အခွန်အယူခံခုံအဖွဲ့ဥပဒေ

 

(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃ ။)

 

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၅ ရက်

 

(၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်)

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း(၁)

 

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

 

၁။ ဤဥပဒေကို အခွန်အယူခံခုံအဖွဲ့ဥပဒေဟု ခေါ်တွင်စေရမည်။ ၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်(က) အခွန် ဆိုသည်မှာ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့်အခွန်၊ အခါ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေ များကိုဆိုသည်။ ယင်းစကားရပ်တွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဇယား (၁) ပါအခွန်အကောက်အားလုံးနှင့် အကောက်ခွန်တို့ ပါဝင်သည်။ ။ ( ခ ) ခုံအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော အခွန်အယူခံခုံအဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် အမှုများကို ကြားနာစစ်ဆေးရန် အဖွဲ့ဝင် သုံးဦးဖြင့်ဖြစ်စေ၊ စုံညီခုံအဖြစ်ဖြစ်စေ ဖွဲ့စည်းသည့် အဖွဲ့များလည်း ပါဝင်သည်။ ( ဂ ) ဥက္ကဋ္ဌဆိုသည်မှာ ဤဥပဒေအရ အစိုးရအဖွဲ့က တာဝန်ပေးအပ်သော ခုံအဖွဲ့၏ ဥက္ကဋ္ဌကို ဆိုသည်။ (ဃ) အဖွဲ့ဝင် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အခွန်အယူခံခုံအဖွဲ၏ အဖွဲ့ဝင်ကို ဆိုသည်။ ( င ) ခုံအဖွဲ့ခေါင်းဆောင် ဆိုသည်မှာ အဖွဲ့ဝင် သုံးဦးပါဝင်သော ခုံအဖွဲ့တွင် ဥက္ကဋ္ဌ က တာဝန်ပေးအပ်သော အဖွဲ့ခေါင်းဆောင်ကိုဆိုသည်။ ( စ ) ခုံအဖွဲ့ရုံး ဆိုသည်မှာ ခုံအဖွဲ့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်ရန် တည်ထောင်ထားသော အခွန်အယူခံခုံအဖွဲ့ရုံးကို ဆိုသည်။ (ဆ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ခုံအဖွဲ့ရုံး၏ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။ ( ဇ ) ဒုတိယညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ခုံအဖွဲ့ရုံး၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။ (ဈ) မှတ်ပုံတင်အရာရှိ ဆိုသည်မှာ ခုံအဖွဲ့ရုံးက အခွန်အယူခံဆိုင်ရာ အမှုတွဲများကို မှတ်ပုံတင်ရန် သတ်မှတ်တာဝန်ပေးထားသည့် ဦးစီးအရာရှိ အဆင့်အောက်မနိမ့်သော နိုင်ငံ့ဝန်ထမ်းကို ဆိုသည်။ (ည) အမှု ဆိုသည်မှာ ဤဥပဒေအရ တင်သွင်းလာသော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည် သုံးသပ်မှု သို့မဟုတ် လွှဲအပ်မှုကို ဆိုသည်။ (ဋ) အယူခံမှု ဆိုသည်မှာ သက်ဆိုင်ရာ ပြည်တွင်း အခွန်များကို တာဝန်ယူကောက်ခံသည့် ဌာနများက ချမှတ်သည့် အခွန်ဆိုင်ရာအမိန့်ကို မကျေနပ်၍ သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ချမှတ်သည့် အခွန်ဆိုင်ရာအမိန့်ကို မကျေနပ်၍ သော်လည်းကောင်း၊ အစိုးရအဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ တာဝန်ပေးအပ်ခြင်း ခံရသော အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခုက ချမှတ်သည့် အခွန်ဆိုင်ရာ အပြီးသတ် ဆုံးဖြတ်ချက်တစ်ခုခုအပေါ် မကျေနပ်၍ သော်လည်းကောင်း ခုံအဖွဲ့ထံ အယူခံသည့် အမှုကို ဆိုသည်။ ( ဌ ) ပြင်ဆင်မှု ဆိုသည်မှာ ခုံအဖွဲ့က ချမှတ်သည့်အမိန့်တွင် အမှုအကြောင်းခြင်းရာနှင့် ပတ်သက်၍ နစ်နာသူက ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြင်ဆင်ပေးရန် ခုံအဖွဲ့သို့ ပြန်လည်တင်ပြသည့် အမှုကိုဆိုသည်။ ( ၃ ) ပြန်လည်သုံးသပ်မှု ဆိုသည်မှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းခံရသူတစ်ဦးဦးသည် ခုံအဖွဲ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ပေးပါရန် ခုံအဖွဲ့သို့ပင် ပြန်လည်လျှောက်ထားသည့်အမှုကို ဆိုသည်။ ( ) လွှဲအပ်မှု ဆိုသည်မှာ ခုံအဖွဲ့သို့ တင်သွင်းလာသည့် အမှုတွင် ဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စဖြစ်သဖြင့် စုံညီခုံအဖွဲ့က ကြားနာစိစစ်ပြီးနောက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးပို့သည့် အမှုကို ဆိုသည်။ (ဏ) သတ်မှတ်ပုံစံ ဆိုသည်မှာ ခုံအဖွဲ့က ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများဖြင့် အမှုများ တင်သွင်းလျှောက်ထားရန် သတ်မှတ်သည့်ပုံစံကိုဆိုသည်။ (တ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

