစ်လျှင်နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ ''အသျှင်ဂေါတမ ကောင်းပါပြီ''ဟု အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

၁၁၆။ ''အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁)

၁၁၇။ ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝါကိုလည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော ငှက်စသော သတ္တဝါကိုလည်းကောင်း ညှဉ်းဆဲသတ်ဖြတ်၏၊ အကြင်သူအားသတ္တဝါ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၂)

၁၁၈။ အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏၊ ပိတ်ပင်တတ်၏၊ ရွာနိဂုံးတို့ကို ဖျက်ဆီးတတ်သူဟူ၍ (လောက၌) ထင်ရှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၃)

၁၁၉။ အကြင်သူသည် ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း သူတစ်ပါးတို့မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၄)

၁၂၀။ အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည်ရှိသော်ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၅)

၁၂၁။ အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိ သဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၆)

၁၂၂။ အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ (မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ) ဥစ္စာဟူသော အကြောင်းကြောင့် သော်လည်းကောင်း မုသားဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၇)

၁၂၃။ အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော်လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏မယားတို့၌သော်လည်းကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေလွန်ကျူးပြစ်မှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၈)

၁၂၄။ အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၉)

၁၂၅။ အကြင်သူသည် အမိကိုသော်လည်းကောင်း၊ အဖကိုသော်လည်းကောင်း၊ အစ်ကိုနှင့်ညီကိုသော်လည်းကောင်း၊ အစ်မနှမကိုသော်လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမယောက်ျားသူကိုသော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၏၊ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၀)

၁၂၆။ အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုး စီးပွါးမဲ့ကို ပြောကြားသွန်သင်၏၊ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆိုညွှန်ကြား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၁)

၁၂၇။ အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏၊ အကြင်သူသည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏၊ ထိုသူနှစ်ဦးကို သူယုတ်မာဟူ၍ သိရာ၏။ (၁၂)

၁၂၈။ အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားပြီး၍လည်းမိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို (အတုံ့အပြန်) မကျွေးမွေး၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၃)

၁၂၉။ အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ် ကြားပြီးဖြစ်လျက်မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၄)

၁၃၀။ အကြင်သူသည် ထမင်းစားချိန်ရောက်လတ်သော် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏၊ ပေးကား မပေး၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၅)

၁၃၁။ ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံ တစ်ခုသော ဝတ္ထုကို ရှာမှီးလာသည်ရှိသော် မသူတော်တို့ စကားကို ပြောဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၆)

၁၃၂။ အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမှုဟူသော မိမိမာနကြောင့် ဆုတ်ယုတ်၏၊ ထိုသူကို သူယုတ်မာဟူ၍သိရာ၏။ (၁၇)

၁၃၃။ အကြင်သူသည် ခြုတ်ခြယ်တတ်၏၊ သူတစ်ပါးပေးလှူသည်ကို မူလည်း ဝန်တိုမှု ရှိ၏၊ ယုတ်မာသော အလိုရှိ၏၊ ဝန်တို စေးနဲ၏၊ စဉ်းလဲ ကောက်ကျစ်၏၊ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၈)

၁၃၄။ အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညု မဟုတ် စသည်ဖြင့် ရေရွတ် စွပ်စွဲ၏၊ ထိုမှတစ်ပါးထိုဘုရား၏ တပည့်ရဟန်းကိုသော်လည်းကောင်း၊ ပရိဗိုဇ်ကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း ရေရွတ်စွပ်စွဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၉)

၁၃၅။ အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့်တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီး ပေတည်း၊ ပုဏ္ဏား ငါဘုရားသည် (ရှေး၌ အကျဉ်းအားဖြင့်) ဆိုခဲ့သောသူယုတ်တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။ (၂၀)

၁၃၆။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၁)

၁၃၇။ (ပုဏ္ဏား) ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊ ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည်မာတင်္ဂဟူ၍ ထင်ရှားကျော်စော၏။ (၂၂)

၁၃၈။ ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏၊ ထိုမာတင်္ဂအား (လုပ်ကျွေးခစားရန်) မင်းမျိုးတို့သည်လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည်လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။ (၂၃)

၁၃၉။ ထိုမာတင်္ဂသည် ကိလေသာကင်း၍ မြတ်သော ခရီးဖြစ်သော ဗြာဟ္မာ့ ပြည်သို့ ရောက်ကြောင်း (သမာပတ်ရှစ်ပါး) နတ်ယာဉ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု 'ကာမရာဂ'ကို ကင်းစင်စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ် ခဲ့၏၊ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှအမျိုးဇာတ်က မတားမြစ်နိုင်။ (၂၄)

၁၄၀-၁၄၁။ ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ်ထင်ကုန်မူယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ်ဖြစ်ကုန်၏၊ တမလွန် ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရောက်ရကုန်၏၊ ထိုပုဏ္ဏားတို့ကို ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းမှလည်းကောင်း၊ ကဲ့ရဲ့ခံရခြင်းမှလည်းကောင်းအမျိုးဇာတ်က မတားမြစ်နိုင်။ (၂၅-၂၆)

၁၄၂။ အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၇)

ဤသို့ ဆိုသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို ''အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အကျွန်ုပ်ကို အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍မှတ်တော်မူပါလော့''ဟု (လျှောက်၏)။

ခုနစ်ခုမြောက် ဝသလသုတ် ပြီး၏။

------

၁။ အမိဝမ်းမှ ဥအဖြစ် တစ်ကြိမ် ဖွား၍ ဥမှ တစ်ကြိမ် ပေါက်ဖွားရသော ငှက်စသော သတ္တဝါများကို ဒွိဇ နှစ်ကြိမ် ဖွားဟု ခေါ်၏၊ ကြွင်းသော အမိဝမ်းမှ တစ်ကြိမ် ပေါက်ဖွားရသော လူစသော သတ္တဝါများကို ဧကဇ တစ်ကြိမ်ဖွားဟု ခေါ်သည်။

၈-မေတ္တသုတ်

၁၄၃။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍ နေလိုသော အကျိုး စီးပွါး၌ လိမ္မာသောသူသည် (ဤဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို) ပြုကျင့် အပ်၏၊ ကျင့်စွမ်းနိုင်ရမည်၊ ကိုယ် နှုတ်ဖြောင့်မတ်ရမည်၊ စိတ်နေ စိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်၊ ဆိုဆုံးမလွယ်ရမည်၊ စိတ်ထား နူးညံ့သိမ်မွေ့ရမည်၊ လွန်ကဲမြင့်မောက်သော မာနမရှိရာ။ (၁)

၁၄၄။ ပစ္စည်းလေးပါး၌ ရောင့်ရဲ လွယ်ရမည်၊ မွေးမြူ လွယ်ရမည်၊ အမှုကိစ္စ နည်းပါးရမည်၊ ဝန်ကျဉ်းပေါ့ပါးသော အသက်မွေးမှု ရှိရမည်၊ ငြိမ်သက်သော ဣန္ဒြေရှိရမည်၊ ရင့်ကျက်သော ပညာရှိရမည်၊ ကိုယ် နှုတ် နှလုံးကြမ်းတမ်းခြင်း မရှိရာ၊ ဒါယကာတို့၌ တပ်မက်မှု ကင်းရမည်။ (၂)

၁၄၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်း အနည်းငယ်မျှလည်း မပြုကျင့်ရာ၊ (ဤစည်းကမ်းနည်းလမ်းကို လိုက်နာရမည်)၊ ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာခြင်းနှင့်ပြည့်စုံကုန်သည် ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။ (၃)

၁၄၆။ ကြွင်းမဲ့ဥဿုံ အလုံးစုံသော (ထွက်သက်ဝင်သက်ရှိ) သတ္တဝါ (ထွက်သက် ဝင်သက်မဲ့) သတ္တဝါတို့သည်လည်းကောင်း၊ ထိတ်လန့်သော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ စိတ်ဓာတ်ခိုင်ခန့်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရှည်သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ကြီးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ အလတ်စား့ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ပုတိုသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ သေးဖွဲသိမ်မွေ့သော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ဆူဖြိုးသော ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း။ (၄)

၁၄၇။ မြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း မမြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ အနီး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊ (ရဟန္တာ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ (ပုထုဇဉ်သေက္ခ) ပုဂ္ဂိုလ်တို့သည်လည်းကောင်း ခပ်သိမ်းသော သတ္တဝါတို့သည် ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။ (၅)

၁၄၈။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ခြုပ်ခြယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသော စိတ်ဖြင့်လည်းကောင်း၊ မထီမဲ့မြင်မပြုပါစေလင့်၊ အချင်းချင်း ဆင်းရဲမှုကို အလို မရှိပါစေလင့်။ (၆)

၁၄၉။ မိခင်သည် ရင်၌ ဖြစ်သောတစ်ဦးတည်းသားကို အသက်ရှင်စေရန် အစဉ် စောင့်ရှောက်ဘိသကဲ့သို့ ဤအတူပင် သတ္တဝါခပ်သိမ်းတို့၌ အတိုင်းအရှည် မရှိသော မေတ္တာစိတ်ကို ပွါးများရာ၏။ (၇)

၁၅၀။ အထက် အောက်ဖီလာ အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော အတွင်းရန်အပြင်ရန်ကင်းသော အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါး များရာ၏။ (၈)

၁၅၁။ ငိုက်မျဉ်းခြင်း ကင်း၍ ရပ်နေသမျှ သွားနေသမျှ ထိုင်နေသမျှ လျောင်း နေသမျှကာလပတ်လုံးဤ (မေတ္တာနှင့်ယှဉ်သော) သတိကို ပွါးများအံ့ဟု ဆောက် တည်ရာ၏၊ ဤသာသနာတော်၌ မေတ္တာနှင့်ယှဉ်သော သတိဖြင့် နေခြင်းကို မြတ်သော နေခြင်း 'ဗြဟ္မဝိဟာရ'ဟူ၍ မြတ်စွာဘုရားတို့ဟောတော်မူကုန်၏။ (၉)

၁၅၂။ (ထိုမေတ္တာကမ္မဋ္ဌာန်းစီးဖြန်းသောသူသည် ) သက္ကာယဒိဋ္ဌိသို့လည်း မကပ်မူ၍ (လောကုတ္တရာ) သီလရှိသည် ဖြစ်လျက်သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို ပယ်ဖျောက်သည်ရှိသော် အမိဝမ်း၌ တစ်ဖန် (ပဋိသန္ဓေ) နေခြင်းသို့ မရောက်တော့ပေဟု (မိန့်တော်မူ၏)။

ရှစ်ခုမြောက် မေတ္တသုတ် ပြီး၏။

------

၉-ဟေမဝတသုတ်

၁၅၃။ (သာတာဂိရဘီလူးက ဤသို့ ပြောဆို) -

အချင်းဟေမဝတ ယနေ့ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့တည်း၊ ညဉ့်သည် တောက်ပထင်ရှား၏၊ မြတ်သော ဂုဏ်တော်တို့ဖြင့် ရအပ်သော အမည်တော် ရှိတော်မူသော ဂေါတမနွယ်ဖွား ငါတို့ဆရာမြတ်စွာဘုရားကို ယခု ဖူးမြင်ကြကုန်အံ့။ (၁)

၁၅၄။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) -

အချင်းသာတာဂိရ သင်၏ဆရာ ထိုမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၌ တာဒိဂုဏ်နှင့်ပြည့်စုံသည်ဖြစ်၍ စိတ်ကို မတုန်မလှုပ် ကောင်းစွာ ထားနိုင်ပါ၏ လော၊ အလိုရှိအပ်သော ဣဋ္ဌာရုံ၌သော်လည်းကောင်း၊ အလိုမရှိအပ်သော အနိဋ္ဌာရုံ၌သော်လည်းကောင်းကြံစည်မှု 'ဝိတက်'တို့သည် ထိုမြတ်စွာဘုရား၏ အလိုသို့ လိုက်၍ ဖြစ်ကုန်၏လော။ (၂)

၁၅၅။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) -

အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် သတ္တဝါအားလုံးတို့၌ တာဒိဂုဏ်နှင့်ပြည့်စုံသည်ဖြစ်၍ စိတ်ကို မတုန်မလှုပ် ကောင်းစွာ ထားနိုင်ပါ၏၊ အလိုရှိအပ်သော ဣဋ္ဌာရုံ၌သော်လည်းကောင်း၊ အလိုမရှိအပ်သော အနိဋ္ဌာရုံ၌သော်လည်းကောင်း ကြံစည်မှု့'ဝိတက်'တို့သည် ထိုမြတ်စွာဘုရား၏ အလိုသို့ လိုက်၍ ဖြစ်ကုန်၏။ (၃)

၁၅၆။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) -

အချင်းသာတာဂိရ ထိုမြတ်စွာဘုရားသည် မပေးသော ဥစ္စာကို မခိုးယူဘဲ ရှိပါ၏လော၊ သတ္တဝါတို့၌ ညှဉ်းဆဲသတ်ဖြတ်မှုမှ စောင့်စည်းပါ၏လော၊ မေ့လျော့ ကြောင်း ကာမဂုဏ် ငါးပါးတို့၌ စိတ်သက်ဝင်မှုမှဝေးပါ၏လော၊ ဈာန်ကို ိ မဆိတ် သုဉ်းစေဘဲ ရှိပါ၏လော။ (၄)

၁၅၇။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) -

အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် မပေးသော ဥစ္စာကို မခိုး ယူတတ်ပါ၊ သတ္တဝါတို့၌ ညှဉ်းဆဲသတ်ဖြတ်မှုမှ ရှောင်ကြဉ်ပါ၏၊ မေ့လျော့ကြောင်း ဖြစ်သော ကာမဂုဏ်ငါးပါးတို့၌ စိတ်သက်ဝင်မှုမှဝေးပါ၏၊ မြတ်စွာဘုရားသည် ဈာန်ကို မဆိတ်သုဉ်းစေပါ။ (၅)

၁၅၈။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) -

အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် သိလျက် ချွတ်ယွင်းသော စကားကို မပြောဆိုဘဲ ရှိပါ၏လော၊ ကြမ်းကြုတ်သော စကားမရှိသူ ဖြစ်ပါ၏လော၊ ပျက်စီးကြောင်း စကားကို မဆိုသူ ဖြစ်ပါ၏လော၊ ပြိန်ဖျင်းသော စကားကို မပြောဆိုသူ ဖြစ်ပါ၏လော။ (၆)

၁၅၉။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) -

အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် သိလျက် ချွတ်ယွင်းသော စကားကို မပြောဆိုပါ၊ ကြမ်းကြုတ်သော စကားမရှိသူ ဖြစ်ပါ၏၊ ပျက်စီးကြောင်း စကားကို မပြောဆိုသူ ဖြစ်ပါ၏၊ ပညာဖြင့် နှိုင်းချိန်ပိုင်းခြား၍ အကျိုးရှိသော စကားကိုသာ ပြောဆိုသူ ဖြစ်ပါ၏။ (၇)

၁၆၀။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) -

အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် ကာမတို့၌ မတပ်စွန်းသူ ဖြစ်ပါ၏လော၊ စိတ်သည် မနောက်ကျုဘဲ ရှိပါ၏လော၊ မောဟအားလုံးကို လွန်မြောက်ပြီးသူ ဖြစ်ပါ၏လော၊ တရားတို့၌ ပညာမျက်စိရှိသူ ဖြစ်ပါ၏လော။ (၈)

၁၆၁။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) -

အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် ကာမတို့၌ မတပ်စွန်းသူ ဖြစ်ပါ၏၊ စိတ်သည်မနောက်ကျုဘဲ ရှိပါ၏၊ မောဟအားလုံးကို လွန်မြောက်ပြီးသူ ဖြစ်ပါ၏၊ တရားတို့၌ ပညာမျက်စိရှိသူဖြစ်ပါ၏။ (၉)

၁၆၂။ (ဟေမဝတဘီလူးက ဤသို့ မေးမြန်း၏) -

အချင်းသာတာဂိရ သင်တို့ဆရာ ထိုမြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါးနှင့်ပြည့်စုံသူ ဖြစ်ပါ၏လော၊ စင်ကြယ်သောအကျင့် 'စရဏ' ရှိသူ ဖြစ်ပါ၏လော၊ ထိုမြတ်စွာဘုရားအား အာသဝေါတို့ကုန်ခန်းပါပြီလော၊ တစ်ဖန် ပဋိသန္ဓေနေခြင်း မရှိသူ ဖြစ်ပါ၏လော။ (၁၀)

၁၆၃။ (သာတာဂိရဘီလူးက ဤသို့ ဖြေဆို၏) -

အချင်းဟေမဝတ ငါတို့ဆရာ ထိုမြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသူ ဖြစ်ပါ၏၊ စင်ကြယ်သောအကျင့် 'စရဏ' ရှိသူ ဖြစ်ပါ၏၊ ထိုမြတ်စွာဘုရားအား အာသဝေါအားလုံးတို့ကုန်ခန်းပါပြီ၊ ထိုမြတ်စွာဘုရားအား တစ်ဖန် ပဋိသန္ဓေ နေခြင်း မရှိတော့ပါ။ (၁၁)

၁၆၄။ အချင်းသာတာဂိရ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသောတာဒိ စသော ဂုဏ်နှင့်လည်းပြည့်စုံတော်မူ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံ တော်မူ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်းပြည့်စုံတော်မူ၏၊ ဤသို့ သော စိတ် တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသော ထို မြတ်စွာဘုရားကိုဟုတ်မှန်သော သဘောအားဖြင့် သင် သာတာဂိရသည် ချီးမွမ်းပါပေ၏။ (၁၂)

၁၆၅။ အချင်းဟေမဝတ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသောတာဒိ စသော ဂုဏ်နှင့်လည်းပြည့်စုံတော်မူ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံ တော်မူ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်းပြည့်စုံတော်မူ၏၊ ဤသို့ သော စိတ် တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါး စရဏတစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားကိုဟုတ်မှန်သော သဘောအားဖြင့် ဟေမဝတသည် ဝမ်းမြောက်ပါပေ၏။ (၁၃)

၁၆၆။ မြတ်စွာဘုရား၏ စိတ်တော်သည် ဆိုခဲ့ပြီးသောတာဒိစသော ဂုဏ်နှင့်လည်းပြည့်စုံတော်မူပါပေ၏၊ ဆိုခဲ့ပြီးသော ကာယကံမှုနှင့်လည်း ပြည့်စုံတော်မူပါ ပေ၏၊ ဆိုခဲ့ပြီးသော ဝစီကံမှုနှင့်လည်း ပြည့်စုံတော်မူပါပေ၏၊ ဤသို့ စိတ်တော်နှင့် ပြည့်စုံ၍ ဝိဇ္ဇာသုံးပါးစရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော ဂေါတမမြတ်စွာဘုရားကို ငါတို့ ယခု ဖူးမြော်ကြကုန်စို့။ (၁၄)

၁၆၇။ အချင်းသာတာဂိရ လာလော့၊ ဧဏီမည်သော သား၏ မြင်းခေါင်းကဲ့သို့ မြင်းခေါင်းရှိတော်မူသော အင်္ဂါကြီးငယ်ပြည့်စုံခြင်းဖြင့်ပါးလျသော ကိုယ်အင်္ဂါရှိတော်မူသော အတွင်းအပ ဘေးရန်ကို ဖျက်ဆီးတော်မူသောတစ်ထပ်တည်းသာ စား သဖြင့် နည်းသော အာဟာရရှိတော်မူသော အာဟာရ၌ လျှပ်ပေါ်မှု ရှိတော်မမူသော အနာဂါရမုနိဖြစ်၍ တော၌ ဈာန်ဝင်စားလေ့ရှိတော်မူသော ဂေါတမနွယ်ဖွားမြတ်စွာဘုရားကို ဖူးမြော်ကြကုန်စို့။ (၁၅)

၁၆၈။ ခြင်္သေ့မင်းနှင့် တူတော်မူသော ကိလေသာအဖော်မမှီး တစ်ယောက်တည်း ဖြစ်တော်မူသောတစ်ဖန် ဘဝသစ်သို့ မသွားသော ကာမတို့၌ ငဲ့ကွက်မှုမရှိသော ဤသို့ သဘောရှိသော ထိုမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ သေမင်း၏ ကျော့ကွင်းမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို မေးလျှောက်ကြကုန်စို့။ (၁၆)

၁၆၉။ သစ္စာဉာဏ်ကို ဟောကြားတော်မူတတ်သော (ကိစ္စဉာဏ် ကတဉာဏ်ကို) ဖြစ်စေတော်မူတတ်သော စတုမဟာဘူမက တရားအားလုံးတို့၏ (အပြီးအဆုံး) ကမ်းတစ်ဖက်သို့ ရောက်တော်မူတတ်သော ရန်တည်းဟူသော ဘေးကို လွန်မြောက် တော်မူပြီးသော ဂေါတမနွယ်ဖွားမြတ်စွာဘုရားကို အကျွန်ုပ်တို့ မေးလျှောက်လိုပါကုန်၏။ (၁၇)

၁၇၀။ (ဟေမဝတဘီလူးသည် ဤသို့ မေးလျှောက်၏) -

အဘယ်တရားဖြစ်လတ်သော် လောကသည် ဖြစ်ပါသနည်း၊ လောကသည် အဘယ်တရား၌ (တဏှာဒိဋ္ဌိဟူသော) ပေါင်းစပ်မှုကို ပြုပါသနည်း၊ အဘယ်တရားကို စွဲ၍ လောကဟု ခေါ်ပါသနည်း၊ အဘယ်တရားကြောင့် လောကသည် ပင်ပန်းပါသနည်း။ (၁၈)

၁၇၁။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) -

ဟေမဝတ (အာယတန) ခြောက်ပါးတို့ ဖြစ်ကုန်လတ်သော် လောကသည် ဖြစ်၏၊ လောကသည် (အာယတန) ခြောက်ပါးတို့၌ (တဏှာဒိဋ္ဌိဟူသော) ပေါင်းစပ်မှုကို ပြု၏၊ (အာယတန) ခြောက်ပါးကိုပင်စွဲ၍ လောကဟု ခေါ်၏၊ (အာယတန) ခြောက်ပါးတို့ကြောင့် လောကသည် ပင်ပန်းရာ၏။ (၁၉)

၁၇၂။ အကြင်စွွဲလမ်းရာ၌ လောကသည် ပင်ပန်း၏၊ ထိုစွဲလမ်းရာ ဥပါဒါန်ကား အဘယ်ပါနည်း၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ခြင်းကို မေးအပ်သော အသျှင်ဘုရားသည် ဟောတော်မူပါလော့၊ အဘယ်သို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်မြောက် ရပါသနည်း။ (၂၀)

၁၇၃။ လောက၌ စိတ်လျှင် ခြောက်ခုမြောက်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို ပြအပ်ကုန်ပြီ၊ စိတ်နှင့်တကွ ကာမဂုဏ်ငါးပါး ဤဒုက္ခသစ္စာတရား၌ တဏှာဆန္ဒကို ဖျက်ဆီး၍ ဤသို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ်မြောက်ရ၏။ (၂၁)

၁၇၄။ ဤ (မဂ္ဂသစ္စာ) ကို လောက၏ ထွက်မြောက်ကြောင်းဟူ၍ဟုတ်တိုင်းမှန်စွာ သင်တို့အား့ငါဟောကြား၏၊ ဤသို့ သော အကြောင်းဖြင့် ဆင်းရဲမှ လွတ် မြောက်ရ၏ဟု သင်တို့အားဤထွက်မြောက်ကြောင်းကို ငါဟော၏။ (၂၂)

၁၇၅။ ဤလောက၌ အဘယ်သူသည် ဩဃ (လေးဖြာ သံသရာ) ကို ကူး မြောက်နိုင်ပါသနည်း၊ ဤလောက၌ အဘယ်သူသည် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်ပါသနည်း၊ ထောက်၍လည်း မမှီ ဆွဲကိုင်စရာလည်း မရှိသော နက်စွာသော (သံသရာတည်းဟူသော) သမုဒ္ဒရာ၌ အဘယ်သူသည် မနစ်မြုပ်နိုင်ပါ သနည်း။ (၂၃)

၁၇၆။ အကြင်သူသည် အခါ ခပ်သိမ်း သီလနှင့် ပြည့်စုံ၏၊ ပညာရှိ၏၊ ကောင်း စွာ တည်ကြည်၏၊ ကိုယ်တွင်း သန္တာန်၌ ဝိပဿနာဖြင့် ကြံစည်သုံးသပ်လေ့ရှိ၏၊ သတိရှိ၏၊ ထိုသူသည် ကူးမြောက်နိုင်ခဲသော ဩဃ (လေးဖြာ သံသရာ) ကို ကူး မြောက်နိုင်၏။ (၂၄)

၁၇၇။ အကြင်သူသည် ကာမသညာမှ ကြဉ်ရှောင်၏၊ သံယောဇဉ်အားလုံးကို လွန်မြောက်၏၊ နှစ်သက်မှုတဏှာနှင့် ဘဝသုံးပါးကုန်ဆုံးပြီး ဖြစ်၏၊ ထိုသူသည် နက်လှစွာသော (သံသရာတည်းဟူသော) သမုဒ္ဒရာ၌ မနစ်မြုပ်နိုင်။ (၂၅)

၁၇၈။ နက်နဲသော ပညာရှိတော်မူသော သိမ်မွေ့သော ပြဿနာတို့၏ အနက်ကို မြင်တော်မူသော (ရာဂစသော) ကြောင့်ကြမှု မရှိသော နှစ်ပါးသော ကာမ သုံးပါးသော ဘဝ၌ မကပ်ငြိသော အလုံးစုံသော အာရုံ၌ (အနှောင်အဖွဲ့မှ) လွတ်သော ဝိသုဒ္ဓိနတ် အရှင်မြတ်တို့၏ လမ်းခရီး (သမာပတ်ရှစ်ပါး)၌ ကြွသွားတော်မူသော ကျေးဇူးကို ရှာတော်မူသော ထိုမြတ်စွာဘုရားကို သင်တို့ ဖူးမြော်ကြကုန်လော့။ (၂၆)

၁၇၉။ မြတ်လှစွာသော ဂုဏ်တို့ကြောင့် ရအပ်သော အမည်ရှိတော်မူသော သိမ်မွေ့သော ပြဿနာတို့၏အနက်ကို မြင်တော်မူသော ပညာကို ပေးတော်မူတတ်သော ကာမတွယ်တာမှု၌ ကပ်ငြိခြင်းကင်းတော်မူသောတရားအားလုံးကို သိတော်မူပြီးသော ကောင်းသော ပညာရှိတော်မူသော အရိယာတို့လမ်းခရီး (မဂ္ဂင်ရှစ်ပါး)၌ ကြွသွားတော်မူသော မြတ်သော ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားကို သင်တို့ ဖူးမြော်ကြကုန်လော့။ (၂၇)

၁၈၀။ ဩဃလေးဖြာ သံသရာမှ လွန်မြောက်တော်မူပြီးသော အာသဝေါကင်း တော်မူပြီးသော မြတ်စွာဘုရားကို ယနေ့ ငါတို့ ဖူးမြော်ကြရကုန်သည် ဖြစ်ရကား ကောင်းသော အမြင်ကို မြင်ရလေစွတကား၊ ကောင်းစွာ မိုးသောက်ရလေစွတကား၊ ကောင်းစွာ အိပ်ရာမှ ထရလေစွတကား။ (၂၈)

၁၈၁။ တန်ခိုးကြီးကုန်သော အခြွေအရံများကုန်သော အလုံးစုံသော ဤဘီလူး တစ်ထောင်တို့သည် အသျှင်ဘုရားကို ကိုးကွယ်ခြင်းသို့ ရောက်ကြပါကုန်၏၊ အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ အတုမဲ့ဆရာဖြစ်တော်မူပါ၏။ (၂၉)

၁၈၂။ ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏အဖြစ်ကိုလည်းကောင်း ရှိခိုးကုန်လျက် တစ်ရွာမှ တစ်ရွာ တစ်တောင်မှ တစ်တောင်သို့ လှည့်လည်ကြပါကုန်အံ့။ (၃၀)

ကိုးခုမြောက် ဟေမဝတသုတ် ပြီး၏။

------

၁၀-အာဠဝကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အာဠဝကဘီလူး၏ ဗိမာန်၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အာဠဝကဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''ရဟန်း ထွက်သွားလိုက်ပါလော့''ဟု ဆို၏၊ ''ဒကာဘီလူး ကောင်းပြီ''ဟု ဆိုကာ မြတ်စွာဘုရားသည် ထွက်တော်မူ၏၊ ''ရဟန်း ဝင်ပါဦးလော့''ဟု ဆို၏၊ ''ဒကာဘီလူး ကောင်း့ပြီ''ဟု ဆိုကာ မြတ်စွာဘုရားသည် ဝင်တော်မူ၏။

နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ''ရဟန်းထွက်သွားလိုက်ပါလော့''ဟု ဆို၏၊ ''ဒကာဘီလူး ကောင်းပြီ''ဟု ဆိုကာ မြတ်စွာဘုရားသည် ထွက်တော်မူ၏၊ ''ရဟန်း ဝင်ပါဦးလော့''ဟု ဆို၏၊ ''ဒကာဘီလူး ကောင်းပြီ''ဟု ဆိုကာမြတ်စွာဘုရားသည် ဝင် တော်မူ၏။

လေးကြိမ်မြောက် အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ''ရဟန်း ထွက်သွားလိုက်ပါလော့''ဟု ဆို၏၊ ဒကာဘီလူး ပြုဖွယ်ကိစ္စရှိသမျှကို ပြုလော့၊ ငါ မထွက်တော့အံ့ဟု (မိန့်တော်မူ၏)။

ရဟန်း သင့်ကို ပြဿနာမေးအံ့၊ အကယ်၍ မဖြေနိုင်မူ သင်၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးသားကို မူလည်း ခွဲလိုက်အံ့၊ ခြေတို့ကို မူလည်းကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်ချလိုက်အံ့ဟု (ဆို၏)။

ဒကာအာဠဝက နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့် တကွသော လူ့လောက၌ ငါ၏စိတ်ကိုသော်လည်း ပျံ့လွင့်စေနိုင်သူ နှလုံးသားကို မူလည်းခွဲနိုင်သူ ခြေတို့ကို မူလည်းကိုင်၍ ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့ ပစ်ချနိုင်သူကို ငါဘုရား မြင်တော်မမူ၊သို့ ပင်ဖြစ်စေကာမူ ဒကာအာဠဝက အလိုရှိသော ပြဿနာကို မေးလော့ဟု (မိန့်တော်မူ၏)။

