မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များဥပဒေ

(၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄။)

၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်

(၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

( ခ ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

( ဂ ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က တာဝန်ပေးအပ်ထားသော ပြည်ထောင်စုဝန်ကြီးဌာနကို ဆိုသည်။

(ဃ) ပင်လယ်ဇုန်များ ဆိုသည်မှာ ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုန်၊ သီးသန့်စီးပွားရေးဇုန်နှင့် ကမ်းလွန်ရေတိမ်ပိုင်းတို့ အပါအဝင် နိုင်ငံတော်နှင့်သက်ဆိုင်သည့် ပင်လယ်ဇုန်များကို ဆိုသည်။

( င ) အခြေခံမျဉ်းများ ဆိုသည်မှာ ဤဥပဒေ၏ နောက်ဆက်တွဲ (က) တွင် သတ်မှတ်ဖော်ပြထားသည့် အခြေခံမျဉ်းများကို ဆိုသည်။

( စ ) အတွင်းပိုင်းရေပြင် ဆိုသည်မှာ ပိုင်နက်ပင်လယ်ကို စတင်သတ်မှတ်သည့်အခြေခံမျဉ်းမှ ကုန်းတွင်းဘက်ရှိ ရေပိုင်နက်ကိုဆိုသည်။

(ဆ) နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်သောသူကို ဆိုသည်။

( ဇ ) ရေယာဉ်ဆိုသည်မှာ ရေပေါ်တွင်သော်လည်းကောင်း၊ ရေအောက်တွင်သော်လည်းကောင်း ရွေ့လျားသွားလာနိုင်သော စက်တပ် သို့မဟုတ် စက်မဲ့ယာဉ်တစ်မျိုးမျိုးကို ဆိုသည်။

( ဈ ) နိုင်ငံခြားရေယာဉ် ဆိုသည်မှာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိဘဲ နိုင်ငံခြားတွင်မှတ်ပုံတင်ထားသော ရေယာဉ်နှင့်မည်သည့်နိုင်ငံတွင်မျှ မှတ်ပုံတင်ထားခြင်းမရှိသော နိုင်ငံခြားသားပိုင် ရေယာဉ်ကိုဆိုသည်။(ည) သဘာဝသယံဇာတ ဆိုသည်မှာ ပင်လယ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင်အောက်ခံမြေထု၊ ပင်လယ်ကြမ်းပြင်အထက်ရှိရေထုနှင့် ပင်လယ်ရေမျက်နှာပြင်တို့တွင် ပါဝင်သော သက်ရှိသက်မဲ့သယံဇာတများကို ဆိုသည်။ ယင်းစကားရပ်တွင် အစိုးရအဖွဲ့က အခါအားလျော်စွာ နိုင်ငံတော်ပြန်တမ်းတွင့် ထုတ်ပြန်ကြေညာသတ်မှတ်သော သဘာဝသယံဇာတများလည်း ပါဝင်သည်။( ဋ ) ရေမိုင် ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာရေမိုင်ကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ပိုင်နက်ပင်လယ်၊ ဆက်စပ်ဇုန်၊ သီးသန့်စီးပွားရေးဇုန်နှင့် ကမ်းလွန်ရေတိမ်ပိုင်းတို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းမှုရှိစေရန်၊

( ခ ) နိုင်ငံတော်၏ ပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များအတွင်းရှိ သဘာဝသယံဇာတများအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်၊ စနစ်တကျ ရေရှည်ထုတ်ယူသုံးစွဲရန် နှင့် အဏ္ဏဝါသိပ္ပံဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊

( ဂ ) နိုင်ငံတော်၏ ပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များအတွင်း ရေထု၊ လေထုနှင့်အဏ္ဏဝါပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများမှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်။

အခန်း (၃)

ပိုင်နက်ပင်လယ်

၄။ နိုင်ငံတော်၏ ပိုင်နက်ပင်လယ်သည် အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင် ၁၂ မိုင်အထိ ကျယ်ဝန်းသည်။

၅။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် ပိုင်နက်ပင်လယ်၊ ယင်းအောက်ရှိ ပင်လယ်ကြမ်းပြင်၊ အောက်ခံမြေထုနှင့် ယင်းအထက်ရှိ လေထုအထိ သက်ရောက်သည်။

၆။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ နိုင်ငံခြားစစ်ရေယာဉ်မှအပ နိုင်ငံအားလုံး၏ ရေယာဉ်များသည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုဖြင့်ဖြတ်သန်းခွင့်ရှိသည်။ ယင်းဖြတ်သန်းမှုသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး သို့မဟုတ် လုံခြုံရေးကို ထိပါးခြင်းမရှိသရွေ့ အပြစ်ကင်းသော ဖြတ်သန်းမှုဖြစ်သည်ဟု မှတ်ယူရမည်။