 

အခန်း(၂)

 

ရည်ရွယ်ချက်

 

၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

 

(က) ခုံအဖွဲ့ကို ဥပဒေနှင့်အညီ သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်း၍ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးက စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်အမျိုးမျိုးနှင့် စပ်လျဉ်းသည့်အမှုများကို လွှမ်းခြုံကြားနာ စစ်ဆေးဆောင်ရွက်စေရန်၊

 

( ခ ) နိုင်ငံတော်က ဥပဒေနှင့်အညီ အခွန်စည်းကြပ်ကောက်ခံရာတွင် စွမ်းဆောင်ရည် မြင့်မားသော အခွန်စီမံခန့်ခွဲမှုဖြစ်စေရန်နှင့် အခွန်ထမ်းများ၏ ယုံကြည်ကိုးစားမှုကို ရရှိစေရန်၊

 

( ဂ ) နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်များကို ပေးဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရားမျှတမှု အခွင့်အရေးရရှိစေရန်၊

 

(ဃ) နိုင်ငံသားနှင့် အခွန်ထမ်းတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်များကို ပေးဆောင် ရာ၌ ဥပဒေနှင့်အညီ ခုခံချေပခွင့်နှင့် ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့် ရရှိစေရန်။

 

အခန်း(၃)

 

ခုံအဖွဲ့ ဖွဲ့စည်းခြင်း

 

အစိုးရအဖွဲ့သည်(က) ဤဥပဒေပါ ခုံအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ဆောင်ရွက်နိုင်ရန် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံးငါးဦးမှ အများဆုံးကိုးဦး ထက်မပိုသော ခုံအဖွဲ့ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်(၁) အစိုးရအဖွဲ့က တာဝန်ပေးအပ်သော ပုဂ္ဂိုလ်တစ်ဦး ဥက္ကဋ္ဌ (၂) ဥပဒေ၊ အခွန်၊ စာရင်းကိုင်၊ စာရင်းစစ်တို့နှင့် သက်ဆိုင်သည့်နယ်ပယ်များတွင် အဖွဲ့ဝင် တစ်ဆယ်နှစ်နှင့်အထက် တာဝန်ယူဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ရင့်ကျက်သူ သို့မဟုတ် ကျွမ်းကျင်ပညာရှင်

 

( ခ ) နိုင်ငံ့ဝန်ထမ်းအား အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ပါက တာဝန်ပေးအပ်သည့်နေ့မှစ၍ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ အငြိမ်းစားယူခွင့်ပြုရမည်။

 

( ဂ ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ခုံအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

 

၅။ (က) ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ၏သက်တမ်းသည် ခုံအဖွဲ့စတင်ဖွဲ့စည်းသည့်နေ့ရက်မှ ငါးနှစ် ဖြစ်သည်။ ။

 

( ခ ) ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များသည် သက်တမ်းကုန်ဆုံးသည့်အခါ အစိုးရအဖွဲ့က ခုံအဖွဲအသစ် ဖွဲ့စည်းတာဝန် ပေးအပ်ပြီးသည့်အချိန်ထိ မိမိတို့၏ လုပ်ငန်းတာဝန် များကို ဆက်လက် ထမ်းဆောင်ရမည်။ ။

