ခုဒ္ဒကနိကာယ်

ထေရာပဒါန်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ဗုဒ္ဓဝဂ်

၁-ဗုဒ္ဓအပဒါန်

၁။ ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူသော မြတ်စွာဘုရားကို အသျှင်အာနန္ဒာ သည် ဦးခေါင်းညွတ်ကာ မေးလျှောက်၏- ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကြင်သဗ္ဗညုဘုရားတို့သည် ပွင့်တော်မူကုန်၏၊ ထိုသဗ္ဗညုဘုရားရှင်တို့သည် အဘယ်သို့ သဘောရှိသောအကြောင်းတို့ကြောင့် ပွင့်တော်မူကုန်သနည်း (ဟု မေးလျှောက်၏)။

၂။ ထိုသို့မေးလျှောက်သောအခါ မြတ်သောသီလက္ခန္ဓ စသည့်ကျေးဇူးကို ရှာမှီးလေ့ရှိသော သဗ္ဗညုဘုရားမြတ်သည် အရှင်ကောင်းဖြစ်သော သျှင်အာနန္ဒာကို သာယာစွာသော အသံဖြင့် မိန့်တော်မူ၏၊ (အာနန္ဒာ) ရှေးဘုရားတို့၌ ဆုပန်ပြီးကုန်သော ရှေးဘုရားသာသနာတော်တို့၌ နိဗ္ဗာန်ကိုမရသေးကုန်သော -

၃။ ပညာရှိဘုရားလောင်းတို့သည် ထိုသဗ္ဗညုတဉာဏ်ကို အဦးပြုသည်သာလျှင်ဖြစ်သော အားကြီးသော အလိုဆန္ဒဖြင့်လည်းကောင်း၊ ပညာ၏ အစွမ်းဖြင့်လည်းကောင်း အလွန်ထက် မြတ်သော ပညာရှိကုန်သည်ဖြစ်၍ သဗ္ဗညုဘုရားအဖြစ်သို့ အစဉ်ရောက်တော်မူကြကုန်၏။

၄။ ငါသည် လည်း ရှေးဘုရားတို့၌ စိတ်ဖြင့်သာလျှင် ဆောက်တည်သည်ဖြစ်၍ ဘုရား အဖြစ်ကို တောင့်တခဲ့၏၊ (ထိုသို့ ဆုတောင်းခဲ့သော) တရားမင်း ဘုရားရှင်တို့ကား မရေ တွက်နိုင်ကုန်။

၅။ စင်ကြယ်သော စိတ်နှလုံးရှိကုန်သော သင်တို့သည် ဘုရားရှင်တို့၏ ဘုရားဖြစ်ရန် အကြောင်းအရာတို့ကို နာကြကုန်လော့၊ ပါရမီသုံးဆယ်နှင့် ပြည့်စုံကုန်သော တရားမင်း ဘုရားရှင်တို့ကား မရေတွက်နိုင်ကုန်။

၆။ ဘုရားမြတ်တို့၏ အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်ကို လက်ဆယ်ချောင်းတို့ ဖြင့်ညွတ်လျက် သံဃာတော်နှင့် တကွဖြစ်ကုန်သော ဘုရားရှင်တို့ကို ဦးခေါင်းဖြင့် ငါသည် ရှိခိုးခဲ့ပြီ။

၇။ အကြင်မျှလောက်သော (စကြဝဠာတစ်သောင်းဟူသော) ဗုဒ္ဓခေတ်တို့၌ ကောင်းကင်၌ တည်ကုန်သော မြေ၌လည်း တည်ကုန်သော မရေတွက်နိုင်ကုန်သော ရတနာတို့သည် ရှိကုန်၏၊ ထိုအလုံးစုံသောရတနာတို့ကို ငါသည် စိတ်ဖြင့် (အဓိဋ္ဌာန်၍) ဆောင်ယူခဲ့ပြီ။

၈။ (ဆောင်ယူပြီး၍) ထိုငွေအတိခင်းသော, မြေပြင်၌ များစွာသော ဘုံအဆင့်ရှိသော, ရတနာဖြင့်ပြီးသော, အစောက်မြင့်သော, ကောင်းကင်သို့ စွင့်စွင့်တက်သော-

၉။ ကောင်းစွာ ပြုပြင်အပ်သော ဆန်းကြယ်သော တိုင်ရှိသော, ကောင်းစွာ ဝေဖန်အပ် သော, မြတ်သူတို့အားသာ ထိုက်သော, ရွှေဖြင့်ပြီးသော ထုပ်လျောက်ရှိသော, (စိုက်ထူအပ် သော) အောင်လံတံခွန်, ထီးတို့ဖြင့် တန်ဆာဆင်အပ်သော ပြာသာဒ်ကို ငါသည် ဖန်ဆင်းခဲ့ပြီ။

၁၀။ ပထမဘုံအဆင့်သည် ကြောင်မျက်ရွဲဖြင့်ပြီး၏။ အညစ်အကြေးကင်းသော တိမ်တိုက် နှင့်တူ၍ တင့်တယ်၏၊ မြတ်သော ရွှေဖြင့်ပြီးသော မြေပြင်၌ ရေ၌ပေါက်သော ပဒုမ္မာကြာ တို့ဖြင့် ပြွမ်း၏။

၁၁။ အချို့သော ဘုံအဆင့်သည် သန္တာအစုဖြင့်ပြီး၏။ အချို့သော ဘုံအဆင့်သည် သန္တာအဆင်း ရှိ၏၊ အချို့သော ဘုံအဆင့်သည် နီသော အဆင်းရှိသည် ဖြစ်၍ တင့်တယ်၏၊ ပိုးပရန်အဆင်းနှင့်တူသောအရောင်ရှိသည် ဖြစ်၍ အရပ်မျက်နှာတို့၌ တောက်ပ၏။

၁၂။ ကောင်းစွာ ဝေဖန်အပ်ကုန်သော မုခ်ဦးပြာဿဒ်တို့သည်လည်းကောင်း၊ မုခ်ထွတ်တို့သည်လည်းကောင်း၊ ခြင်္သေ့ခံလေသာပြတင်းတို့သည်လည်းကောင်း၊ လေးမျက်နှာရှိ ပွတ်တိုင်တို့သည်လည်းကောင်း၊ ပြူတင်းကွန်ရက်တို့သည်လည်းကောင်း၊ (တွဲရရွဲ ဆွဲအပ်ကုန်သော ) နံ့သာပန်းဆိုင်းတို့သည်လည်းကောင်း နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏။

၁၃။ မြတ်သောအထွတ် စုလစ်မွမ်းချွန်နှင့် ပြည့်စုံသော ပြာသာဒ်ဆောင်တို့သည် (အချို့ ကား) ညို၊ (အချို့ကား) ရွှေ၊ (အချို့ကား) နီ၊ (အချို့ကား) ဖြူ၊ (အချို့ကား) အမည်း သက်သက် ဖြစ်ကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် တင့်တယ်ကုန်၏။

၁၄။ ပဒုမ္မာကြာတို့ကို အထက်သို့ မျက်နှာမူ၍ ထုလုပ်ထားကုန်၏၊ သားရဲရုပ်, ငှက်ရုပ် တို့ဖြင့်တင့်တယ်ကုန်၏၊ နက္ခတ်ကြယ်တာရာတို့ဖြင့် ပြွမ်းကုန်၏၊ လနေတို့ဖြင့် တန်ဆာဆင်အပ်ကုန်၏။

၁၅။ ရွှေကွန်ရက်ဖြင့် ဖုံးလွှမ်းအပ်ကုန်၏၊ ရွှေချူဆည်းလည်းတို့ဖြင့် တပ်အပ်ကုန်သည် ဖြစ်၍ လေဟုန်ဖြင့် ကျူးရင့်ကုန်၏၊ ရွှေပန်းဆိုင်းတို့သည် နှလုံးမွေ့လျော်ဖွယ် ရှိကုန်၏။

၁၆။ အထူးထူးသော ဆိုးရည်တို့ဖြင့် ဆိုးအပ်သော မောင်းသော အဆင်းရှိသော တံခွန်၊ နီသောအဆင်းရှိသော တံခွန်၊ ရွှေသော အဆင်းရှိသော တံခွန်၊ ဇမ္ဗူရစ်ရွှေအဆင်းရှိသော တံခွန်၊ (ဤတံခွန်တို့ဖြင့်) စိုက်ထူအပ်သော တံခွန်အစဉ် ရှိကုန်၏။

၁၇။ (ထိုပြာသာဒ်၌) မရှိသော အသုံးအဆောင် မည်သည် မရှိ၊ အထူးထူးသော ခင်းနှီး တို့ဖြင့် ဆန်းကြယ်သော အရာမက များပြားကုန်သော ဖလ်ဖြင့်ပြီးသော ညောင်စောင်း၊ ငွေဖြင့်ပြီးသောညောင်စောင်း၊ မြဖြင့်ပြီးသော ညောင်စောင်း၊ ပတ္တမြားနီဖြင့်ပြီးသော ညောင်စောင်း၊ ထို့ပြင်ပတ္တမြားပြောက်ဖြင့်ပြီးသော ညောင်စောင်းတို့ကို သိမ်မွေ့သော ကာသိတိုင်း ဖြစ်ပုဆိုးတို့ဖြင့်ခင်းထားအပ်ကုန်၏။

၁၈။ ခြုံထည်တို့သည် သက္ကလတ်ခြုံထည်၊ ဘွဲ့ဖြူ ခြုံထည်၊ စိန့်တိုင်း၌ ဖြစ်သော ခြုံထည်၊ ပဋုဏ္ဏတိုင်း၌ ဖြစ်သော ခြုံထည်၊ ဖျော့တော့သော အဆင်းရှိသော ခြုံထည်တို့ ဖြစ်ကုန်၏။ ဆန်းကြယ်သော အခင်း, အရုံ အလုံးစုံကို ငါသည် စိတ်ဖြင့် (အဓိဋ္ဌာန်၍) ခင်းထားခဲ့ပြီ။

၁၉။ ထိုထိုဘုံအဆင့်တို့၌သာလျှင် ရတနာအထွတ်တို့ဖြင့် တန်ဆာဆင်အပ်၏၊ ဝေရောစန ပတ္တမြားဖြင့်ပြုအပ်သော ဆီမီးတို့သည် (အလင်းရောင်ကို) ဆောင်ကုန်လျက် ကောင်းစွာ တည်ကုန်၏။

၂၀။ ကဉ္စနရွှေဖြင့်ပြီးသည်လည်းဖြစ်ကုန်သော ဇမ္ဗူရဇ်ရွှေဖြင့်ပြီးသည်လည်းဖြစ်ကုန် သောစန္ဒကူးနှစ်ဖြင့်ပြီးသည်လည်းဖြစ်ကုန်သော ငွေဖြင့်ပြီးသည်လည်းဖြစ်ကုန်သော တံခါး တိုင်, တုရိုဏ်တိုင်တို့သည် တင့်တယ်ကုန်၏။

၂၁။ ကောင်းစွာ ဝေဖန်အပ်ကုန်သော များစွာသော နံရံအစပ်တို့သည် တံခါးရွက်, တံခါး ကျည်တို့ဖြင့်ဆန်းကြယ်တင့်တယ်ကုန်၏၊ နံပါးနှစ်ဖက်တို့၌ ပဒုမ္မာကြာ, ဥပ္ပလကြာနှင့် ယှဉ် ကုန်သော များစွာသောရေပြည့်အိုးတို့သည် (ထိုတံခါးကို) တင့်တယ်စေကုန်၏။

၂၂-၂၃။ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တတ်ကုန်သော သံဃာတော်နှင့် တကွဖြစ် ကုန်သော တပည့်သာဝကတို့နှင့် တကွလည်းဖြစ်ကုန်သော ပွင့်တော်မူပြီးသော ခပ်သိမ်းသော ဘုရားတို့ကိုလည်းပကတိအသွင်သဏ္ဌာန်ဖြင့် (စိတ်၌) ဖန်ဆင်း၍ တပည့်သားအပေါင်းနှင့် တကွအရိယာအပေါင်းဖြစ်ကုန်သော ခပ်သိမ်းသော ဘုရားရှင်တို့သည် ထိုဆန်းကြယ် တင့် တယ်သောတံခါးဖြင့် ဝင်ကုန်၍ အလုံးစုံ ရွှေဖြင့်ပြီးသော အင်းပျဉ်၌ ထိုင်တော်မူကုန်၏။

၂၄။ လောက၌ အတုမရှိကုန်သော ယခုအခါ၌ ထင်ရှားပွင့်တော်မူကုန်သော အကြင်ဘုရားရှင်တို့သည်လည်းကောင်း၊ ရှေးအခါ ပွင့်တော်မူပြီးကုန်သော အကြင်ဘုရားရှင်တို့သည်လည်း ကောင်းရှိကုန်၏။ ထိုအလုံးစုံသော ဘုရားရှင်တို့သည် ငါ၏ ပြာသာဒ်သို့ ကောင်းစွာတက်ရောက်သီတင်းသုံးတော်မူကြကုန်၏။

၂၅။ ရှေးအခါ၌လည်းကောင်း၊ ယခုအခါ၌လည်းကောင်း သစ္စာလေးပါးကို ကိုယ်တိုင် သိတော်မူကုန်သော သူတစ်ပါးတို့ မအောင်နိုင်ကုန်သော အရာမက များစွာကုန်သော ခပ်သိမ်း သော ပစ္စေကဗုဒ္ဓါတို့သည် ငါ၏ ပြာသာဒ်သို့ ကောင်းစွာ တက်ရောက် သီတင်းသုံးတော်မူကြ ကုန်၏။

၂၆။ နတ်၌ဖြစ်ကုန်သော များစွာကုန်သော အကြင်ပဒေသာပင်တို့သည်လည်းကောင်း၊ လူ၌ ဖြစ်ကုန်သော များစွာကုန်သော အကြင်ပဒေသာပင်တို့သည်လည်းကောင်း ရှိကုန်၏။ ငါသည် ထိုပဒေသာပင်တို့မှ (ပုဆိုးအားလုံးကို) ကောင်းစွာ ယူဆောင်၍ တိစီဝရိက်သင်္ကန်း ပြုလုပ်လှူဒါန်းခဲ့၏။

၂၇။ ငါသည် ချိုမြိန်ကောင်းမြတ်သော ခဲဖွယ်, စားဖွယ်, လျက်ဖွယ်, ထမင်း, အဖျော်ကိုပတ္တမြားကျောက်ဖြင့်ပြီးသော တင့်တယ်သော သပိတ်၌ ပြည့်စေ၍ လှူဒါန်းခဲ့၏။

၂၈-၂၉။ ဒိဗ္ဗစက္ခုအဘိညာဉ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ (ကိလေသာတို့မှ ကင်းသော ကြောင့်) ပြေပြစ်တင့်တယ်တော်မူကုန်သော, တိစီဝရိက်သင်္ကန်းတို့နှင့် ပြည့်စုံကုန်သော ဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့ကို ချိုသော သကာတို့ဖြင့်လည်းကောင်း၊ ဆီတို့ဖြင့်လည်းကောင်း၊ ပျား, တင်လဲတို့ဖြင့်လည်းကောင်း၊ မွန်မြတ်သော ဃနာနို့ဆွမ်းဖြင့်လည်းကောင်း ငါသည် ရောင့်ရဲစေအပ်ကုန်၏။ ထိုအလုံးစုံသော အရိယာအပေါင်းတို့သည် 'ဂူ၌ ကိန်းသော ခြင်္သေ့မင်းကဲ့သို့' ရတနာတိုက်ခန်းသို့ ဝင်ကြကုန်၍ -

၃၀။ မြတ်သောသူတို့အားသာ ထိုက်သော နေရာ၌ ခြင်္သေ့မင်း၏ အိပ်ခြင်းကဲ့သို့သော မြတ်သောအိပ်ခြင်းကို ပြုကြကုန်ပြီ၊ ထိုဘုရား, ပစ္စေကဗုဒ္ဓါ, သာဝကတို့သည် သတိသမ္ပဇဉ် နှင့် ပြည့်စုံကြကုန်လျက် အိပ်ရာမှ ထကြပြီးလျှင် နေရာပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင် နေကြကုန်၏။

၃၁။ အလုံးစုံသော ဘုရားရှင်တို့၏ အာရုံဖြစ်သော ကသိုဏ်းစသော အာရုံကို (အာရုံပြု လျက်) ဈာန်တည်းဟူသော မွေ့လျော်ခြင်းဖြင့် ကောင်းစွာ မွေ့လျော်, ဝင်စားကြကုန်၏၊ အချို့ သောပစ္စေကဗုဒ္ဓါတို့သည် တရားဟောကုန်၏၊ အချို့သော ပစ္စေကဗုဒ္ဓါတို့သည် တန်ခိုးဖြင့် ကွန့်မြူးကုန်၏။

၃၂။ ပွါးအပ်ပြီးသော အဘိညာဉ်, ဝသီဘော်ရှိကုန်သော အချို့သောပစ္စေကဗုဒ္ဓါတို့သည် အဘိညာဉ်တို့ကို ဝင်စားကုန်၏၊ အချို့သော ပစ္စေကဗုဒ္ဓါတို့သည် အထောင်မက များသော တန်ခိုးဖန်ဆင်းခြင်းတို့ကို ဖန်ဆင်းကုန်၏။

၃၃။ ဘုရားရှင်တို့သည်လည်း ဘုရားရှင်တို့ကို သဗ္ဗညုတဉာဏ်၏ အရာဖြစ်သော ပုစ္ဆာ ပြဿနာကိုမေးကုန်၏၊ နက်နဲသိမ်မွေ့သော အရာကို ဉာဏ်ဖြင့် ခွဲခြားသိကုန်၏။

၃၄။ တပည့်သာဝကတို့သည် ဘုရားရှင်တို့ကို မေးလျှောက်ကုန်၏၊ ဘုရားရှင်တို့သည် တပည့်သာဝကတို့ကို (ပြဿနာ) မေးတော်မူကုန်၏၊ ထိုဘုရားရှင်နှင့် တပည့်သာဝကတို့သည်အချင်းချင်း ပြဿနာ မေးကုန်၍ အချင်းချင်း ဖြေဆိုကုန်၏။

၃၅။ ထိုဘုရား, ပစ္စေကဗုဒ္ဓါ, တပည့်သာဝက, အလုပ်အကျွေးဟူသမျှတို့သည် ဤသို့ မိမိတို့၏မွေ့လျော်ခြင်းဖြင့် ငါ၏ ပြာသာဒ်၌ မွေ့လျော်ကုန်၏။

၃၆။ ရွှေပန်းဆိုင်းအစဉ်ရှိကုန်သော, ရတနာခုနစ်ပါးဖြင့်ပြီးသော ထီးတို့သည် တည်စေ ကုန်သတည်း၊ ပုလဲကွန်ရက်ဖြင့် ခြံရံအပ်ကုန်သော, ခပ်သိမ်းသော ထီးတို့သည် ဦးထိပ်ထက် ၌ဆောင်းမိုးစေကုန်သတည်း။

၃၇။ ရွှေကြယ်တို့ဖြင့် ဆန်းကြယ်ကုန်သော ပုဆိုးဗိတာန်တို့သည် ဖြစ်စေကုန်သတည်း၊ ဆန်းကြယ်ကုန်သော ပန်းအပွင့်တို့ဖြင့် ဖြန့်စီအပ်ကုန်သော ခပ်သိမ်းသော ဗိတာန်တို့သည် အထက်၌ ဆောင်းမိုးစေကုန်သတည်း။

၃၈-၃၉-၄၀။ ပန်းဆိုင်းတို့ဖြင့် ပြွမ်းကုန်သော, နံ့သာဆိုင်းတို့ဖြင့် တင့်တယ်ကုန်သော, ပုဆိုးပန်းဆိုင်းတို့ဖြင့် ပြွမ်းကုန်သော, ရတနာပန်းဆိုင်းတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော, ပန်းတို့ဖြင့်ပြွမ်းကုန်သော, ဆန်းကြယ်ကုန်သော, ကောင်းသော ရနံ့တို့ဖြင့် ကြိုင်လှိုင်ကုန် သော, လက်ငါးချောင်းရာ နံ့သာတို့ဖြင့် လိမ်းကျံကုန်သော, ရွှေပုဆိုးဖြင့် မိုးအပ်ကုန်သော, ပဒုမ္မာကြာ, ဥပ္ပလကြာဖြင့် ပြည့်ကုန်သော ရေကန်တို့သည် အရပ်လေးမျက်နှာတို့မှ တည်စေကုန်သတည်း၊ ရွှေဖြင့်ပြီးသော အရုပ်တို့သည် ထင်စေကုန်သတည်း၊ ပဒုမ္မာကြာ ဝတ်ဆံ ဝတ်မှုန်တို့ဖြင့်ပြွမ်းတက်ကုန်သော ရေကန်တို့သည် တင့်တယ်စေကုန်သတည်း။ (ဤသို့ ကြံစည်ကာမျှ၌ ထိုကြံစည်သမျှတို့သည် ပြီးကုန်၏)။

၄၁။ ငါ၏ ပြာသာဒ်ထက်ဝန်းကျင်မှ ခပ်သိမ်းသော သစ်ပင်တို့သည် ပွင့်စေကုန်သတည်း၊ ပန်းတို့သည် အလိုလို အခိုင်မှ ကြွေကျလျက် ငါ၏ ပြာသာဒ်ထက်သို့ သွား၍ ကြဲဖြန့်စေကုန် သတည်း။

၄၂။ ငါ၏ ထိုပြာသာဒ်ထက်၌ ဥဒေါင်းတို့သည် က, စေကုန်သတည်း၊ နတ်ဟင်္သာတို့သည် တွန်ကျူးစေကုန်သတည်း၊ ကရဝိတ်ငှက်တို့သည် ကျူးရင့်စေကုန်သတည်း၊ ပြာသာဒ်၏ ထက် ဝန်းကျင်မှ ငှက်အပေါင်းတို့သည် တွန်မြည်စေကုန်သတည်း။

၄၃။ ငါ၏ ပြာသာဒ်ထက်ဝန်းကျင်မှ ခပ်သိမ်းသော စည်တို့သည် မြည်ဟည်းစေကုန် သတည်း၊ ခပ်သိမ်းသော စောင်းတို့သည် အသံမြည်စေကုန်သတည်း၊ ခပ်သိမ်းသော ထိုသားငှက် တူရိယာ သာယာသော အသံအပေါင်းတို့သည် ဖြစ်စေကုန်သတည်း။

၄၄-၄၅။ အကြင်မျှလောက်သော (စကြဝဠာတစ်သောင်းဖြစ်သော) ဗုဒ္ဓခေတ်၌လည်း ကောင်း၊ ထိုစကြဝဠာမှ ပြင်ပဖြစ်သော စကြဝဠာတို့၌လည်းကောင်း များစွာကုန်သော အရောင်နှင့် ပြည့်စုံကုန်သော ထက်ဝန်းကျင် ရတနာခုနစ်ပါးတို့ဖြင့် စီခြယ်အပ်ကုန်သော ရွှေပလ္လင်တို့သည် တည်စေကုန်သတည်း။ ဆီမီးတိုင်တို့သည် တောက်ပစေကုန်သတည်း၊ ထို ဆီမီးတိုင်တို့သည် စကြဝဠာတစ်သောင်း အဆက်ဆက်တိုင်အောင် 'တစ်ရောင်တည်းကဲ့သို့' ထွန်းလင်းစေကုန်သတည်း။

၄၆။ ငါ၏ ပြာသာဒ်ထက်ဝန်းကျင်မှ ကချေသည်မတို့သည်လည်းကောင်း၊ သီချင်းသည်မတို့သည်လည်းကောင်း၊ နတ်သမီးအပေါင်းတို့သည်လည်းကောင်း ကပြ (သီဆို) စေကုန်သတည်း။ အထူးထူးသော ပွဲသဘင်တို့သည် ထင်စေကုန်သတည်း။ (ဤသို့ ကြံစည်ဆဲခဏ၌ ထိုကြံစည်တိုင်းဖြစ်ပေါ်လာကုန်၏)။

၄၇။ ငါသည် သစ်ပင်ဖျား၌လည်းကောင်း၊ တောင်ထိပ်၌လည်းကောင်း၊ မြင်းမိုရ်တောင်ထိပ်၌လည်းကောင်း အလုံးစုံ ဆန်းကြယ်သော အဆင်းငါးပါးရှိသော တံခွန်အလံကို စိုက်ထူ၏။

၄၈။ လူတို့သည်လည်းကောင်း၊ နဂါး, ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊ ခပ်သိမ်းသော နတ်တို့သည်လည်းကောင်း ချဉ်းကပ်ကြစေကုန်ဟု ကြံစည်သောခဏ၌ ထိုလူ, နတ်, နဂါးတို့သည်ရှိခိုးကုန် လက်အုပ်ချီကုန်လျက် ငါ၏ ပြာသာဒ်ကို ခြံရံကြကုန်၏။

၄၉။ ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း ပြုသင့်ပြု ထိုက်သောအလုံးစုံသော ကုသိုလ်ကံသည် ရှိ၏။ ထိုကံအားလုံးကို ငါသည် ပြုအပ်ပြီ၊ တာဝတိံသာနတ်ပြည်၌ ဖြစ်ခြင်းငှါထိုက်သော ကောင်းစွာ ပြုသင့်သော ကုသိုလ်ကံကို ပြုအပ်ပြီ။

၅၀။ သညာရှိသော သတ္တဝါတို့သည်လည်းကောင်း၊ သညာမရှိသော သတ္တဝါတို့သည်လည်းကောင်း ရှိကြကုန်၏။ ထိုအလုံးစုံသော သတ္တဝါတို့သည် ပြုအပ်သော ငါ၏ ကောင်းမှုကံ အကျိုးကို အဖို့ရကြပါစေကုန်သတည်း။

၅၁။ အကြင်သတ္တဝါတို့သည် ငါပြုအပ်သော ကုသိုလ်ကို ကောင်းစွာ သိအပ်၏၊ ထို သတ္တဝါတို့အား ငါသည် ကောင်းမှုအကျိုးကို ပေးဝေအပ်ပြီ။ အကြင်သတ္တဝါတို့ကား ထိုငါပြုအပ်သော ကုသိုလ်ပြုခြင်း, အမျှဝေခြင်း၌ မသိကုန်၊ ထိုသတ္တဝါတို့အား နတ်တို့သည် သွား၍ ပြောကြားကုန်ပြီ။

၅၂။ အလုံးစုံသော လောက၌ အကြင်သတ္တဝါတို့သည် အာဟာရလျှင် အကြောင်းရှိကုန် သည်ဖြစ်၍ အသက်ရှင်ကြကုန်၏၊ ထိုသတ္တဝါအားလုံးတို့သည် နှစ်သက်ဖွယ်ဖြစ်သော အလုံး စုံသော ဘောဇဉ်ကို ငါ၏ စိတ်တန်ခိုးကြောင့် ရကြပါစေကုန်သတည်း။

၅၃။ ငါသည် စိတ်ဖြင့် အလှူကို ပေးလှူအပ်ပြီ၊ စိတ်ဖြင့် ကြည်ညိုခြင်းကို ဖြစ်စေပြီ။ ငါသည် ခပ်သိမ်းသော ဘုရားရှင်တို့ကိုလည်းကောင်း၊ ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း၊ ဘုရား ရှင်၏တပည့်သားတို့ကိုလည်းကောင်း ပူဇော်အပ်ကုန်ပြီ။

၅၄။ ငါသည် ကောင်းစွာ ပြုအပ်သော ထိုကံကြောင့်လည်းကောင်း၊ စိတ်စေတနာ, တောင့်တမှုတို့ကြောင့်လည်းကောင်း လူ၌ဖြစ်သော ကိုယ်ကို စွန့်၍ တာဝတိံသာနတ်ပြည်သို့ ရောက်ရပြီ။

၅၅။ ငါသည် နှစ်ပါးကုန်သော နတ်ဘဝ, လူ့ဘဝတို့ကို အပြားအားဖြင့် သိ၏၊ နတ်, လူမှ တစ်ပါးသော ဂတိကို ငါ မသိရ။ ဤအကျိုးသည် စိတ်ဖြင့် တောင့်တခြင်း၏ အကျိုးပင်တည်း။

၅၆။ ငါသည် နတ်တို့ထက် (အဆင်းစသည်တို့ဖြင့်) လွန်ကဲသူ ဖြစ်ခဲ့ရပြီ၊ ရုပ်အင်္ဂါ လက္ခဏာနှင့်ပြည့်စုံသော လူမင်း ဖြစ်ခဲ့ရပြီ၊ ငါသည် ပညာအားဖြင့် အတုမရှိသူ ဖြစ်ခဲ့ရပြီ။

၅၇။ အထူးထူးအပြားပြား မြတ်သော ဘောဇဉ်သည်လည်းကောင်း၊ များစွာသော ရတနာသည်လည်းကောင်း၊ အထူးထူးသော အဝတ်တို့သည်လည်းကောင်း ကောင်းကင်မှ လျင်မြန်စွာ ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၅၈။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ နတ်သုဒ္ဓါတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၅၉။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ရတနာတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၀။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော နံ့သာမျိုးတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၁။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ယာဉ်တို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၂။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ပန်းတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၃။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ အဆင်တန်ဆာတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၄။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းကုန်သော သတို့သမီးတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၅။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ပျားသကာတို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၆။ မြေ၌လည်းကောင်း၊ တောင်၌လည်းကောင်း၊ ကောင်းကင်၌လည်းကောင်း၊ ရေ၌လည်း ကောင်း၊ တော၌လည်းကောင်း အကြင်အကြင်အရပ်သို့ လက်ကို ဆန့်တန်း၏။ ထိုထိုအရပ်မှ ခပ်သိမ်းသော ခဲဖွယ်တို့သည် ငါ့ထံသို့ ကပ်ရောက်လာကုန်၏။

၆၇။ ဥစ္စာမဲ့သောသူတို့အားလည်းကောင်း၊ ခရီးရှည်သွားသောသူတို့အားလည်း ကောင်း၊ သူတောင်းစားတို့အားလည်းကောင်း၊ အရပ်တစ်ပါးသို့ သွားသောသူတို့အားလည်း ကောင်း ငါသည် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်ခြင်းငှါ မြတ်သော အလှူကို ပေးလှူ ခဲ့ပြီ။

၆၈။ ငါသည် ကျောက်တောင်ကို ပဲ့တင်ထပ်စေလျက် ကြီးစွာသော မြင်းမိုရ်တောင်ကို ထစ်ချုန်းစေလျက်နတ်နှင့်တကွသော လူကို ရွှင်ပျစေပြီးလျှင် လောကသုံးပါး၌ ဘုရားဖြစ်၏။

၆၉။ လောက၌ ဆယ်ပါးသော အဖို့ရှိသော အရပ်မျက်နှာတို့သည် ရှိကုန်၏၊ ထိုအရပ် မျက်နှာတို့သို့ သွားသောသူအား အဆုံးသည် မရှိ၊ ထိုထိုအရပ်မျက်နှာအဖို့၌ ဗုဒ္ဓခေတ်တို့သည် မရေတွက်နိုင်ကုန်။

၇၀။ ငါ၏ စကြာရတနာ, ပတ္တမြားရတနာအရောင်တို့သည် အစုံအစုံ ဖြစ်၍ ရောင်ခြည် တို့ကို လွှတ်ကုန်လျက် ထင်ရှားပျံ့နှံ့ကုန်၏။ ဤ (တစ်သောင်းသော လောကဓာတ်) အတွင်း၌ ရောင်ခြည်ကွန်ရက်သည်လည်းကောင်း၊ ပြန့်ပြောသော အလင်းရောင်သည်လည်းကောင်း ဖြစ်ပေါ်လာခဲ့၏။

၇၁။ ဤမျှလောက် တစ်သောင်းသော လောကဓာတ်၌ ခပ်သိမ်းသော သူတို့သည် ငါ့ကိုမြင်စေကုန်သတည်း၊ ဗြဟ္မာ့ပြည်တိုင်အောင် ခပ်သိမ်းသော သူတို့သည် ငါသို့ အစဉ်လိုက်စေကုန်သတည်း။

၇၂။ သန့်ရှင်းချိုသာသော အသံဖြင့် တရားတည်းဟူသော အမြိုက်စည်ကြီးကို ငါ တီး ခတ်ခဲ့ပြီ၊ ဤတစ်သောင်းသော လောကဓာတ်အတွင်း၌ ခပ်သိမ်းသော သူတို့သည် ချိုမြိန်သော အသံကို ကြားကြစေကုန်သတည်း။

၇၃။ ငါသည် တရားတည်းဟူသော မိုးကို ရွာသွန်းသည်ရှိသော် ခပ်သိမ်းသော သူတို့သည် ကိလေသာ ကင်းကြပါစေကုန်သတည်း၊ ဤလူအပေါင်း၌ အကြင်သတ္တဝါတို့ကား ဂုဏ်အားဖြင့် ငယ်ကုန်၏၊ ထိုသတ္တဝါတို့သည် သောတာပန်တို့ ဖြစ်ကြပါစေကုန်သတည်း။

၇၄။ ငါသည် ပေးလှူအပ်သော အလှူဝတ္ထုကို ပေးလှူ၍ သီလကို အကြွင်းမဲ့ ဖြည့်ကျင့် ပြီးလျှင် နေက္ခမ္မပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက် တော်မူရပြီ။

၇၅။ ငါသည် ပညာရှိတို့ကို အဖန်ဖန်မေးမြန်း၍ မြတ်သော ဝီရိယပါရမီကို ပြုပြီးလျှင် ခန္တီပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူရပြီ။

၇၆။ ငါသည် အဓိဋ္ဌာန်ပါရမီကို မြဲမြံစွာ ဆောက်တည်ခြင်းကို ပြု၍ သစ္စပါရမီကို ဖြည့်ခဲ့ ပြီးလျှင် မေတ္တာပါရမီကို ဖြည့်ကျင့်ခဲ့သောကြောင့် မြတ်သော သဗ္ဗညုတဉာဏ်တော်သို့ ရောက် တော်မူခဲ့၏။

၇၇။ လာဘ်ရခြင်း, လာဘ်မရခြင်း၌လည်းကောင်း၊ ချမ်းသာခြင်း, ဆင်းရဲခြင်း၌လည်း ကောင်း၊ မြတ်နိုးခြင်း, မမြတ်နိုးခြင်း၌လည်းကောင်း အလုံးစုံတို့၌ အတူအမျှ ဖြစ်၍ မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်တော်မူရပြီ။

၇၈။ ပျင်းရိခြင်းကို ဘေးအားဖြင့် ရှု၍ အားထုတ်ခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် ထက်သန်သော ဝီရိယရှိသူတို့ ဖြစ်ကြကုန်လော့၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၇၉။ ငြင်းခုံခြင်းကို ဘေးအားဖြင့် ရှု၍ မငြင်းခုံခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် ညီညွတ်သူ, ပြေပြစ်သူတို့ ဖြစ်ကြကုန်လော့၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမ တော်ပေတည်း။

၈၀။ မေ့လျော့ခြင်းကို ဘေးအားဖြင့် ရှု၍ မမေ့လျော့ခြင်းကိုလည်း ဘေးမရှိသောအားဖြင့် ရှုပြီးလျှင် အင်္ဂါရှစ်ပါးရှိသော မဂ်ကို ပွါးများကြကုန်လော့၊ ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

၈၁။ များစွာသော ဘုရားရှင်တို့သည်လည်းကောင်း၊ ခပ်သိမ်းသော ရဟန္တာတို့သည် လည်းကောင်း အညီအညွတ် စုဝေးကြကုန်၏။ ထိုဘုရားရှင်တို့ကိုလည်းကောင်း၊ ထိုရဟန္တာတို့ကိုလည်းကောင်း ရှိခိုးဦးညွှတ်ကြကုန်လော့။

၈၂။ ဘုရားရှင်တို့ကို ''ဤသို့ ဤသို့''ဟု မကြံစည်နိုင်ကုန်၊ ဘုရားရှင်တို့၏ တရားတော် တို့ကို ''ဤသို့ဤသို့''ဟု မကြံစည်နိုင်ကုန်၊ မကြံစည်နိုင်သော ဘုရားရှင်နှင့် ဘုရားရှင်၏ တရားတော်တို့၌ ကြည်ညိုကုန်သော သူတို့အား မကြံစည်နိုင်သော အကျိုးသည် ဖြစ်၏။

ဤသို့လျှင် မြတ်စွာဘုရားသည် ကိုယ်တော်၏ ဗုဒ္ဓစရိယဖြစ်စဉ်ကို ချီးမွမ်းတော်မူလျက် ဗုဒ္ဓအပဒါန်မည်သော တရားတော်ကို ဟောတော်မူ၏။ ။

ဗုဒ္ဓအပဒါန် ပြီး၏။

------

၁။ ပါဠိတော်၌ 'ဒိဗ္ဗဝတ္တဿ ဟုတွာ'ဟု ရှိသော်လည်း 'စီဝရသံယုတာ'ဟူသောပုဒ်၏ ဝိသေသန မဖြစ်နိုင်သောကြောင့် 'ဒိဗ္ဗစက္ခု သမာဟုတွာ'ဟု အဋ္ဌကထာရှိသည့်အတိုင်း ပြန်ဆိုထားသည်။

Ă

၂-ပစ္စေကဗုဒ္ဓအပဒါန်

ထို့နောက် ပစ္စေကဗုဒ္ဓါတို့၏ အပဒါန်ကို နာကြကုန်လော-

၈၃။ ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူသော မြတ်စွာဘုရားအား အရှင် အာနန္ဒာသည် ဦးခေါင်းညွတ်ကာ မေးလျှောက်၏- ကြီးသော လုံ့လရှိသော အရှင်ဘုရား ပစ္စေကဗုဒ္ဓါတို့မည်သည် ဖြစ်ပေါ်တော်မူကုန်၏၊ ထိုပစ္စေကဗုဒ္ဓါတို့သည် အဘယ်သို့ သဘော ရှိသော အကြောင်းတို့ကြောင့် ဖြစ်ပေါ်ကြပါကုန်သနည်း။

၈၄။ ထိုသို့ မေးလျှောက်သောအခါ မြတ်သော သီလက္ခန္ဓစသည့် ကျေးဇူးကို ရှာမှီးလေ့ ရှိသောသဗ္ဗညုဘုရားမြတ်သည် အရှင်ကောင်းဖြစ်သော အာနန္ဒာကို သာယာစွာသော အသံဖြင့် မိန့်တော်မူ၏၊ (အာနန္ဒာ) ရှေးဘုရားတို့၌ ဆုပန်ပြီးကုန်သော ရှေးဘုရားသာသနာတို့၌ နိဗ္ဗာန်ကို မရသေးကုန်သော -

၈၅။ ပညာရှိ ပစ္စေကဗုဒ္ဓါအလောင်းတို့သည် ထိုသံဝေဂဉာဏ်ကို အဦးပြုသဖြင့်သာလျှင် သဗ္ဗညုဘုရားတို့မှ ကင်းကုန်လျက်လည်း အလွန်ထက်သော ပညာရှိကုန်၍ အနည်းငယ်သော အာရုံဖြင့်လည်း ပစ္စေကဗောဓိဉာဏ်သို့ အစဉ်ရောက်ကြကုန်၏။

၈၆။ ခပ်သိမ်းသော လောက၌ ငါဘုရားကို ထား၍ ပစ္စေကဗုဒ္ဓါတို့နှင့် တူသောသူသည်ပင် မရှိ၊ မြတ်သော မုနိဖြစ်ကုန်သော ထိုပစ္စေကဗုဒ္ဓါတို့၏ ဂုဏ်ကျေးဇူးအမြွတ်မျှကို ငါသည် ကောင်းစွာ ဟောပေအံ့။

၈၇။ အလိုလိုသာလျှင် သစ္စာလေးပါးကို သိကုန်သော ပစ္စေကဗုဒ္ဓါတို့၏ 'ပျားငယ်ရည်ကဲ့ သို့' ချိုမြိန်ကောင်းမြတ်သော စကားတို့ကို အတုမရှိသော ဆေးသဖွယ်ဖြစ်သော နိဗ္ဗာန်ကို တောင့်တကြကုန်သော ခပ်သိမ်းသော သင်တို့သည် အလွန်ကြည်လင်သော စိတ်ရှိကုန်လျက် နာကြကုန်လော့။

၈၈။ အပေါင်းအစုဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါတို့၏ အကြင်ပစ္စေကဗုဒ္ဓါဖြစ်ကြောင်း အပဒါန် တို့ကို အဆင့်ဆင့် ဟောကြားအပ်ကုန်၏။ အကြင်အပြစ်ကိုလည်းကောင်း၊ အကြင်တပ်ခြင်း ကင်းခြင်း၏အကြောင်းကိုလည်းကောင်း ဟောကြားအပ်ကုန်၏။ အကြင်အခြင်းအရာအား ဖြင့်လည်း (ပစ္စေကဗုဒ္ဓါတို့သည် ) ပစ္စေကဗောဓိဉာဏ်သို့ အစဉ်ရောက်ကုန်၏။ (ထိုအလုံးစုံသော အပဒါန်ကို သင်တို့နာကြကုန်လော့)။

၈၉။ တပ်မက်ဖွယ်သောအာရုံတို့၌ တပ်ခြင်းကင်းသော အမှတ်ရှိကုန်လျက် တပ်မက်သော လောက၌ တပ်ခြင်းကင်းသော စိတ်ရှိကုန်သည် ဖြစ်၍ သံသရာချဲ့တတ်သော 'ပပဉ္စ' တရားတို့ကို ပယ်ကုန်ပြီးလျှင် တုန်လှုပ်ကုန်သော ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတို့ကို အောင်ကုန်လျက် ထိုသို့သောအကြောင်းဖြင့်သာလျှင် (ပစ္စေကဗုဒ္ဓါတို့သည် ) ပစ္စေကဗောဓိဉာဏ်သို့ အစဉ်ရောက် ကြကုန်၏။ (ထိုအလုံးစုံသော အပဒါန်တို့ကို နာကြကုန်လော့)။

