AGRICULTURE
ဆေးခါးကြီးပင် (king of bitters)အကြောင်း သိကောင်းစရာ
မြန်မာအမည်- ဆေးခါးကြီး (ရှမ်းဆေးခါး)
မျိုးရင်း – Acanthacene
ဆေးခါးကြီးပင်ကို ရှေးယခင်ထဲကပင် အာရှတိုက် တွင် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။ အာရှတိုက်သားတို့ရဲ့ ယဥ်ကျေးမှုမှတ်တမ်းများတွင်လည်း ဆေးခါးကြီးကို အသုံးပြုမှု သမိုင်းအထောက်အထားများရှိခဲ့ပါတယ်။ ခေတ်သစ်ခေတ်ဟောင်း တရုတ်ဆေးကျမ်းများနှင့် အိန္ဒိယဆေးကျမ်းများတွင်လည်း ထင်ရှားစွာဖော်ပြခဲ့ကြပါတယ်။
အပင်ပုံသဏ္ဍာန်
အပင်ဟာ ၁နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး ၁မီတာခန့်(၁ပေမှ၃ပေ)ထိမြင့်ပါတယ်။ ပင်စည်ဟာ လေးထောင့်ပုံရှိပြီး ထိပ်ပိုင်းတွင် တောင်ပံသဖွယ်ကိုင်းဖြာပါတယ်။
ထိပ်ဘက်နှင့် ရွက်ကြား မှထွက်သော ပန်းခိုင်မျိုးဖြစ်ပါတယ်။သေးငယ်သောအဖြူရောင်သို့မဟုတ် ပန်းရောင်ပန်းပွင့်များတွင် ပန်းရောင် (သို့မဟုတ်) ခရမ်းရောင် အစက်အမြောက်အများ ပါရှိပါတယ်။
အခွံလယ် အက်ကွဲသီးဖြစ်ပါတယ်။ ထောင်မတ်သောအသီးတောင့်၏ ထိပ်နှစ်ဖက်ဟာ ချွန်နေတတ်ပါတယ်။ ညို၀ါရောင်အစေ့များစွာ ပါရှိပါတယ်။
ဆေးဘက်ဆိုင်ရာအသုံးပြုသည့်အစိတ်အပိုင်း
အရွက်နှင့် ပဥ္စငါးပါး
သိပ္ပံနှင့် သုတေသနတွေ့ရှိချက်များ
ကိုယ်အပူချိန်တက်အောင်ပြုလုပ်ထားသော ကြွက်နှင့် ယုန်များအား အရက်ဖြင့်စိမ်ထုတ်ထားသော ဆေးခါကြီးအနှစ်ကို တိုက်ကျွေးရာ ကိုယ်အပူချိန်ကျဆင်းစေနိုင်ကြောင်း စမ်းသက်တွေ့ရှိရပါတယ်။
ဂလူးကိုစ့်တိုက်ကျွေးပြိီး သွေးချိုတက်ရန် ပြုလုပ်ထားသော ယုန်များအား ဆေးခါးကြီးပြုတ်ရည်ကို တိုက်ကျွေးသည့်အခါ သွေးချိုဓာတ်များလျော့နည်းသွားကြောင်း တွေ့ခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံတွင် လူနာများနှင့်ပြုလုပ်သော သုတေသနအရ အသည်းရောင်ရောဂါဖြစ်ပွားနေသော လူနာများကို ဆေးခါးကြီးပြုတ်ရည်တိုက်ကျွေးခြင်းဖြင့် ၅ရက်မြောက်နေ့တွင် အစားသောက်ပြန်လည်ကောင်းမွန်လာခြင်း၊ အသား၀ါလျော့ကျခြင်းစသည့် သက်သာပျောက်ကင်းမှုမျာကို လေ့လာတွေ့ရှိရပါတယ်။
ဘေးထွက်ဆိုးကျိုး
ဆေးခါးကြီးကို လိုအပ်သည်ထိ ပိုမိုသောက်သုံးပါက ကိုယ်၀န်ပျက်ကျစေနိုင်ပါတယ်။ ကာကွယ်သည့်အနေဖြင့် ကိုယ်၀န်ဆောင်နေစဥ် ဆေးခါးကြီးကို ရှောင်ကြဥ်သင့်ပါတယ်။၎င်းမှတစ်ပါး ဆေးခါးကြီးဟာ အဆိပ်အတောက် အလွန်နည်းပါတယ်။
စိုက်ပျိုးထုတ်လုပ်မှု
အစေ့အားဖြင့် မျိုးပွားနိုင်သကဲ့သို့ ကိုင်းဖြတ်၍လည်းစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး ရက်ပေါင်း ၉၀မှ ၁၂၀အတွင်း ပန်းပွင့်ပါတယ်။ ထိုအချိန်တွင် အပင်ရင်းမှ ၆လက်မခန့် ချန်၍ ဖြတ်ယူကာ ကျန်အပိုင်းများကို နောက်ထပ်အပင်ထွက်ရန် ချန်ထားနိုင်ပါတယ်။ ပထမအကြိမ် အပင်ဖြတ်ပြီး ရက် ၅၀မှ ၆၀တွ် နောက်တစ်ကြိမ် ဖြတ်နိုင်(ရိတ်သိမ်းနိုင်)ပါတယ်။ အစေ့ ၄၀၀ ဂရမ်ဟာ မြေ ၁ဟက်တာတွင် စိုက်ပျိုးရန်လုံလောက်ပါတယ်။ ဂရုတစိုက် စိုက်ပျိုးပါက စိုက်ပျိုးမြေ ၁ဟက်တာတွင် အပင်ခြောက် ၂၀၀၀မှ ၂၅၀၀ ကီလိုဂရမ်ထွက်ရှိနိုင်ပါတယ်။
