ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို

တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ

(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၁။)

၁၃၇၈ ခုနှစ်၊ နတ်တော်လဆန်း ၃ရက်

(၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂ တွင်-

(က) ပုဒ်မခွဲ (ဈ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ဈ) ကြီးကြပ်ရေးအဖွဲ့ ဆိုသည်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ဤဥပဒေ အရ ဖွဲ့စည်းထားသော အဖွဲ့ကို ဆိုသည်။’

(ခ) ပုဒ်မခွဲ (ည) ၏ နောက်တွင် ပုဒ်မခွဲ (ဋ)၊ (ဌ)၊ (ဍ) နှင့် (ဎ) တို့ကို အောက်ပါအတိုင်းဖြည့်စွက်ရမည်-

‘(ဋ) ဆယ်အိမ်မှူး ဆိုသည်မှာ ရာအိမ်မှူး ရွေးချယ်ရန်အတွက်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား အထောက်အကူပြုရန် အတွက်လည်းကောင်း သက်ဆိုင်ရာဆယ်အိမ်စုအစုအဖွဲ့က ရွေးချယ်သည့် ပုဒ်မ ၅ ပါအရည်အချင်းများနှင့် ပြည့်စုံသူကို ဆိုသည်။

(ဌ) ရာအိမ်မှူး ဆိုသည်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား အထောက်အကူပြုရန်အတွက်လည်းကောင်း သက်ဆိုင်ရာ ရာအိမ်စုအစုအဖွဲ့က ရွေးချယ်သည့် ပုဒ်မ ၅ ပါအရည်အချင်းများနှင့်ပြည့်စုံသူကို ဆိုသည်။

(ဍ) ကျေးရွာတာဝန်ခံ ဆိုသည်မှာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား အထောက်အကူ ပြုရန်အတွက် သက်ဆိုင်ရာကျေးရွာရှိ ရာအိမ်မှူးများက ရွေးချယ်သည့် ပုဒ်မ ၅ ပါ အရည်အချင်းများနှင့်ပြည့်စုံသူကိုဆိုသည်။

(ဎ) အိမ်ထောင်စုကိုယ်စားလှယ် ဆိုသည်မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား မဲပေးရွေးချယ်နိုင်ခွင့်ရှိသည့် အိမ်ထောင်စုတစ်ခု၏ အိမ်ထောင်ဦးစီး သို့မဟုတ် (၁၈) နှစ်ပြည့်ပြီး မိသားစုဝင် တစ်ဦးဦးကို ဆိုသည်။’

၃။ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ အခန်း (၃) ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘အခန်း(၃)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊

ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ’

၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ၅ တွင်-

(က) ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ကို ပယ်ဖျက်ရမည်။

(ခ) ပုဒ်မခွဲ (င)၊ (ဆ) နှင့်(ည) တို့ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘(င) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း အနည်းဆုံး ငါးနှစ် နေထိုင်လျက်ရှိသူဖြစ်ပြီး လက်ရှိတာဝန် ထမ်းဆောင်ချိန်တွင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတွင် အမှန်တကယ်နေထိုင်မည့်သူဖြစ်ခြင်း၊

ခြွင်းချက်။ ဒေသခံအငြိမ်းစား ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်ဆက်တည်း (၂) နှစ် နေထိုင်သူကို ထည့်သွင်းစဉ်းစားနိုင်သည်။

(ဆ) ပေးအပ်သည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိသူဖြစ်ခြင်း၊

(ည) တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း မဟုတ်ခြင်း။’

၅။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၆ ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၆။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက်  ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သူများက ရွေးချယ်ပေးသော ယင်းတာဝန်ကို ထမ်းဆောင်ရန်ဆန္ဒရှိသည့် ရပ်မိရပ်ဖငါးဦးကို ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။’

