ခုဒ္ဒကနိကာယ်

ပေတဝတ္ထုပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဥရဂဝဂ်

၁-ခေတ္တူပမပေတဝတ္ထု

လယ်မြေကောင်းနှင့် တူသော ရဟန္တာတို့၌ အလှူဒါယကာ လယ်သမားက လှူဖွယ်ဝတ္တု မျိုးစေ့ကို လှူဒါန်းပျိုးချခြင်းဖြင့် ကောင်းသော အကျိုးကို ပြိတ္တာတို့ပင် ခံစားရကြောင်း

၁။ ရဟန္တာအရှင်တို့သည် လယ်မြေကောင်းနှင့် တူကုန်၏၊ ပေးလှူတတ်သူတို့သည် လယ်လုပ်သားနှင့်တူကုန်၏၊ လှူဖွယ်ဝတ္ထုသည် မျိုးစေ့နှင့် တူ၏၊ ဤ (ပေးတတ်သူ, အလှူခံ ပုဂ္ဂိုလ်, လှူဖွယ်ဝတ္ထုကို စွန့်ကြဲပေးကမ်းခြင်း)ဟူသော အကြောင်းသုံးပါးမှ အကျိုးတရား ဖြစ်ပေါ်လာ၏။

၂။ (လှူဖွယ်ဝတ္ထုဟူသော) မျိုးစေ့၊ (စွန့်ကြဲပေးကမ်းခြင်းဟူသော) လယ်ထွန်ခြင်း၊ (ရဟန္တာအရှင်ဟူသော) လယ်မြေ၊ ဤသုံးမျိုးသည် ပြိတ္တာတို့အားလည်းကောင်း, ပေးလှူတတ်သူဒါယကာအားလည်းကောင်း (ကျေးဇူးများ၏။) ထိုဒါနအကျိုးကို ပြိတ္တာတို့ သုံးဆောင်ခံစားရကုန်၏၊ ပေးလှူတတ်သူ ဒါယကာသည် ကောင်းမှု (အကျိုး) ဖြင့် တိုးပွား၏။

၃။ ဤလူ့ပြည်၌ပင်လျှင် ကုသိုလ်ကို ပြုခြင်းကြောင့် ပြိတ္တာတို့ကိုလည်း ပူဇော်ရ၍ ကောင်း မြတ်သော (ဒါနကုသိုလ်) ကံကို ပြုခြင်းကြောင့် နတ်ပြည်လောကသို့လည်း ရောက်ရ၏ဟု (ဤ ဂါထာတို့ကို မြတ်စွာဘုရား ရွတ်ဆိုတော်မူ၏)။

ရှေးဦးစွာသော ခေတ္တူပမပေတဝတ္ထု ပြီး၏။

------

၂-သူကရမုခပေတဝတ္ထု

ကိုယ်ဖြင့် စောင့်စည်း၍ နှုတ်ဖြင့် မစောင့်စည်းခဲ့သောကြောင့် ကွယ်လွန်သောအခါရွှေအဆင်းနှင့်တူသော ကိုယ် ဝက်မျက်နှာဖြင့်တူသော မျက်နှာဖြင့် ပြိတ္တာဖြစ်ရသူူ

၄။ သင်၏ ကိုယ်သည် အလုံးစုံ ရွှေအဆင်းရှိသည်ဖြစ်၍ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပ၏၊ သင်၏ မျက်နှာသည်ကား ဝက်မျက်နှာနှင့် တူ၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ဖူးသနည်းဟု (အသျှင်နာရဒက မေး၏)။

၅။ အသျှင်နာရဒ ရှေးဘဝက အကျွန်ုပ်သည် ကိုယ်ဖြင့် စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ နှုတ်ဖြင့် မူကားမစောင့်စည်းခဲ့ပါ၊ ထို့ကြောင့် အကျွန်ုပ်၏ အဆင်းသည် အရှင်ဘုရား မြင်ရသည့် အတိုင်း ကိုယ်မှာရွှေအဆင်း မျက်နှာကား ဝက်မျက်နှာနှင့်တူသော အဆင်းသဏ္ဌာန် ရှိပါ၏။

၆။ အသျှင်နာရဒ ထို့ကြောင့် အကျွန်ုပ်သည် အရှင့်အား ပြောဆိုလိုပါ၏၊ ဤအဖြစ်သနစ်ကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ နှုတ်ဖြင့် မကောင်းမှုကို မပြုပါလင့်၊ ဝက်မျက်နှာနှင့်တူသူ မဖြစ်ပါစေလင့်ဟု (ပြိတ္တာက ဖြေဆို၏)။

နှစ်ခုမြောက်သောသူကရပေတဝတ္ထု ပြီး၏။

------

၃-ပူတိမုခပေတဝတ္ထု

အပြောအဆိုကြမ်းတမ်းလျက် နှုတ်မစောင့် ခြိုးခြံသော အကျင့်ကို ကား ကျင့်ခဲ့သောကြောင့် ပြိတ္တာဘဝ၌တင့်တယ်သော ရုပ်အဆင်းနှင့် ခံတွင်းပုတ်သိုး ပိုးလောက်ထိုးခြင်းကို ခံနေရသော ပြိတ္တာ

၇။ သင်သည် နတ်၌ဖြစ်သော တင့်တယ်သော အဆင်းကို ဆောင်လျက် ကောင်းကင်ပြင်၌ တည်ဘိ၏၊ အပုပ်နံ့လှိုင်သော သင့်ခံတွင်းကို ပိုးတို့စားကုန်၏၊ သင်သည် ရှေးဘဝက အဘယ်ကံကို ပြုခဲ့ပါသနည်းဟု (အသျှင်နာရဒက မေး၏)။

၈။ အကျွန်ုပ်သည် ရှေးအခါက ယုတ်မာ၍ အလွန်ကြမ်းတမ်းသော စကားရှိသူ ရဟန်း ဖြစ်ခဲ့ပါ၏၊ ခြိုးခြံစွာ ကျင့်သော သဘောကား ရှိခဲ့ပါ၏၊ နှုတ်ဖြင့် မစောင့်စည်းခဲ့ပါ၊ ငါသည် ကိုယ်အကျင့်ကြောင့်နတ်၌ဖြစ်သော ကောင်းမြတ်သော အဆင်းကို မူ ရခဲ့ပါ၏၊ ကုန်းတိုက်ခြင်း ကြောင့် အကျွန်ုပ် ခံတွင်းသည်ပုပ်ရပါ၏။

၉။ အသျှင်နာရဒ အကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရား စသောသူတော်ကောင်းတို့သည် ''ကုန်းတိုက်သော စကားကို မပြောဆိုလင့်၊ မမှန်စကားကို မပြောဆိုလင့်၊ (ဤသို့စောင့်စည်းသည်ရှိသော်) သင်သည် လိုလားတောင့်တအပ်သော နတ် စည်းစိမ်၌ မွေ့လျော်ရသော နတ်ဖြစ်ရလတ္တံ့''ဟူသော စကားကို ပြောဆိုကုန်၏၊ (ထိုစကား မျိုးကို သာ အကျွန်ုပ်ပြောဆိုလိုပါသည်ဟု လျှောက်၏)။

သုံးခုမြောက်သော ပူတိမုခပေတဝတ္ထု ပြီး၏။

------

၄-ပိဋ္ဌဓီတလိကပေတဝတ္ထု

သေပြီးသူူကို ဖြစ်စေ အိမ်စောင့်နတ်စသည်ကို အကြောင်းပြု၍ ဖြစ်စေ နတ်မင်းကြီး လေးပါးကို အကြောင်းပြု၍ ဖြစ်စေ လှူဒါန်းခဲ့လျှင် သေသူူကို ပူဇော်သည်မည်ကြောင်း ကောင်းကျိုးခံစားရကြောင်း

၁၀-၁။ နှမြောဝန်တိုမှု မရှိသူသည် မင်္ဂလာစသည်တို့တွင် တစ်စုံတစ်ခုကို အကြောင်းပြု၍ ဖြစ်စေ၊ သေပြီးသူတို့ကို အကြောင်းပြု၍ ဖြစ်စေ၊ ထိုမှတစ်ပါး အိမ်စောင့်နတ်စသည်တို့ကို အကြောင်းပြု၍ ဖြစ်စေကုဝေရနတ်, ဓတရဋ္ဌနတ်, ဝိရူပက္ခနတ်, ဝိရူဠှကနတ်ဟူသော လောက ကို စောင့်ရှောက်ကုန်သော များသော အခြံအရံရှိကုန်သော နတ်မင်းကြီးလေးယောက်တို့ကို အကြောင်းပြု၍ ဖြစ်စေ အလှူဒါနကို ပေးလှူရာ၏၊ ဤသို့ပေးလှူသည်ရှိသော် နတ်မင်းကြီး လေးယောက် အိမ်စောင့်နတ်စသည်နှင့်သေလွန်ပြီးသူတို့ကိုလည်း ပူဇော်အပ်သည် မည်ကုန်၏၊ ပေးလှူသူ ဒါယကာတို့သည် လည်းအကျိုးကြီးကုန်၏။

၁၂။ ငိုကြွေးခြင်းသည်လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း, ထိုမှတစ်ပါးသော အကြင် ပြောဆိုမြည်တမ်းခြင်းသည်လည်းကောင်း ပြိတ္တာတို့၏အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည် ကား ငိုကြွေးနေကြကုန်၏။

၁၃။ (တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) ပေးလှူအပ်သော အလှူသည် သံဃာ၌ကောင်းစွာ တည်သည်ဖြစ်၍ ကာလရှည်မြင့်စွာ စီးပွားချမ်းသာဖြစ်ခြင်းအကျိုးငှါ ထို ပြိတ္တာထံသို့တစ်ခဏချင်း ကပ်ရောက်၏ဟု (မြတ်စွာဘုရား ဟောတော်မူ၏)။

လေးခုမြောက်သော ပိဋ္ဌဓီတလိကပေတဝတ္ထု ပြီး၏။

------

၅-တိရောကုဋ္ဋပေတဝတ္ထု

ဤလူူ့ဘုံမှ လှူဒါန်းသော ကုသိုလ်သည် နောင်ဘဝ၌ ဖြစ်နေကြရသော ဆွေမျိုးပြိတ္တာတို့ကောင်းကျိုးဖြစ်စေနိုင်ကြောင်းကို မိုးရေပမာ ထင်ရှားစွာ ပြသောဝတ္တု

၁၄။ (ပြိတ္တာတို့သည်) မိမိအိမ်သို့ လာကြ၍ နံရံပြင်ဘက်တို့၌ လည်းကောင်း၊ လမ်းဆုံ လမ်းခွအိမ်ခြံစပ်တို့၌ လည်းကောင်း၊ တံခါးဝ တံခါးပေါင်တို့၌ လည်းကောင်း ရပ်တည်နေကြ ကုန်၏။

၁၅။ များစွာသော ထမင်း အဖျော် ခဲဖွယ်ဘောဇဉ်တို့ကို (လှူဒါန်းရန်) ပြုစီရင်သော်လည်းထို (ပြိတ္တာ) သတ္တဝါတို့၏ ကံအကြောင်းကြောင့် (ထိုပြိတ္တာသတ္တဝါတို့ကို) တစ်စုံတစ်ယောက်သောသူကမျှအမှတ်မရချေ။

၁၆-၁၇။ သနားတတ်သော အကြင်သူတို့သည် ဆွေမျိုးပြိတ္တာတို့ ကပ်ရောက်လာသောအခါ့စင်ကြယ်မွန်မြတ်၍ လျောက်ပတ်သော အဖျော်ဘောဇဉ်ကို ''ဤအလှူဝတ္ထုသည် ဆွေမျိုး ဖြစ်သော သင်ပြိတ္တာတို့အား ဖြစ်စေသတည်း၊ ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ချမ်းသာကြ စေကုန်သတည်း''ဟုဆွေမျိုးဖြစ်သော ပြိတ္တာတို့အတွက် ရည်ညွှန်း၍ ပေးလှူကုန်၏၊ ထို ဆွေမျိုးဖြစ်သော ပြိတ္တာတို့သည် ထိုအရပ်သို့ ညီညွတ်ပေါင်းဆုံ၍ လာရောက်ကြကုန်ပြီးလျှင် များစွာသော ထမင်း အဖျော်ကို (မိမိတို့အားရည်ညွှန်း၍ ပေးလှူအပ်သည်ရှိသော်) ဝမ်း မြောက်ဝမ်းသာ အနုမောဒနာ ပြုကုန်၏။

၁၈။ အကြင်ဆွေမျိုးတို့၏ (ပေးလှူ ခြင်းဟူသော) အကြောင်းကြောင့် (စည်းစိမ်ချမ်းသာကို) ငါတို့ရကြကုန်၏၊ ငါတို့၏ အကျိုးငှါလည်း ပူဇော်မှုကို ပြုကြကုန်၏၊ ပေးလှူသူ ဆွေမျိုး တို့သည် လည်းအကျိုးကြီးကုန်၏၊ ငါတို့၏ ထိုဆွေမျိုးတို့သည် အသက်ရှည်ကြပါစေကုန်သ တည်း။

၁၉။ ထိုပြိတ္တာဘုံ၌ လယ်ထွန်ခြင်းလည်း မရှိ၊ နွားကျောင်းခြင်းလည်း မရှိ၊ ထိုပြိတ္တာဘုံ၌စည်းစိမ်ဥစ္စာရကြောင်း ကုန်သွယ်မှုလည်း မရှိ၊ ရွှေငွေဖြင့် ရောင်းဝယ်မှုလည်း မရှိ၊ တမလွန် ဘဝသို့ပြောင်းသွားကုန်သော ပြိတ္တာတို့သည် ဤလူ့ဘုံမှ (ဆွေမျိုးမိတ်ဆွေတို့) ပေးကမ်း အပ်သော ကုသိုလ်အဖို့ဖြင့် ထိုပြိတ္တာဘုံ၌ မျှတကုန်၏။

၂၀။ ကုန်းမြင့်ရာအရပ်၌ ရွာသော မိုးရေသည် ချိုင့်ဝှမ်းရာ အရပ်သို့ စီးသွားသကဲ့သို့ ဤ အတူသာလျှင်ဤလူ့ဘုံမှ ပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

၂၁။ ရေပြည့်သော မြစ်တို့သည် သမုဒ္ဒရာကို ပြည့်စေကုန်သကဲ့သို့ ဤအတူသာလျှင် ဤလူ့ဘုံမှပေးဝေအပ်သော ကုသိုလ်အဖို့သည် ပြိတ္တာတို့ထံသို့ ကပ်ရောက်၏။

၂၂။ ဤသူကား ငါ့အား ဥစ္စာကို ပေးဖူးပြီ၊ ငါ၏ (ကိစ္စကို) ပြုဖူးပြီဟူ၍ လည်းကောင်း, ဤသူကား ငါ၏ဆွေမျိုးတည်း၊ ငါ၏ မိတ်ဆွေတည်း၊ ငါ၏ ခင်ပွန်းတည်းဟူ၍ လည်းကောင်း ရှည်ကြာမြင့်စွာသော ကာလပတ်လုံး ရှေးက ပြုဖူးသည်ကို အောက်မေ့သူသည် ပြိတ္တာတို့ အကျိုးငှါ မြတ်သော အလှူကို ပေးလှူရာ၏။

၂၃။ ငိုကြွေးခြင်းသည်လည်းကောင်း, စိုးရိမ်ပူဆွေးခြင်းသည်လည်းကောင်း, ထိုမှတစ်ပါးပြောဆိုမြည်တမ်းခြင်းသည်လည်းကောင်း ပြိတ္တာတို့၏အကျိုးငှါ မဟုတ်၊ (သို့သော်) ဆွေမျိုးတို့သည် ကား ငိုကြွေးနေကြကုန်၏။

၂၄။ (တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူးလျက်) သံဃာ၌ ကောင်းစွာ ပေးလှူအပ်သော ဤအလှူသည် ပြိတ္တာ၏ ရှည်ကြာမြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာဖြစ်ခြင်း အကျိုးငှါတစ်ခဏချင်း ကပ်ရောက်နိုင်၏။

၂၅။ တမလွန်ဘဝသို့ ပြောင်းသွားသူကို ရည်စူး၍ ပေးလှူ ခြင်းဟူသော ဤသဘောကို ဆွေမျိုးတို့၌ ပြုရသောဝတ္တရားဟူ၍ ညွှန်ပြအပ်၏၊ ပြိတ္တာတို့အား မြတ်သော ပူဇော်ခြင်းကို ပြုအပ်သည်လည်းမည်၏၊ ရဟန်းတို့အား ခွန်အားကို ပေးအပ်သည်လည်း မည်၏၊ သင် တို့သည် ကြီးကျယ်သော ကုသိုလ်ကို ပွားများဆည်းပူးအပ်သည်လည်း မည်၏ဟု ဟောတော် မူ၏)။

ငါးခုမြောက်သော တိရောကုဋ္ဋပေတဝတ္ထု ပြီး၏။

------

၆-ပဉ္စပုတ္တခါဒပေတိဝတ္ထု

လင်တူူမိန်းမက မယားကြီးကိုယ်ဝန်ရှိခိုက် ကိုယ်ဝန်ကို ချခဲ့ရာဟုတ်မှန်ပါလျက် ''သား၏ အသားကို စားရစေသား''ဟု လိမ်လည်ကျိန်ဆိုခဲ့သော ကြောင့် သေသောအခါ နံနက်သားငါးယောက် ညနေချမ်းသားငါးယောက်တို့ကို စားသောက်ကာ အစဉ်ဆာလောင် နေသော ပြိတ္တာဖြစ်ရသူူ

၂၆။ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လှိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ဝိုင်းအုံလျက် ဤ အရပ်၌ ရပ်တည်နေသော သင်သည် အဘယ်သူနည်းဟု (သံဃာ့မဟာထေရ်က မေး၏)။

၂၇။ အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤ လူ့လောကမှပြိတ္တာလောကသို့ လားရောက်ရပါ၏။

၂၈။ အကျွန်ုပ်သည် နံနက်ကာလ၌ သားငါးယောက်တို့ကိုလည်းကောင်း, တစ်ဖန် ညနေ ချမ်းအခါ၌အခြားသားငါးယောက်တို့ကိုလည်းကောင်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစား ရပါ၏၊ ထိုသားဆယ်ယောက်တို့ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မှုကို ပယ် ဖျောက်ရန်) မစွမ်းနိုင်ပါ။

၂၉။ အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်လှပါ၏၊ အခိုးတထောင်း ထောင်းထသကဲ့သို့ ဖြစ်ပါ၏၊ ရေကို မျိုသောက်ရန် မရပါ၊ ဆင်းရဲပျက်စီးခြင်းသို့ ရောက်နေ ရသော အကျွန်ုပ်ကို ကြည့်ရှုတော်မူပါလော့ဟု (လျှောက်၏)။

၃၀။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် (မွေးဖွားသော) သားတို့၏အသားတို့ကို စားရဘိသနည်းဟု (မေး၏)။

၃၁။ (အရှင်ဘုရား) အကျွန်ုပ်၏ လင်တူမိန်းမသည် ကိုယ်ဝန် ရှိခဲ့ပါ၏၊ ထိုလင်တူမိန်းမ၏ အပေါ်၌ယုတ်မာသော အမှုကို အားထုတ်ခဲ့ပါ၏၊ ထိုအကျွန်ုပ်သည် ပြစ်မှားလိုသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။

၃၂။ ထိုလင်တူမိန်းမ၏ နှစ်လရှိသော ကိုယ်ဝန်သည် သွေးဖြစ်ပြီးလျှင် ယိုစီးကျပါ၏၊ ထိုအခါဝယ်ထိုလင်တူမိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်သည်ဖြစ်၍ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်အား ကျိန်စာဆိုခြင်းကိုလည်း ပြုစေပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်း ကြောက်မက်ဖွယ်ရာကျိန်ဆိုစေပါ၏။

၃၃။ ထိုအကျွန်ုပ်သည် ''အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါ ပြုမိသည် ဖြစ်ပါမူ ငါ့သား၏ အသားတို့ကို ခဲစားရပါစေသား''ဟု ကြမ်းတမ်းသော ကျိန်စာကိုလည်းကောင်း, မုသား စကားကိုလည်းကောင်းပြောဆိုခဲ့ပါ၏။

၃၄။ ထို (ကိုယ်ဝန်ချသော ပါဏာတိပါတ) ကံ၏လည်းကောင်း, မုသားစကား ပြောဆိုခြင်း၏လည်းကောင်းနှစ်ပါးစုံသော ကံအကျိုးကြောင့် ပြည် သွေးတို့ဖြင့် လိမ်းကျံသော (မွေးဖွားသော) သား၏အသားတို့ကို ခဲစားရပါ၏ဟု (ဖြေကြား လျှောက်ထား၏)။

ခြောက်ခုမြောက်သော ပဉ္စပုတ္တခါဒပေတိဝတ္ထု ပြီး၏။

------

၇-သတ္တပုတ္တခါဒပေတိဝတ္ထု

လင်တူူမိန်းမက မယားငယ်ကိုယ်ဝန်ရှိခိုက်ကိုယ်ဝန်ကို ချခဲ့ရာ သွေးပြည်ဖြစ်၍ ကျခဲ့၏။ အမှုပေါ်သောအခါ''သား၏ အသားကို စားရစေသား''ဟု ကျိန်ဆိုခဲ့သော မုသားကြောင့် သေသောအခါနံနက်သားခုနှစ်ယောက် ညနေချမ်းသားခုနှစ်ယောက်တို့ကို စားသောက်ကာ အစဉ်ဆာလောင်နေသော ပြိတ္တာဖြစ်ရသူူ

၃၅။ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ မကောင်းသော အနံ့ရှိသည်ဖြစ်၍ အပုပ်နံ့လှိုင်ဘိ၏၊ ယင်ကောင်တို့ဖြင့် ဝိုင်းအုံလျက် ဤအရပ် ၌ ရပ်သော သင်သည်အဘယ်သူပါနည်းဟု (သံဃာ့မဟာထေရ်က မေး၏)။

၃၆။ အရှင်ဘုရားတို့ အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျွမ်းဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုမိခဲ့ခြင်းကြောင့် ဤ လူ့လောကမှပြိတ္တာလောကသို့ ရောက်ရပါ၏။

၃၇။ အကျွန်ုပ်သည် နံနက်ကာလ၌ သားခုနစ်ယောက်ကိုလည်းကောင်း, ညနေချမ်းအခါ၌အခြားသားခုနစ်ယောက်တို့ကိုလည်းကောင်း ဖွားမြင်ပြီးလျှင် (ထိုသားတို့ကို) ခဲစားရပါ၏၊ ထိုသားတစ်ဆယ့်လေးယောက်တို့ပင်သော်လည်း အကျွန်ုပ်အား (ဆာလောင်မွတ်သိပ်မှုကို ပယ်ဖျောက်ရန်) မစွမ်းနိုင်ပါ။

၃၈။ အကျွန်ုပ်၏ နှလုံးသားသည် ဆာလောင်ခြင်းဖြင့် ပူလောင်ပါ၏၊ အခိုးတထောင်း ထောင်းထသကဲ့သို့ ဖြစ်ပါ၏၊ နေပူ၍ မီးလောင်သကဲ့သို့ ငြိမ်းအေးခြင်းကို မရခဲ့ပါဟု (လျှောက်၏)။

၃၉။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မွေးဖွားသော သားတို့၏အသားတို့ကို စားရဘိသနည်းဟု (မေး၏)။

၄၀။ အရှင်ဘုရား အကျွန်ုပ်အား သားနှစ်ယောက် ရှိပါ၏၊ သားနှစ်ယောက်တို့သည် အရွယ်သို့ရောက်ပါကုန်၏၊ ထိုတပည့်တော်မသည် သားတည်းဟူသော အားနှင့် ပြည့်စုံ၍ လင်ကို မထီမဲ့မြင်ပြုခဲ့ပါ၏။

၄၁။ ထို့ကြောင့် အကျွန်ုပ်၏ လင်သည် စိတ်ဆိုး၍ မယားအငယ်ကို ဆောင်ယူခဲ့ပါ၏၊ ထိုလင်တူမိန်းမမယားငယ်သည်လည်း ကိုယ်ဝန်ကို ရခဲ့ပါ၏၊ ထိုလင်တူမိန်းမ၏ မယားငယ် အပေါ်၌ ယုတ်မာသော အမှုကို အားထုတ်ခဲ့ပါ၏။

၄၂။ ထိုအကျွန်ုပ်သည် ပြစ်မှားသော စိတ်ဖြင့် ကိုယ်ဝန်ချခြင်းကို ပြုခဲ့ပါ၏။ ထိုလင်တူ မိန်းမမယားငယ်၏ သုံးလရှိသော ကိုယ်ဝန်သည် သွေးပြည်ဖြစ်၍ ကျ၏။

၄၃။ ထိုအခါဝယ် ထိုလင်တူမိန်းမ၏ အမိသည် အကျွန်ုပ်အား အမျက်ထွက်၍ အကျွန်ုပ်၏ ဆွေမျိုးတို့ကို စုဝေးစေပါ၏၊ အကျွန်ုပ်၏ ကျိန်စာဆိုခြင်းကိုလည်း ပြုစေခဲ့ပါ၏၊ အကျွန်ုပ်ကို ဘေးဖြင့်လည်းကြောက်မက်ဖွယ်ရာ ကျိန်ဆိုစေပါ၏။

၄၄။ ထိုအကျွန်ုပ်သည် ''အကယ်၍ ထိုကိုယ်ဝန်ချခြင်းကို ငါ ပြုမိသည် ဖြစ်ပါမူ ငါ့သား၏ အသားတို့ကို ခဲစားရပါစေသား''ဟု ကြမ်းတမ်းသော ကျိန်စာကိုလည်းကောင်း, မုသားစကား ကိုလည်းကောင်းဆိုခဲ့ပါ၏။

၄၅။ ထို (ကိုယ်ဝန်ချသော ပါဏာတိပါတ) ကံ၏လည်းကောင်း, မုသားစကား ပြောဆိုခြင်း၏လည်းကောင်း နှစ်ပါးစုံသော ကံအကျိုးကြောင့် သွေးပြည်တို့ဖြင့် လိမ်းကျံသော မွေးဖွားသော သား၏အသားတို့ကို ခဲစားရပါ၏ (ဟု ဖြေကြားလျှောက်ထား၏)။

ခုနစ်ခုမြောက်သော သတ္တပုတ္တခါဒပေတိဝတ္ထု ပြီး၏။

------

၈-ဂေါဏပေတဝတ္ထု

အဘိုးသေ၍ အဖငိုကြွေးနေသည်ကို သားဖြစ်သူူက နွားသေကို ကြည့်ကာ ငိုကြွေး ခြင်းဖြင့်သက်သေပြကာသော ကငြိမ်းကြောင်း နည်းလမ်းကောင်းပြသောဝတ္တု

၄၆။ ''ချစ်သား သင်သည် သူရူးကဲ့သို့ စိမ်းစိုသော မြက်ကို ရိတ်၍ အသက်ကင်းသော နွားအိုကြီးကို စားလော့, စားလော့''ဟု အဘယ့်ကြောင့် ပြောဆိုမြည်တမ်း နေဘိသနည်း။

၄၇။ သင်ပေးသော စိမ်းစိုသော မြက်ကြောင့်သော်လည်းကောင်း, ရေကြောင့်သော်လည်း ကောင်းသေသော နွားသည် (အသက်ရှင်၍) ထမလာနိုင်သည်သာတည်း၊ သင်သည် အခြား ပညာမဲ့သူကဲ့သို့ပညာမဲ့၍ မိုက်သူသာ ဖြစ်၏ဟု (ဖခင်သူကြွယ်က မေး၏)။

၄၈။ (ဖခင်) ဤနွား၏ ဤခြေတို့သည်လည်းကောင်း, ဤဦးခေါင်းသည်လည်းကောင်း, အမြီးနှင့်တကွသော ဤကိုယ်သည်လည်းကောင်း, မျက်စိတို့သည်လည်းကောင်း ရှေးအတိုင်း တည်နေပါကုန်၏၊ ထို့ကြောင့် ဤနွားသည် (အသက်ရှင်၍) ထရာပါသေး၏။

၄၉။ (ဖခင်) အဘိုး၏ လက်ခြေတို့ကိုလည်းကောင်း, ကိုယ်ကိုလည်းကောင်း, ဦးခေါင်းကိုလည်းကောင်း မတွေ့မြင်ရတော့ပါ၊ မြေပုံစု၌ ငိုနေသော သင် (ဖခင်) သည်သာလျှင် ပညာမဲ့ သည်မဟုတ်ပါလောဟု (သားက ပြန်၍ ဆို၏)။

၅၀။ ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ ငါ၏ သားသည်သော ကမီးတောက်လောင်နေသော ငါ၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေပြီတကား။

၅၁။ သင်သည် ပူဆွေးမှုသော က နှိပ်စက်နေသော ငါ့အား အဖကြောင့်ဖြစ်သော ပူဆွေးမှုသော ကကို ပယ်ဖျောက်ပါပေ၏၊ သင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှုသော က တည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

၅၂။ ငါသည် ပူဆွေးမှုသော ကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ ငြိမ်းချမ်းပြီးသူ ငြိမ်းအေး ပြီးသူဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဆို၏)။

၅၃။ သုဇာတသည် ဖခင်ကို ပူဆွေးခြင်းမှ ဆုတ်နစ်စေသကဲ့သို့ ဤအတူ သနား စောင့်ရှောက်တတ်သော ပညာရှိတို့သည် (အဖ၏လည်းကောင်း, တစ်ပါးသောသူတို့၏လည်း ကောင်း ပူဆွေးမှုသော ကမှဆုတ်နစ်စေခြင်းကို) ပြုလုပ်ကြကုန်၏ဟု (မြတ်စွာဘုရား ဟော တော်မူ၏)။

ရှစ်ခုမြောက်သော ဂေါဏပေတဝတ္ထု ပြီး၏။

------

၉-မဟာပေသကာရပေတိဝတ္ထု

လင်အလှူပေးသည်ကို မယားဖြစ်သူူက အမျိုးမျိုးကျိန်ဆဲရာတွင် ''သင်၏ အဝတ် တို့သည် သံပြားနှင့်အတူူဖြစ်ပါစေ''ဟု ဆဲရေးခဲ့သောကြောင့် သေသောအခါ သွေးပြည် အညစ်အကြေးကို စားသံပြားအဝတ်ကို ဝတ်နေရသူူ ပြိတ္တာမ

၅၄။ ဤမိန်းမသည် ကျင်ကြီးကိုလည်းကောင်း, ကျင်ငယ်ကိုလည်းကောင်း, သွေးကိုလည်း ကောင်း,ပြည်ကိုလည်းကောင်း စားနေရ၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်း၊ အခါခပ်သိမ်းသွေးပြည်ကို စားနေသော ဤမိန်းမသည် ရှေးဘဝက အဘယ်အမှုကို ပြုခဲ့ဖူးသနည်း။

၅၅။ အသစ်ဖြစ်၍ ကောင်းကုန် နူးညံ့ကုန် စင်ကြယ်သော အဆင်း နူးညံ့သည့်အမွေးရှိ ကုန်သော အဝတ်တို့ကို ဤမိန်းမအား ပေးလိုက်ကုန်သည်ရှိသော် ယင်းအဝတ်တို့သည် သံပြားကဲ့သို့ ဖြစ်ကုန်၏၊ ဤမိန်းမသည် အဘယ်အမှုကို ပြုခဲ့သနည်းဟု (ရဟန်းက မေး၏)။

၅၆-၇။ အရှင်ဘုရား ဤမိန်းမသည် အကျွန်ုပ်၏မယား ဖြစ်ခဲ့ဖူးပါ၏၊ ပေးလှူလေ့ မရှိပါ၊ ဝန်တိုလေ့ရှိပါ၏၊ စဉ်းလဲကောက်ကျစ်တတ်ပါ၏၊ ထိုမိန်းမသည် သမဏဗြာဟ္မဏတို့အား ပေးလှူသော အကျွန်ုပ်ကို ''သင်သည် အခါခပ်သိမ်း မစင်ကြယ်သော ကျင်ကြီးကိုလည်း ကောင်း, ကျင်ငယ်ကိုလည်းကောင်း,သွေးကိုလည်းကောင်း, ပြည်ကိုလည်းကောင်း စားလော့၊ ဤကျင်ကြီး, ကျင်ငယ်, သွေးပြည်သည်သင့်အား တမလွန်ဘဝ၌ ဖြစ်စေသတည်း၊ သင်၏ အဝတ်တို့သည် လည်း သံပြားနှင့်အတူဖြစ်စေကုန်သတည်း''ဟု ဆဲရေးလည်း ဆဲရေးပါ၏၊ ခြိမ်းခြောက်လည်း ခြိမ်းခြောက်ပါ၏၊ ထိုမိန်းမသည်ဤသို့သဘောရှိသော မကောင်းမှု (ဒုစရိုက်) ကို ပြုကျင့်ခဲ့သောကြောင့် ဤပြိတ္တာဘုံသို့ ရောက်လာ၍ ကြာမြင့်စွာ (ဤကျင်ကြီး စသည်ကို) စားရ၏ဟု (လျှောက်၏)။

ကိုးခုမြောက်သော မဟာပေသကာရပေတိဝတ္တု ပြီး၏။

------

၁၀-ခလ္လာဋိယပေတိဝတ္ထု

ဗိမ္မာန်တွင်း၌ အဝတ်မရှိ၊ အပြင်သို့ မထွက်ဝံ့သည်ကို သနားသဖြင့် ကုန်သည်များက အလှူပေး အမျှဝေသာဓုခေါ်သဖြင့် ချက်ခြင်း ကောင်းကျိုးချမ်းသာ အစုံအလင်ကို ရရှိသော ပြိတ္တာမ

၅၈။ အပြင်သို့ မထွက်မူ၍ ဗိမာန်အတွင်း၌ တည်နေသူကား အဘယ်သူနည်း၊ အရှင်မ အပြင်သို့ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုပါကုန်၏ဟု (ကုန်သည် ကြီးက ပြောဆို၏)။

၅၉။ အဝတ်မပါ ကိုယ်ချည်းသာဖြစ်၍ အပြင်သို့ ထွက်ရန် မရဲဝံ့ပါ၊ ရှက်လှပါ၏၊ ဆံတို့ဖြင့်ဖုံးလွှမ်းနေရသူ ဖြစ်ပါ၏၊ အကျွန်ုပ်သည် ကုသိုလ်ကောင်းမှုကို အနည်းငယ်မျှသာ ပြုခဲ့ရပါ၏ဟု (ပြိတ္တာမက ပြော၏)။

၆၀။ တင့်တယ်သော အဆင်းရှိသော နှမ အပေါ်ရုံပုဆိုးကို သင့်အား ပေးပါ၏၊ ယူပါလော့၊ ဤပုဆိုးကို ဝတ်ပါလော့၊ ဤပုဆိုးကို ဝတ်၍ လာပါလော့၊ ထွက်ခဲ့ပါလော့၊ နှမ အပြင်သို့ ထွက်ပါလော့၊ သင့်ကို အပြင်၌ ရပ်တည်နေသည်ကို မြင်လိုကြပါကုန်၏။

၆၁။ သင်၏လက်ဖြင့် အကျွန်ုပ်လက်သို့ သင်ပေးအပ်သော ပစ္စည်းသည် အကျွန်ုပ်အား မရ၊ မရောက်နိုင်ပါ၊ ယုံကြည်မှု 'သဒ္ဓါ' ရှိ၍ မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ထို ဥပါသကာသည်ဤလူအပေါင်း၌ ရှိပါ၏။

၆၂။ ထိုဥပါသကာကို အကျွန်ုပ်အား ပေးအပ်သော အဝတ်ကို ဝတ်ရုံစေလျက် ထိုအလှူကို အကျွန်ုပ်အားရည်ညွှန်း၍ ထိုအလှူ၏ အဖို့ကို ပေးဝေပါလော့၊ ထိုသို့လှူသည်ရှိသော် အကျွန်ုပ်သည် အလုံးစုံသော ကာမဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ ချမ်းသာသူ ဖြစ်ရပါလိမ့်မည်ဟု (ဆို၏)။

၆၃။ ထိုကုန်သည်တို့သည် ထိုဥပါသကာကိုလည်း ရေချိုးစေ၍ (မြတ်သော နံ့သာတို့ဖြင့်) လိမ်းကျံစေလျက် အဝတ်တို့ကို ဝတ်ရုံစေပြီးလျှင် ထိုပြိတ္တာမအား အလှူ၏ အဖို့ဘာဂကို ရည်ညွှန်း၍ (အမျှဝေစေကုန်၏)။

၆၄။ (ထိုအလှူ၏ အဖို့ဘာဂကို) ရည်ညွှန်း ပေးဝေပြီးသည့် အခြားမဲ့၌ပင် (အလှူ၏) အကျိုးသည်ဖြစ်၏၊ စားဖွယ် အဝတ် အဖျော်ဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပေ တည်း။

၆၅။ ထိုစားဖွယ် စသည်ကို ရသည်မှ နောက်၌ ထိုမိန်းမသည် ဤအကျိုးကား အလှူ၏ အကျိုးတည်းဟုပြောသကဲ့သို့ စင်ကြယ်သော အဝတ်ကို ဝတ်လျက် ကာသိတိုင်းဖြစ် အဝတ် ထက် မြတ်သော အဝတ်ကို ဝတ်ပြီးလျှင် ပြုံးရွှင်ကာ ဗိမာန်မှ ထွက်လာ၏။

၆၆။ အလွန်ဆန်းကြယ်သော အဆင်းသဏ္ဌာန်ရှိ၍ နှစ်သက်ဖွယ်ရှိသော သင်၏ ဗိမာန် သည်ထွန်းလင်းတောက်ပ၏၊ နတ်သမီး သင့်ကို မေးပါ၏၊ သင် ဖြေကြားပါလော့၊ ဤ အကျိုးသည်အဘယ်ကံ၏ အကျိုးပါနည်း။

၆၇။ အကျွန်ုပ်သည် ဖြောင့်မတ်သော အကျင့်ရှိသော ဆွမ်းခံကြွလာသော ရဟန်းအားအထူးကြည်လင်သော စိတ်ဖြင့် နှမ်းဆီထွေးကို ပေးလှူခဲ့၏။

၆၈။ ထိုကုသိုလ်ကံ၏ အကျိုးကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ဗိမာန်၌ ခံစားရ၏၊ ထိုကုသိုလ်၏အကျိုးသည်လည်း ယခုအခါ၌ ကုန်ခန်းခဲ့ပါ၏။

၆၉-၇၀။ လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံ တူဖြစ်သော သံတံတိုင်းကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့် မည်။

၇၁။ ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံရှိ၏၊ ထက်ဝန်းကျင့်ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပျံ့နှံ့၍ တည်၏။

၇၂။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာ ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုးဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရပါအံ့၊ ပြင်းစွာ စိုးရိမ်မိ၏ဟု (ပြောဆို၏)။

ဆယ်ခုမြောက်သော ခလ္လာဋိယပေတိဝတ္ထု ပြီး၏။

------

၁၁-နာဂပေတဝတ္ထု

သားသမီးသုံးယောက်တို့ အလှူပေးသည်ကို ဝန်တိုစိတ်ဖြင့် ပိတ်ပင် ဆဲရေးမိကြသောကြောင့် သေလွန်သောအခါ သားသမီးများမှာ ချမ်းသာ၍ မိဖတို့မှာ တင်းပုတ်ဖြင့် ရိုက်နှက်ခြင်းကို ခံကာသွေးပြည်ကို စားသောက်နေရသူူ ပြိတ္တာများ

၇၃။ တစ်ယောက်သည် ဆင်ဖြူဖြင့် ရှေ့က သွား၏၊ တစ်ယောက်ကား အဿထိုရ်မြင်း ကသော ရထားဖြင့် အလယ်က သွား၏၊ နောက်၌ အရပ်ဆယ်မျက်နှာလုံးကို ထွန်းလင်း တောက်ပစေသော သတို့သမီးကို မူကား ထမ်းစင်ဖြင့် ထမ်းဆောင်၏။

၇၄။ သင်တို့သည် ကား တင်းပုတ်လက်စွဲကြကုန်သည်ဖြစ်၍ ငိုကြွေးသော မျက်နှာရှိလျက် တင်းပုတ်ဖြင့်ရိုက်ပုတ်ခြင်းကြောင့် ကွဲပြတ်ပျက်စီးသော ကိုယ် ရှိကြကုန်၏၊ လူဖြစ်ကြစဉ်က အဘယ်မကောင်းမှုကို ပြုခဲ့ကြသနည်း၊ အဘယ့်ကြောင့် အချင်းချင်း တစ်ယောက်သည် တစ်ယောက်၏ သွေးကိုသောက်ကြရကုန်ဘိသနည်းဟု (သာမဏေက မေး၏)။

၇၅။ အခြေလေးချောင်းရှိသော ကုဉ္ဇရအမည်ရသော ဆင်ဖြူဖြင့် ရှေ့က သွားသောသူသည် အကျွန်ုပ်၏သားကြီးပင်တည်း၊ ထိုသားကြီးသည် အလှူဒါနတို့ကို ပေးလှူ၍ ချမ်းသာခြင်း ရှိလျက် ဝမ်းမြောက်ရ၏။

၇၆။ ကောင်းသော သွားခြင်းရှိသော အဿထိုရ်မြင်းလေးကောင်ကသော ရထားဖြင့် အလယ်ကသွားသောသူသည် အကျွန်ုပ်၏ သားလတ်ပင်တည်း၊ ထိုသားလတ်သည် ဝန်မတို မူ၍ ပေးလှူလေ့ရှိသောကြောင့် တင့်တယ်၏။

၇၇။ သမင်မငယ်မျက်စိကဲ့သို့ နူးညံ့သော မျက်စိရှိသော နောက်ဆုံးက ထမ်းစင်ဖြင့် ထမ်းဆောင်အပ်သော ပညာရှိသော မိန်းမပျိုသည်ကား အကျွန်ုပ်တို့၏ အငယ်ဆုံး သမီးတည်း၊ (ထိုသမီးငယ်သည်) မိမိရရှိသော အဖို့မှ ထက်ဝက်အဖို့ကို လှူခြင်းကြောင့် ချမ်းသာလျက် ဝမ်းမြောက်ရ၏။

၇၈။ ထိုသားသမီးသုံးယောက်တို့သည် ရှေးဘဝက သမဏဗြာဟ္မဏတို့အား ကြည်လင်သော စိတ်ရှိကုန်၍ အလှူတို့ကို ပေးလှူကုန်၏၊ အကျွန်ုပ်တို့သည် မူကား ဝန်တိုမှု မစ္ဆရိယ ရှိသူများဖြစ်ကြပါကုန်၏၊ သမဏဗြာဟ္မဏတို့ကို ဆဲရေးတတ်ကုန်၏၊ ဤသားသမီး သုံးယောက်တို့သည် ကားပေးလှူကြကုန်၍ စံပယ်ပျော်ပါးကြရကုန်၏၊ အကျွန်ုပ်တို့သည် ကား ပြတ်သော ကျူပင်ကဲ့သို့ခြောက်သွေ့ကြကုန်၏ဟု (ပြိတ္တာလင်မယားက ဖြေ၏)။

