အခန်း(၃၁) အထွေထွေ ပြဋ္ဌာန်းချက်များ စည်းမျဉ်းများ၊ နည်းဥပဒေများ၊ အမိန့်များ၊ အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကို ထုတ်ဝေနိုင်သည့် အခွင့်အာဏာ ၄၆၂။ (က) ဤဥပဒေအရဖြစ်စေ၊ အခြားသော သက်ဆိုင်ရာဥပဒေအရဖြစ်စေ ရရှိထားသည့် အခွင့်အာဏာ သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ – (၁) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤဥပဒေအား အကောင်အထည်ဖော်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အတည်ပြု ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်အတွက် နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။ ၎င်းအပြင် (၂) မှတ်ပုံတင်အရာရှိသည် ဤဥပဒေအား အကောင်အထည်ဖော်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အတည်ပြု ဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်သော အမိန့်ကြော်ငြာ စာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဇယားများနှင့် ပုံစံများကို ထုတ်ပြန်နိုင်သည်။ (၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပုဂ္ဂလိကစီးပွားရေး အသင်းအဖွဲ့များ၏ အကြံပြုတင်ပြချက်များကို ကြိုတင်ရယူနိုင်သည်။ ( ခ ) ပုဒ်မခွဲ (က) အရပြုလုပ်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများအားလုံးကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထိုသို့ဖော်ပြပြီးသည့်အခါ ဤဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းပြီးဖြစ်သကဲ့သို့ အကျိုးသက်ရောက်စေရမည်။ အထူးတရားရုံးများ၊ ခုံရုံးများ၊ ကော်မရှင်များ သို့မဟုတ် ကော်မတီများ ဖွဲ့စည်းတည်ထောင်ခြင်း ၄၆၃။ (က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤဥပဒေအား အကောင်အထည်ဖော် စီမံဆောင်ရွက်ရန်အတွက် အထောက်အကူဖြစ်စေမည့် ခုံရုံးများ သို့မဟုတ် ကော်မရှင်များ သို့မဟုတ် ကော်မတီများကို ဖွဲ့စည်းတည်ထောင်နိုင်ရန် အလို့ငှာ လိုအပ်သော စည်းမျဉ်းဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။ အဆိုပါ စည်းမျဉ်း ဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေနှင့် ဆန့်ကျင်ခြင်း မရှိစေရ။ သို့ရာတွင် အောက်ပါတို့နှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို ထည့်သွင်းဖော်ပြနိုင်သည်(၁) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီတို့က ထုတ်ပြန်နိုင်သော အမိန့်များ အပါအဝင် ခုံရုံး သို့မဟုတ် ကော်မရှင်တို့၏ အခွင့်အာဏာများ၊ တာဝန်များ၊ လုပ်ငန်းများနှင့်လုပ်ထုံးလုပ်နည်းများ၊ အဆိုပါဆောင်ရွက်မှုများသည် ဤဥပဒေ သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေတစ်ရပ်ရပ်အရ တရားရုံးသို့အပ်နှင်းထားသည့် အခွင့်အာဏာများ၊ တာဝန်များနှင့် လုပ်ငန်းများထက် ကျော်လွန်ခြင်းမရှိစေရ၊ (၂) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီများ၏ စီရင်ပိုင်ခွင့် နယ်ပယ်အတွင်း ဆုံးဖြတ်ဆောင်ရွက်နိုင်သည့် အထွေထွေ သို့မဟုတ် အထူးကိစ္စရပ်များနှင့် ခုံရုံး သို့မဟုတ် ကော်မရှင်၏ဆုံးဖြတ်ချက်များကို