အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေ

 

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅ ။)

 

၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၄ ရက်

 

(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း(၁)

 

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

 

၁။ ဤဥပဒေကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေ ဟု ခေါ်တွင်စေရမည်။

 

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်။

 

(က) တက္ကသိုလ် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကိုဆိုသည်။

 

( ခ) ထေရဝါဒ ဆိုသည်မှာ ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ သင်္ဂါယနာ ခြောက်တန် တင်ထားသော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ အစရှိသည့် ဗုဒ္ဓဟောကြားတော်မူခဲ့သည် များကို ပြောင်းလဲမှုမရှိဘဲ သန့်ရှင်းစွာ တည်တံ့စေရန် ထိန်းသိမ်းထားသည် ပိဋကတ်တော်လာ ဖော်ပြချက်များကို ဆိုသည်။

 

( ဂ) ဩဝါဒါစရိယအဖွဲ့ ဆိုသည်မှာ တက္ကသိုလ်၏ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဩဝါဒ ချီးမြှင့်နိုင်ရန် ဤဥပဒေအရဖွဲ့စည်းသည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဩဝါဒါစရိယအဖွဲ့ ကိုဆိုသည်။

 

(ဃ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရ အဖွဲ့ ကို ဆိုသည်။

 

(င) ဝန်ကြီးဌာန ဆိုသည်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို ဆိုသည်။

 

(စ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကောင်စီကို ဆိုသည်။

 

(ဆ) ဝန်ထမ်းဖွဲ့စည်းပုံ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဝန်ထမ်းဖွဲ့စည်းပုံကို ဆိုသည်။

 

အခန်း(၂)

 

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တည်ထောင်ခြင်း

 

၃။ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် ၁၀/၉၈) ဖြင့် တည်ထောင်ခဲ့သည့် တက္ကသိုလ်ကို ဤဥပဒေအရ ဆက်လက်ထားရှိရမည်။

 

၄။ တက္ကသိုလ်သည် အောင်လက်မှတ်၊ ဒီပလိုမာလက်မှတ်၊ ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် တက္ကသိုလ် ပညာဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ ချီးမြှင့်ခွင့်ရှိသည်။

 

၅။ တက္ကသိုလ်သည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ဆောင်ရွက်ခွင့်၊ စဉ်ဆက်မပြတ် ဆောင်ရွက် ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိစေရမည်။

 

၆။ တက္ကသိုလ်သည် ပြည်တွင်း ပြည်ပတို့၌ ယင်း၏ ကြီးကြပ်မှုအောက်ရှိ ဆက်သွယ်ပေါင်းကူး ဆောင်ရွက်နိုင်သော ထေရဝါဒ ဗုဒ္ဓသာသနာပြု ကောလိပ်၊ သင်တန်းကျောင်းနှင့် တရားစခန်းများကို လိုအပ်သလို ဖွဲ့စည်းတည်ထောင်နိုင်သည်။ ။

 

၇။ တက္ကသိုလ်သည် ပြည်တွင်းပြည်ပရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ ပညာရေး အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အပြန်အလှန် ပူးပေါင်းဆက်သွယ်ဆောင်ရွက်နိုင်သည်။

 

အခန်း(၃)

 

ရည်မှန်းချက်များ

 

၈။ တက္ကသိုလ်၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

 

(က) ထေရဝါဒဗုဒ္ဓသာသနာတော် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန့်ပွားစေရန်၊

 

( ခ) သင်္ဂါယနာ ခြောက်တန်တင် ထေရဝါဒပိဋကတ်စာပေများကို မူရင်းအတိုင်း သင်ယူခွင့် ရရှိပြီး လိုက်နာကျင့်သုံးနိုင်စေရန်၊

 

(ဂ) အကုသိုလ်ဖြစ်စေမည့် ဒုစရိုက်မှုများကို သိရှိရှောင်ကြဉ်၍ ကုသိုလ်ဖြစ်စေမည့် သုစရိုက်မှု များကို သိရှိဖြည့်ဆည်း ကျင့်သုံးနိုင်စေရန်၊

 

(ဃ) ကမ္ဘာတစ်ဝန်းလုံးတွင် ဗြဟ္မစိုရ်တရား ထွန်းကား၍ ငြိမ်းချမ်းသာယာသည့် လူ့ဘောင် လောကကြီး ဖြစ်လာနိုင်စေရန်၊