၉၀။ (ထိုအရှင်သည်) သတ္တဝါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တဝါတို့တွင် တစ်ယောက်ယောက်ကိုမျှလည်း မညှဉ်းဆဲဘဲ မေတ္တာစိတ်ဖြင့် အစီးအပွါးကို အစဉ်စောင့် ရှောက်သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၁။ (ထိုအရှင်သည်) သတ္တဝါအားလုံးတို့၌ ဒဏ်မထားမူ၍ ထိုသတ္တဝါတို့တွင် တစ်ယောက်ယောက်ကိုမျှလည်း မညှဉ်းဆဲဘဲ ပစ္စေကဗောဓိဉာဏ်ကို ရ၏၊ ထိုပစ္စေကဗုဒ္ဓါအရှင် သည် သားသမီးကိုသော်လည်း အလိုမရှိပေ၊ အပေါင်းအဖော်ကိုမူကား အဘယ်မှာအလိုရှိပါ တော့မည်နည်း၊ (ထို့အတူ သူတော်ကောင်းသည်) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၂။ ရောနှောစပ်ယှဉ်မှု 'သံသဂ္ဂ' ဖြစ်နေသူအား ချစ်ခင်မှု 'သ္နေဟ' ဖြစ်ရသည့်အပြင် ချစ်ခင်မှု 'သ္နေဟ' သို့ အစဉ်လိုက်သော ဤဆင်းရဲအမျိုးမျိုး ဖြစ်ရ၏၊ ထို့ကြောင့် ချစ်ခင်မှု 'သ္နေဟ' ကြောင့်ဖြစ်သော အပြစ်ကို ဉာဏ်ဖြင့် ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။

၉၃။ အဆွေခင်ပွန်းတို့ကိုလည်းကောင်း၊ ချစ်ကျွမ်းဝင်သူတို့ကိုလည်းကောင်း အစဉ်သနား သည်ဖြစ်၍ (ထိုသူတို့၌) နှစ်သက်နှောင်ဖွဲ့သော စိတ်ရှိသူသည် အကျိုးစီးပွါးအားလုံးကို ဆုတ်ယုတ်စေ၏။ ထို့ကြောင့် ပေါင်းသင်းဆက်ဆံမှု၌ ဤအကျိုးဆုတ်ယုတ်မှုဟူသော ဘေးကို (ဉာဏ်ဖြင့်) ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၄။ 'ကျယ်ပြန့်သော ဝါးရုံကြီးသည် ငြိယှက်ရှုပ်ထွေးကာ တည်သကဲ့သို့' သားသမီးတို့၌လည်းကောင်း၊ မယားတို့၌လည်းကောင်း ငဲ့ကွက်မှုချစ်ခြင်း 'တဏှာ' သည် ထိုသားသမီး စသည်တို့၌ ငြိကပ်တွယ်တာ၏။ ထို့ကြောင့် ဝါးရုံ၏ အလယ်၌ ပေါက်သစ်စ ဖြစ်သော ဝါးမျှစ်စို့သည် မငြိမတွယ်တည်သကဲ့သို့ ထို့အတူ မငြိကပ်မတွယ်တာဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၅။ 'သားသမင်သည် တောအရပ်၌ အနှောင်အဖွဲ့ မရှိဘဲ သွားလိုရာရာ အရပ်သို့ ကျက်စားရန် သွားနိုင်သကဲ့သို့' ပညာရှိသော ယောက်ျားသည် (သူတစ်ပါးနှင့်မစပ်ဘဲ) မိမိအလို ဆန္ဒအတိုင်း ဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၆။ အပေါင်းအဖော်တို့၏ အလယ်၌ တည်သူအား ထိုင်နေရာ၌သော်လည်းကောင်း၊ ရပ်တည်ရာ၌သော်လည်းကောင်း၊ သွားရာ၌သော်လည်းကောင်း၊ လှည့်လည်ရာ၌သော် လည်းကောင်း (သူတစ်ပါးတို့) အတောင်းခံရ၏။ (ထို့ကြောင့်) သူတစ်ပါးတို့ မမက်မောအပ်သော မိမိအလို ဆန္ဒအတိုင်းဖြစ်ခြင်းကို ကြည့်ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၇။ အပေါင်းအဖော်အလယ်၌ တည်သူအား ကစားမြူးထူးခြင်းနှင့် (ကာမဂုဏ်၌) မွေ့လျော်ခြင်းသည်ဖြစ်၏၊ သားသမီးတို့၌လည်း ကျယ်ပြန့်များပြားသော ချစ်ခြင်းသည် ဖြစ်၏၊ ထို့ကြောင့် ချစ်သူတို့နှင့် ကွေကွင်းခြင်းကို စက်ဆုပ်သည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၈။ ဆိုးကောင်း, ယုတ်မြတ် ရတတ်သမျှသော ပစ္စည်းဖြင့် နှစ်သိမ့်ရောင့်ရဲကာ အရပ် လေးမျက်နှာတို့၌မေတ္တာဘာဝနာဖြင့် ပျံ့နှံ့စေလျက် ချမ်းသာစွာ နေရသူ၊ သတ္တဝါတို့၌ ထိပါးမှု မရှိသူ ဖြစ်သည့်အပြင်အတွင်းအပဘေးရန်တို့ကို သည်းခံနိုင်သူ၊ ထိတ်လန့် ကြောက်ရွံ့ခြင်း မရှိသူဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၉၉။ အချို့သော ရဟန်းတို့ကိုလည်းကောင်း၊ အချို့သော အိမ်နေသူ လူတို့ကိုလည်း ကောင်း ချီးမြှောက်ရန် ခဲယဉ်းလှကုန်၏။ ဤသို့ သိသောကြောင့် သူတစ်ပါး သားသမီးတို့၌ ကြောင့်ကြမဲ့ ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၀။ လုံ့လဝီရိယရှိသူသည် လူ၏ အသွင်အပြင်တို့ကို ပယ်ချ၍ 'အရွက်ကြွေကျပြီးသော ပင်လယ်ကသစ်ပင်ကဲ့သို့' လူ၌ ဖြစ်သော အနှောင်အဖွဲ့တို့ကို ဖြတ်တောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၁။ ရင့်ကျက်သည့် ပညာရှိသော, ကောင်းစွာ နေလေ့ရှိသော, ဝီရိယမလျော့သော အတူတကွကျင့်ဖက် မိတ်ဆွေကောင်းကို ရခဲ့မူ ထိုမိတ်ဆွေကောင်းနှင့် ဝမ်းမြောက်ဝမ်းသာ သတိရှိသည် ဖြစ်၍ အတွင်းအပ ဘေးရန်အားလုံးတို့ကို လွှမ်းမိုးလျက် ကျင့်ရာ၏။

၁၀၂။ ရင့်ကျက်သည့် ပညာရှိသော, ကောင်းစွာ နေလေ့ရှိသော, ဝီရိယမလျော့သော အတူတကွကျင့်ဖက် မိတ်ဆွေကောင်းကို မရခဲ့မူ 'မင်းသည် မိမိအောင်နိုင်ပြီးသော တိုင်းနိုင်ငံကို ပယ်စွန့်ကာ တစ်ယောက်တည်း ကျင့်သကဲ့သို့လည်းကောင်း၊ တော၌ မာတင်္ဂမည်သော ဆင်ပြောင်ကြီးသည် တစ်ကောင်တည်း လှည့်လည်သကဲ့သို့လည်းကောင်း' တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၃။ အပေါင်းအဖော်တို့နှင့် ပြည့်စုံခြင်းကို အမှန်ပင် ငါတို့ ချီးမွမ်းပါကုန်၏၊ သီလ စသည်တို့ဖြင့် မိမိထက်မြတ်သော အပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိနှင့်တူသော အပေါင်းအဖော်တို့ကိုလည်းကောင်း မှီဝဲပေါင်းသင်းထိုက်ကုန်၏။ ဤသို့သော အပေါင်းအဖော်တို့ကို မရခဲ့သော် အပြစ်ကင်းသော ဘောဇဉ်ကို သုံးဆောင်မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၄။ ရွှေပန်းထိမ်သည်သားသည် ကောင်းစွာ ပြုလုပ်ပြီးကုန်သော, လက်၌ နှစ်ဆင့်ဝတ် ထားသော, ရွှေရောင်တလက်လက်ထွက်သော ရွှေလက်ကောက်တို့ အချင်းချင်း ထိခိုက်ကြသည် တို့ကို မြင်ရ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၅။ အဖော်နှင့်တကွ ဤသို့ စကားပြောရခြင်းသည်လည်းကောင်း၊ အလွန်ကပ်ငြိ စွဲလမ်းခြင်းသည်လည်းကောင်း ငါ့အား ဖြစ်ခဲ့ရာ၏။ နောင်အခါ ဖြစ်မည့် ဤသို့သော ဘေးကို ရှုဆင်ခြင်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၆။ ''ဆန်းကြယ်ကုန်, သာယာဖွယ် ဖြစ်ကုန်သော, စိတ်ပျော်မွေ့ဖွယ် ဖြစ်ကုန်သော ကာမဂုဏ်တို့သည် ဖောက်ပြန်သော သဘောအားဖြင့် စိတ်ကို မွှေနှောက်ချောက်ချားတတ် ကုန်၏''ဟုကာမဂုဏ်တို့၌ အပြစ်ကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၇။ ''ဤကာမဂုဏ်သည် ဘေးရန်လည်း မည်၏၊ အိုင်းအမာလည်း မည်၏၊ ကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝေါလည်း မည်၏၊ အနာရောဂါလည်း မည်၏၊ ငြောင့်တံသင်းလည်း မည်၏၊ ဘေးလည်းမည်၏''ဟု ကာမဂုဏ်တို့၌ ဤသို့သော ဘေးကို ရှုမြင်ပြီး၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၈။ အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ ဆာလောင်ခြင်းကိုလည်းကောင်း၊ မွတ်သိပ်ခြင်းကိုလည်းကောင်း၊ လေ နေပူတို့ကိုလည်းကောင်း၊ ခြင်, မှက်, မြွေ, ကင်း, သန်းတို့ကိုလည်းကောင်း ဤအလုံးစုံတို့ကို လွှမ်းမိုးနှိမ်နင်း၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၀၉။ 'ကောင်းသော လုံးရပ်, သဏ္ဌာန်, ကြန်အင်လက္ခဏာရှိသော ပဒုမ္မာကြာအဆင်းရှိ၍ မြင့်မြတ်သောဆင်ပြောင်ကြီးသည် ဆင်အပေါင်းတို့ကို ရှောင်ဖယ်စွန့်ခွာလျက် တော၌ မွေ့လျော်သရွေ့ နေသကဲ့သို့' ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၀။ ''အပေါင်းအဖော်၌ မွေ့လျော်သူအား (ဝင်စားဆဲ၌) ကိလေသာမှ လွတ်မြောက်မှု လောကီသမာပတ်ကို ရနိုင်ရာ၏''ဟူသော အကြောင်းမျိုးသည် အကြောင်းမှန် မဟုတ်နိုင်၊ ဤသို့လျှင် နေမင်း၏ အဆွေဖြစ်တော်မူသော ပစ္စေကဗုဒ္ဓါ၏ စကားတော်ကို (ဉာဏ်ဖြင့်) ဆင်ခြင်၍ (အပေါင်းအဖော်၌) မွေ့လျော်မှုကို ပယ်ဖျောက်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၁။ (ငါသည် ) မိစ္ဆာအယူဟူသော ငြောင့်တံသင်းတို့ကို လွန်၍ ဖြစ်ပြီးလျှင် သောတာ ပတ္တိမဂ်သို့ ရောက်ပြီးသူ, အထက်မဂ်သုံးပါးကို ရပြီးသူဖြစ်၍ သူတစ်ပါးတို့ သိစေအပ်သည် မဟုတ်ဘဲ ဖြစ်ပေါ်လာသော ပစ္စေကဗောဓိဉာဏ်ရှိသူ ဖြစ်၏၊ (ထို့ကြောင့် ဗောဓိဉာဏ်ကို အလိုရှိသူသည်) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၂။ အာဟာရ၌ လော်လည်ခြင်းကင်းသူ၊ အံ့ဩဖွယ်ပြုခြင်းမှ ကင်းသူ၊ မွတ်သိပ်ခြင်းမှ ကင်းသူ၊ သူ့ကျေးဇူးကို ချေဖျက်ခြင်းမှ ကင်းသူ၊ တွေဝေမှုဖန်ရည်ကို ထုတ်နုတ်အပ်ပြီးသူ၊ လောကအားလုံး၌ တွယ်တာမှု 'တဏှာ' ကင်းသူ ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၃။ အကျိုးမဲ့ကို ပြတတ်သော, ကာယဒုစရိုက်စသည့် မညီမညွတ်ရာ၌ သက်ဝင်တတ် သော, ကာမ၌လိုက်စားသော, ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့တတ်သော, ယုတ်ညံ့သော အပေါင်းအဖော်ကို ရှောင်ရာ၏၊ မိမိအလိုအားဖြင့် မမှီဝဲရာ၊ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၄။ အကြားအမြင်များ၍ တရားကို ဆောင်သူ၊ မြင့်မြတ်ပြန့်ပြောသော ပဋိဘာန်ဉာဏ် အမြင်ရှိသူ မိတ်ဆွေကို မှီဝဲဆည်းကပ်ရာ၏။ အကျိုးစီးပွါးတို့ကို သိ၍ ယုံမှားခြင်းကို ပယ် ဖျောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၅။ ''လောက၌ မြူးထူးခြင်းကိုလည်းကောင်း၊ မွေ့လျော်ခြင်းကိုလည်းကောင်း၊ ကာမချမ်းသာကိုလည်းကောင်း တင့်တယ်လျောက်ပတ်၏''ဟု မယူမူ၍ ငဲ့ကွက်ခြင်း မရှိဘဲ အတင့်အတယ်ပြုခြင်းမှ ရှောင်ကြဉ်ကာ အမှန်စကားကို ပြောဆိုလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၆။ သားသမီးကိုလည်းကောင်း၊ မယားကိုလည်းကောင်း၊ အဖကိုလည်းကောင်း၊ အမိကိုလည်းကောင်း၊ ဥစ္စာတို့ကိုလည်းကောင်း၊ ကောက်ပဲသီးနှံတို့ကိုလည်းကောင်း၊ မိတ်ဆွေအပေါင်းအဖော်တို့ကိုလည်းကောင်း၊ မိမိ, မိမိတို့၏ အပိုင်းအခြားအလိုက် တည်ကုန်သော ကာမဂုဏ်တို့ကိုလည်းကောင်း စွန့်ပယ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၇။ ''ဤကာမဂုဏ်သည် သတ္တဝါတို့ ငြိတွယ်ရာ ဖြစ်၏၊ ဤကာမဂုဏ်၌ ချမ်းသာခြင်း သည် နည်းပါး၏၊ ဤကာမဂုဏ်၌ သာယာဖွယ်မရှိ၊ ဆင်းရဲများ၏၊ ဤကာမဂုဏ်၌ ငါးမျှား ချိတ်နှင့် တူ၏''ဟုသိ၍ ပညာရှိသောသူသည် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၁၈။ 'ရေ၌ ကျက်စားသော ငါးသည် ပိုက်ကွန်ကို ဖြတ်တောက်၍ မကပ်မငြိ သွားသကဲ့ သို့' (သံယောဇဉ်) အနှောင်အဖွဲ့တို့ကို အကြွင်းမဲ့ ဖြတ်တောက်ပြီးလျှင် 'မီးသည် လောင် ကျွမ်းပြီးရာအရပ်သို့ ပြန်လှည့်မလာသကဲ့သို့' (ကာမဂုဏ်တောသို့ ပြန်မလှည့်မူ၍) ကြံ့ချိုပမာ တစ်ယောက်တည်းကျင့်ရာ၏။

၁၁၉။ အောက်သို့ မျက်လွှာချသည် ဖြစ်၍ ခြေထောက် မလျှပ်ပေါ်ဘဲ စောင့်ရှောက်သော ဣန္ဒြေ, စောင့်စည်းသော စိတ်ရှိသဖြင့် ကိလေသာမိုးလည်း မစိုစွတ်၊ ကိလေသာမီးလည်း မလောင်မြိုက်မူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၀။ လူ့အသွင်အပြင်တို့ကို ပယ်စွန့်၍ အိမ်မှ ထွက်ပြီးလျှင် 'ကောင်းစွာ ဖုံးလွှမ်းထား သော အရွက်ရှိသော ပင်လယ်ကသစ်ပင်ကဲ့သို့' ဖန်ရည်ဆိုး အဝတ်သင်္ကန်းတို့ကို ဝတ်ရုံဖုံး လွှမ်းလျက်ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၁။ ရသာရုံ၌လည်း တပ်မက်မောခြင်းကို မပြု၊ လျှပ်ပေါ်သော တဏှာလည်း မရှိ၊ သူတစ်ပါးတို့ မွေးမြူမှုကိုလည်း မခံယူဘဲ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လျက် အမျိုးတိုင်း အမျိုးတိုင်း၌ ကပ်ငြိနှောင်ဖွဲ့သောစိတ် မရှိမူ၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၂။ စိတ်၏ အပိတ်အပင် နီဝရဏငါးပါးတို့ကို ပယ်၍ အလုံးစုံသော ညစ်ညူးကြောင်း တို့ကို နုတ်ပယ်လျက် မိစ္ဆာဒိဋ္ဌိကို မမှီဘဲ ချစ်ခြင်းတဏှာဟူသော 'သိနေဟ' နှင့် အမျက် ဒေါသကို ဖြတ်တောက်ပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၃။ ချမ်းသာ 'သုခ' ကိုလည်းကောင်း၊ ဆင်းရဲ 'ဒုက္ခ' ကိုလည်းကောင်း၊ ဝမ်းမြောက်ခြင်း 'သောမနဿ' ကိုလည်းကောင်း၊ နှလုံးမသာခြင်း 'ဒေါမနဿ' ကိုလည်းကောင်း ရှေးအဖို့ (ဥပစာရ) ၌ပင်လျှင် စွန့်ပစ်ပယ်ရှား ကျောခိုင်းထားလျက် အထူးသဖြင့် စင်ကြယ်၍ ငြိမ်သက်တည်ကြည်သော (စတုတ္ထဈာန်) ဥပေက္ခာကို ရပြီးလျှင် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၄။ နိဗ္ဗာန်ဟူသော မြတ်သော အကျိုးသို့ ရောက်ခြင်းငှါ ထက်သန်သော လုံ့လ, မဆုတ်နစ်သောစိတ်, မပျင်းရိသော ဖြစ်ခြင်း, မြဲမြံသော ဝီရိယရှိသည် ဖြစ်၍ ကိုယ်အား, ဉာဏ်အားနှင့် ပြည့်စုံလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၅။ တစ်ယောက်တည်း ကိန်းအောင်းခြင်းကိုလည်းကောင်း၊ ဈာန်ကိုလည်းကောင်း မကင်းဆိတ်စေမူ၍ ခန္ဓာငါးပါးတရားတို့၌ အစဉ်တစိုက် လိုက်သော ဝိပဿနာအကျင့်ကို အမြဲ ကျင့်သည် ဖြစ်၍ ဘဝတို့၌အပြစ်ကို ဆင်ခြင်သုံးသပ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့် ရာ၏။

၁၂၆။ တဏှာကုန်ရာ နိဗ္ဗာန်ကို တောင့်တလျက် မမေ့, မလျော့ မထိုင်း, မအဘဲ အကြား အမြင် 'သုတ'၊ အောက်မေ့မှု 'သတိ' ရှိသည် ဖြစ်၍ ပိုင်းခြားသိအပ်ပြီးသော တရားရှိသူ, အရိယာမဂ်ဖြင့် မြဲခြင်းသို့ရောက်ပြီးသူ, သမ္မပ္ပဓာန်လုံ့လရှိသူ ဖြစ်လျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၇။ 'ခြင်္သေ့သည် အသံတို့ကြောင့် မထိတ်လန့်သကဲ့သို့' အနိစ္စ စသည်တို့ကြောင့် မထိတ်လန့်ဘဲ 'လေသည် ပိုက်ကွန်၌ မကပ်ငြိသကဲ့သို့' ခန္ဓာစသည်တို့၌ မကပ်ငြိဘဲ 'ပဒုမ္မာ ကြာသည် ရေဖြင့်မလိမ်းကျံသကဲ့သို့' ကိလေသာဖြင့် မလိမ်းကျံဘဲ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၈။ 'အစွယ်ဟူသော အားရှိသော ခြင်္သေ့မင်းသည် သားကောင်တို့ကို နှိပ်စက်လွှမ်းမိုး၍ လှည့်လည်သွားလာသကဲ့သို့' ဝေးသော ကျောင်း အိပ်ရာ နေရာတို့ကို မှီဝဲလျက် ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၂၉။ တစ်ရံတစ်ခါ ဆန့်ကျင်ဘက်တို့မှ လွတ်မြောက်သော ချစ်ခြင်း 'မေတ္တာ' ကိုလည်း ကောင်း၊ လျစ်လျူရှုမှု 'ဥပေက္ခာ' ကိုလည်းကောင်း၊ သနားမှု 'ကရုဏာ' ကိုလည်းကောင်း၊ ဝမ်းမြောက်မှု 'မုဒိတာ' ကိုလည်းကောင်း မှီဝဲလျက် အလုံးစုံသော လောကနှင့် မဆန့်ကျင်မူ၍ ကြံ့ချို ပမာတစ်ယောက်တည်း ကျင့်ရာ၏။

၁၃၀။ တပ်စွန်းမှု 'ရာဂ' ကိုလည်းကောင်း၊ အမျက်ထွက်မှု 'ဒေါသ' ကိုလည်းကောင်း၊ တွေဝေမှု 'မောဟ' ကိုလည်းကောင်း ပယ်စွန့်လျက် သံယောဇဉ်အနှောင်အဖွဲ့တို့ကို ဖြတ်တောက်ကာ အသက်ကုန်ဆုံးခြင်း၌ ထိတ်လန့်မှု မရှိသည်ဖြစ်၍ ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၃၁။ ယခုအခါ အဆွေခင်ပွန်းတို့သည် ကိုယ်ကျိုးကိုယ်စီးပွားဟူသော အကြောင်းကြောင့် သာလျှင် ဆည်းကပ်ကြကုန်၏၊ မှီဝဲကြကုန်၏၊ ကိုယ်ကျိုးကိုယ်စီးပွားဟူသော အကြောင်းမရှိ ကုန်ဘဲ ဆည်းကပ်မှီဝဲသူ အဆွေခင်ပွန်းတို့ကို ရခဲကုန်၏၊ မစင်ကြယ်သော လူတို့သည် ကိုယ်ကျိုးကိုယ်စီးပွားကိုသာ မြင်စွမ်းနိုင်သည့် ပညာရှိကုန်၏၊ (ထိုသို့သဘောရှိသောသူတို့မှ ငြီးငွေ့သည်ဖြစ်၍) ကြံ့ချိုပမာ တစ်ယောက်တည်း ကျင့်ရာ၏။

၁၃၂-၁၃၃။ အထူးသဖြင့် စင်ကြယ်သည့် (စတုပါရိသုဒ္ဓိ) သီလရှိကုန်သော ၊ စင်ကြယ် သော မဂ်ဖိုလ်ပညာရှိကုန်သော ၊ တည်ကြည်သော 'သမာဓိ' ရှိကုန်သော ၊ နိုးကြားခြင်း၌ မပြတ်ယှဉ်ကုန်သော ၊ (တရားကို) ရှုလေ့ရှိကုန်သော ၊ တရားအထူးကို မြင်လေ့ရှိကုန်သော ၊ မဂ္ဂင်, ဗောဇ္ဈင်တို့နှင့်ယှဉ်သောတရားတို့ကို သိကုန်သော အကြင်ပစ္စေကဗုဒ္ဓါတို့သည် (အနတ္တာ နုပဿနာ အစွမ်းဖြင့်) သုညတဝိမောက္ခကိုလည်းကောင်း၊ (ဒုက္ခာနုပဿနာ အစွမ်းဖြင့်) အပ္ပဏိဟိတဝိမောက္ခကိုလည်းကောင်း၊ ထို့အတူ (အနိစ္စာနုပဿနာအစွမ်းဖြင့်) အနိမိတ္တ ဝိမောက္ခကိုလည်းကောင်း မှီဝဲသောအားဖြင့် ပွါးများ၍ မြတ်စွာဘုရား သာသနာတော်၌ တပည့် 'သာဝက' အဖြစ်သို့ မရောက်ကြကုန်။ ထိုပစ္စေကဗုဒ္ဓါဘုရားလောင်းတို့သည် အလိုလို သိသော ပစ္စေကဗုဒ္ဓါတို့ ဖြစ်ကုန်၏။

၁၃၄-၁၃၅။ များသော တရားရှိကုန်သော ၊ များစွာသော တရားတည်းဟူသော ကိုယ်ရှိ ကုန်သော ၊ စိတ်ကို အစိုးရကုန်သော ၊ ခပ်သိမ်းသော ဆင်းရဲအလျဉ်ကို ကူးမြောက်ပြီးကုန် သော၊ တက်ကြွသောစိတ်ရှိကုန်သော ၊ မြတ်သော နိဗ္ဗာန်ကို မြင်လေ့ရှိကုန်သော ၊ ခြင်္သေ့မင်း နှင့် တူကုန်သော ၊ ကြံ့ချိုနှင့်တူကုန်သော ၊ ငြိမ်သက်သော ဣန္ဒြေရှိကုန်သော ၊ ငြိမ်သက်သော စိတ်ရှိကုန်သော ၊ တည်ကြည်သော 'သမာဓိ' ရှိကုန်သော ၊ ပစ္စန္တရစ်၌ ဖြစ်သော သတ္တဝါတို့၌ သနား 'ကရုဏာ' စသည်ဖြင့် ကျက်စားသော အာရုံရှိကုန်သော ၊ သူတစ်ပါးအကျိုးစီးပွားကို ပြတတ်ကုန်သော ၊ ဤလောက၌ ပညာရောင်ဖြင့် တောက်ပကုန်သော ဤပစ္စေကဗုဒ္ဓါတို့သည် အကျိုးစီးပွားကို အမြဲဆောင်ကုန်၏။

၁၃၆။ (နီဝရဏ) တရားအားလုံးတို့ကို ပယ်ပြီးဖြစ်ကုန်သော ၊ လူတို့ကို အစိုးရကုန်သော ၊ လူတို့ မှီခိုရာကိုင်းကျွန်းသဖွယ်ဖြစ်ကုန်သော ၊ တစ်ခဲနက်သော ရွှေနှင့်တူသော အရောင်ရှိကုန် သော၊ စင်စစ် လူတို့၏ မြတ်သောအလှူကို ခံထိုက်ကုန်သော ဤပစ္စေကဗုဒ္ဓါတို့သည် အမြဲ ဝင်စားအပ်သော သမာပတ်ရှိကုန်၏။

၁၃၇။ ပစ္စေကဗုဒ္ဓါတို့၏ ကောင်းစွာ ဟောအပ်သော တရားတို့ကို နာကြကုန်လျက် နတ်နှင့်တကွသော လောက၌ (ဟောတော်မူတိုင်း) လိုက်နာကျင့်ကြံကြကုန်၏၊ အကြင်လူမိုက် တို့သည် (ဟောတော်မူတိုင်း) မလိုက်နာကြကုန်၊ ထိုလူမိုက်တို့သည် ဝဋ်ဆင်းရဲတို့၌ အဖန် တလဲလဲ ကျင်လည်ကြရကုန်၏။

၁၃၈။ 'ယိုစီးသော ပျားငယ်ရည်ကဲ့သို့' ပစ္စေကဗုဒ္ဓါတို့၏ ကောင်းစွာ ဟောတော်မူအပ် သောတရားတို့ကို ကြားနာရကုန်၍ အကြင်သူတို့သည် ကြားနာရသည့်အတိုင်း အကျင့်နှင့် ယှဉ်ကုန်၏၊ ပညာရှိကုန်သော ထိုသူတို့သည် သစ္စာလေးပါးတရားကို သိမြင်ရကုန်၏။

၁၃၉။ ပစ္စေကဗုဒ္ဓါဘုရားတို့သည် ဟောတော်မူအပ်ကုန်သော မြတ်သောထိုတရားတို့ကို တောထွက်တော်မူ၍ သာကီဝင်မင်းတို့ထက်မြတ်သော လူတို့ထက်မြတ်သော ဘုရားရှင်သည် လောကုတ္တရာတရား ကိုးပါးကို သိစေခြင်းငှါ ပြတော်မူ၏။

၁၄၀။ လူအပေါင်းကို သနားတော်မူသဖြင့် ထိုပစ္စေကဗုဒ္ဓါရှင်တို့ ဤသို့ဟောတော်မူအပ် သော တရားတို့ကို (သံသရာ၌) ထိတ်လန့်ခြင်း, ကပ်ငြိခြင်း ကင်းခြင်းငှါလည်းကောင်း၊ ပညာပွါးစေခြင်းငှါလည်းကောင်း အလိုလိုသိသော ဘုရားမြတ်သည် ထင်ရှားပြတော်မူအပ် ကုန်၏။ ။

ပစ္စေကဗုဒ္ဓအပဒါန် ပြီး၏။

------

၃-၁-သာရိပုတ္တတ္ထေရအပဒါန်

ပစ္စေကဗုဒ္ဓအပဒါန်၏ အခြားမဲ၌ ထေရအပဒါန်ကို နာကြကုန်လော-

၁၄၁။ ဟိမဝန္တာတောင်၏ အနီး၌ လမ္ဗကမည်သော တောင်သည် ရှိ၏၊ (ထိုတောင်၌) ငါသည် သင်္ခမ်းကျောင်းကို ကောင်းစွာ ပြုအပ်၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန်ဆင်းအပ်၏။

၁၄၂။ ငါ၏ သင်္ခမ်းကျောင်းအနီး၌ အလွန် မတ်စောက်သော ကမ်းပါးရှိသည် ဖြစ်၍ ကောင်းသောဆိပ်ကမ်းရှိသော မြစ်ငယ်သည် နှလုံးမွေ့လျော် ပျော်ရွှင်ဖွယ် ကောင်း၏၊ (ပုလဲ အသွင်) ဖြူစင်သောသဲပြင်လည်း ရှိ၏။

၁၄၃။ ထိုသင်္ခမ်းကျောင်းအနီး၌ ကျောက်စရစ် ကင်း၍ အလွန်မနက်ရှိုင်းသော, စက်ဆုပ် ဖွယ်ရနံ့ကင်းသောကြောင့် ချိုမြိန်သော ရေရှိသော မြစ်ငယ်သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက်စီးဆင်း၏။

၁၄၄။ ဤမြစ်ငယ်၌ မိကျောင်း, မကန်းတို့သည်လည်းကောင်း၊ ကြမ်းတမ်းသော ငါးတို့သည်လည်းကောင်း၊ လိပ်တို့သည်လည်းကောင်း ငါ၏သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်လျက့်ထိုသင်္ခမ်းကျောင်းအနီး၌ ဖြစ်သော မြစ်၌ ကျက်စားကုန်၏။

၁၄၅။ ငါးဖယ်, ငါးတန်, ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်း, ငါးခူတို့သည်လည်းကောင်း ထိုမှဤမှ ခုန်ပျံမြူးထူးကြကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေ ကုန်၏။

၁၄၆။ မြစ်၏ ကမ်းနှစ်ဖက်တို့၌ အပွင့်အသီးရှိကုန်သော သစ်ပင်တို့သည် ကမ်းနှစ်ဖက် တို့မှတွဲရရွဲကျကုန်လျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၁၄၇။ သရက်ပင်, အင်ကြင်းပင်, ပြည့်စင်ပင်တို့သည်လည်းကောင်း၊ သခွတ်ပင်, ရေဥနှဲပန်းပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကြကုန်သော ကြောင့် နတ်ပန်းရနံ့ကဲ့သို့သော ရနံ့တို့သည် ငါ၏ သင်္ခမ်းကျောင်း၌ ထက်ဝန်းကျင် သင်းပျံ့ကြိုင်လှိုင်ကုန်၏။

၁၄၈။ စံကားပင်, ထင်းရှူးပင်, ကျည်းပင်တို့သည်လည်းကောင်း၊ ကံ့ကော်ပင်, ပုန်း ညက်ပင်, ဆပ်သွားပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကြကုန်သည် ဖြစ်၍ နတ်ပန်း ရနံ့ကဲ့သို့သောရနံ့တို့သည် ငါ၏ သင်္ခမ်းကျောင်း၌ ထက်ဝန်းကျင် သင်းပျံ့ကြိုင်လှိုင်ကုန်၏။

၁၄၉။ ငါ၏ သင်္ခမ်းကျောင်း၌ စစ်ကြီးပင်, သော်ကပင်, ဘဂိနီမာလာပင်တို့သည် အမြဲ မပြတ် ပွင့်၍ နေကြကုန်၏၊ မှန်ကူပင်, မျက်နှာပန်းပင်တို့သည်လည်း အမြဲမပြတ် ပွင့်၍ နေ ကြကုန်၏။

၁၅၀။ ဆပ်သွားဖူးပင်, ခတ္တာပင်တို့သည်လည်းကောင်း၊ ဆူးပန်းပင်, စံပယ်, ကြက်ရုန်းပင်တို့သည်လည်းကောင်း နတ်ပန်းရနံ့ကဲ့သို့သော ရနံ့ကို သင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၁၅၁။ မဟာလှေကားကြီး, မဟာလှေကားကလေးပင်တို့သည်လည်းကောင်း၊ များစွာ သောပိတောက်ပင်, ဖောက်ကြံ့ပင် (ထောက်ကြံ့ပင်) တို့သည်လည်းကောင်း နတ်ပန်းရနံ့ ကဲ့သို့သော ရနံ့ကို သင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၁၅၂။ ပုန်းညက်ပင်တို့သည်လည်းကောင်း၊ တောင်ပုန်းညက်ပင်တို့သည်လည်းကောင်း၊ ပင်လယ်ကသစ်ပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကုန်သည် ဖြစ်၍ နတ်ပန်းရနံ့ကဲ့သို့ သောရနံ့ကို သင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၁၅၃။ ငုရွှေပင်တို့သည်လည်းကောင်း၊ လက်ထုတ်ပင်တို့သည်လည်းကောင်း၊ များစွာသောထိမ်ပင်တို့သည်လည်းကောင်း၊ ချရားပင်တို့သည်လည်းကောင်း နတ်ပန်းရနံ့ကဲ့သို့သော ရနံ့ကိုသင်းပျံ့ကြိုင်လှိုင်စေလျက် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေကုန်၏။

၁၅၄။ ပဲဘတ်ပင်, ပဲနောက်ပင်တို့သည်လည်းကောင်း၊ ငှက်ပျောပင်, ရှောက်ပင်တို့သည်လည်းကောင်းထိုသစ်ပင်တို့သည် ကောင်းစွာ ကြီးပွားကြရကုန်သည် ဖြစ်၍ အသီးတို့ကို ဆောင်ကုန်၏။

၁၅၅။ ထိုအခါ ငါ၏ သင်္ခမ်းကျောင်းအနီး ဖြစ်သော တစ်ဖက်ဆည်ကန်၌ အချို့သော ပဒုမ္မာကြာတို့သည် ပွင့်ကြကုန်၏၊ အချို့ကား ပွင့်ပြီးကုန်သည် ဖြစ်၍ ကြာရွက်မျှသာ ရှိကုန်၏။

၁၅၆။ ထိုအခါ တစ်ဖက်ဆည်ကန်၌ အချို့သောပဒုမ္မာကြာတို့သည် ဝတ်မှုန်တည်းဟူသော ကိုယ်ဝန်ကိုယူကုန်၏၊ ကြာစွယ်တို့ ထွက်ပေါ်ကုန်၏၊ အရွက်တို့ဖြင့် ပြွမ်းသော ကြာပင်ရုံတို့သည်တင့်တယ်ကုန်၏။

၁၅၇။ ထိုအခါ တစ်ဖက်ဆည်ကန်၌ လံဗူးချုံတို့သည်လည်းကောင်း၊ သရက်နံ့ရှိသောပန်းပင်တို့သည်လည်းကောင်း၊ မြစ်ကိုင်းပန်းပင်တို့သည်လည်းကောင်း၊ ခေါင်ရန်းပန်းပင်တို့သည်လည်းကောင်း အမြဲမပြတ် ပွင့်ကြကုန်သည်ဖြစ်၍ နတ်ပန်းရနံ့ကဲ့သို့သော ရနံ့တို့သည် သင်းပျံ့ကြိုင်လှိုင်ကုန်၏။

၁၅၈။ ထိုအခါ တစ်ဖက်ဆည်ကန်၌ ငါးဖယ်, ငါးတန်, ငါးပတ်တို့သည်လည်းကောင်း၊ ငါးရံ့, ငါးကြင်း, ငါးနုသန်း, ငါးခူတို့သည်လည်းကောင်း နေကုန်၏။

၁၅၉။ ထိုအခါ တစ်ဖက်ဆည်ကန်၌ မိကျောင်း, ကြမ်းတမ်းသော ငါး, ညံသတ္တဝါတို့သည်လည်းကောင်း၊ ရေစောင့်ဘီလူးတို့သည်လည်းကောင်း၊ ဩဂုဟမည်သော မြွေ, စပါးကြီးမြွေ တို့သည်လည်းကောင်းနေကုန်၏။

၁၆၀။ ခို, ငှက်, ဝမ်းဘဲ, စက္ကဝက်ငှက်တို့သည်လည်းကောင်း၊ တင်ကျီး, ဥဩ, ကျေး, သာလိကာတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေးကုန်၏။

၁၆၁။ ဘုတ်ငှက်, ပုစွန် (ငှက်) တို့သည်လည်းကောင်း၊ တော၌ သင်္ကန်းဖွပ်ငှက်, ဘုံမတီးငှက်, ငှက်ကုလားတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက် မွေးကုန်၏။

၁၆၂။ ဟင်္သာ, ကြိုးကြာ, ဥဒေါင်းတို့သည်လည်းကောင်း၊ ဥဩ, တောကြက်, (ခရု စုတ်) ငှက်, ဇီဝဇိုးငှက်တို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေး ကုန်၏။

၁၆၃။ ခင်ပုပ်ငှက်, တောင်ပုတီးငှက်, ဝန်လိုငှက်တို့သည်လည်းကောင်း၊ သိမ်းစွန်ငှက်တို့သည်လည်းကောင်း၊ များစွာသော ငှက်နက်ကြီးတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေးကုန်၏။

၁၆၄။ ချေ, ဝက်, စာမရီသားကောင်, ကြံ့တို့သည်လည်းကောင်း၊ များစွာသော စိုင်တို့သည်လည်းကောင်း၊ သုကပေါတမည်သော သားတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန် ကိုအမှီပြု၍ အသက်မွေးကုန်၏။

၁၆၅။ ခြင်္သေ့, ကျား, သစ်, ဝံပုလွေ, အောင်းတို့သည်လည်းကောင်း၊ အရပ်သုံးပါးမှ ယိုစီး ကျသောမုန်ရှိသော ဆင်တို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက် မွေးကုန်၏။

၁၆၆။ ကိန္နရာ, မျောက်တို့သည်လည်းကောင်း၊ ထိုမှတစ်ပါး တောအလုပ်သမား, ငါး မုဆိုး တံငါ, သားမုဆိုးတို့သည်လည်းကောင်း ထိုတစ်ဖက်ဆည်ကန်ကို အမှီပြု၍ အသက်မွေး ကုန်၏။

၁၆၇။ တည်ပင်, လွန်ပင်တို့သည်လည်းကောင်း၊ သစ်မည်စည်ပင်, သရက်ဖြူပင်တို့သည်လည်းကောင်းငါ၏ သင်္ခမ်းကျောင်းမှ မနီးမဝေးသော အရပ်၌ အမြဲ အသီးတို့ကို ဆောင် ကုန်၏။

၁၆၈။ ကြို့ပင်, ထင်းရှူးပင်, တမာပင်တို့သည် ကောင်းသော အသီး သီးကုန်လျက် ငါ၏သင်္ခမ်းကျောင်းမှ မနီးမဝေးသော အရပ်၌ အမြဲ အသီးတို့ကို ဆောင်ကုန်၏။

၁၆၉။ သဖန်းခါးပင်, သျှိသျှားပင်, သရက်ပင်, သပြေပင်, သစ်ဆိမ့်ပင်တို့သည်လည်း ကောင်း၊ အိမ်ဆီးပင်, ချေးပင် (သစ်စေးပင်), ဥသျှစ်ပင်တို့သည်လည်းကောင်း ထိုသစ်ပင်တို့သည် အသီးတို့ကို ဆောင်ကုန်၏။

၁၇၀။ မျောက်ပင်, သင်းတောက်ပင်, ပိန်းပင်, သတွေးပင်, ကန်စွန်းကြီးပင်တို့သည်လည်းကောင်း၊ သုတကမည်သော သစ်ပင်တို့သည်လည်းကောင်း ငါ၏ သင်္ခမ်းကျောင်း၌ များပြားကုန်၏။

၁၇၁။ သင်္ခမ်းကျောင်း၏ အနီး၌ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော ကြည်လင်သောရေ အေးမြသောရေရှိကုန်သော ကောင်းသော ရေဆိပ်ရှိသော နှလုံးမွေ့လျော်ဖွယ်ရှိကုန်သော တစ်ဖက်ဆည်ကန်တို့သည် ရှိကုန်၏။

၁၇၂။ ပဒုမ္မာကြာ, ဥပ္ပလကြာတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော, ပုဏ္ဍရိက်ကြာတို့နှင့် ကောင်းစွာယှဉ်ကုန်သော, မျောက်လှေကူးတို့ဖြင့် ဖုံးလွှမ်းအပ်ကုန်သော ရေကန်တို့သည် ဖြစ်ကုန်၏၊ နတ်ပန်းရနံ့ကဲ့သို့သော ရနံ့သည် သင်းပျံ့ကြိုင်လှိုင်၏။

၁၇၃။ ငါသည် သုရုစိရသေ့ဖြစ်စဉ်အခါ ဤသို့ အလုံးစုံသော အင်္ဂါနှင့် ပြည့်စုံသော အပွင့်, အသီးရှိသောတောဝယ် ကောင်းစွာ ပြုအပ်သော မွေ့လျော်ဖွယ်ကောင်းသော သင်္ခမ်းကျောင်း၌ နေခဲ့၏။

၁၇၄။ ငါသည် သီလရှိသော, အကျင့်နှင့် ပြည့်စုံသော, ဈာန်ဝင်စားလေ့ရှိသော, အခါ ခပ်သိမ်း ဈာန်ဖြင့်မွေ့လျော်သော, အဘိညာဉ်ငါးပါးတည်းဟူသော အားသို့ ရောက်သော သုရုစိရသေ့ ဖြစ်ခဲ့ပြီ။