၇၉။ သင်တို့၏ စားဖွယ်ကား အဘယ်သဘော ရှိသနည်း၊ အိပ်ရာနေရာကား အဘယ်သဘောရှိပါသနည်း၊ သင်တို့သည် အဘယ်သို့လျှင် မျှတကြကုန်သနည်း၊ အလွန်ယုတ်မာသော သဘောရှိကုန်သော သင်တို့သည် အပိုင်းအခြားမရှိ များမြတ်သော စည်းစိမ်ရှိသူတို့ ဖြစ်ကြပါ ကုန်လျက် ချမ်းသာကြောင်းဖြစ်သော ကုသိုလ်ကို မပြုခြင်းဖြင့် ချမ်းသာကို ချွတ်ယွင်းစေကုန် သောကြောင့် ယခုဆင်းရဲသို့ ရောက်ကြရကုန်၏ဟု (သာမဏေက မေး၏)။

၈၀။ အကျွန်ုပ်တို့သည် အချင်းချင်း သတ်ပုတ်၍ ပြည်သွေးကိုသောက်ရပါကုန်၏၊ များစွာသောက်၍ လည်း တင်းတိမ်ရောင့်ရဲမှု မရှိကြပါကုန်၊ မနှစ်သက် မလိုလားကြပါကုန်။

၈၁။ အကြင်သူတို့သည် ပစ္စုပ္ပန်, တမလွန်ဝယ် ချမ်းသာထူးကို ပြုလုပ်စီရင်တတ် ကုန်သော စည်းစိမ်ဥစ္စာတို့ကို ရကြကုန်၍ မိမိတို့လည်း မသုံးဆောင်ကြကုန်၊ ကုသိုလ် ကောင်းမှုကိုလည်း မပြုကြကုန်၊ မပေးလှူတတ်ကုန်သော ထိုသူတို့သည် တမလွန်ဘဝ၌ ယမမင်း၏ ပြိတ္တာဘုံ၌တည်နေရကုန်သည်ဖြစ်၍ အကျွန်ုပ်တို့ကဲ့သို့ပင် ငိုကြွေးကြရကုန်၏။

၈၂။ ထိုသူတို့သည် တမလွန်ဘဝ၌ ဆာလောင်မွတ်သိပ်သော 'ခုပ္ပိပါသ'ပြိတ္တာဘုံသို့ ကပ် ရောက်ကုန်၏၊ နောက်အခါ၌ ကြာမြင့်စွာ (နှလုံးမသာယာခြင်းဖြင့်) ပူဆွေးကုန်လျက် (ဒုက္ခမီး ဖြင့်) လောင်ကျွမ်းကြရကုန်၏၊ ဆင်းရဲပွါးကြောင်းဖြစ်ကုန်သော စပ်ရှားခံခက်သော အကျိုးရှိသော ကံတို့ကို ပြုသောကြောင့် အပါယ်ဆင်းရဲကို ခံစားကြရကုန်၏။

၈၃။ ဤလောက၌ ဥစ္စာစပါးသည် ခဏတာမျှ ဖြစ်၏၊ အသက်သည် ခဏတာမျှ ဖြစ်၏၊ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကို ခဏတာမျှ ဖြစ်၏ဟု သိ၍ ပညာရှိသည် မိမိမှီရာကုသိုလ်တည်းဟူသော ကျွန်းကို ပြုရာ၏။

၈၄။ တရား၌ လိမ္မာကုန်သော အကြင်သူတို့သည် ဤသို့ ဥစ္စာစသည်တို့၏ ခဏတာမျှ ဖြစ်သည်ကိုဟုတ်မှန်တိုင်း သိရှိကုန်၏၊ ထိုသူတို့သည် ပူဇော်ခံထိုက်သူ ဘုရားစသော အရိယာတို့၏ စကားကို ကြားနာရ၍ အလှူဒါန၌ မမေ့မလျော့ကြကုန်ဟု (လျှောက်၏)။

တစ်ဆယ့်တစ်ခုမြောက် နာဂပေတဝတ္ထု ပြီး၏။

------

၁၂-ဥရဂပေတဝတ္ထု

သားသေဆုံးလျက် မငိုကြွေးသော အဖ အမိ နှစ်မ မယားလေးဦးတို့ ပြောပုံနှင့် သေသူူကို လွမ်းဆွတ်ငိုကြွေးခြင်း၏ အကျိုးမရှိပုံ ဥပမာအစုံအလင်ပါသောဝတ္တု

၈၅။ မြွေသည် အရေဟောင်းကို စွန့်၍ သွားသကဲ့သို့ ဤအတူ သံသရာ၌ ကျင်လည်ရသော သတ္တဝါသည် ခန္ဓာကိုယ်ကို အသုံးမပြုနိုင်ဘဲ အသက်ကင်း၍ သေသည်ရှိသော် မိမိ၏ ဆွေးမြေ ့သော ကိုယ်ကို စွန့်၍ သွားရ၏။

၈၆။ ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည်ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို (အကြောင်း ပြု၍) မငိုဟု (သေသူ၏အဖဖြစ်သော ပုဏ္ဏားက ဆို၏)။

၈၇။ ငါ့သား လာလှည့်ဟု မခေါ်ဘဲ ထိုတမလွန်လောကမှ လာ၏၊ ငါ့သား သွားတော့ဟု ခွင့်မပြုဘဲဤပစ္စုပ္ပန်လောကမှ သွား၏၊ အကြင်သို့သော အခြင်းအရာအားဖြင့် (မခေါ်ဘဲ) လာ၍ ထိုသို့သော အခြင်းအရာအားဖြင့် (ခွင့်မပြုဘဲ) သွား၏၊ ထိုအလိုသို့ မလိုက်ဘဲ ကျင် လည်၍ ဖြစ်ရာ၌ငိုကြွေးမြည်တမ်းခြင်းသည် အဘယ်အကျိုး ရှိအံ့နည်း။

၈၈။ ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည်ဆွေမျိုးတို့၏ ငိုကြွေးခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့သားကို အကြောင်း ပြု၍ မငိုဟု (အမိပုဏ္ဏားမကဆို၏)။

၈၉။ အကယ်၍ ငိုကြွေးခဲ့ပါမူ ပိန်ချုံးရုံမျှသာ ဖြစ်ရာ၏၊ ထိုငိုကြွေးရာ၌ ငါ့အား အဘယ်အကျိုးရှိရာအံ့နည်း၊ ငါတို့၏ ဆွေမျိုး မိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့အား လွန်စွာ စိတ်မ ချမ်းသာမှုမျှသာဖြစ်ရာ၏။

၉၀။ ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားသည်ဖြစ်၍ မီးလောင်ကျွမ်းနေသော ကိုယ်သည်ဆွေမျိုးတို့၏ ငိုကြွေခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့မောင်ကို အကြောင်း ပြု၍ မငိုဟု (နှမငယ်ကဆို၏)။

၉၁။ သူငယ်သည် ကောင်းကင်၌ သွားသော လကို ငါ၏ ရထားဘီးကို ပေးဟု ဆို၍ ငိုသကဲ့သို့ဤအတူ အကြင်သူသည် သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ဤ သူငယ်၏အဖြစ်နှင့်တူသည်သာတည်း။

၉၂။ ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားရောက်သည်ဖြစ်၍ မီးလောင် ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေခြင်းကို မသိ၊ ထို့ကြောင့် ဤငါ့လင်ကို အကြောင်းပြု၍ မငိုဟု (မယားက ဆို၏)။

၉၃။ ပုဏ္ဏား ကွဲလေပြီးသော ရေအိုးသည် တစ်ဖန်စပ်၍ မရသကဲ့သို့ ဤအတူ အကြင် သူသည်သေသူကို စိုးရိမ်၏၊ (ထိုသူ၏) ဤစိုးရိမ်ခြင်းသည် ကွဲလေပြီးသော အိုးကို စပ်၍ မရသည်နှင့်တူသည်သာတည်း၏။

၉၄။ ထိုသေသူသည် မိမိလားရောက်ရာ 'ဂတိ'သို့ သွားရောက်သည်ဖြစ်၍ မီးလောင် ကျွမ်းနေသော ကိုယ်ခန္ဓာသည် ဆွေမျိုးတို့၏ ငိုကြွေခြင်းကို မသိ၊ ထို့ကြောင့် ဤအရှင့်သား ကို အကြောင်းပြု၍ မငိုဟု (ကျွန်မက ဆို၏)။

တစ်ဆယ့်နှစ်ခုမြောက်သော ဥရဂပေတဝတ္ထု ပြီး၏။

ရှေးဦးစွာသော ဥရဂဝဂ် ပြီး၏။

------

၂-ဥဗ္ဗရိဝဂ်

၁-သံသာရမောစကပေတိဝတ္ထု

ရှေးဘဝ၌ အလှူဒါနပြုရန် တိုက်တွန်းမည့်သူူမရှိ၍ ဒါနမပြုခဲ့ရ သေလွန်သောအခါ၊ ကံလှီငတ်မွတ်အဝတ်မပါသော ပြိတ္တာမအား အသျှင်သာရိပုတြာက သနားလှသဖြင့် ဆွမ်း တလုတ်စာလက်တဝါးမျှရေသော အဝတ်သောက်ရေကို လှူကာ အမျှဝေတော်မူူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ

၉၅။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ ရပ်တည်သော သင်ကား အဘယ်သူနည်းဟု (အသျှင်သာရိပုတြာက မေး၏)။

၉၆။ အရှင်ဘုရား အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤ လူ့ဘုံမှပြိတ္တာဘုံသို့ လားရောက်ရပါ၏ဟု (ပြိတ္တာမက လျှောက်၏)။

၉၇။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (အသျှင်သာရိပုတြာက မေးပြန်၏)။

၉၈။ အရှင်ဘုရား အမိကသော်လည်းကောင်း, အဖကသော်လည်းကောင်း, ထို့ပြင်ဆွေမျိုးတို့ကသော်လည်းကောင်း အကျွန်ုပ်ကို သမဏဗြာဟ္မဏတို့အား ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူဒါနကို ပေးလှူလော့ဟု တိုက်တွန်းကြမည့် (ထိုသို့သဘောရှိသော) သနားစောင့်ရှောက်သူတို့သည် အကျွန်ုပ်အား မရှိပါကုန်။

၉၉။ ဤဘဝမှ ဤသုံးခုမြောက်သော ဘဝ၌ အကျွန်ုပ်သည် ဤသို့သဘောရှိသော အဝတ်မပါကိုယ်ချည်းသာလျှင် ဆာလောင်ခြင်း မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရလျက် အနှစ် ငါးရာတို့ပတ်လုံးလှည့်လည်ခဲ့ရပါ၏၊ ဤအကျိုးသည် မကောင်းမှုကံ၏ အကျိုးပါတည်း။

၁၀၀။ အရှင်ဘုရား အရှင်ဘုရားကို ကြည်လင်စိတ်ရှိသည်ဖြစ်၍ ရှိခိုးပါ၏၊ လုံ့လဝီရိယရှိ၍ အာနုဘော်ကြီးတော်မူသော အရှင်ဘုရား အကျွန်ုပ်ကို စောင့်ရှောက်တော်မူပါ၊ တစ်စုံတစ်ရာလှူဒါန်းဖွယ်ကို အကျွန်ုပ်အား ရည်ညွှန်း၍ ပေးလှူတော်မူပြီးလျှင် အကျွန်ုပ်ကို ဒုဂ္ဂတိဘုံမှလွတ်စေတော်မူပါဟု (ပြိတ္တာမက လျှောက်ပြန်၏)။

၁၀၁။ သနားစောင့်ရှောက်တတ်သော ထိုအသျှင်သာရိပုတြာသည် ကောင်းပြီဟု ဝန်ခံပြီး လျှင်ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကိုလည်းကောင်း, တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်းကိုလည်းကောင်း,သောက်ရေခွက်ကိုလည်းကောင်း ပေးလှူ၏၊ ထိုပြိတ္တာမအား အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေတော်မူ၏။

၁၀၂။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်,သောက်ရေကို ရခြင်းဟူသော အကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၀၃။ ထိုပြိတ္တာမသည် ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ် ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ်, ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာကို ဝတ်ဆင်လျက် အသျှင်သာရိပုတြာထံသို့ ချဉ်းကပ်၏။

၁၀၄။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့ ထို့အတူသင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံး တို့ကို ထွန်းပစေလျက် တည်ဘိ၏။

၁၀၅။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤသို့သော အရောင်အဆင်း ဖြစ်သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤအရပ်၌ သင့်အား (ကောင်းကျိုးချမ်းသာ) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၀၆။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေးပါ၏၊ လူဖြစ်ခဲ့စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ တောက်ပသနည်းဟု အသျှင်သာရိပုတြာက မေး၏)။

၁၀၇။ ကြုံလှီ၍ ဖက်ရွက်ရော်ကဲ့သို့ ဖြစ်ကာ ဆာလောင်လျက် အဝတ်မပါ ကိုယ်ချည်းသာကိုယ်ရေအဆင်း ပျက်စီးပြီးလျှင် ဒုဂ္ဂတိဘုံသို့ ရောက်နေရသော ထိုအကျွန်ုပ်ကို လောက၌သနားကရုဏာရှိသော ရဟန်းသည် မြင်ပါပြီ။

၁၀၈။ ရဟန်းတစ်ပါးအား ဆွမ်းတစ်လုတ်စာမျှကိုလည်းကောင်း, တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်းကိုလည်းကောင်း,သောက်ရေခွက်ကိုလည်းကောင်း ပေးလှူ ၍ အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေတော်မူပါ၏။

၁၀၉။ ဆွမ်းတစ်လုတ်၏ အကျိုးကို ရှုပါလော့၊ အနှစ်တစ်သောင်းပတ်လုံး နတ်ထမင်းကိုလည်းကောင်း,များသော အရသာရှိသော ဟင်းကိုလည်းကောင်း အလိုရှိတိုင်း စားသောက် သုံးဆောင်ရပါ၏။

၁၁၀။ တစ်လက်ဝါးစာမျှသော ပုဆိုးပိုင်း၏ အကြင်သို့သဘောရှိသော အကျိုးသည် ရှိပါ၏၊ ထိုသို့သဘောရှိသော အကျိုးကို ရှုပါလော့၊ အကြင်မျှလောက် နန္ဒမင်း၏ တိုင်းပြည်၌ အဝတ်တို့သည် ရှိပါကုန်၏။

၁၁၁-၂။ အရှင်ဘုရား ထိုအဝတ်တို့ထက် တပည့်တော်မ၏ အဝတ်တို့သည် များပါကုန်၏၊ ပိုးထည်, ကမ္ဗလာထည်တို့သည်လည်းကောင်း, ခေါမထည်, ဝါချည်ထည်တို့သည်လည်းကောင်းအလျားအနံအားဖြင့်လည်း ပြန့်ကျယ်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်း ကောင်းကင်၌သာလျှင် တွဲရရွဲကျကုန်၏၊ ထိုအကျွန်ုပ်သည် စိတ် နှစ်သက်ရာရာအဝတ်ကို ဝတ်ဆင်ရပါ၏။

၁၁၃-၄။ သောက်ရေတစ်ခွက်၏ အကြင်သို့ သဘောရှိသော အကျိုးသည် ရှိ၏၊ ထိုသို့ သဘောရှိသော အကျိုးကို ရှုပါလော့၊ အေးမြသော ရေရှိကုန်သော ကောင်းသော ဆိပ်ကမ်းရှိ ကုန်သော အေးမြ၍ မွှေးပျံ ့သင်းကြိုင် လှိုင်သော ရနံ့ရှိကုန်သော ကောင်းစွာ ဖန်ဆင်းအပ် ကုန်သော နက်သော လေးထောင့်ရေကန်တို့သည် ပဒုမ္မာကြာ ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းအပ် ကုန်သည်ဖြစ်၍ ရေ၏အထက်၌ ကြာဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။

၁၁၅။ အရှင်ဘုရား ထိုအကျွန်ုပ်သည် မည်သည့်ဘေးမျှ မရှိဘဲ မွေ့လျော်ရပါ၏၊ မြူးထူး ပျော်ပါးရပါ၏၊ ဝမ်းမြောက်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်းကရုဏာရှိသော အရှင် ဘုရားကို ရှိခိုးရန်ရောက်လာပါ၏ဟု (လျှောက်၏)။

ရှေးဦးစွာသော သံသာရမောစကပေတိဝတ္ထု ပြီး၏။

------

၂-သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု

ရှေးဘဝ၌ အသျှင်သာရိပုတြာ၏ မိခင်ဖြစ်ဖူူး၍ ကုသိုလ်အားနည်းခိုက် ပြိတ္တာဘဝတွင် ဖြစ်ရ၍သားကောင်လူူတို့၏ပြည်သွေးကို စားသောက် သုသာန်ကို အိမ်ပြုနေရသူအား အသျှင်သာရိပုတြာသနားတော်မူသဖြင့်စတုဒ္ဒိသာသံဃိကအလှူပေးကာ အမျှဝေတော်မူူမှ ချမ်းသာခွင့်ရသော ပြိတ္တာမ

၁၁၆။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ရပ်တည်သော သင်ကား အဘယ်သူနည်းဟု (အသျှင်သာရိပုတြာက မေး၏)။

၁၁၇။ အရှင်ဘုရား အကျွန်ုပ်သည် ရှေးအခါဝယ် တစ်ပါးသော ဘဝတို့၌ အရှင်ဘုရား၏ အမိရင်းဖြစ်ခဲ့ဖူးပါ၏၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်နေရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ် စက်ခံနေရပါ၏။

၁၁၈။ စွန့်အပ် ပစ်အပ်သော တံထွေးကိုလည်းကောင်း, နှပ်ကိုလည်းကောင်း, သလိပ်ကိုလည်းကောင်း, ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကိုလည်းကောင်း, သားဖွား သူတို့၏သွေးကိုလည်းကောင်း,

၁၁၉။ အိုင်းအမာအနာတို့၏ သွေးကိုလည်းကောင်း, နှာခေါင်းပြတ် ဦးခေါင်းပြတ်တို့၏သွေးကိုလည်းကောင်း, မိန်းမ ယောက်ျားတို့ကို မှီ၍ ဖြစ်သော အရေ အကြောစသည်ကိုလည်း ကောင်းဆာလောင်ခြင်း အနှိပ်စက်ခံရသည်ဖြစ်၍ စားသောက်ရပါ၏။

၁၂၀။ သားကောင်တို့၏လည်းကောင်း, လူတို့၏လည်းကောင်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ် မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရ ပါ၏။

၁၂၁။ သားတော်ဘုရား အကျွန်ုပ်အတွက် အလှူကို ပေးလှူပါလော့၊ အလှူပေး၍ အကျွန်ုပ်အားရည်ညွှန်းလျက် အလှူဒါန၏ အဖို့ကို ပေးဝေပါလော့၊ ပြည်သွေးကို စားရခြင်း မှ လွတ်နိုင်ကောင်းတန်ရာပါ၏ဟု (လျှောက်၏)။

၁၂၂။ အမိဖြစ်ဖူးသော ပြိတ္တာမ၏ စကားကို ကြား၍ သနားစောင့်ရှောက်တတ်သော ဥပတိဿအမည်ရသော အသျှင်သာရိပုတြာသည် အသျှင်မောဂ္ဂလ္လာန်ကိုလည်းကောင်း, အသျှင်အနုရုဒ္ဓါကိုလည်းကောင်း, အသျှင်ကပ္ပိနကိုလည်းကောင်း ပြောကြားတော်မူ၏။

၁၂၃။ ကျောင်းငယ်လေးလုံးတို့ကို ဆောက်လုပ်လျက် ကျောင်းတို့ကိုလည်းကောင်း,ထမင်း အဖျော်ကိုလည်းကောင်း စာတုဒ္ဒိသာသံဃာအား ပေးလှူ၏၊ အမိအား အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေတော်မူ၏။

၁၂၄။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အဝတ်သောက်ရေကို ရခြင်းဟူသော ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၂၅။ (ထိုပြိတ္တာမသည်) ထိုစားဖွယ်စသည်ကို ရပြီးသည်နောက်မှ စင်ကြယ်သော ကိုယ် ရှိသည် ဖြစ်၍ စင်ကြယ်သော အဝတ်, ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်း ကြယ်သော အဝတ်တန်ဆာကို ဝတ်လျက် ကောလိတဟုအမည်ရှိသော အသျှင်မောဂ္ဂလ္လာန်ထံသို့ ချဉ်းကပ်၏။

၁၂၆။ နတ်သမီး သောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းဘိသကဲ့သို့ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် အလွန်နှစ်သက်ဖွယ်သော အဆင်းဖြင့် အရပ် မျက်နှာအားလုံးတို့ကို ထွန်းပစေလျက် တည်ဘိသနည်း။

၁၂၇။ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤဘဝ၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့သည် ဖြစ်ပေါ်ကုန်သနည်း။

၁၂၈။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေး၏၊ လူဖြစ်စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့ဖူးသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့တောက်ပသော အာနုဘော်ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်းတောက်ပသနည်းဟု (အသျှင်မောဂ္ဂလ္လာန်က မေး၏)။

၁၂၉။ အကျွန်ုပ်သည် ရှေးအခါဝယ် တစ်ပါးသော ဘဝတို့၌ အသျှင်သာရိပုတြာ၏ အမိ ရင်းပါတည်း၊ (ယခု) ပြိတ္တာဘုံ၌ ဖြစ်ရပါ၏၊ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရပါ၏။

၁၃၀-၁။ စွန့်အပ် ပစ်အပ်သော တံထွေးကိုလည်းကောင်း, နှပ်ကိုလည်းကောင်း, သလိပ်ကိုလည်းကောင်း, ဖုတ်ကြည်းသင်္ဂြိုဟ်အပ်သော လူသေတို့၏ အဆီကိုလည်းကောင်း, သား ဖွားသူတို့၏သွေးကိုလည်းကောင်း, အိုင်းအမာအနာတို့၏ သွေးကိုလည်းကောင်း, နှာခေါင်း ပြတ် ဦးခေါင်းပြတ်တို့၏သွေးကိုလည်းကောင်း, မိန်းမ ယောက်ျားတို့ကို မှီ၍ ဖြစ်သော အရေ အကြောစသည်ကိုလည်းကောင်းဆာလောင်ခြင်း အနှိပ်စက်ခံရသည်ဖြစ်၍ စားသောက်ရပါ၏။

၁၃၂။ သားကောင်တို့၏လည်းကောင်း, လူတို့၏လည်းကောင်း ပြည်သွေးကို စားရပါ၏၊ မှီခိုအားထားရာ မရှိပါ၊ နေရာအိမ် မရှိပါ၊ သုသာန်မြေကို ညောင်စောင်းအမှတ်ပြု၍ အိပ်ရ ပါ၏။

၁၃၃။ သားဖြစ်သော သာရိပုတြာ၏ အလှူဒါန ပေးလှူခြင်းဖြင့် မည်သည့်ဘေးမျှမရှိဘဲ မွေ့လျော်ရပါ၏၊ အရှင်ဘုရား လောက၌ သနားခြင်းကရုဏာရှိသော ရဟန်းကို ရှိခိုးရန် ရောက်လာပါ၏ဟု (လျှောက်၏)။

နှစ်ခုမြောက်သော သာရိပုတ္တတ္ထေရမာတုပေတိဝတ္ထု ပြီး၏။

------

၃-မတ္တာပေတိဝတ္ထု

လင်တူူမိန်းမ တိဿာအပေါ်၌ ဝန်တိုမိစ္ဆာစိတ်ဖြင့် မကောင်းပြု မကောင်းပြော မကောင်းကြံများကို အဆန်းတကြယ်ပြုခဲ့၍ အဝတ်မပါ ပိန်ချိသော ခန္ဓာဖြင့် ပြိတ္တာဖြစ်နေ ရသူူ မတ္တာအား တိဿာကသနားလှ၍ သံဃာရှစ်ပါးအား ကုသိုလ်ပြုအမျှဝေသဖြင့် နတ်သမီး အလား ချမ်းသာခံစားရသော ပြိတ္တာမ

၁၃၄။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌ရပ်တည်နေသောသူကား အဘယ်သူနည်းဟု (လင်တူမိန်းမ တိဿာက မေး၏)။

၁၃၅။ ငါသည် မတ္တာပါတည်း၊ သင်သည် တိဿာပါတည်း၊ ရှေးဘဝက သင်၏ လင်တူ မိန်းမဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ခဲ့ရ ပါ၏ဟု (မတ္တာကဖြေ၏)။

၁၃၆။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (တိဿာက မေးမြန်း၏)။

၁၃၇။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ, ကြမ်းတမ်းသော စကားရှိသူ, ငြူစူတတ်သူ, ဝန်တိုသူ,စဉ်းလဲသူ ဖြစ်ခဲ့ဖူးပါ၏၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိသောကြောင့် ဤလူ့ဘုံမှ့ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (မတ္တာက ဖြေ၏)။

၁၃၈။ မှန်၏၊ သင်သည် ကြမ်းတမ်းသူဖြစ်သော အခြင်းအရာကို ငါ သိ၏၊ အသင့်အား တစ်ပါးသော အကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် မြေမှုန့်တို့ဖြင့်ပြွမ်းသော ကိုယ်ရှိသနည်းဟု (တိဿာကမေးပြန်၏)။

၁၃၉။ သင် (တိဿာ) သည် ဦးခေါင်းနှင့်တကွ ရေချိုး၏၊ စင်ကြယ်သန့်ရှင်းသော အဝတ် ကို ဝတ်၏၊ တန်ဆာဆင်၏၊ ငါသည်ကား သင့်ထက် အလွန်အကဲ ပိုမို၍ တန်ဆာဆင်၏။

၁၄၀။ ထိုငါသည် ကြည့်ရှုနေစဉ် လင်နှင့် သင် စကားပြောနေ၏၊ ထို့ကြောင့် ငါ့အား ငြူစူခြင်းဣဿာသည် ပွါးများလာ၏၊ ငါ့အား အမျက်ဒေါသသည် လွန်စွာ ဖြစ်၏။

၁၄၁။ ထို့ကြောင့် မြေမှုန့်ကို ယူ၍ သင့်ကို မြေမှုန့်ဖြင့် ငါ ကြဲချမိခဲ့၏၊ ထိုမကောင်းမှုကံအကျိုးကြောင့် မြေမှုန့်တို့ဖြင့် ပြွမ်းသော ကိုယ်ရှိပါ၏ဟု (မတ္တာက ဖြေ၏)။

၁၄၂။ မှန်၏၊ သင် (မတ္တာ) သည် ငါ့ကို မြေမှုန့်ဖြင့် ကြဲချသည်ကို ငါသိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် ဝဲရောဂါ နှိပ်စက်ခံရသနည်းဟု (တိဿာက မေးပြန်၏)။

၁၄၃။ သင်နှင့်ငါ နှစ်ယောက်တို့သည် ဆေးကို ဆောင်ယူရန် တောသို့ သွားရောက်ကြ ကုန်၏၊ သင်သည်ကား ဆေးကို ဆောင်ယူ၏၊ ငါသည်ကား ခွေးလှေးသီးအရိုင်းကို ဆောင် ယူ၏။

၁၄၄။ သင် မသိမီ ငါသည် သင့်အိပ်ရာပေါ်သို့ ခွေးလှေးသီးကို ကြဲချခဲ့၏၊ ထိုမကောင်းမှု ကံကြောင့်ဝဲနာရောဂါ နှိပ်စက်ခံရ၏ဟု (မတ္တာက ဖြေ၏)။

၁၄၅။ မှန်၏၊ သင် (မတ္တာ) သည် ငါ၏ အိပ်ရာနေရာကို (ခွေးလှေးသီး) ကြဲချသည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် သင်သည် အဝတ်မရှိသနည်းဟု (တိဿာက မေး၏)။

၁၄၆။ သူငယ်ချင်းတို့၏လည်းကောင်း, ဆွေမျိုးတို့၏လည်းကောင်း ပေါင်းဆုံစည်းဝေးခြင်း သည်ဖြစ်ခဲ့၏၊ လင်နှင့်တကွ သင့်ကို မူ ဖိတ်ခေါ်၏၊ ငါ့ကို ကား မဖိတ်ခေါ်။

၁၄၇။ သင် မသိစဉ် ငါသည် သင်၏ အဝတ်ကို ခိုးယူခဲ့၏၊ ထိုကံ၏ အကျိုးကြောင့် ငါသည် အဝတ်မရှိဖြစ်ရ၏ဟု (မတ္တာက ဖြေ၏)။

၁၄၈။ မှန်၏၊ သင် (မတ္တာ) သည် ငါ၏ အဝတ်ကို ခိုးယူသည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးပါအံ့၊ အဘယ့်ကြောင့် မစင်အနံ့ ရှိသနည်းဟု တိဿာက မေး၏)။

၁၄၉။ သင်၏ နံ့သာကိုလည်းကောင်း, ပန်းကိုလည်းကောင်း, အဖိုးများစွာ ထိုက်သော နံ့သာပျောင်းကိုလည်းကောင်း မစင်တွင်း၌ ပစ်ချခဲ့၏၊ ထိုမကောင်းမှုကို ငါသည် ပြုခဲ့၏၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် မစင်အနံ့ ရှိ၏ဟု (မတ္တာက ဖြေ၏)။

၁၅၀။ မှန်၏၊ သင် (မတ္တာ) သည် ထိုမကောင်းမှုကံ ပြုခဲ့သည်ကို ငါ သိ၏၊ သင့်အား တစ်ပါးသော ထိုအကြောင်းကို မေးအံ့၊ အဘယ့်ကြောင့် သင်သည် 'ဒုဂ္ဂတိ'ဘုံသို့ လားရောက် ရသနည်းဟု (တိဿာက မေး၏)။

၁၅၁။ အိမ်၌ရှိသော ပစ္စည်းဥစ္စာသည် သင်နှင့်ငါ နှစ်ယောက်တို့အား သာတူညီမျှ ဖြစ်၏၊ လှူဖွယ်ဝတ္ထုတို့ ထင်ရှားရှိပါကုန်လျက် မိမိ၏ မှီခိုရာ ကောင်းမှုကုသိုလ်ကို မပြု၊ ထိုကံ၏ အကျိုးကြောင့်ငါသည် ဒုဂ္ဂတိဘုံသို့ လားရောက်ရပါ၏။

၁၅၂။ သင်သည် မကောင်းမှုကံကို မှီဝဲဘိ၏၊ မကောင်းမှုကံတို့ဖြင့် သုဂတိဘုံကို ရဖို့ မလွယ်ဟုထိုလူဖြစ်စဉ်အခါကပင် ငါ့ကို သင် ပြောခဲ့ဖူး၏ဟု (မတ္တာက ဖြေ၏)။

၁၅၃။ သင်သည် ငါ့ကို ဆန့်ကျင်ဘက်အားဖြင့် ယုံကြည်စွဲလမ်းနေ၏၊ ထို့ပြင်လည်း ငါ့ကို ငြူစူ၏၊ မကောင်းမှုကံတို့၏ အကျိုးသည် ကြမ်းတမ်းသော သဘောရှိသည်ကို ရှုပါလော့။

၁၅၄။ (ရှေးက သင် သိမ်းဆည်းထားအပ်ကုန်သော) သင်၏ ထိုအိမ်တို့သည် လည်း ကောင်း, ထိုကျွန်မတို့သည်လည်းကောင်း, သင်၏ ထိုအဝတ်တန်ဆာသည်လည်းကောင်း ရှိ ကုန်၏၊ ဤအရာဝတ္ထုတို့ကို သူတစ်ပါးတို့ သုံးဆောင်ကုန်၏၊ စည်းစိမ်တို့သည် မမြဲကုန်။

၁၅၅။ ယခုအခါ၌ ကလေးအဖေသည် ဈေးမှ အိမ်သို့ ရောက်လာလတ္တံ့၊ သင့်အား တစ်စုံ တစ်ရာကို ပေးကောင်း ပေးလိမ့်မည်၊ ဤအရပ်မှ မသွားပါနှင့်ဦးဟု (တိဿာက ပြော၏)။

၁၅၆။ ငါသည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်လည်း ရှိပါ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ် ရှိပါ၏၊ ဤအဝတ်မပါခြင်းစသည်သည် မိန်းမတို့ အတွက် ရှက်စဖွယ်ဖြစ်ပါ၏၊ ငါ့ကို ကလေးအဖေ မမြင်ပါစေလင့်ဟု (မတ္တာက ဆို၏)။

၁၅၇။ ယခု ငါသည် သင့်အား အဘယ်ကို ပေးရပါမည်နည်း၊ ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံ သင်အလိုရှိသမျှ ပြီးစီးရသော အဘယ်ကျေးဇူးဥပကာရကို မူလည်း ဤအချိန် ဤ အခါဝယ် ငါပြုလုပ်ရပါမည်နည်းဟု (တိဿာက ပြော၏)။

၁၅၈။ သံဃာမှ ရဟန်းလေးပါး, ပုဂ္ဂိုလ်မှ လေးပါး (ပေါင်း) ရှစ်ပါးသော ရဟန်းတို့ကို ဆွမ်းကျွေး၍ ငါ့အား အလှူ၏ အဖို့ကို ရည်ညွှန်း၍ ပေးဝေပါလော့၊ ထိုအခါ ငါသည် ချမ်းသာခြင်းသို့ ရောက်၍ အလုံးစုံအလိုရှိသမျှ ပြီးစီးသည် ဖြစ်ရပါလိမ့်မည်ဟု (မတ္တာက ဖြေ၏)။

၁၅၉။ တိဿာသည် ကောင်းပြီဟု ဝန်ခံ၍ ရဟန်းရှစ်ပါးတို့ကို ဆွမ်းကျွေးပြီးလျှင် အဝတ် တို့ကို လှူဒါန်းလျက် ထိုပြိတ္တာမအား အလှူ၏ အဖို့ကို ရည်ညွှန်း ပေးဝေ၏။

၁၆၀။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ် အဝတ်သောက်ရေရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၆၁။ ထို့နောက် (မတ္တာပြိတ္တာမသည်) စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ်ကာသိတိုင်းဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာရှိလျက် လင်တူ တိဿာအထံသို့ ချဉ်းကပ်၏။

၁၆၂။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းတောက်ပ သကဲ့သို့သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၁၆၃။ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ်ပေါ်ကုန်သနည်း။

၁၆၄။ အာနုဘော်ကြီးသော နတ်သမီး သင့်အား ငါ မေး၏၊ လူဖြစ်စဉ်က သင်သည်အဘယ်ကုသိုလ်ထူးကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော်ရှိသနည်း၊ သင်၏ အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့၌ ထွန်း လင်းတောက်ပလျက် တည်ဘိသနည်းဟု (တိဿာက မေး၏)။

၁၆၅။ ငါသည် မတ္တာပါတည်း၊ သင်သည် တိဿာပါတည်း၊ ရှေးဘဝက သင်၏ လင်တူ မိန်းမဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ ပါ၏။

၁၆၆။ သင် ပေးလှူအပ်သော အလှူဖြင့် မည်သည့်ဘေးမျှ မရှိဘဲ မွေ့လျော်ရပါ၏၊ ညီမဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြေးကင်းသော နတ်ဘုံဌာနသို့ (ရောက်ပါစေလော့) ဝသဝတ္တီနတ်တို့၏ နေရာဘုံသို့ (ရောက်ပါစေ လော့)။

၁၆၇။ တင့်တယ်သော ညီမတိဿာ ဤလူ့ပြည်လောက၌ တရားကို ကျင့်၍ အလှူဒါနကို ပေးလှူကာဝန်တိုခြင်း 'မစ္ဆေရ' အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ကပ်ရောက်ပါစေလော့ဟု (မတ္တာက ဆုံးမစကား ပြောကြား၏)။

သုံးခုမြောက်သော မတ္တာပေတိဝတ္ထု ပြီး၏။

------

၄-နန္ဒာပေတိဝတ္ထု

လင့်အပေါ်၌ မရိုသေ မလေးစား စကားကြမ်းစွာ ပြောဆိုခဲ့သော ကြာင့် ပြိတ္တာဘဝတွင် ရုပ်သွင်မည်းနက်ကြောက်မက်ဖွယ် ရုပ်အဆင်းရှိနေရာ လင်ဖြစ်သူူမြင်တွေ့က သနားလှ သဖြင့် ရဟန်းတို့အားကျောင်းအိပ်ရာစသည်လှူဒါန်း၍ အမျှအတန်းဝေမှ ချမ်းသာရာရသော ပြိတ္တာမ

၁၆၈။ သင်သည် အဆင်းမည်းနက်၍ စက်ဆုပ်ရွံ့ရှာဖွယ် ပုံပန်းသဏ္ဌာန်ရှိသူ, ကြမ်းတမ်းသော ကိုယ်ခန္ဓာရှိသူ, ကြောက်မက်ဖွယ် အမြင်ရှိသူ, ကြောင်သော မျက်စိ ကျဲသော သွားရှိသူ ဖြစ်၏၊ သင့်ကို လူမိန်းမဟု ငါ မထင်ဟု (လင်ဟောင်း နန္ဒိသေနက ပြော၏)။

၁၆၉။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား ဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရ၏ဟု (နန္ဒာကပြော၏)။

၁၇၀။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရသနည်းဟု (နန္ဒိသေနက မေးပြန်၏)။

၁၇၁။ အကျွန်ုပ်သည် အမျက်ဒေါသကြီးသူ ကြမ်းတမ်းသော စကားရှိသူ ဖြစ်ခဲ့ပါ၏၊ သင့် အပေါ်၌လည်းမရိုသေခဲ့ပါ၊ ငါသည် သင့်အား မကောင်းသော စကားကို ဆိုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရ၏ဟု (နန္ဒာက ပြော၏)။

၁၇၂။ ယခု သင့်အား ငါ၏ အပေါ်ရုံအဝတ်ကို ပေးအံ့၊ ဤပုဆိုးကို ဝတ်လော့၊ ဤပုဆိုး ကို ဝတ်၍ လာလော့၊ သင့်ကို အိမ်သို့ ခေါ်ဆောင်သွားအံ့။

၁၇၃။ သင်သည် အိမ်သို့ ရောက်သည်ရှိသော် အဝတ်ကိုလည်းကောင်း, ထမင်း အဖျော်ကိုလည်းကောင်း ရလတ္တံ့၊ သင်၏ သားများနှင့် ချွေးမတို့ကိုလည်း မြင်ရလတ္တံ့ဟု (နန္ဒိသေနက ပြော၏)။

၁၇၄-၅။ သင်၏ လက်ဖြင့် အကျွန်ုပ်အား ပေးသော ပစ္စည်းသည် အကျွန်ုပ်လက်သို့ မရ မရောက်နိုင်ပါ၊ ရာဂကင်းကုန်သော အကြားအမြင်များကုန်သော သီလနှင့်ပြည့်စုံကုန်သော ရဟန်းတို့ကို ထမင်းအဖျော်ဖြင့်နှစ်သိမ့်ရောင့်ရဲစေပါလော့၊ အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်း၍ ပေးဝေပါလော့၊ ထိုအခါအကျွန်ုပ်သည် ချမ်းသာသည်ဖြစ်၍ အလိုရှိသမျှ အလုံးစုံ နှင့် ပြည့်စုံသူဖြစ်ပါလိမ့်မည်ဟု (နန္ဒာကပြောပြန်၏)။

၁၇၆။ ထိုနန္ဒိသေနသည် ကောင်းပြီဟု ဝန်ခံ၍ ထမင်း, အဖျော်, ခဲဖွယ်, အဝတ်, ကျောင်း,အိပ်ရာ နေရာ, ထီး, နံ့သာပန်း အထူးထူး အပြားပြားသော ဖိနပ်ဟူသော ပြန့်ပြောများမြတ်သော ဒါနမျိုးကို ကြဲချလှူဒါန်း၏။

၁၇၇။ ရာဂကင်းကုန်သော၊ အကြားအမြင်များကုန်သော၊ သီလနှင့်ပြည့်စုံကုန်သော ရဟန်း တို့ကို ထမင်း အဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲစေ၍ ထိုနန္ဒာပြိတ္တာမအား အလှူ၏အဖို့ကို ရည် ညွှန်းပေးဝေ၏။

၁၇၈။ ရည်ညွှန်း၍ လှူအပ်သော အလှူ၏ အခြားမဲ့၌ စားဖွယ်, အဝတ်,သောက်ရေ ရခြင်းဟူသော ဤအကျိုးသည် ဖြစ်ပေါ်လာ၏၊ ဤအကျိုးသည် အလှူ၏ အကျိုးပင်တည်း။

၁၇၉။ ထို့နောက် စင်ကြယ်သော ကိုယ်ရှိသည်ဖြစ်၍ စင်ကြယ်သော အဝတ် ကာသိတိုင်း ဖြစ်ပုဆိုးထက် မြတ်သော ပုဆိုး, ဆန်းကြယ်သော အဝတ်တန်ဆာရှိလျက် လင် နန္ဒိသေန ထံသို့ချဉ်းကပ်၏။

၁၈၀။ နတ်သမီးသောက်ရှူးကြယ်သည် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေဘိသကဲ့သို့သင်သည် အလွန်နှစ်လိုဖွယ်သော အရောင်အဆင်းဖြင့် အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေလျက် တည်ဘိ၏။

၁၈၁။ သင်သည် အဘယ်ကုသိုလ်ထူးကြောင့် ထိုသို့သဘောရှိသော အရောင်အဆင်း ရှိသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင်သည် သင့်အား ဤအရပ်၌ (ကောင်းကျိုး) ပြည့်စုံသနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် သင့်အား စိတ်နှစ်သက်ဖွယ် စည်းစိမ်အားလုံးတို့ ဖြစ် ပေါ်ကုန်သနည်း။

၁၈၂။ အာနုဘော်ကြီးသော နတ်သမီး သင့်ကို (ငါ) မေး၏၊ လူဖြစ်စဉ်က အဘယ် ကုသိုလ်ကို ပြုခဲ့သနည်း၊ အဘယ်ကုသိုလ်ထူးကြောင့် ဤသို့ တောက်ပသော အာနုဘော် ရှိသနည်း၊ သင်၏အရောင်အဆင်းသည်လည်း အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်း တောက်ပစေလျက် တည်ဘိသနည်းဟု (နန္ဒိသေနက မေး၏)။

၁၈၃။ နန္ဒိသေန အကျွန်ုပ်သည် နန္ဒာပါတည်း၊ ရှေးဘဝက သင်၏ မယား ဖြစ်ခဲ့ပါ၏၊ မကောင်းမှုကံကို ပြုသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

