MYANMAR HISTORY
1590 – ဗင်းနစ်မြို့သား Gasparo Balbi ရဲ့ မြန်မာပြည် အကြောင်း ရေးထားတဲ့ Viaggio dell’Indie Orientali (Travel of the East Indies)
ဘုရင့်နောင် လက်ထက်လောက်က မြန်မာပြည်ရောက်လာတဲ့ ဗင်းနစ်မြို့သား #GasparoBalbi ရဲ့ မြန်မာပြည် အကြောင်း ရေးထားတဲ့ သိန်း ၃၄၀၀ တန် စာအုပ်
.
US$ 178,807.26 နဲ့ရောင်းနေတဲ့ Viaggio dell’Indie Orientali (Travel of the East Indies) ခေါင်းစဉ်နဲ့ ရှေးစာအုပ် တစ်အုပ်မှာ မြန်မာပြည်အကြောင်း ရေးထားတာ အမှတ်မထင် တွေ့လိုက်လို့ အတော့်ကို စိတ်ဝင်စား သွားမိပါတယ်။ ဒီစာအုပ်ကို US$170,000 နဲ့ ရောင်းနေတာ ဒီမှာပါ>>
https://www.abebooks.com/servlet/SearchResults?an=balbi%20gasparo&tn=viaggio%20dellindie%20orientali.venice%20camillo%20borgominieri&cm_sp=mbc-_-ats-_-all
.
Travel of the East Indies ဆိုတဲ့ ဒီစာအုပ်ကို အီတလီ ဘာသာနဲ့ ဗင်းနစ်မြို့သား Gasparo Balbi ဆိုတဲ့ ကျောက်ကုန်သည် တစ်ဦးက AD 1579-1588 အတွင်း ခရီးသွား မှတ်တမ်းကို 1590 မှာ ဗင်းနစ်မြို့မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ (ဘုရင့်နောင် နန်းတက်ကာလက 1550-1581 ဖြစ်ပါတယ်) မြန်မာနိုင်ငံအတွက် သမိုင်း ရတနာသိုက် တစ်ခုလို့ ပြောရမယ် ထင်ပါတယ်။ မြန်မာ့သမိုင်းမှာ မပါတာတွေ မသိခဲ့တာတွေ ထပ်ဖြည့်စရာ ပါလာမယ်လို့ မြင်ပါတယ်။ first person account နဲ့ ကိုယ်တိုင်ရေး မှတ်တမ်း ဖြစ်တဲ့အတွက် အတော်လည်း ယုံကြည်အားကိုးလို့ ရမယ့် မှတ်တမ်း ဖြစ်နေပါတယ်။
.
ရှေးစာအုပ်ဆိုတော့ ထူးဆန်းတာက ညာဘက် စာမျက်နှာတွေမှာပဲ page number ပါတယ်။ ၂ မျက်နှာမှ ၁ တိုးတဲ့ တကယ့် ပုံနှိပ်ခေတ်ဦးရှေးစာအုပ် အစစ်ပဲဗျ။ မှိန်နေပြီးတော့ စာလုံးပေါင်းဖတ်မရတာ၊ အခုခေတ် အီတာလျံစာတွေ မဟုတ်ဘဲ ရှေးနှစ်ပေါင်း ၅၀၀ လောက်က ရှေးအသုံးအနှုံးတွေ ဖြစ်နေတာတွေကြောင့် ဘာသာပြန်တဲ့ အထဲမှာလဲ ချို့ယွင်းချက်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော် တတ်နိုင်သလောက် ဖတ်ကြည့်ပြီး အတိုချုံးဘာသာပြန်ရေးကြည့်ပါမယ်။ ကျွန်တော် ငယ်ငယ်က ရောမမြို့မှာနေတုန်း နဲနဲသင်ခဲ့ရတဲ့ Italian language knowledge ကလည်း ဒီနေရာမှာ တော်တော် အသုံးဝင်လို့ ဝမ်းသာမိပါတယ်။ translation software က နားမလည်လို့ ချန်ထားခဲ့တဲ့ Italian စာလုံးက တစ်ဝက်၊ အင်္ဂလိပ်က တစ်ဝက်နဲ့၊ ရောကျော် ၂ မျိုးပေါင်းပြီး ဘာသာပြန် နေရတယ်။ ? ဂတ်စ်ပါရို-ဘာလ်ဘီ က chapter ၇ ခု၊ ၈၂ မျက်နှာတောင် ရေးခဲ့တာပါ။ ကျွန်တော် ထပ်ထပ် ဖတ်ပြီး ဒီပို့စ်ထဲ ထပ်ထပ် ဖြည့်ပါ့မယ်။ #zshtut
.
