ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ

(၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅။)

၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်

(၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဆိုသည်။

( ခ ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို ဆိုသည်။

( ဂ ) ရေနံလက်ယက်တွင်း ဆိုသည်မှာ လိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ လူအင်အား သို့မဟုတ် စက်အင်အား သို့မဟုတ် အင်အားနှစ်ရပ်စလုံးဖြင့် အနက်ပေ ၁၀၀၀ ထက် မပိုသော ရေနံတူးဖော်ထုတ်လုပ်သည့်တွင်းကို ဆိုသည်။

(ဃ) ရေနံလက်ယက်တွင်းမှ ထွက်ရှိသောရေနံ ဆိုသည်မှာ ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့် ဟိုက်ဒရိုကာဗွန်အရည် သို့မဟုတ် ဟိုက်ဒရိုကာဗွန်အရောအနှော သို့မဟုတ် မီးလောင် လွယ်သည့် အရောအနှော စသည်တို့ကိုဆိုသည်။ ယင်းစကားရပ်တွင် သဘာဝဓာတ်ငွေ့ မပါဝင်။

( င ) ရေနံလက်ယက်တွင်းတူးဖော်ခြင်း ဆိုသည်မှာ ရေနံရယူရန်အလို့ငှာ သက်ဆိုင်ရာ လုပ်ကွက်၏ မြေမျက်နှာပြင်ကိုဖြစ်စေ၊ မြေအောက်ကျောက်လွှာကိုဖြစ်စေ တူးဖော်ခြင်း၊ တူးဖောက်ခြင်း၊ တူးဆွခြင်းလုပ်ငန်းကို ဆိုသည်။

( စ ) ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း ဆိုသည်မှာ လုပ်ကွက်အတွင်းတွင် ရေနံ ရယူရန်အလို့ငှာ မြေမျက်နှာပြင်ကိုဖြစ်စေ၊ မြေအောက်ကျောက်လွှာကိုဖြစ်စေ တူးဖော်ခြင်း၊ တူးဖောက်ခြင်း၊ တူးဆွခြင်းမှထွက်ရှိလာသည့် ရေနံကိုဖြစ်စေ၊ မြေအောက်မှမြေပြင်ပေါ်သို့ အလိုအလျောက်စိမ့်ထွက်သော ရေနံကိုဖြစ်စေ ထုတ်ယူခြင်းလုပ်ငန်းကို ဆိုသည်။

(ဆ) လုပ်ကွက် ဆိုသည်မှာ နိုင်ငံတော်ပိုင် နယ်နိမိတ်အတွင်းရှိ ကုန်းတွင်းပိုင်းတွင် ရေနံ လက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းမှ အဆိုပြုလျှောက်ထားသည့် အကျယ်အဝန်းအပေါ် ဝန်ကြီးဌာနက စိစစ်ခွင့်ပြုသော လက်ယက်တွင်း လုပ်ကွက်ကို ဆိုသည်။

( ဇ ) လိုင်စင်ဆိုသည်မှာ ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းအား ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်း ဝန်ကြီးဌာနက လုပ်ကွက်အလိုက် ထုတ်ပေးသည့် ခွင့်ပြုချက်လိုင်စင်ကို ဆိုသည်။

( စျ ) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ဆိုသည်မှာ လုပ်ကွက်အတွင်း ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရသည့် ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း ကိုဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊

( ခ ) သက်ဆိုင်ရာလုပ်ကွက် တည်ရှိရာဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်၊

( ဂ ) ရေနံလက်ယက်တွင်းများမှ ရေနံများကို အန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ တူးဖော်ထုတ်လုပ်ရေး ဆောင်ရွက်ရန်၊

(ဃ) ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှရေနံထုတ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် လူမှုစီးပွားထိခိုက်မှုများ အနည်းဆုံး ဖြစ်စေရေးကို ဆောင်ရွက်ရန်။

အခန်း(၃)

လုပ်ကွက်နှင့် လိုင်စင်လျှောက်ထားခြင်း

၄။ ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားသူသည် မြန်မာနိုင်ငံသား သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများသာ ဖြစ်ရမည်။

