၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥပဒေ

 

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၄ ။)

 

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၃ ရက်

 

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

 

 

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း (၁)

 

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

 

၁။ ဤဥပဒေကို ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥပဒေဟုခေါ်တွင်စေရမည်။

 

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

 

(က) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဆိုသည်။

 

( ခ ) ဗဟိုကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုကောင်စီကို ဆိုသည်။

 

( ဂ ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဆိုသည်။ (ဃ) မြို့နယ်အသင်း အလုပ်အမှုဆောင် ဖွဲ့စည်းရေးကြီးကြပ်မှုကော်မတီ ဆိုသည်မှာ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသည့် အဖွဲ့ကို ဆိုသည်။

 

( င ) မြို့နယ်အသင်း ဆိုသည်မှာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကို ဆိုသည်။

 

( စ ) အသင်းခွဲ ဆိုသည်မှာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲကို ဆိုသည်။

 

(ဆ) အသင်းသား ဆိုသည်မှာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အသင်းနှင့် အသင်းခွဲများ၏ အသင်းသားများကို ဆိုသည်။

 

အခန်း(၂)

 

ရည်ရွယ်ချက်

 

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

 

(က) မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်နှင့်ကလေးများ၊ မိသားစုများ၏ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်မှု လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအား ပံ့ပိုးကူညီမှုပေးသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်း၍ လွတ်လပ်စွာ စည်းရုံးဆောင်ရွက်ရန်၊

 

( ခ ) တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားရှိသော မြို့နယ်အသင်းများနှင့် အသင်းခွဲများအား မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှု အခြေခံပညာရပ်များကို စည်းရုံးဖြန့်ဖြူးပေးရန်၊

 

(ဂ) တစ်နိုင်ငံလုံးတွင် ဖွဲ့စည်းထားရှိသော မြို့နယ်အသင်းများနှင့် အသင်းခွဲများအား ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အထောက်အပံ့များ၊ အကူအညီများပေးရန်၊

 

(ဃ) မိခင်နှင့်ကလေးများ၊ မိသားစုများအား လိုအပ်သည့်အခါ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာအထောက်အပံ့များ၊ အကူအညီများပေးရန်၊

 

(င) မြို့နယ်အသင်းများနှင့် အသင်းခွဲများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ချောမောအဆင်ပြေစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်၊

 

(စ) မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများနှင့် မိသားစုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

 

အခန်း(၃)

 

ဖွဲ့စည်းခြင်း

 

၄။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

 

(က) မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊

 

(ခ) မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊

 

(ဂ) မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းခွဲ။

 

၅။ အသင်းခွဲကို ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ မြို့နယ်အသင်း၏ သဘောတူညီချက်ဖြင့်သာ ဖွဲ့စည်းနိုင်သည်။

 

၆။ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသည် ဗဟိုကောင်စီလည်းဖြစ်သည်။

 

၇။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါပုဂ္ဂိုလ်များ ပါဝင်သော ဗဟိုကောင်စီကို ဖွဲ့စည်းရမည်-

 

(က) ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်ထားသော ပုဂ္ဂိုလ် ၁ဦး ဥက္ကဋ္ဌ

 

(ခ) ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်ထားသော ပုဂ္ဂိုလ် ၁၄ဦး အဖွဲ့ဝင်

 

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်

 

မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှဥက္ကဋ္ဌ ၁၄ဦး အဖွဲ့ဝင်

 

(ဃ) ပြည်ထောင်စုနယ်မြေ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၁ဦး အဖွဲ့ဝင်

 

(င) စေတနာ့ဝန်ထမ်းလုပ်ငန်းကို စိတ်ပါဝင်စားသူ ၅ဦး အဖွဲ့ဝင်

 

၈။ ဗဟိုကောင်စီ၏ ဒုတိယဥက္ကဋ္ဌနှစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ တွဲဖက်အတွင်းရေးမှူး နှစ်ဦး၊ ဘဏ္ဍရေးမှူးတစ်ဦးနှင့် စာရင်းစစ်တစ်ဦးတို့ကို ဗဟိုကောင်စီဝင်များက မိမိတို့ထဲမှ လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ရမည်။