 

( ဂ ) ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များသည် တစ်ဆက်တည်း သက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရ။

 

(ဃ) အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲဝင်နေရာလစ်လပ်သည့်အတွက် အစားထိုးခန့်ထားပါက အစားထိုးခန့်ထားသည့် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ၏ သက်တမ်းသည် မူလကျန်ရှိသည့် သက်တမ်းကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။

 

( င ) ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ကြားဖြတ်တာဝန်ယူရသည့်ကာလသည် ဤဥပဒေအရ သတ်မှတ်ထားသော သက်တမ်းကာလ၏ ထက်ဝက်မကျော်လျှင် သက်တမ်းကာလ တစ်ခုအဖြစ် မသတ်မှတ်ရ။

 

( စ ) ခုံအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အနည်းဆုံးတစ်လလျှင် တစ်ကြိမ် ကျင်းပ ရမည်။

 

၆။ အောက်ပါအချက်တစ်ရပ်ရပ်နှင့် အကျုံးဝင်သူအား ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ရွေးချယ် တာဝန် ပေးအပ်ခြင်းမပြုရ (က) တည်ဆဲဥပဒေတစ်ခုခုအရ စိတ်ပေါ့သွပ်သူဟု သတ်မှတ်ခံရခြင်း၊

 

( ခ ) အကျင့်စာရိတ္တဆိုင်ရာပြစ်မှုတစ်ခုခုဖြင့် ထောင်ဒဏ်ကျခံဖူးသူဖြစ်ခြင်း၊

 

( ဂ ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံးက ဆုံးဖြတ်ကြေညာခံထားရသူဖြစ်ခြင်း၊

 

(ဃ) အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည့်သူ သို့မဟုတ် ၎င်းလုပ်ငန်းတစ်ခုခု၏ ဝန်ထမ်းဖြစ်ခြင်း။

 

၇။ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးသည် မိမိ၏ ဆန္ဒအလျောက် နုတ်ထွက်ရန် အစိုးရအဖွဲ့သို့ တင်သွင်းပါက ခုံအဖွဲ့၏ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရမည်။

 

၈။ (က) အဖွဲ့ဝင်များသည်အစိုးရအဖွဲ့က သတ်မှတ်သည့်ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ခံစားခွင့်ရှိသည်။

 

( ခ ) အဖွဲ့ဝင်များအား ချီးမြှင့်သော ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ခုံအဖွဲ့ရုံး၏ ဘဏ္ဍာငွေမှ ကျခံရမည်။

 

၉။ အစိုးရအဖွဲ့သည်(က) ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးက တာဝန်ထမ်းဆောင်ရာတွင် ဥပဒေနှင့်မညီဘဲ ဆောင်ရွက်ကြောင်းတွေရှိလျှင်ဖြစ်စေ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း တွေရှိလျှင်ဖြစ်စေ၊ ခုံအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော အခြေအနေတစ်ရပ်ရပ် ရှိလျှင် ဖြစ်စေ၊ တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိလျှင်ဖြစ်စေ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တာဝန်မှ ရပ်စဲရမည်။ )

 

( ခ ) ထိုသို့ ရပ်စဲရခြင်းအကြောင်းအရင်းနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာပေးရမည်။

 

( ဂ ) လစ်လပ်သွားသော ဥက္ကဋ္ဌ သို့မဟုတ် အဖွဲဝင်နေရာကို အစားထိုး ခန့်အပ်တာဝန်ပေးရမည်။

 

၁၀။ လစ်လပ်သောနေရာသည် ဥက္ကဋ္ဌနေရာဖြစ်ပါက အစိုးရအဖွဲ့မှ အသစ်ဖြည့်စွက် တာဝန်ပေးအပ်ခြင်း မပြုနိုင်မီ အဖွဲ့ဝင်တစ်ဦးဦးအား ဥက္ကဋ္ဌနေရာတွင် ယာယီတာဝန်ပေးအပ်ရမည်။

 

အခန်း(၄)

 

ခုံအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

 

