ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂။)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်

(၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။

ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။

ဤဥပဒေတွင်ပါရှိသော အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)နှင့် အကျုံးဝင်သည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင်ဆင်သည့် ဥပဒေ ကြမ်း အတည်ပြုနိုင်ရေးအတွက် ကျင်းပသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကို ဆိုသည်။

(ခ)

အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။

(ဂ)

ကော်မရှင်  ဆိုသည်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး အတွက် ဤဥပဒေဖြင့် တာဝန်ပေး အပ်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ပြည်ထောင်စုကော်မရှင်ကို ဆိုသည်။

(ဃ)

ကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ဤဥပဒေအရ ကော်မရှင်က ဖွဲ့စည်း တာဝန်ပေးအပ်သော ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ကို ဆိုသည်။

(င)

နေပြည်တော်ကောင်စီနယ်မြေကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး နေပြည်တော်ကောင်စီ နယ်မြေကော်မရှင်အဖွဲ့ခွဲကို ဆိုသည်။

(စ)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကို ဆိုသည်။

(ဆ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသကော်မရှင် အဖွဲ့ခွဲကို ဆိုသည်။

(ဇ)

ခရိုင်ကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ခရိုင်ကော်မရှင်အဖွဲ့ခွဲကို ဆိုသည်။

(ဈ)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲ  ဆိုသည်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို ဆိုသည်။

(ည)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ဆိုသည်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲကို ဆိုသည်။

(ဋ)

နိုင်ငံသား ဆိုသည်မှာ တည်ဆဲဥပဒေအရ မြန်မာနိုင်ငံသား ဖြစ်ပြီးသူကို ဆိုသည်။

(ဌ)

သာသနာ့ဝန်ထမ်း ဆိုသည်မှာ

(၁)

ဗုဒ္ဓဘာသာဝင်များအတွက်ဖြစ်လျှင် ဗုဒ္ဓဘာသာ သာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော် နှင့် မယ်သီလ တို့ကို ဆိုသည်။

ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟုဆိုရာတွင် သာသနာ့ ဝန်ထမ်း အဖြစ် ခေတ္တ ခံယူသူများနှင့်လည်း ထိုသို့ ခံယူထားဆဲ ကာလအတွက် သက်ဆိုင်စေရမည်။

(၂)

ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်  သာသနာ့ဝန် ကို ထမ်းဆောင် ရန် အဓိကအားဖြင့် မိမိ ကိုယ်ကို ဆက်ကပ် ထားပြီးသည့် ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန် အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာ ပေးထား ခြင်း ခံရသော သို့မဟုတ် တာဝန် ပေးထားခြင်းခံရသော ပုဂ္ဂိုလ်ကိုဖြစ်စေ၊ မိမိတို့ ကိုးကွယ်ရာ ဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို မိမိဆန္ဒ အလျောက်လက်ခံ၍ ဘာသာရေး စည်းမျဉ်းဖြင့် သို့မဟုတ် အဓိဋ္ဌာန် ပြုချက်ဖြင့် စည်းရုံးထားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတွင် ပါဝင်သော ပုဂ္ဂိုလ်ကိုဖြစ်စေ ဆိုသည်။

(၃)

ဟိန္ဒူဘာသာဝင်များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့်  သို့မဟုတ် ဟိန္ဒူ ဘုန်းတော်ကြီး ကို ဆိုသည်။

(ဍ)

ဆန္ဒခံယူပွဲဒေသ ဆိုသည်မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး အတွက် ဆန္ဒမဲပေးရန် ကော်မရှင်က သတ်မှတ်ပေးသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကို ဆိုသည်။

(ဎ)

မဲစာရင်း ဆိုသည်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးအတွက် သတ်မှတ်ထားသော ဆန္ဒခံယူ ပွဲဒေသများတွင်ရှိသည့် ဆန္ဒမဲပေးခွင့် ရှိသူများ၏ စာရင်းကို ဆိုသည်။

(ဏ)

မဲရုံအဖွဲ့ ဆိုသည်မှာ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးခြင်းကို စုပေါင်းတာဝန်ယူ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ခန့်အပ် ထားသောအဖွဲ့ကို ဆိုသည်။

(တ)

မဲရုံမှူး ဆိုသည်မှာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက ခန့်အပ်ထား သော မဲရုံအဖွဲ့၏ ခေါင်းဆောင်ကို ဆိုသည်။

(ထ)

ဆန္ဒမဲလက်မှတ် ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပေးရန် သတ်မှတ်ဖော်ပြထားသော ဥပဒေပုဒ်မ တစ်ခုချင်းအလိုက် ဤဥပဒေအရ ကော်မရှင်က သတ်မှတ် ပေးသော ဆန္ဒမဲလက်မှတ်ကိုဆိုသည်။

(ဒ)

ကြိုတင်ဆန္ဒမဲလက်မှတ် ဆိုသည်မှာ ဤဥပဒေအရ ကော်မရှင်က သတ်မှတ် ပေးသော ကြိုတင်ဆန္ဒမဲ လက်မှတ်ကို ဆိုသည်။

(ဓ)

ပယ်မဲ ဆိုသည်မှာ အောက်ပါမဲလက်မှတ်များကို ဆိုသည်-

(၁)

သတ်မှတ်ထားသည့် အမှတ်အသားမပါသော ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်၊

(၂)

ကော်မရှင်အဖွဲ့ခွဲ၏ တံဆိပ်မပါရှိသော ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်၊

(၃)

ဆန္ဒပြုထားခြင်း မရှိသော ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်၊

(၄)

ဆန္ဒပြုထားခြင်းမှာ မသေချာ မထင်ရှားသော ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင် ဆန္ဒမဲလက်မှတ်၊

(၅)

ဆုတ်ဖြဲထားသည့် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်၊

(၆)

ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် မဲရုံအဖွဲ့က ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲ လက်မှတ်အတုဖြစ်ကြောင်း စိစစ်ဆုံးဖြတ် သည့် ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်၊

(၇)

တစ်နည်းနည်းဖြင့် ဖျက်ဆီး၍ မဲပုံးထဲ ထည့်ထားသည့် ဆန္ဒမဲ လက်မှတ်၊

(၈)

ကော်မရှင်က ပယ်မဲအဖြစ် သတ်မှတ်ရန် ထုတ်ပြန်ထားသော ဆန္ဒမဲ လက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်၊

အခန်း(၂)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပခြင်း

၃။

(က)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုနိုင်ရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမည်။

(ခ)

