ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ

(၂ဝ၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃။)

၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်

(၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

( ခ ) အစိုးအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

( ဂ ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။

(ဃ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသည့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို ဆိုသည်။

( င ) ဆိပ်ကမ်း ဆိုရာတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များ သွားလာနိုင်သော မြစ်များ၊ ချောင်းများ၊ တူးမြောင်းများနှင့် ကမ်းရိုးတန်းတစ်လျှောက် မြို့၊ ရွာများရှိ ရေယာဉ်ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းများ ပါဝင်သည်။

( စ ) ရေယာဉ်ဆိုရာတွင် ရေကြောင်းသွားလာရာ၌ စက်တပ် သို့မဟုတ် စက်မဲ့ရေယာဉ်ကိုဆိုသည်။ ယင်းစကားရပ်တွင် သစ်ဖောင်၊ ဝါးဖောင်တို့လည်း ပါဝင်သည်။

(ဆ) စက်ရုံ၊ အလုပ်ရုံ ဆိုသည်မှာ ပြည်တွင်ရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနနှင့် အလုပ်ဌာနခွဲများကို ဆိုသည်။

( ဇ ) ဝန်ဆောင်မှုလုပ်ငန်း ဆိုရာတွင် အခကြေးငွေ၊ အဖိုးအခ အဖိုးစားနား သို့မဟုတ် ကတိနှင့်ညီညွတ်ချက်ဖြင့် ဆောင်ရွက်ပေးသည့် လုပ်ငန်းကိုဆိုသည်။ ယင်းစကားရပ်တွင် ရေယာဉ်ဖြင့် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဖျော်ဖြေမှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်း၊ တည်းခိုခန်းနှင့် စားသောက်လုပ်ငန်းများနှင့်အစိုးရအဖွဲ့က ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်ဟု အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ငန်းများလည်း ပါဝင်သည်။

( စျ ) စီမံခန့်ခွဲရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး စီမံခန့်ခွဲရေးအဖွဲ့ကို ဆိုသည်။

(ည) ဦးဆောင်ညွှန်ကြားရေးမှူး ဆိုသည်မှာ ပြတ်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူးကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) မြန်မာနိုင်ငံအတွင်း ရေယာဉ်များသွားလာနိုင်သည့် မြစ်များ၊ ချောင်းများနှင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံမှုရှိစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊

( ခ ) ပြည်သူလူထု၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် အဓိကကျသည့် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်သည့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအဖြစ် ဆောင်ရွက်နိုင်ရန်၊

( ဂ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ စီမံအုပ်ချုပ်မှုနှင့် ငွေကြေးသုံးစွဲမှုစနစ်တို့ကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ရေရှည်ရပ်တည်နိုင်သည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်၊

(ဃ) ရေကြောင်းသယ်ယူပို့ဆောင်ရေးကို ဥပဒေနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်။

အခန်း(၃)

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဖွဲ့စည်းခြင်းနှင့် ယင်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၄။ (က) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကို အစိုးရအဖွဲ့က အတည်ပြုထားသည့် ဖွဲ့စည်းပုံနှင့်အညီ တည်ထောင်ထားရှိရမည်။

( ခ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ဝန်ထမ်းများအတွက် ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များကို နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် အညီလိုက်နာဆောင်ရွက်ရမည်။

၅။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည်-

(က) ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ တည်ဆဲဥပဒေအရ လုပ်ငန်းတာဝန်များကို အောင်မြင်စွာဆောင်ရွက်ရန် တရားဝင်လုပ်ပိုင်ခွင့်များ အပ်နှင်းခြင်းခံရသော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း ဖြစ်သည်။

( ခ ) နိုင်ငံတော်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရင်းနှီးငွေများကိုလည်းကောင်း၊ ပိုင်ဆိုင်မှုပစ္စည်းတွင် ပါဝင်သော ရွေ့ပြောင်းနိုင်သောပစ္စည်းများ၊ မရွေ့ပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း ဆက်ခံရမည်။

( ဂ ) ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ခွင့်၊ တရားစွဲဆိုခွင့်နှင့် စွဲဆိုခံပိုင်ခွင့်၊ နိုင်ငံတော်က သတ်မှတ်ပေးထားသောပိုင်ဆိုင်မှု ပစ္စည်းများအားလုံးတို့ကို ရယူခွင့်၊ လက်ဝယ်ထားရှိခွင့်နှင့် ပိုင်ဆိုင်ခွင့်များရှိသည်။