( ခ ) နိုင်ငံခြား စစ်ရေယာဉ်သည် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရရှိမှသာ ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုဖြင့် ဖြတ်သန်းနိုင်သည်။

( ဂ ) အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဝင်ရောက်လာသော နိုင်ငံခြားစစ်ရေယာဉ်ကို ပိုင်နက်ပင်လယ်အတွင်း ရောက်ရှိနေသည့်နေရာမှ ချက်ချင်းထွက်ခွာသွားစေရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ဆောင်ရွက်ခွင့်ရှိသည်။

၇။ ပိုင်နက်ပင်လယ်အတွင်း ဖြတ်သန်းနေစဉ်-

(က) မည်သည့်နိုင်ငံခြားရေယာဉ်မဆို နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာရမည်။

( ခ ) မည်သည့် နိုင်ငံခြားရေယာဉ်မဆို သဘာဝဘေးအန္တရာယ် သို့မဟုတ် တားဆီးရှောင်လွှဲခြင်း မပြုနိုင်သည့် အကြောင်းမှတစ်ပါး ပိုင်နက်ပင်လယ်အတွင်း ရပ်နားခြင်း၊ ကျောက်ချခြင်း မပြုဘဲ အတိုဆုံးလမ်းကြောင်းမှ ဖြတ်သန်းရမည်။

( ဂ ) နိုင်ငံခြား ငါးဖမ်းရေယာဉ်သည် ပင်လယ်ခရီးထွက်သည့်အခါ ငါးဖမ်းပစ္စည်း ကိရိယာများကို သိမ်းဆည်းထားရှိနေကျအတိုင်း စနစ်တကျ ထားရှိရမည်။

(ဃ) နိုင်ငံခြားသုတေသနရေယာဉ်သည် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ရရှိမှသာ သုတေသနလုပ်ငန်းကို ဆောင်ရွက်ရမည်။

( င ) နိုင်ငံခြားရေငုပ်သင်္ဘောများနှင့်ရေအောက်တွင် သွားလာနိုင်သော အခြားယာဉ်များသည်ပင်လယ်ရေမျက်နှာပြင်ပေါ်တွင်သာ ခုတ်မောင်းရမည့်အပြင် သက်ဆိုင်ရာအလံကို လွှင့်ထူရမည်။

၈။ နိုင်ငံခြားရေယာဉ်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုပြုနေစဉ်အောက်ပါပြုလုပ်မှုတစ်ခုခုကို ပြုမူဆောင်ရွက်ပါက နိုင်ငံတော်၏ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး သို့မဟုတ် လုံခြုံရေးကို ထိပါးစေသည်ဟု မှတ်ယူရမည်- (က) နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု သို့မဟုတ် နိုင်ငံရေးလွတ်လပ်ခွင့်ကိုသော်လည်းကောင်း၊ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ သဘောတရားများကိုသော်လည်းကောင်း ချိုးဖောက်သော ခြိမ်းခြောက်မှု၊ အင်အားသုံးမှု သို့မဟုတ် အခြား ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ခြင်း၊

( ခ ) မည်သည့်လက်နက် အမျိုးအစားကိုမဆို စမ်းသပ်ခြင်း၊ လေ့ကျင့်ခြင်း သို့မဟုတ် အသုံးပြုခြင်း၊

( ဂ ) နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် ကာကွယ်ရေးကို ထိပါးနှောင့်ယှက်စေမည့် သတင်းအချက်အလက်များ စုဆောင်းခြင်း၊

(ဃ) နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် ကာကွယ်ရေးကို ထိပါးစေသော ဝါဒဖြန့်ခြင်း၊

( င ) ရေယာဉ်ပေါ်သို့ မည့်သည်ယာဉ် အမျိုးအစားကိုမဆို အတက်အဆင်းပြုလုပ်ခြင်း သို့မဟုတ် အတင်အချ ပြုလုပ်ခြင်း၊

( စ ) စစ်လက်နက်များကို ရေယာဉ်ပေါ်မှ ပစ်လွှတ်ခြင်း သို့မဟုတ် စစ်လက်နက်ကိရိယာများကို အတင်အချ ပြုလုပ်ခြင်း၊

(ဆ) နိုင်ငံတော်၏ အကောက်ခွန်၊ ငွေကြေး၊ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ တည်ဆဲဥပဒေများအရ ခွင့်ပြုထားခြင်းမရှိသောပစ္စည်း၊ ငွေ၊ လူပုဂ္ဂိုလ် သို့မဟုတ် တိရစ္ဆာန်ကို အတင်အချပြုလုပ်ခြင်း၊

( ဇ ) ရေထု၊ လေထုနှင့် အဏ္ဏဝါပတ်ဝန်းကျင်ကို ညစ်ညမ်းစေရန်၊ ထိခိုက်ပျက်စီးစေရန် လုပ်ဆောင်ခြင်း၊

