မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၇။)

၁၃၇၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်

(၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

 

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

 

 

၁။ ဤဥပဒေကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်

သက်ရောက်စေရမည် –

(က) အင်ဂျင်နီယာပညာ ဆိုသည်မှာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေး ပညာရပ်တို့ကို လေ့လာ၊ သင်ကြား၊ လေ့ကျင့်မှု အတွေ့အကြုံများမှ ရရှိလာသောအသိပညာနှင့် အတတ်ပညာများကို အခြေခံကာ သဘာဝ သယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့်အသုံးချပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော အဆောက်အအုံများ၊

စက်၊ ယာဉ်၊ ယန္တရားများ၊ ကိရိယာတန်ဆာပလာများ၊ စွမ်းအားများ၊ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ်မှု နည်းစဉ်များကို ဒီဇိုင်းတွက်ချက်၊ တည်ဆောက်၊ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ်နှင့်ယှဉ်ပြီး အသုံးချရသော ပညာရပ်ကိုဆိုသည်။

( ခ ) အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုသည်မှာ မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ စသည့် အင်ဂျင်နီယာ အထူးပြုပညာရပ်များကိုဆိုသည်။

( ဂ ) နည်းပညာ ဆိုသည်မှာ အင်ဂျင်နီယာ ပညာဖြင့် ဖန်တီးထုတ်လုပ်ရာတွင်အထောက်အကူပြုသည့် လက်တွေ့အသုံးပြုရမည့် နည်းနိဿယများ၊နည်းလမ်းများ၊ လုပ်ဆောင်ပုံများ၊ ဖြစ်စဉ်များနှင့် အခြားလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အင်ဂျင်နီယာနည်း ပညာများကို ဆိုသည်။

(ဃ) တာဝန်ခံ ဝန်ကြီးဌာန ဆိုသည်မှာ ဤဥပဒေပါ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးထားသည့်ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုခုကို ဆိုသည်။

( င ) ကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီကိုဆိုသည်။

( စ ) ကောင်စီဝင် ဆိုသည်မှာ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဝင် တစ်ဦးဦးကိုဆိုသည်။

(ဆ) အလပု ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီဝင်များဖြင့်ဖွဲ့စည်းထားသောအဖွဲ့ကို ဆိုသည်။

( ဇ ) နည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အသိအမှတ်ပြုထားသော နည်းပညာဒီပလိုမာ ရရှိထားသူကိုဆိုသည်။

(ဈ) ဘွဲ့ရနည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အသိအမှတ် ပြုထားသော နည်းပညာဘွဲ့ရရှိထားသူကို ဆိုသည်။

(ည) အင်ဂျင်နီယာ ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက အသိအမှတ်ပြုထားသော အင်ဂျင်နီယာဘွဲ့ရရှိထားသူကို ဆိုသည်။

( ဋ ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီက ထုတ်ပေးသောနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ်၊ အင်ဂျင်နီယာ မှတ်ပုံတင်လက်မှတ်များကို ဆိုသည်။

( ဌ ) အင်ဂျင်နီယာမှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ကောင်စီကထုတ်ပေးသော မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ်၊ မှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာလက်မှတ်၊ မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင် လက်မှတ်၊မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာလက်မှတ်၊ မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာပညာရှင် လက်မှတ်များကို ဆိုသည်။

( ဍ ) မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ် ဆိုသည်မှာ ဤဥပဒေအရ အင်ဂျင်နီယာအဖြစ် ကောင်စီတွင် စာရင်းသွင်းပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူကိုလည်းကောင်း၊ ကောင်စီက အသိအမှတ်ပြုထားသော အင်ဂျင်နီယာပညာရပ်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်း၊ ဌာနတစ်ခုခုကဖြစ်စေ ထုတ်ပေးထားသည့် အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး သတ်မှတ်အရည်အချင်း  ပြည့်မီသူကိုလည်းကောင်း ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်အသိအမှတ်ပြု လက်မှတ်ကိုဆိုသည်။

( ဎ ) မှတ်ပုံတင်အကြီးတန်းအင်ဂျင်နီယာလက်မှတ် ဆိုသည်မှာ ဤဥပဒေအရမှတ်ပုံတင်အင်ဂျင်နီယာ လက်မှတ်ရရှိပြီး အင်ဂျင်နီယာပညာရပ်အလိုက်ကောင်စီက ကျင်းပသော စစ်ဆေးမှုများကို အောင်မြင်၍ အကြီးတန်းအင်ဂျင်နီယာ၏ အရည်အချင်းများနှင့် ကိုက်ညီသည့် အင်ဂျင်နီယာအားကောင်စီက ထုတ်ပေးသော မှတ်ပုံတင်အသိအမှတ်ပြု လက်မှတ်ကိုဆိုသည်။

(ဏ) မှတ်ပုံတင်အင်ဂျင်နီယာ ပညာရှင်လက်မှတ် ဆိုသည်မှာ ဤဥပဒေအရမှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ်ရရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် အင်ဂျင်နီယာအား ကောင်စီက ထုတ်ပေးသောမှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်ကိုဆိုသည်။

(တ) မှတ်ပုံတင်ကန့်သတ်အင်ဂျင်နီယာလက်မှတ် ဆိုသည်မှာ ဤဥပဒေအရသတ်မှတ်ချက်များနှင့် ကိုက်ညီသော နိုင်ငံခြားသား အင်ဂျင်နီယာအားစည်းကမ်းသတ်မှတ်ချက်များဖြင့် ကောင်စီက ထုတ်ပေးသော မှတ်ပုံတင်အသိအမှတ်ပြု လက်မှတ်ကို ဆိုသည်။

(ထ) မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာပညာရှင်လက်မှတ် ဆိုသည်မှာ အာဆီယံအပြန်အလှန် အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ သတ်မှတ်ချက်များနှင့်ကိုက်ညီသောနိုင်ငံခြားသား

