မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆ ။)

၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်

(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတွင်ပါရှိသော “ကျန်းမာရေးဝန်ကြီးဌာန” ဆိုသည့်စကားရပ်ကို “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၂ တွင်(က) ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်“(ဂ) ထုတ်လုပ်ခြင်းဆိုသည်မှာ မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအဖြစ်သို့ ရောက်ရှိစေရန် အဆင့်ဆင့်ထုတ်လုပ်ခြင်း၊ ယင်းသို့ထုတ်လုပ်သော အရာဝတ္ထုကို ဓာတုပစ္စည်း သို့မဟုတ် အခြားပစ္စည်း တစ်မျိုးမျိုးနှင့်ရောစပ်၍ ပြုပြင်ထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်း သို့မဟုတ် ပြင်ဆင်ပြုလုပ်ခြင်းကို ဆိုသည်။” (ခ) ပုဒ်မခွဲ(စ)၏ နောက်တွင် ပုဒ်မခွဲ (ဆ) နှင့် (ဇ)တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် “(ဆ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။ (ဇ) လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်စေခြင်း ဆိုသည်မှာ သတ်မှတ်ဝတ်စုံဖြင့် ကြီးကြပ်သူရှေ့မှောက်၌ အများ ပြည်သူဆိုင်ရာနေရာများတွင် အများပြည်သူအကျိုးရှိစေသော လုပ်ငန်းများဖြစ်သည့် သစ်ပင်ပန်းမန်စိုက်ပျိုး ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းတံတားများ ပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်း၍ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်စေခြင်း စသည့် လုပ်ငန်းများကို တရားရုံးအမိန့်ပါပြစ်ဒဏ်အတိုင်း၊ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့လုပ်ကိုင်ဆောင်ရွက်ပေးခြင်းကိုဆိုသည်။”

၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၃ တွင် – (က) ပုဒ်မခွဲ (ခ) နှင့် (င) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် – ‘‘(ခ) မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင်သယ်ဆောင် ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများပါ ပြဋ္ဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ (င) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထိန်းချုပ်ရေးဆိုင်ရာ ကွန်ဗင်းရှင်းများနှင့်အညီ ပြည်တွင်းမူဘောင်များချမှတ်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ထုတ်လုပ်ခြင်းတို့ကို တားဆီးကာကွယ်ရန် ကမ္ဘာ့နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော ပြည်တွင်းအဖွဲ့ အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ရန်၊” (ခ) ပုဒ်မခွဲ (င) ၏ နောက်တွင် ပုဒ်မခွဲ (စ) နှင့် (ဆ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် “(စ) ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များကို အသုံးပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများတိုက်ဖျက်နှိမ်နင်းရေးနှင့် တားဆီးကာကွယ်ရေးကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက် ပေးရန်၊ (ဆ) ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ထိန်းချုပ်မှုဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ ရေတို၊ ရေရှည် စီမံကိန်းများနှင့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်အကောင် အထည်ဖော်ခြင်းဖြင့် တရားမဝင်စိုက်ပျိုးခြင်း၊ ထုတ်လုပ် ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် ဖြစ်ပေါ် လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့် ဆက်စပ်လျက်ရှိသည့် လူမှုစီးပွားရေးပြဿနာရပ်များအား ဖြေရှင်းရန်။”

၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည် “(က) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာနနှင့်အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအား အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေရမည်။”

၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၆ တွင် (က) ပုဒ်မခွဲ (က)၊ (၄) နှင့် (စ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် “(က) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ မူဝါဒများချမှတ်ခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ (င) ဆေးဝါးသုံးစွဲသူများအား စာရင်းကောက်ယူ၍ ဆေးကုသပေးရေး၊ အသိပညာပေးရေး၊ ပညာပေးလှုံ့ဆော်ရေးနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အန္တရာယ်လျှော့ချပေးရေးတို့နှင့်စပ်လျဉ်း၍ အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊ (စ) ဆေးဝါးသုံးစွဲသူများကို ပြန်လည်ထူထောင်ပေးရေးနှင့် စပ်လျဉ်း၍ စီမံချက်များ ချမှတ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်း၊ သင့်လျော်သော ကူညီထောက်ပံ့မှုများပေးခြင်း၊ ကောင်းမွန်သော လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိစေရန် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊’’ (ခ) ပုဒ်မခွဲ (ဈ) နှင့် (ည) တို့ကို ပယ်ဖျက်ရမည်။ (ဂ) ပုဒ်မခွဲ (ဏ) ၏ နောက်တွင် ပုဒ်မခွဲ (တ)၊ (ထ)၊ (ဒ)၊ (ဓ)၊ (န) နှင့် (ပ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် – “(တ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများ တရားခံလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များပေါ်ပေါက်လျှင် တရားခံလွှဲပြောင်းရေး ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊ (ထ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ ကို ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန် ကြီးကြပ်လမ်းညွှန်ခြင်း၊ (ဒ) အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ် ခြင်း၊ ကျန်းမာဖွံ့ဖြိုးသည့် လူမှုဘဝများဖြစ်လာစေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးကူညီခြင်းဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ကြီးကြပ်လမ်းညွှန်ခြင်း၊ (ဓ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများအား လူမှုရေးမီဒီယာများနှင့် အခြားသော သတင်း မီဒီယာများမှတစ်ဆင့် ကျောင်းအတွင်း၊ ကျောင်းပြင်ပ နှင့် လုပ်ငန်းခွင် နေရာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်ရန် ကြီးကြပ်လမ်းညွှန်ခြင်း၊ (န) ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဥပဒေအရ အကောင်အထည်ဖော်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်း များကို ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြီးကြပ်လမ်းညွှန်ခြင်း၊ (ပ) တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးရှင်းလင်းတင်ပြခြင်း။’’

၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဈ) နှင့် (ဋ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် – ‘‘(က) တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့၊ (ခ) အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၊ (ဈ) ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့၊ (ဋ) လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှု ကြီးကြပ်ရေးအဖွဲ့။’’

၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (က) တွင် ပါရှိသော ‘‘ပြည်နယ်/တိုင်း’’ ဆိုသည့်စကားရပ်ကို ‘‘တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အခန်း (၅) ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည် “ဆေးဝါးသုံးစွဲသူကို ဆေးကုသပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း”