ထို့နောက် အာဠဝကဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို (လျှောက်ထား) ၏-

၁၈၃။ ''ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာဟူသည် အဘယ်နည်း၊ ကောင်းသော အလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့်သည် ချမ်းသာကို ဆောင်နိုင်သနည်း၊ အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်သနည်း၊ အဘယ်သို့ အသက်ရှင်ခြင်းကို မြတ်သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်သနည်း။ (၁)

၁၈၄။ (အာဠဝက) ဤလောက၌ ယောက်ျား၏ မြတ်သော ဥစ္စာဟူသည် ယုံကြည်မှု 'သဒ္ဓါ'တရားပင်တည်း၊ ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထ တရား ဆယ်ပါးသည်ချမ်းသာကို ဆောင်နိုင်၏၊ အရသာတို့တွင်မှန်ကန်သော ဝစီသစ္စာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်၏၊ ပညာဖြင့် အသက် ရှင်ခြင်းကို မြတ်သော အသက်ရှင်ခြင်းဟူ၍ ဆိုကုန်၏။ (၂)

၁၈၅။ အဘယ်ဖြင့် ဩဃ (လေးဖြာသံသရာ) ကို ကူးမြောက်နိုင်သနည်း၊ အဘယ်ဖြင့် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်သနည်း၊ အဘယ်ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်သနည်း၊ အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင် သနည်း။ (၃)

၁၈၆။ (အာဠဝက) ယုံကြည်မှု 'သဒ္ဓါ' တရားဖြင့် ဩဃ (လေးဖြာ သံသရာ) ကို ကူးမြောက်နိုင်၏၊ မမေ့လျော့မှု 'အပ္ပမာဒ' တရားဖြင့် (သံသရာဟူသော) သမုဒ္ဒရာကို ကူးမြောက်နိုင်၏၊ ထကြွလုံ့လ 'ဝီရိယ'ဖြင့် ဆင်းရဲခြင်းကို လွန်မြောက်နိုင်၏၊ ပညာဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်၏။ (၄)

၁၈၇။ အဘယ်အကြောင်းကြောင့် ပညာကို ရသနည်း၊ အဘယ်အကြောင်းကြောင့် ဥစ္စာကို ရသနည်း၊ အဘယ်အကြောင်းကြောင့် ကျော်စောခြင်းသို့ ရောက်ရ သနည်း၊ အဘယ်ဖြင့် အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်သနည်း၊ အဘယ်ဖြင့် ဤလောကမှ တမလွန် လောကသို့ ရောက်သော် မစိုးရိမ်ရသနည်း။ (၅)

၁၈၈။ ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ခြင်း၏ (အကြောင်း) တရားကို ယုံကြည်သော မမေ့မလျော့သော ဆင်ခြင်တတ်သော ပညာရှိသူသည် ကောင်းစွာ နာကြားရသောကြောင့် ပညာကို ရနိုင်၏။ (၆)

၁၈၉။ လျောက်ပတ်သော အကြောင်းကို ပြုလုပ်သည်ဖြစ်၍ တာဝန်ကို ပစ်ချ မထားသော ယောက်ျားသည် ထကြွလုံ့လ ဝီရိယကြောင့် ဥစ္စာကို ရနိုင်၏၊မှန်သော (ဝစီသစ္စာ) စကားကြောင့် ကျော်စောခြင်းသို့ ရောက်နိုင်၏၊ ပေးကမ်းတတ်သောသူသည် အဆွေခင်ပွန်းတို့ကို ဖွဲ့နိုင်၏။ (၇)

၁၉၀။ ယုံကြည်မှုရှိသော အိမ်၏ အစီးအပွါးကို ရှာတတ်သော အကြင်သူအားမှန်ကန်စွာပြောဆိုမှု 'သစ္စာ' ပညာဟူသော 'ဒမ' ဝီရိယဟူသော 'ဓိတိ' စွန့်လွှတ်မှုဟူသော 'စာဂ'ဤတရားလေးပါးတို့ ရှိကုန်၏၊ ထိုသူသည် တမလွန်ဘဝသို့ ရောက်သော် ဧကန် မစိုးရိမ်ရတော့ပြီ။ (၈)

၁၉၁။ အာဠဝက ငါတိုက်တွန်း၏၊ သစ္စာထက်လွန်သော အကြောင်းသည်လည်းကောင်း၊ ပညာထက်လွန်သော အကြောင်းသည်လည်းကောင်း၊ စွန့်ကြဲခြင်းထက် လွန်သော အကြောင်းသည်လည်းကောင်း၊သည်းခံခြင်းထက် လွန်သော အကြောင်းသည်လည်းကောင်း ဤလောက၌ ရှိမူ တစ်ပါးသော များစွာသော သမဏဗြာဟ္မဏတို့ကို မေးချေဦးလော့။

၁၉၂။ အကျွန်ုပ်သည် ယနေ့ တမလွန် ဘဝ၌ ဖြစ်သော အကျိုးစီးပွါးကို သိပြီး သူ ဖြစ်ရကား ယခုအခါ အဘယ်မှာလျှင် များစွာသော သမဏဗြာဟ္မဏတို့ကို မေးမြန်းပါတော့အံ့နည်း။ (၁၀)

၁၉၃။ မြတ်စွာဘုရားသည် အကျွန်ုပ်၏ အကျိုးငှါ အာဠဝီပြည်သို့ နေရန် ကြွလာ တော်မူပေစွတကား၊ အကြင်ဘုရား၌ လှူခြင်းသည် အကျိုးကြီး၏၊ ထိုဘုရားကို ယခု ငါ သိရပေပြီ။ (၁၁)

၁၉၄။ ထိုငါသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်၏ ကောင်းသောတရား၏အဖြစ်ကိုလည်းကောင်း ရှိခိုးလျက် တစ်ရွာမှ တစ်ရွာ တစ်မြို့မှတစ်မြို့သို့ လှည့်လည်ပါတော့အံ့။ (၁၂)

ဆယ်ခုမြောက် အာဠဝကသုတ် ပြီး၏။

------

၁၁-ဝိဇယသုတ်

၁၉၅။ သွားသော်လည်းကောင်း၊ ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ အိပ်သော်လည်းကောင်း (ထိုထိုအဆစ်တို့ကို) ကွေး၏၊ ဆန့်၏၊ ဤသို့ (အဆစ်တို့ကို) ကွေးခြင်းဆန့်ခြင်းသည် ခန္ဓာကိုယ်၏ လှုပ်ရှားမှုသာတည်း။ (၁)

၁၉၆။ ကိုယ်ကောင်ကို အရိုးအကြောတို့ဖြင့် ဖွဲ့စပ်အပ်သည် အရေအသားတို့ဖြင့် လိမ်းကျံအပ်သည်အရေဖြင့် ဖုံးလွှမ်းအပ်သည် ဖြစ်ရကားဟုတ်တိုင်းမှန်စွာ မမြင်နိုင်ပေ။ (၂)

၁၉၇။ ဤကိုယ်ကောင်သည် အူဖြင့် ပြည့်၏၊ အစာသစ်ဖြင့် ပြည့်၏၊ အသည်း ဆိုင်ဖြင့်လည်းကောင်း၊ စည်ပေါင်းအိမ်ဖြင့်လည်းကောင်း၊ နှလုံးဖြင့်လည်းကောင်း၊ အဆုတ်ဖြင့်လည်းကောင်း၊ အညှို့ဖြင့်လည်းကောင်း၊ အဖျဉ်းဖြင့်လည်းကောင်း ပြည့်နှက်လျက် ရှိ၏။ (၃)

၁၉၈။ နှပ်ဖြင့်လည်းကောင်း၊ တံထွေးဖြင့်လည်းကောင်း၊ ချွေးဖြင့်လည်းကောင်း၊ အဆီခဲဖြင့်လည်းကောင်း၊ သွေးဖြင့်လည်းကောင်း၊ အစေးဖြင့်လည်းကောင်း၊သည်း ခြေဖြင့်လည်းကောင်း၊ ဆီကြည်ဖြင့်လည်းကောင်း ပြည့်နှက်လျက် ရှိ၏။ (၄)

၁၉၉။ ထိုမှတစ်ပါး ထိုကိုယ်၏ကိုးပါးသော ယိုစီးရာ အဝတို့မှ အညစ်အကြေးသည် အခါ ခပ်သိမ်းယိုစီး၏၊ မျက်စိမှ မျက်ချေးသည် ယိုစီး၏၊ (နားနှစ်ပေါက်)မှ နားဖာချေးသည် ယိုစီး၏။ (၅)

၂၀၀။ နှာခေါင်းပေါက်မှ နှပ်သည်လည်း ယိုစီး၏၊ တစ်ရံတစ်ခါ ခံတွင်းပေါက်မှသည်းခြေသည်လည်းပျို့အန်၏၊ သလိပ်သည်လည်း ပျို့အန်၏၊ ကိုယ်မှ ချွေး အညစ်အကြေးတို့သည် ယိုစီးကုန်၏။ (၆)

၂၀၁။ ထိုမှတစ်ပါး ထိုကိုယ်၏ ဦးခေါင်းသည် အပေါက်အခေါင်းရှိ၏၊ ဦးနှောက်ဖြင့် ပြည့်၏၊ ထိုကိုယ်ကို သူမိုက်သည် အဝိဇ္ဇာဖုံးလွှမ်းသည် ဖြစ်ရကား တင့်တယ်၏ဟူ၍ အောက်မေ့မှတ်ထင်၏။ (၇)

၂၀၂။ အကြင်အခါ ထိုကိုယ်သည် အသက်ဝိညာဉ် ကင်းသဖြင့် သေခြင်းသို့ ရောက်သည်ဖြစ်၍ဖူးဖူးရောင်၏၊ ညိုသော အဆင်းရှိ၏၊ သုသာန်၌ စွန့်ပစ်အပ်သည်ဖြစ်၍ အိပ်ရ၏၊ (ထိုအခါ၌ ထိုကိုယ်ကို) ဆွေမျိုးတို့သည် ငဲ့ကွက်ခြင်း ကင်း ကြကုန်၏။ (၈)

၂၀၃။ ထိုကိုယ်ကို အိမ်ခွေးတို့သည်လည်းကောင်း၊ တောခွေးတို့သည်လည်းကောင်း၊ သစ်ကျုတ်တို့သည်လည်းကောင်း၊ ပိုးတို့သည်လည်းကောင်း၊ ကျီးတို့သည်လည်းကောင်း၊ လင်းတတို့သည်လည်းကောင်း ခဲစားကုန်၏၊ တစ်ပါးကုန်သော အပုပ်အသိုးစား သတ္တဝါတို့သည်လည်းခဲစားကုန်၏။ (၉)

၂၀၄။ ဤသာသနာတော်၌ ပညာရှိသော ရဟန်းသည် မြတ်စွာဘုရား စကား တော်ကို ကြားနာရ၍ထိုကိုယ်ကိုဟုတ်တိုင်းမှန်စွာ ပိုင်းခြား၍ သိနိုင်၏၊ ရှုမြင်နိုင်၏။ (၁၀)

၂၀၅။ ဤသဝိညာဏက အသုဘသည် မသေမီ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်းဖြစ်သကဲ့သို့ ထိုအဝိညာဏက အသုဘသည်လည်း ယခုအခါ သေပြီး ဖြစ်၍ သွားခြင်း ရပ်ခြင်း ထိုင်ခြင်းလျောင်းခြင်းမဖြစ်တော့သကဲ့သို့ ထို့အတူ ဤသဝိညာဏက အသုဘသည်လည်း နောင်သေသောအခါ သွားခြင်း ရပ်ခြင်း ထိုင်ခြင်း လျောင်းခြင်း မဖြစ်တော့လတ္တံ့၊ ဤသို့ အဇ္ဈတ္တခန္ဓာကိုယ်၌လည်းကောင်း၊ ဗဟိဒ္ဓခန္ဓာကိုယ်၌လည်းကောင်း ဆန္ဒရာဂကို ကင်းကွာစေရာ၏။ (၁၁)

၂၀၆။ ဤသာသနာတော်၌ ပညာရှိသော ရဟန်းသည် ဆန္ဒရာဂဖြင့် တပ်ခြင်း ကင်းသည်ဖြစ်၍သေခြင်းကင်းရာ ငြိမ်းအေးရာ တဏှာမှ ထွက်မြောက်ရာ ရွေ့ လျောခြင်း မရှိရာ နိဗ္ဗာန်ကို ရနိုင်၏။ (၁၂)

၂၀၇။ အခြေနှစ်ချောင်းရှိသော ဤကိုယ်သည် မစင်ကြယ်၍ မကောင်းသော အနံ့ရှိသောကြောင့် ပန်းနံ့သာစသည်တို့ဖြင့် ပြုပြင်စီရင်၍ ဆောင်ရွက်နေရ၏၊သို့ ပင်ဖြစ်ပါလျက် အထူးထူးသော အပုပ်တို့ဖြင့် ပြည့်သည်ဖြစ်၍ ထိုထိုအပေါက် ကြီးငယ်တို့မှ ယိုစီး၏။ (၁၃)

၂၀၈။ အကြင်သူသည် ဤသို့ သဘောရှိသော ကိုယ်ဖြင့် မာနထောင်လွှားခြင်းငှါ အောက်မေ့ရာ၏၊ သူတစ်ပါးကိုလည်း မထီမဲ့မြင် ပြုရာ၏၊ ထိုသူ၏ မာနထောင် လွှားမှု မထီမဲ့မြင် ပြုမှုသည်အရိယသစ္စာကို မမြင်ခြင်းမှတစ်ပါး အဘယ်မှာ အကြောင်းရှိနိုင်ပါအံ့နည်းဟု (မိန့်တော်မူ၏)။

တစ်ဆယ့်တစ်ခုမြောက် ဝိဇယသုတ် ပြီး၏။

------

၁၂-မုနိသုတ်

၂၀၉။ တဏှာ ဒိဋ္ဌိဟူသော ပေါင်းသင်းဆက်ဆံမှုကြောင့် ကိလေသာဘေး ဖြစ်ရ၏၊ အာရုံခြောက်ပါးတည်းဟူသော အိမ်မှ ကိလေသာမြူ ဖြစ်ရ၏၊ ကိလေသာ အိမ်မရှိသော ပေါင်းသင်းဆက်ဆံမှုမရှိသော ဤနိဗ္ဗာန်ကို ဘုရားတည်းဟူသော မုနိသည် မြင်နိုင်စွမ်း ပေစွတကား။ (၁)

၂၁၀။ အကြင်မြတ်စွာဘုရားသည် ဖြစ်ခဲ့ဖူးသော ကိလေသာကို အကြွင်းမဲ့ ပယ်ဖြတ်ပြီး၍နောင်ဖြစ်ပေါ်လာမည့် ကိလေသာကိုလည်း မစိုက်မပျိုးတော့ပေ၊ ကိလေသာ ဖြစ်ပေါ်လာမည့်အကြောင်းကိုလည်း မဝင်ရောက်စေ၊ ထိုမြတ်စွာဘုရားကို မုနိတို့တွင် ကိလေသာအဖော်မမှီးတစ်ပါးတည်း လှည့်လည်ကြွသွားတတ်သော မုနိဟူ၍ ဆိုကြကုန်၏၊ သီလဂုဏ်ကျေးဇူးကို ရှာမှီးသော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည် ငြိမ်းအေးသော နိဗ္ဗာန်ကို မြင်တော်မူပြီ။ (၂)

၂၁၁။ အကြင်မြတ်စွာဘုရားသည် ကိလေသာ၏တည်ရာ ခန္ဓာစသော မြေရာတို့ကို ဉာဏ်ဖြင့်ဆင်ခြင်ပိုင်းခြား၍ အဘိသင်္ခါရဝိညာဉ်ဟူသော မျိုးစေ့ကို ဖျက်ဆီး ပြီးလျှင် တဏှာဒိဋ္ဌိဟူသော အစေးကို ထိုမျိုးစေ့သို့ မသက်ဝင်စေ၊ ဇာတိကုန်ရာ နိဗ္ဗာန်ကို မြင်သော ထိုမြတ်စွာဘုရားတည်းဟူသော မုနိသည်အကုသလဝိတက်ကို ပယ်ပြီး၍ (သတ္တဝါဟူသော) ခေါ်ဝေါ်ခြင်းသို့ မရောက်နိုင်တော့ပေ။ (၃)

၂၁၂။ အကြင်မြတ်စွာဘုရားသည် ကာမဘဝစသောနေရာအိမ်အားလုံးတို့ကို သိသောကြောင့် ထိုနေရာအိမ်တို့တွင် တစ်ပါးပါးသော အိမ်ကိုမျှလည်း မတောင့်တ၊ ထိုမြတ်စွာဘုရား တည်းဟူသော မုနိသည် မက်မောမှု တဏှာကင်းသည် တပ်မက်မှု မရှိသည်ဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးဖြစ်ရကား ကုသိုလ်အကုသိုလ်ကံကို အားမထုတ်တော့ပေ။ (၄)

၂၁၃။ ခန္ဓာစသောတရားအားလုံးကို နှိမ်နင်းပြီးသောတရားအားလုံးကို သိပြီးသော ကောင်းသော ပညာရှိသော ခန္ဓာစသောတရားအားလုံးတို့၌ တဏှာဒိဋ္ဌိအားဖြင့် မလိမ်းကျံသော ခန္ဓာစသောတရားအားလုံးကို စွန့်ပယ်ပြီးသောတဏှာကုန်ရာ နိဗ္ဗာန်၌ ညွတ်သော ထိုပုဂ္ဂိုလ်ကိုလည်းပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၅)

၂၁၄။ ပညာတည်းဟူသောအားရှိသော သီလအကျင့်နှင့် ပြည့်စုံသော ကောင်း စွာ တည်ကြည်သော ဈာန်၌ မွေ့လျော်သော သတိရှိကာ ကပ်ငြိမှု 'ရာဂ'မှ လွတ်သော ငါးပါးသော ငြောင့်တံသင်းမရှိသော အာသဝေါမရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၆)

၂၁၅။ တစ်ပါးတည်း လှည့်လည်သွားလာသော မောနေယျအကျင့်နှင့် ပြည့်စုံသော မမေ့မလျော့သော ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့် တုန်လှုပ်မှုမရှိသော အသံတို့ကြောင့် မထိတ်လန့်သော ခြင်္သေ့မင်းကဲ့သို့ အနိစ္စစသည်တို့ကြောင့် မထိတ် လန့်သော ပိုက်ကွန်၌ မကပ်ငြိသော လေကဲ့သို့ ခန္ဓာစသည်တို့၌ မကပ်ငြိသော ရေဖြင့် မလိမ်းကျံမကပ်ငြိသော ကြာကဲ့သို့လောကဖြင့် မလိမ်းကျံ မကပ်ငြိသောသူတစ်ပါးတို့ကို အရိယမဂ်ဖြင့် ဆောင်တတ်သော မိမိကို မူ သူတစ်ပါးက မဆောင်အပ်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၇)

၂၁၆။ အကြင်သူသည် သူတစ်ပါးတို့ ပြောဆိုသော ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း စသော စကားကြောင့် ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်း မဖြစ်မူ၍ ရေချိုးဆိပ်၌ ကြေးပွတ်တိုင်ကဲ့သို့ ဖြစ်၏၊ ထိုသို့ သဘောရှိသောတပ်စွန်းမှု 'ရာဂ' ကင်းသော ကောင်းစွာ ထားအပ်သော ဣန္ဒြေရှိသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၈)

၂၁၇။ အကြင်ပုဂ္ဂိုလ်သည် စင်စစ် တည်ကြည်သော စိတ်ရှိ၏၊ ယက်ဖောက်ကဲ့သို့ ဖြောင့်၏၊ ယုတ်မာသော အကုသိုလ်ကံတို့ကို စက်ဆုပ်၏၊ မညီညွတ်မှု (ကာယဝိသမ စသည်) ကိုလည်းကောင်း၊ ညီညွတ်မှု (ကာယသမစသည်) ကိုလည်းကောင်း စုံစမ်းဆင်ခြင် တတ်၏၊ ထိုပုဂ္ဂိုလ်ကိုလည်းပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၉)

၂၁၈။ အကြင်ပုဂ္ဂိုလ်သည် ကမ္မဒွါရတို့၌ စိတ်ကို ကောင်းစွာ စောင့်စည်း၏၊ စောင့်စည်းသော စိတ်ရှိသည် ဖြစ်ရကား ပဌမအရွယ်၌ တည်သည်ဖြစ်၍လည်းကောင်း၊ မဇ္ဈိမအရွယ်၌ တည်သည်ဖြစ်၍လည်းကောင်း မကောင်းမှုကို မပြု၊ ထိုု ရဟန္တာမုနိကို ကိုယ်နှုတ်တို့ဖြင့်ထိပါးခြုတ်ခြယ်ခြင်းငှါ မထိုက်၊ ထိုမုနိသည်လည်း တစ်စုံတစ်ယောက်ကိုမျှ မထိပါးမခြုတ်ခြယ်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၀)

၂၁၉။ စားဦးစားဖျားမှသော်လည်းကောင်း၊ (စားနေဆဲတစ်ဝက်တစ်ပျက်) အလယ်မှသော်လည်းကောင်း၊ (စားပြီး) အကြွင်းအကျန်မှသော်လည်းကောင်း ဆွမ်းကို ရခဲ့မူ သူတစ်ပါးတို့ ပေးသည်ကိုမှီ၍အသက်မွေးရသူ ရဟန်းသည် အဦး အဖျားရသဖြင့်လည်း ချီးမွမ်းရန် မထိုက်၊ အကြွင်းအကျန်ရသဖြင့်လည်း ဆန့်ကျင် ဘက်စကား ပြောရန်မထိုက်၊ ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၁)

၂၂၀။ အကြင်သူသည် ပျိုမျစ်နုနယ် ငယ်ရွယ်စဉ် အချို့သော မိန်းမအဆင်း၌ မေထုန ရာဂဖြင့် မကပ်ငြိမဖွဲ့ယှက်၊ မောနေယျအကျင့်နှင့် ပြည့်စုံလျက် လှည့် လည်နေသော မေထုန်အကျင့်မှလည်း ကင်းလွတ်၍မာန်ယစ်ခြင်း မေ့လျော့ခြင်းမှလည်း ကင်းလွတ်သော ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်သော ထိုပုဂ္ဂိုလ်ကိုလည်း ပညာရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၂)

၂၂၁။ ခန္ဓာစသော လောကကို ပိုင်းခြားသိ၍ မြတ်သော နိဗ္ဗာန်ပရမတ္ထသစ္စာကို မြင်ပြီးသော ဩဃလေးပါးနှင့် ခန္ဓာအာယတနစသော သမုဒ္ဒရာကို ကူးမြောက်ပြီး၍ တာဒိလက္ခဏာသို့ ရောက်ပြီးသော ထိုသို့ သဘောရှိသော ထုံးဖွဲ့မှု 'ဂန္တ'ကို ဖြတ် ပြီးသော (တဏှာဒိဋ္ဌိကို) မမှီသော အာသဝေါကင်းသော ထိုပုဂ္ဂိုလ်ကိုလည်း ပညာ ရှိတို့သည် မုနိဟူ၍ သိကုန်၏။ (၁၃)

၂၂၂။ ရဟန်းနှင့်လူ နှစ်ယောက်သူတို့သည် မတူညီကြကုန်၊ ဝေးသောနေရာ သေးငယ်သော အသက်မွေးမှု ရှိကုန်၏၊ လူသည်သားမယားကို လုပ်ကျွေး၏၊ (ရဟန်းသည် ) မက်မောခြင်းလည်းကင်း၍ အကျင့်လည်းကောင်း၏၊ လူသည် တစ်ပါးသော သတ္တဝါတို့ကို သတ်ဖြတ်မှုမှ မစောင့်စည်း၊ ရဟန်းသည် အမြဲ စောင့်စည်းသည်ဖြစ်၍ သတ္တဝါတို့ကို စောင့်ရှောက်၏။ (၁၄)

၂၂၃။ ဦးစွန်းရှိသော စိမ်းညိုသော လည်ရှိသော ဥဒေါင်းငှက်သည် ဟင်္သာ၏ လျင်မြန်ခြင်းကို တစ်ရံတစ်ခါမျှ မမီနိုင်သကဲ့သို့ ဤအတူ လူသည် မုနိဟု ဆိုအပ်သော ကိလေသာမှ ကင်းဆိတ်၍တော၌ ဈာန်ဝင်စားလေ့ရှိသော ရဟန်း၏ လျင် မြန်ခြင်းကို အတုလိုက်၍ မပြုနိုင်ဟု (မိန့်တော်မူ၏)။ (၁၅)

တစ်ဆယ့်နှစ်ခုမြောက် မုနိသုတ် ပြီး၏။

ရှေးဦးစွာသော ဥရဂဝဂ် ပြီး၏။

------

၂-စူဠဝဂ်

၁-ရတနသုတ်

၂၂၄။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကြကုန်၏၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော နတ်တို့သည် နှစ်သက်ရွှင်ပျ ဝမ်းမြောက်ကြစေကုန်သတည်း၊ ထိုမှတစ်ပါးလည်း (ငါဘုရား) ဟောအပ်သော ပရိတ်တရားတော်ကို ရိုသေစွာ နာကြစေကုန်သတည်း။ (၁)

၂၂၅။ နတ်များတို့ ထို့ကြောင့် သာလျှင် အသင်နတ်အားလုံးတို့သည် ဟောတော်မူအပ်သော ပရိတ်တရားတော်ကို စိတ်၌ သိုမှီးသိမ်းဆည်းကြကုန်လော့၊ လူသတ္တဝါ အပေါင်း၌ မေတ္တာကို ပြုကြကုန်လော့၊ အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း သင်တို့အားပူဇော်ပသခြင်းကို ပြုကြကုန်၏၊ ထို့ကြောင့် သာလျှင် ထိုလူတို့ကို မမေ့မလျော့စောင့်ရှောက်ကြကုန်လော့။ (၂)

၂၂၆။ ဤလူ့ပြည်၌လည်းကောင်း၊ နဂါးဂဠုန်ပြည်တို့၌လည်းကောင်း နှစ်သက်ခြင်းကို ဖြစ်စေတတ်သော မွန်မြတ်သော အလုံးစုံသော အကြင်ရတနာမျိုးသည် ရှိ၏၊ မြတ်စွာဘုရားနှင့်တူသော ထိုရတနာမျိုးသည် မရှိ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်း သာကြပါစေသတည်း။ (၃)

၂၂၇။ ကိလေသာကုန်ရာဖြစ်သော ရာဂကင်းရာဖြစ်သော သေခြင်းကင်းသော မြတ်သော အကြင်နိဗ္ဗာန်ကို တည်ကြည်သော စိတ်ရှိသော သာကီနွယ်ဖွား မြတ် ဘုရားသည် ရတော်မူ၏၊ ထို (နိဗ္ဗာန်) တရားနှင့်တူသောတစ်စုံတစ်ခုသော ရတနာမျိုးသည် မရှိ၊ နိဗ္ဗာန် တရားဟူသော ဤရတနာသည်လည်းအမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၄)

၂၂၈။ ဘုရားမြတ်သည် အကြင် (အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိကို စင်ကြယ်၏ဟု ချီးမွမ်းတော်မူ၏၊ အကြင် (အရဟတ္တမဂ်နှင့်ယှဉ်သော) သမာဓိကို မိမိအခြားမဲ့၌ အကျိုးပေး၏ဟု (ဘုရားသျှင်တို့) ဟောဆိုကုန်၏၊ ထိုအရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိနှင့် တူသောတရားမျိုးသည်မရှိ၊ တရားတော်ဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၅)

၂၂၉။ လေးယောက်အစုံဖြစ်ကုန်သော အကြင် ပုဂ္ဂိုလ်ရှစ်ယောက်တို့ကို သူတော် ကောင်းတို့သည် ချီးမွမ်းအပ်ကုန်ပြီ၊ မြတ်စွာဘုရား၏ တပည့်ဖြစ်ကုန်သော ထိုပုဂ္ဂိုလ်တို့သည် မြတ်သော အလှူကို ခံထိုက်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့၌ လှူအပ်သော အလှူတို့သည် အကျိုးကြီးကုန်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ် ဆုံး ဖြစ်၏၊ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့) ့ချမ်းသာကြပါစေသတည်း။ (၆)

၂၃၀။ ဂေါတမမြတ်စွာဘုရား သာသနာတော်၌ အကြင် (ရဟန္တာ) ပုဂ္ဂိုလ်တို့သည် ခိုင်မြဲစွာသော စိတ်ဖြင့် ကောင်းစွာအားထုတ်ကြကုန်၏၊ (ကိလေသာတို့မှ) ထွက်မြောက်ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ရရောက်ထိုက်သော အရဟတ္တဖိုလ်ကို ရရောက်ကုန်သည်ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ရကုန်လျက် မပျက်မစီး အရဟတ္တဖလသမာပတ်ကို ခံစားကုန်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၇)

၂၃၁။ မြေ၌ စိုက်ထူအပ်သောတံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသော လေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယသစ္စာတို့ကို ပညာဖြင့် သက်ဝင်၍ မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့် တူ၏ဟူ၍ ငါဆို၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၈)

၂၃၂။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသောဉာဏ်ပညာရှိသော မြတ်စွာဘုရားကောင်းစွာ ဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင် ပြုကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက် ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၉)

၂၃၃။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့် အပ်ကုန်၏၊ ကိလေသာ စိုးစဉ်းမျှရှိစေကာမူ- (၁၀)

၂၃၄။ အပါယ်လေးပါးတို့မှ လွတ်၏၊ (အနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသောတရားတို့ကို မပြုတော့ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေ သတည်း။ (၁၁)

၂၃၅။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသော မကောင်းမှုကို မဖုံးလွှမ်းတော့ပြီ၊ နိဗ္ဗာန်ကို မြင်ပြီးဖြစ်သော (သောတာပန်) ပုဂ္ဂိုလ်၏ (ဖုံးလွှမ်းခြင်း) မပြုတော့သည့် အဖြစ်ကို (မြတ်စွာဘုရား) ဟောအပ်၏၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၂)