၆။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နိုင်ငံတော်အတွင်း ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း နှင့် ဤဥပဒေအရ အခြားဆက်စပ်သည့် ရေယာဉ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

( ခ ) ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေယာဉ်၊ ရေယာဉ်ဝန်ထမ်းများ၊ ခရီးသည်များနှင့် ကုန်စည်များဘေးအန္တရာယ် ကင်းရှင်းပြီးလုံခြုံမှုရှိရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရေးတို့နှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ခြင်း၊

( ဂ ) ဝန်ကြီးဌာနက သတ်မှတ်ထားသော မြစ်ကြောင်းများနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်တွင် ရေယာဉ်များဖြင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ဃ) သင်္ဘောကျင်းများနှင့် ရေယာဉ် တည်ဆောက်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများနှင့် စက်သုံးဆီများဝယ်ယူဖြည့်တင်းခြင်း၊

( င ) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ ပြည်တွင်းပြည်ပပုဂ္ဂလိကနှင့် အဖွဲ့အစည်းပိုင်ရေယာဉ်များကို မွမ်းမံပြင်ဆင်ခြင်း၊ ရေယာဉ်အသစ် တည်ဆောက် ရောင်းချခြင်း နှင့် အခြားလုပ်ငန်းများကို လက်ခံဆောင်ရွက်ခြင်း၊

( စ ) အစိုးရအဖွဲ့ကဖြစ်စေ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ပေးအပ်သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊

(ဆ) အမျိုးသားအကျိုးစီးပွား၊ အမျိုးသားလုံခြုံရေးအတွက် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနကအခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ဆောင်ရွက်ခြင်း၊

(ဇ) နိုင်ငံတော်ပိုင်ပစ္စည်းများနှင့်ဘဏ္ဍငွေများကို လေလွင့်၊ ဆုံးရှုံး၊ ပျက်စီး၊ ပျောက်ဆုံးမှုမရှိစေရန် ကြီးကြပ်ထိန်းသိမ်းခြင်း၊

(ဈ) ဝင်ငွေနှင့်အကျိုးအမြတ်တိုးပွားစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များကိုအစိုးရအဖွဲ့၊ ဝန်ကြီးဌာန၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ခြင်း၊

(ည) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရရန်ရှိသည့် ငွေကြေးများကို တည်ဆဲဥပဒေနှင့်အညီ အရကောက်ခံ၍ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပေးသွင်းခြင်း၊

( ဋ ) ငွေကြေးသုံးစွဲမှုဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ စီမံခန့်ခွဲခြင်း။

၇။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ဝန်ထမ်းများက ယင်းတို့တာဝန်ယူဆောင်ရွက်ရသည့်လုပ်ငန်းများကို အောင်မြင်မှုရရှိရန် တာဝန်ခံ၍ စီမံကြီးကြပ်ဆောင်ရွက်ရမည်။

၈။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ရေယာဉ်၊ ဗောတံတားနှင့် အခြားလိုအပ်သည့်ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ အငှားချထားခြင်း၊

( ခ ) ကုန်လှောင်ရုံနှင့် ကမ်းတက်ဆိပ်ကမ်းများကို တည်ဆောက်ခြင်း၊ အငှားချထားခြင်း၊

( ဂ ) ရေကြောင်းလမ်းများတစ်လျှောက်ရှိ မြို့၊ ရွာများတွင် ကုန်စည်များ လက်ခံတင်ဆောင်ခြင်းနှင့် သိုလှောင်ဖြန့်ဖြူးခြင်းတို့ကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပိုင်ခွင့်၊

(ဃ) လုပ်ငန်းဆိုင်ရာဝန်ဆောင်ခနှုန်းများ၊ လုပ်ခနှုန်းများ၊ ထုတ်လုပ်မှုစံနှုန်းများ၊ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သည့် ဝန်ဆောင်ခနှုန်းများ၊ အလုပ်ချိန်များ၊ အလုပ်ခွင်စည်းမျဉ်း စည်းကမ်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ပိုင်ခွင့်၊ ပြင်ဆင်ပိုင်ခွင့်၊

( င ) ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းများနှင့် ရေယာဉ်တည်ဆောက်မှုလုပ်ငန်းများကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ပိုင်ခွင့်၊

( စ ) မိမိလုပ်ငန်းအတွက် လိုအပ်သည့် မြေ၊ ဆိပ်ကမ်း၊ အဆောက်အအုံတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သုံးစွဲပိုင်ခွင့်၊