၅။ ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုသော ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း သည် မိမိလုပ်ကိုင်လိုသည့် လုပ်ကွက်၏ တည်နေရာ၊ အကျယ်အဝန်းနှင့် သက်ဆိုင်ရာဌာနအသီးသီး၏ ထောက်ခံချက်တို့ကို ပြည့်စုံစွာဖော်ပြ၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ လျှောက်ထားရမည်။

၆။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် လျှောက်လွှာပါ ဖော်ပြချက်များကို သတ်မှတ်ချက်များနှင့် ပြည့်စုံညီညွတ်ခြင်းရှိမရှိစိစစ်၍ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြရမည်။

၇။ ဝန်ကြီးဌာနသည် ပုဒ်မ ၆ အရ တင်ပြလာသော လျှောက်လွှာကို လက်ခံရရှိသည့်အခါ လျှောက်ထားချက်ကို စိစစ်၍-

(က) လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက်များကို တောင်းခံ နိုင်သည်။

( ခ ) သက်ဆိုင်ရာဝန်ကြီးဌာနများက ထောက်ခံမှုမရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ချက်များနှင့် ညီညွတ်ခြင်းမရှိလျှင်သော်လည်းကောင်း လျှောက်ထားချက်ကို ငြင်းပယ်နိုင်သည်။

( ဂ ) ငြင်းပယ်ပါက ငြင်းပယ်ရသည့် အကြောင်းရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ပြန်ကြားရမည်။

၈။ ပုဒ်မ ၇ အရ ဆောင်ရွက်ပြီးသည့် လုပ်ကွက်နှင့်ပတ်သက်၍ ဝန်ကြီးဌာနသည် မိမိတို့ ဝန်ကြီးဌာနက သတ်မှတ်ထားသော သို့မဟုတ် သတ်မှတ်ရန်လျာထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်သည့် လုပ်ကွက်ဧရိယာများနှင့် လွတ်ကင်းမှုရှိမရှိနှင့် အခြားလိုအပ်ချက်များကို စိစစ်၍ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက ယင်းလုပ်ကွက်ကို ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်ရမည်။

၉။ ပုဒ်မ ၈ အရ ဝန်ကြီးဌာန၏ တင်ပြချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူညီလျှင် ဝန်ကြီးဌာနသည် ယင်းလုပ်ကွက်နှင့်စပ်လျဉ်းသည့် တစ်နှစ်သက်တမ်းရှိသောလိုင်စင်ကို လျှောက်ထားသူအား ထုတ်ပေးရမည်။

၁၀။ ပုဒ်မ ၉ ပါ လိုင်စင်ကို သက်တမ်းတိုးလိုသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် လိုင်စင်သက်တမ်း မကုန်ဆုံးမီ နှစ်လ ကြိုတင်၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ သက်တမ်းတိုး လျှောက်လွှာဖြင့် လျှောက်ထားရမည်။

၁၁။ လျှောက်လွှာလက်ခံရရှိသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် သက်တမ်း တိုးလိုသည့်လျှောက်လွှာကို ပြန်လည်စိစစ်၍ လိုင်စင်သက်တမ်း မကုန်ဆုံးမီ တစ်လ ကြိုတင်၍ ဝန်ကြီးဌာနသို့ ဆက်လက်ပေးပို့ရမည်။

၁၂။ ဝန်ကြီးဌာနသည် သက်တမ်းတိုး လျှောက်ထားချက်ကို စိစစ်၍ –

(က) သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိပါက လျှောက်ထားသူအား တစ်နှစ်သက်တမ်းရှိသည့် လိုင်စင်ကို ထုတ်ပေးရမည်။

( ခ ) သတ်မှတ်ချက်များနှင့်ညီညွတ်မှုမရှိသော လျှောက်ထားချက်ကို အကြောင်းပြချက်ဖြင့် ငြင်းပယ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တစ်ဆင့်လျှောက်ထားသူကို အကြောင်းကြားရမည်။

အခန်း(၄)

ဝန်ကြီးဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၁၃။ ဝန်ကြီးဌာနသည် –

(က) လိုင်စင်စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊ အခါအားလျော်စွာ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

( ခ ) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက လိုင်စင်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စစ်ဆေးရမည်။

