အဘိဓမ္မပိဋက

ပုဂ္ဂလပညတ်ပါဠိတော်

မြန်မာပြန်

------

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

မာတိကာ

၁-ဧကကဥဒ္ဒေသ

၁။ ပညတ်တို့သည်- ခန္ဓပညတ်၊ အာယတနပညတ်၊ ဓာတုပညတ်၊ သစ္စပညတ်၊ ဣန္ဒြိယပညတ်၊ ပုဂ္ဂလပညတ်ဟူ၍ ခြောက်ပါးဖြစ်ကုန်၏။

၂။ အဘယ်မျှလောက်ဖြင့် ခန္ဓာတို့၏ ခန္ဓာဟူသော ပညတ်ခြင်းသည် ဖြစ်သနည်း၊ အကြင်မျှလောက်ဖြင့် ခန္ဓာတို့သည်- ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာဟူ၍ငါးပါးဖြစ်ကုန်၏၊ ဤမျှလောက်ဖြင့် ခန္ဓာတို့၏ ခန္ဓာဟူသော ပညတ်ခြင်းသည် ဖြစ်၏။

၃။ အဘယ်မျှလောက်ဖြင့် အာယတနတို့၏ အာယတနဟူသော ပညတ်ခြင်းသည် ဖြစ်သနည်း၊ အကြင်မျှလောက်ဖြင့် အာယတနတို့သည်- စက္ခာယတန+ရူပါယတန၊ သောတာယတန+သဒ္ဒါယတန၊ ဃာနာယတန+ဂန္ဓာယတန၊ ဇိဝှါယတန+ရသာယတန၊ ကာယာယတန+ဖောဋ္ဌဗ္ဗာယတန၊ မနာယတန+ဓမ္မာယတနဟူ၍ တစ်ဆယ့်နှစ်ပါး ဖြစ်ကုန်၏၊ ဤမျှလောက်ဖြင့် အာယတနတို့၏အာယတနဟူသော ပညတ်ခြင်းသည် ဖြစ်၏။

၄။ အဘယ်မျှလောက်ဖြင့် ဓာတ်တို့၏ ဓာတ်ဟူသော ပညတ်ခြင်းသည် ဖြစ်သနည်း၊ အကြင်မျှလောက်ဖြင့် ဓာတ်တို့သည်- စက္ခုဓာတ်+ရူပဓာတ်+စက္ခုဝိညာဏဓာတ်၊ သောတဓာတ်+သဒ္ဒဓာတ်+သောတဝိညာဏဓာတ်၊ ဃာနဓာတ်+ဂန္ဓဓာတ်+ဃာနဝိညာဏဓာတ်၊ ဇိဝှါဓာတ်+ရသဓာတ်+ဇိဝှါ ဝိညာဏဓာတ်၊ ကာယဓာတ်+ဖောဋ္ဌဗ္ဗဓာတ်+ကာယဝိညာဏဓာတ်၊ မနောဓာတ်+ဓမ္မဓာတ်+မနော ဝိညာဏဓာတ်ဟူ၍ တစ်ဆယ့်ရှစ်ပါးဖြစ်ကုန်၏၊ ဤမျှလောက်ဖြင့် ဓာတ်တို့၏ဓာတ်ဟူသော ပညတ်ခြင်းသည် ဖြစ်၏။

၅။ အဘယ်မျှလောက်ဖြင့် သစ္စာတို့၏ သစ္စာဟူသော ပညတ်ခြင်းသည် ဖြစ်သနည်း၊ အကြင်မျှလောက်ဖြင့် သစ္စာတို့သည်- ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဟူ၍ လေးပါးဖြစ်ကုန်၏၊ ဤမျှလောက်ဖြင့် သစ္စာတို့၏ သစ္စာဟူသော ပညတ်ခြင်းသည် ဖြစ်၏။

၆။ အဘယ်မျှလောက်ဖြင့် ဣန္ဒြေတို့၏ ဣန္ဒြေဟူသော ပညတ်ခြင်းသည် ဖြစ်သနည်း၊ အကြင်မျှလောက်ဖြင့် ဣန္ဒြေတို့သည်- စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝှိန္ဒြေ၊ ကာယိန္ဒြေ၊ မနိန္ဒြေ၊ ဣတ္ထိန္ဒြေ၊ ပုရိသိန္ဒြေ၊ ဇီဝိတိန္ဒြေ၊ သုခိန္ဒြေ၊ ဒုက္ခိန္ဒြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေ၊ သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ အနညာတညဿာမီတိန္ဒြေ၊ အညိန္ဒြေ၊ အညာတာဝိန္ဒြေဟူ၍ နှစ်ဆယ့်နှစ်ပါးဖြစ်ကုန်၏၊ ဤမျှလောက်ဖြင့် ဣန္ဒြေတို့၏ ဣန္ဒြေဟူသော ပညတ်ခြင်းသည် ဖြစ်၏။

၇။ အဘယ်မျှလောက်ဖြင့် ပုဂ္ဂိုလ်တို့၏ ပုဂ္ဂိုလ်ဟူသော ပညတ်ခြင်းသည် ဖြစ်သနည်း၊

၁။ အခါအားဖြင့် လွတ်သူ 'သမယဝိမုတ္တ' ပုဂ္ဂိုလ်၊

၂။ အခါအားဖြင့် မလွတ်သူ 'အသမယဝိမုတ္တ' ပုဂ္ဂိုလ်၊

၃။ ဈာန်ပျက်ခြင်းသဘောရှိသူ 'ကုပ္ပဓမ္မ' ပုဂ္ဂိုလ်၊

၄။ ဈာန်ပျက်ခြင်းသဘော မရှိသူ 'အကုပ္ပဓမ္မ' ပုဂ္ဂိုလ်၊

၅။ ဈာန်မှ ယုတ်လျော့ခြင်းသဘောရှိသူ 'ပရိဟာနဓမ္မ' ပုဂ္ဂိုလ်၊

၆။ ဈာန်မှ ယုတ်လျော့ခြင်းသဘော မရှိသူ 'အပရိဟာနဓမ္မ' ပုဂ္ဂိုလ်၊

၇။ လှုံ့ဆော်ခြင်းငှါထိုက်သူ 'စေတနာ ဘဗ္ဗ' ပုဂ္ဂိုလ်၊

၈။ စောင့်ရှောက်ခြင်းငှါထိုက်သူ 'အနုရက္ခဏာ ဘဗ္ဗ' ပုဂ္ဂိုလ်၊

၉။ ပုထုဇဉ်ပုဂ္ဂိုလ်၊

၁၀။ အနွယ်ကို ဖြတ်သူ 'ဂေါတြဘူ' ပုဂ္ဂိုလ်၊

၁၁။ ဘေးရန်မှ ကြဉ်ဆဲဖြစ်သူ 'ဘယူပရတ' ပုဂ္ဂိုလ်၊

၁၂။ ဘေးရန်မှ ကြဉ်ပြီးဖြစ်သူ 'အဘယူပရတ' ပုဂ္ဂိုလ်၊

၁၃။ အရိယာအဖြစ်သို့ ရောက်ခြင်းငှါ ထိုက်သူ 'ဘဗ္ဗာဂမန' ပုဂ္ဂိုလ်၊

၁၄။ အရိယာအဖြစ်သို့ ရောက်ခြင်းငှါ မထိုက်သူ 'အဘဗ္ဗာဂမန' ပုဂ္ဂိုလ်၊

၁၅။ မြဲသော ပုဂ္ဂိုလ်၊

၁၆။ မမြဲသော ပုဂ္ဂိုလ်၊

၁၇။ ကျင့်ဆဲဖြစ်သော 'ပဋိပန္နက' ပုဂ္ဂိုလ်၊

၁၈။ ဖိုလ်၌ တည်သော ပုဂ္ဂိုလ်၊

၁၉။ အာသဝေါလည်းကုန်, အသက်လည်းကုန် နှစ်ပါးစုံအညီအမျှ ပရိနိဗ္ဗာန်စံရသော 'သမသီသီ' ပုဂ္ဂိုလ်၊

၂၀။ ကမ္ဘာကို တည်စေနိုင်သော 'ဌိတကပ္ပီ' ပုဂ္ဂိုလ်၊

၂၁။ အရိယာပုဂ္ဂိုလ်၊

၂၂။ အရိယာမဟုတ်သော ပုဂ္ဂိုလ်၊

၂၃။ ကျင့်ဆဲ 'သေက္ခ' ဖြစ်သော ပုဂ္ဂိုလ်၊

၂၄။ ကျင့်ပြီး 'အသေက္ခ' ဖြစ်သော ပုဂ္ဂိုလ်၊

၂၅။ ကျင့်ဆဲ 'သေက္ခ' လည်းမဟုတ်, ကျင့်ပြီး 'အသေက္ခ'လည်း မဟုတ်သော ပုဂ္ဂိုလ်၊

၂၆။ ဝိဇ္ဇာသုံးပါးရှိသော 'တေဝိဇ္ဇ' ပုဂ္ဂိုလ်၊

၂၇။ အဘိညာဉ်ခြောက်ပါးရှိသော 'ဆဠဘိည' ပုဂ္ဂိုလ်၊

၂၈။ အလုံးစုံသော တရားကို အမှန်ကိုယ်တိုင် သိမြင်သော 'သမ္မာသမ္ဗုဒ္ဓ' ပုဂ္ဂိုလ်၊

၂၉။ သစ္စာလေးပါးတရားကို အသီးအခြား သိမြင်သော 'ပစ္စေကသမ္ဗုဒ္ဓ' ပုဂ္ဂိုလ်၊

၃၀။ နှစ်ပါးသောအဖို့အားဖြင့် လွတ်မြောက်သူ 'ဥဘတောဘာဂဝိမုတ္တ' ပုဂ္ဂိုလ်၊

၃၁။ ပညာဖြင့် လွတ်မြောက်သူ 'ပညာဝိမုတ္တ' ပုဂ္ဂိုလ်၊

၃၂။ ဈာန်မဂ်ဖိုလ်ချမ်းသာကို ကိုယ်တိုင် တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော 'ကာယသက္ခီ'ပုဂ္ဂိုလ်၊

၃၃။ သိမြင်ခြင်းအဆုံးသို့ ရောက်သော 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်၊

၃၄။ သဒ္ဓါကို အမှူးထား၍ လွတ်မြောက်သော 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်၊

၃၅။ ပညာတရားဖြင့် အောက်မေ့တတ်သော 'ဓမ္မာနုသာရီ' ပုဂ္ဂိုလ်၊

၃၆။ သဒ္ဓါဖြင့် အောက်မေ့တတ်သော 'သဒ္ဓါနုသာရီ' ပုဂ္ဂိုလ်၊

၃၇။ အလွန်ဆုံး ခုနစ်ဘဝသာ ပဋိသန္ဓေနေသော 'သတ္တက္ခတ္တုပရမ' ပုဂ္ဂိုလ်၊

၃၈။ နှစ်ဘဝ သုံးဘဝစသည် အမျိုးတစ်မျိုးမှ အမျိုးတစ်မျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော 'ကောလံကောလ' ပုဂ္ဂိုလ်၊

၃၉။ တစ်ဘဝသာ ပဋိသန္ဓေမျိုးစေ့ရှိသော 'ဧကဗီဇီ' ပုဂ္ဂိုလ်၊

၄၀။ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာ ပြန်လာသော 'သကဒါဂါမီ' ပုဂ္ဂိုလ်၊

၄၁။ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် မပြန်လာသော 'အနာဂါမီ' ပုဂ္ဂိုလ်၊

၄၂။ အသက်တမ်း ထက်ဝက်မတိုင်မီအတွင်း၌ ရဟန္တာဖြစ်သော 'အန္တရာပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်၊

၄၃။ အသက်တမ်းထက်ဝက်သို့ ဆိုက်ထိလွန်မှ ရဟန္တာဖြစ်သော 'ဥပဟစ္စပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်၊

၄၄။ အားထုတ်တိုက်တွန်းမှုမရှိသဖြင့် ရဟန္တာဖြစ်သော 'အသင်္ခါရပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်၊

၄၅။ အားထုတ်တိုက်တွန်းမှုရှိသဖြင့် ရဟန္တာဖြစ်သော 'သသင်္ခါရပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်၊

၄၆။ ရှေးဦးစွာ အဝိဟာဘုံ၌ဖြစ်ပြီးလျှင် ဘုံစဉ်အတိုင်းတက်၍ အကနိဋ္ဌဘုံရောက်မှ ရဟန္တာဖြစ်သော 'ဥဒ္ဓံသောတအကနိဋ္ဌဂါမီ' ပုဂ္ဂိုလ်၊

၄၇။ သောတာပန်ပုဂ္ဂိုလ်၊

၄၈။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်၊

၄၉။ သကဒါဂါမ်ပုဂ္ဂိုလ်၊

၅၀။ သကဒါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်၊

၅၁။ အနာဂါမ်ပုဂ္ဂိုလ်၊

၅၂။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်၊

၅၃။ ရဟန္တာပုဂ္ဂိုလ်၊

၅၄။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သောပုဂ္ဂိုလ်။

ဧကကပြီး၏။

------

၂-ဒုကဥဒ္ဒေသ

၈။ ပုဂ္ဂိုလ်တို့သည် နှစ်မျိုးတို့တည်း။

၁။ အမျက်ထွက်တတ်သော ပုဂ္ဂိုလ်နှင့် ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်၊

၂။ ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်နှင့် အပြိုင်ပြုတတ်သော ပုဂ္ဂိုလ်၊

၃။ ငြူစူတတ်သော ပုဂ္ဂိုလ်နှင့် ဝန်တိုတတ်သော ပုဂ္ဂိုလ်၊

၄။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်နှင့် လှည့်ပတ်တတ်သော ပုဂ္ဂိုလ်၊

၅။ ဒုစရိုက်မှ မရှက်တတ်သော ပုဂ္ဂိုလ်နှင့် ဒုစရိုက်မှ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်၊

၆။ အဆုံးမခက်သော ပုဂ္ဂိုလ်နှင့် ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်၊

၇။ ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်နှင့် ဘောဇဉ်၌ အတိုင်းအရှည်ကို မသိသောပုဂ္ဂိုလ်၊

၈။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်နှင့် ပညာအဆင်အခြင် မရှိသော ပုဂ္ဂိုလ်၊

၉။ သီလအကျင့်ပျက်သော ပုဂ္ဂိုလ်နှင့် အယူပျက်သော ပုဂ္ဂိုလ်၊

၁၀။ အတွင်းသံယောဇဉ်ရှိသော ပုဂ္ဂိုလ်နှင့် အပြင်အပသံယောဇဉ်ရှိသော ပုဂ္ဂိုလ်၊

၁၁။ အမျက်မထွက်တတ်သော ပုဂ္ဂိုလ်နှင့် ရန်ငြိုးမဖွဲ့တတ်သော ပုဂ္ဂိုလ်၊

၁၂။ ကျေးဇူးကို မချေဖျက်တတ်သော ပုဂ္ဂိုလ်နှင့် အပြိုင်မပြုတတ်သော ပုဂ္ဂိုလ်၊

၁၃။ မငြူစူတတ်သော ပုဂ္ဂိုလ်နှင့် ဝန်မတိုတတ်သော ပုဂ္ဂိုလ်၊

၁၄။ မစဉ်းလဲတတ်သော ပုဂ္ဂိုလ်နှင့် မလှည့်ပတ်တတ်သော ပုဂ္ဂိုလ်၊

၁၅။ ဒုစရိုက်မှ ရှက်တတ်သော ပုဂ္ဂိုလ်နှင့် ဒုစရိုက်မှ ကြောက်လန့်တတ်သော ပုဂ္ဂိုလ်၊

၁၆။ ဆိုဆုံးမလွယ်သော ပုဂ္ဂိုလ်နှင့် မိတ်ဆွေကောင်းရှိသော ပုဂ္ဂိုလ်၊

၁၇။ ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်နှင့် ဘောဇဉ်၌ အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်၊

၁၈။ ထင်သောသတိရှိသော ပုဂ္ဂိုလ်နှင့် ပညာအဆင်အခြင်ရှိသော ပုဂ္ဂိုလ်၊

၁၉။ သီလအကျင့်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်နှင့် အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်၊

၂၀။ လောက၌ နှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် ရနိုင်ခဲကုန်၏၊

၂၁။ လောက၌ နှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် ရောင့်ရဲနိုင်ခဲကုန်၏၊

၂၂။ လောက၌ နှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် ရောင့်ရဲလွယ်ကုန်၏၊

၂၃။ လောက၌ နှစ်ယောက်သော ပုဂ္ဂိုလ်တို့အား ကိလေသာတရားတို့သည် တိုးပွားကုန်၏။

၂၄။ လောက၌ နှစ်ယောက်သော ပုဂ္ဂိုလ်တို့အား ကိလေသာတရားတို့သည် မတိုးပွားကုန်၊

၂၅။ ယုတ်ညံ့သော နှလုံးသွင်း 'အလို' ရှိသော ပုဂ္ဂိုလ်နှင့် မြတ်သော နှလုံးသွင်း 'အလို' ရှိသော ပုဂ္ဂိုလ်၊

၂၆။ ရောင့်ရဲတတ်သော ပုဂ္ဂိုလ်နှင့် ရောင့်ရဲစေတတ်သော ပုဂ္ဂိုလ်၊

ဒုကပြီး၏။

------

၃-တိကဥဒ္ဒေသ

၉။ ပုဂ္ဂိုလ်တို့သည် သုံးမျိုးတို့တည်း-

၁။ အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော 'နိရာသ' ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော 'အာသံသ' ပုဂ္ဂိုလ်၊ အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းမှ ကင်းသော 'ဝိဂတာသ'ပုဂ္ဂိုလ်။

၂။ သူနာနှင့်တူသော သုံးယောက်သော ပုဂ္ဂိုလ်တို့။

၃။ ဈာန်မဂ်ဖိုလ်ချမ်းသာကို ကိုယ်တိုင် တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော 'ကာယသက္ခီ'ပုဂ္ဂိုလ်၊ သိမြင်ခြင်းအဆုံးသို့ ရောက်သော 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်၊ သဒ္ဓါကို အမှူးထား၍ လွတ်သော'သဒ္ဓါဝိမုတ္တ္တ'ပုဂ္ဂိုလ်။

၄။ မစင်နှင့်တူသော စကားရှိသော ပုဂ္ဂိုလ်၊ ပန်းနှင့်တူသော စကားရှိသော ပုဂ္ဂိုလ်၊ ပျားနှင့်တူသောစကားရှိသော ပုဂ္ဂိုလ်။

၅။ အိုင်းအမာနှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊ လျှပ်စစ်နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်၊ ဝဇိရစိန် နှင့်တူသော စိတ်ရှိသော ပုဂ္ဂိုလ်။

၆။ ပညာမျက်စိမရှိ 'ကန်း'သော ပုဂ္ဂိုလ်၊ ပညာမျက်စိ တစ်ဖက်သာ အမြင်ရှိသော ပုဂ္ဂိုလ်၊ ပညာမျက်စိ နှစ်ဖက်အမြင်ရှိသော ပုဂ္ဂိုလ်။

၇။ မှောက်၍ထားသော အိုးနှင့်တူသော ပညာရှိသော ပုဂ္ဂိုလ်၊ ခါးပိုက်၌ ထည့်ထားသည့် ခဲဖွယ်စားဖွယ်ဝတ္ထုရှိသောသူနှင့် တူသော ပညာရှိသော ပုဂ္ဂိုလ်၊ ကျယ်ပြန့်သော ပညာရှိသော ပုဂ္ဂိုလ်။

၈။ ကာမတို့၌လည်းကောင်း၊ ဘဝတို့၌လည်းကောင်း တပ်ခြင်းမကင်းသော အချို့သောပုဂ္ဂိုလ်၊ ကာမတို့၌ တပ်ခြင်းကင်းသည်ဖြစ်၍ ဘဝတို့၌ တပ်ခြင်းမကင်းသေးသော အချို့သောပုဂ္ဂိုလ်၊ ကာမတို့၌လည်းကောင်း၊ ဘဝတို့၌လည်းကောင်း တပ်ခြင်းကင်းပြီးသော အချို့သောပုဂ္ဂိုလ်။

၉။ ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော ပုဂ္ဂိုလ်၊ မြေ၌ ရေးထားသော အက္ခရာနှင့် တူသောပုဂ္ဂိုလ်၊ ရေ၌ ရေးသားထားသော အက္ခရာနှင့်တူသော ပုဂ္ဂိုလ်။

၁၀။ ပိုက်ဆံလျော်ချည် ပုဆိုးသုံးထည်နှင့်တူသော သုံးယောက်သော ပုဂ္ဂိုလ်တို့။

၁၁။ ကာသိတိုင်းဖြစ် ပုဆိုးသုံးထည်နှင့်တူသော သုံးယောက်သော ပုဂ္ဂိုလ်တို့။

၁၂။ နှိုင်းဆရန် လွယ်ကူသော ပုဂ္ဂိုလ်၊ နှိုင်းဆရန် ခဲယဉ်းသော ပုဂ္ဂိုလ်၊ မနှိုင်းဆနိုင်သော ပုဂ္ဂိုလ်၊

၁၃။ မမှီဝဲအပ် မဆည်းကပ်အပ် မချဉ်းကပ်အပ်သော အချို့သောပုဂ္ဂိုလ်၊ မှီဝဲအပ် ဆည်းကပ်အပ်ချဉ်းကပ်အပ်သော အချို့သော ပုဂ္ဂိုလ်၊ အရိုအသေ အလေးအမြတ် ပြု၍ မှီဝဲအပ် ဆည်းကပ်အပ် ချဉ်း့ကပ်အပ်သော အချို့သောပုဂ္ဂိုလ်။

၁၄။ စက်ဆုပ်အပ်, မမှီဝဲအပ်, မဆည်းကပ်အပ်, မချဉ်းကပ်အပ်သော အချို့သော ပုဂ္ဂိုလ်၊ လျစ်လျူရှုအပ်, မမှီဝဲအပ်, မဆည်းကပ်အပ်, မချဉ်းကပ်အပ်သော အချို့သော ပုဂ္ဂိုလ်၊ မြတ်နိုးအပ်, မှီဝဲအပ်,ဆည်းကပ်အပ်, ချဉ်းကပ်အပ်သော အချို့သောပုဂ္ဂိုလ်။

၁၅။ သီလအကျင့်တို့၌ ပြည့်စုံအောင် ပြုလေ့ရှိသည်, သမာဓိ၌ အတိုင်းအရှည်ပြုလေ့ရှိသည် ဖြစ်၍ပညာ၌လည်း အတိုင်းအရှည်ကို ပြုလေ့ရှိသော အချို့သောပုဂ္ဂိုလ်၊ သီလ၌ ပြည့်စုံအောင် ပြုလေ့ရှိသည်,သမာဓိ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသည်ဖြစ်၍ ပညာ၌ အတိုင်းအရှည်ကို ပြုလေ့ရှိသော အချို့သောပုဂ္ဂိုလ်၊ သီလ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသည် သမာဓိ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသည် ဖြစ်၍ပညာ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသော အချို့သောပုဂ္ဂိုလ်။

၁၆။ ဆရာတို့သည် သုံးမျိုးတို့တည်း။

၁၇။ ထိုမှတစ်ပါး ဆရာတို့သည် သုံးမျိုးတို့တည်း။

တိက ပြီး၏။

------

၄-စတုက္ကဥဒ္ဒေသ

၁၀။ ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၁။ သူတော်ကောင်းမဟုတ်သော ပုဂ္ဂိုလ်၊ သူတော်ကောင်းမဟုတ်သော ပုဂ္ဂိုလ်အောက် သာလွန်၍သူတော်ကောင်းမဟုတ်သော ပုဂ္ဂိုလ်၊ သူတော်ကောင်းပုဂ္ဂိုလ်၊ သူတော်ကောင်းထက် သာလွန်၍ သူတော်ကောင်းဖြစ်သော ပုဂ္ဂိုလ်။

၂။ ယုတ်မာသော ပုဂ္ဂိုလ်၊ ယုတ်မာသော ပုဂ္ဂိုလ်အောက် သာလွန်၍ ယုတ်မာသော ပုဂ္ဂိုလ်၊ ကောင်းမြတ်သော ပုဂ္ဂိုလ်၊ ကောင်းမြတ်သော ပုဂ္ဂိုလ်ထက် သာလွန်၍ ကောင်းမြတ်သော ပုဂ္ဂိုလ်။

၃။ ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ်၊ ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ်အောက် သာလွန်၍ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ်၊ ကောင်းမြတ်သော အကျင့်ရှိသော ပုဂ္ဂိုလ်၊ ကောင်းမြတ်သောအကျင့်ရှိသော ပုဂ္ဂိုလ်ထက် သာလွန်၍ ကောင်းမြတ်သော အကျင့်ရှိသော ပုဂ္ဂိုလ်။

၄။ အပြစ်ရှိသော ပုဂ္ဂိုလ်၊ အပြစ်များသော ပုဂ္ဂိုလ်၊ အပြစ်နည်းသော ပုဂ္ဂိုလ်၊ အပြစ်မရှိသော ပုဂ္ဂိုလ်။

၅။ အကျဉ်းဟောပြကာမျှ ဖြင့် မဂ်ဖိုလ်ကိုရသော 'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ်၊ အကျယ်ဟောပြကာမျှ ဖြင့်မဂ်ဖိုလ်ကို ရသော 'ဝိပဉ္စိတညူ' ပုဂ္ဂိုလ်၊ ဥဒ္ဒေသစသည်ဖြင့် ဆောင်ပြ၍ တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော 'နေယျ'ပုဂ္ဂိုလ်၊ ပုဒ်, ဗျည်းမျှသာ အတိုင်းအရှည်ရှိသော 'ပဒပရမ' ပုဂ္ဂိုလ်။

၆။ သင့်လျော်စွာ ဆိုတတ်၍ လွတ်လွတ် 'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ်၊ လွတ်လွတ်'မဆိုင်းမလင့်'ဆိုတတ်၍ သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်၊ သင့်လျော်စွာလည်း ဆိုတတ် လွတ်လွတ်'မဆိုင်းမလင့်'လည်း ဆိုတတ်သော ပုဂ္ဂိုလ်၊ သင့်လျော်စွာလည်း မဆိုတတ်, လွတ်လွတ် 'မဆိုင်းမလင့်'လည်း မဆိုတတ်သော ပုဂ္ဂိုလ်။

၇။ တရားဟော 'ဓမ္မကထိက'ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၈။ မိုးတိမ်တိုက်နှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၉။ ကြွက်နှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၁၀။ သရက်သီးနှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၁၁။ အိုးနှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၁၂။ ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၁၃။ နွားလားနှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၁၄။ မြွေနှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးမျိုးတို့တည်း။

၁၅။ မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ပြောဆို တတ်သောအချို့သောပုဂ္ဂိုလ်၊ မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊ မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ မကြည်ညိုထိုက်သောအရာ၌ ကြည်ညိုခြင်းကို ပြတတ်သော အချို့သောပုဂ္ဂိုလ်၊ မဆင်ခြင်မူ၍ ဉာဏ်ဖြင့် မသက်ဝင်မူ၍ ကြည်ညိုထိုက်သောအရာ၌ မကြည်ညိုခြင်းကို ပြတတ်သော အချို့သောပုဂ္ဂိုလ်။

၁၆။ ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ မချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးမဲ့ကို ဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊ ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ ချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးကို ဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊ ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ မကြည်ညိုထိုက်သောအရာ၌ မကြည်ညိုခြင်းကို ပြတတ်သော အချို့သောပုဂ္ဂိုလ်၊ ဆင်ခြင်၍ ဉာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုထိုက်သောအရာ၌ ကြည်ညိုခြင်းကို ပြတတ်သော အချို့သောပုဂ္ဂိုလ်။

၁၇။ မချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးမဲ့ကို အဟုတ်အမှန် လျောက်ပတ်သောအခါ၌ ပြောဆိုတတ်သည်ဖြစ်၍ ချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးကို အဟုတ်အမှန် လျောက်ပတ်သောအခါ၌ မပြောဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊ ချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးကို အဟုတ်အမှန် လျောက်ပတ်သောအခါ၌ ပြောဆိုတတ်သည်ဖြစ်၍ မချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးမဲ့ကို အဟုတ်အမှန်လျောက်ပတ်သောအခါ၌ မပြောဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊ မချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးမဲ့ကို အဟုတ်အမှန် လျောက်ပတ်သော အခါ၌ ပြောဆိုတတ်သည်ဖြစ်၍ ချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးကိုလည်း အဟုတ်အမှန် လျောက်ပတ်သောအခါ၌ ပြောဆိုတတ်သော အချို့သောပုဂ္ဂိုလ်၊ မချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးမဲ့ကို အဟုတ်အမှန် လျောက်ပတ်သောအခါ၌ မပြောဆိုတတ်သည်ဖြစ်၍ချီးမွမ်းထိုက်သောသူ၏ ဂုဏ်ကျေးဇူးကိုလည်း အဟုတ်အမှန် လျောက်ပတ်သောအခါ၌ မပြောဆိုတတ်သော အချို့သောပုဂ္ဂိုလ်။

၁၈။ လုံ့လအကျိုးကိုသာ မှီ၍ အသက်မွေးလျက် ရှေးကောင်းမှု အကျိုးကို မှီ၍ အသက်မမွေး သောပုဂ္ဂိုလ်၊ ရှေးကောင်းမှု အကျိုးကိုသာ မှီ၍ အသက်မွေးလျက် လုံ့လအကျိုးကို မှီ၍ အသက်မမွေး သောပုဂ္ဂိုလ်၊ လုံ့လအကျိုးကိုလည်း မှီ၍ အသက်မွေးလျက် ရှေးကောင်းမှု အကျိုးကိုလည်း မှီ၍အသက်မွေးသော ပုဂ္ဂိုလ်၊ လုံ့လအကျိုးကိုလည်း မှီ၍ အသက်မမွေး ရှေးကောင်းမှု အကျိုးကိုလည်း မှီ၍အသက်မမွေးသော ပုဂ္ဂိုလ်။

၁၉။ အမိုက်မှောင်မှ (လာ၍) အမိုက်မှောင်သို့ သွားသော ပုဂ္ဂိုလ်၊ အမိုက်မှောင်မှ (လာ၍) အလင်း သို့သွားသော ပုဂ္ဂိုလ်၊ အလင်းမှ (လာ၍) အမိုက်မှောင်သို့ သွားသော ပုဂ္ဂိုလ်၊ အလင်းမှ (လာ၍) အလင်းသို့သွားသော ပုဂ္ဂိုလ်။

၂၀။ အောက်မှ (လာ၍) အောက်သို့ ညွတ်သော ပုဂ္ဂိုလ်၊ အောက်မှ (လာ၍) အထက်သို့ ညွတ်သောပုဂ္ဂိုလ်၊ အထက်မှ (လာ၍) အောက်သို့ ညွတ်သော ပုဂ္ဂိုလ်၊ အထက်မှ (လာ၍) အထက်သို့ ညွတ်သောပုဂ္ဂိုလ်။

၂၁။ သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။

၂၂။ အဆင်းလျှင် အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်၊ အဆင်း၌ ကြည်ညိုသော ပုဂ္ဂိုလ်၊ အသံလျှင်အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်၊ အသံ၌ ကြည်ညိုသော ပုဂ္ဂိုလ်။

၂၃။ ခေါင်းပါးခြင်းလျှင် အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်၊ ခေါင်းပါးခြင်း၌ ကြည်ညိုသော ပုဂ္ဂိုလ်၊ တရားလျှင် အတိုင်းအရှည်ရှိသော ပုဂ္ဂိုလ်၊ တရား၌ ကြည်ညိုသော ပုဂ္ဂိုလ်။

၂၄။ မိမိ၏ အစီးအပွါးအတွက်သာ ကျင့်သည်ဖြစ်၍ သူတစ်ပါးတို့၏ အစီးအပွါးအတွက် မကျင့်သောပုဂ္ဂိုလ်၊ သူတစ်ပါးတို့၏ အစီးအပွါးအတွက်သာ ကျင့်သည်ဖြစ်၍ မိမိ၏ အစီးအပွါးအတွက် မကျင့်သောပုဂ္ဂိုလ်၊ မိမိ၏ အစီးအပွါးအတွက်လည်းကျင့် သူတစ်ပါးတို့၏ အစီးအပွါးအတွက်လည်း ကျင့်သောပုဂ္ဂိုလ်၊ မိမိ၏ အစီးအပွါးအတွက်လည်း မကျင့်, သူတစ်ပါးတို့၏ အစီးအပွါးအတွက်လည်း မကျင့်သောပုဂ္ဂိုလ်။

၂၅။ မိမိကိုယ်ကို ပူပန်ဆင်းရဲစေသည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေခြင်းနှင့် ယှဉ်သောအမှုကို အဖန်ဖန်အားထုတ်သော အချို့သော ပုဂ္ဂိုလ်၊ သူတစ်ပါးကို ပူပန်ဆင်းရဲစေသည်ဖြစ်၍ သူတစ်ပါးကိုပူပန်ဆင်းရဲစေခြင်းနှင့် ယှဉ်သောအမှုကို အဖန်ဖန်အားထုတ်သော အချို့သောပုဂ္ဂိုလ်၊ မိမိကိုယ်ကို ပူပန်ဆင်းရဲစေသည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေခြင်းနှင့် ယှဉ်သောအမှုကိုလည်း အဖန်ဖန် အားထုတ်လျက် သူတစ်ပါးကို ပူပန်ဆင်းရဲစေသည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေခြင်းနှင့် ယှဉ်သော အမှုကိုလည်း အဖန်ဖန်အားထုတ်သော အချို့သောပုဂ္ဂိုလ်၊ မိမိကိုယ်ကို မပူပန် မဆင်းရဲစေသည်ဖြစ်၍ မိမိကိုယ်ကို ပူပန်ဆင်းရဲစေခြင်းနှင့် ယှဉ်သောအမှုကိုလည်း အဖန်ဖန်အားမထုတ် သူတစ်ပါးကို မပူပန် မဆင်းရဲစေသည်ဖြစ်၍ သူတစ်ပါးကို ပူပန်ဆင်းရဲစေခြင်းနှင့် ယှဉ်သော အမှုကိုလည်း အဖန်ဖန် အားမထုတ်သောပုဂ္ဂိုလ်၊ ထိုပုဂ္ဂိုလ်သည် မိမိကိုယ်ကိုလည်း မပူပန် မဆင်းရဲစေ သူတစ်ပါးကိုယ်ကိုလည်း မပူပန် မဆင်းရဲစေမူ၍ ယခုပစ္စုပ္ပန်ဘဝ၌ တဏှာကင်းသည် ကိလေသာငြိမ်းအေးသည် အေးမြသည်ဖြစ်၍ (ဈာန် မဂ် ဖိုလ်နိဗ္ဗာန်) ချမ်းသာကို ခံစားလျက် မြတ်သည်ဖြစ်၍ဖြစ်သော ကိုယ်ဖြင့် နေ၏။