(ေ) အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ရန် လိုအပ်သော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် စက်ပစ္စည်းနှင့်စက်ကိရိယာများ၊ မြေ၊ အဆောက်အအုံများနှင့်အခြားပိုင်ဆိုင်ခွင့်များကို သက်ဆိုင်ရာလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို ငှားရမ်းခွင့်၊ အကျိုးတူပူးပေါင်းဆောင်ရွက်ပိုင်ခွင့်၊

( ဇ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များကို ပြည်တွင်းလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်၊

( စျ ) ငှားရမ်းခ၊ အခနှုန်းထားများသတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်အမ်းခြင်း၊ လျှော့ပေါ့ခြင်း နှင့် အရကောက်ခံခြင်းတို့ ဆောင်ရွက်ပိုင်ခွင့်၊

(ည) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်၊ ယာဉ်နှင့် အသုံးမလိုသည့်ပစ္စည်းများ၊ ရေယာဉ်ပြင်ဆင်ရာမှရရှိသည့် အသုံးမလိုသည့် ပိုလျှံပစ္စည်းများကို ထုခွဲရောင်းချခြင်းနှင့် လဲလှယ်ခြင်းတို့ ဆောင်ရွက်ပိုင်ခွင့်၊

( ဋ ) အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လုပ်ငန်းသဘောတူစာချုပ်များချုပ်ဆိုခြင်း၊

( ဌ ) ရေယာဉ်များကို တစ်စီးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊

( ဍ ) ကူးတို့ရေယာဉ်များ ပြေးဆွဲခြင်း၊

( ဎ ) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်မြေနှင့် အဆောက်အအုံများကို အသုံးပြု၍ ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက်ခြင်း၊

(ဏ) မိမိပိုင်ဆိုင်သည့် သို့မဟုတ် ခွင့်ပြုချက်ရရှိထားသည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နှင့်စပ်လျဉ်း၍ မည်သူ့ကိုမဆို မိမိခွင့်ပြုချက်မရရှိဘဲ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ အသုံးပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်လျှင် တရားစွဲဆိုပိုင်ခွင့်။

အခန်း(၄)

စီမံခန့်ခွဲရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့်ယင်း၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၉။ ဝန်ကြီးဌာနသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ရေကြောင်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန် ဦးဆောင်ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သော စီမံခန့်ခွဲရေးအဖွဲ့ကို ဖွဲ့စည်းရမည်။

၁၀။ စီမံခန့်ခွဲရေးအဖွဲ့၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ တာဝန်များကို အောင်မြင်စွာ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း

( ခ ) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီပြည်တွင်းရေကြောင်းပို့ဆောင်ရေး နှင့်သက်ဆိုင်သော ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းရေးရာနှင့် ရေယာဉ်ရေးရာကိစ္စရပ်များကို နိုင်ငံတော်နှင့် ပြည်သူများအကျိုးကို ရှေ့ရှု၍ စီမံခန့်ခွဲခြင်း။

၁၁။ စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ပိုင်ခွင့်များကို အောင်မြင်စွာ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

( ခ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ပိုင်ခွင့်ထက်ကျော်လွန်သော စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်ခြင်း။

အခန်း(၅)

ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့်စာရင်းများ

၁၂။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည်-

(က) နိုင်ငံတော်၏ တည်ဆဲဥပဒေအရ ကျသင့်သည့် အခွန်အခများကို ပေးသွင်းရမည်။

( ခ ) ဘဏ္ဍာရေးနှစ်အလိုက် စုစုပေါင်း အရအသုံးခန့်မှန်းခြေငွေစာရင်းများကို ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့်အညီ ထည့်သွင်းရေးဆွဲရမည်။

( ဂ ) မြန်မာကျပ်ငွေနှင့်နိုင်ငံခြားသုံးငွေများကို သီးခြားစီဘဏ်စာရင်း ဖွင့်လှစ်ထားရှိရမည်။

(ဃ) နိုင်ငံတော်က ပြဋ္ဌာန်းထုတ်ပြန်ထားသည့် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရမည်။

( င ) အောက်ပါစာရင်းများကို ဝန်ကြီးဌာနသို့ သတ်မှတ်ချက်နှင့်အညီ တင်ပြရမည်-

(၁) ဝန်ထမ်းအင်အားစာရင်း၊

(၂) ငွေသားအခြေအနေ၊

(၃) ကုန်ပစ္စည်းထုတ်လုပ်သည့်၊ ရောင်းဝယ်သည့် သို့မဟုတ် ဝန်ဆောင်သည့်စာရင်း၊

(၄) အရှုံး၊ အမြတ်စာရင်း၊

(၅) လက်ကျန်ရှင်းတမ်း။

( စ ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် လုပ်ငန်းနှင့်စာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးမှုကို ခံယူရမည်။