၂၃၆။ နွေဥတု၏ အစဖြစ်သောတန်ခူးလ၌ပင် လုံးကျွတ်ပွင့်သော အဖျားရှိသော တောအုပ်သည်ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာ ရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို မြတ်သော (နိဗ္ဗာန်) အကျိုးငှါ ဟောတော်မူ၏၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၃)

၂၃၇။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သော မဂ်ကို ဆောင်တတ်သော မိမိ ထက်သာသူ မရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားကို ဟောကြား တော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏၊ ဤသစ္စာ စကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၄)

၂၃၈။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ၊ ကံသစ် မရှိတော့ပြီ၊ လာလတ္တံ့သော ဘဝ၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသဧန္ဓမျိုးစေ့ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွါးသော ဆန္ဒမရှိကုန်၊ ဆီမီးသည် ငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာတို့သည် ငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံး ဖြစ်၏၊ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၅)

၂၃၉။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကြကုန်၏၊ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော, နတ်လူတို့သည် ပူဇော်အပ်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၆)

၂၄၀။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကြကုန်၏၊ ထိုငါတို့သည် ကိလေသာတို့ကို ဖျက်ဆီးသောအားဖြင့် ဖြစ်သော, နတ်လူတို့သည် ပူဇော်အပ်သောတရားတော်ကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။ (၁၇)

၂၄၁။ မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ် လာကြကုန်၏၊ ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော, နတ်လူတို့သည် ပူဇော်အပ်သော သံဃာတော်ကို ရှိခိုးပါကုန်၏၊ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်းဟု (မိန့်တော်မူ၏)။

ရှေးဦးစွာသော ရတနသုတ် ပြီး၏။

------

၂-အာမဂန္ဓသုတ်

၂၄၂။ တရားသဖြင့် ရအပ်သော မြက်သီးစပါး ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိသော စပါးအလေ့ကျပေါက်သော ပဲနောက်တို့ကိုလည်းကောင်း၊ သစ်ရွက်စိမ်းကိုလည်းကောင်း၊ သစ်မြစ်သစ်ဥကိုလည်းကောင်း၊ သစ်သီးဝလံကိုလည်းကောင်း စားသုံးကြကုန်သောသူတော်ကောင်းတို့သည် ကာမကို အလိုရှိခြင်းဟူသော အကြောင်းကြောင့် ချွတ်ယွင်းသော စကားကို မဆိုကြကုန်။ (၁)

၂၄၃။ ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းစွာ ပြုစီရင်ပြီး ကောင်းစွာ ချက်ပြုတ် ပြီးဆုံးပြီးသောသူတစ်ပါးတို့ ပေးလှူအပ်သော မွန်မြတ်သော ငါးအမဲ ဟင်းလျာကိုလည်း စား, သလေးထမင်းကိုလည်းစားသော သင်သည် အညှီ အဟောက်ကို စားသည် မည်၏။ (၂)

၂၄၄။ ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူသော ကဿပမြတ်စွာဘုရား အညှီအဟောက်သည် ငါ့အားမအပ်ဟု အသျှင်ဘုရားဆိုသည် မဟုတ်ပါလော၊သို့ပါလျက် ကောင်းစွာ စီရင်ထားသည့် ငှက်သားတို့နှင့် (တကွ) သလေးထမင်းကို စားဘိ၏၊ ကဿပမြတ်စွာဘုရား အသျှင်ဘုရားအား ဤအကြောင်းကို မေးပါ၏၊ အသျှင်ဘုရားပြောသော အညှီအဟောက်ဟူသည် အဘယ်မျှ အပြားရှိပါသနည်း။ (၃)

၂၄၅။ တိဿရသေ့ သူ့အသက်ကို သတ်ခြင်း နှိပ်စက်ညှဉ်းဆဲခြင်း လက်ခြေ စသည်ကို ဖြတ်ခြင်း နှောင်ဖွဲ့ခြင်း ခိုးယူခြင်း မမှန်ဆိုခြင်း စဉ်းလဲခြင်း လှည့်ပတ်ခြင်း အကျိုးမရှိသော ကျမ်းဂန်တို့ကို သင်ယူခြင်း သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲခြင်း ဤသည်ကား အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၄)

၂၄၆။ ဤလောက၌ အကြင်သူတို့သည် ကာမတို့၌ မစောင့်စည်းကုန်၊ ရသာရုံတို့၌ မက်မောကုန်၏၊ မစင်ကြယ်သော မိစ္ဆာဇီဝအဖြစ်ကိုမှီကုန်၏၊ နတ္ထိကဝါဒ အယူရှိကုန်၏၊ မညီညွတ်သော ကာယကံမှုစသည်နှင့် ပြည့်စုံ၏၊ သိစေနိုင်ခဲကုန်၏၊ ထိုသူတို့၏ ဤကာမတို့၌ မစောင့်စည်းမှုစသည်ပင့်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၅)

၂၄၇။ အကြင်သူတို့သည် ခေါင်းပါးသော အတ္တကိလမထအကျင့် ရှိကုန်၏၊ ကြမ်းတမ်းကုန်၏၊ သူတစ်ပါး၏ ကျောက်ကုန်းသားကို စားသကဲ့သို့ ရှေ့တွင် ချီးမွမ်း၍ မျက်ကွယ်၌ ကဲ့ရဲ့ကုန်၏၊ အဆွေခင်ပွန်းတို့ကို ပြစ်မှားကုန်၏၊ သနားခြင်း ကင်းကုန်၏၊ အလွန်မာန်လမူကုန်၏၊ မပေးတတ်သော အလေ့ရှိကုန်၏၊ တစ်စုံတစ်ယောက်အား အနည်းငယ်မျှသော်လည်း မပေးလှူကုန်၊ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။ (၆)

၂၄၈။ အမျက်ထွက်ခြင်း မာန်ယစ်ခြင်း ခက်ထန်ခြင်း ဆန့်ကျင်ဘက် ပြုလုပ်ခြင်း လှည့်ပတ်ခြင်းငြူစူခြင်း ဝါကြွားပလွှား၍ ပြောဆိုခြင်း အလွန်မာန်မူခြင်း သူယုတ်မာတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းဤသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၇)

၂၄၉။ ဤလောက၌ အကြင်လူယုတ်မာတို့သည် မကောင်းသော အလေ့ရှိကုန်၏၊ ကြွေးမြီကို ယူ၍မပေးဆပ် ဖျက်ဆီးတတ်သည့်ပြင်ကုန်းချောတတ်ကုန်၏၊ ဤလောက၌ တံစိုးစားကာကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏၊ သီလ ရှိယောင် အတုဆောင်တတ်ကုန်၏၊ အမိအဖစသည်အပေါ်၌ ကြမ်းသော အမှုကို ပြုကုန်၏၊ ထိုသူတို့၏ မကောင်းသော အလေ့စသည်ပင်အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၈)

၂၅၀။ ဤလောက၌ အကြင်သူတို့သည် သတ္တဝါတို့၌ သတ်ဖြတ်မှုတို့မှ မစောင့် စည်းကုန်၊ သူတစ်ပါးတို့၏ ဥစ္စာကို ယူ၍ ညှဉ်းဆဲရန် လုံ့လပြုကုန်၏၊ သီလ မရှိကုန်၊ ကြမ်းတမ်းသော အမှုရှိကုန်၏၊ ကြမ်းသော စကားရှိကုန်၏၊ ရိုသေခြင်း ကင်းကုန်၏၊ ထိုသူတို့၏ မစောင့်စည်းခြင်းစသည်ပင် အညှီအဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ (၉)

၂၅၁။ အကြင်သူတို့သည် ဤသတ္တဝါတို့၌ မက်မောကုန်၏၊ မုန်းတီးဆန့်ကျင်ကုန်၏၊ ပြစ်မှားလွန်ကျူးခြင်းသို့ လျင်စွာ ကျရောက်တတ်ကုန်၏၊ အကုသိုလ်ပြုရန် အမြဲမပြတ်လုံ့လပြုကုန်သည်ဖြစ်၍ တမလွန်ဘဝ၌ အမိုက်သို့ သွားကုန်၏၊ ငရဲ၌ ဦးခေါင်း စောက်ထိုးကျကုန်၏၊ ထိုသူတို့၏ ဤမက်မောမှုစသည်ပင် အညှီ အဟောက်တည်း၊ အသားတည်းဟူသော ဘောဇဉ်သည်အညှီအဟောက် မဟုတ်။ (၁၀)

၂၅၂။ ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည် းခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန်အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည်လည်းကောင်းယုံမှားခြင်းမှ မကူးမြောက် သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘော ရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သောအကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဟုံးပူဇော်သောအကျင့်တို့သည်လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။ (၁၁)

၂၅၃။ (အကြင်သူသည် ) ထိုဣန္ဒြေခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣန္ဒြေတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏၊ သစ္စာလေးပါးတရား၌ တည်၏၊ ဖြောင့် မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏၊ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏၊ ဆင်းရဲအားလုံးကို ပယ်၏၊ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ (၁၂)

၂၅၄။ ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏၊ ဗေဒင်တစ်ဖက်ကမ်းရောက်သောတိဿရသေ့သည်လည်း ထိုအနက်ကို သိ၏၊ ကိလေသာအညှီအဟောက် ကင်းတော်မူသောတဏှာဒိဋ္ဌိကိုမှီတော်မမူသောသူတစ်ပါးတို့သည် အယူအားဖြင့်မဆွဲဆောင်နိုင်သော ကဿပ မြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။ (၃၁)

၂၅၅။ ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာအညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ကြားလျှောက်၏။ (၁၄)

နှစ်ခုမြောက် အာမဂန္ဓသုတ် ပြီး၏။

------

၃-ဟိရိသုတ်

၂၅၆။ မကောင်းမှုမှ ရှက်မှု 'ဟိရီ'ကို လွန်ကာ ယင်းမကောင်းမှုမှ ရှက်မှုကို စက်ဆုပ်လျက် ငါကားသင်၏ မိတ်ဆွေဖြစ်ပါ၏ဟု နှုတ်ဖြင့် ပြောဆိုသော်လည်း မိမိပြုလုပ်ရန် စွမ်းနိုင်သော အမှုကိစ္စတို့ကို မူမယူတတ်သော အဆွေခင်ပွန်းတုကို ဤသူကား ငါ၏ အဆွေခင်ပွန်းမဟုတ်ဟု သိရာ၏။ (၁)

၂၅၇။ အကြင်သူသည် အဆွေခင်ပွန်းတို့၌ ပြုလုပ်မည်ဟု ပြောဆိုသော စကား၏ အနက်သို့ အစဉ်လိုက်သော ချစ်ဖွယ်သော စကားကို ပြောဆို၏၊ (ပြုလုပ်မည်ဟု) စကားကိုသာ ပြောဆိုဝန်ခံ၍ ပြောဆိုတိုင်း မပြုလုပ်သော ထိုသူကို ဤသူကား အဆွေခင်ပွန်းတုတည်းဟူ၍ ပညာရှိတို့ပိုင်းခြားသိကုန်၏။ (၂)

၂၅၈။ အကြင်သူသည် ကွဲပြားရမည်ကိုသာ တွေးတောယုံမှားလျက် အခါ ခပ် သိမ်း မမေ့မလျော့ဘဲမိမိကို အပြစ်တင်သောအခါ ပြန်၍ အပြစ်တင်ရန် အကြောင်း အခွင့်ကိုသာလျှင် ရှုလျက်နေ၏၊ ထိုသူသည် အကြင်သူသည် အဆွေခင်ပွန်းစစ် မဟုတ်၊ အကြင်သူကား သားငယ်သည် အဖ၏ ရင်ခွင်၌ ယုံးမှားကင်းလျက် အိပ်စက်နိုင်သကဲ့သို့ အကြင်အဆွေခင်ပွန်း၏ ရင်ခွင်၌ ယုံးမှားကင်းလျက် အိပ်စက်နိုင်၏၊ အကြင်အဆွေခင်ပွန်းကိုလည်း သူတစ်ပါးတို့က အကြောင်းရာထောင်ပြော၍သော်လည်းမဖျက်ဆီးနိုင်၊ ထိုသူ၏ ထိုသို့ သဘောရှိသော အဆွေခင်ပွန်းသည် အဆွေခင်ပွန်းစစ်မည်၏။ (၃)

၂၅၉။ ဝမ်းမြောက်ခြင်းကို ပြုတတ်သော ဝီရိယသည် ချမ်းသာခြင်း၏ အကြောင်းတည်း၊ ချီးမွမ်းခြင်းကို ဆောင်တတ်သော ဝီရိယသည် ချမ်းသာ၏၊ အကျိုးကို အလိုရှိသူသည် ယောက်ျားအား လျောက်ပတ်သော ဝန်ကို ဆောင်လျက် သမ္မပ္ပဓာန် လုံ့လကို ပွါးများ၏။ (၄)

၂၆၀။ တရားတည်းဟူသော နှစ်သက်မှုပီတိအရသာကို သောက်ရသူသည် ဆိတ် ငြိမ်ရာ၌ ရသော (တရား) အရသာကိုလည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်းသောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်း ကင်း၏ဟု (မိန့်တော်မူ၏)။ (၅)

သုံးခုမြောက် ဟိရိသုတ် ပြီး၏။

------

၄-မင်္ဂလသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်သားတစ်ယောက်သည် (ညဉ့်ဦးယံ) ကုန်လွန်ပြီးသော သန်းခေါင်ယံအခါ၌ အလွန်နှစ်လိုဖွယ်သော အဆင်းရှိသည်ဖြစ်၍ ဇေတဝန်တစ် ကျောင်းလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင်မြတ်စွာဘုရားကို ရှိခိုးကာ တစ်ခုသောနေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့်လျှောက်၏-

၂၆၁။ (မြတ်စွာဘုရား) များစွာကုန်သော နတ်လူတို့သည် (မိမိ) ချမ်းသာကို တောင့်တကုန်သည်ဖြစ်၍ (မင်္ဂလာ) တရားတို့ကို ကြံကြကုန်၏၊ (အသျှင်ဘုရားသည် ) မြင့်မြတ်သော (မင်္ဂလာ) တရားကို ဟောတော်မူပါလော့။ (၁)

၂၆၂။ (နတ်သား) သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ရခြင်းလည်းကောင်း၊ ပညာ ရှိတို့ကိုမှီဝဲဆည်းကပ်ရခြင်းလည်းကောင်း၊ ပူဇော်ထိုက်သူတို့ကို ပူဇော်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၂)

၂၆၃။ (နတ်သား) သင့်လျော် လျောက်ပတ်သောအရပ်၌ နေရခြင်းလည်းကောင်း၊ ရှေးဘဝကပြုခဲ့သော ကုသိုလ်ကောင်းမှုရှိသူ ဖြစ်ခြင်းလည်းကောင်း၊ မိမိ (ကိုယ်စိတ်) ကို ကောင်းစွာထားခြင်းလည်းကောင်း ဤတရားသုံးပါးသည် မြင့် မြတ်သော မင်္ဂလာတရားတည်း။ (၃)

၂၆၄။ (နတ်သား) အကြားအမြင်များခြင်းလည်းကောင်း, (အပြစ်မရှိသော) အတတ်ကို တတ်ရခြင်းလည်းကောင်း, (မိမိတို့ဆိုင်ရာ) ဝိနည်းဥပဒေကို ကောင်းစွာ ကျင့်သုံးရခြင်းလည်းကောင်း, စကားကို ကောင်းစွာ ဆိုခြင်းလည်းကောင်း ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၄)

၂၆၅။ (နတ်သား) အမိအဖတို့ကို လုပ်ကျွေးခြင်းလည်းကောင်း, သားမယားကို ချီးမြှောက်ထောက်ပံ့ခြင်းလည်းကောင်း, ပျင်းရိဖင့်နွှဲခြင်းစသော အနှောက်အယှက် မရှိမူ၍အလုပ်အကိုင်တို့ကို ပြုလုပ်ရခြင်းလည်းကောင်း၊ ဤတရားသုံးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၅)

၂၆၆။ (နတ်သား) အလှူပေးရခြင်းလည်းကောင်း, ကုသိုလ်ကမ္မပထတရားကို ကျင့်ရခြင်းလည်းကောင်း, ဆွေမျိုးတို့ကို ချီးမြှောက်ထောက်ပံ့ရခြင်းလည်းကောင်း, အပြစ်ကင်းသော အမှုတို့ကို ပြုရခြင်းလည်းကောင်း ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၆)

၂၆၇။ (နတ်သား) မကောင်းမှုမှ (စိတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း, မကောင်းမှုမှ (ကိုယ်နှုတ်ဖြင့်) ရှောင်ကြဉ်ခြင်းလည်းကောင်း, သေအရက်သောက်ခြင်းမှ စောင့်စည်းခြင်းလည်းကောင်း, ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၇)

၂၆၈။ (နတ်သား) (ရိုသေထိုက်သူတို့အား) ရိုသေခြင်းလည်းကောင်း, (မိမိကိုယ်ကို) နှိမ့်ချခြင်းလည်းကောင်း, ရောင့်ရဲလွယ်ခြင်းလည်းကောင်း, သူပြုဖူးသော ကျေး ဇူးကို သိခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားနာခြင်းလည်းကောင်း ဤတရားလေးပါးသည်မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၈)

 

၂၆၉။ (နတ်သား)သည်းခံခြင်းလည်းကောင်း, သူတော်ကောင်းတို့၏ ဆုံးမ စကားကို နာလွယ်ခြင်းလည်းကောင်း, ရဟန်းတို့အား ဖူးမြင်ခြင်းလည်းကောင်း, သင့်တင့်သောအခါ၌ တရားကို ဆွေးနွေးမေးမြန်းခြင်းလည်းကောင်း၊ ဤတရား လေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၉)

၂၇၀။ (နတ်သား) (အကုသိုလ်တရားတို့ကို) ပူပန်စေတတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, မြတ်သောအကျင့်ကို ကျင့်ခြင်းလည်းကောင်း, အရိယသစ္စာတို့ကို (မဂ်ဖြင့်) မြင်ခြင်းလည်းကောင်း, နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းလည်းကောင်း၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၁၀)

၂၇၁။ (နတ်သား) လောကဓံတို့နှင့် တွေ့သော အကြင်ရဟန္တာပုဂ္ဂိုလ်၏ စိတ်သည် မတုန်လှုပ်, စိုးရိမ်ခြင်းမရှိ, ကိလေသာမြူ ကင်း၏, ဘေးရန် မရှိ၊ ဤတရားလေးပါးသည် မြင့်မြတ်သော မင်္ဂလာတရားတည်း။ (၁၁)

၂၇၂။ (နတ်သား) မင်္ဂလာတရား သုံးဆယ့်ရှစ်ပါးတို့ကို ပြုကျင့်သောကြောင့် ရန်သူဟူသမျှတို့တွင် (တစ်ယောက်မျှ) ရန်သူတို့ မအောင်နိုင်ကုန်သည်ဖြစ်၍ အလုံးစုံသောအရပ်တို့၌ ကြီးပွါးချမ်းသာခြင်းသို့ ရောက်၏၊ ထို့ကြောင့် ထိုတရားသုံးဆယ့်ရှစ်ပါးသည် ထိုနတ်လူတို့၏ မြင့်မြတ်သော မင်္ဂလာတရားမည်၏ဟု (မှတ်လေလော့ဟု မိန့်တော်မူ၏)။ (၁၂)

လေးခုမြောက် မင်္ဂလသုတ် ပြီး၏။

------

၅-သူစိလောမသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဂယာရွာ သူစိလောမဘီလူး၏ဗိမာန် ကျောက်ဖျာညောင်စောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ခရလောမဘီလူးသည်လည်းကောင်း၊ သူစိလောမဘီလူးသည်လည်းကောင်း မြတ်စွာဘုရား၏ မနီးမဝေး၌ လွန်၍သွားကုန်၏၊ ထို့နောက် ခရလောမ ဘီလူးသည် သူစိလောမဘီလူးကို ''ဤသူကား ရဟန်းတည်း''ဟု ပြောဆို၏၊ ဤသူကား ရဟန်းမဟုတ်၊ ဤသူကား ရဟန်းတုတည်း၊ ထိုသူသည် ''ရဟန်းစစ်သော်လည်းဖြစ်စေ၊ ရဟန်းတုသော်လည်းဖြစ်စေ ငါ သိအောင်ပြုအံ့''ဟု (ဆို၏)။

ထို့နောက် သူစိလောမဘီလူးသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ကိုယ်ကို တိုးဝှေ့၏၊ ထိုအခါ မြတ်စွာဘုရားသည် ကိုယ်ကို တိမ်းဖယ်တော်မူ၏၊ ထို့နောက် သူစိလောမဘီလူးသည်မြတ်စွာဘုရားအား ''ရဟန်း သင်သည် ငါ့ကို ကြောက်သလော''ဟု ဆို၏။ ဒကာဘီလူး ငါသည် သင့်ကို မကြောက်၊ စင်စစ်မှာမူ သင်၏ အတွေ့သည် ယုတ်ညံ့၏ဟု (မိန့်ဆိုတော်မူ၏)။

ရဟန်း သင့်ကို ပြဿနာ မေးအံ့၊ အကယ်၍ မဖြေနိုင်မူ သင်၏စိတ်ကိုသော်လည်း ပျံ့လွင့်စေအံ့၊ သင်၏ နှလုံးသားကို မူလည်း ခွဲလိုက်အံ့၊ ခြေတို့ကို မူလည်းကိုင်၍ မြစ်ကမ်းတစ်ဖက်သို့ ပစ်ချလိုက်အံ့ဟု (ဆို၏)။

ဒကာဘီလူး နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏ မင်းများလူများနှင့်တကွသော လူ့လောက၌ ငါ၏ စိတ်ကိုသော်လည်း ပျံ့လွင့်စေနိုင်သူ နှလုံးသားကို မူလည်းခွဲနိုင်သူ ခြေတို့ကို မူလည်းကိုင်၍ မြစ်ကမ်းတစ်ဖက်သို့ ပစ်ချနိုင်သူကို ငါဘုရား မြင်တော် မမူ၊သို့ ပင်ဖြစ်စေကာမူ ဒကာဘီလူး အလိုရှိသော် ပြဿနာကို မေးလော့ဟု (မိန့်တော်မူ၏)။ ထို့နောက်သူစိလောမ ဘီလူးသည် မြတ်စွာဘုရားကို ဂါထာဖြင့် ရွတ်ဆို (လျှောက်ထား) ၏-

၂၇၃။ (ရဟန်း) ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ အဘယ်လျှင်အကြောင်းရှိကုန်သနည်း၊ မမွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီး မွေးညင်းထမှုသည်လည်းကောင်းအဘယ်မှဖြစ်သနည်း၊ သူငယ်တို့သည် ကျီးကို ဖမ်း၍ (ကြိုးဖြင့်) ဖွဲ့ကာ လွှတ်ကုန်သကဲ့သို့ ဤအတူကာမဝိတက်စသည်တို့သည် အဘယ်မှဖြစ်၍ ကုသိုလ်စိတ်ကို လွှတ်ကုန်သနည်း။ (၁)

၂၇၄။ (ဘီလူး) ရာဂသည်လည်းကောင်း၊ ဒေါသသည်လည်းကောင်း၊ ဤ (အတ္တ ဘော)လျှင်အကြောင်းရှိကုန်၏၊ မမွေ့လျော်မှုသည်လည်းကောင်း၊ ကြက်သီးမွေး ညင်း ထမှုသည်လည်းကောင်းဤအတ္တဘောမှ ဖြစ်ကုန်၏၊ သူငယ်တို့သည် ကျီးကို ဖမ်း၍ (ကြိုးဖြင့်) ဖွဲ့ကာ လွှတ်ကုန်သကဲ့သို့ ဤအတူ ကာမဝိတက် စသည်တို့သည် ဤအတ္တဘောမှ ဖြစ်၍ ကုသိုလ်စိတ်ကို လွှတ်ကုန်၏။ (၂)

၂၇၅။ ပညောင်ပင်၏ မြစ်ပျဉ်းတို့သည် ပင်စည်တို့၌ ဖြစ်ကုန်သကဲ့သို့ တဏှာ အစေးကြောင့် ဖြစ်ကုန်သော ရာဂစသောတရားတို့သည် အတ္တဘော၌ ဖြစ်ကုန်၏၊ တော၌ ဖြစ်သော မာလောနွယ်သည်မိမိနွယ်သော သစ်ပင်ကို ထက်ဝန်းကျင် ရစ်ပတ်ပိတ်ဆို့သကဲ့သို့ များစွာသော ကိလေသာတို့သည် ကာမဂုဏ်တို့၌ ငြိတွယ်လျက် တည်ကုန်၏။ (၃)

၂၇၆။ ဘီလူး နားထောင်လော့၊ အကြင်သူတို့သည် ထိုအတ္တဘောကို သိကုန်၏၊ ယင်းအတ္တဘောလျှင်အကြောင်းရှိသောတဏှာကိုလည်း သိကုန်၏၊ ထိုသူတို့သည် ထိုအတ္တဘော၏ အကြောင်းဖြစ်သောတဏှာအစေးကို ပယ်ဖျောက်ကုန်၏၊ တစ်ဖန် ဘဝသစ်၌ မဖြစ်စေခြင်းငှါ မကူးမြောက်ဖူးသေးသော ကူးခပ်နိုင်ခဲသော ဤသံသရာ ဩဃကို ကူးမြောက်ကုန်၏ဟု (မိန့်တော်မူ၏)။ (၄)

ငါးးခုမြောက် သူစိလောမသုတ် ပြီး၏။

------

၆-ဓမ္မစရိယသုတ်

၂၇၇-၂၇၈။ တရားကျင့်ခြင်းကိုလည်းကောင်း၊ မြတ်သောအကျင့်ကို ကျင့်ခြင်းကိုလည်းကောင်းဤနှစ်ပါးစုံကို မြတ်သော ဥစ္စာရတနာဟူ၍ ဆိုကုန်၏၊ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ရဟန်းပြုသူ အကယ်၍ ဖြစ်သော်လည်း ဖြစ်စေ ကာမူ ထိုရဟန်းသည် နှုတ်ကြမ်းသော သဘောရှိသူသူတစ်ပါးတို့ကို ညှဉ်းဆဲခြင်း၌ အလွန်မွေ့လျော်သူ သားသမင်နှင့် တူသူဖြစ်ခဲ့ပါမူ ထိုရဟန်း၏ အသက်ရှင်နေခြင်းသည် ယုတ်ညံ့၏၊ မိမိ၏ ကိလေသာမြူကို ပွါးစေ၏။ (၁-၂)

၂၇၉။ ခိုက်ရန်ဖြစ်ခြင်း၌ မွေ့လျော်သော ရဟန်းသည် မောဟတရားဖြင့် ဖုံးလွှမ်းသည်ဖြစ်၍ (သူတော်ကောင်းတို့) ပြောကြားသည်ကိုလည်း မသိနိုင်၊ မြတ်စွာဘုရား ဟောကြားအပ်သောတရားကိုလည်း မသိနိုင်။ (၃)

၂၈၀။ စိတ်ကို ပွါးများပြီးသော ရဟန္တာပုဂ္ဂိုလ်တို့ကို ညှဉ်းဆဲသောသူသည် အဝိဇ္ဇာခြံရံအပ်သည်ဖြစ်၍ (ယခုဘဝ၌) စိတ်ညစ်ညူးကြောင်း (နောင်အခါ ) ငရဲသို့ ကျရောက်ကြောင်းဖြစ်သော အကုသိုလ်လမ်းခရီးကို မသိနိုင်။ (၄)

၂၈၁။ (ဤသို့ မသိသူသည် ဤခရီးဖြင့်ပင်) ပျက်စီး၍ကျရာ အပါယ်သို့ ရောက်ရ၏၊ အမိဝမ်းတိုက်တစ်ခုမှ အမိဝမ်းတိုက်တစ်ခုသို့ အမိုက်တိုက်တစ်ခုမှ အမိုက် တိုက်တစ်ခုသို့ ရောက်ရ၏၊ ထိုသို့ သဘောရှိသော ထိုရဟန်းသည် တမလွန်ဘဝ၌ ဆင်းရဲသို့ ရောက်ရ၏။ (၅)

၂၈၂။ နှစ်-လ-များစွာ ကြာရှိပြီးသော မစင်တွင်းသည် မစင်ဖြင့် ပြည့်သည်ဖြစ်၍ (ဆေးကြောနိုင်ခဲသည်) ဖြစ်ရာသကဲ့သို့ အကြင်ရဟန်းသည် လည်း ဤဥပမာ သဘောရှိသူ ဖြစ်ငြားအံ့၊ ကိလေသာ အညစ်အကြေးရှိသော ထိုရဟန်းသည် အကုသိုလ်မစင်ဖြင့် ပြည့်သဖြင့် ဆေးကြော၍စင်ကြယ်စေနိုင်ခဲ၏။ (၆)

၂၈၃။ ရဟန်းတို့ ကာမဂုဏ်ငါးပါးကိုမှီသော ယုတ်ညံ့သော အလို ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် 'အာစာရ' ကျက်စားရာ 'ဂေါစရ' ရှိသော ဤသို့ သဘော ရှိသည့် အကြင်ရဟန်းကို သင်တို့ သိကြကုန်မူ- (၇)

၂၈၄။ အလုံးစုံသော သင်တို့သည် ညီညွတ်ကြကုန်လျက် ထိုရဟန်းကို ရှောင် ကြဉ်ကြကုန်လော့၊ အမှိုက်ကဲ့သို့မှုတ်လွှင့်နှင်ထုတ်ကြကုန်လော့၊ ယောက်သွား ပုပ်ကဲ့သို့ ဆွဲထုတ်ကြကုန်လော့။ (၈)

၂၈၅။ စပါးဖျင်းကဲ့သို့ ရဟန်းတို့ကို ထိုသံဃာ့ဘောင်မှ မျှောလွှင့်ကြကုန်လော့၊ ရဟန်းမဟုတ်ဘဲငါရဟန်းဟုမှတ်ထင်သော ယုတ်ညံ့သော အလို ယုတ်ညံ့သော အကြံယုတ်ညံ့သောအကျင့် 'အာစာရ'ကျက်စားရာ 'ဂေါစာရ' ရှိကုန်သော ရဟန်းတို့ကို နှင်ထုတ်ကြကုန်၍- (၉)

