လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေ

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၇။)

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၁ ရက်

(၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၃ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဆိုင်ရာဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-

(က) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ဆိုသည်။

(ခ) ဦးစီးဌာန ဆိုသည်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်း ဦးစီးဌာနကို ဆိုသည်။

(ဂ) စစ်ဆေးရေးအရာရှိချုပ် ဆိုသည်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။

(ဃ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ စစ်ဆေးရေးအရာရှိချုပ်က တာဝန်ပေးအပ်ခြင်းခံရသည့် စစ်ဆေးရေးအရာရှိကို ဆိုသည်။

(င) လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ဆိုသည်မှာ ယမ်းဘီလူး၊ အမိုနီယမ်နိုက်ထရိတ်၊ လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းဖြစ်စေရန် ပြုပြင်စီမံထား သော ဝတ္ထုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ဆိုသည်။ ယင်းစကားရပ်တွင် ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများဟု အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့် ပစ္စည်းများလည်း ပါဝင်သည်။

(စ) ယမ်းတိုက် ဆိုသည်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ယမ်းတိုက်မြေနေရာ ရွေးချယ်ရေး အဖွဲ့က အတည်ပြုရွေးချယ်ပေးသည့် မြေနေရာတွင် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် စစ်ဆေးရေး အရာရှိချုပ်က အတည်ပြုသတ်မှတ်ပေးသည့် ပုံစံအတိုင်း ဆောက်လုပ်ထားသည့် အဆောက်အအုံကို ဆိုသည်။

(ဆ) ပြုလုပ်ခြင်း ဆိုသည်မှာ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းတစ်ခုခုကို ပြုလုပ်ခြင်း၊ ပြန်လည်ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်း လုပ်ငန်းစဉ်ကို ဆိုသည်။

(ဇ) တင်သွင်းခြင်း ဆိုသည်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးက ဖြစ်စေ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း သို့မဟုတ် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းကဖြစ်စေ လုပ်ငန်းလိုအပ်ချက်နှင့် အညီ လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း များကို ပြည်ပနိုင်ငံတစ်ခုခုမှ တင်သွင်းခြင်းကို ဆိုသည်။

(ဈ) လိုင်စင် ဆိုသည်မှာ လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို ယမ်းတိုက်တွင် လက်ခံသိုလှောင်နိုင်ရေးအတွက် ဤဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိချုပ်က ထုတ်ပေးသော ယမ်းတိုက်လိုင်စင်ကို ဆိုသည်။

(ည) သိုလှောင်ခြင်း ဆိုသည်မှာ လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို လိုင်စင်ရ ယမ်းတိုက်တွင် ခွင့်ပြုချက်ဖြင့် ထိန်းသိမ်းထားရှိခြင်းကို ဆိုသည်။

(ဋ) ခွင့်ပြုချက် ဆိုသည်မှာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ဤဥပဒေအရ ထုတ်ပေးသည့် လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်း တစ်မျိုးမျိုးကိုဖြစ်စေ၊ တစ်မျိုးထက်ပို၍ဖြစ်စေ ဆောင်ရွက်ရန် ခွင့်ပြုချက်ကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို စနစ်တကျပြုလုပ်ခြင်း၊ တင်သွင်း ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်းနှင့် သုံးစွဲခြင်းတို့ပြုနိုင်ရန်၊

(ခ) ယမ်းဘီလူးနှင့် ဆက်စပ်သုံးပစ္စည်းများ အသုံးပြုသည့် လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ် ကင်းရှင်း၍ လုံခြုံမှုရှိစေရန်၊

(ဂ) လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပြုလုပ်သုံးစွဲမှုများကို စနစ်တကျ ကြီးကြပ်နိုင်ရန်။

အခန်း (၃)

ခွင့်ပြုချက်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း

၄။ လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ သိုလှောင်ရေးအတွက် ယမ်းတိုက် ဆောက်လုပ်ရန် မြေနေရာအတည်ပြုချက် ရရှိလိုသူသည်လည်းကောင်း၊ လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်း၊ ဖျက်ဆီးခြင်း တစ်မျိုးမျိုးကိုဖြစ်စေ၊ တစ်မျိုးထက်ပို၍ ဖြစ်စေဆောင်ရွက်လိုသူသည်လည်းကောင်း ဝန်ကြီးဌာနသို့ သတ်မှတ်ချက်နှင့်အညီ စိစစ်ချက် ဆောင်ရွက်ပေးရန် လျှောက်ထားရမည်။