( စျ ) ငါးအပါအဝင် ရေနေသတ္တဝါများ၊ အပင်များကို တစ်နည်းနည်းဖြင့်ဖမ်းယူခြင်း၊ စုဆောင်းခြင်း၊ ငါးလုပ်ငန်းပြုလုပ်ခြင်း၊ ယင်းလုပ်ငန်းများအတွက် အထောက်အကူပြုလုပ်ငန်းနှင့်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သဘာဝသယံဇာတများကိုပျက်စီးဆုံးရှုံး နစ်နာစေရန် ပြုလုပ်ခြင်း၊

(ည) သုတေသနလုပ်ငန်းများ သို့မဟုတ် တိုင်းတာမှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

( ဋ ) နိုင်ငံတော်၏ ဆက်သွယ်ရေးစနစ်၊ အခြားအထောက်အကူပြုပစ္စည်း၊ တပ်ဆင်ထားသောပစ္စည်းကိရိယာ သို့မဟုတ် အဆောက်အအုံများကို နှောင့်ယှက်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုတစ်ခုခုကို ပြုလုပ်ခြင်း၊

( ဌ ) အပြစ်ကင်းသော ဖြတ်သန်းမှုနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသည့် အခြားဆောင်ရွက်ချက်တစ်ခုခုကို ပြုလုပ်ခြင်း။

၉။ နိုင်ငံခြားရေယာဉ်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းမှုကို ပြုရာတွင် သက်ဆိုင်ရာတည်ဆဲဥပဒေများကို လိုက်နာရမည့်အပြင် ပင်လယ်ပြင်၌ ရေယာဉ်တိုက်မှု ဖြစ်ပွားခြင်းကို ကာကွယ်ခြင်းနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာစည်းမျဉ်းများကိုလည်း လိုက်နာရမည်။

၁၀။ (က) ရေနံတင် ရေယာဉ်များ၊ အဏုမြူစွမ်းအင်သုံး ရေယာဉ်များနှင့်အဏုမြူသဘောအရဖြစ်စေ၊ ပင်ကိုယ်သဘောအရဖြစ်စေ၊ အခြားသောအန္တရာယ်ဖြစ်စေသည့် သို့မဟုတ် အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းများကို သယ်ဆောင်သောရေယာဉ်များသည် နိုင်ငံတော်ကကန့်သတ်ထိန်းချုပ်ပြီး သတ်မှတ်ပေးသော ရေလမ်းကြောင်းအတိုင်း ဖြတ်သန်းသွားလာရမည်။

( ခ ) ပုဒ်မခွဲ (က) အရ ဖြတ်သန်းရာတွင် သက်ဆိုင်ရာရေယာဉ်သည် လိုအပ်သော စာရွက်စာတမ်းများကို ယူဆောင်လာရမည့်အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ ယင်းရေယာဉ်များအတွက် သတ်မှတ်ထားသည့် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အစီအမံများကိုလည်း လိုက်နာဆောင်ရွက်ရမည်။

၁၁။ သက်ဆိုင်ရာဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ရေယာဉ်သွားလာရေးလမ်းကြောင်းများနှင့် ရေယာဉ်လမ်းကြောင်းခွဲခြားမှုစနစ်၊ အစီအစဉ်များကို အောက်ပါအချက်များအားအလေးထား၍ ရေပုံပေါ်တွင် သတ်မှတ်ပြီး အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်-

(က) ဤကိစ္စအလို့ငှာ လုပ်ပိုင်ခွင့်ရှိသော ကျွမ်းကျင်မှုရှိသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၏ထောက်ခံချက်၊

( ခ ) အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှုအတွက် အစဉ်အလာအားဖြင့် အသုံးပြုနေကျဖြစ်သော ရေလမ်းကြောင်းများ၊

( ဂ ) အထူးဝိသေသလက္ခဏာရှိသော ရေယာဉ်များနှင့် ရေယာဉ်သွားလာရေးလမ်းကြောင်းများ၊

(ဃ) ရေယာဉ်အသွားအလာ ထူထပ်မှုအခြေအနေများ။

၁၂။ အစိုးရအဖွဲ့သည် –

(က) ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားလာခြင်း မဟုတ်သည့် ဖြတ်သန်းသွားလာခြင်းကို တားဆီးကာကွယ်ရန်အတွက် လိုအပ်သော အစီအမံများကို ဆောင်ရွက်နိုင်သည်။