၁၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၉ တွင် – (က) ပုဒ်မခွဲ (က) နှင့် (ခ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် – “(က)ဆေးဝါးသုံးစွဲသူသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်သည့် ဌာန၊ ဂေဟာ သို့မဟုတ် ဤကိစ္စ အလို့ငှာ အစိုးရအသိအမှတ်ပြုဆေးကုသဌာန၊ ဂေဟာ တွင် ဆေးကုသမှုခံယူရမည်။ (ခ) ဆေးဝါးသုံးစွဲသူအား ဆေးကုသပေးရေးနှင့် ဆေးကုသမှု ပြီးဆုံးပါက သက်ဆိုင်ရာ ပြုစုပျိုးထောင်ရေးစခန်းသို့ လွှဲပြောင်းပေးပို့ရန်အတွက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနသည် လိုအပ်သော အစီအစဉ်များ ချမှတ်ဆောင်ရွက်ရမည်။” (ခ) ပုဒ်မခွဲ (ဂ) တွင်ပါရှိသော မှတ်ပုံတင်၍” ဆိုသည့်စကားရပ်ကိုပယ်ဖျက်ရမည်။ (ဂ) ပုဒ်မခွဲ (ဂ) ၏နောက်တွင် ပုဒ်မခွဲ (ဃ)၊ (င)၊ (စ)၊ (ဆ)၊ (ဇ)နှင့် (ဈ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “(ဃ) ရဲတပ်ဖွဲ့ဝင်သည် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူအားပဏာမဆေးစစ်ချက် ခံယူရန်နှင့် ဆေးဝါးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက ဆေးကုသမှုခံယူနိုင်ရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့်ဌာန၊ ဂေဟာ သို့မဟုတ် ဤကိစ္စအလို့ငှာ အစိုးရက အသိ အမှတ်ပြုထားသည့် အနီးဆုံး ဆေးကုသဌာန၊ ဂေဟာသို့ဆောလျင်စွာ ပို့အပ်ရမည်။ (င) သက်ဆိုင်ရာရဲအရာရှိသည် ပဏာမဆေးစစ်ချက်ခံယူရန် နှင့် ဆေးကုသမှုခံယူရန် ပျက်ကွက်သူအား စိစစ်ပြီး လိုအပ်ပါက ခံဝန်ချုပ် ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်ရန် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားရမည်။ (စ) တရားရုံးသည် ပုဒ်မခွဲ(င) အရ လျှောက်ထားခြင်းခံရသူအား ဆေးစစ်ချက် ခံယူနိုင်ရေးနှင့် ဆေးကုသမှုခံယူနိုင်စေရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ခံဝန်ချုပ် ချုပ်ဆိုစေသည့် အမိန့်ချမှတ်နိုင်သည်။ (ဆ) တရားရုံးသည် ဆေးဝါးသုံးစွဲသူက ပုဒ်မခွဲ (စ) အရချမှတ်သော အမိန့်နှင့်အညီ ခံဝန်ချုပ် ချုပ်ဆိုခြင်းမပြုလျှင်ဖြစ်စေ၊ ချမှတ်သော ခံဝန်ချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ ဆေးကုသမှုခံယူရေးနှင့် ပြုစုပျိုးထောင်ရေးတို့အတွက် ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော သက်ဆိုင်ရာပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ခြောက်လ ပို့အပ်သည့် အမိန့်ချမှတ်ရမည်။ (ဇ) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် သက်ဆိုင်ရာပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းသို့ ပို့အပ်ရောက်ရှိသော ဆေးဝါးသုံးစွဲသူအား ပြန်လည်ထူထောင်ရေးကာလအတွင်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် တာဝန်ယူကုသပေးရမည်။ (ဈ) မည်သူမဆို ဆေးဝါးသုံးစွဲသူ သို့မဟုတ် ဆေးဝါးသုံးစွဲကြောင်း သံသယရှိသူနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့ သတင်းပေးပို့အကြောင်းကြားနိုင်သည်။’’

၁၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၁၀ ကို ပယ်ဖျက်ရမည်။

၁၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၁ ၏ ခြေဆင်းတွင်ပါရှိသော ‘‘ဆေးဝါးသုံးစွဲသူများအား ပြန်လည်ထူထောင်ရေး၊ ဆက်လက်စောင့်ရှောက်ရေး’’ ဆိုသည့် စကားရပ်ကို‘‘ဆေးဝါးသုံးစွဲသူများအား ပြုစုပျိုးထောင်ရေး၊ ပြန်လည်ထူထောင်ရေး’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် ပါရှိသော ‘‘လိုအပ်သလို’’ ဆိုသည့်စကားရပ်ကို ‘‘တတ်စွမ်းသမျှ’’ ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၁ ၏နောက်တွင် ပုဒ်မ ၁၁-က ကို အောက်ပါအတိုင်းဖြည့်စွက်ရမည် – ‘‘၁၁-က။ ဤဥပဒေပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများသည် ကာကွယ်ရေး၊ကုသရေး၊ စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆံ့ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တရားမဝင် သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းများတွင် ပါဝင်သည့် ရည်ရွယ်ချက်များ၊ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီစေရေးကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်။”

၁၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၂ ကို အောက်ပါအတိုင်း အစားထိုးရမည်- “၁၂။ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့သည် ပုဒ်မ ၁၅ အရ လူမှုအကျိုးလုပ်ငန်းဆောင်ရွက်စေသော ဆေးဝါးသုံးစွဲသူအား လိုအပ်ပါက ပြန်လည်ထူထောင်ရေးစခန်းသို့ ပြန်လည်ပို့ဆောင် ပေးခြင်းကိုသော်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းကိုသော်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။”

၁၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဃ)၏ နောက်တွင် ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “(င) ပြစ်မှုနှင့်သက်ဆိုင်သည့် မှတ်တမ်းများကို ဆက်သွယ်ရေးလုပ်ငန်းများထံမှ ကြည့်ရှုစစ်ဆေးခြင်းနှင့် မိတ္တူကူးယူခြင်း။”

