AGRICULTURE

ဟင်းနုနွယ်ရွက်စိုက်ပျိုးနည်း

Published on

ဟင်းနုနွယ်ရွက်ဟာ အာရှနှင့် အာဖရိကအပူပိုင်းဒေသများတွင် စတင်ပေါက်ရောက်ခဲ့တယ်လို့ ဆိုကြပါတယ်။

အမျိုးအစား

ဟင်းနုနွယ်အမျိုး ၂မျိုး ရှိပါတယ်။ တစ်မျိုးမှာ အနီရောင်မျိုးဖြစ်ပြီးတော့ နောက်တစ်မျိုးကတော့ အများသိကြတဲ့အစိမ်းရောငးမျိုးဖြစ်ပါတယ်။အနီရောင်မျိုးသည် အစေ့အရောင်ဖြူပြီး အစိမ်းမျိုးကတော့ အစေ့အရောင်နက်ပါတယ်။

ဟင်းနုနွယ်ရွက်ဟာ ပူနွေးသောရာသီကို ကြိုက်နှစ်သက်ပါတယ်။ ရေစီးရေလာကောင်းပြီး မြေသြဇာအသင့်အတင့်ရှိသောမြေတွငိ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ ဆားပေါက်သောမြေမှလွဲ၍ သဲနှုန်းမြေ၊ နှုန်းစနယ်နှင့် မြေနက်များတွင် စိုက်ပျိုးဖြစ်ထွန်းပါတယ်။

မြေပြုပြင်နည်း

ထွန်ရေးကောင်းစွာရရင်မြေပြုပြင်ပြီးနောက် အလျားပေ ၂၀၊ အနံ၃၀ပေ အမြင့် ၁ပေ ရှိစိုက်ဘောင်များပြုလုပ်ပေးရပါမယ်။

မြေသြဇာအတွက် နွားချေး ၁၀မှ ၁၅စီး၊ ယူးရီးယား တစ်ဧကလျှင် ၂၂၄ပေါင်၊ တီစူပါ ၁၁၂ပေါင်နှင့် ပိုတက်ရှ် ၂၈ပေါင်နှုန်းတို့ထည့်ပေးသင့်ပါတယ်။

စိုက်ပျိုးနည်း

ဟင်းနုနွယ်ရွက်ကို မျိုးစေ့မှ တိုက်ရိုက်စိုက်ပျိုးနိုင်ပါတယ်။ ဟင်းနုနွယ်ကို မိုးတွင်းတွင် မေ၊ ဇွန်လများမှာစိုက်ပျိုးနိုင်ပြီး ဆောင်းတွင်းမှာတော့ အောက်တိုဘာနှင့် နို၀င်ဘာများတွင် စိုက်ပျိုးနိုင်ပါတယ်။ စိုက်ဘောင်များတွင် စိုက်တန်း တစ်တန်းနှင့်တစ်တန်း ကို ၉လက်မခြား၍ တန်းများကိုဆွဲပေးရပါမယ်။ စိုက်ကြောင်းဆွဲပြီးနောက် မြေသားတိမ်တိမ်ဖုံးပေးရပါမယ်။ အပင်ကလေးများပေါက်လာပြီးနောက် တစ်ပင်နှင်တစ်ပင် ၆လက်မခြားရှိနေစေရန် လက်ဖြင့်ကြားခွဲပေးသင့်ပါတယ်။

တစ်ဧကလျှင် ဟင်းနုနွယ်မျိုးစေ့ ၁ကီလိုဂရမ်လိုအပ်ပြီး အလျား ပေ၂၀၊ အနံ၄ပေရှိသော ဘောင်အတွက် မျိုးစေ့ ၅ဂရမ်လိုပါတယ်။

ရေသွင်းနည်း

မိုးတွင်းတွင်စိုက်ပျိုးပါက အခင်းများတွင် မိုးမပြတ်လျှင် ရေသွင်းပေးစရာမလိုပါဘူး။ ဆောင်းတွင်းအတွက်ကတော့ လိုအပ်သည့်အချိန်တွင် ပန်းခရားဖြင့် သို့မဟုတ် စိုက်ဘောင်များကြားအတွင်း ရေလွှတ်ပေးခြင်းဖြင့် ရေပေးနိုင်ပါတယ်။ ရေသွင်းစိုက်ပါက စိုက်ဘောင်၏ ၀.၇၅ သာရေလွှတ်ပေးဖို့လိုပါတယ်။

ပေါင်းရှိလျှင် ပေါင်းနှိမ်ပေးဖို့လိုပါတယ်။သို့ရာတွင် ပေါင်းလိုက်ရာ၌ အပင်များမနာစေဖို့ အရေးကြီးပါတယ်။

ရိတ်သိမ်းနည်းနဲ့အထွက်နှုန်း

ဟင်းနုနွယ်ကိုစိုက်ပျိုးပြီး ၃ပတ် ၄ပတ်အကြာမှာ စတင်ဖြတ်တောက်ရိတ်သိမ်းနိုင်ပါတယ်။ အပင်ခြေရင်းမှ ဓားနှင့် ဖြတ်ယူပြိး ရိတ်သိမ်းနိုင်ပါတယ်။ တစ်ဧကလျှင် ဟင်းနုနွယ် ၇၀မှ ၈၀ ကီလိုဂရမ်အထိ ထွက်နိုင်ပါတယ်။

မျိုးစေ့ထုတ်နည်း

ဟင်းနုနွယ်အပင်များကိုမရိတ်ဘဲထားပါက အပင်များပန်းပွင့်လာပြီး တဖြည်းဖြည်း အစေ့တည်လာပါက အပင်လည်းကျလာပါလိမ့်မယ်။ ထိုအချိန်တွင် ဟင်းနုနွယ်ပင်ထိပ်ပိုင်းမှ အနှံကိုဖြတ်ယူပြီးနောက် အနှံကိုခါချပါက အစေ့များရရှိနိုင်ပါတယ်။ အစေ့များကိုတစိနေ့တာနေလှန်းပြီး ပုလင်းတွင် ထည့်၍ သိုလှောင်ထားနိုင်ပါတယ်။

Click to comment

© Copyright 1998-2022 All rights reserved by Myanmar Net Media, မြန်မာနက် ဆော့ဝဲ ကုမ္ပဏီလိမိတက်