 

၉။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဗဟိုကောင်စီဥက္ကဋ္ဌက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပုဒ်မ ၈ အရ ရွေးချယ်တင်မြှောက်ခြင်းခံရသော ပုဂ္ဂိုလ်များသည် ယင်းတို့၏ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ရာထူးအတိုင်းလည်းကောင်း၊ ဗဟိုကောင်စီဝင်များက လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်သော အခြားဗဟိုကောင်စီဝင် ခုနှစ်ဦးသည် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်စေလျက်စုစုပေါင်း ၁၅ဦးဖြင့် ဖွဲ့စည်းရမည်။

 

၁၀။ (က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဂုဏ်ထူးဆောင် နာယကများကို တင်မြှောက်ခြင်းပြုနိုင်သည်။

 

(ခ) ပုဒ်မခွဲ(က) အရ တင်မြှောက်ခြင်းခံရသူသည် ဂုဏ်ထူးဆောင် အသင်းသားဖြစ်သည်။

 

၁၁။ ဝန်ကြီးဌာနသည် ပထမအကြိမ် ဗဟိုကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပပေးရမည်။

 

၁၂။ ဗဟိုကောင်စီ၏ နှစ်ပတ်လည်အစည်းအဝေးကို နှစ်စဉ်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးများ ခေါ်ယူကျင်းပနိုင်သည်။

 

၁၃။ (က) ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို အောက်ပါအတိုင်း ရွေးချယ်ရမည်-

 

(၁) ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အလုပ်အမှုဆောင် ကိုယ်စားလှယ်လောင်းအဖြစ် မြို့နယ်အသင်း အလုပ်အမှုဆောင် ဖွဲ့စည်းရေးကြီးကြပ်မှုကော်မတီက ကြီးကြပ်၍သက်ဆိုင်ရာ မြို့နယ်အသင်း၏ အသင်းသားများမှ လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်သည့်ကိုယ်စားလှယ်တစ်ဦး၊

 

(၂) ပုဒ်မခွဲငယ်(၁)အရ မြို့နယ်အလိုက် ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းများကိုနေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရကဖွဲ့စည်းပေးသော ကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ ဘဏ္ဍာရေးမှူး တစ်ဦး၊ စာရင်းစစ်တစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦး စုစုပေါင်းငါးဦး ပါဝင်သော ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ကို လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ဖွဲ့စည်းရမည်။

 

(ခ) ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များကို အောက်ပါအတိုင်း ရွေးချယ်ရမည်-

 

(၁) ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အလုပ်အမှုဆောင်ကိုယ်စားလှယ်လောင်းအဖြစ် မြို့နယ်အသင်း အလုပ်အမှုဆောင် ဖွဲ့စည်းရေးကြီးကြပ်မှုကော်မတီက ကြီးကြပ်၍ သက်ဆိုင်ရာမြို့နယ်အသင်း၏ အသင်းသားများက လျှို့ဝှက်ဆန္ဒမဲဖြင့်ရွေးချယ်သည့် ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် ခရိုင်ဖွဲ့စည်းပုံအရ လိုအပ်ပါက ငါးဦးထက်မပိုသော ကိုယ်စားလှယ်များ၊

 

(၂) ပြည်ထောင်စုနယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ဖွဲ့စည်းပေးသော ကြီးကြပ်မှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဥက္ကဋ္ဌ တစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ ဘဏ္ဍားရေးမှုးတစ်ဦး၊ စာရင်းစစ်တစ်ဦးနှင့် အဖွဲ့ဝင် တစ်ဦးစုစုပေါင်း ငါးဦးပါဝင်သော ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ကို လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ဖွဲ့စည်းရမည်။

 