ကော်မရှင်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ပြည်ထောင်စု လွှတ်တော်က သတ်မှတ်သည့် ကာလ အတွင်း အပြီးကျင်းပရမည်။

၄။

(က)

ကော်မရှင်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်နေ့ရက်ကို အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင် ကြေညာရမည်။

(ခ)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး အတွက် မိမိတို့၏ ဆန္ဒခံယူပွဲ ဒေသအလိုက် ဆန္ဒမဲပေးခွင့်ရှိသူများ၏ စာရင်းကို အနည်းဆုံး ၁၅ ရက် ကြိုတင်ကြေညာရမည်။

အခန်း(၃)

ကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းခြင်း

၅။

(က)

ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်တစ်ဝန်းလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနိုင်ရေးနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပရာတွင် ကြီးကြပ်နိုင်ရေးတို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ပြည်ထောင်စုကော်မရှင်အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်အား တာဝန်ပေးအပ်ရမည်။ ယင်းသို့ တာဝန် ပေးအပ်ရာတွင် ကော်မရှင်၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များနှင့် ဆောင်ရွက်ရမည့် အချိန် ကာလများကို သတ်မှတ်ပေးရမည်။

(ခ)

ပုဒ်မခွဲ (က) အရ တာဝန်ပေးအပ်ခြင်း ခံရသော ကော်မရှင်သည် ဤဥပဒေ ပါ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ဖွဲ့စည်းတာဝန်ပေးထား သည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖြစ်စေ၊ အောက်ပါ ကော်မရှင်အဖွဲ့ ခွဲများကို ဖွဲ့စည်း၍ဖြစ်စေ တာဝန် ပေးအပ်နိုင်သည် –

(၁)

နေပြည်တော်ကောင်စီနယ်မြေတွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော နေပြည်တော်ကောင်စီ နယ်မြေကော်မရှင် အဖွဲ့ခွဲ၊

(၂)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲ၊

(၃)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ တစ်ခုလျှင်အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ ကော်မရှင်အဖွဲ့ခွဲ၊

(၄)

ခရိုင်တစ်ခုလျှင်အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ခရိုင်ကော်မရှင် အဖွဲ့ခွဲ၊

(၅)

မြို့နယ်တစ်ခုလျှင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော မြို့နယ် ကော်မရှင် အဖွဲ့ခွဲ၊

(၆)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု တစ်ခုလျှင်အဖွဲ့ဝင်  ၅ ဦးမှ ၂၀ ဦးအထိ ပါဝင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ။

အခန်း(၄)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

၆။

ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခြင်း၊

(ခ)

သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် လိုအပ်သော လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊

(ဂ)

ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း၊

(ဃ)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးအတွက် ဆန္ဒခံယူပွဲဒေသများကို သတ်မှတ် ကြေညာခြင်း၊

(င)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန် အချိန်ကာလသတ်မှတ် ပေးခြင်း၊

(စ)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးနှင့် စပ်လျဉ်းသော စာရင်းဇယား ပြုစုရေး အတွက် လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊

(ဆ)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးအတွက် ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲများက အသုံးပြုမည့်ပုံစံ၊ တံဆိပ်များ၊ ဆန္ဒမဲလက်မှတ်နှင့် ကြိုတင် ဆန္ဒမဲလက်မှတ်များကို သတ်မှတ်ပေးခြင်း၊

(ဇ)

ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ အသီးသီး သို့ ထုတ်ပေးခြင်း၊

(ဈ)

နိုင်ငံခြားရှိ ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်များ ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ သံရုံးအကြီးအမှူး သို့မဟုတ်  ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ ပေးပို့ခြင်း၊

(ည)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးသည့်အခါ စာရင်းချုပ်၍ ဆန္ဒမဲ ပေးခွင့်ရှိသူဦးရေ၊ ဆန္ဒမဲပေးသူ ဦးရေ၊ ထောက်ခံဆန္ဒမဲ ပေးသူဦးရေနှင့် ယင်းတို့၏ နှိုင်းယှဉ်ချက်ကို ရာခိုင်နှုန်းဖြင့် ကြေညာခြင်း၊ အစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြခြင်း၊

(ဋ)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် စပ်လျဉ်းသည့် အခြားလိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

၇။

နေပြည်တော်ကောင်စီနယ်မြေကော်မရှင်အဖွဲ့ခွဲနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က)

ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်ကော်မရှင် အဖွဲ့ခွဲများနှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းခြင်း၊

(ခ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြီးကြပ်ကွပ်ကဲ ခြင်းနှင့် ပေါင်းစပ် ညှိနှိုင်းခြင်း၊

(ဂ)

မိမိ၏လုပ်ငန်းဆောင်ရွက်ချက်များကို ကော်မရှင်သို့ အစီရင်ခံခြင်း၊

(ဃ)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲများက မြို့နယ်အလိုက်ပေးပို့သော ဆန္ဒမဲ ပေးခွင့်ရှိ သူများ စာရင်းကို ကော်မရှင် သို့ ကြိုတင်ပေးပို့ခြင်း၊

(င)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးစီးသည့်အခါ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများက ပေးပို့သော ဆန္ဒမဲအရေအတွက်ကို စုပေါင်းပြီး ဆန္ဒမဲ ပေးခွင့်ရှိသူစာရင်း၊ ဆန္ဒမဲပေးသူစာရင်း၊ ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြား၍ သတ်မှတ်ချက်များနှင့်အညီ စာရင်းပြုစုပြီး ကော်မရှင်သို့ ပေးပို့ခြင်း။

၈။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ခရိုင် ကော်မရှင် အဖွဲ့ခွဲတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအတွက် လိုအပ်သော ဆန္ဒမဲလက်မှတ်နှင့် ကြိုတင် ဆန္ဒမဲ လက်မှတ်များကို ကော်မရှင်မှ တောင်းခံခြင်းနှင့် မြို့နယ် ကော်မရှင် အဖွဲ့ခွဲများသို့ လုံလောက်စွာ ခွဲဝေပေးခြင်း၊

(ခ)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြီးကြပ် ကွပ်ကဲခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊

(ဂ)

ကော်မရှင်၊ နေပြည်တော်ကောင်စီ နယ်မြေ ကော်မရှင်အဖွဲ့ခွဲနှင့် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့၏ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခြင်း။

၉။

မြို့နယ်ကော်မရှင်အဖွဲ့ခွဲတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-

(က)

ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းခြင်း၊

(ခ)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း ကျင်းပသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကြီးကြပ် ကွပ်ကဲခြင်း၊

