သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွတ်တော်ဥပဒေအမှတ် ၂၁။)

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)

ပြည်ထောင်စုလွတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဥပဒေဟု ခေါ်တွင် စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည်-

(က) နို င်ငံတော် ဆိုသည် မှာ ပြည်ထောင် စုသမ္မတမြန်မာနို င်ငံတော် ကိုဆိုသည်။

(ခ) သဘာဝဘေးအန္တရာယ် ဆို သည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့် ဖြစ်စေ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ် ပေါ်ခြင်း ဆီးနှင်း ပြိုကျခြင်း၊ အပူလှိုင်း သို့မဟုတ် အအေးလှိုင်းဒဏ်ခံရခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်း အန္တရာယ် ဖြစ်ပေါ်ခြင်း ကြောင့် သော်လည်းကောင်း၊ ပိုးမွားတိရစ္ဆာန် များကြောင့်ဖြစ်စေ၊ အပင်ရောဂါကြောင့်ဖြစ်စေ၊ ပျိုးခင်းစိုက်ခင်းများ ပျက်စီးခြင်း၊ ငတ်မွတ်ခေါင်းပါးမှု ဖြစ်ခြင်း၊ လူသို့မဟုတ် တိရစ္ဆာန် များတွင် ကူးစက် ရောဂါဖြစ်ပွားခြင်းကြောင့်သော်လည်းကောင်း၊ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်းကြောင့် သော်လည်းကောင်း၊ စက်မှုလုပ်ငန်းကြောင့်ဖြစ်စေ၊ ဓာတုပစ္စည်းကြောင့်ဖြစ်စေ၊ အဏုမြူကြောင့် ဖြစ်စေ၊ ရေနံယိုဖိ တ်ခြင်းကြောင့် ဖြစ်စေ၊ သဘာဝဓာတ်ငွေ့များ ယိုစိမ့်ခြင်းကြောင့်ဖြစ်စေ အန္တရာယ်ဖြစ်ပေါ်ခြင်းကြောင့်သော်လည်းကောင်း၊ အများပြည်သူ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံ အဆောက်အအုံများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများကိုဆိုသည်။ ယင်း စကားရပ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက သဘာဝဘေးအန္တရာယ်ဟု သတ်မှတ်သည့် အခြား ဘေးအန္တရာယ် တစ်ခုခုလည်း ပါဝင်သည်။

(ဂ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုသည်မှာ သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့ ပါးနိုင်သမျှ လျော့ပါးရေး အတွက် သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင် ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွ ယ် ခြင်းအပါအဝင် သဘာဝဘေး အန္တရာယ်လျော့ပါးရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရပ် များတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးအစီအမံများ ထည့်သွင်းဆောင်ရွက်သည့် လုပ်ငန်းများကိုလည်းကောင်းဆိုသည်။

(ဃ) သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆိုသည်မှာ ကျရောက်လာ နိုင်သည့်သဘာဝဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ရေးနှင့် ကြိုတင်ကာကွယ်ရေး တို့အတွက်လည်းကောင်း၊သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်သည့်အခါ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ထိရောက်စွာ တုံ့ပြန်နိုင်ရေး တို့အတွက်လည်းကောင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ခံစားရမှုများကို လတ် တလောလျော့ပါးစေရန်နှင့် ရေရှည်လျော့ပါး စေရန် စီမံဆောင်ရွက်မှုများကိုဆိုသည်။

(င) အရင်းအမြစ် ဆိုသည်မှာ ဘေးသင့်သူများအတွက် လိုအပ်သော လူ့စွမ်းအား၊ စွမ်းအင်တစ်မျိုးမျိုး၊ ကျွဲနွားတိရစ္ဆာန်၊ ယာဉ်တစ်မျိုးမျိုး၊ ပစ္စည်း ကိရိယာ၊ ဆက်သွယ်ရေးပစ္စည်း၊ အဆောက်အအုံ၊ သိုလှောင်ရုံ၊ စားရေ ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ၊ နေရာနှင့်ငွေကြေးအပါအဝင် ရွေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွေ့မပြောင်းနိုင်သော ပစ္စည်းများကိုဆိုသည်။

(စ) အမျိုးသားကော်မတီ ဆို သည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီ မံ ခန့် ခွဲမှုကော် မတီကို ဆိုသည်။

(ဆ) ဒေသဆိုင်ရာအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသောတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တစ်ခုခုကိုဆိုသည်။

(ဇ) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ဆိုသည်မှာ ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရအချင်းချင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် ပြည်ပနိုင်ငံများရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်း များကိုဆိုသည်။

(စျ) နိုင်ငံရပ် ခြားဒေသတွင်း အဖွဲ့အစည်းများ ဆိုသည်မှာ နိုင်ငံတော်က အဖွဲ့ဝင် အဖြစ် ပါဝင်သည့် အဖွဲ့အစည်းများဖြစ်သော အရှေ့တောင် အာရှနိုင်ငံများအသင်း၊ အာရှဒေသနှင့် အခြားဒေသများအတွ င်း ဖွဲ့စည်းထားသော အသင်းအဖွဲ့များကို ဆိုသည်။

(ည) ဘေးသင့်သူများ ဆိုသည်မှာ သဘာဝေဘးအန္တရာယ်ကြောင့် ထိခိုက် ခံစားရသူများကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက် ဆုံးရှုံးမှုများ လျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို စနစ်တကျထိရောက် လျင်မြန်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်၊

(ခ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို စနစ်တကျ ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် အမျိုးသားကော်မတီနှင့်ဒေသဆိုင်ရာအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်နိုင်ရန်၊

(ဂ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် လည်းကောင်း၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများနှင့် လည်းကောင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊

(ဃ) သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းကာကွယ်ရန်၊

(င) ဘေးသင့်သူများအား ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေး အတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ စီစဉ်ဆောင်ရွက်ပေးနိုင်ရန်။