( ဂ ) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် လိုင်စင်ပါစည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ကြောင်း ပုဒ်မခွဲ (ခ) အရ စစ်ဆေးတွေ့ရှိလျှင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က တင်ပြချက်အရဖြစ်စေ သိရှိပါက စီမံခန့်ခွဲရေး နည်းလမ်းအရ လိုအပ်သလို အရေးယူဆောင်ရွက်ရမည်။

(ဃ) သတ်မှတ်ထားသည့် လျှောက်လွှာကြေးနှင့် လိုင်စင်ကြေး ကောက်ခံရမည်။

၁၄။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရက အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်၍လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ဆောင်ရွက်နေသော လုပ်ကွက်မြေဧရိယာအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူသည့်အခါ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် အခြားသင့်လျော်သည့်နေရာတစ်ခုခုကို အစားထိုးလုပ်ကိုင်ခွင့်ရရှိနိုင်ရန် ပြန်လည်လျှောက်ထားလာပါက စိစစ်ခွင့်ပြုနိုင်သည်။

အခန်း(၅)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ရကြောငြာစာ၊ အမိန့်နှင့်ညွှန် ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိမရှိ စိစစ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း၊

( ခ ) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

( ဂ ) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် တည်ဆဲဥပဒေများ၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက စီမံခန့်ခွဲမှုနည်းလမ်းအရ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊

(ဃ) လိုင်စင်အား ရပ်ဆိုင်းခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြစ်ဒဏ်ချမှတ်သင့်ကြောင်း ပေါ်ပေါက်ပါက ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

( င ) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက ရေနံလက်ယက်တွင်း တူးဖော်ခြင်း၊ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း၊ ရေနံလက်ယက်တွင်းမှ ထွက်ရှိသော ရေနံများကို သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ ချက်လုပ်ခြင်း၊ ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ လိုက်နာဆောင်ရွက်စေရန် ကြီးကြပ်ခြင်း၊ ညွှန်ကြားခြင်း၊ စိစစ်ခြင်း၊ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊

( စ ) ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့် ရေနံအတွက်ပေးသွင်းရမည့် ခိုင်ကြေးနှင့် လုပ်ကွက်အတွက် မြေငှားရမ်းခများ ကောက်ခံခြင်း၊

(ဆ) ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့် နေ့စဉ်ရေနံထုတ်လုပ်မှုစာရင်းကို လစဉ် လဆန်းခုနစ်ရက်အတွင်း ဝန်ကြီးဌာနသို့ပေးပို့စေခြင်း၊

( ဇ ) ရေနံလက်ယက်တွင်းမှ သဘာဝဓာတ်ငွေ့ထွက်ရှိပါက ဝန်ကြီးဌာသို့ ချက်ချင်းတင်ပြစေခြင်း။

အခန်း(၆)

လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ လိုက်နာရမည့် စည်းကမ်းများ

၁၆။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်-

(က) ဤဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ လိုင်စင်ပါစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

( ခ ) ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာဒေသ၏ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ပျက်စီးမှုမဖြစ်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားထိခိုက်မှု မဖြစ်စေရန် ဆောင်ရွက်ရမည့်အပြင် လုပ်ငန်းဆောင်ရွက်ပြီးစီးသည့်အခါ လုပ်ကွက်အား မူလအနေအထားအတိုင်း ဖြစ်စေရန် ပြန်လည်ပြုပြင်ထားရှိရမည်။

( ဂ ) ရေနံလက်ယက်တွင်း တူးဖော်ခြင်း၊ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် ချက်လုပ်ခြင်း လုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။

(ဃ) လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်ရမည်။ အခြားမည်သည့် ပုဂ္ဂိုလ် သို့မဟုတ် မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကိုမျှ လုပ်ကွက် တစ်ခုလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း လွှဲပြောင်းဆောင်ရွက်ခြင်းမပြုရ။

( င ) လိုင်စင်ထုတ်ပေးသည့်နေ့မှ သုံးလအတွင်း ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းကို စတင်ဆောင်ရွက်ရမည်။

( စ ) ယင်းရေနံလက်ယက်တွင်း တူးဖော်ခြင်း၊ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များနှင့် ထုတ်ယူရရှိသည့် ရေနံနမူနာကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ သတ်မှတ်ချက်နှင့်အညီ ပေးအပ်ရမည်။