 

(င) ပရိယတ္တိဆိုင်ရာ ပိဋကတ်စာပေ ကျွမ်းကျင်နှံ့စပ်၍ ပဋိပတ္တိဆိုင်ရာအကျင့်သီလ ပြည့်စုံသော သာသနာပြုပုဂ္ဂိုလ်များ တိုးပွားလာစေရန်၊

 

(စ) ထေရဝါဒ ပိဋကတ်တော်များကို မူရင်းအတိုင်း လေ့လာသင်ယူလိုသည့် ပြည်တွင်း ပြည်ပမှ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနိုင်ရန်၊

 

(ဆ) ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ပြည်တွင်းပြည်ပရှိ ဗုဒ္ဓဘာသာဆိုင်ရာ တက္ကသိုလ်များ၊ တက္ကသိုလ်၏ ရည်မှန်းချက်ကို အထောက်အကူပြုစေမည့် အခြား တက္ကသိုလ်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊

 

( ဇ) ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားရေးအတွက် နိုင်ငံတကာသို့ သာသာနာပြု စေလွှတ်နိုင်ရန်။

 

အခန်း(၄)

 

ဩဝါဒါစရိယအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

 

၉။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဩဝါဒါစရိယအဖွဲ့ ကို အောက်ပါ ဆရာတော်ကြီးများဖြင့် ဖွဲ့စည်းသည်

 

(က) ဥက္ကဋ္ဌ ဥက္ကဋ္ဌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊

 

( ခ) အကျိုးတော်ဆောင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊

 

( ဂ) ဒုတိယဥက္ကဋ္ဌ ခြောက်ပါး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊

 

(ဃ) နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေး | ဗဟိုအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် လည်းဖြစ်သော ဆရာတော် သုံးပါး၊

 

(c) ပါမောက္ခချုပ် အဖွဲ့ဝင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ (စ) ပါမောက္ခချုပ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၊ (ဆ) အဓိပတိ အဖွဲ့ဝင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်းမြို့၊ (ဇ) မဟာဌာနမှူးဆရာတော် လေးပါး အဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ (ဈ) ပါမောက္ခချုပ် အတွင်းရေးမှူး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ (ည) ဒုတိယပါမောက္ခချုပ်ဆရာတော် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်။ အတွင်းရေးမှူး အဖွဲ့ဝင်

 

၁၀။ ဩဝါဒါစရိယအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်(က) တက္ကသိုလ် ပညာရေးကို ထေရဝါဒပိဋကတ်တော်နှင့်အညီ ဖြစ်စေရန် ကြပ်မတ်၍ ဩဝါဒချီးမြှင့်ခြင်း၊ (ခ) တက္ကသိုလ်တွင် ပညာသင်ကြားပို့ချသူများ အဆင့်မြင့်မား တိုးတက်လာစေရန် သြဝါဒ ချီးမြှင့်ခြင်း၊ (ဂ) ကောင်စီ၏ လိုအပ်ချက်များကို ဩဝါဒချီးမြှင့်ခြင်း၊ (ဃ) ကောင်စီအရေးပေါ် အစည်းအဝေးခေါ်ယူရန် လိုအပ်ပါက ညွှန်ကြားခြင်း။

 

၁၁။ ဩဝါဒါစရိယအဖွဲ့၏ ဥက္ကဋ္ဌသည် တက္ကသိုလ်၏ အဓိပတိဖြစ်ပြီး ဒုတိယဥက္ကဋ္ဌသည် တက္ကသိုလ်၏ ဒုတိယအဓိပတိ ဖြစ်သည်။

 

၁၂။ ဩဝါဒါစရိယအဖွဲ့ အစည်းအဝေးကို ခြောက်လလျှင်တစ်ကြိမ် ကျင်းပပြုလုပ်ရမည်။

 

အခန်း(၅)

 

ကောင်စီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ

 

၁၃။ အစိုးရအဖွဲ့သည် တက္ကသိုလ်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်

 

(က) ပါမောက္ခချုပ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊

 

