ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာ ဥပဒေ

(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၃။)

၁၃၇၆ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်

(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်)

     နိုင်ငံတော်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို အချိန်မီကူညီစောင့်ရှောက်ခြင်းနှင့် ဆေးကုသခြင်းပြုနိုင်ရေးတို့အတွက် ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။

ဤဥပဒေကို ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ခြင်းနှင့် ကုသခြင်းဆိုင်ရာ ဥပဒေဟု ခေါ်တွင်စေရမည်။

၂။

ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် –

(က)

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာ ဆိုသည်မှာ ယာဉ်တစ်မျိုးမျိုး ကြောင့် သော်လည်းကောင်း၊ သဘာ၀ဘေးအန္တရာယ်ကြောင့် သော် လည်းကောင်း၊ အခြား အကြောင်း တစ်ရပ်ရပ်ကြောင့် သော်လည်းကောင်း လူ၏အသက်ကိုဖြစ်စေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းကို ဖြစ်စေ၊ စိတ်ပိုင်း ဆိုင်ရာကို ဖြစ်စေ ထိခိုက်မှုဖြစ်စေသည့် ဒဏ်ရာရရှိသူကို ဆိုသည်။

(ခ)

ရေးပေါ်ကူညီစောင့်ရှောက်မှု ဆိုသည်မှာ ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာကို အခြေအနေ ပိုမိုမဆိုးရွားစေရေးအတွက် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ မရောက်ရှိမီ ရှေးဦးသူနာပြုစုခြင်း နည်းလမ်းဖြင့် ဖြစ်စေ၊ သင့်လျော်သည့် အသက်ကယ် နည်းလမ်းဖြင့်ဖြစ်စေ ပြုစု စောင့်ရှောက်ခြင်းကို ဆိုသည်။

(ဂ)

ဆေးရုံ သို့မဟုတ် ဆေးခန်း ဆိုသည်မှာ အစိုးရ ဆေးရုံ သို့မဟုတ် ဆေးခန်းကို လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ သို့မဟုတ် ဆေးခန်းကို လည်းကောင်း ဆိုသည်။

(ဃ)

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ရန် တာဝန် ဆိုသည်မှာ ဤဥပဒေ အခန်း (၂) ၌ ပြဋ္ဌာန်းထားသည့် ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ရန် တာဝန်များကိုဆိုသည်။

အခန်း(၂)

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ကူညီစောင့်ရှောက်ရန်တာဝန်

၃။

ထိခိုက်ဒဏ်ရာ ရရှိသောအရေးပေါ်လူနာကို တွေ့ရှိသူသည် ယင်းလူနာကို မိမိ ကိုယ်တိုင်ဖြစ်စေ၊ အခြားသူတစ်ဦး၏ အကူအညီရယူ၍ဖြစ်စေ အရေးပေါ် ကူညီ စောင့်ရှောက်မှုပေးရန် တာဝန်ရှိသည်။

၄။

အရေးပေါ်ကူညီစောင့်ရှောက်မှု ပေးသူသည် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာကို ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ပို့ဆောင်ခြင်းမပြုမီ အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်ရှိသည်-

(က)

ရှေးဦးသူနာပြုစုနည်း တတ်မြောက်လျှင် ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ် လူနာကို ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုခြင်းနှင့် ရွှေ့ပြောင်းခြင်း၊

(ခ)

ရှေးဦးသူနာပြုစုနည်း တတ်မြောက်ခြင်း မရှိလျှင် ဒဏ်ရာအခြေအနေနှင့် လျော်ညီသော ပြုစုစောင့်ရှောက်မှုပေးခြင်း၊

(ဂ)

ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊

(ဃ)

မှုခင်းနှင့် သက်ဆိုင်သည့် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာများနှင့် ပတ်သက်၍ မိမိကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ တာဝန်ရှိသူမှ တစ်ဆင့် ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့် ဖြစ်စေ ရဲစခန်း သို့မဟုတ် ရဲကင်းသို့ သတင်းပေးပို့ အကြောင်းကြားခြင်း။