( ခ ) အတွင်းပိုင်းရေပြင်သို့ ခုတ်မောင်းနေသည့်ရေယာဉ်များ သို့မဟုတ် အတွင်းပိုင်း ရေပြင်ပြင်ပရှိ ဆိပ်ကမ်းကဲ့သို့ အသုံးပြုနိုင်သည့်နေရာသို့ ဝင်ရောက်သည့် ရေယာဉ်များနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များ ချိုးဖောက်ခြင်းကို တားဆီးကာကွယ်ရန် လိုအပ်သော အစီအမံများကို ဆောင်ရွက်နိုင်သည်။

( ဂ ) နိုင်ငံတော်၏ လုံခြုံရေးအတွက် ကာကွယ်ရန် လိုအပ်လျှင် ပိုင်နက်ပင်လယ်အတွင်း နိုင်ငံခြားရေယာဉ်များ၏ အပြစ်ကင်းသော ဖြတ်သန်းသွားလာခြင်းကို ခေတ္တရပ်ဆိုင်းနိုင်သည်။ ထိုကဲ့သို့ ရပ်ဆိုင်းထားခြင်းကို ကြေညာချက်ထုတ်ပြန်ပြီးမှ ဆောင်ရွက်ရမည်။

၁၃။ ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသော ဖြတ်သန်းသွားလာခွင့်အရ ဖြတ်သန်းသွားလာသည့် နိုင်ငံခြားရေယာဉ်အား သာမန်အားဖြင့် အခကြေးငွေ စည်းကြပ်ခြင်းမပြုရ။ သို့ရာတွင် နိုင်ငံတော်သည်သီးခြားဆောင်ရွက်ပေးရသည့် ဝန်ဆောင်မှုလုပ်ငန်းအတွက်ကိုမူ အခကြေးငွေ စည်းကြပ်နိုင်သည်။

၁၄။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ပိုင်နက်ပင်လယ်အတွင်း ဖြတ်သန်းသွားလာသည့် နိုင်ငံခြားရေယာဉ်များ ပေါ်တွင်ဖြစ်ပွားသော အောက်ဖော်ပြပါ ပြစ်မှုများ၊ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရေယာဉ်ကို ရပ်တန့်စေခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တက်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့်ဥပဒေနှင့်အညီတရားစွဲဆိုခြင်းပြုနိုင်သည်-

(က) ပြစ်မှုနှင့် ဆက်စပ်အကျိုးသက်ရောက်မှုသည် နိုင်ငံတော်သို့ ပျံ့နှံ့လာနိုင်သည့်ကိစ္စရပ်ဖြစ်ခြင်း၊

( ခ ) ပြစ်မှုသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိပါးစေမည့်ကိစ္စရပ်ဖြစ်ခြင်း၊

( ဂ ) ရေယာဉ်မှူးကဖြစ်စေ၊ သင်္ဘောတွင် လွှင့်ထူထားသောအလံနှင့်သက်ဆိုင်သည့် နိုင်ငံ၏ သံတမန်ကိုယ်စားလှယ် သို့မဟုတ် ကောင်စစ်အရာရှိကဖြစ်စေ နိုင်ငံတော်၏ အကူအညီကို တောင်းခံလာသည့် ကိစ္စရပ်ဖြစ်ခြင်း၊

(ဃ) မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောင်းကားခြင်းကို နှိမ်နင်းရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှုဖြစ်ခြင်း၊

( င ) အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ လက်နက်မှောင်ခိုမှု သို့မဟုတ် ပင်လယ်ဓားပြမှုများနှင့် တိုက်ရိုက် သို့မတုတ် သွယ်ဝိုက်သက်ဆိုင်သော ပြုလုပ်မှုကို နှိမ်နင်းရေးအတွက် လိုအပ်သည့် စီမံဆောင်ရွက်မှုဖြစ်ခြင်း။

၁၅။ နိုင်ငံခြားရေယာဉ်သည် နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်၌ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့ပြီးနောက် ယင်းရေပြင်မှထွက်ခွာပြီး ပိုင်နက်ပင်လယ်ကို ဖြတ်သန်းနေစဉ် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ပုဒ်မ ၁၄ ပါပြဋ္ဌာန်းချက်များအရ ဆောင်ရွက်နိုင်သည်။

၁၆။ နိုင်ငံတော်သည် ပိုင်နက်ပင်လယ်အတွင်း အပြစ်ကင်းသောဖြတ်သန်းမှုဖြင့် ဖြတ်သန်းသွားလာသော နိုင်ငံခြားရေယာဉ်နှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါကိစ္စများတွင် တရားမကြောင်းအရ စီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်သည်-

(က) နိုင်ငံခြားရေယာဉ်က နိုင်ငံတော်၏ အတွင်းပိုင်းရေပြင်နှင့် ပိုင်နက်ပင်လယ်တစ်လျှောက် ဖြတ်သန်းသည့် ခရီးစဉ်အတွင်း လိုက်နာရန်ရှိသည့် တာဝန်ကို ပျက်ကွက်ခြင်း သို့မဟုတ် ပေးဆောင်ရန် တာဝန်ရှိမှုကို ပျက်ကွက်ခြင်း၊