(ခ) ဒုတိယပါမောက္ခချုပ် (သင်ကြား) နှင့် မဟာဌာနမှူးများ နာယကအဖွဲ့ဝင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊

 

(ဂ) ပြည်ထောင်စုဝန်ကြီး ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊

 

(ဃ) ဒုတိယဝန်ကြီး ၊ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊

 

(င) အမြဲတမ်းအတွင်းဝန် အဖွဲ့ဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊

 

( စ) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ပေး အဖွဲ့ဝင် အပ်သော လူပုဂ္ဂိုလ် ပညာရှင်များ၊

 

(ဆ) ညွှန်ကြားရေးမှူးချုပ် သာသနာရေးဦးစီးဌာန၊နာယက ဥက္ကဋ္ဌ အဖွဲ့ဝင်

 

(ဇ) ညွှန်ကြားရေးမှူးချုပ် သာသနာတော်ထွန်းကားပြန့်ပွားရေး ၊ အဖွဲ့ဝင် ဦးစီးဌာန၊

 

(ဈ) ဒုတိယအမြဲတမ်းအတွင်းဝန် အဖွဲ့ဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊

 

(ည) ဒုတိယပါမောက္ခချုပ်(စီမံ) အတွင်းရေးမှူး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်။

 

၁၄။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီဝင်သည် ကောင်စီက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစား ခွင့်ရှိသည်။

 

၁၅။ ဩဝါဒါစရိယအဖွဲ့ အစည်းအဝေး ကျင်းပပြီးသည့်နောက်တွင် ကောင်စီအစည်းအဝေးကို ဆက်လက်ကျင်းပရမည်။ လိုအပ်ပါက အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပနိုင်သည်။

 

၁၆။ ကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်

 

(က) သြဝါဒါစရိယအဖွဲ့ထံမှ သြဝါဒခံယူခြင်း၊

 

(ခ) သြဝါဒါစရိယအဖွဲ့ အစည်းအဝေးများ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊

 

(ဂ) တက္ကသိုလ် ပညာရေးဆိုင်ရာမူဝါဒ ချမှတ်ခြင်း၊

 

(ဃ) တက္ကသိုလ်ကို ခေတ်မီဖွံ့ ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊

 

(င) တက္ကသိုလ်ပညာရေးနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများနှင့် သင်ကြားရေး လုပ်ငန်းများဆောင်ရွက်ရန် သတ်မှတ်ပေးခြင်း၊

 

( စ) တက္ကသိုလ်အုပ်ချုပ်ရေးနှင့်သက်ဆိုင်သည့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် သတ်မှတ်ပေးခြင်း၊

 

(ဆ) တက္ကသိုလ်က အပ်နှင်းမည့် အောင်လက်မှတ်၊ ဒီပလိုမာလက်မှတ်၊ ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် တက္ကသိုလ်ပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ သတ်မှတ်ခြင်း၊ ယင်းတို့အတွက် သင်တန်းအမျိုးအစားနှင့် သင်တန်းကာလများ သတ်မှတ်ခြင်း၊

 

(ဇ) တက္ကသိုလ်တွင် လက်ခံသင်ကြားမည့် သင်တန်းသားဦးရေ သတ်မှတ်ခြင်း၊

 

(ဈ) တက္ကသိုလ်ဝင်ခွင့်အရည်အချင်းသတ်မှတ်ခြင်း၊

 

(ည) တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်မည့် ဆရာများ၏ အရည်အချင်း သတ်မှတ်ခြင်း၊

 

( ဋ) တက္ကသိုလ် စာမေးပွဲများနှင့် စပ်လျဉ်း၍ ညွှန်ကြားခြင်း၊

 

( ဌ) တက္ကသိုလ်၏ ပညာသင်ဆု၊ ပညာရပ်ဆိုင်ရာ ထူးချွန်ဆုများကို သတ်မှတ်ခြင်း၊

 

(၃) တက္ကသိုလ်၏ စီမံခန့်ခွဲရေးလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခြင်း၊

 

(ဎ) တက္ကသိုလ်၏ ကြီးကြပ်မှုအောက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကောလိပ်၊ သင်တန်းကျောင်းနှင့် တရားစခန်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊

 