၁၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၄ ၏ နောက်တွင် ပုဒ်မ ၁၄-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “၁၄-က။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူပြစ်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက် မှတ်တမ်းများနှင့်စပ်လျဉ်း၍ ဗဟိုအဖွဲ့က ထုတ်ဆင့်သည့် အမိန့်ရရှိလျှင် ဆက်သွယ်ရေးလုပ်ငန်းများမှ တာဝန်ရှိသူသည် ပြစ်မှုနှင့် သက်ဆိုင်သော မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် မိတ္တူကူးယူခြင်းတို့ကို ခွင့်ပြုရမည်။”

၁၈။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အခန်း (၇) ၏ နောက်တွင် အခန်း (၇-က)၊ အခန်းခေါင်းစဉ်နှင့် ပုဒ်မ ၁၅ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည် “အခန်း (၇-က) လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်စေခြင်း ၁၅။ ဆေးဝါးသုံးစွဲသူသည် ပုဒ်မ ၉၊ ပုဒ်မခွဲ (ဆ) အရ ဤကိစ္စအလို့ငှာ ဖွင့်လှစ်ထားသော ပြုစုပျိုးထောင်ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင် ရေးစခန်းသို့ ပို့အပ်ထားသည့် ကာလအတွင်း သက်ဆိုင်ရာ ပြုစုပျိုးထောင် ရေးစခန်း သို့မဟုတ် ပြန်လည်ထူထောင်ရေးစခန်းက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် လူမှုအကျိုးပြုလုပ်ငန်းများဖြစ် သည့် သစ်ပင်ပန်းမန်စိုက်ပျိုးခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ခြင်း၊ လမ်းတံတားများပြုပြင်ခြင်း၊ လူမှုရေးအဖွဲ့များနှင့် ပူးပေါင်း၍ အကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို ကြီးကြပ်သူ ရှေ့မှောက်၌ နှိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း သဘောမသက်ရောက်သည့် သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်လျက် တစ်ရက် ၂ နာရီဖြင့် အနည်း ဆုံး နာရီ ၂၄ဝ မှ အများဆုံး နာရီ ၃၆ဝ အထိ ကိုယ်တိုင်လုပ်အားဖြင့် အခမဲ့လုပ်ကိုင်ဆောင်ရွက်ရမည်။”

၁၉။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အခန်း (၈)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းတွင်ပါရှိသော မူလဥပဒေပုဒ်မ ၁၅ ကို ပယ်ဖျက်ရမည်။

၂၀။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်းအစားထိုးရမည်- “(ခ) သက်ဆိုင်ရာဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးကို ထုတ်လုပ်ရာ၌ အသုံးပြုသည့် ပစ္စည်းဖြစ်သည်ဟု ကြေညာထားသည့် ဓာတုပစ္စည်းများ သို့မဟုတ် ယင်းသို့ ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းကိရိယာများကို ဤဥပဒေအရ ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊”

၂၁။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ၁၇ ၏ နောက်တွင် ပုဒ်မ ၁၇-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “၁၇-က။ ဆက်သွယ်ရေးလုပ်ငန်းများမှ တာဝန်ရှိသူသည် ဗဟိုအဖွဲ့ကထုတ်ဆင့်သည့် အမိန့်ရရှိပြီးနောက်ပြစ်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက် မှတ်တမ်းများနှင့်စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးခြင်းနှင့်မိတ္တူကူးယူခြင်းတို့ကို ခွင့်ပြုရန် ငြင်းဆန်ခြင်း၊ ဖျောက်ဖျက်ခြင်း၊ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ပေးခြင်း၊ လွှဲပြောင်းပေးခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူအား အနည်းဆုံးသုံးနှစ်မှ အများဆုံး ငါးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။’’

၂၂။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၃ တွင်ပါရှိသော “ယခင်ကယင်းပြစ်မှုဖြင့်” ဆိုသည့်စကားရပ်ကို “ယခင်က ပုဒ်မ ၁၆ မှ ပုဒ်မ ၂၁ အထိ ပြဌာန်းထားသော ပြစ်မှုတစ်ခုခုဖြင့်”ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၂၃။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (က) ကို အောက်ပါအတိုင်း အစားထိုးရမည်- ‘‘(က) ပုဒ်မ ၁၅ မှအပ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်တတ်သူ သို့မဟုတ် ကျူးလွန်ကြောင်း ကျော်ဇောသတင်းရှိသူအား သုံးနှစ်ထက်မပိုသောကာလအတွင်း ကောင်းမွန်စွာ နေထိုင်စေရန် ခံဝန်ချုပ် ချုပ်ဆိုစေရမည်။