(ဂ)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ ဆန္ဒခံယူပွဲ ဒေသများအလိုက် မဲစာရင်းများကို ထုတ်ပြန်ကြေညာခြင်း၊ ဖြည့်စွက်ခြင်း၊ ပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်း၊ အတည်ပြုပြီးသော ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲသို့ ကြိုတင်ပေးပို့ခြင်း၊

(ဃ)

မြို့နယ်အတွင်းရှိ ဆန္ဒခံယူပွဲဒေသများအတွက် လိုအပ်သော ဆန္ဒမဲ လက်မှတ်နှင့် ကြိုတင် ဆန္ဒမဲလက်မှတ်များကို ခရိုင်ကော်မရှင် အဖွဲ့ခွဲမှ တောင်းခံခြင်းနှင့် ဆန္ဒခံယူပွဲ ဒေသအလိုက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲငယ် (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့ပါ အဖွဲ့များသို့ လုံလောက်စွာ ခွဲဝေပေးခြင်း၊

(င)

မြို့နယ်အတွင်းရှိ ဆန္ဒခံယူပွဲဒေသများ၌ ဆန္ဒမဲပေးရမည့် နေ့ရက်များကို ကြေညာခြင်း၊

(စ)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက ပေးပို့သော ဆန္ဒမဲအရေအတွက်ကို စုပေါင်းပြီး ဆန္ဒမဲပေးသူ စာရင်း၊ ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြား၍ စာရင်းပြုစု ပြီး နေပြည်တော် ကောင်စီနယ်မြေ ကော်မရှင်အဖွဲ့ခွဲ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများသို့ အစီရင်ခံခြင်း၊ မိတ္တူကို ကော်မရှင်နှင့် သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ခြင်း၊

(ဆ)

မြို့နယ် ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ခရိုင်ကော်မရှင် အဖွဲ့ခွဲသို့ အစီရင်ခံခြင်း၊ မိတ္တူကို ကော်မရှင်၊ နေပြည်တော် ကောင်စီ နယ်မြေကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ခြင်း၊

(ဇ)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် စပ်လျဉ်း၍ အခြားလိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

၁၀။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း ကျင်းပသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို တာဝန်ယူဆောင် ရွက်ခြင်း၊

(ခ)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် မဲစာရင်းကိုပြုစုပြီး သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ အတည်ပြုရန် တင်ပြခြင်းနှင့် အတည်ပြုပြီးသော မဲစာရင်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အတွင်း ထုတ်ပြန် ကြေညာခြင်း၊

(ဂ)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ အတည်ပြုချက်ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ဆန္ဒခံယူပွဲ ဒေသရှိ မဲရုံနယ်မြေနှင့် တည်နေရာများကို သတ်မှတ်ကြေညာခြင်းနှင့် မဲရုံအဖွဲ့ဝင်များနှင့် မဲရုံမှူးများကို ခန့်ထားခြင်း၊

ခြွင်းချက်။ ခန့်ထားသော မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် တစ်ဦးဦးသည် ဆန္ဒခံယူပွဲကျင်းပသော နေ့ရက်တွင် အကြောင်းတစ်စုံတစ်ရာကြောင့် ပေးအပ်သောတာဝန်ကို ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ဖြစ်စေ၊ လစ်လပ်လျှင်ဖြစ်စေ ရပ်ရွာက ကြည်ညိုလေးစားခြင်း ခံရသည့် သင့်လျော်သော နိုင်ငံသားတစ်ဦးဦးကို အစားထိုး တာဝန်ပေးအပ်နိုင်သည်။ ယင်းသို့ တာဝန်ပေးအပ်ခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အစီရင်ခံ ရမည်။

(ဃ)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ရရှိသောဆန္ဒမဲလက်မှတ်နှင့် ကြိုတင် ဆန္ဒမဲ လက်မှတ်များကို မဲရုံအဖွဲ့များသို့ လုံလောက်စွာ ခွဲဝေပေးခြင်း၊

(င)

မဲပုံးများကို သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်ခြင်း၊

(စ)

မဲရုံအသီးသီးရှိ မဲပုံးများကို ယင်းမဲရုံ၌ပင် ဖွင့်ပြီး ဆန္ဒမဲများ ရေတွက်ရာတွင် ကြီးကြပ်ကွပ်ကဲခြင်း၊

(ဆ)

ဆန္ဒမဲပေးသူစာရင်း၊ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲ၊ လက်ခံ ရရှိသည့် ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ခွဲခြား၍ သတ်မှတ်ချက် များနှင့်အညီ စာရင်းပြုစုပြီး မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ခြင်း၊

(ဇ)

မိမိ၏ လုပ်ငန်းဆောင်ရွက်ချက်များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အစီရင်ခံ ခြင်း၊

(ဈ)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် စပ်လျဉ်း၍ အခြားလိုအပ်သော ကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

အခန်း(၅)

မဲစာရင်းများပြုစုခြင်း

၁၁။

(က)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့ရက်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူနှင့် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်း တွင် ထည့်သွင်းရမည်။

(ခ)

ပုဒ်မခွဲ (က)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော အောက်ပါပုဂ္ဂိုလ်များ၏ အမည်များကို မဲစာရင်းတွင် ထည့်သွင်းနိုင်ခွင့်ရှိသည်-

(၁)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သံတမန်များ၊ သံအဖွဲ့ဝင် များ၊ ကောင်စစ်အဖွဲ့ဝင်များနှင့် ယင်းတို့နှင့် အတူနေထိုင်သော မိသား စုဝင်များ၊

(၂)

တပ်တွင်းတွင် နေထိုင်သော်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ သည့် နေ့ရက်တွင် ဆန္ဒခံယူပွဲဒေသ၏ ပြင်ပသို့ တာဝန်ဖြင့် ရောက်ရှိ နေသော တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့် လိုက်ပါနေထိုင်သော မိသားစုဝင်များနှင့် မှီခိုသူများ၊

(၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပ၌ အလုပ်ဝတ္တရား ဆောင်ရွက်ရန် အစိုးရက ခန့်အပ်ထားခြင်းခံရသူများနှင့် ယင်းတို့နှင့် အတူ လိုက်ပါနေထိုင်သော မိသားစုဝင်များ၊

(၄)

နိုင်ငံခြားသို့ ရောက်ရှိနေသော အစိုးရပညာတော်သင်များနှင့် ယင်းတို့ နှင့်အတူ လိုက်ပါ နေထိုင်သော မိသားစုဝင်များ၊

(၅)

အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားတွင် ရောက်ရှိနေသော အခြား ပုဂ္ဂိုလ်များ၊

(၆)

