ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆ ။)
၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်
(၂ဝ၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည်ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှစ၍ အကျိုးသက်ရောက် စေရမည်။

၃။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေတွင် ပါရှိသော ”တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး” ဆိုသည့်စကားရပ်အစား ”ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန်ရုံး ဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူး”ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အသီးသီး အစားထိုးရမည်။

၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၃ တွင် –
(က) ပုဒ်မခွဲ (ခ)၊ (ဃ)၊ (ဈ) နှင့် (ထ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-
”(ခ) အခွန်ထမ်း ဆိုသည်မှာ ဤဥပဒေအရ အခွန်ပေးဆောင်ရန်တာဝန်ရှိသူကို ဆိုသည်။
(ဃ) ဝန်ဆောင်မှု ဆိုသည်မှာ အခကြေးငွေ၊ အဖိုးအခ သို့မဟုတ်အဖိုးစားနားဖြင့် ဆောင်ရွက်ပေးခြင်းကို ဆိုသည်။
(ဈ) တင်သွင်းသူ ဆိုသည်မှာ ကုန်စည်ကို ဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ မည်သည့် နည်းလမ်းဖြင့်မဆို ပြည်ပမှ တင်သွင်းဆောင်ရွက်သူကို ဆိုသည်။
(ထ) မြို့နယ်အခွန်ဦးစီးဌာနမှူး ဆိုသည်မှာ ဤဥပဒေအရ အခွန်ထမ်းကပေးဆောင်ရမည့် အခွန်ကို စည်းကြပ် ကောက်ခံရန် တာဝန်ပေးထားသည့် သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏တာဝန်ခံ အရာရှိကို ဆိုသည်။ ယင်းစကားရပ်တွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၁ဝ အရ တာဝန် ခွဲဝေပေးအပ်ထားသောဦးစီးအရာရှိများနှင့် ဒုတိယဦးစီးမှူးများလည်း ပါဝင်သည်။”
( ခ ) ပုဒ်မခွဲ (ထ) ၏ နောက်တွင် ပုဒ်မခွဲ (ဒ)၊ (ဓ) နှင့် (န) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
”(ဒ) ကုန်သွယ်မှု ဆိုသည်မှာ ကုန်စည်ကို လက်ငင်း ဖြစ်စေ၊အကြွေးဖြင့် ဖြစ်စေ၊ အခြား ဆိုင်းငံ့စနစ်ဖြင့် ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့် ဖြစ်စေ၊ ကုန်စည်ချင်း လဲလှယ်ခြင်းစနစ်ဖြင့်ဖြစ်စေ၊ အပ်ကုန်စနစ်ဖြင့် ဖြစ်စေ ဝယ်ယူရောင်းချသည့်ဆောင်ရွက်မှုကို ဆိုသည့်။
(ဓ) ကုန်သွယ်မှုဆောင်ရွက်သူ ဆိုသည်မှာ ကုန်သွယ်မှုကို ကိုယ်တိုင်ဖြစ်ေစေ၊ ကိုယ်စားလှယ် အဖြစ်ဖြစ်စေ၊ အခြား မည်သည့်နည်းလမ်းဖြင့် ဖြစ်စေ ဆောင်ရွက်သူကို ဆိုသည်။”
( န ) ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ နှစ်စဉ် တင်သွင်းရမည့်အခွန်အကောက်များဆိုင်ရာ ဥပဒေကို ဆိုသည်။”

၅။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ၄ကို အောက်ပါအတိုင်း အစားထိုးရမည်-
“၄။ မည်သူမဆို အောက်ဖော်ပြပါ ဆောင်ရွက်မှုများအတွက် ဇယား၌ ဖော်ပြထားသည့် အတိုင်း အခွန်ကျသင့်စေရမည်-
(က) ပြည်တွင်း၌ ကုန်စည်ထုတ်လုပ် ရောင်းချခြင်း၊
( ခ) ကုန်စည်တင်သွင်းခြင်း၊
(ဂ) ကုန်သွယ်မှု ဆောင်ရွက်ခြင်း၊
(ဃ) ဝန်ဆောင်မှုဆောင်ရွက်ခြငး်။”