( ခ ) နိုင်ငံခြားရေယာဉ်က အတွင်းပိုင်းရေပြင်၌ တရားမကြောင်းဆိုင်ရာ တာဝန်ရှိသော ပြုလုပ်မှုတစ်ရပ်ရပ်ကို ပြုလုပ်ခြင်း။

အခန်း(၄)

ဆက်စပ်ဇုန်

၁၇။ နိုင်ငံတော်၏ ဆက်စပ်ဇုန်သည် ပိုင်နက်ပင်လယ်၏ ပြင်ပတွင်တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့် တစ်ဆက်တည်းဖြစ်သည့်အပြင် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ရေမိုင် ၂၄ မိုင်အထိ ကျယ်ဝန်းသည်။

၁၈။ နိုင်ငံတော်သည် ဆက်စပ်ဇုန်တွင် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် ထိန်းချုပ်မှုများကို ကျင့်သုံးပိုင်ခွင့်ရှိသည် –

(က) နိုင်ငံတော်၏ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရေး၊

( ခ ) နိုင်ငံတော်၏ အကောက်ခွန်၊ ငွေကြေး၊ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ဥပဒေများကို ဖောက်ဖျက်ခြင်းမပြုရန် ကြိုတင်တားဆီးကာကွယ်ရေးနှင့် ဖောက်ဖျက်သူတို့အား ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးရေး။

အခန်း (၅)

သီးသန့်စီးပွားရေးဇုန်

၁၉။ နိုင်ငံတော်၏ သီးသန့်စီးပွားရေးဇုန်သည်ပိုင်နက်ပင်လယ်၏ပြင်ပတွင်တည်ရှိပြီး ပိုင်နက်ပင်လယ်နှင့်တစ်ဆက်တည်းဖြစ်သည်။ယင်းသီးသန့်စီးပွားရေးဇုန်သည် အခြေခံမျဉ်းမှ ပင်လယ်ဘက်သို့ ရေမိုင် ၂၀၀ ထိ ကျယ်ဝန်းသည်။

၂၀။ နိုင်ငံတော်သည် သီးသန့်စီးပွားရေးဇုန်အတွင်း အောက်ပါလုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများကို ကျင့်သုံးပိုင်ခွင့်ရှိသည် –

(က) သီးသန့်စီးပွားရေးဇုန်အတွင်းရှိ ပင်လယ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင် အောက်ခံမြေထု၊ ပင်လယ်ကြမ်းပြင်အထက်ရှိ ရေထုနှင့် ပင်လယ်ရေမျက်နှာပြင်တို့တွင် ရှိသော သဘာဝသယံဇာတများကို စူးစမ်းရှာဖွေရေး၊ ဖမ်းယူရေးနှင့် တူးဖော်ထုတ်လုပ်ရေး၊ ထိန်းသိမ်းရေး နှင့် စီမံခန့်ခွဲရေး၊ ရေ၊ ရေစီးကြောင်းနှင့် လေတို့မှ စွမ်းအင်ထုတ်လုပ်ရေးအပါအဝင် အခြားသောစီးပွားရေးဆိုင်ရာ စူးစမ်းရှာဖွေရေး၊ တူးဖော်ထုတ်လုပ်ရေးနှင့် မွေးမြူရေးတို့အတွက် အချုပ်အခြာအခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များ၊

( ခ ) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့်အခြားပစ္စည်းကိရိယာများကို တည်ဆောက်ရေး၊ ထိန်းသိမ်းရေးနှင့် အသုံးပြုရေးတို့အတွက် သီးသန့်လုပ်ပိုင်ခွင့်နှင့် သီးသန့်အခွင့်အာဏာများ၊ ယင်းနေရာများအတွက် လုံခြုံရေးဧရိယာသတ်မှတ်နိုင်သည့် အခွင့်အာဏာများ၊

( ဂ ) အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးရေး၊ ကြီးကြပ်ကွပ်ကဲရေး နှင့် ထိန်းချုပ်ရေးတို့အတွက် သီးသန့်အခွင့်အာဏာများ၊

(ဃ) အဏ္ဏဝါပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ အဏ္ဏဝါညစ်ညမ်းမှုကို တားဆီးရေးနှင့် ထိန်းချုပ်ရေးတို့အတွက် လုပ်ပိုင်ခွင့်နှင့်အာဏာများ၊

( င ) ၁၉၈၂ ခုနှစ်၊ ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာကွန်ဗင်းရှင်းအရ အသိအမှတ်ပြုထားသော အခြားလုပ်ပိုင်ခွင့်များ။