အခန်း(၆)

တားမြစ်ချက်

၁၃။ မည်သူမျှ-

(က) အောက်ပါပြုလုပ်မှု တစ်ခုခုကို မပြုလုပ်ရ –

(၁) ရေယာဉ်ခပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုပြီး လက်မှတ်ဟောင်းကို သုံးစွဲ၍ဖြစ်စေ၊ ရေယာဉ်ခ ကြိုတင်ပေးဆောင်ခြင်းမပြုဘဲဖြစ်စေ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်တွင် စီးနင်းလိုက်ပါခြင်း၊

(၂) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရေယာဉ်တွင် ခရီးတစ်ခုအတွက် လက်မှတ်ဝယ်ယူစီးနင်းလိုက်ပါပြီးနောက် အဆိုပါခရီးကို ကျော်လွန်ကြောင်းသိလျက်နှင့် နောက်ထပ်ရေယာဉ်ခ ကြိုတင်ပေးဆောင်ခြင်းမပြုဘဲ တမင်ဆက်လက် စီးနင်းလိုက်ပါခြင်း၊

(၃) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်တွင် ခရီးတစ်ခုအတွက် လက်မှတ်ဝယ်ယူစီးနင်းလိုက်ပါပြီးနောက် အဆိုပါရေယာဉ်၏ ခရီးစဉ်အဆုံးသို့ ရောက်ရှိသည့်အခါ ရောက်ရှိကြောင်းသိလျက်နှင့် ရေယာဉ်မှထွက်ခွာရန် တမင်ပျက်ကွက်ခြင်း သို့မဟုတ် ငြင်းဆန်ခြင်း၊

(၄) အမှန်တကယ်ကျသင့်သော ရေယာဉ်ခကို ပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်တွင် ရေယာဉ်နေရာ အဆင့်အတန်းတစ်ခုအတွက် ရေယာဉ်ခပေးဆောင်လျက် ထိုနေရာအဆင့်အတန်းထက်မြင့်သော သီးသန့်နေရာတွင် သို့မဟုတ် အခန်းတွင် စီးနင်းလိုက်ပါခြင်း၊

(၅) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်တွင် စီးနင်းလိုက်ပါလျက် ရေယာဉ်လက်မှတ် မဝယ်ယူခြင်း သို့မဟုတ် ရေယာဉ်၏ အရာထမ်း၊ အမှုထမ်းများကရေယာဉ်လက်မှတ်ထုတ်ပြရန် တောင်းဆိုသည့်အခါ ရေယာဉ်လက်မှတ်ထုတ်ပြရန် ပျက်ကွက်ခြင်း၊

(၆) ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ရေယာဉ်တွင် စီးနင်းလိုက်ပါသော သူတစ်ဦးအတွက် ကျသင့်သောရေယာဉ်ခကို ပေးဆောင်ခြင်းမှ ကင်းလွတ်စေရန် ရည်ရွယ်ချက်ဖြင့် လက်မှတ်စစ်ကို လိမ်လည်ပြသနိုင်စေခြင်းအလို့ငှာ မိမိ၏လက်မှတ်ကို အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းပေးခြင်း၊ အခြားသူတစ်ဦးဦးကလက်ခံရယူခြင်း၊

(၇) ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်ပေါ်တွင် ခရီးသည်အတွက် နေရာကိုတစ်နည်းနည်းဖြင့်ရယူလျက် ထိုနေရာကို အဖိုးအခဖြင့် ရောင်းချခြင်း သို့မဟုတ် လူစီးလက်မှတ်ကို အကျိုးအမြတ်ရယူ၍ တစ်ဆင့်ပြန်လည် ရောင်းချခြင်း၊

(၈) ကုန်တင်ခပေးဆောင်ခြင်းမှ လုံးဝကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ကုန်တင်ခအပြည့်ပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်ပေါ်တွင် တရားမဝင်သော နည်းလမ်းဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်း၊

(၉) တန်ဆာခပေးဆောင်ရန် သတ်မှတ်ထားသော ပစ္စည်းများအတွက် တန်ဆာခပေးဆောင်ခြင်းမှ ကင်းလွတ်ရန် ရည်ရွယ်ချက်ဖြင့် ကျသင့်သော တန်ဆာခကို လုံးဝပေးဆောင်ခြင်းမပြုဘဲ သို့မဟုတ် အပြည့်အဝ ပေးဆောင်ခြင်းမပြုဘဲပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်တွင် မိမိနှင့်အတူ ပစ္စည်းများသယ်ဆောင်ခြင်း။