၆။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ၅ကို အောက်ပါအတိုင်း အစားထိုးရမည်-
”၅။ ပုဒ်မ ၄ အရ ကျသင့်သော အခွန်ကို-
(က) ကုန်စည် တင်သွင်းခြင်း ဖြစ်ပါက ကုန်စည် တင်သွင်းသူကပေးဆောင်ရမည်။
(ခ) ကုန်စည်ထုတ်လုပ်ခြင်း သို့မဟုတ် ကုန်သွယ်မှု ဆောင်ရွက်ခြင်းသို့မဟုတ် တင်သွင်းလာသည့် ကုန်စည်ကို ပြန်လည်ရောင်းချခြင်းသို့မဟုတ် ဝန်ဆောင်မှု ဆောင်ရွက်ခြင်းဖြစ်ပါက ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ကုန်သွယ်မှု ဆောင်ရွက်သူ သို့မဟုတ်ကုန်စည် တင်သွင်းသူ သို့မဟုတ် ဝန်ဆောင်မှု ဆောင်ရွက်သူကကုန်သွယ် လုပ်ငန်းခွန် မကျသင့်မီ ရောင်းရငွေ သို့မဟုတ်ကုန်သွယ် လုပ်ငန်းခွန် မကျသင့်မီ ရငွေနှင့်အတူ ကုန်စည်ကိုဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုကို ရယူသူထံမှ အခွန်ကိုတစ်ပါတည်း ကောက်ခံပြီး ပေးဆောင်ရမည်။
(ဂ) ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ အထူးကုန်စည်များဖြစ်ပါက ကုန်ထုတ်လုပ်သူ၊ ကုန်စည်ကို တင်သွင်းသူကပေးဆောင် ရမည်။”

၇။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
”၆။ မည်သည့်နှစ်အတွက်မဆို ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့်-
(က) ဤဥပဒေ၏ နောက်ဆက်တွဲ ဇယားပါ ဖော်ပြချက်များကို ဖြစ်စေ၊အခွန်နှုန်းများကို ဖြစ်စေ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ပယ်ဖျက်ခြင်းတို့ ပြုနိုင်သည်။
(ခ) အခွန်မစည်းကြပ်ထိုက်သည့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ပမာဏကို သတ်မှတ်နိုင်သည်။”

၈။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၇ ၏ နောက်တွင် ရှင်းလင်းချက်ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
”ရှင်းလင်းချက်။ ကုသိုလ်ရေး ဆိုသည်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးသူများနှင့် သဘာဝဘေးအန္တရာယ်ကျရောက် ခံရသူများအား ကယ်ဆယ်စောင့်ရှောက်ရေး စသည့် အများပြည်သူအကျိုးအတွက် ထောက်ပံ့ပေးကမ်းခြင်းများ ပါဝင်သည်။”

၉။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-
”၈။ (က) ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေဖြင့် အောက်ပါတို့ကိုဆောင်ရွက်နိုင်သည် –
(၁) ကုန်စည် တမျိုးမျိုးအတွက် ဖြစ်စေ၊ ဝန်ဆောင်မှု တစ်ရပ်ရပ်အတွက် ဖြစ်စေ၊ အခွန်ထမ်း တစ်ဦးဦးအတွက်ဖြစ်စေအခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြုခြင်း၊ပြန်လည်ရုပ်သိမ်းခြင်း၊
(၂) အသစ် ထူထောင်သော လုပ်ငန်းတစ်ရပ်ရပ် သို့မဟုတ်လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍အောက်ပါတို့ကို ဆောင်ရွက်ပေးခြင်း-
(ကက) အသစ် တည်ဆောက်ရာတွင် သို့မဟုတ်ဆောင်ရွက်ဆဲ လုပ်ငန်းများတွင် တပ်ဆင်အသုံးပြုရန် ပြည်ပမှ တင်သွင်းသော စက်ပစ္စည်းများ၊ စက်ကိရိယာများနှင့် အခြား ပစ္စည်းများအပေါ်တွင် အခွန်ကင်းလွတ်ခွင့် သို့မဟုတ်သက်သာခွင့်ပြုခြင်း၊
(ခခ) ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း စီးပွားဖြစ် စတင်သောနေ့မှ တစ်ဆက်တည်း ၃၆ လအထိ နှစ်ကန့်သတ်ချက်ဖြင့် အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာ ခွင့်ပြုခြင်း၊
(၃) နိုင်ငံတော်အတွင်း ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချသော ကုန်စည် တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုခြင်း။
(ခ) ပြည်ထောင်စုအစိုးရသည် အောက်ဖော်ပြပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုန်သွယ် လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးခြင်းသို့မဟုတ် သက်သာခွင့်ပေးခြင်း ပြုလုပ်နိုင်သည်-(၁) ပြည်တွင်း ပြည်ပ အလှူရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ကျန်းမာရေး၊ ပညာရေး ကိစ္စရပ်များအတွက် လှူဒါန်းသည့်ကုန်စည်များ၊
(၂) ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ နိုင်ငံတော်သို့အထောက်အပံ့များ အဖြစ် ပေးအပ်သော ကုန်စည်များ၊
(၃) နိုင်ငံတော်၏ ဖွ့ံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အလှူရှင် နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ပညာရှင်များ၊ ကျွမ်းကျင်သူများ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် အသုံးပြုရန် တင်သွင်းလာသည့်အသုံးအဆောင် ပစ္စည်းများ၊
(၄) တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် အခွင့်အရေးမူ(Reciprocအl Bအsis) အရ သံတမန်များနှင့် စပ်လျဉ်းသည့်ကုန်စည်များ။”

၁ဝ။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၁၅ ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ) ကိုအောက်ပါအတိုင်း ဖြည့်စွက်ရမည်-
“(ဃ) လစဉ်ပုံသေနှုန်းထားဖြင့်အခွန်ပေးဆောင်သူ။”

၁၁။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၁၅ နောက်တွင် ပုဒ်မ ၁၅-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
”၁၅-က။ မည်သူမဆို မြန်မာနိုင်ငံမှ ထွက်ခွာသွားမည့်သူ ဖြစ်ပါကဤဥပဒေအရ အခွန်ပေးဆောင်ရန် စီမံပြီးကြောင်း ထောက်ခံစာ လက်မှတ်ကို စည်းမျဉ်းများပါ သတ်မှတ်ချက် များနှင့်အညီရယူရမည်။
သို့ရာတွင် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရဘဏ္ဍာရေး ဝန်ကြီးဌာန သည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ခြွင်းချက်ပြုနိုင်သည်။”

၁၂။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၁၉ ပုဒ်မခွဲ (ခ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
”(ခ) အခွန်ထမ်းသည် မိမိနှင့်သက်ဆိုင်သော မည်သည့် အမိန့်ကိုမဆိုမကျေနပ်လျှင် စည်းမျဉ်းများနှင့်အညီ အယူ ခံဝင်ခွင့်ရှိသည်။အခွန်ထမ်းသည် မြို့နယ်အခွန် ဦးစီးဌာနမှူးက ချမှတ်သည့်အမိန့်ဖြစ်ပါက အခွန်တောင်းခံလွှာသို့မဟုတ် မိမိမကျေနပ်သောအမိန့် ရရှိသည့်နေ့မှ ရက်ပေါင်း သုံးဆယ်အတွင်း အယူခံလွှာတင်သွင်းရမည်၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးသို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန်ဦးစီးဌာနမှူးသို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ်အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးဌာနမှူးက ချမှတ်သည့်အမိန့်ကို မကျေနပ်လျှင် အယူခံအခွန်ထမ်း သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးသည် ယင်းမကျေနပ်သော အမိန့် ရရှိသည့်နေ့မှရက်ပေါင်း ခြောက်ဆယ်အတွင်း အယူခံလွှာကို တင်သွင်းရမည်။
ကာလ စည်းကမ်းသတ် တွက်ချက်ရာတွင် အောက်ပါ ကာလများကို နုတ်ပယ်ရမည်-
(၁) အယူခံဝင်လိုသည့်အမိန့် မိတ္တူကူးရန် လိုအပ်သောကာလ၊
(၂) အခွန်အကျေ မပေးသွင်းဘဲ အယူခံခွင့် တောင်းခံရယူသည့်ကာလ။”

