ခုဒ္ဒကနိကာယ်

ဗုဒ္ဓဝံသပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ရတနစင်္ကမနကဏ္ဍ

၁။ လောကကို အစိုးရသော သဟမ္ပတိဗြဟ္မာသည် ကိုယ်တော်ထက် လွန်မြတ်သူ ရှိတော် မမူသော မြတ်စွာဘုရားကို လက်အုပ်ချီလျက် (မြတ်စွာဘုရား) ပညာမျက်စိ၌ (ကိလေသာ) မြူ နည်းပါးသောသဘောရှိသော သတ္တဝါတို့သည် ဤလောက၌ ထင်ရှားရှိပါကုန်၏၊ ဤသတ္တဝါ အပေါင်းကိုသနားတော်မူပါ၊ တရားကို ဟောတော်မူပါဟု တောင်းပန်လေ၏။

၂။ အသိဉာဏ်'ဝိဇ္ဇာ', အကျင့်'စရဏ'နှင့် ပြည့်စုံတော်မူသော တာဒိဂုဏ်နှင့် ပြည့်စုံတော် မူသော အလင်းရောင်ကို ဆောင်တော်မူသော အဆုံးစွန်သော ကိုယ်တော်ကို ဆောင်တော်မူ သောပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူသော မြတ်စွာဘုရားအား သတ္တဝါအားလုံးတို့၌ သနားခြင်း သည်ဖြစ်တော်မူလေ၏။ (ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ အကြံ ဖြစ်တော်မူလေ၏)။

၃။ နတ်နှင့်တကွသော ဤလူတို့သည် ''လူတို့ထက်မြတ်သော ဤမြတ်စွာဘုရားကား အဘယ်သို့သဘောရှိလေသနည်း၊ လူတို့၏ အစီးအပွါးကို ဖြစ်စေတတ်သော မြတ်စွာဘုရား၏ တန်ခိုးစွမ်းအားသည်လည်းကောင်း၊ အရဟတ္တမဂ်ပညာစွမ်းအားသည်လည်းကောင်း အ ဘယ်သို့သဘောရှိလေသနည်း၊ မြတ်စွာဘုရား၏ (ဒသဗလဉာဏ်တော်) စွမ်းအားသည် အဘယ်သို့သဘောရှိလေသနည်း''ဟု မသိနိုင်ကြကုန်။

၄။ နတ်နှင့် တကွသော ဤလူတို့သည် ''လူတို့ထက် မြတ်သော ဤမြတ်စွာဘုရားကား ဤသို့သဘောရှိပေ၏။ မြတ်စွာဘုရား၏ တန်ခိုးစွမ်းအားသည်လည်းကောင်း၊ ပညာစွမ်းအား သည်လည်းကောင်းဤသို့သဘောရှိပေ၏။ မြတ်စွာဘုရား၏ (ဒသဗလဉာဏ်တော်) စွမ်းအား သည် ဤသို့သဘောရှိပေ၏'ဟုမသိနိုင်ကြကုန်။

၅။ ထို့ကြောင့် ငါ (ဘုရား) သည် ဘုရားရှင်တို့၏ အမြတ်ဆုံးဖြစ်သော စွမ်းအားကို ယခု ပြပေအံ့၊ ကောင်းကင်၌ ရတနာတို့ဖြင့် တန်ဆာဆင်အပ်သော စင်္ကြံကို ဖန်ဆင်းပေအံ့ (ဟု အကြံအစည် ဖြစ်၏)။

၆။ (မြတ်စွာဘုရား ကြံစည်တော်မူသော အခါ တစ်သောင်းသော စကြဝဠာ၌ နေကြကုန် သော) ဘုမ္မစိုးနတ်တို့သည်လည်းကောင်း၊ စတုမဟာရာဇ်နတ်တို့သည်လည်းကောင်း၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်, တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တိနတ်တို့သည်လည်းကောင်း၊ ဗြဟ္မာအပေါင်းတို့သည်လည်းကောင်း အလွန်ဝမ်းမြောက်ကုန်သည်ဖြစ်၍ တစ်ခဲနက် ကြွေးကြော်သံကို ပြုကြလေကုန်၏။

၇။ (မြတ်စွာဘုရားသည် ) နတ်ပြည်နှင့် တကွသော မြေပြင် (လူ့ပြည်) ကိုလည်းကောင်း၊ အောက်၌ တည်ရာမရှိသော များစွာသော လောကန္တရိက်ငရဲတို့ကို လည်းကောင်း ထွန်းလင်းစေတော်မူ၏။ ထိုအခါ ထူထဲသော အမိုက်မှောင်သည်လည်း ကွယ်ပျောက်လေ၏၊ (နတ်နှင့်တကွ သော လူတို့သည်) အံ့ဩဖွယ်တန်ခိုးပြာဋိဟာကို မြင်၍ (အလွန်ဝမ်းမြောက်ကြလေကုန်၏)။

၈။ နတ်, ဂန္ဓဗ္ဗ, လူ, ရက္ခိုသ်တို့နှင့်တကွသော ဤလူ့ပြည်၌လည်းကောင်း၊ အခြားနတ် ပြည်, ဗြဟ္မာ့ပြည်၌လည်းကောင်း ဤနှစ်ပါးစုံသော လောက၌ အောက်, အထက်, ဖီလာအားဖြင့် ပျံ့နှံ့လျက်မြင့်မြတ်ပြန့်ပြောသော အလင်းရောင်သည် ဖြစ်ပေါ်လေ၏။

၉။ သတ္တဝါအားလုံးတို့ထက် မြတ်တော်မူသော မိမိထက် လွန်မြတ်သူ ရှိတော်မမူသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်သော နတ်လူတို့၏ အပူဇော်ခံဖြစ်တော်မူသော တန်ခိုးအာနုဘော် ကြီးမားတော်မူသော အရာမကသော ဘုန်းကံတို့ကြောင့်ဖြစ်သော လက္ခဏာရှိတော် မူသော အကြင်မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် အံ့ဩဖွယ် တန်ခိုး ပြာဋိဟာကို ပြတော်မူ၏။

၁၀။ ထိုအခါ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော လူတို့ထက် မြတ်တော်မူသော ထို မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာ တောင်းပန်အပ်သည်ဖြစ်၍ နတ်လူတို့၏ အကျိုးစီးပွား ကို ဆင်ခြင်တော်မူပြီးလျှင် အလုံးစုံရတနာတို့ဖြင့် စီမံအပ်သော ကောင်းစွာ ပြီးမြောက်ပြီး ဖြစ်သော စင်္ကြံကို ဖန်ဆင်းတော်မူ၏။

၁၁။ မြတ်စွာဘုရားသည် ''ဣဒ္ဓိပါဋိဟာရိယ၊ အာဒေသနာပါဋိဟာရိယ၊ အနုသာသနီပါဋိဟာရိယ''ဟူသော တန်ခိုးပြာဋိဟာ သုံးမျိုး၌ လေ့လာပြီး ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် အလုံးစုံရတနာတို့ဖြင့် စီမံအပ်သော ကောင်းစွာ ပြီးမြောက်ပြီး ဖြစ်သော စင်္ကြံကို ဖန်ဆင်းတော်မူ၏။

၁၂။ လောကဓာတ် တစ်သောင်း၌ မြင်းမိုရ်တောင်မြတ်တို့ကို အစဉ်အတိုင်း တည်ရှိသော တိုင်တို့ကဲ့သို့ပြု၍ ထိုတိုင်တို့၏ အထက်၌ ရတနာတို့ဖြင့် စီမံအပ်သော စင်္ကြံကို ဖန်ဆင်း၍ ပြတော်မူ၏။

၁၃။ မြတ်စွာဘုရားသည် လောကဓာတ် တစ်သောင်းကို လွန်၍ စင်္ကြံကို ဖန်ဆင်းတော် မူ၏၊ ရတနာဖြင့် စီမံအပ်သော စင်္ကြံ၏ နံပါးနှစ်ဖက်၌ (ပိုင်းခြားအပ်သော မြေအပြင်သည်) အလုံးစုံ ရွှေဖြင့် ပြီး၏။

၁၄။ ရတနာအမျိုးမျိုးတို့ဖြင့် စီမံအပ်သော ထုတ်လျောက်တို့ကို လည်းကောင်း၊ ထိုထုတ်လျောက်တို့အား လျော်ကုန်သော ရွှေဖြင့် စီမံသော ပျဉ်ချပ်အမိုးတို့ကို လည်းကောင်း၊ စင်္ကြံ၏နံပါးနှစ်ဖက်တို့၌ အလုံးစုံ ရွှေဖြင့်စီမံသော ပွတ်တိုင်တို့ကို လည်းကောင်း ဖန်ဆင်းအပ်ကုန်၏။

၁၅။ ပတ္တမြား, ပုလဲ, သဲတို့ဖြင့် ပြွမ်းလျက် ဖန်ဆင်းထားသော ရတနာစင်္ကြံသည် 'တက် သစ်သောနေမင်းကဲ့သို့' အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေ၏။

၁၆။ ထိုစင်္ကြံ၌ ခိုင်ခံ့သော ဝီရိယရှိတော်မူသော သုံးဆယ့်နှစ်ပါးသော လက္ခဏာမြတ် တို့နှင့်ပြည့်စုံတော်မူသော မာရ်ငါးပါးကို အောင်တော်မူသော မြတ်စွာဘုရားသည် အထူးတင့်တယ်တော်မူသည်ဖြစ်၍ ရတနာစင်္ကြံ၌ စင်္ကြံကြွတော်မူ၏။

၁၇။ စည်းဝေးရောက်လာကုန်သော နတ်အားလုံးတို့သည် မန္ဒာရဝနတ်ပန်းကိုလည်းကောင်း၊ ပဒုမ္မာကြာပန်းကိုလည်းကောင်း၊ ပင်လယ်ကသစ်ပန်းကိုလည်းကောင်း ရတနာစင်္ကြံ၌ ကြဲဖြန့်ပူဇော်ကုန်၏။

၁၈။ လောကဓာတ် တစ်သောင်း၌ ရှိသော နတ်အပေါင်းတို့သည် အလွန် ဝမ်းမြောက် ကုန်လျက်ထိုမြတ်စွာဘုရားကို ဖူးမြင်ကုန်၏၊ နှစ်သက်ရွှင်လန်းဝမ်းမြောက်ကုန်သည်ဖြစ်၍ ရှိခိုးတုပ်ဝပ်ကြကုန်၏။

၁၉။ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ယာမာနတ်တို့သည်လည်းကောင်း၊ တုသိတာနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနတ်တို့သည်လည်းကောင်း၊ ပရနိမ္မိတဝသဝတ္တိနတ်တို့သည်လည်းကောင်း တက်ကြွသော ဝမ်းမြောက်သော စိတ်ရှိကုန်သည်ဖြစ်၍ လောက၏ရှေ့သွားဖြစ်သော မြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။

၂၀။ နတ်, ဂန္ဓဗ္ဗ, လူ, ရက္ခိုသ်တို့နှင့် တကွသော နဂါး, ဂဠုန်တို့သည်လည်းကောင်း၊ ထိုမှ တစ်ပါးကိန္နရာတို့သည်လည်းကောင်း 'ကောင်းကင်၌ တက်သစ်သော လပြည့်ဝန်းကို မင်ကြ ရသကဲ့သို့'့လောက၏ အစီးအပွါးကို အစဉ်စောင့်ရှောက်တော်မူသော ထိုမြတ်စွာဘုရားကို ဖူးမြင်ကြရကုန်၏။

၂၁။ အလွန် စင်ကြယ်ဖြူဖွေးသော အဝတ်ကို ဝတ်ကုန်သော အာဘဿရဗြဟ္မာတို့သည် လည်းကောင်း၊ သုဘကိဏှဗြဟ္မာတို့သည်လည်းကောင်း၊ ဝေဟပ္ဖိုလ်ဗြဟ္မာတို့သည်လည်းကောင်း၊ အကနိဋ္ဌဗြဟ္မာတို့သည်လည်းကောင်း လက်အုပ်ချီကုန်လျက် ရပ်တည်နေကုန်၏။

၂၂။ ထိုအခါ အဆင်းငါးမျိုးရှိသော မန္ဒာရဝနတ်ပန်းကို စန္ဒကူးမှုန့်ဖြင့် ရောလျက် ကြဲကုန်ပြီးလျှင် ကောင်းကင်၌ အဝတ်ပုဆိုးတို့ကို လည်း ဝှေ့ရမ်းကြကုန်၍ ''လောက၏ အစီး အပွါးကိုအစဉ်စောင့်ရှောက်တော်မူတတ်သော မြတ်စွာဘုရားသည် ဪ အံ့ဩဖွယ်ရှိပါပေစွ''ဟုချီးကျူးကြကုန်၏။

၂၃။ အသျှင်ဘုရားသည် သတ္တဝါတို့၏ ဆရာလည်း ဖြစ်တော်မူပါပေ၏၊ မှန်ကင်းသဖွယ် လည်းဖြစ်တော်မူပါပေ၏၊ တံခွန်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ ယဇ်တိုင်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ ကိုးကွယ်ရာလည်း ဖြစ်တော်မူပါပေ၏၊ ထောက်တည်ရာလည်း ဖြစ်တော်မူ ပါပေ၏၊ ဆီမီးတန်ဆောင်သဖွယ်လည်း ဖြစ်တော်မူပါပေ၏၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ တို့တွင်အမြတ်ဆုံးလည်း ဖြစ်တော်မူပါပေ၏။

၂၄။ လောကဓာတ်တစ်သောင်း၌ တန်ခိုးကြီးသော နတ်ဗြဟ္မာတို့သည် မြတ်စွာဘုရားကို ခြံရံကြကုန်လျက်နှစ်သက်ရွှင်လန်းဝမ်းမြောက်ကုန်သည် ဖြစ်၍ ရှိခိုးကြကုန်၏။

၂၅။ နတ်သားတို့သည်လည်းကောင်း၊ နတ်သမီးတို့သည်လည်းကောင်း ကြည်ညိုကြကုန် နှစ်သက်သောစိတ်ရှိကြကုန်သည်ဖြစ်၍ အဆင်းငါးမျိုးရှိသော ပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ကြကုန်၏။

၂၆။ နတ်အပေါင်းတို့သည် ကြည်ညိုနှစ်သက်သော စိတ်ရှိကြကုန်သည် ဖြစ်၍ ထိုမြတ်စွာ ဘုရားကိုဖူးမြင်ကြရကုန်၏၊ အဆင်းငါးမျိုးရှိသော ပန်းတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ကြရကုန်၏။

၂၇။ လောက၌ မဖြစ်စဖူး ဖြစ်သော ကြက်သီးမွေးညင်း ထခြင်းသည် ဪ အံ့ဩဖွယ် ရှိပါပေစွ၊ ငါသည် ရှေးက မဖြစ်ဖူးသော ဤသို့သဘောရှိသော အံ့ဩဖွယ် ကြက်သီးမွေးညင်း ထခြင်းကို တွေ့မြင်ရပေပြီဟု နတ်တို့ မြွက်ဆိုကုန်၏။

၂၈။ ထိုနတ်တို့သည် မိမိ, မိမိတို့ဘုံဗိမာန်၌ နေထိုင်ကုန်လျက်ပင် ကောင်းကင်၌ အံ့ဩဖွယ်တန်ခိုးပြာဋိဟာကို တွေ့မြင်ကြရခြင်းကြောင့် အလွန်အကျူး ရွှင်မြူးခြင်းဖြင့် ရွှင်မြူး ကြကုန်၏။

၂၉။ ကောင်းကင်၌ တည်သော နတ်တို့သည်လည်းကောင်း၊ မြေ၌ တည်သော နတ်တို့သည်လည်းကောင်း၊ ကျူတော, ဝါးတောနှင့် လမ်းခရီး၌ နေသော နတ်တို့သည်လည်းကောင်းနှစ်သက်ရွှင်လန်း ဝမ်းမြောက်ကြကုန်သည်ဖြစ်၍ လက်အုပ်ချီမိုး ရှိခိုးကြကုန်၏။

၃၀။ အသက်ရှည်ကုန်, ဘုန်းကြီးကုန်, တန်ခိုးကြီးကုန်သော နဂါးတို့သည်လည်း ဝမ်းမြောက်ကုန်သည်ဖြစ်၍ လူတို့ထက် မြတ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပူဇော်ကြကုန်၏။

၃၁။ (နတ်တို့သည်) ကောင်းကင်၌ အံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာကို တွေ့မြင်ကြရကုန်၍ လေတို့သွားရာ ကောင်းကင်ပြင်၌ နတ်ကချေသည်အပေါင်းတို့ကို ကကြစေကုန်လျက် နတ် စည်တို့ကို တီးကုန်၏။

၃၂။ ကောင်းကင်၌ အံ့ဩဖွယ်ရာ တန်ခိုးပြာဋိဟာကို တွေ့မြင်ကြရကုန်၍ ခရုသင်းတို့ကို လည်းကောင်း၊ ထက်စည်တို့ကို လည်းကောင်း၊ ထိုမှတစ်ပါးလည်း များစွာသော ဗုံမောင်းပတ် သာတို့ကို လည်းကောင်းကောင်းကင်၌ တီးမှုတ်ကြကုန်၏။

၃၃။ ယနေ့ ငါတို့အား စင်စစ် မဖြစ်စဖူး ဖြစ်သော ကြက်သီးမွေးညင်း ထခြင်းသည် ဖြစ်ပေါ်လာခဲ့၏၊ အကျိုးပြီးစီးခြင်းကို မချွတ်ရကုန်လတ္တံ့၊ ငါတို့အား အခါကောင်း (ဗုဒ္ဓုပ္ပါဒခဏ) ကို ရခဲ့လေပြီ (ဟုကြွေးကြော်ကြကုန်၏)။

၃၄။ ထိုအခါ ထိုနတ်တို့အား မြတ်စွာဘုရားဟူသော စကားသံကို ကြားနာရ၍ နှစ်သက် ခြင်း 'ပီတိ' သည် ဖြစ်ပေါ်လေ၏၊ 'မြတ်စွာဘုရား မြတ်စွာဘုရား'ဟု ပြောဆိုမြွက်ကြားကြ ကုန်လျက်လက်အုပ်ချီ၍ ရပ်တည်နေကုန်၏။

၃၅။ ကောင်းကင်၌ အမျိုးမျိုးသော နတ်နှင့်ဘီလူးတို့သည် လက်အုပ်ချီကုန်လျက်ဟိန်းသံတို့ကို လည်းကောင်း၊ ကောင်းချီးပေးသံတို့ကို လည်းကောင်း၊ ကြွေးကြော်သံကိုလည်းကောင်း၊ နှစ်သက်ရွှင်လန်းခြင်းကို လည်းကောင်း ဖြစ်စေကုန်၏။

၃၆-၃၇။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ ခြေတော်တို့၌ တံခွန်လုံး, ဝဇီရစိန်, တံခွန်ပြား, နားသွယ်ပန်း, ချွန်းတောင်းတို့ဖြင့် တန်ဆာဆင်အပ်သော စက်လက္ခဏာသည်အလွန်တင့်တယ်တော်မူပါပေ၏ဟု သီဆိုလည်း သီဆိုကုန်၏၊ လေလည်း ချွန်ကုန်၏၊ တီးမှုတ်လည်းတီးမှုတ်ကုန်၏၊ လက်ပန်းပေါက်တို့ကို လည်း ခတ်ကုန်၏၊ ကလည်း ကကုန်၏။ အဆင်းငါးပါးရှိသောမန္ဒာရဝပန်းကို စန္ဒကူးမှုန့်ဖြင့် ရောလျက် ကြဲလည်း ကြဲကုန်၏။

၃၈။ အဆင်းတော်၌လည်းကောင်း၊ သီလတော်၌လည်းကောင်း၊ သမာဓိတော်၌လည်းကောင်း၊ ပညာတော်၌လည်းကောင်း တူသောပုဂ္ဂိုလ် ရှိတော်မမူပါ။ အရဟတ္တဖိုလ်၌လည်းကောင်း၊ ဓမ္မစကြာကိုဟောတော်မူခြင်း၌လည်းကောင်း အတုမရှိသော မြတ်စွာဘုရားတို့နှင့် သာ တူတော်မူပါပေ၏။

၃၉။ အသျှင်ဘုရား၏ ကိုယ်တော်၌ ပြကတေ့သော အားတော်သည် (ဆဒ္ဒန်) ဆင်ပြောင် ဆယ်စီးအားရှိတော်မူပါပေ၏။ တန်ခိုးအစွမ်း၌လည်းကောင်း၊ ဓမ္မစကြာကို ဟောခြင်း၌လည်းကောင်း တူသောပုဂ္ဂိုလ်ရှိတော်မမူ။

၄၀။ ဤသို့ အလုံးစုံသော ဂုဏ်နှင့် ပြည့်စုံတော်မူသော အလုံးစုံသော အင်္ဂါနှင့် ပြည့်စုံ တော်မူသော သနားခြင်း 'ကရုဏာ'ရှိတော်မူသော လောက၏ ကိုးကွယ်ရာဖြစ်တော်မူသော မြတ်စွာဘုရားကိုရှိခိုးကြကုန်လော့။

၄၁။ အသျှင်ဘုရားသည် ရိုသေစွာ ရှိခိုးခြင်းကို လည်းကောင်း၊ (မျက်ကွယ်) ချီးမွမ်းခြင်း ကိုလည်းကောင်း၊ ဦးညွတ်ခြင်းကို လည်းကောင်း၊ (မျက်မှောက်) ချီးမွမ်းခြင်းကို လည်းကောင်း၊ လက်အုပ်ချီခြင်းကို လည်းကောင်း၊ ပူဇော်ခြင်းကို လည်းကောင်း အလုံးစုံကိုပင် ခံတော်မူထိုက်ပါ ပေ၏။

၄၂။ အလုံးစုံသော လောက၌ ရှိခိုးထိုက်သော ပုဂ္ဂိုလ်အားလုံးတို့သည် ရှိခိုးခြင်းကို ခံထိုက်ကုန်၏၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ထိုရှိခိုး ထိုက်သောပုဂ္ဂိုလ်အားလုံးတို့ထက် မြတ်တော်မူပါပေ၏၊ အသျှင်ဘုရားနှင့် တူသော ပုဂ္ဂိုလ် သည် မရှိတော့ပါ။

၄၃။ ကြီးမြတ်သော ပညာရှိတော်မူသော သမာဓိဈာန်တို့၌ လိမ္မာတော်မူသော အသျှင် သာရိပုတ္တရာသည်ဂိဇ္ဈ ကုဋ်တောင်၌ ရပ်လျက်သာလျှင် လောက၏ ရှေ့သွား ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်၏။

၄၄။ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ကောင်း ကင်၌ လကိုရှုမြင်ရသကဲ့သို့လည်းကောင်း၊ မွန်းတည့်ချိန်၌ နေကို ရှုမြင်ရသကဲ့သို့လည်းကောင်း မြတ်စွာဘုရားကိုမော်၍ ဖူးမြော်လေ၏။

၄၅။ ထွန်းလင်းသော ဆီမီး (တန်ဆောင်) တိုင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ တက် သစ်စနေလုလင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ဗျာမပ္ပဘာရောင်ခြည်တော်ဖြင့် ခြယ်လှယ် ထားအပ်သောတည်ကြည်သော သမာဓိရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရ၏။

၄၆။ မဂ်ကိစ္စကို ပြုပြီးကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော အညစ်အကြေး ကင်း ကုန်သောရဟန္တာရဟန်းငါးရာတို့ကို တစ်ခဏချင်းဖြင့် စည်းဝေးစေတော်မူလေ၏။

၄၇။ လောကကို ကြည်ညိုစေတတ်သော 'လောကပ္ပသာဒန'မည်သော တန်ခိုးပြာဋိဟာကိုမြတ်စွာဘုရားသည် ပြတော်မူလေ၏၊ ငါတို့သည်လည်း ထိုအရပ်သို့ သွား၍ မြတ်စွာဘုရားကို ရှိခိုးကုန်အံ့-

၄၈။ လာကြကုန်၊ ငါတို့အားလုံး သွားကုန်အံ့။ ငါတို့သည် မြတ်စွာဘုရားကို မေး လျှောက်ကုန်အံ့။

လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်၍ ယုံမှားခြင်း ကို ပယ်ဖျောက်ကုန်အံ့ (ဟုမိန့်တော်မူ၏)။

၄၉။ ရင့်ကျက်သော ပညာရှိကုန်သော ဣန္ဒြေကို စောင့်စည်းကုန်သော ထိုရဟန္တာ ရဟန်း ငါးရာတို့သည်''ကောင်းပါပြီ''ဟု ဝန်ခံ၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် (အသျှင်သာရိပုတ္တရာ ထံသို့ ) အဆောတလျင်ချဉ်းကပ်ကြလေကုန်၏။

၅၀။ ကြီးမြတ်သော ပညာရှိသော အသျှင်သာရိပုတ္တရာသည် မွန်မြတ်သော အဆုံးအမ တော် (အရဟတ္တဖိုလ်) ကြောင့် အညစ်အကြေး ကင်းကုန်သော ယဉ်ကျေးပြီးကုန်သော ရဟန္တာတို့နှင့်အတူတန်ခိုးဖြင့် (မြတ်စွာဘုရားထံ) ချဉ်းကပ်တော်မူ၏။

၅၁။ ထိုရဟန်းတို့ဖြင့် ခြံရံအပ်သည် ဖြစ်၍ များမြတ်သော ဂိုဏ်းသံဃာရှိသော အသျှင် သာရိပုတ္တရာသည်'ကောင်းကင်၌ နတ်ကဲ့သို့' တင့်တယ်လျက် တန်ခိုးဖြင့် ချဉ်းကပ်တော် မူ၏။

၅၂။ ကောင်းသော အကျင့် ဓူတင်ရှိကုန်သော ရဟန်းတို့သည် ချောင်းဟန့်သံကိုလည်းကောင်း၊ ချေဆတ်သံကိုလည်းကောင်း လျစ်လျူရှုကြ၍ ရိုသေခြင်း, ကျိုးနွံခြင်း ရှိကုန်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြလေကုန်၏။

၅၃။ ချဉ်းကပ်ကြပြီးလျှင် 'ကောင်းကင်၌ တက်ထွန်းသော လဝန်းကို ရှုမြင်ရသကဲ့သို့' ကောင်းကင်၌ကြွတော်မူသော လောက၏ ရှေ့သွားဖြစ်တော်မူသော သယမ္ဘူမြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။

၅၄။ 'ထွန်းလင်းသော ဆီမီး (တန်ဆောင်) တိုင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ လျှပ်စစ်နွယ်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ မွန်းတည့်အချိန်၌ နေမင်းကို ရှုမြင်ရသကဲ့သို့လည်းကောင်း' (တင့်တယ်သော) မြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။

၅၅။ အလုံးစုံသော ရဟန်းငါးရာတို့သည် အထူးကြည်လင်သော ရေအိုင်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ ကောင်းစွာ ပွင့်သော ပဒုမ္မာကြာပန်းကို ရှုမြင်ရသကဲ့သို့လည်းကောင်း (တင့်တယ်သော) မြတ်စွာဘုရားကို ဖူးမြင်ကြကုန်၏။

၅၆။ ရဟန်းငါးရာတို့သည် နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကုန်သည်ဖြစ်၍ လက်အုပ် ချီကုန်လျက်မြတ်စွာဘုရား၏ စက်လက္ခဏာရှိသော ခြေတော်တို့၌ ရှိခိုးဝပ်ချကုန်၏။

၅၇။ ကြီးမားသော ပညာရှိတော်မူသော လိပ်ဆူးရွှေပန်းအဆင်းနှင့် တူတော်မူသော သမာဓိဈာန်၌လိမ္မာတော်မူသော အသျှင်သာရိပုတ္တရာသည် မြတ်စွာဘုရားကို ရှိခိုး၏။

၅၈။ 'စိမ်းညိုသော ရေအလျဉ်ကို ဆောင်သော မိုးကြီးသည် ထစ်ကြိုးသကဲ့သို့' တန်ခိုး အစွမ်းအားဖြင့် တူသောပုဂ္ဂိုလ် ရှိတော်မမူသော ကြာညိုအဆင်းနှင့် တူမျှသော အဆင်းရှိတော် မူသော တန်ခိုးကြီးမားသော အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားကို ရှိခိုး၏။

၅၉။ လှော်ပြီး, ဦးပြီးသော ရွှေအဆင်းနှင့် တူတော်မူသော ဓူတင်ဂုဏ်၌ အမြတ်ဆုံး ပုဂ္ဂိုလ်ဟုဧတဒဂ်ထားတော်မူအပ်သော နတ်လူတို့ ထောမနာအပ်သော ဘုရားရှင်သည် ချီးမွမ်းတော်မူအပ်သောအသျှင်မဟာကဿပမထေရ်သည်လည်း မြတ်စွာဘုရားကို ရှိခိုး၏။

၆၀။ ဒိဗ္ဗစက္ခုအဘိညာဉ်ရှိသော ပုဂ္ဂိုလ်တို့ထက် မြတ်တော်မူသော များမြတ်သော ဂိုဏ်းသံဃာရှိတော်မူသော မြတ်သော ဆွေမျိုးဖြစ်သော အသျှင်အနုရုဒ္ဓါသည် မြတ်စွာဘုရား၏ အနီး၌ပင်တည်၏။

၆၁။ အာပတ်သင့်ခြင်း, အာပတ်မသင့်ခြင်း၌လည်းကောင်း၊ ကုစားသင့်သော အာပတ်, မကုစားသင့်သော အာပတ်၌လည်းကောင်း လိမ္မာတော်မူသော ဝိနည်းအရာ၌ အမြတ်ဆုံး ပုဂ္ဂိုလ်ဟု ဧတဒဂ်ထားတော်မူအပ်သော ဘုရားရှင်သည် ချီးမွမ်းတော်မူအပ်သော အသျှင်ဥပါလိ သည် မြတ်စွာဘုရားကို ရှိခိုး၏။

၆၂။ နူးညံ့သိမ်မွေ့သော အနက်ကို ထိုးထွင်းသိတော်မူသော တရားဟောပုဂ္ဂိုလ်တို့ထက် မြတ်တော်မူ၍ဂိုဏ်းသံဃာရှိတော်မူသော မန္တာဏိပုဏ္ဏေးမ၏ သားဖြစ်၍ ပုဏ္ဏအမည်အား ဖြင့် ကျော်စောသောရဟန္တာရဟန်းသည် မြတ်စွာဘုရားကို ရှိခိုး၏။

၆၃။ ဥပမာ၌ လိမ္မာတော်မူသော ယုံမှားခြင်းကို ဖြတ်တောက်တော်မူသော ကြီးမြတ်သောလုံ့လရှိတော်မူသော မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ စိတ်ကို သိ၍ မိမိ၏ ဂုဏ်ကို မိန့် ဆိုတော်မူ၏-

၆၄။ ရေတွက်ပိုင်းခြားခြင်းငှါ မစွမ်းနိုင်ကုန်သော အကြင်အသင်္ချေယျတို့၏ ရှေ့စွန်း, နောက်စွန်း (အပိုင်းအခြားကို) မသိနိုင်ချေ။ ထိုအသင်္ချေယျတို့သည် သတ္တဝါအပေါင်းလည်းကောင်း၊ ကောင်းကင်လည်းကောင်း၊ အဆုံးမရှိသော စကြဝဠာလည်းကောင်း၊ မနှိုင်းယှဉ်နိုင် သောမြတ်စွာဘုရားဉာဏ်တော်လည်းကောင်း (ဤသို့) လေးမျိုးတို့တည်း။ ထိုလေးမျိုးသော အသင်္ချေယျတို့ကို သိရန် မစွမ်းနိုင်ကုန်။

၆၅။ လောက၌ ငါ၏ အကြင်တန်ခိုးဖန်ဆင်းခြင်းသည် ရှိ၏၊ ဤတန်ခိုးဖန်ဆင်းခြင်းသည် အဘယ်မှာအံ့ဩဖွယ်ရှိအံ့နည်း၊ မဖြစ်စဖူးဖြစ်ကုန်သော ကြက်သီးမွေးညင်းထစေတတ်ကုန် သော (တန်ခိုးဖန်ဆင်းခြင်းမှ) အခြားတစ်ပါးသော အံ့ဩဖွယ်တို့သည် များစွာ ရှိကုန်သေး၏။

၆၆။ အကြင်အခါ ငါသည် တုသိတာနတ်ပြည်၌ သန္တုသိတမည်သော နတ်သား ဖြစ်၏၊ ထိုအခါ လောကဓာတ်တစ်သောင်း၌ နေသော နတ်ဗြဟ္မာတို့သည် အညီအညွတ်လာ၍ ငါ့ကို လက်အုပ်ချီလျက် တောင်းပန်ကြကုန်၏။

၆၇။ ကြီးသော လုံ့လရှိတော်မူသော အလောင်းတော်နတ်သား အရှင့်အား ဘုရားဖြစ်ရန် အချိန်တန်ပါပြီ၊ မယ်တော်ဝမ်း၌ ပဋိသန္ဓေယူတော်မူပါ၊ နတ်နှင့်တကွသော လောကကို ကယ်တင်လျက် အမြိုက်နိဗ္ဗာန်ကိုသိစေတော်မူပါဟု (တောင်းပန်ကုန်၏)။

၆၈။ အကြင်အခါ ငါသည် တုသိတာနတ်ပြည်မှ စုတေ၍ မယ်တော်ဝမ်း၌ သက်ရောက် ခဲ့၏၊ ထိုအခါ တစ်သောင်းသော လောကဓာတ်မြေပြင်သည် တုန်လှုပ်လေ၏။

၆၉။ အကြင်အခါ ငါသည် မယ်တော်ဝမ်းမှ ကောင်းစွာ သိသည်ဖြစ်၍သာလျှင် မွေးဖွား၏၊ ထိုအခါ တစ်သောင်းသော လောကဓာတ်သည် ကောင်းချီးသံကို ဖြစ်စေလျက် တုန်လှုပ် လေ၏။

၇၀။ မယ်တော်ဝမ်းသို့ ပဋိသန္ဓေနေရာ၌လည်းကောင်း၊ မယ်တော်ဝမ်းမှ မွေးဖွားရာ၌ လည်းကောင်းငါနှင့်တူသော ပုဂ္ဂိုလ်သည် မရှိ။ ငါသည် အရဟတ္တမဂ်ဉာဏ်, သမ္ဗောဓိဉာဏ် ၌လည်းကောင်း၊ ဓမ္မစကြာကို ဟောရာဒေသနာဉာဏ်၌လည်းကောင်း အမြတ်ဆုံး ဖြစ်ပေ၏။

၇၁။ လောက၌ မြတ်စွာဘုရားတို့၏ ဂုဏ်တော် ကြီးကျယ်မြင့်မြတ်သည်၏ အဖြစ်သည် ဪအံ့ဖွယ်ရှိပါပေစွဟု တစ်သောင်းသော လောကဓာတ်သည် ခြောက်ပါးအပြားအားဖြင့် တုန်လှုပ်လေ၏၊ ကြက်သီးမွေးညင်းထစေနိုင်သော အံ့ဩဖွယ် ကြီးကျယ်သော အလင်းရောင် သည် ဖြစ်ပေါ်လာ၏။

၇၂။ ထိုအခါ လောက၏ အကြီးအမှူးဖြစ်တော်မူသော လူတို့ထက် မြတ်တော်မူသော မာရ်ငါးပါးကိုအောင်တော်မူသော မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောကကို တန်ခိုး ပြာဋိဟာပြတော်မူလိုသည်ဖြစ်၍ တန်ခိုးဖြင့် စင်္ကြံကြွတော်မူ၏။

၇၃။ မြတ်စွာဘုရားသည် ရတနာစကြံ၌ စင်္ကြံကြွတော်မူလျက်သာလျှင် တရားဟောတော် မူ၏၊ 'လေးတောင်မျှရှိသော စင်္ကြံငယ်၌ စင်္ကြံလျှောက်သကဲ့သို့' (ရတနာစင်္ကြံကြီး၏ အဆုံး သို့ မရောက်မီ) အကြား၌ ပြန်လှည့်တော်မမူ။