၁၈၄။ သင် ပေးလှူအပ်သော အလှူဖြင့် တစ်စုံတစ်ရာ မည်သည့်ဘေးမျှမရှိဘဲ မွေ့လျော် ရပါ၏၊ သူကြွယ် ဆွေမျိုးအားလုံးတို့နှင့်တကွ ကြာမြင့်စွာ အသက်ရှင်ပါစေလော ့၊ စိုးရိမ်ကင်း၍ မြူအညစ်အကြေးကင်းသော ဘေးမရှိသောဝသဝတ္တီနတ်တို့၏ နေရာဘုံသို့ ရောက်ပါစေ လော့။

၁၈၅။ သူကြွယ် ဤလူ့ပြည်လောက၌ တရားကို ကျင့်၍ အလှူဒါနကို ပေးလှူကာ ဝန်တိုခြင်း 'မစ္ဆေရ'အညစ်အကြေးကို အမြစ်ပါ နုတ်ပြီးလျှင် အကဲ့ရဲ့လွတ်လျက် နတ်ပြည်သို့ ကပ်ရောက်ပါစေလော့ဟု (နန္ဒာက ဆုံးမစကား ပြောကြား၏)။

လေးခုမြောက်သော နန္ဒာပေတိဝတ္ထု ပြီး၏

------

၅-မဋ္ဌကုဏ္ဍလီပေတဝတ္ထု

သူဌေးသားဖြစ်လျက် ဒါန သီလမပြု စုတိကျခါနီးမှ ဘုရားကို ဖူူးမြင်ရ၍ ကြင်လင်သဒ္ဓါ ရှိခိုးရသော စေတနာကြောင့် တာဝတိံသာ နတ်သားစာရင်းဝင် ဖြစ်ရကြောင်းဖြင့် စေးနှဲသော ဖခင်ကို ရှင်းပြပြောကြား သတိတရားရဖွယ်ကောင်းသောဝတ္တု

၁၈၆။ တန်ဆာဆင်အပ်သော ပြေပြစ်ချောမွေ့သော နားတောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲဒုက္ခရောက် သည်ဖြစ်၍ တောအလယ်၌ လက်မောင်းကို မြှောက်လျက် အဘယ်ကြောင့် ငိုမြည်တမ်းဘိသနည်းဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။

၁၈၇။ (ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ရထားအိမ် ကား ရှိပါ၏၊ ထိုရထားလှည်းအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီးအစုံကို မရသော ဆင်းရဲကြောင့်အသက်ကို စွန့်ရပါတော့အံ့ဟု (မဋ္ဌကုဏ္ဍလီက ပြောဆို၏)။

၁၈၈။ လှပပျိုမျစ်သော လုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာဖြင့် ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့်ပြီးသော ရထားဘီးအစုံလော ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့် စုံအောင် ငါ လုပ်၍ ပေးအံ့ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၈၉။ ဤလောက၌ နေလနှစ်ပါးတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထား သည်ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင်သည် ထိုပုဏ္ဏားကို ပြောဆို၏။

၁၉၀။ လုလင် သင်သည် တောင့်တ၍ မရကောင်းသောဝတ္ထုကို တောင့်တလေသောကြောင့် ့မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေရမည်၊ နေလတို့ကို ရလိမ့်မည် မဟုတ်ဟုငါ အောက်မေ့၏ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

၁၉၁။ ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သောသူကို မူကား မတွေ့ မမြင်ရတော့ပေ၊ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက် တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်းဟု (လုလင်က ဆို၏)။

၁၉၂။ လုလင် သင်သည် အမှန်ကို သာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့် ငါနှစ်ယောက်တို့တွင် ငါကသာ ပို၍ မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေး မြည်တမ်းနေသောသူငယ်ကဲ့သို့ သေလွန်သောသူကို ငါတောင့်တမိလေပြီဟု (အဒိန္နပုဗ္ဗက က ဆို၏)။

၁၉၃။ လုလင် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်သကဲ့သို့ ထို့အတူ သင်သည်သော ကမီး တောက်လောင် နေသော ငါ၏ပူပန်မှုအားလုံးကို အေးစေလေပြီတကား။

၁၉၄။ အကြင်သင်သည် ပူဆွေးမှုသော ကနှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမှုသော ကကို ပယ်ဖျောက်နိုင်ပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှုသော ကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

၁၉၅။ လုလင် ထိုငါသည် ပူဆွေးမှုသော ကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ, ငြိမ်းချမ်းပြီး သူ,ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည်မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၁၉၆။ လုလင် သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသ လော၊သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ သင်သည်အဘယ်မည်သောသူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့သိကြရကုန်အံ့နည်းဟု (အဒိန္နပုဗ္ဗက က ထပ်၍ မေးပြန်၏)။

၁၉၇။ ပုဏ္ဏား သင်သည် သား (မဋ္ဌကုဏ္ဍလီ) ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင်အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင်အပေါင်း အဖော်အဖြစ်သို့ရောက်၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ပြော၏)။

၁၉၈။ လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကို သော်လည်း ကောင်း,များစွာသော အလှူကို သော်လည်းကောင်း, ငါတို့ မမြင်ကြရပါကုန်၊ သင် စောင့်သုံးသော ထိုသို့သဘောရှိသော ဥပုသ်ကံကို သော်လည်း ငါတို့ မမြင်ကြရပါကုန်၊ အဘယ်ကံ ကြောင့် သင်သည်နတ်ပြည်သို့ လားရောက်ရသနည်းဟု (အဒိန္နပုဗ္ဗက က မေးပြန်၏)။

၁၉၉။ (ပုဏ္ဏား) ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ သူနာ ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူကင်းတော်မူပြီးသော မဝေခွဲနိုင်မှု ဝိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်းရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။

၂၀၀။ ပုဏ္ဏား ထိုငါသည် ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအားလက်အုပ်ချီခဲ့ဖူးပါ၏၊ ငါသည် (လက်အုပ်ချီခြင်း) ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာ နတ်တို့၏အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်ရပါ၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ပြောဆို၏)။

၂၀၁။ အံ့ဖွယ်ရှိပါပေစွာ့တကား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွာ့တကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုး ဖြစ်ဘိသေး၏၊ ငါသည်လည်း ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိ သည် ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်တော့အံ့ဟု (အဒိန္နပုဗ္ဗက က ပြော၏)။

၂၀၂။ ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကိုလည်းကောင်း, သံဃာတော်ကိုလည်း ကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့ပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုး မပျက်အောင်ဆောက်တည်လေလော့။

၂၀၃။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါလော့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှရှောင်ကြဉ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ်မမှန်သော စကားကိုလည်းမပြောဆိုပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ဟု မဋ္ဌကုဏ္ဍလီ နတ်သားက ပြောကြား၏)။

၂၀၄။ နတ်သား သင်သည် ငါ၏ အကျိုးကို အလိုရှိသူ ဖြစ်ပေ၏၊ နတ်သား ငါ၏ အစီး အပွားကိုလည်းအလိုရှိသူ ဖြစ်ပေ၏၊ သင်၏ စကားကို ငါ လိုက်နာပါ၏၊ သင်သည် ငါ၏ ဆရာ ဖြစ်ပါပေ၏။

၂၀၅။ ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်းကောင်း, မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

၂၀၆။ သူ့အသက်ကို သတ်ခြင်းမှ လျင်စွာရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော 'မုသား'စကား ကိုလည်းမပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ရပါ၏ဟု (အဒိန္နပုဗ္ဗက က ဆို၏)။

ငါးခုမြောက်သော မဋ္ဌကုဏ္ဍလီပေဝတ္ထု ပြီး၏။

------

၆-ကဏှပေတဝတ္ထု

သားသေ၍ ပူူဆွေးနေသောဝါသုဒေဝမင်းကို ညီဃဋပဏ္ဍိတက သေခြင်းတရားပြ၍ ဆုံးမပုံနှင့် တရားရ၍ သော ကကင်းပုံ အစုံပါသောဝတ္တု

၂၀၇။ ကဏှအနွယ်ဖြစ်သောဝါသုဒေဝမင်းမြတ် ထပါလော့၊ အဘယ်ကြောင့် လျောင်းလဲခွေအိပ်စက်နေရပါသနည်း၊ သင် မင်းမြတ်အား လျောင်းလဲခွေ အိပ်စက်နေခြင်းဖြင့် အဘယ်အကျိုးရှိပါအံ့နည်း၊ သင်၏ နှလုံးသား သင်၏ လက်ျာမျက်စိနှင့်တူသော ညီအရင်း ဃဋပညာ ရှိအားလေတို့သည် လွှမ်းမိုးနှိပ်စက်နေပါကုန်၏၊ ကေသဝမင်းမြတ် ဃဋပညာရှိသည် 'ယုန် ပေးကြပါ'ဟုမြည်တမ်းနေပါ၏ (ဟု ရောဟိဏေယျအမတ်က ပြော၏)။

၂၀၈။ ရောဟိဏေယျမည်သော ထိုအမတ်၏ စကားကို ကြား၍ ကေသဝမင်းမြတ်သည်ညီကြောင့်ဖြစ်သော ပူဆွေးမှုသော က နှိပ်စက်သည်ဖြစ်ရကား လျောင်းစက်ရာမှ ဆောလျင်စွာ ထ၏၊

၂၀၉။ အဘယ့်ကြောင့် သူရူးကဲ့သို့ ဤဒွါရဝတီတစ်မြို့လုံး အနှံ့လှည့်လည်လျက် 'ယုန် ယုန်'ဟုမြည်တမ်းနေဘိသနည်း၊ အဘယ်သို့သော ယုန်ကို သင် အလိုရှိသနည်း။

၂၁၀။ ရွှေဖြင့်ပြီးသော ယုန်လော၊ မြကျောက်ရတနာဖြင့် ပြီးသော ယုန်လော၊ ကြေးနီဖြင့် ပြီးသော ယုန်လော၊ ငွေစင်ဖြင့် ပြီးသော ယုန်လော၊ ခရုသင်း ကျောက်သလင်းသန္တာဖြင့် ပြီးသော ယုန်လော၊ သင့်အတွက် ယုန်ကို ပြုလုပ်စေပါအံ့။

၂၁၁။ တောကြီးမြိုင်လယ်၌ ကျက်စားကြသော အခြားယုန်တို့သည် လည်း ရှိကြကုန်၏၊ ထိုယုန်တို့ကိုလည်း သင့်အား ဆောင်ယူပေးအံ့၊ အဘယ်သို့သော ယုန်ကို သင် အလိုရှိသနည်းဟု (ကေသဝမင်းက ပြောဆိုမေးမြန်း၏)။

၂၁၂။ မြေ၌မှီကုန်သော ယုန်တို့ကို အကျွန်ုပ် အလိုမရှိ၊ လဗိမာန်မှ ယုန်ကို သာ အလိုရှိ ပါ၏၊ ကေသဝမင်းမြတ် အကျွန်ုပ်အား ထိုယုန်ကို ဆောင်ယူပေးလော့ (ဟု ဃဋပဏ္ဍိတ က ဖြေကြား၏)။

၂၁၃။ ညီတော် သင်သည် လဗိမာန်မှ ယုန်ကို တောင့်တဘိ၏၊ တောင့်တမရကောင်းသည်ကို သင်တောင့်တဘိ၏၊ ထိုသင်သည် ကောင်းမြတ်သော အသက်ကို မုချ စွန့်ရလိမ့်မည်ဟု ငါထင်၏ဟု (ကေသဝမင်းက ပြောဆို၏)။

၂၁၄။ ကဏှအနွယ်ဖြစ်သောဝါသုဒေဝမင်းမြတ် သူတစ်ပါးကို ဆုံးမသကဲ့သို့ ဤအတူ သင်သည်သိတော်မူခဲ့ပါမူ ရှေး (လေးလလောက်) က သေသော သားကို (အကြောင်းပြု၍) ယနေ့တိုင်အောင်အဘယ့်ကြောင့် ပူဆွေးနေရဘိသနည်း။

၂၁၅။ မွေးဖွားလာသော ငါ၏ သားသည် မသေပါစေလင့်ဟု လူသည်လည်းကောင်း,နတ်သည်လည်းကောင်း (တောင့်တ၍) မရနိုင်၊ ယင်းသို့ တောင့်တ၍ မရကောင်းသောဝတ္ထုကို အဘယ်မှာ ရနိုင်ပါမည်နည်း။

၂၁၆။ ကဏှအနွယ်ဖြစ်သော နောင်တော်မင်းမြတ် သင်သည် သေသူကို အကြောင်းပြု၍ အဖန်တလဲလဲပူဆွေး၏၊ ထိုသေသူကို မန္တန်မန်းမှုတ်ခြင်းဖြင့်သော်လည်းကောင်း, ဆေးမြစ် ဖြင့်သော်လည်းကောင်း,အထူးစီရင်ဖော်စပ်သော ဆေးတို့ဖြင့်သော်လည်းကောင်း ဆောင်ယူ ခြင်းငှါ မတတ်ကောင်း။

၂၁၇။ များသော ဥစ္စာရှိကုန်သော များသော စည်းစိမ်ရှိကုန်သော မင်းမျိုး၌ဖြစ်၍ များသော ဥစ္စာစပါးလည်းရှိကုန်သော ထိုထိုတိုင်းပြည်အရှင် ဘုရင်တို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၁၈။ မင်းမျိုးတို့သည်လည်းကောင်း ပုဏ္ဏားမျိုးတို့သည်လည်းကောင်း, ကုန်သည်မျိုးတို့သည်လည်းကောင်း, သူဆင်းရဲမျိုးတို့သည်လည်းကောင်း, ဒွန်းစဏ္ဍားမျိုး ပန်းမှိုက်သွန်မျိုးတို့သည်လည်းကောင်း, ထိုဆိုအပ်ခဲ့ပြီးသူတို့မှ တစ်ပါးသော အမျိုးဇာတ်ရှိသူတို့သည်လည်းကောင်းရှိကုန်၏၊ ထိုသူတို့သည် လည်း အိုရကုန်, သေရကုန်သေး၏။

၂၁၉။ (ပုဏ္ဏားတို့အကျိုးငှါ) ဗြဟ္မာသည် ကြံစည် ဟောပြောအပ်သော အင်္ဂါခြောက်ပါး တို့နှင့် ယှဉ်သော ဗေဒင်ကို သရဇ္ဈာယ်ပို့ချကုန်သောသူတို့သည်လည်းကောင်း, တစ်ပါးသော အတတ်ပညာနှင့်ပြည့်စုံသူတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသူတို့သော်မှလည်း အိုရကုန် သေရကုန်သေး၏။

၂၂၀။ ကိုယ်စိတ်တို့ဖြင့် ငြိမ်းသော သဘောရှိကုန်သော စောင့်စည်းအပ်သော စိတ်ရှိ၍ ကိလေသာကို ပူပန်စေတတ်သော အကျင့်လည်းရှိကုန်သော ရသေ့ရဟန်းတို့သော်မှလည်း သေ ချိန်ရောက်သောအခါကိုယ်ကို စွန့်လွှတ်ကြရကုန်သေး၏။

၂၂၁။ (စတုသစ္စကမ္မဋ္ဌာန်းဘာဝနာ၌) ပွားများပြီးသော စိတ်ရှိကုန်သော, မဂ်ကိစ္စကို ပြုပြီးကုန်သော,အာသဝေါကင်းကုန်ပြီးသော ရဟန္တာတို့သော်မှလည်း ကုသိုလ် အကုသိုလ်ကံ ကုန်ခြင်းကြောင့်ဤခန္ဓာကိုယ်ကို စွန့်ပစ်ကြရကုန်သေး၏ဟု (ဃဋပဏ္ဍိတက ပြော၏)။

၂၂၂။ ညီတော် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည် (သော က) မီးတောက် လောင်နေသော ငါ၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၂၂၃။ အကြင်သင်သည် ပူဆွေးမှုသော ကနှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမှုသော ကကို ပယ်ဖျောက်ပါပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှုသော ကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

၂၂၄။ ညီတော် ငါသည် ပူဆွေးမှုသော ကတည်းဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ, ငြိမ်း ချမ်းပြီးသူ,ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ ညီတော် သင်၏ တရားစကားကို ကြားနာရ သောကြောင့် ငါသည်မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

၂၂၅။ အကြင်ပညာရှိတို့သည် သနားစောင့်ရှောက်တတ်ကုန်၏၊ ထိုပညာရှိတို့သည် ဤသို့ပင့်ပြုလုပ်ကြကုန်၏၊ ဃဋ (ပဏ္ဍိတ) သည် နောင်တော်ကို ပူဆွေးမှုသော ကမှ ငြိမ်းစေသကဲ့သို့တစ်ပါးသော ပညာရှိတို့သည် လည်း ပူဆွေးမှုသော ကမှ ငြိမ်းအေးစေကုန်၏။

၂၂၆။ ဃဋ (ပဏ္ဍိတ) သည် နောင်တော်ကို ကောင်းစွာ ပြောဆိုခြင်းဖြင့် အတုလိုက်စေသကဲ့သို့အကြင်သူအား ဤသို့သဘောရှိကုန်သော အမတ်တို့သည်လည်းကောင်း, အလုပ်အကျွေးတို့သည်လည်းကောင်း ရှိကုန်၏၊ ထိုသူအား ထိုအမတ်အလုပ်အကျွေးတို့သည် ကောင်းစွာပြောဆိုခြင်းဖြင့် အတုလိုက်စေကုန်၏ဟု (ဝါသုဒေဝမင်းကြီးက ပြောဆို၏)။

ခြောက်ခုမြောက်သော ကဏှပေတဝတ္ထု ပြီး၏။

------

၇-ဓနပါလသေဋ္ဌိပေတဝတ္ထု

ရှေးဘဝ သူဌေးဖြစ်စဉ် အလှူခံကို မလာနိုင်ရန် တံခါးပိတ်တားမြစ်စဉ်းလဲ ကောက်ကျစ် သောကြောင့် သေသောအခါ ပြိတ္တာဖြစ်ကာ ငါးဆယ့်ငါးနှစ်ပတ်လုံး အစာမရ ရေမတွေ့ရဘဲ ဒုက္ခကြီးစွာ ခံစားပြီးနောက်သံတံတိုင်း ကာရံထားသော ငရဲသို့ ကျရဦးမည့် ပြိတ္တာ

၂၂၇။ သင်သည် အဝတ်မပါ စက်ဆုပ်ရွံရှာဖွယ် အဆင်းသဏ္ဌာန် ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ၏၊ နံရိုးပြိုင်းပြိုင်းထွက်၍ ကြုံလှီလှ၏၊ အချင်း သင်သည် အဘယ်သူနည်းဟု (ကုန်သည်များက မေး၏)။

၂၂၈။ အရှင်တို့ အကျွန်ုပ်သည် မကောင်းသော လားရာရှိသော ယမမင်း၏ နိုင်ငံ၌ ဖြစ်သော ပြိတ္တာ ဖြစ်ပါ၏၊ မကောင်းမှုကံကို ပြုခဲ့မိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ လား ရောက်ရပါ၏ဟု (ပြိတ္တာက ဖြေ၏)။

၂၂၉။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့ပါသနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရဲ့ပါသနည်း (ဟု ကုန်သည်များက ထပ်မေး၏)။

၂၃၀။ ပဏ္ဏမင်းတို့၏ ဧရကစ္ဆာဟု ကျော်ကြားသော မြို့သည် ရှိ၏၊ ထိုမြို့၌ ရှေးဘဝက သူဌေးဖြစ်ခဲ့ဖူး၏၊ အကျွန်ုပ်ကို ဓနပါလဟု သိကြပါကုန်၏။

၂၃၁။ အကျွန်ုပ်အား ရွှေငွေလှည်းအစီး ရှစ်ဆယ်တိုက် ရှိပါ၏၊ အကျွန်ုပ်အား ရွှေသည် များလှပါ၏၊ ပုလဲ, ကြောင်မျက်ရွဲတို့သည် များပြားပါကုန်၏။

၂၃၂။ ထိုမျှလောက် များသော ဥစ္စာရှိသော်လည်း အကျွန်ုပ်သည် ပေးလှူရန် မနှစ်သက်ပါ၊ အကျွန်ုပ်ကို ဖုန်းတောင်းယာစကာတို့သည် မမြင်စေကုန်လင့်ဟု နှလုံးပြု၍ တံခါးကို ပိတ် လျက် သုံးဆောင်စားသောက်ပါ၏။

၂၃၃။ အကျွန်ုပ်သည် ယုံကြည်မှု 'သဒ္ဓါ' မရှိသူ, ဝန်တိုသူ, စဉ်းလဲသူ ဖြစ်ခဲ့ပါ၏၊ အလှူ ဒါနကို ပေးလှူကုန်သော ကုသိုလ်ကောင်းမှုကို ပြုသောသူတို့ကို ခြိမ်းချောက်တတ်၏၊ များ စွာသော လူတို့ကို ကုသိုလ်ကောင်းမှုမှ တားမြစ်မိခဲ့ပါ၏။

၂၃၄။ ပေးလှူ ခြင်း၏ အကျိုးသည် မရှိ၊ စောင့်စည်းခြင်း၏ အကျိုးကား အဘယ်မှာ ရှိအံ့ နည်း၊ လေးထောင့်ကန်တို့ကိုလည်းကောင်း, ရေတွင်းတို့ကိုလည်းကောင်း, စိုက်ပျိုးအပ်သော အရံဥယျာဉ်တို့ကိုလည်းကောင်း, ရေအိုးစင်တို့ကိုလည်းကောင်း (ရွှံ့ညွန်ရေတို့ကြောင့်) အသွား ခက်သော ခရီး၌ တံတားတို့ကို ဖျက်ဆီးခဲ့ပါပြီ။

၂၃၅။ ကောင်းမှုကို မပြုမူ၍ မကောင်းမှုကို သာ ပြုသော ထိုအကျွန်ုပ်သည် ထိုလူ့ပြည်မှစုတေခဲ့သည်ရှိသော် ပြိတ္တာဘုံ၌ ဖြစ်၍ ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရပါ၏။

၂၃၆။ အကျွန်ုပ်သည် သေသောအခါမှစ၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံး စားရသည်ကိုလည်း ကောင်း,့သောက်ရေသောက်ရသည်ကိုလည်းကောင်း မသိရစဖူးပါ။

၂၃၇။ ပေးလှူမှုမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူ ခြင်းသည် ရှိ၏၊ ထိုမပေးလှူ ခြင်း သည်သတ္တဝါတို့ပျက်စီးကြောင်း မည်၏၊ အကြင် ပျက်စီးကြောင်းသည် ရှိ၏၊ ထိုပျက်စီး ကြောင်းသည်လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမှုမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူ ခြင်းပင်တည်း၊ ထိုစကားမှန်၏၊ ပေးလှူမှုမှ ရှောင်ကြဉ်ခြင်းဟူသော မပေးလှူခြင်းသည် ပျက် စီးကြောင်းတည်းဟုပြိတ္တာတို့ သိကြကုန်သည်သာတည်း။

၂၃၈။ အကျွန်ုပ်သည် ရှေးဘဝက လောဘစသည်တို့၏ အစွမ်းဖြင့် ပေးလှူမှုမှ ရှောင်ကြဉ် ခဲ့ပါပြီ၊ ဥစ္စာများစွာရှိနေပါလျက် မပေးလှူခဲ့ပေ၊ လှူဖွယ်ဝတ္ထုတို့ရှိပါကုန်လျက် မိမိ၏ မှီခိုရာကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုခဲ့ပေ၊ ထိုအကျွန်ုပ်သည် မိမိကံအကျိုးသို့ကပ်ရောက်ရသည်ဖြစ်၍ နောက်မှ နောင်တရပါ၏။

၂၃၉-၂၄၀။ လေးလတို့အလွန်၌ သေလွန်ခြင်း ဖြစ်ရပါလိမ့်မည်၊ အကျွန်ုပ်သည် စင်စစ် ဆင်းရဲ၍ ကြမ်းတမ်းသော လေးထောင့်ရှိသော တံခါးလေးပေါက်ရှိသော ဝေဖန်အပ်သော ပုံစံ တူဖြစ်သော သံတံတိုင်းကာရံ၍ သံပြားဖြင့် ပိတ်ဖုံးထားအပ်သော ငရဲသို့ ကျရောက်ရပါလိမ့် မည်။

၂၄၁။ ထိုငရဲ၏ မြေကြီးကား သံဖြင့် ပြီး၏။ တောက်လောင်သည်ဖြစ်၍ အခိုးအလျှံ ရှိ၏၊ ထက်ဝန်းကျင်ယူဇနာတစ်ရာတိုင်တိုင် အခါခပ်သိမ်း ပြန့်နှံ့၍ တည်၏။

၂၄၂။ အကျွန်ုပ်သည် ထိုငရဲ၌ ရှည်မြင့်စွာသော ကာလပတ်လုံး မကောင်းမှုကံ၏ အကျိုး ဖြစ်သော ဆင်းရဲဝေဒနာကို ခံစားရအံ့၊ ထို့ကြောင့် အကျွန်ုပ်သည် ပြင်းစွာ စိုးရိမ်မိပါ၏။

၂၄၃။ ထို့ကြောင့် အရှင်တို့အား လျှောက်ပါ၏၊ အရှင်တို့အား ကောင်းခြင်းမင်္ဂလာ ဖြစ် ပါစေ၊ ဤအရပ်၌ စုဝေးရောက်လာသမျှသော အရှင်ကောင်းတို့သည် မျက်မှောက်၌သော်လည်းကောင်း,မျက်ကွယ်၌သော်လည်းကောင်း မကောင်းမှုကံကို မပြုကြပါကုန်လင့်။

၂၄၄။ ထိုမကောင်းမှု (ကံ) ကို အကယ်၍ နောင်အခါ ပြုလိမ့်မည်ဖြစ်ပါမူ ယခုလည်း ပြုနေ ပါမူပျံတက်၍ ထွက်ပြေးကြကုန်သော်လည်း အရှင်တို့အား ဆင်းရဲမှ လွတ်မြောက်ခြင်း မရှိနိုင်။

၂၄၅။ အမိ၏ အကျိုးစီးပွား, အဖ၏ အကျိုးစီးပွား (အလို့ငှါ) လုပ်ကျွေးကြကုန်လော့၊ အမျိုး၌ကြီးသူတို့အား အရိုအသေ ပြုကြကုန်လော့၊ ရဟန်းကို ပူဇော်ကြကုန်လော့၊ မကောင်းမှုကို အပပြုပြီးသောသူကို ပူဇော်ကြကုန်လော့၊ ဤသို့ ပြုကျင့်ကြပါမူ နတ်ပြည်သို့ သွားရလတ္တံ့ဟု (ပြိတ္တာကဆုံးမစကား ပြောကြား၏)။

ခုနစ်ခုမြောက်သော ဓနပါလသေဋ္ဌိပေတဝတ္ထု ပြီး၏။

------

၈-စူဠသေဋ္ဌိပေတဝတ္ထု

ပစ္စည်းကြွယ်ဝလျက် ဒါနကို မပြုမိ ဝန်တိုခြင်းစိတ်ရှိလျက် စုတိသောအခါ ပြိတ္တာဖြစ်ကာအဇာတသတ်မင်းနှင့် တွေ့ရာတွင် အကြောင်းရင်းကို ဖြေရှင်း၍ သမီးရင်းက ကုသိုလ်ပြု သော်လည်းအလှူခံမစင်ကြယ်၍ အကျိုးမရ အဇာတသတ်မင်း ကိုယ်တိုင် သံဃာအား ပေးလှူ၍ အမျှအတန်းဝေမှချမ်းသာခွင့်ရသော ပြိတ္တာ

၂၄၆။ အရှင် (အရှင်သည်) အဝတ်မဆီး အချည်းနှီးဖြစ်လျက် ကြုံလှီသော ရဟန်း ဖြစ်ပေ၏၊ အဘယ်ကြောင့် ညဉ့်အခါ၌ အဘယ်အရပ်သို့ သွားမည်နည်း၊ အရှင်သည် အကျွန်ုပ်အား (လာခြင်း၏အကြောင်းကို) အကယ်၍ ပြောစွမ်းနိုင်မူ ပြောကြားပါလော့၊ အရှင်ဘုရားကို အလုံးစုံသော စည်းစိမ်ဖြင့်ပြီးစေနိုင်ငြားအံ့လည်း မသိဟု (အဇာတသတ်က မေး၏)။

၂၄၇။ အဝေးတိုင်အောင် ကျော်ကြားသော ဗာရာဏသီမြို့သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုမြို့၌့ပစ္စည်းဥစ္စာကြွယ်ဝသော မပေးလှူလိုသောသူကြွယ် ဖြစ်ခဲ့ပါ၏၊ အာမိသ၌ ကပ်ငြိသော စိတ်ရှိ၍ မပေးလှူတတ်၊ မကောင်းသော အကျင့်ကြောင့် ယမမင်းနိုင်ငံ ပြိတ္တာဘုံသို့ လားရောက်ရပါ၏။

၂၄၈။ ထိုအကြောင်းတို့ကြောင့် ထိုအကျွန်ုပ်သည် ထိုးဆွတတ်သော အပ်နှင့်တူသောကြောင့် သူစိကာဟုရအပ်သော အမည်ရှိသော မွတ်သိပ်ခြင်းဖြင့် ပင်ပန်းရပါ၏၊ ထို့ကြောင့်ပင်လျှင် ဆွေမျိုးတို့ထံအနည်းငယ်သော အာမိသဟူသော အကြောင်းကြောင့် သွားပါ၏၊ ပေးလှူလေ့ မရှိသူတို့သည် တမလွန်လောက၌ အလှူ၏ အကျိုးသည် ဖြစ်၏ဟု မယုံကြည်ကြပါကုန်။

၂၄၉။ အကျွန်ုပ်၏ သမီးသည်လည်း အမိအဖတို့အတွက်လည်းကောင်း, အဘိုးအဘွားတို့အတွက်လည်းကောင်း အလှူကို ပေးလှူအံ့ဟု မပြတ်ပြောကြားပါ၏၊ စီရင်အပ်သော ထို အလှူကို ပုဏ္ဏားတို့အား ကျွေးမွေးပါကုန်၏၊ အကျွန်ုပ်သည် စားသောက်ရန် အန္ဓကဝိန္ဒမြို့သို့ သွားပါအံ့ဟု (ပြိတ္တာက ဖြေ၏)။

၂၅၀။ ထိုသမီးလှူသော အလှူကိုလည်း ခံစားပြီး၍ လျင်စွာ လာခဲ့ပါဦး၊ ငါသည်လည်း ပူဇော်ခြင်းကို ပြုလုပ်အံ့ အကယ်၍ အကြောင်းရှိခဲ့ပါမူ ထိုအကြောင်းကို ငါ့အား ပြောကြား ပါလော့၊ ယုံကြည်ထိုက်သော အကြောင်းစကားကို နားထောင်လိုပါကုန်၏ဟု အဇာတသတ် မင်းသည် ထိုပြိတ္တာကို ပြောဆို၏။

၂၅၁။ ပြိတ္တာသည် ကောင်းပြီဟု ဆို၍ သွားပြီးလျှင် ထိုအန္ဓကဝိန္ဒမြို့ဝယ် ထမင်းကို ဒုဿီလပုဏ္ဏားတို့သည် စားကုန်၍ မြတ်သော အလှူကို ု ခံထိုက်သော သီလရှိသော ပုဂ္ဂိုလ်တို့မစားကုန်ရကား တစ်ဖန် ရာဇဂြိုဟ်မြို့သို့ ပြန်လာ၍ လူတို့ကို အစိုးရသော (အဇာတသတ်) မင်း၏ရှေ့၌ ထင်ရှားဖြစ်၏။

၂၅၂။ အဇာတသတ်မင်းသည် တစ်ဖန် ပြန်လာသော ပြိတ္တာကို မြင်၍ ငါသည်လည်း အဘယ်ကို ပေးလှူရအံ့နည်း၊ သင်သည် ကြာမြင့်စွာ နှစ်သက်မှုဖြစ်ရာသော အကြောင်း အကယ်၍ ရှိခဲ့ပါမူထိုအကြောင်းကို ငါ့အား ပြောကြားပါလော့ (ဟု ပြောဆို၏။)

၂၅၃။ အဇာတသတ်မင်း ထမင်း, အဖျော်, သင်္ကန်းဖြင့် မြတ်စွာဘုရားကိုလည်းကောင်း,သံဃာတော်ကိုလည်းကောင်း လုပ်ကျွေးပါလော့၊ ထိုအလှူ၏အဖို့ကို အကျွန်ုပ်၏ အကျိုးစီးပွား အလို့ငှါရည်ညွှန်းပေးဝေပါလော့၊ ဤသို့ရည်ညွှန်းပေးဝေသည်ရှိသော် အကျွန်ုပ်သည် ကြာမြင့် စွာ နှစ်သက်မှုဖြစ်ရာပါ၏ဟု (လျှောက်ထား၏)။

၂၅၄။ ထိုစကားကြောင့် အဇာတသတ်မင်းသည် ထွက်၍ ထိုခဏ၌ပင် အတုမရှိသော အလှူ ကို ကိုယ်တိုင် သံဃာအား ပေးလှူ ၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ပြီးလျှင်ပြိတ္တာအားလည်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။

၂၅၅။ အလှူကို ရည်ညွှန်းပေးဝေသည်ရှိသော် ထိုပြိတ္တာသည် အလွန်တင့်တယ်လျက် လူ တို့ကို အစိုးရသော မင်း၏ ရှေ့၌ ထင်ရှားဖြစ်၏၊ အကျွန်ုပ်သည် လွန်စွာ ပြည့်စုံခြင်းသို့ ရောက်သော နတ်ဖြစ်ရပါ၏၊ အကျွန်ုပ်နှင့် တူမျှသော လူတို့သည် မရှိကုန်။

၂၅၆။ သင် မင်းမြတ်သည် သံဃာတော်အား အတုမရှိသော အလှူကို လှူ ၍ အကျွန်ုပ်အား ရည်ညွှန်းပေးဝေပါ၏၊ မနှိုင်းယှဉ်အပ်သော အကျွန်ုပ်၏ အာနုဘော်ကို ရှုပါလော့၊ အမြဲ မပြတ် အခါခပ်သိမ်းများစွာသော ထမင်းအဖျော်စသည်တို့ဖြင့် တင်းတိမ်ရောင့်ရဲရပါ၏၊ လူမင်း အကျွန်ုပ်သည်ချမ်းသာသည်ဖြစ်၍ သွားပါတော့အံ့ (ဟု အဇာတသတ်မင်းအား ပြန် ကြား၏)။

ရှစ်ခုမြောက်သော စူဠသေဋ္ဌိပေတဝတ္ထု ပြီး၏။

ပဌမဘာဏဝါရ ပြီး၏။

------

၉-အကုင်္ရပေတဝတ္ထု

အသယှသူဌေးအလှူတွင် အလှူခံတို့အား လမ်းညွှန်ဘူူး၍ တန်ခိုးကြီးသော နတ်သား ဖြစ်ရသူူနှင့်ထိုအလှူတွင် ဝန်ဆောင်ပုဂ္ဂိုလ်ဖြစ်ခဲ့သော်လည်း အလှူခံတို့အား မဲ့ရွဲ့ခဲ့ဖူူး၍ အရုပ်ဆိုးလျက် ငတ်မွတ်နေသည့် ပြိတ္တာဖြစ်ရသူူတို့ အကြောင်းအရာ အစုံအလင်နှင့် သာသနာတွင်းကုသိုလ် သာသနာပကုသိုလ်တို့၏ အကျိုးပေးခြားနားပုံ အကုင်္ရနတ်သားနှင့် ဣန္ဒကနတ်သားတို့၏ စည်းစိမ်အခွင့်အရေး ကွာခြားပုံ တာဝတိံသာ နတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ဘုရားကိုယ်တော်တိုင် ဟောကြား တော်မူူပုံ အစုံပါသောဝတ္ထု

၂၅၇။ အကြင်အကြောင်းကြောင့် (ဘဏ္ဍာကို ရောင်းသဖြင့် ရသော) ဥစ္စာကို ဆောင်ကုန်သော ငါတို့သည် ကမ္ဗောဇတိုင်းသို့ သွားကြရကုန်၏၊ ဤနတ်သားသည် အလိုရှိသည်ကို ပေး တတ်၏၊ ထိုအကြောင်းကြောင့် ဤနတ်သားကို ဆောင်ကုန်အံ့။

၂၅၈။ ဤနတ်သားကို တောင်းပန်၍ သော်လည်းကောင်း, အနိုင်အထက်ဆောင်၍ သော်လည်းကောင်းခေါ်ယူလျက် ယာဉ်ထက်သို့ တင်ပြီးလျှင် ဒွါရဝတီမြို့သို့ လျင်စွာ သွားကုန်အံ့ဟု (ပုဏ္ဏားကုန်သည် ကပြော၏)။

၂၅၉။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အကိုင်းအခက်မျှကို သော်လည်း မချိုးမဖဲ့ရာ၊ မှန်၏၊ အဆွေခင်ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ဟု (အင်္ကုရက ပြောပြ၏)။

၂၆၀။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်၏ပင်စည်ကို သော်လည်း ဖြတ်ရာ၏ဟု (ပုဏ္ဏားကုန်သည်က ထပ်ပြော၏)။

၂၆၁။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသစ်ပင်၏ အရွက်ကို မျှသော်လည်း မဖျက်ဆီးရာ၊ မှန်၏၊ အဆွေခင် ပွန်းကို ဖျက်ဆီးခြင်းသည် ယုတ်မာလှ၏ဟု (အင်္ကုရက ပြန်ပြော၏)။

၂၆၂။ အကြင်သူသည် အကြင်သစ်ပင်၏ အရိပ်၌ ထိုင်မူလည်း ထိုင်ဖူး၏၊ အိပ်မူလည်း အိပ်ဖူး၏၊ ထိုသူသည် ထိုသို့သဘောရှိသော (သစ်ဖြင့် လိုအပ်သော) အကျိုးသည် အကယ်၍ ရှိခဲ့ပါမူ ထိုသစ်ပင်၏အမြစ်နှင့်တကွသော်လည်း နုတ်ရာ၏ဟု (ပုဏ္ဏားကုန်သည်က ထပ်ပြော၏)။

၂၆၃။ အကြင်ယောက်ျားသည် အကြင်ပုဂ္ဂိုလ်၏ အိမ်၌ တစ်ညမျှလည်း နေဖူး၏၊ အကြင် သူထံ၌ထမင်းအဖျော်ကို ရရာ၏၊ ထိုယောက်ျားသည် ထိုသူအား မကောင်းသော အမှုကို စိတ်မျှဖြင့်သော်လည်းမကြံစည်ရာ၊ သူ့ကျေးဇူးကို သိသောသူ၏ အဖြစ်ကို သူတော်ကောင်း တို့ ချီးမွမ်းအပ်၏။

၂၆၄။ အကြင်ပုဂ္ဂိုလ်သည် အကြင်သူ၏ အိမ်၌ တစ်ညမျှလည်း နေဖူး၏၊ အကြင်သူသည်ထမင်းအဖျော်ဖြင့် ရှေးရှုတည်သည် ဖြစ်ရာ၏၊ ထိုပုဂ္ဂိုလ်သည် ထိုသူအား မကောင်းသော အမှုကို စိတ်မျှဖြင့်သော်လည်း မကြံစည်ရာ၊ မညှဉ်းဆဲသော လက်ရှိသူသည် အဆွေခင်ပွန်း ဖျက်သောသူကို ပျက်စီးစေတတ်၏။

၂၆၅။ အကြင်သူသည် ရှေး၌ (တစ်စုံတစ်ယောက်က) ပြုအပ်သော ကျေးဇူးဥပကာရ ရှိသူဖြစ်လျက် နောက်၌ ယင်းကျေးဇူးပြုသူကို အကျိုးမဲ့ပြုခြင်းဖြင့် ညှဉ်းဆဲ၏၊ စိုသော လက် ရှိသူဟုဆိုအပ်သော ကျေးဇူးရှင်ကြောင့် ပျက်စီးရသော ထိုသူသည် ကောင်းသော အရာတို့ကို မမြင်ရတော့ပေဟု (အင်္ကုရကဆို၏)။

၂၆၆။ ငါ့ကို နတ်ကသော်လည်းကောင်း, လူကသော်လည်းကောင်း မဖျက်ဆီးနိုင်၊ ငါ့ကို အစိုးရသောသူကသော်လည်း မဖျက်ဆီးနိုင်၊ ငါသည် မြတ်သော တန်ခိုးသို့ ရောက်သော နတ် ဖြစ်၏၊ ဝေးသော အရပ်သို့ ခဏချင်း သွားနိုင်၏၊ အဆင်းခွန်အားနှင့် ပြည့်စုံ၏ဟု (နတ်သား က ပြောဆို၏)။

၂၆၇။ သင်၏ (လက်ျာ) လက်သည် အလုံးစုံအားဖြင့် ရွှေအဆင်း ရှိ၏၊ လက်ငါးချောင်း တို့ဖြင့်သူတစ်ပါးလိုသောဝတ္ထုကို သင် ဆောင်စွမ်းနိုင်၏၊ ကောင်းမြတ်သော အရသာကို ယိုစီးစေနိုင်၏၊ (သင်၏ လက်မှ) အထူးထူးသော အရသာတို့ ယိုစီးကုန်၏၊ သင့်ကို သိကြား မင်းဟု ငါ ထင်မှတ်၏ဟု (အင်္ကုရက ပြော၏)။

၂၆၈။ အင်္ကုရ ငါသည် စာတုမဟာရာဇ်နတ်မျိုး မဟုတ်ပါ၊ ဂန္ဓဗ္ဗနတ်မျိုးလည်း မဟုတ်ပါ၊ ရှေးဘဝကအလှူပေးလှူတတ်သော သိကြားလည်း မဟုတ်ပါ၊ ရောရုဝမြို့မှ စုတေ၍ ဤ ညောင်ပင်၌ကပ်ရောက်လာသော ပြိတ္တာဟု ငါ့ကို သိပါလော့ဟု (ပြိတ္တာက ပြော၏)။

၂၆၉။ သင်သည် ရှေးဘဝက ရောရုဝမြို့၌ နေစဉ် အဘယ်သို့သော သဘောရှိသော သီလ ရှိသူ,အဘယ်သို့ သဘောရှိသော အကျင့်ရှိသူ ဖြစ်ခဲ့ပါသနည်း၊ အဘယ်မြတ်သော အကျင့် ကြောင့် သင်၏လက်၌ ကောင်းမှုအကျိုးသည် ပြည့်စုံရပါသနည်း (ဟု အင်္ကုရက မေး၏)။

၂၇၀။ ငါသည် ရှေးဘဝက ရောရုဝမြို့၌ အပ်ချုပ်သမား ဖြစ်ခဲ့ပါ၏၊ ထိုအခါက ငါသည် အလွန်ဆင်းရဲစွာ အသက်မွေးရ၍ ဆင်းရဲနွမ်းပါးသူ ဖြစ်ပါ၏၊ ငါ့အား ပေးလှူရန် တစ်စုံ တစ်ခုမျှ မရှိပါ။