၂၆။ ရာဂရှိသောပုဂ္ဂိုလ်၊ ဒေါသရှိသောပုဂ္ဂိုလ်၊ မောဟရှိသောပုဂ္ဂိုလ်၊ မာနရှိသောပုဂ္ဂိုလ်။

၂၇။ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်းအေးကြောင်း (စတုတ္ထဈာန်သမာပတ်) ကို ရသည်ဖြစ်၍ အဓိပညာဟု ဆိုအပ်သော ခန္ဓာတရားတို့၌ ရှုသော ဝိပဿနာကို မရသော အချို့သောပုဂ္ဂိုလ်၊ အဓိပညာဟု ဆိုအပ်သော ခန္ဓာတရားတို့၌ ရှုသော ဝိပဿနာကို ရသည်ဖြစ်၍ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်းအေးကြောင်း (စတုတ္ထဈာန် သမာပတ်) ကို မရသော အချို့သောပုဂ္ဂိုလ်၊ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်းအေးကြောင်း (စတုတ္ထဈာန်သမာပတ်) ကိုလည်း ရ၊ အဓိပညာဟု ဆိုအပ်သော ခန္ဓာတရားတို့၌ ရှုသော ဝိပဿနာကိုလည်း ရသော အချို့သောပုဂ္ဂိုလ်၊ အဇ္ဈတ္တသန္တာန်၌ စိတ်ငြိမ်းအေးကြောင်း (စတုတ္ထဈာန်သမာပတ်) ကိုလည်း မရ၊ အဓိပညာဟု ဆိုအပ်သော ခန္ဓာတရားတို့၌ ရှုသော ဝိပဿနာကိုလည်း မရသော အချို့သော ပုဂ္ဂိုလ်။

၂၈။ ဝဋ်ရေအလျဉ်သို့ အစဉ်လိုက်သော ပုဂ္ဂိုလ်၊ ဝဋ်ရေအလျဉ်၏ အထက်သို့ ဆန်တက်သော ပုဂ္ဂိုလ်၊ တည်သောသဘောရှိသော ပုဂ္ဂိုလ်၊ တဏှာအလျဉ်ကို ကူးမြောက်သည်ဖြစ်၍ နိဗ္ဗာန်တည်းဟူသောကမ်းတစ်ဖက်သို့ ရောက်လျက် (အရဟတ္တဖိုလ်) ကြည်းကုန်း၌ တည်သော မကောင်းမှုကို အပပြုပြီးသောပုဂ္ဂိုလ်။

၂၉။ အကြားအမြင်နည်းသည်ဖြစ်၍ အကြားအမြင်နှင့် မပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်နည်း သည်ဖြစ်၍ အကြားအမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်များသည်ဖြစ်၍ အကြားအမြင်နှင့်မပြည့်စုံသော ပုဂ္ဂိုလ်၊ အကြားအမြင်များသည်ဖြစ်၍ အကြားအမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်။

၃၀။ မတုန်လှုပ်သော (သောတာပန်) ရဟန်း၊ ပဒုမ္မာကြာနှင့်တူသော (သကဒါဂါမ်) ရဟန်း၊ ပုဏ္ဍရိက်ကြာနှင့်တူသော (အနာဂါမ်) ရဟန်း၊ ရဟန်းတို့တွင် အလွန်သိမ်မွေ့သော (ရဟန္တာ) ရဟန်း။

စတုက္က ပြီး၏။

------

၅-ပဉ္စကဥဒ္ဒေသ

၁၁။ ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း-

၁။ အချို့သော ပုဂ္ဂိုလ်သည် အာပတ်လည်း သင့်၏၊ နှလုံးမသာယာခြင်းလည်း ဖြစ်၏၊ အကြင့်အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှလွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် အာပတ်သင့်၏၊ နှလုံးမသာယာခြင်းကား မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုလည်းဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် အာပတ်ကား မသင့်၊ နှလုံးမသာယာခြင်းသဘောကား ဖြစ်၏၊ အကြင်အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှလွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုဟုတ်တိုင်းမှန်စွာ မသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် အာပတ်လည်း မသင့်၊ နှလုံးမသာယာခြင်းလည်း မဖြစ်၊ အကြင်အရဟတ္တဖိုလ်သို့ ရောက်၍ ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည်အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုလည်း မသိ၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် အာပတ်လည်း မသင့်၊ နှလုံးမသာယာခြင်းလည်း မဖြစ်၊ အကြင် အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ထိုပုဂ္ဂိုလ်အား ဖြစ်ပေါ်လာကုန်သော ယုတ်ညံ့ကုန်သော ထိုအကုသိုလ်တရားတို့သည် အကြွင်းမဲ့ ချုပ်ကုန်၏၊ စိတ်ဖြင့် ကိလေသာမှ လွတ်မြောက်သော, ပညာဖြင့် ကိလေသာမှလွတ်မြောက်သော ထိုအရဟတ္တဖိုလ်ကိုလည်းဟုတ်တိုင်းမှန်စွာ သိ၏၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

၂။ ပေးပြီး မထီမဲ့မြင်ပြုသော ပုဂ္ဂိုလ်၊ ပေါင်းသင်းဆက်ဆံသဖြင့် မထီမဲ့မြင်ပြုသော ပုဂ္ဂိုလ်၊ လက်ဦးစကား၌ အကြောင်းရင်းထားသော ပုဂ္ဂိုလ်၊ လျှပ်ပေါ်သော ပုဂ္ဂိုလ်၊ ထိုင်းအ, မိုက်မဲသော ပုဂ္ဂိုလ်။

၃။ စစ်သည် သူရဲကောင်းနှင့်တူသော ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၄။ ပိဏ္ဍပါတ်ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၅။ ခလုပစ္ဆာဘတ္တိကဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၆။ ဧကာသနိက်ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၇။ ပံသုကူဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၈။ တိစီဝရိက်ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၉။ အရညကင်ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၁၀။ ရုက္ခမူဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၁၁။ အဗ္ဘောကာသိကဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၁၂။ နိသဇ်ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၁၃။ ယထာသန္ထတိဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

၁၄။ သုသာန်ဓုတင်ဆောင် ပုဂ္ဂိုလ်တို့သည် ငါးမျိုးတို့တည်း။

ပဉ္စက ပြီး၏။

------

၆-ဆက္ကဥဒ္ဒေသ

၁၂။ ပုဂ္ဂိုလ်တို့သည် ခြောက်မျိုးတို့တည်း-

၁။ အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာလေးပါး့တရားတို့ကို ထိုးထွင်း၍ သိ၏၊ ထိုသစ္စာလေးပါးတရားတို့၌ အကုန်အစင် သိမြင်ခြင်းသို့လည်းရောက်၏၊ အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့လည်း ရောက်၏၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာလေးပါးတရားတို့ကိုထိုးထွင်း၍ သိ၏၊ ထိုသစ္စာလေးပါးတရားတို့၌ အကုန်အစင် သိမြင်ခြင်းသို့လည်း မရောက်၊ အားတော်ဆယ်တန် ဉာဏ်တော်ဆယ်ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့လည်း မရောက်၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာလေးပါးတရားတို့ကိုထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကိုလည်း ပြု၏၊ သာဝကပါရမီဉာဏ်သို့လည်းရောက်၏၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာလေးပါးတရားတို့ကိုထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကို ပြု၏၊ သာဝကပါရမီဉာဏ်သို့ကား မရောက်၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာလေးပါးတရားတို့ကိုထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကိုလည်း မပြုနိုင်၊ ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် မလာမူ၍ အနာဂါမ်ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် သစ္စာလေးပါးတရားတို့ကိုထိုးထွင်း၍ မသိ၊ ယခုဘဝ၌ပင်လျှင် ဆင်းရဲ၏ အဆုံးကိုလည်း မပြုနိုင်၊ ဤကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လာ၍ သောတာပန်, သကဒါဂါမ်ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည် ရှိ၏။

ဆက္က ပြီး၏။

------

၇-သတ္တကဥဒ္ဒေသ

၁၃။ ပုဂ္ဂိုလ်တို့သည် ခုနစ်မျိုးတို့တည်း-

၁။ 'ရေကူးခြင်း'ဥပမာရှိသော ပုဂ္ဂိုလ်တို့သည် ခုနစ်မျိုးတို့တည်း၊ တစ်ကြိမ်နစ်မြုပ်သော်နစ်မြုပ်သည်သာဖြစ်သော ပုဂ္ဂိုလ်၊ ပေါ်ပြီးမှ နစ်မြုပ်သော ပုဂ္ဂိုလ်၊ ပေါ်၍ တည်သော ပုဂ္ဂိုလ်၊ ပေါ်၍တူရူူကြည့် တစောင်းကြည့်သော ပုဂ္ဂိုလ်၊ ပေါ်၍ ကူးသော ပုဂ္ဂိုလ်၊ ပေါ်၍ ထောက်မှီရာသို့ ရောက်သောပုဂ္ဂိုလ်၊ ပေါ်၍ ကူးမြောက်သည်ဖြစ်လျက် ကမ်းတစ်ဖက်သို့ ရောက်သော (နိဗ္ဗာန်တည်းဟူသော) ကြည်းကုန်းထက်၌ တည်သော မကောင်းမှုကို အပပြု ပြီးသော ပုဂ္ဂိုလ်။

၂။ နှစ်ပါးသော အဖို့ဖြင့် လွတ်မြောက်သော ပုဂ္ဂိုလ်၊ ပညာဖြင့် လွတ်မြောက်သော ပုဂ္ဂိုလ်၊ ဈာန် မဂ် ဖိုလ် ချမ်းသာကို ကိုယ်တိုင်တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်၊ သိမြင်ခြင်းအဆုံးသို့ ရောက်သော ပုဂ္ဂိုလ်၊ သဒ္ဓါကို အမှူးထား၍ လွတ်မြောက်သော ပုဂ္ဂိုလ်၊ ပညာတရားဖြင့် အစဉ်ရောက်သော ပုဂ္ဂိုလ်၊ သဒ္ဓါတရားဖြင့် အစဉ်ရောက်သော ပုဂ္ဂိုလ်၊ ။

သတ္တက ပြီး၏။

------

၈-အဋ္ဌကဥဒ္ဒေသ

၁၄။ ပုဂ္ဂိုလ်တို့သည် ရှစ်မျိုးတို့တည်း-

မဂ်လေးပါးနှင့်ပြည့်စုံသော လေးယောက်သော မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တို့နှင့် ဖိုလ်လေးပါးနှင့် ပြည့်စုံသော လေးယောက်သော ဖလဋ္ဌာန်ပုဂ္ဂိုလ်တို့။

အဋ္ဌက ပြီး၏။

------

၉-နဝကဥဒ္ဒေသ

၁၅။ ပုဂ္ဂိုလ်တို့သည် ကိုးမျိုးတို့တည်း-

၁။ အလုံးစုံသော တရားတို့ကို ကိုယ်တိုင် မှန်စွာ သိမြင်တော်မူသော သဗ္ဗညုဘုရား၊ သစ္စာလေးပါးတရားတို့ကို အသီးအခြားသိမြင်သော ပစ္စေကဗုဒ္ဓါ၊ နှစ်ပါးသော အဖို့ဖြင့် လွတ်မြောက်သောပုဂ္ဂိုလ်၊ ပညာဖြင့် လွတ်မြောက်သော ပုဂ္ဂိုလ်၊ ဈာန်မဂ်ဖိုလ်ချမ်းသာကို ကိုယ်တိုင် တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော ပုဂ္ဂိုလ်၊ သိမြင်ခြင်းအဆုံးသို့ ရောက်သော ပုဂ္ဂိုလ်၊ သဒ္ဓါကို အမှူးထား၍ လွတ်မြောက်သော ပုဂ္ဂိုလ်၊ ပညာတရားဖြင့် အစဉ်ရောက်သော ပုဂ္ဂိုလ်၊ သဒ္ဓါတရားဖြင့် အစဉ်ရောက်သောပုဂ္ဂိုလ်။

နဝက ပြီး၏။

------

၁၀-ဒသကဥဒ္ဒေသ

၁၆။ ပုဂ္ဂိုလ်တို့သည် ဆယ်မျိုးတို့တည်း-

၁။ ကာမဘုံ၌ ပြီးဆုံးခြင်းသို့ ရောက်သော ငါးယောက်သော ပုဂ္ဂိုလ်။

ကာမဘုံ၌ဖြစ်ခြင်းကို ပယ်၍ (သုဒ္ဓါဝါသဘုံ၌ ) ပြီးဆုံးခြင်းသို့ ရောက်သော ငါးယောက်သော ပုဂ္ဂိုလ်။

ဒသက ပြီး၏။

ပုဂ္ဂလပညတ် မာတိကာ ပြီး၏။

------

နိဒ္ဒေသ

၁-ဧကကပုဂ္ဂလပညတ်

၁။ အခါအားဖြင့် လွတ်သူ 'သမယဝိမုတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရံဖန်ရံခါ တစ်ခါတစ်ရံ ရှစ်ပါးသော သမာပတ်တို့ကို နာမကာယဖြင့် တွေ့ထိ၍ နေ၏၊ ထိုပုဂ္ဂိုလ်အား (ဝိပဿနာမဂ်) ပညာဖြင့်လည်း မြင်၍ အချို့သော အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဤပုဂ္ဂိုလ်ကို အခါအားဖြင့် လွတ်သူ 'သမယဝိမုတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၂။ အခါအားဖြင့် မလွတ်သူ 'အသမယဝိမုတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ရံဖန်ရံခါ တစ်ခါတစ်ရံ ရှစ်ပါးသော သမာပတ်တို့ကို နာမကာယဖြင့် တွေ့ထိ၍ မနေ၊ ထိုပုဂ္ဂိုလ်အား (ဝိပဿနာမဂ်) ပညာဖြင့်လည်း မြင်၍ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဤပုဂ္ဂိုလ်ကို အခါအားဖြင့် မလွတ်သူ 'အသမယဝိမုတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ အလုံးစုံလည်း ဖြစ်ကုန်သောအရိယာပုဂ္ဂိုလ် (ရှစ်ယောက်) တို့သည် မွန်မြတ်သော (လောကုတ္တရာ) သမာပတ်၌ အခါအားဖြင့် လွတ်မြောက်သူမဟုတ်သော 'အသမယဝိမုတ္တ' ပုဂ္ဂိုလ်တို့ မည်ကုန်၏။

၃။ ဈာန်ပျက်ခြင်းသဘောရှိသော 'ကုပ္ပဓမ္မ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရုပ်လျှင် အာရုံရှိသည်လည်း ဖြစ်ကုန်သော ရုပ်မဟုတ်သော တရားလျှင် အာရုံရှိသည်လည်းဖြစ်ကုန်သော သမာပတ်တို့ကို ရ၏၊ ထိုသို့ရခြင်းသည်ကား အလိုရှိတိုင်း ရသည်လည်း မဟုတ်၊ မပင်မပန်းဘဲ ရသည်လည်း မဟုတ်၊ မငြိုမငြင်ဘဲ ရသည်လည်း မဟုတ်၊ အလိုရှိရာအရပ်၌ အလိုရှိသောသမာပတ်ကို အလိုရှိသမျှ ကာလပတ်လုံး ဝင်လည်း မဝင်စားနိုင်၊ ထလည်း မထနိုင်၊ ထိုပုဂ္ဂိုလ်၏မေ့လျော့မှုကို စွဲ၍ ထိုသမာပတ်တို့သည် ပျက်စီးကုန်ရာသော အကြောင်းအခွင့်သည် ရှိ၏၊ ထိုပုဂ္ဂိုလ်ကိုဈာန်ပျက်ခြင်းသဘောရှိသော 'ကုပ္ပဓမ္မ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄။ ဈာန်ပျက်ခြင်းသဘောမရှိသော 'အကုပ္ပဓမ္မ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရုပ်လျှင် အာရုံရှိသည်လည်း ဖြစ်ကုန်သော ရုပ်မဟုတ်သော တရားလျှင် အာရုံရှိသည်လည်း ဖြစ်ကုန်သော သမာပတ်တို့ကို ရ၏၊ ထိုသို့ရခြင်းသည်ကား အလိုရှိတိုင်းလည်း ရ၏၊ မပင်မပန်းဘဲလည်း ရ၏၊ မငြိုမငြင်ဘဲလည်း ရ၏၊ အလိုရှိရာအရပ်၌ အလိုရှိသော သမာပတ်ကို အလိုရှိသမျှကာလပတ်လုံး ဝင်စားလည်း ဝင်စားနိုင်၏၊ ထလည်း ထနိုင်၏၊ ထိုပုဂ္ဂိုလ်၏ မေ့လျော့မှုကို စွဲ၍ ထိုသမာပတ်တို့သည် ပျက်စီးကုန်ရာသော အကြောင်းအခွင့်သည် မရှိ၊ ဤပုဂ္ဂိုလ်ကို ဈာန်ပျက်ခြင်းသဘောမရှိသော 'အကုပ္ပဓမ္မ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ အလုံးစုံလည်း ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့သည် မွန်မြတ်သော (လောကုတ္တရာ) သမာပတ်၌ ဈာန်ပျက်ခြင်းသဘောမရှိသော 'အကုပ္ပဓမ္မ' ပုဂ္ဂိုလ်တို့မည်ကုန်၏။

၅။ ဈာန်မှ ယုတ်ခြင်းသဘောရှိသော 'ပရိဟာနဓမ္မ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရုပ်လျှင် အာရုံရှိသည်လည်း ဖြစ်ကုန်သော ရုပ်မဟုတ်သောတရားလျှင် အာရုံရှိသည်လည်း ဖြစ်ကုန်သော သမာပတ်တို့ကို ရ၏၊ ထိုသို့ရခြင်းသည်ကား အလိုရှိတိုင်းရသည်လည်းမဟုတ်၊ မပင်မပန်းဘဲ ရသည်လည်း မဟုတ်၊ မငြိုမငြင်ဘဲရသည်လည်း မဟုတ်၊ အလိုရှိရာအရပ်၌ အလိုရှိသော သမာပတ်ကို အလိုရှိသမျှကာလပတ်လုံး ဝင်စားလည်း မဝင်စားနိုင်၊ ထလည်း မထနိုင်၊ ထိုပုဂ္ဂိုလ်သည် မေ့လျော့မှုကို စွဲ၍ ထိုသမာပတ်တို့မှ ဆုတ်ယုတ်ရာသော အကြောင်းသည် ရှိ၏၊ ဤပုဂ္ဂိုလ်ကို ဈာန်မှ ယုတ်ခြင်းသဘောရှိသော 'ပရိဟာနဓမ္မ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆။ ဈာန်မှ ယုတ်ခြင်းသဘောမရှိသော 'အပရိဟာနဓမ္မ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရုပ်လျှင် အာရုံရှိသည်လည်း ဖြစ်ကုန်သော ရုပ်မဟုတ်သောတရားလျှင် အာရုံရှိသည်လည်း ဖြစ်ကုန်သော သမာပတ်တို့ကို ရ၏၊ ထိုသို့ရခြင်းသည်ကား အလိုရှိတိုင်းလည်း ရ၏၊ မပင်မပန်းဘဲလည်း ရ၏၊ မငြိုမငြင်ဘဲလည်း ရ၏၊ အလိုရှိရာအရပ်၌ အလိုရှိသော သမာပတ်ကို အလိုရှိသမျှကာလပတ်လုံး ဝင်စားလည်း ဝင်စားနိုင်၏၊ ထလည်း ထနိုင်၏၊ ထိုပုဂ္ဂိုလ်သည် မေ့လျော့မှုကို စွဲ၍သမာပတ်တို့မှ ဆုတ်ယုတ်ရာသော အကြောင်းအခွင့်သည် မရှိ၊ ဤပုဂ္ဂိုလ်ကို ဈာန်မှ ယုတ်ခြင်းသဘောမရှိသော 'အပရိဟာနဓမ္မ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ အလုံးစုံလည်း ဖြစ်ကုန်သော အရိယာပုဂ္ဂိုလ် ရှစ်ယောက်တို့သည် မွန်မြတ်သော (လောကုတ္တရာ) သမာပတ်၌ ဈာန်မှ ယုတ်ခြင်းသဘောမရှိသော'အပရိဟာနဓမ္မ' ပုဂ္ဂိုလ်တို့ မည်ကုန်၏။

၇။ လှုံ့ဆော်ခြင်းငှါထိုက်သော 'စေတနာဘဗ္ဗ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရုပ်လျှင်အာရုံရှိသည်လည်း ဖြစ်ကုန်သော ရုပ်မဟုတ်သော တရားလျှင်အာရုံရှိသည်လည်း ဖြစ်ကုန်သော သမာပတ်တို့ကို ရ၏၊ ထိုသို့ရခြင်းသည်ကား အလိုရှိတိုင်းရသည်လည်း မဟုတ်၊ မပင်မပန်းဘဲ ရသည်လည်း မဟုတ်၊ မငြိုမငြင်ဘဲ ရသည်လည်း မဟုတ်၊ အလိုရှိရာအရပ်၌ အလိုရှိသောသမာပတ်ကို အလိုရှိသမျှ ကာလပတ်လုံး ဝင်စားလည်း မဝင်စားနိုင်၊ ထလည်း မထနိုင်၊ အကယ်၍လှုံ့ဆော်ငြားအံ့၊ ထိုသမာပတ်တို့မှ မဆုတ်ယုတ်၊ အကယ်၍ မလှုံ့ဆော်ငြားအံ့၊ ထိုသမာပတ်တို့မှဆုတ်ယုတ်၏၊ ဤပုဂ္ဂိုလ်ကို လှုံ့ဆော်ခြင်းငှါထိုက်သော 'စေတနာဘဗ္ဗ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၈။ စောင့်ရှောက်ခြင်းငှါထိုက်သော 'အနုရက္ခဏာဘဗ္ဗ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရုပ်လျှင်အာရုံရှိသည်လည်းဖြစ်ကုန်သော ရုပ်မဟုတ်သော တရားလျှင်အာရုံရှိသည်လည်း ဖြစ်ကုန်သော သမာပတ်တို့ကို ရ၏၊ ထိုသို့ရခြင်းသည်ကား အလိုရှိတိုင်း ရသည်လည်း မဟုတ်၊ မပင်မပန်းဘဲ ရသည်လည်း မဟုတ်၊ မငြိုမငြင်ဘဲ ရသည်လည်း မဟုတ်၊ အလိုရှိရာအရပ်၌ အလိုရှိသောသမာပတ်ကို အလိုရှိသမျှ ကာလပတ်လုံး ဝင်စားလည်း မဝင်စားနိုင်၊ ထလည်း မထနိုင်၊ အကယ်၍စောင့်ရှောက်ငြားအံ့၊ ထိုသမာပတ်တို့မှ မဆုတ်ယုတ်၊ အကယ်၍ မစောင့်ရှောက်ငြားအံ့၊ ထိုသမာပတ်တို့မှ ဆုတ်ယုတ်၏၊ ဤပုဂ္ဂိုလ်ကို စောင့်ရှောက်ခြင်းငှါထိုက်သော 'အနုရက္ခဏာဘဗ္ဗ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉။ ပုထုဇဉ်ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်သည် သုံးပါးသော (ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ) သံယောဇဉ်တို့ကို မပယ်အပ်ကုန်၊ ထို (သုံးပါးသောသံယောဇဉ်) တရားတို့ကို ပယ်ခြင်းငှါ ကျင့်လည်း မကျင့်၊ ဤပုဂ္ဂိုလ်ကို ပုထုဇဉ်ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀။ အနွယ်ကိုဖြတ်သော 'ဂေါတြဘူ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ဂေါတြဘူဉာဏ်နှင့်တကွဖြစ်သော တရားတို့၏ အခြားမဲ့၌ လောကုတ္တရာအရိယမဂ်တရားသို့ သက်ရောက်သည်ဖြစ်၍ ထိုဂေါတြဘူဉာဏ်နှင့် တကွဖြစ်သော တရားတို့နှင့်လည်း ပြည့်စုံ၏၊ ဤပုဂ္ဂိုလ်ကို (ပုထုဇဉ်) အနွယ်ကို ဖြတ်သော'ဂေါတြဘူ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁။ ဘေးရန်မှ ကြဉ်ဆဲဖြစ်သော 'ဘယူပရတ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သေက္ခပုဂ္ဂိုလ် ခုနစ်ယောက်တို့သည်လည်းကောင်း၊ သီလရှိသော ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်လည်းကောင်း ဘေးရန်မှ ကြဉ်ဆဲပုဂ္ဂိုလ် ဖြစ်ကုန်၏၊ ရဟန္တာပုဂ္ဂိုလ်သည် ဘေးရန်မှ ကြဉ်ပြီးပုဂ္ဂိုလ် ဖြစ်၏။

၁၂။ အရိယာအဖြစ်သို့ ရောက်ခြင်းငှါ မထိုက်သော 'အဘဗ္ဗာဂမန' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင် ပုဂ္ဂိုလ်တို့သည် (ပဉ္စာနန္တရိယ) ကံတည်းဟူသော ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏၊ (နိယတမိစ္ဆာဒိဋ္ဌိတည်းဟူသော) ကိလေသာ၏ ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏၊ (အဟိတ်, ဒွိဟိတ်ပဋိသန္ဓေတည်းဟူသော) ဝိပါက်ပိတ်ပင်ခြင်းနှင့်လည်း ပြည့်စုံကုန်၏၊ သဒ္ဓါတရားလည်း မရှိကုန်၊ ကုသိုလ်၌ လိုလားခြင်း ဆန္ဒမှလည်း ကင်းကုန်၏၊ ဉာဏ်ပညာလည်း မဲ့ကုန်၏၊ ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောရှိသည်ဖြစ်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော လောကုတ္တရာ အရိယာမဂ်သို့ သက်ရောက်ခြင်းငှါ မထိုက်ကုန်၊ ဤပုဂ္ဂိုလ်တို့ကို အရိယာအဖြစ်သို့ ရောက်ခြင်းငှါ မထိုက်သော 'အဘဗ္ဗာဂမန'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃။ အရိယာအဖြစ်သို့ ရောက်ခြင်းငှါ ထိုက်သော 'ဘဗ္ဗာဂမန' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်တို့သည် (ပဉ္စာနန္တရိယ) ကံတည်းဟူသော ပိတ်ပင်ခြင်းနှင့်လည်း မပြည့်စုံကုန်၊ (နိယတမိစ္ဆာဒိဋ္ဌိတည်းဟူသော) ကိလေသာ၏ ပိတ်ပင်ခြင်းနှင့်လည်း မပြည့်စုံကုန်၊ (အဟိတ်, ဒွိဟိတ်ပဋိသန္ဓေတည်းဟူသော) ဝိပါက်ပိတ်ပင်ခြင်းနှင့်လည်း မပြည့်စုံကုန်၊ သဒ္ဓါတရားလည်း ရှိကုန်၏၊ ကုသိုလ်၌ လိုလားခြင်း ဆန္ဒမှလည်း ရှိကုန်၏၊ ဉာဏ်ပညာလည်း ရှိကုန်၏၊ ကုသိုလ်တရားတို့၌ မဖောက်ပြန်သောသဘောရှိသည်ဖြစ်၍ မိမိ၏ အခြားမဲ့၌ အကျိုးပေးမြဲသော လောကုတ္တရာ အရိယာမဂ်သို့ သက်ရောက်ခြင်းငှါ ထိုက်ကုန်၏၊ ဤပုဂ္ဂိုလ်တို့ကို အရိယာအဖြစ်သို့ ရောက်ခြင်းငှါ ထိုက်သော 'ဘဗ္ဗာဂမန' ပုဂ္ဂိုလ်တို့ဟူ၍ ဆိုအပ်ကုန်၏။

၁၄။ အကျိုးပေးမြဲသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ (ပဉ္စာနန္တရိယ) ကံထိုက်သော ပုဂ္ဂိုလ်ငါးယောက်တို့သည်လည်းကောင်း၊ နိယတမိစ္ဆာအယူရှိသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့သည်လည်းကောင်း အကျိုးပေးမြဲသော ပုဂ္ဂိုလ်တို့ မည်ကုန်၏၊

ကြွင်းသော ပုဂ္ဂိုလ်တို့သည် အကျိုးပေး မမြဲသော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

၁၅။ ကျင့်ဆဲဖြစ်သော 'ပဋိပန္နက' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ မဂ်လေးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့သည် ဖိုလ်အကျိုးငှါ ကျင့်ဆဲ 'ပဋိပန္နက'ပုဂ္ဂိုလ်တို့ မည်ကုန်၏၊

ဖိုလ်လေးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည် ဖိုလ်၌ တည်သော ပုဂ္ဂိုလ်တို့ မည်ကုန်၏။

၁၆။ အာသဝေါလည်းကုန်, အသက်လည်းကုန် နှစ်ပါးစုံအညီအမျှ ပရိနိဗ္ဗာန်စံရသော 'သမသီသီ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်အား အာသဝေါကုန်ခြင်းသည်လည်းကောင်း အသက်ကုန်ခြင်းသည်လည်းကောင်း မရှေးမနှောင်း 'တစ်ပြိုင်တည်း' ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အာသဝေါလည်းကုန်, အသက်လည်းကုန်, နှစ်ပါးစုံ အညီအမျှ ပရိနိဗ္ဗာန်စံရသော 'သမသီသီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၇။ ကမ္ဘာကို တည်စေနိုင်သော 'ဌိတကပ္ပီ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤသောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်ခိုက်လည်း ဖြစ်၏၊ ကမ္ဘာ၏ မီးလောင်တော့မည့်အခါလည်း ဖြစ်၏၊ အကြင်မျှလောက် ဤသောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်သည် သောတာပတ္တိဖိုလ်ကိုမျက်မှောက် မပြုနိုင်သေး၊ ထိုမျှလောက် ကမ္ဘာသည် မီးမလောင်နိုင်ရာ၊ ဤပုဂ္ဂိုလ်ကို ကမ္ဘာကိုတည်စေနိုင်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏၊ မဂ်နှင့်ပြည့်စုံသော အလုံးစုံသော ပုဂ္ဂိုလ်တို့သည်လည်း ကမ္ဘာကိုတည်စေနိုင်သော ပုဂ္ဂိုလ်တို့မည်ကုန်၏။

၁၈။ အရိယာပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့သည် အရိယာ ပုဂ္ဂိုလ်မည်ကုန်၏၊ ကြွင်းသောပုဂ္ဂိုလ်တို့သည် အရိယာပုဂ္ဂိုလ် မမည်ကုန်။

၁၉။ ကျင့်ဆဲဖြစ်သော 'သေက္ခ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ မဂ်လေးပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊ အောက်ဖိုလ်သုံးပါးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ကျင့်ဆဲ 'သေက္ခ'ဖြစ်ကုန်၏၊ ရဟန္တာပုဂ္ဂိုလ်သည် ကျင့်ပြီး 'အသေက္ခ' ပုဂ္ဂိုလ် ဖြစ်၏၊ သေက္ခပုဂ္ဂိုလ် ရဟန္တာပုဂ္ဂိုလ်မှ ကြွင်းသော (ပုထုဇဉ်) ပုဂ္ဂိုလ်တို့သည် ကျင့်ဆဲလည်း မဟုတ်ကုန်၊ ကျင့်ပြီးလည်း မဟုတ်ကုန်။

၂၀။ ဝိဇ္ဇာသုံးပါးရှိသော 'တေဝိဇ္ဇ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဝိဇ္ဇာသုံးပါးတို့နှင့်ပြည့်စုံသောပုဂ္ဂိုလ်သည် ဝိဇ္ဇာသုံးပါးရှိသော 'တေဝိဇ္ဇ'ပုဂ္ဂိုလ်မည်၏။

၂၁။ အဘိညာဉ်ခြောက်ပါးရှိသော 'ဆဠဘိည'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အဘိညာဉ်ခြောက်ပါး တို့နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် အဘိညာဉ်ခြောက်ပါးရှိသော 'ဆဠဘိည' ပုဂ္ဂိုလ်မည်၏။