၁၁။ ခုံအဖွဲ့သည် ခုံအဖွဲ့သို့ တင်သွင်းလာသော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ရမည်။

 

၁၂။ လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးရန် လျှောက်ထားလာသည့်အခါဖြစ်စေ၊ လွှဲအပ်ရန် အကြောင်းပေါ်ပေါက်လာသည့်အခါဖြစ်စေ အဖွဲ့ဝင်အားလုံးပါဝင်သော စုံညီခုံအဖွဲ့က လွှဲအပ်မှုအဖြစ် ဆောင်ရွက်ရန် သင့် မသင့် ဆုံးဖြတ်ရမည်။

 

၁၃။ ပုဒ်မ ၁၂ အရ ဆုံးဖြတ်ရာတွင်(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်သင့်ကြောင်း ဆုံးဖြတ်ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လွှဲအပ်မှုအဖြစ် ပေးပို့ရမည်။ ။

 

( ခ ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ရန် မသင့်ကြောင်းဆုံးဖြတ်ပါက အမှုကို ဆက်လက်စစ်ဆေးဆုံးဖြတ်ရမည်။

 

၁၄။ ခုံအဖွဲ့သည် (က) အမှုနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများကို တောင်းခံနိုင်သည်။ ယင်းသို့ တောင်းခံပါက အဆိုပါ စာရွက်စာတမ်းများကို လက်ဝယ်ရှိသော ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းများက တင်ပြရမည်။ ။

 

( ခ ) အမှုနှင့်သက်ဆိုင်သည့် ပုဂ္ဂိုလ်များကို သက်သေအဖြစ် လာရောက်အစစ်ဆေးခံရန် ဆင့်ဆိုရမည်။ ယင်းသို့ဆင့်ဆိုပါလျက် သက်သေမှ အကြောင်းမဲ့ပျက်ကွက်ပါက တစ်ဖက်သတ် ဆုံးဖြတ်နိုင်သည်။ ။

 

( ဂ ) ခုံအဖွဲ့သို့ သက်သေခံပစ္စည်းအဖြစ် တင်ပြရန်ခက်ခဲသော အမှုနှင့်သက်ဆိုင်သည့် ပစ္စည်းများကို လိုအပ်ပါက ကွင်းဆင်းကြည့်ရှုနိုင်သည်။ အဆိုပါပစ္စည်းများနှင့် စပ်လျဉ်း၍ စာရင်းဇယားများနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများ၏ တင်ပြချက် အစီရင်ခံစာကိုလည်း သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ လက်ခံဆောင်ရွက် နိုင်သည်။ ။

 

၁၅။ ခုံအဖွဲ့သည် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ မူလဆုံးဖြတ်ချက်များအပေါ် အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်သည်။

 

၁၆။ ခုံအဖွဲ့က ကြားနာစစ်ဆေးဆုံးဖြတ်သော အမှုများတွင် အမှုအကြောင်းခြင်းရာ ပြဿနာနှင့် စပ်လျဉ်း၍ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။

 

၁၇။ ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါတာဝန်များကို ထမ်းဆောင်ရမည် (က) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံ ကြားနာစစ်ဆေးမည့် အမှုတွဲများကို စိစစ်တင်ပြရမည်။

 

( ခ ) တင်သွင်းလာသည့် အမှုများကို ကြားနာစစ်ဆေးမည့် ရက်ချိန်းသတ်မှတ်ပေးနိုင်ရန် ဥက္ကဋ္ဌထံ တင်ပြရမည်။ ။

 

( ဂ ) ခုံအဖွဲ့အနေဖြင့် အမှုများကို စီရင်ဆုံးဖြတ်ခြင်းပြုရာ၌ အထောက်အကူရစေရန် ကြားနာစစ်ဆေးပြီးစီးသည့် အမှုများနှင့်သက်ဆိုင်သည့် အမှုမှတ်စုများကို ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များထံတင်ပြရမည်။ )

 

(ဃ) ခုံအဖွဲ့က အမှုများကို ကြားနာစစ်ဆေးစီရင်ဆုံးဖြတ်သည့် ကိစ္စရပ်များတွင် ကြားနာ စစ်ဆေးမှုနှင့်သက်ဆိုင်သည်များကို ဆောင်ရွက်ပေးရမည်။ ၁၈။ ခုံအဖွဲ့သည် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မှတ်ပုံတင်အရာရှိတို့၏ တာဝန်ဝတ္တရားများနှင့် စပ်လျဉ်း၍ ထုတ်ပြန်သတ်မှတ်နိုင်သည်။