(ဏ) လိုအပ်သော ကျွမ်းကျင်မှုအကူအညီ၊ အခြားအကူအညီများနှင့် အကြံဉာဏ်များကို အစိုးရဌာနများ၊ အဖွဲ့ အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်ပုဂ္ဂိုလ်များထံမှ ရယူခြင်း၊

 

(တ) တက္ကသိုလ်ရှိ အဖွဲ့ အစည်းများ၏ ဆောင်ရွက်ချက်များကို စိစစ်သုံးသပ်ခြင်း၊

 

(ထ) သင်ကြားရေးနှင့် သုတေသနပြုရေး လုပ်ငန်းများအတွက် လမ်းညွှန်ချက်များ ချမှတ်ခြင်း၊

 

(ဒ) တက္ကသိုလ်အတွက် စာကြည့်တိုက်၊ ပြတိုက်များကို တည်ထောင်ခြင်း၊

 

(ဓ) သတင်းအချက်အလက်များ ဖြန့်ချိခြင်းနှင့် လက်ခံထိန်းသိမ်းခြင်းတို့အတွက် လိုအပ်သည့် နည်းပညာများ ရရှိစေရန် စီစဉ်ဆောင်ရွက်ခြင်း၊

 

( န ) တက္ကသိုလ်၏ ရည်မှန်းချက်ကို အထောက်အကူပြုစေမည့် အခြားတက္ကသိုလ်များ၊ ပညာရေးအဖွဲ့ အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

 

(ပ) တက္ကသိုလ်ပိုင် ရန်ပုံငွေများ၊ အဆောက်အဦနှင့် ပစ္စည်းများကို သတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊

 

(ဖ) တက္ကသိုလ်သို့ လှူဒါန်းသော ငွေကြေး၊ ပစ္စည်းနှင့်အခြားအကူအညီများကို လက်ခံခြင်း၊ သတ်မှတ်ချက်နှင့်အညီ ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်း၊

 

(ဗ) ဤဥပဒေအရ ရဟန်းတော်များနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော လူပုဂ္ဂိုလ်ပညာရှင်များကို ခန့်အပ်ရာတွင် တက္ကသိုလ်ပညာရေးအဖွဲ့ နှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ တို့က အဆိုပြုရွေးချယ်မှုကို ကောင်စီအစည်းအဝေးတွင်တင်ပြ၍ အတည်ပြုချက်ဖြင့် ခန့်အပ်ခြင်း၊

 

(ဘ) တက္ကသိုလ်ပညာရေးအဖွဲ့နှင့် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့တို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးခြင်း။

 

အခန်း(၆)

 

ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်

 

၁၇။ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား) တို့ကို ခန့်အပ်ရာတွင် ဩဝါဒါစရိယ အဖွဲ့၏ အတည်ပြုချက်ရယူ၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝန်ကြီးဌာနက ခန့်အပ်ရမည်။

 

၁၈။ တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား) တို့၏ ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

 

(က) သက်တော် ၅၀ နှစ်၊ သိက္ခာတော် ၃၀ ဝါပြည့်ပြီး ဖြစ်ရမည်။

 

( ခ ) ပါရဂူဘွဲ့ ရရှိပြီးဖြစ်ရမည်။

 

(ဂ) အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရမည်။

 

(ဃ) အောက်ဖော်ပြပါ ပရိယတ္တိစာမေးပွဲများအနက် အနည်းဆုံးသုံးခု အောင်မြင်ရမည်

 

(၁) သာသနဓဇဓမ္မာစရိယ သို့မဟုတ် သာသနတက္ကသီလ မဟာဓမ္မာစရိယ၊

 

(၂) သာသနဓဇသိရီပဝရဓမ္မာစရိယ သို့မဟုတ် ပါဠိပါရဂူ၊

 

(၃) ပရိယတ္တိသာသနဟိတဓမ္မာစရိယ၊ သကျသီဟ၊

 

(၄) စေတီယင်္ဂဏ ပရိယတ္တိဓမ္မာစရိယဂဏဝါစက။

 

(c) ရဟန်းရှင်လူတို့ လေးစားထိုက်သော ကျမ်းစာအုပ်ကို ရေးသားပြုစုဖူးသော ဆရာတော် ဖြစ်ရမည်။

 