မှတ်ပုံတင် အင်ဂျင်နီယာ ပညာရှင်များကိုဤဥပဒေအရ ကောင်စီက ထုတ်ပေးသော မှတ်ပုံတင် အသိအမှတ်ပြုလက်မှတ်ကို ဆိုသည်။

အခန်း(၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားအင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူနှင့် နည်းပညာ ကျွမ်းကျင်သူများ၏ ဂုဏ်သိက္ခာ၊ ကျင့်ဝတ်နှင့် အရည်အသွေး တို့ကို ထိန်းသိမ်းမြှင့်တင်ရန်၊

( ခ ) အင်ဂျင်နီယာနည်းပညာများနှင့် သတင်းအချက်အလက် နည်းပညာများကိုပေါင်းစပ်အသုံးချလျက် နိုင်ငံတော်၏ သာဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြင့် အကျိုးရှိစွာအသုံးချနိုင်မည့် နည်းလမ်းကောင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ရှာဖွေဖော်ထုတ်ရန်၊

( ဂ ) အင်ဂျင်နီယာပညာနှင့် နည်းပညာသင်ကြားမှု၊ သုတေသနပြုမှု၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် သတ်မှတ်ထားသော ပညာရပ်ဆိုင်ရာ စံချိန်စံညွှန်းပြည့်မီရန်၊ နည်းစနစ်မှန်ကန်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းရန်၊ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းစောင့်စည်းရန်နှင့် တာဝန်ကျေပွန်ရန် စသည့် လိုအပ်ချက်များ ပြည့်စုံရန်နှင့် စည်းကမ်းစနစ်ကျစေရန်တို့အတွက် လမ်းညွှန် ကြီးကြပ်

ထိန်းသိမ်းပေးမှုများကို လည်းကောင်း၊ လိုအပ်သော အရေးယူမှု များကိုလည်းကောင်း ဆောင်ရွက်နိုင်ရန်၊

(ဃ) သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အခါအားလျော်စွာပေးအပ်သော အင်ဂျင်နီယာပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ တိုင်းကျိုးပြည်ပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရန်။

အခန်း(၃)

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဖွဲ့စည်းခြင်း

၄။ တာဝန်ခံဝန်ကြီးဌာနသည် အင်ဂျင်နီယာလုပ်ငန်းနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ သင့်လျော်သောဝါရင့် အင်ဂျင်နီယာများ ပါဝင်သည့် ခုနစ်ဦးထက်မပိုသော မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ နာယကအဖွဲ့အား ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်။

၅။ ကောင်စီ၏ နာယကအဖွဲ့သည် ကောင်စီဝင် ၆ဝ ဦးပါဝင်သော မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကို သတ်မှတ်ချက်များနှင့်အညီ အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) တာဝန်ခံဝန်ကြီးဌာနနှင့် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းများမှ ဝါရင့်အင်ဂျင်နီယာများ၊၁၅ ဦး

( ခ ) အင်ဂျင်နီယာနှင့် နည်းပညာသင်ကြားရေးဆိုင်ရာ ဦးစီးဌာန၊တက္ကသိုလ်၊ ကောလိပ်နှင့်သိပ္ပံများမှ အင်ဂျင်နီယာ ပညာရှင်များ၊၁၅ ဦး

( ဂ ) အစိုးရမဟုတ်သော အင်ဂျင်နီယာပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ ဝါရင့်အင်ဂျင်နီယာများ၊၁၅ ဦး

(ဃ) ပြင်ပမှ ထင်ပေါ်ကျော်ကြားသော ဝါရင့်အင်ဂျင်နီယာများ။ ၁၅ ဦး

၆။ ကောင်စီ၏ နာယကအဖွဲ့သည် ကောင်စီဝင်များထဲမှ ဥက္ကဋ္ဌတစ်ဦး၊ ဒုတိယဥက္ကဋ္ဌတစ်ဦး နှင့် တွဲဖက်အတွင်းရေးမှူးတစ်ဦးကို ရွေးချယ်သတ်မှတ် တာဝန်ပေးရမည်။ကောင်စီဝင်များသည် ကျန်အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ရန် အတွက် ဒုတိယဥက္ကဋ္ဌတစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ တွဲဖက်အတွင်းရေးမှူး တစ်ဦး၊ ဘဏ္ဍာရေးမှူးတစ်ဦးနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်ရှစ်ဦးတို့ကို သတ်မှတ်ချက်များနှင့်အညီ မိမိတို့အနက်မှ ရွေးချယ်တင်မြှောက်ရမည်။

၇။ ကောင်စီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ကောင်စီဥက္ကဋ္ဌကအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကောင်စီဒုတိယဥက္ကဋ္ဌများကဒုတိယဥက္ကဋ္ဌများအဖြစ် လည်းကောင်း၊ ကောင်စီအတွင်းရေးမှူးက အတွင်းရေးမှူးအဖြစ်လည်းကေားင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူးများက တွဲဖက်အတွင်းရေးမှူးများအဖြစ်လည်းကောင်း၊ ကောင်စီဘဏ္ဍာရေးမှူးက ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ အလုပ်အမှုဆောင်အဖွဲ့ဝင်ရှစ်ဦးက အဖွဲ့ဝင်များအဖြစ်လည်းကောင်းပါဝင်စေလျက် ကောင်စီ၏အလုပ်အမှုဆောင်အဖွဲ့ ၁၅ ဦးကို သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းရမည်။

၈။ ကောင်စီနှင့်ကောင်စီဝင်များ၏ သက်တမ်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းသတ်မှတ်ရမည်-

(က) ကောင်စီ၏ တစ်ကြိမ်သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ လေးနှစ်ဖြစ်သည်။

( ခ ) ကောင်စီဝင်များ၏ သက်တမ်းသည် ကောင်စီ၏သက်တမ်းနှင့်အညီဖြစ်သည်။

( ဂ ) ကောင်စီဥက္ကဋ္ဌသည် ကောင်စီသက်တမ်းတစ်ကြိမ်သာဆောင်ရွက်ခွင့်ရှိသည်။

(ဃ) ကောင်စီဝင်တစ်ဦးသည် ကောင်စီဝင် သက်တမ်းတစ်ဆက်တည်း နှစ်ကြိမ်အထိသာ ကောင်စီဝင်အဖြစ်ဆောင်ရွက်နိုင်သည်။