ပြင်ဆင်မှု သို့မဟုတ် အယူခံမှုများ တင်သွင်းဆောင်ရွက်ခြင်းအတွက် လုပ်ငန်းစဉ်များ၊ (၃) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီအဖွဲ့ဝင်များ၏ အရေအတွက်နှင့် ၎င်းတို့၏ အရည်အချင်းသတ်မှတ်ချက်များ၊ (၄) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီအဖွဲ့ဝင်များကို ခန့်အပ်ခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်းနှင့် ၎င်းတို့၏ လစ်လပ်သောနေရာများကို အစားထိုး ခန့်ထားခြင်းများနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများ၊ (၅) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း များနှင့်စပ်လျဉ်းသည့် အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းကမ်းချက်များ၊ (၆) ယာယီဖွဲ့စည်းတည်ထောင်သော သို့မဟုတ် အမြဲတမ်းဖွဲ့စည်းတည်ထောင်သော သို့မဟုတ် အထူးကိစ္စရပ်အတွက် ဖွဲ့စည်းတည်ထောင်သောခုံရုံး သို့မဟုတ် ကော်မရှင်များ သို့မဟုတ် ကော်မတီများအပါအဝင် ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ သက်တမ်းနှင့် (၇) ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီ၏ ဘဏ္ဍာငွေကိစ္စနှင့် ခုံရုံး သို့မဟုတ် ကော်မရှင် သို့မဟုတ် ကော်မတီက အခကြေးငွေ၊ ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်များကို သတ်မှတ်ခြင်းနှင့် အခကြေးငွေများကို ကောက်ခံခြင်းများအတွက် ဆောင်ရွက်နိုင်မှုများ။ ( ခ ) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ရယူပြီး ဤဥပဒေကို အကောင်အထည်ဖော် စီမံဆောင်ရွက်ရန် အထောက်အကူဖြစ်စေမည့် အထူးတရားရုံး တည်ထောင်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးသို့ အဆိုပြုတင်ပြနိုင်သည်။ နိုင်ငံခြားကုမ္ပဏီနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် ၄၆၄။ နိုင်ငံခြားကုမ္ပဏီများနှင့်စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ၁၉၈၇ ခုနှစ်၊ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ခြင်းမရှိစေရ။ အခန်း (၃၂) အကျိုးသက်ရောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကူးပြောင်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ယခင်ဥပဒေနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များ ၄၆၅။ (က) ယခင်ဥပဒေနှင့် ယင်းဥပဒေတွင် ပါဝင်သော နောက်ဆက်တွဲဇယားများသည် ဤဥပဒေ စတင် အာဏာတည်သည့်နေ့တွင် ပယ်ဖျက်ပြီးဖြစ်စေရမည်။ ( ( ခ ) ယခင်ဥပဒေအား ပယ်ဖျက်ပြီးနောက်ပိုင်းတွင် ထိုဥပဒေအရ ဆောင်ရွက်ပြီးသည့်ကိစ္စရပ်များ သို့မဟုတ် ဆောင်ရွက်ဆဲကိစ္စရပ်များသည် ဤအခန်းနှင့်အညီ လည်းကောင်း၊ ယင်း၏ ထပ်မံပြဋ္ဌာန်းချက်များအရလည်းကောင်း ဤဥပဒေအရ ဆောင်ရွက်ပြီး သို့မဟုတ် ဆောင်ရွက်ဆဲကိစ္စရပ်များဖြစ်သည်ဟု သတ်မှတ်ရမည်။ ကုမ္ပဏီ ဖျက်သိမ်းခြင်းအတွက် တရားစွဲဆိုဆောင်ရွက်ခြင်းအား ဆိုင်းငံ့ထားခြင်း၏ အကျိုးသက်ရောက်မှု ၄၆၆။ ကုမ္ပဏီဖျက်သိမ်းခြင်းနှင့်စပ်လျဉ်းသည့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ဤဥပဒေ စတင်အာဏာတည်သည့် နေ့ရက်မတိုင်မီက