အခန်း(၃)

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ

ဖွဲ့စည်းခြင်း၊ ယင်း၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

ဖွဲ့စည်းခြင်း

၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒုတိယသမ္မတတစ်ဦးက ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော အမျိုးသားကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၅။ အမျိုးသားကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် မူဝါဒများချမှတ်ခြင်း၊ ယင်းမူဝါဒများနှင့်အညီ လုပ်ငန်းလမ်းညွန်ချက်များချမှတ်ခြင်း၊

(ခ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကော်မတီနှင့် အခြားလိုအပ်သော လုပ်ငန်း ကော်မတီများကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊

(ဂ) ကမ္ဘာပေါ်တွင်ပေါ်ပေါက်ခဲ့သည့် သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို မှတ်တမ်းပြုစုရေး၊ ပေါ်ပေါက် လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်မှု အစီအစဉ်များရေးဆွဲရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ဆောင်ရွက်ရမည့် ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးတို့အတွက် စီမံချက်များရေးဆွဲ အကောင်အထည်ဖော်ရန် ဦးဆောင်မှုပေးခြင်း၊

(ဃ) ကျရောက်ခဲ့သော သဘာဝဘေးအန္တရာယ်၏ ပြင်းထန်မှုနှင့် ထိခိုက်ပျက် စီးဆုံးရှုံးမှုပမာဏအပေါ်မူတည်၍ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကို အမျိုးသားကော်မတီကသော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က သော်လည်းကောင်း အဓိကတာဝန်ယူရေးအတွက် ခွဲခြားသတ် မှတ်ခြင်း၊

(င) ဒေသဆိုင်ရာအဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်များသည် ဘေးသင့်သူများထဲတွင် ပါသွားသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါ နီးစပ်ရာဒေသများမှ သင့်လျော်သူများပါဝင်သည့် ယာယီဒေသဆိုင်ရာ အဖွဲ့ကိုဖွဲ့စည်းခြင်းနှင့် ယင်း၏ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊

(စ) သဘာဝဘေးအန္တ ရာယ် ကျရောက်သည့် ဒေသတွင်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်အခြေအနေကိုဖော်ပြ၍ အဆိုပါ ဒေသအား သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ်ကြောင်း ကြေညာ နိုင်ရန် နိုင်ငံတော်သမ္မတထံ တင်ပြခြင်း၊

(ဆ) သဘာဝဘေးအန္တရာယ်လျော့ပါးရေးကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်းနှင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လမ်းညွန်ခြင်းနှင့်ကြီးကြပ်ခြင်း၊

(ဇ) ကျရောက်သည့် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ သတင်းအချက် အလက်များကို စောင့်ကြည့်လေ့လာခြင်း၊ စိစစ်ခြင်းနှင့် အချိန်နှင့် တစ်ပြေးညီကြိုတင်သတိပေးချက်ထုတ်ပြန်ခြင်းတို့ကိုဆောင်ရွက်နိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာနတည်ထောင်ခြင်း၊

(စျ) သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်သတိပေးချက် ရရှိချိန်တွင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်ဒေသရှိ ပြည်သူများကို ဘေးလွတ်ရာသို့ အချိန်မီ ရွေ့ပြောင်းပေးနိုင်ရန် သက်ဆိုင်ရာ ဒေသ အာဏာပိုင်များ၊ ဒေသဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်း၍စီမံဆောင်ရွက်

ခြင်း၊

(ည) သဘာဝဘေးအန္တရာယ် လျော့ပါးရေးကို ပိုမိုထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ပါက ပြည်ပနိုင်ငံများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊

(ဋ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ပါဝင်ကူညီ ဆောင်ရွက်လိုသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြား ဒေသတွင်း အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများအား ပါဝင် ကူညီ ဆောင်ရွက်နိုင်ရန် စိစစ်ခွင့်ပြုခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(ဌ) ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများအတွက် လိုအပ်သော လူအင်အားနှင့်ပစ္စည်းအင်အားများကို အရန်သင့် အသုံးပြုနိုင်ရေး အတွက်စုစည်းထားရှိသည့် လုပ်ငန်းအစီအစဉ်များ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့် ဒေသဆိုင်ရာအဖွဲ့အား ကြီးကြပ်ကွပ်ကဲစေခြင်း၊

(ဍ) ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီ ထောက်ပံ့ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကူညီထောက်ပံ့ရေး နယ်မြေများ ခွဲခြားသတ်မှတ်ခြင်း၊ နယ်မြေသတ်မှတ်ချက်အရ ကူညီ ထောက်ပံ့မည့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများ၏ လူအင်အားနှင့်ပစ္စည်းအင်အားစုစည်းအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ လမ်းညွန်ခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့်ဒေသဆိုင်ရာအဖွဲ့အား ကြီးကြပ်ကွပ်ကဲစေခြင်း၊

(ဎ) ဘေးသင့်သူများအတွက် လိုအပ်သောအရင်းအမြစ်အား အသုံးပြုခပေးပြီး ယာယီအသုံးပြုရန် ညွန်ကြားခြင်းနှင့် ဘေးသင့်သူများအား နေရာချထားခြင်း၊

(ဏ) သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ဘေးသင့်သူများအား အကူအညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အခြား အဖွဲ့အစည်းများအပြင် လိုအပ်ပါက တပ်မတော်၏ အကူအညီများ ရယူဆောင်ရွက်ခြင်း၊

(တ) သဘာဝဘေးအန္တရယ် ကျရောက်သည့်ဒေသတွင် လုံခြုံရေး ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏အင်အားအပြင် လိုအပ်ပါက တပ်မတော်၏ အင်အားကို ရယူဆောင်ရွက်ခြင်း၊