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံအသီးသီး တွင် ပညာ သင်ကြား နေသော ကျောင်းသူ၊ ကျောင်းသားများ။ ရှင်းလင်းချက်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံဆိုသည်မှာ ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားရန် အစိုးရက ဖွင့်လှစ်ထားသော သို့မဟုတ် အသိအမှတ်ပြု ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံများကို ဆိုသည်။ ယင်း စကားရပ်တွင် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျောင်းများ၊ လူမှုရေး ကျောင်း များနှင့် ဂေဟာများ၊ တပ်မတော်က ဖွင့်လှစ်သော တက္ကသိုလ်များနှင့် ကျောင်းများ လည်းပါဝင်သည်။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် နှင့်သိပ္ပံများတွင် ပညာ သင်ကြားနေသော ကျောင်းသူ၊ ကျောင်းသား များအနက် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံ ဖွင့်လှစ်ထားသည့် ဒေသရှိ မဲစာရင်းတွင် ပါရှိသော ကျောင်းသူ၊ ကျောင်းသားများမှအပ အခြားဒေသမှ လာရောက် ပညာ သင်ကြား နေသော ကျောင်းသူ၊ ကျောင်းသားများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် အညီ ဆန္ဒမဲ ပေးခွင့်ရှိသည်။

(၇)

ဆေးရုံသို့ တက်ရောက်နေသော အတွင်းလူနာများနှင့် ယင်းတို့အား ပြုစုစောင့်ရှောက်နေသော တာဝန်ကျ ဝန်ထမ်းများ၊

(၈)

အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ တာဝန်ပေးချက်အရ မိမိတို့၏ အခြေစိုက်စခန်းမှ ခွဲခွာ၍ အခြားဒေသရှိ လုပ်ငန်းခွင်၌ ရောက်ရှိ နေသူများ၊

(၉)

ရဲစခန်းများနှင့် အကျဉ်းထောင်များရှိ အချုပ်သားများ။

(ဂ)

မဲစာရင်းပြုစုရာတွင် အမြဲတမ်းနေထိုင်သည့် ဆန္ဒခံယူပွဲဒေသမှ အခြားဆန္ဒ ခံယူပွဲ ဒေသတစ်ခုသို့ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ သည့်နေ့ရက် ကျော်လွန်သည် အထိ ယာယီ လာရောက် အလုပ်လုပ်ကိုင်သူများကို ရောက်ရှိနေသော ဆန္ဒခံယူပွဲဒေသ၏ မဲစာရင်းတွင် ထည့်သွင်းနိုင်သည်။ ထိုပုဂ္ဂိုလ်များ၏ အမည်စာရင်းကို မူလနေထိုင်ရာ ဆန္ဒခံယူပွဲ ဒေသရှိ မဲစာရင်းမှ ပယ်ဖျက်ရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ အကြောင်းကြားရမည်။

(ဃ)

အောက်ပါပုဂ္ဂိုလ်များကို မဲစာရင်းတွင် ထည့်သွင်းခြင်း မပြုရ

(၁)

သာသနာ့ဝန်ထမ်းများ၊

(၂)

သက်ဆိုင်ရာ ဥပဒေအရ စိတ်ပေါ့သွပ်နေသည်ဟု သတ်မှတ် ခြင်းခံရသူများ၊

(၃)

ပြစ်မှု တစ်ခုခုကြောင့် တရားရုံး၏ အမိန့်၊ စီရင်ချက်အရ ထောင်ဒဏ် ကျခံနေရ သူများ၊

(၄)

ပြည်ပသို့ တရားမဝင်ရောက်ရှိနေသူများ၊

(၅)

နိုင်ငံခြားသားများ။

၁၂။

(က)

မဲစာရင်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ များက မိမိတို့ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် ပြုစုရမည်။

(ခ)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများသည် မိမိတို့၏ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအတွင်း နေထိုင်သော ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) အရ ဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း၏ အမည်ကို မဲစာရင်းတွင် ထည့်သွင်း ရမည်။

(ဂ)

ပုဒ်မခွဲ (က) အရ မဲစာရင်းပြုစုသည့်အခါ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ၏ အမည်ကို ယင်းတို့နေထိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု မဲစာရင်း၌ ထည့်သွင်းခြင်းမပြုရ။ အကယ်၍ ယင်းမဲစာရင်းတွင် ပါရှိနေလျှင် ထိုသူ၏ အမည်ကို မဲစာရင်းမှ ထုတ်ပယ် ရမည်။

(ဃ)

ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ) တွင် အကျုံးဝင်သူများအတွက် မဲစာရင်းပြုစုရာ တွင် ကော်မရှင် က ညွှန်ကြားသည့်အတိုင်း သင့်လျော်သော အဖွဲ့ဝင် အရေအတွက်ဖြင့် ဖွဲ့စည်းသည့် အောက်ပါ အဖွဲ့များက ပြုစုရမည်-

(၁)

နိုင်ငံခြားတွင် ရောက်ရှိနေသော ဆန္ဒမဲပေးခွင့်ရှိသူများနှင့် ယင်းတို့ နှင့် အတူ နေထိုင်သော မိသားစုဝင်များအတွက် သက်ဆိုင်ရာ သံရုံး အကြီးအမှူးနှင့် အဖွဲ့ သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူး နှင့်အဖွဲ့၊

(၂)

တပ်တွင်းတွင် နေထိုင်သော်လည်း ပြည်လုံးကျွတ်ဆန္ဒ  ခံယူပွဲ ကျင်းပ သည့် နေ့ရက်တွင် ဆန္ဒခံယူပွဲဒေသ၏ ပြင်ပသို့ တာဝန်ဖြင့် ရောက်ရှိ နေသော တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့် လိုက်ပါနေထိုင်သော မိသားစုဝင်များနှင့် မှီခိုသူများ အတွက် သက်ဆိုင်ရာ တပ်မှူး နှင့်အဖွဲ့၊

(၃)

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့်သိပ္ပံအသီးသီးတွင် ပညာသင်ကြားလျက် ရှိကြသော ကျောင်းသူ၊ ကျောင်းသားများ အတွက် တက္ကသိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခ ချုပ် နှင့်အဖွဲ့၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံ ဖြစ်လျှင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့်အဖွဲ့၊ လူမှုရေး ကျောင်းဖြစ်လျှင် ယင်းကျောင်း၏ အကြီးအမှူး နှင့်အဖွဲ့၊ ဂေဟာဖြစ်လျှင် ဂေဟာမှူးနှင့်အဖွဲ့၊

(၄)