၂၇၁။ ယုံကြည်မှု 'သဒ္ဓါ'နှင့် ပြည့်စုံ၍ ဒါနရှင်ဖြစ်သော ကောင်းမှုကို သာ ပြု၍ (မကောင်းမှု ကို) စက်ဆုပ်တတ်သော သဘောရှိသော အသယှသူဌေး၏ အိမ်အနီး၌ ငါ၏ အိမ်သည် ရှိပါ၏။

၂၇၂-၃-၄။ ထိုငါ၏ အိမ်သို့ အထူးထူးသော အနွယ်ရှိကုန်သော ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုတတ်ကုန်သောသူတောင်းစားတို့သည် လာကြကုန်၏၊ ထိုသူတောင်းစားတို့သည် ''အရှင်တို့အားကောင်းခြင်း ဖြစ်ပါစေ၊ (ငါတို့သည်) အဘယ်အရပ်သို့ သွားရကုန်အံ့နည်း၊ အဘယ်အရပ်၌ အလှူကို ပေးလှူအပ်သနည်း''ဟု အသယှသူဌေး၏ အိမ်ကို ငါ့အား မေး ကြကုန်၏၊ အမေးခံရသော ငါသည်ထိုသူတို့အား လက်ျာလက်မောင်းကို မြှောက်ချီလျက် ''သင်တို့အား ကောင်းခြင်း ဖြစ်ပါစေ၊ ဤအိမ်၌အလှူကို ပေးလှူ၏''ဟု အသယှသူဌေး၏ အိမ်ကို ပြောကြားလိုက်ပါ၏။

၂၇၅။ ထို့ကြောင့် ငါ၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ ထို့ကြောင့် ငါ၏ လက်သည်ချိုမြိန်သော အရသာကို ယိုစီးနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမှုအကျိုး သည် ငါ၏ လက်၌ပြည့်စုံ၏ဟု (နတ်သားက ဖြေ၏)။

၂၇၆။ သင်ကား မိမိလက်တို့ဖြင့် တစ်စုံတစ်ယောက်အား အလှူကို မပေးလှူဖူးသတတ်၊ သူတစ်ပါး၏အလှူကို ဝမ်းမြောက်လျက် လက်ကို မြှောက်၍ ပြောဆိုဖူးသတတ်။

၂၇၇။ ထို့ကြောင့် သင်၏ လက်သည် အလိုရှိသည်ကို ပေးစွမ်းနိုင်၏၊ သင်၏ လက်သည် ချိုမြိန်သော အရသာကို ယိုစီးစေနိုင်၏၊ ထိုမြတ်သော အကျင့်ဖြင့် ကောင်းမှုအကျိုးသည် သင်၏ လက်၌ ပြည့်စုံ၏။

၂၇၈။ အရှင်နတ်သား အကြင်အသယှသူဌေးသည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ အလှူ ကို ပေးလှူ၏၊ ထိုအသယှသူဌေးသည် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်သည်ရှိသော် အဘယ် အရပ်ဌာနသို့လားရောက်သနည်းဟု (အင်္ကုရက ထပ်မေး၏)။

၂၇၉။ ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော သည်းခံနိုင်သော အသယှသူဌေး၏ သွားရာ'ဂတိ' ကိုလည်းကောင်း, လားရာ 'ဂတိ' ကိုလည်းကောင်း အကျွန်ုပ် မသိပါ၊ အသယှ သူဌေးသည်သိကြားမင်း၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်၏ဟု ဝေဿဝဏ် နတ်မင်း၏ အထံမှအကျွန်ုပ် ကြားရဖူး၏ဟု (နတ်သားက ပြန်၍ ဖြေကြား၏)။

၂၈၀။ ထိုက်သည်အားလျော်စွာ ကောင်းမှုကို ပြုခြင်းငှါလည်းကောင်း, အလှူကို ပေးလှူခြင်းငှါလည်းကောင်း သင့်လျော်သည်သာတည်း၊ အဘယ်သူသည် အလိုရှိသည်ကို ပေးတတ်သော လက်ကို မြင်ရ၍ ကောင်းမှုကို မပြုရှိတော့မည်နည်း။

၂၈၁။ ထိုအကျွန်ုပ်သည် ဤအရပ်မှ သွား၍ ဒွါရဝတီမြို့သို့ ရောက်လျှင် အကျွန်ုပ်၏ ချမ်းသာကို ရွက်ဆောင်နိုင်သော အလှူကို ဖြစ်စေအံ့ဟု ကြံစည်အောက်မေ့မိပါ၏။

၂၈၂။ ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူပါတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်း ကောင်းရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားတို့ကိုလည်းကောင်း ပြုလုပ်ပေး လှူပါတော့အံ့ဟု (အင်္ကုရက ပြောဆို၏)။

၂၈၃။ အဘယ့်ကြောင့် သင်၏ လက်ချောင်းသည် ကောက်ကွေးနေသနည်း၊ အဘယ့်ကြောင့် သင်၏ပါးစပ်သည်လည်း စောင်းရွဲ့နေသနည်း၊ သင်၏ မျက်စိတို့သည် လည်း အဘယ့်ကြောင့် (အညစ်အကြေး) ယိုစီးကုန်သနည်း၊ သင်သည် အဘယ်မကောင်းမှုကို ပြုခဲ့သနည်းဟု (မေး၏)။

၂၈၄။ အကျွန်ုပ်သည် ကိုယ်အင်္ဂါမှ ထွက်သော အရောင်ရှိသော ယုံကြည်မှု 'သဒ္ဓါ' ရှိ၍ အိမ်ကို အုပ်စိုးနေသော အသယှသူကြွယ်၏ အလှူတင်းကုပ်ဝယ် ထိုသူကြွယ်၏ အလှူ ပေးခြင်း၌ဝန်ဆောင်ပုဂ္ဂိုလ် ဖြစ်ခဲ့ပါ၏။

၂၈၅။ အကျွန်ုပ်သည် ထိုအလှူတင်းကုပ်၌ ဘောဇဉ်ကို အလိုရှိ၍ လာကုန်သောသူတောင်း စားတို့ကို မြင်လျှင် တစ်ခုသော အရပ်သို့ ဖဲသွား၍ နှုတ်ခမ်းမဲ့ရွဲ့ခြင်းကို ပြုခဲ့မိပါ၏၊

၂၈၆။ ထို့ကြောင့် အကျွန်ုပ်၏ လက်ချောင်းတို့သည် ကောက်ကွေးနေပါကုန်၏၊ အကျွန်ုပ်၏ပါးစပ်သည်လည်း ရွဲ့နေပါကုန်၏၊ အကျွန်ုပ်၏ မျက်စိတို့သည် လည်း (အညစ်အကြေး) ယိုစီး ပါကုန်၏၊ ထိုမကောင်းမှုကို အကျွန်ုပ် ပြုခဲ့၏ဟု (ပြိတ္တာက ဖြေ၏)။

၂၈၇။ ယုတ်မာသော ယောက်ျား အကြင်အကြောင်းကြောင့် သင်သည် သူတစ်ပါးအလှူ ၌တွန့်ရှုံ့မဲ့ရွဲ့သော မျက်နှာကို ပြုခဲ့၏၊ သင့်တော်သော ထိုအကြောင်းကြောင့်ပင် သင်၏ ခံတွင်းသည်လည်း ရွဲ့နေ၏၊ မျက်စိတို့သည် လည်း (အညစ်အကြေး) ယိုစီးနေကုန်၏။

၂၈၈။ ထမင်း, အဖျော်, ခဲဖွယ်, ကျောင်း, အိပ်ရာ နေရာဟူသော အလှူကို ပေးလှူသောသူသည်အဘယ့်ကြောင့် သူတစ်ပါးကို ပေးလှူခိုင်းရသနည်း။

၂၈၉။ မှန်၏၊ ထိုငါသည် ဤအရပ်မှ သွား၍ ဒွါရဝတီမြို့သို့ ရောက်သည်ရှိသော် အကြင် အလှူသည်ငါ၏ ချမ်းသာကို ရွက်ဆောင်ရာ၏၊ ထိုအလှူကို ဖြစ်စေရတော့အံ့။

၂၉၀။ ငါသည် ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူပေတော့အံ့၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်းကောင်း, ရွှံ့ညွန်ရေတို့ဖြင့် အသွားခက်သော ခရီး၌ တံတားကိုလည်းကောင်း ပြုလုပ်ပေးလှူပေတော့အံ့ဟု (အင်္ကုရက ဆို၏)။

၂၉၁။ ထိုအင်္ကုရသည် ထိုအရပ်မှ ပြန်လာ၍ ဒွါရဝတီမြို့သို့ ရောက်သည်ရှိသော် အကြင် အလှူသည်ချမ်းသာကို ရွက်ဆောင်၏၊ ထိုအလှူကို ဖြစ်စေတော့သည်သာတည်း။

၂၉၂။ ထမင်းကိုလည်းကောင်း, အဖျော်ကိုလည်းကောင်း, အဝတ်ပုဆိုး ကျောင်းအိပ်ရာနေရာတို့ကိုလည်းကောင်း ပေးလှူ၏၊ ရေအိုးစင်ကိုလည်းကောင်း, ရေတွင်းကိုလည်းကောင်းအထူးသဖြင့် ကြည်လင်သော စိတ်ဖြင့် ပေးလှူလေ၏။

၂၉၃။ အဘယ်သူသည် ဆာလောင်သနည်း၊ (ဆာလောင်သူသည် လာ၍ စားသုံးလော့)၊ အဘယ်သူသည်မွတ်သိပ်သနည်း၊ (မွတ်သိပ်သူသည် လာ၍ သောက်သုံးလော့)၊ အဘယ် သူသည် အဝတ်ကို ဝတ်ရုံလိုသနည်း၊ (လာ၍ ဝတ်ရုံလော့)၊ အဘယ်သူ၏ ရထားလှည်း တို့သည် ဆွေးမြေ့ဟောင်းနွမ်းကုန်သနည်း၊ ဤယာဉ်အပေါင်းမှ အလိုရှိရာယူ၍ ရထားလှည်း၌ ယှဉ်စေကုန်သတည်း။

၂၉၄။ အဘယ်သူသည် ထီးကို အလိုရှိသနည်း၊ (လိုရာကို ယူလော့)၊ အဘယ်သူသည် နံ့သာကို့အလိုရှိသနည်း၊ အဘယ်သူသည် ပန်းကို အလိုရှိသနည်း၊ အဘယ်သူသည် ဖိနပ်ကို အလိုရှိသနည်း၊ ဤသို့ ထိုအင်္ကုရအိမ်၌ ကြွေးကြော်ကုန်၏၊ ဆတ္တာသည်တို့သည်လည်းကောင်း၊ စဖိုသည်တို့သည်လည်းကောင်း၊ နံ့သာသည်တို့သည်လည်းကောင်း၊ အခါခပ်သိမ်း ညဉ့်၌လည်းကောင်း၊ နေ့၌လည်းကောင်း အင်္ကုရ၏ အိမ်၌ ကြွေးကြော်ကုန်၏။

၂၉၅။ သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာမူ ကားသူတောင်းစား များစွာတို့ကို မမြင်ရသောကြောင့် ဆင်းရဲစွာ အိပ်ရ၏။

၂၉၆။ သိန္ဓက အင်္ကုရသည် ချမ်းသာစွာ အိပ်ရ၏ဟု ငါ့ကို လူအများက သိ၏၊ ငါ့မှာမူ ကားသူတောင်းစားတို့ နည်းသောကြောင့် ဆင်းရဲစွာ အိပ်ရ၏ဟု (အင်္ကုရက ပြောဆို၏)။

၂၉၇။ တာဝတိံသာနတ်တို့ကိုလည်းကောင်း၊ အလုံးစုံသော လောကကိုလည်းကောင်း အစိုးရသော သိကြားမင်းသည် သင့်အား လိုရာဆုကို ပေးခဲ့မူ တောင့်တသည်ရှိသော် အဘယ် သဘောရှိသော ဆုကို တောင့်တပါမည်နည်း (ဟု သိန္ဓက က မေး၏)။

၂၉၈။ တာဝတိံသာနတ်တို့ကိုလည်းကောင်း၊ အလုံးစုံသော လောကကိုလည်းကောင်း အစိုးရသော သိကြားမင်းသည် ငါ့အား လိုရာဆုကို ပေးခဲ့မူ ငါသည် နံနက်စောစော အိပ်ရာမှ ထစဉ်နေအရုဏ်တက်အခါဝယ် နတ်၌ဖြစ်သော အစာတို့သည် ထင်ရှားဖြစ်ကုန်ရာ၏၊ သီလရှိသူတို့သည်လည်းကောင်း၊ သူတောင်းစားတို့သည်လည်းကောင်း ထင်ရှားဖြစ်ကုန်ရာ၏။

၂၉၉။ ငါ ပေးလှူနေစဉ် မကုန်ခန်းရာ၊ ငါသည် ပေးလှူ ပြီး၍ နောင်တ မပူပန်ရာ၊ ပေးလှူပြီးသော်စိတ်ကို ကြည်လင်စေရာ၏၊ သိကြားမင်းအား ဤသို့သော ဆုကို တောင်းအံ့ဟု (အင်္ကုရက ဖြေ၏)။

၃၀၀။ ဥစ္စာအားလုံးတို့ကို သူတစ်ပါးအား မပေးလှူရာ၊ အလှူကိုလည်း ပေးလှူရာ၏၊ ဥစ္စာကိုလည်းစောင့်ရာ၏၊ ထို့ကြောင့်သာလျှင် (ပေးလှူမှု) ဒါနထက် ဥစ္စာသည်သာလျှင် မြတ်၏၊ အလွန်ပေးလှူသဖြင့် အမျိုးအနွယ်တို့သည် မဖြစ်ကုန် (ပြတ်ကုန်၏)။

၃၀၁။ (အချင်းခပ်သိမ်း) မပေးလှူခြင်းကိုလည်းကောင်း၊ အလွန်အကဲ ပေးလှူ ခြင်းကိုလည်းကောင်းပညာရှိတို့သည် မချီးမွမ်းကြကုန်၊ ထို့ကြောင့်လျှင် (ပေးလှူမှု) ဒါနထက် ဥစ္စာသည်သာလျှင် မြတ်၏၊ အလယ်အလတ် အသင့်အားဖြင့်သာ ဖြစ်စေရာ၏၊ ထို သဘောတရားသည် နီတိကျမ်း၌ လိမ္မာသူတို့၏သဘောတရားတည်းဟု (ယောက်ျားတစ်ဦးက ပြောဆို၏)။

၃၀၂။ အချင်းတို့ ငါသည် ပေးလှူမည်သာတည်း၊ ငြိမ်သက်သော ကိုယ်နှုတ်စိတ် အကျင့်ရှိသောသူတော်ကောင်းတို့သည် ငါ့ထံသို့ ချဉ်းကပ်ကုန်ရာ၏၊ မိုးသည် ချိုင့်ဝှမ်းရာ အရပ်ကို ပြည့်စေသကဲ့သို့အလုံးစုံသောသူတောင်းစားတို့အား အလိုပြည့်စေလျက် တင်းတိမ် ရောင့်ရဲစေရပါမူ ကောင်းလေစွ။

၃၀၃။ သူတောင်းစားတို့ကို မြင်သည်ရှိသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည်လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ အိမ်၌နေသော ထိုသူ၏ ထို မျက်နှာကြည်လင်မှုနှစ်သက်ဝမ်းမြောက်သော စိတ်ရှိမှုသည် ချမ်းသာကြောင်းတည်း။

၃၀၄။ သူတောင်းစားတို့ကို မြင်သည်ရှိသော် အကြင်သူ၏ မျက်နှာအဆင်းသည် ကြည် လင်၏၊ ပေးလှူပြီးနောက် နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ ထိုသူ၏ ဤမျက်နှာ ကြည်လင်မှု,နှစ်သက်ဝမ်းမြောက်သော စိတ်ရှိမှုသည် အလှူဒါန၏ ပြည့်စုံခြင်းတည်း။

၃၀၅။ ပေးလှူသည်မှ ရှေးအဖို့၌ ဝမ်းမြောက်၏၊ ပေးလှူစဉ် စိတ်ကို ကြည်လင်စေ၏၊ ပေးလှူပြီးနောက်နှစ်သက်ဝမ်းမြောက်သော စိတ်ရှိ၏၊ ဤသည်ကား အလှူဒါန၏ ပြည့် စုံခြင်းတည်းဟု (အင်္ကုရကပြော၏)။

၃၀၆။ ကောင်းမှုကို ငဲ့သော အင်္ကုရ၏ နေအိမ်၌ လှည်းအစီးခြောက်သောင်း တိုက်မျှ လောက်သော ဘောဇဉ်ကို သတ္တဝါအပေါင်းအား အမြဲမပြတ် ပေးလှူအပ်၏။

၃၀၇။ ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော အလှူ ကြီးကို ပေးလှူ ခြင်း၌ အားထုတ်ကြ ကုန်သော သုံးထောင်ကုန်သော စဖိုသည်တို့သည် အင်္ကုရကို မှီ၍ အသက်မွေးကြကုန်၏။

၃၀၈။ ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော နုပျိုသော ယောက်ျားခြောက်သောင်း တို့သည် အင်္ကုရ၏အလှူ ကြီး၌ ထင်းခွဲကြကုန်၏။

၃၀၉။ အလုံးစုံ တန်ဆာဆင်ပြီးဖြစ်ကုန်သော နုပျိုသော မိန်းမတစ်သောင်းခြောက်ထောင် တို့သည် အင်္ကုရ၏ အလှူ ကြီး၌ ဟင်းချက်ဖွယ်ရာ (ငရုတ်စသည်) တို့ကို ပေါင်းစပ်ပြုပြင်ကြ ကုန်၏။

၃၁၀။ အလုံးစုံတန်ဆာဆင်ပြီးဖြစ်ကုန်သော တစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် အင်္ကုရ၏အလှူ ကြီး၌ ယောက်မကို ကိုင်လျက် ကျွေးမွေးရာဌာနသို့ ကပ်၍ တည်ကုန်၏။

၃၁၁။ မင်းမျိုးဖြစ်သော အင်္ကုရသည် ကြာမြင့်စွာသော ကာလပတ်လုံး ရိုသေစွာ ကိုယ်တိုင် အဖန်ဖန်အရိုအသေပြု၍ များစွာသောသူတို့အား များစွာ လှူဒါန်း၏။

၃၁၂။ အင်္ကုရသည် များစွာသော လတို့ပတ်လုံးလည်းကောင်း၊ များစွာသော ပက္ခတို့ပတ်လုံးလည်းကောင်း၊ များစွာသော ဥတုနှစ်တို့ပတ်လုံးလည်းကောင်း ကြာမြင့်စွာသော ကာလပတ်လုံးပင် အလှူကြီးကို ဖြစ်စေ၏။

၃၁၃။ ထိုအင်္ကုရသည် ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် ကြာမြင့်စွာသော ကာလ ပတ်လုံး (အချို့သူတို့အား) ပေးလှူ ပြီး၍ လည်းကောင်း၊ များစွာသောသူတို့အား လှူဒါန်းပူဇော်ပြီး၍ လည်းကောင်း လူ့ခန္ဓာအတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာနတ် ဘုံသို့ကပ်ရောက်ရ၏။

၃၁၄။ ဣန္ဒကမည်သော လုလင်သည် အနုရုဒ္ဓါမထေရ်အား တစ်ဇွန်းတစ်ယောက်မမျှလောက်သော ဆွမ်းကို ပေးလှူရသောကြောင့် လူ့ခန္ဓာကိုယ် အတ္တဘောကို စွန့်ရသည်ရှိသော် တာဝတိံသာ နတ်ဘုံသို့ကပ်ရောက်ရ၏။

၃၁၅-၆။ ဣန္ဒကနတ်သားသည် နှလုံးမွေ့လျော်ဖွယ်သော အဆင်း, အသံ, အရသာ, အနံ့, အတွေ့အထိ, အသက်, အခြံအရံ, အသွင်သဏ္ဌာန်, ချမ်းသာခြင်း, အစိုးရခြင်းဟူသော ဆယ်ပါးသော အကြောင်းတို့ဖြင့် အင်္ကုရနတ်သားထက် ပိုလွန်၍ တင့်တယ်၏။

၃၁၇။ အကြင်အခါ ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တာဝတိံသာ နတ်ပြည်ပင်လယ်ကသစ်ပင်၏အနီး ပဏ္ဍုကမ္ဗလာကျောက်ဖြာ၌ သီတင်းသုံးနေတော်မူ၏။

၃၁၈။ ထိုအခါ ဇာတိခေတ်ဟု မှတ်အပ်သော တစ်သောင်းသော လောကဓာတ် (စကြဝဠာ)တို့၌ နတ်ဗြဟ္မာတို့သည် စုဝေးကြကုန်လျက် မြင့်မိုရ်တောင်ထိပ်၌ သီတင်းသုံးနေ တော်မူသော မြတ်စွာဘုရားထံသို့ ဆည်းကပ်ကြကုန်၏။

၃၁၉။ မည်သည့် တစ်စုံတစ်ယောက်သော နတ်မျှ အဆင်းဖြင့် မြတ်စွာဘုရားကို လွန်၍ မတင့်တယ်နိုင်၊ မြတ်စွာဘုရားကသာ နတ်အားလုံးတို့ကို လွှမ်းမိုးလွန်မြောက်၍ တင့်တယ် တော်မူ၏။

၃၂၀။ ထိုအခါဝယ် ဤအင်္ကုရနတ်သားသည် တစ်ဆယ့်နှစ်ယူဇနာခြားသော အရပ်၌ နေရ၏၊ ဣန္ဒကနတ်သားသည် မြတ်စွာဘုရား၏ အနီး၌ နေလျက် အလွန်တင့်တယ်၏။

၃၂၁။ မြတ်စွာဘုရားသည် အင်္ကုရနတ်သားကိုလည်းကောင်း၊ ဣန္ဒကနတ်သားကိုလည်း ကောင်းကြည့်ရှုတော်မူပြီးလျှင် အလှူခံပုဂ္ဂိုလ်မြတ်ကို ချီးမွမ်းလိုသည်ဖြစ်၍ ဤစကားကို မိန့်ဆိုတော်မူ၏။

၃၂၂။ အင်္ကုရ သင်သည် ကြာမြင့်စွာသော ကာလပတ်လုံး အလှူ ကြီးကို ပေးလှူခဲ့သည် မဟုတ်ပါလော၊သို့ပါလျက် အလွန်ဝေးသော အရပ်၌ နေရဘိ၏၊ ငါ၏ အထံသို့ လာလော့ဟု (မိန့်ဆိုတော်မူ၏)။

၃၂၃။ (အရိယမဂ္ဂဘာဝနာဖြင့်) ပွားများအပ်ပြီးသော စိတ်ရှိတော်မူသော မြတ်စွာဘုရား သည်တိုက်တွန်းအပ်သည်ဖြစ်၍ အင်္ကုရနတ်သားသည် ဤစကားကို လျှောက်၏၊ အရှင်ဘုရား တပည့်တော်၏့အလှူသည် မြတ်သော အလှူခံထိုက်သော အလှူခံပုဂ္ဂိုလ်တို့မှ ဆိတ်သုဉ်း ခဲ့ပါ၏၊ ထိုအလှူ ဖြင့်တပည့်တော်အား အဘယ်အကျိုး ရှိပါအံ့နည်း။

၃၂၄။ ဤဣန္ဒကနတ်သားသည် အနည်းငယ်သော အလှူကို ပေးလှူခဲ့၏၊ လဗိမာန်သည်ကြယ်အပေါင်းတို့ကို လွှမ်းမိုး၍ တင့်တယ်သကဲ့သို့ အကျွန်ုပ်တို့ကို လွှမ်းမိုး၍ တင့်တယ်ပါ၏ဟု (လျှောက်၏)။

၃၂၅။ ကျတ်တီးပြင်ဖြစ်သော လယ်မြေ၌ များစွာ စိုက်ပျိုးအပ်ပါသော်လည်း မျိုးစေ့သည်ပြန့်ပြောများပြားသော အသီးကို မဖြစ်စေနိုင်သကဲ့သို့လည်းကောင်း၊ လယ်သမားကို နှစ်သက်လည်းမနှစ်သက်စေနိုင်သကဲ့သို့လည်းကောင်း-

၃၂၆။ ထို့အတူပင် သီလမရှိသူတို့၌ တည်သော အလှူသည် များပြားပါသော်လည်း ပြန့်ပြောများပြားသော အကျိုးကို မဖြစ်စေနိုင်၊ ပေးလှူတတ်သူ ဒါယကာကိုလည်း မနှစ် သက်စေနိုင်ပါ။

၃၂၇။ ကောင်းသော လယ်မြေ၌ အနည်းငယ် စိုက်ပျိုးအပ်သော မျိုးစေ့သည် နည်းပင် နည်းသော်လည်းမိုးရေအလျဉ်သည် ကောင်းစွာ ရွာသွန်းသည်ရှိသော် များစွာသော အသီး အနှံကို ဖြစ်စေ၍ လယ်သမားကို နှစ်သက်စေနိုင်သကဲ့သို့-

၃၂၈။ ထို့အတူပင် သီလရှိ၍ ဂုဏ်ရှိကုန်သောတာဒိဂုဏ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့၌ ပြု အပ်သော ကောင်းမှုသည် နည်းပင်နည်းသော်လည်း အကျိုးကြီး၏ဟု (အင်္ကုရနတ်သားက လျှောက်၏)။

၃၂၉။ အကြင်ပုဂ္ဂိုလ်၌ ပေးလှူအပ်သော အလှူသည် အကျိုးကြီး၏၊ ထိုပုဂ္ဂိုလ်၌သာ စိစစ် ရွေးချယ်၍ အလှူကို ပေးလှူအပ်၏၊ စိစစ်ရွေးချယ်၍ အလှူကို ပေးလှူသောကြောင့် ပေးလှူ တတ်သူဒါယကာတို့သည် နတ်ပြည်သို့ လားရောက်ရကုန်၏။

၃၃၀။ စိစစ်ရွေးချယ်၍ ပေးလှူ ခြင်းကို မြတ်စွာဘုရား ချီးမွမ်းတော်မူအပ်၏၊ အကြင် ပုဂ္ဂိုလ်တို့သည် ဤသက်ရှိလောက၌ မြတ်သော အလှူကို ခံထိုက်ကုန်၏၊ ကောင်းသော လယ်မြေ၌ စိုက်ပျိုးအပ်ကုန်သော မျိုးစေ့တို့ကဲ့သို့ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌ ပေးလှူ အပ်သော အလှူတို့သည် အကျိုးကြီးကုန်၏။

ကိုးခုမြောက်သော အင်္ကုရပေတဝတ္ထု ပြီး၏။

------

၁၀-ဥတ္တရမာတုပေတိဝတ္ထု

သားဖြစ်သူဥတ္တရက ဒါနပြုသည်ကို အမိဖြစ်သူူ မနှစ်သက် ကန့်ကွက်ဆဲရေးခဲ့ မိသောကြောင့် ကွယ်လွန်သောအခါ ပြိတ္တာဘဝ၌ ငါးဆယ့်ငါးနှစ်ပါတ်လုံး အစာနှင့်ရေကို မသုံးစားရဂင်္ဂါမြစ်ကို တွေ့သော်လည်း သွေးအတိဖြစ်၍ မသောက်ရ ဒုက္ခကြီးစွာခံစားရသော ပြိတ္တာမ

၃၃၁-၂။ ထိုပြိတ္တာမ၏ ဆံပင်တို့သည် အလွန်ရှည်လျားကုန်၏၊ မြေကြီးတိုင်အောင် တွဲရရွဲ ကျကုန်၏၊ စက်ဆုပ်ရွံ့ရှာဖွယ် အဆင်းသဏ္ဌာန်ရှိ၍ ကြောက်မက်ဖွယ် အမြင်ရှိသော ထို ပြိတ္တာမသည် ဆံပင်တို့ဖြင့်ကိုယ်ကို ဖုံးလွှမ်းလျက် ဂင်္ဂါမြစ်ကမ်းနား၌ နေသော နေ့သန့်စင်ရာ အရပ်သို့ သွားသော ထိုရဟန်းထံသို့ချဉ်းကပ်ပြီးလျှင် ရဟန်းအား ဤစကားကို လျှောက်၏၊

၃၃၃။ အရှင်ဘုရား အကျွန်ုပ်သည် သေလွန်သည်မှ အစပြု၍ ငါးဆယ့်ငါးနှစ်တို့ပတ်လုံးထမင်းစားရသည်ကိုလည်းကောင်း,သောက်ရေသောက်ရသည်ကိုလည်းကောင်း မသိစဖူးပါ၊ အကျွန်ုပ်သည် ရေမွတ်သိပ်လှပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်အား ရေကို ပေးတော်မူပါလော့ဟု (ပြောဆို လျှောက်ထား၏)။

၃၃၄။ ဤဂင်္ဂါမြစ်သည် အေးသော ရေ ရှိ၏၊ ဟိမဝန္တာမှသာလျှင် စီဆင်း၏၊ ဤဂင်္ဂါမြစ်မှ ယူလျက် သောက်ပါလော့၊ အဘယ့်ကြောင့် ငါအားသောက်ရေကို တောင်းဘိသနည်းဟု (မထေရ်က ပြော၏)။

၃၃၅။ အရှင်ဘုရား အကျွန်ုပ်သည် ဂင်္ဂါမြစ်၌ ရေကို အကျွန်ုပ်ကိုယ်တိုင် ယူခဲ့ပါမူ ရေသည့်အကျွန်ုပ်အတွက် သွေးအဖြစ်ဖြင့် ပြောင်းလဲသွားပါ၏၊ ထို့ကြောင့်သောက်ရေကို တောင်းပါ၏ဟု (လျှောက်၏)။

၃၃၆။ သင်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်သည် သင့်အတွက် သွေးဖြစ်ရပါသနည်းဟု (မထေရ်က မေး၏)။

၃၃၇။ အရှင်ဘုရား ဥတ္တရမည်သော အကျွန်ုပ်၏ သားသည် ယုံကြည်မှု 'သဒ္ဓါ' ရှိသော ဥပါသကာဖြစ်ခဲ့ပါ၏၊ ထိုသားသည် အကျွန်ုပ် အလိုမရှိဘဲ ရဟန်းတို့အား-

၃၃၈။ သင်္ကန်းကိုလည်းကောင်း, ဆွမ်းကိုလည်းကောင်း, သူနာ၏ အထောက်အပံ့ ဆေးကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း ပေးလှူပါ၏၊ ထိုပေးလှူသော သားကို အကျွန်ုပ် သည်ဝန်တိုမှု 'မစ္ဆရိယ' နှိပ်စက်အပ်သည်ဖြစ်၍ ဆဲရေး ရေရွတ် ကြိမ်းမောင်းမိပါ၏။

၃၃၉။ ဥတ္တရ အကြင်သင်သည် ငါ အလိုမရှိဘဲ သင်္ကန်းကိုလည်းကောင်း, ဆွမ်းကိုလည်း ကောင်း,သူနာ၏ အထောက်အပံ့ဆေးကိုလည်းကောင်း, အိပ်ရာနေရာကိုလည်းကောင်း ရဟန်းတို့အားပေးလှူဘိ၏။

၃၄၀။ ဤအလှူဝတ္ထုသည် သင့်အတွက် တမလွန်ဘဝ၌ သွေး ဖြစ်စေသတည်း (ဟု ဆဲရေး ရေရွတ်ကြိမ်းမောင်းမိပါ၏)၊ ထိုမကောင်းမှုကံ၏ အကျိုးကြောင့် ဂင်္ဂါမြစ်ရေသည် အကျွန်ုပ်အတွက်သွေးဖြစ်နေပါတော့၏ (ဟု လျှောက်၏)။

ဆယ်ခုမြောက်သော ဥတ္တရမာတုပေတိဝတ္ထု ပြီး၏။

------

၁၁-သုတ္တပေတဝတ္ထု

ပစ္စေကဗုဒ္ဓါအား ချည်ကို လှူခဲ့သောကြောင့် ဆန်းကြယ်သော ဗိမ္မာန်တွင် နတ်ပြိတ္တာနှင့် အတူူအနှစ်ခုနှစ်ရာမွေ့လျော်၍ အကုဋေမျှသော အဝတ်တို့ဖြင့် ခံစားရသော လူူမိန်းမက နတ်ပြိတ္တာအားလူူ့ပြည်သို့ ပြန်ပို့ရန် ပြောပုံနှင့် လူူ့ပြည်သို့ရောက်သော် အမယ်အိုကြီး ဖြစ်သွားပုံတို့ဖြင့် ထူူးဆန်းသောဝတ္ထု

၃၄၁။ ရှေးအခါက အိမ်သို့ကပ်လျက် ကာယဝိညတ်ဖြင့် ရပ်တည်၍ အတောင်းခံရသော အကျွန်ုပ်သည် ကိလေသာကို နှင်ထုတ်ပြီးသော (ပစ္စေကဗုဒ္ဓါ) ရဟန်းအား ချည်ကို ပေးလှူ ခဲ့ရပါ၏၊ ထိုအလှူ၏ပြန့်ပြောများမြတ်သော ပွားစီးမှုရှိသော အကျိုးကို ယခု ရပါ၏၊ အကျွန်ုပ်အား များစွာသော အကုဋေမျှလောက်သော အဝတ်တို့သည် ဖြစ်ပါကုန်၏။

၃၄၂။ များစွာ ဆန်းကြယ်လျက် ယောက်ျားမိန်းတို့ မှီဝဲအပ်သော ဗိမာန်သည် ပန်းတို့ဖြင့်ပြွမ်းသည်ဖြစ်၍ မွေ့လျော်ဖွယ် ရှိပါ၏၊ အကျွန်ုပ်သည် ထိုဗိမာန်ကို သုံးဆောင်လည်း သုံးဆောင်ရပါ၏၊ ထိုအကုဋေမျှလောက်သော အဝတ်တို့တွင် အလိုရှိရာအဝတ်ကို ဝတ်ရုံလည်း ဝတ်ရုံရပါ၏၊ များစွာသော စည်းစိမ်ဥစ္စာလည်း ရှိပါ၏၊ ထိုစည်းစိမ်ဥစ္စာသည် ကုန်ခန်းလည်း မကုန်ခန်းနိုင်ပါ။

၃၄၃။ ထိုချည်လှူဒါန်းခဲ့သော ကံကို အစွဲပြု၍ ဤဗိမာန်၌ အကျိုးဖြစ်သော ချမ်းသာကိုလည်းကောင်း၊ သာယာခြင်းကိုလည်းကောင်း ရအပ်ပါ၏၊ ထိုအကျွန်ုပ်သည် တစ်ဖန် လူ့ ပြည်သို့ သွား၍ ကောင်းမှုကုသိုလ်ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ ပို့ဆောင် ပါလော့ (ဟု မိန်းမကပြော၏)။

၃၄၄။ သင်သည် အနှစ်ခုနစ်ရာ အထက်ကပင် ဤဗိမာန်သို့ ရောက်လာ၏၊ ထိုလူ့ပြည်၌အိုခြင်းသည်လည်းကောင်း အသက်ကြီးခြင်းသည်လည်းကောင်း ဖြစ်ရလိမ့်မည်၊ သင်၏ ဆွေမျိုးအားလုံးတို့သည် သေကုန်ကြပြီဖြစ်ရကား ဤဗိမာန်မှ ထိုလူ့ပြည်သို့ သွား၍ အဘယ်ပြု လတ္တံ့နည်း (ဟု ပြိတ္တာက ပြော၏)။

၃၄၅။ အရှင် ဤနတ်ပြည်သို့ ရောက်လာ၍ နတ်ချမ်းသာနှင့် ပြည့်စုံသော အကျွန်ုပ်အားခုနစ်နှစ်မျှလောက်သာ ရှိပါသေး၏ဟု ထင်မိပါ၏၊ ထိုအကျွန်ုပ်သည် တစ်ဖန် လူ့ပြည်သို့ သွား၍ ကောင်းမှုတို့ကို ပြုပါအံ့၊ အရှင့်သား အကျွန်ုပ်ကို လူ့ပြည်သို့ ပို့ဆောင်ပါလော့ဟု (မိန်းမက ပြော၏)။

၃၄၆။ ထိုဝိမာနပြိတ္တာသည် ထိုမိန်းမ၏ လက်မောင်းကို ဖိနှိပ်ဘိသကဲ့သို့ ကိုင်ပြီးလျှင်အလွန်အားနည်းသော မိန်းမအိုကြီးကို (မွေးဖွားရာအရပ်သို့) ပြန်လည်ပို့ဆောင်ပြီးလျှင် ဤ အရပ်သို့ရောက်လာသော လူအပေါင်းကိုလည်း သင်တို့သည် ကုသိုလ်ကောင်းမှုကို ပြုကြကုန် လော့၊ ဤသို့ပြုသည်ရှိသော် ချမ်းသာသုခကို ရနိုင်၏ဟု ပြောကြားပါလေလော့ (ဟု ပြိတ္တာက မှာထား ပြောဆို၏)။

၃၄၇။ ကုသိုလ်ကောင်းမှုကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော ပြိတ္တာတို့ကိုလည်းကောင်း၊ ကုသိုလ်ကောင်းမှုကံကို မပြုခြင်းကြောင့် ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သော လူတို့ကိုလည်းကောင်း ငါ မြင်ရ၏၊ ကောင်းကျိုးချမ်းသာကို ဖြစ်စေတတ်သော ကုသိုလ် ကံကို ပြု၍ ချမ်းသာသုခ၌ တည်သော နတ်လူသတ္တဝါတို့ကိုလည်း ငါ မြင်ရ၏ဟု (မိန်းမက ဆုံးမစကားပြောကြား၏)။

တစ်ဆယ့်တစ်ခုမြောက်သော သုတ္တပေတဝတ္ထု ပြီး၏။

------

၁၂-ကဏ္ဏမုဏ္ဍပေတိဝတ္ထု

သီလရှိသော လင်ကို ကျော်လွန်၍ ယောက်ျားတပါးတို့နှင့် ဖောက်ပြားမိပါလျက် လက်ဆုပ်လက်ကိုင်မိသောအခါ ခွေးစားခံရပါစေဟု ကျိန်စာဆိုခဲ့မိ၍ သေသောအခါ ကြည်နူူးဖွယ် ကောင်းသော ရေကန်အနီး ပြသာဒ်၌ နေ့အချိန်ခံစား၍ ညအချိန်တွင် ခွေးစားခံနေရသော ပြိတ္တာမက ဗာရာဏသီမင်းအား ပြောကြားပုံပါသောဝတ္ထု

၃၄၈။ ချစ်နှမ သင်၏ ဤရေကန်သည် ရွှေဖြင့် ပြီးသော စောင်းတန်းလှေကား ရှိပေ၏၊ ရွှေဖြင့်ပြီးသော သဲတို့ဖြင့် ခင်းထားပေ၏၊ ထိုရေကန်၌ တင့်တယ်ကုန်လျက် စင်ကြယ်ကောင်း မြတ်သော ရနံ့ရှိကုန်သော ကြာသိန်တို့သည် နှလုံးမွေ့လျော်ဖွယ် ရှိလှပေကုန်၏။

၃၄၉။ သင်၏ ဤရေကန်သည် အထူးထူးသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ အထူးထူးသော ရနံ့လေတို့ဖြင့် ထက်ဝန်းကျင် ထုံလှိုင်လှုပ်ရှားလျက် နေ၏၊ အထူးထူးသော ပဒုမ္မာကြာတို့ဖြင့်ဖုံးလွှမ်းကာ ကြာဖြူတို့ဖြင့် ရောပြွမ်းစုပေါင်းနေ၏။

၃၅၀။ သင်၏ ဤရေကန်သည် စိတ်ကို နှစ်သက်စေလျက် လေတို့ဖြင့် တိုက်ခတ်သည် ဖြစ်ရကားကောင်းသော ရနံ့ကို ကြိုင်လှိုင်စေ၏၊ ထိုရေကန်၌ ဟင်္သာ, ကြိုးကြာတို့သည် အလွန်ရွှင်မြူးတွန်ကျူးကြကုန်၏၊ စက္ကဝက်တို့သည် အလွန်ရွှင်မြူး တွန်ကျူးကြကုန်၏။

၃၅၁။ သင်၏ ဤရေကန်သည် အထူးထူးသော ငှက်အပေါင်းတို့ဖြင့် ပြွမ်း၏၊ အထူးထူးသော ငှက်တို့၏တွန်ကျူးသံအပေါင်းနှင့် ယှဉ်၏၊ ထိုရေကန်၌ သစ်ပင်တို့သည် အထူးထူးသော အသီးတို့ကို ဆောင်ကုန်၏၊ တောဥယျာဉ်တို့သည် အထူးထူးသော ပန်းတို့ကို ဆောင် ကုန်၏။

၃၅၂။ ဤသို့ သင်၏ ရွှေငွေဖြင့် ပြီးသော များစွာသော ပြာသာဒ်တို့သည် အလွန် တင့်တယ်ကုန်လျက် ထက်ဝန်းကျင် အရပ်လေးမျက်နှာကို တောက်ပစေကုန်၏၊ ဤသို့သဘော ရှိသော မြို့သည်လူ့ပြည်တို့၌ ပင် မရှိပေ။

၃၅၃။ အကြင်ကျွန်မငါးရာတို့သည် သင်၏အလုပ်အကျွေး ဖြစ်ကြကုန်၏၊ ထိုကျွန်မငါးရာ တို့သည် ခရုသင်းလက်ကောက် လက်ကြပ်တန်ဆာကို ဝတ်ဆင်ကုန်၏၊ ရွှေနားသွယ်ပန်းတို့ကိုလည်း ထူးဆန်းစွာ ပန်ဆင်ကြကုန်၏။

၃၅၄။ ရွှေငွေတို့ဖြင့်ပြီးသော သင်၏ များစွာသော ပလ္လင်တို့ကို ဝံပိုင့်ရေတို့ဖြင့် ဖုံးလွှမ်း အပ်ကုန်၏၊ ကောင်းစွာ စီရင်အပ်ကုန်သည်ဖြစ်၍ ရှည်လျားသော မွေးရှည် ကော်ဇောကြီးတို့ ဖြင့် ခင်းထားအပ်ကုန်၏။

၃၅၅။ ယင်းပလ္လင်၌ နေခြင်းသို့ ကပ်ရောက်သော သင်သည် အလုံးစုံလိုသမျှ ပြည့်စုံသည် ဖြစ်ပါလျက် ညဉ့်သန်းခေါင်အချိန်သို့ ရောက်လတ်သော် ထိုပလ္လင်မှ ထ၍ သွားဘိ၏။

၃၅၆။ ချစ်နှမ သင်သည် ဥယျာဉ်မြေသို့ သွား၍ ရေကန်၏ ထက်ဝန်းကျင်မှ စိမ်းညို၍ နုပျိုသော မြက်တို့ဖြင့် ဖုံးလွှမ်းအပ်သော ထိုရေကန်၏ ကမ်းနား၌ ရပ်တည်နေဘိ၏။