ဂတ်စ်ပါရို-ဘာလ်ဘီ ရေးခဲ့တာတွေထဲက စိတ်ဝင်စားစရာ အချို့ကတော့…
Chapter 34
✔️ ပဲခူးမှာ အဝေးက မြင်နိုင်တဲ့ ရွှေစေတီ အကြီးကြီး တစ်ခု ရှိတယ်။ ပဲခူးအဝင် မြစ်ထဲမှာ မိကျောင်း အတော်ပေါတယ်။ လှေပေါ်က လူတွေကို လက်ရရ ခြေထောက်ရရ ကိုက်ဆွဲချသွားပြီး မိချောင်းအသိုက်ထဲ ဆွဲခေါ်သွားလေ့ ရှိတယ်။ သူကိုယ်တိုင် တစ်သက်လုံး မြင်ဖူးသမျှထဲမှာ အကြီးဆုံး မိကျောင်းကို ဒီမှာ မြင်ဖူးခဲ့ရတယ်။ မိန်းမတစ်ယောက်ကို သူ့မျက်မြင် လက်ကို ကိုက်ပြီး မိကျောင်းက ဆွဲချသွားတာ ဘယ်သူမှ ဝိုင်းမကယ်ရဲကြတာ မြင်ခဲ့ရတယ်။ (ပဲခူးမြစ် ဆိုတာကက အခု ရန်ကုန်-သံလျင် တံတားအောက်က မြစ်။ အထက်ကို ပဲခူးထိ တက်သွားတဲ့ မြစ်ပေါ့ဗျာ။ 16 ⅓ degree လောက်ကနေ ဝင်ရတယ်လို့ ရေးထားတယ်။ ဘာလဲ ဆိုတာ တိုက်စစ်ကြည့်တော့ ‘north latitude’ ကို ပြောတာ ဖြစ်နေတယ်)
.
✔️ ရန်ကုန်မှာလည်း အလားတူ ရွှေစေတီ အကြီး တစ်ခုရှိတယ်။ လှေခါးထစ်တွေက အပိုင်း ၃ ပိုင်းရှိတယ် (ဘယ်ဘက်မုဒ်လဲတော့ မသိပါ) စောင်းတန်းက လှေခါးတွေက လှေခါးထစ် ၄၀၊ ၃၀၊ ၂၀ ဆိုပြီး ၃ ဆင့် တက်ခဲ့ရတယ်။ အဝင်ဝမှာ ကျားရုပ် (သူရေးသွားတဲ့ အထဲမှာ ခြင်္သေ့ကို ကျားတဲ့ ?) ဘယ်ညာ ၂ခု ရှိတယ်၊ အတွင်းရော အပြင်ရော ရွှေချထားတဲ့ အဆောင် တစ်ဆောင် တွေ့ရတယ်။ ကျောက်နဲ့ထုထားတဲ့ နတ်ရုပ် တစ်ရုပ်က ထူးခြားတယ်။ ဆန့်တန်းထားတဲ့ လက်တစ်ဘက်က ကလေးကို ထိထားပြီး နောက်လက် တစ်ဘက်က မျောက်ရဲ့ ခေါင်းကို ထိထားတယ်။ သရဖူ ၃ခုစီ ဆောင်းထားတဲ့ နတ်ရုပ်တွေလည်း တွေ့ရတယ်။
.