(ထ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အရေးပေါ် ဆောင်ရွက်ရသည့် အခြေအနေကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်း နှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေးဆောင်ရွက်မှုများကို ပြည်တွင်းပြည်ပမှ သိရှိနိင်စေရေးအတွက် လိုအပ်သည့်သတင်း ဖြန့်ချိပြန်ကြားမှု လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ကြီးကြပ်လမ်းညွန်ခြင်း၊

(ဒ) သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသတွင် အရေးပေါ်လိုအပ်သည့် စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများ ဖြည့်တင်းထောက်ပံ့ရေးနှင့် ကူးစက်ရောဂါကျရောက်ခြင်း မရှိစေရေးတို့အတွက် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း များနှင့် ဒေသဆိုင်ရာ အဖွဲ့များအား လမ်းညွန်ခြင်းနှင် ကြီးကြပ် ကွပ်ကဲစေခြင်း၊

(ဓ) သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသတွင် ကောက်ပဲသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး၊ စီးပွားရေးနှင့်အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရေး၊ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားနှင့်ဆက်သွယ်ရေး လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာရေး၊ ကျန်းမာရေး၊ ပညာရေး နှင့်လူမှုရေးလိုအပ်ချက်များ ကောင်းမွန်သောအခြေအနေ ရောက်ရှိရေး တို့အတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အဆင့်ခွဲခြားသတ်မှတ်ပြီး စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်ရန် ဦးဆောင်ခြင်း၊

(န) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုကို အများပြည်သူတို့ ကျယ်ကျယ် ပြန့်ပြန့်သိရှိနားလည်ပြီး ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာစေရေး အတွက် ပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ နှီးနှောဖလှယ်ပွဲ၊ ဆွေးနွေးပွဲနှင့် ဟောပြောပွဲများကျင်းပရန် ဦးဆောင် လမ်းညွန်မှု ပေးခြင်း၊

(ပ) ပြည်တွင်းပြည်ပမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် ငွေကြေးများ သုံးစွဲခြင်းကိုလည်းကောင်း၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အတွက် ပါဝင်ဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက် များကို လည်းကောင်း စာရင်းဇယားနှင့်မှတ်တမ်းများ ပြုစုစေခြင်း၊ ထိုသို့ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ စေတနာရှင်များနှင့် အများပြည်သူတို့ ထင်သာမြင်သာရှိစေရန် လမ်းညွန်ခြင်းနှင့်ယင်းသို့ ဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲခြင်း၊

(ဖ) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရပ်များ ချမှတ်အကောင်အထည် ဖော်ရာတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အစီအမံများ ပါရှိ စေရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း၊

(ဗ) သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်ဒေသတွင်ဖြစ်စေ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်သည့် ဒေသတွင်ဖြစ်စေ အမျိုးသားကော်မတီက တိုက်ရိုက်တာဝန်ယူ၍ ကြီးကြပ်ဆောင်ရွက်ရသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို လိုအပ်ပါက ယင်းဒေသနှင့် အနီးအနားရှိ ဒေသများ၌ အခြေစိုက်ဆောင်ရွက်ခြင်း၊

(ဘ) မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ရှာဖွေ ကယ်ဆယ်ရေးအပါအဝင်အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည် ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့်သဘာဝဘေးအန္တရာယ်ကို ရေရှည်ကာကွယ်နိုင်ရေးတို့အတွက် လိုအပ်သည့် အစီအမံများကို ဆောင်ရွက်ခြင်း၊

(မ) အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား လွဲအပ်ဆောင်ရွက်စေခြင်း၊

(ယ) အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင် ရာ စီမံခန့်ခွဲမှု ရန်ပုံငွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲထားသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဘဏာရေးစည်းမျဉ်းများနှင့်အညီ သုံးစွဲခြင်း နှင့်စီမံခန့်ခွဲခြင်း၊

(ရ) နိုင်ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများ၏ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ထည့်ဝင်ရန် လိုအပ်မည့်ငွေကြေး များကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထောက်ခံတင်ပြခြင်း၊

(လ) ပြည်ပနိုင်ငံများ၊ အထူးသဖြင့် နိုင်ငံရပ်ခြား ဒေသတွင်းအဖွဲ့အစည်းများ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ထိခိုက် ပျက်စီးဆုံးရှုံးမှုကြီးမားကြောင်း သိရှိရသည့်အခါ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သင့်လျော်သည့် လူသားချင်းစာနာမှု အကူအညီများပေးခြင်း၊

(ဝ) ပြည်ပနိုင်ငံတစ်ခုခုက သဘာဝဘေးအန္တရာယ်ကျရောက်သည့် အခြား နိုင်ငံတစ်ခုခုသို့ စားရေရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည် ထူထောင်ရေးပစ္စ ည်းများကို ထောက်ပံ့ကူညီရာတွင် နိုင်ငံတော်အား စခန်းထောက်အဖြစ် ဖြတ်သန်းပြီးထောက်ပံ့ကူ ညီခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုခြင်း၊

(သ) နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကူးစက်ရောဂါများကို အိမ်နီးချင်း နိုင်ငံများသို့ လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကူးစက်ရောဂါများကို ပြည်တွင်းသို့လည်းကောင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တားဆီးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အခြား အဖွဲ့အစည်းများအား ညွန်ကြားခြင်းနှင့် ကြီးကြပ်ခြင်း၊

(ဟ) ပြည်ထောင်စုအစိုးရအဖွဲ့က ပေးအပ် သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအတွက် အခြားလုပ်ငန်းတာဝန်များကိုထမ်းဆောင်ခြင်း။

၆။ အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်းသည့် ရုံးလုပ်ငန်း တာဝန်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးရမည်။

အခန်း(၄)

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းခြင်း၊

ယင်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ဖွဲ့စည်းခြင်း

၇။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို ဒေသအလိုက် အနီးကပ်ကြီးကြပ်၍ ထိရောက်စွာ ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သင့်လျော်သောပုဂ္ဂိုလ်များ ပါဝင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ(က)အရဖွဲ့စည်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့်

