Connect with us

1880 – ရှေးမြန်မာဘုရင်‌တွေရဲ့ #ရေအိမ်တော် (သို့) #အိမ်သာ

MYANMAR HISTORY

1880 – ရှေးမြန်မာဘုရင်‌တွေရဲ့ #ရေအိမ်တော် (သို့) #အိမ်သာ

Royal Toilets of Mandalay Grand Palace
ရှေးမြန်မာဘုရင်‌တွေရဲ့ #ရေအိမ်တော် (သို့) #အိမ်သာ
.
ကျွန်တော် ၁၀ နှစ်သားလောက်က မန္တလေးနန်းတော် ရောက်ဖူးကတည်းက မေးမေးနေခဲ့တဲ့ ကိစ္စပါ။ မြန်မာပြည်မှာ အိမ်သာတွေက ညစ်ပတ်တတ်လို့၊ ထိုင်ခုံတွေ ကုတင်တွေကအစ ရွှေနဲ့ အကုန်လုပ်လေ့ရှိတဲ့ GoldenLand ရဲ့ ဘုရင့် အိမ်သာ က ဘယ်လိုများ နေမလဲလို့ သိချင်နေခဲ့တာ နှစ် ၄၀ လောက် ရှိပါပြီ။ 😁 သဲလွန်စ အခုမှရလို့ သမိုင်း ဝါသနာအိုးတွေအတွက် ထပ် share လိုက်ပါတယ်။ #zshtut
__________
ရှေးခေတ် မြန်မာဘုရင်တွေ လက်ထက်မှာ အိမ်သာဟာ အရေးပါတဲ့ အခန်းဏ္ဍက ပါဝင်ခဲ့ဖူးပါတယ်။ ပုဂံခေတ် ကုလားကျမင်း နရသူဟာ ရေအိမ်က အဆင်းမှာ သန့်သက်ရေ မဆောင်ခဲ့တဲ့အတွက် ကုလားမင်းသမီးက ရွံ့လို့ အပါးမကပ်ရာကနေ စိတ်ဆိုးပြီး ကုလားမင်းသမီးကို ဓားနဲ့ခုတ်ပိုင်းလို့ ဇီဝိန်ကြွေခဲ့ရဖူးပါတယ်။
.
တဖန် ပုဂံခေတ် မှာပဲ နရင်္သိခမင်းဟာ ညီငယ်ရဲ့မယား ဝေဠုဝတီကို ညီတော်မရှိခိုက်အဓမ္မသိမ်းပိုက်ခဲ့လို့ ညီတော်သိတဲ့အခါမှာ လူသတ်သမားစေလွှတ်ပြီး ဘုရင်ကိုလုပ်ကြံစေတဲ့အခါမှာ ဘုရင် ရေအိမ်တော်ဝင်ခိုက် သက်တော်စောင့်တို့မရှိချိန် ဝင်ရောက်လို့ ဓားနဲ့ပိုင်းခဲ့ဖူးပါတယ်။
.
ဒါတွေကို နမူနာယူလို့ နောက်ပိုင်းဘုရင်တွေဟာ သူတို့ရဲ့ အယုံကြည်ရဆုံးသော မိဖုရားငယ်၊ကိုယ်လုပ်တော်၊ မိန်းမစိုးတွေကို ရေအိမ်ဝင်သည့်အခါတိုင်း တပါတည်းခေါ်ဆောင်ခဲ့ပါတော့တယ်။
.
ကုန်းဘောင် အဋ္ဌမမြောက်ဘုရင် သာယာဝတီမင်းဟာ ရေအိမ်ဝင်စဥ် စိတ်ရူးဖောက်လို့ အပါးက မိန်းမစိုးကိုဓားနဲ့မွှန်းလို့ သတ်ပစ်ခဲ့ဖူးတာကိုကြည့်ရင် သိနိုင်ပါတယ်။
ပြီး မင်းတုန်းဘုရင်လက်ထက်မှာ လည်း အနောက်ဆောင်က သတင်းတွေကို ရေအိမ်ဝင်စဥ်နားထောင်ဖို့အတွက် မိဖုရားငယ်တပါး(ပင်ဝှက်သည်)ကို အလှည့်ကျခေါ်ဆောင်ကာ သွားခဲ့ဖူးပါတယ်။
.
ဒါပေမဲ့ မြန်မာဘုရင်တို့အဖို့ အရေးပါလှသော ရေအိမ်တော်ဝင်သည့်အရေး နှင့် ရေအိမ်တော် အကြောင်းများဟာ ပါးစပ်ရာဇဝင်ဆန်ဆန်နှင့် သမိုင်းအထောက်အထား ခိုင်လုံစွာ မညွှန်းဆိုနိုင်ခဲ့ပါဘူး။
.
သို့သော်လည်း မြန်မာတို့၏ နောက်ဆုံးနန်းစိုက်ရာ မန္တလေးမြို့တော်ကြီးရှိ မြနန်းစံကျော်ရွှေနန်းတော် မှာ ပြည့်ရှင် ဘုရင်မင်း အတွက် ဆောက်လုပ်ထားခဲ့တဲ့ ရေအိမ်တော်အကြောင်းကတော့ သမိုင်းစာမျက်နှာတွေ မှာ အထင်အရှားကျန်ရှိနေပါသေးတယ်။
.
မင်းတုန်းဘုရင်ကြီး ၏ ရေအိမ်တော်ဟာ မှန်နန်းဆောင်၏ မြောက်ဘက် ရွှေနန်းဆောင်တော်ကြီး ရဲ့အနောက်ဘက်မှာ တည်ရှိပါတယ်။ ရေအိမ်တော်ဟာ ပတ်ပတ်လည် ၁၅ပေအကျယ်ရှိပြီး အထဲမှာ သန့်သက်ရေ၊ ပုဝါ၊ ဆပ်ပြာ စသဖြင့်ထားရှိရပါတယ်။
.
ရေအိမ်တော်ဟာ ချိုးရေတော်ဆောင်နဲ့ ကပ်လျက် အရှေ့အနောက် တည်ရှိနေပြီး ချိုးရေတော်ဆောင်ကိုတော့ မင်းတြားကြီး ဟာ အသုံးပြုလေ့မရှိဘဲ အမွှေးနံ့သာတို့ ကိုသာ နံနက်အချိန်ရောက်တိုင်း လိမ်းကျံပါတယ်။
.
ရေအိမ်တော်ကိုတော့ မင်းတြားကြီးဟာ နံနက်ရောက်တိုင်း အမြဲတမ်းအသုံးပြုခဲ့ပါတယ်။ ဒီရေအိမ်တော် က အဆင်းမှာ အငြိမ့်အပျိုတော်ဟာ မင်းတြားကြီးထံကို ဗြဲတိုက်မှ သေမိန့်ကျ သုံးတန်းရပုဂ္ဂိုလ်တွေကို တင်လျှောက် ပြီး အတည်ပြုခွင့်တောင်းကြရပါတယ်။ ထို့ပြင် ဆွေတော်မျိုးတော်တွေထဲက ကံကုန်တဲ့အခါမှာ လည်း ဤရေအိမ်တော်အဆင်းမှာ ပဲ တင်လျှောက်ပြီး သင်္ဂြိုလ်ခွင့်ကို တောင်းခံရပါတယ်။
.
ဒါပေမဲ့ မြနန်းစံကျော်ရွှေနန်းတော် ကြီး အတွင်းတည်ရှိခဲ့တဲ့ မင်းတုန်းဘုရင်ကြီးရဲ့ ရေအိမ်တော်နဲ့ ချိုးရေတော်ဆောင်တို့ဟာ နောင်အခါ မှာ နန်းတော်ကြီး ပျက်စီးပြာကျရခြင်းနဲ့အတူ ပျက်စီးခဲ့ရပြီး ပြန်လည်တည်ဆောက်လာတဲ့ အခါမှာလည်း မပါရှိခဲ့တော့ဘဲ နိဋ္ဌိတံခဲ့ရပါတယ်။
.
(ထည့်သွင်းထားသောပုံမှာ မင်းတုန်းဘုရင် လက်ထက် မှန်နန်းဆောင်မြောက်ဘက်ကပ်လျက် ရှိ ရေအိမ်တော်နှင့်ချိုးရေတော်ဆောင်တို့အနက်မှ ရေအိမ်တော်ဟု ယူဆရသော နန်းဆောင်တော်တခုပင်ဖြစ်လေသည်။)
.
ကိုးကား/ခရက်ဒစ်။
နှစ်၁၀၀ပြည့်မန္တလေး
ရွှေကိုင်းသား
ဇေယျ
လောကစာဥယျာဥ်၂