၂၄။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အခန်း (၈) ၏ နောက်တွင် အခန်း (၈-က)၊ အခန်းခေါင်းစဉ်၊ ပုဒ်မ ၂၅-က၊ ၂၅-ခ နှင့် ၂၅-ဂ တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်- “အခန်း(၈-က) ရန်ပုံငွေထူထောင်ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း ၂၅-က။ ဗဟိုအဖွဲ့သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်- (က) ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေခွဲဝေချထားပေးငွေနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ စေတနာရှင်များက လှူဒါန်း သောငွေကြေးများဖြင့် ရန်ပုံငွေထူထောင်နိုင်သည်။ (ခ) နိုင်ငံတော်က ထောက်ပံ့သောပစ္စည်းများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ စေတနာရှင်များက လှူဒါန်းသော ပစ္စည်းများကိုလက်ခံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲနိုင်သည်။ ၂၅-ခ။ ဗဟိုအဖွဲ့ သည်- (က) ပြည်ထောင်စုဘဏ္ဍာခွင့်ပြုငွေမှအပ ရန်ပုံငွေထိန်းသိမ်းခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စေတနာရှင်များ လှူဒါန်းထားသောပစ္စည်းများစီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းသတ်မှတ်ရမည်။ (ခ) ပုဒ်မခွဲ (က) ပါ ရန်ပုံငွေမှ အရအသုံးဆိုင်ရာ စာရင်းဇယားများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့် အညီ ပြုစုထားရှိပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏စစ်ဆေးခြင်းကို ခံယူရမည်။ ၂၅-ဂ။ (က) ပုဒ်မ၂၄၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ ပြစ်မှုနှင့်သက်ဆိုင်သည့် ငွေကြေး၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပါက ပြည်ထောင်စု၏ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်။ (ခ) ဗဟိုအဖွဲ့ သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပုဒ်မခွဲ (က) အရ ပေးသွင်းခဲ့သည့် ရန်ပုံငွေ၏ ရာခိုင်နှုန်းတစ်ရပ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်သည်။’’

၂၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၂၆ တွင်- (က) ပုဒ်မခွဲ (ဂ) ကို ပယ်ဖျက်ရမည်။ (ခ) ပုဒ်မခွဲ (ဃ) နှင့် (စ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်- ‘‘(ဃ) ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ မူးယစ်ဆေးဝါးနှစ်မျိုးပေါင်းသည် သုံးဂရမ်၊ (စ) ဆေးခြောက် သို့မဟုတ် ဆေးခြောက်အဆီ သို့မဟုတ် ယင်းနှစ်ခုပေါင်းဖြစ်ပါက တစ်ရာဂရမ်၊’’ (ဂ) ပုဒ်မခွဲ (ဇ) ၏နောက်တွင် အောက်ပါအတိုင်း ဖြည့်စွက်ရမည်- ‘‘(ဇ-၁) စိတ်ကြွရူးသွပ်ဆေးဖြစ်ပါက သုံးဂရမ်၊ (ဇ-၂) မက်အက်ဖီတမင်း ဟိုက်ဒရိုကလိုရိုက် (အိုက်စ်) ဖြစ်ပါက သုံးဂရမ်၊ (ဇ-၃) အက်ဖီဒရင်း သို့မဟုတ် ဆူဒိုအက်ဖီဒရင်း ဖြစ်ပါက သုံးဂရမ်၊’’

၂၆။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည်- ‘‘၂၇။ ဗဟိုအဖွဲ့၏ရုံးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ရမည်။’’

၂၇။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၃၀ ကို အောက်ပါအတိုင်း အစားထိုးရမည်- ‘‘၃၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်- (က) ပြည်ထဲရေးဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။’’

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။