အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ      
(၂ဝ၁၁ ခုနှစ်၊ ပြည်ထောင်စုလွတ်တော်    ဥပဒေအမှတ်    ၁၃။)      
၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်      
(၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်)      
ပြည်ထောင်စုလွတ်တော်သည်    အောက်ပါဥပဒေကို ပြဋာန်းလိုက်သည်။

အခန်း (၁)      
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်      
၁။     ဤဥပဒေကို  အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေဟု ခေါ်တွင်စေရမည်။      
၂။     ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည်    ဖော်ပြပါအတိုင်း      
အဓိပ္ပာယ်သက်ရောက်စေရမည်-     
(က)     အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆိုသည်မှာ အခြေခံလူတန်းစား အား အသေးစားချေးငွေထုတ်ပေးခြင်း၊ ယင်းတို့ထံမှ    အပ်ငွေလက်ခံခြင်း၊ ငွေလွဲပြောင်း ပေးပို့ခြင်း၊ အာမခံလုပ်ငန်းလုပ်ကိုင်ခြင်း၊ ပြည်တွင်း ပြည်ပမှ    ငွေချေးယူခြင်းနှင့် အခြားငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို  ဆိုသည်။      
(ခ)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ အခြေခံ လူတန်းစား၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် ယင်းတို့၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားစေရန်မတည်ငွေ၊ လှူဒါန်းငွေနှင့် ထောက်ပံ့ငွေများထည့်ဝင်ပြီး     လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရယူ၍  အသေးစား ငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်သည့် သက်ဆိုင်ရာ ဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ပြည်တွင်းပြည်ပမှ အဖွဲ့ အစည်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ သမဝါယမအသင်း၊ ဘဏ်နှင့်   ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများကို    ဆိုသည်။      
(ဂ)     အသေးစားချေးငွေ ဆိုသည်မှာ အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် ယင်းတို့၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားရန်  အာမခံပစ္စည်း တင်သွင်းရန်မလိုဘဲ ထုတ်ချေးသည့်ငွေကို ဆိုသည်။      
(ဃ)     အခြေခံလူတန်းစား ဆိုသည်မှာ ကျေးလက်နှင့်မြို့ပြနေ ဝင်ငွေနည်းပါးသည့် တောင်သူလယ်သမားများ၊ အလုပ်သမားများနှင့် စျေးသည်များ အပါအဝင်    ပြည်သူများကို    ဆိုသည်။      
(င)     ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်း ကော်မတီ ဆိုသည်မှာနိုင်ငံတော်သမ္မတရုံး က  ဖွဲ့စည်းသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်    ဆင်းရဲနွမ်းပါးမှု    လျှော့ချရေးလုပ်ငန်း ကော်မတီကို ဆိုသည်။      
(စ)     ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘဏာရေးနှင့် အခွန်ဝန်ကြီးဌာနကို    ဆိုသည်။          
(ဆ)     ကြီးကြပ်မှုကော်မတီ    ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က  ဤဥပဒေအရ ဖွဲ့စည်းသော အသေးစား ငွေရေးကြေးရေးလုပ်ငန်း  ကြီးကြပ်မှုကော်မတီကို    ဆိုသည်။      
(ဇ)     လုပ်ငန်းကော်မတီ ဆိုသည်မှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်    နေပြည်တော်ကောင်စီက ဤဥပဒေအရ  ဖွဲ့စည်းထားသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုး      
တိုးတက်ရေး လုပ်ငန်းကော်မတီကို ဆိုသည်။      
(စျ)   မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း ဆိုသည်မှာ     ပြည်ထောင်စုအစိုးရအဖွဲ့၏     ဘဏာရေးနှင့်  အခွန် ဝန်ကြီးဌာနလက်အောက်ရှိ  မြန်မာ့အသေးစားငွေရေးကြေးရေး   ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း ကို  ဆိုသည်။      
(ည)     စီမံခန့်ခွဲမှုအဖွဲ့ဆိုသည်မှာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း  တစ်ခု၏ စီမံခန့်ခွဲမှုအဖွဲ့ကို ဆိုသည်။    (ဋ)     အပ်ငွေ     ဆိုသည်မှာ တောင်းခံလျှင်ဖြစ်စေ၊ အခြားအခြေအနေ တစ်ရပ်ရပ်တွင်ဖြစ်စေ ပြန်လည်ပေးရန်ဖြစ်သော အသေးစားငွေရေး ကြေးရေး အဖွဲ့အစည်း၏ အသင်းသားအဖွဲ့ဝင်က အပ်နှံသည့်ငွေကု      
ဆိုသည်။ ယင်းစကားရပ်တွင်    စုဆောင်းငွေလည်းပါဝင်သည်။     
(ဌ)     လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်     ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပေး  သော အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ဆိုသည်။

အခန်း (၂)      
ရည်ရွယ်ချက်     
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-     
(က)     အခြေခံလူတန်းစား၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်၊      
( ခ )     အခြေခံလူတန်းစား၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးအခြေအနေများ ဖွံ့ဖြိုးတိုးတက်စေရန်၊  (ဂ)     အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊      
(ဃ)     ချွေတာစုဆောင်းသည့်    အလေ့အထ ပြုစုပျိုးထောင်ပေးရန်၊      
( င )     အသေးစားစီးပွားရေးလုပ်ငန်းအသစ်များ     ပေါ်ထွက်လာစေရေးအတွက်    အားပေးရန်၊      
(စ)     အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဖန်တီးပေးရန်နှင့်    ချဲ့ထွင်ပေးရန်၊      
(ဆ)     အခြေခံလူတန်းစားအား စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပြင်  အခြားဝင်ငွေရရှိနိုင်သော နည်းလမ်းများဖြင့်    အကူအညီပေးရန်၊