(ဆ) နေ့စဉ်ရေနံထုတ်လုပ်မှု ပမာဏစာရင်းဇယားကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတစ်ဆင့် ဝန်ကြီးဌာနသို့ လစဉ် မပျက်မကွက် ပေးပို့ရမည်။

( ဇ ) ပြည်ထောင်စုအစိုးရက အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်လာလျှင် ရေနံထုတ်လုပ်ရန် ခွင့်ပြုထားသော မြေဧရိယာအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ ပြန်လည်သိမ်းယူသည့်အခါ ပြန်လည်အပ်နှံရမည်။ ထိုသို့ ပြန်လည်အပ်နှံပြီးနောက် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် အခြားသင့်လျော်သည့် နေရာတစ်ခုခုကို အစားထိုးလုပ်ကိုင်ခွင့်ရရှိနိုင်ရန် ဤဥပဒေနှင့်အညီ ပြန်လည်လျှောက်ထားနိုင်သည်။

( စျ ) လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရပါက ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရသည့်နေ့တွင် လုပ်ငန်းရပ်ဆိုင်းပြီး လုပ်ကွက်အတွင်းမှ တစ်လအတွင်း ဖယ်ရှားပေးရမည်။

(ည) လိုင်စင်သက်တမ်းအတွင်း လုပ်ငန်းကို ဆက်လက်လုပ်ကိုင် ဆောင်ရွက်လိုခြင်း မရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ တစ်ဆင့် ဝန်ကြီးဌာနသို့ အကြောင်းကြား၍ လုပ်ကွက်လိုင်စင်အားပြန်လည်အပ်နှံရမည်။

( ဋ ) လုပ်ငန်းသုံး ပစ္စည်းများ၏ အရည်အသွေး၊ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများအပါအဝင် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဖွဲ့စည်းပေးသော စစ်ဆေးရေးအဖွဲ့၏ လိုအပ်သလို စစ်ဆေးကြပ်မတ်မှုကို ခံယူရမည်။

( ဌ ) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အထူးစီမံချက်များကို လိုက်နာရမည်။

( ဍ ) ရေနံလက်ယက်တွင်းမှ သဘာဝဓာတ်ငွေ့ထွက်ရှိပါက ဝန်ကြီးဌာနသို့ ချက်ချင်း တင်ပြရမည်။

၁၇။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် –

(က) ရေနံလက်ယက်တွင်းမှထွက်ရှိသည့် ရေနံကို သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ ချက်လုပ်ခြင်း၊ ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြောငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

( ခ ) တည်ဆဲဝင်ငွေခွန်ဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတို့နှင့်အညီ ကျသင့်သည့်ဝင်ငွေခွန်နှင့် အခွန်အခများကို ပေးဆောင်ရမည်။

အခန်း(၇)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၁၈။ (က) ဝန်ကြီးဌာနသည် လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူအား အောက်ဖော်ပြပါ စီမံခန့်ခွဲရေးပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(၁) သတိပေးခြင်း၊

(၂) ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

(၃) လိုင်စင်အား ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(၄) လိုင်စင်ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။

( ခ ) ဤဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို လိုက်နာရန် ပျက်ကွက်ခြင်းနှင့် စည်းကမ်းချက်များကို ဖောက်ဖျက်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် အောက်ဖော်ပြပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ ပြစ်ဒဏ်တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

(၁) သတိပေးခြင်း၊

(၂) ဒဏ်ကြေးငွေပေးဆောင်စေခြင်း။

( ဂ ) ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မခွဲ (ခ) ပါပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ခြင်းခံရသူသည် ထိုသို့ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဝန်ကြီးဌာနသို့ ပြန်လည်သုံးသပ်ပေးနိုင်ရန်တင်ပြနိုင်သည်။ ဝန်ကြီးဌာနသည် ယင်းတင်ပြလာမှုအပေါ် စိစစ်၍မူလဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း ပြုနိုင်သည်။

အခန်း(၈)

ပြစ်မှုနှင့်ပြစ်ဒဏ်

၁၉။ မည်သူမဆို ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး တစ်နှစ်မှ အများဆုံးသုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်အောက် မနည်းသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