၁၄။ (က) မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးတွင် မြို့နယ်အသင်း အလုပ်အမှုဆောင်ဖွဲ့စည်းရေးကြီးကြပ်မှုကော်မတီကို အသင်းသားများက သက်ဆိုင်ရာမြို့နယ်အတွင်းရှိ အများပြည်သူ ကြည်ညိုလေးစားခြင်းခံရသည့် အောက်ပါပုဂ္ဂိုလ် ၅ဦးပါဝင်သော အဖွဲ့ဖြင့် ဖွဲ့စည်းရမည်-

 

(၁) အငြိမ်းစားကျန်းမာရေး ဝန်ထမ်း ၁ဦး

 

(၂) အငြိမ်းစားပညာရေး ဝန်ထမ်း ၁ဦး

 

(၃) စီးပွားရေးလုပ်ငန်းရှင် ၁ဦး

 

(၄) ပရဟိတလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်နေသူ ၁ဦး

 

(၅) မိခင်နှင့်ကလေး ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ဝင်စားသူ ၁ဦး

 

(ခ) မြို့နယ်အသင်း အလုပ်အမှုဆောင်ဖွဲ့စည်းရေး ကြီးကြပ်မှုကော်မတီသည်

 

မြို့နယ်အသင်းနှစ်ပတ်လည်အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးတွင် မြို့နယ်အသင်း၏ အသင်းသားများထဲမှ-

 

(၁) ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အတွက် ကိုယ်စားလှယ်လောင်းတစ်ဦးကိုလည်းကောင်း၊

 

(၂) ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့အတွက် ကိုယ်စားလှယ်လောင်းတစ်ဦး သို့မဟုတ် ခရိုင်ဖွဲ့စည်းပုံအရ လိုအပ်ပါက ငါးဦးထက်မပိုသော ကိုယ်စားလှယ်လောင်းများကိုလည်းကောင်း၊

 

(၃) မြို့နယ်အသင်း အလုပ်အမှုဆောင်အဖွဲ့အတွက် အဖွဲ့ဝင်၇ဦးကိုလည်းကောင်းလျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးချယ်ရမည်။ (ဂ) မြို့နယ်အသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် မိမိတို့ထဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်တို့ကို ရွေးချယ်တင်မြှောက်ရမည်။ (ဃ) မြို့နယ်အသင်း၏ အသင်းသားများသည် မြို့နယ်အသင်း နှစ်ပတ်လည် အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးတွင် မြို့နယ်အသင်း အလုပ်အမှုဆောင် အဖွဲ့ဝင်များလစ်လပ်ပါက မိမိတို့ထဲမှ ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးလုပ်ငန်းများတွင် စိတ်ဝင်စားပြီး ကူညီပံ့ပိုးနိုင်မည့်ပုဂ္ဂိုလ်များဖြင့် အစားထိုး ရွေးချယ်တင်မြှောက်ရမည်။ ၁၅။ (က) မြို့နယ်အသင်း၏ သက်ဆိုင်ရာအသင်းခွဲတွင် ပါဝင်သော အသင်းသားများသည် အသင်းခွဲ နှစ်ပတ်လည် အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးတွင် မိမိတို့ထဲမှ အသင်းခွဲ အလုပ်အမှုဆောင်အဖြစ် ကျန်းမာရေး၊ လူမှုရေးနှင့်ပညာရေးလုပ်ငန်းများတွင် စိတ်ဝင်စားပြီး ကူညီပံ့ပိုးနိုင်မည့် ပုဂ္ဂိုလ် ၇ဦးကို မြို့နယ်အသင်း အလုပ်အမှုဆောင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွေးချယ်တင်မြှောက်ရမည်။ (ခ) အသင်းခွဲ အလုပ်အမှုဆောင်အဖွဲ့ကို ဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ ဘဏ္ဍာရေးမှူးတစ်ဦး၊ စာရင်းစစ်တစ်ဦးနှင့် အဖွဲ့ဝင်သုံးဦး၊ စုစုပေါင်း ခုနှစ်ဦးဖြင့် ဖွဲ့စည်းရမည်။ (ဂ) အသင်းခွဲ၏ အသင်းသားများသည် အသင်းခွဲနှစ်ပတ်လည် အစည်းအဝေး သို့မဟုတ် အထူးအစည်းအဝေးတွင် အသင်းခွဲအလုပ်အမှုဆောင် အဖွဲ့ဝင်များလစ်လပ်ပါက မိမိတို့ထဲမှ ကျန်းမာရေး၊ လူမှုရေးနှင့်ပညာရေး လုပ်ငန်းများတွင် စိတ်ဝင်စားပြီး ကူညီပံ့ပိုးနိုင်မည့် ပုဂ္ဂိုလ်များဖြင့် အစားထိုးရွေးချယ်တင်မြှောက်ရမည်။ ၁၆။ (က) ဗဟိုကောင်စီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့ရက်မှစ၍ငါးနှစ်ဖြစ်သည်။ (ခ) ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့် အသင်းခွဲအသီးသီး၏ အလုပ်အမှုဆောင်အဖွဲ့ သက်တမ်းသည် ဗဟိုကောင်စီ၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ၁၇။ မြို့နယ်အသင်းနှင့် အသင်းခွဲတို့သည် နှစ်ပတ်လည်အစည်းအဝေးကို နှစ်စဉ်ကျင်းပရမည်။ လိုအပ်ပါကအထူးအစည်းအဝေးများ ခေါ်ယူကျင်းပနိုင်သည်။ ယင်းအစည်းအဝေးတွင် လစ်လပ်လျက်ရှိသော အလုပ်အမှုဆောင် အဖွဲ့ဝင်နေရာများကို အစားထိုးရွေးချယ် ခန့်ထားနိုင်သည်။

