အခန်း (၁၀)
နိုင်ငံရေး ပါတီများ
၄ဝ၄။ နိုင်ငံရေးပါတီတစ်ရပ်သည် –
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊
(ခ) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။
၄ဝ၅။ နိုင်ငံရေးပါတီတစ်ရပ်သည် –
(က) စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊ (ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်။
၄ဝ၆။ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ
(က) လွတ်လပ်စွာစည်းရုံးခွင့်ရှိသည်၊
(ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
၄ဝ၇။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရ
(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
(ဂ)နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။
၄ဝ၈။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄ဝရ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ထားခြင်းကိုပယ်ဖျက်ရမည်။
၄ဝ၉။ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။