၂၂။ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိမြင်သော 'သမ္မာသမ္ဗုဒ္ဓ' ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် (သစ္စာလေးပါးတရားတို့ကို) ထိုးထွင်း၍ သိမြင်၏၊ ထိုသစ္စာလေးပါးတရားတို့၌ အကုန်အစင် သိမြင်ခြင်းသို့လည်းကောင်း၊ အားတော်ဆယ်တန်, ဉာဏ်တော်ဆယ်ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့လည်းကောင်းရောက်၏၊ ဤပုဂ္ဂိုလ်ကို (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာ သိမြင်နိုင်သော 'သမ္မာသမ္ဗုဒ္ဓ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၂၃။ သစ္စာလေးပါးတရားကို အသီးအခြား သိမြင်သော 'ပစ္စေကသမ္ဗုဒ္ဓ' ပုဂ္ဂိုလ်ဟူသည် အဘယ် နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရှေး၌ မကြားဖူးကုန်သော တရားတို့၌ ကိုယ်တိုင် ထိုးထွင်း၍သိမြင်၏၊ ထိုသစ္စာလေးပါးတရားတို့၌ အကုန်အစင် သိမြင်ခြင်းသို့လည်းကောင်း အားတော်ဆယ်တန်,ဉာဏ်တော်ဆယ်ပါးတို့၌ လေ့လာနိုင်နင်းခြင်းသို့လည်းကောင်း မရောက်၊ ဤပုဂ္ဂိုလ်ကို သစ္စာလေးပါးတရားကို အသီးအခြား သိမြင်သော 'ပစ္စေကသမ္ဗုဒ္ဓ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၂၄။ နှစ်ပါးသော အဖို့အားဖြင့် လွတ်မြောက်သော 'ဥဘတောဘာဂဝိမုတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှစ်ပါးသော သမာပတ်တို့ကို နာမကာယဖြင့် ရရောက်တွေ့ထိ၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ဝိပဿနာမဂ်ပညာဖြင့်လည်း သိမြင်၍ အာသဝေါတရားတို့သည်ကုန်ခန်း ကုန်၏၊ ဤပုဂ္ဂိုလ်ကို နှစ်ပါးသောအဖို့မှ လွတ်မြောက်သော 'ဥဘတောဘာဂဝိမုတ္တ'ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၂၅။ ပညာဖြင့် လွတ်မြောက်သော 'ပညာဝိမုတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှစ်ပါးသော သမာပတ်တို့ကို နာမကာယဖြင့် ရရောက် တွေ့ထိ၍ မနေ၊ ထိုပုဂ္ဂိုလ်အား ဝိပဿနာမဂ်ပညာဖြင့်ကား သိမြင်၍ အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဤပုဂ္ဂိုလ်ကို ပညာဖြင့် လွတ်မြောက်သော 'ပညာဝိမုတ္တ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၂၆။ ဈာန် မဂ် ဖိုလ်ချမ်းသာကို ကိုယ်တိုင် တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော 'ကာယသက္ခီ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ရှစ်ပါးသော သမာပတ်တို့ကို နာမကာယဖြင့် ရရောက် တွေ့ထိ၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ဝိပဿနာမဂ်ပညာဖြင့်လည်း သိမြင်၍ အချို့သော အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဤပုဂ္ဂိုလ်ကို ဈာန် မဂ် ဖိုလ်ချမ်းသာကို ကိုယ်တိုင်တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော 'ကာယသက္ခီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၂၇။ သိမြင်ခြင်းအဆုံးသို့ ရောက်သော 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤလောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ထိုပုဂ္ဂိုလ်သည် မြတ်စွာဘုရားထိုးထွင်း၍ သိအပ်ကုန်သော သစ္စာလေးပါးတရားတို့ကို ပညာဖြင့်လည်း ကောင်းစွာမြင်အပ်ကုန်၏၊ ကောင်းစွာ ကျင့်အပ် ကုန်၏၊ ထိုပုဂ္ဂိုလ်အား ဝိပဿနာမဂ်ပညာဖြင့်လည်း သိမြင်၍အချို့သော အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဤပုဂ္ဂိုလ်ကို သိမြင်ခြင်းအဆုံးသို့ ရောက်သော'ဒိဋ္ဌိပ္ပတ္တ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၂၈။ သဒ္ဓါကို အမှူးထား၍ လွတ်မြောက်သော 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း''ဟု ဟုတ်မှန်သောအတိုင်းသိ၏၊ ထိုပုဂ္ဂိုလ်သည် မြတ်စွာဘုရား ထိုးထွင်း၍သိအပ်ကုန်သော သစ္စာလေးပါးတရားတို့ကို ပညာဖြင့်လည်း ကောင်းစွာ သိမြင်အပ်ကုန်၏၊ ကောင်းစွာ ကျင့်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်လည်းသိမြင်၍ အချို့သော အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်အား အာသဝေါတရားတို့သည် ကုန်ခန်းကုန်သကဲ့သို့ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်အား မဖြစ်ကုန်၊ ဤပုဂ္ဂိုလ်ကို သဒ္ဓါကို အမှူးထား၍လွတ်မြောက်သော 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၂၉။ ပညာတရားဖြင့် အောက်မေ့တတ်သော 'ဓမ္မာနုသာရီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်သော အကြင်ပုဂ္ဂိုလ်အား ပညိန္ဒြေလွန်ကဲ၏၊ ပညာလျှင်ဝန်ဆောင်ရှိသော ပညာလျှင် ရှေ့သွားရှိသော အရိယမဂ်ကို ပွါးများ၏၊ ဤပုဂ္ဂိုလ်ကို ပညာတရားဖြင့်အောက်မေ့တတ်သော 'ဓမ္မာနုသာရီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါကျင့်ဆဲဖြစ်သော ပုဂ္ဂိုလ်သည် 'ဓမ္မာနုသာရီ'ပုဂ္ဂိုလ် မည်၏၊ ဖိုလ်၌ တည်သော ပုဂ္ဂိုလ်သည် ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်မည်၏။

၃၀။ သဒ္ဓါဖြင့် အောက်မေ့တတ်သော 'သဒ္ဓါနုသာရီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သောတာပတ္တိဖိုလ် ကိုမျက်မှောက်ပြုခြင်းငှါ ကျင့်သော အကြင်ပုဂ္ဂိုလ်အား သဒ္ဓိန္ဒြေသည် လွန်ကဲ၏၊ သဒ္ဓါလျှင် ဝန်ဆောင်ရှိသော သဒ္ဓါလျှင် ရှေ့သွားရှိသော အရိယမဂ်ကို ပွါးများ၏၊ ဤပုဂ္ဂိုလ်ကို သဒ္ဓါဖြင့် အောက်မေ့တတ်သော'သဒ္ဓါနုသာရီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ကျင့်ဆဲဖြစ်သောပုဂ္ဂိုလ်သည် 'သဒ္ဓါနုသာရီ'ပုဂ္ဂိုလ် မည်၏၊ ဖိုလ်၌ တည်သော ပုဂ္ဂိုလ်သည် 'သဒ္ဓါဝိမုတ္တ'ပုဂ္ဂိုလ် မည်၏။

၃၁။ အလွန်ဆုံးခုနစ်ဘဝသာ ပဋိသန္ဓေနေသော 'သတ္တက္ခတ္တုပရမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏၊ အပါယ်လေးပါးသို့ ကျခြင်းသဘော မရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ၏၊ ထိုပုဂ္ဂိုလ်သည် ခုနစ်ကြိမ်နတ်ပြည်၌လည်းကောင်း လူ့ပြည်၌လည်းကောင်း ကျင်လည်ပြေးသွား၍ ဆင်းရဲ၏အဆုံးကို ပြု၏၊ ဤပုဂ္ဂိုလ်ကို အလွန်ဆုံးခုနစ်ဘဝသာ ပဋိသန္ဓေနေသော 'သတ္တက္ခတ္တုပရမ' ပုဂ္ဂိုလ်ဟူ၍့ဆိုအပ်၏။

၃၂။ နှစ်ဘဝ သုံးဘဝစသည် (မြင့်မြတ်သောအမျိုး) တစ်မျိုးမှ (မြင့်မြတ်သောအမျိုး) တစ်မျိုး၌ဖြစ်၍ပဋိသန္ဓေနေသော 'ကောလံကောလ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏၊ အပါယ်လေးပါးသို့ ကျခြင်းသဘောမရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာရှိ၏၊ ထိုပုဂ္ဂိုလ်သည် နှစ်ဘဝ လည်းကောင်း၊ သုံးဘဝလည်းကောင်း (မြင့်မြတ်သော) အမျိုးတို့၌ ကျင်လည်ပြေးသွား၍ ဆင်းရဲ၏ အဆုံးကို ပြု၏၊ ဤပုဂ္ဂိုလ်ကို နှစ်ဘဝ, သုံးဘဝစသည် (မြင့်မြတ်သောအမျိုး) တစ်မျိုးမှ (မြင့်မြတ်သောအမျိုး) တစ်မျိုး၌ဖြစ်၍ ပဋိသန္ဓေနေသော 'ကောလံ ကောလ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃၃။ တစ်ဘဝသာ ပဋိသန္ဓေမျိုးစေ့ရှိသော 'ဧကဗီဇီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့် သောတာပန်ဖြစ်၏၊ အပါယ်လေးပါးသို့ ကျခြင်းသဘော မရှိ၊ ကိန်းသေမြဲ၏၊ အထက်မဂ်သုံးပါးလျှင် လဲလျောင်းရာ ရှိ၏၊ ထိုပုဂ္ဂိုလ်သည် တစ်ကြိမ်သာလျှင် လူ့ဘဝ၌ဖြစ်၍ ဆင်းရဲ၏ အဆုံးကို ပြု၏၊ ဤပုဂ္ဂိုလ်ကို တစ်ဘဝသာလျှင် ပဋိသန္ဓေမျိုးစေ့ရှိသော 'ဧကဗီဇီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃၄။ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာ ပြန်လာသော 'သကဒါဂါမီ' ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုံးပါးသော သံယောဇဉ်တို့၏ ကုန်ခြင်းကြောင့်ရာဂ ဒေါသ မောဟတို့၏ ခေါင်းပါးခြင်းကြောင့် သကဒါဂါမ်ဖြစ်၏၊ တစ်ကြိမ်သာလျှင် ဤလူ့ဘုံသို့ ပြန်လာ၍ ဆင်းရဲ၏ အဆုံးကို ပြု၏၊ ဤပုဂ္ဂိုလ်ကို ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ကြိမ်သာပြန်လာသော 'သကဒါဂါမီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃၅။ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန်ပြန်မလာသော 'အနာဂါမီ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော 'ဩရမ္ဘာဂိယ' သံယောဇဉ်ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့်ပြန်လည်ခြင်းသဘောမရှိမူ၍ ထိုရူပသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ဤပုဂ္ဂိုလ်ကို ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် တစ်ဖန် ပြန်မလာသော 'အနာဂါမီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃၆။ အသက်တမ်း ထက်ဝက်မတိုင်မီ အတွင်း၌ ရဟန္တာဖြစ်သော 'အန္တရာပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော'ဩရမ္ဘာဂိယ' သံယောဇဉ်ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှကာမဘုံ သို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်းသဘော မရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် ပဋိသန္ဓေနေသော ကာလ၏အခြားမဲ့၌လည်းကောင်း၊ အသက်တမ်းထက်ဝက် (အလယ်) သို့မရောက်မီ အတွင်း၌လည်းကောင်း အထက်ဗြဟ္မာ့ဘုံ၌သာလျှင် ကျင်လည်စေခြင်းအဖို့ရှိသော'ဥဒ္ဓမ္ဘာဂိယ' သံယောဇဉ် ငါးပါးတရားတို့ကို ပယ်ခြင်းငှါ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကိုအသက်တမ်း ထက် ဝက် (အလယ်) မတိုင်မီအတွင်း ရဟန္တာဖြစ်သော 'အန္တရာပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၃၇။ အသက်တမ်းထက်ဝက်သို့ ဆိုက်ထိကျော်လွန်မှ ရဟန္တာဖြစ်သော 'ဥပဟစ္စပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော'ဩရမ္ဘာဂိယ' သံယောဇဉ်ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်းသဘော မရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် အသက်တမ်းထက်ဝက်ကို ကျော်လွန်သော အခါ၌လည်းကောင်း၊ သေရာကာလအနီးသို့ကပ်ရောက် သော အခါ၌လည်းကောင်း အထက်ဗြဟ္မာဘုံ၌သာလျှင် ကျင်လည်စေခြင်းအဖို့ရှိသော 'ဥဒ္ဓမ္ဘာဂိယ' သံယော ဇဉ်ငါးပါးတရားတို့ကို ပယ်ခြင်းငှါ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကို အသက်တမ်း ထက်ဝက်သို့ ဆိုက်ထိကျော်လွန်မှ ရဟန္တာဖြစ်သော'ဥပဟစ္စပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူူ၍ ဆိုအပ်၏။

၃၈။ အားထုတ်မှုမရှိသဖြင့် ရဟန္တာဖြစ်သော 'အသင်္ခါရပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော'ဩရမ္ဘာဂိယ'သံယောဇဉ် ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်းသဘော မရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် အထက်ဗြဟ္မာဘုံ၌သာ ကျင်လည်စေခြင်းအဖို့ရှိသော 'ဥဒ္ဓမ္ဘာဂိယ' သံယောဇဉ်ငါးပါးတရားတို့ကို ပယ်ခြင်းငှါ အားထုတ်မှု မရှိဘဲ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကိုအားထုတ်မှု မရှိသဖြင့် ရဟန္တာဖြစ်သော 'အသင်္ခါရ ပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၃၉။ အားထုတ်မှုရှိသဖြင့် ရဟန္တာဖြစ်သော 'သသင်္ခါရပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော 'ဩရမ္ဘာဂိယ' သံယောဇဉ်ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့် ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့်ပြန်လည်ခြင်း သဘောမရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် အထက်ဗြဟ္မာဘုံ၌သာကျင်လည်စေခြင်းအဖို့ရှိသော 'ဥဒ္ဓမ္ဘာဂိယ' သံယောဇဉ် ငါးပါးတရားတို့ကို ပယ်ခြင်းငှါ အားထုတ်မှုရှိသဖြင့်အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကို အားထုတ်မှုရှိသဖြင့် ရဟန္တာဖြစ်သော 'သသင်္ခါရပရိနိဗ္ဗာယီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၀။ ရှေးဦးစွာ အဝိဟာဘုံ၌ဖြစ်ပြီးလျှင် ဘုံစဉ်အတိုင်းတက်၍ အကနိဋ္ဌဘုံသို့ ရောက်မှ ရဟန္တာဖြစ်သော 'ဥဒ္ဓံသောတအကနိဋ္ဌဂါမီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည်ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော 'ဩရမ္ဘာဂိယ' သံယောဇဉ်ငါးပါးတရားတို့၏ ကုန်ခြင်းကြောင့်ဥပပါတ်ပဋိသန္ဓေဖြစ်၏၊ ထိုရူပဘုံမှ ကာမဘုံသို့ ပဋိသန္ဓေအားဖြင့် ပြန်လည်ခြင်းသဘော မရှိမူ၍ ထိုသုဒ္ဓါဝါသဘုံ၌ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ထိုပုဂ္ဂိုလ်သည် အဝိဟာဘုံမှ စုတေသည်ရှိသော် အတပ္ပါဘုံသို့ရောက်၏၊ အတပ္ပါဘုံမှ စုတေသည်ရှိသော် သုဒဿာဘုံသို့ ရောက်၏၊ သုဒဿာဘုံမှ စုတေသည်ရှိသော်သုဒဿီဘုံသို့ ရောက်၏၊ သုဒဿီဘုံမှ စုတေသည်ရှိသော် အကနိဋ္ဌဘုံသို့ ရောက်၏၊ အကနိဋ္ဌဘုံ၌ အထက်ဗြဟ္မာဘုံ၌သာ ကျင်လည်စေခြင်းအဖို့ရှိသော 'ဥဒ္ဓမ္ဘာဂိယ' သံယောဇဉ်ငါးပါး တရားတို့ကိုပယ်ခြင်းငှါ အရိယမဂ်ကို ကောင်းစွာ ဖြစ်စေ၏၊ ဤပုဂ္ဂိုလ်ကို ရှေးဦးစွာ အဝိဟာဘုံ၌ဖြစ်ပြီးလျှင်ဘုံစဉ်အတိုင်း တက်၍ အကနိဋ္ဌဘုံသို့ ရောက်မှ ရဟန္တာဖြစ်သော 'ဥဒ္ဓံသောတအကနိဋ္ဌဂါမီ' ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၄၁။ သောတာပန်ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သုံးပါးသော သံယောဇဉ်တို့ကို ပယ်ခြင်းငှါ ကျင့်သော ပုဂ္ဂိုလ်သည်သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါကျင့်သော ပုဂ္ဂိုလ်မည်၏၊ အကြင်ပုဂ္ဂိုလ်သည် သုံးပါးသောသံယောဇဉ်တို့ကို ပယ်အပ်ကုန်ပြီ၊ ဤပုဂ္ဂိုလ်ကို သောတာပန်ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၂။ သကဒါဂါမ်ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ကာမရာဂ ဗျာပါဒတို့ကို ခေါင်းပါးစေခြင်းငှါကျင့်သော ပုဂ္ဂိုလ်သည်သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါကျင့်သော ပုဂ္ဂိုလ်မည်၏၊ အကြင်ပုဂ္ဂိုလ်အား ကာမရာဂ ဗျာပါဒတို့သည် ခေါင်းပါးသည် ဖြစ်၍ ဖြစ်ကုန်ပြီ၊ ဤပုဂ္ဂိုလ်ကို သကဒါဂါမ်ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၃။ အနာဂါမ်ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ကာမရာဂ, ဗျာပါဒတို့ကို အကြွင်းမဲ့ပယ်ခြင်းငှါကျင့်သော ပုဂ္ဂိုလ်သည် အနာဂါမိဖိုလ်ကိုို မျက်မှောက်ပြုခြင်းငှါကျင့်သော ပုဂ္ဂိုလ်မည်၏၊ အကြင်ပုဂ္ဂိုလ်သည် ကာမရာဂ, ဗျာပါဒတို့ကိုအကြွင်းမဲ့ပယ်အပ်ကုန်၏၊ ဤပုဂ္ဂိုလ်ကို အနာဂါမ်ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၄။ ရဟန္တာပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာကို အကြွင်းမဲ့ပယ်ခြင်းငှါကျင့်သောပုဂ္ဂိုလ်သည် အရဟတ္တဖိုလ်ကိုို မျက်မှောက်ပြုခြင်းငှါကျင့်သော ပုဂ္ဂိုလ်မည်၏၊ အကြင်ပုဂ္ဂိုလ်သည်ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာတို့ကို အကြွင်းမဲ့ ပယ်အပ်ကုန်ပြီ၊ ဤပုဂ္ဂိုလ်ကို ရဟန္တာပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

ဧကကနိဒ္ဒေသ ပြီး၏။

------

၂-ဒုကပုဂ္ဂလပညတ်

၄၅။ အမျက်ထွက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ အမျက်ထွက်ခြင်း 'ကောဓ'ဟူသည်အဘယ်နည်း၊ အကြင်အမျက်ထွက်ခြင်း၊ အမျက်ထွက်သောအခြင်းအရာ၊ အမျက်ထွက်သူ၏အဖြစ်၊ ပြစ်မှားခြင်း၊ ပြစ်မှားသောအခြင်းအရာ၊ ပြစ်မှားသူ၏အဖြစ်၊ ပကတိသဘောကို စွန့်ခြင်း၊ ပကတိသဘောကို စွန့်သောအခြင်းအရာ၊ ပကတိသဘောကို စွန့်သူ၏အဖြစ်၊ ဆန့်ကျင်ခြင်း၊ အဖန်ဖန် ဆန့်ကျင်ခြင်း၊ ကြမ်းတမ်းသူ၏အဖြစ်၊ စကားကို ပြည့်စုံစွာ မဆိုနိုင်ခြင်း၊ စိတ်နှလုံးမသာယာသောအဖြစ်သည် ရှိ၏၊ ဤသည်ကို အမျက်ထွက်ခြင်း 'ကောဓ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် အမျက်ထွက်ခြင်း 'ကောဓ' ကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို အမျက်ထွက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၆။ ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'ဟူသည်အဘယ်နည်း၊ ရှေးဦးစွာ အမျက်ထွက်ခြင်း ဖြစ်၏၊ ထို့နောက် ရန်ငြိုးဖွဲ့ခြင်း ဖြစ်၏၊ ဤသို့သဘောရှိသော အကြင် ရန်ငြိုးဖွဲ့သောအခြင်းအရာ၊ ရန်ငြိုးဖွဲ့သူ၏အဖြစ်၊ ရှေးရှုထားခြင်း၊ အမျက်ထားခြင်း၊ ပြင်းစွာထားခြင်း၊ အစဉ်တည်ခြင်း၊ အစဉ်ဖွဲ့ခြင်း၊ အမျက်ကို မြဲမြံစွာပြုခြင်းသည် ရှိ၏၊ ဤသည်ကို ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤရန်ငြိုးဖွဲ့ခြင်းကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို ရန်ငြိုးဖွဲ့သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၇။ ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'ဟူသည် အဘယ်နည်း၊ အကြင် သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ သူ့ကျေးဇူးကို ချေဖျက်သော အခြင်းအရာ၊ သူ့ကျေးဇူးကို ချေဖျက်သူ၏အဖြစ်၊ သူ့ကျေးဇူးကို ခါသောအဖြစ်၊ သူ့ကျေးဇူးကိုခါမှုသည် ရှိ၏၊ ဤသည်ကို ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤသူ့ကျေးဇူးကို ချေဖျက်ခြင်းကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို သူ့ကျေးဇူးကို ချေဖျက်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၄၈။ အပြိုင်ပြုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ အပြိုင်ပြုခြင်း 'ပဠာသ'ဟူသည်အဘယ်နည်း၊ အပြိုင်ပြုခြင်း၊ အပြိုင်ပြုသောအခြင်းအရာ၊ အပြိုင်ပြုသူ၏အဖြစ်၊ အပြိုင်ပြုမှုကိုဆောင်ခြင်း၊ ငြင်းခုံခြင်း၊ အစုံယူခြင်း၊ အယူကို မစွန့်ခြင်းသည် ရှိ၏၊ ဤသည်ကို အပြိုင်ပြုခြင်း'ပဠာသ'ဟူ၍ ဆိုအပ်၏၊ အကြင် ပုဂ္ဂိုလ်သည် ဤအပြိုင်ပြုခြင်းကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို အပြိုင်ပြုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၄၉။ ငြူစူတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ငြူစူခြင်း 'ဣဿာ'ဟူသည်အဘယ်နည်း၊ သူတစ်ပါးတို့ လာဘ်ရခြင်း၊ အရိုအသေပြုခံရခြင်း၊ အလေးအမြတ်ပြုခံရခြင်း၊ မြတ်နိုးခံရခြင်း၊ ရှိခိုးခံရခြင်း၊ ပူဇော်ခံရခြင်းတို့၌ အကြင်ငြူစူခြင်း၊ ငြူစူသောအခြင်းအရာ၊ ငြူစူသူ၏အဖြစ်၊ စောင်းမြောင်းခြင်း၊ စောင်းမြောင်းသောအခြင်းအရာ၊ စောင်းမြောင်းသူ၏အဖြစ်သည် ရှိ၏၊ ဤသည်ကိုငြူစူခြင်း'ဣဿာ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤငြူစူစောင်းမြောင်းခြင်းကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို ငြူစူတတ်သောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၀။ ဝန်တိုတတ်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဝန်တိုခြင်း 'မစ္ဆရိယ'ဟူသည်အဘယ်နည်း၊ ဝန်တိုခြင်းတို့သည် နေရာအိမ်ကျောင်း၌ ဝန်တိုခြင်းလည်းကောင်း၊ အမျိုး၌ ဝန်တိုခြင်းလည်းကောင်း၊ လာဘ်၌ ဝန်တိုခြင်းလည်းကောင်း၊ အဆင်းဂုဏ်၌ ဝန်တိုခြင်းလည်းကောင်း၊ တရား၌ ဝန်တိုခြင်းလည်းကောင်း ဤသို့လျှင် ငါးပါးရှိကုန်၏၊ ဤသို့သဘောရှိသော အကြင်ဝန်တိုခြင်း၊ ဝန်တိုသောအခြင်းအရာ၊ ဝန်တိုသူ၏အဖြစ်၊ မလိုလားခြင်း၊ စဉ်းလဲခြင်း၊ ခါးစပ်ခြင်း၊ စိတ်၏ အမှန်ကိုမယူသော အဖြစ်သည် ရှိ၏၊ ဤသည်ကို ဝန်တိုခြင်း 'မစ္ဆရိယ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤဝန်တိုခြင်းကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို ဝန်တိုတတ်သော 'မစ္ဆရိယ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၁။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ စဉ်းလဲခြင်း 'သာဌေယျ'ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် စဉ်းလဲ၏၊ ထက်ဝန်းကျင် စဉ်းလဲ၏၊ ထိုစကား၌ အကြင် စဉ်းလဲခြင်း၊ စဉ်းလဲသောအခြင်းအရာ၊ စဉ်းလဲသူ၏အဖြစ်၊ ကြမ်းတမ်းခြင်း၊ ကြမ်းတမ်းသူ၏အဖြစ်၊ စိုက်၍ထားဘိသကဲ့သို့ မြဲမြံစွာ ကောက်ကျစ်ခြင်း၊ ကောက်ကျစ်သည်၏အဖြစ်သည် ရှိ၏၊ ဤသည်ကို စဉ်းလဲခြင်း 'သာဌေယျ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤစဉ်းလဲခြင်းကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို စဉ်းလဲတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၂။ လှည့်ပတ်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ လှည့်ပတ်ခြင်း 'မာယာ'ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့် ဒုစရိုက်ကိုကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ထိုမကောင်းမှုကို ဖုံးလွှမ်းလိုခြင်းကြောင့် မကောင်းသော အလိုကို ဆောက်တည်၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု လိုလား၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု ကြံစည်၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု စကားကို ပြောဆို၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု ကိုယ်ဖြင့် လုံ့လပြု၏၊ ဤသို့သဘောရှိသော အကြင် လှည့်ပတ်ခြင်း၊ လှည့်ပတ်တတ်သောအဖြစ်၊ လှည့်စားခြင်း၊ လွန်စွာလှည့် စားခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ (ငါ မပြုဟု ) ပယ်ခြင်း၊ ငါမပြုဟု အဖန်ဖန် ရှောင်လွှဲခြင်း၊ လျှို့ဝှက်ခြင်း၊ ထက်ဝန်းကျင် လျှို့ဝှက်ခြင်း၊ ဖုံးလွှမ်းခြင်း၊ အဖန်ဖန် ဖုံးလွှမ်းခြင်း၊ ပေါ်လွင်စွာ မပြုခြင်း၊ ထင်စွာမပြုခြင်း၊ ကောင်းစွာဖုံးလွှမ်းခြင်း၊ မကောင်းသောအမူအရာသည် ရှိ၏၊ ဤသည်ကို လှည့်ပတ်ခြင်း 'မာယာ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤလှည့်ပတ်ခြင်းကို မပယ်အပ်၊ ဤပုဂ္ဂိုလ်ကို လှည့်ပတ်တတ်သော 'မာယာဝီ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၃။ ဒုစရိုက်မှ မရှက်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဒုစရိုက်မှ မရှက်ခြင်း'အဟိရိက'ဟူသည် အဘယ်နည်း၊ အကြင် ဒုစရိုက်မှုကို ရှက်သင့်ပါလျက် မရှက်၊ ယုတ်မာသော ဒုစရိုက်အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ မရှက်၊ ဤယုတ်မာသော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှမရှက်ခြင်းကို ဒုစရိုက်မှ မရှက်ခြင်း 'အဟိရိက'ဟူ၍ ဆိုအပ်၏၊ ဤဒုစရိုက်မှ မရှက်ခြင်း 'အဟိရိက' နှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို ဒုစရိုက်မှ မရှက်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၄။ ဒုစရိုက်မှ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဒုစရိုက်မှမကြောက်လန့်ခြင်း 'အနောတ္တပ္ပ'ဟူသည် အဘယ်နည်း၊ အကြင် ဒုစရိုက်မှုကို ကြောက်လန့်သင့်ပါလျက်မကြောက်လန့်၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ မကြောက်လန့်၊ ဤယုတ်ညံ့သောအကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ မကြောက်လန့်ခြင်းကို ဒုစရိုက်မှ မကြောက်လန့်ခြင်း 'အနောတ္တပ္ပ'ဟူ၍ ဆိုအပ်၏၊ ဤဒုစရိုက်မှ မကြောက်လန့်ခြင်း 'အနောတ္တပ္ပ' နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဒုစရိုက်မှမကြောက်လန့်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၅။ ဆိုဆုံးမခက်သော 'ဒုဗ္ဗစ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဆုံးမခက်ခြင်း 'ဒေါဝစဿတာ'ဟူသည် အဘယ်နည်း၊ သီတင်းသုံးဖော်တို့ ပြောဆိုအပ်သည်ရှိသော် အကြင် အပြောခက်ခြင်း၊ အပြောခက်သောအဖြစ်၊ အဆိုခက်သောအဖြစ်၊ ဖောက်ပြန်သောအယူကို ယူသောအဖြစ်၊ ဆန့်ကျင်သောတရား၌သာယာ (နှစ်သက်) သောအဖြစ်၊ မရိုသေခြင်း၊ မရိုသေသောအဖြစ်၊ မလေးစားသောအဖြစ်၊ မတုပ်ဝပ်မကျိုးနွံသောအဖြစ်သည် ရှိ၏၊ ဤသဘောစုကို ဆိုဆုံးမခက်ခြင်း 'ဒေါဝစဿတာ'ဟူ၍ ဆိုအပ်၏၊ ဤဆိုဆုံးမခက်ခြင်း 'ဒေါဝစဿတာ'နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဆိုဆုံးမခက်သော 'ဒုဗ္ဗစ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၆။ ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ယုတ်မာသောအဆွေခင်ပွန်းရှိခြင်း 'ပါပမိတ္တတာ'ဟူသည် အဘယ်နည်း၊ အကြင် ပုဂ္ဂိုလ်တို့သည် သဒ္ဓါတရားမရှိကုန်၊ သီလမဲ့ကုန်၏၊ အကြားအမြင်နည်းကုန်၏၊ ဝန်တိုတတ်ကုန်၏၊ ပညာမဲ့ကုန်၏၊ ထိုပုဂ္ဂိုလ်တို့ကို အကြင့်မှီဝဲခြင်း၊ အမြဲမှီဝဲခြင်း၊ အဖန်ဖန် မှီဝဲခြင်း၊ ဆည်းကပ်ခြင်း၊ အဖန်ဖန် ဆည်းကပ်ခြင်း၊ ခစားခြင်း၊ အဖန်ဖန် ခစားခြင်း၊ ကိုင်းရှိုင်း ညွတ်တွား ပေါင်းဖော်ခြင်းသည် ရှိ၏၊ ဤသဘောအစုကို ယုတ်မာသောအဆွေခင်ပွန်းရှိခြင်း 'ပါပမိတ္တတာ'ဟူ၍ ဆိုအပ်၏၊ ဤယုတ်မာသော မိတ်ဆွေရှိခြင်းနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ယုတ်မာသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၇။ ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဣန္ဒြေတို့၌ မလုံခြုံသော တံခါးရှိခြင်း 'ဣန္ဒြိယေသု အဂုတ္တဒွါရတာ'ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်း 'ရူပါရုံ' ကို မြင်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်, ခြေစသောအမှတ်) လက္ခဏာငယ်ကို စွဲယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့်စက္ခုန္ဒြေ ကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ်ကို မက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ် ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ မကျင့်၊ စက္ခုန္ဒြေကို မစောင့်ရှောက်၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ မရောက်။ နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားလတ်သော်။ပ။ နှာခေါင်းဖြင့်အနံ့ 'ဂန္ဓာရုံ' ကို နံလတ်သော်။ပ။ လျှာဖြင့် အရသာ 'ရသာရုံ' ကို လျက်လတ်သော်။ပ။ ကိုယ်ဖြင့်အတွေ့ 'ဖောဋ္ဌဗ္ဗာရုံ' ကို တွေ့ထိလတ်သော်။ပ။ စိတ်ဖြင့် သဘောတရား 'ဓမ္မာရုံ' ကို သိလတ်သော် (ယောက်ျား, မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ရှိ၏၊ (လက်, ခြေစသောအမှတ်) လက္ခဏာငယ်ကိုစွဲယူလေ့ရှိ၏၊ အကြင် အကြောင်းကြောင့် မနိန္ဒြေကို မစောင့် စည်းမူ၍ နေသော ပုဂ္ဂိုလ်ကိုမက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန်သော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် အစဉ်လိုက်၍ နှိပ်စက်ကုန်ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ မကျင့်၊ မနိန္ဒြေကို မစောင့်ရှောက်၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ မရောက်၊ ဤခြောက်ပါးသော ဣန္ဒြေ တို့ကိုအကြင် မလုံခြုံစေခြင်း၊ မစောင့်ရှောက်ခြင်း၊ မစောင့်စည်းခြင်းသည် ရှိ၏၊ ဤသဘောစုကို ဣန္ဒြေ တို့၌ မလုံခြုံသောတံခါးရှိခြင်း 'ဣနြိ္ဒယေသု အဂုတ္တဒွါရတာ'ဟူ၍ ဆိုအပ်၏၊ ဤဣန္ဒြေတို့၌ မလုံခြုံသောတံခါးရှိခြင်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို ဣန္ဒြေတို့၌ မလုံခြုံသောတံခါးရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၈။ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဘောဇဉ်၌ အတိုင်းအရှည်မသိခြင်း 'ဘောဇနေအမတ္တညူ'ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ မသင့်သော အကြောင်းအားဖြင့် မြူးထူးခြင်းငှါ မာန်ယစ်ခြင်းငှါ တင့်တယ်စေခြင်းငှါပြေပြစ်စေခြင်းငှါ အစာအာဟာရကို စား၏၊ ထိုအာဟာရကို စားရာ၌ အကြင်မရောင့်ရဲသောအဖြစ်အတိုင်းအရှည်ကို မသိသောအဖြစ် အစာဘောဇဉ်၌ မဆင်ခြင်သောအဖြစ်သည် ရှိ၏၊ ဤသဘောစုကိုဘောဇဉ်၌ အတိုင်းအရှည်ကို မသိခြင်း 'ဘောဇနေအမတ္တညုတာ'ဟူ၍ ဆိုအပ်၏၊ ဤအစာဘောဇဉ်၌ အတိုင်းအရှည်ကို မသိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဘောဇဉ်၌ အတိုင်းအရှည်ကို မသိသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၅၉။ လွတ်သော သတိရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ လွတ်သောသတိရှိခြင်း'မုဋ္ဌဿစ္စ'ဟူသည် အဘယ်နည်း၊ မအောက်မေ့ခြင်း၊ အစဉ်မအောက်မေ့ခြင်း၊ အဖန်ဖန်မအောက်မေ့ခြင်း၊ မအောက်မေ့သောအဖြစ်၊ မဆောင်နိုင်ခြင်း၊ ပေါ့ဆသောအဖြစ်၊ တွေဝေသောအဖြစ်သည် ရှိ၏၊ ဤ သဘောစုကို လွတ်သောသတိရှိခြင်း 'မုဋ္ဌဿစ္စ'ဟူ၍ ဆိုအပ်၏၊ ဤလွတ်သော သတိရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို လွတ်သော သတိရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၀။ ပညာအဆင်အခြင်မရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ပညာအဆင်ခြင်မရှိခြင်း 'အသမ္ပဇည'ဟူသည် အဘယ်နည်း၊ အကြင် မသိခြင်း၊ မမြင်ခြင်း၊ အထူးကိုမသိခြင်း၊ လျော်စွာမသိခြင်း၊ ကောင်းစွာမသိခြင်း၊ ထိုးထွင်း၍မသိခြင်း၊ အမှန်မယူခြင်း၊ အမှန်သို့မသက်ဝင်ခြင်း၊ အသင့်မရှုခြင်း၊ မဆင်ခြင်ခြင်း၊ မျက်မှောက်မပြုခြင်း၊ မလိမ္မာခြင်း၊ မိုက်မဲခြင်း၊ ပညာအဆင်ခြင်မဲ့ခြင်း၊ တွေဝေခြင်း၊ ပြင်းစွာတွေဝေခြင်း၊ လွန်စွာတွေ ဝေခြင်း၊ အမှန်မသိခြင်း 'အဝိဇ္ဇာ'ဟူသောဩဃ၊ အဝိဇ္ဇာဟူသောယောဂ၊ အဝိဇ္ဇာဟူသောအနုသယ၊ အဝိဇ္ဇာဟူသော ထကြွခြင်း၊ အဝိဇ္ဇာဟူသောတံခါးကျည်၊ အကုသိုလ်တို့၏ အရင်းဖြစ်သော မသိခြင်း 'မောဟ'သည် ရှိ၏၊ ဤသဘောစုကို ပညာအဆင်ခြင်မရှိခြင်း 'အသမ္ပဇည'ဟူ၍ ဆိုအပ်၏၊ ဤပညာအဆင်ခြင်မရှိခြင်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို ပညာအဆင်ခြင်မရှိသော ပုဂ္ဂိုလ်ဟူ၍ ဆို အပ်၏။