၁၇၅။ နှစ်သောင်းလေးထောင်သော တပည့်တို့သည် ငါ့အား လုပ်ကျွေးကုန်၏၊ အလုံးစုံ သောထိုပုဏ္ဏားပျိုတပည့်တို့သည်လည်း ဗြာဟ္မဏမျိုး ဖြစ်ကြကုန်၏၊ ဇာတ်နှင့် ပြည့်စုံကြ ကုန်၏၊ များသောအခြံအရံ ရှိကြကုန်၏။

၁၇၆။ အဘိဓာန်ကျမ်း, အလင်္ကာကျမ်းနှင့် တကွသော သာမုဒြိကလက္ခဏာကျမ်း၌လည်း ကောင်း၊ ဣတိဟာသရာဇဝင်ကျမ်း၌လည်းကောင်း အပြီးသို့ ရောက်ကုန်၏။ ပုဒ်၌ လိမ္မာကုန်၏၊ ဗျာကရုဏ်းကျမ်းကို တတ်ကုန်၏၊ မိမိဥစ္စာဖြစ်သော ဗေဒင်သုံးပုံ၌ အပြီးသို့ ရောက် ကုန်၏။

၁၇၇။ ကောင်းစွာ သင်အပ်ပြီးသော အတတ်ရှိကုန်သော ငါ့တပည့်တို့သည် ဥက္ကာကျခြင်း စသောဥပ္ပါတကျမ်းတို့၌လည်းကောင်း၊ ကောင်းကျိုးဆိုးကျိုးစသော နိမိတ်ကျမ်းတို့၌လည်း ကောင်း၊ လက္ခဏာကျမ်းတို့၌လည်းကောင်း၊ မြေနှင့် ပတ်သက်သော အတတ်ပညာ, ကမ္ဘာ လောကနှင့်ပတ်သက်သော အတတ်ပညာ, ကောင်းကင်နှင့် ပတ်သက်သော အတတ်ပညာ၌လည်းကောင်းလိမ္မာကုန်၏။

၁၇၈။ ထိုငါ၏ တပည့်တို့သည် အလိုနည်းကြကုန်၏၊ ရင့်ကျက်သော ပညာရှိကုန်၏၊ နည်းသောအစာရှိကုန်၏၊ လျှပ်ပေါ်လော်လည်ခြင်း မရှိကုန်၊ လာဘ်ရမှု, မရမှုဖြင့် ရောင့်ရဲကုန် လျက် အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏။

၁၇၉။ ဈာန်ဝင်စားလေ့ရှိကုန်၏၊ ဈာန်၌ မွေ့လျော်ကုန်၏၊ ပညာရှိကုန်၏၊ ငြိမ်သက်သော စိတ်ရှိကုန်၏၊ တည်ကြည်ကုန်၏၊ ကြောင့်ကြမဲ့သည်၏အဖြစ်ကို တောင့်တကုန်လျက် အခါခပ် သိမ်း ငါ့ကို ခြံရံကုန်၏။

၁၈၀။ အဘိညာဉ်ငါးပါး၏ အထွတ်အထိပ်သို့ ရောက်ကုန်သော ဖခင်၏ ဥစ္စာဖြစ်သော (ကသိုဏ်းစသော) အာရုံ၌ မွေ့လျော်ကုန်သော ကောင်းကင်၌ သွားလေ့ရှိကုန်သော ပညာရှိကုန် သောငါ၏ တပည့်တို့သည် အခါခပ်သိမ်း ငါ့ကို ခြံရံကုန်၏။

၁၈၁။ ထိုပညာရှိ ငါ၏ တပည့်တို့သည် ဒွါရခြောက်ပါးတို့၌ စောင့်စည်းကုန်၏၊ တပ်မက်မှု 'တဏှာ' ကင်းကုန်၏၊ စောင့်ရှောက်အပ်သော ဣန္ဒြေရှိကုန်၏၊ လူတို့နှင့် ရောယှက်ခြင်းလည်း မရှိကုန်၊ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲကုန်၏။

၁၈၂။ ထိုငါ၏ တပည့်တို့သည် ထက်ဝယ်ဖွဲ့ခွေ နေခြင်းဖြင့်လည်းကောင်း၊ ရပ်ခြင်း, သွားခြင်းဖြင့်လည်းကောင်း ညဉ့်ကို ကုန်လွန်စေကုန်၏၊ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဉ်းကပ် နိုင်ခဲကုန်၏။

၁၈၃။ ထိုငါ၏ တပည့်တို့သည် တပ်နှစ်သက်ဖွယ်အာရုံ၌ မတပ်နှစ်သက်ကြကုန်၊ အမျက် ထွက်ဖွယ်အာရုံ၌ အမျက်မထွက်ကြကုန်၊ တွေဝေဖွယ်အာရုံ၌ မတွေဝေကြကုန်၊ (သူတစ်ပါး တို့ နှိပ်စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲကုန်၏။

၁၈၄။ ထိုငါ၏ တပည့်တို့သည် တန်ခိုးကို စူးစမ်းလိုကုန်သည် ဖြစ်၍ အခါခပ်သိမ်း တန်ခိုးဖန်ဆင်းခြင်းကိုဖြစ်စေကုန်၏၊ ထိုငါ၏ တပည့်တို့သည် မြေကို ပြင်းစွာ တုန်လှုပ်စေ ကုန်၏၊ ခြုပ်ခြယ်ရမ်းကားထိပါးလိုသဖြင့် ချဉ်းကပ်နိုင်ခဲကုန်၏၊ (သူတစ်ပါးတို့ နှိပ်စက် ခြင်းငှါ) ချဉ်းကပ်နိုင်ခဲကုန်၏။

၁၈၅။ ထိုငါ၏ တပည့်တို့သည် ကစားလိုကုန်သော် ဈာန်ကစားခြင်းကိုသာ ကစားကြ ကုန်၏၊ ဇမ္ဗုသပြေပင်မှ အသီးကို ဆောင်ကုန်၏၊ ငါ၏ တပည့်တို့သည် (သူတစ်ပါးတို့ နှိပ် စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲကုန်၏။

၁၈၆။ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲသော ငါ၏ တပည့်တို့သည် အာဟာရ ရှာမှီးရန်အချို့ အနောက်ကျွန်းသို့ သွားကုန်၏၊ အချို့ကား အရှေ့ကျွန်းသို့ အချို့ကား မြောက်ကျွန်းသို့သွားကုန်၏။

၁၈၇။ ထိုငါ၏ တပည့်တို့သည် ရှေ့မှ ရသေ့ပရိက္ခရာကို သွားစေ၍ နောက်မှ မိမိတို့ လိုက်ကြကုန်၏၊ နှစ်သောင်းလေးထောင်သော ရသေ့တို့ဖြင့် ကောင်းကင်သည် ဖုံးလွှမ်းအပ် သည် ဖြစ်၏။

၁၈၈။ အချို့သော ရသေ့တို့သည် မီးဖြင့် ချက်၍ စားကုန်၏၊ အချို့တို့ကား မီးဖြင့် ချက်၍ မစားကုန်၊ အချို့တို့ကား သွားဖြင့် ကိုက်၍ စားကုန်၏၊ အချို့တို့ကား ဆုံငယ်တို့ဖြင့် ထောင်း၍ စားကုန်၏၊ အချို့တို့ကား ကျောက်ဖြင့် ထု၍ စားကုန်၏၊ အချို့တို့ကား အလိုလို ကြွေကျသော သစ်သီးကိုစားကုန်၏။

၁၈၉။ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲကုန်သော ငါ၏တပည့်တို့သည် အချို့ စင်ကြယ်ခြင်း၌မွေ့လျော်ကုန်သည်ဖြစ်၍ အချို့ နေ့ရောညဉ့်ပါ ရေသို့ သက်ဆင်းကုန်၏၊ အချို့တို့ကားရေသွန်းလောင်းခြင်းကို ပြုကုန်၏။

၁၉၀။ (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဉ်းကပ်ဝံ့ခဲကုန်သော ငါ၏ တပည့်တို့သည် ပေါက်သောလက်ကတီးမွေး, ခြေသည်း, လက်သည်း, မုတ်ဆိတ်, ကြင်စွယ်မွေး ရှိကုန်၏၊ သွားချေးကပ်သောသွားရှိကုန်၏၊ မြူကပ်သော ဦးခေါင်း ရှိကုန်၏၊ သီလရနံ့ဖြင့် ကြိုင်လှိုင် ကုန်၏။

၁၉၁။ ထက်သော အကျင့်ရှိကုန်သော ရသေ့တို့သည် နံနက်အခါ၌သာ စည်းဝေးကြကုန်၍ လာဘ်ရသည်, မရသည်ကို ပြောကြားပြီးသောအခါ ကောင်းကင်၌ သွားကြကုန်၏။

၁၉၂။ ကောင်းကင်ခရီးဖြင့် သွားကြကုန်သော ထိုရသေ့တို့၏ လျှော်တေသင်္ကန်းကြောင့် ဖြစ်သောကြီးစွာသော အသံသည် ဖြစ်ပေါ်၏၊ ထိုရသေ့တို့ ဆောင်သော သစ်နက်ရေအသံဖြင့် နတ်တို့သည် ဝမ်းမြောက်ကြရကုန်၏။

၁၉၃။ ကောင်းကင်၌ သွားကုန်သော ရသေ့တို့သည် ထိုထိုအရပ်သို့ ဖဲသွားကြကုန်၏၊ ထိုရသေ့တို့သည် မိမိတန်ခိုးအစွမ်းဖြင့် ထောက်ပံ့ကုန်၍ အလိုရှိရာ အရပ်သို့ သွားကြကုန်၏။

၁၉၄။ ထိုရသေ့တို့သည် မြေကြီးကို တုန်လှုပ်စေနိုင်ကုန်၏၊ အလုံးစုံသော ရသေ့တို့သည် ကောင်းကင်၌ကျက်စားနိုင်ကုန်၏၊ ထက်သော တန်ခိုးရှိကုန်၏၊ (သူတစ်ပါးတို့) နှိပ်စက်နိုင်ခဲ ကုန်၏၊ 'သမုဒ္ဒရာကဲ့သို့' (သူတစ်ပါးတို့) ချောက်ချားနိုင်ခဲကုန်၏။

၁၉၅။ အချို့သော ရသေ့တို့သည် ရပ်ခြင်း, သွားခြင်း (ဣရိယာပုထ်ဖြင့်) မျှတကုန်၏၊ အချို့သောရသေ့တို့သည် နိသဇ်ဓူတင်ဆောက်တည်ကုန်၏၊ အချို့သော ရသေ့တို့သည် အလိုလို ကြွေကျသောသစ်သီးကိုသာ စားကုန်၏၊ ငါ၏ တပည့်တို့သည် (သူတစ်ပါးတို့ နှိပ်စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲကုန်၏။

၁၉၆။ ထိုငါ၏ တပည့်တို့သည် မေတ္တာဈာန်ဖြင့် နေလေ့ရှိကုန်၏၊ အလုံးစုံသော သတ္တဝါ တို့၏အစီးအပွါးကို ရှာမှီးလေ့ရှိကုန်၏၊ အလုံးစုံသော ထိုငါ၏ တပည့်တို့သည် မိမိကိုယ်ကို မမြှောက်ပင့်ကုန်၊ ထိုငါ၏ တပည့်တို့သည် တစ်စုံတစ်ယောက်သောသူအား မရှုတ်ချကုန်။

၁၉၇။ 'ခြင်္သေ့မင်းကဲ့သို့' ထိတ်လန့်ခြင်း ကင်းကုန်သော 'ဆင်မင်းကဲ့သို့' အားကြီးကုန် သော 'ကျားကဲ့သို့' ချဉ်းကပ်ဝံ့ခဲကုန်သော ငါ၏ တပည့်တို့သည် ငါ၏ အနီးသို့ ရောက်လာ ကုန်၏။

၁၉၈။ ဝိဇ္ဇာဓိုရ်တို့သည်လည်းကောင်း၊ နတ်တို့သည်လည်းကောင်း၊ နဂါး, ဂန္ဓဗ္ဗနတ်, ရက္ခိုသ်တို့သည်လည်းကောင်း၊ ကုမ္ဘဏ်, အသုရာ, ဂဠုန်တို့သည်လည်းကောင်း ထိုရေအိုင်ကို အမှီပြု၍ အသက်မွေးကုန်၏။

၁၉၉။ ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်ကုန်သော သစ်နက်ရေကို ခြုံရုံကုန်သော ကောင်း ကင်ဖြင့်သွားကုန်သော ခပ်သိမ်းသော ထိုရသေ့တို့သည် ထိုရေအိုင်ကို အမှီပြု၍ အသက်မွေး ကုန်၏။

၂၀၀။ အခါခပ်သိမ်း သင့်လျော်သော အကျင့်ရှိကုန်သော ထိုရသေ့တို့သည် အချင်းချင်းရိုသေတုပ်ဝပ်ကုန်၏၊ နှစ်သောင်းလေးထောင်သော ရသေ့တို့၏ ချေဆတ်သော အသံသည် မရှိ။

၂၀၁။ အလုံးစုံသော ရသေ့တို့သည် တစ်ယောက်သွားသော ခြေရာ၌ တစ်ယောက်ခြေရာချ နင်းကုန်လျက်တိုးတိုးပြောသောအသံ, စောင့်စည်းသောဣန္ဒြေရှိကုန်လျက် ငါ့ကို ချဉ်းကပ်၍ ဦးခေါင်းဖြင့် ရှိခိုးကုန်၏။

၂၀၂။ ဈာန်ဝင်စားလေ့ရှိသော ဈာန်ဖြင့် မွေ့လျော်သော ငါသည် ငြိမ်သက်သော အကျင့် ကို မှီသော တပည့်တို့ ခြံရံအပ်သည်ဖြစ်၍ ထိုသင်္ခမ်းကျောင်း၌ နေ၏။

၂၀၃။ သင်္ခမ်းကျောင်းသည် ရသေ့တို့၏ သီလတည်းဟူသော ရနံ့, ပန်းရနံ့ဟူသော နှစ်ပါးသောရနံ့တို့ဖြင့်လည်းကောင်း၊ အသီး, သီးသော သစ်ပင်တို့၏ အသီးဖြင့်လည်း ကောင်းမွှေးကြိုင်သင်းထုံနေ၏။

၂၀၄။ (ထိုအခါ ငါသည် ) ညဉ့်, နေ့ကို မသိ၊ ငါ့အား မမွေ့လျော်ခြင်းသည် မရှိ၊ ငါသည် မိမိတပည့်တို့ကို ဆုံးမလျက် လွန်စွာ ပျော်ရွှင်ခြင်းကို ရ၏။

၂၀၅။ ပွင့်ကုန်သော ပန်းတို့၏လည်းကောင်း၊ မှည့်ကုန်သော အသီးတို့၏လည်းကောင်း နှစ်သက်ဖွယ်နတ်၌ဖြစ်သော ရနံ့တို့သည် ငါ၏ သင်္ခမ်းကျောင်းကို တင့်တယ်စေလျက် ကြိုင် လှိုင်စေကုန်၏။

၂၀၆။ (ထိုအခါ) ကိလေသာကို ပူပန်စေတတ်သော လုံ့လ, ရင့်ကျက်သော ပညာရှိသော ငါသည် ဈာန်သမာပတ်မှ ထ၍ တံချူ, တူးရွင်း, ခြင်းတောင်းပရိက္ခရာကို ယူ၍ တောသို့ နေ့အခါ ဝင်၏။

၂၀၇။ ထိုအခါ ဥပါတ်ကျမ်း, အိပ်မက်ကျမ်း, လက္ခဏာကျမ်းတို၌ သင်အပ်ပြီးသော အတတ်ရှိသောငါသည် မန္တန်မန္တရားပုဒ်ကို ဖြစ်စေလျက် နှုတ်တက်အာဂုံဆောင်၏။

၂၀၈။ ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူ၍ လူတို့ထက် ကြီးတော်မူသော လူတို့ ထက်မြတ်တော်မူသော ဆိတ်ငြိမ်ခြင်းကို အလိုရှိတော်မူသော သစ္စာလေးပါးကို သိတော်မူ သောအနောမဒဿီမြတ်စွာဘုးရားသည် ဟိမဝန္တာတောသို့ ချဉ်းကပ်တော်မူပြီ။

၂၀၉။ ယောက်ျားမြတ်ဖြစ်တော်မူသော မဟာကရုဏာရှင်ဖြစ်တော်မူသော ဘုရားမြတ်သည်ဟိမဝန္တာတောသို့ သက်ဝင်လျက် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူ၏။

၂၁၀။ တောက်ပသော ငုရွှေပန်းကဲ့သို့လည်းကောင်း၊ အလျှံပြောင်ပြောင် တောက်သောမီးကဲ့သို့လည်းကောင်း၊ စိတ်နှလုံးမွေ့လျော်ဖွယ်ရှိသော ကိုယ်တော်ရောင်နှင့်တကွ ဖြစ်သောထိုအနောမဒဿီမြတ်စွာဘုရားကို ငါ ဖူးမြင်ရလေပြီ။

၂၁၁။ တောက်ပသော ဆီမီးတိုင်ကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ပြက်သော လျှပ်စစ်ကဲ့သို့လည်းကောင်း၊ ကောင်းစွာပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း (အဘိညာဉ်ခြောက်ပါးဖြင့်) ပွင့်သော အနောမဒဿီမြတ်စွာဘုရားကို ဖူးမြင်ရလေပြီ။

၂၁၂။ 'ဆင်ပြောင်ကဲ့သို့' ကြီးသော လုံ့လရှိတော်မူသော ဤအနောမဒဿီမြတ်စွာဘုရား သည် ဆင်းရဲ၏အဆုံးကို ပြုတော်မူတတ်၏၊ ဤဘုရားရှင် ဖူးမြင်ရခြင်းကို အကြောင်းပြု၍ (သတ္တဝါတို့သည် ) ခပ်သိမ်းသော ဆင်းရဲမှ လွတ်ကြရကုန်၏။

၂၁၃။ ငါသည် ယခု စက္ခုငါးပါးနှင့် ပြည့်စုံသော ဘုရားကို ဖူးမြင်ရ၏၊ နတ်ထက်နတ် ဖြစ်တော်မူသောမြတ်စွာဘုရားကို ဖူးမြင်ရသောကြောင့် ''ဘုရားဟုတ်လေသလော၊ ဘုရား မဟုတ်လေသလော''ဟုလက္ခဏာကို စူးစမ်းဆင်ခြင်ပြီ။

၂၁၄။ အကန့်တစ်ထောင်ရှိသော စက်လက္ခဏာတို့သည် မြတ်သော ခြေတော်၌ ထင် ကုန်၏၊ ထိုမြတ်စွာဘုရား၏ လက္ခဏာတို့ကို တွေ့မြင်ရ၍ မြတ်စွာဘုရား၌ (ဘုရားဟုတ်၏ဟု) ဆုံးဖြတ်ခြင်းသို့ရောက်ခဲ့ပြီ။

၂၁၅။ ထိုအခါ ငါသည် တံမြက်စည်းကို ယူ၍ တံမြက်လှည်းပြီးနောက် ပန်းတို့ကို ကောင်းစွာဆောင်ယူခဲ့၍ ဘုရားမြတ်ကို ပူဇော်ပြီ။

၂၁၆။ ငါသည် ဩဃလေးပါးကို ကူးမြောက်တော်မူပြီးသော အာသဝေါ ကင်းတော်မူပြီး သောထိုမြတ်စွာဘုရားကို ပူဇော်ပြီး၍ သစ်နက်ရေကို လက်ဝဲတစ်ဖက် ပခုံးထက်၌ တင်လျက် မြတ်စွာဘုရားကိုဦးညွှတ်ရှိခိုးပြီ။

၂၁၇။ အကြင်ဉာဏ်ဖြင့် မြတ်စွာဘုရားသည် အာသဝေါကင်းလျက် နေတော်မူ၏၊ ထို ဉာဏ်တော်ကို ငါ့ပြောကြားပေတော့အံ့၊ ပြောဆိုသော ငါ၏ စကားကို နာယူကြကုန်လော့-

၂၁၈။ အလိုလိုပွင့်တော်မူသော မနှိုင်းရှည့်နိုင်အောင် တိုးပွါးခြင်းရှိတော်မူသော အရှင် ဘုရားအရှင်ဘုရားသည် ဤလူအပေါင်းကို ထုတ်ဆောင်ကယ်တင်တော်မူ၏၊ အရှင်ဘုရားအား ဖူးမြင်ရခြင်းကိုအကြောင်းပြု၍ ထိုသတ္တဝါတို့သည် ယုံမှားခြင်းတည်းဟူသော အလျဉ်ကို လွန်မြောက်နိုင်ကြကုန်၏။

၂၁၉။ အရှင်ဘုရားသည် သတ္တဝါတို့၏ ဆရာလည်း ဖြစ်တော်မူ၏၊ မှန်ကင်းသဖွယ်လည်းဖြစ်တော်မူ၏၊ တံခွန်သဖွယ်လည်း ဖြစ်တော်မူ၏၊ ယဇ်တိုင်သဖွယ်လည်း ဖြစ်တော် မူ၏၊ အခြေနှစ်ချောင်းရှိသောသူတို့ထက် မြတ်တော်မူသော အရှင်ဘုရားသည် သတ္တဝါတို့၏လဲလျောင်းရာလည်း ဖြစ်တော်မူ၏၊ တည်ရာလည်း ဖြစ်တော်မူ၏၊ ကိုင်းကျွန်းသဖွယ်လည်း ဖြစ်တော်မူ၏။

၂၂၀။ သမုဒ္ဒရာရေကို ပြည်တောင်းဖြင့် ခြင်တွယ်ခြင်းငှါ တတ်ကောင်းရာသေး၏၊ အရှင် ဘုရား၏သဗ္ဗညုတဉာဏ်တော်ကို နှိုင်းယှဉ်ခြင်းငှါ မတတ်ကောင်းသည်သာတည်း။

၂၂၁။ မြေကြီးကို ချိန်ခွင်၌ တင်ထား၍ ချိန်စက်ခြင်းငှါ တတ်ကောင်းရာသေး၏၊ အရှင် ဘုရား၏သဗ္ဗညုတဉာဏ်တော်ကို ချိန်စက်ခြင်းငှါ မတတ်ကောင်းသည်သာတည်း။

၂၂၂။ ကောင်းကင်ကို ကြိုးဖြင့်သော်လည်းကောင်း၊ လက်သစ်, တောင်တာဖြင့်သော်လည်း ကောင်းတိုင်းတာနှိုင်းယှဉ်ခြင်းငှါ တတ်ကောင်းရာသေး၏။ အရှင်ဘုရား၏ သဗ္ဗညုတဉာဏ် တော်ကိုတိုင်းတာနှိုင်းယှဉ်ခြင်းငှါ မတတ်ကောင်းသည်သာတည်း။

၂၂၃။ မဟာသမုဒ္ဒရာရေအားလုံးကိုလည်းကောင်း၊ ပထဝီမြေပြင်တစ်ခုလုံးကိုလည်းကောင်း၊ ကောင်းကင်ပြင်တစ်ခုလုံးကိုလည်းကောင်း ထိုအလုံးစုံတို့သည် ဘုရားဉာဏ်တော်ကို ထောက်ဆ ၍ နှိုင်းယှဉ်စရာ ဥပမာအားဖြင့် မသင့်ကုန်။

၂၂၄။ နတ်နှင့် တကွသော လောကဝယ် အကြင်သတ္တဝါတို့အား စိတ် ဖြစ်နေ၏၊ မျက်စိအမြင်ရှိတော်မူသော မြတ်စွာဘုရား ထိုစိတ် ဖြစ်နေသူ သတ္တဝါအားလုံးတို့သည် အရှင်ဘုရား၏ဉာဏ်တော်ကွန်ရက်အတွင်းသို့ ဝင်ကုန်၏။

၂၂၅။ ခပ်သိမ်းသော တရားကို သိတော်မူသော အရှင်ဘုရား အကြင်ဉာဏ်တော်ဖြင့် အလုံးစုံသော မြတ်သော ဗောဓိသို့ ရောက်တော်မူ၏၊ အရှင်ဘုရားသည် ထိုဉာဏ်တော်ဖြင့်ပင် တစ်ပါးသော တိတ္ထိတို့ကိုနှိမ်နင်းတော်မူ၏။

၂၂၆။ ဤဂါထာတို့ဖြင့် ချီးမွမ်းပြီးနောက် သုရုစိမည်သော ထိုရသေ့သည် မြေ၌ သစ်နက် ရေကို ဖြန့်ခင်း၍ ထိုင်နေ၏။

၂၂၇။ မြင်းမိုရ်တောင်မင်းကို (ယူဇနာ) ရှစ်သောင်းလေးထောင်တိုင်တိုင် သမုဒ္ဒရာ၌ သက်ဝင်၍ ထိုမျှလောက် ရေပေါ်၌ ပေါ်နေ၏ဟု ဆိုအပ်၏။

၂၂၈-၂၂၉။ အမြင့်အားဖြင့်လည်းကောင်း၊ အလျားအားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း ထိုမျှလောက် ရှစ်သောင်းလေးထောင်နှင်နှင် ရှိသော စကြဝဠာကုဋေတစ်သိန်း၌ ရှိသော မြင်းမိုရ်တောင်အားလုံးကို သိမ်မွေ့, သေးဖွဲ ထုခွဲသဖြင့် အမှုန့်ပြုလျက် (ဉာဏ် တော်တစ်ခု, မြူမှုန့်တစ်ခုဟူသော) အမှတ်၌ ထားအပ်သည်ရှိသော် မြူ၏ ကုန်ခြင်းသို့ ရောက်ရာ၏၊ အရှင်ဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို နှိုင်းယှဉ်ခြင်းငှါ မတတ်ကောင်းသည် သာတည်း။

၂၃၀-၂၃၁။ အကြင်သူသည် ပိုက်ကွန်စိပ်ဖြင့် ရေကို ဖုံးအုပ်ရာ၏၊ ရေ၌ ဖြစ်သော အလုံးစုံသော သတ္တဝါတို့သည် ပိုက်ကွန်တွင်းသို့ ရောက်ကုန်သကဲ့သို့ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား မိစ္ဆာဒိဋ္ဌိတည်းဟူသော တောအုပ်သို့ သက်ဝင် ကုန်သော မှားသော သုံးသပ်ခြင်းဖြင့်တွေဝေကုန်သော ခပ်သိမ်းကုန်သော တိတ္ထိမြောက် မြားစွာတို့သည် ရှိကြကုန်၏။

၂၃၂။ မပိတ်မပင် မြင်ရသော အရှင်ဘုရား၏ စင်ကြယ်သော ဉာဏ်တော်ဖြင့် အဖုံး အအုပ်ခံရသော ထိုတိတ္ထိအားလုံးတို့သည် ဉာဏ်တော်တည်းဟူသော ပိုက်ကွန်တွင်း၌ တင်ကုန်၏၊ ထိုတိတ္ထိတို့သည် ဉာဏ်တော်တည်းဟူသော ပိုက်ကွန်ကို မလွန်နိုင်ကုန်။

၂၃၃။ ထိုအခါ များသော အခြံအရံရှိသော မာရ်ငါးပါးကို အောင်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည် သမာဓိမှ ထတော်မူ၍ အရပ်မျက်နှာကို ကြည့်ရှုတော်မူ၏။

၂၃၄-၂၃၅။ အနောမဒဿီမြတ်စွာဘုရား၏ နိသဘမည်သော သာဝကသည် တည်ကြည် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ကုန်ပြီးသော အာသဝရှိကုန်သော စင်ကြယ်ကုန်သော အဘိညာဉ်ခြောက်ပါးရှိကုန်သော ဈာန်ဝင်စားလေ့ရှိကုန်သော တစ်သိန်း သော ရဟန်းအပေါင်းတို့ခြံရံလျက် လာစေလိုသောမြတ်စွာဘုရား၏ စိတ်တော်ကို သိ၍ အနောမဒဿီ မြတ်စွာဘုရားထံသို့ချဉ်းကပ်လေ၏။

၂၃၆။ ကောင်းကင်၌ တည်ကုန်သော ထိုတစ်သိန်းသော ရဟန်းတို့သည် ထိုအနောမဒဿီမြတ်စွာဘုရားထံတော်၌ လက်ယာရစ်လှည့်လည်ကုန်၏၊ ထိုရဟန်းတို့သည် လက်အုပ်ချီကာရှိခိုးကြကုန်လျက် မြတ်စွာဘုရားထံတော်သို့ သက်ဆင်းကြကုန်၏။

၂၃၇။ လူတို့ထက် ကြီးတော်မူသော လူတို့ထက် မြတ်တော်မူသော မာရ်ငါးပါးကို အောင် တော်မူသောအနောမဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာအလယ်၌ ထိုင်တော်မူလျက် ပြုံး တော်မူ၏။

၂၃၈။ အနောမဒဿီဘုရားရှင်၏ အလုပ်အကျွေးဖြစ်သော ဝရုဏမည်သော ရဟန်းသည် သင်္ကန်းကိုပခုံးတစ်ဖက်၌ တင်၍ မြတ်စွာဘုရားအား မေးလျှောက်၏-

၂၃၉။ ''ဘုန်းတန်ခိုးကြီးတော်မူသော မြတ်စွာဘုရား ထိုမြတ်စွာဘုရားတို့သည် အကြောင်း မရှိဘဲပြုံးတော်မူခြင်းကို မပြုကုန်၊ မြတ်စွာဘုရား ပြုံးတော်မူခြင်း၏ အကြောင်းကား အဘယ်ပါနည်း''ဟုလျှောက်၏။

၂၄၀။ လူတို့ထက်ကြီးတော်မူသော လူတို့ထက်မြတ်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည်ရဟန်းတို့၏ အလယ်၌ ထိုင်တော်မူ၍ ဤဂါထာကို မိန့်တော်မူ၏-

၂၄၁။ အကြင်သုရုစိရသေ့သည် ငါဘုရားကို ပန်းဖြင့် ပူဇော်၏၊ ငါဘုရား၏ ဉာဏ်တော်ကိုလည်းလျောက်ပတ်စွာ ချီးမွမ်း၏၊ ထိုရသေ့ကို ငါသည် ဗျာဒိတ်စကား ကြားပေအံ့၊ ဟော တော်မူသောငါဘုရား (စကားကို) နာယူကြကုန်လော့-

၂၄၂။ မြတ်စွာဘုရား၏ စကားတော်ကို သိ၍ အလုံးစုံသော နတ်ဗြဟ္မာတို့သည် အညီ အညွတ်လာကြကုန်၏၊ ထိုနတ်ဗြဟ္မာတို့သည် သူတော်ကောင်းတရားကို နာလို၍ မြတ်စွာဘုရားထံသို့ချဉ်းကပ်ကြကုန်၏။

၂၄၃။ ဆယ်ခုသော လောကဓာတ်တို့၌ တန်ခိုးကြီးကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် ရှိကုန်၏၊ ထိုနတ်ဗြဟ္မာအပေါင်းတို့သည် သူတော်ကောင်းတရားကို နာလိုကုန်၍ မြတ်စွာဘုရား ထံသို့ချဉ်းကပ်ကြကုန်၏။

၂၄၄။ အင်္ဂါလေးပါးရှိသော ဆင်, မြင်း, ရထား, ခြေလျင်စစ်သည်တို့သည် ဤရသေ့ကို အမြဲခြံရံကုန်လတ္တံ့။ ဤအကျိုးသည် ငါဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၄၅။ တူရိယာ ခြောက်သောင်းတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်ကုန် သောစည်ကြီးတို့သည်လည်းကောင်း ဤရသေ့ကို အခါခပ်သိမ်း တီးမှုတ်ဆည်းကပ်ကုန် လတ္တံ့။ ဤအကျိုးသည်ငါဘုရားကို ပူဇော်ရခြင်း၏ အကျိုးပေတည်း။

၂၄၆-၂၄၇။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော ဆန်းကြယ်သော အဝတ်တန်ဆာရှိ ကုန်သော ပုလဲနားတောင်းဝတ်ကုန်သော ကော့ဖြူးသော မျက်တောင်ရှိကုန်သော ပြုံးရယ် လျက် ဆိုတတ်ကုန်သော ကောင်းသော အမှတ်ရှိကုန်သော သေးသွယ်သော ခါးရှိကုန်သော တစ်သောင်းခြောက်ထောင်ကုန်သော မိန်းမတို့သည် ဤရသေ့ကို အမြဲခြံရံကုန်လတ္တံ့။ ဤ အကျိုးသည် ငါဘုရားကို ပူဇော်ရခြင်း၏အကျိုးပေတည်း။

၂၄၈။ ကမ္ဘာတစ်သိန်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင် တိုင်းနိုင်ငံ၌စကြာမင်းဖြစ်လတ္တံ့။

၂၄၉။ အကြိမ်တစ်ထောင် သိကြားမင်း ဖြစ်၍် နတ်မင်းစည်းစိမ်ကို ခံစားရလတ္တံ့၊ အရေ အတွက်အားဖြင့်မရေတွက်နိုင်အောင် များစွာသော ပဒေသရာဇ်မင်းအဖြစ်ကို ပြုလတ္တံ့။

၂၅၀။ အဆုံးဘဝသို့ ရောက်လတ်သော် လူအဖြစ်သို့ လာရလတ္တံ့၊ သာရီမည်သော ပုဏ္ဏေးမသည်ဝမ်းဖြင့် ဆောင်လတ္တံ့။

၂၅၁။ အမိ၏ အမည်အနွယ်အားဖြင့် ဤရသေ့သည် ထင်ရှားလတ္တံ့၊ ''သာရိပုတြာ''ဟူသော အမည်ဖြင့်ထက်သော ပညာရှိ ဖြစ်လတ္တံ့။

၂၅၂။ ကုဋေရှစ်ဆယ်သော ဥစ္စာကို စွန့်၍ ကြောင့်ကြမဲ့ ရဟန်းပြုလတ္တံ့၊ ငြိမ်းအေးသော နိဗ္ဗာန်ကိုရှာမှီးလျက် ဤမြေပြင်ကို လှည့်လည်လတ္တံ့။

၂၅၃။ ငါ အနောမဒဿီဘုရား ပွင့်ရာ ဤဝရကမ္ဘာမှ မရေတွက်နိုင်သော တစ်သချေင်္နှင့်ကမ္ဘာတစ်သိန်းထက် ဘဒ္ဒကမ္ဘာ၌ (တတိယ) ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့်ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၂၅၄။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ အမွေခံသားဖြစ်၍ တရားသည် ဖန် ဆင်းအပ်သည်ဖြစ်ရကား ရွှေရင်တော်နှစ် သားတော်စစ်ဖြစ်သော အမည်အားဖြင့် သာရိပုတြာ မည်သော အဂ္ဂသာဝကဖြစ်လတ္တံ့။

၂၅၅။ ဘာဂီရထီမည်သော ဤမြစ်သည် ဟိမဝန္တာမှ အမွန်အစ ဖြစ်၏၊ များစွာသော ရေကိုပြည့်စေလျက် မဟာသမုဒ္ဒရာသို့ စီးဝင်၏။

၂၅၆။ ထို့အတူ ဤသာရိပုတြာသည် မိမိ အမျိုးဥစ္စာ ဖြစ်သော ဗေဒင်သုံးပုံတို့၌ ရဲရင့်၍ ပညာ၏အဆုံးသို့ ရောက်လျက် သတ္တဝါတို့ကို နှစ်သိမ့်စေလတ္တံ့။

၂၅၇။ ဟိမဝန္တာတောင်ကို အစပြု၍ များသော ရေရှိသော သမုဒ္ဒရာကိုလည်း (အပိုင်း အခြားပြု၍) ဤအတွင်း၌ အကြင်သဲကို ဂဏန်းသချင်္ာအားဖြင့် မရေတွက်နိုင်။

၂၅၈။ ထိုသဲကိုသော်လည်း ဂဏန်းသချင်္ာအားဖြင့် အကြွင်းမဲ့ ရေတွက်ခြင်းငှါ တတ် ကောင်းရာသေး၏၊ သာရိပုတြာ၏ ပညာအဆုံးအပိုင်းအခြားသည် (ရေတွက်၍) မဖြစ်ကောင်း သည်သာတည်း။

၂၅၉။ ဉာဏ်ဖြင့် အမှတ်အသားထားအပ်သည်ရှိသော် ဂင်္ဂါမြစ်၌ သဲသည် ကုန်ရာ၏၊ သာရိပုတြာ၏ပညာအဆုံးအပိုင်းအခြားသည် ရေတွက်၍ မဖြစ်ကောင်းသည်သာတည်း။

၂၆၀။ မဟာသမုဒ္ဒရာ၌ လှိုင်းတံပိုးတို့သည် အရေအတွက် ဂဏန်းအားဖြင့် မရေတွက်နိုင် သကဲ့သို့ထို့အတူ သာရိပုတြာ၏ ပညာအဆုံးအပိုင်းအခြားသည် ရေတွက်၍ မဖြစ်ကောင်း သည်သာတည်း။

၂၆၁။ သာကီဝင်မင်းတို့ထက် မြတ်သော ဂေါတမမြတ်စွာဘုရားကို နှစ်သိမ့်စေ၍ ပညာ၏ အဆုံးသို့ရောက်လျက် အဂ္ဂသာဝက ဖြစ်လတ္တံ့။

၂၆၂။ တရားတည်းဟူသော မိုးကို ရွာသွန်းစေနိုင်သော ထိုသာရိပုတြာသည် တာဒိဂုဏ် နှင့်ပြည့်စုံတော်မူသော သာကီဝင်မင်းသား ဂေါတမမြတ်စွာဘုရားသည် လည်စေအပ်သောတရားတည်းဟူသော စက်ကို အတုလိုက်၍ လည်စေလတ္တံ့။

၂၆၃။ သာကီဝင်မင်းတို့ထက် မြတ်သော ဂေါတမမြတ်စွာဘုရားသည် ဤအလုံးစုံကို ထူး သောဉာဏ်ဖြင့်သိ၍ ရဟန်းသံဃာ (အလယ်၌) ထိုင်နေတော်မူလျက် အဂ္ဂသာဝကအရာ၌ ထားလတ္တံ့ဟုဟောကြားတော်မူ၏။

၂၆၄။ အနောမဒဿီမြတ်စွာဘုရားအား ကောင်းစွာ ပြုအပ်သော ငါ၏ ကုသိုလ်ကံသည် အံ့ဖွယ်ရှိပေစွ၊ ငါသည် အကြင်မြတ်စွာဘုရား၌ ကုသိုလ်ကံကို ပြုကျင့်သောကြောင့် ခပ်သိမ်း သော သာဝကပါရမီဉာဏ်၏အဆုံးသို့ ရောက်ခဲ့၏။

၂၆၅။ မရေတွက်နိုင်သော ကပ်ကမ္ဘာ၌ ပြုခဲ့သော ကောင်းမှုကံသည် ဤအဆုံးဘဝ၌ ငါ့အား အကျိုးကိုပြ၏၊ 'လေးမှ ကောင်းစွာ လွတ်သော မြား၏ အဟုန်ကဲ့သို့' ငါသည် ကိလေသာတို့ကို (မဂ်ဉာဏ်ဖြင့်) လောင်ကျွမ်းစေအပ်ပေပြီ။

၂၆၆။ အကြောင်းတရားလေးပါးတို့ မပြုပြင်အပ်သော တုန်လှုပ်ခြင်း မရှိသော ချမ်းသာ ခြင်း၏အကြောင်းဖြစ်သော နိဗ္ဗာန်ကို ရှာမှီးသော ထိုငါသည် ခပ်သိမ်းသော အယူဝါဒ တီထွင် သူတို့၏အယူဝါဒအားလုံးတို့ကို စူးစမ်းရှာဖွေလျက် သံသရာ၌ ကျင်လည်ခဲ့ရ၏။

၂၆၇-၂၆၈။ အနာနှိပ်စက်သော ယောက်ျားသည် အနာမှ လွတ်ခြင်းငှါ ဆေးကို ရှာမှီးသကဲ့သို့လည်းကောင်း၊ တောအားလုံးသို့ သက်ဝင်၍ ဆေးမြစ်ကို စူးစမ်းဆည်းပူးသကဲ့သို့လည်းကောင်းအကြောင်းတရားလေးပါးတို့ မပြုပြင်ရသော သေခြင်းမရှိသော ချမ်းသာခြင်း၏ အကြောင်းဖြစ်သောနိဗ္ဗာန်ကို ရှာမှီးသော ငါသည် အဆက်မပြတ် ဘဝငါးရာပတ်လုံး ရသေ့ ရဟန်းအဖြစ်ကို ပြုကျင့်ခဲ့၏။

၂၆၉။ ရသေ့ပရိက္ခရာဝန်ဖြင့် ပြည့်သော ငါသည် မြတ်သော သစ်နက်ရေကို ဝတ်ရုံခဲ့၏၊ ငါသည် (လောကီ) အဘိညာဉ်ငါးပါး၏ အဆုံးသို့ ရောက်၍ ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့ရ၏။

၂၇၀။ မြတ်စွာဘုရားသာသနာတော်ကို ထား၍ သာသနာမှ အပဖြစ်သော တိတ္ထိ သာသနာ၌ (မဂ်ဉာဏ်ဖြင့်) စင်ကြယ်ခြင်း မရှိ၊ ပညာရှိသော ခပ်သိမ်းသော သတ္တဝါတို့သည် မြတ်စွာဘုရားသာသနာတော်၌သာလျှင် (မဂ်ဉာဏ်ဖြင့်) စင်ကြယ်နိုင်ကုန်၏။

၂၇၁။ ဤသို့ မဂ်ဉာဏ်ဖြင့် စင်ကြယ်ခြင်းသည် မိမိကိုယ်တိုင် ပြုအပ်သော လုံ့လဖြင့် ပြီး၏။ ဤသို့စင်ကြယ်ခြင်းသည် ''ဤသို့ ဤသို့''ဟု ပြောဆိုကာမျှဖြင့် ပြီးသည် မဟုတ်၊ အကြောင်းတရားလေးပါးတို့မပြုပြင်အပ်သော နိဗ္ဗာန်ကို ရှာမှီးသော ငါသည် မှားသော မိစ္ဆာအယူဆိပ်ကမ်း၌ လှည့်လည်ခဲ့ရ၏။

၂၇၂-၂၇၃။ အနှစ်ကို အလိုရှိသော ယောက်ျားသည် ငှက်ပျောပင်ကို ဖြတ်၍ ခွဲရာ၏၊ ထိုငှက်ပျောတုံးသည် အနှစ်မှ ကင်းဆိတ်သောကြောင့် ထိုငှက်ပျောတုံး၌ အနှစ်ကို မရသကဲ့သို့ထို့အတူသာလျှင် လောက၌ အထူးထူးသော အယူရှိသော များစွာသော တိတ္ထိတို့သည် 'ငှက်ပျောတုံးသည် အနှစ်မှ ကင်းသကဲ့သို့' နိဗ္ဗာန်မှ ကင်းဆိတ်ကုန်၏။