၂၈၆။ စင်ကြယ်သော ရဟန်းတို့သည် စင်ကြယ်သော ရဟန်းတို့နှင့် ရိုသေကျိုး နွံကြကုန်လျက်ပေါင်းသင်းမှုကို ပြုကြကုန်လော့၊ ထို့နောက် ညီညွတ်ကြကုန် ပညာဉာဏ် ရင့်ကျက်ကြကုန်သည်ဖြစ်၍ဆင်းရဲ၏ အဆုံးကို ပြုကြကုန်လော့ဟု (မိန့်တော်မူ၏)။ (၁၀)

ခြောက်ခုမြောက် ဓမ္မစရိယသုတ် ပြီး၏။

------

၇-ဗြာဟ္မဏဓမိ္မကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော များစွာသော ကောသလတိုင်းသား ပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူဝမ်းမြောက်ဖွယ် အမှတ်ရဖွယ်ကို ပြောဆိုပြီးဆုံးစေပြီးနောက် တစ်ခုသောအရပ်၌ ထိုင်နေကုန်ပြီးသော်မြတ်စွာဘုရားအား ''အသျှင်ဂေါတမ ယခုခေတ်ပုဏ္ဏားတို့ကို ရှေးခေတ်ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဉ်တရား၌ တွေ့မြင်ကြရကုန်၏လော''ဟု လျှောက်ကုန်၏။

ပုဏ္ဏားတို့ ယခုခေတ်ပုဏ္ဏားတို့ကို ရှေးခေတ်ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဉ်တရား၌ မတွေ့မြင်ရတော့ကုန်ဟု (မိန့်တော်မူ၏)၊ တောင်းပန်ပါ၏- အသျှင်ဂေါတမအား ဝန်မလေးပါမူ အသျှင်ဂေါတမသည်ရှေးခေတ် ပုဏ္ဏားတို့၏ ဗြာဟ္မဏကျင့်စဉ်တရားကို အကျွန်ုပ်တို့အား ဟောတော်မူပါလော့ဟု (လျှောက်၏)။

ပုဏ္ဏားတို့သို့ ဖြစ်လျှင် နာကြကုန်လော့၊ ကောင်းစွာ နှလုံးသွင်းကြကုန်လော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)၊ ''အသျှင်ဘုရား ကောင်းပါပြီ''ဟု ထိုပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားအားပြန်လျှောက်ကြကုန်၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

၂၈၇။ (ပုဏ္ဏားတို့) ရှေး၌ ဖြစ်သော ရသေ့တို့သည် ကောင်းစွာ စောင့်စည်းသော စိတ် ရှိကုန်၏၊ ဣနြိ္ဒယသံဝရသီလနှင့် ပြည့်စုံကုန်၏၊ ကာမဂုဏ်ငါးပါးတို့ကို စွန့်ကြ၍ မိမိအကျိုးကို ကျင့်ကုန်၏။ (၁)

၂၈၈။ (ရှေးခေတ်) ပုဏ္ဏားတို့အား နွားမြင်းစသည် မရှိကုန်၊ ရွှေငွေမရှိ၊ ဥစ္စာ စပါး မရှိ၊ ဗေဒင်ကို သရဇ္ဈာယ်ခြင်းတည်းဟူသော ဥစ္စာစပါးသာ ရှိကုန်၏၊ မေတ္တာစသော မြတ်သော ရွှေအိုးကို စောင့်ရှောက်ကုန်၏။ (၂)

၂၈၉။ ပုဏ္ဏားတို့အား ရည်ညွှန်း၍ စီရင်အပ်သော ဒွါရဘတ်ကို ထိုပုဏ္ဏားတို့ အတွက် တည်ထားအပ်ပြီ၊ သဒ္ဓါ၍ စီရင်အပ်သော ထိုဒွါရဘတ်ကို ရှာမှီးသော ပုဂ္ဂိုလ်တို့အား ပေးလှူရမည်ဟူ၍ အလှူဒါယကာတို့သိမှတ်ထားကြကုန်၏။ (၃)

၂၉၀။ ဆိုးရေအမျိုးမျိုးတို့ဖြင့် ဆိုးအပ်ကုန်သော အဝတ်ပုဆိုး အိပ်ရာ နေရာ နေအိမ်တို့ဖြင့်စည်ပင်ဝပြောကုန်သော ဇနပုဒ်သူ ဇနပုဒ်သားတို့သည်လည်းကောင်း၊နိုင်ငံသူနိုင်ငံသားတို့သည်လည်းကောင်း ထိုပုဏ္ဏားတို့ကို ရှိခိုးကုန်၏။ (၄)

၂၉၁။ ထိုရှိခိုးထိုက်သော ပုဏ္ဏားတို့သည် တရားစောင့်သူတို့ ဖြစ်ကုန်ရကား လူတို့ကမသတ်ထိုက်သူတို့လည်း ဖြစ်ကုန်၏၊ နှိပ်စက်၍ အနိုင်မယူထိုက်သူတို့လည်း ဖြစ်ကုန်၏၊ အိမ်တံခါးတို့၌ အချင်းခပ်သိမ်း တစ်စုံတစ်ယောက်သောသူကမျှ ထိုပုဏ္ဏားတို့ကို မတားမြစ်ပေ။ (၅)

၂၉၂။ ထိုပုဏ္ဏားတို့သည် လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး မေထုန်ရှောင်ကြဉ်မှု ကောမာရဗြဟ္မစရိယအကျင့်ကို ကျင့်ကုန်၏၊ ရှေးခေတ်ပုဏ္ဏားတို့သည် ဗေဒင် သရဇ္ဈာယ် 'ဝိဇ္ဇာ'နှင့်သီလစောင့်ထိန်းမှု 'စရဏ' ရှာမှီးသောအကျင့်ကို ကျင့်ကြကုန်၏။ (၆)

၂၉၃။ ထိုပုဏ္ဏားတို့သည် မင်းစသောတစ်စုံတစ်ယောက်ထံသို့မျှ မကပ်ကုန်၊ မယားကိုလည်းမဝယ်ယူကုန်၊ အချင်းချင်း မြတ်နိုးသဖြင့်သာလျှင် ပေါင်းဖော်နှီး နှောကြကုန်လျက် အညီအမျှနှစ်သက်ကြကုန်၏။ (၇)

၂၉၄။ (ရှေး) ပုဏ္ဏားတို့သည် ထိုဥတု လာပြီးစ သွားလာထိုက်သောအခါမှ တစ်ပါးသောအခါ၌ ဥတုမှ ကင်းသော မယားကို ဥတုနှစ်ခုတို့၏ အကြား၌ မေထုန် အလို့ငှါ မကပ်ရောက်ကုန်။ (၈)

၂၉၅။ အကျင့်မြတ်ကို ုလည်းကောင်း၊ သီလကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းကိုလည်းကောင်း၊ နူးညံ့သိမ်မွေ့ခြင်းကိုလည်းကောင်း၊ ဣန္ဒြေစောင့်စည်းခြင်းကိုလည်းကောင်း၊ ကောင်းသောအကျင့်၌ မွေ့လျော်ခြင်းကိုလည်းကောင်း၊ မပုတ်ခတ် မညှဉ်း ဆဲခြင်းကိုလည်းကောင်း၊သည်းခံခြင်းကိုလည်းကောင်းချီးမွမ်းကုန်၏။ (၉)

၂၉၆။ ပုဏ္ဏားတို့တွင် အကြင်ပုဏ္ဏားသည် ဗြဟ္မာကဲ့သို့ မြင့်မြတ်သူ ဖြစ်၏၊ မြဲမြံသော ဝီရိယ ရှိ၏၊ ထိုပုဏ္ဏားတို့သည် မေထုန်အကျင့်ကို အိပ်မက်၌သော်မျှလည်း မရောက်စဖူး။ (၁၀)

၂၉၇။ ဤလောက၌ လိမ္မာသော သဘောရှိကုန်သောအချို့ သူတို့သည် ထိုမြတ်သော ပုဏ္ဏား၏ကျင့်ဝတ်ကို အတုလိုက်၍ ကျင့်ကြကုန်လျက် အကျင့်မြတ်ကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊သည်းခံခြင်းကိုလည်းကောင်း ချီးမွမ်းကုန်၏။ (၁၁)

၂၉၈။ ဆန်ကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ထောပတ်ကိုလည်းကောင်း၊ ဆီကိုလည်းကောင်း တရားသဖြင့် တောင်းခံ၍ စုရုံးပြီးလျှင် ထိုအစုအပုံမှယဇ်ပူဇော်ခြင်းကို ပြုကြကုန်၏။ (၁၂)

၂၉၉။ ယဇ်ပူဇော်ရန် အချိန်ကျရောက်လတ်သော် ထိုပုဏ္ဏားတို့သည် နွားတို့ကို မသတ်ကုန်၊ နွားမတို့၌ ဆေးဖြစ်ကုန်သော နွားနို့အရသာတို့ ဖြစ်ပေါ်လာကုန်ရကား နွားတို့သည် အမိအဖညီအစ်ကို ထိုမှတစ်ပါးသော ဆွေမျိုးတို့ကဲ့သို့ ငါတို့၏ မြတ်သော အဆွေခင်ပွန်းနှင့် တူကုန်၏။ (၁၃)

၃၀၀။ ထိုနွားမတို့သည် ငါတို့အား ထမင်းကို ပေးကုန်၏၊ ခွန်အားကို ပေးကုန်၏၊ အဆင်းကို ပေးကုန်၏၊ ချမ်းသာကို ပေးကုန်၏၊ ဤသို့ သော အကျိုးထူးကို သိကုန်၍ ထိုပုဏ္ဏားတို့သည် နွားတို့ကို မသတ်ကြကုန်။ (၁၄)

၃၀၁။ ပုဏ္ဏားတို့သည် နူးညံ့သိမ်မွေ့ကုန်၏၊ ကြီးသော ကိုယ်ရှိကုန်၏၊ ရုပ် အဆင်းလှကုန်၏၊ အခြံအရံများကုန်၏၊ မိမိဥစ္စာကိုယ်ကျင့်တရားတို့ဖြင့် ပြုထိုက်သော ကိစ္စ မပြုထိုက်သော ကိစ္စတို့၌ကြောင့်ကြစိုက်ကုန်၏၊ လောက၌ ဆိုအပ်ပြီးသောအကျင့်ကို ပုဏ္ဏားတို့ လိုက်နာကျင့်သုံးနေကြသမျှကာလပတ်လုံး ဤသတ္တဝါ အပေါင်းသည် ချမ်းသာကြီးပွါးခြင်းသို့ ရောက်နိုင်၏။ (၁၅)

၃၀၂။ ထိုပုဏ္ဏားတို့အား အနည်းငယ် (ကာမဂုဏ်) ကြောင့် ဖြစ်သော အနည်း ငယ် (ချမ်းသာ) ကို မြင်၍ဖောက်ပြန်သော အသိဉာဏ်ဖြစ်၏၊ မင်း၏ စည်းစိမ်ကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သော မိန်းမတို့ကိုလည်းကောင်း။ (၁၆)

၃၀၃။ အာဇာနည်မြင်းကကုန်သော ကောင်းစွာ ပြုအပ်သော ဆန်းကြယ်စွာ ချုပ်အပ်ကုန်သော ရထားတို့ကိုလည်းကောင်း၊ ဝေဖန်အပ်ကုန်သော အဖို့အစုအားဖြင့် နှိုင်းယှဉ်အပ်ကုန်သော အိပ်ရာနေရာတို့ကိုလည်းကောင်း၊ အိမ်တို့ကိုလည်းကောင်း မြင်ရ၍ ဖောက်ပြန်သော အသိဉာဏ်ဖြစ်၏။ (၁၇)

၃၀၄။ ပုဏ္ဏားတို့သည် နွားအပေါင်းတို့ဖြင့် ရောပြွမ်းသော မိန်းမမြတ်အပေါင်းနှင့် ပြည့်စုံသည့်ပြန့်ပြောများပြားသော လူ့စည်းစိမ်ကို တောင့်တကြံစည် ကြကုန်၏။ (၁၈)

၃၀၅။ ထိုအခါ ပုဏ္ဏားတို့သည် ထိုစည်းစိမ်ဟူသော အကြောင်းကြောင့် ဗေဒင် ကျမ်းတို့ကို ဖွဲ့နွဲ့စီကုံးကြပြီးလျှင် (မင်းကြီး) သင်မင်းကြီးအား စည်းစိမ်များ၏၊ ယဇ်ပူဇော်ပါလော့၊ သင်မင်းကြီးအားဥစ္စာများ၏၊ ယဇ်ပူဇော်ပါလော့၊ ဤသို့ ယဇ်ပူဇော်သည်ရှိသော် သင်မင်းကြီးအား နောင်အခါ ဥစ္စာစပါးပေါများလတ္တံ့ဟု ပြောဆိုကာ ဩက္ကာကမင်းထံသို့ ချဉ်းကပ်ကြကုန်၏။ (၁၉)

၃၀၆။ ထိုအခါ ရထားစီး မင်းတကာတို့ထက် မြတ်သော ဩက္ကာကမင်းသည် ပုဏ္ဏားတို့တိုက်တွန်းအပ်သည် ဖြစ်ရကား မြင်းတို့ကို သတ်၍ ယဇ်ပူဇော်မှု 'အဿမေဓယဇ်'၊ ယောက်ျားတို့ကို သတ်၍ ယဇ်ပူဇော်မှု 'ပုရိသမေဓယဇ်'၊ ထမ်းပိုး ကျည်းကို ပစ်၍ ထိုထမ်းပိုးကျည်းကျရာ၌ ယဇ်မြေပြုလျက် ပူဇော်မှု 'သမ္မာပါသယဇ်'၊ ထောပတ်ဃနာ ပျားသကာတို့ကို ့သောက်ရာဖြစ်သော 'ဝါဇပေယျယဇ်'၊ တံခါးရွက်ကို ဖွင့်လှစ်၍ ပူဇော်မှု 'နိရဂ္ဂဠယဇ်'ဟူကုန်သော ယဇ်တို့ကို ပူဇော်၍ ပုဏ္ဏားတို့အား ဥစ္စာကို ပေး၏။ (၂၀)

၃၀၇။ နွားတို့ကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ အဝတ်ကိုလည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သော မိန်းမတို့ကိုလည်းကောင်း၊ အာဇာနည် မြင်းကသော ကောင်းစွာ ပြုအပ်သော ဆန်းကြယ်စွာ ချုပ်အပ်သော ရထားတို့ကိုလည်းကောင်း ပေး၏။ (၂၁)

၃၀၈။ အဖို့အစုအားဖြင့် ကောင်းစွာ ဝေဖန်အပ်ကုန်သော မွေ့လျော်ဖွယ်ရာ အိမ်တို့ကို အထူးထူးသော ဥစ္စာစပါးဖြင့် ပြည့်စေ၍ ပုဏ္ဏားတို့အား ဥစ္စာကို ပေး၏။ (၂၂)

၃၀၉။ ထိုပုဏ္ဏားတို့သည်လည်း ထို (ယဇ်ပွဲ)၌ ဥစ္စာကို ရကုန်၍ သိုမှီးမှုကို လိုလားနှစ်သက်ကြကုန်၏၊ အလိုဆိုးဖြင့် စိတ်သက်ဝင်ကုန်သော ထိုပုဏ္ဏားတို့အား အလွန့်အလွန် တဏှာပွါးများတော့၏၊ ထိုပုဏ္ဏားတို့သည် ထို (တဏှာပွါးများခြင်း) ကြောင့် ဗေဒင်ကျမ်းတို့ကို ဖွဲ့နွဲ့စီကုံး၍ ဩက္ကာကမင်းထံသို့ တစ်ဖန် ချဉ်းကပ်ကုန်၏။ (၂၃)

၃၁၀။ (မင်းမြတ်) ရေသည်လည်းကောင်း၊ မြေသည်လည်းကောင်း၊ ရွှေငွေသည်လည်းကောင်း၊ ဥစ္စာစည်းစိမ်သည်လည်းကောင်း၊ မုယောစသော ကောက်ပဲသည်လည်းကောင်း သတ္တဝါအားလုံးတို့၏အသုံးအဆောင်ဖြစ်သကဲ့သို့ ဤအတူ နွားတို့သည် လူတို့၏ အသုံးအဆောင် ဖြစ်ကုန်၏၊ သင်မင်းကြီးအား စည်းစိမ်များ၏၊ ယဇ်ပူဇော်ပါလော့၊ သင် မင်းကြီးအား ဥစ္စာများ၏၊ ယဇ်ပူဇော်ပါလော့။ (၂၄)

၃၁၁။ ထိုအခါ ရထားစီး မင်းတကာတို့ထက် မြတ်သော ဩက္ကာကမင်းသည် ပုဏ္ဏားတို့တိုက်တွန်းအပ်သည် ဖြစ်ရကား အရာအထောင်မက များကုန်သော နွားတို့ကို ယဇ်ပူဇော်ရာ၌ သတ်လေ၏။ (၂၅)

၃၁၂။ နွားမတို့သည် သိုးနှင့် တူကုန်သည်ဖြစ်၍ ခြေဖြင့်လည်း မကန်ကျောက် တတ်ကုန်၊ ဦးချိုဖြင့်လည်း မဝှေ့တတ်ကုန်၊ တစ်စုံတစ်ခုမျှဖြင့်လည်း မနှိပ်စက် တတ်ကုန်၊ ငြိမ်းအေးစွာ နေမှု၌ မွေ့လျော်ကုန်သော အိုးဖြင့် နို့ညှစ်ခံကုန်သော ထိုနွားမတို့ကို ဦးချိုတို့၌ ကိုင်လျက် ဩက္ကာကမင်းသည်ဓားဖြင့် သတ်၏။ (၂၆)

၃၁၃။ ထို့နောက် နတ်တို့သည်လည်းကောင်း၊ ဗြဟ္မာတို့သည်လည်းကောင်း၊ သိကြားမင်းသည်လည်းကောင်း၊ အသုရာရက္ခိုသ်တို့သည်လည်းကောင်း နွားတို့ကို ဓားဖြင့် သတ်ခြင်းသည် မတရားဟူ၍ ပြောဆိုလျက် ဖဲခွါသွားကြကုန်၏။ (၂၇)

၃၁၄။ ရှေးအခါ က လိုချင်ခြင်း ဆာလောင်မွတ်သိပ်ခြင်း အိုမင်းခြင်းဟူသော အနာရောဂါသုံးမျိုးတို့သာဖြစ်ကုန်၏၊ ယခုသော်ကား နွားတို့ကို သတ်ဖြတ် နှိပ်စက်ခြင်းကြောင့် အနာမျိုးကိုးဆယ့်ရှစ်ပါးတို့သည် ဖြစ်ပေါ်လာကုန်၏။ (၂၈)

၃၁၅။ ရှေးဩက္ကာကမင်း လက်ထက်ကဖြစ်သော ဤမတရားသောအကျင့်သည် ဒဏ်သုံးပါးတို့တွင်တစ်ပါးပါးသော ဒဏ်သို့ သက်ဝင်လျက် ဖြစ်၏၊ ယဇ်ပူဇော်သူတို့သည် မပြစ်မှားထိုက်သော နွားတို့ကို သတ်ကြကုန်ရကား တရားမှ ဆုတ်ယုတ် ရွေ့လျောကုန်၏။ (၂၉)

၃၁၆။ ဤသို့ ရှေး၌ ဖြစ်သော ဤအယုတ်တရားကို ပညာရှိတို့ ကဲ့ရဲ့ထိုက်၏၊ ဤသို့ သဘောရှိသော ယဇ်ပူဇော်သူကို တွေ့မြင်ရာအရပ်၌ လူအပေါင်းသည် ကဲ့ရဲ့၏။ (၃၀)

၃၁၇။ ဤသို့ ပုဏ္ဏားတို့ တရားပျက်စီးလတ်သော် သူဆင်းရဲမျိုးတို့သည်လည်းကောင်း၊ ကုန်သည်မျိုးတို့သည်လည်းကောင်း၊ ပျက်စီးကုန်၏၊ များစွာသော မင်းမျို းတို့သည်လည်း ပျက်စီးကုန်၏၊ မယားတို့သည် လင်ကို မထီမဲ့မြင် ပြုကုန်၏။ (၃၁)

၃၁၈။ မင်းတို့သည်လည်းကောင်း၊ ဗြဟ္မာမျိုးအမည်ခံ ပုဏ္ဏားတို့သည်လည်းကောင်း၊ အနွယ်ကို ့စောင့်ကုန်သောတစ်ပါးကုန်သောသူတို့သည်လည်းကောင်း ဇာတ်ဝါဒစွဲကင်းသည်ကို ပြု၍ကာမဂုဏ်အလိုသို့ လိုက်ကြကုန်၏။ (၃၂)

ဤသို့ ဟောတော်မူအပ်သော် ထိုပုဏ္ဏားသူဌေးကြီးတို့သည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမတရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် အကျွန်ုပ်တို့အား ယနေ့ကို အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာတို့ဟူ၍မှတ်တော်မူပါ''ဟု လျှောက် ကြကုန်သတည်း။

ခုနစ်ခုမြောက် ဗြာဟ္မဏဓမ္မိကသုတ် ပြီး၏။

------

၈-နာဝါသုတ်

၃၁၉။ ယောက်ျားသည် အကြင်ဆရာထံမှ တရားကို သိရာ၏၊ နတ်တို့က သိကြားမင်းကို ပူဇော်ကုန်သကဲ့သို့ ထိုဆရာကို ပူဇော်ရာ၏၊ ပူဇော်ထိုက်သော အကြားအမြင်များသော ထိုဆရာသည်ထိုပူဇော်သူတပည့်၌ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တရားကို ထင်ရှားစွာ ဖော်ပြပေ၏။ (၁)

၃၂၀။ အကြင်ပညာရှိသည် ထိုသို့ သဘောရှိသူကို မမေ့မလျော့ဘဲ ဆည်းကပ်၏၊ ထိုပညာရှိသည်ထိုတရားကို အရိုအသေပြုလျက် ကောင်းစွာ နာ၍ စူးစမ်းဆင်ခြင် ကာလောကုတ္တရာတရားနှင့်လျော်သောအကျင့်ကို ကျင့်သောကြောင့် သိကြား လိမ္မာသူ ထင်ရှားပြနိုင်သူသိမ်မွေ့သူ ဖြစ်နိုင်၏။ (၂)

၃၂၁။ ယုတ်ညံ့သော ကာယကံမှုစသည်နှင့် ပြည့်စုံသော မိုက်မဲသော ပရိယတ် ပဋိပတ်ဓမ္မကို မသိသောတပည့်ကြီးပွါးမှုကို ငြူစူသော ဆရာကိုမှီဝဲနေသူတပည့်သည် ဤသာသနာတော်၌ တရားကို ထင်ရှားမသိသောကြောင့် ယုံမှားခြင်းကို မကူးမြောက်နိုင်ဘဲ သေခြင်းသို့ ရောက်ရ၏။ (၃)

၃၂၂။ ဥပမာသော်ကား များသော ရေရှိသော ကျယ်ပြန့်သော လျင်သော ရေ အလျဉ်ရှိသော မြစ်သို့ ဆင်းသက်၍ မျောလျက် ရေစုံအတိုင်း လိုက်နေရသောသူသည် သူတစ်ပါးတို့ကို ကယ်တင်ခြင်းငှါအဘယ်မှာ တတ်နိုင်အံ့နည်း။ (၄)

၃၂၃။ ထို့အတူ ပရိယတ်ပဋိပတ်တရားကို မသိမူ၍ အကြားအမြင်များသူတို့၏ အထံ၌လည်းအနက်သဘောကို မနာခံ မမှတ်သား မိမိကိုယ်တိုင်လည်း မသိဘဲ ယုံမှားခြင်းကို မလွန်မြောက်နိုင်သူသည် သူတစ်ပါးတို့ကို သိမြင်စေခြင်းငှါ အဘယ်မှာ တတ်နိုင်အံ့နည်း။ (၅)

၃၂၄။ လှော်တက်ထိုးဝါးနှင့်လည်း ပြည့်စုံ ထိုလှေနှင့်စပ်ဆိုင်ရာ အကြောင်းကိုလည်းကျွမ်းကျင်လိမ္မာသော ပညာရှိသူသည် မြဲမြံခိုင်ခံ့သော လှေကို တက်စီး၍ ထိုလှေ၌ (တက်စီးကြသော) အခြားသူများစွာတို့ကိုလည်း ကယ်ဆယ်နိုင်သကဲ့သို့။ (၆)

၃၂၅။ ဤအတူပင် အကြင်ဆရာသည် နိဗ္ဗာန်သို့ ရောက်ပြီးသူ စိတ်ကို ပွါးများ ပြီးသူအကြားအမြင်များသူ (လောကဓံကြောင့် ) မတုန်လှုပ်သော သဘောရှိသူ ဖြစ်၏၊ ထိုဆရာသည်မိမိကိုယ်တိုင် သိသည်ဖြစ်၍ နာယူမှတ်သားမှုနှင့် မဂ်ဖိုလ်၏ ဥပနိဿယပြည့်စုံကြသည့်တစ်ပါးသောသူတို့ကို သိမြင်စေနိုင်၏။ (၇)

၃၂၆။ ထို့ကြောင့် အကြားအမြင်များ၍ ပညာရှိသောသူတော်ကောင်းကို ဆည်း ကပ်ရာ၏၊ အနက်သဘောကို သိ၍ ကျင့်သောသူသည် လောကုတ္တရာတရားကို သိပြီးဖြစ်ရကား ချမ်းသာကို ရနိုင်၏ဟု (မိန့်တော်မူ၏)။ (၈)

ရှစ်ခုမြောက် နာဝါသုတ် ပြီး၏။

------

၉-ကိံသီလသုတ်

၃၂၇။ အဘယ်သို့ သော ဝါရိတ္တသီလရှိသူ အဘယ်သို့ သော စာရိတ္တသီလရှိသူ အဘယ်သို့ ကံတို့ကို ပွါးများသူသည်သာသနာတော်၌ ကောင်းစွာ တည်သူ ဖြစ်နိုင်ပါသနည်း၊ မြတ်သော အရဟတ္တဖိုလ်သို့လည်း ရောက်နိုင်ပါသနည်း။ (၁)

၃၂၈။ ပညာ ဂုဏ် ဇာတ် အရွယ်အားဖြင့် ကြီးသူတို့အား ရိုသေရာ၏၊ ငြူစူခြင်း မရှိရာ၊ အလေးပြုထိုက်သူတို့ကို ဖူးမြော်ရန်အခါ ကိုလည်း သိရာ၏၊ တရား နာရန် ရခဲသော ခဏကို သိသည်ဖြစ်၍ဟောကြားအပ်သော သမထဝိပဿနာစကားကိုလည်းကောင်း၊ ကောင်းစွာ ဟောအပ်သော ဘုရားဂုဏ်တော်စသောတရားတို့ကိုလည်းကောင်း ရိုသေစွာ နာယူရာ၏။ (၂)

၃၂၉။ သင့်လျော်သော ကာလ၌ ခက်ထန်သော မာန်ကို ကင်းအောင်ပြုလျက်ကိုယ်နှင့် စိတ်ကို နှိမ့်ချကာဆရာတို့ထံသို့ ဆည်းကပ်ရာ၏၊ပါဠိ၏ အနက်သဘောကိုလည်းကောင်း၊ပါဠိကိုလည်းကောင်း၊ သီလကိုလည်းကောင်း၊ မြတ်သောအကျင့်ကိုလည်းကောင်း အောက်မေ့ရာ၏၊ ကောင်းစွာလည်းကျင့်ရာ၏။ (၃)

၃၃၀။ သမထဝိပဿနာတရားလျှင် မွေ့လျော်ရာရှိသူ တရား၌ မွေ့လျော်သူ တရား၌ တည်သူတရားအဆုံးအဖြတ်ကို သိသူ ဖြစ်ရာ၏၊ တရားကို ဖျက်ဆီး တတ်သည့် စကားကို မဟောပြောရာ၊ ကောင်းစွာ ဟောအပ်သောမှန်သော စကားတို့ဖြင့် ကာလကို ကုန်လွန်စေရာ၏။ (၄)

၃၃၁။ ရယ်မြူးခြင်းကိုလည်းကောင်း၊ အကျိုးမဲ့စကားပြောခြင်းကိုလည်းကောင်း၊ ငိုကြွေးခြင်းကိုလည်းကောင်း၊ အရာမဟုတ်သည်၌ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ လှည့်ပတ်ခြင်း 'မာယာ'ကိုလည်းကောင်း၊အံ့ဖွယ်ပြုခြင်းကိုလည်းကောင်း၊ တပ်မက်ခြင်းကိုလည်းကောင်း၊ မာနကိုလည်းကောင်း၊ ခြုတ်ခြယ်ခြင်းကိုလည်းကောင်း၊ ကြမ်း ကြုတ်ခြင်းကိုလည်းကောင်း၊ ရာဂဖန်ရည်ကိုလည်းကောင်း၊ ကာမဂုဏ်၌ မိန်းမောခြင်းကိုလည်းကောင်း စွန့်ပယ်လျက် မာန်ယစ်ခြင်းကင်းကာ စိတ်တည်ကြည်သည်ဖြစ်၍ ကျင့်ရာ၏။ (၅)

၃၃၂။ ကောင်းစွာဟောအပ်သော စကားတို့သည် သိမှု (သုတမယဉာဏ်)ဟူသော အနှစ်သာရရှိကုန်၏၊ အကြားအမြင်သုတသည်လည်း သိအပ်ပြီးသောတရားတို့၌ ကောင်းစွာထားမှု 'သမာဓိ'ဟူသော အနှစ်သာရရှိ၏၊ အကြင်သူသည် ရာဂစသည်တို့၏ အစွမ်းဖြင့် အဆောတလျင် ပြုလုပ်၏၊ ကုသိုလ်တရားတို့၌ မေ့လျော့တတ်၏၊ ထိုသူအား ပညာသည်လည်းကောင်း၊ အကြားအမြင်သည်လည်းကောင်း မတိုးပွါး။ (၆)

၃၃၃။ အကြင်ပုဂ္ဂိုလ်တို့သည် အရိယာတို့ ဟောကြားအပ်သောတရား၌ မွေ့လျော်ကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် နှုတ်အားဖြင့်လည်းကောင်း၊ စိတ်အားဖြင့်လည်းကောင်း၊ ကိုယ်အားဖြင့်လည်းကောင်းအတုမရှိ မြတ်ကုန်၏၊ နိဗ္ဗာန်၌ မွေ့လျော်မှု (အရိယမဂ်နှင့် ယှဉ်သော) သမာဓိ၌ တည်ကုန်လျက်အကြားအမြင်၏လည်းကောင်း ပညာ၏လည်းကောင်း အနှစ် (အရဟတ္တဖိုလ်) ကို ရကုန်၏။ (၇)