( င ) ကောင်စီဝင်တစ်ဦး၏ နေရာလစ်လပ်သည့်အခါ ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများနှင့်အညီ ဖြည့်စွက်ရမည်။ ထိုသို့ ဖြည့်စွက်ခြင်း

ခံရသော ကောင်စီဝင်၏သက်တမ်းသည် လက်ရှိကောင်စီ သက်တမ်းကုန်ဆုံးချိန်အထိသာ ဖြစ်ရမည်။

( စ ) လက်ရှိကောင်စီသက်တမ်း ကုန်ဆုံးသည့်ရက်မှ ရက်ပေါင်း ၆ဝ အတွင်းကောင်စီ၏နာယကအဖွဲ့က ကောင်စီအသစ်ကို ဖွဲ့စည်းပြီး တာဝန်လွှဲပြောင်းပေးရမည်။

အခန်း(၄)

ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၉။ ကောင်စီ၏တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ကောင်စီက အသိအမှတ်ပြုသော အင်ဂျင်နီယာဘွဲ့၊ နည်းပညာဘွဲ့နှင့်နည်းပညာ ဒီပလိုမာများကို အခါအားလျော်စွာ ထုတ်ပြန်ကြေညာခြင်း၊

( ခ ) ဤဥပဒေအရ မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရန် အလို့ငှာပြည်တွင်းပြည်ပရှိ နည်းပညာတက္ကသိုလ်၊ အင်ဂျင်နီယာတက္ကသိုလ်၊

နည်းပညာကောလိပ်နှင့် နည်းပညာသိပ္ပံ တစ်ခုခုကဖြစ်စေ၊ ကောင်စီကအသိအမှတ်ပြုထားသော အင်ဂျင်နီယာပညာရပ်နှင့် သက်ဆိုင်သည့် အဖွဲ့

အစည်းနှင့် ဌာနတစ်ခုခုကဖြစ်စေ အပ်နှင်းသည့်ဘွဲ့၊ ဒီပလိုမာရသူများကိုအသိအမှတ်ပြုခြင်းနှင့် အသိအမှတ်ပြုရန် ငြင်းပယ်ခြင်း၊

( ဂ ) ဤဥပဒေအရ မှတ်ပုံတင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးရန် အလို့ငှာကောင်စီက အသိအမှတ်ပြုထားသောဘွဲ့၊ ဒီပလိုမာရသူများ တတ်မြောက်

ရန်လိုအပ်သော လုပ်ငန်းဆိုင်ရာ အရည်အချင်းများကို သတ်မှတ်ခြင်း၊

(ဃ) အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာ ကျွမ်းကျင်သူများလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ သတ်မှတ်ခြင်း၊ ကျင့်ဝတ်

သိက္ခာများကို လိုက်နာစောင့်ထိန်းစေရန် ကြီးကြပ်ကွပ်ကဲခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း၊

( င ) အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ၊ နည်းပညာ ကျွမ်းကျင်သူများ၏အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်နိုင်ရန် လေ့လာ

ဆန်းစစ်ခြင်း၊ စိစစ်ခြင်း၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊

( စ ) မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာရင်းပြုစု ထားရှိခြင်းနှင့်အခါအားလျော်စွာ ထုတ်ပြန်ခြင်း၊

(ဆ) အင်ဂျင်နီယာပညာနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများအတွက် အရည်အသွေး၊ အဆင့်အတန်း ထိန်းသိမ်းမြှင့်တင်ရန် လိုအပ်သော စံချိန်စံညွှန်းများ၊

လုပ်ငန်းအခြေခံ စံနှုန်းများနှင့် အင်ဂျင်နီယာဆိုင်ရာ ကျင့်ထုံးများ၊ နည်းပညာဆိုင်ရာကျင့်ထုံးများ ပြုစုရေးနှင့် စပ်လျဉ်း၍ တာဝန်ခံဝန်ကြီးဌာနနှင့်

အခြားသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများသို့အကြံပြုခြင်း၊ ကူညီခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

( ဇ ) အင်ဂျင်နီယာပညာနှင့် နည်းပညာဆိုင်ရာ သင်ကြားမှု အဆင့်အတန်း မြင့်မားစေရန်နှင့် အရည်အသွေးပြည့်ဝသော အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာ ကျွမ်းကျင်သူများ ပေါ်ပေါက်စေရေးတို့အတွက်နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲနေသော အင်ဂျင်နီယာပညာနှင့်နည်းပညာဆိုင်ရာ ပညာသင်ကြားရေးစနစ်များကို လေ့လာသုံးသပ်၍

တာဝန်ခံ ဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများသို့အကြံပြုခြင်း၊ ကူညီခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(ဈ) အင်ဂျင်နီယာပညာနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းလိုအပ်ချက် များနှင့်အညီအင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူနှင့် နည်းပညာကျွမ်းကျင်သူများစဉ်ဆက်မပြတ် လေ့လာသင်ကြားမှု ရရှိနိုင်စေရန် တာဝန်ခံဝန်ကြီးဌာနနှင့်အခြားသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အခြားအဖွဲ့အစည်းများသို့အကြံပြုခြင်းနှင့် လိုအပ်သည်များကို ပံ့ပိုးကူညီခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ ဖြိုး

တိုးတက်ရေးအတွက် စာတွေ့နှင့် လက်တွေ့သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ညီလာခံများကို ကြီးမှူးကျင်းပခြင်း၊ အပြည်ပြည်ဆိုင်ရာနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းအဝေးများ၊ ညီလာခံများသို့ နိုင်ငံကိုယ်စားပြု၍ပါဝင်တက်ရောက်နိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊

(ည) အင်ဂျင်နီယာပညာနှင့် နည်းပညာဆိုင်ရာ အဆင့်အတန်း မြင့်မားစေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍တာဝန်ခံဝန်ကြီး ဌာနနှင့် အခြားသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊အခြားအဖွဲ့ အစည်းများသို့ အကြံပြုခြင်းနှင့် ကူညီခြင်း၊

( ဋ ) မြန်မာနိုင်ငံအတွင်း ဆောင်ရွက်သည့် ပြည်တွင်း၊ ပြည်ပအတိုင်ပင်ခံအင်ဂျင်နီယာများနှင့် အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ ကန်ထရိုက်တာနှင့် ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်သော ကုမ္ပဏီများနှင့်စပ်လျဉ်း၍ သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများ၊စံချိန်စံညွှန်းများနှင့် လုပ်ငန်းအခြေခံစံနှုန်းများ ကိုက်ညီမှုရှိ၊ မရှိ တာဝန်ခံ

ဝန်ကြီးဌာန၏ ခွင့်ပြုချက်သို့မဟုတ် ညွှန်ကြားချက်နှင့်အညီ စိစစ်ပြီးသက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်းများသို့သဘောထား ပြန်ကြားခြင်း၊

( ဌ ) ကောင်စီသည် ကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့တို့၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်နိုင်ရန် ဤဥပဒေနှင့်အညီ တာဝန်ခံဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့် မှတ်ပုံတင်အရာရှိချုပ် ဦးစီးသော ရုံးအဖွဲ့ကို ဖွဲ့စည်းခြင်း၊

( ဍ ) ကောင်စီ၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန် တာဝန်ခံ ဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သော လုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း။

၁ဝ။ ကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) အောက်ပါလုပ်ငန်း ကော်မတီများကို ဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီအသီးသီး၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း-

( ၁ ) မှတ်ပုံတင်လက်မှတ်စိစစ်ရေး လုပ်ငန်းကော်မတီ၊

( ၂ ) အင်ဂျင်နီယာ အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ၊

( ၃ ) ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊

( ၄ ) စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊

( ၅ ) စံချိန်စံညွှန်းများ၊ လုပ်ငန်းအခြေခံစံနှုန်းများနှင့် အင်ဂျင်နီယာဆိုင်ရာကျင့်ထုံးများ ပြုစုရေး လုပ်ငန်းကော်မတီ၊

( ၆ ) အင်ဂျင်နီယာပညာ စဉ်ဆက်မပြတ် သင်ကြားရေးလုပ်ငန်း ကော်မတီ၊

( ၇ ) အင်ဂျင်နီယာပညာဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအား စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ၊

( ၈ ) လိုအပ်ချက်အရ ဖွဲ့စည်းသင့်သည့် အခြားလုပ်ငန်းကော်မတီများ။

( ခ ) အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် သက်ဆိုင်ရာလုပ်ငန်း အဖွဲ့များဖွဲ့စည်း ဆောင်ရွက်ခြင်း၊

( ဂ ) မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းနှင့် ပယ်ဖျက်ခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ သီးခြားကင်းလွတ်ခွင့်များသတ်မှတ်ပေးခြင်းနှင့် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊

( င ) မှတ်ပုံတင်လက်မှတ်နှင့်စပ်လျဉ်း၍ သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်း၊

( စ ) မှတ်ပုံတင်ကြေး၊ မှတ်ပုံတင်သက်တမ်း တိုးမြှင့်ကြေးနှင့် မှတ်ပုံတင်သက်တမ်း တိုးရန် ပျက်ကွက်သည့် ရက်လွန်ကြေးတို့ကို သတ်မှတ်ခြင်း၊

(ဆ) နိုင်ငံတော်အတွက်အကျိုးပြုမည့် ကိစ္စရပ်များကို နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် ပြည်တွင်းပြည်ပရှိ အင်ဂျင်နီယာပညာရှင်၊ နည်းပညာရှင်များနှင့်

ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း။

၁၁။ ကောင်စီသည် ဤဥပဒေပါရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိမိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလုပ်အမှုဆောင်အဖွဲ့သို့ လွှဲအပ်တာဝန်ပေးနိုင်သည်။

၁၂။ ကောင်စီသည် ကောင်စီနှင့်အလုပ်အမှုဆောင် အဖွဲ့တို့၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်နိုင်ရန် မှတ်ပုံတင်အရာရှိချုပ် ဦးဆောင်သော ရုံးအဖွဲ့ကို လိုအပ်သလိုဖွဲ့စည်းတာဝန် ပေးအပ်နိုင်သည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်ကောင်စီ၏ ရုံးအဖွဲ့ခွဲများ ဖွင့်လှစ်ရန် လိုအပ်လာပါက မှတ်ပုံတင် အရာရှိတစ်ဦးစီဦးဆောင်သော ရုံးအဖွဲ့ခွဲများကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်။

အခန်း(၅)

ကောင်စီဝင်အဖြစ်မှ ရပ်စဲခြင်း

၁၃။ အောက်ပါအကြောင်းတစ်ရပ်ရပ် ပေါ်ပေါက်သည့်အခါ ကောင်စီသည် အလုပ်အမှုဆောင် အဖွဲ့၏ အဆိုပြုချက်ဖြင့် ကောင်စီဝင်တစ်ဦးအား ကောင်စီဝင်အဖြစ်မှရပ်စဲရမည်-

(က) နုတ်ထွက်ခြင်း၊

( ခ ) ကောင်စီသို့ ခွင့်ပန်ခြင်း မရှိဘဲ အစည်းအဝေး တက်ရောက်ရန် သုံးကြိမ်ဆက်တိုက် ပျက်ကွက်ခြင်း၊

( ဂ ) ကောင်စီသို့ ခွင့်ပန်ခြင်းမရှိဘဲ ကောင်စီနှင့် ခြောက်လနှင့်အထက်ကင်းကွာခြင်း၊

(ဃ) မှတ်ပုံတင် လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခံရခြင်းသို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရခြင်း၊