(ဇ)     ပြည်တွင်းပြည်ပမှ    နည်းပညာများ ရယူဖြန့်ဖြူးပေးရန်။      
အခန်း (၃)      
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်    ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့်    လုပ်ငန်းတာဝန်များ      
၄။ နိုင်ငံတော်သမ္မတရုံးသည် ဒုတိယသမ္မတတစ်ဦးက ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့်    ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကော်မတီကို    ဖွဲ့စည်းရမည်။     
၅။     ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းကော်မတီ သည် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့်  ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကြီးကြပ်မှု ကော်မတီနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်    ပြည်နယ်နှင့် နေပြည်တော်ရှိ လုပ်ငန်းကော်မတီများအား ပေါင်းစပ်ကူညီဖြည့်ဆည်းပေးရမည်။

အခန်း (၄)     
အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း၊ ယင်းကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ     
၆။     ပြည်ထောင်စုအစိုးရအဖွဲ့သည်     ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ  အဖြစ် လည်းကောင်း၊ မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး လုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ်လည်းကောင်း၊  သင့်လျော်သော အစိုးရဌာန၊ အဖွဲ့အစည်းများမှ    ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ်     
လည်းကောင်းပါဝင်သည့်  အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကို  ဖွဲ့စည်းရမည်။     
၇။     ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-    
(က)     ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်း  ကော်မတီက ချမှတ်ပေးသည့်    အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော်     
ဆောင်ရွက်ခြင်း၊     
(ခ)     လုပ်ငန်းကော်မတီများအား အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် လမ်းညွန်ချက်များ ချမှတ်ပေးခြင်း၊     
(ဂ)     သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များ၊ အထူးပြုကုမ္ပဏီများ၊ ဘဏ်များနှင့် ချိတ်ဆက်၍ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ အား ငွေကြေးပံ့ပိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်း၊     
(ဃ)   အသေးစား   ငွေရေးကြေးရေးအဖွဲ့အစည်းများ  လိုက်နာရမည့် စည်းကမ်းချက်များကို    သတ်မှတ်ခြင်း၊     
( င )     အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ စိစစ်ခွင့်ပြုခြင်း၊     
( စ )     အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်း အား အဖွဲ့အစည်းအမျိုးအစားအလိုက်    အနည်းဆုံးထည့်ဝင်ရမည့် မတည်ငွေရင်းကို  သတ်မှတ်ခြင်း၊     
(ဆ)     စျေးကွက်နှင့်လိုက်လျောညီထွေဖြစ်စေရန်  အပ်ငွေအပေါ်ပေးရမည့် အတိုးနှုန်း၊     ထုတ်ချေးငွေအပေါ်     ကောက်ခံရမည့် အတိုးနှုန်းနှင့် ဝန်ဆောင်ခနှုန်းများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကျင့်သုံးလျက် ရှိသည့်    လုပ်ထုံးလုပ်နည်းများနှင့်အညီ    သတ်မှတ်ခြင်း၊     
(ဇ)     စည်းကမ်းလိုက်နာမှုမရှိသော     အသေးစား ငွေရေးကြေးရေးအဖွဲ့ အစည်းများအား စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်း၊     
(စျ)     အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား စိစစ်သုံးသပ်၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်  ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကော်မတီသို့    အစီရင်ခံတင်ပြခြင်း။     
၈။     ကြီးကြပ်မှုကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-    
(က)     အသေးစားငွေရေးကြေးရေးလုပ်ငန်းအတွက်    လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေး၊ ထပ်မံတိုးမြှင့်သည့်    မတည်ငွေပမာဏအပေါ်ကောက်ခံသည့် လိုင်စင်ကြေးနှင့် နှစ်စဉ်လိုင်စင်ကြေးများကို သတ်မှတ်ခြင်း၊     
(ခ )     ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်    ပြည်တွင်း သို့မဟုတ်  ပြည်ပမှ  ပုဂ္ဂိုလ် တစ်ဦးဦးကို  ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး     
လုပ်ငန်းကော်မတီ၏ ခွင့်ပြုချက်ဖြင့်    ငှားရမ်းအသုံးပြုခြင်း၊     
( ဂ )     အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

အခန်း (၅)     
အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏လုပ်ငန်းတာဝန်များ     
၉။     သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော် ကောင်စီတို့သည်    သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် သက်ဆိုင်ရာအသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို    ဖွဲ့စည်းရမည်။     
၁ဝ။ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-    
(က)     သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များ၊ အထူးပြုကုမ္ပဏီများ၊  ဘဏ်များနှင့်    ချိတ်ဆက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းများ  အား ငွေကြေးပ့ံပိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်း၊     
( ခ )     အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်    လျှောက်လွာများကို     
စိစစ်၍ ကြီးကြပ်မှုကော်မတီသို့    တင်ပြခြင်း၊     
( ဂ )     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို    ကြီးကြပ်ကွပ်ကဲခြင်း၊     
(ဃ)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို    သတ်မှတ်ချက်များနှင့်အညီ    ကြီးကြပ်မှုကော်မတီ သို့    အစီရင်ခံတင်ပြခြင်း၊     
(င)     အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ရှင်သန်တိုးတက်ဖွံ့ဖြိုးလာ စေရေးအတွက်    လေ့ကျင့်သင်ကြားခြင်းနှင့်    ပညာဖြန့်ဖြူးပေးခြင်း၊     
(စ)     ကြီးကြပ်မှုကော်မတီက အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း။