ကိုးခုမြောက် ကိံသီလသုတ် ပြီး၏။

------

၁၀-ဥဋ္ဌာနသုတ်

၃၃၄။ (ရဟန်းတို့) အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ သင်တို့အား အိပ်သဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ကိလေသာ နှိပ်စက် အခံခက်၍ နေကြကုန်သော ရာဂမြား စူးဝင်ကုန်သည်ဖြစ်၍ ဖောက်ပြန်ကုန်သော သင်တို့အား အိပ်ခြင်းသည် အဘယ်အကျိုးရှိအံ့နည်း။ (၁)

၃၃၅။ (ရဟန်းတို့) အိပ်ခြင်းမှ ထကြကုန်လော့၊ ကမ္မဋ္ဌာန်အားထုတ်ရန် ထိုင် နေကြကုန်လော့၊ နိဗ္ဗာန်အကျိုးငှါ ပြင်းပြင်းထန်ထန် ကျင့်ကြကုန်လော့၊ သေမင်းသည် မေ့လျော့နေသော သင်တို့ကို သိ၍ မိမိအလိုသို့ လိုက်စေသည်ကို ပြုကာ မတွေဝေစေလင့်။ (၂)

၃၃၆။ လူတို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း အကြင်တဏှာဖြင့် အလိုရှိကုန်သည်ဖြစ်၍မှီလျက် တည်ကုန်၏၊ ကပ်ငြိတတ်သော ထိုတဏှာကို သင်တို့သည် လွန်မြောက်ကုန်လော့၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည် သင်တို့ကို မလွန်စေ လင့် ဗုဒ္ဓုပ္ပါဒနဝမ ခဏကို လွန်စေသူတို့သည် ငရဲ၌ ကျရောက်ကြရကုန်သည်ဖြစ်၍ စိုးရိမ်ရကုန်၏။ (၃)

၃၃၇။ (ရဟန်းတို့) မေ့လျော့ခြင်းသည် မြူမှုန်အညစ်အကြေး မည်၏၊ မေ့ လျော့ခြင်းသို့ အဖန်ဖန်ကျရောက်နေသော မေ့လျော့ခြင်းသည်လည်း မြူမှုန်အညစ် အကြေးပင် ဖြစ်၏၊ မမေ့လျော့ခြင်းဖြင့်လည်းကောင်း၊ အာသဝက္ခယ (ဝိဇ္ဇာ) ဉာဏ်ဖြင့်လည်းကောင်း မိမိစိတ်နှလုံး၌ စူးဝင်နေသော မြားငြောင့်ကို နုတ်ရာ၏။ (၄)

ဆယ်ခုမြောက် ဥဋ္ဌာနသုတ် ပြီး၏။

------

၁၁-ရာဟုလသုတ်

၃၃၈။ (ရာဟုလာ) သင်သည် မပြတ်ပေါင်းသင်းဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင်မပြုဘဲရှိပါ၏လော၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို သင်သည်ပူဇော်ပါ၏လော။ (၁)

၃၃၉။ (မြတ်စွာဘုရား) တပည့်တော်သည် မပြတ်ပေါင်းသင်း ဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင်မပြုပါ၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို တပည့်တော်သည် ပူဇော်ပါ၏။ (၂)

၃၄၀။ (ရာဟုလာ) သင်သည် ချစ်အပ်သာယာအပ်သော သဘောရှိကုန်သော နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော ကာမဂုဏ်ငါးပါးတို့ကို စွန့်ပယ်၍ သဒ္ဓါတရားဖြင့် အိမ်မှ ထွက်ပြီးလျှင်ဆင်းရဲ၏ အဆုံးကို ပြုသူဖြစ်ပါလေလော့။ (၃)

၃၄၁။ (ရာဟုလာ) သင်သည် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ပါလေလော့၊ ဝေးသော ဆိတ်ငြိမ်သော ကြွေးကြော်သံကင်းသော ကျောင်းအိပ်ရာနေရာသို့လည်း ချဉ်းကပ်လေလော့၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူဖြစ်ပါလေလော့။ (၄)

၃၄၂။ (ရာဟုလာ) သင်သည် သင်္ကန်း၌လည်းကောင်း၊ ဆွမ်း၌လည်းကောင်း၊ ဆေးပစ္စည်း၌လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌လည်းကောင်း၊ ဤလေးပါးတို့၌ တပ်မက်မှု 'တဏှာ'ကို မပြုပါလေလင့်၊ ဤလောကသို့ တစ်ဖန် ပြန်မလာ လိုပါလင့်။ (၅)

၃၄၃။ (ရာဟုလာ) သင်သည်ပါတိမောက္ခသီလ၌လည်းကောင်း၊ ဣန္ဒြေငါးပါးတို့၌လည်းကောင်းစောင့်စည်းသူ ဖြစ်ပါလေလော့၊ သင့်အား ကာယဂတာသတိ ဖြစ်ပါစေလော့၊ သံသရာ၌ ငြီးငွေ့ဆန့်ကျင်မှုများသူ ဖြစ်ပါလေလော့။ (၆)

၃၄၄။ ရာဂနှင့် စပ်ယှဉ်သော လှပတင့်တယ်၏ဟူသော အမှတ်နိမိတ်ကို ရှောင် ကြဉ်ပါလေလော့၊ အသုဘဘာဝနာအကျိုးငှါ အာရုံတစ်ခုတည်းရှိသော ကောင်းစွာ တည်ကြည်သော စိတ်ကို ပွါးများပါလေလော့။ (၇)

၃၄၅။ (နိစ္စနိမိတ်မှ ကင်းသော) အနိမိတ္တဝိပဿနာကိုလည်း ပွါးများပါလေလော့၊ မာနာနုသယကိုလည်း ပယ်စွန့်ပါလေလော့၊ ထိုမာနကို ပယ်စွန့်နိုင်ခြင်းကြောင့် ငြိမ်းအေးလျက်နေရလတ္တံ့။ (၈)

ဤသို့လျှင် မြတ်စွာဘုရားသည် အသျှင်ရာဟုလာကို ဤဂါထာတို့ဖြင့် မပြတ် ဆုံးမတော်မူ၏။

တစ်ဆယ့်တစ်ခုမြောက် ရာဟုလသုတ် ပြီး၏။

------

၁၂-နိဂြောဓကပ္ပသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစေတီ၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ အသျှင်ဝင်္ဂီသ၏ ဥပဇ္ဈာယ်ဆရာဖြစ်သော နိဂြောဓကပ္ပမထေရ်သည် အဂ္ဂါဠဝစေတီ၌ ပရိနိဗ္ဗာန်ပြု၍ မကြာသေး။ ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသော အသျှင်ဝင်္ဂီသအား ''ငါ၏ ဥပဇ္ဈာယ်ဆရာသည် ပရိနိဗ္ဗာန်ပြုလေသလော၊သို့ မဟုတ် ပရိနိဗ္ဗာန်မပြုသေးသလော''ဟု ဤသို့ စိတ်အကြံဖြစ်၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည်ညနေချမ်းအခါတစ်ပါးတည်း ကိန်းအောင်းရာမှ ထလျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ''အသျှင်ဘုရား ဆိတ်ငြိမ်ရာသို့ ကပ်၍ တစ်ယောက်တည်း ကိန်းအောင်းနေသောတပည့်တော်အား ''ငါ၏ ဥပဇ္ဈာယ်ဆရာသည်ပရိနိဗ္ဗာန် ပြုလေသလော၊သို့ မဟုတ် ပရိနိဗ္ဗာန် မပြုသေးသလော''ဟု ဤသို့ စိတ်အကြံဖြစ်ပါ၏''ဟု လျှောက်၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည် နေရာမှ ထလျက် လက်ဝဲတစ်ဖက် ပခုံးထက်၌ သင်္ကန်းကို စံပယ်တင်သည်ကို ပြု၍ မြတ်စွာဘုရားရှိရာသို့ လက်အုပ်ချီလျက် မြတ်စွာဘုရားကို ဂါထာဖြင့် လျှောက်၏-

၃၄၆။ ''မယုတ်လျော့သော ပညာရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ယခုဘဝ၌ပင် တွေးတောယုံမှားမှု 'ဝိစိကိစ္ဆာ'တို့ကို ပယ်ဖြတ်သူ ထင်ရှားသူ အခြံ အရံများသူ ငြိမ်းအေးပြီးသော စိတ်ရှိသူ အကြင်ရဟန်းသည် အဂ္ဂါဠဝစေတီ၌ စုတေ ရွေ့လျောခဲ့ပါပြီ။ (၁)

၃၄၇။ မြတ်စွာဘုရား ပုဏ္ဏာမျိုးဖြစ်သော ထိုရဟန်း၏အမည်ကို နိဂြောဓကပ္ပဟူ၍အသျှင်ဘုရားမှည့်ခေါ်ပါ၏၊ မြဲမြံသော သဘောရှိသည့် နိဗ္ဗာန်ကို မြင်တော်မူသော မြတ်စွာဘုရားနိဗ္ဗာန်ဝိမုတ္တိကို တောင့်တ၍ ထက်သန်သော လုံ့လရှိသော ထိုရဟန်းသည် အသျှင်ဘုရားကို ရှိခိုးလျက်လှည့်လည်သွားလာနေပါ၏။ (၂)

၃၄၈။ သာကီဝင်မင်းမျိုးဖြစ်သော ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတ ဉာဏ် ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့အားလုံးသည်လည်း ထိုနိဂြောဓ ကပ္ပမည်သော သာဝကကို သိလိုကြပါကုန်၏၊ အကျွန်ုပ်တို့၏ နားတို့သည် ကြား နာရန် ကောင်းစွာ တည်ပါကုန်၏၊ အသျှင်ဘုရားသည် အကျွန်ုပ်တို့၏ဆရာပါတည်း၊ အသျှင်ဘုရားသည် အတုမရှိ မြတ်တော်မူပါပေ၏။ (၃)

၃၄၉။ မြေကြီးအထုနှင့် တူသော ပညာရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်တို့၏ယုံမှားမှု 'ဝိစိကိစ္ဆာ'ကို ဖြတ်တောက်တော်မူပါ၊ ထိုနိဂြောဓကပ္ပ ပရိနိဗ္ဗာန် ပြုသည်ကို ဟောကြားသိစေတော်မူပါလော့၊ မျက်စိတစ်ထောင်အမြင်ရှိသော သိကြားမင်းသည် နတ်တို့အလယ်၌ ပြောသကဲ့သို့ ထက်ဝန်းကျင် မြင်နိုင်စွမ်းသော သဗ္ဗညုတဉာဏ်ရှိတော်မူသော မြတ်စွာဘုရားအကျွန်ုပ်တို့၏ အလယ်၌ ဟော တော်မူပါလော့။ (၄)

၃၅၀။ ဤ (ခန္ဓာငါးပါးတည်းဟူသော) လောက၌ တွေဝေမှု 'မောဟ'၏ လမ်း ကြောင်းမသိမှု 'အဝိဇ္ဇာ'၏ အသင်းအပင်း တွေးတောမှု 'ဝိစိကိစ္ဆာ'၏ တည်ရာဖြစ် ကြသည့်အထုံးအဖွဲ့ 'ဂန္ထ'ဟူသမျှအားလုံးတို့သည် မြတ်စွာဘုရားထံမှောက် ရောက်ကြကုန်သော်မဖြစ်ပေါ်ကြကုန်၊ ဤဘုရားတည်းဟူသော စက္ခုသည် သတ္တဝါတို့၏ အမြတ်ဆုံး စက္ခုပါတည်း၊ (၅)

၃၅၁။ လေသည် တိမ်စိုင်တိမ်ခဲကို မဖျောက်လွှင့်နိုင်ခဲ့မူ လောကအားလုံးသည် တိမ်ဖုံးသည်ဖြစ်၍အမိုက်တိုက်သာလျှင် ဖြစ်ရာသကဲ့သို့ ဤအတူ ယောက်ျားမြတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကိလေသာတို့ကို မဖြတ်ခဲ့မူ လောကအားလုံးသည် မောဟဖုံးလွှမ်းသည်ဖြစ်၍ စင်စစ်အမိုက်တိုက်တုံးကြီးသာလျှင် ဖြစ်ရာ၏၊ ပညာရောင်ထွန်းပကုန်သောသူတို့သော်လည်းမထွန်းပနိုင်ကုန်ရာ။ (၆)

၃၅၂။ ပညာရှိတို့သည်သာ ပညာရောင်ကို ပြုတတ်သူတို့ ဖြစ်ပါကုန်၏၊ လုံ့လ ရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အသျှင်ဘုရားကို ထိုပညာရောင်ပြု တတ်သူ ပုဂ္ဂိုလ်ဟူ၍သာလျှင် အောက်မေ့ပါ၏၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို အထူးမြင်တတ်သူဟူ၍ သိကြကုန်သည်ဖြစ်၍သာလျှင် ချဉ်းကပ် လာရောက်ကြပါကုန်၏၊ ထို့ကြောင့် ပရိသတ်တို့အလယ်၌ အကျွန်ုပ်တို့အားနိဂြောဓကပ္ပမထေရ်ကို ထင်ရှားပြတော်မူပါလော့။ (၇)

၃၅၃။ သာယာဖွယ်အသံရှိတော်မူသော မြတ်စွာဘုရား သာယာဖွယ်ရှိသော စကားကို လျင်မြန်စွာမြွက်ဆိုတော်မူပါလော့၊ ဟင်္သာသည် လည်ကို မြှောက်၍ ဖြည်းညင်းစွာ ကျူးရင့်သကဲ့သို့ ကောင်းစွာပြုပြင်အပ်သော လုံးသော အသံဖြင့် ကျုး ရင့်တော်မူပါလော့၊ အလုံးစုံသော ထိုတပည့်တော်တို့သည် မပျံ့လွင့်သော စိတ်ရှိကုန်လျက် နာပါကုန်အံ့။ (၈)

၃၅၄။ ပဋိသန္ဓေနေခြင်း သေခြင်းကို အကြွင်းမဲ့ ပယ်တော်မူပြီးသော မြတ်စွာဘုရားကို လျှောက်ထားတောင်းပန်ပြီးလျှင် ကိလေသာကို ဆေးကြောတတ်သောတရားကို ဟောကြားစေအံ့၊ ပုထုဇဉ်တို့သည် အလိုရှိရာကို ပြုလုပ်ပေးစွမ်းနိုင်မှု မရှိ၊ မြတ်စွာဘုရားတို့မူကား ပညာဖြင့် နှိုင်းချိန်၍ပြုနိုင်သည်သာ ဖြစ်၏။ (၉)

၃၅၅။ မယုတ်လျော့သော ပညာရှိတော်မူသော မြတ်စွာဘုရား ထွန်းလင်း တောက်ပသော ပညာရှိတော်မူသော အသျှင်ဘုရား၏ ကောင်းစွာ ဖြစ်စေအပ်သော ဤစကားတော်သည် အပြည့်အစုံဖြေကြားတော်မူနိုင်ပါပေ၏၊ နောက်ထပ်တစ်ဖန် ဤလက်အုပ်ကို ကောင်းစွာ ညွတ်ကာ ရှိခိုးပါ၏၊ နိဂြောဓကပ္ပ၏ လားရာဂတိကို သိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား မတွေဝေပါစေလင့်။ (၁၀)

၃၅၆။ မယုတ်လျော့သော ဝီရိယရှိတော်မူသော မြတ်စွာဘုရား အလွန်မြတ်သော အရိယသစ္စာတရားကို ထိုးထွင်း သိတော်မူပြီး၍ တရားအားလုံးကို သိတော်မူသော မြတ်စွာဘုရားသည် အကျွန်ုပ်တို့အားမတွေဝေပါစေလင့်၊ နွေအခါ၌ နေပူနှိပ်စက် ခံရသော ယောက်ျားသည် ရေကို အလိုရှိသကဲ့သို့ အသျှင်ဘုရား၏ စကားတော်ကို အလိုရှိပါ၏၊ အသံတည်းဟူသော မိုးကို ရွားသွန်းတော်မူပါလော့။ (၁၁)

၃၅၇။ အကြင်အကျင့်မြတ်ကို နိဂြောဓကပ္ပသည် လိုလိုချင်ချင် ကျင့်ပါ၏၊ ထို နိဂြောဓကပ္ပသည်ကိလေသာအကြွင်းရှိသေးသည်ဖြစ်၍ ခန္ဓာချုပ်ငြိမ်းပါလေသလော၊သို့ မဟုတ် အချင်းခပ်သိမ်း ကိလေသာမှလွတ်မြောက်ပြီးသူ ရဟန္တာကဲ့သို့ ပရိ နိဗ္ဗာန်ပြုပါလေသလော၊ ထိုနိဂြောဓကပ္ပ၏ အကြောင်းကို နာကြားလိုပါကုန်၏။ (၁၂)

၃၅၈။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) ဤနာမ် ရုပ်နှစ်ပါး၌ ကဏှ အမည်ရသော မာရ်၏အလျဉ်ဖြစ်သော ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး အစဉ် မပြတ် ကိန်းအောင်းနေသောတဏှာကို ကပ္ပရဟန်းသည် အကြွင်းမဲ့ဖြတ်ပြီ၊ ပဋိသန္ဓေနေခြင်း အိုခြင်းမှ အကြွင်းမဲ့ ကူးမြောက်ပြီဟု ပဉ္စဝဂ္ဂီတို့ထက်မြတ်သော မြတ်စွာဘုရား ဟောတော်မူ၏။ (၁၃)

၃၅၉။ ခုနစ်ဆူမြောက် ဣသိဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ ဤစကားကို ကြားနာရ၍အသျှင်ဘုရားအား အကျွန်ုပ် ကြည်ညိုပါ၏၊ အကျွန်ုပ် မေးအပ်သော ပြဿနာသည် အချည်းနှီးမဖြစ်သတတ်၊ ပုဏ္ဏားမျိုးကပ္ပသည် အကျွန်ုပ်အလိုကို မချွတ်ယွင်းစေပါ။ (၁၄)

၃၆၀။ မြတ်စွာဘုရား၏ တပည့်သာဝကသည် ပြောဆိုသည့်အတိုင်း ပြုလုပ်လေ့ ရှိသူ ဖြစ်ပါ၏၊ မာယာများသော သေမင်း၏ ဝဋ်ဆင်းရဲကို ချဲ့တတ်သော မြဲမြံသောတဏှာကွန်ရက်ကို ဖြတ်တောက်လေပြီ။ (၁၅)

၃၆၁။ မြတ်စွာဘုရား ထိုနိဂြောဓကပ္ပသည် စွဲလမ်းအပ်သော ဝဋ်၏အစကို မြင်လေပြီ၊ ကပ္ပမထေရ်သည် အလွန်ကူးနိုင်ခဲသော သေမင်း၏တည်ရာ ဝဋ်ကို စင်စစ် လွန်မြောက်ပြီတကား''ဟု (လျှောက်၏)။

(၁၆) တစ်ဆယ့်နှစ်ခုမြောက် နိဂြောဓကပ္ပသုတ် ပြီး၏။

------

၁၃-သမ္မာပရိဗ္ဗာဇနီယသုတ်

၃၆၂။ အကျွန်ုပ်သည် ကြီးမားကျယ်ပြန့်ပြောသော ပညာရှိသော ဩဃလေးပါးကို ကူးမြောက်ပြီးသော နိဗ္ဗာန်ဟူသောတစ်ဖက်ကမ်းသို့ ရောက်ပြီးသော ကိလေသာ ငြိမ်းအေးပြီးသော မတုန်မလှုပ်တည်တံ့သော စိတ်ရှိသော မြတ်စွာဘုရားကို မေးလျှောက်ပါ၏၊ ကာမဂုဏ်တို့ကို ပယ်စွန့်ပြီးလျှင် အိမ်ရာတည်ထောင်လူ့ဘောင်မှ ထွက်၍ ရဟန်းဘောင်သို့ ကပ်ရောက်သော ရဟန်းသည် အဘယ်သို့လောကနှင့်မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်ပါသနည်း။ (၁)

၃၆၃။ (မြတ်စွာဘုရားသည် ဤသို့ ဖြေတော်မူ၏) -

အကြင်ရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာတို့ကိုလည်းကောင်း၊ ဥပ္ပါတကျမ်း အိပ်မက်ကျမ်းလက္ခဏာကျမ်းတို့၌ ယုံကြည်ခြင်းတို့ကိုလည်းကောင်း အကြွင်းမဲ့ နုတ်အပ်ပြီ၊ ထိုရဟန်းသည် (ဒိဋ္ဌသုတစသော) မင်္ဂလာအပြစ်ကို ပယ်နုတ်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၂)

၃၆၄။ အကြင်ရဟန်းသည် လူ၌ ဖြစ်သော ကာမဂုဏ်တို့၌လည်းကောင်း၊ နတ်၌ ဖြစ်သော ကာမဂုဏ်တို့၌လည်းကောင်း တပ်စွန်းမှု 'ရာဂ'ကို ပယ်ဖျောက်ရာ၏၊ ထို ရဟန်းသည် သစ္စာတရားကို ဉာဏ်ဖြင့် သက်ဝင်လျက် ဘဝသုံးပါးကို လွန်မြောက်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၃)

၃၆၅။ အကြင်ရဟန်းသည် ကုန်းတိုက်ခြင်းတို့ကို ကျောခိုင်း၍ အမျက်ထွက်ခြင်း ဝန်တိုခြင်းကို ပယ်စွန့်ရာ၏၊ ထိုရဟန်းသည် နှစ်သက်ဖွယ်အာရုံ မနှစ်သက်ဖွယ် အာရုံတို့၌ ရာဂ ဒေါသကို ပယ်စွန့်ပြီး၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၄)

၃၆၆။ (အကြင်ရဟန်းသည် ) ချစ်အပ်သော ဝတ္ထုကိုလည်းကောင်း၊ မချစ်အပ်သော ဝတ္ထုကိုလည်းကောင်း ပယ်စွန့်၍ တစ်စုံတစ်ခုသော အာရုံ၌ မစွဲလမ်း မမှီမူ၍ သံယောဇဉ်၏အာရုံတရားတို့မှ လွတ်မြောက်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၅)

၃၆၇။ ထိုရဟန်းသည် စွဲလမ်း၍ ယူအပ်သော ခန္ဓာတို့၌ ဆန္ဒရာဂကို ပယ် ဖျောက်၍ ခန္ဓာဟူသော ဥပဓိတို့၌ အနှစ်သာရဟု ယူခြင်းသို့ မရောက်၊ ထိုရဟန်းသည် (တဏှာ ဒိဋ္ဌိကို) မမှီဘဲ သူတစ်ပါးတို့မဆွဲဆောင်နိုင်သည်ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၆)

၃၆၈။ အကြင်ရဟန်းသည် နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း၊ ကိုယ်ဖြင့်လည်းကောင်းသုစရိုက်တရားတို့နှင့် မဆန့်ကျင်မူ၍ သစ္စာလေးပါးတရားကို ကောင်းစွာ သိပြီးလျှင် ခန္ဓပရိနိဗ္ဗာန်ကို လိုလားတောင့်တနေသူ ဖြစ်၍ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၇)

၃၆၉။ အကြင်ရဟန်းသည် ငါ့ကို ရှိခိုး၏ဟူ၍လည်း စိတ်မတက်ကြွရာ၊ ဆဲဆိုသော်လည်းရန်ငြိုးမဖွဲ့ရာ၊ သူတစ်ပါးတို့ ပေးလှူအပ်သော ဘောဇဉ်ကို ရ၍လည်း မာန်မယစ်ရာ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၈)

၃၇၀။ အကြင်ရဟန်းသည် ဝိသမလောဘကိုလည်းကောင်း၊ ဘဝသုံးပါးကိုလည်းကောင်း ပယ်စွန့်၍သတ်ဖြတ်ခြင်း နှောင်ဖွဲ့ခြင်းမှလည်း ရှောင်ကြဉ်၏၊ ထိုရဟန်းသည် ယုံမှားခြင်းကို ကူးမြောက်ပြီးသူရာဂစသော မြားငြောင့်ကင်းပြီးသူ ဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၉)

၃၇၁။ အကြင်ရဟန်းသည် မိမိအား လျောက်ပတ်သောအကျင့်ကို သိ၍လည်းကောင်း၊ သစ္စာလေးပါးတရားကိုဟုတ်တိုင်းမှန်စွာ သိ၍လည်းကောင်း လောက၌ တစ်စုံတစ်ယောက်ကိုမျှ မညှဉ်းဆဲ၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၀)

၃၇၂။ အကြင်ရဟန်းအား အနုသယတို့သည် တစ်စုံတစ်ခုမျှ မရှိကုန်၊ အကုသိုလ်အမြစ်အရင်းတို့ကိုလည်းကောင်းစွာ ပယ်နုတ်အပ်ကုန်၏၊ ထိုရဟန်းသည် တဏှာကင်းသူတောင့်တခြင်း မရှိသူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၁)

၃၇၃။ အကြင်ရဟန်းသည် အာသဝေါကုန်ပြီးသူ မာန်ကို ပယ်ပြီးသူ ရာဂ လမ်းကြောင်းအားလုံးကို လွန်ပြီးသူ ယဉ်ကျေးပြီးသူ ကိလေသာမီး ငြိမ်းအေး ပြီးသူ မတုန်မလှုပ် တည်တံ့သော စိတ်ရှိသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၂)

၃၇၄။ အကြင်ရဟန်းသည် ယုံကြည်မှု 'သဒ္ဓါ' ရှိ၏၊ အကြားအမြင် များ၏၊ မြဲသော အရိယမဂ်ကို မြင်ပြီးဖြစ်၏၊ (ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ဖြင့်) အစုစု ကွဲသော သတ္တဝါတို့၌ (မိစ္ဆာအယူဖြင့်) အစုတစ်ခုခုသို့ လားရောက်ခြင်း မရှိ တည်ကြည်၏။ ထိုရဟန်းသည် လောဘကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ ထိပါးပုတ်ခတ်ခြင်းကိုလည်းကောင်း ပယ်ဖျောက်၍ လောကနှင့် မလိမ်းကျံဘဲကောင်းစွာ နေနိုင်၏။ (၁၃)

၃၇၅။ အကြင်ရဟန်းသည် ကောင်းစွာ စင်ကြယ်သော အရဟတ္တမဂ်ဖြင့် ကိလေသာကို အောင်ပြီးသူကိလေသာအမိုးကို ဖွင့်လှစ်ပြီးသူ သစ္စာတရားကို လေ့လာပြီးသူ နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ ရောက်ပြီးသူ တဏှာဟူသောတုန် လှုပ်ခြင်း မရှိသူ သင်္ခါရ၏ ချုပ်ရာနိဗ္ဗာန်ကို အာရုံပြုသော မဂ်ဉာဏ်၌ လိမ္မာသူ ဖြစ်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏။ (၁၄)

၃၇၆။ အကြင်ရဟန်းသည် လွန်ပြီးသော ခန္ဓာတို့၌လည်းကောင်း၊ လာလတ္တံ့သော ခန္ဓာတို့၌လည်းကောင်း ငါ ငါ့ဥစ္စာဟု ကြံစည်မှု တဏှာဒိဋ္ဌိကို လွန်၏၊ အလွန်စင်ကြယ်သော ပညာရှိ၏၊ အာယတနအားလုံးတို့မှ ကင်းလွတ်၏၊ ထို ရဟန်းသည် လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာနေနိုင်၏။ (၁၅)

၃၇၇။ အကြင်ရဟန်းသည် တစ်ခုတစ်ခုသော သစ္စာကို ဝိပဿနာပညာဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ပညာဖြင့် (တစ်ပြိုင်နက်) သက်ဝင်ပြီးလျှင် အာသဝေါ တရားတို့၏ကုန်ရာ နိဗ္ဗာန်ကို အပိတ်အပင်မရှိသိမြင်ရကား အလုံးစုံသော ဥပဓိတို့၏ကုန်ခြင်းသို့ ရောက်၏၊ ထိုရဟန်းသည် လောကနှင့် မလိမ်းကျံဘဲကောင်းစွာ နေနိုင်၏။ (၁၆)

၃၇၈။ မြတ်စွာဘုရား ဤစကားသည် စင်စစ် ဟောတိုင်းမှန်လှပါ၏၊ အကြင် ရဟန်းသည် ဤသို့ ဟောတော်မူသည့်အတိုင်း နေလေ့ရှိ၏၊ ထိုရဟန်းသည် ယဉ်ကျေးသူ သံယောဇဉ်နှင့်ယောဂအားလုံးတို့ကို လွန်မြောက်သူဖြစ်၍ လောကနှင့် မလိမ်းကျံဘဲ ကောင်းစွာ နေနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၇)

တစ်ဆယ့်သုံးခုမြောက် သမ္မာပရိဗ္ဗာဇနီယသုတ် ပြီး၏။

------

၁၄-ဓမ္မိကသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ ဓမ္မိကဥပါသကာသည် ဥပါသကာ ငါးရာတို့နှင့်တကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသောအရပ်၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဂါထာဖြင့် လျှောက်၏-

၃၇၉။ ''မြေကြီးအထုနှင့် တူသော ပညာရှိသော ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသျှင်ဘုရားကို အကျွန်ုပ် မေးလျှောက်ပါ၏- အကြင်သူသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၏၊ အကြင်လူတို့သည် မူလည်း ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ (ထိုနှစ်မျိုးနှစ်စားသောတပည့်တို့တွင်) အဘယ်သို့ ပြုကျင့်သောတပည့်သာဝကသည် ကောင်းမြတ်ပါသနည်း။ (၁)

၃၈၀။ အသျှင်ဘုရားသည် သာ နတ်နှင့်တကွသော လောက၏ လားရာဂတိကိုလည်းကောင်း၊ ဂတိမှ့လွတ်မြောက်ရာကိုလည်းကောင်း သိတော်မူ၏၊ မြတ်စွာဘုရားနှင့်တူသောသူသည် မရှိသည်သာတည်း၊ သိမ်မွေ့သော အနက်ကို မြင်လေ့ရှိ၏၊ အသျှင်ဘုရားကိုသာ ဘုရားမြတ်ဟူ၍ ဆိုကြပါကုန်၏။ (၂)