 

အခန်း(၄)

 

အသင်းသားဖြစ်ခြင်း၊ အသင်းသားအဖြစ်မှရပ်စဲခြင်း

 

၁၈။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတွင် အောက်ပါအတိုင်း အသင်းသား အမျိုးအစားများခွဲခြားသတ်မှတ်ထားရှိသည်- (က) ဂုဏ်ထူးဆောင်အသင်းသား၊ (ခ) အသင်းသား။ ၁၉။ မြို့နယ်အသင်း သို့မဟုတ် အသင်းခွဲတွင် အသင်းသားအဖြစ် လျှောက်ထားလိုသူသည် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်သည်- (က) မြန်မာနိုင်ငံသားဖြစ်ခြင်း၊ (ခ) အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊ (ဂ) ရူးသွပ်သူမဟုတ်ခြင်း၊ (ဃ) သာသနာ့ဝန်ထမ်း မဟုတ်ခြင်း၊ (င) ဝင်ကြေး၊ နှစ်စဉ်ကြေးပေးဆောင်နိုင်သူဖြစ်ခြင်း။ ၂ဝ။ အောက်ပါ အကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် အသင်းသားအဖြစ်မှ ရပ်စဲခြင်းခံရမည်- (က) ကွယ်လွန်ခြင်း၊ (ခ) ဗဟိုကောင်စီက သတ်မှတ်ထားသည့် အသင်းသားတို့ လိုက်နာရမည့် စည်းကမ်းနှင့် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်း၊ (ဂ) ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့် အသင်းခွဲပိုင်ငွေ သို့မဟုတ် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ (ဃ) ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့် အသင်းခွဲ၏လုပ်ငန်းများကို ဟန့်တားခြင်း၊ ဖျက်ဆီးခြင်း၊ နှောင့်ယှက်ခြင်း၊ (င) ဗဟိုကောင်စီ သို့မဟုတ် သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ပြုမူဆောင်ရွက်ခြင်း။ ၂၁။ မြို့နယ်အသင်း သို့မဟုတ် အသင်းခွဲများ၏ အသင်းသားဖြစ်ခြင်းနှင့် အသင်းသားအဖြစ်မှရပ်စဲခြင်းကို သက်ဆိုင်ရာမြို့နယ်အသင်း သို့မဟုတ် အသင်းခွဲ၏ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ရမည်။ ၂၂။ ပုဒ်မ ၂၁ အရ ချမှတ်သည့် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဗဟိုကောင်စီသို့ အယူခံနိုင်သည်။ ၂၃။ (က) ဗဟိုကောင်စီသည် ပုဒ်မ ၂၂အရ အယူခံမှုအပေါ်အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ (ခ) ဗဟိုကောင်စီက ချမှတ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