၅။ (က) ဝန်ကြီးဌာနသည် ပုဒ်မ ၄ အရ လျှောက်ထားချက်ကို လက်ခံရရှိလျှင် လျှောက်ထားသည့် ကိစ္စရပ်ကို စိစစ်တင်ပြရန် စစ်ဆေးရေးအရာရှိချုပ်အား တာဝန်ပေးအပ်ရမည်။

(ခ) စစ်ဆေးရေးအရာရှိချုပ်သည် လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်ပြီး တွေ့ရှိချက်ကို သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာနသို့ တင်ပြရမည်။

(ဂ) ဝန်ကြီးဌာနသည်-

(၁) ပုဒ်မခွဲ (ခ) အရ စစ်ဆေးရေးအရာရှိချုပ်၏ တင်ပြချက်ကို စိစစ်ပြီး သတ်မှတ်ချက်နှင့် ညီညွတ်ကြောင်းတွေ့ရှိပါက စိစစ်ချက်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ ပေးပို့ရမည်။

(၂) စစ်ဆေးရေးအရာရှိချုပ်က သတ်မှတ်ချက်နှင့် ညီညွတ်ခြင်းမရှိကြောင်း သဘောထားမှတ်ချက်ဖြင့် တင်ပြလျှင် သက်ဆိုင်ရာလျှောက်ထားသူကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ပြီး ပြန်လည်တင်ပြရန် ညွှန်ကြားရမည်။

၆။ (က) ဝန်ကြီးဌာနက ပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ပေးပို့သော ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သည် လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ သိုလှောင်နိုင်ရေးအတွက် ယမ်းတိုက်ဆောက်လုပ်ရန် မြေနေရာ အတည်ပြုချက်ရယူရန် လျှောက်ထား ခြင်းဖြစ်ပါက ယမ်းတိုက်မြေနေရာ ရွေးချယ်ရေးအဖွဲ့ဖြင့် ယမ်းတိုက်ဆောက်လုပ်ရန် မြေနေရာကို သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်အတည်ပြုပြီး သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီး ဌာနသို့ ပေးပို့ရမည်။

(ခ) ဝန်ကြီးဌာနသည် ပုဒ်မခွဲ (က) အရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ယမ်းတိုက် ဆောက်လုပ်ရန် မြေနေရာကို စိစစ်အတည်ပြုကြောင်း သဘောထားပြန်ကြားချက် ပေးပို့သည့် အခါ အတည်ပြုချက်ရရှိသော မြေနေရာတွင် ယမ်းတိုက်ဆောက်လုပ်ရန် စစ်ဆေးရေးအရာရှိချုပ်အား ညွှန်ကြားရမည်။

(ဂ) စစ်ဆေးရေးအရာရှိချုပ်သည် ပုဒ်မခွဲ (ခ) အရ ဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို ရရှိလျှင် ယမ်းတိုက်ဆောက်လုပ်ရန် မြေနေရာအတည်ပြုချက် လျှောက်ထားသူအား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က စိစစ်အတည်ပြုသော မြေနေရာတွင် သတ်မှတ်သည့် အင်္ဂါရပ်များနှင့်အညီ ယမ်းတိုက် ဆောက်လုပ်ရန် အကြောင်းကြားရမည်။

၇။ (က) ဝန်ကြီးဌာနက ပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ပေးပို့သော ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သည် လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်းတစ်မျိုးမျိုးကိုဖြစ်စေ၊ တစ်မျိုးထက်ပို၍ဖြစ်စေ ဆောင်ရွက်ရန်ဖြစ်ပါက စိစစ်တင်ပြရန် ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့က တာဝန်ပေးဖွဲ့စည်းထားသည့် ယမ်းဘီလူးဝယ်ယူ၊ ဖြည့်တင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးဆပ်ကော်မတီသို့ တာဝန်ပေးအပ်ရမည်။

(ခ) ယမ်းဘီလူးဝယ်ယူ၊ ဖြည့်တင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးဆပ်ကော်မတီသည် ပုဒ်မခွဲ (က) အရ တာဝန်ပေးအပ်ခြင်းခံရလျှင် သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး တွေ့ရှိချက်ကို သဘောထား မှတ်ချက်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ တင်ပြရမည်။