၃၈၁။ အသျှင်ဘုရားသည် သတ္တဝါတို့ကို အစဉ်သနားသည်ဖြစ်၍ အလုံးစုံသောဉာဏ်ကိုလည်းကောင်း၊ တရားကိုလည်းကောင်း ထိုးထွင်းသိပြီးလျှင် ထင်ရှားပြ တော်မူ၏၊ (အသျှင်ဘုရားသည် ) ကိလေသာအမိုးကို ဖွင့်လှစ်ပြီးသူ ထက်ဝန်းကျင် မျက်စိအမြင်ရှိသူ ဖြစ်ပါ၏၊ အညစ်အကြေးကင်းသည်ဖြစ်၍ လောကအားလုံး၌ တင့်တယ်တော်မူပါပေ၏။ (၃)

၃၈၂။ ဧရာဝဏ်အမည်ရှိသော ဆင်မင်းသည် ကိလေသာကို အောင်ပြီးသော မြတ်စွာဘုရားပေတည်းဟု ကြား၍ အသျှင်ဘုရားထံသို့ လာ၏၊ ထိုဧရာဝဏ် ဆင်မင်းသည်လည်း အသျှင်ဘုရားနှင့် ပြဿနာကို မေးမြန်းတိုင်ပင်ပြီးလျှင် အဖြေကို ကြားနာရသောကြောင့် ကောင်းပါပေ၏ဟု နှစ်သက်ဝမ်းမြောက်ခြင်းသဘော ရှိသည်ဖြစ်၍ သွားလေပြီ။ (၄)

၃၈၃။ လုံ့လရှိတော်မူသော မြတ်စွာဘုရား ကုဝေရမည်သော ဝေဿဝဏ် နတ်မင်းကြီးသည်လည်းတရားကို မေးမြန်းလိုသည်ဖြစ်၍ အသျှင်ဘုရားသို့ ဆည်း ကပ်ပြီးလျှင်ပြဿနာမေးအပ်သည် ဖြစ်သောကြောင့် အသျှင်ဘုရားသည် ထိုနတ်မင်း ကြီးအားလည်း ဟောတော်မူ၏၊ ထိုနတ်မင်းကြီးသည်လည်း (ထိုတရားကို) ကြား နာရ၍ နှစ်သက်ဝမ်းမြောက်သော သဘောရှိ၏။ (၅)

၃၈၄။ (ငါတို့ အကျင့်သာ ကောင်း၏ဟု) ပြောဆိုလေ့ရှိကုန်သော အာဇီဝကတို့သည်လည်းကောင်း၊ ထိုမှတစ်ပါး နိဂဏ္ဌတို့သည်လည်းကောင်း ဤတိတ္ထိဟူသမျှအားလုံးတို့သည် ရပ်နေသောသူသည် လျင်မြန်စွာ သွားခြင်းရှိ၍ သွားနေသူကို မလွန်နိုင်သကဲ့သို့ အသျှင်ဘုရားကို ပညာဖြင့် မလွန်နိုင်ကုန်။ (၆)

၃၈၅။ ဝါဒဖြင့် ပြောဆိုလေ့ရှိကြကုန်သော ပေါက္ခရသာတိစသော သက်ရွယ်ကြီး မားသည့်ပုဏ္ဏားအမ္ဗဋ္ဌစသော အသက်အရွယ်ငယ်သော ပုဏ္ဏား ထိုမှတစ်ပါး အယူ ဝါဒဖြင့် ပြောဆိုတတ်သူတို့ဟူ၍အောက်မေ့ကြသူ လူနတ်ဟူသမျှအားလုံးတို့သည် အသျှင်ဘုရားအထံ၌ ပြဿနာမေးရန် ယုံမှားဖြတ်ရန်အနက်သဘောကို ဖွဲ့ကုံး သူတို့ ဖြစ်ကြပါကုန်၏။ (၇)

၃၈၆။ မြတ်စွာဘုရား အသျှင်ဘုရားသည် ကောင်းစွာ ဟောအပ်သော ဤတရား တော်သည်သာလျှင် သိမ်မွေ့သည်ဖြစ်၍ ချမ်းသာကို ဆောင်နိုင်သည်သာတည်း၊ ထိုတရားကိုသာလျှင် အလုံးစုံသောသူတို့သည် ကောင်းစွာ နာလိုပါကုန်၏၊ ချီးမွမ်းအပ်သော မြတ်စွာဘုရား မေးအပ်သော အသျှင်ဘုရားသည် အကျွန်ုပ်တို့အား ထိုတရားကို ဟောကြားတော်မူပါလော့။ (၈)

၃၈၇။ ဤရဟန်းအားလုံးတို့သည် အညီအညွတ် ထိုင်နေကြပါကုန်၏၊ ဥပါသကာတို့သည်လည်းထို့အတူပင် တရားနာရန် ထိုင်နေကြပါကုန်၏၊ နတ်တို့သည် သိကြားမင်း ကောင်းစွာ ပြောဆိုအပ်သော စကားကို ိ နာကုန်သကဲ့သို့ ရာဂအညစ် အကြေးကင်းသော မြတ်စွာဘုရားသည် လျောက်ပတ်စွာသိထားသောတရားတော်ကို (တပည့်သာဝကတို့) နာကြားကြပါစေကုန်သတည်း။ (၉)

၃၈၈။ ရဟန်းတို့ ငါဘုရား၏ (တရားကို) နာကုန်လော့၊ ငါသည် သင်တို့အား ကိလေသာကို ခါတွက်တတ်သောတရားကို ဟောကြားပေအံ့၊ သင်တို့အားလုံးတို့သည် ထိုဟောကြားအပ်သောတရားကို ကျင့်ကုန်လော့၊ အကျိုးစီးပွါးကို မြင်သော ပညာရှိသည် ရဟန်းတို့အား လျောက်ပတ်သော ဣရိယာပုထ်ကိုမှီဝဲရာ၏။ (၁၀)

၃၈၉။ ရဟန်းသည် မွန်းလွဲသောအခါ၌ ဆွမ်းခံမသွားရာ၊ နံနက်အခါ၌သာ ရွာတွင်းသို့ ဆွမ်းခံသွားရာ၏၊ အခါ မဟုတ် သွားလေ့ရှိသော ရဟန်းကို ရာဂ စသော ငြိကပ်တွယ်တာမှုတို့သည် ငြိကပ်ကုန်၏၊ ထို့ကြောင့် သစ္စာလေးပါးကို သိပြီးသော အရိယာပုဂ္ဂိုလ်တို့သည် မွန်းလွဲသောအခါ၌ ဆွမ်းခံမသွားကြကုန်။ (၁၁)

၃၉၀။ ရဟန်းသည် သတ္တဝါတိုု့ကို လွန်စွာယစ်စေတတ်ကုန်သော ရူပါရုံ သဒ္ဒါရုံ ရသာရုံ ဂန္ဓာရုံ အတွေ့အထိ 'ဖောဋ္ဌဗ္ဗာရုံ'ဟူကုန်သော ဤတရားတို့၌ အလိုဆန္ဒကို ပယ်ဖျောက်၍ သင့်လျော်သော ကာလ၌ နံနက်စာ ဆွမ်းရရာအရပ်သို့ ဝင်ရာ၏။ (၁၂)

၃၉၁။ ရဟန်းသည် မွန်းမတည့်မီ အတွင်း၌ ဆွမ်းကို ရပြီး၍လည်းကောင်း တစ်ပါးတည်း (ဆွမ်းခံရွာမှ) ပြန်ကြွခဲ့၍ ဆိတ်ငြိမ်ရာ၌ ထိုင်နေရာ၏၊ အဇ္ဈတ္တခန္ဓာကို ကြံစည်လျက် အပအာရုံ၌ စိတ်ကို မထွက်စေရာ၊ ကောင်းစွာ သိမ်းဆည်းအပ်သော စိတ်ရှိသည်ဖြစ်၍ (နေရာ၏)။ (၁၃)

၃၉၂။ ထိုရဟန်းသည် တပည့်သာဝကနှင့်သော်လည်းကောင်း၊ တစ်ပါးသောတစ်စုံတစ်ယောက်သောတိတ္ထိလူစသည်နှင့်သော်လည်းကောင်း၊ ရဟန်းနှင့်သော်လည်းကောင်း အကယ်၍ စကားပြောဆိုကာမူမြတ်သောတရားကို ပြောဆိုရာ၏၊ ကုန်းတိုက်သော စကားကို မပြောဆိုရာ၊ သူတစ်ပါးအားပြစ်တင်စွပ်စွဲသော စကားကိုလည်း မပြောဆိုရာ။ (၁၄)

၃၉၃။ အချို့သူတို့သည် အပြစ်တင်ခြင်းနှင့်စပ်သောစကားကို ဆန့်ကျင်ဘက် စစ်သည် ဘောင်သို့သွားသကဲ့သို့ ထင်မှတ်ကုန်၏၊ ပညာနည်းသော ထိုလူတို့ကို ငါတို့ မချီးမွမ်းကုန်၊ ထိုထိုစကားဟူသော အကြောင်းကြောင့် ထိုသူတို့ကို ရာဂ စသော ငြိကပ်တွယ်တာမှုတို့သည် ငြိကပ်ကုန်၏၊မှန်၏ထိုသူတို့သည် သမထ ဝိပဿနာမှ ဝေးသော ထိုငြင်းခုံမှုအာရုံ၌ စိတ်ကို ရောက်စေကုန်၏။ (၁၅)

၃၉၄။ မြတ်သော ပညာရှိ တပည့်သာဝကသည် မြတ်စွာဘုရား ဟောအပ်သောတရားကို ကြားနာရ၍ဆွမ်းကိုလည်းကောင်း၊ ကျောင်းကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ သောက်ရေကိုလည်းကောင်း၊ သင်္ကန်း၏ အညစ်အကြေး ဖွပ်လျှော်ခြင်းကိုလည်းကောင်း ဉာဏ်ဖြင့်ဆင်ခြင်၍မှီဝဲရာ၏။ (၁၆)

၃၉၅။ ထို့ကြောင့် ရေပေါက်သည် ကြာဖက်၌ မလိမ်းကျံ မကပ်ငြိသကဲ့သို့ ရဟန်းသည် ဆွမ်း၌လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌လည်းကောင်း၊ သောက် ရေ၌လည်းကောင်း၊ သင်္ကန်း၏အညစ်အကြေးကို ဖွပ်လျှော်ခြင်း၌လည်းကောင်း ဤပစ္စည်းတရားတို့၌ ကိလေသာမြူ မလိမ်းကျံမကပ်ငြိနိုင်ပေ။ (၁၇)

၃၉၆။ ထိုမှတစ်ပါး လူကျင့်ဝတ်ကို သင်တို့အား ငါဟောအံ့၊ ငါဟောတိုင်း လိုက်နာပြုကျင့်သောတပည့်သာဝကသည် ကောင်းမြတ်၏၊ (ရှေး၌ ဟောခဲ့သော လူတို့အကျင့်နှင့်) မရောမယှက်သော ရဟန်းတို့ ကျင့်ဝတ်တရားကို လယ်ယာစသည်ကို သိမ်းဆည်းသူ လူပုဂ္ဂိုလ်သည် ရောယှက်ခြင်းငှါမရကောင်း။ (၁၈)

၃၉၇။ လောက၌ ရှိကြသည့် မတုန်လှုပ်သူ ထိတ်လန့်တတ်သူ သတ္တဝါအားလုံးတို့သည် လက်နက်ကို စွန့်ပစ်၍ သတ္တဝါကို ကိုယ်တိုင်လည်း မသတ်ရာ၊ သူတစ်ပါးတို့ကိုလည်း မသတ် စေရာ၊ သတ်ဖြတ်ကုန်သော သူတစ်ပါးတို့အားလည်း ခွင့်ပြုလိုက်လျော သဘောမတူရာ။ (၁၉)

၃၉၈။ တပည့်သာဝကသည် သူတစ်ပါးဥစ္စာဟု သိသည်ရှိသော် တစ်စုံတစ်ခုသောအရပ်၌ အရှင်မပေးအပ်သော ဝတ္ထုတစ်စုံတစ်ရာကို ထိုခိုးယူခြင်းမှ ကြဉ်ရှောင်ရာ၏၊ သူတစ်ပါးကိုလည်းမခိုးယူစေရာ၊ ခိုးယူသောသူတစ်ပါးတို့အားလည်း ခွင့်ပြုလိုက် လျော သဘောမတူရာ၊ မပေးအပ်သော ဥစ္စာဟူသမျှကို ကြဉ်ရှောင်ရာ၏။ (၂၀)

၃၉၉။ ပညာရှိသောသူသည် ပြောင်ပြောင်တောက်သော မီးကျီးတွင်းကဲ့သို့ မေထုန်အကျင့်ကို ကြဉ်ရှောင်ရာ၏၊ မေထုန်အကျင့်မှ ကြဉ်ရှောင်မှု 'ဗြဟ္မစရိယ' အကျင့်ကို ကျင့်သုံးရန် မတတ်နိုင်သူကားသူတစ်ပါး၏သားမယားကို မလွန် ကျူးရာ။ (၂၁)

၄၀၀။ စည်းဝေးရာသဘင်သို့ ရောက်သော်လည်းကောင်း၊ ပရိသတ်သို့ ရောက်သော်လည်းကောင်းသူတစ်ယောက်သည် မုသားကို ကိုယ်တိုင်လည်း မပြောဆိုရာ၊ သူတစ်ပါးကိုလည်း မပြောဆိုစေရာ၊ မုသားပြောဆိုသောသူတစ်ပါးကို ုလည်း ခွင့်ပြု လိုက်လျော သဘောမတူရာ၊ မမှန်စကားဟူသမျှကို ့ကြဉ်ရှောင်ရာ၏။ (၂၂)

၄၀၁။ အကြင်အိမ်ရာထောင်သူ လူပုဂ္ဂိုလ်သည် ထိုသေရည် သေရက်သောက် စားမှုကို ရူးသွပ်ခြင်းအကျိုးလျှင် အဆုံးရှိ၏ဟု သိ၍ ဤ (သေရည်သေရက်သောက်စားမှုမှ ရှောင်ကြဉ်မှု) တရားကို နှစ်သက်ခဲ့ပါမူ ထိုလူပုဂ္ဂိုလ်သည် သေရည် သေရက်သောက်စားမှုကို ကိုယ်တိုင်လည်း မကျင့်ရာ၊ သူတစ်ပါးကိုလည်း မသောက် စားစေရာ၊ သောက်စားမူးယစ်သူတို့အားလည်း ခွင့်ပြုလိုက်လျောသဘောမတူရာ။ (၂၃)

၄၀၂။ လူမိုက်တို့သည် မူးယစ်ခြင်းကြောင့် သူ့အသက်သတ်မှုစသော မကောင်းမှုကို ပြုကုန်၏၊ သူတစ်ပါးတို့ကိုလည်း ယစ်မူးမေ့လျော့သည်တို့ကို ပြုစေကုန်၏၊ နောင်ဘဝ၌လည်း ရူးသွပ်စေတတ်ယခုဘဝ၌လည်း တွေဝေစေတတ်၍ မကောင်းမှုတို့၏ တည်ရာဖြစ်သော လူမိုက်တို့ နှစ်သက်သော ဤသေရည်သေရက်သောက် စားမှုကို ရှောင်ကြဉ်ရာ၏။ (၂၄)

၄၀၃။ သူ့အသက်ကို မသတ်ရာ၊ မပေးသော ဥစ္စာကိုလည်း မခိုးယူရာ၊ မုသား စကားကိုလည်းမပြောဆိုရာ၊ သေရည်သေရက်သောက်စားသူလည်း မဖြစ်ရာ၊ မမြတ်သော မေထုန်အကျင့်မှလည်းရှောင်ကြဉ်ရာ၏၊ နေလွဲညစာကိုလည်း မစား ရာ။ (၂၅)

၄၀၄။ ပန်းကို မပန်ရာ၊ နံ့သာ (လိမ်းခြင်း) ကိုလည်း မပြုကျင့်ရာ၊ (အပ်သော) အခင်း၌လည်းကောင်း၊ (အပ်သော) ညောင်စောင်း၌လည်းကောင်း မြေ၌လည်းကောင်း အိပ်ရာ၏၊ ဝဋ်ဆင်းရဲ၏အဆုံးသို့ ရောက်သော မြတ်စွာဘုရား ဟောပြ တော်မူအပ်သော ထိုဥပုသ်ကို အင်္ဂါရှစ်ပါး ရှိ၏ဟူ၍ ဆိုကုန်၏။ (၂၆)

၄၀၅။ လဆန်းပက္ခ လဆုတ်ပက္ခ၏ တစ်ဆယ့်လေးရက် ဥပုသ်နေ့၌လည်းကောင်း၊ တစ်ဆယ့်ငါးရက်ဥပုသ်နေ့၌လည်းကောင်း၊ ရှစ်ရက်ဥပုသ်နေ့၌လည်းကောင်း အဋ္ဌင်္ဂဥပုသ် သုံးခြင်းသို့ ကပ်၍နေလော့၊ အသီးအခြား ဆောင်အပ်သောပါဋိဟာရိယပက္ခ၌လည်း ကြည်ညိုစိတ်ရှိသူသည် နေ့အပြည့်အစုံအင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော ဥပုသ်ကို ကျင့်သုံးလေလော့။ (၂၇)

၄၀၆။ ထိုဥပုသ်ဆောက်တည်သော နေ့၏အခြားမဲ့၌ သိကြားလိမ္မာသော ဥပုသ် ကျင့်သုံးပြီးသော ပညာရှိသည် ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ နံနက်၌ပင်လျှင် ရဟန်းအပေါင်းကို စွမ်းနိုင်သည့်အလျောက် ထမင်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်း ဝေဖန်လုပ်ကျွေးရာ၏။ (၂၈)

၄၀၇။ လူဖြစ်သောသူသည် အမိအဖတို့ကို တရားသဖြင့် လုပ်ကျွေးမွေးမြူရာ၏၊ တရားနှင့်လျော်သော ကုန်သွယ်မှုကို အားထုတ်ရာ၏၊ ထိုသူသည် ဤကျင့်ဝတ်ကို မမေ့လျော့ဘဲ ကျင့်သည်ဖြစ်၍ အလိုလိုထွန်းပသော ကိုယ်ရောင်ရှိသော နတ်ပြည်တို့သို့ ရောက်ရ၏''ဟု (မိန့်တော်မူ၏)။ (၂၉)

တစ်ဆယ့်လေးခုမြောက် ဓမ္မိကသုတ် ပြီး၏။

နှစ်ခုမြောက် စူဠဝဂ် ပြီး၏။

------

၁။ ဧရာဝဏ်ဆင်မင်းဟူသည် တာဝတိံသာနတ်ပြည် ရှိ ဧရာဝဏ်နတ်သား၏ ရှေးဘဝက ဆင်အဖြစ်ကို စွဲ၍ ခေါ်ဆိုခြင်းတည်း။

၃-မဟာဝဂ်

၁-ပဗ္ဗဇ္ဇာသုတ်

၄၀၈။ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့် ရဟန်းပြု၏၊ အကြင်အခြင်းအရာအားဖြင့် စုံစမ်းသည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ် သက်တော်မူ၏၊ ထိုအခြင်းအရာအားဖြင့် (မြတ်စွာဘုရား၏) ရဟန်းအဖြစ်ကို ပြော ကြားပေအံ့။ (၁)

၄၀၉။ ဤအိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းလှ၏၊ ရာဂစသော မြူ၏ဖြစ်ရာအာရုံတည်းဟူ၍လည်းကောင်း၊ ရဟန်းအဖြစ်သည် ဟင်း လင်းပြင်ကဲ့သို့ (ကျယ်ပြန့်သည်) သာတည်းဟူ၍လည်းကောင်း ဤသို့ မြင်သောကြောင့် ရဟန်းပြုတော်မူ၏။ (၂)

၄၁၀။ ရဟန်းပြုပြီးလျှင်ကိုယ်ဖြင့် မကောင်းသော အမှုကို ကြဉ်ရှောင်၏၊ ဝစီ ဒုစရိုက်ကို ပယ်စွန့်၍အသက်မွေးမြူမှုကို သုတ်သင်၏။ (၃)

၄၁၁။ မြတ်စွာဘုရားသည် မဂဓတိုင်းသူတို့၏ တောင်ငါးလုံး ကာရံသည့် ရာဇဂြိုဟ်မြို့ သို့ကြွတော်မူ၏၊ ကိုယ်တော်အလုံး၌ ပျံ့နှံ့တည်နေသော မြတ်သော လက္ခဏာရှိသည်ဖြစ်၍ (ထိုရာဇဂြိုဟ်မြို့၌) ဆွမ်းခံကြွတော်မူ၏။ (၄)

၄၁၂။ ဗိမ္ဗိသာရမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် လက္ခဏာတော်တို့နှင့် ပြည့်စုံသော ထိုဘုရားအလောင်းတော်ကို မြင်သောကြောင့် ဤဆိုမည့် အကြောင်း အရာကို မိန့်ကြား၏။ (၅)

၄၁၃။ အချင်းတို့ ဤသူကို ရှုကြကုန်လော့၊ ရုပ်အဆင်းလှ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ သန့်ရှင်းစင်ကြယ်၏၊ သိမ်မွေ့သော သွားခြင်းနှင့်လည်း ပြည့်စုံ၏၊ ရထား ထမ်းပိုး တစ်ပြန်မျှသာကြည့်ရှု၏။ (၆)

၄၁၄။ အောက်သို့ ချသော မျက်လွှာရှိ၏၊ သတိရှိ၏၊ ဇာတ်နိမ့်မှ ရဟန်းပြုသူဟုတ်ဟန်မတူ၊ ဤရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ မင်း စေတမန်တို့ လျင်လျင်မြန်မြန်လိုက်ကြကုန်လော့။ (၇)

၄၁၅။ စေလွှတ်လိုက်ကုန်သော ထိုမင်းစေတမန်တို့က ရဟန်းသည် အဘယ် အရပ်သို့ သွားလိမ့်မည်နည်းဟု နှလုံးသွင်းလျက် ထက်ချပ်မကွာ လိုက်ကြကုန်၏။ (၈)

၄၁၆။ အိမ်စဉ်မပြတ် ဆွမ်းခံကြွတော်မူသော ဘုရားလောင်းသည် ဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိသည်ဖြစ်၍ လက်ခြေတို့ကို စောင့်စည်းလျက် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိကာလျင်စွာ သပိတ်ကို ပြည့်စေတော်မူ၏။ (၉)

၄၁၇။ မုနိဟု ဆိုအပ်သော ဘုရားလောင်းသည် ဆွမ်းခံလှည့်လည်၍ မြို့မှ ထွက်ပြီးလျှင် ဤတောင်၌ နေမည်ဟု နှလုံးသွင်းလျက် ပဏ္ဍဝတောင်သို့ ရှေးရှု ကြွ တော်မူ၏။ (၁၀)

၄၁၈။ မင်းစေတမန်သုံးယောက်တို့သည် တောင်သို့ နေရန်ကပ်သော ဘုရား လောင်းကို မြင်၍ ဘုရားလောင်းအနီးသို့ ချဉ်းကပ်ကြကုန်၏၊ ထိုသုံးယောက်တို့တွင် တစ်ယောက်သောသူသည်သာလျှင် ပြန်လာ၍ မင်းအား ကြားလျှောက်၏။ (၁၁)

၄၁၉။ မင်းကြီး ဤရဟန်းသည် ပဏ္ဍဝတောင်၏ ရှေ့မျက်နှာတောင်ခေါင်း လိုဏ်ဂူ၌ ကျားနှင့်နွားလားဥသဘကဲ့သို့လည်းကောင်း၊ ခြင်္သေ့ကဲ့သို့လည်းကောင်း နေတော်မူ၏။ (၁၂)

၄၂၀။ ဗိမ္ဗိသာရမင်းသည် စေတမန်၏ စကားကို ကြားလျှင် ကောင်းမြတ်သော ယာဉ်ဖြင့် လျင်မြန်သော သဘောရှိသည်ဖြစ်၍ ပဏ္ဍဝတောင်သို့ ထွက်တော်မူ၏။ (၁၃)

၄၂၁။ ထိုဗိမ္ဗိသာရမင်းသည် ယာဉ်ဖြင့် သွားနိုင်သောအရပ်တိုင်အောင် ယာဉ်ဖြင့်သွားပြီးလျှင် ယာဉ်မှသက်ဆင်း၍ ခြေကျင်သာလျှင် ထိုဘုရားလောင်းအနီးသို့ ချဉ်းကပ်ထိုင်နေ၏။ (၁၄)

၄၂၂။ မင်းသည် ထိုင်နေလတ်ပြီးသော် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ဝမ်းမြောက်ဝမ်းသာ ပြောဆိုပြီးဆုံးစေပြီးလျှင် ဤအကြောင်းအရာကို လျှောက်ကြား၏။ (၁၅)

၄၂၃။ အသျှင်ဘုရား အသျှင်ဘုရားသည် ပျိုလည်း ပျို၏၊ ငယ်လည်း ငယ်၏၊ ပဌမအရွယ်လည်း ဖြစ်၏၊ နုလည်း နု၏၊ လုံးရပ်သဏ္ဌာန်နှင့်လည်း ပြည့်စုံ၏၊ အမျိုးဇာတ်နှင့် ပြည့်စုံသော မင်းနှင့်တူပါ၏။ (၁၆)

၄၂၄။ အသျှင်ဘုရား အသျှင်ဘုရားအား တပည့်တော်သည် ဗိုလ်ပါအပေါင်းကို အစပြု၍စည်းစိမ်ဥစ္စာတို့ကို ပေးပါအံ့၊ အသျှင်ဘုရားသည် ဗိုလ်ပါ ဆင်မြင်း အပေါင်းခြံရံလျက်တင့်တင့်တယ်တယ် ခံစားပါလော့၊ အမျိုးဇာတ်ကို မေးမြန်းအပ်သည် ဖြစ်ရကား အသျှင်ဘုရားသည် ဖြေကြားပါလော့။ (၁၇)

၄၂၅။ မင်းကြီး ဟိမဝန္တာတောင်နံပါးမှ ဖြောင့်ဖြောင့်ဖြစ်၍ ကောသလတိုင်းတို့၌ အပါအဝင်ဖြစ်သော ခုနစ်ပါးသော ဥစ္စာရတနာ ရဲရင့်သော ယောက်ျားကောင်းတို့နှင့် ပြည့်စုံသော ဇနပုဒ်သည်ငါ၏အမြဲနေရာတည်း။ (၁၈)

၄၂၆။ ငါသည် အနွယ်အားဖြင့် နေမျိုးနွယ်ဖြစ်၏၊ ဇာတ်အားဖြင့် သာကိယ ဇာတ်ဖြစ်၏၊ ထိုအမျိုးဇာတ်မှ ထွက်၍ ရဟန်းပြုခဲ့၏၊ ကာမဂုဏ်တို့ကို ငါမတောင့် တတော့ပေ။ (၁၉)

၄၂၇။ ငါသည် ကာမတို့၌ အပြစ်ကို မြင်၍ ကာမမှ ထွက်မြောက်ခြင်းကို ဘေးကင်းသောအားဖြင့် ရှုပြီးလျှင် (နိဗ္ဗာန်ကို တောင့်တလျက်) တရားအားထုတ်ရန် သွားအံ့၊ ဤတရားအားထုတ်မှု၌ ငါ၏စိတ်သည် နှစ်သက်၏ဟု (မိန့်တော်မူ၏)။ (၂၀)

ရှေးဦးစွာသော ပဗ္ဗဇ္ဇာသုတ် ပြီး၏။

------

၂-ပဓာနသုတ်

၄၂၈-၄၂၉။ နိဗ္ဗာန်သို့ စေလွှတ်ထားသော စိတ်ရှိသည်ဖြစ်၍ နေရဉ္ဇရာ မြစ်နား၌ ယောဂကုန်ရာနိဗ္ဗာန်သို့ ရောက်ခြင်းငှါ အလွန်အားထုတ်လျက် အပ္ပနာ ဈာန်ကိုအားထုတ်နေသော ထိုငါဘုရားကို -

အသျှင်ဘုရားသည် ကြုံလှီလှပါ၏၊ အဆင်းမလှတော့ပါပြီ၊ အရှင်၏ သေခြင်းသည် နီးကပ်လှပါ၏ဟု မာရ်နတ်သည် သနားခြင်းနှင့် ယှဉ်သော စကားကို ပြောလျက် ချဉ်းကပ်၏။ (၁-၂)

၄၃၀။ အသျှင်ဘုရား၏ အသက်ရှင်ခြင်းသည် သေခြင်း၏ တစ်ထောင်သော အဖို့အစုရှိသည့်အနက်တစ်စုတစ်စိတ်သာ ကျန်ပါတော့သည်၊ အသျှင် အသက် ရှင်နေပါလော့၊ အသက်ရှင်နေရခြင်းသည် မြတ်ပါ၏၊ အသက်ရှင်နေသည်ရှိသော် အသျှင်ဘုရားသည် ကောင်းမှုတို့ကို ပြုရပါလိမ့်မည်။ (၃)

၄၃၁။ မြတ်သောအကျင့်ကိုလည်း ကျင့်သော မီးပူဇော်ခြင်းကိုလည်း ပူဇော်သော သင့်အားများစွာသော ကောင်းမှုသည် ပွါး၏၊ တရားအားထုတ်မှုဖြင့် အဘယ်ပြုလိမ့်မည်နည်း။ (၄)

၄၃၂။ တရားအားထုတ်ရန် ခရီးသည် အသွားခက်လှ၏၊ ပြုနိုင်ခဲ၏၊ ဖြစ်နိုင်ခဲ၏ဟု ဤဂါထာတို့ကို ရွတ်ဆိုလျက် မာရ်နတ်သည် မြတ်စွာဘုရားအနီး၌ ရပ် တည်၏။ (၅)

၄၃၃။ ထိုအခြင်းအရာအားဖြင့် ဆိုတတ်သော ထိုမာရ်နတ်အား မြတ်စွာဘုရားသည် ဤစကားကို မိန့်ဆို၏- မေ့လျော့မှု၏ အဆွေဖြစ်သော မာရ်နတ်ယုတ် ဤအရပ်သို့ သင်လာခြင်းသည်ကားသင့်အကျိုးအတွက်သာ လာခြင်းဖြစ်၏။ (၆)

၄၃၄။ (မာရ်နတ်ယုတ်) အနုမြူမျှလောက်သော်လည်းကောင်းမှုဖြင့် ငါ အလို မရှိ၊ အကြင်သူတို့အားကား ကောင်းမှုဖြင့် အလိုရှိ၏၊ ထိုသူတို့ကိုသာလျှင် မာရ် နတ်သည် ပြောဆိုရန်ထိုက်၏။ (၇)

