ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁။)

၁၃၇၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်

(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂ တွင်-

(က) ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဂ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ခ) မြစ်ဆိုသည်မှာ ချောင်းများစီးဝင်ရာမှ ဖြစ်ပေါ်လာသော သဘာဝရေစီးကြောင်းကိုဆိုသည်။

(ဂ) ချောင်းဆိုသည်မှာ သဘာဝရေအရင်းအမြစ်များစုစည်း၍ တစ်နေရာမှတစ်နေရာ သို့စီးဆင်းလာသော ရေစီးကြောင်းကိုဆိုသည်။’

(ခ) ပုဒ်မခွဲ (စ)တွင်ပါရှိသော ‘သို့ရာတွင်ကုန်းနှင့် တစ်ဆက်တည်းတည်ရှိသော ကျွန်းများမပါဝင်’ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။

(ဂ) ပုဒ်မခွဲ (ဌ) တွင်ပါရှိသော ‘မြစ်ချောင်းများပြုပြင်ထိန်းသိမ်းရန်’ဆိုသည့်စကားရပ်၏နောက်တွင် ‘နှင့်ဖွံ့ဖြိုးတိုးတက်စေရန်’ဆိုသည့်စကားရပ်ကိုဖြည့်စွက်ရမည်။

(ဃ) ပုဒ်မခွဲ (ဌ)၏နောက်တွင် ပုဒ်မခွဲ (ဌ-၁)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

‘(ဌ-၁) ကမ်းထိန်းအဆောက်အအုံဆိုသည်မှာ မြစ်ချောင်းများ၏ ကမ်းပါးနယ်များ ရေတိုက်စားကမ်းပြိုမှုမှ ကာကွယ်ရန်သော်လည်းကောင်း၊ ကမ်းပါးတည်ငြိမ်မှုရှိရေးအတွက်သော်လည်းကောင်း တည်ဆောက်ထားသော အဆောက်အအုံကိုဆိုသည်။’

(င) ပုဒ်မခွဲ (ဍ)၏ နောက်တွင် ပုဒ်မခွဲ (ဎ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ပြီး မူလပုဒ်မခွဲ (ဎ)ကို ပုဒ်မခွဲ (ဏ)အဖြစ် ပြောင်းလဲအမှတ်စဉ်ရမည်-

‘(ဎ) ဝန်ကြီဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆိုသည်။’

(စ) ပုဒ်မခွဲ (ဎ)တွင်ပါရှိသော ‘ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ’ ဆိုသည့်စကားရပ်ကို‘ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ’ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေတွင် ပါရှိသော ‘ပို့ဆောင်ရေးဝန်ကြီးဌာန’ဆိုသည့်စကားရပ်ကို ‘ဝန်ကြီး ဌာန’ဆိုသည့် စကားရပ်ဖြင့် အသီးသီးအစားထိုးရမည်။

၄။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၄ တွင်-

(က) ပုဒ်မခွဲ (ဃ)ကို ပယ်ချက်ရမည်။

(ခ) ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(င) ရေကြောင်းပြခ၊ ရေကြောင်းအသုံးပြုခ၊ ဆိပ်ကမ်းကပ်ခ၊ ကျောက်ချရပ်နားခ၊ ကမ်းနားနယ်အသုံးပြုခ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှအပဖြစ်သောအခြားလုပ်ငန်းများအတွက် မြစ်ချောင်းရေအသုံးပြုခ၊ မြစ်ချောင်းများထိန်းသိမ်းရေးဆိုင်ရာ ဝန်ဆောင်ခများသတ်မှတ်ခြင်း။’

၅။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၅ တွင်-

(က) ပုဒ်မခွဲ (ဃ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ဃ) မြို့များအလိုက် စိုးရိမ်ရေမှတ်များ သတ်မှတ်ရာတွင် မှန်ကန်မှုရှိစေရန်အတွက်သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။’

(ခ) ပုဒ်မခွဲ (ဇ)တွင်ပါရှိသော ‘ရေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက်’ ဆိုသည့်စကားရပ်၏ရှေ့တွင် ‘မြစ်ချောင်းများတွင်’ ဆိုသည့်စကားရပ်ကိုဖြည့်စွက်ရမည်။

(ဂ) ပုဒ်မခွဲ (ဋ)၏နောက်တွင် ပုဒ်မခွဲ (ဋ-၁) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

‘(ဋ-၁)မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် စီးပွားရေးအလို့ငှာ နစ်မြုပ်ရေယာဉ်တူးဖော်ခွင့်ပြုရန် လျှောက်ထားချက်ကိုစိစစ်၍ခွင့်ပြုချက်ထုတ်ပေးခြင်း။’