၃၅၇။ ထိုနောက်မှ နားရွက်ပြတ်သော ခွေးသည် သင်၏ အင်္ဂါကြီးငယ်တို့ကို ခဲစား၏၊ ခွေးစားအပ်သည်ဖြစ်၍ အရိုးစုမျှကို ပြုအပ်ပြီးသောအခါ သင်သည် ရေကန်သို့ သက်ဆင်း လိုက်၏၊ (ထိုအခါ) ခွေးမစားမီ ရှေးအဖို့ကဲ့သို့ သင်၏ ခန္ဓာကိုယ် ဖြစ်ပေါ်ပြန်၏။

၃၅၈။ ထိုရေကန်သို့ သက်ဆင်းပြီးနောက် သင်သည် အင်္ဂါကြီးငယ်တို့ဖြင့် ပြည့်စုံသည် ဖြစ်၍ ကောင်းစွာနှစ်လိုဖွယ်ရှိကာ ချစ်ခင်ဖွယ်ရာ အမြင်ရှိပြီးလျှင် အဝတ်တန်ဆာ ဝတ်ဆင် လျက် ငါ၏ အထံသို့ လာ၏။

၃၅၉။ သင်၏ ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် နားရွက်ပြတ်သော ခွေး သည် သင်၏အင်္ဂါကြီးငယ်တို့ကို ခဲစားသနည်းဟု (ဗာရာဏသီမင်းက မေး၏)။

၃၆၀။ ကိမိလမြို့၌ ယုံကြည်မှု 'သဒ္ဓါ' တရားရှိသော ရတနာသုံးပါးကို ဆည်းကပ်တတ်သောသူကြွယ်သည် ရှိပါ၏၊ အကျွန်ုပ်သည် ထိုသူကြွယ်၏ မယား ဖြစ်ပါ၏၊ သီလ မရှိပါ၊ လင်ကို ကျော်လွန်၍ ယောက်ျား တစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်ခဲ့ပါ၏။

၃၆၁။ လင်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးတို့နှင့် သွားလာလွန်ကျူးလျက် ကျင့်မိသော အကျွန်ုပ်အားလင်သည် ဤစကားကို ဆို၏၊ သင်သည် ငါ့ကို ကျော်လွန်၍ ယောက်ျားတစ်ပါး တို့နှင့်သွားလာလွန်ကျူး၍ ကျင့်ဘိ၏၊ ဤအမှုသည် မလျောက်ပတ်ဟု ဆိုပါ၏။

၃၆၂-၃။ ''အကျွန်ုပ်သည် ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း, စိတ်ဖြင့်လည်း ကောင်းသင့်ကို ကျော်လွန်၍ ယောက်ျားတစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ မကျင့်ပါ၊ အကျွန်ုပ်သည် သင့်ကို ကိုယ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ကျော်လွန်၍ ယောက်ျားတစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်မိခဲ့ပါမူ နားရွက်ပြတ်သော ဤခွေးသည် အင်္ဂါကြီးငယ်တို့ကို ခဲစားပါစေ''ဟုထိုအကျွန်ုပ်သည် ကြမ်းတမ်းသော ကျိန်စာဆိုခြင်း ကိုလည်းကောင်း၊ မမှန်ပြောဆိုခြင်းကိုလည်းကောင်းပြောဆိုမိပါ၏။

၃၆၄။ အကြင်မကောင်းမှုကံကြောင့် နားရွက်ပြတ်သော ခွေးသည် အကျွန်ုပ်၏ အင်္ဂါကြီး ငယ်တို့ကို ခဲစားပါ၏၊ လင်ကို ကျော်လွန်လျက် ယောက်ျားတစ်ပါးတို့နှင့် သွားလာလွန်ကျူး၍ ကျင့်သော ကံ၏လည်းကောင်း၊ မဟုတ်မမှန်ပြောဆိုသော ကံ၏လည်းကောင်း နှစ်ပါးစုံသော ထိုကံ၏အကျိုးကို အနှစ်ခုနစ်ရာတို့ပတ်လုံး အကျွန်ုပ် ခံစားရပါ၏။

၃၆၅။ အရှင်မင်းကြီး သင်သည်ကား အကျွန်ုပ်အား များစွာသော ကျေးဇူးရှိပါ၏၊ အကျွန်ုပ်၏အကျိုးငှါ ဤအရပ်သို့ ရောက်လာပါ၏၊ အကျွန်ုပ်သည် ပူဆွေးမှု မရှိတော့ဘဲ တစ်စုံတစ်ခုမျှ ဘေးမရှိတော့ဘဲနားရွက်ပြတ်သော ခွေးမှ လွတ်ရပါ၏။

၃၆၆။ အရှင်မင်းကြီး သင့်ကို အကျွန်ုပ် ရှိခိုးပါ၏၊ လက်အုပ်ချီခြင်းကို ပြုလျက် တောင်း ပန်ပါ၏၊ အရှင်မင်းကြီး အကျွန်ုပ်နှင့်အတူ နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို သုံးဆောင်ပါ လော့၊ မွေ့လျော်ပါလော့ဟု (ပြိတ္တာမက တောင်းပန်၏)။

၃၆၇။ တင့်တယ်ခြင်းနှင့် ယှဉ်သော ရှင်မ ငါသည် နတ်၌ဖြစ်သော ကာမဂုဏ်တို့ကို သုံးဆောင်ခံစားရပြီ၊ သင်နှင့်အတူ မွေ့လျော်ရပြီ၊ သင့်ကို ငါ တောင်းပန်၏၊ ငါ့ကို လျင်စွာ (ငါ၏့မြို့သို့သာ) တစ်ဖန်ပြန်လည် ပို့ဆောင်ပါလော့ဟု (ဗာရာဏသီမင်းက ပြော၏)။

တစ်ဆယ့်နှစ်ခုမြောက်သော ကဏ္ဏမုဏ္ဍပေတိဝတ္ထု ပြီး၏။

------

၁၃-ဥဗ္ဗရိပေတဝတ္ထု

လင်ဖြစ်သူူ ရှင်ဘုရင်သေဆုံး၍ ယူူ၊ ကံးမရ ငိုကြွေးနေသော မိဖုရားကို ပညာရှိရသေ့က ဗြဟ္မဒတ်မင်းပေါင်း ရှစ်သောင်းလေးထောင်ရှိကြောင်း ဘဝဟောင်းဖြစ်ထွေကို အခြေကျကျရှင်းလင်းပြသဖြင့် သော ကကင်းစင်လျက် လူူ့အသွင်ကို ပယ်ရှား ရသေ့အဝတ်အစားဖြင့် မေတ္တာပွားသော ဥဗ္ဗ္ဗ္ဗရီမိဖုရားဝတ္ထု

၃၆၈။ ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော ဗြဟ္မဒတ်မည်သော မင်း သည်ဖြစ်ခဲ့ဖူး၏၊ ထိုဗြဟ္မဒတ်မင်းသည် နေ့ညဉ့်ကာလ ရှည်လျားကုန်လွန်လတ်သော် နတ်ရွာ စံခဲ့လေ၏။

၃၆၉။ ထိုမင်း၏ ဥဗ္ဗရီမည်သော မိဖုရားသည် သုသာန်သို့ သွား၍ ဗြဟ္မဒတ်မင်းကို မမြင် ရသည်ဖြစ်ပါလျက် ''ဗြဟ္မဒတ်မင်းမြတ်''ဟု ငိုကြွေးမြည်တမ်း၏။

၃၇၀။ အကျင့်နှင့် ပြည့်စုံ၍ ပညာရှိသော ရသေ့သည် ထိုသုသာန်သို့ ရောက်လာခဲ့ပြီ၊ ထိုရသေ့သည်ထိုသုသာန်၌ အညီအညွတ် စုဝေးရောက်လာကြကုန်သောသူတို့ကို မေး၏။

၃၇၁။ အထူးထူးသော အနံ့တို့ဖြင့် ထုံအပ်သော ဤသင်္ချိုင်းသည် အဘယ်သူ၏ သင်္ချိုင်း နည်း၊ အကြင်မိန်းမသည် ဤလူ့ဘဝမှ တမလွန်ဘဝဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ်မည်သော လင်ကို မတွေ့မမြင်ရဘဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းနေဘိ၏၊ ယင်းသို့ ငိုယိုမြည်တမ်း နေသော ဤမိန်းမသည် အဘယ်သူ၏ မယားနည်း (ဟု မေး၏)။

၃၇၂။ (ထိုသို့မေးသည်ရှိသော်) ထိုသုသာန်၌ အညီအညွတ်စုဝေးရောက်လာကြကုန်သောသူတို့က (ဤသို့) ဖြေကြားကြကုန်၏၊ ''အရှင်ရသေ့ ထိုသင်္ချိုင်းသည် ဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း၊ အရှင်ရသေ့ ထိုသင်္ချိုင်းသည် ဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း။

၃၇၃။ အထူးထူးသော အနံ့တို့ဖြင့်ထုံအပ်သော ဤသင်္ချိုင်းသည် ထိုဗြဟ္မဒတ်မင်း၏ သင်္ချိုင်းပါတည်း၊ ဤလူ့ဘဝမှ တမလွန်ဘဝဟူသော အဝေးသို့ ပြောင်းသွားသော ဗြဟ္မဒတ် မည်သော လင်ကို မတွေ့မမြင်ရပါဘဲလျက် ဗြဟ္မဒတ်မင်းဟု ငိုယိုမြည်တမ်းသော ဤ မိန်းမသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုရားပါတည်း''ဟု (ဖြေကြားကုန်၏)။

၃၇၄။ ဤသင်္ချိုင်း၌ မီးရှို့အပ်ကုန်သော ဗြဟ္မဒတ်ဟုအမည်ရသူတို့သည် ရှစ်သောင်း ခြောက်ထောင်မျှရှိကုန်၏၊ ထိုရှစ်သောင်းခြောက်ထောင်သော ဗြဟ္မဒတ်မင်းတို့တွင် အဘယ် ဗြဟ္မဒတ်မင်းကို (စွဲမှီ၍) ပူဆွေးဘိသနည်းဟု (ရသေ့က မေး၏)။

၃၇၅။ အရှင်ဘုရား ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော အကြင်ဗြဟ္မဒတ်မင်းသည် စူဠနီမင်း၏ သားပါတည်း၊ အလုံးစုံသော အလိုကို ပေးတတ်သော ဗြဟ္မဒတ် မည်သော ထိုလင်ကို (စွဲမှီ၍) ပူဆွေးပါ၏ဟု (ဥဗ္ဗရီက ဖြေ၏)။

၃၇၆။ အလုံးစုံ ရှစ်သောင်းခြောက်ထောင်ကုန်သော မင်းတို့သည် ဗြဟ္မဒတ်မင်းဟူသော အမည်ရှိကုန်သည်ချည်းသာတည်း၊ အလုံးစုံရှစ်သောင်းခြောက်ထောင်ကုန်သော ဗြဟ္မဒတ်မင်း တို့သည် ပဉ္စာလတိုင်းသူတို့၏ ရထားစီးချင်း မင်းထက်မင်းဖြစ်သော စူဠနီမင်း၏ သားတော် တို့ချည်းသာတည်း။

၃၇၇။ သင်သည် အလုံးစုံသော ဗြဟ္မဒတ်မင်းတို့၏ အစဉ်အဆက် မြတ်သော မိဖုရားကြီး အဖြစ်ကို ပြုစေခဲ့၏၊သို့ဖြစ်ပါလျက် အဘယ့်ကြောင့် ရှေးလင်ဟောင်းဖြစ်သော ဗြဟ္မဒတ်မင်း တို့ကို စွန့်လျက် နောက်ဖြစ်သော ဗြဟ္မဒတ်မင်းကို စွဲ၍ ပူဆွေးဘိသနည်းဟု (ရသေ့က မေး၏)။

၃၇၈။ အရှင်ရသေ့ များစွာသော သံသရာ၌ မိန်းမအဖြစ်သို့ ရောက်သော အကျွန်ုပ်၏့မိဖုရားကြီးအဖြစ်ကို သင်ရသေ့သည် ပြောဟောဘိ၏၊ မိန်းမဖြစ်သော အကျွန်ုပ်၏ ခန္ဓာကိုယ်အတ္တဘော၌ ရှည်မြင့်စွာသော ကာလပတ်လုံး မိန်းမသာ ဖြစ်ပါသလောဟု (ဥဗ္ဗရီက မေး၏)။

၃၇၉။ သင်သည် တစ်ရံတစ်ခါ မိန်းမ ဖြစ်ခဲ့ဖူး၏၊ တစ်ရံတစ်ခါ ယောက်ျား ဖြစ်ခဲ့ဖူး၏၊ တိရစ္ဆာန်အဖြစ်သို့လည်း ရောက်ခဲ့ဖူး၏၊ ဤသို့လျှင် မိန်းမအဖြစ် ယောက်ျားအဖြစ် တိရစ္ဆာန်စသော အဖြစ်သို့ ရောက်ခဲ့ရသော သင်၏ လွန်ပြီးသော ဘဝတို့ အပိုင်းအခြားသည် ပညာစက္ခု ဖြင့်ကြည့်ရှုသော်လည်း မတွေ့မမြင် မထင်နိုင်တော့ပေဟု (ရသေ့က ဖြေ၏)။

၃၈၀။ ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီး တောက်လောင်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်ဘိသကဲ့သို့ ထို့အတူ သင်သည်သော ကမီးတောက်လောင်နေသော အကျွန်ုပ်၏ပူပန်မှုအားလုံးကို ငြိမ်းအေးစေလေပြီတကား။

၃၈၁။ အရှင်ရသေ့သည် ပူဆွေးမှု 'သော က' နှိပ်စက်နေသော အကျွန်ုပ်အား လင်ကြောင့် ဖြစ်သော ပူဆွေးမှု 'သော က'ကို ပယ်ဖျောက်ပါပေ၏၊ အရှင်ရသေ့သည် အကျွန်ုပ်၏ နှလုံး၌ မှီသော ပူဆွေးမှု'သော က'တည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

၃၈၂။ အရှင်ရသေ့ ထိုအကျွန်ုပ်သည် ပူဆွေးမှု 'သော က'ဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူငြိမ်းအေးပြီးသူ ငြိမ်းချမ်းပြီးသူ ဖြစ်ပေတော့၏၊ အရှင်ရသေ့ အရှင်၏ တရားစကားကို ကြားနာရသောကြောင့် အကျွန်ုပ်သည် မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါဟု (ဥဗ္ဗရီက ပြော၏)။

၃၈၃။ ဥဗ္ဗရီမိဖုရားကြီးသည် ထိုရသေ့၏ ကောင်းစွာ ဟောအပ်သော ထိုတရားစကားကို ကြားနာရသောကြောင့် သပိတ်သင်္ကန်းကို ယူလျက် ရသေ့ရဟန်းဘောင်သို့ ဝင်ခဲ့၏။

၃၈၄။ ထိုဥဗ္ဗရီမိဖုရားသည် အိမ်ရာတည်ထောင် လူတို့ဘောင်မှ အိမ်ရာမထောင် ရသေ့ ရဟန်းဘောင်သို့ဝင်ရောက်ပြီးသော် ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများ၏။

၃၈၅။ တစ်ရွာမှ တစ်ရွာသို့လည်းကောင်း၊ နိဂုံးတို့သို့လည်းကောင်း၊ မင်းနေပြည်တို့သို့လည်းကောင်းလှည့်လည်လတ်သော် အကြင်ရွာ၌ သေ၏၊ ထိုရွာသည် ဥရုဝေဠမည်သော ရွာပင်တည်း။

၃၈၆။ ဗြဟ္မာ့ပြည်သို့ ရောက်ရန် မေတ္တာနှင့်တကွသော စိတ်ကို ပွါးများခြင်းကြောင့် မိန်းမ အဖြစ်၌တပ်စွဲသာယာသော စိတ်ကို ကင်းစေ၍ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်လေ၏။

တစ်ဆယ့်သုံးခုမြောက်သော ဥဗ္ဗရိပေတဝတ္ထု ပြီး၏။

နှစ်ခုမြောက်သော ဥဗ္ဗရိဝဂ် ပြီး၏။

------

၃-စူဠဝဂ်

၁-အဘိဇ္ဇမာနပေတဝတ္ထု

ရှေးဘဝလူူဖြစ်စဉ် အလှူဝတ္တုရှိကုန်လျက် ကောင်းမှုမပြုခဲ့ကြ၊ လှူမည့်အစား စွန့်ပစ် လိုက်ကြသေး၏။ ဝန်တိုခြင်းများ၍ အလှူခံတို့ကို ဆဲရေးခဲ့သော ကြောင့် သေလွန်သောအခါ ပြိတ္တာတပိုင်း လူူတပိုင်းဖြင့် အဝတ်မပါ ဗလာကျင်းနေရသည့် အဖြစ်ဆိုး၌ ဖြစ်ကြရသော ပြိတ္တာများဝတ္ထု

၃၈၇။ ပြိတ္တာကြီး (ခြေချလိုက်ခြင်းကြောင့်) မပျက်စီး မပြိုကွဲသော ဤဂင်္ဂါမြစ်ရေ၌ အဝတ် မပါဘဲကိုယ်ချည်းသာလျှင် ရှေ့ထက်ဝက်က ပြိတ္တာမဟုတ်သကဲ့သို့ ပန်းတို့ကို ပန်ဆင်ကာ အဆင်တန်ဆာတို့ကို ဆင်မြန်းလျက် သွားဘိ၏၊ သင်သည် အဘယ်အရပ်သို့ သွားမည်နည်း၊ သင်သည် အဘယ်အရပ်၌နေရမည်နည်းဟု (ကောလိယအမတ်က မေး၏)။

၃၈၈။ ငါသည်ကား ဝါသဘရွာနှင့် ဗာရာဏသီပြည်၏အကြား ဗာရာဏသီ၏ အနီး၌ တည်သော စုန္ဒဋ္ဌိလရွာသို့ သွားပါအံ့ဟု ထိုပြိတ္တာက ပြောဆို၏။

၃၈၉။ ကောလိယဟု ကျော်ကြားသော အမတ်ကြီးသည် ထိုပြိတ္တာကို မြင်၍ ပြိတ္တာအား မုန့်ကိုလည်းကောင်း ထမင်းကိုလည်းကောင်း ရွှေသော အဆင်းရှိသော အဝတ်ပုဆိုး အစုံကိုလည်းကောင်း ပေး၏။

၃၉၀။ လှေကို ရပ်တည်စေပြီးလျှင် ထိုလှေရှိ တစ်ယောက်သော ဆတ္တာသည်အား အဝတ် ပုဆိုးအစုံကို ပေးလှူစေ၏၊ ဆတ္တာသည်အား ပေးလှူလိုက်သည်ရှိသော် တစ်ခဏချင်း ပြိတ္တာ၏ ကိုယ်၌ ပုဆိုးအစုံကို တွေ့မြင်ရလေတော့၏။

၃၉၁။ ထို့နောက် ထိုပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်ရုံပြီးလျှင် ပန်းတို့ကို ပန်ဆင်ကာအဆင်တန်ဆာကို ဆင်မြန်းလျက် တည်နေ၏၊ (ဝမ်းမြောက်နိုင်လောက်အောင် နီးကပ်ရာအရပ်၌) တည်နေသော ပြိတ္တာအား မြတ်သော အလှူ၏အကျိုးသည် ကပ်ရောက် ဖြစ်ပေါ်လာ၏၊ ထို့ကြောင့်ပြိတ္တာတို့အား အစဉ်သနားသဖြင့် (ပြိတ္တာတို့ကို ရည်ညွှန်း၍) အဖန်ဖန် အထပ်ထပ် မြတ်သော အလှူကို ပေးလှူရာ၏။

၃၉၂။ ပြိတ္တာအချို့တို့သည် စုတ်ပြတ်သော အဝတ်ကို ဝတ်ကြရကုန်၏၊ အချို့ပြိတ္တာတို့သည် ကားဆံပင်ဖြင့် ကိုယ်ကို ဖုံးလွှမ်းကုန်လျက် အစားအစာအလို့ငှါ သွားကြရကုန်၏၊ တစ် ရပ်မှ တစ်ရပ်သို့ရွှေ့ပြောင်းသွားလာ ကြရကုန်၏။

၃၉၃။ အချို့ပြိတ္တာတို့သည် ဝေးသော အရပ်သို့ ပြေးသွားကြကုန်သော်လည်း (တစ်စုံ တစ်ခုကို မျှ) မရကြကုန်သောကြောင့် ပြန်လာကြရကုန်၏၊ ဆာလောင်ခြင်းဖြင့် တွေဝေကုန်သည် ဖြစ်၍ တုန်လှုပ်ကုန်လျက် မြေ၌ လဲကျကြရကုန်၏။

၃၉၄။ ရှေးဘဝ၌ ကုသိုလ်ကောင်းမှုကံကို မပြုခဲ့ကြရကုန်သော ထိုပြိတ္တာတို့သည် နွေအခါ နေပူရာအရပ်၌မီးလောင်ခံကြရသကဲ့သို့ ထိုရောက်ရာအရပ်ဝယ် မြေ၌ ပုတ်ခတ်အပ်ကုန်သကဲ့သို့ လဲကျကြရကုန်၏။

၃၉၅။ ရှေးဘဝက ယုတ်မာသော သဘောရှိကုန်သော ငါတို့သည် အမျိုးသူငယ်တို့၏ အမိအိမ်ရှင်မတို့ပါတည်း၊ လှူဖွယ်ဝတ္ထုတို့ ရှိကုန်လျက် မိမိ၏ မှီခိုရာ ကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကို မပြုခဲ့မိကြကုန်။

၃၉၆။ ထမင်းအဖျော်သည် များပင်များသော်လည်း စင်စစ် စွန့်ပစ်လိုက်ပါ၏၊ ကောင်းစွာ ကျင့်သော အရှင်ရဟန်းတို့ ထင်စွာရှိကြပါကုန်လျက် ထိုရဟန်းတို့အား တစ်စုံတစ်ခုကို မျှ မပေးလှူခဲ့ ကြပါကုန်။

၃၉၇။ ငါတို့သည် သူတော်ကောင်းတို့ မပြုသင့်မပြုထိုက်သော အကုသိုလ်ကို သာ ပြုလိုကြ ကုန်၏၊ ကုသိုလ်ပြုမှု၌ နှောင့်နှေး ပျင်းရိကြကုန်၏၊ ချိုမြိန် ကောင်းမြတ်သောဝတ္ထုကို သာ မြတ်နိုးကြကုန်၏၊ အစားကြီးကြပါကုန်၏၊ တစ်လုတ်စာမျှသော ဘောဇဉ်ကို ပေးလှူသူတို့ကိုလည်းကောင်း၊ အလှူခံတို့ကိုလည်းကောင်း ဆဲရေးကြိမ်းမောင်းတတ်ကြကုန်၏။

၃၉၈။ (ငါတို့၏) ထိုအိမ်တို့သည်လည်းကောင်း၊ ထိုကျွန်မတို့သည်လည်းကောင်း၊ ထိုတန်ဆာတို့သည်လည်းကောင်း ငါတို့အား မကပ်ရောက်တော့ကုန်၊ အခြားသူတို့သည် သာထိုအိမ်စသည်တို့ကို သုံးဆောင်ကုန်၏၊ ငါတို့သည် ကား (ကုသိုလ်ပြုရမည်ကို မသိမူ၍ ယခု အခါ) ဆင်းရဲခြင်း၏အဖို့ ရှိကုန်၏။

၃၉၉။ (ထိုပြိတ္တာတို့သည် လူဖြစ်လာကြကုန်သော်) အယုတ်အားဖြင့် သိမှတ်အပ်ကုန်သော နှီးရွေထရံရက်သမားတို့သည်လည်းကောင်း၊ သားရေနယ်သမားတို့သည်လည်းကောင်း၊ အဆွေပြစ်မှား မိတ်ဖျက်သမားတို့သည်လည်းကောင်း၊ စဏ္ဍာလတို့သည်လည်းကောင်း၊ ဆင်းရဲနွမ်းပါးသူတောင်းစားတို့သည်လည်းကောင်း၊ ဆတ္တာသည်တို့သည်လည်းကောင်း အဖန်တလဲလဲ ဖြစ် ကြရကုန်၏။

၄၀၀။ အကြင်အကြင် အမျိုးတို့သည် ယုတ်ညံ့ကုန်၏၊ ဆင်းရဲနွမ်းပါးကုန်၏၊ ထိုထိုအမျိုးတို့၌ သာလျှင်ဖြစ်ရကုန်၏၊ ဤသည်ကား ဝန်တိုမှု 'မစ္ဆရိယ' ရှိသူ၏ လားရာ'ဂတိ' ပင်တည်း။

၄၀၁။ အကြင်သူတို့သည် ကား ရှေးဘဝ၌ ကုသိုလ်ကောင်းမှုကို ပြုကြဖူးကုန်၏၊ ပေးလှူ တတ်ကုန်၏၊ ဝန်တိုမှု 'မစ္ဆရိယ' ကင်းကုန်၏၊ ထိုသူတို့သည် နတ်ပြည်လောကကို ပြည့်စေ ကုန်၏၊ နန္ဒဝန်ဥယျာဉ်ကိုလည်း ထွန်းလင်းတောက်ပစေကုန်၏။

၄၀၂။ အလိုရှိအပ်သော ကာမဂုဏ်တို့၌ အလိုရှိတိုင်း သုံးဆောင်ခံစားကြကုန်သော ထိုသူ တို့သည် ဝေဇယန္တာပြာသာဒ်၌ ပျော်ပါးကြပြီး၍ ထိုနတ်ပြည်မှ စုတေသော် စည်းစိမ်ဥစ္စာ ရှိသော မြင့်မြတ်သော အမျိုးတို့၌ ဖြစ်ကြရကုန်၏။

၄၀၃။ စုလစ်မွန်းချွန်း အထွတ်တပ်သော ပြာသာဒ်ဆောင်၌လည်းကောင်း၊ မွေးရှည်ကော် ဇောခင်းထားအပ်သော ပလ္လင်၌လည်းကောင်း လက်၌ စွဲကိုင်သော ဥဒေါင်းမြီးစည်းယပ်တို့ဖြင့် ယပ်လေခတ်ကုန်လျက် အခြံအရံ များသည်ဖြစ်၍ မြတ်သော အမျိုး၌ ဖြစ်ကြရကုန်၏။

၄၀၄။ သူငယ်ဘဝ၌လည်း ရင်ခွင်တစ်ခုမှ ရင်ခွင်တစ်ခုသို့ ရောက်ကုန်၏၊ ပန်းပန်လျက် အဆင်တန်ဆာဆင်မြန်းကုန်သော အထိန်းအယတို့သည် ညနံနက်တိုင်း ချမ်းသာကို ရှာမှီးကြ ကုန်လျက် ပြုစုလုပ်ကျွေးကြကုန်၏။

၄၀၅။ ပူဆွေးမှု'သော က'မရှိသော နှစ်သက်ဖွယ်ရှိသော မွေ့လျော်ဖွယ်ကောင်းသောတာဝတိံသာနတ်တို့၏ဤဥယျာဉ်ကြီးသည် မကောင်းမှုပြုသူတို့အတွက် ဖြစ်သည်မဟုတ်၊ ကောင်းမှုပြုပြီးသူတို့အတွက်သာလျှင်ဖြစ်၏။

၄၀၆။ မကောင်းမှုကို ပြုပြီးသူတိုု့အား ချမ်းသာသုခသည် ဤလောက၌လည်းမရှိ၊ တမလွန်လောက၌လည်း မရှိ၊ ကောင်းမှုပြုပြီးသူတို့အားသာလျှင် ချမ်းသာသုခသည် ဤ လောက၌လည်းဖြစ်၏၊ တမလွန်လောက၌လည်း ဖြစ်၏။

၄၀၇။ ထိုနတ်တို့၏ အပေါင်းအဖော် အသင်းဝင်ဖြစ်လိုသူတို့သည် ကုသိုလ်ကောင်းမှုကို များစွာပြုအပ်၏၊ ကောင်းမှုပြုပြီးသူတို့သည် သာ နတ်ပြည်၌ စည်းစိမ်နှင့် ပြည့်စုံကုန်သည် ဖြစ်၍ ဝမ်းမြောက်ကြရကုန်၏။

ရှေးဦးစွာသော အဘိဇ္ဇမာနပေတဝတ္ထု ပြီး၏။

------

၂-သာဏဝါသီထေရပေတဝတ္ထု

သာဏမထေရ်၏ မိဘဆွေမျိုးများသည် အကုသိုလ်ကို ပြုခဲ့ကြသော ကြောင့် သေလွန် ကြသောအခါပြိတ္တာဘဝ၌ အဝတ်မပါ အစာမရ ဒုက္ခကြီးစွာ တွေ့နေကြရသည်ကို သာဏမထေရ် တွေ့မြင်၍ အလှူအတန်းပြုကာ အမျှဝေသဖြင့် ချမ်းသာသုခရရှိကြသော ပြိတ္တာများ

၄၀၈။ မကောင်းမှုမှ ငြိမ်းအေးစေပြီးသော ပွါးများပြီးသော ဣန္ဒြေရှိသော ကုဏ္ဍိမြို့သားပေါဋ္ဌပါဒမည်သော မထေရ်သည် သာဏတောင်၌ သီတင်းသုံးနေတော်မူ၏။

၄၀၉။ ထိုသာဏဝါသီမထေရ်၏ အမိ အဖ အစ်ကို တို့သည် မကောင်းမှုကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လားရာရှိကုန်သည်ဖြစ်၍ ဤလူ့ပြည်မှပြိတ္တာဘုံသို့ လားရောက်ကြရကုန်၏။

၄၁၀။ ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုသူတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ ငတ်မွတ်ခြင်းဖြင့်အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့်ကြောက်ရွံ့ကြသူ၊ များစွာ ကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်းတမ်းသော မကောင်းမှုရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။

၄၁၁။ ထိုသာဏဝါသီမထေရ်၏ အစ်ကို သည် အဝတ်မပါဘဲ ခြေတစ်ဖဝါး သွားသာရှိသော လမ်းကျဉ်း၌အဆောတလျင် တစ်ယောက်တည်း လေးဘက်ထောက်သွားလျက် မထေရ်အား ကိုယ်ထင်ပြ၏။

၄၁၂။ မထေရ်သည်ကား နှလုံးမသွင်းသောကြောင့် စကားမဆိုမူ၍ လွန်သွား၏၊ ထိုပြိတ္တာ သည်လည်း (ဤသို့) မထေရ်အား သိစေ၏၊ အကျွန်ုပ်သည် သင်၏ အစ်ကိုပါတည်း၊ ပြိတ္တာ ဘုံသို့ ရောက်နေရပါ၏။

၄၁၃။ အရှင်ဘုရား သင်၏ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း မကောင်းမှု ကံကို ပြုကြကုန်သောကြောင့် မကောင်းသော အလားရှိကာ ယမမင်းနိုင်ငံ ပြိတ္တာဘုံလျှင် လား ရာရှိကုန်သည်ဖြစ်၍ ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏။

၄၁၄။ ဒုဂ္ဂတိဘုံသို့ လားရောက်ကြရကုန်သော ထိုအမိအဖတို့သည် အပ်ဖြင့် ထိုးဆွသကဲ့သို့ငတ်မွတ်ခြင်းဖြင့် အနှိပ်စက်ခံရသူ၊ ပင်ပန်းသော ကိုယ်စိတ်ရှိသူ၊ အဝတ်မရှိသူ၊ ပိန်ချုံးသူ၊ ထိတ်လန့်ကြောက်ရွံ့ကြသူ၊ များစွာကြောက်ခြင်းရှိသူတို့ ဖြစ်ကြကုန်လျက် ကြမ်း တမ်းသော မကောင်းမှုရှိကြကုန်ရကား မိမိကိုယ်ကို ထင်စွာ မပြဝံ့ကြကုန်။

၄၁၅။ အရှင်ဘုရား သနားခြင်းရှိတော်မူသော အရှင်ဘုရားသည် သနားစောင့်ရှောက် ချီးမြှောက်တော်မူပါလော့၊ အကျွန်ုပ်တို့အတွက် ပေးလှူ၍ ကုသိုလ်အဖို့ကို ရည်ညွှန်းပေးဝေပါ လော့၊ အရှင်ဘုရား ပေးလှူအပ်သော အလှူဒါနဖြင့် ကြမ်းတမ်းသော မကောင်းမှုရှိသော မိဖ တို့သည် မျှတကြပါကုန်လတ္တံ့ဟု (အစ်ကို ပြိတ္တာက ပြော၏)။

၄၁၆။ သာဏဝါသီမထေရ်သည်လည်းကောင်း၊ အခြားရဟန်းတစ်ဆယ့်နှစ်ပါးတို့သည် လည်း ကောင်းဆွမ်းခံလှည့်လည်ကြကုန်၍ ဆွမ်းကိစ္စဟူသော အကြောင်းကြောင့် တစ်ပေါင်းတည်း စုဝေးကြကုန်၏။

၄၁၇။ သာဏဝါသီမထေရ်သည် အလုံးစုံသော ရဟန်းတို့အား ''အရှင်တို့ အရှင်တို့သည် ရသမျှသော ဆွမ်းကို အကျွန်ုပ်အား ပေးကြပါကုန်လော့၊ ဆွေမျိုးတို့ကို ချီးမြှောက်ရန် သံဃာ အားဆွမ်းလုပ်ကျွေးခြင်းကို အကျွန်ုပ် ပြုလိုပါ၏''ဟု ပြောဆို၏။

၄၁၈။ တစ်ကျိပ်နှစ်ပါးသော ရဟန်းတို့သည် သာဏဝါသီမထေရ်အား ရသမျှဆွမ်းကို လှူဒါန်းဆောင်နှင်းကြကုန်၏၊ သာဏဝါသီမထေရ်သည် သံဃာကို ပင့်ဖိတ်၏၊ သာဏဝါသီ မထေရ်သည်ပေးလှူပြီးလတ်သော် ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ''ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်းအလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။

၄၁၉။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား စင်ကြယ် မွန်မြတ်၍ အရသာ နှင့်ပြည့်စုံသော အထူးထူးသော အရသာရှိသည့် ဟင်းတို့နှင့်ယှဉ်သော ဘောဇဉ်သည် ဖြစ် ပေါ်လာတော့၏။

၄၂၀။ ထိုနောက် အစ်ကို သည် အဆင်းခွန်အားနှင့် ပြည့်စုံလျက် ချမ်းသာခြင်းရှိသည်ဖြစ်၍ ကိုယ်ထင်ပြ၏၊ အရှင်ဘုရား ဘောဇဉ်သည် များပြားလှပါ၏၊ (သို့သော်) ကြည့်တော်မူပါဦး လော့၊ အကျွန်ုပ်တို့သည် အဝတ်မဆီး အချည်းနှီးသာ ဖြစ်ကြပါကုန်သေး၏၊ အရှင်ဘုရား အကျွန်ုပ်တို့အဝတ်ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦးလော့ (ဟု အစ်ကို ပြိတ္တာကသာဏဝါသီမထေရ်ကို လျှောက်ပြန်၏)။

၄၂၁။ သာဏဝါသီမထေရ်သည် အမှိုက်ပုံမှ အနားပြတ်သော ပုဆိုးအပိုင်းအစတို့ကို ရှာမှီး ကောက်ယူ၍ ပုဆိုးကြမ်းသင်္ကန်းပြုလျက် စာတုဒ္ဒိသာသံဃာအား ပေးလှူ၏။

၄၂၂။ သာဏဝါသီမထေရ်သည် သင်္ကန်းပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုး တို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ''ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏ အဖို့ကို ရည်ညွှန်းပေးဝေ၏။

၄၂၃။ ရည်ညွှန်းပေးဝေသည်၏ အခြားမဲ့၌ ပြိတ္တာတို့အား အဝတ်တို့သည် ဖြစ်ကုန်၏၊ ထို့နောက်အစ်ကို ပြိတ္တာသည် ကောင်းသော အဝတ်ကို ဝတ်လျက် မထေရ်အား မိမိကိုယ်ကို ကိုယ်ထင်ပြ၏။

၄၂၄။ နန္ဒမင်း၏ တိုင်းနိုင်ငံ၌ အကြင်မျှလောက် အဝတ်ပုဆိုးတို့သည် ရှိပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့၏ အဝတ်ပုဆိုးတို့သည် ထိုအဝတ်တို့ထက် များပါကုန်၏။

၄၂၅။ ပိုးကမ္ဗလာထည်တို့သည်လည်းကောင်း၊ ခေါမထည် ဝါချည်ထည်တို့သည်လည်းကောင်း အလျား အနံအားဖြင့်လည်း ကျယ်ပြန့်ပါကုန်၏၊ အဖိုးများစွာလည်း ထိုက်ပါကုန်၏၊ ထိုအဝတ်တို့သည် လည်း ကောင်းကင်၌သာ တွဲရရွဲကျကုန်၏။

၄၂၆။ ထိုအကျွန်ုပ်တို့သည် စိတ်နှစ်သက်ရာရာ အဝတ်ကို ဝတ်ဆင်ရပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့သည် အိမ်တို့ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦး လော့ဟု (လျှောက်ပြန်၏)။

၄၂၇။ သာဏဝါသီမထေရ်သည် သစ်ရွက်မိုးကျောင်းကို ဆောက်လုပ်၍ စာတုဒ္ဒိသာသံဃာ အားပေးလှူ၏၊ သာဏဝါသီမထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုး တို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ''ဟု အမိအားလည်းကောင်း၊ အဖအားလည်းကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။

၄၂၈။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အား ပုံစံတူဖြစ်သော စုလစ် မွန်းချွန်အထွတ်တပ်သော အိမ်တို့သည် ဖြစ်ပေါ်ကုန်၏။

၄၂၉။ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် အကြင်သို့သော သဘောရှိ၏၊ ဤသို့သော သဘောရှိသော အိမ်တို့သည် လူ့ပြည်တို့၌ မရှိပါကုန်၊ နတ်ပြည်တို့၌ အိမ်တို့သည် အကြင်သို့သော သဘော ရှိကုန်၏၊ ဤပြိတ္တာဘုံ၌ ငါတို့၏ အိမ်တို့သည် ထိုသို့သော သဘောရှိပါ ကုန်၏။

၄၃၀။ အကျွန်ုပ်တို့၏ အိမ်တို့သည် အရောင်ဖြင့် ထွန်းပလျက် ထက်ဝန်းကျင် အရပ် လေးမျက်နှာတို့ကို တင့်တယ်စေပါကုန်၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည် သောက်ရေကို ရနိုင် လောက်သော အခြင်းအရာအားဖြင့် လုံ့လပြုတော်မူပါဦးလော့ဟု (လျှောက်၏)။

၄၃၁။ သာဏဝါသီမထေရ်သည် ဓမကရိုဏ်ရေစစ်ကို (ရေဖြင့်) ပြည့်စေ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ရေပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ''ဟု အမိအားလည်းကောင်း၊ အဖအားလည်း ကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေတော်မူ၏။

၄၃၂-၃။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ ထိုပြိတ္တာတို့အားသောက်ရေသည် ဖြစ်၏၊ အေးမြသော ရေရှိကုန်သော၊ ကောင်းသော ဆိပ်ကမ်းရှိကုန်သော၊ အေးမြ၍ မွှေးပျံ့ ကြိုင်လှိုင်သော ရနံ့ရှိကုန်သော၊ ကောင်းစွာဖန်ဆင်းအပ်ကုန်သော နက်သော လေးထောင့် ရေကန်တို့သည် ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့်ဖုံးလွှမ်းကုန်သည်ဖြစ်၍ ရေ၏ အထက်၌ ကြာ ဝတ်ဆံတို့ဖြင့် ဖုံးလွှမ်းလျက် ပြည့်ကုန်၏။

၄၃၄-၅။ ထိုပြိတ္တာတို့သည် ထိုရေကန်၌ ချိုးသောက်ပြီးနောက် သာဏဝါသီမထေရ်အား ကိုယ်ထင်ပြကုန်၏၊ အရှင်ဘုရားသောက်ရေသည် များပြားလှပါပြီ၊ အကျွန်ုပ်တို့၏ ခြေတို့ သည်နာကျင်ပါကုန်၏၊ ပြတ်ကွဲပါကုန်၏၊ ကျောက်စရစ်, သမန်းမြက်, ဆူးငြောင့်ရှိသော အရပ်၌လှည့်လည်ကြရကုန်သော အကျွန်ုပ်တို့သည် ခြေခွင်လျက် သွားကြရပါကုန်၏၊ အရှင် ဘုရားအကျွန်ုပ်တို့သည် ယာဉ်ကို ရနိုင်လောက်သော အခြင်းအရာဖြင့် လုံ့လပြုတော်မူပါဦး လော့ဟု (လျှောက်ကြကုန်၏)။

၄၃၆။ သာဏဝါသီမထေရ်သည် တစ်လွှာတစ်ထပ်သာရှိသော ဖိနပ်ကို ရ၍ စာတုဒ္ဒိသာ သံဃာအားပေးလှူ၏၊ မထေရ်သည် ပေးလှူပြီး၍ ''ငါ၏ ဤအလှူသည် ဆွေမျိုးတို့အား ဖြစ်ပါစေ၊ ဆွေမျိုးတို့သည် ချမ်းသာကြပါစေ''ဟု အမိအားလည်းကောင်း၊ အဖအားလည်း ကောင်း၊ အစ်ကို အားလည်းကောင်း အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏။

၄၃၇။ ရည်ညွှန်းပေးဝေပြီးသည်၏ အခြားမဲ့၌ မထေရ်၏ အဆွေအမျိုးပြိတ္တာတို့သည် ရထားဖြင့်မထေရ်ထံသို့ လာကုန်၏၊ အရှင်ဘုရား ထမင်းကို လှူခြင်းဖြင့်လည်းကောင်း၊ အဝတ်ပုဆိုးကို ့လှူခြင်းဖြင့်လည်းကောင်း -

၄၃၈။ အိမ်ကို လှူခြင်းဖြင့်လည်းကောင်း၊ သောက်ရေကို လှူခြင်းဖြင့်လည်းကောင်း၊ ယာဉ် (ဖိနပ်) ကို လှူခြင်းဖြင့်လည်းကောင်း (ယာဉ်ကို ပေးလှူခြင်း, ထမင်းစသည့် ပစ္စည်းလေးပါးကို ပေးလှူခြင်း) နှစ်ပါးစုံဖြင့် အရှင်ဘုရားသည် အကျွန်ုပ်တို့ကို သနားချီးမြှောက်အပ်ပါကုန်၏၊ အရှင်ဘုရား လောက၌သနားခြင်းကရုဏာရှိသော ရဟန်းကို ရှိခိုးခြင်းငှါ လာရောက် ကြပါကုန်၏ဟု (လျှောက်ကုန်၏)။

နှစ်ခုမြောက်သော သာဏဝါသီထေရပေတဝတ္ထု ပြီး၏။

------

၃-ရထကာရပေတိဝတ္ထု

ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက် ပြုခဲ့သောကြောင့် ကွယ်လွန်သောအခါ ဗိမ္မာန်ဘုံ နန်းကို ရသော်လည်း လင်မရှိ တစ်ကိုယ်တည်း ပျင်းရိဖွယ်ဖြစ်နေရသော ပြိတ္တာမ

၄၃၉။ အာနုဘော်ကြီးသော နတ်သမီး သင်သည် ကြောင်မျက်ရွဲဖြင့်ပြီးသော တိုင်ရှိသော နှစ်သက်စဖွယ် ပြိုးပြိုးပြက် အရောင်အဆင်းရှိသော အမျိုးမျိုး ဆန်းကြယ်သော ဗိမာန်ထက်သို့ တက်၍ ကောင်းကင်ခရီးဝယ် တစ်ဆယ့်ငါးရက် လပြည့်နေ့၌ ထွက်သော လမင်းကဲ့သို့ ထို ဗိမာန်ထက်၌ နေဘိ၏။

၄၄၀။ သင်၏ အဆင်းသည် ရွှေအဆင်းနှင့် တူသည်ဖြစ်၍ ဦးသစ်သော သိင်္ဂီရွှေကဲ့သို့ တင့်တယ်လျက် အလွန်လျှင် ရှုချင်ဖွယ် ရှိလှပါပေ၏၊ သင်သည် အတုမရှိ မြတ်သောသူတို့အားသာ ထိုက်တန်သော ပလ္လင်မြတ်၌ တစ်ယောက်တည်းဖြစ်လျက် နေဘိ၏၊ သင့်အား လင်ယောက်ျား မရှိခဲ့လေယောင်တကား

၄၄၁။ နတ်သမီး သင်၏ ဤရေကန်တို့သည် ထက်ဝန်းကျင် များသော ပန်း ရှိကုန်၏၊ များသော ပဒုမ္မာကြာ ရှိကုန်၏၊ ရွှေသဲမှုန်တို့ဖြင့် ထက်ဝန်းကျင် ရောပြွမ်းကုန်၏၊ ထိုရေကန်တို့၌ ညွန်သည်လည်းကောင်း၊ မှော်သည်လည်းကောင်း မရှိပေ။

၄၄၂။ ရှုချင်ဖွယ်ရှိ၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်ကုန်သော ဤဟင်္သာတို့သည် လည်း ဥတု အားလုံးတို့၌ ရေအပြင်ဝယ် လှည့်လည်ကုန်၏၊ အလုံးစုံသော ဟင်္သာတို့သည် ပေါင်းစပ်စုဝေး ကြကုန်၍ နတ်စည်သံကဲ့သို့ သာယာလုံးစည်းသော အသံကို တွန်ကျူးကြကုန်၏။

၄၄၃။ ကျော်စောသတင်း ပျံ့နှံ့ခြင်းရှိသော နတ်သမီး သင်သည် နတ်တန်ခိုးဖြင့် ထွန်းလင်း တောက်ပလျက် ရေ၏အလယ် တင့်တယ်သော လှေ၌ မှီ၍ တည်နေဘိ၏၊ ကော့၍ ရှည်လျားသော မျက်တောင်ရှိလျက် ပြုံးရွှင်၍ ချစ်ဖွယ်သော စကားကို ပြောဆိုတတ်သော အလုံးစုံအင်္ဂါကြီးငယ်တို့ဖြင့် ကောင်းမြတ်သော သင် နတ်သမီးသည် အလွန်နှစ်သက်စဖွယ် တင့်တယ်လှပါပေ၏။

၄၄၄။ ဤဗိမာန်သည် အပြစ်ကင်းလျက် ညီမျှသော မြေအဖို့၌ တည်၏၊ နန္ဒဝန်ဥယျာဉ်နှင့် တူသော ဤဥယျာဉ်သည် မွေ့လျော်ခြင်း နှစ်သက်ခြင်းကို တိုးပွါးစေပါ၏၊ အင်္ဂါကြီးငယ်နှင့် ပြည့်စုံ၍ ရှုမငြီးသော မိန်းမပျို ငါသည် သင်နှင့် အတူတကွ ဤနန္ဒဝန်ဥယျာဉ်၌ မွေ့လျော် လိုပါ၏ဟု (လုလင်က ဆို၏)။

၄၄၅။ ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြုပါလော့၊ ဤနတ်ဗိမာန်၌ သင်၏ စိတ်ကိုလည်း ညွတ်ပါလော့၊ ဤနတ်ဗိမာန်၌ ခံစားရခြင်း၏ အကြောင်း ဖြစ်သော ကုသိုလ်ကံကို ပြုသည်ရှိသော် ဤသို့ ပြုခြင်းအားဖြင့် အလိုရှိတိုင်း ခံစားရသော ငါ့ကို သင်သည် ရလတ္တံ့ဟု (ပြိတ္တာမက ပြော၏)။

၄၄၆။ ထိုလုလင်သည် ထိုဝိမာနပြိတ္တာမ၏ စကားကို ကောင်းပြီဟု ဝန်ခံ၍ ထိုဗိမာန်၌ ခံစားရခြင်း၏အကြောင်းဖြစ်သော ကုသိုလ်ကံကို ပြု၏၊ ထိုဗိမာန်၌ ခံစားရခြင်း၏ အကြောင်း ဖြစ်သော ကုသိုလ်ကံကို ပြုခြင်းကြောင့် ထိုလုလင်သည် ထိုပြိတ္တာမ၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ရ၏။

သုံးခုမြောက်သော ရထကာရပေတိဝတ္ထု ပြီး၏။

ဒုတိယဘာဏဝါရ ပြီး၏။ ့

------

၁။ ကုသိုလ်ကောင်းမှုကြောင့် နတ်သမီးကဲ့သို့ဖြစ်သော်လည်း အကုသိုလ်ကံကြောင့် တစ်ယောက်တည်း နှစ်ပေါင်းများစွာ နေရသည် ဟူ၏။

၄-ဘုသပေတဝတ္ထု

ရှေးဘဝလူအဖြစ်၌ အိမ်ရှင်မဖြစ်စဉ် အမိကို ညှင်းဆဲလင်ကို ဂရုမထား မုသားဆိုကာ တစ်စုံတစ်ခုကို မျှမလှူခဲ့သောကြောင့် ကွယ်လွန်သောအခါ သလေးစပါးကို ခေါင်းပေါ်၌ ကြဲဖြန့် သူူသံတင်းပုတ်ဖြင့်ရိုက်နှက်ခံရသူူ မစင်ကို စားရသူူ အသီးသီးဖြစ်နေကြရသော ပြိတ္တာများ

၄၄၇။ ပြိတ္တာတို့ သင်တို့လေးယောက်တို့တွင် တစ်ယောက်သည် သလေးစပါး၏ရဲရဲတောက်သော စပါးဖျင်းတို့ကို မိမိခေါင်းပေါ်၌ ကြဲဖြန့်နေဘိ၏၊ တစ်ယောက်သောသူသည် (သံတင်း ပုတ်တို့ဖြင့်မိမိဦးခေါင်းကို ရိုက်နှက်ဖြတ်ခွဲ နေရ၏)၊ ဤမိန်းမသည်ကား မိမိအသားအသွေးကို စားဘိ၏၊ သင်သည်မူကား မစင်မကြယ် မနှစ်သက်ဖွယ်ရှိသော မစင်ကို စားရ၏၊ ဤအကျိုး သည် အဘယ်ကံ၏အကျိုးနည်းဟု (အရှင်မဟာမောဂ္ဂလ္လာန်က မေး၏)။

၄၄၈။ (သားဖြစ်သော) ဤသူသည် ရှေးဘဝက အမိကို ညှဉ်းဆဲခဲ့ပါ၏၊ (လင်ဖြစ်သော) ဤသူသည်ကားကောက်ကျစ်စဉ်းလဲသော ကုန်သည်ပါတည်း၊ (ချွေးမဖြစ်သော) ဤသူသည် ကား အသားတို့ကို ခဲစားမိပါလျက် (မစားရပါဟု) မုသားဆိုခြင်းဖြင့် လှည့်ပတ်ခဲ့ပါ၏။

၄၄၉။ အကျွန်ုပ်သည် လူ့ဘဝ၌ လူဖြစ်ခဲ့စဉ်က တစ်အိမ်လုံးကို အစိုးရသူ အိမ်ရှင်မဖြစ်၍ စည်းစိမ်ဥစ္စာတို့ရှိလျက် သာလျှင် လျှိုဝှက်ခဲ့ပါ၏၊ အကျွန်ုပ်၏ ပစ္စည်းဥစ္စာမှ တစ်စုံတစ်ခုကို မျှလည်း (သူတစ်ပါးအား) မပေးလှူခဲ့ပါ။

၄၅၀။ ဤဥစ္စာသည် ငါ၏ အိမ်၌ မရှိ၊ ရှိလျက် လျို့ဝှက်မိခဲ့ပါမူ ငါ၏ စားဖွယ်သည် မစင်ဖြစ်ပါစေသတည်းဟု မုသားစကားဖြင့် ဖုံးလွှမ်းပြောဆိုခဲ့ပါ၏။

၄၅၁။ ထိုမကောင်းမှုကံ၏လည်းကောင်း၊ မုသားဆိုခြင်း၏လည်းကောင်း နှစ်ပါးစုံသော ကံ အကျိုးကြောင့်ကောင်းသော အနံ့ရှိသော သလေးထမင်းသည် အကျွန်ုပ်အတွက် မစင်အဖြစ် ဖြင့် ပြောင်းလဲ နေပါ၏။

၄၅၂။ ကုသိုလ်အကုသိုလ်ကံတို့သည် အကျိုးမပြီး အချည်းနှီး မဖြစ်ကုန်၊ ဆည်းပူးထားသော ကံသည် (အကျိုးမပေးဘဲ) မပျက်စီးသည်သာတည်း၊ မကောင်းသော အနံ့ရှိသော ပိုးလောက်ရှိသော မစင်ကို စားလည်း စားရပါ၏၊ သောက်လည်းသောက်ရပါ၏ဟု (ကောက် ကျစ်သော ကုန်သည်မယား ပြိတ္တာမကလျှောက်၏)။

လေးခုမြောက်သော ဘုသပေတဝတ္ထု ပြီး၏။

------

၅-ကုမာရပေတဝတ္ထု

ရှေးအကုသိုလ်ကံကြောင့် ပြည့်တန်ဆာမဝမ်း၌ ဖြစ်၍ ဖွားသောအခါ သင်းချိုင်း၌ စွန့်ပစ်ခံရသော်လည်းကုသိုလ်ကံကြောင့် နတ်နှင့် ဘီလူူးတို့က နို့တိုက်စောင့်ရှောက် မပျောက်မပျက် အသက်ရှည်ကာသူဋ္ဌေးကြီးဖြစ်လတ္တံ့ဟု မြတ်စွာဘုရား၏ ဗျာဒိတ်ကြားခြင်း ခံရသူူသူူငယ်

၄၅၃။ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်သည် အံ့ဖွယ်သဘော ရှိ၏၊ မြတ်စွာဘုရား သည်ပုဂ္ဂိုလ်အားလျော်စွာ ဗျာဒိတ်စကား ဟောကြားတော်မူ၏၊ ပုဂ္ဂိုလ်အချို့တို့သည် ပြန့် ပြောသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (ယုတ်ညံ့နိမ့်ကျသူများ ဖြစ်ကြကုန်၏)။ ပုဂ္ဂိုလ်အချို့တို့သည် နည်းသော ကုသိုလ်ရှိသူများ ဖြစ်ကြပါကုန်လျက် (မြင့်မြတ်သူများ ဖြစ် ကြကုန်၏)။

၄၅၄။ ဤသတို့သားသည်ကား သင်္ချိုင်း၌ စွန့်ပစ်ခံရလျက် ညဉ့်အခါဝယ် (နတ်၏) လက်မမှ ယိုကျသော နို့ရည်ဖြင့် မျှတရ၏၊ ဘီလူးတို့သည်လည်းကောင်း၊ ဖုတ်ပြိတ္တာတို့သည်လည်း ကောင်း၊ ကင်းသန်းတို့သည်လည်းကောင်း ပြုအပ်သော ကောင်းမှုရှိသော သတို့သားကို မညှဉ်းဆဲကြကုန်။

၄၅၅။ ခွေးတို့သည် ဤသူ၏ ခြေတို့ကို လျှာဖြင့် လျက် ကြကုန်၏၊ ကျီးတို့သည် လည်း ကောင်းမြေခွေးတို့သည်လည်းကောင်း လူးလာတုံ့ခေါက် စောင့်ရှောက်ကြကုန်၏၊ ငှက်အပေါင်း တို့သည် ကိုယ်ဝန်အညစ်အကြေးကို သယ်ဆောင်ပစ်ကြကုန်၏၊ ကျီးတို့သည် ကား မျက်ဝတ် အညစ်အကြေးကို ဆောင်ယူပစ်ကြကုန်၏။

၄၅၆။ တစ်စုံတစ်ယောက်သော လူတို့ကမျှ ဤ (ဖွားသော) ကလေးအား အစောင့်အရှောက် ကို မစီရင်ကြကုန်၊ ဆေးကိုလည်း မစီရင်ကြကုန်၊ မုန်ညင်းစေ့ဖြင့် အခိုးထုံခြင်းကိုလည်း မစီ ရင်ကြကုန်၊ နက္ခတ်နှင့်ယှဉ်ခြင်း (ဇာတာဖွဲ့ခြင်း) ကိုလည်း မပြုကြကုန်၊ အလုံးစုံသော စပါး တို့ကိုလည်း မကြဲဖြန့်ကြကုန်။

၄၅၇-၈။ ဤသိုု့ သဘောရှိသော အလွန်ပင်ပန်းဆင်းရဲခြင်းသို့ ရောက်သူ ညအခါ၌ ဆောင်ယူ၍ သင်္ချိုင်း၌ စွန့်ပစ်ထားသူ ဆီဦးထောပတ်စိုင်ကဲ့သို့ တုန်လှုပ်လျက် (အသက်ရှင်ပါ မည်လားမရှင်မည်လားဟု) ယုံမှားရသူ အသက်ငွေ့ငွေ့သာ ကြွင်းကျန်နေသူဖြစ်သော ထို သတို့သားကို နတ်လူတို့ပူဇော်အပ်သော ကြီးမြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား သည် မြင်တော်မူ၍ ဤသတို့သားသည် ဤမြို့၏ စည်းစိမ်ဥစ္စာအားဖြင့် ကြီးမြတ်သူ သူဌေး ကြီးဖြစ်လတ္တံ့ဟုမိန့်ကြားတော်မူ၏။

၄၅၉။ အရှင်ဘုရား အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည့်တန်ဆာမ၏ ဝမ်း၌ ဖြစ်ရခြင်းစွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့သဘောရှိသော ထိုနတ်တို့အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုသူ၏ ဆောက်တည်မှု အကျင့်ကားအဘယ်ပါနည်း၊ ထိုသူ၏ ထိုဗြဟ္မစရိယကား အဘယ်ပါနည်း၊ ဤအကျိုးသည် အဘယ်အလေ့အကျင့်၏အကျိုးပါနည်းဟု (မေးလျှောက်ကြကုန်၏)။

၄၆၀။ လူအပေါင်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအား မြတ်သော ပူဇော်ခြင်းကို ပြုပြီ၊ ထိုပူဇော်ပွဲ၌ ထိုသူငယ်၏ စိတ်သည် ဖောက်ပြန်သော အခြင်းအရာအားဖြင့်ဖြစ်၍ သူတော်ကောင်းတို့၏နား၌ မကြားဝံ့ မနာသာအောင် ကြမ်းတမ်းသော စကားကို ပြောဆိုခဲ့၏။

၄၆၁။ ထိုသူငယ်သည် ထိုယုတ်မာသော အကြံအစည်ကို ပယ်ဖျောက်၍ နောက်ကာလ၌ နှစ်သက်မှု'ပီတိ'၊ ကြည်ညိုမှု'ပသာဒ'ကို ရပြီးလျှင် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော် မူသော မြတ်စွာဘုရားကို ယာဂုဖြင့် ခုနစ်ရက်ပတ်လုံး လုပ်ကျွေးခဲ့၏။

၄၆၂။ ဒါယကာတို့ အကြင်အကျင့် အကြင်ဗြဟ္မစရိယဖြင့် ဤသို့ ပြည့်တန်ဆာမ၏ ဝမ်း၌ ဖြစ်ရခြင်းစွန့်ပစ်ခံရခြင်း သဘောရှိသော အကျိုးမဲ့သို့ ရောက်ပြီး၍ ထိုသို့သဘောရှိသော နတ်တို့အစောင့်အရှောက် ခံရခြင်းစသော တန်ခိုးကို ခံစားရဘိ၏၊ ထိုဆိုခဲ့သမျှသည် ထို သူငယ်၏ဆောက်တည်မှုအကျင့်ပင်တည်း၊ ထိုသူငယ်၏ ထိုဗြဟ္မစရိယပင်တည်း၊ ဤအကျိုး သည်ထိုအလေ့အကျင့်၏ အကျိုးပေတည်း။

၄၆၃။ ထိုသူငယ်သည် ဤလူ့ပြည်၌ပင် အနှစ်တစ်ရာပတ်လုံး တည်၍ အလုံးစုံသော ကာမဂုဏ်တို့ဖြင့်ပြည့်စုံပြီးလျှင် ခန္ဓာကိုယ်ပျက်စီး၍ တစ်ဖန်ဖြစ်ရာ တမလွန်ဘဝ၌ သိကြား မင်း၏အသင်းအပင်းဝင်အဖြစ်သို့ ရောက်ရလတ္တံ့ဟု (ဟောတော်မူ၏)။

ငါးခုမြောက်သော ကုမာရပေတဝတ္ထု ပြီး၏။

------

၆-သေရိဏီပေတိဝတ္ထု

ရှေးလူူဘဝ၌ ပဲဝက်မျှသော ဥစ္စာကို ရေချိုးဆိပ်၌ ရှာမှီးခဲ့ရ၍ အလှူဝတ္ထုရှိလျက် မပေးလှူခဲ့သေလွန်သောအခါ နံရိုးပြိုင်းပြိုင်းထသော ကိုယ်ရှိလျက် မြစ်ကို တွေ့သော်လည်းရေမရှိ၊ လေတိုက်သော်လည်း မီးသို့ပူူ ဤဒုက္ခမှ လွတ်စေရန် အမိထံသွား၍ မြှုပ်ထားခဲ့သော ဥစ္စာဖြင့်သုံးစား လှူဒါန်း အမျှအတန်းဝေပါဟု ဥပါသကာတဦးကို မှာထားသည့်အတိုင်း ပြောကြား၍ အမိကကုသိုလ်ပြု အမျှအတန်းဝေသောကြောင့် ချမ်းသာခွင့်ရသော ပြိတ္တာမ

၄၆၄။ အလွန်ကြုံလှီ၍ နံရိုးပြိုင်းပြိုင်းထွက်သော မိန်းမ သင်သည် အဝတ်လည်း မပါ၊ စက်ဆုပ်ရွံ့ရှာဖွယ်အဆင်းသဏ္ဌာန်လည်း ရှိ၏၊ ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိ လျက် ဤအရပ်၌တည်နေရသော သင်သည်ကား အဘယ်သူနည်းဟု (ဥပါသကာက မေး၏)။

၄၆၅။ အရှင် အကျွန်ုပ်သည် ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော မကောင်းသော လားရာရှိသော ပြိတ္တာမ ဖြစ်ပါ၏၊ မကောင်းမှု အကုသိုလ်ကံကို ပြုခဲ့မိခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့လားရောက်ရပါ၏ဟု (ပြိတ္တာမ က ဖြေ၏)။

၄၆၆။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ရောက်ရသနည်းဟု (ဥပါသကာက မေး၏)။

၄၆၇။ မည်သူကမျှ အပိတ်အပင်မရှိသော ရေချိုးဆိပ်တို့၌ (လူတို့ မေ့လျော့ကျန်ရစ်ခဲ့သော) ပဲဝက်မျှဥစ္စာကိုလည်း (ရလိုရငြား) ရှာမှီးခဲ့ပါ၏၊ အကျွန်ုပ်သည် လှူဖွယ်ဝတ္ထုတို့ ရှိပါကုန်သော်လည်း မိမိ၏မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ဒါနကို မပြုလုပ်ခဲ့ပါ။

၄၆၈။ အကျွန်ုပ်သည် ရေမွတ်သိပ်လှသည်ဖြစ်၍ မြစ်သို့ ကပ်ရောက်ပါ၏၊ ယင်းသို့ ကပ်ရောက်မိသော်စီးနေသော မြစ်သည် ရေမရှိဘဲ အချည်းနှီး ဖြစ်သွားပါ၏၊ ပူသော အချိန်ကာလတို့၌ အရိပ်ရှိရာအရပ်သို့ ချဉ်းကပ်ပါ၏၊ ယင်းသို့ချဉ်းကပ်မိသော် အရိပ်တည်ရာ အရပ်သည် နေပူ ဖြစ်သွားပါ၏။

၄၆၉။ အကျွန်ုပ်အား လေသည် အတွေ့အားဖြင့် မီးကဲ့သို့ ပူလောင်သည်ဖြစ်၍ တိုက် ခတ်ပါ၏၊ အရှင်ဤဆိုအပ်ပြီးသော ဆင်းရဲကိုလည်းကောင်း၊ ထိုဆင်းရဲထက် ရုန့်ရင်း ကြမ်း တမ်းသော အခြားဆင်းရဲကိုလည်းကောင်း (မကောင်းမှုပြုခဲ့သော အကျွန်ုပ်သည် ) ခံစားထိုက် ပါ၏။

၄၇၀။ အရှင် ဟတ္ထိနိမြို့သို့ သွား၍ အကျွန်ုပ်၏ အမိအား ''ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ ကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်း ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည်မကောင်းမှုကံကို ပြုခြင်းကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏''ဟု ပြောဆိုပါလော့။

၄၇၁။ အရှင် ဤပလ္လင်နေရာ၌ အကျွန်ုပ်မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ်သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ အကျွန်ုပ် အိပ်ရာ ပလ္လင်အောက်၌လေးသိန်းသော ဥစ္စာတို့သည် ရှိပါကုန်၏။

၄၇၂။ ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ်အမိအားလည်း အသက်မွေးမှုဖြစ်ပါစေ၊ အကျွန်ုပ်၏ အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေပါစေလော့၊ ထိုအခါဝယ် အကျွန်ုပ်သည် အလုံးစုံ အလိုရှိတိုင်း ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ဟူ၍ (ပြိတ္တာမက မှာကြား၏)။

၄၇၃။ ထိုဥပါသကာသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် ဟတ္ထိနိမြို့သို့ သွား၍ ထိုပြိတ္တာမ၏အမိအားယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ ရောက်နေသော သင်၏ သမီးကိုလည်းငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ သင်၏ သမီးသည် မကောင်းမှုကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှပြိတ္တာဘုံသို့ ရောက်နေ၏။

၄၇၄။ ထိုသင်၏ သမီးသည် ထိုတွေ့မြင်ရာအရပ်၌ အကျွန်ုပ်အား သတင်းစကားကို ယူစေ ပါ၏၊ (ဟတ္ထိနိမြို့သို့ သွား၍) အကျွန်ုပ်အမိအား ယမမင်းနိုင်ငံ ပြိတ္တာဘုံ၌ အကျုံးဝင်သော ဒုဂ္ဂတိဘုံသို့ရောက်နေသော သင်၏ သမီးကို ငါကိုယ်တိုင် တွေ့မြင်ခဲ့ရ၏၊ ထိုသင်၏ သမီးသည် မကောင်းမှုကံကို ပြုမိသောကြောင့် ဤလူ့ဘုံမှ ပြိတ္တာဘုံသို့ ရောက်နေ၏။

၄၇၅။ ဤပလ္လင်နေရာ၌ အကျွန်ုပ်မြှုပ်ထားသော ဥစ္စာသည် ရှိပါ၏၊ ထိုဥစ္စာကို အကျွန်ုပ် သည် (ဤနေရာ၌ မြှုပ်နှံထား၏ဟု) ပြောလည်း မပြောကြားခဲ့ပါ၊ အကျွန်ုပ် အိပ်ရာပလ္လင် အောက်၌လေးသိန်းသော ဥစ္စာတို့သည် ရှိပါကုန်၏။

၄၇၆။ ထိုဥစ္စာမှ အကျွန်ုပ်အတွက် အလှူကို ပေးလှူပါစေ၊ ထိုအကျွန်ုပ်အမိအားလည်းအသက်မွေးမှုဖြစ်ပါစေ၊ ထိုအကျွန်ုပ်၏အမိသည် အလှူကို ပေးလှူပြီးသော် အကျွန်ုပ်အား အလှူ၏အဖို့ကို ရည်ညွှန်းပေးဝေပါစေလော့၊ ထိုအခါဝယ် အကျွန်ုပ်သည် (သင်၏ သမီးသည်) အလုံးစုံအလိုရှိတိုင်းပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်းရှိသူ ဖြစ်ရပါလိမ့်မည်ဟု ပြောကြားပါလော့ဟူ၍ မှာကြားလိုက်ပါ၏ (ဤသို့ ပြောကြား၏)။

၄၇၇။ ထိုဥပါသကာ ပြောကြားပြီးနောက် ထိုပြိတ္တာမ၏ အမိသည် အလှူကို ပေးလှူ၏၊ ထိုပြိတ္တာမအားအလှူ၏အဖို့ကို ရည်ညွှန်းပေးဝေ၏၊ ပြိတ္တာမသည်လည်း ချမ်းသာခြင်းသို့ ရောက်၏၊ ထိုအမိသည်လည်းကောင်းစွာ အသက်မွေးရ၏။

ခြောက်ခုမြောက်သော သေရိဏီပေတိဝတ္ထု ပြီး၏။

------

၇-မိဂလုဒ္ဒကပေတဝတ္ထု

သူတော်ကောင်း မိတ်ဆွေ၏စကားအရ သတ္တဝါတို့အသက်ကို လုံးဝမရှောင်ကြဉ်ဘဲ ညအခါ၌သာရှောင်ကြဉ်ခဲ့၍ သေလွန်သောအခါ ညအခါ၌ ချမ်းသာခံစားလျက် နေ့အခါတွင် ခွေးစားခံနေသော မုဆိုးပြိတ္တာ

၄၇၈။ (သင်သည် ညဉ့်အခါဝယ်) ပျိုမျစ်နုနယ်၍ နတ်သားနတ်သမီးတို့ ခြံရံခစားလျက် တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် တင့်တယ်ဘိ၏၊ နေ့အခါ၌မူကား သတ်ဖြတ်ညှဉ်းဆဲခြင်းကို ခံရ၏၊ (သင်သည်) ရှေးဘဝက အဘယ်ကံကို ပြုခဲ့သနည်းဟု (အသျှင် နာရဒကမေး၏)။

၄၇၉။ အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံသော ရာဇဂြိုဟ်မြို့၌ သွေးစွန်းသော လက်ရှိသူ, ကြမ်း၊ ကတ်သူ, သားသတ်မုဆိုး ဖြစ်ခဲ့ပါ၏။

၄၈၀။ ဆန့်ကျင်ဘက် မပြုလုပ်တတ်ကုန်သော အသက်ရှိကုန်သော များစွာသော သားငှက် စသည်တို့၌ ညှဉ်းပန်းနှိပ်စက်လိုသော စိတ်ရှိလျက် အခါခပ်သိမ်း အလွန်ကြမ်း၊ ကတ်သည် ဖြစ်၍ လှည့်လည်ခဲ့ပါ၏၊ သူတစ်ပါးကို ညှဉ်းဆဲခြင်း၌ မွေ့လျော်ခဲ့ပါ၏၊ ကိုယ်နှုတ်ကို မစောင့် စည်းခဲ့ပါ။

၄၈၁။ ထိုအကျွန်ုပ်၏ သူငယ်ချင်းသည် ကောင်းသော စိတ်နှလုံး ရှိပါ၏၊ ယုံကြည်မှု 'သဒ္ဓါ' ရှိသူဖြစ်ပါ၏၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဖြစ်ပါ၏၊ ထိုသူငယ်ချင်းသည်လည်း အကျွန်ုပ်ကို သနားစောင့်ရှောက်သည်ဖြစ်၍ (မကောင်းမှုမှ) အဖန်ဖန် တားမြစ်ခဲ့ပါ၏။

၄၈၂။ အဆွေ မကောင်းသော ကံကို မပြုပါလင့်၊ မကောင်းသော လားရာ 'ဒုဂ္ဂတိ'သို့ မသွားပါလင့်၊ တမလွန်ဘဝ၌ ချမ်းသာကို အလိုရှိခဲ့မူ မစောင့်စည်းမှုဖြစ်သော အသက် သတ် ခြင်းမှရှောင်ကြဉ်ပါလော့ဟု (တားမြစ်၏)။

၄၈၃။ အကျွန်ုပ်ည် ချမ်းသာကို လိုလားသော အစီးအပွါးဖြင့် အစဉ်စောင့်ရှောက်သော ထို သူငယ်ချင်း၏စကားကို ကြားနာရပါလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး မကောင်း မှု၌ အလွန်မွေ့လျော်ကာ့အသိဉာဏ် ပညာမရှိသည်ဖြစ်၍ ထိုသူငယ်ချင်း၏ အဆုံးအမ အားလုံးကို မလိုက်နာ မပြုကျင့်ခဲ့မိပါ။

၄၈၄။ မြေကြီးအထုနှင့်တူသော ကောင်းသော ပညာရှိသော ထိုသူငယ်ချင်းသည် အကယ်၍ သင်သည်နေ့အခါ၌ သတ္တဝါတို့ကို သတ်မူ ညအခါ၌ သင့်အား စောင့်စည်းမှု ဖြစ်ပါစေ လော့ဟု အကျွန်ုပ်ကို အစဉ်သနားသဖြင့် စောင့်စည်းမှု၌ နောက်ထပ် တစ်ဖန် သက်ဝင်စေ၏။

၄၈၅။ ထိုအကျွန်ုပ်သည် သတ္တဝါတို့ကို နေ့အခါ၌ သတ်၍ ညအခါ၌ (သတ်ခြင်းမှ) ရှောင် ကြဉ်စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် ညဉ့်အခါ၌ မွေ့လျော် စံစားရပါ၏၊ နေ့အခါ၌မူဆင်းရဲသို့ ရောက်သည်ဖြစ်၍ ခွေးစားခံရပါ၏။

၄၈၆။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် ညဉ့်အခါ၌ နတ်စည်းစိမ်ကို ခံစားရပါ၏၊ နေ့အခါ၌မူခွေးတို့သည် ရန်ငြိုးဖွဲ့သော စိတ်ရှိကုန်သကဲ့သို့ ဖြစ်၍သာလျှင် ခဲစားရန် ထက် ဝန်းကျင်မှ ပြေးလာကြပါကုန်၏။

၄၈၇။ အကြင်သူတို့သည် ကား မြတ်စွာဘုရားသာသနာတော်၌ အဓိသီလစသည်တို့ကို အမြဲ ယှဉ်ကုန်သည်ဖြစ်၍ မပြတ်အားထုတ်ခြင်း ရှိကုန်၏။ ထိုသူတို့သည် လောကီချမ်းသာမဖက် သက်သက်သော၊ အကြောင်းတရားတို့ မပြုပြင်အပ်သော၊ သေခြင်းကင်းသော နိဗ္ဗာန်ကို သာလျှင် ရကုန်၏ဟုထင်မှတ်ပါ၏ဟု (ဖြေကြားလျှောက်ထား၏)။

ခုနစ်ခုမြောက်သော မိဂလုဒ္ဒကပေတဝတ္ထု ပြီး၏။

------

၈-ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု

သူူငယ်ချင်းကောင်း ရဟန်းကောင်းများက ဆုံးမပါလျက် အကုန်မလိုက်နာ၊ ညအခါ ရှောင်ကြဉ် နေ့အခါသတ်ဖြတ်ခဲ့သောကြောင့် သေသောအခါ ညအခါ ပြုဒေ်ပလ္လင်၌ ခံစား၍ နေ့အခါ သုသာန်သို့ သွား၍ ဆင်းရဲခံစားနေရသော ပြိတ္တာ

၄၈၈။ (သင်သည် ညဉ့်အခါဝယ်) စုလစ်မွန်းချွန်အထွတ်တပ်သော ပြာသာဒ်ဆောင်၌လည်း ကောင်း၊ မွေးရှည်ကော်ဇောခင်းအပ်သော အိပ်ရာပလ္လင်၌လည်းကောင်း၊ အင်္ဂါငါးပါးရှိသော တူရိ ယာဖြင့်ကောင်းစွာ တီးမှုတ်အပ်သော သဘင်၌လည်းကောင်း မွေ့လျော်စံပျော် နေရဘိ၏။

၄၈၉။ ထိုညဉ့်အခါ ကုန်ဆုံး၍ နေထွက်သောအခါ၌ သုသာန်သို့ ဝင်လျက် များစွာသော ဆင်းရဲကို ခံရ၏။

၄၉၀။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကံကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲကို ခံရသနည်းဟု (အသျှင်နာရဒက မေး၏)။

၄၉၁။ အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံသော ရာဇဂြိုဟ်မြို့၌ ကြမ်းကြုတ်သူ, ကိုယ်နှုတ်ကို မစောင့်စည်းသူ သားသတ်မုဆိုး ဖြစ်ခဲ့ပါ၏။

၄၉၂။ ထိုအကျွန်ုပ်၏ သူငယ်ချင်းသည် ကောင်းသော စိတ်နှလုံး ရှိပါ၏၊ ယုံကြည်မှု 'သဒ္ဓါ'ရှိသူ ဖြစ်ပါ၏၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဖြစ်ပါ၏၊ ထိုသူငယ်ချင်း၏ အိမ်သို့ ကပ်ရောက်သော ရဟန်းသည်ဂေါတမမြတ်စွာဘုရား၏ တပည့် ဖြစ်ပါ၏၊ ထိုရဟန်းသည်လည်း အကျွန်ုပ်ကို အစဉ်သနားသည်ဖြစ်၍ မကောင်းမှုမှ အဖန်ဖန် တားမြစ်ပါ၏။

၄၉၃။ ဒါယကာ မကောင်းသော ကံကို မပြုလင့်၊ မကောင်းသော လားရာ 'ဒုဂ္ဂတိ'သို့ မသွားလင့်၊ တမလွန်ဘဝ၌ ချမ်းသာကို အလိုရှိခဲ့မူ မစောင့်စည်းမှုဖြစ်သော အသက်သတ် ခြင်းမှ ရှောင်ကြဉ်ပါလော့ဟု (တားမြစ်၏)။

၄၉၄။ အကျွန်ုပ်သည် ချမ်းသာကို လိုလားသော အစီးအပွားဖြင့် အစဉ်စောင့်ရှောက်သော ထိုရဟန်း၏ ့စကားကို ကြားနာရပါလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး မကောင်းမှု၌ အလွန်မွေ့လျော်ကာအသိဉာဏ် မရှိသည်ဖြစ်၍ အဆုံးအမအားလုံးကို မလိုက်နာ မပြုကျင့်ခဲ့ မိပါ။

၄၉၅။ မြေကြီးအထုနှင့် တူသော ကောင်းသော ပညာရှိသော ထိုရဟန်းသည် အကယ်၍ သင်သည်နေ့အခါ၌ သတ္တဝါတို့ကို သတ်ခဲ့မူ ညဉ့်အခါ၌ သင့်အား စောင့်စည်းမှု ဖြစ်ပါ စေလော့ဟု အကျွန်ုပ်ကို အစဉ်သနားသဖြင့် စောင့်စည်းမှု၌ နောက်ထပ် တစ်ဖန် သက်ဝင် စေ၏။

၄၉၆။ ထိုအကျွန်ုပ်သည် သတ္တဝါတို့ကို နေ့အခါ၌ သတ်၍ ညဉ့်အခါ၌ (သတ်ခြင်းမှ) ရှောင်ကြဉ်စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် ညဉ့်အခါ၌ မွေ့လျော်ခံစားရပါ၏၊ နေ့အခါ၌မူဆင်းရဲသို့ ရောက်သည်ဖြစ်၍ ခွေးစားခံရပါ၏။

၄၉၇။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် ညဉ့်အခါ၌ နတ်စည်းစိမ်ကို ခံစားရပါ၏၊ နေ့အခါ၌မူခွေးတို့သည် ရန်ငြိုးဖွဲ့သော စိတ်ရှိကုန်သကဲ့သို့ ဖြစ်၍သာလျှင် ခဲစားရန် ထက် ဝန်းကျင်မှ ပြေးလာကြပါကုန်၏။

၄၉၈။ အကြင်သူတို့သည် ကား မြတ်စွာဘုရား သာသနာတော်၌ အဓိသီလစသည်တို့ကို အမြဲ ယှဉ်ကုန်သည်ဖြစ်၍ မပြတ်အားထုတ်ခြင်း ရှိကုန်၏၊ ထိုသူတို့သည် လောကီချမ်းသာမဖက် သက်သက်သော၊ အကြောင်းတရားတို့ မပြုပြင်အပ်သော၊ သေခြင်းကင်းသော နိဗ္ဗာန်ကို သာလျှင် ရကုန်၏ဟုထင်မှတ်ပါ၏ဟု (ဖြေကြားလျှောက်ထား၏)။

ရှစ်ခုမြောက်သော ဒုတိယမိဂလုဒ္ဒကပေတဝတ္ထု ပြီး၏။

------

၉-ကူဋဝိနိစ္ဆယိကပေတဝတ္ထု

တရားရုံးတော်၌ အမှန်မပြော ကုန်းတိုက်စကားဆိုခဲ့သောကြောင့် သေလွန်သောအခါ နတ်ဝတ်တန်ဆာနတ်သမီးအခြွေအရံတို့ဖြင့် အာနုဘော်ကြီးစွာ ခံစားရသော်လည်း ကြောက်ခမန်းလိလိမိမိကျောက်ကုန်းသားကို ဖြတ်တောက် စားသောက်နေရသော ပြိတ္တာ

၄၉၉။ (ယောက်ျား) သင်သည် နတ်ပန်းကို ပန်ဆင်လျက် ဦးရစ်ပေါင်းကာ လက်ကောက် စသော လက်ဝတ်တန်ဆာရှိသူ ဖြစ်ပေ၏၊ သင်၏ ကိုယ်ကို စန္ဒကူးနံ့သာဖြင့် လိမ်းကျံလျက် ကြည်လင်သော မျက်နှာအဆင်းရှိသူ တက်သစ်စနေ၏ အဆင်းကဲ့သို့ တင့်တယ်သူ ဖြစ်ဘိ၏။

၅၀၀။ (ယောက်ျား) သင်၏ ပရိသတ်၌ အကျုံးဝင်ကုန်သော သင်၏ ဤအခြွေအရံ နတ်တို့သည်လည်းကောင်း၊ သင်၏ တစ်သောင်းသော အခြွေအရံနတ်သမီးတို့သည်လည်းကောင်း ခရုသင်း,လက်ကောက်, လက်ကြပ်တန်ဆာကို ဝတ်ဆင်ကြကုန်၏၊ ရွှေနားသွယ်ပန်းကိုလည်း ထူးဆန်းစွာပန်ဆင်ကြကုန်၏။

၅၀၁။ သင်သည် ကြီးသော အာနုဘော်ရှိ၏၊ ကြက်သီးမွေးညင်း ထလောက်အောင် အဆင်းသဏ္ဌာန်ရှိပါပေ၏၊ (သို့ပါသော်လည်း) မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင် ဖြတ်၍ ခဲစားနေရဘိ၏။

၅၀၂။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မိမိ၏ ကျောက်ကုန်းသား တို့ကို ကိုယ်တိုင် ဖြတ်၍ ခဲစားဘိသနည်းဟု (အသျှင်နာရဒက မေး၏)။

၅၀၃။ အရှင်ဘုရား အကျွန်ုပ်သည် သက်ရှိလောက၌ မိမိ၏ အကျိုးမဲ့ဖြစ်ရန် ကုန်းတိုက် စကားမုသားစကားဖြင့်လည်းကောင်း၊ ကောက်ကျစ်စဉ်းလဲခြင်း လှည့်ပတ်ခြင်းဖြင့်လည်း ကောင်း ပြုကျင့်ခဲ့မိပါ၏။

၅၀၄။ ထိုတရားစီရင်ရာအရပ်၌ အကျွန်ုပ်သည် ပရိသတ်လယ်သို့ ရောက်၍ အမှန်ဆိုရမည့် အခါကြုံကြိုက်ဖြစ်ပေါ်လာသည်ရှိသော် အကျိုးအကြောင်းကို စွန့်ပစ်၍ အဓမ္မသို့ အစဉ် လိုက်ခဲ့မိပါ၏။

၅၀၅။ အကြင်သူသည် ကျောက်ကုန်းသားကို ခဲစားသည်နှင့်တူစွာ ချောပစ်ကုန်းတိုက် မုသားပြောဆိုတတ်၏၊ အကျွန်ုပ်သည် ယနေ့ မိမိကျောက်ကုန်းသားကို ခဲစားရသကဲ့သို့ ထို့အတူချောပစ်ကုန်းတိုက် မုသားပြောဆိုတတ်သော ထိုသူသည် မိမိကျောက်ကုန်းသားကို ခဲစား ရ၏။

၅၀၆။ အသျှင်နာရဒ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတစ်ပါးအကျိုးကို ကျင့်ခြင်း၌) လိမ္မာကုန်သော ဘုရား စသောသူတော်ကောင်းတို့ ဆိုဆုံးမသော ''သင်သည် ကုန်းတိုက်သော စကားကို မပြော ဆိုလင့်၊ မုသားမပြောဆိုလင့်၊ (အကျွန်ုပ်ကဲ့သို့) မိမိကျောက်ကုန်းသားကို စားရသည် မဖြစ်စေလင့်''ဟူသော စကားမျိုးကို သာ (အကျွန်ုပ်) ပြောဟောလိုပါ၏ဟု (ပြိတ္တာက လျှောက်၏)။

ကိုးခုမြောက်သော ကူဋဝိနိစ္ဆယိကပေတဝတ္ထု ပြီး၏။

------

၁၀-ဓာတုဝိဝဏ္ဏပေတဝတ္ထု

ဓာတ်တော်ထားရာစေတီပုထိုးကို ပူဇော်သူတို့အား အပြစ်ပြောပြ၍ ထားမြစ်ခဲ့သောကြောင့် သေလွန်သောအခါ ရှစ်သောင်းခြောက်ထောင်မျှသော ဆွေမျိုးတို့နှင့်တကွ အပုပ်နံ့ လှိုင်သော ခံတွင်းပိုးလောက်တို့စားခြင်းကို ခံနေကြရသော ပြိတ္တာများ

၅၀၇။ ကောင်းကင်၌ တည်နေသော သင်၏ (ကိုယ်၌) မကောင်းသော အပုပ်နံ့သည် လှိုင်၏၊ အပုပ်နံ့လှိုင်သော သင်၏ ခံတွင်းကိုလည်း ပိုးလောက်တို့သည် ခဲစားကုန်၏၊ သင်သည် ရှေးဘဝကအဘယ်ကံကို ပြုခဲ့သနည်း။