(ဂ) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သည် ယမ်းဘီလူးဝယ်ယူ၊ ဖြည့်တင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးဆပ်ကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို စိစစ်၍ သတ်မှတ်ချက်နှင့် ညီညွတ်ကြောင်း တွေ့ရှိပါက လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်း တစ်မျိုးမျိုးကို ဖြစ်စေ၊ တစ်မျိုးထက်ပို၍ ဖြစ်စေ ဆောင်ရွက်ရန် သက်ဆိုင်ရာ လျှောက်ထားသူကို ခွင့်ပြုချက်ထုတ်ပေးရမည်။ ခွင့်ပြုချက်မိတ္တူတစ်စောင်ကို ဝန်ကြီးဌာနသို့ ပေးပို့ရမည်။

(ဃ) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သည် ယမ်းဘီလူး ဝယ်ယူ၊ ဖြည့်တင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေး ဆပ်ကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို စိစစ်၍ သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း မရှိကြောင်း တွေ့ရှိပါက သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ရန် သက်ဆိုင်ရာ လျှောက်ထားသူကို ညွှန်ကြားနိုင်ရေးအတွက် ဝန်ကြီးဌာနသို့ အကြောင်းကြားရမည်။

၈။ ဝန်ကြီးဌာနက ပုဒ်မ ၅၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ပေးပို့သော လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ယိုယွင်းပျက်စီး၍ ဖျက်ဆီးရန် ကိစ္စနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဌာနကောင်စီ၏ အမှုဆောင်အဖွဲ့က တာဝန်ပေးဖွဲ့စည်းထားသည့် ယမ်းဘီလူးဝယ်ယူ၊ ဖြည့်တင်း၊ သိုလှောင်၊ ဖြန့်ဖြူးရေးဆပ်ကော်မတီမှ ကိုယ်စားလှယ်တစ်ဦးကို အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ဝန်ကြီးဌာနနှင့် လျှောက်ထားသူ၏ ကိုယ်စားလှယ်များကို အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင်သည့်အဖွဲ့ဖြင့် ဖျက်ဆီးရန် သင့်၊ မသင့် စစ်ဆေးပြီး ဖျက်ဆီးသင့်သည့် လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို ကာကွယ်ရေးဌာနကောင်စီ အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ဖြင့် ဖျက်ဆီးရမည်။

၉။ လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ တင်သွင်းလိုသူသည် ပုဒ်မ ၇၊ ပုဒ်မခွဲ (ဂ) အရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ ခွင့်ပြုချက်ကို လက်ခံရရှိလျှင် ဥပဒေနှင့်အညီ တင်သွင်းခြင်း ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း (၄)

လိုင်စင်လျှောက်ထားခြင်းနှင့် ထုတ်ပေးခြင်း

၁၀။ ပုဒ်မ ၆၊ ပုဒ်မခွဲ (ဂ) အရ စစ်ဆေးရေးအရာရှိချုပ်၏ အကြောင်းကြားချက်နှင့်အညီ ယမ်းတိုက်ဆောက်လုပ်သူသည် သတ်မှတ်သည့်အင်္ဂါရပ်များ ပြည့်စုံစွာပါဝင်သည့် ယမ်းတိုက်ကို ဆောက်လုပ်ပြီးလျှင် လိုင်စင်ရရှိရေးအတွက် စစ်ဆေးရေးအရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်။

၁၁။ စစ်ဆေးရေးအရာရှိချုပ်သည် ပုဒ်မ ၁၀ အရ လိုင်စင်လျှောက်ထားချက်ကို လက်ခံရရှိလျှင် ဆောက်လုပ်ထားသည့် ယမ်းတိုက်ကို သတ်မှတ်သော ယမ်းတိုက်အင်္ဂါရပ်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စစ်ဆေးပြီး –

(က) သတ်မှတ်သော ယမ်းတိုက်အင်္ဂါရပ်များနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိလျှင် လိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ဆောင်ရွက်ခြင်းပြုရန် ညွှန်ကြားရမည်။

(ခ) သတ်မှတ်သော ယမ်းတိုက်အင်္ဂါရပ်များနှင့် ညီညွတ်ကြောင်းတွေ့ရှိလျှင် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။

၁၂။ လိုင်စင်သက်တမ်းသည် စတင်ထုတ်ပေးသည့် နေ့မှစ၍ တစ်နှစ်ဖြစ်သည်။

၁၃။ လိုင်စင်ရရှိသူသည် လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ သိုလှောင်ခြင်း လုပ်ငန်း ဆက်လက်ဆောင်ရွက်လိုပါက သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃၀ ကြိုတင်၍ သက်တမ်း တိုးပေးရန် စစ်ဆေးရေးအရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားနိုင်သည်။