၂၁။ နိုင်ငံအားလုံးသည် သီးသန့်စီးပွားရေးဇုန်အတွင်း ရေယာဉ်များ လွတ်လပ်စွာ ဖြတ်သန်းခွင့်၊ ယင်းဇုန်အထက်ရှိ လေထုအတွင်း လေယာဉ်များ လွတ်လပ်စွာပျံသန်းခွင့်၊ ယင်းဇုန်အတွင်း ရေအောက်ကေဘယ်ကြိုး၊ ပိုက်လိုင်းနှင့်ဆက်စပ်ပစ္စည်းများချထားသွယ်တန်းခွင့်တို့ကို ဥပဒေနှင့်အညီ အသုံးပြုနိုင်သည်။ ယင်းသို့ အသုံးပြုရာတွင် ပုဒ်မ ၂၀ ပါ နိုင်ငံတော်၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများကို ထိခိုက်ခြင်း မရှိစေရ။

၂၂။ သီးသန့်စီးပွားရေးဇုန်အတွင်း သဘာဝသယံဇာတများကို စူးစမ်းရှာဖွေရေး၊ တူးဖော်ထုတ်လုပ်ရေး၊ ဖမ်းယူရေး၊ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအလို့ငှာ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် မည်သည့်ရေယာဉ်ကိုမဆို တက်ရောက်ရှာဖွေခြင်း၊ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်သည်။

အခန်း(၆)

ကမ်းလွန်ရေတိမ်ပိုင်း

၂၃။ နိုင်ငံတော်၏ ကမ်းလွန်ရေတိမ်ပိုင်းသည် ပိုင်နက်ပင်လယ်၏ ပြင်ပတွင် တည်ရှိပြီး ကုန်းပိုင်းနက်နှင့် သဘာဝအလျောက် တစ်ဆက်တည်းဖြစ်သည့် ကမ်းလွန်မြေဆက်၏ ပြင်ပအနားမျဉ်းအထိ တည်ရှိသော ပင်လယ်ကြမ်းပြင်နှင့် အောက်ခံမြေထုတို့ ပါဝင်သည်။

၂၄။ ကမ်းလွန်ရေတိမ်ပိုင်း၏ သဘာဝသယံဇာတာများဆိုရာတွင်-

(က) ဓာတ်သတ္တုနှင့် သက်ရှိ၊ သက်မဲ့သယံဇာတများပါဝင်သည်။ သက်ရှိ၊ သက်မဲ့သယံဇာတာများတွင် ပင်လယ်အောက်ခြေတစ်နေရာတည်း၌ အတည်တကျ ပေါက်ပွားလေ့ရှိသော အပင်နှင့် ဖမ်းယူသင့်သည့်အချိန်၊ ဖမ်းယူသင့်သည့် အရွယ်၌ ပင်လယ်ကြမ်းပြင်ပေါ်တွင်ဖြစ်စေ၊ ပင်လယ်ကြမ်းပြင်အောက်တွင် ဖြစ်စေ၊ မရွေ့လျားနိုင်သော သို့မဟုတ် ပင်လယ်ကြမ်းပြင်နှင့်ဖြစ်စေ၊ အောက်ခံမြေထုနှင့်ဖြစ်စေ ထာဝစဉ်ထိတွေ့နေမှသာလျှင် ရွေ့လျားနိုင်သော သတ္တဝါများ ပါဝင်သည်။

( ခ ) အစိုးရအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်ကြေညာသတ်မှတ်သော သဘာဝသယံဇာများ ပါဝင်သည်။

၂၅။ နိုင်ငံတော်သည် ကမ်းလွန်ရေတိမ်ပိုင်းတွင် အောက်ပါလုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများကို ကျင့်သုံး ပိုင်ခွင့်ရှိသည် –

(က) သဘာဝသယံဇာတများကို စူးစမ်းရှာဖွေခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ ဖမ်းယူခြင်း၊ ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်း၊

( ခ ) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့်အခြားပစ္စည်းကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်အသုံးပြုခြင်း၊

( ဂ ) အဏ္ဏဝါသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း နှင့် ထိန်းချုပ်ခြင်း၊

(ဃ) အဏ္ဏဝါပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ရေအောက်ကေဘယ်လ်ကြိုး၊ ပိုက်လိုင်းနှင့် ဆက်စပ်ပစ္စည်းများကြောင့် အဏ္ဏဝါညစ်ညမ်းများကိုလျှော့ချခြင်း၊ တားဆီးခြင်းနှင့် ထိန်းချုပ်ခြင်း၊

( င ) မြေအောက် ဥမင်လိုဏ်ခေါင်း တူးဖော်ခြင်း၊

( စ ) အပြည်ပြည်ဆိုင်ရာဥပဒေအရ အခါအားလျော်စွာ အသိအမှတ်ပြုထားသော အခြားလုပ်ပိုင်ခွင့်များ သတ်မှတ်ခြင်း။