ဆေးရုံသို့ တက်ရောက်နေသော အတွင်းလူနာများ၊ ယင်းတို့အား ပြုစုစောင့်ရှောက်သူများနှင့် တာဝန်ကျနေသော ဝန်ထမ်းများ အတွက် ဆေးရုံအုပ်ကြီး သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်နှင့် အဖွဲ့၊

(၅)

အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ တာဝန်ပေးချက်အရ မိမိတို့၏ အခြေစိုက် စခန်းမှ ခွဲခွာ၍ အခြားဒေသရှိ လုပ်ငန်းခွင်၌ ရောက်ရှိ နေသူများအတွက် ယင်းလုပ်ငန်းခွင် အကြီးအမှူး နှင့်အဖွဲ့၊

(၆)

ရဲစခန်းရှိ အချုပ်သားများအတွက် သက်ဆိုင်ရာ ရဲစခန်းမှူးနှင့်အဖွဲ့၊ အကျဉ်းထောင်ရှိ အချုပ်သားများအတွက် သက်ဆိုင်ရာ ထောင်ပိုင်နှင့် အဖွဲ့။

(င)

ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)အရ ဆန္ဒမဲပေးခွင့်ရှိသည့် တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစုဝင်များနှင့် မှီခိုသူများအတွက် မဲစာရင်းပြုစုရာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲများသည် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(၁)

မိမိတို့နှင့်သက်ဆိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အတွင်း အခြေစိုက်လျက်ရှိသည့် တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ဌာနချုပ် များ၌ နေထိုင်ကြသော တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ ဝင်များ၊ ယင်းတို့ မိသားစုဝင်များနှင့် မှီခိုသူများ၏ အမည်များကို သက်ဆိုင်ရာ တပ်မှူး ၏ အကူအညီဖြင့် မဲစာရင်းတွင် ထည့်သွင်းခြင်း၊

(၂)

သက်ဆိုင်ရာတပ်တွင်း၌ မနေဘဲ တပ်၏ပြင်ပ၌ နေထိုင်ကြသော တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့်အတူ နေထိုင်ကြသည့် မိသားစုဝင် များနှင့် မှီခိုသူများ၏ အမည်များကို ယင်းတို့နေထိုင်ရာ ဆန္ဒခံယူပွဲဒေသ၏ မဲစာရင်း၌ ထည့်သွင်းခြင်း။

၁၃။

(က)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် မဲစာရင်းကို စစ်ဆေးခြင်း၊ ကြေညာခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းတို့ကို ပြုလုပ် ရမည်။ သို့ရာတွင် မဲစာရင်းပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၏ အတည်ပြုချက်ကို ရယူရမည်။

(ခ)

ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ) အရ ဖွဲ့စည်းထားသည့် အဖွဲ့များသည် မဲစာရင်း စစ်ဆေးခြင်း၊ ကြေညာခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အတည်ပြုခြင်း တို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲများကဲ့သို့ ဆောင်ရွက်ရမည်။

(ဂ)

မဲစာရင်းနှင့်စပ်လျဉ်း၍ အငြင်းပွားလျှင်ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ ဖွဲ့စည်းထားသော အဖွဲ့အတွက် ကော်မရှင်ထံမှ လည်းကောင်း၊ အခြားအဖွဲ့များအတွက် ယင်းတို့နှင့် သက်ဆိုင်သော မြို့နယ် ကော်မရှင် အဖွဲ့ခွဲထံမှလည်းကောင်း အတည်ပြုချက်ကိုရ ယူရ မည်။ ကော်မရှင်နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း(၆)

ဆန္ဒမဲပေးခြင်း

၁၄။

(က)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် ပြုစုသောမဲစာရင်း၌ ပါဝင်သူတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည်။

(ခ)

ဆန္ဒမဲပေးခွင့်ရှိသူတစ်ဦးသည် မိမိ၏အမည်စာရင်း ပါဝင်သည့် ဆန္ဒခံယူပွဲ ဒေသအတွင်းရှိ မဲရုံ၌သာ ဆန္ဒမဲပေးရမည်။

၁၅။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည့် မဲရုံတိုင်းတွင် ဆန္ဒမဲပေးသူများ လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အများမြင်သာသည့်နေရာတွင် သတ်မှတ်ထားသော မဲပုံးကို ထားရှိရမည်။

၁၆။

ဆန္ဒမဲပေးခွင့်ရှိသူတစ်ဦးသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် တစ်ကြိမ်သာ ကိုယ်တိုင်ဆန္ဒမဲ ပေးခွင့်ရှိသည်။

၁၇။

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် မဲရုံမှူးထံမှသော်လည်းကောင်း၊ မဲရုံမှူးက တာဝန် လွှဲအပ်ထားသူထံမှ သော်လည်းကောင်း ဆန္ဒမဲလက်မှတ်ကို ရယူ၍ မဲရုံအတွင်းရှိ သတ်မှတ်ထားသော နေရာတွင် လျှို့ဝှက်ဆန္ဒပြုပြီးနောက် မဲပုံးအတွင်းသို့ ထည့်ရမည်။ ယင်းသို့ဆန္ဒပြုစဉ် ဆန္ဒမဲလက်မှတ် တစ်စုံတစ်ရာ ပျက်စီးသွားပါက ပယ်မဲ မဖြစ်စေရေးအတွက် မဲရုံမှူး သို့မဟုတ် မဲရုံမှူးက တာဝန် လွှဲအပ်ထားသူထံမှ ဆန္ဒမဲ လက်မှတ်အသစ်ကို ထပ်မံတောင်းယူ၍ ဆန္ဒမဲ ပေးနိုင်သည်။

၁၈။

အောက်ပါပုဂ္ဂိုလ်များသည် သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲ လက်မှတ် ဖြင့် ဆန္ဒမဲပေးနိုင်သည်-

(က)

နိုင်ငံခြားတွင် ရောက်ရှိနေသော ဆန္ဒမဲပေးခွင့်ရှိသူများ၊

(ခ)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပသည့်နေ့ရက်တွင် မိမိနေထိုင်သော ဆန္ဒခံယူပွဲဒေသ၏ ပြင်ပသို့ ခရီးသွားရန်ရှိသော ဆန္ဒမဲ ပေးခွင့်ရှိသူများ၊

(ဂ)

ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲငယ်(၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့အရ ဖွဲ့စည်းသော အဖွဲ့များက ပြုစုထားသည့် မဲဆန္ဒရှင်များ၊

(ဃ)