✔️ သံလျင်မြို့ကတော့ ၁၅၆၇ ခုနှစ်က ပဲခူးသားတွေ ဝင်တိုက်သွားလို့ မြို့ပျက်ကြီး ဖြစ်နေတယ်။ အရင်က လူဦးရေ ၁သန်းခွဲလောက် ရှိခဲ့ရာက ၂နှစ်လောက် မွန်တွေ သိမ်းထားတဲ့ အချိန်မှာ လူ ၅သိန်းလောက် လျော့သွားခဲ့တယ်။ သံလျင်ကနေ ၁၂ မိုင်လောက် သွားတဲ့ အခါမှာ ပဲခူးဆိပ်ကမ်းကို ရောက်တယ်။ အဲဒီမှာ ရွှေချထားတဲ့ ဘုရင် စီးတဲ့လှေကို တွေ့ခဲ့ရတယ်။ ပွဲလမ်းသဘင်မှာမှ စီးတယ်လို့ သိရတယ်။ (ကရဝိတ်ဖောင်တော် ပြောတာ ထင်တယ်)
.
Chapter 35
✔️ ဟံသာဝတီ ပဲခူးနေပြည်တော်ဟာ မြို့သစ် နဲ့ မြို့ဟောင်း ဆိုပြီး ၂မြို့ သတ်သတ် ကွဲနေတယ်။ မြို့သစ်က သေးပြီး လှပတယ်။ ခံတပ်ဆန်ဆန် တည်ဆောက်ထားတယ်။ ပဲခူးမြို့သစ်မှာ (သရပါတံခါးလို) မြို့တံခါးပေါက်ကြီး ၅ ပေါက်ရှိပြီး၊ တစ်ပေါက်ကနေ နောက်တစ်ပေါက်ကို လှမ်းမြင်ရအောင် လုပ်ထားတယ်။ ဘုရင့်နောင်ရဲ့ စစ်သားတွေက တံခါးတွေအဝမှာ စောင့်ကြပ်နေတယ်။ (သူ့စာအုပ်ထဲမှာ “Braina soldiers” လို့ သုံးသွားတယ်)
.
✔️ ဖြောင့်တန်းနေတဲ့ လမ်းမကြီးတွေ ရှိတယ်။ အိမ်တွေ အားလုံးက သစ်မာသားနဲ့ ဆောက်ထားတဲ့အတွက် မီးလောင်လွယ်တယ်။ အိမ်အတော်များများမှာ ဝက်တွေ မွေးထားတာကြောင့် အနံ့အသက် မကောင်းလှဘူး။
.
✔️ ဘုရင့် နန်းတော်ကတော့ အပေါက် ၂ပေါက်ပဲ ရှိတယ်။ အရှေ့တစ်ပေါက်၊ ဘယ်ဘက်မှာ တစ်ပေါက်။ အဝမှာ စည်တော် အကြီးကြီး တစ်ခု ရှိပြီး၊ နန်းတော် အဝ လှေခါးရင်းမှာ ပါးစပ် ဟနေတဲ့ ကျားရုပ် အကြီးကြီး ၂ခု ရှိတယ်။
.
✔️ ဘုရင်က နေ့စဉ် သတ်မှတ်ထားတဲ့ အချိန်မှာ အချိန် မှန်မှန် ညီလာခံ ထွက်တွေ့တယ်။ ဘုရင် ထွက်လာတော့မယ်ဆိုရင် အသံတစ်မျိုးနဲ့ ကြေညာတယ် အချက်ပေးတယ်။ ဘုရင့်ညီလာခံကို ဘယ်သူမဆို ခွင့်တောင်းပြီး ဝင်ခစားလို့ ရတယ်။ ဘုရင်လာတော့ သူတို့ကို ခရစ်ယာန် စကားပြန်က ချက်ချင်း ဒူးထောက်ခိုင်းတယ်။ မြေကြီးကို ၃ခါ နမ်းကြရတယ်။?? (ဦးချတာကို သူရေးတတ်သလို ရေးသွားတာဗျာ)
.