၁၃။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၁၉ ၏ နောက်တွင် ပုဒ်မ ၁၉-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
”၁၉-က။ (က) အခွန်အယူခံခုံအဖွ့၏ဲ အမိန့်တွင် ဥပဒေကြောင်းနှင့်စပ်လျဉ်း၍ ဖြေရှင်းရမည့် အချက်တစ်ခုခုပေါ်ပေါက်လျှင် အခွန်ထမ်းကဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သို့မဟုတ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် အခွန်ဦးစီး ဌာနမှူး သို့မဟုတ်ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူး သို့မဟုတ်အခွန်ထမ်းကြီး များဆိုင်ရာ အခွန်ရုံးဌာနမှူးကဖြစ်စေပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လွှဲအပ်ဆုံးဖြတ်စေရန် အခွန်အယူခံ ခုံအဖွဲ့ထံသို့ ယင်းအဖွဲ့၏အမိန့်ရရှိသည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ်အတွင်းအဆိုပြုနိုင်သည်။
( ခ ) ပုဒ်မခွဲ(က)အရ အဆိုပြုချက်ကို အခွန်အယူခံ ခုံအဖွဲ့ကငြင်းပယ်လျှင် ယင်းသို့ ငြင်းပယ်ခြင်း ခံရသူက ငြင်းပယ်သည့်အမိန့် ရရှိသည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ်အတွင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့လျှောက်ထားနိုင်သည်။”

၁၄။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၂၁ ကို အောက်ပါအတိုင်း အစားထိုးရမည်-
”၂၁။ မည်သူမဆို လုံလောက်သော အကြောင်းမရှိဘဲ အောက်ပါ ပျက်ကွက်မှုတပ်ရပ်ရပ်ရှိလျှင် ထိုသူအား မြို့နယ်အခွန်ဦးစီးဌာနမှူးသည် သက်ဆိုင်ရာပျက်ကွက်မှု တစ်မျိုးစီအတွက် အောက်ဖော်ပြပါ သတ်မှတ် ရာခိုင်နှုန်းအတိုင်း ဒဏ်ငွေအဖြစ် ပေးဆောင်စေရမည်။ ထိုသို့ဒဏ်ငွေ ပေးဆောင်ရာတွင် ပုဒ်မခွဲ(စ)ပါ ဒဏ်ငွေကို ဘဏ္ဍာနှစ် ကုန်အထိ စောင့်ဆိုင်းရန်မလိုဘဲ သီးခြားစည်းကြပ် ကောက်ခံရမည်-
(က) မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း၊ လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာပေးပို့ရန် ပျက်ကွက်ခြင်းအတွက် စည်းကြပ်မှုအရ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်း၊
(ခ) သတ်မှတ်ထားသော အချိန်အတွင်း လစဉ် ကျသင့်အခွန် ပေးသွင်းရန် ပျက်ကွက်ခြင်း၊ သုံးလတစ်ကြိမ် ကြေညာလွှာ ပေးပို့ရန်ပျက်ကွက်ခြင်း၊ နှစ်ချုပ် ကြေညာလွှာ ပေးပို့ရန် ပျက်ကွက်ခြင်းတို့အတွက် ပျက်ကွက်မှုတစ်မျိုးစီအလိုက် စည်းကြပ်မှုအရ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်း၊
(ဂ) နှစ်ချုပ်ကြေညာလွှာအရ ကျသင့်သော အခွန်ကို ပေးသွင်းရန်ပျက်ကွက်ခြင်း၊ စည်းကြပ်မှုနှင့် စပ်လျဉ်း၍ စစ်ဆေးရန်အကြောင်းကြား ခေါ်ယူခြင်းကို လိုက်နာရန် ပျက်ကွက်ခြင်းတို့အတွက် ပျက်ကွက်မှုတစ်မျိုးစီအလိုက် စည်းကြပ်မှုအရ ထပ်မံပေးသွင်းရမည့် အခွန်၏ တစ်ဆယ်ရာခိုင်နှုန်း၊
(ဃ) အခွန်ပေးဆောင်ရန် သတ်မှတ်ပေးထားသော သို့မဟုတ် တိုးမြှင့်ပေးထားသော ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ခြင်း အတွက်စည်းကြပ်မှုအရ ထပ်မံ ပေးသွင်းရမည့် အခွန်၏ တစ်ဆယ်ရာခိုင်နှုန်း၊
(င) ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်းအရ သတ်မှတ်ထားသော ပြေစာသို့မဟုတ် ငွေလက်ခံ ရရှိကြောင်း အထောက်အထား ထားရှိရန်ပျက်ကွက်ခြင်းအတွက် စည်းကြပ်မှုအရ ကျသင့်အခွန်၏ တစ်ဆယ်ရာခိုင်နှုန်း၊
(စ) ပြေစာ သို့မဟုတ် ငွေလက်ခံ ရရှိကြောင်း အထောက်အထားကိုထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံသို့ထုတ်ပေးရန် ပျက်ကွက်ကြောင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူးကစစ်ဆေး တွေ့ရှိပါက ယင်းသို့ ပျက်ကွက်ခြင်းအတွက် ပြေစာသို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား တန်ဖိုးအပေါ်ကျသင့်အခွန်၏ တစ်ရာ ရာခိုင်နှုန်း၊