၆၁။ သီလအကျင့်ပျက်စီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ သီလအကျင့်ပျက်စီးခြင်း'သီလဝိပတ္တိ'ဟူသည် အဘယ်နည်း၊ ကိုယ်၌ဖြစ်သော ဒုစရိုက်မှုကို လွန်ကျူးခြင်း၊ နှုတ်၌ဖြစ်သောဒုစရိုက်မှုကို လွန်ကျူးခြင်း၊ ကိုယ်နှုတ်တို့၌ဖြစ်သော ဒုစရိုက်မှုကို လွန်ကျူးခြင်းသည် ရှိ၏၊ ဤသို့ ကိုယ်နှုတ်တို့ဖြင့် ဒုစရိုက်မှုကို လွန်ကျူးခြင်းကို သီလအကျင့်ပျက်စီးခြင်း 'သီလဝိပတ္တိ'ဟူ၍ ဆိုအပ်၏၊ အလုံးစုံ သော သီလမရှိခြင်းကိုလည်း သီလအကျင့်ပျက်စီးခြင်းဟူ၍ပင် ဆိုအပ်၏၊ ဤသီလအကျင့်ပျက်စီးခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို သီလအကျင့်ပျက်စီးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၂။ အယူပျက်စီးသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ အယူပျက်စီးခြင်း 'ဒိဋ္ဌိဝိပတ္တိ'ဟူသည် အဘယ်နည်း၊ ''အလှူ၏ အကျိုးသည် မရှိ၊ ပူဇော်ခြင်း၏ အကျိုးသည် မရှိ၊ ပသခြင်း၏အကျိုးသည် မရှိ၊ ကောင်းစွာ ပြုအပ်သော, မကောင်းသဖြင့် ပြုအပ်သော ကောင်းမှုကံ မကောင်းမှုကံတို့၏ အကျိုးရင်း အကျိုးဆက်သည် မရှိ၊ ဤပစ္စုပ္ပန်လောကသည် မရှိ၊ တမလွန်လောကသည် မရှိ၊ အမိ၌ ကောင်းစွာ ပြုမှု, မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် မရှိ၊ အဖ၌ ကောင်းစွာပြုမှုမကောင်းသဖြင့် ပြုမှု၏အကျိုးသည် မရှိ၊ (ငရဲစသော) ဥပပါတ်သတ္တဝါသည် မရှိ၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာဟောကြားနိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ရောက်ကုန်သော သမဏဗြာဟ္မဏတို့သည်လောက၌ မရှိကုန်''ဟု ဤသို့သဘောရှိသော အယူမှားခြင်း၊ အယူမှားသောအဖြစ်၊ အယူမှားတည်းဟူသောတော အုပ်၊ အယူမှားတည်းဟူသောခရီးခဲ၊ အယူမှားတည်းဟူသောငြောင့်တံကျင်၊ အယူမှားတည်းဟူသော တုန် လှုပ်ခြင်း၊ အယူမှား (ဒိဋ္ဌိ) တည်းဟူသောသံယောဇဉ်၊ အယူမှားကိုယူခြင်း၊ အယူမှားကို အဖန်ဖန် ယူခြင်း၊ မှားသောအားဖြင့် နှလုံးသွင်းခြင်း၊ မှားသောအားဖြင့် သုံးသပ်ခြင်း၊ မကောင်းသောခရီး၊ မှားသော ခရီး၊ ဖောက်ပြန်သောအဖြစ်၊ အယူမှားတည်းဟူသော ဆိပ်၌ တည်ခြင်း၊ ဖောက်ပြန်သဖြင့် ယူခြင်းသည် ရှိ၏၊ ဤသဘောစုကို အယူပျက်စီးခြင်း 'ဒိဋ္ဌိဝိပတ္တိ'ဟူ၍ ဆိုအပ်၏၊ အလုံးစုံသော မိစ္ဆာဒိဋ္ဌိသည်လည်း အယူပျက် စီးခြင်း 'ဒိဋ္ဌိဝိပတိ္တ' မည်၏၊ ဤအယူပျက်စီးခြင်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို အယူပျက်စီးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၃။ အတွင်းသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်သည် ကာမဘုံတည်းဟူသော အောက်အဖို့ရှိသော 'ဩရ မ္ဘာဂိယ'သံယောဇဉ်ငါးပါးတရားတို့ကို မပယ်အပ်ကုန်၊ ဤပုဂ္ဂိုလ်ကိုအတွင်းသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၄။ အပြင်အပသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင် ပုဂ္ဂိုလ်သည် ဗြဟ္မာ့ဘုံတည်းဟူသော အထက်အဖို့ရှိသော 'ဥဒ္ဓ မ္ဘာဂိယ' သံယောဇဉ်ငါးပါးတရားတို့ကို မပယ်အပ်ကုန်၊ ဤပုဂ္ဂိုလ်ကို အပြင်အပသံယောဇဉ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၅။ အမျက်မထွက်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ အမျက်ထွက်ခြင်း 'ကောဓ'ဟူသည် အဘယ်နည်း၊ အကြင်အမျက်ထွက်ခြင်း၊ အမျက်ထွက်သောအခြင်းအရာ၊ အမျက်ထွက်သောအဖြစ်၊ ပြစ်မှားခြင်း၊ ပြစ်မှားသောအခြင်းအရာ၊ ပြစ်မှားသောအဖြစ်၊ ပကတိသဘောကို စွန့်ခြင်း၊ ပကတိသဘောကို စွန့်သောအခြင်းအရာ၊ ဆန့်ကျင်ခြင်း၊ အဖန်ဖန်ဆန့်ကျင်ခြင်း၊ ကြမ်းတမ်းသောအဖြစ်၊ စကားကို ပြည့်စုံစွာ မဆိုနိုင်ခြင်း၊ စိတ်နှလုံး မသာယာသောအဖြစ်သည် ရှိ၏၊ ဤသဘောစုကို အမျက်ထွက်ခြင်း 'ကောဓ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ် သည် ဤအမျက်ထွက်ခြင်းကို ပယ်အပ်၏၊ ဤပုဂ္ဂိုလ်ကို အမျက်မထွက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၆။ ရန်ငြိုးမဖွဲ့တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'ဟူသည် အဘယ်နည်း၊ ရှေးကာလ၌ အမျက်ထွက်၏၊ နောက်ကာလ၌ ရန်ငြိုးဖွဲ့၏၊ ဤသို့သဘောရှိသော အကြင် ရန်ငြိုးဖွဲ့သော အခြင်းအရာ၊ ရန်ငြိုးဖွဲ့သူ၏အဖြစ်၊ ရှေးရှုထားခြင်း၊ အမျက်ထားခြင်း၊ ပြင်းစွာထားခြင်း၊ အစဉ်တည်ခြင်း၊ အစဉ်ဖွဲ့ခြင်း၊ အမျက်ကို မြဲမြံစွာ ပြုခြင်းသည် ရှိ၏၊ ဤသဘောစုကို ရန်ငြိုးဖွဲ့ခြင်း 'ဥပနာဟ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ရန်ငြိုးဖွဲ့ခြင်းကို ပယ်အပ်၏၊ ဤပုဂ္ဂိုလ်ကို ရန်ငြိုးမဖွဲ့တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၇။ ကျေးဇူးကို မချေဖျက်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ကျေးဇူးကိုချေဖျက်ခြင်း 'မက္ခ'ဟူသည် အဘယ်နည်း၊ အကြင် သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ သူ့ကျေးဇူးကို ချေဖျက်သော အခြင်းအရာ၊ သူ့ကျေးဇူးကို ချေဖျက်သောအဖြစ်၊ သူ့ကျေးဇူးကို ခါသောအဖြစ်၊ သူ့ကျေးဇူးကိုခါမှုသည် ရှိ၏၊ ဤသဘောစုကို သူ့ကျေးဇူးကို ချေဖျက်ခြင်း 'မက္ခ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည်သူ့ကျေးဇူးကို ချေဖျက်ခြင်းကို ပယ်အပ်၏၊ ဤပုဂ္ဂိုလ်ကို သူ့ကျေးဇူးကို မချေဖျက်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၆၈။ အပြိုင်မပြုသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ အပြိုင်ပြုခြင်း 'ပဠာသ'ဟူသည်အဘယ်နည်း။ အပြိုင်ပြုခြင်း၊ အပြိုင်ပြုသောအခြင်းအရာ၊ အပြိုင်ပြုသောအဖြစ်၊ အပြိုင်ပြုမှုကို ဆောင်ခြင်း၊ ငြင်းခုံခြင်း၊ အစုံယူခြင်း၊ အယူကို မစွန့်ခြင်းသည် ရှိ၏၊ ဤသဘောစုကို အပြိုင်ပြုခြင်း 'ပဠာသ'ဟူ၍ ဆိုအပ်၏၊ အကြင် ပုဂ္ဂိုလ်သည် ဤအပြိုင်ပြုခြင်းကို ပယ်အပ်၏၊ ဤပုဂ္ဂိုလ်ကိုအပြိုင်မပြုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၆၉။ မငြူစူတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ငြူစူခြင်း 'ဣဿာ'ဟူသည်အဘယ်နည်း၊ သူတစ်ပါးတို့ လာဘ်ရခြင်း၊ အရိုအသေပြုခံရခြင်း၊ အလေးအမြတ်ပြုခံရခြင်း၊ မြတ်နိုးခံရခြင်း၊ ရှိခိုးခံရခြင်း၊ ပူဇော်ခံရခြင်းတို့၌ အကြင် ငြူစူခြင်း၊ ငြူစူသောအခြင်းအရာ၊ ငြူစူသောအဖြစ်၊ စောင်းမြောင်းခြင်း၊ စောင်းမြောင်းသောအခြင်းအရာ၊ စောင်းမြောင်းသောအဖြစ်သည် ရှိ၏၊ ဤသဘောစုကို ငြူစူခြင်း'ဣဿာ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ငြူစူစောင်းမြောင်းခြင်းကိုပယ်အပ်၏၊ ဤပုဂ္ဂိုလ် ကို မငြူစူတတ်သောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၇၀။ ဝန်မတိုတတ်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဝန်တိုခြင်း 'မစ္ဆရိယ'ဟူသည်အဘယ်နည်း၊ ဝန်တိုခြင်းတို့သည် နေရာအိမ်ကျောင်း၌ ဝန်တိုခြင်းလည်းကောင်း၊ အမျိုး၌ ဝန်တိုခြင်းလည်းကောင်း၊ လာဘ်၌ ဝန်တိုခြင်းလည်းကောင်း၊ အဆင်းဂုဏ်၌ ဝန်တိုခြင်းလည်းကောင်း၊ တရား၌ ဝန်တိုခြင်းလည်းကောင်း ဤသို့လျှင် ငါးပါးရှိကုန်၏၊ ဤသို့သဘောရှိသော အကြင် ဝန်တိုခြင်း၊ ဝန်တိုသောအခြင်းအရာ၊ ဝန်တိုသူ၏အဖြစ်၊ မလိုလားခြင်း၊ စဉ်းလဲခြင်း၊ ခါးစပ်ခြင်း၊ စိတ်၏ အမှန်ကိုမယူသော အဖြစ်သည် ရှိ၏၊ ဤသည်ကို ဝန်တိုခြင်း 'မစ္ဆရိယ'ဟူ၍ ဆိုအပ်၏၊ အကြင် ပုဂ္ဂိုလ်သည်ဤဝန်တိုခြင်းကို ပယ်အပ်၏၊ ဤပုဂ္ဂိုလ်ကို ဝန်မတိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၇၁။ မစဉ်းလဲတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ စဉ်းလဲခြင်း 'သာဌေယျ'ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် စဉ်းလဲ၏၊ ထက်ဝန်းကျင် စဉ်းလဲ၏၊ ထိုစကား၌ အကြင် စဉ်းလဲခြင်း၊ စဉ်းလဲသောအခြင်းအရာ၊ စဉ်းလဲသူ၏အဖြစ်၊ ကြမ်းတမ်းခြင်း၊ ကြမ်းတမ်းသူ၏အဖြစ်၊ စိုက်၍ထားဘိသကဲ့သို့ မြဲမြံစွာကောက်ကျစ်ခြင်း၊ ကောက်ကျစ်သည်၏ အဖြစ်သည် ရှိ၏၊ ဤသဘောစုကို စဉ်းလဲခြင်း 'သာဌေယျ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤစဉ်းလဲခြင်းကို ပယ်အပ်၏၊ ဤပုဂ္ဂိုလ်ကို မစဉ်းလဲတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၇၂။ မလှည့်ပတ်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ လှည့်ပတ်ခြင်း 'မာယာ'ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကိုယ်ဖြင့် ဒုစရိုက်ကို ကျင့်၍ နှုတ်ဖြင့်ဒုစရိုက်ကို ကျင့်၍ စိတ်ဖြင့် ဒုစရိုက်ကို ကျင့်၍ ထိုမကောင်းမှုကို ဖုံးလွှမ်းလိုခြင်းကြောင့် မကောင်းသောအလိုကို ဆောက်တည်၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု လိုလား၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု ကြံစည်၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု ပြောဆို၏၊ ''ငါ့ကို (သူတစ်ပါးတို့) မသိစေလင့်''ဟု ကိုယ်ဖြင့် လုံ့လပြု၏၊ ဤသို့သဘောရှိသော အကြင်လှည့်ပတ်ခြင်း၊ လှည့်ပတ်တတ်သော အဖြစ်၊ လှည့်စားခြင်း၊ လွန်စွာလှည့်စားခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ (ငါမပြုဟု ) ပယ်ခြင်း၊ (ငါမပြုဟု ) အဖန်ဖန် ရှောင်လွှဲခြင်း၊ လျှို့ဝှက်ခြင်း၊ ထက်ဝန်းကျင် လျှို့ဝှက်ခြင်း၊ ဖုံးလွှမ်းခြင်း၊ အဖန်ဖန် ဖုံးလွှမ်းခြင်း၊ ပေါ်လွင်စွာ မပြုခြင်း၊ ထင်စွာ မပြုခြင်း၊ ကောင်းစွာ ဖုံးလွှမ်းခြင်း၊ မကောင်းသော အမူအရာသည် ရှိ၏၊ ဤသဘောစုကို လှည့်ပတ်ခြင်း'မာယာ'ဟူ၍ ဆိုအပ်၏၊ အကြင်ပုဂ္ဂိုလ်သည် ဤလှည့်ပတ်ခြင်းကို ပယ်အပ်၏၊ ဤပုဂ္ဂိုလ်ကို မလှည့်ပတ်တတ်သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၇၃။ ဒုစရိုက်မှ ရှက်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဒုစရိုက်မှ ရှက်ခြင်း'ဟိရီ'ဟူသည် အဘယ်နည်း၊ အကြင် ဒုစရိုက်မှုကို ရှက်သင့်သည်မှ ရှက်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ရှက်၏၊ ဤသဘောစုကိုု ရှက်ခြင်း 'ဟိရီ'ဟူ၍ ဆိုအပ်၏၊ ဤဒုစရိုက်မှရှက်ခြင်း 'ဟိရီ' နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဒုစရိုက်မှ ရှက်တတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၇၄။ ဒုစရိုက်မှ ကြောက်လန့်တတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဒုစရိုက်မှကြောက်လန့်ခြင်း 'ဩတ္တပ္ပ'ဟူသည် အဘယ်နည်း၊ အကြင်ဒုစရိုက်မှုကို ကြောက်လန့်သင့်သည်မှကြောက် လန့်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သို့ ရောက်ခြင်းမှ ကြောက်လန့်၏၊ ဤသဘောစုကို ကြောက် လန့်ခြင်း 'ဩတ္တပ္ပ'ဟူ၍ ဆိုအပ်၏၊ ဤဒုစရိုက်မှကြောက်လန့်ခြင်း 'ဩတ္တပ္ပ' နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဒုစရိုက်မှ ကြောက်လန့်သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၇၅။ ဆိုဆုံးမလွယ်သောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဆိုဆုံးမလွယ်ခြင်း 'သောဝစဿတာ'ဟူသည် အဘယ်နည်း၊ သီတင်းသုံးဖော်တို့၏ (တရားနှင့်အညီ) ပြောဆိုသည်ရှိသော် အကြင်အပြောလွယ်ခြင်း၊ အပြောလွယ်သောအဖြစ်၊ အဆိုလွယ်သောအဖြစ်၊ ဖောက်ပြန်သောအယူကို မယူသောအဖြစ်၊ ဆန့်ကျင်သော တရား၌ မသာယာသောအဖြစ်၊ ရိုသေခြင်း၊ ရိုသေသောအဖြစ်၊ လေးစားသောအဖြစ်၊ တုပ်ဝပ်ကျိုးနွံသောအဖြစ်သည် ရှိ၏၊ ဤသဘောစုကို ဆိုဆုံးမလွယ်သော 'သောဝစဿတာ'ဟူ၍ဆိုအပ်၏၊ ဤဆိုဆုံးမလွယ်ခြင်း 'သောဝစဿတာ'နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို ဆိုဆုံးမလွယ်သောပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၇၆။ ကောင်းသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ကောင်းသောအဆွေခင်ပွန်းရှိခြင်း 'ကလျာဏမိတ္တတာ'ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်တို့သည် သဒ္ဓါတရားရှိကုန်၏၊ သီလရှိကုန်၏၊ အကြားအမြင်များကုန်၏၊ ပေးကမ်းစွန့်ကြဲခြင်းရှိကုန်၏၊ ပညာရှိကုန်၏၊ ထိုပုဂ္ဂိုလ်တို့ကို အကြင် မှီဝဲခြင်း၊ အမြဲမှီဝဲခြင်း၊ ကောင်းစွာမှီဝဲခြင်း၊ ဆည်းကပ်ခြင်း၊ ကောင်းစွာ ဆည်းကပ်ခြင်း၊ ခစားခြင်း၊ ကောင်းစွာ ခစားခြင်း၊ ကိုင်းရှိုင်းညွတ်တွားခြင်းသည် ရှိ၏၊ ဤသဘောအစုကိုကောင်းသော အဆွေခင်ပွန်းရှိခြင်း 'ကလျာဏမိတ္တတာ'ဟူ၍ ဆိုအပ်၏၊ ဤကောင်းသော အဆွေခင်ပွန်းရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ကောင်းသော အဆွေခင်ပွန်းရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၇၇။ ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဣန္ဒြေတို့၌ ့လုံခြုံသော တံခါးရှိခြင်း 'ဣန္ဒြိယေသု ဂုတ္တဒွါရတာ'ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မျက်စိဖြင့် အဆင်း 'ရူပါရုံ' ကိုမြင်လတ်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကိုစွဲယူလေ့မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကို စွဲယူလေ့မရှိ၊ အကြင်အကြောင်းကြောင့်စက္ခုန္ဒြေ ကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ်ကို မက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆို အပ်ကုန်သော ယုတ်ညံ့သော အကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန်ရာ၏၊ ထိုစက္ခုန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ စက္ခုန္ဒြေကို စောင့်ရှောက်၏၊ စက္ခုန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏။ နားဖြင့် အသံ 'သဒ္ဒါရုံ' ကို ကြားလတ်သော်။ပ။ နှာခေါင်းဖြင့်အနံ့ 'ဂန္ဓာရုံ' ကို နံလတ်သော်။ပ။ လျှာဖြင့် အရသာ 'ရသာရုံ' ကို လျက်လတ်သော်။ပ။ ကိုယ်ဖြင့်အတွေ့ အထိ 'ဖောဋ္ဌဗ္ဗာရုံ' ကို တွေ့ထိလတ်သော်။ပ။ စိတ်ဖြင့် သဘောတရား 'ဓမ္မာရုံ' ကို သိလတ်သော် (ယောက်ျား မိန်းမစသော) အမှတ်နိမိတ်ကို စွဲယူလေ့ မရှိ၊ (လက်ခြေစသော) အမှတ်လက္ခဏာငယ်ကိုစွဲယူလေ့ မရှိ၊ အကြင်အကြောင်းကြောင့် မနိန္ဒြေကို မစောင့်စည်းမူ၍ နေသော ပုဂ္ဂိုလ်ကိုမက်မောခြင်း 'အဘိဇ္ဈာ'၊ နှလုံးမသာခြင်း 'ဒေါမနဿ'ဟု ဆိုအပ်ကုန် သော ယုတ်ညံ့သောအကုသိုလ်တရားတို့သည် အစဉ်လိုက်၍နှိပ်စက်ကုန် ရာ၏၊ ထိုမနိန္ဒြေကို စောင့်စည်းခြင်းငှါ ကျင့်၏၊ မနိန္ဒြေကို စောင့်ရှောက်၏၊ မနိန္ဒြေ၌ စောင့်စည်းခြင်းသို့ ရောက်၏၊ ဤခြောက်ပါးသော ဣန္ဒြေတို့ကိုအကြင်လုံခြုံခြင်း၊ လုံခြုံစေခြင်း၊ စောင့်ရှောက်ခြင်း၊ စောင့်စည်းခြင်းသည် ရှိ၏၊ ဤသဘောစု ကိုဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိခြင်း 'ဣန္ဒြိယေသု ဂုတ္တဒွါရတာ'ဟူ၍ ဆိုအပ်၏၊ ဤဣန္ဒြေတို့၌ လုံခြုံသောတံခါးရှိခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဣန္ဒြေတို့၌ လုံခြုံသော တံခါးရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၇၈။ ဘောဇဉ်၌ အတိုင်းအရှည်ကို သိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ဘောဇဉ်၌ အတိုင်းအရှည်ကိုသိခြင်း 'ဘောဇနေမတ္တညုတာ'ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အသင့်အားဖြင့် ဆင်ခြင်၍ အာဟာရကို စားမျို၏၊ မြူးထူးခြင်းငှါ, မာန်ယစ်ခြင်းငှါ, တင့်တယ်စေခြင်းငှါ, ပြေပြစ်စေခြင်းငှါ အစာအာဟာရကို မစား၊ အကြင်မျှလောက် ကာလတိုင်အောင် ဤကိုယ်၏တည်တံ့ခြင်းငှါ, မျှတခြင်းငှါ, ညှဉ်းဆဲခြင်းကိုဖျောက်ခြင်းငှါ, မြတ်သောအကျင့်ကို ချီးမြှောက်ခြင်းငှါ အစာအာဟာရကို စား၏၊ ဤအစာအာဟာရကို စားသည်ရှိသော် အဟောင်းဖြစ်သော မွတ်သိပ်ဆာလောင်ခြင်းဝေဒနာကိုလည်း ပယ်ဖျောက်အံ့၊ အသစ်ဖြစ်သော ဝေဒနာကိုလည်း မဖြစ်စေအံ့၊ ငါ့အား မျှတခြင်း၊ အပြစ်ကင်းခြင်း၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်လတ္တံ့ဟု ဤသို့လျှင် ငါသည် အစာအာဟာရကိုစားသောက်မှီဝဲပါ၏၊ ထိုအစာအာဟာရကို စားရာ၌ အကြင် ရောင့်ရဲလွယ်သောအဖြစ်၊ အတိုင်းအရှည်သိသောအဖြစ်၊ အစာဘောဇဉ်၌ ဆင်ခြင်ခြင်းသည် ရှိ၏၊ ဤသဘောစုကို ဘောဇဉ်၌ အတိုင်းအရှည်ကိုသိခြင်း 'ဘောဇနေ မတ္တညုတာ'ဟူ၍ ဆိုအပ်၏၊ ဤဘောဇဉ်၌ အတိုင်းအရှည်ကို သိခြင်းနှင့်ပြည့်စုံသောပုဂ္ဂိုလ်ကို ဘောဇဉ်၌ အတိုင်းအရှည်ကိုသိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၇၉။ ထင်သောသတိရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ အောက်မေ့ခြင်း 'သတိ'ဟူသည် အဘယ်နည်း၊ အကြင် အောက်မေ့ခြင်း၊ အစဉ်အောက်မေ့ခြင်း၊ အဖန်ဖန် အောက်မေ့ခြင်း၊ အောက်မေ့သောအဖြစ်၊ ဆောင်နိုင်ခြင်း၊ မပေါ့ဆသောအဖြစ်၊ မတွေဝေသောအဖြစ်၊ အောက်မေ့ခြင်း၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိသည် ရှိ၏၊ ဤသဘောစုကို အောက်မေ့ခြင်း 'သတိ'ဟူ၍ ဆိုအပ်၏၊ ဤ အောက်မေ့ခြင်း 'သတိ' နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ထင်သောသတိရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၈၀။ ပညာအဆင်အခြင်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကား၌ ပညာအဆင်ခြင်'သမ္ပဇဉ်'ဟူသည် အဘယ်နည်း၊ အကြင် သိခြင်း၊ အပြားအားဖြင့် သိခြင်း၊ အထူးသဖြင့် ဆင်ခြင်ခြင်း၊ အပြားအားဖြင့် ဆင်ခြင်ခြင်း၊ တရားကို ဆင်ခြင်ခြင်း၊ ကောင်းစွာမှတ်ခြင်း၊ ကပ်၍မှတ်ခြင်း၊ ရှေးရှုမှတ်ခြင်း၊ ပညာရှိသောအဖြစ်၊ ကျွမ်းကျင်လိမ္မာသောအဖြစ်၊ သိမ်မွေ့ဖြူစင်သောအဖြစ်၊ စိတ်ဖြာခွဲခြမ်းသောအဖြစ်၊ ကြံခြင်း၊ စူးစမ်းခြင်း၊ မြေကြီးအထုနှင့်တူသော ပညာ၊ ဝရဇိန်လက်နက်နှင့်တူသော ပညာ ပညာတည်းဟူသောအကြီးအမှူး အနိစ္စစသောလက္ခဏာရေးကို ရှုခြင်း၊ အပြားအားဖြင့် ကောင်းစွာ ဆင်ခြင်ခြင်း၊ သဘာဝပညာတည်းဟူသော လှံတံ၊ အပြားအားဖြင့် သိခြင်း၊ ပညာတည်းဟူသော ဣန္ဒြေ၊ ပညာဗိုလ်၊ ပညာလက်နက်၊ ပညာပြာသာဒ်၊ ပညာအလင်း၊ ပညာအရောင်၊ ပညာဆီမီးတန်ဆောင်၊ ပညာရတနာ၊ မတွေမဝေသိခြင်း၊ တရားကို အထူးဆင်ခြင်ခြင်း၊ ကောင်းစွာသိမြင်ခြင်းသည် ရှိ၏၊ ဤသဘောစုကို ပညာအဆင်ခြင် 'သမ္ပဇည'ဟူ၍ ဆိုအပ်၏၊ ဤပညာအဆင်ခြင် 'သမ္ပဇဉ်' နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ပညာ အဆင်အခြင်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၈၁။ သီလအကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကားရပ်၌ သီလအကျင့်နှင့်ပြည့်စုံခြင်း'သီလသမ္ပဒါ'ဟူသည် အဘယ်နည်း၊ ကိုယ်၌ဖြစ်သော ဒုစရိုက်ကို မလွန်ကျူးခြင်း၊ နှုတ်၌ဖြစ်သော ဒုစရိုက်ကို မလွန်ကျူးခြင်း၊ ကိုယ်နှုတ်တို့၌ဖြစ်သော ဒုစရိုက်ကို မလွန်ကျူးခြင်းသည် ရှိ၏၊ ဤသဘောစုကို သီလအကျင့်ပြည့်စုံခြင်း 'သီလသမ္ပဒါ'ဟူ၍ ဆိုအပ်၏၊ အလုံးစုံသော သီလကိုစောင့်စည်းခြင်း ကိုလည်း သီလအကျင့်ပြည့်စုံခြင်းဟူ၍ပင် ဆိုအပ်၏၊ ဤသီလအကျင့်ပြည့်စုံခြင်းနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ကို သီလအကျင့်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၈၂။ အယူနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ထိုစကားရပ်၌ အယူနှင့်ပြည့်စုံခြင်း 'ဒိဋ္ဌိသမ္ပဒါ'ဟူသည် အဘယ်နည်း၊ ''အလှူ၏ အကျိုးသည် ရှိ၏၊ ပူဇော်ခြင်း၏ အကျိုးသည် ရှိ၏၊ ပသခြင်း၏ အကျိုးသည် ရှိ၏၊ ကောင်းစွာပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကောင်းမှုကံ, မကောင်းမှုကံတို့၏အကျိုးရင်း အကျိုးဆက်သည် ရှိ၏၊ ဤပစ္စုပ္ပန်လောကသည် ရှိ၏၊ တမလွန်လောကသည် ရှိ၏၊ အမိ၌ ကောင်းစွာပြုမှု, မကောင်းသဖြင့် ပြုမှု၏ အကျိုးသည် ရှိ၏၊ အဖ၌ ကောင်းစွာပြုမှု, မကောင်းသဖြင့်ပြုမှု၏ အကျိုးသည် ရှိ၏၊ (ငရဲစသော) ဥပပါတ်သတ္တဝါသည် ရှိ၏၊ ဤလောကကိုလည်းကောင်းတစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာဟောကြား နိုင်ကုန်သော ဖြောင့်မှန်သော အရိယမဂ်သို့ ရောက်ကုန်သော သမဏဗြာဟ္မဏတို့သည်လောက၌ ရှိကုန်၏''ဟု ဤသို့သဘောရှိသော အကြင်သိခြင်း အပြားအားဖြင့် သိခြင်း။ပ။ မတွေမဝေသိခြင်း တရား ကို အထူးဆင်ခြင်ခြင်း ကောင်းစွာသိခြင်း 'သမ္မာဒိဋ္ဌိ' သည် ရှိ၏၊ ဤသဘောစုကို အယူနှင့် ပြည့်စုံခြင်း 'ဒိဋ္ဌိသမ္ပဒါ'ဟူ၍ ဆိုအပ်၏၊ အလုံးစုံသော ကောင်းစွာသိမှု'သမ္မာဒိဋ္ဌိ'ကိုလည်း အယူနှင့် ပြည့်စုံခြင်းဟူ၍ပင် ဆိုအပ်၏၊ ဤအယူပြည့်စုံခြင်းနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကိုအယူနှင့် ပြည့်စုံသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၈၃။ လောက၌ ရနိုင်ခဲကုန်သော ပုဂ္ဂိုလ်နှစ်ယောက်တို့သည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်သည်ကားရှေးဦးစွာ ကျေးဇူးပြုတတ်၏၊ အကြင်ပုဂ္ဂိုလ်သည် ပြုဖူးသော သူ့ကျေးဇူးကို သိ၍ ပြုဖူးသောကျေးဇူးကို ထင်စွာ ပြလေ့ရှိ၏၊ ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် လောက၌ ရခဲကုန်၏။

၈၄။ လောက၌ ရောင့်ရဲနိုင်ခဲကုန်သော ပုဂ္ဂိုလ်နှစ်ယောက်တို့သည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်သည်ကား ရတိုင်း ရတိုင်းကို သိုမှီးသိမ်းဆည်းထား၏၊ အကြင်ပုဂ္ဂိုလ်သည်ကား ရတိုင်း ရတိုင်းကိုစွန့်လွှတ်၏၊ ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် လောက၌ ရောင့်ရဲနိုင်ခဲကုန်၏။

၈၅။ လောက၌ ရောင့်ရဲလွယ်ကုန်သော ပုဂ္ဂိုလ်နှစ်ယောက်တို့သည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်သည်ကား ရတိုင်းရတိုင်းကို မသိုမှီး၊ မသိမ်းဆည်း၊ အကြင်ပုဂ္ဂိုလ်သည်ကား ရတိုင်းရတိုင်းကိုမစွန့်လွှတ်၊ ဤပုဂ္ဂိုလ်နှစ်ယောက်တို့သည် လောက၌ ရောင့်ရဲလွယ်ကုန်၏။

၈၆။ လောက၌ အဘယ်ပုဂ္ဂိုလ်နှစ်ယောက်တို့အား အာသဝေါတရားတို့သည် တိုးပွါးကုန်သနည်း၊ အကြင် ပုဂ္ဂိုလ်သည်ကား အလို့လို့ 'ကုက္ကုစ္စ' မရှိအပ်သည်ကို အလို့လို့ 'ကုက္ကုစ္စ' ရှိ၏၊ အကြင်ပုဂ္ဂိုလ်သည် ကား အလို့လို့ 'ကုက္ကုစ္စ' ရှိအပ်သည်ကို အလို့လို့ 'ကုက္ကုစ္စ' မရှိ၊ ဤပုဂ္ဂိုလ်နှစ်ယောက်တို့အား့အာသဝေါ တရားတို့သည် တိုးပွါး ကုန်၏။

၈၇။ လောက၌ အဘယ်ပုဂ္ဂိုလ်နှစ်ယောက်တို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်သနည်း၊ အကြင် ပုဂ္ဂိုလ်သည်ကား အလို့လို့ 'ကုက္ကုစ္စ' မရှိအပ်သည်ကို အလို့လို့ 'ကုက္ကုစ္စ' မရှိ၊ အကြင်ပုဂ္ဂိုလ်သည်ကား အလို့လို့ 'ကုက္ကုစ္စ' ရှိအပ်သည်ကို အလို့လို့ 'ကုက္ကုစ္စ' ရှိ၏၊ ဤပုဂ္ဂိုလ်နှစ်ယောက်တို့အား အာသဝေါတရားတို့သည် မတိုးပွါးကုန်၏။