၇၄။ ကြီးမားသော ပညာရှိတော်မူသော သမာဓိဈာန်၌ လိမ္မာတော်မူသော ပညာဉာဏ် အထွတ်အထိပ်သို့ရောက်တော်မူသော အသျှင်သာရိပုတ္တရာသည် လောက၏ ရှေ့သွားဖြစ် တော်မူသော မြတ်စွာဘုရားကိုမေးလျှောက်လေ၏-

၇၅။ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား အသျှင်ဘုရား၏ ဆုပန်ခြင်းသည် အဘယ်သို့သဘောရှိပါသနည်း၊ မြတ်စွာဘုရား အသျှင်ဘုရားသည် အဘယ်အခါ၌ သမ္မာ သမ္ဗောဓိဉာဏ်တော်မြတ်ကိုတောင့်တခဲ့ပါသနည်း။

၇၆။ ဒါနပါရမီသည်လည်းကောင်း၊ သီလပါရမီသည်လည်းကောင်း၊ နေက္ခမ္မပါရမီသည် လည်းကောင်း၊ ပညာပါရမီသည်လည်းကောင်း၊ ဝီရိယပါရမီသည်လည်းကောင်း အဘယ်သို့ သဘောရှိပါသနည်း။ ခနီ ္တပါရမီသည်လည်းကောင်း၊ သစ္စာပါရမီသည်လည်းကောင်း၊ အဓိဋ္ဌာန် ပါရမီသည်လည်းကောင်း၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီတို့သည်လည်းကောင်း အဘယ်သို့ သဘောရှိပါကုန်သနည်း။

၇၇။ လောက၏ ရှေ့သွားဖြစ်တော်မူသော မြတ်စွာဘုရား အသျှင်ဘုရားသည် ပါရမီ ဆယ်ပါးတို့ကို အဘယ်သို့ ဖြည့်ကျင့်ပါကုန်သနည်း၊ ဥပပါရမီတို့ကို အဘယ်သို့ ဖြည့်ကျင့်ပါ ကုန်သနည်း၊ ပရမတ္ထပါရမီတို့ကို အဘယ်သို့ ဖြည့်ကျင့်ပါကုန်သနည်း (ဟု မေးလျှောက်၏)။

၇၈။ 'ကရဝိက်ငှက်မင်းကဲ့သို့' ချိုသာသော အသံရှိတော်မူသော မြတ်စွာဘုရားသည် ထိုအသျှင်သာရိပုတ္တရာ မေးတော်မူအပ်သည်ဖြစ်၍ နှလုံးကို အေးမြစေလျက် နတ်နှင့်တကွသော လောကကိုရွှင်လန်းစေပြီးလျှင် ထိုအသျှင်သာရိပုတ္တရာအား ဖြေကြားတော်မူ၏။

၇၉။ နတ်နှင့်တကွသော လောက၌ မာရ်ငါးပါးကို အောင်မြင်တော်မူသော လွန်လေပြီး သောမြတ်စွာဘုရားတို့သည် ဟောတော်မူအပ်သော သစ္စာလေးပါးတရားကိုလည်းကောင်း၊ မြတ်စွာဘုရားအဆက်ဆက်မှလာသော လောက၏ အကျိုးစီးပွားဖြစ်သော ဗုဒ္ဓဝင်ကိုလည်းကောင်း ရှေးဘဝ၌နေဖူးသော ခန္ဓာကို အစဉ်လျှောက်သော 'ပုဗ္ဗေနိဝါသာနုဿတိ'ဉာဏ်တော် ဖြင့် ပြတော်မူ၏။

၈၀။ နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော စိုးရိမ်ခြင်းငြောင့်ကို နုတ်ပယ်နိုင်သော အလုံးစုံသောစည်းစိမ်ကို ရကြောင်းဖြစ်သော ဗုဒ္ဓဝင်ကို ငါ၏ (အထံမှ) အရိုအသေပြု၍ နာယူ ကြကုန်လော့-

၈၁။ ဇာတ်ကို စွဲ၍ ဖြစ်သော မာန်ရစ်ခြင်းစသည် ကင်းသော စိုးရိမ်ခြင်း'သောက'ကို နုတ်ပယ်နိုင်သောသံသရာမှ လွတ်မြောက်စေနိုင်သော အလုံးစုံသော ဆင်းရဲကို ကုန်စေနိုင် သော နိဗ္ဗာန်လမ်းစဉ် ဗုဒ္ဓဝင်ကိုရိုသေစွာ ကျင့်သုံးကြကုန်လော့။ ။

ရတနစင်္ကမနကဏ္ဍ ပြီး၏။

------

၁။ ၁။ တစ်ယောက်တည်းဖြစ်လျက်လည်း အများဖြစ်နိုင်၏ စသောအားဖြင့် တန်ခိုးပြခြင်း။

††† ၂။ သူတစ်ပါး၏ စိတ်အကြံကို သိ၍ တရား ဟောတော်မူခြင်း။

†††† ၃။ ထိုထိုပုဂ္ဂိုလ်၏ အလိုအားလျော်စွာ ဆုံးမနိုင်ခြင်း။

၂။ ဘုရားလောင်းနတ်သား၏ အမည်မှာ သေတကေတု ဖြစ်၏၊ သို့သော် တုသိတာဘုံ၌ ဖြစ်သော နတ်မင်းတိုင်းကို သန္တုဿိတဟု ခေါ်နိုင်သဖြင့် ဤ၌ သန္တုဿိတနတ်သားဟု ဆို၏၊ ယာမာဘုံ၌ ဖြစ်သော နတ်မင်းကို သုယာမဟု ခေါ်ဆိုသကဲ့သို့တည်း။

၂-သုမေဓပတ္ထနာကထာ

၁။ (ဤဘဒ္ဒကမ္ဘာမှ) လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ရှုချင်ဖွယ်ရှိ၍ ပျော်မွေ့ဖွယ် ကောင်းသော အမရဝတီမည်သော မြို့သည် ရှိ၏။

၂။ (ထိုမြို့သည်) စားသောက်ဖွယ် ထမင်း, အဖျော်နှင့် ပြည့်စုံ၏၊ ဆင်သံ, မြင်းသံ, စည်ကြီးသံ, ခရုသင်းသံ, ရထားသံ, ''စားကြကုန် သောက်ကြကုန်''ဟူ၍ ထမင်း, အဖျော်နှင့် စပ်သော ကြွေးကြော်သံဟူသော အသံဆယ်ပါးတို့ဖြင့် တိတ်ဆိတ်ခြင်း မရှိချေ။

၃။ ထိုမြို့သည် အလုံးစုံသော မြို့အင်္ဂါတို့နှင့် ပြည့်စုံ၏၊ အလုံးစုံသော အလုပ်အမှုတို့နှင့် ပြည့်စုံ၏၊ ရတနာခုနစ်ပါးတို့နှင့် ပြည့်စုံ၏၊ လူအမျိုးမျိုးတို့နှင့် ရောပြွမ်းလျက်ရှိ၏၊ 'နတ်မြို့ ကဲ့သို့' ပြည့်စုံ၏၊ ဘုန်းကံရှင်တို့၏ နေရာဖြစ်၏။

၄။ ထိုအမရဝတီမြို့၌ ကုဋေများစွာသော ဥစ္စာကို သိုမှီးသိမ်းဆည်းထားသော များစွာ သောဥစ္စာစပါးရှိသော သုမေဓာမည်သော ပုဏ္ဏားသည် ရှိ၏။

၅။ (ထိုပုဏ္ဏားသည်) ဗေဒင်ကို သရဇ္ဈ ာယ်တတ်၏၊ ဗေဒင်ကျမ်းတို့ကို ဆောင်ထားနိုင်၏၊ သုံးပါးသောဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏။ လက္ခဏာကျမ်း၌လည်းကောင်း၊ ဣတိဟာသ (ပုရာဏ်) ကျမ်း၌လည်းကောင်း မိမိတို့၏ အကျင့်တရား၌ အထွတ်အထိပ်အဆုံး သို့ ရောက်၏။

၆။ ထိုအခါ (သုမေဓာသူဌေးဖြစ်သော) ဘဝ၌ ငါသည် ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်လျက် ထိုင်နေပြီးလျှင် ဤသို့ ဆင်ခြင်ခဲ့၏ - ဘဝသစ်၌ ဖြစ်ရခြင်း မည်သည် ဆင်းရဲလှ၏၊ ကိုယ်ခန္ဓာ၏ပျက်စီးရခြင်းသည်လည်း ဆင်းရဲလှပေ၏။

၇။ ထိုအခါ (သုမေဓာ ဘဝ၌ဖြစ်သော) (ငါသည် ဤသို့ ဆင်ခြင်မိပြန်၏) ပဋိသန္ဓေနေရခြင်းသဘောရှိ၏၊ အိုရခြင်း သဘောရှိ၏၊ နာရခြင်း သဘောရှိ၏၊ (ထို့ကြောင့်) အိုခြင်းကင်းရာ, သေခြင်း ကင်းရာ, ဘေးမရှိရာ, အေးငြိမ်းရာ နိဗ္ဗာန်ကို ရှာမှီးတော့အံ့။

၈။ ငါသည် ကျင်ကြီး, ကျင်ငယ်စသော အပုပ်အသိုး အမျိုးမျိုးတို့ဖြင့် ပြည့်သော ဤ ကိုယ်ကောင်ပုပ်ကိုငဲ့ကွက်လိုချင်ခြင်း မရှိဘဲ စွန့်ပစ်၍ သွားရမူ ကောင်းလေစွ။

၉။ ထိုဘဝမှ လွတ်မြောက်ကြောင်း လမ်းစဉ်သည် မချွတ်ရှိသည် ဖြစ်လတ္တံ့၊ ထို လွတ်မြောက်ကြောင်းလမ်းစဉ်သည် မရှိဘဲနေခြင်းငှါ မတတ်စကောင်းပေ၊ ထိုလမ်းစဉ်ကို ငါသည် ရှာမှီးပေတော့အံ့။

၁၀။ ဆင်းရဲရှိသော် ချမ်းသာမည်သည်လည်း ရှိသကဲ့သို့ ဤအတူ ဘဝရှိသော် ဘဝကင်း ခြင်းကို လည်းအလိုရှိသင့်၏။

၁၁။ အပူရှိသော် ထိုအပူမှ တစ်ပါးသော အအေးရှိသကဲ့သို့ ဤအတူ မီးသုံးမျိုးရှိလတ် သော် မီးငြိမ်းရာ (နိဗ္ဗာန်) ကိုလည်း အလိုရှိသင့်၏။

၁၂။ မကောင်းမှု ရှိလတ်သော် ကောင်းမှုသည်လည်း ရှိသကဲ့သို့ ဤအတူပင် ဇာတိ ရှိသော် ဇာတိမရှိရာ (နိဗ္ဗာန်) ကိုလည်း အလိုရှိသင့်၏။

၁၃။ မစင်လူးသော ယောက်ျားသည် ရေပြည့်သော တစ်ဖက်ဆည်ကန်ကို တွေ့မြင်ပါ လျက်ထိုတစ်ဖက်ဆည်ကန် (သွားရာလမ်း) ကို မရှာမှီးဘဲ နေအံ့၊ ထိုအပြစ်သည် တစ်ဖက် ဆည်ကန်၏အပြစ်မဟုတ်သကဲ့သို့-

၁၄။ ဤအတူ ကိလေသာအညစ်အကြေးကို ဆေးရာ အမြိုက်နိဗ္ဗာန် တစ်ဖက်ဆည်ကန် သည် ရှိပါလျက်ထို (အမြိုက်နိဗ္ဗာန်) တစ်ဖက်ဆည်ကန် (သွားရာလမ်း) ကို မရှာမှီးဘဲ နေအံ့၊ ထိုအပြစ်သည်အမြိုက်နိဗ္ဗာန်တစ်ဖက်ဆည်ကန်၏ အပြစ်မဟုတ်ချေ။

၁၅။ ရန်သူတို့ ဝန်းရံထားသော ယောက်ျားသည် ပြေးသွားရန် လမ်းခရီးရှိပါလျက် မပြေးဘဲနေငြားအံ့၊ ထိုအပြစ်သည်လည်း လမ်းခရီး၏ အပြစ်မဟုတ်သကဲ့သို့-

၁၆။ ဤအတူ ကိလေသာရန်သူတို့ ဝန်းရံခံနေရသူသည် အေးငြိမ်းသော (နိဗ္ဗာန်) လမ်းခရီးရှိပါလျက်ထိုလမ်းခရီးကို မရှာမှီးဘဲနေငြားအံ့၊ ထိုအပြစ်သည် အေးငြိမ်းသော နိဗ္ဗာန်လမ်းခရီး၏ အပြစ်မဟုတ်ချေ။

၁၇။ အနာရောဂါ နှိပ်စက်သော ယောက်ျားသည် ဆေးဆရာ ရှိပါလျက် ထိုအနာရောဂါကိုမကုစေဘဲနေငြားအံ့၊ ထိုအပြစ်သည် ဆေးဆရာ၏ အပြစ်မဟုတ်သကဲ့သို့-

၁၈။ ဤအတူ ကိလေသာအနာတို့ဖြင့် နှိပ်စက်လျက် ဆင်းရဲသော သူသည် ထို (ကိလေသာအနာကိုကုစားတတ်သော) ဆရာကို မရှာမှီးဘဲ နေငြားအံ့၊ ထိုအပြစ်သည် ဆရာ၏ အပြစ်မဟုတ်ချေ။

၁၉။ ယောက်ျားသည် လည်ပင်း၌ ဖွဲ့ချည်ထားသော အကောင်ပုပ်ကို စက်ဆုပ်သည်ဖြစ်၍ ဖြေချွတ်ပြီးလျှင် အလိုရှိတိုင်း ချမ်းသာလွတ်လပ်စွာ သွားရာသကဲ့သို့-

၂၀။ ထို့အတူပင် ငါသည် ကျင်ကြီး, ကျင်ငယ်စသော အပုပ်အသိုး အမျိုးမျိုးတို့၏ ပေါင်းစုရာဤကိုယ်ကောင်ပုပ်ကို ငဲ့ကွက်လိုချင်ခြင်း မရှိဘဲ စွန့်ပစ်၍ သွားတော့အံ့။

၂၁။ ယောက်ျား, မိန်းမတို့သည် ကျင်ကြီးစွန့်ရာ အရပ်၌ ကျင်ကြီးကို စွန့်ပြီးလျှင် ငဲ့ကွက်လိုချင်ခြင်းမရှိဘဲ သွားကုန်သကဲ့သို့-

၂၂။ ဤအတူပင် ငါသည် အပုပ်အသိုး အမျိုးမျိုးတို့ဖြင့် ပြည့်သော ဤကိုယ်ကို 'ကျင်ကြီးစွန့်ပြီးလျှင် ကျင်ကြီးအိမ်ကို ကြဉ်ဖယ်၍ သွားသကဲ့သို့' စွန့်ပစ်၍ သွားတော့အံ့။

၂၃။ လှေပိုင်ရှင်တို့သည် ဆွေးမြည့်ပျက်စီးလျက် ရေယိုသော လှေကို ငဲ့ကွက်လိုချင်ခြင်း မရှိဘဲ စွန့်ပစ်၍သွားကုန်သကဲ့သို့-

၂၄။ ဤအတူပင် အပေါက်ကိုးပေါက်ရှိ၍ အမြဲမပြတ် ယိုစီးလျက်ရှိသော ဤကိုယ်ခန္ဓာကို 'လှေအိုကိုစွန့်ပစ်၍ သွားသော လှေပိုင်ရှင်တို့ကဲ့သို့' ငါသည် စွန့်ပစ်၍ သွားတော့အံ့။

၂၅။ ယောက်ျားသည် ဘဏ္ဍာကို ယူ၍ ခိုးသူတို့နှင့်အတူ သွားလတ်သော် ဘဏ္ဍာလုယက်ဖျက်ဆီးမည့်ဘေးကို မြင်ခြင်းကြောင့် (ခိုးသူတို့ကို ) စွန့်၍ သွားသကဲ့သို့-

၂၆။ ဤအတူပင် ဤကိုယ်သည် ခိုးသူကြီးနှင့် အလွန်တူ၏၊ ငါသည် ကုသိုလ်ကို လုယက် ဖျက်ဆီးခြင်းမှကြောက်သောကြောင့် ဤကိုယ်ခန္ဓာကို စွန့်ပစ်၍ သွားတော့အံ့ (ဟု ဆင်ခြင်၏)။

၂၇။ ငါသည် ဤသို့ ဆင်ခြင်၍ ကုဋေအရာမက များစွာသော ဥစ္စာကို ကိုးကွယ်ရာ ရှိသူ, ကိုးကွယ်ရာမရှိသူတို့အား ပေးလှူပြီးလျှင် ဟိမဝန္တာသို့ ချဉ်းကပ်ခဲ့၏။

၂၈။ ဟိမဝန္တာ၏ အနီး၌ ဓမ္မိကမည်သော တောင်သည် ရှိ၏၊ (ထိုတောင်၌) ငါသည် သင်္ခမ်းကျောင်းကိုကောင်းစွာ ဆောက်လုပ်ထားပေ၏၊ သစ်ရွက်မိုးကျောင်းကို ကောင်းစွာ ဖန် ဆင်းထားပေ၏။

၂၉။ ထိုသင်္ခမ်းကျောင်း၌ ငါးပါးသော အပြစ်တို့မှ ကင်းသော စင်္ကြံကို ဖန်ဆင်းထား ပေ၏၊ ရှစ်ပါးသောဂုဏ်တို့နှင့် ပြည့်စုံသော အဘိညာဉ်စွမ်းအားကို ဆောင်ခဲ့၏။

၃၀။ ထိုသင်္ခမ်းကျောင်း၌ ကိုးပါးသော အပြစ်နှင့် ပြည့်စုံသော အဝတ်ကို စွန့်ပယ်ခဲ့၏၊ တစ်ဆယ့်နှစ်ပါးသော ဂုဏ်တို့နှင့် ပြည့်စုံသော လျှော်တေသင်္ကန်းကို ဝတ်ရုံခဲ့၏။

၃၁။ ရှစ်ပါးသော အပြစ်တို့နှင့် ရောပြွမ်းသော သင်္ခမ်းကျောင်းကို စွန့်ပယ်ခဲ့၏၊ ဆယ်ပါး သောဂုဏ်တို့နှင့် ပြည့်စုံသော သစ်ပင်ရင်းသို့ ချဉ်းကပ်ခဲ့၏။

၃၂။ ကြဲချ စိုက်ပျိုးအပ်သော စပါးကို အကြွင်းမဲ့အားဖြင့် စွန့်ပယ်ခဲ့၏၊ များစွာသော ဂုဏ်နှင့်ပြည့်စုံသောအလိုလို ကြွေကျသော သစ်သီးကို (အစားအစာအဖြစ်ဖြင့်) ယူခဲ့၏။

၃၃။ ထိုသင်္ခမ်းကျောင်း၌ ထိုင်ခြင်း, ရပ်ခြင်း, စင်္ကြံသွားခြင်း၌ ကမ္မဋ္ဌာန်းလုံ့လဝီရိယကို အားထုတ်ခဲ့၏၊ ခုနစ်ရက်အတွင်း၌ အဘိညာဉ်စွမ်းအားသို့ ရောက်ခဲ့၏။

၃၄။ ဤသို့ ငါသည် (ရသေ့တို့၏) သာသနာ၌ အဘိညာဉ်၏ ပြီးစီးခြင်းသို့ ရောက် လျက်လေ့လာပြီးဖြစ်စဉ် လောက၏ အကြီးအမှူးဖြစ်သော ဒီပင်္ကရာမြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။

၃၅။ ငါသည် ဈာန်၌ ပျော်မွေ့ခြင်းသို့ ရောက်သည် ဖြစ်၍ ဒီပင်္ကရာဘုရား၏ ပဋိသန္ဓေနေတော်မူရာအခါ၌လည်းကောင်း၊ မွေးဖွားတော်မူရာ အခါ၌လည်းကောင်း၊ ဘုရားဖြစ်တော် မူရာအခါ၌လည်းကောင်း၊ တရားဟောတော်မူရာ အခါ၌လည်းကောင်း နိမိတ်လေးပါးတို့ကို မတွေ့မြင်ခဲ့ရပေ။

၃၆။ တိုင်းစွန်ပြည်နား၌ (လူတို့သည်) မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် ထိုမြတ်စွာ ဘုရားကြွလာတော်မူမည့် လမ်းကို နှစ်သက်သော စိတ်ရှိကုန်သည်ဖြစ်၍ သုတ်သင်ကြကုန်၏။

၃၇။ ထိုအခါ ငါသည် မိမိသင်္ခမ်းကျောင်းမှ ထွက်ခဲ့၍ လျှော်တေသင်္ကန်းတို့ကို ခါလျက် ကောင်းကင်၌့သွား၏။

၃၈။ နှစ်သက်ခြင်း ဖြစ်လျက် ရွှင်လန်းဝမ်းမြောက်နေသော လူအပေါင်းကို တွေ့မြင်ရ သည်ရှိသော် ထိုခဏ၌ပင် ကောင်းကင်မှ သက်ဆင်း၍ လူတို့ကို မေးမြန်းခဲ့၏။

၃၉။ (ဤ) လူအပေါင်းသည် ရွှင်လန်း ဝမ်းမြောက် နှစ်သက်ခြင်းရှိသည်ဖြစ်၍ အဘယ် ပုဂ္ဂိုလ်၏အကျိုးငှါ သွားရာခရီးလမ်းကို သုတ်သင်နေပါသနည်း (ဟု မေးမြန်းခဲ့၏)။

၄၀။ ငါ မေးအပ်ကုန်သည်ရှိသော် ထိုသူတို့သည် ''လောက၌ သစ္စာလေးပါးကို သိတော် မူသော အမြတ်ဆုံးဖြစ်တော်မူသော လောက၏ ရှေ့သွား ဖြစ်တော်မူသော ဒီပင်္ကရာမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူပေ၏၊ ထိုမြတ်စွာဘုရား၏ အကျိုးငှါ သွားရာလမ်းခရီးကို သုတ်သင်အပ်၏'ဟု ဖြေကြားကုန်၏။

၄၁။ ထိုအခါ ''မြတ်စွာဘုရား''ဟူသော စကားသံကို ကြားရခြင်းကြောင့် ငါ့အား နှစ်သက်ခြင်း'ပီတိ'သည်ဖြစ်၏၊ ငါသည် ''မြတ်စွာဘုရား မြတ်စွာဘုရား''ဟု ဆိုလျက် ဝမ်းမြောက်ခြင်း 'သောမနဿ ဝေဒနာ'ကိုခံစားခဲ့ရပေ၏။

၄၂။ ငါသည် နှစ်သက်အံ့ဩသော စိတ်ရှိသည် ဖြစ်၍ ထိုနေရာ၌ ရပ်တည်လျက် ဤသို့ဆင်ခြင်စဉ်းစားခဲ့၏၊ ငါသည် ဤမြတ်စွာဘုရားအထံ၌ (ကုသိုလ်) မျိုးစေ့တို့ကို စိုက်ပျိုးတော့ အံ့၊ အခွင့်ကောင်းသည် စင်စစ် ငါ့ကို မလွန်ပါစေလင့်။

၄၃။ အကယ်၍ မြတ်စွာဘုရား၏ အကျိုးငှါ (လမ်းခရီးကို) သုတ်သင်ကုန်ငြားအံ့၊ ငါ့အား နေရာတစ်ခုကိုပေးကြပါကုန်လော့၊ ငါသည်လည်း သွားရာခရီးလမ်းကို သုတ်သင်ပါအံ့ဟု (ပြောဆိုလေ၏)။

၄၄။ ထိုအခါ ထိုသူတို့သည် လမ်းကို သုတ်သင်ရန် တစ်ခုသော နေရာကို ငါ့အား ပေးကုန်၏၊ ထိုအခါ ငါသည် ''မြတ်စွာဘုရား မြတ်စွာဘုရား''ဟု ဆင်ခြင်လျက် လမ်းကို သုတ်သင်လျက်ရှိပေ၏။

၄၅။ ငါ၏ နေရာသည် (သုတ်သင်၍) မပြီးမီ မာရ်ငါးပါးကို အောင်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် အဘိညာဉ်ခြောက်ပါးကို ရရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော (ကိလေသာ) အညစ်အကြေးမှ ကင်းကုန်သော ရဟန္တာလေးသိန်းတို့နှင့် (အတူ) လမ်းခရီသို့ ကြွလာတော်မူ၏။

၄၆။ လူနတ်တို့သည် အလွန်ဝမ်းမြောက်ကုန်သည်ဖြစ်၍ ခရီးဦးကြိုဆိုကုန်၏၊ များစွာ သောစည်ကြီးတို့ကို တီးကုန်၏၊ ကောင်းချီးပေးသံကို ဖြစ်စေကုန်၏။

၄၇။ နတ်တို့သည် လူတို့ကို လည်းကောင်း၊ လူတို့သည်လည်း နတ်တို့ကို လည်းကောင်းတွေ့မြင်ကြရကုန်၏။ ထိုနတ်လူနှစ်ဦးလုံးတို့ပင် လက်အုပ်ချီလျက် မြတ်စွာဘုရားနောက်မှအစဉ်လိုက်ကြကုန်၏။

၄၈။ နတ်တို့သည် နတ်တူရိယာတို့ဖြင့်လည်းကောင်း၊ လူတို့သည်လည်း လူတူရိယာတို့ဖြင့်လည်းကောင်း ထို (နတ်လူ) နှစ်ဦးလုံးတို့ပင် တီးမှုတ်ကုန်လျက် မြတ်စွာဘုရားနောက်မှအစဉ်လိုက်ကြကုန်၏။

၄၉။ ကောင်းကင်၌ သွားကုန်သော နတ်တို့သည် နတ်၌ဖြစ်သော မန္ဒာရဝပန်းကိုလည်းကောင်း၊ ပဒုမ္မာကြာပန်းကိုလည်းကောင်း၊ ပင်လယ်ကသစ်ပန်းကိုလည်းကောင်း အရပ်မျက်နှာ တိုင်းသို့ကြဲဖြန့်ပူဇော်ကုန်၏။

၅၀။ ကောင်းကင်၌ သွားကုန်သော နတ်တို့သည် နတ်၌ ဖြစ်သော စန္ဒကူးမှုန့်ကို လည်းကောင်း၊ မြတ်သော နံ့သာအားလုံးကိုလည်းကောင်း အရပ်မျက်နှာတိုင်း အရပ်မျက်နှာ တိုင်းသို့ကြဲဖြန့်ပူဇော်ကုန်၏။

၅၁။ မြေပြင်၌ သွားကုန်သော လူတို့သည် စံကားပန်း, ထင်းရှူးပန်း, ထိမ်ပန်း, ကံ့ကော်ပန်း, ပုန်းညက်ပန်း, ဆပ်သွားပန်းတို့ကို အရပ်မျက်နှာတိုင်း အရပ်မျက်နှာတိုင်းသို့ ကြဲဖြန့်ပူဇော်ကုန်၏။

၅၂။ ငါသည် ထိုနေရာ၌ ဆံပင်တို့ကို ဖြေပြီးလျှင် လျှော်တေသင်္ကန်းကိုလည်းကောင်း၊ သားရေပိုင်း (စမ္မခဏ်) ကိုလည်းကောင်း ညွန်ပျောင်း၌ ဖြန့်ခင်း၍ အလျားမှောက်လျက် လျောင်းအိပ်ခဲ့ပေ၏။

၅၃။ မြတ်စွာဘုရားသည် တပည့်တို့နှင့် တကွ အကျွန်ုပ်ကို နင်း၍ ကြွသွားတော် မူပါလော့၊ ညွန်ပျောင်း၌ နင်းတော်မမူပါလင့်၊ (ဤသို့ အကျွန်ုပ်အား နင်း၍ ကြွသွားခြင်း သည်) အကျွန်ုပ်အားအကျိုးစီးပွါးအလို့ငှါ ဖြစ်ပါလတ္တံ့ (ဟု လျှောက်၏)

၅၄။ မြေ၌ လျောင်းအိပ်သော ငါ့အား ဤသို့ စိတ်အကြံ ဖြစ်ခဲ့ပေ၏၊ ငါ အလိုရှိလတ် သော် ဤနေ့၌ပင် ငါ၏ ကိလေသာတို့ကို လောင်ကျွမ်းစေနိုင်ရာ၏။

၅၅။ ဤဒီပင်္ကရာမြတ်စွာဘုရား၏ သာသနာတော်၌ မထင်ရှားသော အသွင်ဖြင့် တရားကိုမျက်မှောက်ပြုသဖြင့် ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် နတ်နှင့်တကွသော လောက၌သဗ္ဗညုတဉာဏ်သို့ ရောက်၍ မြတ်စွာဘုရား ဖြစ်ဦးအံ့။

၅၆။ ငါသည် အစွမ်းအားကို မြင်သော ယောက်ျားဖြစ်ပါလျက် တစ်ယောက်တည်း ကူးမြောက်ခြင်းဖြင့်ငါ့အား အဘယ်အကျိုးရှိအံ့နည်း၊ ငါသည် သဗ္ဗညုတဉာဏ်သို့ ရောက်၍ နတ်နှင့်တကွသော လောကကိုကယ်တင်ပေအံ့။

၅၇။ ငါသည် ယောက်ျားမြတ်ဖြစ်သော မြတ်စွာဘုရား၌ ပြုအပ်သော ဤလွန်ကဲသော ကောင်းမှုကြောင့်သဗ္ဗညုတဉာဏ်သို့ ရောက်၍ များစွာသော လူအပေါင်းကို ကယ်တင်ပေအံ့။

၅၈။ ငါသည် သံသရာရေအလျဉ်ကို ဖြတ်တောက်၍ ဘဝသုံးပါးတို့ကို ဖျက်ဆီးပြီးလျှင် အရိယာမဂ္ဂင်တည်းဟူသော တရားလှေသင်္ဘောကို ကောင်းစွာ တက်စီးလျက် နတ်နှင့်တကွ သောလောကကို ကယ်တင်ပေအံ့။

၅၉။ လူ၏ အဖြစ်လည်းကောင်း၊ ပုရိသလိင်နှင့် ပြည့်စုံခြင်းလည်းကောင်း၊ အရဟတ္တ ဖိုလ်ကို ရနိုင်ခြင်းဟူသော အကြောင်းလည်းကောင်း၊ သက်တော်ထင်ရှားရှိသော မြတ်စွာဘုရား ကိုဖူးတွေ့ရခြင်းလည်းကောင်း၊ ရသေ့, ရဟန်း အဖြစ်လည်းကောင်း၊ သမာပတ်ရှစ်ပါး, အဘိညာဉ်ဂုဏ်နှင့်ပြည့်စုံခြင်းလည်းကောင်း၊ (အသက်ကို စွန့်၍) ဆုတောင်းခြင်းလည်းကောင်း၊ လွန်ကဲသောအလိုဆန္ဒလည်းကောင်း ရှစ်ပါးသော အကြောင်းတရားတို့၏ ပေါင်းဆုံ ခြင်းကြောင့် ဆုတောင်းပါရမီသည်ပြည့်စုံနိုင်၏။

၆၀။ အဝေးမှ ဆောင်ယူအပ်သော အလှူဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ဒီပင်္ကရာ မြတ်စွာဘုရားသည် ငါ၏ ဦးခေါင်းအနီး၌ ရပ်လျက် ဤစကားကို မိန့်တော်မူ၏-

၆၁။ ဆံကျစ်ရှိသော ထက်မြက်သော အကျင့်ရှိသော ဤရသေ့ကို ကြည့်ရှုကုန်လော့၊ (ဤရသေ့သည်) ဤဘဒ္ဒကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ လောကတွင် မြတ်စွာဘုရား ဖြစ်ရလတ္တံ့။

၆၂။ ထိုအခါ ဘုရားလောင်းသည် ပျော်မွေ့ဖွယ်ကောင်းသော ကပိလမည်သော မြို့မှ ထွက်၍ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လဝီရိယကို အားထုတ်လျက် ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့် ပြီးလျှင် (မြတ်စွာဘုရား ဖြစ်လတ္တံ့)။

၆၃။ ဘုရားလောင်းသည် ဆိတ်ကျောင်းညောင်ပင်ရင်း၌ ထိုင်၍ ထိုညောင်ပင်ရင်း၌ နို့ဃနာဆွမ်းကိုခံယူပြီးလျှင် နေရဉ္ဇရာမြစ်သို့ ချဉ်းကပ်လတ္တံ့။

၆၄။ ထိုမြတ်စွာဘုရားသည် နေရဉ္ဇရာမြစ်ကမ်း၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးပြီးလျှင် (နတ်တို့) စီရင်အပ်သော မြတ်သော လမ်းခရီးဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့။

၆၅။ ထို့နောက် အတုမရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရားသည် ဗောဓိ မဏ္ဍိုင်ကိုလက်ယာရစ် လှည့်သည်ကို ပြုပြီးလျှင် ညောင်ဗုဒ္ဓဟေပင်ရင်း၌ ပွင့်လတ္တံ့။

၆၆။ ဤမြတ်စွာဘုရား၏ မွေးဖွားသော မယ်တော်ရင်းသည် မာယာမည်သော မိဖုရား ဖြစ်၍ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရားသည် ဂေါတမ အမည်ရှိသည့်ဖြစ်လတ္တံ့။

၆၇။ ကောလိတသည်လည်းကောင်း၊ ဥပတိဿသည်လည်းကောင်း အာသဝေါ မရှိကုန် သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်ကြည်ကုန်သော အမြတ်ဆုံး တပည့်'အဂ္ဂသာဝက'တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာမည်သော ရဟန်းသည် အလုပ်အကျွေး ဖြစ်၍ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။

၆၈။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း အာသဝေါမရှိကုန်သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်ကြည်ကုန်သော အမြတ်ဆုံးတပည့်မ'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေပင်ဟုခေါ်ဆိုအပ်လတ္တံ့။

၆၉။ စိတ္တသည်လည်းကောင်း၊ ဟတ္ထာဠာဝကသည်လည်းကောင်း မြတ်သော အလုပ် အကျွေးဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်လတ္တံ့။ ဥတ္တရာသည်လည်းကောင်း၊ နန္ဒမာတာ သည်လည်းကောင်း မြတ်သောအလုပ်အကျွးဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၇၀။ လူနတ်တို့သည် အတုမရှိသော မြတ်စွာဘုရား၏ ဤစကားကို ကြားနာကုန်သည် ရှိသော် ''ဤရသေ့ကား ဘုရားလောင်း ဖြစ်သတတ်'ဟု အလွန်ဝမ်းမြောက်ကုန်လျက်-

၇၁။ ကြွေးကြော်သံ (ပဲ့တင်သံ) တို့ကို ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ ရွှင်လန်းလည်း ရွှင်လန်းကုန်၏၊ လောကဓာတ်တစ်သောင်းရှိ နတ်နှင့်တကွသော လူတို့သည်လက်အုပ်ချီကုန်၍ ရှိခိုးကြကုန်၏။

၇၂။ အကယ်၍ ငါတို့သည် ဤဒီပင်္ကရာမြတ်စွာဘုရား၏ သာသနာတော်ကို လွဲချော်ကုန် အံ့၊ အနာဂတ်ကာလတွင် (ဤဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏။

၇၃။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ) ဆိပ်ကမ်းကို လွဲချော် ကုန်သည်ရှိသော် အောက်ဆိပ်ကမ်းကို ယူ၍ မြစ်မကြီးကို ကူးကုန်သကဲ့သို့-

၇၄။ ဤအတူပင် ငါတို့အားလုံးတို့သည် အကယ်၍ ဒီပင်္ကရာမြတ်စွာဘုရားကို လက် လွှတ်ကုန်အံ့၊ အနာဂတ်ကာလတွင် ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ (ဟုဆုတောင်းကုန်၏)

၇၅။ အဝေးမှ ဆောင်ယူအပ်သော အလှူဝတ္ထုတို့ကို ခံယူတော်မူထိုက်သော ဒီပင်္ကရာမြတ်စွာဘုရားသည် ငါ၏ ကောင်းမှုကို မိန့်ကြားတော်မူပြီးလျှင် လက်ယာခြေကို ကြွချီတော် မူ၏။