သက်ဆိုင်ရာ ဆန္ဒခံယူပွဲဒေသအတွင်း ရှိနေသော်လည်း အောက်ပါ အကြောင်းတစ်ခုခုကြောင့် မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲ မပေးနိုင်သူများ-

(၁)

အနာကြီးရောဂါ စွဲကပ်နေခြင်း၊

(၂)

ရောဂါဝေဒနာပြင်းထန်စွာ ခံစားနေရခြင်း၊

(၃)

အသက်အရွယ်ကြီးရင့်နေခြင်း၊

(၄)

သားဖွားနေခြင်း၊

(၅)

မသန်စွမ်းသူဖြစ်ခြင်း။

၁၉။

ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)တွင် ဖော်ပြထားသောပုဂ္ဂိုလ်များအတွက် ဆန္ဒမဲပေးရန် နည်းလမ်းများမှာ ဤဥပဒေအရ ပြဋ္ဌာန်းသည့် နည်းဥပဒေများတွင် သတ်မှတ် ထားသည့် အတိုင်းဖြစ်စေရမည်။

အခန်း(၇)

ဆန္ဒမဲပေးခြင်းကိုရွှေ့ဆိုင်းခြင်းနှင့် ဖျက်သိမ်းခြင်း

၂၀။

(က)

သဘာ၀ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ လုံခြုံရေး ပျက်ပြားသည့် အခြေအနေကြောင့် ဖြစ်စေ၊ အခြား ဘေးအန္တရာယ်တစ်ခုခုကြောင့်ဖြစ်စေ လွတ်လပ်၍ တရားမျှတသော ဆန္ဒခံယူပွဲကို တည်ငြိမ်စွာ ကျင်းပနိုင်ခြင်း မရှိလျှင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် ဆန္ဒခံယူပွဲဒေသ တစ်ခု လုံးနှင့် သက်ဆိုင်သော မဲရုံအားလုံးကို ဖြစ်စေ၊ မဲရုံ အချို့ကို ဖြစ်စေ၊ မဲရုံ တစ်ရုံကိုဖြစ်စေ ပုဒ်မ ၆၊ ပုဒ်မ ခွဲ(င)အရ သတ်မှတ်ထားသော ကာလ အတွင်း ဆန္ဒမဲပေးနိုင်ရေးအတွက် သင့်လျော်သည့်နေ့ရက်သို့ တစ်ကြိမ် ရွှေ့ဆိုင်းနိုင်သည်။ ထို့ပြင် မဲရုံများကိုလည်း မိမိ သင့်လျော် သည်ဟု ထင်မြင် သည့်နေရာသို့ ချက်ချင်း ရွှေ့ပြောင်းနိုင်သည်။ ယင်းသို့ ရွှေ့ဆိုင်းခြင်းနှင့် ရွှေ့ပြောင်းခြင်းကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင် ကော်မရှင် အဖွဲ့ခွဲသို့ တင်ပြပြီး မိတ္တူကို ကော်မရှင်၊ နေပြည်တော် ကောင်စီ နယ်မြေ ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲများသို့ တင်ပြရမည်။

(ခ)

မဲရုံတစ်ရုံရုံတွင် ဆန္ဒမဲပေးရန် သတ်မှတ်ထားသော နေ့ရက်၌ ဆန္ဒမဲ ပေးခွင့်ရှိသူများက ပုဒ်မခွဲ (က)ပါ အကြောင်းတစ်စုံတစ်ရာကြောင့် ဆန္ဒမဲ ပေးခြင်း မပြုလုပ်နိုင်လျှင် မဲရုံအဖွဲ့သည် ဆန္ဒမဲပေးခြင်း ကို ရွှေ့ဆိုင်း ကြောင်း ကြေညာရမည်။ ဆန္ဒမဲပေးနေစဉ် ရွှေ့ဆိုင်းရလျှင် မဲရုံအဖွဲ့သည် ဆန္ဒမဲ ပေးခွင့်ရှိသူ ငါးဦး၏ ရှေ့မှောက်တွင် မဲပုံးများကို လုံခြုံစွာ ပိတ်ထားပြီး ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ ချက်ချင်းတင်ပြရမည်။ ယင်းကော်မရှင် အဖွဲ့ခွဲသည် မိမိ၏ ထောက်ခံချက်နှင့်အတူ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အစီရင်ခံရမည်။

(ဂ)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ရွှေ့ဆိုင်းလိုက် ကြောင်း ကြေညာခဲ့သည့်မဲရုံတွင် ဆန္ဒမဲပေးရန် ကျန်နေသည့် ဆန္ဒမဲ ပေးခွင့် ရှိသူများ ဆန္ဒမဲပေးရန် နေ့ရက်နှင့် နေရာကို ပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ သတ်မှတ်ထားသော ကာလအတွင်းမှ ရက်တစ်ရက်သတ်မှတ်၍ ကြေညာပေးရမည်။

(ဃ)

ရွှေ့ဆိုင်းလိုက်သည့်နေ့ရက်တွင် ဆန္ဒမဲပေးရာ၌ မဲပုံးအသစ်ကို အသုံးပြု ရမည်။

၂၁။

(က)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် ဆန္ဒမဲပေးခြင်းကို ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က)ပါ အကြောင်းတစ်ခုခုကြောင့် ဖျက်သိမ်းရန် အခြေအနေ ဖြစ်ပေါ် လာပါက ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်း၏ ဆန္ဒခံယူပွဲဒေသအတွင်းရှိ မဲရုံအချို့ကို ဖြစ်စေ၊ မဲရုံအားလုံးကို ဖြစ်စေ ဖျက်သိမ်းနိုင်သည်။ ယင်းသို့ အခြေအနေ ဖြစ်ပေါ်လာပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် မိမိ၏ ဆောင်ရွက် ချက်ကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ချက်ချင်း တင်ပြရမည်။

(ခ)

ပုဒ်မခွဲ (က) အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲ၏ တင်ပြချက်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိ၏ သဘောထား မှတ်ချက် နှင့် အတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ကော်မရှင် အဖွဲ့ခွဲသို့ အစီရင်ခံပြီး မိတ္တူကို ကော်မရှင်၊ နေပြည်တော် ကောင်စီ နယ်မြေနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲများသို့ ပေးပို့ရမည်။