၅။

ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာကို တွေ့ရှိသူသည် ယင်းလူနာကို အရေးပေါ် ကူညီစောင့်ရှောက်မှု ပေးနိုင်ခြင်းမရှိလျှင် အောက်ပါ အချက် တစ်ရပ်ရပ် ကို ဆောလျင်စွာ ဆောင်ရွက်ရန် တာဝန်ရှိသည် –

(က)

အနီးဆုံး ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ သင့်လျော်သော နည်းလမ်းဖြင့် ပို့ဆောင်ခြင်း၊

(ခ)

အနီးဆုံး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ ဖြစ်စေ၊ အနီးဆုံး ရဲစခန်း သို့မဟုတ် ရဲကင်းသို့ဖြစ်စေ၊ အနီးဆုံး မီးသတ်စခန်းသို့ ဖြစ်စေ၊ အရေးပေါ် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များသို့ဖြစ်စေ သင့်လျော်သော နည်းလမ်းဖြင့် အကြောင်းကြားခြင်း။

၆။

ဆေးရုံ သို့မဟုတ် ဆေးခန်းသည် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာနှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်ရှိသည် –

(က)

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာတွေ့ရှိကြောင်း အကြောင်းကြားချက် ကို လက်ခံရရှိလျှင် မိမိဆေးရုံ သို့မဟုတ် ဆေးခန်းတွင် ကုသနိုင်ရေးအတွက် လိုအပ်ချက်များ ပြည့်စုံစွာ စီစဉ်ထားရှိခြင်း၊

(ခ)

အရေးပေါ် မဟုတ်သော လူနာများထက် ဦးစားပေး၍ ကုသခြင်း၊

(ဂ)

ဆေးရုံ သို့မဟုတ် ဆေးခန်း၏ အဆင့်နှင့်အညီ အမြန်ဆုံးနှင့် အထိ ရောက်ဆုံး ကုသမှု ပေးခြင်းနှင့် လိုအပ်ပါက သက်ဆိုင်ရာ အဆင့်မြင့် ဆေးရုံသို့ စနစ်တကျ လွှဲပြောင်းပေးခြင်း၊

(ဃ)

မှုခင်းနှင့် သက်ဆိုင်ပါက သက်ဆိုင်ရာ ရဲစခန်းသို့ ဆောလျင်စွာ အကြောင်းကြားခြင်း၊

(င)

ပုဂ္ဂလိကဆေးရုံ သို့မဟုတ် ဆေးခန်းဖြစ်ပါက မှုခင်းနှင့် သက်ဆိုင်သည့် ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာကို လိုအပ်သော ကုသမှုများ ဆောင်ရွက်ပြီးသည်နှင့် သက်ဆိုင်ရာ အစိုးရဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ဆေးမှတ်တမ်း အပြည့်အစုံဖြင့် အချိန်မီ လွှဲပြောင်းပေးခြင်း။

၇။

ရဲစခန်း သို့မဟုတ် ရဲကင်းသည် သက်ဆိုင်ရာနယ်မြေအတွင်း ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ် လူနာနှင့်ပတ်သက်၍ မှုခင်းသတင်းဖြစ်စေ၊ မတော်တဆမှု သတင်းဖြစ်စေ၊ အခြား အခြေအနေ တစ်ရပ်ရပ် ဖြစ်ပွားကြောင်း သတင်း ဖြစ်စေရရှိလျှင် အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်ရှိသည် –

(က)

အချင်းဖြစ်ပွားသည့်နေရာသို့ အမြန်ဆုံးသွားရောက်၍ ကြည့်ရှုစစ်ဆေးခြင်း၊

(ခ)

အချင်းဖြစ်ပွားသည့်နေရာတွင် တွေ့ရှိသည့် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာကို အနီးဆုံးဆေးရုံ သို့မဟုတ် ဆေးခန်းသို့ အကြောင်း ကြားခြင်းနှင့် အမြန် ရောက်ရှိရေး အတွက် စီစဉ်ဆောင်ရွက်ခြင်း၊