(စ) အောက်ဖော်ပြပါ ဂုဏ်အင်္ဂါအရည်အချင်းများနှင့်ပြည့်စုံရမည် (၁) ရုပ်ဆင်းအင်္ဂါ ပြည့်စုံခြင်း “ဥပဓိသမ္ပတ္တိဂုဏ်”၊ (၂) တည်ငြိမ်ရင့်ကျက်ခြင်း “ထိရဂုဏ်” ၊ (၃) လောကီလောကုတ္တရာ ဗဟုသုတကြွယ်ဝခြင်း “ဗာဟုသစ္စဂုဏ်”၊ (၄) ကျန်းမာကြံ့ခိုင်ခြင်း “အာရောဂျဂုဏ်”၊ (၅) ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ပြည့်စုံခြင်း “အာရဒ္ဓဝီရိယဂုဏ်”၊ (၆) ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှုခြင်းများနှင့် ပြည့်စုံခြင်း “နာယကဂုဏ်”၊ (၇) နည်းပရိယာယ် ကျွမ်းကျင်မှုဂုဏ် “ဥပါယကောသလ္လဂုဏ်”၊ (၈) မိမိမှားမှန်းသိလျှင် အလျော့ပေးခြင်း “သောဝစဿတာဂုဏ်”။ (ဆ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသား မိဘနှစ်ပါးမှ ဖွားမြင်သူ ဖြစ်ရမည့်အပြင် ရဟန်းရှင်လူအများ၏ ရိုသေလေးစားမှုကို ခံယူထိုက်သော ဆရာတော် ဖြစ်ရမည်။ ( ဇ) တက္ကသိုလ်၏ စီမံခန့်ခွဲရေး၊ သင်ကြားရေးအစရှိသည့် လုပ်ငန်းအရပ်ရပ်ကို ဦးစားပေး ဆောင်ရွက်နိုင်သော ဆရာတော်ဖြစ်ရမည်။

 

၁၉။ (က) တက္ကသိုလ်ပါမောက္ခချုပ်သည် အောင်လက်မှတ်၊ ဒီပလိုမာလက်မှတ်၊ ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့နှင့် တက္ကသိုလ်ပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များကို ချီးမြှင့် အပ်နှင်းရမည်။ ( ခ ) ပုဒ်မခွဲ (က) အရ လက်မှတ်နှင့်ဘွဲ့များ ချီးမြှင့်အပ်နှင်းချိန်တွင် ပါမောက္ခချုပ် မတက်ရောက် နိုင်သည့်အခါ ပါမောက္ခချုပ်ကိုယ်စား ဒုတိယပါမောက္ခချုပ် ဆရာတော်က လက်မှတ်နှင့် ဘွဲ့များကို ချီးမြှင့်အပ်နှင်းနိုင်သည်။

 

၂၀။ ကောင်စီသည် တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား) တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

 

၂၁။ တက္ကသိုလ်ဒုတိယပါမောက္ခချုပ် (စီမံ) ကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နှင့်အညီ ခန့်အပ်ရမည်။

 

၂၂။ တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) ၏ အရည်အချင်းသတ်မှတ်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်

 

(က) ထေရဝါဒဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အဘိဓမ္မာ အခြေခံရှိရမည်။

 

( ခ) အသက် ၄၀ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

 

(ဂ) အောက်ပါ သတ်မှတ်ချက်တစ်ရပ်ရပ်နှင့် ပြည့်စုံရမည် (၁) တက္ကသိုလ်တွင် ပါမောက္ခ ရာထူးဖြင့် လုပ်သက်အနည်းဆုံး ငါးနှစ် ပြည့်ပြီးသူ၊ (၂) ဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးရာထူးဖြင့် လုပ်သက်အနည်းဆုံး ငါးနှစ် ပြည့်ပြီးသူ၊ (၃) အခြားတက္ကသိုလ်တစ်ခုခုတွင် ပါမောက္ခရာထူးဖြင့် အနည်းဆုံး ငါးနှစ် တာဝန် ထမ်းဆောင်ခဲ့သူ။

 

အခန်း(၇)

 

ပညာရေးအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းခြင်း

 

၂၃။ တက္ကသိုလ်၏ ပညာသင်ကြားရေး လုပ်ငန်းနှင့်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကောင်စီသည် သတ်မှတ်ချက်နှင့်အညီ အောက်ပါအဖွဲ့များကို သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်