(ဂ)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် ဆန္ဒမဲပေးခြင်းကို ပုဒ်မ ၂၀၊ ပုဒ်မခွဲ (က) ပါ အကြောင်းတစ်ခုခုကြောင့် ဖျက်သိမ်းရန် အခြေအနေ ဖြစ်ပေါ် လာပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိမြို့နယ်အတွင်းရှိ ဆန္ဒခံယူပွဲ ဒေသ တစ်ခုကိုဖြစ်စေ သတ်မှတ်ထားသော ဆန္ဒခံယူပွဲဒေသ အားလုံး၏ ထက်ဝက် အထိကို ဖြစ်စေ ဖျက်သိမ်းနိုင်သည်။ အကယ်၍ ဆန္ဒခံယူပွဲ ဒေသအားလုံး၏ ထက်ဝက်ကျော်ကို ဖျက်သိမ်းရန် အခြေအနေ ဖြစ်ပေါ် လာပါက မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိ၏ထောက်ခံချက်နှင့် အတူ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ကော်မရှင် အဖွဲ့ခွဲ၊ နေပြည်တော် ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲများသို့ ချက်ချင်း အစီရင်ခံရမည်။

(ဃ)

ပုဒ်မခွဲ (ဂ)အရ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ ထောက်ခံတင်ပြချက်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲက အဆုံးအဖြတ် ပေးရမည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် ကော်မရှင်အဖွဲ့ခွဲသည် ထိုသို့ ဖျက်သိမ်းရန် ဆုံးဖြတ်ကြောင်းကို ကော်မရှင်သို့ အစီရင်ခံ၍ သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင် အဖွဲ့ခွဲ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ မိတ္တူ ပေးပို့ရမည်။

အခန်း(၈)

ဆန္ဒမဲရေတွက်ခြင်း

၂၂။

(က)

မဲရုံတွင် မဲရုံပိတ်ပြီးသည်နှင့်တစ်ပြိုင်နက် မဲရုံအဖွဲ့သည်-

(၁)

၁၀ ဦး အောက်မနည်းသော ဆန္ဒမဲပေးခွင့်ရှိသူတို့၏ ရှေ့မှောက် တွင် မဲပုံးများကို စစ်ဆေးပြီးနောက် ယင်းမဲပုံးများကို ဖွင့်၍ ဆန္ဒမဲ များကို ရေတွက်ရမည်။ ယင်းသို့ ရေတွက်ရာ၌ ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများကို ခွဲခြားရေတွက်ရမည်။

(၂)

ကျန်ရှိနေသေးသော ဆန္ဒမဲပေးခွင့်ရှိသူများထံမှ ဆန္ဒမဲကို  ပုဒ်မ ၂၀၊ ပုဒ်မခွဲ(ဂ) အရ ရွှေ့ဆိုင်းသတ်မှတ်သော နေ့ရက်တွင် ဆက်လက် ရယူရမည်။ ထိုဆန္ဒမဲရယူသည့် မဲရုံပိတ်ပြီးမှသာလျှင် ယင်းမဲရုံမှ ဆန္ဒမဲများကို ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်နှင့်အညီ လုံခြုံစွာ ပိတ်ထားသော မဲပုံးများရှိဆန္ဒမဲများနှင့်ပေါင်း၍ ရေတွက်ရမည်။

(၃)

ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ဂ)အရ ရွှေ့ဆိုင်းသတ်မှတ်သော နေ့ရက် တွင်လည်း ဆန္ဒမဲပေးခြင်း မပြုလုပ်နိုင်လျှင် ပုဒ်မ ၂၀၊ ပုဒ်မခွဲ (ခ) အရ လုံခြုံစွာ ပိတ်ထားသော မဲပုံးများရှိ ဆန္ဒမဲများကိုသာ ရေတွက်ရမည်။

(၄)

ပုဒ်မခွဲငယ် (၁) နှင့်အညီ ဆန္ဒမဲများကို ရေတွက်ပြီးသော  အခါ မဲစာရင်းပါ ဆန္ဒမဲပေးသူ စာရင်း၊ ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲ၊ လက်ခံရရှိသည့် ဆန္ဒမဲလက်မှတ်နှင့် လက်ကျန်ဆန္ဒမဲ လက်မှတ် တို့၏ စာရင်းများကို သီးခြားပြုစုပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲသို့ ပေးပို့ရမည်။

(ခ)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄) အရ ပေးပို့သည့် စာရင်းများကို မဲရုံအလိုက် စုစည်းပြီး စာရင်းချုပ် ပြုစု၍လည်းကောင်း၊ လက်ခံရရှိထားသော ကြိုတင်ဆန္ဒမဲ လက်မှတ်များကိုလည်းကောင်း အစီရင်ခံစာနှင့် အတူ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။

(ဂ)

မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည်-

(၁)

ပုဒ်မခွဲ (ခ) အရ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများ ကပေးပို့သည့် စာရင်းများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် စုစည်း၍ ပြုစုသောစာရင်း၊

(၂)

ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) တို့အရ ဖွဲ့စည်းသော အဖွဲ့များက ပေးပို့သည့် ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲများက ပေးပို့သည့် ကြိုတင် ဆန္ဒမဲလက်မှတ်များကို  ရေတွက်ပြီး ရရှိသည့် စာရင်းများကို လည်းကောင်း၊ ပုဒ်မခွဲငယ် (၁)ပါ စာရင်းများကို လည်းကောင်း စုပေါင်းပြုစုထားသော စာရင်းတို့ကို အစီရင်ခံ စာနှင့် အတူ နေပြည်တော် ကောင်စီ နယ်မြေ ကော်မရှင်အဖွဲ့ခွဲ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ သို့ ပေးပို့ရ မည်။ ယင်းမိတ္တူကို ကော်မရှင်နှင့် သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာ ခရိုင် ကော်မရှင် အဖွဲ့ခွဲများသို့ ပေးပို့ရမည်။

(ဃ)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲသည် ပုဒ်မခွဲ (ဂ)အရ မြို့နယ် ကော်မရှင် အဖွဲ့ခွဲများက ပေးပို့သော မဲစာရင်းများကို စုစည်း၍ ကော်မရှင်သို့ ပေးပို့ရမည်။

(င)

ကော်မရှင်သည် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲငယ် (၁) အရ ဖွဲ့စည်း ထားသော အဖွဲ့များက ပေးပို့သည့် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ထောက်ခံမဲ၊ ကန့်ကွက်မဲနှင့် ပယ်မဲများခွဲခြား၍ ရေတွက်ရမည်။

အခန်း(၉)