✔️ ဘုရင် ပြောတဲ့ စကားကြားရလောက်အောင် နီးတဲ့ နေရာမှာ ရတယ်။ နားတော့မလည်ဘူး။ ဘုရင်ကို ဆက်သဘို့ မြကျောက် အချို့ကို ဘုန်းကြီး (စကားပြန်ကို ပြောတာ ဖြစ်မယ်) ကို ပေးလိုက်တယ်။ ဘုရင်က မြကို အလင်းရောင်မှာ ထောင်ကြည့်တယ်။ ပြီးတော့ နာမည် ဘယ်လို ခေါ်သလဲ၊ ဘယ်အရပ်က လာသလဲ၊ မြကျောက်က ဘယ်ဒေသက ရလာတာလဲ… စသဖြင့် အလာပ သလာပ မေးတယ်။ လက်ဆောင် ဆက်သတဲ့အတွက် ဘုရင်က ကျေးဇူးတင်ကြောင်း ပြောပေမဲ့၊ လက်ဆောင်ကို ယူတောင် ယူမသွားခဲ့ဘူးတဲ့။ 😀 (သူပေးတဲ့ မြကျောက် လောက်ကတော့ ဒီက ဘုရင်က သနားတယ်ပေါ့ဗျာ ?)
.
✔️ နာမည်က Gasparo Balbi ဖြစ်တဲ့အကြောင်း၊ ဒီကို ရောက်ဘို့ ဗင်းနစ်က ထွက်လာတာ ၄ နှစ်ရှိပြီ ဆိုတဲ့ အကြောင်း ပြန်ဖြေခဲ့တယ်။ (? သေခြာတာ တစ်ချက်ရပြီ။ သူထွက်ခဲ့တာ ၁၅၇၉။ ၄ နှစ်ဆိုတော့ ၁၅၈၃။ ဒါဆို ဘုရင့်နောင် မဟုတ်တော့ဘူး။ နန္ဒဘုရင် လက်ထက် ဖြစ်နေပြီ။) FYI:
https://en.wikipedia.org/wiki/List_of_Burmese_monarchs
အင်းဝကို ပတ္တမြား သွားဝယ်ဘို့ ခွင့်တောင်းခဲ့တယ်။ ဒီလို အင်းဝကို သွားဘို့ ပါမစ်ကို ဘုရင်နဲ့ ဘုရင့်သားတော်တွေကပဲ ပေးနိုင်တယ်။
.
✔️ ဘုရင်ရဲ့ ခေါင်းပေါ်ကို ရွှေထီး ၄ လက် မိုးထားတယ်။ အသက် ၅၀ လောက်ရှိတဲ့ ဘုရင်က မုတ်ဆိတ်မွှေး မပေါက်တဲ့အတွက် အသက် ၂၅ လို့ ထင်ရတယ်။ ဒီလို မုတ်ဆိတ်မွှေး မပေါက်တဲ့တိုင်းပြည် မတွေ့ဖူးသေးဘူး (လို့ ရေးထားပါတယ်။ 😀 ဗမာ တစ်ယောက်လို ရှင်းပြီး ပြောင်သွားစေရမယ်လို့ တင်စားပြီး၊ ရှေးတုန်းက Gillette ထုတ်တဲ့ ကုမ္ပဏီက “Burma Shave” ဆိုတဲ့ တံဆိပ်နဲ့ မုတ်ဆိတ်ရိတ်ဓား ထုတ်ခဲ့တာလို့ ပြောကြတာ တကယ်ပဲကိုး ခင်ဗျ)
.