ကျေးရွာအုပ်စုတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို ဒေသ အလိုက် အနီးကပ်ကြီးကြပ်၍ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များကိုဖွဲ့စည်းပြီး ယင်းတို့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ရမည် ။

(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော ဒေသဆိုင်ရာအဖွဲ့များကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်၊

တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၉။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-

(က) အမျိုးသားကော်မတီ၏ ဦးဆောင်လမ်းညွန်မှုနှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများ၊ ပြည်တွင်းပြည်ပစေတနာရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ ထိရောက် လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(ခ) နိုင်ငံတော်အတွင်းရှိ ဒေသအသီးသီးတွင် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိ မရှိကို အမြဲမပြတ်စောင့့်ကြည့်လေ့လာပြီး ယင်း အန္တရာယ်ဖြစ်ပေါ်နိုင်သည့် သတင်းအချက် အလက်များ ရရှိပါက အမျိုးသားကော်မတီသို့ ဆောလျင်စွာ တင်ပြခြင်း၊

(ဂ) သဘာဝဘေးအန္တရာယ်ကျရောက်သည်နှင့်တစ်ပြိုင်နက် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများလျော့ပါးရေးအတွက် ရှာဖွေကယ်ဆယ် ရေးအပါအဝင်

အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ဃ) သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသရှိ ဘေးသင့်သူများ လက်ဝယ်သို့ စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည် ထူထောင်ရေး ပစ္စည်းများ စနစ်တကျအချိန်မီရောက်ရှိစေရေးအတွက် ဆောင်ရွက်ခြင်း၊

(င) သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင်များ၊လူမှု အဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများ၏ အဖွဲ့ဝင်များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်း များတွင် သင့်လျော်သောကဏများ၌ ပူးပေါင်းဆောင်ရွက်စေရန် အကူအညီတောင်းခံခြင်းနှင့် အခမဲ့ဝန်ဆောင်မှုပေးခြင်းကို လက်ခံခြင်း၊

(စ) ဘေးသင့်သူများအတွက် လိုအပ်သောအရင်းအမြစ်အား အသုံးပြုခပေးပြီး အသုံးပြုရန်ညွန်ကြားခြင်းနှင့် ယင်းတို့အားယာယီနေရာချထားခြင်း။

(ဆ) သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးရေးအတွက် အခြားတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များသို့လည်းကောင်း၊ ဒေသဆိုင်ရာအဖွဲ့များသို့ လည်းကောင်းလိုအပ်သော အကူအညီများ တောင်းခံခြင်း၊

(ဇ) အခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုခုတွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးရေး အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ကဖြစ်စေ၊ ဒေသဆိုင်ရာအဖွဲ့ကဖြစ်စေ အကူအညီများ တောင်းခံ လာပါက လိုအပ်သောအကူအညီများနှင့် ထောက်ပံ့မှုများပေးခြင်း။

(စျ) သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါတွင်ဖြစ်စေ၊ ကျရောက်မည့် အခြေအနေတွင်ဖြစ်စေ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးရေး အတွက်ဒေသတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာနှင့် အဆောက်အအုံတို့မှ ဖယ်ရှားထွက်ခွာကြရန် ညွန်ကြားခြင်းနှင့် ဘေးလွတ်ရာသို့ ရွေ့ပြောင်းနိုင်ရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ခြင်း။

(ည) သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့ပါးရေး အတွက် မည်သည့်အတားအဆီးကိုမဆို ဖျက်ဆီးရန်ဖြစ်စေ၊ ဘေးလွတ် ရာနေရာသို့ ရွေ့ပြောင်းရန်ဖြစ်စေ၊ အဆောက်အအုံ သို့မဟုတ် ပစ္စည်း တစ်ခုခုကို အသုံးပြုရန် သို့မဟုတ် ပြုပြင်ပြောင်းလဲရန်ဖြစ်စေ သဘာဝ ဘေးအန္တရာယ်ကျရောက်သည့် သို့မဟုတ်ကျရောက်မည့် ဒေသရှိဒေသ ဆိုင်ရာအဖွဲ့အား ညွန်ကြားခြင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် အခြား နယ်မြေဒေသများသို့ သဘာဝဘေးအန္တရာယ်များ ပြန့်ပွားသွားစေနိုင်ပါက အမျိုးသားကော်မတီ၏ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခြင်း။

(ဋ) သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသည့်ကူးစက် ရောဂါများကို အခြားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများသို့လည်းကောင်း၊ အခြားတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် များ၊ အိမ်နီးချင်းနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် ဖြစ်ပေါ်လာသည့်ကူးစက်ရောဂါများကိုမိမိတို့ဒေသအတွင်းသို့လည်းကောင်း၊ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်တားဆီးခြင်း၊ ကာကွယ် စောင့်ရှောက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရဌာန၊အစိုးရဌာနအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ တာဝန်ယူဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ခြင်း။

(ဌ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအတွက် စီမံထားရှိသည့်အဆောက်အအုံ သို့မဟုတ် သီးသန့်နေရာဒေသသို့ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကျရောက်သည့် နယ်မြေနှင့် အနီးအနားနယ်မြေများသို့ဖြစ်စေ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းမပြုရန် တားမြစ်ခြင်း သို့မဟုတ်ယင်းအဆောက်အအုံနှင့် နေရာဒေသတို့မှ ထွက်ခွာသွားရန် သက်ဆိုင်သူများကို ညွန်ကြားခြင်း၊

(ဍ) သဘာဝဘေးအန္တရာယ်ကျရောက်သည့်နယ်မြေတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စများ စီစဉ်ဆောင်ရွက်ခြင်း၊

(ဎ) လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်သင့်လျော်သည့် အစိုးရ၊ အစိုးရအဖွဲ့အစည်းကိုဖြစ်စေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းနှင့်ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွဲအပ်ဆောင်ရွက်စေခြင်း၊