၁၅။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၂၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-
”၂၇။ မည်သည့်နှစ်အတွက်မဆို ကုန်စည်တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ဝန်ဆောင်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ဖြစ်စေ ရောင်းရငွေ သို့မဟုတ်ဝန်ဆောင်မှု ရငွေတွင် နိုင်ငံခြားငွေ ပါဝင်ပါက ပြည်ထောင်စု၏အခွန်အကောက် ဥပဒေဖြင့် အခွန်ကျသင့်စေရန် သတ်မှတ် နိုင်သည်။”

၁၆။ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၃ဝ တွင် ပါရှိသော ”ကုန်ထုတ်လုပ်သူ၊ဝန်ဆောင်မှု ဆောင်ရွက်သူ၊ ကုန်တင်သွင်းသူ” ဆိုသည့် စကားရပ်အစား“ကုန်ထုတ် လုပ်သူ၊ ကုန်သွယ်မှု ဆောင်ရွက်သူ၊ ဝန်ဆောင်မှု ဆောင်ရွက်သူ၊တင်သွင်းသူ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၁၇။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၃ဝ ၏ နောက်တွင် ပုဒ်မ ၃၁၊ ၃၂ နှင့် ၃၃ တို့ကိုအောက်ပါအတိုင်း ဖြည့်စွက်ရမည်-
(၃၁)သွင်းကုန် တင်သွင်းမှုအပေါ် ကောက်ခံရရှိသည့် ငွေမှအပဖြစ်သည့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် မြန်မာကျပ်ငွေဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရငွေ အပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ကတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အလိုက် သတ်မှတ် ရာခိုင်နှုန်း အချိုးအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းနိုင်သည်။
(၃၂) ကုန်စည်ထုတ်လုပ်ခြင်း သို့မဟုတ် ကုန်သွယ်မှု ဆောင်ရွက်ခြင်း သို့မဟုတ်တင်သွင်းလာသည့် ကုန်စည်ကို ပြန်လည် ရောင်းချခြင်း သို့မဟုတ်ဝန်ဆောင်မှု ဆောင်ရွက်ခြင်းဖြစ်ပါက ကုန်စည်ထုတ်လုပ်သူ သို့မဟုတ်ကုန်သွယ်မှုဆောင်ရွက်သူ သို့မဟုတ် တင်သွင်းသူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်သူသည် ကုန်သွယ်လုပ်ငန်း ခွန်မကျသင့်မီ ရောင်းရငွေသို့မဟုတ် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်မီ ဝန်ဆောင်မှု ရငွေနှင့်အတူကုန်စည်ကို ဝယ်ယူသူ သို့မဟုတ် သို့မဟုတ် ဝန်ဆောင်မှုကို ရယူသူ ထံမှအခွန်ကို တစ်ပါတည်း ကောက်ခံပြီး ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထား ထုတ်ပေးခြင်းကို စည်းမျဉ်းများနှင့်အညီဆောင်ရွက်ရမည်။
သို့ရာတွင် အထူးကုန်စည် ထုတ်လုပ်ရောင်းချခြင်း ဖြစ်ပါက ပြေစာသို့မဟုတ် ငွေလက်ခံ ရရှိကြောင်း အထောက်အထား ထုတ်ပေးခြင်းကိုစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။
၃၃။ အထူးကုန်စည်များ ထုတ်လုပ် ရောင်းချခြင်းနှင့် ပြည်ပမှ တင်သွင်းခြင်းအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်းနှင့် ပတ်သက်၍စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနု်ပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။