✔️ ပဲခူးဘုရင်ရဲ့ ညီလာခံခမ်းမ (courtyard) လောက်ကျယ်တာ Venice မြို့မှာတောင် တစ်ခုမှ မရှိဘူး။ (လို့ ချီးကျူး ရေးထားတယ်ဗျာ။ ဂုဏ်ယူပါတယ်။) လက်နက်တွေ စနစ်တကျ ထားတယ်။ ဗင်းနစ်က လိုပဲ ပဲခူး စစ်တပ်က လက်နက်တွေ ကောင်းကြတယ်။ ပဲခူးက စစ်သားတွေ ကိုင်တဲ့ ဓားက အသွား တစ်ဘက်ပဲ ရှိပြီး ထိပ်မချွန်ဘူး။ (ဥရောပမှာက ဓားကို အသွား ၂ ဘက်နဲ့ ထိပ်ချွန်ပြီး ပေါ့တာမျိုးကို သုံးကြတာကိုး ခင်ဗျ)
.
✔️ သူတို့ ရောက်ပြီး ၁၀ ရက်မြောက်နေ့မှာ ဘုရင်က ဆင်စီးပြီးသွားတာကို မြင်ဖူးသွားတယ်။ ဘုရင် စီးတဲ့ ဆင်က တစ်ကောင်လုံး ရွှေအဆင်တန်ဆာတွေ ဆင်ထားတယ်။
.
✔️ သီဟို Sri Lanka ဘုရင်က ပဲခူး ဟံသာဝတီဘုရင်ရဲ့ ဩဇာခံတဲ့ ခင်ဗျ။ (တစ်သက်လုံး မသိခဲ့တာ အခုမှ သိလိုက်ရတာ။ ဒုတိယ မြန်မာနိုင်ငံ မြန်မာပိုင် နယ်တွေထဲမှာ သီရိလင်္ကာ ပါခဲ့တယ်ပေါ့? ပုဂံခေတ်ကတည်းက ‘ကလကျမင်း’ မတိုင်မီက သီဟိုက မင်းသမီးကို ပုဂံကို ဆက်သရတာ သွားဆက်စပ်မိတယ်။)
.
CHAPTER 36
✔️ ပဲခူးဘုရင်ဆီမှာ တစ်ကမ္ဘာလုံး ဘယ်မှာမှ မရှိတဲ့ အကောင်းဆုံး ဆင်ဖမ်းနည်းပညာတွေ ရှိတယ်။ ပဲခူးမြို့နားမှာ ဆင်ကျုံးအကြီးကြီး ရှိတယ်။ ဆင်ရိုင်းတွေကို ဖမ်းဘို့ ဆင်မတွေ အများကြီးသုံးပြီး ကျုံးသွင်း ဖမ်းကြရတယ်။
.
CHAPTER 37
ပဲခူးဘုရင်၏ ပွဲတော်များ၊ စစ်ရေး ညွှန်ကြားချက်များ
အခန်း XXXVII (၃၇)
.
ပဲခူးဘုရင်က အလှပဆုံး ရွှေနဲ့ လုပ်ထားသော စီးတော်ယာဉ် အချို့ကို ပိုင်ဆိုင်ထားတယ်။ (ရွှေနဲ့ လုပ်ထားတဲ့ ဝေါကို ပြောတာလား၊ ရွှေလှေတော်ကို ပြောတာလား မသေခြာပါ။) ဘုရင့်ရဲ့ ရွှေစီးတော်ယာဉ်ကို လူတိုင်း သွားကြည့်လို့ရပေမယ့်၊ ဘုရင်ကလွဲပြီး အခြားဘယ်သူမျှ စီးခွင့် မရှိ။ ရွှေစီးတော်ယာဉ် ပတ်ပတ်လည်မှာ အစောင့်တွေ အမြဲ စောင့်နေတယ်။ အတွင်းအပြင် လှပတဲ့ ကနုတ်ပန်းတွေ ပန်းပု ပန်းချီတွေနဲ့ ချယ်လှယ် ထားတယ်။ လှေက အတော်ရှည်ပြီး တစ်ဘက်ကို လှော်တက် ၁၅၀ စီ ပါတယ်။ (လှေဆိုတာ သေခြာသွားပြီ) ရေထဲချတဲ့ လှော်တက်ကိုတောင် ရွှေချထားတယ်။ လှေ တစ်စင်းလုံး နီးပါးကို ရွှေချထားတယ်။
.