 

(က) တက္ကသိုလ် ပညာရေးအဖွဲ့၊

 

( ခ ) တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့။

 

၂၄။ တက္ကသိုလ်ပညာရေးအဖွဲ့တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဖွဲ့ဝင်သည် ကောင်စီက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။

 

၂၅။ တက္ကသိုလ်ပညာရေးအဖွဲ့နှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တို့သည် အနည်းဆုံးနှစ်လလျှင် တစ်ကြိမ် အစည်းအဝေးပြုလုပ်၍ သက်ဆိုင်ရာလုပ်ငန်းတာဝန်များကို ညှိနှိုင်းဆုံးဖြတ်ပြီး အနီးကပ်ဆုံး ကောင်စီအစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက်ရယူရမည်။

 

အခန်း(၈)

 

တက္ကသိုလ်ဝန်ထမ်းဖွဲ့စည်းပုံ

 

၂၆။ ဝန်ကြီးဌာနသည် တက္ကသိုလ်၏ ရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝန်ထမ်းဖွဲ့စည်းပုံ ရေးဆွဲထားရှိရမည်။

 

၂၇။ ဝန်ကြီးဌာနသည် ဝန်ထမ်းဖွဲ့စည်းပုံတွင်ပါရှိသည့် ရာထူးများအလိုက် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။

 

၂၈။ ဝန်ထမ်းဖွဲ့စည်းပုံအရ ခန့်အပ်ခြင်းခံရသည့်

 

(က) ရဟန်းတော်များသည် ကောင်စီက သတ်မှတ်သည့် လှူဒါန်းထောက်ပံ့မှုကို လက်ခံခွင့် ရှိသည်။

 

( ခ ) နိုင်ငံ့ဝန်ထမ်း မဟုတ်သူများသည် ကောင်စီက သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့် ရှိသည်။

 

အခန်း(၉)

 

ဘဏ္ဍာရေး

 

၂၉။ တက္ကသိုလ်၏ ကုန်ကျစရိတ်များကို နိုင်ငံတော်၏ဘဏ္ဍာငွေမှ ကျခံသုံးစွဲရမည်။

 

၃၀။ တက္ကသိုလ်သည် ပြည်တွင်း ပြည်ပ အလှူရှင်များထံမှ အလှူငွေများ၊ ပစ္စည်းများနှင့်အခြား အကူအညီများကို လက်ခံနိုင်သည်။

 

၃၁။ တက္ကသိုလ်သည် ရငွေနှင့် သုံးငွေများကို တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လက်ခံခြင်း၊ သုံးစွဲခြင်းနှင့် စာရင်းထိန်းသိမ်းထားရှိခြင်းများ ပြုလုပ်ရမည်။

 

၃၂။ တက္ကသိုလ်သည် အလှူ ရန်ပုံငွေ ပဒေသာပင်ထူထောင်ပြီး နိုင်ငံတော်က အခါအားလျော်စွာ ချမှတ်ထားသည့် ရန်ပုံငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိစ္စရပ်တစ်ခုစီအတွက် လိုအပ်ချက် နှင့်အညီ ခွဲဝေသုံးစွဲနိုင်သည်။

 

၃၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ပေးအပ်သော စာရင်းစစ်အဖွဲ့ ဖြင့် တက္ကသိုလ်၏ ငွေစာရင်းများနှင့် ပစ္စည်းစာရင်းများကို နှစ်စဉ်ပုံမှန် စစ်ဆေးခံရမည်။ လိုအပ်ချက်ရှိပါက လိုအပ်ချက် နှင့်အညီ စစ်ဆေးခံရမည်။

 

အခန်း (၁၀)

 

အထွေထွေ

 

၃၄။ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၀/၉၈) အရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

 

၃၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်

 

(က) ဝန်ကြီးဌာနသည် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

 

( ခ) ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 

( ဂ) ကောင်စီသည် အမိန့်၊ ညွှန်ကြားချက်နှင့် တက္ကသိုလ်ပဋိညာဉ်ကို ထုတ်ပြန်နိုင်သည်။

 

၃၆။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေ (နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၀/၉၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

 

(ပုံ) ဝင်းမြင့်

 

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။