၂၇၄။ ငါသည် နောက်ဆုံးဖြစ်သော ဘဝသို့ ရောက်သော ကာလ၌ ပုဏ္ဏားမျိုး၌ ဖြစ်၏၊ များစွာသောစည်းစိမ်ဥစ္စာကို ဖြတ်တောက်စွန့်လွှတ်၍ ရဟန်းဘောင်၌ ရဟန်းပြု၏။

ပထမဘာဏဝါရ ပြီး၏။

၂၇၅။ ဗေဒင်ကို သရဇ္ဈာယ်တတ်သော ဗေဒင်ကို ဆောင်သော ဗေဒင်သုံးပုံတို့၏ တစ်ဖက် ကမ်းသို့ရောက်သော သိဉ္စည်းမည်သော ပုဏ္ဏားပရိဗိုဇ်သည် ရှိ၏၊ အကျွန်ုပ်သည် ထိုပုဏ္ဏား ပရိဗိုဇ်ခြေရင်း၌နေ၏။

၂၇၆။ ကြီးသော လုံ့လရှိတော်မူသော အရှင်ဘုရား ထိုအခါ အရှင်ဘုရား၏ တပည့်ဖြစ် သော (နှိပ်စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲသော ထက်သော တန်ခိုးရှိသော အဿဇိမည်သော ရဟန္တာသည်ဆွမ်းခံလှည့်လည်၏။

၂၇၇။ အကျွန်ုပ်သည် ပညာရှိသော မဂ်ဉာဏ်ကြောင့် တည်ကြည်သော ငြိမ်သက်သော စိတ်ရှိသောရဟန္တာမြတ်ဖြစ်သော ကောင်းစွာပွင့်သော ပဒုမ္မာကြာနှင့် တူသော ထိုအဿဇိ မထေရ်ရဟန်းကို မြင်ရပြီ။

၂၇၈။ အလွန် ယဉ်ကျေး၍ စင်ကြယ်သော စိတ်ရှိသော ဥသဘနှင့် တူသော မြတ်သော ရဲရင့်သောအဿဇိမထေရ်ကို တွေ့မြင်ရ၍ ''ဤသူကား ရဟန္တာဖြစ်ပေလိမ့်မည်''ဟု အကျွန်ုပ် အား ကြည်ညိုသောစိတ်ဖြစ်ပေါ်လာ၏။

၂၇၉။ ဤသူကား အလွန်သပ္ပါယ်၏၊ ဣန္ဒြေကို ကောင်းစွာ စောင့်စည်းသည်ဖြစ်၍ ကြည်ညိုဖွယ်ကိုဆောင်လျက် လှည့်လည်သွားလာနေ၏၊ မြတ်သော အဆုံးအမကြောင့် ယဉ်ကျေး၏၊ မသေရာတရားကိုသိမြင်သူ ဖြစ်လတ္တံ့။

၂၈၀။ ကြည်လင်နှစ်သက်သော စိတ်ရှိသော ရဟန်းအား မြင့်မြတ်သောတရား၏ အနက် သဘောကို ငါမေးရပါမူကား ကောင်းလေစွ၊ ငါ မေးခဲ့သော် ထိုရဟန်းသည် ဖြေဆိုလတ္တံ့၊ ထိုဖြေဆိုသောအခါ ငါသည် ပြန်လှန်မေးမြန်းအံ့။

၂၈၁။ အကျွန်ုပ်သည် မသေရာ နိဗ္ဗာန်ကို မေးမြန်းရန် အခွင့်ကို ဆိုင်းငံ့လျက် ဆွမ်းခံ သွားသောရဟန်း၏ နောက်မှ လိုက်၏။

၂၈၂။ ငါသည် ခရီးလမ်းအကြား တစ်ခုသော နေရာသို့ ရောက်သော ရဟန်းကို ချဉ်း ကပ်၍ ကြီးသောလုံ့လရှိသော အရှင်ဘုရား အရှင်ဘုရားသည် အဘယ်အနွယ် ဖြစ်ပါ သနည်း၊ အရှင်ဘုရားအရှင်ဘုရားသည် အဘယ်သူ၏ တပည့် ဖြစ်ပါသနည်းဟု မေး၏။

၂၈၃။ အကျွန်ုပ်သည် မေးအပ်သည်ရှိသော် ငါ့ရှင်ပရိဗိုဇ် လောက၌ မြတ်စွာဘုရားသည် ကောင်းစွာဖြစ်တော်မူ၏၊ ငါသည် ထိုမြတ်စွာဘုရား၏ တပည့်ဖြစ်၏ဟု ထိုအဿဇိမထေရ်က 'ခြင်္သေ့မင်းကဲ့သို့' ရဲတင်းစွာ ဖြေကြား၏။

၂၈၄။ ကြီးသော လုံ့လရှိတော်မူသော အဖသို့ အစဉ်လိုက်သော သားဖြစ်သော များသောအခြံအရံရှိသော အရှင်ဘုရား အရှင့်ဆရာ မြတ်စွာဘုရား၏ အဆုံးအမဖြစ်သော တရားသည် အဘယ်သို့သဘောရှိပါသနည်း၊ အရှင်ရဟန်း တောင်းပန်ပါ၏၊ အကျွန်ုပ်အား တရားတော်ကို ဟောတော်မူပါလော့။

၂၈၅။ အကျွန်ုပ် မေးလျှောက်အပ်သည်ရှိသော် ထိုအဿဇိမထေရ်သည် တဏှာတည်းဟူ သော ငြောင့်ကိုပယ်နုတ်တတ်သော ခပ်သိမ်းသော ဆင်းရဲကို ပယ်ဖျောက်တတ်သော နက်နဲ သိမ်မွေ့သော ''ယေဓမ္မာဟေတုပ္ပဘဝါ''အစရှိသော ဂါထာပဒကို (ဟောတော်မူ၏)။

၂၈၆။ အကြင် (ဒုက္ခသစ္စာ) တရားတို့သည် အကြောင်းဖြစ်သော (သမုဒယသစ္စာ) သာလျှင်အမွန်အစရှိကုန်၏၊ ထို (ဒုက္ခသစ္စာ) တရားတို့၏ အကြောင်းဖြစ်သော (သမုဒယသစ္စာ) ကို ငါတို့ဆရာမြတ်စွာဘုရားသည် ဟောတော်မူ၏၊ ထို (ဒုက္ခ, သမုဒယ) သစ္စာတို့၏ အကြင် ချုပ် ရာဖြစ်သောနိဗ္ဗာန်သည် ရှိ၏၊ ထိုနိဗ္ဗာန်ကိုလည်း ဟောတော်မူ၏၊ ရဟန်းမြတ်ဖြစ်သော မြတ်စွာဘုရားသည် ဤသို့ဟောလေ့ရှိ၏။

၂၈၇။ ပြဿနာကို ဖြေဆိုအပ်သည်ရှိသော် ထိုအကျွန်ုပ်သည် သောတာပတ္တိဖိုလ်သို့ ရောက်၏၊ အကျွန်ုပ်သည် မြတ်စွာဘုရားအဆုံးအမတော်ကို ကြားနာရသောကြောင့် ကိလေသာ မြူကင်း သူ, အညစ်အကြေးကင်းသူ ဖြစ်ခဲ့ပြီ။

၂၈၈။ အဿဇိမထေရ်၏ စကားကို နာရသောကြောင့် မြတ်သော နိဗ္ဗာန်တရားကို မြင်ရ၍ သူတော်ကောင်းတရားသို့ သက်ဝင်ပြီးဖြစ်သော အကျွန်ုပ်သည် ဤဂါထာကို ရွတ်ဆို၏။

၂၈၉။ ထိုသောတာပတ္တိဖိုလ်မျှလောက်ကိုပင် သိသေးစေကာမူ ဤတရားသည်ပင် (ငါတို့ ရှာအပ်သော) တရားတည်း၊ အရှင်ဘုရားတို့သည် စိုးရိမ်ခြင်းကင်းသော နိဗ္ဗာန်ကို သိမြင်တော် မူကြရလေပြီ၊ အကျွန်ုပ်တို့ကား ထိုတရားကို မမြင်ရဘဲ ကမ္ဘာသောင်းပေါင်း များစွာကို ကျော် လွန်ခဲ့ရပြီ။

၂၉၀။ အကျွန်ုပ်သည် တရားကို ရှာမှီးလျက် မိစ္ဆာအယူတည်းဟူသော ဆိပ်၌ ကူးမှားခဲ့ဖူး၏၊ အကျွန်ုပ်သည် ထိုအလိုရှိအပ်သော အကျိုးသို့ အစဉ်ရောက်ပြီ၊ အကျွန်ုပ်အား (ယခု) မမေ့လျော့ရန်အခါတန်ပြီ။

၂၉၁။ အဿဇိမထေရ် နှစ်သိမ့်စေအပ်သော အကျွန်ုပ်သည် တုန်လှုပ်ခြင်း ကင်းသော နိဗ္ဗာန်သို့ ရောက်၍ ့အဆွေခင်ပွန်းဖြစ်သော ကောလိတကို ရှာမှီးလျက် သင်္ခမ်းကျောင်းသို့ သွား၏။

၂၉၂။ ကောင်းစွာ သင်အပ်ပြီး ဖြစ်၍ ဣရိယာပုထ်နှင့် ပြည့်စုံသော အကျွန်ုပ်၏ အဆွေ ခင်ပွန်းဖြစ်သောကောလိတသည် အဝေးမှသာလျှင် အကျွန်ုပ်ကို မြင်၍ ဤစကားကို ပြောဆို၏။

၂၉၃။ (အဆွေ) သင်သည် ကြည်လင်သော မျက်နှာ, ကြည်လင်သော မျက်လုံး ရှိ၏၊ ရဟန်းဟုသိမှတ်ကြောင်း တရားထူးရသောသူကဲ့သို့ ထင်ရ၏၊ အသို့နည်း မသေရာ အမြိုက်နိဗ္ဗာန်တရားကိုရခဲ့လေသလော။

၂၉၄။ အဆွေပုဏ္ဏား သင်သည် 'ချွန်းတောင်းစသည်တို့ဖြင့် ဆုံးမအပ်ပြီးသည်ဖြစ်၍ ငြိမ် သက်သောဆင်ကဲ့သို့' တင့်တယ်သော သဘောရှိသည် ဖြစ်လျက် လာဘိ၏၊ 'ယဉ်ကျေး သိမ်မွေ့အောင်ဆုံးမသွန်သင်ပြီး ဖြစ်၍ ယဉ်ကျေးသိမ်မွေ့ပြီးသော ဆင်ကဲ့သို့' ယဉ်ကျေး သိမ်မွေ့ဘိ၏။

၂၉၅။ (အဆွေ) ငါသည် သောကတည်းဟူသော ငြောင့်ကို နုတ်တတ်သော အမြိုက်နိဗ္ဗာန် ကို ရအပ်ပြီ၊ သင်သည်လည်း ထိုနိဗ္ဗာန်ကို ရလေပြီ၊ ငါတို့သည် မြတ်စွာဘုရားထံသို့ သွား ကြကုန်စို့။

၂၉၆။ ကောင်းစွာသင်အပ်ပြီးသော ငါ၏ အဆွေခင်ပွန်းဖြစ်သော ထိုကောလိတသည် 'ကောင်းပြီ'ဟုဝန်ခံပြီးလျှင် လက်ချင်းချင်း ဆွဲကိုင်၍ အရှင်ဘုရားထံသို့ ချဉ်းကပ်လျက်-

၂၉၇။ သာကီဝင်မင်းသား ဖြစ်တော်မူသော အရှင်ဘုရား အရှင်ဘုရားထံတော်၌ အကျွန်ုပ် တို့နှစ်ယောက်တို့သည်လည်း ရဟန်းပြုကြပါကုန်အံ့၊ အရှင်ဘုရား၏ အဆုံးအမကို အကြောင်းပြု၍ အာသဝကင်းလျက် နေကြပါကုန်အံ့။

၂၉၈။ ကောလိတသည် တန်ခိုးအရာ၌ အမြတ်ဆုံး ဖြစ်၏၊ အကျွန်ုပ်သည် ပညာဖြင့် တစ်ဖက်ကမ်းသို့ရောက်၏၊ အကျွန်ုပ်တို့ နှစ်ဦးသည် တစ်ပေါင်းတည်း ဖြစ်၍ သာလျှင် သာသနာတော်ကိုတင့်တယ်စေပါကုန်အံ့။

၂၉၉။ တပည့်တော်သည် အပြီးသို့ မရောက်သေးသော အလိုရှိသည် ဖြစ်၍ မှားသော (မိစ္ဆာအယူတည်းဟူသော) ဆိပ်၌ လှည့်လည်ခဲ့ရပါပြီ၊ အရှင်ဘုရားအား ဖူးမြင်ရခြင်းကို အကြောင်းပြု၍ တပည့်တော်၏ အလိုအကြံအစည်သည် ပြည့်စုံပါပြီ။

၃၀၀။ သစ်ပင်တို့သည် မြေ၌ တည်၍ ပွင့်ချိန်တန်သော အခါ၌ ပွင့်ကုန်၏၊ နတ်၌ ဖြစ်သော ရနံ့တို့သည် ကြိုင်လှိုင်ကုန်၏၊ ခပ်သိမ်းသော သတ္တဝါတို့အား နှစ်သက်စေကုန်၏။

၃၀၁။ ကြီးသောလုံ့လရှိတော်မူသော သာကီဝင်မင်းသားဖြစ်တော်မူသော များသော အခြံအရံရှိတော်မူသော အရှင်ဘုရား ထို့အတူသာလျှင် တပည့်တော်သည် အရှင်ဘုရား၏ သာသနာ တော်၌တည်၍ (အရဟတ္တဖိုလ်တည်းဟူသော ပန်း) ပွင့်လန်းခြင်းငှါ အခါကို ရှာမှီးပါအံ့။

၃၀၂။ ဘဝတို့၌ ကျင်လည်ရခြင်းမှ လွတ်မြောက်စေတတ်သော အရဟတ္တဖိုလ်တည်းဟူသော ပန်းကိုရှာသော တပည့်တော်သည် အရဟတ္တဖိုလ် (တည်းဟူသော) ပန်းကို ရသဖြင့် ခပ်သိမ်းသော သတ္တဝါတို့အား နှစ်သက်စေပါအံ့။

၃၀၃။ ပညာမျက်စိရှိတော်မူသော မြတ်စွာဘုရား (စကြဝဠာကုဋေတစ်သိန်းဟူသော) ဗုဒ္ဓ ခေတ်၌ရှိသမျှသော သတ္တဝါတို့တွင် မြတ်စွာဘုရားကို ထား၍ အရှင်ဘုရား၏ သားတော်ဖြစ် သော အကျွန်ုပ်နှင့်ပညာအားဖြင့် တူသောသူသည် မရှိပါ။

၃၀၄။ အရှင်ဘုရား၏ တပည့်သာဝကတို့သည် ကောင်းစွာဆုံးမအပ်ပြီးသူတို့ ဖြစ်ကုန်၏၊ ပရိသတ်တို့သည်လည်း ကောင်းစွာ သင်ကြားအပ်ပြီးသူတို့ ဖြစ်ကုန်၏၊ မြတ်သောအဆုံးအမ၌ယဉ်ကျေးတော်မူကုန်သည် ဖြစ်၍ အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၀၅။ ဈာန်ဝင်စားလေ့ရှိကုန်သော ဈာန်၌ မွေ့လျော်ကုန်သော မြဲမြံခိုင်ခံ့သော ပညာရှိကုန် သောငြိမ်သက်သောစိတ် တည်ကြည်သော သမာဓိရှိကုန်သော မဂ်ဉာဏ်နှင့် ပြည့်စုံသော တပည့်သားရဟန်းတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၀၆။ အလိုနည်းကုန်သော ရင့်ကျက်သော ပညာရှိကုန်သော မြဲမြံခိုင်ခံ့သော ပညာရှိကုန် သောနည်းသော အစာအာဟာရရှိကုန်သော လျှပ်ပေါ်လော်လည်ခြင်း ကင်းကုန်သော လာဘ်ရမှု, လာဘ်မရမှုဖြင့် ရောင့်ရဲကုန်သော တပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံ ပါကုန်၏။

၃၀၇။ အရညကင်ဓူတင် ဆောက်တည်ကုန်သော ဓူတင်၌ မွေ့လျော်ကုန်သော ဈာန်ဝင်စားလေ့ရှိကုန်သော ခေါင်းပါးသော သင်္ကန်းရှိကုန်သော ဆိတ်ငြိမ်ရာ၌ မွေ့လျော်ကုန်သော မြဲမြံ ခိုင်ခံ့သောပညာရှိကုန်သော တပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၀၈။ ကျင့်ဆဲမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အရဟတ္တဖိုလ်၌ တည်သော ရဟန္တာပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အောက်ဖိုလ်နှင့် ပြည့်စုံသော သေက္ခပုဂ္ဂိုလ်တို့သည်လည်း ကောင်းမြတ်သော နိဗ္ဗာန်အကျိုးကို တောင့်တကုန်လျက် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါ ကုန်၏။

၃၀၉။ အညစ်အကြေး ကင်းကုန်သော သောတာပန်တို့သည်လည်းကောင်း၊ သကဒါဂါမ်တို့သည်လည်းကောင်း၊ အနာဂါမ်တို့သည်လည်းကောင်း၊ ရဟန္တာပုဂိ္ဂုလ်တို့သည်လည်းကောင်းအရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၁၀။ သတိပဋ္ဌာန်၌ လိမ္မာကုန်သော ဗောဇ္ဈင်ကို ပွါးများခြင်း၌ မွေ့လျော်ကုန်သော အလုံးစုံ များစွာသောထိုတပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၁၁။ ဣဒိ္ဓပါဒ်၌ လိမ္မာကုန်သော သမာဓိဈာန်ကို ပွါးများခြင်း၌ မွေ့လျော်ကုန်သော သမ္မပ္ပဓာန်နှင့်ယှဉ်ကုန်သော တပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၁၂။ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော တပည့်သားတို့သည်လည်းကောင်း၊ အဘိညာဉ် ခြောက်ပါးနှင့်ပြည့်စုံကုန်သော တပည့်သားတို့သည်လည်းကောင်း၊ တန်ခိုး၏ အထွတ်အထိပ် သို့ ရောက်ကုန်သော တပည့်သားတို့သည်လည်းကောင်း၊ ပညာ၏ အထွတ်အထိပ်သို့ ရောက် ကုန်သော တပည့်သားတို့သည်လည်းကောင်း အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၁၃။ ကြီးသော လုံ့လရှိတော်မူသော အရှင်ဘုရား ကောင်းစွာ သင်အပ်ပြီးဖြစ်ကုန်သော (နှိပ်စက်ခြင်းငှါ) ချဉ်းကပ်နိုင်ခဲကုန်သော ထက်သော တန်ခိုးရှိကုန်သော ဤသို့ သဘောရှိကုန် သော အရှင်ဘုရား၏ထိုတပည့်သားတို့သည် အရှင်ဘုရားကို အခါခပ်သိမ်း ခြံရံပါကုန်၏။

၃၁၄။ ကိုယ်နှုတ်နှလုံးစောင့်သုံးကုန်သော ခြိုးခြံကုန်သော အကျင့်ရှိကုန်သော ထိုတပည့် အပေါင်းတို့ဖြင့်ခြံရံအပ်သော အရှင်ဘုရားသည် 'ကြောက်ရွံ့ခြင်း ကင်းသော ခြင်္သေ့မင်းကဲ့သို့လည်းကောင်း၊ ကြယ်များသနင်း လမင်းကဲ့သို့လည်းကောင်း' တင့်တယ်တော်မူပါပေ၏။

၃၁၅။ ဥပမာအားဖြင့် သစ်ပင်တို့သည် မြေ၌ တည်၍ ပေါက်ရောက်ကုန်၏၊ ပြန့်ပြောသည့်အဖြစ်သို့လည်း ရောက်ကုန်၏၊ အသီးအပွင့်ကိုလည်း သီးပွင့်ကုန်၏။

၃၁၆။ သာကီဝင်မင်းသားဖြစ်သော များသော အခြံအရံရှိသော မြတ်စွာဘုရား အရှင် ဘုရားသည်မြေကြီးနှင့် တူတော်မူပါပေ၏၊ သတ္တဝါတို့သည် အရှင်ဘုရား၏ သာသနာတော်၌ တည်၍ အမြိုက်နိဗ္ဗာန်တည်းဟူသော အသီးကို ရကြပါကုန်၏။

၃၁၇။ သိန္ဓုမြစ်, သရဿတီမြစ်တို့သည်လည်းကောင်း၊ စန္ဒဘာဂါမြစ်, ဂင်္ဂါမြစ်, ယမုနာမြစ်တို့သည်လည်းကောင်း၊ သရဘူမြစ်တို့သည်လည်းကောင်း၊ မဟီမြစ်သည်လည်းကောင်း-

၃၁၈။ စီးဆင်းကုန်သော ထိုမြစ်ရေတို့ကို သမုဒ္ဒရာသည် ခံယူ၏။ (သိန္ဓုစသော) ရှေး အမည်ဟောင်းကိုစွန့်၍ ''သမုဒ္ဒရာ''ဟူသော အမည်သည်သာလျှင် ထင်ရှား၏။

၃၁၉။ တို့အတူပင် ဤအမျိုးလေးပါးတို့သည် အရှင်ဘုရားထံပါး၌ ရဟန်းပြုကုန်သော်ရှေးအမည်ကိုစွန့်လျက် ''ဘုရားသားတော်''ဟူ၍ ထင်ရှားကုန်၏။

၃၂၀-၃၂၁။ ကောင်းကင်၌ လှည့်လည်သွားသော အညစ်အကြေးကင်းသော လမင်းသည် လောက၌အလုံးစုံသော ကြယ်အပေါင်းတို့ကို အရောင်ဖြင့် လွှမ်းမိုးလျက် တင့်တယ်ဘိသကဲ့သို့ ထို့အတူ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား နတ်လူတို့ဖြင့် ခြံရံအပ်သော အရှင်ဘုရားသည် နတ်လူအားလုံးတို့ကို လွှမ်းမို၍ အခါခပ်သိမ်း တောက်ပတော်မူပါပေ၏။

၃၂၂။ နက်စွာသော သမုဒ္ဒရာ၌ ထကြွသော လှိုင်းတံပိုးတို့သည် ကမ်းကို မလွန်နိုင်ကြ ကုန်၊ အလုံးစုံသော လှိုင်းတံပိုးတို့သည် ကမ်းကိုသာ ထိခိုက်ကုန်လျက် ကြေမွပျက်ကွဲကုန် လျက် ဖရိုဖရဲကြဲပြန့်ကြရကုန်သကဲ့သို့-

၃၂၃။ ထို့အတူသာလျှင် လောက၌ အထူးထူးသော အယူရှိကုန်သော များစွာသော တိတ္ထိ တို့သည် ရှိကုန်၏၊ ထိုတိတ္ထိတို့သည် ဝါဒတရားကို ပြိုင်ဆိုင် ပြောဆိုလိုကုန်သော်လည်း ထို ရှင်တော်ဘုရားကိုမလွန်ဆန်နိုင်ကုန်။

၃၂၄။ ပညာမျက်စိရှိတော်မူသော အရှင်ဘုရား ထိုတိတ္ထိတို့သည် ဆန့်ကျင်ဘက် အယူ (ဝါဒ) တို့ဖြင့်အရှင်ဘုရားထံသို့ အကယ်၍ ရောက်ကြစေကုန်မူ အရှင်ဘုရားသို့ ချဉ်းကပ်မိ ကုန်သော်မှုန့်မှုန့်ညက်ညက် ကျေပျက်ကုန်သည်သာ ဖြစ်ကုန်၏။

၃၂၅။ ရေ၌ ပေါက်သော များစွာသော ကုမုဒြာကြာ, မျောက်လှေကူးတို့သည် ရေဖြင့်လည်း ကောင်း၊ ညွန်စေးညွန်ကျဲဖြင့်လည်းကောင်း လိမ်းကျံကုန်သကဲ့သို့-

၃၂၆။ ထို့အတူ များစွာသော သတ္တဝါတို့သည် ရာဂ, ဒေါသဖြင့် နှိပ်စက်အပ်ကုန်လျက် 'ညွန်၌ကုမုဒြာကြာကဲ့သို့' လောက၌ ပေါက်ရောက် ဖြစ်ပွါးကြရကုန်၏။

၃၂၇-၃၂၈။ ရေ၌ ဖြစ်သော ပဒုမ္မာကြာသည် ရေ၏ အလယ်၌ ပေါက်ရောက်၏၊ ဝတ်ဆံ ရှိသောထိုပဒုမ္မာကြာသည် ရေဖြင့် မလိမ်းကျံ, စင်ကြယ်သကဲ့သို့ ထို့အတူ ကြီးသောလုံ့လ ရှိတော်မူသောမြတ်သော မုနိဖြစ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် လောက၌ ဖြစ်တော်မူလျက်ပင် 'ပဒုမ္မာကြာသည် ရေဖြင့် မလိမ်းကျံသကဲ့သို့' လောကဖြင့် လိမ်းကျံတော် မမူ။

၃၂၉-၃၃၀။ မွေ့လျော်ဖွယ်ရှိသော တန်ဆောင်မုန်းလ၌ များစွာကုန်သော ရေ၌ ဖြစ်ကုန် သောကြာတို့သည် ပွင့်ကုန်၏၊ ထိုတန်ဆောင်မုန်းလကို လွန်၍ မဖြစ်ကုန်၊ ထိုအခါကာလ သည် ကြာပွင့်ရာအခါသမယ ဖြစ်သကဲ့သို့ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားအရှင်ဘုရားသည် (သစ္စာလေးဆင့်ဖြင့်) ပွင့်တော်မူ၏၊ အရှင်ဘုရား၏ အရဟတ္တဖိုလ်ဖြင့်ပွင့်တော်မူကြပါကုန်ပြီ။ ဥပမာသော်ကား ရေ၌ ဖြစ်သော ပဒုမ္မာကြာသည် ပွင့်ရာအချိန်အခါကို လွန်၍ မဖြစ်သကဲ့သို့ ထို့အတူ တပည့်သားသာဝကတို့သည် အရှင်ဘုရား၏ အဆုံးအမသာသနာကိုမလွန်ကြပါကုန်။

၃၃၁-၃၃၂။ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းသည် နတ်၌ ဖြစ်သော ပန်းရနံ့ကို လှိုင်စေ၏၊ ထိုအင်ကြင်းပင်မင်းသည် အခြားသော အင်ကြင်းပင်တို့ဖြင့် ခြံရံလျက် တင့်တယ် သကဲ့သို့ ထို့အတူကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် သဗ္ဗညုတဉာဏ်တော်ဖြင့် ပွင့်ခြင်းသို့ရောက်တော်မူ၏၊ ရဟန်းအပေါင်း ခြံရံလျက် အင်ကြင်း ပင်မင်းကဲ့သို့လည်း တင့်တယ်တော်မူပါပေသည်။

၃၃၃-၃၃၄။ ဟိမဝန္တာတောင်မင်းသည် ခပ်သိမ်းကုန်သော သတ္တဝါတို့၏ ဆေးဖြစ်ထွန်း ရာ နဂါး, အသုရာနှင့် နတ်တို့၏ နေရာ ဖြစ်သကဲ့သို့ ထို့အတူ ကြီးသော လုံ့လရှိတော်မူ သော မြတ်စွာဘုရားအရှင်ဘုရားသည် သတ္တဝါတို့၏ ဆေးဖြစ်ထွန်းရာ နတ်တို့၏ တည်ရာ ဟိမဝန္တာတောင်မင်းနှင့်တူတော်မူပါပေ၏၊ ဝိဇ္ဇာသုံးပါးရှိကုန်သော တပည့်သား, အဘိညာဉ် ခြောက်ပါးရှိကုန်သော တပည့်သားတို့လည်း တန်ခိုး၏ အထွတ်အထိပ်သို့ ရောက်ကြပါကုန်၏။

၃၃၅။ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား သနားခြင်း 'ကရုဏာ' ရှိသော အရှင် ဘုရားသည့်ဆုံးမအပ်ပြီးဖြစ်ကုန်သော ထိုတပည့်သားတော်တို့သည် တရားတည်းဟူသော မွေ့လျော်ခြင်းဖြင့်မွေ့လျော်ကုန်သည်ဖြစ်၍ အရှင်ဘုရား၏ သာသနာတော်၌ နေကြပါကုန်၏။

၃၃၆။ ဥပမာသော်ကား သားတို့သနင်းခြင်္သေ့မင်းသည် နေရာဂူမှ ထွက်၍ အရပ် လေးမျက်နှာတို့ကို စောင်းငဲ့လှည့်လည် ရှေ့နောက် ကြည့်ရှုပြီးလျှင် သုံးကြိမ် မြည်ဟောက်၏။

၃၃၇။ ခြင်္သေ့မင်း၏ မြည်ဟောက်သော အသံကြောင့် ခပ်သိမ်းသော သားကောင်တို့သည် ထိတ်လန့်ကုန်၏၊ မြတ်သော ဇာတ်ရှိသော ဤခြင်္သေ့မင်းသည် အခါခပ်သိမ်း သားကောင်တို့ကို ထိတ်လန့်စေ၏။

၃၃၈။ ထို့အတူ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏။ ကုံးဝါး တော်မူသောအသံတော်ကြောင့် ဤမြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်၏၊ ကျွတ်ထိုက်သော သတ္တဝါတို့သည် သာလျှင်ထိုးထွင်းသိကုန်၏၊ မာရ်မင်း၏ အသင်းအပင်းဖြစ်ကုန်သော သတ္တဝါ တို့သည် ထိတ်လန့်ကုန်၏။

၃၃၉။ မုနိတကာတို့ထက် မြတ်တော်မူသော မြတ်စွာဘုရား အရှင်ဘုရား၏။ ကုံးဝါး တော်မူသောအသံတော်ကြောင့် ခပ်သိမ်းကုန်သော တိတ္ထိတို့သည် ထိတ်လန့်ကုန်၏၊ ကျီးတို့သည်သိမ်းငှက်တို့ကြောင့် လှည့်လည်ထွက်ပြေးကုန်သကဲ့သို့လည်းကောင်း၊ သားကောင်တို့သည်သားတို့သနင်း ခြင်္သေ့မင်းကြောင့် တိမ်းရှောင်ထွက်ပြေးကုန်သကဲ့သို့လည်းကောင်း ထိတ်လန့်ကုန်၏။

၃၄၀။ လောက၌ ဂိုဏ်းရှိကုန်သော အလုံးစုံသောသူတို့ကို ''ဆရာတို့''ဟူ၍ ဆိုအပ် ကုန်၏၊ ထိုဂိုဏ်းဆရာတို့သည် ဆရာအဆက်ဆက် ဆောင်ယူခဲ့သော တရားကို ပရိသတ်၌ ဟောကြားကြကုန်၏။

၃၄၁။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် သတ္တဝါတို့အား (ထိုဂိုဏ်းဆရာတို့ကဲ့သို့) တရားကို ဟောတော်မူသည် မဟုတ်ပါ၊ (အဘယ်သို့ ဟောတော်မူသနည်းဟူမူ) ကိုယ်တိုင် သစ္စာလေးပါးတို့ကို သိ၍ သာလျှင် (ဗောဓိပက္ခိယ) တရားအားလုံးကို သိ၍ ဟောတော်မူ၏။

၃၄၂။ သတ္တဝါတို့၏ အလိုစရိုက် (အာသယ), ကိန်းအောင်းနေသော ကိလေသာ (အနုသယ) ကိုသိ၍လည်းကောင်း၊ ဣန္ဒြေတို့၏ အားရှိ, မရှိကို သိ၍လည်းကောင်း၊ ကျွတ်ထိုက်, မကျွတ်ထိုက်သောပုဂ္ဂိုလ်တို့ကို သိတော်မူ၍လည်းကောင်း 'ကြီးစွာသောမိုးသည် ထစ်ကြိုးဘိသကဲ့ သို့' အရှင်ဘုရားသည် (ဓမ္မဒေသနာဟူသော ကြုံးဝါးခြင်းဖြင့်) ကြုံးဝါးတော်မူ၏။

၃၄၃။ ပရိသတ်တို့သည် အထူးထူးသော အယူ (ဝါဒ) တို့ကို စူးစမ်းဆင်ခြင်ကြကုန်လျက် ယုံမှားမှုဖြတ်တောက်ရန်အလို့ငှါ အရှင်ဘုရားကို ခြံရံ၍ စကြဝဠာဆုံးသည့်တိုင်အောင် ထိုင်နေ ကြကုန်၏။

၃၄၄။ ဥပမာ၌ လိမ္မာတော်မူသော အရှင်ဘုရားသည် ခပ်သိမ်းသော ပရိသတ်တို့၏ စိတ် ကို သိတော်မူ၍ တစ်ခုသော ပြဿနာကို ဖြေတော်မူသည် ဖြစ်၍ သာလျှင် သတ္တဝါတို့၏ အထူးထူးသော ယုံမှားမှုကိုဖြတ်တော်မူ၏။

၃၄၅။ မြေအပြင်သည် ဥပတိဿနှင့် တူသော ပညာရှိတို့ဖြင့် ပြည့်ရာ၏၊ အလုံးစုံသောထိုပညာရှိတို့ပင်လျှင် လက်အုပ်ချီကုန်လျက် ရှင်တော်ဘုရားကို ချီးမွမ်းကုန်ရာ၏။

၃၄၆။ ဥပတိဿနှင့် တူမျှသော ထိုပညာရှိတို့သည် အထူးထူးသော ဂုဏ်တော်တို့ဖြင့် တစ်ကမ္ဘာပတ်လုံးချီးမွမ်းကုန်သော်လည်း ဂုဏ်ပမာဏကို ရေတွက်ပြောဆိုခြင်းငှါ မစွမ်း နိုင်ကုန်ရာ၊ (အဘယ့်ကြောင့်ဆိုသော်) ဘုရားရှင်တို့သည် မနှိုင်းယှဉ်နိုင်သောဂုဏ်တော်နှင့်ပြည့်စုံတော်မူသောကြောင့်တည်း။

၃၄၇။ အကျွန်ုပ်သည် မြတ်စွာဘုရားကို မိမိအစွမ်းရှိသလောက် ချီးမွမ်းအပ်ပါ၏၊ ပညာရှိ တို့သည် ကမ္ဘာကုဋေတို့ကာလပတ်လုံး ချီးမွမ်းကုန်သော်လည်း ဤမျှလောက်သာလျှင် ချီးမွမ်း နိုင်ကုန်ရာ၏၊ (ဤထက်လွန်၍ မချီးမွမ်းနိုင်ကုန်ရာ)။

၃၄၈။ ကောင်းစွာသင်ကြားအပ်ပြီးသော တစ်စုံတစ်ယောက်သော နတ်သည်လည်းကောင်း၊ လူသည်လည်းကောင်း ဂုဏ်ပမာဏကို ရေတွက်ခြင်းငှါ အကယ်၍ ကြံစည်ငြားအံ့။ ထိုသူသည်ပင်ပန်းခြင်းကိုသာလျှင် ရရာ၏။

၃၄၉။ သာကီဝင်မင်းသားဖြစ်တော်မူသော များသော အခြံအရံရှိတော်မူသော မြတ်စွာဘုရားတပည့်တော်သည် ရှင်တော်ဘုရား၏ သာသနာတော်၌ တည်၍ ပညာ၏ အထွတ် အထိပ်သို့ ရောက်လျက်အာသဝမရှိဘဲ နေရပါ၏။

၃၅၀။ ယခုအခါ မြတ်စွာဘုရားသာသနာတော်၌ တိတ္ထိတို့ကို ကောင်းစွာ နှိမ်နင်းနိုင်၏၊ မြတ်စွာဘုရားအဆုံးအမတော်ကို လိုက်နာစောင့်ရှောက်နိုင်၏၊ ယခုအခါ သာကီဝင်မင်းသား မြတ်စွာဘုရား၏သာသနာတော်၌ တရားစစ်သူကြီး ဖြစ်ရပါ၏။

၃၅၁။ မရေမတွက်နိုင်သော တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်းထက်က ပြုခဲ့သော ကောင်းမှုကံသည် ယခုဤဘဝ၌ အကျွန်ုပ်အား အကျိုးကို ညွှန်ပြ၏၊ 'ကောင်းစွာ ပစ်အပ်သော မြား အဟုန်ကဲ့သို့' အကျွန်ုပ်သည် ကိလေသာတို့ကို လောင်ကျွမ်းစေပါ၏။

၃၅၂-၃၅၃။ တစ်စုံတစ်ယောက်သောသူသည် ဦးခေါင်းထက်၌ ဝန်ကို ရွက်ထားရာ၏၊ ဝန်အားဖြင့်ဆင်းရဲခြင်းသို့ ရောက်ရာ၏၊ ထိုပုဂ္ဂိုလ်အား ဝန်ထုပ်ဝန်ပိုးတို့ဖြင့် အလွန် ဝန် လေးသကဲ့သို့ ထို့အတူသုံးပါးသော မီးတို့ဖြင့် လောင်ကျွမ်းလျက် 'မြင်းမိုရ်တောင်ကို ဦးထိပ်ထက်၌ ရွက်တင်ထားရသကဲ့သို့' ဘဝတည်းဟူသော ဝန်ထုပ်ဖြင့် ပြည့်လျက် ဘဝများ စွာတို့၌ အကျွန်ုပ် ကျင်လည်ခဲ့ရ၏။

၃၅၄။ အကျွန်ုပ်သည် ခန္ဓာဝန်ကို ချအပ်ပြီးပြီ၊ အကျွန်ုပ်သည် ဘဝတို့ကို ဖျက်ဆီးအပ် ပါပြီ၊ မြတ်စွာဘုရား၏ သာသနာတော်၌ အလုံးစုံသော ပြုဖွယ်ဟူသမျှကို ပြုပြီးပါပြီ။

၃၅၅။ စကြဝဠာကုဋေတစ်သိန်းဟူသော ဗုဒ္ဓခေတ်၌ ရှိသမျှသော သတ္တဝါအပေါင်းတို့တွင် မြတ်စွာဘုရားကိုထား၍ အကျွန်ုပ်သည် ပညာအားဖြင့် အမြတ်ဆုံး ဖြစ်၏၊ အကျွန်ုပ်နှင့် တူ သောသူသည် မရှိ။

၃၅၆။ တည်ကြည်မှု 'သမာဓိ' ၌ အလွန်လိမ္မာ၏၊ တန်ခိုးအရာ၌ အထွတ်အထိပ်သို့ ရောက်၏၊ ယခုအကျွန်ုပ် အလိုရှိခဲ့ပါမူ အထောင်မျှလောက် ဖန်ဆင်းနိုင်ပါ၏။

၃၅၇။ အစဉ်အတိုင်း ဝင်စားအပ်သော သမာပတ်ကိုးပါး၌ လေ့လာတော်မူပြီးသော မြတ်စွာဘုရားသည်အကျွန်ုပ်အား အဆုံးအမကို မိန့်ဆိုတော်မူ၏၊ နိရောဓသမာပတ်သည် အကျွန်ုပ်၏ အိပ်ရာနေရာတည်း။

၃၅၈။ အကျွန်ုပ်၏ ဒိဗ္ဗစက္ခုအဘိညာဉ်သည် စင်ကြယ်၏၊ အကျွန်ုပ်သည် တည်ကြည်မှု 'သမာဓိ' ၌လိမ္မာ၏၊ ကောင်းစွာ အားထုတ်ခြင်း 'သမ္မပ္ပဓာန်' လုံ့လနှင့် ယှဉ်၏၊ ဗောဇ္ဈင် (ခုနစ်ပါး) ကို ပွားများမှု၌မွေ့လျော်၏။

၃၅၉။ တပည့်သာဝကတို့ ရရောက်အပ်သော ပြုဖွယ်ကိစ္စဟူသမျှကို အကျွန်ုပ်သည် ပြုပြီး ပြီ၊ မြတ်စွာဘုရားကို ထား၍ အကျွန်ုပ်နှင့် တူသောသူ မရှိ။

၃၆၀။ (အကျွန်ုပ်သည်) သမာပတ်ကိုးပါးတို့၌ လိမ္မာ၏၊ ဈာန်, လောကုတ္တရာဝိမောက္ခကို လျင်စွာရသူဖြစ်ပါ၏၊ ဗောဇ္ဈင် (ခုနစ်ပါး) ပွားများခြင်း၌ မွေ့လျော်၏၊ သာဝကတို့ ရသင့်ရ ထိုက်သော ဂုဏ်တို့၏အထွတ်အထိပ်သို့ ရောက်သူ ဖြစ်ပါ၏။

၃၆၁။ ယောက်ျားမြတ်ဖြစ်တော်မူသော အရှင်ဘုရား ရအပ်သော သာဝကဂုဏ် (တစ်ဆယ့် ခြောက်ပါး) နှင့်ပြည့်စုံသော်လည်း သီတင်းသုံးဖော်တို့၌ အခါခပ်သိမ်း ကြည်ညိုလေးစား အကျိုးစီးပွားနှင့် ယှဉ်သောစိတ်ကို ပြုပါ၏။

၃၆၂။ 'အဆိပ်နုတ်ထားပြီးသော မြွေကဲ့သို့လည်းကောင်း၊ ဦးချိုကျိုးသော နွားလားကဲ့သို့လည်းကောင်း' ထောင်လွှားခြင်း 'မာန' ကို ချထား၍ သာလျှင် အလွန်ရိုသေလေးစားသဖြင့်ရဟန်းအပေါင်းသို့ ဆည်းကပ်ဝင်ရောက်ပါ၏။

၃၆၃။ အကျွန်ုပ်၏ ပညာသည် အကယ်၍ အစိုင်အခဲ ဖြစ်ခဲ့ပါလျှင် မြေကြီးသည် မဆန့် ရာ၊ ဤအကျိုးသည် အနောမဒဿီမြတ်စွာဘုရား၏ ဉာဏ်တော်ကို ချီးမွမ်းရခြင်း၏ အကျိုး ပေတည်း။

၃၆၄။ တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဟောတော်မူသော ဓမ္မစကြာ တရားတော်ကိုအကျွန်ုပ်သည် ကောင်းစွာ အတုလိုက်၍ ဟောနိုင်ပါ၏။ ဤအကျိုးသည် ဉာဏ်တော်ကို ချီးမွမ်းရခြင်း၏အကျိုးပေတည်း။

