မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

( ၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၄ ။ )

၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက်

( ၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် )

 

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။

ဤဥပဒေကို မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။

မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ဥပဒေတွင် ပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဂ) ၏ နောက်၌ ပုဒ်မခွဲ(ဃ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –

”(ဃ)

ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးဝန်ကြီး ဌာနကို ဆိုသည်။”

၃။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေတွင် ပုဒ်မ ၇၊ ပုဒ်မခွဲ (င) ကို အောက်ပါ အတိုင်း အစားထိုးရမည် –

”(င)

ပုဒ်မခွဲ (ဃ)ပါ ဘွဲ့၊ ဒီပလိုမာနှင့် အောင်လက်မှတ်များအပြင် ဂုဏ်ထူးဆောင်ဘွဲ့များကို အပ်နှင်းနိုင်ရေးနှင့် ပညာ ရည်ချွန်ဆုများ ချီးမြှင့် နိုင်ရေး၊ ထိုသို့ အပ်နှင်းထားသည့်ဘွဲ့၊ ဒီပလိုမာ၊ အောင်လက်မှတ် နှင့် ဂုဏ်ထူးဆောင်ဘွဲ့ တစ်ခုခုအား သတ်မှတ်ချက်များနှင့် မညီညွတ်ကြောင်း လုံလောက်သောအကြောင်း ပေါ်ပေါက်လာပါက ပြန်လည် ရုပ်သိမ်းနိုင်ရေး တို့အတွက် တက္ကသိုလ်သို့ လမ်းညွှန်ခြင်း။”

၄။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေ အခန်း(၈) ဘဏ္ဍာရေး အခန်းတွင် ပုဒ်မ ၁၈ အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –

”၁၈။

(က)

တက္ကသိုလ်တွင် ရန်ပုံငွေတစ်ရပ်ကို ထူထောင်ရမည်။ ထိုရန်ပုံငွေတွင် အောက်ပါတို့ ပါဝင်စေရမည် –

(၁)

တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ် များနှင့် အခြား စေတနာရှင်များက ၎င်းတို့၏ သဘောဆန္ဒအလျောက် ထည့်ဝင်ငွေများ၊

(၂)

အခြားတစ်နည်းနည်းဖြင့် လက်ခံရရှိသည့်ငွေများ။

( ခ )

တက္ကသိုလ်သည် တက္ကသိုလ်ရန်ပုံငွေကို တက္ကသိုလ်၏ ရည်မှန်းချက်များ အောင်မြင်ရေး ကိစ္စများအတွက် တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူဆုံးဖြတ်ချက်နှင့်အညီ သုံးစွဲရမည်။”

၅။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေတွင် ပုဒ်မ ၁၈ ကို အသစ် ထပ်မံ ဖြည့်စွက်သဖြင့် ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂ဝ၊ ပုဒ်မ ၂၁၊ ပုဒ်မ ၂၂၊ ပုဒ်မ ၂၃ တို့ကို ပုဒ်မ ၁၉၊ ပုဒ်မ ၂ဝ၊ ပုဒ်မ ၂၁၊ ပုဒ်မ ၂၂၊ ပုဒ်မ ၂၃၊ ပုဒ်မ ၂၄ တို့အဖြစ် ပြောင်းလဲ အမှတ်စဉ်ရမည်။

၆။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေတွင် ပုဒ်မ ၂၁ ကို အောက်ပါ အတိုင်း အစားထိုးရမည် –

”၂၁။

ပို့ဆောင်ရေးဝန်ကြီးဌာနသည် ဤဥပဒေ ပြဋ္ဌာန်းခြင်းမပြုမီက တည်ထောင်ထားသော ရေကြောင်းပညာသိပ္ပံပိုင် ရန်ပုံငွေများကိုလည်းကောင်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို လည်းကောင်း၊ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို လည်းကောင်း တက္ကသိုလ်နှင့် ပုဒ်မ ၄ အရ တည်ထောင်သည့် ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းတစ်ခုခုအား ဆက်ခံခွင့်ပြုနိုင်သည်။”

၇။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေတွင် ပုဒ်မ ၂၂ ၏ နောက်၌ ပုဒ်မ ၂၃ အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –

”၂၃။

တက္ကသိုလ်သည် ရေကြောင်းပညာနှင့်စပ်လျဉ်း၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သောအဖွဲ့များဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ် ပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် အခြားလိုအပ်သော လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းတို့ ပြုနိုင်သည်။”

၈။

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ဥပဒေတွင် ပုဒ်မ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည် –

”၂၄။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်-

(က)

ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

( ခ

ဝန်ကြီးဌာနနှင့် ကောင်စီတို့သည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။