၇၆။ ထိုအရပ်၌ မြတ်စွာဘုရား၏ သားတော်ဖြစ်ကုန်သော အကြင်ရဟန်းတို့သည် ရှိကုန်၏၊ ထိုရဟန်းအားလုံးတို့သည် ငါ့ကို အရိုအသေ ပြုကြကုန်၏၊ နတ်, လူ, အသုရာတို့သည် ရိုသေစွာ ရှိခိုး၍ဖဲသွားကြကုန်၏။

၇၇။ ထိုအခါ သံဃာနှင့်တကွသော မြတ်စွာဘုရားသည် ငါ၏ မြင်ရာအရပ်ကို ကျော်လွန် သည်ရှိသော် ငါသည် လျောင်းနေရာမှ ထ၍ ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေနေ၏။

၇၈။ ထိုအခါ ငါသည် သုခဝေဒနာဖြင့် ချမ်းသာသူ, ပါမောဇ္ဇဖြင့် ဝမ်းမြောက်သူ, ပီတိဖြင့်နှစ်သက်ခြင်းရှိသူ ဖြစ်၏၊ ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေနေ၏။

၇၉။ ထိုအခါ ငါသည် တင်ပလ္လင်ဖြင့် ထိုင်ပြီးလျှင် ဤသို့ စဉ်းစားဆင်ခြင်ခဲ့၏၊ ငါသည် ဈာန်၌လေ့လာပြီး ဖြစ်၏၊ အဘိညာဉ်တို့၌ အပြီးအဆုံးသို့ ရောက်၏။

၈၀။ တစ်သောင်းသော လောကဓာတ်၌ ငါနှင့် တူသော ရသေ့တို့သည် မရှိကုန်၊ ငါသည်တန်ခိုးဂုဏ်တို့၌ တူသောသူ မရှိသည်ဖြစ်၍ ဤသို့သဘောရှိသော ချမ်းသာကို ရခဲ့ပေ၏ဟု (ဤသို့ဆင်ခြင်ခဲ့၏)

၈၁-၈၂။ ငါ၏ ထက်ဝယ်ပလ္လင်ဖွဲ့ခွေရာ အခါ၌ တစ်သောင်းသော လောကဓာတ်၌ နေကုန်သောဗြဟ္မာကြီးတို့သည် ကြီးကျယ်သော ကြွေးကြော်သံကို ဖြစ်စေကြကုန်၏၊ (သုမေဓာရသေ့မြတ်) ရှေးအခါဘုရားလောင်းတို့၏ မြတ်သော ထက်ဝယ်ပလ္လင်ကို ဖွဲ့ခွေရာ အခါ၌ အကြင်နိမိတ်တို့သည် ထင်ကုန်၏၊ ယခုလည်း ထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၈၃။ အအေးသည် ကင်းပျောက်၏၊ အပူသည် ငြိမ်းအေး၏၊ ယခုလည်း ထိုနိမိတ်တို့ သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၈၄။ တစ်သောင်းသောလောကဓာတ်တို့သည် အသံတိတ်ဆိတ်လျက် အနှောင့်အယှက် ကင်းကုန်၏၊ ယခုလည်း ထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။

၈၅။ ပြင်းထန်သော လေတို့သည် မတိုက်ခတ်ကုန်၊ မြစ်တို့သည် မစီးဆင်းကုန်၊ ယခုလည်းထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၈၆။ ထို (ရှေးဘုရားလောင်းတို့ ထက်ဝယ်ဖွဲ့ခွေနေသော) အချိန်၌ ကြည်းပန်း, ရေပန်း အားလုံးတို့သည်ပွင့်ကုန်၏၊ ယခုလည်း ထိုပန်းအားလုံးတို့သည် ပွင့်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။

၈၇။ ထိုအခါ ၌ နွယ်ပင်တို့သည်လည်းကောင်း၊ သစ်ပင်တို့သည်လည်းကောင်း အသီး, သီးကုန်၏၊ ယခုလည်း ထိုအပင်အားလုံးတို့သည် အသီး, သီးလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။

၈၈။ ထိုအခါ ၌ ကောင်းကင်၌ တည်သော ရတနာ, မြေ၌ တည်သော ရတနာတို့သည်ထွန်းလင်းတောက်ပကုန်၏၊ ယခုလည်း ထိုရတနာတို့သည် တောက်ပလျက် ရှိကုန်၏၊ ထို့ကြောင့်သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၈၉။ ထိုအခါ ၌ လူ၌ ဖြစ်သော တူရိယာ, နတ်၌ ဖြစ်သော တူရိယာတို့သည် (အလိုလို) မြည်ကုန်၏၊ ယခုလည်း ထိုနှစ်မျိုးသော တူရိယာတို့သည် မြည်လျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။

၉၀။ ထို (ရှေးဘုရားလောင်းတို့ ထက်ဝယ်ဖွဲ့ခွေနေသော) အခါ၌ ဆန်းကြယ်သော ပန်းပွင့် မိုးတို့သည်ကောင်းကင်မှ ရွာကုန်၏၊ ယခုလည်း ထိုပန်းပွင့်မိုးတို့သည် ရွာလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည်မချွတ် ဘုရားဖြစ်လတ္တံ့။

၉၁။ မဟာသမုဒ္ဒရာသည် ဝဲလည်၏၊ တစ်သောင်းသောလောကဓာတ်သည် တုန်လှုပ်၏၊ ယခုလည်းထိုနှစ်မျိုးတို့သည် မြည်ဟီးလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။

၉၂။ ထိုအခါ လောကဓာတ်တစ်သောင်း၌ ရှိသော ငရဲမီးတို့သည်လည်း ငြိမ်းအေးကုန်၏၊ ယခုလည်းထိုငရဲမီးတို့သည် ငြိမ်းအေးလျက် ရှိကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။

၉၃။ နေမင်းသည် အညစ်အကြေး ကင်းစင်၏၊ အလုံးစုံသော ကြယ် (တာရာ) တို့သည် ထင်ခဲ့ကုန်၏၊ ယခုလည်း ထိုကြယ် (တာရာ) တို့သည် ထင်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၉၄။ ထိုအခါ မိုးမရွာသော အချိန်တွင် ရေသည် မြေမှ ပန်းထွက်ခဲ့၏၊ ယခုလည်း ထိုရေ သည် မြေမှပန်းထွက်လျက် ရှိ၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၉၅။ ကြယ် (တာရာ) အပေါင်းတို့သည်လည်းကောင်း၊ နက္ခတ်တို့သည်လည်းကောင်း၊ ကောင်းကင်အဝန်း၌ တင့်တယ်ကုန်၏။ ဝိသာခါနက္ခတ်သည် စန်း (လ) နှင့် ယှဉ်လျက်ရှိ၏၊ ထို့ကြောင့်သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၉၆။ တွင်း၌ နေသော သတ္တဝါ, ချောက်၌ နေသော သတ္တဝါတို့သည် မိမိတို့နေရာမှ ထွက်ကုန်၏။ ယခုလည်း ထိုသတ္တဝါတို့သည် (မိမိတို့) နေရာမှ ထွက်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ့်ဘုရားဖြစ်လတ္တံ့။

၉၇။ ထိုအခါ ၌ သတ္တဝါတို့အား မပျော်မွေ့ခြင်းတို့သည် မဖြစ်ကုန်၊ တင်းတိမ်ရောင့်ရဲကုန်၏၊ ယခုလည်း ထိုသတ္တဝါအားလုံးသည် တင်းတိမ်ရောင့်ရဲကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။

၉၈။ ထိုအခါ အနာရောဂါတို့သည် ကင်းငြိမ်းကုန်၏၊ မွတ်သိပ်ခြင်းသည်လည်း ကင်း ပျောက်၏၊ ယခုလည်း ထိုနိမိတ်တို့သည် ထင်လာကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၉၉။ ထိုအခါ တပ်မက်မှု 'ရာဂ' ခေါင်းပါး၏၊ အမျက်ထွက်ခြင်း 'ဒေါသ', တွေဝေခြင်း 'မောဟ'ကင်းပျောက်၏၊ ယခုလည်း ထိုအားလုံးတို့သည် ကင်းပျောက်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ်ဘုရားဖြစ်လတ္တံ့။

၁၀၀။ ထိုအခါ ကြောက်မက်ဖွယ်ဘေးသည် မဖြစ်ခဲ့၊ ယခုလည်း ဤဘေးမဖြစ်ခြင်းသည် ထင်၏၊ ထိုအကြောင်းကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့ဟု ငါတို့ သိပါကုန်၏။

၁၀၁။ မြူမှုန်သည် အထက်သို့ မတက်ခဲ့၊ ယခုလည်း ဤမြူမှုန်မတက်ခြင်းသည် ထင်၏၊ ထိုအကြောင်းကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့ဟု ငါတို့ သိပါကုန်၏။

၁၀၂။ မကောင်းသော အနံ့သည် ကင်းရှင်း၏၊ နတ်၌ ဖြစ်သော ရနံ့သည် လှိုင်၏၊ ယခုလည်းထိုနတ်ရနံ့သည် လှိုင်လျက်ရှိပေ၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။

၁၀၃။ အရူပဗြဟ္မာတို့ကို ချန်ထား၍ အလုံးစုံသော နတ်ဗြဟ္မာတို့ကို တွေ့မြင်ရကုန်၏၊ ယခုလည်းထို (နတ် ဗြဟ္မာ) အားလုံးတို့ကို တွေ့မြင်ရကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၁၀၄။ ထိုအခါ အကြင်မျှအတိုင်းအရှည်ရှိသော အလုံးစုံသော ငရဲမည်သည်တို့ကို တွေ့မြင် ရကုန်၏၊ ယခုလည်း ထို (ငရဲ) အားလုံးတို့ကို တွေ့မြင်ရကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၁၀၅။ ထိုအခါ နံရံတံတိုင်းတို့သည်လည်းကောင်း၊ တံခါးရွက်တို့သည်လည်းကောင်း၊ ကျောက်တောင်တို့သည်လည်းကောင်း အပိတ်အပင် အဆီးအတားတို့ မဖြစ်ကုန်။ ယခုလည်းထိုတံတိုင်းစသည်တို့သည် ဟင်းလင်းဖြစ်၍ ဖြစ်ကုန်၏၊ ထို့ကြောင့် သင်သည် မချွတ် ဘုရား ဖြစ်လတ္တံ့။

၁၀၆။ ထို (ရှေးဘုရားလောင်းတို့ ထက်ဝယ်ဖွဲ့ခွေနေသော) ခဏ၌ စုတေခြင်းသည်လည်းကောင်း၊ ပဋိသန္ဓေနေခြင်းသည်လည်းကောင်း မရှိပေ။ ယခုလည်း ထိုနိမိတ်တို့သည် ထင်ကုန်၏၊ ထို့ကြောင့်သင်သည် မချွတ် ဘုရားဖြစ်လတ္တံ့။

၁၀၇။ အရှင်ရသေ့ သင်သည် လုံ့လဝီရိယကို မြဲမြံစွာ ချီးမြှောက် (စွဲကိုင်) ပါလော့၊ နောက်သို့မဆုတ်ပါလင့်၊ ရှေ့သို့သာ တက်ပါလော့၊ သင်သည် မချွတ် ဘုရားဖြစ်ပါလတ္တံ့၊ ငါတို့သည်လည်းဤအကြောင်းကို သိပါကုန်၏ (ဟု ကြီးကျယ်သော အသံကို ဖြစ်စေကုန်၏)

၁၀၈။ ထိုအခါ ငါသည် မြတ်စွာဘုရား၏ လည်းကောင်း၊ လောကဓာတ်တစ်သောင်း၌ နေသောနတ်ဗြဟ္မာတို့၏လည်းကောင်း နှစ်ဦးသော ပုဂ္ဂိုလ်တို့၏ စကားကို ကြားရသည် ရှိသော် နှစ်သက်ရွှင်လန်းဝမ်းမြောက်သည်ဖြစ်၍ ဤသို့ ဆင်ခြင်ခဲ့ပေ၏ -

၁၀၉။ မြတ်စွာဘုရားတို့သည် နှစ်မျိုးသော စကားကို မိန့်ဆိုလေ့မရှိကုန်၊ မြတ်စွာ ဘုရားတို့သည်အချည်းနှီးသော စကားကို မိန့်ဆိုလေ့မရှိကုန်၊ မြတ်စွာဘုရားတို့အား ချွတ် ယွင်းသော စကားသည်မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။

၁၁၀။ ကောင်းကင်၌ ပစ်အပ်သော ခဲသည် မြေ၌ မချွတ် ကျသကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားတို့၏စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့်ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။

၁၁၁။ အလုံးစုံသော သတ္တဝါတို့၏ သေခြင်းသည် မချွတ် မြဲသကဲ့သို့ ထို့အတူပင် မြတ်စွာဘုရားတို့၏့စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့်ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။

၁၁၂။ ညဉ့်ကုန်ခြင်းသို့ ရောက်လတ်သော် နေတက်ခြင်းသည် မချွတ် မြဲသကဲ့သို့ ထို့ အတူပင်ဘုရားမြတ်တို့၏ စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။

၁၁၃။ အိပ်စက်ရာ လိုဏ်ဂူမှ ထွက်သော ခြင်္သေ့မင်း၏ ဟောက်ခြင်းသည် မချွတ် မြဲသကဲ့သို့ထို့အတူပင် ဘုရားမြတ်တို့၏ စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသောစကားသည် မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့။

၁၁၄။ ကိုယ်ဝန်ဆောင်မိန်းမတို့အား ကိုယ်ဝန်ကို ချခြင်းသည် မချွတ် မြဲသကဲ့သို့ ထို့ အတူပင်ဘုရားမြတ်တို့၏ စကားသည် မချွတ် မြဲ၏၊ မြတ်စွာဘုရားတို့အား ချွတ်ယွင်းသော စကားသည် မရှိချေ၊ ထို့ကြောင့် ငါသည် မချွတ် ဘုရားဖြစ်ရပေလတ္တံ့ (ဟု ဤသို့ ဆင်ခြင် ခဲ့၏)။

၁၁၅။ ငါသည် ယခုအခါ အထက်အောက် အရပ်ဆယ်မျက်နှာတို့၌ ရှိရှိသမျှသော သဘောတရားတွင်ဘုရားအဖြစ်ကို ပြုတတ်သော သဘောတရားတို့ကို ထိုမှဤမှ စူးစမ်း ဆင်ခြင်တော့အံ့ (ဟု ဆင်ခြင်၏)

၁၁၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်ကုန်သော ဘုရားအလောင်း တို့သည်လေ့ကျက်အပ်သော လမ်းမသဖွယ် ဖြစ်သော ဒါနပါရမီကို ရှေးဦးစွာ တွေ့မြင်ခဲ့၏။

၁၁၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤ ရှေးဦးစွာသောဒါနပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့်ပါလော့။

၁၁၈။ တစ်စုံတစ်ခုသော ရေဖြင့် ပြည့်သော အိုးသည် မှောက်ထားလိုက်သည်ရှိသော် ရေကို အကြွင်းမဲ့အန်ထုတ်သကဲ့သို့ ထိုသို့ အန်ရာ၌ (ရေကို) မစောင့်ရှောက်သကဲ့သို့-

၁၁၉။ ထို့အတူပင် သင်သည် အယုတ်, အမြတ်, အလတ်ဖြစ်သော တောင်းခံသူပုဂ္ဂိုလ် တို့ကိုတွေ့မြင်သည်ရှိသော် 'မှောက်ထားသော အိုးကဲ့သို့' အလှူဝတ္ထုကို အကြွင်းမဲ့ ပေးလှူ ပါလော့။

၁၂၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ်လိမ့်မည်မဟုတ်ကုန်သေး၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကိုလည်း ငါသည်စူးစမ်းဆင်ခြင်ဦးအံ့။

၁၂၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော နှစ်ခုမြောက် သီလပါရမီကို တွေ့မြင်ခဲ့၏။

၁၂၂။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤ နှစ်ခုမြောက်သောသီလပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့်ပါ လော့။

၁၂၃။ စာမရီသားကောင်သည် တစ်စုံတစ်ခုသစ်ပင်ချုံနွယ်၌ မြီးဆံသည် ငြိနေလတ်သော် ထိုနေရာ၌ပင်သေခြင်းသို့ ရောက်စေကာမူ မြီးဆံကို မပျက်စီးစေသကဲ့သို့-

၁၂၄။ ထို့အတူပင် လေးပါးသော အရာတို့၌ သီလကို ဖြည့်ကျင့်ပါလော့၊ စာမရီ သားကောင်သည်မြီးဆံကို စောင့်ရှောက်သကဲ့သို့ အခါခပ်သိမ်း သီလကို စောင့်ရှောက်ပါ လော့။

၁၂၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကိုလည်း ငါသည်စူးစမ်းဆင်ခြင်ဦးအံ့။

၁၂၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော သုံးခုမြောက် နေက္ခမ္မပါရမီကို တွေ့မြင်ခဲ့၏။

၁၂၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤသုံးခုမြောက်သော နေက္ခမ္မပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့် ကျင့်ပါလော့။

၁၂၈။ နှောင်အိမ်၌ ကြာမြင့်စွာ နေရသော ယောက်ျားသည် ဆင်းရဲဖြင့် နှိပ်စက်အပ်သည် ဖြစ်၍ထိုနှောင်အိမ်၌ တပ်မက်ခြင်းကို မဖြစ်စေဘဲ လွတ်မြောက်ခြင်းကိုသာလျှင် ရှာဖွေ သကဲ့သို့-

၁၂၉။ ထို့အတူပင် သင်သည် အလုံးစုံသော ဘဝတို့ကို 'နှောင်အိမ်တို့ကဲ့သို့' ရှုပါလော့၊ ဘဝမှလွတ်မြောက်ခြင်းအကျိုးငှါ တောထွက်ခြင်းသို့ ရှေးရှုဖြစ်ပါလော့။

၁၃၀။ ဘုရားအဖြစ်ကို ပြုတတ်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ်လိမ့် မည်မဟုတ်ကုန်သေး၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရားတို့ကို လည်း ငါသည်စူးစမ်းဆင်ခြင်ဦးအံ့။

၁၃၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော လေးခုမြောက် ပညာပါရမီကို တွေ့မြင်ခဲ့၏။

၁၃၂။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤလေးခုမြောက်သော ပညာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့် ပါလော့။

၁၃၃။ ဆွမ်းခံသော ရဟန်းသည် အယုတ်, အမြတ်, အလတ်ဖြစ်သော အမျိုး (အိမ်) တို့ကို မကြဉ်ရှောင်၊ ဤသို့ မကြဉ်ရှောင်လတ်သော် မျှတရုံသော အာဟာရကို ရသကဲ့သို့-

၁၃၄။ ထို့အတူပင် သင်သည် အခါခပ်သိမ်း ပညာရှိသော သူကို မေးမြန်းလျက် ပညာ ပါရမီကိုဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။

၁၃၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားတို့ကိုလည်းစူးစမ်းဆင်ခြင်ဦးအံ့။

၁၃၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ငါးခုမြောက် ဝီရိယပါရမီကို တွေ့မြင်ခဲ့၏။

၁၃၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤ ငါးခုမြောက်သောဝီရိယပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ဖြည့်ကျင့်ပါ လော့။

၁၃၈။ သားတို့သနင်း ခြင်္သေ့မင်းသည် ထိုင်ခြင်း, ရပ်ခြင်း, စကြံသွားခြင်း၌ မတွန့် ဆုတ်သောဝီရိယရှိလျက် အခါခပ်သိမ်း စိတ်ကို ပင့်မြှောက်ထားသကဲ့သို့-

၁၃၉။ ထို့အတူပင် သင်သည် အလုံးစုံသော ဘဝ၌ လုံ့လဝီရိယကို မြဲမြံစွာ ပင့်မြှောက်၍ ဝီရိယပါရမီကိုဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ရလတ္တံ့။

၁၄၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားတို့ကို လည်းစူးစမ်းဆင်ခြင်ဦးအံ့။

၁၄၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ခြောက်ခုမြောက် ခန္တီပါရမီကို တွေ့မြင်ခဲ့၏။

၁၄၂။ သင်သည် ဤခြောက်ခုမြောက် ခနီ ္တပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည် ပြီးလျှင် ထိုခနီ ္တပါရမီ၌ စိတ်နှစ်ခွ မရှိလတ်သော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ရလတ္တံ့။

၁၄၃။ မြေကြီးမည်သည် စင်ကြယ်သည်လည်းဖြစ်သော, မစင်ကြယ်သည်လည်းဖြစ်သော အလုံးစုံပစ်ချအပ်သော အရာဝတ္ထုကို သည်းခံ၏၊ ထိုပစ်ချခြင်းကြောင့် မုန်းခြင်း, ချစ်ခြင်းကို မပြုသကဲ့သို့-

၁၄၄။ ထို့အတူပင် သင်သည်လည်း အလုံးစုံသော သူတို့အား ကောင်းစွာ မြတ်နိုးခြင်း, မထီမဲ့မြင်ပြုခြင်းတို့၌ သည်းခံလျက် ခနီ ္တပါရမီကို ဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ် သို့ ရောက်လတ္တံ့။

၁၄၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားကိုလည်းစူးစမ်းဆင်ခြင်ဦးအံ့။

၁၄၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်းတို့ သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ခုနစ်ခုမြောက် သစ္စာပါရမီကို တွေ့မြင်ခဲ့၏။

၁၄၇။ သင်သည် ဤခုနစ်ခုမြောက်သော သစ္စာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက် တည်ပြီးလျှင် ထိုသစ္စာပါရမီ၌ စကားနှစ်ခွ မရှိလတ်သော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ရ လတ္တံ့။

၁၄၈။ နတ်နှင့် တကွသော လောက၌ ချိန်သဖွယ် ဖြစ်သော သောက်ရှူးကြယ်မည်သည်မိုးအခါ၌လည်းကောင်း၊ ဆောင်းဥတု, နွေဥတု၌လည်းကောင်း (သွားမြဲ) လမ်းမှ မဖဲမရွေ့ သကဲ့သို့-

၁၄၉။ ထို့အတူပင် သင်သည်လည်း သစ္စာ (စကား) တို့၌ (ပြောဆို) မြဲလမ်းမှ မဖဲမရွေ့ မူ၍သစ္စာပါရမီကို ဖြည့်ကျင့်သည် ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။

၁၅၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်တို့သာ ဖြစ် လိမ့်မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြား တရားတို့ကို လည်းစူးစမ်းဆင်ခြင်ဦးအံ့။

၁၅၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ရှစ်ခုမြောက် အဓိဋ္ဌာန်ပါရမီကို တွေ့မြင်ခဲ့၏။

၁၅၂။ သင်သည် ဤရှစ်ခုမြောက်သော အဓိဋ္ဌာန်ပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ထိုအဓိဋ္ဌာန်ပါရမီ၌ တုန်လှုပ်ခြင်း မရှိလတ်သော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။

၁၅၃။ လှုပ်ရှားခြင်းမရှိဘဲ ကောင်းစွာ တည်တံ့သော ကျောက်တောင်သည် ပြင်းထန် သောလေတို့ကြောင့် မတုန်လှုပ် မိမိနေရာ၌သာလျှင် တည်နေသကဲ့သို့-

၁၅၄။ ထို့အတူပင် သင်သည် အဓိဋ္ဌာန်ပါရမီ၌ အခါခပ်သိမ်း တုန်လှုပ်ခြင်း မရှိသူ ဖြစ်ပါလော့၊ အဓိဋ္ဌာန်ပါရမီကို ဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ် သောအခြားတရားတို့ကိုလည်း စူးစမ်းဆင်ခြင်ဦးအံ့။

၁၅၅။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်သာ ဖြစ်လိမ့် မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကိုလည်းစူးစမ်းဆင်ခြင်ဦးအံ့။

၁၅၆။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်သော ဘုရားအလောင်း တို့သည် အဖန်ဖန်အမြဲမပြတ် မှီဝဲအပ်သော ကိုးခုမြောက် မေတ္တာပါရမီကို တွေ့မြင်ခဲ့၏။

၁၅၇။ သင်သည် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါ အကယ်၍ အလိုရှိငြားအံ့၊ ဤကိုးခုမြောက်သော မေတ္တာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် မေတ္တာပါရမီ ၌အတူမရှိသောသူ ဖြစ်ပါလော့။

၁၅၈။ ရေမည်သည် ကောင်းသော လူ, မကောင်းသော လူတို့ကို အအေးဖြင့် အညီအမျှ ပျံ့နှံ့တွေ့ထိ၍မြူအညစ်အကြေးကို မျှောသကဲ့သို့-

၁၅၉။ ထို့အတူပင် သင်သည် (မိမိ) အကျိုးကို ဆောင်သောသူ, (မိမိ) အကျိုးကို မဆောင်သော သူတို့ကို အညီအမျှ မေတ္တာပွါးလော့၊ မေတ္တာပါရမီကို ဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။

၁၆၀။ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော ဤတရားတို့သည် ဤမျှလောက်သာ ဖြစ်လိမ့် မည်မဟုတ်ကုန်သေး၊ ငါသည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်သော အခြားတရား တို့ကို လည်းစူးစမ်းဆင်ခြင်ဦးအံ့။

၁၆၁။ ထိုအခါ ငါသည် စူးစမ်းဆင်ခြင်လတ်သော် ရှေး၌ ဖြစ်ကုန်သော ဘုရားအလောင်း တို့သည်အဖန်ဖန် အမြဲမပြတ် မှီဝဲအပ်သော ဆယ်ခုမြောက် ဥပေက္ခာပါရမီကို တွေ့မြင်ခဲ့၏။

၁၆၂။ သင်သည် ဤဆယ်ခုမြောက်သော ဥပေက္ခာပါရမီကို အလွန်မြဲမြံအောင် ပြု၍ ဆောက်တည်ပြီးလျှင် ချိန်သဖွယ်ဖြစ်၍ မြဲမြံစွာ ဖြစ်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။

၁၆၃။ မြေကြီးမည်သည် မစင်ကြယ်သော အရာကိုလည်းကောင်း၊ စင်ကြယ်သော အရာကိုလည်းကောင်း ပစ်ချအပ်သည်ရှိသော် ဤအရာနှစ်မျိုးတို့ကို မုန်းခြင်း, ချစ်ခြင်းမှ ကြဉ်လျက်လျစ်လျူရှုသကဲ့သို့-

၁၆၄။ ထို့အတူပင် သင်သည် ချမ်းသာ, ဆင်းရဲ၌ အခါခပ်သိမ်း ချိန်သဖွယ် ဖြစ်လော့၊ ဥပေက္ခာပါရမီကိုဖြည့်ကျင့်သည်ရှိသော် သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်လတ္တံ့။

၁၆၅။ လောက၌ အကြင်တရားတို့သည် သမ္မာသမ္ဗောဓိဉာဏ်ကို ရင့်ကျက်စေတတ်ကုန်၏၊ ထိုတရားတို့သည် ဤမျှလောက်တို့သာတည်း၊ ထို့ထက်အလွန် အခြားသော တရား မရှိချေ၊ ထိုပါရမီတရားတို့၌ မြဲမြံစွာ ဆောက်တည်ပါလော့။

၁၆၆။ ဤပါရမီတရားတို့ကို မိမိ၏ သဘော, မိမိ၏ ကိစ္စ, လက္ခဏာအားဖြင့် သုံးသပ် ဆင်ခြင်စဉ် (ငါ၏ ဆင်ခြင်ဉာဏ်) တရားတန်ခိုးတော်ကြောင့် လောကဓာတ်တစ်သောင်း၌ ရှိသော မြေကြီးသည်တုန်လှုပ်လေ၏။

၁၆၇။ မြေကြီးသည် 'ကြိတ်ညှစ်အပ်သော ကြံညှစ်စက်ယန္တရားကဲ့သို့' လှုပ်ရှား၏၊ မြည်ဟည်း၏၊ မြေကြီးသည် 'ဆီ (ကြိတ်) စက်ယန္တရားကဲ့သို့' တုန်လှုပ်၏။

၁၆၈။ အကြင်မျှလောက်သော ပရိသတ်သည် မြတ်စွာဘုရားအား ဆွမ်းလုပ်ကျွေးရာ အရပ်၌ တည်ရှိ၏၊ ထိုပရိသတ်သည် ထိုဆွမ်းလုပ်ကျွေးရာ အရပ်၌ တုန်လှုပ်သည်ဖြစ်၍ မိန်းမောတွေဝေလျက် မြေ၌ အိပ်ရ၏။

၁၆၉။ ထိုဆွမ်းလုပ်ကျွေးရာ အရပ်၌ အထောင်မကသော အိုးတို့သည်လည်းကောင်း၊ အရာမကများစွာသော အိုးစရည်းကြီးတို့သည်လည်းကောင်း အချင်းချင်း ထိခိုက်ကုန်သည်ဖြစ် ၍ မှုန့်မှုန့်ညက်ညက်ကွဲကျရောယှက်ကုန်၏။

၁၇၀။ များစွာသော လူတို့သည် ထိတ်လန့် ကြောက်ရွံ့ တုန်လှုပ်ကုန်လျက် စိုးရိမ်ပူပန် သောစိတ်ရှိကုန်သည်ဖြစ်၍ စုဝေးကြပြီးလျှင် ဒီပင်္ကရာမြတ်စွာဘုရား (ထံ) သို့ ချဉ်းကပ်ကြကုန်၏။

၁၇၁။ စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား လောကအား ကောင်းခြင်း ဖြစ်ပါမည်လော၊ သို့မဟုတ် မကောင်းခြင်း ဖြစ်ပါမည်လော၊ အဘယ်သို့လျှင် ဖြစ်ပါလိမ့် မည်နည်း၊ အလုံးစုံသောလောကကို ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ပါ၏၊ ထိုကြောက်ခြင်းကို ပယ်ဖျောက်တော်မူပါ (ဟုလျှောက်ကုန်၏)

၁၇၂။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရားသည် ထိုလူတို့ကို သိစေတော်မူ၏၊ (သင်တို့ သည်) ဤမြေလှုပ်ရာ၌ ထိတ်လန့်ခြင်း ကင်းကြကုန်လော့၊ မကြောက်ကြကုန်လင့်။

၁၇၃။ ''လောက၌ ဘုရားဖြစ်လတ္တံ့''ဟု အကြင်သုမေဓာရသေ့ကို ငါသည် ယနေ့ ဗျာဒိတ်စကားမိန့်ကြားခဲ့၏၊ ဤသုမေဓာရသေ့သည် ရှေးရှေး မြတ်စွာဘုရားတို့သည် မှီဝဲ ကျင့်သုံးအပ်သော (ပါရမီ) တရားကို ဆင်ခြင်သုံးသပ်၏။

၁၇၄။ ထိုသုမေဓာရသေ့သည် ဘုရားဖြစ်ကြောင်း (ပါရမီ) တရားကို အကြွင်းမရှိ ဆင်ခြင် သုံးသပ်စဉ်ထိုသို့ ဆင်ခြင်သုံးသပ်ခြင်းကြောင့် ဤမြေကြီးသည် နတ်နှင့် တကွသော လောကဓာတ်တစ်သောင်း၌တုန်လှုပ်လေ၏။

၁၇၅။ (ဤသို့) မြတ်စွာဘုရား၏ စကားတော်ကို ကြားနာရ၍ (လူအပေါင်းတို့၏) စိတ်သည်ငြိမ်းအေးလေ၏၊ ထိုအခါ လူအားလုံးတို့သည် ငါ့ထံသို့ ချဉ်းကပ်၍ တစ်ဖန် ငါ့ကိုပင် ရှိခိုးကုန်၏။

၁၇၆။ ထိုအခါ (ငါသည်) မြတ်စွာဘုရားဂုဏ် (ပါရမီ) တော်ကို ဆောက်တည်၍ စိတ်ကို မြဲမြံအောင်ပြုလျက် ဒီပင်္ကရာမြတ်စွာဘုရားကို ရှိခိုးပြီးလျှင် နေရာမှ ထခဲ့၏။

၁၇၇။ နတ်, လူနှစ်ဦးလုံးတို့သည်ပင် နတ်၌ ဖြစ်သော ပန်း, လူ၌ ဖြစ်သော ပန်းတို့ကို (ယူ၍) နေရာမှ ထသော ငါ့အား ပန်းပွင့်တို့ဖြင့် ကောင်းစွာ ကြဲဖြန့်ပူဇော်ကုန်၏။

၁၇၈။ ထိုနတ်, လူနှစ်ဦးလုံးတို့သည်ပင် ကောင်းကျိုးချမ်းသာမင်္ဂလာစကားကို ပြောကြား ကြကုန်၏၊ အရှင်ရသေ့သည် မြင့်မြတ်သော အရာအထူးကို တောင့်တပေ၏၊ ထိုအရာအထူးကို အလိုရှိတိုင်းရပါစေသော်။

၁၇၉။ အလုံးစုံသော ဘေးရန်တို့သည် ရှောင်ကွင်းကြပါစေသော်။ စိုးရိမ်ခြင်းသည် လည်းကောင်း၊ အနာရောဂါသည်လည်းကောင်း ပျောက်ကင်းပါစေသော်။ အရှင်ရသေ့အား အန္တရာယ်တို့သည်မဖြစ်ကြပါစေသော်၊ သမ္မာသမ္ဗောဓိဉာဏ်မြတ်သို့ လျင်မြန်စွာ ရောက်ပါစေ သော်။

၁၈၀။ ကြီးသော လုံ့လရှိတော်မူသော အရှင်ရသေ့ ပွင့်လေ့ရှိသော သစ်ပင်တို့သည် အချိန်ရောက်လျှင်ပွင့်ကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် ဘုရားဉာဏ်တော်ဖြင့် ပွင့်ပါ စေသော်။

၁၈၁။ ကြီးသော လုံ့လရှိတော်မူသော အရှင်ရသေ့ အလုံးစုံသော မြတ်စွာဘုရားတို့သည်ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် ပါရမီဆယ်ပါးတို့ကိုဖြည့်ကျင့်တော်မူနိုင်ပါစေသော်။

၁၈၂။ ကြီးသော လုံ့လရှိတော်မူသော အရှင်ရသေ့ အလုံးစုံသော မြတ်စွာဘုရားတို့သည် ဗောဓိမဏ္ဍိုင်၌ပွင့်ကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် မြတ်စွာဘုရားတို့ ပွင့်ရာ ဗောဓိပင်၌ ပွင့်တော်မူပါစေသော်။

၁၈၃။ ကြီးမားသော လုံ့လရှိတော်မူသော အရှင်ရသေ့ အလုံးစုံသော မြတ်စွာဘုရား တို့သည်ဓမ္မစကြာကို ဟောကုန်သကဲ့သို့ ထို့အတူပင် အရှင်ရသေ့သည် ဓမ္မစကြာကို ဟော တော်မူနိုင်ပါစေသော်။

၁၈၄။ လပြည့်နေ့၌ ထက်ဝန်းကျင် စင်ကြယ်သော လသည် တင့်တယ်သကဲ့သို့ ထို့အတူ ပင်အရှင်ရသေ့သည် စိတ်အလိုပြည့်သည်ဖြစ်၍ လောကဓာတ်တစ်သောင်း၌ တင့်တယ်တော်မူ ပါစေသော်။

၁၈၅။ ရာဟုမှ လွတ်မြောက်သော နေသည် အလင်းရောင်ဖြင့် အလွန်တင့်တယ်သကဲ့သို့ ထို့အတူပင်အရှင်ရသေ့သည် လောကမှ လွတ်မြောက်လျက် မြတ်စွာဘုရားအသရေဖြင့် တင့်တယ်တော်မူပါစေသော်။

၁၈၆။ အလုံးစုံသော မြစ်တို့သည် သမုဒ္ဒရာသို့ စီးဝင်ကုန်သကဲ့သို့ ဤအတူ နတ်နှင့် တကွသောလူတို့သည် အရှင်ရသေ့၏ အထံသို့ ချဉ်းကပ်နိုင်ကြပါစေသော်။ ထိုအခါ ထိုနတ်, လူတို့ (ဤသို့) အထူးချီးမွမ်းအပ်သော ထိုသုမေဓာသည် ပါရမီတရား ဆယ်ပါး တို့ကိုဆောက်တည်ပြီးလျှင် ထိုတရားတို့ကို ဖြည့်ကျင့်လိုသည်ဖြစ်၍ တောအုပ်သို့ ဝင်လေ၏။