၅၀၈။ ထို့ထက်အလွန်မူကား (ကံနှိုးဆော်အပ်သောသူတို့က) လက်နက်ယူလျက် သင့်ကို အဖန်ဖန်လှီးဖြတ်ကုန်၏၊ ဆားငန်ရေဖြင့် လောင်းဆွတ်၍ အဖန်ဖန် လှီးဖြတ်ကုန်၏။

၅၀၉။ သင်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း အဘယ်မကောင်းမှုကို ပြုခဲ့သပါနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲသို့ ရောက်ရပါသနည်းဟု (အသျှင်မဟာကဿပက မေး၏)။

၅၁၀။ အရှင်ဘုရား အကျွန်ုပ်သည် ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံအပ်သော ရာဇဂြိုဟ်မြို့၌ အလွန်များသော ဥစ္စာစပါးကို အစိုးရသူ ဖြစ်ခဲ့ပါ၏။

၅၁၁။ ထိုအကျွန်ုပ်၏ (ရှေးဘဝက) ဤမယားသည်လည်းကောင်း၊ ဤသမီးသည်လည်း ကောင်း၊ ဤချွေးမသည်လည်းကောင်း ထိုအိမ်သူအိမ်သားတို့သည် ပန်းကိုလည်းကောင်း၊ ကြာ ကိုလည်းကောင်း၊ အသစ်ဖြစ်သော နံ့သာပျောင်းကိုလည်းကောင်း ပုထိုးသို့ (ပူဇော်ရန်) ဆောင်ယူသည်တို့ကို တားမြစ်မိခဲ့ပါ၏၊ အကျွန်ုပ်သည် ထိုမကောင်းမှုကံကို ပြုခဲ့ပါ၏။

၅၁၂။ (အရှင်ဘုရား) အသီးအသီး ခံစားအပ်သော ဆင်းရဲသော ဝေဒနာရှိကုန်သော ရှစ်သောင်းခြောက်ထောင် အတိုင်းအရှည်ရှိကုန်သော အကျွန်ုပ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်းကို ကဲ့ရဲ့မိကြကုန်၍ ပြင်းစွာ ဆင်းရဲသည်၏ အဖြစ်ကြောင့် ငရဲနှင့်တူသော ပြိတ္တာဘုံ၌ပြင်းထန်စွာ ခံနေရပါကုန်၏။

၅၁၃။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို (ရည်မှတ်၍) ပူဇော်ခြင်းငှါ ပွဲလမ်းသဘင် ဖြစ်သည်ရှိသော် (အကျွန်ုပ်ကဲ့သို့သော) အကြင် ပုဂ္ဂိုလ်တို့သည် ဓာတ်တော်ထားရာ ပုထိုးကို ပူဇော်ခြင်း၌ အပြစ်ဒေါသကို ပြကုန်၏၊ ထို ပုဂ္ဂိုလ်တို့ကို ထိုမကောင်းမှုမှရှောင်ကြဉ်ကြပါစေကုန်လော့။

၅၁၄။ နတ်ပန်းတို့ကို ပန်ဆင်ကုန်၍ နတ်ဝတ်တန်ဆာဝတ်ဆင်ကြကာ ပုထိုး၌ ပန်း ပူဇော်သော ကံ၏အကျိုးကို ခံစားကြကုန်လျက် လာကြကုန်သော ဤနတ်သမီးတို့ကို ကြည့်ရှု တော်မူပါလော့၊ ထိုနတ်သမီးတို့သည် များသော အခြံအရံ အကျော်အစောရှိကုန်လျက် နတ် စည်းစိမ်နှင့် ပြည့်စုံကြပါကုန်၏။

၅၁၅။ ပညာရှိကုန်သော အကျွန်ုပ်၏ မယား, သမီး, ချွေးမတို့သည် အံ့ဩဖွယ်ဖြစ်သော မဖြစ်ဖူးမြဲဖြစ်သော ကြက်သီးမွေးညှင်းထဖွယ် ဖြစ်သော ထိုအကျိုးထူးကို မြင်ကြကုန်သောကြောင့် ရှိခိုးခြင်းကို ပြုခဲ့ပါကုန်၏၊ ထိုမြတ်စွာဘုရား၏ ဓာတ်တော်ထားရာ ပုထိုးကို ရှိခိုးခဲ့ကြ ပါကုန်၏။

၅၁၆။ ထိုအကျွန်ုပ်သည် စင်စစ် ဤပြိတ္တာဘုံမှ လွတ်သွား၍ လူအမျိုးဇာတ်ကို ရသည်ရှိ သော် ပုထိုးအားပူဇော်ခြင်းကို မမေ့မလျော့မူ၍ အဖန်ဖန် ပြုပါတော့အံ့ဟု ကြံစည်အောက် မေ့မိပါ၏ဟု (လျှောက်၏)။

ဆယ်ခုမြောက်သော ဓာတုဝိဝဏ္ဏပေတဝတ္ထု ပြီး၏။

သုံးခုမြောက်သော စူဠဝဂ် ပြီး၏။

------

၄-မဟာဝဂ်

၁-အမ္ဗသက္ကရပေတဝတ္ထု

ဝေသာလီပြည် အမ္ဗ္ဗသက္ကရမည်သော လိစ္ဆဝီမင်း, တံကျင်လျှိုခံရသော ယောကျင်္ား, ထိုယောကျင်္ားအားလာရောက်၍ အားပေးစကားပြောဆိုသော နတ်ပြိတ္တာ, ကပ္ပိတကရဟန်း၊ ဤပုဂ္ဂိုလ်တို့အချင်းချင်းပြောဟောကြပုံ ကုသိုလ်, အကုသိုလ်ကံဆန်းကြယ်ပုံ အလုံးစုံပါဝင် သောဝတ္ထု

၅၁၇။ ဝဇ္ဇီတိုင်းသားတို့၏ ဝေသာလီမြို့၌ အမ္ဗသက္ကရမည်သော လိစ္ဆဝီမင်းသည် မြို့ပြင်ပ၌ နေသော ပြိတ္တာကို မြင်သောကြောင့် ထိုမြင်ရာအရပ်၌ပင် (အချင်း အသက်ရှင်ပါလော့၊ အသက် ရှင်ခြင်းသည်သာမြတ်၏ဟု) ပြောဆိုသော စကား၏ အဓိပ္ပာယ်ကို သိလိုသည်ဖြစ်၍ ထိုပြိတ္တာ အား (ဤသို့) မေးမြန်းလေပြီ။

၅၁၈။ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်အား အိပ်ရခြင်း ထိုင်ရခြင်းသည်လည်း မရှိခဲ့၊ ရှေ့သို့တက်ခြင်းနောက်သို့ဆုတ်ခြင်းသည်လည်း မရှိခဲ့၊ ဤပုဂ္ဂိုလ်အား စားဖွယ်,သောက်ဖွယ်, ခဲဖွယ်, အဝတ်အရုံတို့ကို သုံးဆောင်ခြင်းဟု ဆိုအပ်သော ခံစားခြင်းသည်လည်း မရှိခဲ့။

၅၁၉။ ရှေးက ရှိကြသည့် သနားစောင့်ရှောက်တတ်သော အဆွေအမျိုးတို့သည် လည်း ကောင်း၊ မြင်ဖူး, ကြားဖူးသော အဆွေခင်ပွန်း သူငယ်ချင်းတို့သည်လည်းကောင်း၊ ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့သည်လည်းကောင်း ထိုတံကျင်လျှိုသော ပုဂ္ဂိုလ်ကို ယခုအခါ တွေ့မြင် ခြင်းငှါလည်းမရကြကုန်၊ ဤတံကျင်လျှိုထားသော ပုဂ္ဂိုလ်သည် ထိုဆွေမျိုးစသော လူအပေါင်း က စွန့်ပစ်ထားသော သဘောရှိတော့သည်သာတည်း။

၅၂၀။ အသက်ဝိညာဉ်ကင်းပြီးသောသူအား အဆွေခင်ပွန်းတို့ မရှိကုန်၊ (သေသူကို ထား လိုက်ပါဦး) အဆွေခင်ပွန်းတို့သည် ပစ္စည်းဥစ္စာချို့တဲ့သူကို (ဤသူထံမှ ဘာတစ်ခုမျှ ရတော့ မည် မဟုတ်ဟု) သိရသည်ရှိသော် (အသက်ရှင်သော်လည်း) စွန့်ပစ်တတ်ကြကုန်သေး၏၊ မိမိ အကျိုးစီးပွားကို မြင်ရသော်သာ ခြံရံကြကုန်၏၊ စည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောသူအားသာလျှင် အဆွေခင်ပွန်း များကုန်၏။

၅၂၁။ (ဤတံကျင်လျှိုထားသော ယောက်ျားသည်) စည်းစိမ်ချမ်းသာ အားလုံးတို့မှ ယုတ်သော သဘောရှိသည်ဖြစ်၍ သွေးတို့ဖြင့် လိမ်းကျံသော ကိုယ် တံကျင်ထိုးလျှိုသဖြင့် ပေါက်ကွဲသော ကိုယ်ရှိလျက် ဆင်းရဲငြိုငြင် ပင်ပန်းလှ၏၊ ဤယောက်ျားအား မြက်ဖျား၌ လိမ်း ကျံသော ဆီးနှင်းပေါက်အတူယနေ့သော်လည်းကောင်း၊ နက်ဖြန်သော်လည်းကောင်း အသက် ချုပ်ပျောက်ခြင်း ဖြစ်တော့လတ္တံ့။

၅၂၂။ နတ်သား ထိုသို့ဖြစ်လျက် တမာသားတံကျင်၌ ထိုးတင်အပ်သည်ဖြစ်၍ အလွန် ပင်ပန်းခြင်းသို့ရောက်သော ဤသို့သောသူကို 'အချင်း အသက်ရှင်ပါလော့၊ အသက်ရှင်ခြင်း သည်သာလျှင် မြတ်၏'ဟုအဘယ့်ကြောင့် သင် ဆိုဘိသနည်း (ဟု လိစ္ဆဝီမင်းက မေး၏)။

၅၂၃။ လိစ္ဆဝီမင်း ဤသူသည် ရှေးဘဝက အကျွန်ုပ်၏ သွေးသားတော်စပ်သောသူ ဖြစ်၏ဟု အကျွန်ုပ်အမှတ်ရပါသည်၊ ဤသူကို မြင်ရ၍ အကျွန်ုပ် သနားခြင်း ဖြစ်မိပါ၏၊ ယုတ်မာသော သဘောရှိသော ဤသူသည် ငရဲသို့ မကျပါစေလင့်။

၅၂၄။ လိစ္ဆဝီမင်း ဤယောက်ျားသည် မကောင်းမှုကို ပြုလေ့ရှိသည်ဖြစ်၍ ဤဘဝမှ စုတေ သော်မကောင်းမှုပြုသူ သတ္တဝါတို့ဖြင့် ရောပြွမ်း၍ ကြမ်းတမ်းသော သဘောရှိသော အလွန့် အလွန်ပူလောင်ခါးစပ်သော ကြောက်ဖွယ်ကို ဖြစ်စေတတ်သော ငရဲသို့ ကပ်ရောက်ရလတ္တံ့။

၅၂၅။ ဤသူသည် စင်စစ် ဆင်းရဲသော ခါးစပ်၍ ကြောက်ဖွယ်ကို ဖြစ်စေတတ်သော စင်စစ်ထက်မြက်သော အကြင်ငရဲသို့ ကျရာ၏၊ ထိုထိုကျရမည့် ငရဲထက် ဤတံကျင်သည် သာလျှင်များစွာသော ဂုဏ်အဖို့အစုအားဖြင့် မြတ်သေး၏။

၅၂၆။ ဤသတ္တဝါသည် အကျွန်ုပ်၏ ဤစကားကို ကြားရသော် ဆင်းရဲသို့ ကပ်ရောက် ရသကဲ့သို့ ဖြစ်၍ မိမိအသက်ကို စွန့်ရာ၏၊ ထို့ကြောင့် အကျွန်ုပ်သည် တစ်ပြိုင်နက် အသက် ချုပ်ပျောက်ခြင်းမဖြစ်ပါစေလင့်ဟု နှလုံးပိုက်၍ ဤသတ္တဝါ၏ အနီး၌ ဤစကားကို ဆိုသည် မဟုတ်ပါဟု (ပြိတ္တာကပြောဆို၏)။

၅၂၇။ တံကျင်လျှိုထားသော ယောက်ျား၏ ဤအကြောင်းအရာကို ငါတို့ သိရပါပြီ၊ တစ်ပါးသော အကြောင်းအရာကိုလည်း သင့်အား မေးလိုကုန်၏၊ ငါတို့အား အကယ်၍ အခွင့်ပြုပါမူ သင့်ကို မေးပါကုန်အံ့၊ ငါတို့အားမူ အမျက်မထွက်သင့်ပါဟု (လိစ္ဆဝီမင်းက ဆို၏)။

၅၂၈။ လိစ္ဆဝီမင်း (ရှေးဦးစွာ မြင်သော) ထိုအခါကပင် အကျွန်ုပ်အား စင်စစ် မေးလော့ဟု ဝန်ခံခြင်းဖြစ်ပါ၏၊ မကြည်ညိုသူအား မဖြေကြားလိုခြင်း ဖြစ်ပါ၏၊ ယခုအခါ အလိုမရှိစေကာမူ သင်သည်ယုံကြည်ထိုက်သော စကားရှိသူ ဖြစ်သောကြောင့် ငါ့အား အလိုရှိရာ မေးလော့၊ စွမ်းအားရှိသလောက်ဖြေပါအံ့ဟု (ပြိတ္တာက ဖြေ၏)။

၅၂၉။ နတ်မင်း ငါသည် မျက်စိဖြင့် မြင်ရသည့် အရာဟူသမျှ အားလုံးကိုလည်း ထို မြင်သည့်အတိုင်းပင်လျှင် ယုံကြည်ရာပါ၏၊ ထိုအလုံးစုံကို မြင်ရ၍ လည်း အကယ်၍ မယုံကြည် ခဲ့ပါမူ သင်သည်ငါ့အား နှိပ်နင်းမှုကို ပြုမည်လောဟု (လိစ္ဆဝီမင်းက ပြော၏)။

၅၃၀။ လိစ္ဆဝီမင်း သင်၏ ဤဝန်ခံခြင်းသည် အကျွန်ုပ်အား မှန်ကန်သောဝန်ခံခြင်း ဖြစ် ပါစေ၊ အကျွန်ုပ်သည် သင်ကြားဖူးသည်လည်းဖြစ်သော မကြားဖူးသည်လည်းဖြစ်သော တရား အားလုံးကို သင့်အား သိသမျှ ဟောကြားပါအံ့၊ သင်သည် သိခြင်းငှါ အလိုရှိသည်ဖြစ်၍ လည်းကောင်း,ပြစ်မှားလိုသော စိတ် မရှိသည်ဖြစ်၍ လည်းကောင်း အကျွန်ုပ်ဟောမည့် တရား ကို ကြားနာရ၍ ကောင်းသော ကြည်ညိုမှုကို ရပါစေသတည်းဟု (ပြိတ္တာက ပြော၏)။

၅၃၁။ သင်သည် တန်ဆာဆင်အပ်သော မြင်းဖြူ ဖြင့် တံကျင်လျှိုထားသူ၏ အထံသို့ သွား ဘိ၏၊ ဤမြင်းယာဉ်သည် မဖြစ်စဖူး ဖြစ်၍ ရှုချင်ဖွယ် ရှိလှပါပေ၏၊ ဤမြင်းယာဉ်ကို ရခြင်း သည် အဘယ်ကံ၏အကျိုးနည်းဟု (လိစ္ဆဝီမင်းက မေး၏)။

၅၃၂။ လိစ္ဆဝီမင်း ဝေသာလီမြို့၏ အလယ် ရွှံ့ညွန်ရှိသော ခရီးလမ်း၌ (ရွှံ့ညွန်) တွင်း ရှိခဲ့ပါ၏၊ အကျွန်ုပ်သည် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ ဖြူသော နွားဦးခေါင်းရိုးတစ်ခုကို ယူ၍ ရွှံ့ညွန်တွင်း၌ချထားခဲ့ပါ၏။

၅၃၃။ အကျွန်ုပ်သည်လည်းကောင်း, တစ်ပါးသောသူတို့သည်လည်းကောင်း ဤနွားဦး ခေါင်းရိုးတံတား၌ခြေတို့ကို ချနင်း၍ ရွှံ့ညွန်ကို လွန်မြောက်ကြရပါကုန်၏၊ ထိုကံကြောင့် မဖြစ်ဖူးမြဲဖြစ်၍ ရှုချင်ဖွယ်ရှိသော ဤမြင်းယာဉ်ကို ရအပ်ပါ၏၊ ဤမြင်းယာဉ်ကို ရခြင်းသည် ထိုကံ၏ အကျိုးပါတည်းဟု (ပြိတ္တာက ဖြေ၏)။

၅၃၄။ သင်၏ အဆင်းသည်လည်း အလုံးစုံ အရပ်မျက်နှာအားလုံးတို့၌ ထွန်းလင်း တောက်ပ၏၊ သင်၏့ကိုယ်ရနံ့သည်လည်း အလုံးစုံသော အရပ်မျက်နှာတို့၌ ကြိုင်လှိုင်ဘိ၏၊ သင်သည်ကြီးသော အာနုဘော်ရှိ၍ နတ်တန်ခိုးသို့ ရောက်သူ ဖြစ်ခဲ့၏၊သို့သော်လည်း အဝတ် မဆီးအချည်းနှီးနေရသူ ဖြစ်ခဲ့၏၊ ဤအကျိုးသည် အဘယ်ကံ၏ အကျိုးနည်းဟု (လိစ္ဆဝီ မင်းက မေး၏)။

၅၃၅။ လိစ္ဆဝီမင်း အကျွန်ုပ်သည် အမျက်မထွက်မူ၍ အမြဲကြည်လင်သော စိတ် ရှိပါ၏၊ သိမ် မွေ့သော စကားတို့ဖြင့် လူအပေါင်းသို့ ချဉ်းကပ်ခဲ့ပါ၏၊ အကျွန်ုပ်၏ အမြဲတောက်ပသော နတ်၌ဖြစ်သော ဤအဆင်းသည် ထိုကံ၏ အကျိုးပါတည်း။

၅၃၆။ လိစ္ဆဝီမင်း အကျွန်ုပ်သည် တရား၌တည်သူတို့၏ ကျော်စောခြင်းကိုလည်းကောင်း ချီးမွမ်းသံကိုလည်းကောင်း သိမြင်၍ ကြည်ညိုသော စိတ်ရှိသည်ဖြစ်လျက် ပြောကြားတတ် ပါ၏၊ အကျွန်ုပ်၏အမြဲလှိုင်သော နတ်၌ဖြစ်သော ဤရနံ့သည် ထိုကံ၏ အကျိုးပါတည်း။

၅၃၇။ သူငယ်ချင်းတို့ ရေချိုးဆိပ်၌ ရေချိုးနေကြကုန်စဉ် ကုန်း၌ ထားသောသူငယ်ချင်း တစ်ယောက်၏ပုဆိုးကို ရယ်မြူးလိုသည်ဖြစ်၍ ပြစ်မှားလိုစိတ်မရှိဘဲ ဆောင်ယူ ဝှက်ထား မိခဲ့ပါ၏၊ ထို့ကြောင့်အဝတ်မဝတ်ရသူလည်း ဖြစ်ရပါ၏၊ ပင်ပန်းသော အသက်မွေးခြင်းရှိသူလည်း ဖြစ်ရပါ၏ဟု (ပြိတ္တာကဖြေ၏)။

၅၃၈။ အကြင်သူသည် ကစားရယ်မြူးလို၍ မကောင်းမှုကို ပြု၏၊ ထိုသူ၏ အကုသိုလ်ကံ အကျိုးသည်ပင်ဤသို့သဘော ရှိသေး၏၊ အကြင်သူသည်ကား ကစားရယ်မြူးလိုစိတ်မရှိဘဲ မကောင်းမှုကို ပြု၏၊ ထိုသူ၏ အကုသိုလ်ကံအကျိုးကို (ပညာရှိတို့) အဘယ်သို့ ဆိုကုန်အံ့ နည်းဟု (လိစ္ဆဝီမင်းက မေး၏)။

၅၃၉။ အကြင်သူတို့သည် ကာမဂုဏ်ကို ကြံခြင်းအစရှိသည်တို့၏ အစွမ်းဖြင့် ဖျက်ဆီးအပ်သော စိတ်ရှိကုန်၏၊ ကိုယ်ဖြင့်လည်းကောင်း, နှုတ်ဖြင့်လည်းကောင်း ညစ်ညူးကြကုန်၏၊ ထို သူတို့သည် ကိုယ်ခန္ဓာပျက်စီးသည့်နောက် တမလွန်ဘဝ၌ ယုံမှားမရှိ ငရဲသို့ ကပ်ရောက်ရ ကုန်၏။

၅၄၀။ တစ်ပါးသော လူတို့သည် ကား သုဂတိဘုံသို့ တောင့်တကုန်လျက် အလှူပေးခြင်း၌မွေ့လျော်ကုန်၏၊ ချီးမြှောက်လိုသော သဘော ရှိကုန်၏၊ ထိုသူတို့သည် ကိုယ်ခန္ဓာ ပျက်စီး သည့်နောက်တမလွန်ဘဝ၌ ယုံမှားမရှိ, ကောင်းသော လားရာ 'သုဂတိ'သို့ ကပ်ရောက်ရ ကုန်၏ဟု (ပြိတ္တာကဖြေ၏)။

၅၄၁။ သင်သည် ကောင်းမှု မကောင်းမှု၏ ဤကောင်းကျိုး မကောင်းကျိုးကို ခွဲဝေ၍ ဆိုအပ်ပြီ၊ ထိုကောင်းကျိုး မကောင်းကျိုးကို အဘယ်သို့ သက်ဝင်၍ ငါ သိရပါအံ့နည်း၊ အဘယ်သို့သော သက်သေအထောက်အထားကို မူလည်း တွေ့မြင်၍ ငါ ယုံကြည်ရပါအံ့နည်း၊ အဘယ် ပညာရှိသည်မူလည်းထိုကောင်းကျိုး မကောင်းကျိုးကို ယုံကြည်စေနိုင်ပါအံ့နည်းဟု (လိစ္ဆဝီမင်း က မေး၏)။

၅၄၂။ လိစ္ဆဝီမင်း ကောင်းမှု မကောင်းမှု၏ ဤကောင်းကျိုး မကောင်းကျိုးကို (ခွဲဝေ၍ ငါ ဆိုအပ်ခဲ့ပြီ) ထိုကောင်းကျိုး မကောင်းကျိုးကို မြင်၍ လည်းကောင်း၊ ကြား၍ လည်းကောင်း ယုံကြည်ပါလေလော့၊ ကောင်းမှု မကောင်းမှု နှစ်ပါးစုံ မရှိမူ သတ္တဝါတို့သည် ကောင်းသော လားရာ 'သုဂတိ'သို့လားရောက်ရကုန်၏၊ မကောင်းသော လားရာ 'ဒုဂ္ဂတိ'သို့ လားရောက် ရကုန်၏ဟု အဘယ်သို့လျှင်ဖြစ်နိုင်ပါအံ့နည်း။

၅၄၃။ လိစ္ဆဝီမင်း ဤလူ့ပြည်လောက၌ သတ္တဝါတို့သည် ကောင်းမှု မကောင်းမှုတို့ကို အကယ်၍ မပြုကြကုန်မူ လူ့ပြည်၌ ကောင်းသော လားရာ 'သုဂတိ', မကောင်းသော လားရာ 'ဒုဂ္ဂတိ'သို့ရောက်ကုန်သော သတ္တဝါတို့သည်လည်းကောင်း၊ အယုတ်အမြတ်ဖြစ်သော သတ္တဝါ တို့သည်လည်းကောင်းရှိသည် မဖြစ်ကုန်ရာ။

၅၄၄။ သတ္တဝါတို့သည် လူ့ပြည်လောက၌ ကောင်းမှု မကောင်းမှုတို့ကို အကြင့်ကြောင့် ပြုကုန်၏၊ ထို့ကြောင့် လူ့ပြည်လောက၌ ကောင်းသော လားရာ 'သုဂတိ', မကောင်းသော လားရာ 'ဒုဂ္ဂတိ'သို့ရောက်ကုန်သော သတ္တဝါတို့သည်လည်းကောင်း အယုတ်အမြတ်ဖြစ်သော သတ္တဝါတို့သည်လည်းကောင်းရှိကုန်၏။

၅၄၅။ ယခုအခါ ကောင်းမှု မကောင်းမှုတို့၏ ချမ်းသာကိုလည်းကောင်း၊ ဆင်းရဲကိုလည်း ကောင်းခံစားခြင်းငှါ လျောက်ပတ်သော နှစ်ပါးသော ကောင်းကျိုး မကောင်းကျိုးကို (ပညာရှိ တို့) ဆိုကုန်၏၊ အကြင်သူတို့သည် အလွန်အကဲအားဖြင့် ချမ်းသာသုခကို ခံစားခြင်းငှါ လျောက် ပတ်သော အကျိုးကို ရကုန်၏၊ ထိုသူတို့သည် နတ်ပြည်၌ နတ်ဖြစ်ကြ၍ ချမ်းသာသုခကို ခံစားကြရကုန်၏၊ လူမိုက်တို့သည် ကံ ကံ၏ အကျိုးနှစ်ပါးကို မမြင်ကုန်သည်ဖြစ်၍ ငရဲစသည်တို့၌ ကျက်ကြရကုန်၏။

၅၄၆။ လိစ္ဆဝီမင်း အကြင်ကံတို့ကြောင့် ယခုအခါ အဝတ်ပုဆိုးကိုလည်းကောင်း၊ အိပ်ရာနေရာတို့ကိုလည်းကောင်း၊ ထမင်းအဖျော်ကိုလည်းကောင်း ရရာ၏၊ ရှေးက ကိုယ်တိုင်ပြုခဲ့သော ထိုကံတို့သည် အကျွန်ုပ်အား မရှိပါကုန်၊ (သမဏဗြာဟ္မဏတို့အား အလှူကို) ပေးလှူ ၍ အကျွန်ုပ်အားရည်ညွှန်း အမျှဝေသောသူလည်း မရှိပါ၊ ထို့ကြောင့် ယခုအဝတ်မဝတ်ရသူ ပင်ပန်းသော အသက်မွေးခြင်းရှိသူ ဖြစ်နေရပါ၏ဟု (ပြိတ္တာက ဖြေ၏)။

၅၄၇။ နတ်သား အကြင်အကြောင်းကြောင့် သင်သည် အဝတ်ပုဆိုးကို ရရာ၏၊ တစ်စုံ တစ်ခုသော ထိုအကြောင်းသည် ရှိရာအံ့လော၊ အကယ်၍ အကြောင်းရှိမူ ထိုအကြောင်းကို ပြောကြားပါလော့၊ ယုံကြည်ထိုက်၍ အကြောင်းနှင့်တကွသော စကားကို နားထောင်ပါကုန်အံ့ (ဟု လိစ္ဆဝီမင်းက မေး၏)။

၅၄၈။ ဤဝေသာလီပြည်အနီး၌ ကပ္ပိတကမည်သော ရဟန်းသည် ရှိ၏၊ ထိုရဟန်းသည်အရဟတ္တဖိုလ်ဈာန် ရှိ၏၊ ကောင်းသော သီလ ရှိ၏၊ ပူဇော်အထူးကို ခံထိုက်၏၊ ကိလေသာမှလွတ်မြောက်၏၊ လုံခြုံသော ဣန္ဒြေရှိ၏၊ စောင့်စည်းပြီးသော ပါတိမောက္ခသီလ ရှိ၏၊ ငြိမ်း အေးသည်အဖြစ်သို့ ရောက်၏၊ မြတ်သော အရဟတ္တဖိုလ် သမ္မာဒိဋ္ဌိသို့ ရောက်၏။

၅၄၉။ နူးညံ့၏၊ တရားအားလုံးကို သိ၏၊ ကောင်းသော စကား ရှိ၏၊ ကောင်းသော မျက်နှာရှိ၏၊ ကောင်းစွာ နှုတ်တက် အာဂုံဆောင်ထားသော ပါဠိပိဋက ရှိ၏၊ လွတ်လွတ် ဆိုတတ်သော စကား ရှိ၏၊ ကောင်းမှု၏ စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူ၏၊ မေတ္တာဖြင့် နေတော်မူလေ့ရှိ၏၊ နတ်လူတို့၏ မြတ်သော အလှူကိုလည်း ခံတော်မူထိုက်၏။

၅၅၀။ ကိလေသာငြိမ်းပြီး ဖြစ်၏၊ မိစ္ဆာဝိတက်တည်းဟူသော အခိုးကင်းတော်မူ၏၊ ဆင်းရဲခြင်း မရှိ၊ တဏှာ မရှိ၊ ဘဝခပ်သိမ်းတို့မှ လွတ်၏၊ ရာဂစသော ငြောင့်တံသင်းတို့မှ ကင်း၏၊ ငါဟူသော မာန်မာန မရှိ၊ (ကိုယ်နှုတ်နှလုံးတို့ဖြင့်) ကောက်ကျစ်ခြင်းမှ ကင်း၏၊ ကိလေသာသင်္ခါရစသော ဥပဓိတို့ကို ပယ်ပြီးဖြစ်၏၊ ပပဉ္စတရားအားလုံး ကုန်ပြီးဖြစ်၏၊ ဝိဇ္ဇာ သုံးပါးသို့ ရောက်ပြီ၊ လောကုတ္တရာဉာဏ်ရောင်ဖြင့် ထွန်းပသော အရောင် ရှိ၏။

၅၅၁။ အလွန် အလိုနည်းသည်၏ အဖြစ်ကြောင့် မိမိ၏ သီလစသော ဂုဏ်ကို မထင်ရှားစေ၊ မြင်၍ လည်း (ဤသို့ သီလ သမာဓိ ပညာ ရှိ၏ဟု) သိခြင်းငှါ မလွယ်ကူပါ၊ ဝဇ္ဇီတိုင်းတို့၌ လူတို့သည် ထိုအသျှင်ကို ရဟန်းဟူ၍ ခေါ်ဝေါ်ကြကုန်၏၊ သတ္တလောက၌ ကျင်လည်သော ကောင်းမြတ်သော သီလစသော ကျေးဇူးရှိသော ထိုကပ္ပိတကရဟန်းကို တဏှာမြူကင်းသော ရဟန်းဟူ၍ နတ်တို့ သိကြပါကုန်၏။

၅၅၂။ သင်သည် ထိုကပ္ပိတကမထေရ်အား ပုဆိုးတစ်စုံဖြစ်စေ, နှစ်စုံဖြစ်စေ အကျွန်ုပ်ကို ရည်ညွှန်း၍ လှူခဲ့ပါမူ ထိုပုဆိုးအစုံတို့ကို မထေရ်ကလည်း ခံယူအပ်ကုန်မူ ပုဆိုးအဝတ် ဝတ်ရသော အကျွန်ုပ်ကို သင် တွေ့မြင်နိုင်ရာပါ၏ဟု (ပြိတ္တာက ဖြေ၏)။

၅၅၃။ အကြင် ကပ္ပိတကရဟန်းမြတ်သည် ငါတို့၏သို့လောသို့လော တွေးတောမှုဝိစိကိစ္ဆာကိုလည်းကောင်း၊ မှားသော မိစ္ဆာအမြင်တည်းဟူသော ငြောင့်တံသင်းတို့ကိုလည်း ကောင်းပယ်ဖျောက် နိုင်ရာ၏၊ ယခု အဘယ်အရပ်၌ သီတင်းသုံးနေသော ထိုကပ္ပိတကရဟန်း မြတ်ကို ငါတို့သွား၍ ဖူးမြင်ရကုန်အံ့နည်းဟု (လိစ္ဆဝီမင်းက မေး၏)။

၅၅၄။ ကပိနစ္စနခေါ်သော အရပ်၌ များစွာသော နတ်တို့ခြံရံလျက် သီတင်းသုံးနေတော် မူသော ဂုဏ်ကြောင့်ဖြစ်သော အမည်တို့ဖြင့် မှန်သော အမည်ရှိတော်မူသော ထိုကပ္ပိတက ရဟန်းမြတ်သည်မိမိဆရာ မြတ်စွာဘုရား၏ ဥစ္စာဖြစ်သော တရား၌ မမေ့မလျော့သည်ဖြစ်၍ တရားစကားကို ပြောဟော၏ဟု (ပြိတ္တာက ဖြေ၏)။

၅၅၅။ ယခုအခါ သင်ပြောဆိုသည့် အတိုင်း သွား၍ ငါ ပြုလုပ်ပါအံ့၊ ကပ္ပိတကရဟန်းကို အဝတ်အစုံဖြင့်လှူဒါန်းပါအံ့၊ ထိုအဝတ်အစုံတို့ကိုလည်း ထိုရဟန်းမြတ်က ခံယူအပ်သည် ဖြစ်ကုန်ရာ၏၊ ပုဆိုးအဝတ်ဝတ်ရသော သင့်ကိုလည်း ငါတို့ တွေ့မြင်လိုပါကုန်၏ဟု (လိစ္ဆဝီ မင်းက ဆို၏)။

၅၅၆။ လိစ္ဆဝီမင်း တောင်းပန်ပါ၏၊ အခါမဟုတ်သည်၌ ကပ္ပိတကရဟန်းမြတ်သို့ မချဉ်း ကပ်ပါလေနှင့်၊ ဤအခါမဟုတ်သည်၌ ချဉ်းကပ်ခြင်းသည် သင်ကဲ့သို့သော မင်းတို့၏ သဘော မဟုတ်၊ ထို့ကြောင့်နံနက်အခါ၌သာ ချဉ်းကပ်၍ ထိုကပိနစ္စနခေါ်သော အရပ်၌သာလျှင် ဆိတ်ငြိမ်ရာ အရပ်ဝယ် ထိုင်နေသော ရဟန်းမြတ်ကို ဖူးမြင်ပါလော့ဟု (ပြိတ္တာက ဆို၏)။

၅၅၇။ လိစ္ဆဝီမင်းသည် ကောင်းပြီဟု ဆို၍ ကျွန်အပေါင်းခြံရံလျက် ထိုမိမိအရပ်သို့ သွား လေ၏၊ ထိုလိစ္ဆဝီမင်းသည် ထိုဝေသာလီမြို့သို့ ချဉ်းကပ်ပြီးလျှင် မိမိနန်းတော်၌ နေလေ၏။

၅၅၈။ ထိုလိစ္ဆဝီမင်းသည် ထိုနေ့ကုန်ဆုံးပြီးသည့်နောက် နံနက်မိုးသောက် ရောက်သောအခါလူမှုကိစ္စတို့ကို ပြုလုပ်ပြီးသော် ရေချိုး ရေသောက်ပြီးလျှင် သွားခွင့်ခဏကို ရသဖြင့် ကျွန် အပေါင်းတို့ကို သေတ္တာမှ ပုဆိုးရှစ်စုံ ရွေးချယ်ယူစေပြီ။

၅၅၉။ ထိုလိစ္ဆဝီမင်းသည် ထိုရဟန်းမြတ် ရှိရာအရပ်သို့ ချဉ်းကပ်သည်ရှိသော် ဆွမ်းခံရွာမှဖဲကြွပြန်နစ်သော ကိလေသာငြိမ်းချမ်းခြင်းသို့ ရောက်ပြီးဖြစ်၍ သစ်ပင်ရင်း၌ ထိုင်နေသော ငြိမ်သက်သော စိတ်ရှိတော်မူသော ထိုရဟန်းမြတ်ကို မြင်လေ၏။

၅၆၀။ (ထို့နောက်) ထိုရဟန်းမြတ်သို့ ချဉ်းကပ်၍ လျှောက်ထား၏၊ အနာကင်းသည့်အဖြစ်ကိုလည်းကောင်း, ချမ်းသာစွာနေရသည်အဖြစ်ကိုလည်းကောင်း မေး၏၊ အရှင်ဘုရား အကျွန်ုပ်သည် ဝေသာလီပြည်က လိစ္ဆဝီမင်းပါတည်း၊ အကျွန်ုပ်ကို အမ္ဗသက္ကရလိစ္ဆဝီမင်းဟု လူအပေါင်းတို့ သိကြပါကုန်၏။

၅၆၁။ အရှင်ဘုရား အရှင်ဘုရားသည် အကျွန်ုပ်၏ ဤပုဆိုးရှစ်စုံတို့ကို အလှူခံတော်မူပါ၊ အရှင်ဘုရားအား လှူဒါန်းပါ၏၊ ထိုသို့ပေးလှူလိုသောကြောင့် ဤအရပ်သို့ အကျွန်ုပ်လာ ရောက်ပါ၏၊ အရှင်ဘုရားသည် အကျွန်ုပ်ကို နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်လောက်အောင် ပြု တော်မူပါဟု (လျှောက်၏)။

၅၆၂။ သမဏတို့သည်လည်းကောင်း၊ ဗြာဟ္မဏတို့သည်လည်းကောင်း သင်၏ နန်းတော်ကို အဝေးမှပင်ကြဉ်ရှောင်ကြကုန်၏၊ သင်၏ အိမ်၌ သပိတ်တို့သည် လည်း ကွဲကုန်၏၊ ဒုကုဋ် သင်္ကန်းတို့သည် ကွဲပြတ်စုတ်ပြဲကြကုန်၏။

၅၆၃။ ထိုမှတစ်ပါး သင်၏ခြေဟူသော ရဲတင်းပုဆိန်တို့ကြောင့် တစ်ပါးကုန်သော ရဟန်း တို့သည် ဦးခေါင်းငိုက်စိုက် လဲကျကြကုန်၏၊ ပဗ္ဗဇိတအမည်ရသော သမဏတို့သည် သင်ပြု အပ်သော ဤသို့သဘောရှိသော အညှဉ်းဆဲခံရခြင်းသို့ ရောက်ကြရကုန်၏။

၅၆၄။ သင်သည် မြက်ဖျားဖြင့် ဆီကို သော်လည်း မပေးလှူစဖူး၊ ခရီးမှားသူအား လမ်း ခရီးကို မျှလည်းမညွှန်းပြ မပြောဆိုစဖူး၊ သူကန်း၏ (လက်မှ) တောင်ဝှေးကို ကိုယ်တိုင်ပင် လုယူ၏၊ သင်ကားဤသို့သဘောရှိသော စဉ်းလဲသူ မစောင့်စည်းသူ ဖြစ်ခဲ့၏၊သို့ပါလျက် သင်သည်အဘယ်အကြောင်းကြောင့် အဘယ်အကျိုးကို မြင်၍သာလျှင် ငါတို့နှင့်တကွ ခွဲခြမ်း ဝေဖန်မှုကို ပြုဘိသနည်းဟု (ရဟန်းမြတ်က မေး၏)။

၅၆၅။ အရှင်ဘုရား အရှင်ဘုရားဆိုသော စကားကို အကျွန်ုပ် ဝန်ခံပါ၏၊ အကျွန်ုပ်သည် သမဏတို့ကိုလည်းကောင်း၊ ဗြာဟ္မဏတို့ကိုလည်းကောင်း ရယ်မြူးလိုသည်ဖြစ်၍သာ ညှဉ်းဆဲ မိခဲ့ပါ၏၊ ပြစ်မှားလိုသော စိတ်ရှိ၍ ကား မဟုတ်ပါ၊ အရှင်ဘုရား ထိုရယ်မြူးလိုသည့်အဖြစ် သည်လည်း အကျွန်ုပ်၏မကောင်းမှုပင် ဖြစ်ပါ၏။

၅၆၆။ အရှင်ဘုရား နတ်သားသည် ရယ်မြူးလိုသည်ဖြစ်၍ မကောင်းမှု ဆည်းပူးမိသောကြောင့် မပြည့်စုံသော စည်းစိမ်ချမ်းသာရှိသည်ဖြစ်၍ ဆင်းရဲကို ခံစားရပါ၏၊ ပျိုမျစ်နုနယ် အရွယ်အဆင်းနှင့်ပြည့်စုံသော နတ်သားသည် အဝတ်မရှိခြင်းအဖို့ ရှိ၏၊ ထိုနတ်သားအား ထို အဝတ်မရှိခြင်းထက် ပိုလွန်၍ ဆင်းရဲခြင်းသည် အဘယ်မှာ ရှိပါတော့အံ့နည်း။

၅၆၇။ အရှင်ဘုရား အကျွန်ုပ်သည် ထိုနတ်သား (ပြိတ္တာ) ကို မြင်ရ၍ ထိတ်လန့်ခြင်း သံဝေဂ ရခဲ့ပါ၏၊ ထိုသို့သံဝေဂရသောကြောင့် လည်း အလှူဒါနကို ပေးလှူပါ၏၊ အရှင်ဘုရား အဝတ်ပုဆိုး ရှစ်စုံတို့ကို အလှူခံတော်မူပါ၊ ဤအဝတ်အလှူတို့သည် နတ်ပြိတ္တာအား ရောက်ပါ စေကုန်သတည်းဟု (လိစ္ဆဝီမင်းကလျှောက်၏)။

၅၆၈။ လိစ္ဆဝီမင်း မချွတ်ဧကန်သာလျှင် ဒါနကို ဘုရားအစရှိသည်တို့သည် များစွာသော အပြားတို့ဖြင့်ချီးမွမ်းအပ်၏၊ ပေးလှူသော သင့်အားလည်း မကုန်ခန်းနိုင်သော သဘောရှိ သည် ဖြစ်ပါစေ၊ သင်၏အဝတ်ပုဆိုးရှစ်စုံတို့ကို အလှူခံပါ၏၊ ဤအဝတ်အလှူတို့သည် နတ် (ပြိတ္တာ)သို့ရောက်ပါစေကုန်သတည်းဟု (ရဟန်းမြတ်က မိန့်၏)။

၅၆၉။ ထို့နောက် ထိုလိစ္ဆဝီမင်းသည် လက် ခြေ ခံတွင်းကို ဆေးကြောပြီး၍ မထေရ်အား အဝတ်ရှစ်စုံတို့ကို ပေးလှူသောကြောင့် ထိုအဝတ်ရှစ်စုံတို့ကိုလည်း မထေရ်မြတ်သည် ခံယူအပ် ကုန်၏၊ အဝတ်ပုဆိုးဝတ်ရုံလျက် နေသော နတ်သား (ပြိတ္တာ) ကိုလည်း တွေ့မြင်ရ၏။

၅၇၀။ စန္ဒကူးနှစ်ဖြင့် လိမ်းကျံလျက် အာဇာနည်မြင်းကို တက်စီးကာ နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ တန်ဆာဆင်ပြီးလျှင် ကောင်းသော အဝတ်ပုဆိုးကို ဝတ်ရုံလျက် လျောက် ပတ်သော အခြံအရံဖြင့် ခြံရံအပ်သော ကြီးသော နတ်တန်ခိုးသို့ ရောက်၍ တည်သော ထိုနတ် (ပြိတ္တာ) ကို မြင်ရပြီ။