 

အခန်း(၅)

 

ခုံအဖွဲ့သို့ အမှုတင်သွင်းခြင်း

 

၁၉။ (က) ခုံအဖွဲ့သို့ အမှုတင်သွင်းသူသည် မိမိ၏ အမှုကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ၊ အကျိုးဆောင်ရှေ့နေဖြင့်ဖြစ်စေ သတ်မှတ်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်သွင်းလျှောက်ထားနိုင်သည်။

 

( ခ ) ကိုယ်တိုင်မဟုတ်ဘဲ ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွှဲအပ်သည့် ကိုယ်စားလှယ်လွှဲစာ ပါရှိရမည်။ )

 

( ဂ ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသည် ခုံအဖွဲရှေ့မှောက်တွင် ဌာန၏ ကိုယ်စားအမှုနှင့်စပ်လျဉ်း၍ လိုက်ပါဆောင်ရွက်ရန်အတွက် ဦးစီးအရာရှိအဆင့်အောက် မနိမ့်သော ပုဂ္ဂိုလ်အား တာဝန်ပေးရမည်။

 

၂၀။ မှတ်ပုံတင်အရာရှိသည် သတ်မှတ်ချက်များနှင့်ပြည့်စုံသည့်အမှုတွဲများကို သတ်မှတ်ရက်အတွင်း ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရမည်။

 

အခန်း(၆)

 

ကြားနာခြင်း၊ အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ရုပ်သိမ်းခြင်း

 

၂၁။ ဥက္ကဋ္ဌသည်(က) အမှုများကို ကြားနာစစ်ဆေးရာတွင် ခုံအဖွဲ့တစ်ဖွဲ့လျှင် မိမိအပါအဝင်ဖြစ်စေ၊ အခြားအဖွဲ့ဝင်များဖြင့်ဖြစ်စေ သုံးဦးစီ ပါဝင်ဆောင်ရွက်ရန် ဖွဲ့စည်းရမည်။

 

( ခ ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ခုံအဖွဲ့၏အဖွဲ့ဝင်များကို လိုအပ်ပါက ပြောင်းလဲဖွဲ့စည်းနိုင်သည်။

 

၂၂။ ခုံအဖွဲ့ရှေ့မှောက်၌ အမှုများကို ကြားနာသည့်အခါ

 

(က) ကြားနာမည့်နေ့ရက်ကို အနည်းဆုံး ခုနစ်ရက် ကြိုတင်၍ ကြေညာရမည်။

 

( ခ ) ကြားနာမည့်ကိစ္စကို ခုံအဖွဲ့ခေါင်းဆောင်ကဖြစ်စေ၊ ခုံအဖွဲ့ခေါင်းဆောင်မှ တာဝန် ပေးအပ်သည့် အဖွဲ့ဝင်တစ်ဦးကဖြစ်စေ အကျဉ်းချုပ် ဖတ်ကြားရမည်။ )

 

( ဂ ) ခုံအဖွဲ့သည် အမှုနှင့်စပ်လျဉ်း၍ လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့၏ လျှောက်လဲချက်ကို အများပြည်သူရှေ့မှောက်၌ ကြားနာ၍သော်လည်းကောင်း၊ စာဖြင့် တင်ပြစေ၍သော်လည်းကောင်း လက်ခံနိုင်သည်။ ။

 

(ဃ) အမှုနှင့်စပ်လျဉ်း၍ ခုံအဖွဲ၏ နေ့စဉ်ဆောင်ရွက်ချက်များကို ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ဒုတိယညွှန်ကြားရေးမှူးချုပ်က မှတ်တမ်းတင်ပြီး ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးက လက်မှတ်ရေးထိုးထားရှိရမည်။ )

 

(င) တရားမကျင့်ထုံးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံအက်ဥပဒေနှင့် အခြား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ ပြဋ္ဌာန်းချက်များကို ရည်ညွှန်းသုံးစွဲနိုင်သည်။ ။

 