သုမေဓပတ္ထနာကထာ ပြီး၏။

------

၃-ဒီပင်္ကရာဗုဒ္ဓဝင်

၁။ ထိုအခါ ထိုရမ္မဝတီပြည်သူပြည်သားတို့သည် သံဃာနှင့် တကွသော မြတ်စွာဘုရားကို ဆွမ်းလုပ်ကျွေးပြီးလျှင် ထိုဒီပင်္ကရာမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်၏။

၂။ ဒီပင်္ကရာမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်ကို သရဏဂုံ၌ အချို့သော ပုဂ္ဂိုလ်ကို ငါးပါးသီလတို့၌ အချို့သော ပုဂ္ဂိုလ်ကို ဆယ်ပါးသီလ၌ တည်စေတော်မူ၏။

၃။ ထိုမြတ်စွာဘုရားသည် အချို့သော ပုဂ္ဂိုလ်အား အရိယမဂ်ကိုလည်းကောင်း၊ မြတ်သော ဖိုလ်လေးပါးတို့ကို လည်းကောင်း ပေးတော်မူ၏။ အချို့သော ပုဂ္ဂိုလ်အား အတုမရှိ သောပဋိသမ္ဘိဒါတရားတို့ကို ပေးတော်မူ၏။

၄။ မြတ်စွာဘုရားသည် အချို့သော ပုဂ္ဂုလ်အား မြတ်သော သမာပတ်ရှစ်ပါးတို့ကို ပေးတော်မူ၏၊ အချို့သော ပုဂ္ဂိုလ်အား ဝိဇ္ဇာသုံးပါး, အဘိညာဉ်ခြောက်ပါးတို့ကို ပေးတော်မူ၏။

၅။ မြတ်စွာဘုရားသည် ထိုနည်းအစီအစဉ်အားဖြင့် လူအပေါင်းကို ဆုံးမတော်မူ၏၊ ထိုအဆုံးအမကြောင့်မြတ်စွာဘုရား၏ သာသနာတော်သည် ပျံ ့နှံ့လေ၏။

၆။ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလားဥသဘ၏ ပခုံးနှင့် တူသော ပခုံးရှိတော်မူသော ဒီပင်္ကရာအမည်ရှိသော မြတ်စွာဘုရားသည် များစွာသော လူတို့ကို ကယ်တင်တော်မူ၏၊ ဒုဂ္ဂတိဘဝမှလွတ်မြောက်စေတော်မူ၏။

၇။ မြတ်စွာဘုရားသည် သစ္စာလေးပါးကို သိစေထိုက်သော သတ္တဝါကို မြင်တော်မူသည် ရှိသော် ယူဇနာတစ်သိန်း ဝေးကွာသော အရပ်၌ပင် (တည်သော) ထိုသတ္တဝါထံသို့ တစ်ခဏ ဖြင့် ချဉ်းကပ်၍ (သစ္စာလေးပါးတရားကို) သိစေတော်မူ၏။

၈။ မြတ်စွာဘုရားသည် ရှေးဦးစွာ (သစ္စာလေးပါးကို) သိစေတော်မူရာ အခါ၌ ကုဋေတစ်ရာသောလူ, နတ်, ဗြဟ္မာအပေါင်းကို သိစေတော်မူ၏၊ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက် သစ္စာလေးပါးကိုသိစေတော်မူရာ အခါ၌ ကုဋေကိုးဆယ်သော လူ, နတ်, ဗြဟ္မာအပေါင်းကို သိစေတော်မူ၏။

၉။ အကြင်အခါ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ ၌လည်း ကုဋေကိုးသောင်းသော နတ်, ဗြဟ္မာတို့၏ သုံးကြိမ်မြောက် သစ္စာ လေးပါးကို ထိုးထွင်း၍သိခြင်းသည် ဖြစ်၏။

၁၀။ ဒီပင်္ကရာမြတ်စွာဘုရား၏ သုံးကြိမ်သော တပည့်သာဝက အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမအစည်းအဝေးသည် ကုဋေတစ်သိန်းသော တပည့်သာဝကတို့၏ အစည်း အဝေး ဖြစ်၏။

၁၁။ မြတ်စွာဘုရားသည် နာရဒကူဋတောင်၌ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်တော်မူသည် ရှိသော် ကိလေသာအညစ်အကြေး ကင်းကုန်သော ရဟန္တာကုဋေတစ်ရာတို့သည် တစ်ဖန် စည်းဝေးကုန်၏။

၁၂။ အကြင်အခါ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် သုဒဿနကျောက် တောင်၌ဝါဆိုတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ကုဋေကိုးသောင်းသော ရဟန္တာတို့နှင့် အတူပဝါရဏာပြုတော်မူ၏။

၁၃။ (ဒီပင်္ကရာမြတ်စွာဘုရား တရားဟောတော်မူလတ်သော်) တစ်သောင်းသော သတ္တဝါ၊ နှစ်သောင်းသော သတ္တဝါတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်၏။ တစ်ဦးစီ၊ နှစ်ဦးစီသောသတ္တဝါတို့၏ တရားကို ထိုးထွင်းသိခြင်းတို့သည် ဂဏန်းသချင်္ာအားဖြင့် မရေ တွက်နိုင်ကုန်။

၁၄။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရား၏ သန့်ရှင်းစင်ကြယ်သော သာသနာတော်သည် ပျံ ့နှံ့၏၊ လူသိများ၏၊ ပြည့်စုံ၏၊ စည်ကား၏။

၁၅။ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ တန်ခိုးကြီးကုန်သော ရဟန္တာလေးသိန်း တို့သည်ဒီပင်္ကရာမြတ်စွာဘုရားကို အခါခပ်သိမ်း ခြံရံကုန်၏။

၁၆။ ထိုဒီပင်္ကရာဘုရား ပွင့်တော်မူသော အခါ၌ အကြင်ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ မရောက်မူ၍သေက္ခသာ ဖြစ်လျက် လူ့ဘဝကို စွန့်ကုန်၏၊ ထိုသေက္ခရဟန်းတို့သည် ကဲ့ရဲ့ အပ်သူတို့သာ ဖြစ်ကုန်၏။

၁၇။ ကောင်းစွာ ပွင့်လင်းသော မြတ်စွာဘုရားသာသနာတော်သည် တာဒိဂုဏ်နှင့် ပြည့်စုံ ကုန်သောအာသဝေါ မရှိကုန်သော ကိလေသာအညစ်အကြေး ကင်းကုန်သော ရဟန္တာတို့ဖြင့် အခါခပ်သိမ်းအလွန်တင့်တယ်၏။

၁၈။ ဒီပင်္ကရာမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့သည် ရမ္မဝတီ မည်၏၊ ခမည်း တော်သည်သုဒေဝမင်း မည်၏၊ မယ်တော်သည် သုမေဓာမိဖုရား မည်၏။

၁၉။ ထိုဒီပင်္ကရာဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို စိုးအုပ်၍ နေ၏၊ ထိုဘုရားလောင်းအား ဟံသ၊ ကောဉ္စ၊ မယူရ (ဟင်္သာ၊ ကြိုးကြာ၊ ဥဒေါင်း) အားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင်ထားသော မောင်းမသုံးသိန်းတို့သည် ခြံရံကုန်၏၊ ထို ဘုရားလောင်း၏မိဖုရားသည် ပဒုမ္မာ မည်၏၊ သားတော်သည် ဥသဘက္ခန္ဓ မည်၏။

၂၁။ ထိုဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့သော ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အား ထုတ်တော်မူ၏။

၂၂-၂၃။ မြတ်စွာဘုရားသည် ကမ္မဋ္ဌာန်းအကျင့်ကို ကျင့်၍ အရဟတ္တဖိုလ်ကို သိတော် မူ၏၊ ကြီးသောလုံ့လရှိတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ် သည်ဖြစ်၍ နန္ဒာရာမတိုက်အသရေရှိသော ကျောင်း၌ ဓမ္မစကြာကို ဟောတော်မူ၏၊ ကုက္ကိုပင် ရင်း၌ တိတ္ထိတို့အား နှိမ်နင်းခြင်းကိုပြုတော်မူ၏။

၂၄။ သုမင်္ဂလသည်လည်းကောင်း၊ တိဿသည်လည်းကောင်း ဒီပင်္ကရာမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ ထိုဒီပင်္ကရာမြတ်စွာဘုရား၏ အလုပ်အကျွေး သည် သာဂတမည်၏။

၂၅။ နန္ဒာသည်လည်းကောင်း၊ သုနန္ဒာသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ် သောတပည့်မ'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို 'ညောင်ကြတ် ပင်'ဟု ခေါ်ဆိုအပ်၏။

၂၆။ ဒီပင်္ကရာမြတ်စွာဘုရား၏ မြတ်သော အလုပ်အကျွေး (ဒါယကာ) တို့သည် တပုဿ၊ ဘလ္လိကာမည်ကုန်၏။ အလုပ်အကျွေး (ဒါယိကာမ) တို့သည် သိရိမာ၊ ကောဏာတို့ ဖြစ်ကုန်၏။

၂၇။ ဒီပင်္ကရာမြတ်စွာဘုရားသည် အတောင်ရှစ်ဆယ်မြင့်တော်မူလျက် တန်ဆောင်တိုင်ကဲ့သို့လည်းကောင်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း တင့်တယ်တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်တစ်သိန်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှလောက်တည်နေလျက် များစွာသော လူအပေါင်းကို ကယ်တင်တော်မူ၏။

၂၉။ 'မီးပုံကြီး တောက်ပ၍ ငြိမ်းအေးသကဲ့သို့' ထိုမြတ်စွာဘုရားသည် သူတော်ကောင်း တရားကိုထွန်းတောက်ပစေ၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူလျက် တပည့်သာဝကနှင့်အတူပရိနိဗ္ဗာန်ပြုတော်မူ၏။

၃၀။ ထိုတန်ခိုးတော်သည်လည်းကောင်း၊ ထိုအခြံအရံသည်လည်းကောင်း၊ ခြေတော်တို့၌ ထိုစက်ရတနာတို့သည်လည်းကောင်း ရှိကုန်၏။ ထိုအားလုံးသည်ပင် ကွယ်ပျောက်လေ၏၊ အလုံးစုံသောသင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၁။ မာရ်ငါးပါးကို အောင်တော်မူပြီးသော ဒီပင်္ကရာမြတ်စွာဘုရားသည် နန္ဒာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုနန္ဒာရာမကျောင်းတိုက်၌ ထိုမြတ်စွာဘုရား၏ ပုထိုးစေတီ တော်သည်သုံးဆယ့်ခြောက်ယူဇနာ မြင့်တော်မူ၏။

ရှေးဦးစွာသော ဒီပင်္ကရာဗုဒ္ဓဝင် ပြီး၏။

------

၄-ကောဏ္ဍညဗုဒ္ဓဝင်

၁။ ဒီပင်္ကရာမြတ်စွာဘုရား၏ နောက်အဖို့၌ အဆုံးအပိုင်းအခြားမရှိသော တန်ခိုးရှင်ဖြစ်၍ မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစောရှိတော်မူသော မနှိုင်းယှဉ်အပ်သည်ဖြစ်၍ ချဉ်းကပ် ဝံ့ခဲသောကောဏ္ဍည မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် သည်းခံခြင်းအားဖြင့် မြေကြီးနှင့် တူတော်မူ၏၊ သီလအားဖြင့် သမုဒ္ဒရာနှင့် တူတော်မူ၏၊ သမာဓိအားဖြင့် မြင်းမိုရ်တောင်နှင့် တူတော်မူ၏၊ ဉာဏ်အားဖြင့် ကောင်းကင်နှင့်တူတော်မူ၏။

၃။ မြတ်စွာဘုရားသည် အလုံးစုံသော သတ္တဝါတို့၏ အစီးအပွါးအလို့ငှါ ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်, ့သစ္စာတို့ကို ပြသော တရားကို အခါခပ်သိမ်း ဟောပြတော်မူ၏။

၄။ လောက၏ ရှေ့သွားဖြစ်တော်မူသော ကောဏ္ဍညမြတ်စွာဘုရားသည် ဓမ္မစကြာကိုဟောတော်မူသည်ရှိသော် ကုဋေတစ်သိန်းသော နတ်, လူတို့အား ရှေးဦးစွာ သစ္စာလေးပါးကို သိခြင်းသည်ဖြစ်လေ၏။

၅။ ထိုမှ နောက်၌ လူ, နတ်တို့၏ အစည်းအဝေး၌ (မင်္ဂလာ) တရားကို ဟောတော်မူ သည်ရှိသော် ကုဋေကိုးသောင်းသော နတ်, လူတို့၏ နှစ်ကြိမ်မြောက် (သစ္စာလေးပါးကို) သိခြင်းသည် ဖြစ်လေ၏။

၆။ အကြင်အခါ တိတ္ထိတို့ကို နှိမ်နင်းလျက် တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေရှစ်သောင်းသောနတ်, လူတို့၏ သုံးကြိမ်မြောက် (သစ္စာလေးပါကို) သိခြင်းသည် ဖြစ်လေ၏။

၇။ ကောဏ္ဍညမြတ်စွာဘုရားအား သုံးကြိမ်သော အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမအစည်းအဝေးသည် (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ် ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော-

၈။ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏၊ ဒုတိယအစည်း အဝေးသည်ကုဋေတစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏၊ တတိယအစည်း အဝေးသည်ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်၏။

၉။ ထိုအခါ ငါ (ဘုရားအလောင်း) သည် ဝိဇိတာဝီမည်သော စကြာမင်းဖြစ်ခဲ့၏၊ ငါသည် (စကြဝဠာတိုက်အတွင်း) သမုဒ္ဒရာကို အဆုံးအပိုင်းအခြား ပြု၍ အစိုးရခြင်းကို ဖြစ်စေ၏။

၁၀။ မြတ်စွာဘုရားနှင့် တကွသော ကိလေသာအညစ်အကြေး ကင်းသော ကုဋေတစ်သိန်းသောရဟန္တာတို့ကို မွန်မြတ်သော ဆွမ်းဖြင့် ရောင့်ရဲစေခဲ့၏။

၁၁။ လောက၏ ရှေ့သွား ထိုကောဏ္ဍညမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏၊ (ဤမင်းသည်) ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာတွင် လောက၌ ဘုရားဖြစ်လတ္တံ့။

၁၂။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လဝီရိယကို အားထုတ်၍ ပြုနိုင်ခဲသော အကျင့် 'ဒုက္ကရစရိယာ' ကိုကျင့်ပြီးလျှင် များမြတ်သော အခြံအရံအကျော်အစောရှိသော မြတ်စွာဘုရား သည် ညောင်ဗုဒ္ဓဟေပင်ရင်း၌ပွင့်လတ္တံ့။

၁၃။ ဤမြတ်စွာဘုရား၏ မွေးဖွားသော မယ်တော်ရင်းသည် မာယာမည်သော မိဖုရား ဖြစ်၍ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရားသည် ဂေါတမမည်သော ဘုရားဖြစ်လတ္တံ့။

၁၄။ ကောလိတသည်လည်းကောင်း၊ ဥပတိဿသည်လည်းကောင်း ဤမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာမည်သော အလုပ်အကျွေးသည် ဤမြတ်စွာဘုရားကိုလုပ်ကျွေးလတ္တံ့။

၁၅။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည်လည်းကောင်း ဤမြတ်စွာဘုရား၏ မြတ်သောတပည့်မ 'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို 'ညောင်ဗုဒ္ဓဟေ'ဟုခေါ်လတ္တံ့။

၁၆။ စိတ္တသည်လည်းကောင်း၊ ဟတ္ထာဠဝကသည်လည်းကောင်း ဤမြတ်စွာဘုရား၏ အလုပ်အကျွေးဒါယကာ 'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒာမာတာနှင့် ဥတ္တရာတို့ သည်ကား မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်လတ္တံ့၊ များသော အခြံအရံအကျော်အစောရှိသောထိုဂေါတမမြတ်စွာဘုရား၏ အသက်တမ်းသည် အနှစ်တစ်ရာ ဖြစ်လတ္တံ့ဟု ဗျာဒိတ်စကားမိန့်ကြားတော်မူ၏။

၁၇။ လူ, နတ်တို့သည် အတုမရှိသော ကောဏ္ဍညမြတ်စွာဘုရား၏ ဤစကားကို ကြားနာရကုန်သည်ရှိသော် ဤမင်းသည် ဘုရားလောင်း ဖြစ်သတတ်ဟု အလွန်ဝမ်းမြောက်ကုန် လျက်-

၁၈။ ကြွေးကြော်သံတို့ကို လည်း ဖြစ်စေကြကုန်၏၊ လက်ပန်းပေါက်လည်း ခတ်ကြကုန်၏၊ ရွှင်လည်းရွှင်လန်းကြကုန်၏၊ လောကဓာတ်တစ်သောင်း၌ နေသော နတ်တို့သည် လက်အုပ်ချီလျက် ရှိခိုးကြကုန်၏။

၁၉။ အကျွန်ုပ်တို့သည် ဤကောဏ္ဍညမြတ်စွာဘုရား၏ သာသနာတော်ကို အကယ်၍ လွဲချော်ကုန်အံ့၊ အနာဂတ်ကာလ၌ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏။

၂၀။ မြစ်ကို ကူးကုန်သော လူတို့သည် မျက်နှာချင်းဆိုင် (တူရူ) ဆိပ်ကမ်းကို လွဲချော် ကုန်သည်ရှိသော် အောက်ဆိပ်ကမ်းကို ယူ၍ မြစ်မကြီးကို ကူးကုန်သကဲ့သို့-

၂၁။ ဤအတူပင် ငါတို့အားလုံးတို့သည် ဤမြတ်စွာဘုရားကို အကယ်၍ လွဲချော်ကုန်အံ့၊ အနာဂတ်ကာလ၌ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါလိုကုန်၏ဟု ဆုတောင်းကုန်၏။

၂၂။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေ ခဲ့၏၊ ထိုဘုရားဖြစ်ခြင်း၏ အကြောင်း (ပါရမီ) ကို ပြီးစီးစေလိုသည်ဖြစ်၍ မြတ်သော စကြာမင်းအဖြစ်ကိုမြတ်စွာဘုရားအား ပေးလှူခဲ့၏၊ မြတ်သော စကြာမင်းအဖြစ်ကို ပေးလှူ ပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုခဲ့၏။

၂၃။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမတော်အားလုံးကို သင်ကြား၍ မြတ်စွာဘုရားသာသနာတော်ကို တင့် တယ်စေခဲ့၏။

၂၄။ ငါသည် ထိုမြတ်စွာဘုရားသာသနာတော်တွင် ထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံသွားခြင်း၌ မမေ့မလျော့နေသည်ရှိသော် အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်၍ ဗြဟ္မာ့ပြည်သို့ လားခဲ့၏။

၂၅။ ကောဏ္ဍညမြတ်စွာဘုရား၏ မြို့တော်သည် ရမ္မဝတီ မည်၏၊ ခမည်းတော်သည် သုနန္ဒမင်း မည်၏၊ မယ်တော်သည် သုဇာတာမိဖုရား မည်၏။

၂၆။ ထိုကောဏ္ဍညဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး ၍နေ၏၊ (ထိုဘုရားလောင်းအား) သုစိ, သုရုစိ, သုဘအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည် ရှိကုန်၏။

၂၇။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော မောင်းမသုံးသိန်းတို့သည် ခြံရံကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ရုစိဒေဝီ မည်၏၊ သားတော်သည် ဝိဇိတသေန မည်၏။

၂၈။ (ထိုဘုရားလောင်းသည်) နိမိတ်လေးပါးကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး (ကမ္မဋ္ဌာန်းစီးဖြန်းခြင်း) လုံ့လကို အားထုတ်တော်မူ၏။

၂၉။ ကြီးသော လုံ့လရှိတော်မူသော ကောဏ္ဍညမြတ်စွာဘုရားသည် ဗြဟ္မာမင်းသည်တောင်းပန်အပ်သည်ဖြစ်၍ နတ်တို့အား မြို့တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၃၀။ ဘဒ္ဒသည်လည်းကောင်း၊ သုဘဒ္ဒသည်လည်းကောင်း ထိုကောဏ္ဍညမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် အနုရုဒ္ဓါမည်၏။

၃၁။ တိဿာနှင့် ဥပတိဿာတို့သည် ကောဏ္ဍညမြတ်စွာဘုရား၏ မြတ်သော တပည့်မ'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်သည် သာလကလျာဏီပင် ဖြစ်၏။

၃၂။ သောဏသည်လည်းကောင်း၊ ဥပသောဏသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သောအလုပ်အကျွေးဒါယကာ 'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ နန္ဒာနှင့်သိရီမာတို့သည် မြတ်သော အလုပ်အကျွေးဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၃၃။ ထိုမြတ်စွာဘုရားသည် (အတောင်) ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူလျက် လမင်းကဲ့သို့လည်းကောင်း၊ မွန်းတည့်ချိန်၌ နေမင်းကဲ့သို့လည်းကောင်း တင့်တယ်တော်မူ၏။

၃၄။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက့်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၃၅။ (ဘုရားပွင့်ရာ) မြေကြီးသည် (ကိလေသာ) အညစ်အကြေးကင်းသော ရဟန္တာတို့ဖြင့်ဆန်းကြယ်ခဲ့လေ၏၊ ကောင်းကင်သည် နက္ခတ်တို့ဖြင့် တင့်တယ်သကဲ့သို့ ထို့အတူ ထိုမြတ်စွာဘုရားသည် ရဟန္တာတို့ဖြင့် တင့်တယ်တော်မူ၏။

၃၆။ ထိုရဟန္တာတို့သည်လည်း ဂုဏ်အားဖြင့် မနှိုင်းယှဉ်နိုင်ကုန်၊ ရန်သူတို့သည် မချောက်ချားနိုင်ကုန်၊ လူသာမန်တို့ မချဉ်းကပ်နိုင်ကုန်၊ များသော အကျော်အစောရှိသော ထိုရဟန္တာတို့သည်'လျှပ်စစ်ပြက်သကဲ့သို့' (တန်ခိုးတော်ကို) ပြပြီးလျှင် ပရိနိဗ္ဗာန် ပြုတော်မူ ကြလေကုန်ပြီ။

၃၇။ မြတ်စွာဘုရား၏ အတုမရှိသော ထိုတန်ခိုးတော်သည်လည်းကောင်း၊ ဉာဏ်ဖြင့် ပွါးစေအပ်သောသမာဓိသည်လည်းကောင်း ထိုအားလုံးသည် ကွယ်ပျောက်ခဲ့လေ၏။ အလုံးစုံ သော သင်္ခါရတို့သည်အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၈။ မြတ်သော ကောဏ္ဍညမြတ်စွာဘုရားသည် စန္ဒာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ထိုစန္ဒာရာမကျောင်းတိုက်၌ပင် ဆန်းကြယ်သော စေတီတော်သည် ခုနစ် ယူဇနာတိုင်တိုင် မြင့်လေ၏။ ။

နှစ်ခုမြောက် ကောဏ္ဍညဗုဒ္ဓဝင် ပြီး၏။

------

၅-မင်္ဂလဗုဒ္ဓဝင်

၁။ ကောဏ္ဍညမြတ်စွာဘုရား၏ နောက်အဖို့၌ မင်္ဂလမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် လောက၌ အမိုက်မှောင်ကို ပယ်ဖျောက်၍ တရား တည်းဟူသော မီးရှူးတိုင်ကိုညှိထွန်းတော်မူ၏။

၂။ ထိုမြတ်စွာဘုရားအား အခြားသော မြတ်စွာဘုရားတို့ထက် လွန်ကဲသော အတုမရှိ သောအရောင်သည် ရှိလေ၏၊ ထိုမြတ်စွာဘုရား၏ အရောင်သည် လ, နေတို့၏ အရောင်ကို ပယ်ဖျောက်၍တစ်သောင်းသော လောကဓာတ်၌ တင့်တယ်၏။

၃။ ထိုမြတ်စွာဘုရားသည် လည်း အမြတ်ဆုံးသစ္စာလေးပါးတရားတို့ကို ပြတော်မူ၏၊ ထိုထိုနတ်, လူတို့သည် သစ္စာလေးပါးတည်းဟူသော အမြိုက်ရေကို သောက်ကြရ၍ ကြီးစွာ သော အမိုက်မှောင်ကိုပယ်ဖျောက်ကြကုန်၏။

၄။ ထိုမင်္ဂလမြတ်စွာဘုရားသည် အတုမရှိသော သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်၍ ရှေး ဦးစွာတရားဟောပြရာ အခါ၌ ကုဋေတစ်သိန်းသော နတ်, လူ, ဗြဟ္မာတို့၏ သစ္စာလေးပါး တရားကိုသိခြင်းသည် ဖြစ်လေ၏။

၅။ မြတ်စွာဘုရားသည် သိကြားမင်းစံရာ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော နတ်ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်း သည် နှစ်ကြိမ်မြောက်ဖြစ်လေ၏။

၆။ အကြင်အခါ သုနန္ဒစကြဝတေးမင်းသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၏၊ ထိုအခါ မြတ်စွာဘုရားသည် မြတ်သော တရားတည်းဟူသော စည်တော်ကြီးကို တီးခတ်တော်မူ၏။

၇။ ထိုအခါ သုနန္ဒစကြဝတေးမင်း၏ နောက်လိုက်လူအပေါင်းတို့သည် ကုဋေကိုးဆယ်တို့ ဖြစ်ကုန်၏၊ ထိုနောက်လိုက်လူ အားလုံးတို့သည်လည်း အကြွင်းမဲ့ ဧဟိဘိက္ခုရဟန်းတို့ ဖြစ်ကုန်၏။

၈။ မင်္ဂလမြတ်စွာဘုရားအား သုံးကြိမ်သော အစည်းအဝေးတို့သည် ဖြစ်ကုန်၏၊ ပထမအစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ်လေ၏။

၉။ ဒုတိယအစည်းအဝေးသည် ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေး ဖြစ် လေ၏။ တတိယအစည်းအဝေးသည် ကိလေသာအညစ်အကြေး ကင်းသော ကုဋေကိုးဆယ် သော ရဟန္တာတို့၏့အစည်းအဝေး ဖြစ်၏။

၁၀။ ထိုမင်္ဂလဘုရားလက်ထက်တော်အခါ၌ ငါ (ဘုရားလောင်း) သည် ဗေဒင်ကို သရဇ္ဈာယ် တတ်သောဗေဒင်ကို ဆောင်သော သုံးပါးသော ဗေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက် သော ''သုရုစိ''မည်သော ပုဏ္ဏား ဖြစ်ခဲ့၏။

၁၁။ ငါသည် ထိုမင်္ဂလမြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပြီးလျှင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်ကို နံ့သာပန်းဖြင့် ပူဇော်ခဲ့၏၊ နံ့သာပန်းဖြင့်ပူဇော်ပြီးလျှင် နို့အဖျော်ဖြင့် (နို့ဃနာဆွမ်းဖြင့်) ရောင့်ရဲစေခဲ့၏။

၁၂။ ခြေနှစ်ချောင်းရှိသူ နတ်, လူတို့ထက် မြတ်သော ထိုမင်္ဂလမြတ်စွာဘုရားသည် လည်း ငါ့ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏- ''ဤသုရုစိပုဏ္ဏားသည် ဤကမ္ဘာမှ မရေမတွက် နိုင်သော ကမ္ဘာ၌ဘုရားဖြစ်လတ္တံ့''။

၁၃။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)

၁၄။ ငါသည် ထိုမြတ်စွာဘုရားစကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၅။ ထိုအခါ ငါသည် နှစ်သက်ခြင်းကို ပွါးစေလျက် မြတ်သော သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ခြင်းငှါငါ့အိမ်ကို မြတ်စွာဘုရားအား လှူပြီးလျှင် ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်း ပြုခဲ့၏။

၁၆။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမတော် အားလုံးကို သင်ကြား၍ မြတ်စွာဘုရားသာသနာတော်ကို တင့်တယ်စေခဲ့၏။

၁၇။ ငါသည် ထိုမြတ်စွာဘုရားသာသနာတော်၌ မမေ့မလျော့ဘဲ နေလျက် ဗြဟ္မဝိဟာရ ဘာဝနာကိုပွါးများ၍ အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည်သို့ လား ခဲ့၏။

၁၈။ မင်္ဂလမြတ်စွာဘုရား၏ မြို့တော်သည် ဥတ္တရ မည်၏၊ ခမည်းတော်သည် ဥတ္တရ မင်းမည်၏၊ မယ်တော်သည် ဥတ္တရာမိဖုရား မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား ယသဝါ, သုစိမာ, သိရီမာအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့ သည်ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင်အပ်ကုန်သော မောင်းမတို့သည် သုံးသောင်းရှိကုန်၏၊ မိဖုရားသည်ယသဝတီ မည်၏၊ သားတော်သည် သီဝလ မည်၏။

၂၁။ ဘုရားအလောင်းသည် နိမိတ်လေးပါးတို့ကို မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့သော ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်တော်မူ၏။

၂၂။ ကြီးသော လုံ့လရှိတော်မူသော မင်္ဂလမည်သော မြတ်စွာဘုရားသည် ဗြဟ္မာမင်း သည်တောင်းပန်အပ်သည်ဖြစ်၍ အမြတ်ဆုံး ကျက်သရေရှိသော 'သိရီဝရုတ္တမ' တော၌ ဓမ္မစကြာကိုဟောတော်မူ၏။

၂၃။ သုဒေဝသည်လည်းကောင်း၊ ဓမ္မသေနသည်လည်းကောင်း မင်္ဂလမြတ်စွာဘုရား၏ မြတ်သောတပည့်'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏။ မင်္ဂလမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ပါလိတမည်၏။

၂၄။ သီဝလာသည်လည်းကောင်း၊ အသောကာသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သောတပည့်မ 'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ကံ့ကော် ပင်ဟူ၍ခေါ်ဆိုအပ်၏။

၂၅။ နန္ဒသည်လည်းကောင်း၊ ဝိသာခသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ့'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်၏။ အနုလာသည်လည်းကောင်း၊ သုတနာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၆။ မြတ်စွာဘုရားသည် ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရားမှ အသိန်း မကကုန်သောရောင်ခြည်တော်တို့သည် ထွက်ကြွ (ကွန့်မြူး)ကုန်၏။

၂၇။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၈။ သမုဒ္ဒရာ၌ လှိုင်းတံပိုးတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်သကဲ့သို့ ထို့အတူပင် ထိုမြတ်စွာဘုရား၏ ထိုတပည့်သာဝကတို့ကို ရေတွက်ခြင်းငှါ မစွမ်းနိုင်ကုန်။

၂၉။ လောက၏ ရှေ့သွားဖြစ်တော်မူသော မင်္ဂလမြတ်စွာဘုရားသည် အကြင်မျှလောက်တည်နေတော်မူ၏၊ ထိုမျှလောက် (မြတ်စွာဘုရား၏ သာသနာတော် တည်နေသရွေ့) ကာလပတ်လုံး (တပည့်သာဝကတို့သည်) ကိလေသာနှင့်တကွ သေခြင်းသည် မရှိချေ။

၃၀။ များသော အခြံအရံအကျော်အစောရှိသော ထိုမြတ်စွာဘုရားသည် တရားတည်းဟူ သောဆီမီးတိုင်ကို ညှိထွန်းတော်မူ၍ များစွာသော သတ္တဝါအပေါင်းကို ကယ်တင်ပြီးလျှင် ဆီမီးကဲ့သို့ထွန်းတောက်ပ၍ ပရိနိဗ္ဗာန်စံတော်မူ၏။

၃၁။ နတ်နှင့် တကွသော လောက၌ သင်္ခါရတရားတို့၏ အနိစ္စသဘောကို ပြ၍ တောက် လောင်ပြီးမီးပုံကြီးကဲ့သို့လည်းကောင်း၊ ဝင်သွားသော နေမင်းကဲ့သို့လည်းကောင်း ထွန်းလင်း ပြီး၍ (ပရိနိဗ္ဗာန်စံတော်မူလေပြီ)။

၃၂။ မင်္ဂလမြတ်စွာဘုရားသည် ''ဝဿရ''မည်သော ဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထို ဥယျာဉ်၌ပင်ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုးတော်) သည် ယူဇနာသုံးဆယ် မြင့်တော်မူ၏။ ။

သုံးခုမြောက် မင်္ဂလဗုဒ္ဓဝင် ပြီး၏။

------

 

၆-သုမနဗုဒ္ဓဝင်

၁။ မင်္ဂလမြတ်စွာဘုရား၏ နောက်အဖို့၌ သုမနမည်သော မြတ်စွာဘုရားသည် ပွင့်တော် မူ၏၊ ထိုမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကြောင့် တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ အလုံးစုံသောသတ္တဝါတို့ထက် မြတ်တော်မူ၏။

၂။ ထိုအခါ ထိုမြတ်စွာဘုရားသည် မေခလမြို့၌ တရားခရုသင်းနှင့် ကောင်းစွာ ယှဉ် သောအင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမတည်းဟူသော အမြိုက်စည်ကြီးကို ရိုက်တီးတော်မူ၏။

၃။ ထိုမြတ်စွာဘုရားသည် ကိလေသာတို့ကို အောင်မြင်၍ သမ္မာသမ္ဗောဓိဉာဏ်တော်မြတ် သို့ရောက်ပြီးလျှင် သူတော်ကောင်းတရားတည်းဟူသော မြတ်သော နိဗ္ဗာန်မြို့တော်ကို ဖန် ဆင်းတော်မူ၏။

၄။ ထိုမြတ်စွာဘုရားသည် ထိုမြို့၌ အကြားအလပ် မရှိဘဲ မကွေ့မကောက် ဖြောင့်တန်း လျက်ပြန့်ကျယ်သော သတိပဋ္ဌာန်တရားမြတ်တည်းဟူသော လမ်းမတော်ကြီးကို ဖန်ဆင်းတော်မူ၏။

၅။ ထိုလမ်းမတော်ကြီး၌ အရိယမဂ်ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ အဘိညာဉ် ခြောက်ပါး၊ သမာပတ်ရှစ်ပါးတည်းဟူသော ကုန်ဈေးတို့ကို ဖြန့်ခင်းတော်မူ၏။

၆။ အကြင်သူတို့သည် မေ့လျော့ခြင်း မရှိကုန်၊ ကိလေသာငြောင့်တံသင်း ကင်းကုန်၏။ ရှက်ခြင်း'ဟိရီ'၊ အားထုတ်ခြင်း'ဝီရိယ'တို့နှင့် ပြည့်စုံကုန်၏။ ထိုသူတို့သည် ဤမြတ်သော ဂုဏ်တို့ကို လွယ်လွယ်ကူကူ ရယူနိုင်ကုန်၏။

၇။ ဤသို့ မြတ်စွာဘုရားသည် ဤအားထုတ်ခြင်းလုံ့လဖြင့် များစွာသော သတ္တဝါ အပေါင်းကိုထုတ်ဆောင်ကယ်တင်လျက် ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့ကို ရှေးဦး စွာ သစ္စာလေးပါးကို သိစေတော်မူ၏။

၈။ အကြင်အခါ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် တိတ္ထိအပေါင်းတို့ကို ဆုံးမတော်မူ၏၊ နှစ်ကြိမ်မြောက် တရားဟောရာ ထိုအခါ ၌ ကုဋေတစ်ထောင်သော လူ, နတ်, ဗြဟ္မာတို့သည် သစ္စာလေးပါးကို ထိုးထွင်းသိကုန်၏။

၉။ အကြင်အခါ နတ်, ဗြဟ္မာတို့သည်လည်းကောင်း၊ လူတို့သည်လည်းကောင်း စိတ်တူ ကိုယ်မျှညီညွတ်ကြကုန်သည်ဖြစ်၍ စိတ်၌ ယုံမှားခြင်းရှိသော နိရောဓ (သမာပတ်) နှင့် စပ် သော ပြဿနာကိုမေးလျှောက်ကြကုန်၏။

၁၀။ နိရောဓသမာပတ်ကို ဖြေရှင်းပြသတရားဟောတော်မူရာ ထိုအခါ ၌လည်း ကုဋေကိုးသောင်းသောလူ, နတ်, ဗြဟ္မာတို့၏ သုံးကြိမ်မြောက် သစ္စာလေးပါးကို ထိုးထွင်းသိခြင်း သည် ဖြစ်၏။