(ဂ)

အချင်းဖြစ်ပွားမှု၏ ဖြစ်စဉ်ကို သိရှိနိုင်ရန် လိုအပ်သော ရဲလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ခြင်း။

၈။

မီးသတ်ဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်မီးသတ်စခန်းသည် သက်ဆိုင်ရာ နယ်မြေ အတွင်း ထိခိုက်ဒဏ်ရာရရှိသော လူနာနှင့်ပတ်သက်၍ မတော်တဆမှု သတင်း ဖြစ်စေ၊ အခြားအခြေအနေ တစ်ရပ်ရပ်ဖြစ်ပွားကြောင်း သတင်းဖြစ်စေ ရရှိလျှင် အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်ရှိသည် –

(က)

အချင်းဖြစ်နေရာသို့ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ မီးငြှိမ်းသတ်ယာဉ် သို့မဟုတ် လူနာတင်ယာဉ်နှင့်အတူ အမြန်ဆုံး သွားရောက်ကြည့်ရှုခြင်းနှင့် လိုအပ်သော အကူအညီများ ပေးခြင်း၊

(ခ)

အချင်းဖြစ်နေရာ၌ တွေ့ရှိသည့် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာကို အချိန်မီကုသနိုင်ရန် အနီးဆုံးဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ကြိုတင် အကြောင်းကြားခြင်းနှင့် အမြန်ဆုံး ရောက်ရှိရေးအတွက် စီစဉ် ဆောင်ရွက်ခြင်း။

၉။

သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ထိခိုက် ဒဏ်ရာ ရရှိသော အရေးပေါ်လူနာနှင့်ပတ်သက်၍ သတင်းရရှိလျှင် အောက်ပါတို့ကို ဆောင်ရွက်ရန် တာဝန်ရှိသည် –

(က)

အချင်းဖြစ်ပွားသည့် နေရာသို့ မိမိရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်းရှိ အရေးပေါ် ကူညီစောင့်ရှောက်မှုပေးနိုင်သူနှင့် လိုအပ်သော အကူအညီပေးနိုင်သူများကို ခေါ်ဆောင်၍ အမြန်ဆုံးသွားရောက်ခြင်း၊

(ခ)

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာအတွက် လိုအပ်သော ကူညီပံ့ပိုးမှုနှင့် ကူညီ စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ချက်ချင်း ဆောင်ရွက်ခြင်း၊

(ဂ)

ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာကို အချိန်မီ ဆေးကုသမှု ခံယူနိုင်ရေးအတွက် ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ အကြောင်းကြားခြင်း နှင့် အမြန်ဆုံးပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊

(ဃ)

အချင်းဖြစ်ပွားမှုကို သက်ဆိုင်ရာရဲစခန်း သို့မဟုတ် ရဲကင်းသို့ ချက်ချင်း အကြောင်းကြားခြင်း၊

(င)

ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာက စကားပြောနိုင်လျှင် သက်ဆိုင်ရာသို့ သတင်း ပေးပို့နိုင်ရန် အချင်းဖြစ်ပွားရသည့် အကြောင်းရင်း၊ လိပ်စာနှင့် ယင်း၏ ပြောကြားချက်တို့ကို မေးမြန်း မှတ်တမ်းတင်ခြင်း၊

(စ)

အချင်းဖြစ်ပွားသည့် နေရာရှိ ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာနှင့် ပစ္စည်း လုံခြုံရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း။

၁၀။

မည်သူမဆို ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ သော်လည်းကောင်း၊ အရေးပေါ် ကူညီစောင့်ရှောက်မှု ပေးသူထံ သော်လည်းကောင်း ပို့ဆောင်ရန်ဖြစ်စေ၊ အခြားလိုအပ်သော အကူအညီ ဖြစ်စေ တောင်းခံပါက ကူညီရန် တာဝန်ရှိသည်။

အခန်း(၃)