အခန်း (၆)     
မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်များ     
၁၁။ မြန်မာ့အသေးစားငွေရေးကြေးရေး     ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းသည် အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါ လုပ်ငန်းတာဝန် များကို    ဆောင်ရွက်ရမည်-    
(က)     အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်လွာများကို စိစစ်၍ သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့    တင်ပြခြင်း၊ 
( ခ )     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ထိန်းသိမ်းထားရှိရမည့်စာရင်းပုံစံများနှင့် အစီရင်ခံရမည့်    ပုံစံများကို သတ်မှတ်ခြင်း၊     
( ဂ )     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲခြင်းနှင့်  ကွင်းဆင်းစစ်ဆေးခြင်း၊     
(ဃ)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှု  အခြေအနေများကို    သတ်မှတ်ချက်များနှင့်အညီ    သက်ဆိုင်ရာလုပ်ငန်း  ကော်မတီသို့    အစီရင်ခံတင်ပြခြင်း၊     
(င)     ကြီးကြပ်မှုကော်မတီနှင့်    သက်ဆိုင်ရာလုပ်ငန်းကော်မတီများက အခါ  အားလျော်စွာ ပေးအပ်သောတာဝန်များကို    ထမ်းဆောင်ခြင်း။     
၁၂။ မြန်မာ့အသေးစားငွေရေးကြေးရေး     ကြီးကြပ်စစ်ဆေးရေးလုပ်ငန်းသည် ဤဥပဒေအရ အပ်နှင်းထားသော လုပ်ငန်းတာဝန်များကို    ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသည့်  သို့မဟုတ်    အကြောင်းသင့်ဆက်စပ် ဖြစ်ပေါ်လာသည့် လုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ရမည်။

အခန်း (၇)     
ဖွဲ့စည်းတည်ထောင်ခြင်း     
၁၃။ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်  အဖွဲ့အစည်းသည်  မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၊     သမဝါယမအသင်းဥပဒေ၊ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့်တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းတည်ထောင် ထားသော အဖွဲ့အစည်းဖြစ်ရမည်။     
၁၄။ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်အဖွဲ့အစည်းသည်-    
(က) သင်းဖွဲ့မှတ်တမ်းနှင့်    သင်းဖွဲ့စည်းမျဉ်းများကို    ရေးဆွဲထားရမည်။     
(ခ)     စီမံခန့်ခွဲမှုအဖွဲ့ကို    ဖွဲ့စည်း၍ သင်းဖွဲ့မှတ်တမ်းနှင့်    သင်းဖွဲ့စည်းမျဉ်းများ နှင့်အညီ    စီမံခန့်ခွဲရမည်။     
(ဂ)     စီမံခန့်ခွဲမှုအဖွဲ့ကို    ဖွဲ့စည်းရာတွင်    ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့်    စီမံခန့်ခွဲမှုအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ရန်    လိုအပ်သည့်အရည်  အချင်းနှင့်    ပြည့်စုံစေရမည်။     
၁၅။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအဖွဲ့သည်    မိမိကိုယ်စားဆောင်ရွက်ပိုင်ခွင့်များကို    သက်ဆိုင်ရာအသေးစားငွေရေးကြေးရေး အဖွဲ့အစည်း၏  တာဝန်ရှိသူများကို    လွဲအပ်နိုင်သည်။     
၁၆။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်    သင်းဖွဲ့မှတ်တမ်းနှင့်  သင်းဖွဲ့  စည်းမျဉ်းများကို    ပြင်ဆင်လိုပါက     သက်ဆိုင်ရာလုပ်ငန်းကော်မတီသို့တင်ပြ၍ ကြီးကြပ်မှုကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ရရှိပြီးမှသာ ပြင်ဆင်ရမည်။