၁၁။ သုမနမြတ်စွာဘုရားအား ကိလေသာအညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏။

၁၂။ ဝါမှ ထတော်မူသော မြတ်စွာဘုရား၏ ပဝါရဏာကို ကြွေးကြော်ရာ (ပဝါရဏာပွဲ) ၌မြတ်စွာဘုရားသည် ကုဋေတစ်သိန်းသော ရဟန္တာတို့နှင့် အတူ ပဝါရဏာ ပြုတော်မူလေ၏။

၁၃။ ထို့နောက် စည်းဝေးရာဖြစ်သော အညစ်အကြေးကင်းသော ကဉ္စန (ရွှေ) တောင်၌ရဟန္တာကုဋေကိုးသောင်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၁၄။ အကြင်အခါ သိကြားနတ်မင်းသည် မြတ်စွာဘုရားအား ဖူးမြင်ခြင်းငှါ ချဉ်းကပ်၏၊ ထိုအခါ ကုဋေရှစ်သောင်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် အစည်း အဝေး ဖြစ်လေ၏။

၁၅။ ထိုအခါ ငါသည် အမည်အားဖြင့် ''အတုလ''ဟု ထင်ရှားသော များစွာသော ကုသိုလ်ကို ဆည်းပူးခဲ့သော တန်ခိုးကြီးသော နဂါးမင်း ဖြစ်၏။

၁၆။ ထိုအခါ ငါသည် ဆွေမျိုးတို့နှင့်တကွ နဂါးဘုံမှ ထွက်၍ နဂါးတို့၏ နတ်၌ဖြစ်သော တူရိယာတို့ဖြင့်သံဃာနှင့် တကွသော မြတ်စွာဘုရားကို လုပ်ကျွေးပူဇော်ခဲ့၏။

၁၇။ ငါသည် ကုဋေတစ်သိန်းသော ရဟန္တာတို့အား ထမင်း, အဖျော်ဖြင့် ရောင့်ရဲနှစ်သက် စေခဲ့၏၊ အသီးအသီးသော ပုဆိုးအစုံကို လှူ၍ ထိုရတနာသုံးပါးကို ''ကိုးကွယ်ရာ''ဟူ၍ ဆည်းကပ်ခဲ့၏။

၁၈။ လောက၏ ရှေ့သွားဖြစ်သော ထိုသုမနမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ် စကားမိန့်ကြားတော်မူ၏-''ဤနဂါးမင်သည် ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ဘုရား ဖြစ်လတ္တံ့''။

၁၉။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၂၀။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည် ခဲ့၏။

၂၁။ သုမနမြတ်စွာဘုရား၏ မြို့တော်သည် မေခလ မည်၏၊ (ခမည်းတော်) သည် သုဒတ္တမင်း မည်၏၊ မယ်တော်သည် သိရိမာမိဖုရား မည်၏။

၂၂။ ထိုဘုရားအလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား စန္ဒ, သုစန္ဒ, ဝဋံသအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၂၃။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း ခြောက်သန်းသုံးသိန်းတို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် ဝဋံသိကာ မည်၏၊ သားတော်သည် အနူပမ မည်၏။

၂၄။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော် မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၂၅။ ကြီးသော လုံ့လရှိတော်မူသော သုမနမြတ်စွာဘုရားသည် ဗြဟ္မာမင်းသည် တောင်း ပန်အပ်သည်ဖြစ်၍ မေခလမြို့တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၆။ သရဏသည်လည်းကောင်း၊ ဘာဝိတတ္တသည်လည်းကောင်း သုမနမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် ဥဒေနမည်၏။

၂၇။ သောဏာသည်လည်းကောင်း၊ ဥပသောဏာသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သောတပည့်မ 'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်၏။ မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော် အစောရှိတော်မူသော ထိုမြတ်စွာဘုရားသည် လည်း ကံ့ကော်ပင်ရင်း၌ ပွင့်တော်မူ၏။

၂၈။ ဝရုဏသည်လည်းကောင်း၊ သရဏသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ စာလာသည်လည်းကောင်း၊ ဥပစာလာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၉။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ကိုးဆယ် မြင့်လျက် ရွှေတုရိုဏ်တိုင် ကြီးနှင့်တူသည်ဖြစ်၍ လောကဓာတ်တစ်သောင်း၌ တင့်တယ်တော်မူ၏။

၃၀။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၃၁။ မြတ်စွာဘုရားသည် ကယ်တင်ထိုက်သော သူတို့ကို ကယ်တင်၍ (သစ္စာလေးပါးကို) သိစေထိုက်သော သူတို့ကို လည်း သိစေတော်မူ၏၊ 'လမင်းသည် ကွယ်ဝင်သွားသကဲ့သို့'ပရိနိဗ္ဗာန်ပြုတော်မူလေ၏။

၃၂။ အကြင်ရဟန္တာ, အကြင်မြတ်စွာဘုရားတို့သည် များသော အခြံအရံအကျော်အစော ရှိကုန်၏၊ ထိုရဟန္တာတို့သည်လည်းကောင်း၊ ထိုအတုမဲ့ မြတ်စွာဘုရားသည် လည်းကောင်း အတူမရှိသောအရောင်အလင်းကို ပြ၍ ပရိနိဗ္ဗာန် ပြုတော်မူကြလေကုန်ပြီ။

၃၃။ ထိုအတူမရှိသော ဉာဏ်တော်သည်လည်းကောင်း၊ ထိုအတူမရှိသော ရတနာတို့သည် လည်းကောင်းထိုအားလုံးတို့သည်ပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာဖြစ်ကုန်သည် မဟုတ်ပါလော။

၃၄။ အခြံအရံအကျော်အစောကို ဆောင်တော်မူသော သုမနမြတ်စွာဘုရားသည် အင်္ဂါ ရာမကျောင်းတိုက်၌ပရိနိဗ္ဗာန်ပြုတော်မူလေ၏၊ ထိုအင်္ဂါရာမကျောင်းတိုက်၌ပင် ထိုမြတ်စွာ ဘုရား၏ စေတီ (ပုထိုး) တော်သည်လေးယူဇနာ မြင့်တော်မူလေ၏။ ။

လေးခုမြောက် သုမနဗုဒ္ဓဝင် ပြီး၏။

------

၇-ရေဝတဗုဒ္ဓဝင်

၁။ သုမနမြတ်စွာဘုရား၏ နောက်အဖို့၌ ရေဝတမည်သော လောကရှေ့သွား မြတ်စွာ ဘုရားသည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် နှိုင်းယှဉ်စရာဥပမာ ရှိတော်မမူ၊ တူသောပုဂ္ဂိုလ် ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ၊ အမြတ်ဆုံးပုဂ္ဂိုလ် ဖြစ်တော်မူပေ၏။

၂။ ထိုမြတ်စွာဘုရားသည် လည်း ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ ဘဝကြီးငယ်၌မဖြစ်စေတတ်သော ခန္ဓာဓာတ်တို့ကို ပိုင်းခြားကြောင်း ဖြစ်သော တရားကို ဟောပြတော်မူ၏။

၃။ ထိုမြတ်စွာဘုရား တရားဟောတော်မူခြင်းကြောင့် (နတ်လူတို့၏ သစ္စာလေးပါးကို) သိခြင်းတို့သည်သုံးကြိမ်တို့ ဖြစ်ကုန်၏၊ (နတ်လူတို့၏) သစ္စာလေးပါးကို ထိုးထွင်းသိခြင်း သည် ဂဏန်းသချင်္ာအားဖြင့်မပြောဆိုနိုင်သော ရှေးဦးစွာသော သိခြင်း ဖြစ်လေ၏။

၄။ အကြင်အခါ ရေဝတမြတ်စွာဘုရားသည် အရိန္ဒမမင်းကို ဆုံးမတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်း ဖြစ်လေ၏။

၅။ လူတို့ထက်မြတ်သော မြတ်စွာဘုရားသည် ခုနစ်ရက်ပတ်လုံး တစ်ပါးတည်း ကိန်းအောင်းတော်မူရာ (နိရောဓသမာပတ်) မှ ထပြီးလျှင် ကုဋေတစ်ရာသော လူ, နတ်တို့ကို မြတ် သော ဖိုလ်၌တည်စေလျက် ဆုံးမတော်မူ၏။

၆။ ရေဝတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော (ဘဝမှ) ကောင်းစွာလွတ်မြောက်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်း အဝေးတို့သည်သုံးကြိမ်တို့တိုင်တိုင် ဖြစ်ကုန်၏။

၇။ ပထမအစည်းအဝေးသို့ ကြွရောက်သော ရဟန္တာတို့သည် ဂဏန်းစဉ် (အရေအတွက်) ကိုကျော်လွန်ကုန်၏၊ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ဒုတိယ (နှစ်ကြိမ်မြောက်) အစည်းအဝေး ဖြစ်၏။

၈။ ထိုမြတ်စွာဘုရား၏ တရားတည်းဟူသော စက်ကို လည်စေတော်မူသော ပညာ အားဖြင့် တူသောသူမရှိသော အကြင်အဂ္ဂသာဝကသည် (ရှိ၏)၊ ထိုအခါ ထိုအဂ္ဂသာဝကသည် မကျန်းမာသည် ဖြစ်၍အသက်ရှင်ခြင်း၌ ယုံမှားခြင်းသို့ ရောက်လေ၏။

၉။ ထိုအခါ ကုဋေတစ်ထောင်သော အကြင်ရဟန္တာရဟန်းတို့သည် ထိုအဂ္ဂသာဝကအား သူနာမေးခြင်းငှါကြွရောက်တော်မူလာကြကုန်၏၊ ထိုရဟန်းတို့၏ အစည်းအဝေးသည် တတိယ (သုံးကြိမ်မြောက်) အစည်းအဝေး ဖြစ်လေ၏။

၁၀။ ထိုအခါ ၌ ငါသည် ''အတိဒေဝ''မည်သော ပုဏ္ဏား (ဖြစ်၍) ရေဝတမြတ်စွာဘုရား (ထံ) သို့ချဉ်းကပ်ပြီးလျှင် ထိုမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့၏။

၁၁။ ငါသည် ထိုမြတ်စွာဘုရား၏ အမြတ်ဆုံးဖြစ်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာ ဂုဏ်ကိုစွမ်းအားရှိသမျှ ချီးမွမ်း၍ အပေါ်ရုံအဝတ်ကို ပေးလှူခဲ့၏။

၁၂။ လောက၏ ရှေ့သွား ဖြစ်တော်မူသော ထိုရေဝတမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏ - ''ဤကမ္ဘာမှ မရေတွက်နိုင်သော ကမ္ဘာ၌ ဤ (ပုဏ္ဏား) သည် ဘုရားဖြစ်လတ္တံ့'။

၁၃။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည် ခဲ့၏။

၁၅။ ထိုအခါ ၌လည်း ငါသည် ထိုဘုရားဖြစ်ကြောင်းပါရမီတရားကို အောက်မေ့၍ ငါသည်အကြင်ဘုရားအဖြစ်ကို ဆုတောင်း၏၊ ထိုဘုရားဖြစ်ကြောင်းပါရမီတရားကို ကျင့်ဆောင်တော့ အံ့ဟုအစဉ်ပွါးများစေခဲ့၏။

၁၆။ ရေဝတမြတ်စွာဘုရား၏ မြို့တော်သည် 'သုဓညဝတီ' မည်၏၊ ခမည်းတော်သည် 'ဝိပုလမင်း'မည်၏၊ မယ်တော်သည် 'ဝိပုလာမိဖုရား' မည်၏။

၁၇။ ထိုဘုရားအလောင်းတော်သည် အနှစ်ခြောက်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ အထူးတန်ဆာဆင်အပ်သော သုဒဿန, ရတနဂ္ဃိ, အာဝေဠဟူသော မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ဘုန်းကံကြောင့် ဖြစ်ပေါ်လျက် ရှိကုန်၏။

၁၈။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်းသုံးထောင်တို့သည် ရှိကုန်၏၊ မိဖုရားသည် 'သုဒဿနာ' မည်၏၊ သားတော်သည်'ဝရုဏ'မည်၏။

၁၉။ ဘုရား (အလောင်း) သည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တော ထွက်တော်မူ၏၊ မယုတ်မလျော့ ခုနစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းအားထုတ်ခြင်း လုံ့လကို အား ထုတ်တော်မူ၏။

၂၀။ ကြီးသော လုံ့လရှိတော်မူသော ရေဝတမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန် အပ်သည်ဖြစ်၍ ဝရုဏာရာမကျောင်းတိုက်တွင် အသရေရှိသော ကျောင်း၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၁။ ဝရုဏသည်လည်းကောင်း၊ ဗြဟ္မဒေဝသည်လည်းကောင်း ရေဝတမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် 'သမ္ဘဝ' မည်၏။

၂၂။ ဘဒ္ဒါသည်လည်းကောင်း၊ သုဘဒ္ဒါသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော တပည့်မ'အဂ္ဂသာဝိကာ' တို့ ဖြစ်ကုန်၏။ အတုမရှိသော ဘုရားတို့နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်း ကံ့ကော်ပင်ရင်း၌ ပွင့်တော်မူ၏။

၂၃။ ပဒုမသည်လည်းကောင်း၊ ကုဉ္ဇရသည်လည်းကောင်း နှစ်ယောက်သော ဒါယကာတို့ သည်မြတ်သော အလုပ်အကျွေး 'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ သိရီမာသည်လည်းကောင်း၊ ယသဝတီသည်လည်းကောင်း နှစ်ယောက်သော ဒါယိကာမတို့သည် မြတ်သော အလုပ်အကျွေး'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၂၄။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ရှစ်ဆယ်မြင့်လျက် 'စိုက်ထူအပ်သော သိကြားမင်း၏ (တံခွန်) မှန်ကင်းကဲ့သို့' အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၅။ ထိုမြတ်စွာဘုရား၏ ကိုယ်တော်၌ ဖြစ်သော အမြတ်ဆုံးရောင်ခြည်တော် ပန်းနွယ် သည်နေ့၌လည်းကောင်း၊ ညဉ့်၌လည်းကောင်း ထက်ဝန်းကျင် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့ လျက် ရှိပေ၏။

၂၆။ ထိုအခါ အသက်တမ်းသည် အနှစ်ခြောက်သောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၇။ (ထိုမြတ်စွာဘုရားသည် ) ဘုရားတို့၏ အားအစွမ်းကို ပြ၍ လောက၌ အမြိုက် နိဗ္ဗာန်ကိုဟောပြလျက် 'မီးစာကုန်ခြင်းကြောင့် ငြိမ်းသော မီးကဲ့သို့' စွဲလမ်းခြင်း'ဥပါဒါန်' မရှိဘဲပရိနိဗ္ဗာန်စံတော်မူလေပြီ။

၂၈။ ရွှေရတနာနှင့် တူသော ထိုကိုယ်တော်သည်လည်းကောင်း၊ အတုမရှိသော ထိုသဗ္ဗညုတဉာဏ်တရားတော်သည်လည်းကောင်း ရှိ၏။ ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့ လေပြီ၊ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၂၉။ အခြံအရံအကျော်အစောကို ဆောင်တော်မူသော ထိုရေဝတမြတ်စွာဘုရားသည် မြို့တော် (မဟာပုရ) ၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဓာတ်တော်သည် ထိုထိုအရပ်တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။ ။

ငါးခုမြောက် ရေဝတဗုဒ္ဓဝင် ပြီး၏။

------

၈-သောဘိတဗုဒ္ဓဝင်

၁။ ရေဝတမြတ်စွာဘုရား၏ နောက်အဖို့၌ သောဘိတမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ (ထိုမြတ်စွာဘုရားသည် ) တည်ကြည်တော်မူ၏၊ ငြိမ်သက်သောစိတ် ရှိတော် မူ၏၊ တူသောပုဂ္ဂိုလ်ရှိတော်မမူ၊ ပြိုင်ဘက်ပုဂ္ဂိုလ် ရှိတော်မမူ။

၂။ ထိုမြတ်စွာဘုရားသည် မိမိအိမ်တော်၌ စိတ်ကို ဆုတ်နစ်စေတော်မူပြီ၊ (ထိုအခါ ) အလုံးစုံသောသမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်၍ ဓမ္မစကြာကို ဟောတော်မူ၏။

၃။ တရားဟောတော်မူသော အခါ၌ အောက်အဝီစိမှ အထက်ဘဝဂ်တိုင်အောင်၊ အထက် ဘဝဂ်မှလည်းအောက်အဝီစိတိုင်အောင် ဤအတွင်း၌ တစ်ခုတည်းသော ပရိသတ်သည် ဖြစ်၏။

၄။ မြတ်စွာဘုရားသည် ထိုပရိသတ်၌ ဓမ္မစကြာကို ဟောတော်မူ၏၊ (ထိုအခါ သစ္စာ လေးပါးကိုသိခြင်းသည်) ဂဏန်းသချင်္ာအားဖြင့် မပြောဆိုနိုင်သော ရှေးဦးစွာ သိခြင်း ဖြစ် လေ၏။

၅။ ထိုမှ နောက်၌လည်း နတ်တို့၏ အစည်းအဝေး၌ တရားဟောတော်မူသည် ရှိသော် ကုဋေကိုးသောင်းသော နတ်ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၆။ နောက်တစ်ဖန် ရေမြေကို အစိုးရသော ''ဇယသေန'' မည်သော မင်းသားသည် အရံ (ကျောင်းတိုက်) ကို ဖန်ဆင်း၍ မြတ်စွာဘုရားအား အပ်နှင်းလှူဒါန်းလေ၏။

၇။ ထိုအခါ မြတ်စွာဘုရားသည် ထိုမင်းသား၏ အလှူကို ချီးမွမ်းလျက် တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေတစ်ထောင်သော နတ်လူတို့၏ (သစ္စာလေးပါးကို သိခြင်းသည်) သုံးကြိမ်မြောက် သိခြင်းဖြစ်လေ၏။

၈။ သောဘိတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည်သုံးကြိမ်တို့တိုင်တိုင် ဖြစ်ကုန်၏။

၉။ ဥဂ္ဂတမည်သော ထိုမင်းသည် မြတ်စွာဘုရားအား အလှူကို ပေးလှူ၏၊ ထိုအလှူ၌ (ရဟန္တာတို့၏) ကုဋေတစ်ရာတို့သည် အညီအညွတ် စည်းဝေးကုန်၏။

၁၀။ ထို့နောက် အသင်းအဖွဲ့အပေါင်းသည် မြတ်စွာဘုရားအား အလှူကို ပေးလှူပြန်၏၊ ထိုအခါ ကုဋေကိုးဆယ်သော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် ဖြစ်လေ၏။

၁၁။ အကြင်အခါ၌ မြတ်စွာဘုရားသည် နတ်ပြည်၌ သီတင်းသုံးပြီးလျှင် (ထိုနတ်ပြည်မှ) သက်ဆင်းတော်မူ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏ အစည်းအဝေးသည် သုံး ကြိမ်မြောက်ဖြစ်လေ၏။

၁၂။ ထိုအခါ ငါသည် သုဇာတမည်သော ပုဏ္ဏား (ဖြစ်ခဲ့၏)၊ ထိုအခါ တပည့်သာဝကနှင့် တကွဖြစ်သောမြတ်စွာဘုရားကို ဆွမ်း, အဖျော်ဖြင့် ရောင့်ရဲနှစ်သိမ့်စေခဲ့၏။

၁၃။ လောက၏ အကြီးအမှူးဖြစ်သော ထိုသောဘိတမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ်စကားမိန့်ကြားတော်မူ၏- ''ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ၌ ဤပုဏ္ဏားသည် ဘုရားဖြစ်လတ္တံ''။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)

၁၅။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ ငါသည် ရွှင်လန်းသောသူ တက် ကြွသောစိတ်ရှိသူဖြစ်၍ ထိုမြတ်စွာဘုရားဖြစ်ခြင်းဟူသော အကျိုးကို ရခြင်းငှါ ထက်မြက် သော လုံ့လဝီရိယကိုပြုခဲ့၏။

၁၆။ သောဘိတမြတ်စွာဘုရား၏ မြို့တော်သည် 'သုဓမ္မ'မည်၏၊ (ခမည်းတော်) မင်းသည်'သုဓမ္မ'အမည်ရှိ၍ မယ်တော်သည်လည်း 'သုဓမ္မာ'ပင် အမည်ရှိ၏။

၁၇။ ထိုဘုရားအလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး (ထီးနန်းကို) အုပ်စိုး၍ နေ၏၊ (ထိုဘုရားအလောင်းအား) ကုမုဒ, နာဠိန, ပဒုမအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၁၈။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်းသုံးသောင်းခုနစ်ထောင်တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) ထိုမိဖုရားသည် 'မဏိလာ' မည်၏၊ သားတော်သည် 'သီဟ'မည်၏။

၁၉။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက်တော် မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လအကျင့်ကို ကျင့်ပြီးလျှင် (ဘုရားအဖြစ်သို့ ရောက်တော်မူ၏)။

၂၀။ လောက၏ အကြီးအမှူးဖြစ်တော်မူသော သောဘိတမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ သုဓမ္မဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၁။ အသမသည်လည်းကောင်း၊ သုနေတ္တသည်လည်းကောင်း သောဘိတမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေး သည် 'အနောမ'မည်၏။

၂၂။ နကုလာသည်လည်းကောင်း၊ သုဇာတာသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော တပည့်မ'အဂ္ဂသာဝိကာ' တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရားသည် လည်း ပွင့်တော်မူ လတ်သော် ကံ့ကော်ပင်ရင်း၌ပွင့်တော်မူ၏။

၂၃။ ရမ္မသည်လည်းကောင်း၊ သုဒတ္တသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ နကုလာသည်လည်းကောင်း၊ စိတ္တာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၄။ မြတ်စွာဘုရားသည် ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်လျက် 'တက်သစ်သော နေမင်းကဲ့သို့'အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၅။ ကောင်းစွာ ပွင့်သော တောအုပ်ကြီးသည် အထူးထူးသော ရနံ့တို့ဖြင့် မွှေးထုံ သကဲ့သို့ ထို့အတူပင်ထိုမြတ်စွာဘုရား၏ စကားတော်သည် သီလရနံ့တို့ဖြင့် မွှေးထုံ၏။

၂၆။ သမုဒ္ဒရာမည်သည် ရှုကြည့်ခြင်းဖြင့် မရောင့်ရဲနိုင်သကဲ့သို့ ထို့အတူပင် ထိုမြတ်စွာ ဘုရား၏ စကားတော်သည် နာကြားခြင်းဖြင့် မရောင့်ရဲနိုင်ပေ။

၂၇။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၈။ ထိုမြတ်စွာဘုရားသည် ကြွင်းသောသူတို့ကို တစ်ကြိမ် ဆုံးမခြင်းကို လည်းကောင်း၊ အကြိမ်ကြိမ်ဆုံးမခြင်းကို လည်းကောင်း ပေး၍ 'မီးသည် ထွန်းတောက်ပ၍ ငြိမ်းသွားသကဲ့ သို့'တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန်စံတော်မူလေပြီ။

၂၉။ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းကောင်း၊ စွမ်းအားသို့ ရောက်သော ထိုတပည့်သာဝကတို့သည်လည်းကောင်း ထိုအားလုံးပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ် ပါလော။

၃၀။ သောဘိတမြတ်စွာဘုရားသည် သီဟာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူလေ၏၊ ထိုမြတ်စွာဘုရား၏ ဓာတ်တော်သည် ထိုထိုအရပ်တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။ ။

ခြောက်ခုမြောက် သောဘိတဗုဒ္ဓဝင် ပြီး၏။

------

၉-အနောမဒဿီဗုဒ္ဓဝင်

၁။ သောဘိတမြတ်စွာဘုရား၏ နောက်အဖို့၌ အနောမဒဿီမြတ်စွာဘုရားသည် ပွင့်တော် မူလေ၏၊ (ထိုမြတ်စွာဘုရားသည် ) အခြေနှစ်ချောင်းရှိသူ နတ်, လူတို့ထက် မြတ်တော်မူ၏၊ မနှိုင်းယှဉ်နိုင်သောအခြံအရံအကျော်အစော ရှိတော်မူ၏၊ တန်ခိုးကြီးတော်မူ၏၊ (သူတစ်ပါး တို့) မလွှမ်းမိုးနိုင်သောပုဂ္ဂိုလ်ဖြစ်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် အနှောင်အဖွဲ့'သံယောဇဉ်'အားလုံးကို ဖြတ်၍ ဘဝသုံးပါး တို့ကို ဖျက်ဆီးပြီးလျှင် ပြန်လည်ခြင်း မရှိရာ နိဗ္ဗာန်သို့ သွားကြောင်း ဖြစ်သော မဂ်တရား ကို နတ်လူတို့အားဟောတော်မူ၏။

၃။ ထိုမြတ်စွာဘုရားသည် မလှုပ်ချောက်ချားနိုင်သော သမုဒ္ဒရာနှင့်လည်း တူတော်မူပါပေ၏၊ ချဉ်းကပ်နိုင်ခဲသော တောင်နှင့်လည်း တူတော်မူပါပေ၏၊ အဆုံးမရှိသော ကောင်းကင်နှင့် လည်းတူတော်မူပါပေ၏၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်မင်းနှင့်လည်း တူတော်မူပါပေ၏။

၄။ သတ္တဝါတို့သည် ထိုမြတ်စွာဘုရားကို ဖူးမြင်ရကာမျှဖြင့်လည်း နှစ်သိမ့်ခြင်းတို့ ဖြစ်ကုန်၏၊ ထိုသတ္တဝါတို့သည် မြတ်စွာဘုရား၏ မြွက်ဆိုသော တရားစကားကို ကြားနာရ၍ အမြိုက်နိဗ္ဗာန်သို့ရောက်ကြကုန်၏။

၅။ ရှေးဦးစွာ (ဓမ္မစကြာ) တရားဟောရာ၌ ကုဋေတစ်ရာသော နတ်လူတို့သည် (သစ္စာ လေးပါးကို) သိကုန်၏၊ ထိုအခါ ထိုမြတ်စွာဘုရားအား (သတ္တဝါတို့၏ သစ္စာလေးပါးကို) သိခြင်းသည်ပြည့်စုံတိုးပွါးလျက် ရှိလေ၏။

၆။ ထို့နောက် (သစ္စာလေးပါးကို) သိစေသော နှစ်ကြိမ်မြောက် တရားဟောရာ၌ တရားမိုးရေပေါက်တို့ကို ရွာသည်ရှိသော် ကုဋေရှစ်ဆယ်သော နတ်, လူ, ဗြဟ္မာတို့သည် (သစ္စာ လေးပါးကို) သိကုန်၏။

၇။ ထို့နောက် သတ္တဝါတို့ကို နှစ်သက်စေလျက် တရားမိုးကို ရွာစေသည်ရှိသော် ခုနစ်ဆယ့်ရှစ်ကုဋေသောလူ, နတ်, ဗြဟ္မာတို့၏ သုံးကြိမ်မြောက် (သစ္စာလေးပါးကို) သိခြင်း ဖြစ်လေ၏။

၈။ ထိုမြတ်စွာဘုရားအားလည်း အဘိညာဉ်စွမ်းအားသို့ ရောက်ကုန်သော အရဟတ္တဖိုလ် ပန်းဖြင့်ပွင့်ကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့တိုင်တိုင် ဖြစ်ကုန်၏။

၉။ ထိုအခါ မာန်ယစ်ခြင်း, တွေဝေခြင်းကို ပယ်ပြီးကုန်သော ငြိမ်သက်သော စိတ်ရှိကုန် သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာရှစ်သိန်းတို့၏ အစည်းအဝေးသည် (ပထမအစည်းအဝေး) ဖြစ်လေ၏။

၁၀။ (ကိလေသာ) အညစ်အကြေး မရှိကုန်သော (ကိလေသာ) မြူ ကင်းကုန်သော ငြိမ် သက်ကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာခုနစ်သိန်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက်အစည်းအဝေး ဖြစ်လေ၏။

၁၁။ အဘိညာဉ်စွမ်းအားသို့ ရောက်ကုန်သော ငြိမ်းအေးကုန်သော (အရိယမဂ်) အကျင့် ရှိကုန်သောခြောက်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် အစည်း အဝေး ဖြစ်လေ၏။

၁၂။ ထိုအခါ ငါသည် တန်ခိုးကြီးသော ဘီလူး ဖြစ်ခဲ့၏၊ ကုဋေမက များစွာကုန်သော ဘီလူးတို့ကို မိမိအလိုသို့ လိုက်စေလျက် အစိုးရသော သူ ဖြစ်၏။

၁၃။ ထိုအခါ ၌လည်း ငါသည် သီလစသော ဂုဏ်ကို ရှာမှီးတော်မူသော ထိုဘုရားမြတ်သို့ ချဉ်းကပ်၍သံဃာနှင့် တကွသော မြတ်စွာဘုရားကို ဆွမ်း, အဖျော်ဖြင့် နှစ်သက်ရောင့်ရဲစေ ခဲ့၏။

၁၄။ ထိုအခါ အထူးစင်ကြယ်သော မျက်စိရှိတော်မူသော ထိုမြတ်စွာဘုရားသည် လည်း ငါ့ကိုဗျာဒိတ်စကား မိန့်ကြားတော်မူ၏-''ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ၌ ဤဘီလူး မင်းသည်ဘုရားဖြစ်လတ္တံ့''။

၁၅။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)

၁၆။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရသည်ရှိသော် ရွှင်လန်း သောသူတက်ကြွသောစိတ် ရှိသူဖြစ်၍ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကိုဆောက်တည်ခဲ့၏။

၁၇။ အနောမဒဿီမြတ်စွာဘုရား၏ မြို့တော်သည် 'စန္ဒဝတီ' မည်၏၊ (ခမည်းတော် သည်) 'ယသဝါမင်း'မည်၏၊ မယ်တော်သည် 'ယသောဓရာ'မည်၏။

၁၈။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) သိရီ, ဥပသိရီ, ဝဎ္ဍအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၁၉။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း နှစ်သောင်းသုံးထောင်တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် 'သိရိမာ' မည်၏၊ သားတော်သည် 'ဥပဝါဏ' မည်၏။

၂၀။ ဘုရား (လောင်း) သည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ထမ်းစင်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၁။ ကြီးသော လုံ့လရှိတော်မူသော ထိုအနောမဒဿီမြတ်စွာဘုရားသည် ဗြဟ္မာမင်းသည်တောင်းပန်အပ်သည်ဖြစ်၍ သုဒဿနဥယျာဉ်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၂။ နိသဘသည်လည်းကောင်း၊ အနောမသည်လည်းကောင်း အနောမဒဿီမြတ်စွာ ဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ် အကျွေးသည် 'ဝရုဏ' မည်၏။

၂၃။ သုန္ဒရီသည်လည်းကောင်း၊ သုမနာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို 'ထောက်ကြံ့ပင်'ဟူ၍ ခေါ် ဆိုအပ်၏။

၂၄။ နန္ဒိဝဎ္ဍသည်လည်းကောင်း၊ သိရိဝဎ္ဍသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ ဥပ္ပလာသည်လည်းကောင်း၊ ပဒုမာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၅။ မြတ်စွာဘုရားသည် ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရား၏ ရောင်ခြည်တော်သည် 'တက်သစ်သော နေမင်းကဲ့သို့' ပြေးသွား (ကွန့်မြူး) ၏။

၂၆။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၇။ တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန္တာတို့ကြောင့် မြတ်စွာဘုရား၏ စကားတော်သည် ကောင်းစွာပွင့်လင်း၏၊ မြတ်စွာဘုရားသာသနာတော်သည် (ကိလေသာ) အညစ်အကြေး ကင်း သော ရဟန္တာတို့ဖြင့်တင့်တယ်၏။

၂၈။ ထိုမနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစောရှိတော်မူသော မြတ်စွာဘုရားသည် လည်းကောင်း၊ အတူ မရှိကုန်သော ထို (အဂ္ဂသာဝက) အစုံတို့သည်လည်းကောင်း ထိုအားလုံး သည်ပင်ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၂၉။ မာရ်ငါးပါးကို အောင်မြင်တော်မူသော အနောမဒဿီမြတ်စွာဘုရားသည် ဓမ္မာရာမ ကျောင်းတိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုဓမ္မာရာမကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ ဘုရားစေတီ (ပုထိုး) တော်သည်အစောက်အားဖြင့် နှစ်ဆယ့်ငါးယူဇနာ မြင့်တော်မူ၏။ ။

ခုနစ်ခုမြောက် အနောမဒဿီဗုဒ္ဓဝင် ပြီး၏။

------

၁၀-ပဒုမဗုဒ္ဓဝင်

၁။ အနောမဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌ အမည်အားဖြင့် ပဒုမမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ (ထိုမြတ်စွာဘုရားသည် ) ခြေနှစ်ချောင်းရှိသူ နတ်, လူတို့ ထက် မြတ်တော်မူ၏၊ တုဘက်ကင်းသော ပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ ပြိုင်ဘက်မရှိသော ပုဂ္ဂိုလ် ဖြစ်တော်မူ၏။

၂။ ထိုမြတ်စွာဘုရား၏ သီလတော်သည်လည်း အတုမရှိပေ၊ သမာဓိတော်သည်လည်း အဆုံးမရှိပေ၊ ဉာဏ်တော်မြတ်သည်လည်း မရေတွက်နိုင်ပေ၊ အရဟတ္တဖိုလ် 'ဝိမုတ္တိ'သည် လည်း နှိုင်းယှဉ်စရာဥပမာမရှိပေ။

၃။ အတုမရှိ တန်ခိုးကြီးသော ထိုမြတ်စွာဘုရား၏ တရားစက်ကို လည်စေရာ အခါ၌ (နတ်လူတို့၏) ကြီးစွာသော အမိုက်မှောင်ကို ပယ်ဖျောက်တတ်သော (သစ္စာလေးပါးကို) သိခြင်းတို့သည်သုံးကြိမ်တို့တိုင်တိုင် ဖြစ်ကုန်၏။

၄။ မြတ်စွာဘုရားသည် ရှေးဦးစွာ (သစ္စာလေးပါးကို) သိစေရာ အခါ၌ ကုဋေတစ်ရာ သော သတ္တဝါအပေါင်းကို သိစေတော်မူ၏၊ မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက် (သစ္စာ လေးပါးကို) သိစေရာအခါ၌ ကုဋေကိုးဆယ်သော သတ္တဝါအပေါင်းကို သိစေတော်မူ၏။

၅။ အကြင်အခါ ပဒုမမြတ်စွာဘုရားသည် မိမိသားတော်ကို ဆုံးမတော်မူ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သောနတ်, လူ, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် ဖြစ်လေ၏။

၆။ ပဒုမမြတ်စွာဘုရား၏ (သာဝက) အစည်းအဝေးတို့သည် သုံးကြိမ်တို့တိုင်တိုင် ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ရှေးဦးစွာသော အစည်း အဝေး ဖြစ်ခဲ့၏။

၇။ ကထိန်ခင်းရာ အခါ၌ ကထိန်လျာသင်္ကန်း ဖြစ်ပေါ်လတ်သော် တရားစစ်သူကြီး ဖြစ်တော်မူသော သာလမထေရ်၏ အကျိုးငှါ ရဟန်းတို့သည် သင်္ကန်းချုပ်ကြကုန်၏။

၈။ ထိုအခါ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံ လျက်တန်ခိုးကြီးကုန်သော (ရန်သူတို့) မအောင်နိုင်ကုန်သော သုံးသိန်းသော ထိုရဟန်းတို့ သည်စည်းဝေးကြကုန်၏။

၉။ နောက်တစ်ဖန် ထိုမြတ်စွာဘုရားသည် တောအုပ်၌ ဝါကပ်တော်မူ၏၊ ထိုအခါ နှစ်သိန်းသောရဟန္တာတို့၏ အစည်းအဝေးသည် ဖြစ်လေ၏။

၁၀။ ထိုအခါ ငါသည် သားတို့သနင်းခြင်္သေ့မင်း ဖြစ်ခဲ့၏၊ တောအုပ်၌ ကင်းဆိတ်မှု (သမာပတ်) ကိုပွါးစေတော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရပေ၏။