၃၆၅။ ယုတ်မာသော အလိုရှိသော ပျင်းရိသော လုံလဝီရိယ လျော့နည်းသော အကြား အမြင်နည်းသောအဆုံးအမဩဝါဒ၌ ရိုသေခြင်းကင်းသောသူသည် တစ်စုံတစ်ခုသော အရပ်၌ အကျွန်ုပ်နှင့်အတူပေါင်းဖော်ရခြင်းသည် တစ်ရံတစ်ခါမျှ မဖြစ်ပါစေလင့်။

၃၆၆။ အကြင်ပုဂ္ဂိုလ်သည် များသော အကြားအမြင်ရှိသူလည်း ဖြစ်၏၊ လျင်မြန်သော ပညာရှိသူလည်းဖြစ်၏၊ သီလတို့၌ ကောင်းစွာဆောက်တည်သူလည်း ဖြစ်၏၊ စိတ်ကို ကောင်းစွာထားခြင်းနှင့်ယှဉ်သူလည်း ဖြစ်၏၊ ထိုသို့သော ပုဂ္ဂိုလ်သည် အကျွန်ုပ်၏ ဦးထိပ် ထက်၌သော်လည်းတည်ပါစေသတည်း။

၃၆၇။ အရှင်ကောင်းတို့ အရှင်တို့အား ထိုအကြောင်းကို ဆိုပေအံ့၊ ဤပရိသတ်၌ အညီ အညွတ်လာရောက်ကုန်သော အရှင်ကောင်းအပေါင်းတို့သည် အလိုနည်းကြကုန်လော့၊ ရောင့်ရဲလွယ်ကြကုန်လော၊ အခါခပ်သိမ်း ဈာန်ဝင်စားကြကုန်လော့၊ ဈာန်၌ မွေ့လျော်ကြကုန်လော့။

၃၆၈။ အကျွန်ုပ်သည် အကြင်အဿဇိမထေရ်ကို မြင်ရ၍ (ကိလေသာ) မြူအညစ်အကြေး ကင်းသည်ဖြစ်၏၊ ပညာရှိသော အဿဇိမည်သော (ထိုမြတ်စွာဘုရား၏) တပည့်သားတော် သည် အကျွန်ုပ်၏ဆရာပါတည်း။

၃၆၉။ အကျွန်ုပ်သည် ထိုအဿဇိမထေရ်၏ အစွမ်းကြောင့် ယခု တရားစစ်သူကြီး ဖြစ်ရ ပါ၏၊ အလုံးစုံသော သာဝကပါရမီဉာဏ်အရာ၌ အထွတ်အထိပ်သို့ ရောက်လျက် (ကိလေသာ) ကင်းသည် ဖြစ်၍ နေရ၏။

၃၇၀။ အကျွန်ုပ်၏ ဆရာဖြစ်သော အဿဇိမည်သော (မြတ်စွာဘုရား၏) တပည့်သား တော်သည်အကြင်အရပ်၌ နေ၏၊ ထိုအဿဇိ နေရာအရပ်ကို အကျွန်ုပ်သည် ဦးခေါင်းရင်း ပြု ပါ၏။

၃၇၁။ အကျွန်ုပ်၏ ရှေးက ပြုခဲ့ဖူးသော ကံကို အောက်မေ့တော်မူ၍ ဂေါတမမြတ်စွာဘုရားသည်ရဟန်းသံဃာ (အလယ်၌) နေတော်မူလျက် အကျွန်ုပ်ကို မြတ်သော အဂ္ဂသာဝက အရာ၌ ထားတော်မူ၏။

၃၇၂။ အကျွန်ုပ်သည် ကိလေသာတို့ကို လောင်ကျွမ်းစေအပ်ကုန်ပြီ၊ အလုံးစုံသော ဘဝ တို့ကိုကောင်းစွာ နုတ်အပ်ကုန်ပြီ၊ 'ဆင်ပြောင်သည် အနှောင်အဖွဲ့ကို ဖြတ်တောက်၍ နေဘိ သကဲ့သို့' သံယောဇဉ်အနှောင်အဖွဲ့ကို ဖြတ်တောက်လျက် အာသဝေါကင်းသည်ဖြစ်၍ နေရ၏။

၃၇၃။ မြတ်စွာဘုရား၏ အထံတော်သို့ အကျွန်ုပ် လာရခြင်းကား စင်စစ် ကောင်းသောလာရခြင်းပေတည်း၊ ဝိဇ္ဇာသုံးပါးတို့သို့ အစဉ် ရောက်အပ်ကုန်ပြီ၊ မြတ်စွာဘုရား အဆုံးအမ တော်ကိုပြုကျင့်ရပြီ။

၃၇၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သာရိပုတ္တရာမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော သာရိပုတ္တတ္ထေရအပဒါန် ပြီး၏။

------

၃-၂-မဟာမောဂ္ဂလ္လာနတ္ထေရအပဒါန်

၃၇၅။ ဘုန်းတော်ခြောက်ပါးနှင် ပြည်စုံတော်မူသော လောကထက်မြတ်သော အနောမဒဿီမြတ်စွာဘုရားသည် ဟိမဝန္တာတော၌ နတ်အပေါင်း ခြံရံအပ်သည် ဖြစ်နေတော်မူ၏။

၃၇၆။ ထိုအခါ ငါသည် အမည်အားဖြင့် ဝရုဏမည်သော နဂါးမင်း ဖြစ်ခဲ့၏၊ အလိုရှိအပ် သောအဆင်းသဏ္ဌာန်ကို ဖန်ဆင်းလေ့ရှိသည်ဖြစ်၍ အထူးထူး တန်ခိုးဖန်ဆင်းကာ သမုဒ္ဒရာ ၌ နေ၏။

၃၇၇။ ငါသည် အခြံအရံဖြစ်သော နဂါးအပေါင်းကို ခေါ်၍ တူရိယာတို့ကို ဖြစ်စေ၏၊ ထိုအခါနတ်နဂါးမတို့သည် မြတ်စွာဘုရားကို ခြံရံကုန်လျက် တီးမှုတ်ကြကုန်၏။

၃၇၈။ (လူနှင့်နဂါးတို့က) လူတူရိယာ, နဂါးတူရိယာတို့ကို တီးမှုတ်ကြကုန်သည်ရှိသော် နတ်တို့ကလည်းနတ်တူရိယာတို့ကို တီးမှုတ်ကြကုန်၏၊ နှစ်မျိုးသော နတ်လူတို့၏ တူရိယာ သံကို ကြားရသောကြောင့်အနောမဒဿီမြတ်စွာဘုရားသော်မှ (သမာပတ်မှ) ထတော်မူရ၏။ (အသိအမှတ်ပြုတော်မူရ၏)။

၃၇၉။ ငါသည် အနောမဒဿီမြတ်စွာဘုရားကို ပင့်ဖိတ်၍ မိမိနေရာ နဂါးပြည်သို့ ကပ် ရောက်ပြီးနောက် (ကပ်ပြီး၍) နေရာကို ခင်းထား၍ ဆွမ်းစားချိန်အခါကို ကြားလျှောက်၏။

၃၈၀။ အနောမဒဿီမြတ်စွာဘုရားသည် ရဟန္တာတစ်ထောင် ခြံရံအပ်သည် ဖြစ်၍ အလုံး စုံသောအရပ်မျက်နှာတို့ကို ထွန်းလင်းစေလျက် ငါ၏ ဗိမာန်သို့ ကြွရောက်တော်မူလာ၏။

၃၈၁။ ထိုအခါ ငါသည် ရဟန်းသံဃာနှင့် တကွ (ဗိမာန်သို့) ကြွတော်မူလာသော လုံ့လ ကြီးမြတ်နတ်ထက်နတ် ဖြစ်လာသည့် အနောမဒဿီမြတ်စွာဘုရားကို ထမင်းအဖျော်ဖြင့် ရောင့်ရဲတော်မူစေ၏။

၃၈၂။ လုံ့လကြီးမြတ်တော်မူသော အလိုလို သိတော်မူသော အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အနောမဒဿီမြတ်စွာဘုရားသည် ရဟန်းသံဃာ (အလယ်) ၌ ထိုင်တော်မူကာ အနုမောဒနာပြုပြီး နောက်ဤဂါထာကို မိန့်တော်မူ၏-

၃၈၃။ ထိုနဂါးမင်းသည် လူတို့၏ ရှေ့ဆောင်ဖြစ်သော ဘုရားကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ပူဇော်ကြောင်း ဖြစ်သော စိတ်ကြည်လင်မှုကြောင့် နတ်ပြည်သို့ လားရ လတ္တံ့။

၃၈၄။ ခုနစ်ဆယ့်ခုနစ်ကြိမ် နတ်စည်းစိမ်ကို ခံစားရလတ္တံ့၊ အကြိမ်ရှစ်ရာ မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်၍ မြေပြင်အလုံးကို စိုးအုပ်ရလတ္တံ့။

၃၈၅။ ငါးဆယ့်ငါးကြိမ်တိုင်အောင် စကြဝတေးမင်း ဖြစ်ရလတ္တံ့၊ ထိုစကြဝတေးမင်း အဖြစ်၌ပင်ထိုမင်းအား မရေတွက်နိုင်ကုန်သော စည်းစိမ်ဥစ္စာတို့သည် ဖြစ်ကုန်လတ္တံ့။

၃၈၆။ (ငါဘုရားပွင့်ရာ) ဤဝရကမ္ဘာမှ မရေတွက်နိုင်သော တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်း ထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်၍ အနွယ်တော်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ဖြစ်ပေါ်လတ္တံ့။

၃၈၇။ ထိုနဂါးမင်းသည် ငရဲမှ စုတေ၍ လူ့ဘဝသို့ ရောက်ပြီးလျှင် ''ကောလိတ''ဟူသော အမည်ဖြင့်ပုဏ္ဏားမျိုး ဖြစ်လတ္တံ့။

၃၈၈။ အဆုံးစွန်သော ဘဝ၌ ထိုကောလိတသည် ရဟန်းပြု၍ အကြောင်းရင်း ကုသိုလ်ကံ သည်တိုက်တွန်းအပ်သောကြောင့် ဂေါတမမြတ်စွာဘုရား၏ ဒုတိယအဂ္ဂသာဝက (လက်ဝဲရံ) ဖြစ်လတ္တံ့။

၃၈၉။ အားထုတ်အပ်သော ဝီရိယရှိသည် နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ တန်ခိုး၏အထွတ်အထိပ်သို့ ရောက်လျက် အလုံးစုံသော အာသဝေါတရားတို့ကို ပိုင်းခြား သိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုလတ္တံ့။ (ဤဂါထာတို့ကို မိန့်တော် မူ၏)။

၃၉၀။ ယုတ်မာသော အဆွေခင်ပွန်းတို့ကို အမှီပြု၍ ကာမဂုဏ်အလိုသို့ လိုက်မှားလျက်အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားသော စိတ်ရှိသည်ဖြစ်၍ သတ်ခဲ့ဖူး လေ၏။

၃၉၁။ အကြင်အကြင်ငရဲဘဝသို့ ကပ်ရောက်ရ၏၊ လူဖြစ်သော အခါ၌လည်း ငါသည် မကောင်းမှုကံနှင့်ပြည့်စုံခြင်းကြောင့် ဦးခေါင်းကွဲလျက် သေလွန်ရပြန်၏။

၃၉၂။ ငါ့အား ဤသေရခြင်းသည် နောက်ဆုံး သေရခြင်းပင်တည်း၊ ဤဘဝသည် အဆုံး စွန်သောဘဝပေတည်း၊ ဤအဆုံးဘဝ သေရမည့်အခါ၌လည်း ငါ့အား ဤသို့ ဦးခေါင်းကွဲ လျက်သေရခြင်းမျိုးသည်ပင် ဖြစ်လတ္တံ့။

၃၉၃။ ဝိဝေကသုံးပါးကို အားထုတ်လျက် ဈာန်သမာဓိကို ပွားများမှု၌ မွေ့လျော်သည်ဖြစ် ၍ အလုံးစုံသောအာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါမရှိဘဲ နေရ၏။

၃၉၄။ တန်ခိုး၏ အထွတ်အထိပ်သို့ ရောက်သောငါသည် အလွန်နက်သော (နှစ်သိန်း လေးသောင်း) အထုရှိသည် ဖြစ်၍ ဖျက်ဆီးနိုင်ခဲသော မြေကြီးကိုလည်း လက်ဝဲခြေမဖြင့် လှုပ် ချောက်ချားနိုင်၏။

၃၉၅။ ငါသည် ''ငါတကား''ဟု ထောင်လွှားသော မာန်ကို မမြင်၊ ငါ့အား မာန်သည် မရှိ၊ ရှင်သာမဏေတို့ကို အစပြု၍ ရိုသေလေးစားသော စိတ်ကို ပြု၏။

၃၉၆။ ငါသည် ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော တစ်သချေင်္နှင့် ကမ္ဘာတစ်သိန်းထက် ဖြစ်သောဝရကမ္ဘာ၌ (လက်ဝဲရံ ဖြစ်ရလို၏ဟု) ဆုတောင်းမှုကို ပြုခဲ့ဖူးသော ဒုတိယအဂ္ဂသာဝ ကရာထူးသို့အစဉ်ရောက်ရပေပြီ၊ အာသဝေါတရားတို့၏ ကုန်ခြင်းသို့လည်း ရောက်ပြီ။

၃၉၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် မဟာမောဂ္ဂလ္လာနတ္ထေရအပဒါန် ပြီး၏။

------

၃-၃-မဟာကဿပတ္ထေရအပဒါန်

၃၉၈။ တာဒိဂုဏ်နှင် ပြည်စုံတော်မူသော လောက၌ အကြီးအမှူးဖြစ်တော်မူသောပဒုမုတ္တရမြတ်စွာဘုရား၏ လက်ထက်တော်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံလေသော် မြတ်စွာဘုရားအားပူဇော်မှုကို ပြုကြကုန်၏။

၃၉၉။ တက်ကြွသောစိတ်ရှိကုန်သော လူအပေါင်းတို့သည် အတိုင်းထက်အလွန် ဝမ်း မြောက်ကြကုန်လျက်ပူဇော်မှုကို ပြုကြကုန်၏၊ ထိုလူအပေါင်းသည် သံဝေဂဖြစ်သည်ရှိသော် ငါ့အား နှစ်သက်ခြင်း 'ပီတိ' သည်ဖြစ်ပေါ်လာ၏။

၄၀၀။ အဆွေခင်ပွန်းတို့ကို စုဝေးစေ၍ ဤစကားကို ပြောဆို၏၊ လုံ့လကြီးမြတ်တော် မူသောမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ယခု ပူဇော်မှုကို ပြုကြကုန်အံ့။

၄၀၁-၄၀၂-၄၀၃။ ထိုအဆွေခင်ပွန်းတို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ ငါ့အား လွန်စွာ ဝမ်းမြောက်ခြင်းကိုဖြစ်စေ၏၊ လူတို့ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရား၌ ကောင်းမှုအစုကို ပြုကုန်အံ့ (ဟု တိုင်ပင်ကြ၍) အတောင်တစ်ရာအစောက်မြင့်၍ အတောင်တစ်ရာ့ငါးဆယ်ကျယ် ဝန်းသော ကောင်းကင်သို့စွင့်စွင့်တက်သည့် ဗိမာန်သဖွယ်ဖြစ်သော ရတနာစေတီအိမ်ကို ပြုလုပ်၍ ထိုစေတီအိမ်၌ ထန်းပင်အစဉ်တို့ဖြင့် ဆန်းကြယ်သော ပြာသာဒ်ဦးပြည်းကို ဆောက် လုပ်ပြီးလျှင် မိမိစိတ်ကို ကြည်လင်စေလျက်မြတ်သောစေတီကို ပူဇော်၏။

၄၀၄။ 'တောက်ပသော မီးပုံကြီးကဲ့သို့လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော ပင်လယ်ကသစ်ပင်ကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ သက်တင်ရေးကဲ့သို့လည်းကောင်း' အရပ်လေး မျက်နှာတို့၌ထွန်းလင်းတောက်ပ၏။

၄၀၅။ ငါသည် ထိုစေတီတော်၌ စိတ်ကို ကြည်ညိုစေ၍ များစွာသော ကုသိုလ်ကောင်းမှုကို ပြုလျက်ရှေးက ပြုခဲ့ဖူးသော ကံကို အောက်မေ့လျက် သေရသောကြောင့် တာဝတိံသာ နတ်ပြည်သို့ ရောက်ရ၏။

၄၀၆။ ထိုနတ်ပြည်၌လည်း နတ်မြင်းတစ်ထောင် ကဆောင်သော နတ်ယာဉ်ကို စီးနင်း ပိုင်စိုးရ၏၊ ငါ၏ဗိမာန်သည်လည်း (အစောက်အားဖြင့်) မြင့်၍ ဘုံခုနစ်ဆင့်ရှိလျက် အထက် သို့ စွင့်စွင့်တက်၏။

၄၀၇။ ထိုဗိမာန်၌ အလုံးစုံသော ရွှေဖြင့် ပြီးသော အထွတ်တပ်သည့် ပြာသာဒ်ဆောင် ပေါင်းတစ်ထောင်ရှိကုန်၏၊ မိမိ၏ ကောင်းမှုတန်ခိုးဖြင့် အရပ်မျက်နှာ အားလုံးတို့သည် အလျှံတဝင်းဝင်းထွန်းလင်းတောက်ပကုန်၏။

၄၀၈။ ထိုဗိမာန်၌ ပတ္တမြားနီဖြင့် ပြီးသော အခြားအခြားသော နန်းဦးပြာသာဒ်ဆောင်တို့သည်လည်းရှိကုန်သေး၏၊ ထိုပြာသာဒ်ဆောင်တို့ကလည်း ထက်ဝန်းကျင် အရပ်လေးမျက်နှာ တို့ကို အရောင်အဝါဖြင့်ထွန်းလင်းတောက်ပစေကုန်၏။

၄၀၉။ ကောင်းမှုကံကြောင့် ဖြစ်ပေါ်လာကုန်သော ကောင်းစွာ ဖန်ဆင်းအပ်သည်ဖြစ်၍ ပတ္တမြားဖြင့်ပြီးကုန်သော အထွတ်တပ်သော အဆောင်တို့ကလည်း ထက်ဝန်းကျင် အရပ်ဆယ်မျက်နှာတို့ကို ထွန်းလင်းတောက်ပစေကုန်၏။

၄၁၀။ တလျှပ်လျှပ်တောက်ပကုန်သော ထိုဗိမာန်တို့၏ အလင်းရောင်သည် ကျယ်ပြန့်သည် ဖြစ်၍ နတ်အားလုံးတို့ကို (အသက်အဆင်းစသည်ဖြင့်) လွှမ်းမိုး၍ သွား၏။ ဤသို့ ဖြစ်ပေါ် ရခြင်းသည်ကောင်းမှုကံ၏ အကျိုးပေတည်း။

၄၁၁။ ငါသည် ကမ္ဘာခြောက်သောင်းထက်၌ လေးကျွန်းလုံးကို အစိုးရ၍ ရန်သူကို အောင် ပြီးသူ ''ဥဗ္ဗိဒ္ဓ''မည်သော စကြာမင်း ဖြစ်၍ မြေပြင်အလုံးကို စိုးအုပ်ရလေ၏။

၄၁၂။ ငါသည် ဘဒ္ဒကမ္ဘာ၌လည်း အကြိမ်သုံးဆယ် အလားတူ စကြာမင်း ဖြစ်ရပြန်၏၊ ဗိုလ်ပါအင်အားများသော စကြာမင်းဖြစ်၍ မိမိ၏ မင်းကျင့်ဆယ်တန်ပရိကံကိစ္စ၌ အားထုတ်အပ် ပြီးသူဖြစ်၏။

၄၁၃။ ထိုစကြာမင်းအဖြစ်၌လည်း ရတနာခုနစ်ပါးနှင့် ပြည့်စုံ၍ လေးကျွန်းလုံးကို အစိုးရ သူ ဖြစ်၏၊ ငါ၏ ဗိမာန်သည် လျှပ်စစ်နွယ်ကဲ့သို့ အထက်သို့ အလျှံတက်၏။

၄၁၄-၄၁၅။ အလျားအားဖြင့် နှစ်ဆယ့်လေးယူဇနာ ရှိ၍ အနံအားဖြင့် တစ်ဆယ့်နှစ် ယူဇနာကျယ်ပြန့်၏၊ မြဲမြံခိုင်ခံ့သည့် တံတိုင်း, တုရိုဏ်တိုင်ရှိသော ရမ္မဏမည်သော မြို့တော် သည်ကား အလျားငါးယူဇနာ, အနံယူဇနာခွဲ ရှိ၏၊ လူအပေါင်းတို့ဖြင့် ပြွမ်းလျက် တာဝတိံသာနတ်ပြည်သဖွယ် ဖြစ်၏။

၄၁၆။အပ်ကျည်ဘူး၌ ထည့်ထားသောအပ်တို့သည် အချင်းချင်း ရောယှက်ထိခိုက်ကြကုန် သကဲ့သို့ဝင်ရောက်နေထိုင်ရောင်းဝယ်သော ဈေးသူဈေးသားတို့သည် အချင်းချင်း ရောယှက် ထိစပ်ကြကုန်၏။ တန်ဆာဆင်အပ်သော မြို့တော်ဖြစ်၍ လူမျိုးစုံတို့ဖြင့် ရောပြွမ်းခြင်း ရှိ၏။

၄၁၇။ ဤအခြင်းအရာဖြင့်လည်း ဆင် မြင်း ရထားတို့ဖြင့် ရောပြွမ်းသော ငါ၏။ မို့တော် သည်လူတို့ဖြင့် အခါခပ်သိမ်း ရောပြွမ်း၍ မြတ်သော ရမ္မဏမြို့တော် ဖြစ်ခဲ့၏။

၄၁၈။ ထိုရမ္မဏမြို့တော်၌ပင် သုံးဆောင်ခံစားနေထိုင်ပြီး၍ တစ်ဖန် နတ်အဖြစ်သို့ ရောက်ပြန်၏။ ငါ့အားအဆုံးဘဝ၌ မျိုးရိုး၏ ပြည့်စုံခြင်းသည် ဖြစ်၏။

၄၁၉။ ဗြာဟ္မဏမျိုး၌ ဖြစ်၍ များစွာသော ရတနာတို့ စုဝေးရာ ဖြစ်၏၊ ကုဋေရှစ်ဆယ် သောရွှေငွေတို့ကို စွန့်လွှတ်၍ ရဟန်းပြု၏။

၄၂၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်မဟာကဿပမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် မဟာကဿပတ္ထေရအပဒါန် ပြီး၏။

------

၃-၄-အနုရုဒ္ဓတ္ထေရအပဒါန်

၄၂၁။ ဘုန်းတော်ကြီးတော်မူသော, လောကထက် မြတ်သော, ဆိတ်ငြိမ်ရာသို့ ကပ်လျက်နေတော်မူသော လူတို့၏ ရှေ့သွားဖြစ်သည် သုမေဓာမြတ်စွာဘုရားကို ငါသည် ဖူးမြင်ရ၏။

၄၂၂။ ငါသည် လူတို့၏ ရှေ့သွားဖြစ်သော သုမေဓာမြတ်စွာဘုရားသို့ ချဉ်းကပ်၍ လက်အုပ်ချီပြီးလျှင် မြတ်စွာဘုရားကို တောင်းပန်၏။

၄၂၃။ သနားစောင့်ရှောက်၍ လုံ့လကြီးမြတ်တော်မူသော, လူတို့ဥက္ကဌ် လောကထက် မြတ်တော်မူသောမြတ်စွာဘုရား သစ်ပင်ရင်း၌ ဈာန်ဝင်စားတော်မူသော အရှင်ဘုရားအား ဆီမီးကို ကပ်လှူပါအံ့။ (ဤသို့တောင်းပန်၏)။

၄၂၄-၄၂၅။ အလိုလို ပွင့်ပေါ်တော်မူသည် ဖြစ်၍ ဟောပြောသူတို့ထက် မြတ်သော ထို သုမေဓာမြတ်စွာဘုရားသည် လက်ခံတော်မူ၏၊ ထိုအခါ ငါသည် သစ်ပင်တို့၌ ဖောက်ထွင်း၍ (ဆီညှစ်) ယန္တရားကို တပ်ဆင်ပြီးလျှင် (ဆီကို ညှစ်ယူပြီးလျှင် ) လောက၏ အဆွေဖြစ်တော် မူသောသုမေဓာမြတ်စွာဘုရားအား ဆီမီးတစ်ထောင်ကို လှူဒါန်း၏၊ ငါ၏ ဆီမီးတို့သည် ခုနစ်ရက်ပတ်လုံးတောက်ပပြီးလတ်သော် ငြိမ်းကုန်၏။

၄၂၆။ ငါသည် ထိုစိတ်၏ ကြည်လင်ခြင်းဖြင့်လည်းကောင်း၊ ကုသိုလ်စေတနာ, ဆုတောင်းခြင်းတို့ဖြင့်လည်းကောင်း လူ၌ ဖြစ်သော ခန္ဓာကိုယ်ကို စွန့်ပြီးသော် (နတ်) ဗိမာန်သို့ ကပ် ရောက်ရ၏။

၄၂၇။ နတ်အဖြစ်သို့ ရောက်သော ငါ့အား (ကောင်းမှုကံက) ဖန်ဆင်းအပ်သော နတ် ဗိမာန်သည်ဖြစ်ပေါ်လာ၏၊ ထက်ဝန်းကျင်မှလည်း တောက်ပ၏။ ဤသို့ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏အကျိုးပေတည်း။

၄၂၈။ ထိုအခါ ငါသည် ထက်ဝန်းကျင် ယူဇနာတစ်ရာတိုင်တိုင် ထွန်းလင်းစေနိုင်၏။ နတ်အားလုံးတို့ကို (အသက်အဆင်းစသည်တို့ဖြင့်) လွှမ်းမိုး၍ သွား၏။ ဤသို့ ဖြစ်ရခြင်း သည် ဆီမီးလှူရခြင်း၏အကျိုးပေတည်း။

၄၂၉။ (အာယု) ကပ် သုံးဆယ်တို့ပတ်လုံး သိကြားမင်း ဖြစ်လျက် နတ်စည်းစိမ်ကို ခံစားရ၏၊ တစ်စုံတစ်ယောက်သော နတ်တို့သည် ငါ့ကို မထီမဲ့မြင် မပြုဝံ့ကုန်။ ဤသို့ ဖြစ်ရခြင်းသည်ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၄၃၀။ ငါသည် နှစ်ဆယ့်ရှစ်ကြိမ်တိုင်အောင်လည်း စကြဝတေးမင်း ဖြစ်ရ၏၊ ထိုအခါ နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း ထက်ဝန်းကျင် တစ်ယူဇနာတိုင်တိုင် မြင်စွမ်းနိုင်၏။

၄၃၁။ မြတ်စွာဘုရား၏ သာသနာတော်၌ တစ်သောင်းသော စကြဝဠာကို ဉာဏ်မျက်စိဖြင့် မြင်စွမ်းနိုင်၏၊ ဒိဗ္ဗစက္ခု (ဧတဒဂ်ရာထူးကို) ရ၏။ ဤသို့ ဖြစ်ရခြင်းသည် ဆီမီးလှူရခြင်း၏ အကျိုးပေတည်း။

၄၃၂။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာသုံးသောင်းထက်၌ သုမေဓာမည်သော မြတ်စွာဘုရား ပွင့်တော် မူ၏၊ ငါသည် ထိုမြတ်စွာဘုရားအား အထူးကြည်ညိုသော စိတ်ဖြင့် ဆီမီးကို လှူဒါန်း ခဲ့ဖူး၏။

၄၃၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အရှင်အနုရုဒ္ဓါမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် အနုရုဒ္ဓတ္ထေရအပဒါန် ပြီး၏။

------

၃-၅-ပုဏ္ဏမန္တာဏိပုတ္တတ္ထေရအပဒါန်

၄၃၄။ ဗေဒင်ကို လေလာပို့ချသော, ဗေဒင်ကို ဆောင်သော, ဗေဒင်သုံးပုံတို့၌ တစ်ဖက် ကမ်းခတ်သောငါ (သုနန္ဒာရသေ) သည် တပည်များစွာ ခြံရံလျက် ပဒုမုတ္တရမြတ်စွာဘုရားသို့ ချဉ်းကပ်၏။

၄၃၅။ လောကသုံးပါးကို သိတော်မူသော, ပူဇော်အပ်သော ဝတ္ထုတို့ကို ခံယူတော်မူတတ် သောပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ (ပန်းမဏ္ဍပ်လှူဒါန်းရသော) ကောင်းမှုကို အကျဉ်း အားဖြင့်မြွက်ကြားတော်မူ၏။

၄၃၆။ ထိုတရားတော်ကို ကြားနာပြီး၍ ပဒုမုတ္တရမြတ်စွာဘုရားအား ရှိခိုးပြီးလျှင် လက် အုပ်ချီလျက်တောင်မျက်နှာသို့ ရှေးရှုဖဲခွာခဲ့၏။

၄၃၇။ အကျဉ်းအားဖြင့် ကြားနာပြီးလျှင် တပည့်တို့အား အကျယ်အားဖြင့် ဟောကြား၏၊ ငါဟောကြားသည်ကို ကြားနာရ၍ တပည့်အားလုံးတို့သည် ဝမ်းမြောက်ကြလျက် မိမိအယူဝါဒ ကိုပယ်ဖျောက် ကြပြီးလျှင် မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေကုန်၏။

၄၃၈။ ငါသည် အကျဉ်းအားဖြင့်လည်း ဟောကြား၏၊ အကျယ်အားဖြင့်လည်း ဟောကြား၏၊ အဘိဓမ္မာနည်း၌ လိမ္မာသော ငါသည် ကထာဝတ္ထုကျမ်း၌ လိမ္မာခြင်းငှါ ခပ်သိမ်းသော ရဟန်းရှင်လူတို့အား ထင်ရှားသိစေ၍ အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နေရ၏။

၄၃၉။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာငါးရာထက်၌ ကောင်းစွာ ထင်ရှား ရတနာခုနစ်ပါးနှင့် ပြည့်စုံ သောလေးကျွန်းလုံးကို အစိုးရသော စကြဝတေးမင်း လေးဦးတို့သည် ဖြစ်ကုန်၏။

၄၄၀။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်သော အသျှင်ပုဏ္ဏမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

ငါးခုမြောက် ပုဏ္ဏမန္တာဏိပုတ္တတ္ထေရအပဒါန် ပြီး၏။

------

၃-၆-ဥပါလိတ္ထေရအပဒါန်

၄၄၁။ ဟံသာဝတီမြို့၌ သုဇာတမည်သော ပုဏ္ဏားသည် ကုဋေရှစ်ဆယ် ကြွယ်ဝများပြားသောဥစ္စာစပါး ရှိ၏။

၄၄၂။ ဗေဒင်ကို လေ့လာပို့ချလျက် ဗေဒင်ကို ဆောင်ပြီးလျှင် ဗေဒင်သုံးပုံတို့၌လည်းတစ်ဖက်ကမ်းခတ်၏။ လက္ခဏာကျမ်း၊ ဣတိဟာသကျမ်း၊ မိမိဥစ္စာဖြစ်သော ဗြာဟ္မဏလမ်းစဉ်တို့၌လည်း အထွတ်အထိပ်သို့ ရောက်၏။

၄၄၃။ ထိုအခါ ပရိဗိုဇ်တို့သည်လည်းကောင်း၊ ဦးစွန်းတစ်ခုသာရှိသော တက္ကတွန်းတို့သည်လည်းကောင်း၊ ဂေါတမအနွယ်၌ ဖြစ်သော ဗုဒ္ဓသာဝကတို့သည်လည်းကောင်း၊ ရသေ့တု, ရသေ့ယောင်တို့သည်လည်းကောင်း၊ ရသေ့စစ်တို့သည်လည်းကောင်း မြေအပြင်၌ လှည့်လည်သွားလာကြကုန်၏။

၄၄၄။ ထိုအယူအမျိုးမျိုး ရှိသူတို့သည်လည်း ငါ့ကို ခြံရံကုန်၏၊ သုဇာတပုဏ္ဏားသည်အလွန်ကျော်ကြား၏ဟု (နှလုံးပိုက်လျက်) လူများက ငါ့ကို ပူဇော်၏၊ ငါသည် မူကား မည်သူ့ ကိုမျှမပူဇော်ပေ။

၄၄၅။ ထိုအခါ၌ ငါသည် ပူဇော်ထိုက်သူကို မမြင်ဘဲ ခက်ထန်သော မာန်ရှိသူ ဖြစ်၏၊ မြတ်စွာဘုရားမပွင့်သေးသမျှ ကာလပတ်လုံး ''ဘုရား''ဟူသော စကားကိုလည်း မြွက်ဆိုရ ခြင်း မရှိပေ။

၄၄၆။ နေ့ညဉ့်များစွာ ကုန်လွန်သော အခါ စက္ခုငါးပါးရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည့်အလုံးစုံသော အမိုက်ကို ပယ်ဖျောက်တော်မူလျက် လောက၌ ပွင့်တော်မူ၏။

၄၄၇။ ထိုအခါ၌ သာသနာတော် ပျံ့နှံ့၍ လူသိများကာ ပြန့်ပြောစွာ ဖြစ်လတ်သော် ပဒုမုတ္တရမြတ်စွာဘုရားသည် ဟံသာဝတီမြို့တော်သို့ ကြွလာတော်မူ၏။

၄၄၈။ စက္ခုငါးပါးရှိတော်မူသော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ခမည်းတော် အာနန္ဒာ မင်းကြီး၏အကျိုးငှါ တရားတော်ကို ဟောကြားတော်မူ၏၊ ထိုအခါ၌ တရားနာပရိသတ် တို့သည် ထက်ဝန်းကျင်တစ်ယူဇနာတိုင်တိုင် ရှိ၏။

၄၄၉။ ထိုအခါ၌ လူတို့က သမုတ်အပ်သော သုနန္ဒမည်သော ရသေ့သည် မြတ်စွာဘုရား၏ပရိသတ်ရှိသမျှ အရပ်တို့၌ ပန်းတို့ဖြင့် ဖုံးလွှမ်းလှူဒါန်းပေ၏။

၄၅၀။ ထိုအခါ မြတ်သော ပန်းမဏ္ဍပ်၌ သစ္စာလေးပါးတရားတော်ကို ဟောပြတော်မူသည် ရှိသော်ကုဋေတစ်သိန်းသော ဝေနေယျတို့အား သစ္စာလေးပါးတရားတော်ကို သိမြင်ခြင်းသည် ဖြစ်၏။

၄၅၁။ မာရ်ငါးပါးကို အောင်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ခုနစ်ရက်သော နေ့ညဉ့်တို့ပတ်လုံးတရားတည်းဟူသော မိုးတို့ကို ရွာသွန်းစေပြီးလျှင် ရှစ်ရက်မြောက် ရောက်လတ်သော် သုနန္ဒရသေ့ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏ -

၄၅၂။ ဤရသေ့သည် နတ်ဘဝ, လူ့ဘဝ ကျင်လည်ရသော် ဘဝများစွာတို့၌ ခပ်သိမ်း သောသူတို့ထက်မြတ်သည် ဖြစ်၍ ကျင်လည်ရလတ္တံ့။

၄၅၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော, အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၄၅၄။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ တရားအမွေခံ ရင်သွေးဖြစ်၍ တရား တော်ကဖန်ဆင်းအပ်သော မန္တာဏိပုဏ္ဏေးမ၏သား ''ပုဏ္ဏ''ဟု အမည်ရသော ဘုရား တပည့်သာဝက ဖြစ်လတ္တံ့။

၄၅၅။ ပဒုမုတ္တရမြတ်စွာဘုရားသည် လူအပေါင်းကို ရွှင်စေပြီးလျှင် ကိုယ်တော်၏ ဉာဏ် စွမ်းကိုဖော်ပြလျက် သုနန္ဒရသေ့ကို ဤဆိုပြီးသည့်အတိုင်း ဗျာဒိတ်စကား မိန့်ကြားတော် မူ၏။

၄၅၆။ လူတို့သည် သုနန္ဒရသေ့ကို လက်အုပ်ချီမိုး ရှိခိုးကုန်၏၊ ထိုရသေ့သည် မိမိလား ရာ 'ဂတိ' ကိုသုတ်သင်၏။

၄၅၇။ ထိုအခါ၌ ပဒုမုတ္တရမြတ်စွာဘုရား၏ စကားတော်ကို ကြားရသောကြောင့် ''ငါသည် လည်းဂေါတမဘုရားရှင်ကို ဖူးမြင်ရကြောင်းဖြစ်သော ကုသိုလ်ကောင်းမှုကို ပြုတော့အံ့''ဟု ငါ့အား အကြံဖြစ်၏။

၄၅၈။ ဤသို့ ကြံစည်ပြီးလျှင် ''ငါသည် အတုမဲ့ ဖြစ်သော ကောင်းမှုတည်ရာ ရတနာ သုံးပါး၌အဘယ်ကုသိုလ်မှုကို ပြုကျင့်ရပါအံ့နည်း''ဟု မိမိပြုရမည့် အမှုကိုလည်း ကြံစည် ပြန်၏။

၄၅၉။ သာသနာတော်၌ ဤ 'ပါဌိက' မည်သော ရဟန်းသည်ကား ရွတ်ဖတ်ပို့ချသူအား လုံးတို့၏အလယ်တွင် ဝိနည်းအရာ၌ အမြတ်ဆုံး ထားအပ်သူ ဖြစ်၏၊ ငါသည် ထိုကဲ့သို့ သော ရာထူးကိုပင်တောင့်တရတော့အံ့။

၄၆၀။ ငါ့အား သမုဒ္ဒရာကြီးသဖွယ်ဖြစ်သော ရန်သူမျိုးငါးပါး မလှုပ်ချောက်ချားနိုင်သောဤမနှိုင်းရှည့်အပ်သော စည်းစိမ်ဥစ္စာသည် ရှိ၏၊ ငါသည် ထိုစည်းစိမ်ဥစ္စာဖြင့် မြတ်စွာဘုရား၏ကျောင်းတိုက်အရံကို ပြုလုပ်ဖန်ဆင်းရတော့အံ့။

၄၆၁။ ဤသို့ ကြံပြီး၍ ဟံသာဝတီမြို့တော်၏ အရှေ့အရပ်၌ သောဘနမည်သော အရံကို အသပြာငွေတစ်သိန်းဖြင့် ဝယ်ယူ၍ သံဃာ့အရံကို ဖန်ဆင်းခဲ့ပြီ။

၄၆၂။ အထွတ်တပ်သော ကျောင်းဆောင်တို့ကိုလည်းကောင်း၊ ပြာသာဒ်ရှည်, မဏ္ဍပ်, ပြာသာဒ်ဦးပြည်းတို့ကိုလည်းကောင်း၊ လိုဏ်ဂူ, စင်္ကြံတို့ကိုလည်းကောင်း ကောင်းစွာ ဆောက်လုပ်၍ သံဃာ့အရံကို ဖန်ဆင်း၏။

၄၆၃။ ငါသည် ဇရုံးအိမ်၊ မီးတင်းကုပ်၊ ထို့အပြင် ရေအိုးစင်၊ ရေချိုးအိမ်တို့ကို ဖန်ဆင်း၍ ရဟန်းသံဃာအား ပေးလှူခဲ့၏။

၄၆၄။ ငါသည် ညောင်စောင်း, အင်းပျဉ်, အသုံးအဆောင်, အိုးခွက်တို့ကိုလည်းကောင်း၊ အရံစောင့်ကိုလည်းကောင်း၊ ဆေးပစ္စည်းတို့ကိုလည်းကောင်း ဤအလုံးစုံကို ပေးလှူခဲ့၏။

၄၆၅။ တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ငြိမ်သက်သော စိတ်ရှိသည့် ရဟန်းတော်တို့အား တစ်စုံတစ်ယောက်သောသူမျှ မညှဉ်းဆဲပါစေလင့်ဟု (နှလုံးပိုက်၍) ငါသည် အစောင့်အရှောက်ထားလျက် မြဲမြံခိုင်ခံ့သော တံတိုင်းကို ဆောက်လုပ်၏။

၄၆၆။ သံဃာ့အရံ၌ နေရာကျောင်းကို အသပြာငွေတစ်သိန်းဖြင့် ဖန်ဆင်းဆောက်လုပ်၏၊ စည်ပင်ပြန့်ပြောသော ထိုကျောင်းတိုက်အရံကြီးကို ဖန်ဆင်းပြီး၍ မြတ်စွာဘုရားအား ဆက်ကပ်လှူဒါန်း၏။

၄၆၇။ မြတ်စွာဘုရား အကျွန်ုပ်သည် အရံကို ပြီးစေအပ်ပါပြီ၊ အရှင်ဘုရားသည် လက်ခံ တော်မူပါ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ထိုအရံကို အရှင်ဘုရားအား ဆောက်နှင်းလှူဒါန်းပါအံ့၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား လက်ခံတော်မူပါ။

၄၆၈။ လောကကို သိတော်မူသော ဧည့်သည်တို့အလို့ငှါ အဝေးမှ ဆောင်အပ်သော ပစ္စည်းလေးပါးတို့ကိုအလှူခံတော်မူထိုက်သည် ဖြစ်၍ လူတို့၏ အကြီးအမှူးဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏စိတ်အကြံကို သိ၍ လက်ခံတော်မူ၏။

၄၆၉။ သီလက္ခန္ဓစသည့် ကျေးဇူးကို ဆည်းပူးရှာမှီးပြီးသော မြတ်စွာဘုရား၏ လက်ခံ တော်မူခြင်းကိုသိ၍ ဘောဇဉ်ကို ပြုပြင်စီရင်ပြီးလျှင် ငါသည် ဆွမ်းစားချိန်ကို လျှောက်ကြား၏။

၄၇၀။ ဆွမ်းစားချိန်ကို လျှောက်ကြားအပ်ပြီးသော် ပဒုမုတ္တရမြတ်စွာဘုရားသည် ရဟန္တာတစ်ထောင်တို့နှင့် အတူ ငါ၏ အရံသို့ ကြွတော်မူ၏။

၄၇၁။ ထိုင်နေတော်မူပြီးဖြစ်သော မြတ်စွာဘုရားကို အခါကို သိ၍ စားဖွယ်, သောက်ဖွယ် ဖြင့်ရောင့်ရဲစေ၏၊ ဆွမ်းစားပြီးသော မြတ်စွာဘုရားကို အခါကို သိ၍ ဤစကားကို လျှောက် ထား၏ -