အခန်း (၈)     
လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်     
၁၇။ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်    အဖွဲ့အစည်းသည် လုပ်ငန်းဆောင်ရွက်နိုင်ရန်    သက်ဆိုင်ရာ     လုပ်ငန်းကော်မတီမှတစ်ဆင့်    ကြီးကြပ်မှု ကော်မတီသို့    သတ်မှတ်ထားသည့်    လျှောက်လွာပုံစံနှင့်အတူ    အောက်ပါအချက်များ ပါဝင်သော ဖြစ်နိုင်ခြေလေ့လာချက်ကို    ပူးတွဲ၍တင်ပြရမည်-    
(က)     အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်မည့်ဒေသ၊ စျေးကွက် ရှိကြောင်းနှင့် သက်ဆိုင်ရာပြည်သူများ ကလည်း စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြချက်၊     
(ခ)     ငွေရေးကြေးရေးအရင်းအမြစ်များ    မည်မျှလိုအပ်ကြောင်းနှင့်    ယင်းတို့ကို မည်သို့ရရှိမည်ဖြစ်ကြောင်း ဖော်ပြချက်၊     
( ဂ )     အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ပါက ရရှိမည်ဟု မျှော်မှန်း ထားသည့်    အကျိုးအမြတ်နှင့်    အကျိုးအမြတ်များကို စီမံခန့်ခွဲမည့်အစီအစဉ်များ၊     
(ဃ)     စီမံခန့်ခွဲရေးဆိုင်ရာ အရည်အချင်းနှင့်    ကျွမ်းကျင်မှု၊     
(င)     လုပ်ကိုင်လိုသည့်အသေးစားငွေရေးကြေးရေးလုပ်ငန်း အမျိုးအစားများ။     
၁၈။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများကို  အောက်ပါအတိုင်း အမျိုးအစား ခွဲခြားသတ်မှတ်ထားရှိရမည်-   (က) အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစား ငွေရေးကြေးရေး   အဖွဲ့  အစည်း၊     
(ခ)     အပ်ငွေလက်ခံသည့်အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း။     
၁၉။ (က)     အပ်ငွေလက်ခံခြင်းမပြုသည့်အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်  အများပြည်သူထံမှ    အပ်ငွေမဟုတ်သော  အခြားနည်းဖြင့်စုစည်းရရှိသည့် ရန်ပုံငွေနှင့် အသေးစားချေးငွေရယူသည့်အခါတိုင်း     
အသင်းသား များက မဖြစ်မနေစုဆောင်းရသည့်    စုဆောင်းငွေများဖြင့် အသေးစားချေးငွေများ ထုတ်ပေးခြင်းကို ဆောင်ရွက်ရမည်။     
(ခ)     အပ်ငွေလက်ခံသည့်    အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည် အများပြည်သူထံမှ အပ်ငွေမဟုတ်သော အခြားနည်းဖြင့်    စုစည်းရရှိ သည့်    ရန်ပုံငွေ၊ အသေးစားချေးငွေရယူသည့်အခါတိုင်း အသင်းသား     
များက မဖြစ်မနေစုဆောင်းရသည့်    စုဆောင်းငွေနှင့်    မိမိဆန္ဒအလျောက်စုဆောင်းသည့်    အပ်ငွေများဖြင့်    အသေးစားချေးငွေများ ထုတ်ပေးခြင်းကို    ဆောင်ရွက်ရမည်။     
၂ဝ။ အသေးစားငွေရေးကြေးရေးလုပ်ငန်းဆောင်ရွက်လိုသော အဖွဲ့အစည်းများသည်-    
(က)     ထည့်ဝင်ပြီး မတည်ငွေရင်းကို    ငွေသားဖြင့်ပေးသွင်းရမည်။     
(ခ)     ထည့်ဝင်ပြီး မတည်ငွေရင်းအပြည့်အဝကို    သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်     ပြည်နယ်နှင့်     နေပြည်တော်အတွင်းသတ်မှတ်ထားသော မြန်မာ့ စီးပွားရေးဘဏ်ရှိ    မြန်မာ့အသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေး ရေးလုပ်ငန်း၏ ငွေစာရင်းသို့    ပေးသွင်းရမည်။ အဆိုပါ ထည့်ဝင်ပြီး     
မတည်ငွေရင်းကို    ကြီးကြပ်မှုကော်မတီက လုပ်ငန်းလိုင်စင်ထုတ်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှသာ ပြန်လည်ထုတ်ယူခွင့်ရှိသည်။     
၂၁။ (က)     ကြီးကြပ်မှုကော်မတီသည် လျှောက်လွာပုံစံပါ  ဖြည့်စွက်ချက်များနှင့် ဖြစ်နိုင်ခြေလေ့လာချက် တို့ကို    စိစစ်ပြီးနောက်    လျှောက်လွာလက်ခံရရှိသည့်နေ့မှ  ရက်ပေါင်း ၃ဝ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်     
ထုတ်ပေးခြင်း  သို့မဟုတ်ယင်းလိုင်စင်ထုတ်ပေးရန်    ငြင်းပယ်ခြင်း ပြုနိုင်သည်။     
(ခ )     လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရာတွင်    သက်တမ်းကန့်သတ်ချက် မထားရှိရ။     
၂၂။ အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်လိုကြောင်း လျှောက်ထားသည့်အဖွဲ့အစည်းသည် မိမိ၏ အစုရှယ်ယာပိုင်ရှင်များနှင့်ပတ်သက်၍ လည်းကောင်း၊ လုပ်ငန်း၏အခြေအနေမှန်နှင့် စပ်လျဉ်း၍လည်းကောင်း အများပြည်သူက လွဲမှားစွာအဓိပ္ပာယ်ကောက်ယူစေနိုင်မည့်  အမည်နာမကို  အသုံးပြုသည်ဟု  ကြီးကြပ်မှု     
ကော်မတီက ယူဆလျှင်    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရန်    ငြင်းပယ်ရမည်။     
၂၃။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည်    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိသည့်နေ့မှစ၍ ၁၅ ရက်အတွင်း   သတ်မှတ်သည့်    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကြေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်    ပြည်နယ်နှင့်   နေပြည်တော်အတွင်း  သတ်မှတ်ထားသော မြန်မာ့စီးပွားရေးဘဏ်ရှိ    မြန်မာ့အသေးစားငွေရေးကြေးရေး     
ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏ ငွေစာရင်းသို့    ပေးသွင်းရမည်။     
၂၄။ ကြီးကြပ်မှုကော်မတီသည်    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခု အတွက်    လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုသည့်အခါ မြန်မာနိုင်ငံပြန်တမ်းတွင်    ထုတ်ပြန်ကြေညာရမည်။     
၂၅။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်-    
(က)     လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသည့်နေ့မှ    ခြောက်လအတွင်း လုပ်ငန်း စတင်ရမည်။     
(ခ )     လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို    လွဲပြောင်းခြင်း မပြုရ။     
၂၆။ အောက်ပါအခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင်    ကြီးကြပ်မှုကော်မတီသည်  သက်ဆိုင်ရာ     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို  ရုပ်သိမ်းရမည်-    
(က)     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအတွက်  ပြင်ဆင်သတ်မှတ်သည့် အနည်းဆုံးမတည်ငွေရင်းကို     သတ်မှတ်ကာလအတွင်းထည့်ဝင်ရန်   ပျက်ကွက်ခြင်း၊     
(ခ )     လုပ်ငန်းဆုံးရှုံးမှုကြောင့်    လျော့နည်းသွားသည့်  အနည်းဆုံး မတည် ငွေရင်း လိုအပ်ချက်ကို    သတ်မှတ်ကာလအတွင်း ပြည့်မီသည်အထိ ဖြည့်တင်းရန်  ပျက်ကွက်ခြင်း၊     
(ဂ)     မိမိဆန္ဒအလျောက်   စာရင်းရှင်းလင်းဖျက်သိမ်းခြင်း သို့မဟုတ်  စာရင်း ရှင်းလင်းဖျက်သိမ်းခံရခြင်း၊     
(ဃ)     အခြားအသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုနှင့် ပူးပေါင်းဖွဲ့   
စည်းခြင်းကြောင့်ဖြစ်စေ၊ မိမိအဖွဲ့အစည်းကို ခွဲခြမ်းဖွဲ့စည်းခြင်းကြောင့် ဖြစ်စေ မူလတရားဝင်ရပ်တည်မှု    ပျောက်ကွယ်သွားခြင်း၊     
(င)     ကြီးကြပ်မှုကော်မတီနှင့်    သက်ဆိုင်ရာ     လုပ်ငန်းကော်မတီတို့က     
ထုတ်ပြန်ထားသော     စည်းကမ်းချက်များနှင့်    ညွန်ကြားချက်များကို     
လိုက်နာဆောင်ရွက်ရန်    ပျက်ကွက်ခြင်း၊     
၂၇။ (က)     အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုသည် အခြား အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခုနှင့်  ပူးပေါင်းဖွဲ့စည်း ခြင်း သို့မဟုတ် မိမိအဖွဲ့အစည်းကို    ခွဲခြမ်းဖွဲ့စည်းခြင်းပြုလိုသည့်အခါ သက်ဆိုင်ရာလုပ်ငန်းကော်မတီမှတစ်ဆင့် ကြီးကြပ်မှုကော်မတီသို့  တင်ပြ၍ ကြိုတင်ခွင့်ပြုချက်    ရယူရမည်။     
(ခ)     ပုဒ်မခွဲ(က)အရ ပူးပေါင်းဖွဲ့စည်းခြင်း သို့မဟုတ်    ခွဲခြမ်းဖွဲ့စည်းခြင်းကြောင့် ပေါ်ပေါက်လာမည့်    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း သည်  ကြီးကြပ်မှုကော်မတီက ထုတ်ပေးသော လုပ်ငန်းလုပ်ကိုင်ခွင့်     
လိုင်စင်    ရရှိမှသာ အသေးစားငွေရေးကြေးရေးလုပ်ငန်းကို    ဆောင်ရွက် ရမည်။     
၂၈။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများသည်  ရုံးခွဲများတည်ထောင်ခြင်း၊ လုပ်ငန်းနေရာရွေ့ပြောင်းခြင်း နှင့်    လုပ်ငန်းပိတ်ခြင်းတို့အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီမှတစ်ဆင့်    ကြီးကြပ်မှုကော်မတီ၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