၁၁။ ငါသည် (ထိုမြတ်စွာဘုရား၏ ) ခြေတော်တို့ကို ဦးတိုက်ရှိခိုး၍ ထိုမြတ်စွာဘုရားကို လက်ယာရစ်လှည့်ခြင်းကို ပြုလျက် သုံးကြိမ်ဟောက်ပြီးလျှင် ခုနစ်ရက်ပတ်လုံး မြတ်စွာ ဘုရားကို (ခစား) ဆည်းကပ်ခဲ့၏။

၁၂။ မြတ်စွာဘုရားသည် ခုနစ်ရက် (လွန်သဖြင့်) မြတ်သော သမာပတ်မှ ထ၍ စိတ်ဖြင့် သာလျှင်ကြံစည်လျက် တစ်ကုဋေသော ရဟန်းတို့ကို ခေါ်ဆောင်တော်မူ၏။

၁၃။ ထိုအခါ ထိုကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည် လည်း ထိုရဟန်း တို့၏ အလယ်၌ဗျာဒိတ်စကား မိန့်ကြားတော်မူ၏ -''ဤကမ္ဘာမှ မရေမတွက်နိုင်သော ကမ္ဘာ ၌ ဤခြင်္သေ့မင်းသည်ဘုရားဖြစ်လတ္တံ့'။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကိုု အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)

၁၅။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၆။ ပဒုမမြတ်စွာဘုရား၏ မြို့တော်သည် 'စမ္ပက'မည်၏၊ ခမည်းတော်သည် 'အသမမင်း' မည်၏၊ မယ်တော်သည် 'အသမာမိဖုရား'မည်၏။

၁၇။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) နန္ဒုတ္တရ, ဝသုတ္တရ, ယသုတ္တရအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၁၈။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်းသုံးထောင်တို့လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည်ကား 'ဥတ္တရာ' မည်၏၊ သားတော်သည် 'ရမ္မ' မည်၏။

၁၉။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၂၀။ လောက၏ ရှေ့သွားဖြစ်သော ပဒုမမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ် သည်ဖြစ်၍ဓနဉ္စဥယျာဉ်တော်မြတ်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၁။ သာလသည်လည်းကောင်း၊ ဥပသာလသည်လည်းကောင်း ပဒုမမြတ်စွာဘုရား၏ မြတ်သော တပည့်'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် 'ဝရုဏ'မည်၏။

၂၂။ ရာဓာသည်လည်းကောင်း၊ သုရာဓာသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ တပည့်မ'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို 'ကြောင်လျှာကြီး ပင်'ဟူ၍ခေါ်ဆိုအပ်၏။

၂၃။ ဘိယျသည်လည်းကောင်း၊ အသမသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်၏။ ရုစိသည်လည်းကောင်း၊ နန္ဒရာမာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၂၄။ မြတ်စွာဘုရားသည် ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရား၏ အတုမရှိသော ရောင်ခြည်တော်သည် အလုံးစုံသော အရပ်ရှစ်မျက်နှာတို့သို့ ပြေးသွား (ကွန့်မြူး) ၍ နေ၏။

၂၅။ လရောင်, နေရောင်, ရတနာရောင်, မီးရောင်, ပတ္တမြားရောင်ဟူသော ထိုအရောင်အားလုံးတို့သည်ပင် မြတ်စွာဘုရား ရောင်ခြည်တော်သို့ ရောက်လတ်သော် ကွယ်ပျောက်ကြရကုန်၏။

၂၆။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၇။ ထိုမြတ်စွာဘုရားသည် ဣန္ဒြေရင့်ကျက်သော သတ္တဝါတို့ကို အကြွင်းမဲ့အားဖြင့် (သစ္စာလေးပါးကို) သိစေ၍ ကြွင်းသော အခြားသတ္တဝါတို့ကို အကြိမ်ကြိမ် ဆုံးမပြီးလျှင် တပည့်သာဝကတို့နှင့်တကွပရိနိဗ္ဗာန်ပြုတော်မူလေ၏။

၂၈။ မြွေသည် အရေဟောင်းကို စွန့်သကဲ့သို့လည်းကောင်း၊ သစ်ပင်သည် အရွက် ဟောင်းကိုစွန့်သကဲ့သို့လည်းကောင်း ထိုမြတ်စွာဘုရားသည် အလုံးစုံသော သင်္ခါရတရားတို့ ကို စွန့်၍'မီးပုံကြီးကဲ့သို့' ငြိမ်းတော်မူလေ၏။

၂၉။ (သတ္တဝါတို့ကို ) ဆုံးမတော်မူတတ်သော ပဒုမမြတ်စွာဘုရားသည် ဓမ္မာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ (ထိုမြတ်စွာဘုရား၏ ) ဓာတ်တော်သည် ထိုထိုအရပ်တို့၌ ပျံ ့နှံ့လျက်ရှိလေသတည်း။ ။

ရှစ်ခုမြောက် ပဒုမဗုဒ္ဓဝင် ပြီး၏။

------

၁၁-နာရဒဗုဒ္ဓဝင်

၁။ ပဒုမမြတ်စွာဘုရား၏ နောက်အဖို့၌ အမည်အားဖြင့် နာရဒမည်သော မြတ်စွာ ဘုရားသည် ပွင့်တော်မူ၏၊ (ထိုမြတ်စွာဘုရားသည် ) အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူ၏၊ တုဘက်ကင်းသော ပုဂ္ဂိုလ် ဖြစ်တော်မူ၏၊ ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ် ဖြစ်တော်မူ၏။

၂။ စကြဝတေးမင်း၏ အကြီးဆုံး ရင်နှစ်သားတော်ချစ်ဖြစ်သော ထိုဘုရား (လောင်း) သည်ပုလဲသွယ်ပန်းတို့ဖြင့် တန်ဆာဆင်လျက် ဥယျာဉ်သို့ ချဉ်းကပ်လေ၏။

၃။ ထိုဥယျာဉ်၌ များစွာ ကျော်စောခြင်းရှိသော အလွန်လှပတင့်တယ်ကြီးကျယ်၍ စင်ကြယ်သောကြောင်လျှာနီပင်သည် ရှိလေ၏၊ ဘုရားအလောင်းတော်သည် ထိုသစ်ပင်သို့ ရောက်လတ်သော် ကြောင်လျှာနီပင်ကြီး၏ အောက်၌ ထိုင်နေ၏။

၄။ ထိုသစ်ပင်အောက်၌ ဝဇီရစိန်နှင့် တူသော အဆုံးမရှိသော (ဝိပဿနာ) ဉာဏ်တော် မြတ်သည်ဖြစ်ပေါ်လေ၏၊ ထိုဉာဏ်ဖြင့် (ထိုဘုရားအလောင်းသည်) သင်္ခါရတရားတို့ကို အပြန်အလှန် (အဖြစ်အပျက်ကို) စူးစမ်းဆင်ခြင်တော်မူ၏။

၅။ ထိုသစ်ပင်အောက်၌ အလုံးစုံသော ကိလေသာတို့ကို ဖျက်ဆီးတော်မူ၏၊ အလုံးစုံ သော (သမ္မာသမ္ဗောဓိ) ဉာဏ်သို့လည်းကောင်း၊ တစ်ဆယ့်လေးပါးသော မြတ်စွာဘုရားဉာဏ်တော်တို့သို့လည်းကောင်း ရောက်တော်မူ၏။

၆။ (ထိုမြတ်စွာဘုရားသည် ) သမ္မာသမ္ဗောဓိဉာဏ်သို့ ရောက်ပြီးလျှင် ဓမ္မစကြာတရားကို ဟောတော်မူ၏၊ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာ တို့၏ ရှေးဦးစွာသော (သစ္စာလေးပါး ကို) သိခြင်းသည်ဖြစ်လေ၏။

၇။ မြတ်စွာဘုရားသည် မဟာဒေါဏနဂါးမင်းကို ဆုံးမသည်ရှိသော် ထိုအခါ နတ်နှင့် တကွသောလူတို့ကို ကြည့်ရှုစေလျက် တန်ခိုးပြာဋိဟာကို ပြတော်မူ၏။

၈။ နတ်, လူ, ဗြဟ္မာတို့အား ထိုတရားကို ပြရာအခါ၌ ကုဋေကိုးသောင်းသော နတ်, လူ, ဗြဟ္မာတို့သည်အလုံးစုံသော ယုံမှားခြင်းကို လွန်မြောက်ကြကုန်၏။

၉။ အကြင်အခါ မြတ်စွာဘုရားသည် မိမိသားတော်ကို ဆုံးမတော်မူ၏၊ (ထိုအခါ) ကုဋေရှစ်သောင်းသော နတ်, လူ, ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် ဖြစ်လေ၏။

၁၀။ နာရဒမြတ်စွာဘုရားအား အစည်းအဝေးတို့သည် သုံးကြိမ်တို့တိုင်တိုင် ဖြစ်ကုန်၏၊ ရဟန္တာကုဋေတစ်သိန်းတို့၏ အစည်းအဝေးသည် ပထမအစည်းအဝေး ဖြစ်၏။

၁၁။ အကြင်အခါ မြတ်စွာဘုရားသည် ဘုရားရှင်တို့၏ ဂုဏ်နှင့် စပ်သော ဗုဒ္ဒဝင်ကို နိဒါန်းနှင့်တကွဟောပြတော်မူ၏၊ ထိုအခါ (ကိလေသာ) အညစ်အကြေး ကင်းသော ရဟန္တာ ကုဋေကိုးသောင်းတို့သည်စည်းဝေးကုန်၏။

၁၂။ အကြင်အခါ ဝေရောစနနဂါးမင်းသည် မြတ်စွာဘုရားအား အလှူကို ပေးလှူ၏၊ ထိုအခါမြတ်စွာဘုရားသားတော် ရှစ်သန်းတို့သည် စည်းဝေးကုန်၏။

၁၃။ ထိုအခါ ငါသည် ထက်သော အကျင့်ရှိသော ရသေ့ ဖြစ်ခဲ့၏၊ ကောင်းကင်၌ လှည့်လည်သွားလာနိုင်၏၊ အဘိညာဉ်ငါးပါးတို့၌ တစ်ဖက်ကမ်းသို့ ရောက်သူ ဖြစ်ခဲ့၏။

၁၄။ ထိုအခါ၌လည်း ငါသည် အတုမရှိသော ရှေးဘုရားတို့နှင့် တူတော်မူသော မြတ်စွာ ဘုရားကိုသံဃာနှင့်တကွ အခြံအရံလူဥပါသကာနှင့်တကွ ထမင်း, အဖျော်ဖြင့် နှစ်သိမ့်ရောင့်ရဲ စေ၍ စန္ဒကူးဖြင့်ရိုသေစွာ ပူဇော်ခဲ့၏။

၁၅။ ထိုအခါ ထိုနာရဒမြတ်စွာဘုရားသည် လည်း ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော် မူ၏ -''ဤကမ္ဘာမှမရေမတွက်နိုင်သော ကမ္ဘာ၌ ဤရသေ့သည် ဘုရားဖြစ်လတ္တံ့'။

၁၆။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၇။ ထိုမြတ်စွာဘုရားစကားကိုလည်း ကြားနာရ၍ စိတ်ကို ရွှင်လန်းစေလျက် ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ ထက်မြက်သော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၈။ နာရဒမြတ်စွာဘုရား၏ မြို့တော်သည် 'ဓညဝတီ' မည်၏၊ ခမည်းတော်သည် 'သုဒေဝမင်း'မည်၏၊ မယ်တော်သည် 'အနောမာမိဖုရား' မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဇိတာ, ဝိဇိတာ, အဘိရာမအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၂၀။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းသုံးထောင်တို့ သည်လည်းရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် 'ဝိဇိတသေနာ' မည်၏၊ သားတော် သည် 'နန္ဒုတ္တရ'မည်၏။

၂၁။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ခြေကျင်သွားသဖြင့် တော ထွက်တော်မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၂၂။ လောက၏ အကြီးအမှူးဖြစ်သော နာရဒမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန် အပ်သည်ဖြစ်၍ဓနဉ္စဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၃။ ဘဒ္ဒသာလသည်လည်းကောင်း၊ ဇိတမိတ္တသည်လည်းကောင်း နာရဒမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် 'ဝါသေဋ္ဌ' မည်၏။

၂၄။ ဥတ္တရာသည်လည်းကောင်း၊ ဖဂ္ဂုနီသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို မြတ်သော ကြောင်လျှာနီပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၅။ ဥဂ္ဂရိန္ဒသည်လည်းကောင်း၊ ဝသဘသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်၏။ ဣန္ဒာဝရီသည်လည်းကောင်း၊ ဝဏ္ဍီသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၆။ မြတ်စွာဘုရားသည် ရှစ်ဆယ့်ရှစ်တောင်တိုင်အောင် မြင့်တော်မူလျက် ရွှေတုရိုဏ်တိုင် နှင့်တူသည်ဖြစ်၍ လောကဓာတ်တစ်သောင်း၌ တင့်တယ်တော်မူ၏။

၂၇။ တစ်လံမျှလောက်သော 'ဗျာမပ္ပဘာ' ရောင်ခြည်တော်ကဲ့သို့သော ရောင်ခြည်တော် သည်ထိုမြတ်စွာဘုရား၏ ကိုယ်တော်မှ (ထွက်၍) အရပ်မျက်နှာတိုင်းသို့ ပြေးသွား (ကွန့်မြူး) ၏၊ နေ့, ညဉ့်မပြတ် အခါခပ်သိမ်း တစ်ယူဇနာတိုင်အောင် ပျံ့နှံ့၏။

၂၈။ ထိုအခါ ပတ်ဝန်းကျင် တစ်ယူဇနာအတွင်းရှိ အချို့လူတို့သည် မြတ်စွာဘုရား ရောင်ခြည်တော်ဖြင့်လွှမ်းမိုးကုန်သည်ဖြစ်၍ မီးရှူးမီးတိုင်တို့ကို မထွန်းညှိရကုန်။

၂၉။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၃၀။ ကောင်းကင်သည် ကြယ်တာရာတို့ဖြင့် ဆန်းကြယ်လျက် တင့်တယ်သကဲ့သို့ ထို့ အတူပင်ထိုမြတ်စွာဘုရား၏ သာသနာတော်သည် ရဟန္တာတို့ဖြင့် တင့်တယ်ပေ၏။

၃၁။ ထိုမြတ်စွာဘုရားသည် ကြွင်းသော ကျင့်ဆဲပုဂ္ဂိုလ်တို့ကို သံသရာရေအလျဉ်ကို ကူးမြောက်စေခြင်းငှါမဂ်တရားတည်းဟူသော တံတားကို မြဲမြံစွာ တည်ဆောက်၍ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။

၃၂။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းကောင်း၊ ထိုအတုမရှိသော တန်ခိုးကြီးသော ရဟန္တာတို့သည်လည်းကောင်း ထိုအားလုံးပင် ကွယ်ပျောက်ခဲ့လေပြီ။ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ် ပါလော။

၃၃။ နာရဒမြတ်စွာဘုရားသည် သုဒဿနမြို့၌ ပရိနိဗ္ဗာန်ပြုတော်မူလေ၏၊ တိုမြို့၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည် လေးယူဇနာတိုင်အောင် မြင့်လျက် တည်ရှိလေ သတည်း။ ။

ကိုးခုမြောက် နာရဒဗုဒ္ဓဝင် ပြီး၏။

------

၁၂-ပဒုမုတ္တရဗုဒ္ဓဝင်

၁။ နာရဒမြတ်စွာဘုရား၏ နောက်အဖို့၌ ပဒုမုတ္တရမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ (ထိုမြတ်စွာဘုရားသည် ) အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူ၏၊ အခြေနှစ်ချောင်းရှိသူနတ်လူတို့ထက် မြတ်တော်မူ၏၊ (သူတစ်ပါးတို့) မချောက် ချားစေနိုင်သော သမုဒ္ဒရာနှင့် တူတော်မူ၏။

၂။ အကြင် (သာရ) ကမ္ဘာ၌ (ပဒုမုတ္တရ) မြတ်စွာဘုရားသည် ပွင့်တော်မူ၏၊ ထိုကမ္ဘာ၌ များပြားသောကုသိုလ်ရှိသော လူအပေါင်းသည် ဖြစ်လေ၏၊ ထို (သာရ) ကမ္ဘာသည် မဏ္ဍ ကမ္ဘာကဲ့သို့ ဖြစ်လေ၏။

၃။ ပဒုမုတ္တရမြတ်စွာဘုရား ရှေးဦးစွာ ဓမ္မစကြာတရားဟောရာ၌ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ သစ္စာလေးပါးတရားကို သိခြင်းသည် ဖြစ်လေ၏။

၄။ ထို့နောက် သတ္တဝါတို့ကို နှစ်သိမ့်ရောင့်ရဲစေလျက် တရားမိုးကို ရွာစေသည်ရှိသော် ့သုံးသန်းခုနစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ် မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ အကြင်အခါ မြတ်စွာဘုရားသည် (ခမည်းတော်) အာနန္ဒာမင်းထံသို့ ချဉ်းကပ်တော် မူ၏၊ ခမည်းတော်အထံသို့ ချဉ်းကပ်ပြီးလျှင် အမြိုက်စည်ကြီးကို ရိုက်တီးတော်မူလေ၏။

၆။ အမြိုက်စည်ကြီးကို ရိုက်တီးလျက် တရားမိုးကို ရွာစေသည်ရှိသော် ငါးသန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၇။ အလုံးစုံသော သတ္တဝါတို့ကို ဆုံးမတော်မူတတ်သော (သစ္စာလေးပါးကို) သိစေတော် မူတတ်သောကယ်တင်တော်မူတတ်သော (ဟောကြားမှု) ဒေသနာ၌ လိမ္မာတော်မူသော မြတ်စွာ ဘုရားသည် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၈။ ပဒုမုတ္တရမြတ်စွာဘုရား၏ (သာဝက) အစည်းအဝေးတို့သည် သုံးကြိမ်တို့တိုင်တိုင် ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ပထမအစည်းအဝေး ဖြစ်လေ၏။

၉။ အကြင်အခါ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော မြတ်စွာဘုရားသည် ဝေဘာရတောင်၌ နေတော်မူ၏၊ (ထိုအခါ) ကုဋေကိုးသောင်းသော ရဟန္တာတို့၏ အစည်း အဝေးသည်နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၁၀။ တစ်ဖန် မြတ်စွာဘုရားသည် ဒေသစာရီ လှည့်လည်တော်မူလတ်သော် ရွာ, နိဂုံး, တိုင်းနိုင်ငံတို့မှ (ထွက်၍ ရဟန်းပြုသော) ကုဋေရှစ်သောင်းသော ရဟန္တာတို့၏ အစည်း အဝေးသည် သုံးကြိမ်မြောက်အစည်းအဝေး ဖြစ်လေ၏။

၁၁။ ထိုအခါ ငါသည် ဟံသာဝတီပြည်သား ဇဋိလမည်သော (သူဌေး ဖြစ်၍) မြတ်စွာ ဘုရားအမှူးရှိသောသံဃာအား ဆွမ်းနှင့် တကွသော (သင်္ကန်းလျာ) ပုဆိုးကို ပေးလှူခဲ့၏။

၁၂။ ထိုမြတ်စွာဘုရားသည် လည်း သံဃာ့အလယ်၌ ထိုင်နေ၍ (ဤသူဌေးသည် ဤ ကမ္ဘာမှကမ္ဘာတစ်သိန်းထက်၌ ဘုရားဖြစ်လတ္တံ့ဟု) ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၃။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ လွန်ကဲသော အကျင့်ကို ဆောက် တည်ခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ အလွန် မြဲမြံသော လုံ့လဝီရိယကို ပြုခဲ့၏။

၁၅။ ထိုအခါ တိတ္ထိအားလုံးတို့သည် ဆင်းရဲပင်ပန်းသော စိတ်ရှိကုန်လျက် (မာန်တက် ခြင်းမှ) ကင်းပျောက်ကြလေကုန်၏၊ အနည်းငယ်သော သူတို့သော် မှလည်း ထိုတိတ္ထိတို့အားမလုပ်ကျွေးတော့ကုန်၊ ထိုတိတ္ထိတို့ကို တိုင်းနိုင်ငံမှ နှင်ထုတ်ကြကုန်၏။

၁၆။ ထိုအခါ (တိတ္ထိ) အားလုံးတို့သည် အညီအညွတ်လာ၍ မြတ်စွာဘုရားထံ၌ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား အရှင်ဘုရားသည် (ကျွန်ုပ်တို့၏) ကိုးကွယ်ရာပါတည်း၊ ပညာစက္ခုရှိတော်မူသော မြတ်စွာဘုရား (ကျွန်ုပ်တို့၏) ကိုးကွယ်ရာ ဖြစ်တော်မူပါဟု ချဉ်းကပ်ကြလေကုန်၏။

၁၇။ အလုံးစုံသော သတ္တဝါတို့ကို အစဉ်စောင့်ရှောက်တော်မူတတ်သော သနားခြင်း'ကရုဏာ'ရှိတော်မူသော (သတ္တဝါတို့၏) အစီးအပွါးကို ရှာမှီးတော်မူသော မြတ်စွာဘုရားသည် ရောက်လာသော တိတ္ထိအားလုံးတို့ကို ငါးပါးသီလ၌ တည်စေတော်မူ၏။

၁၈။ ဤနည်းအားဖြင့် ထိုမြတ်စွာဘုရားသာသနာတော်သည် တိတ္ထိတို့နှင့် ရောယှက်ခြင်း မရှိဘဲ (တိတ္ထိတို့မှ) ဆိတ်သုဉ်းခဲ့လေ၏၊ ဝသီဘော်သို့ ရောက်လျက် တာဒိဂုဏ်နှင့် ပြည့်စုံ သော ရဟန္တာတို့ဖြင့်ဆန်းကြယ်လျက် ရှိလေ၏။

၁၉။ ပဒုမုတ္တရမြတ်စွာဘုရား၏ မြို့တော်သည် 'ဟံသာဝတီ'မည်၏၊ (ခမည်းတော်) သည်'အာနန္ဒာမင်း'မည်၏၊ မယ်တော်သည် 'သုဇာတာမိဖုရား'မည်၏။

၂၀။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) နရဝါဟန, ယသဝါဟန, ဝသဝတ္တီအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၂၁။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းသုံးထောင်တို့လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် 'ဝသုဒတ္တာ'မည်၏၊ သားတော်သည် 'ဥတ္တမ' မည်၏။

၂၂။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက်တော်မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူရ၏။

၂၃။ ကြီးသော လုံ့လရှိတော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် ဗြဟ္မာမင်းသည်တောင်းပန်အပ်သည်ဖြစ်၍ မိထိလာဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၄။ ဒေဝလသည်လည်းကောင်း၊ သုဇာတသည်လည်းကောင်း ပဒုမုတ္တရမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် 'သုမန'မည်၏။

၂၅။ အမိတာသည်လည်းကောင်း၊ အသမာသည်လည်းကောင်း မြတ်သောတပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ထင်းရှူးပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၆။ ဝိတိဏ္ဏသည်လည်းကောင်း၊ တိဿသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ ဟဋ္ဌာသည်လည်းကောင်း၊ ဝိစိတ္တာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၂၇။ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်လျက် ရွှေတုရိုဏ်တိုင်တော်နှင့် တူတော် မူ၏။

၂၈။ တံတိုင်း, တံခါးရွက်, နံရံ, သစ်ပင်, နဂခေါ် ကျောက်တောင်တို့သည် ထိုမြတ်စွာ ဘုရားအားပိတ်ပင်တာဆီးခြင်း မရှိကုန်၊ ထက်ဝန်းကျင် တစ်ဆယ့်နှစ်ယူဇနာ၌ ထိုမြတ်စွာ ဘုရား၏ ရောင်ခြည်တော်သည် ပျံ့နှံ့လျက် တည်ရှိ၏။

၂၉။ ထိုအခါ အသက်တမ်းသည် အနှစ်တစ်သိန်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို (နိဗ္ဗာန်သို့) ကယ်တင်တော်မူ၏။

၃၀။ ထိုမြတ်စွာဘုရားသည် များစွာသော သတ္တဝါကို ကယ်တင်၍ အလုံးစုံသော ယုံမှားခြင်းကို ဖျက်ဆီးပြီးလျှင် 'မီးပုံကြီးကဲ့သို့' တောက်ပ၍ တပည့်သာဝကနှင့် တကွ ပရိနိဗ္ဗာန်စံတော်မူ၏။

၃၁။ မာရ်ငါးပါးကို အောင်တော်မူသော ပဒုမုတ္တရမြတ်စွာဘုရားသည် နန္ဒာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုနန္ဒာရာမကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည်တစ်ဆယ့်နှစ်ယူဇနာ မြင့်လျက် တည်ရှိလေသတည်း။ ။

ဆယ်ခုမြောက် ပဒုမုတ္တရဗုဒ္ဓဝင် ပြီး၏။

------

၁။ သာရကမ္ဘာ - ဘုရားတစ်ဆူသာ ပွင့်သော ကမ္ဘာ၊

†††† မဏ္ဍကမ္ဘာ - ဘုရားနှစ်ဆူ ပွင့်သော ကမ္ဘာ၊

†††† ဝရကမ္ဘာ - ဘုရားသုံးဆူ ပွင့်သော ကမ္ဘာ၊

†††† သာရမဏ္ဍကမ္ဘာ - ဘုရားလေးဆူ ပွင့်သော ကမ္ဘာ၊

†††† ဘဒ္ဒကမ္ဘာ - ဘုရားငါးဆူ ပွင့်သော ကမ္ဘာ-ဟု ကမ္ဘာငါးမျိုး ရှိသည်။

၁၃-သုမေဓဗုဒ္ဓဝင်

၁။ ပဒုမုတ္တရမြတ်စွာဘုရား၏ နောက်အဖို့၌ သုမေဓမည်သော မြတ်စွာဘုရားသည် ပွင့် တော်မူလေ၏၊ ထိုမြတ်စွာဘုရား (ထိပါးရန်) ချဉ်းကပ်ဝံ့သောသူ ရှိတော်မမူ၊ ထက်မြက်သော တန်ခိုးရှိတော်မူ၏၊ အလုံးစုံသော လောကထက် မြတ်တော်မူပါပေ၏။

၂။ (ထိုမြတ်စွာဘုရားသည် ) ကြည်လင်သော မျက်လုံး ရှိတော်မူ၏၊ လှပတင့်တယ်သောမျက်နှာရှိတော်မူ၏၊ ကြီးကျယ်ဖြောင့်စင်း ထွန်းလင်းသော ကိုယ် 'ကာယ' ရှိတော်မူ၏၊ အလုံး စုံသောသတ္တဝါတို့၏ အစီးအပွါးကို ရှာမှီးတော်မူတတ်၏၊ များစွာသော သတ္တဝါတို့ကို အနှောင်အဖွဲ့'သံယောဇဉ်' မှ လွတ်မြောက်စေတော်မူ၏။

၃။ အကြင်အခါ မြတ်စွာဘုရားသည် အလုံးစုံသော မြတ်သော ဗောဓိဉာဏ်တော်သို့ ရောက်တော်မူ၏၊ ထိုအခါ သုဒဿနမြို့တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၄။ ထိုမြတ်စွာဘုရား၏ တရားဟောပြမှုကြောင့် (သတ္တဝါတို့၏) သစ္စာလေးပါးကို သိခြင်း တို့သည်လည်းသုံးကြိမ်ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ သစ္စာ လေးပါးကို သိခြင်းသည်ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၅။ နောက်တစ်ဖန် ထိုမြတ်စွာဘုရားသည် ကုမ္ဘကဏ္ဏဘီလူးကို ဆုံးမတော်မူ၏၊ (ထိုအခါ) ကုဋေကိုးသောင်းသော လူ, နတ်, ဗြဟ္မာတို့၏ သစ္စာလေးပါးကို သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ နောက်တစ်ဖန် မနှိုင်းယှဉ်အပ်သော ကျော်စောခြင်း ရှိတော်မူသော မြတ်စွာဘုရား သည်သစ္စာလေးပါးကို ပြတော်မူ၏၊ (ထိုအခါ) ကုဋေရှစ်သောင်းသော လူ, နတ်, ဗြဟ္မာတို့၏ သစ္စာလေးပါးကိုသိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၇။ သုမေဓမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေးကင်းကုန်သော ငြိမ်သက်သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏။

၈။ အကြင်အခါ မြတ်စွာဘုရားသည် သုဒဿနမည်သော မြို့သို့ ချဉ်းကပ်တော်မူ၏၊ ထိုအခါကုဋေတစ်ရာသော ရဟန္တာရဟန်းတို့သည် (ရှေးဦးစွာ) စည်းဝေးကြကုန်၏။

၉။ နောက်တစ်ဖန် ဒေဝကူဋတောင်ဝယ် ကထိန်ခင်းရာ ထိုအခါ၌ ကုဋေကိုးဆယ်သော ရဟန်းတို့၏အစည်းအဝေးသည် နှစ်ကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၀။ နောက်တစ်ဖန် အကြင်အခါ၌ မြတ်စွာဘုရားသည် ဒေသစာရီကို လှည့်လည်တော် မူ၏၊ ထိုအခါကုဋေရှစ်ဆယ်သော ရဟန်းတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၁။ ထိုအခါ ငါသည် ဥတ္တရမည်သော လုလင် (ဖြစ်၍) ငါ၏ အိမ်၌ သိုမှီးသိမ်းဆည်း ထားသောဥစ္စာသည် ကုဋေရှစ်ဆယ်တို့ ဖြစ်ကုန်၏။

၁၂။ သံဃာနှင့်တကွသော မြတ်စွာဘုရားအား ဥစ္စာအားလုံးကို အကြွင်းမဲ့ လှူဒါန်းပြီး လျှင်ထိုမြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့၏၊ ရဟန်းအဖြစ်ကိုလည်း အလွန် နှစ်သက် (ရဟန်းပြုခဲ့၏)။

၁၃။ ထိုမြတ်စွာဘုရားသည် လည်း အနုမောဒနာပြုလျက် ဤလုလင်သည် ကမ္ဘာ သုံးသောင်းထက်၌ဘုရားဖြစ်လတ္တံ့ဟု ငါ့ကို ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလို၏ (ဟု ဆုတောင်းကုန်၏)။

၁၅။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၆။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမအားလုံးကိုလည်းကောင်း သင်ကြား၍ မြတ်စွာဘုရားသာသနာကို တင့်တယ်စေခဲ့၏။

၁၇။ ငါသည် ထိုမြတ်စွာဘုရား သာသနာတွင် ထိုင်ခြင်း, ရပ်ခြင်း, စင်္ကြံသွားခြင်း၌မမေ့မလျော့နေသည်ရှိသော် အဘိညာဉ်တို့၌ အပြီးအဆုံးသို့ ရောက်၍ ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့၏။

၁၈။ သုမေဓမြတ်စွာဘုရား၏ မြို့တော်သည် 'သုဒဿန' မည်၏၊ ခမည်းတော်သည် 'သုဒတ္တမင်း'မည်၏၊ မယ်တော်သည် 'သုဒတ္တာမိဖုရား' မည်၏။

၁၉။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စို်း၍ နေ၏၊ (ထိုဘုရားလောင်းအား) သုစန္ဒ, ကဉ္စန, သိရိဝဎ္ဍုနအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၂၀။ (ထိုဘုရားလောင်းအား) ကောင်းစွာ တန်ဆာဆင်ထားသော မောင်းမပေါင်း လေးသောင်းရှစ်ထောင်တို့သည် ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည်ကား 'သုမနာ' မည်၏၊ သားတော်သည် 'ပုနဗ္ဗသု (မိတ္တ) 'မည်၏။

၂၁။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့သော လ, ဝက်ပတ်လုံး (ကမ္မဋ္ဌာန်းစီးဖြန်းခြင်း) လုံ့လကို အားထုတ်တော်မူ၏။

၂၂။ လောက၏ အကြီးအမှူးဖြစ်သော သုမေဓမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်းပန် အပ်သည်ဖြစ်၍သုဒဿနဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၃။ သရဏသည်လည်းကောင်း၊ သဗ္ဗကာမသည်လည်းကောင်း သုမေဓမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် 'သာဂရ' မည်၏။

၂၄။ ရာမာသည်လည်းကောင်း၊ သုရာမာသည်လည်းကောင်း (သုမေဓမြတ်စွာဘုရား၏ ) မြတ်သောတပည့်မ 'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို တမာကြီးပင်ဟူ၍ခေါ်ဆိုအပ်၏။

၂၅။ ဥရုဝေလာသည်လည်းကောင်း၊ ယသဝါသည်လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ ယသောဓရာသည်လည်းကောင်း၊ သိရိမာ သည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၂၆။ မြတ်စွာဘုရားသည် ရှစ်ဆယ့်ရှစ်တောင်တိုင်အောင် မြင့်တော်မူ၏၊ 'ကြယ်တာရာ အပေါင်းတို့၏အလယ်၌ လမင်းကဲ့သို့' အရပ်မျက်နှာအားလုံးတို့ကို ထွန်းလင်းစေတော်မူ၏။

၂၇။ စကြဝတေးမင်း၏ ပတ္တမြားမည်သည် တစ်ယူဇနာတိုင်အောင် ထွန်းလင်းတောက်ပ သကဲ့သို့ထို့အတူပင် ထိုမြတ်စွာဘုရား၏ ရောင်ခြည်တော်ရတနာသည် ထက်ဝန်းကျင် တစ်ယူဇနာတိုင်အောင်ပျံ ့နှံ့၏။

၂၈။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၉။ ဤသာသနာတော်သည် ဝိဇ္ဇာသုံးပါး, အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံကုန်သော တန်ခိုးစွမ်းအားသို့ရောက်ကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာသူတော်ကောင်း တို့ဖြင့် ကောင်းစွာရောပြွမ်းလျက် ရှိလေ၏။

၃၀။ မနှိုင်းယှဉ်နှိုင်သော အခြံအရံ အကျော်အစောရှိကုန်သော ကိလေသာမှ ကင်းလွတ် ကုန်သောဥပဓိလေးပါး မရှိကုန်သော ထိုရဟန္တာအားလုံးတို့သည်ပင် ဉာဏ်အလင်းရောင်ကို ပြုပြီး၍ များမြတ်သောအခြံအရံ အကျော်အစောရှိသော ထိုဘုရားရဟန္တာတို့သည် ပရိနိဗ္ဗာန် ပြုတော်မူကုန်ပြီ။

၃၁။ (သစ္စာလေးပါးကို) သိတော်မူသော သုမေဓမြတ်စွာဘုရားသည် မေဓာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဓာတ်တော်သည် ထိုထိုအရပ်တို့၌ ပျံ ့နှံ့လျက် ရှိလေ သတည်း။ ။

တစ်ဆယ့်တစ်ခုမြောက် သုမေဓဗုဒ္ဓဝင် ပြီး၏။

------

၁၄-သုဇာတဗုဒ္ဓဝင်

၁။ ထိုမဏ္ဍကမ္ဘာ၌ပင် သုဇာတမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထို မြတ်စွာဘုရားသည် 'ခြင်္သေ့မင်း၏ မေးကဲ့သို့' မေးရှိတော်မူ၏၊ ' (နွားလား) ဥသဘပခုံးကဲ့သို့' ပခုံးရှိတော်မူ၏၊ မနှိုင်းယှဉ်နိုင်သောဂုဏ် ရှိတော်မူ၏၊ (ထိပါးရန်) ချဉ်းကပ်ဝံ့သူ ရှိတော် မမူချေ။

၂။ အညစ်အကြေး ကင်းလျက် စင်ကြယ်သော လမင်းကဲ့သို့လည်းကောင်း၊ ထွန်းလင်း တောက်ပသောနေမင်းကဲ့သို့လည်းကောင်း ဤအတူ မြတ်စွာဘုရားသည် အသရေဖြင့် အခါ ခပ်သိမ်း တောက်ပလျက်တင့်တယ်တော်မူ၏။

၃။ မြတ်စွာဘုရားသည် အလုံးစုံသော မြတ်သော ဗောဓိဉာဏ်တော်သို့ ရောက်၍ သုမင်္ဂလမြို့တော်၌ဓမ္မစကြာကို ဟောတော်မူ၏။