တစ်ရက် ဘုရင်က ပြည်သူတွေ ကြားထဲ လာတာတွေ့တယ်။ ဘုရင့်နောက်က Mauparagià (မဥပရာဇာ???) ဆိုတဲ့ သူ့သားအကြီးဆုံးပါတယ်။ ဆင် ၄ ကောင် ပါတယ်။ နောက်က Bramà တွေ (ဘုန်းကြီး ကိုပြောတာလို့ ယူဆရ) ပါတယ်။ အခြားဟာတွေတော့ လူများလွန်းလို့ မမြင်လိုက်ရဘူး။
.
ဟံသာဝတီ မြို့တော်မှာ တစ်နှစ်မှာ ပွဲတော် ၅ ခုရှိတယ်။ ပွဲတော်တွေ နာမည်က မွန်နာမည်လား မသိပါ။ မွန်လို တတ်တဲ့သူတွေ နဲနဲ ဖြေပေးပါလား ခင်ဗျာ။
အီတလီ အသံထွက်နဲ့ သူရေးထားတဲ့ စာလုံးပေါင်း အတိုင်းက-
၁) Sapan Giachiè (ဘာမှန်းမသိပါ။ အီတလီ အသံထွက်နဲ့ဆို ‘ဂျာကီ’ လို့အသံထွက်တယ်)
၂) Sapan Catena (ကထိန် ဆိုတာတော့ သေခြာတယ်)
၃) Sapa Giaimosegieno (ဘာမှန်း မသိပါ)
၄) Sapan Daiche (ဒိုင်ခီ ဆိုတော့– တန်ခူး ကို ရေးတာ ဖြစ်မယ်)
၅) Sapan Donon (ကဆုန် ပြောတာလား မသိပါ)
.
Sapan Giachè ဆိုတဲ့ ပွဲတော်ကတော့- မြို့နဲ့ ၁၂ မိုင်ဝေးတဲ့ နေရာမှာ လုပ်တယ်။ ဘုရင်က မနက်စောစော ရောက်လာပြီး၊ ရွှေချထားတဲ့ လှည်းပေါ်မှာ ထိုင်နေတယ်။ လှည်းဘီး ကြီးကြီး ၄ ဘီးပါပြီး၊ လှည်းဘီးတွေက အစ ရွှေချထားတယ်။ ဘုရင့်ရွှေလှည်းတော်ကို အတော်လှတဲ့ မြင်း ၈ ကောင်နဲ့ ဆွဲစေတယ်။ ဘုရင်ရဲ့ ညာဘက်မှာ ဘုရင်မထိုင်တယ်။(ထူးခြားတာ သတိပြုပါ။ ဘုရင်က ဘယ်ဘက်၊ ဘုရင်မက ညာဘက်လို့ ရေးထားတယ်) ဘုရင့်ခေါင်းမှာ ရတနာတွေ ဆင်ယဉ်ထားတယ်။ အတော်လှတဲ့ ပတ္တမြား ခတ်ကြီးကြီး ၂ လုံးပါတယ်။ ဘုရင်က လက်စွပ်တွေလည်း အများကြီး ဝတ်ထားပြီး ပတ္တမြား၊ စိန်၊ မြ တွေ ဝတ်ဆင်ထားပြီး အရောင် လက်နေတယ်။ နံဘေးနားမှာ ခြေမြန်တော် တပ်သားနဲ့ မောင်းမတွေ ဝိုင်းနေတယ်။ မောင်းမမိဿံတွေက အမြဲဒူးတုပ်ပြီး လက်အုပ်ချီနေရတယ်။ ဘုရင့်လှည်းရှေ့မှာဆိုရင် လှံတပ်ဖွဲ့ တစ်ဖွဲ့၊ harquebuses ဆိုတဲ့ ဒေါက်ပါတဲ့ သေနတ်ကို ကိုင်ထားတာ တစ်ဖွဲ့၊ ဓားနဲ့ဒိုင်း ကိုင်ထားတာ တစ်ဖွဲ့ ၃ ဖွဲ့ကို အိမ်ရှေ့မင်းသား ဦးဆောင်ပြီး ရှေ့ကထွက်တာ တွေ့ရတယ်။ အိမ်ရှေ့မင်းသားနောက်ကမှ Naidù ဆိုတဲ့ ဒုတိယသားက လိုက်တယ်။ (နန္ဒဘုရင် ပြောတာ ဖြစ်မယ်) ပြီးမှ Naimor ဆိုတဲ့ ဘုရင့်ရဲ့ တတိယသားနဲ့ အဖွဲ့က ထွက်တယ်။ သူတို့နောက်ကမှ ပိုးထည် ခြုံထားတဲ့ ဆင်ဖြူတော်များ ထွက်တယ်။ ဆင်ဖြူတော်ရဲ့ ဆင်စွယ်ကို မမြင်ရလောက်အောင် အစွယ်ပေါ်မှာ ပတ္တမြားတွေ စီထားတယ်။ အတော့်ကို လှတဲ့ မြင်ကွင်း ဖြစ်တယ်။ ဆင်ဖြူတော် အပေါ်မှာလည်း ထီးတော် ပါသေးတယ်။
.
Sapan Catena ဆိုတဲ့ ပွဲတော်ကိုတော့ မြို့ထဲမှာ လုပ်တယ်။ ၆ လကြိုပြီး စီစဉ်ကြတယ်။ Roman တွေလိုပဲ တစ်ခု တစ်မျိုး ပိရမစ်လို ဟာတွေ ဆောက်ကြတယ်။ (ပဒေသာပင် သီးတာကို ရေးတာ ဖြစ်မယ်) ကြိမ်နဲ့ယှက်ပြီးနောက်မှ ရွှေချတယ်။ ညဘက်မှာ ဖယောင်းတိုင် အကြီးကြီးတွေကို မြို့သစ်မှာရော မြို့ဟောင်းမှာပါ ထွန်းကြတယ်။ အဲဒီ ပိရမစ်တွေကို ပွဲရောက်ရင် လှည်းပေါ်တင်ပြီး လူ ၃၀၀ လောက်က ဝိုင်းဆွဲကြရတယ်။ ဘုရင်က နှစ်တိုင်း အလှဆုံး ပိရမစ်ကို ရွေးပြီး ဂုဏ်ပြုပေးတယ်။ တစ်ပွဲတော် တစ်ခုက Sapan Giaimosegienon လို့ ခေါ်တယ်။ ဘုရင်ကိုယ်တိုင် ဘုရားဆင်းတုတော်ကြီးဆီ သွားပြီး ထမင်းစားချိန်မှာ ဘုရင်မနဲ့အတူ ဆွမ်းသွားကပ်လေ့ ရှိတယ်။
.