(ဏ) သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို စာရင်းကောက်ယူ၍ မှတ်တမ်းပြုစုခြင်းနှင့် ထိန်းသိမ်းခြင်း၊

(တ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကို အမျိုးသားကော်မတီ၏ လမ်းညွန်ချက်ဖြင့်ရေးဆွဲသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဘဏာရေးစည်းမျဉ်းများနှင့်အညီ သုံးစွဲခြင်းနှင့်စီမံခန့်ခွဲခြင်း၊

(ထ) ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အမျိုးသားကော်မတီက ပေးအပ်သောအခြားလုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။

၁ဝ။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးရုံးများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုများကိုဆောင်ရွက်ရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရမည်။

အခန်း(၅)

သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသဖြစ်ကြောင်းကြေညာခြင်း

၁၁။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တစ်ဝန်းလုံးတွင်သော်လည်းကောင်း၊နိုင်ငံတော်၏နယ်မြေဒေသတစ်ခုခုတွင်သော်လည်းကောင်း၊ အသက်အိုးအိမ်စည်းစိမ်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အလွန်ကြီးမားသည့် ဘေးအန္တရာယ်ကျရောက်ကြောင်း အမျိုးသားကော်မတီက တင်ပြ၍ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ သိရှိရသည့်အခါ ယင်းဒေသကို မူလအခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေရေး ဆောင်ရွက်ရာတွင် အခက်အခဲ ရှိမည်ဟု ယုံကြည်ပါက အဆိုပါ ဒေသကို အချိန်ကာလနှင့် နယ်မြေဒေသ ပိုင်းခြား သတ်မှတ်၍သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသဖြစ်ကြောင်း ကြေညာနိုင်သည်။

၁၂။ နိုင်ငံတော်သမ္မတသည် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသဖြစ်ကြောင်းကြေညာပြီးနောက် သတ်မှတ်ထားသည့် အချိန်ကာလနှင့်နယ်မြေဒေသကို လိုအပ်သလို တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်သည်။

အခန်း(၆)

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု

၁၃။ ဤဥပဒေအရ တာဝန် ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်သည်-

(က) သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပျက်စီးဆုံးရှုံးမှုများ လျော့ပါးနိုင်သမျှ လျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက်များနှင့်အညီ လုပ်ငန်းအစီအစဉ်များ ချမှတ်ပြီး အောက်ပါလုပ်ငန်းများကိုဆောင်ရွက်ရမည်-

(၁) သဘာဝဘေးအန္တရာယ် မကျရောက်မီ သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ် ခြင်း လုပ်ငန်းများ။

(၂) သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေး အပါအဝင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ၊

(၃) သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ပိုမို ကောင်းမွန်သည့် လူနေမှုဘဝ ရောက်ရှိစေရန်ဆောင်ရွက်သည့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ် ကြောင့် ထိခိုက်ပျက်စီးသည့် သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများ။

(ခ) ပုဒ်မခွဲ(က)ပါ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊မသန်စွမ်းသူများနှင့် အမျိုးသမီးများ(အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် သားသည်မိခင်များ)အား ဦးစားပေးပြီး ကူညီစောင့်ရှောက်ရမည်။

(ဂ) ဘေးသင့်သူများအား ထောက်ပံ့ကူညီရာတွင် လူ့ဂုဏ်သိက္ခာ ထိခိုက်စေမည့်ပြုမူဆောင်ရွက်မှုမျိုး မဖြစ်စေရန် ရှောင်ကြဉ်ရမည်။

၁၄။ သဘာဝဘေးအန္တရာယ်မကျရောက်မီ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်မှုများတွင် အောက်ပါတို့ပါဝင်သည်-

(က) အမျိုးသားကော်မတီနှင့် ဒေသဆိုင်ရာအဖွဲ့အသီးသီးက သဘာဝဘေး အန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို ဦးစားပေးအဆင့် သတ်မှတ်ဆောင်ရွက်ခြင်း။

(ခ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးစနစ်များ ပိုမိုတိုးတက်ကောင်းမွန်စေရေးဆောင်ရွက်ခြင်း။

(ဂ) နိုင်ငံတော်အဆင့်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်အထိ အဆင့်တိုင်းတွင်ဘေးကင်းလုံခြုံ၍ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အလေ့အထစွဲမြဲလာစေရန် အသိပညာ၊ အတတ်ပညာနှင့် တီထွင်ကြံဆမှုတို့ကို အသုံးချ၍ဆောင်ရွက်ခြင်း။

(ဃ) နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အစီအမံများကို တစ်ပါတည်းထည့်သွင်းဆောင်ရွက်ခြင်း၊

(င) နိုင်ငံတော်အဆင့်မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအဆင့်အထိ အဆင့်တိုင်းတွင်သဘာဝဘေးအန္တရာယ်ကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ခိုင်မာစွာတည်ဆောက်ခြင်း။

၁၅။ သဘာဝဘေးအန္တ ရာယ် ကျရောက်နိုင်ခြေရှိ သည့်ဒေသ၌ သဘာဝဘေးအန္တ ရာယ်မကျရောက်မီ စီစဉ်ဆောင်ရွက်ရမည့် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများတွင် အောက်ပါတို့ပါဝင်သည်-

(က) သဘာဝဘေးအန္တရာယ် ကျရောက်နိုင် သောဒေသကို ဖော်ထုတ်၍ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေဆန်းစစ်ချက်ပြုစုခြင်းနှင့် အရေးပေါ် ဆောင်ရွက်ရမည့်စီမံချက်များရေးဆွဲခြင်း၊

(ခ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများကို အများပြည်သူသို့ အသိပညာပေးခြင်း၊ ကြိုတင်သတိပေးစနစ်များ ထားရှိဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လေ့ကျင့်သင်တန်းပေးခြင်းနှင့် အစမ်းလေ့ကျင့်မှုများပြုလုပ်ခြင်း၊