ဆန္ဒမဲများကြေညာခြင်း

၂၃။

ကော်မရှင်သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးစီးသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဃ) အရ ပေးပို့ တင်ပြသော ဆန္ဒမဲစာရင်းများနှင့် ပုဒ်မ ၂၂၊ ပုဒ်မခွဲ (င) အရ ကော်မရှင်က ရေတွက် ရရှိထားသော ကြိုတင်ဆန္ဒမဲလက်မှတ်စာရင်းများကို တစ်ပေါင်းတည်း စာရင်းချုပ် ၍ ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၊ ဆန္ဒမဲပေးသူ ဦးရေ၊ ထောက်ခံဆန္ဒမဲပေးသူ ဦးရေနှင့် ယင်းတို့၏နှိုင်းယှဉ်ချက်ကို ရာခိုင်နှုန်းဖြင့် ကြေညာရမည်။

၂၄။

ကော်မရှင်သည် ပုဒ်မ ၂၃ အရ ဆန္ဒမဲရရှိမှု အခြေအနေကို ကြေညာပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရမည်။ ထို့ပြင် အစိုးရအဖွဲ့သို့ လည်း တင်ပြရမည်။

အခန်း(၁၀)

တားမြစ်ချက်နှင့်ပြစ်ဒဏ်

၂၅။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့်စပ်လျဉ်း၍ မည်သူမျှအောက်ပါတို့ကို မပြုရ-

(က)

တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်း၊

(ခ)

ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ် အတုကို လက်ဝယ် ထားရှိခြင်း၊

(ဂ)

ဆန္ဒမဲလက်မှတ် သို့မဟုတ် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ဖျက်ဆီးခြင်း၊

(ဃ)

ဆန္ဒမဲလက်မှတ်ကို မဲရုံပြင်ပသို့ တမင်ကြံရွယ်ချက်ဖြင့် ယူဆောင်သွားခြင်း၊

(င)

မဲပုံးကို အခွင့်အာဏာမရှိဘဲ ဖွင့်ခြင်း၊ ဖျက်ဆီးခြင်း သို့မဟုတ် အခြား တစ်နည်းနည်းဖြင့် ထိခိုက်စေခြင်း၊

(စ)

မဲရုံကို ဖျက်ဆီးခြင်း၊

(ဆ)

ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ထားသော စာရင်း၊ အကြောင်းကြားစာ သို့မဟုတ် အခြားစာရွက်စာတမ်းများကို ဖတ်ရှု၍ မရစေရန် တမင်ကြံရွယ်ချက်ဖြင့် ပြုလုပ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ဇ)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပျက်ပြားစေရန် မဲရုံအတွင်း၌ဖြစ်စေ၊ သတ်မှတ်ထားသော မဲရုံ ပရဝဏ် အတွင်း၌ဖြစ်စေ၊ အများပြည်သူတို့နှင့် သက်ဆိုင်သောနေရာ၌ဖြစ်စေ၊ ပုဂ္ဂလိကပိုင်နေရာ၌ဖြစ်စေ ဟောပြောခြင်း၊ စာရွက်စာတမ်းကမ်းလှမ်းခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းကို အခြားတစ် နည်းနည်းဖြင့် နှောင့်ယှက်ခြင်း။

၂၆။

မည်သူမဆို ပုဒ်မ ၂၅ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း၊ ယင်းသို့ ဖောက်ဖျက်ရန် အားထုတ်ကြောင်း၊ ဖောက်ဖျက်ရန် ပူးပေါင်း ကြံစည်၍ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကို ပြုလုပ်ကြောင်း သို့မဟုတ် ဖောက်ဖျက်ရာတွင် အားပေးကူညီကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း(၁၁)

ဘဏ္ဍာရေးနှင့်ဝန်ထမ်းအကူအညီရယူခြင်း

၂၇။

(က)

ကော်မရှင်သည်-

(၁)

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးအတွက် ခန့်မှန်းခြေ ကုန်ကျ စရိတ်ကို တွက်ချက်ပြီး အစိုးရအဖွဲ့သို့ တင်ပြတောင်းခံ သုံးစွဲရမည်။

(၂)

ပုဒ်မခွဲငယ် (၁)အရ တောင်းခံရရှိသော ငွေအနက် ကော်မရှင်အဖွဲ့ ခွဲများသို့ သင့်လျော်သလို ခွဲဝေပေးရမည်။

(ခ)

ကော်မရှင်အဖွဲ့ခွဲများသည်-

(၁)

ပုဒ်မခွဲ (က)အရ ကော်မရှင်ထံမှ ခွဲဝေရရှိသောငွေကို ကော်မရှင် က ညွှန်ကြားသည့်အတိုင်း သုံးစွဲ၍ စာရင်းများကို စနစ်တကျ ထားရှိ ရမည်။

(၂)

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီးစီးသောအခါ ကော်မရှင် အဖွဲ့ခွဲများသည် မိမိတို့ ၏ ငွေစာရင်း ရှင်းတမ်းများကို ကော်မရှင်သို့ ပေးပို့ ရမည်။

၂၈။

ကော်မရှင်သည် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများအတွက် လိုအပ်သော ဝန်ထမ်းများနှင့် ပစ္စည်းအကူအညီတို့ကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့်အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှ ညှိနှိုင်းရယူနိုင်သည်။

အခန်း(၁၂)

အထွေထွေ

၂၉။

ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန် ထမ်းဆောင်သူများ၊ ကော်မရှင်၏ တာဝန်ပေးချက်အရ တာဝန်ထမ်းဆောင်သူများနှင့် မဲရုံအဖွဲ့ဝင်များသည် ဤဥပဒေအရ ပေးအပ်သော တာဝန်ကို ထမ်းဆောင်ချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၃၀။

(က)

ကော်မရှင်အဖွဲ့ခွဲ တစ်ခုခုတွင် တစ်စုံတစ်ရာသော အကြောင်းကြောင်း ကြောင့် အဖွဲ့ဝင်နေရာ လစ်လပ်ခဲ့လျှင် အောက်ပါ ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲက အစားထိုး ခန့်ထားနိုင်သည်-

(၁)

နေပြည်တော်ကောင်စီနယ်မြေကော်မရှင်အဖွဲ့ခွဲနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ၏ အဖွဲ့ဝင်နေရာ ဖြစ်ပါက ကော်မရှင်၊

(၂)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကော်မရှင် အဖွဲ့ခွဲ၊ ခရိုင်ကော်မရှင် အဖွဲ့ခွဲနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၏ အဖွဲ့ဝင်နေရာဖြစ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲ၊

(၃)

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ၏  အဖွဲ့ဝင် နေရာ ဖြစ်ပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင် အဖွဲ့ခွဲ။

(ခ)

ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နေရာ လစ်လပ်ခြင်း ကြောင့် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်း ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

၃၁။

ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်                                                                           

နိုင်ငံတော်သမ္မတ                                                                        

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်                                                  

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။