၄၇၂။ သောဘနအရံကို ငွေတစ်သိန်းဖြင့် ဝယ်ယူပါ၏၊ ထိုငွေတစ်သိန်းမျှလောက်ဖြင့်သာ လျှင်ဆောက်လုပ်ထားပါ၏၊ မြတ်စွာဘုရား အရှင်ဘုရားသည် လက်ခံတော်မူပါ။

၄၇၃။ တပည့်တော်သည် ဤသံဃာ့အရံ လှူဒါန်းရခြင်းကြောင့်လည်းကောင်း၊ ကုသိုလ် စေတနာ, ဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း ဘဝသံသရာ၌ ဖြစ်ရသေးသည်ရှိသော် တပည့်တော်တောင့်တအပ်သော အကျိုးကို ရပါလို၏။

၄၇၄။ ကောင်းစွာ စီရင်ဖန်ဆင်းအပ်သော အရံကို လက်ခံတော်မူပြီးလျှင် မြတ်စွာဘုရား သည်ရဟန်းသံဃာ (အလယ်၌) ထိုင်တော်မူ၍ ဤဆိုမည့် စကားကို မြွက်ကြားတော်မူ၏။ -

၄၇၅။ အကြင်သူသည် ကောင်းစွာ စီရင်အပ်သော သံဃာ့အရံကို ဘုရားအား လှူဒါန်း၏၊ ထိုသူ၏အကြောင်းကို ငါဘုရားသည် ကြားစေအံ့၊ ငါ ပြောကြားသော (စကားကို) နာယူ ကြကုန်လော့ -

၄၇၆။ အင်္ဂါလေးပါးရှိသော ဆင်, မြင်း, ရထား, ခြေလျင်တော်စစ်သည်တို့သည် ဤသူကို အမြဲခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် သံဃာ့အရံလှူရခြင်း၏ အကျိုးပေတည်း။

၄၇၇။ ခြောက်သောင်းသော တူရိယာတို့သည်လည်းကောင်း၊ ကောင်းစွာ တန်ဆာဆင်အပ်သောစည်တို့သည်လည်းကောင်း ဤသူကို အမြဲ ခြံရံကုန်လတ္တံ့။ ဤသို့ ဖြစ်ရခြင်းသည် သံဃာ့အရံလှူရခြင်း၏အကျိုးပေတည်း။

၄၇၈-၄၇၉။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော ၊ ဆန်းကြယ်သော အဝတ်တန်ဆာရှိ ကုန်သော ၊ ပုလဲသွယ်, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော ၊ ကော့ဖြူးသော မျက်တောင် ရှိကုန်သော ၊  (ကျယ်ပြန့်သော မျက်လုံးရှိကုန်သော ) ပြုံးရွှင်စွာ ဆိုတတ်ကုန်သော ၊ ကောင်း သော အမှတ်ရှိကုန်သော ၊ သေးသွယ်သော ခါးရှိကုန်သော ၊ ရှစ်သောင်းခြောက်ထောင်သော မိန်းမတို့သည် ဤသူကိုအမြဲခြံရံကုန်လတ္တံ့။ ဤအကျိုးသည် သံဃာ့အရံလှူရခြင်း၏ အကျိုး ပေတည်း။

၄၈၀။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်ပြည်၌ မွေ့လျော်ရလတ္တံ့၊ အကြိမ်တစ်ထောင် သိကြားမင်းဖြစ်၍ နတ်စည်းစိမ်ကို ခံစားရလတ္တံ့။

၄၈၁။ သိကြားနတ်မင်းတို့ ရသင့်ရထိုက်သော စည်းစိမ်အားလုံးကို ရလတ္တံ့၊ မယုတ် လျော့သောစည်းစိမ်ရှိလျက် နတ်စည်းစိမ်ကို ခံစားရလတ္တံ့။

၄၈၂။ တိုင်းနိုင်ငံ၌ အကြိမ်တစ်ထောင် စကြာမင်း ဖြစ်ရလတ္တံ့၊ မြေပြင်အားလုံး၌ စည်း စိမ်ဥစ္စာပြန့်ပြောစွာသော ဧကရာဇ်မင်းအဖြစ်သည်ကား အရေအတွက်အားဖြင့် မရေတွက်နိုင် အောင် ဖြစ်ရလတ္တံ့။

၄၈၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၄၈၄။ ထိုဂေါတမမြတ်စွာဘုရား၏ တရားတော်တို့၌ တရားအမွေခံ ရင်သွေး ဖြစ်၍ တရားတော်ကဖန်ဆင်းအပ်သော ''ဥပါလိ''ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့် သာဝက ဖြစ်လတ္တံ့။

၄၈၅။ ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်၍ အရာဟုတ်သည်, မဟုတ်သည်၌ လိမ္မာသောဘုရားသာသနာတော်ကို ဆောင်ရွက်သည့် အာသဝကင်းကွာ ရဟန္တာဖြစ်လျက် နေရလတ္တံ့။

၄၈၆။ သာကီဝင်မင်းတို့၏ ရှေ့သွား ဂေါတမမြတ်စွာဘုရားသည် ထိုအလုံးစုံသော အကြောင်းကိုသိတော်မူ၍ ရဟန်းသံဃာအလယ်၌ ထိုင်နေတော်မူလျက် အမြတ်ဆုံး ဧတဒဂ် အရာ၌ ထားလတ္တံ့။

၄၈၇။ မရေတွက်နိုင်သော နှစ်တို့ကို အစထား၍ အရှင်ဘုရား၏ သာသနာတော်ကို တောင့်တပါ၏၊ သံယောဇဉ်အားလုံး ကုန်ဆုံးခြင်းဟုဆိုအပ်သော အကျိုးကို တပည့်တော် အစဉ် ရအပ်ပါပြီ။

၄၈၈-၄၈၉-၄၉၀။ မင်းဒဏ်ဖြင့် နှိပ်စက်အပ်သည် ဖြစ်၍ တံကျင်လျှိုခံရသော ယောက်ျား သည် တံကျင်၌သာယာမှုကို မရဘဲ လွတ်မြောက်ခြင်းကိုသာ အလိုရှိသကဲ့သို့ ထို့အတူ ကြီးသော လုံ့လရှိတော်မူသောမြတ်စွာဘုရား ဘဝဒဏ်ဖြင့် နှိပ်စက်အပ်သော အကျွန်ုပ်သည် ကံတည်းဟူသော ဝေဒနာဖြင့်နှိပ်စက်အပ်သည်ဖြစ်၍ ဘဝများစွာ သံသရာ၌ သာယာမှုကို မရခဲ့ပါ၊ မီး သုံးပါးတို့ဖြင့်အလောင်မြိုက်ခံရသည်ဖြစ်၍ မင်းဒဏ်သင့်သောသူကဲ့သို့ လွတ် မြောက်ရာကိုသာ ရှာမှီးပါ၏။

၄၉၁။ အဆိပ်ကို စားသော ယောက်ျားသည် အဆိပ်ဖြင့် ပြင်းစွာ နှိပ်စက်ခံရ၍ အသက် ကိုစောင့်ရှောက်ရန် အဆိပ်ပျောက်ခြင်း၏ အကြောင်းဖြစ်သော ဆေးကို ရှာမှီးရာ၏။

၄၉၂။ ရှာမှီးလတ်သော် အဆိပ်ကို ပယ်ဖျောက်တတ်သော ဆေးကို မြင်ရာ၏၊ အဆိပ်မှလွတ်မြောက်ဖို့ရာ အလို့ငှါ ထိုဆေးကို သောက်ရသောကြောင့် ချမ်းသာမှု ဖြစ်ရသကဲ့သို့-

၄၉၃။ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည်အဆိပ်နှိပ်စက်ခံရသောသူကဲ့သို့ အဝိဇ္ဇာတည်းဟူသော အဆိပ်ဖြင့် ပြင်းစွာ နှိပ်စက်ခံရ၍ သူတော်ကောင်းတရားတည်းဟူသော အဆိပ်ဖျောက်ဆေးကို ရှာမှီးခဲ့ပါ၏။

၄၉၄။ တရားတည်းဟူသော အဆိပ်ဖျောက်ဆေးကို ရှာမှီးလတ်သော် ငြောင့်အားလုံးကိုနုတ်ပယ်တတ်သည် ဖြစ်၍ ဆေးအားလုံးတို့ထက် မြတ်သော သာကီဝင်မင်းသား ဘုရားအဆုံးအမတော်တည်းဟူသော ထိုအဆိပ်ဖျောက်ဆေးကို တွေ့မြင်ရပါ၏။

၄၉၅။ တရားတည်းဟူသော ဆေးကို သောက်သောကြောင့် အဆိပ်အားလုံးကို နုတ်ပယ်ရ ပါပြီ၊ တပည့်တော်သည် မအိုရာ မသေရာ ချမ်းမြေ့စွာသော နိဗ္ဗာန်ကို တွေ့မြင်ရပါပြီ။

၄၉၆။ ဘုတ်ဘီလူး (တစ္ဆေ) ဖမ်းစားသော သတ္တဝါသည် ဘုတ်ဘီလူး ဖမ်းခြင်းဖြင့် နှိပ်စက်ခံရ၍ ဘုတ်ဘီလူး ဖမ်းစားခြင်းမှ လွတ်မြောက်ခြင်းငှါ ဘုတ်ဘီလူး ချွတ်သော ဆေး သမားကို ရှာမှီးရာ၏။

၄၉၇။ ရှာမှီးလေသော် ဘုတ်ဘီလူး ချွတ်ခြင်းအတတ်တို့၌ လိမ္မာသော ဆေးသမားကို တွေ့မြင်ရာ၏၊ ထိုဆေးဆရာသည် ထိုဘုတ်ဘီလူး ဖမ်းစားသောသူ၌ ပူးကပ်သော ဘုတ် ဘီလူး (တစ္ဆေ) ကိုပယ်ဖျောက်ရာ၏၊ ဘုတ်ဘီလူး ဝင်ခြင်း၏ အကြောင်းရင်းနှင့် တကွဖြစ် သော အစွဲအလမ်းကိုလည်းဖျောက်ရာသကဲ့သို့ -

၄၉၈။ ထို့အတူသာလျှင် ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ကိလေသာအမိုက်ဖြင့် နှိပ်စက်ခံရ၍ ကိလေသာအမိုက်မှ လွတ်မြောက်ခြင်းငှါ ဉာဏ်အလင်းကို ရှာမှီးပါ၏။

၄၉၉။ ထိုသို့ ရှာမှီးလေသော် ကိလေသာအမိုက်ကို သုတ်သင်တတ်သော မြတ်စွာဘုရားကို ဖူးမြင်ရပါ၏၊ ဘုတ်ဘီလူး ချွတ်သော ဆေးဆရာသည် ဖမ်းစားသော ဘုတ်ဘီလူးကို ဖျောက် သကဲ့သို့ထိုမြတ်စွာဘုရားသည် အကျွန်ုပ်၏ ကိလေသာအမိုက်ကို ဖျောက်တော်မူပါ၏။

၅၀၀။ အကျွန်ုပ်သည် သံသရာအယဉ်ကို ကောင်းစွာ ဖြတ်ပြီးပါပြီ၊ တဏှာအလျဉ်ကို တားမြစ်ပြီးပါပြီ၊ ဘုတ်ဘီလူးချွတ်သော ဆေးဆရာသည် ဘုတ်ဘီလူး ဝင်ခြင်းအကြောင်းမှ ခွါနုတ်သကဲ့သို့ ဘဝအားလုံးကိုခွါနုတ်ပြီးပါပြီ။

၅၀၁။ ဂဠုန်သည် မိမိအစာဖြစ်သော နဂါးကို မြင်၍ ကောင်းကင်မှ သက်ဆင်းပြီးလျှင် ထက်ဝန်းကျင်မှယူဇနာတစ်ရာတိုင်အောင် သမုဒ္ဒရာကို ချောက်ချားစေ၏။

၅၀၂။ ထိုဂဠုန်ငှက်သည် နဂါးကို ဖမ်းယူ၍ ဦးခေါင်းစောက်ထိုး ပြုခါ ညှဉ်းဆဲလျက် အလိုရှိရာ အရပ်သို့ယူဆောင်ဖဲခွါသွား၏

၅၀၃။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား ထို့အတူသာလျှင် အကျွန်ုပ်သည် အားရှိသောဂဠုန်ကဲ့သို့ နိဗ္ဗာန်ကို ရှာမှီးလတ်သော် ကိလေသာအပြစ်တို့ကို ဆေးကြော သုတ်သင်ခဲ့ပါပြီ။

၅၀၄။ အကျွန်ုပ်သည် အတုမရှိသော ပူပန်ခပ်သိမ်း ငြိမ်းအေးရာ နိဗ္ဗာန်တရားတော်မြတ် ကိုသိမြင်ရပါ၏၊ ဂဠုန်သည် နဂါးကို ယူဆောင်၍ နေသကဲ့သို့ အကျွန်ုပ်သည် ထိုတရား တော်မြတ်ကို ယူ၍ နေပါ၏။

၅၀၅။ အာသာဝတီမည်သော နွယ်သည် စိတ္တလတာဥယျာဉ်၌ ပေါက်ရောက်၏၊ ထို အာသာဝတီနွယ်သည်အနှစ်တစ်ထောင်ကြာမြင့်မှ တစ်ကြိမ်သာ အသီး, သီး၏။

၅၀၆။ ထိုမျှလောက် အနှစ်တစ်ထောင်ကြာမြင့်မှ အသီး, သီးသော ထိုအာသာဝတီနွယ် နီသီးကိုနတ်တို့သည် ချဉ်းကပ်ကြကုန်၏၊ နွယ်တို့တွင် အမြတ်ဆုံးဖြစ်သော ထိုအာသာ ဝတီနွယ်နီသီးကိုနတ်တို့သည် ဤမျှလောက်ပင် ချစ်မြတ်နိုးကြ၏။

၅၀၇။ မြတ်စွာဘုရား အကျွန်ုပ်သည် ကမ္ဘာတစ်သိန်းကို အစထား၍ အရှင်ဘုရားကိုလုပ်ကျွေးဆည်းကပ်ခဲ့ပါ၏၊ နတ်တို့သည် အာသာဝတီနွယ်နီသီးကို ဆည်းကပ်သကဲ့သို့ အကျွန်ုပ်သည်အရှင်ဘုရားကို ညဉ့်နံနက် ရှိခိုးပါ၏။

၅၀၈။ လုပ်ကျွေးခြင်းသည် အကျိုး မမြုံပါ၊ ရှိခိုးခြင်းသည်လည်း အချည်းနှီး မဖြစ်ပါ၊ ကမ္ဘာတစ်သိန်းအဝေးမှ လာရသည် ဖြစ်ပါလျက် ဤဗုဒ္ဓုပ္ပါဒခဏသည် အကျွန်ုပ်ကို မလွဲ ချော်စေပါဘုရား။

၅၀၉။ အကျွန်ုပ်သည် ဘဝတို့ကို စူးစမ်းဆင်ခြင်လတ်သော် နောင်ဘဝ၌ ဖြစ်ရမည့် ပဋိသန္ဓေကိုမမြင်ရပါ၊ ခန္ဓာ, ကိလေသာဟူသော ဥပဓိ မရှိပါ၊ (ကိလေသာမှ) လွတ်မြောက် ပါ၏၊ ငြိမ်းအေးသောစိတ်ရှိသည် ဖြစ်၍ ကျင့်ရပါ၏။

၅၁၀။ ပဒုမ္မာကြာမည်သည် နေရောင်ဖြင့် ပွင့်သကဲ့သို့ ထို့အတူ ကြီးမြတ်သော လုံ့လရှိ တော်မူသောမြတ်စွာဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားတည်းဟူသော ရောင်ခြည်ဖြင့် ပွင့်ခြင်းသို့ ရောက်ပါ၏။

၅၁၁။ ဗျိုင်းအောက်မျိုး၌ အခါခပ်သိမ်း အဖိုမရှိ၊ ထိုဗျိုင်းအောက်တို့သည် မိုးတို့ထစ်ကြိုးကုန်သည်ရှိသော် အခါခပ်သိမ်း ကိုယ်ဝန်ကို ယူကုန်၏။

၅၁၂။ မိုးမရွာသေးသရွေ့ကာလပတ်လုံး ကြာမြင့်စွာလည်း ကိုယ်ဝန်ကို ဆောင်ကုန်၏၊ မိုးရွာသောအခါ၌ကား ကိုယ်ဝန်မှ လွတ်မြောက်ကုန်၏။

၅၁၃။ တရားတည်းဟူသောမိုးဖြင့် ထစ်ကြိုးသော ပဒုမုတ္တရမြတ်စွာဘုရား၏ တရားတည်းဟူသောမိုးသံဖြင့် အကျွန်ုပ်သည် တရားတည်းဟူသော ကိုယ်ဝန်ကို ဆောင်ယူပါ၏။

၅၁၄။ အကျွန်ုပ်သည် ကမ္ဘာတစ်သိန်းကို အစထား၍ ကောင်းမှုတည်းဟူသော ကိုယ်ဝန် ကို ဆောင်ပါ၏၊ တရားတည်းဟူသော မိုးမရွာသေးသရွေ့ ကာလပတ်လုံး ကိုယ်ဝန်မှ မလွတ် မြောက်ရသေးပါ။

၅၁၅။ သာကီဝင်မင်းသား မြတ်စွာဘုရား အရှင်ဘုရားသည် မွေ့လျော်ဖွယ်သော ကပိလဝတ်ပြည်၌တရားတည်းဟူသောမိုးဖြင့် ထစ်ကြိုးကြွေးကြော်တော်မူ၏၊ ထိုအခါ အကျွန်ုပ်သည် ကိုယ်ဝန်မှ လွတ်မြောက်ပါ၏။

၅၁၆။ သုညတမဂ်ကိုလည်းကောင်း၊ အနိမိတ္တမဂ်ကိုလည်းကောင်း၊ ထိုမှတစ်ပါး အပ္ပဏိဟိတမဂ်ကိုလည်းကောင်း၊ လေးပါးသော ဖိုလ်တို့ကိုလည်းကောင်း တရားအားလုံးတို့ကိုအကျွန်ုပ်သည်ဖြစ်စေသောအားဖြင့် မွေးဖွားပါ၏။

ဒုတိယဘာဏဝါရ ပြီး၏။

၅၁၇။ မရေတွက်နိုင်သော ကမ္ဘာတစ်သိန်းကို အစထားအရှင်ဘုရား၏ သာသနာ တော်ကိုတောင်တပါ၏၊ အကျွန်ုပ်သည် ငြိမ်းအေးရာ ''နိဗ္ဗာန်''ဟူသော အတုမဲ အကျိုးကို အစဉ်ရအပ်ပါပြီ။

၅၁၈။ ပါဌိကမည်သော ရဟန်းကဲ့သို့ ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်သည် ဖြစ်၍ ငါနှင့်တူမျှသောသူသည် မရှိ၊ ငါသည် သာသနာတော်ကို ဆောင်ရွက်၏။

၅၁၉။ ဥဘတောဝိဘင်း၌လည်းကောင်း၊ မဟာဝဂ္ဂခန္ဓက, စူဠဝဂ္ဂခန္ဓက၌လည်းကောင်း၊ တိကသံဃာဒိသိသ်စသည်၌လည်းကောင်း၊ ပရိဝါ၌လည်းကောင်း ဝိနည်းငါးကျမ်း၌ ငါ့အား ယုံမှားခြင်းမရှိ။ အက္ခရာ, ပုဒ်ဗျည်းတို့၌လည်း ယုံမှားခြင်း မရှိ။

၅၂၀။ (ပါပိစ္ဆရဟန်းကို) နှိပ်ခြင်း၌လည်းကောင်း၊ အာပတ်ကို ကုစားခြင်း၌လည်း ကောင်း၊ အရာဟုတ်သည်, မဟုတ်သည်၌လည်းကောင်း လိမ္မာ၏။ (ကံငြိမ်းသောရဟန်းကို) သွင်းခြင်း၌လည်းကောင်း၊ အာပတ်မှ ထစေခြင်း၌လည်းကောင်း အလုံးစုံသော အရာတို့၌အထွတ်အထိပ်သို့ ရောက်၏။

၅၂၁။ ဝိနည်း၌လည်းကောင်း၊ ခန္ဓက၌လည်းကောင်း ငါသည် မာတိကာပုဒ်ကို ချထား လျက်ဝိနည်း, ခန္ဓကနှစ်ပါးစုံ၌ ဖြေရှင်းကာ နည်းကို ဆောင်၍ ကိစ္စအားဖြင့် သွင်းနိုင်၏။

၅၂၂။ ဝေါဟာရ၌ အလွန် လိမ္မာ၏၊ အကျိုးရှိ, မရှိ၌လည်း (တိုးပွားခြင်း, ဆုတ်ယုတ် ခြင်း၌လည်း) လိမ္မာ၏၊ ငါသည် မသိအပ်သောအရာ မရှိ၊ မြတ်စွာဘုရား၏ သာသနာတော်၌ ငါတစ်ယောက်တည်းသာဝိနည်းအရာ အမြတ်ဆုံး ဖြစ်၏။

၅၂၃။ ယခုအခါ ငါသည် သာကီဝင်မင်းသား မြတ်စွာဘုရား၏ သာသနာတော်၌ ဝိနည်း အဆုံးအဖြတ်၌လိမ္မာ၏၊ အလုံးစုံသော ယုံမှားမှုကို ပယ်ဖျောက်၏၊ အလုံးစုံသော ယုံမှား သံသယကို ဖြတ်တောက်၏။

၅၂၄။ ငါသည် ရှေ့ပုဒ်, နောက်ပုဒ်၌လည်းကောင်း၊ တစ်လုံးတစ်လုံးသော အက္ခရာ၌လည်း ကောင်း၊ ပုဒ်ဝါကျ၌လည်းကောင်း၊ နိဒါန်း, နိဂုံး၌လည်းကောင်း အလုံးစုံသော အရာတို့၌ လိမ္မာ၏။

၅၂၅။ ဥပမာသော်ကား အားရှိသော မင်းသည် ရန်သူတို့ကို နှိမ်နင်း၍ စစ်မြေကို အောင်မြင်သည်ရှိသော်ထိုအောင်ရာ အရပ်၌ မြို့ကို ဖန်ဆင်းရာ၏။

၅၂၆။ တံတိုင်းကိုလည်းကောင်း၊ ကျုံးကိုလည်းကောင်း၊ တံခါးတိုင်ကိုလည်းကောင်း၊ တံခါးမုခ်ကိုလည်းကောင်း၊ ထူးထွေများပြားသော ပြအိုးတို့ကိုလည်းကောင်း မြို့၌ ဆောက် လုပ်စေ၏။

၅၂၇။ ထိုမင်းသည် ထိုမြို့၌ ခရီးလမ်းမကိုလည်းကောင်း၊ ခရီးလမ်းဆုံကိုလည်းကောင်း၊ ကောင်းစွာ့ဝေခွဲချထားအပ်သော အိမ်ဈေးကိုလည်းကောင်း၊ အကျိုး (အပြစ်) ရှိ, မရှိကို ဆုံးဖြတ် ရန် တရားလွှတ်တော်သဘင်ကိုလည်းကောင်း ပြုလုပ်စေ၏။

၅၂၈။ ထိုမင်းသည် ရန်သူတို့ကို တားမြစ်ခြင်းငှါလည်းကောင်း၊ အပြစ်ရှိ, မရှိ သိခြင်း ငှါလည်းကောင်း၊ ဗိုလ်ပါအပေါင်းကို စောင့်ရှောက်စိမ့်သောငှါလည်းကောင်း အမတ်စစ်သူကြီးကို ခန့်ထား၏။

၅၂၉။ ဥစ္စာဘဏ္ဍာကို စောင့်ရှောက်ရန် သိုမှီးခြင်း၌ လိမ္မာသောသူကို ''ငါ၏ ဥစ္စာ ဘဏ္ဍာသည်မပျက်စီးစေလင့်''ဟု (နှလုံးပိုက်လျက်) ထိုမင်းသည် ဘဏ္ဍာစိုးကို ခန့်ထား၏။

၅၃၀။ အကြင်အမတ်သည် မင်းကြီးအား မြတ်နိုးသော သဘောရှိ၏၊ အကြင်မင်းကြီး၏ကြီးပွားပြန့်ပြောခြင်းကိုလည်း အလိုရှိ၏၊ ထိုကဲ့သို့သောအမတ်အား အဆွေခင်ပွန်းအဖြစ်ကျင့်သုံးရန်အလို့ငှါ တရားသူကြီးရာထူးကို ပေး၏။

၅၃၁။ ဥပ္ပါတကျမ်း, နိမိတ်ကျမ်း, လက္ခဏာကျမ်းတို့၌ လိမ္မာ၍ မန္တန်ကို သရဇ္ဈာယ် တတ်သည့်ပြင်ဗေဒင်ကိုလည်း ဆောင်တတ်သော ပညာရှိကို ထိုမင်းသည် ပုရောဟိတ်ရာထူး၌ ထား၏။

၅၃၂။ ထိုအင်္ဂါတို့နှင့် ပြည့်စုံသူကို ''မင်း''ဟူ၍ ဆိုအပ်၏၊ စက္ကဝါက်ငှက်သည် ဆင်းရဲ သောမိမိဆွေမျိုးကို စောင့်ရှောက်သကဲ့သို့ ထိုစစ်သူကြီးစသည်တို့သည် မင်းကို အခါခပ်သိမ်းစောင့်ရှောက်ကုန်၏။

၅၃၃။ ထို့အတူသာလျှင် ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ရှင်တော်ဘုရားကို အပရန်ကိုသတ်ပြီးသော မင်းကဲ့သို့ နတ်နှင့် တကွသော လူအပေါင်း၏ တရားအားလျော်စွာ ဖြစ်ပေါ်လာသောမင်းဟု ဆိုအပ်၏။

၅၃၄။ မြတ်စွာဘုရားသည် တိတ္ထိတို့ကိုလည်းကောင်း၊ စစ်သည်နှင့်တကွသော မာရ်ကိုလည်းကောင်းနှိမ်နင်းပြီး၍ မောဟတည်းဟူသော အမိုက်မှောင်ကို ပယ်ဖျောက်လျက် တရားတည်းဟူသော မြို့ကိုဖန်ဆင်းတော်မူ၏။

၅၃၅။ ထိုတရားတည်းဟူသော မြို့တော်၌ သီလသည် တံတိုင်းသဖွယ် ဖြစ်၏၊ ရှင်တော် ဘုရား၏ဉာဏ်တော်သည် တံခါးမုခ်သဖွယ် ဖြစ်၏၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားရှင်တော်မြတ်ဘုရား၏ သဒ္ဓါသည် တံခါးတိုင်သဖွယ် ဖြစ်၍ စောင့်စည်းခြင်း 'သံဝရ' သည်တံခါးမှူးသဖွယ် ဖြစ်ပါ၏။

၅၃၆။ မြတ်စွာဘုရား သတိပဋ္ဌာန်သည် ပြအိုးသဖွယ် ဖြစ်ပါ၏၊ ရှင်တော်ဘုရား၏ ပညာ သည်ခရီးလမ်းဆုံသဖွယ် ဖြစ်၍ ဣဒ္ဓိပါဒ်သည်ကား ခရီးလမ်းမသဖွယ် ဖြစ်ပါ၏၊ ဗောဓိပက္ခိယတရားတည်းဟူသော လမ်းမတော်ကြီး၌ ကောင်းစွာ ဖန်းဆင်းတော်မူအပ်သော တရားမြို့တော်ကြီးပေတည်း။

၅၃၇။ သုတ္တန်သည်လည်းကောင်း၊ အဘိဓမ္မာသည်လည်းကောင်း၊ ဝိနည်းသည်လည်း ကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ စကားတော်အားလုံးသည်လည်းကောင်း ဤ အလုံးစုံသည်ရှင်တော်ဘုရား၏ တရားသဘင် ဖြစ်၏။

၅၃၈။ သုညတဝိဟာရသည်လည်းကောင်း၊ အနိမိတ္တဝိဟာရသည်လည်းကောင်း၊ အပ္ပဏိဟိတဝိဟာရသည်လည်းကောင်း၊ မတုန်လှုပ်သော သာမညဖိုလ်ဟူသော အာနေဉ္ဇဝိဟာရသည်လည်းကောင်း၊ ဒုက္ခငြိမ်းရာ နိဗ္ဗာန်သည်လည်းကောင်း ဤအလုံးစုံသည် ရှင်တော်ဘုရား၏ တရားရွှေနန်းတော်ကြီး ဖြစ်ပါ၏။

၅၃၉။ ပညာစွမ်းဖြင့် အမြတ်ဆုံးဟု ထားအပ်သည် ဖြစ်၍ ဉာဏ်ပဋိဘာန်ထင်ခြင်း၌ လိမ္မာသောအမည်အားဖြင့် သာရိပုတ္တရာဟု ထင်ရှားသော မထေရ်သည်ကား ရှင်တော်ဘုရား၏ တရားစစ်သူကြီးဖြစ်ပါ၏။

၅၄၀။ မုနိငါးပါးနှင့် ပြည့်စုံသော မြတ်စွာဘုရား စုတိပဋိသန္ဓေအရာ၌ လိမ္မာ၍ တန်ခိုး၏ အထွတ်အထိပ်ရောက်ပြီးလျှင် အမည်အားဖြင့် ကောလိတဟု ထင်ရှားသော ရှင်မောဂ္ဂလ္လာန် မထေရ်သည်ကားရှင်တော်ဘုရား၏ ပုရောဟိတ်ပညာရှိ ဖြစ်ပါ၏။

၅၄၁။ မုနိငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ရှေးရှေးအရိယာတို့၏ အနွယ်ကို ဆောင်လျက်ထက်သော တန်ခိုးရှိသည်ဖြစ်၍ ချဉ်းကပ်ဝံ့ခဲသော ဓူတင်ကို ချီးမွမ်းခြင်းဟူသော ဂုဏ်အားဖြင့်အမြတ်ဆုံးဖြစ်သော အရှင်မဟာကဿပမထေရ်သည်ကား ရှင်တော်ဘုရား၏ တရားသူကြီး ဖြစ်ပါ၏။

၅၄၂။ မုနိငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား အကြားအမြင်များ၍ တရားကို ဆောင်ကာသာသနာတော်၌ အလုံးစုံသော ပရိယတ်ကို ရွတ်ဆိုတတ်သော အမည်အားဖြင့် အာနန္ဒာဟု ထင်ရှားသောမထေရ်သည်ကား ရှင်တော်ဘုရား၏ တရားဘဏ္ဍာစိုး ဖြစ်ပါ၏။

၅၄၃။ မြတ်စွာဘုရားသည် (သာရိပုတ္တရာစသည်တို့မှတစ်ပါး) ထိုအလုံးစုံသော ရဟန်း တို့ကို ကျော်လွန်၍ အကျွန်ုပ်ကိုသာလျှင် နှိုင်းရှည့်မှု ပြုတော်မူ၏၊ ဝိနည်းအရာ၌ ပညာရှိတို့သည်ဟောကြားအပ်သော ဆုံးဖြတ်စိစစ်ခွင့်ကိုလည်း အကျွန်ုပ်အား ပေးတော်မူပါ၏။

၅၄၄။ တစ်စုံတစ်ယောက်သော မြတ်စွာဘုရား၏ တပည့်သားသည် ဝိနည်းအရာ၌ ပြဿနာကိုမေးငြားအံ့၊ ထိုပြဿနာ၌ ငါ့အား ကြံစည်တွေးတောရခြင်း မရှိဘဲ ထိုအနက် သဘောကို ငါ ဖြေဆိုနိုင်၏။

၅၄၅။ အကြင်မျှလောက်သော ဗုဒ္ဓခေတ်၌ မြတ်စွာဘုရားကို ချန်ထား၍ ဝိနည်းအရာ၌ ငါနှင့် တူသောသူမရှိပေ၊ သာလွန်သောသူသည်ကား အဘယ်မှာ ရှိပါအံ့နည်း။

၅၄၆။ ဥဘတောဝိဘင်း၌လည်းကောင်း၊ မဟာဝဂ္ဂ, စူဠဝဂ္ဂ, ခန္ဓဝဂ္ဂ၌လည်းကောင်း ဥပါလိနှင့်တူသောသူသည် မရှိဟု ဂေါတမမြတ်စွာဘုရားသည် ရဟန်းသံဃာအလယ်၌ ထိုင် နေတော်မူ၍ ဤသို့မိန့်တော်မူ၏။

၅၄၇-၅၄၈။ မြတ်စွာဘုရား ဟောကြားအပ်သော အင်္ဂါကိုးပါးရှိသော ဘုရားအဆုံးအမ တော်ရှိသမျှအလုံးစုံသည် ဝိနည်း၌ အကျုံးဝင်၏၊ သာကီဝင်မင်းတို့၏ ရှေ့သွားဖြစ်တော် မူသောဂေါတမမြတ်စွာဘုရားသည် ဝိနည်း၏ အကြောင်းရင်းကို ရှုလေ့ရှိသော ငါ၏ ရှေး ကောင်းမှုကိုအောက်မေ့တော်မူလျက် ရဟန်းသံဃာ (အလယ်၌) ထိုင်နေတော်မူ၍ မြတ်သော (ဝိနည်း) ဧတဒဂ်အရာ၌ငါ့ကို ထားတော်မူ၏။

၅၄၉။ ကမ္ဘာတစ်သိန်းကို အစထား၍ (ဧတဒဂ်) ရာထူးကို တောင့်တခဲ့၏၊ ငါသည် ထို အကျိုးသို့ အစဉ်ရောက်ပြီ၊ ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်၏။

၅၅၀။ ငါသည် ရှေးအခါ၌ သာကီဝင်မင်းတို့ကို နှစ်သက်စေတတ်သော ဆတ္တာသည် ဖြစ်ခဲ့ဖူး၏၊ ထိုဆတ္တာသည်အဖြစ်ကို စွန့်ပယ်၍ မြတ်စွာဘုရား၏ သားတော် ဖြစ်လာ၏။

၅၅၁။ ဤဘဒ္ဒကမ္ဘာမှ အထက် နှစ်ခုမြောက်သော ကမ္ဘာ၌ အဆုံးမရှိသော တန်ခိုးနှင့် ပြည့်စုံသောအဉ္ဇသမင်း ဖြစ်၍ မနှိုင်းရှည့်နိုင်သော အခြံအရံ ရှိ၏၊ မြေကို စောင့်၍ များသော ဥစ္စာလည်းရှိ၏။

၅၅၂။ ငါသည် ထိုအဉ္ဇသမင်း၏ သားတော် စန္ဒနမည်သော မင်းဖြစ်၍ ဇာတိမာန်ဖြင့်လည်းကောင်း၊ အခြံအရံဥစ္စာမာန်ဖြင့်လည်းကောင်း ခက်ထန်၏။

၅၅၃။ အလုံးစုံ တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော အရပ်သုံးပါးမှ ယိုစီးကျသည့် အမုန်ရှိကုန်သော တစ်သိန်းသော ဆင်ပြောင်ကြီးတို့သည် ငါ့အား အမြဲ ခြံရံကုန်၏။

၅၅၄။ ထိုအခါ ငါသည် ဥယျာဉ်သို့ သွားလို၍ မိမိဗိုလ်ပါအပေါင်း ခြံရံလျက် သိရိကဆင် ကိုတက်စီးပြီးလျှင် ထိုမြို့မှ ထွက်၏။

၅၅၅။ အကျင့် 'စရဏ' နှင့် ပြည့်စုံ၍ လုံခြုံသော တံခါး, စောင့်စည်းသော ဣန္ဒြေရှိ တော်မူသောဒေဝလမည်သော ပစ္စေကဗုဒ္ဓါသည် ငါ၏ ရှေ့မှ ကြွတော်မူလာ၏။

၅၅၆။ ထိုအခါ ငါသည် သိရိကဆင်ကို စေလွှတ်၍ ရှင်ပစ္စေကဗုဒ္ဓါကို တိုက်ဝှေ့စေ၏၊ ထိုအတင်းအကြိတ်စေလွှတ်သောကြောင့် သိရိကဆင်သည် (ငါ့အပေါ်၌) ပြင်းစွာအမျက်ထွက်၍ ခြေကို မမြှောက်တော့ပေ။

၅၅၇။ ငါသည် အမျက်ထွက်သော သိရိကဆင်ကို မြင်သောကြောင့် ပစ္စေကဗုဒ္ဓါ၌ အမျက် ကို ပြု၏ (အမျက်ထွက်၏)၊ ဒေဝလပစ္စေကဗုဒ္ဓါကို ညှဉ်းဆဲပြီးလျှင် ဥယျာဉ်တော်သို့ သွား၏။

၅၅၈။ ထိုဥယျာဉ်တော်၌ သာယာကြည်နူးမှုကို မရ။ ဦးခေါင်းသည် တောက်လောင်သကဲ့သို့လည်းကောင်း၊ ငါးမျှားချိတ်ကို မျိုသော ငါးကဲ့သို့လည်းကောင်း ပူပန်ခြင်းဖြင့် လောင် မြိုက်ခဲ့၏။

၅၅၉။ သမုဒ္ဒရာအဆုံးအပိုင်းအခြားရှိသော မြေပြင်သည် ငါ့အား ရဲရဲတောက် ပူလောင် သကဲ့သို့ ဖြစ်၏၊ ဖခင်ထံ ချဉ်းကပ်၍ ဤဆိုမည့်အတိုင်း လျှောက်ထား၏-

၅၆၀။ (အရှင်မင်းကြီး) အမျက်ထွက်သော မြွေဟောက်ကို ထိပါးသကဲ့သို့လည်းကောင်း၊ တောက်လောင်သော မီးအစုကို ထိပါးသကဲ့သို့လည်းကောင်း၊ အစွယ်ရှိသော အမုန်ယစ်သောဆင်ပြောင်ကို ထိပါးသကဲ့သို့လည်းကောင်း ကြွလာတော်မူသော အရှင်ပစ္စေကဗုဒ္ဓါကို ပြစ်မှား မိခဲ့၏။

၅၆၁။ ပြင်းထန်ထက်မြက်သည့် အကျင့်ရှိသော မာရ်ငါးပါးကို အောင်ပြီးသော ပစ္စေက ဗုဒ္ဓါကိုအကျွန်ုပ်သည် ပြစ်မှားမိခဲ့၏၊ အကျွန်ုပ်တို့အားလုံး မပျက်စီးကုန်မီ ထိုရှင်ပစ္စေကဗုဒ္ဓါ ကိုကန်တော့ပါကုန်အံ့ဟု (ဤစကားကို လျှောက်ထား၏)။

၅၆၂။ ယဉ်ကျေးသော ကိုယ်စိတ်ရှိသော တည်ကြည်သော သမာဓိရှိသော ထိုပစ္စေကဗုဒ္ဓါ ကို အကယ်၍ မကန်တော့ကုန်ခဲ့သော် ခုနစ်ရက်အတွင်း၌ အကျွန်ုပ်၏ တိုင်းနိုင်ငံသည် ပျက်စီး ရတော့အံ့။

၅၆၃။ သုမေခလမင်း၊ ကောသိယမင်း၊ သိဂ္ဂဝမင်း၊ သတ္တကမင်း ဤမင်းလေးပါးတို့သည် ရသေ့ရဟန်းတို့ကို ညှဉ်းဆဲကြကုန်၍ တိုင်းသူပြည်သားနှင့်တကွ ထိုမင်းတို့သည် ဆင်းရဲခြင်း သို့ရောက်ကုန်၏ (ပျက်စီးခြင်းသို့ ရောက်ကုန်၏)။

၅၆၄။ ကိုယ်နှုတ်နှလုံးကို စောင့်သုံးကုန်သော အကျင့်မြတ်ကို ကျင့်လေ့ရှိကုန်သော ရသေ့ တို့အမျက်ထွက်သော အခါ၌ သမုဒ္ဒရာ တောတောင်နှင့် တကွဖြစ်သော နတ်နှင့် တကွသောလူအပေါင်းတို့သည် ပျက်စီးကုန်၏။

၅၆၅။ ယူဇနာသုံးထောင်အတွင်း၌ မင်းချင်းတို့ကို စည်းဝေးစေ၏၊ စည်းဝေးပြီး၍ အပြစ် ကိုကြားအံ့သောငှါ ပစ္စေကဗုဒ္ဓါအရှင်မြတ်သို့ ချဉ်းကပ်ကုန်၏။

၅၆၆။ စိုသော အဝတ်, စိုသော ဦးခေါင်းရှိကုန်သော ပရိသတ်အလုံးစုံတို့သည် လက်အုပ်ချီ ကုန်လျက်အရှင်ပစ္စေကဗုဒ္ဓါ၏ ခြေတော်စုံတို့ကို ဦးတိုက်ကုန်လျက် ဤစကားကို လျှောက် ထားကုန်၏။

၅၆၇။ ကြီးသော လုံ့လရှိတော်မူသော အရှင်မြတ်ဘုရား အရှင်ဘုရားသည် သည်းခံတော် မူပါ၊ လူအပေါင်းသည် အရှင်ဘုရားကို ရှေးရှုတောင်းပန်ပါ၏၊ ပူပန်ခြင်းကို ပယ်ဖျောက် တော်မူပါဘုရား၊ တပည့်တော်တို့၏ တိုင်းပြည်ကို မပျက်စီးစေပါလင့်ဘုရားဟု (ဤစကားကို လျှောက်ကုန်၏)။

၅၆၈။ အသုရာနှင့်တကွ ရက္ခိုသ်နှင့်တကွ နတ်နှင့်တကွသော ခပ်သိမ်းသော လူတို့သည် သံတူဖြင့် ငါ၏ဦးခေါင်းကို အခါခပ်သိမ်း ရိုက်ခွဲကုန်ရာ၏။

၅၆၉။ ရေ၌ မီးသည် မတည်သကဲ့သို့လည်းကောင်း၊ ကျောက်ဆောင်၌ မျိုးစေ့သည် မပေါက်ရောက်နိုင်သကဲ့သို့လည်းကောင်း၊ ဆေး၌ ပိုးသည် မတည်သကဲ့သို့လည်းကောင်း ပစ္စေကဗုဒ္ဓါဘုရား၌အမျက်ထွက်ခြင်း မဖြစ်။

၅၇၀။ မြေကြီးသည် မတုန်လှုပ်နိုင်သကဲ့သို့လည်းကောင်း၊ သမုဒ္ဒရာသည် မနှိုင်းရှည့်နိုင်သကဲ့သို့လည်းကောင်း၊ ကောင်းကင်သည် အဆုံးမရှိသကဲ့သို့လည်းကောင်း ဤအတူ ပစ္စေကဗုဒ္ဓါအရှင်တို့သည် မချောက်ချားနိုင်ကုန်။