၈၈။ ယုတ်ညံ့သော နှလုံးသွင်းရှိသော ပုဂ္ဂိုလ်သည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သီလမရှိမူ၍ ယုတ်ညံ့သော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် သီလမရှိသော ယုတ်ညံ့သော အကျင့်ရှိသော တစ်ပါးသော ပုဂ္ဂိုလ်ကို မှီဝဲ၏၊ ဆည်းကပ်၏၊ အဖန်ဖန် ချဉ်းကပ်၏၊ ဤပုဂ္ဂိုလ်ကို ယုတ်ညံ့သောနှလုံးသွင်းရှိသော 'ဟီနာဓိမုတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၈၉။ မြတ်သော နှလုံးသွင်းရှိသော ပုဂ္ဂိုလ်သည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည်သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် သီလရှိသော ကောင်းသော အကျင့်ရှိသောတစ်ပါးသော ပုဂ္ဂိုလ်ကို မှီဝဲ၏၊ ဆည်းကပ်၏၊ အဖန်ဖန် ချဉ်းကပ်၏၊ ဤပုဂ္ဂိုလ်ကို မြတ်သော နှလုံးသွင်းရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၀။ ရောင့်ရဲတတ်သော ပုဂ္ဂိုလ်သည် အဘယ်နည်း၊ အသျှင်ပစ္စေကဗုဒ္ဓါတို့သည်လည်းကောင်း၊ မြတ်စွာဘုရားရှင်၏ တပည့်သာဝကဖြစ်သော အကြင် ရဟန္တာအသျှင်မြတ်တို့သည်လည်းကောင်း ရောင့်ရဲတတ်သော 'တိတ္တ' ပုဂ္ဂိုလ်တို့ မည်ကုန်၏၊ သဗ္ဗညုမြတ်စွာဘုရားသည်ကား (လောကုတ္တရာတရားတို့ဖြင့်) ကိုယ်တိုင်လည်း ရောင့်ရဲတတ်သော ပုဂ္ဂိုလ် မည်၏၊ တပည့်သာဝကတို့ကိုလည်း ရောင့်ရဲစေတတ်သောပုဂ္ဂိုလ် မည်၏။

ဒုကနိဒ္ဒေသ ပြီး၏။

------

၃-တိကပုဂ္ဂလပညတ်

၉၁။ အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ မစင်ကြယ် ယုံမှားဖွယ်အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သောအမှုရှိ၏၊ ရဟန်းမဟုတ်ဘဲ ရဟန်းဟု ဝန်ခံ၏၊ မြတ်သောအကျင့်မရှိဘဲ မြတ်သောအကျင့်ရှိသည်ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့် စိုစွတ်၏၊ အမှိုက်သဖွယ်ဖြစ်၏၊ ထိုပုဂ္ဂိုလ်သည်''ဤမည်သော ရဟန်းသည် အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့်ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်''ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့်ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း''ဟု ဤသို့ အကြံအစည်မျိုးသည်မဖြစ်၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ မတောင့်တသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၂။ အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤမည်သော ရဟန်းသည်အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့်ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေသတတ်''ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား ''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့်ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသောဉာဏ်ဖြင့်မျက်မှောက်ပြုလျက် ရောက်၍ နေရအံ့နည်း''ဟု ဤအကြံ အစည်မျိုးသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကိုအရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တ သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၃။ အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းမှ ကင်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း း ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော,စိတ်ဖြင့် ကိလေသာမှ လွတ်သော, ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ထိုပုဂ္ဂိုလ်သည် ''ဤအမည်ရှိသောပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့် ကိလေသာမှလွတ်သော, ပညာ ဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက် ပြုလျက် ရောက်၍ နေသတတ်''ဟု ကြား၏၊ ထိုပုဂ္ဂိုလ်အား''အဘယ်အခါ၌ ငါသည်လည်း အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါကင်းသော, စိတ်ဖြင့်ကိလေသာမှ လွတ်သော, ပညာ ဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြု လျက် ရောက်၍ နေရအံ့နည်း''ဟု ဤအကြံအစည်မျိုးသည်မဖြစ်၊ ဤသို့ အကြံအစည်မျိုး မဖြစ်ခြင်း သည် အဘယ့်ကြောင့်နည်း၊ စင်စစ် ထိုရဟန္တာပုဂ္ဂိုလ်အား (အရဟတ္တဖိုလ်သို့ မရောက်မီ) ရှေ့အဖို့၌ အရဟတ္တဖိုလ်ဝိမုတ္တိဖြင့် ကိလေသာမှ မလွတ်သေးသည်ဖြစ်၍အကြင်အရဟတ္တဖိုလ်ကို လိုလားတောင့်တခြင်းသည် ရှိ၏၊ ထိုလိုလားတောင့်တခြင်းသည် ငြိမ်းအေး၏၊ ဤပုဂ္ဂိုလ်ကို အရဟတ္တဖိုလ်ကို ရခြင်း၌ တောင့်တခြင်းကင်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၄။ သူနာနှင့် တူသော ပုဂ္ဂိုလ် သုံးယောက်တို့သည် အဘယ်နည်း၊ ထိုစကားရပ်၌ သူနာတို့သည်သုံးယောက်ရှိကုန်၏၊ ဤလောက၌ အချို့သော သူနာသည် သင့်တင့်သော အစာဘောဇဉ်တို့ကို ရသော်လည်းကောင်း, မရသော်လည်းကောင်း၊ သင့်တင့်သော ဆေးဝါးဓာတ်စာတို့ကို ရသော်လည်းကောင်း,မရ သော်လည်းကောင်း၊ လျောက်ပတ်သော အလုပ်အကျွေးကို ရသော်လည်းကောင်း,မရသော်လည်းကောင်း ထိုအနာရောဂါမှ မထ။ (၁)

ဤလောက၌ အချို့သော သူနာသည်ကား သင့်တင့်သော အစာဘောဇဉ်တို့ကို ရသော်လည်းကောင်း,မရသော်လည်းကောင်း၊ သင့်တင့်သော ဆေးဝါးဓာတ်စာတို့ကို ရသော်လည်းကောင်း, မရသော်လည်းကောင်း၊ လျောက်ပတ်သော အလုပ်အကျွေးကို ရသော်လည်းကောင်း, မရသော်လည်းကောင်း ထိုအနာရောဂါမှ ထ၏။ (၂)

ဤလောက၌ အချို့သော သူနာသည်ကား သင့်တင့်သော အစာဘောဇဉ်တို့ကို ရသော် ထိုအနာရောဂါမှ ထ၏။ မရသော် မထ၊ သင့်တင့်သော ဆေးဝါးဓာတ်စာတို့ကို ရသော် ထိုအနာရောဂါမှ ထ၏။ မရသော် မထ၊ လျောက်ပတ်သော အလုပ်အကျွေးတို့ကို ရသော် ထိုအနာရောဂါမှ ထ၏။ မရသော်မထ။ (၃)

ထိုဥပမာစကားရပ်၌ အကြင်သူနာသည် သင့်တင့်သော အစာဘောဇဉ် ဆေး အလုပ်အကျွေးတို့ကိုရသော် ထိုအနာရောဂါမှ ထ၏။ မရသော် မထ။ ဤသူနာကို ရည်ရှယ်၍ မြတ်စွာဘုရားသည် သူနာအားလျောက်ပတ်သော ဆွမ်း ဆေး အလုပ်အကျွေးကို ခွင့်ပြုတော်မူအပ်၏၊ ဤသူနာကို စွဲ၍ အခြားသောသူနာတို့ကိုလည်း လုပ်ကျွေးအပ်ကုန်၏။

ဤအတူ သူနာနှင့်တူသော ပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏။ သုံးယောက်တို့သည် အဘယ်တို့နည်းဟူမူကား- ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကိုဖူးမြင်ခြင်းငှါ ရသော်လည်းကောင်း, မရသော်လည်းကောင်း၊ မြတ်စွာဘုရားသည် ဟောအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကို ကြားနာခြင်းငှါ ရသော်လည်းကောင်း, မရသော်လည်းကောင်း၊ ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ မသက်ရောက်။ (၁)

ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ရသော်လည်းကောင်း,မရသော်လည်းကောင်း၊ မြတ်စွာဘုရားသည် ဟောအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာခြင်းငှါရသော်လည်းကောင်း, မရသော်လည်းကောင်း၊ ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသောမိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ သက်ရောက်၏။ (၂)

ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါရသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ သက်ရောက်၏၊ မရသော် မသက်ရောက်။

မြတ်စွာဘုရားသည် ဟောအပ်သော သုတ် အဘိဓမ္မာ ဝိနည်းကို ကြားနာရသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏ အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ့်သို့ သက်ရောက်၏၊ မရသော် မသက်ရောက်။ (၃)

ထိုပုဂ္ဂိုလ်သုံးယောက်တို့တွင် အကြင်ပုဂ္ဂိုလ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ ရသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသောအရိယမဂ်သို့ သက်ရောက်၏၊ မရသော် မသက်ရောက်။ မြတ်စွာဘုရားသည် ဟောအပ်သော သုတ်အဘိဓမ္မာ ဝိနည်းကို ကြားနာခြင်းငှါရသော် ကုသိုလ်တရားတို့၌ မဖောက်မပြန်သော သဘောရှိသော မိမိ၏အခြားမဲ့၌ အကျိုးပေးသည်၏ အစွမ်းဖြင့် မြဲသော အရိယမဂ်သို့ သက်ရောက်၏၊ မရသော် မသက်ရောက်။ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ မြတ်စွာဘုရားသည် တရားဟောခြင်းကို ခွင့်ပြုတော်မူအပ်၏၊ ဤပုဂ္ဂိုလ်ကို အကြောင်းပြု၍ အခြားပုဂ္ဂိုလ်တို့အားလည်း တရားကို ဟောအပ်၏၊ သူနာနှင့်တူသောဤပုဂ္ဂိုလ်သုံးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏။

၉၅။ ဈာန်မဂ်ဖိုလ်ချမ်းသာကို ကိုယ်တိုင် တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသော 'ကာယသက္ခီ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရှစ်ပါးသော သမာပတ်တို့ကိုနာမကာယဖြင့် ရရောက်တွေ့ထိ၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်လည်း (အမှန်တရားကို) သိမြင်၍အချို့သော အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဤပုဂ္ဂိုလ်ကို ဈာန်မဂ်ဖိုလ်ချမ်းသာကို ကိုယ်တိုင်တွေ့ထိခံစား၍ နိဗ္ဗာန်ကို မျက် မှောက်ပြုသော 'ကာယသက္ခီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၆။ သိမြင်ခြင်းအဆုံးသို့ ရောက်သော 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲဒုက္ခတည်း''ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟု ဟုတ်မှန်သောအတိုင်းသိ၏၊ ထိုပုဂ္ဂိုလ်သည် မြတ်စွာဘုရားဟောကြားအပ်ကုန်သော သစ္စာလေးပါးတရားတို့ကို ပညာဖြင့်လည်းကောင်းစွာ မြင်အပ်ကုန်၏၊ ကောင်းစွာ ကျင့်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်လည်း (အမှန်တရားကို) သိမြင်၍ အချို့သော အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဤပုဂ္ဂိုလ်ကို သိမြင်ခြင်းအဆုံးသို့ရောက်သော 'ဒိဋ္ဌိပ္ပတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၇။ သဒ္ဓါကို အမှူးထား၍ လွတ်သော 'သဒ္ဓါဝိမုတ္တ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤသာသနာ တော်၌ အချို့သောပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲ 'ဒုက္ခ' တည်း''ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟု ဟုတ်မှန်သော အတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟု ဟုတ်မှန်သောအတိုင်းသိ၏၊ ထိုပုဂ္ဂိုလ်သည် မြတ်စွာဘုရားဟောကြားအပ်ကုန်သော သစ္စာလေးပါးတရားတို့ကို ပညာဖြင့်လည်းကောင်းစွာ မြင်အပ်ကုန်၏၊ ကောင်းစွာ ကျင့်အပ်ကုန်၏၊ ထိုပုဂ္ဂိုလ်အား ပညာဖြင့်လည်း (အမှန်တရားကို) သိမြင်၍ အချို့သော အာသဝေါတရားတို့သည် ကုန်ခန်းကုန်၏၊ ဒိဋ္ဌိပ္ပတ္တပုဂ္ဂိုလ်အား အာသဝေါတရားတို့သည် ကုန်ခန်းကုန်သကဲ့သို့ သဒ္ဓါဝိမုတ္တပုဂ္ဂိုလ်အား မဖြစ်ကုန်၊ ဤပုဂ္ဂိုလ်ကို သဒ္ဓါကိုအမှူးထား၍ (ကိလေသာမှ) လွတ်သူ 'သဒ္ဓါဝိမုတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၈။ မစင်နှင့်တူသော စကားရှိသော 'ဂူထဘာဏီ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သဘင်၌ တည်သော်လည်းကောင်း၊ ပရိသတ်၌ တည်သော်လည်းကောင်း၊ ဆွေမျိုးတို့၏ အလယ်၌ တည်သော်လည်းကောင်း၊ အသင်း၏ အလယ်၌ တည်သော်လည်းကောင်း၊ မင်းမျိုးတို့၏အလယ်၌ တည်သော်လည်းကောင်း မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ ခေါ်ဆောင်လျက်''အမောင်ယောက်ျား လာလော့၊ အကြင်အကြောင်းကို သင်သိ၏၊ ထိုအကြောင်းကို ပြောဆိုလော့''ဟု သက်သေအဖြစ် မေးစစ်အပ်သည်ရှိသော် မသိသည်ကိုလည်း ''ငါသိ၏''ဟု ၊ သိသည်ကိုလည်း ''ငါမသိ''ဟု ၊ မမြင်သည်ကိုလည်း ''ငါမြင်၏''ဟု ၊ မြင်သည်ကိုလည်း ''ငါမမြင်''ဟု ဤသို့လျှင် မိမိအကြောင်းကြောင့်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့်လည်းကောင်း၊ အနည်းငယ်မျှသော လာဘ်တံစိုးအကြောင်းကြောင့်လည်းကောင်း သိလျက် ချွတ်ယွင်းသော စကားကို ပြောဆို၏၊ ဤပုဂ္ဂိုလ်ကို မစင်နှင့်တူသောစကားရှိသော 'ဂူထဘာဏီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၉၉။ ပန်းနှင့်တူသော စကားရှိသော 'ပုပ္ဖဘာဏီ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မဟုတ်မမှန်စကားပြောဆိုခြင်းကို ပယ်၍ မဟုတ်မမှန်စကားပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ (ထိုပုဂ္ဂိုလ်သည်) သဘင်၌ တည်သော်လည်းကောင်း၊ ပရိသတ်၌ တည်သော်လည်းကောင်း၊ ဆွေမျိုးတို့၏ အလယ်၌ တည်သော်လည်းကောင်း၊ အသင်း၏ အလယ်၌ တည်သော်လည်းကောင်း၊ မင်းမျိုးတို့၏အလယ်၌ တည်သော်လည်းကောင်း ခေါ်ဆောင်လျက် ''အမောင်ယောက်ျား လာလော့၊ အကြင်အကြောင်းကို သင်သိ၏၊ ထိုအကြောင်းကို ပြောဆိုလော့''ဟု သက်သေအဖြစ်မေးစစ်အပ်သည်ရှိသော် မသိသည်ကို လည်း ''ငါမသိ''ဟု ၊ သိသည်ကိုလည်း ''ငါသိ၏''ဟု ၊ မမြင်သည်ကိုလည်း ''ငါမမြင်''ဟု ၊ မြင်သည်ကို လည်း ''ငါမြင်၏''ဟု ဤသို့လျှင် မိမိအကြောင်းကြောင့်လည်းကောင်း၊ သူတစ်ပါးအကြောင်းကြောင့် လည်းကောင်း၊ အနည်းငယ်မျှသောလာဘ်တံစိုးအကြောင်းကြောင့်လည်းကောင်း သိလျက် ချွတ်ယွင်းသော စကားကို မပြောဆို၊ ဤပုဂ္ဂိုလ်ကိုပန်းနှင့်တူသော စကားရှိသော 'ပုပ္ဖဘာဏီ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၀။ ပျားနှင့်တူသော စကားရှိသော 'မဓုဘာဏီ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကြင်စကားသည် အပြစ်ကင်း၏၊ နားချမ်းသာ၏၊ နှစ်လိုဖွယ်ဖြစ်၏၊ နှလုံးသို့သက်ဝင်၏၊ မြို့ကြီးသူတို့၏ စကားဖြစ်၏၊ လူအများနှစ်သက်၏၊ လူအများမြတ်နိုး၏၊ ထိုသို့သဘောရှိသော စကားကို ပြောဆို၏၊ ဤပုဂ္ဂိုလ်ကို ပျားနှင့်တူသော စကားရှိသော 'မဓုဘာဏီ'ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၁၀၁။ အိုင်းအမာနှင့်တူသော စိတ်ရှိသော 'အရုကူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပင်ပန်းခြင်းများ၏၊ အနည်းငယ်ပင် ပြောဆို စေကာမူငြိကပ်တတ်၏၊ ပြစ်မှားတတ်၏၊ ဖောက်ပြန်တတ်၏၊ ခက်ထန်၏၊ အမျက်ထွက်ခြင်းကို လည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာပြု၏၊ သွေးပြည် ပြည့်သောအိုင်းအမာ အနာဟောင်းသည် ထင်းချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်လည်းကောင်းထိခိုက်မိသည်ရှိသော် အတိုင်းထက်အလွန် သွေးပြည် ယိုစီးသကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပင်ပန်းခြင်းများ၏၊ အနည်းငယ်ပင် ပြောဆိုစေကာမူငြိကပ်တတ်၏၊ ပြစ်မှားတတ်၏၊ ဖောက်ပြန်တတ်၏၊ ခက်ထန်၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ် ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ခြင်းကိုလည်းကောင်း ထင်စွာ ပြု၏၊ ဤပုဂ္ဂိုလ်ကိုအိုင်းအမာနှင့် တူသော စိတ်ရှိသော 'အရုကူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၂။ လျှပ်စစ်နှင့်တူသော စိတ်ရှိသော 'ဝိဇ္ဇူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲ 'ဒုက္ခ' တည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း''ဟု ဟုတ်မှန်သောအတိုင်းသိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည် ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ မျက်စိ အမြင်ရှိသော ယောက်ျားသည် အလွန်မှောင်မိုက်သော ညဉ့်အခါ၌ လျှပ်စစ်ပြက်သဖြင့် အဆင်းရူပါရုံတို့ကို မြင်ရာသကဲ့သို့၊ ဤအတူပင် ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါး သည်ကား ဆင်းရဲ 'ဒုက္ခ' တည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤတဏှာ 'လောဘ' သည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) တည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း''ဟု ဟုတ်မှန်သောအတိုင်း သိ၏၊ ဤပုဂ္ဂိုလ်ကို လျှပ်စစ်နှင့်တူသော စိတ်ရှိသော'ဝိဇ္ဇူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၃။ ဝဇိရစိန်နှင့်တူသော စိတ်ရှိသော 'ဝဇိရူပမစိတ္တ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤသာသနာတော်၌ အချို့သောပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ စိတ်ဖြင့် ကိလေသာမှ လွတ်သော၊ ပညာဖြင့် ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင်ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ကျောက်မျက်ရတနာပင်ဖြစ်စေ၊ ကျောက်သား ပင်ဖြစ်စေ ဝဇိရစိန်၏ မဖောက်ထွင်းနိုင်သော တစ်စုံတစ်ခု ဝတ္ထုမည်သည် မရှိသကဲ့သို့၊ ဤအတူပင်လျှင် ဤသာသနာတော်၌ အချို့သော ပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့်အာသဝေါ ကင်းသော၊ စိတ်ဖြင့် ကိလေသာမှ လွတ်သော၊ ပညာဖြင့် ကိလေသာမှ လွတ်သောအရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ဤပုဂ္ဂိုလ်ကို ဝဇိရ စိန်နှင့်တူသော စိတ်ရှိသော 'ဝဇိရူပမစိတ္တ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၄။ ပညာမျက်စိ အမြင်မရှိ 'ကန်း' သော 'အန္ဓ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင်သို့သဘောရှိသော (ပညာ) မျက်စိဖြင့် မရဖူးသေးသော စည်းစိမ်ဥစ္စာကိုမူလည်း ရရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုမူလည်း တိုးပွါးအောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသောပညာမျက်စိမျိုးသည် မရှိ၊ အကြင်သို့သဘောရှိသော (ပညာ) မျက်စိဖြင့် ကုသိုလ်အကုသိုလ်တရားတို့ကိုသိနိုင်ရာ၏၊ အပြစ်ရှိမရှိသော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ အမည်းအဖြူအဖို့ရှိသော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော ပညာမျက်စိမျိုးသည်လည်းမရှိ၊ ဤပုဂ္ဂိုလ်ကို ပညာမျက်စိ အမြင်မရှိ 'ကန်း'သော 'အန္ဓ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၅။ ပညာမျက်စိ တစ်ဖက်သာ အမြင်ရှိသော 'ဧကစက္ခု' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင်သို့သဘောရှိသော (ပညာ) မျက်စိဖြင့် မရဖူးသေးသောစည်းစိမ်ဥစ္စာကိုမူလည်း ရရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုမူလည်း တိုးတက်အောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသော ပညာမျက်စိမျိုးသည် ရှိ၏၊ အကြင်သို့သဘောရှိသော (ပညာ) မျက်စိဖြင့် ကုသိုလ်အကုသိုလ်တရားတို့ကို သိနိုင်ရာ၏၊ အပြစ်ရှိ မရှိသော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ အမည်းအဖြူအဖို့ရှိသော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော ပညာမျက်စိမျိုးသည်ကား မရှိ၊ ဤပုဂ္ဂိုလ်ကို ပညာမျက်စိ တစ်ဖက်သာ အမြင်ရှိသော 'ဧကစက္ခု' ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၁၀၆။ ပညာမျက်စိ နှစ်ဖက်အမြင်ရှိသော 'ဒွိစက္ခု' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်အား အကြင်သို့သဘောရှိသော (ပညာ) မျက်စိဖြင့် မရဖူးသေးသော စည်းစိမ်ဥစ္စာကိုမူလည်း ရရာ၏၊ ရပြီးသော စည်းစိမ်ဥစ္စာကိုမူလည်း တိုးတက်အောင် ပြုနိုင်ရာ၏၊ ထိုသို့သဘောရှိသောပညာမျက်စိမျိုးသည် ရှိ၏၊ အကြင်သို့သဘောရှိသော (ပညာ) မျက်စိဖြင့် ကုသိုလ် အကုသိုလ်တရားတို့ကိုသိနိုင်ရာ၏၊ အပြစ်ရှိ မရှိသော တရားတို့ကို သိနိုင်ရာ၏၊ အယုတ်အမြတ်တရားတို့ကို သိနိုင်ရာ၏၊ အမည်းအဖြူအဖို့ရှိသော တရားတို့ကို သိနိုင်ရာ၏၊ ထိုသို့သဘောရှိသော ပညာမျက်စိမျိုးသည်လည်းရှိ၏၊ ဤပုဂ္ဂိုလ်ကို ပညာမျက်စိ နှစ်ဖက်အမြင်ရှိသော 'ဒွိစက္ခု' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၇။ မှောက်၍ထားသော အိုးနှင့်တူသော ပညာရှိသော 'အဝကုဇ္ဇပည' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်းပြည့်စုံသော၊ သဒ္ဒါနှင့်လည်းပြည့်စုံသော၊ အလုံးစုံပြည့်စုံသောတရားကို ဟောကုန်၏၊ (ပွတ်သစ်စ ခရုသင်းအတူ) ဖြူစင်သော မြတ်သော အကျင့်ကိုလည်း ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးမသွင်း၊ ထိုနေရာမှ ထသွားသော်လည်း ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးမသွင်း။

ဥပမာသော်ကား မှောက်၍ထားသော အိုး၌ လောင်းထည့်ထားသော ရေသည် စီးဆင်းသကဲ့သို့လည်းကောင်း မတည်သကဲ့သို့လည်းကောင်း ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည်အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်းပြည့်စုံသော၊ သဒ္ဒါနှင့်လည်းပြည့်စုံသော၊ အလုံးစုံပြည့်စုံသော တရားကို ဟောကုန်၏၊ (ပွတ်သစ်စခရုသင်းအတူ) ဖြူစင်သော မြတ်သော အကျင့်ကိုလည်း ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်းနှလုံးမသွင်း၊ ထိုနေရာမှ ထသွားသော်လည်း ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးမသွင်း၊ ဤပုဂ္ဂိုလ်ကို မှောက်၍ ထားသော အိုးနှင့်တူသောပညာရှိသော 'အဝကုဇ္ဇပည' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၈။ ခါးပိုက်၌ ထည့်ထားသည့် အရာဝတ္ထုရှိသောသူနှင့်တူသော ပညာရှိသော 'ဥ စ္ဆင်္ဂပည'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရုံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်းပြည့်စုံသော၊ သဒ္ဒါနှင့်လည်းပြည့်စုံသော၊ အလုံးစုံပြည့်စုံသော တရားကို ဟောကုန်၏၊ (ပွတ်သစ်စ ခရုသင်းအတူ) ဖြူစင်သောမြတ်သော အကျင့်ကိုလည်း ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးသွင်း၏၊ ထိုနေရာမှထသွား သည်ရှိသော်ကား ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်း ကောင်း နှလုံးမသွင်း။

ဥပမာသော်ကား ယောက်ျား၏ ခါးပိုက်၌ အထူးထူးသော ခဲဖွယ်တို့ကိုလည်းကောင်း၊ နှမ်း ဆန်ကတွတ်မုံ့ ဆီးသီးတို့ကိုလည်းကောင်း ထည့်ထားရာ၏၊ ထိုယောကျာ်းသည် ထိုနေရာမှ ထသွားသည်ရှိသော် သတိမေ့လျော့ခြင်းကြောင့် (ထိုဝတ္ထုပစ္စည်းတို့ကို) ဖြန့်ကြဲလေရာသကဲ့သို့၊ ဤအတူသာလျှင်ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်းပြည့်စုံသော၊ သဒ္ဒါနှင့်လည်းပြည့်စုံသော၊ အလုံးစုံပြည့်စုံသောတရားကို ဟောကုန်၏၊ (ပွတ်သစ်စ ခရုသင်းအတူ) ဖြူစင်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးသွင်း၏၊ ထိုနေရာမှ ထသွားသည်ရှိသော်ကား ထိုတရားစကား၏အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးမသွင်း၊ ဤပုဂ္ဂိုလ်ကိုခါးပိုက်၌ ထည့်ထားသည့် အရာဝတ္ထုရှိသောသူနှင့် တူသော ပညာရှိသော 'ဥ စ္ဆင်္ဂပည' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၀၉။ လှန်၍ ထားသော အိုးနှင့်တူသည့် ကျယ်ပြန့်သော ပညာရှိသော 'ပုထုပည' ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည် အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်းပြည့်စုံသော၊ သဒ္ဒါနှင့်လည်းပြည့်စုံသော၊ အလုံးစုံပြည့်စုံသော တရားကိုဟောကုန်၏၊ (ပွတ်သစ်စ ခရုသင်းအတူ) ဖြူစင်သော မြတ်သောအကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးသွင်း၏၊ ထိုနေရာမှ ထသွားသည်ရှိသော် ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်း နှလုံးသွင်း၏။

ဥပမာသော်ကား လှန်၍ ထားသော အိုး၌ လောင်းထည့်အပ်သော ရေသည် တည်သကဲ့သို့လည်းကောင်း၊ မယိုသကဲ့သို့လည်းကောင်း ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်ရဟန်းတို့၏ အထံ၌ တရားနာအံ့သောငှါ ကျောင်းအရံသို့ မပြတ်သွား၏၊ ထိုပုဂ္ဂိုလ်အား ရဟန်းတို့သည်အစ၌ ကောင်းခြင်းရှိသော၊ အလယ်၌ ကောင်းခြင်းရှိသော၊ အဆုံး၌ ကောင်းခြင်းရှိသော၊ အနက်နှင့်လည်းပြည့်စုံ သော၊ သဒ္ဒါနှင့်လည်းပြည့်စုံသော၊ အလုံးစုံပြည့်စုံသော တရားကို ဟောကုန်၏၊ (ပွတ်သစ်စ ခရုသင်းအတူ) ဖြူစင်သော မြတ်သော အကျင့်ကို ပြကုန်၏၊ ထိုပုဂ္ဂိုလ်သည် ထိုနေရာ၌ ထိုင်နေလျက် ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်းကောင်းနှလုံးသွင်း၏၊ ထိုနေရာမှ ထသွား သည်ရှိသော်လည်း ထိုတရားစကား၏ အစကိုလည်းကောင်း၊ အလယ်ကိုလည်းကောင်း၊ အဆုံးကိုလည်း ကောင်း နှလုံးသွင်း၏၊ ဤပုဂ္ဂိုလ်ကို (လှန်၍ ထားသောအိုးနှင့် တူသည့်) ကျယ်ပြန့်သော ပညာရှိသော 'ပုထုပည' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁၀။ ကာမဂုဏ်တို့၌လည်းကောင်း၊ ဘဝသုံးပါးတို့၌လည်းကောင်း တပ်မက်ခြင်းမကင်းသေးသောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သောတာပန်ပုဂ္ဂိုလ် သကဒါဂါမ်ပုဂ္ဂိုလ်တို့ပေတည်း၊ ဤနှစ်ယောက်သောပုဂ္ဂိုလ်တို့ကို ကာမဂုဏ်တို့၌လည်းကောင်း၊ ဘဝသုံးပါးတို့၌လည်းကောင်း တပ်မက်ခြင်းမကင်းသေးသောပုဂ္ဂိုလ်တို့ဟူ၍ ဆိုအပ်ကုန်၏။

၁၁၁။ ကာမဂုဏ်တို့၌ တပ်မက်ခြင်းကင်းသည်ဖြစ်၍ ရူပဘဝ အရူပဘဝနှစ်ပါးတို့၌ တပ်ခြင်းမကင်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အနာဂါမ်ပုဂ္ဂိုလ်တည်း၊ ဤအနာဂါမ်ပုဂ္ဂိုလ်ကို ကာမဂုဏ်တို့၌ တပ်ခြင်းကင်းသည် ဖြစ်၍ ရူပဘဝ အရူပဘဝနှစ်ပါးတို့၌ တပ်မက်ခြင်းမကင်းသေးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁၂။ ကာမဂုဏ်တို့၌လည်းကောင်း၊ ဘဝသုံးပါးတို့၌လည်းကောင်း တပ်မက်ခြင်းကင်းပြီးသောပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ရဟန္တာပုဂ္ဂိုလ်တည်း၊ ဤရဟန္တာပုဂ္ဂိုလ်ကို ကာမဂုဏ်တို့၌လည်းကောင်း၊ ဘဝသုံးပါးတို့၌လည်းကောင်း တပ်မက်ခြင်းကင်းပြီးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁၃။ ကျောက်၌ ရေးထားသော အက္ခရာနှင့်တူသော 'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကားရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ကိန်း၏၊ ကျောက်၌ ရေးထားသော အက္ခရာသည် လေကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း လျင်စွာ မပျက်စီးဘဲ ကြာမြင့်စွာ တည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ထိုအမျက်သည်ကား ရှည်မြင့် စွာသော နေ့ညဉ့်ပတ်လုံး ကိန်း၏၊ ဤပုဂ္ဂိုလ်ကို ကျောက်၌ ရေးထားသောအက္ခရာနှင့်တူသော 'ပါသာဏလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁၄။ မြေ၌ ရေးထားသော အက္ခရာနှင့်တူသော 'ပထဝိလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကား ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး မကိန်း၊ မြေကြီး၌ ရေးထားသော အက္ခရာသည် လေကြောင့်လည်းကောင်း၊ ရေကြောင့်လည်းကောင်း လျင်စွာ ကျေပျက်၍ ကြာမြင့်စွာ မတည်သကဲ့သို့၊ ဤအတူပင်လျှင်ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုပုဂ္ဂိုလ်၏ ထိုအမျက်သည်ကားကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး မကိန်း၊ ဤပုဂ္ဂိုလ်ကို မြေ၌ ရေးထားသော အက္ခရာနှင့်တူသော'ပထဝိလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁၅။ ရေ၌ ရေးသားသော အက္ခရာနှင့်တူသော 'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သော စကားဖြင့် ပြောဆိုသော်လည်းကောင်း၊ ကြမ်း ကြုတ်သော စကားဖြင့် ပြောဆိုသော်လည်းကောင်း၊ မနှစ်လိုဖွယ်သောစကားဖြင့်ပြောဆိုသော်လည်း ကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာလျှင်တည်း၊ ရေပြင်၌ ရေးသားသော အက္ခရာသည် လျင်စွာ ပျက်စီး၍ မြဲမြံစွာမတည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အလွန်ခက်ထန်သောစကားဖြင့်ပြောဆိုသော်လည်းကောင်း၊ ကြမ်း ကြုတ်သောစကားဖြင့် ပြောဆိုသော်လည်းကောင်း၊ မနှစ်လိုဖွယ်သောစကားဖြင့် ပြောဆိုသော်လည်းကောင်း ရောနှောသည်သာလျှင်တည်း၊ ဆက်စပ်သည်သာလျှင်တည်း၊ ညီညွတ်သည်သာလျှင်တည်း၊ ဤပုဂ္ဂိုလ်ကို ရေ၌ ရေးသားသောအက္ခရာနှင့်တူသော 'ဥဒကလေခူပမ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁၆။ ထိုမာတိကာပုဒ်၌ ပိုက်ဆံလျော်ချည် ပုဆိုးသုံးထည်နှင့် တူသော သုံးယောက်သော ပုဂ္ဂိုလ်တို့သည် အဘယ်နည်း၊ (ထိုစကားရပ်၌ ) ပိုက်ဆံလျော်ချည်ပုဆိုးတို့သည် သုံးထည်ရှိကုန်၏၊ အသစ်ဖြစ်သော ပိုက်ဆံလျော်ချည်ပုဆိုးသည်လည်း အဆင်းလည်းမလှ၊ ကြမ်းတမ်းသော အတွေ့လည်း ရှိ၏၊ အဖိုးလည်း အနည်းငယ်သာ ထိုက်၏၊ အလယ်အလတ် (တစ်ပတ်နွမ်း) ဖြစ်သော ပိုက်ဆံလျော်ချည်ပုဆိုးသည်လည်း အဆင်းမလှ၊ ကြမ်းတမ်းသော အတွေ့လည်း ရှိ၏၊ အဖိုးလည်း အနည်းငယ်သာ ထိုက်၏၊ ဟောင်းနွမ်းသော ပိုက်ဆံလျော် ချည်ပုဆိုးသည်လည်း အဆင်းလည်း မလှ၊ ကြမ်းတမ်းသော အတွေ့လည်း ရှိ၏၊ အဖိုးလည်း အနည်းငယ်သာ ထိုက်၏၊ ဟောင်းနွမ်းသော ပိုက်ဆံလျော်ချည်ပုဆိုးစုတ်ကို လက်နှီးစုတ်အဖြစ်ကိုသော်လည်း ပြုကုန်၏၊ အမှိုက်ပုံ၌ သော်လည်း စွန့်ပစ်ကုန်၏။