( င ) အကျင့်စာရိတ္တနှင့် သက်ဆိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်မှုကြောင့်ထောင်ဒဏ် ချမှတ်ခံရခြင်း၊

( စ ) ကိုယ်ကျင့်တရား ပျက်ယွင်းသည်ဟု ကောင်စီကစစ်ဆေးတွေ့ရှိခြင်း၊

(ဆ) စိတ်ရောဂါစွဲကပ်ခြင်း၊ အသိဉာဏ်ပျက်ယွင်းခြင်း သို့မဟုတ် ကိုယ်အင်္ဂါချို့ယွင်းခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်း တစ်ရပ်ရပ်ကြောင့်ဖြစ်စေ

ကောင်စီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်စွမ်း မရှိခြင်း၊

( ဇ ) ကွယ်လွန်ခြင်း။

အခန်း(၆)

အစည်းအဝေးများ ကျင်းပခြင်းး

၁၄။ အစည်းအဝေးများကို အောက်ပါအတိုင်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပဆောင်ရွက်ရမည်-

(က) ကောင်စီ၏ ပုံမှန်အစည်းအဝေးကို သုံးလလျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပပြုလုပ်ခြင်းနှင့် လိုအပ်ပါက အထူးအစည်းအဝေးများ ကျင်းပခြင်း၊

( ခ ) အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို တစ်လလျှင် အနည်းဆုံး တစ်ကြိမ်ကျင်းပပြုလုပ်ခြင်းနှင့် လိုအပ်ပါက အထူးအစည်းအဝေးများ ကျင်းပခြင်း၊

( ဂ ) ကောင်စီဝင်ဦးရေ၏ အနည်းဆုံးလေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း) အရေအတွက်က တရားဝင်စာဖြင့် ရေးသားတောင်းဆိုလျှင် အထူးအစည်းအဝေးကို ခေါ်ယူ

ပေးခြင်း။

၁၅။ အလုပ်အမှုဆောင်အဖွဲ့၏ ဆောင်ရွက်ချက်များကို ကောင်စီ၏ အနီးကပ်ဆုံး ကျင်းပမည့်အစည်းအဝေးတွင် တင်ပြ၍အတည်ပြုချက် ရယူရမည်။

၁၆။ ကောင်စီသည် မိမိ၏ဆောင်ရွက်ချက်များကို တာဝန်ခံဝန်ကြီးဌာနသို့ အခါအားလျော်စွာ အသိပေးတင်ပြရမည်။

အခန်း(၇)

ဘဏ္ဍာရေး

၁၇။ ကောင်စီသည် ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အောက်ပါရငွေများဖြင့် ရန်ပုံငွေတစ်ရပ် ထူထောင်ရမည်-

(က) မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေး၊ ရက်လွန်ကြေးနှင့် အခြားရခွင့်ရှိသော ငွေများ၊

( ခ ) ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းနှင့် အလှူရှင်များထံမှ လှူဒါန်းငွေနှင့်

ထောက်ပံ့ငွေများ၊

( ဂ ) ရန်ပုံငွေမှ တရားဝင်တိုးပွားငွေများ။

၁၈။ ကောင်စီသည်-

(က) မိမိရန်ပုံငွေဖြင့် သီးခြားရပ်တည်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည်။

( ခ ) မိမိရန်ပုံငွေဖြင့် ရပ်တည်ရာတွင် လုံလောက်မှုမရှိပါက တာဝန်ခံဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရန်ပုံငွေမှ

ကျခံသုံးစွဲနိုင်ရန် တင်ပြတောင်းခံနိုင်သည်။

၁၉။ ကောင်စီသည် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရမည်။

အခန်း(၈)

ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့့်် ထုတ်ပေးခြင်း

၂ဝ။ ပြည်တွင်းပြည်ပရှိ အင်ဂျင်နီယာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တစ်ခုခုကဖြစ်စေ၊နည်းပညာကောလိပ်နှင့် နည်းပညာသိပ္ပံတစ်ခုခုကဖြစ်စေ အပ်နှင်းသော နည်းပညာ

ဘွဲ့ သို့မဟုတ် နည်းပညာဒီပလိုမာရရှိသူသည် ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ် သို့မဟုတ် နည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ရရှိလိုပါက သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

၂၁။ (က) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မ ၂ဝ အရလျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုပါကသတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးပေးသွင်းစေ၍ စည်းကမ်းချက်များသတ်မှတ်ပြီး ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ခွင့်မပြုပါကဘွဲ့ရနည်းပညာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခြင်းပြု နိုင်သည်။

( ခ ) ပုဒ်မခွဲ(က)အရ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင် လက်မှတ်၊နည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့်အခါ ယင်းဘွဲ့ရနည်းပညာ ကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ်၊ နည်းပညာ ကျွမ်းကျင်သူမှတ်ပုံတင်လက်မှတ်၏ သက်တမ်းကို သတ်မှတ်ပေးရမည်။

၂၂။ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူမှတ်ပုံတင် လက်မှတ်ရရှိသူသည် မိမိ၏ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့်လိုပါကသက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆ဝ ကြိုတင်၍ ကောင်စီသို့လျှောက်ထား ရမည်။ ယင်းသို့သတ်မှတ်ထားသည့် ကာလကျော် လွန်သွားပါကသတ်မှတ်ချက်များနှင့်အညီ ရက်လွန်ကြေးပေးသွင်းပြီး လျှောက်ထားနိုင်သည်။

၂၃။ ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မ ၂၂ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုပါက သတ်မှတ်ထားသည့်

သက်တမ်းတိုးမြှင့်ကြေးပေးသွင်းစေ၍ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်၊ နည်းပညာကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ကို သက်တမ်းတိုးပေးခြင်း

သို့မဟုတ် ခွင့်မပြုပါက သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။

၂၄။ (က) မှတ်ပုံတင်နည်းပညာ ကျွမ်းကျင်သူလက်မှတ် ရရှိထားသူသည် သတ်မှတ်ထားသည့် ကာလပြည့်မြောက်ပါက မှတ်ပုံတင်ဘွဲ့ရ နည်းပညာကျွမ်းကျင်သူ

လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

( ခ ) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် အင်ဂျင်နီယာ အထူးပြုပညာရပ်အလိုက် ကောင်စီက ကျင်းပသော စစ်ဆေးမှုများကို အောင်မြင်၍မှတ်ပုံတင်ဘွဲ့ရ နည်းပညာကျွမ်းကျင်သူ၏ သတ်မှတ် အရည်အချင်းများနှင့်ပြည့်မီသော မှတ်ပုံတင်နည်း ပညာကျွမ်းကျင်သူအား စည်းကမ်းချက်များသတ်မှတ်၍ မှတ်ပုံတင်ဘွဲ့ရ နည်းပညာကျွမ်းကျင်သူ လက်မှတ်ထုတ်ပေးရမည်။

၂၅။ (က) မှတ်ပုံတင်ဘွဲ့ရ နည်းပညာကျွမ်းကျင်သူလက်မှတ် ရရှိထားသူသည်သတ်မှတ်ထားသည့် ကာလပြည့်မြောက်ပါက မှတ်ပုံတင် အင်ဂျင်နီယာလက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားနိုင်သည်။

( ခ ) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် အင်ဂျင်နီယာ အထူးပြုပညာရပ်အလိုက် ကောင်စီက ကျင်းပသော စစ်ဆေးမှုများကို အောင်မြင်၍မှတ်ပုံတင်အင်ဂျင်နီယာ၏ သတ်မှတ်အရည်အချင်းများနှင့် ပြည့်မီသောမှတ်ပုံတင်ဘွဲ့ရ နည်းပညာ ကျွမ်းကျင်သူအား စည်းကမ်းချက်များ သတ်မှတ်၍ မှတ်ပုံတင် အင်ဂျင်နီယာ လက်မှတ်ထုတ်ပေးရမည်။

အခန်း (၉)

အင်ဂျင်နီယာမှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့်ထုတ်ပေးခြင်း

၂၆။ ပြည်တွင်းပြည်ပရှိ အင်ဂျင်နီယာတက္ကသိုလ် တစ်ခုခုကဖြစ်စေ၊ နည်းပညာတက္ကသိုလ် တစ်ခုခုကဖြစ်စေ အပ်နှင်းသော အင်ဂျင်နီယာပညာဆိုင်ရာဘွဲ့ ရရှိသူသည်လည်းကောင်း၊ ကောင်စီက အသိအမှတ်ပြုထားသော အင်ဂျင်နီယာ ပညာရပ်နှင့် သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းတစ်ခုခုက ထုတ်ပေးသည့် အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ကောင်စီကသတ်မှတ်သည့် အရည်အချင်း ပြည့်မီသူသည်လည်းကောင်း မှတ်ပုံတင်အင်ဂျင်နီယာ လက်မှတ်ရရှိလိုပါက သတ်မှတ်ချက်များနှင့်

အညီ ကောင်စီသို့ လျှောက်ထားရမည်။

၂၇။ (က) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် ပုဒ်မ ၂၆ အရလျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ခွင့်ပြုပါကသတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်းစေပြီး စည်းကမ်းချက်များသတ်မှတ်၍ မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ် ထုတ်ပေးခြင်း သို့မဟုတ်ခွင့်မပြုပါက မှတ်ပုံတင်အင်ဂျင်နီယာ လက်မှတ်ထုတ်ပေးရန် ငြင်းပယ်ခြင်း

ပြုနိုင်သည်။

( ခ ) ပုဒ်မခွဲ (က) အရ မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ် ထုတ်ပေးသည့်အခါယင်းမှတ်ပုံတင်အင်ဂျင်နီယာလက်မှတ်၏သက်တမ်းကို သတ်မှတ်ပေးရမည်။

၂၈။ (က) မှတ်ပုံတင်အင်ဂျင်နီယာလက်မှတ် ရရှိထားသူသည် သတ်မှတ်ထားသည့်ကာလပြည့်မြောက်ပါက မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ်

ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

( ခ ) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် အင်ဂျင်နီယာ အထူးပြုပညာရပ်အလိုက် ကောင်စီကကျင်းပသော စစ်ဆေးမှုများကို အောင်မြင်၍မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာ၏ သတ်မှတ်အရည်အချင်းများပြည့်မီသူအား စည်းကမ်းချက်များ သတ်မှတ်ပြီးမှတ်ပုံတင် အကြီးတန်းအင်ဂျင်နီယာ လက်မှတ် ထုတ်ပေးရမည်။

၂၉။ (က) မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ်ရရှိထားသူသည် သတ်မှတ်ထားသည့် ကာလပြည့်မြောက်ပါက မှတ်ပုံတင်အင်ဂျင်နီယာပညာရှင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကောင်စီသို့ လျှောက်ထားရမည်။

(ခ) ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် သတ်မှတ်အရည်အချင်းများပြည့်မီသူအား စည်းကမ်းချက်များ သတ်မှတ်၍ မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် လက်မှတ်ထုတ်ပေးရမည်။

၃ဝ။ (က) သတ်မှတ်ချက်များနှင့် ကိုက်ညီသော နိုင်ငံခြားသား အင်ဂျင်နီယာကမှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာ လက်မှတ်ထုတ်ပေးရန် ကောင်စီသို့လျှောက်ထားလာပါက ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည်လုပ်ကိုင်ခွင့်ပြုသော အင်ဂျင်နီယာ ပညာရပ်အမျိုးအစားနှင့် အဆင့်အတန်း၊လုပ်ကိုင်ခွင့်ပြုသော နေရာဒေသ၊ လုပ်ကိုင်ခွင့်ပြုသော အချိန်ကာလနှင့်အခြားစည်းကမ်းများ သတ်မှတ်ပြီး လျှောက်ထားလာသူအား မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေး ပေးသွင်းစေလျက် ဤဥပဒေအရ မှတ်ပုံတင်ကန့်သတ်အင်ဂျင်နီယာ လက်မှတ်ထုတ်ပေးနိုင်သည်။