၄၃၅။ (မာရ်နတ်ယုတ်) ငါ့အား ယုံကြည်မှု 'သဒ္ဓါ'သည်လည်းကောင်း၊အား ထုတ်မှု 'ဝီရိယ'သည်လည်းကောင်း၊ (ခွဲခြားသိမှု) 'ပညာ'သည်လည်းကောင်း ရှိ၏၊ ဤသို့ နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသူ ငါ့အား အဘယ့်ကြောင့် အသက်ရှင်ခြင်းကို မေးတုံဘိသနည်း။ (၈)

၄၃၆။ ငါ၏ကိုယ်၌ ဝီရိယအဟုန်ကြောင့် ဖြစ်သော ဤလေသည် မြစ်တို့၏ ရေအလျဉ်တို့ကိုသော်လည်းခန်းခြောက်စေနိုင်ရာ၏၊ နိဗ္ဗာန်သို့ စေလွှတ်သော စိတ် ရှိသူ ငါ၏ သွေးကိုကား အဘယ့်ကြောင့် သာလျှင် ့မခန်းခြောက်စေဘဲ ရှိပါအံ့နည်း။ (၉)

၄၃၇။ သွေးသည် ခန်းခြောက်လတ်သော်သည်းခြေသည်လည်းကောင်း၊ သလိပ်သည်လည်းကောင်းခန်းခြောက်၏၊ အသားတို့သည် ကုန်ခန်းကုန်သော် စိတ်သည် ရှေးကထက် လွန်စွာကြည်လင်၏၊ သတိသည်လည်းကောင်း၊ ပညာသည်လည်းကောင်း၊ သမာဓိသည်လည်းကောင်း ငါ့အား လွန်စွာတည်၏။ (၁၀)

၄၃၈။ ဤသို့ နေသည်ဖြစ်၍ လွန်မြတ်သော ဝေဒနာသို့ ရောက်သော ထိုငါ၏ စိတ်သည် ကာမတို့ကို အလိုမရှိ (စိတ်စင်ကြယ်မှုဖြင့်) သတ္တဝါစင်ကြယ်သည့် အဖြစ်ကို ရှုလော့။ (၁၁)

၄၃၉။ ကာမတို့ကို သင်၏ ပဌမ စစ်သည်ဟူ၍ ဆိုရကုန်၏၊ မမွေ့လျော်ခြင်းကို ဒုတိယ စစ်သည်ဟူ၍ဆိုရ၏၊ မွတ်သိပ်ဆာလောင်ခြင်းကို သင်၏ တတိယ စစ်သည်ဟူ၍ ဆိုရ၏၊ တပ်မက်မှု တဏှာကို စတုတ္ထ စစ်သည်ဟူ၍ ဆိုရ၏။ (၁၂)

၄၄၀။ ထိနမိဒ္ဓကို သင်၏ ပဉ္စမ စစ်သည်ဟူ၍ ဆိုရ၏၊ ကြောက်လန့်မှုကို ဆဋ္ဌ စစ်သည်ဟူ၍ ဆိုရ၏၊ ယုံမှားမှုကို သင်၏ သတ္တမ စစ်သည်ဟူ၍ ဆိုရ၏၊ သူ့ ကျေးဇူးကို ချေဖျက်မှုကိုလည်းကောင်း၊ မာန်ဖြင့်ခက်ထန်ခိုင်မာမှုကိုလည်းကောင်း သင်၏ အဋ္ဌမ စစ်သည်ဟူ၍ ဆိုရ၏။ (၁၃)

၄၄၁။ လာဘ်ကျော်စောမှု ပူဇော်သက္ကာရ ချွတ်ယွင်းဖောက်ပြန် မမှန်မကန် ရအပ်သော အခြံအရံကို နဝမ စစ်သည်ဟူ၍ ဆိုရ၏၊ မိမိကိုယ်ကို ချီးမြှောက်မှု သူတစ်ပါးတို့အား ရှုတ်ချမှုကို ဒသမစစ်သည်ဟူ၍ ဆိုရ၏။ (၁၄)

၄၄၂။ မာရ်နတ်ယုတ် ဤဆယ်မျိုးသည်ကား သမဏဗြာဟ္မဏတို့ကို နှောင့်ယှက် တတ်သော မည်းနက်သော အကုသိုလ်ရှိသည့် သင်မာရ်နတ်၏ စစ်သည် ဗိုလ်ပါတည်း၊ မရဲရင့်သူသည် ထိုစစ်သည်ဆယ်မျိုးကို မအောင်မြင်နိုင်၊ ထိုစစ်သည် ဆယ်မျိုးကို အောင်မြင်နိုင်ခဲ့မူကား ချမ်းသာကိုရ၏။ (၁၅)

၄၄၃။ ထို့ကြောင့် ထိုငါသည်လည်း (မဆုတ်မနစ်ခြင်း အထိမ်းအမှတ်ဖြစ်သော) ဖြူဆံမြက်ကို ဆောင်ထား၏၊ စစ်ရှုံးသည်ဖြစ်၍ ငါ၏ အသက်ရှင်နေရခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၏၊ (သင်နှင့်) စစ်တိုက်ရာ၌ စစ်ရှုံးသည်ဖြစ်၍ ငါ၏ အသက်ရှင် နေရခြင်းထက် သေခြင်းက မြတ်သေး၏။ (၁၆)

၄၄၄။ ဤသင်၏ စစ်သည်ဘောင်၌ နစ်မြုပ်သက်ဝင်နေကြရကုန်သော သမဏ ဗြာဟ္မဏအချို့တို့သည် (သီလစသော ဂုဏ်တို့ဖြင့်) မထင်ရှားနိုင်ကုန်၊ ထိုသမဏ ဗြာဟ္မဏတို့သည် ကောင်းသောအကျင့်ရှိသူတို့သွားရာလမ်းခရီးကိုလည်း မသိကြကုန်။ (၁၇)

၄၄၅။ (မာရ်နတ်) ငါသည် ထက်ဝန်းကျင်အရပ်မှ စစ်တိုက်ရန် ထွက်လာသော စစ်သည်ဗိုလ်ပါအပေါင်းကို မြင်ရသောကြောင့် ငါ့ကို တည်ရာဌာနမှ မရွေ့လျောပါစေ လင့်ဟု (နှလုံးသွင်း၍) ဂိရိမေခလာဆင်နှင့်တကွဖြစ်သော မာရ်နတ်ကို စစ်ထိုးရန် ရင်ဆိုင်ထွက်ခဲ့၏။ (၁၈)

၄၄၆။ သင်၏ အကြင်စစ်သည် ဗိုလ်ပါအပေါင်းကို နတ်နှင့်တကွသော လောကသည် ခုခံနိုင်စွမ်းမရှိပေ၊ မီးမဖုတ်ရသေးသော မြေအိုး မြေခွက်ကို ကျောက်ဖြင့် ထုနှက်ခွဲဖျက်သကဲ့သို့ သင်၏ ထိုစစ်သည်ဗိုလ်ပါအပေါင်းကို ပညာဖြင့် ငါ ထုနှက် ဖျက်ဆီးအံ့။ (၁၉)

၄၄၇။ ငါသည်မှန်ကန်သော ကြံစည်မှု 'သမ္မာသင်္ကပ္ပ'ကို လေ့လာခြင်းရှိသည်ကို ပြုလျက်မှန်ကန်သော အောက်မေ့မှု 'သမ္မာသတိ'ကိုလည်းကောင်းစွာတည်သည်ကို ပြု၍ များစွာသောတပည့်သာဝကတို့ကို ဆုံးမလျက် တိုင်းပြည် တစ်ခုမှ တိုင်းပြည် တစ်ခုသို့ လှည့်လည်တော့အံ့။ (၂၀)

၄၄၈။ ငါ၏ အဆုံးအမကို လိုက်နာကြကုန်သော ထိုတပည့်သာဝကတို့သည် မမေ့မလျော့ကုန်ဘဲနိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိကုန်လျက် (ဘဝသုံးပါးကို) အလိုမရှိကြကုန်သည်ဖြစ်၍ အကြင်နိဗ္ဗာန်သို့ ရောက်ကုန်သည်ရှိသော် မစိုးရိမ်ရကုန်၊ ထိုနိဗ္ဗာန်သို့ ရောက်ကြရကုန်လတ္တံ့။ (၂၁)

၄၄၉။ သတိရှိတော်မူသော မြတ်စွာဘုရား၏ ချွတ်ယွင်းချက် အခွင့်အရေးကို ရလိမ့်မည်ဟု နှလုံးသွင်း၍ငါသည် ခုနစ်နှစ်တို့ပတ်လုံး မြတ်စွာဘုရားသို့ ထပ် ကြပ်မကွာ အစဉ်လိုက်ခဲ့၏၊ ဤသို့ လိုက်သော်လည်း အခွင့်အရေးကို မရခဲ့ချေ။ (၂၂)

၄၅၀-၄၅၁။ ဤအရာဝတ္ထု၌ နူးညံ့ပျော့ပျောင်းရာကို ရနိုင်ငြားအံ့လည်း မသိ၊ သာယာမြိန်ရှက်ဖွယ်ရှိငြားအံ့လည်း မသိဟု နှလုံးသွင်း၍ ကျီးသည် အဆီခဲနှင့် တူသော အဆင်းရှိသော ကျောက်တုံးကို ထက်ဝန်းကျင် လှည့်လည်ထိုးဆိတ်ပါသော်လည်း-

ကျီးသည် ထိုကျောက်တုံး၌သာယာတပ်ငြိဖွယ်ကို မရသောကြောင့် ကျောက်တုံးကို တွယ်တာကပ်ငြိမှုမှငြီးငွေ့ လက်လျှော့လျက် ဖဲခွါပျံသွားသကဲ့သို့ ငါတို့သည်လည်း အသျှင်ဂေါတမကို ငြီးငွေ့လက်လျှော့လာဖဲခွါထွက်သွားကုန်တော့အံ့။ (၂၃-၂၄)

၄၅၂။ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော ထိုမာရ်နတ်၏ လက်ကတီးကြားမှ စောင်းသည် လျှောကျ၏၊ ထို့နောက် ထိုမာရ်နတ်သည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌ပင် ကွယ်ပျောက်လေသတည်း။ (၂၅)

နှစ်ခုမြောက် ပဓာနသုတ် ပြီး၏။

------

၃-သုဘာသိတသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့''ဟု ခေါ်တော်မူ၏၊ ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟု မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏၊ မြတ်စွာဘုရားသည် ဤတရားစကားကို ု ဟောတော်မူ၏-

ရဟန်းတို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်၊ အဘယ်လေးပါးတို့နှင့်နည်း၊ ရဟန်းတို့ ဤသာသနတော်၌ ရဟန်းသည် ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏၊ မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို၊ တရားနှင့် စပ်ယှဉ်သော စကားကိုသာလျှင် ဆို၏၊ တရားနှင့် မစပ်ယှဉ်သော စကားကို မဆို၊ ချစ်နှစ်သက်ဖွယ် စကားကိုသာလျှင် ဆို၏၊ မချစ်မနှစ်သက်ဖွယ်သော စကားကို မဆို၊ အမှန်ကိုသာ ဆို၏၊ မမှန်ချွတ်ယွင်းသော စကားကို မဆို၊ ရဟန်းတို့ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကား မဟုတ်၊ အပြစ်မှလည်း ကင်း၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်ဟု (မိန့်တော်မူ၏)၊ မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ၏-

၄၅၃။ ''ကောင်းစွာ ဆိုအပ်သော စကားကို မြတ်သော ပဌမအင်္ဂါဟု သူတော် ကောင်းတို့ဆိုကြကုန်၏၊ တရားနှင့် စပ်ယှဉ်သော စကားကို ပြောဆိုရာ၏၊ တရားနှင့် မစပ်ယှဉ်သော စကားကို မပြောဆိုရာ၊ ထိုစကားကို ဒုတိယအင်္ဂါဟု ဆိုကြကုန်၏၊ ချစ်နှစ်သက်ဖွယ် စကားကို ပြောဆိုရာ၏၊ မချစ်မနှစ်သက်ဖွယ် စကားကို မပြောဆိုရာ၊ ထိုစကားကို တတိယအင်္ဂါဟု ဆိုကြကုန်၏၊ဟုတ်မှန်သော စကားကို ပြောဆိုရာ၏၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ ထိုစကားကို စတုတ္ထ အင်္ဂါဟု ဆိုကြကုန်၏''ဟု (မိန့်တော်မူ၏)။ (၁)

ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက်မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရားအား ''မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏''ဟု လျှောက်၏၊ ''ဝင်္ဂီသ သင်၏ဉာဏ်၌ ထင်စေလော့''ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ထို့နောက် အသျှင်ဝင်္ဂီသသည် မြတ်စွာ့ဘုရား၏ မျက်မှောက်၌ လျောက်ပတ်သော ဂါထာတို့ဖြင့် ချီးမွမ်း၏-

၄၅၄။ အကြင်စကားဖြင့် မိမိကိုယ်ကိုလည်း မပူပန်စေ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲ၊ ထိုစကားသာလျှင် ပြောဆိုရာ၏၊ ထိုစကားသည် အမှန်ပင်ကောင်းသော စကားမည်၏။ (၂)

၄၅၅။ အကြင်စကားသည် စိတ်နှလုံးသို့ သက်ဝင်၍ နှစ်သက်ဝမ်းမြောက်နိုင်၏၊ အကြင်စကားကို ပြောဆိုသူသည် ယုတ်မာကြမ်းကြုတ်သော စကားတို့ကို မယူမူ၍ သူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆို၏၊ ထိုသူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာလျှင် ပြောဆိုရာ၏။ (၃)

၄၅၆။မှန်သော စကားသည် စင်စစ် အမြိုက်သုဓာ ဘုတ်နှင့် တူ၏၊ ဤမှန်သော စကားကို ပြောဆိုမှုသည် ရှေး၌ ဖြစ်သော သဘောတံထွာ ဓမ္မတာတည်း၊ သူတော် ကောင်းတို့သည် ဟုတ်မှန်သော အကျိုးတရား၌လည်းကောင်း၊ အကြောင်းတရား၌လည်းကောင်း တည်ကုန်၏ဟု ဆိုကုန်၏။ (၄)

၄၅၇။ မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါလည်းကောင်း၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါလည်းကောင်း၊ ဘေးမရှိသော အကြင်စကားကို ဆိုတော်မူ၏၊ ထိုစကားသည်သာ စကားတို့တွင်အမှန်ပင် မြတ်သော စကားတော်ပေတည်း''ဟု (မိန့်တော်မူ၏)။ (၅)

သုံးခုမြောက် သုဘာသိတသုတ် ပြီး၏။

------

၄-သုန္ဒရိကဘာရဒွါဇသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောသလတိုင်းသုန္ဒရိကာမြစ်ကမ်းနား၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် သုန္ဒရိကာမြစ်ကမ်းနား၌ မီးကို ပူဇော်၏၊ မီးပူဇော်ရာအရပ်ကို တံမြက်လှည်းခြင်းစသည်ဖြင့် ဆည်းကပ်၏၊ ထိုအခါ သုန္ဒရိကဘာရဒွါဇ ပုဏ္ဏားသည် မီးပူဇော်ပြီး၍ မီးပူဇော်ရာအရပ်ကို ဆည်းကပ်ပြီးလျှင် နေရာမှ ထကာ''ဤမီးပူဇော်အပ်ပြီးသည်မှ ကြွင်းသော နို့ဃနာကို အဘယ်သူသည် စားထိုက်ပါမည်နည်း''ဟု ထက်ဝန်းကျင် အရပ်လေးမျက်နှာတို့ကို လှည့်၍ကြည့်၏၊ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မနီးမဝေး တစ်ခုသော သစ်ပင်ရင်း၌ ဦးခေါင်းနှင့်တကွ ရုံ၍ ထိုင်နေတော်မူသော မြတ်စွာဘုရားကို မြင်၍ မီးပူဇော်အပ်ပြီးသည်မှကြွင်းကျန်သော နို့ဃနာကို လက်ဝဲတစ်ဖက်ဖြင့် ယူလျက် လကျ်ာလက်ဖြင့် ကရားကို ယူပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၏။

ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏား၏ ခြေသံကြောင့် ဦးခေါင်းကို ဖွင့်တော်မူ၏၊ ထိုအခါ၌ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် ''ဤအသျှင်သည် ဦပြည် း (ကတုံး) ယုတ်ပါတကား၊ ဤအသျှင်သည် ဦပြည် း (ကတုံး) ယုတ်ပါတကား''ဟု (ကဲ့ရဲ့၍) ထိုအရပ်မှပင်လျှင် ပြန်ဆုတ်ခဲ့၏။ ထို့နောက်သုန္ဒရိကဘာရဒွါဇ ပုဏ္ဏားအား ''ဤလောက၌ အချို့သော ပုဏ္ဏားတို့သည် ဦးပြည် းထားသူတို့လည်းဖြစ်တတ်ကုန်သေး၏၊ ငါသည် ချဉ်းကပ်၍ ဇာတ်ကို မေးရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏၊ ထို့နောက်သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ''အသျှင်သည် အဘယ်အမျိုးဇာတ်ဖြစ်သနည်း''ဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် သုန္ဒရိကဘာရဒွါဇပုဏ္ဏားအား ဂါထာတို့ဖြင့် ရွတ်ဆိုဟောပြောတော်မူ၏-

၄၅၈။ ပုဏ္ဏား ငါဘုရားသည် ပုဏ္ဏားမျိုး မဟုတ်၊ မင်းသားလည်း မဟုတ်၊ ကုန်သည်မျိုးလည်းမဟုတ်၊ မည်သည့်အမျိုးဇာတ်မျှ မဟုတ်၊ ပုထုဇဉ်တို့၏ အနွယ်ကို ပိုင်းခြားသိပြီး၍ကြောင့်ကြမှု မရှိဘဲပညာဖြင့် သိလျက် လောက၌ လှည့်လည်နေထိုင်၏။ (၁)

၄၅၉။ ပုဏ္ဏား ငါသည် သင်္ကန်းကို ဝတ်လျက် တဏှာတည်းဟူသော အိမ်မရှိဘဲ ဆံပင်တို့ကို ရိတ်ပယ်ပြီးလျှင် ပူပန်မှု ငြိမ်းပြီးသော စိတ်ရှိကာ ဤလောက၌ လူတို့နှင့် မရောယှက်မူ၍ ကျင့်၏၊သို့ ဖြစ်ပါလျက် သင်သည် မလျောက်ပတ်သော အမျိုးအနွယ်နှင့် စပ်သော ပြဿနာကို ငါ့အား မေးဘိ၏။ (၂)

၄၆၀။ အသျှင် ပုဏ္ဏားတို့သည် ပုဏ္ဏားအချင်းချင်းလည်း ''အသျှင်သည် ပုဏ္ဏား လော''ဟု မေးတတ်ကြကုန်၏။ (၃)

၄၆၁။ ငါပုဏ္ဏားဟူ၍ သင်အကယ်၍ ဖြေဆိုခဲ့မူ ငါ့ကိုလည်း ဗြာဟ္မဏမဟုတ်ဟူ၍ ဆိုသည်မည်၏၊ ထို့ကြောင့် သုံးပုဒ်ရှိ၍ အက္ခရာနှစ်ဆယ့်လေးလုံးရှိသော သာဝိတ္တိ မည်သော ဗေဒင်ကို သင့်အား မေးအံ့ (ဖြေဆိုပါလော့)။ (၄)

၄၆၂။ ဤလောက၌ ရသေ့တို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း၊ မင်းတို့သည်လည်းကောင်း၊ ပုဏ္ဏားတို့သည်လည်းကောင်း အဘယ်ကိုမှီကုန်၍ နတ်ဗြဟ္မာတို့အား ယဇ်ပူဇော်မှုကို အများအပြားပြုကြကုန်သနည်း။ (၅)

၄၆၃။ ဝဋ်ဆင်းရဲ၏ အဆုံးသို့ ရောက်၍ လေးပါးသော မဂ်ဉာဏ်တို့ဖြင့် ကိလေသာတို့ကို ဖောက်ထွင်းသွားသူ ရဟန္တာသည် ပူဇော်ရာကာလ၌ အကြင် ပုဂ္ဂိုလ်၏ ပူဇော်ဖွယ်ကို ရရာ၏၊ ထိုပုဂ္ဂိုလ်၏ ပူဇော်မှုသည် ပြည့်စုံ၏ဟု ငါဆို၏။ (၆)

၄၆၄။ (သုန္ဒရိကဘာရဒွါဇပုဏ္ဏားက) ထိုအသျှင်ဘုရားကဲ့သို့ သဘောရှိသော သိခြင်းသို့ ရောက်သော ရဟန္တာကို (အကျွန်ုပ်တို့) ဖူးမြင်ကြရပါကုန်၏၊ ထိုအကျွန်ုပ်၏ ပူဇော်အပ်သော အမှုသည် စင်စစ်ပြည့်စုံပေလိမ့်မည်၊ ရှေးအခါ က အသျှင်ဘုရားကဲ့သို့ သဘောရှိကုန်သော ပညာရှိတို့ကို မဖူးမတွေ့ရသောကြောင့် အခြားလူအပေါင်းသည် အကျွန်ုပ်၏ နို့ဃနာထမင်းကို စား၏ဟု (ဆို၏)။ (၇)

၄၆၅။ ပုဏ္ဏား ထို့ကြောင့် သင်သည် အကျိုးစီးပွါးဖြင့် အလိုရှိပါမူ ငါ့ထံသို့ ချဉ်းကပ်၍ မေးလော့၊ ငြိမ်းအေး၍ အခိုးကင်းသူ ဆင်းရဲမရှိသူ တောင့်တခြင်းကင်း သူ ပညာရှိကို ဤအရပ်၌ပင် ရနိုင်လိမ့်မည်။ (၈)

၄၆၆။ အသျှင်ဂေါတမ အကျွန်ုပ်သည် ပေးကမ်းမှု၌ မွေ့လျော်ပါ၏၊ အကျွန်ုပ်သည် ပူဇော်ဖွယ်ကို ပူဇော်လိုပါသော်လည်း မသိနားမလည်ပါ၊ အသျှင်သည် အကျွန်ုပ်ကို ဆုံးမတော်မူပါ၊ အကြင်ပုဂ္ဂိုလ်၌ ပူဇော်ခြင်းသည် အကျိုးပြည့်စုံ၏၊ ထိုပုဂ္ဂိုလ်ကို အကျွန်ုပ်အား ဟောကြားတော်မူပါ။ (၉)

ပုဏ္ဏားသို့ ဖြစ်လျှင် နားထောင်လော့၊ သင့်အား တရားကို ဟောအံ့

၄၆၇။ (ပေးလှူခြင်း၏ အကျိုးကြီးမှုကို အလိုရှိခဲ့မူ) အမျိုးဇာတ်ကို မမေးလင့်၊ (သီလစသော) အကျင့်ကိုသာ မေးလော့၊ မီးသည် အမှန်စင်စစ် ထင်းမှ ဖြစ်၏၊ အမျိုးဇာတ်နိမ့်သော်လည်းရဟန္တာပုဂ္ဂိုလ်သည် တည်ကြည်မှု 'သမာဓိ' ရှိ၏၊ ရှက် ကြောက်မှု 'ဟိရီ'တရားဖြင့် မကောင်းမှုကိုတားမြစ်၏၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို ပိုင်းခြား၍ သိ၏။ (၁၀)

၄၆၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ပရမတ္ထသစ္စာဖြင့်ယဉ်ကျေးပြီးသူ ဣန္ဒြေတို့ကို ဆုံးမခြင်းနှင့် ပြည့်စုံပြီး သူ မဂ်လေးပါးတို့ဖြင့် ကိလေသာတို့၏အဆုံးသို့ ရောက်သူ မဂ်တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးသူ ရဟန္တာပုဂ္ဂိုလ်၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၁)

၄၆၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ကာမတို့ကို ပယ်စွန့်၍ တဏှာအိမ်မရှိကုန်ဘဲ ရက်ဖောက်ကဲ့သို့ ဖြောင့်ဖြောင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိကုန်လျက် ကျင့်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၂)

၄၇၀။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ရာဂကင်းကြသူကောင်းစွာတည်သူ ဣန္ဒြေရှိကြသူ ရာဟု ဖမ်းခြင်းမှ လွတ်သော လကဲ့သို့ ကိလေသာဖမ်းခြင်းမှလွတ်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၃)

၄၇၁။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်တဏှာဒိဋ္ဌိအားဖြင့် မြတ်နိုးမှုတို့ကို စွန့်၍ အခါ ခပ်သိမ်း သတိနှင့် ပြည့်စုံလျက် လောက၌ မကပ်ငြိကုန်ဘဲ အထူးကျင့်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၄)

၄၇၂။ အကြင်မြတ်စွာဘုရားသည် ကိလေသာကာမတို့ကို ပယ်စွန့်နှိမ်နင်းလျက် ကြွသွားတော်မူ၏၊ မြတ်စွာဘုရားသည် ပဋိသန္ဓေနေခြင်း သေခြင်း၏ အဆုံးဖြစ်သော နိဗ္ဗာန်ကို သိတော်မူ၏၊ ရေအိုင်ကြီးသည် အေးသကဲ့သို့ ကိလေသ ပရိနိဗ္ဗာန်ပြုသည်ဖြစ်၍ အေးချမ်းသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူ ခံထိုက်၏။ (၁၅)

၄၇၃။ မြတ်စွာဘုရားသည် ပဋိဝေဓတူမျှကုန်သော ဝိပဿီစသော ဘုရားတို့နှင့် တူတော်မူ၏၊ မတူမျှသူပုဂ္ဂိုလ်တို့မှ ဝေးတော်မူ၏၊ အဆုံးမရှိသော ပညာရှိတော်မူ၏၊ ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ကိလေသာတို့ဖြင့် မလိမ်းကျံ မကပ်ငြိ၊ ထို့ကြောင့် မြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၆)

၄၇၄။ အကြင်မြတ်စွာဘုရား၌ လှည့်ပတ်မှု 'မာယာ'သည်လည်းကောင်း၊ မာန်သည်လည်းကောင်းမကိန်းဝပ်နိုင်၊ အကြင်မြတ်စွာဘုရားသည် လောဘကင်းသူ တဏှာဒိဋ္ဌိနှင့် မြတ်နိုးမှုမရှိသူတပ်မက်မှု 'အာသာ' ကင်းသူ အမျက် 'ဒေါသကို' နုတ်ပယ်ပြီးသူ အလွန်ငြိမ်းအေးသော စိတ်ရှိသူဖြစ်တော်မူ၏၊ မကောင်းမှုမှ အပ ပြုပြီးသော အကြင်မြတ်စွာဘုရားသည် စိုးရိမ်မှု 'သောက'တည်းဟူသော အညစ်အကြေးကို ပယ်စွန့်ပြီးပြီ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၇)

၄၇၅။ အကြင်မြတ်စွာဘုရားသည် စိတ်၏ အမြဲနေရာ တဏှာဒိဋ္ဌိဟူသော အိမ်ကို ပယ်စွန့်တော်မူ၏၊ အကြင်မြတ်စွာဘုရားအား (တဏှာဒိဋ္ဌိတို့ဖြင့်) သိမ်းဆည်းအပ်သောတရားတို့သည် စိုးစဉ်းအနည်းငယ်မျှ မရှိကုန်၊ ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း စွဲလမ်းမှု မရှိသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၈)

၄၇၆။ အကြင်မြတ်စွာဘုရားသည် မဂ်တည်းဟူသော သမာဓိဖြင့် ကောင်းစွာ တည်တော်မူသည်ဖြစ်၍ဩဃလေးပါးကို ကူးမြောက်တော်မူ၏၊ လွန်မြတ်သော သဗ္ဗညုတဉာဏ်ဖြင့် တရားကို သိတော်မူ၏၊ အာသဝေါကုန်ပြီး ဖြစ်တော်မူ၏၊ အဆုံးစွန်သော ကိုယ်ကိုလည်း ဆောင်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၁၉)

၄၇၇။ အကြင်မြတ်စွာဘုရားအား ဘဝါသဝတို့သည်လည်းကောင်း၊ ကြမ်းတမ်းသော စကားတို့သည်လည်းကောင်း ဖျက်ဆီး ရှို့မြှိုက် မီးတိုက်ကုန်ပြီး ချုပ်ခြင်းသို့ ရောက်စေကုန်ပြီးဖြစ်သောကြောင့် မရှိကြတော့ကုန်၊ လေးပါးသော ဝေဒတို့ဖြင့် နိဗ္ဗာန်သို့ ရောက်ပြီးသော အလုံးစုံ ခန္ဓာစသည်တို့၌ လွတ်ပြီးသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၀)

၄၇၈။ အကြင်မြတ်စွာဘုရားအား ကပ်ငြိမှုတို့သည် မရှိကုန်၊ အကြင်မြတ်စွာဘုရားသည် ကပ်ငြိမှုကို လွန်မြောက်၍ ကံကိလေသာဟု ဆိုအပ်သော လယ်ယာနှင့်တကွဖြစ်သော ဆင်းရဲကို ပိုင်းခြားသိပြီးလျှင်မာနဖြင့် ကပ်ငြိသူတို့၌ မာနဖြင့် မကပ်ငြိ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၁)

၄၇၉။ အကြင်မြတ်စွာဘုရားသည် တောင့်တမှု တဏှာကို မမှီမူ၍ ငြိမ်းအေးမှု 'ဝိဝေက'ကို မြင်လေ့ရှိ၏၊ သူတစ်ပါးတို့က သိစေအပ်သော မိစ္ဆာအယူကို လွန် မြောက်၏၊ အကြင်မြတ်စွာဘုရားအားအနည်းငယ်မျှဖြစ်သော (ဘဝသစ်၏) အကြောင်းတို့သည် မရှိကုန်၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၂)

၄၈၀။ အကြင်မြတ်စွာဘုရားအား ကောင်း မကောင်းကုန်သောတရားတို့သည် ဉာဏ်ဖြင့်ထိုးထွင်းသိပြီးဖြစ်သောကြောင့် ဖျက်ဆီး ရှို့မြှိုက် မီးတိုက်ကုန်ပြီး ချုပ်ခြင်းသို့ ရောက်ပြီးဖြစ်ကုန်ရကား့မရှိနိုင်ကြတော့ကုန်၊ ကိလေသာငြိမ်းအေးသော ဥပါဒါန်ကုန်ရာ နိဗ္ဗာန်၌ (အာရုံပြုသောအားဖြင့်) လွတ်မြောက်တော်မူသော ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၃)