ဤအတူပင်လျှင် ပိုက်ဆံလျော်ချည်ပုဆိုး သုံးထည်နှင့်တူသော ဤပုဂ္ဂိုလ်တို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏၊ သုံးယောက်သော ပုဂ္ဂိုလ်တို့သည် အဘယ်တို့နည်း၊ သီတင်းငယ်ဖြစ်သော ရဟန်းသည်အကယ်၍ သီလမရှိမူ၍ ယုတ်မာသော အကျင့်ရှိသည်ဖြစ်ခဲ့မူ ဤသီလမရှိခြင်းသည် ထိုရဟန်း၏ အဆင်းမလှခြင်း ဖြစ်၏၊ ထိုပိုက်ဆံလျော်ချည်ပုဆိုးသည် အဆင်းမလှသကဲ့သို့၊ ဤသီလမရှိသော ရဟန်းကို ထိုအဆင်းမလှသော ပိုက်ဆံလျော်ချည် ပုဆိုးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့သည်ကား ထိုသီလမရှိသော ရဟန်းအား မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ ချဉ်းကပ်ကုန်၏၊ ထိုသီလမရှိသော ရဟန်း၏ အယူသို့ အတုလိုက်ကုန်၏၊ ထိုသူတို့အား ထိုမှီဝဲဆည်းကပ်ခြင်းသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး မပွါးစီးခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်၏၊ ဤမပွါးစီးခြင်း ဆင်းရဲခြင်းသည် ထိုရဟန်း၏ ကြမ်းတမ်းသော အတွေ့ရှိခြင်း ဖြစ်၏၊ ထိုပိုက်ဆံလျော်ချည်ပုဆိုးသည် ကြမ်းတမ်းသော အတွေ့ရှိသကဲ့သို့၊ ရဟန်းကို ကြမ်းတမ်းသော အတွေ့ရှိသော ပိုက်ဆံလျော်ချည်ပုဆိုးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့၏ ဆွမ်း သင်္ကန်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကိုထိုရဟန်း သည် အလှူခံ၏၊ ထိုသူတို့အား ထိုအလှူသည် အကျိုးလည်း မကြီး၊ အာနိသင်လည်း မရှိ၊ ဤအကျိုး မကြီးခြင်း, အာနိသင်မရှိခြင်းသည် ထိုရဟန်း၏ အဖိုးမထိုက်တန်ခြင်း ဖြစ်၏၊ ထိုပိုက်ဆံလျော်ချည်ပုဆိုး သည် အဖိုးမထိုက်တန်သကဲ့သို့၊ ဤပုဂ္ဂိုလ်ကို ထိုအဖိုးမထိုက်တန်သောပိုက်ဆံလျော်ချည်ပုဆိုးနှင့် တူ သော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏။

သီတင်းအလတ်ဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလမရှိ ယုတ်ညံ့သော အကျင့်ရှိသည် ဖြစ်ခဲ့မူ။ပ။ သီတင်းကြီးဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလမရှိ ယုတ်ညံ့သော အကျင့်ရှိ သည်ဖြစ်ခဲ့မူဤသီလမရှိခြင်းသည် ထိုရဟန်း၏ အဆင်းမလှခြင်း ဖြစ်၏၊ ထိုပိုက်ဆံလျော်ချည်ပုဆိုးသည်အဆင်းမလှသကဲ့သို့၊ ထိုသီလမရှိသော ရဟန်းကို ထိုအဆင်းမလှသော ပိုက်ဆံလျော်ချည်ပုဆိုးနှင့်တူသောပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့သည် ထိုသီလမရှိသော ရဟန်းအား မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ ချဉ်းကပ်ကုန်၏၊ ထိုရဟန်း၏ အယူသို့ အတုလိုက်ခြင်းသို့လည်း ရောက်ကုန်၏၊ ထိုသူတို့အား ထိုမှီဝဲဆည်းကပ်ခြင်းသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး မပွါးစီးခြင်းငှါ, ဆင်းရဲခြင်းငှါ ဖြစ်၏၊ ဤမပွါးစီးခြင်း, ဆင်းရဲခြင်းသည် ထိုရဟန်း၏ ကြမ်းတမ်းသော အတွေ့ရှိခြင်း ဖြစ်၏၊ ထိုပိုက်ဆံလျော်ချည်ပုဆိုးသည် ကြမ်းတမ်းသော အတွေ့ရှိသကဲ့သို့၊ ဤရဟန်းကို ကြမ်းတမ်းသော အတွေ့ရှိသော ပိုက်ဆံလျော်ချည်ပုဆိုးနှင့် တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့၏ ဆွမ်း, သင်္ကန်း, ကျောင်း, သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို ထိုရဟန်းသည် အလှူခံ၏၊ ထိုသူအား ထိုအလှူသည်အကျိုးလည်း မကြီး၊ အာနိသင်လည်း မရှိ၊ ဤအကျိုးမကြီးခြင်းသည် ထိုရဟန်း၏ အဖိုးမထိုက်တန်ခြင်းဖြစ်၏၊ ထိုပိုက်ဆံလျော်ချည်ပုဆိုးသည် အဖိုးမထိုက်တန်သကဲ့သို့၊ ဤရဟန်းကို ထိုအဖိုး မထိုက်တန်သောပိုက်ဆံလျော်ချည်ပုဆိုးနှင့် တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏။

ဤသို့သဘောရှိသော သီတင်းကြီးရဟန်းသည် အကယ်၍ သံဃာ၏ အလယ်၌ ပြောဆိုခဲ့မူ ရဟန်းတို့သည် ''မလိမ္မာသော သင်သူမိုက်၏ပြောဆိုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်ကဲ့သို့သော သူသည်ပြောဆိုထိုက်သည်ဟူ၍ မှတ်ထင်အောက်မေ့ဘိသေး၏''ဟု ပြောဆိုကြကုန်၏၊ အကြင် သို့သဘောရှိသောစကားကို ပြောဆိုအပ်သည်ရှိသော် တံမြက်ချေးပုံ၌ ထိုပိုက်ဆံလျော်ချည်ပုဆိုးကို စွန့်ပစ်သကဲ့သို့၊ သံဃာသည် ထိုသီတင်းကြီးရဟန်းကို နှင်ထုတ်၏၊ ထိုသို့သဘောရှိသော နှင်ထုတ်ကြောင်းစကားကို ထိုသီတင်းကြီးရဟန်းသည် အမျက်ထွက်သည် နှလုံးမသာယာသည် ဖြစ်၍ ပြောဆို၏၊ ပိုက်ဆံလျော်ချည်ပုဆိုးသုံးထည်နှင့်တူသော သုံးယောက်သော ဤပုဂ္ဂိုလ်တို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏။

၁၁၇။ ထိုမာတိကာပုဒ်၌ ကာသိတိုင်းဖြစ်ပုဆိုးသုံးထည်နှင့် တူသည့်သုံးယောက်သော ပုဂ္ဂိုလ် တို့သည်အဘယ်တို့နည်း၊ ကာသိတိုင်းဖြစ်ပုဆိုးတို့သည် သုံးထည်ရှိကုန်၏၊ အသစ်ဖြစ်သော ကာသိတိုင်းဖြစ်ပုဆိုးသည် အဆင်းလည်း လှ၏၊ အတွေ့လည်း ကောင်း၏၊ အဖိုးလည်း ထိုက်တန်၏၊ အလယ်အလတ် (တစ်ပတ်နွမ်း) ဖြစ်သော ကာသိတိုင်းဖြစ်ပုဆိုးသည်လည်း အဆင်းလည်း လှ၏၊ အတွေ့လည်းကောင်း၏၊ အဖိုးလည်း ထိုက်၏၊ ဟောင်းနွမ်းဆွေးမြေ့သော ကာသိတိုင်းဖြစ် ပုဆိုးသည်လည်းအဆင်းလည်း လှ၏၊ အတွေ့လည်း ကောင်း၏၊ အဖိုးလည်း ထိုက်၏။ ဟောင်းနွမ်းသော်လည်းကာသိတိုင်းဖြစ် ပုဆိုးကိုကား ရတနာထုပ်ရန်အလို့ငှါ သော်လည်း အသုံးပြုကုန်၏၊ ဟောင်းနွမ်းသောပုဆိုးကို နံ့သာကြုတ်ထဲ၌ သော်လည်း ထည့်ထား၏။

ဤအတူပင်လျှင် ကာသိတိုင်းဖြစ်ပုဆိုးနှင့် တူသည့်သုံးယောက်သော ဤပုဂ္ဂိုလ်တို့သည် ရဟန်းတို့၌ ထင်ရှားရှိကုန်၏၊ သုံးယောက်သော ပုဂ္ဂိုလ်တို့သည် အဘယ်တို့နည်း၊ သီတင်းငယ်ဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလလည်းရှိ၊ ကောင်းသောအကျင့်လည်းရှိသည် ဖြစ်ခဲ့မူ ဤသီလရှိခြင်းသည်ထိုရဟန်း၏ အဆင်းလှခြင်းဖြစ်၏၊ ထိုကာသိတိုင်းဖြစ် ပုဆိုးသည် အဆင်းလှသကဲ့သို့၊ ဤသီလရှိသောရဟန်းကို ထိုအဆင်းလှသော ကာသိတိုင်းဖြစ် ပုဆိုးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့သည်ကား ထိုရဟန်းအား မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ ချဉ်းကပ်ကုန်၏၊ ထိုရဟန်း၏ အယူသို့အတုလိုက်ကုန်၏၊ ထိုသူတို့အား ထိုမှီဝဲဆည်းကပ်ခြင်းသည် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ပွါးစီးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏၊ ဤပွါးစီးခြင်း ချမ်းသာခြင်းသည် ထိုရဟန်း၏ အတွေ့ကောင်းခြင်း ဖြစ်၏၊ ထိုကာသိတိုင်းဖြစ်ပုဆိုးသည် အတွေ့ကောင်းသကဲ့သို့ ဤရဟန်းကို ထိုအတွေ့ကောင်းသော ကာသိတိုင်းဖြစ် ပုဆိုးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့၏ ဆွမ်း သင်္ကန်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေးအသုံးအဆောင်ကို ထိုရဟန်းသည် အလှူခံ၏၊ ထိုသူတို့အား ထိုအလှူသည်အကျိုးလည်း ကြီး၏၊ အာနိသင်လည်း ရှိ၏၊ ဤအကျိုးအာနိသင်ရှိခြင်းသည် ထိုရဟန်း၏ အဖိုးထိုက်တန်ခြင်းဖြစ်၏၊ ထိုကာသိတိုင်းဖြစ်ပုဆိုးသည် အဖိုးထိုက်တန်သကဲ့သို့၊ ဤရဟန်းကို ထိုအဖိုးထိုက်တန်သော ကာသိတိုင်းဖြစ်ပုဆိုးနှင့် တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏။

သီတင်းအလတ်ဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလရှိ၍ ကောင်းသော အကျင့်ရှိသည်ဖြစ်ခဲ့မူ။ပ။ သီတင်းကြီးဖြစ်သော ရဟန်းသည်လည်း အကယ်၍ သီလရှိလျက် ကောင်းသော အကျင့်ရှိသည်ဖြစ်ခဲ့မူ ဤသီလရှိခြင်းသည် ထိုရဟန်း၏ အဆင်းလှခြင်းဖြစ်၏၊ ထိုကာသိတိုင်းဖြစ် ပုဆိုးသည်အဆင်းလှသကဲ့သို့၊ သီလရှိသော ရဟန်းကို ထိုအဆင်းလှသော ကာသိတိုင်းဖြစ် ပုဆိုးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့သည်ကား ထိုရဟန်းအား မှီဝဲကုန်၏၊ ဆည်းကပ်ကုန်၏၊ ချဉ်းကပ်ကုန်၏၊ ထိုရဟန်း၏ အယူသို့ အတုလိုက်ကုန်၏၊ ထိုသူတို့အား ထိုမှီဝဲဆည်းကပ်ခြင်းသည်ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ပွါးစီးခြင်းငှါ, ချမ်းသာခြင်းငှါ ဖြစ်၏၊ ဤပွါးစီးခြင်း, ချမ်းသာခြင်းသည်ထိုရဟန်း၏ အတွေ့ကောင်းခြင်းဖြစ်၏၊ ထိုကာသိတိုင်းဖြစ်ပုဆိုးသည် အတွေ့ကောင်းသကဲ့သို့၊ ဤရဟန်းကို ထိုအတွေ့ ကောင်းသော ကာသိတိုင်းဖြစ်ပုဆိုးနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏၊ အကြင်သူတို့၏ ဆွမ်း သင်္ကန်း ကျောင်း သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်ကိုထိုရဟန်းသည် အလှူခံ၏၊ ထိုသူတို့ အား ထိုအလှူသည် အကျိုးလည်း ကြီး၏၊ အာနိသင်လည်း ရှိ၏၊ ဤအကျိုးအာနိသင်ရှိခြင်းသည် ထိုရဟန်း၏ အဖိုးထိုက်တန်ခြင်းဖြစ်၏၊ ထိုကာသိတိုင်းဖြစ်ပုဆိုးသည်အဖိုးထိုက်တန်သကဲ့သို့၊ ဤရဟန်း ကို ထိုအဖိုးထိုက်တန်သော ကာသိတိုင်းဖြစ်ပုဆိုးနှင့် တူသောပုဂ္ဂိုလ်ဟူ၍ မှတ်အပ်၏။

ဤသို့သဘောရှိသော သီတင်းကြီးရဟန်းသည် အကယ်၍ သံဃာ၏ အလယ်၌ ပြောဆိုခဲ့မူ ရဟန်းတို့သည် ''အသျှင်တို့ အသံမပြု ကြကုန်လင့်၊ မထေရ်ရဟန်းသည် သုတ် အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း ဟောနေ၏''ဟု ပြောဆိုကုန်၏၊ ထိုသီတင်းကြီးရဟန်း၏ ထိုတရားစကားသည်ထိုကာသိတိုင်းဖြစ်ပုဆိုးကို နံ့သာကြုတ်ထဲ၌ ထည့်သွင်းသိုမှီး၍ ထားထိုက်သကဲ့သို့ မှတ်သားဆောင်ထားထိုက်သည်၏အဖြစ်သို့ ရောက်၏၊ ကာသိတိုင်းဖြစ်ပုဆိုးနှင့်တူသော သုံးယောက်သော ဤပုဂ္ဂိုလ်တို့သည်ရဟန်းတို့၌ ထင်ရှားရှိကုန်၏။

၁၁၈။ နှိုင်းဆရန် လွယ်ကူသော 'သုပ္ပမေယျ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် စိတ်ပျံ့လွင့်၏၊ တက်ကြွ၏၊ လျှပ်ပေါ်၏၊ နှုတ်ကြမ်း၏၊ ပရမ်းပတာပြောဆို၏၊ သတိလွတ်၏၊ ပညာအဆင်အခြင် ကင်း၏၊ တည်ကြည်ခြင်း ကင်း၏၊ စိတ်တုန်လှုပ်၏၊ ပေါ်လွင်ထင်ရှားသောဣန္ဒြေရှိ၏၊ ဤပုဂ္ဂိုလ်ကို နှိုင်းဆရန် လွယ်ကူသော 'သုပ္ပမေယျ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၁၉။ နှိုင်းဆရန် ခဲယ ဉ်းသော 'ဒုပ္ပမေယျ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် ပျံ့လွင့်ခြင်းကင်း၏၊ တက်ကြွခြင်းကင်း၏၊ လျှပ်ပေါ်ခြင်းကင်း၏၊ နှုတ်ကြမ်းခြင်း ကင်း၏၊ ပရမ်းပတာပြောခြင်းကင်း၏၊ ထင်သော သတိရှိ၏၊ ပညာအဆင်အခြင်ရှိ၏၊ စိတ်တည်ကြည်၏၊ စိတ်တုန်လှုပ်ခြင်း ကင်း၏၊ စောင့်စည်းသော ဣန္ဒြေရှိ၏၊ ဤပုဂ္ဂိုလ်ကို နှိုင်းဆရန် ခဲယဉ်းသော'ဒုပ္ပမေယျ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၂၀။ မနှိုင်းဆနိုင်သော 'အပ္ပမေယျ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် အာသဝေါတရားတို့၏ ကုန်ခန်းခြင်းကြောင့် အာသဝေါကင်းသော၊ စိတ်ဖြင့် ကိလေသာမှလွတ်မြောက်သော၊ ပညာဖြင့် ကိလေသာမှ လွတ်မြောက်သော အရဟတ္တဖိုလ်ကို ယခုဘဝ၌ပင် ကိုယ်တိုင်ထူးသောဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏၊ ဤပုဂ္ဂိုလ်ကို မနှိုင်းဆနိုင်သော 'အပ္ပမေယျ'့ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၂၁။ မမှီဝဲအပ် မဆည်းကပ်အပ် မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် ယုတ်ညံ့၏၊ သနားခြင်းးစောင့်ရှောက်ခြင်းမှတစ်ပါး ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။

၁၂၂။ မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့်၊ သမာဓိဖြင့်၊ ပညာဖြင့် တူမျှ၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲ အပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။

ထိုသို့ မှီဝဲအပ် မှီဝဲထိုက်သည်၏အဖြစ်သည် အဘယ့်ကြောင့်နည်း၊ သီလသီတင်းတူညီသော အဖြစ်သို့ရောက်သော သူတော်ကောင်းတို့၏ သီလစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုသီလစကားသည်ကားငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသီလစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ သမာဓိတူညီသောအဖြစ်သို့ ရောက်သော သူတော်ကောင်းတို့၏ သမာဓိစကားသည် ငါတို့ အတွက်ဖြစ်လတ္တံ့၊ ထိုသမာဓိ စကားသည်ကား ငါတို့အတွက် ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုသမာဓိစကားသည်ကား ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ပညာတူညီသော အဖြစ်သို့ရောက်သောသူတော်ကောင်းတို့၏ ပညာစကားသည် ငါတို့အတွက် ဖြစ်လတ္တံ့၊ ထိုပညာစကားသည်ကား ငါတို့အတွက်ချမ်းသာသည် ဖြစ်လတ္တံ့၊ ထိုပညာစကားသည် ငါတို့အတွက် မထိပါးသည် ဖြစ်လတ္တံ့၊ ထို့ကြောင့်ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။

၁၂၃။ အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အကျင့်သီလဖြင့် သမာဓိဖြင့် ပညာဖြင့် လွန်ကဲ၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်၏။

ထိုသို့ မှီဝဲအပ် မှီဝဲထိုက်သည်၏အဖြစ်သည် အဘယ့်ကြောင့်နည်း၊ မဖြည့်ကျင့်ရသေးသော သီလအစုကိုလည်း ငါဖြည့်ကျင့်အံ့၊ ဖြည့်ကျင့်ပြီးသော သီလအစုကို ထိုထိုအရာ၌ ပညာဖြင့် ငါချီးမြှောက်အံ့၊ မဖြည့်ကျင့်ရသေးသော သမာဓိအစုကိုလည်း ငါဖြည့်ကျင့်အံ့၊ ဖြည့်ကျင့်ပြီးသော သမာဓိအစုကိုလည်းထိုထိုအရာ၌ ပညာဖြင့် ငါချီးမြှောက်အံ့၊ မဖြည့်ကျင့်ရသေးသော ပညာအစုကိုလည်း ငါဖြည့်ကျင့်အံ့၊ ဖြည့်ကျင့်ပြီးသော ပညာအစုကိုလည်း ထိုထိုအရာ၌ ပညာဖြင့် ငါချီးမြှောက်အံ့ဟု (ဆိုသောကြောင့်တည်း)၊ ထို့ကြောင့် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အရိုအသေ အလေးအမြတ်ပြု၍ မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။

၁၂၄။ စက်ဆုပ်အပ် မမှီဝဲအပ် မဆည်းကပ်အပ် မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်သည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ မစင်ကြယ်ယုံမှားဖွယ်အကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်းမဟုတ်ဘဲလျက် ငါရဟန်းဟု ဝန်ခံ၏၊ မြတ်သောအကျင့်မရှိဘဲလျက် မြတ်သော အကျင့်ရှိသည်ဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့် စိုစွတ်၏၊ အမှိုက်ရေကဲ့သို့ပင် ဖြစ်၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်အပ်၊ မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။ ထိုသို့ မမှီဝဲအပ် မမှီဝဲထိုက်သည်၏အဖြစ်သည်ကား အဘယ့်ကြောင့်နည်း၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၏ အယူသို့ အကယ်၍ အစဉ်မလိုက်မပါစေကာမူ ''ဤပုဂ္ဂိုလ်ကား မကောင်းသောမိတ်ဆွေရှိ၏၊ မကောင်းသော အဖော်သဟဲရှိ၏၊ မကောင်းသော အပေါင်းအဖော်၌ ညွတ်ကိုင်း၏''ဟု ထိုပုဂ္ဂိုလ်၏ မကောင်းသော သတင်းသည် ပျံ့နှံ့၍ ထွက်၏၊ ဥပမာသော်ကား မစင်ဖြင့်လူးသော မြွေသည်အကယ်၍ မကိုက်စေကာမူ မိမိသို့ ချဉ်းကပ်သော သူကို မစင်ဖြင့် လူးစေသကဲ့သို့ ဤအတူပင် ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို အယူသို့ အကယ်၍ အစဉ်မလိုက်ပါစေကာမူ ''ဤပုဂ္ဂိုလ်ကား မကောင်းသောမိတ်ဆွေရှိ၏၊ မကောင်းသော အဖော်သဟဲရှိ၏၊ မကောင်းသော အပေါင်းအဖော်၌ ညွတ်ကိုင်း၏''ဟု ထိုပုဂ္ဂိုလ်၏ မကောင်းသော သတင်းသည် ပျံ့နှံ့၍တက်၏၊ ထို့ကြောင့် ဤကဲ့သို့ သဘောရှိသော ပုဂ္ဂိုလ်ကို စက်ဆုပ်အပ်၏၊ မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။

၁၂၅။ လျစ်လျူရှုအပ် မမှီဝဲအပ် မဆည်းကပ်အပ် မချဉ်းကပ်အပ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပင်ပန်းခြင်းများ၏၊ အနည်းငယ်ပင်ပြောဆိုစေကာမူလည်း ငြိကပ်တတ်၏၊ ပြစ်မှားတတ်၏၊ ဖောက်ပြန်တတ်၏၊ ခက်မာကြမ်းတမ်း၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ဖွယ်အခြင်းအရာကိုလည်းကောင်း ထင်စွာပြုတတ်၏၊ ဥပမာသော်ကား (သွေးပြည်ပြည့်သော) အိုင်းအမာအနာဟောင်းသည် ထင်းချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း ထိခိုက်မိသည်ရှိသော် အတိုင်းထက်အလွန်သွေးပြည်ယိုစီးသကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အမျက်ထွက်တတ်၏၊ ပင်ပန်းခြင်းများ၏၊ အနည်းငယ်ပင် ပြောဆိုစေကာမူလည်း ငြိကပ်တတ်၊ ပြစ်မှားတတ်၏၊ ဖောက်ပြန်တတ်၏၊ ခက်မာကြမ်းတမ်း၏၊ အမျက်ထွက်ခြင်းကိုလည်းကောင်း၊ စိတ်ဆိုးခြင်းကိုလည်းကောင်း၊ မနှစ်သက်ဖွယ်အခြင်းအရာကိုလည်းကောင်း ထင်စွာပြုတတ်၏။

ဥပမာတစ်နည်းသော်ကား တည်သားထင်းမီးစသည် ထင်းချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့်လည်းကောင်း ထိခိုက်သည်ရှိသော် အတိုင်းထက်အလွန် ဖျစ်ဖျစ်မည်သကဲ့သို့၊ တဖျစ်ဖျစ်မည်သကဲ့သို့၊ ဤအတူပင်လျှင် ဤလောက၌ ။ပ။ ထင်စွာပြုတတ်၏။ ဥပမာတစ်နည်းသော်ကား မစင်တွင်းကိုထင်းချောင်းဖြင့်လည်းကောင်း၊ အိုးခြမ်းကွဲဖြင့် လည်းကောင်း ပုတ်ခတ်အပ်သည်ရှိသော် အတိုင်းထက်အလွန်မကောင်းသော အနံ့သည် ထွက်သကဲ့သို့၊ ဤအတူပင် ဤလောက၌ ။ပ။ ထင်စွာပြုတတ်၏။ ဤကဲ့သို့သော ပုဂ္ဂိုလ်ကို လျစ်လျူရှုအပ်၏၊ မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။ ထိုမမှီဝဲအပ်သည်၏အဖြစ်သည် အဘယ့်ကြောင့်နည်းဟူမူကား- ငါ့ကို ဆဲမူလည်း ဆဲရာ၏၊ ရေရွတ်မူလည်း ရေရွတ်ရာ၏၊ ငါ၏ အကျိုးမဲ့ကို ပြုမူလည်း ပြုရာ၏၊ ထို့ကြောင့် ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို လျစ်လျူရှုအပ်၏၊ မမှီဝဲအပ်၊ မဆည်းကပ်အပ်၊ မချဉ်းကပ်အပ်။

၁၂၆။ မှီဝဲအပ် ဆည်းကပ်အပ် ချဉ်းကပ်အပ်သော ပုဂ္ဂိုလ်သည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်လည်း ရှိ၏၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကိုမှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။ ထိုသို့ မှီဝဲအပ်သည်၏အဖြစ်သည် အဘယ့်ကြောင့်နည်း၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်၏ အယူကို အစဉ်လိုက်ခြင်းသို့ အကယ်၍ မရောက်ငြားသော်လည်း ''ဤသူကား ကောင်းသော မိတ်ဆွေရှိ၏၊ ကောင်းသော အဖော်သဟဲရှိ၏၊ ကောင်းသော အပေါင်းအဖော်၌ ညွတ်ကိုင်း၏''ဟု ထိုပုဂ္ဂိုလ်၏ ကောင်းသော သတင်းသည် ပျံ့နှံ့၍ တက်၏၊ ထို့ကြောင့် ဤကဲ့သို့သဘောရှိသော ပုဂ္ဂိုလ်ကို မှီဝဲအပ်၏၊ ဆည်းကပ်အပ်၏၊ ချဉ်းကပ်အပ်၏။

၁၂၇။ သီလအကျင့်တို့၌ ပြည့်စုံအောင် ပြုလေ့ရှိသည်ဖြစ်၍ သမာဓိ၌ အတိုင်းအရှည်ကို ပြုလေ့ရှိသောပညာ၌ အတိုင်းအရှည်ကို ပြုလေ့ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ သောတာပန် ပုဂ္ဂိုလ်နှင့်သကဒါဂါမ်ပုဂ္ဂိုလ်တို့ပေတည်း၊ ဤသောတာပန်ပုဂ္ဂိုလ်နှင့် သကဒါဂါမ်ပုဂ္ဂိုလ်တို့ကို သီလအကျင့်တို့၌ ပြည့်စုံအောင် ပြုလေ့ရှိသည်ဖြစ်၍ သမာဓိ၌ အတိုင်းအရှည်ကို ပြုလေ့ရှိသော ပညာ၌ အတိုင်း အရှည်ကိုပြုလေ့ရှိသော ပုဂ္ဂိုလ်တို့ဟူ၍ ဆိုအပ်ကုန်၏။

၁၂၈။ သီလတို့၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသော သမာဓိ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသည်ဖြစ်၍ ပညာ၌ အတိုင်းအရှည်ကို ပြုလေ့ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အနာဂါမ်ပုဂ္ဂိုလ်ပေတည်း၊ ဤအနာဂါမ် ပုဂ္ဂိုလ်ကို သီလ၌ ပြည့်စုံအောင် ပြုလေ့ရှိသော သမာဓိ၌ ပြည့်စုံအောင် ပြုလေ့ရှိသည်ဖြစ်၍ပညာ၌ အတိုင်းအရှည်ကို ပြုလေ့ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၂၉။ သီလတို့၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသော သမာဓိ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသောပညာ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသော ပုဂ္ဂိုလ်သည် အဘယ်နည်း၊ ရဟန္တာပုဂ္ဂိုလ်ပေတည်း၊ ဤရဟန္တာပုဂ္ဂိုလ်ကို သီလတို့၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသော သမာဓိ၌လည်း ပြည့်စုံအောင် ပြုလေ့ရှိသော ပညာ၌ ပြည့်စုံအောင် ပြုလေ့ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃၀။ ထိုမာတိကာပုဒ်၌ သုံးယောက်သော ဆရာတို့သည် အဘယ်တို့နည်း၊ ဆရာတို့သည်သုံးယောက် ရှိကုန်၏၊ ဤလောက၌ အချို့သော ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍သိခြင်းကို ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍သိခြင်းကို မပညတ်။ ဤလောက၌ အချို့သော ဆရာသည်ကား ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကိုပိုင်းခြား၍ သိခြင်းကိုကား မပညတ်။ ဤလောက၌ အချို့သော ဆရာသည်ကား ကာမဂုဏ်တရားတို့ကိုပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏။

ထိုဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကို မပညတ်၊ ထို့ကြောင့် ထိုဆရာကို ရူပါဝစရသမာပတ်ကိုသာ ရသော ဆရာဟူ၍ မှတ်အပ်၏။ ထို ဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုကားမပညတ်၊ ထို့ကြောင့် ထိုဆရာကို အရူပသမာပတ်ကိုသာ ရသော ဆရာဟူ၍ မှတ်အပ်၏။ ထိုဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ကာမဂုဏ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ရုပ်တရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်း ပညတ်၏၊ ဝေဒနာတရားတို့ကို ပိုင်းခြား၍ သိခြင်းကိုလည်းပညတ်၏၊ ထို့ကြောင့် ထိုဆရာကို အလုံးစုံသော တရားတို့ကို အမှန် ကိုယ်တိုင် သိစွမ်းတော်မူနိုင်သောဆရာဟူ၍ မှတ်အပ်၏၊ သုံးယောက်သော ဆရာတို့သည်ကား ဤသည်တို့ပေတည်း။

၁၃၁။ ထိုမာတိကာပုဒ်၌ တစ်ပါးသော သုံးယောက်သော ဆရာတို့သည် အဘယ်တို့နည်း၊ ဆရာတို့သည် သုံးယောက်ရှိကုန်၏၊ ဤလောက၌ အချို့သော ဆရာသည် ယခုဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် ပညတ်၏၊ တမလွန်ဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် ပညတ်၏။ ဤလောက၌ အချို့သော ဆရာသည်ကား ယခုဘဝ၌သာ အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် ပညတ်၏။ တမလွန်ဘဝ၌ အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် မပညတ်။ ဤလောက၌ အချို့သော ဆရာသည်ကား ယခုဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် မပညတ်၊ တမလွန်ဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် မပညတ်။

ထိုဆရာသုံးယောက်တို့တွင် အကြင်ဆရာသည် ယခုဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့်ခိုင်ခံ့သောအားဖြင့် ပညတ်၏၊ နောင်တမလွန်ဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် ပညတ်၏၊ ထို့ကြောင့် ထိုဆရာကို သဿတဝါဒရှိသော ဆရာဟူ၍ မှတ်အပ်၏။ ထိုဆရာသုံးယောက်တို့တွင် အကြင် ဆရာသည် ယခုဘဝ၌သာ အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့်ပညတ်၏၊ တမလွန် ဘဝ၌ ကား အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် မပညတ်၊ ထို့ကြောင့် ထိုဆရာကို ဥစ္ဆေ ဒဝါဒရှိသော ဆရာဟူ၍ မှတ်အပ်၏။ ထိုဆရာသုံးယောက်တို့တွင်အကြင်ဆရာသည် ယခု ဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် မပညတ်၊ တမလွန်ဘဝ၌လည်း အတ္တကိုဟုတ်မှန်သောအားဖြင့် ခိုင်ခံ့သောအားဖြင့် မပညတ်။ ထို့ကြောင့်ထိုဆရာကို အလုံးစုံသော တရားတို့ကို အမှန် ကိုယ်တိုင် သိစွမ်းနိုင်သော ဆရာဟူ၍ မှတ်အပ်၏၊ တစ်ပါးသော ဆရာသုံးယောက်တို့သည်ကား ဤသည်တို့ပေတည်း။

တိကနိဒ္ဒေသ ပြီး၏။

------

၄-စတုက္ကပုဂ္ဂလပညတ်

၁၃၂။ သူတော်ကောင်းမဟုတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်လေ့ရှိ၏၊ မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိ၏၊ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားလေ့ရှိ၏၊ ဤပုဂ္ဂိုလ်ကို သူတော်ကောင်းမဟုတ် 'ယုတ်မာ' သော ပုဂ္ဂိုလ်ဟူ၍ဆိုအပ်၏။