( စ ) ဘာသာစကားနှင့်စပ်လျဉ်း၍ အခက်အခဲရှိပါက ခုံအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူက စကားပြန်ခေါ်ယူနိုင်သည်။ စကားပြန်သည် ခုံအဖွဲ့ ရှေ့မှောက်၌ ကတိသစ္စာပြုရမည်။ )

 

(ဆ) ခုံအဖွဲ့က လိုအပ်သည်ဟုယူဆပါက သက်သေခံချက် သို့မဟုတ် စာတမ်း အမှတ်အသား သက်သေခံချက်များကို ထပ်မံတောင်းယူနိုင်သည်။

 

( ဇ ) ခုံအဖွဲ့က လိုအပ်သည်ဟုယူဆသူ မည်သူကိုမဆို သက်သေအဖြစ်စစ်မေးရန် ဆင့်ဆိုနိုင်သည်။

 

( ဈ ) တည်ဆဲဥပဒေအရ တားမြစ်ထားသည်မှအပ အများပြည်သူရှေ့မှောက်တွင် ကြားနာရမည်။

 

(ည) ကြားနာချက်အားလုံးကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားရှိရမည်။

 

၂၃။ သက်ဆိုင်ရာခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို အမှုကြားနာစစ်ဆေးသော ဥက္ကဋ္ဌ သို့မဟုတ် ခုံအဖွဲ့ ခေါင်းဆောင် အပါအဝင်အဖွဲ့ဝင်များ၏ဆန္ဒမဲအများစုဖြင့် ဆုံးဖြတ်ရမည်။

 

၂၄။ ဆုံးဖြတ်ချက် ချမှတ်မည့်နေ့ကို အနည်းဆုံး ခုနစ်ရက် ကြိုတင်ကြေညာရမည်။

 

၂၅။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အတည်ပြုလက်မှတ်ရေးထိုးထားသော အပြီးသတ်ဆုံးဖြတ်ချက်ကို အများပြည်သူရှေ့မှောက်တွင် ထုတ်ပြန်ကြေညာရမည်။

 

၂၆။ လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူက အမှုရုံးချိန်းရက် ရွှေဆိုင်းပေးရန် ခုံအဖွဲ့ထံ တင်ပြလာလျှင် ခုံအဖွဲ့မှလုံလောက်သောအကြောင်းရှိသည်ဟု မှတ်ယူပါက ရွှေဆိုင်းခွင့်ပြုနိုင်သည်။

 

၂၇။ အမှုတင်သွင်းသူက မိမိဆန္ဒအလျှောက် အမှုရုပ်သိမ်းလိုကြောင်း ခုံအဖွဲ့ထံ တင်ပြလာလျှင် အကြောင်းအချက် ခိုင်လုံမှုရှိပါက ရုပ်သိမ်းခွင့်ပြုနိုင်သည်။

 

၂၈။ ရုပ်သိမ်းခွင့်ပြုပြီးသောအမှုအား ပြန်လည်ဖွင့်လှစ်ပေးရန် ထပ်မံလျှောက်ထားခွင့်မရှိစေရ။

 

၂၉။ ခုံအဖွဲ့က ချမှတ်ခဲ့သည့်စီရင်ချက်အမိန့်ကို လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူမှ မိတ္တူ ကူးယူရန်လျှောက်ထားလာပါက ညွှန်ကြားရေးမှူးချုပ်သည် ဤဥပဒေအရပြုလုပ်သော နည်းဥပဒေများပါ အမှုတွဲ မိတ္တူကူးယူခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ခွင့်ပြုနိုင်သည်။

 

၃၀။ ဥက္ကဋ္ဌသည် အခွန်နှစ်တစ်နှစ် ပြီးဆုံးသည့်အခါတိုင်း လုပ်ဆောင်ခဲ့သည့် ကြားနာမှုများနှင့် ပတ်သက်၍ ရက်ပေါင်း ၉၀ အတွင်း အစိုးရအဖွဲ့သို့ တင်ပြရမည်။ ထိုအပြင် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာရမည်။

 

အခန်း(၇)

 

အထွေထွေ

 