 

အခန်း(၅)

 

တာဝန်နှင့် လုပ်ပိုင်ခွင့်

 

၂၄။ ဗဟိုကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်- (က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ရွေးကောက်တင်မြှောက်ခြင်း၊ (ခ) အသင်းသားအဖြစ်လက်ခံခြင်း၊ ဝင်ကြေး၊ နှစ်စဉ်ကြေးတို့နှင့် စပ်လျဉ်း၍ သတ်မှတ်ခြင်း၊ (ဂ) အသင်းသားများလိုက်နာရမည့် စည်းကမ်းများနှင့်ကျင့်ဝတ်များကို သတ်မှတ်ခြင်း၊ (ဃ) မြို့နယ်အသင်းများနှင့် အသင်းခွဲများက ဆောင်ရွက်ရမည့် ကျန်းမာရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများကို အခါအားလျော်စွာ သတ်မှတ်ပေးခြင်း၊ (င) ဗဟိုကောင်စီ၏ ရုံးအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ဝန်ထမ်းများ ခန့်ထားခြင်းနှင့် လစာနှုန်းထားများသတ်မှတ်ခြင်း။ (စ) မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ကိုယ်စား ပဋိညာဉ်များ၊ သဘောတူ စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ စည်းကမ်းများကို သတ်မှတ်ပေးခြင်း၊ (ဆ) အကျိုးတူ၊ ရည်ရွယ်ချက်တူ လုပ်ငန်းများကို ဆောင်ရွက်ကြသည့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ (ဇ) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံမှ ရရှိသည့် ရန်ပုံငွေများနှင့် ပစ္စည်းများကို စနစ်တကျစာရင်းထားရှိခြင်းနှင့် စီမံခန့်ခွဲခြင်း၊ (ဈ) သက်ဆိုင်ရာ မြို့နယ်အသင်း သို့မဟုတ် အသင်းခွဲ၏ ဆုံးဖြတ်ချက်အပေါ် အယူခံမှုကို ဆုံးဖြတ်ခြင်း၊ (ည) မိခင်နှင့်ကလေးများ အပါအဝင် မိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကူညီဆောင်ရွက်ခြင်း။ ၂၅။ ဗဟိုကောင်စီသည် ပုဒ်မ ၂၂ အရ တင်သွင်းလာသော အယူခံမှုများကို ဆုံးဖြတ်ရမည်။ ၂၆။ (က) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး သို့မဟုတ် ပုံမှန်အစည်းအဝေးများ ကျင်းပချိန်မဟုတ်သည့်အခါ ပုဒ်မ ၂၄ နှင့် ပုဒ်မ ၂၅ တို့ပါ ဗဟိုကောင်စီ၏ တာဝန်ဝတ္တရားများကို တာဝန်ခံဆောင်ရွက်ရမည်။ ယင်းဆောင်ရွက်ချက်များကို အနီးကပ်ဆုံး ဗဟိုကောင်စီအစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ (ခ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့သည် ဗဟိုကောင်စီက ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ (ဂ) ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သည် မြို့နယ်အသင်းနှင့် အသင်းခွဲများ၏လုပ်ငန်းများကို အထောက်အကူပြုရမည်။ (ဃ) ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သည် ဗဟိုကောင်စီက အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ရမည်။ (င) ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သည် ခရိုင်အတွင်းရှိ မြို့နယ်အသင်းနှင့် အသင်းခွဲများ၏ လုပ်ငန်းများကို အထောက်အကူပြုရမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ကပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ရမည်။

 

အခန်း(၆)

 

ဘဏ္ဍာရေး

 