အခန်း (၉)     
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ     
၂၉။ အသေးစား     ငွေရေးကြေးရေးအဖွဲ့အစည်းသည်    ကြီးကြပ်မှုကော်မတီ၏  ခွင့်ပြုချက်ဖြင့်    အောက်ပါလုပ်ငန်းများကို    ဆောင်ရွက်နိုင်သည်-    
(က)     အသေးစားချေးငွေထုတ်ပေးခြင်း၊     
(ခ )     အပ်ငွေလက်ခံခြင်း၊     
(ဂ )     ငွေလွဲပြောင်းပေးပို့ခြင်း၊     
(ဃ)     အာမခံလုပ်ငန်းလုပ်ကိုင်ခြင်း၊     
(င )     ပြည်တွင်း ပြည်ပမှ    ငွေချေးယူခြင်း၊     
( စ )     အခြားငွေရေးကြေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊     
၃ဝ။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် အသေးစားချေးငွေ  ထုတ်ပေး ရာတွင်    အောက်ပါတရားဝင်စာရွက်စာတမ်းများကို    ရယူထားရမည်-    
(က)     ချေးငွေလျှောက်လွာနှင့်    ချေးငွေကို    မည်သု့ိအသုံးပြုမည်ဖြစ်ကြောင်း တင်ပြချက်၊     
(ခ)     အသေးစားငွေရေးကြေးရေးလုပ်ငန်းအတွက်  အခြေခံ  အထောက် အကူပြုမည့်    ငွေချေးယူသူနှင့်    အာမခံပုဂ္ဂိုလ်များ၏ ကတိဝန်ခံချက်မှတ်တမ်းများ၊     
(ဂ)     အသေးစားချေးငွေရယူမည့်သူကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်နှင့်    စုပေါင်းဆုံးဖြတ်သည့်ကိစ္စဖြစ်ပါက  အဆိုပါ ကိစ္စအား သဘောတူညီသည့် ဆုံးဖြတ်ချက်မှတ်တမ်း။     
၃၁။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည်  အသေးစားချေးငွေ  ထုတ်ချေး ရာတွင်    မိမိတို့၏လုပ်ငန်း     ရေရှည်တည်တံ့နိုင်ရေးကို    ကာကွယ်ထိန်းသိမ်းထားရန် အလို့ငှာ ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့်    စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။     
၃၂။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် အပ်ငွေများ၊ ချေးငွေများနှင့် စပ်လျဉ်းသည့်    စည်းကမ်းချက်များကိုလည်းကောင်း၊ အတိုးနှုန်းနှင့်    တွက်ချက်ပုံများ ကိုလည်းကောင်း ဆက်သွယ်သူများသိရှိစေရန်    ကြီးကြပ်မှုကော်မတီက သတ်မှတ် ပေးသည့်  အချိန်အပိုင်းအခြားနှင့်    အသုံးပြုရမည့်ပုံစံများနှင့်အညီ အချိန်မှန်ထုတ်ပြန်  ကြေညာရမည်။     
၃၃။ (က)     အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ညီညွတ်လျှင် သီးသန့်ငွေများ ထူထောင်ခြင်းအားဖြင့် မိမိတို့၏မတည်ငွေရင်းပမာဏကို တိုးမြှင့်  နိုင်သည်။     
( ခ )     အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုသည် ကြီးကြပ်မှုကော်မတီ၏ သတ်မှတ်ချက်နှင့်အညီ အသားတင်အမြတ်ငွေ၏ ၂၅  ရာခိုင်နှုန်းကို အထွေထွေသီးသန့်ငွေစာရင်းတစ်ခုတွင် ထည့်သွင်းထား     
ရမည်။ ထိုသု့ိ ထည့်သွင်းခြင်းကို ထည့်ဝင်ပြီး မတည်ငွေရင်း၏ ၁ဝဝ  ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ ဆောင်ရွက်ရမည်။ ကြီးကြပ်မှုကော်မတီ ၏ညွန်ကြားချက်နှင့်အညီ သီးခြားရရန်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍  သီးသန့်ငွေများကို ထားရှိရမည်။ ထို့ပြင် မိမိတို့အစီအစဉ်ဖြင့်လည်း  သီးသန့်ငွေများကို ထပ်မံထားရှိနိုင်သည်။     
၃၄။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းအတွက် လည်းကောင်း၊ အခြားပုဂ္ဂိုလ်အတွက်လည်းကောင်း မမျှတသည့်အခွင့်အလမ်း ရရှိ စေမည့် မမှန်ကန်သောလုပ်ဆောင်မှုများကို ဆောင်ရွက်ခြင်းမပြုရ။     
၃၅။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေပါ ပြဋာန်းချက်များအား လိုက်နာရမည်။