(ဃ) ပုဒ်မခွဲ (ဎ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(ဎ) ရေကြောင်းပြခ၊ ရေကြောင်းအသုံးပြုခ၊ ဆိပ်ကမ်းကပ်ခ၊ ကျောက်ချရပ်နားခ၊ ကမ်းနားနယ်အသုံးပြုခ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများမှအပဖြစ်သောအခြားလုပ်ငန်းများအတွက် မြစ်ချောင်းရေအသုံးပြုခ၊ မြစ်ချောင်းများထိန်းသိမ်းရေးဆိုင်ရာ ဝန်ဆောင်ခများ ကောက်ခံခြင်း။’

၆။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ၆ တွင်-

(က) ပုဒ်မခွဲ (က)၊ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (ဆ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘(က) ကမ်းထိန်းအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့်ကမ်းနားနယ်တို့တွင် ရေလမ်းထိန်း အဆောက်အအုံ၊ လွန်းလမ်း၊ သင်္ဘောကျင်း၊ ရေစိုသင်္ဘောကျင်း၊ ရေလုံသင်္ဘောကျင်း တည်ဆောက်ခြင်း၊ ဆိပ်ခံတံတား၊ ရေဆင်းလမ်း၊ ရေဆင်းတံတားဆောက်လုပ်ခြင်း၊ မြောင်းဖော်၍သင်္ဘောကမ်းထိုးခြင်း၊ မြောင်းဖော်ခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှအပဖြစ်သောအခြားလုပ်ငန်းများအတွက် မြစ်ရေအသုံးပြုခြင်း၊ လုပ်ကိုင်ခွင့်လျှောက်ထားခြင်း အပေါ်စိစစ်၍ခွင့်ပြုချက်ထုတ်ပေးခြင်း။

(ဂ) မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် အဆောက်အအုံများ၊ တံတားများဆောက်လုပ်ခွင့်နှင့် ပြင်ဆင်ခွင့်လျှောက်ထားခြင်းတို့အပေါ်စိစစ်ပြီးသက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ သဘောထားမှတ်ချက်ပေးခြင်း။

(ဆ) မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် စီးပွားရေးအလို့ငှာသဲကျုံးခြင်း၊ သဲစုပ်ခြင်း၊ သဲတူးခြင်း၊ မြစ်ကျောက်ထုတ်ခြင်းနှင့် ချောင်းကျောက်ထုတ်ခြင်းများ လုပ်ကိုင်ခွင့်လျှောက်ထားချက်အပေါ်မြစ်ချောင်းရေလမ်းကြောင်းများ၊ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့ ထိခိုက်နိုင်ခြင်းရှိမရှိစိစစ်၍သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ သဘောထားမှတ်ချက်ပေးခြင်း၊’

(ခ) ပုဒ်မခွဲ (ဆ)၏နောက်တွင် ပုဒ်မခွဲ(ဆ-၁)အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

‘(ဆ-၁) ရွှေကျင်ခြင်း၊ ရွှေ သတ္တုတူးဖော်ခြင်း သို့မဟုတ် သယံဇာတ ထုတ်ယူခြင်း၊ နည်းလမ်းအမျိုးမျိုးဖြင့် ရေလုပ်ငန်းဆောင်ရွက်ခြင်းများ လုပ်ကိုင်ခွင့်ပြုရန်လျှောက်ထားချက်အပေါ် မြစ်ချောင်းရေလမ်းကြောင်းများ၊ မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့ ထိခိုက်နိုင်ခြင်း ရှိမရှိစိစစ်၍ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းသို့ သဘောထားမှတ်ချက်ပေးခြင်း။’

(ဂ) ပုဒ်မခွဲ (ဇ) တွင်ပါရှိသော ‘မြစ်ချောင်းများအတွင်း’ ဆိုသည့်စကားရပ်ကို ပယ်ဖျက်ရမည်။

(ဃ) ပုဒ်မခွဲ (ဇ) ၏နောက်တွင် ပုဒ်မခွဲ (ဈ)နှင့် ပုဒ်မခွဲ(ည)တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

‘(ဈ) မြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တို့တွင် စီးပွားရေးအလို့ငှာ ငါး၊ ပုစွန်၊ ဂဏန်း၊ ဂဏန်းပျော့နှင့် အခြားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်မြေနေရာအသုံးပြုခွင့်လျှောက်ထားခြင်းအပေါ်စိစစ်၍ခွင့်ပြုချက်ထုတ်ပေးခြင်း။