(ဂ) ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်ရသည့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့ပါးစေရေးအတွက် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေကျင့်သုံးဆောင်ရွက်တတ်ပြီးသဘာဝဘေးအန္တရာယ်ကို ကြံ့ကြံ့ခံနိုင်သည့် ဒေသဆိုင်ရာလူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်ရေးအတွက် ပြည်သူလူထု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊

(ဃ) အမျိုးသားကော်မတီနှင့် ဒေသဆိုင်ရာအဖွဲ့များသည် ရပ်ရွာလူထု အခြေပြုသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများတွင် လူငယ်လူရွယ်စေတနာ့ ဝန်ထမ်းများအပါအဝင် ရပ်ရွာလူထုမှ တက်ကြွစွာပါဝင်ဆောင်ရွက်လာစေရန် လမ်းညွန်ခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(င) သဘာဝဘေးအန္တရာယ်လွတ်ကင်းသည့်နေရာဒေသသို့ အများပြည်သူတို့အချိန်မီရှောင်တိမ်းနိုင်ရေးနှင့် ပစ္စည်းဥစ္စာများ၊ ကျွဲ ၊ နွားတိရစ္ဆာန် များကိုရွေ့ပြောင်းနိုင်ရေးတို့အတွက် သတင်းအချက်အလက်များနှင့် သတိပေးချက်များ ကြိုတင်ထုတ်ပြန်ခြင်းနှင့် လိုအပ်သည့် အကူအညီများပေးခြင်း၊

(စ) သဘာဝဘေးအန္တရာယ် အမျိုးအစားအလိုက် အနည်းဆုံးလိုအပ်သည့်အရေးပေါ်စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများ အဆင်သင့်ကူညီထောက်ပံ့နိုင်ရန် စုဆောင်းသိုလှောင်ထားခြင်း၊

(ဆ) ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို လျင်မြန်ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းနှင့်အစိုးရမဟုတ်သော အခြား အဖွဲ့အစည်းများ၏ အကူအညီများ ရယူနိုင်ရန်စီမံထားရှိခြင်း၊

(ဇ) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားပါက ပြည်ပနိုင်ငံများ၊အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင် ငံရပ်ခြားဒေသတွင်း အဖွဲ့အစည်းများက လိုအပ်သောအကူအညီများပေးနိုင်ရေးအတွက် သတင်းကွန်ရက် ဆက်သွယ်ထားရှိခြင်း၊

(စျ) သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် အခြားကဏများတွင်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်ထားရှိခြင်း၊

(ည) ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ပေးအပ်သောအခြားလုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း။

၁၆။ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသည့်ဒေသတွင် သဘာဝဘေးအန္တရာယ်မကျရောက်မီ ဆောင်ရွက်ရမည့် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများတွင် အောက်ပါတို့ပါဝင်သည်-

(က) အလွယ်တကူရှောင်တိမ်းရန်မဖြစ် နိုင်သောဒေသတွ င် မုန်တို င်းဒဏ်ခံ အဆောက်အအုံများနှင့် အသက်ကယ်ကုန်းများဆောက်လုပ်ထားခြင်း၊

(ခ) ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ရေလွမ်းမိုးခြင်းခံရနိုင်သည့် ဒေသများတွင် တာတမံ များတည်ဆောက်ခြင်း၊

(ဂ) ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ဒီရေတောများ ထိန်းသိမ်းခြင်းနှင့် ကြီးထွားမြန်သစ်ပင်များစိုက်ပျိုးခြင်း၊

(ဃ) သဘာဝဘေးအန္တရာယ် အမျိုးအစားအလိုက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(င) ကြိုတင်ကာကွယ်ရေးလုပ် ငန်းများနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ပေးအပ်သော အခြားလုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း။

၁၇။ သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများတွင် အောက်ပါတို့ပါဝင်သည်-

(က) သဘာဝဘေးအန္တရာယ်ကြောင့် ပျောက်ဆုံးနေသူများကို အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်း၊

(ခ) ဘေးသင့်သူများအား ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခြင်းနှင့် ယာယီခိုလှုံရာအဆောက်အအုံများတွင် နေရာချထားပေးခြင်း၊

(ဂ) စားရေရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်ထောက်ပံ့ပေးခြင်း၊

(ဃ) အပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို ပဏာမ စာရင်းပြုစုခြင်းနှင့်ထောက်ပံ့ရန် လိုအပ်မှုများအတွက်ဆန်းစစ်ချက်များ ပြုလုပ်ခြင်း၊

(င) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရေးပေါ်ကွပ်ကဲရေးရုံး ဖွင့်လှစ်ပြီးအနီးကပ်ကြီးကြပ်ကွပ်ကဲခြင်း၊

(စ) နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များဖွဲ့စည်း၍ ဒေသခံပြည်သူတို့အားအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကူးစက်ရောဂါများမကျရောက်စေရေးအတွက် ကာကွယ်ခြင်း၊

(ဆ) ယာယီဆေးခန်းနှင့် ဆေးရုံများဖွင့်လှစ်၍ ထိခိုက်ဒဏ်ရာရသူနှင့် မကျန်းမာသူများအား ဆေးဝါးကုသမှုပေးခြင်း၊

(ဇ) သဘာဝဘေးအန္တရာယ် အမျိုးအစားအလိုက် ရှာဖွေကယ်ဆယ်ရေး အပါအဝင်အရေးပေါ်တုံ့ပြန်ရေးလု ပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(စျ) ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဤဥပဒေအရ ပေးအပ်သောအခြားလုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း၊

၁၈။ သဘာဝဘေးအန္တရာယ်ကျရောက် ပြီးနောက် ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အောက်ပါတို့ပါဝင်သည်-

(က) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများကို ကောက်ယူခြင်းနှင့်အတည် ပြုခြင်း၊