( ခ ) အင်ဂျင်နီယာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အာဆီယံ အပြန်အလှန် အသိအမှတ်ပြုခြင်းဆိုင်ရာ အစီအမံအရ သတ်မှတ်ချက်များနှင့် ကိုက်ညီသောနိုင်ငံခြားသားမှတ်ပုံတင် အင်ဂျင်နီယာပညာရှင်က မှတ်ပုံတင် ကန့်သတ်အင်ဂျင်နီယာ ပညာရှင်လက်မှတ်ထုတ်ပေးရန် ကောင်စီသို့လျှောက်ထားလာပါက ကောင်စီ၏ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့သည် လုပ်ကိုင်ခွင့်ပြုသော အင်ဂျင်နီယာ ပညာရပ်အမျိုးအစားနှင့် အဆင့်အတန်း၊ လုပ်ကိုင်ခွင့်ပြုသော နေရာဒေသ၊ လုပ်ကိုင်ခွင့်ပြုသောအချိန်ကာလနှင့် အခြားစည်းကမ်းများသတ်မှတ်ပြီး လျှောက်ထားလာသူအား မှတ်ပုံတင်ကြေးနှင့် နှစ်စဉ်ကြေးပေးသွင်းစေလျက် ဤဥပဒေအရ မှတ်ပုံတင်ကန့်သတ် အင်ဂျင်နီယာပညာရှင်လက်မှတ်ကို ထုတ်ပေးနိုင်သည်။

အခန်း(၁ဝ)

မှတ်ပုံတင်လက်မှတ် ရရှိထားသော အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာကျွမ်းကျင်သူများ၏ တာဝန်နှင့်ရပိုင်ခွင့်များ

၃၁။ မှတ်ပုံတင်လက်မှတ်ရရှိထားသော အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင် သူနှင့်နည်းပညာကျွမ်းကျင်သူများသည်-

(က) ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။

( ခ ) ကောင်စီက သတ်မှတ်သည့် အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာ ကျွမ်းကျင်သူနှင့်နည်းပညာကျွမ်းကျင်သူများ၏ ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းရမည်။

( ဂ ) မိမိပညာရပ်နှင့် သက်ဆိုင်သောသတ်မှတ်ထားသည့် အင်ဂျင်နီယာ ပညာနှင့်နည်းပညာလုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်ရှိသည်။

(ဃ) မိမိရရှိထားသော သက်ဆိုင်ရာ မှတ်ပုံတင်လက်မှတ်အရ မိမိအမည်နှင့်ယှဉ်တွဲ အသုံးပြုနိုင်သော အခေါ်အဝေါ်များကို သတ်မှတ်ချက်နှင့်အညီသုံးစွဲနိုင်ခွင့်ရှိသည်။

( င ) ကောင်စီ၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရေးအတွက် ကောင်စီသို့ အကြံပြုခွင့်ရှိသည်။

( စ ) မိမိ၏နစ်နာချက်များကို ကောင်စီသို့တင်ပြခွင့်ရှိသည့်အပြင် ကောင်စီ၏အကြံဉာဏ်ကိုလည်း ရယူနိုင်ခွင့်ရှိသည်။

၃၂။ မှတ်ပုံတင်လက်မှတ်ရရှိထားသော အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ၊နည်းပညာကျွမ်းကျင်သူများသည် ပုဒ်မ ၃၁ ပုဒ်မခွဲ (က)မှ (စ)ထိ အကျုံးဝင်သောတာဝန်နှင့် ရပိုင်ခွင့်များအပြင် သက်ဆိုင်ရာစည်းမျဉ်း စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရမည်။

၃၃။ မှတ်ပုံတင်လက်မှတ်ရရှိထားသော အင်ဂျင်နီယာပညာရှင်များသည် ကောင်စီကသတ်မှတ်ထားသည့် အရည်အချင်းပြည့်မီလျှင် ကောင်စီဝင်အဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိသည်။

အခန်း(၁၁)

စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းအရ အရေးယူခြင်း

၃၄။ မည်သည့် မှတ်ပုံတင်လက်မှတ် ရရှိသူမဆို ဤဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုသော် လည်းကောင်း၊ မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက်ကြောင်းတွေ့ရှိပါက အလုပ်အမှုဆောင်အဖွဲ့သည် ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ

ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

( ခ ) သင့်လျော်သော ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊

( ဂ ) ကာလအကန့်အသတ်ဖြင့် မှတ်ပုံတင်လက်မှတ်ကို ရုပ်သိမ်းခြင်း၊

(ဃ) မှတ်ပုံတင်လက်မှတ် ပယ်ဖျက်ခြင်း။

အခန်း(၁၂)

အယူခံခြင်း

၃၅။ အလုပ်အမှုဆောင်အဖွဲ့က ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ် သို့မဟုတ်ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းချမှတ်သော ပြစ်ဒဏ် သို့မဟုတ်

ဆုံးဖြတ်ချက်ကို လက်ခံရရှိသောနေ့မှ ရက်ပေါင်း ၆ဝ အတွင်း ကောင်စီသို့ အယူခံဝင်နိုင်သည်။

၃၆။ ကောင်စီသည် ပုဒ်မ ၃၅ အရ အယူခံမှုတွင် အလုပ်အမှုဆောင် အဖွဲ့၏ ပြစ်ဒဏ်သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

အခန်း(၁၃)

တားမြစ်ချက်နှင့် ပြစ်ဒဏ်များ

၃၇။ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်းများတွင် ခန့်ထားသော အင်ဂျင်နီယာ ဝန်ထမ်းများက တာဝန်အရ ဆောင်ရွက်ခြင်းမှအပ မည်သူမျှ ဤဥပဒေအရ ထုတ်ပြန်သော

နည်းဥပဒေများဖြင့် သတ်မှတ်ထားသည့် အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများကိုကောင်စီက ထုတ်ပေးသော မှတ်ပုံတင်လက်မှတ် မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ။

