လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၀၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃။)
၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။    ဤဥပဒေကို လမ်းမကြီးများဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။    လမ်းမကြီးများဥပဒေတွင် –
(က) ပုဒ်မ၂၊ ပုဒ်မခွဲ(က)၌ ပါရှိသော ‘‘ဆောက်လုပ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသည့် လမ်းမကြီးကိုဆိုသည်။’’ ဆိုသည့် စကားရပ်ကို

‘‘ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းမကြီးအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသည့် လမ်းအားလုံးကို ဆိုသည်။’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ခ) ပုဒ်မ၃၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၆ တို့၌ ပါရှိသော ‘‘ပြည်နယ်နှင့်တိုင်း’’ ဆိုသည့် စကားရပ်ကို ‘‘တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်

အုပ်ချုပ်ခွင့်ရ ဒေသ’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
၃။    လမ်းမကြီးများဥပဒေပုဒ်မ ၇ ကို အောက်ပါအတိုင်းအစားထိုးရမည်-
‘‘၇။ မည်သူမဆို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ အောက်ပါပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-
(က) လမ်းမကြီးကို ဖြစ်သန်း၍ တစ်စုံတစ်ရာ ဖောက်လုပ်ခြင်း သို့မဟုတ် ဆောက်လုပ်ခြင်း၊
(ခ) လမ်းမကြီး၏ နယ်နိမိတ်အတွင်း ကန်တူးဖော်ခြင်း သို့မဟုတ် မြေတူးယူခြင်း၊
၇-က။ မည်သူမဆို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက် မရှိဘဲ လမ်းမကြီး၏ နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။
၇-ခ။ မည်သူမဆို ပုဒ်မ ၇-က ပါ ပြစ်မှုကို ထပ်မံ ကျူးလွန်ပါက ထိုသူကို တစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ငွေဒဏ် ချမှတ်ရမည်။’’
၄။ လမ်းမကြီးများဥပဒေတွင်-
(က) ပုဒ်မ ၈ ၌ ပါရှိသော ‘‘ငွေဒဏ်ဖြစ်စေ’’ ဆိုသည့် စကားရပ်၏ ရှေ့တွင် ‘‘အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ကျပ်ငါးသိန်းအထိ’’ ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။
(ခ) ပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ) ၏ နောက်တွင် ပုဒ်မခွဲ (င)၊ (စ) နှင့် (ဆ) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
‘‘(င) လမ်းမကြိး နယ်နိမိတ်အတွင်း ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ လမ်း၊ တံတားနှင့် မြေပြင် အနေအထားကို ပျက်စီးစေရန် ပြုလုပ်ခြင်း၊
(စ) လမ်းမကြီး၏ နယ်နိမိတ်အတွင်း ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊
(ဆ) လမ်းမကြီး နယ်နိမိတ်အတွင်း ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်မရှိဘဲ လမ်းဘေးစားသောက်ဆိုင်များ၊ ဈေးဆိုင်များ ဆောက်လုပ်တည်ခင်းရောင်းချခြင်း။’’
၅။ လမ်းမကြီးများဥပဒေတွင်-
(က) ပုဒ်မ ၉ ၌ပါရှိသော ‘‘ထောင်ဒဏ် ၃ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ’’ ဆိုသည့် စကားရပ်ကို ‘‘သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ်တစ်သိန်းအထိ ငွေဒဏ်ဖြစ်စေ’’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ခ) ပုဒ်မ ၉၊ ပုဒ်မခွဲ(ဃ) ကို ပယ်ဖျက်ရမည်။
၆။ လမ်းမကြီးများ ဥပဒေ ပုဒ်မ ၉ ၏ နောက်တွင် ပုဒ်မ ၉-က နှင့် ပုဒ်မ ၉-ခ တို့အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-
‘‘၉-က။ မည်သူမဆို မိမိ၏ပြုလုပ်မှုကြောင့် လမ်းမကြီးတွင် ထိခိုက် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ယင်းထိခိုက်ပျက်စီး ဆုံးရှုံးမှုအတွက် နစ်နာကြေး သို့မဟုတ် လျော်ကြေးကို ဝန်ကြီးဌာနသို့ ပေးလျော်ရန် တာဝန်ရှိသည်။
‘‘၉-ခ။ ဝန်ကြီးဌာနသည် တစ်ဦးတစ်ယောက်ကြောင့် လမ်းမကြီးတွင် ထိခိုက် ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ယင်းထိခိုက် ပျက်စီးဆုံးရှုံးမှုအတွက် နစ်နာကြေး သို့မဟုတ် လျော်ကြေးကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ တွက်ချက်၍ သက်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆို တောင်းခံနိုင်သည်။’’
၇။ လမ်းမကြီးများဥပဒေ ပုဒ်မ ၁၀ ၏ နောက်တွင် ပုဒ်မ ၁၀-က အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည် –
‘‘၁၀-က။ ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြို့ရွာများကို ဖြတ်သန်းဖောက်လုပ်သည့် သို့မဟုတ် ပြုပြင်မွမ်းမံသည့် လမ်းမကြီးများ၏ နယ်နိမိတ်ကို သတ်မှတ်ရာ၌ မြို့တွင်း၊ ရွာတွင်း လူနေအိမ် အဆောက်အအုံများ၏ တည်ရှိမှုအခြေအနေ၊ တည်ဆောက်ပြီးစီး ခဲ့သည့် အချိန်ကာလ၊ မြို့ပြဖွံဖြိုးမှု အခြေအနေ၊ အခြားတည်ဆဲ မြို့ပြဆိုင်ရာ ဥပဒေများ၏ အကျိုးသက်ရောက်မှုတို့ကိုပါ ထည့်သွင်းစဉ်းစား၍ သတ်မှတ်ရမည်။’’
၈။ လမ်းမကြီးများဥပဒေ ပုဒ်မ ၁၃ ကို အောက်ပါအတိုင်းအစားထိုးရမည်-
‘‘၁၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင်-
(က) ဆောက်လုပ်ရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ) ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းသည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။’’

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။