၄၈၁။ အကြင်မြတ်စွာဘုရားသည် သံယောဇဉ်တို့၏ကုန်ခန်းရာ အရဟတ္တဖိုလ်နှင့် ပဋိသန္ဓေကုန်ရာနိဗ္ဗာန်ကို မြင်တော်မူသည်ဖြစ်၍ ရာဂတည်းဟူသော ခရီးကို အကြွင်းမဲ့ ပယ်ဖျောက်ပြီးသူစင်ကြယ်တော်မူပြီးသူ အပြစ်ကင်းပြီးသူ အညစ် အကြေးကင်းသူ ဥပက္ကိလေသမရှိသူ ဖြစ်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၄)

၄၈၂။ အကြင်မြတ်စွာဘုရားသည် မိမိ၏ အတ္တကို မရှုမမြင် တည်ကြည်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းသို့ ရောက်တော်မူ၏၊ မတုန်မလှုပ် တည်တံ့သော စိတ် ရှိ တော်မူ၏၊ စင်စစ် တုန်လှုပ်ခြင်း မရှိ၊ ငြောင့်တံသင်း မရှိ ယုံမှားခြင်း မရှိ၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၅)

၄၈၃။ အကြင်မြတ်စွာဘုရားအား မောဟလျှင် အကြောင်းရှိသော ကိလေသာတို့သည် အနည်းငယ်မျှမရှိကုန်၊ အကြင်မြတ်စွာဘုရားသည် ခပ်သိမ်းသောတရားတို့၌လည်း သဗ္ဗညုတဉာဏ်ဖြင့်မြင်တော်မူလေ့ရှိ၏၊ အဆုံးဖြစ်သော ကိုယ်ကိုလည်း ဆောင်တော်မူ၏၊ အတုမရှိမြတ်၍ ဘေးမရှိသော အရဟတ္တဖိုလ်သို့လည်း ရောက် တော်မူ၏၊ ဤမျှသော အတိုင်းအရှည်ဖြင့် ပုဂ္ဂိုလ်သတ္တဝါအားစင်ကြယ်နိုင်၏၊ ထိုမြတ်စွာဘုရားသည် နို့ဃနာကို အလှူခံထိုက်၏။ (၂၆)

၄၈၄။ အကျွန်ုပ်သည် ထိုသို့ သဘောရှိသော မဂ်ဉာဏ်သို့ ရောက်ပြီးသော ရဟန္တာကို ပူဇော်ရန်ရပြီးဖြစ်ရကား အကျွန်ုပ်၏ ပူဇော်ခြင်းသည်မှန်ကန်သော ပူဇော်ခြင်း ဖြစ်ပါစေသတည်း၊ (အသျှင်သည်) မျက်မြင်ကိုယ်တွေ့ဖြစ်သော ဗြဟ္မာပါတည်း၊ မြတ်စွာဘုရားသည် အကျွန်ုပ်၏ နို့ဃနာကို အလှူခံတော်မူပါ၊ မြတ်စွာဘုရားသည် အကျွန်ုပ်၏ နို့ဃနာကို ဘုဉ်းပေးတော်မူပါ။ (၂၇)

၄၈၅။ ပုဏ္ဏား ငါ့အား ဂါထာတို့ကို သီဆို၍ ရအပ်သော ဘောဇဉ်ကို စားခြင်းငှါ မထိုက်၊ ဤဘောဇဉ်ကို စားခြင်းသဘောသည် စင်ကြယ်မှုကို ကောင်းစွာ ရှုမြင်ကုန်သော ဘုရားသျှင်တို့၏သဘောတံထွာ ဓမ္မတာမဟုတ်၊ မြတ်စွာဘုရားတို့သည် ဂါထာတို့ကို သီဆို၍ရသော ဘောဇဉ်ကို ပယ်တော်မူ၏၊ ပုဏ္ဏား အသက် မွေးစင်ကြယ်မှု သဘောရှိလတ်သော် ဤတရားဖြင့် ရှာမှီးခြင်းသည် ဘုရားသျှင်တို့၏ အသက်မွေးခြင်းတည်း။ (၂၈)

၄၈၆။ ပုဏ္ဏား နို့ဃနာမှတစ်ပါးသော ဆွမ်းဖြင့်လည်းကောင်း၊ အဖျော်ဖြင့်လည်းကောင်းအလုံးစုံဂုဏ်နှင့် ပြည့်စုံသော သီလစသော ကျေးဇူးကို ရှာမှီးလေ့ရှိသော ကုက္ကုစ္စငြိမ်းအေးပြီးသော ရဟန္တာကို လုပ်ကျွေးလော့၊ ထိုကောင်းမှုသည် ကောင်းမှုကို အလိုရှိသောသူ၏ လယ်ယာဖြစ်၏။ (၂၉)

၄၈၇။ အကြင်အလှူခံပုဂ္ဂိုလ်သည် အကျွန်ုပ်ကဲ့သို့ သော သဘောရှိသူ၏ အလှူကို သုံးဆောင်ရာ၏၊ အကြင်အလှူခံပုဂ္ဂိုလ်ကိုလည်း ယဇ်ပူဇော်ရာအခါ၌ ရှာမှီးလျက် လုပ်ကျွေးရာ၏၊ မြတ်စွာဘုရား အကျွန်ုပ်တောင်းပန်ပါ၏၊ အသျှင်ဘုရား၏ အဆုံး အမသို့ ရောက်၍ အကြင်အခြင်းအရာဖြင့်မိန့်ကြားသည်ရှိသော် ထိုအလှူခံပုဂ္ဂိုလ် မျိုးကို အကျွန်ုပ် သိရာပါ၏၊ ထိုအခြင်းအရာဖြင့်မိန့်ကြားတော်မူပါလော့။ (၃၀)

၄၈၈။ အကြင်ပုဂ္ဂိုလ်အား သူတစ်ပါးကို ခြုပ်ခြယ်ခြင်း ကင်းကုန်၏၊ အကြင် ပုဂ္ဂိုလ်၏ စိတ်သည်နောက်ကျုခြင်းမရှိ၊ အကြင်ပုဂ္ဂိုလ်သည် ကာမတို့မှလည်း လွတ်မြောက်၏၊ ထိနမိဒ္ဓကိုလည်းပယ်ဖျောက်ပြီးဖြစ်၏။ (၃)

၄၈၉-၄၉၀။ (အကျင့်တည်းဟူသော) အပိုင်းအခြား၏ အဆုံးဖြစ်သည့် ကိလေ သာတို့ကို ပယ်ဖျောက်ပြီးသော ပဋိသန္ဓေနေခြင်း သေခြင်း၌ လိမ္မာသော မောနေယျ (ပညာနှင့်) ပြည့်စုံသော လှူဒါန်းပူဇော်ရာသို့ ရောက်လာသော ထိုသို့ သဘော ရှိသော ရဟန်း (မုနိ) ကို မျက်မှောင်ကုတ်ခြင်းကို ပယ်ကာလက်အုပ် ချီကုန်လျက် ရှိခိုးကုန်လော့၊ ထမင်းအဖျော်ဖြင့် ပူဇော်ကုန်လော့၊ ဤသို့ ့ရှိခိုးပူဇော်ကုန်သည်ရှိသော် အလှူတို့သည် ပြည့်စုံကုန်၏။ (၃၂-၃၃)

၄၉၁။ အသျှင်သည် သစ္စာလေးပါးကို သိတော်မူသည်ဖြစ်၍ နို့ဃနာကို ခံထိုက်ပါ၏၊ အတုမရှိမြတ်သည်ဖြစ်၍ ကုသိုလ်မျိုးစေ့၏ စိုက်ပျိုးရာ လယ်ယာမြေ ကောင်းသဖွယ် ဖြစ်ပါ၏၊ လောကအားလုံး၏ပူဇော်ရာလည်း ဖြစ်ပါ၏၊ အသျှင်အား လှူခြင်းသည် အကျိုးကြီး၏ဟု ရွတ်ဆို၏။ (၃၄)

ထို့နောက် သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ တရားတော်သည်အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ 'မျက်စိအမြင်ရှိသူတို့သည် အဆင်းတို့ကို မြင်ကြကုန်လိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဂေါတမ အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်းကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏၊ တပည့်တော်သည် အသျှင်ဂေါတမ၏ အထံ၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်း အဖြစ်ကို ရလိုပါ၏''ဟု လျောက်၏၊ သုန္ဒရိကဘာရဒွါဇပုဏ္ဏားသည်ရဟန်းအဖြစ်ကို ရသည်သာလျှင် တည်း။ပ။ ရဟန္တာပုဂ္ဂိုလ်တို့တွင် တစ်ပါးအပါအဝင် ဖြစ်၏။

လေးခုမြောက် သုန္ဒရိကဘာရဒွါဇသုတ် ပြီး၏။

------

၅-မာဃသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မာဃလုလင်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်ပြောဆိုပြီးလျှင် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ပြောဆိုပြီးဆုံးစေပြီး၍ ထိုင်နေပြီးသော် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

အသျှင်ဂေါတမ အကျွန်ုပ်သည် ပေးလည်း ပေးလှူတတ်ပါ၏၊ ဒါန၏ အရှင်လည်း ဖြစ်ပါ၏၊ အလှူခံတို့၏ စကားကိုလည်း သိပါ၏၊ တောင်းခြင်းငှါ သင့်သည်လည်း ဖြစ်ပါ၏၊ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးပါ၏၊ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် တရားနှင့်အညီ ရအပ်ကုန်သောတရားသဖြင့် ရအပ်သည်လည်း ဖြစ်ကုန်သော စည်းစိမ်ဥစ္စာတို့ဖြင့် တစ်ယောက်အားလည်း ပေးလှူပါ၏၊ နှစ်ယောက်သောသူတို့အားလည်းကောင်း သုံးယောက် လေးယောက် ငါးယောက် ခြောက်ယောက်ခုနစ်ယောက် ရှစ်ယောက်ကိုးယောက် ဆယ်ယောက်သောသူတို့အားလည်း ပေးလှူပါ၏၊ နှစ်ကျိပ်သုံးကျိပ် လေးကျိပ် ငါးကျိပ်သောသူတို့အားလည်း ပေးလှူပါ၏၊ တစ်ရာသောသူတို့အားလည်း ပေးလှူပါ၏၊ ထို့ထက်အလွန်လည်း ပေးလှူပါ၏၊ အသျှင်ဂေါတမ အသို့ နည်း၊ ဤသို့ ပေးလှူပူဇော်သော အကျွန်ုပ်သည် များစွာသော ကောင်းမှုကို ရပါ၏လော၊ ပွါးများစေပါ၏ လောဟု (လျှောက်၏)။

မာဃလုလင် ဤသို့ ပေးလှူပူဇော်သော သင်သည် များစွာသော ကောင်းမှုကို ပွါးများစေ၏၊ အကြင်သူသည် ပေးလည်း ပေးလှူတတ်၏၊ ဒါန၏ အရှင်လည်း ဖြစ်၏၊ အလှူခံတို့၏ စကားကိုလည်းသိ၏၊ တောင်းခြင်းငှါ သင့်သည်လည်း ဖြစ်၏၊ တရားသဖြင့် စည်းစိမ်ဥစ္စာတို့ကို ရှာမှီး၏၊ တရားသဖြင့်စည်းစိမ်ဥစ္စာတို့ကို ရှာမှီးလျက် တရားသဖြင့် ရအပ်ကုန်သောတရားကို အကြောင်းပြု၍ ဖြစ်ကုန်သော စည်းစိမ်တို့ဖြင့် တစ်ယောက်သောသူအားလည်း ပေးလှူ၏။ပ။ တစ်ရာသောသူအားလည်း ပေးလှူ၏၊ ထို့ထက်အလွန်လည်း ပေးလှူ၏၊ ထိုသူသည် များစွာသော ကောင်းမှုကံကို ပွါးများစေ၏ဟု (မိန့်တော်မူ၏)။ ထို့နောက် မာဃလုလင်သည် မြတ်စွာဘုရားအား ဂါထာဖြင့် ရွတ်ဆို လျှောက်ထား၏-

၄၉၂။ (မာဃလုလင်သည် ဤသို့ မေးလျှောက်၏) -

ပြောဆိုသော စကားအဓိပ္ပါယ်ကို သိတော်မူသော ဖန်ရည်စွန်းသော အဝတ်ကို ဝတ်တော်မူသော ကိလေသာအိမ်မရှိဘဲ ကြွသွားတော်မူသော ဂေါတမနွယ်ဖွား မြတ်စွာဘုရားကို အကျွန်ုပ်မေးလျှောက်ပါ၏၊ ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင် ဖြစ်သော အကြင်လူသည်သူတစ်ပါးတို့အား ထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ ပေးလှူပူဇော်၏၊ ထိုပေးလှူ ပူဇော်သူ၏ အဘယ်သို့ ပေးလှူပူဇော်ခြင်းသည် စင်ကြယ်ပါသနည်း။ (၁)

၄၉၃။ (မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူ၏) -

မာဃလုလင် ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင်ဖြစ်သော အကြင်လူသည်သူတစ်ပါးအား ထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ ပေးလှူပူဇော်၏၊ ထိုသို့ သဘောရှိသော အလှူပေးပုဂ္ဂိုလ်သည် အလှူခံပုဂ္ဂိုလ်တို့ဖြင့်စင်ကြယ်စေရာ၏။ (၂)

၄၉၄။ (မာဃလုလင်သည် ဤသို့ မေးလျှောက်၏) -

ဤလောက၌ တောင်းခြင်းငှါ သင့်သော ဒါန၏အရှင်ဖြစ်သော အကြင်လူသည် သူတစ်ပါးတို့အားထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ပေးလှူပူဇော်၏၊ မြတ်စွာဘုရား ကောင်းမှုရှင်ဖြစ်သော ထိုသူ၏ မြတ်သော အလှူခံပုဂ္ဂိုလ်တို့ကို အကျွန်ုပ်အား ညွှန်ကြား တော်မူပါ။ (၃)

၄၉၅။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် စင်စစ် ရာဂဖြင့်ကပ်ငြိမှုမရှိကုန်ဘဲကြောင့်ကြမှုမရှိကုန်ဘဲ ပြီးပြီးသော ကိစ္စရှိကုန်သည် စောင့်စည်းသော စိတ်ရှိကုန်သည်ဖြစ်၍ လောက၌ လှည့်လည် နေထိုင်ကြသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၄)

၄၉၆။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်သံယောဇဉ်အနှောင်အဖွဲ့အားလုံးတို့ကို ဖြတ်တောက်ပြီးကုန် ယဉ်ကျေးကုန် ကိလေသာတို့မှလွတ်မြောက်ကုန်၍ ဆင်းရဲမရှိကုန်ဘဲ တပ်မက်မှု အာသာ ကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၅)

၄၉၇။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်သံယောဇဉ်အားလုံးမှ လွတ်မြောက်ပြီးကုန် ယဉ်ကျေးပြီးကုန် ကိလေသာတို့မှ လွတ်မြောက်ပြီးကုန်ဆင်းရဲမရှိကြကုန် တပ်မက်မှု အာသာကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၆)

၄၉၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ပယ် စွန့်၍အာသဝေါကုန်ခန်းပြီးသော 'မဂ်'တည်းဟူသော မြတ်သောအကျင့်ကို ကျင့် သုံးပြီးကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၇)

၄၉၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်လှည့်ပတ်မှု 'မာယာ' မကိန်းဝပ်နိုင်သူ မာနမကိန်းဝပ်နိုင်သူ အာသဝေါကုန်ခန်း ပြီးသူ 'မဂ်'တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၈)

၅၀၀။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် လောဘကင်းသူ (တဏှာဒိဋ္ဌိတို့ဖြင့်) မြတ်နိုးမှုမရှိသူ တပ်မက်မှု 'အာသာ' မရှိသူ အာသဝေါကုန်ခန်းပြီးသူ့'မဂ်'တည်းဟူသော မြတ်သောအကျင့်ကို ကျင့်သုံး ပြီးသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၉)

၅၀၁။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် တဏှာကင်းသူကာမတဏှာစသည်တို့၌ နှလုံးမသွင်းမူ၍ လွန်မြောက် ပြီးသူ ဩဃလေးပါးကို ကူးမြောက်ပြီးသူ (တဏှာဒိဋ္ဌိတို့ဖြင့်) မြတ်နိုးမှု မရှိဘဲ လှည့်လည်နေထိုင်သူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၀)

၅၀၂။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ဤလူ့လောက၌လည်းကောင်း၊ တစ်ပါးသော နတ်ပြည် စသော လောက၌လည်းကောင်း တစ်စုံတစ်ခုသော လောက၌ ဘဝကြီးငယ်အကျိုးငှါ ရူပတဏှာ စသောတဏှာခြောက်ပါးတို့ မရှိသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၁)

၅၀၃။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ကာမတို့ကို ပယ်စွန့်၍ တဏှာအိမ်မရှိကုန်ဘဲ ရက်ဖောက်ကဲ့သို့ ဖြောင့်ဖြောင့် ကောင်းစွာ စောင့်စည်းသော စိတ်ရှိကြလျက် ကျင့်ကြသူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၂)

၅၀၄။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ရာဂကင်းသူကောင်းစွာတည်သော ဣန္ဒြေရှိသူ ရာဟု ဖမ်းခြင်းမှ လွတ်မြောက်သော လကဲ့သို့ ကိလေသာဖမ်းခြင်းမှလွတ်မြောက်သူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၃)

၅၀၅။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် သစ္စာလေးပါးကို သိပြီးဖြစ်သူ ရာဂကင်းသူ အမျက်ဒေါသမရှိသူ ဤလောက၌ ဖြစ်ဆဲ ခန္ဓာငါးပါးကို ပယ်စွန့်ပြီးနောက်ဘဝတစ်ပါးသို့ လားရောက်မှု မရှိသူ ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၄)

၅၀၆။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် ပဋိသန္ဓေနေခြင်းသေခြင်းကို အကြွင်းမဲ့ ပယ်စွန့်၍သို့လောသို့လော တွေးတောယုံမှားမှုအားလုံးကို လွန်မြောက်ပြီးသူရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ် ဝတ္ထုကို ပေးလှူရာ၏။ (၁၅)

၅၀၇။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် မိမိ၏သီလစသော ဂုဏ်၌သာ မိမိ၏မှီခိုရာကျွန်းပြု၍ လှည့်လည် သွား လာနေကြကုန်သောကြောင့်ကြမရှိကြကုန်မူ၍ အလုံးစုံသော ခန္ဓာ စသည်တို့၌ လွတ် မြောက်ပြီး ဖြစ်ကြကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၆)

၅၀၈။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ်ဤခန္ဓာအာယတနစသော အစဉ်၌ ဤခန္ဓာအာယတနစသော အစဉ်ကို ဖြစ်ပေါ်နေသည့် သဘောအတိုင်းသိပြီးသူ 'ဤပဋိသန္ဓေနေခြင်းသည် အဆုံးဖြစ်သော ပဋိသန္ဓေနေခြင်းတည်း၊ တစ်ဖန်ဘဝသစ်ဖြစ်ခြင်းမရှိ'ဟု သိပြီးသူ ရဟန္တာ ပုဂ္ဂိုလ်တို့၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၇)

၅၀၉။ ကောင်းမှုကို အလိုရှိ၍ ပူဇော်လိုသော ပုဏ္ဏားသည် သင့်လျော်သောအခါ ဝယ် လေးပါးသော မဂ်ဉာဏ်တို့ဖြင့် ကိလေသာတို့ကို ဖောက်ထွင်းသွားတော်မူသော ဈာန်၌ မွေ့လျော်တော်မူလျက်သတိရှိတော်မူသော သဗ္ဗညုအဖြစ်သို့ ရောက်တော်မူပြီးသော များစွာသော နတ်လူတို့၏ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရား၌ ပူဇော်ဖွယ်ဝတ္ထုကို ပေးလှူရာ၏။ (၁၈)

၅၁၀။ (မာဃလုလင်သည် ဤသို့ လျှောက်၏) -

မြတ်စွာဘုရား အသျှင်ဘုရားသည် သဗ္ဗညုတဉာဏ်ဟူသော ဤဓမ္မဓာတ်ကို ထိုးထွင်းသိတော်မူပြီးဖြစ်သောကြောင့် ဤလောက၌ ဤဉေယျဓံတရားအားလုံးကိုဟုတ်တိုင်းမှန်စွာသိတော်မူပါပေ၏၊ (ထို့ကြောင့် ) မြတ်စွာဘုရားသည် အကျွန်ုပ်အား အလှူခံပုဂ္ဂိုလ်တို့ကို ့ဟောကြားတော်မူပါပြီ၊ အကျွန်ုပ်၏ အမေး ပြဿနာသည် အမှန်ပင် အချည်းနှီး မဖြစ်တော့ပါ။ (၁၉)

၅၁၁။ (မာဃလုလင်သည် ဤသို့ လျှောက်ပြန်၏) -

ဤလောက၌ တောင်းခြင်းငှါ သင့်သော အလှူရှင်ဖြစ်သော အကြင်လူသည် သူ တစ်ပါးတို့အားထမင်းအဖျော်ကို ပေးလှူပူဇော်သည်ရှိသော် ကောင်းမှုကို အလိုရှိသည် ကောင်းမှုကို ငဲ့ကွက်သည်ဖြစ်၍ပေးလှူပူဇော်၏၊ မြတ်စွာဘုရား ကောင်းမှု ရှင်ဖြစ်သော ထိုလူ၏ လှူဖွယ်ဝတ္ထုပြည့်စုံမှုကို အကျွန်ုပ်အားဟောကြားတော်မူပါ။ (၂၀)

၅၁၂။ (မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏) -

မာဃလုလင် သင်သည် လှူဒါန်း ပူဇော်လော့၊ လှူဒါန်း ပူဇော်သည်ရှိသော် ကာလသုံးပါး၌ စိတ်ကို အထူးသဖြင့် ကြည်လင်စေလော့၊ လှူဒါန်းပူဇော်ဖွယ် ဝတ္ထုသည် လှူဒါန်းပူဇော်သူ၏ အာရုံပင်တည်း၊ ဤပူဇော်ဖွယ်ဝတ္ထုစသည်၌ တည်၍ အလှူရှင်သည် အပြစ်သုံးမျိုးတို့ကို ပယ်စွန့်နိုင်၏။ (၂၁)

၅၁၃။ ထိုအလှူရှင်ဒါယကာသည် ပူဇော်ဖွယ်ဝတ္ထုတို့၌ တပ်ခြင်းကင်း၍ အလှူခံ ပုဂ္ဂိုလ်တို့အပေါ်၌ အမျက်ဒေါသကို ပယ်ဖျောက်ပြီးလျှင် အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွါးစေလျက် နေ့ညဉ့်ပတ်လုံးအမြဲမပြတ် မမေ့မလျော့ဘဲ မေတ္တာဟု ဆိုအပ်သော အပ္ပမညာကို အရပ်အားလုံးတို့သို့ ပျံ့နှံ့စေ၏။ (၂၂)

၅၁၄။ အဘယ်သူသည် စင်ကြယ်ပါသနည်း၊ အဘယ်သူသည် လွတ်မြောက်ပါ သနည်း၊ အဘယ်သူသည် ကပ်ငြိပါသနည်း၊ အဘယ်အကြောင်းကြောင့် ဗြဟ္မာ့ပြည်သို့ ကိုယ်တိုင် သွားနိုင်ပါသနည်း၊ မြတ်စွာဘုရား မေးလျှောက်အပ်သော အသျှင်ဘုရားသည် မသိသော အကျွန်ုပ်အား ဟောတော်မူပါ၊ ဗြဟ္မာဖြစ်တော်မူသော မြတ်စွာဘုရားကို ယနေ့ အကျွန်ုပ်သည် မျက်မြင်ကိုယ်တွေ့ဖြစ်ပါ၏၊ အသျှင်ဘုရားသည် အမှန်လျှင် အကျွန်ုပ်တို့၏ ဗြဟ္မာနှင့် တူသည် ဖြစ်ပါ၏၊ ပညာအရောင်ထွန်းပြောင်တော်မူသော မြတ်စွာဘုရား အဘယ်သို့ သော အကြောင်းဖြင့် ဗြဟ္မာ့ ပြည်သို့ ကပ်ရောက်နိုင်ပါသနည်း။ (၂၃)

၅၁၅။ (မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏) -

မာဃလုလင် အကြင်ပုဂ္ဂိုလ်သည် သုံးပါးအပြားရှိသော ပြည့်စုံသော အလှူဒါနကို ပေးလှူ ပူဇော်၏၊ ထိုသို့ သဘောရှိသော အလှူရှင်ပုဂ္ဂိုလ်သည် အလှူခံပုဂ္ဂိုလ်တို့ဖြင့် စင်ကြယ်စေရာ၏၊ ဤသို့ ကောင်းစွာလှူဒါန်းပူဇော်၍ တောင်းခြင်းငှါ သင့်သော အလှူရှင်သည် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်နိုင်၏။ (၂၄)

ဤသို့ ဟောတော်မူသည်ရှိသော် မာဃလုလင်သည် မြတ်စွာဘုရားကို ဤသို့ လျှောက်၏ ''အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ 'ယနေ့မှ အစပြု၍ အသက်ထက်ဆုံးကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာ'ဟုမှတ်တော်မူပါ''ဟု (လျှောက်၏)။

ငါးခုမြောက် မာဃသုတ် ပြီး၏။

------

၆-သဘိယသုတ်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့ကို အစာကျွေး၍ မွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ သဘိယပရိဗိုဇ်အား ရှေးဘဝက ဆွေမျိုးတော်စပ်ဖူးသော နတ်သည် အမေးပြဿနာတို့ကို သင်ကြားညွှန်ပြအပ်ကုန်၏ ''သဘိယ ဤအမေးပြဿနာတို့ကို သင်ကမေးအပ်သည်ဖြစ်၍ ဖြေဆိုနိုင်သော သမဏဗြာဟ္မဏတို့အထံ၌ အကျင့်မြတ်ကို ကျင့်လေလော့''ဟု သင်ကြား ညွှန်ပြအပ်ကုန်၏။

ထိုအခါ သဘိယပရိဗိုဇ်သည် ထိုနတ်၏အထံ၌ ထိုအမေးပြဿနာတို့ကို သင်ယူ၍ တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပမက္ခလိဂေါသာလ အဇိတကေသ ကမ္ဗလ ပကုဓကစ္စာန သဉ္စယဗေလဋ္ဌပုတ္တ နိဂဏ္ဌနာဋပုတ္တဟူကုန်သော သမဏဗြာဟ္မဏတို့ထံသို့ ချဉ်းကပ်၍ ထိုအမေးပြဿနာတို့ကို မေး၏။ သဘိယပရိဗိုဇ်သည်အမေးပြဿနာတို့ကို မေး အပ်ကုန်သည်ရှိသော် ထိုဆရာ ခြောက်ဦးတို့သည် မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကြကုန်၏၊ ဤမျှမက သဘိယပရိဗိုဇ်ကိုပင် တစ်ဖန်ပြန်မေးကုန်သေး၏။

ထိုအခါ သဘိယပရိဗိုဇ်အား ဤအကြံဖြစ်၏ ''တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်းပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပ။ပ။ နိဂဏ္ဌနာဋပုတ္တဟူကုန်သော သမဏဗြာဟ္မဏတို့သည် ငါမေးအပ်သော အမေးပြဿနာကို မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကုန်၏၊ ဤမျှမက ငါ့ကိုပင်လျှင် တစ်ဖန် ပြန်မေးကြကုန်သေး၏၊ ငါသည် လူထွက်၍ ကာမတို့ကို သုံးဆောင်ရမူကောင်း လေစွ''ဟု ဤအကြံဖြစ်၏။

ထို့နောက် သဘိယပရိဗိုဇ်အား ဤအကြံဖြစ်ပြန်၏ ''ရဟန်းဂေါတမသည်လည်း တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်းဖြစ်သူ ထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်၏၊ ငါသည် ရဟန်းဂေါတမထံသို့ ချဉ်းကပ်၍ ဤအမေး ပြဿနာတို့ကို မေးရမူ ကောင်းလေစွ''ဟု ဤအကြံဖြစ်၏။

ထို့နောက် သဘိယပရိဗိုဇ်အား ဤအကြံဖြစ်ပြန်၏ ''အကြင့်ကြောင့် အိုကြသူ ကြီးကြသူ ရင့်ကြသူရှေးမီကြသူ အဆုံးအရွယ်သို့ ရောက်ကြသူ မထေရ်ကြီးဖြစ်ကြသူ ရဟန်းဝါရင့်ကြသူ ရဟန်းသက်ရှည်ကြသူ ဖြစ်သည့်ပြင် တပည့်အပေါင်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းနှင့်လည်း ပြည့်စုံသူ ဂိုဏ်းဆရာလည်း ဖြစ်သူထင်ရှားသူ ကျော်စောသူ အယူဝါဒတီထွင်သူ သူတော်ကောင်းဟု လူအများက သမုတ်ထားသူ ဖြစ်ကုန်သော ပူရဏကဿပ။ပ။ နိဂဏ္ဌနာဋပုတ္တဟူကုန်သော အသျှင်သမဏဗြာဟ္မဏတို့သော်မှလည်း အမေးပြဿနာကို ငါမေးအပ်ကုန်သည်ရှိသော် မဖြေဆိုနိုင်ကုန်၊ မဖြေဆိုနိုင်ကုန်သည်ဖြစ်၍ အမျက်ကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ မနှစ်သက်သော အမူအရာကိုလည်းကောင်း ထင်စွာပြုကြကုန်၏၊ ဤ့မျှမက ငါ့ကိုပင်လျှင် ဤအမေးပြဿနာ၌ တစ်ဖန် ပြန်မေးကြကုန်ဘိသေး၏၊ ရဟန်းဂေါတမသည်ကားဤအမေးပြဿနာတို့ကို ငါမေးအပ်သော် အဘယ်မှာလျှင် ဖြေဆိုနိုင်လိမ့်မည်နည်း၊ အကြောင်းကားရဟန်းဂေါတမသည် အသက်အားဖြင့်လည်း ငယ်ရွယ်သူဖြစ်၏၊ ရဟန်းအဖြစ်အားဖြင့်လည်း သီတင်းငယ်ဖြစ်၏''ဟု အကြံဖြစ်၏။

ထို့နောက် သ)