၃၈။ မည်သည့်အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ သို့မဟုတ် နည်းပညာကျွမ်းကျင်သူ မဆို မိမိရရှိသော အဆင့်အတန်းနှင့် မလျော်ညီသော ဘွဲ့အခေါ်အဝေါ်စကားရပ်များကို မိမိ၏အမည်နှင့်ယှဉ်တွဲ၍ သုံးနှုန်းခြင်း မပြုရ။

၃၉။ မှတ်ပုံတင်လက်မှတ် ရရှိထားသော မည်သည့်အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူ သို့မဟုတ် နည်းပညာကျွမ်းကျင်သူမျှ-

(က) မိမိ၏ မှတ်ပုံတင်လက်မှတ်ကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းပေးခြင်းသို့မဟုတ် အသုံးပြုစေခြင်းမပြုရ။

( ခ ) မိမိ၏ မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်သည့် ပြစ်ဒဏ် သို့မဟုတ် ကောင်စီ၏ဆုံးဖြတ်ချက် ချမှတ်ခြင်းခံရပါက ဤဥပဒေနှင့်အညီ ကောင်စီသို့ အဆိုပါပြစ်ဒဏ် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့မှ စ၍ ရက်ပေါင်း ၃ဝအတွင်း ကောင်စီသို့ ပြန်လည်အပ်နှံရန် ပျက်ကွက်ခြင်း မရှိစေရ။

၄ဝ။ မည်သူမဆို ပုဒ်မ ၃၇ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

၄၁။ မှတ်ပုံတင်လက်မှတ် ရရှိထားသော မည်သည့်အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာကျွမ်းကျင်သူမဆို ပုဒ်မ ၃၈ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

၄၂။ မှတ်ပုံတင်လက်မှတ် ရရှိထားသော မည်သည့်အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာကျွမ်းကျင်သူမဆို ပုဒ်မ ၃၉ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်း ခံရမည်။

၄၃။ မှတ်ပုံတင်လက်မှတ် ရရှိထားသော မည်သည့်အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာကျွမ်းကျင်သူမဆို ဤဥပဒေနှင့်အညီ ထုတ်ပြန်သောတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်ထိုသူသည် ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

အခန်း(၁၄)

အထွေထွေ

၄၄။ ဤဥပဒေ မပြဋ္ဌာန်းမီက တည်ရှိခဲ့သည့် မြန်မာနိုင်ငံအင်ဂျင်နီယာ စိစစ်ရေးဘုတ်အဖွဲ့က အင်ဂျင်နီယာ တစ်ဦးဦးအား ထုတ်ပေးခဲ့သော မှတ်ပုံတင် လက်မှတ်နှင့်၎င်း၏ သက်တမ်းသည် ဤဥပဒေအရ ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်နှင့်သက်တမ်းဟု မှတ်ယူရမည်။

၄၅။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကောင်စီဝင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပုဒ်မ ၁ဝပုဒ်မခွဲ (ခ) အရ ဖွဲ့စည်းသည့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များ၏ အဖွဲ့ဝင်အားဤဥပဒေပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၄၆။ နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကောင်စီဝင်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များသည်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တာဝန်ခံဝန်ကြီးဌာနကသတ်မှတ်ထားသည့် စရိတ်နှင့် ခံစားခွင့်များကို ခံစားခွင့်ရှိသည်။

(က) တာဝန်ခံဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသည့် ခံစားခွင့်များကို ရရှိနိုင်ခွင့်ရှိခြင်း၊

( ခ ) တာဝန်အရ ခရီးသွားလာရပါက အမှန်တကယ် ကုန်ကျထားသည့် ခရီးစရိတ်နှင့် တာဝန်ခံဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသည့် နေ့တွက်စရိတ်ကို ခံစားခွင့်ရှိခြင်း၊

( ဂ ) ကောင်စီနှင့် သက်ဆိုင်သော အစည်းအဝေးများ တက်ရောက်ရပါကတာဝန်ခံ ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသည့် ချီးမြှင့်ငွေကိုခံစားခွင့်ရှိခြင်း။

၄၇။ ဤဥပဒေအရ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုရာတွင် တာဝန်ခံဝန်ကြီးဌာန၏ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

၄၈။ ဤဥပဒေအရ လုပ်ငန်းတာဝန်တစ်ရပ်ရပ်ကို သဘောရိုးဖြင့် ဆောင်ရွက်ကြောင်းထင်ရှားလျှင် ကောင်စီဝင်၊ အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် လုပ်ငန်းကော်မတီဝင်တစ်ဦးဦးအား တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တာဝန်မရှိစေရ။

၄၉။ ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ အစိုးရဌာနနှင့် အစိုးရအဖွဲ့အစည်း များတွင်ခန့်ထားသည့် အင်ဂျင်နီယာ၊ ဘွဲ့ရနည်းပညာကျွမ်းကျင်သူနှင့် နည်းပညာကျွမ်းကျင်သူများသည် မှတ်ပုံတင်လက်မှတ်ရရှိရေးကို သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကောင်စီသို့လျှောက်ထားနိုင်သည်။

၅ဝ။ တာဝန်ခံဝန်ကြီးဌာနသည် ဤဥပဒေပါလုပ်ငန်းတာဝန်များကို ကောင်စီကထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ထောက်ပံ့ကူညီပေးရမည်။

၅၁။ ကောင်စီသည် ပြည်တွင်းပြည်ပရှိ အဖွဲ့အစည်းနှင့် အလှူရှင်များထံမှ လှူဒါန်းပစ္စည်းများ၊ နည်းပညာဆိုင်ရာနှင့် အခြားအကူအညီများကို တည်ဆဲ ဥပဒေများနှင့်

အညီ လက်ခံဆောင်ရွက်နိုင်သည်။

၅၂။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က) တာဝန်ခံဝန်ကြီးဌာနသည် ကောင်စီနှင့်ညှိနှိုင်း၍ လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏

သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

( ခ ) ကောင်စီသည် တာဝန်ခံဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုထုတ်ပြနိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွနုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။