အခန်း (၁ဝ)     
စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်းနှင့်ကြီးကြပ်စစ်ဆေးခြင်း     
၃၆။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းတွင် ကြီးကြပ်မှုကော်မတီက သဘောတူသည့် စာရင်းစစ်ကိုခန့်ထားရမည်။     
၃၇။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ စာရင်းစစ်တွင် အောက်ပါတာဝန် များရှိသည်-    
(က) မြန်မာနိုင်ငံစာရင်းစစ် စံများနှင့်အညီ စာရင်းစစ်ဆေးပြီး လက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ်စာရင်းများနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို ပြုစုခြင်း၊ ရှင်းတမ်းများသည် အဆိုပါလုပ်ငန်း၏     
အခြေအနေမှန်ကို လုံလောက်လျော်ကန်စွာဖော်ပြခြင်း ရှိ မရှိနှင့် ငွေရေးကြေးရေးအခြေအနေ ခိုင်မာမှု ရှိ မရှိတို့ကို ယင်းအစီရင်ခံစာတွင် သုံးသပ်တင်ပြခြင်း၊     
(ခ )     လုပ်ငန်းအတွက် ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သော ဆောင်ရွက်ချက်များနှင့်စာရင်းများ၏ ချွတ်ယွင်းမှု၊ လိုအပ်မှုများကို အကြောင်းကြားခြင်း။     
၃၈။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် သတ်မှတ်ပေးသည့်ပုံစံများကိုအသုံးပြုလျက် သတ်မှတ်သည့် အချိန်ကာလအလိုက် အစီရင်ခံစာများပြုစုရမည်။ အစီရင်ခံစာများတွင် မိမိလုပ်ငန်း၏စီမံရေးရာနှင့် လုပ်ငန်းရေးရာအခြေအနေ၊ ငွေရေးကြေးရေးအခြေအနေခိုင်မာမှု၊ အကျိုးအမြတ်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် အချက်အလက်များ ပြည့်စုံစွာပါရှိရမည်။ ဤသို့ ပြုစုတင်ပြခြင်းဖြင့် မိမိတို့၏ ငွေရေးကြေးရေးအခြေ     
အနေ ခိုင်မာမှုရှိကြောင်းနှင့် မည်သည့်အလားအလာသို့ ဦးတည်လျက်ရှိကြောင်း အကဲဖြတ်နိုင်စေရမည်။ အစီရင်ခံစာများပြုစုရာတွင် သတ်မှတ်ထားသည့် စာရင်းထားရှိရေးစံများနှင့်အညီ ဖြစ်စေရမည်။     
၃၉။ ဘဏာရေးနှစ်တစ်နှစ်အတွက် စာရင်းစစ်၏စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် လက်ကျန်ရှင်းတမ်းတို့ကို စီမံခန့်ခွဲမှုအဖွဲ့နှင့် အစုရှယ်ယာပိုင်ရှင်များက သတ်မှတ်သဘောတူထားသည့် နည်းလမ်းနှင့်အညီ အများသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။     
၄ဝ။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် ကြီးကြပ်မှုကော်မတီက ခန့်အပ်သော စာရင်းစစ်များ သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းကော်မတီတို့မှ တာဝန်ပေးအပ်သော စစ်ဆေးရေးမှူးများ၏ စစ်ဆေးခြင်းကိုခံရမည်။ ယင်းသို့စစ်ဆေးသည့်အခါ  အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏-    
(က)     စာရင်းများ၊ သက်ဆိုင်ရာစာရွက်စာတမ်းများ၊ စာအုပ်များနှင့် အခြား စာရွက်စာတမ်းများကို စစ်ဆေးနိုင်သည်။     
(ခ )     ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များကို ကြီးကြပ်သူများ၊ စီမံခန့်ခွဲသူများ၊ ကိုယ်စားလှယ်များ၊  ဝန်ထမ်းများနှင့် အသင်းသားများအား မေးမြန်းနိုင်သည်။     
၄၁။ ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုတွင် အဖွဲ့ဝင် သုံးဦးပါဝင်သော စာရင်းစစ်ကော်မတီတစ်ရပ် ထားရှိနိုင်သည်။ စာရင်းစစ် ကော်မတီသည်-    
(က) သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းက ဆောင်ရွက်ခြင်း ရှိ မရှိ စောင့်ကြပ်ကြည့်ရှု ရမည်။ ထို့ပြင် စီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြသင့်သည်ဟုယူဆသည့် ကိစ္စများကို တင်ပြရမည်။     
(ခ ) စီမံခန့်ခွဲမှုအဖွဲ့က ထင်မြင်ယူဆချက် တောင်းခံလာသည့် ကိစ္စရပ်များအပေါ် မိမိ၏ထင်မြင်ယူဆချက်ကို ပေးရမည်။     
၄၂။ စာရင်းစစ်ကော်မတီသည် သာမန်အားဖြင့် သုံးလလျှင်တစ်ကြိမ် ပုံမှန်အစည်းအဝေးပြုလုပ်ရမည်။ စီမံခန့်ခွဲမှုအဖွဲ့က လိုအပ်သည်ဟုယူဆလျှင် စာရင်းစစ်ကော်မတီသည် အထူးအစည်းအဝေးပြုလုပ်ရမည်။ ယင်းပုံမှန်အစည်းအဝေးနှင့် အထူးအစည်းအဝေးများတွင် စာရင်းစစ်ကော်မတီဝင်အားလုံး တက်ရောက်ရမည့်     
အပြင် ဆန္ဒမဲပေးရန်လည်း ပျက်ကွက်ခြင်းမရှိစေရ။ ဆုံးဖြတ်ချက်များကို စာရင်းစစ် ကော်မတီဝင်အများစု၏ ဆန္ဒမဲဖြင့် ချမှတ်ရမည်။     
၄၃။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံခန့်ခွဲမှုအဖွဲ့သည် ပုဒ်မ ၄ဝ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စာရင်းစစ်ကော်မတီအား ကူညီဆောင်ရွက်စေရန်ကျွမ်းကျင်သူ ပုဂ္ဂိုလ်ကိုခန့်ထားခြင်း သို့မဟုတ် ငှားရမ်းခြင်းပြုနိုင်သည်။