စတင်ပြုလုပ်နေခဲ့သည့် ကုမ္ပဏီဖျက်သိမ်းခြင်းကို ဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုခုနှင့် သက်ဆိုင်ခြင်းမရှိစေရ။ သို့သော် ထိုကုမ္ပဏီအားလုံးသည် ဤဥပဒေအား ပြဋ္ဌာန်းထားခြင်းမရှိသကဲ့သို့ ယခင်အလားတူ ကိစ္စရပ်များအတိုင်း အလားတူနည်းလမ်းများဖြင့် ဖျက်သိမ်းဆောင်ရွက်ရမည်။ စာရွက်စာတမ်းများ၏ အကျိုးသက်ရောက်မှု ၄၆၇။ ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်မတိုင်မီက ဤဥပဒေဖြင့် ပယ်ဖျက်လိုက်သည့် ဥပဒေတစ်ရပ်ရပ်နှင့်အညီ ပြုလုပ်ထားသော လွှဲပြောင်းထားသည့် စာရွက်စာတမ်းများ သို့မဟုတ် အခြားစာရွက်စာတမ်းများအားလုံးသည် ဤဥပဒေအား ပြဋ္ဌာန်းထားခြင်း မရှိသကဲ့သို့ ယခင်အတိုင်း အကျိုးသက်ရောက်စေရမည်ဖြစ်ပြီး အဆိုပါစာရွက်စာတမ်းများပါ ကိစ္စရပ်များအတွက် ပယ်ဖျက် လိုက်သော ဥပဒေသည် ဆက်လက်အကျိုးသက်ရောက်နေသကဲ့သို့ မှတ်ယူရမည်။ မှတ်ပုံတင်ထားခြင်းနှင့်စပ်လျဉ်းသည့် ယခင်က ရုံးခန်းများ၊ မှတ်ပုံတင်စာရင်းများနှင့် မှတ်ပုံတင် အရာရှိများသည် ဆက်လက်အကျိုးသက်ရောက်ခြင်း ၄၆၈။ (က) ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်တွင် တည်ရှိဆဲကုမ္ပဏီ မှတ်ပုံတင်ရုံးများ သည် ဤဥပဒေအရ တည်ထောင်ထားခြင်းဖြစ်သကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်။ ( ခ ) အဆိုပါ တည်ရှိဆဲရုံးများတွင် ထိန်းသိမ်းထားရှိသည့် မှတ်ပုံတင်စာရင်းများသည် ဤဥပဒေအရ ထိန်းသိမ်းထားရှိရမည့် ကုမ္ပဏီများအတွက် မှတ်ပုံတင်စာရင်းများ၏ အစိတ်အပိုင်းများကဲ့သို့ အသီးသီးမှတ်ယူရမည်။ (ဂ ) လက်ရှိမှတ်ပုံတင်အရာရှိနှင့် ထိုမှတ်ပုံတင်ရုံးများရှိ အရာရှိများသည် ဆက်လက် တာဝန် ထမ်းဆောင်ရမည်။ သို့သော် ၎င်းတို့၏ တာဝန်များဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၏ စည်းမျဉ်းများကို လိုက်နာရမည်။ တည်ဆဲ မှတ်ပုံတင်ထားသည့်ကုမ္ပဏီများသည် ဆက်လက်မှတ်ပုံတင်ခြင်း ၄၆၉။ (က) ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ (ဃ)နှင့်အညီ ကုမ္ပဏီတစ်ခုခု သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုသည် ယခင်ဥပဒေအရ မှတ်ပုံတင်ထားခဲ့ပြီး ထိုသို့မှတ်ပုံတင်ထားခြင်းသည် ဤဥပဒေ စတင်အာဏာတည်သည်နှင့်တစ်ပြိုင်နက် ဆက်လက်အကျိုးသက်ရောက်နေလျှင် ထိုကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏မှတ်ပုံတင်ခြင်းသည် ဤဥပဒေ၏ အပိုင်း(၂)တို့ အရ သက်ဆိုင်သည့် အမျိုးအစားအလိုက်ဖြစ်သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း များကို မှတ်ပုံတင်ခြင်းဖြစ်သကဲ့သို့ စတင်သည့်အချိန်မှစ၍ အကျိုးသက်ရောက်စေရမည်။ ( ခ ) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် ကူးပြောင်းကာလအတွင်း နိုင်ငံတော် အတွင်း အများအားဖြင့် နေထိုင်သူတစ်ဦးကို ဒါရိုက်တာတစ်ဦးအဖြစ် ခန့်အပ်ရမည်။ (ဂ) ပုဒ်မခွဲ (က) နှင့် သက်ဆိုင်သော ပြည်ပကော်ပိုရေးရှင်းတစ်ခုသည် ကူးပြောင်းကာလ အတွင်း အခွင့်အာဏာအပ်နှင်းခြင်းခံရသော အရာရှိတစ်ဦးကို ခန့်အပ်ရမည်။ လျှောက်ထားမှုများကို ဆက်လက်ဆောင်ရွက်ရခြင်း ၄၇၀။ (က) ယခင်ဥပဒေအရ ပြုလုပ်ခဲ့သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်အား မှတ်ပုံတင်ခြင်း အတွက် လျှောက်ထားမှုသည် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ပြီးပြတ်ခြင်း မရှိသေးပါက လျှောက်ထားသူက ပြန်လည်ရုပ်သိမ်းခြင်းမပြုလျှင် ဤဥပဒေအရ ပြုလုပ်သော လျှောက်ထားမှုတစ်ရပ်အဖြစ် သတ်မှတ်ရမည်။ ( ခ ) ဤဥပဒေအရ လျှောက်ထားမှုနှင့်စပ်လျဉ်းသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီ ပြည့်စုံစေရန်အတွက် ပုဒ်မခွဲ (က) တွင် ရည်ညွှန်းဖော်ပြထားသော လျှောက်လွှာတင်ခြင်း ကို ပြင်ဆင်ရန်အတွက် လျှောက်ထားသူက တောင်းခံတင်ပြနိုင်သည် သို့မဟုတ် မှတ်ပုံတင်အရာရှိက ဆောင်ရွက်စေနိုင်သည်။ တည်ဆဲစည်းမျဉ်းများအချို့ကို ပယ်ဖျက်ခြင်းနှင့်အခြားသော စည်းမျဉ်းများ ဆက်လက်အကျိုးသက်ရောက်ခြင်း ၄၇၁။ (က) ဤဥပဒေ စတင်အာဏာတည်သည့်အခါတွင် ၁၉၄ဝ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများ နည်းဥပဒေ ၈ မှ ၃ဝ အထိ အားလုံးအပါအဝင် နှင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ၏ နောက်ဆက်တွဲ ပုံစံများမှပုံစံ ၁ မှ ၉ အထိ အားလုံးအပါအဝင်တို့သည် ပျက်ပြယ်စေရမည်။ ( ခ ) ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများစည်းမျဉ်းသည် ဤဥပဒေ စတင်အာဏာ တည်သည့်နေ့တွင် ပျက်ပြယ်ပြီး ဖြစ်သည်။ (ဂ) ပုဒ်မခွဲ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များမှအပ လိုက်နာလျက် ဤဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် တူညီပြီး ဤဥပဒေစတင်အာဏာတည်သည့်နေ့မတိုင်မီ နေ့ရက်အထိ အာဏာ သက်ဝင်၍ အသုံးပြုလျက်ရှိသော ယခင်ဥပဒေပါ တူညီသော ပြဋ္ဌာန်းချက်များအတွက် ပြုလုပ်ထားသော စည်းမျဉ်းများသည် သက်ဆိုင်သမျှ ဤဥပဒေ စတင်အာဏာတည်သည့် နောက်ပိုင်း လိုအပ်သောပြင်ဆင်ချက်များနှင့်အတူ အောက်ပါအတိုင်း ဆက်လက် အကျိုးသက်ရောက်စေရမည်(၁) ထိုစည်းမျဉ်းများသည် ပုဒ်မ ၄၇၅ အရ အကျိုးသက်ရောက်သည့် စည်းမျဉ်းများ ဖြစ်သည်။ (၂) ထိုစည်းမျဉ်းများသည် ဤဥပဒေပါ တူညီသောပြဋ္ဌာန်းချက်များ၏ ကိစ္စရပ် များအတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ သက်ဆိုင်ရာပြဋ္ဌာန်းချက်များအရဆောင်ရွက်ထားသည့်ကိစ္စရပ်များသည် ဆက်လက်အကျိုးသက်ရောက်ခြင်း ၄၇၂။ ဤအခန်းပါ အခြားပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ အကြောင်းကိစ္စ တစ်ရပ်ရပ်သည် (က) ဤဥပဒေ စတင်အာဏာတည်ခြင်း မရှိမီက ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် တူညီသော ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ သို့မဟုတ် ထိုပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်လျှင်၊ ( ခ) အဆိုပါ ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဤဥပဒေ စတင်အာဏာတည်သည့်နေ့အထိ ယခင်ဥပဒေပါ ကိစ္စရပ်များအတွက် အလို့ငှာ ဆက်လက်ဆောင်ရွက်နေလျှင်၊ ထိုအကြောင်းကိစ္စများသည် ဤဥပဒေ၏တူညီသော ပြဋ္ဌာန်းချက်အရ သို့မဟုတ် အဆိုပါ ပြဋ္ဌာန်းချက်ပါ ကိစ္စရပ်များအတွက် ဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ဤဥပဒေ စတင်အာဏာ တည်ပြီးနောက် အကျိုးသက်ရောက်စေရမည် သို့မဟုတ် သက်ဆိုင်စေရမည်။ ရရှိထားသော အခွင့်အရေးများကို ဆက်လက်ခံစားခွင့်ရှိခြင်း ၄၇၃။ ဤအခန်းပါ အခြားသော ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်း မရှိစေဘဲ ဤဥပဒေ စတင်အာဏာတည်ခြင်း မရှိမီက တစ်ဦးတစ်ယောက်က ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် တူညီသော တရားရုံး၏ အမိန့်အရ ရရှိသည့် ကိစ္စရပ်မှအပ ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်အရ အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှု တစ်ရပ်ရပ်ကို ရရှိထားလျှင် အဆိုပါ အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှုသည် ဤဥပဒေပါ တူညီသော ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အရ ထိုပြဋ္ဌာန်းချက်သည် အခွင့်အရေး သို့မဟုတ် တာဝန်ရှိမှုကို ဖြစ်ပေါ်စေသော အပြုအမူ သို့မဟုတ် အခြေအနေများနှင့် သက်ဆိုင်သကဲ့သို့ ဆက်လက်တည်ရှိသည်ဟု မှတ်ယူရမည်။ စာရွက်စာတမ်းများတွင် ယခင်ဥပဒေကို ရည်ညွန်းဖော်ပြချက်များအကြောင်း ၄၇၄။ (က) ပုဒ်မခွဲ (ခ) နှင့်အညီ ယခင်ဥပဒေပါ ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက်ကို သော်လည်းကောင်း၊ ဤဥပဒေပါ ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက် တစ်ရပ်ရပ် နှင့် သက်ဆိုင်သည့် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ အခြား သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ရည်ညွှန်း ဖော်ပြချက် တစ်ရပ်ရပ်သည် ဤဥပဒေ စတင်အာဏာတည်ပြီးနောက် ဤဥပဒေကို ရည်ညွှန်းဖော်ပြသည် သို့မဟုတ် ဤဥပဒေပါ သက်ဆိုင်သည့် ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက်ကို ရည်ညွှန်းဖော်ပြသည်ဟု သတ်မှတ်ရမည်။ ( ခ ) ဤဥပဒေအရပြုလုပ်သည့် စည်းမျဉ်းများတွင် ပုဒ်မခွဲ (က) သည် သတ်မှတ်ဖော်ပြ ထားသည့် သက်ဆိုင်ရာဥပဒေများတွင် သက်မှတ်ဖော်ပြပါရှိသည့် ရည်ညွှန်း ဖော်ပြချက် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ခြင်း မရှိစေရဟု ဖော်ပြရမည်။ ကူးပြောင်းခြင်းဆိုင်ရာ စည်းမျဉ်းများ ပြုလုပ်ခြင်း ၄၇၅။ (က) ဤဥပဒေအရ ပြုလုပ်သည့် စည်းမျဉ်းများသည် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်မှုများမှ ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်မှုများအဖြစ်သို့ ကူးပြောင်းခြင်းနှင့် စပ်လျဉ်းသော အကျိုးသက်ရောက်မှုများ သို့မဟုတ် ကူးပြောင်းမှု အခြေအနေဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည်။ ထိုစည်းမျဉ်းများသည် ဤအခန်းတွင် အခြားနည်း ဖော်ပြထားစေကာမူ အကျိုးသက်ရောက်မှုရှိစေရမည်။ ( ခ ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်များကို ကန့်သတ်တားမြစ်ထားခြင်းမရှိစေဘဲ ထိုစည်းမျဉ်း များသည် အောက်ပါနည်းလမ်းတစ်ရပ်ရပ်တွင် အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ဖြစ်စေ သက်ဆိုင်သည့်အကြောင်းကိစ္စအတွက် ဖော်ပြနိုင်သည် – (၁) ထိုအကြောင်းကိစ္စအပေါ် ပြင်ဆင်ချက်ဖြင့်ဖြစ်စေ၊ ပြင်ဆင်ချက်မပြုဘဲ ဖြစ်စေ၊ အောက်ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်စေရမည်(ကက) ဤဥပဒေ စတင်အာဏာတည်သည့်နေ့ရက်အထိ သို့မဟုတ် စောရာအချိန် ကာလတစ်ရပ်အထိအကျိုးသက်ရောက်မှု ရှိသည့် ယခင်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် ( ခခ ) ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သို့မဟုတ် ( ဂဂ ) ပုဒ်မခွဲငယ်စိတ် (ကက) နှင့် (ခခ) တို့တွင်ဖော်ပြပါရှိသော ပြဋ္ဌာန်းချက်များကို ပေါင်းစပ်၍လည်းကောင်း၊ (၂) ထိုအကြောင်းကိစ္စနှင့် သက်ဆိုင်သော အခြားနည်းဖြင့် သတ်မှတ်ထားသည့် နည်းဥပဒေများအရလည်းကောင်း၊ (၃) ဤဥပဒေပါ ကိစ္စရပ်များအတွက် ထိုအကြောင်းကိစ္စနှင့် အကျိုးဆက်များ သို့မဟုတ် ထိုအကြောင်းကိစ္စ၏ရလဒ်ကို သတ်မှတ်ဖော်ပြခြင်းဖြင့် လည်းကောင်း။ ( ဂ ) စည်းမျဉ်းများတွင် ဤအခန်းပါ အချို့သော ပြဋ္ဌာန်းချက်များသည် စည်းမျဉ်းများတွင် ဖော်ပြထားသည့်အတိုင်း ပြင်ဆင်သတ်မှတ်ကြောင်း ဖော်ပြနိုင်သည်။ အဆိုပါပြဋ္ဌာန်းချက် များသည် ထိုသို့ ပြင်ဆင်ထားသကဲ့သို့ အကျိုးသက်ရောက်စေရမည်။ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှုအား ရပ်စဲခြင်း ၄၇၆။ (က) ဤဥပဒေစတင်အာဏာတည်ပြီးနောက် ကုမ္ပဏီတစ်ခုသည် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကို ထပ်မံခန့်အပ်ခြင်း မပြုရ။ ပုဒ်မခွဲ (ခ) ပါပြဋ္ဌာန်းချက်နှင့်အညီ စီမံအုပ်ချုပ်သောကိုယ်စားလှယ် ခန့်အပ်မည့် အစီအစဉ်တစ်ရပ်ရပ်သည် ဤဥပဒေ စတင် အာဏာတည်သည့်နေ့တွင် ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည့်အပြင် အဆိုပါ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကို ထိုနေ့မှစ၍ ကုမ္ပဏီ၏ဒါရိုက်တာတစ်ဦးအဖြစ် မှတ်ယူရမည်။ ( ခ ) ဤဥပဒေ စတင်အာဏာတည်သည့်အချိန်တွင် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်တစ်ဦး ရှိသည့် ကုမ္ပဏီတစ်ခုခု သို့မဟုတ် အဆိုပါ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်တစ်ဦးဦးသည် ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြ၍ စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ဖြင့် ဆောင်ရွက်မှုကို ကူးပြောင်းကာလကုန်ဆုံးသည်အထိ ဆက်လက်ဆောင်ရွက်ခွင့်ပြုရန် ပုဒ်မခွဲ (က) မှ ယာယီ ကင်းလွတ်ခွင့်အတွက် လျှောက်ထားနိုင်သည်။ လျှောက်ထားမှုကို ဤဥပဒေ စတင် အာဏာတည်သည့်နေ့မှ ၂၈ ရက်အတွင်း ပြုလုပ်ရမည်။ ပုဒ်မခွဲ (ခ) အရ လျှောက်ထားလာသည့်အခါ ပြည်ထောင်စုဝန်ကြီးသည် ၎င်းကသင့်သည် ထင်မြင်သည့်အတိုင်း ကုမ္ပဏီ၏ အကောင်းဆုံးအကျိုးခံစားခွင့်အတွက် ထိုသို့ ဆောင်ရွက်ရန် ဆုံးဖြတ်နိုင်သည်။ (ဃ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်အရ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်ကိုမျှ လျော်ကြေးပေးခြင်းမရှိစေရ။ သို့ရာတွင် ဤဥပဒေစတင်အာဏာတည်သည့် နေ့တွင် စီမံအုပ်ချုပ်သော ကိုယ်စားလှယ်သို့ ပေးရန်ကျန်ရှိသည့် ငွေကြေးများကို ဆက်လက် ပေးချေစေရမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။ နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 
 

Myanmar Law Center


 
 

အခြားစိတ်ဝင်စားစရာများ။