၁၃၃။ သူတော်ကောင်းမဟုတ် 'ယုတ်မာ' သော ပုဂ္ဂိုလ်အောက် သာလွန်၍ သူတော်ကောင်းမဟုတ်'ယုတ်မာ'သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်းသူ့အသက်ကို သတ်လေ့ရှိ၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏၊ သူတစ်ပါးကိုလည်း သူ့ဥစ္စာကို ခိုးယူခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်လေ့ရှိ၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း မဟုတ်မမှန်စကားကို ပြောဆိုလေ့ရှိ၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်စကား ပြောဆိုခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်းမူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားလေ့ရှိ၏၊ သူတစ်ပါးကိုလည်း မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်း၌ ဆောက်တည်စေ၏၊ ဤပုဂ္ဂိုလ်ကိုသူတော်ကောင်းမဟုတ် 'ယုတ်မာ'သော ပုဂ္ဂိုလ်အောက် သာလွန်၍ သူတော်ကောင်းမဟုတ်'ယုတ်မာ'သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃၄။ သူတော်ကောင်းပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာပြုကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်၏၊ ဤပုဂ္ဂိုလ်ကို သူတော်ကောင်းပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃၅။ သူတော်ကောင်းပုဂ္ဂိုလ်ထက် သာလွန်၍ သူတော်ကောင်းဖြစ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှု၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်မှု၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းမှ ရှောင်ကြဉ်မှု၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း မဟုတ်မမှန်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်းမဟုတ်မမှန်စကားကို ပြောဆိုခြင်း မှ ရှောင်ကြဉ်မှု၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်းမူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက်ကို သောက်စားခြင်းမှရှောင်ကြဉ်မှု၌ ကောင်းစွာ ဆောက်တည်စေ၏၊ ဤပုဂ္ဂိုလ်ကို သူတော်ကောင်းပုဂ္ဂိုလ်ထက် သာလွန်၍သူတော်ကောင်းဖြစ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃၆။ ယုတ်မာသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည့်သူ့အသက်ကို သတ်လေ့ရှိ၏၊ သူ့ဥစ္စာကို ခိုးယူလေ့ရှိ၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်လေ့ရှိ၏၊ မဟုတ်မမှန် စကားကို ပြောဆိုလေ့ရှိ၏၊ ကုန်းချောစကားကို ပြောဆိုလေ့ရှိ၏၊ ကြမ်းကြုတ်သော စကားကို ပြောဆိုလေ့ရှိ၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုလေ့ရှိ၏၊ အလိုကြီးခြင်း များ၏၊ ဖောက်ပြန်သောစိတ်ရှိ၏၊ မှားသော အယူရှိ၏၊ ဤပုဂ္ဂိုလ်ကို ယုတ်မာသော 'ပါပ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃၇။ ယုတ်မာသည်အောက် သာလွန်၍ ယုတ်မာသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သူ့အသက်ကို သတ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း သူ့ဥစ္စာကို ခိုးယူ၏၊ သူတစ်ပါးကိုလည်း သူ့ဥစ္စာကိုခိုးယူခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်၏၊ သူတစ်ပါးကိုလည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်းမဟုတ်မမှန်စကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်စကားကို ပြောဆိုခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကုန်းချောစကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း ကုန်းချောစကားကို ပြောဆိုခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကြမ်းကြုတ်သော စကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း ကြမ်းကြုတ်သော စကားကို ပြောဆိုခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်းပြိန်ဖျင်းသော စကားကို ပြောဆို၏၊ သူတစ်ပါးကိုလည်း ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း၌ ဆောက်တည်စေ၏၊ မိမိ ကိုယ်တိုင်လည်း အလိုကြီးခြင်းများ၏၊ သူတစ်ပါးကိုလည်း အလိုကြီးခြင်းများမှု၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ဖောက်ပြန်သော စိတ်ရှိ၏၊ သူတစ်ပါးကိုလည်းဖောက်ပြန်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်းမှားသော အယူရှိခြင်း၌ ဆောက်တည်စေ၏၊ ဤပုဂ္ဂိုလ်ကို ယုတ်မာသည်အောက် သာလွန်၍ယုတ်မာသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃၈။ ကောင်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ ကာမဂုဏ်တို့၌ မှားယွင်းစွာပြုကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ မဟုတ်မမှန်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းချော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းကြုတ်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ အလိုကြီးခြင်း မရှိ၊ ဖောက်ပြန်သော စိတ်မရှိ၊ ကောင်းသောအယူရှိ၏၊ ဤပုဂ္ဂိုလ်ကို ကောင်းသော 'ကလျာဏ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၃၉။ ကောင်းသည်ထက် သာလွန်၍ ကောင်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း သူ့ဥစ္စာကိုခိုးယူခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်းကာာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်းမဟုတ်မမှန်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မဟုတ်မမှန်စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည် စေ၏၊ မိမိကိုယ်တိုင်လည်း ကုန်းချောစကားကို ပြောဆိုခြင်းမှရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကုန်းချောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကြမ်းကြုတ်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကြမ်းကြုတ်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်းပြိန်ဖျင်းသော စကားကို ပြော ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း့အလိုကြီးခြင်းမှ ကင်း၏၊ သူတစ်ပါး ကိုလည်း အလိုကြီးခြင်းမှ ကင်းခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ဖောက်ပြန်သောစိတ်မှ ကင်း၏၊ သူတစ်ပါးကိုလည်း ဖောက်ပြန်ခြင်းမှ ကင်းခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း ကောင်းသော အယူရှိ၏၊ သူတစ်ပါးကိုလည်းကောင်းသောအယူ၌ ဆောက်တည်စေ၏၊ ဤပုဂ္ဂိုလ်ကို ကောင်းသည်ထက် သာလွန်၍ ကောင်းေသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၀။ ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သူ့အသက်ကို သတ်လေ့ရှိ၏၊ သူတစ်ပါးဥစ္စာကို ခိုးယူလေ့ရှိ၏။ပ။ မှားယွင်းသောအယူရှိ၏၊ ဤပုဂ္ဂိုလ်ကို ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၁။ ယုတ်ညံ့သော အကျင့်ရှိသောသူအောက် သာလွန်၍ ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သူ့အသက်ကို သတ်လေ့ရှိ၏၊ သူတစ်ပါးကိုလည်း သူ့အသက်ကို သတ်ခြင်း၌ ဆောက်တည်စေ၏၊ မိမိကိုယ်တိုင်လည်း သူတစ်ပါးဥစ္စာကို ခိုးယူလေ့ရှိ၏၊ သူတစ်ပါးကိုလည်း သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၌ ဆောက်တည်စေ၏။ပ။ မိမိကိုယ်တိုင်လည်း မှားယွင်းသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားယွင်းသော အယူ၌ ဆောက်တည်စေ၏၊ ဤပုဂ္ဂိုလ်ကို ယုတ်ညံ့သော အကျင့်ရှိသော သူ့အောက် သာလွန်၍ ယုတ်ညံ့သော အကျင့်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၂။ ကောင်းသော အကျင့်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်၏။ပ။ ကောင်းသော အယူရှိ၏၊ ဤပုဂ္ဂိုလ်ကို ကောင်းသော အကျင့်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၃။ ကောင်းသော အကျင့်ရှိသောသူထက် သာလွန်၍ ကောင်းသော အကျင့်ရှိသော ပုဂ္ဂိုလ်ဟူသည်အဘယ်နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိကိုယ်တိုင်လည်း သူ့အသက်ကို သတ်ခြင်းမှရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည် စေ၏။ပ။ မိမိကိုယ်တိုင်လည်း ကောင်းသော အယူရှိ၏၊ သူတစ်ပါးကိုလည်း ကောင်းသော အယူ၌ ဆောက်တည်စေ၏၊ ဤပုဂ္ဂိုလ်ကို ကောင်းသော အကျင့်ရှိသောသူထက် သာလွန်၍ ကောင်းသော အကျင့်ရှိသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၄။ အပြစ်ရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် အပြစ်ရှိသော ကာယကံနှင့် ပြည့်စုံ၏၊ အပြစ်ရှိသော ဝစီကံနှင့် ပြည့်စုံ၏၊ အပြစ်ရှိသော မနောကံနှင့် ပြည့်စုံ၏၊ ဤပုဂ္ဂိုလ်ကို အပြစ်ရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၅။ အပြစ်များသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်အပြစ်ရှိသော ကာယကံနှင့် များစွာ ပြည့်စုံ၍၊ အပြစ်မရှိသော ကာယကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊ အပြစ်ရှိသော ဝစီကံနှင့် များစွာ ပြည့်စုံ၍၊ အပြစ်မရှိသော ဝစီကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊ အပြစ်ရှိသော မနောကံနှင့် များစွာ ပြည့်စုံ၍၊ အပြစ်မရှိသော မနောကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊ ဤပုဂ္ဂိုလ်ကို အပြစ်များသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၆။ အပြစ်နည်းသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည်အပြစ်မရှိသော ကာယကံနှင့် များစွာ ပြည့်စုံ၍ အပြစ်ရှိသော ကာယကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊ အပြစ်မရှိသော ဝစီကံနှင့် များစွာ ပြည့်စုံ၍ အပြစ်ရှိသော ဝစီကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊ အပြစ်မရှိသော မနောကံနှင့် များစွာ ပြည့်စုံ၍ အပြစ်ရှိသော မနောကံနှင့် အနည်းငယ်သာ ပြည့်စုံ၏၊ ဤပုဂ္ဂိုလ်ကို အပြစ်နည်းသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၇။ အပြစ်မရှိသော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း။ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည့်အပြစ်မရှိသော ကာယကံနှင့် ပြည့်စုံ၏၊ အပြစ်မရှိသော ဝစီကံနှင့် ပြည့်စုံ၏၊ အပြစ်မရှိသော မနောကံနှင့်ပြည့်စုံ၏၊ ဤပုဂ္ဂိုလ်ကို အပြစ်မရှိသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၈။ အကျဉ်းဟောပြကာ မျှဖြင့် မဂ်ဖိုလ်ကို ရသော 'ဥဂ္ဃဋိတညူ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင် ပုဂ္ဂိုလ်အား (အကျဉ်း) ထုတ်ဆောင် ဟောပြအပ်သောအခါနှင့် တစ်ပြိုင်နက် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အကျဉ်းဟောပြကာမျှဖြင့် မဂ်ဖိုလ်ကို ရသော'ဥဂ္ဃဋိတညူ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၄၉။ အကျယ်ဟောပြကာမျှဖြင့် မဂ်ဖိုလ်ကို ရသော 'ဝိပဉ္စိတညူ' ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်အား အကျဉ်းအားဖြင့် ဟောအပ်ပြီးသော ဒေသနာ၏ အနက်ကို အကျယ်အားဖြင့် ဝေဖန်အပ်သည်ရှိသော် (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို အကျယ်ဟောပြကာမျှဖြင့် မဂ်ဖိုလ်ကို ရသော 'ဝိပဉ္စိတညူ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၅၀။ ဥဒ္ဒေသစသည်ဖြင့် ဆောင်ပြ၍ တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော 'နေယျ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်အား အကျဉ်း (ပါဠိ) အားဖြင့်လည်းကောင်း၊ အကျယ် (အဋ္ဌကထာ) အားဖြင့်လည်းကောင်း၊ သင့်လျော်လျောက်ပတ်စွာ နှလုံးသွင်းသောအားဖြင့်လည်းကောင်း၊ မိတ်ဆွေကောင်းတို့ကို မှီဝဲဆည်းကပ်လျက် ချဉ်းကပ်သောအားဖြင့်လည်းကောင်း ဤသို့ အစဉ်အတိုင်း (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို ဥဒ္ဒေသစသည်ဖြင့် ဆောင်ပြ၍တဖြည်းဖြည်း နောက်မှ မဂ်ဖိုလ်ကို ရသော 'နေယျ' ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၅၁။ ပုဒ်ဗျည်းမျှသာ အတိုင်းအရှည်ရှိသော 'ပဒပရမ'ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ အကြင်ပုဂ္ဂိုလ်အား အကြိမ်များစွာ နာကြားသော်လည်း အကြိမ်များစွာ ပြောဟောရွတ်ဆိုသော်လည်း အကြိမ်များစွာ ဆောင်ပြသော်လည်း အကြိမ်များစွာ သရဇ္ဈာယ်သော်လည်း ထိုကိုယ်၏အဖြစ်၌ (သစ္စာလေးပါး) တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်၊ ဤပုဂ္ဂိုလ်ကို ပုဒ်ဗျည်း အတိုင်းအရှည်ရှိသော 'ပဒပရမ'ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၅၂။ သင့်လျော်စွာ ဆိုတတ်၍ လွတ်လွတ် 'မဆိုင်းမလင့်' မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့်လျော်သည်ကိုဆိုတတ်၏၊ လျင်မြန်စွာ မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာ ဆိုတတ်၍ လွတ်လွတ် 'မဆိုင်းမလင့်'မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၅၃။ လွတ်လွတ်ဆိုတတ်၍ သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် (ပြဿနာ၏ အဆုံး၌ ) လျင်မြန် စွာဆိုတတ်၏၊ သင့်လျော်သည်ကို မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို လွတ်လွတ်ဆိုတတ်၍ သင့်လျော်စွာ မဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၅၄။ သင့်လျော်စွာလည်းဆိုတတ် လွတ်လွတ်လည်း ဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့်လျော်သည်ကိုလည်းဆိုတတ်၏၊ လျင်မြန်စွာလည်း ဆိုတတ်၏၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာလည်းဆိုတတ် လွတ်လွတ်လည်းဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၅၅။ သင့်လျော်စွာလည်း မဆိုတတ်၊ လွတ်လွတ်လည်း မဆိုတတ်သော ပုဂ္ဂိုလ်ဟူသည် အဘယ်နည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြဿနာကို မေးအပ်သည်ရှိသော် သင့်လျော်သည်ကိုလည်းမဆိုတတ်၊ လျင်မြန်စွာလည်း မဆိုတတ်၊ ဤပုဂ္ဂိုလ်ကို သင့်လျော်စွာလည်း မဆိုတတ်၊ လွတ်လွတ်လည်းမဆိုတတ်သော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

၁၅၆။ ထိုမာတိကာပုဒ်၌ တရားဟော 'ဓမ္မကထိက'ပုဂ္ဂိုလ် လေးယောက်တို့သည် အဘယ်တို့နည်း၊ ဤလောက၌ အချို့သော တရားဟော ပုဂ္ဂိုလ်သည် အနည်းငယ်ကိုလည်း ဟော၏၊ အကျိုးအကြောင်းနှင့်မစပ်သည်ကိုလည်း ဟော၏၊ ထိုဓမ္မကထိက၏ တရားနာပရိသတ်သည်လည်း အကျိုးအကြောင်းဟုတ်သည် မဟုတ်သည်၌ မလိမ္မာ၊ ဤသို့ သဘောရှိသော တရားဟောပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော (မလိမ္မာသည့်) တရားနာပရိသတ်၌ တရားဟောပုဂ္ဂိုလ်ဟူ၍ပင် ရေတွက်ခြင်းသို့ ရောက်၏။

ဤလောက၌ အချို့သော တရားဟောပုဂ္ဂိုလ်သည်ကား အနည်းငယ်ကိုလည်း ဟော၏၊ အကျိုးအကြောင်းနှင့် စပ်သည်ကိုလည်း ဟော၏၊ ထိုတရားဟောပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျိုးအကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာ၏၊ ဤသို့ သဘောရှိသော တရားဟောပုဂ္ဂိုလ်သည် ဤသို့သဘောရှိသော တရားနာပရိသတ်၌ တရားဟောပုဂ္ဂိုလ်ဟူ၍ပင် ရေတွက်ခြင်းသို့ ရောက်၏။

ဤလောက၌ အချို့သော တရားဟောပုဂ္ဂိုလ်သည် များစွာလည်း ဟော၏၊ အကျိုးအကြောင်းနှင့်မစပ်သည်ကိုလည်း ဟော၏၊ ထိုတရားဟောပုဂ္ဂိုလ်၏ ပရိသတ်သည်လည်း အကျိုးအကြောင်းဟုတ်သည်မဟုတ်သည်၌ မလိမ္မာ၊ ဤသို့သဘောရှိသော တရားဟောပုဂ္ဂိုလ်သည် ဤသို့သဘောရှိသော တရားနာပရိသတ်၌ တရားဟောပုဂ္ဂိုလ်ဟူ၍ပင် ရေတွက်ခြင်းသို့ ရောက်၏။

ဤလောက၌ အချို့သော တရားဟောပုဂ္ဂိုလ်သည် များစွာလည်း ဟော၏၊ အကျိုးအကြောင်းနှင့် စပ်သည်ကိုလည်း ဟော၏၊ ထိုတရားဟောပုဂ္ဂိုလ်၏ တရားနာပရိသတ်သည်လည်း အကျိုးအကြောင်းဟုတ်သည် မဟုတ်သည်၌ လိမ္မာ၏၊ ဤသို့ သဘောရှိသော တရားဟောပုဂ္ဂိုလ်သည် ဤသို့ သဘောရှိသော တရားနာပရိသတ်၌ တရားဟောပုဂ္ဂိုလ်ဟူ၍ပင် ရေတွက်ခြင်းသို့ ရောက်၏။ တရားဟော'ဓမ္မကထိက' ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၅၇။ ထိုမာတိကာပုဒ်၌ မိုးတိမ်တိုက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း၊ ချုန်းရုံသာ ချုန်း၍ မရွာသောမိုး၊ ရွာရုံသာ ရွာ၍ မချုန်းသောမိုး၊ ချုန်းလည်းချုန်း, ရွာလည်းရွာသောမိုး၊ ချုန်းလည်း မချုန်း, ရွာလည်း မရွာသောမိုးဟူ၍ မိုးတိမ်တို့သည် လေးမျိုးရှိကုန်၏၊ ဤအတူပင် မိုးတိမ်တိုက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊ ချုန်းရုံသာ ချုန်း၍ မရွာသောမိုးနှင့် တူသော ပုဂ္ဂိုလ်၊ ရွာရုံသာ ရွာ၍မချုန်းသောမိုးနှင့် တူသော ပုဂ္ဂိုလ်၊ ချုန်းလည်းချုန်း, ရွာလည်း ရွာသော မိုးနှင့် တူသော ပုဂ္ဂိုလ်၊ ချုန်းလည်း မချုန်း, ရွာလည်း မရွာသောမိုးနှင့် တူသော ပုဂ္ဂိုလ်ဟူ၍ လေးယောက်တို့တည်း။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းရုံသာ ချုန်း၍ မရွာသောမိုးနှင့် တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ပြောရုံသာ ပြော၏၊ ပြောသည့်အတိုင်း လုပ်ကား မလုပ်၊ ဤသို့ ပြောရုံသာ ပြော၍ (ပြောသည့်အတိုင်း) မလုပ်သော ပုဂ္ဂိုလ်သည် ချုန်းရုံသာ ချုန်း၍ မရွာသော မိုးနှင့် တူသည် မည်၏၊ ထိုမိုးသည် ချုန်း ရုံသာ ချုန်း၍ မရွာသကဲ့သို့ ဤသို့ ပြောရုံသာ ပြော၍ ပြောသည့်အတိုင်း မပြုလုပ်သော ပုဂ္ဂိုလ်ကို ထိုမိုးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရွာရုံသာ ရွာ၍ မချုန်းသောမိုးနှင့် တူသနည်း၊ ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည် လုပ်ကား လုပ်၏၊ ပြောကား မပြော၊ ဤသို့ လုပ်ရုံသာ လုပ်၍ မပြောသော ပုဂ္ဂိုလ် သည်ရွာရုံသာ ရွာ၍ မချုန်းသော မိုးနှင့် တူသည် မည်၏၊ ထိုမိုးသည် ရွာရုံသာ ရွာ၍ မချုန်းသကဲ့သို့လုပ်ရုံသာ လုပ်၍ မပြောသော ပုဂ္ဂိုလ်ကို ထိုမိုးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းချုန်း ရွာလည်းရွာသော မိုးနှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြောလည်း ပြော၏၊ လုပ်လည်း လုပ်၏၊ ဤသို့ ပြောလည်းပြော လုပ်လည်းလုပ်သော ပုဂ္ဂိုလ်သည် ချုန်းလည်းချုန်း, ရွာလည်းရွာသော မိုးနှင့်တူသည် မည်၏၊ ထိုမိုးသည် ချုန်းလည်းချုန်း, ရွာလည်းရွာသကဲ့သို့ ဤသို့ ပြောလည်းပြော, လုပ်လည်းလုပ်သော ပုဂ္ဂိုလ်ကို ထိုမိုးနှင့်တူ၏ဟူ၍ မှတ်အပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချုန်းလည်းမချုန်း, ရွာလည်းမရှာသော မိုးနှင့်တူသနည်း၊ ဤ လောက၌ အချို့သော ပုဂ္ဂိုလ်သည် ပြောလည်း မပြော၊ လုပ်လည်း မလုပ်၊ ဤသို့ ပြောလည်းမပြော၊ လုပ်လည်းမလုပ်သော ပုဂ္ဂိုလ်သည် ချုန်းလည်းမချုန်း၊ ရွာလည်းမရွာသော မိုးနှင့်တူသည် မည်၏၊ ထိုမိုးသည် ချုန်းလည်းမချုန်း, ရွာလည်းမရွာသကဲ့သို့ ဤသို့ ပြောလည်းမပြော, လုပ်လည်းမလုပ်သောပုဂ္ဂိုလ်ကို ထိုမိုးနှင့်တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော မိုးတိမ်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၅၈။ ထိုမာတိကာပုဒ်၌ ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း၊ တွင်းတူးလျက် မအောင်းသောကြွက်၊ အောင်းလျက် တွင်းမတူးသောကြွက်၊ တွင်းလည်းတူးအောင်းလည်း အောင်းသောကြွက်၊ တွင်းလည်းမတူး အောင်းလည်းမအောင်းသော ကြွက် တို့သည်လေးမျိုးရှိကုန်၏၊ ဤအတူပင်လျှင် ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ လေးယောက် တို့ဟူသည် အဘယ်တို့နည်း၊ တွင်းတူးလျက် မအောင်းသောကြွက်နှင့်တူသော ပုဂ္ဂိုလ်၊ အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊ တွင်းလည်းတူးအောင်းလည်းအောင်းသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်၊ တွင်းလည်းမတူး အောင်းလည်းမအောင်းသောကြွက်နှင့်တူသော ပုဂ္ဂိုလ်တို့တည်း။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းသာတူး၍ မအောင်းသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ, ဝေဒလ္လတည်းဟူသော တရား (ပိဋကတ်တော်) ကို သင်ယူ၏၊ ထိုပိဋကတ်တတ်သော ပုဂ္ဂိုလ်သည်''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤလောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤနိဗ္ဗာန်သည်ကားဆင်းရဲချုပ်ရာတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ပုဂ္ဂိုလ်သည် တွင်းသာ တူးလျက် မအောင်းသော ကြွက်နှင့် တူ၏၊ ထိုကြွက်သည် တွင်းတူးလျက် မအောင်းသကဲ့သို့ ဤသို့ပိဋကတ်သာတတ်လျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်, ဇာတ်, အဗ္ဘုတဓမ္မ,ဝေဒလ္လတည်းဟူသော တရား (ပိဋကတ်တော်) ကို မသင်ယူ၊ ထိုပိဋကတ် မတတ်သော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း'' ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏။ပ။ ဤသို့ပုဂ္ဂိုလ်သည် အောင်းလျက် တွင်းမတူးသော ကြွက်နှင့်တူသည် မည်၏၊ ထိုကြွက်သည် အောင်းလျက်တွင်းမတူးသကဲ့သို့၊ ဤသို့ ပိဋကတ်မတတ်ဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထိုကြွက်နှင့်တူ၏ဟူ၍ မှတ်အပ်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းတူး အောင်းလည်းအောင်းသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်,ဇာတ်, အ ဗ္ဘုတဓမ္မ, ဝေဒလ္လတည်းဟူသော တရား (ပိဋကတ်တော်) ကို သင်ယူ၏၊ ထိုပိဋကတ်တတ်သောပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်းသိ၏။ပ။ ဤသို့ပုဂ္ဂိုလ်သည် တွင်းလည်းတူး အောင်းလည်းအောင်းသော ကြွက်နှင့်တူသည် မည်၏၊ ထိုကြွက်သည် တွင်းလည်းတူး အောင်းလည်းအောင်းသကဲ့သို့၊ ဤသို့ပိဋကတ်လည်းတတ် အမှန်တရားကိုလည်းသိသော ပုဂ္ဂိုလ်ကို ထိုကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တွင်းလည်းမတူး အောင်းလည်းမအောင်းသော ကြွက်နှင့်တူသနည်း၊ ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် သုတ္တ, ဂေယျ, ဝေယျာကရဏ, ဂါထာ, ဥဒါန်း, ဣတိဝုတ်,ဇာတ်, အ ဗ္ဘုတဓမ္မ, ဝေဒလ္လတည်းဟူသော တရား (ပိဋကတ်တော်) ကို မသင်ယူ၊ ထိုပိဋကတ်မတတ်သောပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်းမသိ။ပ။ ဤသို့ပုဂ္ဂိုလ်သည် တွင်းလည်းမတူး အောင်းလည်းမအောင်းသော ကြွက်နှင့်တူ၏၊ ထိုကြွက်သည် တွင်းလည်းမတူး အောင်းလည်းမအောင်းသကဲ့သို့ ဤသို့ပိဋကတ်လည်းမတတ်,အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုကြွက်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော ကြွက်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၅၉။ ထိုမာတိကာပုဒ်၌ သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း၊ စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီး၊ မှည့်လျက် စိမ်းရောင်ရှိသော သရက်သီး၊ စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီး၊ မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးဟူ၍ သရက်သီးတို့သည် လေးမျိုးရှိကုန်၏၊ ဤအတူပင်လျှင် သရက်သီးနှင့် တူသော ဤပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊ စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီးနှင့်တူသောပုဂ္ဂိုလ်၊ မှည့်လျက် စိမ်းရောင်ရှိသော သရက်သီးနှင့်တူသော ပုဂ္ဂိုလ်၊ စိမ်းလျက် စိမ်းရောင်ရှိသောသရက်သီးနှင့် တူသော ပုဂ္ဂိုလ်၊ မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့်တူသော ပုဂ္ဂိုလ်တို့တည်း။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤ လောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်းဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကားဆင်းရဲတည်း''ဟူ၍ဟုတ်မှန် သောအတိုင်း မသိ၊ ''ဤလောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာ တည်း''ဟူ၍ဟုတ်မှန်သောအတိုင်းမသိ၊ ''ဤမဂ္ဂင်ရှစ်ပါး သည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားမသိသော ပုဂ္ဂိုလ်သည် စိမ်းလျက်မှည့်ရောင်ရှိသော သရက်သီး နှင့် တူ၏၊ ထိုသရက်သီးသည် စိမ်းလျက် မှည့်ရောင်ရှိသကဲ့သို့ ဤသို့ကြည်ညိုဖွယ်ရှိလျက် အမှန်တရား ကို မသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်းဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤလောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲ ချုပ်ရာတည်း'' ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကားဆင်းရဲချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်တည်း''ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ် မရှိဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်သည် မှည့်လျက် စိမ်းရောင်ရှိသော သရက်သီးနှင့်တူ၏၊ ထိုသရက်သီးသည် မှည့်လျက် စိမ်းရောင်ရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်မရှိဘဲ အမှန်တရားသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤ လောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည်လည်း ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍့ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ၊ အမှန်တရားကိုလည်းမသိသော ပုဂ္ဂိုလ်သည် စိမ်းလျက် စိမ်းရောင်ရှိသော သရက်သီးနှင့်တူ၏၊ ထိုသရက်သီးသည် စိမ်းလျက်စိမ်းရောင်ရှိသကဲ့သို့ ဤသို့ကြည်ညိုဖွယ်လည်း မရှိ၊ အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူသနည်း၊ ဤ လောက၌ အချို့သောပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သော အတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကိုလည်းသိသော ပုဂ္ဂိုလ်သည် မှည့်လျက် မှည့်ရောင်ရှိသော သရက်သီးနှင့် တူ၏၊ ထိုသရက်သီးသည် မှည့်လျက်မှည့်ရောင်ရှိ သကဲ့သို့ ဤသို့ကြည်ညိုဖွယ်လည်းရှိ အမှန်တရားကို လည်းသိသော ပုဂ္ဂိုလ်ကိုထိုသရက်သီးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော သရက်သီးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၆၀။ ထိုမာတိကာပုဒ်၌ အိုးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း၊ အတွင်း၌ အချည်းနှီးဖြစ်လျက် ပိတ်ထားသောအိုး၊ အတွင်း၌ ပြည့်လျက် ဖွင့်ထားသောအိုး၊ အတွင်း၌ အချည်းနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသောအိုး၊ အတွင်း၌ ပြည့်လည်းပြည့်, ပိတ်လည်းပိတ်ထားသောအိုးဟူ၍အိုးတို့သည် လေးမျိုးရှိကုန်၏၊ ဤအတူပင်လျှင် အိုးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊ အတွင်း၌ အချည်းနှီးဖြစ်လျက် ပိတ်ထားသော အိုးနှင့် တူသော ပုဂ္ဂိုလ်၊ အတွင်း၌ ပြည့်လျက် ဖွင့်ထားသော အိုးနှင့် တူသော ပုဂ္ဂိုလ်၊ အတွင်း၌ အချည်းနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသော အိုးနှင့် တူသော ပုဂ္ဂိုလ်၊ အတွင်း၌ ပြည့်လည်းပြည့်, ပိတ်လည်းပိတ်ထားသော အိုးနှင့်တူသော ပုဂ္ဂိုလ်တို့ တည်း။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အတွင်း၌ အချည်းနှီးဖြစ်လျက် ပိတ်ထားသောအိုးနှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ ''ဤလောဘသည်ကား ဆင်းရဲဖြစ်ကြောင်းတည်း''ဟူ၍ဟုတ်မှန်သောအတိုင်းမသိ၊ ''ဤနိဗ္ဗာန်သည်ကား ဆင်းရဲချုပ်ရာတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်သည် အတွင်း၌ အချည်းနှီးဖြစ်လျက်ပိတ်ထားသော အိုးနှင့် တူ၏၊ ထိုအိုးသည် အတွင်း၌ အချည်းအနှီးဖြစ်လျက် ပိတ်ထားသကဲ့သို့ ဤသို့ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုအိုးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အတွင်း၌ ပြည့်လျက် ဖွင့်ထားသော အိုးနှင့် တူသနည်း၊ ဤ လောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်း ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သော အတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း့အကျင့်တည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကိုသိသော ပုဂ္ဂိုလ်သည် အတွင်း၌ ပြည့်လျက် ဖွင့်ထားသော အိုးနှင့် တူ၏၊ ထိုအိုးသည် အတွင်း၌ ပြည့်လျက် ဖွင့်ထားသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်မရှိဘဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထိုအိုးနှင့်တူ၏ဟူ၍ မှတ်အပ်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အတွင်း၌ အချည်းအနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသော အိုးနှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း မရှိ, ထိုကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်သည် အတွင်း၌ အချည်းအနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသောအိုးနှင့် တူ၏၊ ထိုအိုးသည် အတွင်း၌ အချည်းအနှီးလည်းဖြစ်, ဖွင့်လည်းဖွင့်ထားသကဲ့သို့ ဤသို့ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုအိုးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အတွင်း၌ ပြည့်လည်းပြည့်, ပိတ်လည်း ပိတ်ထားအပ်သော အိုးနှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်း၊ ကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်း ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကားဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ရောက်ကြောင်းအကျင့်တည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်လည်းရှိ, အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်သည် အတွင်း၌ ပြည့်လည်းပြည့်, ပိတ်လည်းပိတ်ထားအပ်သော အိုးနှင့်တူ၏၊ ထိုအိုးသည် အတွင်း၌ ပြည့်လည်းပြည့်, ပိတ်လည်းပိတ်ထားသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်းရှိ, အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်ကို ထိုအိုးနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော အိုးနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၆၁။ ထိုမာတိကာပုဒ်၌ ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း၊ တိမ်လျက်နက်ယောင်ရှိသော ရေအိုင်၊ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်၊ တိမ်လည်းတိမ်၍တိမ်ယောင်လည်းရှိသော ရေအိုင်၊ နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်ဟူ၍ရေအိုင်တို့သည် လေးမျိုးရှိကုန်၏၊ ဤအတူပင်လျှင် ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည်လောက၌ ထင်ရှား ရှိကုန်၏၊ လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊ တိမ်လျက် နက်ယောင်ရှိသောရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊ နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊ တိမ်လည်းတိမ်၍တိမ်ယောင်လည်း ရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်၊ နက်လည်းနက်၍ နက်ယောင်လည်းရှိသောရေအိုင်နှင့်တူသော ပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်ရှိ၏၊ ထိုကြည်ညိုဖွယ်ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်သည့်တိမ်လျက် နက်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လျက် နက်ယောင်ရှိသကဲ့သို့ ဤသို့ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ် မရှိ၊ ထိုကြည်ညိုဖွယ်မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟူ၍ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ ကြည်ညိုဖွယ်မရှိဘဲလျက် အမှန်တရားကို သိသောပုဂ္ဂိုလ်သည်နက်လျက် တိမ်ယောင်ရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက်လျက် တိမ်ယောင်ရှိသကဲ့သို့ ဤသို့ကြည်ညိုဖွယ် မရှိဘဲလျက် အမှန်တရားကို သိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရူကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ် သပိတ် သင်္ကန်း ဝတ်ရုံ ယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်းမရှိ၊ ထိုကြည်ညိုဖွယ် မရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကား ဆင်းရဲတည်း''ဟူ၍ဟုတ်မှန်သောအတိုင်း မသိ။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်တည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း မသိ၊ ဤသို့ကြည်ညိုဖွယ်လည်း မရှိ, အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် တိမ်လည်းတိမ်၍ တိမ်ယောင်လည်းရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်းမရှိ, အမှန်တရားကိုလည်း မသိသော ပုဂ္ဂိုလ်ကို ထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ် အပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် နက်လည်းနက်၍ နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်၏ ရှေ့သို့တက်ခြင်း၊ နောက်သို့ဆုတ်ခြင်း၊ တူရှုကြည့်ခြင်း၊ တစောင်းကြည့်ခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ဒုကုဋ်သပိတ်သင်္ကန်း ဝတ်ရုံယူဆောင်ခြင်းသည် ကြည်ညိုဖွယ်လည်းရှိ၏၊ ထိုကြည်ညိုဖွယ် ရှိသော ပုဂ္ဂိုလ်သည် ''ဤလောဘကြဉ်သော ခန္ဓာငါးပါးသည်ကားဆင်းရဲတည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏။ပ။ ''ဤမဂ္ဂင်ရှစ်ပါးသည်ကားဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်တည်း''ဟူ၍ ဟုတ်မှန်သောအတိုင်း သိ၏၊ ဤသို့ကြည်ညိုဖွယ်လည်း ရှိ၍ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်သည် နက်လည်းနက်၍နက်ယောင်လည်းရှိသော ရေအိုင်နှင့် တူ၏၊ ထိုရေအိုင်သည် နက် လည်းနက်၍နက်ယောင်လည်းရှိသကဲ့သို့ ဤသို့ ကြည်ညိုဖွယ်လည်း ရှိ၍ အမှန်တရားကိုလည်း သိသော ပုဂ္ဂိုလ်ကိုထိုရေအိုင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော ရေအိုင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၆၂။ ထိုမာတိကာပုဒ်၌ နွားလားနှင့် တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်၊ မိမိနွားအုပ်၌သာ ကြမ်းလျက် တစ်ပါးသော နွားအုပ်၌ မကြမ်းသော နွားလား၊ တစ်ပါးသော နွားအုပ်၌သာကြမ်းလျက် မိမိနွားအုပ်၌ မကြမ်းသော နွားလား၊ မိမိနွားအုပ်၌လည်း ကြမ်း၍ တစ်ပါးသော နွားအုပ်၌လည်း ကြမ်းသော နွားလား၊ မိမိနွားအုပ်၌လည်း မကြမ်းဘဲ တစ်ပါးသော နွားအုပ်၌လည်းမကြမ်းသော နွားလားဟူ၍ နွားလားတို့သည် လေးမျိုးရှိကုန်၏၊ ဤအတူပင်လျှင် နွားလားနှင့် တူသောပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊ မိမိနွားအုပ်၌သာ ကြမ်းလျက် တစ်ပါးသော နွားအုပ်၌ မကြမ်းသော နွားလားနှင့်တူသော ပုဂ္ဂိုလ်၊ တစ်ပါးသော နွားအုပ်၌သာ ကြမ်းလျက် မိမိနွားအုပ်၌ မကြမ်းသော နွားလားနှင့်တူသော ပုဂ္ဂိုလ်၊ မိမိနွားအုပ်၌ ့လည်း ကြမ်း၍ တစ်ပါးသော နွားအုပ်၌လည်း ကြမ်းသော နွားလားနှင့်တူသော ပုဂ္ဂိုလ်၊ မိမိနွားအုပ်၌လည်း မကြမ်းဘဲ တစ်ပါးသော နွားအုပ်၌လည်း မကြမ်းသော နွားလားနှင့်တူသော ပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ်တို့သည် လေးယောက်ရှိကုန်၏။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိနွားအုပ်၌သာ ကြမ်းလျက် တစ်ပါးသော နွားအုပ်၌ မကြမ်းသောနွားလားနှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မိမိပရိသတ်ကိုသာ ထိတ်လန့်စေလျက်သူတစ်ပါးပရိသတ်ကို မထိတ်လန့်စေ၊ ဤသို့မိမိပရိသတ်ကိုသာ ထိတ်လန့်စေလျက် သူတစ်ပါးပရိသတ်ကိုမထိတ်လန့်စေသော ပုဂ္ဂိုလ်သည် မိမိနွားအုပ်၌သာ ကြမ်းလျက် တစ်ပါးသော နွားအုပ်၌ မကြမ်းသောနွားလားနှင့် တူ၏၊ ထိုနွားလားသည် မိမိနွားအုပ်၌သာ ကြမ်းလျက် တစ်ပါးသော နွားအုပ်၌ မကြမ်းသကဲ့သို့ ဤသို့မိမိပရိသတ်ကိုသာ ထိတ်လန့်စေလျက် သူတစ်ပါးပရိသတ်ကိုကား မထိတ်လန့်စေသောပုဂ္ဂိုလ်ကို ထိုနွားလားနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် တစ်ပါးသော နွားအုပ်၌သာ ကြမ်းလျက် မိမိနွားအုပ်၌ မကြမ်းသောနွားလားနှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သူတစ်ပါးပရိသတ်ကိုသာ ထိတ်လန့်စေလျက် မိမိပရိသတ်ကိုကား မထိတ်လန့်စေ၊ ဤသို့ သူတစ်ပါးပရိသတ်ကိုသာ ထိတ်လန့်စေလျက်မိမိပရိသတ်ကိုကား မထိတ်လန့်စေသော ပုဂ္ဂိုလ်သည် တစ်ပါးသော နွားအုပ်၌သာ ကြမ်းလျက် မိမိနွားအုပ်၌ ကား မကြမ်းသော နွားလားနှင့် တူ၏၊ ထိုနွားလားသည် တစ်ပါးသော နွားအုပ်၌သာကြမ်းလျက် မိမိနွားအုပ်၌ ကား မကြမ်းသကဲ့သို့ ဤသို့သူတစ်ပါးပရိသတ်ကိုသာ ထိတ်လန့်စေလျက်မိမိပရိသတ်ကိုကား မထိတ်လန့်စေသော ပုဂ္ဂိုလ်ကို ထိုနွားလားနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိနွားအုပ်၌လည်း ကြမ်း၍် တစ်ပါးသော နွားအုပ်၌လည်း ကြမ်း သောနွားလားနှင့်တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မိမိပရိသတ်ကိုလည်း ထိတ်လန့်စေ၏၊ သူတစ်ပါး ပရိသတ်ကိုလည်း ထိတ်လန့်စေ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မိမိနွားအုပ်၌လည်း ကြမ်း၍်တစ်ပါးသော နွားအုပ်၌လည်း ကြမ်းသော နွားလားနှင့် တူ၏၊ ထိုနွားလားသည် မိမိနွားအုပ်၌လည်းကြမ်း၍် တစ်ပါးသော နွားအုပ်၌လည်း ကြမ်းသကဲ့သို့၊ ဤသို့ မိမိပရိသတ်ကိုလည်း ထိတ်လန့်စေ၍်သူတစ်ပါးပရိသတ်ကိုလည်း ထိတ်လန့်စေသော ပုဂ္ဂိုလ်ကို ထိုနွားလားနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိနွားအုပ်၌လည်း မကြမ်းဘဲ တစ်ပါးသော နွားအုပ်၌လည်း မကြမ်းသောနွားလားနှင့် တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် မိမိပရိသတ်ကိုလည်း မထိတ်လန့်စေ၊ သူတစ်ပါး ပရိသတ်ကိုလည်း မထိတ်လန့်စေ၊ ဤသို့သောပုဂ္ဂိုလ်သည် မိမိ နွားအုပ်၌လည်း မကြမ်းဘဲတစ်ပါးသော နွားအုပ်၌လည်း မကြမ်းသော နွားလားနှင့် တူ၏၊ ထိုနွားလားသည် မိမိနွားအုပ်၌လည်းမကြမ်းဘဲ တစ်ပါးသော နွားအုပ်၌လည်း မကြမ်းသကဲ့သို့၊ ဤသို့ မိမိပရိသတ်ကို လည်းမထိတ်လန့်စေဘဲ သူတစ်ပါးပရိသတ်ကိုလည်း မထိတ်လန့်စေသော ပုဂ္ဂိုလ်ကို ထိုနွားလားနှင့် တူ၏ဟူ၍မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော နွားလားနှင့် တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၆၃။ ထိုမာတိကာပုဒ်၌ မြွေနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်တို့နည်း၊ လျင်မြန် သောအဆိပ်ရှိလျက် ကြမ်းတမ်းသော အဆိပ်မရှိသော မြွေ၊ ကြမ်းတမ်းသော အဆိပ်ရှိလျက် လျင်မြန် သောအဆိပ်မရှိသော မြွေ၊ လျင်မြန်သော အဆိပ်လည်းရှိ၍ ကြမ်းတမ်းသော အဆိပ်လည်းရှိသော မြွေ၊ လျင်မြန်သော အဆိပ်လည်းမရှိဘဲ ကြမ်းတမ်းသော အဆိပ်လည်းမရှိသော မြွေဟူ၍ မြွေတို့သည် လေးမျိုးရှိကုန်၏၊ ဤအတူပင်လျှင် မြွေနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် လောက၌ ထင်ရှားရှိကုန်၏၊ လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊ လျင်မြန်သော အဆိပ်ရှိလျက် ကြမ်းတမ်းသော အဆိပ်မရှိသော မြွေ နှင့်တူသော ပုဂ္ဂိုလ်၊ ကြမ်းတမ်းသော အဆိပ်ရှိလျက် လျင်မြန်သော အဆိပ်မရှိသော မြွေနှင့်တူသော ပုဂ္ဂိုလ်၊ လျင်မြန်သော အဆိပ်လည်းရှိ၍ ကြမ်းတမ်းသော အဆိပ်လည်းရှိသော မြွေနှင့်တူသောပုဂ္ဂိုလ်၊ လျင်မြန်သော အဆိပ်လည်းမရှိဘဲ ကြမ်းတမ်းသော အဆိပ်လည်း မရှိသော မြွေ နှင့်တူသောပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ်တို့သည် လေးယောက်တို့တည်း။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျင်မြန်သော အဆိပ်ရှိလျက် ကြမ်းတမ်းသော အဆိပ်မရှိသော မြွေနှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်ထွက်၏၊ ထိုအမျက်ဒေါသသည်ကား ထိုပုဂ္ဂိုလ်အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး မကိန်း၊ ဤသို့သော ပုဂ္ဂိုလ်သည် လျင်မြန်သောအဆိပ်ရှိလျက် ကြမ်းတမ်းသော အဆိပ်မရှိသော မြွေနှင့် တူ၏၊ ထိုမြွေသည် လျင်မြန်သော အဆိပ်ရှိလျက် ကြမ်းတမ်းသော အဆိပ်မရှိသကဲ့သို့၊ ဤသို့ မပြတ်အမျက်ထွက်လျက် ရှည်မြင့်စွာ အမျက်ဒေါသ မကိန်းသော ပုဂ္ဂိုလ်ကို ထိုမြွေနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ကြမ်းတမ်းသော အဆိပ်ရှိလျက် လျင်မြန်သော အဆိပ်မရှိသော မြွေနှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်မထွက်၊ ထိုအမျက်ဒေါသ သည်ကားထိုပုဂ္ဂိုလ်အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ကိန်း၏၊ ဤသို့သော ပုဂ္ဂိုလ်သည် ကြမ်းတမ်းသောအဆိပ်ရှိလျက် လျင်မြန်သော အဆိပ်မရှိသော မြွေနှင့် တူ၏၊ ထိုမြွေသည် ကြမ်းတမ်းသောအဆိပ်ရှိလျက် လျင်မြန်သော အဆိပ်မရှိသကဲ့သို့၊ ဤသို့ မပြတ် အမျက်မထွက်ဘဲလျက် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး အမျက်ဒေါသ ကိန်းသော ပုဂ္ဂိုလ်ကို ထိုမြွေနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျင်မြန်သော အဆိပ်လည်းရှိ၍ ကြမ်းတမ်းသော အဆိပ်လည်းရှိသောမြွေနှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်လည်း ထွက်၏၊ ထိုအမျက်ဒေါသသည်လည်း ထိုပုဂ္ဂိုလ်အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး ကိန်း၏၊ ဤသို့သော ပုဂ္ဂိုလ်သည် လျင်မြန်သော အဆိပ်လည်း ရှိ၍ ကြမ်းတမ်းသော အဆိပ်လည်းရှိသော မြွေနှင့် တူ၏၊ ထိုမြွေသည် လျင်မြန်သော အဆိပ်လည်း ရှိ၍ ကြမ်းတမ်းသော အဆိပ်လည်းရှိသကဲ့သို့ ဤသို့လျှင် မပြတ်အမျက် လည်း ထွက်၍် ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး အမျက်ဒေါသလည်းကိန်းသော ပုဂ္ဂိုလ်ကိုထိုမြွေန ှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လျင်မြန်သော အဆိပ်လည်းမရှိဘဲ ကြမ်းတမ်းသော အဆိပ်လည်းမရှိသော မြွေနှင့် တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မပြတ် အမျက်လည်း မထွက်၊ ထိုအမျက်ဒေါသသည်လည်း ထိုပုဂ္ဂိုလ်အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး မကိန်း၊ ဤသို့သော ပုဂ္ဂိုလ်သည် လျင်မြန်သော အဆိပ်လည်းမရှိဘဲ ကြမ်းတမ်းသော အဆိပ်လည်း မရှိသော မြွေနှင့် တူ၏၊ ထိုမြွေသည် လျင်မြန်သော အဆိပ်လည်းမရှိဘဲ ကြမ်းတမ်းသော အဆိပ်လည်း မရှိသကဲ့သို့ ဤသို့ မပြတ်အမျက်လည်း မထွက်၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး အမျက်ဒေါသလည်း မကိန်းသော ပုဂ္ဂိုလ်ကိုထိုမြွေနှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၄)