အခန်း (၁၁)     
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း     
၄၄။ ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်၊ အစုရှယ်ယာပိုင်ရှင်၊ စီမံခန့်ခွဲသူ၊ မန်နေဂျာ နှင့် ဝန်ထမ်းများက ဤဥပဒေပါ ပြဋာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ရမည်-    
(က)     သတိပေးခြင်း၊     
( ခ )     အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များကိုကန့်သတ်ချက်အပါအဝင်ဖြစ်သည့် အမိန့်များချမှတ်ခြင်း၊     
(ဂ)     ဒဏ်ကြေးပေးဆောင်စေခြင်း၊     
(ဃ)  အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်ခြင်း မှ ယာယီ သို့မဟုတ်အမြဲတမ်းရပ်စဲခြင်း၊   (င ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ဖျက်သိမ်းခြင်း။     
၄၅။ ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းကသာ ဆောင်ရွက်ရမည်ဟု ဤဥပဒေတွင် သတ်မှတ်ထားသည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ဤဥပဒေပါ ပြဋာန်းချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်သော မည့်သည့်ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ရပ်တည်မှုရှိသည့် အဖွဲ့အစည်းကိုမဆို ပုဒ်မ ၄၄ ပါ စီမံခန့်ခွဲ     
ရေးဆိုင်ရာပြစ်ဒဏ် ချမှတ်ရမည်။     
၄၆။ အရေးယူခံရသူသည် ခုခံကာကွယ်ခွင့် အပြည့်အဝရရှိစေရမည်။ ထို့ပြင် အရေးယူခံရသူသည် ချမှတ်သောပြစ်ဒဏ် နှင့် စပ်လျဉ်း၍ အမိန့်စာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု     
လျှော့ချရေးလုပ်ငန်းကော်မတီသို့ အယူခံခွင့် ရှိစေရမည်။ အယူခံနေစဉ်ကာလ အတွင်း ပြစ်ဒဏ်ပေးမှုကို ရပ်ဆိုင်းထားရမည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။     
၄၇။ ဤဥပဒေအရချမှတ်ထားသော စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များသည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ အရေးယူခြင်းကို ပိတ်ပင်ခြင်း မရှိစေရ။     
၄၈။ ပုဒ်မ ၄၄ ပါ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းကိုဖြစ်စေ၊ အခြားပုဂ္ဂိုလ်များကိုဖြစ်စေ နစ်နာမှုများအတွက် ချက်ချင်းပေးလျော်စေရမည်။

အခန်း (၁၂)     
စာရင်းရှင်းလင်းဖျက်သိမ်းခြင်း     
၄၉။ ကြီးကြပ်မှုကော်မတီသည် သက်ဆိုင်ရာအသေးစားငွေရေးကြေးရေး အဖွဲ့အစည်း၏လုပ်ငန်းများကို ဆောင်ရွက်ရန်အနည်းဆုံးလိုအပ်ချက်နှင့် မညီညွတ်တော့သည့်အခြေအနေသို့ရောက်ရှိသောကြောင့် ယင်းအဖွဲ့အစည်းနှင့်ဆက်သွယ်သူ များ၏ အပ်ငွေများနှင့် မတည်ရန်ပုံငွေတို့ကို ဆုံးရှုံးစေနိုင်သည့်အခြေအနေ     
ပေါ်ပေါက်လျှင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အချိန်ကာလ သတ်မှတ်ပေးနိုင်သည်။ သတ်မှတ်ပေးသည့်အချိန်ကာလအတွင်း ပုံမှန်အခြေ အနေသို့ ပြန်လည်ရောက်ရှိခြင်းမရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကိုဖျက်သိမ်းပြီးနောက် သတ်မှတ်ချက်များနှင့်အညီ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းပြုနိုင်သည်။     
၅ဝ။ ကြီးကြပ်မှုကော်မတီသည် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအမိန့်မချမှတ်မီ-    
(က) ကြီးကြပ်မှုကော်မတီ သို့မဟုတ် ကြီးကြပ်မှုကော်မတီ၏ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီက ဖွဲ့စည်းပေးသောအဖွဲ့ဖြင့် စုံစမ်း စစ်ဆေးရမည်။     
(ခ ) ပုဒ်မခွဲ (က) အရ စုံစမ်းစစ်ဆေးရာတွင် သက်ဆိုင်ရာအသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းအား ခုခံချေပခွင့် ပြုရမည်။     
၅၁။ ပုဒ်မ ၅ဝ၊ ပုဒ်မခွဲ (က)ပါ သက်ဆိုင်ရာအဖွဲ့က စာရင်းရှင်းလင်းဖျက်သိမ်းသင့်ကြောင်း တင်ပြလာလျှင် ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအား စာရင်းရှင်းလင်းဖျက်သိမ်းစေရန် အမိန့်ချမှတ်ရမည်။     
၅၂။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအား စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ကြီးကြပ်မှုကော်မတီသည်-    
(က) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိခန့်အပ်၍ဖြစ်စေ၊ သင့်လျော်သော နိုင်ငံသားများပါဝင်သည့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအဖွဲ့  ဖွဲ့စည်းတာဝန်ပေးအပ်၍ဖြစ်စေ ယင်းအဖွဲ့အစည်း၏ စီမံခန့်ခွဲရေး     
ကိစ္စရပ်များကို စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းပြီးစီးသည်အထိ လွဲပြောင်းရယူ၍ ဆောင်ရွက်စေနိုင်သည်။     
(ခ ) ယင်းအဖွဲ့အစည်းက ရရန်နှင့် ပေးရန်ရှိသည်များကို စာရင်းရှင်းလင်းဆောင်ရွက်ရမည်။