photo by aunghtootint
#မင်းနန်သူ
#Historynotes

Continue Reading
Advertisement
You may also like...

More in MYANMAR HISTORY

Advertisement

Myanmar Net intl. news

--- မှတ်ချက် ---
လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပြည်တွင်း သတင်းဆင်ဆာ ဖြတ်တောက်မှု ပေါ်လစီများကြောင့်၊ ပြည်တွင်းရှိ မီဒီယာတစ်ခုအနေဖြင့် ကမ္ဘာ့သတင်းများသာ ဖော်ပြနိုင်ပြီး၊ မြန်မာနိုင်ငံနှင့် ဆိုင်သမျှ သတင်းများ အားလုံး ချန်လှပ်ထားခဲ့ရသည်ကို စာဖတ်သူများ စာနာနားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


အားလုံးအတွက် မြန်မာနက် ©

 

⦿ မြန်မာနက် ⦿ အင်တာနက်လမ်းညွှန် ⦿ ဂိမ်း ⦿ သတင်း ⦿ အကျိုးဆောင် ⦿ ဗေဒင် ⦿ ဈေး ⦿ အလုပ်ရှာ ⦿ ကား ရောင်းဝယ်ငှား ⦿ ရုပ်ရှင်ကြည့် ⦿ သီချင်းနားထောင် ⦿ ပိဋကတ်တရားနာ ⦿ စားစရာမှာ ⦿ အိမ်ခြံမြေ ⦿ ဥပဒေ ⦿ အဘိဓာန်


Trending News

Advertisement
To Top
page views so far.