၄။ သုဇာတမြတ်စွာဘုရားသည် မြတ်သော တရားကို ဟောတော်မူသည်ရှိသော် ရှေးဦး စွာဓမ္မစကြာတရားဟောရာ၌ ကုဋေရှစ်ဆယ်သော လူ, နတ်, ဗြဟ္မာတို့သည် (သစ္စာလေးပါး ကို) သိကြလေကုန်၏။

၅။ အကြင်အခါ မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစောရှိတော်မူသော သုဇာတမြတ်စွာဘုရားသည် နတ်ပြည်၌ ဝါကပ်တော်မူ၏၊ (ထိုအခါ) သုံးသန်းခုနစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ အကြင်အခါ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူသော သုဇာတမြတ်စွာ ဘုရားသည် ခမည်းတော်အထံသို့ ချဉ်းကပ်တော်မူ၏၊ (ထိုအခါ) ခြောက်သန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၇။ သုဇာတမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏။

၈။ အဘိညာဉ်စွမ်းအားသို့ ရောက်လျက် ဘဝကြီးငယ်၌ မဖြစ်မရောက်လတ္တံ့သော ခြောက်သန်းသောထိုရဟန္တာတို့သည် ရှေးဦးစွာ စည်းဝေးကြကုန်၏။

၉။ ထို့နောက် မြတ်စွာဘုရား၏ တာဝတိံသာနတ်ပြည်မှ ဆင်းသက်ရာ အစည်းအဝေး၌ ငါးသန်းသောရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၁၀။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝကသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်တော်မူသည် ရှိသော် လေးသိန်းသော ရဟန္တာတို့နှင့်အတူ မြတ်စွာဘုရားသို့ ချဉ်းကပ်တော်မူ၏၊ (ထိုအခါတတိယအစည်းအဝေး ဖြစ်လေ၏)

၁၁။ ထိုအခါ ငါသည် လေးကျွန်းလုံးကို အစိုးရသော ကောင်းကင်၌ လှည့်လည်နိုင်သော စစ်သည်ဗိုလ်ပါများစွာရှိသော စကြဝတေးမင်း ဖြစ်ခဲ့၏။

၁၂။ ထိုငါသည် လောက၌ အံ့ဖွယ်ရှိသော ကြက်သီးမွေးညင်းကို ထစေတတ်သောသုဇာတမြတ်စွာဘုရားကို ဖူးမြင်၍ ချဉ်းကပ်လျက် ရှိခိုးခဲ့၏။

၁၃။ လေးကျွန်းလုံး၌ မြတ်သော မင်းအဖြစ်ကိုလည်းကောင်း၊ မြတ်သော ရတနာခုနစ်ပါးတို့ကို လည်းကောင်း မြတ်စွာဘုရားအား အပ်နှင်းလှူဒါန်း၍ ထိုမြတ်စွာဘုရား၏ အထံ ၌့ရဟန်းပြုခဲ့၏။

၁၄။ အရံစောင့် (ကပ္ပိယ) တို့သည် ဇနပုဒ် (မြို့နယ်ခရိုင်) (တစ်ကျွန်းလုံး) ၌ ထွက်သော အခွန်အတုတ်ကိုစုပေါင်း၍ ရဟန်းသံဃာ၏ ပစ္စည်းလေးပါးအကျိုးငှါ ကျောင်းသို့ ပို့ဆောင် လှူဒါန်းကြကုန်၏။

၁၅။ လောကဓာတ်တစ်သောင်း၌ အစိုးရသော ထိုမြတ်စွာဘုရားသည် လည်း ငါ့ကို ဤစကြဝတေးမင်းသည် ကမ္ဘာသုံးသောင်းထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၆။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၇။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ ငါသည် အလွန်ရွှင်လန်းခြင်းကို ဖြစ်စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ ထက်မြက်သော အကျင့်ကို ဆောက်တည် ခဲ့၏။

၁၈။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရားအဆုံးအမတော် အားလုံးကိုလည်းကောင်း သင်ကြား၍ မြတ်စွာဘုရားသာသနာ တော်ကိုတင့်တယ်စေခဲ့၏။

၁၉။ ငါသည် ထိုမြတ်စွာဘုရားသာသနာ၌ မမေ့မလျော့ဘဲ နေလျက် ဗြဟ္မဝိဟာရဘာဝနာ ကို ပွါး၍အဘိညာဉ်တို့၌ အပြီးအဆုံးသိုု့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည်သို့ ရောက်ခဲ့၏။

၂၀။ သုဇာတမြတ်စွာဘုရား၏ မြို့တော်သည် 'သုမင်္ဂလ' မည်၏၊ ခမည်းတော်သည် 'ဥဂ္ဂတမင်း'မည်၏၊ မယ်တော်သည် 'ပဘာဝတီမိဖုရား'မည်၏။

၂၁။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) သိရီ, ဥပသိရီ, နန္ဒအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင်တို့ သည် ရှိကုန်၏။

၂၂။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း နှစ်သောင်းသုံးထောင်တို့သည် လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် 'သိရိနန္ဒာ' မည်၏၊ သားတော်သည် 'ဥပသေန' မည်၏။

၂၃။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၄။ လောက၏ အကြီးအမှူးဖြစ်တော်မူသော သုဇာတမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်းပန်အပ်သည်ဖြစ်၍ သုမင်္ဂလဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၅။ သုဒဿနသည်လည်းကောင်း၊ သုဒေဝသည်လည်းကောင်း သုဇာတမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် 'နာရဒ'မည်၏။

၂၆။ နာဂါသည်လည်းကောင်း၊ နာဂသမာလာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို မြတ်သော ကြခတ်ဝါးဟူ၍ ခေါ်ဆိုအပ်၏။

၂၇။ ထိုကြခတ်ဗောဓိပင်သည်ကား တစ်ခဲနက် (စိမ်းညိုသော) အရောင်ရှိ၏၊ သေးငယ် သောအပေါက်ရှိ၏၊ အရွက်တို့ဖြင့် ဖုံးအုပ်လျက် ရှိ၏၊ ဖြောင့်မတ်သော ဝါးပင်သည် ကြီး ထွားလျက် ရှိ၏၊ ရှုချင်ဖွယ်ကောင်း၏၊ စိတ်ကို ပျော်မွေ့စေတတ်၏။

၂၈။ ပင်စည်တစ်ခုတည်း ကြီးပွါး၍ ထိုပင်စည်မှ ခက်မငါးဖြာသည် ဖြာထွက်၏၊ ထို ဗောဓိပင်သည်'ကောင်းစွာ ဖွဲ့အပ်သော ဥဒေါင်းမြီးစည်းကဲ့သို့' တင့်တယ်လှပ၏။

၂၉။ ထိုဗောဓိပင်အား ဆူးတို့သည်လည်း မရှိကုန်၊ ကျယ်သော အခေါင်းအပေါက်လည်း မရှိချေ၊ ကျယ်ပြန့်သော အခက်လည်း ရှိ၏၊ မကြဲသော အရွက်လည်း ရှိ၏၊ အေးမြသော အရိပ်လည်း ရှိ၏၊ စိတ်ကိုလည်း ပျော်မွေ့စေတတ်၏။

၃၀။ သုဒတ္တသည်လည်းကောင်း၊ စိတ္တသည်လည်းကောင်း ထိုမြတ်စွာဘုရား၏ မြတ်သော အလုပ်အကျွေးဒါယကာ 'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်၏။ သုဘဒ္ဒါသည်လည်းကောင်း၊ ပဒုမာ သည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၃၁။ ထိုမြတ်စွာဘုရားသည် အမြင့်အားဖြင့် အတောင်ငါးဆယ် ရှိတော်မူ၏၊ အလုံးစုံ မြတ်သောအခြင်းအရာနှင့် ပြည့်စုံတော်မူ၏၊ အလုံးစုံသော ဂုဏ်တို့နှင့်လည်း ပြည့်စုံတော် မူ၏။

၃၂။ ထိုမြတ်စွာဘုရားသည် အတူမရှိသော အရောင်တို့နှင့်သာ တူသော ရောင်ခြည်တော် သည်ထက်ဝန်းကျင်မှ ပြေးသွား (ကွန့်မြူး) လျက် ရှိ၏၊ မနှိုင်းယှဉ်နိုင်သော ဂုဏ်ရှိတော်မူ၏၊ အတုမရှိသောပုဂ္ဂိုလ်ဖြစ်တော်မူ၏၊ ဥပမာတို့ဖြင့် မနှိုင်းယှဉ်နိုင်သော ပုဂ္ဂိုလ်ဖြစ်တော်မူ၏။

၃၃။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်းရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၃၄။ သမုဒ္ဒရာ၌ လှိုင်းတံပိုးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ ကြယ်တာရာတို့ကဲ့သို့ လည်းကောင်းဤအတူ ထိုအခါ (မြတ်စွာဘုရား) သာသနာတော်သည် ရဟန္တာတို့ဖြင့် ဆန်း ကြယ်၏။

၃၅။ အတူမရှိသော ဘုရားရှင်တို့နှင့်သာ တူသော ထိုမြတ်စွာဘုရားသည် လည်းကောင်း၊ အတူမရှိသောထိုဂုဏ်တို့သည်လည်းကောင်း (ရှိကုန်၏)။ ထိုအားလုံးသည်ပင် ကွယ်ပျောက် ခဲ့လေပြီ၊ အလုံးစုံသောသင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါလော။

၃၆။ (သစ္စာလေးပါးကို) သိတော်မူသော သုဇာတမြတ်စွာဘုရားသည် သီလာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည်သုံးဂါဝုတ်တို့တိုင်အောင် မြင့်လေသတည်း။ ။

တစ်ဆယ့်နှစ်ခုမြောက် သုဇာတဗုဒ္ဓဝင် ပြီး၏။

------

၁၅-ပိယဒဿီဗုဒ္ဓဝင်

၁။ သုဇာတမြတ်စွာဘုရား၏ နောက်အဖို့၌ ပိယဒဿီမြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုမြတ်စွာဘုရားသည် လောကကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်၏၊ (ထိပါးရန်) ချဉ်း ကပ်ဝံ့သူရှိတော်မမူ၊ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူ၏၊ များသော အခြံအရံ အကျော်အစောရှိတော်မူ၏။

၂။ မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစောရှိတော်မူသော ထိုမြတ်စွာဘုရားသည် လည်း'နေမင်းကဲ့သို့' တင့်တယ်တော်မူ၏၊ အလုံးစုံသော (မောဟ) အမိုက်မှောင်ကို ပယ် ဖျောက်၍ ဓမ္မစကြာကိုဟောတော်မူ၏။

၃။ အတုမရှိ တန်ခိုးကြီးတော်မူသော ထိုမြတ်စွာဘုရားအား လူ, နတ်တို့၏ (သစ္စာ လေးပါးကို) သိခြင်းသည် သုံးကြိမ်တို့ ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ သိခြင်းဖြစ်လေ၏။

၄။ သုဒဿနနတ်မင်းသည် မှားသော အယူ 'မိစ္ဆာဒိဋ္ဌိ' ကို နှစ်သက်၏၊ မြတ်စွာဘုရား သည်ထိုနတ်မင်း၏ မှားသော အယူ 'ဒိဋ္ဌိ' ကို ပယ်ဖျောက်လျက် တရားကို ဟောတော်မူ၏။

၅။ အတုမရှိ ကြီးကျယ်သော သတ္တဝါအပေါင်းသည် စည်းဝေးလေ၏၊ ထိုအခါ ကုဋေကိုးသောင်းသောလူ, နတ်, ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် သိခြင်း ဖြစ်လေ၏။

၆။ အကြင်အခါ လူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည် ဒေါဏမုခဆင်ကို ဆုံးမတော်မူ၏၊ ထိုအခါ ကုဋေရှစ်သောင်းသော လူ, နတ်, ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် သိခြင်း ဖြစ်လေ၏။

၇။ ထိုပိယဒဿီမြတ်စွာဘုရားအားလည်း (သာဝက) အစည်းအဝေးတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ပထမ အစည်းအဝေး ဖြစ်လေ၏။

၈။ ထို့နောက် ကုဋေကိုးဆယ်သော ရဟန်းတို့သည် (နှစ်ကြိမ်မြောက်) တစ်ပေါင်းတည်းစည်းဝေးကြကုန်၏၊ သုံးကြိမ်မြောက် အစည်းအဝေး၌ ကုဋေရှစ်ဆယ်သော ရဟန်းတို့သည် ရှိကုန်၏။

၉။ ထိုအခါ ငါသည် ကဿပမည်သော ပုဏ္ဏား (ဖြစ်၍) ဗေဒင်ကို သရဇ္ဈ ာယ်တတ်၏၊ ဗေဒင်ကိုဆောင်နိုင်၏၊ သုံးပါးသော ဝေဒကျမ်းတို့၏ တစ်ဖက်ကမ်းသို့ ရောက်၏။

၁၀။ ထိုမြတ်စွာဘုရား၏ တရားကို နာကြားရ၍ ကြည်ညိုခြင်းကို ဖြစ်စေခဲ့၏၊ ငါသည်ကုဋေတစ်သိန်းသော အသပြာတို့ဖြင့် သံဃာ့အရံကို ပြုလုပ်ဖန်ဆင်းခဲ့၏။

၁၁။ ငါသည် ရွှင်လန်းတက်ကြွသော စိတ်ရှိသည်ဖြစ်၍ ထိုမြတ်စွာဘုရားအား အရံ (ကျောင်းတိုက်) ကိုလှူပြီးလျှင် သရဏဂုံသုံးပါးတို့ကို လည်းကောင်း၊ ငါးပါးသီလတို့ကို လည်းကောင်း မြဲမြံစွာ ပြု၍ဆောက်တည်ခဲ့၏။

၁၂။ ထိုမြတ်စွာဘုရားသည် လည်း သံဃာ့အလယ်၌ ထိုင်နေ၍ ငါ့ကို ''ဤပုဏ္ဏားသည်ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ဘုရားဖြစ်လတ္တံ့''ဟု ဗျာဒိတ်စကား ကြားတော်မူ၏။

၁၃။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၄။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကိုဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၅။ ပိယဒဿီမြတ်စွာဘုရား၏ မြို့တော်သည် 'သုဓည' မည်၏၊ (ခမည်းတော်) မင်းသည် 'သုဒတ္တမင်း'မည်၏၊ မယ်တော်သည် 'စန္ဒာမိဖုရား'မည်၏။

၁၆။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) သုနိမ္မလ, ဝိမလ, ဂိရိဂုဟာ (ဗြဟ္မာ) အားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၁၇။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးထောင်တို့သည်လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည်ကား 'ဝိမလာ'မည်၏၊ သားတော်သည် 'ကဉ္စနာဝေဠ' မည်၏။

၁၈။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၁၉။ ကြီးမြတ်သော လုံ့လရှိတော်မူသော ပိယဒဿီမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်းပန်အပ်သည်ဖြစ်၍ စိတ်ကို ပျော်မွေ့စေတတ်သော ဥသဘ (ဝတီ) ဥယျာဉ်၌ ဓမ္မစကြာ ကိုဟောတော်မူ၏။

၂၀။ ပါလိတသည်လည်းကောင်း၊ သဗ္ဗဒဿီသည်လည်းကောင်း ပိယဒဿီမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ အလုပ်အကျွေးသည် 'သောဘိတ'မည်၏။

၂၁။ သုဇာတာသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ရေခံတက်ပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၂။ သန္ဓကသည်လည်းကောင်း၊ ဓမ္မကသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်၏။ ဝိသာခါသည်လည်းကောင်း၊ ဓမ္မဒိန္နာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၃။ ထိုမြတ်စွာဘုရားသည် လည်း မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစော ရှိတော် မူ၏၊ ယောက်ျားမြတ်တို့၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတို့နှင့် ပြည့်စုံတော်မူ၏၊ အတောင်ရှစ်ဆယ်မြင့်တော်မူ၏၊ (ထိုမြတ်စွာဘုရားကို) 'အင်ကြင်းပင်မင်းကဲ့သို့' ဖူးမြင်ရ ပေ၏။

၂၄။ ထိုအတူမရှိသော မြတ်စွာဘုရားအား ဖြစ်ပေါ်သည့် ရောင်ခြည်တော်ကဲ့သို့သော အရောင်အဝါမျိုးသည် မီး, လ, နေ တို့အား မရှိချေ။

၂၅။ လောက၌ မြတ်စွာဘုရားသည် အနှစ်ကိုးသောင်းတို့ပတ်လုံး တည်နေတော်မူ၏၊ ထိုမြတ်စွာဘုရား၏ အသက်တမ်းသည်လည်း ထိုမျှလောက်ပင် ဖြစ်လေ၏။

၂၆။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူသော မြတ်စွာဘုရားသည် လည်းကောင်း၊ ထိုအတုမရှိကုန်သော (အဂ္ဂသာဝက) အစုံတို့သည်လည်းကောင်း ထိုအားလုံးသည်ပင် ကွယ်ပျောက်ခဲ့လေပြီ၊ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန်သည် မဟုတ်ပါ လော။

၂၇။ ပိယဒဿီမြတ်စွာဘုရားသည် အဿတ္ထာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန် ပြုတော် မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုးတော်) သည် သုံးယူဇနာတိုင် အောင် မြင့်လျက်တည်ရှိလေသတည်း။ ။

တစ်ဆယ့်သုံးခုမြောက် ပိယဒဿီဗုဒ္ဓဝင် ပြီး၏။

------

၁၆-အတ္ထဒဿီဗုဒ္ဓဝင်

၁။ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် အတ္ထဒဿီမြတ်စွာဘုရားသည် (မောဟ) အမိုက်မှောင်ကြီးကို ပယ်ဖျောက်၍သမ္မာသမ္မောဓိဉာဏ်တော်မြတ်သို့ ရောက်တော်မူ၏။

၂။ (ထိုမြတ်စွာဘုရားသည် ) ဗြဟ္မာမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ ဓမ္မစကြာကို ဟောတော်မူ၏၊ လောကဓာတ်တစ်သောင်း၌ နတ်နှင့်တကွသော လောကကို အမြိုက်နိဗ္ဗာန်ဖြင့် နှစ်သိမ့်ရောင့်ရဲစေတော်မူ၏။

၃။ ထိုမြတ်စွာဘုရားအား (လူ, နတ်, ဗြဟ္မာတို့၏ သစ္စာလေးပါးကို) သိခြင်းတို့သည် သုံးကြိမ်တို့ဖြစ်ကုန်၏၊ ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ အကြင်အခါ အတ္ထဒဿီမြတ်စွာဘုရားသည် နတ်ပြည်သို့ လှည့်လည်ကြွသွားတော်မူ၏၊ (ထိုအခါ) ကုဋေတစ်သိန်းသော နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ် မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ နောက်တစ်ဖန် အကြင်အခါ မြတ်စွာဘုရားသည် ခမည်းတော်အထံ၌ တရားကို ဟောတော်မူ၏၊ (ထိုအခါ) ကုဋေတစ်သိန်းသော လူ, နတ်, ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ ထိုမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည်လည်း သုံးကြိမ်တို့ ဖြစ်ကုန်၏။

၇။ ကိုးသောင်းရှစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေးသည် ပထမအစည်းအဝေး ဖြစ်လေ၏၊ ရှစ်သောင်းရှစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် ဖြစ်လေ၏။

၈။ စွဲယူခြင်း မရှိဘဲ (ကိလေသာမှ) လွတ်မြောက်ကုန်သော အညစ်အကြေး ကင်းကုန် သောခုနစ်သောင်းရှစ်ထောင်သော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် ထက်မြက်သော အကျင့်ရှိသော ရသေ့ဖြစ်၏၊ အမည်အားဖြင့် 'သုသီမ' မည်၏၊ မြေအပြင်၌ မြတ်သော သူဟု သမုတ်အပ်သူ ဖြစ်၏။

၁၀။ ငါသည် နတ်၌ ဖြစ်သော မန္ဒာရဝပန်း, ပဒုမ္မာကြာပန်း, ပင်လယ်ကသစ်ပန်းတို့ကို နတ်ပြည်မှယူဆောင်၍ မြတ်စွာဘုရားကို ရိုသေစွာ ပူဇော်ခဲ့၏။

၁၁။ ရဟန်းမြတ်ဖြစ်သော ထိုအတ္ထဒဿီမြတ်စွာဘုရားသည် လည်း ငါ့ကို ''ဤရသေ့သည်ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ မြတ်စွာဘုရား ဖြစ်လတ္တံ့''ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၂။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလို၏ (ဟု ဆုတောင်းကုန်၏)။

၁၃။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရသည် ရှိသော် ရွှင်လန်းတက်ကြွ သောစိတ်ရှိသည်ဖြစ်၍ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၄။ အတ္ထဒဿီမြတ်စွာဘုရား၏ မြို့တော်သည် 'သောဘဏ'မည်၏၊ (ခမည်းတော်) မင်းသည်'သာဂရမင်း'မည်၏၊ မယ်တော်သည် 'သုဒဿနာမိဖုရား'မည်၏။

၁၅။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ ထိုဘုရားလောင်းအား အမရဂိရိ, သုဂိရိ, ဝါဟနအားဖြင့် မြတ်သော ပြာသာဒ် သုံးဆောင် တို့ သည်ရှိကုန်၏။

၁၆။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်းသုံးထောင်တို့သည် လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း) ၏ မိဖုရားသည်ကား 'ဝိသာခါ' မည်၏၊ သားတော် သည် 'သေလ'အမည်ရှိသူ ဖြစ်၏။

၁၇။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၁၈။ ကြီးသောလုံ့လရှိသော လူတို့ထက်မြတ်သော များသော အခြံအရံရှိသောအတ္ထဒဿီမြတ်စွာဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည် ဖြစ်၍ အနောမဥယျာဉ်၌ ဓမ္မစကြာကိုဟောတော်မူ၏။

၁၉။ သန္တသည်လည်းကောင်း၊ ဥပသန္တသည်လည်းကောင်း အတ္ထဒဿီမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏၊ မြတ်စွာဘုရား၏ အလုပ်အကျွေးသည် 'အဘယ'မည်၏။

၂၀။ ဓမ္မာသည်လည်းကောင်း၊ သုဓမ္မာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂ သာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို စံကားပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၁။ နကုလသည်လည်းကောင်း၊ နိသဘသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ မကိလာသည်လည်းကောင်း၊ သုနန္ဒာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၂။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းအတောင်ရှစ်ဆယ်မြင့်လျက် အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ ပြည့်သော လမင်းကဲ့သို့ လည်းကောင်းတင့်တယ်တော်မူ၏။

၂၃။ ထိုမြတ်စွာဘုရား၏ ကုဋေအရာမက များစွာသော ပြကတေ့သော ရောင်ခြည်တော် တို့သည်အထက်, အောက် အရပ်ဆယ်မျက်နှာတို့၌ တစ်ယူဇနာတိုင်အောင် အခါခပ်သိမ်း ပျံ့နှံ့ကုန်၏။

၂၄။ လူတို့ထက် မြတ်တော်မူသော အလုံးစုံသော သတ္တဝါတို့ထက် မြတ်တော်မူသော (အလုံးစုံကို) သိတော်မူသော စက္ခု (ငါးမျိုး) နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည် လည်းအနှစ်တစ်သိန်းတို့ပတ်လုံး လောက၌ တည်နေတော်မူ၏။

၂၅။ ထိုမြတ်စွာဘုရားသည် လည်း အတုမရှိသော အရောင်အဝါကို ပြ၍ နတ်နှင့် တကွ သော လောက၌ထွန်းလင်းစေပြီးလျှင် 'မီးစာကုန်ခြင်းကြောင့် ငြိမ်းရသော မီးကဲ့သို့' အမြဲ မရှိခြင်းသို့ရောက်တော်မူလေပြီ။

၂၆။ အတ္ထဒဿီမြတ်စွာဘုရားသည် အနောမာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဓာတ်တော်သည်ထိုထိုအရပ်တို့၌ ပျံ့နှံ့လျက် ရှိလေသတည်း။ ။

တစ်ဆယ့်လေးခုမြောက် အတ္ထဒဿီဗုဒ္ဓဝင် ပြီး၏။

------

၁။ အမရဂိရိ၊ သုဂိရိ၊ ဂိရိဝါဟန (အဋ္ဌကထာ)။

၁၇-ဓမ္မဒဿီဗုဒ္ဓဝင်

၁။ ထိုမဏ္ဍကမ္ဘာ၌ပင်လျှင် များသော အခြံအရံရှိတော်မူသော ဓမ္မဒဿီမြတ်စွာဘုရားသည် (မောဟ) အမိုက်မှောင်ကို ပယ်ဖျောက်၍ နတ်နှင့် တကွသော လောက၌ အလွန်တင့်တယ်တော်မူ၏။

၂။ အတုမရှိ တန်ခိုးကြီးတော်မူသော ထိုမြတ်စွာဘုရား၏ ဓမ္မစကြာကို ဟောတော်မူရာ၌ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၃။ အကြင်အခါ ဓမ္မဒဿီမြတ်စွာဘုရားသည် သဉ္ဇယရသေ့ကို ဆုံးမတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူနတ်ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၄။ အကြင်အခါ သိကြားမင်းသည် ပရိသတ်နှင့်တကွ မြတ်စွာဘုရား (ထံ) သို့ ချဉ်းကပ် လေ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ နတ်ထက်နတ်ဖြစ်တော်မူသော ထိုမြတ်စွာဘုရား၏ လည်း (ကိလေသာ) အညစ်အကြေး ကင်းကုန်သောငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည်သုံးကြိမ်ဖြစ်ကုန်၏။

၆။ အကြင်အခါ ဓမ္မဒဿီမြတ်စွာဘုရားသည် သရဏမြို့၌ ဝါကပ်တော်မူ၏၊ ထိုအခါ ကုဋေတစ်သိန်းသောရဟန္တာတို့၏ အစည်းအဝေးသည် ပထမအစည်းအဝေး ဖြစ်လေ၏။

၇။ နောက်တစ်ဖန် အကြင်အခါ၌ မြတ်စွာဘုရားသည် နတ်ပြည်မှ လူ့ပြည်သို့ ကြွလာတော်မူ၏၊ ထိုအခါ ၌လည်း ကုဋေတစ်ရာသော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ် မြောက် (အစည်းအဝေး) ဖြစ်လေ၏။

၈။ နောက်တစ်ဖန် အကြင်အခါ၌ မြတ်စွာဘုရားသည် ဓူတင်ဂုဏ်တို့ကို ပြတော်မူ၏၊ ထိုအခါ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်း အဝေး) ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် ရှေး၌ (အလှူကို) လှူခဲ့သော သိကြားမင်း ဖြစ်၏။ (ငါသည် မြတ်စွာဘုရားကို) နတ်၌ ဖြစ်သော နံ့သာပန်းဖြင့်လည်းကောင်း၊ တူရိယာဖြင့်လည်းကောင်း ရိုသေစွာ ပူဇော်ခဲ့၏။

၁၀။ ထိုမြတ်စွာဘုရားသည် လည်း နတ်တို့၏ အလယ်၌ ထိုင်နေ၍ ငါ့ကို ဤသိကြားမင်း သည်ကမ္ဘာတစ်ထောင့်ရှစ်ရာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၁။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၂။ ထိုမြတ်စွာဘုရား၏ စကားကိုလည်း ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၃။ ဓမ္မဒဿီမြတ်စွာဘုရား၏ မြို့တော်သည် 'သရဏ' မည်၏၊ (ခမည်းတော်) မင်းသည် 'သရဏမင်း'မည်၏၊ မယ်တော်သည် 'သုနန္ဒာမိဖုရား' မည်၏။

၁၄။ ထိုဘုရားလောင်းသည် အနှစ်ရှစ်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) အရဇ, ဝိရဇ, သုဒဿနအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့ သည်ရှိကုန်၏။

၁၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းသုံးထောင်တို့လည်း ရှိကုန်၏၊ မိဖုရားသည် 'ဝိစိကောဠိ' မည်၏၊ သားတော်သည် 'ပုညဝဎ္ဍန' မည်၏။

၁၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ပြာသာဒ်ဖြင့် တောထွက်တော် မူ၏၊ ခုနစ်ရက်ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၁၇။ ကြီးမြတ်သော လုံ့လရှိတော်မူသော လူတို့ထက်မြတ်တော်မူသော ဓမ္မဒဿီမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၁၈။ ပဒုမသည်လည်းကောင်း၊ ဖုဿဒေဝသည်လည်းကောင်း ဓမ္မဒဿီမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် 'သုနေတ္တ' မည်၏။

၁၉။ ခေမာသည်လည်းကောင်း၊ သစ္စနာမာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို သံသတ်ပင်ဟူ၍ ခေါ်ဆို အပ်၏။

၂၀။ သုဘဒ္ဒသည်လည်းကောင်း၊ ကဋိဿဟသည်လည်းကောင်း မြတ်သော အလုပ် အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်၏။ သာဠိယာသည်လည်းကောင်း၊ ကဠိယာသည် လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၂၁။ အတုမရှိသော ဘုရားရှင်နှင့်သာ တူတော်မူသော ထိုမြတ်စွာဘုရားသည် လည်းအတောင်ရှစ်ဆယ်မြင့်လျက် လောကဓာတ်တစ်သောင်း၌ တန်ခိုးဖြင့် အလွန်တင့်တယ်တော်မူ၏။

၂၂။ ထိုမြတ်စွာဘုရားသည် ကောင်းစွာ ပွင့်သော အင်ကြင်းပင်မင်းကဲ့သို့လည်းကောင်း၊ ကောင်းကင်၌လျှပ်စစ်နွယ်ကဲ့သို့လည်းကောင်း၊ နေမွန်းတည့်ချိန်၌ နေမင်းကဲ့သို့လည်းကောင်း ဤအတူအလွန်တင့်တယ်တော်မူလေ၏။

၂၃။ အတုမဲ့ တန်ခိုးရှိတော်မူသော ထိုမြတ်စွာဘုရား၏ အသက်သည် (လူတို့ အသက် နှင့်) အညီအမျှပင်ဖြစ်လေ၏၊ မြတ်စွာဘုရားသည် အနှစ်တစ်သိန်းတို့ပတ်လုံး လောက၌ တည်နေတော်မူ၏။

၂၄။ ထိုမြတ်စွာဘုရားသည် အလင်းရောင်ကို ပြ၍ သာသနာတော်ကို အညစ်အကြေး ကင်းအောင်ပြုပြီးလျှင် 'ကောင်းကင်၌ ရွေ့လျောသွားသော လမင်းကဲ့သို့' တပည့်သာဝကနှင့် တကွပရိနိဗ္ဗာန်ပြုတော်မူ၏။

၂၅။ ဓမ္မဒဿီမြတ်စွာဘုရားသည် သာလာရာမကျောင်းတိုက်၌ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည် သုံးယူဇနာမြင့်လျက်တည်ရှိလေသတည်း။ ။

တစ်ဆယ့်ငါးခုမြောက် ဓမ္မဒဿီဗုဒ္ဓဝင် ပြီး၏။

------

၁။ အဋ္ဌကထာ၌ သာဓိကံ သတသဟဿံ ရှိ၏။

၁၈-သိဒ္ဓတ္ထဗုဒ္ဓဝင်

၁။ ဓမ္မဒဿီမြတ်စွာဘုရား၏ နောက်အဖို့၌ လူတို့၏ ရှေ့သွား ဖြစ်တော်မူသော သိဒ္ဓတ္ထ မည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ထိုအခါ ထိုမြတ်စွာဘုရားသည် အလုံးစုံ သော (မောဟ) အမိုက်မှောင်ကို ပယ်ဖျောက်၍ 'နေမင်းကဲ့သို့' တက်ထွန်းတော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် လည်း သမ္မာသမ္ဗောဓိဉာဏ်တော်သို့ ရောက်၍ နတ်နှင့် တကွ သော လူတို့ကို ကယ်တင်တော်မူသည်ရှိသော် နတ်နှင့် တကွသော လောကကို ငြိမ်းချမ်းစေ လျက် တရားမိုးဖြင့်ရွာသွန်းတော်မူ၏။

၃။ အတုမရှိသော တန်ခိုးရှိတော်မူသော ထိုမြတ်စွာဘုရား၏ လည်း လူနတ်တို့၏ (သစ္စာ လေးပါးကို) ့သိခြင်းတို့သည်လည်း သုံးကြိမ်ဖြစ်ကုန်၏။ ကုဋေတစ်သိန်းသော လူနတ်ဗြဟ္မာ တို့၏ (သစ္စာလေးပါးကို) သိခြင်းသည် ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ နောက်တစ်ဖန် အကြင်အခါ ဘီမရထမြို့ (ဟိမတိုင်းနိုင်ငံ) ၌ (တရား) စည်ကို တီးတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ အကြင်အခါ ထိုမြတ်စွာဘုရားသည် ဝေဘာရမြို့တော်၌ တရားကို ဟောတော်မူ၏၊ ထိုအခါ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ် မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော ထိုမြတ်စွာဘုရားလက်ထက် တော်၌ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တာဒိဂုဏ်နှင့်ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ် ဖြစ်ကုန်၏။

၇။ ကုဋေတစ်ရာသော ရဟန္တာတို့၏လည်းကောင်း၊ ကုဋေကိုးဆယ်သော ရဟန္တာတို့၏ လည်းကောင်း၊ ကုဋေရှစ်ဆယ်သော ရဟန္တာတို့၏လည်းကောင်း အစည်းအဝေး၌ သုံးပါး သောဤစည်းဝေးခြင်းအကြောင်းအရာတို့သည် ဖြစ်ကုန်၏။

၈။ ထိုအခါ ငါသည် မင်္ဂလမည်သော ရသေ့ဖြစ်၍ ထက်မြက်သော တန်ခိုးရှိသူ၊ (သူတစ်ပါးတို့) မလွှမ်းမိုးနိုင်သူ၊ အဘိညာဉ်စွမ်းအားနှင့် ပြည့်စုံသူ ဖြစ်ခဲ့၏။

၉။ ငါသည် ဇမ္ဗုသပြေပင်မှ အသီးကို ကောင်းစွာ ဆောင်ယူ၍ သိဒ္ဓတ္ထမြတ်စွာဘုရားအား ပေးလှူ၏၊ မြတ်စွာဘုရားသည် ခံယူပြီးလျှင် ဤစကားကို မိန့်တော်မူ၏-

၁၀။ ဆံကျစ်ရှိလျက် အကျင့်ထက်သော ဤရသေ့ကို ရှုကြည့်ကုန်လော့၊ ဤရသေ့သည် ဤကမ္ဘာမှကိုးဆယ့်လေးကမ္ဘာထက်၌ ဘုရား ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

၁၁။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၂။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၃။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ မြို့တော်သည် 'ဝေဘာရ'မည်၏၊ (ခမည်းတော်) မင်းသည် 'ဥဒေနမင်း' မည်၏၊ မယ်တော်သည် 'သုဖဿာမိဖုရား' မည်၏။

၁၄။ ထိုဘုရားလောင်းသည် အနှစ်တစ်သောင်းတို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ကောက, သုပ္ပလ, ကောကနဒအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၁၅။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းရှစ်ထောင်တို့လည်း ရှိကုန်၏၊ ထို (ဘုရားလောင်း၏) မိဖုရားသည်ကား 'သောမနဿာ' မည်၏၊ သားတော်သည် 'အနူပမ' မည်၏။

၁၆။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဝေါယာဉ်ဖြင့် တောထွက်တော် မူ၏၊ မယုတ်မလျော့ ဆယ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၁၇။ ကြီးမားသော လုံ့လရှိတော်မူသော လူတို့ထက်မြတ်တော်မူသော သိဒ္ဓတ္ထမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၁၈။ သမ္ဗလသည်လည်းကောင်း၊ သုမိတ္တသည်လည်းကောင်း သိဒ္ဓတ္ထမြတ်စွာဘုရား၏ မြတ်သော တပည့်'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏၊ (ထိုမြတ်စွာဘုရား၏ ) အလုပ်အကျွေးသည် 'ရေဝတ' မည်၏။

၁၉။ သီဝလာသည်လည်းကောင်း၊ သုရာမာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို 'တောင်ဖက်ဝန်း' မဟာ လှေကားဟု ခေါ်ဆိုအပ်၏။