၂၇။ ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့် အသင်းခွဲ အသီးသီးသည်- (က) အမြတ်အစွန်းကို မရည်ရွယ်သည့် အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရမည့်အပြင် မိမိရန်ပုံငွေဖြင့် ရပ်တည်ရမည်။ (ခ) ရငွေများကို ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်၍ အပ်နှံထားရမည်။ ဘဏ်ရှိငွေများကို မိခင်နှင့်ကလေးစောင့်ရှောက်ရေး လုပ်ငန်းများအတွက် လိုအပ်ပါက သုံးစွဲပိုင်ခွင့်ရှိသည်။ လတ်တလောအသုံးပြုရန် မလိုအပ်သည့် ရန်ပုံငွေကို တိုးပွားအောင် ငွေစုလက်မှတ်ဝယ်ယူနိုင်သည်။ (ဂ) ငွေစာရင်းများကို စနစ်တကျထားရှိခြင်းနှင့် ထိန်းသိမ်းခြင်းပြုရမည်။ (ဃ) ရန်ပုံငွေရှာဖွေခြင်း၊ ငွေကြေးသုံးစွဲခြင်း၊ သုံးစွဲခွင့်ရယူခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများတွင် သတ်မှတ်သည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။ (င) ဘဏ္ဍာရေးနှစ်အတွင်း ရငွေသုံးငွေ စာရင်းများကို စာရင်းစစ်အား စစ်ဆေးစေခြင်း၊ စာရင်းရှင်းတမ်းကို ရေးဆွဲပြုစုစေခြင်း ပြုရမည်။ ၂၈။ ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့သည် မိမိအဖွဲ့ပိုင် နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ မိခင်၊ ကလေးနှင့် မိသားစုစောင့်ရှောက်ရေးလုပ်ငန်းအတွက် တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲခွင့်ရှိသည်။ ၂၉။ ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့် အသင်းခွဲတို့၏ စာရင်းများထားရှိခြင်း၊ စာရင်းစစ်ဆေးခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာစာရင်းစစ်ရုံး၏ စစ်ဆေးခြင်းကို ခံယူရမည်။ ၃၀။ ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့်အသင်းခွဲတို့၏ဘဏ္ဍာရေးနှစ်သည်ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရေးနှစ်အတိုင်း ဖြစ်သည်။

 

အခန်း(၇)

 

အထွေထွေ

 

၃၁။ ဤဥပဒေနှင့်အညီ ဖွဲ့စည်းသော ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့် အသင်းခွဲတို့မှအပ ယင်းတို့၏အမည်ကိုလည်းကောင်း၊ အလားတူ အမည်ကိုလည်းကောင်း သုံးစွဲ၍ တစ်စုံတစ်ရာပြုလုပ်လျှင် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူခြင်းခံရမည်။

 

၃၂။ ဗဟိုကောင်စီ၊ ပြည်ထောင်စုနယ်မြေ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်အသင်းနှင့် အသင်းခွဲအသီးသီးသည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲဆိုခံနိုင်ခွင့် ရှိစေရမည်။

 

၃၃။ အသင်းသားတို့ လိုက်နာရမည့် စည်းကမ်းများနှင့် ကျင့်ဝတ်များသည်လည်းကောင်း၊ စည်းကမ်းနှင့်ကျင့်ဝတ်ဖောက်ဖျက်သူ အသင်းသားများအား စုံစမ်းအရေးယူခြင်းဆိုင်ရာ ကိစ္စများသည်လည်းကောင်းဗဟိုကောင်စီက သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

 

၃၄။ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် ဥပဒေအရ ဖွဲ့စည်းခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နေပြည်တော်ကောင်စီ အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ မြို့နယ်အသင်းနှင့် မြို့နယ်အသင်းခွဲတို့သည် ဤဥပဒေအရ သက်ဆိုင်ရာအဖွဲ့အစည်း ဖွဲ့စည်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်။

 

၃၅။ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥပဒေ (၁၉၉၀ ပြည့်နှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၂၁။) အရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

 

၃၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်- (က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။ (ခ) ဝန်ကြီးဌာနနှင့် ဗဟိုကောင်စီတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 

၃၇။ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥပဒေ (၁၉၉၀ ပြည့်နှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၂၁။) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

(ပုံ) ဝင်းမြင့်

 

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။