၃၁။ ခုံအဖွဲ့၏ ရုံးစိုက်ရာဒေသသည် နေပြည်တော်ဖြစ်သည်။ လိုအပ်ပါက အခြားသင့်လျော်သည့် နေရာများတွင်လည်း ရုံးထိုင်စစ်ဆေးနိုင်သည်။

 

၃၂။ ခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့၏ အသုံးစရိတ်များအတွက် အစိုးရအဖွဲ့က ဘဏ္ဍာငွေခွဲဝေ လျာထား ပေးရမည်။

 

၃၃။ ခုံအဖွဲ့သည် မိမိ၏ ရုံးလုပ်ငန်းဆိုင်ရာတာဝန်များကို ဆောင်ရွက်နိုင်ရန်အလို့ငှာ အစိုးရအဖွဲ့က ခွင့်ပြုသော ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ ခုံအဖွဲ့ရုံးကို ဖွဲ့စည်း၍ လိုအပ်သော ဝန်ထမ်းများကို ခန့်အပ် တာဝန်ပေးနိုင်သည်။

 

၃၄။ ခုံအဖွဲ့၏ ရုံးကိစ္စများကို ခုံအဖွဲ့ရုံးက တာဝန်ယူဆောင်ရွက်ပေးရမည်။

 

၃၅။ ညွှန်ကြားရေးမှူးချုပ်နှင့် ခုံအဖွဲ့ရုံးတို့သည် ခုံအဖွဲ့ကို တာဝန်ခံရမည်။

 

၃၆။ ဥက္ကဋ္ဌသည် ဒုတိယဝန်ကြီးအဆင့် ဖြစ်သည်ဟု မှတ်ယူရမည်။

 

၃၇။ အမှုနှင့်စပ်လျဉ်း၍ သက်သေပြရန်တာဝန်သည် သက်ဆိုင်ရာအခွန်ဥပဒေများတွင် ပြဋ္ဌာန်း ထားပါက ယင်းပြဋ္ဌာန်းချက်များအရလည်းကောင်း၊ ပြဋ္ဌာန်းထားခြင်းမရှိပါက သက်သေခံအက် ဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း အချက်အလက်ကို ထင်ရှားစေလိုသည့် ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းတို့အပေါ် ကျရောက်သည်။

 

၃၈။ ခုံအဖွဲ့သည် ဤဥပဒေမပြဋ္ဌာန်းမီက အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ ၅၄/၂၀၁၇ အရ ဖွဲ့စည်းထားသည့် အခွန်အယူခံခုံအဖွဲ့၏ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ပြီး လုပ်ငန်းများကိုလည်းကောင်း ဆက်ခံဆောင်ရွက်ရမည်။

 

၃၉။ ခုံအဖွဲ့သည် ဤဥပဒေမပြဋ္ဌာန်းမီက တည်ရှိခဲ့သည့် အခွန်အယူခံခုံအဖွဲ့ရုံးပိုင် ရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွေ့မပြောင်းနိုင်သောပစ္စည်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန်များကို လည်းကောင်း အသီးသီးဆက်ခံရမည်။

 

၄၀။ ခုံအဖွဲ့သည် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ရန်နှင့် လိုအပ်သော ပြင်ဆင်ညှိနှိုင်းမှုများပြုလုပ်နိုင်ရန် နိုင်ငံတော်သမ္မတက အသွင်ကူးပြောင်းရေးကာလတစ်ရပ်ကို ဤဥပဒေပြဋ္ဌာန်းသည့်နေ့ရက်မှ အများဆုံးနှစ်နှစ်အထိ သတ်မှတ်၍ ခွင့်ပြုနိုင်သည်။ ယင်းကာလ၌ အခွန်အယူခံခုံအဖွဲ့ရုံးသည် မိမိ၏ မူလလုပ်ငန်းတာဝန်များနှင့်လုပ်ပိုင်ခွင့်များကို ဆက်လက်ဆောင်ရွက်နိုင်သည်။

 

၄၁။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အခွန်ဆိုင်ရာအယူခံသည့် ကိစ္စရပ်များကို ဤဥပဒေဖြင့်သာ ဆောင်ရွက်ရမည်။

 

၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် (က) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသည်နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်း များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

 

( ခ ) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် ခုံအဖွဲ့တို့သည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

 

(ပုံ) ဝင်းမြင့်

 

နိုင်ငံတော်သမ္မတ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။