(ခ) ဘေးသင့်သူများအား လုံလောက်သောစားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ဆက်လက်ထောက်ပံ့ခြင်းနှင့် ခွင့်ပြုရန်ပုံငွေမှသင့်လျော်သော ထောက်ပံ့ငွေများပေးခြင်း၊

(ဂ) ပျက်စီးဆုံးရှုံးမှုအခြေအနေအပေါ်မူတည်၍ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစီမံချက် ချမှ တ်ဆောင်ရွက်ခြင်း၊

(ဃ) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသည့်အဆောက်အအုံများ၊ နေအိမ်များကိုသင့်လျော်သည့်နေရာတွင် သဘာဝဘေးဒဏ်ခံ အဆောက်အအုံများအဖြစ် ပြန်လည်တည်ဆောက်ခြင်း၊

(င) ဘေးသင့်သူများအတွက် လိုအပ်သောစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပုံမှန်ပြန်လည် လုပ်ကိုင်နိုင်ရန် ပြန်လည်ထူ ထောင်ပေးခြင်း၊

(စ) သဘာဝဘေးအန္တရာယ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသူများအားစိတ်ဓာတ်ပြန်လည်မြှင့်တင်ပြီး လူမှုအဖွဲ့အစည်းတွင် ပြန်လည် ဝင်ဆံ့နိုင်ရန် ထူထောင်ပေးခြင်း၊

(ဆ) ဘေးသင့်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ကူးစက် ရောဂါအန္တရာယ်များမှ ကာကွယ် ပေးခြင်း၊

(ဇ) ဘေးသင့်သူများအနက် ကျောင်းနေသူများ ပညာရေးအရှိန်အဟုန်မပျက်ဆက်လက်သင်ယူနိုင်ရေးအတွက် စာသင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးခြင်းနှင့် စာသင်ကျောင်းများ ပြန်လည်တည်ဆောက်ပေးခြင်း၊

(စျ) သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသတွင် ဘေးသင့်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စီမံဆောင်ရွက်ခြင်း၊

(ည) ဘေးသင့်သူများအား လူကုန်ကူးမှုမှတားဆီးကာကွယ်ရေးအတွက် သက်ဆိုင်ရာလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊

(ဋ) ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆေက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဤဥပဒေအရ ပေးအပ်သောအခြားလုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း။

အခန်း(၇)

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ

၁၉။ အမျိုးသားကော်မတီသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို အောက်ပါရငွေများဖြင့် ထူထောင်ရမည်-

(က) ပြည်ထောင်စု၏ဘဏာရန်ပုံငွေမှ ထည့်ဝင်ငွေ၊

(ခ) ပြည်ပနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြား ဒေသတွင်းအဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေ၊ လှူဒါန်းငွေ၊ ပြည်တွင်း ပြည်ပမှချေးငွေများနှင့် အခြားတရားဝင်ရငွေများ၊

(ဂ) ဒေသဆိုင်ရာအဖွဲ့များ၊ ပြည်တွင်းပြည်ပရှိ စေတနာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ငွေနှင့်လှူဒါန်းငွေများ၊

(ဃ) ရန်ပုံငွေမှရရှိသည့် တရားဝင်တိုးပွားသည့်ငွေ။

၂ဝ။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကိုအမျိုးသားကော်မတီ၏ခွင့်ပြုချက်အရ အောက်ပါရငွေများဖြင့် ထူထောင်ရမည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ ဘဏ္ဍာရန်ပုံ ငွေ မှ ထည့်ဝင်ငွေ၊

(ခ) ပြည်ပနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံရပ်ခြား ဒေသတွင်းအဖွဲ့အစည်းများထံမှ ထောက်ပံ့ငွေ၊ လှူဒါန်းငွေများနှင့် အခြားတရားဝင်ရငွေများ၊

(ဂ) ပြည်တွ င်း ပြည်ပရှိ စေတနာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အခြားအဖွဲ့အစည်းများ၏ ထောက်ပံ့ငွေနှ င့်လှူဒါန်းငွေများ၊

(ဃ) ရန်ပုံငွေမှ ရရှိသည့် တရားဝင်တိုးပွားသည့်ငွေ။

၂၁။ အမျိုးသားကော်မတီ သည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဘဏ္ဍာရေးစည်းမျဉ်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်းရေးဆွဲရမည်။

၂၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များသည် အမျိုးသားကော်မတီ၏ လမ်းညွန်ချက်နှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဘဏ္ဍာရေးစည်းမျဉ်းများကို ရေးဆွဲရမည်။

၂၃။ အမျိုးသားကော်မတီသည် လိုအပ်ပါက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီ မံခန့်ခွဲမှု ရန်ပုံငွေမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ ခွဲဝေပေးနိုင်သည်။

၂၄။ အမျိုးသားကော်မတီသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေတို့ကို သုံးစွဲခြင်း၊ စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ စာရင်းစစ်အစီရင်ခံစာကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ တင် ပြရမည်။

အခန်း(၈)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၂၅။ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲပေါ့ဆစွာ ဆောင်ရွက်မှုတစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ်တစ်စုံတစ်ရာ ကျရောက်နိုင်သည် ကိုသိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တ ရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၂၆။ မည်သူမဆို ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ် ဆောင်ရွက်သည်ကို နှောင့်ယှက်ခြင်း၊ တားဆီးခြင်း၊ ဟန့်တားခြင်း၊ လက်ရောက်မှုကျူးလွန်ခြင်း သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက် ပြုမူခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

၂၇။ မည်သူမဆို အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် သဘာဝဘေး အန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ်မမှတ်သတင်းလွင့်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှ တ် ရမည်။

၂၈။ ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် မည်သည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်မဆို အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက် မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ရမည်-

(က) သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မရိုးမဖြောင့်သော သဘောဖြင့် မမှန်မကန်ရေးသွင်းခြင်း၊

(ခ) ပေးအပ်သောတာဝန် ကို ထမ်းဆောင်ရန် တမင်ပျက်ကွက်ခြင်း။

၂၉။ မည်သူမဆို ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့် တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ။