၅၇၁။ ထိုလိစ္ဆဝီမင်းသည် ထိုနတ် (ပြိတ္တာ) ကို မြင်၍ နှစ်သက်သော စိတ် တက်ကြွသော စိတ်ရွှင်လန်းသော စိတ်ရှိသည့်အပြင် တင့်တယ်သော ရုပ်အသွင်လည်း ရှိ၏၊ ကံကိုလည်း ဉာဏ် မျက်စိဖြင့်မြင်၍ မျက်မှောက်ဖြစ်သော ကြီးမြတ်သော အကျိုးကိုလည်း မျက်စိဖြင့် မျက်မှောက် ပြု၍ -

၅၇၂။ ထိုနတ် (ပြိတ္တာ) ထံသို့ ချဉ်းကပ်ပြောဆို၏၊ နတ်သား ငါသည် သမဏဗြာဟ္မဏ တို့အား အလှူကို ပေးလှူပါတော့အံ့၊ ငါ့အား မပေးလှူအပ်သော တစ်စုံတစ်ခုသော အရာ မည်သည်လည်း မရှိတော့ပါ၊ နတ်သား သင်သည် ငါ့အား များသော ကျေဇူးရှိလှပါပေ၏ဟု (လိစ္ဆဝီမင်းက ပြောဆို၏)။

၅၇၃။ လိစ္ဆဝီမင်း သင်သည်လည်း အကျွန်ုပ်အား ရည်စူး၍ အဝတ်အလှူတို့ကို တစ်စိတ် တစ်ဒေသပေးလှူခဲ့၏။ ဤအဝတ်အလှူသည် အချည်းနှီးမဟုတ်၊ နတ်ဖြစ်သော ထိုအကျွန်ုပ် သည် လူဖြစ်သော သင်နှင့်အတူတကွ သက်သေအဖြစ်ကို ပြုပါအံ့ဟု (နတ်ပြိတ္တာက ပြော၏)။

၅၇၄။ (နတ်သား သင်သည်) ငါ၏ လားရာသည်လည်းကောင်း၊ ဆွေမျိုးသည်လည်း ကောင်း၊ လဲလျောင်းရာသည်လည်းကောင်း၊ အဆွေခင်ပွန်းသည်လည်းကောင်း၊ ထို့ပြင် ငါ၏ ကိုးကွယ်ရာနတ်သည်လည်းကောင်း ဖြစ်ပေ၏၊ သင့်ကို လက်အုပ်ချီသည်ဖြစ်၍ တောင်းပန် ပါ၏၊ နတ်သား သင့်ကို နောက်ထပ် တစ်ဖန် တွေ့မြင်နိုင်ရန် အလိုရှိပါ၏ဟု (လိစ္ဆဝီမင်းက ပြော၏)။

၅၇၅။ လိစ္ဆဝီမင်း သင်သည် ယုံကြည်မှု 'သဒ္ဓါ' မရှိသူ, ဝန်တိုမှု 'မစ္ဆရိယ' သဘောရှိသူ မှားသောအားဖြင့် ကျင့်လိုသော သဘောရှိသူ အကယ်၍ ဖြစ်ပြန်အံ့၊ အကျွန်ုပ်ကို သင်တွေ့ မြင်နိုင်ရန် ရရှိလိမ့်မည်မဟုတ်၊ တွေ့မြင်ရသော်လည်း သင့်ကို ငါ စကားပြောတော့မည် မဟုတ်။

၅၇၆။ သင်သည် တရား၌ ရိုသေခြင်းရှိသူ အလှူပေးခြင်း၌ မွေ့လျော်သော စိတ်နှလုံးရှိသူ ချီးမြှောက်ခြင်းသဘောရှိသူ သမဏဗြာဟ္မဏတို့၏ ရေတွင်းရေကန်သဖွယ်ဖြစ်သူ အကယ်၍ ဖြစ်ခဲ့မူ ငါ့ကို တွေ့မြင်ရလိမ့်မည်။

၅၇၇။ အရှင်လိစ္ဆဝီမင်း တွေ့မြင်ရသော် သင့်ကို စကားပြောပါအံ့၊ တံကျင်လျှိုအပ်သော ယောက်ျားဟူသော အကြင်သူ၏ ထံသို့ လာခြင်းဟူသော အကြောင်းကြောင့် အကျွန်ုပ်တို့သည် သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤတံကျင်လျှိုထားသူကိုလည်း တံကျင်မှ လျင်စွာ လွှတ် သင့်၏ဟုအကျွန်ုပ် မှတ်ထင်မိပါ၏။

၅၇၈။ ထိုငါတို့သည် အချင်းချင်း သက်သေအဖြစ်ကို ပြုကြရကုန်၏၊ ဤသူသည်လည်း တံကျင်မှ လျင်စွာလွတ်သည်ဖြစ်အံ့၊ ထိုသူသည် တရားတို့ကို ကောင်းစွာ ကျင့်သည်ဖြစ်၍ ထိုငရဲမှ လွတ်ရာ၏၊ ထိုသူ၏အပရာပရိယကံမှ တစ်ပါးသော ဥပပဇ္ဇဝေဒနီယကံသည် အဟောသိကံ ဖြစ်ရာ၏။

၅၇၉။ လိစ္ဆဝီမင်းမြတ် လျောက်ပတ်သောအခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဉ်းကပ်၍ ထိုကပ္ပိတကရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်းဝေဖန်ခြင်းကို ပြုပြီးလျှင် အနီးသို့ ကပ်၍ ကိုယ်တိုင် နှုတ်ဖြင့် မေးလျှောက်လော့၊ ထိုရဟန်းမြတ်သည် ဤအကြောင်းကို သင့်အား ဖြေကြား လတ္တံ့။

၅၈၀။ ထိုရဟန်းမြတ်သို့လျှင် ချဉ်းကပ်၍ သိလိုသည်ဖြစ်၍သာလျှင် မေးလျှောက်ပါလော့၊ ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ မမေးလျှောက်ပါလင့်၊ ထိုရဟန်းမြတ်သည် သင့်အား ကြားဖူးသော တရား,မကြားဖူးသော တရား အားလုံးကိုလည်း သိသည့်အတိုင်း ဟောကြား လတ္တံ့ဟု (ပြိတ္တာက ပြော၏)။

၅၈၁။ ထိုလိစ္ဆဝီမင်းသည် ထိုအရပ်၌ နတ် (ပြိတ္တာ) နှင့် လျှို့ဝှက်စွာ စကားပြောဆို၍ သက်သေအဖြစ်ကိုလည်း ပြုပြီးနောက် လိစ္ဆဝီမင်းတို့၏ အစည်းအဝေးပြောဆိုရာ နေရာသို့ ဖဲသွား ပြီးနောက်စုဝေးနေထိုင်သော ပရိသတ်ကို ပြောဆို၏။

၅၈၂-၃။ ပရိသတ်တို့ အကျွန်ုပ်၏ တစ်ခွန်းသော စကားကို နားထောင်ကြကုန်လော့၊ အကျွန်ုပ်သည် ဆုတစ်ခုကို ယူလိုပါ၏၊ အကျိုးရပါလိမ့်မည်၊ ကြမ်းကြုတ်သော အမှုရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆဝီမင်းအပေါင်းက ကွပ်ညှပ်ဆုံးမအပ်သော သဘောရှိသော တံကျင် လျှိုခံနေရသော ယောက်ျားသည်ဤမျှဖြင့် ညဉ့်ပေါင်းနှစ်ဆယ် ရှိပြီ၊ ပရိသတ်တို့ အကြင့် ကြောင့် တံကျင်လျှိုခံရသူသည်အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်၊ ထို့ ကြောင့် ယခုအခါ၌ ထိုသူကို ငါလွှတ်လိုက်တော့အံ့၊ ငါ့အလိုအတိုင်း မင်းအပေါင်းသည် ခွင့်ပြု ပါလော့ဟု (ပြောဆို၏)။

၅၈၄။ အမ္ဗသက္ကရလိစ္ဆဝီမင်းမြတ် ဤသူကိုလည်းကောင်း၊ တစ်ပါးသူကိုလည်းကောင်း လျင်စွာ လွှတ်လော့၊ ထိုတရားနှင့် လျော်သော အမှုကို ပြုသော သင့်ကို အဘယ်သူသည် ပြောဆိုရာပါအံ့နည်း၊ အကြင်အခြင်းအရာဖြင့် သင် သိ၏၊ ထိုအခြင်းအရာဖြင့် ပြုလော့ဟု မင်း အပေါင်းသည်အမ္ဗသက္ကရလိစ္ဆဝီမင်း အလိုအတိုင်း ခွင့်ပြု၏။

၅၈၅။ ထိုအမ္ဗသက္ကရလိစ္ဆဝီမင်းသည် ထိုအရပ်သို့ ချဉ်းကပ်၍ တံကျင်လျှိုခံရသူကို လျင်စွာ သာလျှင်လွှတ်၏၊ အချင်းယောက်ျား မကြောက်လင့်ဟုလည်း ထိုသူကို ပြောဆို၏၊ ဆေး သမားတို့ကိုလည်းလုပ်ကျွေးပြုစုစေ၏။

၅၈၆။ ထိုအမ္ဗသက္ကရလိစ္ဆဝီမင်းသည် လျောက်ပတ်သောအခါ၌ ကပ္ပိတက ရဟန်းမြတ်သို့ ချဉ်းကပ်၍ ထိုရဟန်းမြတ်နှင့် အတူတကွသာလျှင် လှူဒါန်းဝေဖန်ခြင်းကို ပြု၍ သုံးဆောင်၏၊ ထိုရဟန်းမြတ်၏အကျိုးကို အလိုရှိသော လိစ္ဆဝီမင်းသည် အနီးသို့ကပ်၍ ကိုယ်တိုင် နှုတ်ဖြင့် မေးလျှောက်၏။

၅၈၇။ ကြမ်းကြုတ်သော အမှုရှိ၍ ဒဏ်ထားခံနေရသော လိစ္ဆဝီမင်းအပေါင်းက ကွပ်ညှပ် ဆုံးမအပ်သော သဘောရှိသော တံကျင်လျှိုခံနေရသော ယောက်ျားသည် ဤမျှဖြင့် ညဉ့်ပေါင်း နှစ်ဆယ် ရှိပါပြီ၊ အရှင်ဘုရား တံကျင်လျှိုခံရသူသည် အကြင့်ကြောင့် အသက်ရှည်သည်လည်း မမည်၊ သေသည်လည်း မမည်ပါ။

၅၈၈။ ယခုအခါ၌ အကျွန်ုပ်သည် သွား၍ ထိုယောက်ျားကို လွှတ်အပ်ပါပြီ၊ အရှင်ဘုရား ထိုနတ် (ပြိတ္တာ)၏စကားကို သာလျှင် (လိုက်နာ၍ ဤသို့ ပြုလုပ်ပါ၏)၊ ထိုတံကျင်လျှိုခံရသော ယောက်ျားသည်အကြင်အကြောင်းကြောင့် ငရဲသို့ မရောက်ရာ၊ ငရဲသို့ မရောက်ရာသော အကြောင်း တစ်စုံတစ်ရာရှိရာပါအံ့လော။

၅၈၉။ အရှင်ဘုရား အကယ်၍ အကြောင်းရှိမူ ပြောကြားပါလော့၊ ယုံကြည်ထိုက်သော အကြောင်းနှင့်တကွသော စကားကို လိုက်နာပါကုန်အံ့၊ ဤလောက၌ အကျိုးကို မခံစားရမူ၍ ထိုကံတို့၏ပျက်စီးခြင်းသည် မရှိပါသလော၊သို့မဟုတ် ကံတို့၏ ကင်းပြတ်ပျက်စီးသော အဖြစ်သည် ရှိပါသလောဟု (လိစ္ဆဝီမင်းက လျှောက်၏)။

၅၉၀။ ထိုသူသည် နေ့ညဉ့်ပတ်လုံး မမေ့လျော့ဘဲ တရားတို့ကို ရိုရိုသေသေ ကောင်းမွန်စွာ ကျင့်ငြားအံ့၊ ထိုသူသည် ထိုငရဲမှ လွတ်ရာ၏၊ အပရာပရိယကံမှ တစ်ပါးသော ဥပပဇ္ဇဝေဒနီယ ကံသည် အဟောသိကံဖြစ်ရာ၏ဟု (ရဟန်းမြတ်က ဆို၏)။

၅၉၁။ အရှင်ဘုရား ယောက်ျား၏ ဤအကျိုးတရားကို သိရပါပြီ၊ ယခုအခါ အကျွန်ုပ်ကိုလည်းအစဉ်စောင့်ရှောက်တော်မူပါ၊ မြေကြီးအထုနှင့်တူသော ပညာရှိသော အရှင်ဘုရား အကြင်အခြင်းအရာဖြင့်ဆုံးမသည်ရှိသော် အကျွန်ုပ်သည် ငရဲသို့ မရောက်ရာ၊ ထိုအခြင်းအရာ ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မူပါ၊ သွန်သင်တော်မူပါဟု (လိစ္ဆဝီမင်းက လျှောက်၏)။

၅၉၂။ လိစ္ဆဝီမင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ဘုရားကိုလည်းကောင်း၊ တရားကိုလည်း ကောင်း၊ သံဃာကိုလည်းကောင်း ယနေ့ပင်လျှင် ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့အတူပင် ငါးပါးသော သိက္ခာပုဒ်တို့ကို မကျိုးမပျက်သည်တို့ကို ပြု၍ ဆောက်တည်လော့။

၅၉၃။ လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်လော့၊ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်လော့၊ သေရည်သေရက် မသောက်လေနှင့်၊ မမှန်သော စကားကို မပြော ဆိုနှင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲလော့၊ မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံ၍ အပြစ်မရှိသော ကောင်းသော အကျိုးကို ပွားစေတတ်သော ဤဥပုသ်သီလကိုလည်း ဆောက်တည်လော့။

၅၉၄။ လိစ္ဆဝီမင်း သင်သည် ဖြောင့်မတ်သော အဖြစ်သို့ ရောက်ကုန်သော သမဏဗြာဟ္မဏ တို့အားသင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးကိုလည်းကောင်း၊ အိပ်ရာ နေရာကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ အဝတ်ပုဆိုးနှင့် ကျောင်းတို့ကိုလည်းကောင်းအထူးကြည်လင်သော စိတ်ဖြင့် ပေးလှူလော့။

၅၉၅။ သီလနှင့်ပြည့်စုံကုန်သော ရာဂကင်းကုန်သော အကြားအမြင်များကုန်သော ရဟန်း တို့ကိုလည်းထမင်းအဖျော်ဖြင့် ရောင့်ရဲစေလော့၊ ဤသို့ ပြုသည်ရှိသော် သင့်အား အခါခပ် သိမ်းကုသိုလ်ကောင်းမှုသည် ပွားများ၏။

၅၉၆။ ဤသို့လျှင် ရိုသေစွာ နေ့ညဉ့်ပတ်လုံး မမေ့လျော့ဘဲ ရိုသေစွာ တရားတို့ကို ကျင့်သော သင်သည် ထိုငရဲမှ လွတ်ရာ၏၊ ခံစားအပ်သော အကျိုးရှိသော အပရာပရိယကံကို ကြဉ်ထား၍ ဥပပဇ္ဇဝေဒနီယကံသည် အကျိုးမပေးသည့် အဟောသိကံ ဖြစ်ရာ၏ (ဟု ရဟန်း မြတ်က ဖြေ၏)။

၅၉၇။ အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်း ကောင်း၊ သံဃာတော်ကိုလည်းကောင်း ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယခုပင်လျှင် ကိုးကွယ် ရာဟူ၍ ဆည်းကပ်ပါ၏၊ ထို့ပြင်လည်း သိက္ခာပုဒ်ငါးပါးတို့ကို မကျိုးမပျက်သည်ကို ပြု၍ ဆောက်တည်ပါ၏။

၅၉၈။ လောက၌ သူ့အသက်သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါအံ့၊ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်ပါအံ့၊ သေရည်သေရက် မသောက်ပါအံ့၊ မမှန်စကားကို မဆိုပါအံ့၊ မိမိ မယားဖြင့်သာ့ရောင့်ရဲပါအံ့၊ ဖြူစင်သော မြတ်သော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အပြစ်မရှိသော ကောင်းသော အကျိုးကို ပွားစေတတ်သော ဤဥပုသ်သီလကို ဆောက်တည်ပါအံ့။

၅၉၉-၆၀၀။ သင်္ကန်းကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း၊ ဆေးကိုလည်းကောင်း၊ အိပ်ရာနေရာကိုလည်းကောင်း၊ ထမင်းကိုလည်းကောင်း၊ အဖျော်ကိုလည်းကောင်း၊ ခဲဖွယ်ကိုလည်းကောင်း၊ အဝတ်ပုဆိုးနှင့်ကျောင်းတို့ကိုလည်းကောင်း သီလနှင့်ပြည့်စုံကုန်သော (ရာဂ) ကင်းကုန်သော အကြားအမြင် များကုန်သော ရဟန်းတို့အား ပေးလှူပါအံ့၊ မတုန်လှုပ်တော့ပါ၊ မြတ်စွာဘုရားတို့၏သာသနာတော်၌ မွေ့လျော်ပါအံ့ဟု (လိစ္ဆဝီမင်းက လျှောက်၏)။

၆၀၁။ ဤသို့ ဆိုအပ်ပြီးသော သဘောရှိသော အမ္ဗသက္ကရလိစ္ဆဝီမင်းသည် ဝေသာလီပြည်၌ရတနာသုံးပါးကို ဆည်းကပ်သူတို့တွင် တစ်ယောက်အပါအဝင်ဖြစ်သော ဥပါသကာ ဖြစ်၏၊ ထိုအခါဝယ်အမ္ဗသက္ကရလိစ္ဆဝီမင်းသည် သဒ္ဓါတရားရှိသူ, နူးညံ့သိမ်မွေ့သူ, ကျေးဇူးဥပကာရ ကို ပြတတ်သူဖြစ်၍ ရဟန်းသံဃာကိုလည်း ရိုသေစွာ ဆည်းကပ်လုပ်ကျွေးပြီ။

၆၀၂။ တံကျင်လျှိုခံရသော ယောက်ျားသည်လည်း အနာရောဂါကင်းသူ, မိမိ အလိုအတိုင်း နေရသူ,ချမ်းသာရှိသူ ဖြစ်၍ ရဟန်းအဖြစ်သို့ ကပ်ရောက်၏။ ကပ္ပိတကရဟန်းမြတ်ကို စွဲ၍ နှစ်ယောက်သော လိစ္ဆဝီမင်းနှင့် တံကျင်လျှိုခံရသူတို့သည် လည်း သောတာပတ္တိဖိုလ်ဟူသော အကျိုးတို့ကို ရကြကုန်၏။

၆၀၃။ ကိလေသာငြိမ်းအေးပြီးကုန်သော လောကီ လောကုတ္တရာ အသိဉာဏ် ပညာ ရှိကုန်သောသူတော်ကောင်းတို့ကို မှီဝဲခြင်းသည် ဤသို့သော အကျိုးရှိ၏၊ တံကျင်လျှိုခံရသော ယောက်ျားသည်အရဟတ္တဖိုလ်သို့ ရောက်၏၊ အမ္ဗသက္ကရလိစ္ဆဝီမင်းသည်ကား သောတာပတ္တိ ဖိုလ်သို့ ရောက်၏။

ရှေးဦးစွာသော အမ္ဗသက္ကရပေတဝတ္ထု ပြီး၏။

------

၂-သေရီသကပေတဝတ္ထု

ပါယာသိရာဇညမင်းဖြစ်စဉ် မိစ္ဆာအယူ ရှိသော်လည်း ရှင်ကုမာရကဿပနှင့် တွေ့သောအခါတရားအမှန်ကို သိ ကုသိုလ်ပြုမိ၍ သေသောအခါ ကုက္ကိုနန်း၌ ခံစားရပုံနှင့် အလှူဒါနပြုရာ၌ရိုရိုသေသေမပြုခဲ့သဖြင့် ငြီး၏ ငွေ့ဖွယ် ဗိမာန်၌ တဦးတည်းငြီးငွေ့စွာ စံစားနေရပုံ အလုံးစုံကို သဲကန္တာရသွား ကုန်သည်များဝမ်းမြောက်ကာ နေရပ်သို့ ရောက်လျှင် သေရီသကနတ်ကွန်းဆောက်လုပ်ပူဇော်ခြင်း အကြောင်းအရာပါသောဝတ္ထု

၆၀၄။ အရှင်ဘုရားတို့ နာတော်မူပါကုန်၊ အကြင်သဲကန္တာရခရီး၌ (လမ်းမှားပြီးသွားသော) ထိုအခါဝယ်နတ်သားနှင့် ကုန်သည်တို့၏ ပေါင်းဆုံမိခြင်း ဖြစ်ခဲ့ပါ၏၊ ထိုနတ်သားနှင့် ကုန်သည်တို့ အပြန်အလှန်ကောင်းစွာ ပြောဆိုအပ်သော စကားကိုလည်း ပြောဆိုသည့် အတိုင်း အားလုံးသော အရှင်ဘုရားတို့နာတော်မူကြပါကုန်။

၆၀၅။ အရှင်ဘုရားတို့ အကြင်ပါယာသိရာဇညမင်းသည် ဘုမ္မစိုးနတ်တို့၏ အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်၏၊ ကျော်စောခြင်း ရှိပါ၏၊ နတ်ဖြစ်နေသော ထိုပါယာသိ ရာဇညသည် မိမိဗိမာန်၌ ဝမ်းမြောက်သည်ဖြစ်၍ လူတို့ကို ပြောဆိုပါ၏။

၆၀၆။ (တောသို့ ဝင်ကုန်သော လူတို့ အသက်ရှင်ပါကုန်အံ့လော၊ သေရကုန်အံ့လော)ဟု တွေးတောယုံမှားရာဖြစ်၍ မြေဖုတ်ဘီလူးအစရှိသည်တို့၏ သွားလာရာဖြစ်သော ရေမရှိသော အစာမရှိသော ကူးမြောက်ရန် အလွန်ခက်ခဲသော သဲကန္တာရအလယ်၌ တွေးတော ယုံမှားမှု တို့ကြောင့် ကြောက်လန့်၍ စိတ်နှလုံးပျက်ကုန်သော အိုလူများတို့-

၆၀၇။ ဤသဲကန္တာရ၌ သစ်သီးတို့သည်လည်းကောင်း အမြစ်အဥတို့သည်လည်းကောင်း မရှိကုန်၊ ဤသဲကန္တာရ၌ မီးလောင်စာထင်းမျှသော်လည်း မရှိ၊ ကျယ်ဝန်း ပူလောင် ကြမ်း တမ်းကုန်သော မြေမှုန့်တို့နှင့် သဲတို့မှတစ်ပါး လူတို့၏ စားရန် အစာ အဘယ်မှာ ရှိမည် နည်း။

၆၀၈။ ကျတ်တီးပြင် ကုန်းခေါင်ခေါင်ဖြစ်၍ သံအိုးကင်းပူကဲ့သို့ ခြစ်ခြစ်တောက် ပူလောင်သော ချမ်းသာမှုမရှိခြင်းကြောင့် အသက်ကို ဖျက်ဆီးတတ်သော ငရဲနှင့်လည်းတူသော ဤ သဲကန္တာရအရပ်သည်ကြမ်းကြုတ်ကုန်သော မြေဖုတ်ဘီလူးအစရှိသည်တို့၏ နေရာဟောင်း ဖြစ်၏၊ မြေအရပ်သည် (ဤသို့ခေါင်းပါးစေ, ကြမ်းသော အခြင်းအရာရှိစေဟု) ရှေးက ရသေ့ တို့ ကျိန်ဆဲထားသည်နှင့် တူ၏။

၆၀၉။ ထိုသို့ဖြစ်လျက် သင်တို့သည် အဘယ်အကြောင်းကြောင့် အဘယ်ကို တောင့်တ ကုန်၍ ဤအရပ်သို့ ဝင်ကြကုန်သနည်း၊ အဆောတလျင် (အကျိုးအပြစ်ကို) မစူးမစမ်းဘဲ ဝင်လာကုန်သလော၊ လောဘကြောင့်သော်လည်း ဝင်လာကုန်သလော၊ ဘေးရန်ကြောင့်သော်လည်း ဝင်လာကုန်သလော၊သို့မဟုတ် လမ်းမှား၍ သော်လည်း ဝင်လာကုန်သလောဟု (နတ် သားက ကုန်သည်များကို မေး၏)။

၆၁၀။ မဂဓတိုင်း အင်္ဂတိုင်းတို့၌ နေကုန်သော လှည်းကုန်သည်ဖြစ်ကြသော ထိုအကျွန်ုပ် တို့သည် ဥစ္စာကို အလိုရှိကုန်သည်ဖြစ်၍ အမြတ်ကို တောင့်တကုန်လျက် များစွာသော ဘဏ္ဍာ ကို (လှည်းထက်၌) တင်ကုန်၍ သိန္ဓုအရပ်, သောဝီရအရပ်သို့ သွားကြရပါကုန်၏။

၆၁၁။ နေ့အခါ၌ ရေမွတ်သိပ်ခြင်းကို သည်းမခံနိုင်ကုန်သည်ဖြစ်၍ နွားအစရှိကုန်သော သတ္တဝါတို့အားချီးမြှောက်ထောက်ပံ့မှုကိုလည်း ကောင်းစွာ ရှုဆင်ခြင်ကုန်လျက် အခါမဟုတ်သော ညဉ့်၌ခရီးသွားကုန်သော အကျွန်ုပ်တို့အားလုံးသည် ဤသို့သော အဟုန်ဖြင့် သွားကြ ပါကုန်၏။

၆၁၂။ ခရီးလမ်းမှားကို သွားကုန်၍ ချွတ်လွဲသော ခရီးရှိကုန်သောကြောင့် သူကန်းကဲ့သို့နှောင့်ယှက်ကုန်သည်ဖြစ်၍ (ခရီးမှားသဖြင့်) စိတ်ပျက်ကုန်သော ထိုအကျွန်ုပ်တို့သည် တော၌ကူးမြောက်ရန် အလွန်ခဲယဉ်းသော သဲကန္တာရခရီးအလယ်တွင် ပြင်းစွာ တွေဝေသော စိတ်ရှိကုန်သည်ဖြစ်၍ သွားရမည့်အရပ်ကို မသိနိုင်ပါကုန်။

၆၁၃။ နတ်သား ရှေးက မမြင်ဖူးသော ဤဗိမာန်မြတ်ကိုလည်းကောင်း, သင်နတ်သားကိုလည်းကောင်းမြင်ရခြင်းကြောင့် ရှေးကထက်အလွန် အသက်ကို တောင့်တကြပါကုန်၏၊ (သင့် ကို) မြင်ရခြင်းကြောင့်ရွှင်လန်းကြပါကုန်၏၊ ဝမ်းသာကြပါကုန်၏၊ တက်ကြွကြပါကုန်၏ဟု (ကုန်သည်များက ပြောဆို၏)။

၆၁၄။ (ကုန်သည်တို့) သင်တို့သည် ဥစ္စာစည်းစိမ်ဟူသော အကြောင်းကြောင့် သမုဒ္ဒရာ၏ကမ်းတစ်ဖက်သို့လည်းကောင်း, ဤသဲကန္တာရခရီးခဲသို့လည်းကောင်း, ကြိမ်နွယ်တို့ဖြင့် ဖွဲ့၍ သွားအပ်သော ခရီးသို့လည်းကောင်း, သစ်ငုတ်, တံသင်းတို့ကို နုတ်၍ သွားအပ်သော ခရီးသို့လည်းကောင်း, ထိုမှတစ်ပါး မြစ်တို့သို့လည်းကောင်း, တောင်တို့၏ မညီမညွတ်သော အရပ်တို့သို့လည်းကောင်း ဤများစွာသော အရပ်မျက်နှာတို့သို့ သွားကြရပါကုန်၏။

၆၁၅။ (ကုန်သည်တို့) သင်တို့သည် တစ်ပါးသော မင်းတို့၏ နိုင်ငံသို့ ဝင်ကုန်၍ တိုင်း တစ်ပါးသားတို့ကို ကြည့်ရှုကြလျက် (သွားကြရကုန်၏။) ဤသို့သော နည်းဖြင့် (ရောက်ပေါက် ကုန်သော) သင်တို့ကြားဖူးမြင်ဖူးသော အံ့ဩဖွယ်ကို သင်တို့ထံမှ ကြားနာလိုပါကုန်၏ဟု (နတ်သားက ပြောဆို၏)။

၆၁၆။ နတ်သား ဤသင့်ဗိမာန်နှင့် သင်နတ်သားထက် အထူးသဖြင့် အံ့ဩချီးမွမ်းဖွယ်ကို အကျွန်ုပ်တို့ကြားလည်း မကြားစဖူး၊ မြင်လည်း မမြင်စဖူးပါ၊ လူတို့၏ အဆင်းသဏ္ဌာန်ကို လွန်သော ပြည့်စုံသော အဆင်းသဏ္ဌာန်ရှိသော သင်နတ်သားနှင့်တကွ အလုံးစုံသော (ဗိမာန် စသော စည်းစိမ်) ကို မြင်ကြရကုန်၍ မရောင့်ရဲနိုင်ကြပါကုန်။

၆၁၇။ များသော ပန်းရှိကုန်သော များသော ကြာပုဏ္ဍရိက်ရှိကုန်သော ရေကန်တို့သည် ကောင်းကင်ပြင်ဝယ် စီးသွားကုန်၏၊ သင်၏ ဤသစ်ပင်တို့သည် လည်း အခါခပ်သိမ်း အသီးနှင့်ပြည့်စုံကုန်သည်ဖြစ်၍ မွှေးကြိုင်သော ရနံ့တို့သည် အလွန်လျှင် ပျံ့လှိုင်ကုန်၏။

၆၁၈။ အတောင်တစ်ရာမြင့်ကုန်သော ကြောင်မျက်ရွဲတိုင်တို့လည်းကောင်း, အမြှောင့်ရှည် ကုန်သော ကျောက်တိုင် သန္တာတိုင်တို့လည်းကောင်း, ပတ္တမြားနီနှင့်တကွ ပတ္တမြားပြောက်တိုင် တို့လည်းကောင်း,ဇောတိရသကျောက်မျက်ရတနာဖြင့်ပြီးသော တိုင်တို့လည်းကောင်း ဤတိုင် တို့သည် (ရှိကြကုန်၏)။

၆၁၉။ ထိုတိုင်တို့၏ အထက်၌ သီတိုင်တစ်ထောင် တည်ရှိသော မနှိုင်းယှဉ်အပ်သော အာနုဘော်လည်းရှိသော ရတနာအမျိုးမျိုးတို့နှင့် ယှဉ်၍ ရွှေပွတ်တိုင်တို့ဖြင့် ဝန်းရံအပ်သော အမျိုးမျိုးသော ရတနာတို့ဖြင့်ပြီးသော အမိုးတို့ဖြင့် ကောင်းစွာ မိုးအပ်သော သင်၏ ဤ ဗိမာန်သည် ကောင်းလှပါပေ၏။

၆၂၀။ သင်၏ ဤဗိမာန်သည် ဦးသစ်သော ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့ ထွက်သော အရောင် အလျှံ ရှိ၏၊ ထိုဗိမာန်၏ ထိုထိုအစိတ်အပိုင်းသည် အလွန်ပြေပြစ်ချောမောလှ၏၊ ပြာသာဒ် ဆောင်, စောင်းတန်း,လှေကား, တံကဲမှီပျဉ်တို့နှင့်လည်း ပြည့်စုံပေ၏၊ မြဲမြံခိုင်ခံ့လှ၏၊ အဆင်းသဏ္ဌာန်လည်း အလွန်လှ၏၊ ကောင်းစွာ စုပေါင်းထားသော အစိတ်အပိုင်းလည်း ရှိ၏၊ အလွန်လျှင် ရှုချင်ဖွယ်ကောင်း၏၊ စိတ်နှစ်သက်ဖွယ်လည်း ရှိ၏။

၆၂၁။ ရတနာဗိမာန်၏ အတွင်း၌ များစွာသော ထမင်းအဖျော် ရှိ၏၊ (သင်သည်) နတ်သမီးအပေါင်းခြံရံကာ မုရိုးစည်, အာလမ္ဗရစည်နှင့် အခြားတူရိယာမျိုးတို့၏ အသံတို့ဖြင့် ခြိမ့်ခြိမ့်ညံလျက် ချီးမွမ်းခြင်းထုတိမင်္ဂလာ မျိုးဖြင့် ချီးကျူးခံထိုက်သူ ဖြစ်ပါပေ၏။

၆၂၂။ မကြံစည်နိုင်သော အာနုဘော်ရှိ၍ ဂုဏ်အားလုံးတို့နှင့် ပြည့်စုံသော ထိုသင်သည် နဠိနီမည်သော ကစားရာဌာန၌ ဝေဿဝဏ်နတ်မင်းကြီးကဲ့သို့ နတ်သမီးအပေါင်းသည် နှိုးအပ်သည် ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိသော ဗိမာန်ပြာသာဒ်မြတ်၌ မွေ့လျော်ရပါပေ၏။

၆၂၃။ နတ်သား သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊သို့မဟုတ် ပူဇော် အပ်သော နတ်ပင်ဖြစ်လေသလော၊သို့မဟုတ် နတ်တို့အရှင် သိကြားမင်း ဖြစ်လေသလော၊ လူပင် ဖြစ်လေသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ အကျွန်ုပ်တို့အား ဖြေကြားပါလော့၊ သင် အဘယ်သူဖြစ်ပါသနည်း၊ ပူဇော်အပ်သော နတ်ပင် ဖြစ်လေသလောဟု (ကုန်သည်များက မေး၏)။

၆၂၄။ ကုန်သည်တို့ ငါသည် သဲကန္တာရ၌ စောင့်ရှောက်သော ကန္တာရခရီးစောင့် သေရီသကအမည်ရှိသော နတ်ပါတည်း၊ ငါသည် ဝေဿဝဏ်နတ်မင်းကြီး၏ စကားကို လိုက် နာရသည်ဖြစ်၍ ဤသဲကန္တာရအရပ်ကို စောင့်ရှောက်ရပါ၏ဟု (နတ်သားက ဖြေ၏)။

၆၂၅။ နတ်သား သင်သည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်လေသလော၊ သင်၏စိတ်ညွတ်မှုကြောင့် ဖြစ်လေသလော၊ မိမိကိုယ်တိုင် ပြုလုပ်ထားသလော၊သို့မဟုတ် နတ်တို့ကပေးပါသလော၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် နှစ်သက်ဖွယ်သော ဤဗိမာန်ကို အဘယ်အကြောင်းကြောင့် ရအပ်သနည်းဟု (ကုန်သည်များက မေး၏)။

၆၂၆။ ကုန်သည်တို့ ငါသည် (ဤဗိမာန်ကို) အကြောင်းမရှိဘဲ အလိုလို ရအပ်သည်လည်း မဟုတ်၊ ငါ၏စိတ်ညွတ်မှုကြောင့် ဖြစ်သည်လည်း မဟုတ်၊ ငါသည် မိမိကိုယ်တိုင် ပြုလုပ် ထားသည်လည်း မဟုတ်၊ နတ်တို့က ပေးအပ်သည်လည်း မဟုတ်၊ မယုတ်မာသော မိမိ ဥစ္စာဖြစ်သော ကောင်းမှုကံတို့ကြောင့်နှစ်သက်ဖွယ်ရှိသော ဤဗိမာန်ကို ငါ ရ၏ဟု (နတ်သား က ဖြေ၏)။

၆၂၇။ နတ်သား သင်၏ ဆောက်တည်သော အကျင့်သည် အဘယ်ပါနည်း၊ မြတ်သော အကျင့်သည်အဘယ်ပါနည်း၊ နတ်သား ဤအကျိုးသည် အဘယ်သို့သော အလေ့အကျင့် ကောင်း၏ အကျိုးပါနည်း၊ လှည်းကုန်သည်တို့သည် သင့်ကို မေးပါကုန်၏၊ သင်သည် ဤ ဗိမာန်ကို အဘယ်ကုသိုလ်ကံကြောင့်ရအပ်ပါသနည်းဟု (ကုန်သည်များက မေးပြန်၏)။

၆၂၈။ ကုန်သည်တို့ ငါသည် ကောသလတိုင်းသူတို့၏ မင်းအဖြစ်ကို ပြုခဲ့စဉ်အခါကပါယာသိရာဇညဟူသော အမည် ရှိခဲ့၏၊ အလှူပေးခြင်း၏ အကျိုးသည် မရှိဟု အယူ ရှိခဲ့ဖူး၏၊ နှမြောစေးနှဲ ဝန်တိုခဲ့ဖူး၏၊ ယုတ်မာသော အကျင့်လည်း ရှိခဲ့ဖူး၏၊ (သတ္တဝါသည် သေသည် မှနောက့်ပြတ်၏၊ တမလွန်လောက၌ မဖြစ်ဟူသော) ဥစ္ဆေဒဒိဋ္ဌိအယူ ရှိခဲ့ဖူး၏။

၆၂၉။ ထိုစဉ်အခါက အကြားအမြင်များ၍ တရားစကားကို ဆန်းကြယ်စွာ ပြောဟောတတ်သော မြင့်မြတ်သော ကုမာရကဿပအမည်ရှိသော ရဟန်းသည်လည်း ရှိခဲ့၏၊ ထိုရဟန်းသည် ငါ့အားတရားစကားကို ပြောဟောခဲ့၏၊ ငါ၏ မှားသောအယူတည်းဟူသော ငြောင့်တံသင်း တို့ကို ပယ်နုတ်တော်မူခဲ့၏။

၆၃၀။ ကုန်သည်တို့ ငါသည် ထိုရဟန်း၏ ထိုတရားစကားကို ကြားနာရ၍ ဥပါသကာ၏ အဖြစ်ကို လျှောက်ကြားခဲ့ဖူး၏၊ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့၏၊ လောက၌ မပေး သည်ကို ခိုးယူခြင်းမှရှောင်ကြဉ်ခဲ့၏၊ သေရည်အရက် မသောက်မစားခဲ့ပေ၊ မဟုတ်မမှန်သော စကားကိုလည်း မပြောဆိုခဲ့ပေ၊ မိမိမယားဖြင့်သာ ရောင့်ရဲခဲ့၏။

၆၃၁။ ကုန်သည်တို့ ငါဆောက်တည်၍ ကျင့်သော အကျင့်သည် ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ပင်တည်း၊ မြတ်သော အကျင့်သည်လည်း ထိုအကျင့်ပင်တည်း၊ ဤအကျိုးသည် ထို ဆိုအပ်ခဲ့ပြီးသော ကောင်းသော အလေ့အကျင့်၏ အကျိုးတည်း၊ ထိုမယုတ်မာသော ကောင်းမှု ကုသိုလ်ကံတို့ကြောင့်သာလျှင် ငါသည်ဤဗိမာန်ကို ရ၏ဟု (နတ်သားက ပြောဆို၏)။

၆၃၂။ ပညာရှိကုန်သော လူတို့သည် မှန်သော စကားကို ပြောဆိုကုန်သတတ်၊ ပညာရှိ ကုန်သောသူတို့၏စကားသည် ဖောက်ပြန်ခြင်း မရှိ၊ ကောင်းမှုရှိသောသူသည် အကြင် အကြင်အရပ်သို့ ရောက်အံ့၊ ထိုထိုအရပ်၌ လိုတိုင်းရလျက် မွေ့လျော်စံပျော်ရ၏။

၆၃၃။ အကြင်အကြင်အရပ်၌ စိုးရိမ်ပူဆွေးမှု ငိုကြွေးမြည်တမ်းရမှုသည်လည်းကောင်း, သတ်ဖြတ်ညှဉ်းဆဲမှုသည်လည်းကောင်း, နှောင်ဖွဲ့မှုသည်လည်းကောင်း, ဆိုခဲ့ပြီးသော အကျိုး မဲ့ဘေးရန်ဖြစ်ခြင်းသည်လည်းကောင်း အကြင်အကြင်အရပ်၌ ရှိ၏၊ မကောင်းမှုကံရှိသောသူသည်ထိုထိုအရပ်သို့ ရောက်တတ်၏၊ မကောင်းသော လားရာ 'ဒုဂ္ဂတိဘဝ'မှ တစ်ခါ တစ်ရံမျှ မလွတ်နိုင်ဟု (ကုန်သည်များက ပြောဆိုကုန်၏)။

၆၃၄။ နတ်သား နတ်အပေါင်းသည် အချင်းခပ်သိမ်း တွေဝေသော သဘောရှိသကဲ့သို့ ဖြစ်၏၊ အခိုက်အတန့်ခဏ၌ပင် ညွန်နှစ်ရေကဲ့သို့ နောက်ကျုခြင်းသဘော ရှိ၏၊ နတ်သား အဘယ့် ကြောင့်သင်၏ခြွေရံပရိသတ်ဖြစ်သော ဤနတ်အပေါင်းနှင့် သင်နတ်သားအား နှလုံးမသာယာမှုဖြစ်ရလေသနည်းဟု (ကုန်သည်များက မေးမြန်းကုန်၏)။

၆၃၅။ ကုန်သည်တို့ နတ်၌ဖြစ်ကုန်သော မွှေးကြိုင်ကုန်သော ဤအနံ့တို့သည် ကုက္ကိုတော မှထက်ဝန်းကျင် ပျံ့လှိုင်ကုန်၏၊ ထိုအနံ့လှိုင်သော ကုက္ကိုပန်းတို့သည် နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း အမိုက်မှောင်ကို ပယ်ဖျောက်ကုန်လျက် ဤဗိမာန်ကို ထက်ဝန်းကျင်မှပျံ့လှိုင်စေကုန်၏။

၆၃၆-၇။ ကုန်သည်တို့ ဤကုက္ကိုပင်တို့၏ အသီးသည် အနှစ်တစ်ရာလွန်မှ တစ်ခုစီ တစ်ခုစီ (ရင့်ရော်လျက်) ကြွေကျ၏၊ လူ၌ဖြစ်သော အနှစ်တစ်ရာ လွန်သွားပြီ၊ ဤ စာတု မဟာရာဇ်နတ်ပြည်၌အကြင်အခါမှစ၍ ဖြစ်၏၊ ထိုအခါမှစ၍ ငါသည် နတ်၌ဖြစ်သော နောက် အနှစ် ငါးရာတို့ပတ်လုံးဤဗိမာန်၌ တည်ပြီးလျှင် အသက်အပိုင်းအခြား ကုန်ခြင်းကြောင့်လည်းကောင်း၊ ကုသိုလ်ကံကုန်ခြင်းကြောင့်လည်းကောင်း သေရလတ္တံ့ဟု မြင်၍ ထိုသေရမည် ကို အကြောင်းပြု၍ ဖြစ်သော စိုးရိမ်မှု'သော က'ကြောင့် မိန်းမောတွေဝေရ၏ဟု (နတ်သားက ပြောဆို၏)။

၆၃၈။ နတ်သား အကြင်သူတို့သည် ကား နည်းငယ် တိုတောင်းစွာ ဖြစ်ရကုန်၏၊ ဘုန်းကံ နည်းကုန်သော ထိုသူတို့သည်