အခန်း (၃)
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ

၅၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။
၅၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်။
၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –

(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်၊
(ခ) မိမိနှင့်မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်၊
(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်၊
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်၊
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့်တစ်ဆက်တည်း အနည်းဆုံးအနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊ ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
( စ ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး
သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော် ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး
များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊ (ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်။

၆၀။

(က) နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ် တင်မြှောက်ရမည်၊
(ခ) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည် –

(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက် ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်း ကောင်း ရွေးကောက်တင်မြှောက်သည့်လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၃) ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့။

(ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီကဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ် များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်၊
ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ၊မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူး များနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့်အဖွဲ့က စိစစ်ရမည်၊
(င) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယ သမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်၊
(စ) ထိုသို့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန် လိုအပ်သည့်ဥပဒေကို ပြဋ္ဌာန်းပေးရမည်။

၆၁။

(က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ် ဖြစ်သည်၊
(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ သည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်၊
(ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရ၊
(ဃ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ကြားဖြတ်တာဝန်ယူရ သည့်ကာလကို ရာထူးသက်တမ်းတစ်ခုဟု မသတ်မှတ်ရ၊
( င ) အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအသစ်၏ ရာထူးသက်တမ်း သည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။

၆၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ။
၆၃။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည် ဟု
မှတ်ယူရမည်။
၆၄။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံ ရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။
၆၅။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် အောက်ပါအတိုင်း ကတိသစ္စာ ပြုရမည် –

“ကျွန်ုပ်——သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာ စောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာ၀စဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။
ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပြီး နိုင်ငံတော်၏ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။ မိမိ၏ တာဝန် ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။
ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား မိမိ၏ အသက်နှင့်ကိုယ်ကိုအပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည်”

၆၆။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများက အပ်နှင်းထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးထမ်းဆောင်ရမည်။
၆၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လစာ၊ စရိတ်၊ ငွေကြေးရသော အခြားမည်သည့်ရာထူးကိုမျှ လက်ခံခြင်းမပြုရ။
၆၈။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံပေးပို့ရမည်။
၆၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ဥပဒေဖြင့်သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များ ရရှိစေရမည်။ သင့်တင့်လျောက်ပတ်သည့် အိမ်တော် တစ်ဆောင်စီကိုလည်း ရရှိစေရမည်။
၇၀။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရ ခြင်းမှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့်အညီ အငြိမ်းစားလစာနှင့် သင့်တင့် လျောက်ပတ်သော ထောက်ပံ့မှုများ ရရှိစေရမည်။

၇၁။

(က) နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ ဒုတိယသမ္မတတစ်ဦးဦးကိုဖြစ်စေ အောက်ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် –

(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။

(ခ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော် တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်အကြီးအမှူးထံ တင်ပြရမည်၊
(ဂ) ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံကထောက်ခံမှသာ ဆက်လက် အရေးယူဆောင်ရွက်ရမည်၊
(ဃ) လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံ လျှင် အခြားလွှတ်တော်တစ်ရပ်က ယင်းစွပ်စွဲချက်ကိုအဖွဲ့ဖွဲ့၍ စုံစမ်းစစ်ဆေး ရမည်၊
(င) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(စ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးသည့်အခါ စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေးစေသောလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံ ရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ တင်ပြရမည်၊
(ဆ) ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် တင်ပြချက် ရရှိလျှင်ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်။

၇၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက်နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။
၇၃။

(က) နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီနုတ်ထွက်သောကြောင့် ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာ၀စဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံး ရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်၊
( ခ ) နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားသည့် အချိန်သည် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊
( ဂ ) ယာယီသမ္မတထံမှ အကြောင်းကြားစာကိုရရှိသည့်အခါ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ်တင်မြှောက် ပေးခဲ့သည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးက ဆောင်ရွက်ပေးရမည်၊
(ဃ) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့်ပုဂ္ဂိုလ်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်၊
( င ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးသည် ယာယီသမ္မတထံမှ အကြောင်းကြားစာရရှိသည့် နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး
လစ်လပ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အထက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်၊
( စ ) ဒုတိယသမ္မတတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သော ကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာ၀စဉ်မစွမ်းဆောင်နိုင် သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့က ခုနစ်ရက်အတွင်း ဒုတိယ သမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ပေးရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊
(ဆ) ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရရှိ သည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယ သမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။

 

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။