၁၄။ စစ်ဆေးရေးအရာရှိချုပ်သည် ပုဒ်မ ၁၃ အရ သက်တမ်းတိုးလျှောက်ထားချက်ကို ရရှိလျှင် လျှောက်ထားသူ၏ ယမ်းတိုက်ကို စစ်ဆေးပြီး-

(က) သတ်မှတ်သည့် အင်္ဂါရပ်များနှင့် ညီညွတ်ခြင်းမရှိကြောင်းတွေ့ရှိလျှင် လိုအပ်ချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ဆောင်ရွက်ခြင်းပြုရန် ညွှန်ကြားရမည်။

(ခ) သတ်မှတ်သည့် အင်္ဂါရပ်များနှင့် ညီညွတ်ကြောင်းတွေ့ရှိလျှင် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လျှောက်ထားသူအား လိုင်စင်သက်တမ်းတိုးမြှင့်ပေးနိုင်သည်။

အခန်း (၅)

လိုင်စင်ရရှိသူနှင့်ခွင့်ပြုချက်ရရှိသူတို့၏ တာဝန်များ

၁၅။ လိုင်စင်ရရှိသူသည်-

(က) လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို ခွင့်ပြုသည့် ပမာဏထက်မပိုစေဘဲ သတ်မှတ်ချက်နှင့်အညီ စနစ်တကျသိုလှောင်သိမ်းဆည်းရမည်။

(ခ) စစ်ဆေးရေးအရာရှိချုပ် သို့မဟုတ် စစ်ဆေးရေးအရာရှိ၏ အခါအားလျော်စွာ စစ်ဆေးခြင်းကို ခံယူရမည်။

(ဂ) လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ ပျောက်ဆုံးခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်းကြောင့် ဆုံးရှုံးပျက်စီးခြင်း၊ လူများထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်ပေါ်ပါက အနီးဆုံးရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရမည့်အပြင် စစ်ဆေးရေးအရာရှိချုပ်ထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရမည်။

(ဃ) လိုင်စင်အတွက် ဝန်ကြီးဌာနက သတ်မှတ်သော နှုန်းထားအတိုင်း အခကြေးငွေကို ဦးစီးဌာနသို့ ပေးဆောင်ရမည်။

၁၆။ ခွင့်ပြုချက်ရရှိသူသည်-

(က) လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို လိုင်စင်ရ ယမ်းတိုက်များတွင်သာ သိုလှောင်ရမည်။

(ခ) လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်းပြုရာတွင် အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သော ကာကွယ်မှု များကို သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ဆောင်ရွက်ရမည်။

အခန်း (၆)

စစ်ဆေးရေးအရာရှိချုပ်၏ လုပ်ငန်းတာဝန်များ

၁၇။ စစ်ဆေးရေးအရာရှိချုပ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) လိုင်စင်ရရှိသူနှင့် ခွင့်ပြုချက်ရရှိသူတို့သည် ဤဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း ရှိ မရှိ စိစစ်၍ လိုက်နာခြင်းမရှိပါက လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊

(ခ) ပုဒ်မ ၄ အရ လျှောက်ထားချက်ကို စိစစ်၍ သတ်မှတ်ချက်နှင့် ညီညွတ်ပါက ဝန်ကြီးဌာနသို့ ထောက်ခံတင်ပြခြင်းနှင့် သတ်မှတ်ချက်နှင့် ညီညွတ်ခြင်း မရှိပါက သဘောထားမှတ်ချက်နှင့် အတူ ဝန်ကြီးဌာနသို့ တင်ပြခြင်း၊

(ဂ) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က စိစစ်အတည်ပြုသော မြေနေရာတွင် ယမ်းတိုက်ဆောက်လုပ် ရန် အကြောင်းကြားခြင်း၊ ယမ်းတိုက်၏ အင်္ဂါရပ်များ ပြည့်စုံခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊

(ဃ) ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လိုင်စင်ထုတ်ပေးခြင်းနှင့် လိုင်စင်သက်တမ်း တိုးမြှင့်ပေးခြင်း၊