၅၇၁။ ကြီးသော လုံ့လရှိကုန်သော ရဟန်းတို့သည် အခါခပ်သိမ်း သည်းခံတတ်ကုန်၏၊ သည်းခံအပ်သော သဘောလည်း ရှိကုန်၏။ သည်းခံတတ်သောသူတို့အားလည်းကောင်း၊ သည်းခံအပ်သောသဘောရှိသောသူတို့အားလည်းကောင်း ထိုဆန္ဒာဂတိသို့ လားခြင်း, လိုက်ခြင်းသည် မရှိ။

၅၇၂။ ဒေဝလပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဤစကားကို မိန့်တော်မူပြီး၍ ပူပန်ခြင်းကို ပယ်ဖျောက်လျက်လူအပေါင်း၏ မျက်မှောက်၌ ကောင်းကင်သို့ ပျံတက်တော်မူ၏။

၅၇၃။ ကြီးသောလုံ့လရှိတော်မူသော အရှင်ဘုရား အကျွန်ုပ်သည် ထိုမကောင်းမှုကံကြောင့် ယုတ်ညံ့သောဆတ္တာသည်အမျိုးသို့ ရောက်ရ၏၊ ထိုယုတ်ညံ့သော ဆတ္တာသည်အဖြစ်ကို လွန်မြောက်၍ ဘေးမဲ့ပြည် (နိဗ္ဗာန်သို့) ဝင်ရပါပြီ။

၅၇၄။ ကြီးသောလုံ့လရှိတော်မူသော အရှင်ဘုရား ထိုအခါ၌လည်း လောင်မြိုက်လျက် တည်သောအကျွန်ုပ်ကို ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ပူလောင်မှုကို ပယ်ဖျောက်တော်မူ၏၊ အရှင်ပစ္စေကဗုဒ္ဓါကိုလည်းကန်တော့ခဲ့ပါ၏။

၅၇၅။ ကြီးသောလုံ့လရှိတော်မူသော အရှင်ဘုရား ယခုအခါ၌လည်း သုံးပါးသောမီးတို့ဖြင့်လောင်မြိုက်နေသော အကျွန်ုပ်ကို အရှင်ဘုရားသည် မီးသုံးပါးငြိမ်းအေးစေ၍ ချမ်းမြေ့သည့် အဖြစ်သို့ရောက်စေတော်မူ၏။

၅၇၆။ အကြင်သူတို့အား ကြားနာမှတ်သားခြင်းသည် ရှိ၏၊ ထိုသူတို့သည် ဟောကြား သော ငါ၏စကားကို နာကြကုန်လော့။ ငါသည် နိဗ္ဗာန်ကို သိမြင်သည့်အတိုင်း သင်တို့အား နိဗ္ဗာန်အကျိုးကိုဟောကြားပေအံ့။

၅၇၇။ ငြိမ်သက်သောစိတ်ရှိသော, တည်ကြည်သော, အလိုလိုပွင့်တော်မူသော အရှင်ပစ္စေက ဗုဒ္ဓါကိုပြစ်မှားမိ၍ ထိုကံကြောင့် ယခု ငါသည် ယုတ်ညံ့သော ဆတ္တာသည်မျိုး၌ ဖြစ်ရ၏။

၅၇၈။ သင်တို့သည် ဘုရားပွင့်ရာကာလ 'ဗုဒ္ဓုပ္ပါဒခဏ' ကို မလွဲချော်ကြစေကုန်လင့်။ မှန်၏၊ ဘုရားပွင့်ရာကာလကို ကုန်လွန်စေသောသူတို့သည် စိုးရိမ်ပူပန်ရကုန်၏။ သင်တို့သည် မိမိအကျိုးစီးပွား၌လုံ့လပြုကြကုန်လော့၊ သင်တို့သည် ဘုရားပွင့်ရာကာလ 'ဗုဒ္ဓုပ္ပါဒခဏ' ကို ပြီးပြည့်စေအပ်၏ (ရောက်အပ်၏)။

၅၇၉။ (သာသနာတော်သည်) အချို့သောသူတို့အား ပျို့အန်ဆေးဖြစ်၍ အချို့သောသူတို့အားဝမ်းလျှောဆေးဖြစ်၏၊ အချို့သောသူတို့အား လတ်တလော သေစေတတ်သော အဆိပ်ဖြစ်၍ အချို့သောသူတို့အား နတ်ဆေး ဖြစ်၏။

၅၈၀။ သာသနာတော်သည် မဂ္ဂဋ္ဌာန်လေးယောက်တို့အား ကိလေသာအန်ဆေးဖြစ်၍ ဖလဋ္ဌာန်လေးယောက်တို့အား ဝမ်းလျှောဆေးဖြစ်၏၊ အကျိုးကို လိုလားကုန်သော ကောင်းမှု ကိုရှာမှီးကုန်သော သူတို့အား နိဗ္ဗာန်ဆေးသဖွယ် ဖြစ်၏။

၅၈၁။ သာသနာတော်နှင့် ဆန့်ကျင်သောသူတို့အား လတ်တလော သေစေတတ်သော အဆိပ်ကဲ့သို့ဟောကြားတော်မူ၏၊ မျက်စောင်းရိပ်ကာမျှဖြင့် လျင်စွာသေစေတတ်သော အဆိပ် ရှိသော မြွေဆိုးသည်ထိုလူကို လောင်စေသကဲ့သို့ ထို့အတူ ထိုသာသနာတော်နှင့် ဆန့်ကျင် သောသူကို လောင်စေ၏။

၅၈၂။ တစ်ကြိမ်သောက်အပ်သော အဆိပ်သည် အသက်ကို တစ်ကြိမ်သာ ဖြတ်တတ်၏၊ ထိုသူသည်သာသနာတော်နှင့် ဆန့်ကျင်ဘက်ပြုသောကြောင့် ကမ္ဘာကုဋေပတ်လုံးလည်း လောင်မြိုက်ရ၏။

၅၈၃။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းဖြင့်လည်းကောင်း၊ မညှဉ်းဆဲခြင်းဖြင့်လည်း ကောင်း၊ မေတ္တာစိတ်ရှိခြင်းဖြင့်လည်းကောင်း နတ်နှင့်တကွသော လောကကို ကယ်တင် တော်မူ၏။ ထို့ကြောင့်ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။

၅၈၄။ လာဘ်ရမှု, မရမှု၌ မကပ်ငြိကုန်၊ မြတ်နိုးမှု, မမြတ်နိုးမှု၌ မကပ်ငြိကုန်၊ ဘုရား ရှင်တို့သည် မြေကြီးအထုနှင့် တူကုန်၏၊ ထို့ကြောင့် ထိုဘုရားရှင်တို့ကို ဆန့်ကျင်ဘက် မပြုအပ်ကုန်။

၅၈၅။ မြတ်စွာဘုရားသည် သတ်ပုတ်ညှဉ်းဆဲတတ်သော ဒေဝဒတ်၌လည်းကောင်း၊ အဂုင်္လိမာလခိုးသူ၌လည်းကောင်း၊ ရာဟုလာသားတော်၌လည်းကောင်း၊ နာဠာဂိရိဆင်၌လည်း ကောင်းခပ်သိမ်းသော သတ္တဝါတို့၏ အပေါ်၌ တူမျှသော စိတ်ထား ရှိတော်မူ၏။

၅၈၆။ ထိုဆန့်ကျင်သောသူတို့အား အမျက်ထားခြင်း မရှိ၊ ဤမဆန့်ကျင်သောသူတို့ အားတပ်နှစ်သက်မှု မရှိ။ သတ်ပုတ်ညှဉ်းဆဲတတ်သောသူ၏ အပေါ်၌လည်းကောင်း၊ ရင် သွေးသားမြတ်၏အပေါ်၌လည်းကောင်း ဤသတ္တဝါအလုံးစုံတို့၏ အပေါ်၌ မြတ်စွာဘုရားသည် တူမျှသောစိတ်ထားရှိတော်မူ၏။

၅၈၇။ မစင်လိမ်းကျံသော အရိယာတို့၏ တံခွန်အောင်လံသဖွယ်ဖြစ်သော သင်္ကန်းကို လမ်းခရီး၌စွန့်ထားအပ်သည်ကို မြင်လတ်သော် ဦးခေါင်း၌ လက်အုပ်ချီလျက် ရှိခိုးအပ်၏။

၅၈၈။ ပွင့်ပြီး, ပွင့်ဆဲ, ပွင့်လတ္တံ့ဖြစ်ကုန်သော အကြင်မြတ်စွာဘုရားတို့သည် ဤအရဟတ္တ ဖိုလ်တံခွန်သင်္ကန်းဖြင့် စင်ကြယ်ကုန်၏၊ ထိုသင်္ကန်းဖြင့် စင်ကြယ်ရသောကြောင့် ထိုမြတ်စွာဘုရားတို့ကို ရှိခိုးအပ်ကုန်၏။

၅၈၉။ ဘုရားသဖွယ် ဖြစ်သော မွန်မြတ်သည့် ဝိနည်းတရားတော်ကို စိတ်ဖြင့် ဆောင် ထား၏၊ ငါသည် ဝိနည်းတရားတော်ကို အခါခပ်သိမ်း ရှိခိုးလျက်နေအံ့။

၅၉၀။ ဝိနည်းတရားတော်သည် ငါ၏ တည်နေရာတည်း၊ ဝိနည်းတရားတော်သည် ငါ၏ ရပ်ရာသွားရာတည်း၊ ငါသည် ဝိနည်းတရားတော်၌ နေခြင်းကို ပြု၏၊ ဝိနည်းတရားတော် သည် ငါ၏ကျက်စားရာပင်တည်း။

၅၉၁။ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား ဝိနည်းအရာ၌ အထွတ်အထိပ်သို့ ရောက်သည် ဖြစ်၍ အဓိကရုဏ်း ငြိမ်းအေးကြောင်း သမထ၌လည်း ကျွမ်းကျင်လိမ္မာသော အကျွန်ုပ်ဥပါလိသည်ရှင်တော်မြတ်ဘုရား၏ ခြေတော်အစုံတို့ကို ရှိခိုးပါ၏။

၅၉၂။ အကျွန်ုပ်ဥပါလိသည် မြတ်စွာဘုရားကို ရှိခိုးလျက် တရားတော်၏ ကောင်းသော တရားအဖြစ်ကိုလည်း သိ၍ (ရှိခိုးလျက်) တစ်ရွာမှ တစ်ရွာသို့ တစ်ပြည်မှ တစ်ပြည်သို့ လှည့်လည်ပါအံ့။

၅၉၃။ အကျွန်ုပ်သည် ကိလေသာတို့ကို ရှို့မြှိုက်စေအပ်ကုန်ပြီ၊ ခပ်သိမ်းသော ဘဝတို့ကို နုတ်ပယ်အပ်ကုန်ပြီ၊ ခပ်သိမ်းသော အာသဝေါတရားတို့သည် ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝ သစ်၌တစ်ဖန် ဖြစ်ခြင်းသည် မရှိတော့ပြီ။

၅၉၄။ မြတ်စွာဘုရားထံတော်သို့ အကျွန်ုပ်၏ လာခြင်းသည် စင်စစ် ကောင်းသောလာခြင်း ဖြစ်၏၊ သုံးပါးသော ဝိဇ္ဇာတို့သို့ အစဉ် ရောက်ပါကုန်ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို ပြုကျင့်လိုက်နာအပ်ပါပြီ။

၅၉၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဥပါလိမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ဥပါလိတ္ထေရအပဒါန် ပြီး၏။

------

၃-၇- အညာသိကောဏ္ဍညတ္ထေရအပဒါန်

၅၉၆။ လောကထက် မြတ်တော်မူသော နိဗ္ဗာန်သို့ ပို့ဆောင်တတ်သည် ဖြစ်ဘုရားမြတ် တို့၏တည်ရာဘုံ (သဗ္ဗညုတဉာဏ်) သို့ ရောက်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားကို ငါသည် ရှေးဦးစွာဖူးမြင်ရ၏။

၅၉၇။ ဗောဓိပင်အနီး၌ အကြင်မျှလောက်သော နတ်အားလုံးတို့သည် အညီအညွတ် လာ၍ မြတ်စွာဘုရားကို ခြံရံပြီးလျှင် လက်အုပ်ချီလျက် ရှိခိုးကြကုန်၏။

၅၉၈။ ထိုနတ်အားလုံးတို့သည် နှစ်သက်သော စိတ်ရှိကုန်လျက် အမိုက်မှောင်ကို ပယ် ဖျောက်တော်မူသောဤမြတ်စွာဘုရားသည် (သဗ္ဗညုတဉာဏ်သို့) အစဉ်ရောက်ပြီဟု ဆိုကုန် လျက် ကောင်းကင်၌လှည့်လည်သွားလာကြကုန်၏။

၅၉၉။ မြတ်စွာဘုရား၏ သာသနာတော်၌ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေကုန် အံ့ဟုရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ကုန်သော ထိုနတ်တို့အား သည်းထန်စွာ ကြွေးကြော်ခြင်း သည်ဖြစ်လေသတည်း။

၆၀၀။ ငါသည် နတ်တို့ ပြောဆိုအပ်သော မြတ်သော စကားကို ကြားသိရသောကြောင့်ရွှင်လန်းဝမ်းမြောက်သည် ဖြစ်၍ ရွှင်ပျသော စိတ်ဖြင့် ဆွမ်းဦးကို ကပ်လှူ၏။

၆၀၁။ လောက၌ အတုမဲ့ဖြစ်သော မြတ်စွာဘုရားသည် ငါ၏ အကြံအစည်ကို သိသော ကြောင့် နတ်အပေါင်းတို့၏ အလယ်၌ ထိုင်နေတော်မူပြီးလျှင် ဤဆိုမည့် ဂါထာတို့ကို မိန့် တော်မူ၏-

၆၀၂။ ငါသည် ခုနစ်ရက်ပတ်လုံး တောထွက် တရားအားထုတ်၍ အရဟတ္တမဂ်ဉာဏ်ကို ရ၏၊ ခန္ဓာကိုမျှတစေတတ်သော ဤဆွမ်းသည် အကျင့်မြတ်ကို ကျင့်လေ့ရှိသော ငါ့အား ရှေး ဦးစွာသောဆွမ်းပင်တည်း။

၆၀၃။ တုသိတာနတ်ပြည်မှ ဤလူ့ပြည်သို့ လာ၍ ငါ့အား ဆွမ်းလှူသော နတ်သားကို ငါသည် ဗျာဒိတ်စကား ပြောကြားအံ့၊ ဟောကြားမည့် ငါ၏ စကားကို နာကြကုန်လော့-

၆၀၄။ ကမ္ဘာသုံးသောင်းတို့ပတ်လုံး နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ နတ်အားလုံးတို့ကို လွှမ်းမိုး၍ နတ်ပြည်ကို အုပ်စိုးနေရလတ္တံ့။

၆၀၅။ နတ်ပြည်မှ စုတေ၍ လူ့အဖြစ်သို့ ရောက်လတ္တံ့၊ ထိုလူ့ပြည်၌ အကြိမ်တစ်ထောင် တိုင်တိုင်စကြဝတေးမင်းဖြစ်၍ မင်းပြုရလတ္တံ့။

၆၀၆။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၆၀၇။ ထိုကောဏ္ဍညလောင်းသည် နတ်ပြည်မှ စုတေ၍ လူ့အဖြစ်သို့ ရောက်လတ္တံ့၊ အိမ်ရာတည်ထောင်သော လူ့ဘောင်မှ ထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် ခြောက်နှစ်တို့ပတ်လုံး (ဘုရားအလောင်းနှင့်အတူ) နေရလတ္တံ့။

၆၀၈။ ထို့နောက် ခုနစ်နှစ်မြောက်သော ကာလ၌ ဂေါတမမြတ်စွာဘုရားသည် ဓမ္မစကြာ တရားတော်ကိုဟောလတ္တံ့၊ ''ကောဏ္ဍည''ဟူသော အမည်ဖြင့် ရှေးဦးစွာ သစ္စာလေးပါး တရားကို မျက်မှောက်ပြုရလတ္တံ့။

၆၀၉။ ငါသည် တောထွက်သော ဘုရားလောင်းနှင့် အတူ တောထွက်၍ အတုလိုက် ရဟန်းပြု၏၊ ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေခြင်းငှါ အိမ်၏ အစီးအပွား မဖြစ်သော သာသနာတော်၌ရဟန်းပြု၏။

၆၁၀။ နတ်နှင့် တကွသော လောက၌ ခပ်သိမ်းသော တရားတို့ကို သိတော်မူသော မြတ်စွာဘုရားသည်ငါ့ထံသို့ ချဉ်းကပ်လာပြီးလျှင် ''ဣသိပတန''မည်သော မိဂဒါဝုန်၌ တရားတည်းဟူသောအမြိုက်စည်ကြီးကို တီးခတ်တော်မူ၏။

၆၁၁။ ထိုငါသည် ယခုအခါ၌ အတုမဲ့ဖြစ်သော ငြိမ်းအေးရာ အမြိုက်နိဗ္ဗာန်သို့ ရောက်၏၊ ခပ်သိမ်းသော အာသဝေါတရားတို့ကို ပိုင်းခြားသိလျက် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နေရ၏။

၆၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။ ဤသို့လျှင် အသျှင်အညာသိကောဏ္ဍညမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခုနစ်ခုမြောက် အညာသိကောဏ္ဍညတ္ထေရအပဒါန် ပြီး၏။

------

၃-၈-ပိဏ္ဍောလဘာရဒွါဇတ္ထေရအပဒါန်

၆၁၃။ အလိုလိုဖြစ်တော်မူအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည် ထိုအခါဟိမဝန္တာတောင်၏ အရှေ့မျက်နှာ စိတ္တကူဋတောင်၌ နေ၏။

၆၁၄။ ငါသည် ထိုစိတ္တကူဋတောင်၌ မကြောက်မရွံ့သော သဘောရှိသည် ဖြစ်၍ အရပ် လေးမျက်နှာသို့သွားခြင်းငှါ စွမ်းနိုင်သော ခြင်္သေ့မင်း ဖြစ်ခဲ့၏၊ ထိုခြသေ့င်္မင်း၏ ဟိန်းဟောက် သံကို ကြားရသောကြောင့်များစွာသော သတ္တဝါတို့သည် အထူး ကြောက်ရွံ့ကုန်၏။

၆၁၅။ (ခြသေ့င်္မင်းဖြစ်သော ငါသည် ကောင်းစွာ ပွင့်သော ပဒုမ္မာကြာကို ကိုက်ချီ၍ မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် နိရောဓသမာပတ်မှ ထတော်မူသော မြတ်စွာဘုရားအား ရှေးရှုကပ်လှူ၏။

၆၁၆။ ငါသည် ယောက်ျားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို အရပ်လေးမျက်နှာတို့၌ ရှိခိုးပြီးလျှင် မိမိစိတ်ကို ကြည်လင်စေ၏၊ မကြောက်ရွံ့သော ခြင်္သေ့သံကို မြည်ဟောက်၏။

၆၁၇။ လောကကို သိတော်မူသော ဧည့်သည်အလို့ငှါ အဝေးမှ ဆောင်ခဲ့သောဝတ္ထုတို့ကို ခံတော်မူထိုက်သော ပဒုမုတ္တရမြတ်စွာဘုရားသည် မိမိနေရာ၌ ထိုင်နေတော်မူလျက် ဤဆိုမည့် ဂါထာတို့ကို ဟောတော်မူ၏ -

၆၁၈။ မြတ်စွာဘုရား၏ အသံတော်ကို သိ၍ ခပ်သိမ်းသော နတ်အားလုံးတို့သည် အညီ အညွတ်လာကြကုန်၏၊ သစ္စာလေးပါးတရားကို ဟောတတ်သောသူတို့ထက် မြတ်သော မြတ်စွာဘုရားသည်ကြွရောက်တော်မူလာသည် ဖြစ်၍ ငါတို့သည် ထိုတရားတော်ကို နာကုန်အံ့ဟု ကောင်းစွာ လာကြကုန်၏။

၆၁၉။ လူတို့၏ ရှေ့သွားဖြစ်သော အရှည်ကို မြင်တော်မူသော မြတ်စွာဘုရားသည် ရွှင်လန်းဝမ်းမြောက်ခြင်းဖြစ်ကုန်သော ထိုနတ်တို့၏ မျက်မှောက်၌ ငါ့အား မြတ်သော တရား သံကို ထင်စွာပြတော်မူ၏။

၆၂၀။ ပဒုမ္မာကြာကို လှူ၍ ခြင်္သေ့အသံကို ဟောက်သော ခြင်္သေ့မင်းကို ငါသည် (ဗျာဒိတ် စကား) ဟောကြားပေအံ့၊ ငါ ဟောကြားမည့် စကားကို နာကြကုန်လော့-

၆၂၁။ ခြင်္သေ့မင်းသည် ဤ (ငါပဒုမုတ္တရဘုရားပွင့်ရာ) ကပ်မှ ရှစ်ကမ္ဘာမြောက်၌ ရတနာ ခုနစ်ပါးနှင့်ပြည့်စုံသော လေးကျွန်းလုံး၌ အစိုးရသော စကြဝတေးမင်း ဖြစ်လတ္တံ့။

၆၂၂။ များသော ဗိုလ်ပါရှိသော ပဒုမစကြဝတေးမင်း ဖြစ်၍ မြေအပြင်၌ ခြောက်ဆယ့်လေးကြိမ်တိုင်အောင် မင်းအဖြစ်ကို ပြုရလတ္တံ့။

၆၂၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၆၂၄။ မြတ်စွာဘုရားသည် အဆုံးအမစကားတော်ကို ဖော်ပြအပ်သည် ရှိသော် ပုဏ္ဏား မျိုး၌ ဖြစ်လတ္တံ့၊ ထိုအခါ ပုဏ္ဏားမျိုးမှ တောထွက်၍ ရဟန်းပြုလတ္တံ့။

၆၂၅။ ထိုရဟန်းသည် အားထုတ်ခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည်ဖြစ်၍ ကိလေသာမီးငြိမ်းအေးလျက် ဥပဓိလေးပါးမှ ကင်းကာ ခပ်သိမ်းသော အာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နိဗ္ဗာန်ယူသိမ်း ငြိမ်းအေးရလတ္တံ့။

၆၂၆။ ခြင်္သေ့, သစ်, ကျား, သားရဲတို့ဖြင့် ပြွမ်း၍ လူသူကင်းရှင်းသော တောကျောင်း၌ ခပ်သိမ်းသော အာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝကင်းကွာ ရဟန္တာဖြစ်၍ နိဗ္ဗာန်ယူသိမ်း ငြိမ်းအေးရလတ္တံ့။

၆၂၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိဏ္ဍောလဘာရဒွါဇမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ပိဏ္ဍောလဘာရဒွါဇတ္ထေရအပဒါန် ပြီး၏။

------

၃-၉-ခဒိရဝနိယရေဝတတ္ထေရအပဒါန်

၆၂၈။ ဘာဂီရထီမည်သော ဂင်္ဂါမြစ်သည် ဟိမဝန္တာတောင်မှ အမွန်စဖြစ်၏၊ (ထိုမြစ်၏) သွားလာခက်ခဲသော ဆိပ်၌ ငါသည် ကူးတို့သူကြီး ဖြစ်ဤမှာဘက်မှ (ထိုဘက်သို့ ထိုဘက်မှဤဘက်သို့) ကူးတို့ပို့ခဲရ၏။

၆၂၉။ (သတ္တဝါတို့ကို ) နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော အခြေနှစ်ချောင်းရှိသူ လူ အပေါင်းတို့ထက်မြတ်သော ပဒုမုတ္တရမြတ်စွာဘုရားသည် ဝသီငါးပါးကို လေ့လာပြီးသော ရဟန္တာတစ်သိန်းတို့နှင့်တကွဂင်္ဂါမြစ်ကမ်းနားသို့ ကြွတော်မူလာ၏။

၆၃၀။ များစွာသော လှေတို့ကို စုပေါင်း၍ လှေထက်၌ လက်သမားတို့သည် ကောင်းစွာ စီရင်အပ်သောအမိုးကို ပြုလုပ်ပြီးလျှင် မြတ်စွာဘုရားကို မြတ်နိုးပူဇော်ခဲ့ရ၏။

၆၃၁။ မြတ်စွာဘုရားသည် ကြွတော်မူ၍ ထိုလှေကိုသာလျှင် တက်စီးတော်မူ၏၊ မြတ်စွာဘုရားသည်ရေလယ်၌ တည်လျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏-

၆၃၂။ ထိုကူးတို့သူကြီးသည် ငါဘုရားကိုလည်းကောင်း၊ အာသဝေါကင်းသော သံဃာတော်ကိုလည်းကောင်း ကူးတို့ပို့၏။ ထိုကူးတို့ပိုရသော စိတ်၏ ကြည်လင်ခြင်းကြောင့် နတ် ပြည်၌မွေ့လျော်ရလတ္တံ့။

၆၃၃။ သင့်အား ကောင်းစွာ ပြုအပ်သည်ဖြစ်၍ လှေသဏ္ဌာန်သဖွယ် ဖြစ်သော ဘုံဗိမာန် သည်ဖြစ်ပေါ်လတ္တံ့၊ ကောင်းကင်၌ ပန်းအမိုးမဏ္ဍပ်သည်လည်း အခါခပ်သိမ်း ဆောင်းမိုး၍ ထားလတ္တံ့။

၆၃၄။ ငါးဆယ့်ရှစ်ကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည် ဖြစ်၍ ရန်သူ ကိုအောင်ပြီးသော ''တာရက''မည်သော စကြဝတေးမင်း ဖြစ်လတ္တံ့။

၆၃၅။ ငါးဆယ့်ခုနစ်ကမ္ဘာထက်၌ တက်သစ်သော နေကဲ့သို့ များသော ဗိုလ်ပါရှိသော စမ္မကမည်သောမင်းဖြစ်၍ တောက်ပလတ္တံ့။

၆၃၆။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၆၃၇။ ထိုသူသည် တာဝတိံသာနတ်ပြည်မှ စုတေ၍ လူ့အဖြစ်သို့ ရောက်လတ္တံ့၊ အမည် အားဖြင့် ''ရေဝတ''မည်သော ပုဏ္ဏားမျိုးသည် ဖြစ်လတ္တံ့။

၆၃၈။ အကြောင်းရင်းဖြစ်သော ကုသိုလ်သည် တိုက်တွန်းအပ်သောကြောင့် လူ့ဘောင်မှ ထွက်၍ ဂေါတမမြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုလတ္တံ့။

၆၃၉။ ထိုသူသည် ရဟန်းပြုပြီးနောက်၌ ကမ္မဋ္ဌာန်းအားထုတ်ကာ ဝိပဿနာရှုသည်ဖြစ်၍ အလုံးစုံသောအာသဝေါတရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နေရလတ္တံ့။

၆၄၀။ ငါ၏ ယောဂကုန်ရာ နိဗ္ဗာန်သို့ ဆောင်တတ်သော လုံ့လသည် ဝန်ဆောင်နွားလား သဖွယ် ဖြစ်၏၊ မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်ဖြစ်သော ကိုယ်ကို ဆောင်၏။

၆၄၁။ ကမ္ဘာတစ်သိန်းထက်က ပြုခဲ့သော ကုသိုလ်ကံသည် ဤအဆုံးဘဝ၌ ငါ့အား ကောင်းကျိုးကို ပြပေ၏၊ 'လေးမှ လွတ်သော မြားအဟုန်ကဲ့သို့' ကိလေသာတို့ကို ရှို့မြှိုက် လောင်ကျွမ်းစေ၏။

၆၄၂။ ထို့နောက် တော၌ မွေ့လျော်သော အကျွန်ုပ်ကို မြင်တော်မူ၍ လောက၏ အဆုံး နိဗ္ဗာန်သို့ရောက်တော်မူသော, ကြီးမြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရားသည် ''တောနေရဟန်းတို့တွင်အမြတ်ဆုံး ဧတဒဂ်ပုဂ္ဂိုလ်''ဟူ၍ ပညတ်တော်မူ၏။

၆၄၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် ရှားတော၌ နေသော အသျှင်ရေဝတမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော် မူ၏။

ကိုးခုမြောက် ခဒိရဝနိယရေဝတတ္ထေရအပဒါန် ပြီး၏။

------

၃-၁၀-အာနန္ဒတ္ထေရအပဒါန်

၆၄၄။ ပဒုမုတ္တရမြတ်စွာဘုရားသည် ကျောင်းတိုက်အရံ တံခါးမှ ထွက်တော်မူအမြိုက် မိုးကိုရွာသွန်းစေလျက် လူအပေါင်းကို ငြိမ်းအေးစေ၏။

၆၄၅။ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံ၍ ကြီးသော တန်ခိုးဣဒိ္ဓပါဒ်ရှိကုန်သော အရဟတ္တမဂ်ဉာဏ်ရှိကုန်သော ထိုရဟန္တာတစ်သိန်းတို့သည် 'အရိပ်ကဲ့သို့' အစဉ်လိုက်ကုန်လျက် မြတ်စွာဘုရားကိုခြံရံကုန်၏။

၆၄၆။ (ထိုအခါ ငါသည် ) အလွန် မြင့်မြတ်သော ထီးဖြူကို ဆောင်းလျက် ဆင်ကျောက် ကုန်း၌စီးလေ၏၊ အလွန်သပ္ပါယ်သော အဆင်းရှိသော မြတ်စွာဘုရားကို ဖူးမြင်ရ၍ ငါ့အား နှစ်သက်ခြင်းဖြစ်လေ၏။

၆၄၇။ ငါသည် ဆင်ကျောက်ကုန်းမှ သက်ဆင်း၍ မြတ်စွာဘုရား (အထံ) သို့ ချဉ်းကပ်ပြီး လျှင်ရတနာဖြင့် ပြီးသော ငါ၏ ထီးဖြူကို ဘုရားမြတ်အား ဆောင်းလှူပူဇော်၏။

၆၄၈။ ပဒုမုတ္တရမြတ်စွာဘုရားသည် ငါ၏ အကြံအစည်ကို သိတော်မူ၍ (ထိုဟောမြဲတိုင်း သော) တရားတော်ကို ရပ်တန့်တော်မူလျက် ဤဆိုမည့် ဂါထာတို့ကို မိန့်တော်မူ၏ -

၆၄၉။ အကြင်မင်းသားသည် ရွှေတို့ဖြင့် တန်ဆာဆင်အပ်သော ထီးဖြူကို ဆောင်းလှူပူ ဇော်၏၊ ထိုမင်းသားကို ငါသည် (ဗျာဒိတ်) စကား မြွက်ကြားပေအံ့၊ ငါ မြွက်ကြားမည့် စကား ကိုနာကြကုန်လော့ -

၆၅၀။ ဤမင်းသားသည် ဤဘဝမှ (ဘဝတစ်ပါး) ပြောင်းသွားခဲ့သော် တုသိတာနတ်ပြည် ၌စိုးအုပ်နေရလတ္တံ့၊ နတ်သမီးတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ နတ်စည်းစိမ်ကို ခံစားရလတ္တံ့။

၆၅၁။ သုံးဆယ့်လေးကြိမ်တိုင်အောင် နတ်စည်းစိမ်ကို ခံစားရလတ္တံ့၊ (နတ်မင်းအဖြစ်ကို ပြုလတ္တံ့)၊ အကြိမ်ရှစ်ရာတိုင်တိုင် ဗိုလ်ပါတို့ကို အစိုးရသော ဧကရာဇ်မင်းဖြစ်၍ မြေအပြင်ကို စိုးအုပ်ရလတ္တံ့။

၆၅၂။ ငါးဆယ့်ရှစ်ကြိမ် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ပဒေသရာဇ်မင်းအဖြစ်ကိုကား မရေ မတွက်နိုင်အောင်မြေအပြင်၌ ပြုရလတ္တံ့။

၆၅၃။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမ မည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၆၅၄။ သာကီဝင်မင်းမျိုးတို့၏ မှန်ကင်းသဖွယ်ဖြစ်သော ဂေါတမမြတ်စွာဘုရား၏ ဆွေမျိုး ဖြစ်ရလတ္တံ့၊ အမည်အားဖြင့် ''အာနန္ဒာ''ဟု ထင်ရှားလျက် မြတ်စွာဘုရားအလုပ်အကျွေးလည်း ဖြစ်ရလတ္တံ့။

၆၅၅။ အပြင်းအထန် အားထုတ်လျက် ရင့်ကျက်သော ပညာဉာဏ်ရှိသူ၊ များသော အကြားအမြင်တို့၌လိမ္မာခြင်းရှိသူ ဖြစ်ရလတ္တံ့။ မာန်ကို နှိမ်ချလျက် မခက်ထန်သူ၊ အလုံး စုံသော ပိဋကတ်ကို ရွတ်ဖတ်စွမ်းနိုင်သူသည်လည်း ဖြစ်ရလတ္တံ့။

၆၅၆။ ထိုအာနန္ဒာမထေရ်သည် အားထုတ်ခြင်းဖြင့် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ ကိလေသာမီး ငြိမ်းအေးလျက် ဥပဓိလေးပါးမှ ကင်းကာ ခပ်သိမ်းသော အာသဝတရား တို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ရဟန္တာဖြစ်၍ နိဗ္ဗာန်ယူသိမ်း ငြိမ်းရလတ္တံ့။

၆၅၇။ တောင်ထိပ်၌ ပျော်မွေ့ကုန်သော အနှစ်ခြောက်ဆယ်၌ အားအင်ဆုတ်ယုတ်ကုန်သော သုံးပါးကုန်သော အရပ်တို့မှ အမုန်ယိုကျကုန်သော မာတင်မျိုးဖြစ်ကုန်သော လှည်းသန်သဖွယ်အစွယ်ရှိကုန်သော မင်းစီးယာဉ်ဖြစ်ကုန်သော တောနေဆင်ပြောင်ကြီးတို့သည် ရှိကုန်သကဲ့သို့-

၆၅၈။ (ထို့အတူ) အသိန်းမက များစွာကုန်သော ပညာရှိကုန်သော ကြီးသော တန်ခိုး ဣဒ္ဓိပါဒ်ကြီးမြတ်ခြင်းရှိသူ ရဟန္တာတည်းဟူသော ဆင်တို့သည် ဘုရားတည်းဟူသောဆင်မင်း နီးနီးကပ်ကပ်ထားခြင်း၌ အလားတူ မဖြစ်သင့်ကုန်။

၆၅၉။ ''ညဉ့်ဦးယံ၌ (သုံးကြိမ်) ရှိခိုးအံ့၊ ညဉ့်လယ်ယံ၌ ရှိခိုးအံ့၊ မိုးသောက်ယံ၌လည်း (သုံးကြိမ်) ရှိခိုးအံ့''ဟု ကြည်လင်ဝမ်းမြောက်သော စိတ်ရှိလျက် ဘုရားမြတ်ကို လုပ်ကျွေး၏။

၆၆၀။ အပြင်းအထန် အားထုတ်လျက် ရင့်ကျက်သော ပညာဉာဏ် ရှိသူ၊ အမြော်အမြင် ဆင်ခြင်ဉာဏ်ရှိသူ၊ ထင်သော သတိရှိသူ ဖြစ်လျက် သောတာပတ္တိဖိုလ်သို့ ရောက်၏။ သေခ အရာတို့၌ လိမ္မာ၏။

၆၆၁။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဖြစ်ရကြောင်း ဆုတောင်း တောင့်တခဲ့သောအလုပ်အကျွေးအဖြစ်သို့ ငါ ရောက်ခဲ့ပြီ၊ (ထိုအလုပ်အကျွေးအဖြစ်သည်) သူတော်ကောင်းတရား ကြောင့်မတုန်မလှုပ် မြဲမြံစွာ တည်၏။

၆၆၂။ မြတ်စွာဘုရားထံတော်သို့ အကျွန်ုပ်လာခြင်းကား ကောင်းသော လာခြင်းပင်တည်း၊ သုံးပါးသောဝိဇ္ဇာတို့သို့ အစဉ်ရောက်ပါပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးအပ်ပါပြီ။

၆၆၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်အာနန္ဒာမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ဆယ်ခုမြောက် အာနန္ဒတ္ထေရအပဒါန် ပြီး၏။

အပဒါန်ကျမ်း၌ ရှေးဦးစွာသော ဗုဒ္ဓဝဂ် ပြီး၏။

------

၂-သီဟာသနိယဝဂ်

၁-သီဟာသနဒါယကတ္ထေရအပဒါန်

၁။ မြတ်စွာဘုရားစကားတော်ဟူသော သာသနာသည် အရပ်ဆယ်မျက်နှာ ပျံ့နှံ့သာသနာတော်ကိုလူသိများသည် ရှိသော် အခြေနှစ်ချောင်းရှိသူ လူတို့ထက် မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသော အခါ၌-

၂။ ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍ ခြင်္သေ့ခံသော နေရာပလ္လင်ကို ပြုလုပ်ခဲ့၏၊ ငါသည် ခြင်္သေ့ခံသော နေရာပလ္လင်ကို ပြုပြီးလျှင် ခြေနင်းအင်းပျဉ်ကိုလည်း ပြုလုပ်ခဲ့၏။

၃။ ငါသည် ခြင်္သေ့ခံသော နေရာပလ္လင်ကို မိုးစွတ်လတ်သော် ထိုပလ္လင်ထက်၌ အမိုး ကျောင်းဆောင်ကိုလှူဒါန်းဆောက်လုပ်ခဲ့ပြန်၏၊ ငါသည် ထိုလှူဒါန်းရသော စိတ်ကြည်လင်မှု ကြောင့် တုသိတာနတ်ပြည်သို့ကပ်ရောက်ရ၏။

၄။ ထိုတုသိတာနတ်ပြည်၌ ဖြစ်သောအခါ အလျားနှစ်ဆယ့်လေးယူဇနာ အနံတစ်ဆယ့် လေးယူဇနာရှိသောငါ၏ ဘုံဗိမာန်ကို ရှေးကောင်းမှုကံက ကောင်းစွာ ဖန်ဆင်းအပ်၏။

၅။ တစ်သိန်းသော နတ်သမီးတို့သည် ငါ့ကို အခါခပ်သိမ်း ခြံရံကုန်၏၊ ကောင်းစွာ ဖန်ဆင်းအပ်သောရွှေဖြင့်ပြီးသော ပလ္လင်သည်လည်း ဘုံဗိမာန်၌ ဖြစ်ပေါ်၏။

၆။ ဆင်ယာဉ်၊ မြင်းယာဉ်၊ နတ်ယာဉ်သည် ရှေးရှုတည်လာ၏။ ပြာသာဒ်နှင့် ထမ်းစင် တို့သည်လည်းအလိုရှိတိုင်း ဖြစ်ပေါ်လာကုန်၏။

၇။ ပတ္တမြားဖြင့် ပြီးသော ပလ္လင်တို့သည်လည်းကောင်း၊ စန္ဒကူးနှစ်ဖြင့် ပြီးသော အခြား များစွာသောပလ္လင်တို့သည်လည်းကောင်း ခပ်သိမ်းသော ပလ္လင်တို့သည် ငါ့အား ဖြစ်ပေါ်ကြ ကုန်၏။ ဤသို့ဖြစ်ရခြင်းသည် ခြင်္သေ့ခံသော နေရာပလ္လင်ကို လှူရခြင်း၏ အကျိုးပေတည်း။

၈။ ငါသည် ရွှေဖြင့် ပြီးသော ခြေနင်း၊ ငွေဖြင့် ပြီးသော ခြေနင်း၊ ဖန်, ကြောင်မျက်ရွဲဖြင့် ပြီးသောခြေနင်းတို့ကို စီးရ၏။ ဤသို့ စီးရခြင်းသည် ခြေနင်းအင်ပျဉ်ကို လှူရခြင်း၏ အကျိုးပေတည်း။

၉။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်၌ အကြင်ကောင်းမှုကံကို ပြုဖူး၏၊ ငါသည် ထိုအခါမှ စ၍ အပါယ်လေးပါးသို့ လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။

၁၀။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်သုံးကမ္ဘာထက်၌ ဣန္ဒမည်သော စကြာမင်း သုံးကြိမ် ဖြစ်ခဲ့ ဖူး၏၊ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်နှစ်ကမ္ဘာထက်၌ သုမနမည်သော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ဖူး၏။

၁၁။ ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ်မျှသော ကမ္ဘာ၌ လေးကျွန်းလုံးကို အစိုးရသည် ဖြစ်၍ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ဝရုဏမည်သော စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့ဖူး၏။

၁၂။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် ခြင်္သေ့ခံသော နေရာပလ္လင်လှူသော မထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှေးဦးစွာသော သီဟာသနဒါယကတ္ထေရအပဒါန် ပြီး၏။

------

၂-ဧကတ္ထမိ္ဘကတ္ထေရအပဒါန်

၁၃။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ သာသနာတော်၌ များစွာသော ကုသိုလ်ရေးအသင်းအဖွဲ့ သားအပေါင်းသည်ရှိ၏၊ ထိုကုသိုလ်ရေးအသင်းသားတို့သည် မြတ်စွာဘုရားကို ကိုးကွယ် ဆည်းကပ်ကြကုန်၏၊ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကိုလည်း ယုံကြည်ကြကုန်၏။

၁၄။ ကုသိုလ်ရေးအသင်းသားအားလုံးတို့သည် စုရုံးတိုင်ပင်ကြပြီးလျှင် မြတ်စွာဘုရား၏တန်ဆောင်းဝန်းကို ဆောက်လုပ်ကြကုန်၏၊ တိုင်တစ်လုံး မရ၍ တောကြီး၌ ရှာဖွေကြ ကုန်၏။

၁၅။ ထိုအခါ ငါသည် ယင်းကုသိုလ်ရေးအသင်းသားတို့ကို တော၌ တွေ့မြင်ရသောကြောင့်အသင်းသားအပေါင်းသို့ ချဉ်းကပ်ပြီးလျှင် လက်အုပ်ချီလျက် ကုသိုလ်ရေးအသင်းသားများကို မေးမြန်း၏။

၁၆။ သီလရှိသူ ဥပါသကာများဖြစ်သော ထိုကုသိုလ်ရေးအသင်းသားတို့သည် ငါ မေး မြန်းသည်ရှိသော်အကျွန်ုပ်တို့သည် တန်ဆောင်းဝန်းကို ဆောက်လုပ်လိုကုန်၏။ (သို့သော်လည်း) တိုင်တစ်လုံးကိုမရနိုင်ဘဲရှိသည်ဟု ဖြေကြားကြကုန်၏။