လောက၌ ထင်ရှားရှိသော မြွေနှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤသည်တို့ပေတည်း။

၁၆၄။ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မကောင်းသော အကျင့်ရှိကုန်သော, မှားသော အကျင့်ရှိကုန်သော တိတ္ထိတို့၏လည်းကောင်း၊ တိတ္ထိတပည့် သာဝကတို့၏လည်းကောင်း၊ ဂုဏ်ကျေးဇူးကို ကောင်းစွာ ကျင့်သူတို့ဟူ၍လည်းကောင်း၊ မှန်စွာ ကျင့်ကုန်သူတို့ဟူ၍လည်းကောင်း ပြောဆို၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သည် မည်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုတတ်သနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကောင်းသော အကျင့်ရှိကုန့်သော မှန်သော အကျင့်ရှိကုန်သော မြတ်စွာဘုရားတို့၏လည်းကောင်း၊ မြတ်စွာဘုရား တပည့်သာဝကတို့၏လည်းကောင်း၊ ဂုဏ်ကျေးဇူးမဲ့ကို မကောင်းသဖြင့် ကျင့်သူတို့ဟူ၍လည်းကောင်း၊ မှားယွင်းစွာကျင့်သူတို့ဟူ၍လည်းကောင်း ပြောဆို၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုတတ်သည် မည်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ မကြည်ညိုထိုက်သော အရာ၌ ကြည်ညိုခြင်းကို (ထင်ရှား) ပြသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မကောင်းသောအကျင့်မှားယွင်းသောအကျင့်၌ ကောင်းသောအကျင့်, မှန်သော အကျင့်ဟူ၍ ကြည်ညိုခြင်းကို ဖြစ်စေ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ မကြည်ညိုထိုက်သောအရာ၌ ကြည်ညိုခြင်းကို ပြတတ်သည် မည်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ ကြည်ညိုထိုက်သော အရာ၌ မကြည်ညိုခြင်းကို ပြသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကောင်းသောအကျင့် မှန်သောအကျင့်၌ မကောင်းသောအကျင့် မှားယွင်းသောအကျင့်ဟူ၍ မကြည်ညိုခြင်းကို ဖြစ်စေ၏၊ ဤသို့သောပုဂ္ဂိုလ်သည် မဆင်ခြင်မူ၍ (ဉာဏ်ဖြင့်) မသက်ဝင်မူ၍ ကြည်ညိုထိုက်သောအရာ၌ မကြည်ညိုခြင်းကိုပြတတ်သည် မည်၏။ (၄)

၁၆၅။ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ဆင်ခြင်၍ (ဉာဏ်ဖြင့်) မသက်ဝင်၍ မချီးမွမ်းထိုက်သူ၏ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မကောင်းသောအကျင့်, မှားယွင်းသော အကျင့်ရှိကုန်သော တိတ္ထိ, တိတ္ထိတပည့်တို့၏ ဂုဏ်ကျေးဇူးမဲ့ကို မကောင်းသော အကျင့်ရှိသူတို့ဟူ၍၊ မှားသော အကျင့်ရှိသူတို့ဟူ၍ ပြောဆို၏၊ ဤသို့သော ပုဂ္ဂိုလ်သည် ဆင်ခြင်၍ (ဉာဏ်ဖြင့်) သက်ဝင်၍ မချီးမွမ်းထိုက်သူ၏ ဂုဏ် ကျေးဇူးမဲ့ကို ပြောဆိုတတ်သည် မည်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ဆင်ခြင်၍ (ဉာဏ်ဖြင့်) သက်ဝင်မူ၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကိုပြောဆိုသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကောင်းသောအကျင့် မှန်သောအကျင့် ရှိကုန်သော မြတ်စွာဘုရား, မြတ်စွာဘုရား တပည့်တို့၏ ဂုဏ်ကျေးဇူးကို ကောင်းသော အကျင့်ရှိသူတို့ဟူ၍လည်းကောင်း၊ မှန်သောအကျင့် ရှိသူတို့ဟူ၍လည်းကောင်း ပြောဆို၏၊ ဤသို့သော ပုဂ္ဂိုလ်သည်ဆင်ခြင်၍ (ဉာဏ်ဖြင့်) သက်ဝင်၍ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ပြောဆိုတတ်သည် မည်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ဆင်ခြင်၍ (ဉာဏ်ဖြင့်) သက်ဝင်၍ မကြည်ညိုထိုက်သော အရာ၌ မကြည်ညိုခြင်းကို ပြသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် မကောင်းသောအကျင့်, မှားယွင်းသော အကျင့်၌ မကောင်းသောအကျင့်, မှားယွင်းသော အကျင့်ဟု မကြည်ညိုခြင်းကို ဖြစ်စေ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် ဆင်ခြင်၍ (ဉာဏ်ဖြင့်) သက်ဝင်၍ မကြည်ညိုထိုက်သောအရာ၌ မကြည်ညိုခြင်းကိုပြတတ်သည် မည်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ဆင်ခြင်၍ (ဉာဏ်ဖြင့်) သက်ဝင်၍ ကြည်ညိုထိုက်သော အရာ၌ ကြည်ညိုခြင်းကို ပြသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကောင်းသောအကျင့်, မှန်သောအကျင့်၌ ကောင်းသောအကျင့်, မှန်သောအကျင့်ဟု ကြည်ညိုခြင်းကို ဖြစ်စေ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် ဆင်ခြင်၍ (ဉာဏ်ဖြင့်) သက်ဝင်၍ ကြည်ညိုထိုက်သောအရာ၌ ကြည်ညိုခြင်းကို ပြတတ်သည် မည်၏။ (၄)

၁၆၆။ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ရံခါ ဟုတ်မှန်သည့် အတိုင်းပြောဆိုသနည်း၊ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ရံခါ ဟုတ်မှန်သည့် အတိုင်း မပြောဆိုသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဂုဏ်ကျေးဇူးလည်း ရှိ၏၊ ဂုဏ်ကျေးဇူးမဲ့လည်း ရှိ၏၊ ထိုနှစ်မျိုးတွင် ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆို၏၊ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆို၊ ဤသို့သော ပုဂ္ဂိုလ်သည် မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆိုသည် မည်၏၊ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆို။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်းပြောဆိုသနည်း၊ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆိုသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ဂုဏ်ကျေးဇူးလည်း ရှိ၏၊ ဂုဏ်ကျေးဇူးမဲ့လည်း ရှိ၏၊ ထိုနှစ်မျိုးတို့တွင် ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆို၏၊ ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆို၊ ဤသို့သော ပုဂ္ဂိုလ်သည် ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆို၏၊ မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆို။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မချီးမွမ်းထိုက်သူ၏လည်း ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်းပြောဆိုသနည်း၊ ချီးမွမ်းထိုက်သူ၏လည်း ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆိုသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဂုဏ်ကျေးဇူးလည်း ရှိ၏၊ ဂုဏ်ကျေးဇူးမဲ့လည်း ရှိ၏၊ ထိုနှစ်မျိုးတို့တွင် ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆို၏၊ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆို၏၊ ထိုနှစ်မျိုး၌ ထိုပြဿနာကို ဖြေဆိုခြင်းငှါ အခါကို သိ၏၊ ဤသို့သောပုဂ္ဂိုလ်သည် မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း ပြောဆို၏၊ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့် အတိုင်း ပြောဆို၏ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆိုသနည်း၊ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆိုသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဂုဏ်ကျေးဇူးလည်း ရှိ၏၊ ဂုဏ်ကျေးဇူးမဲ့လည်း ရှိ၏၊ ထိုနှစ်မျိုးတို့တွင် ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆို၊ ဂုဏ်ကျေးဇူးကိုလည်း ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆို၊ သတိနှင့် ပြည့်စုံသည်ဖြစ်၍ ပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက် နေ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးမဲ့ကို ရံခါဟုတ်မှန်သည့်အတိုင်းမပြောဆို၊ ချီးမွမ်းထိုက်သူ၏ ဂုဏ်ကျေးဇူးကို ရံခါဟုတ်မှန်သည့်အတိုင်း မပြောဆို။ (၄)

၁၆၇။ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လုံ့လအကျိုးကိုသာ မှီ၍ အသက်မွေးလျက် ကောင်းမှုအကျိုး ကိုမှီ၍ အသက်မမွေးသနည်း၊ အကြင်ပုဂ္ဂိုလ်အား ထကြွခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း၊ လုံ့လစိုက်ခြင်းဖြင့်လည်းကောင်း အသက်မွေးခြင်းသည် ဖြစ်၏၊ ရှေးကောင်းမှုအားဖြင့် အသက်မွေးခြင်းသည် မဖြစ်၊ ဤပုဂ္ဂိုလ်ကို လုံ့လကိုသာ မှီ၍ အသက်မွေးလျက် ရှေးကောင်းမှုအကျိုးကို မှီ၍အသက်မမွေးသော ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် ရှေးကောင်းမှုအကျိုးကို မှီ၍ အသက်မွေးလျက် လုံ့လအကျိုးကို မှီ၍အသက်မမွေးသနည်း၊ ပရနိမ္မိတဝသဝတ္တီနတ်တို့ကို အစပြု၍ ထိုပရနိမ္မိတဝသဝတ္တီနတ်ပြည်မှ အထက်၌ နတ်, ဗြဟ္မာတို့သည် ရှေးကောင်းမှုအကျိုးကိုသာ မှီ၍ အသက်မွေးကုန်၏၊ လုံ့လအကျိုးကို မှီ၍ အသက်မမွေးကုန်။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လုံ့လအကျိုးကိုလည်း မှီ၍ အသက်မွေးလျက် ကောင်းမှုအကျိုးကို လည်းမှီ၍ အသက်မွေးသနည်း၊ အကြင်ပုဂ္ဂိုလ်အား ထကြွခြင်းဖြင့်လည်းကောင်း၊ အားထုတ်ခြင်းဖြင့်လည်းကောင်း၊ လုံ့လစိုက်ခြင်းဖြင့်လည်းကောင်း၊ ရှေးကောင်းမှုအားဖြင့်လည်းကောင်း အသက်မွေးခြင်းသည် ဖြစ်၏၊ ဤပုဂ္ဂိုလ်ကို လုံ့လအကျိုးကိုလည်း မှီ၍ အသက်မွေးလျက် ကောင်းမှုအကျိုးကိုလည်း မှီ၍အသက်မွေး၏ဟူ၍ ဆိုအပ်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် လုံ့လအကျိုးကိုလည်း မှီ၍ အသက်မမွေး၊ ရှေးကောင်းမှုအကျိုးကိုလည်း မှီ၍ အသက်မမွေးသနည်း၊ ငရဲသူတို့သည် လုံ့လအကျိုးကိုလည်း မှီ၍ အသက်မမွေးကုန်၊ ရှေး့ကောင်းမှုအကျိုးကိုလည်း မှီ၍ အသက်မမွေးကုန်။ (၄)

၁၆၈။ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အမိုက်မှောင်သို့ သွားသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲသော ထမင်းအဖျော်နည်းသော ငြိုငြင်စွာ အသက်မွေးခြင်းရှိသော ဒွန်းစဏ္ဍားအမျိုး၌ သော်လည်းကောင်း၊ မုဆိုးအမျိုး၌ သော်လည်းကောင်း၊ နှီးသမားအမျိုး၌ သော်လည်းကောင်း၊ သားရေနယ်သမားအမျိုး၌ သော်လည်းကောင်း၊ ပန်းမှိုက်သွန် အမျိုး၌ သော်လည်းကောင်း၊ သူဆင်းရဲအမျိုး၌ သော်လည်းကောင်း ယုတ်နိမ့်သော အမျိုး၌ဖြစ်၏၊ အကြင်အမျိုး၌ ငြိုငြင်ဆင်းရဲသဖြင့်အစားအစာ အဝတ်ပုဆိုးကို ရအပ်၏၊ (ထို အမျိုး၌ဖြစ်၏)၊ ထိုသူသည်လည်း အဆင်းမလှ၊ မနှစ်လိုဖွယ်သော အသွင်အပြင်ရှိ၏၊ ပုကွ၏၊ အနာများ၏၊ ကန်းခြင်းသည်လည်းကောင်း၊ လက်ကောက်ခြင်းသည်လည်းကောင်း၊ ခြေခွင်ခြင်းသည်လည်ကောင်း၊ ဆွံ့ခြင်းသည်လည်းကောင်း ဖြစ်၏၊ ထမင်း, အဖျော်,အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း,အိပ်ရာ နေရာ, ဆီမီးကို ရခြင်းမရှိ၊ ထိုသူသည်ကိုယ်နှုတ်စိတ်ဖြင့် မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာ, ပျက်စီး၍ ကျရောက်ရာဖြစ်သော ငရဲ၌ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အမိုက်မှောင်သို့သွားသည် မည်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အလင်းသို့ သွားသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ဆင်းရဲသော ထမင်းအဖျော်နည်းသော ငြိုငြင်စွာ အသက်မွေးခြင်းရှိသော ဒွန်းစဏ္ဍားမျိုး၌ သော်လည်းကောင်း၊ မုဆိုးအမျိုး၌ သော်လည်းကောင်း၊ နှီးသမားအမျိုး၌ သော်လည်းကောင်း၊ သားရေနယ်သမားအမျိုး၌ သော်လည်းကောင်း၊ ပန်းမှိုက်သွန်အမျိုး၌ သော်လည်းကောင်း၊ သူဆင်းရဲအမျိုး၌ သော်လည်းကောင်း ယုတ်နိမ့်သောအမျိုး၌ဖြစ်၏၊ အကြင်အမျိုး၌ ငြိုငြင်ဆင်းရဲသဖြင့် အစားအစာ အဝတ်ပုဆိုးကို ရအပ်၏၊ (ထိုအမျိုး၌ဖြစ်၏)၊ ထိုသူသည်လည်း အဆင်းမလှ၊ မနှစ်လိုဖွယ်သော အသွင်အပြင်ရှိ၏၊ ပုကွ၏၊ အနာများ၏၊ ကန်းခြင်းသည်လည်းကောင်း၊ လက်ကောက်ခြင်းသည်လည်းကောင်း၊ ခြေခွင်ခြင်းသည်လည်းကောင်း၊ ဆွံ့ခြင်းသည်လည်းကောင်း ဖြစ်၏၊ ထမင်း, အဖျော်, အဝတ် (ပုဆိုး),ယာဉ်, ပန်း, နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း မရှိ၊ ထိုသူသည် ကိုယ်, နှုတ်,စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် ကောင်းသော အကျင့်ကိုကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့၏ လားရာဖြစ်သော နတ်ပြည်၌ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် အမိုက်မှောင်မှ (လာ၍) အလင်းသို့ သွားသည် မည်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ (လာ၍) အမိုက်မှောင်သို့ သွားသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော ဥစ္စာများသော အသုံးအဆောင်များသော ရွှေငွေဥစ္စာများသော နှစ်လိုဖွယ်ကို ပြုတတ်သည့် ဥစ္စာများသော များစွာသော ဥစ္စာစပါးရှိသော ခတ္ထိယမဟာသာလ အမျိုး၌ သော်လည်းကောင်း၊ ဗြာဟ္မဏမဟာသာလအမျိုး၌ သော်လည်းကောင်း၊ ဂဟပတိမဟာသာလအမျိုး၌ သော်လည်းကောင်း မြင့်မြတ်သော အမျိုး၌ဖြစ်၏၊ ထိုသူသည် အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော ကိုယ်အဆင်းနှင့် ပြည့်စုံ၏၊ ထမင်း, အဖျော်, အဝတ် (ပုဆိုး), ယာဉ်, ပန်း,နံ့သာ, နံ့သာပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း ရှိ၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့်မကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့် မကောင်းသောအကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ၊ ပျက်စီး၍ကျရာဖြစ်သော ငရဲ၌ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် အလင်းမှ (လာ၍) အမိုက်မှောင်သို့ သွားသည်မည်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အလင်းမှ (လာ၍) အလင်းသို့ သွားသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် ကြွယ်ဝသော ဥစ္စာများသော အသုံးအဆောင်များသော ရွှေငွေဥစ္စာ များသော နှစ်လိုဖွယ်ကိုပြုတတ်သည့်ဥစ္စာများသော များစွာသော ဥစ္စာစပါးရှိသော ခတ္ထိယ မဟာသာလအမျိုး၌ သော်လည်းကောင်း၊ ဗြာဟ္မဏမဟာသာလအမျိုး၌ သော်လည်းကောင်း၊ ဂဟပတိမဟာသာလအမျိုး၌ သော်လည်းကောင်း မြင့်မြတ်သော အမျိုး၌ဖြစ်၏၊ ထိုသူသည်လည်း အလွန် အဆင်းလှ၏၊ ရှုချင်ဖွယ်ရှိ၏၊ ကြည်ညိုဖွယ်ရှိ၏၊ မြတ်သော ကိုယ်အဆင်းနှင့် ပြည့်စုံ၏၊ ထမင်း, အဖျော်,အဝတ် (ပုဆိုး), ယာဉ်, ပန်း, နံ့သာ, နံ့သာ ပျောင်း, အိပ်ရာ နေရာ, ဆီမီးကို ရခြင်း ရှိ၏၊ ထိုသူသည် ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသော အကျင့်ကို ကျင့်၏၊ ထိုသူသည် ကိုယ်, နှုတ်, စိတ်ဖြင့်ကောင်းသော အကျင့်ကို ကျင့်၍ (ခန္ဓာ) ကိုယ်ပျက်စီး၍ သေသည်မှ နောက်၌ ကောင်းသောသူတို့၏လားရာဖြစ်သော နတ်ပြည်၌ဖြစ်ရ၏၊ ဤသို့သော ပုဂ္ဂိုလ် သည် အလင်းမှ (လာ၍) အလင်းသို့သွားသည်မည်၏။ (၄)

၁၆၉ အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အောက်သို့ ညွှတ်လေသနည်း။ပ။ ဤသို့သော ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အောက်သို့ ညွှတ်လေသည်မည်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အထက်သို့ ညွှတ်လေသနည်း။ပ။ ဤသို့သော ပုဂ္ဂိုလ်သည် အောက်မှ (လာ၍) အထက်သို့ ညွှတ်လေသည်မည်၏။ (၂)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အောက်သို့ ညွှတ်လေသနည်း။ပ။ ဤသို့ သော ပုဂ္ဂိုလ်သည် ကြွယ်ဝသော အထက်မှ (လာ၍) အောက်သို့ ညွှတ်လေသည် မည်၏။ (၃)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အထက်သို့ ညွှတ်လေသနည်း။ပ။ ဤသို့သော ပုဂ္ဂိုလ်သည် အထက်မှ (လာ၍) အထက်သို့ ညွှတ်လေသည် မည်၏။ (၄)

၁၇၀။ ထိုမာတိကာပုဒ်၌ သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် အဘယ်သည်တို့နည်း၊ သစ်ပင်တို့သည် မိမိက အကာပင်ဖြစ်လျက် အနှစ်ပင်တို့ဝိုင်းရံအပ်သော သစ်ပင်၊ (မိမိက) အနှစ်ပင်ဖြစ်လျက် အကာပင်တို့ဝိုင်းရံအပ်သော သစ်ပင်၊ မိမိက အကာပင်ဖြစ်လျက် အကာပင်တို့ဝိုင်းရံအပ်သောသစ်ပင်၊ (မိမိက) အနှစ်ပင်ဖြစ်လျက် အနှစ်ပင်တို့ဝိုင်းရံအပ်သော သစ်ပင်၊ ဤလေးမျိုးတို့ပေတည်း။ ဤအတူပင်လျှင် သစ်ပင်လေးမျိုးတို့နှင့် တူသော ပုဂ္ဂိုလ်လေးယောက်တို့သည် ဤလောက၌ ထင်ရှားရှိကုန်၏၊ သစ်ပင်လေးမျိုးတို့နှင့် တူသော ပုဂ္ဂိုလ်လေးယောက်တို့ဟူသည် အဘယ်တို့နည်း၊ မိမိက အကာပင်ဖြစ်လျက် အနှစ်ပင်တို့ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်၊ မိမိက အနှစ်ပင်ဖြစ်လျက်အကာပင်တို့ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်၊ မိမိက အကာပင်ဖြစ်လျက် အကာပင်တို့ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်၊ မိမိက အနှစ်ပင်ဖြစ်လျက် အနှစ်ပင်တို့ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသော ပုဂ္ဂိုလ်ဟူ၍ ပုဂ္ဂိုလ်တို့သည် ဤလေးယောက်တို့တည်း။

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိက အကာပင်ဖြစ်လျက် အနှစ်ပင်တို့ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသနည်း၊ ဤလောက၌ အချို့သော ပုဂ္ဂိုလ်သည် သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်၏ပရိသတ်သည်ကား သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ဤသို့သော ပုဂ္ဂိုလ်သည် မိမိက အကာပင်ဖြစ်လျက် အနှစ်ပင်တို့ဝိုင်းရံအပ်သော သစ်ပင်နှင့် တူ၏၊ ထိုသစ်ပင်သည် မိမိက အကာပင်ဖြစ်လျက်အနှစ်ပင်တို့ဝိုင်းရံသကဲ့သို့ ဤပုဂ္ဂိုလ်ကို ထိုသစ်ပင်နှင့် တူ၏ဟူ၍ မှတ်အပ်၏။ (၁)

အဘယ်သို့လျှင် ပုဂ္ဂိုလ်သည် မိမိက အနှစ်ပင်ဖြစ်လျက် အကာပင်တို့ ဝိုင်းရံအပ်သော သစ်ပင်နှင့်တူသနည်း၊ ဤလောက၌ အချို့သောပုဂ္ဂိုလ်သည် သီလရှိ၏၊ ကောင်းသော အကျင့်ရှိ၏၊ ထိုပုဂ္ဂိုလ်၏ပရိသတ်သည်ကား သီလမရှိ၊ ယုတ်ညံ့သော အကျင့်ရှိ၏၊ ဤသို့သောပုဂ္ဂိုလ်သည် မိမိက အနှစ်ပင်ဖြစ်လျက် အကာပင်တို့ဝိုင်းရံအပ်သော