၂၀။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ မည်သူမဆို ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ) ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည့်အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှု သို့မဟုတ် ပျက်စီးမှု သို့မဟုတ် လူမှုစီးပွားထိခိုက်မှုအတွက် ကုစားရသည့် ကုန်ကျစရိတ်များကို ထိုသူကပေးလျော်စေရမည်။

၂၁။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ မည်သူမဆို ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (ဈ) နှင့် ပုဒ်မခွဲ (ဌ) တို့ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် သတ်မှတ်ထားသော တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံး တစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းသုံးဆယ်အောက်မနည်းသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

အခန်း(၉)

အထွေထွေ

၂၂။ ဤဥပဒေအာဏာမတည်မီက တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထုတ်ပေးထားသော လိုင်စင်သည် သက်တမ်းကုန်ဆုံးခြင်းမရှိသေးပါက-

(က) ဤဥပဒေအရ ထုတ်ပေးသည့် လိုင်စင်ဖြစ်သည်ဟု မှတ်ယူရမည်။

( ခ ) ယင်းလိုင်စင်၏ သက်တမ်းသည် လိုင်စင်ပါ သက်တမ်းအတိုင်းသာ ဖြစ်ရမည်။

( ဂ ) လိုင်စင်သက်တမ်း ကုန်ဆုံးလျှင် လိုင်စင်သက်တမ်းတိုးခြင်းကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၂၃။ (က) ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှရေနံထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့် လျှောက်ထားသူသည်-

(၁) မိမိလုပ်ကိုင်ရန် လျှောက်ထားသည့် လုပ်ကွက်တွင် အခြားသောပိုင်ရှင် သို့မဟုတ် ဥပဒေအရ အခွင့်အရေးတစ်စုံတစ်ရာ ရရှိထားသူ မရှိစေရန်လည်းကောင်း၊ မိမိလုပ်ကိုင်ခွင့်ရရှိခြင်းသည် ဥပဒေနှင့်အညီ ဖြစ်စေရန်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ရမည်။

(၂) လိုင်စင်ရရှိပြီးနောက် မိမိလုပ်ကွက်တွင် ပိုင်ရှင် သို့မဟုတ် ဥပဒေအရ အခွင့်အရေး တစ်စုံတစ်ရာရှိသူ ပေါ်ပေါက်ပြီး ကန့်ကွက်လျှင် မိမိကိုယ်တိုင် တာဝန်ယူဖြေရှင်းရမည်။

( ခ ) ဝန်ကြီးဌာနသည် လုပ်ကွက်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်ရှိပါက ယင်းကန့်ကွက်ချက်ကို လိုင်စင်ရရှိသူက ပုဒ်မခွဲ (က) နှင့်အညီ ပြီးပြတ်သည်အထိ ဖြေရှင်းနိုင်ခြင်းမရှိလျှင် ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့်ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ရသူအား ထုတ်ပေးထားသည့် လိုင်စင်ကိုရုပ်သိမ်းနိုင်သည်။

၂၄။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၂၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် ဆောင်ရွက်ချက်များဖြစ်သည့် လက်ဝါးကြီးအုပ် လုပ်ကိုင်ဆောင်ရွက်ခြင်းများ မပေါ်ပေါက်စေရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ကြီးကြပ်ဆောင်ရွက်ရမည်။

၂၆။ (က) ဤဥပဒေပါ လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရသူသည်လုပ်ငန်းမှ ထုတ်ယူရရှိသော ရေနံပမာဏပေါ်မူတည်၍ သက်ဆိုင်ရာရေနံလက်ယက်တွင်း လုပ်ကွက်တည်ရှိရာဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရန်ပုံငွေထည့်ဝင်ရမည်။

( ခ ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ယင်းရန်ပုံငွေကို လက်ခံရရှိမှု၊ ထိန်းသိမ်းမှု၊ ထုတ်ယူသုံးစွဲမှု၊ စီမံခန့်ခွဲမှုတို့နှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည်။

၂၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

( ခ ) ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

( ဂ ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည်

မိမိတို့ သက်ဆိုင်ရာနယ်မြေဒေသအတွက် လိုအပ်သော အမိန့်ကြောငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။