(င) လိုင်စင်ရရှိသူနှင့် ခွင့်ပြုချက်ရရှိသူတို့နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သည့် နှုန်းထားအတိုင်း အခကြေးငွေ ကောက်ခံခြင်း၊

(စ) ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးဌာနမှ သင့်လျော်သော အရာရှိများကို စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ခြင်း၊

(ဆ) မိမိလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် စစ်ဆေးရေးအရာရှိအား လွှဲအပ်ဆောင်ရွက်စေခြင်း၊

(ဇ) ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်း။

အခန်း (၇)

တားမြစ်ချက်များ

၁၈။ လိုင်စင်ရရှိသူနှင့် ခွင့်ပြုချက်ရရှိသူ မည်သူမျှ စစ်ဆေးရေးအရာရှိချုပ် သို့မဟုတ် စစ်ဆေးရေး အရာရှိ၏ စစ်ဆေးခြင်းကို ခံယူရန် ငြင်းပယ်ခြင်းမပြုရ။

၁၉။ မည်သူမျှ-

(က) ဤဥပဒေနှင့်အညီ ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို တင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ပြုလုပ်ခြင်း၊ သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်းမပြုရ။

(ခ) ပုဒ်မ ၈ အရ ကာကွယ်ရေးဌာနကောင်စီ အမှုဆောင်အဖွဲ့၏ အတည်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်သုံး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို ဖျက်ဆီးခြင်းမပြုရ။

(ဂ) ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း မရှိစေရ။

၂၀။ မည်သူမျှ လိုင်စင်မရှိသည့် ယမ်းတိုက်တွင်-

(က) လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို လက်ခံ သိုလှောင်ခြင်း မပြုရ။

(ခ) လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို အပ်နှံ သိုလှောင်ခြင်း မပြုရ။

၂၁။ လိုင်စင်ရရှိသူ မည်သူမျှ-

(က) ဝန်ကြီးဌာနက ထုတ်ပေးသော လိုင်စင်ပါ ခွင့်ပြုပမာဏထက် ပိုမိုသော လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို လက်ခံသိုလှောင်ခြင်းမပြုရ။

(ခ) ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ) ပါ လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကြောင့် တစ်ခုခုဖြစ်ပွားပါက အနီးဆုံးရဲစခန်းသို့ ချက်ချင်းအကြောင်းကြားခြင်းနှင့် စစ်ဆေးရေးအရာရှိချုပ်ထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန် ပျက်ကွက်ခြင်းမရှိစေရ။

(ဂ) လိုင်စင်သက်တမ်း ကုန်ဆုံးသည့်အချိန်တွင် သက်တမ်းတိုးမြှင့်ခြင်း မရှိဘဲ လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများကို ဆက်လက်သိုလှောင်ခြင်း မပြုရ။

အခန်း (၈)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၂၂။ မည်သူမဆို ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ) တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၂၃။ မည်သူမဆို ပုဒ်မ ၁၉၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၂၁၊ ပုဒ်မခွဲ (က) နှင့် (ဂ) တို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၄။ မည်သူမဆို ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မ ၂၀ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး ငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၂၅။ မည်သူမဆို တားမြစ်ချက်တစ်ရပ်ရပ်ကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထပ်မံကျူးလွန်သော ပြစ်မှုတွင် ပြဋ္ဌာန်းထားသော အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ရမည်။

၂၆။ မည်သူမဆို တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရန် အားပေးကူညီခြင်း၊ လှုံ့ဆော်ခြင်း သို့မဟုတ် သွေးဆောင်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သက်ဆိုင်ရာ ပြစ်မှုအတွက် သတ်မှတ်ထားသော ပြစ်ဒဏ်ကို ချမှတ်ခြင်းခံရမည်။

၂၇။ ဤဥပဒေအရ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများသည် ခွင့်ပြုချက်မရရှိသော လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းဖြစ်ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။

အခန်း (၉)

အထွေထွေ

၂၈။ စစ်ဆေးရေးအရာရှိချုပ်သည် ဤဥပဒေအရ ကောက်ခံရန်ရှိသော အခကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်သူအား ဝင်ငွေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည်။

၂၉။ ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ ပြဋ္ဌာန်းချက်များသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သုံး ပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများ၊ ယမ်းတိုက်များ၊ အဆောက်အအုံများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၃၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၃၁။ The Explosives Act, (India Act, 4, 1884, Vol. V) အရ ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၃၂။ The Explosives Act, (India Act, 4, 1884, Vol. V) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။