၆။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘၇။ ကြီးကြပ်ရေးအဖွဲ့သည်-

(က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုစာရင်းများရယူ၍ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအလိုက် တစ်ဆက်တစ်စပ်တည်းအစဉ်လိုက်ဖြစ်သော ဆယ်အိမ်စုအစုအဖွဲ့နှင့်ရာအိမ်စု အစုအဖွဲ့များကို ဖွဲ့စည်းရမည်။

(ခ) ဆယ်အိမ်စု အသီးသီးတွင် နေထိုင်ကြသော အိမ်ထောင်စုကိုယ်စားလှယ်တို့အား စုစည်း၍ မိမိတို့နေထိုင်ရာ ဆယ်အိမ်စုအတွင်း နေထိုင်သူများအနက်မှ ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးကို အများဆန္ဒနှင့်အညီ ဆယ်အိမ်မှူး အဖြစ် ရွေးချယ်ရမည်။

(ဂ) ရာအိမ်စုအသီးသီးတွင် ရွေးချယ်ခံရသော ဆယ်အိမ်မှူးများအနက်မှ ရာအိမ်မှူး တစ်ဦးကို သက်ဆိုင်ရာ ရာအိမ်စုအတွင်းရှိ အိမ်ထောင်စု ကိုယ်စားလှယ်များက အများဆန္ဒနှင့်အညီ ရွေးချယ်ရမည်။

(ဃ) ရွေးချယ်ခြင်းခံရသော ရာအိမ်မှူးတစ်ဦးတည်းသာရှိပါက ယင်းပုဂ္ဂိုလ်အားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်။

(င) ရွေးချယ်ခြင်းခံရသည့် ရာအိမ်မှူး တစ်ဦးထက်ပိုပါက ယင်းပုဂ္ဂိုလ်အား-

(၁) ရပ်ကွက်များတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးလောင်းများအဖြစ်လည်းကောင်း၊ ကျေးရွာအုပ်စုများတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးလောင်းများအဖြစ် လည်းကောင်း အမည်စာရင်းပြုစုရမည်။

(၂) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလောင်းများအဖြစ် အမည်စာရင်းပြုစုရာတွင် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုသည့် ရာအိမ်မှူးများရှိပါက ယင်းတို့၏ အမည်ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးလောင်းအမည်စာရင်းတွင်ချန်လှပ်ရမည်။

(စ) ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ်(၁) အရ ပြုစုထားသော အမည်စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုကိုယ်စားလှယ်များက သတ်မှတ်ထားသောနေ့ရက်တွင် လျှို့ဝှက်ဆန္ဒမဲပေးပြီးရွေးချယ်စေရမည်။ ရရှိသော ဆန္ဒမဲများကို ရေတွက်၍ ဆန္ဒမဲအများအနည်းအလိုက် အမည်စာရင်းပြုစုပြီး ကြေညာရမည်။

(ဆ) ကျေးရွာတစ်ရွာထက် ပိုမိုဖွဲ့စည်းထားသော ကျေးရွာအုပ်စုများတွင် သက်ဆိုင်ရာ ကျေးရွာတာဝန်ခံအဖြစ် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများက မိမိတို့ထဲမှတစ်ဦးကို အများဆန္ဒနှင့်အညီ ရွေးချယ်ရမည်။

(ဇ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်-

(၁) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ၊

(၂) ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများအဖြစ် ရွေးချယ်ခြင်းခံရသူများ၏အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ၊

(၃) ဆယ်အိမ်မှူးများ၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များ။’

၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘၈။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ကြီးကြပ်ရေးအဖွဲ့က ပုဒ်မ ၇၊ ပုဒ်မခွဲ (ဇ) အရ တင်ပြလာသော အမည်စာရင်းပါ ပုဂ္ဂိုလ်များစိစစ်ပြီး ပုဒ်မ ၅ ပါ အရည်အချင်းများနှင့် ပြည့်စုံပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရမည်။ သက်ဆိုင်ရာ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအဖြစ် တာဝန်ပေးရမည်။’

၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘၉။(က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။ ယင်း၏ သက်တမ်းသည်တစ်ဆက်တည်း နှစ်ကြိမ်ထက်မပိုစေရ။ သို့ရာတွင် အုပ်ချုပ်ရေးမှူး သက်တမ်း၏ထက်ဝက်ထက်မပိုသော ကြားဖြတ်တာဝန် ယူသည့်ကာလကို ရာထူး သက်တမ်းတစ်ခုဟု မသတ်မှတ်ရ။

(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏သက်တမ်းသစ်ကာလတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းတာဝန်များကို စနစ်တကျ လွှဲပြောင်းပေးရမည်။’

၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဆ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ဆ) ဤဥပဒေပါ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံဉာဏ်ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။’

၁၀။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ တွင်-

(က) ပုဒ်မခွဲ(စ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(စ) ပြည်ထောင်စုအစိုးရ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၊ နေပြည်တော်ကောင်စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ဖြစ်စေ၊ ယင်းတို့၏ တာဝန်ပေးချက်အရ အစိုးရဌာန၊ အဖွဲ့အစည်းကဖြစ်စေ ဦးစီးကျင်းပသည့် အခမ်းအနားများနှင့် ပွဲများမှအပ အခြားအခမ်းအနားများ၊ အများပြည်သူသို့ ဖျော်ဖြေသည့် ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရပွဲများကျင်းပခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံအသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံကျင်းပစေခြင်း၊’

(ခ) ပုဒ်မခွဲ (ဆ) ကို ပယ်ဖျက်ရမည်။

(ဂ) ပုဒ်မခွဲ (ည) ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ည) အများပြည်သူနှင့် သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေ အနားယူမှုလုပ်ငန်းများ တည်ထောင်ခွင့်တောင်းခံလာပါက သဘောထားမှတ်ချက်ဖြင့် သက်ဆိုင်ရာသို့ တင်ပြခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်လျှင်ဖြစ်စေ၊ စည်းကမ်းချက် မလိုက်နာလျှင်ဖြစ်စေ အရေးယူခြင်း၊ အရေးယူရန်အကြောင်းကြားခြင်း၊’

(ဃ) ပုဒ်မခွဲ (ဎ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ဎ) တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့်လုံခြုံရေးတို့အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ်ဥပစာနှင့် နေရာများကို လုံလောက်သောအကြောင်းပြချက်နှင့်အဖွဲ့ဖြင့်စနစ်တကျဝင်ရောက်စစ်ဆေးခြင်း၊’

(င) ပုဒ်မခွဲ(ဓ)ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘(ဓ) ဖွားသေမှတ်ပုံတင်စာရင်းနှင့် အိမ်ထောင်စုပြောင်းရွေ့ထွက်ခွာခြင်း၊ ပြောင်းရွှေ့ရောက်ရှိခြင်းနှင့် လူဦးရေစာရင်းများကို အချိန်နှင့်တစ်ပြေးညီပြစုခြင်း၊’

(စ) ပုဒ်မခွဲ (ဝ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ဝ) အများပြည်သူအကျိုးနှင့်ဒေသခံပြည်သူများ၏ အကျိုးကို လတ်တလောထိခိုက်စေမည့် ဘေးအန္တရာယ်များ ကျရောက်သဖြင့် အရေးပေါ်အခြေအနေပေါ်ပေါက်သည့်အခါ ဒေသခံပြည်သူတို့အတွက် အရေးကြီးပြီး တိုက်ရိုက်အကျိုးပြုသည့်လုပ်ငန်းကို ချက်ချင်းဆောင်ရွက်ခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အမြန်ဆုံးတင်ပြခြင်း၊’

၁၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၅၏ ခြေဆင်းကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၁၅။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးဦးနှင့်ပတ်သက်၍ အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်လျှင် စုံစမ်းစစ်ဆေးမှုပြုရန် လိုအပ်ပါက အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုပြုပြီး နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းပြုနိုင်သည်-’

၁၂။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေတွင်-

(က) ပုဒ်မ ၁၆၏ခြေဆင်းကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၁၆။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဦးအားနုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း၊ ယာယီခွင့်ခံစားခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍-’