အခန်း (၁၃)     
တားမြစ်ချက်များ     
၅၃။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း၏ အဖွဲ့ဝင်၊ ဝန်ထမ်းနှင့် စာရင်းစစ်များသည် ယင်းတို့၏ ငွေရေးကြေးရေးဆိုင်ရာဆောင်ရွက်ချက်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ဆောင်ရာမှရရှိလာသည့် သတင်းအချက်အလက်များကို ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း၊ စစ်ဆေးစေခြင်း     သို့မဟုတ် ကြေညာခြင်းမပြုရ။     
၅၄။ မည်သူမျှ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ လုပ်ငန်းများကိို လုပ်ကိုင်ခြင်းမပြုရ။     
၅၅။ ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီတို့မှ မည်သည့်အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းမျှ မိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာမှသိရှိလာသည့် သတင်းအချက်အလက်များကို ဥပဒေအရခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်းမပြုရ။

အခန်း (၁၄)     
ပြစ်မှုနှင့်ပြစ်ဒဏ်များ     
၅၆။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းမှ မည်သည့်အဖွဲ့ဝင်၊ ဝန်ထမ်းနှင့် စာရင်းစစ်မဆို ပုဒ်မ ၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။     
၅၇။ မည်သူမဆို ပုဒ်မ ၅၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။     
၅၈။ ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီမှ မည်သည့်အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းမဆို ပုဒ်မ ၅၅ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက်မပိုသော  ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း (၁၅)     
အထွေထွေ     
၅၉။ ကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင်သည် ပြည်ထောင်စုအစိုးရအဖွဲ့က လည်းကောင်း၊ လုပ်ငန်းကော်မတီတွင် ပါဝင်သည့် နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီဝင်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီက လည်းကောင်း သတ်မှတ်သည့် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။
၆ဝ။ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းသည် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ဆောင်ရွက်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲခံနိုင်ခွင့်များ ရှိစေရမည်။     
၆၁။ မှတ်ပုံတင်အက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းကထုတ်ပေးသော အသေးစားချေးငွေနှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်းသည် မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ရှိသည့်အပြင် တည်ဆဲ ဥပဒေအရ တံဆိပ်ခေါင်းခွန်ပေးဆောင်ရခြင်းမှလည်း ကင်းလွတ်စေရမည်။     
၆၂။ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းသည် အခွန်စည်းကြပ်မှုနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။     
၆၃။ ပုဒ်မ ၅၆ နှင့် ၅၈ ပါ ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ် သည်။

၆၄။ ပုဒ်မ ၅၆၊ ၅၇ နှင့် ၅၈ တို့အရ တရားစွဲဆိုရာတွင် ကြီးကြပ်မှုကော်မတီ၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်။

၆၅။ ဤဥပဒေမပြဋာန်းမီ အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများသည် ဤဥပဒေအရ အသေးစားငွေရေးကြေးရေးလုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုပါက ဤဥပဒေပြဋာန်းသည့်နေ့မှ သုံးလအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိရန် ဤဥပဒေပါ ပြဋာန်းချက်များနှင့်အညီ လျှောက်ထားရမည်။     
၆၆။ ဤဥပဒေမပြဋာန်းမီ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများက လုပ်ကိုင်ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ထားသောကာလအတွင်း အပြီးသတ် စာရင်းရှင်းလင်း ဖျက်သိမ်းရန် ဆောင်ရွက်ချက်များသည် ပုဒ်မ ၅၄နှင့် သက်ဆိုင်ခြင်း မရှိစေရ။     
၆၇။ ဤဥပဒေပါ ပြဋာန်းချက်များကို ဆောင်ရွက်နိုင်စေရန်-    
(က)     ဝန်ကြီးဌာနသည် ကြီးကြပ်မှုကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူ  ဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။     
(ခ)     သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့်နေပြည်တော်ကောင်စီသည် လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကျခံရမည်။     
၆၈။ ဤဥပဒေပါ ပြဋာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-(က) ဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လည်းကောင်း၊ လိုအပ်သောအမိန့်၊ ညွန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို လည်းကောင်း ထုတ်ပြန်နိုင်သည်။ (ခ) ကြီးကြပ်မှုကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများသည် လိုအပ်သော အမိန့်နှင့် ညွန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။             
(ပုံ) သိန်းစိန်     
နိုင်ငံတော်သမ္မတ     
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။