ပြစ်မှုနှင့်ပြစ်ဒဏ်

၁၁။

မည်သူမဆို ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာကိုဆေးရုံ သို့မဟုတ် ဆေးခန်းသို့ အချိန်မီသယ်ယူပို့ဆောင်ခြင်းကို နှောင့်နှေးကြန့်ကြာစေရန် တားဆီးခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၄)

အထွေထွေ

၁၂။

ဤဥပဒေပါပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုအဖြစ် သတ်မှတ်သည်။

၁၃။

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သူ မည်သူမဆို မိမိ၏ဆောင်ရွက်မှုအတွက် အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြု မှတ်တမ်းတင်ခြင်းကိုလည်းကောင်း၊ အခြားသင့်လျော်သည့် အခွင့်အရေးများကို လည်းကောင်း ခံစားခွင့်ရှိစေရမည်။

၁၄။

မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာနှင့် သက်ဆိုင်သည့် သတင်းပေးပို့နိုင်သော နေရာများ၊ အရေးပေါ် ဆက်သွယ် နိုင်သည့် တယ်လီဖုန်းနံပါတ်များကို အများပြည်သူ အလွယ်တကူ သိရှိနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ရမည်။

၁၅။

ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာကို အချိန်မီ ဆေးကုသမှုခံယူနိုင်ရန် အနီးဆုံး ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ပို့ဆောင်ရာ၌ ကူညီပို့ဆောင်ပေးသူသည် ယာဉ်တစ်ခုခုကို ငှားရမ်းအသုံးပြုရပါက ကျသင့်သော အမှန်ကုန်ကျစရိတ်ကို သက်ဆိုင်ရာ ရဲစခန်းက ကျခံရမည်။

၁၆။

ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာကို ပုဒ်မ ၆ အရ လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည့် ပုဂ္ဂလိကဆေးရုံ သို့မဟုတ် ဆေးခန်းသည် ဆေးမှတ်တမ်းပါ ကုသမှုအတွက် ကျသင့်သော ဆေးဝါး၊ ဆေးပစ္စည်းနှင့် နည်းပညာဆိုင်ရာ အမှန်ကုန်ကျစရိတ်ကို သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနသို့ တင်ပြ တောင်းခံနိုင်သည်။

၁၇။

ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာဆိုင်ရာ ကိစ္စရပ်သည် ရဲအရေးယူ ပိုင်ခွင့် ရှိသော ပြစ်မှုဖြစ်ပါက ယင်းမှုခင်းနှင့်စပ်လျဉ်း၍ ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို တွေ့ရှိသူအား လည်းကောင်း၊ အရေးပေါ် ကူညီ စောင့်ရှောက်မှု ပေးသူအားလည်းကောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ် လူနာကို ကူညီစောင့်ရှောက်ရန် တာဝန် ထမ်းဆောင်သူအား လည်းကောင်း စုံစမ်း စစ်ဆေးရန် လိုအပ်ပါက ယင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော နည်းလမ်းဖြင့် စီစဉ်ဆောင်ရွက်ရမည်။

၁၈။

သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများသည် ဤဥပဒေအရ ဆောင်ရွက်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ် လူနာကို ကူညီ စောင့်ရှောက်ရန် တာဝန်ရှိသော ဌာန၊ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကို တည်ဆဲ ဥပဒေများနှင့် အညီ ကြပ်မတ်ဆောင်ရွက်ရမည်။

၁၉။

ထိခိုက်ဒဏ်ရာရရှိသော အရေးပေါ်လူနာကို ဤဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်သူ မည်သူကိုမျှ ယင်းသို့ ဆောင်ရွက်သည့် အကြောင်းကြောင့် တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ။

၂၀။

ထိခိုက်ဒဏ်ရာ ရရှိသော အရေးပေါ်လူနာများနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီး ဌာနသည် ဤဥပဒေပါ ရဲလုပ်ငန်းများအတွက်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသည် ဤဥပဒေပါ ကုသမှု လုပ်ငန်းများ အတွက်လည်းကောင်း လိုအပ်ပါက အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။