(ခ) ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ) ကို အောက်ပါအတိုင်း အစားထိုးရမည်*

‘(ဂ) တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့်ကာလတွင်ဖြစ်စေ၊ နုတ်ထွက်ခြင်း တာဝန်မှရပ်စဲခြင်း၊ ကွယ်လွန်ခြင်း သို့မဟုတ် အခြားအကြောင်းကြောင့် လစ်လပ်နေသည့် ကာလတွင်ဖြစ်စေ၊ ယာယီခွင့် ခံစားခွင့်ပြုသည့် ကာလတွင်ဖြစ်စေသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ တာဝန်ကို ထမ်းဆောင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ပုဒ်မ ၇၊ ပုဒ်မခွဲ (စ) အရ ဆန္ဒမဲဒုတိယအများဆုံး ရရှိသည့် ရာအိမ်မှူးတစ်ဦးဦးအား ယာယီတာဝန်ပေးအပ်ရမည်။ ဆန္ဒမဲဒုတိယ အများဆုံးရရှိသူက ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း ပေါ်ပေါက်လျှင် သင့်လျော်သည့် ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးတစ်ဦးဦးအားယာယီတာဝန်ပေးအပ်ရမည်။’

၁၃။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၆၏ နောက်တွင် ပုဒ်မ ၁၆-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

‘၁၆-က။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးဦးသည် ပုဒ်မ ၁၅၊ ပုဒ်မခွဲ(ခ)၊ (ဂ) နှင့် (စ) ပါပြဋ္ဌာန်းချက်တစ်ခုခုအရ တာဝန်မှ ရပ်စဲခံရပါက တစ်ဆက်တစ်စပ်တည်းဖြစ်သော သက်တမ်းနှစ်ကြိမ်တွင် ပါဝင်ရွေးချယ်ခံခွင့်မရှိစေရ။’

၁၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘၁၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်လနှင့်အထက် ကျော်လွန်၍ လာရောက် တည်းခိုနေထိုင်သူများရှိပါက မှတ်တမ်းထားရှိနိုင်ရန်အတွက် သတ်မှတ် နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမည်။’

၁၅။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၀ ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၂၀။ ရပ်ကွက် သို့မဟုတ်  ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အများပြည်သူနှင့်သက်ဆိုင်သည့် ဖျော်ဖြေမှု၊ အပန်းဖြေအနားယူမှုလုပ်ငန်းများ တည်ထောင်လိုပါက သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်ရယူရမည့်အပြင် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။’

၁၆။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၁ ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၂၁။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူသည် အခမ်းအနားများ၊ အများပြည်သူဖျော်ဖြေသည့် ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရ ပြုလုပ်သည့်ပွဲများကိုကျင်းပလိုပါက သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးတင်ပြရမည့်အပြင် သတ်မှတ်ပေးထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်။’

၁၇။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၄ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်-

‘၂၄။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း နေထိုင်သူများသည် အောက်ပါအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိသည်-’

၁၈။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၇ ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၂၇။ မည်သူမဆို ပုဒ်မ ၁၈ နှင့် ပုဒ်မ ၁၉ ပါတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုသူကို ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်ချမှတ်ရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ခုနစ်ရက်မပိုသော ထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးက ချမှတ်ရမည်။’

၁၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေပုဒ်မ ၃၃ ကိုပယ်ဖျက်ရမည်။

၂၀။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ၃၄ ၏ နောက်တွင် ပုဒ်မ ၃၄-က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

‘၃၄-က။(က) ကျေးရွာတာဝန်ခံနှင့်ရာအိမ်မှူးများသည် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအား လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ အတွက် အကြံပေးခြင်း၊ အထောက်အကူပြုခြင်းတို့ဆောင်ရွက်ရန် တာဝန်ရှိသည်။

(ခ) ဆယ်အိမ်မှူးများသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏ ဦးဆောင်စီမံမှုနှင့်အတူ ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိသည်။’

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။