၁၇။ ငါ့အား တိုင်တစ်လုံးလှူခွင့်ကို ပေးကြကုန်လော့၊ ငါသည် မြတ်စွာဘုရားအား လှူဒါန်းအံ့၊ ငါသည် တိုင်တစ်လုံးကို ယူဆောင်ခဲ့အံ့၊ ထိုအရှင်အသင်းသားတို့သည် (သင်တို့သည်) ဤအရေး၌ ကြောင့်ကြမဲ့ဖြစ်ကြပါကုန်လော့။

၁၈။ ထိုကုသိုလ်ရေးအသင်းသားတို့သည် ကြည်လင်နှစ်သက်သော စိတ်ရှိကုန်၍ ငါ့အားတိုင်တစ်လုံးလှူခွင့် ပေးကြကုန်၏၊ ထိုအရပ်မှ ပြန်လည်ဆုတ်နစ်ကုန်၍ မိမိနေအိမ်သို့ ပြန် သွားကြကုန်၏။

၁၉။ ကုသိုလ်ရေးအသင်းသားများ ပြန်သွား၍ မကြာမီပင် ငါသည် တိုင်တစ်လုံးကို ယူဆောင်ပြီးသောအခါ ရွှင်ပျသည်ဖြစ်၍ ရွှင်လန်းသော စိတ်ဖြင့် ရှေးဦးစွာ (တိုင်ကို) စိုက် ထူ၏။

၂၀။ ငါသည် ထိုလှူဒါန်းရသော စိတ်ကြည်လင်မှုကြောင့် ဗိမာန်၌ ဖြစ်ရ၏၊ ငါ၏ ဗိမာန် သည်အစောက်အားဖြင့် မြင့်၏၊ ဘုံခုနစ်ဆင့်ရှိ၍ အထက်သို့ စွင့်စွင့် တက်၏။

၂၁။ စည်ကြီးတို့ကို ခတ်တီးအပ်ကုန်သော် ငါသည် အခါခပ်သိမ်း ကွန့်မြူးစံပယ်ရ၏၊ ငါးဆယ့်ငါးကမ္ဘာထက်၌ ယသောဓရစကြာမင်း ဖြစ်ခဲ့ဖူး၏။

၂၂။ ထိုယသောဓရစကြာမင်းဖြစ်သော အခါ၌လည်း ငါ၏ ဗိမာန်သည် ဘုံခုနစ်ဆင့်ရှိ၍ အထက်သို့စွင့်စွင့်တက်၏၊ အထွတ်တပ်သော အဆောင်မြတ်နှင့် ပြည့်စုံသည်ဖြစ်၍ မွေ့ လျော်ဖွယ်တစ်ပင်တိုင်နန်းလည်း ဖြစ်၏။

၂၃။ နှစ်ဆယ့်တစ်ကမ္ဘာထက်၌ ဥဒေနမည်သောမင်း ဖြစ်၏၊ ထိုမင်းအဖြစ်၌လည်း ငါ၏ ဗိမာန်သည်ဘုံခုနစ်ဆင့်ရှိ၍ အထက်သို့ စွင့်စွင့်တက်၏။

၂၄။ ကပ်ရောက်ရတိုင်းသော နတ်အဖြစ်, လူအဖြစ်ဟူသမျှ၌ အလုံးစုံသော ချမ်းသာကို ခံစားရ၏။ ဤသို့ဖြစ်ရခြင်းသည် တိုင်တစ်လုံးလှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၂၅။ ငါသည် ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်ဝယ် တိုင်တစ်လုံး လှူဒါန်းရသော အခါမှ စ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် တိုင်တစ်လုံး လှူဒါန်းရခြင်း၏အကျိုးပေတည်း။

၂၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ဧကတ္ထ မ္ဘိကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

နှစ်ခုမြောက် ဧကတ္ထမ္ဘိကထ္ထေရအပဒါန် ပြီး၏။

------

၃-နန္ဒတ္ထေရအပဒါန်

၂၇။ လောကထက်မြတ်သည်ဖြစ်တာဒိဂုဏ်နှင် ပြည်စုံတော်မူသော အလိုလိုဖြစ်လျက် သီလက္ခန္ဓစသောဂုဏ်ကျေးဇူးတို့ကို ရှာမှီးပြီးသော ပဒုမုတ္တရမြတ်စွာဘုရားအား ငါသည် ခေါမတိုင်းဖြစ် အဝတ်အထည်ကိုလှူဒါန်းခဲဖူး၏။

၂၈။ ပဒုမုတ္တရအမည်ရှိသော မြတ်စွာဘုရားသည် ငါ့အား ထိုပုဆိုးအလှူကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏၊ ဤပုဆိုးအလှူကြောင့် ရွှေအဆင်းရှိသည် ဖြစ်လတ္တံ့။

၂၉။ သင်သည် လူ, နတ်စည်းစိမ် နှစ်မျိုးလုံးတို့ကို ခံစားပြီးလျှင် ကုသိုလ်အကြောင်းရင်း တို့သည် တိုက်တွန်းအပ်သောကြောင့် ဂေါတမမြတ်စွာဘုရား၏ ညီတော်ဖြစ်လတ္တံ့။

၃၀။ ရာဂဖြင့် တပ်နှစ်သက်သည်ဖြစ်၍ ချမ်းသာစွာနေလေ့ရှိသော ကာမဂုဏ်တို့၌ တပ်နှစ်သက်မှုနှင့်ယှဉ်ပြီးဖြစ်သော သင်သည် ထိုအခါ ဂေါတမမြတ်စွာဘုရားက တိုက်တွန်း နှိုးဆော်အပ်သည်ဖြစ်သောကြောင့် ရဟန်းပြုလတ္တံ့။

၃၁။ သင်သည် ထိုဂေါတမမြတ်စွာဘုရားသာသနာတော်၌ ရဟန်းပြုပြီးလျှင် ကုသိုလ် အကြောင်းရင်းသည်တိုက်တွန်းနှိုးဆော်အပ်သောကြောင့် ခပ်သိမ်းသော အာသဝေါတရား တို့ကို ပိုင်းခြားသိပြီး၍ အာသဝေါကင်းကွာ ကိလေသာမရှိဘဲ ငြိမ်းအေးလတ္တံ့။

၃၂-၃၃။ ခုနစ်ထောင်သော ကမ္ဘာထက်၌ စေဠအမည်ရှိသော လေးကြိမ်သော စကြာမင်းတို့သည်လည်းကောင်း၊ ခြောက်သောင်းသော ကမ္ဘာထက်၌ ဥပစေဠအမည်ရှိသော လေး ကြိမ်သောစကြာမင်းတို့သည်လည်းကောင်း၊ ငါးထောင်သော ကမ္ဘာထက်၌ လေးကျွန်းလုံးကို အစိုးရသည်ဖြစ်၍ ့ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စေဠအမည်ရှိသော လေးကြိမ်သော စကြာမင်းတို့သည်လည်းကောင်းဖြစ်ဖူးကုန်ပြီ။

၃၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်နန္ဒမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

သုံးခုမြောက် နန္ဒတ္ထေရအပဒါန် ပြီး၏။

------

၄-စူဠပန္ထကတ္ထေရအပဒါန်

၃၅။ အဝေးမှ ဆောင်ယူပူဇော်အပ်သော အလှူဝတ္ထုတို့ကို ခံတော်မူထိုက်သော ထိုပဒုမုတ္တရမြတ်စွာဘုရားသည် ထိုအခါ၌ ရဟန်းအပေါင်းမှ ရှောင်လွှဲဖဲခွါတော်မူလျက် ဟိမဝန္တာ တောင်၌နေတော်မူ၏။

၃၆။ ထိုအခါ (ရသေ့ဖြစ်သော) ငါသည် လည်း ဟိမဝန္တာတောင် သင်္ခမ်းကျောင်း၌ နေ၏၊ ကြွလာတော်မူ၍ မကြာသေးမီ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသို့ ငါသည် ချဉ်းကပ်၏။

၃၇။ ငါသည် ကြာမျိုးစုံဖြင့် ဖုံးလွှမ်းအပ်သော ပန်းထီးကို ယူ၍ လူတို့ထက် မြတ်သော မြတ်စွာဘုရားသို့ချဉ်းကပ်၏၊ ရူပါဝစရဈာန်ကို ဝင်စားတော်မူသော မြတ်စွာဘုရား၏ ထိုင်နေ မှု အန္တရာယ်ကို ပြု၏။

၃၈။ ငါသည် ကြာမျိုးစုံဖြင့် ဖုံးလွှမ်းအပ်သော ပန်းထီးကို လက်နှစ်ဖက်တို့ဖြင့် မြှောက်ချီ လျက်မြတ်စွာဘုရားအား ပေးလှူ၏၊ ဘုန်းတော်ကြီးတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား သည်အလှူခံတော်မူ၏။

၃၉။ ခပ်သိမ်းသော နတ်တို့သည် ဝမ်းမြောက်ကြကုန်လျက် ဟိမဝန္တာတောသို့ ကပ် ရောက်ကြကုန်၏၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုလတ္တံ့ဟု (နှလုံးပိုက်လျက်) ကောင်းချီးပေးသော အခြင်းအရာကို ဖြစ်စေကုန်၏။

၄၀။ ထိုနတ်တို့သည် ဤစကားကို ပြောဆိုပြီးလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်ကုန်၏၊ ငါသည် ကောင်းကင်၌ မြတ်သော ပဒုမ္မာကြာထီးကို ဆောင်းမိုးလျက်နေစဉ်-

၄၁။ ရသေ့သည် ပွင့်ချပ်တစ်ရာ ပဒုမ္မာကြာထီးကို ယူ၍ ငါဘုရားအား ပေးလှူ၏၊ ငါသည် ထိုရသေ့ကိုဗျာဒိတ်စကား ဟောကြားပေအံ့၊ ငါ ဟောကြားမည့် ဗျာဒိတ်စကားကို နာကြကုန်လော့-

၄၂။ နှစ်ဆယ့်ငါးကြိမ်သော အာယုကပ်တိုင်တိုင် နတ်မင်းအဖြစ်ကို ပြုရလတ္တံ့၊ (ခံစား လတ္တံ့)၊ သုံးဆယ့်လေးကြိမ်တိုင်အောင်လည်း စကြဝတေးမင်း ဖြစ်ရလတ္တံ့။

၄၃။ ကျင်လည်ရတိုင်းသော နတ်အဖြစ်, လူအဖြစ်ဟူသမျှတို့၌ ပဒုမ္မာကြာပန်းသည် ဟင်း လင်းအပြင်လွင်တီးခေါင်၌ တည်လျက် ထိုသူကို ဆောင်းမိုးထားလတ္တံ့။

၄၄။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုးဖြစ်သော အမည်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၄၅။ မြတ်စွာဘုရား စကားတော်ဟူသော သာသနာတော်သည် ထင်ရှားလတ်သော် လူ အဖြစ်ကိုရလတ္တံ့၊ ထိုသူသည် စိတ်ကြောင့်ဖြစ်သော ကိုယ်ကို ဖန်ဆင်းမှု၌ အမြတ်ဆုံး ဖြစ်လတ္တံ့။

၄၆။ နှစ်ယောက်လုံးသည်လည်း ''ပန္ထက''အမည်ရှိသော ညီနောင်နှစ်ဦး ဖြစ်ကြလတ္တံ့၊ မြတ်သောအရဟတ္တဖိုလ်အကျိုးကို ခံစားကုန်လျက် သာသနာတော်ကို တောက်ပစေကုန်လတ္တံ့ (ဟုဟောကြားတော်မူ၏)။

၄၇။ ငါသည် တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးလျက် အိမ်၏ စီးပွါးမဲ့ဖြစ်သော သာသနာ တော်၌ ရဟန်းပြု၏၊ ငါသည် သာကီဝင်မင်းသား မြတ်စွာဘုရား၏ သာသနာတော်၌ တရား ထူးကို မရနိုင်ပေ။

၄၈။ ရှေးကဿပမြတ်စွာဘုရား သာသနာတော်၌ ဉာဏ်လေးသောသူကို ပြောင်လှောင်ရှုတ်ချခဲ့ဖူးသောကြောင့် ငါ၏ ပင်ကိုဉာဏ်သည် နုံ့နှေးထိုင်းမှိုင်း၏၊ မိမိအိမ်သို့ ယခုပင်သွားလော့ဟု ငါ့ကို နောင်တော် (မဟာပန်) ကလည်း နှင်ထုတ်၏။

၄၉။ ထိုငါသည် နှင်ထုတ်အပ်သည်ဖြစ်လျက် သံဃာ့အရံ၏ တံခါးမုခ်ဖြစ်သော ထိုအရပ်၌ ရဟန်း အဖြစ်ကိုငဲ့ကွက်ကာ နှလုံးမသာယာဘဲ ရပ်တည်ခဲ့၏။

၅၀။ မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွရောက်လာပြီး ငါ၏ ဦးခေါင်းကို သုံးသပ်တော် မူ၍ လက်မောင်းကို ဆွဲကိုင်လျက် ငါ့ကို သံဃာ့အရံသို့ သွင်းတော်မူ၏။

၅၁-၅၂။ မြတ်စွာဘုရားသည် ငါ့အား အစဉ်သနားတော်မူသည် ဖြစ်၍ (ရဇော ဟရဏံ, ရဇောဟရဏံ)ဟု ဤသို့ ရွတ်ဆိုနှလုံးသွင်းလော့ဟု (မိန့်တော်မူ၍) ဖြူစင်သော ခြေသုတ် ပုဆိုးကိုပေးတော်မူ၏၊ ငါသည် သင့်တင့်သော အရပ်၌ တည်လျက် လက်တို့ဖြင့် ထိုပုဆိုးကို ကိုင်၍ (နောင်တော်သင်အပ်သော) ''ပဒုမံ ယထာ ကောကနဒံ သုဂနံ္ဓ''စသော ဂါထာကို အောက်မေ့မိ၏၊ ထိုသို့အောက်မေ့ရာ၌ ငါ၏ စိတ်သည် ကိလေသာမှ လွတ်၍ အရဟတ္တဖိုလ် သို့ ရောက်၏။

၅၃။ ဈာန်စိတ်ဖြင့် ပြီးစေအပ်ကုန်သော ကိုယ်ကို ဖန်ဆင်းခြင်းတို့၌ အလုံးစုံ အထွတ် အထိပ်သို့ရောက်၏၊ ခပ်သိမ်းသော အာသဝေါတို့ကို ပိုင်းခြားသိလျက် အာသဝေါကင်းကွာ ကိလေသာမရှိဘဲနေရ၏။

၅၄။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်စူဠပန်မထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

လေးခုမြောက် စူဠပန္ထကတ္ထေရအပဒါန် ပြီး၏။

------

၅-ပိလိန္ဒဝစ္ဆတ္ထေရအပဒါန်

၅၅။ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်သော သုမေဓာမြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ဝင်စံသည်ရှိသော် ငါသည် ကြည်လင်ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်စေတီတော်အား ပူဇော်ခြင်းကို ပြုခဲ၏။

၅၆။ ပရိနိဗ္ဗာန်ဝင်စံရာ ထိုအရပ်၌ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံလျက် ကြီးသောတန်ခိုး ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်ဟူသမျှတို့ကို ငါသည် ပူဇော်ရာဌာနသို့ ပင့်ဆောင်၍ သံဃာ တော်အား ဆွမ်းလှူခြင်း (သံဃဘတ်) ကို ပြုခဲ့၏။

၅၇။ ထိုအခါ၌ သုမေဓာမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ရှိခဲ့၏၊ အမည်အားဖြင့် 'သုမေဓာ'ဟုထင်ရှားသော ထိုမထေရ်သည် ထိုဆွမ်းအလှူပွဲ၌ အနုမောဒနာပြုတော်မူ၏။

၅၈။ ငါသည် ထိုဆွမ်းလှူရသော စိတ်ကြည်လင်မှုကြောင့် နတ်ဗိမာန်၌ ဖြစ်ရ၏၊ ရှစ်သောင်းခြောက်ထောင်ကုန်သော နတ်သမီးတို့သည် ငါ့အား ဖျော်ဖြေမွေ့လျော်စေကုန်၏။

၅၉။ ထိုနတ်သမီးတို့သည် ကာမစည်းစိမ်တို့ဖြင့် အခါခပ်သိမ်း ငါ့အလိုအတိုင်း ဖြစ်စေ ကုန်၏၊ ငါသည် အခြားတစ်ပါးသော နတ်တို့ကိုလည်း (အသက်, အဆင်းစသော စံချိန်အား ဖြင့်) လွှမ်းမိုးရ၏။ ဤသို့ဖြစ်ရခြင်းသည် ဆည်းပူးခဲ့သော ကောင်းမှုကံ၏ အကျိုးပေတည်း။

၆၀။ နှစ်ဆယ့်ငါးကမ္ဘာထက်၌ ဝရုဏမည်သောမင်း ဖြစ်ခဲ့၏၊ ထိုအခါ ငါသည် စကြဝတေး မင်းဖြစ်၍ အထူးသဖြင့် စင်ကြယ်သော ဘောဇဉ်ရှိသူ ဖြစ်ခဲ့၏။

၆၁။ ထိုတိုင်းသူပြည်သားတို့သည် မျိုးစေ့ကို မစိုက်ပျိုးရကုန်၊ ထွန်တုံးတို့ကိုလည်း (ထွန်ယက်အံ့သောငှါ့လယ်ယာသို့) မဆောင်ရကုန်၊ မထွန်မယက်အလိုလိုကျက်သော သလေး ကို လူတို့ သုံးဆောင်ရကုန်၏။

၆၂။ ထိုတိုင်းပြည်၌ မင်းအဖြစ်ကို ပြုပြီး၍ ငါသည် နတ်ပြည်သို့ တစ်ဖန် ရောက်ရ ပြန်၏၊ ထိုဘဝ၌လည်း ငါ့အား အလားတူ စည်းစိမ်ဥစ္စာ ပြည့်စုံလုံလောက်ခြင်းသည် ဖြစ်၏။

၆၃။ မိတ်ဆွေဟုတ်သူ မဟုတ်သူ လူအားလုံးတို့သည် ငါ့ကို မညှဉ်းဆဲကုန်၊ အလုံးစုံသောသူတို့သည်လည်း ငါ့အား ချစ်မြတ်နိုးအပ်၏။ ဤသို့ ဖြစ်ရခြင်းသည် ကောင်းမှုကံ၏ အကျိုးပေတည်း။

၆၄။ ကမ္ဘာသုံးသောင်းထက်၌ အမွှေးနံ့သာ လှူဒါန်းခဲ့သည့် အချိန်မှစ၍ ငါသည် အပါယ် လေးပါးလားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် နံ့သာလိမ်းကျံလှူဒါန်းရခြင်း၏ အကျိုးပေတည်း။

၆၅။ ငါသည် ဤဘဒ္ဒကမ္ဘာ၌ လူတို့ကို အစိုးရသည်ဖြစ်၍ တန်ခိုးအာနုဘော်ကြီးမား များမြတ်သည့်အင်အားရှိသော စကြဝတေးမင်းသည် တစ်ကြိမ် ဖြစ်ခဲ့ဖူး၏။

၆၆။ ထိုငါသည် လူများအပေါင်းကို ငါးပါးသီလတို့၌ တည်စေ၍ နတ်ပြည်သို့သာ လားရောက်စေခဲ့သောကြောင့် နတ်တို့ ချစ်မြတ်နိုးအပ်သူ ဖြစ်၏။

၆၇။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ပိလိန္ဒဝစ္ဆမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ငါးခုမြောက် ပိလိန္ဒဝစ္ဆတ္ထေရအပဒါန် ပြီး၏။

------

၆-ရာဟုလတ္ထေရအပဒါန်

၆၈။ လောကထက် မြတ်သည်ဖြစ်တာဒိဂုဏ်နှင် ပြည်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရား၏ဘုံခုနစ်ဆင်ရှိသော ကျောင်းပြာသာဒ်၌ ငါသည် ကြေးမုံကို ခင်းလှူပူဇော်ခဲ၏။

၆၉။ အခြေနှစ်ချောင်းရှိသူတို့ကို အစိုးရသည်ဖြစ်၍ လူတို့ထက် ထူးကဲတော်မူသော မြတ်စွာဘုရားသည်ရဟန္တာတစ်သိန်းတို့ဖြင့် ထက်ဝန်းကျင်မှ ရောပြွမ်းလျက် ဂန္ဓကုဋိသို့ ချဉ်းကပ်တော်မူ၏။

၇၀။ လူတို့ထက် မြင့်မြတ်၍ နတ်ထက်နတ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဂန္ဓကုဋိကိုထွန်းလင်းတော်မူစေကာ ရဟန်းသံဃာ (အလယ်) ၌ တည်လျက် ဤဆိုမည့် ဂါထာ တို့ကို မိန့်တော်မူ၏ -

၇၁။ အကြင်ဥပါသကာယောက်ျားသည် ဤပြာသာဒ်ကျောင်းကို ထွန်းလင်းစေအပ်၏၊ ကြေးမုံကိုလည်းကောင်းစွာ ခင်းကျင်းအပ်၏၊ ထိုဥပါသကာယောက်ျားကို ငါဘုရားသည် ဗျာဒိတ်စကား ဟောကြားပေအံ့၊ ဟောကြားမည့်စကားကို နာကြကုန်လော့-

၇၂။ ရွှေ, ငွေဖြင့် ပြီးသည်လည်းဖြစ်ကုန်သော, ကြောင်မျက်ရွဲဖြင့် ပြီးသည်လည်းဖြစ်ကုန် သော, နှစ်သက်ဖွယ်ရာ ဖြစ်ကုန်သော ပြာသာဒ်အလုံးစုံတို့သည် ကောင်းကင်၌ ဖြစ်ကုန် လတ္တံ့။

၇၃။ ခြောက်ဆယ့်လေးကြိမ် သိကြားမင်း (ဖြစ်၍) နတ်မင်း၏ အဖြစ်ကို ပြုရလတ္တံ့၊ အကြိမ်တစ်ထောင်ဘဝမခြားဘဲ စကြဝတေးမင်း ဖြစ်ရလတ္တံ့။

၇၄။ နှစ်ဆယ့်တစ်ကမ္ဘာထက်၌ ကျွန်းကြီးလေးကျွန်း အပိုင်းအခြားရှိသည်ဖြစ်၍ ရန်သူကို အောင်ပြီးသောဝိမလမည်သော စကြဝတေးမင်း ဖြစ်ရလတ္တံ့။

၇၅။ အုတ်တို့ဖြင့် ကောင်းစွာ ဖန်ဆင်းအပ်သော ရေဏုဝတီမည်သော မင်းနေပြည်သည်အလျားသုံးယူဇနာရှိ၍ လေးထောင့်နှင့် ယှဉ်၏။

၇၆။ မြတ်သောစုလစ်မွမ်းချွန်နှင့် ပြည့်စုံ၍ ရတနာခုနစ်ပါးတို့ဖြင့် တန်ဆာဆင်အပ်သောသုဒဿနမည်သော ပြာသာဒ်ကို ဝိသကြုံနတ်သားသည် ဖန်ဆင်းအပ်၏။

၇၇။ ထိုရေဏုဝတီပြည်ကြီးသည် အသံဆယ်မျိုးတို့ဖြင့် မဆိတ်သုဉ်းဘဲ ပညာသည်တို့ဖြင့်လည်း ရောပြွမ်းသည် ဖြစ်၍ 'နတ်တို့၏ နေရာ တာဝတိံသာနတ်ပြည်ကဲ့သို့' ဖြစ်လတ္တံ့။

၇၈။ 'နေလုလင်သည် ထွန်းလင်းတက်ကြွလာသည်ရှိသော် ထက်ဝန်းကျင်မှ တောက်ပ သကဲ့သို့' အလျှံထွက်သော ထိုသုဒဿနပြာသာဒ်၏ အရောင်သည် ထက်ဝန်းကျင် ရှစ်ယူဇနာ တိုင်အောင်ထိုရေဏုဝတီပြည်ကို အမြဲ ထွန်းလင်းစေလတ္တံ့။

၇၉။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အမည်အားဖြင့် ဂေါတမမည်သောမြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၈၀။ ထိုသူသည် တုသိတာနတ်ပြည်မှ စုတေခဲ့၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည်တိုက်တွန်းအပ်သောကြောင့် ဂေါတမမြတ်စွာဘုရား၏ ရင်သွေးအစစ် သားတော်ချစ် ဖြစ် လတ္တံ့။

၈၁။ ထိုသူသည် အိမ်၌ အကယ်၍ နေငြားအံ့၊ စကြဝတေးမင်း ဖြစ်ရာ၏။ ထိုသို့ သဘောရှိသောသူသည် အိမ်၌ မွေ့လျော်ခြင်းကို ရရန် အကြောင်းအခွင့် မရှိပေ။

၈၂။ ကောင်းသော အကျင့်ရှိသော ထိုသားတော်သည် လူ့ဘောင်မှ ထွက်၍ ရဟန်းပြု လတ္တံ့၊ အမည်အားဖြင့် ''ရာဟုလာ''ဟူသော အမည်ရှိသော ရဟန္တာဖြစ်လတ္တံ့။

၈၃။ မြတ်စွာဘုရား 'ယစ်မသည် အဥကို စောင့်သကဲ့သို့လည်းကောင်း၊ စာမရီမည်သောသားကောင်သည် အမြီးကို စောင့်ရှောက်သကဲ့သို့လည်းကောင်း' ရင့်ကျက်သော ပညာရှိသောသီလနှင့်ပြည့်စုံသော တပည့်တော်သည်လည်း ဤအတူပင် (သီလကို) စောင့်ရှောက်ပါသည် ဘုရား။

၈၄။ ငါသည် ထိုမြတ်စွာဘုရား၏ တရားတော်ကို သိ၍ သာသနာတော်၌ မွေ့လျော်လျက် နေ၏၊ အလုံးစုံသော အာသဝေါတရားတို့ကို ပိုင်းခြားသိ၍ အာသဝေါကင်းကွာ ကိလေသာ မရှိဘဲ နေရ၏။

၈၅။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် ရာဟုလာမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ခြောက်ခုမြောက် ရာဟုလတ္ထေရအပဒါန် ပြီး၏။

------

၇-ဥပသေနဝဂင်္န္တပုတ္တတ္ထေရအပဒါန်

၈၆။ လူတို့ထက် မြတ်သော တောင်ဝှမ်း၌ နေတော်မူသော ဘုန်းတော်ကြီးသောပဒုမုတ္တရမြတ်စွာဘုရားသို့ တပည်တော် ချဉ်းကပ်ခဲပါ၏။

၈၇။ ထိုအခါ ငါသည် မဟာလှေကားပန်းကို မြင်၍ အညှာတို့ကို ဖြတ်တောက်ပြီးလျှင် ထီး၌တန်ဆာဆင်လျက် မြတ်စွာဘုရားအား ရှေးရှုတင်ထား (လှူဒါန်း) ခဲ့ပါ၏။

၈၈။ မွန်မြတ်သော အစာ, မွန်မြတ်သော ဘောဇဉ်ဖြစ်သော ဆွမ်းကိုလည်း ပေးလှူခဲ့၏၊ ထိုတောင်ဝှမ်း၌မြတ်စွာဘုရားနှင့် ကိုးယောက်မြောက်သော ရဟန်းရှစ်ပါးတို့ကို ဆွမ်းလုပ် ကျွေးခဲ့၏။

၈၉-၉၀။ ကြီးသော လုံ့လရှိသော အလိုလို ဖြစ်တော်မူသော မြတ်သော ပုဂ္ဂိုလ်ဖြစ်သောမြတ်စွာဘုရားသည် အနုမောဒနာပြုတော်မူ၏။ ဤထီးအလှူဖြင့်လည်းကောင်း၊ မြတ်သောဆွမ်းအလှူဖြင့်လည်းကောင်း ထိုလှူဒါန်းသော ကြည်လင်မှုကြောင့် စည်းစိမ်ကို ခံစားရလတ္တံ့။ သုံးဆယ့်ခြောက်ကြိမ် သိကြားမင်းဖြစ်၍ နတ်မင်းအဖြစ်ကို ပြုရလတ္တံ့။

၉၁။ နှစ်ဆယ့်တစ်ကြိမ် စကြဝတေးမင်း ဖြစ်လတ္တံ့၊ ပြန့်ပြောသော ပဒေသရာဇ်မင်း၏ အဖြစ်သည်ကားဂဏန်းအားဖြင့် မရေတွက်နိုင်။

၉၂။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အနွယ်အားဖြင့် ဂေါတမအမည် ရှိတော်မူသောမြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူလတ္တံ့။

၉၃။ သာသနာတော်ထွန်းလင်းသည်ရှိသော် လူအဖြစ်သို့ ရောက်လတ္တံ့၊ ထိုမြတ်စွာဘုရား၏တရားတော်တို့၌ တရားအမွေခံ ရင်သွေးဖြစ်၍ တရားတော်က ဖန်ဆင်းအပ်သူ ဖြစ်လတ္တံ့။

၉၄။ ''ဥပသေန''ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့၊ ထက်ဝန်းကျင်ကြည်ညိုဖွယ်ရှိသည်၏ အဖြစ်ကြောင့် အမြတ်ဆုံးရာထူး (ဧတဒဂ်အရာ) ၌ ထား တော်မူလတ္တံ့။

၉၅။ ငါ့အား အဆုံးဘဝ ဖြစ်၏၊ အလုံးစုံသော ဘဝတို့ကို အကြွင်းမဲ့ နုတ်ပယ်အပ် ကုန်ပြီ၊ စစ်သည်နှင့်တကွသော မာရ်ကို အောင်၍ အဆုံးဖြစ်သော (ခန္ဓာ) ကိုယ်ကို ဆောင်၏။

၉၆။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော အသျှင်ဥပသေနမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။

ခုနစ်ခုမြောက် ဥပသေနဝဂင်္န္တပုတ္တတ္ထေရအပဒါန် ပြီး၏။

တတိယဘာဏဝါရ ပြီး၏။

------

၈-ရဋ္ဌပါလတ္ထေရအပဒါန်

၉၇-၉၈။ လောကထက် ကြီးမြတ်တာဒိဂုဏ်နှင် ပြည်စုံတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားအားငါသည် လှည်းသန်သဖွယ် အစွယ်ရှိသော, မင်းစီးယာဉ်ဖြစ်သော, ထီးဖြူဖြင် တင်တယ်သော, ကကြိုးတန်ဆာ, ဆင်ထိန်းနှင် တကွသော ဆင်ပြောင်ကြီးကို ပေးလှူအပ်၏၊ ထိုအလုံးစုံကိုတန်ဖိုးဖြတ်စေသံဃာအရံကို ဆောက်လုပ်စေခဲ၏။

၉၉။ ငါသည် ငါးသောင်းလေးထောင်ကုန်သော ပြာသာဒ်ဆောင်တို့ကို ဆောက်လုပ်စေခဲ့၏၊ ရေလျဉ်ကြီးသဖွယ် ကြီးကျယ်သော လှူဒါန်းခြင်းကို ပြုလုပ်၍ ပဒုမုတ္တရမြတ်စွာဘုရားအား ဆောက်နှင်းလှူဒါန်းခဲ့၏။

၁၀၀။ ကြီးသော လုံ့လရှိတော်မူသော အလိုလို သိတော်မူသော မြတ်သော ပုဂ္ဂိုလ်ဖြစ် တော်မူသောမြတ်စွာဘုရားသည် ကျောင်းအနုမောဒနာ ပြုတော်မူ၏၊ လူအားလုံးတို့ကို ရွှင်ပျ စေလျက်အမြိုက်နိဗ္ဗာန်ကို ဟောကြားတော်မူ၏။

၁၀၁။ ပဒုမုတ္တရမြတ်စွာဘုရားသည် ထိုအလှူအကျိုးကို ငါ့အား ဗျာဒိတ်စကား မိန့်ကြား တော်မူ၏၊ ရဟန်းသံဃာ (အလယ်) ၌ ထိုင်တော်မူလျက် ဤဆိုမည့်ဂါထာတို့ကို ဟောတော် မူ၏ -

၁၀၂။ ဤသူသည် ငါးသောင်းလေးထောင်သော ပြာသာဒ်ဆောင်တို့ကို ဆောက်လုပ်စေခဲ့၏၊ (ထိုအလှူ၏) အကျိုးကို ဟောပေအံ့၊ ဟောကြားမည့် ဗျာဒိတ်စကားကို နာကြကုန် လော့ -

၁၀၃။ တစ်သောင်းရှစ်ထောင်ကုန်သော, စုလစ်မွမ်းချွန်တပ်သော အဆောင်တို့သည် ဖြစ် ကုန်လတ္တံ့၊ မြတ်သော ဗိမာန်၌ ဖြစ်ကုန်သော ထိုအသုံးအဆောင်တို့သည်လည်း အလုံးစုံ ရွှေဖြင့်ပြီးကုန်လတ္တံ့။

၁၀၄။ နတ်တို့ကို အစိုးရသည် ဖြစ်၍ အကြိမ်ငါးဆယ် သိကြားမင်းအဖြစ်ကို ပြုရလတ္တံ့၊ ငါးဆယ့်ရှစ်ကြိမ်တိုင်အောင်လည်း စကြဝတေးမင်း ဖြစ်လတ္တံ့။

၁၀၅။ ကမ္ဘာတစ်သိန်းထက်၌ ဩက္ကာကမင်းမျိုး၌ ဖြစ်သော အမည်အားဖြင့် ဂေါတမမည်သော မြတ်စွာဘုရားသည် လောက၌ ပွင့်လတ္တံ့။

၁၀၆။ ထိုအခါ နတ်ပြည်မှ စုတေ၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သောကြောင့် များသော စည်းစိမ်ဥစ္စာရှိသော ကြွယ်ဝသော အမျိုး၌ ဖြစ်ရလတ္တံ့။

၁၀၇။ ထိုသူသည် နောက်၌ ရဟန်းပြု၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက့်တွန်းအပ်သောကြောင့် ''ရဋ္ဌပါလ''ဟူသော အမည်ဖြင့် မြတ်စွာဘုရား၏ တပည့်သာဝက ဖြစ်လတ္တံ့။

၁၀၈။ ထိုသူသည် ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လဖြင့် နိဗ္ဗာန်သို့ စေလွှတ်သော စိတ်ရှိသည် ဖြစ်၍ ကိလေသာ ငြိမ်းအေးလျက် ကင်းသော ဥပဓိရှိသူ ဖြစ်လျက် ခပ်သိမ်းသော အာသဝေါ တရားတို့ကို ပိုင်းခြားသိပြီးလျှင် အာသဝေါကင်းကွာ ကိလေသာမရှိဘဲ ငြိမ်းအေးလတ္တံ့။

၁၀၉။ (ခုနစ်ရက်ပတ်လုံး မြေပြင်အိပ်ရာမှ) ထ၍ လူ့ဘောင်မှ ထွက်မြောက်လျက် စည်း စိမ်ဥစ္စာ ပြည့်စုံခြင်းတို့ကို စွန့်အပ်ကုန်၏၊ ငါ့အား 'တံတွေးပေါက်ကဲ့သို့' စည်းစိမ်ဥစ္စာ၌ တွယ်တာစုံမက်ခြင်းသည် မရှိ။

၁၁၀။ ယောဂ၏ကုန်ရာ နိဗ္ဗာန်သို့ ဆောင်တတ်သော ငါ၏ လုံ့လသည် ဝန်ဆောင်နွား လားသဖွယ် ဖြစ်၏၊ ငါသည် မြတ်စွာဘုရားသာသနာတော်၌ အဆုံးစွန်သော ကိုယ်ကို ဆောင်၏။

၁၁၁။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်ရဋ္ဌပါလမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ရှစ်ခုမြောက် ရဋ္ဌပါလတ္ထေရအပဒါန်ပြီး၏။

------

၉-သောပါကတ္ထေရအပဒါန်

၁၁၂။ တောကြီး (အတွင်းဖြစ်သော) မြတ်သော တောင်၌ တောင်ဝှမ်းလိုဏ်ဂူကို သုတ်သင် ရှင်းလင်းနေစဉ် သိဒ္ဓတ္ထမည်သော မြတ်စွာဘုရားသည် ငါ၏ အထံသို့ ကြွလာတော်မူ၏။

၁၁၃။ ကြွရောက်တော်မူသော မြတ်စွာဘုရားကို မြင်၍ လောကထက် ကြီးမြတ်သော တာဒိဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား သစ်ရွက်အခင်း ဖြန့်ခင်းပြီးလျှင် ငါသည် ပန်းနေရာကို ပေးလှူခဲ့၏။

၁၁၄။ ပန်းနေရာ၌ ထိုင်တော်မူလျက် သိဒ္ဓတ္ထမည်သော မြတ်စွာဘုရားသည် ငါ၏ လားရာ 'ဂတိ' ကို သိတော်မူ၍ မမြဲသည်၏ အဖြစ် 'အနိစ္စသညာ' ကို ထုတ်ဖော်မြွက်ဆိုတော်မူ၏။

၁၁၅။ ပြုပြင်စီရင်အပ်သော 'သင်္ခါရ' တရားတို့သည် မမြဲကုန်စွတကား၊ ဖြစ်ခြင်း, ပျက်ခြင်း သဘောရှိကုန်၏၊ ဖြစ်ကုန်ပြီး၍ ချုပ်ပျက်ကုန်၏၊ ထိုပြုပြင်စီရင်အပ်သော 'သင်္ခါရ' တရား တို့၏ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သည် ချမ်းသာ၏။

၁၁၆။ ဤတရားတော်ကို ဟောတော်မူပြီးလျှင် လောကထက် ကြီး၍ လူတို့ထက် မြတ် တော်မူသော လုံ့လကြီးသူ သဗ္ဗညုမြတ်စွာဘုရားသည် 'ကောင်းကင်၌ ဟင်္သာမင်း ပျံတက် သကဲ့သို့' ကောင်းကင်၌ ပျံကြွတော်မူ၏။

၁၁၇။ ငါသည် မိမိအယူကို စွန့်၍ ''အမြဲမရှိ''ဟူသော အမှတ်သညာကို ပွါးများ၏၊ ငါသည် တစ်ရက်မျှ ပွါးများပြီး၍ ထိုအရပ်၌ပင် သေလွန်ရ၏။

၁၁၈။ နှစ်ပါးသော စည်းစိမ်ကို ခံစားပြီး၍ ဖြူစင်သော ကုသိုလ်အကြောင်းရင်းသည် တိုက်တွန်းအပ်သောကြောင့် အဆုံးဘဝသို့ ရောက်လတ်သော် ဒွန်းစဏ္ဍားမျိုးသို့ ရောက်ရလေ၏။

၁၁၉။ လူ့ဘောင်မှ ထွက်၍ လူ၏ စီးပွါးမဲ့ဖြစ်သော ရဟန်းဘောင်၌ ရဟန်းပြု၏၊ ငါသည် ဖွားသည်မှ ခုနစ်နှစ်သာ ရှိသေးသည်ဖြစ်လျက် အရဟတ္တဖိုလ်သို့ ရောက်ရ၏။

၁၂၀။ အားထုတ်မှု 'ဝီရိယ' ရှိသည်ဖြစ်၍ နိဗ္ဗာန်သို့ စေလွှတ်ထားသည့် စိတ်ရှိသော သီလတို့၌ ကောင်းစွာ ဆောက်တည်အပ်သော ငါသည် မြတ်စွာဘုရားကို နှစ်သိမ့်စေ၍ ရဟန်းအဖြစ်ကို ရ၏။

၁၂၁။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်ဝယ် အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ဖြစ်ရခြင်းသည် ပန်းလှူရခြင်း၏ အကျိုးပေတည်း။

၁၂၂။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်ဝယ် အကြင်အနိစ္စသညာကို ပွါးများခဲ့၏၊ ထိုအနိစ္စသညာကို ပွါးများသော ငါ့အား အာသဝေါတရားတို့၏ ကုန်ရာ (အရဟတ္တဖိုလ်) သို့ ရောက်ရ၏။

၁၂၃။ လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း၊ ရှစ်ပါးသော ဤဝိမောက္ခတို့ကိုလည်း ကောင်း၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပါကုန်ပြီ။ မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာကျင့်သုံးပြီးပါပြီ။

ဤသို့လျှင် အသျှင်သောပါကမထေရ်သည် ဤဂါထာတို့ကို မိန့်ဆိုတော်မူ၏။ ။

ကိုးခုမြောက် သောပါကတ္ထေရအပဒါန် ပြီး၏။

------

၁၀-သုမဂင်္လတ္ထေရအပဒါန်

၁၂၄။ ယဇ်ကြီး, အလှူကြီးကို ပူဇော်လိုသော ငါသည် ယဇ်စာဘောဇဉ်ကို စီရင်ပြီးလျှင် စင်ကြယ်သော ရဟန်းတို့ကို မျှော်ငံလျက် ကျယ်ဝန်းသော တန်ဆောင်းဝန်း၌ ရပ်တည်၏။

၁၂၅-၁၂၆-၁၂၇။ ထိုအခါ များသောအခြံအရံရှိတော်မူသော တစ်လောကလုံးကို နိဗ္ဗာန်သို့ ပို့ဆောင်ကာ အလိုလိုသာဖြစ်သည့် အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော ဘုန်းတော်ကြီးသည် ဖြစ်၍ ရောင်ခြည်တော်ခြောက်ပါးရှိသော တပည့်တို့ဖြင့် ခြံရံလျက် 'တောက်ပသော နေမင်း ကြီးကဲ့သို့' ခရီးလမ်းမ၌ (ရွှေတောင်မားမား ရွရွတွားသို့) ကြွသွားတော်မူသော ပိယဒဿီ မြတ်စွာဘုရားကို ဖူးမြင်ရပေ၏၊ ဖူးမြင်ရသော် လက်အုပ်ချီပြီးလျှင် မိမိစိတ်ကို ကြည်လင်စေ၏၊ မြတ်စွာဘုရားသည် ကြွလာတော်မူပါဟု စိတ်ဖြင့်သာလျှင် ပင့်ဖိတ်၏။

၁၂၈။ လောက၌ အတုမဲ့ဖြစ်တော်မူသော ဘုရားသည် ငါ၏ စိတ်အကြံအစည်ကို သိတော် မူ၍ ရဟန္တာတစ်ထောင်တို့နှင့်တကွ ငါ၏ အိမ်တံခါးသို့ ချဉ်းကပ်တော်မူလာ၏။