( ခ ) ပုဒ်မခွဲ (က) ပါ ပြုလုပ်မှုတစ်ခုခုကို အားထုတ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းမပြုရ။

အခန်း(၇)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၁၄။ မည်သူမဆို ပုဒ်မ ၁၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်းတွေ့ရှိပါက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ပေးအပ်ထားသော စစ်ဆေးပိုင်ခွင့်ရှိသူသည် ထိုသူကို အောက်ပါအတိုင်း စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်ရမည်-

(က) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) မှ ပုဒ်မခွဲငယ် (၇)အထိ နှင့် ပုဒ်မခွဲ(ခ) တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ထိုသူကို ခရီးစဉ်ခရီးသည်လက်မှတ်ခ နှုန်း၏သုံးဆနှင့်ညီမျှသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

( ခ ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၈) နှင့် ပုဒ်မခွဲငယ် (၉) တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိပါက ထိုသူကို ခရီးစဉ် ကုန်တင် တန်ဆာခနှုန်း၏ ငါးဆနှင့်ညီမျှသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း။

၁၅။ (က) ပုဒ်မ ၁၄ အရ ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာအမိန့်ကို မကျေနပ်သူသည် ယင်းဒဏ်ငွေကိုပေးသွင်းပြီး အဆိုပါအမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဦးဆောင်ညွှန်ကြားရေးမှူးထံ အယူခံဝင်နိုင်သည်။

( ခ ) ဦးဆောင်ညွှန်ကြားရေးမှူးသည် ပုဒ်မခွဲ (က) အရ အယူခံမှုကို စိစစ်ပြီး ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

( ဂ ) ဦးဆောင်ညွှန်ကြားရေးမှူး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

အခန်း(၈)

အထွေထွေ

၁၆။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်ကို မောင်းနှင်သည့် မည်သည့်ရေယာဉ်အုပ်မဆို ခရီးသည်တင်ရေယာဉ်နှင့် ကုန်စည်တင်ရေယာဉ် အမျိုးအစားအလိုက် ခွင့်ပြုထားသော ခရီးသည်ဦးရေထက်ကျော်လွန်၍သော်လည်းကောင်း၊ သတ်မှတ်ထားသော ဝန်တင်မျဉ်းအမှတ်အသားမြုပ်သည်အထိသော်လည်းကောင်း၊ ခရီးသည် သို့မဟုတ် ကုန်စည်များကို တင်ဆောင်ပါက ပြည်တွင်းရေကြောင်းသွားရေယာဉ် ဥပဒေအရ အရေးယူခြင်းခံရမည်။

၁၇။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များကို ငှားရမ်းအသုံးပြုရာတွင် သတ်မှတ်ထားသည့် ကာလအတွင်းအသုံးပြုသည့် ရေယာဉ်များပျက်စီးခြင်း သို့မဟုတ် နစ်မြုပ်ခြင်းများအတွက် ငှားရမ်းသုံးစွဲသူက စတင်ရယူ အသုံးပြုစဉ်အခြေအနေအတိုင်း ပြန်လည်အပ်နှံရမည် သို့မဟုတ် ရေယာဉ်၏ ကာလတန်ဖိုးအတိုင်း ပေးလျော်ရမည်။

၁၈။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ဤဥပဒေပါ စီမံခန့်ခွဲရေးနည်းလမ်းအရ ကောက်ခံသည့် ဒဏ်ကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်သူထံမှ ဝင်ငွေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ သတ်မှတ်ချက်နှင့်အညီ အရကောက်ခံခွင့်ရှိသည်။

၁၉။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ပစ္စည်းများသည် ပြည်သူပိုင်ပစ္စည်းများဖြစ်သည်။

၂၀။ လျော်ကြေးငွေ၊ ကြွေးကျန်များ၊ ပြည်သူပိုင်ပစ္စည်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၂၁။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ အရာထမ်း၊ အမှုထမ်းအားလုံးသည် ဤဥပဒေအရပေးအပ်သော တာဝန်ကို ထမ်းဆောင်ချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်း ဖြစ်သည်ဟု မှတ်ယူရမည်။

၂၂။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြရမည်။

၂၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

( ခ ) ဝန်ကြီးဌာနနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၂၄။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဥပဒေ(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၁။)ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။