စတုတ္ထမြောက် ပွဲတော်ကတော့ Sapan Daiche လို့ခေါ်တဲ့ ရေသဘင် ပွဲတော် ဖြစ်တယ်။ ဘုရင်နဲ့ ဘုရင်မက မြို့ဟောင်းထဲက နန်းတော်ဆောင်ထဲမှာ လုပ်ဘို့ ဖိတ်တယ်။ ဘုရင်က သူ့ ကလေးတွေအပါအဝင် အားလုံးနဲ့ ရေကစားတယ်။ နန်းတော်ပြင်ပမှာကလည်း သာမန် လူတွေကလည်း ရေခွက် ကိုယ်စီနဲ့ပဲလို့ ဆိုတယ်။ ဒီပွဲတော် ရက်မှာတော့ မြို့ဟောင်းမှာရော မြို့သစ်မှာရော ရေမစိုဘဲ သွားလို့ ဘယ်လိုမှ မရဘူး။ ရေကစားနေတဲ့ တစ်ရက်မှာ ဆင်တစ်ကောင်က ကြိုးနဲ့ မချည်ထားဘဲ လွတ်ထွက်လာပြီး (မုန်ယိုပြီး) လူတွေကို အန္တရာယ်ပြုလို့ လူတွေ သေကုန်လို့ အဆက်မပြတ် ငိုကြရတယ်။
.
နောက်ဆုံး ပွဲတော်ကတော့ Sapan Donon လို့ ခေါ်တယ်။ ဘုရင်နဲ့ သားတော်တွေက ရွှေပိန်းချထားတဲ့ လှေတစ်စင်းစီ စီးကြတယ်။ လှေတွေကို လူတွေက မ လာကြရတယ်။
.
CHAPTER 38
CHAPTER 39
CHAPTER 40
(ဆက်ရန်…)
.
——————————
စာအုပ်အဖုံး ဘာသာပြန်
TRAVEL OF THE EAST INDIES,
BY GASPARO BALBI,
Venetian jeweler.
In which is contained what he in said journey
he has seen for the spatio of 9 years consumed
in it from 1579 until 1588.
With the relation of the data, weights, & measures of all City of this journey, & of the government of the King of Pegu, & of the wars made by him with other Kings of Avva & Sion.
With the Table of the most notable things.
with privileges
VENICE, MDXC (1590)
Next to Camillo Borgominieri.
.
———-
.
မြန်မာနိုင်ငံအကြောင်း ရေးထားတဲ့ အခန်း ၇ ခန်း
ခေါင်းစဉ် ဘာသာပြန်
TRIP FROM SAN THOME TO PEGU
CHAPTER. XXXIIII (34)
.
DESCRIPTION OF SIRIAN (သံလျင်)
.
DESCRIPTION OF PEGU, AND SUCCESSES OF THE WARS
CHAPTER. XXXV. (35)
.
HUNT FOR ELEPHANTS IN PEGU
CHAPTER. XXXVI, (36)
.
FESTIVALS, PUMPS, AND MILITARY ORDERS OF THE KINGDOM OF PEGU FOLLOW.
CHAPTER. . XXXVII. (37)
.
WEIGHTS, AND SIZES OF CITIES, & KINGDOM OF PEGU
CHAPTER. . XXXVIII. (38)
.
TRIP FROM PEGU TO MARTABAN
CHAPTER. XXXIX. (39)
.
DESCRIPTION OF THE CITY OF MARTABAN.
CHAPTER. XL. (40)
———
ကျွန်တော် သမိုင်းကို တူးဆွတဲ့အလုပ် အခုလို ပိုလုပ်လာမိတာက မြန်မာ့သမိုင်းမှာ မသိသေးလို့ လွတ်နေတဲ့ ကွက်လပ်တွေ ဖြည့်နိုင်ဘို့ ဝါသနာအရ ရုံးအားရက်မှာ လုပ်နေတာပါ။ နည်းပညာသုံးပြီး သမိုင်း သုတေသီတွေကို ကူညီပေးချင်လို့ပါ။
.
သမိုင်း ပညာရှင်တွေ၊ လေ့လာချင်သူတွေ အတွက် ဒီစာအုပ် တစ်အုပ်လုံး အခမဲ့ ရယူနိုင်တဲ့ နေရာက Google Books ပေါ်မှာပါ (total 404 pages) —
https://books.google.com.sg/books?id=Q-n-n8jHCTgC&printsec=frontcover&source=gbs_ge_summary_r&cad=0#v=onepage&q&f=falseမ