အခန်း (၇)

ထက်ကြပ်မကွာလိုက်လံဖမ်းဆီးခွင့်

၂၆။ နိုင်ငံတော်သည် ဤဥပဒေနှင့် အခြားတည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်သော သို့မဟုတ် ဖောက်ဖျက်ကျူးလွန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသော မည်သည့်နိုင်ငံခြားရေယာဉ်ကိုမဆို သတ်မှတ်ချက်များနှင့်အညီ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးခွင့်ကို ကျင့်သုံးနိုင်သည်။ ယင်းသို့ ထက်ကြပ်မကွာလိုက်လံဖမ်းဆီးခွင့်သည် လိုက်လံဖမ်းဆီးခြင်းခံရသော နိုင်ငံခြားရေယာဉ်က ယင်း၏ ပိုင်နက်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားလျှင်သော်လည်းကောင်း၊ တတိယနိုင်ငံ၏ ပိုင်နက်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားလျှင် သော်လည်းကောင်း ရပ်ဆိုင်းသည်။

အခန်း (၈)

အိမ်နီးချင်းနိုင်ငံများနှင့်ပင်လယ်ပြင်နယ်နိမိတ်သတ်မှတ်ချက်

၂၇။ မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်ပြင်နယ်နိမိတ်မျဉ်းကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ချမှတ်ခဲ့သော ပင်လယ်ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အမိန့်ဖြင့် သတ်မှတ်သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ပြင်နယ်နိမိတ်မျဉ်းတို့၏ ကိုသြဒိနိတ်များမှာ နောက်ဆက်တွဲ (ခ)တွင်လည်းကောင်း၊ နယ်နိမိတ်မျဉ်းကို ဖော်ပြသည့် ရေပုံမှာ နောက်ဆက်တွဲ (ဂ) တွင်လည်းကောင်း ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။

၂၈။ မြန်မာ-အိန္ဒိယ ပင်လယ်ပြင်နယ်နိမိတ်မျဉ်းကို ၁၉၈၆ ခုနစ်က ချုပ်ဆိုသည့် နှစ်နိုင်ငံသဘောတူစာချုပ်ဖြင့် သတ်မှတ်သည်။ မြန်မာ-အိန္ဒိယပင်လယ်ပြင်နယ်နိမိတ်မျဉ်းတို့၏ ကိုသြဒိနိတ်များမှာ နောက်ဆက်တွဲ (ခ) တွင်လည်းကောင်း၊ နယ်နိမိတ်မျဉ်းကို ဖော်ပြသည့်ရေပုံမှာ နောက်ဆက်တွဲ (ဂ)တွင် လည်းကောင်း ဖော်ပြထားသည့်အတိုင်း ဖြစ်သည်။

၂၉။ မြန်မာ-ထိုင်း ပင်လယ်ပြင်နယ်နိမိတ်မျဉ်းကို ၁၉၈၀ ပြည့်နှစ်က ချုပ်ဆိုသည့် နှစ်နိုင်ငံသဘောတူစာချုပ်ဖြင့် သတ်မှတ်သည်။ မြန်မာ-ထိုင်းပင်လယ်ပြင်နယ်နိမိတ်မျဉ်းတို့၏ ကိုသြဒိနိတ်များမှာနောက်ဆက်တွဲ (ခ) တွင်လည်းကောင်း၊ နယ်နိမိတ်မျဉ်းကို ဖော်ပြသည့် ရေပုံမှာ နောက်ဆက်တွဲ (ဂ) တွင်လည်းကောင်း ဖော်ပြထားသည့်အတိုင်းဖြစ်သည်။

အခန်း(၉)

တားမြစ်ချက်များ

၃၀။ ဆက်စပ်ဇုန်၏ ပင်လယ်ကြမ်းပြင်တွင်တည်ရှိသော ရှေးဟောင်းဝတ္ထုပစ္စည်းနှင့် သမိုင်းဝင်ပစ္စည်းများအပါအဝင် မည်သည့်ဝတ္ထု ပစ္စည်းကိုမဆို အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ မည်သူမျှ ရွေ့ပြောင်းခြင်း မပြုရ။

၃၁။ မည်သူမျှ သီးသန့်စီးပွားရေးဇုန်တွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါ တစ်ခုခုကို မပြုလုပ်ရ –

(က) စူးစမ်းရှာဖွေခြင်း၊

( ခ ) သဘာဝသယံဇာတများကို ဖမ်းယူခြင်း၊ တူးဖော်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊

( ဂ ) သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်း၊

(ဃ) မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို တူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် တွင်းတူးခြင်း၊

( င ) လူသားတို့ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့် အခြားပစ္စည်း ကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊

၃၂။ မည်သူမျှ ကမ်းလွန်ရေတိမ်ပိုင်းတွင် အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ အောက်ပါတစ်ခုခုကို မပြုလုပ်ရ-

(က) စူးစမ်းရှာဖွေခြင်း၊

( ခ ) သဘာဝသယံဇာတများကို ဖမ်းယူခြင်း၊ တူးဖော်ခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊

( ဂ ) သုတေသန လုပ်ငန်းဆောင်ရွက်ခြင်း၊

(ဃ) မည်သည့်ရည်ရွယ်ချက်ဖြင့်မဆို ရှာဖွေခြင်း၊ တူးဖော်ခြင်း သို့မဟုတ် တွင်းတူးခြင်း၊

( င ) လူသားတို့ ဖန်တီးသော ကျွန်း၊ ကမ်းလွန်စခန်း၊ အဆောက်အအုံနှင့်အခြားပစ္စည်းကိရိယာများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း သို့မဟုတ် အသုံးပြုခြင်း၊

( စ ) ရေအောက်ကေဘယ်လ်ကြိုး၊ ပိုက်လိုင်းများချခြင်း သို့မဟုတ် ပြုပြင်ထိန်းသိမ်းခြင်း။

အခန်း (၁၀)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃၃။ မည်သူမဆို ပုဒ်မ ၃၀၊ ၃၁ သို့မဟုတ် ၃၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ချက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ အကယ်၍ ပြစ်မှုကျူးလွန်သူသည် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအကျိုးစီးပွားနှင့်သက်ဆိုင်သူဖြစ်ပါက တရားရုံးကချမှတ်သည့် ငွေဒဏ်ကို သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းထားနှင့်အညီ သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့် ပေးဆောင်စေရမည်။

၃၄။ မည်သူမဆို ပုဒ်မ ၃၀၊ ၃၁ သို့မဟုတ် ၃၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ရာတွင် အားပေးကူညီကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို မူရင်းပြစ်မှုတွင် သတ်မှတ်ထားသည့် ပြစ်ဒဏ်အတိုင်းချမှတ်ရမည်။ အကယ်၍ ပြစ်မှုကျူးလွန်သူသည် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအကျိုးစီးပွားနှင့်သက်ဆိုင်သူဖြစ်ပါက တရားရုံးကချမှတ်သည့် ငွေဒဏ်ကို သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းထားနှင့်အညီ သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့် ပေးဆောင်စေရမည်။

၃၅။ မည်သူမဆို ပုဒ်မ ၃၀၊ ၃၁ သို့မဟုတ် ၃၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ အကယ်၍ ပြစ်မှုကျူးလွန်သူသည် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားအကျိုးစီးပွားနှင့်သက်ဆိုင်သူဖြစ်ပါက တရားရုံးကချမှတ်သည့် ငွေဒဏ်ကို သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းထားနှင့်အညီ သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့် ပေးဆောင်စေရမည်။

၃၆။ မည်သူမဆို ပုဒ်မ ၇၊ ၈ သို့မဟုတ် ၁၀ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းသော်လည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုလျှင်သော်လည်းကောင်း သက်ဆိုင်ရာ တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်။

၃၇။ သက်ဆိုင်ရာတရားရုံးသည် ပုဒ်မ ၃၃၊ ၃၄၊ ၃၅ တို့တွင် ဖော်ပြပါရှိသော ပြစ်မှုတစ်ရပ်ရပ်နှင့် အကျုံးဝင်သော ရေယာဉ်များအနက် စစ်ရေယာဉ်မှအပ မည်သည့်ရေယာဉ်ကိုမဆို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်။

အခန်း (၁၁)

အထွေထွေ

၃၈။ နိုင်ငံတော်သည် အဏ္ဏဝါပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အရေးယူဆောင်ရွက်နိုင်သည်။

၃၉။ ဤဥပဒေအရ အရေးယူဆောင်ရွက်ခြင်းသည် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူပိုင်ခွင့်ကို တားမြစ်ပိတ်ပင်ခြင်း မရှိစေရ။

၄၀။ ပုဒ်မ ၃၆ အရ အရေးယူဆောင်ရွက်သည့် ကိစ္စရပ်များသည် ပုဒ်မ ၁၆ ပါ တရားမကြောင်းအရ စီရင်ပိုင်ခွင့် ကျင့်သုံးနိုင်သည့် ကိစ္စရပ်များကို မထိခိုက်စေရ။

၄၁။ အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဤဥပဒေအရ တရားစွဲဆိုခြင်းမပြုရ။

၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် –

(က) သက်ဆိုင်ရာဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

( ခ ) သက်ဆိုင်ရာဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၄၃။ ပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များဥပဒေ (၁၉၇၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၃။)ကို ဤဥပဒေဖြင့်ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတောင်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။