၃ဝ။ မည်သူမဆို အောက်ဖော်ပြပါ ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်ကို ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-

(က) သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဤ ဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ် ၏ ညွန်ကြားချက် တစ်ရပ်ရပ် ကိုလိုက်နာရန် တမင် ပျက်ကွက်ခြင်း၊

(ခ) သဘာဝဘေးအန္တရာယ် ကျရောက်သည့်နေရာ သို့မဟုတ် အဆောက်အအုံ အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်း၊

(ဂ) ဘေးသင့်သူများအား ထောက်ပံ့သည့် စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း များ၊ ပြန်လည်ထူထောင်ရေးပစ္စည်းများကို မရိုးမဖြောင့်သောသဘောဖြင့် အသုံး ပြုခြင်း၊ ရောင်းဝယ်ခြင်း၊ တားဆီးခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ဃ) ဤဥဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ်ပုဂ္ဂိုလ် ထံ သဘာဝဘေးအန္တရာယ်ခံစားရသည်ဟု မဟုတ်မမှန် လိမ်လည်၍ စားရေ ရိက္ခာနှ င့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို ဖြစ်စေ၊ ထောက်ပံ့ငွေကိုဖြစ်စေ တင်ပြတောင်းခံခြင်း။

၃၁။ မည်သူမဆို သဘာဝဘေးအန္တရာယ် ကျရောက်နေသည့်အခါတွင်ဖြစ်စေ၊ ကျရောက် တော့မည့်အခိုက်တွင်ဖြစ်စေ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့ပါးစေရန်အလို့ငှာလည်းကောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးလုပ်ငန်းများကို အဟန့်အတား မဖြစ်စေရန်အလို့ငှာလည်းကောင်း ယင်းနေရာရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်နေရာနှင့် အဆောက်အအုံတို့မှ ဖယ်ရှားထွက်ခွာကြရန် သို့မဟုတ် ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေထိုင်ရန် ညွန်ကြားသည်ကိုလိုက်နာရန် တမင်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထို သူကို တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှ တ်ရမည်။

အခန်း(၉)

အထွေထွေ

၃၂။ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတော် အတွင်းသို့ တင်သွင်းသည့် စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူ ထောင်ရေးပစ္စည်း များကို သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အခွန်ကောက် ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရှိ စေရမည်။

၃၃။ အမျိုးသားကော်မတီ၏ လုပ်ငန် းတာဝန်နှင့် စပ်လျဉ်းသည့် ကုန်ကျစရိတ်အဝဝကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဘဏာရန်ပုံငွေမှ ကျခံရမည် ။

၃၄။ အမျိုသားကော်မတီသည်ပြည်တွင် းပြည်ပဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတာဝန်တစ်ရပ်ရပ် ထမ်းဆောင်ချိန်၌ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းအလိုက်၊ သတ်မှ တ် ထားသော ဝတ်စံ ုကိုဝတ်ဆင်ရန်၊ အမှတ်အသား တံဆိပ်ကိုတပ်ဆင်ရန် ခွင့်ပြုနိုင်သည်။

၃၅။ ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုတစ်ရပ်ရပ်ကို သဘောရိုးဖြင့် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ တရားမကြောင်းဖြင့်ဖြစ်စေ၊ ပြစ်မှုကြောင်းဖြင့်ဖြစ်စေ မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုအရေးယူခြင်း မရှိစေရ။

၃၆။ ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သဘာဝ ဘေးအန္တရာယ် လတ်တလော မကျရောက် သေးသော်လည်း ဘေးအန္တရာယ် မကြာမီ ကျရောက် လာနိုင်သည်ဟု ယုံကြည်ရသည့်နေရာရှိ ပြည်သူများအား ရွေ့ပြောင်းရန် လိုအပ်ပါက ၎င်းတို့၏ဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်။

၃၇။ သဘာဝဘေးအန္တရာယ် လျော့ပါးရေး ဆောင်ရွက်မှုတစ်ခုခုကြောင့် ပုဂ္ဂလိကပိုင်ပစ္စည်း တစ်ခုခုတွင် တိုက်ရိုက်ထိခိုက်ဆုံးရှုံးမှုရှိခဲ့လျှင်သော်လည်းကောင်း၊ လူ့အသက်ဆုံးရှုံးခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါ ထိခိုက်ခြင်းရှိခဲ့လျှင်သော်လည်းကောင်း နစ်နာသူသည် သတ်မှတ်ချက်များနှင့်အညီ လျော်ကြေး ငွေရပိုင်ခွင့် ရှိသည်။

၃၈။ တပ်မတော်နယ်မြေတစ်ခုခု တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ရန်ရှိလျှင်သော်လည်းကောင်း၊ တပ်မတော်ပိုင် ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ အသုံးပြုရန် ရှိလျှင် သော်လည်းကောင်း ယင်းသို့ဆောင်ရွက်ရန် သို့မဟုတ် အသုံးပြုရန် နယ်မြေတာဝန်ခံတပ်မှူး၏ သဘောတူညီချက် ရယူဆောင်ရွက်ရမည်။

၃၉။ ဤဥပဒေအာဏာမသက်ရောက်မီ သဘာဝဘေးအန္တရာယ် နှင့် စပ်လျဉ်း၍ ထုတ်ပြန် ခဲ့သော လုပ် ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွန်ကြားချက်များသည် ဤဥပဒေပါ ပြဋာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်သည်။

၄ဝ။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၄၁။ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုရမည်။

၄၂။ ဤဥပဒေပါ ပြစ်မှုများကို ဤဥပဒေအရသာ အရေးယူရမည်။

၄၃။ ဤဥပဒေပါ ပြဋာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် သည်။

(ခ) အမျိုးသားကော်မတီနှင့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများသည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ ကိုလည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် လိုအပ်သောအမိန့်နှင့် ညွန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။