၂၀။ သုပ္ပိယသည်လည်းကောင်း၊ သမုဒ္ဒသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ ရမ္မာသည်လည်းကောင်း၊ သုရမ္မာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ'တို့ ဖြစ်ကုန်၏။

၂၁။ ထိုမြတ်စွာဘုရားသည် လည်း အတောင်ခြောက်ဆယ်တိုင်အောင် ကောင်းကင်သို့ မြင့်တက်တော်မူ၏၊ ရွှေတုရိုဏ်တိုင်နှင့် တူလျက် လောကဓာတ်တစ်သောင်း၌ အထူးတင့်တယ်တော်မူ၏။

၂၂။ အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော တုဘက်ပုဂ္ဂိုလ်ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ်ရှိတော်မမူသော စက္ခု (ငါးမျိုး) နှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားသည် လည်းလောက၌ အနှစ်တစ်သိန်းတို့ပတ်လုံး တည်နေတော်မူ၏။

၂၃။ ထိုမြတ်စွာဘုရားသည် ပြန့်ပြောသော အလင်းရောင်ကို ပြ၍ တပည့်သာဝကတို့ကို ပွင့်စေပြီးလျှင် မြတ်သော သမာပတ်ဖြင့် တင့်တယ်စံပယ်လျက် တပည့်သာဝကနှင့် တကွ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

၂၄။ ရဟန်းမြတ်ဖြစ်တော်မူသော သိဒ္ဓတ္ထမြတ်စွာဘုရားသည် အနောမာရာမ (ဥယာဉ်) ၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုဥယျာဉ်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည် လေးယူဇနာမြင့်လျက်တည်ရှိလေသတည်း။ ။

တစ်ဆယ့်ခြောက်ခုမြောက် သိဒ္ဓတ္ထဗုဒ္ဓဝင် ပြီး၏။

------

၁။ ဇယသေနမင်းလည်း မည်၏ (အဋ္ဌကထာ)။

၁၉-တိဿဗုဒ္ဓဝင်

၁-၂။ သိဒ္ဓတ္ထမြတ်စွာဘုရား၏ နောက်အဖို့၌ တူသောပုဂ္ဂိုလ် ရှိတော်မမူသော ပြိုင်ဘက်ပုဂ္ဂိုလ်ရှိတော်မမူသော အဆုံးမရှိသော တန်ခိုးရှိတော်မူသော မနှိုင်းယှဉ်နိုင်သော အခြံအရံအကျော်အစောရှိတော်မူသော အစဉ်သနားစောင့်ရှောက်တော်မူတတ်သော ကြီးသောလုံ့လရှိ တော်မူသော စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော တိဿမြတ်စွာဘုရားသည် (မောဟ) အမိုက် မှောင်ကို ပယ်ဖျောက်၍နတ်နှင့်တကွသော လောကကို ထွန်းလင်းစေလျက် လောက၌ ပွင့်တော်မူ၏။

၃။ ထိုမြတ်စွာဘုရားအားလည်း အတုမရှိသော တန်ခိုးတော်သည်လည်းကောင်း၊ အတုမရှိ သောသီလတော်, သမာဓိတော်သည်လည်းကောင်း ရှိတော်မူပါပေ၏။ (ထိုမြတ်စွာဘုရား သည်) အလုံးစုံသောတရားတို့၌ အထွတ်အထိပ်သို့ ရောက်၍ ဓမ္မစကြာကို ဟောတော်မူ၏။

၄။ ထိုမြတ်စွာဘုရားသည် လောကဓာတ်တစ်သောင်း၌ စင်ကြယ်သော တရားစကားကိုအထူးသိစေတော်မူ၏၊ ရှေးဦးစွာ (ဓမ္မစကြာ) တရားဟောရာ၌ ကုဋေတစ်ရာသော လူ နတ်ဗြဟ္မာတို့သည် (သစ္စာလေးပါးကို) သိကြကုန်၏။

၅။ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာတို့၏ နှစ်ကြိမ်မြောက် သစ္စာလေးပါးကို သိခြင်းသည်လည်းကောင်း၊ ကုဋေခြောက်ဆယ်သော လူ နတ် ဗြဟ္မာတို့၏ သုံးကြိမ်မြောက် (သစ္စာ လေးပါးကို) သိခြင်းသည်လည်းကောင်း ဖြစ်၏။ ထိုအခါ လူ နတ် ဗြဟ္မာသတ္တဝါတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှလွတ်စေတော်မူ၏။

၆။ တိဿမြတ်စွာဘုရား၏ (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်တို့ ဖြစ်ကုန်၏။

၇။ ထိုသုံးပါးတို့တွင် တစ်သိန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ပထမအစည်း အဝေး ဖြစ်လေ၏၊ ကိုးသန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၈။ (ကိလေသာ) အညစ်အကြေး ကင်းကုန်လျက် အရဟတ္တဖိုလ် 'ဝိမုတ္တိ' ဖြင့် ပွင့်ကုန်သော ရှစ်သန်းသောရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၉။ ထိုအခါ ငါသည် သုဇာတမည်သော မင်းဖြစ်၍ များစွာသော မင်းစည်းစိမ်ကို စွန့်ပြီး လျှင်ရသေ့, ရဟန်းအဖြစ်သို့ ဝင်ရောက်ခဲ့၏။

၁၀။ ငါ ရသေ့, ရဟန်းပြုပြီးလတ်သော် မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏၊ ''မြတ်စွာဘုရား''ဟူသော အသံကို ကြားရ၍ ငါ့အား နှစ်သက်ခြင်း 'ပီတိ' ဖြစ်ပေါ်ခဲ့၏။

၁၁။ ငါသည် နတ်ပြည်၌ ဖြစ်သော မန္ဒာရဝပန်း, ပဒုမ္မာကြာပန်း, ပင်လယ်ကသစ်ပန်း တို့ကို လက်နှစ်ဖက်တို့ဖြင့် ယူပြီးလျှင် (လျှော်တေသင်္ကန်းကို) ခါတွက်လျက် တိဿဘုရားထံ ချဉ်းကပ်ခဲ့၏။

၁၂။ ငါသည် ပန်းကို အမျိုးလေးပါးဖြင့် ခြံရံလျက်ရှိသော မာရ် (ငါးပါး) ကို အောင်တော် မူသော လောက၏ အမြတ်ဆုံး ရှေ့သွားဖြစ်တော်မူသော ထိုတိဿမြတ်စွာဘုရားထံသို့ ဆောင်ယူခဲ့၍ ဦးထိပ်၌ဆောင်းမိုးခဲ့၏။

၁၃။ ထိုအခါ မြတ်စွာဘုရားသည် လည်း လူတို့၏ အလယ်၌ ထိုင်နေ၍ ငါ့ကို ဤရသေ့ သည် ဤကမ္ဘာမှကိုးဆယ့်နှစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူ၏။

၁၄။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၅။ ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညိုစေခဲ့၏၊ ပါရမီ ဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၆။ တိဿမြတ်စွာဘုရား၏ မြို့တော်သည် 'ခေမက' မည်၏၊ (ခမည်းတော်) မင်းသည် 'ဇနသန္ဓမင်း'မည်၏၊ မယ်တော်သည် 'ပဒုမာမိဖုရား' မည်၏။

၁၇။ ထိုဘုရားလောင်းသည် အနှစ်ခုနစ်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဂုဟာသေလ, နာရိသယ, နိသဘအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင်တို့သည် ရှိကုန်၏။

၁၈။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမတို့သည်လည်း သုံးသောင်းတိတိ ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် 'သုဘဒ္ဒါ' မည်၏၊ သားတော်သည် 'အာနန္ဒာ' မည်၏။

၁၉။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ မြင်းယာဉ်ဖြင့် တောထွက်တော် မူ၏၊ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော်မူ၏။

၂၀။ ကြီးမြတ်သော လုံ့လရှိတော်မူသော တိဿမြတ်စွာဘုရားသည် ဗြဟ္မာမင်းတောင်း ပန်အပ်သည်ဖြစ်၍ယသဝတီဥယျာဉ်တော်၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၁။ ဗြဟ္မဒေဝသည်လည်းကောင်း၊ ဥဒယသည်လည်းကောင်း တိဿမြတ်စွာဘုရား၏ မြတ်သော တပည့်'အဂ္ဂသာဝက'တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား) အလုပ်အကျွေးသည် 'သမင်္ဂ' မည်၏။

၂၂။ ဖုဿာသည်လည်းကောင်း၊ သုဒတ္တာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏၊ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ပိတောက်ပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၃။ သမ္ဗလသည်လည်းကောင်း၊ သိရိမာသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ ကိသာဂေါတမီသည်လည်းကောင်း၊ ဥပသေနာသည် လည်းကောင်းမြတ်သော အလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၂၄။ မာရ် (ငါးပါး) ကို အောင်တော်မူသော ထိုမြတ်စွာဘုရားသည် လည်း အမြင့်အားဖြင့်အတောင်ခြောက်ဆယ် ရှိတော်မူ၏၊ မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့် ပြည့်စုံလျက် တူသောပုဂ္ဂိုလ့်ရှိတော်မမူသော ထိုမြတ်စွာဘုရားသည် 'ဟိမဝန္တာတောင်ကဲ့သို့' ထင်ရှားတော်မူ၏။

၂၅။ အတုမဲ့ တန်ခိုးရှိတော်မူသော ထိုမြတ်စွာဘုရား၏ အသက်တော်သည်လည်း အမြတ် ဆုံး (မရှည်လွန်း, မတိုလွန်း) ဖြစ်တော်မူ၏၊ မြတ်စွာဘုရားသည် လောက၌ အနှစ်တစ်သိန်း တို့ပတ်လုံးတည်နေတော်မူ၏။

၂၆။ ထိုမြတ်စွာဘုရားသည် အလွန်မြင့်မြတ်၍ အထူးသဖြင့် ချီးမွမ်းအပ်သော များစွာ သော အခြံအရံအကျော်အစောကို ခံစားတော်မူ၍ 'မီးပုံကြီးကဲ့သို့' ထွန်းလင်းတောက်ပလျက် တပည့်သာဝကနှင့်တကွပရိနိဗ္ဗာန်စံတော်မူလေပြီ။

၂၇။ ထိုမြတ်စွာဘုရားသည် လေကြောင့် (ကင်းပျောက်ရသော) မိုးတိမ်ကဲ့သို့လည်းကောင်း၊ နေကြောင့် (ချုပ်ပျောက်ရသော) ဆီးနှင်းပေါက်ကဲ့သို့လည်းကောင်း၊ ဆီမီးကြောင့် (ကွယ်ပျောက်ရသော) အမိုက်မှောင်ကဲ့သို့လည်းကောင်း (မမြဲသည့်အဖြစ်ကြောင့်) တပည့် သာဝကနှင့်တကွပရိနိဗ္ဗာန်စံတော်မူလေပြီ။

၂၈။ (သစ္စာလေးပါးကို) သိတော်မူသော တိဿမြတ်စွာဘုရားသည် နန္ဒာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ ဘုရားစေတီ (ပုထိုး) တော်သည်သုံးယူဇနာမြင့်လျက် တည်ရှိလေသတည်း။ ။

တစ်ဆယ့်ခုနစ်ခုမြောက် တိဿဗုဒ္ဓဝင် ပြီး၏။

------

၂၀-ဖုဿဗုဒ္ဓဝင်

၁။ ထိုမဏ္ဍကမ္ဘာ၌ပင် အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တော်မူသော မနှိုင်းယှဉ်နိုင်သော ဂုဏ်နှင့် ပြည့်စုံတော်မူသော အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော လောက၌ အမြတ် ဆုံး အကြီးအမှူးဖြစ်တော်မူသော ဖုဿမြတ်စွာဘုရားသည် ပွင့်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် လည်း အလုံးစုံသော (မောဟ) အမိုက်မှောင်ကို ပယ်ဖျောက်၍ ကြီးစွာသော (တဏှာ) အရှုပ်အထွေးကို ဖြေရှင်းပြီးလျှင် နတ်နှင့် တကွသော လောကကို နှစ်သိမ့်စေလျက်အမြိုက်ရေစင်ဖြင့် ရွာသွန်းတော်မူလေ၏။

၃။ နက္ခတ်ဟူသော မင်္ဂလာအမည်ရှိသော ဖုဿမြတ်စွာဘုရားသည် (သင်္ကဿမြို့၌) ဓမ္မစကြာကိုဟောတော်မူလတ်သော် ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါး ကို) သိခြင်းသည်ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ ကိုးသန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏၊ ရှစ်သန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ ဖုဿမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သောတာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည်လည်း သုံးကြိမ် ဖြစ်ကုန်၏။

၆။ ခြောက်သန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် ရှေးဦးစွာ (အစည်းအဝေး) ဖြစ်လေ၏၊ ငါးသန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် (အစည်း အဝေး) ဖြစ်လေ၏။

၇။ စွဲလမ်းခြင်းမရှိဘဲ (ကိလေသာမှ) လွတ်မြောက်ကုန်သော ပဋိသန္ဓေကို ဖြတ်တောက် ပြီးကုန်သောလေးသန်းသော ရဟန္တာတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် (အစည်း အဝေး) ဖြစ်လေ၏။

၈။ ထိုအခါ ငါသည် ဝိဇိတာဝီမည်သော မင်း (ဖြစ်၍) ကြီးကျယ်သော မင်းစည်းစိမ်ကို စွန့်၍ထိုမြတ်စွာဘုရား၏ အထံ၌ ရဟန်းပြုခဲ့၏။

၉။ လောက၌ အမြတ်ဆုံး အကြီးအမှူးဖြစ်တော်မူသော ထိုဖုဿမြတ်စွာဘုရားသည် လည်း ငါ့ကို ဤမင်းသည် ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ (ဟု) ဗျာဒိတ်စကားမိန့်ကြားတော်မူ၏။

၁၀။ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုပ်ငန်းကို အားထုတ်၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ဖြစ်ရပါလိုကုန်၏ (ဟု ဆုတောင်းကုန်၏)။

၁၁။ ငါသည် ထိုမြတ်စွာဘုရား၏ စကားတော်ကို ကြားနာရ၍ စိတ်ကို အလွန်ကြည်ညို စေခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၁၂။ ငါသည် သုတ္တန်ကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အင်္ဂါကိုးပါးရှိသော မြတ်စွာဘုရား၏ အဆုံးအမအားလုံးကိုလည်းကောင်း သင်ကြား၍ မြတ်စွာဘုရားသာသနာကို တင့်တယ်စေခဲ့၏။

၁၃။ ငါသည် ထိုမြတ်စွာဘုရားသာသနာတော်၌ မမေ့မလျော့ နေလျက် ဗြဟ္မဝိဟာရ ဘာဝနာကို ပွား၍အဘိညာဉ်တို့၌ အပြီးအဆုံးအထွတ်အထိပ်သို့ ရောက်ပြီးလျှင် ဗြဟ္မာ့ပြည် သို့ ရောက်ခဲ့၏။

၁၄။ ဖုဿမြတ်စွာဘုရား၏ မြို့တော်သည် 'ကာသိက' မည်၏၊ (ခမည်းတော်) မင်းသည်'ဇယသေနမင်း' မည်၏၊ မယ်တော်သည် 'သိရိမာမိဖုရား' မည်၏။

၁၅။ ထိုဘုရားလောင်းသည် အနှစ်ကိုးထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) ဂရုဠပက္ခ, ဟံသ, သုဝဏ္ဏဘာရအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည်ရှိကုန်၏။

၁၆။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း သုံးသောင်းတို့သည်လည်း ရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည် 'ကိသာဂေါတမီ' မည်၏၊ သားတော်သည် 'အနူပမ' မည်၏။

၁၇။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ဆင်ယာဉ်ဖြင့် တောထွက်တော် မူ၏၊ ခြောက်လပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လအကျင့်ကို ကျင့်တော်မူ၏။

၁၈။ ကြီးမြတ်သော လုံ့လရှိတော်မူသော လူတို့ထက် မြတ်တော်မူသော ဖုဿမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၁၉။ သုရက္ခိတသည်လည်းကောင်း၊ ဓမ္မသေနသည်လည်းကောင်း ဖုဿမြတ်စွာဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ အလုပ်အကျွေးသည် 'သဘိယ' မည်၏။

၂၀။ စာလာသည်လည်းကောင်း၊ ဥပစာလာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂသာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို သျှိသျှားပင်ဟူ၍ ခေါ်ဆိုအပ်၏။

၂၁။ ဓနဉ္စယသည်လည်းကောင်း၊ ဝိသာခသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ'အဂ္ဂဥပဋ္ဌက'တို့ ဖြစ်ကုန်၏။ ပဒုမာသည်လည်းကောင်း၊ နာဂါသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၂၂။ ထိုမြတ်စွာဘုရားသည် လည်း ငါးဆယ့်ရှစ်တောင်တိုင်အောင် မြင့်လျက် 'နေမင်းကဲ့သို့လည်းကောင်း၊ ပြည့်သော လမင်းကဲ့သို့လည်းကောင်း' တင့်တယ်တော်မူ၏။

၂၃။ ထိုအခါ အသက်တမ်းသည် အနှစ်ကိုးသောင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၂၄။ အတုမရှိသော အခြံအရံ အကျော်အစောရှိတော်မူသော ထိုမြတ်စွာဘုရားသည် လည်း များစွာသောသတ္တဝါတို့ကို ဆုံးမ၍ များစွာသော လူတို့ကို ကယ်တင်ပြီးလျှင် တပည့် သာဝကနှင့် အတူတကွပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

၂၅။ နတ်လူတို့ကို ဆုံးမတော်မူသော ဖုဿမြတ်စွာဘုရားသည် သေနာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူ၏၊ ဓာတ်တော်သည် ထိုထိုအရပ်မျက်နှာတို့၌ ပျံ့နှံ့လျက် ရှိလေ သတည်း။ ။

တစ်ဆယ့်ရှစ်ခုမြောက် ဖုဿဗုဒ္ဓဝင် ပြီး၏။

------

၂၁-ဝိပဿီဗုဒ္ဓဝင်

၁။ ဖုဿမြတ်စွာဘုရား၏ နောက်အဖို့၌လည်း အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော စက္ခုငါးမျိုးနှင့် ပြည့်စုံတော်မူသော အမည်အားဖြင့် ''ဝိပဿီ''ဟု ထင်ရှား သော မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏။

၂။ ထိုမြတ်စွာဘုရားသည် အဝိဇ္ဇာအားလုံးကို ဖျက်ဆီး၍ မြတ်သော ဗောဓိဉာဏ်တော်သို့ရောက်တော်မူလတ်သော် ဓမ္မစကြာကို ဟောခြင်းငှါ ဗန္ဓုမတီမြို့သို့ ကြွသွားတော်မူ၏။

၃။ မြတ်စွာဘုရားသည် ဓမ္မစကြာကို ဟော၍ (ခန္ဓနှင့်တိဿ) နှစ်ဦးတို့ကို (သစ္စာလေးပါး ကို) သိစေတော်မူ၏၊ ရှေးဦးစွာ (နတ်လူတို့၏ သစ္စာလေးပါးကို) သိခြင်းသည် ဂဏန်း (အရေအတွက်) အားဖြင့် မပြောဆိုနိုင်သော သိခြင်း ဖြစ်လေ၏။

၄။ နောက်တစ်ဖန် မနှိုင်းယှဉ်နိုင်သော အခြံအရံ အကျော်အစောရှိတော်မူသော မြတ်စွာ ဘုရားသည် ထိုဗန္ဓုမတီမြို့၌ သစ္စာလေးပါးကို ပြတော်မူ၏၊ (ထိုအခါ ) ရှစ်သောင်းလေးထောင် သောလူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ ရှစ်သောင်းလေးထောင်သော လူအပေါင်းတို့သည် မြတ်စွာဘုရားကို အတုလိုက်၍ ရဟန်းပြုကုန်၏၊ မြတ်စွာဘုရားသည် ကျောင်းတိုက်သို့ ရောက်လာသော ထိုသူတို့အား တရားကို ဟောတော်မူ၏။

၆။ ထိုသူတို့သည်လည်း အလုံးစုံသော အခြင်းအရာအားဖြင့် ဟောတော်မူသော မြတ်စွာ ဘုရားကို မှီ၍တရားမြတ်ကို ကြားနာရကုန်သည်ရှိသော် သစ္စာလေးပါးကို သိကြကုန်၏၊ ထိုသူတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၇။ ဝိပဿီမြတ်စွာဘုရားအား (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ်ဖြစ်ကုန်၏။

၈။ ခြောက်သန်းရှစ်သိန်းသော ရဟန်းတို့၏ အစည်းအဝေးသည် ရှေးဦးစွာ ဖြစ်လေ၏၊ တစ်သိန်းသောရဟန်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏။

၉။ ရှစ်သောင်းသော ရဟန်းတို့၏ အစည်းအဝေးသည် သုံးကြိမ်မြောက် အစည်းအဝေး ဖြစ်လေ၏၊ ထိုရဟန်းအပေါင်းတို့၏ အလယ်၌ မြတ်စွာဘုရားသည် အလွန်တင့်တယ်တော်မူ၏။

၁၀။ ထိုအခါ ငါသည် တန်ခိုးကြီးသော ဘုန်းရှိသော အလင်းရောင်ကို ဆောင်သော အမည်အားဖြင့်'အတုလ' မည်သော နဂါးမင်း ဖြစ်ခဲ့၏။

၁၁။ ထိုအခါ ငါသည် အကုဋေမက များစွာသော နဂါးတို့ဖြင့် ခြံရံ၍ နတ်၌ ဖြစ်သော တူရိယာတို့ဖြင့်တီးမှုတ်လျက် လောက၏ အမြတ်ဆုံးဖြစ်သော မြတ်စွာဘုရားသို့ ဆည်း ကပ်ခဲ့၏။

၁၂။ ငါသည် လောက၏ အကြီးအမှူးဖြစ်သော ဝိပဿီမြတ်စွာဘုရား (ထံ) သို့ ချဉ်းကပ် ပြီးလျှင် မြတ်စွာဘုရားအား ပင့်ဖိတ်၍ ပတ္တမြား, ပုလဲရတနာတို့ဖြင့် ချယ်စီအပ်သော အလုံးစုံ သောအဆင်တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော ရွှေအင်းပျဉ်ကို လှူဒါန်းခဲ့၏။

၁၃။ ထိုမြတ်စွာဘုရားသည် လည်း သံဃာ့အလယ်၌ ထိုင်နေ၍ ငါ့ကို ဤနဂါးမင်းသည် ဤသာရကမ္ဘာမှကိုးဆယ့်တစ်ကမ္ဘာထက်၌ ဘုရားဖြစ်လတ္တံ့ဟု ဗျာဒိတ်စကား မိန့်ကြားတော် မူ၏။

၁၄။ ထိုအခါ ဘုရားလောင်းသည် ပျော်မွေ့ဖွယ်ကောင်းသော ကပ္ပိလမြို့မှ ထွက်၍ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကို အားထုတ်လျက် ပြုနိုင်ခဲသော အကျင့်ကို ပြုကျင့်ပြီးလျှင် ဘုရား ဖြစ်လတ္တံ့။

၁၅။ မြတ်စွာဘုရားသည် ဆိတ်ကျောင်းညောင်ပင်ရင်း၌ ထိုင်နေ၍ ထိုညောင်ပင်ရင်း၌ နို့ဃနာကိုခံယူပြီးလျှင် နေရဉ္ဇရာမြစ်သို့ ချဉ်းကပ်လတ္တံ့။

၁၆။ ထိုမြတ်စွာဘုရားသည် နေရဉ္ဇရာမြစ်ကမ်း၌ နို့ဃနာကို ဘုဉ်းပေးပြီးလျှင် (နတ်တို့) စီရင်အပ်သောမြတ်သော ခရီး (လမ်း) ဖြင့် ဗောဓိပင်ရင်းသို့ ချဉ်းကပ်လတ္တံ့။

၁၇။ ထို့နောက် အတုမရှိသော များသော အခြံအရံရှိသော မြတ်စွာဘုရားသည် ဗောဓိ မဏ္ဍိုင်ကိုလက်ယာရစ်လှည့်ပြီးလျှင် ညောင်ဗုဒ္ဓဟေပင်ရင်း၌ သမ္မာသမ္ဗောဓိဉာဏ်ကို သိလတ္တံ့။

၁၈။ ဤမြတ်စွာဘုရား၏ မယ်တော်ရင်းသည် 'မာယာ'မည်သော မိဖုရားဖြစ်၍ ခမည်း တော်သည်'သုဒ္ဓေါဒန'မည်သော မင်း ဖြစ်လတ္တံ့၊ ဤမြတ်စွာဘုရား၏ အမည်သည် 'ဂေါတမ' ဖြစ်လတ္တံ့။

၁၉။ ကောလိတသည်လည်းကောင်း၊ ဥပတိဿသည်လည်းကောင်း အာသဝေါ မရှိကုန် သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန်သော အမြတ်ဆုံး တပည့်'အဂ္ဂသာဝက'တို့ ဖြစ်ကုန်လတ္တံ့။ အာနန္ဒာမည်သော ရဟန်းသည် အလုပ်အကျွေး ဖြစ်၍ဤမြတ်စွာဘုရားကို လုပ်ကျွေးလတ္တံ့။

၂၀။ ခေမာသည်လည်းကောင်း၊ ဥပ္ပလဝဏ္ဏာသည်လည်းကောင်း အာသဝေါ မရှိကုန်သောရာဂကင်းကုန်သော ငြိမ်သက်သော စိတ်ရှိကုန်သော တည်တံ့ကုန်သော အမြတ်ဆုံးတပည့်မ'အဂ္ဂသာဝိကာ'တို့ ဖြစ်ကုန်လတ္တံ့။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို ညောင်ဗုဒ္ဓဟေဟု ခေါ်ဆို အပ်လတ္တံ့။

၂၁။ စိတ္တသူကြွယ်သည်လည်းကောင်း၊ ဟတ္ထာဠဝကမင်းသားသည်လည်းကောင်း မြတ် သောအလုပ်အကျွေးဒါယကာ 'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်လတ္တံ့။ နန္ဒမာတာသည်လည်းကောင်း၊ ဥတ္တရာသည်လည်းကောင်း မြတ်သော အလုပ်အကျွေးဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန် လတ္တံ့။ မြတ်သော အခြံအရံ အကျော်အစောရှိသော ထိုဂေါတမမြတ်စွာဘုရား၏ အသက်တမ်း သည်တစ်ရာရှိလတ္တံ့ဟု (မိန့်တော်မူ၏)။

၂၂။ ဤစကားကို ကြားနာရ၍။ပ။ ဤ (ဂေါတမ) မြတ်စွာဘုရား၏ မျက်မှောက်၌ ဖြစ်ရပါ လိုကုန်၏ (ဟုဆုတောင်းကုန်၏)။

၂၃။ ငါသည် ထိုမြတ်စွာဘုရား၏ စကားကို ကြားနာရ၍ စိတ်ကို အလွန် ကြည်ညိုစေ ခဲ့၏၊ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်ခြင်းငှါ လွန်ကဲသော အကျင့်ကို ဆောက်တည်ခဲ့၏။

၂၄။ ဝိပဿီမြတ်စွာဘုရား၏ မြို့တော်သည် 'ဗန္ဓုမတီ' မည်၏၊ (ခမည်းတော်) မင်းသည် 'ဗန္ဓုမာမင်း'မည်၏၊ မယ်တော်သည် 'ဗန္ဓုမတီမိဖုရား' မည်၏။

၂၅။ ထိုဘုရားလောင်းသည် အနှစ်ရှစ်ထောင်တို့ပတ်လုံး ထီးနန်းကို အုပ်စိုး၍ နေ၏၊ (ထိုဘုရားလောင်းအား) နန္ဒ, သုနန္ဒ, သိရိမာအားဖြင့် မြတ်သော ပြာသာဒ်သုံးဆောင် တို့သည် ရှိကုန်၏။

၂၆။ ကောင်းစွာ တန်ဆာဆင်အပ်သော မောင်းမပေါင်း လေးသောင်းသုံးထောင်တို့သည် လည်းရှိကုန်၏၊ (ထိုဘုရားလောင်း၏) မိဖုရားသည်ကား 'သုဒဿနာ' မည်၏၊ သားတော် သည်'သမဝတ္တက္ခန္ဓ' မည်၏။

၂၇။ ဘုရားလောင်းသည် နိမိတ်လေးပါးတို့ကို တွေ့မြင်၍ ရထားယာဉ်ဖြင့် တောထွက်တော်မူ၏၊ မယုတ်မလျော့ ရှစ်လတို့ပတ်လုံး ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့လကို အားထုတ်တော် မူ၏။

၂၈။ ကြီးသော လုံ့လရှိတော်မူသော လူတို့ထက် မြတ်တော်မူသော ဝိပဿီမြတ်စွာ ဘုရားသည် ဗြဟ္မာမင်း တောင်းပန်အပ်သည်ဖြစ်၍ မိဂဒါဝုန် (သမင်တော) ၌ ဓမ္မစကြာကို ဟောတော်မူ၏။

၂၉။ ခဏ္ဍသည်လည်းကောင်း၊ တိဿအမည်ရှိသူသည်လည်းကောင်း ဝိပဿီမြတ်စွာ ဘုရား၏ မြတ်သောတပည့် 'အဂ္ဂသာဝက' တို့ ဖြစ်ကုန်၏။ (ထိုမြတ်စွာဘုရား၏ ) အလုပ် အကျွေးသည် 'အသောက' မည်၏။

၃၀။ စန္ဒာသည်လည်းကောင်း၊ စန္ဒမိတ္တာသည်လည်းကောင်း မြတ်သော တပည့်မ 'အဂ္ဂ သာဝိကာ'တို့ဖြစ်ကုန်၏။ ထိုမြတ်စွာဘုရား၏ ဗောဓိပင်ကို သခွတ်ပင်ဟူ၍ ခေါ်ဆိုအပ်၏။

၃၁။ ပုနဗ္ဗသုမိတ္တသည်လည်းကောင်း၊ နာဂသည်လည်းကောင်း မြတ်သော အလုပ်အကျွေး ဒါယကာ့'အဂ္ဂဥပဋ္ဌက' တို့ ဖြစ်ကုန်၏။ သိရိမာသည်လည်းကောင်း၊ ဥတ္တရာသည်လည်းကောင်း မြတ်သောအလုပ်အကျွေး ဒါယိကာမ 'အဂ္ဂဥပဋ္ဌိကာ' တို့ ဖြစ်ကုန်၏။

၃၂။ ဝိပဿီမြတ်စွာဘုရားသည် အတောင်ရှစ်ဆယ် မြင့်တော်မူ၏၊ ထိုမြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် ခုနစ်ယူဇနာတိုင်အောင် ပြေးသွား (ကွန့်မြူး) လျက် ရှိ၏။

၃၃။ ထိုအခါ အသက်တမ်းသည် အနှစ်ရှစ်သောင်း ရှိ၏၊ ထိုမြတ်စွာဘုရားသည် ထိုမျှ လောက်အသက်တည်နေလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

၃၄။ များစွာသော နတ်လူတို့ကို သံယောဇဉ်အနှောင်အဖွဲ့မှ လွန်မြောက်စေတော်မူ၏၊ ကြွင်းသောပုထုဇဉ်တို့အား လမ်းဟုတ်သည်, လမ်းမဟုတ်သည်ကိုလည်း ဟောကြားတော် မူ၏။

၃၅။ ထိုမြတ်စွာဘုရားသည် အလင်းရောင်ကို ပြ၍ အမြိုက်နိဗ္ဗာန်ကို ဟောပြီးလျှင် 'မီးပုံကြီးကဲ့သို့'ထွန်းလင်းတောက်ပ၍ တပည့်သာဝကနှင့်တကွ ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။

၃၆။ (ထိုမြတ်စွာဘုရား၏ ) မြတ်သော တန်ခိုးတော်သည်လည်းကောင်း၊ မြတ်သော ဘုန်းတော်သည်လည်းကောင်း၊ ပွင့်သော လက္ခဏာတော်သည်လည်းကောင်း ရှိပေ၏။ ထိုအားလုံး သည်ပင်ကွယ်ပျောက်ခဲ့လေပြီ၊ အလုံးစုံသော သင်္ခါရတို့သည် အချည်းနှီးတို့သာ ဖြစ်ကုန် သည် မဟုတ်ပါလော။

၃၇။ (သစ္စာလေးပါးကို) သိတော်မူသော ဝိပဿီမြတ်စွာဘုရားသည် သုမိတ္တာရာမကျောင်း တိုက်၌ပရိနိဗ္ဗာန်ပြုတော်မူလေ၏၊ ထိုကျောင်းတိုက်၌ပင် ထိုမြတ်စွာဘုရား၏ စေတီ (ပုထိုး) တော်သည်ခုနစ်ယူဇနာမြင့်လျက် တည်ရှိလေသတည်း။ ။

တစ်ဆယ့်ကိုးခုမြောက် ဝိပဿီဗုဒ္ဓဝင် ပြီး၏။

------

၁။ တစ်သိန်းနှစ်သောင်း (အဋ္ဌကထာ)။

၂၂-သိခီဗုဒ္ဓဝင်

၁။ ဝိပဿီမြတ်စွာဘုရား၏ နောက်အဖို့၌ ကိုယ်တိုင် (အလုံးစုံသော တရားတို့ကို ) သိတော်မူသော အခြေနှစ်ချောင်းရှိသူ နတ်လူတို့ထက် မြတ်တော်မူသော အတုမရှိ, ပြိုင်ဘက် ကင်းသောပုဂ္ဂိုလ်ဖြစ်တော်မူသော သိခီမည်သော မြတ်စွာဘုရားသည် ပွင့်တော်မူလေ၏။

၂။ (ထိုမြတ်စွာဘုရားသည် ) မာရ်စစ်သည်ကို နှိမ်နင်း၍ မြတ်သော ဗောဓိဉာဏ်သို့ ရောက်သည်ဖြစ်၍သတ္တဝါတို့ကို အစဉ်သနားစောင့်ရှောက်ခြင်းငှါ ဓမ္မစကြာကို ဟောတော် မူ၏။

၃။ မာရ်ငါးပါးကို အောင်တော်မူ၍ ရှေ့သွားဖြစ်တော်မူသော သိခီမြတ်စွာဘုရားသည် ဓမ္မစကြာကိုဟောတော်မူသည်ရှိသော် ကုဋေတစ်သိန်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာ လေးပါးကို) သိခြင်းသည်ရှေးဦးစွာ (သိခြင်း) ဖြစ်လေ၏။

၄။ နောက်၌လည်း မြတ်သော ဂိုဏ်းသံဃာရှိတော်မူသည်ဖြစ်၍ လူတို့ထက်မြတ်တော် မူသော မြတ်စွာဘုရားသည် တရားကို ဟောတော်မူသည်ရှိသော် ကုဋေကိုးသောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါးကို) သိခြင်းသည် နှစ်ကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၅။ မြတ်စွာဘုရားသည် နတ်နှင့်တကွသော လောက၌ (ရေ မီး) အစုံအစုံဟူသော တန်ခိုး ပြာဋိဟာကိုပြတော်မူလတ်သော် ကုဋေရှစ်သောင်းသော လူ နတ် ဗြဟ္မာတို့၏ (သစ္စာလေးပါး ကို) သိခြင်းသည်သုံးကြိမ်မြောက် (သိခြင်း) ဖြစ်လေ၏။

၆။ သိခီမြတ်စွာဘုရား၏ လည်း (ကိလေသာ) အညစ်အကြေး ကင်းကုန်သော ငြိမ်သက် သောစိတ်ရှိကုန်သော တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာတို့၏ အစည်းအဝေးတို့သည် သုံးကြိမ့်ဖြစ်ကုန်၏။

၇။ (ထိုသုံးကြိမ်တို့တွင်) တစ်သိန်းသော ရဟန်းတို့၏ အစည်းအဝေးသည် ပထမ အစည်းအဝေးဖြစ်လေ၏၊ ရှစ်သောင်းသော ရဟန်းတို့၏ အစည်းအဝေးသည် နှစ်ကြိမ် မြောက်အစည်းအဝေးဖြစ်လေ၏။

၈။ ခုနစ်သောင်းသော ရဟန်းတို့၏ အစည်းအဝေးသည် သုံးက