(ည) မြစ်ချောင်းနယ်၊ ကမ်းပါးနယ်၊ ကမ်းနားနယ်နှင့်ဆက်စပ်၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ချက်အရ မြစ်ချောင်းများအတွင်းတိုးချဲ့၍မြေဖို့ပြုပြင်ခြင်းကြောင့် ရရှိလာသော မြေဧရိယာအား ဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။’

၇။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၇ ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၇။ ဦးစီးဌာနသည် မိမိလုပ်ငန်းတာဝန်များကိုလိုအပ်ပါက မိမိလက်အောက်ရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဦးစီးမှူးရုံးများ၊ မြို့နယ်ဦးစီးမှူးရုံးများအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။’

၈။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၅ ကို အောက်ပါအတိုင်းအစားထိုးရမည်-

‘၁၅။ မည်သူမျှမြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့်ကမ်းနားနယ်တို့တွင် ဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲ-

(က) ရေလမ်းထိန်းအဆောက်အအုံ၊ လွန်းလမ်း၊ သင်္ဘောကျင်း၊ ရေစိုသင်္ဘောကျင်း၊ ရေလုံသင်္ဘောကျင်း တည်ဆောက်ခြင်း၊ ဆိပ်ခံတံတားနှင့် ဗောတံတား၊ ရေဆင်းလမ်း၊ ရေဆင်းတံတား ဆောက်လုပ်ခြင်း၊ မြောင်းဖော်၍ သင်္ဘောကမ်းထိုးခြင်း၊ မြောင်းဖော်ခြင်း၊ ယာယီမြစ်ကူးချောင်းကူးတံတား ဆောက်လုပ်ခြင်းမပြုရ။

(ခ) ငါး၊ ပုစွန်၊ ဂဏန်း၊ ဂဏန်းပျော့နှင့် အခြားမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အလို့ငှာ မွေးမြူရေးကန်များ တူးဖော်ခြင်းမပြုရ။’

၉။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၃ တွင်-

‘(က) ပုဒ်မခွဲ (က) တွင်ပါရှိသော ‘ပို့ဆောင်ရေးဝန်ကြီးဌာန’ ဆိုသည့်စကားရပ်ကို‘ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန’ဆိုသည့် စကားရပ်ဖြင့်အစားထိုးရမည်။

(ခ) ပုဒ်မခွဲ (ခ) တွင်ပါရှိသော ‘ဆောက်လုပ်ခြင်းမပြုရ’ ဆိုသည့်စကားရပ်ကို ‘လမ်းများနှင့်ကမ်းထိန်းအဆောက်အဦများ၊ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း မပြုရ’ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။’

၁၀။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ၂၅ တွင်ပါရှိသော ‘ကျပ်၅၀၀၀၀ထက်မပိုသောငွေဒဏ်’ဆိုသည့်စကားရပ်ကို‘အနည်းဆုံးကျပ်ငါးသိန်းမှ အများဆုံးကျပ်၁၀သိန်းထက် မပိုသောငွေဒဏ်’ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၁၁။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၂၆တွင်ပါရှိသော ‘ပြဋ္ဌာန်းချက်’ဆိုသည့်စကားရပ်ကို ‘တားမြစ်ချက်’ဆိုသည့်စကားရပ်ဖြင့်လည်းကောင်း၊ ‘ကျပ် ၃၀၀၀၀ထက်မပိုသောငွေဒဏ်’ဆိုသည့်စကားရပ်ကို‘အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံးကျပ်ခုနစ်သိန်းထက်မပိုသောငွေဒဏ်’ဆိုသည့်စကားရပ်ဖြင့်လည်းကောင်းအစားထိုးရမည်။

၁၂။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၇တွင်ပါရှိသော ‘ကျပ် ၁၀၀၀၀ထက်မပိုသောငွေဒဏ်’ဆိုသည့်စကားရပ်ကို‘အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်’ဆိုသည့်စကားရပ်ဖြင့် အစားထိုးရမည်။

၁၃။ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၃ ကို အောက်ပါအတိုင်း အစားထိုးရမည်-

‘၃၃။ The Obstructions in Fairways Act, 1881၊ The Defile Traffic Act, 1907၊ The Ports Act, 1908၊ ပြည်တွင်းရေကြောင်းသွားရေယာဉ်ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၉)၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၂၁) တို့နှင့် ယင်းဥပဒေများအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ဆက်လက်ကျင့်သုံးနိုင်သည်။’

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။